Monday, December 22, 2014

Silent Night, Holy Night (Burmese)

တိတ်ဆိတ်ည၊ သန့်ရှင်းည

Facts:

 Lyricist စာသား : Joseph Mohr
    Lyrics Date: 1816
    Translator
    Key: C
    Theme အကြောင်းအရာ : Christ's Birth ခရစ်တော်ဖွါးမြင်ခြင်း
    Additional Resources
    Composer တေးသွား :Franz Gruber
    Music Date: 1818
    Tune Title: STILLE NACHT
    Meter: irregular
    Scripture ကျမ်းချက်  :  လုကာ ၂း ၁၆ 

၁၉၁၄ ခုနှစ်ရဲ့ ခရစ်စမတ် အကြိုညနေခင်းမှာပေါ့။ ပထမကမ္ဘာစစ်အတွင်းမှာပေါ့။ ဂျာမန် စစ်သားတွေက နှစ်ဦးပိုင်းကတည်းက ရှေ့တန်းထွက်လာကြရတော့ ခရစ်စမတ်အမှီ အောင်ပွဲနဲ့အတူ အိမ်ပြန်ရကောင်းလောက်ရဲ့လို့ မြော်လင့်နေကြတယ်။ အဲဒီစစ်သားကလေးတွေဟာ ခရစ်စမတ်အမှီ အိမ်ပြန်မရောက်တဲ့အပြင် စစ်ပွဲက ဥရောပနဲ့ ကမ္ဘာတလွှားမှာ ၄ နှစ်ကြာနေခဲ့တယ်။

၁၉၁၄ ဒီဇင်ဘာမှာတော့ မိုင် ၂၀၀ ရှည်လျားတဲ့ ရှေ့တန်းစစ်မျက်နှာက တူးမြောင်းကြီးဟာ အခက်ခဲဆုံး အသေအပျောက် အများဆုံးနေရာ ဖြစ်ခဲ့ပါတယ်။ တူးမြောင်းတလျှောက်ဟာ ရွှံ့တွေ၊ ကြွက်တွေ  ခြင်တွေ ယင်တွေ၊ လူသေအလောင်းတွေနဲ့ ပြည့်နေတယ်။ ၁၉၁၄ ခုနှစ်ရဲ့ ခရစ်စမတ်ကလည်း တကယ်အေးလွန်းတယ်။ နှင်းမှုန်တွေ တိုက်ခတ်နေတယ်။ လူသေအလောင်းတွေ မြှုပ်နေတဲ့ ကတုတ်ကျင်းတွေထဲက ရေကလည်း လေနဲ့အတူ တဝုန်းဝုန်း တိုက်ခတ်နေတယ်။

ဒါပေမယ့် ဒီဇင်ဘာ ၂၄ မှာတော့ အနောက်ဖက်စစ်မျက်နှာက တူးမြောင်းတလျှောက်မှာရှိတဲ့ ဗရစ်တစ်ရှ်နဲ့ စကော စစ်သားတွေဟာ အံ့အားသင့်စရာ သီချင်းသံတသံကို ကြားလိုက်ကြရတယ်။ သီချင်းရဲ့ သံစဉ်ကို သိကြပေမယ့် စာသားကိုတော့ နားမလည်ကြဘူး။ သီချင်းက Silent Night ပါ။ ဂျာမန်တွေဆိုတော့ Stille nacht, heilige nacht တဲ့။

 အံ့အားသင့်စရာဖြစ်ပေမယ့် အဲဒီသီချင်းက နွေးထွေးမှုလည်းရှိနေတော့ အဲဒီဂျာမန်သီချင်းကို အင်္ဂလိပ်လို ပြန်ဆိုလိုက်ကြတယ်။ မကြာခင်မှာပဲ နှစ်ဖက်လုံးမှာ Silent Night သီချင်းကို အားထုတ် ဆိုသံတွေဟာ ကောင်းကင်ယံမှာ ပြည့်လျှံလာပါတော့တယ်။

ရန်သူ့ တူးမြောင်းတလျှာက် လှမ်းကြည့်လိုက်တော့ စစ်သားတွေဟာ ဖယောင်တိုင်တွေကို တိုင်တွေ၊ လှံစွပ်တွေပေါ်မှာ ထွန်းပြီး ထွန်းပြလာကြတယ်။ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ရန်သူစစ်သား တချို့ဟာ ခရစ်စမတ်သစ်ပင်တွေကို သူတို့ရဲ့ဦးခေါင်းတွေပေါ်မှာ တပ်ဆင်လာတယ်။ နှစ်ဖက် စစ်သားတွေဟာ အခုနကပဲ တယောက်နဲ့တယောက် အသေအကြေ သတ်ဖြတ်နေကြပေမယ့် ကတုတ်ကျင်းတွေထဲက စမ်းသပ်ထွက်လာကြတယ်။ ကြောက်စရာ ပစ်ကွင်းထဲကို ထွက်လာကြပြီး သူတို့စစ်ဝတ်တန်ဆာတွေထဲကနေ လက်ဆောင်တွေ အားရဝမ်းသာ ထုတ်လာကြတယ်။ လူသေ အလောင်းတွေကိုလည်း မြှုပ်ပေးလာကြတယ်။
ဖြစ်နိုင်ချေ မရှိတဲ့ကြားကပဲ တနေ့တာ အပစ်အခတ် ရပ်စဲသွားပါတယ်။ စစ်စည်းကမ်းတွေလည်း ဂရုမစိုက်ကြတော့ဘူး။ ဘယ်သူမှလည်း မလိုက်နာကြတော့ဘူး။ တချို့အရာရှိတွေက ဒီလို ညီအကိုလို
 ဖြစ်သွားတာကို ဖျက်ပစ်ဖို့ ကြိုးစားကြပါသေးတယ်။ မြို့ထဲမှာ တပ်သွဲထားတဲ့ သြစတြီးယား စစ်သား တယောက်ကတော့ စစ်အတွင်းမှာ ဒီလို နားလည်မှုမျိုးကို ခွင့်မပြုသင့်ဘူး လို့ ညည်းပါတယ်။ ကဲ ဟစ်တလာ ကြားရင် ဘာလုပ်မလဲ?

တကယ်တော့ ဘုရားသခင်က ဒီသီချင်း အားဖြင့် ခဏတာ ငြိမ်သက်ခြင်း ပေးလိုက်တာပါ။ ဒီသီချင်းကလေး နားထောင်ရင်းနဲ့ ကိုယ်ကြုံရတဲ့ အခြေအနေထဲမှာပဲ သခင်ယေရှုထံ ဆုတောင်းလိုက်ပါ။ ငြိမ်သက်ခြင်းကို ပေးတော်မူပါလိမ့်မယ်။ ဒီငြိမ်သက်ခြင်း peace က ဘုရားသခင်နဲ့ ရန်ငြိမ်းခြင်းလည်း ပါပါတယ်။ တကယ်စစ်မှန်တဲ့ ပျော်ရွှင်ခြင်းရလာပါလိမ့်မယ်။


Hymn Story: သီချင်းသမိုင်းကြောင်း

Joseph Mohr and Franz Gruber
၁၈၁၈ ခု၊ ဒီဇင်ဘာ ၂၄ ရက်နေ့ သြစတြီးယား နိုင်ငံ Oberndorf မြို့မှာ ဖြစ်ပါတယ်။ လက်ထောက် သင်းအုပ်ဆရာ တယောက် သူ့မိတ်ဆွေရဲ့ အိမ်ကို ရောက်လာတယ်။ မိတ်ဆွေက အသင်းတော်လေးရဲ့
 အော်ဂင်ဆရာ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူရေးထားတဲ့ ကဗျာကလေးကို သူယူလာတယ်။
ခရစ်စမတ်အကြိုညရဲ့ သန်းခေါင်ယံ ဝတ်ပြုစည်းဝေးမှာ ဆိုဖို့ သံစဉ်ထည့်ပေးဖို့ တောင်းဆိုတယ်။

