Sunday, December 26, 2021

Leo Tolstoy - ရုရှား စာရေးဆရာကြီး လီယို၊ ထော စတိုင်း

လီယို ထော စတိုင်း

ရုရှားစာရေးဆရာ လီယို၊ ထော စတိုင်းဟာ 'War and Peace,' 'Anna Karenina' and 'The Death of Ivan Ilyich,' စတဲ့ ဝတ္ထုများကို ရေးခဲ့ပြီး ကမ္ဘာ့ ထိပ်တန်း စာရေးဆရာကြီး ဖြစ်တယ်။
၁၈၆၀ ပြည့်နှစ်များမှာ သူ့ရဲ့ အကောင်းဆုံး ဝတ္ထု 'War and Peace' ကို ရေးတယ်။ ၁၈၇၃ မှာ သူ့ရဲ့ ဒုတိယ လူသိအများဆုံး ဝတ္ထု  'Anna Karenina' ကို ရေးတယ်။ ၁၈၈၀ နဲ့ ၁၈၉၀ နှစ်များအတွင်းမှာ ဝတ္ထုတွေ ဆက်ရေးတယ်။  နောက်ပိုင်းရေးတဲ့ ဝတ္ထုတွေထဲမှာ အအောင်မြင်ဆုံး ဝတ္ထုကတော့  'The Death of Ivan Ilyich,' ဖြစ်တယ်။
Leo Tolstoy ကို ရုရှားပြည်၊ Tula ပြည်နယ်၊ Yasnaya Polyana မြို့မှာ ၁၈၂၈၊ စက်တင်ဘာ ၉ ရက်မှာ မွေးဖွါးတယ်။ ညီအကို လေးယောက်မှာ အငယ်ဆုံးဖြစ်တယ်။ ၁၈၃၀ မှာ အမေ သေတယ်။ သူတို့ညီအကိုတွေကို အဖေ့ရဲ့ တဝမ်းကွဲ ညီမက ပြုစုစောင့်ရှောက်ရတယ်။ နောက် ၇ နှစ်အကြာမှာ အဖေဖြစ်သူ မြို့စား Count Nikolay Tolstoy ဆုံးပါးတယ်။ အဒေါ် က တရားဝင် အုပ်ထိန်းရတယ်။ အဒေါ်လည်း ဆုံးပါးပြန်တယ်။ နောက်အဒေါ်တယောက်ရှိရာ ရုရှားပြည်၊ Kazan မြို့ကို ပြောင်းရွှေ့ကြရတယ်။ ငယ်ဘဝက ကြေကွဲစရာ မိဘဆုံးရှုံးရတာတွေကို စာရေး မှတ်တမ်းတင်ခဲ့တယ်။
ငယ်ငယ်က အိမ်မှာပဲ ပြင်သစ်ဆရာ၊ ဂျာမန်ဆရာတွေနဲ့ သင်တယ်။ သူက စာတော့ မတော်ဘူး။ အမှတ်မကောင်းတော့ ဉပဒေကို ပြောင်းယူရတယ်။ ဒါလည်းမရတော့ နောက်ဆုံး တက္ကသိုလ်က ဘွဲ့မရဘဲ ကျောင်းထွက်လိုက်ရတယ်၊ ကျောင်းထွက်ပြီး လယ်ယာလုပ်တော့လည်း မအောင်မြင်ဘူး။ ဒါပေမယ့် မှတ်စုတွေ ရေးလေ့ရှိတာက နောင်စာရေးရာမှာ အထောက်အကူ ပြုလာတယ်။
လယ်ယာအလုပ် မအောင်မြင်တော့ စစ်တပ်ကနေ ခွင့်နဲ့ပြန်လာတဲ့ သူ့အကို Nikolay က စစ်ထဲ ဝင်ခိုင်းတယ်။ ၁၈၅၅၊ ဩဂတ်စ်လမှာဖြစ်တဲ့ Crimean စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ရတယ်။  
စစ်တပ် မော်တော်ယဉ်တပ်မှာနေရင်း ငယ်ဘဝအကြောင်းတွေကို Childhood ဆိုတဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိ စာအုပ်ရေးတယ်။ ၁၈၅၂ မှာ အဲဒီဝတ္ထုကို အဲဒီခေတ်ရဲ့ အကြော်ကြားဆုံး စာစောင် The Contemporary ကို ပေးပို့တော့ ဝမ်းသာအားရ လက်ခံလို့ သူ့ရဲ့ ပထမဆုံး ပုံနှိပ်ဝတ္ထု ဖြစ်လာတယ်။ အဲဒီနောက် စစ်တပ်ထဲက နေ့စဉ်ဘဝအကြောင်းကို ဆက်ရေးပေမယ့် ၁၈၆၂ တိုင် The Cossacks ဝတ္ထုမပြီးဘဲ စစ်တပ်ထဲမှ ထွက်ခဲ့တယ်။
စစ်တပ်ထဲနေရင်း စာဆက်ရေးတဲ့အတွက် Boyhood (1854) ဟာ သူ့အကြောင်းရေးတဲ့ ၃ အုပ်တွဲမှာ ဒုတိယစာအုပ်ဖြစ်ခဲ့တယ်။

Philosophy, Religious Conversion

Anna Karenina ဝတ္ထုအောင်မြင်ပေမယ့် ဘာသာရေးမှာ အတွေးအခေါ် လွန်ဆွဲရင်း စိတ်ဖိစီးမှု ခံစားခဲ့ရတယ်။ ဘဝအဓိပ္ပါယ်ကို ရှာဖွေရင်း၊ Russian Orthodox Church ကို သွားခဲ့တယ်။ ဒါပေမယ့် အဖြေမရ။ အသင်းတော်လည်း ပျက်စီးနေပြီလို့ ထင်လာတယ်။ ကိုယ်နားလည်သလို တွေးလာတယ်။ ဒါတွေကို ၁၈၈၃ မှာ  The Mediator စာစောင်ကို တည်ထောင်ရင်း ရေးသားဖေါ်ပြလာတယ်။
သူ့အယူအဆတွေကို ဘုရားကျောင်းက လက်မခံ။ ထုတ်ပယ်လိုက်တယ်။ ထောက်လှမ်းရေးက စောင့်ကြည့်တာလည်း ခံခဲ့ရတယ်။ သူ့အယူအဆက ပိုက်ဆံရှိရင် သူတပါးကို မဆိုင်းမတွ ပေးပစ်တတ်တယ်။ ဒါကို သူ့မိန်းမက လုံးဝ မကြိုက်။ အိမ်ထောင်မှာ ပြဿနာ ဖြစ်လာတယ်။ နောက်တော့ ၁၈၈၁ မတိုင်ရေးခဲ့တဲ့ စာမူခတွေအားလုံးရဲ့ မူပိုင်ခွင့်ကို ပေးလိုက်တယ်။

Elder Years

သူ့ရဲ့ နောက်ဆုံး အနှစ် ၃၀ အတွင်းမှာ သူဟာ ကိုယ်ကျင့်တရားကောင်းတဲ့ ဘုရားတရားသမားလို နေထိုင်တယ်။ သူက အကြမ်းမဖက်ဘဲ အကောင်းအားဖြင့် အဆိုးကို အနိုင်ယူမယ် လို့ ခံယူတယ်။
နောက်ပိုင်းနှစ်တွေမှာ နိုင်ငံတကာရဲ့ ဆုတံဆိပ်တွေ ရလာတယ်။ ဒါပေမယ့် သူ့ရဲ့ ဘာသာရေး အယူအဆကြောင့် ဖြစ်လာတဲ့ အိမ်ထောင်ရေး မပြေလည်မှုကို ရင်ဆိုင်ခံစားခဲ့ရတယ်။ သူ့အယူအဆတွေကို မိန်းမက လက်မခံရုံမျှမက အိမ်လာပြီး သင်ယူနေတဲ့ တပည့်တွေကို မကြိုက်တော့ဘူး။ အိမ်ထောင်ရေး မပြေလည်တာက သတင်းစာတွေမှာ ပါလာတယ်။ မိန်းမလက်က လွတ်ချင်စိတ်နဲ့ ၁၉၁၀၊ ဩဂတ်စ်လမှာ သမီး Aleksandra နဲ့ သူ့ရဲ့ သမားတော်  Dr. Dushan P. Makovitski တို့ကို ခေါ်ပြီး တိတ်တဆိတ် ရှောင်ထွက်လာခဲ့တယ်။

Death and Legacy

ဒါပေမယ့် အသက်အရွယ်ကြီးရင့်ပြီဖြစ်လို့ ဒီခရီးစဉ်ဟာ သူ့အတွက် အလွန်ပင်ပန်းခဲ့တယ်။ ၁၉၁၀၊ နိုဝင်ဘာမှာတော့ Astapovo မြို့ ၊ ရထားဘူတာရုံ ရုံပိုင်ကြီးတဉီးက သူ့ကို အိမ်မှာ ခေါ်ထားပြီး အနားယူစေခဲ့တယ်။ သိပ်မကြာဘူး၊ ၁၉၁၀၊ နိုဝင်လာ ၂၀ မှာ ဆုံးပါးပြီး၊ မိဘ ဆွေမျိုးတွေကို သဂ်ြိုဟ်ရာ သူ့တို့ပိုင် ခြံမြေမှာပဲ သဂ်ြိုဟ်ခဲ့တယ်။ မိန်းမနဲ့ သားသမီး ၈ ယောက် ကျန်ရစ်တယ်။

ထော စတိုင်းရဲ့ လက်ရာတွေဟာ ဒီနေ့ထက်တိုင် ကမ္ဘာ့ အကောင်းဆုံး စာရင်း ဝင်နေဆဲအဖြစ် သတ်မှတ်ကြတယ်။ War and Peace ကတော့ သမိုင်းတလျှောက် အကောင်းဆုံး ဝတ္ထုလို့ မကြာခဏ ပြောနေကြဆဲပါ။ အခုခေတ်ပညာရှင်တွေကလည်း ထော စတိုင်းဟာ ဇာတ်ကောင်တွေရဲ့ အတွင်းစရိုက် characters' unconscious motives ကို ဖေါ်ပြရာမှာ သိပ်တော်တယ် လို့ အများက အသိအမှတ် ပြုနေကြဆဲပါ။ လူတွေရဲ့ စရိုက်နဲ့ စိတ်ထား character and purpose ကို နေ့စဉ်အပြုအမူလေးတွေနဲ့ ဖေါ်ပြရာမှာ ဆရာတဆူ၊ ချန်ပီယန် တပါး ဖြစ်ပါတယ်။

Thursday, December 23, 2021

God sees the truth but waits by Leo Tolstoy (Burmese)

 အမှန်တရားကို ဘုရားသခင် သိမြင်ပေမယ့် စောင့်ဆိုင်းနေတယ်။
ဘာသာပြန် - ဆလိုင်း ထိန်ဝင်းအိ

ဗလာဒီမာမြို့မှာ အိုင်ဗင် ဒီမီးထရစ် အက်စီနော့ ဆိုတဲ့ လူငယ် ကုန်သည် တယောက် နေထိုင်တယ်။ သူ့မှာ ဆိုင်နှစ်ဆိုင်နဲ့ ကိုယ်ပိုင်အိမ်တလုံး ရှိတယ်။ အက်စီနော့က လူချော၊ ဆံပင်ကောက်ကောက်နဲ့ ဆံပင်ကောင်းတဲ့သူ၊ လူပျော်၊ သီချင်းဆို ဝါသနာပါတဲ့သူ။ ငယ်တုန်းကတော့ အရက်သောက်တာပေါ့။ မူးလာရင် သွေးဆိုးတယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးနောက်ပိုင်း မသောက်တော့ဘူး။ တခါတလေက လွဲလို့ပေါ့။ 


 

နွေရာသီရောက်တော့ အက်စီနော့က နစ်ဇနီ ဈေးရောင်းပွဲတော်ကို သွားဖို့ မိသားစုကို နှုတ်ဆက်တယ်။ မိန်းမက သူ့ကို "အီဗင် ဒီမီးထရစ် ဒီနေ့ ခရီးမထွက်ပါနဲ့လား။ ရှင့်နဲ့ပါတ်သက်လို့ ကျွန်မ အိပ်မက်ဆိုး မက်တယ်။"
အက်စီနော့က ရယ်တယ်။ "ဈေးပွဲတော် ရောက်ရင် သောက်စားနေမှာ ကြောက်လို့ မဟုတ်လား။"
သူ့မိန်းမက "ဘာကို ကြောက်သလဲတော့ ကျွန်မ မသိဘူး။ အိပ်မက်မကောင်းမှန်းတော့ သိတယ်။ အိပ်မက်မှာ ရှင်အဲဒီမြို့က ပြန်လာတော့ ရှင့်ဦးထုပ်လည်းချွတ်ရော၊ ကျွန်မမြင်ရတာက ရှင့်ဆံပင်တွေ လုံးလုံးဖြူနေပြီ။"
အက်စီနော့က ရယ်တယ်။ "အဲဒါ ကံကောင်းမယ့် နိမိတ်ပဲ။ ကုန်ပစ္စည်းရှိသမျှ ရောင်းရရင် ဈေးပွဲတော်ကနေ လက်ဆောင်တွေ ပါလာမှာပေါ့ဟာ။"
ဒီလိုနဲ့ မိသားစုကို နှုတ်ဆက်ပြီး မြင်းကို မောင်းသွားတော့တယ်။ လမ်းတဝက်မှာတော့ သိခဲ့ဖူးတဲ့ ကုန်သည်တ‌ယောက်နဲ့ တွေ့တယ်။ ညရောက်တော့ တည်းခိုခန်းတခုမှာ အတူတည်းကြတယ်။ လဘက်ရည် အတူသောက်ကြပြီး တွဲလျက်အခန်းမှာ အိပ်ယာဝင်ကြတယ်။
အက်စီနော့က နေမြင့်အောင် အိပ်လေ့ မရှိဘူး။ နေအေးတုန်း ခရီးသွားချင်တော့ မိုးမလင်းခင် မြင်းလှည်းမောင်းတဲ့သူကို နှိုးပြီး မြင်းလှည်းဆင်ဖို့ ပြောတယ်။
ပြီးမှ နောက်ဖက်က အိမ်လေးမှာနေတဲ့ တည်းခိုခန်းပိုင်ရှင်ကို ငွေရှင်းပြီး ခရီးဆက်ခဲ့တယ်။
၂၅ မိုင်လောက်ရောက်လာတဲ့အခါ မြင်းစာကျွေးဖို့ ရပ်လိုက်တယ်။ တည်းခိုခန်းရှေ့ လျှောက်လမ်းပေါ်မှာ ခဏနားတယ်။ ပြီးမှ တည်းခိုခန်းရဲ့ အမိုးအောက်ကို ဝင်တယ်။ နွေးသွားအောင် (လဘက်ရည်သောက်ဖို့) ရေနွေး တကရား မှာလိုက်တယ်။ ဂစ်တာကို ဆွဲထုတ်ပြီး စတီးတယ်။ 

