Showing posts with label Religion. Show all posts
Showing posts with label Religion. Show all posts

Wednesday, July 21, 2021

Preachers and Pandemic - ကပ်ရောဂါကို ဆင်ခြင်ခြင်း (၂)

 Preachers တရားဟောဆရာတွေက ကိုယ့်အသိုင်းအဝန်းကို သတိပေးစရာ၊ ထိန်းသိမ်းစရာတွေ ရှိပါတယ်။
သတိထားစရာတွေက  .....

၁။ စည်းကမ်းရှိတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်ဖို့ လိုပါတယ်။  

ဆိုရှယ်မီဒီယာမှာ တွေ့သမျှကို တချို့က ရှဲနေတယ်။ မူလပြောတဲ့သူ ဘယ်သူမှန်းမသိ။ ဘယ်လောက် တတ်ကျွမ်းနားလည်လဲ မသိ။ စိတ်စေတနာ မှန်ရဲ့လား မသိ။ တွေ့သမျှ ရှဲနေပုံက ဆယ်ကျော်သက်မလေးက မျက်လုံးချင်း ဆုံသမျှ ရင်ခုံနေသလိုဖြစ်နေတယ်။ အဲဒီတော့ မဆန်းစစ်ဘဲ ဖေ့စ်ဘွတ်သုံးရင် ကြာတော့ စိတ်ပူလာမယ်။ ကြောက်လာမယ်။ စိတ်မငြိမ်ရင် အလွဲအမှားတွေ ဖြစ်တတ်ပါတယ်။ 

စကားတခွန်း ကြားဖူးပါတယ်။ "ကိုယ်က ကားဆရာ မဟုတ်ရင်၊ ခရီးသည်တွေ ဘယ်မှာ ဆင်းရမယ် ဆိုတာ မပြောပါနဲ့" တဲ့။ မြင်ယောင်ကြည့်ပါ။ အဝေးပြေးကားတစီးပေါ်မှာ၊ ခရီးသည်တွေကြားမှာ လူတယောက်က ခရီးစဉ်ကို အရမ်းစိတ်လှုပ်ရှားနေတယ်။ လမ်းကြောမသိဘဲ၊ "ဟေ့လူ၊ ခင်ဗျားဆင်းရမယ့်ရွာ ရောက်တော့မယ်၊ ပြင်ထား၊ ကျော်သွားမယ်" လို့ ကားပေါ်ရှိ လူတိုင်းကို ပြောနေတယ် ဆိုပါတော့။ ခရီးသည်တွေ ကမောက်ကမ ဖြစ်ကုန်တော့မှာပါပဲ။ အဲဒီတော့ ကိုယ်က ဆရာဝန်မဟုတ်ရင် ရောဂါအကြောင်း၊ ဆေးအကြောင်းတွေ သိပ်မပြောသင့်ဘူး။ ဆရာဝန်တွေဆိုရင်လည်း တယောက်နဲ့တယောက် အယူအဆ မတူကြတော့ ဘယ်ဟာ ပိုကောင်းမလဲလို့ စဉ်းစားဖို့လိုပါသေးတယ်။

၂။ ကိုယ်ကိုယ်တိုင်က အဆိုးမြင်စိတ် ရှိမနေသင့်ဘူး။

ကိုဗစ်ရောဂါသတင်းကြားရတာနဲ့ တပြိုင်နက် နောက်တပတ် ဆန်းဒေးမှာ ကိုဗစ်နဲ့ပတ်သက်ပြီး တရားစဟောကြပါတော့တယ်။ မဟောတဲ့ဆရာ သိပ်ရှားပါတယ်။ အများစုက အချက်အလက် မရှာဖွေ၊ မလေ့လာဘဲ ခံစားချက်နဲ့ ဟောတတ်ပါတယ်။ အဆုံးသတ်မှာတော့ ကပ်ရောဂါတွေဖြစ်နေပြီ၊ သခင်ဘုရားကြွလာတော့မယ်၊ ဘေးဒဏ်ကြီးကာလ ရောက်တော့မယ်၊ အသင့်ပြင်ကြလို့ နိုးဆော်ကြတယ်။ ဒါဟာ ကျမ်းစာကို သေချာမလေ့လာဘဲ ကိုယ့်ရဲ့အတွင်းစိတ်မှာ အဆိုးမြင်အခံရှိတဲ့သူ - pessimist ဖြစ်နေတာပါ။
စစ်ပွဲတွေ၊ သဘာဝဘေးဒဏ်တွေ၊ ကပ်ရောဂါတွေဟာ ကမ္ဘာဉီးကတည်းက ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ စစ်ပွဲမရှိတဲ့နှစ်၊ သဘာဝဘေး မရှိတဲ့နှစ်၊ ရောဂါဘယ မရှိတဲ့ နှစ်ကာလဟာ မရှိသလောက်ပါပဲ။ တနေရာမှာတော့ ရှိနေစမြဲပါပဲ။ အပြစ်ကြောင့် ကျိန်ခြင်းအမဂ်လာ ခံစားနေရတဲ့ ကမ္ဘာလောကကြီးရဲ့ သဘာဝပါ။  ဘေးဒဏ်ကြီးကာလမှာ ကပ်ရောဂါ၊ စစ်ပွဲ၊ သဘာဝဘေးဏက်တွေ များတာ မှန်ပါတယ်။ ဒါပေမယ့် ယုံကြည်သူက ဘေးဒဏ်ကြီးကာလမှာ ဖြတ်သွားဖို့ မဟုတ်ဘူး။ ချီဆောင်ခြင်းမှာ ပါသွားဖို့၊ သိမ်းဆည်းခံရဖို့ပါ။ ဒါကို တချို့က သူတို့နိုးနိုးကြားကြားရှိနေတယ်ဆိုတဲ့သဘောနဲ့ နောက်ဆုံးသောကာလရောက်တော့မယ်လို့ အလွဲ‌ပြောကြတာပါ။ Dr. John R. Rice ပြောတဲ့စကားလေးက မှတ်သားစရာကောင်းပါတယ်။ "ယုံကြည်သူက နိမိတ်လက္ခဏာ signs တွေကို ကြည့်နေရမှာ မဟုတ်ဘူး၊ ကယ်တင်ရှင် Savior ကို မြော်လင့်နေရမှာ" လို့ ဆိုပါတယ်။  

