Sunday, April 24, 2022

Spiritual or Carnal? ဝိညာဉ်လား၊ ဇာတိလား?


Dr. Jeff Fugate

Spiritual or Carnal?

by Dr. Jeff Fugate

Pastor, Clays Mill Baptist Church, Nicolasvillee, Kentucky

ဘုရားစိတ်တော်နဲ့ တွေ့ချင်တဲ့ စိတ်မျိုးရှိကြဖို့ ဆုတောင်းပေးပါတယ်။ ဘုရားက ပြုပြင်၊ လမ်းပြတဲ့ အခါ နားထောင်တတ်ဖို့ လိုတယ်။ ပြုပြင်၊ သွန်သင်တာကို မကြိုက်တာက အထဲက မိုက်မဲတဲ့ ဇာတိသဘောကြောင့် ဖြစ်ရတယ်။ ကိုယ့်အမှားကို ထောက်ပြတာ ကြားရင် အထဲက ပုန်ကန်ချင်တဲ့ စိတ်ကလည်း ထလာတတ်တယ်။ ပုန်ကန်ချင်တဲ့ စိတ်သဘောကို လက်ဝါးကားတိုင်မှာ ရိုက်ထားဖို့ လိုတယ်။ ဝိညာဉ်လူတွေ ဖြစ်ဖို့ ဘုရားသခင် မ-စပါစေ။
ဇာတိကို အခွင့်ပေးရင်း ကျင့်သားရမှာ စိုးရတယ်။ ဆိုရှယ်မီဒီယာကလည်း ဇာတိစိတ်ကို အားပေးနေတာ စိုးရိမ်စရာ ကောင်းတယ်။
"အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ ကလေးသူငယ်တို့အား၎င်း ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဖွယ်စားဖွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ။ နို့ကိုသာ တိုက်ရ၏။ ယခုပင် သင်တို့သည် မကြေနိုင်ကြသေး။ ယခုပင်လည်း ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိသည်ဖြစ်၍ သင်တို့သည် ဇာတိပကတိလူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။ တယောက်က ငါသည် ပေါလုတပည့်ဖြစ်သည်ဟူ၍၎င်း၊ တယောက်က ငါသည် အာပေါလု တပည့်ဖြစ်၏ ဟူ၍၎င်း အသီးသီးပြောကြလျှင် ဇာတိပကတိလူ ဖြစ်ကြသည် မဟုတ်လော။" ၁ ကော ၃: ၁- ၄
သခင်ယေရှုခရစ်ကို ကိုယ့်ရဲ့ကယ်တင်ရှင်အဖြစ် လက်ခံသူတိုင်းဟာ Saved sinners ကယ်တင်ခြင်းခံရတဲ့ အပြစ်သားတွေ ဖြစ်တယ်။ တခါတလေ ကယ်တင်ခြင်းကို နားလည်လွဲတတ်တယ်။
"အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။ " - ရောမ ၅: ၁၂။
လူဆိုးတွေ ကောင်းလာဖို့အတွက် ကယ်တင်ခြင်းရဖို့လိုတယ် လို့ တချို့ ထင်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ ကယ်တင်ခြင်းက သူ့ကို ကောင်းအောင် လုပ်ပေးတာကိုး။ ဒါပေမယ့် ကယ်တင်ခြင်းဆိုတာ အဲဒါကို ပြောတာ မဟုတ်ဘူး။ လူအားလုံးက မွေးကတည်းက အပြစ်သားပါ။ အပြစ်လုပ်လို့ အပြစ်သား ဖြစ်တာ မဟုတ်ဘူး။ အပြစ်သားမို့ အပြစ်လုပ်မိတာပါ။ လူ့သဘာဝက အပြစ်လုပ်ချင်တယ်။ ကယ်တင်ခြင်းက ဘုရားက လက်ခံတယ်။ ဘုရားသားဖြစ်တယ်။ ဘုရားကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်။ ဒါပေမယ့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရပေမယ့်လည်း အပြစ်သားပဲ။
