Sunday, July 11, 2010

Personal Appearance Is Important By Dr. Curtis Hutson ( 7 ) ရုပ်ရည် အပြင်အဆင်ဟာ အရေးကြီးပါတယ်။

Personal Appearance Is Important By Dr. Curtis Hutson ( 7 ) 

ရုပ်ရည် အပြင်အဆင်ဟာ အရေးကြီးပါတယ်။

လူတွေက  ဝေဖန် အကဲခတ်ရာမှာ - အကြည့်၊ အပြော၊ အပြုအမူ ဆိုတဲ့ အချက် ၃ ချက်နဲ့ ဝေဖန်တတ်ကြတယ်။ အဲဒီဝေဖန်မှုတွေဟာ အများအားဖြင့် ရုပ်ရည် အပြင်အဆင်ပေါ်မှာ အခြေခံကြတယ်။ ကိုယ့်ကို မြင်ဖူးသူတွေထဲမှာ ကိုယ်စကားပြောတာ ကြားဖူးသူ နည်းပါတယ်။ ကိုယ့်အပြုအမူကို လေ့လာဖူးသူတော့ ပိုနည်းမှာပေါ့။ ဒါကြောင့် လူအများစုရဲ့ ထင်မြင် ယူဆချက်တွေဟာ ရုပ်ရည်ပေါ်မှာ အခြေခံ နေတာပါပဲ။

ပြစ်မှုတခုနဲ့ စွဲဆိုခံရသူကို ရှေ့နေက တရားရုံးမှာ အတတ်နိုင်ဆုံး အကောင်းဆုံး ဟန်မူယာ ထားရှိဖို့ လမ်းညွှန်တတ်တယ်။ တရားသူကြီးရှေ့မှာ တရားခံပုံ မပေါက်ပဲ၊ အေးအေးဆေးဆေး၊ လူကောင်းတယောက်၊ အသိတရားရှိသူတယောက်လို ဖြစ်နေစေချင်တာပါ။ ဒါကြောင့် တရားရုံးကိုလာရင် အစဉ်အလာမပျက် သပ်သပ်ရပ်ရပ် ဝတ်စားပြီး၊ ယဉ်ယဉ်ကျေးကျေး ပြောတတ်ကြတယ်။

ဘာကြောင့်လဲ။ ကိုယ်ဟန်မူယာ အရေးကြီးလို့ပါ။ ရာဇဝတ်သားပုံ မပေါက်ပဲ၊ နိုင်ငံသားကောင်းလို၊ ဖြစ်နိုင်ရင် တရားသူကြီးနဲ့ ရင်းနှီးတဲ့ အသိမိတ်ဆွေလား၊ အိမ်နီးချင်းလား ထင်မှတ်စေချင်တာပါ။

ရဲဟာ ရဲနဲ့ တူရမယ်။ သင်္ဘောသားက သင်္ဘောသားလို၊ တရားဟောဆရာကလည်း တရားဟောဆရာနဲ့ တူရမယ်။

မှန်ကန်တဲ့ ပုံကိုဆောင်ပါ။ တိုက်ထားတဲ့ ဖိနပ်ကိုစီး။ လည်စီးလည်းတပ်၊။ အဝတ်က လျှော်ပြီးသား မီးပူတိုက်ပြီးသား ဖြစ်ပါစေ။ အဝတ်အစားက အဖိုးတန်စရာ မလိုဘူး။ သပ်ရပ်ဖို့ပဲ လိုတယ်။ ဆံပင် တိုတို ညှပ်၊ သပ်သပ်ရပ်ရပ် ဖီး။ ခန်းခန်းနားနား မဟုတ်ပေမယ့် အတော်တာသွားပါတယ်။

တယောက်နဲ့ တယောက် ပထမဆုံးအကြိမ် တွေ့ကြတဲ့အခါ ပထမဆုံး စိတ်ထင်ခံရမှုမျိုး နောက်တကြိမ် မရနိုင်ဘူးဆိုတာ သတိရပါ။ ကျမ်းစာက ၁ရာ ၁၆: ရ မှာ " လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ "

တချို့လူကောင်းတွေဟာ အပြင်အဆင်ကို သတိမထားလို့ စကားတခွန်းမှ မပြောရခင် နှစ်ခါပြန် ဝေဖန်ခံနေရကြတယ်။ ဘာမှ မပြောရသေးခင်၊ ဘာမှ မလုပ်ရသေးခင် ကိုယ်ပုံစံကို ကြည့်ပြီး အလွဲ ဝေဖန်ခံလိုက်ရပြီ။

