Thursday, June 20, 2013

12. How the Believer Can Know God’s Will (BREAD FOR BELIEVERS) (Burmese)

--------------------------------------------------------------------------
အခန်း ၁၂
--------------------------------------------------------------------------

Dr. Curtis Hutson

 “ညီအကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည့်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်း နိုးဆော်ပေ၏။ သင်တို့သည် လောကီ ပုံသဏ္ဍန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊

 နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရ တည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။”  ရောမ ၁၂း ၁-၂။

သင်းအုပ်အဖြစ်နဲ့ ၂၁ နှစ်လောက်လုပ်တော့ အကြံဉာဏ် လာတောင်းတဲ့သူတွေ မကြာခဏ ရှိတယ်။ “အသက်တာအတွက် ဘုရားအလိုတော်ကို ဘယ်လိုလုပ် သိနိုင်မလဲ?” လို့ မေးတတ်ကြတယ်။

လူငယ်တရားဟောဆရာ ဘဝတုန်းက ဘုရားအလိုတော် သိပ်သိချင်ခဲ့တယ်။ ဝိညာဉ်ကယ်တင်တဲ့ အသင်းတော်ကြီး တည်ထောင်ချင်တယ်။ ဒါပေမယ့် “ဒီဆန္ဒဟာ ဘုရားပေးတဲ့ ဆန္ဒလား? ငါပဲ နာမည်ကြီးချင်နေတာလား?” လို့ မေးမိတယ်။ ဘုရားဖြစ်စေချင်ရင်တော့ လုပ်မယ်လို့ စိတ်ပိုင်းဖြတ် ထားတယ်။

အောင်မြင်တဲ့သူ ဆိုတာ ဘုရားအလိုတော်ကို ရှာတွေ့ပြီး၊ အလိုတော်အတိုင်း လုပ်ဆောင်သူပါဘဲ။ Dr. Bob Jones, Sr., က အယူသည်း ကယ်လ်ဗင်းနစ်စ် တယောက်ရဲ့ အမေးကို ဖြေတဲ့အခါ ဘုရားအလိုတော် အရေးကြီးပုံကို ပြောပြခဲ့ဖူးပါတယ်။ “ဘုရားသခင်က ငါ့ကို ငရဲ သွားစေချင်ရင်၊ ငါကောင်းကင်ကို မသွားဘူး။ အလိုတော်မရှိဘဲ ကောင်းကင်မှာနေမယ့်အစား အလိုတော်နဲ့အညီ ငရဲမှာပဲ သွားနေချင်တယ်။ အလိုတော်အတိုင်း ငရဲမှာနေရင်၊ ငရဲဟာ ကောင်းကင်ဖြစ်နေလိမ့်မယ်။”

အလိုတော်သိဖို့ သိပ်အရေးကြီးတယ်ဆိုရင်၊ ဘယ်လို သိခွင့်ရနိုင်မလဲ? ရောမ ၁၂း၂ က -  “ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း …”

အလိုတော် ရှိ- မရှိ သိနိုင်ပါတယ်။ ဘုရားသခင်ကို သိအောင် ပြောဖို့ မလိုပါဘူး။ ဘုရားသခင် သိပြီးသားပါ။ မှန် မမှန် သက်သေပြမယ် ဆိုရင် ကိုယ်တိုင်ကိုသာ သက်သေပြဖို့ လိုပါတယ်။ အသက်တာအတွက် ဘုရားအလိုတော် သေချာစွာ သိနိုင်မယ့် အချက်တွေ ပြောပါမယ်။

 (၁)  ကိုယ့်ဘဝအတွက် တိကျတဲ့ ဘုရားအလိုတော်၊ ရည်ရွယ်ချက် တခုရှိတယ်လို့ နားလည်ပါ။

        Realize  that  God  has  a  very  definite  purpose  and  will  for  your  life

ဘုရားအလိုတော် ရှာဖို့ ကြိုးစားတဲ့အခါ ပထမအချက်က ယုံကြည်သူတိုင်းရဲ့ အသက်တာအတွက် တိကျတဲ့ ဘုရားအကြံအစည်၊ ရည်ရွည်ချက်တခု ရှိတယ်လို့် နားလည်ထားဖို့ လိုပါတယ်။ ခရစ်ယာန်အသက်တာဆိုတာ လေမှာလွင့်တဲ့ ဂွမ်းပွင့်ကလေးလို၊ ဦးတည်ရာမရှိ၊ အကြောင်းမဲ့ လွင့်နေရတာမျိုး မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိတယ်။ ပန်းတိုင်ရှိပါတယ်။

ဒါကို နားလည်ရင် ခရစ်ယာန်အသက်တာဟာ စိတ်ဝင်စားစရာ သိပ်ကောင်းတယ်။ အဓိပ္ပါယ်လည်း သိပ်ရှိတယ်။ အရေးကြီးတဲ့ လုပ်ငန်းအတွက် ဘုရားအလိုတော် ရှာရာမှာ ဘုရားအလိုတော် ရှိတယ်လို့ မသိသေးဘဲနဲ့ ဘယ်သူ ပျော်ရွှင်နိုင်မလဲ? တခုခုကို ရှာဖွေရင်၊ အဲဒီအရာ တကယ်ရှိတယ်၊ ဖြစ်မယ်ဆိုတာ မသိဘဲနဲ့ စိတ်ဝင်စားမှုဆိုတာ ရှိနိုင်မလား?

ငယ်ငယ်တုန်းက ငါးမျှား သွားဖူးတယ်။ သိပ်တော့ မမျှားတတ်ပါဘူး။ စိတ်ပျက်လွယ်တယ်။ သိပ်သည်းမခံနိုင်ဘူး။ နည်းနည်း ကြာလာရင်၊ ဒီကန်မှာ ငါးမရှိဘူးလို့ သတ်မှတ်ပစ်လိုက်တယ်။ ငါးမျှားတံကို ဘေးမှာချရင်း တောအုပ်ထဲမှာ ပြေးကစားချင်နေပြီ။

 “တယောက်ယောက် လာကူပါဦး၊ ငါးကြီး မိနေပြီဟေ့” လို့ အော်သံ ကြားရရင်တော့ အရမ်းစိတ်လှုပ်ရှားတယ်။ ရေကန်စပ်ကို ပြေးသွားတဲ့အခါ သူငယ်ချင်းတယောက် ၅ ပေါင်လောက်ရှိတဲ့ ငါးကြီး တကောင်ကို ဆွဲတင်နေပြီ။ အဲဒီအခါကျမှ  ငါးမျှားတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိလာတယ်။ စိတ်ဝင်စားလာပြန်တယ်။ ပျင်းချိန်မရတော့ဘူး။ ငါးစာတပ်ပြီး ငါးမျှားတော့တယ်။ အခုတော့ ဒီကန်မှာ ငါးရှိတယ်ဆိုတာ သေချာသွားပြီကိုး။

ကိုယ့်ကို ဘုရားသခင် စိတ်ဝင်စားကြောင်း စဉ်းစားမိလာတဲ့အခါ အံ့ဩစရာ ကောင်းလာတယ်။ မဿဲ ၁၀း၃၀ မှာ “သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။”  ထွက်မြောက်ရာ ၃းရ မှာ ဝမ်းနည်းနေတာကို ဘုရားသခင် သိတယ်။ ဆာလံ ၅၆း ၈ မှာ“မျက်ရည်တွေကို မှတ်ထားတယ်” ဆာလံ ၁၃၉း ၂ မှာ “အကျွနု်ပ်ထိုင်ခြင်း၊ ထခြင်း အရာတို့ကို သိတော်မူ၏” ဆာလံ ၁၃၉း၂-၆  မှာတော့ အတွေးတွေ အားလုံးနဲ့ အကြံအစည်တွေကို သိနေတယ်လို့ ပြောပါတယ်။ လူတိုင်းကို ဘုရားသခင် ဒီလောက် စိတ်ဝင်စားနေတယ်ဆိုရင် ကိုယ့်အသက်တာအတွက် တိကျတဲ့ အကြံတော်၊ ရည်ရွယ်ချက်ရှိတယ် ဆိုတာ ယုံဖို့လိုပါတယ်။ “ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သော အရာ၊ စုံလင်သောအရာ တည်းဟူသော ဘုရားသခင် အလိုတော် ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်မည်အကြောင်း.. ”

 (၂ ) ဘုရားအလိုတော် အပေါ် မှန်ကန်တဲ့ သဘောထား ထားဖို့ လိုတယ်။

We must have a right attitude toward God’s will.

 “အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား …  ဘုရားသခင်၏ ဒေသနာတော် … ဟု ပိုင်းခြားသိလိမ့်မည်။” (ယော ရး၁၇) ဘုရားအလိုတော်ဆိုတာ သိချင်စိတ် ရှိရုံကလေးနဲ့တော့ သိလာမှာ မဟုတ်ဘူး။ အလိုတော်ဆိုတာ ဘာမှန်း မသိခင်ကတည်းက အလိုတော်အတိုင်း လုပ်ပါ့မယ်လို့ မပြောင်းမလဲတဲ့ ဆုံးဖြတ်မှုရှိဖို့ လိုပါတယ်။

ကျွန်တော့်ဇနီးက “Curtis , ကျွန်မကို တခုလောက် လုပ်ပေးနိုင်မလားဟင်?” လို့ မေးတတ်ပါတယ်။ “အေး လုပ််ပေးမယ်လေ။”  လို့ ပြန်ဖြေလေ့ မရှိဘူး။ “ဘာများလဲ?” လို့ ပြန်မေးလေ့ ရှိတယ်။ ဘာမှန်းမသိဘဲနဲ့ လုပ်ပါမယ်လို့ ဆုံးဖြတ်လေ့ မရှိဘူး။ ဒါပေမယ့် ဘုရားအလိုတော်ကို ဒီလိုသဘောနဲ့ ချဉ်းကပ်လို့ မရဘူး။

တချို့သူတွေက  “ကိုယ်တော်၊ လုပ်သင့်  မလုပ်သင့် ကျွန်တော် ဆုံးဖြတ်နိုင်ဖို့ အလိုတော်ကို အရင်သိခွင့်ပေးပါ။” ဆိုတဲ့ ပြောမှား ဆိုမှားတာ ပြောတတ်တယ်။ ဒါပေမယ့် ဘုရားသခင်က “လုပ်မယ်လို့ အရင်ဆုံးဖြတ်ကွာ၊ ဘာလဲဆိုတာ ငါသိခွင့်ပေးမယ်။”  လို့ မိန့်တော်မူပါတယ်။

လူငယ်တယောက်က  “ဒါပေမယ့် အလိုတော် ဝန်ခံမယ်လို့ ဆက်ကပ်ပြီးမှ၊ ကျွန်တော် မလုပ်ချင်တာတွေကို ဘုရားသခင်က လုပ်ခိုင်းရင် ဘယ်လိုလုပ်မလဲ?” လို့ မေးဖူးပါတယ်။

ခဏ စဉ်းစားပြီးမှ “မင်းက ခရစ်တော်ကို တကယ်မှ အားမကိုးဘဲ။ မင်းပြောတဲ့ပုံက မင်းဘဝကို ဘုရားစီစဉ်တာထက် မင်းက ပိုသိနေပုံပဲ။ ဘုရားဖြစ်စေချင်တာထက် ပိုပျော်စရာကောင်းတာ မရှိတော့ဘူး။ ဘုရားဖြစ်စေချင်တာထက် ပိုကောင်းတဲ့အရာလည်း မရှိပါဘူးကွာ” လို့ ဖြေရတယ်။

စာရွက်ဖြူအလွတ် တရွက်ပေါ်မှာ နာမည်ရေး လက်မှတ်ထိုးပြီးမှ “ကိုယ်တော် ရေးလိုက်ပါ။ ကိုယ်တော် ဖြစ်စေချင်တဲ့အတိုင်း လုပ်ပါမယ်” လို့ ပြောတာမျိုး ဖြစ်ရပါမယ်။