ခေါင်းလောင်းသံ ဆူဆူညံညံနဲ့ မြင်းရထားတစီး ရုတ်တရက် ဆိုက်ရောက်လာပြီး အရာရှိတယောက်နဲ့ စစ်သား ၂ ယောက် ဆင်းလာတယ်။ အရာရှိက အက်စီနော့ဆီရောက်လာပြီး ဘယ်သူလဲ၊ ဘယ်ကလာလဲ စတဲ့ မေးခွန်းတွေ စပြီးမေးတယ်။ အက်စီနော့က ပြည့်ပြည့်စုံစုံ ဖြေတယ်။ "လဘက်ရည် သောက်ပါဦးလား ဆရာ" လို့ ပြောတယ်။  ဒါပေမယ့် အရာရှိက ခပ်တင်းတင်း မေးရင်း "ညက ဘယ်မှာ တည်းသလဲ၊ တယောက်တည်းလား၊ အဖေါ် ကုန်သည်ပါသေးလား၊ ဒီမနက် အဲဒီကုန်သည်ကို တွေ့သေးလား၊ မိုးမလင်းခင် တည်းခိုခန်းကနေ ဘာကြောင့် ထွက်လာသလဲ လို့ မေးတယ်။

ဒီမေးခွန်းတွေ ဘာလို့ အမေးခံရပါလိမ့်လို့ အက်စီနော့ အံ့ဩသွားတယ်။ ဒါပေမယ့် ဖြစ်ပျက်သမျှကို အကုန်ပြောပြတယ်။ "ကျွန်တော့ကို သူခိုး၊ ဓါးပြတယောက်ကို မေးသလို စစ်စစ်ပေါက်ပေါက် ဘာလို့ မေးသလဲ ဆရာ၊ ကျွန်တော်က ကိုယ့်အလုပ်ကိစ္စနဲ့ ခရီးသွားနေတာပါ။ ကျွန်တော့ကို မေးဖို့ မလိုပါဘူး။"
အဲဒီမှာ အရာရှိက စစ်သားတွေကို ခေါ်ပြီး "ကျုပ်က ဒီဒေသက ရဲအရာရှိ။ ညက ခင်ဗျားနဲ့အတူရှိခဲ့တဲ့ ကုန်သည်ဟာ လည်ပင်းပြတ်လျက်သားနဲ့ တွေ့ရလို့ မေးရတာ။ ခင်ဗျားပစ္စည်းတွေကို ကျုပ်တို့ ရှာရမယ်။"
စစ်သားတွေ အိမ်ထဲ ဝင်ကြတယ်။ ရဲအရာရှိနဲ့ စစ်သားတွေက အက်စီနော့ရဲ့ အိတ်ကို ဆွဲဖွင့်ပြီး ရှာကြတယ်။ ရုတ်တရက် ရဲအရာရှိက အိတ်ထဲက ဓါးတလက်ကို ဆွဲထုတ်ပြီး "ဒါ ဘယ်သူ့ဓါးလဲ" လို့ အော်မေးတယ်။
အက်စီနော့ ကြည့်လိုက်တယ်။ သူ့အိတ်ထဲက ထွက်လာတဲ့ ဓါးမှာ သွေးတွေနဲ့။ သူ ကြောက်သွားတယ်။
"ဒီဓါးပေါ်က သွေးက ဘယ်လိုပေလာသလဲ"
အက်စီနော့က ဖြေဖို့ ကြိုးစားတယ်။ ဒါပေမယ့် စကားသံ ထွက်မလာနိုင်တော့ဘူး။ "ကျွန်တော် မသိဘူး။ ကျွန်တော့ဓါး မဟုတ်ဘူး" လို့ပဲ တတွတ်တွတ် ရွတ်နေတော့တယ်။
ရဲအရာရှိက ပြောလာတယ်။ "ဒီမနက်မှာ အဲဒီကုန်သည်ကို လည်ပင်းပြတ်လျက်နဲ့ အိပ်ယာမှာ တွေ့ကြတယ်။ ဒီလိုလုပ်တာ မင်းပဲ ဖြစ်မယ်။ အိမ်ခန်းကို အထဲကနေ သော့ခတ်ထားတယ်။ တခြား ဘယ်သူမှလည်း မရှိဘူး။ သွေးပေနေတဲ့ဓါးကို မင်းအိတ်ထဲမှာ တွေ့တယ်။ မင်းမျက်နှာနဲ့ အမူအယာက မင်းအကြောင်း ပြောပြနေပြီ။ မင်း သူ့ကို ဘယ်လို သတ်ခဲ့သလဲ၊ ငွေ ဘယ်လောက် ခိုးခဲ့သလဲ ပြောစမ်း။"
အက်စီနော့က သူမလုပ်ဘူး၊ လဘက်ရည် အတူသောက်ပြီးနောက် အဲဒီကုန်သည်နဲ့ မတွေ့ရတော့ဘူး၊ ကိုယ်ပိုင်ငွေ ရပ်ဘယ် ရှစ်ထောင်ကလွဲလို့ သူ့မှာ ဘာပိုက်ဆံမှ မရှိပါဘူး၊  အဲဒီဓါးကလည်း သူ့ဓါးမဟုတ်ဘူး လို့ ကျိန်ပြောပါတယ်။ ဒါပေမယ့် သူ့အသံတွေ တုန်နေတယ်၊ မျက်နှာက ဖျော့တော့တော့။ ကြောက်စိတ်နဲ့ တုန်ရီနေတော့ တကယ်အပြစ်ရှိသူတယောက်လို ဖြစ်နေတယ်။
ရဲအရာရှိက အက်စီနော့ကို ဖမ်းပြီး မြင်းလှည်းပေါ် တင်ဖို့ စစ်သားတွေကို အမိန့်ပေးလိုက်တယ်။ ခြေနှစ်ချောင်းကို ပူးချည်ပြီး မြင်းလှည်းပေါ်ကို တွန်းတင်လိုက်ကြတယ်။ အက်စီနော့ ပစ်လဲကျသွားပြီးတော့ ငိုပါတော့တယ်။ သူငွေနဲ့ ပစ္စည်းတွေ အသိမ်းခံရတယ်။ နီးစပ်ရာမြို့ကို အပို့ခံရပြီး အချုပ်ခံရတယ်။ သူ့နောက်ကြောင်းကို ဗလာဒီမာမြို့မှာ စုံစမ်းစစ်ဆေးတယ်။ အဲဒီမြို့သားတွေနဲ့ ကုန်သည်တွေက သူက အရင်ကတော့ အရက်သောက်ပြီး အချိန်ဖြုန်းနေတဲ့သူ၊ ဒါပေမယ့် သူက လူကောင်းပါ လို့ ပြောကြတယ်။ တရားဆုံးဖြတ်ချိန် ရောက်လာတော့ ရီယာဇန်မြို့က ကုန်သည်ကို သတ်တဲ့အမှု၊ ရပ်ဘယ် ၂ သောင်း လုယူမှုနဲ့ အပြစ်ပေးခံရတယ်။
သူ့မိန်းမက စိတ်ပျက်သွားပြီ။ ဘာကို ယုံရမှန်း မသိတော့ဘူး။ သားသမီးတွေက အရမ်းငယ်သေးတယ်။ တယောက်က နို့စို့ကလေးပဲ ရှိသေးတယ်။ အစတော့ သူ့ယောက်ျားကို တွေ့ခွင့် မရဘူး။ အကြိမ်ကြာကြာ အသနားခံတော့မှ အာဏာပိုင်တွေက တွေ့ခွင့်ပေးပြီး ယောက်ျားကို သွားတွေ့ရတယ်။ သူ့ယောကျ်ားကို ထောင်ဝတ်စုံ၊ သံခြေကျဉ်းနဲ့ သူခိုးဓါးပြတွေကြားမှာ အကျဉ်းကျနေရတော့ မြင်ရတော့ လဲကျသွားပြီး အတော်ကြာ သတိမေ့သွားတယ်။ နောက်မှ သူ့ကလေးတွေကို အနားမှာ ဆွဲခေါ်ပြီး သူ့ယောက်ျားနားမှာ ထိုင်တယ်။ အိမ်က အခြေအနေတွေကို ယောကျ်ားကို ပြောပြတယ်။ ဘယ်လိုဖြစ်တာလဲလို့ မေးတယ်။ ယောကျ်ားက အကုန်ပြောပြပါတယ်။ "အဲဒီတော့ ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမလဲ။"
"အပြစ်မရှိဘဲ ပြစ်ဒဏ်မခံရဖို့ ဇာဘုရင်ကို အသနားခံစာတင်ရမှာပေါ့။"
ဇာဘုရင်ထံ အသနားခံစာ တင်ပေမယ့် လက်မခံဘူးလို့ သူ့မိန်းမက ဆိုတယ်။
အက်စီနော့က စကားမပြန်တော့ဘဲ အောက်ကိုပဲ စိုက်ကြည့်နေတယ်။
အဲဒီနောက် သူ့မိန်းမက "ရှင့်ဆံပင်တွေ ဖြူတယ်လို့ အိပ်မက် မက်တာ ဘာမှမဟုတ်ဘူးဆို။ ရှင်မှတ်မိသေးလား။ အဲဒီနေ့က ရှင် ခရီးထွက်ဖို့ မကောင်းဘူး။" မိန်းမက သူ့လက်ချောင်းလေးတွေနဲ့ ယောကျ်ားရဲ့ ဆံပင်တွေကို ကိုင်ရင်းဖွရင်း "ဗဲင်ယာရယ်၊ မိန်းမကို အမှန်အတိုင်း ပြောပြပါ။ ရှင် မသတ်ခဲ့ဘူးလား။"
"‌ဪ ... နင်ပါ ငါ့ကို သံသယဖြစ်နေပြီပေါ့" လို့ မျက်နှာကို လက်နဲ့အုပ်ပြီး ပြောရင်း ငိုတယ်။ အဲဒီအချိန်မှာ စစ်သားတယောက် ရောက်လာပြီး မိန်းမနဲ့ကလေးတွေကို  သွားတော့လို့ ပြောလာတယ်။ အက်စီနော့ဟာ မိန်းမနဲ့ကလေးတွေကို နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက်စကား ဆိုတယ်။
သူတို့ ထွက်သွားပြီးနောက် အက်စီနော့ဟာ ပြောခဲ့တဲ့စကားတွေကို ပြန်ဆင်ခြင်တယ်။ သူ့မိန်းမကပါ သူ့ကို သံသယဖြစ်နေပါလားလို့ သတိရတဲ့အခါ "အမှန်တရားကို ဘုရားသခင်ပဲ သိမယ်။ ဘုရားသခင်ကိုပဲ အသနားခံရမယ်။ အသနားခံဖို့ ဘုရားသခင်ထံကပဲ မြော်လင့်စရာ ရှိတယ်" လို့ တွေးမိတယ်။
အဲဒီတော့ အက်စီနော့က အသနားခံစာ ထပ်မတင်တော့ဘူး။ မြော်လင့်ချက်တွေ မထားတော့ဘူး။ ဘုရားသခင်ထံပဲ ဆုတောင်းတော့တယ်။
အက်စီနော့ဟာ ကြိမ်ဒဏ်ပေးခံရပြီး သတ္တုတွင်းကို အပို့ခံရတယ်။ ကြာပွတ်နဲ့ အရိုက်ခံရပြီးတော့ ဒဏ်ရာတွေ ပျောက်မှ တခြားပြစ်ဒဏ်ကျသူတွေနဲ့အတူ ဆိုက်ဘေးရီးယားကို အပို့ခံရတယ်။
အက်စီနော့ဟာ ဆိုက်ဘေးရီးယားမှာ ရာဇဝတ်သားအဖြစ် ၂၆ နှစ်နေခဲ့ရတယ်။ ဆံပင်တွေက နှင်းလို ဖြူပြီ။ မုတ်ဆိတ်မွေးလည်း ရှည်သွယ်ပါးလျပြီး ဖြူပြီ။ အရီအပြုံး မရှိ။ ခါးလည်း ကုန်းပြီ။ လမ်းလျှောက်ရင် နှေးလာပြီ။ စကား နဲလာတယ်။ အရီအပြုံး မရှိတော့ဘူး။ ဒါပေမယ့် ဆုတော့ မကြာခဏ တောင်းသေးတယ်။
ထောင်ထဲမှာ အက်စီနော့ဟာ ဖိနပ်ချုပ်နည်း သင်ယူတယ်။ ပိုက်ဆံ နဲနဲရတော့ "သန့်ရှင်းသူတို့ရဲ့ ဘဝဇာတ်ကြောင်းများ" - The Lives of the Saints စာအုပ်ကို ဝယ်ပြီး ထောင်ထဲ အလင်းရောင် ရှိတဲ့အချိန်လေးမှာ ဖတ်တယ်။ တနဂ်နွေနေ့တွေမှာ ထောင်ထဲက ဘုရားရှိခိုးဆောင်မှာ ကျမ်းစာ သင်ခန်းစာတွေ ဖတ်တယ်။ ကွိုင်ယာ သံစုံသီချင်းမှာ ဝင်ဆိုတယ်။ အသံကတော့ ကောင်းတုန်းပါပဲ။
ထောင်အာဏာပိုင်တွေက အက်စီနော့ကို နူးညံ့သိမ်မွေ့လို့ သဘောကျကြတယ်။ ထောင်သား အချင်းချင်းကလည်း လေးစားကြတယ်။ "အဖိုး"၊ "သန့်ရှင်းသူ" (သူတော်စဉ်) လို့ ခေါ်ကြတယ်။ အကျဉ်းသားတွေက ထောင်အာဏာပိုင်တွေကို တခုခု အသနားခံစရာရှိရင် အက်စီနော့ကပဲ ကိုယ်စား ပြောပေးရတယ်။ အကျဉ်းသား အချင်းချင်း ရန်ဖြစ်ရင်လည်း သူ့ဆီပဲ လာပြီး ဖြေရှင်းခိုင်း၊ စီရင်ဆုံးဖြတ်ခိုင်းကြတယ်။
အိမ်ကတော့ ဘာသတင်းမှ အက်စီနော့ဆီ ရောက်မလာတော့ဘူး။ မိန်းမနဲ့ ကလေးတွေ အသက်ရှင်နေကြသေးရဲ့လား လို့လည်း သူ မသိတော့ဘူး။
တနေ့တော့ ပြစ်ဒဏ်ကျ အကျဉ်းသား အသစ်တအုပ် ထောင်ထဲ ရောက်လာတယ်။ ညနေရောက်တော့ အကျဉ်းသားဟောင်းတွေက အသစ်တွေကို စုခိုင်းပြီး ဘယ်မြို့ဘယ်ရွာက ရောက်လာကြသလဲ၊ ဘာအပြစ်နဲ့ ကျကြသလဲ မေးတယ်။ သူတို့လိုပဲ အက်စီနော့လည်း အသစ်တွေနားမှာ ထိုင်ပြီး ပြောသမျှတွေကို စိတ်ပျက်လက်ပျက်နဲ့ နားထောင်တယ်။  
ပြစ်ဒဏ်ကျ အသစ်တယောက်၊ အရပ်ရှည်ရှည်၊ သန်သန်မာမာ၊ အသက် ၆၀ အရွယ်၊ မုတ်ဆိတ်မွေး ဖြူဖြူ တိုတိုနဲ့ လူက သူအဖမ်းခံရပုံကို ပြောပြနေတယ်။
"အင်း၊ အပေါင်းအသင်းတို့၊ လှည်းမှာ ချည်ထားတဲ့ မြင်းကို ယူသွားရုံနဲ့ အဖမ်းခံရတာ။ ခိုးတယ်လို့ စွတ်စွဲတာ။ အိမ်မြန်မြန် ပြန်ရောက်ချင်လို့ ယူတာပါ။ ပြီးရင်တော့ ပြန်လွှတ်လိုက်မှာပေါ့။ ဒါ့အပြင် လှည်းသမားကလည်း ကျုပ်အသိပါ။ အဲဒီတော့ "အားလုံး အဆင်ပြေသားပဲ" လို့ ပြောလိုက်တယ်။ သူတို့ကတော့ "မဟုတ်ဘူး၊ မင်း ခိုးတာ" တဲ့။ ဒါပေမယ့် ဘယ်မှာ၊ ဘယ်လို ခိုးသလဲလို့ သူတို့ မပြောနိုင်ဘူး။ တခါတုန်းကတော့ တကယ်ကျူးလွန်ဖူးပါတယ်။ အဲဒီတုန်းကတော့ ထောင်ကျသင့်တယ်။ ဒါပေမယ့် အဲဒီတုန်းက မမိဘူးလေ။ အာ ... အဲဒါက လိမ်ပြောမိတာပါလေ။ အရင်ကလည်း ဆိုက်ဘေးရီးယားကို ရောက်ဖူးပါတယ်။ ဒါပေမယ့် သိပ်ကြာကြာ မနေခဲ့ရဖူးပေါ့။"
"မင်းက ဘယ်ကလဲ" လို့ တယောက်က မေးတယ်။
"ဗလာဒီမာကပါ။ ကျုပ်မိသားစုက အဲဒီမြို့ကလေ။ ကျုပ်နာမည်က မာကာ၊ ဆမ်မြူးနစ်လို့လည်း ခေါ်ကြတယ်။"
အက်စီနော့က ခေါင်းမော့လိုက်ရင်း "ဆမ်မြူးနစ်၊ ဗလာဒီမာမြို့က ကုန်သည် အက်စီနော့ အကြောင်းများ သိသလား၊ ပြေပြပါဉီး။ သူတို့ အသက်ရှင်နေကြသေလား" လို့ ပြောတယ်။
"သူတို့ကို သိလား၊ သိပ်သိတာပေါ့။ အက်စီနော့တွေက ချမ်းသာတယ်။ သူတို့အဖေကတော့ ဆိုက်ဘေးရီးယားမှာ၊ ကျုပ်တို့လိုပဲ ရာဇဝတ်သားပေါ့။ အဘကရော ဘယ်လို ဒီကို ဘယ်လို ရောက်လာသလဲ။"
အက်စီနော့က သူ့ဘဝ အဖြစ်ဆိုးကို မပြောချင်ဘူး။ သက်ပြင်းချရင်းနဲ့ "ကိုယ့်အပြစ်ကြောင့် ထောင်ထဲမှာ ၂၆ နှစ်နေခဲ့ရပြီကွာ။"
"ဘာအပြစ်ကြောင့်လဲ" လို့ မာကာ ဆမ်မြူးနစ်က မေးတယ်။