အဖုံးကြည့်ရုံနဲ့ စာအုပ်ကို မသိနိုင်ဘူးလို့ ပြောကြတယ်။ မှန်ပါတယ်။ ဒါပေမယ့် အဖုံးညံ့လို့ မရောင်းရတဲ့ စာအုပ်ကောင်းတွေ အများကြီး ရှိတယ်။ အဖုံးကောင်းလို့ ရောင်းလိုက်ရတဲ့ ခပ်ညံ့ညံ့ စာအုပ်တွေလည်း အများကြီးပါပဲ။  ။

( SWORD OF THE LORD , May 25, 2001 မှ )

Stay in Your Field By Dr. Curtis Hutson ( 6 ) ကိုယ့်နေရာမှာ ကိုယ်နေပါ။

Stay in Your Field  By Dr. Curtis Hutson ( 6 )
ကိုယ့်နေရာမှာ ကိုယ်နေပါ။ 

Dr. Bob Jones, Sr., ကိုတော့ သူတခွန်းပြောတာနဲ့ တရားတပုဒ် ဖြစ်တတ်လို့ သတိရနေကြဦးမှာပါ။ သူ တခါပြောဖူးတာက "ကိုယ့်နေရာမှာ ကိုယ်နေပါ။ " Stay in Your Field တဲ့။
Andrew Carnegie က လူငယ်တစုကို " လူငယ်တို့ ရှိသမျှ ကြက်ဥတွေကို ခြင်းတောင်း တတောင်းထဲမှာ အကုန်စုမထည့်နဲ့ ဆိုတဲ့စကား ကြားဖူးကြမှာပါ။ ဒါပေမယ့် ငါပြောချင်တာက ရှိသမျှကြက်ဥတွေကို ခြင်းတောင်း တတောင်းထဲမှာ အကုန်စုထည့်၊ ပြီးရင် အဲဒီခြင်းတောင်းကို ဂရုစိုက်ပါ။ " တဲ့။
အာရုံများလွန်းလို့ မအောင်မြင်တဲ့သူတွေ အများကြီးရှိတယ်။ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်က ဘုရားသခင် ခွဲခန့်တဲ့ အရာတခုကို ရှာ၊ အဲဒါကို ပြစ်မှတ်တခုအဖြစ် အစွမ်းကုန်ကြိုးစားဖို့ပဲ။

ခြင်္သေ့ဆရာက လှောင်ချိုင့်ထဲမှာ ခြင်္သေ့တကောင်ကို သင်ပြတာကို ကြည့်ဖူးသလား။ အများအားဖြင့် လက်တဖက်က ကြာပွတ်၊ တခြားတဖက်မှာ ထိုင်ခုံတလုံးရှိတယ်။ ခုံကို ကျောဖက်က ကိုင်ပြီး ခုံရဲ့ခြေလေးချောင်းကို တွန်းလေ့ရှိတယ်။

ဒီလိုလုပ်တာ အကြောင်းရှိပါတယ်။ ခြင်္သေကို စိတ်ရှုတ်စေတာဖြစ်တယ်လို့ ဖတ်ရဖူးတယ်။ ဘယ်ခြေချောင်းက တိုက်ခိုက်မယ်ဆိုတာ မသိတော့ တဖက်ကို တိုက်လိုက်၊ တခြားတဖက်ကို တိုက်လိုက်နဲ့ တခုခုကို အာရုံ မစိုက်နိုင်တော့ဘူး။ အကယ်၍ တံမြက်စည်းတချောင်းကို သုံးမယ်ဆိုရင်တော့ ခြင်္သေ့မှာ စိတ်ရှုတ်စရာ မရှိဘဲ တံမြက်စည်းကို ချက်ချင်း ဆွဲယူ ပုတ်ချနိုင်မှာပါ။