  အော်ဂင်ဆရာ Franz Xaver Gruber က အော်ဂင်ပျက်နေတယ်။ ဒီည ဝတ်ပြုစည်းဝေးမှာ သုံးလို့မရနိုင်ဘူးလို့ Fr. Joseph Mohr ကို ပြောပြတယ်။ Fr. Mohr က တဖက်ခန်းထဲကို ဝင်သွားပြီး ဂစ်တာတလက် ပါလာတယ်။  Gruber က ကော့ဒ်တချို့ကို တီးခတ်ကြည့်ရင်း နဲနဲညည်း ကြည့်လိုက်တယ်။ "စာသားထဲမှာ အသံပါနေတာပဲ" လို့ ဝမ်းသာအားရ ပြောလိုက်တယ်။ နာရီအနည်းငယ်အတွင်းမှာပဲ သံစဉ်ရသွားတယ်။  ဒီသီချင်းကို အဲဒီည ဝတ်ပြုစည်းဝေးမှာ ပထမဆုံးအကြိမ်အဖြစ် သူတို့ ၂ ယောက်ဆိုကြတယ်။

 အော်ဂင်ပြင်တဲ့ဆရာ Carl Mauracher က နောက်ပိုင်း ဒီ Carol သီချင်းကို ကြားရတဲ့အခါ သူက
 ကော်ပီတရွက် ယူထားပြီး၊ နယ်တကာ သီချင်းလှည့်ဆိုတဲ့ အဖွဲ့နှစ်ဖွဲ့ကို ပေးလိုက်တယ်။ သူတို့က ခရစ်စမတ်ပြဇာတ်တွေမှာ ဆိုကြတယ်။ ဒီလိုနဲ့ ဒီသီချင်းက ကမ္ဘာပတ်သွားပါတော့တယ်။

The Strasser and Rainer families ဆိုတဲ့ မိသားစုနှစ်စုဟာ ဥရောပတခွင်သွားရောက်ဖျော်ဖြေကြတယ်။ "the Tyrolian folk carol"ဆိုတဲ့ သီချင်းကို ဆိုကြတယ်။  The Rainer family ဆိုတဲ့ မိသားစုကတော့ အဲဒီသီချင်းကို အမေရိကားကို ယူဆောင်လာတယ်။ သူတို့ ပထမဆုံးဆိုဖြစ်တာက ၁၈၃၉ ခုနှစ် နယူးယော့ပြည်နယ် ဂျာမန်ဆိုတဲ့ မြို့မှာပါ။

သီချင်းစာအုပ်ထုတ်ဝေသူတယောက်က အဲဒီသီချင်းကို ၁၈၃၂ ခုနှစ်လောက်မှာ သြစတြီးယားနိုင်ငံ Innsbruck မြို့မှာ Carol သီချင်းအဖြစ်ဆိုတာ ကြားဖူးတယ်။ သူကြိုက်သွားလို့ ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေလိုက်တယ်။ မူရင်းသီချင်းက "Tyrolian folk song" လို့ ဖေါ်ပြပါတယ်။ မူရင်းသီချင်းရေးသူကို လူတွေ မသိကြသေးဘူး။ သံစဉ်ကလည်း မူရင်းနဲ့မတူပဲ နဲနဲပြောင်းထားတယ်။ အဲဒီစာအုပ်ထဲက သံစဉ်အတိုင်းပဲ ဒီကနေ့အထိ တွင်တွင်ကျယ်ကျယ် ဆိုနေကြတာပါ။ ဒါပေမယ့် ၁၉၉၅ ခုနှစ်မှာ "Silent Night" သီချင်းစာရွက်ကို ပြန်တွေ့ကြတယ်။  Fr. Joseph Mohr ရဲ့ လက်ရေးမူရင်းနဲ့ပါ။ မူရင်းသီချင်းရေးဆရာတွေရဲ့ မူရင်းလက်ရာပါ။

"Silent Night ကို ၁၈၆၃ ခုနှစ်မှာ အင်္ဂလိပ်လို ပြန်ဆိုပါတယ်။ ဘယ်သူပြန်သလဲဆိုတာ မသေချာဘူး။ John Young က အပိုဒ် ၁ နဲ့ ၃ ကို ဘာသာပြန်တယ်လို့ တချို့က ဆိုပါတယ်။ Jane Campbell ကလည်း ဘာသာပြန်ခဲ့နိုင်တယ်လို့ ဆိုကြပါတယ်။ အမေရိကန် ဓမ္မသီချင်းစာအုပ် အဖြစ် စတင်ပုံနှိပ်တာကတော့ Charles Hutchins’ Sunday School Hymnal သီချင်းစာအုပ်ပါ။

"Silent Night" ကို ကမ္ဘာပေါ်ရှိ ဘာသာစကားမျိုးစုံနီးပါးနဲ့ ပြန်ဆိုခဲ့ပါပြီ။ အမေရိကားမှာတော့ ခရစ်စမတ်ကာလမှာ ကြားကြရပါတယ်။ ဒါပေမယ့် သြစတြီးယားနိုင်ငံမှာတော့ နိုင်ငံပိုင်သီချင်းအဖြစ် အသိအမှတ်ပြုထားပြီး၊ စီးပွါးဖြစ် ထုတ်ဝေခွင့်မရှိပါဘူး။ မူရင်းသံစဉ်အတိုင်းဆိုဖို့ နိုးဆော်လေ့ရှိပါတယ်။  သြစတြီးယားနိုင်ငံကို သွားရောက်လည်ပတ်ရင် ဒီ carol သီချင်းနဲ့ပတ်သက်လို့ Oberndorf မြို့ရဲ့ ပြတိုက်တွေ၊ အထိမ်းအမှတ်ပြခန်းတွေမှာ လေ့လာနိုင်ပါတယ်။

အော်ဂင် အဆင်မပြေလို့ ဂစ်တာနဲ့ ဖြစ်သလိုရေးလိုက်ရတဲ့ သီချင်းကလေးအတွက် သီချင်းရေးသူ နှစ်ယောက်ကို ကျေးဇူးတင်ကြရမှာပါ။ သီချင်းကလေးက ရိုးပေမယ့် ခရစ်တော် ဖွါးဖြင်တဲ့ညကို ပုံဖေါ်ရာမှာတော့ လှပပါတယ်။
#https://songsandhymns.org/ မှ

Sunday, December 14, 2014

Joy to the world - လောကဝမ်းမြောက် ဘုရားကြွလာ

Joy to the World! The Lord Is Come

လောကဝမ်းမြောက်၊ ဘုရားကြွလာ

Isaac Watts - အိုက်ဇက် ဝပ်စ်
Facts:
    Lyricist စာသား: Isaac Watts
    Lyrics Date: 1719
    Arranger: Lowell Mason
    Key: D
    Theme: Christmas, Christ's birth ခရစ်စမတ်၊ ခရစ်တော် ဖွါးမြင်တော်မူခြင်း
    Composer သံစဉ် : G. F. Handel
    Music Date: 1742
    Arranged Date: 1836
    Tune Title: ANTIOCH
    Meter: C.M.rep
    Scripture: Psalm 98 ဆာလံ ၉၈

Isaac Watts ဟာ အင်္ဂလိပ် ခရစ်ယာန် ဓမ္မသီချင်းရေးဆရာ၊ ဓမ္မပညာရှင်နဲ့ ယုတ္တိဗေဒပညာရှင် တယောက်ဖြစ်ပါတယ်။ သီချင်းရေးရာမှာ အောင်မြင်ပြီး ဧဝံဂေလိကို အထောက်အကူပြုတဲ့ သီချင်းတွေ ရေးခဲ့တယ်။ သူ့ကို အင်္ဂလိပ် ဓမ္မသီချင်းများရဲ့ ဖခင် "Father of English Hymnody" လို့ အသိအမှတ် ပြုကြတယ်။ အပုဒ်ပေါင်း ရ၅၀ လောက် ရေးခဲ့သူပါ။

"Joy to the World" ဆိုတဲ့သီချင်းကို Isaac Watts ရေးဖွဲ့တယ်။ ခရစ်စမတ် သီချင်းတွေထဲမှာ လူကြိုက်များတဲ့ သီချင်းဖြစ်တယ်။ ရေးတုန်းကတော့ Watts က ခရစ်စမတ် သီချင်းရယ်လို့
 ရေးခဲ့တာမဟုတ်ဘူး။ ဆာလံ ၉၈ ကို မှီးရေးခြင်းသာ ဖြစ်ပါတယ်။

 "Shout for joy to the Lord, all the earth . . . for he comes. . ." (vs. 4, 9).
"မြေကြီးသားအပေါင်းတို့  ...... ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ ..... အကြောင်းမူကား ...  ကြွလာတော်မူ၏။"

