A Common Experience Pictures Our Common Salvation
By Dr. Curtis Hutson
(preached at Franklin Road Baptist Church, Murfreesboro, Tennessee, December 15, 1985)
ကယ်တင်ခြင်းဆိုတာ မွေးဖွါးခြင်းလိုပါပဲ။
The Sword of the Lord မဂ္ဂဇင်းမှာသုံးဖို့ စာမူ တခုပြီးတခု
ဖတ်ကြည့်ရင်းနဲ့၊ အရင်က မသိခဲ့ဖူးတဲ့ ကျမ်းစာ အသိတချို့ကို တအံ့တသြ
ကျွန်တော်တွေ့လိုက်ရတယ်။
ကျွန်တော်တရားဟောစတုန်းက ဘယ်တော့မှမဟောဘူးလို့ ပြောခဲ့ဖူးတဲ့ အကြောင်းတွေ ရှိတယ်။
၁။
ယောသပ်နဲ့ သူရဲ့ရောင်စုံကုတ်အင်းကျီလေးအကြောင်း ကျွန်တော်ဘယ်တော့မှ ဟောမှာ
မဟုတ်ဘူး။ ဒီအကြောင်း ဟောထားတဲ့ တရားဟောချက်တွေ အများကြီးရှိနေပြီပဲ။
၂။ ဒံယေလနဲ့ ခြင်္သေတွင်းအကြောင်း ဘယ်တော့မှ ဟောမှာ မဟုတ်ဘူး။ Sunday school မှာ ဒီအကြောင်း ခဏခဏကြားဖူးနေပြီပဲ။ စိတ်တောင်ပျက်လာပြီ။
၃။ ပျောက်သောသားအကြောင်း မဟောဘူး။ နိုးထမှုစည်းဝေးတိုင်းမှာ ပျောက်သောသား တပုဒ်တော့ ပါစမြဲပဲ။
၄။ " ဒုတိယမွေးခြင်းခံရမယ် " You must be born again လို့ မဟောတော့ဘူး။ ဒါမျိုး အများကြီး ကြားဖူးပြီပဲ။ ဒါမျိုး မဟောတော့ဘူး။
ဒါပေမယ့် မကြာခင်မှာပဲ ရင်းနှီးပြီးသား ကျမ်းချက်တွေမှာ အဓိပ္ပါယ် အများကြီး ရှိနေတာ တွေ့လာရတယ်။
ဘုရားသခင်က ကယ်တင်ခြင်းကို ပုံဖေါ်ပြဖို့ မွေးဖွားခြင်းကို သုံးတယ်။
ဘုရားသခင်က ကယ်တင်ခြင်းကို ပုံဖေါ်ပြဖို့ မွေးဖွားခြင်းကို သုံးတယ်။
ဒါပေမယ့် တခြားအကြောင်းတွေ အများကြီးနဲ့လည်း ပုံဖေါ်ပြတယ်။ ဥပမာ -
အနူရောဂါနဲ့ ကယ်တင်ခြင်းကို ပုံဖေါ်တယ်။ သိပ်စိတ်ဝင်စားစရာကောင်းတာက
ကျမ်းစာက နူနာကို ပျောက်တယ်လို့ ဘယ်တော့မှ မပြောဘူး။
သန့်ရှင်းသွားပြီလို့ပဲ ပြောတယ်။ ယေရှုခရစ်တော်က ရောဂါသည်ကို ပျောက်စေတယ်။
သေသူကို ရှင်စေတယ်။ နူနာကို သန့်ရှင်းစေတယ်။ နူနာဟာ အပြစ်ကို ပုံဆောင်တယ်။
အပြစ်ဆိုတာ အနာပျောက်ဖို့ မလိုဘူး။ သန့်ရှင်းသွားဖို့ လိုတယ်။
၁ပေ ၁: ရ ကိုကြည့်ပါ။
" ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည် အလင်း၌ ကျင်လည်လျှင်၊
အချင်းချင်း မိသဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏
အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။ "
ကယ်တင်ခြင်းအကြောင်း ပုံဖေါ်ရာကို နူနာသန့်ရှင်းစေတဲ့ ဥပမာ တမျိုးတည်းသာ
ရှိမယ်ဆိုရင်၊ ကျွန်တော်ဘယ်တော့မှ ကယ်တင်ခြင်းအကြောင်း နားလည်မှာ မဟုတ်ဘူး။
ကျွန်တော် အနူမဟုတ်သလို၊ နူတဲ့လူတွေနဲ့လည်း မတွေ့ဖူးဘူး။ ဒီလို
ဥပမာမျိုးဆိုရင် ကျွန်တော်သိပ်မရှင်းဘူး။
သမ္မာကျမ်းစာက ကယ်တင်ခြင်းကို ပျောက်သောသား၊ အိမ်ပြေးကလေးနဲ့
ပုံဖေါ်ပြသေးတယ်။ ဒါပေမယ့် ကျွန်တော်က အိမ်ပြေး မဖြစ်ဖူးသလို၊
ပျောက်သောသားလည်း မဟုတ်ဘူး။ ကျမ်းစာထဲမှာ ဒီ ဥပမာတမျိုးပဲ
ကယ်တင်ခြင်းအကြောင်း ရှိလို့ကတော့ ကျွန်တော် နားလည်နိုင််မှာ မဟုတ်ဘူး။
ကျွန်တော်မှ အိမ်ပြေးတွေရဲ့ ခံစားချက်ကို မသိပဲ။
လူသားအားလုံး ကြုံဖူးတဲ့ မွေးဖွါးခြင်း
သမ္မာကျမ်းစာက ကယ်တင်ခြင်းကို မွေးဖွားခြင်းနဲ့လည်း ပုံဖေါ်ထားတယ်။
ဘာကြောင့်များလဲ ? မွေးဖွါးခြင်းဟာ လူတိုင်း ကြုံဖူးလို့ပါ။ လူတိုင်း
ဒီလောကကို ဒီနည်းနဲ့ပဲ ရောက်လာတယ်။ လူတိုင်းမှာ အမေတယောက်နဲ့ အဖေတယောက်
ရှိတယ်။ အမေ ၂ ယောက် (ဒါမှမဟုတ်) အဖေ ၂ ယောက်ရယ် လို့ မရှိဘူး။ အမေ မရှိသူ၊
အဖေ မရှိသူရယ်လို့လည်း မရှိဘူး။ အမေ တယောက်၊ အဖေတယောက်တော့ ရှိကြပါတယ်။
လူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲရောက်ဖို့ တခါပြန် မွေးတဲ့အခါ၊ အားလုံး
တခုတည်းသော အတွေ့အကြုံကို ကြုံရတယ်။ ကယ်တင်ခြင်းဟာ အသင်းတော်တပါးမှာ
နည်းတမျိုး၊ နောက် အသင်းတော်တပါးမှာ တခြားနည်းတမျိုး မဖြစ်ရဘူး။ ရှင်ယုဒက
ပြောတယ်။ " ချစ်သူတို့ အညီအမျှ ဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို
သင်တို့ထံသို့ ရေး၍ ပေးလိုက်ခြင်းငှါ ငါသည် အလွန်ကြိုးစားသည်တွင် ------ "
တဲ့။ ကယ်တင်ခြင်းဟာ ညီတူညီမျှ ဖြစ်တဲ့ ကိစ္စပါ။
ညီတူညီမျှ
မဖြစ်နိုင်တာတွေ အများကြီးရှိပါတယ်။ လူမှာ စွမ်းရည်တွေ မတူကြဘူး။ မွေးရာပါ
အစွမ်းအစတွေ မတူကြဘူး။ တနေရာတည်းလည်း မနေကြဘူး။ ဒါပေမယ့် ခရစ်ယာန်တွေမှာ
တူညီတာကတော့ ကယ်တင်ခြင်းပဲ။
