Showing posts with label ဆောင်းပါးတို. Show all posts
Showing posts with label ဆောင်းပါးတို. Show all posts

Saturday, April 25, 2015

Christian and Technology - ယုံကြည်သူနဲ့ နည်းပညာ


Amish Children

ဘာသာရေးမှာ စိတ်ထက်သန်သူတချို့ဟာ နည်းပညာ technology ကို အဆိုးမြင်တတ်တယ်။ ဒါတွေဟာ လောကီဆန်တယ်။ အချိန်ကုန်တယ်။ လူပျက်စီးတယ်လို့ မြင်ကြတယ်။ ဒီအယူအဆ မှန်၊ မမှန် စဉ်းစားကြည့်ရအောင်ပါ။

Amish people - အမေရိကားရှိ Ohio, Pennsylvania, Indiana ဒေသတွေမှာနေပြီး အစဉ်အလာကို ထိန်းချင်တဲ့ အုပ်စုတစုဖြစ်တယ်။ လူမျိုးတမျိုးလို့ ဆိုလိုတာမဟုတ်ဘဲ ယုံကြည်ချက်တူတဲ့ လူတစုကို ခေါ်တာဖြစ်တယ်။ နေထိုင်ပုံ ရိုးရှင်းတယ်။ ဝတ်စားပုံ ရိုးတယ်။ ခေတ်ပေါ်နည်းပညာတွေကို လက်မခံဘူး။ တတ်နိုင်သမျှ ရှောင်ဖို့ ကြိုးစားတယ်။

လူဦးရေက ၂၀၁၀ ခုနှစ်အရ အမေရိကားမှာ ၂၄၉,၀၀၀ ခန့်ရှိတယ်။

ဘာသာစကားအနေနဲ့ ဂျာမန်စကား၊ Pennsylvania Dutch တွေကို သုံးကြပြီး၊ အရင်က ကျွန်တော်တို့တိုင်းပြည်မှာ ဥရောပတိုက်သားတွေကို အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ် စသည်ဖြင့် မခွဲတော့ဘဲ ဘိုလို့ အလွယ်ခေါ်ကြသလို၊ Amish မဟုတ်တဲ့ သူတွေကိုတော့ လူမျိုးမခွဲတော့ဘဲ English တွေလို့ပဲ ရောပြီးခေါ်တတ်ကြတယ်။