Watts က ခရစ်တော် ဒုတိယကြွလာခြင်းအကြောင်း ပြောရင်းနဲ့ သူ့စာသားထဲမှာ ခရစ်စမတ်နဲ့ဆိုင်တဲ့ စကားလုံးတွေ ထည့်ထားတယ်။
 "Joy to the world! the Lord is come . . . Let every heart prepare him room." ကိုယ်တော်အတွက် နေရာပေးတယ်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ပေးလို့ရပါတယ်။ ပြင်ပအရာတွေ ဆွဲဆောင်လွန်းတဲ့ ခရစ်စမတ်မှာတော့ ပြောဖို့ အလိုဆုံးအချိန်ပေါ့။  ခရစ်တော် ပထမအကြိမ်      ကြွလာရာမှာ နှိမ့်ချစွာလာခဲ့တယ်။ ဒုတိယအကြိမ်ကတော့ တရားစီရင်ဖို့ ဖြစ်ပါတယ်။ ဒီအချက်ကို စဉ်စားရင်း "လောက  ဝမ်းမြောက် ဘုရားကြွလာလို့" "Joy to the world! the Lord is come" နှလုံးသားမှာ ဝမ်းမြောက်နိုင်ပါစေ။

Hymn Story သီချင်းသမိုင်း။

Isaac Watts ဟာ ကျန်းမာရေး ယို့ယွင်းလာတဲ့အတွက် တရားဟောတဲ့ အလုပ်ကို လျှော့ချလိုက်တယ်။ တခြားအလုပ်တခုအဖြစ် ဆာလံသီချင်းတွေကို ခရစ်ယာန်အမြင်နဲ့ ပြန်ရေးလိုက်တယ်။ အသက် ၄၅ နှစ်အရွယ်မှာ ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ ခြံထဲက သစ်ပင်ကြီးအောက်မှာ "Joy to the World" ဆိုတဲ့ နောင်မှာ နာမည်ကြီးလာမယ့် သီချင်းစာသားတွေကို ရေးခဲ့ပါတယ်။ သူ့ရဲ့ 1719 hymnal, Psalms of David ဆိုတဲ့ သီချင်းတွေဟာ ဓမ္မသစ် အသုံးအနှုံးတွေနဲ့ ရေးသားထားပြီး၊ မူလ သီချင်း စာသား ခေါင်းစဉ်ကတော့  "The Messiah's Coming and Kingdom" ဖြစ်ပါတယ်။

 Watts က "Joy to the World" ရေးရာမှာ ဆာလံ ၉၈ ရဲ့ "မြေကြီးသားအပေါင်းတို့  ...... ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ မြစ်တို့သည် လက်ခုပ်တီး၍ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ။ Shout for joy to the Lord all the earth, . . . Let the rivers clap their hands, let the mountains sing together for joy; let them sing before the Lord, for he comes to judge the earth." (vs. 4, 8) ကို အခြေခံခဲ့တယ်။

ဆာလံ ၉၈ ဟာ ဘုရားရဲ့ကွယ်ကာခြင်းနဲ့ ရွေးကောက်ထားသူတွေကို ပြန်လည် နေရာပေးတဲ့ အကြောင်း ဖွဲ့ဆိုထားတယ်။  Watts ရဲ့ သီချင်းကတော့ ဘုရားသားတော် လူ့ဇာတိခံခြင်းကြောင့် ရလာတဲ့ ကယ်တင်ခြင်းကို ချီးမွမ်းထားခြင်း ဖြစ်ပါတယ်။ ဆာလံရော၊ အခုသီချင်းပါ ခရစ်တော် ကြွလာခြင်းကို မြော်လင့်ပါတယ်။  "တရားစီရင်ခြင်းငှါ  ကြွလာတော်မူ၏။" " (v. 9)

"Joy to the World" မှာ တခြား ကျမ်းချက်တွေလည်း ပါပါတယ်။ ကမ္ဘာ ၃း ၁၇၊ ရောမ ၅း ၂၀ နဲ့ လုကာ ၂း ၁၀။ ဒါပေမယ့် မာရိ၊ ယောသပ်၊ သိုးထိန်းတွေ၊ ကောင်းကင်တမန်တွေ၊ ပညာရှိတွေ၊ နွားစာခွက်တွေ မပါပေမယ့်လူတွေ အနှစ်သက်ဆုံး ခရစ်စမတ် carol သီချင်းတပုဒ် ဖြစ်ပါတယ်။ ခရစ်တော် ဖွါးမြင်ခြင်းကို ကျင်းပကြတဲ့ ခရစ်စမတ်ကာလမှာ Watts ရဲ့ ဓမ္မတေးက ကာ်တင်ရှင် ကြွလာလို့ လူတွေ ဝမ်းမြောက်ရတာကို လှလှပပ ပုံဖေါ်ထားပါတယ်။
## https://songsandhymns.org/ မှ

Thursday, November 20, 2014

Charles Spurgeon ရဲ့ ထူးခြားချက် ၈ ခု

Eight Glimpses of the Genius of Charles Spurgeon by J. J. Brown


 Charles Spurgeon ရဲ့ ထူးခြားချက် ၈ ခု

(ဒီဆောင်းပါးရေးသူ J. J. Brown ဟာ Spurgeon's College Council မှာ Chairman ဖြစ်ခဲ့ဖူးသလို၊ Spurgeon's College (London) မှာ Secretary လည်းဖြစ်ပါတယ်။  Spurgeon ခေတ်ရဲ့ စာရွက်စာတမ်း အထောက်အထားတွေ၊ အမှတ်တရ ပစ္စည်းတွေ သိမ်းဆည်းထားတဲ့  Spurgeon's College Archives ပြတိုက်မှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်။)


# ၁- His Spiritual Depth ဝိညာဉ်ရေး ရင့်ကျက်နက်ရှိုင်းမှု

ဝိညာဉ်တော်ကို လုံးဝအမှီပြုသူ ဖြစ်တယ်။ — "သခင်ယေရှုကတိပေးထားတဲ့ ဝိညာဉ်တော်ကို မရရင်၊ သခင်ယေရှုခိုင်းတဲ့ အလုပ်ကိုလည်း လုပ်နိုင်မှာ မဟုတ်ဘူး။" ဘုရားကို ရိုးရိုးကလေး ယုံကြည် အားကိုးတတ်သူဆိုတော့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ ဘဝရဲ့ လိုအက်မှုတွေကို ဆုတောင်းပြီးတော့ ဖြေရှင်းခဲ့တယ်။ "ကျွန်တော့ဘဝမှာ ဆုတောင်းတာဟာ အဆုပ်က အသက်ရှုနေသလိုပဲ မတောင်း မနေရ သဘောမျိုး ဖြစ်လာတယ်။" လို့ဆိုတယ်။
 

#၂ - His Preaching Power ဟောပြောနိုင်စွမ်း

သူ့ကို "the greatest preacher in an age of great preachers." “တရားဟောဆရာကောင်းတွေ ပေါ်ထွန်းတဲ့ခေတ်ရဲ့ အကောင်းဆုံးဆရာ” လို့ ပြောကြတယ်။ အသက်က ၁၇ နှစ်ပဲ ရှိသေးတယ်။ Cambridgeshire မှာရှိတဲ့ ဘုရားကျောင်းတွေဆီ လူတွေ ရာနဲ့ချီပြီး ရောက်လာစေခဲ့ပြီ။ ၁၉ နှစ် အရွယ်မှာတော့ လန်ဒန်မှာရှိတဲ့ သူ့အသင်းတော်ကို လူတွေ ထောင်ချီပြီး ပါဝင်လာကြတယ်။ ကျမ်းစာကို ရိုးရိုးရှင်းရှင်း၊ မှတ်မိလွယ်တဲ့စကားနဲ့ ခေါင်းလောင်းထိုးသလို ဟောလိုက်တဲ့အခါ ပရိတ်သတ်ကလည်း တခါတည်း စွဲထင်သွားတော့တာပါပဲ။

 သူ့တရားက သင်းအုပ်အလုပ်နဲ့ ပရဟိတ ကူညီစောင့်ရှောက်မှုအလုပ်တွေနဲ့ ပတ်စည်းထားတာပါ။ သူဟောတဲ့ တရားတွေထဲမှာ အကောင်းဆုံးတရားကတော့ ကလေး ၅၀၀ ရှိတဲ့ Stockwell Orphanage ဆိုတဲ့ မိဘမဲ့ကလေးကျောင်း ပဲလို့ ပြောစမှတ်ပြုကြတယ်။
 

#၃ - His Uncompromising Stance မရွေ့လျော့တဲ့ ရပ်တည်မှု

ဟောတဲ့ဆရာက သူ့တရားသူ မသေချာသေးရင် သေချာသည့်အထိ တိတ်တိတ်နေခိုင်းလိုက်ပါဦး။” လို့ဆိုတယ်။ ကျမ်းစာဆိုတာ ပြောပြရှင်းပြဖို့သာ ဖြစ်တယ်။ ဝေဖန်လေကန်ဖို့ မဟုတ်ဘူး။ ကယ်တင်ခြင်းဆိုတာ ပြောပြဖို့သာ ဖြစ်တယ်။ စကားနိုင်လုဖို့ မဟုတ်ဘူး။ ပြတ်သားတဲ့ သူ့စကားက ပြသနာများစွာကို ပြေလည်စေတယ်။ ဒါပေမယ့် သူက ခိုင်ခိုင်မာမာရပ်တည်တယ်။ သိသိကြီးနဲ့ မဖေါက်ပြန်ဘူး။ 

#၄ - His Reading Talent စာဖတ်စွမ်းရည်


သူ့ရဲ့ကလေးဘဝ ကစားစရာဆိုတာ စာအုပ်တွေပါပဲ။ ငယ်ငယ်ကလေးတည်းက စာတွေ
 မြန်မြန်ဆန်ဆန် ဖတ်တတ်အောင် သင်ယူခဲ့တယ်။ သာမန် ၆ အုပ်လောက်ကို တထိုင်တည်း ဖတ်လာနိုင်တယ်။ စာအုပ်ထူထူ ခပ်များများကို တပတ်နဲ့ ပြီးအောင်ဖတ်နိုင်တယ်။ ကွန်ပြူတာလို အတော်ကောင်းတဲ့ မှတ်ဉာဏ်က တရားဒေသနာပြင်ဖို့၊ သင်ခန်းစာပြင်ဖို့၊ စာအုပ်တွေရေးဖို့ သိပ်အသုံးကျပါတယ်။ Spurgeon ရဲ့ The Sword and the Trowel မဂ္ဂဇင်းထဲမှာ စာအုပ်အများကြီးကို ဝေဖန်ပြတဲ့ သူကိုယ်တိုင်ရေးတဲ့ဆောင်းပါးတွေ ပါလေ့ရှိပါတယ်။ အဲဒီမှာ သူ့ရဲ့ တတ်ကျွမ်းတဲ့ အစွမ်းအစကို မြင်ရနိုင်ပါတယ်။

#၅ - His Generous Giving ရက်ရက်ရောရော ပေးကမ်းမှု

သူ့ကိုယ်ပိုင် ငွေကြေးအများစုဟာ သူ့ကောလိပ်ကျောင်း၊ သူ့မိဘမဲ့ကလေးကျောင်းနဲ့ သူတည်ထောင်တဲ့ တခြားလုပ်ငန်းတွေအတွက်ပဲ သုံးစွဲခဲ့ပါတယ်။ ဒီအပြင် လူအများကြီးကိုလည်း တဦးချင်းစီ ကူညီခဲ့သေးတယ်။


#၆ - His Evangelistic Passion ဧဝံဂေလိ စိတ်ထက်သန်မှု

“လူတယောက်ရဲ့ ဝိညာဉ်ကို ဝယ်လို့ရနိုင်မယ့် စည်းစိမ်တွေသာရှိရင်၊ အကုန်ပေးပြီး ဝယ်လိုက်ချင်တယ်။ ခရစ်တော်ထံ ပို့ပေးဖို့ပါ။” အစောပိုင်း သူထုတ်တဲ့ တရားဒေသနာ စာအုပ်တွေရဲ့ ရှေ့ဖုံးမှာ အဆိပ်သင့်နေသူတွေ အသက်ချမ်းသာရဖို့ မောရှေက ကြေးဝါမြွေရုပ်ကို ထောင်ပြထားတဲ့ ပုံပါလေ့ရှိတယ်။  အဲဒီပုံလေးရဲ့ ပတ်လည်မှာ ခရစ်တော်နဲ့ သူ့ရဲ့ကားတိုင် အကြောင်းကို ဟောပြောတယ်။” ဆိုတဲ့ စာသားပါလေ့ရှိပါတယ်။ ဒါက သူကယ်တင်ခြင်းရတုန်းက ခရစ်တော်ကို မြော်ကြည့်ခဲ့တာကို သတိရလို့ ဖြစ်ပါတယ်။ သူ့လုပ်ခဲ့သမျှ အလုပ်အားလုံးဟာ သူရဲ့ကယ်တင်ရှင်ကို လူတွေမြင်လာစေဖို့ ရည်ရွယ်ထားတယ်။ သူ့ကျမ်းစာကျောင်းကိုလည်း ဧဝံဂေလိဆရာတွေ၊ သင်းအုပ်ဆရာတွေ ပေါ်ပေါက်လာဖို့ တည်ထောင်ခဲ့တာပါ။   


#၇ - His Observant Faculties လေ့လာစူစမ်းနိုင်စွမ်း

သူ့ပတ်ဝန်းကျင်က မြင်ရတွေ့ရသမျှကို မျက်လုံးဖွင့်ထားတယ်။ ကြားရသမျှကို နားစွင့်ထားတယ်။ သူ့တရားအများစုက သူမြင်သမျှ၊ ကြားသမျှတွေနဲ့ စိတ်ဝင်းစားစရာ ကောင်းနေတယ်။ ကလေးဘဝ အချိန်အတော်ကြာ သူကျင်လည်ခဲ့ဖူးတဲ့ တောဒေသဟာ သူ့အတွေး၊ သူ့ဟောပြောမှုတွေကို ချယ်မှုန်းပေးနေတယ်။ "John Ploughman" ဆိုတဲ့ ဇာတ်ကောင်ကို သူဖန်းတီးပြီး၊ "Farm Sermons" ဆိုတဲ့ တောအရပ်အကြောင်း ဒေသနာတွေ အတွဲလိုက် ဟောပြောခဲ့တယ်။ သူက လူ့သဘာဝကိုလည်း ကြည့်တတ်ဝေဖန်တတ်၊ လေ့လာနည်းယူတတ်သူ တယောက်ဖြစ်တယ်။ သူ့ကျမ်းစာကျောင်းသားတွေကို စကားပြောကြည့်၊ မေးမြန်းကြည့်ရင်းနဲ့လည်း အသိအမြင် ထက်မြက်လာတယ်။ လူတွေရဲ့ လိုအပ်ချက်တွေကို မြင်တယ်။ လက်တွေ့ကူညီလိုက်ဖို့လည်း လက်မနှေးသူ ဖြစ်တယ်။
 

#၈ - His Nonconformist Mould အဆောင်အယောင်မမက်တဲ့ မိဘမျိုးရိုး

သူ့ဘိုးဘေးတချို့က ဘာသာရေးလွတ်လပ်ခွင့်အတွက် အညှင်းပန်းခံခဲ့ရသူတွေပါ။ အဖေနဲ့ အဖိုးက Independent (Congregationalist) အမှုတော်ဆောင်တွေပါ။ သူတို့အသင်းတော်တွေက အစိုးရလက်အောက်ခံမဟုတ်တဲ့ ကိုယ်ထူကို်ထ၊ ကိုယ်ပိုင်အုပ်ချုပ်တဲ့အသင်းတော်တွေ ဖြစ်ခဲ့တယ်။ Spurgeon ရဲ့ အစဉ်အလာမလိုက်ဘဲ ထူးခြားတဲ့အချက်ကတော့ သင်းအုပ်ဝတ်ရုံ မဝတ်၊ ဘွဲ့နာမတွေ မတတ်တာပဲ ဖြစ်တယ်။  တရားဟောဖို့ စဉ်မြင့် platform ကို မသုံးဘဲ တရားဟောစဉ် pulpit ကို ပြောင်းသုံးတယ်။ လောကီနေရာတွေမှာ တရားဟောဖို့ မကြိုက်တတ်ဘူး။ သူ့တရားတွေကို အပတ်စဉ်တိုင်း ထုတ်ဝေခဲ့တာ ၁၈၅၅ ကနေ၊ သူသေဆုံးတဲ့ ၁၈၉၂ မတိုင်ခင် အထိပါပဲ။ (အရင်က မထုတ်ဝေဖြစ်ခဲ့တဲ့ တနင်္ဂနွေနဲ့ ကြာသပတေး တရားဒေသနာတွေကိုတော့ ၁၉၁၇ အထိ အပတ်စဉ် ထုတ်ဝေခဲ့တာ၊ ပထမကမ္ဘာစစ် ဖြစ်တော့မှ ရပ်သွားပါတော့တယ်။

