Saturday, May 25, 2013

10. THE BELIEVER AND CRITICISM (BREAD FOR BELIEVERS by Dr. Curtis Hutson) (Burmese)

Dr. Curtis Hutson
---------------------------------------------------------------------------------------------------
အခန်း ၁၀
--------------------------------------------------------------------------------
 “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွှတ်ရမည့်အကြောင်း သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင်ကြ၏။ ထိုတရားအတိုင်း စီရင်ခြင်းကိုခံရကြမည်။ အကြင်ချိန် ၊ တင်းပမာဏနှင့် သူတပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။ ကိုယ်မျက်စိ၌ တံကျင်ရှိလျှက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ဆိုသနည်း။ လျှို့ဝှက်သောသူ ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာ မြင်လိမ့်မည်။ ဖြူစင်သောအရာကို ခွေးတို့အားမပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျှက် ကိုက်ဖြတ်ကြလိမ့်မည်။” မဿဲ ရ း ၁-၆

 ဒီကျမ်းပိုဒ်မှာ ဝေဖန်ရေး (၃) မျိုးအကြောင်း တွေ့ရတယ်။

အငယ် (၁) မှာ “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွှတ်ရမည့်အကြောင်း သူတပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။” “ဖျက်လိုဖျက်ဆီးဝေဖန်ရေး” လို့ ဆိုချင်ပါတယ်။ အပြစ်ရှာတဲ့ ဝေဖန်ရေးဖြစ်တယ်။ သူတပါးမှာ အမှားကိုသာ ရှာလေ့ရှိသူဖြစ်တယ်။ ရည်ရွယ်ချက်က ဖျက်ဆီးဖို့ပါ။

အငယ် (၄) က “မှားယွင်းသော ဝေဖန်ရေး” လို့ ဆိုချင်တယ်။ ကိုယ့်မျက်လုံးမှာ “တံကျင်” ရှိနေပါလျှက်နဲ့  ညီအစ်ကိုရဲ့ မျက်လုံးက “ငြောင့်” ငယ်ကို ထုတ်ဖို့ ကြိုးစားသူပါ။ သခင်ယေရှု ပြောစကားအရဆိုရင် အဲဒီလူဟာ အမြင်အားနည်းတဲ့အတွက် ညီအစ်ကိုရဲ့ ငြောင့်ငယ်ကို ထုတ်ယူဖို့ မြင်နိုင်စွမ်းမရှိဘူး။ ကိုယ့်ညီအစ်ကိုကို ကူညီချင်တာ ကောင်းပါတယ်။ ဒါပေမယ့် သူ့ မျက်လုံးက အမှိုက်ကို ထုတ်ဖို့ကြိုးစားရင်း ကိုယ့်မျက်လုံးထဲက  ၄x၂ (လေး-နှစ်) သစ်သားချောင်း တစ်ချောင်း ထွက်ကျလာပြီး သူများခေါင်းကို ရိုက်မိသွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။

အငယ် (၆) ကို “ပိုင်းခြားနားလည်သော ဝေဖန်ရေး” လို့ဆိုချင်တယ်။ “ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကို လှည့်လျှက် ကိုက်ဖြတ်ကြလိမ့်မည်။”

ဒီနေ့ခေတ်မှာ အကြောင်းအရာတစ်ခုအတွက် လူတစ်ယောက်ကို ဆန့်ကျင်ပြောဆိုရတဲ့အခါ လူတစ်ချို့က “စစ်ကြောစီရင်ခြင်းမခံရဖို့၊ မစီရင်နဲ့ မဝေဖန်နဲ့” လို့ ပြောလာမှာ သေချာတယ်။ ဒီကျမ်းပိုဒ်ကို လူတွေက ခေတ်သစ်ဘုရားမဲ့အယူနဲ့  သောကော၊ ရောကောအယူတွေကို ဆန့်ကျင်တာ မလုပ်ဖို့တောင် သုံးစွဲတတ်ပါတယ်။

ဒီကျမ်းချက်က ဘာကိုမှမဝေဖန်နဲ့လို့ ပြောတာ မဟုတ်ဘူး။ အငယ် (၆) အရ အနည်းဆုံး ၄ မျိုးလောက်တော့ ခွဲထားရမယ်။ “ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။”လို့ ဆိုရင် ဖြူစင်တဲ့အရာဆိုတာ ဘာလဲ? ခွေးဆိုတာဘာလဲ? ဝေဖန်ပိုင်းခြားတတ်ဖို့ လိုတယ်။ “ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။” လို့ ဆိုရင် ပုလဲဆိုတာဘာလဲ? ဝက်ဆိုတာ ဘယ်သူလဲ? ဆိုတာ ဝေဖန်ဖို့ လိုလာပါပြီ။ ဒါကြောင့် (၄) မျိုးလောက်တော့ ဝေဖန်ဖို့ လိုနေပြီ။ ဒါကို ပိုင်းခြားနားလည်တဲ့ ဝေဖန်ရေးလို့ ဆိုချင်တယ်။
 (၁) မှန်ကန်သော ဝေဖန်ရေး   THE  RIGHT  KIND  OF  CRITICISM

၂ကော ၆ း ၁၄ မှာ  “မယုံကြည်သောသူတို့နှင့် တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။” ၁ယော ၄ း ၁ မှာ “ချစ်သူတို့၊ ခပ်သိမ်းသော စိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။”

မယုံကြည်သူတစ်ယောက်နဲ့ တွဲဘက်ထမ်းဘိုး မထမ်းရဘူးလို့ ကျမ်းစာက အမိန့်ပေးထားတယ်။ ဒါကြောင့် လက်မတွဲရုံမျှမက လူတစ်ယောက်ကို ယုံကြည်ခြင်းရဲ့ အဓိကတရားတွေနဲ့ ပတ်သက်ပြီး ဝေဖန်ဖို့ တာဝန်ရှိလာတယ်။

ကျွန်တော်ဟာ ကျမ်းစာကိုဦးထိပ်ထားတဲ့ ဖန်တယ်မန်တယ်လစ်စ် Fundamentalist ပါ။ အဲဒီအတွက် မရှက်ပါဘူး။ ဟိုတုန်းကတော့ ခေတ်သစ်ဘုရားမဲ့အယူ မောဒယ်လစ်ဇင်း modernism ဆိုတာ ဘာမှန်းမသိခဲ့ဘူး။ THE  SWORD  OF  THE  LORD စာစောင်ကို စဖတ်ရတုန်းက ခေါင်းစီးစာသား- “ခေတ်သစ်အယူ ၊ လောကီဆန်ခြင်းနဲ့ Formalism ဝိနည်း ထုံးဖွဲ့အစွဲတွေကို ဆန့်ကျင်တယ်လို့ တွေ့ရတယ်။ ကျွန်တော့်စိတ်ထဲမှာ “ဒီဆရာ ငါ့လိုဘဲခံယူတယ် ငါလည်း ခေတ်သစ်အယူကို ဆန့်ကျင်တယ်။” လို့တွေးမိတယ်။ အမှန် ကျွန်တော်ထင်တဲ့ ခေတ်သစ်အယူဆိုတာက ဘုရားကျောင်းထဲမှာ နှစ်ခြင်းပေးမယ့် ရေကန်ထားတာ၊ တရားဟောဆရာကို လစာပေးတာ၊ တရားဟောနည်းသိဖို့ ကျမ်းစာကျောင်းတက်တာ၊ အလှဆင်တဲ့ခုံတွေ၊ လျှောက်လမ်းကို ကောဇောခင်းတာတွေ၊ သီချင်းအများကြီး ဆိုတာတွေလို့ ထင်ခဲ့တယ်။ ခေတ်သစ်အယူဆိုတာ ယုံကြည်မှုတစ်မျိုးလို့ မသိခဲ့ဘူး။

ကျမ်းစာကို ဦးထိပ်ထားတဲ့သူ အဓိကတရားတွေ စွဲလမ်းသူ ဖန်တယ်မန်တယ်လစ် Fundamentalist စကားကို ကြားရခါစက အကျယ်ကြီးအော်တဲ့သူကို ပြောတာလို့ ထင်ခဲ့တယ်။ တချို့သူတွေ အကြီးအကျယ် အော်ကြတာမှန်ပေမယ့် တောရိုင်း တိရိစ္ဆာန် အတော်များများလဲ အော်ပါတယ်။ ကျွန်တော်သားသမီး လေးယောက်ဆိုရင် Fundamentalist အဓိကတရားကို စွဲလမ်းသူဆိုတာ ဘာမှန်းမသိခင်ကတည်းက အတော အော်ငိုတတ်ကြတယ်။ အော်, ပြီး တရားဟောလို့သာ Fundamentalist  ဖြစ်တယ်ဆိုရင် အတော်များများ Fundamentalist ဖြစ်နေကြမှာပါ။ ဒါပေမယ့် Fundamentalism ဆိုတာ ယုံကြည်မှုတမျိုးပါ။ အပြုအမူနဲ့ မဆိုင်ဘူး။

တစ်ခါက Fundamentalism အကြောင်းကို တရားဟောဆရာတစ်ယောက်နဲ့ ဆွေးနွေးဖူးတယ်။ လူတစ်ယောက် အ ကြောင်း ပြောမိတော့ သူက “အဲဒီလူဟာ Fundamentalist  တစ်ယောက်ပါ” လို့ ဆိုတယ်။
 “အဲဒီလူ Fundamentalist မှန်း ဘယ်လိုလုပ်သိလဲ?” လို့ မေးတော့ -   “ဆံပင်တိုတိုညှပ်ထားလို့ပါ” လို့ ဖြေတယ်။
 “ဆံပင်တိုတိုထားတာနဲ့ Fundamentalist ဖြစ်မသွားဘူး။ တစ်ချို့ထိပ်ပြောင် modernist တွေလဲ ရှိတာပဲ။ ခေါင်းပေါ်မှာရှိတာကြောင့် Fundamentalist ဖြစ်မသွားဘူး။ ခေါင်းထဲမှာ ရှိတာကြောင့် သာဖြစ်ရတာပါ။”

အမျိုးသားတွေ ဆံပင်တိုတိုထားတာ ကျွန်တော် သဘောကျပါတယ်။ ယောကျာင်္းဟာ ယောကျာင်္းနဲ့ တူသင့်သလို၊ မိန်းမဟာ မိန်းမနဲ့ တူရမှာပေါ့။ ဒါပေမယ့် Fundamentalism ဆိုတာဟာ ယုံကြည်မှုအယူဝါဒ တစ်မျိုးပါ။ ယုံကြည်ခြင်းရဲ့ အဓိက တရားတွေကို စွဲလန်းသူကို Fundamentalist လို့ ခေါ်ပါတယ်။ အဓိကတရားဆိုတာ တရားကိုယ် ဩဝါဒ၊ မရှိမဖြစ် သမ္မာတရား တမျိုးပါ။ ဒီတရားတွေကို ငြင်းရင် ခရစ်ယာန်ပါလို့ ပြောလို့ မရတဲ့ တရားမျိုးဖြစ်ပါတယ်။

ရှင်းပြပါမယ်။ ကျွန်တော်မှာ ၁၉၇၆  ထုတ်ကား တစ်စီးရှိပါတယ်။ ကားတစ်စီးထဲမှာ ရှိသမျှ အရာအားလုံးဟာ ကားသွားလာဖို့အ တွက် မရှိမဖြစ်အရာတွေ မဟုတ်ပါဘူး။ ဥပမာ- အပိုဘီးဟာ မရှိမဖြစ် မဟုတ်ဘူး။ Fundamental မဟုတ်ဘူး။ အပိုဘီးမပါရင်လည်း မောင်းလို့ရတယ်။ စတီရီယိုရေဒီယိုလည်း အဓိကမကျဘူး။ ရှိရင်တော့ကောင်းတာပေါ့။ ဒါပေမယ့် အဲဒီရေဒီယိုမပါလည်း မောင်းလို့ရတယ်။ လေအေးစက်လည်း မရှိမဖြစ် မဟုတ်ဘူး။ အဓိကမကျဘူး။ Fundamental မဟုတ်ဘူး။ အဲဒါ မပါလည်းဘဲ ကားမောင်းလို့ ရပါတယ်။

ဒါပေမယ့် စက်ဟာ Fundamental ပါ။ အဓိကကျပါတယ်။ စက်ကိုထုတ်ထားရင် ကလေးကစားတဲ့ကား (သို့) သုံးဘီး (သို့) စကိတ်ပြား ဖြစ်သွားမယ်။ စက်ကိုထုတ်လိုက်ရင် ကားသွားစေမယ့် အရာကို ထုတ်လိုက်တာပါပဲ။ စက်က လုံးဝမရှိမဖြစ်ပါ။ စက်ထုတ်ထားရင် အလုပ်မဖြစ်ဘူး။ လောင်ဆာဆီဟာ Fundamental ပါ။ အဓိကကျတယ်။ လောင်ဆာဆီမပါဘဲ ကားမောင်းလို့မရဘူး။ ကားမပြေးနိုင်ဘူး။ ဘက်ထရီဟာ Fundamental ပါ။ အဓိကကျတယ်။ ဘက်ထရီထုတ်ထားရင် စက်သေသွားမယ်။

ဒီလိုပါပဲ၊ ခရစ်ယာန်တရားမှာလဲ Fundamental အဓိက မရှိမဖြစ် တရားတွေရှိပါတယ်။ ဒီတရားတွေကို ငြင်းပယ်ရင် ခရစ်ယာန်တစ်ယောက်၊ ခရစ်ယာန်ဘာသာ မဟုတ်တော့ဘူး။
A.    အပျိုကညာမှ  ဖွားမြင်ခြင်းဟာ အဓိကတရားတစ်ခုပါ။  The Virgin Birth is a Fundamental.
ယေရှုခရစ်တော်ဟာ အပျိုကညာကမွေးတဲ့ ဘုရားသားတော်မဟုတ်ရင် ကယ်တင်ရှင်ဆိုတာ မရှိနိုင်တော့ဘူး။ သာမန်လူလို မွေးဖွားလာရင်၊ သာမန်လူလို အမွေခံ အပြစ်ပါလာမယ်။ ရောမ ၅ း ၁၂ မှာ “ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူ အားဖြင့် ဤလောကသို့ဝင်၍” ၊ ရောမ ၅ း ၁၉ မှာ “အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်နည်းတူ”၊ သခင်ယေရှုခရစ်ဟာ ဘုရားကမဖြစ်ဘဲ လူကဖြစ်တာ ဆိုရင် ကျွန်တော်တို့လိုပဲ မွေးလာတာနဲ့တပြိုင်နဲ့ အမွေခံ အပြစ်က ပါနေပြီ။ အပြစ်ကြွေးတွေ ရှိနေပြီဆိုရင် အပြစ်သားတွေကိုယ်စား အသေခံပေမယ့် အပြစ်ကင်းသူတယာက် မရှိတော့ဘူးပေါ့။

ဒီစကားကို အလေးအနက်ပြောတာပါ။ သခင်ယေရှုခရစ်သာ အပျိုကညာက မမွေးဘူး။ ဘုရားသားမဟုတ်ဘူးဆိုရင် အားလုံးဟာ သခင်ယေရှုနဲ့အတူ ငရဲသွားရဖို့ပါ။- ခရစ်တော် အပျိုကညာက ဖွားမြင်တယ်ဆိုတာ ယုံကြည်ခြင်းရဲ့ အဓိက တရားတစ်ခုပါ။ မရှိမဖြစ် လိုအပ်တယ်။

ယောဟန် ၈ း ၂၁၊ ၂၄  တစ်ပိုဒ်မှာ - သခင်ယေရှုက “တဖန်ယေရှုက၊ ငါသည်သွားရမည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်း သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူ၏။- ထို့ကြောင့် သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။”

B.    သခင်ယေရှု သေခြင်းမှ ကိုယ်ခန္ဓာနှင့်တကွ ရှင်ပြန်ထမြောက်ခြင်းဟာ အဓိကတရားတစ်ခုပါ။

The  Physical  Resurrection  of  Jesus  From  the  Dead  Is  a Fundamental.
သခင်ခရစ်တော် ရှင်ပြန်ထမြောက်တာကို ငြင်းတဲ့သူဟာ ကယ်တင်ခြင်း မရဘူး။ ရောမ ၁၀ း ၉ မှာ “သင်သည် သခင်ယေရှုကို နှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” ယေရှုခရစ် အသက်ရှင်ပြန်ထမြောက်တာဟာ ယုံကြည်ခြင်းရဲ့ အဓိကအကြောင်းအရာ တစ်ခုပါ။ ခရစ်ယာန်ဘာသာကို တခြားဘာသာတရားတွေနဲ့ ကွာခြားစေတာက ထမြောက်ခြင်းပါဘဲ။ ဘာသာတရားတိုင်းမှာ တည်ထောင်သူ တစ်ယောက်ရှိပါတယ်။ အသက်ရှင်ပြီးတော့ သေပါတယ်။ ဒါပေမယ့် ခရစ်ယာန်မှာတော့ တည်ထောင်သူဟာ အသက်ရှင်ပြီး သေပေမယ့် သုံးနေ့နဲ့ သုံးညအကြာမှာ သေရာက ထမြောက်ပါတယ်။

မိန်းမငယ်တစ်ယောက်က ခရစ်တော်အကြောင်း ပြောပြတယ်။ ဘုရားမဲ့က “မိန်းကလေး၊ ခရစ်တော်အကြောင်းပဲ ပြောနေတာပဲ။ ခရစ်တော်တွေက အများကြီးကွ။ မင်းက ဘယ်ခရစ်တော်ကို ပြောတာလဲ” လို့ မေးတယ်။

 “သေရာက ထမြောက်ရှင်ပြန်တဲ့ ခရစ်တော်ပေါ့” လို့ မိန်းကလေးက ပြန်ဖြေတယ်။ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက် ခြင်းဟာ အဆောက်အဦးတစ်ခုရဲ့ အဓိက ထောင့်ကျောက်လိုပါဘဲ။ ထမြောက်ခြင်းကို ဖျက်ဆီးရင် အဆောက်အဦးတစ်ခုလုံး ပျက်စီးပါလိမ့်မယ်။

C.    သခင်ယေရှုကိုယ်စား အသေခံပေးတာဟာ အဓိကတရားတခုပါ။

The  Substitutionary  Death  of  Jesus Is a Fundamental.
အပြစ်သားတွေရဲ့ အပြစ်ကြွေးကို ဆပ်ပေးဖို့ ယေရှုခရစ်သာ ကားတိုင်မှာ ကိုယ်စားအသေခံမပေးရင်  ကယ်တင်ခြင်းဆိုတာ မရှိဘူး။ ယေရှုခရစ်ခံစားခဲ့ရတဲ့ ဝေဒနာတွေကို ငြင်းပယ်ရင် ယုံကြည်ခြင်းရဲ့ အဓိကတရားကို ငြင်းပယ်တာပါ။ ဟေရှာယ ၅၃း ၆ မှာ “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” ၂ကော ၅း ၂၁-မှာ “ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့်အကြောင်းတည်း။”

ကယ်တင်ခြင်းတရားက ရှင်းရှင်းကလေးပါ။ ကျွန်တော်တို့ဟာ အပြစ်သားတွေပါ။ အပြစ်ကြွေးတင်နေတယ်။ ယေရှုခရစ်က အပြစ်သားမဟုတ်ဘူး။ အပြစ်ကြွေးတွေ ငရဲမှာခံရမယ့်အစား ကားတိုင်မှာ ဝေဒနာခံပြီး အသက်ပေးသွားတယ်။ သူ့ကို ကယ်တင်ရှင်အဖြစ် အားကိုးလိုက်ရင် အကယ်ခံရတယ်။ ငရဲရဲ့ ဒီဘက်ကမ်းမှာ အဆိုးယုတ်ဆုံး သူခိုးတွေကတော့ ယေရှုခရစ်ရဲ့ ကိုယ်စားအသေခံပေးတဲ့ နည်းအစား တခြားလမ်း ကိုရွေးပြီး ကောင်းကင်ကို ခိုးတက်ဖို့ ကြိုးစားချင်တဲ့ ဘာသာရေး သူခိုးတွေပါဘဲ။ လောကမှာ မအောင်မြင်ဆုံး ကိစ္စကတော့ ကားတိုင်ကိုကျော်ပြီး ကယ်တင်ခြင်း ရချင်တဲ့ နည်းတွေပါဘဲ။
D.    ခရစ်တော် ဒုတိယအကြိမ် ကြွလာမယ့်အကြောင်းဟာ အဓိကတရားတခုပါ။
The  Second  Coming  of Christ  Is  a Fundamental.
ခရစ်တော်ရဲ့ ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းဟာ ပထမကြွလာခြင်းထက် အကြိမ်ပေါင်း အဆနှစ်ဆယ်လောက် ဓမ္မဟောင်းမှာ ပိုတွေ့ရတယ်။ ရှင်ပေါလုရဲ့ ဩဝါဒစာတွေထဲမှာ ရေနှစ်ခြင်းအကြောင်း ၁၃ ကြိမ် တွေ့ရချိန်မှာ ဒုတိယကြွလာခြင်းက အကြိမ် ၅၀ တွေ့ရတယ်။

ယေရှုခရစ်သာ နောက်တစ်ကြိမ် ပြန်ကြွမလာရင်၊ ကျမ်းချက် အတော်များများဟာ အမှားတွေ ဖြစ်သွားလိမ့်မယ်။ ယော ၁၄း၃ မှာ “ငါသည်သွား၍- - - တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” ဖိလိပ္ပိ၃း ၂၀- မှာ “ ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။- ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။” သခင်ယေရှု ပြန်လာဦးမှာပါ။

ရှေးမူမပျက် တရားဟောဆရာကြီးတယောက် ဒုတိယကြွလာခြင်းအကြောင်း တရားတပုဒ်ကို ဟောပါတယ်။ စည်း ဝေးအဆုံးမှာ ခပ်ညံ့ညံ့၊ ခပ်ချာချာ ခေတ်သစ်အယူယူတဲ့ လူငယ်ချာတိတ် တရားဟောဆရာကလေးတယောက်က ဘာမှ အစွမ်းအစ မပြနိုင်ပဲနဲ့ “ဒီအကြောင်းကို ဓမ္မသစ်ကျမ်းစာထဲက ဆွဲထုတ်မပြနိုင်ဘူးလို့ ဆရာ့ကို ကျွန်တော်ပြောချင်တယ်” လို့ ဆိုလာတယ်။

ရှေးမူမပျက် တရားဟောဆရာကြီးက ပြုံးပြလိုက်ပြီး “ဘယ်ဆွဲထုတ် နိုင်မလဲကွာ။ အထဲမှာ အမြဲရှိနေတာပဲ” လို့ ပြန်ပြောတယ်။ ဒုတိယအကြိမ် ကြွလာခြင်းအကြောင်းဟာ အဓိကတရားတခုပါ။

E.    ကျမ်းစာတလုံးစီတိုင်းကို မှုတ်သွင်းထားခြင်းဟာ အဓိကတရားတခုပါ။
The  Verbal  Inspiration  of the  Bible  Is a Fundamental.
သမ္မာကျမ်းစာဟာ ဘုရားစကားမဟုတ်ဘူး လို့ဆိုရင် အခြေခံအမြစ်ကို အဖျက်ခံလိုက်ရတာပါ။ ယေရှုခရစ်ဟာ အပျိုကညာမှ ဖွားမြင်တယ်ဆိုတာ ကျမ်းစာပြောပြလို့ပါ။ အပြစ်သားတွေအတွက် ကားတိုင်မှာ ယေရှုခရစ်အသေခံပေးတယ်ဆိုတာ ကျမ်းစာပြောပြလို့ပါ။ ယေရှုခရစ် ကိုယ်ခန္ဓာနဲ့တကွ သေရာက ရှင်ပြန်လာတယ်ဆိုတာ ကျမ်းစာပြောပြလို့ပါ။ ယေရှုခရစ် ဒုတိယအကြိမ် ပြန်လာဦးမယ်ဆိုတာလည်း ကျမ်းစာ ပြောပြလို့ သိရတာပါ။

ကျမ်းစာကိုဖျက်ရင် ခံယူချက်တွေကိုပါ ဖျက်ပစ်တာပါပဲ။ ကျမ်းစာဟာဘုရားစကားပါ။ ဒီအချက်ဟာ အဓိကကျပါတယ်။ ၂တိ ၃း ၁၆ မှာ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍” မဿဲ ၄း ၄ “ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားမိန့်တော်မူသမျှအားဖြင့်၊ အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။”

ခေတ်သစ်ဘုရားမဲ့သမားတွေက ကျမ်းစာထဲမှာဘုရားစကား “ပါတယ်” လို့ ဆိုကြတယ်။ ဒါပေမယ့် ကျမ်းစာဦးထိပ်ထားတဲ့ အဓိကမူလ တရားစွဲလန်းသူတွေက “သမ္မာကျမ်းစာဟာ ဘုရားစကားတော် ဖြစ်တယ်”လို့ ပြောကြတယ်။ တခါတုန်းက၊ ကျမ်းစာဟာ ဘုရားစကားဖြစ်တယ်လို့ ဆိုတဲ့ တရားတစ်ပုဒ်ဟောအပြီးမှာ လူတစ်ယောက်က လာမေးတယ်။ “ကျမ်းစာတစ်အုပ်လုံးတော့ ဘုရားစကား မဟုတ်ဘူး”လို့ ဆိုတယ်။

 “ဘုရားစကားမဟုတ်တာ ဘယ်အပိုင်းလဲ?” လို့ ကျွန်တော်မေးတယ်။ သူက ကမ္ဘာဦးကျမ်းကို ဖွင့်ဖတ်ပြပြီး၊ မြွေက ဧဝကိုပြောတဲ့စကား “သင်သည် အမှန် သေရလိမ့်မည်မဟုတ်။” အရ “ဒီစကားဟာ ဘုရားစကားမဟုတ်ဘူး။ မာရ်နတ်စကား” လို့ ပြောတယ်။

ကျွန်တော်က “အဲဒါ ဘုရားစကားပါ။  မာရ်နတ်က ဧဝကို “သင်သည် အမှန်သေရလိမ့်မည်မဟုတ်” လို့ ပြောတဲ့အကြောင်း ဘုရားသခင် ပြောတာပါ။ မာရ်နတ်အကြောင်းကို ဘုရားသခင် ပြောနေတာပါ။ ဒီစကားကို မာရ်နတ်ပြောတယ်လို့ ဘုရားသခင်သာ ပြန်မပြောပြရင် သိရမှာ မဟုတ်ဘူး။ ကျမ်းစာဟာ ကမ္ဘာဦးကနေ ဗျာဒိတ်အထိ ဘုရားပြောတဲ့ စကားပါ။” တစ်လုံးမကျန် ကျွန်တော်ယုံကြည်တယ်” လို့ ပြန်ဖြေခဲ့ပါတယ်။
            -သမ္မာကျမ်းစာဟာ ဘုရားရေးတာဘဲဖြစ်ရမယ်၊ လူရေးတာ မဖြစ်နိုင်ဘူး။
                      လူကောင်းတွေဟာ ဟန်ဆောင် ကျမ်းစာ ရေးမှာ မဟုတ်ဘူး။
                     -လူဆိုးတွေလဲ ဒီလောက်ကောင်းအောင်
                      မရေးနိုင် မရေးချင်ကြဘူး။
                      အံ့ဩဖွယ် စနစ်တကျဖြစ်အောင်
                      ခပ်ကြောင်ကြောင်လူတွေလည်း မရေးနိုင်ဘူး။