၃။ အခြေအနေနဲ့ အချိန်အခါကို နားလည်ဖို့ လိုတယ်။

"ကာလအချိန်တို့ကို နားလည်၍ ....... အဘယ်သို့ပြုရမည်ကို သိတတ်သော .... ဣသခါအမျိုးသား (၅ ရာ ၁၂: ၃၂)
ကပ်ရောဂါကို တွေ့ကြုံနေရချိန်မှာ ဘာတွေ လုပ်သင့်သလဲဆိုတာ သိရပါမယ်။
(က) ဘာအကြောင်းကြောင့်မှ လူစုလူဝေး မလုပ်သင့်တာကို သတိထားရပါမယ်။ သာရေး၊ နာရေးမှအစ၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ဘာအရေးကြောင့်မှ လူစုလူဝေးမလုပ်သင့်တာကို သတိထားရပါမယ်။ တခါတလေ မာနတ်ကများ တမင်နိုးဆော်နေသလား မှတ်ရတယ်။ ကပ်ရောဂါကာလမှာ ခဏခဏ လူစုဝေးမိတတ်ကြပါတယ်။
(ခ) ကိုယ်ခံအားကောင်းဖို့ လိုချိန်၊ ကောင်းကောင်းမွန်မွန် စားနိုင်ဖို့ လိုချိန်၊ ပေးဝေငှရမယ့်အချိန်မှာမှ တချို့က အစာရှောင်ဖို့ တိုက်တွန်းနေကြတဲ့သူတွေကိုလည်း တွေ့ရတယ်။ နည်းနည်းတော့ လွဲနေတယ်။ ဣသရေလလူမျိုးတွေ စစ်တိုက်နေရလို့ မောနေချိန်မှာ အနီးအနားမှာ ပျားရည်အလျံပယ် ပေါနေပေမယ့် စစ်ပွဲမပြီးမချင်း ဘာမှ မစားရဘူးလို့ အမိန့်ထုတ်တဲ့ ဘုရင့်သား အာဗရှလုံလို ဖြစ်နေတယ်။ သက်သက်မဲ့ နှောက်ယှက်သလိုဖြစ်ပြီး ပိုပင်ပန်းကြ၊ ဒုက္ခရောက်ကြတာပေါ့။ အလကားနေရင်း စိတ်အားကြီးကြောင်းပြတာ မကောင်းပါဘူး။ ဒါကို ကျမ်းစာက vain glory - အချည်းနှီးသော ကျော်ဇောခြင်း၊ အလကား နာမည်ကြီးချင်တာ လို့ ပြောပါတယ်။ မလုပ်ကြပါနဲ့။

၄။ တတ်နိုင်သမျှ ကူညီရမယ့်အချိန် ဖြစ်ပါတယ်။

အဟာရရှိအောင် ကောင်းကောင်းစားပါလို့ ပြောနေပေမယ့် ဆင်းရဲတဲ့သူက ဘာစားပါ့မလဲ?
ကျန်းမာအောင် ဂရုစိုက်နော် ဆိုပေမယ့် သူကိုယ်တိုင် မလုပ်နိုင် မကိုင်နိုင်သူက ဘယ်လို ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြုစုပါ့မလဲ?
"ညီအကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသော အစာ မရှိသောအခါ၊ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာ သွားကြလော့။ နွေးကြလော့။ ဝကြလော့ဟုပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျင် အဘယ်အကျိုးရှိသနည်း။" ယာကုပ် ၂: ၁၅- ၁၆။
ဆရာတွေက ဒါကို မေ့နေသလား? အသင်းတော်က ဒါကို မေ့နေသလား? သတိရရမယ့်အချိန်ပါ။

People and Pandemic - ကပ်ရောဂါကို ဆင်ခြင်ခြင်း (၁)

လူအမျိုးမျိုးဆိုတော့ ဆင်ခြင်ပုံ၊ တုန့်ပြန်ပုံ အမျိုးမျိုးပါပဲ။
တချို့က ခပ်ပေါ့ပေါ့ပဲ။ "ကိုဗစ်"" ကို "ငဗစ်" လို့တောင် ပြောင်လှောင် ခေါ်ကြတယ်။ အစပိုင်းမှာ ကိုဗစ်နဲ့ပါတ်သက်လို့ ဟာသအမျိုးမျိုး ထွက်လာတယ်။ ပညာပေး သီချင်းတွေလည်း ပေါပေါပဲပဲ ထွက်လာတယ်။ တချို့က အဲဒီထဲက သီချင်းတပုဒ်ကို ဖုန်း Ring tone အဖြစ်တောင် သုံးလာတယ်။ တကယ်တော့ Covid 19 က အသံကြားရုံနဲ့ကို ကြောက်စရာပါ။ ဒီလိုသီချင်းတွေလည်း မကြားနိုင်ပါ။ ပျော်စရာမှ မဟုတ်တာ။
အစပိုင်း သတင်းကြားခါစမှာကို အမေရိကားနဲ့ ဥရောပမှာ အသေအပျောက် အရမ်းများနေတယ်။ ဗြိတိန်မှာ တော်ဝင်မိသားစုရဲ့ ချားစ်မင်းသား ပိုးကူးစက်ခံရတယ်။ ကူးစက်ခံရသူများလွန်းလို့ ယာယီဆေးရုံတွေ အမြန်ဆောက်ကြရတယ်။
ဒီလောက်ကြောက်စရာကောင်းနေပေမယ့် တချို့က ဘာလုပ်ကြမလဲ ဆိုတာထက် ဘာကြောင့်ဖြစ်သလဲဆိုတာကို ပိုစိတ်ဝင်စားနေခဲ့ကြတယ်။ ဒါကြောင့်မေးခွန်းတွေ မေးခဲ့ကြတယ်။

၁။ သဘာဝအရ လင်းနို့၊ ခွေး စတဲ့ တိရစ္ဆာန်တွေမှ ကူးစက်တာလား?

