Friday, November 11, 2022

သမ္မာကျမ်းစာထဲရှိ ဣသရေလလူမျိုးရဲ့ ရန်သူများ - Enemies of Israel in Bible times

 သမ္မာကျမ်းစာထဲရှိ ဣသရေလလူမျိုးရဲ့ ရန်သူများ
ဒီနေ့ ယုံကြည်သူတွေ၊ လူသားတွေ  တွေ့ရတဲ့ အခက်အခဲများ၊ ရုန်းကန်ရတာတွေကို ပုံဆောင်ပါတယ်။

၁။ ဗာဗုလုန် (Babylon)

ဗာဗုလုန်လူမျိုးဟာ ရှေမအနွယ် (Shemitic origin) ဖြစ်ပြီး ကမ္ဘာ့ ပထမအကြီးဆုံးဖြစ်တဲ့ ဗာဗုလုန် အင်ပါယာကို တည်ထောင်ခဲ့ကြတယ်။ ဗာဗုလုန်မြို့တံခါးဟာ ကြေးဝါရောင် တောက်ပပြီး၊ မြို့ရိုးပေါ်မှာ ရထား ၄ စီး အပြိုင်မောင်းရအောင် ကျယ်တယ်။
ဗာဗုလုန်ပြည်မှာ ကောင်းတာတခု ရှိတယ်။ စစ်သုံ့ပန်းတွေကို တသက်တာ နှိပ်ကွပ်ထားတာ မလုပ်ဘဲ အရည်အချင်းအလိုက် နေရာပေးတယ်။ နန်းတော်ထဲရှိ ဝန်ကြီးရာထူးအထိ နေရာ ရကြတယ်။
တချို့အတုအယောင် ဆရာတွေက ဗာဗုလုန်ကို တော်လှန်ဖို့ နှိုးဆော်ပေမယ့် စစ်မှန်တဲ့ ပရောဖက်တွေကို ဘုရားသခင်စေလွှတ်ပြီး အနှစ် ၇၀ ကြာမယ်၊ အိမ်ဆောက်ကြ၊ အိမ်ထောင်ပြုကြ၊ စီးပွါးရှာကြလို့ ဟောပြောစေတယ်။
ဗာဗုလုန်ရဲ့ အားနည်းချက်က နိုင်ငံရေးနဲ့ ဘာသာရေးကို ရောထွေးခြင်းပဲ။ လူမျိုးရေး မခွဲခြားပေမယ့် အာဏာကြီးထွားလာတဲ့အခါ ဘဝင်မြင့်လာတယ်။ ဘုရင် နေဗုခနေဇာရဲ့ ရုပ်တုကို ထုလုပ်ပြီး တတိုင်းပြည်လုံးကို ကိုးကွယ်စေတယ်။ မှားစေတယ်။ မကိုးကွယ်သူကို ပြစ်ဒဏ်ပေးတယ်။ ဒါဟာ ရွံရှာစရာ ရောနှောခြင်းဖြစ်တယ်။
သူ့ကို ဗျာဒိတ်ကျမ်းမှာ ဗာဗုလုန် - ပြည့်တန်ဆာမကြီးလို့ ခေါ်တယ်။ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးတွေဟာ သပ်သပ်စီ ထားရပါတယ်။ ရောလိုက်တဲ့အခါ ရွံစရာဖြစ်သွားတယ်။

၂။ အီဂျစ်ပြည်

မောရှေက ဣသရေလ (အစ္စရေး) လူမျိုးတွေကို ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့ရတယ်။ အစ္စရေးတွေ အီဂျစ်ပြည်မှာ ကျွန်ခံရတာက စစ်တိုက် ကျွန်ပြု သိမ်းပိုက်ခံရတာ မဟုတ်ဘူး။ အီဂျစ်ပြုမှာ ရောက်သွားရင်း ကျွန်ပြုခံရတာပါ။
အီဂျစ်ပြည်ဟာ လောကနဲ့ လောကီအရာတွေကို ပုံဆောင်ပါတယ်။ လောကမှာကျင်လည်ရင်း အလိုလို လောကဒဏ်ကို ခံစားကြရတာပါ။ ဒါပေမယ့် တခုထူးခြားတာက မောရှေအားဖြင့်ပေးတဲ့ ဘုရားသခင်ရဲ့ ပညတ်တော်ထဲမှာ "အဲဂုတ္တု အမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံခဲ့ဘူးပြီ။" (တရားဟော ၂၃: ၇) ဒါကြောင့် လောကဒဏ်ကို ခံစားရလိုံဆိုပြီး လောကကြီးနဲ့ လောကီသားတွေကို မုန်းဖို့ မဟုတ်ပါဘူး။ "လောကီသားတို့နှင့် အလျဉ်းမပေါင်းဖေါ်ရဟု မဆိုလို။ ထိုသို့ဆိုလျှင် သင်တို့သည် လောကီမှ ထွက်သွားကြရမည်။" ၁ ကော ၅: ၁၀။

၃။ အာမလက် လူမျိုး (Amalek)

အာမလက် လူမျိုးဟာ အသွေးအသားကို ပုံဆောင်တယ်။ အစ္စရေးလူမျိုးတွေ အီဂျစ်ပြည်ကနေ ထွက်လာရာမှာ အာမလက်တွေက ဆီးကြို တိုက်ခိုက်တယ်။ လောကီတပ်မက်မှုတွေကနေ ရုန်းထွက်ရာမှာ အသွေးအသားက ကောင်းကောင်း ဒုက္ခပေးပါတယ်။ "ကောင်းကင်အောက်၌ အာမလက်၏ အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟုမောရှေအား မိန့်တော်မူ၏။" (ထွက်မြောက် ၁၇: ၁၄)
လူကို ဖန်ဆင်းရာမှာ အသွေးအသားဟာ မပါမဖြစ်ပါ။ အသွေးအသားဟာ ဘဝရဲ့ တစိတ်တပိုင်းပဲ ဖြစ်သင့်ပေမယ့် လူတချို့မှာ တဘဝလုံးဖြစ်နေတယ်။ ဘုရားနဲ့ဝေးဖို့လည်း အသွေးအသားက တိုက်ခိုက်တယ်။ ဒါကြောင့် ကောင်းကင်မှာ အသွေးအသား တပ်မက်မှု မလိုတော့ဘူး။ ပယ်ရှင်းမယ်လို့ ဆိုထားပါတယ်။

၄။ ဖိလိတ္တိ လူမျိုး (Philistines)

Philistia ဆိုတဲ့ ဒေသကို အစွဲပြုပြီး ဖိလိတ္တိလူမျိုးလို့ အမည်တွင်လာတယ်။ အဲဒီကနေမှ ဒီနေ့ခေတ် ပါလက်စတိုင်း လူမျိုးဖြစ်လာပါတယ်။ ဓမ္မဟောင်းကျမ်းမှာ သူ့ကို "အရေဖျားလှီးခြင်းမခံတဲ့ လူမျိုး" လို့ ခေါ်တယ်။  (သူကြီး ၁၅: ၁၈။ ၅ ရာ ၁၀: ၄ ... စသည်ဖြင့်) ဧဒုံ၊ အာမုန်၊ မောဘနဲ့အီဂျစ်လူမျိုးတွေက အရေဖျားလှီးကြတယ်။ (ယေရမိ ၉: ၂၅- ၂၆)
ဖိလိတ္တိတွေဟာ B.C ၁၂ ရာစုလောက်မှာ ပါလက်စတိုင်းကို ရောက်လာတဲ့ ပင်လယ်ရေကြောင်းသွားသူတွေ ဖြစ်ပြီး၊ ဂရိယဉ်ကျေးမှုကို သယ်ယူလာကြတယ်။ သူ့နေရာဟာ အစ္စရေးရဲ့ တခြားဒေသတွေလို တောင်ကုန်းတောင်တန်းတွေ မရှိတဲ့ ပင်လယ်ကမ်းခြေ၊ မြေကောင်းလို့ ချမ်းသာကြတယ်။ သံထည်၊ ပန်းပဲအတတ် ကျွမ်းကျင်ကြတယ်။ (၁ ရာ ၁၃: ၁၉- ၂၂)  
ဘာသာစကားကတော့ ရှေမအနွယ်ဖြစ်တဲ့အတွက် အစ္စရေးတို့နဲ့ သိပ်ကွာပုံမရပါဘူး။ ဘာသာရေးကတော့ ဒါဂုံ၊ အာရှတရက်နဲ့ ဗေလဇေဗု တို့ကို ကိုးကွယ်ခဲ့ကြတယ်။ (အားလုံးဟာ ရှေမစကားနဲ့ မှည့်ထားတဲ့ နာမည်တွေ ဖြစ်တယ်။)
ရှေးဟောင်း အနုလက်ရာတွေအရ ဖိလိတ္တိတွေဟာ အရက်အလွန်သောက်သူတွေ ဖြစ်တယ်။ ပန်းပဲအတတ်ကို ထိန်းချုပ်ထားတဲ့အတွက် အစ္စရေးတို့ကို လက်နက်မဲ့စေခဲ့တယ်။ ရှောလုမင်းလက်ထက်မှာ ရှောလုနဲ့ သားယောနသန်သာ ဓါးရှိခဲ့တယ်။ ကျန်သူတွေ ဓါးမရှိခဲ့ကြပါ။ (၁ ရာ ၁၃: ၁၉- ၂၂) ဒီနေ့ခေတ်မှာလည်း ဘာသာတရားတခုတည်းပဲ ပြောပြီး တြခားအရာတွေကို လောကီအရာလို့ပြောပြီး ပစ်ပယ်ရင် နောက်ကျပြီး မအောင်မြင်နိုင်ပါ။

Monday, September 12, 2022

There Is A Fountain Filled With Blood - အသွေးနှင့် ပြည့်သောတွင်း ပွင့်ပြီ သီချင်း သမိုင်း

 

 