                    -ဆိုတော့၊ ဒီသုံးမျိုးမှာ
                     ဘယ်လူမျိုးကရေးသလဲ
                     ပရောဖက်တွေရဲ့ စိတ်ဝိညာဉ်ကို ထက်မြက်ဖို့ရာ
                     ဘုရားမှုတ်သွင်းတဲ့ စကားပဲ ဖြစ်ရမှာပါ။-

သခင်ယေရှု အပျိုကညာမှ ဖွားမြင်ခြင်း၊ ဝေဒနာခံခြင်း၊ အောင်မြင်စွာ ရှင်ပြန်ခြင်း၊ ဒုတိယအကြိမ်ကြွလာခြင်း၊ ကျမ်းစာလုံးတိုင်းကို မှုတ်သွင်းခြင်းတွေဟာ ယုံကြည်ခြင်းရဲ့ အဓိကကျတဲ့တရားများ ဖြစ်တယ်။

ကျွန်တော်အသက်ပေးရဲတဲ့အရာ တချို့ရှိတယ်။ တချို့ကိစ္စတွေအတွက် အသက်မပေးရဲပေမယ့် တိုက်ခိုက်ရဲတယ်။ မတိုက်ခိုက်ရဲပေမယ့် ဒေါသထွက်ပြရဲတဲ့ အရာတချို့ ရှိတယ်။ ဒါပေမယ့် ဝိညာဉ်ရေးရာမှာ ယုံကြည်ခြင်းရဲ့ အဓိကတရားတွေအတွက် အသက်ပေးရဲပါတယ်။

၂ကော ၆း၁၄ မှာ “မယုံကြည်သောသူတို့နှင့် တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။” ချစ်ခြင်းမေတ္တာ ရှိမရှိကို ခေတ်သစ်အယူယူသူတွေ၊ သောကောရောကောတွေနဲ့ လက်တွဲချင်စိတ်အပေါ် တိုင်းလို့ မရပါဘူး။ ကျမ်းစာရဲ့ အမိန့်တွေ ကို နာခံမှု ရှိမရှိနဲ့ တိုင်းတာရတယ်။ သခင်ယေရှုက ယော ၁၄း၂၃ မှ “ငါကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။” မယုံကြည်သူတစ်ယောက်နဲ့ လက်မတွဲသင့်ဘူး။ မညီတဲ့ထမ်းဘိုး မထမ်းသင့်ဘူး။ မယုံကြည်သူ၊ ခေတ်သစ်အယူယူသူ၊ သောကောရောကော ဘုရားမဲ့နဲ့ အယူလွဲသူ ဆိုတာတွေဟာ အတူတူတွေပါပဲ။ သောကောရောကောနဲ့ ခေတ်သစ်အယူယူသူတွေဟာ ဘုရားဖွင့်ပြတဲ့ သမ္မာတရားကို အတည်ပေါက် ငြင်းသူတွေပါ။ သခင်ယေရှု အပျိုကညာမှ မွေးတယ်လို့ ကျမ်းစာပြောတာကို သိရဲ့နဲ့ ငြင်းသူပါ။ မသိလို့ မှားတာနဲ့ သမ္မာတရားကိုအတည်ပေါက် ငြင်းပယ်တာဟာ မတူပါဘူး။ မသိလို့ မှားနိုင်ပေမယ့် မသိရုံနဲ့ သောကောရောကော Liberal တော့ မဖြစ်နိုင်ပါဘူး။ မယုံကြည်သူနဲ့ ဆန့်ကျင်ဘက် ထမ်းဘိုးကို တွဲထမ်းဖို့ ဆင်ခြေပေးနိုင်တဲ့ တရားဟောဆရာလည်း မရှိနိုင်ပါဘူး။ မှန်ကန်တဲ့ ဝေဖန်ရေးဆိုတာ ရှိပါတယ်။ မှန်ကန်တဲ့အမြင်၊ သဘောထားဆိုတာ ရှိပါတယ်။ အသိုင်းအဝိုင်းထဲက Liberal တွေ ၊ ခေတ် သစ် Modernist တွေ မဖယ်ထုတ်နိုင်ရင် ကိုယ်တိုင်ပဲ ထွက်လိုက်ပါ။

အဓိကတရားတွေကို ခံယူနေသမျှတော့ မိဿဟာယ ဖွဲ့သင့်ပါတယ်။ အဓိကတရားတချက်ကို ငြင်းပယ်လာရင် ကျမ်းစာအမိန့်အတိုင်း ရိုးသားစွာ သူနဲ့ သီးခြားနေဖို့ လိုတယ်။ ခွာနေဖို့လိုတယ်။ တစ်ယောက်က “အဓိကအရာတွေမှာ ညီညွတ်ခြင်း၊ အသေးအမွှားအရာတွေမှာ လွှတ်ခြင်း၊ အရာအားလုံးမှာတော့ ချစ်ခြင်း”  လို့ ဆိုပါတယ်။

ရိုးရိုးသားသား ပြောကြစတမ်းဆိုရင် ကမ္ဘာအရပ်ရပ်က သိသမျှလူတွေနဲ့ အရာရာတော့ သဘောထား တူမှာ မဟုတ်ဘူး။ ကျွှန်တော် ပြောဘူးတဲ့ အရာတချို့တောင် အခု ကျွန်တော်လက်မခံနိုင်တော့ဘူး။ အခုပြန်မဟောချင်တော့တဲ့ တရားမျိုးတွေလည်း ဟောခဲ့ဖူးတယ်။ လူဟာ ဖတ်မှတ်၊ လေ့လာနေမယ်ဆိုရင် သူဟာ ဆက်လက် သင်ယူနေတာ ဖြစ်တယ်။ ဆက်လက်သင်ယူနေရင် တချို့ အကြောင်းအရာတွေမှာ သူ့သဘောထား ပြောင်းလဲလာပါလိမ့်မယ်။

ကျွန်တော့သင်းအုပ်ဆရာကြီးက ကိုယ်ခန္ဓာနဲ့တကွ ထမြောက်ခြင်းကို မယုံခဲ့ဘူးဆိုတော့ ကျွန်တော်လည်း မယုံခဲ့ဘူး။ ထမြောက်ခြင်း မရှိဘူးလို့ ထင်ခဲ့တယ်။ ကျမ်းစာဖတ်ပြီး ယောဟန် ၅း၂၈ ၊ ၂၉  ကို ဖတ်မှသိရတယ်။ “ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏ စကားသံကို ကြား၍ ထွက်ရမည့် အချိန်ကာလရောက်လတံ့။” တရားဟောဆရာတစ်ယောက်က မကြာသေးခင်က ကျွန်တော်ကိုပြောတယ်၊ “အေး- ဘုရား ကျေးဇူးတော်ပဲ၊ လွန်ခဲ့တဲ့ ၃၇ -နှစ် လောက်တုန်းက  ငါလဲ အဲဒီလိုပဲ” တဲ့။ ဟုတ်ပါတယ်။ ၃၇- နှစ်တွင်း ပြောင်းလဲမှု မရှိတဲ့သူဆိုတာ စုံလင်သူ ဒါမှမဟုတ် ခေါင်းမာတဲ့သူပဲ ဖြစ်ရမယ်။ စုံလင်တဲ့သူ ရှိတယ်လို့တော့ မကြားဖူးဘူး။

ကျွန်တော်ပြောင်းလဲခဲ့ရပါတယ်။ ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းအကြောင်းကို ကျွန်တော်နှစ်နဲ့ချီပြီး မယုံခဲ့မိဘူး။ ဒုတိယကြွ လာခြင်းအကြောင်း တရားတစ်ပုဒ်မှလဲ မကြားဖူးဘူး။ “premillennial”- “အနှစ်တစ်ထောင် မတိုင်ခင်” ဆိုတဲ့စကားကို ပထမဦးဆုံးအကြိမ် ကြားရတုန်းက မနက်စာ အစားအသောက် တစ်မျိုးလိုပဲ ထင်မိတယ်။

တနင်္ဂနွေည တစ်ညမှာ ဘုရားကျောင်းကို လူတစ်ယောက် လာတက်တယ်။ သူလာတော့ သူ့လက်ထဲမှာ ကျမ်းစာအုပ်တစ်အုပ် ပါတာ သတိထားမိတယ်။ ဘုရားကျောင်းကို ကျမ်းစာအုပ် ပါလာတာဆိုလို့ သူတစ်ယောက်ပဲ ရှိဖူးတယ်။ သူ့ကို ကျွန်တော် လန့်ပါတယ်။ စုံစမ်းဖို့လာတဲ့ သူလျှိုတစ်ယောက်လို့ ထင်သွားတယ်။ အဲဒီညက အချက် ခုနှစ်ချက်ပါတဲ့ တရားတစ်ပုဒ် ကျွန်တော် ပထမဦးဆုံးအကြိမ် ဟောလိုက်တော့တယ်။ အရင်ကဒီလို အချက်တွေနဲ့ မဟောဘူးပါဘူး။ ဗျာဒိတ် အခန်းကြီး ၂နဲ့ ၃ကိုဖတ်ပြီး “အောင်မြင်သောသူသည်” ဆိုတဲ့စကားကို ခဏခဏ တွေ့မိတာနဲ့ ဟောလိုက်တာပါ။ “ဒီညဟောမယ့် တရားက အောင်မြင်သူတွေ အတွက် ဘုရားဂတိတော်များဖြစ်ပါတယ်” လို့ ကြေငြာလိုက်တယ်။

 “အောင်မြင်သူကို ကျောက်ဖြူ တစ်တုံးပေးမယ်။ အဲဒီကျောက်ပေါ်မှာ နာမည်သစ်ကို ရေးပေးမယ်။ ကျောက်ဖြူရရှိတဲ့ သူမှတပါး ဘယ်သူမှမသိနိုင်ဘူး” လို့ ဟောပါတယ်။ စကားတွေ ချဲ့ပြောလိုက်တယ်။ ကျောက်ဖြူတစ်တုံး လို့ ပြောပေမယ့် ဘာဆိုလိုမှန်းတော့ မသိပါဘူး။ “ဟာလေလုယ -  ကျောက်ဖြူတစ်တုံး၊ အဲဒီကျောက်ပေါ်မှာ ကျွန်တော့နာမည် ရေးထားမယ်။ ဘယ်သူမှ ခိုးမသွားနိုင်ဘူး။ ဘုရားသခင် ဘုန်းကြီးပါစေ။”လို့ ဟောပါတယ်။ ကျောက်ဖြူတုံးနဲ့ ပတ်သက်သမျှ မကုန်မချင်း ဟောလိုက်တာပါပဲ။

နောက်- “ဒုတိယအချက် အောင်မြင်သူကို ဝှက်ထားတဲ့ မန္နကျွေးမယ်။ ဘုရားသခင်ကို ကောင်းကြီးပေးကြပါ။ မန္နမုန့်ဆိုတာ ဘာလဲတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကောင်းကင်ရောက်သည်အထိ ရှိနေဦးမယ်ဆိုတော့၊ အဲဒီမုန့်ဟာ ကောင်းလို့ပဲပေါ့။ ကောင်းကင်ရောက်သည်အထိ မှိုမတက်ဘူး။ ပုတ်သိုး မသွားဘူးပေါ့။ ဝှက်ထားတယ်ဆိုတော့ စာတန်လဲ ရှာမတွေ့ နိုင်ဘူးပေါ့။ ဘုရားသခင် ဘုန်းကြီးပါစေ။” လူတိုင်း မန္နမုန့် စားချင်လာလောက်အောင်ကို ဟောပစ်လိုက်ပါတယ်။

အချက်အလက် အကုန်လုံးဟောပစ်လိုက်တယ်။ နောက်ဆုံးအချက်ရောက်တော့ ဗျာဒိတ် ၃း၂၁ မှာ ဘာပြောရမှန်းမသိဖြစ်သွားတယ်။ “နောက်ဆုံးအနေနဲ့ အောင်မြင်သူကို ငါ့ပလ္လင်ပေါ်မှာ ငါနဲ့အတူ ထိုင်ခွင့်ပေးမယ်။ ငါ့ခမည်းတော်ရဲ့ ပလ္လင်ဘေးမှာ ထိုင်ခွင့်ရမယ်။”  အဲဒါ ဘာပြောချင်မှန်း မသိဘူး။ “ဟ၊ ဒီကျမ်းချက်ကို ဘယ်လိုပြောရမလဲ? သူပြောတဲ့အတိုင်းပဲ ပြောချလိုက်တာပေါ့။” လို့ ကိုယ့်ကိုကိုယ် ပြောမိတယ်။

ပရိသတ်ကို ကြည့်လိုက်တယ်။ “ဒီကျမ်းချက်အရ အခုသခင်ယေရှုဟာ ပလ္လင်ပေါ်မှာ မထိုင်သေးဘူး။ ဒါပေမယ့် တစ်နေ့ထိုင်လိမ့်မယ်။ ကျွန်တော်တို့လည်းအတူ ထိုင်ရမယ်။ ခမည်းတော်နဲ့အတူ နေရာပေးခံရပါလိမ့်မယ်။” လို့ ဟောတော့ ကျမ်းစာအုပ်ပါလာတဲ့လူက “အာမင်း” လို့ ထအော်တယ်။

 “နည်းနည်းလေးသိရုံနဲ့ ဟောတာကောင်းတယ်လို့ ပြောနေပါလား။ ဆက်ဟောရင် ထိထိမိမိရှိလောက်တယ်။” လို့ တွေးမိသွားတယ်။ ဒါနဲ့အသံကျယ်ကျယ် ခပ်မြန်မြန်ကလေးနဲ့- “ဘုရားရှင်ကို ကောင်းကြီးပေးကြ။ ဒီကျမ်းချက်အရ သခင်ယေရှုပလ္လင်ပေါ်မှာ အခုမရှိသေးဘူး။ ဒါပေမယ့် ဟာလေလုယ တစ်နေ့ပလ္လင်ပေါ်မှာ ထိုင်လိမ့်မယ်။ ငါတို့လည်းအတူ စိုးစံရမယ်။” လို့ ဟောတော့ အဲဒီလူက “အာမင်း”လို့ ထအော်ပြန်တယ်။

 “တွေ့တာလေးဟောရုံနဲ့ ဒီကျမ်းချက်က ကောင်းသားဟ၊ အဲဒီလူလည်း သိသွားပြီ” လို့ တွေးမိတယ်။ ဒါနဲ့ အဲဒီအကြောင်းပဲ  ထပ်ထပ်ဟောလိုက်တာ အဲဒီလူ “အာမင်း” ပြောဖို့ ရှက်သွားတဲ့ အထိပါဘဲ။ အဲဒီနောက် တရားဟောချက်ကို အဆုံးသတ်လိုက်တယ်။ ဝတ်ပြု စည်းဝေးအပြီး “ဘုရားရှင်ကောင်းကြီးပေးပါစေ။ ဆရာ့ကို premillennial တရားဟောဆရာ တစ်ယောက်မှန်း မသိခဲ့ဘူး” လို့ လာပြောတယ်။
 “ဘုရားကျောင်းလာတာ ဝမ်းသာပါတယ်။ ထပ်လာဖို့မြော်လင့်ပါတယ်။” လို့ ပြောလိုက်တယ်။
သူက “ဆရာသာ premilliennial မှန်းသိရင် အသင်းတော်မှာ ပါဝင်ကူညီမှာပေါ့။” လို့ ပြောပါတယ်။
 “နောက်လည်း လာအုံးနော်” လို့ ပြောတော့ သူထွက်မသွားသေးပဲ -
 “ဆရာက premillennial နော်၊ ဟုတ်တယ်မဟုတ်လား?”
 ကျွန်တော် ခေါင်းညိတ်ပြီးတော့ “ရှက်လိုက်တာခင်ဗျာ။ ဒီစကား တစ်ခါမှ မကြားဘူးသေးဘူး။ ဘာကိုပြော တာလဲ?” လို့ မေးလိုက်တယ်။
 “ဆရာက “postmillennial (အနှစ်တစ်ထောင်ပြီးမှ ) မဟုတ်ဘူး- မဟုတ်လား?”
 “ဒီစကားလဲ မကြားဘူး ပြန်ဘူးဗျာ”
 “ဟုတ်ပြီ amillennial (အနှစ်တစ်ထောင် မရှိတော့) မဟုတ်ဘူး- မဟုတ်လား?”
“အဲဒီ millennial ဆိုတဲ့စကား ကြားကို မကြားဘူးတာပါဗျာ”
 “ဒီညဟောတဲ့အတိုင်းတော့ ယုံကြည်ထားတယ် မဟုတ်လားဆရာ?”
 “ယုံပါတယ်။”
“ဒါဆို ဆရာက premillennial (အနှစ်တစ်ထောင်မတိုင်ခင်) ပေါ့၊ မသိလို့ပဲ” လို့ ပြောပါတယ်။ ဒီစကား ကောင်းသလား ဆိုးသလားဆိုတာ ကျွန်တော်မသိဘူး။ အရမ်းကို ရှက်သွားတယ်။

ကျွန်တော့ကို လက်တင်မင်္ဂလာပေးတုန်းက ammillennial အုပ်စုတစ်စုက Seofield ကျမ်းစာအုပ်တစ်အုပ် ပေးတယ်။ ဒါနဲ့ အဲဒီ ကျမ်းစာအုပ်ကို အဲဒီညက ယူပြီး ပြန်မယ်လုပ်တော့ အဲဒီလူကမြင်သွားတယ်။ ဆရာ့ကျမ်းစာအုပ်ကို ကြည့်ပါရစေ” တဲ့။ သိပ်တော့မကြည့်စေချင်ဘူး။ ဒါပေမယ့် သူကလည်း ဆက်တောင်းနေတယ်။ ကြည့်ပြီးတော့  “ဒီကျမ်းစာကိုင်တာ ဘယ်လောက်ကြာပြီလဲ?” လို့ မေးတယ်။

 “၅ နှစ်၊ ၆ နှစ်တော့ ရှိပါပြီ။ လက်တင်ပေးတုန်းက တရားဟောဆရာတချို့ ပေးသွားတာပါ။”
 “၆ နှစ်လုံးလုံး ၊ ဒီကျမ်းစာထဲကပဲ ဟောတာပေါ့နော်?”
 “ဟုတ်ပါတယ်”
 “ဒါနဲ့များ၊ premillennialist ဆိုတာမသိဘူးလို့ လာပြောနေတယ်ဗျာ”

      Seofield ကျမ်းစာရဲ့ အကြောင်းအရာ အညွှန်းကို တခါမှကျွန်တော် မဖတ်ဖူးဘူး။ ကျမ်းညွှန်း Concordance ကို  ဘယ်လိုသုံးရမယ် ဆိုတာတောင် မသိဘူး။ ဒါပေမယ့် နောက်လတွေမှာ Seofield ကျမ်းစာက “premillennial” တရားဟောဆရာ ဆိုတာ ဘာကို ပြောသလဲလို့ ကြိုးစားရှာရတော့တယ်။ ကျွန်တော် အတော်ညံ့တာပဲ။ အဓိကတရား fundamentals တွေဆိုတာ ဘာတွေလဲ ကျွန်တော်မသိခဲ့ဘူး။ ကျွန်တော် ကျင်လည်ဖူးတဲ့ အသိုင်းအဝိုင်းက မိတ်သဟာယဖွဲ့ဖို့ စစ်ဆေးရင် “မင်း အဓိကတရားတွေ ယုံသလား?” လို့ မမေးဘူး။ “မင်းခြေဆေးသလား?” ပဲ မေးကြတယ်။

မသိလို့ မှားတာကတမျိုး။ သိသိကြီးနဲ့ သမ္မာတရားကို ငြင်းပယ်တာက တမျိုးပါ။ တရားမဟောခင် စိတ်ကြိုက် သီချင်း ဘယ်လောက် ဆိုကြမယ်ဆိုတာ သဘာထားကွဲလွဲနိုင်ပါတယ်။ ဘယ်အချိန် အလှူငွေ ကောက်မလဲ- သဘောထားကွဲနိုင်ပါတယ်။ ဘတ်စ်ကား ထားမလား၊ မထားဘူးလား ကွဲလွဲနိုင်ပါတယ်။ ဒါပေမယ့် အရေးမကြီးတာတွေမှာ ကွဲလွဲခွင့် ရှိသင့်ပေမယ့် တယောက်နဲ့တယောက်တော့ ဆက်ချစ်နေသင့်တယ်။ ဘုရားရဲ့ စစ်သူရဲတွေပါ။ အရေးမကြီးတဲ့ အကြောင်းအရာတွေမှာ တယောက်နဲ့တယောက် မတိုက်ခိုက်ကြ၊ မသတ်ဖြတ်ကြရင်၊ ခရစ်တော်အတွက် ကမ္ဘာကို လှုပ်ခါ ပစ်နိုင်ပါတယ်။ လူတိုင်းမှာတော့ စိတ်ကြိုက်ဟောစရာလေးတွေတော့ ရှိမှာပေါ့။ အဓိကတရားတွေကို ယုံကြည်တဲ့သူတွေ Fundamentalists တွေအတွက် ကျွန်တော် ရပ်တည်နေတာပါ။ အားပေးသည်ဖြစ်စေ၊ အားမပေးသည်ဖြစ်စေ ကျွန်တော်အသင့် ရှိပါတယ်။

မကြာသေးခင်က Dr. Roger Voegtlin နဲ့အတူ Fair Haven နှစ်ခြင်းအသင်းတော်မှာ ပါဝင်ခဲ့တယ်။ လူ ၅,၂၅၃ .ယောက် လာတက်တယ်။ မနက်စည်းဝေးမှာ လူ ၅၀၀ ကျော် ပြောင်းလဲတယ်။ သူတို့ကြိုးစားပေးသလောက် ကျွန်တော်လည်း အရယူလိုက်တာပဲ။ ဒီလိုမလုပ်ချင်တဲ့သူ ဖြစ်ပေမယ့် အဓိကတရားတွေကို ယုံကြည်သူဖြစ်ရင်၊ ကျွန်တော် မိတ်ဆွေဖွဲ့ချင်ပါတယ်။ တချို့ အကြောင်းအရာတွေမှာ ဉာဏ်မျက်စိပွင့်လင်းလာဖို့ ဆုတောင်းပေးပါမယ်။ ဒါပေမယ့် မိတ်ဆွေတော့ ဖွဲ့ရမှာပါဘဲ။ အပျိုကညာမှ ဖွားမြင်တာ၊ သခင်ယေရှု ဝေဒနာခံပေးတာ၊ ထမြောက်ရှင်ပြန်တာ၊ ဒုတိယအကြိမ်ကြွလာမှာ၊ ကျမ်းစာတစ်လုံးစီ ကို မှုတ်သွင်းတာ …  စတာတွေကိုယုံရင်- လက်ဆွဲနှုတ်ဆက်ချင်ပါတယ်။ သတိမထားရင်တော့ သခင်ယေရှုခရစ်ကို သစ္စာရှိတာထက် မိသဟာယတွေ၊ တချုုိ့အသင်းတော်တွေ၊ ကျောင်းတွေ၊ လှုပ်ရှားမှုတွေအပေါ်မှာ သစ္စာရှိနေတာမျိုး ဖြစ်တတ်တယ်။ အဓိက,က သခင်ယေရှုခရစ်အပေါ်မှာ သစ္စာအရင်ရှိဖို့ လိုပါတယ်။

ကျွန်တော် နှစ်ခြင်းပါ။ ဒါပေမယ့် fundamentalists အားလုံးကိုချစ်ပါတယ်။ John Wesley ကောင်းကင်မှာလို့ ကျွန်တော် ယုံတယ်။ သူကောင်းကင်မှာ ဝတ်ရုံဝတ်ထားရင်၊ သူ့ဝတ်ရုံရဲ့ အောက်ပိုင်း ပန်းပွါးလေးတွေ ကျစ်ပေးရင်းနဲ့ အသက်ရေစီးရာမြစ်မှာ သူ့ကို နှစ်ခြင်းပေးချင်တယ်။

အန်ကယ် Buddy Robinson လည်း ကောင်းကင်မှာလို့ ကျွန်တော်ခံယူပါတယ်။ အန်ကယ် Buddy ဟာ စကားနည်းတဲ့ နာဇရိလူပါ။ မက်သဒစ်တရားဟောဆရာရဲ့ ဟောပြောမှုကြောင့် ကယ်တင်ခြင်းရခဲ့တာပါ။ စင်ကြယ်မှု ဦးစားပေးတဲ့ “ဒုတိယ ကောင်းကြီးမင်္ဂလာ” ကို ပရက်စ် ဘစ်တီးရီးယန်း တရားဟောဆရာထံကနေ သဘောတရား ရခဲ့ပါတယ်။ ဟိုတုန်းက သူ ဟောတဲ့ တရားတပုဒ် ပြန်နားထောင်ကြည့်ခွင့် ရလိုက်တယ်။ အန်ကယ် Buddy ပြောတဲ့ “ဒုတိယ ကောင်းကြီးမင်္ဂလာ” ဆိုတာ  ကျွန်တော် မယုံဘူး။ ဒါပေမယ့် လက်ခံသွားမတတ် ဟောနိုင်တဲ့သူပါ။

အန်ကယ် Bud -က “မျက်စိမမြင်တဲ့လူကို သခင်ယေရှုတို့ထိတော့ “မင်းဘာမြင်လဲ?” တဲ့။
အဲဒီလူက “လူတွေဟာ သစ်ပင်တွေလိုဖြစ်ပြီး လမ်းလျှောက်နေတယ်လို့ မြင်ရပါတယ်” လို့ ဖြေတယ်။
အန်ကယ် Buddy က “အဲဒီလူဟာ “ဒုတိယ ကောင်းကြီး” ကို လိုနေတာပါ” တဲ့။ ဒါနဲ့ သခင်ဘုရားက ဒုတိယအကြိမ် တို့ထိလိုက်တော့ ဒုတိယကောင်းကြီး ပေးလိုက်တော့၊ “မင်း - အခု ဘာမြင်သလဲ?” တဲ့။
အန်ကယ် Buddy က “အဲဒီလူက ရှင်းရှင်း မြင်ရပြီ” လို့ ဖြေတယ်လို့ ဆိုတယ်။

ဒါကို ရှင်းပြပုံက “ပထမကောင်းကြီး ရရုံပဲရှိချိန်မှာ၊ ဂိုဏ်းဂဏခေါင်းဆောင်တွေကိုပဲ သစ်ပင်အိုကြီးတွေလို မြင်ရတယ်။ ဒါပေမယ့် ဒုတိယ ကောင်းကြီးရတော့မှ လူတွေကို ရှင်းရှင်းလင်းလင်း မြင်ရတော့တယ်” တဲ့။