ဒါပေမယ့် အက်စီနော့က "အင်း၊ အင်းပေါ့လေ။ ကျထိုက်လို့ ကျခဲ့တာပါပဲ။" လို့ ပြောပြီး စကားမဆက်တော့ဘူး။ ဒါပေမယ့် သူ့အပေါင်းအသင်းတွေက အက်စီနော့ ဆိုက်ဘေးရီးယားကို ဘယ်လိုရောက်လာတယ် ဆိုတာ ပြောပြကြတယ်။ လူတယောက်က ကုန်သည်ကို သတ်သွားတယ်၊ ဓါးမြောင်ကိုတော့ အက်စီနော့ရဲ့ ပစ္စည်းတွေကြားမှာ ထိုးထည့်ခဲ့တယ်၊ အက်စီနော့ဟာ မဟုတ်မမှန်ဘဲနဲ့ အပြစ်ပေးခံရတာ လို့ ပြောပြကြတယ်။  
ဒီစကားကို မာကာ ဆမ်မြူးနစ် ကြားတဲ့အခါ အက်စီနော့ကို ကြည့်လိုက်တယ်။ ဒူးကို ပုတ်ရင်း မှတ်ချက်ချတယ်။ "အင်း၊ အံ့ဩစရာပါလား။ တကယ် အံ့ဩစရာ ကောင်းပါလား။ ဒါပေမယ့် အဘ အသက် တော်တော်ကြီးပြီပဲ"
သူဘာကြောင့် အရမ်းအံ့ဩသွားသလဲ၊ အက်စီနော့ကို အရင်က ဘယ်မှာ မြင်ခဲ့ဖူးလဲ လို့ ကျန်တဲ့သူတွေက ဝိုင်းမေးကြတယ်။ "ဒီမှာ လာဆုံကြတာ အံ့ဩစရာပဲ အပေါင်းအသင်းတို့ရေ" လို့ပဲ သူပြောတော့တယ်။
ဒီစကားတွေက ဒီလူဟာ ကုန်သည်ကို ဘယ်သူသတ်တယ် ဆိုတာ သိလောက်တယ် လို့ အက်စီုနော့ အဖို့ သံသယ ဝင်လာစေတယ်။ ဒါနဲ့ "ဆမ်မြူးနစ်၊ မင်းလည်း အဲဒီဈေးရောင်းပွဲအကြောင်း ကြားဖူးမှာပေါ့။ ငါ့ကိုလည်း အရင်က မြင်ဖူးချင် မြင်ဖူးမှာပေါ့။" လို့ ပြောလိုက်တယ်။
"ဘယ်လို ကြားပါ့မလဲဗျာ။ ပေါက်တတ်ကရ စကားတွေက ပြည့်နေတာ။ ဒါပေမယ့် ကြာခဲ့ပြီလေ။ ကြားဖူးခဲ့ရင်တောင် မေ့ပြီပေါ့။"
"ဘယ်သူသတ်တယ် ဆိုတာတော့ မင်းကြားဖူးလောက်ပါတယ်။"
မာကာ ဆမ်မြူးနစ်က ရယ်ပြီး ဖြေတယ်။ "အိတ်ထဲမှာ ဓါးတွေတဲ့သူပဲ ဖြစ်မှာပေါ့။ တခြားတယောက်က ဓါးကို လာဖွက်ထားရင်လည်း၊ မမိရင် သူခိုး မဟုတ်ဘူး ဆိုတဲ့ စကားလိုပေါ့။ ခင်ဗျားခေါင်းအောက်မှာ ထားတဲ့ အိတ်ထဲ ဘယ်သူက ဓါးလာထည့်နိုင်မလဲဗျ။ ခင်ဗျား နိုးသွားမှာပေါ့။"
ဒီစကားတွေကို အက်စီနော့ ကြားရတဲ့အခါ ဒီလူဟာ ကုန်သည်ကို သတ်တဲ့လူပဲ၊ သေချာတယ်လို့ ခံစားမိတယ်။ သူထပြီး ထွက်သွားတော့တယ်။ အဲဒီညမှာ အက်စီနော့ အိပ်မပျော်ဘူး။ ဆိုးဆိုးဝါးဝါး စိတ်မသက်မသာ ခံစားနေရတယ်။ ပုံရိပ်အားလုံး သူ့စိတ်မှာ ပေါ်လာတယ်။ ဈေးရောင်းပွဲကို သွားခါနီး၊ ခွဲခွါချိန်က သူ့မိန်းမရဲ့ ပုံရိပ် ပေါ်လာတယ်။ မိန်းမရဲ့ မျက်နှာနဲ့ မျက်လုံးတွေ သူ့ရှေ့မှာ ပေါ်လာတယ်။ မိန်းမရဲ့ စကားသံ၊ ရယ်သံတွေ ကြားလာရတယ်။ နောက်တော့ ကလေးတွေကို မြင်တယ်။ အဲဒီတုန်းက တကယ့် ငယ်ငယ်လေးတွေပဲ။  တယောက်က အနွေးထည် အပေါ်ဝတ်ရုံလေးနဲ့၊ တယောက်က အမေ့ရင်ခွင်မှာ။ ပြီးတော့ သူ့ကိုသူ သတိရလိုက်တော့ ငယ်တုန်း၊ ပျော်တုန်း။ သူအဖမ်းခံခဲ့ရတဲ့ တည်းခိုခန်းရှေ့ အမိုးအောက်မှာ ဂစ်တာထိုင်တီးတာ သတိရတယ်။ အပူပင်မဲ့ နေခဲ့တယ်။ သူကြိမ်ဒဏ်ပေးခံရတာ၊ သူ့ကို အမိန့်ချတဲ့သူ၊ အနားမှာ ရပ်နေသူတွေ၊ သံခြေကျဉ်းတွေ၊ အပြစ်ဒဏ်ကျသူတွေ၊ ထောင်ကျနေတဲ့ ၂၆ နှစ်ကာလတလျှောက်လုံးနဲ့ သူမရင့်ကျက်ခင် ငယ်ဘဝတွေကို စိတ်ထဲမှာ ပြန်မြင်လာတယ်။ ဒီအရာတွေအားလုံးက သူ့ကိုယ်သူ သတ်သေချင်လောက်အောင် စိတ်ထိခိုက်သွားစေတယ်။
"ဒါတွေအားလုံးကို အဲဒီဗီလိန်ကောင် လူယုတ်မာက လုပ်တာ။" လို့ အက်စီနော့ တွေးမိတယ်။ မာကာ ဆမ်မြူးနစ်အပေါ် သူအရမ်း စိတ်ဆိုးနေတယ်။ လက်စားချေချင်တယ်။ ကိုယ်လည်း သေချင်သေပါစေတော့။ တညလုံး ဆုတောင်းတယ်။ ဒါပေမယ့် စိတ်ငြိမ်သက်မှု မရဘူး။ နေ့အချိန်မှာ မာကာ ဆမ်မြူးနစ်နားကို မသွားဘူး။ ကြည့်လည်း မကြည့်ဘူး။
၂ ပတ်လောက် ကြာသွားတယ်။ အက်စီနော့ ညဖက်မှာ အိပ်မရဘူး။ ဘာလုပ်ရမှန်းမသိရလောက်အောင် ဝမ်းနည်းကြေကွဲနေပြီ။
တညတော့ ထောင်နားမှာ လမ်းလျှောက်ရင်း ထောင်သားတွေရဲ့  အိပ်စင်တစင်အောက်က မြေစိုင်တချို့ လိမ့်လာတာကို သတိထားမိတယ်။ ဘာလဲလို့ ရပ်ကြည့်လိုက်တယ်။ ရုတ်တရက် မာကာ ဆမ်မျိုးနစ်ဟာ စင်အောက်ကနေ ကုန်းကုန်းကြီး ထွက်လာတယ်။ အက်စီနော့ကို ကြောက်လန့်တကြား ကြည့်တယ်။ အက်စီနော့က သူ့ကို မကြည့်ဘဲ ကျော်သွားဖို့ ကြိုးစားတယ်။ ဒါပေမယ့် မာကာက သူ့လက်ကိုဆွဲပြီး သူ တံတိုင်းအောက်မှာ တွင်းတူနေတယ်။ သူ့လည်ရှည်ဖိနပ်ထဲမှာ မြေသယ်ပြီး ထုတ်နေတယ်။ ထောင်သားတွေ အလုပ်သွားရတဲ့အခါ လမ်းပေါ်မှာ နေ့တိုင်း သွန်တယ် လို့ ပြောတယ်။
"တိတ်တိတ်နေနော် အဖိုးကြီး။ ခင်ဗျားလည်း ထွက်ပြေးလို့ရတယ်။ အာချောင်ရင်တော့ ကျုပ်ကို သေအောင် ရိုက်ကြလိမ့်မယ်။ ကျုပ်က ခင်ဗျားကို အရင် သတ်မှာ။"
အက်စီနော့ဟာ သူ့ရန်သူကို ကြည့်ရင်း ဒေါသကြောင့် တုန်ခါနေတယ်။ လက်ကို ဆတ်ခနဲ ရုတ်လိုက်ပြီး "ငါ မလွတ်ချင်ဘူး။ မင်းလည်း ငါ့ကို သတ်စရာ မလိုဘူး။ မင်း ငါ့ကို ဟိုးကတည်းက သတ်ခဲ့ပြီးပြီပဲ။ မင်းအကြောင်းတော့ ငါ ပြောချင် ပြောမယ်၊ မပြောချင် မပြောဘူး၊ ဘုရားသခင် လမ်းပြတဲ့အတိုင်းပဲ။"
နောက်နေ့မှာ ထောင်သားတွေ အလုပ်သွားရတယ်။ ထောင်သား တယောက်တလေဟာ ဖိနပ်ထဲက မြေတွေ ထုတ်သွားတာကို အစောင့် စစ်သားတွေက သတိပြုမိသွားတယ်။ ထောင်ထဲမှာ ရှာတော့ လှိုင်ခေါင်းကို တွေ့ကြတယ်။ ထောင်အာဏာပိုင်ကြီး ရောက်လာပြီး ထောင်သားအားလုံးကို လှိုင်ခေါင်း ဘယ်သူတူးသလဲလို့ စစ်မေးတယ်။ အကုန်လုံးက မသိလိုက်ပါဘူးလို့ ငြင်းကြတယ်။ မာကာ ဆမ်မြူးနစ်လို့ ဖေါ်ရင် သူ့ခမျာ သေလုအောင် အရိုက်ခံရမှာကို သိနေကြတော့ မဖေါ်ကြဘူး။ နောက်ဆုံးတော့ ထောင်အာဏာပိုင်ကြီးဟာ ဖြောင့်မတ်တဲ့သူလို့ သူသိထားတဲ့ အက်စီနော့ဖက် လှည့်ပြီး ပြောတယ်။
"ခင်ဗျားကတော့ လူမှန်ကြီးပါ။ ဘုရားသခင်ရှေ့မှာ ပြောပါ။ အဲဒီတွင်း ဘယ်သူ တူးသလဲ။"
မာကာ ဆမ်မြူးနစ်က လုံးဝ မစိုးရိမ်တဲ့ပုံနဲ့ ရပ်နေပြီး ထောင်အာဏာပိုင်ကြီးကို ကြည့်နေတယ်။ အက်စီနော့ကိုတော့ သိပ်ကြာကြာ ငေးမကြည့်ဘူး။ အက်စီနော့ရဲ့ နှုတ်ခမ်းနဲ့ လက်တွေ တုန်နေတဘ်။ အတော်ကြာအောင် စကားမပြောနိုင်ရှာဘူး။ "ငါ့ဘဝကို ဖျက်ဆီးခဲ့တဲ့သူကို ငါက ဘာကြောင့် ဖုန်းကွယ်ပေးရမလဲ၊ ငါခံရတဲ့ ဒုက္ခတွေအတွက် သူ ပေးဆပ်ပါစေ၊ ဒါပေမယ့် ငါပြောပြန်ရင်လည်း သူတို့က သူ့ကို သေအောင်ရိုက်မှာ၊ ငါ မှားပြီး သံသယဝင်တာလည်း ဖြစ်နိုင်တယ်။ နောက်ပြီးတော့ ငါ့အတွက် ဘာအကျိုးရှိလို့လဲ။" လို့ တွေးမိတယ်။
"ကဲ .. အဖိုးကြီး၊ အမှန်အတိုင်း ပြောပါ။ တံတိုင်းအောက်မှာ ဘယ်သူ တူးသလဲ။" လို့ ထောင်အာဏာပိုင်ကြီးက ထပ်မေးတယ်။
အက်စီနော့က မာကာ ဆမ်မြူးနစ်ကို လှမ်းကြည့်လိုက်တယ်။ "ကျွန်တော် မပြောနိုင်ပါဘူး ခင်ဗျာ။ ပြောဖို့ ဘုရားအလိုတော် မရှိပါဘူး။ ကျွန်တော်ကို ကြိုက်သလို အပြစ်ပေးပါ။ ကျွန်တော်က ထောင်အာဏာပိုင်ကြီးရဲ့ လက်ထဲမှာပါ။" လို့ ပြောလိုက်ပါတယ်။
ထောင်အာဏာပိုင်ကြီး ဘယ်လောက်ပဲ ကြိုးစားမေးပေမယ့် အက်စီနော့က ဆက်မ‌ပြောတော့ဘူး။ ဒါနဲ့ အမှုကို ဒီအတိုင်းပဲ ထားလိုက်ရတယ်။
အဲဒီညမှာ အက်စီနော့က အိပ်ယာမှာ လှဲနေတယ်။ မှေးကနဲ အိပ်ပျော်စမှာ လူတယောက် တိတ်တိတ်လေး ရောက်လာပြီး သူ့အိပ်ယာမှာ ထိုင်တယ်။ အမှောင်ထဲမှာ စူးစမ်းကြည့်လိုက်တော့ မာကာမှန်း ရိပ်မိတယ်။
"မင်း ငါ့ဆီက ဘာလိုချင်သေးလို့လဲ၊ မင်း ဒီကို ဘာလို့ လာသလဲ" လို့ အက်စီနော့က မေးတယ်။
မာကာ ဆမ်မြူးနစ်က တိတ်နေတယ်။ ဒါနဲ့ အက်စီနော့က ထိုင်လိုက်ပြီး "မင်း ဘာလိုချင်လို့လဲ။ ထွက်သွားတော့။ မဟုတ်ရင် အစောင့်ကို ခေါ်လိုက်မယ်။"
မာကာ ဆမ်မြူးနစ်က အက်စီနော့ဖက်ကို ကိုယ်ကိုင်းပြီး တိုးတိုးလေး ပြောတယ်။ "အီဗင် ဒီမီးထရစ်၊ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။"
"ဘာအတွက်လဲ" လို့ အက်စီနော့က မေးတယ်။
"ကုန်သည်ကို သတ်ပြီး၊ ဓါးကို ခင်ဗျားပစ္စည်းတွေကြားမှာ ဖွက်ထားခဲ့တာ ကျွန်တော်ပါ။ ခင်ဗျားကိုလည်း သတ်မလို့ပဲ။ ဒါပေမယ့် အပြင်က အသံကြားလို့ ဓါးကို ခင်ဗျားအိတ်ထဲမှာ ဖွက်ပြီး ပြတင်းပေါက်ကနေ ထွက်ပြေးခဲ့ရတာ။"
အက်စီနော့ တိတ်ဆိတ်နေတယ်။ ဘာပြောရမှန်း မသိတော့ဘူး။ မာကာ ဆမ်မြူးနစ်က အိပ်စင်ကနေ ဆင်းပြီး မြေပြင်မှာ ဒူးထောက်နေတယ်။ "အီဗင် ဒီမီးထရစ်၊ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကြောင့် ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။ ကုန်သည်ကို သတ်ခဲ့တာ ကျွန်တော်ပါလို့ ဝန်ခံပါမယ်။ ခင်ဗျား ထောင်က လွတ်ပြီး အိမ်ပြန်ရမှာပါ။"
"မင်းပြောတော့ လွယ်တယ်။ မင်းကြောင့် ငါ့မှာ ၂၆ နှစ်လုံးလုံး ဒုက္ခရောက်ခဲ့ပြီ။ အခုမှ ဘယ်ကိုသွားလို့ရမလဲ။ ငါ့မိန်းမ သေပြီ။ ငါ့သားသမီးတွေလည်း ငါ့ကို မေ့ပြီ။ ငါ့မှာ သွားစရာ မရှိတော့ဘူး။"
မာကာ ဆမ်မြူးနစ်က ခေါင်းမဖေါ်ဘဲ သူ့ခေါင်းနဲ့ ကြမ်းပြင်ကို ဆောင့်နေတယ်။ "အီဗင် ဒီမီးထရစ်၊ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။" သူ ငိုတယ်။ "သူတို့ ကျွန်တော့ကို ကြိမ်ဒဏ်ပေးတုန်းက ကြာပွတ်နဲ့ ရိုက်တာတောင် အခုခင်ဗျားကို ကြည့်ရတာလောက် နာနာကြင်ကြင် မခံစားရဘူးဗျာ။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့ကို ငဲ့ညှာခဲ့ပါတယ်။ ဖွင့်မ‌ပြောလိုက်ဘူး။ ခရစ်တော်ဘုရားကို ထောက်ထားပြီး သိပ်ဆိုးတဲ့ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။" သူ ရှိုက်ရှိုက် ငိုတယ်။
သူရှိုက်က်ငိုသံကို အက်စီးနော့ ကြားတဲ့အခါ သူလည်း ငိုတယ်။ "ဘုရားသခင်က မင်းကို ခွင့်လွှတ်မှာပါ။ ငါက မင်းထက် အဆတရာ ပိုဆိုးချင် ဆိုးနေမှာပါ။" ဒီစကားပြောရင်း သူ့စိတ်နှလုံးထဲမှာ လင်းလာတယ်။ အိမ်ကို လွမ်းတဲ့ စိတ် မရှိတော့ဘူး။ ထောင်က လွတ်ချင်စိတ်လည်း မရှိတော့ဘူး။ သူ့ဘဝရဲ့ နောက်ဆုံးချိန်လေး ရောက်လာဖို့ပဲ မြော်လင့်တော့တယ်။
အက်စီနော့ ပြောပေမယ့်လည်း မာကာ ဆမ်မြူးနစ်က သူ့အပြစ်တွေကို ဝန်ခံလိုက်တယ်။ ဒါပေမယ့် သူ့အတွက် လွှတ်မိန့်ရောက်လာချိန်မှာတော့ အက်စီနော့က သေသွားခဲ့ပါပြီ။
(Written in 1872.)