Amish မြင်းရထား

Amish အဝတ်အစား

Amish အိမ်ဆောက်ခြင်း
Amish တွေဟာ အယူသည်းတဲ့ Cult တွေမဟုတ်ဘဲ ခရစ်ယာန်တွေသာ ဖြစ်တယ်။ သူတို့ဟာ 
  • non-resistance အကြမ်းမဖက်တဲ့နည်းကို နှစ်သက်သူတွေဖြစ်တယ်။ စစ်မတိုက်ချင်ဘူး။ စစ်ထဲမဝင်ချင်ဘူး။ တရားဥပဒေ စိုးမိုးရေးနဲ့ ရဲလုပ်ငန်းကို သဘောမကျဘူး။
  •       အစိုးရကျောင်းတွေကို မကြိုက်ဘူး။ Amish ကျောင်းတွေ သပ်သပ်ရှိတယ်။
  •       အိမ်ဆောက်ရင် ခေတ်မှီနည်းပညာတွေမသုံးဘဲ လက်သမားအတတ်သင်ပြီးတော့ အများစုပေါင်းပြီး အိမ်ဆောက်ကြတယ်။
      ခေတ်ပေါ်နည်းပညာ technology တွေမကြိုက်တဲ့အတွက် .... ကားဝယ်မစီးဘူး။ မြန်ဆန်တဲ့ နည်းပညာတွေဟာ လူ့အသိုင်းအဝိုင်းကို ဖြိုခွဲနေတယ်လို့ ယူဆတဲ့အတွက် မြင်းလှည်းကလေးတွေပဲ သုံးကြတယ်။ လျှပ်စစ်မီးမသွယ်ဘူး။ ရေဒီယို၊ T.V, ကွန်ပြူတာ မသုံးဘူး။
  •         ဓါတ်ပုံ မရိုက်ကြဘူး။ ရုပ်တုကိုယ့်အဖို့ လုပ်တာ၊ အချည်းအနှီး ကျော်ဇောကိတ္တိကို ရှာတာလို့ ယူဆတယ်။
  •         အဝတ်အစားကတော့ တခြားအရောင်းတွေ မသုံးဘဲ အဖြူနဲ့ အမဲပဲ သုံးကြတယ်။ အကျင်္ီမှာ ကြယ်သီးတွေ၊ ဇစ်တွေ၊ ကပ်ခွါတွေ မသုံးကြဘူး။ ကြွားဝါရာကျမယ်လို့ မြင်တယ်။
  •         အသက် ၁၈ နဲ့ ၂၀ ကြားမှာ နှစ်ခြင်းခံဖို့၊ အသင်းတော်ထဲ ဝင်ဖို့ ဆုံးဖြတ်ပြီး ယုံကြည်ချက်တူသူနဲ့ လက်ဆက်ကြတယ်။
ဒါတွေကို ကြည့်ရင် Amish တွေမှာ အားသာချက်တွေ ရှိသလို၊ အားနည်းမှုတွေလည်း ရှိတာတွေ့ရပါမယ်။ ရောင့်ရဲတဲ့စိတ်နဲ့ ယုံကြည်ချက်အတွက် တချို့အရာတွေ စွန့်လွှတ်ရဲတာဟာ လေးစားစရာပါ။ နည်းပညာကို စွန့်ပစ်ထားတာက ဝမ်းနည်းစရာပါ။

Amish တွေအကြောင်းကို စဉ်းစားတဲ့အခါ Technology ကို မကြိုက်တာဟာ ဘာသာရေး အယူဆိုတာထက် လူမျိုး အသိုင်းအဝိုင်းရဲ့ preference (ပရက်ဖရင့်) အကြိုက်နဲ့ choice ရွေးချယ်မှု ဖြစ်တာကို တွေ့ရပါတယ်။
၁ ကော ၅း ၁၀ “လောကီသားတို့နှင့် အလျဉ်းမပေါင်းဖေါ်ရဟု မဆိုလို။ ထိုသို့ဆိုလျှင် သင်တို့သည် လောကီမှ ထွက်သွားရကြမည်။”

Technology ဟာ အသုံးချခံပညာရပ်တခုသာဖြစ်ပြီး၊ မကောင်းမှုရဲ့ အခြေခံလို့ မယူသင့်ပါဘူး။
ဥပမာ။ ငွေကတော့ သုံးနေရမှာဖြစ်ပြီး ငွေကို တပ်မက်တဲ့စိတ်ကတော့ မကောင်းပါဘူး။ Technology ကို သုံးနေရမှာဖြစ်ပြီး၊ စိတ်ထားမကောင်းရင်တော့ အပြစ်ဖြစ်နေမှာပါ။