ဘာကြောင့်လဲဆိုတော့
ကယ်တင်ခြင်းက မွေးဖွားခြင်းနဲ့ တူတယ်။ လူတိုင်းရဲ့ တူညီတဲ့ အတွေ့အကြုံပါ။
လူတိုင်းဟာ ဒီတနည်းတည်း အားဖြင့်သာ ကယ်တင်ခြင်းရကြတယ်။ Russia မှာနေနေ၊
တရုပ်ပြည်မှာနေနေ၊ အီဂျစ်တို့၊ Rutherford County တို့၊ Tennessee ပြည်နယ် -
ဒါမှမဟုတ်၊ Georgia ပြည်နယ်မှာ နေနေ၊ ကယ်တင်ခြင်းဖြစ်ရပ်ဟာ တနည်းထဲပါ။
မွေးဖွားခြင်းဟာ တိုင်းပြည်တခုနဲ့ ပါတ်သက်သွားစေတယ်။
လူတယောက်ဟာ တခါပြန်ပြီး မွေးဖွါးလိုက်ရင် သူဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ
ရောက်သွားတယ်။ ယောဟန် ၃ မှာ --- "ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊
ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ " တဲ့။ ဒါဟာ စိတ်ဝင်စားစရာပါ။
ခရစ်ယာန်ရှုထောင့်ကကြည့်ရင် ဒီလောကမှာ နိုင်ငံတော်ကြီး ၄ ခုရှိတယ်။
(၁) The mineral Kingdom သတ္တုလောက၊ သတ္တုနိုင်ငံ။
(၂) The Animal Kingdom တိရစ္ဆာန်လောက၊ တိရစ္ဆာန်နိုင်ငံ။
(၃) The Human Kingdom လူ့လောက၊ လူ့နိုင်ငံ။
(၄) The Divine Kingdom ဘုရားနိုင်ငံတော်၊ ဘုရားရဲ့တိုင်းပြည် တို့ ဖြစ်တယ်။
သတ္တုလောကကတော့ ရေနံတွေ၊ ဓါတ်ငွေ့တွေ၊ ရွှေ၊ ငွေ၊ ကျောက်မီးသွေးနဲ့ တခြားတွင်းထွက်တွေ ရတဲ့နေရာပါပဲ။
သစ်ပင်လောကကတော့ ရုံးပတီသီး၊ ပဲတောင့်၊ မုန်လာဥ၊ ခရမ်းချဉ်သီးနဲ့ အာလူးတွေ ရတဲ့နေရာပါ။
တိရစ္ဆာန်လောကကတော့ အသားညှပ်မုန့်တွေ၊ အသား၊ ငါးတွေ ရပါတယ်။ ( ကျွန်တော်တော့ ဒါတွေစားရတာ ကြာလွန်းလို့ ခါးတောင်ကိုင်းနေပါပြီ။ )
လူ့လောက၊ လူ့နိုင်ငံ အကြောင်းတော့ ပြောဖို့မလိုပါဘူး။ ကိုယ်နေတဲ့နေရာဆိုတာ သိပြီးသားပဲ။
နောက် - ဘုရားသခင်ရဲ့ နိုင်ငံတော်ဆိုတာ ရှိတယ်။
ဘုရားသခင်က မပြောင်းလဲ၊ မဖျက်သိမ်းနိုင်တဲ့ ဥပဒေတခု ချမှတ်ထားတယ်။ အဲဒီ
ဥပဒေကတော့ - - - - နိမ့်တဲ့ နိုင်ငံတခုကနေပြီး မြင့်တဲ့နိုင်ငံကို
ကိုယ့်သဘောနဲ့ကိုယ် ဝင်းစားချင်လို့ ဘယ်သူမှ မရနိုင်ဘူး။ သတ္တုလောကကနေ
အပင်လောကကို ဝင်စားချင်လို့ မရဘူး။ တိရစ္ဆာန်လောကကနေ လူ့လောကကို
ဝင်စားချင်လို့ မရဘူး။ လူ့လောက၊ လူ့နိုင်ငံကနေ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ
ဝင်စားချင်လို့ မရဘူး။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဝင်စားလို့
မရနိုင်ဘူး။
တဖက်ကလည်း မြင့်တဲ့နိုင်ငံကနေ ဆင်းပြီး၊ နိမ့်တဲ့နိုင်ငံက
တခုခုကို အမြင့်နိုင်ငံဖက် ဆွဲယူနိုင်စွမ်း ရှိတယ်ဆိုတဲ့
မပြောင်းလဲနိုင်တဲ့ ဥပဒေတခုကို ဘုရားသခင်က ချမှတ်ထားပြန်တယ်။
ဥပမာ - - - ဟင်းသီးဟင်းရွက် အပင်တပင်စိုက်ရင် အမြစ်က မြေကြီးထဲ
ဆင်းသွားပြီး၊ မြေဆီဓါတ်တွေ စုပ်ယူတယ်။ ဒါပေမယ့် အပင်က မစုပ်ယူရင်တော့
အဲဒီဓါတ်တွေဟာ တဆင့်တက်ချင်လို့ မရနိုင်ဘူး။ နောက် - နွားမက ပဲပင်ကို
စားတယ်။ သစ်ပင်ကို တိရစ္ဆာန် လောကထဲ ဆွဲထည့်လိုက်တာပါပဲ။ နောက်တော့ -
အဲဒီနွားမကို နို့ညှစ်တယ်။ နွားမကို သတ်ပြီး အသားညှပ်မုန့်တွေ လုပ်ကြတယ်။
အဲဒါဟာ တိရစ္ဆာန်လောကကို လူ့လောကထဲ ဆွဲသွင်းလိုက်တာပါပဲ။
ကျွန်တော်
အဓိကပြောချင်တာက - - - နိုင်ငံတိုင်းဟာ အနိမ့်ကို ဆင်းပြီး၊
တခြားနိုင်ငံတခုကို ကိုယ်နိုင်ငံထဲ ဆွဲတင်လို့ ရတယ်။ ဒါပေမယ့်
နိုင်ငံတနိုင်ငံဟာ သူဟာသူ အမြင့်ကို ဝင်စားနိုင်စွမ်း မရှိဘူး။ ဒါကို
ထပ်ရှင်းပြဖို့ မလိုလောက်ပါဘူး။
ကျွန်တော်
ရိုးရိုးကလေး ထောက်ပြနေတာက - လူဟာ ဘာပဲလုပ်လုပ် သူ့ဟာသူ မကယ်နိုင်ဘူး။
ဖယောင်းတိုင်တွေ ထွန်းနိုင်တယ်။ မင်္ဂလာဝတ် ရ ပါးကို စောင့်ထိန်းနိုင်တယ်။
နှစ်ခြင်းခံနိုင်တယ်။ ဘာသာတရား ကိုင်းရှိုင်းဟန် ပြနိုင်တယ်။ အသင်းတော်မှာ
ပါဝင်နိုင်တယ်။ ကိုယ်ဘဝကို ရွက်သစ်ပြောင်းသလို ပြောင်းလဲပစ်နိုင်တယ်။
လုပ်ချင်တာတွေ အကုန်လုပ်နိုင်တယ်။ ဒါပေမယ့် ပိုမြင့်တဲ့ - နိုင်ငံကိုတော့
ဝင်စားနိုင်စွမ်း မရှိဘူး။ ဝင်စားဖို့ တနည်းတည်းကတော့ ဘုရားသခင် ဆင်းလာပြီး
ကိုယ့်ကို ဆွဲတင် ဆောင်ယူမှပဲ ဖြစ်မယ်။ " ဒုတိယမွေးခြင်းကို မခံသောသူ
မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ။ "
မွေးဖွားခြင်းက လူ့ရဲ့သဘာဝကို သတ်မှတ်တယ်။
ကျွန်တော်ရဲ့ ဇာတိမြေမှာတုန်းက နွားနဲနဲ နဲ့ အပျော်စီးဖို့ မြင်းနဲနဲ