ဘာသာပြန် - ဆလိုင်း ထိန်ဝင်းအိ

နားထောင်၊ ကောင်းကင်သား ကြွေးကြော် သီချင်းရဲ့ နောက်ခံသမိုင်း

 

Charles Wesley
ဒီကယ်ရို သီချင်းကို Charles Wesley က ၁၇၃၉ မှာ ရေးခဲ့တုန်းက လူကြိုက်များမယ်လို့ မသိခဲ့ဘူး။ အစတုန်းက သီချင်းနာမည်ကို “Hark, how all the welkin ring,” လို့ ပေးခဲ့တယ်။ welkin ဆိုတာက ရှေးအဂ်လိပ်စကား၊ ကောင်းကင်ကို ခေါ်ပါတယ်။ George Whitefield က ၁၇၅၃ မှာ ပထမဆုံး ပုံနှိပ်ဖြန့်ချီတဲ့အခါ ပထမစာကြောင်းကို “Hark! The herald angels sing,” လို့ ပြောင်းလိုက်ရာက အခုအထိ အဲဒီလိုပဲ တွင်သွားပါတယ်။ ပထမ နှစ်ပေါင်း ၁၂၀ လောက်အထိတော့ ဒီသီချင်းကို သံစဉ်အမျိုးမျိုးနဲ့ ဆိုခဲ့ကြတယ်။ ၁၈၅၆ မှာတော့ Gutenberg Festival ပွဲတော် - 1840 အထိမ်းအမှတ် ထုတ်ဝေရာမှာ William Cummings က စာသားကို Felix Mendelssohn ရဲ့ သံစဉ်နဲ့ တွဲလိုက်တယ်။ ဆိုကြသူတွေရော ကြားရသူတွေပါ သူရေးတဲ့သံစဉ်ဟာ ဘုရားတရား စာသားတွေနဲ့ မလိုက်လောက်ဘူးလို့ ထင်ကြသူတွေက ကြိုဆိုကြတော့ Felix Mendelssohn လည်း အံ့အားသင့်လောက်ပါတယ်။
Charles Wesley ရဲ့ သီချင်းက ဘုရားတရား ဓမ္မပညာ အနှစ်ချုပ်ကို ပေးတယ်။ ခရစ်တော်ရဲ့ ဘွဲ့နာမတွေ အများကြီးပါတယ်။ ဘုရင်၊ အရှင်သခင်၊ ငြိမ်သက်ခြင်း အရှင်၊ တရားတော် နေမင်း၊  ထာဝရ အရှင်၊ လူမျိုးတကာတို့ရဲ့ နှစ်လိုဘွယ်ရာ၊ လူ့ဇာတိခံသော ဘုရား၊ ဧမာနွေလ။ ပထမ စာကြောင်းအပြီးမှာပဲ အသစ်ဖွါးမြင်တဲ့ ဘုရင် “the new-born King” ကို ချီးမွမ်းဖို့ နှိုးဆော်တယ်။ နောက်တကြောင်းက "အပျိုကညာမှ ဖွါးမြင်ခြင်း၊ ခရစ်တော်ရဲ့ ဘုရားဇာတိ၊ ကိုယ်ခန္ဓာနဲ့ ရှင်ပြန် ထမြောက်ခြင်း၊ အသစ်ဖွါးမြင်ခြင်းအကြောင်းတွေကို ဖေါ်ပြတယ်။ “Mild he lays his glory by” ဆိုတဲ့ စကားစု နှစ်စုကတော့ ခရစ်တော်ဟာ လူတွေနဲ့ တသားတည်းဖြစ်ဖို့ ဘုန်းစည်းစိမ်ကို စွန့်ပြီး လူ့ဇာတိခံယူကြောင်းကို ဖေါ်ပြတယ်။ “Late in time behold him come” ဆိုတဲ့ စာသားကတော့ "ယခုနောက်ဆုံးသောကာလ၌" သားတော်အားဖြင့် ဘုရားသခင် စကားပြောတယ် ဆိုတဲ့ ‌ဟေဗြဲ ၁း ၂ ကို သတိရစေတယ်။
Hark! the Herald Angels Sing Lyrics

Hark the herald angels sing
"Glory to the newborn King!
Peace on earth and mercy mild
God and sinners reconciled"
Joyful, all ye nations rise

Join the triumph of the skies
With the angelic host proclaim:
"Christ is born in Bethlehem"
Hark! The herald angels sing
"Glory to the newborn King!"

Christ by highest heaven adored
Christ the everlasting Lord!
Late in time behold Him come
Offspring of a Virgin's womb
Veiled in flesh the Godhead see

Hail the incarnate Deity
Pleased as man with man to dwell
Jesus, our Emmanuel
Hark! The herald angels sing
"Glory to the newborn King!"

Hail the heaven-born Prince of Peace!
Hail the Son of Righteousness!
Light and life to all He brings
Ris'n with healing in His wings
Mild He lays His glory by

Born that man no more may die
Born to raise the sons of earth
Born to give them second birth
Hark! The herald angels sing

"Glory to the newborn King!"

နားထောင်၊ ကောင်းကင်သား ကြွေးကြော်

၁။ နားထောင်၊ ကောင်းကင်သား ကြွေးကြော်
ခုဖွါးမြင် ဘုရင့်ဘုန်းတော်၊
ကမ္ဘာပေါ်တွင် ငြိမ်သက်စေ၊ ကောင်းကင်ဘုံတွင် ဘုန်းကြီးစေ။
ပြစ်ရှိသူများ ချမ်းသာ၍၊ ဘုရားသခင်နှင့် ဆုံတွေ့၊
ဗက်လင်မြို့တွင် ကယ်တင်ရှင်၊ ဘွားမြင်ပြီ ငါတို့သခင်။
နားထောင်၊ ကောင်းကင်သား ကြွေးကြော်၊ ခုဖွါးမြင် ဘုရင့်ဘုန်းတော်။ 


၂။ ကောင်းကင်ဘုံသားတို့ဘုရင်၊ ထာဝရ ခရစ်တော်ရှင်၊
ချိန်တန်ကာလ ဆင်းသက်၍၊ ကညာဝမ်း၌ ကိန်းအောင်းလေ၊
လူ့ဇာတိ ကိုယ်တော်မြတ်ဆောင်၊ ကယ်တင်အံ့ငှါ လူတို့ဘောင်။
ဧမာနွေလ ဆင်းသက်ပြီ၊ လူတို့တွင် တည်တော်မူသည်။  
နားထောင်၊ ကောင်းကင်သား ကြွေးကြော်၊ ခုဖွါးမြင် ဘုရင့်ဘုန်းတော်။ 


၃။ ကောင်းကင်ဖွါး ငြိမ်သက်အရှင်၊ တရားမင်း၊ ဘုန်းကြီးဘုရင်။
အလင်း၊ အသက်၊ စည်းစိမ်မျိုး၊ ဘေးဒဏ်ပေါင်း ကင်းရှင်း တန်ခိုး။
ပေးပိုင်ရှင် သခင်မြတ်သည်၊ လူထာဝရ သက်တည်ကြည်၊
ရစိမ့်သောငှါ ကောင်းကင်မှ၊ ဆင်းသက်သည်းခံ ဖွါးမြင်ရ။
နားထောင်၊ ကောင်းကင်သား ကြွေးကြော်၊ ခုဖွါးမြင် ဘုရင့်ဘုန်းတော်။


Monday, December 20, 2021

It Came Upon a Midnight Clear - "ကြည်လင်လှစွာ သန်းခေါင်ယံမှာ"