ရှင်ပေါလုက အပြစ်သားတွေထဲမှာ သူ အကြီးဆုံးဖြစ်ခဲ့ဖူးတယ်လို့ မပြောဘူး။ "အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏" လို့ပဲ ပြောတယ်။ - ၁ တိ ၁: ၁၅။
ဟေရှာယက ငါအကျိုးနည်းခဲ့ဖူးတယ် လို့ မပြောဘဲ၊ "ငါ အကျိုးနည်းပြီ" လို့ ပြောတယ်။ ဟေရှာယ ၆: ၅။
ပေတရုက ကျွန်တော် အပြစ်များခဲ့ဖူးတယ် လို့ ပြောတာ မဟုတ်ဘဲ၊ "အကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏။" လို့ ပြောတယ်။ လုကာ ၅: ၈။
သားတော်ဘုရားမပါဘဲ ဘုရားသခင်ရှေ့မှာ ကျွန်တော်တို့ ကောင်းကွက် တကွက်မှ မရှိဘူး။ ဒါကို နားလည်ရင် ဘုရားသခင်က ဘယ်လို၊ ဘာတွေ လုပ်ပေးတယ် ဆိုတာ သိပြီး ကျေးဇူးတော် ချီးမွမ်းလာလိမ့်မယ်။ ကိုယ်က ဘာ၊ ဘာတွေ လုပ်နိုင်တယ် ဆိုတဲ့ မာနတွေ ထားမှာ မဟုတ်ဘူး။ ကယ်တင်ခြင်းရလို့ ဝမ်းသာတယ်။ ဒါပေမယ့် ဘယ်လိုလူဖြစ်လို့၊ ဘာတွေလုပ်လို့ ဆိုပြီး ကယ်တင်ခြင်း ရတာ မဟုတ်ဘူး။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းရတယ်။ မထိုက်တန်တာကို ဘုရား ပေးတယ်။ ကျေးဇူးနဲ့ သနားကရုဏာကို ပေးတယ်။ ဆိုလိုတာက ထိုက်တန်လို့ မဟုတ်ဘူး။ သနားလို့ ပေးတာ။
ကျွန်တော်တို့ကိုယ်စား ကာရာနီ လက်ဝါးကားတိုင်မှာ ကိုယ်စားအသေခံပေးတယ်။ တခါတလေ ကျွန်တော်တို့ အလုပ်ချိန်မှာ တခြားတယောက်က အလုပ် ဝင်ဆင်းပေးတာမျိုး။ သူတပါးအတွက် အလုပ်ဝင်လုပ်ပေးရတာမျိုး ရှိတတ်တယ်။ သခင်ယေရှုက ကျွန်တော်တို့ ကိုယ်စား ဝင်လုပ်ပေးရုံမျှမက လုပ်ခ အကျိုးအမြတ်ကိုလည်း ကျွန်တော်တို့ကို ပေးတယ်။ လူတွေရဲ့အပြစ်အတွက် ကားတိုင်မှာ ပေးဆပ်တယ်။ ပြီးမှ အကျိုးရလာဒ်ကို ကျွန်တော်တို့ကို ခံစားစေတယ်။ ကျွန်တော်တို့က ဘယ်လိုလူ၊ ဘယ်လိုဖြစ်လို့ ကယ်တင်ခြင်းရတာမျိုး မဟုတ်ဘူး။ ကျေးဇူးပြုတယ်၊ သနားလို့ ကယ်တယ်။ အခုတော့ ကောင်းကင်ဘုံ ရှင်ဘုရင်ရဲ့ သားသမီး ဖြစ်ခွင့်ရတယ်။
ကျွန်တော်တို့ ရောက်နိုင်တဲ့ နေရာ ၃ နေရာ ရှိတယ်။
၁။ ဒုတိယ မွေးခြင်း မခံရသေးဘူး။ လက်ဆောင်ဖြစ်တဲ့ ထာဝရအသက်ကို လက်မခံရသေးဘူး။ သခင်ယေရှုကို ကိုယ့်ရဲ့ကယ်တင်ရှင်အဖြစ်နဲ့ အားမကိုးရသေးဘူး။ ပျောက်ဆုံးနေတဲ့သူ၊ အကျိုးနည်းနေတဲ့သူ၊ မာရ်နတ်အတွက် ပြင်ထားတဲ့ မရဏာနိုင်ငံကို ဆင်းရမယ့်သူ ဖြစ်နေတယ်။