ရှိဖူးတယ်။ နွားမတကောင် ကလေးမွေးတိုင်း လေ့လာမိတယ်။ ဘယ်လိုမှ မလွဲဘူး။
နွားကလေးပဲ မွေးတယ်။ နွားမတကောင်က ဆိတ်ထီးကလေး မမွေးဘူး။ အပျော်စီး မြင်း ၂
ကောင်က ခွေးကလေး မမွေးဘူး။ မြင်းက မြင်းပဲ မွေးတယ်။
အခုလဲ လူတယောက်ဟာ တခါထပ်မွေးမယ်ဆိုရင် တခြားသဘာဝတမျိုးကို ရပါတယ်။
ဘုရားသခင်ရှေ့မှာ ပြဿနာဖြစ်နေတာက ကျွန်တော်တို့ရဲ့ အပြောအဆို၊ အနေအထိုင်၊
အပြုအမူတွေ မဟုတ်ဘူး။ သဘာဝကြောင့် ဆိုတာ သတိထားမိရဲ့လား။ လူတယောက်ကို
ခင်ဗျားက ပြောမယ်။ " ဖြောင့်ဖြောင့် လျှောက်၊ မှန်တာလုပ်၊ ကောင်းကောင်းနေ၊
မနေရင် ငရဲသွားလိမ့်မယ်။ " ဆိုပါတော့။ ခင်ဗျားပြောတဲ့စကား
ခင်ဗျားသိပုံတော့ ရသလိုပဲ။ ဒါပေမယ့် လူသေကို ပြောသလို ဖြစ်နေတယ်။
ခရစ်တော်မပါရင် လူသေပဲလေ။ အပြစ် ဒုစရိုက်ထဲမှာ သေနေတယ်။ ပိုကောင်းလို့
ကယ်တင်ခြင်း မရဘူး။ ပိုကောင်းဖို့သာ ကယ်တင်ခြင်းရတာပါ။
ဘုရားသခင်ရှေ့မှာ ခင်ဗျား ပြဿနာက အပြစ်လို့ ထင်ချင်ထင်မယ်။ အပြစ်အကြောင်း
တရားဟောတာ ကြားဖူးနေပြီပဲ။ ဒါပေမယ့် ဘုရားသခင်ရှေ့မှာ ခင်ဗျားရဲ့ ပြဿနာက
အပြစ်ကြောင့် မဟုတ်ဘူး။ ယောဟန် ၁၆: ၈၊ ၉ မှာ သန့်ရှင်းသော
ဝိညာဉ်တော်အကြောင်း ဖတ်ရတယ်။ " ဥပဇ္စျာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်
အပြစ်ကို၄င်း၊ အပြစ်ကင်းခြင်းကို၄င်း၊ အပြစ်စီရင်ခြင်းကို၄င်း၊
လောကီသားတို့အား ထင်ရှားစွာ ပြတော်မူမည်။ " တဲ့။ မရှင်းဘူးလား။
ပြဿနာက အပြစ်မဟုတ်ဘူး။ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုး၊ မကိုးက
အဓိကပါ။ သခင်ယေရှုကို တခါအားကိုးရင်၊ အပြစ်ပြဿနာ - ဒါမှမဟုတ် -
အပြစ်နဲ့ဆိုင်တဲ့ မေးခွန်းဟာ ထာဝရအတွက် ပြီးသွားပါပြီ။ သခင်ယေရှုက
သင့်အပြစ်အားလုံးကို သူ့ကိုယ်ပေါ်မှာ သယ်ဆောင်သွားခဲ့သလား၊
ဘာမှမသယ်ခဲ့ဘူးလား။ တခု - ခု ပြောရမှာပေါ့။ လုပ်ခဲ့သမျှ အပြစ်အားလုံးနဲ့၊
နောင်လုပ်မိဦးမယ့် အပြစ်တွေအတွက်ပါ အသေခံခဲ့ပါပြီ။
ဒါကြောင့် ဘုရားသခင်ရှေ့မှာ ပြဿနာဖြစ်နေတာက အပြုအမူတွေ မဟုတ်ဘူး။ သဘာဝပါ။
ဒါကြောင့် သခင်ယေရှုက " ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ - - - "
လို့ပြောရတာပေါ့။ " ကောင်းကောင်း မနေသောသူ မည်သည်ကား - - -" လို့ မပြောဘူး။
" ရွက်သစ်ပြောင်းသလို၊ ဘဝသစ် မပြောင်းသောသူ မည်သည်ကား - - -" လို့
မပြောဘူး။ ဘဝကို ရွက်သစ်ပြောင်းသလို၊ ပြောင်းအောင် ကြိုးစားလုပ်နေဖို့
မလိုဘူး။ ဘဝ အသစ်ဖြစ်ဖို့ပဲ လိုတယ်။ နေ့တိုင်း သစ်ရွက်တရွက် ပေးမယ်ဗျာ။
နေမဝင်ခင် ညှိုးခြောက်သွားမှာပဲ။
လူတိုင်း
အားနည်းတတ်ပါတယ်။ မှားတတ်ပါတယ်။ ၂၄ နာရီ တရက်ထဲမှာကိုပဲ၊ စုံစုံလင်လင်
နေနိုင်သူရှိသလား။ ရှိရင်တော့ မြင်ဖူးချင်တယ်။ ပြီးခဲ့တဲ့ ၆
နာရီအတွင်းမှာပဲ စုံစုံလင်လင် နေနိုင်သူကော ရှိမလား။ တကယ်တော့
ကျွန်တော်တို့ဟာ တနာရီတောင် စုံစုံလင်လင် နေနိုင်ကြမှာ မဟုတ်ဘူးလို့
ကျွန်တော်ထင်တယ်။
ကိုယ် သတိမထားမိတာကလေးတွေတောင် အပြစ်ဖြစ်နေတတ်တယ်
မဟုတ်လား။ " ကောင်းသောအကျင့်ကို သိလျှက်၊ မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏။ "
ဒါကြောင့် ဘုရားသခင်ရှေ့မှာ ပြဿနာဖြစ်နေတာက အပြုအမူတွေ မဟုတ်ဘူး။ သဘာဝပါ။
အပြုအမူတွေကို ပြင်ပြီး သဘာဝလိုက်ပြောင်းဖို့ ဘုရားသခင်က မတိုက်တွန်းဘူး။
သဘာဝ ပြောင်းပေးပြီးမှသာ၊ အပြုအမူတွေ ပြောင်းစေတယ်။
ယုံကြည်သူရဲ့ အသက်တာမှာ အရေးကြီးတဲ့ စကားလုံး ၂ လုံးရှိပါတယ်။ BE
ဖြစ်သည်နဲ့ DO လုပ်သည် ဆိုတဲ့ စကားတွေပါ။ BE ဖြစ်သည်က DO လုပ်သည်ထက်
ပိုအရေးကြီးပါတယ်။ အကြောင်းကတော့ BE ဖြစ်သည်က၊ DO လုပ်သည်ကို ဆုံးဖြတ်
သတ်မှတ်ပေးလို့ပါ။ လုပ်လို့ ကိုယ့်မှာ ဖြစ်လာတာမဟုတ်ဘူး။
ကိုယ်ဖြစ်တဲ့အတိုင်း လိုက်လုပ်မိတာပါ။
ဟောင်လို့
ခွေးဖြစ်သွားတာမဟုတ်ဘူး။ ခွေးဖြစ်လို့ ဟောင်တာပါ။ တချို့ခွေးတွေထက်
ကျွန်တော် ပိုဟောင်တတ်တယ်။ ဒါပေမယ့် ဟောင်လို့ ခွေးဖြစ်မသွားဘူး။
အသင်းတော်ထဲမှာ တချို့သူတွေက သူများထက် ပိုကောင်းအောင် နေနိုင်ကြတယ်။
ဒါပေမယ့် ဒီလိုနေလို့ ခရစ်ယာန်ဖြစ်တာ မဟုတ်ဘူး။ တခါထပ်မွေးဖို့ လိုတယ်။
ဘုရားက သဘာဝကို အဓိကထားတယ်။ သဘာဝ ပြောင်းရင်၊ အပြုအမူ ပြောင်းလာမှာပါ။
သဘာဝက ပိုအရေးကြီးတယ်။ မွေးဖွားခြင်းက သဘာဝကို ဆုံးဖြတ် သတ်မှတ်လိုက်တယ်။