"There Is A Fountain Filled With Blood"
စိတ်ဝေဒနာခံစားခဲ့ရတဲ့ အင်္ဂလိပ် ကဗျာဆရာ၊ ဓမ္မသီချင်းရေးဆရာ ဝီလျံ ကူးပါ William Cowper (pronounced "Cooper" by the English) ရေးတဲ့ သီချင်းလေးပါ။ ဘုရားရဲ့ ရွေးနှုတ်တဲ့ မေတ္တာကို ဖေါ်ပြတဲ့ ထင်ရှားတဲ့ ဓမ္မသီချင်းတပုဒ်ဖြစ်တယ်။
ဝီလျံ ကူးပါ ကို အင်္ဂလန်ပြည် Hertfordshire နယ် Great Berkhamstead မှာ ၁၇၃၁၊ နိုဝင်ဘာ ၁၅ မှာ ေမွးဖွါးခဲ့တယ်။ အဖေက အသင်းတော်လူကြီး၊ အမေက တော်ဝင် အမျိုးအနွယ်။ ငယ်စဉ်က ဥပေဒပညာ သင်ယူပြီး ရှေ့နေ အလုပ် လုပ်ခဲ့တယ်။
ငယ်ငယ်က စာပေပညာတော်ပေမယ့် ကိုယ်ခန္ဓာ မကျန်းမာ၊ စိတ်အထိအခိုက် မခံနိုင်သူ ဖြစ်ခဲ့တယ်။ သူ့ကို စိတ်ဒဏ်ရာရစေတဲ့ အရာတွေထဲမှာ သူ့အသက် ၆ နှစ်မှာ အမေ သေဆုံးတာလည်း ပါတယ်။ အသက်ငယ်ငယ် စိတ်ကြေကွဲဒဏ်ကို မခံစားနိုင်တော့ တသက်လုံး စိတ်ဒဏ်ရာရခဲ့တယ်။ အမေကို တောင့်တနေတယ်။ ဥပေဒဘွဲ့ရ၊ ရှေ့နေ လိုင်စင်ရပေမယ့် အလုပ်ဝင်ဖို့ နောက်ဆုံးစာမေးပွဲကို ကြောက်နေတယ်။ သူ့စိတ်မူမမှန်တာကို သိမှာစိုးတယ်။ ဒါကြောင့် ရှေ့နေမလုပ်တော့ဘဲ ကဗျာတွေ စာတွေပဲ ရေးတော့တယ်။ စာမေးပွဲကြောက်စိတ်အပြင် အချစ်ရေးလည်း အဆင်မပြေတော့ သူ့ကိုယ်သူ သတ်သေဖို့ ကြံစည်လို့ စိတ်ရောဂါဆေးရုံမှာ ၁၈ လ နေရတယ်။
စိတ်ဆေးရုံမှာ အထိန်းသိမ်းခံရပြီး စိတ်ဓါတ်နေချိန်မှာ ကျမ်းစာပဲ ဖတ်နေခဲ့တယ်။
ငယ်ငယ်က ဝိညာဉ်ရေးအခြေအနေတွေ၊ သေရင် ဘယ်ရောက် မလဲ ဆိုတဲ့ မေးခွန်းတွေ စဉ်းစားရင်း ရောမ ၃: ၂၃- ၂၅ ကို ဖတ်မိတယ်။ 
"လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ။ ယေရှုခရစ် ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရ၏။ လွန်ခဲ့သော ဒုစရိုက်အပြစ်များကို မှတ်တော်မမူရာတွင်၊ ဖြောင့်မတ်တော်မူခြင်းတရားကို ထင်ရှားစေ၍၊ ယေရှုကို ယုံကြည်သောသူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း တရားသဖြင့် ပြုတော်မူခြင်းငှါ၄င်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်းဖြစ်စေဖြင်းငှါ ခန့်ထားတော်မူပြီ။"
အပြစ်ခွင့်လွှတ်ဖို့ ခရစ်တော်ရဲ့ အသွေးတော်ကို ယုံပြီး အပြစ်ခွင့်လွှတ်ခြင်းခံစားရလာတယ်။ သူ့အသက် ၃၃ နှစ်အရွယ် ၁၇၆၄ မှာ ပြောင်းလဲခဲ့တယ်။
"သင်တို့သည် အထက်က ဝေးလျက်ရှိသော်လည်း ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။" - ဧဖက် ၂: ၁၃
စိတ်ရောဂါအတော်အတန် သက်သာလာတဲ့အခါ ဧဝံဂေလိဆရာ Morley Unwin ရဲ့ အိမ်မှာ ပြောင်းရွှေ့နေထိုင်တယ်။ အဲဒီမှာ ဝိညာဉ်ခွန်အားရရုံမျှမက ဆရာ Unwin နဲ့ သူ့ဇနီး Mary ရဲ့ ဂရုတစိုက် ပြုစုတာကို ခံရတယ်။
၅ နှစ်အကြာမှ ဆရာ Unwin သေတယ်။ မုဆိုးမဖြစ်သူ ဆရာကတော် Mary မိသားစုဟာ ဆရာ John Newton ရှိရာ အဂ်လန်ပြည် Olney မြို့ကို လာနေဖို့ ဖိတ်ခေါ်ခံရတယ်။ William Cowper ကိုလည်း အတူလာနေဖို့ ဖိတ်ကြတယ်။ အဲဒီရောက်တော့ ဆရာ ဂျွန်း နယူတန် ဦးဆောင်တဲ့ အင်္ဂလိကန်အသင်းတော်မှာ ပါဝင်ကြတယ်။ ဆရာ နယူတန်က Amazing Grace သီချင်းကို ရေးတဲ့သူပါ။
ဆရာ နယူတန်ရဲ့ အိမ်နောက်ဖက်က အိမ်ကလေးမှာ ဝီလျံ ကူးပါ နေတယ်။ ဆရာ နယူတန်နဲ့ ရင်းနှီးလာတယ်။ စိတ်ကျန်းမာရေးလည်း တိုးတက်လာတယ်။ ဘုရားကျောင်းအတွက် ဘုရားတရားနဲ့ဆိုင်တဲ့ ကဗျာတွေ ရေးကြတယ်။
ကယ်တင်ခြင်းရပြီးပေမယ့် ပြန်ဆုံးရှုံးမှာ ကြောက်တဲ့ စိုးရိမ်စိတ်ကို ဝီလျံ ကူးပါ နှစ်အတော်ကြာ ခံစားရတယ်။
ဆရာ နယူတန်နဲ့ ကဗျာတွေ ရေးခဲ့ကြတယ်။
အခု "အသွေးနဲ့ ပြည့်သော တွင်းပြည့်ပြီ" ကဗျာကို သူမသေခင် အချိန်တို ကာလအတွင်း  April 25, 1800 မှာ တယောက်တည်း ထိုင်ခုံမှာ ထိုင်ရင်း ဝိညာဉ်တော်လမ်းပြမှုနဲ့ ဇာခရိ 13:1 ကို ဖတ်ပြီး အပြစ်လွှတ်ခြင်းဟာ ထာဝရအတွက် တခါတည်း အပြီးလွှတ်တာကို ကြေနပ်ခံစားရင်း ရေးခဲ့တယ်။
"ထိုကာလ၌ ... ဒုစရိုက် အပြစ်အညစ်အကြေးကို ဆေးကြောစရာဖို့ စမ်းရေတွင်းသည် ပွင့်လိမ့်မည်။" - ဇာခရိ 13:1
နောင်နှစ်ပေါင်းများစွာကြာမှ အမေရိကားမှာ နေတဲ့ Lowell Mason (1792-1872) က သံစဉ်ထည့်ခဲ့တယ်။
နှစ်ပေါင်း ၂၀၀ ကျော် ယုံကြည်သူတွေကို ကယ်တင်ခြင်း စိတ်ချမှုအတွက် ခွန်အားပေးရင်း၊ ဝေးလွင့်နေတဲ့ အပြစ်သားတွေကို ဘုရားသခင်ထံ ပိုဆောင်းပေးခဲ့တဲ့ သီချင်းဖြစ်ပါတယ်။

Friday, May 27, 2022

မျက်မမြင်များနဲ့ ဆင်တကောင် - The Blind Men and the Elephant (Burmese)

The Blind Men and the Elephant (Burmese 

by James Baldwin



" ဆင်တကောင်နဲ့ မျက်မမြင်များ" ဆိုတာ အင်ဒီးယားက ပုံပြင်တပုဒ်ပါ။ ဘာသာတရား အဆုံးအမတွေမှာလည်း ထည့်သုံးကြတယ်။ ကလေးရော လူကြီးပါ ဖတ်ဖို့ ပုံပြင်အဖြစ် ပုံစံအမျိုးမျိုးနဲ့ ထုတ်ဝေကြတယ်။ မျက်မမြင်တစုက ဆင်တကောင်ကို လေ့လာကြတယ်။ ထိမိထိရာ ကိုင်ပြီး ငြင်းကြတယ်။ သူတို့ သိသမျှ စုမိမှ အမှန်တရား ရုပ်လုံးပေါ်မယ်။
တခါက မျက်မမြင် ၆ ယောက်ဟာ လမ်းဘေးမှာ ထိုင်ပြီး ဖြတ်သွားဖြတ်လာတွေထံက တောင်းရမ်းကြတယ်။ သူတို့ဟာ ဆင်အကြောင်း ကြားဖူးပေမယ့် ဆင်ကို မမြင်ဖူးကြဘူး။ မျက်မမြင်ပါဆိုမှ ဘယ်လို မြင်ဖူးပါ့မလဲလေ။
တမနက်တော့ သူတို့ထိုင်နေတဲ့ လမ်းပေါ်ကို ဆင်တကောင် မောင်းလာတာ ကြုံရတယ်။ ဆင်ကြီးလာနေတယ်လို့ ပြောကြတော့ သူတို့က ဆင်ဦးစီးကို ခဏရပ်ပြီး ကြည့်ပါရစေလို့ တောင်းဆိုကြတယ်။
မျက်စိနဲ့ မမြင်နိုင်ကြပေမယ့် ဘယ်လိုအကောင်မျိုးလဲလို့ လက်နဲ့ထိပြီး လေ့လာလို့ရမယ် ထင်ကြတယ်။

ပထမတယောက်က ဆင်ရဲ့နံဘေးကို ထိကြည့်ပြီး "ဟုတ်ပြီ၊ ဟုတ်ပြီ။ ဒီကောင်ကြီးကို ငါသိပြီ။ ဆင်ဆိုတာ နံရံနဲ့ တကယ် တူတာပဲ။" တဲ့။
ဒုတိယလူက အစွယ်ကို စမ်းပြီး၊ "ငါ့ညီရေ မင်းမှားပြီ။ နံရံနဲ့ မတူဘူးကွ။ လုံးတယ်၊ ချောတယ်၊ ချွန်တယ် ဆိုတော့ တခြားဟာတွေထက် လှံနဲ့ ပိုတူတယ်ကွ။" လို့ ပြောတယ်။
တတိယလူက ဆင်နှာမောင်းကို ကိုင်မိတယ်။ "မင်းတို့ နှစ်ယောက်လုံး မှားတယ်။ သိတဲ့လူတွေကတော့ ဆင်ဆိုတာ မြွေနဲ့ တူတယ်လို့ မြင်မှာပဲ။ လို့ ပြောတယ်။
လေးယောက်မြောက်လူက သူ့လက်တွေကို ဆန့်ပြီး ဆင်ခြေထောက်ကို ဖမ်းကိုင်မိတယ်။ "မင်း တော်တော်ကန်းပါလား။ လုံးလုံး၊ ရှည်ရှည် ဆိုတော့ သစ်ပင်နဲ့ တူတာ ရှင်းနေတာပဲ။" လို့ ပြောတယ်။
ငါးယောက်မြောက်က အရပ်ရှည်တယ်။ သူ့လက်နဲ့ ဆင်နားရွက်ကို ကိုင်မိတယ်။ အကန်းတွေ၊ မင်းတို့ပြောသလို မဟုတ်ဘူး။ ဆင်ဆိုတာ ယပ်တောင် အကြီးကြီးနဲ့ တူတာ။" လို့ ပြောတယ်။
ခြောက်ယောက်မြောက်ကတော့ လုံးလုံး ဘာမှ မမြင်တဲ့သူ။ ဆင်နားရောက်အောင် မနည်းသွားရတယ်။ နောက်ဆုံးတော့ ဆင်မြီးကို ဆွဲမိတယ်။
"အော်၊ မိုက်လိုက်တဲ့လူတွေ။ ဘာမှမသိ၊ ဘာမှ အကင်းမပါးကြပါလား။ ဆင်ဆိုတာ နံရံတွေ၊ လှံတွေ၊ မြွေတွေ၊ သစ်ပင်တွေနဲ့ မတူဘူး။ ယပ်တောင်နဲ့လည်း မတူဘူး။ အကင်းပါးတဲ့လူဆိုရင် ဆင်ဆိုတာ ကြိုးနဲ့ တကယ်တူမှန်း သိတယ်။" လို့ ပြောတယ်။
အဲဒီနောက် ဆင်ထွက်သွားတယ်။ မျက်မမြင် ၆ ယောက်က လမ်းဘေးမှာ တနေကုန်ထိုင်ပြီး ငြင်းကြတယ်။ လူတိုင်းက သူတို့ကိုယ်သူတို့ သိတယ်ပဲ ထင်နေကြတယ်။ ပြောတာလက်မခံတော့ စကားလုံး ခပ်ကြမ်းကြမ်းတွေ ပြောလာကြတယ်။ မျက်စိမြင်သူတွေလည်း တခါတလေ အဲဒီလို ခပ်ကောင်ကြောင်တွေ လုပ်တတ်ပါတယ်။

Sunday, April 24, 2022

Spiritual or Carnal? ဝိညာဉ်လား၊ ဇာတိလား?


Dr. Jeff Fugate

Spiritual or Carnal?