အန်ကယ် Bud ဟာ ဒုတိယကောင်းကြီးအကြောင်း ဟောလွန်းလို့ ၊ လူတယောက်က “Bud - ရေ၊ ဆရာက ဒုတိယကောင်းကြီးပဲ ဟောနေရသလားကွာ။ ကျုပ်တော့ ကောင်းကြီးပေါင်းတထောင် ရနေပြီ” လို့ ပြောရတဲ့အထိပါပဲ။

အန်ကယ် ဘတ်ဒီ က “မင်းမှာ အဲဒီလောက်များနေရင်၊ ငါ့လို အဘိုးအိုကြီးမှာ ၂ -ခုပဲရှိတာကို မဝေမျှဘူးလား?” လို့ ပြန်ပြောပါတယ်။

တနေ့ အန်ကယ်ဘတ်ဟာ ဆရာဝန်ထံ သွားပြပါတယ်။ “ဒေါက်တာ၊ ဒီနားတစ်ဖက်က မကြားရဘူး”လို့ ပြောတော့၊ ဆရာဝန်က နည်းနည်းစမ်းသပ်ကြည့်ပြီး၊ “အန်ကယ် ဘတ်၊ ဘာမှမဟုတ်ဘူး၊ အသက်ကြီးလို့ပါ” လို့ ပြောတယ်။

ဘတ်ဒီ- က “ငါ ပြောပါဦးမယ်ကွာ။ ငါဖြင့် နားကိုမလည်တော့ဘူး။ ဒီဘက်နားက တလုံးမှ မကြားရဘူး။ ဟိုတဘက်ကတော့ ရှင်းရှင်းကြီး ကြားရတယ်။ အသက်ကြီးလို့ လို့ပြောရင်၊ နားနှစ်ဖက်လုံး တပြိုင်နက်တည်း မွေးလာကြတာပဲကွာ။” လို့ ပြောပါတော့တယ်။ အန်ကယ် ဘတ်ဒီ ဟာ ကောင်းကင်မှာ နေရာကောင်းရမှာပါ။ တွေ့ချင်မြင်ချင်ပါတယ်။

အရာရာတိုင်းတော့ သဘော မတူညီနိုင်ပါဘူး။ ယုံကြည်ခြင်းရဲ့ အဓိကတရားတွေကို ယုံကြည်ကြရင်တော့ သဘောထား မတူတာတွေလည်း ရှိမှာပေါ့။ အသေးအမွှားတွေကြောင့် မကွဲပြားကြစို့နဲ့။ ကျွန်တော်တော့ မိတ်ဆွေဖွဲ့ချင်ပါတယ်။ တယောက်နဲ့တ ယောက် မတူကြပေမယ့်၊ သဘောကျတယ်။ ဆုတောင်းပေးနေမယ်။ မှန်ကန်တဲ့ ဝေဖန်ရေးဆိုတာဟာ ခေတ်သစ်အယူယူသူတွေ ၊ မယုံကြည်သူတွေကို ဝေဖန်တာပါ။ သူတို့ထံကနေ သီးခြား ခွဲနေတာပါ။
တခြားအချက်တချက် သတိပြုစရာ ရှိပါသေးတယ်။


၂။     မှားယွင်းတဲ့ ဝေဖန်ရေး   THE  WRONG  KIND  OF  CRITICISM
အငယ် ၄ - မှာ “ကိုယ်မျက်စိ၌ တံကျင်ရှိလျှက်ပင် ညီအကိုအား၊ သင်၏မျက်စိ၌ ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ ဆိုသနည်း။”

ညီအကို နှစ်ယောက်ရှိတယ်။ တယောက်ကို ဘုရားသခင်က “လျှို့ဝှက်သောသူ” လို့ ခေါ်ထားတယ်။ သူဟာ ခေါင်းပတ်လည်မှာ ၄/၂ သစ်သားချောင်း တစ်ချောင်း တွဲလောင်းဆွဲထားလျက်နဲ့ သူ့ညီကို “မင်းမျက်စိထဲက အမှိုက်ကလေး ထုတ်ပေးပါရစေ” လို့ ပြောတဲ့သူပါ။

သူက သူ့ညီရဲ့ မျက်စိထဲက အမှိုက်ကို ဘယ်လိုလုပ်မြင်သလဲ? ကျွန်တော်ဖြင့် ဒီနေရာမှာ တမနက်လုံးရှိနေတာ။ ဘယ်သူ့မျက်စိမှာမှ အမှိုက်ဝင်တာ ဖုန်ဝင်တာ မတွေ့မိပါဘူး။ သူများမျက်လုံးမှာ ဖုန်မှုန့်ဝင်တာ မြင်တဲ့သူရှိရင်တော့ အဲဒါ - လိုက်ရှာနေလို့ပဲ ဖြစ်မယ်။ ပြိုးပြိုးပျက်ပျက် အရာလည်းမဟုတ်။ လူကိုဆွဲဆောင်တာလည်း မဟုတ်။ အဲဒီအမှိုက်ကို သူဘယ်လိုလုပ်မြင်သလဲ? သူက ရှာနေတာကိုး။ အပြစ်ရှာရင်၊ အပြစ်တွေ့မှာပေါ့။ ဘယ်သူမှ စုံလင်ကြတာမှ မဟုတ်ဘဲ။

ကျွန်တော် သင်းအုပ်လုပ်တုန်းက၊ လတိုင်း လူရာနဲ့ချီပြီး ကယ်တင်ခြင်းရကြ၊ နှစ်ခြင်းခံကြတာ တွေ့ရတယ်။ တခါတလေ တချို့သူတွေက ဝတ်ပြုစည်းဝေးမှာ အပြစ်ပြောစရာ တွေ့ကြတယ်။ ဧည့်ကြိုတဲ့သူတွေက ရောက်သင့်တဲ့နေရာထိ ထွက်မလာတာမျိုး၊ တယောက်ယောက်ကို စကားမပြောမိတာမျိုး ရှိတတ်တယ်။ အဲဒီအခါမှာ အဲဒီလူဟာ ပြောင်းလဲသူတွေ၊ သံစုံသီချင်းကောင်းတာတွေ၊ နှစ်ခြင်းခံကြတာတွေ၊ အားလုံးကို မမြင်တော့ဘူး။ ဘာထပ်တွေ့တွေ့၊ မြင်ရမြင်ရ၊ မထူးခြားတော့ဘူး။ အဲဒီလိုလူတွေဟာ အပြစ်ရှာနေသူတွေပါ။

ကိုယ်ရှာတာပဲ ကိုယ်တွေ့ကြမှာပါ။ ရှေးကဗျာလေးရှိတယ်လေ။

    ပူစီလေး ၊ ပူစီလေးရေ
    ဘယ်ကို ရောက်ခဲ့သလဲ ပြောပါဟေ?
    ငါကလေ လန်ဒန်မြို့
    ဘုရင်မကို သွားတွေ့ဖို့။


    ပူစီလေး ၊ ပူစီလေးရေ
    ဘာတွေ လုပ်ခဲ့လဲဟေ?
    ငါတွေ့တာ  ပလ္လင်အောက်က
    ကြွက်ပေါက်စ ပေါ့ကွယ်။

နာရီစင်က အသံမြည်မယ်။ Westminster  သချင်္ု ိင်းမှာ သန့်ရှင်းသူတွေရဲ့ အုတ်ဂူရှိမယ်။ လန်ဒန်မျှော်စင်နဲ့ Big Ben နာရီစင်၊ နန်းတော်နဲ့ ဘုရင်မရှိမယ်။ ဒါပေမယ့် ကြောင်ကလေးရောက်သွားတော့ သူဘာမြင်သလဲ? ကြွက်ကလေးတဲ့။ ဘာပြုလို့လဲ? သူက ကြွက်ရှာနေတာကိုး။

ကိုယ်ရှာတာပဲ ကိုယ်တွေ့ပါတယ်။ ရှုခင်းတွေအကြောင်း သိချင်ရင် လင်းတ တကောင်ကို မလွှတ်ပါနဲ့။ ပျံဝဲသွားပေမယ့် အလှအပတွေ၊ သာယာတဲ့ ရေကန်တွေ၊ ပန်းတွေဝေနေတဲ့ သစ်ပင်တွေ၊ စိမ်းလန်းဝေဆာနေတာတွေ၊ မြက်ခင်းပြင်တွေ၊ အဆုပ်- အဆုပ် စုဝေးနေတဲ့ အဖြူရောင် တိမ်တိုက်တွေနဲ့ တခြားအလှအပ ရှုမြော်ခင်းတွေကို သူမမြင်ဘူး။ ပြန်ရောက်တဲ့အခါ “ဘာမြင်ခဲ့ရသလဲ?”လို့ မေးကြည့်။ လင်းတက “လောက်တွယ်နေတဲ့ နွားသေတစ်ကောင် တွေ့ခဲ့တယ်” လို့ ဖြေပါလိမ့်မယ်။ သူ့စကားက သူ့သဘာဝကို ပြနေတယ်။ သူက လင်းတပါ။

ဒီလိုလူတွေ တွေဖူးပါတယ်။ ကျွန်တော့ အသင်းသားတွေထဲမှာလည်း အများကြီးရှိတယ်။ အကောင်းမမြင်တတ်ဘူး။ အပြစ်ပဲ ရှာတတ်တယ်။

အမှိုက် ဘာလို့တွေ့လဲ? အမှိုက်ရှာလို့ပေါ့။ ဘာလို့ အမှိုက်ရှာသလဲ? တခါတလေမှာ မနာလိုလို့  ဖြစ်တတ်တယ်။ ကိုယ့်ထက်သာတဲ့ သူမှာ အပြစ်ရှာတွေ့တတ်ပါတယ်။ မနာလိုတော့ မစားရတဲ့အမဲ သဲနဲ့ပက်ကြပါရော။ ၀ိညာဉ်ကယ်တင်ခြင်း မလုပ်တဲ့သူက လုပ်တဲ့ဆရာကို ဝေဖန်ပါလိမ့်မယ်။ တခြားသူကို တစစီဖြစ်အောင် ဆွဲချလိုက်ရင် ၊ ကိုယ့်အလုပ် အောင်မြင်မယ်လို့ ထင်တတ်ကြလို့လည်း တခါတရံ အပြစ်ရှာ တတ်ကြတယ်။ ဒါပေမယ့် သူတပါးအိမ်ကို ဖျက်ရုံနဲ့ ကိုယ့်အိမ်ဆောက်ရလေ့ရှိတာ မဟုတ်ဘူး။ တရားဟောဆရာတစ်ယောက်က ကိုယ့်အခြေအနေ မြင့်ဖို့အတွက် တခြားတရားဟောဆရာကို ဖျက်ဆီးဖို့ ကြိုးစားတာဟာ ဝမ်းနည်းစရာပါ။ ကိုယ်စိတ်ကြေနပ်ဖို့အတွက် ညီအကိုရဲ့ မျက်စိမှာ အမှိုက်ရှာတာမျိုးလည်း ရှိတတ်တယ်။ ကိုယ့်အပြစ်တော့ ကိုယ်သိနေကြ တော့ သူတပါးအပြစ်ရှာတွေ့မှ နေကောင်းတတ်တာတွေလည်း ရှိတယ်။

ဥပမာ - ကျွန်တော် ကင်ဆာရောဂါနဲ့သေမယ်ဆိုရင် - ဒီရောဂါနဲ့ပဲသေမယ့် တခြားလူတသောင်းကို ရှာလည်း ဘာထူးလာမှာလဲ?

ညီအကိုမျက်စိမှာ အမှိုက်ရှာရင်၊ ကိုယ်အဖြစ်မှန် ကိုယ်မသိတော့ဘူး။ သူ့မျက်စိမှာ ၄/၂ သစ်သားချောင်းတချောင်း ရှိနေပြီ။ သူ့ခေါင်းကို သစ်သားချောင်းနဲ့ ထောက်ထားနေပြီ။ သူတပါးမျက်စိမှာ အမှိုက်ရှာနေပြီ။ သနားစရာမကောင်းဘူးဆိုရင်တောင်- ရယ်စရာတော့ ကောင်းနေပြီ။ သူတပါးမျက်စိမှာ အမှိုက်ရှာ သိပ်မကျွမ်းကြပါနဲ့။ ကိုယ်မျက်စိမှာ သစ်သားချောင်းတစ်ချောင်း ရှိသလားပဲ ကျွမ်းကျွမ်းကျင်ကျင် ရှာပါ။ ဒါဟာ မှန်ကန်တဲ့ ဝေဖန်ရေးပါပဲ။ သောကောရောကောတွေ ၊ ခေတ်သစ်အယူယူသူတွေကို တိုက်ခိုက်ပါ။ ဆန့်ကျင်ပြီး သီးခြား ရပ်တည်ပါ။ ဒါပေမယ့် ယုံကြည်ခြင်းရဲ့ အဓိကတရားတွေကို ခံယူယုံကြည်ရင် အသေးအမွှားတွေ ရှိရင်လည်း ရှိခွင့်ပေးပါ။ လက်တွဲပါ။

Dr. Bob Jones, Sr. က ပြောဖူးတယ်။ “အမဲလိုက်ခွေးတစ်ကောင် ယေရှုအတွက် မြို့အနှံ့ လျှောက်ဟောင်နေရင်၊ ငါတော့ အမဲရိုး ပစ်ကျွေးလိုက်မှာပဲ” တဲ့။ ကျွန်တော်တို့ဟာ fundamentalists တွေ။ အဓိက တရားကိုင်စွဲသူတွေပါ။ အရာရာတိုင်းတော့ သဘောတူကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ယုံကြည်ခြင်းရဲ့ အဓိကတရားတွေကို သဘောတူတဲ့အတွက် ဘုရားကျေးဇူးတော် ချီးမွမ်းစရာပါ။ တယောက်နဲ့တယောက် ကောင်းကွက်တွေ ရှာပြောကြပါ။

ဟိုတုန်းက ကျွန်တော့သားက ကားတိုက်ခံထားရပုံပေါက်တဲ့ ခွေးကြီးတစ်ကောင် အိမ်ကိုယူလာတယ်။ တကိုယ်လုံး စက်ဆီတွေ ပေနေတယ်။ အရေပြားမှာလည်း ၂နေရာ - ၃နေရာလောက် ပေါက်ပြဲနေတယ်။ သန်းတွေကလည်း တကိုယ်လုံးခဲလို့။ ပိန်လွန်းပြီး အားကလည်း မရှိတော့ လမ်းတောင် သိပ်မလျှောက်နိုင်ဘူး။ သားတိုနီကတော့ ပွတ်သပ်ပေးနေလေရဲ့။

အဲဒီခွေးကိုမြင်တော့ “သားရေ၊ အဲဒီခွေးယူသွားကွာ။ ရောဂါလည်းရှိပုံရတယ်။ ကြောက်စရာကွာ” လို့ အော်ပြောမိတယ်။
 “ဒါပေမယ့်  ဖေဖေရာ၊ ကျွန်တော် ဒီခွေးကို လိုချင်တယ်”
 “သား၊ မင်းမှာ အဲဒီခွေး မလိုပါဘူး။ ဒဏ်ရာတွေနဲ့ကွာ။ သန်းတွေကလည်းအများကြီး”
 “ဒါပေမယ့် ကြည့်ပါဦး ဖေဖေရာ၊ သူက အမြီးကလေး နန့်နေတယ်”
ကျွန်တော်ကတော့ ခွေးကို မကြိုက်တဲ့ ဆင်ခြေတွေ အများကြီးရှိနေ၊ မြင်နေပေမယ့်၊ သားက ကောင်းကွက်ကလေး မြင်နေတယ်။
တယောက်နဲ့တယောက် ကောင်းကွက်တွေ မရှာသင့်ဘူးလား? ယုံကြည်ခြင်းရဲ့ အဓိကတရားတွေကို ယုံကြည်ခံယူရင်၊ အပြစ်မရှာကြပါနဲ့။ ဘုရားသခင် ကောင်းကြီးပေးပါစေ။                      ။

Tuesday, May 21, 2013

09. The Behavior of Believers (BREAD FOR BELIEVERS) (Burmese)

Dr. Curtis Hutson
-------------------------------------------------------------------------------------------------------
အခန်း ၉
--------------------------------------------------------------------------------
 “ထိုသို့ပြောသော်လည်း၊ ချစ်သူတို့၊ သင်တို့သည် ကယ်တင်ခြင်းနှင့် ယှဉ်သောအရာ၊ သာ၍ကောင်းသောအရာတို့နှင့် ဆိုင်သည်ကို၊ ငါတို့သည် သဘောကျလျှက်ရှိ၏။” - ဟေဗြဲ ၆း ၉။

 မကြာသေးခင်က လေ့လာမှုတွေအရ အမေရိကန်ပြည်ရဲ့ မဲပေးနိုင်သူ ၃ ယောက်တိုင်းမှာ တယောက်ဟာ အသစ် မွေးဖွားပြီးသူ born again တွေလို့ သိရပါတယ်။ ဒီစစ်တမ်းအရ ယုံကြည်သူတွေဟာ ဧဝံဂေလိတရားဟောပြီး ဝိညာဉ်ရေးအရ အားကြီးစွာနဲ့ ကမ္ဘာကို ပုံသွင်းနိုင်ပါတယ်။ ကျွန်တော်တို့သာ ခရစ်ယာန်တရားတော်ကို အလေးထားမယ် ဆိုရင်ပေါ့။

 ဒီနေ့ခရစ်ယာန်ဘာသာမှာ ခက်တာက သာမန်ခရစ်ယာန်တွေများနေတာပါပဲ။ အဲဒီ ခရစ်ယာန်တွေဟာ ဘာနဲ့တူသလဲဆိုတော့ “ခရစ်ယာန်ဖြစ်တာ ကြာပြီလား” လို့မေးတဲ့အခါ “ခရစ်ယာန် ဖြစ်လိုက်၊ မဖြစ်လိုက်နဲ့ အနှစ် ၄၀ နီးပါးရှိပါပြီ။” လို့ ဖြေတဲ့သူနဲ့ တူနေတယ်။ အများစုက ဖြစ်လိုက်၊ မဖြစ်လိုက်ပါဘဲ။

 Henry Drummond က ပြောတယ်။ “လောကကြီးမှာ လိုနေတာက လူ ပိုများဖို့မဟုတ်ဘူး။ ပိုကောင်းတဲ့လူတွေ ရှိလာဖို့ပါ” တဲ့။ Billy Sunday ကလည်း “အသင်းတော်မှာ လိုတာက အသင်းသားအသစ်တွေ မဟုတ်ဘူး။ အသစ်ပြုပြင်ထားတဲ့ အသင်းသားအဟောင်းတွေပါ” တဲ့။

  အသင်းတော်အများစုဟာ တကယ်အသက်ရှုတဲ့ ဆဲလ်ပြွန်နည်းနည်းပဲပါတဲ့ မကျန်းမာတဲ့ အဆုပ်တခုနဲ့ တူနေတယ်။ ခရစ်ယာန်လို့ အမည်ခံသူတိုင်း ကျမ်းစာအမြင်နဲ့ကြည့်လို့ အောင်မြင်တဲ့ ခရစ်ယာန်တွေဖြစ်နေကြရင်၊ တိုင်းပြည်အပေါ်မှာ ကြီးမားတဲ့ ဝိညာဉ်ရေး သက်ရောက်မှုတွေ ဖြစ်နေမှာပါ။

  အခု- ဒီတရားဒေသနာမှာ ကယ်တင်ခြင်းနဲ့ ဆက်နွယ်နေတဲ့ အချက်တွေ၊ တနည်းအားဖြင့် အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့ အချက် (၇) ချက်ကို ဝေငှပါမယ်။ ကယ်တင်ခြင်းရဖို့ လိုတာက သခင်ယေရှုခရစ်ကို ယုံကြည်ဖို့ပါပဲ။ ယော ၃ း ၃၆ မှာ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။” အခု ဝေငှမှာက ကယ်တင်ခြင်းရဖို့ မဟုတ်ဘူး။ ရထားတဲ့ ကယ်တင်ခြင်းနဲ့ ဆက်နွယ်နေတာတွေပါ။

(၁) ခရစ်တော်ကို လူရှေ့ထင်ရှား ၀န်ခံပါ။  CONFESS  CHRIST PUBLICLY

     ပထမ - ခရစ်တော်ကို လူရှေ့ထင်ရှား ဝန်ခံဖို့လိုတယ်။ ရောမ ၁၀ း ၁၀ မှာ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။” ပြီးတော့ သခင်ယေရှုက မဿဲ ၁၀ း ၃၂ -၃၃ မှာ “အကြင်သူသည် လူတို့ေ့ရှမှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ့ခမည်းတော်ေ့ရှမှာ ထိုသူကို ငါဝန်ခံမည်။ အကြင်သူသည် လူတို့ေ့ရှမှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ေ့ရှမှာ ထိုသူကို ငါငြင်းပယ်မည်။”

     လူေ့ရှဝန်ခံခြင်းဟာ ကယ်တင်ခြင်းအတွက် မရှိမဖြစ်မဟုတ်ပေမယ့် ကယ်တင်ခြင်းနဲ့ ဆက်နွယ်နေတယ်။ “ခရစ်ယာန်အများစုဟာ Arctic အာတစ်မြစ်လိုပဲ ပါးစပ်ထဲမှာ ရေခဲနေကြတယ်လို့” လူတစ်ယောက်က ဆိုဖူးတယ်။ တခြားလူတွေ၊ တခြားအကြောင်းတွေအတွက် ရပ်တည်ရဲကြပေမယ့် ခရစ်တော်အတွက် ရပ်တည်ဖို့လိုလာတဲ့အခါ ယုံကြည်သူတွေဟာ ဝိညာဉ်ရေးမှာ သူရဲဘောကြောင်လာတတ်တယ်။

      ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးပြီးသူတိုင်းဟာ အသင်းတော် ဝတ်ပြုစည်းဝေးမှာ ေ့ရှထွက်ပြီး ယုံကြည်ကြောင်း ဝန်ခံသင့်တယ်။ ခရစ်တော်ကို အားကိုးပြီးတာကို တခြားသူတွေ သိစေချင်ကြောင်း တရားဟောဆရာကို ပြောပြသင့်တယ်။ ခရစ်တော်ကို အားကိုးပြီးတာနဲ့ ကိုယ့်အတွက် ဆုတောင်းပေးနေတဲ့ မိတ်ဆွေတွေကို ဝမ်းသာအားရ ပြောပြသင့်တယ်။ အဝေးက ဆုတောင်းပေးနေတဲ့ မိဘတွေရှိရင်လည်း ပြောင်းလဲပြီလို့ ဖုန်းနဲ့ ပြောပြသင့်တယ်။ ကိုယ့်အလံကို ခေါက်မသိမ်းဘဲ ရဲရဲဝံ့ဝ ံ့လွှင့်တင်လိုက်ပါ။ တိတ်တဆိတ် တပည့်တော်မျိုး မဖြစ်ပါစေနဲ့။

(၂)  အသင်းတော်တစ်ပါးမှာ အသင်းသားအဖြစ် ပါ၀င်ပါ။ CHURCH MEMBERSHIP IN THE LOCAL CONGREGATION IS THE NEXT STEP
     ဒုတိယအဆင့်က  အသင်းသားအဖြစ် ပါဝင်ဖို့ပါ။ ဒါက ခရစ်ယာန်ဖြစ်ချင်လို့ အသင်းတော်မှာ ပါဝင်တာမဟုတ်ဘူး။ အသင်းသားဖြစ်တာနဲ့ ကယ်တင်ခြင်းဟာ ဆက်နွယ်နေလို့ပါ။ Billy Sunday  က ပြောလေ့ရှိတယ်။ “ကားဂိုဒေါင်ထဲ ဝင်လိုက်ရုံနဲ့ ကားတစ်စီး ဖြစ်မသွားသလိုဘဲ အသင်းတော်ထဲပါဝင်ရုံနဲ့ ခရစ်ယာန်ဖြစ်မသွားဘူး။” တဲ့။ အသင်းသားဖြစ်တာနဲ့ ကယ်တင်ခြင်းရတာ မဆိုင်ပေမယ့် အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့တော့ ဆိုင်ပါတယ်။ ဟေဗြဲ ၁၀း ၂၅ မှာ “လူအချို့တို့၏ ထုံးစံရှိသည့်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။”
    တမန် ၂ း ၄၁ မှာ “- ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင် မျှလောက်သော သူတို့သည် ဝင်ကြ၏။” ဒီကျမ်းချက်မှာ ဘုရားပေးတဲ့ အစီအစဉ်ရှိပါတယ်။ ယုံကြည်၊ နှစ်ခြင်းခံ၊ ပြီးရင် အသင်းဝင်ဖို့ ဖြစ်ပါတယ်။

    ကျွန်တော့အတွေ့အကြုံအရတော့ အသင်းတော်တစ်ပါးမှာ မပါဝင်ပဲ၊ အဲဒီအသင်းတော်အပေါ် သစ္စာမရှိပဲ၊အောင်မြင် တဲ့ ယုံကြည်သူ တစ်ယောက် ဖြစ်လာလေ့မရှိဘူး။ ဓမ္မသစ်မှာ “အသင်းတော်” လို့ (၁၁၇) ကြိမ်ရှိတဲ့အနက် (၉၅) ကြိမ်ဟာ ဒေသတွင်းရှိ အစုအဝေးလို့ ဆိုလိုတယ်။

    ဘယ်အသင်းတော်မှာ ပါရမယ်လို့ ကျမ်းစာက အတိအကျမပြောဘူး။ ဥပမာ ကျမ်းစာက “အဲဒီ.. အဲဒီ မြို့က နှစ်ခြင်းအသင်းတော်မှာ ပါဝင်ရမယ်လို့ မပြောဘူး။ ဒါကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို မျှော်လင့်ရမယ်။ ကိုယ့်ဒေသက ကျမ်းစာယုံကြည်တဲ့ ကောင်းတဲ့ အသင်းတော်တွေကို ဘုရားကျောင်း လှည့်တက်ကြည့်ပါ။ ဘုရားသခင် ရွေးချယ်ပေးတဲ့ အသင်းတော်ဖြစ်ဖို့ ဆုတောင်းပါ။ ဘယ်အသင်းတော်လို့ ကျမ်းစာက အတိအကျမပြောပေမယ့် ဘယ်အသင်း တော်မျိုးမှာ ပါဝင်ရမယ်ဆိုတဲ့ သဘောထားမျိုးတော့ ပေးပါတယ်။

   ပထမအချက်အနေနဲ့ ကျမ်းစာကို ဦးထိပ်ထားတဲ့ ဖန်တယ်မင်တယ်လ်အသင်းတော် Fundamental church ဖြစ်သင့်ပါတယ်။ ဆိုလိုတာက သင်းအုပ်က “အပျိုကညာမှ ဖွားမြင်ခြင်း၊ အသွေးဖြင့် တစ်ခါတည်း အပြစ်ဖြေခြင်း၊ သခင်ယေရှု ကိုယ်ခန္ဓာနဲ့ ရှင်ပြန်ထမြောက်ခြင်း၊ ကျမ်းစာကို တလုံးစီအပြည့်အဝ မှုတ်သွင်းခြင်း၊ ခရစ်တော်ကိုယ်တိုင် ဒုတိယအကြိမ်ကြွလာခြင်း စတာတွေကို ယုံကြည်ရမယ်။ ဒီယုံကြည်ခြင်းရဲ့ အဓိကတရားတွေကို ယုံကြည်ရုံသာမဟုတ်၊ အဲဒီ အရေးကြီး ဩဝါဒတွေအတွက် မကြောက်မရွံ့ ရပ်တည်ရဲတဲ့ သင်းအုပ်ဖြစ်ရပါမယ်။