Edmund Sears
စာသား Edmund Sears


Edmund Sears ကို Massachusett မက်စက်ချူးဆက်ပြည်နယ်၊ Sandisfield စင်ဒစ်ဖီး မြို့မှာ ၁၈၁၀ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ မွေးဖွါးပါတယ်။ သူ့အသက် ၆၆ နှစ်မှာ နယူးယော့ပြည်နယ်၊ စင်ဒစ်ဖီးမြို့ရဲ့   Union College မှ ဘွဲ့၊ ဟားဗတ်မှ ဒေါက်တာဘွဲ့ရပြီး၊ မက်စက်ချူးဆက်ပြည်နယ်ထဲက Wayland, Lancaster and Weston စတဲ့ မြို့တွေရဲ့  အသင်းတော်ငယ် ၃ ပါးမှာ သင်းအုပ်လုပ်တယ်။ ၁၈၇၆ မှာ သေဆုံးတယ်။ သေးသေးမွှားမွှား အချက်လေး တချက်ကလွဲလို့ သူ့ကို လူတွေ မေ့သွားကြမှာပါ။
၁၈၄၆ မှာ Peace on Earth ဆိုတဲ့ ကဗျာလေးကို ရေးပါတယ်။ ဒီအရင် ၁၈၃၄ မှာရေးတဲ့ ခရစ်စမတ် သီချင်းက လူတွေ သိပ်လက်မခံတော့ အခုကဗျာလေးကို စားပွဲမှာပဲ သိမ်းထားခဲ့တယ်။ Peace on Earth ကဗျာလေးဟာ စားပွဲမှာပဲ ၃ နှစ်ကြာခဲ့ပေမယ့် ဘုရားသခင်မှာ အကြံအစည် ရှိနေတယ်။ အဲဒီကဗျာလေးကြောင့်သာ အဲဒီတောသား တရားဟောဆရာကို လူတွေ မှတ်မိစရာဖြစ်သွားပါတယ်။
ဆရာ စီးယားဟာ ဘော့စ်တွန်မြို့ ဘုရားကျောင်းကြီးမှာ အမှုတော်ဆောင်လို့ ရပေမယ့် သူက ဘတ်ရှိုင်းယားတောင်တန်းတွေမှာပဲ ကြီးပြင်းခဲ့တယ်။ တောသဘာဝကို ချစ်တယ်။ တောအရပ်သဘာဝနဲ့ နွေရက်ရှည်ကနေ ဆောင်ညချမ်းဆီ ရာသီအပြောင်းအလဲတွေက  ဒီကဗျာကို ရေးဖို့ စိတ်ကူးရစေတယ်။
နယူးအဂ်လန်ပြည်နယ်ရဲ့ ဆောင်းညချမ်းမှာ နှင်းပွင့်တွေ တွဲလောင်းကျနေတဲ့ ပြတင်းတံခါးကနေ စိတ်မြင်ကွင်းမှာ ရှေးခေတ် ယုဒပြည် တောင်းကုန်းပေါ်မှာ ကောင်းကင်တမန်တွေ ဆင်းသက်လာတာကို မြင်ယောင်မိမယ်။ သိုးထိန်းတွေ ကြောက်ရွံ့သွားတယ်။ ကောင်းကင်အရှင်သခင် ဘုရင့်အမိန့်တော်ပါတယ်။ "မြေကြီးပေါ်မှာ ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာ ကရုဏာ ရှိစေသတည်း။" ဒီလို မြင်ယောင်ရင်း Peace on Earth ကဗျာလေး မွေးဖွါးလာတယ်။
အချိန်ကာလက ဆရာ စီးယားရဲ့ ကဗျာလေးကို ဝါးမြိုသွားပေမယ့် Peace on Earth ကဗျာလေးကို ဘော့စတွန်မြို့ရဲ့  Christian Register စာစောင် ထုတ်ဝေသူထံ ပို့လိုက်တယ်။ တနှစ်အကြာ ၁၈၅၀ ခုနှစ်မှာတော့ အားလုံးဖတ်စရာ ပုံနှိပ်စာအဖြစ်ပါလာတယ်။ ကဗျာစားသားတွေကို သံစဉ်လေးဖြည့်ပြီး ပျံဝဲစေသူကတော့ ယေးလ်တက္ကသိုလ်ကျောင်းဆင်း၊ နယူးယော့ ထရစ်ဗြူး  New York Tribune ရဲ့ ဂီတဝေဖန်ရေးဆရာ Richard Willis ဖြစ်တယ်။ နောက်နှစ်အတော်ကြာမှာတော့ Oliver Wendell Holmes က "သမိုင်းတလျှောက် ရေးခဲ့သမျှမှာ အကောင်းဆုံး၊ အလှဆုံး ဓမ္မသီချင်းအဖြစ် ကြေညာလိုက်တယ်။
သီချင်းလေးက လှနေတုန်းပဲ။ သူ့ပေးတဲ့ သတင်းစကားကလည်း ကြားဖို့ လိုနေတုန်းပဲ။ ဒီနေ့ခေတ်မှာတော့ Edmund Sears ရဲ့ ငြိမ်းချမ်းရေးကဗျာလေးကို  It Came Upon
the Midnight Clear ခေါင်းစဉ်နဲ့ သီချင်းအဖြစ် ဆိုနေကြပါပြီ။

သံစဉ် Richard Willis

    It came upon the midnight clear,
    That glorious song of old,
    From angels bending near the earth,
    To touch their harps of gold; 


    “Peace on the earth, good will to men,
    From Heav’n’s all-gracious King.”
    The world in solemn stillness lay,
    To hear the angels sing. 


    Still through the cloven skies they come
    With peaceful wings unfurled,
    And still their heav’nly music floats
    O’er all the weary world; 


    Above its sad and lowly plains,
    They bend on hov’ring wing,
    And ever o’er its Babel sounds
    The blessed angels sing. 


    Yet with the woes of sin and strife
    The world has suffered long;
    Beneath the angel strain have rolled
    Two thousand years of wrong; 


    And man, at war with man, hears not
    The love-song which they bring;
    Oh, hush the noise, ye men of strife
    And hear the angels sing. 


    And ye, beneath life’s crushing load,
    Whose forms are bending low,
    Who toil along the climbing way
    With painful steps and slow, 


    Look now! for glad and golden hours
    Come swiftly on the wing.
    Oh, rest beside the weary road,
    And hear the angels sing! 


    For lo! the days are hast’ning on,
    By prophet seen of old,
    When with the ever-circling years
    Shall come the time foretold 


    When Christ shall come and all shall own
    The Prince of Peace, their King,
    And saints shall meet Him in the air,
    And with the angels sing.

၁။ ကြည်လင်လှသော ကောင်းကင်ယံမှာ ..
ကောင်းကင်တမန်များသည်
ရွှေစောင်းများကို ကိုယ်စီကိုင်ကာ
ချီးမွမ်းဧကျူးကြ၏။
ငြိမ်သက်ခြင်းနှင့် အလိုတော်သည်
မြေပေါ်မှာ ရောက်စေသတည်း ။
ကောင်းကင်သီချင်းသံ ကြားစိမ့်ငှါ
တိတ်ဆိတ်လှ မြေပေါ်မှာ ...
၂။ ကောင်းကင်သား သီချင်းသံ သာယာ
ကောင်းကင်မှ ထွက်လာသည်။
မောပန်းလှသော ဤလောကမှာ
ထိုသီချင်းသံ ကြား၏။
ဝမ်းနည်းဘွယ်ရာ ထိုကွင်းပေါ်မှာ
ကောင်းကင်သားများ ဝဲကြ
လောက ရှုပ်ထွေး ဒုက္ခထဲမှာ
ထိုသီချင်းသံ ကြားရ ....
၃။  ပရောဖက်များ ဟောကြားသမျှ
လျင်မြန်စွာ ပြည့်စုံရ
နှစ်များသည် လွန်သွားနေစဉ်ခါ
ဟောချက်အတိုင်း ဖြစ်လာ။
ကောင်းကင်သစ်နှင့် မြေကြီးသစ်လျှင်
ကိုယ်တော်ကို ဝန်ခံစဉ်
ကောင်းကင်သားများ၏ သီချင်းကို
တလောကလုံး ကျူးဆို။

Wednesday, November 3, 2021

Samo Pu Lay "လူတမျိုး ရှိသေး၏။"

ဆမို ပုလေး

Samo Pu Lay, Daw Kyaing, son & daughter
Samo Pu Lay & his wife, Daw Kyaing
Asho Chin Bible School