by Dr. Jeff Fugate

Pastor, Clays Mill Baptist Church, Nicolasvillee, Kentucky

ဘုရားစိတ်တော်နဲ့ တွေ့ချင်တဲ့ စိတ်မျိုးရှိကြဖို့ ဆုတောင်းပေးပါတယ်။ ဘုရားက ပြုပြင်၊ လမ်းပြတဲ့ အခါ နားထောင်တတ်ဖို့ လိုတယ်။ ပြုပြင်၊ သွန်သင်တာကို မကြိုက်တာက အထဲက မိုက်မဲတဲ့ ဇာတိသဘောကြောင့် ဖြစ်ရတယ်။ ကိုယ့်အမှားကို ထောက်ပြတာ ကြားရင် အထဲက ပုန်ကန်ချင်တဲ့ စိတ်ကလည်း ထလာတတ်တယ်။ ပုန်ကန်ချင်တဲ့ စိတ်သဘောကို လက်ဝါးကားတိုင်မှာ ရိုက်ထားဖို့ လိုတယ်။ ဝိညာဉ်လူတွေ ဖြစ်ဖို့ ဘုရားသခင် မ-စပါစေ။
ဇာတိကို အခွင့်ပေးရင်း ကျင့်သားရမှာ စိုးရတယ်။ ဆိုရှယ်မီဒီယာကလည်း ဇာတိစိတ်ကို အားပေးနေတာ စိုးရိမ်စရာ ကောင်းတယ်။
"အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ ကလေးသူငယ်တို့အား၎င်း ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဖွယ်စားဖွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ။ နို့ကိုသာ တိုက်ရ၏။ ယခုပင် သင်တို့သည် မကြေနိုင်ကြသေး။ ယခုပင်လည်း ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိသည်ဖြစ်၍ သင်တို့သည် ဇာတိပကတိလူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။ တယောက်က ငါသည် ပေါလုတပည့်ဖြစ်သည်ဟူ၍၎င်း၊ တယောက်က ငါသည် အာပေါလု တပည့်ဖြစ်၏ ဟူ၍၎င်း အသီးသီးပြောကြလျှင် ဇာတိပကတိလူ ဖြစ်ကြသည် မဟုတ်လော။" ၁ ကော ၃: ၁- ၄
သခင်ယေရှုခရစ်ကို ကိုယ့်ရဲ့ကယ်တင်ရှင်အဖြစ် လက်ခံသူတိုင်းဟာ Saved sinners ကယ်တင်ခြင်းခံရတဲ့ အပြစ်သားတွေ ဖြစ်တယ်။ တခါတလေ ကယ်တင်ခြင်းကို နားလည်လွဲတတ်တယ်။
"အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။ " - ရောမ ၅: ၁၂။
လူဆိုးတွေ ကောင်းလာဖို့အတွက် ကယ်တင်ခြင်းရဖို့လိုတယ် လို့ တချို့ ထင်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ ကယ်တင်ခြင်းက သူ့ကို ကောင်းအောင် လုပ်ပေးတာကိုး။ ဒါပေမယ့် ကယ်တင်ခြင်းဆိုတာ အဲဒါကို ပြောတာ မဟုတ်ဘူး။ လူအားလုံးက မွေးကတည်းက အပြစ်သားပါ။ အပြစ်လုပ်လို့ အပြစ်သား ဖြစ်တာ မဟုတ်ဘူး။ အပြစ်သားမို့ အပြစ်လုပ်မိတာပါ။ လူ့သဘာဝက အပြစ်လုပ်ချင်တယ်။ ကယ်တင်ခြင်းက ဘုရားက လက်ခံတယ်။ ဘုရားသားဖြစ်တယ်။ ဘုရားကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်။ ဒါပေမယ့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရပေမယ့်လည်း အပြစ်သားပဲ။
ရှင်ပေါလုက အပြစ်သားတွေထဲမှာ သူ အကြီးဆုံးဖြစ်ခဲ့ဖူးတယ်လို့ မပြောဘူး။ "အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏" လို့ပဲ ပြောတယ်။ - ၁ တိ ၁: ၁၅။
ဟေရှာယက ငါအကျိုးနည်းခဲ့ဖူးတယ် လို့ မပြောဘဲ၊ "ငါ အကျိုးနည်းပြီ" လို့ ပြောတယ်။ ဟေရှာယ ၆: ၅။
ပေတရုက ကျွန်တော် အပြစ်များခဲ့ဖူးတယ် လို့ ပြောတာ မဟုတ်ဘဲ၊ "အကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏။" လို့ ပြောတယ်။ လုကာ ၅: ၈။
သားတော်ဘုရားမပါဘဲ ဘုရားသခင်ရှေ့မှာ ကျွန်တော်တို့ ကောင်းကွက် တကွက်မှ မရှိဘူး။ ဒါကို နားလည်ရင် ဘုရားသခင်က ဘယ်လို၊ ဘာတွေ လုပ်ပေးတယ် ဆိုတာ သိပြီး ကျေးဇူးတော် ချီးမွမ်းလာလိမ့်မယ်။ ကိုယ်က ဘာ၊ ဘာတွေ လုပ်နိုင်တယ် ဆိုတဲ့ မာနတွေ ထားမှာ မဟုတ်ဘူး။ ကယ်တင်ခြင်းရလို့ ဝမ်းသာတယ်။ ဒါပေမယ့် ဘယ်လိုလူဖြစ်လို့၊ ဘာတွေလုပ်လို့ ဆိုပြီး ကယ်တင်ခြင်း ရတာ မဟုတ်ဘူး။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းရတယ်။ မထိုက်တန်တာကို ဘုရား ပေးတယ်။ ကျေးဇူးနဲ့ သနားကရုဏာကို ပေးတယ်။ ဆိုလိုတာက ထိုက်တန်လို့ မဟုတ်ဘူး။ သနားလို့ ပေးတာ။
ကျွန်တော်တို့ကိုယ်စား ကာရာနီ လက်ဝါးကားတိုင်မှာ ကိုယ်စားအသေခံပေးတယ်။ တခါတလေ ကျွန်တော်တို့ အလုပ်ချိန်မှာ တခြားတယောက်က အလုပ် ဝင်ဆင်းပေးတာမျိုး။ သူတပါးအတွက် အလုပ်ဝင်လုပ်ပေးရတာမျိုး ရှိတတ်တယ်။ သခင်ယေရှုက ကျွန်တော်တို့ ကိုယ်စား ဝင်လုပ်ပေးရုံမျှမက လုပ်ခ အကျိုးအမြတ်ကိုလည်း ကျွန်တော်တို့ကို ပေးတယ်။ လူတွေရဲ့အပြစ်အတွက် ကားတိုင်မှာ ပေးဆပ်တယ်။ ပြီးမှ အကျိုးရလာဒ်ကို ကျွန်တော်တို့ကို ခံစားစေတယ်။ ကျွန်တော်တို့က ဘယ်လိုလူ၊ ဘယ်လိုဖြစ်လို့ ကယ်တင်ခြင်းရတာမျိုး မဟုတ်ဘူး။ ကျေးဇူးပြုတယ်၊ သနားလို့ ကယ်တယ်။ အခုတော့ ကောင်းကင်ဘုံ ရှင်ဘုရင်ရဲ့ သားသမီး ဖြစ်ခွင့်ရတယ်။
ကျွန်တော်တို့ ရောက်နိုင်တဲ့ နေရာ ၃ နေရာ ရှိတယ်။
၁။ ဒုတိယ မွေးခြင်း မခံရသေးဘူး။ လက်ဆောင်ဖြစ်တဲ့ ထာဝရအသက်ကို လက်မခံရသေးဘူး။ သခင်ယေရှုကို ကိုယ့်ရဲ့ကယ်တင်ရှင်အဖြစ်နဲ့ အားမကိုးရသေးဘူး။ ပျောက်ဆုံးနေတဲ့သူ၊ အကျိုးနည်းနေတဲ့သူ၊ မာရ်နတ်အတွက် ပြင်ထားတဲ့ မရဏာနိုင်ငံကို ဆင်းရမယ့်သူ ဖြစ်နေတယ်။
၂။ ကယ်တင်ခြင်းရပြီ။ ဒါပေမယ့် ဇာတိလူ ဖြစ်နေတယ်။ ကယ်တင်ခြင်းရပေမယ့် ဝိညာဉ်လူ မဖြစ်သေးဘူး။ တချို့က ဇာတိလူ ဖြစ်နေတယ်။ ဘုရားကတော့ ဝိညာဉ်သဘော ရှိစေချင်တယ်။ ဇာတိခရစ်ယာန် မဖြစ်စေချင်ဘူး။
၃။ ကယ်တင်ခြင်း ရပြီ၊ ဝိညာဉ်လူလည်း ဖြစ်ပြီ။ သန့်ရှင်းသော ဝိညာဉ်တော်က လူ့စိတ်ထဲမှာ ဘုရားရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် ဘုရားသားဖြစ်ဖို့ ဝိညာဉ်တော်အားဖြင့် လှုပ်ရှားစေတယ်။ သခင်ယေရှုရဲ့ အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်တယ်။ ဝိညာဉ်တော်က နေစရာ မရှိလို့ လာနေတာမျိုး မဟုတ်ဘူး။ အထဲမှာ အလုပ်လုပ်ဖို့ လာနေတယ်။ Save ကယ်တင်ရုံသာ မဟုတ်ဘူး။ Seal တံဆိပ်ခတ်တယ်။ Secure လုံခြုံမှုလည်း ပေးတယ်။ သန့်ရှင်းစင်ကြယ်စေတယ်။ အဓိပ္ပါယ်က လောကအညစ်အကြေးထဲက ခွဲထုတ်ထားတယ်။ သူနဲ့ တူစေချင်တယ်။
၁ ကော ၃: ၁၆ မှာ ဇာတိခရစ်ယာန်တွေကို မေးခွန်းတခု မေးထားတယ်။ "သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။"
တနည်းပြောရရင် ကျွန်တော်တို့က ဘုရားသခင် ကျိန်းဝပ်ဖို့ ဆောက်ထားတဲ့ အိမ်ဖြစ်တယ်။ ကယ်တင်ခြင်းရပြီ။ ဝိညာဉ်တော် ကျိန်းဝပ်နေပြီ။ ဝိညာဉ်တော် ကျိန်းဝပ်ရခြင်း အကြောင်းရင်း ရည်ရွယ်ချက် ရှိတယ်။ ခရစ်တော်နဲ့ ပိုတူလာဖို့ အသက်တာကို ပြုပြင်ပေးဖို့ ဖြစ်တယ်။ ဝိညာဉ်လူဖြစ်ဖို့ ဝိညာဉ်တော်က ကူညီနိုင်တယ်။ ကယ်တင်ခြင်းရတာနဲ့ ဝိညာဉ်လူ တန်းမဖြစ်ဘူး။ ဝိညာဉ်တော် ကျိန်းဝပ်ပြီးတော့မှ ဝိညာဉ်သဘောရှိတဲ့ ခရစ်ယာန်တွေ ဖြစ်ဖို့  အစွမ်းသတ္တိပေးတယ်။ ဝိညာဉ်လူ ဖြစ်ချင်စိတ် ရှိရမယ်။ ဝိညာဉ်တော်ရဲ့ အလိုကို လက်ခံတတ်ရမယ်။ နားထောင်ရင် ဝိညာဉ်လူ ဖြစ်မယ်လို့ ကျမ်းစာက သွန်သင်တယ်။
ဝိညာဉ်သဘောရှိတဲ့ ခရစ်ယာန်က အနည်းဆုံး အလုပ် ၂ ခု လုပ်တယ်။ ပထမအချက်က ဝိညာဉ်တော် ဦးဆောင်မှုကို လိုက်နာတယ်။ ဒါက (နတ်ပူးသလို) ကတုန်ကရင် ဖြစ်လာတယ်လို့ ပြောတာ မဟုတ်ဘူး။ ဝိညာဉ်တော်ရဲ့ ဓါးဟာ နှုတ်ကပတ်တော် ဖြစ်တယ်။ ဝိညာဉ်တော်ရဲ့  ဦးဆောင်မှုကို ခံယူရင် ကျမ်းစာအတိုင်း လုပ်ချင်လာတယ်။ ဝိညာဉ်လူ ဖြစ်လာတယ်။ ကျမ်းစာက မလုပ်နဲ့ဆိုရင် မလုပ်ဘူး။ ကျမ်းစာအတိုင်း အသက်ရှင်ချင်လာတယ်။ ဝိညာဉ်သဘောရှိသူဟာ ခရစ်တော်ရဲ့ စိတ်သဘောရှိသူ ဖြစ်တယ်။ ခရစ်တော်လို စဉ်းစားတယ်။ နေ့တိုင်း ဆုံးဖြတ်စရာတွေကို ခရစ်တော်လို တွေးလာတယ်။ အိမ်ထောင်ရေးမှာ၊ အိမ်ထောင် ဦးဆောင်တဲ့အခါ၊ သားသမီး ထိန်းကျောင်းတဲ့အခါ၊ အသင်းတော် တာဝန်တွေ လုပ်ဆောင်တဲ့အခါ၊ အလုပ်ထဲမှာ တာဝန်ထမ်းရွက်ရတဲ့အခါ ခရစ်တော်လို တွေးလာတယ်။ ဝိညာဉ်တော် ဦးဆောင်မှုကို လိုက်လျှောက်လာတယ်။ အပြစ်သားဘဝကနေ ကယ်တင်ခြင်းရဖို့ ဘုရားသွေးဆောင်နေတာမျိုး မဟုတ်ဘူး။ ကယ်တင်ခြင်းရပြီး ဇာတိလူကနေ ကယ်တင်ခြင်းရပြီးတဲ့ ဝိညာဉ်လူ ဖြစ်စေချင်တယ်။