   ဒုတိယအချက်အနေနဲ့ မှားယွင်းတဲ့ သွန်သင်ခြင်းတွေနဲ့ သီးခြားခွဲနေတဲ့ အသင်းတော်တစ်ပါး ဖြစ်ရမယ်။ ခေတ်သစ်ဘု ရားမဲ့အယူ Modernism ကို ထောက်ခံတဲ့ အသင်းတော်မှာ မပါဝင်သင့်ဘူး။ နောက်ပေါက် တရားဟောဆရာလေးတွေကို ကျမ်းစာဟာ ဘုရားနှုတ်ကပတ်တော် မဟုတ်ဘူးလို့ သွန်သင်တဲ့ သောကောရောကော လစ်ဘရယ်လ် Liberal ဆရာတွေကို လစာထောက်ပံ့တဲ့ အသင်းတော်မှာ မပါဝင်သင့်ဘူး။ ပါဝင်မိရင်လည်း အတတ်နိုင်ဆုံး ချက်ခြင်းနှုတ်ထွက်ပြီး ခေတ်သစ် ဘုရားမဲ့အယူ Modernism ၊ သောကောရောကောအယူ Liberalism နဲ့ မှားယွင်းတဲ့ အယူတွေကို ငြင်းပယ်ပြီး၊ ယုံ ကြည်ခြင်းရဲ့ အဓိကတရားတွေကို စွဲလန်းတဲ့ အသင်းတော်တပါးမှာ ကူးပြောင်းပါဝင်သင့်ပါတယ်။

  တတိယအနေနဲ့ ဝိညာဉ်ကယ်တင်ခြင်းလုပ်တဲ့ အသင်းတော်ဖြစ်သင့်ပါတယ်။ အသင်းတော်ရဲ့ အဓိကရည်ရွယ်ချက်က ဝိညာဉ်တွေကို ကယ်ဖို့ပါ။ ဒါဟာအဓိကအလုပ်ပါ။ ဒီအလုပ်ပြီးမြောက်ဖို့သာ တခြားအရာတွေက ပံ့ပိုးရတာပါ။ အသင်းတော်မှာ တနင်္ဂနွေ တော်တော်များများ တက်ပေမယ့် တစ်ယောက်မှ ပြောင်းလဲတာကိုမမြင်ရရင် မပါဝင်သင့်ဘူး။ သင်းအုပ်ကိုယ်တိုင်ကလည်း တတ်နိုင်သလောက် ကယ်တင်ဖို့ စိတ်မဝင်စားရင် ပါဝင်လက်မတွဲသင့်တော့ဘူး။ အသင်းတော်မှာ အဓိကအလုပ်ဟာ ဝိညာဉ်ကယ်တင်ခြင်း Soul winning ပဲ ဖြစ်သင့်တယ်။ ဒီအချက်ကို အဓိကထားရင် ဒီလိုမျိုး အသင်းတော်ရှိရာအရပ်ကို မိုင်တစ်ရာ အသွားအပြန် သွားရလည်းပဲ ပါဝင်သင့်ပါတယ်။

  အချက်လေးအနေနဲ့ သင်းအုပ်ဟာ ကျမ်းစာအသင်ကောင်းတဲ့ ဆရာဖြစ်သင့်တယ်။ ဘုရားကျောင်းတတ်တိုင်း ကျမ်းစာသင်ယူတဲ့ အတွေ့အကြံုရှိဖို့ လိုတယ်။ ဘုရားကျောင်းတက်တာ သင်ကြားခံယူဖို့ပါ။ ဝတ်ပြုစည်းဝေးတိုင်းဟာ ဧဝံဂေလိသဘော ဖြစ်သင့်ပေမယ့် ဆန်းဒေးစကူး Sunday School နဲ့ ဆုတောင်းစည်းဝေးတွေမှာ ကျမ်းစာသင်ချိန် ရှိသင့်တယ်။ ဘုရားကျောင်းဆိုတာ ယုံကြည်သူတွေ သင်ကြားခံယူရာ နေရာဖြစ်တယ်။ မိတ်ဆွေဖွဲ့ရာ ဝိညာဉ်ကယ်တင်ခြင်း ပူးပေါင်းပါဝင်လုပ်ဆောင်ရာ ကမ္ဘာကို သာသနာပြုဖို့ ကူမရာ နေရာဖြစ်ပါတယ်။

  တခြားမြို့ကို ပြောင်းရတော့မယ်ဆိုရင် အဲဒီမြို့က အသင်းတော်တစ်ပါးမှာ အတတ်နိုင်ဆုံး အမြန်ပါဝင်သင့်တယ်။ ယုံကြည်သူတိုင်း အသင်းဝင် ဖြစ်သင့်ပြီး ပါဝင်တဲ့အသင်းတော်အပေါ် ဘုရားကျောင်းတက်ခြင်း၊ ဆုတောင်းပေးခြင်း အလှူငွေပေးခြင်းအားဖြင့် သစ္စာရှိသင့်ပါတယ်။

 (၃) ကျမ်းစာ နေ့စဉ်လေ့လာဖို့ ဆက်ကပ်ပါ။  CONCENTRATE DAILY ON THE STUDY OF GOD’S  WORD
  အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့ တတိယအဆင့်ကတော့ ဘုရားနှုတ်ကပတ်တော် လေ့လာခြင်းဖြစ်တယ်။ ကျမ်းစာသင်ယူတာဟာ ကယ်တင်ခြင်းရဖို့ မဟုတ်ပေမယ့်၊ ကယ်တင်ခြင်းနဲ့ ဆက်နွယ်နေတယ်။ ၁ပေ ၂ း ၂ မှာ “ ကယ်တင်ခြင်းအလို့ငှာ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည့်အကြောင်း၊ ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန်လိုချင်သော စိတ်ရှိကြလော့။” ရှင်ပေတရုက “ဘွားစကလေးတွေ နို့ဆာသလို မွေးဘွားစ ယုံကြည်သူတွေ နှုတ်ကပတ်တော် ဆာငတ်သင့်တယ်” လို့ ဆိုချင်ပုံရတယ်။ သခင်ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံလိုက်တာနဲ့ တပြိုင်နက် ချက်ချင်း နှုတ်ကပတ်တော်ကို ဆာငတ်သလားတော့ ကျွန်တော် မသိပါဘူး။ သင်ကြားခံယူမှု သိပ်မရှိသေးဘူး။ ထပ်လေ့လာလေလေ ထပ်သိချင်လေလေပါ။ ခရစ်ယာန်တစ်ယောက် ကြီးထွားဖို့ နှုတ်ကပတ်တော် အစာစားခြင်းဟာ မရှိမဖြစ် အရေးကြီးပါတယ်။

  လူတစ်ယောက်က ပြောတယ်။ “ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးမှာ လိုအပ်လာတဲ့အချိန်၊ လိုအပ်လာတဲ့နေရာမှာ ရင့်ကျက်တဲ့သူတွေ အလုံအလောက် မရှိခဲ့ဖူးဘူး။” လို့ ဆိုတယ်။ တရားဟောဆရာ အတွေ့အကြံုအရ ပြောရရင် “အသင်းတော် သမိုင်းတစ်လျှောက်လုံး မှာ ရင့်ကျက်တဲ့ ယုံကြည်သူတွေ အလုံအလောက် မရှိခဲ့ဘူး။” လို့ ဆိုချင်တယ်။ အမေရိကန်ပြည်မှာရှိတဲ့ ခရစ်ယာန်လို့ အမည်ခံတဲ့ သူတိုင်းဟာ အားကြီးရင့်ကျက်တဲ့ ခရစ်ယာန်တွေဖြစ်ခဲ့ရင် ကမ္ဘာကြီးကို ဘုရားသခင်အတွက်၊ အမှန်တရားအတွက် ပုံဖေါ်နိုင်ခဲ့ကြမှာပါ။

   လူဟာ စားတဲ့အတိုင်း ဖြစ်တယ်ဆိုတဲ့ ကျန်းမာရေး မဂ္ဂဇင်းတစ်စောင် ဖတ်ရတယ်။ ဝိညာဉ်ရေးမှာလည်း စားတဲ့အတိုင်း ဖြစ်တတ်တယ်။ ဒါကြောင့် ယုံကြည်သူတွေဟာ ညစ်ညမ်းစာပေနဲ့ မဂ္ဂဇင်းတွေကို ရှောင်ပြီး ဘုရားနှုတ်ကပတ်တော်ထဲက  အစာကောင်းတွေ စားရမယ်။ ပြီးတော့ ယုံကြည်သူဟာ “ရှက်ကြောက်စရာ အကြောင်းမရှိဘဲ” လုပ်ဆောင်သူတစ်ယောက် ဖြစ်တဲ့အတွက် ဘုရားနှုတ်ကပတ်တော်ကို လေ့လာဖို့ မရှိမဖြစ် အရေးကြီးတယ်။ ၂တိ ၂ း ၁၅ မှာ “ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ ဆရာသမားဖြစ်လျှက်၊ ဘုရားသခင့်ေ့ရှ၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအားထုတ်လော့။” ယုံကြည်သူဟာ ဝိညာဉ်ကယ်ဖို့ ကျမ်းစာဗဟုသုတ ရှိရမယ်။ ကျမ်းစာဟာ စင်ကြယ်မှုကိုလည်း ဖြစ်စေတယ်။ ယော ၁၅ း ၃ မှာ သခင်ယေရှုက “ သင်တို့သည် ငါဟောပြောသော စကားအားဖြင့် ယခုပင် ရှင်းလင်းလျှက်ရှိကြ၏။” ယော ၁၇ း ၁၇ မှာ  “ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပါတ်သည် သမ္မာတရားဖြစ်ပါ၏။” လို့ ဆုတောင်းခဲ့တယ်။

   လူတစ်ယောက်က သူ့သင်းအုပ်ကို “ကျွန်တော်ဖတ်တာ ဘာမှမမှတ်မိတော့တဲ့အခါ နှုတ်ကပတ်တော် ဆက်ဖတ်သင့် သေးသလား?” လို့ မေးတယ်။ ပညာရှိတဲ့ သင်းအုပ်ဆရာကြီးက ခဏစဉ်းစားပြီး၊ ပြန်ဖြေတယ်။ “ဟေ! မမှတ်မိရင်လည်း ဆက်ဖတ်ကွာ။ ဇကာထဲကို ရေလောင်းလိုက်တဲ့အခါ ဇကာပေါ်မှာ ရေမတင်ပေမယ့် ရေကြောင့် ဇကာတော့ သန့်သွားလိမ့်မယ်။” တဲ့။

   လူတစ်ယောက်ရဲ့ ကျမ်းစာအုပ် ေ့ရှဆုံးစာမျက်နှာမှာ ရေးထားတဲ့ စကားလေးတစ်ခွန်း အမှတ်ရမိတယ်။ “ဒီကျမ်းစာအုပ်ဟာ အပြစ်မလုပ်အောင် တားပေးလိမ့်မယ်။ အပြစ်က ဒီကျမ်းစာကို မဖတ်ချင်အောင် တားဆီးလိမ့်မယ်။” ဒီစကားဟာ တကယ်မှန်တဲ့ စကားပါ။ ကျမ်းစာဖတ်ဖို့ အချိန်တစ်ချိန်ရယ်လို့ နေ့တိုင်း သတ်မှတ်ထားသင့်ပါတယ်။ D. L. Moody က ဆုတောင်းတာဟာ ဘုရားသခင်ကို စကားပြောတာပါ။ ကျမ်းစာဖတ်တာဟာ ဘုရားသခင်က လူကို ပြန်ပြောတာပါ။ နားထောင်မှုကို ပိုဦးစားပေးရမယ်။ ကျမ်းစာပုံမှန်မဖတ်ဘဲ အောင်မြင်တဲ့ ခရစ်ယာန် ဖြစ်မလာနိုင်ဘူး။

     (၄) နေ့တိုင်း ဆုတောင်းပါ။  COMMUNE  DAILY  WITH  GOD  IN  PRAYER

    အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ စတုထ္တအချက်ကတော့ နေစဉ် ဆုတောင်းခြင်းပါ။ “ပဌာနာတော် ” ဟာ နေ့တိုင်း ဆုတောင်းဖို့ ပေးထားတာပါ။ “အသက်မွေးလောက်သော အစာကို အကျွနု်ပ်တို့အား ယနေ့ ပေးသနားတော်မူပါ။”  (မဿဲ ၆ း ၁၁) ဒီဆုတောင်းဟာ နောက်နေ့တွေမှာလည်း ထပ်ဆုတောင်းဖို့ ဖြစ်တယ်။ တပတ်မှ တခါပဲ ဆုတောင်းခိုင်းရင်တော့ “တပတ်စာ အစာကို ယနေ့ ပေးသနားတော်မူပါ” လို့ တောင်းခိုင်းမှာပေါ့။ လုကာ ၁၈ း ၁ မှာ “လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်။” ၁သက် ၅ း၁၇ မှာ “မခြားမလပ် ဆုတောင်း ပဌာနာပြုကြလော့။” ဆာလံ ၅ း ၃ မှာလည်း “အိုထာဝရဘုရား ၊ နံနက်အခါ အကျွနု်ပ်စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါ ကိုယ်တော်ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်။”

    နေ့တိုင်းဆုတောင်းသင့်တဲ့ အကြောင်းတွေ အများကြီးရှိပါတယ်။ ပထမအချက်က ရပေါက်ရလမ်းအဖြစ် ပြင်ဆင်ပေးထားလို့ပါ။ မဿဲ ရ း ရ မှာ “တောင်းကြလော့။ တောင်းလျှင်ရလိမ့်မည်။” ယာကုပ် ၄ း ၂ မှာ “မရကြ။- အကြောင်းမူကား ဆုမတောင်းဘဲနေကြ၏။” နေ့တိုင်းဆုတောင်းရင် ဘာတွေရလာမယ်ဆိုတာ အံ့ဩစရာပါ။ အများကြီးတောင်းဖို့လည်း မဝံ့မရဲမဖြစ်ပါနဲ့။

    နပိုလီယန်ရဲ့ စစ်သားတစ်ယောက်က မယုံနိုင်လောက်တဲ့ တောင်းဆိုမှုတခု တောင်းဖူးတယ်။ တခြားစစ်သားတွေက သူ့ကိုရယ်တယ်။ “ဘယ်တော့မှရမှာ မဟုတ်ဘူး။ ဒီလောက်အများကြီး တောင်းထားတာ” လို့ ပြောကြတယ်။ ဒါပေမယ့် အားလုံးအံ့ဩစရာပါ။ နပိုလီယန်က အဲဒီစစ်သားကို ခေါ်ပြီး၊ “မင်း အဲဒီလောက်တောင်းတာဟာ ငါ့ကို ဂုဏ်ပြုလိုက်တာပဲ။ ပေးရမှာပေါ့” လို့ ပြောခဲ့ပါတယ်။

    ဘုရားသခင်က ကြီးမားတဲ့အရာတွေကို တောင်းစေချင်တယ်။ ဆာလံ ၁ း ၁၀- မှာ “သင်၏ နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာကျွေးမည်။” ကျွန်တော်ဘဝမှာလည်း အများကြီးရဖူးတယ်။

    ၁၉၆၁ မှာ စာတိုက် အလုပ်ကထွက်တော့ စားဝတ်နေရေးအတွက် ဘုရားကိုပဲ အားကိုးခဲ့တယ်။ ဆုတောင်းလို့ အဖြေတွေ အံ့ဩဖွယ် ရခဲ့တယ်။ တညမှာတော့ ဇနီးသည်နဲ့အတူ မီးဖိုချောင်ထဲမှာ အကြွေးမပေးနိုင်လို့ ဝမ်းနည်းနေတယ်။ အကြွေးစာရွက်တွေကို ပေါင်းအိုးပေါ်မှာ ထပ်တင်လိုက်ပြီးတော့ လက်တင်ဆုတောင်းကြတယ်။

    ဆုတောင်းလို့ တဝက်လောက်ရောက်တော့ တံခါးခေါက်သံကြောင့် ရပ်သွားရတယ်။ ညည့်သန်းခေါင် အချိန်ကြီးပါ။ ဇနီးမောင်နှံ နှစ်ယောက် ငိုပြီး အိမ်ေ့ရှမှာ ရပ်နေတာတွေ့ရတယ်။ ချက်လက်မှတ် တစ်စောင် ထုတ်ပေးပြီးတော့ “ဘုရားသခင်က ကျွန်တော်တို့ကို နှိုးပြီးတော့ ဆရာတို့ကို ဒီငွေတွေ သွားပေးဖို့ ပြောပါတယ်” တဲ့။ သူတို့ထွက်သွားပြီး ၊ ချက်လက်မှတ်ကို ကြည့်လိုက်တော့ လိုနေတဲ့ငွေ အရေအတွက် အတိအကျပါဘဲ။

     ဆုတောင်းခြင်းဟာ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောပေးခြင်းခံရဖို့ နည်းတစ်ခုလည်း ဖြစ်တယ်။ ၁ယော ၁ း ၈-၉ မှာ “ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။- ကိုယ်အပြစ်တို့ကို ဖေါ်ပြ တောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊  ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။” ကျွန်တော့သဘောက ဘယ်သူကိုမှ အပြစ်မပြုစေချင်ဘူး။ ခရစ်တော်ကို လက်ခံစတုန်းကဆိုရင် ဘယ်တော့မှ အပြစ်မပြုမိတော့ဘူးရယ်လို့ ရမ်းသမ်းထင်ခဲ့မိတယ်။ အပြစ်ဘယ်တော့မှ မလုပ်တော့ဘူးလို့တောင် ဘုရားကို ဂတိပေးခဲ့မိပေမယ့် အပြစ်ကတော့ လုပ်မိတာပါပဲ။ ဒါပေမယ့် ကျေးဇူးတော်ကြောင့်  တောင်းပန်ရင် ခွင့်လွှတ်ခြင်းနဲ့ စင်ကြယ်ခြင်း ရနိုင်ပါတယ်။

     ကျွန်တော်သား ငယ်ငယ်တုန်းက စားသောက်ခါနီး ကောင်းကြီးတောင်းခိုင်းဖူးတယ်။ သူအများကြီး တောင်းပါတယ်။ ပြီး မှ“ဘုရားသခင် ကျွန်တော့အပြစ်ရှိသမျှကို ကောင်းကြီးပေးပါ” လို့ ဆက်တောင်းတယ်။ ကျွန်တော် အသံတိတ်ရယ်ပြီးတော့ “ ဒါဟာ ခရစ်ယာန်အများစုရဲ့ သဘောထားဘဲ။” လို့ တွေးမိတယ်။ နောက်မှ အပြစ်တွေကို ကောင်းကြီးပေးဖို့ မတောင်းရဘူး။ တောင်းပန်ရင် ခွင့်လွှတ်တယ်။ ဆေးကြောပေးတယ်လို့ ရှင်းပြရတယ်။ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောပေးခြင်းအတွက် အမြဲ ဆုတောင်းသင့်တယ်။ မာတင်လုသာ Martin Luther က “ဘုရားသခင်နဲ့ လက်ငင်းစာရင်း ရှင်းပါ။” လို့ ပြောတယ်။ အပြစ်တွေ စုပုံ မနေစေချင်တဲ့ သဘောပါ။ အပြစ်လုပ်ရင် ချက်ချင်းတောင်းပန်ပါ။ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောပေးခြင်းကို ရယူပါ။

      ကျွန်တော့် မိတ်ဆွေ တရားဟောဆရာတစ်ယောက် တနင်္ဂနွေမနက်၊ ဘုရားကျောင်းသွားတဲ့လမ်းမှာ မိန်းကလေးတစ်ယောက်နဲ့ သူ့မောင်လေးကို တွေ့မိပါတယ်။ မောင်ကလေးက အတော်ညစ်ပတ် ပေကျံနေတယ်။ တရားဟောဆရာက သူ့ကိုကြည့်ရင်း “သား! မနက်အစောကြီး ဘာလို့ဒီလောက် ညစ်ပတ်ပေကျံနေရလဲကွာ!” လို့ မေးတယ်။
      အမဖြစ်သူက ဝင်ဖြေတယ်။ “အခု မနက်မှ ပေတာမဟုတ်ဘူးဆရာ။ ဒီပုံစံနဲ့ ညက အိပ်ယာဝင်ခဲ့လို့ပါ။” တဲ့။
      ယုံကြည်သူတွေလည်း အပြစ်ဝန်မချဘဲ အိပ်ယာဝင်ကြတယ်။ အပြစ်တွေ စုပုံထားလို့ ခရစ်တော်နဲ့ မိဿဟာယ ပျက်ရတယ်။ အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့ နေ့စဉ်ဆုတောင်းခြင်းဟာ မရှိမဖြစ် အရေးကြီးပါတယ်။

       ပညာရဖို့လည်း ဆုတောင်းရတယ်။ ယာကုပ် ၁ း ၅ မှာ “ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင် ရလိမ့်မည်။” ဘုရားသခင်က “မင်းလိုချင်သလောက် ပညာတွေ တောင်းစမ်း။ ငါ ရက်ရက်ရောရော ပေးမယ်။- တောင်းလို့ မင်းကိုမကဲ့ရဲ့ဘူး။” လို့ ပြောနေတာပါ။ ဘယ်လောက် အားရစရာကောင်းလဲ? ဆုတောင်းဖို့ တခြားအကြောင်းအရင်းတွေ ရှိပါသေးတယ်။ ဒါပေမယ့် အခုပြောတာတွေက နည်းနည်းပိုအရေးကြီးတဲ့ အချက်တွေပါ။

(၅) ကယ်တင်ခြင်းအကြောင်း နေ့တိုင်း သက်သေခံပါ။  COMMUNICATE DAILY THE GOSPEL TO OTHERS
       သက်သေခံခြင်းဟာ အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့ မရှိမဖြစ် အရေးကြီးပါတယ်။ သက်သေခံဖို့ မကြိုးစားဘဲ၊ မအောင်မြင်နိုင်ဘူး။ ဘုရားသခင်က ခရစ်ယာန်တယောက် ဖြစ်စေတာ သူ့တပါးကို သက်သေခံဖို့ပါ။ ယောဟန် ၁၅ း၁၆ မှာ “သင်တို့သည် ငါ့က်ို ရွေးကောက်ကြသည် မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊၊ သင်တို့သည် သွား၍ တည်ကြည်သော အသီးကိုသီးမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။”

       ခရစ်ယာန်တစ်ယောက်ရဲ့ အသီးဟာ တခြားသူတွေ ခရစ်ယာန်ဖြစ်လာခြင်းပဲလို့ စိတ်ထဲမှတ်ထားလိုက်ပါ။ သုတ္တံ ၁၁း၃၀ မှာ “ဖြောင့်မတ်သောသူ သီးသောအသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။” ဒီကျမ်းချက်မှာ ခရစ်ယာန် အသီးသီးတယ်ဆိုတာ သက်သေခံတာပါပဲ။  လောကထဲက ခေါ်နှုတ်ထားတဲ့ ခရစ်ယာန်တွေဟာ လောကထဲမှာ နေပေမယ့် တခြားသူတွေကို တတ်နိုင်သမျှ ခေါ်ထုတ်ဖို့ အတွက် လောကထဲကို ပြန်စေလွှတ်နေတာ ဖြစ်တယ်။ ကမ္ဘာကို သာသနာပြုဖို့ ဘုရားရဲ့အစီအစဉ်ကတော့ ယုံကြည်သူတိုင်း သက်သေခံဖို့ပါပဲ။ မဿဲ ၂၈ မှာတွေ့တဲ့ အမိန့်တော်မြတ်မှာ သက်သေခံဟောပြော၊ နှစ်ခြင်းပေး၊ ပြီးတော့သက်သေခံနည်း သင်ပေးဖို့ ဖြစ်တယ်။ ကမ္ဘာအနှံ့ကို ဧဝံဂေလိတရား မဟောရသေးဘူး။ အကြောင်းရင်းက ဘုရားခိုင်းတဲ့အတိုင်း မလုပ်ကြလို့ပါ။ သက်သေခံခြင်းဟာ ယုံကြည်သူတိုင်းရဲ့ တာဝန်ပါ။

      ခရီးသွားရာက ပြန်လာတဲ့ အမျိုးသမီးတစ်ယောက်က သူ့ယောက်ကျင်္ားကို ပြောတယ်။ “ဒီနေ့ မီးရထားပေါ်မှာ ကြံုတောင့်ကြံုခဲ ဖြစ်ရပ်တစ်ခု ကြံုရတယ်။ လူတစ်ယောက် ကျွန်မဆီရောက်လာပြီး “ခင်ဗျားခရစ်ယာန်လား?” လို့ မေးတယ်.. တဲ့။
      “နင့်အလုပ်မဟုတ်ဘူးလို့ ဘာဖြစ်လို့ ပြန်မပြောလိုက်လဲ?” လို့ ယောကျာင်္းက စကား ထောက်တယ်။
      “အို! သူပြောတာ ရှင်နားထောင်ရရင် အဲဒါ သူ့အလုပ်မှန်း ရှင်နားလည်သွားမယ်။” လို့ မိန်းမကပြန်ဖြေတယ်။
       ယုံကြည်သူတိုင်း ဝေစာလေးတွေ ဆောင်ထားသင့်တယ်။ စကားနဲ့ သက်သေခံဖို့ မဖြစ်နိုင်တဲ့အခါ ဝေစာလေးတော့ ပေးသင့်ပါတယ်။

       ကျွန်တော်တရားဟောတဲ့အခါ ယုံကြည်သူတွေ ခရစ်တော်အကြောင်း တနေ့တယောက်နှုန်း သက်သေခံဖို့ ဆက်ကပ်ခိုင်းတယ်။ သိပ်ခက်တဲ့ အလုပ်မဟုတ်ပါဘူး။ လူတိုင်း၊ နေ့တိုင်းစကားပြောနေကြတာပဲ။ အလုပ်လို့ သဘောထားဖို့ပဲ လိုပါတယ်။ ၂ကော ၅း ၂၀ မှာ “ယုံကြည်သူဟာ ခရစ်တော်အတွက် သံတမန်တွေ” လို့ဆိုတယ်။  သက်သေခံခြင်း၊ ဝိညာဉ်ရခြင်းဟာ ကယ်တင်ခြင်းနဲ့ ဆက်နွယ်နေတယ်။ ကောင်းကင်ရောက်ဖို့ သက်သေခံတာ မဟုတ်ဘူး။ ကျမ်းစာရဲ့ အမိန့်ကို နာခံတာ ဖြစ်ပါတယ်။