တကယ်တော့ ဒါတွေက ဂျင်းသီတင်းတွေ ထွက်လာတာ။ အာရုံလွှဲဖို့ ကြိုးစားတာ။ အရေးထဲ တချို့သပ်သပ်လွတ်သမားတွေက အသားငါးစားရင် ဒီလိုရောဂါဆန်းတွေ ဖြစ်လိမ့်မယ်လို့ လော်လိုက်ကြသေးတယ်။ တကယ်တော့ ဒါက ဆေးပညာရှင်တွေရဲ့ အလုပ်ပါ။ သူတို့ အဖြေရှာပါလိမ့်မယ်။ ကိုယ်က ဆေးပညာရှင် မဟုတ်ရင်  ဒါကို ဆုံးဖြတ်ဖို့က ကိုယ့်အလုပ် မဟုတ်ဘူး။

၂။ လူလုပ်တဲ့ ဇီဝလက်နက်လား?

တရုတ်ပြည်က စစ်ဖြစ်လို့ တရုတ်အကြံလားဆိုပြီး သံသယရှိခဲ့ကြတယ်။ အစက စဖြစ်တဲ့ မြို့ကို အစွဲပြုပြီး "ဝူဟန်" ဗိုင်းရပ်လို့ ခေါ်ခဲ့တယ်။ မကြာခင်ပဲ တရုတ်ပြည်ကို အပြစ်တင်မှာစိုးလို့ "Covid 19" လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ပြောင်းခေါ်ခဲ့တယ်။ ဒါပေမယ့် သမတ ဒေါ်နယ်ထရန့်က တမင်ပဲ "China virus" လို့ ခေါ်လိုက်တော့ သူ့ရန်သူတွေက "ဒါက အမုန်းတရား၊ လူမျိုးရေး အစွန်းရောက်" လို့ ဝိုင်းပြီး တိုက်ခိုက်လိုက်ကြတယ်။  ဒါကို ဟုတ်မဟုတ် ဆုံးဖြတ်ဖို့က ထောက်လှမ်းရေးနဲ့ နိုင်ငံရေးသမားက ဆုံးဖြတ်ရမှာပါ။ အချိန် လိုကောင်း လိုမှာပါ။ စုံစမ်းရဦးမှာကိုး။ ဒါဆို ဘာပဲ စဉ်းစားလို့ ရနိုင်မလဲ? 

ရောဂါပိုးရဲ့သဘာဝ။ သူက လေထဲမှာ လွင့်ပျံနေပြီးတော့ ကူးစက်တာ မဟုတ်ဘူးလို့ ဆေးပညာရှင်တွေက ဆိုတယ်။ အနေနီးမှ အသက်ရှုလမ်းကြောင်းကနေ ကူးတယ်။ အဲဒီတော့ လူစုလူဝေးကို ရှောင်ရမယ်။ Social Distance လုပ်ရမယ်။ "Socially Distanced, But spiritually Connected" လို့ အကြံပေးကြတယ်။ "စိတ်ပေါင်း၊ ကိုယ်ခွါ" ပေါ့။ လူစုလူဝေးကို ရှောင်ပါဆိုတော့ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ? 

A. ပညာရေးမှာ ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်ထားရဖို့ များသွားပြီ။ 

စာသင်တာ၊ ပညာသင်တာ ကောင်းပေမယ့် ပညာနဲ့ တွဲပါလာတတ်တဲ့ ပညာမာနဟာ မကောင်းလှဘူး။ အခုတော့ အ‌ခြေအနေအရ တချို့အရသာလေးတွေ လျော့ရတော့မယ်။ တက္ကသိုလ်ကျော်းတော်ကြီးမှာ ပညာရတနာတွေ ရှာဖွေဆည်းပူးနေတယ်၊ ပညာတတ်အသိုင်းအဝိုင်းမှာ ကျင်လည်နေရပြီ၊ ငါ ပညာတတ်ဖြစ်တော့မယ် ဆိုတဲ့ ဖီလင်လေး လျှော့ရတော့မယ်၊ ပညာမာနရဲ့ အရသာလေး ပျက်တော့မယ်။ အဲဒီတော့ လူစုလူဝေး မဟုတ်ဘဲ ဘယ်လို ပညာသင်မလဲ? ကျောင်းမတက်ဘဲ ဘယ်လို ပညာလေ့လာမလဲ? အခြေအနေက ရှိနေပါပြီ။ အင်တာနက်က လမ်းဖွင့်ပေးနေပါပြီ။ အင်တာနက်ကနေ စာသင်ရမယ်၊ လေ့လာရတော့မယ်။ ဒါကို အများစုက မပြောင်းချင်သေးဘူး။ ကျောင်းသွားတက်မှ၊ ဆရာနဲ့ သင်မှ ဆိုတဲ့ နည်းဟောင်းလေးကို ဖက်တွယ်နေချင်ကြတယ်။ "ကျွန်တော့ကလေးက အဖေနဲ့အမေကို မကြောက်ဘူးဗျ၊ သူ့ဆရာမမှ ကြောက်တာ။" ဆိုတဲ့ နည်းဟောင်းကြီးကို ပြောင်းပစ်၊ ထားပစ်ခဲ့ရမှာ။ အဲဒီတော့ အခြေအနေအရ အိမ်ကနေ စာသင်တဲ့ခေတ်ကို သွားကိုသွားရတော့မှာပါ။ အဲဒီတော့ ကိုဗစ်ကြောင့် ပညာရေးဟာ ပြောင်းကို ပြောင်းရတော့မှာပါ။ 