တခါထပ် မွေးဖွါးပြီးတဲ့သူဆိုရင် ၂ပေ ၁: ၄ - မှာ ဘုရားသဘာဝကို ရတဲ့သူ
ဖြစ်တယ်လို့ ဆိုတယ်။ ဒါဟာ စိတ်ဝင်စားစရာ၊ အံ့သြစရာ အချက်ပါပဲ။
ကျွန်တော် ၁၁ နှစ်သားမှာ ကယ်တင်ခြင်းရတော့ ဘုရားသခင်က ကျွန်တော့်
ကိုယ်ခန္ဓာကို ဘာမှ မပြောင်းလဲစေဘူး။ ကျွန်တော်တို့ ကြားဖူးကြမှာပါ။ - - "
ငါ ကယ်တင်ခြင်းရတော့ အကုန်လုံး ကယ်ပစ်လိုက်ပြီ " လို့ ပြောတတ်ကြတယ်။
မှားပါတယ်။ အဲဒီလိုသာ အကုန်လုံး ကယ်ပစ်ရင် ကျွန်တော်တို့ နှဖူးတွေ
ဘယ်ပြောင်လာမလဲ။ သွားဆရာဝန်တွေလည်း မလိုတော့ဘူးပေါ့။ မျကိမှန်တတ်စရာလည်း
မလိုတော့ဘူးပေါ့။ ပါးရေ နားရေတွန့်စရာလည်း မလိုတော့ဘူးပေါ့။ ကျမ်းစာက - - "
ဇာတိပကတိမွေးသောအရာသည် ဇာတိကတိဖြစ်၏။ " တဲ့။ အသွေးအသားက၊ အသွေးအသားပဲ
ဖြစ်နေမှာပဲ။
သဘာဝကို ပြောင်းအောင်ကြိုးစားဖို့
ဘုရားသခင် မပြောဘူး။ အသစ်စက်စက် သဘာဝတခု အပိုထည့်ပေးတဲ့ အကြောင်းသာ
ပြောပါတယ်။ ဒါပေမယ့် အသစ်စက်စက် သဘာဝက အဟောင်းသဘာဝကို ဖျက်မပစ်ဘူး။
သခင်ယေရှုနဲ့ မျက်နှာချင်းဆိုင် မတွေ့မချင်း ကိုယ်ခန္ဓာကို
မရွေးနှုတ်သေးဘူး။ ရွေးနှုတ်မယ့်နေ့ကတော့ တကယ် ပျော်စရာကောင်းမယ့်
နေ့ပဲ။ ဘုရားသခင်ကို ဖူးတွေ့ကြရမယ့်နေ့မှာ ကိုယ်တော်နဲ့ တူခွင့်ရကြမှာ
ဖြစ်တယ်။
ရှင်ပေါလုက - - " ငါသည် ငြို
ငြင်သောသူဖြစ်ပါသည်တကား။ ဤ အသေကောင်မှငါ့ကို အဘယ်သူကယ်လွှတ် မည်နည်း။ " (
ရောမ ရး ၂၄ ) ရှင်ပေါလုက " ဒီသဘာဝက ငါ့ကို သွေးဆောင်နှောက်ယှက်တယ်။
အားနည်းစေတယ်။ မှားယွင်းစေတယ်။ ငါ့ကိုယ်ခန္ဓာကနေ ဒီသဘာဝကို ဖယ်ပစ်ချင်တယ် "
လို့ ပြောတာပါ။
Buddy Robinson က "ကျွန်တော် လူဖြောင့် တယောက်
ဖြစ်ချင်တယ်။ လုံးဝ စုံလင် သန့်ရှင်းပြီး၊ အပြစ် လုပ်တတ်တဲ့ သဘာဝ
အဟောင်းကို ဖယ်ပစ်ချင်တယ်။ ဒါပေမယ့် ဒီသဘာဝကို အခု
မပယ်ချွတ်နိုင်ကြသေးဘူး။" တဲ့။ ၁ ယော၁: ၁ - ၂ မှာ "ကိုယ် အပြစ်မရှိ ဟု
ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။"
မွေးဖွါးခြင်းက သဘာဝကို သတ်မှတ်ပေးလိုက်တယ်။
သဘာဝက အာသီသကို သတ်မှတ်တယ်။ Nature determines our appetite.
ခဏဆက်စဉ်းစားရအောင်။ သဘာဝဟာ အရေးကြီးတယ်။ အကြောင်းက သဘာဝက အာသီသကို
သတ်မှတ်တယ်။ သိန်းငှက်စားတာကို ကြက်တူရွေးက မစားဘူး။ ကြက်တူရွေးလေးတကောင်
ထိုးဆင်းလာပြီး၊ လယ်ကွင်းထဲက ကြွက်တကောင်ကို သူ့ခြေသည်းနဲ့ ကုတ်ယူသွားတာ
မြင်ဖူးသလား။ ဒါမျိုးကြက်တူရွေးဆို ကျွန်တော်တော့ ဝေးဝေးပဲ နေမယ်။
တည ကျွန်တော် ကားမောင်းရင်းနဲ့ စွန်လား၊ သိန်းငှက်လားမသိ သစ်ပင်ပေါ်မှာ
မြင်လိုက်ရတယ်။ သူက မြက်တောထဲက လှုပ်နေတဲ့အရာကို မြင်တယ်။ ထိုးဆင်းလာပြီး၊
ခြေသည်းနဲ့ ကုပ်ယူသွားတယ်။ သတ်စားလိုက်တယ်။ ကျွန်တော်ကျတော့ အဲဒါမျိုး
မစားချင်ပြန်ဘူး။ ဒါပေမယ့် သိန်းငှက်တို့၊ စွန်တို့က ဒါမျိုးကို သဘောကျတယ်။
သဘာဝက အာသီသကို သတ်မှတ်ပေးတယ်။
ကျွန်တော်
ကလေးဘဝတုန်းက ဘုရားကျောင်း ခဏခဏ သွားတယ်။ ဒီကျမ်းစာကို ဖတ်တာပဲ။ ကျမ်းစာကို
ကျွန်တော် မစွဲလန်းဘူး။ ကျမ်းစာကို မဆာငတ်ဘူး။ သင်းအုပ်ဆရာ
တရားဟောပြီးရင်၊ ကျွန်တော့် အဖွါး ဝေဖန်တာ ကြားဖူးတယ်။ " ဒီညတော့ ငါ့ဝိညာဉ်
တကယ် အစာဝတယ်ဟေ့။ " ကျွန်တော်က " အဖွါးတော့ ရူးပြီ။ အဖွါးကို သေသေချာချာ
ပြောဦးမှပဲ။ အဲဒီမှာ ဘယ်သူမှလဲ မရှိဘဲနဲ့၊ အိမ်က အသားညှပ်ပေါင်မုန့်မှာလည်း
ဒိန်ခဲ မပါတာတောင် အတော်ကြာပြီ။ ဒါနဲ့များ - ငါ့ ဝိညာဉ် အစာဝတယ်လေး၊
ဘာလေးနဲ့၊ ဘာပြောတာပါလိမ့် " လို့ စဉ်းစားဖူးတယ်။
ဒါပေမယ့် ကျွန်တော်
ကယ်တင်ခြင်းရပြီးတဲ့အခါ၊ သဘာဝ အသစ်တခု ရလာတယ်။ ဘာဖြစ်သွားသလဲ မသိပေမယ့်၊
ဘုရားကျောင်းတက်ရတာ ပျော်စပြုလာတယ်။ ဒီကျမ်းစာအုပ်ကိုလည်း သဘောကျလာတယ်။
အကုန်မဖတ်နိုင်သေးပေမယ့်၊ " သိပ်ကောင်းတဲ့ စာအုပ်ပဲ၊ ဝိညာဉ်ခွန်အားရတယ်၊
အစာစားရတယ် " လို့ ကိုယ့် ဘာသာကိုယ် ပြောလာတယ်။ အခုတော့ အဖွားစကားကို
နားလည်သွားပြီ။
သဘာဝက အာသီသကို သတ်မှတ်ပေးတယ်။
ကျွန်တော်တော့ အချစ်ဝတ္ထုတွေ လုံးဝမကြိုက်တတ််ဘူး။ တချို့တော့
မိုးအလင်း ထိုင်ဖတ်ကြတယ်။ ကျွန်တော် အာသီသကတမျိုး၊ ကိုယ့်ကို
ခွန်အားပေးမယ့် စာပဲ ဖတ်ချင်တယ်။ သဘာဝက အာသီသကို သတ်မှတ်ပေးတယ်။
သဘာဝက အပေါင်းအသင်းကို သတ်မှတ်ပေးတယ်။ Nature determines our associations.