 (၆) စုံစမ်းနှောက်ယှက်ခြင်းနဲ့ အပြစ်ကိုအောင်မြင်ပါ။  CONQUER  TEMPTATION  AND  SIN
ငယ်ရွယ်တဲ့ ခရစ်ယာန်တစ်ယောက်အနေနဲ့ ကျွန်တော်မှာ စုံစမ်းနှောက်ယှက်မှုတွေ၊ အပြစ်တွေ ရောမွှေခံရဘူးတယ်။ စုံစမ်းနှောက်ယှက်မှုတွေကို အပြစ်လို့ ထင်ခဲ့တယ်။ မကောင်းတဲ့အတွေးတွေ ဝင်လာရင်၊ အပြစ်လုပ်ဖို့ သွေးဆောင်ရင်၊ ခရစ်ယာန် မဟုတ်လောက်တော့ဘူးလို့ ထင်မိတယ်။ အဲဒီလို ကြောက်စရာ အတွေးတွေ ဝင်လာတတ်တယ်။ စာတန်က အတွေးတွေ ထည့်ပေးနိုင်စွမ်း ရှိတယ်လို့ နားမလည်ခဲ့ဘူး။ ဒီအတွေးမျိုး၊ တွေးတဲ့အတွက် အပြစ်တင်ပြီး၊ စာတန်က စိတ်ဓါတ်ကျအောင် လုပ်တာပါ။

စုံစမ်းနှောက်ယှက်ခံရရင် သွေးဆောင်ရာပါမှ အပြစ်ဖြစ်ပါတယ်။ စုံစမ်းနှောက်ယှက်မှုတာက လူတိုင်းခံရပါတယ်။ ၁ကော ၁၀ း ၁၃ မှာ “လူ၌ ဖြစ်တတ်သော စုံစမ်းနှောက်ယှက်ခြင်းကိုသာ သင်တို့သည်ခံရကြ၏။”  ခရစ်ယာန်အသက်တာ အောင်မြင်ဖို့ မာရ်နတ်ကို ဆီးတားရမယ်။ သွေးဆောင်ခြင်းကို ငြင်းရမယ်။ စာတန်လာရင် သခင်ယေရှုပြောတဲ့ လုကာ ၄ း ၈ က “အချင်းစာတန် ငါ့နောက်သို့ ဆုတ်လော့” ကို ပြောရမယ်။

 အဝတ်စားသစ်ဝယ်တဲ့ စုံစမ်းခြင်းကို မဆီးတားနိုင်တဲ့ အသက်ငယ်ငယ် တရားဟောဆရာကတော်တစ်ယောက် အကြောင်း ဖတ်ရဖူးတယ်။ ယောကျာင်္းကို ဝယ်ပဲ- ဝယ်ခိုင်းနေတယ်။ ယောကျင်္ားဖြစ်သူ လူငယ်ဆရာက ပြောတယ်။ “ဒီနေ့ ဈေးဝယ်သွားလို့ စာတန်က အထည်သစ်ဝယ်ဖို့ သွေးဆောင်ရင်-  အချင်းစာတန် ငါ့နောက်သို့ ဆုတ်လော့ လို့ ပြောကွာ” လို့ မှာတယ်။
 ဇနီးသည်ဟာ ညပိုင်းမှာ အဝတ်သစ်တစ်စုံနဲ့ အိမ်ပြန်လာတယ်။ “ဟ! နောက်တစ်ထည်လား? စာတန်ကို ငါ့ နောက်သို့ ဆုတ်လို့ ပြောဖို့ ငါမမှာဘူးလား?” လို့ ဆရာကပြောတော့
“ဟုတ်ပါ့ ကို-ရယ်… “ဒီအကျင်္ ီ လှလို့ ကြည့်မိပါတယ်။ မှန်မှာကြည့်တော့ စာတန်က “ဒီအင်္ကျ ီ မင်းဝယ်သင့်တယ်၊ မင်းနဲ့လိုက်တယ်” လို့ ပြောတယ်။ ဒါနဲ့ ကိုယ်ရယ်၊ ကိုယ်မှာသလို ကျွန်မပြောပါတယ်။ “အချင်းစာတန် ငါ့နောက်သို့ ဆုတ်လော့” လို့ပြောတော့ စာတန်က နောက်ဖက် ရောက်သွားပြီး၊ “ဒီဘက်ကကြည့်တော့လည်း လှသားပဲ”  လို့ ပြောပြန်တယ်။ ဒါနဲ့ ကျွန်မ စုံစမ်း သွေးဆောင်ရာ ပါသွားမိတာပါ။” တဲ့။

အောင်မြင်တဲ့ခရစ်ယာန်ဟာ အပြစ်ကို အမြဲတားဆီးနေရမယ်။ အပြစ်ပြုမိတဲ့အခါ ရိုးရိုးသားသား ဝန်ခံပြီး၊ အပြစ်ကို စွန့်လွှတ်ပါ။ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခြင်းကို ရယူပါ။ ရိုးသားဖို့တော့ လိုတယ်။

အမျိုးသမီးတစ်ယောက် သူ့သင်းအုပ်ထံ သွားပြီး “ကျွန်မအတွက် ဆုတောင်းပေးပါဆရာ။ ကျွန်မမှာ အရမ်းဆိုးတဲ့ ကားတိုင် ထမ်းနေရတယ်။ အဲဒါ တကယ့် စုံစမ်းခြင်းပဲ။” လို့ တောင်းပန်ရှာတယ်။ “မဟုတ်တာ၊ မင်းမှာ ထမ်းစရာ ကားတိုင်မရှိဘူး။ မင်းမှာ အပြစ်ပဲရှိတယ်။ မင်းယောကျာင်္းကသာ အဲဒီဝန်ထုပ်ကြီးကို ထမ်းနေရတာ” လို့ ဖြေတယ်။

 အပြစ်ကို တခြားနာမည်တပ်ပြီး မဖုံးကွယ်ပါနဲ့။ တခြားသူလုပ်တော့ အကျည်းတန်တယ်။ ကိုယ်လုပ်တော့ သတ္တိရှိတာ ဖြစ်ရော။ သူတပါးက သူ့သဘောနဲ့ သူလုပ်တော့ ခေါင်းမာတယ်။ ကိုယ်ဆိုရင်တော့ တည်ကြည်တယ်ဖြစ်ရော။ ကိုယ့်မိတ်ဆွေတွေကို သဘောမကျတဲ့သူဟာ အပြစ်ရှာတတ်သူ ဖြစ်သွားပြီး၊ ကိုယ်က သူ့ကိုမကြိုက်ရင်တော့ လူ့သဘောကို ထောက်ပြတာဖြစ်ရော။ သူက အားပေး မ,စတော့ မလိုဘဲ အပိုလုပ်နေတာလို့ ပြောပြီး၊ ကိုယ် အားပေး မ,စ ရင်တော့ စကားအရာ ကျွမ်းကျင်တာ ဖြစ်သွားပြန်ရော။ သူအချိန်ဆွဲနေရင်တော့ “လိပ်” လို့ ပြောပြီး၊ ကိုယ် ကျန့်ကြာနေရင်တော့ သတိကြီးတယ်လို့ ပြောပြန်ရော။ သူမှားရင်တော့ အံ့ဩတယ်လို့ ပြောပြီး၊ ကိုယ်မှားရင်တော့ “ကြံုဖူးတာပေါ့ကွာ” လို့ ပြောပြန်ရော။
 အပြစ်ကို ဘုရားမြင်သလို မြင်ကြရအောင်ပါ။ ဒီလိုမမြင်ရင် အောင်မြင်တဲ့ ခရစ်ယာန်မဖြစ်နိုင်ဘူး။

(၇) ခရစ်တော်ရဲ့ အမှုတော်အတွက် ပုံမှန် ပါ၀င်ကူညီပါ။ CONTRIBUTE  REGULARLY  TO  THE  CAUSE  OF  CHRIST
 ကပ်စေးနဲတဲ့သူ၊ လောဘကြီးတဲ့သူဟာ အောင်မြင်တဲ့ ခရစ်ယာန် မဖြစ်နိုင်ဘူး။ ကယ်တင်ခြင်းကို အလှူငွေပေးလို့ မရနိုင်ဘူး။ ဒါပေမယ့် ကယ်တင်ခြင်းနဲ့တော့ ဆက်နွယ်နေပါတယ်။

 သခင်ယေရှု ပြောတဲ့ ဥပမာတော် ၃၈ ခုထဲမှာ-၁၆ ခုဟာ ငွေကြေးအသုံးအစွဲနဲ့ ဆိုင်ပါတယ်။ ဓမ္မသစ်ကျမ်းရဲ့ အခန်း ငယ် ၆ ခန်းတိုင်းမှာ ၁ ခန်းဟာ လူနဲ့ စည်းစိမ်ရဲ့ ဆက်နွယ်မှု၊ ပိုင်ဆိုင်သမျှကို သုံးစွဲပုံ မှန်-မမှန်နဲ့ ဆိုင်နေတယ်။ ၁ကော ၁၆ း ၂ မှာ “ ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊ ခုနှစ်ရက်တွင် ပဌမနေ့ရက်၌ အသီး သီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာ တဘို့ကို ထုတ်၍ စုထားကြလော့။” အချိန် - “သတင်းပတ်ရဲ့ ပထမနေ့။” ဘယ်သူ- “လူတိုင်း”။ ဘယ်လောက်- “ကောင်းစားသည့်အတိုင်း”။ ဘာကြောင့် - “ငါလာသောအခါ စုထားစရာ မရှိစေခြင်းငှါ၊”။ လက်တွေ့ကျင့်သုံးသင့်တာက နေ့တိုင်းရဲ့ မနက်ပိုင်း အချိန်တွေကို ဘုရားသခင်ကိုပေးပါ။ သတင်းပတ်တိုင်းမှာ ပထမနေ့။ တိုးပွားလာသမျှမှာ အဦးအသီးကို ပေးသင့်ပါတယ်။ ဘုရားအမှုတော်အတွက် ငွေကြေးဖြည့်ဆည်းတဲ့ ဘုရားရဲ့ တစ်ခုတည်းသောနည်းကတော့ ဘုရားသားသမီးများရဲ့ ပေးလှူခြင်းပါပဲ။ ယုံကြည်သူတိုင်း ပုံမှန် ပေးလေ့ပေးထ ရှိသင့်တယ်။ ဝတ်ပြု ၂၇ း ၃၀ မှာ “ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော်ဖြစ်၏။” ၁၀ ရာခိုင်နှုန်းဖြစ်တယ်။ အနည်းဆုံး ၁၀ ရာခိုင်နှုန်းတော့ ခရစ်တော်အတွက် ပေးလှူသင့်တယ်။ ဒါက အနည်းဆုံးနှုန်းသာ ဖြစ်ပါတယ်။

ယုံကြည်သူများစွာဟာ များများပေးလှူချင်စိတ် ရှိကောင်းသလို၊ ပေးလည် ပေးလှူထိုက်ပါတယ်။ ငွေကြေးပိုလျှံတဲ့ ခရစ်ယာန်တွေဟာ ၁၀ ရာခိုင်နှုန်းမှာ ရပ်မနေသင့်ဘူး။ ဘုရားက တချို့လူတွေကို ငွေရှာနိုင်စွမ်း ပိုပေးထားတယ်။ တချို့သော ခရစ်ယာန်အမျိုးသမီးများဟာ ငွေအများကြီး အမွေရထားတယ်။ အချို့သောသူတွေဟာ အခြေအနေ ကောင်းတွေရထားတယ်။ ဒီငွေတွေဟာ သူတို့ဘဝမှာ သုံးဖြစ်မှာ မဟုတ်ဘူး။ ဘုရားပေးတဲ့ ငွေကို ဆုတောင်း အဖြေရှာသင့်တယ်။ ယုံကြည်သူဟာ ငွေထိန်းသာ ဖြစ်တယ်။ ပိုင်ရှင် မဟုတ်ဘူး။ ဘုရားအတွက် သုံးဖို့ အပ်ထားတာပါ။

ကျွန်တော့မှာ ရှိသမျှငွေကို တစ်ပြားတစ်ချပ်ကအစ ဝိညာဉ်ကယ်ဖို့ပဲ သုံးချင်တယ်။ ယုံကြည်သူဟာ အသက်ရှင်စဉ်မှာ ပေးလှူရုံမျှ မဟုတ်ဘဲ သေပြီးတဲ့နောက်ပိုင်း သူ့ငွေကို ဘုရားအမှုတော်အတွက် သုံးစွဲဖို့ ခရစ်ယာန်ရှေ့နေတစ်ယောက်ကို ခေါ်ပြီး သေတမ်းစာ ရေးသင့်တယ်။ ဒီကိစ္စကို ဆုတောင်းပြီး ဘုရားသခင်လမ်းပြတဲ့အတိုင်း လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။ ဘယ်နေရာမှာ ငွေအလိုဆုံးဆိုတာ ဘုရားသခင် သိပါတယ်။ ပေးလှူဖို့ လမ်းပြနိုင်ပါတယ်။

အခုပြောခဲ့တာဟာ အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့ ကယ်တင်ခြင်းနဲ့ ဆက်နွယ်လာတဲ့ အချက် (၇) ချက် ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ကယ်တင်ခြင်းရဖို့ မဟုတ်ဘူး။ ယုံကြည်သူရဲ့ အပြုအမူနဲ့ဆိုင်တဲ့ လမ်းညွန်မှုတွေသာ ဖြစ်ပါတယ်။ ဒီအချက်တွေထဲက တစ်ချက်ချက် ပျက်ကွက်ခဲ့ရင် အပြစ်ရှိတယ်လို့ ဝန်ခံပြီး ဘုရားသခင်ဖြစ်စေချင်သလို ပြုပြင်လိုက်ပါ။ ဒါဟာ ယုံကြည်သူတိုင်း အောင်မြင်တဲ့ခရစ်ယာန်ဖြစ်ဖို့ ဘုရားသခင်ရဲ့ အစီအမံနဲ့ အလိုတော်ဘဲ ဖြစ်ပါတယ်။                 ။

Friday, May 17, 2013

08. Three Groups of Believers (BREAD FOR BELIEVERS) (Burmese)

Dr. Curtis Hutson
--------------------------------------------------------------------------
အခန်း ၈
-----------------------------------------------------------------------------------------

                          ကျမ်းစာအုပ်ဖွင့်ပြီး - မဿဲ ၂၆း၂၀ နဲ့ စရအောင်။
    “ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၏။- စား၍ နေကြစဉ် ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊- တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အကျွနု်ပ်လောဟု အသီးသီးမေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း ငါနှင့်အတူ ပုကန်တွင် လက်နှိုက် သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်။” - အငယ် ၂၀-၂၃.

  အငယ် ၃၃ မှ ၄၃ အထိမှာ - - “ပေတရုက၊ ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့် စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည် စိတ်အလျှင်းမပျက်ပါဟု လျှောက်လေ၏။- ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင် ကြက်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊- ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်၏။ တပည့်တော်အပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။

         ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ထိုအရပ်သို့သွား၍ ဆုတောင်းစဉ်တွင် ဤအရပ်၌ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကိုခေါ်သွား၍၊ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။ ထိုအခါယေရှုက၊ ငါသည်သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊ ထိုမှအနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍ အကျွနု်ပ်အဘ၊ ဤခွက်သည် အကျွနု်ပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။ တပည့်တော်တို့ရှိရာသို့ပြန်၍ သူတို့သည် အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင်၊ သင်တို့သည် တနာရီခန့်မျှ ငါနှင့်အတူ စောင့်၍နေခြင်းငှါ ဤသို့မစွမ်း နိုင်သလော။ စုံစမ်းနှောက်ယှက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိကြသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီး၊ တဖန်သွား၍ အကျွနု်ပ်အဘ၊ ဤခွက်ကို အကျွနု်ပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။ ထိုနောက် တပည့်တော်တို့ ရှိရာသို့လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊- ” နောက် - အငယ် ၄၇-၅၀- မှာ …

         “ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါး အဝင်ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပရောဟိတ် အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သော လူများစေလွှတ်သော လူအစုအဝေး အပေါင်းတို့သည် ထားနှင့် ဒုတ်များကို ကိုင်လျက်ပါကြ၏။- ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှု ပင်ဖြစ်၏။ သူ့ကိုဘမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊ - ကိုယ်တော်ရင်းသို့ ချက်ခြင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟုဆိုလျက် နမ်းလေ၏။- ယေရှုကလည်း၊ အဆွေ၊ အဘယ် အခင်းရှိ၍လာသနည်းဟု မေးတော်မူပြီးမှ၊ ထိုသူများတို့သည်လာ၍ ကိုယ်တော်ကို ဘမ်းဆီးကြ၏။”

              ဒီည အုပ်စု ၃ စု အကြောင်းပြောပါမယ်။ တချို့က အသင်းတော်မှာ အုပ်စု ၃ စု ရှိတယ်လို့ဆိုတယ်။ အဖြစ်အပျက်တွေကို ဖြစ်ပေါ်စေသူတွေ၊ အဖြစ်အပျက်ကို စောင့်ကြည့်နေသူနဲ့ ဖြစ်ပျက်နေတာတွေအပေါ် အံ့ဩနေသူတွေတဲ့။ ဒီစကားဟာ အတော်အတန် မှန်တယ်လို့ ထင်ပါတယ်။

           တချို့ကလည်း အုပ်စု ၃ စု ရှိပါတယ်။ plus-plus crowd: နှစ်ဘက်- အကောင်းမြင်သူတွေ၊ “ငါလုပ်နိုင်တယ်။ မင်းလည်းလုပ် နိုင်တယ်။ ပြီးအောင် လုပ်ဆောင်လိုက်ကြစို့တဲ့။” plus-minus crowd: ကိုယ်ကောင်း - သူဆိုးမြင်သူတွေက “ငါလုပ်နိုင်တယ်။ မင်းမလုပ်နိုင်ဘူး။ အဲဒီတော့ ဘေးဖယ်။ ငါလုပ်လိုက်မယ်” တဲ့။ minus-minus crowd: နှစ်ဘက်အဆိုးမြင်သူတွေက - “ငါမလုပ် နိုင်ဘူး။ မင်းလည်း မလုပ်နိုင်ဘူး။ ပြီးတော့ ဘယ်သူကလည်း လာလုပ်ပေးနိုင်မှာလဲ?” တဲ့။ ဒီစကားလည်း အတော်အတန် မှန်သားပါ ဘဲ။  ခရစ်ယာန်တွေကို အုပ်စု ၃ စုလောက် ခွဲဖို့ ပြောနေတာမဟုတ်ပါဘူး။ တကယ်တော့ ၃ စု မက ပိုများနေပါပြီ။ ဒါပေမယ့် အခု  ကျမ်းချက်က ပြောတဲ့ အုပ်စု ၃ စု အကြောင်း ပြောပြပါမယ်။ သခင်ဘုရားက ညစာစားပွဲမှာ “မင်းတို့ထဲက တယောက် ငါ့ကို အပ်နှံလိမ့်မယ်” လို့ ပြောပါတယ်။ တပည့်တော်တွေက “ကျွန်တော်လား ကိုယ်တော်” လို့ မေးကြတယ်။ သခင်ယေရှုက “ငါ - မုန့်တလုပ်စာပေးတဲ့သူပဲ” လို့ ပြောပြီး ယုဒကို ပေးလိုက်တယ်။ ယုဒက သခင့်ကို အပ်နှံဖို့ ထွက်သွားတယ်။ သခင်ယေရှုက ဆုတောင်းဖို့ ဂေသရှေမန် ဥယျာဉ်ဘက်ထွက်လာခဲ့တယ်။ ယုဒထွက်သွားတဲ့အတွက် ကိုယ်တော်နဲ့အတူ (၁၁) ယောက်ကျန်ခဲ့တယ် ဆိုပါစို့။ ဂေသရှေမန် ဥယျာဉ်စပ် ရောက်တဲ့အခါ ကိုယ်တော်က အငယ် ၃၆- မှာ “ငါသည် ဟိုအရပ်သို့သွား၍ ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့” လို့ပြောတယ်။ ဒီစကားဟာ ရှစ်ယောက်ကိုပဲ ပြောတယ်ဆိုပါစို့။ အကြောင်းက နောက်တပိုဒ်မှာ “ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍ ”တဲ့။ ယာကုပ်နဲ့ ယောဟန်ပါ။ သူတို့ကိုတော့ “ဤအရပ်၌ ငါနှင့်အတူစောင့်နေကြလော့” လို့ ပြောပါတယ်။ ခရစ်ဝင်ကျမ်းတွေမှာ မှတ်တမ်းတင်ထားသလိုဘဲ  သခင်ယေရှုဟာ အနည်းငယ်လွန် ပြီးမှ “အကျွနု်ပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေ” လို့ ဆုတောင်းခဲ့ပါတယ်။

          အုပ်စု ၃ စုတွေ့ရပါတယ်။ (၁) ယုဒကို ထည့်မတွက်ဘဲထားရင် တပည့်တော် ရှစ်ယောက်ဟာ ဥယျာဉ်အပြင်ဘက်မှာပါ။ (၂) သခင်ယေရှုနဲ့ အတူ ဥယျာဉ်ထဲမှာ ပိုနီးနီးသွားနေတာက သုံးယောက်။ (၃) သခင်ယေရှုတပါးတည်းကတော့ ခမည်းတော်ထံကို  “ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွနု်ပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” လို့ဆုတောင်းနေပါတယ်။

 (၁ ) နေရာကွာဟမှု  ( DIFFERENCE  IN POSITION )
          အုပ်စု သုံးစုမှာ ပထမတချက်က နေရာကွာဟမှုပါ။
(၁ ) သခင်ယေရှု တပါးတည်း ဥယျာဉ်ထဲမှာ။ (၂ ) သခင်ယေရှုနဲ့ ပိုနီးနီးမှာသုံးယောက်။ (၃ ) ရှစ်ယောက်က ဥယျာဉ်စပ်မှာ။ (၄ ) အနေနဲ့ကတော့ ယုဒဟာ ဥယျာဉ်အပြင်မှာ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေနဲ့အတူ သခင်ယေရှုကို အပ်နှံဖို့ အသင့်ဖြစ်နေပါတယ်။
          တကယ်တော့ လူအများဆုံးဖြစ်တဲ့ ရှစ်ယောက်သောသူတွေဟာ သခင်ယေရှုထက် ယုဒတို့လူအုပ်တွေနဲ့သာ ပိုနီးနေတာပါ။ သခင်ယေရှုကို မဆန့်ကျင်ကြပေမဲ့ သခင်ယေရှုကို မုန်းတဲ့အပ်နှံမယ့် ယုဒနဲ့တော့ သိပ်မဝေးလှတော့ဘူး။ နည်းနည်းလောက် လှမ်းလိုက် တာနဲ့ ခေတ်ပေါ်ဘုရားမဲ့  modernists တွေ၊ သောကောရောကော liberals တွေက ခရစ်တော်ကို သတ်ချင်နေတဲ့သူတွေနဲ့ သိပ်မဝေး လှတော့ဘူး။ နယ်စပ်မှာရောက်နေပြီ၊ သိပ်မဝေးတော့ဘူး။ နောက်အုပ်စုတခုကတော့ သခင်ယေရှုနဲ့ ပိုနီးပါတယ်။ နောက်- သခင်ယေရှုကတော့ တပါးတည်း ဖြစ်နေတယ်။ ဒါဟာ နေရာကွာဟမှုပါ။

    (၂ )  အရွယ်ပမာဏ ကွာဟမှု  DIFFERENCE  IN  SIZE

           နေရာကွာဟ ရုံသာမက အရေအတွက်ပါ ကွာပါတယ်။ ဥယျာဉ်စပ်က ရှစ်ယောက်ဟာ ယုဒနဲ့ သိပ်မဝေးဘူး။ သခင်ယေရှု ကို ကားတိုင်တင်သတ်မယ့် ဖာရိရှဲတွေ၊ ဇဒ္ဒုကဲတွေနဲ့ သိပ်မဝေးဘူး။ အင်အားကတော့ များတယ်ပေါ့။ သခင်ယေရှုကို မမုန်းကြ၊ မဆန့်ကျင်ကြပေမယ့် ယုဒတို့လူအုပ်နဲ့က သိပ်မဝေတော့ဘူး။ ဒီအဖြစ်ဟာ အသင်းတော်တိုင်းနဲ့ အမည်ခံခရစ်ယာန် အသိုင်းအဝိုင်းကြီး တခုလုံးမှာလည်း တကယ်ဖြစ်နေဆဲပါဘဲ။ ဒါပေမယ့် တရားဟောဆရာလောကလည်း ဒီလိုဘဲ။ ကမ္ဘာပေါ်မှာ တရားဟောဆရာတွေ အများကြီးပါ။ ကမ္ဘာ့တရားဟောဆရာ ဦးရေရဲ့ ၉၇% ဟာ အမေရိကားပြည်မှာ ရှိပြီး၊ ကမ္ဘာ့လူဦးရေရဲ့  ရ% ကို တရားဟောနေတာပါ။ အမေရိကားမှာ တရားဟောဆရာတွေရှိပါလျက်နဲ့၊ အခြေအနေက ပိုပိုဝေးလာသလို ထင်နေရပါတယ်။ လူတယောက်က ပြောတယ်။ ကယ်တင်ခြင်းမရသေးသူတွေကို စာရင်းဖိုင်တွဲတတွဲထဲမှာ ရေးမှတ်ထားရင်၊ ကမ္ဘာကို အပြန်သုံးဆယ် ပတ်နိုင်မယ်။ နေ့တိုင်း မိုင်နှစ်ဆယ်လည်း တိုးတိုးလာပါမယ်တဲ့။ တခြားတယောက်ကလည်းပြောတယ်။ သခင်ယေရှုက မဟာအမှုတော်ကို စေခိုင်းခဲ့တဲ့အချိန်က ကမ္ဘာ့လူဦးရေထက် အခုအခါမှာ ကယ်တင်ခြင်းမရသေးသူဟာ အဆ ကိုး ဆ ပိုများနေပါပြီတဲ့။

         ကဲ - တရားဟောဆရာတွေ ရှိပါလျက်နဲ့ ဘာကြောင့် အလုပ်မဖြစ်တာလဲ? ကျွန်တော် ဟေတီ Haiti ကျွန်းကို နှစ်ခေါက်သွား ဖူးတယ်။ တောရွာကလေးတွေ၊ တောင်ပေါ်တဲကလေးတွေမှာ တရားဟောဖူးတယ်။ သူတို့ခများ သခင်ယေရှုရဲ့ နာမည်ကိုတောင် မကြားဖူးဘူး။ ယုံတောင်မယုံနိုင်စရာ။ ဟေတီဆိုတာ အမေရိကန်ပြည်နဲ့သိပ်မဝေးလှတဲ့နေရာပါ။ သခင်ယေရှုရဲ့ နာမည်ကို မကြားဖူးသူတွေကို ကျွန်တော်တရားဟောရင်းနဲ့ Pepsi Cola ပက်ပစီကိုလာ ကြော်ငြာနဲ့ Coca Cola ကိုကာကိုလာကြော်ငြာတွေ ဖတ်နေရပါပြီ။ အဲဒီမှာ ခေတ်ပေါ်အချိုရည်တွေ အပ်ချုပ်စက်တွေတော့ ဝယ်လို့ရသားပဲ။ ဘီယာလည်း အတော်နေရာရနေပြီ။ အချိုရည်တွေ ဈေ းကွက်နေရာရပြီ။ အပ်ချုပ်စက်တွေ နေရာရနေပြီ။ ဒါပေမယ့် ကျွန်တော်တို့တော့ နေရာမရသေးဘူး။