B. နိုင်ငံရေးမှာလည်း လူစုလူဝေးနဲ့ ဆန္ဒပြတာ၊ လူစုလူဝေးနဲ့ မိန့်ခွန်းပြောတာတွေ လျော့ရပါတော့မယ်။ 

ဒါပေမယ့် လူ့သဘာဝကြောင့် ထင်တယ်။ မလိုတာကို လုပ်ချင်တော့ ကိုဗစ်အစပိုင်းက ကမ္ဘာတဝန်းမှာ ဆန္ဒပြပွဲတွေ ပိုများလာခဲ့တယ် ထင်ရတယ်။ နိုင်ငံရေးအရ မကြေနပ်တာကို လူစုလူဝေး မလုပ်ဘဲ တခြားနည်းနဲ့ ဆန္ဒပြ။ ထုတ်ဖေါ်ကြရမှာပါ။
ဒီနေရာမှာ အမေရိကန်ပါတီကြီးနှစ်ခု အယူအဆ မတူတာကိုလည်း တွေ့ရတယ်။ ဒေါ်နယ်ထရန့်က ကိုဗစ်ပိုးဟာ လေဟာပြင်မှာ ကူးဖို့မလွယ်ဘူး။ ဒါကြောင့် လေဟာပြင်မှာ Mask တပ်ဖို့ မလိုဘူး။ အလုံပိတ်အခန်းတွေ၊ ကုန်တိုက်ကြီးတွေ၊  စားသောက်ဆိုင်၊ ရုံးခန်းတွေရဲ့ အတွင်းမှာသာ တတ်ရမယ်လို့ ဆိုတယ်။ လေသာတဲ့ပြင်ပမှာ မလိုဘူးလို့ ဆိုတယ်။ ဒါကို ဂျိုးဘိုင်ဒန်တို့က အခွင့်ကောင်းယူပြီး ဒေါ်နယ်ထရန့်ဟာ တယူသန်၊ ဆေးပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေကို ပစ်ပယ်တယ်လို့ ဂျင်းထည့်ပါတယ်။ အဲဒီတော့ စကားစစ်ထိုးပွဲမှာ ဒေါ်နယ်ထရန့်က အိပ်ကပ်ထဲက Mask ကို ထုတ်ပြပြီး လိုရင်တပ်ဖို့ ဆောင်ထားပါတယ်လို့ ပြန်ပြောခဲ့တယ်။
ဒီတိုင်းပြည်မှာလည်း ဘယ်အစိုးရတက်တက် အောက်ခြေမှာကို အာဏာရူးက အများသားလား။ သူတို့ချတဲ့ စည်းကမ်း မလိုက်နာရင် ဒဏ်ရိုက်မယ်ဆိုတာချည်းပဲ။ လမ်းပေါ်မှာ လမ်းလျှောက်ရင်၊ စက်ဘီး၊ ဆိုင်ကယ်နဲ့သွားရင်လည်း mask မပါရင် ဒဏ်ရိုက်တယ်။ တကယ်လိုတာက အလုံပိတ် ဆိုင်ခန်းတွေ၊ ရုံးတွေမှာ ဂရုစိုက်ဖို့ လိုတာ မဟုတ်လား? ဒါပေမယ့် နားမလည်ဘဲ အာဏာပဲပြတတ်သူတွေ လူကြီးဖြစ်တဲ့ ခေတ်တိုင်းမှာ သည်းခံနေရတာပါပဲ။

C. ဘာသာရေးမှာ ဘုရားကျောင်းမှာ စုဝေးဝတ်ပြုတာကို သတိထားရတော့မယ်။ 

အရင်ကတော့ ဘုရားကျောင်းမှန်မှန်မတက်ရင် ဘုရားတရား အားနည်းတယ်လို့ ထင်မှတ်ခဲ့ကြတယ်။ ဦးဆောင်သူတွေ အားထုတ်ရင် အားထုတ်သလို အတိုင်းအတာ တခုစီ အောင်မြင်ခဲ့ကြတယ်။ အဲဒီတော့ လူစုတာ ခေတ်စားလာတယ်။ ဒါပေမယ့် ဘုရားသခင့် စိတ်တော်နဲ့ တွေ့ရဲ့လား ဆိုတာတော့ ဆန်းစစ်စရာ ဖြစ်ပါတယ်။ ဘာသာရေးက ကိုယ်ထင်ရာ၊ စိတ်ကြေနပ်ရင်ပြီးရော လုပ်ရတာမျိုး မဟုတ်ဘူးလေ။

အလေ့အလာ၊ အနေအထိုင်တွေ ပြောင်းဖို့ လိုလာပြီ။ ဒါပေမယ့် တချို့က ဒါကို သတိမထားမိဘူး။ ဇွတ်တိုးကြတယ်။ လူမစုရဆိုတဲ့ အစိုးရအမိန့်ကို နားထောင်မလား? ဘုရားသခင့်စကား နားထောင်မလားလို့ ဆင်ခြေပေးကြတယ်။

အမှန်က အခြေအနေကို နားမလည်တာ။ လူ့လောကမှာ သဘာဝရဲ့ စည်းကမ်း - Principle လေးတွေ ရှိတယ်။ လူကနေတဆင့် ကူးနေတော့ လူစုရင် ပိုကူးမှာပေါ့။ ဒီစည်းကမ်း Principle ကို ဖေါက်ရင် အုပ်စိုးသူ သမတ၊ ဝန်ကြီးချုပ်ဟာ သက်တော်စောင့်တွေကြားက ထိပါတယ်။ ဘာသာရေးသမားလည်း တရားစကား အကွာအကွယ်ကြားက ထိပါတယ်။ တခါတရံမှာ တချို့နိုင်ငံရေးသမားဟာ လေပစ်ပြီး ရွေးကောက်ပွဲ အနိုင်ယူသွားတာ ရှိသလို၊ တချို့ဘာသာရေးသမားကလည်း လက်တွေ့လူ့ဘဝနဲ့ ကင်းကွာပြီး အာကာမှာ ဝဲနေတတ်တယ်။
စီလီကွန်ဗဲလီးမှာ ထိပ်တန်းသင်းအုပ်ဆရာတယောက် ရှိတယ်။ သူတို့ပြည်နယ်က လူစုဝေးခွင့် တားမြစ်ထားတယ်။ သူက လက်မခံဘူး။ ဘုရားကျောင်းမှာ လူစုတယ်။ ပြည်နယ်အစိုးရက ဒဏ်ရိုက်တယ်။  ဒေါ်လာ သောင်းချီ ပေးရတယ်။ အခန်းထဲ လူမစုရတော့ ကျောင်းဝိုင်းထဲမှာ ကားတွေပေါ်ကနေ တရားနာကြတယ်။ အာမင်ထူးချင်လာရင် ဟွန်းတီးလိုက်ကြတယ်။ ဒါမျိုးတွေ မြင်ရကြားရရင် မရီရင်တောင် ပြုံးမိကြတာပါပဲ။ နည်းနည်းတော့ များသွားပြီလို့ ထင်စရာပါပဲ။ သူက တော်သေးတယ်။ တချို့က ဒေါ်လာ သန်းနဲ့ချီအောင် ဒဏ်ကြေးပေးကြရတယ်။ တချို့ ထောင်ကျတယ်။ သူတို့ဖက်က ပြန်ပြောတာက ပျော်ပွဲရွှင်ပွဲတွေ၊ ရုပ်ရှင်တွေ၊ သီရက်တာတွေကိုတော့ ဖွင့်ခွင့်ပြုတယ်။ ဘာသာရေးကျတော့ ပိတ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ပေးလိုက်ရတဲ့ အဲဒီဒဏ်ကြေးငွေတွေကို ကိုဗစ်ဝေဒနာခံစားနေရတဲ့ တခြားဆင်းရဲတဲ့ တိုင်းပြည်ကလူတွေကို ကူရရင် ပိုကောင်းမှာပါ။ တကယ်တော့ သူတို့ဟာ ဘာသာရေးယုံကြည်မှုနဲ့ နိုင်ငံသားအခွင့်အရေးကိုပဲ တွေးနေရင်း တခြားဘဝတွေကို မေ့နေကြတာပါ။