၁၉၆၁ မှာ အသင်းတော်ငယ် တပါးကို ဦးဆောင်ခဲ့တယ်။ ဟောပြောမှုရဲ့ရလာဒ်က နည်းနည်းပါးပါးပဲ တွေ့ရတယ်။ ဆာငတ်မှု ရှိတယ်။ အများကြီး ဖြစ်ချင်တယ်။ အသက်ရှင်နေရတာထက် ဘုရားစိတ်တော်နဲ့ ပိုတွေ့ချင်တဲ့စိတ်က များနေတယ်။  အောက်ထပ် အခန်းမှာ မျက်နှာအပ်ပြီးတော့ “ကိုယ်တော်၊ ကိုယ်တော် ဘာဖြစ်စေချင်နေလဲ ကျွန်တော်မသိဘူး။ ဘာပဲဖြစ်ဖြစ်ပါ၊ ကိုယ်တော်အလိုတော်အတိုင်း ကျွန်တော် လုပ်ဆောင်ချင်တယ်။ ဘယ်နေရာ သွားရသွားရ၊ ဘာပဲလုပ်ရ လုပ်ရ၊ ဘာပဲဖြစ်ပါစေ လုပ်ပါမယ်။ အလိုတော် ရှိသမျှမှာ  မသိလို့ မလုပ်မိတာမျိုးပဲ ရှိစေရမယ်။ ရှိရင်လည်း အဲဒါ ကျွန်တော့်အမှား မဟုတ်ဘူး။ ကိုယ်တော့အမှားပဲ ဖြစ်လိမ့်မယ်။” လို့ ဆုတောင်းတာ သတိရမိပါတယ်။

ဒါ စိတ်ပါလက်ပါ ပြောလိုက်တာပါ။ ပြောရုံ ပြောတာကတပိုင်း။ စိတ်ပါလက်ပါ ဆိုတာက တပိုင်းပါ။ အလိုတော် ရှိလျက်နဲ့ ခရစ်တော်အတွက် မလုပ်ချင်တဲ့ အရာတွေ ရှိနေသလား? ဒါဟာ အလိုတော်ကို သိရဖို့ ဆက်ကပ်မှု အပြည့်အဝ မရှိတာပါဘဲ။ “အလိုတော်သို့ လိုက်ချင်သောသူ မည်သည်ကား … ဘုရားသခင်၏ ဒေသနာတော် … ဟု ပိုင်းခြား၍ သိလိမ့်မည်။”

 ( ၃ ) အပြည့်အဝ ဆက်ကပ်ရမယ်။   There  must  be  an  absolute  surrender  to  God.

“ညီအကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ဂရုဏာတော်ကို ထောက်ထား၍ သင်တို့ကို ငါတိုက်တွန်း နှိုးဆော်ပေ၏။ သင်တို့သည် လောကီပုံသဏ္ဍာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာ တည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။  ရောမ ၁၂း ၁-၂”

 “ကောင်းတဲ့အရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်တဲ့အရာဆိုတဲ့ ဘုရားအလိုတော်ရှိတဲ့အရာကို သိချင်ရင်၊ ကိုယ်ခန္ဓာကို အသက်ရှင်တဲ့ ယဇ်လို ပူဇော်လိုက်၊ ကိုယ့်ကိုကိုယ် ခရစ်တော်၌ အပ်နှံလိုက်။ ဆက်သလိုက်။ ဘုရားလက်ထဲမှာ တန်ဆာပလာအဖြစ် ထည့်ထားလိုက်” လို့ ရှင်ပေါလု ပြောချင်တာပါ။

ဘုရားအလိုတော် သိချင်ရင် အသုံးပြုခံချင်တဲ့ သဘောရှိနေရမယ်။ ကိုယ့်ဘက်က ဘုရားအတွက် အသင့်ရှိနေမှသာ ကိုယ်က ဘုရားအတွက် တန်ဖိုး ရှိလာမှာပါ။ အသင့်ရှိနေတယ်ဆိုတာက အသုံးပြုခံနိုင်တယ်လို့ ဆိုလိုပါတယ်။ အသက်တာရဲ့ နေရာတိုင်းကို ဖွင့်ဟပြီး အစိတ်အပိုင်းတိုင်းမှာ ဘုရားကို ဦးဆောင်ခွင့် ပေးချင်စိတ် ရှိရပါမယ်။

နိုးထမှုတရားဟောပွဲတွေအတွက် ခရီးသွားနေရတော့ မိုတယ်လ်တွေမှာ နေရချိန် တော်တော်များပါတယ်။ မနက်စာ စားဖို့သွားတော့ တံခါးလက်ကိုင်တွေမှာ “မနှောက်ယှက်ပါနဲ့” ဆိုတဲ့ စာတန်းကလေးတွေ ချိတ်ထားတာ တွေ့မိပါတယ်။ အခန်းထဲက လူက “အပြင်မှာ ဘာလုပ်လုပ်၊ အထဲဝင်မလာနဲ့” လို့ ပြောနေတာပါ။

ယုံကြည်သူ များစွာဟာလည်း အသက်တာရဲ့ နေရာအတော်များများမှာ “မနှောက်ယှက်ပါနဲ့” ဆိုတဲ့ စာတန်းတွေ ဆွဲထားတတ်ပါတယ်။  အသက်တာရဲ့ နေရာ အားလုံးထဲကို ဘုရားသခင် ဝင်လာခွင့်၊ သွန်သင်ခွင့် ပေးဖို့လိုပါတယ်။ စီးပွားရေး လုပ်တဲ့သူကလည်း သူ့စီးပွားထဲမှာ ဘုရား ဦးဆောင်ခွင့် (သို့) အနည်းဆုံးအနေနဲ့ လမ်းညွှန်ချက် သဘောထားတွေ ချမှတ်ခွင့် ပေးရပါမယ်။ အသင့်ဖြစ်တယ်ဆိုတာ အသုံးပြု ခံနိုင်ရုံသာမက နှစ်သက်စရာ၊ သဘောကျစရာပါလို့ ဆိုလိုပါတယ်။

ရောမ ၁၂း၁ မှာ “အသက်ရှင်ခြင်း လက္ခဏာ၊ သန့်ရှင်းခြင်း လက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ ” သိသိကြီးနဲ့ ဆက်မှားနေလို့တော့ မဖြစ်ဘူး။ ဆာလံ ၆၆း၁၈မှာ “ ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။ ” သိသိကြီးနဲ့ ဆက်လုပ်နေရင်၊ ဘုရားသခင် လမ်းပြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အပြစ်ကို အပြီးအပိုင် ရှင်းလင်းတတ်ဖို့ လိုပါတယ်။

အချို့ယုံကြည်သူတွေ အပြစ်ဝန်ချကြပါတယ်။ ကိုယ့်အကြောင်းကိုယ် ပြန်ပြောတာလို့ ထင်နေကြတယ်။ မဟုတ်ပါဘူး။ ဘုရားသခင် သိပြီးသားပါ။ ဝန်ခံဖို့ လိုသလို စွန့်ပစ်ဖို့လည်း လိုတာပေါ့။ သုတ္တံ ၂၈း၁၃ မှာ  “ မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။  မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ဂရုဏာတော်ကို ခံရလိမ့်မည်။” သိသမျှအပြစ်တွေကို ဝန်ချတောင်းပန်ပါ။ ကိုယ်ခန္ဓာကို အသက်ရှင်တဲ့ယဇ်၊ သန့်ရှင်းတဲ့ယဇ်၊ နှစ်သက်ဘွယ်ရာယဇ်အဖြစ် ဆက်သပါ။

      အသင့်ရှိနေတယ် ဆိုတာဟာ အသုံးခံနိုင်ရုံ၊ နှစ်သက်ဘွယ် ဖြစ်ရုံသာမက၊ ဘယ်လိုထားထား အပြောင်းအလဲ လုပ်လို့ရတဲ့ သဘောရှိပါတယ်။ “ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော် ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်မည့်အကြောင်း” အပြောင်းအလဲရတဲ့ သဘောရှိရပါမယ်။ ဘုရားက တခုခု အလိုရှိနေရင် အပြောင်းအလဲလုပ်လို့ ရနိုင်ရမယ်။

တချို့ မေးကြတယ်။ “အသင်းသား ရ,၉၀၀. ကျော်ရှိတဲ့ ဂျော်ဂျီယာပြည်နယ်က အကြီးဆုံး အသင်းတော်ကြီးကို ဘာကြောင့် ထားခဲ့ရတာလဲ?” တဲ့။ မှားတယ်လို့ တချို့က ယူဆကြတယ်။ မမှားပါဘူး။ ဘုရားသခင်မှာ ကျွန်တော့်အတွက် တခြား အကြံအစည်တခု ရှိနေတာ သိနေတော့ ဆုံးဖြတ်ရတာ သိပ်မခက်ပါဘူး။ ဒါကြောင့် ၁၉၆၁ မှာ ဆုံးဖြတ်ပြီး၊ ဘုရားလုပ်စေချင်တာ လုပ်မယ်၊ သွားစေချင်တဲ့ နေရာသွားမယ်၊ ဖြစ်စေချင်တာတွေ ဖြစ်ရမယ်လို့ သဘောထားလိုက်တာပါ။

မိတ်ဆွေတွေနဲ့တော့ ဝေးရတာပေါ့။ သူတို့ကိုလည်း ချစ်နေဆဲပါပဲ။ ဒါပေမယ့် ဘုရားအလိုတော်မို့ ပျော်ပါတယ်။ Sword of the Lord အမှုတော်မှာ မြတ်နိုးစရာ မိတ်ဆွေသစ်တွေ ဘုရားသခင် ပြန်ပေးပါတယ်။ “ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာ တည်းဟူသော ဘုရားသခင်အလိုတော် ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်” ဖို့ဆိုရင်၊ “အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်” အဖြစ် ကိုယ်ခန္ဓာကို ပူဇော်ဖို့လိုပါတယ်။ ဉာဏ်မျက်စိ ကြည်လင်ဖို့အတွက် ဆက်ကပ်တဲ့ နှလုံးသားရှိဖို့ လိုပါတယ်။

 (၄) သံသယရှိရင်၊ သတိထားပါ။ When  in  doubt, play  safe.

 “ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏။” (ရောမ ၁၄း၂၃) တခါ- ရောမ ၁၄း၅ မှာတော့ “လူတိုင်း မိမိစိတ်သဘောကျပါစေ။” ဘုရားသခင် လမ်းပြနေပေမယ့် သံသယတချို့ရှိနေရင် သံသယရဲ့ အကျိုးဆက်တွေကို ဘုရားသခင်ထံ အပ်နှံထားလိုက်တာဟာ ဘေးကင်းပါတယ်။

တနင်္ဂနွေမနက် တခုမှာ၊ ဇနီးမောင်နှံနှစ်ယောက် Sunday School သွားဖို့ အသင့်ပြင်နေပါတယ်။ အမျိုးသားက “ခင်ရေ၊ ဒီအင်္ကျီ က ပေနေသလားကွာ?” လို့ အော်ပြောတယ်။

အမျိုးသမီးက ပြန်ပြီးတော့လှမ်းပြောတယ်။ “မသိဘူးလေ၊ ဘယ်လိုထင်လို့လဲ?”  “အေးကွာ၊ အကောင်းလို့တော့ ထင်ရတာပဲ။”

“စိတ်မသန့်ရင်တော့၊ ပေနေလို့ ဖြစ်မှာပေါ့။” လို့ ဇနီးသည်က ပြန်ဖြေတယ်။

ကျွန်တော့အလုပ် မပြောင်းခင်မှာ အပြည့်အဝစိတ်ချမှု ရှိနေဖို့လိုတယ်လို့ သိခဲ့ပါတယ်။ ကိုယ်က ကျွန်။ ဘုရားသခင်က သခင်။ သခင်ရဲ့အလိုကို ဝေဖန်တာဟာ ကျွန်တယောက်ရဲ့ အလုပ်မဟုတ်ဘူး။ ကျွန်က နာခံဖို့ပဲ။ ရှင်းလင်းတဲ့ အမိန့်ပေးဖို့ကတော့ သခင့်အလုပ်ပါ။

ဘုရားအလိုတော် ရှာတယ်ဆိုတာ ကောက်ရိုးပုံထဲ အပ်လိုက်ရှာတာမျိုး မဟုတ်ပါဘူး။ ဘုရားက တခုခုလုပ်စေချင်တယ်။ ဒါကို ရှင်းပြနိုင်စွမ်း ရှိပါတယ်။ တချို့ အကြောင်းအရာတွေမှာ ကိုယ်ကလည်း သံသယရှိ၊ ကျမ်းစာ ဖတ်တော့လည်း ဒီအကြောင်း နားမလည်သေးရင် “အလိုတော်အတိုင်း လိုက်နာပါမယ်။ ဒါပေမယ့် ဘာလုပ်ရမယ်ဆိုတာ မရှင်းသေးပါဘူး။ ရှင်းရှင်းလင်းလင်း သိခွင့်ရရင်၊ အားရဝမ်းသာ လုပ်ဆောင်ပါမယ်။” လို့ ကျွန်တော်တော့ ဆုတောင်းတယ်။ ဘုရားသခင်က အမြဲတမ်း ရှင်းရှင်းသိခွင့်ပေးပါတယ်။ သံသယရှိနေချိန်မှာ သတိထားပါ။

(၅) အဖြစ်အပျက်အပေါ် ငြိမ်သက်ခြင်း ရပြီလား? Do you have peace about the matter?