၂။ ကယ်တင်ခြင်းရပြီ။ ဒါပေမယ့် ဇာတိလူ ဖြစ်နေတယ်။ ကယ်တင်ခြင်းရပေမယ့် ဝိညာဉ်လူ မဖြစ်သေးဘူး။ တချို့က ဇာတိလူ ဖြစ်နေတယ်။ ဘုရားကတော့ ဝိညာဉ်သဘော ရှိစေချင်တယ်။ ဇာတိခရစ်ယာန် မဖြစ်စေချင်ဘူး။
၃။ ကယ်တင်ခြင်း ရပြီ၊ ဝိညာဉ်လူလည်း ဖြစ်ပြီ။ သန့်ရှင်းသော ဝိညာဉ်တော်က လူ့စိတ်ထဲမှာ ဘုရားရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် ဘုရားသားဖြစ်ဖို့ ဝိညာဉ်တော်အားဖြင့် လှုပ်ရှားစေတယ်။ သခင်ယေရှုရဲ့ အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်တယ်။ ဝိညာဉ်တော်က နေစရာ မရှိလို့ လာနေတာမျိုး မဟုတ်ဘူး။ အထဲမှာ အလုပ်လုပ်ဖို့ လာနေတယ်။ Save ကယ်တင်ရုံသာ မဟုတ်ဘူး။ Seal တံဆိပ်ခတ်တယ်။ Secure လုံခြုံမှုလည်း ပေးတယ်။ သန့်ရှင်းစင်ကြယ်စေတယ်။ အဓိပ္ပါယ်က လောကအညစ်အကြေးထဲက ခွဲထုတ်ထားတယ်။ သူနဲ့ တူစေချင်တယ်။
၁ ကော ၃: ၁၆ မှာ ဇာတိခရစ်ယာန်တွေကို မေးခွန်းတခု မေးထားတယ်။ "သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။"
တနည်းပြောရရင် ကျွန်တော်တို့က ဘုရားသခင် ကျိန်းဝပ်ဖို့ ဆောက်ထားတဲ့ အိမ်ဖြစ်တယ်။ ကယ်တင်ခြင်းရပြီ။ ဝိညာဉ်တော် ကျိန်းဝပ်နေပြီ။ ဝိညာဉ်တော် ကျိန်းဝပ်ရခြင်း အကြောင်းရင်း ရည်ရွယ်ချက် ရှိတယ်။ ခရစ်တော်နဲ့ ပိုတူလာဖို့ အသက်တာကို ပြုပြင်ပေးဖို့ ဖြစ်တယ်။ ဝိညာဉ်လူဖြစ်ဖို့ ဝိညာဉ်တော်က ကူညီနိုင်တယ်။ ကယ်တင်ခြင်းရတာနဲ့ ဝိညာဉ်လူ တန်းမဖြစ်ဘူး။ ဝိညာဉ်တော် ကျိန်းဝပ်ပြီးတော့မှ ဝိညာဉ်သဘောရှိတဲ့ ခရစ်ယာန်တွေ ဖြစ်ဖို့  အစွမ်းသတ္တိပေးတယ်။ ဝိညာဉ်လူ ဖြစ်ချင်စိတ် ရှိရမယ်။ ဝိညာဉ်တော်ရဲ့ အလိုကို လက်ခံတတ်ရမယ်။ နားထောင်ရင် ဝိညာဉ်လူ ဖြစ်မယ်လို့ ကျမ်းစာက သွန်သင်တယ်။
ဝိညာဉ်သဘောရှိတဲ့ ခရစ်ယာန်က အနည်းဆုံး အလုပ် ၂ ခု လုပ်တယ်။ ပထမအချက်က ဝိညာဉ်တော် ဦးဆောင်မှုကို လိုက်နာတယ်။ ဒါက (နတ်ပူးသလို) ကတုန်ကရင် ဖြစ်လာတယ်လို့ ပြောတာ မဟုတ်ဘူး။ ဝိညာဉ်တော်ရဲ့ ဓါးဟာ နှုတ်ကပတ်တော် ဖြစ်တယ်။ ဝိညာဉ်တော်ရဲ့  ဦးဆောင်မှုကို ခံယူရင် ကျမ်းစာအတိုင်း လုပ်ချင်လာတယ်။ ဝိညာဉ်လူ ဖြစ်လာတယ်။ ကျမ်းစာက မလုပ်နဲ့ဆိုရင် မလုပ်ဘူး။ ကျမ်းစာအတိုင်း အသက်ရှင်ချင်လာတယ်။ ဝိညာဉ်သဘောရှိသူဟာ ခရစ်တော်ရဲ့ စိတ်သဘောရှိသူ ဖြစ်တယ်။ ခရစ်တော်လို စဉ်းစားတယ်။ နေ့တိုင်း ဆုံးဖြတ်စရာတွေကို ခရစ်တော်လို တွေးလာတယ်။ အိမ်ထောင်ရေးမှာ၊ အိမ်ထောင် ဦးဆောင်တဲ့အခါ၊ သားသမီး ထိန်းကျောင်းတဲ့အခါ၊ အသင်းတော် တာဝန်တွေ လုပ်ဆောင်တဲ့အခါ၊ အလုပ်ထဲမှာ တာဝန်ထမ်းရွက်ရတဲ့အခါ ခရစ်တော်လို တွေးလာတယ်။ ဝိညာဉ်တော် ဦးဆောင်မှုကို လိုက်လျှောက်လာတယ်။ အပြစ်သားဘဝကနေ ကယ်တင်ခြင်းရဖို့ ဘုရားသွေးဆောင်နေတာမျိုး မဟုတ်ဘူး။ ကယ်တင်ခြင်းရပြီး ဇာတိလူကနေ ကယ်တင်ခြင်းရပြီးတဲ့ ဝိညာဉ်လူ ဖြစ်စေချင်တယ်။
သူနဲ့ပါတ်သက်တဲ့ အရေးကြီးတဲ့အချက် ၆ ချက် ရှိတယ်။
၁။ ခရစ်တော်နဲ့ အသွေးတော်ကို ယုံကြည်ခြင်းဖြင့် ဘုရားသားသမီး ဖြစ်ရတယ်။ အထဲမှာ ဝိညာဉ်တော် ကျိန်းဝပ်လာတယ်။
၂။ ဝိညာဉ်လူဖြစ်ဖို့ သန့်ရှင်းသော ဝိညာဉ်တော်က အစွမ်းပေးတယ်။
၃။ ဘုရားသခင်က ဝိညာဉ်လူ ဖြစ်စေချင်တယ်။
၄။ ဝိညာဉ်လူဖြစ်ဖို့ ပထမအချက်က အပြစ်သားဖြစ်တယ်၊ ဆက်ပြီးတော့ အပြစ်သား ဖြစ်နေဦးမယ်။ ဒါပေမယ့် ဘုရားကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်လို့ နားလည်ရမယ်။
ကျွန်တော်ဆိုရင် ဘုရားကျောင်း အသိုင်းအဝိုင်းမှာပဲ တသက်လုံး ကျင်လည်ခဲ့တယ်။ ဒါပေမယ့် ဘုရားက ကျွန်တော့အပေါ်မှာ အလုပ်လုပ်နေတုန်းပဲ။ ကိုယ်တော်နဲ့ မတူမချင်း ကျွန်တော့အပေါ်မှာ ဘုရား ဆက်အလုပ်လုပ်နေမယ်။
၅။ ဝိညာဉ်လူဖြစ်ဖို့ မလွယ်ဘူး။ ပုံမှန် ရုန်းကန်ရတယ်။ ဒီအချက်ကို စဉ်းစားကြည့်ဖို့ လိုတယ်။ တခါတလေ ပြောမိမယ်။ "ငါ စိတ်ပျက်လာပြီ။ အမြဲတမ်း ရုန်းကန်နေရတယ်။ မှန်တာလုပ်ဖို့၊ ကောင်းတာ လုပ်ဖို့၊ ဝိညာဉ်သဘောရှိဖို့ တချိန်လုံး ကြိုးစားနေရတယ်။" လို့ ပြောမိမယ်။ အဲဒီလိုမျိုး ရှင်ပေါလုလည်း ကြုံခဲ့ရတယ်။ သူ့အထဲမှာရှိတဲ့ မကောင်းတဲ့စိတ်နဲ့ ကောင်းတာလုပ်ချင်တဲ့ စိတ်အကြောင်းကို ပြောပြတယ်။ ကောင်းတာလုပ်ချင်ပေမယ့် မလုပ်ဖြစ်ဘူးလို့ ခဏခဏ ‌ပြောတယ်။ "ထိုသို့ကောင်းသောအကျင့်ကို ငါ ကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။ သို့သော်လည်း ငါ့ကိုယ်အဂ်ါများ၌ ရှိသောတရားတပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြန်တွန်းလှန်သဖြင့် ငါ့ကိုယ်အဂ်ါများ၌ရှိသော အပြစ်တရားလက်သို့  ငါ့ကို ဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။" - ရောမ ၇: ၂၁၊ ၂၃။