" အရောင်တူတဲ့ ငှက်တွေဟာ အတူနေတတ်ကြတယ် " ဆိုတဲ့စကား ကြားဖူးမှာပါ။ (
Birds of a feather flock together. ) အဲဒါ မှန်တယ်။ ဒီ Tennessee
ပြည်နယ်မှာ ငုံးတွေ၊ ခါတွေနဲ့ တခြားငှက်တွေ မြင်ဖူးတယ်။ ငုံး ရ ကောင်။ ၈
ကောင်လောက် လမ်းဖြတ်ပြေးတာလည်း မြင်ဖူးတယ်။ ဒါပေမယ့် ငုံး ၂ ကောင်၊ ငှက်နီ
၁ ကောင်၊ ငှက်ပြာ တကောင်၊ သိန်းငှက် တကောင်၊ ကျီးကန်းတကောင်၊
တောကြက်တကောင် အုပ်ဖွဲ့ပျံလာတာ တခါမှ မမြင်ဖူးဘူး။ ငုံးသပ်သပ်၊
ငှက်နီသပ်သပ်၊ ငှက်ပြာသပ်သပ် နေတတ်တယ်။
ချိုးငှက်ဖမ်းတဲ့ ရာသီတုန်းက ချိုးငှက်တွေ အုပ်ဖွဲ့ပြန်သွားတာ မြင်ဖူးတယ်။
သူတို့အထဲမှာ ကျီးကန်း၊ သိန်းငှက်၊ စွန်ရဲနဲ့ တိုက်ကြက်တွေ မတွေ့ရဘူး။
ချိုးငှက်တွေ ဘာကြောင့် အုပ်စုဖွဲ့ ပျံကြသလဲ။ သူတို့မှာ တူညီတဲ့
ချိုးငှက်သဘာဝ ရှိကြလို့ပါ။ မြင်းတွေက မြက်ခင်းပြင်ပေါ်မှာ ဘာကြောင့်
အတူလမ်းလျှောက်ကြသလဲ။ သူတို့မှာ တူညီတဲ့ မြင်းသဘာဝ ရှိကြလို့ပါ။ ခွေးတွေက
ဘာကြောင့် တောအုပ်ထဲ ပြေးပြီး ခွေးလို ဟောင်ကြသလဲ။ သူတို့အားလုံးမှာ
ခွေးသဘာဝ ရှိကြလို့ပါ။
ကြောင်တကောင်ဟာ ခွေးနဲ့အတူ
တောထဲလိုက်တာ မြင်ဖူးသလား။ ခွေးလိုကော ဟောင်သလား။ သားကောင်ကော
လိုက်ချောင်းသလား။ လိုက်ချောင်းရင်တော့ အဲဒီကြောင်ကို လမ်းမပေါ်ချ၊
စီးပွါးရှာကြတာပေါ့။
ကျွန်တော်တော့
ဘုရားကျောင်းသွားတတ်သူတွေနားမှာ နေရတာကို ပျော်တယ်။
သီချင်းကောင်းကောင်းလည်း နားထောင်ချင်တယ်။ တချို့သူတွေ နားထောင်တဲ့
သီချင်းမျိုးတွေကိုတော့ နားထောင်နိုင်တာပဲ အံ့သြမိတယ်။ သီချင်းလို့
သူတို့ပြောတဲ့ ဘာမှန်းမသိတဲ့ လက်ရာထဲမှာ တသံနဲ့တသံကလည်း မပြေမလည်
ဖြစ်နေတယ်။
ကယ်တင်ခြင်းရသူတွေနားမှာ နေရတာ ပျော်တယ်။ ခရစ်ယာန်ဓမ္မသီချင်း ဆိုသူတွေ ကြားမှာ နေရတာ သဘောကျတယ်။
သဘာဝက အပေါင်းအသင်းကို သတ်မှတ်ပေးတယ်။
သဘာဝက ပတ်ဝန်းကျင်ကို သတ်မှတ်ပေးတယ်။ Nature determines our environment.
သိန်းငှက်တွေက လေမှာ ပျံဝဲတယ်။ လင်းပိုင် ( လပိုင် ) တွေကတော့ ပင်လယ်မှာ
ရေကူးတယ်။ လပိုင်က ရေမှာ ကျင်လည်တာ သူ့သဘာဝမို့ပါ။ သိန်းငှက်လည်း လေမှာ
ကျင်လည်တာ သူ့သဘာဝမို့ပါ။
လူတချို့ဟာ မီးခိုးတွေ
မွန်းနေတဲ့ ညကလပ်မှောင်မှောင်တွေကို ဘာကြောင့် သွားသလဲဆိုတာ ကျွန်တော်
နားမလည်ဘူး။ အဲဒီလိုနေရာတွေရှိတဲ့ ဟိုတယ်တွေမှာ ကျွန်တော် တည်းဖူးပါတယ်။
လူတွေက အဲဒီအမှောင် ညကလပ်တွေမှာ သောက်စား မူးထားကြတော့၊ သူတို့
ဘယ်ရောက်နေမှန်းတောင် မသိကြတော့ဘူး။ မနက်ရောက်လို့ နိုးတဲ့အခါမှာတော့
သူတို့ခေါင်းက စည်ပိုင်းလောက် ကြီးနေပြီ။ ညက ဘယ်မှာရောက်ခဲ့တယ်ဆိုတာ
မပြောနိုင်ကြတော့ဘူး။
လူတယောက် ညကလပ်ကနေ ညနက်မှ
ပြန်တတ်တယ်။ သူက အိပ်ရင် ဟောက်တတ်တယ်။ တချို့အမျိုးသမီးတွေက သူ့မိန်းမကို
သူ့နှာခေါင်းမှာ ဖဲကြိုးပြာတတ်ထားရင် အဟောက်ရပ်မယ်လို့ ပြောကြတယ်။
ဒါနဲ့
မနက် ၃ နာရီလောက် သူပြန်လာတော့ စ, ဟောက်ပါရော။ သူ့မိန်းမက သူ့နှာခေါင်းကို
ဖဲကြိုးပြာနဲ့ ချည်တယ်။ မနက် သူအိပ်ရာထတော့ အညောင်းဆန့်ပြီး မှန်ကြည့်တယ်။
အဲဒီအချိန်မှာ သူ့အမျိုးသမီးလည်း နိုးလာတော့ " ရှင်ညက ဘယ်သွားလဲ" လို့
မေးတယ်။ သူက - " မသိတော့ပါဘူးကွာ၊ ဒါပေမယ့် ငါ ပထမရတယ် " တဲ့။
အဲဒီလိုနေရာတွေကို သွားတတ်သူတွေဟာ ညက ဘယ်သွားခဲ့တယ်ဆိုတာ မသိတော့ဘူး။ ဒါကိုပဲ ရီစရာအဖြစ် သဘောထားကြပြန်တယ်။
ကိုကင်း သုံပြီး၊ တနေ့ကို ဒေါ်လာ ၃၀၀ လောက် ဖြုန်းနေတဲ့ လူတယောက်ရဲ့ ဘဝဟာ ရီစရာ ဖြစ်ပါ့မလား။
ညတုန်းက
မိတ်ဆွေတွေနဲ့ မုန်လာဥတွေ၊ ပဲတောင်တွေ၊ ပေါင်မုန့်တွေနဲ့ တခြား
အစားအသောက်ကောင်းတွေ စားရတယ်။ ဒါမျိုးတွေ မကြိုက်တတ်ရင်
ရွေးနှုတ်မခံရသေးလို့ ဖြစ်နိုင်တယ်။ ကောင်းကင်မန္နမုန့်ဟာလည်း အခု
အစားသောက်ကောင်းတွေလိုပဲ ကောင်းမှာပဲ။ ဘာကြောင့်လဲဆိုတော့ ဒါမျိုးတွေ
မစားရရင် ကျွန်တော် မပျော်ဘူး။ ကောင်းကင်မှာ မပျော်ဘဲ နေရတာမျိုးလည်း
စဉ်းစားလို့တောင် မရဘူး။
သဘာဝက အာသီသကို
သတ်မှတ်တယ်။ အပေါင်းအသင်းကို သတ်မှတ်တယ်။ ကျင်လည်ရာ ပတ်ဝန်းကျင်ကို
သတ်မှတ်တယ်။ ကယ်တင်ခြင်းရပြီးရင် အသစ်သော သဘာဝကို ရတယ်။ ခုန ပြောတဲ့
နေရာတွေ၊ အဖြစ်အပျက်တွေမှာ မပျော်တော့ဘူး။ ကျွန်တော်လည်း သွားခဲ့ဖူးပါတယ်။
ဒါပေမယ့် အခုတော့ အဲဒီမှာ နောက်ထပ် မကျင်လည်တော့ဘူး။
မွေးဖွါးခြင်းဟာ လူတယောက်ကို အမှောင်ထဲကနေ အလင်းကို ပို့ဆောင်ပေးတယ်။
Birth Brings One From Darkness to Light.