Conclusion နိဂုံး

ငုပ်နေတဲ့ သူ့အစွမ်းအစတွေဟာ သန့်ရှင်းသော ဝိညာဉ်တော်က အစွမ်းမြှင့်တင်ပေးတဲ့အတွက် Spurgeon ကို ထူးခြားတဲ့သူတယောက်အဖြစ် ပေါ်ထွန်းစေတယ်။ သူ့အသံ၊ စကားအသုံးအနှုံး နိုင်နင်းမှု၊ နှစ်လိုဖွယ်ဟန်ပန်၊ သိတတ်မြင်တတ် နားလည်ပေးတတ်မှု၊ စိတ်ကူးစိတ်သန်း ကောင်းခြင်း၊ ကြင်နာတတ်ခြင်း၊ ဉာဏ်ထက်မြက်ခြင်းတွေဟာ သူ့သခင် ကယ်တင်ရှင်အတွက် အားလုံး အသုံးပြုခဲ့တယ်။ သူ့ ကျမ်းစာကောလိပ်၊ မိဘမဲ့ကလေးကျောင်း၊ သူ့အသင်းတော်နဲ့ ထုတ်ဝေခဲ့တဲ့ တရားဒေသနာတွေ၊ စာအုပ်တွေအားဖြင့် စပါဂျင် Spurgeon ဟာ “သေလွန်သော်လည်း တရားဟောနေပါသေးတယ်။”

ကဲ ... သူ့စာဖတ်ရင်း သူ့အသံ နားထောင်ကြည့်ပါဦး။

Through his College, his Child Care Charity, his churches, his printed sermons and published books...

"He being dead yet speaketh." Listen for his word through the book you hold in your hand.

J. J. BROWN is the author of The Adventures of Charles,

an excellent new children's biography about C. H. Spurgeon (Pilgrim Publications).

ခေတ်မှီနေတဲ့ တရားစကား
A Message For Today
by Dr. Raymond Brown — Former Principal, Spurgeon's College

ဆရာကြီး စပါဂျင်ရဲ့ တရားဒေသနာတွေက ဒီကနေ့ခေတ်အထိ ခေတ်စားနေတုန်းလို့ သိရတာ ဝမ်းသာစရာပါ။ တကယ်လည်း ကောင်းတဲ့ အနက်ဖွင့် တရားဒေသနာတွေ ဖြစ်ပါတယ်။
# Spurgeon ရဲ့ တရားဒေသနာတွေက are so utterly BIBLICAL ဖြစ်တယ်။ လုံးဝ ကျမ်းစာနဲ့ညီတယ်။ ကျမ်းစာအတိုင်းကို သူသိစေချင်တယ်။ ကျမ်းစာကို ကျမ်းစာနဲ့ပဲ အနက်ဖွင့်တာ တွေ့ရတယ်။ English Puritan tradition အမွေကို ကောင်းကောင်းရတဲ့သူဖြစ်တဲ့အတွက် ကျမ်းစာကပြောတဲ့အတိုင်းကို ရှင်းရှင်းလင်းလင်း နက်နက်ရှိုင်းရှိုင်း သူသိစေချင်တယ်။

# Spurgeon ရဲ့ တရားဒေသနာတွေက so utterly CHRISTOCENTRIC  ဖြစ်တယ်။ ခရစ်တော်ကို လုံးဝ ဦးထိပ်ထားတယ်။ ခရစ်တော်ကို သူချီးမြှောက်တယ်။ ခရစ်တော်နဲ့ သူ့လက်ရာကို အာရုံစိုက်တယ်။ အရေးမကြီးတာ၊ အဓိကမကျတာကို သူစိတ်မဝင်စားဘူး။ သူ့စာဖတ်လိုက်ရင် ကယ်တင်ရှင်ကို မျက်ဝါးထင်ထင် မြင်လာရတယ်။

# Spurgeon ရဲ့ တရားဒေသနာတွေက so utterly RELEVANT  ဖြစ်တယ်။ လုံးဝခေတ်မှီတယ်။ သူ့စာဖတ်ရင် ရှေးခေတ်ကို ပြန်ရောက်မသွားဘူး။ ခေတ်မမှီတော့တာတွေကို လေ့လာသလို ဖြစ်မသွားဘူး။ လူ့ဘဝဒုက္ခတွေကို ကောင်းကောင်းနားလည်ရင်းနဲ့ မြော်လင့်ခြင်း အစစ်အမှန်ကိုလည်း ဒီခေတ်လူတွေကို ပေးနိုင်တယ်။

သူ့စာတွေကို ဖတ်ရင် အလကားတော့ ဖြစ်မသွားဘူး။ သူ့စာတွေကို သေသေချာချာ လေ့လာရင် စိတ်ကူးညဏ် ထက်သန်လာမယ်။ သူ့စာတွေ ရှင်သန်နေတယ်ဆိုတာ ဝမ်းသာစရာပါ။

— Brown's comments here are from the Jacket Cover for MTP Vol 49, Year 1903

Monday, August 4, 2014

Charles Spurgeon အကြောင်း

   Did You Know?
    by  Eric W. Hayden,
former pastor of Metropolitan Tabernacle, London
From Christian History Magazine, Issue 29, pp. 2-3.
Copyright © 1991 by CHRISTIAN HISTORY.
1. Charles Haddon Spurgeon ဟာ သမိုင်းတလျှောက်လုံးမှာ လူဖတ်အများဆုံး တရားဟောဆရာ ဖြစ်တယ်။ ဒီနေ့ခေတ်မှာ တခြားခရစ်ယာန်ဆရာတွေရဲ့ စာအုပ်တွေထက် သူ့စာအုပ်တွေ ပိုပြီးရှာလို့ ရလွယ်တယ်။

 2. Spurgeon  ရဲ့ တရားတပုဒ်ထဲက စာရွက်ကလေးတရွက်ကို ဖတ်မိတာနဲ့ အမျိုးသမီး တယောက် ပြောင်းလဲခဲ့တယ်။ ဒီစာရွက်က သူဝယ်တဲ့ ထောပတ်ပုလင်းကို ပတ်ထားတဲ့ စက္ကူပါ။

3. Spurgeon ဟာ The Pilgrim's Progress စာအုပ်ကို ၆ နှစ်သားအရွယ်ကတည်းက ဖတ်ခဲ့ပြီး၊ အကြိမ် ၁၀၀ ကျော် ဖတ်ခဲ့တယ်။

4.  The New Park Street Pulpit and The Metropolitan Tabernacle Pulpit— ဆိုတဲ့ သူအမှုတော်ဆောင်စဉ်မှာ ဟောတဲ့တရားတွေက ၆၃ တွဲ ရှိတယ်။ အဲဒီတရားတွေမှာ ပါတဲ့ စာလုံးရေ ၂၀-၂၅ သန်းဟာ အတွဲ ၂၇ တွဲပါတဲ့ ၉ ကြိမ်မြောက်တည်းဖြတ်ထုတ်တွေတဲ့ Encyclopedia Britannica နဲ့ ညီမျှတယ်။ သူ့ရဲ့အဲဒီစာအုပ်တွဲဟာ ခရစ်ယာန်သမိုင်း တလျှောက်မှာ စာရေးဆရာ တယောက်တည်းရေးတဲ့ စာအုပ်တွေထဲမှာ အရှည်လျားဆုံး စာအုပ်တွဲ ဖြစ်တယ်။

5.  Spurgeon ရဲ့ အမေမှာ သားသမီး ၁၇ ယောက် ရှိပြီး၊ ၉ ယောက်က ကလေးဘဝမှာပဲ ဆုံးပါးကြတယ်။

6.  Charles Spurgeon အသက် ၁၀ အရွယ်မှာ လာလည်တဲ့ သာသနာပြုဆရာ Richard Knill  က ပြောဖူးတယ်။ Spurgeon ဟာ တနေ့သောအခါ လူထောင်ပေါင်းများစွာကို တရားဟောမယ်။ လန်ဒန်မှာရှိတဲ့ ခွဲထွက်လာတဲ့ အသင်းတော်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ Rowland Hill's chapel မှာ တရားဟောရမယ်လို့ ဆိုဖူးပါတယ်။ ဒီစကားအတိုင်း ဖြစ်လာခဲ့တယ်။