ဘုရားအမှုတော်ဆောင်ချင်သူတွေလည်း ရှင်ပေတရုလို ဖြစ်တတ်တယ်။ ခရစ်တော်အတွက် အသက်ပေးချင်စိတ် ရှိပေမယ့် နောက်လမှာ တနာရီတောင် အချိန်ယူ ဆုတောင်းဖို့ မလုပ်နိုင်တော့ဘူး။ ဘုရားအမှုဆောင်ချင်ပေမယ့် တခါတလေ ကိုယ့်အခြေအနေမှာ ကြေနပ်နေတယ်။ ဒီလိုရုန်းကန်ရတာ ကိုယ်တယောက်တည်းတော့ မဟုတ်ဘူး။ ခရစ်တော်နဲ့ တူချင်သူတိုင်း အားလုံး ရုန်းကန်ရတယ်။ ဘာကြောင့်လဲဆိုတော့ အထဲမှာ လူဟောင်းရှိနေတယ်။ အပြစ်လုပ်တဲ့သဘောကို ကားတိုင်မှာ ရိုက်ထားဖို့ လိုတယ်။ ဆာလံဆရာက "အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မယ်။ နိုးသောအခါ ပုံသဏ္ဍန်တော်အားဖြင့် အကျွန်ုပ်ကို ပြည့်စုံရပါလိမ့်မည်။" - ဆာလံ ၁၇: ၁၅။
"ကိုယ်မဖြစ်နိုင်တာကို ကြိုးစားနေရတာ မောပြီ။ ဒါကြောင့် ကိုယ်နေတတ်သလိုပဲ နေတော့မယ်" လို့  တချို့ ပြောကြတယ်။ ဒါက ဘာနဲ့တူလဲ ဆိုတော့ "လေးလမ်းသွား လမ်းမပေါ်မှာ တနာရီ ၅၅ မိုင်နှုန်းနဲ့ မောင်းနေတာ မောပြီ။ တနာရီ မိုင် ၉၀ နှုန်းနဲ့ မောင်းချင်တယ်" လို့ ပြောတာနဲ့ တူတယ်။ အဲဒီလိုမောင်းရင် အဖမ်းခံရမှာပေါ့။ တချို့အမျိုးသမီးတွေ ပြောတတ်တယ်။ "ကျွန်မ ဒီအဝတ်အစားတွေ ဝတ်ပြီးတော့ Standard နဲ့အညီ နေရတာ၊ ကြာတော့လည်း ကိုယ့်စိတ်နဲ့ကိုယ် မဟုတ်ဘူး" လို့  ပြောကြတယ်။ မှန်ပါတယ်။ အဲဒါ ခင်ဗျားစိတ် မဟုတ်ဘူး။ ကိုယ့်စိတ်နဲ့ကိုယ် နေချင်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဘုရားသားသမီးဖြစ်တယ်။ ကိုယ့်စိတ်ကို လက်ဝါးကားတိုင်မှာ ရိုက်ထားရမယ်။
ရှင်ပေါလုက "အကြောင်းမူကား ငါသည် ကိုယ်ကျင့်သောအကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကို မကျင့်။ ရွံ့ရှာဖွယ်သော အကျင့်ကို ကျင့်၏။" - ရောမ ၇: ၁၅။
တချိန်တုန်းက ရေဒီယို အင်တာဗျူးတခု ဖြေရတယ်။ စစ်တပ်ထဲက လိင်တူကိစ္စ ဖြစ်တယ်။ မေးတဲ့အမျိုးသမီးက "သူတို့က မွေးကတည်းက အဲလို မွေးလာတာ မဟုတ်ဘူးလား" လို့ မေးတယ်။ မွေးကတည်းက စိတ်တိုတတ်၊ ဒေါသထွက်တတ်သူတွေ ရှိတယ်။ ရန်ဖြစ်ကြရင် သူတို့က အဲလို မွေးလာတာပဲ လို့ ပြောရင် ပညာမဲ့တာပေါ့။
ခရစ်ယာန်တယောက်က "ငါ ဒီလို ဟန်ဆောင်နေရတာ မောပြီ။ အဲဒီတော့ လူဟောင်းအတိုင်းပဲ အသက်ရှင်မယ်" လို့  ပြောရင် ဒါဟာ ပညာမဲ့တာပါ။ ကျမ်းစာက ပြောတယ်။ ဇာတိသဘောဟာ သေခြင်းတရား ဖြစ်တယ်။ ဝိညာဉ်လူအဖြစ် အသက်ရှင်ဖို့ ရုန်းကန်ရတယ်။ ဒီလို ရုန်းကန်ရတာ ဘယ်တော့မှ ပြီးမလဲ? သေမှပဲ ပြီးမယ်။ သေရင်တော့ ခရစ်တော်နဲ့တူတဲ့ ခရစ်ယာန် ဖြစ်ရပြီ။
