Tuesday, May 18, 2010

ဆုတောင်းလို့ရတဲ့ အဖြေများ - အပိုင်း ၁

 Answers to Prayer , by George Müller, Edited

ဆုတောင်းလို့ရတဲ့ အဖြေများ
ဂျော့ချ် မူးလာ
ဘုရားအလိုတော်သေချာအောင်ရှာနည်း

၁။  စိတ်နှလုံးထဲမှာ ကိုယ်အလိုကို လုံးဝ နေရာမပေးပါနဲ့။ အခက်အခဲအားလုံးရဲ့ ၁၀ ပုံ၊ ၉ပုံ ဟာ ဒီအချက်ပေါ်မှာ မူတည်တယ်။ အလိုတော်အတိုင်းလုပ်ဆောင်မည်ဆိုရင် အောင်မြင်နိုင်တယ်။ အလိုတော်ကိုသိလာဖို့် လမ်းစလည်း ဖြစ်တယ်။
၂။  ပြီးရင် စိတ်ခံစားချက်တွေကို ဦးစားမပေးပါနဲ့။ ပေးရင် မှားပြီမှတ်။
၃။  ဝိညာဉ်တော်ရဲ့အလိုတော်ကိုရှာစဉ်မှာ၊ နှုတ််ကပတ်တော်အားဖြင့် ရှာပါ။ ဒီနှစ်ခုကတွဲထားရမယ်။ ကျမ်းစာမပါဘဲ၊ ဝိညာဉ်တော်ကိုရှာရင် လွဲတော့မယ်ဆိုတာ သတိရပါ။ ဝိညာဉ်တော်က ကျမ်းစာနဲ့ ဆန့်ကျင်လေ့မရှိဘူး။
၄။  အရိပ်အခြေကို ကြည့်ရမယ်။ ဝိညာဉ်တော်နဲ့ကျမ်းစာကို ဆက်စပ်ပြီး အလိုတော်ကို ဖေါ်ပြလေ့ရှိတယ်။
၅။  အလိုတော်ကို ဖေါ်ပြဖို့ ဆုတောင်းပါ။
၆။  ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းနဲ့ အရိပ်အခြေကြည့်ခြင်းအားဖြင့် တတ်နိုင်သလောက် အကောင်းဆုံး ဆုံးဖြတ်ချက်ချပါ။ စိတ်ငြိမ်သက်ခြင်းရလာရင်၊ နှစ်ခု၊ သုံးခုလောက် ဆက် ဆုတောင်းပါ။ အရေကြီးတာရော၊ အရေးမကြီးတာတွေ အတွက်ပါ၊ ဒီနည်းဟာ အမြဲတမ်း ထိရောက်ပါတယ်။
                                                                   ဂျော့ချ် မူးလာ   GEORGE MÜLLER.

ဆုတောင်းလို့ရတဲ့ အဖြေများ

အခန်း ၁

မိဘမဲ့ကျောင်းရဲ့ အစပိုင်းနေ့ရက်များ

"အရည်ကျို၍  စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သောရွှေကို စစ်ကြော စုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ အချီးအမွှမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အလို့ငှါ ဖြစ်မည်အကြောင်း၊ --"  ၁ပေ ၁: ရ
ဒီနေ့ခေတ်အတွက် ဆုတောင်းခြင်းအဖြေအဖြစ်နဲ့  ကြီးမားတဲ့သက်သေတွေလို နှစ်ပေါင်းများစွာ တိုင်အောင် စိုက်ထူထားနိုင်ခဲ့တဲ့ Bristol မြို့  Ashley Down မှ ဂျော့ချ်မူးလာက " တခါတရံမှာ ဘုရားသားသမီး တချို့ဟာ အသက်ကြီးလို့၊ အလုပ်မလုပ်နိုင်တော့လို့ ဆိုပြီး ကြောက်စိတ်ရဲ့ ဆွဲချမှုကို ခံနေရတာကို တွေ့ရတယ်။ ခေတ်ချင်း မတူတော့ဘူးလို့ ပြောတတ်ကြတယ်။ ဒါဟာ ဘုရားသခင်ကို အသက်ရှင်တဲ့ ဘုရားလို့ မထင်မှတ်သလို  ဖြစ်နေတယ်။ ယုံကြည် အားကိုးသူတွေကို ဒီနေ့ခေတ်မှာလည်း ပစ်မထားတဲ့အကြောင်း ကျွန်တော် လက်တွေ့ ပြချင်လာတယ်။
" စီးပွါးရေးသမားတွေကလည်း စီးပွါးရေးလုပ်ရင်း အပြစ်ကို စိတ်မလုံတော့ လောကီသားလို ဖြစ်လာတယ်။ အပြိုင်အဆိုင်လုပ်ရ၊ ကြပ်တည်းတဲ့ကာလနဲ့ ကြုံရ၊ လူဦးရေ တိုးပွါးနေတာကြောင့် ကျမ်းစာအတိုင်းသွားလို့ မဖြစ်ဘူးလို့  ဆင်ခြေအဖြစ် ပေးတတ်ကြတယ်။ ဘုရားသခင် မပြောင်းလဲဘူး ဆိုတာ သူတို့ မြင်နိုင်တဲ့သက်သေတခု ပြချင်လာတယ်။

" နောက်တမျိုးကတော့ ပညာတတ်တွေ။ သူတို့တွေအားလုံးကို ကျမ်းစာထဲကအကြောင်းတွေ ပြောပြရုံမျိုး မဟုတ်ဘဲ၊ ဒီနေ့ခေတ်မှာကို လက်တွေ့ပြချင်တာပါ။ ကျမ်းစာဟာ ကျွန်တော်အတွက် လုံလောက်ပေမယ့်၊ သူတို့ရဲ့ယုံကြည်ခြင်းကို ထောက်မဖို့ လက်တချောင်း ငှါးချင်လာတယ်။ ဘုရားသခင်က A. H. Franke  အပေါ် ပြုခဲ့တာတွေ သတိရလာတယ်။ ဘုရားကိုပဲ အားကိုးတယ်။ မိဘမဲ့ကလေးကျောင်း အကြီးကြီး ထောင်တယ်။ သူ့လိုပဲ လူ့မျက်စိနဲ့ မြင်နိုင်တဲ့ မိဘမဲ့ကလေးကျောင်း ထောင်ချင်လာတယ်။ ဘယ်လူတဦးတယောက်ကိုမှ မတောင်းဆိုပဲ၊ ယုံကြည်ခြင်း၊ ဆုတောင်းခြင်းနဲ့ပဲ ကျောင်းထောင်ပြီး၊ သယ်ပိုးချင်လာတယ်။ လက်တွေ့ မြင်ရစေချင်တာကြောင့် ကျောင်းထောင်ချင်တာပါ။ ဆင်းရဲတဲ့ကလေးတွေကို ပြုစုရာမှာ ဘုရားသခင် အသုံးပြုခံချင်သလို၊ ဘုရားကြောက်တတ်အောင်လည်း သင်ပေးချင်စိတ်လည်း ရှိတယ်။ ဒါပေမယ့် အဓိကကတော့ ဘုရားသခင် သစ္စာရှိမြဲ၊ ဆုတောင်းတာကို နားထောင်နေမြဲ ဆိုတာကို လူတွေသိစေ၊ မြင်စေချင်တာပါ။ ကျောင်းအကြောင်းဖတ်ရလို့ အပြစ်သားတွေ နောင်တရ ပြောင်းလဲကြသလို၊ ယုံကြည်သူတွေလည်း တိုးတက်လာာကတာကို ၁၈၃၅၊ နိုဝင်ဘာလကတည်းက ဘုရားသခင် သက်သေထူတော်မူတယ်။ ဒီအတွက် ဘုရားဘုန်းတော် ထင်ရှားရုံမျှမက၊ ဘုရားသခင်ကို မြင်လာစေနိုင်အောင် ကျွန်တော်ကို မစတဲ့အတွက် ကျေးဇူးတော် ချီးမွှမ်းတယ်။

"သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။"

ဇန်နဝါရီ ၁၆၊ ၁၈၃၆ မှတ်တမ်းအရ-
မိဘမဲ့ကျောင်းဖွင့်ခါစ ၂ ပတ်အတွင်းမှာပဲ စိတ်ကူးက ဘုရားသခင်ကြောင့်ဆိုရင် တည်ပါစေ၊ မဟုတ်ရင် ပယ်ပါစေလို့ ဆုတောင်းတယ်။ မိဘမဲ့ကလေးတွေအတွက် နေစရာ၊ ကျမ်းစာ သင်ပေးဖို့တွေ လိုတာမှန်ပေမယ့် ကိုယ့်ကို အဲဒီနေရာမှာ တကယ်သုံးဖို့ အလိုတော်ရှိသလား သိချင်လာတယ်။ အလိုတော်ရှိရင်တော့ လုပ်ဆောင်သူရော၊ လိုတဲ့ပစ္စည်းတွေပါ ပေးသနားမှာပဲလို့ ဖြေသာစရာကတော့ ရှိပါတယ်။ ကိုယ်က ဒီအကြောင်း စဉ်းစားလေ့လာဖို့ပဲ။ ပထမနှစ်ပတ်အတွင်း ငွေရော၊ လက်တွဲလုပ်မဲ့သူပါ မတောင်းသေးဘူး။

ဒီဇင်ဘာ ၅ မှာ ဆုတောင်းချက်က ချက်ချင်းပြောင်းသွားတယ်။ ဆာလံ ၈၁ ကို ဖတ်မိတယ်။ အငယ် ၁၀ ကို ထိထိတွေ့တွေ့ဖြစ်သွားတယ်။ "သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့၊ ဝပြောစွာကျွေးမည်။" ဒီကျမ်းချက်က ကျောင်းဖွင့်၊ မဖွင့်၊ အလိုတော်သိရုံပဲ တောင်းပြီး၊ တခြားဘာမှ မတောင်းရသေးတဲ့အဖြစ်ကို မြင်လာစေတယ်။ အလိုတော်တော့ တောင်းခံတယ်၊ အချိန်အကန့်အသတ်မပါပဲတောင်းခဲ့မိတာပါ။ အိမ်တလုံး၊ ငွေ £1000 နဲ့ လုပ်ဆောင်မဲ့ လူတွေ တောင်းတယ်။ အိမ်အသုံးအဆောင်တွေနဲ့၊ ကလေးအဝတ်အထည်တွေရဖို့ ယုံကြည်သူတွေကို နှိုးဆော်ဖို့ ဆက်ဆုတောင်းတယ်။ အသိမိတ်ဆွေတွေထံက ရဖို့ မြော်လင့်မထားဘူး။