      ကျွန်တော်ပြောတာ မှားချင်မှားမယ်။ ဒါပေမယ့် ကျွန်တော်အထင်ကတော့ တရားဟောဆရာတွေရှိနေလျှက်နဲ့ အခုထက်ပိုပြီတော့ ရသင့်တာပေါ့။ အသင်းသားထောင်ချီရှိတဲ့ အသင်းတော်တွေ ရှိပါလျက်နဲ့ ကမ္ဘာကို ဒီထက်ပိုပြီး မြန်မြန်ဧဝံဂေလိ ဟောပြောနိုင်သင့် ပါတယ်။ နောက် ၂၄ - နာရီအတွင်းမှာ ကလေးငယ်ပေါင်း ၃၄၅,၀၀၀ မွေးဖွားလာမယ်။ အသက်ရှင်လှုပ်ရှားကြ၊ ကြီးပြင်းလာကြနဲ့၊ ဧဝံဂေလိသတင်းကောင်းစကားကို ရှင်းရှင်းလေး ဟောတာ မကြားဖူးပဲနဲ့ သေရပြန်ဦးမယ်။ ၃၄၅,၀၀၀  ပါ။ တွက်ချက်မှုတွေ အရ အမှန်ဖြစ်မယ်ဆိုရင်၊ နောက်တပတ် တနင်္ဂနွေနေ့ ဘုရားကျောင်း သွားတက်ရင်၊ အရင်တပတ်ကထက် ကမ္ဘာမှာ ကယ်တင်ခြင်းမရသေးသူ ဦးရေ  ၁သန်း ပိုများလာပါလိမ့်မယ်။ ဒါဟာ စိတ်မချမ်းသာစရာပဲ။ သခင်ယေရှုဆိုရင် လူတိုင်းကိုချစ်လို့ ကောင်းကင်က ဆင်းလာပြီး၊ ကားတိုင်မှာအသေခံပေးခဲ့တာပါ။ သခင်ယေရှုဆိုရင် ဘယ်သူ့ကိုမှ သေပြီး ငရဲမသွားရစေချင်ဘူး။ လူတွေအားလုံး ကယ်တင်ခြင်းရပြီး၊ သမ္မာတရား သိစေချင်တာပါ။ ဆိုတော့ Forrest  Hill နှစ်ခြင်းအသင်းတော်မှာ တနင်္ဂနွေနေ့က လူ ၁၁၃ ယောက်ပြောင်းလဲပေမယ့် ကျွန်တော်မပျော်နိုင်ဘူး။ Atlanta, Georgia  မှာ ဧဝံဂေလိတရား မဟောခင်ကထက် ကလေးတွေ ပိုများပြီး မွေးဖွားလာနေတာပါ။ Georgia ပြည်- Atlanta မြို့ တမြို့တည်းမှာပဲ၊ Sunday school ၁ သောင်းကျော်၊ ၅၀၀၀ ကျော်၊ ၂၀၀၀ ကျော် အသင်းတော်တွေ အများကြီးရှိပေမယ့် Atlanta မြို့ကို ရစမပြုသေးဘူး။ Atlanta ပဲဖြစ်ဖြစ်၊ တခြားမြို့ပဲဖြစ်ဖြစ် ကျေနပ်အားရစရာ မရှိသေးဘူး။ လိုနေတာတွေက အများကြီး- အများကြီးဆိုတော့ စိတ်လေးစရာပါ။ တရားဟောဆရာတွေရှိသလောက်၊ တက္ကသိုလ်တွေ၊ ကောလိပ်ကျောင်းတွေ ရှိသလောက် လုပ်ဆောင်ကြမယ်ဆိုရင် အခုထက်ပိုပြီး ဖြစ်နေသင့်ပြီပေါ့။

       ဒါပေမယ့် အမှုတော်ဆောင်စက ကြီးမြတ်သူတွေရဲ့ ဘဝအကြောင်းရေးတဲ့ စာအုပ်တွေဖတ်တော့ နားလည်လာတာတွေ ရှိပါတယ်။ တရားဟောဆရာတွေ သခင်ယေရှုအနား ချဉ်းကပ်တာချင်း တယောက်နဲ့တယောက် မတူကြဘူး။ ခရစ်ယာန်အများစု၊ တရားဟောဆရာအများစုက အပြင်ဘက်မှာပါ။ သခင်ယေရှုထက် ယုဒနဲ့ပိုနီးနေတယ်။ ဘုရားကိုမုန်းတဲ့၊ ဘုရားကိုငြင်းပယ်တဲ့ သူတွေ၊ သောကောရောကော liberals တွေ၊ ခေတ်သစ်ဘုရားမဲ့ modernists တွေ နဲ့နီးနေတယ်။ တလှမ်း- နှစ်လှမ်းလောက်နဲ့ တခြားတဖက်မှာ ပါသွားနိုင်တယ်။

      တခါက စာအုပ်တအုပ်ကောက်ပြီး၊ သခင်ယေရှုနဲ့ တသက်လုံးလျှောက်တဲ့ လူတယောက်အကြောင်း ဖတ်ရဖူးတယ်။ အဲဒီ လူမျိုးက သခင်ယေရှုပြောသလို၊ “အကျွနု်ပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေ သော” လို့ ပြောနိုင်သူပါ။ ကျွန်တော်တို့လည်း “အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်” လို့ ပြောနိုင်မှာပါ။ ဒါပေမယ့် ခဏရပ်၊ လည်ချောင်းတွေပါတွေ ရှင်းရှက်၊ ချောင်းဟန့်ပြီးမှ၊ “ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” လို့ ပြောကြမှာပါ။ ဒီစကားက ရှိသမျှတွေ ရောင်းပစ်၊ သာသနာပြုလုပ်ငန်းတွေ သွားလုပ်။ ဘဏ်အကြီးအကဲရာထူးကိုစွန့် Sword of the Lord မှာ အလုပ်သွားလုပ်လို့ အဓိပ္ပါယ်ထွက်သွားနိုင်တာကိုး။ လေယာဉ်မှူးရာထူးကိုစွန့် သာသနာပြုလုပ်ငန်းတွေသွားလုပ်လို့ အဓိပ္ပါယ်ရသွားနိုင်တာကိုး။ စွန့်လွှတ်ဆက်ကပ်မှုလို့ အဓိပ္ပါယ်ရသွားနိုင်တယ်။ “ကိုယ်အလိုအတိုင်း မဖြစ်ပါစေနဲ့။ ကိုယ်တော် အလိုအတိုင်းဖြစ်ပါစေသော” ဆိုတဲ့ စကားဟာ ပြောရခက်တဲ့ စကားပါ။ ဒါကြောင့် လူနည်းနည်းကသာ အဓိပ္ပါယ်ရှိရှိ ပြောနိုင်ကြတာပါ။ ဒါပေမယ့် အဲလိုတကယ် အဓိပ္ပါယ်ရှိရှိ ပြောသူတွေကို ဘုရားသခင် ကောင်းကြီးပေးပါတယ်။

       လူတွေထဲမှာ အုပ်စုက ကွဲနေတယ်။ Daniel Webster ကလေးဘဝမှာ သူ့ကို လူတယောက်က မေးတယ်။ “Daniel မင်းကြီးရင် ဘာဖြစ်ချင်သလဲ?”
      “ကျွန်တော် ရှေ့နေဖြစ်ချင်တယ်။” လို့ ဖြေတယ်။
      “Daniel - အဲဒီအလုပ်က သိပ်အလုပ်ရှုပ်တယ်ဆိုတာ မင်းမသိဘူးလား?” ဆိုတော့ Daniel Webster ဖြေတယ်။ “ထိပ်ဖျားမှာ အေးအေးဆေးဆေးနေရာတွေ အများကြီးရှိတယ်” တဲ့။

                 ဒီစကားဟာ ခရစ်ယာန်အသိုင်းအဝိုင်းမှာလည်း မှန်တယ်။ သခင်ယေရှုနဲ့ပိုနီးလေလေ ပေါ့ပါး အဆင်ပြေမှုတွေ ပိုရလေလေပါဘဲ။ သခင်ယေရှုနဲ့ပိုနီးလေလေ လူအုပ်က ပိုနည်းလာလေလေပါဘဲ။ ဘာကြောင့်လဲဆိုတာ လူအများစုက အလုပ်အကိုင်တွေ မစွန့်ချင်ကြ ဘူး။ ရှိသမျှကိုစွန့်ပြီး၊ သခင်ယေရှုထံ ဆက်ကပ်။ ဘယ်နေရာဘဲဖြစ်ဖြစ်သွားမယ်။ ဘာပဲဖြစ်ဖြစ်လုပ်မယ်။ ဘာတွေပဲဖြစ်သွား ဖြစ်သွား “အဓိက- က ကိုယ်တော့်အတွက် ဘာလုပ်ရမလဲ ပြောပါ သခင်ယေရှု” လို့ မပြောချင်ကြဘူးလေ။ တရားဟောဆရာတွေက အိပ်ခန်းသုံးခန်း၊ ရေချိုးခန်း ၄ ခန်းပါတဲ့ ကိုယ်ပိုင်အိမ်မှာနေပြီး၊ ကားသစ်တစီးလည်း နှစ်တိုင်းဝယ်စီး နိုင်ရမယ်လို့ မြော်လင့်နေကြတယ်။ တပတ်ကို လစာက ဒေါ်လာ ၅၀၀ ကားအတွက် အသုံးစရိတ်က တနှစ်ဒေါ်လာ ၁၅၀၀ ရဖို့မြော် လင့်နေတယ်။ ဒီလိုလူမျိုး ဘုရားသခင်အသုံးမပြုဘူး။ ဒါဟာ အပြင်ဘက်ရောက်နေတာပဲ။ အလွယ်လမ်းမလိုက်တဲ့ လူမျိုးကိုသာ ဘုရားသခင် သုံးနိုင်တာပါ။

                လူတယောက်က David Livingstone  ကို စာရေးတယ်။ “ကျွန်တော် ခင်ဗျားနဲ့ လက်တွဲချင်တယ်။ ခင်ဗျားလိုဘဝကို ရောက်ဖို့ အလွယ်တကူ ရောက်မဲ့ နည်းများရှိမလား?” တဲ့။ David Livingstone က “အလွယ်လမ်းရှာနေတဲ့လူနဲ့ ငါလက်မတွဲချင်ဘူး။ လာရမယ့် လမ်းအတိုင်းလာချင်တဲ့ သူနဲ့သာ ငါလက်တွဲ ချင်တယ်” လို့ စာပြန်လိုက်တယ်။  ဒီလိုလူမျိုးကိုသာ ဘုရားအသုံးပြုတာပါ။ လူအများစုကတော့ အပြင်ဘက်မှာပါ။ သခင်ယေရှုရဲ့ အနားကိုချဉ်းကပ်လာလေလေ၊ လူကနည်းလာလေလေ။ လူကောင်းတွေလည်း ပိုတွေ့ရလေလေပါ။

A.    သခင်ယေရှုတယောက်တည်းသာ ဂေသရှေမန်မှာ ရှိပါတယ်။
သခင်ယေရှုနဲ့အတူ ခဏလျှောက်ကြည့်ရအောင်။ မေးကြည့်။ “သခင်ယေရှု ကိုယ်တော့်မှာ တပည့်တော် ဘယ်နှစ်ပါးရှိသလဲ?”
“ဆယ့်နှစ်ပါး”
“ဆယ့်နှစ်ပါး ရှိတယ်? အခု ဘယ်လောက်ရှိသေးလဲ?”
“အခုတော့ ဆယ်တပါးပေါ့”
“တယောက်က ဘာဖြစ်လို့တုန်း။”
“ငါ့ကို အပ်နှံဖို့ ထွက်သွားတယ်လေ။ လူရမ်းကားတွေနဲ့ အုပ်စုကျနေပြီပေါ့။ ငါ့ကိုနမ်းပြီးတော့ အပ်နှံလိမ့်မယ်။ ငါ့ကို ဖမ်းသွားကြ ပြီးတော့၊ ကားတိုင်တင်သတ်ကြမှာပေါ့။”
“ဒါဆို တခြားဆယ့်တယောက်ကကော?”
“ရှစ်ယောက်က ဥယျာဉ်စပ်မှာ။ သုံးယောက်ကတော့ ငါနဲ့ သိပ်မနီးမဝေးမှာ။ ငါကတော့ ဒီမှာ တယောက်တည်းပေါ့။”
      “သခင်ယေရှု၊ ကိုယ်တော်က တယောက်တည်းပဲ ဆုတောင်းနေရတာပေါ့။ တပည့်တော် ဆယ့်တယောက်ရှိပေမယ့်၊ တယောက်မှ ဆူတောင်းမပေး ကြဘူးပေါ့?”

           ဒီအကြောင်းအရာကြောင့် တချို့အသင်းတော်တွေကို အမှတ်ရလာတယ်။ အသင်းသား ၆,၇၀၀ ရှိတဲ့ သင်းအုပ်ဆရာမှာ၊ အနားမှာ လက်တွဲရပ်မဲ့သူ နှစ်ယောက်တောင် မရှိဘူး။ လက်တဆုပ်စာရဖို့ စုကြည့်ပါဦး။ သင်းအုပ်ဆရာတိုင်း ဒီအကြောင်းကို သိပါတယ်။ Decatur မြို့မှာ အသင်းတော်ကြီးကို ဦးဆောင်ခဲ့ရတယ်။ ကောင်းကင်ရဲ့ ဒီဘက်လောကမှာတော့ ချစ်စရာအကောင်းဆုံး၊ ဆက်ကပ်မှုအရှိဆုံးထဲက ခရစ်ယာန်တချို့ပေါ့။ ဒါပေမဲ့ အတွေ့အကြုံအရ ပြောရရင်၊ အသင်းတော် အများစုဟာ သစ္စာရှိတဲ့ လက်တဆုပ်စာ လူတချို့အားဖြင့်သာ လည်ပတ်နေတာပါ။ တကယ်တော့ ယုံကြည်သူတိုင်း ဘုရားအမှုတော်မှာ ပါဝင်နေသင့်တယ် မဟုတ်လား? အဖွဲ့အစည်း အတော်များများလည်း ဒီအတိုင်းပါဘဲ။ ယုံကြည်သူတိုင်း ဘုရားအတွက် အလုပ်လုပ်သင့်တာပေါ့။ အများစုက အပြင်ဘက်မှာပါ။

        ဒါကြောင့် မေးကြည့်ပါ။ “သခင်ယေရှု တပည့်တော် ဆယ့်တပါး ဘယ်မှာလဲ?”
       “ရှစ်ယောက်က အပြင်ဘက်မှာ။ တယောက်က ငါ့ကိုစွန့်ပြီးတော့ လူအုပ်နဲ့ ပေါင်းတယ်။ လူရမ်းကားတွေ ငါ့ဆီလာတော့မယ်။ ဒီနားမှာ ဆုတောင်းနေတဲ့ သုံးယောက်ကလည်း အိပ်ငိုက်နေပြီ။ အခုတော့ ငါတယောက်တည်း ဆုတောင်းနေရတယ်။”

              သခင်ယေရှုတယောက်တည်း ဆုတောင်းနေရတာ၊ ကူသူမယ့် နေတာဟာ ဝမ်းနည်းစရာပါ။ ကျွန်တော့်ကိုယ်ကျွန်တော် သိပ်ဘုရားတရား ကိုင်းရှိုင်းဟန်ပြတာမဟုတ်ပါဘူး။ ဒါပေမယ့် သခင်ယေရှုနဲ့ အနီးဆုံးအထိ ကပ်လိုက်ချင်တယ်။ ကလေးဘဝ၊ တောမှာနေတုန်းက အိမ်ရှေ့ထွက်ထို်င်ပြီး၊ ဂစ်တာနဲ့ ဆိုတတ်တဲ့ သီချင်းတပုဒ်ရှိတယ်။ “ကိုယ်တော်နဲ့ အတူဥယျာဉ်ထဲ သွားမယ်” I’ll go with Him through the garden”  ဆိုရင်းပိုပြီး မျက်ရည်ကျလာတယ်။ တိုးတိုးကလေး ပြောမိတယ်။ “သခင်ယေရှု၊ ကျွန်တော် သီချင်းဆိုရုံသက်သက်မဟုတ်ဘူး။ အဓိပ္ပါယ်ရှိရှိ ခံစားနေတာပါ။ ကိုယ်တော်နဲ့ အတူ ဥယျာဉ်ထဲသွားပါမယ်။ ကိုယ်တော်နဲ့ အတူအမြဲနေပါမယ်။ ” ဒါနဲ့ပဲ ဘုရားသခင်က ကျွန်တော့ကို တရားဟောခွင့်တေ ွပြင်ဆင်ပေးလာတယ်လို့ ခံစားရမိတယ်။ ကျွန်တော်ဆိုလိုက်တဲ့ “ကိုယ်တော်နဲ့အတူသွားမယ်။ အတူနေရခြင်းဟာ ဂုဏ်ယူစရာပါ” ဆိုတဲ့သီချင်း အဓိပ္ပါယ်ကို ဘုရားသိတာပေါ့။

B.    တပည့်တော် ရှစ်ယောက်ဟာ ဆုတောင်းနေတဲ့ ကယ်တင်ရှင်နဲ့ အလှမ်းဝေးနေပါတယ်။
သခင်ယေရှုထံကနေ တပည့်တော် ရှစ်ယောက်ရှိရာ ဥယျာဉ်စပ်ကို ထွက်ကြည့်ကြစို့။
“ဟေး၊ မိတ်ဆွေတို့၊ သခင်ယေရှုဘယ်မှာလဲ?”
“တို့ မသိဘူးဟ”
“ပေတရု၊ ယောဟန်၊ ယာကုပ် တို့ရော?”
“မသိဘူး။ တို့ မတွေ့မိတော့ဘူး။”
“ဒါဆို၊ ယုဒ ကော?”
“ယုဒ? ထွက်သွားပြီလေ။ သခင်ယေရှုကို အပ်နှံဖို့သွားပြီ။”
“ဒါကို ဘယ်လိုလုပ်သိကြတာလဲ?”
          “အော်၊ ညစာစားကြတုန်းကပေါ့။ သခင်ယေရှုကပြောတယ်။ မုန့်တလုပ်စာ သူပေးလိုက်တဲ့သူဟာ အပ်နှံမဲ့ သူပဲတဲ့။ ဒါနဲ့ ယုဒကို ပေးလိုက်တယ်။ ယုဒလည်း သခင်ယေရှုကို အပ်နှံဖို့ ထွက်သွားလေရဲ့။”
          “ခင်ဗျားတို့ ပြောတော့ ယုဒက သခင်ယေရှုကို အပ်နှံမယ်ဆို။ အဲဒီတော့ ဘာမှ မလုပ်ကြတော့ဘူးလား? ရန်သူတွေက သခင်ယေရှုကို အပ်နှံကြမဲ့အချိန်မှာ ဒီမှာထိုင်နေပြီး၊ ကိုယ်လက်မကို အပြန်ပြန် အလှန်လှန် ကြည့်နေမဲ့ အစား တခုခုထ မလုပ် ကြတော့ဘူးလား?”

       အများစုကတော့ ကိုယ်လက်ကို အပြန်ပြန် အလှန်လှန်ကြည့်နေတတ်သူတွေပါ။ ဆိုလိုတာက ဘာအတွက်မှ မရပ်တည်တာပါ။ အများစုက ခပ်ပျော့ပျော့တွေပေါ့။ ရည်ရွယ်ချက်မဲ့၊ ကျောရိုးမဲ့၊ ရေရောထားတဲ့ ခပ်ပျော့ပျော့တွေ၊ အစလည်း မစတတ်၊ အဆုံးလည်း မသတ်တတ်တဲ့ ကျောရိုးမဲ့ တရားဟောဆရာတွေပါ။ ရပ်တည်ချက်မရှိကြဘူး။ ကျွန်တော်ကတော့ ဘုရားသခင်အတွက်၊ သမ္မာ ကျမ်းစာအတွက်၊ ယုံကြည်ခြင်းရဲ့ အဓိကတရားတွေအတွက် မရပ်တည်နိုင်ဘူးဆိုရင်၊ အမှုတော်ထဲက ထွက်လိုက်ချင်တာပါဘဲ။ တရားဟောဆရာ အဖြစ်ကနှုတ်ထွက်ပြီး၊ ရိုးရိုးသားသား ရှာဖွေစားသောက်ချင်တယ်။ အရင်လို စာတိုက်လုပ်ငန်းမှာပဲ အလုပ်ပြန် လုပ်ချင်တယ်။ တရားဟောစင်မြင့်ရှေ့ရပ်ပြီး၊ ယုံကြည်ခြင်းရဲ့ အဓိကတရားတွေ၊ ဝိညာဉ်ကယ်တင်ခြင်းအကြောင်း၊ ပေးလှူခြင်း၊ သန့်ရှင်းစွာနေခြင်း၊ အမျိုးသားတွေက အမျိုးသားလို၊ အမျိုးသမီးတွေက အမျိုးသမီးလို ဝတ်ဆင်ရမဲ့ အကြောင်းတွေ၊ သီးခြားရပ်တည် အသက်ရှင်တဲ့အကြောင်းတွေ မဟောရရင် သင်းအုပ်ဘဝက နားလိုက်ချင်တယ်။ အမှန်မဖြစ်ရတဲ့ အတုအယောင် ဘဝမဖြစ်ချင်ဘူး။
“ယုဒ - ဘယ်မှာလဲ?”
“အော်  သူ- သခင်ယေရှုကို အပ်နှံဖို့ ထွက်သွားပြီ။”
“ဒီလိုဘဲ သွားခွင့်ပေးထားကြရသလား?”
“အင်း - အင်းပေါ့”
“ဘာကြောင့် သူ့ကို တားဖို့ မကြိုးစားသလဲ?”
“အာ - ဒါ - ဒါ - ဒါကတော့ - -”
       ဒီလိုနည်းနဲ့တော့ မိတ်ဆွေစစ်တွေ ဖြစ်မလာနိုင်ဘူး။ ကျွန်တော်ကတော့ ယုံကြည်ခြင်းကို ကွယ်ကာစောင့်ရှောက်ရင်းနဲ့ပဲ သေပြီး၊ ကောင်းကင်မှာ သခင်ယေရှုကို ဖူးတွေ့့ရတဲ့အခါ- “သခင်ယေရှု၊ ကျွန်တော်ဟာ အပျိုကညာမှဖွားခြင်းအကြောင်းဆိုတာ အဓိက တရား၊ ထမြောက်ခြင်းဟာ အဓိကတရား၊ ယုံကြည်ခြင်းအားဖြင့် ဒုတိယအကြိမ်ကြွလာမယ်ဆိုတာဟာ အဓိကတရားလို့ ဟောခဲ့ပါတယ်။ သူတို့ မယုံပေမယ့် ကျွန်တော်ပြောတယ်။ ကျွန်တော် ဘယ်ဘက်မှာရပ်တည်ခဲ့တယ်ဆိုတာ သူတို့သိပါတယ်” လို့ ပြောနိုင်ချင်ပါတယ်။
         “ဘယ်သူမှ ယုဒကို တားဖို့ မကြိုးစားကြဘူးလား?”