သူနဲ့ပါတ်သက်တဲ့ အရေးကြီးတဲ့အချက် ၆ ချက် ရှိတယ်။
၁။ ခရစ်တော်နဲ့ အသွေးတော်ကို ယုံကြည်ခြင်းဖြင့် ဘုရားသားသမီး ဖြစ်ရတယ်။ အထဲမှာ ဝိညာဉ်တော် ကျိန်းဝပ်လာတယ်။
၂။ ဝိညာဉ်လူဖြစ်ဖို့ သန့်ရှင်းသော ဝိညာဉ်တော်က အစွမ်းပေးတယ်။
၃။ ဘုရားသခင်က ဝိညာဉ်လူ ဖြစ်စေချင်တယ်။
၄။ ဝိညာဉ်လူဖြစ်ဖို့ ပထမအချက်က အပြစ်သားဖြစ်တယ်၊ ဆက်ပြီးတော့ အပြစ်သား ဖြစ်နေဦးမယ်။ ဒါပေမယ့် ဘုရားကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်လို့ နားလည်ရမယ်။
ကျွန်တော်ဆိုရင် ဘုရားကျောင်း အသိုင်းအဝိုင်းမှာပဲ တသက်လုံး ကျင်လည်ခဲ့တယ်။ ဒါပေမယ့် ဘုရားက ကျွန်တော့အပေါ်မှာ အလုပ်လုပ်နေတုန်းပဲ။ ကိုယ်တော်နဲ့ မတူမချင်း ကျွန်တော့အပေါ်မှာ ဘုရား ဆက်အလုပ်လုပ်နေမယ်။
၅။ ဝိညာဉ်လူဖြစ်ဖို့ မလွယ်ဘူး။ ပုံမှန် ရုန်းကန်ရတယ်။ ဒီအချက်ကို စဉ်းစားကြည့်ဖို့ လိုတယ်။ တခါတလေ ပြောမိမယ်။ "ငါ စိတ်ပျက်လာပြီ။ အမြဲတမ်း ရုန်းကန်နေရတယ်။ မှန်တာလုပ်ဖို့၊ ကောင်းတာ လုပ်ဖို့၊ ဝိညာဉ်သဘောရှိဖို့ တချိန်လုံး ကြိုးစားနေရတယ်။" လို့ ပြောမိမယ်။ အဲဒီလိုမျိုး ရှင်ပေါလုလည်း ကြုံခဲ့ရတယ်။ သူ့အထဲမှာရှိတဲ့ မကောင်းတဲ့စိတ်နဲ့ ကောင်းတာလုပ်ချင်တဲ့ စိတ်အကြောင်းကို ပြောပြတယ်။ ကောင်းတာလုပ်ချင်ပေမယ့် မလုပ်ဖြစ်ဘူးလို့ ခဏခဏ ‌ပြောတယ်။ "ထိုသို့ကောင်းသောအကျင့်ကို ငါ ကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။ သို့သော်လည်း ငါ့ကိုယ်အဂ်ါများ၌ ရှိသောတရားတပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြန်တွန်းလှန်သဖြင့် ငါ့ကိုယ်အဂ်ါများ၌ရှိသော အပြစ်တရားလက်သို့  ငါ့ကို ဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။" - ရောမ ၇: ၂၁၊ ၂၃။
ဘုရားအမှုတော်ဆောင်ချင်သူတွေလည်း ရှင်ပေတရုလို ဖြစ်တတ်တယ်။ ခရစ်တော်အတွက် အသက်ပေးချင်စိတ် ရှိပေမယ့် နောက်လမှာ တနာရီတောင် အချိန်ယူ ဆုတောင်းဖို့ မလုပ်နိုင်တော့ဘူး။ ဘုရားအမှုဆောင်ချင်ပေမယ့် တခါတလေ ကိုယ့်အခြေအနေမှာ ကြေနပ်နေတယ်။ ဒီလိုရုန်းကန်ရတာ ကိုယ်တယောက်တည်းတော့ မဟုတ်ဘူး။ ခရစ်တော်နဲ့ တူချင်သူတိုင်း အားလုံး ရုန်းကန်ရတယ်။ ဘာကြောင့်လဲဆိုတော့ အထဲမှာ လူဟောင်းရှိနေတယ်။ အပြစ်လုပ်တဲ့သဘောကို ကားတိုင်မှာ ရိုက်ထားဖို့ လိုတယ်။ ဆာလံဆရာက "အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မယ်။ နိုးသောအခါ ပုံသဏ္ဍန်တော်အားဖြင့် အကျွန်ုပ်ကို ပြည့်စုံရပါလိမ့်မည်။" - ဆာလံ ၁၇: ၁၅။
"ကိုယ်မဖြစ်နိုင်တာကို ကြိုးစားနေရတာ မောပြီ။ ဒါကြောင့် ကိုယ်နေတတ်သလိုပဲ နေတော့မယ်" လို့  တချို့ ပြောကြတယ်။ ဒါက ဘာနဲ့တူလဲ ဆိုတော့ "လေးလမ်းသွား လမ်းမပေါ်မှာ တနာရီ ၅၅ မိုင်နှုန်းနဲ့ မောင်းနေတာ မောပြီ။ တနာရီ မိုင် ၉၀ နှုန်းနဲ့ မောင်းချင်တယ်" လို့ ပြောတာနဲ့ တူတယ်။ အဲဒီလိုမောင်းရင် အဖမ်းခံရမှာပေါ့။ တချို့အမျိုးသမီးတွေ ပြောတတ်တယ်။ "ကျွန်မ ဒီအဝတ်အစားတွေ ဝတ်ပြီးတော့ Standard နဲ့အညီ နေရတာ၊ ကြာတော့လည်း ကိုယ့်စိတ်နဲ့ကိုယ် မဟုတ်ဘူး" လို့  ပြောကြတယ်။ မှန်ပါတယ်။ အဲဒါ ခင်ဗျားစိတ် မဟုတ်ဘူး။ ကိုယ့်စိတ်နဲ့ကိုယ် နေချင်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဘုရားသားသမီးဖြစ်တယ်။ ကိုယ့်စိတ်ကို လက်ဝါးကားတိုင်မှာ ရိုက်ထားရမယ်။
ရှင်ပေါလုက "အကြောင်းမူကား ငါသည် ကိုယ်ကျင့်သောအကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကို မကျင့်။ ရွံ့ရှာဖွယ်သော အကျင့်ကို ကျင့်၏။" - ရောမ ၇: ၁၅။
တချိန်တုန်းက ရေဒီယို အင်တာဗျူးတခု ဖြေရတယ်။ စစ်တပ်ထဲက လိင်တူကိစ္စ ဖြစ်တယ်။ မေးတဲ့အမျိုးသမီးက "သူတို့က မွေးကတည်းက အဲလို မွေးလာတာ မဟုတ်ဘူးလား" လို့ မေးတယ်။ မွေးကတည်းက စိတ်တိုတတ်၊ ဒေါသထွက်တတ်သူတွေ ရှိတယ်။ ရန်ဖြစ်ကြရင် သူတို့က အဲလို မွေးလာတာပဲ လို့ ပြောရင် ပညာမဲ့တာပေါ့။
ခရစ်ယာန်တယောက်က "ငါ ဒီလို ဟန်ဆောင်နေရတာ မောပြီ။ အဲဒီတော့ လူဟောင်းအတိုင်းပဲ အသက်ရှင်မယ်" လို့  ပြောရင် ဒါဟာ ပညာမဲ့တာပါ။ ကျမ်းစာက ပြောတယ်။ ဇာတိသဘောဟာ သေခြင်းတရား ဖြစ်တယ်။ ဝိညာဉ်လူအဖြစ် အသက်ရှင်ဖို့ ရုန်းကန်ရတယ်။ ဒီလို ရုန်းကန်ရတာ ဘယ်တော့မှ ပြီးမလဲ? သေမှပဲ ပြီးမယ်။ သေရင်တော့ ခရစ်တော်နဲ့တူတဲ့ ခရစ်ယာန် ဖြစ်ရပြီ။
တချို့လည်း ကျမ်းစာကို ဦးထိပ်ထားတဲ့ Fundamental ဖန်ဒမင်တဲလ် အသင်းတော်ထဲက ထွက်ပြီး Walmark အသင်းတော်တွေ၊ 7/11 အသင်းတော်တွေမှာ ပါဝင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအသင်းတော်တွေက သူတို့ကို ဘာဖိအားမှ မပေးဘူး။ ကယ်တင်ခြင်းရပေမယ့် ဇာတိသဘောနဲ့ အသက်ရှင်နေတယ်။ အများစုက performer လို့ခေါ်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေတယ်။ တချို့က စနေည ဘားတွေမှာ တူရိယာ တီးခတ် ဖျော်ဖြေတယ်။ နောက်တနေ့ တနဂ်နွေနေ့မှာ တော့ ဘုရားကျောင်းမှာ တူရိယာ တီးခတ်ပြန်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွမ်းကျင်တဲ့ ဂီတပညာရှင်တွေ ဖြစ်လို့ပါ။ ဝိညာဉ်လူဖြစ်ဖို့ ရုန်းကန်ရတယ်။ ကြိုးတော့ကြိုးစားပေမယ့် မအောင်မြင်ဘူးလို့ ပြောတတ်ကြတယ်။ ရှင်ပေါလုလည်း ဒီလိုပဲ ပြောတယ်။ ဒါပေမယ့် ပြန်ကြိုးစားတယ်။ "ဟန်ဆောင်နေရတာ ပင်ပန်းတယ်။ အဲဒိုလို မနေချင်ဘူး" လို့  မပြောပါနဲ့။ ကိုယ်ဘယ်သူလဲ ဆိုတာ အရေးမကြီးဘူး။ ကိုယ်နေချင်သလို နေဖို့ မဟုတ်ဘူး။ ကိုယ်နေချင်သလို မနေဘဲ ထိန်းချုပ်တာကမှ Character ကိုယ့်ကျင့်တရားပါ။ မှန်တဲ့အရာ၊ လုပ်သင့်တာကို လုပ်တာဟာ Character ကိုယ်ကျင့်တရားပါ။ ရိုးသားမှုဆိုတာ ကိုယ်လုပ်သင့်တာ၊ မှန်တဲ့အရာကို တလောကလုံးက ကြည့်-ကြည့်၊ မကြည့်-ကြည့်၊ လုပ်တာမျိုး ဖြစ်တယ်။ မှန်လို့၊ လုပ်ဖို့လိုလို့ လုပ်ရတာပါ။
၆။ ဝိညာဉ်လူဖြစ်ဖို့ တိုက်တွန်းချင်တယ်။ ခရစ်တော် တွေးသလို တွေးဖို့ လိုတယ်။ "ခရစ်တော်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌ ရှိစေကြလော့။" - ဖိလိပ္ပိ ၂: ၅။ ဝိညာဉ်လူဆိုတာ ဘယ်လိုလူလဲ? ဘုရားခိုင်းရင် ကိုယ်ကြိုက်-ကြိုက်၊ မကြိုက်-ကြိုက် လုပ်တဲ့သူပါ။ အလိုတော်ကို ဆောင်တယ်။ တခါတလေ ကိုယ်မကြိုက်တာ လုပ်ရတာလည်း ရှိမယ်။ ဝိညာဉ်သဘောရှိတယ် ဆိုတာ ကိုယ်လုပ်ချင်တာတွေ နေ့တိုင်းလုပ်တာ မဟုတ်ဘူး။ ဝိညာဉ်သဘောက ဘုရားခိုင်းတာ လုပ်တယ်။ ဒါကို ရှင်ပေါလုက "ပြုအပ်သော ဝတ်" လို့ ပြောတယ်။ - ရောမ ၁၂: ၁။
တချိန်က မာနတ်ရဲ့ မရဏာနိုင်ငံ သွားမယ့် လမ်းကြောင်းပေါ်မှာ ရှိခဲ့တယ်။ ဒါပေမယ့် ဘုရားသားတော်က ကားတိုင် အသေခံပြီး အပြစ်ကြွေး ဆပ်တယ်။ အခု ကောင်းကင်ဘုံရှင် ဘုရားသခင်ရဲ့ သားသမီး ဖြစ်ရတယ်။ ကိုယ့်နာမည်လည်း သိုးသူငယ်ရဲ့ အသက်စာစောင်မှာ ရေးပေးထားပြီ။ အခုအချိန်မှာ သခင်ယေရှုခရစ်တော်ရဲ့ အမွေခံဖြစ်တယ်။ ကောင်းကင်ဘုံမှာ နေစရာ အခန်းရပြီ။ ဘုရားအလိုတော်အတိုင်း လုပ်မယ်လို့ ပြောတတ်ဖို့ လိုတယ်။ ဝိညာဉ်သဘောရှိသူက ဘုရား ဘာလုပ်ပေးခဲ့တယ်၊ နေ့တိုင်း ဘာဆက်လုပ်ပေးနေတယ် ဆိုတာ ရိပ်မိတယ်။ ဝိညာဉ်သဘောရှိသူက ဘုရားစိတ်တော်နဲ့ တွေ့ချင်စိတ် ရှိတယ်။ ဇာတိလူက သူလုပ်ခဲ့တဲ့ အမှားတွေအတွက် စိတ်မကောင်းဖြစ်တယ်။ ဝိညာဉ်လူကလည်း ဒီအချက်ကို ရိပ်မိတယ်။ "ငါသည် ငြိုငြင်သောသူ ဖြစ်ပါသည်တကား။" လို့ ရှင်ပေါလုက ဆိုတယ်။ - ရောမ ၇: ၂၄။