ဒီဇင်ဘာ ၁၀၊ ၁၈၃၅ - မှာရေးထားတာက-
 ဒီမနက် စာတစောင်ရတယ်။ အဲဒီ အကိုနဲ့ အမက "မိဘမဲ့ကျောင်းမှာ ပါဝင်ပါရစေ၊ အရည်အချင်း ကိုက်ညီလို့ ခွင့်ပြုမယ်ဆိုရင်၊ အိမ်အသုံးအဆောင်တွေလည်း လှူချင်ပါတယ်။ လစာမယူပါဘူး။ ပါဝင်လုပ်ဆောင်ဖို့ အလိုတော်ရှိရင်၊ ကျွန်တော်တို့ကို ဘုရားကျွေးမှာပါ။"

ဒီဇင်ဘာ ၁၃-
" ညီအကိုတယောက်က အပတ်စဉ် (သို့မဟုတ်) နှစ်စဉ် ပေးလှူမယ်လို့ ပြောလာတယ်။ - " ဒီနေ့ အဲဒီ အကိုနဲ့ အမ - မိဘမဲ့ကျောင်းမှာ ပါဝင်လာပြီ။ အိမ်အသုံးအဆောင် ရှိသမျှ လာပေးတယ်။"

စိတ်အားတက်စရာ အဖြစ်အပျက်

ဒီဇင်ဘာ ၁၇-- ညဖက်ကနေ၊ မနက်အထိ စိတ်ဓါတ်ကျနေတယ်။ ဘယ်လိုလုပ်ရပါ့မလဲ၊ ခွန်အားပေးဖို့ ဆုတောင်းတယ်။ မကြာဘူး၊ ညီအကိုတယောက်က အဝတ်အထည် နှစ်အုပ်၊ ပိတ်အုပ် ၄ အုပ်၊ အခင်းတွေ ယူလာတယ်။ ညနေဖက်မှာ တခြား ညီအကိုတယောက်က အဝတ်အထည်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ ယူလာတယ်။ တချိန်တည်းမှာပဲ တယောက်သော သူရဲ့ စိတ်ထဲမှာ မနက်ဖန် £100   ပေးလှူဖို့ နှိုးဆော်ခံထားရတယ် လို့ ပြောသွားတယ်။

ပေါင်ငွေ ၁၀၀၀

ဇွန် ၁၅၊ ၁၈၃၇--    "ဒီနေ့ ပေါင်ငွေ ၁၀၀၀ အတွက် တခါထပ် ကြိုးစား ဆုတောင်းတယ်။ ဒီညနေ ၅ ပေါင် စရလိုက်တာ လိုတဲ့ငွေ အကုန်ပြည့်သွားတဲ့အထိပဲ။ ငွေအားလုံး၊ အဝတ်အထည်အားလုံးနဲ့ အသုံးအဆောင်အားလုံးဟာ လူတဦးတယောက်ကို ဘာတခုမှ မတောင်းပဲရတာပါ။"

ကျောင်းမှာလာနေမယ့် မိဘမဲ့ကလေးတွေ

တတိယအချက်အနေနဲ့ ခိုကိုးရာမဲ့ကလေးတွေအတွက် မိဘမဲ့ကျောင်းဖွင့်ပြီလို့ ကြေငြာဖို့ မေလမှာ သတင်းစာထဲ ထည့်တယ်။
၁၈၊ ၁၈၃၆ မှာ ရေးထားတာက ---
" ကျောင်းသာ ထောင်မယ်၊ ကလေးတွေ ရောက်လာဖို့ တခါမှ ဆုတောင်းမိဘူး၊ အများကြီး ရောက်လာကြမှာပါ လို့ ထင်ထားတယ်။ ဖွင့်ရက်နီးလာပေမယ့် ကလေးတယောက်မှ ရောက်မလာဘူး။ ကိုယ့်အထင်ကို ဘုရားသခင် စိတ်ပျက်စေပြီ၊ ဘုရားမပါ ဘာမှ မရနိုင်ဘူးဆိုတာ ပြနေပြီ။ အချိန်ကျပေမယ့် ကလေး တယောက်မှ ရောက်မလာဘူး။ ဒီ့အရင်မှာ ဘုရားစိတ်တော်နဲ့ မဆန့်ကျင်ဖို့ အခါခါ ကြိုးစားခဲ့တယ်။ နှိမ့်ချစွာ ပြပ်ဝပ်ဖို့ သွန်သင်နေတာပါ။ ဖေဖေါ်ဝါရီ ၃ မှာ တညနေလုံး ကိုယ့်စိတ်ရင်းကို ပြန်စစ်ကြည့်မိတယ်။ ပထမက ဘုရားဘုန်းတော်ထင်ရှားဖို့၊ ဒုတိယက မိဘမဲ့ကလေးတွေရဲ့ ဝိညာဉ်ရေး၊ တတိယက ကျန်းမာရေး။ ကျောင်းသား လာအပ်ဖို့ စိတ်ပါလက်ပါ ဆုတောင်းတယ်။ စိတ်အေးသွားတယ်။ နောက်တနေ ဖေဖေါ်ဝါရီ ၄ မှာပဲ ပထမဆုံး ကျောင်းသား လာလျှောက်တယ်၊ အဲဒီကနေ ၄၂ ယောက်အထိပါပဲ။ "

ဒီနေ့ အတွက်သာ

နောက်တော့ ကျောင်းသား ၁၀၀ နီးပါး ရောက်လာတယ်။ ငွေကလည်း ပေါင် ၂၀ အထိ လျှော့ကျလာတယ်။
ဆရာမူးလာ ရေးထားတာက--
" ဇွန်လိုင် ၂၂ ( ၁၈၃၈ ) -- -  ဒီညနေ ပန်းခြံလေးထဲ လမ်းလျှောက်ရင်း၊ ဟေဗြဲ ၁၃: ၈ ၊ "ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲ နေတော်မူ၏။" မပြောင်းမလဲတဲ့ မေတ္တာတော်၊ တန်ခိုးတော်၊ ပညာတော် ----  စတာတွေကို စဉ်းစားဆင်ခြင်ရင်း ကိုယ့်ဝိညာဉ်ရေးနဲ့ လက်ရှိ တွေ့ကြုံနေရတာတွေကို ဆုတောင်းမိတယ်။
ကျောင်းအတွက် လိုတာတွေကို ချက်ချင်း စဉ်းစားမိလာတယ်။ သခင်ယေရှုက အခုကျောင်းမှာ လိုနေတာတွေကို မေတ္တာတော်၊ တန်ခိုးတော်နဲ့ မစပြီးပြီ။ နောင်လိုမယ့် အရာတွေလည်း ဖြည့်ဆည်းပေးဦးမှာပဲ လို့ ပြောဖို့ ချက်ချင်းစိတ်မှာ ပေါ်လာတယ်။ မပြောင်းလဲတဲ့ဘုရားသခင်ရဲ့ သဘောထားကို သိလာတဲ့အခါ အတော်ပျော်မိတယ်။ တမိနစ်အကြာမှာ စာတစောင်နဲ့ အတူ ပေါင်ငွေ ၂၀ ရောက်လာတယ်။ ရေးထားတာက " ဒီငွေကို ကျမ်းစာလေ့လာကြရာမှာ ဖြစ်ဖြစ်၊ ကျောင်းဆောက်ရာမှာ ဖြစ်ဖြစ်၊ ဆုတောင်းရာမှာ ဘုရားသခင်လမ်းပြသလို ဖြစ်ဖြစ် သုံးပေးပါ။ မများပေမယ့် ဒီနေ့အတွက် လတ်တလော သုံးဖို့် လုံလောက်မှာပါ။ မနက်ဖန်မှာလည်း လိုသလောက် မစတော်မူမှာပါ။ -- စသည်ဖြင့် --- " ပါတယ်။

ကူညီမစမှုကို စောင့်မျှော်နေခြင်း

" နိုဝင်ဘာ ၂၁- ၁၈၃၈ --  ဒီနေ့လောက် ပိုက်ဆံပြတ်တဲ့နေ့ မရှိ၊ ကျောင်းဆောင် ၃ ဆောင်လုံးရဲ့ ဆရာမကြီးတွေရဲ့ လက်ထဲမှာ တပြားမှ မရှိ။ ဒါပေမယ့် ညစာကတော့ ကောင်းပါတယ်။ ဒီနေ့ပြီးရင်တော့ ဘယ်အဆောင်မှာမှ မရှိတော့ဘူး။ တနာရီ အချိန် ဆုတောင်းအပြီးမှာ မ,စမှုကို စောင့်ကြည့်ကြမယ်။ မစတော်မူမှာပါ၊ ဒါပေမယ့် ကြပ်တာကတော့ အမှန်ပေါ့။ ပြန်လာချိန်မှာ အေးတော့ လေ့ကျင့်ခန်းလုပ်ဖို့ လိုမယ်ဆိုပြီး အနီးဆုံးလမ်းကနေ အိမ်မပြန်ပဲ၊ ကွေ့ပတ်ပြန်တယ်။ အိမ်နားအရောက် ကိုက် ၂၀ အကွာမှာ နောက်ကနေ လမ်းလျှောက်လာတဲ့ လူတယောက်နဲ့ တွေ့တယ်။ စကားနဲနဲပြောပြီး ၁၀ပေါင် ပေးတယ်။ တမိနစ်လောက် နောက်ကျရင် သူနဲ့ လမ်းမှာ လွဲသွားနိုင်တယ်။ လိုနေတာ ဘုရားသခင်သိတယ်။ ဒါကြောင့် ဆုံတွေ့စေတာ ဖြစ်တယ်။