မွေးဖွါးခြင်းဟာ လူတိုင်းကြုံရရုံ၊ နိုင်ငံတခုမှာ ပါဝင်ပတ်သက်ရုံ၊ သဘာဝကို
သတ်မှတ်ရုံသာမက၊ ကလေးငယ်ကို အမှောင်ထဲကနေ အလင်းထဲ ပို့ဆောင်ပေးတယ်။ ၉ လ
လုံးလုံး အမှောင်ထဲမှာ နေရာကနေ ရုတ်တရက် အလင်းထဲ ရောက်လာတယ်။
ကျွန်တော်ကိုပဲ ပြန်ရှင်းပြပါဦး။ သခင်ယေရှုကို အားမကိုးဖူးသေးတဲ့
လူတယောက်က ကျမ်းစာဖတ်ပြီးတော့ " ငါ နားမလည်ဘူး၊ နားမလည်ဘူး။ ဘာမှန်းလည်း
မသိဘူး" လို့ ပြောမယ်။ နောက် သူ ကယ်တင်ခြင်းရပြီး၊ ကျမ်းစာ စ,ဖတ်တော့ "
အေး၊ ဟုတ်တယ်ဟ။ ငါ နားလည်ပြီ။ " လို့ ပြောတယ်။ ဘယ်လိုဖြစ်တာလဲ။ အမှောင်ကနေ
အလင်းထဲ ရောက်သွားတာပါ။
ကျွန်တော်ကို
ရှင်းပြကြည့်ပါ။ John Kennedy လို Harvard တက္ကသိုလ် ကျောင်းဆင်း ဘွဲ့ရ
ထက်ထက်မြက်မြက် လူတယောက်က သမ္မာကျမ်းစာနဲ့ ဘာသာရေး အကြောင်းမှာ ဆွံ့အနေတာ၊
ပုပ်ရဟန်းမင်းကို လုံးဝ အပြစ်ကင်းစင်တယ်လို့ ထင်တာ ဘာကြောင့်လဲ၊
ပုပ်ရဟန်းမင်းဟာ မိန်းမမယူရဘဲနဲ့ ၊ သူက ဘာကြောင့် ပေတရုကို ပထမဆုံး
ပုပ်ရဟန်းမင်းလို့ ယုံနေခဲ့တာလဲ။ ကျမ်းစာကတော့ ပေတရုရဲ့ ယောက္ခမအကြောင်း
ပြောထားတယ်။ ပေတရုမှာ မိန်းမမရှိဘဲ၊ ယောက္ခမ ရှိပါ့မလား။
Catholic ကက်သိုလစ် အသင်းတော်အကြောင်း လေ့လာရင်၊ အဲဒီ အသင်းတော်ဟာ
ကမ္ဘာမှာ အချမ်းသာဆုံး အဖွဲ့အစည်းတခု ဖြစ်တယ်ဆိုတာ သိလာလိမ့်မယ်။ ဒါပေမယ့်
ကက်သိုလစ်တွေ ကြီးစိုးတဲ့ နေရာမှန်သမျှဟာ ကမ္ဘာမှာ အဆင်းရဲဆုံးဆိုတာ
တွေလာမှာပါ။ တောင်အာဖရိကနိုင်ငံတွေကို သွားကြည့်ပါ။ ကက်သိုလစ် အသင်းတော်က
အကြီးအကျယ် ချမ်းသာ ကြွယ်ဝနေချိန်မှာ လူတွေ ငတ်နေကြတယ်။ ပုပ်ရဟန်းမင်းက
အလှူငွေတွေကို ချုပ်ကိုင်နေလို့ပါပဲ။ ဒါကို အဲဒီလူတွေက ဘာကြောင့်
တိတ်တိတ်နေကြသလဲ။ Born again မဖြစ်သေးလို့၊ တခါထပ် မမွေးသေးလို့ပါ။
မမွေးသေးတော့ အမှောင်ထဲမှာပဲ ရှိနေသေးတယ်။ တခါထပ် မွေးပြီးရင်တော့
အမှောင်ကနေ အလင်းထဲ ရောက်လာတယ်။
မွေးဖွါးခြင်းက အတိတ်ကို ချေဖျက်ပေးတယ်။ Birth Cancels Out the Past.
မွေးဖွါးခြင်းက ကလေးငယ်ကို အမှောင်ထဲကနေ အလင်းထဲ ပို့်ပေးရုံသာမက၊ ကလေးကို
အတိတ်သမိုင်းမပါပဲ၊ မွေးဖွါးလာစေတယ်။
ကောင်းကင်မရှိ၊ ငရဲမရှိဘူး ဆိုရင်တောင်၊ ကျွန်တော်ကတော့ ဒုတိယမွေးခြင်းကို
ခံချင်နေဦးမှာပဲ။ အတိတ်ကို ချေဖျက်ပေးဖို့ လိုတယ်လေ။ ကျွန်တော် အခုသေပြီး၊
ကောင်းကင်ရောက်လို့ ဘုရားသခင်ကို၊ " ကျွန်တော်ပြစ်မှားမိတဲ့ အပြစ်တွေအတွက်
ဝမ်းနည်းပါတယ် ကိုယ်တော် " လို့ ပြောရင်၊ ဘုရားသခင်က " မင်းပြောတဲ့ ကိစ္စ
ငါမသိပါလား " လို့ ဖြေလိမ့်မယ်။ " တကယ်ပါ ကိုယ်တော်၊ ကိုယ်တော် သိပါတယ်။
ကိုယ်တော်က အားလုံး သိတာပဲ။ အဲဒီအပြစ်တွေအတွက် ၄၅ နှစ်လုံးလုံး ကျွန်တော်
စိတ်ပူနေခဲ့ရတာ၊ ကိုယ်တော် သိပါတယ်လေ၊ အဲဒီအပြစ်တွေအတွက် စိတ်မကောင်းပါဘူး။
" လို့ ပြောမိမှာပါ။ ဘုရားသခင်ကတော့ " Curtis မင်းပြောတဲ့ ကိစ္စ၊
ငါမသိဘူးကွ၊ " လို့ ဆက်ပြောနေမှာပါ။ ဘာကြောင့်လဲ ? ဟေရှာယ ၄၃: ၂၅ မှာ "
ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏ အပြစ်တို့ကို ဖြေမည်။ သင်၏
ဒုစရိုက်အမှုတို့ကို မအောက်မေ့။ "
ဒီအချက်ဟာ
အံ့သြစရာ မကောင်းဘူးလား ? ။ ကိုယ့်အိမ်နီးချင်းတွေ၊ ကိုယ့်ဇနီး၊
ကိုယ့်ယောက်ျားက အပြစ်တွေကို မှတ်မိနေပေမယ့်၊ ဘုရားသခင်က ကျွန်တော်တို့
အပြစ်တွေကို မမှတ်မိတော့ဘူး။ ဘုရားသခင် မ,စလို့ အပြစ်တခါမှ
မလုပ်ဖူးတဲ့သူလို ဖြစ်ရတယ်။ ဘုရားသခင် ဖြောင့်မတ်သလို၊ ဖြောင့်မတ်ရတယ်။
သမ္မာကျမ်းစာက လူဟာ ကယ်တင်ခြင်းရရင် ဖြောင့်မတ်ပြီလို့ ပြောတယ်။ တဝက်တပျက်
ဖြောင့်မတ်တာ မဟုတ်ဘူး။ အပြည့်အဝ ဖြောင့်မတ်တာပါ။ အားလုံး လွင့်သွားပြီ။
အပြစ်ပြုတဲ့ အတိတ်မရှိတော့ဘူး။ ဟာလေလုယာ။
ကလေးတယောက်ဟာ အတိတ် သမိုင်းမပါဘဲ မွေးဖွါးတယ်။
လူတယောက်ယောက်ကို ရဲက၊ အရာရှိက ဖမ်းတာ ဆီးတာ မမြင်ရတဲ့ အခြေအနေ နေရာ
နှစ်ခု ရှိတယ်။ တနေရာက အသုဘအိမ်ပါ။ ရဲအရာရှိတယောက် ဝင်လာပြီး၊ အလောင်းကို
လက်ထိပ်ခတ်၊ ဆွဲထုတ်ပြီး၊ ထောင်ထဲပို့လေ့ မရှိဘူး။ ဘာကြောင့်လဲ ?
သေနေပြီလေ။
နောက်တနေရာကတော့ ဆေးရုံက
သားဖွါးခန်းပါ။ ရဲအရာရှိတယောက် စိတ်ဆိုး မာန်ဆိုးနဲ့ ဝင်လာပြီး၊ ၃
နာရီလောက်ပဲ သက်တမ်းရှိသေးတဲ့ ကလေးကို လက်ထိပ်ခတ်ပြီး - " မင်းကို
လူသတ်မှုနဲ့ ငါတို့ သံသယရှိတယ် " လို့ ပြောပါ့မလား ? ။ စဉ်းစားကြည့်ပါ။
ကဲ - မာနတ်ကလည်း ကျွန်တော်တို့ကို ကယ်တင်ခြင်းမရခင်က အပြစ်တွေ အတွက်
လာမဖမ်းနိုင်ဘူး။ အတိတ်မရှိတော့ဘူး။ ကယ်တင်ခြင်းရတော့ ကျွန်တော့ အတိတ်ဟာ
လုံးဝချေဖျက်ခံလိုက်ရပြီ။ ဘုရားရဲ့ စိတ်ထဲမှာတောင် မရှိတော့ဘူး။
မွေးဖွါးခြင်းဟာ ပြီးပြည့်စုံတယ်။ Birth is complete.