7. Spurgeon ကောလိပ်ကျောင်းဝင်ခွင့် မရခဲ့ပါဘူး။ ဝန်ထမ်းအမျိုးသမီးငယ်က အခန်းမှား ပြမိတဲ့အတွက် သူ့ကို အင်တာဗျူးဖို့ စောင့်နေတဲ့ ကျောင်းအုပ်ကြီးနဲ့ လွဲသွားရတယ်။ (နောက်ပိုင်းမှာတော့ ဘုရားသခင်က သူ့ကို “ကြီးစွာသောအရာတို့ကို ကိုယ့်အဖို့ ရှာသလော။ မရှာနှင့်။” လို့ ပြောသလို ခံစားရတဲ့အတွက် နောက်ထပ်ပြန်မလျှောက်တော့ဘူး။)

8. Spurgeon ရဲ့ကိုယ်ပိုင် စာကြည့်တိုက်ဟာစာအုပ်အတွဲပေါင်း ၁၂,၀၀၀ ရှိတယ်။ အုပ်ရေ ၁,၀၀၀ က ၁,၇၀၀ မတိုင်ခင်က ပုံနှိပ်တဲ့စာအုပ်တွေပါ။ အဲဒီစာကြည့်တိုက်ရဲ့ ၅,၁၀၃ အုပ်ကို လေလံတင်ကာစမှာ William Jewell College in Liberty, Missouri မှာ ထားတယ်။ နောက်ပိုင်း ၂၀၀၆ ခုနှစ်မှာ Midwestern Baptist Theological College & Seminary ကို ပြောင်းရွှေ့ခဲ့တယ်။

9. အသက် ၂၀ မတိုင်မှာ တရားအကြိမ် ၆၀၀ ဟောပြီးပြီ။

10. Spurgeon တရားဟောရာကို ဝန်ကြီးချုပ် W. E. Gladstone, တော်ဝင်မိသားစုများ၊ ပါလီမန်အမတ်များ၊ စာရေးဆရာ John Ruskin ၊ Florence Nightingale နဲ့ နောင်မှာ အမေရိကန်သမတ ဖြစ်လာမယ့် ဗိုလ်ချုပ် James Garfield တို့ လာခဲ့ဖူးတယ်။

11.  New Park Street Church အသင်းတော်က  Spurgeon ကို ၆လ အစမ်းခန့်ဖို့ ဖိတ်ခေါ်တယ်။ ဒါပေမယ့် သူက ၃လ ပဲလာမယ်။ “ပရိတ်သတ်မကြိုက်ပဲနေမယ်၊ အရှုပ်မဖြစ်ချင်ဘူး။” လို့ တောင်းဆိုခဲ့တယ်။

12. ၁၈၅၄ ခုနှစ် New Park Street Church အသင်းတော်ကို ရောက်ချိန်မှာတော့ အသင်းသား ၂၃၂ ယောက်ရှိပါတယ်။ ၃၈ နှစ်အကြာ သူ့သက်တမ်းအဆုံးမှာတော့ ၅,၃၁၁ အထိ တိုးပွါးခဲ့တယ်။ သူ့သက်တမ်းအတွင်း လူပေါင်း ၁၄,၄၆၀ ယောက် အသင်းတော်မှာ ပါဝင်လာကြတယ်။ အသင်းတော်ကလည်း ကမ္ဘာအကြီးဆုံး Independent အသင်းတော်ဖြစ်သွားခဲ့တယ်။

13.  Spurgeon ဟာ တပတ်ကို ၆ အုပ်လောက်ဖတ်နိုင်ပြီး၊ ဖတ်ပြီးသမျှကိုလည်း နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ မှတ်မိနေတတ်တယ်။

14.  Spurgeon ဟာ ပရိသတ် ၂၃,၆၅၄ ယောက်ကို မိုက်ခရိုဖုန်းမပါ၊ အသံချဲ့စက်မပါဘဲ ဟောပြောခဲ့တယ်။

15. Spurgeon ဟာ pastors' college ကိုစတင်တည်ထောင်ခဲ့ပြီး၊ သူ့သက်တမ်းအတွင်း ကျောင်းသား ၉၀၀ ကို သင်ပြခဲ့တယ်။ အခုထိလည်း ဆက်တိုးပွါးနေဆဲပါ။

16. ၁၈၆၅ ခုနှစ်မှာ Spurgeon ရဲ့ တရားဒေသနာပေါင်း ၂၅,၀၀၀ ကို အပတ်စဉ် ရောင်းချရတယ်။ အဲဒီတရားတွေကို ဘာသာစကား ၂၀ ကျော်နဲ့ ဘာသာပြန်ခဲ့ရတယ်။

17. Spurgeon ရဲ့ စာအုပ် အနည်းဆုံး ၃ အုပ်လောက်ဟာ (အတွဲများစွာပါဝင်တဲ့ Metropolitan Tabernacle Pulpit series အပါအဝင်) အုပ်ရေ ၁,၀၀၀,၀၀၀ ကျော် ရောင်းရတယ်။ အဲဒီထဲက တအုပ်ကတော့ Moody Press က ပွဲဦးထွက်စာအုပ်အဖြစ် ထုတ်တဲ့ All of Grace စာအုပ်ဖြစ်တယ်။ အခုထိလည်း ရောင်းရအကောင်းဆုံး စာရင်းဝင်နေဆဲပါပဲ။

18. Spurgeon ဟာ သူ့သက်တမ်းအတွင်းမှာ လူပေါင်း ၁၀,၀၀၀,၀၀၀ (သိန်း ၁၀၀) ခန့်ကို တရားဟောခဲ့တယ်။

19. Spurgeon ဟာ သူတရားဟောနေတုန်း အတွေးစ ၈ မျိုးလောက် တပြိုင်နက်တည်း ရခဲ့တယ်လို့ ဆိုဖူးတယ်။

20. Spurgeon က Agricultural Hall မှာ လျှပ်စစ်မဲ့ တူရိယာတွေကို အသံစမ်းနေတုန်း “ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။” လို့ အော်လိုက်တယ်။ အဲဒီခန်းမရဲ့ ထုတ်တန်းပေါ်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတယောက်က ကြားပြီး၊ ခရစ်တော်ကို ရရှိခဲ့တယ်။

21. Spurgeon ရဲ့ဇနီး Susannah Thompson ဟာ အသက် ၃၃ နှစ်အရွယ်မှာ မကျန်းမမာ ဖြစ်နေခဲ့ပြီး၊ ခင်ပွန်းသည် တရားဟောရာကို လာရောက်နိုင်လေ့ သိပ်မရှိခဲ့ဘူး။

22. Spurgeon ဟာ ဆာလံကျမ်းကို နှစ်ပေါင်း ၂၀ လေ့လာခဲ့ပြီး၊ ဆာလံကျမ်းအနက်ဖွင့်  The Treasury of David ကို ရေးသားခဲ့ပါတယ်။ (ဒါက ဆာလံကျမ်းကို ၁ မှ ၁၅၀ ထိ အနက်ဖွင့်ထားတဲ့ ကျမ်းဖြစ်တယ်။)

23. Spurgeon ဟာ သူ့အသင်းတော်ရဲ့ ဘုရားကျောင်း The Metropolitan Tabernacle ကို ဂရိလက်ရာများနဲ့ ဆောက်လုပ်ဖို့ တိုက်တွန်းခဲ့တယ်။ အကြောင်းကတော့ ဓမ္မသစ်ကျမ်းကို ဂရိစကားနဲ့ ရေးထားလို့ပါ။ ဒီဆုံးဖြတ်ချက်ဟာ ကမ္ဘာတဝှန်းက ဘုရားကျောင်းလက်ရာတွေအပေါ် လွမ်းမိုးခဲ့တယ်။ 

24. Spurgeon ရဲ့ တနင်္ဂနွေနေ့ မနက်ဟောမယ့်တရားဟာ စနေညမရောက်မချင်း ရွေးပြီးလေ့ မရှိသေးပါဘူး။

25. Spurgeon ရဲ့  တရားဒေသနာအတွက် တရားဟောစဉ်မြင့်ရှိရာကို မှတ်စုစာရွက် တမျက်နှာထက် ပိုယူသွားလေ့ မရှိဘူး။ ဒါပေမယ့် တမိနစ်ကို စကားလုံး ၁၄၀ နှုန်းနဲ့ မိနစ် ၄၀ လောက် ဟောပြောတယ်။