စိတ်ပျက်ခြင်းတို့ ကင်းဝေးရာ

" စက်တင်ဘာ ၂၁- (၁၈၄၀)၊ တနင်္လာ၊ လက်ထဲမှာ ရှိတာလေးရယ်၊ မနေ့က ရောက်လာတာလေးရယ် ဆိုရင် ဒီနေ့စာထက် ပိုနေတယ်။ မနက်ဖန်အတွက်လည်း လောက်တယ်။ ဒီနေ့ ညီအကိုတယောက်က အလိုအပ်ဆုံးနေရာတွေမှာ သုံးဖို့ ၁၀ပေါင် ပေးတယ်။ ကျောင်းအတွက် ဆုတောင်းနေတာ ကြာပြီ။ ကျမ်းစာအုပ်တွေ၊ သာသနာပြုဖို့ အလှူငွေတွေ အတွက် ထည့်လိုက်တယ်။ သူက ဒီမြို့ကို ရောက်ခါစ သုံးရက်ပဲ ရှိသေးတော့ ကျောင်းအကြောင်း ဘာမှ မသိဘူး။ ဘုရားကို အားကိုးရင် စိတ်ရှုပ်စရာမရှိဘူး။ ပေးလှူဖူးသူတချို့ ခရစ်တော်၌ အိပ်ပျော်ပြီ။ တချို့ အမှုတော်မှာ စိတ်မပါတော့ဘူး။ တချို့ ကူညီဖို့ စိတ်ပါနေဆဲပဲ။ ဒါပေမယ့် ကူညီဖို့ မတတ်နိုင်။ တချို့တော့ ကူလည်းကူချင်၊ တတ်လည်းတတ်နိုင်တယ်။ ကူစရာလည်း ရှိ။ ဒါပေမယ့် ဘုရားနှိူးဆော်မှ ရတာ။ လူကိုအားရင် စိတ်ရှုပ်လာမှာ သေချာတယ်။ ဘုရားကို အားကိုးရင်တော့ စိတ်ရှုပ်ဖို့ မလိုဘူး။ ဘုရားသခင်နဲ့ အတူရပ်တည်ရင်၊ ကောင်းတဲ့အရာတွေ မစတော်မူမှာပါ။

ဆိုးတဲ့ အပြစ်သားတယောက်ရဲ့ ပြောင်းလဲခြင်း

၁၈၄၁၊ မှတ်တမ်းမှာ ---  "အမှုတော်ဆောင်တဲ့ သက်တမ်းတလျှောက်မှာ အဆိုးဆုံးလူတယောက် ပြောင်းလဲတယ်လို့ ဒီနှစ်ထဲမှာ ကြားရတယ်။ သူ့မိန်းမနဲ့အတူ ခဏခဏ ဆုတောင်းပေးခဲ့ရသူပါ။ သူ့မိန်းမက ခဏခဏ နှိပ်စက်ခံရလို့ အတော်စိတ်ညစ်နေရပြီ။ မဿဲ ၁၈: ၁၉ ရဲ့ ဂတိတော်အတိုင်း ဆုတောင်းကြတယ်။ " တဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော်သည် ပေးတော်မူလတံ့။" ဒါနဲ့ပဲ အဆိုးဆုံး လူတယောက် ပြောင်းလဲသွားတယ်။

ယုံကြည်သူတွေ ကောင်းကြီးခံစားရဖို့ ဆုတောင်းခြင်း

" မေ ၂၅-  ကျွန်တော်နေတဲ့  Bristol မြို့က ယုံကြည်သူတွေ ဝိညာဉ်ကောင်းကြီး အရင်ကထက် ခံစားရဖို့ စဆုတောင်းတယ်။ အဖြေရတယ်။ အရင်က ဒီလို ကျေးဇူးတရား၊ သမ္မာတရားနဲ့ ဝိညာဉ်တန်ခိုး တခါမှ မရဖူးဘူး။

သတင်းထုတ်ပြန်ဖို့ ငြင်းပယ်ခြင်း

" ဒီဇင်ဘာ ၉၊ ၁၈၄၁ -- အခုဆိုရင် ဒီလုပ်ငန်းဟာ ၆နှစ် ပြည့်ခါနီးပြီ။ လက်ထဲလာပေးတဲ့ အလှူငွေပဲ ရှိတယ်။ ဒါပေမယ့် ဒီနှစ်တနှစ်လုံး လိုတာမှန်သမျှ ဘုရားသခင် ဖြည့်စွမ်းတော်မူတယ်။
"ပြီးခဲ့တဲ့ ၃နှစ်အတွင်းမှာတော့ ဒီရက်ဆိုရင် စာရင်းချုပ်ပြီး၊ တရားဟောပွဲတချို့မှာ နားထောင်သူတွေ အကျိုးရှိစေဖို့ တနှစ်အတွင်း ဘုရားသခင်လုပ်ဆောင်ပေးသမျှကို ပြောပြလေ့ရှိတယ်။ ပြီးရင် ဒါကို ကျယ်ကျယ်ပြန့်ပြန့် သိစေဖို့ စာစောင်ထုတ်ဝေတယ်။ ဒီတခါမှာတော့ စာဖတ်သူတွေကို လှူချင်လာအောင် ဆွဲဆောင်သလိုဖြစ်နေတာကြောင့် စာစောင်ကို နောက်ကျပြီးထုတ်ဖို့ ဆုံးဖြတ်တယ်။ ယုံကြည်သူတွေရဲ့ အကျိုးအတွက် ရေးလည်း ရေးသင့်တယ်ဆိုတော့ ခက်ခဲဆင်းရဲနေချိန်မှာ မထုတ်သေးဘဲ၊ အောင်မြင် ကျော်လွှားပြီးခါမှ ရေးမယ်။ လူတဦးတယောက်ကို အားမကိုးဘဲ၊ ဘုရားသခင်တပါးတည်းကိုသာ အားကိုးဖို့ ဖြစ်တယ်။
" ဒီဇင်ဘာ ၁၈ --  စနေမနက်။ အကြီးအကျယ်လိုနေပြီ။ လက်ထဲမှာ သေတ္တာထဲက တွေ့ထားတဲ့    ငွေအကြွေ ၄ စေ့ပဲ ရှိတယ်။ စာစောင်နောက်ကျထုတ်ဖို့ လုပ်ထားတော့ ဘုရားကို အားကိုးသလား၊ မကိုးဘူး လား စစ်ဆေးတဲ့သဘောပါပဲ။ ဒီဇင်ဘာ ၁၂၊ ၁၈၄၁ ကနေ ဧပြီ ၁၂၊ ၁၈၄၂ အထိ ၄ လကြာ လောက် ယုံကြည်ခြင်းကို ပြင်းပြင်းထန်ထန် အစစ်ခံရတဲ့ကာလ မရှိတော့ပါဘူး။

သစ္စာရှိတော်မူတယ်။

ဇန်နဝါရီ ၂၅၊ ၁၈၄၂။ "  စာဖတ်သူတွေ စိတ်ထဲမှာ တွေးမိကောင်း တွေးမိမယ်၊ " ဘယ်လို လုပ်ကြမလဲ၊ မိဘမဲ့ကလေးတွေအတွက် ငွေ လုံးဝ မရှိတော့ဘူး၊ ပါဝင်လုပ်ဆောင်သူတွေမှာလည်း စိုက်ထားစရာ ဘာမှမရှိ၊ စားချိန်ရောက်ပြီဆိုပါတော့၊ ကလေးတွေအတွက် စားစရာ ဘာမှမရှိဘူး။"
" ဟုတ်တယ်။ ဒီလိုဖြစ်တတ်ပါတယ်။ အဲဒီအချိန်မျိုးမှာ ဘုရားကို အားမကိုးတော့ဘဲ နေတတ်တယ်။ ဒါမှမဟုတ် ဘုရားကို အားကိုးမယ်ဆိုရင်တော့ ဘုရားဘုန်းတော် ထင်ရှားလာတော့မယ်။"

နှောင့်နှေးကြန့်ကြာပေမယ့်၊ သေချာပါတယ်။

" မတ်လ ၉၊ ၁၈၄၂၊ -- တအား လိုအပ်နေတဲ့ အချိန်၊ နေ့ကျောင်းအတွက်ရော၊ မိဘမဲ့ကလေးတွေ အတွက်ပါ အကူအညီမလာရင် မဖြစ်တော့တဲ့အချိန်၊ ဒီနေ့မှာ Dublin မြို့နားမှာနေတဲ့ ညီအကို တယောက်က £10 ပေးလာတယ်။ အဲဒီငွေကို နေ့ကျောင်းနဲ့ မိဘမဲ့ကလေးကျောင်းတွေကို ခွဲဝေပေးလိုက်တယ်။ ဒီငွေရောက်လာပုံက တမျိုးလေး။ တအားလိုအပ်နေတဲ့အချိန်၊ ဘုရားသခင် မ,စဖို့ စောင့်မြော်နေချိန်၊ ဒီမနက် ဘာလာမလဲလို့ မြော်နေချိန်ပေါ့။ ဒါပေမယ့် စာတိုက် မဖွင့်ဘူး၊ ဒီအတွက်ကြောင့်တော့ စိတ်မပျက်ဘူး။ စာတိုက်နဲ့ မဟုတ်လည်း ဘုရားသခင် ပို့ပေးနိုင်တယ်။ ဒီတခါတော့ အဲဒီညီအကိုက တိုက်ရိုက် ပို့ပေးတယ်။"

"အဖေတယောက်လို"