Monday, June 25, 2012

Solving religious problems in peace (Burmese)

" ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။ " - တရားဟောရာကျမ်း ၁၄း ၂၁
Thou shalt not seethe a kid in his mother's milk.
မြင်ယောင်ကြည့်လိုက်ပါ။ ဆိတ်သငယ်ကို အမိနို့ရည်နဲ့ ချက်စားတယ်ဆိုတာ တော်တော် ရက်စက်ရာကျပါတယ်။
ဒါပေမယ့် ဒီကျမ်းစာချက်ဟာ အစားအသောက်ကိုသာ ပြောတာမဟုတ်ပါဘူး။ လူတွေ စိတ်ကောင်း နှလုံးကောင်း ထားဖို့ကိုလည်း ပြောပြနေပါတယ်။ အစားအသောက်ထက် နည်းနည်းပို အရေးကြီးတဲ့ အကြောင်းအရာတွေ တကယ်ရှိနေပါတယ်။ ဆိတ်သငယ်ဆိုတာ အဓိကပြောချင်တဲ့အကြောင်းအရာရဲ့ အရိပ်မျှသာ ဖြစ်ပါတယ်။ ဆိတ်သငယ်က လူတယောက်ကို ပုံဆောင်တယ်ဆိုပါစို့။ အမိနို့ရည်ဆိုတာ သူကြီးပြင်းလာရတဲ့ ဆုံးမစကား၊ သင်ကြားခံယူရတာတွေ၊ အတွေးအခေါ်တွေ၊ ဘာသာတရားအသိတွေ ဖြစ်ပါတယ်။ လူတယောက်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ သူခံယူခဲ့ရတာတွေဟာ အတိုင်းအတာတခုအထိ ဆက်နွယ်နေပေမယ့် လုံးလုံးရောမွှေပစ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ အသိုင်းအဝိုင်းတခုထဲမှာ၊ ကျောင်းတကျောင်းထဲမှာ၊ ဘာသာတရားတခုထဲမှာ အတူကြီးပြင်းခဲ့ရပေမယ့် လူတယောက်နဲ့တယောက်ဟာ စိတ်သဘော တထပ်တည်းမကျနိုင်ပါဘူး။ ဒါကို အတူတူ တတန်းထဲ၊ တမျိုးထဲအဖြစ် ရောပစ်လိုက်တာဟာ မတရားပါဘူး။ စိတ်ထားနူးညံ့သူတိုင်း၊ အကြင်နာတရားရှိသူတိုင်း၊ သဘောထားကြီးမြတ်သူတိုင်း၊ ယဉ်ကျေးသူတိုင်း မလုပ်သင့်တဲ့အရာပါ။ သိပ်ရက်စက်တဲ့ စိတ်သဘောထားပါ။

ဒါကြောင့် လူတယောက်မှားတာနဲ့ သူ့ကိုးကွယ်တဲ့ ဘာသာတရားနဲ့ အသိုင်းအဝိုင်းတခုလုံးကို ရောအပြစ်တင်မယ်ဆိုရင် စိတ်ထားကြမ်းတမ်းလွန်းပါတယ်။ လူတယောက်က ပြစ်မှုတခုကို ကျူးလွန်တဲ့အခါမှာ လုပ်ဆောင်သင့်တာ အဓိက ၂ ခုရှိပါတယ်။

၁။ မြို့ပြဥပဒေအရ အရေးယူပါ။ သင့်တင့်မျှတတဲ့ ပြစ်ဒဏ်ဖြစ်ဖို့ကတော့ အရေးအကြီးဆုံးပေါ့။