    "ခံတွင်းမှထွက်သောအရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကိုညစ်ညူးစေသော အရာဖြစ်၏။ မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊ လူကို ညစ်ညူးစေသောအရာဖြစ်ကြ၏။” - မသဲ ၁၅း ၁၈- ၁၉။
Technology ကောင်းကွက်များ
  •  သမ္မာကျမ်းစာ အလွယ်တကူ ဖတ်ရှုခွင့်ရလာတယ်။ တချို့သူတွေ အရင်က စိုးရိမ်တာ ရှိခဲ့ဖူးတယ်။ ကျမ်းစာကို စာတန်က ဖျက်ဆီးပြီး ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားစေချင်တယ်။ ဒါကြောင့် ကျမ်းစာတအုပ်လုံး အလွတ်ကျက်ဖို့ နှိုးဆော်တာတွေ ရှိခဲ့ဖူးတယ်။ အခု ဒီလို စိုးရိမ်စရာ မရှိတော့ဘူး။
  •  ဓမ္မသီချင်း သံပုံစာအုပ်တွေ အလွယ်ရနိုင်သွားပြီ။
  •  Commentary အနက်ဖွင့်ကျမ်းတွေ၊ Concordance ကျမ်းညွှန်းစာအုပ်ကို ကွန်ပြူတာနဲ့ ဖုန်းတွေထဲမှာ လွယ်လွယ် ထည့်ထားနိုင်ပြီ။
  •  ဝိညာဉ်ရေး စာစောင်တွေကို e-book တို့ Phone application အနေနဲ့ဖြစ်စေ ဖတ်ရှုဖို့ အခွင့်အရေး ရလာတယ်။
  •  ကမ္ဘာတဝှန်းက ယုံကြည်သူတွေနဲ့ ဆက်သွယ်လာနိုင်ပြီ။
  •  ပညာရေးမှာလည်း နည်းပညာက အများကြီး အထောက်အကူပြုလာပြီ။ ကိုယ်သိချင်တဲ့ပညာရပ်တွေကို ကွန်ပြူတာနဲ့ အင်တာနက်မှာ ရှာဖွေလေ့လာနိုင်ပြီ။
  •  ကျန်းမာရေးမှာ ရောဂါသဘာဝ၊ ဆေးဝါးနဲ့ အဟာရတွေကို ပိုပြီး လေ့လာသိရှိလာနေပြီ။ ဒါဟာ လူ့အသက်တွေကို ကယ်နိုင်ဖို့ အခွင့်အလန်းပဲလို့ မှတ်ယူသင့်ပါတယ်။
  • လမ်းပန်းဆက်သွယ်ရေးမှာ တနေရာနဲ့တနေရာ သွားဖို့ လွယ်လာတယ်။
စိတ်ကောင်းလေးရှိဖို့သာ လိုပါတယ်။ technology က လွယ်ကူစေမှာ ဖြစ်ပါတယ်။
 ၁ကော ၁၀း ၃၁ “သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသော အမှုကိစ္စကို ပြုကြလော့။”

Wednesday, November 17, 2010

Becky's Story ( REAL HOPE FOR TEENS ) 1

REAL HOPE FOR TEENS ဆိုတဲ့ စာအုပ်ကလေးကို ကိုယ်တွေ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေပါ။ ဆယ်ကျော်သက်လူငယ်တွေအတွက် ဆယ်ကျော်သက်လူငယ်တွေ ရေးကြတာပါ။ Rev. Bob DeWitt, D.D. က တည်းဖြတ်ပါတယ်။ မူရင်းအင်္ဂလိပ်စာအုပ်ကို www.realhelpforteens.com 877-332-7333 မှာ တောင်းယူနိုင်ပါတယ်။

REAL HOPE FOR TEENS      ဆယ်ကျော်သက်တို့အတွက် စစ်မှန်သော မြော်လင့်ခြင်း
WRITEN FOR TEENS BY TEENS

Becky's Story   ဘက်ကီအကြောင်း

             မိဘတွေ ကွာရှင်းကြတော့ ကမ္ဘာပျက်ပြီလို့ ထင်လိုက်တယ်။ အနည်းဆုံးတော့ ကျွန်မရဲ့ ကမ္ဘာကလေးပေါ့။ မိသားစု အတူတူ အပြင်ထွက် မလည်ရတော့ဘူး။ နွေနေ့လည်ခင်းအချိန်မှာ မိသားစုနဲ့အတူ ကွင်းတကွင်းမှာ ဘေ့စ်ဘော သွား မကစားရတော့ဘူး။ ကျွန်မလည်း အခန်းအောင်းပြီး၊ အပြင်မထွက်ချင်တော့ဘူး။ အပြင်ထွက်ရင် ပိုခံစားရမယ်လို့ ထင်မိတယ်။ အခန်းအောင်းလေလေ၊ ဘယ်တော့မှ မပျောက်ပျယ်တဲ့ ဝေဒနာ အရိပ်မည်းမည်း တိမ်တိုက်ကြီးက ဖုံးလွှမ်းသလို ခံစားလာရတယ်။ ညာသံပေးနေတဲ့ လူအုပ်ကြီးက ဝိုင်းနေတယ်လို့ ကျွန်မ ခံစားနေရတယ်၊ ကျွန်မအော်သံကို ဘယ်သူမှ မကြားကြပုံပဲ။ ကျွန်မတယောက်တည်း အားငယ်နည်းနေတယ်။