မတ်လ ၁၇၊ -- ၁၂ ရက်ကနေ ၁၆ ရက်အတွင်း £4 5s  11½d ရောက်လာတယ်။ ဆင်းရဲတာတော့ လချီ ကြာပြီ၊ ဒါပေမယ့် ဒီမနက် ပိုဆိုးတယ်။ ရ နာရီထိုးပြီးကာစမှာ အိမ်က ထွက်လာတယ်။ ၈ နာရီမှာ နွားနို့ဝယ်ရမှာဆိုတော့ ပိုက်ဆံရှိ၊ မရှိ ကြည့်ဖို့ ရောက်လာတယ်။ လမ်းမှာ အသနားခံ ဆုတောင်းလာတယ်။ အဖေက သူ့သားသမီးတွေကို သနားသလိုမျိုး သနားဖို့ပေါ့။ မခံနိုင်တဲ့ ဒုက္ခတွေ မပေးပါနဲ့ပေါ့။ ဘုရားသခင် ပေးသနားရင် စိတ်တွေ ကြည်လင်လန်းဆန်းမယ်ပေါ့။ မတတ်နိုင်တော့လို့ အလုပ်ရပ်လိုက်ရရင် ယုံကြည်သူ၊ မယုံကြည်သူ အားလုံးအတွက် မကောင်းဘူးပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ဘုရားသခင် ဆက်လက်အသုံးပြုဖို့ မထိုက်တန်ဘူး လို့ ဝန်ခံ ဆုတောင်းတယ်။ ဆုတောင်းရင်း ကျောင်းနဲ့ ၂ မိနစ် ခရီးအကွာအဝေးမှာ ဒီလို မနက်စောစော အလုပ်သွားတတ်တဲ့ ညီအကိုတယောက်ကို တွေ့တယ်။ စကားနဲနဲ အပြန်အလှန် ပြောရင်း ဆက်သွားတယ်။ ဒါပေမယ့် သူက နောက်ကပြေးလိုက်လာပြီး ကလေးတွေအတွက် £1 ပေးတယ်။ ဆုတောင်းတာကို အဲဒီလို ထူးထူးခြားခြား အဖြေပေးတယ်။ ဆင်းရဲရင်း၊ ယုံကြည်ခြင်းကို အစစ်ခံထိုက်ပါတယ်။ ကြင်နာတတ်တဲ့ အဖေတယောက်လို ဘုရားသခင်ဟာ အကြင်နာသက်သေတွေ နေ့စဉ် ပြလေ့ရှိတယ်။ သူ့ရဲ့တပါးတည်းသော သားတော်ကိုတောင် ပေးခဲ့သေးတာဆိုတော့ အရာရာကို ရက်ရက်ရောရော ပေးနေဦးမှာ သေချာတယ်။"

ဘုရားသခင်ကိုအားကိုးခြင်းဟာ လူပေးတဲ့ဂတိတွေထက် ပိုကောင်းတယ်။

" မေ ၆၊ ၁၈၄၅ --  ပြီးခဲ့တဲ့ ရက်ပေါင်း ၆ ပတ်လောက််တုန်းက ငွေအတော်များများ ရဖို့ မြော်လင့်စရာ ရှိနေတဲ့ ညီအကိုတယောက်က ရင်းရင်းနှီးနှီး ဆက်သွယ်လာတယ်။ ငွေတွေ ရလာရင် £100 လောက် လှူမယ်။ ကျွန်တော်နဲ့ Brother Craik တို့ သုံးဖို့လည်း ရမယ်ပေါ့။ ဒါပေမယ့် ရက်တွေသာ ကြာလာတယ်၊ ငွေက ရောက်မလာဘူး။ ငွေကတော့ အနဲနဲ့အများ လိုနေတဲ့ အချိန်ပါပဲ။ သူ့ငွေဆီ စိတ်ကရောက်ပေမယ့်၊ သူ့ဂတိကို အားမကိုးပဲ၊ ဘုရားကိုပဲ အားကိုးနေတယ်။ ဘာမှ ရစရာမရှိသလိုပဲ နေပြီး၊ ဘုရားသခင်ကိုပဲ အားကိုးနေတယ်။ အမျိုးသမီးနဲ့ အတူ ဆုတောင်းလို့မှ မပြီးသေးဘူး၊ ငွေပို့မယ့် စာတစောင် ရောက်လာတယ်။ --- မေ ၅၊ ၁၈၄၅ ။ ဒါဟာ လူပေးတဲ့ ဂတိကို အဓိကမထားပဲ၊ ဘုရားအပေါ်မှာ အားကိုးလို့ရလာတာပါ။ ဒါတင်မကသေးဘူး။ နေ့လည် ၂ နာရီလောက်မှာ ရက်ပေါင်း ၄၀ အကြာတုန်းက ဂတိပေးထားတဲ့ ညီအကိုဆီက စာရောက်လာတယ်။ သူ့ဂတိအတိုင်း £100 ပေးလှူတယ်။ "

၁၈၄၂ ခုနှစ်။ -- -- " ဒီလို အသေးစိတ်ပြောပြတဲ့အတွက် ယုံကြည်သူတွေက မိတ်ဆွေတွေ၊ ဆွေမျိုးတွေ ပြောင်းလဲဖို့ ဆုတောင်းချင်လာဖို့ ရည်ရွယ်တယ်။ ဒီလိုဆုတောင်းတာဟာ ကျွန်တော်တယောက်အတွက်ပဲ၊ ကျန်တဲ့ယုံကြည်သူတွေ မရနိုင်ဘူးလို့ စာတန်က လမ်းလွဲအောင် လုပ်တတ်တယ်။ မိဘမဲ့ကျောင်းတွေ၊ အခမဲ့ကျောင်းတွေ တည်ထောင်ဖို့ လူတိုင်းကို မခိုင်းပေမယ့်၊ လိုတာတွေအတွက် ဘုရားကို အားမကိုးခိုင်းပေမယ့်၊ ယုံကြည်သူတိုင်းဟာ ကိုယ့်ပြဿနာတွေ အတွက် ဘုရားကို အားကိုးနိုင်တယ်။ ဆုတောင်းယုံမျှမက အဖြေရဖို့ပါ မြော်လင့်နိုင်တယ်။ ကျွန်တော်မှာ ယုံကြည်ခြင်းဆုကျေးဇူး the gift of faith  ရထားတယ်လို့ မထင်စေချင်ဘူး။ ဒီဆုကျေးဇူးဟာ ၁ ကော ၁၂: ၉ မှာ " အနာငြိမ်းစေတဲ့ ဆုကျေးဇူး"၊ " နမိတ်လက္ခဏာပြတဲ့ ဆုကျေးဇူး"၊ " ပရောဖက်ပြုခြင်း ဆုကျေးဇူး"တွေနဲ့အတူ ဖေါ်ပြထားတာပါ။
ကျွန်တော်ရဲ့ယုံကြည်ခြင်းဟာ ၁ ကော ၁၂: ၉ မှာပြောတဲ့ ယုံကြည်ခြင်းမျိုး မဟုတ်ဘူး။ အကြောင်းကတော့ - ၁။   ကျောင်းကကလေးတွေအတွက် လိုအပ်တာတွေရဖို့ ၆၉ နှစ်လုံးလုံး နဲနဲချင်း တိုးလာခဲ့တဲ့ ယုံကြည်ခြင်းပါ။ ယုံကြည်သူတိုင်းမှာ ရရှိနိုင်ပါတယ်။ မေတ္တာမရှိလျှင် ငါ၌ အကျိုးမရှိဆိုတဲ့ " တောင်တွေကို ရွေ့နိုင်တဲ့ ယုံကြည်ခြင်းမျိုး"မဟုတ်ဘူး။