၂။ တရားဥပဒေအရ အရေးယူပြီးတဲ့အခါမှာ သူပြစ်မှားသူဟာ တခြားလူမျိုး၊ တခြားဘာသာဝင် ဖြစ်နေရင် ထပ်လုပ်သင့်တာတခု ရှိပါတယ်။ ဥပမာ... ခရစ်ယာန်တယောက်က မူးယစ်ရမ်းကားခဲ့တယ် ဆိုပါစို့။ မြို့ပြဥပဒေအရ အရေးယူပြီးတဲ့အခါ သူတက်တတ်တဲ့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာထံကို မြို့အုပ်ချုပ်ရေးအရာရှိက သွားပြောပြနိုင်တယ်။ `သူ့ကို ပြစ်မှုနဲ့ တရားဥပဒေအရ အရေးယူထားပါပြီ။  သူက ဆရာ့ အသင်းသားလို့ ပြောပါတယ်။ ဒါကြောင့် သေရည်သေရက် ရှောင်ကြဉ်ဖို့၊ စိတ်နူးညံ့သိမ်မွေ့ဖို့၊ ပတ်ဝန်းကျင်ကို လေးစားဖို့ ၂လ၊ ၃လ လောက် ဆရာ့အသင်းတော် ဘုရားကျောင်းမှာ တရားဟောပေးပါဆရာ´ လို့ တောင်းပန်နိုင်ပါတယ်။ အဲဒီအခါ ဆရာကလည်း `ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော်လည်း ရှက်မိပါတယ်။ စိတ်ချပါခင်ဗျာ။ ကျွန်တော် ကြိုးစားသွန်သင်ပါမယ်´ လို့ ပြန်ပြောမှာပါပဲ။ ဒီနေရာမှာ အုပ်ချုပ်ရေး ၀န်ထမ်းက ဘာသာရေးသမားကို အာဏာလာပြနေတာမျိုးကို မလုပ်ရပါဘူး။ ဒါဟာ သိပ်ရိုင်းတဲ့အပြုအမူ ဖြစ်သွားပါလိမ့်မယ်။ အကူအညီတောင်းတာ၊ တောင်းပန်တာပဲ ဖြစ်သင့်ပါတယ်။ ဆရာကလည်း ကိုယ်တိုင်မလုပ်တဲ့ ပြစ်မှုအတွက် ကိုယ့်အသိုင်းအဝန်းကိုယ်စား စိတ်နှိမ့်ချ တောင်းပန်နေရတာပါ။ သူ့အသိုင်းအဝိုင်းကိုလည်း ဒီထက်ပိုကောင်းအောင် သူကြိုးစားနေရတာပါ။

တခါ ဗုဒ္ဓဘာသာဝင်တယောက် လိမ်လည်မယ်၊ လူသတ်မယ်ဆိုပါစို့။ သူကို တရားဥပဒေအရ အရေးယူပါ။ ပြီးရင် မြို့အုပ်ချုပ်ရေးအရာရှိက သူကိုးကွယ်တဲ့ကျောင်းကို သွားပါ။ ဆရာတော်ကို လျှောက်ပါ။ တပည့်တကာတွေကို မုသာဝါဒ ရှောင်ကြဉ်ဖို့၊ လူအသက်ကို မသတ်ဖို့ ၂လ၊ ၃လ လောက် တရားပြဖို့ တောင်းပန်ပါ။ ဆရာတော်ကလည်း ငြင်းမယ်မထင်ပါ။

မူဆလင်တယောက် မတရားပြုကျင့်မှုကို ပြုမိတဲ့အခါ တရားဥပဒေအရ အရေးယူပါ။ သူသွားလေ့ရှိတဲ့ ဗလီကိုသွားပါ။ ဗလီဆရာကို ကာမဂုဏ်ချုပ်တည်းခြင်းတရား၊ မိဘများက လူငယ်များ အရွယ်ရောက်တဲ့အခါ သင့်တော်ရာနဲ့ အိမ်ထောင်ချပေးဖို့၊ အပြစ်မှားခံရသူဟာ အရှက်တကွဲဖြစ်ရတဲ့အပြင် စိတ်ဒဏ်ရာကို ကာလကြာရှည်စွာ ခံစားရလို့ သနားစရာကောင်းတဲ့ အကြောင်းတွေ ၂လ၊ ၃လ လောက် ဟောပြောပေးဖို့ တောင်းပန်ပါ။ သူငြင်းမယ်မထင်ပါ။ ( ဒါတွေက ဥပမာပေးတာပါ။ ) - ဆိုလိုတာကတော့ လူတွေဟာ ကိုယ်အသိုင်းအဝန်းကို ကောင်းအောင် ပြင်ရ၊ တာဝန်ယူကြရမှာပါ။ လူသားတွေရဲ့ အကျိုးကို ပြုစုရမှာပါ။ သူတပါး ဘာသာကို မကောင်းကြောင်း ပြောနေတာဟာ အလုပ်မဟုတ်ပါ။ ရန်လိုနေခြင်းဟာလည်း တရားတကယ်မကျင့်တာကို ပြနေပါတယ်။

တခါတရံမှာ ကိုယ်နဲ့ ဘာသာတူတဲ့ လူတယောက် ကျူးလွန်မိတဲ့ အပြစ်အတွက် ဘာမှမဆိုင်တဲ့သူတွေ အရှက်ရနေ၊ ကြောက်ရွံ့ထိန့်လန့်နေရတာဟာ မဖြစ်သင့်တဲ့အရာပါ။ ရောပြီး အပြစ်ဒဏ်ခံရမယ်ဆိုရင်တော့ ဆိတ်သငယ်ကို အမိနို့ရည်နဲ့ ချက်သလို ဖြစ်နေပါပြီ။ ရက်စက်လွန်းရာကျမှာပါ။ ကိုယ့်အသိုင်းအဝိုင်းကို ကိုယ်ပြုပြင်ခြင်းအားဖြင့်သာ နေထိုင်ရတာ  ပိုပြီး အဆင်ပြေတဲ့ လူအသိုင်းအဝိုင်းတခု ဖြစ်လာစေနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ဥပဒေသဘောမဟုတ်ပါ။ ဥပဒေက လူ့အသိုင်းအဝိုင်းအတွက် အခြေခံလိုအပ်ချက် စည်းကမ်းမျှသာ ဖြစ်ပါတယ်။ တကယ်တော့ အခြေခံထက်ပိုပြီး ကောင်းမွန်စွာ နေထိုင်နိုင်လေ ကောင်းလေပါပဲ။

Monday, April 23, 2012

ဘာသာရေးအကြောင်း ပြောမယ်ဆိုရင် …….. When We Talk on Religion ……

ဘာသာရေးအကြောင်း ပြောမယ်ဆိုရင်  …….. When We Talk on Religion ……
( လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ ကိုးကွယ်ကြဖို့ရာ အကြံပြု စကားမျှသာ ဖြစ်ပါတယ်။ )



၁။ သူတပါး ဘာသာကို မပုတ်ခတ်၊ မဆဲရေးပါနဲ့။ Please do not curse others.