Samo Pu Lay's daughter, Daw Aye Kyaing

ဒီခေါင်းစဉ်ရဲ့ အိုင်ဒိယာကို "There is a river." ဆိုတဲ့ ကျမ်းစာပိုဒ်မှ ရပါတယ်။
"သမုဒ္ဒရာရေသည် ဟုန်းဟုန်းမြည်၍ မွှေနှောက်ပါလေစေ။ လှိုင်းတံပိုးထသဖြင့်၊ တောင်များ တုန်လှုပ်ပါလေစေ။
မြစ်တမြစ် ရှိသေး၏။ ထိုမြစ်ရေသည် စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်းစေတတ်၏။" - ဆာလံ ၄၆: ၃-၄
ရေဟာ အစုအဝေးကြီးလာရင် ပင်လယ်၊ သမုဒ္ဒရာလို ဖြစ်ပြီး အားကြီးလာ၊ ဒုက္ခပေးလာနိုင်တယ်။ ရေသိပ်မများတဲ့ စမ်းချောင်းကတော့ စီးဆင်းရာ အရပ်ကို အကျိုး ပြုတယ်။ လူလည်း ဒီလိုပါပဲ။
လူအုပ်စုကြီးမားပြီး၊ လူညီလာရင် အကျိုးမရှိတာတွေ လုပ်မိတတ်တယ်။ လူနည်းပေမယ့် အကျိုးရှိတာတွေကို လုပ်သူတချို့လည်း ရှိတယ်။ အဲလိုလူနည်းစုတွေထဲက လူတယောက်အကြောင်း ပြောပြချင်တယ်။
"ဆမို ပုလေး"
ဦးပိုလေးနဲ့ ဒေါ်ပပွိုင်တို့ရဲ့ စတုတ္ထမြောက်သား ဖြစ်ပြီး၊ တောင်တွင်းကြီး၊ နှစ်ကျပ်ခွဲရွာ ဇာတိ၊ ၁၉၁၃ မှာ မွေးဖွါးတယ်။ အဖ ဦးပိုလေးက အရှိုရိုးရာ ပဆန်းဆရာကြီး (ယဇ်ပရောဟိတ်၊ ယဇ်ပူဇော်ပေးရသူ) ဖြစ်တယ်။ ဒါပေမယ့် သင်းအုပ်ဆရာ ဦးထွန်း (မြန်မာ) နဲ့ တွေ့တဲ့အခါ ခရစ်ယာန်တွေကို စိတ်ဝင်စားသွားတယ်။ သူက စိတ်ထား​ကို ကြိုက်တာ။ ခရစ်ယာန်တွေက ပိုက်ဆံ၊ လက်ကိုင်ပဝါ ကောက်တွေ့တာကို ပိုင်ရှင်ရှာ၊ ကြေညာပြီး ပြန်ပေးနေတာ တွေ့တယ်။ ရွာမှာဆိုရင် ပွဲလန်းသဘင်မှာ ဖိနပ် သိပ်ပျောက်တာ လို့ တွေးမိတယ်။
အဲဒီနောက်တော့ ဆရာဦးထွန်းကို ဖိတ်ပြီး ကျမ်းစာသင်၊ ဆုတောင်းပေးပါ၊ သားတွေကိုလည်း ဘိန်းဖြတ်ပေးပါ လို့ တောင်းဆိုတယ်။ သားတွေက ဆိုးတယ်။ တဝမ်းကွဲ ညီအကိုတွေနဲ့ ပေါင်းပြီး လူမိုက်အုပ်စုဖွဲ့၊ ရွာနားတဝိုက် ပွဲလန်းသဘင် ရှိရင် ပုလိပ် ခေါ်စရာ မလို၊ သူတို့ပဲ ပွဲထိန်းကြတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ အရက်၊ ဘိန်း ပြတ်သွားကြတယ်။
အရက် မသောက်၊ ဘိန်းမစားတတ်သေးတဲ့ အငယ်ဆုံးသား နှစ်ယောက် ပုလေးနဲ့ ဗက်အိတို့ကို ကျွဲလှည်းနဲ့ ဆင်ပေါင်ဝဲအထိ ပို့၊ အဲဒီက တဆင့် သင်္ဘောစောင့်စီးပြီး သရက် မြို့ American Baptist Mission school ကို ပို့တယ်။
အဲဒီကျောင်းဟာ တောအရပ်က ကျောင်းမို့ တောကျောင်းလို့လည်း ခေါ်တယ်။ အဲဒီတုန်းက အမေရိကန် နှစ်ခြင်း ဆရာတွေက စွန့်လွှတ် အနစ်နာခံပြီး မဖွံ့ဖြိုး မတိုးတက်တဲ့ တောအရပ်မှာ စာလာသင်ပေးခဲ့တယ်။
ဟိုခေတ်ကတော့ အသိအမြင် နည်းပါးတော့ အများစုက အမေရိကန်တွေ၊ အင်္ဂလိပ်တွေ၊ ပြင်သစ်တွေ မခွဲတတ်ဘူး။ အသားဖြူရင် "ဘို" လို့ပဲ ခေါ်ကြတော့တယ်။ ဒါကြောင့် 3 Ms (စစ်ရေး၊ စီးပွါးရေး၊ ဘာသာရေး) နဲ့ နယ်ချဲ့တယ် ဆိုပြီး အကုန် ရောထွေး စွပ်စွဲကြတယ်။
တကယ်တော့ တောသားလေးတွေဟာ ABM ကျောင်းမှာ အမေရိကန်ဆရာနဲ့ စာသင်ရတဲ့ ထူးခြားတဲ့ အခွင့်အရေးကြီးကို ရခဲ့ကြတယ်။ (အခုခေတ်မှာပင် အမေရိကန်ဆရာနဲ့ စာသင်ဖို့ ဆိုတာ လွယ်တာမဟုတ်။ ကိုယ်တိုင် ကြိုးစားမှ၊ တော်မှ။ အမေရိကားမှာ အဆက်အသွယ်၊ အမျိုးအဆွေ ရှိမှ။ ပိုက်ဆံလည်း တတ်နိုင်ဦးမှ။) ဟိုခေတ် ABM ကျောင်းကတော့ ရွာက ဆန်ပါလာရုံနဲ့ အဆင်ပြေတယ်။ တချို့မတတ်နိုင်ရင်လည်း ပေးစရာ မလိုဘူး။ (သရက် မြို့ရဲ့ စိန့်မေရီဆိုတဲ့ RC ကျောင်းလည်း ဒီလိုပါပဲ။)
အဲဒီခေတ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတချို့က နိုင်ငံရေးကို ခရေဇီဖြစ်နေပေမယ့် ကိုပုလေးတို့က နိုင်ငံရေးထက် ကိုယ့်လူမျိုးကို ပညာတတ်ပြီး တိုးတက်စေချင်တဲ့ စိတ်က ပြင်းပြနေတယ်။
အဲဒီခေတ်လူငယ် နိုင်ငံရေးခေါင်းဆောင်တချို့ အင်္ဂလိပ်လို ပြောတဲ့ မိန့်ခွန်းတွေဟာ အင်ဒီးယား အသံဝဲပြီး၊ ကျက်ထားတာကို ​ပြန်ရွတ်သလား မှတ်ရတယ်။ ABM ကျောင်းသားတွေရဲ့ အင်္ဂလိပ် စကားပြော လေယူ လေသိမ်းကတော့ အမေရိကန် ဆန်တယ်။ လူမမြင်ရရင် အမေရိကန်လို့ ထင်ရတယ်။
နိုင်ငံရေးလုပ်တဲ့ လူငယ်တွေက စိတ်အားကြီးပေမယ့် အဲဒီခေတ်ရဲ့ နိုင်ငံတကာ အခင်းအကျင်းကို သိပ်သိပုံ မရဘူး။ တတိုက်တည်းနေ အာရှသား ဂျပန်တပ်ကို ခေါ်လာတဲ့အခါ ပြည်သူလူထု အကြီးအကျယ် ဒုက္ခရောက်ရတယ်။ ကျောင်းတွေ ပိတ်ခဲ့ရတယ်။ ပညာသင်ချင်၊ တိုးတက်ချင်တဲ့ လူငယ်တွေအတွက် အဲဒီခေတ် နိုင်ငံရေးဟာ အနှောက်အယှက် သက်သက်ပါ။ ABM ကျောင်းပိတ်ချိန်မှာ ကျောင်းကို လွမ်းတဲ့အ​ကြောင်း သီချင်းတပုဒ်ကို ဆမိုပုလေး ရေးခဲ့တယ်။ "အို၊ အရှို ကျုန်လှဲင် ဟို" -( အို၊ အရှိုကျောင်းကြီးရယ် လွမ်းမိတယ်) သီချင်းဟာ သရက် မြို့ အရှို ABM ကျောင်းသားတိုင်းနဲ့ သူတို့ရဲ့ သားမြေးမြစ်များအတွက် မျက်ရည်ဝဲစရာ ဖြစ်တယ်။ တန်ဖိုးထားစရာ သမိုင်းဖြစ်ရပ်တွေကို ပြန်အောက် မေ့စရာ ဖြစ်တယ်။ ဂျပန်ခေတ်မှာ ပုံနှိပ်ပြီးစ အရှို ဓမ္မသီချင်း စာအုပ်တွေကို ဗုံးဒဏ်၊ မီးဘေးဒဏ် မသင့်ခင် ဆမိုပုလေးနဲ့ ဆမိုညီလေးက ရန်ကုန်မှာ သွားယူပြီး အရှိုရွာတွေကို ဖြန့်ဝေပေးချိန်မှာ ဒီသီချင်းကို ရေးခဲ့ပုံရတယ်။
ABM ကျောင်းသားတွေဟာ အင်္ဂလိပ်စာကောင်းတော့ ၇ တန်း၊ ၈ တန်း၊ ၉ တန်း ဆိုရင်ပဲ အလုပ်အကိုင် ကောင်းကောင်းရကြတယ်။ အများစုက လစာကောင်းတဲ့ အစိုးရအလုပ်ကို လုပ်ကြပေမယ့် ဆမိုပုလေးက လစာမကောင်းတဲ့ တရားဟောဆရာ အလုပ်ကို ရွေးချယ်တယ်။
ဆရာဦးထွန်းရဲ့သမီးဖြစ်သူ ဒေါ်ကြိုင်နဲ့ အိမ်ထောင်ကျတယ်။
ဆမိုပုလေးက သနားတတ်တယ်။ တောရွာတွေကို သွားရာက ပြန်လာရင် ဇနီးသည်က သူ့ထည့်ပေးလိုက်တဲ့ အဝတ်အစားတွေ ပြန်စစ်တယ်။ မတွေ့လို့ မေးရင်၊ "မမ မမေးနဲ့တော့။ မရှိတဲ့သူတွေကို ပေးလိုက်ပြီ။" ဖြေတတ်တယ်။
သားသမီး မထွန်းကားပေမယ့် နှစ်ယောက်လုံးက သနားတတ်တော့ မွေးစား သားသမီးတွေ ရှိတယ်။ သားအငယ်က တရုတ်နွယ်ဖွါး။ ဦးပုလေးနဲ့ ဒေါ်ကြိုင်တို့ရဲ့ သားဆိုတော့ "ကို လေးကြိုင်" လို့ မှည့်ကြတယ်။ နာမည်လေးမှာ နွေးထွေးမှုကို တွေ့နိုင်တယ်။ သမီးအကြီးက မအေးကြိုင်။ သူက အင်ဒီးယား နွယ်ဖွါး။ မောင်နှမ နှစ်ယောက် မှန်ကြည့်ကြတော့ "နင်နဲ့ ငါနဲ့ မောင်နှမသာ ဆိုတယ်။ ဘာတခုမှ မတူပါလား" လို့ ပြောမိကြတဲ့ အထိ ဆမိုပုလေးရဲ့ မေတ္တာတရားဟာ အံဩစရာပါ။
သမီးကြီးက ချင်းထမီလေး ဝတ်တော့ အဖေက ကြည်နူးတယ်။ သမီးတော်ကြောင်း ဂုဏ်ယူစွာနဲ့ ပြောမိတယ်။ "အရှိုတွေက ကြက်ဆင်ကို ကြက်ဆင်လို့ပဲ ခေါ်နေကြတယ်။ ငါ့သမီးကမှ အာမွီ လို့ ခေါ်တတ်သေးတယ်" တဲ့။ အရှိုမှာ ကြက်က "အာ"၊ ဆင်က "မွီ"။ ကြက်ဆင်အတွက် မရှိခဲ့ဘူး။ သူ့စကားဟာ လူအများ ကဲ့ရဲ့စရာ ဖြစ်ခဲ့တယ်။ ဟာသ ဖြစ်ခဲ့တယ်။ သာမန်အားဖြင့် မိဘက သားသမီးအတွက် ဂုဏ်ယူရင် အပြစ်မတင်ကြပေမယ့် မွေးစားအဖေ ဆိုတော့ ကဲတယ် လို့ မြင်ကြတယ်။
တကယ်တော့ အရောင် မတူပေမယ့်လည်း သမီးအရင်းလို ချစ်ခဲ့တဲ့ အဖေတယောက်ရဲ့ မေတ္တာ လယ်ဗယ်ကို မမှီကြတာပါ။ ချစ်ခြင်း မေတ္တာ ဆိုတာ အတန်းပညာလို တဆင့်ချင်း သင်ယူရတာမျိုးပါ။ ဆမို ပုလေးဟာ အသားအရောင် မခွဲခြားဘဲ ချစ်တတ်ခဲ့တယ်။
မွေးစားတဲ့ သားသမီးတွေအပြင် သူ့ဘက် ကိုယ့်ဘက် အမျိုးထဲက ကျောင်းထားပေးတဲ့ သားသမီးတွေပါ ပေါင်းရင် ၁၈ ယောက် ရှိတယ်။ လူမျိုးက စုံတယ်။ အရှို၊ မြန်မာ၊ တရုတ်၊ အင်ဒီးယား၊ ဂျပန် အစုံ ပါပဲ။ ၅ ပင်အိမ်ကြီးမှာ မိသားစုကြီး တခုလို နေကြတယ်။ မစားရ၊ မဝတ်ရ၊ ပညာမသင်ရ ဆိုတဲ့ စကားကို နှစ်ယောက်လုံးက မကြားနိုင်ကြ။ ကူချင်၊ ကယ်ချင်တယ်။ ကိုယ်က ချမ်းသာတာ မဟုတ်ဘဲ ကူချင် ကယ်ချင်လွန်းတော့ လင်မယား စကားများကြရတယ်။ စကားများရပြီဆိုရင် တခြားပြဿနာ မဟုတ်ပါ။ ကူချင်ကယ်ချင်တဲ့ ပြဿနာပါ။
တရားဟောဆရာလုပ်တော့ ဆမို ညီလေးနဲ့ အတွဲညီကြတယ်။ အလုပ်အစည်းအဝေးတွေမှာ ဘာမှဝင်မပြောတဲ့ အရှိုတွေကို အားမရကြဘူး။ ကိုယ့်အမြင်ကို ရဲရဲဝံ့ဝံ့ ပြောစေချင်ကြတယ်။ တနေ့ အလုပ်စည်းဝေးမှာ ဆမိုပုလေးနဲ့ ဆမိုညီလေး သဘောထား ကွဲပြီး အကြီးအကျယ် အခြေအတင် စကားများတယ်။ လူတွေ လန့်ကြတယ်။ "ဒီလောက်ခင်တဲ့ ဆရာနှစ်ယောက် ဒီနေ့တော့ ကွဲပြီ" လို့ ထင်ကြတယ်။ စည်းဝေးအပြီး ခန်းမထဲကနေ တယောက်ပုခုံး၊ တယောက်ဖက်ပြီး ထွက်သွားတဲ့ ဆမိုပုလေးနဲ့ ဆမိုညီလေး အတွဲကိုကြည့်ပြီး အံ့ဩကျန်ခဲ့ကြရတယ်။ သဘောထား မတူပေမယ့် အခင်အမင် မပျက် ချစ်တတ်အောင် လက်တွေ့သင်ပေးခဲ့ကြတယ်။ သူတို့က သဘောထား ကွဲလွဲခွင့်ပေးနိုင်တဲ့ မေတ္တာလယ်ဗယ်အထိ ချစ်တတ်ခဲ့ကြတယ်။
ဆမိုပုလေးက ပျော်ပျော်နေတတ်တယ်။ ရယ်စရာလေးတွေ ပြောတတ်တယ်။ သူပြောတဲ့ ရယ်စရာ စကားတွေကြောင့် လူတွေ ပေါ့ပေါ့ပါးပါး ဖြစ်ရတယ်။ တနေ့ ရွာတရွာကို အသွား၊ လမ်းမှာ လှည်းချင်း ဆုံနေတယ်။ ဆမိုပုလေးက "ဗျိုး၊ ဟိုးရှေ့က သူကြီးမင်းရေ၊ ဒီမှာ မြို့အုပ်မင်း လာနေလို့၊ လှည်းဖယ်ပေးပါဦး။ " လို့ ပြောတော့ တဖက်လှည်းသမားလည်း စိတ်မဆိုးအား၊ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ လှည်းရှောင်ပေးတယ်။ လှည်းပေါ်ပါလာသူ အားလုံးလည်း ချက်ချင်းကြီး ရာထူးတွေ တိုးကြတော့ ပြုံးစိစိနဲ့ပေါ့။
တနေ့တော့ ဆမို ညီလေး ရုတ်တရက် ဆုံးတဲ့သတင်းကို သရက် မြို့မှ လူငယ် တယောက် ပြည်မြို့ ဆမိုပုလေးထံ လာပြောတယ်။ သတင်းကြားရချင်း ဆမို ပုလေး ရှိုက်ကြီးတငင် ငိုတယ်။ ယောင်္ကျားတန်မဲ့ ငိုနေတာက သတင်းပို့လာတဲ့ လူငယ်အတွက် အံ့အားသင့်စရာ။ ဒါပေမယ့် သရက် မြို့အသွား ကားပေါ်မှာတော့ ဘေးနားက လူတွေနဲ့ ရယ်စရာတွေ စ,နောက်နေပြန်တော့ ပိုပြီး အံ့အားသင့်ရတယ်။ ကိုယ်က ဝမ်းနည်း ကြေကွဲနေပေမယ့် ဘေးလူတွေကို ပျော်စေချင်တဲ့ မေတ္တာမျိုး သူ့မှာ ရှိခဲ့တယ်။
သရက် မြို့ရောက်ပြီး ဆမိုညီလေးရဲ့ နာရေးမှာ ဆမိုပုလေး တရားဟောရင်း "ခလောင်ဟိုး" - (လူရေ/ ကိုယ့်လူရေ) လို့ ပြောလိုက်တဲ့အခါ၊ ဒီစကားက ဆမိုပုလေးက ဆမိုညီလေးကို ခေါ်နေကျ စကားဆိုတော့ နာရေးပို့ဆောင်တဲ့သူတွေ အားလုံး မျက်ရည်မဆည်နိုင် ငိုကြရတယ်။
ဆမိုပုလေးရဲ့ နောက်ဆုံးနေ့ရက် နီးလာချိန်မှာ ဝမ်းနည်းစရာ နားလည်လွဲ ခံခဲ့ရတယ်။ ခရီးမသွားခင် မိသားစု ဆုတောင်းကြတယ်။ ဆမိုပုလေးက "ဘုရားသခင်၊ အရှိုတွေကို ကောင်းကြီးပေးပါ။ တိုးတက်​စေပါ" လို့ ဆုတောင်းတယ်။ ဇနီးသည်က "အာမင်" မဆိုပါ။ သဘောမတူပါ။ ဆမိုပုလေးက "မမ ဘာလို့ အာမင် မဆိုတာလဲ" လို့ မေးတဲ့အခါ "တဖက်စွန်းရောက်တာကိုး။ ဘုရားသခင်က အရှိုကိုပဲ ချစ်တာလား၊ တခြားလူမျိုးတွေကိုရော မချစ်ဘူးလား။ ဆုတောင်းတာ မမှန်ရင် အာမင် မခေါ်နိုင်ဘူး" လို့ ပြန်ပြောခဲ့တယ်။ ဆမိုပုလေး တချက်တွေသွားပြီး၊ ဆုတောင်းချက်ကို ပြင်လိုက်တယ်။
လူသားအားလုံးကို ဘုရားသခင် ကောင်းကြီးပေးဖို့၊ တိုးတက်စေဖို့ပေါ့။ (တကယ်တော့ အရှိုက အရှိုကို ချစ်တာ အပြစ်မဟုတ်ပါ။ အစွန်းရောက်တာလည်း မဟုတ်ပါ။ ကိုယ့်လူမျိုးကို တကယ်မချစ်ဘဲ တတိုင်းပြည်လုံးကို မချစ်နိုင်ပါ။ တကမ္ဘာလုံးကိုလည်း မချစ်နိုင်ပါ။)
"If a man say, I love God, and hateth his brother, he is a liar: for he that loveth not his brother whom he hath seen, how can he love God whom he hath not seen? 1 John 4: 20
ဆမိုပုလေးက သူဆုတောင်းချက်ကို ပြင်ပေးခဲ့တယ်။ တိုင်းပြည်ကို ချစ်တဲ့စကား၊ တကမ္ဘာလုံး ငြိမ်းချမ်းရေး ဆိုတဲ့ စကားကို တလောကလုံး ကြားချင်ကြမှာပါ။ ဒါပေမယ့် ကိုယ့်အနားက လူကို မချစ်ဘဲ ပြောနေသမျှဟာ ကြားကောင်းရုံ သက်သက်ပါ။ လူ့လောကမှာ လိုအပ်နေတာက ကိုယ့်မိသားစုကို တကယ်ချစ်တဲ့ သူ၊ ကိုယ့်လူမျိုးကို တကယ်ချစ်တဲ့ သူပါ။
အဲဒီလို တကယ်ချစ်သူတွေ များလာရင်တော့ တိုင်းပြည် တိုးတက်ဖို့၊ ကမ္ဘာကြီး သာယာ ငြိမ်းချမ်းဖို့ ဖြစ်လာဖို့ မြော်လင့်နိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ကြားကောင်းရုံပဲ ရှိမယ်။ တကယ်လို့များ ဆမိုပုလေးက ဆုတောင်းချက် မပြင်ရင် ဆုတောင်းခြင်းရဲ့ အကျိုးဆက် ဘာဖြစ်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ အခုကတော့ ပြင်လိုက်တဲ့ စကားလုံးလှတဲ့ ဆုတောင်းဟာ အသက် မပါခဲ့ပါ။
၁၉၆၂၊ အောက်တိုဘာ ၂၃ ရက်၊ ရန်ကုန်ကနေ ပြည်ပြန်မယ့်နေ့ကတော့ သူ့အတွက် နောက်ဆုံးနေ့ပါ။
မိသားစုအတွက် လက်ဆောင်ဝယ်ရာက တည်းခိုရာအရပ်ကို ပြန်လာခဲ့တယ်။ ရောက်ခါနီးမှာ ရင်ဘတ်အောင့်လာတယ်။ လက်တဖက်က ရင်ဘတ်ကို ဖိရင်း၊ လက်တဖက်နဲ့ တည်းခိုဆောင်ရှိ မိတ်ဆွေတွေကို လက်ယပ်ခေါ်တယ်။ သူနောက်နေတယ် ထင်လို့ မိတ်ဆွေတွေက ရယ်ကြတယ်။ တည်းခိုဆောင်ထဲ အရောက် မှာ လဲကျသွားတယ်။
အိမ်ထဲက ကရင်မိန်းကလေးက "ဦးလေး၊ ဦးလေး၊ ဘာဖြစ်လဲ" ဆိုပြီး ပွေ့ထားပေမယ့်၊ စကားပြန် မရဘဲ သူ့လက်​ပေါ်မှာပဲ နှလုံးရောဂါနဲ့ ရုတ်တရက် ဆုံးပါးသွားခဲ့တယ်။
အခုဆိုရင် နှစ်ပေါင်း ၆၀ ကြာခဲ့ပါပြီ။ သူ့ဘဝကို စကားလုံးတလုံးနဲ့ ချုပ်ရရင် ဆမိုပုလေးဟာ ကိုယ်နဲ့သက်ဆိုင်သူတွေကို တကယ်ချစ်ခဲ့သူပါ။ He is "the one who loved his neighbors".
(ဆမိုပုလေးအကြောင်း ပြောပြပေးတဲ့ ဆမိုပုလေးရဲ့သား ဦးလေးကြိုင်နဲ့ အမှတ်တရတချို့ ပြောပြပေးတဲ့ ဦးဆလိုင်းအောင်ချစ်၊ ဓါတ်ပုံများ သုံးခွင့်ပေးတဲ့ ဆမိုပုလေးရဲ့ မြေး ဒေါ်ဇင်မင်း တို့ကို ကျေးဇူးတင်ပါတယ်။)

Wednesday, July 21, 2021

Preachers and Pandemic - ကပ်ရောဂါကို ဆင်ခြင်ခြင်း (၂)

 Preachers တရားဟောဆရာတွေက ကိုယ့်အသိုင်းအဝန်းကို သတိပေးစရာ၊ ထိန်းသိမ်းစရာတွေ ရှိပါတယ်။
သတိထားစရာတွေက  .....