၂။  ကျွန်တော်အပြစ်တွေ ခွင့်လွှတ်ခံရပြီးတာကို ဘယ်တော့မှ သံသယမဖြစ်ဘူး။ ကောင်းကင်ရောက်မယ် သေချာတယ် လို့ ကျမ်းစာက ပြောတာတွေကို ယုံတယ်။ ( ၁ ယော ၅:၁ ၊ ဂလာ ၃:၂၆ ၊ တမန် ၁၀: ၄၃ ၊ ရောမ ၁၀: ၉-၁၀ ၊ ယောဟန် ၃: ၁၆ ၊ ---- ) အခက်အခဲကြုံတဲ့ နေရက်တွေမှာ ဘုရားသခင်ထံမှာ ခွန်အားယူတယ်။ တန်ခိုးတော်၊ မေတ္တာတော်၊ ပညာတော်အပေါ်မှာ မှီခိုနေတယ်။ သားတော်အရင်းကိုတောင် မနှမြောပဲ ပေးခဲ့ပြီဆိုတော့ တခြားအရာတွေကို မပေးဘဲနေမလားလို့ ကိုယ့်ကိုကိုယ် ပြန်ပြောရတယ်။  - ရောမ ၈: ၃၂ ၊ အဲဒီမှာ ငြိမ်သက်ခြင်းရတယ်။ စားစရာတောင် မလုံလောက်အောင် ပြတ်လပ်နေတဲ့အခါ၊ ကိုယ်ကလည်း မိုင် ၁,၀၀၀ အကွာကို ရောက်နေတဲ့အခါ၊ စိတ်ဝိညာဉ်က ဘုရားနဲ့အတူ နေရတယ်။ လက်တွေ့ပြဿနာနဲ့ ကိုက်ညီမယ့် ကျမ်းချက်ကို ယုံကြည်ပြီး၊ စိတ်နှလုံးကို ဘုရားသခင်ထံမှာ သွန်းလောင်းထားရတယ်။ စိတ်ငြိမ်သက်မှုရမှ ဒူးထောက်ရာက ထတယ်။ ကြွားမယ်ဆိုရင် ကြွားလို့ရပေမယ့် ဒီယုံကြည်ခြင်းဟာ တခြားသူတွေ မရနိုင်တဲ့ ယုံကြည်ခြင်းမျိုး မဟုတ်ပါဘူး။ ဆုကျေးဇူးတမျိုး မဟုတ်ဘူး။ ပိုက်ဆံတခုထဲ တောင်းနေတာမဟုတ်ဘဲ၊ လိုအပ်သမျှကို တောင်းယူနေတာပါ။  ကျွန်တော်နဲ့ မိသားစုအတွက်၊ လုပ်ဖေါ်ဆောင်ဖက်တွေနဲ့ အသင်းတော်အတွက် လတ်တလော လိုအပ်တာတွေ၊ ဝိညာဉ်ရေးလိုအပ်တာတွေအတွက် ဆုတောင်းရတယ်။ ယုံကြည်ခြင်းကြီး ရထားပြီဆိုတဲ့ သဘောမျိုး မဟုတ်ဘဲ၊ ထပ်တိုးဖို့တောင် ဆုတောင်းနေရတယ်။ တခုခု၊ ဥပမာ- သော့ပျောက်တဲ့အခါ၊ ချိန်းထားတဲ့သူ ရောက်မလာတဲ့အခါ၊ အဖြေရဖို့ ဆုတောင်းရတယ်။  ကျမ်းစာတပိုဒ်ကို နားမလည်တဲ့အခါ၊ ဘုရးသခင်ရဲ့ လမ်းပြသွန်သင်ခြင်းကို တောင်းခံရတယ်။ ကိုယ်မစွမ်းပေမယ့် စိတ်ဓါတ်မကျဘူး။ မ,စဖို့ ဆုပဲ တောင်းတယ်။ ဒီလို လူတိုင်း တောင်းနိုင်ပါတယ်။ ကျွန်တော်ကို ထူးထူးခြားခြား လူတယောက်လို့ မထင်နဲ့။ အခက်အခဲတွေ့ရင် ဘုရားကို အားကိုးပါ၊ ဘုရားမ,တာကို တွေ့ရလိမ့်မယ်။ ဒါပေမယ့် ဒုက္ခရောက်ရင် ဘုရားနည်းကို စွန့်ပစ်တတ်ကြတယ်။ အဲဒီမှာ ယုံကြည်ခြင်း တိုးပွါးစရာ အစာပြတ်တော့တာပဲ။  အရေးကြီးတဲ့ အချက်တချက်ရှိတယ်။ ယုံကြည်ခြင်းခိုင်မာအောင် ဘယ်လိုလုပ်ရမလဲ လို့ မေးကြတယ်။ အဖြေက --
၁။  " ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရာက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ။ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။" ယာကုပ် ၁: ၁၇ ၊ ဆုတောင်းရမယ်။
၂။ အထောက်အကူပြုမယ့်နည်းတွေ ရှိတယ်။ ကျမ်းစာကို သေသေချာချာ ဖတ်ပြီး၊ စဉ်းစား ဆင်ခြင်ပါ။ ဘုရားသခင်ကို ပိုနားလည်လာမယ်။ သန့်ရှင်းတော်မူခြင်း၊ တရားတော်မူခြင်းတွေထက် ချစ်ခြင်း၊ သနားခြင်း၊ ကျေးဇူးပြုချင်း၊ တန်ခိုးကြီးခြင်းနဲ့ သစ္စာရှိခြင်းတွေကို ပိုနားလည်လာမယ်။ တကယ်ခက်ခဲတဲ့အချိန်မှာ တကယ်အရေးတကြီး ဂရုစိုက်တာကို တွေ့လာရမယ်။ ချက်ချင်း မ,စတာကို တွေ့မြင်လာမယ်။ ကျမ်းစာဖတ်တော့ ဘုရားကို ပိုနားလည်လာတာပေါ့။ နားလည်တော့ ပိုအားကိုးချင်လာတာပေါ့။ ယုံကြည်ခြင်း တိုးပွါးဖို့ရာ ကျမ်းစာဖတ်ခြင်းဟာ အတော်အရေးပါတယ်။
၃။ စိတ်ကောင်းနှလုံးကောင်းထားဖို့လည်း အရေးကြီးတယ်။ မဟုတ်ရင် ဘုရားစိတ်တော်နဲ့ မကိုက်ဘူး။ အားကိုးမယ့်လူက ဘုရားကို စိတ်နာနေစေတဲ့သူ မဖြစ်သင့်ဘူး။ စိတ်မလုံရင် အားကိုးစိတ် လျော့စေတယ်။ ဘုရားကို အားမကိုးရင်၊ ကိုယ့်ကိုကိုယ် အားကိုးစေတယ်။ ဘုရားကို အားကိုးရင်၊ ကိုယ့်ကိုကိုယ်နဲ့ မိတ်ဆွေတွေ၊ အခြေအနေတွေကို အားမကိုးတော့ဘူး။ တခြား ဘာကိုမှလည်း အားမကိုးတော့ဘူး။
၄။ ယုံကြည်ခြင်းတိုးပွါးစေမယ့် ခက်ခဲတဲ့ အခြေအနေတွေကို ရှောင်မပြေးနဲ့။ စစ်ကြောပြီးမှ ခိုင်မာတာပါ။ လူ့သဘာဝက ဘုရားနဲ့ တိုက်ရိုက် မတွေ့ချင်ဘူး။ ဘုရားကို ရှောင်မယ်။ ထာဝရကာလကို ရှောင်မယ်။ ယုံကြည်သူတွေလည်း ဒီလိုပဲ။ ဘုရားကို ရှောင်တတ်တယ်။ အားမကိုးဘူး။ ပြဿနာကို မရှောင်မှ ယုံကြည်ခြင်း တိုးပွါးလာမှာ ဖြစ်တယ်။ အခက်အခဲ တွေ့လေလေ၊ ဘုရားကို ပိုမြင်ရလေလေ ဖြစ်တယ်။ ဘုရားလက်တော် မြင်ရတော့မယ်ဆိုပြီး၊ အခက်အခဲကို ဝမ်းမြောက်ဝမ်းသာ လက်ခံရမယ်။
၅။ နောက်ဆုံး အရေးအကြီးဆုံးက ဘုရားကို အခွင့်ပေးဖို့ ဖြစ်တယ်။ ကိုယ်ဘာသာကိုယ် မဖြေရှင်းနဲ့။ လိုအပ်တဲ့ ယုံကြည်ခြင်းကို ပေးမှာပဲ။ ကြင်နာစွာ လမ်းပြမှာပဲ။ မထမ်းနိုင်တဲ့ဝန်ကို မပေးဘူး။ ဘုရားကို မစောင့်ပဲ၊ ကိုယ်ကိုကိုယ် အားကိုးရင်၊ ယုံကြည်ခြင်း အားနည်းလာမယ်။ ဘုရားလက်တော် မမြင်ရဘဲ နေမယ်။ ယုံကြည်ခြင်းက တိုးလာဖို့ လိုသေးတယ်။ ဘုရားကို အခွင့်ပေးပါ။ ဘုရားကို အချိန်ပေးပါ။ "
အစောပိုင်းနှစ်တွေမှာ Mr. Müller နဲ့ သူ့လုပ်ဖေါ်ဆောင်ဖက်တွေဟာ အခက်အခဲတွေ အများကြီး တွေ့ရတယ်။ အဲဒီထဲက တချို့ကတော့ -- သူရေးထားတာက --

" ဇွန်လ၊ ၁၈၄၅။ ရ နှစိလောက် တော်တော် ဒုက္ခရောက်ရတယ်။ လူ ၁၀၀ အတွက်၊ ၃ ရက်စာ ပြည့်အောင်တောင် လက်ထဲမှာ မရှိဖူးဘူး။ စက်တင်ဘာလ ၁၈၊ ၁၈၃၈ နေ့မှာတော့၊ တော်တော် အစစ်ခံလိုက်ရတယ်။ အစမှာ ဆုတောင်းသံကို နားမညောင်းသလိုပဲ။ နောက်မှ မ,စတော်မူတယ်။ ယုံကြည်ခြင်းကို စစ်တဲ့သဘောပဲ။ ဘုရားက မေ့မထားဘူး။ ပစ်မထားဘူး။

၁၂ ပေါင် အလှူ

" သြဂုတ်လ ၂၀၊ ၁၈၃၈။ ပေါင်ငွေ ၅ ပေါင်ကို ၁၈ ရက်နေ့ကရတာ ကျောင်းမှာ လိုတာတွေအတွက် ပေးရတယ်။ ဒီနေ့တော့ တပြားမှ မရှိပြန်တော့ဘူး။ ဒါပေမယ့် ဘုရားသခင်ကို မြော်ကြည့်နေတယ်။ ဒီတပတ်အတွက် ပေါင် ၂၀ မဟုတ်ရင်တောင်၊ အနည်းဆုံး ၁၃ ပေါင်တော့ရှိမှ ဖြစ်မယ်လို့ သိထားတော့ ဆုပဲတောင်းနေတယ်။ ဒီနေ့ ဆုတောင်းတဲ့အဖြေအဖြစ် ၁၂ ပေါင် ရတယ်။ Clifton  မှာနေတဲ့ အမျိုးသမီးတယောက်က ပေးတာ။ သူ့ကိုအရင်က တခါမှ မမြင်ဖူးဘူး။ ကြည်ညိုစရာကောင်းတဲ့ ဘုရားသခင်ဟာ ခွန်အားသစ်ကို ပေးပြန်ပြီ။