ကောလောသဲ ၃း၁၅  မှာ “သင်တို့ စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးစေ။” “ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက အဆုံးအဖြတ် ပေးပါစေ”လို့ တချို့က ဘာသာပြန်တယ်။ တချို့ဘာသာပြန်တာကတော့ -- “ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက သင့်အတွက် ဆုံးဖြတ်သွားပါစေ” လို့ ဆိုတယ်။ ငြိမ်သက်ခြင်း ရပြီလား?

ကျွန်တော်ရဲ့ ဒုတိယမြောက်ကားကို ဝယ်တုန်းက သင်ခန်းစာ တခုရခဲ့ပါတယ်။ ကားတပတ်နွမ်း အရောင်းဌာနမှာ လှပတဲ့ တောက်တောက် ပြောင်ပြောင် Hudson Jet ကားတစီး တွေ့လိုက်ပါတယ်။ ခဏခဏ မြင်ဖူးနေခဲ့တာပါ။ အတွင်းရော အပြင်ပါ သန့်ရှင်းသပ်ရပ်တယ်။ တတ်နိုင်တာထက် ဈေ းနည်းနည်း ပိုနေပေမယ့် လိုချင်မိတယ်။ ဝယ်မလို့ကြံတာ ခဏခဏပဲ။ ဒါပေမယ့် စိတ်စနိုးစနောင့် ဖြစ်နေတယ်။ ယူမယ်လို့ ရောင်းသူကို ပြောမယ်ကြံတိုင်း စိတ်ထဲမှာ မသက်မသာ ခံစားနေရတယ်။ ဝယ်ဖို့ ငြိမ်သက်ခြင်း မရှိဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ကွာ ဆိုပြီး ဝယ်လိုက်တယ်။

အဲဒီကား အဆင်မပြေလောက်ဘူးလို့ မထင်ဘူးလား? တကယ် အဆင်မပြေတာပါ။ လက်ပြောင်းလက်လွှဲ လုပ်ပြီးကတည်းက ကုန်လိုက်တဲ့ငွေ။ စိတ်ညစ်ရတာပေါ့။ သိပ်မကြာဘူး၊ ဝယ်မိတာ မှားပြီလို့ သိလိုက်တယ်။ ပြန်ရောင်းရင် ရောင်း၊ မရောင်းရင်လည်း ပေးလိုက်ရအောင်ကို ဒုက္ခပေးတယ်။

ဘုရားသခင် လမ်းပြနေတယ်ဆိုရင်၊ ငြိမ်သက်ခြင်းပေးမှာပါ။ ငြိမ်သက်ခြင်း မရဘဲနဲ့တော့ ဘာမှမဆုံးဖြတ်တာပဲ ကောင်းပါတယ်။ ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက အုပ်စိုးနေပါစေ။

 ( ၆ ) ရပြီးတဲ့ အလင်းထဲမှာ ကျင်လည်ပါ။  Walk in the light you already have.

ယုံကြည်သူရဲ့အသက်တာမှာ ဘုရားအကြံအစည်တော်ကို အကုန်နားလည်တဲ့ အချိန်ရယ်လို့ မရှိပါဘူး။ ခရစ်ယာန်အသက်တာဟာ ယုံကြည်ခြင်းနဲ့ လျှောက်ရတဲ့ အသက်တာပါ။ ဒါပေမယ့်လည်း နောက်တဆင့် လှမ်းဖို့အတွက် လုံလောက်တဲ့ အလင်းကို ဘုရားသခင် ပေးလေ့ရှိပါတယ်။ ဆာလံ ၁၁၉း၁၀၅ မှာ “နှုတ်ကပတ်တော်သည် အကျွနု်ပ်ခြေေ့ရှမှာ မီးခွက်ဖြစ်၍၊ အကျွနု်ပ် လမ်းခရီးကို လင်းစေပါ၏။”

ေ့ရှမှာ မီးအိမ်ပါတဲ့ သတ္တုတွင်း အလုပ်သမားရဲ့ ဦးထုပ်ကို မြင်ဖူးပါသလား? သတ္တုတူးတဲ့သူက တွင်းထဲကို ဆင်းသွားတဲ့အခါ  မီးအိမ်က သူ့ေ့ရှ ၂၅ ပေကို အလင်းပေးပါတယ်။ သူက “လှိုင်ခေါင်းအဆုံးကို မမြင်ရရင် နောက်တစ်လှမ်း မလှမ်းတော့ဘူးကွာ။” လို့ ပြောမယ် ဆိုပါစို့။ ဒါဆို နောက်တစ်လှမ်း လှမ်းဖြစ်တော့မှာ မဟုတ်တော့ဘူး။ ရပြီးသား အလင်းထဲမှာ ဆက်မလျှောက်ရင် အလင်းရောင် ထပ်ရတော့မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် အလင်းထဲမှာ ဆက်လျှောက်ရင် ေ့ရှဆက် အလင်းရနေအုံးမှာပါပဲ။ လျှောက်လေလေ အလင်းရလေလေ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ယုံကြည်သူဟာ ဆက်လှမ်းနေဖို့ လိုတယ်။ ခရစ်ယာန်ကောလိပ် ကျောင်းသားလူငယ်တွေကို အကြံပေးရဖူးတယ်။ သူတို့က နောင်အနှစ်၂၀ မှာလုပ်မယ့် အလုပ်တွေအတွက် စိုးရိမ်နေကြတယ်။ အချို့ဆိုရင် ဘုရားသခင်က သူတို့ကို သာသနာပြုဆရာလား? ဧဝံဂေလိ ဆရာလား? သင်းအုပ်ဆရာလား? ဘာဖြစ်စေချင်တယ်ဆိုတာ မသေချာ၊ မရေရာဘူး ဖြစ်နေတယ်။

 “အပြည့်အဝ ဆက်ကပ်ပြီးတော့ ဘုရားသခင်အတွက် အသင့်နေပါ။ အလိုတော်ကို သိခွင့်ပေးပါလိမ့်မယ်။ အခုတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါ။ ကျောင်းမှာပဲ ဆက်နေပြီး အပြင်းအထန် လေ့လာပါ။ နောက်တစ်ပတ် သောကြာနေ့ စာမေးပွဲကို အောင်အောင်ဖြေပါ” လို့ အမြဲတမ်း အကြံပေးရပါတယ်။

ရပြီးတဲ့ အလင်းမှာ ကျင်လည်ပါ။ အလင်းကို ထပ်ပေးအုန်းမှာပါ။ ပေတရု ထောင်ကျနေတုန်းက သံတံခါးကြီးနားကို သူ လျှောက်မသွားမချင်း၊ တံခါးပွင့်သွားမှာ မဟုတ်ပါဘူး၊ (တမန် ၁၂း၁၀)။

ဒီနေ့အတွက် ဘုရားအလိုတော်ကို မဆောင်ရွက်ဘဲနဲ့ နောက်တစ်ပတ်အတွက် အလိုတော်ကို ပြဖို့ မမြှော်လင့်ပါနဲ့။ ေ့ရှရေးကို ပြေးမြင်တတ်ဖို့ ကြိုပြထားတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ လူတချို့ဟာ အခြားလူတွေထက် အဝေးကြီးကို ကြိုမြင်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ယုံကြည်သူတိုင်းအတွက် နောက်တစ်လှမ်း လှမ်းဖို့ လုံလောက်တဲ့ အလင်းကို ပေးပါတယ်။

 ( ရ ) ကိုယ့်ဆန္ဒက အလိုတော် သိအောင် ကူညီပါစေ။ Let your desires Help Determine God’s Will.

ဖိလိပ္ပိ ၂း၁၃မှာ “အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါ၎င်း၊ အကျင့် ကျင့်စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော် အားဖြင့် ပြုတော်မူသောသူကား ဘုရားသခင်ပေတည်း။”

အသက်တာကို ခရစ်တော်ထံ အပ်နှံရင် မှန်ကန်တဲ့ အလိုဆန္ဒကို ပေးတော်မူပါတယ်။ ဆာလံ ၃၇း၄ “ထာဝရဘုရား၌ မွေ့လျော်ခြင်း ရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။”

ဘာလုပ်ရမှန်း မသိရအောင် အရေးကြီးတဲ့ကိစ္စတွေ ဆုံးဖြတ်ရဖူးပါတယ်။ လုပ်ချင်တာတော့ သိတယ်။ ဒါပေမယ့် မှားလား၊ မှန်လား မသေချာဘူး။ ကိုယ့်ဆန္ဒနဲ့ ဘုရားအလိုတော် တစ်ထပ်ထဲ ဖြစ်စေဖို့ ဆုတောင်းရတယ်။ ဒါကြောင့် တခုခုလုပ်ချင်လာတဲ့အခါ ဘုရားအလိုတော် သိရဖို့ ရုန်းကန်နေစရာ မလိုတော့ဘူး။ ဖိလိပ္ပိ ၂း၁၃ ကို ခဏခဏ ဖတ်ရတယ်။ “အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါ၎င်း၊ အကျင့်ကျင့်စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။” စိတ်ဆန္ဒကို နားလည်နိုင်ခွင့် ပေးပါတယ်။ ဘုရားအလိုတော်ရှိတာကို လုပ်ရတဲ့အခါ ပျော်ရွှင်မှုတွေ၊ ကျေနပ်မှုတွေ ပေးပါတယ်။

 (၈) သန့်ရှင်းသောဝိညာဉ်တော်က လမ်းပြပေးနိုင်ပါတယ်။  The Holy Spirit is Able to Guide Us.