26. Spurgeon ဟာ တခါတည်းပဲ သင်းအုပ်ဝတ်ရုံကို ဝတ်ဖူးတယ်။ အဲဒီအချိန်က ဂျနီဗာကို ရောက်တုန်း၊ ဂျွန်း၊ ကယ်လ်ဗင်းရဲ့ တရားဟောစဉ်မြင့်မှာ တရားဟောတုန်းက ဖြစ်တယ်။

27. Spurgeon ဟာ ဖိတ်ခေါ်တာတွေထဲက တချို့ကို လက်ခံရင်းနဲ့ တပတ်ကို ၁၀ ကြိမ် တရားဟောရတယ်။ 

28. Spurgeon ဟာ တရုတ်ပြည်ကို သာသနာပြုတဲ့ Hudson Taylor နဲ့ မကြာခဏ တွေ့ဆုံတတ်သလို၊ မိဘမဲ့ကလေးကျောင်း တည်ထောင်တဲ့ George Muller နဲ့လည်း မကြာခဏ တွေ့ဆုံတတ်တယ်။ 

29. Spurgeon မှာ အမွှာညီအကို သားနှစ်ယောက် ရှိတယ်။ နှစ်ယောက်လုံး တရားဟောဆရာတွေ ဖြစ်လာတယ်။ Thomas က သူ့အဖေရဲ့ နေရာမှာ Tabernacle ရဲ့ သင်းအုပ်အဖြစ်ဆက်ခံတယ်။ Charles, Jr. က ဖခင်တည်ထောင်ခဲ့တဲ့ မိဘမဲ့ကလေးကျောင်းကို ဆက်လက်ဦးစီးတယ်။

30.  Spurgeon ရဲ့ဇနီး Susannah က သူ့ကို Tirshatha လို့ခေါ်တယ်။ (ပါရှင်းအင်ပါယာ လက်အောက်က ယုဒလူမျိုး ဘုရင်ခံတပါးရဲ့ နာမည်ပါ။ “ကြီးမြတ်သော” လို့ ဆိုလိုတယ်။)

31. Spurgeon ဟာ တနေ့ကို ၁၈ နာရီ အလုပ်လုပ်ပါတယ်။ ထင်ရှား စွန့်စားတဲ့ သာသနာပြုဆရာ David Livingstone က သူ့ကို  တခါက မေးဖူးပါတယ်။ “တနေ့တည်း  လူ ၂ယောက်စာ အလုပ်လုပ်ဖို့ ဘယ်လိုများ စီစဉ်သလဲ? “ကျွန်တော်တို့ဟာ ၂ ယောက်ဆိုတာ ဆရာမေ့နေတာကိုး။” လို့ Spurgeon က ပြန်ဖြေတယ်။

32.  Spurgeon က ကျွန်စနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လွန်းတဲ့အတွက် အမေရိကန် ထုတ်ဝေသူတွေပင် သူ့တရားတွေမှာ ဝေဖန်မှုတချို့ကို ဖြုတ်ပယ်စပြုခဲ့ကြတယ်။

33. Spurgeon က လူသစ်တွေ နေရာရဖို့ သူ့အသင်းသားတွေကို နောက်တပတ်တနင်္ဂနွေမှာ ဘုရားကျောင်းမတက်ဖို့ တခါတရံ ပြောရတတ်တယ်။ ၁၈၉၇ ခုနှစ်ရဲ့ တခုသော ဝတ်ပြု စည်းဝေးမှာတော့ ပါဝင်နေကျ အသင်းသားတွေဟာ လူသစ်တွေ အထဲဝင်နိုင်ဖို့၊ လာနေကျ အသင်းသားတွေက အပြင်ထွက်ပေးကြရတယ်။ ဘုရားကျောင်း ချက်ချင်းပြန်ပြီး လူပြည့်ပြန်တယ်။

Saturday, August 2, 2014

Charles H. Spurgeon ... The Prince of Preachers

English Nonconformist ဖြစ်ပြီး၊ Kelvedon, Essex မှာ ၁၈၃၄၊ ဇွန်လ ၁၉ ရက်မှာ မွေးဖွါးတယ်။ သူ့အဖိုးဟာ Essex က သင်းအုပ်ဖြစ်ပြီး၊ အဖေ John Spurgeon က Upper Street, Islington မှာနေတဲ့ Independent အမှုတော်ဆောင်ပါ။ Charles Spurgeon က ခရစ်တော်ထံ သူသိမြင်လာပုံကို အခုလို ကိုယ်တိုင်မှတ်တမ်း ရေးထားခဲ့တယ်။

Charles Haddon Spurgeon
1834- 1892

Spurgeon ခရစ်တော်ကို သိလာရပုံ

ကလေးဘဝမှာ စိတ်ရှုပ်ထွေးနေတာ ၅ နှစ်လောက်ကြာပြီ။  ဘုရားသခင်ရဲ့ တရားတော်ကို  ကြောက်ရွံ့နေတဲ့သူတိုင်းကို ကိုယ်ချင်းစာတယ်။ သနားမိတယ်။ Bunyan ရဲ့ "Grace Abounding" အကြောင်းအရာတွေက ကျွန်တော့ဘဝ လိုလို ဖြစ်နေတယ်။ ကျွန်တော် မကြုံဖူးတာတွေ သူကြုံရသလို၊ သူမကြုံဖူးတာတွေလည်း ကျွန်တော် ကြုံရတယ်။

         ဘဝက မဲမှောင်နေသလို ခံစားရတယ်။ ဘုရားမကြိုက်တာတွေ လုပ်မိလို့ မြော်လင့်ချက်မဲ့နေတယ်။ ဆုတောင်းတယ်။ အဖြေမရဘူး။ ကျမ်းစာဖတ်တယ်။ တွေ့တဲ့ ဂတိတော်တွေက ကြောက်စရာ ဆိုတာထက်တောင် ထိတ်လန့်စရာကောင်းနေတယ်။ ဘုရားအသုံးပြုတဲ့ သူတွေအကြောင်း ဖတ်တယ်။ ဒါပေမယ့် သူတို့နဲ့ ကျွန်တော်ဘဝက ဘာမှမဆိုင်ဘူး ဖြစ်နေတယ်။ စိတ်ညစ်တဲ့ အကြောင်းရင်းက ကယ်တင်ခြင်းအကြောင်း မသိတာပါ။ ခရစ်ယာန်တိုင်းပြည်မှာနေတယ်။ မိဘတွေကလည်း ခရစ်ယာန်ပါ။ ဒါပေမယ့် ကယ်တင်ခြင်းကို ကောင်းကောင်း၊ ရှင်းရှင်း မသိဘူး။ အခမဲ့ ရတယ်ဆိုတာလည်း မသိဘူး။

         မြို့ထဲက ဘုရားကျောင်းမှန်သမျှ အကုန်တက်ကြည့်တယ်။ ဒါပေမယ့် ကယ်တင်းခြင်း အကြောင်း  ကောင်းကောင်း မဟောကြဘူး။ သူတို့ကိုတော့ အပြစ်မတင်ချင်ဘူး။ ဆရာတယောက်က ဘုရားသခင် ကြီးမြတ်ကြောင်း ဟောတယ်။  စိတ်ဝင်တစား နားထောင်မိတယ်။ ဒါပေမယ့် အပြစ်ရှိသူတယောက် ကယ်တင်ခြင်းရချင်နေတာကို သူ့တရားက ဘာလာလုပ်ပေးနိုင်ပါ့မလဲ?  တခြားဆရာတယောက်က လေးစားစရာကောင်းတယ်။ သူက ပညတ်တော်အကြောင်းပဲ အမြဲတမ်းဟောတယ်။ ဒါပေမယ့် မျိုးကြဲစေချင်တဲ့ နှလုံးသားကို သူက ထွန်ပဲထွန်နေတော့ ဘာလုပ်မလဲ? တခြားဆရာတယောက်ကတော့ လက်တွေ့ကျတယ်။ ဒါပေမယ့် သူဟောတာ နားထောင်တော့ ခြေထောက်မရှိတဲ့ လူတစုကို စစ်ချီဖို့ အမိန့်ပေးနေတာနဲ့ အတော် တူနေတယ်။ ဘယ်လိုလုပ်မလဲ? သူတက်တက်ကြွကြွ နိုးဆော်နေလည်း ကျွန်တော့အတွက်က အလကားပဲ။ “သခင်ယေရှုကို ယုံကြည်လော့။ သို့ပြုလျှင် သင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် ကျွန်တော်က ခရစ်တော်မှာ ဘယ်အချက်ကို ယုံရမလဲ မသိခဲ့ဘူး။