အရေးတကြီး အခက်အခဲ

အခက်ဆုံးအချိန်ထဲက တခုကို Mr. Müller  မှတ်တမ်းတင်ထားတာက --
" စက်တင်ဘာ ၁၀၊ ၁၈၃၈၊ တင်္နလာမနက်။ မနေ့ကရော၊ စနေနေ့ကရော ပိုက်ဆံ မဝင်ဘူး။ ဒါဟာ ကျောင်းကို သွားပြီး၊ ဆရာ၊ ဆရာမတွေနဲ့ အတူဆုတောင်းဖို့ လိုလာတယ်။ ( အဲဒီထဲမှာ ဆရာတယောက်ကိုတော့ ငွေကြေးအကြောင်း ဘယ်တော့မှ မပြောဘူး။ ) အခြေအနေကို ပြောပြတယ်။ အခု ငွေဘယ်လောက် လိုတယ်ဆိုတာ ပြောပြတယ်။ ခက်ခဲပေမယ့် မ,စမယ်လို့ ဘုရားသခင်ကို ယုံတဲ့အကြောင်း၊ ဆုတောင်းကြဖို့ ပြောလိုက်တယ်။ ဒီလိုပြောရတာက အခုရှိတဲ့ ငွေကလွဲလို့၊ တခြားတခုခု ဝယ်ဖို့ ငွေမရှိဘူးလို့ ပြောပြချင်တာလည်း ပါတယ်။ ဝတ်စရာ၊ စားစရာတွေနဲ့အတူ၊ ဘာမှမလိုရအောင် ထားချင်ပေမယ့်၊ ချို့ချို့တဲ့တဲ့ဆိုရင်တော့ အိမ်ပဲ ပြန်လွတ်ချင်မိတယ်။ အဲဒီတော့ အသုံးမလိုတာတွေရှိရင်လည်း ပိုက်ဆံရအောင် ရောင်းဖို့ဖြစ်တယ်။ ဒါက အရေးတကြီးပြဿနာပဲ။ ငွေနည်းနည်းဝင်လာတယ်။ အမည်မသိရဘူး။ ကျွန်တော်အတွက်တော့ ဒါက စရံပဲ။ ဘုရားသခင် သနားပြီ။ ထပ်ပေးဦးမှာ။ ၁၀ နာရီလောက်မှာ ညီအကို Craik  ဆီက ရင်ဖွင့်ပြီးပြန်အလာ၊ တခါထပ် ဆုတောင်းနေတုန်း၊ အမျိုးသမီးတယောက်က  ကျွန်တော့်ဇနီးသည်ကို ငွေဒင်္ဂါး ၂ ပြားပေးတယ်။ လာချင်ပေမယ့်၊ တော်တော်ကြာအောင် မလာဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြတယ်။ ခဏကြာတော့ အခန်းထဲ ကျွန်တော်ရောက်သွားတော့ ကျွန်တော်ကိုလည်း ဒင်္ဂါး ၂ ပြား ထပ်ပေးတယ်။ ဒီမှာ လိုနေတာကို သူဘာမှ မသိရှာဘူး။ ဘုရားက ယုံကြည်ခြင်းကို အားပေးတာပါ။ နောက် ခဏကြာတော့  ယောက်ျားလေးဆောင်နဲ့ မိန်းကလေးဆောင်တွေက ပိုက်ဆံ လာတောင်းပါတော့တယ်။ "

ကြည်နူးစရာ ကယ်မခြင်း

" စက်တင်ဘာ ၁၇၊ ၁၈၃၈။ --  အခက်အခဲက ရှိနေဆဲပဲ။ ယုံကြည်ခြင်းကို နေ့တိုင်း အစစ်ခံနေရတယ်။ ဘုရားသခင်ကို ဆုတောင်းတတ်အောင် အကြောင်းတွေ ဖန်ပေးနေတာပါ။ ဘုရားပေးမှာ သေချာတယ်။ စောင့်ရမှာပေါ့။ လုပ််ဖေါ်ဆောင်ဖက်တယောက်က ပိုက်ဆံနဲနဲ လာပေးတယ်။ တခြားတယောက်ကလည်း လာပေးတယ်။ သူက ရှိသမျှ အကုန်ပေးတာ။ ပေးစရာတွေအတွက် ပေးလို့ ရသွားတယ်။ ဝယ်စရာတွေလည်း ဝယ်နိုင်သွားတယ်။ ဒီညနေမှာ  ငွေက ဒီလို ခပ်နှေးနှေးဝင်လာနေတာက စစ်ကြောခြင်းပဲ။  ဒါပေမယ့် ကျမ်းစာဖတ်တော့ ဆာလံ ၃၄ ကြောင့် ခွန်အားရမိတယ်။ လုပ််ဖေါ်ဆောင်ဖက်တွေနဲ့ ဆုတောင်းဖို့ စိတ်ပျော်သွားတယ်။ ဆာလံ ၃၄ ကို ဖတ်ပြတယ်။ သူတို့လည်း ခွန်အားရအောင် ပြောပြတယ်။

" စက်တင်ဘာ ၁၈၊ -- ဆရာတယောက်ရဲ့ ငွေနဲ့ ကျွန်တော်မှာ ရှိတဲ့ငွေ ပေါင်းပြီး ကလေးတွေအတွက် လိုနေတဲ့ နွားနို့နဲ့ ပေါင်မုန့် ဝယ်တယ်။ အဆောင်တဆောင်အတွက်က လဘက်ခြောက်နည်းနည်းနဲ့ အဆောင်အားလုံးအတွက်က နွားနို့ဝယ်တယ်။ လိုသလောက်ပဲ ဝယ်နိုင်တယ်။ အပို မဝယ်နိုင်ဘူး။ မုန့်က ၂ ရက်စာ ရှိတယ်။ ဒါပေမယ့် ငွေက ပြတ်နေတယ်။ လုပ််ဖေါ်ဆောင်ဖက်တွေကလည်း ရှိသမျှလေးတွေလည်း ပေးကြတယ်။ လန်ဒန်က အမျိုးသမီး တယောက်က ရောက်လာပြီး၊ ကျောင်းဆောင်ဘေးက အိမ်မှာ ၄ ၊ ၅ ရက်လောက်တည်း နေတယ်။ ပြီးမှ သမီးဖြစ်သူရဲ့ ငွေနဲ့ အထုပ်တထုပ် လာပေးတယ်။ နှမြောစရာ အသုံးအဆောင်တွေ ရောင်းပြီး သုံးနေရတာကို တားတော်မူဖို့ ဆုတောင်းတယ်။ ကျောင်းဆောင်နားမှာ ငွေက ရောက်နေပြီ ဆိုတော့၊ ဘုရားက ပေးဖို့ အကြံအစဉ်တော့ ရှိပြီးသားပေါ့။ ရောက်မလာတာက ကြာကြာ ဆုတောင်းစေချင်တဲ့ သဘော ဖြစ်ပုံရတယ်။ ယုံကြည်ခြင်းကို စစ်ရင်း၊ အဖြေရတော့လည်း ကြည်နူးစရာ ဖြစ်စေချင်တဲ့သဘောပါ။ ကျွန်တော်တယောက်တည်းရှိတုန်း ပိုက်ဆံရပြီးတဲ့နောက် အလန့်တကြား ထအော် ချီးမွှမ်းလိုက်တယ်။ ဒီညနေမှာ လုပ််ဖေါ်ဆောင်ဖက်တွေနဲ့ ကျေးဇူးတော် ချီးမွှမ်းဖို့ သွားလိုက်တယ်။ သိပ်တော့ မပျော်ကြဘူးပေါ့။ ပိုက်ဆံကို ဒီညနေမှာပဲ ဝေခြမ်းရေး လုပ်ကြတယ်။ မနက်ဖန်စာတော့ ရပြီပေါ့။     ။

Sunday, May 16, 2010

QUOTATIONS -- အဆိုအမိန့်

                          QUOTATIONS

  1.     What you love and what you hate reveal what you are. ( ကိုယ်ချစ်တဲ့အရာတွေနဲ့ ကိုယ်မုန်းတဲ့အရာတွေက ကိုယ်ဘယ်လိုလူစားဆိုတာ ပြနေတယ်။ )

2.     The greatest ability is dependability.

( အကြီးမားဆုံး စွမ်းရည်ကတော့ ယုံကြည်စိတ်ချရခြင်းပါပဲ။ )

3.     Never buy a car you can't push. ( မတွန်းနိုင်တဲ့ကားမျိုး မဝယ်နဲ့။ )

4.      The second mouse gets the cheese. ( ဒုတိယကြွက်က ဒိန်ခဲစားရတယ်။ )

 (ပထမကြွက်က packing paper စက္ကူ ပဲ ဖေါက်ရမှာပေါ့၊ လည်တိုင်း၊ လျင်တိုင်း ကောင်းတာမဟုတ်ဘူးလို့ ပြောလိုပုံရပါတယ်။ -  Pa )

5.     When everything's coming your way, you're probably in the wrong lane. ( အားလုံးစုပြုံပြီးကိုယ်ဆီရောက်လာနေရင်တော့၊ ကိုယ်ကလမ်းကျဉ်းထဲမှာရောက်နေပြီမှတ်။ )

6.      A truly happy person is one who can enjoy the scenery on a detour. (တကယ်ပျော်ရွှင်မှုရှိတဲ့လူဆိုတာက လမ်းလွှဲရဲ့ မြင်ကွင်းတွေပေါ်မှာပင် ကြည်နူးးနိုင်သူပါ။ )

7.     There are two types of people: Some cause happiness wherever they go; others whenever they go. (လူနှစ်မျိုးရှိတယ်။ ဘယ်နေရာမျိုးကိုမဆို ပျော်ရွှင်မှုဖြစ်စေနိုင်သူနဲ့၊ ဘယ်အချိန်မဆို ပျော်ရွှင်မှု ဖြစ်စေနိုင်သူတွေပါ။ )

8.       If you lend someone $ 20 and never see that person again, it was probably wroth it. (လူတယောက်ကို ဒေါ်လာ ၂၀ လောက်ချေးပြီး၊ နောက်မတွေ့ရတော့ဘူးဆိုရင် တန်ပါတယ်။)

9.       The school of suffering graduates rare students. ( ဒုက္ခကျောင်းမှာ အောင်တဲ့သူရှားတယ်။ )

10.              The one thing worse than a Quitter is the man who is afraid to begin.  ( လက်လျှော့အရှုံးပေးသူထက် ဆိုးတဲ့သူကတော့၊ စကို မစရဲတဲ့သူပဲ။)

11.              Gratitude is the loveliest flower that grows in the garden of man's soul; ကျေးဇူးသိတတ်ခြင်းဟာ လူ့စိတ်ဝိညာဉ် ဥယျာဉ်မှာ ပေါက်တဲ့ အလှဆုံးပန်းပဲ။

                 when gratitude dies on the altar of man's heart,  that man is well nigh hopeless.