တခါတုန်းကပေါ့။ လမ်းထဲကလူတွေကို ရိုက်ရဲတယ်လို့ ကြွားတဲ့လူတယောက် ရှိတယ်။ ဘယ်သူမှ သူ့ကို ပြန် စိန်မခေါ်ဘူး။ နောက်တော့ တပိုင်းလုံးကို စိန်ခေါ်တယ်။ ဘယ်သူမှ ပြန် စိန်မခေါ်ဘူး။ နောက်တော့ တနယ်လုံးကို စိန်ခေါ်တယ်။ ဘယ်သူမှ ပြန် စိန်မခေါ်သေးဘူး။
တနေ့ တပြည်နယ်လုံးကို စိန်ခေါ်တယ်။ သူ့စကားက ပတ်ဝန်းကျင် အရပ်ရပ်ကို ပြန့်သွားတယ်။ ရက်အနည်းငယ်ကြာတော့ ခပ်ကြမ်းကြမ်းလူတယောက် ရောက်လာတယ်။ သူ့ကို သေမလောက် ထိုးကြိတ်သွားတယ်။ ရက်အနည်းငယ်ကြာတော့ သူ့ကို သူငယ်ချင်းက တွေ့တယ်။ မျက်လုံးတွေ ညိုမဲနေတယ်။ မျက်နှာလည်း ဖူးယောင် ကိုင်းနေတယ်။ " ဘယ်လိုဖြစ်တာလဲကွာ " လို့ သူငယ်ချင်းက မေးတယ်။
အထိုးခံရသူက " နယ်ကျော်သွားတာကွ " လို့ ဖြေရှာတယ်။       ။
( SWORD OF THE LORD , May 11, 2001 မှ )

Don’t Let Failure Discourage You ( Short Articles by Dr. Curtis Hutson ) 5 ရှုံးလို့ စိတ်မပျက်နဲ့

Don't Let Failure Discourage You  ( Short Articles by Dr. Curtis Hutson )

ရှုံးလို့ စိတ်မပျက်နဲ့။ ( 5)

မရှုံးဖူးပဲ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ နှစ်ခုက တခြားစီလို့ ထင်ရပေမယ့် အကြီးအကျယ် အောင်မြင်သူတွေဟာ အကြီးအကျယ် ရှုံးဖူးသူတွေပါ။ တခါမှ မရှုံးဖူးသူဟာ ဘာတခုမှ မကြိုးစားဖူးတဲ့သူပါ။ ကြိုးစားကြည့်လေလေ အရှုံးတွေ့လေလေပါ။ ရှုံးပါများတော့ ပညာပိုရလာတယ်။ သိတာလေးကို အသုံးချလိုက်တော့ ပိုအောင်မြင်လာတယ်။

Dr. Bob Jones, Sr; က " အရှုံးထဲက ရထားဘီးဆင်၊ အောင်မြင်မှုဆီ ခရီးနှင်။ "တဲ့။  " Make Chariot wheels out of your failure, and ride them to success."
အောင်မြင်မှုတွေထဲက ကျွန်တော် ပညာမရဖူးဘူး။ အရှုံးတွေထဲကပဲ ပညာရနေတာပါ။  အရှုံးဆိုတာ တိုးတက်ဖို့ လမ်းစ အခွင့်အရေးပဲ။ တခုမဖြစ်ရင် တခြားတခုကိုပြောင်းပြီး ကြိုးစားကြည့်။ ဒါလည်း အဆင်မပြေသေးရင် နောက်တခု ကြိုးစားကြည့်။ မကြာခင် အဖြေတွေ့လာမယ်။

Thomas Edison မီးသီးထွင်တုန်းက အကြိမ် ရ၀၀ ကြိုးစားတာတောင် မအောင်မြင်ဘူးတဲ့။ မိတ်ဆွေတယောက်က "Mr. Edison အကြိမ် ရ၀၀ မအောင်မြင်တာတောင် ဘာကြောင့် လက်မလျှော့တာလဲ" လို့ မေးလာတယ်။
"အကြိမ် ရ၀၀ မအောင်မြင်တာ မဟုတ်ဘူး။ မီးသီးမဖြစ်နိုင်တဲ့နည်း ရ၀၀ ရှာတွေ့တာပါ။" လို့ Edison က ပြန်ဖြေတယ်။ သူဟာ မီးသီးအပါအဝင် ဒီနေ့ခေတ် ကျွန်တော်တို့ ကောင်းစားဖို့ တီထွင်မှုပေါင်း တထောင့်တရာကျော်ကို လုပ်ဆောင်ခဲ့သူပါ။

စက်ဘီးစီးသင်တာကို မှတ်မိသလား။ အစမှာ ကောင်းကောင်းစီးတတ်သလား။ ဘယ်ရမလဲ။ တခြားသူတွေလိုပဲ လဲကျမှာပေါ့။ ကျွန်တော်လိုသာဆို မသက်သာလှဘူး။ ဒါပေမယ့် စီးတတ်ချင်တာကိုး။ ထပ်ကြိုးစားရတာပေါ့။ ခဏခဏ လဲတယ်။ နောက်ဆုံးမှ ကိုယ်ကို ထိန်းတတ်လာတဲ့အခါ မလဲတော့ပဲ အဝေးကြီးအထိ စီးတတ်သွားတယ်။