၁။ စည်းကမ်းရှိတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်ဖို့ လိုပါတယ်။  

ဆိုရှယ်မီဒီယာမှာ တွေ့သမျှကို တချို့က ရှဲနေတယ်။ မူလပြောတဲ့သူ ဘယ်သူမှန်းမသိ။ ဘယ်လောက် တတ်ကျွမ်းနားလည်လဲ မသိ။ စိတ်စေတနာ မှန်ရဲ့လား မသိ။ တွေ့သမျှ ရှဲနေပုံက ဆယ်ကျော်သက်မလေးက မျက်လုံးချင်း ဆုံသမျှ ရင်ခုံနေသလိုဖြစ်နေတယ်။ အဲဒီတော့ မဆန်းစစ်ဘဲ ဖေ့စ်ဘွတ်သုံးရင် ကြာတော့ စိတ်ပူလာမယ်။ ကြောက်လာမယ်။ စိတ်မငြိမ်ရင် အလွဲအမှားတွေ ဖြစ်တတ်ပါတယ်။ 

စကားတခွန်း ကြားဖူးပါတယ်။ "ကိုယ်က ကားဆရာ မဟုတ်ရင်၊ ခရီးသည်တွေ ဘယ်မှာ ဆင်းရမယ် ဆိုတာ မပြောပါနဲ့" တဲ့။ မြင်ယောင်ကြည့်ပါ။ အဝေးပြေးကားတစီးပေါ်မှာ၊ ခရီးသည်တွေကြားမှာ လူတယောက်က ခရီးစဉ်ကို အရမ်းစိတ်လှုပ်ရှားနေတယ်။ လမ်းကြောမသိဘဲ၊ "ဟေ့လူ၊ ခင်ဗျားဆင်းရမယ့်ရွာ ရောက်တော့မယ်၊ ပြင်ထား၊ ကျော်သွားမယ်" လို့ ကားပေါ်ရှိ လူတိုင်းကို ပြောနေတယ် ဆိုပါတော့။ ခရီးသည်တွေ ကမောက်ကမ ဖြစ်ကုန်တော့မှာပါပဲ။ အဲဒီတော့ ကိုယ်က ဆရာဝန်မဟုတ်ရင် ရောဂါအကြောင်း၊ ဆေးအကြောင်းတွေ သိပ်မပြောသင့်ဘူး။ ဆရာဝန်တွေဆိုရင်လည်း တယောက်နဲ့တယောက် အယူအဆ မတူကြတော့ ဘယ်ဟာ ပိုကောင်းမလဲလို့ စဉ်းစားဖို့လိုပါသေးတယ်။

၂။ ကိုယ်ကိုယ်တိုင်က အဆိုးမြင်စိတ် ရှိမနေသင့်ဘူး။

ကိုဗစ်ရောဂါသတင်းကြားရတာနဲ့ တပြိုင်နက် နောက်တပတ် ဆန်းဒေးမှာ ကိုဗစ်နဲ့ပတ်သက်ပြီး တရားစဟောကြပါတော့တယ်။ မဟောတဲ့ဆရာ သိပ်ရှားပါတယ်။ အများစုက အချက်အလက် မရှာဖွေ၊ မလေ့လာဘဲ ခံစားချက်နဲ့ ဟောတတ်ပါတယ်။ အဆုံးသတ်မှာတော့ ကပ်ရောဂါတွေဖြစ်နေပြီ၊ သခင်ဘုရားကြွလာတော့မယ်၊ ဘေးဒဏ်ကြီးကာလ ရောက်တော့မယ်၊ အသင့်ပြင်ကြလို့ နိုးဆော်ကြတယ်။ ဒါဟာ ကျမ်းစာကို သေချာမလေ့လာဘဲ ကိုယ့်ရဲ့အတွင်းစိတ်မှာ အဆိုးမြင်အခံရှိတဲ့သူ - pessimist ဖြစ်နေတာပါ။
စစ်ပွဲတွေ၊ သဘာဝဘေးဒဏ်တွေ၊ ကပ်ရောဂါတွေဟာ ကမ္ဘာဉီးကတည်းက ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ စစ်ပွဲမရှိတဲ့နှစ်၊ သဘာဝဘေး မရှိတဲ့နှစ်၊ ရောဂါဘယ မရှိတဲ့ နှစ်ကာလဟာ မရှိသလောက်ပါပဲ။ တနေရာမှာတော့ ရှိနေစမြဲပါပဲ။ အပြစ်ကြောင့် ကျိန်ခြင်းအမဂ်လာ ခံစားနေရတဲ့ ကမ္ဘာလောကကြီးရဲ့ သဘာဝပါ။  ဘေးဒဏ်ကြီးကာလမှာ ကပ်ရောဂါ၊ စစ်ပွဲ၊ သဘာဝဘေးဏက်တွေ များတာ မှန်ပါတယ်။ ဒါပေမယ့် ယုံကြည်သူက ဘေးဒဏ်ကြီးကာလမှာ ဖြတ်သွားဖို့ မဟုတ်ဘူး။ ချီဆောင်ခြင်းမှာ ပါသွားဖို့၊ သိမ်းဆည်းခံရဖို့ပါ။ ဒါကို တချို့က သူတို့နိုးနိုးကြားကြားရှိနေတယ်ဆိုတဲ့သဘောနဲ့ နောက်ဆုံးသောကာလရောက်တော့မယ်လို့ အလွဲ‌ပြောကြတာပါ။ Dr. John R. Rice ပြောတဲ့စကားလေးက မှတ်သားစရာကောင်းပါတယ်။ "ယုံကြည်သူက နိမိတ်လက္ခဏာ signs တွေကို ကြည့်နေရမှာ မဟုတ်ဘူး၊ ကယ်တင်ရှင် Savior ကို မြော်လင့်နေရမှာ" လို့ ဆိုပါတယ်။  

၃။ အခြေအနေနဲ့ အချိန်အခါကို နားလည်ဖို့ လိုတယ်။

"ကာလအချိန်တို့ကို နားလည်၍ ....... အဘယ်သို့ပြုရမည်ကို သိတတ်သော .... ဣသခါအမျိုးသား (၅ ရာ ၁၂: ၃၂)
ကပ်ရောဂါကို တွေ့ကြုံနေရချိန်မှာ ဘာတွေ လုပ်သင့်သလဲဆိုတာ သိရပါမယ်။
(က) ဘာအကြောင်းကြောင့်မှ လူစုလူဝေး မလုပ်သင့်တာကို သတိထားရပါမယ်။ သာရေး၊ နာရေးမှအစ၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ဘာအရေးကြောင့်မှ လူစုလူဝေးမလုပ်သင့်တာကို သတိထားရပါမယ်။ တခါတလေ မာနတ်ကများ တမင်နိုးဆော်နေသလား မှတ်ရတယ်။ ကပ်ရောဂါကာလမှာ ခဏခဏ လူစုဝေးမိတတ်ကြပါတယ်။
(ခ) ကိုယ်ခံအားကောင်းဖို့ လိုချိန်၊ ကောင်းကောင်းမွန်မွန် စားနိုင်ဖို့ လိုချိန်၊ ပေးဝေငှရမယ့်အချိန်မှာမှ တချို့က အစာရှောင်ဖို့ တိုက်တွန်းနေကြတဲ့သူတွေကိုလည်း တွေ့ရတယ်။ နည်းနည်းတော့ လွဲနေတယ်။ ဣသရေလလူမျိုးတွေ စစ်တိုက်နေရလို့ မောနေချိန်မှာ အနီးအနားမှာ ပျားရည်အလျံပယ် ပေါနေပေမယ့် စစ်ပွဲမပြီးမချင်း ဘာမှ မစားရဘူးလို့ အမိန့်ထုတ်တဲ့ ဘုရင့်သား အာဗရှလုံလို ဖြစ်နေတယ်။ သက်သက်မဲ့ နှောက်ယှက်သလိုဖြစ်ပြီး ပိုပင်ပန်းကြ၊ ဒုက္ခရောက်ကြတာပေါ့။ အလကားနေရင်း စိတ်အားကြီးကြောင်းပြတာ မကောင်းပါဘူး။ ဒါကို ကျမ်းစာက vain glory - အချည်းနှီးသော ကျော်ဇောခြင်း၊ အလကား နာမည်ကြီးချင်တာ လို့ ပြောပါတယ်။ မလုပ်ကြပါနဲ့။

၄။ တတ်နိုင်သမျှ ကူညီရမယ့်အချိန် ဖြစ်ပါတယ်။

အဟာရရှိအောင် ကောင်းကောင်းစားပါလို့ ပြောနေပေမယ့် ဆင်းရဲတဲ့သူက ဘာစားပါ့မလဲ?
ကျန်းမာအောင် ဂရုစိုက်နော် ဆိုပေမယ့် သူကိုယ်တိုင် မလုပ်နိုင် မကိုင်နိုင်သူက ဘယ်လို ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြုစုပါ့မလဲ?
"ညီအကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသော အစာ မရှိသောအခါ၊ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာ သွားကြလော့။ နွေးကြလော့။ ဝကြလော့ဟုပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျင် အဘယ်အကျိုးရှိသနည်း။" ယာကုပ် ၂: ၁၅- ၁၆။
ဆရာတွေက ဒါကို မေ့နေသလား? အသင်းတော်က ဒါကို မေ့နေသလား? သတိရရမယ့်အချိန်ပါ။

People and Pandemic - ကပ်ရောဂါကို ဆင်ခြင်ခြင်း (၁)

လူအမျိုးမျိုးဆိုတော့ ဆင်ခြင်ပုံ၊ တုန့်ပြန်ပုံ အမျိုးမျိုးပါပဲ။
တချို့က ခပ်ပေါ့ပေါ့ပဲ။ "ကိုဗစ်"" ကို "ငဗစ်" လို့တောင် ပြောင်လှောင် ခေါ်ကြတယ်။ အစပိုင်းမှာ ကိုဗစ်နဲ့ပါတ်သက်လို့ ဟာသအမျိုးမျိုး ထွက်လာတယ်။ ပညာပေး သီချင်းတွေလည်း ပေါပေါပဲပဲ ထွက်လာတယ်။ တချို့က အဲဒီထဲက သီချင်းတပုဒ်ကို ဖုန်း Ring tone အဖြစ်တောင် သုံးလာတယ်။ တကယ်တော့ Covid 19 က အသံကြားရုံနဲ့ကို ကြောက်စရာပါ။ ဒီလိုသီချင်းတွေလည်း မကြားနိုင်ပါ။ ပျော်စရာမှ မဟုတ်တာ။
အစပိုင်း သတင်းကြားခါစမှာကို အမေရိကားနဲ့ ဥရောပမှာ အသေအပျောက် အရမ်းများနေတယ်။ ဗြိတိန်မှာ တော်ဝင်မိသားစုရဲ့ ချားစ်မင်းသား ပိုးကူးစက်ခံရတယ်။ ကူးစက်ခံရသူများလွန်းလို့ ယာယီဆေးရုံတွေ အမြန်ဆောက်ကြရတယ်။
ဒီလောက်ကြောက်စရာကောင်းနေပေမယ့် တချို့က ဘာလုပ်ကြမလဲ ဆိုတာထက် ဘာကြောင့်ဖြစ်သလဲဆိုတာကို ပိုစိတ်ဝင်စားနေခဲ့ကြတယ်။ ဒါကြောင့်မေးခွန်းတွေ မေးခဲ့ကြတယ်။

၁။ သဘာဝအရ လင်းနို့၊ ခွေး စတဲ့ တိရစ္ဆာန်တွေမှ ကူးစက်တာလား?

တကယ်တော့ ဒါတွေက ဂျင်းသီတင်းတွေ ထွက်လာတာ။ အာရုံလွှဲဖို့ ကြိုးစားတာ။ အရေးထဲ တချို့သပ်သပ်လွတ်သမားတွေက အသားငါးစားရင် ဒီလိုရောဂါဆန်းတွေ ဖြစ်လိမ့်မယ်လို့ လော်လိုက်ကြသေးတယ်။ တကယ်တော့ ဒါက ဆေးပညာရှင်တွေရဲ့ အလုပ်ပါ။ သူတို့ အဖြေရှာပါလိမ့်မယ်။ ကိုယ်က ဆေးပညာရှင် မဟုတ်ရင်  ဒါကို ဆုံးဖြတ်ဖို့က ကိုယ့်အလုပ် မဟုတ်ဘူး။

၂။ လူလုပ်တဲ့ ဇီဝလက်နက်လား?

တရုတ်ပြည်က စစ်ဖြစ်လို့ တရုတ်အကြံလားဆိုပြီး သံသယရှိခဲ့ကြတယ်။ အစက စဖြစ်တဲ့ မြို့ကို အစွဲပြုပြီး "ဝူဟန်" ဗိုင်းရပ်လို့ ခေါ်ခဲ့တယ်။ မကြာခင်ပဲ တရုတ်ပြည်ကို အပြစ်တင်မှာစိုးလို့ "Covid 19" လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ပြောင်းခေါ်ခဲ့တယ်။ ဒါပေမယ့် သမတ ဒေါ်နယ်ထရန့်က တမင်ပဲ "China virus" လို့ ခေါ်လိုက်တော့ သူ့ရန်သူတွေက "ဒါက အမုန်းတရား၊ လူမျိုးရေး အစွန်းရောက်" လို့ ဝိုင်းပြီး တိုက်ခိုက်လိုက်ကြတယ်။  ဒါကို ဟုတ်မဟုတ် ဆုံးဖြတ်ဖို့က ထောက်လှမ်းရေးနဲ့ နိုင်ငံရေးသမားက ဆုံးဖြတ်ရမှာပါ။ အချိန် လိုကောင်း လိုမှာပါ။ စုံစမ်းရဦးမှာကိုး။ ဒါဆို ဘာပဲ စဉ်းစားလို့ ရနိုင်မလဲ? 

ရောဂါပိုးရဲ့သဘာဝ။ သူက လေထဲမှာ လွင့်ပျံနေပြီးတော့ ကူးစက်တာ မဟုတ်ဘူးလို့ ဆေးပညာရှင်တွေက ဆိုတယ်။ အနေနီးမှ အသက်ရှုလမ်းကြောင်းကနေ ကူးတယ်။ အဲဒီတော့ လူစုလူဝေးကို ရှောင်ရမယ်။ Social Distance လုပ်ရမယ်။ "Socially Distanced, But spiritually Connected" လို့ အကြံပေးကြတယ်။ "စိတ်ပေါင်း၊ ကိုယ်ခွါ" ပေါ့။ လူစုလူဝေးကို ရှောင်ပါဆိုတော့ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ? 