                 စိတ်နှလုံးယဇ်ပလ္လင်မှာ ကျေးဇူးတရားသေဆုံးသွားရင်တော့ အဲဒီလူမှာ မြော်လင့်ချက်မဲ့သွားပြီ။

12.              Making someone else look bad never makes you look good. – Raymond Barber.

သူတပါးကို အကျည်းတန်စေတာနဲ့ ကိုယ်လှလာမယ်မထင်နဲ့။

13.              Wise men never explain their failures.

      ပညာရှိသူတွေဟာ ကိုယ်ရှုံးတာကို ဆင်ခြေပေးရှင်းပြလေ့မရှိဘူး။

14.            This generation knows everything about life except how to live it.

ဒီခေတ်လူတွေဟာ လူ့ဘဝမှာအရာရာကို အကုန်သိကြတယ်၊ ဘယ်လိုအသက်ရှင်မလဲဆိုတာ တခုကလွဲရင်ပေါ့။

15.              If  at first you don't succeed, deny you were trying.

စစခြင်း မအောင်မြင်သေးရင် ကြိုးစားခဲ့ပါတယ်လို့မပြောနဲ့ဦး။

16.               Wrong is wrong, even if everyone is doing it;

              and right is right, even though no one does it.

            လူတိုင်းလုပ်နေစေဦးတော့၊ အမှားဆိုတာ အမှားပါပဲ။

             ဘယ်သူမှမလုပ်ဦးတော့ အမှန်ဆိုတာ အမှန်ပါပဲ။

17.              People and telephones repeat what they hear, but the telephone repeats it exactly.

လူတွေနဲ့ တယ်လီဖုန်းတွေဟာ ကြားတာကိုပြန်ပြောကြတယ်။

ဒါပေမယ့် တယ်လီဖုန်းကသာ အတိအကျပြန်ပြောပါတယ်။

18.              Virtues are learned at Mother's knee; vices, at some other joint.

ကောင်တဲ့အရာတွေကို အမေ့ရဲ့ ဒူးပေါ်မှာ သင်ယူကြရပြီးတော့၊

မကောင်းတာတွေကတော့ အမေ့ရဲ့ တခြားအရိုးအဆစ်တွေဆီက သင်ယူကြတာပါ။

19.              Trouble is usually produced by those who are not producing anything else.

        ပြဿနာဆိုတာ တခြားဘာတခုမှ အလုပ်မလုပ်တဲ့သူတွေဆီက လာလေ့ရှိပါတယ်။

20.              Be slow in choosing a friend; slower in changing. – Raymond Barber.

        မိတ်ဆွေရွေးရင် ဖြေးဖြေးရွေးပါ။ မိတ်ဆွေပြောင်းရင်တော့ ဒီထက်ပိုနှေးရပါမယ်။

21.              Do right a thousand times, and you may not hear of it once;

                  do wrong once, and you may hear of it a thousand times.

                 အခါတထောင်မှန်ပေမဲ့ တခါပြန်ကြားရခဲတယ်၊

                  တခါမှားရင်တော့ အခါတထောင် ပြန်ကြားကောင်းကြားရနိုင်တယ်။

22.            We see things not as they are, but as we are.  – H.T. Tomlinson.

အရှိအတိုင်း မမြင်ကြဘူး၊ ကိုယ်ကြည့်တဲ့အကြည့်အတိုင်းပဲ မြင်နေကြတာပါ။

    

23.              It should not be necessary to blow out the other person's light to let your own shine.

ကိုယ်အလင်းလင်းဖို့ရာအတွက်တော့ သူတပါးအလင်းကိုမှုတ်ပစ်စရာမလိုပါ။

24.              Eat crow when it's fresh; it goes down earlier!

ကျီကန်းသားကို လတ်ဆတ်တုန်းမှာစားပါ၊ သူကအပုပ်မြန်တယ်။

25.              There are always too many people who reach for the stool when there is a piano to be moved. (စန္ဒယားကြီး မ- ရွှေ့ရမယ့်အချိန်မှာ၊ ခွေးချေသွားကိုင်နေတဲ့သူက အများသား။)

26.              The world is not interested in storms you encountered, but did you bring in the ship. (လူတွေက မုန်တိုင်းမိတာ စိတ်မဝင်းစားကြဘူး၊ သင်္ဘောကမ်းကပ်နိုင်သလားပဲ သိချင်ကြတာ။)

27.              The brook would lose its song if you to rocks away. (ကျောက်တုန်းတွေဖယ်လိုက်ရင်၊ စမ်းချောင်းရဲ့ သီချင်းသံပျောက်သွားတော့မှာပေါ့။)

28.              There are two ways of spreading light: to be the candle or the mirror that reflects it. ( အလင်းဖြန့်နည်း ၂ နည်းရှိတယ်။ ဖယောင်းတိုင်ဖြစ်ရင် ဖြစ်။ မဟုတ်ရင်၊ သူ့ကိုရောင်ပြန်ထုတ်လွှတ်မယ့် မှန်တချပ်ဖြစ်ပါစေ။)

29.              Tell me how you treat your parents, and I will tell you how your children will treat you. – D. L. Moody. ( သင့်မိဘကို ဘယ်လိုပြုစုသလဲ ပြောပြပါ၊ သားသမီးတွေ သင့်ကို ဘယ်လို ဆက်ဆံမလဲဆိုတာ ပြောပြနိုင်ပါတယ်။)

30.              The measure of a truly great man is courtesy with which he treats small man. (တကယ်ကြီးမြတ်သူတယောက် ဟုတ်၊ မဟုတ်ဆိုတာဟာ နိမ့်ကျသူအပေါ် ယဉ်ကျေးပျူငှါစွာ ဆက်ဆံမှုအပေါ်မှာ မူတည်ပါတယ်။)

31.              Not to do what we ought to do is as bad as doing what we ought not to do.-George W. Truest   ( လုပ်သင့်တာကို မလုပ်တာဟာ၊ မလုပ်သင့်တာကို လုပ်တာလိုပဲ ဆိုးပါတယ်။)

32.              Wherever your heart is, there your feet will soon take you. – Roger Green. (စိတ်ရောက်ရင်၊ ခြေထောက်ပါ ပါတော့မယ်။)

33.              Even if I knew that tomorrow the world would go to pieces,

                 I would still plant my little apple tree and pay my debts.  – Martin Luther.

မနက်ဖန်မှာ ကမ္ဘာပျက်မယ်ဆိုရင်တောင်၊ ငါ့ပန်းသီးပင်ပေါက်ကို ဆက်စိုက်ပြီး၊ ပေးစရာအကြွေးကို ဆက်ပေးပါဦးမယ်။)

34.            The poorest man is not he who is without a cent but he who is without a dream. အဆင်းရဲဆုံးလူဆိုတာ ပိုက်ဆံမရှိတဲ့လူ မဟုတ်ဘူး၊ စိတ်ကူးအိပ်မက်မရှိတဲ့သူပါ။

35.            If you would not be forgotten soon as you are dead,

               either write things worth reading or do things wroth writing. – Benjamin Franklin.

သေတာနဲ့ အမေ့ခံရတာမျိုးမဖြစ်စေချင်ရင်၊ ဖတ်ထိုက်တာတွေရေး၊ ဒါမှမဟုတ်၊ ရေးထိုက်လောက်တဲ့ အလုပ်တွေ လုပ်ပါ။)

36.There are some things that I'd die for,

          Other things that I'd fight for that I would not die for,

          and still other things that I'd fuss about that I wouldn't fight over.

          It's wise to learn to put everything in one of these categories. – Curtis Hutson

သေရဲတဲ့ အကြောင်းအရာတွေ ရှိပါတယ်။

မသေရဲပေမယ့် တိုက်ခိုက်ရဲတဲ့ အကြောင်းအရာတွေလည်းရှိတယ်။

မတိုက်ရဲပေမယ် ဒေါသထွက်ရဲတာတွေရှိပါတယ်။

ဘယ်အကြောင်းအရာကို ဘယ်အတန်းအစားထဲထည့်ရမယ်ဆိုတာက သင်ယူရမယ့် ပညာတမျိုးပဲ။

37. We should not judge until we see clearly; and when we see clearly, we will not judge.

ရှင်းရှင်းလင်းလင်း မသိမချင်း အပြစ်မတင်သင့်ဘူး၊

ရှင်းရှင်းလင်းလင်းသိပြီဆိုရင်တော့ အပြစ်တင်မှာ မဟုတ်တော့ဘူး။

          IT'S LOVE

Rock is strong, but iron cleaves it.

Iron is strong,  but fire melt it.

Fire is strong, but water quenches it.

Water is strong, but clouds carry it away.

Clouds are strong, but wind drives them.

Wind are strong, but man can resist them.

Man is strong, but fear casts him down.

Fear is strong, but love casts out fear.                      

Love is strong: love is eternal.    