နောက်ကျတော့ လက်ကိုင်တောင် မကိုင်ပဲ၊ စီးချင်ရာ စီးနိုင်ပြီ။ အရှုံးတိုင်းဟာ အတွေ့အကြုံတခုကို သင်ယူရတာပါ။  မရှုံးဖူးရင်တော့ အောင်မြင်မှာ မဟုတ်ဘူး။

ဒါကြောင့် ရှုံးလို့ စိတ်မပျက်နဲ့။ အရှုံးဆိုတာ အောင်မြင်မှုကို ဖြစ်စေမယ့် အထောက်အကူ တန်ဆာပလာ instrument တခုပါ။        ။
 ( Sword of the Lord, May 25, 2001 မှ )

Don’t Quit! လက်မလျှော့နဲ့ ( Short Articles by Dr. Curtis Hutson ) (4)

Don't Quit!  လက်မလျှော့နဲ့ ။   ( Short Articles by Dr. Curtis Hutson ) (4)

အောင်မြင်သူနဲ့ ရှုံးနိမ့်သူရဲ့ ကွာခြားချက်ကတော့ အစွမ်းအစ (talent) ကွာလို့ မဟုတ်ဘူး၊ စိတ်ဆုံးဖြတ်ချက်ကြောင့်ပါ။
အာဗြဟံ လင်ကင်း Abraham Lincoln က ပြောဖူးတယ်။ " အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်တယ်။ အဲဒီ အကောင်းဆုံးကို အမြဲ လုပ်တယ်။ " သူ့စကားအတွက် အကောင်းဆုံး လက်တွေ့ ဥပမာကတော့ သူ့အသက်တာပါပဲ။ သူ့ဘဝ၊ သူ့အလုပ်အကြောင်း မှတ်တမ်းတင်ထားတာကို ဆင်ခြင်ကြည့်ပါ။

  • 1831 – စီးပွါးပျက်၊

  • 1832 – ဥပဒေပြုအမတ်နေရာ ဝင်အရွေးခံရာ - ရှုံး။

  • 1833 – စီးပွါးထပ်ပျက်။

  • 1834 – ဥပဒေပြုအမတ်အဖြစ် အရွေးခံရ။

  • 1835 – ချစ်သူ သေဆုံး။

  • 1836 –  စိတ်ဖေါက်ပြန်။

  • 1838 – ပြောရေးဆိုခွင့်ရှိသူ ရာထူးနေရာ ဆုံးရှုံး။

  • 1840 –  မဲပေးခွင့်ရှိသူနေရာ ရှုံးနိမ့်။

  • 1843 –  ကွန်ဂရက်အမတ်နေရာ ရှုံးနိမ့်။

  • 1846 – ကွန်ဂရက်၌ အရွေးခံရ။

  • 1848 – ကွန်ဂရက်၌ ရှုံးနိမ့်။

  • 1855 –  ဆီးနိတ်အမတ်အရာ ရှုံးနိမ့်။

  • 1856 – ဒုသမ္မတ  နေရာ ရှုံးနိမ့်။

  • 1858  –  ဆီးနိတ်အမတ်အရာ ရှုံးနိမ့် ။

  • 1860 - သမ္မတ အဖြစ်  အရွေးခံရ။


မနီလာမှာ ကျင်းပတဲ့ မိုဟာမက် အလီနဲ့ ဂျိုးဖရေဇိယာ လက်ဝှေ့ပွဲဟာ "မနီလာက ကြောက်စရာ ပွဲကြီး" "the thrilla in Manila" လို့ လူသိများပါတယ်။ အလီ ခက်ခက်ခဲခဲ နိုင်တဲ့ပွဲပါ။ ပွဲအပြီးမှာ အလီက ဂျိုးဖရေဇိယာ ဟာ သူ့ကို ပြင်းပြင်းထန်ထန် ထိုးလွန်းလို့ လုံးလုံး ရှုံးပြီလို့ ခံစားရတယ်။ အားတောင်မရှိတော့ဘူး။
ပွဲရဲ့ အဆုံးပိုင်းမှာ သူ အရှုံးပေးလု နီးပါးဖြစ်နေပြီ။ အချီ နဲနဲပဲ ကျန်ချိန်မှာ အလီက "တခါ ရေကုန်နွှဲဦးမှ " လို့ ပြောတယ်။ တနည်းပြောရရင် လက်လျှော့ဖို့ ငြင်းဆန်လိုက်တာပါ။ နောက်ဆုံးအချီတွေမှာ သူ အနိုင်ရတယ်။ 