ဇာတိလူက သူလုပ်ခဲ့တဲ့ အမှားတွေအတွက် စိတ်မကောင်းဖြစ်တယ်။ ဝိညာဉ်လူကတော့ သူ့အမှားတွေအတွက် ထိခိုက်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်း ဖြစ်နေတယ်။ "ကိုယ်တော်၊ အဲဒီလူတွေနဲ့  ပေါင်းမိတာ မှားသွားပြီ၊ သူတို့နဲ့ မပေါင်းသင့်ဘူး" လို့  သူ ဆုမတောင်းဘူး။ ဝိညာဉ်လူက "ကျွန်တော် မှားခဲ့တယ်" လို့ပဲ ပြောတယ်။ ဇာတိလူကတော့ သူ့ကိုယ်သူ လူကောင်းတယောက်လို စိတ်ထဲ ခံစားချင်စိတ်တွေ ပေါ်နေတယ်။ ဝိညာဉ်လူကတော့ သူကိုယ်တိုင်ဟာ အပြစ်သားဖြစ်နေသေးတယ်။ ခရစ်တော်နဲ့ တူချင်တယ်။ ဇာတိလူကတော့ လူ့အမြင်မှာ အနေသာချင်တယ်။ အကောင်းဖြစ်စေချင်တယ်။ ဝိညာဉ်လူက ဘုရားသခင်ရှေ့မှာ မျက်နှာသာ ရချင်တယ်။
"အို ဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့  အကျွန်ုပ် လိုက်သည်၊ မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။" - ဆာလံ ၁၃၉: ၂၃၊ ၂၄။
ဇာတိလူက ကောင်းဖို့ ကြိုးစားတယ်။ ဝိညာဉ်လူက နားလည်ဖို့ ကြိုးစားတယ်။ သူဖြစ်သင့်သလောက် မဖြစ်သေးဘူးဆိုတာ သိဖို့ ကြိုးစားတယ်။ ရှေ့ဆက် ကြိုးစားနေတုန်းပဲ။
လူက ပရောဖက်ရှင်နယ် ဂေါက်သီးရိုက်သမားတယောက် ဖြစ်ချင်တဲ့အခါ အကောင်းဆုံး ‌ဂေါက်သီးရိုက်သမားလို ဖြစ်ချင်တယ်။ ပရောဖက်ရှင်နယ် ဘတ်စကက်ဘောသမားတယောက် ဖြစ်ချင်တဲ့အခါ အကောင်းဆုံး ‌ဘတ်စကက်ဘောသမားနဲ့ တူချင်တယ်။ သန်းကြွယ်သူဌေးဖြစ်ချင်ရင် သန်းကြွယ်သူဌေးတွေအကြောင်း ဖတ်လာတယ်။ လူတယောက်က ခရစ်ယာန်ဖြစ်ချင်ချိန်မှာတော့ ဘာကြောင့် လမ်းဘေးကလူထက် နဲနဲပဲသာတဲ့လူ ဖြစ်ချင်ရတာလဲ?
ကျွန်တော် ကောလိပ်ကျောင်းတက်တုန်းက မိုက်ကယ်လ် ဂျော်ဒန်ဟာ အကောင်းဆုံး ဘတ်စကက်ဘော ကစားသမားပါ။ သူစီးတဲ့ ရှူးဖိနပ်မျိုး ဝယ်စီးဖူးတယ်။ ဘာကြောင့်ဝယ်လဲဆိုတော့ အဲဒီဖိနပ်က သူနဲ့လိုက်တာ ကျွန်တော် တွေ့လို့ပါ။ ကျွန်တော်လည်း အကောင်းဆုံး ဘတ်စကက်ဘော ကစားသမား ဖြစ်ချင်တဲ့ ဆန္ဒလည်း ရှိတယ်။ ဒါပေမယ့် ဖိနပ်က ကျွန်တော့ကို မကူညီနိုင်ဘူး။ ခရစ်တော်နဲ့ တူချင်လည်း ဒီလိုပါပဲ။
ဇာတိလူက အပြစ်ကို မြင်တယ်။ ဝိညာဉ်လူက အပြစ်လုပ်စေတဲ့ အကြောင်းရင်း ဗီဇကို မြင်တယ်။ ဇာတိလူက အောင်မြင်ချင်တယ်။ ပန်းတိုင်ရောက်ချင်တယ်။ ဝိညာဉ်လူကတော့ ပန်းတိုင်ကို ပြေးနေတုန်းပဲ။
"ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သော ဆုကို ရခြင်းငှါ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။" - ဖိလိပ္ပိ ၃: ၁၄။
ဇာတိလူက သူ့ကို သူတပါးနဲ့ နှိုင်းယှဉ်တယ်။ သူများထက် ပိုကောင်းတဲ့အလုပ်တွေ လုပ်ဖို့ စဉ်းစားတယ်။ ဝိညာဉ်လူကတော့ သူ့ကိုယ်သူပဲ နှိုင်းယှဉ်တယ်။ ခရစ်တော်နဲ့ ပိုတူချင်လာတယ်။ ဇာတိလူက တခြားသူတွေကို ဝေဖန်တယ်။ ဝိညာဉ်လူကတော့ တခြားလူတွေ ဝိညာဉ်ရေးကြီးထွားလာရင် သဘောကျတယ်။ အသိအမှတ်ပြုတယ်။ ဇာတိလူက ပန်းတိုင်ကို ဦးထိပ်ထားပြီး သူ့ဘာသာသူ ကြိုးစားတယ်။ ဝိညာဉ်လူကတော့ ဘုရားကို ဦးထိပ်ထားပြီး ဝိညာဉ်သဘောနဲ့ အသက်ရှင်တယ်။ ဘုရားကျောင်းသွားပြီး "ဆရာ၊ သိသမျှ ကျွန်တော်တို့ကို အကုန်သင်ပါ။ လိုက်လျှောက်မယ်" လို့  ဆိုတယ်။
ဇာတိလူက သူ့လိုအပ်ချက်ရယ်နဲ့ သူချစ်တဲ့လူတွေရဲ့ လိုအပ်ချက်အတွက်ပဲ အစေစားခံတယ်။ အဓိက ထားတယ်။ ဝိညာဉ်လူကတော့ ခရစ်တော်ရဲ့ မေတ္တာနဲ့ သူမသိတဲ့ တခြားလူတွေရဲ့ လိုအပ်ချက်တွေအတွက် အစေစားခံတယ်။ ဇာတိလူက သူ့မိသားစု ကယ်တင်ခြင်းရတာ မြင်ချင်တယ်။ စိတ်လှုပ်ရှားမယ်။ သူ့မိဘတွေ။ ညီအကိုမောင်နှမ၊ မိတ်ဆွေတွေ Born again ဖြစ်တာ၊ ဘုရားသားဖြစ်တာ မြင်ချင်မယ်။ ဝိညာဉ်လူကတော့ သူ့မြို့ကလူရှိသမျှ၊ ပြည်နယ်တိုင်းက၊ နိုင်ငံတိုင်းက သူမသိတဲ့ လူအားလုံးကို ကယ်တင်ခြင်း ရစေချင်တယ်။ ဇာတိလူက သူ ကောင်းကောင်းလုပ်တဲ့အခါ ဆုရချင်တယ်။ သူနဲ့ထိုက်တန်တဲ့အရာကို လိုချင်တယ်။ ဝိညာဉ်လူကတော့ သူထိုက်တန်တာထက် ဘုရားသခင်က သူ့ကို ပေးပြီးသားဆိုတာ ရိပ်မိတယ်။ ဇာတိလူက သူ့ကို ဦးဆောင်တဲ့သူတွေကို စိတ်ဝင်စားတယ်။ ဝိညာဉ်လူကတော့ ခရစ်တော်နဲ့တူဖို့ စိတ်ဝင်စားတယ်။ ဒါကြောင့် ခရစ်တော်နဲ့တူတဲ့သူတွေရဲ့နောက်ကိုသာ လိုက်လျှောက်တယ်။ ဇာတိလူက သူ့နောက်မှာ ဘယ်သူတွေရှိသလဲလို့ ကြည့်တယ်။ ဝိညာဉ်လူကတော့ သူ့ရှေ့မှာ ဘယ်သူတွေ ရှိသလဲ? ဘာတွေ သင်ယူလို့ရသလဲ လို့ ကြည့်တယ်။
ဇာတိလူက သူ့ကို စိတ်တို၊ ဒေါသထွက်အောင် လုပ်တဲ့သူကို မြင်တယ်။ ဝိညာဉ်လူကတော့ သူ့ကို မကောင်းကြံတဲ့လူရဲ့ နောက်မှာရှိတဲ့ မာနတ်ကို သတိထားမိတယ်။ ဝိညာဉ်လူက ဒါဟာ ဝိညာဉ်ရေး စစ်ပွဲဖြစ်တယ်။ မာနတ်က ခရစ်တော်ရဲ့ စိတ်မျိုး မရှိဘဲ လုပ်နေတယ် လို့  သတိထားမိတယ်။ ဇာတိလူကတော့ သူ့အပြစ်ကို ခွင့်လွှတ်စေချင်တယ်။ ဝိညာဉ်လူကတော့ သူ့ကို ရှုံးနိမ့်စေတဲ့ အဲဒီအပြစ်တွေနဲ့ ဘယ်လိုဝေးဝေးနေမလဲ ရှာကြံတယ်။ ဝိညာဉ်လူက သူ့ကိုယ်သူ ပြည့်စုံတယ်လို့ မထင်ဘူး။ ခရစ်တော်နဲ့ပဲ တူချင်နေတယ်။ သူ့အပြစ်အတွက် နောင်တရတယ်။ နေ့တိုင်း ဘုရားသခင်ရှေ့မှာ ဆေးကြောဖို့ တောင်းခံတယ်။ သန့်ရှင်းစေတယ်။
အထောက်အကူပြုမယ့် အချက် ၄ ချက် ရှိပါတယ်။
၁။ ဘုရားသခင်နဲ့ အတူ လျှောက်လှမ်းရမယ်။ နှုတ်ကပတ်တော် နေ့တိုင် ဖတ်ရမယ်။ ဒါမှ ခရစ်တော်ရဲ့ စိတ်သဘောနဲ့ တူလာမယ်။ ကျမ်းစာမဖတ်ဘဲ ခရစ်တော်ရဲ့ စိတ်သဘောမျိုး ရှိမလာဘူး။ ဆုတောင်းတယ်ဆိုတာ ဘုရားသခင်နဲ့ စကားပြောရုံမျှသာ မဟုတ်ဘူး။ ရှေ့တော်မှောက် တိုးဝင်ပြီးတော့ ကျွန်တော်တို့မှာ ဘာလိုသလဲလို့ ဘုရားသခင်ကို မေးတယ်။ ကျွန်တော်တို့ စိတ်နှလုံးကို ဘုရားသခင် စကားပြောစေတယ်။
၂။ အမှုတော်မှာ ပါဝင်ပါ။ တခြားသူတွေကို ကူညီဖို့ ဘုရားအမှုတော်မှာ ပါဝင်ဖို့ လိုတယ်။
၃။ ဇာတိလူကို စံမတင်ပါနဲ့။ အတုမယူနဲ့။ ချောက်ကမ်းပါးမှာ ရပ်တာ ပျော်စရာ မဟုတ်ဘူး။ ဆံပင်တွေ စည်းကျော်ပြီး လွင့်နေတာ မကောင်းဘူး။ အဝတ်အစားတွေ စည်းကျော်ပြီး လွင့်နေတာ ပျော်စရာ မဟုတ်ဘူး။ အပြုအမူတွေကလည်း စည်းကျော်ပြီး အသက်ရှင်နေတာ မကောင်းဘူး။ စကားတွေလည်း ဘောင်ကျော် ပြောနေတာ မှန်တဲ့ကိစ္စ မဟုတ်ဘူး။ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ အေးဆေးပါ လို့ပြောလို့ မရဘူး။ ဒါဟာ ပုန်ကန်တာပါ။ စည်းဘောင်ကျော်သူတွေနဲ့ အတူတွဲလို့ မရဘူး။
ဇာတိသဘောရှိတဲ့သူက ကိုယ့်ကို ဦးဆောင်တာမျိုး၊ နည်းပေးလမ်းပြ လုပ်တာမျိုး မဖြစ်သင့်ဘူး။ ဝိညာဉ်သဘောရှိတဲ့သူက ဘုရားအလိုတော်အတိုင်းပဲ သွားချင်တယ်။ လူတချို့ လုပ်တတ်တယ်။ သူတို့ ဘာလုပ်သင့်တယ် ဆိုတာကို တခြားသူတွေက မပြောပြကြလို့  ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ရတယ် လို့ ပြောကြတယ်။ ဒါပေမယ့် သူ့တို့သဘောကျ လုပ်လိုက်ရလို့ မှားသွားတယ်လို့  ပြောပြတာသာ ဖြစ်တယ်။ ဒါက သိပ်မှား၊ သိပ်မိုက်ရာ ကျတယ်။ "ဘာလုပ်ရမယ်လို့ ဘယ်သူမှ မပြောဘူးလေ။ ဘယ်ဆရာကမှ မပြောကြဘူး။ အဲတော့ ကျွန်တော် လုပ်ချင်သလိုပဲ လုပ်လိုက်တယ်။" အဲဒီလို ပြောသူတွေ သန်းနဲ့ချီပြီး ရှိတယ်။ အဲလိုလူတွေ ပြုပြင်ဖို့ လိုတယ်။ ကိုယ်သဘောနဲ့ကိုယ် နေသူတွေကို ဘယ်သူမှ လာပြုပြင်မပေးဘူး။ လူတွေဟာ ကိုယ်မြင်တဲ့အရာတွေကို ပုံတူ ကော်ပီလုပ်ပြီး အသက်ရှင်ကြတယ်။
၄။ ဆက်လက်ရုန်းကန်ပါ။ ဒီတိုက်ပွဲမှာ ဆက်လက်ရပ်တည်ဖို့ လိုတယ်။ ခရစ်တော်နဲ့ မတူမချင်း ကြေနပ်နေလို့ မရဘူး။ ရှေ့ဆက်ကြိုးစားရမယ်။ ရှေ့ဆက်အလုပ် လုပ်ရဦးမယ်။ ကိုယ်အောင်မြင်ချင်သလောက် မအောင်မြင်တဲ့ အချိန်တွေ၊ ရှုံးနိမ့်သွားတဲ့ အချိန်တွေလည်း ရှိမယ်။ အဲဒီအချိန်မျိုးတွေမှာ "ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ် လဲသော်လည်း ထဦးမည်။" - သုတ္တံ ၂၄: ၁၆ ကို သတိရပါ။ ကိုယ်က ဇာတိလူ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် "ကြိုးစားရတာ မောပြီ။ ပင်ပန်းပြီ။ ကိုယ်မဟုတ်တဲ့ လူမျိုးဖြစ်အောင်လုပ်ရတာ ပင်ပန်းပြီ" လို့  ပြောတတ်တယ်။ ကိုယ်မဟုတ်တဲ့ လူမျိုးဖြစ်အောင် ကြိုးစားပါ။ ခရစ်တော်နဲ့ တူအောင် ကြိုးစားပါ။