ရောမ ၈း၁၄ မှာ “ဘုရားသခင်၏ ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။”

အတော်များများ အကြောင်းအရာတွေက ကျမ်းစာအားဖြင့် ရှင်းပြီးသာပါ။ ဒါတွေကို ထပ်မေးစရာတော့ မလိုဘူးပေါ့။ ဘုရားအလိုတော်နဲ့ ဘုရားစကား၊ ကျမ်းစာဟာ အမြဲတမ်း တစ်ထပ်တည်းပါပဲ။ ဆန့်ကျင်၊ ကွဲလွဲလေ့မရှိပါဘူး။ ဝိညာဉ်တွေကို ကယ်တင်ဖို့ဆိုတာ ဘုရားအလိုတော်မှန်း သိပြီးသားပါ။ ဒီအတွက် ထွေထွေထူးထူး စောင့်နေစရာ၊ ဆုတောင်းနေစရာ မလိုပါဘူး။ မာကု၁၆း၁၅ မှာ “သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။” ယောဟန် ၁၅း၁၆ မှာ သခင်ယေရှုက “သင်တို့သည် ငါ့ကို ရွေးကောက်ကြသည် မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည်သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာ ကောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏”  ဝိညာဉ်တော်ရဲ့လမ်းပြမှုကို ထူးထူးခြားခြားမရလို့ ဆိုပြီး ဝိညာဉ်ကယ်တင်ဖို့ ငြင်းတာဟာ ကျမ်းစာရဲ့ ရှင်းနေတဲ့အမိန့်အပေါ် မနာခံမှု ထင်ရှားနေတာကို ဖုံးကွယ်ဖို့ ကြိုးစားတာပါပဲ။

အပြစ်သားတွေရဲ့ကယ်တင်ခြင်းအကြောင်း စဉ်းစားကြည့်ပါ။ ကျမ်းစာပြောတာ ရှင်းပါတယ်။ ၂ပေ ၃း၉ မှာ ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး။ နောင်တရဖို့ အလိုတော်ရှိပါတယ်လို့ ဆိုပါတယ်။

ဆယ်ဘို့တဘို့ ပေးဖို့လည်း ထူးထူးခြားခြား လမ်းပြဖို့မလိုပါဘူး။ ဝတ်ပြုရာ ၂၇း၃၀ မှာ “ဆယ်ဘို့တဘို့သည် ထာဝရဘုရား၏ ဘဏ္ဍာတော်ဖြစ်၏။” ဝင်ငွေရဲ့ ဆယ်ဘို့တဘို့ဟာ ဘုရားပိုင်တယ်ဆိုတာ သိပြီးသားပဲ။ ဘယ်မှာပေးသင့်သလဲ ဆိုတာပဲ အဖြေရှာသင့်ပါတယ်။ ကျမ်းစာက ပြောပြီးသားမို့ ပေးရမလား၊ မပေးရဘူးလား ဆိုတာတော့ မေးနေစရာမလိုပါဘူး။

ကျမ်းစာထဲမှာ ပြောမထားတာတွေတော့ ရှိပါသေးတယ်။ ဥပမာ ဘယ်အသင်းတော်မှာ ပါဝင်ရမလဲဆိုတာ ကျမ်းစာက မပြောပါဘူး။ “ဒီမြို့- ဒီမြို့က နှစ်ခြင်းအသင်းတော်မှာ ပါဝင်ရမယ်လို့ ပြောမထားဘူး။ ဒါကြောင့် ဘုရားရွေးတဲ့ အသင်းတော်ကို ပြဖို့ ဆုတောင်းဖို့ လိုလာပါတယ်။ ဘုရားကျောင်း မှန်မှန်တက်သင့်ပါတယ်။ ဟေဗြဲ၁၀း၂၅ မှာ “လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွဲကြနှင့်။”  ဒါပေမယ့် ဒီကျမ်းချက်က ဘယ်ဘုရားကျောင်းမှာ သွားတက်ရမယ်လို့ မပြောပါဘူး။ ဒါကြောင့် ဆုတောင်းဖို့ လိုလာပါတယ်။ ကျမ်းစာပြောတာ ရှင်းနေရင်တော့ ဝိညာဉ်တော်ရဲ့လမ်းပြမှုကို စောင့်နေစရာ မလိုတော့ဘူး။

ဘယ်ယောက်ျားကလေးကို အိမ်ထောင်ပြုရမယ်လို့ ကျမ်းစာက ပြောမထားသလို၊ ဘယ်မိန်းကလေးကို လက်ထပ်ရမယ်လို့လဲ ပြောမထားပါဘူး။ သူတို့အနေနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှုကို တောင်းခံဖို့ လိုလာပါတယ်။ ဒါပေမယ့် ကျမ်းစာက ၂ကော၆း၁၃ မှာ “မယုံကြည်သောသူတို့နှင့် တွဲဖက်၍ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။” ဒါဟာ လမ်းညွှန်ချက်ပါ။ ခရစ်ယာန်ဆိုရင်၊ ခရစ်ယာန်မဟုတ်တဲ့သူကို လက်မထပ်ရဘူး။ ဒါပေမယ့် ခရစ်ယာန်မိန်းကလေးတွေ အများကြီးရှိနေတော့၊ ယောက်ျားလေးအနေနဲ့ အမှန်ဆုံးတယောက် (the right one) ကို ရွေးချယ်ဖို့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကို မျှော်လင့်နိုင်ပါတယ်။ ဘုရားရဲ့ဝိညာဉ်တော်က ဘုရားရဲ့စကားတော်နဲ့ မကွဲလွဲပါဘူး။ ဆန့်ကျင်ဘက်ဖြစ်မနေဘူး။

မိန်းမပျိူတစ်ယောက်က ပြောတယ် “ကျွန်မ လူတစ်ယောက်နဲ့ ချစ်နေပြီ။ သူနဲ့လက်ထပ်တော့မယ်။”

 “သူက ခရစ်ယာန်လား?”

 “မဟုတ်ဘူး။”

 “ဒါဆိုရင် လက်မထပ်သင့်ဘူး။”

ဒါပေမယ့် “ဒီအကြောင်း ဆုတောင်းပြီးသားပါ။ ဘုရားအလိုတော်ရှိတယ်လို့ ကျွန်မသိပါတယ်။”  လို့ မိန်းမပျိူက ပြောတယ်။

“ညီမ၊ ဘုရားက သူ့စကားနဲ့ ဆန့်ကျင်ပြီး လမ်းပြလေ့မရှိဘူး။”၂ကော ၆း၁၄ မှာ “မယုံကြည်သောသူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။” လို့ ပြောတယ်။

ဒါပေမယ့် ကျွန်တော့်စကား သူနားမထောင်ဘဲ အဲဒီလူကို လက်ထပ်လိုက်တယ်။ ပြောရမှာ စိတ်မကောင်းစရာပါ။ အခုတော့ သူ့ခမျာ သနားစရာ ဖြစ်နေပြီ။ နောက်ဆုံးအနေနဲ့ပြောရရင် အတော်များများ အကြောင်းအရာတွေက ဘုရားစကားတော်ထဲမှာ ပြောပြပြီးသားပါ။ ဒါပေမယ့် ကျမ်းစာက အသေးစိတ် မပြောတဲ့အခါ အလိုတော်ပြဖို့ မြှော်လင့်ခွင့် ရှိပါတယ်။

ဘုရားအလိုတော်ဟာ မလိုအပ်ဘဲ ပြောင်းလဲလေ့မရှိပါဘူး။ ဘုရားအလိုတော်ကို လုပ်ဆောင်ဖူးကောင်း၊ လုပ်ဆောင်ဖူးမှာပါ။ အောင်မြင်မှုဆိုတာ ဘုရားအလိုတော်ကို သိပြီး အလိုတော်အတိုင်း ဆောင်ရွက်လိုက်ခြင်းပါ။               ။

Saturday, June 8, 2013

11. WHY BELIEVERS HAVE TROUBLE (BREAD FOR BELIEVERS) (Burmese)

Dr. Curtis Hutson
------------------------------------------------------------------------------------
အခန်း ၁၁
------------------------------------------------------------------------------------

 ရှင်ယောဟန် အခန်းကြီး ၁၆ း ၃၃ မှာ သခင်ယေရှုက - - -
“သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။”

ကယ်တင်ခြင်းရပြီးချိန်မှာ အမေးခံရတဲ့ မေးခွန်းတွေထဲက တခုကတော့ “ယုံကြည်သူတွေ ဘာကြောင့် ဒုက္ခရောက်သလဲ?” ဆိုတဲ့ မေးခွန်းပါပဲ။ မေးသမျှ ဖြေနိုင်တယ်လို့ မပြောလိုပေမယ့်  တချို့အရာတွေကို ကျွန်တော် နားလည်လာပြီ။

ယောဟန် ၁၃ မှာ သခင်ဘုရားဟာ တပည့်တော်တွေရဲ့ ခြေကိုဆေးပေးတယ်။ အငယ် ၆ မှာ ပေတရုက “သခင်  ကျွန်တော့ခြေကို ဆေးမလို့လား?” လို့ မေးတယ်။ “ငါ ဘာလုပ်သလဲဆိုတာ မင်းအခုမသိသေးဘူး။ နောက်မှ သိလာလိမ့်မယ်။”

အခု သိရတာတွေရှိသလို နောက်မှ သိလာမှာတွေလည်း ရှိတယ်။ အခု နားလည်ထားတာတွေဟာ ငယ်တုန်းက မသိခဲ့ဘူး။ အခုလဲ နားမလည်တာတွေ ရှိပါသေးတယ်။ သေတဲ့အထိ နားမလည်တာတွေ ရှိလျှက်နဲ့ပဲ ခရစ်တော်ထံ ဝင်စားရမယ်လို့ ကျွန်တော်ထင်တယ်။ ဝင်စားပြီး ခရစ်တော်နဲ့ ထာဝရနေရတဲ့အခါ အားလုံးကို ကျွန်တော်တို့ သိသွားလိမ့်မယ်။

တချို့က “ကောင်းကင်ရောက်ရင် သခင်ဘုရားကို မေးချင်တာတွေ အများကြီးရှိတယ်” လို့ ပြောတာကြားဖူးတယ်။ ကောင်းကင်ရောက်ရင် မေးဖို့မလိုတော့ဘူး။ ကိုယ့်ကို သူတပါးသိသလို သိနေပြီ။ သခင်ဘုရားနဲ့လည်း တူနေပြီ။ အရာအားလုံး အဖြေရှိနေပြီ။ “ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာနေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင် မြင်ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင် မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကို သိသကဲ့သို့ ငါသိရလိမ့်မည်။”

ဒီမနက်  “ယုံကြည်သူတွေ ဘာကြောင့်ဒုက္ခ ရောက်လဲ?” ဆိုတဲ့ မေးခွန်းကို ဖြေသွားပါမယ်။ အခု မလိုအပ်သေးရင်လဲ နောင်မှာ လိုလာပါလိမ့်မယ်။ ဒါကြောင့်၊ မှတ်စုယူပြီး သိမ်းထားပါ။ နောင်မှာ လိုလာပါလိမ့်မယ်။

၁။ ဒုက္ခဆိုတာ ဆုံးမခြင်းပါ - Trouble  is  Chastening.

ပထမအကြောင်းရင်းက ဒုက္ခဆိုတာ တစ်ခါတရံမှာ ဘုရားသခင် ဆုံးမတာဖြစ်တယ်။

အိုကလာဟိုးမားပြည်နယ် Tulsa မြို့က လူတစ်ယောက်က “ဆရာယုံသလို ကျွန်တော်ယုံရင် ကျွန်တော်လည်းသွားပြီး အဲဒီလိုပဲ အသက်ရှင်မယ်” လို့ ပြောပါတယ်။ သူပြောတာ ကျွန်တော် သဘောပေါက်တယ်။ ကျွန်တော်တို့ဟာ ထာဝရလုံခြုံမှုကို ယုံကြည်တယ်။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးရင် ထာဝရကယ်တင်ခြင်းရတယ်။ ဒါဟာ ကျမ်းစာချက်တွေ အများကြီးအပေါ် အခြေခံထားတာပါ။ ယောဟန် ၃ း၃၆ မှာ  “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။”  ဒီကျမ်းချက်က အဆုံးမရှိတဲ့ အသက်ကို ရတယ်လို့ အသေအချာ ပြောပြနေပါတယ် ထာဝရအသက်ဖြစ်ပါတယ်။ မနက်ဖြန် သန်ဖက်ခါ ပြန်ဆုံးရှှုံးသွားမှာမျိုး မဟုတ်ဘူး။ အဲဒီလို ကယ်တင်ခြင်း ပြန်မဆုံးဘူး ၊ ထာဝရလုံခြံုတယ်လို့ ကျွန်တော် ယုံကြည်တာကို သူသိတဲ့အတွက်  အဲဒီ အမှုတော်ဆောင် လုပ်နေတဲ့သူက  “ဆရာယုံသလို ကျွန်တော်ယုံရင် အဲဒီလိုပဲ အသက်ရှင်တော့မှာပေါ့။”လို့ ပြောတာဖြစ်ပါတယ်။ “သွားပြီးတော့ ဇာတိ ကိုယ့်အလိုအတိုင်း နေမယ်။ နေချင်သလို နေမယ်။ ပျော်မယ်၊ ပါးမယ်၊ အပြစ်ပြုမယ်။” လို့ သူဆိုလိုချင်တာ ဖြစ်ပါတယ်။

သူ့ရင်ထဲမှာ ဘုရားသခင်ရဲ့ စိတ်သဘောပဲ ရှိပါရဲ့လား?” လို့ တွေးမိတယ်။ ကျမ်းစာက အသစ်မွေးဖွားပြီး သူတွေဟာ ဘုရားရဲ့ စိတ်သဘောရကြတယ်။ စိတ်သဘောအသစ်ကြောင့် စိတ်ဆန္ဒ အသစ်တွေ ဖြစ်လာတယ်။