Dr. Bob Jones, Sr; ပြောဖူးတာက "လူတယောက်ရဲ့ ကိုယ်ကျင့်တရားကို စစ်တဲ့အရာကတော့ သူကို ရပ်ပစ်စေတဲ့ အရာပါပဲ။ " အားမလျှော့နဲ့။ လက်မလျှော့နဲ့။
တိုက်ခိုက်ရာမှာ ခွေးရဲ့ အရွယ်က အဓိက မကျဘူး။ ခွေးထဲမှာရှိတဲ့ ကိုက်ချင်တဲ့ စိတ်ကသာ အရေးကြီးတာပါ။          ။  ( Sword of the  Lord , April 27, 2001 မှ )

Thursday, July 1, 2010

Cross The River Before It Gets Too Wide , by Dr. Curtis Hutson 3 မြစ်ပြင် သိပ်မကျယ်ခင် ကူးလိုက်ပါ။

Cross The River Before It Gets Too Wide

ARTICLES   BY   DR. CURTIS   HUTSON  ( 3 )

မြစ်ပြင် သိပ်မကျယ်ခင် ကူးလိုက်ပါ။

 တနေ့ ကျွန်တော် ဖတ်လိုက်ရတဲ့ ဥပမာကလေးကတော့ - - -
Blue Ridge Mountains ဆိုတဲ့ အပြာရောင် တောင်တန်းတွေရဲ့ ထိပ်ကိုရောက်ရင် သတိထားမိကြမှာက လမ်းဘေးက စမ်းချောင်းကလေးတွေပါ။ ရေစက်ရေပေါက်ကလေးတွေ စီးကျလာပြီး ရေးစီးချောင်းကလေးအဖြစ် စီးလာပြီး သစ်ပင်ထူထပ်တဲ့ တောင်ကုန်းကလေးတွေကို ဖြတ်ပြီး စီးဆင်းလာတယ်။
၁၀ မိုင်လောက်အရောက်မှာတော့ ဒီရေစီးကြောင်းကလေးကို တချက်ခုန်ကူးရုံနဲ့ ဖြတ်လို့ ရသေးတယ်။ ဒါပေမယ့် ချိုင့်ဝှမ်းတနေရာရောက်တဲ့အခါ တခြားစမ်းချောင်းတခုနဲ့ ပေါင်းပြီး၊ Tuckasegee မြစ်ဖြစ်သွားတယ်။
Tuckasegee မြစ်ဟာ ရေစီးကြမ်းတဲ့ မြစ်ကျဉ်းတခုကိုဖြတ်ပြီး၊ Oconaluftee မြစ်၊ Nantahala မြစ်၊ Tennessee မြစ်ဆုံတို့နဲ့ ပေါင်းသွားတယ်။
တခြား စမ်းချောင်းတွေနဲ့ ပေါင်းတာကိုလိုက်ပြီး မြစ်နာမည် ပြောင်းသွားတယ်။ မကြာခင် Tennessee   မြစ်ရေဟာ Mississippi မြစ်ကြီးနဲ့ ပေါင်းသွားတယ်။ Mississippi ဟာ New Orleans ဒေသမှာ ပင်လယ်ထဲ စီးဝင်တယ်။ အဲဒီပင်လယ်ရေပြင်ကြယ်ကြီးထဲမှာတော့ ကမ္ဘာပင်လယ်ကူး သင်္ဘောကြီးတွေ သွားလာနေကြတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက တောစခန်းချ လေ့လာသူတယောက်ဟာ စမ်းချောင်း မြစ်ဖျားခံရာကို ညနေဖက်မှာ အလည်သွားတယ်။ စမ်းချောင်းကလေးကနေ ပင်လယ်ထဲအထိ လမ်းခရီးအကြောင်း အတွေးနယ်ချဲ့နေမိတယ်။
စမ်းချောင်းအစပြုတဲ့နေရာမှာတော့ လွယ်လွယ် ကူးနိုင်တယ်။ တချက်ခုံရုံပဲ။ ချောင်းကျယ်လာတဲ့အခါမှာတော့ ကူးဖို့ ပိုအားထုတ်ရတယ်။
Mississippi မြစ်နဲ့ Mexico ကွေ့တို့ ဆုံရပ်အထိ သွားကြည့်ရင်တော့ မြစ်ကူးရတာက အလုပ်တခု ဖြစ်လာပြီ။
ဒါနဲ့ တောစခန်းချသူဟာ အတွေးတခုရလာတယ်။ " ဘယ်အချိန် မြစ်ကူးမလဲ " " မြစ်ပြင်မကျယ်ခင် ကူးရတယ် " လူ့ဘဝမှာ အကြောင်းအရာ အတော်များများဟာလည်း ဒီသဘောပါပဲ။ ဘယ်အချိန်ပြင်မလဲဆိုရင်၊ သိပ်မဆိုးခင်ပြင်ပါ။      ။
( November 9, 2001 နေ့ထုတ်  SWORD OF THE LORD စာစောင်မှ )