ယဉ်ကျေးတာဟာ ကောင်းပါတယ်။ ဒါပေမယ့် ယဉ်ကျေးသူဟာ လူမှုရေးမှာ ကောင်းရုံမျှပဲ ရှိပါသေးတယ်။ ဘာသာတရားဟာ လူမှုရေးထက် ပိုသိမ်မွေ့တဲ့အရာပါ။ ဘာသာတရားဆိုတာ တမလွန်အကြောင်း စဉ်းစားတော့မှာ၊ မြင့်မြတ်တဲ့ လမ်းကို လျှောက်တော့မှာ ဖြစ်ပါတယ်။

တချို့က ဆဲတတ်တယ်။ ဒါဟာ မယဉ်ကျေးတာ ဖြစ်လို့၊ ဘာသာတရား နဲ့ကတော့ အဝေးကြီးပါ။ တချို့ကတော့ ယဉ်ယဉ်းလေး ဆဲပြန်တယ်။ ဘာဘဲဖြစ်ဖြစ် ဆဲတာဟာ၊ ဆဲတာပါပဲ။

၂။ သူတပါး ကိုးကွယ်တဲ့ ဘုရားကို မပုတ်ခတ်ပါနဲ့။ Please do not say evil things on other god.

လူသဘောက ကိုယ့်မိဘ မကောင်းရင်တောင်၊ မိဘမကောင်းကြောင်း လာမပြောစေချင်ဘူး။ အဖေ အရက်သမား ဖြစ်ပေမယ့် သားရှေ့မှာ .. `မင်းအဖေ၊ အရက်သမား´ လို့ ပြောရင် စိတ်ကောင်းပါ့မလား?။ လူမှုရေးအရ ရိုင်းသွားမှာပေါ့။

တကယ်တော့ သူဘာသာအယူမှားတာက ကိုယ့်ကို ဘာဒုက္ခမှ မပေးပါဘူး။ ကိုယ့်ဘာသာအယူမှားနေတာက ကိုယ့်အတွက် တကယ့် ပြဿနာပါ။ သူမှားရင် သူတွေ့လိမ့်မယ်။ ကိုယ်မှားတော့ ကိုယ်ကြုံရမှာပါ။

၃။ ကိုယ့်ကိုးကွယ်တဲ့ ဘာသာကို တကမ္ဘာလုံး လိုက်ကိုးကွယ်ဖို့ မမြော်လင့်ပါနဲ့။ Please do not expect that the whole world will convert to your religion.

လောကမှာ အလင်းနဲ့ အမှောင်၊ အမှားနဲ့ အမှန် ရှိနေတာပဲ။ ဘာသာတရားတချို့ တိမ်မြုပ် ပျောက်ကွယ်သွားနိုင်ပေမယ့်၊ မကောင်းတဲ့လူတွေကတော့ ကမ္ဘာကုန်သည်အထိ ရှိကောင်း၊ ရှိနေနိုင်ပါတယ်။ လူလောကမှာ ပြဿနာ အရှုပ်ဆုံးက လူတွေပဲ မဟုတ်လား?

၄။ ကိုယ့်ကိုးကွယ်တဲ့ ဘာသာကို နာမည်ကြီးတဲ့ လူတွေ ( ရုပ်ရှင်မင်းသား၊ မင်းသမီး၊ သူဌေးကြီး၊ အတတ်ပညာရှင်၊ အသိပညာရှင် ) ကိုးကွယ်တာများ အရသာခံ ပြောမနေပါနဲ့။ Please do not say that some peers convert to your religion.

အဲဒီလူတွေ ကိုးကွယ်လိုက်တာနဲ့ ကိုယ့်ဘုရားက ပိုမှန်၊ ပိုတန်ခိုး ရှိသွားမလား? အဲဒီလူတွေ မကိုးကွယ်လို့ကော အလကားနေရင်း မှားသွား၊ တန်ခိုးလျော့သွားမလား? ဘာသာတရားကို ကလေးလိုတွေးရင် အဲဒါမျိုးတွေပြောပြီး ဂုဏ်ယူနေတတ်ပါတယ်။ ဘုရားမပြောနဲ့ လူတောင်၊ သူတပါး ချီးမွှမ်းတာနဲ့ ပိုတော်လာပါ့မလား? ကဲ့ရဲ့လိုကော ညံ့သွားလို့လား? ကဲ့ရဲ့ခြင်း၊ ချီမွမ်းခြင်းဟာ သူတပါးရဲ့ သတ်မှတ်မှုသာ ဖြစ်ပါတယ်။ ကိုယ့်ဘဝအမှန်မှ မဟုတ်ပဲ။ သူများကိုးကွယ်လို့ လိုက်ကိုးကွယ်ရင်၊ သူများမှားရင် ကိုယ်ပါမှားတော့မှာပေါ့။

၅။ တနိုင်ငံလုံး ကိုးကွယ်ဖို့လည်း ဖိအားမပေးပါနဲ့။ Please do not force to set a state religion.


ဦးနုက နိုင်ငံတော် ဘာသာလုပ်ဖို့ အားထုတ်ခဲ့တယ်။ ဒါဟာ ညစ်ပတ်တာပါ။ ( အဲဒါနဲ့ K.I.A တောခိုသွားရော။ တိုင်းပြည်ငြိမ်းချမ်းချင်ရင်၊ အုပ်ချုပ်သူက စ- ညစ်ပတ်တာမျိုး မလုပ်သင့်ပါဘူး။ ) စစ်မှန်တဲ့ ဘာသာရေးသမားဟာ သူ့ဘာသာ သူပဲ လိုက်လျှောက်ပါတယ်။ ကျန်တဲ့သူတွေကို ဖိအားမပေးဘူး။ ဖိတာဟာ အဓမ္မ လုပ်ရပ်ပါ။ ဓမ္မမဟုတ်ဘူး။ တိုင်းပြည်က ဘာ..ဘာသာမှ မကိုးကွယ်ဘူး။ လူတဦးချင်းစီက ကိုယ်ကြိုက်တာ ကိုးကွယ်ကြတာ။ တခြားသူတွေအတွက် လူတယောက်ယောက်က ဆုံးဖြတ်ပေးရတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီး၊ ကိုယ့်ဘာသာ အကျိုးအပြစ် ခံစားကြရတာပါ။

၆။ ဘာသာတရားနဲ့ လူမျိုးရေးကို ရောမပြစ်နဲ့။ Please do not mix up religion with your nationality.