D. L. Moody က “ကျွန်တော် သောက်ချင်သလောက် သောက်မယ်။ ဆဲချင်သလောက် ဆဲမယ်။ သွားချင်တဲ့နေရာ အကုန်သွားမယ်” လို့ ပြောတော့ ….. “ဆရာ Moody, ဆရာ အဲဒီလိုလုပ်မယ်လို့ ကျွန်တော် မထင်ဘူး” လို့ ကြားဖြတ်ပြောပါတယ်။ Moody က “လုပ်မယ်။ ငါလုပ်မယ်။” လို့ ဖြေတယ်။ “အထိတ်တလန့်ဗျာ၊ အရမ်းအံ့ဩတယ်။ ဆရာသောက်တာ ကျွန်တော် မတွေ့ဖူးပါဘူး။”
 “ငါ မသောက်ပါဘူး။”
 “ဆရာ ဆဲတာလည်း မကြားဖူးပါဘူး။”
 “ငါမဆဲပါဘူး။”
 “ဒါနဲ့ သောက်ချင်သလောက် သောက်မယ်ဆို?”
“ငါပြောတယ်လေ၊ ဒါပေမယ့် ငါမှ မသောက်ချင်၊ မဆဲချင်၊ ရုပ်ရှင်တွေ သွားမကြည့်ချင်ပဲ။” လို့ Moody က ဖြေပါတယ်။
ထူးခြားမှုက ဒီအချက်ပါပဲ။ အသစ်မွေးဖွားပြီးရင် သူနေချင်တဲ့ ပုံစံမျိုးနဲ့ သူနေပါလိမ့်မယ်။ ဒါပေမယ့် သူ့အထဲမှာ ဘုရားသခင်က အသစ်သော သဘာဝကို ထည့်ပေးထားတယ်။ အသစ်သော စိတ်ဆန္ဒတွေ ဖြစ်လာစေတယ်။

တရားဟောဆရာဖြစ်ပြီး၊ ထာဝရလုံခြံုမှုကို ယုံကြည်ပါလျက်နဲ့ နေချင်သလို နေမယ်ဆိုတဲ့ သဘောထားရှိတဲ့ လူရဲ့ ကယ်တင်ခြင်းကို ကျွန်တော် သံသယ ဖြစ်တယ်။ သူ့စကားအရ သူ့မှာ အသစ်သောသဘာဝ မရှိတာ ထင်ရှားနေတယ်။ သူ့ဆန္ဒကလည်း မှားနေတယ်။ တစ်ဖက်ကလည်း ကယ်တင်ခြင်းရပြီးရင် အပြစ်လုပ်နိုင်သေးတယ်ဆိုတဲ့ အချက်ကို ပယ်ထားလို့ မရပြန်ဘူး။

ပြီးခဲ့တဲ့ တနင်္ဂနွေညက ဒီမှာတရားဟောတော့ လောကီဆန်တဲ့ လူတစ်ယောက်ဟာ ယုံကြည်သူ ဖြစ်နေနိုင်သေးတယ်။ ဇာတိဆန်တဲ့ လူတစ်ယောက်ဟာ ယုံကြည်သူ ဖြစ်နေနိုင်သေးတယ်လို့ ပြောခဲ့ပါတယ်။ ခေတ်သစ်အယူ ယူသူထက်တောင် နည်းနည်း ဇာတိ ပိုဆန်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဇာတိဆန်တယ် ဆိုတာက အပြုအမူကို ပြောတာပါ။ ခေတ်သစ်အယူ ယူသူဆိုတာက ယုံကြည်မှုကိုပြောတာပါ။ အဓိကခံယူချက်တွေ လွဲမှားပြီး၊ ကိုယ်ကျင့်တရား ကောင်းနေမယ့်အစား၊ အဓိကတရားတွေ မှန်ကန်ပြီး လောကီနည်းနည်း ပိုဆန်တဲ့ ကယ်တင်ခြင်း ရသူတစ်ယောက် ဖြစ်ရတာမှ တော်ပါသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်ကျင့်တရားဟာ လူကိုမကယ်နိုင်ဘူး။ ဘယ်တော့မှ မကယ်နိုင်ဘူး။

ကျွန်တော့ထံ လာလည်တဲ့ တရားဟောဆရာ တစ်ယောက်က “ကျွန်တော် ခင်ဗျားကို ကောင်းကောင်း နားလည်ခဲ့ရဲ့လား?” လို့ မေးပါတယ်။ ကျွန်တော်ပြောချင်တဲ့ ဇာတိယုံကြည်သူဆိုတဲ့ အကြောင်းကို ရှင်းပြမနေတော့ပဲ၊ ထွက်ပဲလာခဲ့ပါတယ်။

အခု ဒီအကြောင်း ပြောပြချင်ပါတယ်။ ကယ်တင်ခြင်းရပြီးသူ တစ်ယောက်ဟာ သူ့ဘဝကို ဇာတိအလို ဆန္ဒထဲမှာ လုံးဝ အပ်နှံမိသွားနိုင်ပါတယ်။ ၁ကော ၃း ၁ မှာ ရှင်ပေါလုက “ညီအစ်ကိုတို့ ၊ အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့  သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။” ဇာတိယုံကြည်သူကို ညီအကိုလို့ ပြောထားတာ တွေ့ရပါတယ်။ ရှင်ပေါလုက မယုံကြည်သူကို ညီအကိုလို့ မခေါ်ဘူး။ ဘုရားသခင်ဟာ လူအားလုံးရဲ့ အဖမဟုတ်တာ သူသိတယ်။ ဘုရားသခင်ဟာ စင်္ကြဝဠာတစ်ခုလုံးရဲ့အဖ၊ လူသားအားလုံးရဲ့ အဖလို့ ခေတ်သစ်အယူ ယူသူတွေ ယုံကြည်သလို ရှင်ပေါလု မယုံဘူး။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသားဖြစ်ရတယ်လို့ပဲ သူယုံကြည်တယ်။

“ကျမ်းချက်ပြပါ။” ဆိုရင် ဂလာတိ ၃း၂၆ မှာ ရှင်ပေါလုက “အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သားဖြစ်ကြ၏။” ခရစ်တော်ကို အားကိုးလို့ ဘုရားသား ဖြစ်ရတယ်။ ခရစ်တော်ကို ယုံကြည်တဲ့ ဘုရားသားတွေသာ စစ်မှန်တဲ့ ညီအကိုလို့ ရှင်ပေါလု ယုံတယ်။ ကယ်တင်ခြင်းမရဘဲ ညီအကိုလို့ သူခေါ်လေ့မရှိဘူး။ ၁ကော၃ မှာ ကောရိန ္တုမြို့က လူတွေကို “ညီအကိုတို့၊ ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသောအခွင့်မရှိဘဲ၊ ဇာတိလူတို့အား ပြောသကဲ့သို့ ပြောရ၏။” ဇာတိယုံကြည်သူကို ညီအကိုလို့ သူသဘောထားတာ တွေ့ရတယ်။ ရိုးရိုးသားသား ပြောကြစတမ်းဆိုရင် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဦးဆောင်မှုကို အမြဲတမ်း လိုက်လျှောက်ရဲ့လား? တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ တစ်ပတ်လုံးလုံး၊ တစ်လလုံးလုံး၊ တစ်နှစ်လုံးလုံး၊ ကယ်တင်ခြင်းရပြီးချိန်ကစပြီး၊ ၁၀၀% ပြည့်လို့ ဆိုတာပါ။ “ကျွန်တော်လုပ်သမျှဟာ ဝိညာဉ်တော်နှိုးဆော်လို့ပါ။” လို့ ပြောနိုင်သလား? ကျွန်တော့လို မတည်မကြည် တရားဟောဆရာတယောက် ဝန်ခံသလို၊ ဇာတိသဘောနဲ့ လုပ်တာတွေလည်း ရှိတာပေါ့လို့ ဝန်ခံနိုင်မလား? ဇာတိသဘောနဲ့ လုပ်မိတယ်ဆိုရင် အဲဒီအချိန် အတောအတွင်းမှာ ဇာတိယုံကြည်သူ ဖြစ်နေပြီပေါ့။ ဒီအချက်ဟာ ကယ်တင်ခြင်း ရပေမယ့် ဇာတိသဘော ရှိနေနိုင်တယ် ဆိုတာကို ပြနေပါတယ်။ ဒါပေမယ့် ဆုံးမခြင်းမခံရဘဲ ဇာတိဆန်နေဖို့တော့ မဖြစ်နိုင်ပါဘူး။

ဟေဗြဲ ၁၂း ၆ မှာ “ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကိုပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော့။ သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသော သားဖြစ်ကြ၏။”

ဘုရားသားဖြစ်ရင်၊ စည်းဖောက်မိရင် ဆုံးမပါလိမ့်မယ်။ အဖေက သားကို ဆုံးမသလို ဆုံးမတာပါ။ အပြစ်သားလို့ သဘောမထားဘဲ၊ သားတစ်ယောက်လို သဘောထားပါ။ ယုံကြည်သူရဲ့ဘဝမှာ အင်္ဂလိပ်အက္ခရာ “C” နှစ်ခု အမြဲဖြစ်ပျက်နေမှာ ဖြစ်ပါတယ်။ ကယ်တင်ခြင်း ရပြီးရင် ပြောင်းလဲပါတယ်။ Changed အပြုအမူ ပြောင်းလဲတာပါ။ မပြောင်းလဲရင် ဆုံးမခံရပါတယ်။ Chastisement ဆုံးမခြင်းကို ခံယူရင် သားလို သဘောထားပါတယ်။ စည်းအပြင်ဖက် ရောက်သွားတဲ့ ယုံကြည်သူတိုင်းကို ပြန်ခေါ်ထားဖို့ ဆုံးမတာပါ။

သန့်ရှင်းတော်မူခြင်းကို အမွေခံတွေ ဖြစ်စေဖို့အတွက် ဆုံးမပေးရတယ်လို့ ဟေဗြဲဩဝါဒစာမှာ ဖော်ပြထားပါတယ်။

အိုကလာဟိုးမားပြည်နယ် Tulsa မြို့နိုးထမှု၊ ဟောပြောပွဲတစ်ခုမှာ သင်းအုပ်ဆရာက “လူတယောက်အတွက် ဆုတောင်းပေးကြစို့။ သူ သိပ်နာမကျန်း ဖြစ်နေတယ်လို့ ညတိုင်း ပြောတယ်။ အဲဒီလူ ဘုန်းတော်ဝင်စားသွားပြီဆိုတဲ့ သတင်းကိုလည်း သင်းအုပ်က နေ့တိုင်း မြှော်လင့်နေတယ်။ သင်းအုပ်က အဲဒီလူကို သွားမြော်တော့ “ဘာကြောင့် နေမကောင်း ဖြစ်တယ်ဆိုတာ ကျွန်တော်သိတယ် ဆရာ။ ဘုရား ရိုက်တာပါ။ ကျွန်တော်သေရင် အရိုက်ခံရတာ ကျွန်တော်သိတယ်လို့ လူတွေကို ပြောပြနိုင်ပါတယ်။” လို့ ဆိုပါတယ်။

ဒီပရိသတ်ထဲက ခရစ်ယာန် အတော်များများလည်း ဘဝမှာ ဒုက္ခတွေ တစ်ခါမက ဘာ့ကြောင့်ကြံုသလဲလို့ သတိထားမိကြရဲ့လား? ဖြစ်ပျက်နေတာတွေက လက်ညိုးထိုး မလွဲရှိနေတယ်။ ဘာကြောင့် ဒုက္ခရောက်သလဲ? ဘာကြောင့် ဝေဒနာတွေ ခံစားကြရလဲ? ကျွန်တော်သိပါတယ်။ လောကီသားတွေနဲ့ အတူ အပြစ်စီရင်ခြင်းမခံရဖို့ ဆုံးမပေးတာ ဖြစ်ပါတယ်။

၁ကော ၁၁း ၃၀ မှာ “ထို့အကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသောသူ အများရှိကြ၏။ သေသောသူ အများလည်း ရှိကြ၏။” ဆက်ပြီးတော့ “ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွှတ်ကြလိ်မ့်မည်။ စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။”