BE YOURSELF! ARTICLES BY DR. CURTIS HUTSON ( 2 ) ပင်ကိုယ် သဘာဝ

BE  YOURSELF!         ARTICLES BY   DR. CURTIS HUTSON ( 2 )

ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ဖြစ်ပါစေ။

" ဘုရားက လူကို ဖန်ဆင်းပြီးတဲ့အခါ ပုံစံခွက်ကို လွင့်ပစ်လိုက်တယ် " ဆိုတဲ့ စကား ကြားဖူးသလား? ရှေးလူအားလုံးနဲ့ နောင်ဖြစ်မယ့် လူတွေအားလုံးအတွက် ဒီစကားက မှန်ပါတယ်။ ဘုရားသခင်က သင့်ကို ဖန်ဆင်းပြီးတာနဲ့ ပုံစံခွက် (mold) ကို လွင့်ပစ်လိုက်ပြီ။ လူတူ မရှိနိုင်တော့ဘူး။ လူတိုင်းဟာ မူရင်း Original ပါ။ ဘုရားက မိတ္တူ Copy မလုပ်ဘူး။

" တပုံစံတည်းတူတဲ့ အမွှာ " ဆိုတာ မှားပြောတာပါ။ အဲဒီလို အမွှာမျိုးမရှိဘူး။ လူတွေမှာ လက်ဗွေရာ သီးသန့် ကိုယ်စီရှိကြတယ်။ ရှေးလူ၊ နောက်လူ - ဘယ်သူနဲ့မှ မတူတဲ့ လက်ဗွေရာပါ။
ကဲ- ဘုရားက မတူစေချင်ရင် လူတွေက တခြားတယောက်ယောက်နဲ့ တူအောင် ဘာကြောင့် တုကြသလဲ?

ကျွန်တော်မှာ သားသမီး ၄ ယောက် ဘုရားပေးထားတယ်။ တယောက်နဲ့တယောက် မတူကြဘူး။ တချို့ကို စည်းကမ်းပိုကြပ်ရတယ်။ တချို့က အကဲပိုဆပ်တယ်။ တုန့်ပြန်လွယ်တယ်။ တချို့က သီချင်း ပိုရတယ်။ တယောက်နဲ့တယောက်တူဖို့် ကျွန်တော် မကြိုးစားဘူး။ ပုံမသွင်းဘူး။ ဒါပေမယ့် " မင်းတို့ အစွမ်းတွေ အမြင့်ဆုံးဖြစ်လာအောင် အဖေ ကူမယ်။ ဘုရားသခင်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင်ကြိုးစားကြ " လို့ မကြာခဏ ပြောဖြစ်တယ်။

ဘာပဲလုပ်လုပ်၊ ကိုယ်ပုံစံအတိုင်းလုပ်ပါ။ တခြားသူဆီက သင်ယူရပေမယ့် အတု မလုပ်ရဘူး။ သူများနဲ့ တူအောင် ကြိုးစားနေရင်၊ ကိုယ်ပိုင် သဘာဝ မရှိတော့ဘူး။ ကိုယ်ကိုယ်တိုင် အသက်ရှင်တာ မဟုတ်တော့ဘူး။ သူလည်း ကိုယ့်ဆီမှာ လာမရှင်ဘူး။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါစေ။ ကိုယ်သဘာဝနဲ့ ကိုယ်နေပါ။

နာမည်ကြီး ဧဝံဂေလိဆရာ B.R. Lakin ပြောလေ့ရှိတယ်။
" Piano စန္ဒယားမှာ သံစဉ်တခု၊ တသံပဲ တီးတတ်မယ်ဆိုရင်၊ B – natural (သံမှန် B)။   Be natural ပဲ တီးချင်ပါတယ်။ " တဲ့။ ဒါကြောင့် Be natural ပင်ကိုယ်သဘာဝအတိုင်း ဖြစ်ပါစေ။         ။

Don't Overkill : Articles by Dr. Curtis Hutson ( 1 )