             အမေက အဖေ၊ အကိုနဲ့ ကျွန်မတို့ကို ထားရစ်ခဲ့တဲ့အခါ ကျွန်မအသက် ၁၃ နှစ်ပါ။ အဲဒီတနွေလုံးဟာ ထိတ်လန့်စရာပါ။ ရုံးချိန်းရှိတော့ သူငယ်ချင်းတွေနဲ့ မပျော်ရတော့ဘူး။ နွေးထွေးတဲ့လေလည်း ပျော်စရာ မကောင်းတော့ဘူး။ ကျွန်မ ကြေကွဲနေပြီ။ ဖြစ်ပျက်နေတဲ့ အဆိုးတွေကို တတ်နိုင်သမျှ အကောင်းဖြစ်အောင် ကြိုးစားကြည့်တယ်။ ဒါပေမယ့် တနေ့တနေ့ မျက်ရည်ကြားမှာပဲ နစ်- နစ်လာတော့တယ်။ ကျွန်မဆန္ဒကတော့ အားလုံးကို အရင်လိုပဲ ပြန်ဖြစ်စေချင်တာပါ။

            အလယ်တန်းပြီးခါနီးနှစ်တွေမှာတော့ အပြင်ပန်းကတော့ အဆင်ပြေနေသလိုပါ။ အမေလာလည်ပေမယ့် ကျွန်မစိတ်မှာ တအား နာကြင်နေဆဲဆိုတော့ ခံစားရခက်ပါတယ်။ အမေနဲ့ သမီးဆိုတဲ့ ဘဝအရသာကို  အလုခံလိုက်ရတာပါ။ စိတ်ကူးယဉ် အိပ်မက်ထဲမှာပဲ နေချင်တော့တယ်။ ဒါပေမယ့် လက်တွေ့ဘဝကို  ကြည့်ဖြေရှင်းရဦးမှာပါ။

            ရှစ်တန်းရောက်တော့ တနှစ်တာ "အကောင်းဆုံး ကျောင်းသူဆု" ရတယ်။ ကျောင်းသား၊ကျောင်းသူတွေက အတန်းထဲက သူတို့ အကြိုက်ဆုံး၊ နာမည်အရဆုံး တယောက်ကို ရွေးကြတာ။ အဲဒီမှာ ကျွန်မကို ရွေးကြတယ်။ ကိုယ့်ကိုကိုယ် အဲဒီလောက် နာမည်ရတယ်လို့ တခါမှ မထင်ပေမယ့် ၊ သူငယ်ချင်းတွေတော့  အများကြီးရှိနေခဲ့ပါတယ်။ အုပ်စုဖွဲ့နေကြတဲ့ သူငယ်ချင်းတွေလို့တော့ မရှိခဲ့ဘူး။ ပုံစံစုံ၊ အရောင်စုံ သူငယ်ချင်းတွေပဲ ရှိခဲ့ပါတယ်။ လူတွေကို သိချင်လာပေမယ့် လူတွေက ကျွန်မကို နားမလည်ကြဘူး။ အပေါ်ယံကတော့ ကျွန်မ ရီလို့၊ မောလို့ပါ။ အတွင်းမှာတော့ နေရောင်မရ ၊ ရေမရလို့  အသက်ငင်နေတဲ့ နှင်းဆီတပွင့်ပါ။ အပြင်မှာ ပျော်ပုံ၊ ရှင်သန်နေပုံရပေမယ့်၊ အတွင်းမှာတော့ သေနေပြီ။