မွေးဖွါးခြင်းဟာ အတိတ်ကို ချေဖျက်ရုံသာမက ပြီးပြည့်စုံမှုလည်း ရှိုတယ်။
တခြားသွန်သင်ချက်တွေက " နှစ်ခြင်းတွေလည်း ကောင်းသားပဲ၊ ဒါပေမယ့်
တဖက်စွန်းမရောက်နဲ့၊ မင်း ကယ်တင်ခြင်းရတာ ကောင်းတယ်။ ဒါပေမယ့် ဒါလည်း
လိုသေးတယ်။ ဟိုဟာလည်း လိုသေးတယ်။ တခြားဟာတွေလည်း လိုသေးတယ်။ " လို့
ပြောတတ်ကြတယ်။ အဲဒါမဟုတ်ဘူး။ ကယ်တင်ခြင်းရရင် လိုတာအားလုံး ရလိုက်ပြီ။
ကျွန်တော့
သားသမီး ၄ ယောက်လုံး စုံစုံလင်လင် မွေးဖွါးလာကြတယ်။ ကျွန်တော့်ဇနီးက - - -
" သား Tony ကို ဆရာဝန် ပြန်ပြဦးမှပဲ။ ဆေးမှတ်တမ်းအရှည်ကြီး ပြန်ယူဦးမှ၊
သူ့နားရွက်ကလေး ပြန်တပ်ပြီး၊ သူ့လျှာကလေးလည်း ပြန်တပ်ဦးမှ " လို့
ပြောလေ့မရှိဘူး။ ဒါတွေက သား Tony မှာ ပါပြီးသားပဲ၊ စုံလင်တယ်။
အသစ်တဖန် မွေးတဲ့အခါ စုံလင်တယ်။ သား Tony မှာ လိုတာက ကြီးထွားဖို့
အစားအစာ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ သင်တော်တဲ့ ပတ်ဝန်းကျင်ပဲ လိုတာပါ။
မွေးလာတဲ့ ကလေးတိုင်း ဒီလိုပါပဲ။
အသက်တာ ကြီးထွားဖို့ရာ
ဘုရားကျောင်းတက်ဖို့ လိုတယ်။ ဓါးကိုယူ၊ ခရင်းကို ထုတ်၊ သင်းအုပ်ဆရာ
တရားဟောတော့မယ်၊ စားလိုက်တော့၊ စားကောင်းရင်၊ " ကောင်းတယ်ဗျို့၊ ထပ်ပေးပါဦး
" လို့ ပြော။ စိတ်လှုပ်ရှားမှု အပြည့်နဲ့ နေပါ။
ကျွန်တော့ သမီး Donna ကတော့ စားပွဲနား လာလှုပ်လေ့ရှိတယ်။ စားသောက်ရတာကို သူ
စိတ်လှုပ်ရှားလေ့ ရှိတယ်။ စားပွဲအောက်က သူ့ခြေထောက်လည်း လှုပ်နေလိမ့်မယ်။
စားပွဲတခုလုံး လှုပ်နေလိမ့်မယ်။
ခွေးတကောင်ကို
အစာကျွေးတဲ့အခါ အမြီးလှုပ်တာ စောင့်ကြည့်ဖူးသလား။ မြင်းစာခွက်မှာ
မြင်းစာကျွေးရင် မြင်းမြီး လှုပ်ခါနေတာ မြင်ဖူးသလား? ။
ဘုရားကျောင်းလာတာဟာ ကမ္ဘာမှာ အကောင်းဆုံး အစားအသောက်ကို စားဖို့ လာတာပါ။
ဒါပေမယ့် တချို့က ခေါင်းထဲက သန်းတွေ အသေကျလာသလိုပဲ လာနေကြတယ်။ ဖြစ်သင့်တာက
- - - နှုတ်ခမ်းကို သပ်လိုက်၊ ပြီးတော့ " ဘုရားသခင် ဘုန်းကြီးပါစေ
"လို့ပြော။ သီချင်းဆိုပြီဆိုရင် " ပန်းကန်ထဲမှာထည့်၊ စားဖို့ အသင့်ပဲ "
လို့ပြောပါ။ အဲဒီလိုမှ အသက်တာ ကြီးထွားပါတယ်။
ကလေးဟာ ပြီးပြည့်စုံစွာ မွေးဖွါးလာတယ်။
မွေးပြီဆိုရင် ပြီးပြီ။ Birth is Final.
မမွေးခဲ့ရင် ကောင်းမယ် လို့ ပြင်ချင်လည်း မရတော့ဘူး။ တချို့က
ကျေးဇူးတရားကနေ ရွေ့လျော့တယ် Falling from grace လို့ ဘာကြောင့် သင်ကြလဲ
မသိဘူး။ သူတို့က " ခင်ဗျား အခု သိပ်ကောင်းတယ်၊ နောက် - အားနဲရင်
ဆုံးရှုံးမယ်၊ နောက် - ပြန်ကောင်းရင် ပြန်ရမယ်၊ ပြန်အားနဲရင်
ပြန်ရှုံးပြန်မယ် " တဲ့။ အဲဒါကို ကျွန်တော်တော့ နားမလည်ဘူး။ အမှန်က
မွေးတယ်ဆိုတာ အပြီးပါ။
ဆိုပါစို့၊
ကျွန်တော့်သမီးကလေး မွေးတော့ သမီးကိုကြည့်ပြီး၊ ဇနီးသည် Gerri ကို "
သမီးမျက်နှာကို ငါ သိပ် သဘော မကျဘူးကွာ။ ဗိုက်ထဲ ပြန်ထည့်၊ အစကနေ ပြန်စကွာ "
လို့ ပြောလိုက်မယ်။
ပြန်စလို့ မရဘူး။ မမွေးပြီးချင်လို့ မရဘူး။
ကျွန်တော့်မှာ သားသမီး ၄ ယောက်၊ သမီး ၃ ယောက်၊ သားတယောက်။ မြေးက ၆ယောက်။ (
အဲဒီအချိန်မှာ ဖြစ်ပါတယ်။ ) အားလုံး ကျွန်တော့ သားမြေးတွေပါ။ ဒါကို
အချိန်နဲ့ ထာဝရကာလ က မပြောင်းလဲနိုင်ဘူး။ ကျွန်တော့် သားသမီးတွေကို
ဆိုက်ဘေးရီးယားကို ပို့၊ နာမည် ၄၇ မျိုးလောက် ပေးပစ်။ သူတို့ရဲ့
စိတ်ဓါတ်တွေကို ပြောင်းပစ်၊ တခြား အဖေတယောက်၊ အမေတယောက်ရှိတယ် လို့
ယုံအောင် လုပ်။ ဒါပေမယ့် ကျွန်တော်ဟာ သူတို့ အဖေ၊ Geraldine Crawford
Hutson ဟာ သူတို့အမေဆိုတဲ့ အချက်ကို ပြောင်းပစ်လို့ မရနိုင်ဘူး။ ဒါက
အပြီးပဲ။
ကျွန်တော် ၁၁ နှစ်သား အရွယ်မှာ
ကယ်တင်ခြင်းရတော့ ဒါဟာ အပြီးပဲ။ မာနတ်နဲ့ မရဏာနိုင်ငံက လာပြောင်းပစ်လို့
မရဘူး။ တရားဟောဆရာတယောက်က လာပြောင်းပစ်လို့ မရဘူး။ အကြီးအကျယ် အော်ဟစ်၊
ထခုန်၊ မျက်နှာကို တံတွေးနဲ့ ထွေးပြီးမှ " မင်း မှန်မှန်ကန်ကန်
အသက်မရှင်ပါဘူးကွာ " လို့ ပြောလည်း၊ ကျွန်တော့်ကို ဘုရားသခင်က
ပိုင်သွားပါပြီ။
ကျွန်တော့် သားသမီးတွေထဲမှာ ဘယ်သူမှ
အချိန်ပြည့် မကောင်းနိုင်ပါဘူး။ ခဏခဏ မပြေလည်တာတွေ ရှိတယ်။ ကလေးဆိုတာ
ကြီးကြီးမားမား မထိမခိုက်မချင်း သူတို့ ဘယ်အတိုင်းအတာအထိ နေနိုင်တယ်ဆိုတာ
သူတို့ သိပါတယ်။ အချိန်ပြည့် ကစားမယ်။ သူတို့ကို မရိုက်ခင် လူကြီးက "
မလုပ်နဲ့ " လို့ ဘယ်နှစ်ခါ တားတယ်ဆိုတာ သိပါတယ်။ မရိုက်ခင် " မလုပ်နဲ့ "
လို့ ရှစ်ခါတားရင်၊ ခုနှစ်ခါလောက်တော့ အော်ပြောနေရမှာပဲ။ ကလေးတွေ
မှတ်ထားတတ်ပါတယ်။
အမျိုးသမီးတွေက ကလေးတွေကို
အော်တာကြားဖူးတယ်။ " အဲဒါ မလုပ်နဲ့ ၊ ငါ့ကို စိတ်အနှောက်အယှက် ပေးနေကြတာ၊ "
အဲဒါ မလုပ်နဲ့ ၊ မင်းတို့အဖေလာရင် တိုင်ပြောမယ်။ " ကလေးအမိုက်တွေက သိတယ်။
အမေကတော့ အော်ရုံ၊ ဆူရုံပဲ။ ဒါနဲ့ အမေကို ဂရုမစိုက်ကြဘူး။ အော် - အော် -
ပေါ့။ ဒါပေမယ့် အမေ အအော်ရပ်လို့ ရိုက်ပြီဆိုရင်တော့၊ ကလေးတွေ
နေတတ်သွားပြီ။ ကောင်းသွားကြပြီ။ အသိအတတ် မြန်ကြတယ်။
ကျွန်တော့် မှာ ဘယ်သားသမီးမှ မစုံလင်ပါဘူး။ ဒါပေမယ့် သားသမီးအားလုံး
ကျွန်တော်ပိုင်တယ်။ ဒါကို ဘယ်သူကမှ ပြောင်းလဲပစ်လို့ မရဘူး။
မွေးဖွါးခြင်းဟာ အပြီးပါ။
မွေးဖွါးရတဲ့ ဝေဒနာ ရှိတယ်။ Birth involves travail.