ဒါ့ကြောင့် အသစ်မွေးဖွားပြီးမှ စိတ်လိုလက်ရ အပြစ်ပြုရင် ဆုံးမခံရတော့မယ်။ မချစ်လို့ မဟုတ်ဘူး။ ချစ်လို့ပါ။ လောကီ အဖေတွေတောင်မှ “မင်းကို ငါရိုက်မိတော့မယ်။ ချစ်လို့ ရိုက်တော့မှ ဖြစ်တော့မယ်” လို့ ပြောတာ ကြားဖူးမှာပါ။ ကြံုလည်း ကြံုဖူးကြမှာပါ။ မကြံုဖူးရင်လည်း ကြံုဖူးသင့်ပါတယ်။ မိဘတိုင်းဟာ သားသမီးကို ချစ်လို့ရိုက်ရတယ်။ ဆုံးမရတယ်လို့ ပြောပြသင့်ပါတယ်။ ကျွန်တော့အဖေက “မင်းနာသလို ငါလည်းနာတယ်။” လို့ ပြောပြလေ့ ရှိပါတယ်။ ကျွန်တော်ကလည်း “ကျွန်တော်နာသလို အဖေ နာချင်နာမှာပါ။ ဒါပေမယ့် နာတဲ့နေရာချင်းတော့ ဘယ်တူပါ့မလဲ? လို့ တွေးလေ့ရှိပါတယ်။ နေချင်သလိုနေလို့ မဖြစ်ပါဘူး။ ကယ်တင်ခြင်းရရင်၊ နေချင်သလို မနေနိုင်တော့ဘူး။ မကြာခင်ဒုက္ခ ရောက်တတ်တယ်။ ဘုရားသခင် ပြန်ဆွဲခေါ်မှာ ဖြစ်ပါတယ်။

ကယ်တင်ခြင်းရတယ် ဆိုပြီး၊ စိတ်လိုလက်ရ၊ ကျင့်သားရရ၊ သဘောကျကျ ဆက်တိုက် အပြစ်လုပ်ပြီး ဆုံးမ မခံရသေးရင်၊ ကယ်တင်ခြင်းရ မရ ပြန်စစ်ဖို့ လိုနေပါပြီ။

၂။ ဒုက္ခဆိုတာ သွန်သင်ပေးခြင်းပါ။ Trouble is  Conditioning.
ဒုက္ခဆိုတာ ဆုံးမခြင်းကြောင့်သာ မဟုတ်ဘူး၊ တခါတရံမှာ သွန်သင်ပေးတာလည်း ဖြစ်တတ်ပါတယ်။ ၂ကော ၁း၄ မှာ “ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာခြင်း ရှိသကဲ့သို့၊ ဆင်းရဲခြင်းအမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည် အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏။” တခါတရံမှာ ဒုက္ခရောက်ရတာဟာ တခြားသူတွေအတွက် ကောင်းကြီးပေးတဲ့ အသက်တာတခုဖြစ်အောင် သွန်သင်ပေးနေတာပါ။ တခါတရံမှာ ကောင်းကြီးမင်္ဂလာဟာ ဒုက္ခအဖြစ် ရုပ်ဖျက်ပြီး ဝင်လာတတ်ပါတယ်။

ကလေးအမေ နှစ်ယောက်အကြောင်း ဖတ်ရဖူးတယ်။ တယောက်က သားဆုံးသွားတယ်။ နောင်နှစ် အတော်ကြာတော့ နောက်တယောက်က သားဆုံးပြန်တယ်။ ဒါနဲ့ အရင်သားဆုံးဖူးတဲ့ ကလေးအမေထံ နှစ်သိမ့်မှုရဖို့ သွားတယ်။ “ရှင့်မှာ သားဆုံးဖူးတယ်။ ကျွန်မကြံုနေရတာ ရှင်သိတယ်။ ကျွန်မ ခံစားနေရတာ ရှင်သိတယ်။ ရှင်ကျွန်မကို ကူညီနိုင်မှာပါ။” လို့ ပြောလိုက်တယ်။ ပထမကလေးအမေဟာ သူကိုယ်တိုင် ဒီလိုအဖြစ်မျိုး ကြံုခဲ့ဖူးလို့ ကူညီနိုင်တယ်။ နှစ်သိမ့်နိုင်ပါတယ်။

ကိုယ်ပြောနေတဲ့ အကြောင်း ကိုယ်နားမလည်ပဲနဲ့ သူများကို ဝေမျှခံစားပေးဖို့ဆိုတာ နည်းနည်းခက်ပါတယ်။

အမေသေတဲ့ အသုဘတွေမှာ ခဏခဏ တရားဟောဖူးပါတယ်။ ဒါပေမယ့် ကိုယ်တိုင် အမေမဆုံးခင်မှာ ကိုယ့်ေ့ရှမှာ ထိုင်နေတဲ့သူဟာ ဘယ်လို ခံစားနေရလဲဆိုတာ ကျွန်တော်မသိခဲ့ဘူး။ အမေ ဘုန်းတော်ဝင်စားတော့မှ၊ အမှန်တကယ် ကိုယ်ချင်းစာတတ်လာတယ်။ သူ ဘယ်လိုခံစားရသလဲ? ရင်ထဲမှာ ဘယ်လို ဟာသွားသလဲ? သူ့အတွေးတွေထဲမှာ ဘာတွေဖြစ်နေမလဲ? ဘာတွေ တွေးနေမလဲ? ဆိုတာ ကျွန်တော်သိလာတယ်။ ကိုယ်တိုင် ခံစားဖူးပြီလေ။

ဒုက္ခရောက်တဲ့အခါ၊ ဘုရားသခင် အံ့ဘွယ်နည်းတွေနဲ့ ကျွန်တော်တို့ကို အသုံးပြုနိုင်ဖို့ ပြင်ဆင်ပေးနေတာ ဖြစ်တတ်ပါတယ်။

ဒီတပတ်အတွင်းမှာ “ဘုရားသခင်၊ အသက်တာမှာ ဘုရားတန်ခိုးတော်ခံစားရဖို့၊ သူတပါးအတွက် ကောင်းကြီးဖြစ်စေဖို့ အတွက်ဆိုရင် ဘာပဲဖြစ်ဖြစ် ဘုရားသခင် ပေးလွှတ်ပါ။ ကျွန်တော်ခံယူပါမယ်။” လို့ ဆုတောင်းမိပါတယ်။ A. J. Gordon ရဲ့ ဆုတောင်းချက်လိုပဲ “ဘုရားသခင်၊ ကျွန်တော့ကို ပြည့်ဝ စုံလင်စေပါ။” လို့ ဆုတောင်းလာမိတယ်။ အချိန်ကနည်းပြီး၊ လုပ်စရာတာဝန်တွေက သိပ်များနေတယ်။ သေပြီး၊ မရဏာနိုင်ငံ သွားနေရတဲ့ ဝိညာဉ်အရေအတွက်က မရေတွက်နိုင်၊ မခန့်မှန်းနိုင်လောက်အောင် များနေတယ်။ ခရစ်တော်အတွက် နည်းနည်းပဲ ရတယ်။

 Tulsa တူဆာမြို့ကနေ Atlanta အက်တ်လန်တာမြို့ကို လေယာဉ်စီးပြီး ပြန်လာတော့  မြို့တွေ ဖြတ်ပျံသန်း လာတယ်။ “ဒီတိုင်းပြည်ရဲ့ လိုအပ်ချက်က ကျမ်းစာသွန်သင်ချက်တွေကို သိပြီး၊ လူတွေကို ကူညီမစနိုင်မယ့် ခံယူလေ့ကျက်ထားသူတွေရှိဖို့ ကျမ်းစာဦးထိပ်ထားတဲ့ ဝိညာဉ်ကယ်တင်တဲ့ အသင်းတော်တပါးစီ  မြို့တိုင်းမြို့တိုင်းမှာ ရှိနေဖို့ပဲ” လို့ တွေးမိတယ်။ လောကကြီးဟာ ဝမ်းနည်းနေသူတွေ၊ မြော်လင့်ချက်မဲ့ သူတွေ၊ စိတ်ပျက်အားလျော့နေသူတွေ၊ စိုးရိမ်စိတ်နဲ့ ရောဂါရနေသူတွေနဲ့ ပြည့်နေပါတယ်။ ဒီအတွက် အဖြေကတော့ သူတပါးကို ကူညီဖို့ ပြင်ဆင် လေ့ကျက်ထားသူတွေပဲ ဖြစ်ပါတယ်။

 Dr. George W. Truett ဟာ ဟို တခေတ်က တရားဟောဆရာကြီး တပါးပါ။ တက္ကဆပ်ပြည်နယ် ဒါးလပ်စ်မြို့ ပထမ နှစ်ခြင်းအသင်းတော်ရဲ့  ကျော်ကြားတဲ့ သင်းအုပ်ဆရာတပါးပါ။ သူ့တရားတွေ ယူဟောနေကြတုန်း၊ သူ့ ဥပမာတွေလည်း ယူသုံးနေကြတုန်းပါဘဲ။ Dr. Truett  ဟာ အမဲလိုက်ရင်း သူ့မိတ်ဆွေကို မှားပစ်မိသွားပါသတဲ့။ အဲဒီကြေကွဲစရာ ဖြစ်ရပ်နောက်ပိုင်းမှာ Dr. Truett ဟာ တခါမှ ပြံုးလေ့မရှိတော့ဘူးလို့ ဆိုတယ်။ သူပြံုးသလား၊ မပြံုးသလားတော့ ကျွန်တော်မသိဘူး၊ ဒီဖြစ်ရပ်ကို ကြံုရပြီးနောက်မှာတော့ အရင်က တရားဟောတာနဲ့ မတူတော့တာတော့ အမှန်ပဲလို့ ပြောကြပါတယ်။

Dr. B. R. Lakin ဟာလည်း သူ့ရဲ့ တဦးတည်းသောသားက မတော်တဆဖြစ်ရပ်နဲ့ သေရတယ်လို့ ဖလော်ရီဒါပြည်နယ်က သတင်းစကား ကြားရပြီးတော့ သူတရားဟောဖို့ ရပ်နေရင်းဟောတဲ့ တရားဟာ သူ့ရဲ့ အအောင်မြင်ဆုံး နိုးထမှုတရားပွဲ ဖြစ်ခဲ့တယ်မဟုတ်လား? “Dr. Lakin ဆရာ ဟောသမျှထဲမှာ ဒီတကြိမ်ဟာ တန်ခိုးအပါဆုံး” လို့ တရားဟောဆရာတပါးက ပြောရသည်အထိပါဘဲ။

Charles G. Finney ရဲ့ သင်းအုပ်က သူ့ကိုပြောဖူးတယ်။ “လက်တင်ပွဲမှာ မင်းကို လက်တင်ရတာ ငါဝမ်းနည်းတယ်။” လို့ ပြောပါတယ်။ ဒီစကားဟာ Finney ရဲ့ စိတ်ကို ကြေကွဲသွားစေတယ်။ ဒါပေမယ့် ဆက်ကြိုးစားရင်း ကမ္ဘာကို မှောက်လှန်နိုင်ခဲ့ပါတယ်။

Spurgeon ကို သူတို့ တိုင်းပြည် နှစ်ခြင်းအသင်း Baptist Union က ပြစ်တင်ကန့်ကွက် စကားတွေနဲ့ မဲခွဲ ထုတ်ပယ်ခဲ့တယ်။ အကြောင်းက ခေတ်သစ်အယူ ယူတွေနဲ့ မပေါင်းနိုင်လို့ ဖြစ်ပါတယ်။ သူဟာ လွတ်လပ်တဲ့ ကိုယ်ထူကိုယ်ထ Independent နှစ်ခြင်းတယောက်အဖြစ်နဲ့ တစ်သက်လုံးနေသွားခဲ့တယ်။ သူ့ကိုယ်ထုတ်ပယ်ခဲ့တဲ့ အသင်းကလူတွေဟာ Spurgeon ဓာတ်ပုံကို သူတို့ရဲ့ အဆောက်အအုံနံရံမှာ ချိတ်ဆွဲထားနေရပြီ ဖြစ်ပါတယ်။ သူဟာ ခုနှစ်မဲလောက်ပဲရပြီး ထုတ်ခံလိုက်ရတာပါ။ သူ့စိတ်ကြေကွဲခဲ့ရတယ်။ Spurgeon ဘဝမှာ ခံစားရတဲ့ ဝေဒနာတွေကြောင့် သူ့စိတ်ကြေကွဲလေလေ အကြီးအကျယ် အသုံးပြုခံရလေလေ ဖြစ်ပါတယ်။