DON'T  OVER  KILL

Articles By Dr. Curtis Hutson (1)

တအားမသတ်လိုက်ပါနဲ့။

ကြွက်တကောင်ကို တံမြက်စည်းတချောင်း (သို့) စက္ကူမျဉ်းလုံးနဲ့ သတ်လို့ရပါတယ်။ ပြောင်းတိုသေနတ် (သို့) ၂၂ လက်မ ရိုင်ဖယ်နဲ့လည်း သတ်လို့ရပါတယ်။ လက်ပစ်ဗုံးနဲ့ဆိုလည်း ရတာပါပဲ။ ဒါပေမယ့် အဲဒီလိုလုပ်ရင်တော့ ကြွက်ပါမက၊ အိမ်ပါ ပါသွားလိမ့်မယ်။

ဝက်တကောင်ကို ဘယ်လိုသတ်မလဲလို့ လူတချို့ ငြင်းနေကြသတဲ့။ တယောက်တပေါက် အကြံပေးတာပေါ့။ နောက်ဆုံးတော့ ဝက်ခေါင်းမှာ ဒိုင်းနမိုင်း ၂ လုံးတွဲချီပြီး၊ မီးရှို့ဖို့ အကြံပေးတယ်။ တခြားတယောက်ကတော့  ဒိုင်းနမိုင်း ပိုသုံးရင်ကောင်းမယ်လို့ ငြင်းတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ၂ လုံးကိုပဲ အတည်ပြုလိုက်တယ်။

ဒိုင်းနမိုင်း ပေါက်ရင် မထိအောင်လို့ အဝေးကြီးမှာ နေပြီး၊ စနစ်တံကြိုးရှည်ရှည်သုံးကြတယ်။ စနစ်တံကြိုးကို မီးညှိပြီး၊ ခဏအကြာမှာ ဒိုင်းနမိုင်း ပေါက်ကွဲတယ်။ ဝက်လည်း အစပျောက်သွားတယ်။ ဝက်နားရွက်တဖက်တောင် ရှာမတွေ့ကြတော့ဘူး။

  ဒိုင်းနမိုင်း ၂ လုံးအစား၊ ၄ လုံးသုံးဖို့ အကြံပြုခဲ့သူက "ဒိုင်းနမိုင်းပိုသုံးလို့ ငါ မပြောဘူးလား၊ အခု ကြည့်၊ ဝက် ထွက်ပြေးပြီ။ " တဲ့။
ကလေးကို စည်းကမ်းကိုင်တဲ့အခါ အလွန်အကျွံ မလုပ်ပါနဲ့။ အကျိုးရှိနိုင်တာထက် ပိုတဲ့ စည်းကမ်းတွေ မထားပါနဲ့။
ပြီးတော့ ကိုယ်က ကောင်းစေချင်လို့ ရိုက်တာ။ လက်ဖဝါးကို တချက်ရိုက်တာက အလှပြင်ထားတဲ့ ပန်းတွေကို မကိုင်စေချင်ဘူးဆိုရင်၊ တချက်နဲ့ လုံလောက်ပြီ။ နှစ်ချက်ရိုက်မယ်ဆိုရင် - မရိုက်ခင်၊ အရင်တချက်ရိုက်တာကို ဘယ်လိုတုန့်ပြန်သလဲ ခဏ စောင့်ကြည့်ပါ။ နားလည်ပြီဆိုရင် ရပ်လိုက်ပါ။

အကြောင်းအရာတခုကို ငြင်းတော့မယ်ဆိုရင်လည်း ဒီလိုပါပဲ။ တဖက်လူကို နားလည် သဘောပေါက်ရုံ ပြောတာထက် မပိုစေနဲ့။ သူ့အမှား သူမြင်ရင် ထပ်ငြင်းဖို့ မလိုတော့ဘူး။ ပြောနေရင် သူ့ကို နှိမ့်ချချိုးဖဲ့ရာရောက်ပြီး၊ ဘဝမှာ ရန်သူတယောက် ရလာတတ်တယ်။

ဘတ်စကက်ဘောအသင်းတွေဟာ အမှတ်ခိုးတယ်လို့ အစွပ််စွဲ ခံရလေ့ရှိတယ်။ ဒါ ဘာဖြစ်တာလဲ ဆိုတော့ တဖက်အသင်းကို နိုင်ပြီးတဲ့အခါ အကောင်းဆုံးကစားသမားတွေနဲ့ ဆက်ကစားတယ်။ အပြတ်အသတ်နိုင်ဖို့ အမှတ်တွေ ဆက်ဆက်ယူတယ်။ ဒါမျိုးမှာ အမှတ်ခိုးခံရပြီလို့ တဖက်အသင်းက အမြဲခံစားကြရတယ်။ အခိုးခံရတာတွေလည်း ပြန်သတိရလာတယ်။ ရည်ရွယ်တာက အနိုင်ရဖို့ပါ။ တဖက်အသင်းကို အရှက်ခွဲဖို့ မဟုတ်ဘူး။