Saturday, March 5, 2022

အရှို - Asho, my people

အရှို - Asho, my people

လူမျိုးတွေအကြောင်းက စိတ်ဝင်စားစရာကောင်းတယ်။ ကိုယ့်လူမျိုးရဲ့ သဘာဝကို သိဖို့လိုသလို၊ တခြားလူမျိုးတွေအကြောင်းလည်း များများသိလေ ပိုကောင်းလေပါပဲ။ သိထားတော့ အထင်လွဲတာ၊ နားလည်လွဲတာတွေ မဖြစ်တော့ဘူးပေါ့။ ဘယ်လူမျိုးမှ ပြီးပြည့်စုံအောင် ကောင်းမွန်တယ် မရှိပေမယ့် အားသာချက်တွေ ရှိတတ်ပါတယ်။ အားနည်းချက်တွေလည်း ရှိကြတာပေါ့။ ကောင်းတာလေးတွေ အတုယူပြီး၊ မကောင်းတာတွေတော့ လိုက် မလုပ်မိဖို့ လိုပါတယ်။
အရှိုတွေအကြောင်းပြောရင် သတ္တိရှိတယ်၊ သစ္စာရှိတယ် လို့ အသိများကြပါတယ်။ (သတ္တိမရှိ၊ သစ္စာမရှိတဲ့ အရှိုတချို့နဲ့ ကြုံဖူးရင်တော့ ဆောရီးနော်။ 🙂 )
အခုပြောပြမယ့် အရှိုတွေရဲ့ မွေးရာပါ သဘာဝ တခုက လောဘ နည်းတယ်။ ရောင့်ရဲတယ်။ အရှိုအများစုဟာ ရောင့်ရဲစွာ နေတတ်ကြတယ်။ (လောဘကြီးတဲ့၊ လူလည်ကျတဲ့ အရှိုတွေနဲ့ ကြုံဖူးရင်တော့ ဆောရီးပါ။ သိတဲ့ချင်းက တယောက်တည်း။ အဲဒီတယောက်နဲ့ အီသွားပြီဆိုရင်လည်း ဆောရီးပါ။) 🙂
တခြားလူမျိုးတယောက်ဟာ အရှိုတယောက်ကို လောဘမကြီးဖို့ ဆုံးမနေမယ်၊ "အလိုကြီး အရနဲ" - "တနေ့ ရွှေဥတလုံး ဥတဲ့ ငန်း" ဆိုတဲ့ အီးဆော့ပ် (အီစွတ်) ပုံပြင်လေး ပြောပြနေမယ် ဆိုရင် တခုခု မှားနေပြီ၊ something တော့ wrong နေပါပြီ။
အရှိုတွေထဲမှာ အလုပ်လုပ်ပြီး လက်ခ မတောင်းတတ်၊ ဈေး မဆိုတတ်၊ ဈေးမဆိုချင်သူတွေ အများကြီးပါ။
ငယ်ငယ်က အသက်အရွယ် အတိမ်းမယိမ်း လူငယ်လေး အကြောင်း ကြားဖူးတယ်။ သူ့အသက် ၁၀ နှစ်အရွယ်လောက်ကပေါ့။ အမြဲပျော်ပျော်နေတတ်တဲ့သူဟာ တနေ့တော့ အိမ်ရဲ့ လှေကားပေါ်မှာ ထိုင်ပြီး မှိုင်နေတယ်။ အိမ်နီးချင်းတွေက "ဟဲ့၊ နင် ဘာဖြစ်လဲ" လို့ မေးတော့၊ "ပိုက်ဆံကောက်ရလို့၊ ဘာလုပ်ရမှန်း မသိဘူး။ စိတ်ညစ်နေတာ။" တဲ့။ နေ့တိုင်းပျော်ပျော်နေတတ်သူက ပိုက်ဆံကောက်ရလို့ စိတ်ညစ်သတဲ့။ အဲဒီစိတ်ထားလေး ရှိသူတွေကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ခေတ်စနစ်တွေက ဖျက်ဆီးမပစ်ပါစေနဲ့ လို့ တောင့်တမိပါတယ်။
လူတွေဟာ စားဝတ်နေရေး ခက်ခဲလာရင် လုယက်၊ ခိုးဆိုး၊ လိမ်လည်၊ အနိုင်ကျင့်တာတွေ လုပ်မိသွားသူတွေ ရှိတတ်ကြတယ်မဟုတ်လား။ အခုပြောပြမယ့် အဖြစ်အပျက်က အရှိုလိုပြောရင်၊ အရှိုစကားနားလည်ရင် ဒုက္ခတွေကြားထဲက ရယ်စရာလေးပါ။ ဒီအကြောင်း ကျွန်တော့ကို ငယ်ငယ်တုန်းက ပြောပြသူက တောင်ကုတ်မြို့နယ်၊ ဒုံရွာဇာတိ အန်တီ မိုင်လှတင်ပါ။
တခါက ဒုံရွာဝန်းကျင်မှာ ဆန်ရှားတဲ့ အချိန်။ (တတိုင်းပြည်လုံး ခက်ခဲနေချိန် ဖြစ်မယ် ထင်တယ်။) ရွာထဲ ဆင်းရဲတဲ့ အရှိုတယောက်ဟာ ထမင်းဆာတဲ့ ဒဏ်ကို မခံနိုင်တော့ဘဲ ရွာထဲမှာ ဓါးပြတိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခေါင်းနဲ့ မျက်နှာကို ပုဆိုးတထည်နဲ့ ဖုံးပြီး ခြုံလိုက်တယ်။ လက်ထဲမှာ ဓါးတလက်ကိုင်ပြီး တခြားရွာသားအဖြစ် ဟန်ဆောင်ပြီး ဗမာစကားနဲ့ ခြိမ်းခြောက်လိုက်တယ်။ တကယ်တော့ သူက ဗမာစကားလည်း လည်လည်ဝယ်ဝယ် ပြောတတ်တာ မဟုတ်။
"ဟေ့၊ ငါ ဓါးပြနော်။ မင်းတို့မှာ ပူယော၊ အွန်းဂျွမ် မရှိဘူးလား။"
ဒီအရှိုဓါးပြက ခက်တော့နေပြီ။ ရွှေ၊ ငွေကို ဓါးပြမတိုက်ဘဲ၊ ထမင်းကျန် ဟင်းကျန် မရှိဘူးလား လို့ အရှိုတဝက် ဗမာလို တဝက် နဲ့ မေးနေပြီ။
အိမ်ရှင်က ရုတ်တရက် ကြောင်သွားတယ်။ ပြီးမှ ဒီဓါးပြဟာ တို့ရွာထဲက အရှိုတယောက်ပဲ လို့ ရိပ်မိသွားတယ်။ အကြောက်ပြေပြီး "ဆွီလို့ လေလို့ အေပါလား။" လို့ ဖြေလိုက်တယ်။ အိမ်ရှင်ကလည်း ပြောသာပြောရတာ ဗမာစကား မကျင်လည်ဘူး။ ("ရှာလို့ ဖွေလို့ စားသွားပါလား။") တဲ့။
အဲဒီတော့ အသစ်စက်စက် ဓါးပြကြီးဟာ အိမ်ရှင်က သူ့ကို အရှိုမှန်း ရိပ်မိတာ သိလိုက်တယ်။ ဘာဘဲဖြစ်ဖြစ် နဲနဲတော့ ခြောက်ကြည့်လိုက်တယ်။
"အောင်မယ်၊ ငါကိုများ ချင်း ထင်နေသလား။ ငနာလေး နတူဟာယိုး။" လို့ ဟောက်လိုက်တယ်။ ဟောက်လိုက် မှပဲ "ငနာလေး သေသွားမယ်နော" လို့ မပြောတတ်ဘဲ အရှိုတဝက် "နတူဟာ ယိုး။" လို့ ကြိမ်းမိသွားတယ်။
အဲဒီတော့မှ လုံးလုံးပေါ်သွားပြီး ဓါးပြ အသစ်စက်စက်ကြီး ထွက်ပြေးသွားရရှာတယ်။
ရောင့်ရဲစိတ်ဟာ ချစ်စရာကောင်းတယ် လို့ ထင်ရင် အဲဒီစိတ်ကလေးကို ဆက်ထိန်းသိမ်းကြစို့။ အတုယူကြပါစို့။
လူတချို့အတွက်တော့ ရောင့်ရဲတဲ့စိတ်ဟာ မွေးရာပါ ဖြစ်တယ်။ သွန်သင်လို့၊ ဆုံးမလို့၊ တရားပြလို့ မဟုတ်ဘူး။ သူ့ပင်ကိုယ် သဘာဝပါ။ ဘုရားပေးတဲ့ လက်ဆောင်ပါ။

Asho robber - အရှို ဓါးပြ

 