ကျွန်တော့် ဇနီးနဲ့ သမီးတွေ ကလေးမီးဖွါးကြရင် ကျွန်တော် အနားမှာ
ရှိဖူးတယ်။ ကျွန်တော့် သမီးဦး Sherry က သားဦးကလေးမွေးတော့ သူ့ခမျာ အတော်
ကြိုးစားရရှာတယ်။ အပြင်းအထန် အားထုတ် ရုန်းကန်ရရှာတယ်။ သူ့အမျိုးသား Rick
ရယ်၊ သူ့အမေရယ်၊ ကျွန်တော်ရယ် အတူရှိနေတယ်။ နောက်တော့ အခန်းထဲ
ဝင်လိုက်ထွက်လိုက် ဖြစ်လာတယ်။ တကယ် ထိတ်လန့်စရာပဲ။ သမီးခမျာ အတော် ဝေဒနာ
ခံစားရတယ်။ ဒါပေမယ့် ဝေဒနာ မခံစားဘဲ မီးဖွါးလို့ မရဘူး။ " မိမိစိတ်ဝိညာဉ်
ခံရသော ဝေဒနာ၏ အကျိုးကို မိမိမြင်၍ အားရလိမ့်မည်။ " - ဟေရှာယ ၅၃: ၁၁ ။
တနင်္လာ၊
အင်္ဂါနဲ့ တနင်္ဂနွေနေ့တိုင်းလိုလိုမှာ ကျွန်တော် တနေရာရာမှာ တရား
ဟောရလေ့ရှိတယ်။ တနင်္လာ၊ အင်္ဂါ ညနေ တွေမှာတော့ အလုပ်တခုကို ကြံစည်နေတယ်။
ဒါဟာ ခရစ်ယာန် တယောက် အနေနဲ့ ပျောက်ဆုံးသူတွေအတွက် သားဖွါးခြင်း
ဝေဒနာခံရတာပါပဲ။ အသင်းသားတွေ ဝေဒနာ မခံစားရင် ဝိညာဉ်ထပ်မွေးမှာ
မဟုတ်ဘူး။
ဒါပေမယ့် ကျွန်တော်တို့ မသနားကြဘူး၊
ဝေဒနာ မခံစားကြတော့ဘူး ဆိုပါစို့။ တယောက်တလေတော့ ကယ်တင်ခြင်းရ လိမ့်မယ်။
အဲဒါ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီအတွက် ဝေဒနာ မခံစားကြတော့ဘူး။
ပစ်ပယ်လိုက်ကြရင်၊ အားနဲနေကြရင်၊ ပျောက်ဆုံး ဝိညာဉ်တွေ
လွင့်ပါးမယ်။ ကျွန်တော်တို့လည်း ဘာမှ မစိုးရိမ်ကြ၊ ဝေဒနာ မခံစားကြ
ဖြစ်နေမယ်။ ယုံကြည်သူတွေ တကယ် တာဝန်ယူရင်၊ လူငယ်တွေလည်း
ကိုယ့်မိတ်ဆွေတွေအတွက် တကယ် တာဝန်ယူရင်၊ မိတ်ဆွေတွေအတွက် နာကြင်
ဝေဒနာခံစားရင်၊ မိတ်ဆွေတွေအတွက် ငိုကြွေးရင်၊ မိတ်ဆွေတွေအတွက် သားဖွါးတဲ့
ဝေဒနာခံစားရင်၊ ဝိညာဉ်တွေ အသစ် မွေးဖွါး လာမှာပါ။ ဝိညာဉ်
မွေးဖွါးခြင်းပေါ့။ ။
တခါ ပြန်မွေးမလား Will you be born again now?
Dr. Curtis Hutson ရဲ့ တရားဒေသနာကို ဖတ်ရှုခဲ့ရပြီ ဖြစ်ပါတယ်။
တခါပြန်မွေးဖို့ လိုတဲ့ အကြောင်းကို ကျမ်းစာနဲ့တကွ ဥပမာကလေးတွေပေးပြီး
ထောက်ပြသွားပါတယ်။ အသစ်သော မွေးဖွားခြင်းဆိုတာ Born from above အထက်မှ
မွေးခြင်း၊ ဘုရားဇာတိကို ခံယူရခြင်း လို့ ပြောပြသွားပါတယ်။ လူဟာ
သဘာဝအတိုင်း မွေးတဲ့အတွက် လူ့သဘာဝကို ရပါတယ်။ ဘုရားသဘာဝ ရဖို့ကတော့
ဝိညာဉ်မွေးဖို့ လိုတယ်။ ဘုရားသား၊ ကောင်းကင်သားဖြစ်ဖို့ ကိုယ်ဘာမှ
မတတ်နိုင်ဘူး။ တခါထပ်မွေးဖို့ပဲ လိုတာပါ။
ဒီ တရားဒေသနာမှာ
သခင်ယေရှုကို အားကိုးရင် တခါပြန်မွေးတယ်လို့ ရှင်းပြထားတယ်။ သခင်ယေရှုက
သင့် အပြစ်တွေအတွက် ကားတိုင်မှာ လူစားထိုး အသေခံတယ်။ ကယ်တင်ရှင်အဖြစ်
အားကိုးရုံနဲ့ အပြစ်ခွင့်လွှတ်ခံရပြီး၊ ကယ်တင်ခြင်းရကြဖို့ အပြစ်ကြွေးတွေ
ပေးဆပ်သွားတယ်။ သခင်ယေရှုကို အခု အားကိုးရင် ဘုရားသားဖြစ်ပြီး၊
ကောင်းကင်မှာ နေစရာရတယ်။
အားကိုးရင်တော့ - အခုလို ရိုးရိုးကလေး ဆုတောင်းလိုက်ပါ။
သခင်ယေရှု - -
ကျွန်တော် အပြစ်သားပါ။ ငရဲသွားထိုက်ပါတယ်။
ဒါပေမယ့် ကျွန်တော်ကိုယ်စား ကိုယ်တော် အသေခံ၊ အပြစ်ကြွေး ပေးဆပ်တာကို ယုံပါတယ်။
ကယ်တင်ရှင်အဖြစ် အခု လက်ခံပါပြီ။
အပြစ်ခွင့်လွှတ်ပြီး၊ ကယ်တင်ဖို့ အားကိုးပါတယ်။
ကျွန်တော်ကို ချစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုယ်တော့် မိသားစုထဲမှာ မွေးဖွါးပေးတော်မူပါ။ အာမင်။ ။
No comments:
Post a Comment