            အလယ်တန်းပြီးစ နွေရာသီဟာ အကုန်မြန်ခဲ့ပါတယ်။ သာမန်နွေရာသီလို့ပဲ မှတ်မိပါလိမ့်မယ်။ ကျွန်မက ဘဝကို ပျော်စရာကြီးလို့ပဲ ထင်ခဲ့တာ။ အကောင်းမမြင်တတ််တော့သလို၊ စိတ်ထားလည်း အကောင်း မထားတတ်တော့ဘူး။ အဲဒီကာလဟာ ကျွန်မအတွက်တော့ တစ္ဆေတကောင်ရဲ့ ရီဝေဝေ ညမျိုးပါ။ နည်းနည်းပါးပါး စူးစမ်းချင်၊ လေ့လာချင်လာပေမယ့် ဘာမှ ပျော်စရာကောင်းမလာခဲ့ဘူး။ စိတ်ဖြေချင်ပေမယ့် ဖြေစရာမရှိခဲ့ဘူး။ ရှင်လျှက်နဲ့ သေနေသလိုပါ။ ယုံကြည်ရတဲ့ မိတ်ဆွေလည်း နည်းနည်းလေးပဲရှိတယ်။ တချို့ဆို သောက်စား၊ အဖေါ်နဲ့ တွဲရုံမက ထင်ရာစိုင်းနေသူတွေပါ။ ကျွန်မကတော့ အဲဒီ နယ်ခြားမျဉ်းဘေးမှာ ကိုယ့်အလှည့်မရောက်ခင် စိတ်ဝင်တစား ထိုင်ကြည့်နေတဲ့ အရံဘောလုံးသမားလို၊ နံရံထက်ကပန်းတပွင့်လို ဖြစ်ခဲ့ပါတယ်။ အရာရာမှာ စိတ်မပါပဲ၊ အရာမဝင်သလို ခံစားခဲ့ရတယ်။

           အဲဒီနောက် အထက်တန်းကျောင်းတက်ခဲ့ပါတယ်။ ပထမနှစ်မှာ အေမီနဲ့ တွဲဖြစ်တယ်။ ရှစ်တန်းတုန်းကလည်း တွဲခဲ့ပေမယ့် ဘယ်ကျောင်းဆက်တက်မလဲ မသေချာခဲ့ကြဘူး။ အခု ကျောင်းတူတော့ သိပ်ပျော်ပါတယ်။ အခြေအနေ ပိုကောင်းလာတယ်။

           အေမီက သူတက်လေ့ရှိတဲ့ ဘုရားကျောင်းကို ခေါ်တယ်။ ကျွန်မက အကြောင်းတခုခု ပြပြီး ငြင်းတယ်။ အေးချမ်းတဲ့ ဒီဇင်ဘာလမှာတော့ လူငယ် အားသစ်လောင်း သင်တန်းတခုကို လိုက်သွားလိုက်ပါတယ်။ အဲဒီက လူငယ်ခေါင်းဆောင်တွေနဲ့ ကျွန်မ အဆင်မပြေဘူး။ ကျွန်မရဲ့ အပြုအမူက မကောင်းသလို၊ ကိုယ့်အုပ်စုနဲ့ကိုယ် နေရမယ့် စည်းကယ်းလည်း မလိုက်နာပါဘူး။ နောက်လည်း မသွားချင်တော့ဘူး။ ဒါပေမယ့် အေမီက ဘုရားကျောင်းတက်ဖို့ တိုက်တွန်းတာ ဘယ်တော့မှ မရပ်ဘူး။ ဒါနဲ့ နောက်တခါ လိုက်သွားပါတယ်။ သွားရမှာ ဝန်လေးနေဆဲပဲ။ ဒါပေမယ့် ကြောက်စိတ်ကို ရင်ဆိုင်လိုက်တယ်။