ပန်းချုံအောက်က ရော်ဘင်ငှက်နီကလေး -- The Robin Under the Lilac Bush


ပန်းချုံအောက်က ရော်ဘင်ငှက်နီကလေး

The Robin Under the Lilac Bush

ငှက်မျိုးစုံ အစာလာစားတာကို စောင့်ကြည့်ရတာ ပျော်စရာသိပ်ကောင်းတယ်။ တနေ့ချင်းမှာကို ငှက်အမျိုးပေါင်း ၁၅ မျိုးလောက် ရေတွက်လို့ ရတယ်။

တမနက် မိတ်ဆွေငှက်ကလေးတွေကို စောင့်ကြည့်ရင်းနဲ့ အထူးခြားဆုံး ဖြစ်ရပ်တခုကို ကြုံတောင့်ကြုံခဲ  တွေ့မြင်ရတယ်။ ရော်ဘင်ငှက်ကလေး ၃ ကောင် ခြံထဲအတူ ပျံလာပြီး ပန်းချုံအောက်မှာ ဆင်းနေကြတယ်။ တကောင်က ခြံထဲမှာပဲ ခပ်ရှောင်ရှောင်နေတုန်း၊ ကျန်နှစ်ကောင်ကတော့ အစာကျွေးရာမှာ ခုန်ဆွခုန်ဆွ လုပ်လိုက်၊ ယက်လိုက်၊ ခုန်ပျံ ကူးလိုက်၊ အစာစေ့တွေကို ခပ်ကြမ်းကြမ်း ယက်ထုတ်လိုက် လုပ်နေတယ်။ ဆူဆူညံညံ တစာစာ အော်နေတာဟာ တခြားအကောင်တွေကို ချောက်လှန့်တာလို့ ထင်လိုက်မိလို့ လောဘတယ်ကြီးပါလား ဆိုပြီး စိတ်ဆိုးမိတယ်။

နောက်တနေ့မှာလည်း ငှက်ကလေး ၃ ကောင် ရောက်လာပြန်တယ်။ အရင်လိုပဲ ဆူကြပြန်တယ်။

" ရူးလည်းရူးတဲ့ ရော်ဘင်တွေ၊ တကောင်နဲ့တကောင် မချောက်ပဲနေရင်လည်း ရရဲ့သားနဲ့၊ ငါ ပြင်ပေး လိုက်မယ်၊" လို့တွေးမိတယ်။

နောက်တနေ့ သူတို့ရောက်အလာကို ရေပြွတ်သေနတ်တလက်ကိုင်ပြီး စောင့်နေလိုက်တယ်။ အစား လောဘကြီးတဲ့ ငှက်တွေကိုမောင်းဖို့ အသင့်ဖြစ်နေပါပြီ။ အဲဒီမှာ ထူးခြားတာတခု တွေ့လာရတယ်။ သူတို့ ပျံတဲ့ပုံက ခဏရပ်ပြီး အကဲခတ်စရာ ဖြစ်လာတယ်။ ငှက်ကလေးတွေဟာ သတ်မှတ်ပုံစံတခုနဲ့ တိုက်ခိုက်ရေး လေယာဉ်တွေလို ပျံနေတယ်။ တောင်ပံဖျားတွေ ထိထားကြတယ်။ မြေပေါ်ဆင်းရင် တကောင်က ခပ်ရှောင်ရှောင်ပဲ ပန်းချုံနားမှာ နေတယ်။ ကျန်နှစ်ကောင်က အစာဗန်းနား ရောက်လာတယ်။ သူတို့ ထပျံလိုက်၊ ယက်လိုက်တာ ထူးခြားလို့ အနီးကပ်မြင်ရအောင် မှန်ပြောင်းနဲ့ ကြည့်လိုက်တယ်။

မီးဖိုချောင် ပြူတင်းတံခါးက ကြည့်တဲ့အခါ အံ့သြစရာတွေ တွေ့လာတယ်။ မြေပေါ်က ရော်ဘင်ငှက်ကလေး ဟာ မျက်စိ မမြင်ရှာဘူး။ တဖက်ကွယ်နေတယ်။ တရွေ့ရွေ့သွားတဲ့အခါ ကျန်တဖက်ကလည်း တဝက်က တခုခုနဲ့ ကွယ်နေပုံရတယ်။ ဗန်းထဲက အစာတွေကို တခြားနှစ်ကောင်က ယက်ထုတ်ပြစ်တာဟာ သူတို့အဖေါ် ဒုက္ခိတကလေး စားရအောင်လို့ပါ။ သုံးကောင်လုံး ဝကြတဲ့အခါ ခေါင်းဆောင်နှစ်ကောင်က မျက်မမြင်ရော်ဘင်ငှက်ကလေးကို ဘေးမှာ ငြင်သာစွာ အတောင်ပံချင်း တဖျတ်ဖျတ်ခတ်ရင်း ပျံဖို့တစာစာ အသံပေးခါ အတောင်ပံချင်း ထိထားလိုက်ကြတယ်။

မြင်ကွင်းထဲက သူတို့ပျောက်သွားတဲ့အခါ တကယ်ကန်းတာက ငါပါလားဆိုပြီး ရှက်ရွံ့ အားငယ် သွားမိတယ်။ သူတို့အချင်းချင်း ပြတဲ့မေတ္တာနဲ့ ဂရုစိုက်မှုကလေးတွေကို အပြည့်အဝ နားလည်လာတဲ့အခါ မျက်ရည်ကျမိတယ်။ ကိုယ့်ဘဝကိုယ် သစ္စာဆိုမိတယ်။ ကြောက်ရွံ့ အားငယ်သူတွေ ပျံသန်းနိုင်ဖို့ ကိုယ်ကျိုးမတွက်တဲ့ မြော်လင့်ခြင်းတွေနဲ့၊ တခြားသူတွေကို အတောင်ပံချင်း ဆက်ထားဖို့ သတိထားပါတော့မယ်။        ။

                                                                     _  Phyllis Simoolke Walk

Unchanging Love -- မပြောင်းလဲတဲ့ အချစ်

 Unchanging Love   --   မပြောင်းလဲတဲ့ အချစ်
             ဘုရားသခင်ရဲ့မေတ္တာဆိုတာ အဖေတယောက်ရဲ့ အချစ်မျိုးနဲ့ တူတယ်။   လူတွေဟာ ပျောက်သောသားလို အချစ်စစ်ကို ပစ်ပယ်ပြီး ပုန်ကန်နေချင်သူတွေပါ။ ဒါပေမယ့် ဘုရားမေတ္တာက ဘယ်ခါမှ မပြောင်းလဲဘူး။ လူတွေ ထွက်ပြေးပေမယ့်လည်း ဘုရားမေတ္တာက ကြည့်ရှု စောင့်ရှောက်နေဆဲပဲ။ ဘုရားရဲ့ဝိညာဉ်က ရှာဖွေနေဆဲပဲ။ ပြန်လှည့်လာကြရင်တော့ သနားစိတ်နဲ့ ခွင့်လွတ်စမြဲပါ။ အဲဒီတော့ ပြန်လာဖို့ပဲ လိုတယ်။
F.B. Meyer ( အက်၊ ဘီ၊ မေယာ ) က သူငယ်စဉ်က အကြောင်းကလေးတခု ပြောပြဖူးတယ်။ တနေ့မှာ သူဟာ ဆိုးဝါးတဲ့ အမှားတခု လုပ်မိတယ်။ ဖုန်းထားပေမယ့် အဖေ သိသွားတယ်။ အဖေက "သား၊ ဒီလိုအမှားကျူးလွန်သူဟာ ငါ့အိမ်ရိပ်မှာ မအိပ်ရဘူး။ ညကျရင် စပါးကျီထဲမှာ သွားအိပ် " လို့ ပြောတယ်။
             အဖေ့ကို ပြန်ငြင်းတာထက် နားထောင်လိုက်တာ ပိုကောင်းတယ်လို့ F.B. Meyer သဘောပေါက်တယ်။ ဒါကြောင့် ဒီတညတော့ ကောက်ရိုးပုံမှာ အိပ်ဖို့ ပြင်လိုက်ရတယ်။ ဒါပေမယ့် သူအိပ်မရဘူး၊ လူးလိမ့်နေတယ်။ သူ့အမှားက ဘုရားတရား ကြည်ညိုတဲ့ အဖေ့နှလုံးသားကို ကြေကွဲစေပြီဆိုတာ တွေးမိရင်း ရင်နာနေတယ်။
နောက်တော့ ညသန်းကောင်အချိန်မှာ ကောက်ရိုးစဉ်ပေါ် လူတယောက် တက်လာသံ ကြားလိုက်ရတယ်။ လူရိပ်ကို ကြည့်မိတော့ အဖေ့ကိုယ်ရိပ် ဖြစ်နေတယ်။
" အိပ်ပြီလားသား" လို့ အဖေက ငြင်ငြင်သာသာ မေးလာတယ်။
" ဟင့်အင်း၊ ဖေဖေ " လို့ သားက ပြန်ဖြေတယ်။
" အေး၊ ငါလည်း အိပ်မရဘူး၊ အခု မင်းအပေါ်ချတဲ့ အပြစ်ဒဏ်တော့ အဖေစိတ်ပြောင်းပြီ မထင်နဲ့။ ငါ ပြောထားတဲ့အတိုင်းပါပဲ၊ ဒီလိုအမှားကို ကျူးလွန်ပြီး၊ ငါအိမ်ရိပ်မှာ ဘယ်သူမှ မအိပ်ရဘူး။ ဒါပေမယ့် ငါမင်းနဲ့ လာမအိပ်ရဘူးလို့ ငါပြောမထားဘူး။ ဒါကြောင့်၊ ဟိုဖက်ရွေ့သား၊ အဖေ့လက်ပေါ်မှာ မင်းခေါင်းကို မှီ၊ အတူအိပ်ကြတာပေါ့။ " လို့ ပြောလာတယ်။
ဒါနဲ့ F.B. Meyer ခဏ အိပ်ပျော်သွားတယ်။ သူ့အဖေ သူ့ကို ချစ်နေသေးတော့ အားလုံး အဆင်ပြေပါတယ်။
              ဘုရားသခင်ကလည်း သင့်ကို ချစ်နေပါသေးတယ်။ အပြစ်ကိုတော့ ရွံတာပေါ့။ အဲဒီအပြစ်အတွက် သူ့ရဲ့သားတော် သခင်ယေရှုက အသေခံပေးခဲ့ပါပြီ။ ဘုရားသခင်ကို အားကိုးရင်၊ ဘုရားသခင်ဆင်းလာပြီး သင်နဲ့အတူ နေပေးမှာပါ။ အပြစ်ကြောင့် စိတ်ကြေကွဲရတာကို ဘုရား လက်တော်ပေါ်မှာ မှီလိုက်ပါ။ ဒါဆိုရင် "ဝိညာဉ်ကို ကောင်းကင်ငြိမ်အေးရာမှာ မှီထားလိုက်ပြီ" လို့ ပြောနိုင်ပြီပေါ့။
             အခုပဲ ဘုရားသခင်ထံ လှည့်ပြန်လာပါတော့။
                                           ( 11th Hour Messenger မှ ကောက်နှုတ်ပြန်ဆိုပါတယ်။ )