အရှို - Asho, my people

လူမျိုးတွေအကြောင်းက စိတ်ဝင်စားစရာကောင်းတယ်။ ကိုယ့်လူမျိုးရဲ့ သဘာဝကို သိဖို့လိုသလို၊ တခြားလူမျိုးတွေအကြောင်းလည်း များများသိလေ ပိုကောင်းလေပါပဲ။ သိထားတော့ အထင်လွဲတာ၊ နားလည်လွဲတာတွေ မဖြစ်တော့ဘူးပေါ့။ ဘယ်လူမျိုးမှ ပြီးပြည့်စုံအောင် ကောင်းမွန်တယ် မရှိပေမယ့် အားသာချက်တွေ ရှိတတ်ပါတယ်။ အားနည်းချက်တွေလည်း ရှိကြတာပေါ့။ ကောင်းတာလေးတွေ အတုယူပြီး၊ မကောင်းတာတွေတော့ လိုက် မလုပ်မိဖို့ လိုပါတယ်။
အရှိုတွေအကြောင်းပြောရင် သတ္တိရှိတယ်၊ သစ္စာရှိတယ် လို့ အသိများကြပါတယ်။ (သတ္တိမရှိ၊ သစ္စာမရှိတဲ့ အရှိုတချို့နဲ့ ကြုံဖူးရင်တော့ ဆောရီးနော်။ 🙂 )
အခုပြောပြမယ့် အရှိုတွေရဲ့ မွေးရာပါ သဘာဝ တခုက လောဘ နည်းတယ်။ ရောင့်ရဲတယ်။ အရှိုအများစုဟာ ရောင့်ရဲစွာ နေတတ်ကြတယ်။ (လောဘကြီးတဲ့၊ လူလည်ကျတဲ့ အရှိုတွေနဲ့ ကြုံဖူးရင်တော့ ဆောရီးပါ။ သိတဲ့ချင်းက တယောက်တည်း။ အဲဒီတယောက်နဲ့ အီသွားပြီဆိုရင်လည်း ဆောရီးပါ။) 🙂
တခြားလူမျိုးတယောက်ဟာ အရှိုတယောက်ကို လောဘမကြီးဖို့ ဆုံးမနေမယ်၊ "အလိုကြီး အရနဲ" - "တနေ့ ရွှေဥတလုံး ဥတဲ့ ငန်း" ဆိုတဲ့ အီးဆော့ပ် (အီစွတ်) ပုံပြင်လေး ပြောပြနေမယ် ဆိုရင် တခုခု မှားနေပြီ၊ something တော့ wrong နေပါပြီ။
အရှိုတွေထဲမှာ အလုပ်လုပ်ပြီး လက်ခ မတောင်းတတ်၊ ဈေး မဆိုတတ်၊ ဈေးမဆိုချင်သူတွေ အများကြီးပါ။
ငယ်ငယ်က အသက်အရွယ် အတိမ်းမယိမ်း လူငယ်လေး အကြောင်း ကြားဖူးတယ်။ သူ့အသက် ၁၀ နှစ်အရွယ်လောက်ကပေါ့။ အမြဲပျော်ပျော်နေတတ်တဲ့သူဟာ တနေ့တော့ အိမ်ရဲ့ လှေကားပေါ်မှာ ထိုင်ပြီး မှိုင်နေတယ်။ အိမ်နီးချင်းတွေက "ဟဲ့၊ နင် ဘာဖြစ်လဲ" လို့ မေးတော့၊ "ပိုက်ဆံကောက်ရလို့၊ ဘာလုပ်ရမှန်း မသိဘူး။ စိတ်ညစ်နေတာ။" တဲ့။ နေ့တိုင်းပျော်ပျော်နေတတ်သူက ပိုက်ဆံကောက်ရလို့ စိတ်ညစ်သတဲ့။ အဲဒီစိတ်ထားလေး ရှိသူတွေကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ခေတ်စနစ်တွေက ဖျက်ဆီးမပစ်ပါစေနဲ့ လို့ တောင့်တမိပါတယ်။
လူတွေဟာ စားဝတ်နေရေး ခက်ခဲလာရင် လုယက်၊ ခိုးဆိုး၊ လိမ်လည်၊ အနိုင်ကျင့်တာတွေ လုပ်မိသွားသူတွေ ရှိတတ်ကြတယ်မဟုတ်လား။ အခုပြောပြမယ့် အဖြစ်အပျက်က အရှိုလိုပြောရင်၊ အရှိုစကားနားလည်ရင် ဒုက္ခတွေကြားထဲက ရယ်စရာလေးပါ။ ဒီအကြောင်း ကျွန်တော့ကို ငယ်ငယ်တုန်းက ပြောပြသူက တောင်ကုတ်မြို့နယ်၊ ဒုံရွာဇာတိ အန်တီ မိုင်လှတင်ပါ။
တခါက ဒုံရွာဝန်းကျင်မှာ ဆန်ရှားတဲ့ အချိန်။ (တတိုင်းပြည်လုံး ခက်ခဲနေချိန် ဖြစ်မယ် ထင်တယ်။) ရွာထဲ ဆင်းရဲတဲ့ အရှိုတယောက်ဟာ ထမင်းဆာတဲ့ ဒဏ်ကို မခံနိုင်တော့ဘဲ ရွာထဲမှာ ဓါးပြတိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခေါင်းနဲ့ မျက်နှာကို ပုဆိုးတထည်နဲ့ ဖုံးပြီး ခြုံလိုက်တယ်။ လက်ထဲမှာ ဓါးတလက်ကိုင်ပြီး တခြားရွာသားအဖြစ် ဟန်ဆောင်ပြီး ဗမာစကားနဲ့ ခြိမ်းခြောက်လိုက်တယ်။ တကယ်တော့ သူက ဗမာစကားလည်း လည်လည်ဝယ်ဝယ် ပြောတတ်တာ မဟုတ်။
"ဟေ့၊ ငါ ဓါးပြနော်။ မင်းတို့မှာ ပူယော၊ အွန်းဂျွမ် မရှိဘူးလား။"
ဒီအရှိုဓါးပြက ခက်တော့နေပြီ။ ရွှေ၊ ငွေကို ဓါးပြမတိုက်ဘဲ၊ ထမင်းကျန် ဟင်းကျန် မရှိဘူးလား လို့ အရှိုတဝက် ဗမာလို တဝက် နဲ့ မေးနေပြီ။
အိမ်ရှင်က ရုတ်တရက် ကြောင်သွားတယ်။ ပြီးမှ ဒီဓါးပြဟာ တို့ရွာထဲက အရှိုတယောက်ပဲ လို့ ရိပ်မိသွားတယ်။ အကြောက်ပြေပြီး "ဆွီလို့ လေလို့ အေပါလား။" လို့ ဖြေလိုက်တယ်။ အိမ်ရှင်ကလည်း ပြောသာပြောရတာ ဗမာစကား မကျင်လည်ဘူး။ ("ရှာလို့ ဖွေလို့ စားသွားပါလား။") တဲ့။
အဲဒီတော့ အသစ်စက်စက် ဓါးပြကြီးဟာ အိမ်ရှင်က သူ့ကို အရှိုမှန်း ရိပ်မိတာ သိလိုက်တယ်။ ဘာဘဲဖြစ်ဖြစ် နဲနဲတော့ ခြောက်ကြည့်လိုက်တယ်။
"အောင်မယ်၊ ငါကိုများ ချင်း ထင်နေသလား။ ငနာလေး နတူဟာယိုး။" လို့ ဟောက်လိုက်တယ်။ ဟောက်လိုက် မှပဲ "ငနာလေး သေသွားမယ်နော" လို့ မပြောတတ်ဘဲ အရှိုတဝက် "နတူဟာ ယိုး။" လို့ ကြိမ်းမိသွားတယ်။
အဲဒီတော့မှ လုံးလုံးပေါ်သွားပြီး ဓါးပြ အသစ်စက်စက်ကြီး ထွက်ပြေးသွားရရှာတယ်။
ရောင့်ရဲစိတ်ဟာ ချစ်စရာကောင်းတယ် လို့ ထင်ရင် အဲဒီစိတ်ကလေးကို ဆက်ထိန်းသိမ်းကြစို့။ အတုယူကြပါစို့။
လူတချို့အတွက်တော့ ရောင့်ရဲတဲ့စိတ်ဟာ မွေးရာပါ ဖြစ်တယ်။ သွန်သင်လို့၊ ဆုံးမလို့၊ တရားပြလို့ မဟုတ်ဘူး။ သူ့ပင်ကိုယ် သဘာဝပါ။ ဘုရားပေးတဲ့ လက်ဆောင်ပါ။