ဒုက္ခဆိုတာ အသုံးပြုခံရဖို့ သွန်သင်ပေးနေခြင်း ဖြစ်တတ်ပါတယ်။ သီချင်းရေးဆရာက- ရေးဖူးတာလေး ရှိပါတယ်။
                   မိုးရွာတော့လည်း မိုးမဟုတ် …
                   ပန်းဝါကလေးတွေ ရွာနေသလိုပဲကွယ် …..
                   မိုးစက်တိုင်းဟာ ငါ့အမြင်မှာတော့ …..
                   ကုန်းမြင့်ထက်က ပန်းရိုင်းကလေးတွေပဲကွာ ……

ဒုက္ခမိုးတွေ ရွာနေတာ မဟုတ်ဘူး။ ကောင်းကြီးမိုးတွေ ရုပ်ဖျက် ရွာလာတာပါ။

သားတစ်ယောက် အိမ်က ထွက်သွားတယ်။ အမေက စာရေးတယ်။ လုံးဝ စာမပြန်ဘူး။ သူ့သား အတော်မကျန်းမာဘူးလို့ တချို့က စာရေးကြတယ်။ မကြာဘူး၊ ကြေးနန်းတစ်စောင် ရလိုက်တယ်။ “ရှင့်သားကို အသက်ရှင်လျှက် တွေ့ချင်ရင် အမြန်လာပါတဲ့။” ရထားပေါ် မရောက်ခင်၊ ကြေးနန်းတစ်စောင် ထပ်ဝင်လာတယ်။ သူ့သား သေပြီ။ အလောင်းကို သင်္ဂြ ိုလ်ဖို့ သဘောင်္နဲ့ အိမ်ပြန်ပို့လိုက်ပြီလို့ ဆိုတယ်။

အဲဒီကစပြီး၊ သားသမီးသေတဲ့ အမေတွေမှာ မိုင်  ၅၀  ပဲဝေးပါစေ။ အခုနကသားရဲ့ အမေဆီကို နှစ်သိမ့်စကား ကြားရဖို့ လာရလေ့ရှိပါတယ်။

ကျွန်တော့ကို ဘုရားသခင် ပိုပြီးအသုံးပြုဖို့၊ ပိုကောင်းပြီး၊ ပိုတန်ခိုးပါဖို့ ဘုရားသခင်အတွက် ဒီမြို့ကို မှောက်လှန်နိုင်ဖို့ဆိုရင်၊ ဘုရားသခင်ပေးချင်တဲ့ ဒုက္ခတွေ အခက်အခဲတွေ ပေးပါစေ၊ ခံယူဖို့ အသင့်ပါပဲ။

၃။ ဒုက္ခဆိုတာ ပုံသွင်းနေခြင်း ဖြစ်ပါတယ်။ Trouble  is  Conforming.

ဒုက္ခဟာ ဆုံးမခြင်း၊ ဖြစ်တတ်သလို သွန်သင်ခြင်းလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒုက္ခဟာ အမြဲတမ်းကတော့ ပုံသွင်းပေးနေတာပါ။

ရှေးမဆွက ခွဲခန့် မှတ်သားတာကို ယုံပါသလား? ယုံပါတယ်။ ရောမ ၈း၂၉ မှာ “သားတော်၏ ပုံသဏ္ဍန်နှင့် တညီတည်းဖြစ်စေခြင်းငှါ”  ခွဲခန့်မှတ်သားတယ်လို့ တွေ့ရတယ်။ ဘုရားသခင်က သားတော်နဲ့ တကယ်တူစေချင်ပါတယ်။ ဒုက္ခဆိုတာ ပုံသွင်းပေးဖို့ ဖြစ်လာတာပါ။ ဖိလိပ္ပိ ၁း၆ မှာ “သင်တို့တွင် ကောင်းသောအမှုကို ပြုစ ပြုတော်မူသောသူသည် ယေရှုခရစ်၏ နေ့ရက်တိုင်အောင် ပြီးစီးလျှက် ပြုတော်မူမည်ဟု ငါသဘောကျ၏။” ကိုယ်တော် ပြန်ကြွလာတဲ့ အချိန်အထိ တိုးတက် စုံလင်လာအောင်၊ ပြည့်စုံသွားအောင် ပုံသွင်းပေးမှာ ဖြစ်ပါတယ်။

သားတော်ဘုရားနဲ့ တူဖို့ ဘုရားသခင် ပုံဖေါ်နေတယ်ဆိုတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ တောင့်တသမျှ ပြီးပြည့်စုံတဲ့ အချိန်ဟာ ဘုန်းတော်ဝင်စားချိန်ပဲ ဖြစ်ပါလိမ့်မယ်။ Forest Hills နှစ်ခြင်း အသင်းတော်မှာ သင်းအုပ်လုပ်တုန်းက ကျမ်းစာလေ့လာရင်း ငိုရလေ့ ရှိတယ်။ ကျွန်တော့စိတ် ကြေကွဲနေတယ်။ “သခင် ဒီအသင်းတော်မှာ ပိုကောင်းတဲ့ သင်းအုပ်တစ်ယောက် ရှိရင်ကောင်းမယ်။  ပိုကောင်းတဲ့ တရားဒေသနာတွေ ကြားရရင် ကောင်းမယ်လို့ ပြောမိတယ်။ တရားဟောချက် အဟောင်း မှတ်စုတွေကို ကြည့်ရင်း “ဒီလောက်ညံ့တာကို ငါဘာလို့ ဟောမိပါလိမ့်?” တိတ်ခွေပြန်နားထောင်ရင်း ဒီတရားဟောချက်ကိုများ ဘာကြောင့် ထရပ်ပြီး ထွက်မသွားကြပါလိမ့်? လို့ ပြောမိပါတယ်။ စုံလင်တဲ့ တရားဒေသနာမျိုး ဟောချင်တယ်။ ၁၅ နှစ်အတွင်း စိတ်တိုင်းကျတာဆိုလို့ တစ်ပုဒ်မှမရှိခဲ့ဘူး။ ဒါပေမယ့် တစ်နေ့သောအခါမှာ “ဒီတခါတော့ ဟုတ်ပြီဟေ့ လို့ ပြောရလိမ့်မယ်။”  “ဒီနေ့ဟာ စုံလင်တဲ့နေ့၊ ငါလုပ်သင့်တာတွေ လုပ်ပြီးပြီ။ ဆုတောင်းချက်လည်း စုံလင်ပြီ၊ ကျမ်းစာလေ့လာတာလဲ အခက်အခဲမရှိ၊ အခွင့်ရတိုင်း သက်သေခံပြီ၊ ခရစ်တော်ရဲ့ အလင်းကို လင်းခဲ့ပြီ၊ ငါ့အသက်တာ မှန်တယ်။ သူတပါးအပေါ်ထားတဲ့ ငါ့သဘောထား မှန်တယ်လို့ တွေးပြီး အိပ်ရာဝင်ရတဲ့ နေ့ဆိုတာ မရှိခဲ့သေးဘူး။ အတိတ်ကို ပြန်ကြည့်ရင် တစ်နေ့မှ စုံလင်တဲ့ နေ့ရယ်လို့ မပြောနိုင်သေးဘူး။

ဆာလံ ၁၇ ရဲ့ နောက်ဆုံးပိုဒ်မှာ ဆာလံဆရာပြောသလို “နိုးသောအခါ ပုံသဏ္ဍန်တော်အားဖြင့် အကျွနု်ပ် အလို ပြည့်စုံရပါလိမ့်မည်။” သူက “ဣသရေလ ရှင်ဘုရင် ဖြစ်ရတာတောင် စိတ်မကျေနပ်သေးဘူး။”လို့ ပြောလိုတာပါ။ ဒါဝိဒ်က  ဘုရားသခင်ရဲ့  စိတ်တော်နဲ့ တွေ့တဲ့လူလို့ သတ်မှတ်ခံရတာလည်း စိတ်မကျေနပ်သေးဘူး။ သိုးထိန်းတစ်ယောက် ဆာလံသီချင်းတွေ ရေးတဲ့သူလို့ အသိအမှတ်ပြု ခံရတာလည်း စိတ်မကျေနပ်သေးဘူး” တဲ့။ “စိတ်ကျေနပ်တဲ့ အချိန်ပဲ ရှိပါအုံးမလားဆိုရင်- အား၊ ရှိတယ်။ ကျေနပ်ရလိမ့်မယ်။” ဘယ်တော့လဲ? “ငါနိုးထလို့ ကိုယ်တော်နဲ့ တူရတဲ့ အခါမှာပေါ့။”  “တစ်နေ့ သင်္ချိုင်းထဲက ထွက်လာမှာလို့ ဆိုလိုတာလား?”  “အေး… သင်္ချိုင်းထဲက ထမြောက်လိမ့်မယ်။ ဘုန်းအသေရေထဲမှာ နိုးထရတဲ့အခါ  ငါဟာ ယေရှုခရစ်နဲ့ တူလိမ့်မယ်။ ကိုယ်တော်နဲ့ တူပြီး၊ စိတ်ကျေနပ်ရလိမ့်မယ်။”

ဒုက္ခဟာ ဆုံးမခြင်း ဖြစ်တတ်ပါတယ်။ သွန်သင်ခြင်းလည်း ဖြစ်တတ်ပါတယ်။ အမြဲတမ်းကတော့ ပုံသွင်းပေးနေတာပဲ ဖြစ်ပါတယ်။

ကလေးနှစ်ယောက် သေသွားလို့ တစ်နေ့တည်း သင်္ချိုင်းတစ်ခုထဲမှာ သင်္ဂြု ိလ်ကြတယ်။ အမေဖြစ်သူ အကြီးအကျယ် စိတ်ဝေဒနာ ခံစားနေရလို့ သူ့ကို အဒေါ်ဖြစ်သူက ကလေးတစ်ယောက်လို ပြုစုနေရတယ်။ စောင့်ကြည့်ပြီး အားပေးကူညီ နှစ်သိမ့်နေရတယ်။ တစ်နေ့တော့ အဒေါ်က “ဘုရားသခင်က မင်းကို ချစ်ပါတယ်ကွယ်။ မင်းကလေးတွေ သေသွားပေမယ့် ဘုရားသခင်က မင်းကို ချစ်နေတုန်းပါပဲ။ အမေဖြစ်သူက အဒေါ်ကို “ဘုရားသခင်က ကျွန်မကိုချစ်ရင် ဘာဖြစ်လို့ ဒီလိုဖြစ်စေသလဲ?” လို့ မေးပါတယ်။ အဒါ်ဖြစ်သူက မပြောခင် ခဏ စဉ်းစားပြီးမှ “တူမရယ်၊ အဲဒီလိုဖြစ်ဖို့ ဘုရားလုပ်တာ မဟုတ်ဘူး။ အခု မင်းကို ပုံသွင်းနေတာလို့ ဖြေပါတယ်။

ပုလဲဆိုတာ ဝေဒနာကြောင့် ဖြစ်လာတာပါ။ မုတ်ကောင်ထဲမှာ အမှိုက်ကလေး ကျလာတယ်။ အဲဒီသဲမှုန့်၊ ကျောက်မှုန့်လေးကို မုတ်ကောင်က သူ့ရဲ့အရည်တစ်မျိုးနဲ့ ဖုံးအုပ်ပစ်လိုက်တယ်။ အထပ်ထပ် ဖုံးအုပ်ရင်း၊ ဖုံးအုပ်ရင်းနဲ့ နောက်ဆုံးမှာ စုံလင်တဲ့ ပုလဲလုံးလေး ဖြစ်လာတယ်။ ဒုက္ခတွေ ဝင်လာတယ်။ ဒါပေမယ့် ဒုက္ခကို မှန်ကန်စွာ ခံယူတယ်။ ကောင်းကောင်းမွန်မွန် တုန့်ပြန်တယ်ဆိုရင် ပုလဲတစ်လုံး ဖြစ်လာလိမ့်မယ်။ ယုံကြည်သူရဲ့ ပုလဲတစ်လုံး ဖြစ်လာလိမ့်မယ်။