ဒါက လူတချို့ မှားတတ်တဲ့ အမှားပါ။ လူမျိုးဆိုတာ မွေးရာပါဗီဇပါ။ ဘာသာတရားကတော့ မွေးဖွါးပြီး ကြီးပြင်းလာရင်း တမလွန်အကြောင်း တွေးရင်းက လိုက်လျှောက်ဖို့ ရွေးချယ်တဲ့ လမ်းကြောင်းပါ။ ဘာမှမဆိုင်တဲ့ အရာပါ။ ဒါကို မသိဘဲ၊ ငါတို့လူမျိုး၊ ငါတို့ဘာသာဆိုပြီး မိရိုးဖလာအစွဲနဲ့ ပြောနေရင်တော့ ဘာသာတရားဆိုတာ ဘာမှန်းမသိတဲ့သူ ဖြစ်နေမှာပါပဲ။ တကယ်တော့ ဘာသာတရားတခုထဲကိုပဲ မတူတဲ့ လူမျိုး ၂ မျိုး ကိုးကွယ်တဲ့အခါ၊ အဲဒီဘာသာအပေါ် အလေးထားပုံ၊ အသားပေးပုံ ၊ ကျင့်သုံးပုံတွေ ကွာနေတတ်ပါတယ်။ ကွန်မြူနစ်ကို ကျင့်သုံးခဲ့တဲ့ ရုရှားတွေ ဒီမိုကရေစီကျင့်သုံးရင် ဒီမိုကရေစီ သဘာဝ ပျက်တော့မှာပဲလို့ တွေးကြောက်သူတွေ ရှိသလိုပေါ့။ စစ်သွေးကြွတတ်တဲ့ လူမျိုးနဲ့ လိမ်တာကောက်တာ အကျင့်ပါတဲ့ လူမျိုး ၂ မျိုး ဘာသာတခုတည်းကို ကိုးကွယ်ရင် အရည်အသွေးတူ ဖြစ်နေဖို့ မလွယ်နိုင်ပါ။ ဘာသာတရားကို စပျစ်ရည်လို့ သဘောထားရင်၊ လူမျိုးဟာ ထည့်တဲ့ ဗူးတို့၊ ခွက်တို့ ဆိုပါဆို့။ ဗူး၊ ခွက်ကွာရင် အရသာ ကွာတော့မှာပါ။

၇။ လူတွေအပေါ် တကယ်မချစ်တတ်၊ စေတနာနဲ့ မကူညီတတ်ပဲ ဘာသာရေးအကြောင်း မပြောပါနဲ့။ Please help others in need before you talk them on religion.


ဒုက္ခရောက်နေသူတွေကို၊ မကူညီပဲ မျက်နှာလွှဲတတ်သူတွေဟာ ဘာသာတရားနဲ့ အလွန်ဝေးပါတယ်။ လူတွေကို တကယ်စာနာတတ်မှ၊ တကယ်ကူညီတတ်မှ စေတနာမှန်ပါမယ်။ မဟုတ်ရင်တော့ လူတွေကို ကျွန်ပြုနေချင်တဲ့ စိတ်နဲ့ ဘာသာရေးပြောနေတာပါပဲ။ တပါးသူတယောက် ကိုယ့်ဘာသာထဲဝင်လာတာကြည့်ပြီး ပီတိဖြစ်နေရင်တော့ ဘာသာရေးကို ဘောလုံးပွဲလို သဘောထားနေတဲ့  ပွဲကြည့်ပရိတ်သတ်ပဲ။ တရား တကယ်မကျင့်ဘူး။ လူတယောက်ရဲ့ အခုလောလောဆယ် အခက်အခဲကိုတောင် မကူညီချင်ရင်၊ တမလွန်ရေး စေတနာထားတယ်လို့ မပြောပါနဲ့။ ညာနေပြီ။ အဲဒီလို စိတ်ကောင်း၊ နှလုံးကောင်းနဲ့ ဒုက္ခရောက်သူတွေကို ကူညီတာကို ဘယ်ဘာသာတရားကမှ မတားမြစ်ပါဘူး။ ဒါကြောင့် ဘာသာရေးအကြောင်း သူတပါးကို ပြောချင်ရင်၊ လူမှုရေးအရင်လုပ်ပါ။ ဒါမှ သဘာဝကျပါတယ်။


Friday, May 13, 2011

လူဦးရေနဲ့ ဘာသာတရား

Population ကမ္ဘာ့လူဦးရေ
  •     Total 6,790,000,000    သန်းပေါင်း ၆၇၉၀
  •     Density 118 people/mi2     တမိုင်ပတ်လည်မှာ ၁၁၈ ယောက်နှုန်း
  •     Growth 1.14% per year    တနှစ်တိုးပွါးနှုန်း ၁.၁၄%
  •     Children 27.32%       ကလေး ၂၇.၃၂%
  •     Adult 65.12%      လူကြီး ၆၅.၁၂%
  •     Elderly 7.566%    သက်ကြီးရွယ်အို ရ.၅၆၆%
  •     Annual Births 131,000,000      နှစ်စဉ်ဖွါးနှုန်း ၁၃၁ သန်း
  •     Annual Deaths 56,600,000      နှစ်စဉ်သေနှုန်း ၅၆.၆ သန်း
Religion  ဘာသာတရား        
  •     Christianity 33.32%    ခရစ်ယာန် ၃၃.၃၂%
  •     Islam 21.01%     အစ္စလာမ် ၂၁.၀၁%
  •     Hinduism 13.26%   ဟိန္ဒူ ၁၃.၂၆%
  •     Buddhism 5.84%    ဗုဒ္ဓဘာသာ ၅.၈၄%
  •     Sikhism 0.35%    ဆစ်ခ် ၀.၃၅%
Independent Baptist Ministries
  •     Total 11,022
  •     Christian Schools 889
  •     Mission Agencies 323
  •     Deaf Churches 99
  •     Church Ministries 9,467
  •     Ministerios Hispanos 82
  •     Camp Ministries 43
  •     Military Ministries 15