ပြဿနာကို ချေပဖို့ အကြောင်းအချက်ကောင်းတွေ အများကြီးရှိရင် အနိမ့်ဆုံးအချက်က စပြီး ပြောပါ။ အကြောင်းမထူးရင်၊ သူ့ထက်ကောင်းတဲ့ အချက်တခုကို သေသေချာချာ စဉ်းစားပြီး၊ ပညာပါပါ ပြောပါ။ မနိုင်သေးရင်၊ တတိယအချက်ကို ပြောင်းပါ။ အကောင်းဆုံးလက်နက်ကိုတော့ နောက်ဆုံးမှာထားပါ။ သုံးဖို့ မလိုလောက်ဘူးလို့လည်း မှတ်ယူထားပါ။
 အကြောင်းပြချက်တွေကို စတာနဲ့ စက်သေနတ်ပစ်သလို အကုန်ချမပြပါနဲ့။ ဒုတိယအချက်ကို မပြောခင်မှာ တဖက်လူကို ပထမအချက်အတွက် ဆင်ခြင်ချိန်ပေးပါ။

 ပရိတ်သတ်ကို သိအောင်ကြိုးစားနေတဲ့ တရားဟောဆရာဟာ အများကြီး သက်သေပြဖို့ မလိုဘူး။ တချက်တည်းကို ကျမ်းချက်တွေ အများကြီးပြနေတာနဲ့ သူ ဘာပြောချင်တာကို ပရိတ်သတ်က မေ့သွားတတ်တယ်။ " သစ်ပင်များလို့ တောအုပ်ကို မမြင်တော့ဘူး " ဆိုတဲ့ ရှေးစကားလိုပါပဲ။
အကြောင်းအချက်တွေကို သက်သေပြပါ။ ကျမ်းချက်လည်းထောက်ပါ။ ဒါပေမယ့် အလွန်အကျွံ မလုပ်ပါနဲ့။

 တရားဟောဆရာတယောက်ကို တောရွာ အသင်းတော်တပါးမှာ တရားဟောဖို့ ဖိတ်တယ်။ ဒါနဲ့ ပရိတ်သတ် နားလည်ဖို့ တအားပြင်ထားတယ်။ တကယ်တော့ သူ့ဟာက အပြင်လွန်နေပြီ။ ဒါပေမယ့် ရာသီဥတု အခြေအနေ မကောင်းတော့ ဘုရားကျောင်းကို လူတယောက်ပဲ လာတက်ရှာတယ်။ တခြားလူလည်း မရှိတော့ စည်းဝေး မလုပ်ဖို့ အကြံပေးတယ်။ ဒါကို တရားဟောဆရာက " မဟုတ်ဖူး၊ ကျွန်တော်က တရားဟောဖို့ လာတာ။ တရားဟောရမယ် " လို့ ပြန်ဖြေတယ်။ ဒါနဲ့ ကျမ်းစာအုပ်ကို ဖွင့်၊ ကျမ်းချက်တွေ ထောက်ပြ၊ ဥပမာတွေ ပေးနဲ့ တနာရီ ခွဲလောက် ကြာအောင် တရားဟောတယ်။
နောက်ဆုံး သူတရားဟောပြီးတဲ့အခါ ဘုရားကျောင်းလာတက်တဲ့ လယ်သမား အဘိုးကြီးက " ဆရာ၊ နွားတွေ ကျွေးဖို့ဆိုပြီး၊ ကောက်ရိုး မြက်ခြောက်တွေ လှည်းတစီး အပြည့်တင်လာပေမယ့်၊ နွားက တကောင်ပဲ လာတဲ့အခါ၊ အဲဒီနွားကို ကျွန်တော်တော့ တလှည်းလုံး အကုန် မကျွေးဘူး " လို့ ပြောပါတော့တယ်။
သတိရပါ။ အလွန်အကျွံ မလုပ်ပါနဲ့။              ။
( June 22, 2001 နေ့ ထုတ် SWORD OF THE LORD စာစောင်မှ ပြန်ဆိုပါတယ်။ )