           မတ်လရဲ့ အင်္ဂါည တညမှာ ဖြစ်ပါတယ်။ အထက်တန်းကျောင်းက junior နဲ့ senior ကျောင်းသားအဖွဲ့တွေဟာ အနီးက ခရစ်ယာန်ကောလိပ်ကျောင်းသားတွေနဲ့ နိုးကြားရေး အစီအစဉ် ကျင်းပနေပါတယ်။ သီချင်းတွေကို သဘောကျမိတယ်။ ဒါပေမယ့် လူတယောက်အကြောင်းရေးတဲ့ တချို့သီချင်းတွေက မကြားဖူးဘူး။ အဲဒီညမှာ ကောလိပ်ကျောင်းသားတယောက်က ဘုရားသားတော် သခင်ယေရှု လူတွေရဲ့အပြစ်အတွက် သစ်တိုင်မှာ အသေခံကြောင်း တရားဟောတယ်။ ဘုရားသခင်အကြောင်း သူဟောနေတုန်း ဆက်ထိုင်နေဖို့ ကိုယ့်ကိုကိုယ် ပြောပေမယ့် စိတ်နှလုံးကြေကွဲလွန်းလို့ အသက်ရှူရတောင်ခက်လာတယ်။ ကျွန်မ ကယ်တင်ခြင်းမရသေးဘူး ထင်တယ်လို့ အေမီကို ပြောပြတယ်။ ကျွန်မသေရင် ဘယ်ရောက်မလဲလို့ မေးမိတယ်။ "အေမီ၊ ငါ ကြောက်တယ်" လို့ ပြောမိတယ်။ တုန်တုန်လှုပ်လှုပ် ငိုမိတယ်။ ကိုယ့်သဘောနဲ့ ကိုယ််အသက်ရှင်နေမိတာ။ သခင်ယေရှု အသက်ရှင်ပေးနေတာမှ မဟုတ်ပဲ၊ အပြစ်သားဆိုတာ နောင်တရပြီး အသက်တာမှာ သခင်ယေရှုကို ဖိတ်ခေါ်ရမယ်။ အတွင်းမှာ ဆေးကြောခွင့် ပေးရမယ်။ အပြစ်တွေ ခွင့်လွှတ်ပါလို့ တောင်းပန်ဖို့ လိုလာပါတယ်။

            စိတ်နှလုံးထဲမှာ သခင်ယေရှုကို လက်ခံလိုက်တဲ့ ညဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပါပဲ။ အရင်လို နာကြည်းမှုတွေ မရှိတော့ဘူး။ သိပ်တောင့်တခဲ့တဲ့ နှစ်သိမ့်မှုတွေဟာ ကျွန်မကို ရစ်ပတ်လွှမ်းခြုံထားလိုက်ပါပြီ။ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေဟာ လွင့်ပါးခဲ့ပြီ။ ကလေးလေးလို ပြန်ဖြစ်သွားပြီ။ သခင်ယေရှုက ကားတိုင်ပေါ်မှာ အပြစ်ကြွေးတွေ ပေးဆပ်ခဲ့လို အဲဒီညမှာ အပြစ်ရှိသမျှ ဆေးကြောလိုက်ပြီ။

            သခင်ယေရှုခရစ်က အသက်ရှင်ပုံကို ပြောင်းသွားစေပါတယ်။ စိတ်နှလုံးကို အမြင်ကြည်လင်စေပြီး၊ သန့်ရှင်းသူဖြစ်အောင် ဖန်ဆင်းလိုက်ပါတယ်။ ကယ်တင်ခြင်းရပြီးနောက် စိတ်လိုအင်ဆန္ဒတွေ ပြောင်းလာတယ်။ ကိုယ်သဘောအတိုင်း မဟုတ်ပဲ၊ ဘုရားအလိုတော်ရှာချင်လာတယ်။ ကယ်တင်ခြင်းအကြောင်း ပြောပြချင်လာတယ်။ ခရစ်ယာန်မိတ်ဆွေတွေနဲ့ မိတ်ဆွေဖွဲ့ချင်လာတယ်။ ရဖူးသမျှ လက်ဆောင်တွေထဲမှာ ကယ်တင်ခြင်းဟာ အကောင်းဆုံး လက်ဆောင်ပဲ။ ကယ်တင်ခြင်းရဲ့ အကောင်းဆုံးအချက်ကလည်း အခမဲ့ ရတာပါပဲ။