       ကဲ ယုဒ- ကကော ဘာကြောင့် ရှစ်ယောက်သောသူတွေထဲမှာ သခင်ယေရှုကို လာမရှာတာလဲ? ဒီအုပ်စုက အကြီးဆုံးပါ။ သူလည်းအတူ အုပ်စုကျဖူးပါတယ်။ ကျွန်တော် ရှင်းပြပါမယ်။ ယုဒက ဒီအုပ်စုအကြောင်းသိတယ်။ သခင်ယေရှု အရောင်အဝါပြောင်း လဲဖို့ သွားတုန်းက ပေတရု၊ ယောဟန်နဲ့ ယာကုပ်တို့ကို ခေါ်သွားတယ်။ ရှစ်ယောက်နဲ့ ယုဒကိုတော့ ချန်ထားခဲ့တယ်။ သခင်ယေရှုတောင်ပေါ်မှာ အရောင်အဝါပြောင်းလဲနေချိန်မှာ သားငယ် နတ်ဆိုးစွဲခံရတဲ့ လူတယောက်ရောက်လာတယ်။ မြော်လင့်ချက်တွေနဲ့ပေါ့။ တပည့်တော်တွေအပေါ် ယုံကြည်မှုရှိတယ်။ ကူညီနိုင်မယ်လို့ထင်တဲ့အတွက် “ကျွန်တော်သား နတ်ဆိုးစွဲ လို့ပါ။ နှင်ထုတ်ပေးစေချင်ပါတယ်။” လို့ ပြောလာတယ်။ ဒါပေမဲ့ တန်ခိုးမဲ့နေတဲ့ တပည့်တော်တွေက နှင်ထုတ်မပေးနိုင်ကြဘူး။ ယုဒက ဒါကို မှတ်မိနေတယ်။ သခင်ယေရှု အရောင်အဝါပြောင်းလဲပြီး တောင်ပေါ်က ဆင်းလာချိန်မှာ အဲဒီလူက သူ့သားနဲ့ အတူရှိနေတယ်။ တပည့်တော်တွေ တန်ခိုးမဲ့တာကြောင့် ဖခင်ခများ သခင်ယေရှုကို အယုံအကြည်ပျက်ရရှာတယ်။ “ကျွန်တော့်သားကို တပည့်တော်တွေဆီ ခေါ်လာပါတယ်။ သူတို့က နှင်ထုတ်မပေးနိုင်ဘူး။ ဒါပေမယ့် ကိုယ်တော် တတ်နိုင်ရင် တခုခုလုပ်ပေးပါဦး” လို့ ပြောလာတယ်။ “တတ်နိုင်ရင်” ဆိုတဲ့ စကားကို သခင်ယေရှုက သူ့ဘက်ပြန်ပို့ပြောလိုက်တယ်။ “မင်းယုံကြည်နိုင်သလား? ယုံကြည်နိုင်ရင် အားလုံး ဖြစ်နိုင်တယ်။”

        မပူမအေး ယုံကြည်သူတွေဟာ အပြင်ဖက်မှာပါ။ တန်ခိုးမရှိဘူး။ Bob Ingersalls တို့လို ဘုရားမဲ့တွေ ၊ ဒိဌိတွေ၊ အရက်သမား တွေ၊ မကောင်းတဲ့ အမျိုးသမီးတွေနဲ့ အုပ်စုကျပြီး သူတို့ထက်တောင် ခရစ်ယာန်ဘာသာကို ပိုပြီး ထိခိုက်နစ်နာစေပါတယ်။ လောကီသားတွေက ခရစ်ယာန်တွေရဲ့ ထူးခြားမှုတွေကို မြော်လင့်ထားနေကြတာပါ။ တန်ခိုးမဲ့နေကြတာဆိုတော့ ခုန အဖေဖြစ်သူ ခမျာ သခင်ယေရှု ကူပဲ ကူပေးနိုင်ဦးမလားလို့ သံသယဝင်လာတယ်။

            တရားဟောရင် တန်ခိုးနဲ့ဟောချင်စိတ်မျိုး ကျွန်တော်လောက် တခြားသူ တောင့်တမယ်လို့ မထင်ဘူး။ ဟိုတုန်းကဆိုရင် ဆုတောင်းရင် ခပ်လန့်လန့် ဆုတောင်းချက်မျိုးနဲ့ “သခင်ယေရှု၊ ကျွန်တော်ကို ကောင်းကြီးမပေးရင်၊ သေပါရစေတော့” လို့ တောင်းမိ တယ်။ ရိုးသားစွာနဲ့ဝန်ခံရရင် အဲဒီဆုတောင်းချက်ကို ပထမအကြိမ် တောင်းကြည့်တုန်းကတော့ သေမယ်လို့ကို ထင်ခဲ့တာ။ ကျွန်တော် က လေယာဉ်ပျံပေါ်မှာပါ။ “ကိုယ်တော် ကျွန်တော်ကို ပြုပြင်ပေးပါ။ သေဖို့ကတော့ အသင့်ပါပဲ။ ကောင်းကြီးမပေးချင်လို့ သေစေမယ် ဆိုရင် လေယာဉ်ပျက်ကျပြီး သေရမယ်ဆိုရင် လေမုန်တိုင်းသာကျလိုက်ပါ။ လွင့်သွားပါစေ။ မြေပြင်ပေါ်ကျ ခြေတွေ လက်တွေကျိုးပြီး၊ ရှစ်နာရီ ကိုးနာရီလောက် ဝေဒနာတွေခံစားနေရတာမျိုးတော့ မဖြစ်ပါစေနဲ့။ သေရမှာတော့ မကြောက်ပေမယ့်- မြန်မြန်တော့ သေစေပါ။ နည်းနည်း ကြောက်တယ် ကိုယ်တော်။ သတ္တိမရှိဘူး” လို့ ဆုတောင်းခဲ့ဖူးတယ်။ လေယာဉ်ပျံ ချောချောမောမော ဆင်းသက်တော့မှပဲ ဝမ်းသာသွားတယ်။

            တရားဟောဖို့အသွား ကားမောင်းရင်းနဲ့ လမ်းမှာ ကြောက်ခဲ့ရဖူးတယ်။ ကိုယ်ကလည်း “ကောင်းကြီးပေးပါ။ မပေးရင်၊ သေစေပါ” လို့ အပြည်အဝကြီး ဆက်ကပ်ထားတော့ ကုန်တင်ကားတွေများ ဝင်တိုက်သွားမလားဆိုပြီး ထိတ်လန့်ဖူးတယ်။ ဒါပေမယ့် တကယ် ဆုတောင်းတာပါ။ နောက်တော့ နည်းနည်း ပိုရဲလာတယ်။ အခုအဲဒီလို ဆုတောင်းရင် တကယ်အဓိပ္ပါယ်ရှိရှိ တောင်းတယ် ဆိုတာကို ဘုရားသခင်သိပါတယ်။ တန်ခိုးမပါဘဲ တရားဟောရမယ့်အစား သူတပါးအတွက် အထောက်အမ မဖြစ်၊ ကောင်းကြီးမရ၊ နိုးဆော်ရာလည်း မရာက်မယ့်အစား သေရတာကမှ ပိုကောင်းပါဦးမယ်။ တန်ခိုးမပါတဲ့ ခရစ်ယာန်ဟာ ခရစ်ယာန်တရားတော်ကို တခြားသူတွေထက် ပိုပြီး အနှောက်အယှက်ပေးနေတယ်။

          Charles Finney ဟာ အသင်းတော် ငယ်ငယ်တခုကို သွားဖူးတယ်။ အဲဒီမှာ တချို့က ပြောတယ် “Mr. Finney, ဆရာ ပြောင်းလဲဖို့ ဆုတောင်းပေးရမလား?” Charles Finney က “မလိုပါဘူး။ ခင်ဗျားတို့ ဆုတောင်းသံကို ဘုရားသခင် နားထောင်မှာ မဟုတ်ဘူး။ နိုးထမှုဖြစ်ဖို့ ဆုတောင်းတာ နှစ်ပေါင်းများစွာ ကြာပြီပဲ။ တခါမှ မရဘူး။ အဲဒီတော့ ကျွန်တော်ပြောင်းလဲဖို့ ဆုတောင်းပေးစရာမလိုပါဘူး။”

       ဒါဟာ ဝမ်းနည်းစရာပဲ။ ခရစ်ယာန်တွေရဲ့ ဆုတောင်းသံတွေ အဖြေရသင့်တယ်။ တောင်းသလို၊ ရလည်း ရဖူးသင့်တယ်။ ရနိုင်တယ်လို့ ကျမ်းစာက ပြောတယ်။ Dr. Rice ရဲ့ ဆုတောင်းခြင်း Prayer – Asking and  Receiving စာအုပ်ကို ဖတ်ကြည့်ပါ။ အကျိုး ရှိမှာပါ။ ဆုတောင်းရင် အဖြေတွေ ရလာမှာပါ။ အုပ်စု သုံးစုမှာ နေရာကွာဟမှု ရှိသလို၊ အရွယ်အစားလည်း ကွာနေတယ်။

      ( ၃ ) တာဝန်ကွာဟမှု  DIFFERENCE  IN RESPONSIBILITY
            တာဝန်ကွာဟပုံကိုလည်း ပြောပြချင်တယ်။ ကျွန်တော် တရားဟောဆရာပါ။ တရားဟောဆရာတိုင်းဟာ ဘုရားက တရားဟောဖို့ ခေါ်တဲ့အချိန်မှာ ကျွန်တော့လိုပဲ ခံစားရမယ်၊ ဒါဟာ ထုံးစံပဲလို့ ထင်တယ်။ ဟောချင်တယ်။ တရားဟောဆရာဖြစ်ချင်စိတ် သိပ်ပြင်းပြနေတယ်။ အိပ်ရင်း တရားဟောဖူးတယ်။ နိုးလာတော့ ထ, တရားဟောတယ်၊ တရားဟောခွင့်ရမယ် ဆိုရင် ဒေါ်လာ တထောင်ပဲဖြစ်ဖြစ် ပေးလိုက်ချင်တယ်။

           Atlanta မြို့ ငွေချေးလုပ်ငန်းတခုမှာ ကျွန်တော် အလုပ်လုပ်ဖူးတယ်။ ကျွန်တော်ရဲ့ Hudson  Jet ကားလေးတစီးနဲ့ အကြွေး ကျန်တွေ လိုက်တောင်းရတယ်။ သိပ်ခက်တဲ့ အလုပ်ပါ။ တရားဟောဆရာ အတော်များများဆီလည်း လိုက်တောင်းရပါတယ်။ အဲဒီ ငွေချေးလုပ်ငန်းမှာ သဘောထား၊ မူတခု ချမှတ်ထားတယ်။ အလုပ်အကိုင်ကို P နဲ့စတဲ့ သူတွေကို မချေးဘူး။ preachers ဆိုတဲ့ တရားဟောဆရာတွေ၊ painters ဆိုတဲ့ ပန်းချီဆရာတွေ၊ plumbers ဆိုတဲ့ ရေပိုက်ပြင်တဲ့သူတွေ . . . စသည်ဖြင့်ပေါ့။ မငှါးရုံသာ မဟုတ်ဘူး။ အဲဒီအတိုင်း တကယ်ယုံကြတယ်။ အများအားဖြင့်ကလည်း၊ အကြမ်းပြင်းပြောရရင် မှန်နေတယ်။ တရားဟောဆရာ အတော်များများ အကြွေးမဆပ်နိုင်ကြဘူး။ (ဒီလောက်ပဲ ထားကြပါစို့။)

           တာဝန်ကွာဟမှု ရှိပါတယ်။ လူအများဆုံးအုပ်စုဖြစ်တဲ့ ဥယျာဉ်စပ်ကလူတွေကို ကိုယ်တော် ဘာပြောသလဲ သတိထားကြည့်ပါ။ “ဤအရပ်၌ ထိုင်နေကြလော့။” (အငယ်၃၆) ထိုင်နေရုံပါ။ ဒီလူစုကို ဆုတောင်းဖို့ မပြောဘူး။ အံ့ဩစရာပဲ။ ကိုယ်တော် သိနေတယ်လေ။ “အဲဒီမှာ ထိုင်နေကြ။”

A.    ဘုရားသခင်ရဲ့ တရားဟောဆရာမှာ ရူပါရုံ၊ ဝန်ထုပ်တခုရှိပါတယ်။
       ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုတော့ “ ဤအရပ်၌ ဆုတောင်း၍ - - စောင့်နေကြလော့” လို့ မိန့်တော်မူတယ်။ တရားဟော ဆရာအများစု တရားဟောဖို့ အခေါ်ခံရချိန်မှာ ရူပါရုံတခု ရှိတတ်ကြတယ်။ ရူပါရုံဆိုတာ အိပ်ရာမဝင်ခင် နွားနို့ ဒိန်ခဲတွေ၊ ကြက်သွန် တွေအများကြီးစားလို့ မြင်တာမျိုးကို ပြောတာမဟုတ်ဘူး။ စိတ်ကူးရည်ရွယ်ချက်ရှိရမယ်လို့ ပြောတာပါ။

      ကျွန်တော်အဲဒီ Hudson  Jet ကားလေးတစီးကို စီးရတုန်းက ရာနဲ့ချီတဲ့ လူအုပ်တွေကို မြင်ရတယ်။ သူတိ့ုကို တရားဟောရသလို မြင်ယောင်တယ်။ အဲဒီမှာ မောင်းရင်းနဲ့ တရားဟောတယ်။ အော်ပြောတယ်။ ဖိတ်ခေါ်တာလည်း လုပ်တယ်။ “အခုချိန် ထွက်လာတာ ကောင်းတယ်။ ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်။ အခုလိုထွက်လာတာ ဝမ်းသာတယ်” စသည်ဖြင့် ပြောတယ်။ အကျယ်ကြီး ဆုတောင်းတယ်။ ဆုလည်းတောင်း၊ စကားလည်းပြောပေါ့။ လူတွေက သူတို့ကားတံခါးက ကဲကြည့်ပြီး ရယ်ကြတယ်။ တနေ့ လူတယောက် ကားမောင်းရင်း တယ်လီဖုန်းတလုံးနဲ့ စကားပြောနေတာ မြင်ရတယ်။ တခြားတယောက်ကို ပြောနေတာပါ။ ကျွန်တော် မရယ်ဘူး။ သူ့ကို အားကျတယ်။ ဒါနဲ့ ဖုန်းဟောင်းတလုံး ရှာပြီး ဖြုတ်ယူ။ လက်ကိုင်နေရာမှာ လာချထားလိုက်တယ်။ မောင်းရင်း ဖုန်းကိုကောက်ကိုင် ဆုတောင်းတော့တာပဲ။
         သခင်ယေရှုက အများဆုံးအုပ်စုကို ပြောတယ်။ “မင်းတို့ အဲဒီမှာနေ။”

         Dr. Bob  Jone, Sr; က ပြောတယ်။ “သခင်ယေရှုက ငါ့နာမကို အမှီပြုပြီး လူနှစ်ယောက်၊ သုံးယောက် စုဝေးနေရင် သူတို့ အလယ်၌ ငါရှိမယ်လို့ ပြောတာ မှန်ပါတယ်။ ဒါပေမယ့် လူများတာ မကြိုက်ဘူးလို့ ပြောလိုက်တာတော့ မဟုတ်ပါဘူး” တဲ့။

        လူတယောက်က လာပြီးတော့ ပေ၂၀၈ ပေကျယ်တဲ့ ဒီခန်းမကို ကြည့်ပြီး “ဒီလောက်ကျယ်တဲ့ ဘုရားကျောင်းမှာ သင်းအုပ်လုပ် ရမယ်လို့ ခင်ဗျားထင်ခဲ့မိမှာမဟုတ်ဘူး လောင်းရဲတယ်” လို့ပြောမယ်ဆိုပါစို့၊ ကျွန်တော်က “မဟုတ်ဘူး။ ကျွန်တော် တညလောက် အိပ်ပြီး၊ နိုးတာနဲ့ ဗြုန်းဆို ဒီရောက်နေတာပဲ” လို့ ခပ်နောက်နောက် ဖြေချင်တယ်။ ဘုရားသခင်က တရားဟောဖို့ စခေါ်ချိန်မှာ အဲဒီလို အလွယ်မတွေးဖူးတာအမှန်ပါ။ ဖြစ်ချင်လို့ကို ပုံဖေါ်နေခဲ့တာပါ။ Atlanta မြို့ ပန်းခြံတခုမှာရပ်ပြီး၊ မျက်စိထဲမှာ လူတွေထောင်ချီမြင်ဖူးတယ်။ တရားဟော၊ ပြီးတော့ ရှေ့ထွက်ဖို့ ဖိတ်ခေါ်တယ်။ လူတွေ ရှေ့ထွက် လာတယ်လို့၊ မျက်စိထဲ မြင်ယောင်ကြည့်ဖူးတယ်။ ကျွန်တော်ပြောချင်တာက ဘုရားက တရားဟောဖို့ခေါ်တဲ့ တရားဟောဆရာတိုင်း မှာ ဝန်ထုပ်တခု ရူပါရုံရှိကြတယ်။ Moody , Spurgeon , Torrey , Sunday  ဒါမှ မဟုတ် တခြားဆရာ တပါးပါး အကြောင်း ဖတ်ရတဲ့အခါ အများစုက ငါတော့ နောက်ထပ်ပေါ်မယ့် Sunday တို့ ၊ နောင်လာမယ့် Moody ၊ နောက်လာမယ့် Spurgeon  ဖြစ်လိမ့်မယ်လို့ ထင်တတ်တယ်။ တရားဟောဖို့ ဘုရားသခင်စ ခေါ်စက အဖေထံ “ဖေဖေ ကျွန်တော် သခင်ယေရှုအတွက် သူရဲကောင်းကြီး တယောက် ဖြစ်ချင်တယ်” လို့ စာရေးခဲ့တယ်။ ကျွန်တော့်မှာ ရူပါရုံရှိတယ်။ ဝန်ထုပ်ရှိတယ်။ ဒါပေမယ့် ရူပါရုံရှိရုံနဲ့ တာဝန်မပေးသေးဘူး။ ကြီးမားတဲ့ ရူပါရုံ၊ ဝန်ထုပ်၊ ရည်မှန်းချက်၊ ဆန္ဒတွေရှိနိုင်ပါတယ်။ ဒါပေမယ့် သခင်ယေရှုနဲ့ ပိုနီးလေလေ တာဝန်ပိုယူရလေလေပါ။ ဒါကြောင့် သခင်ယေရှုက သူတို့ အုပ်စုကို “မင်းတို့ ဒီမှာထိုင်နေကြ” လို့ ပြောတာပါ။

         သွားလာလှုပ်ရှားတာ အလွန်နှေးတဲ့ အမျိုးသမီးတယောက်ကို အိမ်အလုပ်လုပ်ဖို့ ခေါ်ထားတဲ့ လူတယောက် အကြောင်းကြား ဖူးတယ်။ “ဘာတခုမှ မြန်မြန်မလုပ်ဘူး၊ မဟုတ်လား?” လို့ မေးတော့-  “ ဟုတ်ကဲ့ရှင့်၊ မြန်မြန်တော့ မောတတ်ပါတယ်” လို့ ပြန်ဖြေပါတယ်။ စစ်တပ်ထဲဝင်မယ့် သူတယောက်လည်း ရှိဖူးတယ်။ သူ့ကို “ဘယ်တပ်ထဲ ဝင်ချင်လဲ။ လိုင်းခွဲတွေ အများကြီးရှိတယ်။ လေတပ်ထဲဝင်ရင်၊ လေကြောင်းခရီးသွားရမယ်။ ရေတပ်ဆိုရင် ရေကြောင်း ခရီးသွားရမယ်။ ကြည်းတပ်ထဲဆိုရင်တော့ ကုန်းကြောင်းခရီးသွားရမယ်” လို့ မေးပါတယ်။

      “ကမ်းခြေစောင့်တပ်ရယ်လို့ မရှိဘူးလားဗျာ။ ကျွန်တော် အဲဒီတပ်ထဲဝင်မယ်။ ကမ်းခြေမှာပဲနေမယ်” လို့ ဖြေတယ်။ ခရစ်ယာန် အများစုလည်း ဒီလိုဘဲ။ ထိုင်ရုံပဲ ထိုင်နေတယ်။ တပြားတချပ်မှ မလှူ။ ဝိညာဉ်လည်း မရ။ ဘယ်တော့မှ သက်သေမခံ။ စိတ်လည်း တခါမှ မလှုပ်ရှား။ သက်သေခံလည်း မသွားလာ။ ဗုဒ္ဓဟူးည ဆုတောင်းအစည်းအဝေးလည်း တခါမှ မသွား။ ဘုရားအမှုတော်လည်း ဘယ်တော့မှ မပါဝင်ဘူး။

       ထိုင်နေတဲ့ တရားဟောဆရာတွေလည်း အများကြီးရှိတယ်။ အခွင့်အလမ်းဖွင့်ဖို့ စောင့်နေတယ်။ ဘယ်ဆရာ သေပြီး၊ အသင်းတော်ကြီးကို ထားခဲ့မလဲ? လာဦးဆောင်ပါလို့ ခေါ်မလား? မြော်လင့်နေကြတယ်။ ရှက်စရာပါ။ အလုပ်သဘောက နားမလည်၊ Sunday school အတန်းတခုတောင် ဦးဆောင်နိုင်မှာ မဟုတ်ဘူး။ အခွင့်အလမ်း ပိုသာမလားဆိုပြီး၊ တရားဟောဆရာတွေ အသင်းတော်တပါးကနေ တပါး ပြောင်းသွားနေတယ်။ ဘယ်သူ လာခေါ်မလဲ? လခကောင်းလား? ကားပိုကြီးလား? မြော်နေကြတယ်။ တခြားသူလုပ်ပြီးသားတွေ ရမလားဆိုပြီး၊ ထိုင်ပဲထိုင်စောင့်ပြီး မြော်နေကြတာပဲ။ ကိုယ်တိုင် အပင်ပန်းခံပြီး ဘာကြောင့် ထ, မလုပ်သလဲ? ကျွန်တော်သာ တရားပလ္လင်ကော်မတီတခုက လာခေါ်မလားဆိုပြီး စောင့်နေခဲ့ရင် အခုဆို စာတိုက်ကြီးမှာပဲ ရှိဦးမယ်။ ကျွန်တော့မှာ ရူပါရုံ၊ ဝန်ထုပ်တခုရှိတယ်။ ကျွန်တော့ကို ဘယ်သူမှ သင်းအုပ်လာလုပ်ဖို့ မခေါ်ဘူး။ ကျွန်တော်ကသာ အသင်းတော် စထောင် လိုက်တာပါ။ ဘုရားသခင်က အဲဒီလို စ, ထောင်စေချင်တာပါ။ ကျွန်တော့်မှာ ရူပါရုံရှိတယ်။ ဝန်ထုပ်ရှိတယ်။ ခင်များမှာလည်း ရှိတယ်။ ဒါပေမယ့် ရူပါရုံရှိရုံ၊ ဝန်ထုပ်ရှိရုံနဲ့တော့ တာဝန်မပေးဘူး။

B.    ဆုတောင်းပြီး စောင့်နေဖို့ တာဝန်ပေးထားပါတယ်။
       သုံးယောက်သော အုပ်စုကိုသာ တာဝန်တွေ ပိုပေးပါတယ်။ “ဆုတောင်ပြီး စောင့်နေကြ” တဲ့။  ဒါပေမယ့် အုပ်စုအားလုံးထဲမှာတော့ ကိုယ်တော်ဟာ တာဝန်အကြီးဆုံးယူရသူပါ။ တလောကလုံးရဲ့ အပြစ်ကို ယူဆောင်ပြီး ကယ်တင်ခြင်း ပြင်ဆင်ပေးရသူပါ။ တာဝန်တွေ အများကြီးယူချင်သလား? သခင်ယေရှုလို “ အဖ - ကျွန်တော့ အလိုအတိုင်း မဖြစ်ပါစေနဲ့။ ကိုယ်တော်အလိုအတိုင်း ဖြစ်စေပါ” လို့ ဆုတောင်းမလား? ဒါမျိုးကို ဘုရားသခင် လိုချင်နေတာပါ။ ဒါပေမယ် ့အပြောသက်သက်မဟုတ်။ စိတ်ပါဖို့ လိုတယ်။ တချို့သူတွေက စိတ်ပါလက်ပါ ပြောတာဆိုပေမယ့် တကယ်မပါဘူး ထင်တယ်။ စိတ်ထဲမှာ နည်းနည်း ငဲ့ကွက်တာတွေ ရှိနေသလား? ဘုရားသခင်ခိုင်းရင် မလုပ်နိုင်တာတွေ ရှိနေသလား?

        ဒီလိုတရားဟောလို့ လူတွေက “ငါဒီလိုဆက်ကပ်လိုက်ရင်၊ ဒီလိုအပ်နှံလိုက်လျှင်၊ ဘုရားသခင်က ပိုင်ဆိုင်တာတွေရောင်း၊ သာသနာပြု ဆရာလုပ်ဖို့ ပြောရင်၊ ငါ တရုတ်ပြည်သွားရမှာပေါ့” ပြောကြပါလိမ့်မယ်။ ဟုတ်တယ်။ ဒါဟာ “ငါဘုရားသခင်ကို တကယ် အားမကိုးဘူး။ ဘုရားသခင်ထက် ငါ ပိုသိတယ်။ ငါ့အတွက် သိပ်မသင့်တော်တာတွေကို ဘုရားသခင်က လာခိုင်းနေတယ်” လို့ ပြောရာ ရောက်နေတယ်။

        ဘုရားသခင်ခိုင်းသမျှဟာ ကိုယ့်ဘဝမှာ အကောင်းဆုံးတွေ ဖြစ်လာလိမ့်မယ်ဆိုတာ သိရဲ့လား? ပြောစကားတွေကို ဘုရားသခင် နားထောင်နေတယ်။ ဘုရားသခင် မှတ်တမ်းတင်ထားတယ်။ ကျွန်တော် ဘာဖြစ်ချင်သလဲ? ဘုရားအလိုတော်ဆောင်ချင်တာပါ။ တခြားဘာကိုမှ ပိုလိုချင်တာမရှိဘူး။ ကျွန်တော် သဘောရိုးနဲ့ပြောတာပါ။ Forrest  Hill နှစ်ခြင်းအသင်းတော်မှာ သင်းအုပ် စဖြစ်ကတည်းက ပါဝင်သူတွေ ရှိပါတယ်။ ကျွန်တော်က သက်တမ်းအကြာဆုံး အသင်းဝင်ပါ။ ၁၂ ယောက်တည်းနဲ့ စခဲ့တယ်။ ခဏပဲ ထွက်သွားကြတယ်။ ၆,၇၀၀ သော သူတွေက အဲဒီ ၁၂ ယောက် ဘာကြောင့် ထွက်သွားကြသလဲဆိုတာ လာကြည့်နေကြတာပေါ့။ ဘုရားသခင်အလိုတော်ရှိရင်၊ ဒီအသင်းတော်က နှုတ်ထွက်ပေးဖို့ဆိုတာ ကျွန်တော့်အတွက် ရေတခွက်သောက်ရသလို လွယ်ပါတယ်။ အသက်ရှင်နေရတာထက်ကို ဘုရားအလိုတော် ပိုဆောင်ချင်ပါတယ်။

        လူတယောက်က Dr. Bob  Jone, Sr., ကို ပြောဖူးတယ်။ “လူတချို့ကို ကောင်းကင်သွားဖို့၊ တချို့ကိုတော့ ငရဲသွားဖို့ ခွဲခန့်မှတ် သားထားတယ်” တဲ့။ Dr. Bob က “ငါ့ကို သေပြီးငရဲသွားဖို့ ဘုရားအလိုတော်ရှိရင်၊ ကောင်းကင်မသွားချင်ဘူး။ အလိုတော်မရှိဘဲ ကောင်းကင် ရောက်တာထက် အလိုတော်နဲ့အညီ ငရဲသွားချင်တယ်။ ဘာကြောင့်လဲဆိုတော့ အလိုတော်အတိုင်း ငရဲမှာနေရရင်၊ ငရဲဟာ - ကောင်းကင်ဖြစ်သွားမှာ မို့လို့ပါ” လို့  ပြန်ဖြေတယ်။ သူ့စကားကို ကျွန်တော်လက်ခံတယ်။ ဘုရားကသာ ငရဲသွားခိုင်းရင်၊ ကောင်းကင် မသွားတော့ဘူး။ အလိုတော်မရှိဘဲ ကောင်းကင်မှာနေမဲ့အစား အလိုတော်အတိုင်း ငရဲမှာပဲနေတော့မယ်။ ဒါပေမယ့် အမှန်ကတော့၊ ဘုရားသခင်က အားလုံးကို ကောင်းကင် ရောက်စေချင်တာပါ။ ( ၂ပေ ၃း၉ )

C.    ဘုရားအလိုတော်အတိုင်း ဆောင်ဖို့ဆိုတာ မြတ်နိုးတဲ့အရာတွေကို စွန့်လွှတ်ရမယ်လို့ ဆိုလိုပါတယ်။

သခင်ယေရှုလို -- “အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” လို့ ပြောနိုင်
ပါ့မလား? အဲဒီစကားက ကျွန်တော့်ကို အလုပ်ထွက်စေခဲ့တယ်။ ၁၉၆၁ ခုနှစ်မှာ ကျွန်တော်မျက်နှာအပ်ပြီး၊ “ကိုယ်တော် လုပ်စေချင် တာကိုလုပ်ပါမယ်” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျမ်းစာကောလိပ်တွေ၊ Seminary ကျမ်းစာကျောင်းကြီးတွေကို မတက်ချင်ဘူး။ ၄ နှစ် နဲ့ နောက်ထပ် ၃ နှစ်၊ ပေါင်းရင် ရ နှစ် အကုန်မခံနိုင်ဘူး။ တရားဟောချင်နေပြီ။ “ကိုယ်တော်၊ အလိုတော်ရှိရင်၊ ကျွန်တော့အိမ်ကို ရောင်းပြီး အသင်းတော်ကို လှူမယ်။ ကျမ်းစာကျောင်းဖြစ််ဖြစ်၊ ကျမ်းစာကောလိပ်ပဲဖြစ်ဖြစ် သွားမယ်” ဆိုတဲ့အထိ ပြောမိတယ်။ အဲဒီလို စေတနာစိတ် ဖြစ်လာချိန်မှုာ အဲဒီလိုလုပ်ဖို့တော့ မလိုဘူးလို့ သိလာရတယ်။ အလိုတော် ဆောင်ချင်လာတဲ့အခါ ဘုရားသခင်က “ ဒီအတိုင်းပဲနေပြီး၊ အသင်းတော်ကို ဆက်တည်ဆောက်ပါ” လို့ပြောလာတယ်။  ပြောလည်း ပြောရဲလာတယ်။ “ကိုယ်တော်၊ ဘယ်သူမှသွားပြီး တရားမဟောချင်တဲ့ နေရာရှိရင်၊ ကျွန်တော်သွားမယ်။ ဘယ်သူမှ မကိုင်တွယ်ချင်တဲ့ အသင်းတော်ရှိရင် ကိုင်တွယ်မယ်။ ဘယ်သူမှမလိုချင်တဲ့ တာဝန်တွေရှိရင် လုပ်မယ်။ ဘယ်သူမှ မနေချင်တဲ့နေရာရှိရင် ကျွန်တော်နေမယ်။ ဘာဘဲဖြစ်ဖြစ် လုပ်ပါ့မယ်။ ကျွန်တော်မလုပ်ဖြစ်တာဟာ ကျွန်တော်မသိလို့ သာ ဖြစ်ရမယ်။ သခင်ယေရှု၊ ကိုယ်တော် ပြောပြပါ။ ကျွန်တော်သွားပါမယ်။” လို့ စိတ်ပါလက်ပါ ပြောခဲ့တာပါ။