A. ပညာရေးမှာ ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်ထားရဖို့ များသွားပြီ။ 

စာသင်တာ၊ ပညာသင်တာ ကောင်းပေမယ့် ပညာနဲ့ တွဲပါလာတတ်တဲ့ ပညာမာနဟာ မကောင်းလှဘူး။ အခုတော့ အ‌ခြေအနေအရ တချို့အရသာလေးတွေ လျော့ရတော့မယ်။ တက္ကသိုလ်ကျော်းတော်ကြီးမှာ ပညာရတနာတွေ ရှာဖွေဆည်းပူးနေတယ်၊ ပညာတတ်အသိုင်းအဝိုင်းမှာ ကျင်လည်နေရပြီ၊ ငါ ပညာတတ်ဖြစ်တော့မယ် ဆိုတဲ့ ဖီလင်လေး လျှော့ရတော့မယ်၊ ပညာမာနရဲ့ အရသာလေး ပျက်တော့မယ်။ အဲဒီတော့ လူစုလူဝေး မဟုတ်ဘဲ ဘယ်လို ပညာသင်မလဲ? ကျောင်းမတက်ဘဲ ဘယ်လို ပညာလေ့လာမလဲ? အခြေအနေက ရှိနေပါပြီ။ အင်တာနက်က လမ်းဖွင့်ပေးနေပါပြီ။ အင်တာနက်ကနေ စာသင်ရမယ်၊ လေ့လာရတော့မယ်။ ဒါကို အများစုက မပြောင်းချင်သေးဘူး။ ကျောင်းသွားတက်မှ၊ ဆရာနဲ့ သင်မှ ဆိုတဲ့ နည်းဟောင်းလေးကို ဖက်တွယ်နေချင်ကြတယ်။ "ကျွန်တော့ကလေးက အဖေနဲ့အမေကို မကြောက်ဘူးဗျ၊ သူ့ဆရာမမှ ကြောက်တာ။" ဆိုတဲ့ နည်းဟောင်းကြီးကို ပြောင်းပစ်၊ ထားပစ်ခဲ့ရမှာ။ အဲဒီတော့ အခြေအနေအရ အိမ်ကနေ စာသင်တဲ့ခေတ်ကို သွားကိုသွားရတော့မှာပါ။ အဲဒီတော့ ကိုဗစ်ကြောင့် ပညာရေးဟာ ပြောင်းကို ပြောင်းရတော့မှာပါ။ 

B. နိုင်ငံရေးမှာလည်း လူစုလူဝေးနဲ့ ဆန္ဒပြတာ၊ လူစုလူဝေးနဲ့ မိန့်ခွန်းပြောတာတွေ လျော့ရပါတော့မယ်။ 

ဒါပေမယ့် လူ့သဘာဝကြောင့် ထင်တယ်။ မလိုတာကို လုပ်ချင်တော့ ကိုဗစ်အစပိုင်းက ကမ္ဘာတဝန်းမှာ ဆန္ဒပြပွဲတွေ ပိုများလာခဲ့တယ် ထင်ရတယ်။ နိုင်ငံရေးအရ မကြေနပ်တာကို လူစုလူဝေး မလုပ်ဘဲ တခြားနည်းနဲ့ ဆန္ဒပြ။ ထုတ်ဖေါ်ကြရမှာပါ။
ဒီနေရာမှာ အမေရိကန်ပါတီကြီးနှစ်ခု အယူအဆ မတူတာကိုလည်း တွေ့ရတယ်။ ဒေါ်နယ်ထရန့်က ကိုဗစ်ပိုးဟာ လေဟာပြင်မှာ ကူးဖို့မလွယ်ဘူး။ ဒါကြောင့် လေဟာပြင်မှာ Mask တပ်ဖို့ မလိုဘူး။ အလုံပိတ်အခန်းတွေ၊ ကုန်တိုက်ကြီးတွေ၊  စားသောက်ဆိုင်၊ ရုံးခန်းတွေရဲ့ အတွင်းမှာသာ တတ်ရမယ်လို့ ဆိုတယ်။ လေသာတဲ့ပြင်ပမှာ မလိုဘူးလို့ ဆိုတယ်။ ဒါကို ဂျိုးဘိုင်ဒန်တို့က အခွင့်ကောင်းယူပြီး ဒေါ်နယ်ထရန့်ဟာ တယူသန်၊ ဆေးပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေကို ပစ်ပယ်တယ်လို့ ဂျင်းထည့်ပါတယ်။ အဲဒီတော့ စကားစစ်ထိုးပွဲမှာ ဒေါ်နယ်ထရန့်က အိပ်ကပ်ထဲက Mask ကို ထုတ်ပြပြီး လိုရင်တပ်ဖို့ ဆောင်ထားပါတယ်လို့ ပြန်ပြောခဲ့တယ်။
ဒီတိုင်းပြည်မှာလည်း ဘယ်အစိုးရတက်တက် အောက်ခြေမှာကို အာဏာရူးက အများသားလား။ သူတို့ချတဲ့ စည်းကမ်း မလိုက်နာရင် ဒဏ်ရိုက်မယ်ဆိုတာချည်းပဲ။ လမ်းပေါ်မှာ လမ်းလျှောက်ရင်၊ စက်ဘီး၊ ဆိုင်ကယ်နဲ့သွားရင်လည်း mask မပါရင် ဒဏ်ရိုက်တယ်။ တကယ်လိုတာက အလုံပိတ် ဆိုင်ခန်းတွေ၊ ရုံးတွေမှာ ဂရုစိုက်ဖို့ လိုတာ မဟုတ်လား? ဒါပေမယ့် နားမလည်ဘဲ အာဏာပဲပြတတ်သူတွေ လူကြီးဖြစ်တဲ့ ခေတ်တိုင်းမှာ သည်းခံနေရတာပါပဲ။

C. ဘာသာရေးမှာ ဘုရားကျောင်းမှာ စုဝေးဝတ်ပြုတာကို သတိထားရတော့မယ်။ 

အရင်ကတော့ ဘုရားကျောင်းမှန်မှန်မတက်ရင် ဘုရားတရား အားနည်းတယ်လို့ ထင်မှတ်ခဲ့ကြတယ်။ ဦးဆောင်သူတွေ အားထုတ်ရင် အားထုတ်သလို အတိုင်းအတာ တခုစီ အောင်မြင်ခဲ့ကြတယ်။ အဲဒီတော့ လူစုတာ ခေတ်စားလာတယ်။ ဒါပေမယ့် ဘုရားသခင့် စိတ်တော်နဲ့ တွေ့ရဲ့လား ဆိုတာတော့ ဆန်းစစ်စရာ ဖြစ်ပါတယ်။ ဘာသာရေးက ကိုယ်ထင်ရာ၊ စိတ်ကြေနပ်ရင်ပြီးရော လုပ်ရတာမျိုး မဟုတ်ဘူးလေ။

အလေ့အလာ၊ အနေအထိုင်တွေ ပြောင်းဖို့ လိုလာပြီ။ ဒါပေမယ့် တချို့က ဒါကို သတိမထားမိဘူး။ ဇွတ်တိုးကြတယ်။ လူမစုရဆိုတဲ့ အစိုးရအမိန့်ကို နားထောင်မလား? ဘုရားသခင့်စကား နားထောင်မလားလို့ ဆင်ခြေပေးကြတယ်။

အမှန်က အခြေအနေကို နားမလည်တာ။ လူ့လောကမှာ သဘာဝရဲ့ စည်းကမ်း - Principle လေးတွေ ရှိတယ်။ လူကနေတဆင့် ကူးနေတော့ လူစုရင် ပိုကူးမှာပေါ့။ ဒီစည်းကမ်း Principle ကို ဖေါက်ရင် အုပ်စိုးသူ သမတ၊ ဝန်ကြီးချုပ်ဟာ သက်တော်စောင့်တွေကြားက ထိပါတယ်။ ဘာသာရေးသမားလည်း တရားစကား အကွာအကွယ်ကြားက ထိပါတယ်။ တခါတရံမှာ တချို့နိုင်ငံရေးသမားဟာ လေပစ်ပြီး ရွေးကောက်ပွဲ အနိုင်ယူသွားတာ ရှိသလို၊ တချို့ဘာသာရေးသမားကလည်း လက်တွေ့လူ့ဘဝနဲ့ ကင်းကွာပြီး အာကာမှာ ဝဲနေတတ်တယ်။
စီလီကွန်ဗဲလီးမှာ ထိပ်တန်းသင်းအုပ်ဆရာတယောက် ရှိတယ်။ သူတို့ပြည်နယ်က လူစုဝေးခွင့် တားမြစ်ထားတယ်။ သူက လက်မခံဘူး။ ဘုရားကျောင်းမှာ လူစုတယ်။ ပြည်နယ်အစိုးရက ဒဏ်ရိုက်တယ်။  ဒေါ်လာ သောင်းချီ ပေးရတယ်။ အခန်းထဲ လူမစုရတော့ ကျောင်းဝိုင်းထဲမှာ ကားတွေပေါ်ကနေ တရားနာကြတယ်။ အာမင်ထူးချင်လာရင် ဟွန်းတီးလိုက်ကြတယ်။ ဒါမျိုးတွေ မြင်ရကြားရရင် မရီရင်တောင် ပြုံးမိကြတာပါပဲ။ နည်းနည်းတော့ များသွားပြီလို့ ထင်စရာပါပဲ။ သူက တော်သေးတယ်။ တချို့က ဒေါ်လာ သန်းနဲ့ချီအောင် ဒဏ်ကြေးပေးကြရတယ်။ တချို့ ထောင်ကျတယ်။ သူတို့ဖက်က ပြန်ပြောတာက ပျော်ပွဲရွှင်ပွဲတွေ၊ ရုပ်ရှင်တွေ၊ သီရက်တာတွေကိုတော့ ဖွင့်ခွင့်ပြုတယ်။ ဘာသာရေးကျတော့ ပိတ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ပေးလိုက်ရတဲ့ အဲဒီဒဏ်ကြေးငွေတွေကို ကိုဗစ်ဝေဒနာခံစားနေရတဲ့ တခြားဆင်းရဲတဲ့ တိုင်းပြည်ကလူတွေကို ကူရရင် ပိုကောင်းမှာပါ။ တကယ်တော့ သူတို့ဟာ ဘာသာရေးယုံကြည်မှုနဲ့ နိုင်ငံသားအခွင့်အရေးကိုပဲ တွေးနေရင်း တခြားဘဝတွေကို မေ့နေကြတာပါ။

Monday, May 24, 2021

Lady, are you rich?

 Lady, are you rich? - ဒေါ်လေးက သူဌေးလား? ချမ်းသာသလား?

ကလေးနှစ်ယောက် သူတို့နဲ့ မတန်မရာ ကုတ်အင်္ကျီ အဟောင်းကြီးတွေ ဝတ်ပြီး အပြင်ဖက်တံခါးကို တိုးဝင်လာကြတယ်။
"သတင်းစာအဟောင်း ရှိလား ဒေါ်လေး"
ကျွန်မက အလုပ်ရှုပ်နေတော့ "ဟင့်အင်း" လို့ ငြင်းလိုက်ချင်တာ။ သူတို့ခြေထောက်တွေကို ငုံ့ကြည့်မိတော့ နှင်းတွေ ရွှဲနေတဲ့ ဖိနပ်ပါးပါး သေးသေးလေးတွေ။
"ဝင်၊ ဝင်။ ကိုကိုး ပူပူလေး ဖျော်တိုက် မယ်" စကားပြန်ပြီး မပြောကြဘူး။
မီးလင်းဖိုဘေးက ကြမ်းခင်းကျောက်ပြားမှာတော့ သူတို့ဖိနပ်ရာတွေ ထင်ကုန်တယ်။ အပြင်က မေးခိုက်ခိုက်တုန်အောင် အေးတဲ့ဒဏ်ကို ခံနိုင်ဖို့ ကိုကိုးတခွက်နဲ့အတူ ပေါင်မုန့်ကို ယိုသုတ်ပြီး ကျွေးလိုက်တယ်။ ပြီးမှ မီးဖိုချောင်ဖက် ပြန်သွားပြီး၊ အိမ်ရဲ့ ရသုံးစာရင်းလေး တွက်ကြည့်နေမိတယ်။
အိမ်ရှေ့ခန်းက တိတ်ဆိတ်လွန်းနေတော့ ကျွန်မ သတိဝင်လာတယ်။ ကြည့်လိုက်တော့ ကလေးမက ဘာမှမရှိတော့တဲ့ ခွက်ကလေးကို လက် မှာကိုင်ပြီး ကြည့်နေတယ်။ ကောင်လေးက အသံခပ်အုပ်အုပ်နဲ့ မေးတယ်။ "​ဒေါ်လေးက ချမ်းသာသလားဟင်?" တဲ့။  "ချမ်းသာလား၊ ဘုရားရေ၊ ငါ မချမ်းသာပါဘူး။" ခြုံထားတဲ့ ခြုံစောင်အရှည် ခပ်နွမ်းနွမ်းလေးကို ပြန်ကြည့်မိတယ်။
ကလေးမက ခွက်ကို သူ့အောက်ခံခွက်အပေါ်မှာ ရိုရိုသေသေ ပြန်ချတယ်။ "ခွက်နဲ့ အောက်ခံပြားက လိုက်တယ်နော်" သူ့အသံက မွတ်သိပ်တောင့်တတဲ့ အသံ၊ ဒါပေမယ့် ဗိုက်ဆာတာနဲ့ မဆိုင်တဲ့ အသံ။ နောက်တော့ သူတို့ ပြန်သွားကြတယ်။ သတင်းစာတွေ ကိုင်ရင်း လေပြင်းဒဏ်ကို အံတုရင်းပေါ့။ ကျေးဇူးတင်တယ် လို့ ပြောမသွားကြဘူး။ ပြောဖို့ မလိုတော့ပါဘူးလေ။ ကျေးဇူးတင်တယ် ဆိုတာထက် အများကြီး ပြောသွားကြပြီပဲ။ အပြာရောင် ​ပြောင် (ဗြောင်) ခွက်နဲ့ အောက်ခံပြားလေး။ လိုက်တယ်ပေါ့။ အာလူးကို အနှစ်ကလေးနဲ့ မွှေပြီး ချက်ထားတယ်။  အာလူးဟင်း အနှစ်ကလေးနဲ့ပေါ့။ အိမ်အမိုးနဲ့ အကာနဲ့။ ကျွန်မ အိမ်သားက ပုံမှန်အလုပ်လေးနဲ့။ ဒါတွေအားလုံးကလည်း လိုက်ဖက်ညီနေသားပဲ။
မီးဖိုးနားက ကုလားထိုင်တွေကို နောက်ဆုတ်ရွှေ့လိုက်တယ်။ ဧည့်ခန်း သန့်ရှင်းရေး လုပ်တယ်။ ဖိနပ်သေးသေးလေးတွေရဲ့ ရွှံ့ခြေရာတွေဟာ အခန်းကြမ်းပြင်မှာ စိုနေဆဲပဲ။ ထားလိုက်။ ကျွန်မ သိပ်ချမ်းသာတာကို နောက်တခါမေ့ရင် သတိပေးဖို့ အဲဒီခြေရာလေးတွေကို ဆက်ရှိနေစေချင်မိတယ်။
- Marion Doolan