            ဘုရားသခင်ရဲ့ ချစ်သနားခြင်းကြောင့် မိသားစုနဲ့ အမေတို့နဲ့ ပြန်ပြေလည်လာတယ်။ နှစ်ချီကြာလာခဲ့တဲ့ ပြဿနာတွေ၊ ဝေဒနာတွေဟာ ဘုရားရဲ့ အချိန်ကျတော့ ပြေလည်လာတယ်။ ဒါပေမယ့် ကယ်တင်ခြင်းရတာနဲ့ ဘုရားရဲ့ သနားခြင်းကြောင့်သာ ဒီလိုပြေလည်တာပါ။ စိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်း ကြည့်မြင်တော်မူပြီး၊ အပြစ်သားဘဝကနေ၊ ဘုရားသားဖြစ်လာစေတယ်။ ဒါက တခြားကြောင့် မဟုတ်ပဲ၊ သခင်ယေရှုကြောင့်သာ ဖြစ်ပါတယ်။

             ဘဝဟာ အရင်ကဆို တိုက်ပွဲကြီးတခုပါ။ အခုတော့ ဘုရားတရား စိတ်ဝင်စားသူ ဖြစ်လာစေပြီ။ ကယ်တင်ရှင်ကို လက်ခံတဲ့ အချိန်ကစပြီး၊ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ၊ အပြောင်းအလဲတွေကြားမှာ မပြောင်းလဲတာကတော့ သခင်ယေရှုရဲ့ မေတ္တာပါပဲ။ ကျန်နေတဲ့ ဘဝရဲ့ အချိန်တွေမှာ ဘုရားအလိုတော်အတိုင်း ဘုရားသခင်အတွက် လုပ်ဆောင်ချင်လာတယ်။ သခင်ယေရှု မပါပဲနဲ့တော့ ပျောပျော်ရွှင်ရွှင် နေတတ်သူတယောက် ဖြစ်မလာဘူး။ စိတ်ရှုပ်နေဆဲ၊ ဘဝနစ်နေဆဲ ဖြစ်နေမှာပါပဲ။ လူတိုင်းအတွက် ဘုရားအလိုတော်ရှိပါတယ်။ ကျွန်မမှာတော့ အဲဒါ ဖြစ်လာခဲ့ပြီ။ မိဘတွေ အိမ်ထောင်ကွဲရာကနေ မိသားစုနဲ့ ရုန်းကန်နေရင်းနဲ့ ဘုရားကျေးဇူးတော်ကြောင့် အဲဒီ ဒုက္ခရေလှိုင်းတွေနဲ့ပဲ ဘုရားသခင့်အနားကို ဆွဲခေါ်ခဲ့တာပါ။

           ရှင်တို့အကြောင်းကော ဘယ်လိုလဲ။ ဘုရားက အသက်တာကို ပြောင်းလဲစေခဲ့ပြီလား။ မစဉ်းစားပဲ ဘဝကို အလောင်းအစားလို ကစားနေဆဲလား။ ဘာပဲဖြစ်ဖြစ်၊ ဘုရားသခင် သိနေတယ်ဆိုတာ သတိရပါ။ ဘုရားမေတ္တာဟာ အခမဲ့ပါ။ တောင်းယူရုံပါပဲ။ ဘဝကို တမျိုး ပြောင်းသွားစေပါတယ်။ သိပ်အဖိုးတန်ပါတယ်။         ။

"အပြစ်တရား၏ အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ငါတို့ သခင်ယေရှုအားဖြင့် ထာဝရအသက်ပေတည်း။" ရောမ ၆: ၂၃။