      ၁၉၆၁ ခုနှစ်မှာ စာတိုက်လုပ်ငန်းက ထွက်လိုက်တယ်။ အသင်းတော်က ရ၅ ဒေါ်လာပဲ လစာပေးတယ်။ အိမ်စရိတ်က တလ ၉၅.၂၀ ဒေါ်လာကုန်ကျတယ်။ လိုတဲ့ ၂၀.၂၀ ဒေါ်လာကို ဘယ်ကလာမယ်လို့ ကျွန်တော် မသိခဲ့ဘူး။ ဇနီးသည်အပြင် ကလေးနှစ် ယောက်၊ ကားတစီးရှိပါတယ်။ ဇနီးနဲ့ ကလေးတွေရှိလျက်နဲ့ စားဝတ်နေရေး ဘယ်လိုဖြေရှင်းကြမလဲ မသိဘဲနဲ့ အလုပ်ထွက်လိုက်တာ ကို အားလုံးက ရူးပြီလို့ ပြောကြတယ်။ တနင်္ဂနွေနေ့ ရသမျှ အလှူငွေကို ပေးရင်တော့ အခက်မတွေ့နိုင်ဘူးပေါ့။ တပတ်အလှူငွေက ဒေါ်လာ ၆၀ ပါ။ “အကျွနု်ပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော။” ဒီစကားက အလုပ် ထွက်လိုက်ရတယ်လို့ ဆိုလိုတယ်။

      တခု စိတ်အနှောက်အယှက်ဖြစ်ရတာက  တရားဟောဆရာတွေက အာမခံတို့၊ ကားတို့၊ ဟင်းခတ်အမွှေးအကြိုင်တို့ . . စတဲ့စတဲ့ အရောင်အဝယ် အလုပ်တွေလုပ်ပြီး တရား နည်းနည်းပါးပါး ဟောတယ်။ ကောင်းကင်ဘုံရှင် ဘုရားသခင်ရှိတယ်ဆိုရင်၊ ဘာကြောင့် တရားပဲ မဟောသလဲ? ကောင်းကင်ဘုံရှင် ဘုရားသခင်ရှိတယ်ဆိုရင်၊ ဘုရားသခင်က ဖိလိပ္ပိ ၄း၁၉ မှာ ရေးထားတဲ့စကားကို ယုံယုံကြည်ကြည်နဲ့ ဘာကြောင့် မဟောသလဲ? “ငတ်သေမှာပေါ့” လို့ ပြောမလား? ဒါဆိုရင်တော့ တရားမဟောနဲ့။ တရားဟောဆရာ မဖြစ်ထိုက်ဘူး။ အရောင်အဝယ်အလုပ်ကို ရပ်။ အသင်းတော်တပါးကို တည်ထောင်။ လူတွေကို ခရစ်တော်ထံပို့။ တကယ်လုပ်ရင် လစာပေးနိုင်လောက်အောင် တပတ်အတွင်း လူရလာနိုင်တယ်။

          မကြာသေးခင်က တကယ့် အဖြစ်အပျက်တခု ဖြစ်ခဲ့ဖူးတယ်။ Alabama ပြည်နယ် Montgomery မြို့က လူတယောက်နဲ့ သူ့ဇနီး ကျွန်တော်ရုံးခန်းကို ရောက်လာတယ်။ သူက “သိပ်စိုးရိမ်တယ်ဗျာ။ ကျွန်တော်ဖြစ်စေချင်သလို အမှုတော်ထဲမှာ ဖြစ်မလာဘူး” လို့ ပြောတယ်။ အကြံပေးစကားကို နာရီအတော်ကြာကြာ ပြောပြလိုက်တယ်။ ဝိညာဉ်ကယ်တင်ခြင်း Soul  winning တိတ်ခွေ ၃ ခွေပေးပြီး၊ ခရစ် တော်ထံ ပို့ဆောင်ပြီးသားလူတွေကို ဘယ်လိုရှေ့ထွက်လာဖို့လုပ်ရမယ်ဆိုတာ ပြောပြတယ်။ သူယူသွားပြီး၊ နားထောင်တယ်။ တနင်္ဂနွေနေ့မှာ ဖုန်းဆက်လာတယ်။ “ကျန်တဲ့ သောကြာနဲ့ စနေနေ့မှာ တနေကုန်ထွက် သက်သေခံတော့ လူ ၂၅.ယောက် ခရစ် တော်ထံ ပို့ဆောင်နိုင်တယ်။ တနင်္ဂနွေမနက်မှာတော့ ဖိတ်ခေါ်လိုက်တဲ့အခါ-၂၅ ယောက်စလုံး ရှေ့ထွက်လာပြီး နှစ်ခြင်းခံကြ၊ အသင်းတော်မှာ ပါဝင်လာကြတယ်” တဲ့။ “အံ့ဩစရာပဲ” လို့ ကျွန်တော် ပြောမိတယ်။။

       သူက “ဒီထက်အံ့ဩစရာကောင်းတာရှိသေးတယ်။ ကျွန်တော့်အသင်းတော်က အသက် ၅၂.နှစ်အရွယ် လူတယောက်ကို ကြိုးစား သက်သေခံထားတာ၊ အခု လူ၂၅ ယောက်က ပြီးတဲ့ တနင်္ဂနွေနေ့မှာ ရှေ့ထွက်လာကြတော့မှ အဲဒီလူက သူတို့ နောက်က ပြေးထွက်လာတယ်။ သူ့စိတ်ထဲမှာ ကောင်းကင်သွားမယ့် ရထားမမှီမှာ စိုးပြီး၊ ဒါနောက်ဆုံးအကြိမ်ပဲလို့ ထင်နေတယ်။ သူ ကယ်တင်ခြင်းရသလို၊ တခြားသူတွေလည်း ထွက်လာပြီး၊ ကယ်တင်ခြင်းရကြတယ်” လို့ ပြောပါတယ်။ နောက်အင်္ဂါနေ့မှာ အဲဒီလူက ထပ်ပြီးဖုန်းဆက်ပြန်တယ်။ “ပြီးခဲ့တဲ့ သောကြာနေ့လို ဖြစ်ပြန်ပြီ။ နောက်ထပ်၂၅ ယောက်ရပြန်ပြီ။ ဖိတ်ခေါ်ချိန်ရောက်တော့ အားလုံးထွက်လာကြတယ်” လို့ အားပါးတရပြောတယ်။

       နောက် ၃ ပတ်အကြာ သူဖုန်းဆက်ပြီး “ရပြန်ပြီဗျို့။ အခု ပြောင်းလဲသူ ၈၅ ယောက်ရှိပြီ။ ကျန်ခဲ့တဲ့ ၃ ပတ်အတွင်း နှစ်ခြင်းခံတာလည်း ရှိသေးတယ်။ ဒါမျိုး မကြံုဖူးဘူးဗျာ။ ဟာလေလုယ။ အခုကစပြီး တခြားဘာမှ မလုပ်တော့ဘူး။ သက်သေခံတဲ့အလုပ် Soul  winning  ပဲလုပ်တော့မယ်။ တခြားအလုပ်တွေကို သင်းထောက်တွေလုပ်ပါစေဗျာ။ ဟာလေလုယ” လို့ ပြောပြီး ဖုန်းချလိုက်တယ်။ ကျွန်တော်ကလည်း Montgomery  ဒေသတဝိုက်မှာ အရှိန်အဟုန်တက်လာဖို့ မြော်လင့်နေတာ။ အခု အဲဒီလူက “အကျွနု်ပ်အလိုအတိုင်း မဖြစ်ပါစေနဲ့။ ကိုယ်တော်အလိုအတိုင်း ဖြစ်ပါစေသော” လို့ ဆုံးဖြတ်သွားတာပါ။

       ဒီအကြောင်းထပ်ပြောချင်ပါသေးတယ်။ အလိုတော်ဝန်ခံတာဟာ အလုပ်ထွက်လိုက်တာပါ။ ကျွန်တော့လို ခင်ဗျားလည်းသဘော ထားရင် တကယ်ဖြစ်လာမှာပါ။ စာတိုက်ပုံးထဲတောင် စာမှန်မှန်ကန်ကန် မထည့်တတ်လောက်အောင်ဖြစ်ခဲ့တာပါ။ ဝိညာဉ်တွေအတွက် စိုးရိမ်လွန်းလို့ အလုပ်အတွက် လမ်းသွားရင်း လမ်းတဝက်မှာ ရပ်နေမိ မတတ်ဖြစ်ခဲ့တာပါ။ “ကိုယ်တော်၊ ဒီနေ့ စာဝေဖို့ခွင့်ပြုမယ်ဆိုရင်၊ ပြီးအောင် ဝေလိုက်ပါမယ်။ ကျွန်တော်အလုပ်ထွက်မယ်။ တရားဟောဆရာကလွဲလို့ ဘာမှမဖြစ်ချင်တော့ဘူး” လို့ ပြောမိပါတယ်။

D.    အထံတော်ပါး ချဉ်းကပ်လေလေ၊ လူနည်းလာလေလေပါ
         Dr. Rice နဲ့ ဘယ်လိုသိခွင့်ရခဲ့တာလဲလို့  လူတယောက်က မေးတယ်။ Sword  စည်းဝေးကြီး တခုမှာပါ။ ကျွန်တော့မှာ ဝိညာဉ် အလင်းကလေးရပြီး၊ သက်သေခံ ဟောပြောစပြုချိန်ပါ။ တူညီတဲ့အရာတွေ အပေါ်မှာရပ်တည်ကြ။ ရည်ရွယ်ချက်တွေ တူကြ၊ ဦးတည်ချက်တွေ တူကြရင်၊ တယောက်နဲ့ တယောက်ဆုံမိကြမှာပါ။
        “ဟေး၊ ဆရာ့နာမည် ဘယ်သူလဲ?”
        “John  R. Rice ”
        “ဆရာ ဒီမှာ ဘာလုပ်သလဲ?”
        “ငါက သခင်ယေရှုကို ချစ်တယ်။ ဝိညာဉ်တွေကိုလည်းချစ်တယ်။ ယုံကြည်ခြင်းရဲ့ အဓိကတရားတွေကို ယုံကြည်တယ်။ ဧဝံဂေ လိကိုလည်း ယုံကြည်တယ်။ သီးခြားရပ်တည်တာကို ယုံကြည်တယ်။ ကဲ - မင်းကောဘယ်သူလဲ? ဒီမှာ ဘာလုပ်နေသလဲ?”
        “ကျွန်တော် Curtis  Hutson ပါ။ ကျွန်တော်ယုံတာတွေကို ဆရာလည်းယုံတာကိုး”

        ယုံကြည်မှုတူရင် ဒီလိုဘဲဖြစ်ပါတယ်။ ရှင်ပြန်ထမြောက်ရာနေ့ မနက်မှာ သင်္ချိုင်းမှာလာတွေပါ” တဲ့ ဖိတ်စာရလို့ မဟုတ်ဘူး။ သူတို့အားလုံး သခင်ယေရှုကို ချစ်ကြလို့ သင်္ချိုင်းမှာ ဆုံမိတာပါ။ Dr.Rice  နဲ့ ကျွန်တော် ဘာကြောင့်ဆုံမိသလဲ? သခင်ယေရှုကို ချစ်လို့ပါ။ ဒီအချက်က တွန်းအားပါ။ လူအနည်းစုနဲ့ လက်တွဲလျှောက်ရတာမျိုး ဖြစ်ပါတယ်။ နှောက်ယှက် ညှင်းဆဲမှုတွေရှိတယ်လို့လည်း ဆိုလိုပါတယ်။

       “ကဲ - အခုတော့ ငါ့ကို အားလုံးချစ်ကြလိမ့်မယ်” လို့ ထင်ခဲ့ဖူးပါတယ်။ အဖြူရောင် ဘုရားကျောင်းသေးသေးကလေးထဲမှာ တက်သစ်စ နှစ်ခြင်းတရားဟောဆရာလေးဘဝတုန်းက ဖြစ်စရာရှိတာတွေဟာ အခုဖြစ်မလာသေးရင်လည်း နောင်မှာဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။ ဘယ်သူမှလည်း မကဲ့ရဲ့ဘူး။ ခရစ်တော်အတွက် လူတွေရဖို့ လုပ်လာချိန်၊ စိတ်လှုပ်ရှားလာချိန်၊ တအိမ်ဝင် တအိမ်ထွက် သွားလာချိန်၊ ဘက်စ်ကား အစင်း ၅၀ ဝယ်ပြီး၊ Atlanta မြို့တမြို့လုံးနီးပါး စတင်ပြေးဆွဲနေချိန်၊ ပြီးခဲ့တဲ့ တနင်္ဂနွေက လူ ၁၃၁ ယောက် ပြောင်လဲတယ်လို့ ကြော်ငြာချိန်မှာတော့၊ လူတွေက ပြောလာကြပြီ။ “ဟဲ့၊ အားလုံးတကယ် ကယ်တင်ခြင်းရလို့လား?” အဲဒီလူတွေအားလုံး ကယ်တင်ခြင်းရပါတယ်။ မရရင် လူညာတွေ ဖြစ်နေမှာပေါ့။ တယောက်ချင်းစီ အပြစ်အတွက် သခင်ယေရှုကို အားကိုးပြီလို့ ပြောလာတယ်။ သခင်ယေရှုကို အားကိုးရင်၊ ထာဝရအသက် ရပြီပေါ့။ သခင်ယေရှုက ဒီလိုဘဲ ပြောထားတယ် မဟုတ်လား? ဘုရားစကားမှာ မုသာမပါဘူးလေ။

       ရေဒီယိုမှာ လူတယောက်က “ဂျော်ဂျီယာ Georgia ပြည်နယ်ရဲ့ အကြီးဆုံး Sunday  school ဆိုပြီး ကြော်ငြာတဲ့ အသင်းတော်တွေ-” ဆိုပြီး ပြောသွားတယ်။ ဘာကြောင့် သူက အသင်းတော်တွေလို့ ပြောရလဲ? အကြီးဆုံးက တခုတည်းပါ။ Forrest Hill အသင်းတော်လို့ ဘာကြောင့် မပြောတာသလဲ? သူက “ဒီလူတွေ တကယ် ကယ်တင်ခြင်းရရဲ့လား?” လို့ မေးလိုက်သေးတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ဆီမှာ နှစ်ခြင်ခံယူသူ ၈၇၉ ယောက်ရှိတယ်။ သူ့မှာက ၁၅ ယောက်ပဲ။

         ကျွန်တော်က - “မင်းလူတွေ အားလုံးကယ်တင်ခြင်းရပြီးတော့၊ ငါ့လူတွေက ၅၀% ပဲရမယ်ဆိုရင်၊ ငါ့ ၅၀% က မင်း ၁၀၀% ထက် ပိုများနေတယ်။ ငါ့မှာ ၄၀၀ ဆိုရင် မင်းမှာက ၁၅ ပဲရှိသေးတယ်။ ငါ့လူ ၁၀% ကယ်တင်ခြင်းရရင်တောင် မင်းလူ ၁၀% ထက် ပိုသေးပါတယ်။ ငါ့မှာ ၈၇ ယောက် မင်းက ၁၅ ယောက်ပဲရှိတယ်။” လို့  ပြန်ပြောလိုက်တယ်။ တကယ်တော့ သူ့လူတွေလိုပဲ ကျွန်တော့လူတွေလည်း ကယ်တင်ခြင်းရတာပါဘဲ။

        တချို့က အသင်းတော်ကြီးက လူတွေဟာ သိပ်မစွံဘူးလို့ ထင်တယ်။ မသိလို့ပါ။ အမေရိကားရဲ့ အကြီးဆုံးအသင်းတော်ကြီးတွေမှာ သိပ်မြင့်တဲ့ စိတ်ဓါတ်အဆင့်အတန်းတွေ ရှိတယ်။ အသင်းတော်က အကြံပေးသူတွေဟာ လုံလောက်တဲ့ သွန်သင်မှုတွေ ခံယူပြီးသား လူတွေပါ။

       တချို့က ပြောတယ်။ “အေး၊ အဲဒီအသင်းတော်ကြီးဟာ မင်းနဲ့နွယ်ပြီး တည်ဆောက်ထားတာပါ” တဲ့။ ဟုတ်တာပေါ့။ ခင်ဗျား ဘာမှ မအောင်မြင်ပဲ အရှုံးပြတာ ခင်ဗျားနဲ့ နွယ်နေတယ်မဟုတ်လား? Sword of the Lord ဟာ Dr.John R.Rice နဲ့ ဆက်နွယ်ပြီး တည် ထားတာပါ။ E.J. Daniel ရဲ့ ဧဝံဂေလိလုပ်ငန်းတွေဟာ E.J. Daniel နဲ့ ဆက်နွယ်ပြီး တည်ထောင်ထားတာပါ။ Bill Rice ထူထောင် ရေးစခန်းဟာ Bill Rice နဲ့ ဆက်နွယ် တည်ထောင်ထားတာပါ။ ခင်ဗျားမှာရှိတဲ့ သေးငယ်တဲ့လုပ်ငန်းတွေဟာလည်း ခင်ဗျားနဲ့ဆက်နွယ် တည်ဆောက်ထားတာမဟုတ်လား?

       အလိုတော်ဆောင်တယ်ဆိုတာ အနှောက်အယှက်၊ အညှဉ်းအဆဲလို့လည်း ဆိုလိုတယ်။ လူကောင်းဆိုတဲ့ နာမည်ကလွဲလို့ ရှိသမျှ နာမည်ပေါင်းစုံ ကျွန်တော့ကို ပေးတယ်။ နှောက်ယှက်တဲ့စာတွေ၊ ဖုန်းတွေ ခဏခဏ လာတယ်။ ဒီလို အကန်ခံရလေလေ ခေါင်းဆောင်ဖြစ်လေလေ လို့ မှတ်ပါ။ အာမင်!။ အလိုတော်ဆောင်တာဟာ အလုပ်ထွက်တာပါ။ လူနည်းစုနဲ့ လက်တွဲတာပါ။ အညှင်းဆဲခံတာပါ။ နားလည်လွဲခံရတာပါ။ ဆက်ကပ်မှုပါ။ ဘာဘဲဖြစ်ဖြစ် သခင်ယေရှုကို “အကျွနု်ပ်အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုတော်အတိုင်း ဖြစ်ပါစေသော” လို့ ပြောဖို့ လိုပါတယ်။

      အမေရိကန်ပြည်ရဲ့ တရားဟောဆရာတိုင်းကသာ ဒီစကားကို စိတ်ပါလက်ပါ ပြောလာကြရင်၊ ဘယ်လောက်ကောင်းမလဲ? မအောင်မြင်တာကို ဆင်ခြေတွေပေးနေမယ့်အစား၊ အပြည့်အဝ၊ မပြောင်းမလဲ၊ လုံးဝဆက်ကပ်မှုမရှိလို့ပါလို့ ဝန်ခံသင့်ပါတယ်။ “ကျွန်တော် ညံ့လို့ပါ၊ မရိုးသားလို့ပါ” လို့ ဘုရားသခင်ရှေ့မှာ ဝန်ခံဖို့ မလိုဘူးလား?

      “နာမည်ကြီး ခရစ်ယာန်တို့ရဲ့ နက်ရှိုင်းတဲ့ အတွေ့အကြံုများ” Deeper Experiences of Famous Christians - စာအုပ်နဲ့ တခြား စာအုပ်တချို့ကို ဖတ်ရချိန်မှာ တရားဟောဆရာဘဝက ထွက်မလား၊ (သို့) အဲဒီ ခရစ်ယာန်ကြီးတွေရဲ့ခံစားခဲ့ရတာတွေ ကျွန်တော့ကို ဘုရားသခင်ပေးမလားလို့ စဉ်းစားစရာဖြစ်ခဲ့တယ်။ “အဲဒီဆရာကြီးတွေ ရရှိခဲ့သလို ကျွန်တော်မရရင် တရားမဟောချင်တော့ဘူး” လို့ ဆုတောင်းခဲ့မိတယ်။

      စနေနေ့ မနက်စောစောထပြီး တနေ့လုံး ဆုတောင်းတယ်။ တညလုံး ဆက်တောင်းတယ်။ တနင်္ဂနွေ မနက်ရောက်လို့ လူတွေ ရောက်လာတဲ့အထိ Sunday school အခန်းထဲမှာ ကျွန်တော်ရှိနေတုန်းပဲ။ အဲဒီနေရာမှာ စနေနေ့ မနက်ကတည်းက ကျွန်တော် ရောက်နေတယ်။ စာတန်က ပြောတယ်။ “Dr. Jack Hyles တို့၊ Dr. Lee Roberson  တို့၊ Dr. John R. Rice တို့လို လူတွေ က နည်းနည်းပဲရှိတယ်” တဲ့။

       ကျွန်တော် ဆုတောင်းတယ်။ “ကျွန်တော် John R.Rice မဖြစ်ချင်ဘူး။ Jack Hyles လည်း မဖြစ်ချင်ဘူး။ Lee Roberson လည်း မဖြစ်ချင်ဘူး။ Curtis Hudson ပဲ ဖြစ်ချင်တယ်။ ဝိညာဉ်မီး တောက်လောင်ချင်တယ်။ သူတို့ရတဲ့ ဝိညာဉ်မီးကို နည်းနည်းမရနိုင်ဘူးလား? မရနိုင်ရင်တော့ စာဝေတဲ့အလုပ်ပဲ ပြန်လုပ်မယ်။” ဘုရားသခင် မပေးလောက်ဘူးလို့ ထင်ခဲ့တာပါ။ ကျွန်တော် သိပ်တောင့်တခဲ့တာပါ။ မရရင်သေမယ် ဆိုသလောက် ဖြစ်ခဲ့တယ်။ သခင်ယေရှုပြောသလို “အကျွန်ုပ် အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော။ ဘာဘဲဖြစ်ဖြစ် အလိုတော်အတိုင်း ဖြစ်ပါစေ၊ အသင့်ပါဘဲ” လို့ စိတ်ဆန္ဒဖြစ်ခဲ့တာပါ။

      ကဲ ၊ ဘယ်အုပ်စုထဲမှာ ပါနေကြလဲ? အခု ဥယျာဉ်စပ်မှာ ထိုင်နေကြသလား? မလှမ်းမကမ်းမှာပဲ ရောက်နေသလား? ခဏလေး ဆုတောင်းပြီး အိပ်ပဲ အိပ်ငိုက်နေသလား? သခင်ယေရှုလို “အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” ဆိုတဲ့ အတွေအကြံုမျိုးရနေပြီလား?  ကောင်းကောင်းသိလှပြီလို့ မဆိုချင်ပေမဲ့ အများစုကတော့ အနီးအပါးမှာ နေတာမဟုတ်ဘူးလို့ ထင်တယ်။ သူတို့ လိုချင်တဲ့နေရာရရင် သခင်ယေရှုရဲ့ အလုပ်ကို လုပ်ပေးမယ်။ လိုချင်တဲ့ရာထူးရရင် သခင်ယေရှုရဲ့ အမှုတော်ကိုဆောင်မယ်။ နေချင်တဲ့ ပြည်နယ်မှာ နေရရင် သခင်ယေရှုရဲ့ အလုပ်ကို လုပ်ပေးမယ်။ ဒါပေမယ့် သခင်ယေရှုနဲ့ နီးနီးနေတဲ့ သူက နည်းပါတယ်။ သခင်ယေရှုနဲ့ နီးနီးနေသူတွေမှာ အကြီးမားဆုံး တာဝန်တွေ ရှိနေတယ်။ အဲဒီလိုလူတွေကို သခင်ယေရှုက “ငါ မင်းကို သုံးချင်တယ်” လို့ ပြောပါတယ်။

      အမေရိကန်ပြည်ရဲ့ အကြီးမားဆုံး အသင်းတော်တရာမှာ ဦးဆောင်တဲ့ သင်းအုပ်တွေထဲက ၃၂ ယောက်သောသူတွေဟာ ကျမ်းစာကျောင်း တက်ဖူးသူတွေမဟုတ်တာ ဘာကြောင့်လဲ? ဘုရားသခင်က ပညာတတ်ကို ရှာတာမဟုတ်ဘဲ ဆက်ကပ်သူကိုရှာနေ လို့ပါ။ အစွမ်းအစရှိသူတွေကို ရှာနေတာမဟုတ်ဘဲ၊ စိတ်ချရသူကို ရှာနေလို့ပါ။

     အဲဒီလို တကယ်ဆက်ကပ်တဲ့သူကို ဘုရားသခင် အားကြီးစွာအသုံးပြုပါတယ်။ လုပ်ကွက်လည်း ပွင့်လာစေတယ်။ လူ့သဘော အရ ဆင်ခြင်ရင်းနဲ့ ကျွန်တော်တရားဟောဆရာ ဖြစ်လာတာမဟုတ်ပါဘူး။ ကျွန်တော်လည်း ဆင်ခြင်တတ်ပါတယ်။ Dr. Hyles ပြောတဲ့ လက်မ,စုပ်သူ တယောက်အကြောင်း ကြားဖူးတယ်။ ကျွန်တော် ဘယ်တော့မှ လက်မ, မစုပ်ဘူး။ ဒါပေမယ့် သူများပြောမှာတော့ တကယ် ကြောက်ခဲ့တယ်။ လူညံ့တယောက် ဆိုပါတော့။ လူကြောက်တယောက် ဟန်ဆောင်သလို ကျွန်တော် ဟန်မဆောင်ဘူး။ ဒါပေမယ့် ကြောက်တဲ့အတွေး ရှိပါတယ်။ ကျွန်တော် ကြောက်တတ်ပါတယ်။ ဘုရားအသုံးပြုတောင် မခံထိုက်ပါဘူး။

     ကျွန်တော်ဖြစ်သင့် ဖြစ်ထိုက်တာထက် ဘုရားသခင်က ပိုဖြစ်လာစေခဲ့တာပါ။ အစွမ်းအစရှိသူတွေကို ဘုရားသခင်လိုက်ရှာနေတာ မဟုတ်ပါဘူး။ ဆက်ကပ်မယ့်သူကိုသာ ရှာနေတာပါ။ ရှိသမျှကို ဘုရားသခင်ထံ အပ်နှံလိုက်ပါ။                ။