         တခါတလေ တွေးမိတယ်။ ဘုရားသခင်ကောင်းမြတ်လို့ တနင်္ဂနွေ တမနက်မှာ နှင်းမုန်တိုင်းတွေ မလွှတ်ခဲ့ရင် ကျွန်တော့ဘဝ မှောင်နေတုန်း၊ အခုထိ စိတ်ပျက်နေတုန်း ဖြစ်နေမှာပဲ။ အဲဒီတုန်းက ဘုရားရှစ်ခိုးကျောင်းကို သွားနေတယ်။ ဆက်ပြီး ဝေးဝေး မသွားနိုင်တော့တဲ့အခါ လမ်းချိုးတခုမှာရှိတဲ့ Primitive မက်သဒစ် ဘုရားကျောင်းကလေးဖက် သွားလိုက်တယ်။ အဲဒီမှာ လူက တဒါဇင် (သို့) ၁၅ ယောက်လောက်ပဲရှိတယ်။ သူတို့ဆရာက အဲဒီမနက်က မလာဘူး။ ကျွန်တော့အထင်တော့ သူက နှင်းမုန်းတိုင်းမိနေတာ။ ဆင်းရဲသားတယောက်_ ဖိနပ်ချုပ်သမားလို၊ စက်ချုပ်သမားလို လူတယောက် တရားတက်ဟောသွားတယ်။

         အင်း၊ ဆရာဆိုတာတော့ ကျောင်းဆင်းတယောက် ဖြစ်သင့်တာပေါ့နှော်။ ဒါပေမယ့် အဲဒီလူက ဘာကျောင်းမှ မတက်ဖူးတဲ့သူ။ သူ့ကျမ်းစာချက်တချက်ကလွဲလို့ တခြားဘာမှ သူ့မှာပြောစရာ မရှိလို့ သူ့ကိုပဲ ပြန်ပြီး ကျေးဇူးတင်ရပါသေးတယ်။ သူဖတ်တဲ့ ကျမ်းစာချက်က “မြေကြီးသားအပေါင်းတို့ ငါ့ကို မြော်ကြည့်၍ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။” အဲဒီလူက အသံထွက်တောင် မှန်အောင် မဖတ်နိုင်ရှာဘူး။ ဒါပေမယ့် ဒါက အရေးမကြီးပါဘူး။

         သူ့ကျမ်းပိုဒ်မှာ မြော်လင့်စရာတချက်တော့ ပါမယ်လို့ ထင်ခဲ့တယ်။ သူက “မိတ်ဆွေတို့၊ ဒီကျမ်းပိုဒ်က သိပ်ရှင်းတဲ့ကျမ်းပိုဒ်တပိုဒ်ပဲ။ “ကြည့်” တဲ့။ ကြည့်ဖို့ဆိုတာ သိပ်အားစိုက်စရာ မလိုဘူး။ လက်တွေ၊ ခြေတွေ မြှောက်စရာမလိုဘူး။ ကြည့်လိုက်ရုံကလေးပဲ။ ကြည့်တတ်ဖို့များ ကောလိပ်ကျောင်းတက်ပြီး သင်စရာ မလိုပါဘူး။ ကြည့်ဖို့ဆိုတာ ပိုက်ဆံအများကြီး မလိုပါဘူး။ လူတိုင်းကြည့်လို့ရတယ်။ ကလေးလည်း ကြည့်လို့ရတယ်။ ကြည့်လို့ပဲ ကျမ်းစာကလည်း ပြောတာပါ။ ဆက်ပြောတယ်။ "Look unto Me" “ငါ့ကို ကြည့်” တဲ့။

         သူ ဆက်ပြောပါတယ်။ “အေး... တို့အများစုက ကိုယ့်ကိုကိုယ်ပဲ ကြည့်နေကြတာ။ ကိုယ့်ကိုကိုယ် ကြည့်လို့ ဘာမှမရဘူး။ စိတ်သက်သာရာလည်း မရနိုင်ဘူး။ တချို့က ခမည်းတော် ဘုရားသခင်ကို ကြည့်ကြတယ်။ မဟုတ်ဘူး။ သခင်ယေရှုက ပြောတယ်။ “ငါ့ကို မြော်ကြည့်ပါ။” တချို့က ပြောတတ်တယ်။ “ဝိညာဉ်တော် အလုပ်လုပ်တာ စောင့်ဦးမယ်” ... တဲ့။” အခုပြောနေတာက အဲဒီအတွက် မဟုတ်ပါဘူး။ ခရစ်တော်ကို မြော်ကြည့်ပါ။ “ငါ့ကို မြော်ကြည့်ပါ။” တဲ့။

         အဲဒီနောက် သူကျမ်းပိုဒ်ကို ဒီလိုဆက်တယ်။ “ငါ့ကို မြော်ကြည့်ပါ။ ငါ့မှာ သွေးတွေက ယိုစီးနေတယ်။ ငါ့ကို ကားတိုင်မှာ ချိတ်ဆွဲထားတယ်။ ကြည့်။ ငါ သေပြီးတော့ သင်္ဂြိုဟ်ခံရတယ်။ ငါ့ကို ကြည့်။ ငါ ပြန်ရှင်လာတယ်။ ငါ့ကို ကြည့်။ ငါ ကောင်းကင်ပေါ် ပြန်တက်တယ်။ ခမည်းတော် ဘုရားသခင်ရဲ့ လက်ယာဖက်မှာ ထိုင်ရတယ်။ ကဲ ... ငါ့ကို ကြည့်လိုက်ပါ။ ငါ့ကို ကြည့်လိုက်စမ်းပါ။

          ဒီလောက်ကလေးပဲ ပြောပြီးတော့၊ ဆယ်မိနစ်လောက်ပဲ အချိန်ယူတယ်။ ပြီးမှ ကျွန်တော့ကို ကြည့်တယ်။  သူစိမ်းဖြစ်မှန်း သိသွားပုံရတယ်။ “ကောင်းလေး၊ မင်းကြည့်ရတာ အတော်သနားစရာပဲ။” သူပြောတာ ဟုတ်တယ်။ ဒါပေမယ့် ဒီအရင်က ဒီလို တရားဟော စဉ်မြင့်ကနေ ကျွန်တော့ မျက်နှာအမူယာကို ဝေဖန်တာ မကြုံဖူးဘူး။ ဒါပေမယ့် သူစကားက အတော်ထိချက်ပြင်းတယ်။ သူကဆက်ပြီးတော့ “အခုပြောတဲ့ ကျမ်းပိုဒ်ကို မနာခံရင်တော့ မင်း ဆက်ပြီး သနားစရာ ဖြစ်နေဦးမှာပဲ။

 အသက်ရှင်ရင်လည်း သနားစရာ၊ သေတော့လည်း သနားစရာ ဖြစ်နေမှာပဲ။ ဒါပေမယ့် အခု နားထောင်လိုက်ရင်တော့ အခု အကယ်ခံရမှာပဲ။”

          အဲဒီနောက်မှာ သူက တရားဟောဆရာတယောက်လို အော်ပြီး ဟောတယ်။ “ကောင်လေး၊ ယေရှုခရစ်တော်ကို မြော်ကြည့်လိုက်။” ကျွန်တော် မော့ကြည့်လိုက်တယ်။ အဲဒီမှာ တိမ်တိုက်တွေ လွင့်သွားတယ်။ အမှောင်တွေ လွင့်သွားတယ်။ အဲဒီအချိန်မှာ အလင်းကို မြင်ရတာပဲ။ အဲဒီအချိန်မှာ ထရပ်ပြီးတော့ အသွေးတော်အကြောင်း၊ ကိုယ်တော်တပါးတည်းကို ရိုးရိုးကလေး ယုံကြည် မြော်ကြည့်တဲ့ အကြောင်းတွေကို စိတ်လှုပ်ရှားပြီး သီချင်းဆိုခဲ့တယ်။ အင်း.. အရင်ကတည်းက ဒီလို ပြောပြကြရင် အကောင်းသားပေါ့။ ခရစ်တော်ကို အားကိုးပါ၊ အကယ်ခံရပါလိမ့်မယ်။
  (Spurgeon ကိုယ်တိုင်ရေးတဲ့ မှတ်တမ်းဖြစ်ပါတယ်။)