၄။ ဒုက္ခဆိုတာ ဘုန်းတော်ထင်ရှားဖို့ုဖြစ်တယ်။ Trouble  is  for  God’s  Glory.
    ဒုက္ခဆိုတာ ဆုံးမပေးရုံ၊သွန်သင်ပေးရုံ၊ ပုံသွင်းပေးရုံသာမက ဘုရားဘုန်းတော် ထင်ရှားဖို့လည်း ဖြစ်ပါတယ်။
    ယောဟန် ၉ မှာ စိတ်ဝင်စားစရာ ဖြစ်ရပ်တခု ရှိပါတယ်။ အမိဝမ်းထဲကတည်းက မျက်စိမမြင်သူ တစ်ယောက်ရှိတယ်။ တပည့်တော်တွေက “ဘယ်သူ့အပြစ်ကြောင့် သူမျက်စိ မမြင်တာလဲ? သူ့ကြောင့်လား? (သို့) မိဘအပြစ်ကြောင့်လား?” လို့ မေးကြတယ်။ သခင်ယေရှုက “ကိုယ်အပြစ်ကြောင့်မဟုတ်၊ မိဘအပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏ အမှုတော်ကို သူ၌ ထင်ရှားစေမည့် အကြောင်းတည်း။” (အငယ် ၃ )

    ၂ကော ၁၂- မှာ  ရှင်ပေါလုက  “ကိုယ်တော်၊ ကျွန်တော့ ကိုယ်ခန္ဓာထဲက ဆူးကို နှုတ်ပေးတော်မူပါ။ ဒီဒုက္ခကို နှုတ်ပေးတော်မူပါ”လို့ သုံးကြိမ် ဆုတောင်းခဲ့တယ်။ အဖြေမရပါဘူး။ ဆူးလည်း မနှုတ်သလို၊ ဒုက္ခလည်း မရုပ်ခဲ့ပါဘူး။ ဒါပေမယ့် ဘုရားသခင်က အငယ်၉  မှာ “ငါ့ကျေးဇူးသည် သင့်အဘို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်။”

ဒုက္ခဆိုတာ ဘုရားဘုန်းတော် ထင်ရှားဖို့အတွက်လည်း ဖြစ်တတ်ပါတယ်။ ယောဘရဲ့ အဖြစ်မျိုးပေါ့။ စာတန်က ဘုရားသခင်ထံ သွားပြီး ပြောပါတယ်။ ယောဘအကြောင်း အခြေအတင် ပြောကြတယ်။ စာတန်က “ယောဘက ဘာမှမရဘဲ ဘုရားဝတ်ပြုပါ့မလား? သူ ခရစ်ယာန်ကောင်း တစ်ယောက် ဖြစ်နေတာဟာ သူ့မှာ ချစ်စရာ မိသားစုနဲ့ ဇနီးကောင်းရှိနေလို့ပါ။ သိုး၊ နွားတွေနဲ့ ချမ်းသာနေလို့ပါ။ အံ့ဩစရာ မဟုတ်ပါဘူး။ ပိုက်ဆံကလည်း ချမ်းသာ၊ သိုးနွား၊ မိသားစုနဲ့ အားလုံးလည်း ကျန်းမာနေကြတော့ လွယ်တာပေါ့။ ယောဘကို ကျွန်တော့လက်ထဲ အပ်ကြည့်ပါလား? သူနဲ့အတူ နေပေးလိုက်ရင်၊ ဘုရားသခင်ကို အပြစ်တင်လာမှာပါ။” လို့ ဆိုတယ်။  ဘုရားသခင်က  “ယောဘကို မင်းယူနိုင်တယ်။ မင်းစိတ်တိုင်းကျလုပ်ပါ။ အသက်တော့ မထိစေနဲ့။” လို့ မိန့်တော်မူပါတယ်။

ယောဘရဲ့ ရှိသမျှကို တနေ့ပြီး တနေ့ စာတန်က ယူသွားတယ်။ သူ့ကျန်းမာရေးနဲ့ သူ့ သိုးနွားရှိသမျှ၊ ယူသွားပါတယ်။ သူ့ သားသမီး ၁၀ ယောက်လည်း တနေ့ချင်း သေရပါတယ်။ နောက်တော့ သူငယ်ချင်းတွေ ရောက်လာပြီး သူ့ကို လူဆိုးလို့ ပြစ်တင်ရှုံ့ချပြီးတော့ သူ့ဂုဏ်သိက္ခာကို စာတန်က ဆွဲခွါ သွားပါတယ်။ သူတို့က “ ယောဘ ဒီဒုက္ခတွေဟာ မင်းလူဆိုးမိုလို့ ခံရတာ။ မင်း ကောင်းကောင်းနေရင်၊ ဒီဒုက္ခကြံုမှာ မဟုတ်ဘူး။” လို့ ပြောလာကြတယ်။ မိတ်ဆွေတွေ ကြားမှာ ယောဘ သိက္ခာကျခဲ့ရပါပြီ။ စည်းစိမ်လည်း ဆုံးပြီ။ သားသမီးတွေလည်း ဆုံးပြီ။

နောက်ဆုံးတော့ စာတန်ဟာ တိုက်ခိုက်မှု တမျိုးကို လုပ်လာပြန်တယ်။ ယောဘမှ ဦးခေါင်းမှ ခြေဖဝါးအထိ အနာစိမ်းတွေ ပေါက်နေခဲ့ပါပြီ။ ရှိသမျှ ဆုံးရှုံးလို့ စိတ်ပျက်ချိန်၊ အားလျော့ချိန်၊ ပူဆွေးနေချိန်မှာ သူ့မိန်းမက နောက်ဆုံးမှာ ဝင်လာပြီးတော့ “ယောဘ..  ရှင်… ဘုရားသခင်ကို ကျိန်ဆဲပြီး သေတော့လေ?” လို့ ပြောလာတယ်။ ယောဘက ပြာပုံထဲမှာ ထိုင်နေတယ်။ သူ့ အနာတွေကို အိုးခြမ်းပဲ့နဲ့ ခြစ်ကုတ် နေချိန်ပါ။ ဒါပေမယ့် “ငါ့ကို သတ်တော်မူသော်လည်း ကိုယ်တော်ကို အားကိုးနေဦးမယ်။” (၁၃း၁၅) လို့ ဆုံးဖြတ်လိုက်တယ်။ “စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ ငါပေါ်လိမ့်မည်။” (၂၃း၁၀) လို့ ပြောနိုင်သူပါ။ ကောင်းကင်တမန်တွေက ငုံ့ကြည့်ကြ၊ လက်ခုပ်တီးပြီးတော့၊ ယောဘလိုလူကတော့ ရှားတယ်ဟေ့၊” လို့ ဝမ်းသာအားရ အော်ဟစ်ကြမယ်လို့ ကျွန်တော်ယုံတယ်။

ယုံကြည်သူ အများစုကတော့ ဒုက္ခ နည်းနည်းပါးပါး တွေ့တာနဲ့ ခေါင်းငုံ့သွားပြီ။ အရှုံးပေးပြီ။ “ငါတော့သွားပြီ။ မရတော့ဘူး ဒီ ခရစ်ယာန် အသက်တာမျိုးကတော့ ငါနဲ့မရဘူး” လို့ ပြောကြပြီ။ ယောဘကတော့ ဒီလို မဟုတ်ဘူး။ သူဒုက္ခ ခံရချိန်တွေမှာ တခါမှ ဘုရားသခင်ကို မငြင်းပယ်ဘူး။ “ငါ့ကိုသတ်ပေမယ့် အားကိုးနေဦးမယ်။” လို့ပဲ ပြောခဲ့တယ်။ အရာအာလုံး ဆုံးရှုံးနေပေမယ့်လည်း၊ “ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည်၊ မင်္ဂလာရှိပါစေသတည်း။” လို့ ပြောနိုင်ခဲ့သူပါ။ အဖြစ်အပျက် အားလုံးပြီးတော့ ဘုရားသခင်က ယောဘကို နှစ်ဆသော ကောင်းကြီးမင်္ဂလာကို ပေးပါတယ်။

တချို့က “ငါလည်း ယောဘလို သည်းခံနိုင်ချင်လိုက်တာ” တဲ့။ ရနိုင်ပါတယ်။ ဒါပေမယ့် ယောဘလို ဒုက္ခခံရမှ ရနိုင်မှာပါ။ ရောမ ၅း၃ မှာ “ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။” ဒုက္ခမကြံုဘဲနဲ့ သည်းခံခြင်းဆိုတာ မရနိုင်ဘူး။ တခါတရံမှာ ဘုန်းတော်ထင်ရှားဖို့ ဖြစ်တတ်တယ်။ ဘုရားဘုန်းတော်သာ ထင်ရှားမယ်ဆိုရင်၊ ဘုရားသခင်ကို ချီးမြှောက်ရာ ရောက်မယ်ဆိုရင်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့ဘဝမှာ ဖြစ်ပါစေ။

ဆရာဝန်တစ်ယောက် ကျောင်းသွားတက်ပါတယ်။ နှစ်အတော်ကြာ လေ့လာတယ်။ နောက်တော့ ဆေးပညာဘွဲ့ ရလာတယ်။ လက်တွေ့ ကုစပြုနေပြီ။ နှစ်ပေါင်းများစွာ လေ့လာပြင်ဆင်ပြီးမှ အခု သူ့အစွမ်းကို ပြချိန်တန်လာပြီ။ ဒါပေမယ့် လူနာတစ်ယောက်မှ မရှိရင် သူ့အစွမ်း ပြခွင့်ရမှာ မဟုတ်ဘူး။ ဘုရားသခင်မှာလည်း ယောဘဆိုတဲ့ လူနာတစ်ယောက် ရှိတယ်။ အဲဒီလူနာအားဖြင့် ဘုရားသခင်ရဲ့ အစွမ်းကို ပြခွင့်ရခဲ့ပါတယ်။

ယုံကြည်သူတွေ ဘာကြောင့် ဒုက္ခကြံုသလဲ? ဆုံးမတာ ဖြစ်တတ်ပါတယ်။ သွန်သင်တာလည်း ဖြစ်နိုင်ပါတယ်။ အမြဲတမ်းအနေနဲ့ကတော့ ပုံသွင်းနေတာပါ။ အမြဲတမ်းကတော့ ဘုရားဘုန်းတော် ထင်ရှားဖို့ပါ။

ဒုက္ခရဲ့ အကြောင်းရင်းကို အမြဲတမ်းတော့ နားမလည်နိုင်ပါဘူး။ ဟေရှာယ ၅၀း၁၀ မှာ “သင်တို့တွင် အဘယ်သူသည် အလင်းမရှိဘဲ မှောင်မိုက်၌ သွားလာသတည်း။ ထိုသူသည် ထာဝရဘုရား၏ နာမတော်ကို ခိုလှံု၍၊ မိမိ ဘုရားသခင်ကို အမှီပြုပါစေ။” အလင်းမရှိဘဲ အမှောင်မှာ သွားလာနေရတဲ့သူ ဖြစ်နေသလား? ပရောဖက်က ပြောပါတယ်။ “ထိုသူသည် ထာဝရဘုရား၏ နာမတော်ကို ခိုလှံု၍၊ မိမိဘုရားသခင်ကို အမှီပြုပါစေ။”

 “ဘုရားသခင်ကို အမြဲတမ်း မရိပ်စားမိနိုင်ပေမယ့် အမြဲတမ်း အားကိုးနိုင်ပါတယ်။” ဆိုတဲ့ စကားလေး ရှိပါတယ်။
                      ဘာလုပ်ရမလဲ? ….
                           မသိပေမယ့် ….
                           အလင်းမှာ တယောက်တည်း နေရမယ့်အစား ….
                           အမှောင်မှာ ခရစ်တော်နဲ့ပဲ လျှောက်ချင်ပါတယ်။             ။