Thursday, January 20, 2022

သီချင်းနဲ့ အကြိုက်



ကိုယ့်အကြိုက်တွေကို မပြောချင်ဘူး။ ပြောမိရင် မတူတဲ့ တုန့်ပြန်သံတွေ ကြားရမယ်။ ဒါပေမယ့် ကြိုက်တယ်၊ မကြိုက်ဘူး ဆိုတာထက် ဘာကြောင့် ကြိုက်တယ်၊ ဘာကြောင့် မကြိုက်ဘူး ဆိုတဲ့ လေးနက်တဲ့ အတွေးတွေကို စဉ်းစားစေချင်လို့ ဒီစာကို ရေးပါတယ်။
၁။ ကြားနေရတဲ့ သီချင်းကို လိုက်ညည်းရတဲ့ လူ့သဘာဝ။
ငယ်ငယ်က စတင်ရင်းနှီးခဲ့တဲ့ သီချင်းတွေက အသံချဲ့စက်က သီချင်းတွေပဲ။ အကြားရဆုံးက အဆိုတော် နှစ်ယောက်။ သူတို့က မြို့နာမည်ထည့်ရတာ ခရေဇီ ဖြစ်ကြတယ်။ သူတို့သီချင်းတွေကို ကျွန်တော်လိုက်ဆိုရင် အမေ မကြိုက်ဘူး။ ဆူတယ်။ (ကျွန်တော့အသံ မကောင်းလို့ ဖြစ်မှာပါ။) လက်ခုပ်သံတွေရဲ့ တဖက်မှာ ဝေဖန် ကဲ့ရဲ့သံလည်း ရှိတာ သဘာဝပါ။
အဲဒီကနေ မြန်မာသံ နဲ့ စတီရီယိုတေးကို ရောနှော ကြားလာရတယ်။ အဲဒီမှာ အများ သတိမထားမိတဲ့ သဘောတရား တခုက ဆိုင်းဘုတ် ကိစ္စ။ ဧဒင်မှာလိုပါပဲ။ လူဟာ မရိုးသားရင် အကာအကွယ် တခုအောက် မှာ ပုန်းခိုလေ့ရှိတယ်။ အဲဒီတော့ မြန်မာသံ ဆိုင်းဘုတ်အောက် မှာ၊ စတီရီယို ဆိုင်းဘုတ်အောက် မှာ မရိုးသားသူတွေ ရောနှော ခိုဝင်ကြတယ်။ အဲဒါက နယ်ပယ်တိုင်းမှာ ဖြစ်တယ်။
သာမန်အားဖြင့် မြန်မာသံသမားက ကိုယ့်အမျိုးကို ပိုချစ်၊ စတီရီယိုသမားက ခေတ်အလိုက်ကို ပိုကြိုက်သလို ထင်ရစေတယ်။ အမှန်က အဲဒီလူတွေ အတူတူပဲ။
စတီရီယိုသမားတွေမှာ ဆံပင်ရှည်နဲ့ ခေါင်းလောင်း ဘောင်းဘီ ခေတ်စားသလို၊ မြန်မာသံသမားတွေက မျက် မှန်အနက်တပ်ပြီး ဆိုတတ်တာလည်း သတိထားမိတယ်။ အားလုံးက Something တော့ wrong နေကြတယ် ထင်တာပဲ။
အဲဒီတော့ ဆိုင်းဘုတ်တွေ တံဆိပ်တွေက အဓိက မဟုတ်ဘူး။ ဘာသီချင်းတွေ ကြားနေရလဲ ဆိုတာက အရေးပိုကြီးပါတယ်။
ဆယ်တန်းကျောင်းသားဘဝမှာ ဆရာ မလာရင် နောက်ဆုံးခုံတန်းကို သွားပြီး သီချင်းဆိုဖူးတယ်။ သူငယ်ချင်းတွေက အနိုင်ရဲ့ "အိပ် မ က် လေးထဲ ညည အလည်ရောက်လို့လည်" အချစ်သီချင်း နဲ့ စောလုကာရဲ့ "ငါသည် ပြောင်းလံခြင်း မရှိ" ဓမ္မတေးသီချင်းကို ဆိုခိုင်းကြတယ်။ သီချင်းအကြိုက် မှာ အဲလို ကပြား စဖြစ်ခဲ့ရတယ်။ ကြားရတာ လိုက်ညည်းမိတာကိုး။
၂။ ဆယ်ကျော်သက် မှာ ကြားရတဲ့ သီချင်း၊ ကြိုက်ခဲ့တဲ့ သီချင်းတွေဟာ တသက်လုံး ပါသွားတတ်တယ်။
ဆရာ ချစ်စမ်းမောင်ဟာ သီချင်းအပုဒ်ပေါင်း ထောင်ချီပြီး တီးခဲ့ပြီ ထင်ပါတယ်။ သူနားထောင်ခဲ့တာက ဒီထက် ပိုများမှာပေါ့။ ဒါပေမယ့် ဘုရားကျောင်းမှာ သူ သီချင်းဆိုရင် ဆလိုင်း သွှအောင် နဲ့ ဆရာ စောဘွဲ့မှူး တို့ရဲ့ သီချင်းတွေကို အဆိုများတယ်။ သူ ဆယ်ကျော်သက် အရွယ်က ကြားခဲ့ ကြိုက်ခဲ့တဲ့ သီချင်းတွေကို တသက်လုံး စွဲလန်းသွားလို့ပါပဲ။
အဲဒီတော့ လူငယ်တွေကို ဘာသီချင်းတွေ နားထောင်စေမလဲ? လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ကျွန်တော့ ကျောင်းသားတွေကို Choir သီချင်းတွေပဲ အင်္ဂလိပ်လို သင်ယူစေတယ်။ ကျွန်တော်ကိုယ်တိုင် မသင်တတ်ဘူး။ သင်ပေးနိုင်တဲ့ အဒေါ်ကို သင်ပေးဖို့ အကူအညီ တောင်းရတယ်။ လူငယ်တွေကို ခန့်ညားပြီး အဓိပ္ပါယ်ရှိတဲ့ သီချင်းတွေနဲ့ တသက်လုံး ပျော်စေချင်တယ်။
၃။ သီချင်းစာသားတွေက အသိတရား တခုခုကို ပေးနေတယ်။ 
 ခက်တာက မြန်မာသီချင်း အများစုဟာ ယောက်ျား မိန်းမ အချစ်ကိုပဲ ဖွဲ့နွဲ့နေတယ်။ အချိန်ကာလတွေသာ ပြောင်းလာတယ်။ သူတို့ theme က ဘိုဘိုဟန် ဆိုတဲ့ "နင့်ကို ငါချစ်တယ်၊ ငါ့ကို နင်ချစ်မလား ဟာ ဟာ .. ဟာ .. ဟား၊ သိပ် သိပ် သိပ်ချစ်" ဆိုတဲ့ အထဲက မထွက်ဘူး။
အဲဒီတော့ လူငယ်တွေက အပိုတွေကို ခံစားနေရတယ်။
ဒါပေမယ့် လူဆိုတော့ ဓမ္မတေးသာမက တခြားသီချင်းတွေလည်း ဆိုချင်မှာပေါ့။ အဲဒီတော့ ကျွန်တော်က သားသမီးတွေကို ဟီးဘရူး Hebrew သီချင်းတွေ နားထောင်ခိုင်းတယ်။ ကျွန်တော်တွေ့တဲ့ Hebrew သီချင်းတွေက လူမျိုးရေး၊ ဘုရားတရားတွေ များတယ်။ အချစ်သီချင်းတွေလည်း ရှိမှာပေါ့။ ဒါပေမယ့် ကျွန်တော့ကလေးတွေက ဟီးဘရူး Hebrew စကား နားမလည်တော့ အလွမ်းအဆွေး ဆိုတဲ့ အပို feeling တွေ မခံစားရတော့ဘူးပေါ့။
အချစ်သီချင်းတွေက လူကြီးတွေနဲ့ အဆင်ပြေဖို့ မလွယ်ဘူး။ ဆိုပါစို့။ ကိုယ်က အဆင်ပြေသူနဲ့ အိမ်ထောင်ကျလို့ သားသမီးတွေ ရနေပြီ။ အရွယ်ရောက်လာပြီ။ ငယ်ငယ်က ကြိုက်တဲ့ သီချင်းလေး "ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ ... ကြာခဲ့သော်လည်း ကိုယ်မမေ့သည်သာ" ကို လည်ပင်း လိမ်လိမ်ပြီး ၂ ခေါက်၊ ၃ ခေါက်လောက် ဆိုကြည့်ပါ။ "နွေမှာ တေးဆိုသော ဥဩငှက်" မရောက်ခင် .... အိမ်မှာ ပြဿနာ တက်ရင် တက်၊ မတက်ရင် ကိုယ်ရတဲ့ မိန်းမဟာ အတော် သဘော ကောင်းတယ်၊ သဘောထား ပြည့်တယ် ပြောရမယ်။ မဟုတ်ရင်တော့ ပြဿနာက အကြီးကြီးပါ။ ပြဿနာတက်ရင် မိန်းမကို အပြစ်မတင်ပါနဲ့။ သီချင်းရေးတဲ့သူနဲ့ ခင်ဗျားကြိုက်တဲ့ အဆိုတော်ကို "ခင်ဗျားတို့ဗျာ၊ အတော် ရက်စက်တာပဲ။ ... အို ... ဟို ... ဘာဘဲဖြစ်ဖြစ် အခု ချစ်ချစ်ဟာ အချောဆုံး ... လို့ ရေးခဲ့ရမှာ" လို့ အကြံပေးပါ။ အဲဒါမှ အိမ်ထောင်တွေ ငြိမ်းချမ်းမှာလေ။
၄။ သီချင်းနဲ့ ရောပါလာတဲ့အရာ -
သီချင်းနဲ့ တွဲပါလာတာက အဆိုတော်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အပြုအမူတွေပါ။ နုငယ်သူက သီချင်းနဲ့ ဖက်ရှင်ကို မခွဲခြားတတ်ရင် အကုန်ယူတယ်။
ဟိုးအရင်က တောရွာက သမဆိုင်ကို သတိရတယ်။ တအိမ်ထောင် ပိတ်စ တစစီ ရောင်းတယ်။ ပိတ်စ ရှားတဲ့ခေတ်။ ဒါပေမယ့် ပိတ်စလိုချင်ရင် သပြေညို ဆပ်ပြာလည်း တွဲယူရမယ်။ မယူမနေရ။ တခါတလေ အပ်ချည်လုံးနဲ့ တွဲယူရတယ်။ စက်ချုပ်ဆရာအိမ် မဟုတ်ရင် တအိမ်ကို တလုံးဆို လောက်ပြီ။ ခဏခဏ အပ်ချည်ပဲ တွဲပေးနေရင် အိမ်မှာ အပ်ချည်လုံးတွေ ပုံလာမယ်။
အတန်းတူ သူငယ်ချင်းတယောက်နဲ့ ကြုံဖူးတယ်။ သူက စာရေးဆရာ ဖြစ်ချင်တယ်။ ကဗျာတွေ ရေးပြီး တိုင်းရင်းမေ လို မဂ္ဂဇင်းတိုက်တွေကို ပို့တယ်။ အများကြီး ပို့တဲ့ အထဲက တပုဒ်လောက် ပါလာရင်ပဲ သူပျော်ပြီ။ တနေ့ သူနေတဲ့ အဆောင်ကို ရောက်သွားတယ်။ စာရွက်တွေ ပြန့်ကျဲနေတဲ့ ကုတင်ပေါ်မှာ အားလျားမှောက်ပြီး စာရေးနေတယ်။ မှောက်လျက်ကနေ လည်ပင်းကို စောင်းမော့ပြီး ဆေးလိပ်သောက်ရတာကလည်း ခဏခဏ။ လွယ်အိတ်လွယ်တာ ခေတ်မစားတဲ့ အချိန်မှာ သွားလေရာ လွယ်အိတ် လွယ်ရတာကလည်း တဒုက္ခ။ စာရေးဆရာဆိုတာ အဲဒီလို နေရတာလို့ သူထင်တာကိုး။ သူ့ခမျာ ကြိုးစားရှာပေမယ့် အပ်ချည်လုံးတွေ အတော် စုမိနေတာ။ တကယ်တော့ သူတယောက်တည်းတော့ မဟုတ်ဘူး။ အနုပညာကို စိတ်ဝင်စားတဲ့ လူငယ် အများစုဟာ အပ်ချည်လုံးတွေ စုမိတတ်တယ်။
၅။ သီချင်းသံက သာယာဖို့လည်း လိုတယ်။
ရောဂါ​တွေ၊ နိုင်ငံရေး ပြဿနာတွေ ကြားရတော့ Facebook သုံးတာ ကျွန်တော် လျှော့လိုက်တယ်။ အမေနဲ့ အဒေါ်တွေကိုလည်း Facebook သုံးတာ လျှော့ဖို့ ပြောလိုက်တယ်။ အဲဒီအစား သီချင်းနားထောင်ဖို့ ပြောတယ်။ ဒီကာလလွန်ရင် လူမသိသူမသိ လွတ်နေမှာ စိုးရတယ်လို့လည်း သတိပေးတယ်။ (နှစ်ဖက်လုံးက လော်ဘီအများစုဟာ စကားပြောရင်း မျက်လုံး ဂနာမငြိမ်တာ သတိထားမိတယ်။)
တနေ့တော့ အသိတယောက်ကို သီချင်းပဲ နားထောင်ပါလို့ ပြောပြီး သူ့ဖုန်းမှာ app တခု ထည့်ပေးတယ်။ နားထောင်ဖို့ သီချင်းလည်း နမူနာ ဖွင့်ပြတယ်။ လဘက်ရည် ဖျော်တဲ့လူလိုပဲ ချိုဆိမ့်လေး ရွေးပေးတယ်။ ကိုဗဒင်ရဲ့ "နေရာ" သီချင်းတွေကို ပိုးဒါလီ သိန်းတန် ပြန်ဆိုတာ။ ကိုဗဒင်ရဲ့ စာသားက ကဗျာဆန်တယ်။ ပိုးဒါလီ အသံက အေးတယ်။ တေးဂီတက Iron Cross ။ တပုဒ်လောက် နားထောင်ပြီးတဲ့အခါ သူက မေးတယ်။ "ဝေလ သီချင်းတွေ မကြိုက်ဘူးလား" တဲ့။
"သူ့သီချင်းတွေ ကောင်းပါတယ်၊ အဲဒီလို လိုင်းမျိုး နားထောင်ချင်တဲ့အခါ နားထောင်ဖြစ်ပါတယ်" လို့ ပြန်ဖြေရတယ်။ အော်၊ အဖိုးကြီးကြိုက်ကို သူ မကြိုက်ပါလား လို့ တွေးရင်း ငယ်ငယ်က ကြားဖူးတာလေး သတိရပြီး ပြုံးမိတယ်။ ငယ်သူငယ်ချင်းတယောက်ရဲ့ အဖေ၊ စက်ချုပ်တယ်။ တချို့က "အဲလူက လူတမျိုးကွ။ ဘုန်းကြီး တရား မနာဘဲ၊ သီလရှင် တရား နာသတဲ့" လို့ ပြောတယ်။ အခုတော့ အဲဒီဦးလေးကို ကျွန်တော် နားလည်သွားပြီ။ ကိုယ်ချင်းစာတတ်ပြီ။ တရားနာချင်ပေမယ့် နူးညံ့မှုကိုလည်း သူလိုချင်တယ်။ အသက်အရွယ်ကလည်း နူးညံ့သိမ်မွေ့တာတွေကို ပိုစိတ်ဝင်စားသင့်ပြီလေ။
၆။ သီချင်းကောင်းတွေ တမ်းတသူ -
ကျွန်တော့အပါက ABM ကျောင်းထွက်၊ Choir leader ပါ။ ဒါပေမယ့် ကျွန်တော့ကို ဆယ်တန်း မအောင်ခင် ဂစ်တာ ဝယ်မပေးဘူး။ အဲဒီအချိန်က အနီးအနားက ဂစ်တာတီးတဲ့ လူငယ်တွေဟာ လမ်းဘေး အုတ်ခုံမှာ ညနက်အောင် သီချင်းဆိုတယ်။ ဆံပင်ရှည် ထားတယ်။ ဆေးလိပ်​သောက်တယ်၊ အရက်​သောက်တယ်။ ဒါတွေ အပါ မြင်တယ်။ စိုးရိမ်တယ်။ ဆလိုင်းတင်မိုးရဲ့ အရှိုရာပြည့် သီချင်းခွေ ထွက်လာတော့ အပါ ကြိုက်တယ်။ ကက်ဆက် ဝယ်ချင်လာတယ်။ ရှားရှားပါးပါး အရှို သီချင်းလေးတွေ နားထောင်ချင်တယ်။ ဒါပေမယ့် သူ နားထောင်ချင်တာက အဲဒီတခွေပဲ။ ကျန်တာက ကက်ဆက်ခွေ လောကမှာ အချစ်သီချင်းတွေက များနေတော့ အပါက ချီတုန်ချတုန်နဲ့ မဝယ်တော့ဘူး။
ကျွန်တော်တို့ငယ်ငယ်က ဇာတ်ပွဲသီချင်းတွေ ဆိုတဲ့အခါ အပါ မကြိုက်ဘူး။ ကျွန်တော်တို့ကို "ဇာတ်ရူးတွေ" တဲ့။ စကားနည်းတဲ့ အပါက တနေကုန် နေလို့ ကျွန်တော့ကို စကားတခွန်း မပြောဘူး။ တနေ့တော့ အားရဝမ်းသာ စကားတခွန်း ပြောလာတယ်။ ညက ဇာတ်က အားလပ်ချိန်မှာ ဓမ္မသီချင်းတွေ တီးတာ ကောင်းလိုက်တာ" တဲ့။ ပွဲကြည့် ပရိတ်သတ်တွေက အားလပ်ချိန်မှာ လှုပ်လှုပ်ရွရွနဲ့ ဆိုတော့ သီချင်းသံကို သိပ်နားထောင်ဖြစ်ကြမယ် မထင်ဘူး။
ဇာတ်ပွဲမကြိုက်တဲ့ အပါက မြတ်မြတ်နိုးနိုး နားထောင်တယ်။ အဲဒီဇာတ်နာမည် သူ မှတ်မိတယ်။ "စိန်မဟာ သဘင်" တဲ့။ စိန်မဟာသဘင်က ဦးကက်နက်စိန်ရဲ့ သားများဖြစ်တဲ့ မောင်ရဲစိန်၊ ညီဝင်းစိန်တို့ ကတယ်။ ဦးကက်နက်စိန်က မစ်ရှင် ကျောင်းထွက် ဖြစ်ပုံရတယ်။ တေးဂီတကတော့ ကရင်ဂီတသမားတွေ ဖြစ်မယ် ထင်တယ်။ ကြားချင်တဲ့ သီချင်းအမျိုးအစားကို ကြားခွင့်ရတာ အပါ့အတွက် တကယ် ကြည်နူးစရာပါ။ ဇာတ်ပွဲမှာ လိုက်တီးရသူဖြစ်ပေမယ့်၊ နာမည်မကြီး လူသိမများပေမယ့် ငြိမ့်ညောင်းတဲ့ တေးသီချင်းတွေကို တီးခတ်ခဲ့သူတွေဟာ ကျေးဇူးတင်စရာပါ။ လူတွေကို စိတ်အေးချမ်းသွားစေလို့ ဂီတ တာဝန်ကြေတယ်လို့ ဆိုချင်တယ်။ (သူတို့ သားမြေးတွေကို ဘုရားသခင် ကောင်းကြီးပေးပါစေ။) သီချင်းနဲ့ တေးဂီတကို တကယ် မြတ်နိုးသူတွေ ရှိတယ်။ package တွဲပေးတဲ့ ဆံပင်ပုံ၊ အဝတ်အစားနဲ့ တက်တူးတွေကို အီနေတယ်။ သူတို့က ဂီတ အနုပညာကိုပဲ ကြိုက်တယ်။ အပ်ချည်လုံးတွေ မကြိုက်ဘူး။ လျှော့ကြပါ။
၇။ နောင်လာမယ့် သီချင်းများ။
ဒီကပ်ကာလလွန်ရင် ဘာသီချင်းတွေ ကြားရမလဲ။ တချို့က ကြေကွဲနေတယ်။ တချို့ နာကြည်းနေတယ်။ သစ္စာဖေါက်ခံရသူတချို့ဟာ ဘယ်သူကိုမှ မယုံတော့ဘူး။ တချို့ အားငယ်နေတယ်။ ဒဏ်ရာတွေကို ကုစားဖို့ လိုတယ်။ အဲဒီလူတွေအတွက် ဘာသီချင်းတွေ ကြားခွင့်ရမလဲ။
လူ့သဘာဝ ကဲချင်တာ၊ ပဲချင်တာတွေ၊ စိတ်ဝင်စားအောင် စတန့်ထွင်ပြချင်တာတွေကို အပိုတွဲပေးဦးမှာလား။ ဒါမှမဟုတ် ဒုက္ခကြုံခဲ့ရတဲ့သူတွေကို နှစ်သိမ့်တဲ့ သီချင်း၊ အားပေးတဲ့ သီချင်း၊ ကြည်နူးစေတဲ့ သီချင်းတွေ ပေးကြမလား။ အခုအချိန်ဟာ ပြင်ဆင် အားယူရမယ့် အချိန်ပါ။