တချို့လည်း ကျမ်းစာကို ဦးထိပ်ထားတဲ့ Fundamental ဖန်ဒမင်တဲလ် အသင်းတော်ထဲက ထွက်ပြီး Walmark အသင်းတော်တွေ၊ 7/11 အသင်းတော်တွေမှာ ပါဝင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအသင်းတော်တွေက သူတို့ကို ဘာဖိအားမှ မပေးဘူး။ ကယ်တင်ခြင်းရပေမယ့် ဇာတိသဘောနဲ့ အသက်ရှင်နေတယ်။ အများစုက performer လို့ခေါ်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေတယ်။ တချို့က စနေည ဘားတွေမှာ တူရိယာ တီးခတ် ဖျော်ဖြေတယ်။ နောက်တနေ့ တနဂ်နွေနေ့မှာ တော့ ဘုရားကျောင်းမှာ တူရိယာ တီးခတ်ပြန်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွမ်းကျင်တဲ့ ဂီတပညာရှင်တွေ ဖြစ်လို့ပါ။ ဝိညာဉ်လူဖြစ်ဖို့ ရုန်းကန်ရတယ်။ ကြိုးတော့ကြိုးစားပေမယ့် မအောင်မြင်ဘူးလို့ ပြောတတ်ကြတယ်။ ရှင်ပေါလုလည်း ဒီလိုပဲ ပြောတယ်။ ဒါပေမယ့် ပြန်ကြိုးစားတယ်။ "ဟန်ဆောင်နေရတာ ပင်ပန်းတယ်။ အဲဒိုလို မနေချင်ဘူး" လို့  မပြောပါနဲ့။ ကိုယ်ဘယ်သူလဲ ဆိုတာ အရေးမကြီးဘူး။ ကိုယ်နေချင်သလို နေဖို့ မဟုတ်ဘူး။ ကိုယ်နေချင်သလို မနေဘဲ ထိန်းချုပ်တာကမှ Character ကိုယ့်ကျင့်တရားပါ။ မှန်တဲ့အရာ၊ လုပ်သင့်တာကို လုပ်တာဟာ Character ကိုယ်ကျင့်တရားပါ။ ရိုးသားမှုဆိုတာ ကိုယ်လုပ်သင့်တာ၊ မှန်တဲ့အရာကို တလောကလုံးက ကြည့်-ကြည့်၊ မကြည့်-ကြည့်၊ လုပ်တာမျိုး ဖြစ်တယ်။ မှန်လို့၊ လုပ်ဖို့လိုလို့ လုပ်ရတာပါ။
၆။ ဝိညာဉ်လူဖြစ်ဖို့ တိုက်တွန်းချင်တယ်။ ခရစ်တော် တွေးသလို တွေးဖို့ လိုတယ်။ "ခရစ်တော်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌ ရှိစေကြလော့။" - ဖိလိပ္ပိ ၂: ၅။ ဝိညာဉ်လူဆိုတာ ဘယ်လိုလူလဲ? ဘုရားခိုင်းရင် ကိုယ်ကြိုက်-ကြိုက်၊ မကြိုက်-ကြိုက် လုပ်တဲ့သူပါ။ အလိုတော်ကို ဆောင်တယ်။ တခါတလေ ကိုယ်မကြိုက်တာ လုပ်ရတာလည်း ရှိမယ်။ ဝိညာဉ်သဘောရှိတယ် ဆိုတာ ကိုယ်လုပ်ချင်တာတွေ နေ့တိုင်းလုပ်တာ မဟုတ်ဘူး။ ဝိညာဉ်သဘောက ဘုရားခိုင်းတာ လုပ်တယ်။ ဒါကို ရှင်ပေါလုက "ပြုအပ်သော ဝတ်" လို့ ပြောတယ်။ - ရောမ ၁၂: ၁။
တချိန်က မာနတ်ရဲ့ မရဏာနိုင်ငံ သွားမယ့် လမ်းကြောင်းပေါ်မှာ ရှိခဲ့တယ်။ ဒါပေမယ့် ဘုရားသားတော်က ကားတိုင် အသေခံပြီး အပြစ်ကြွေး ဆပ်တယ်။ အခု ကောင်းကင်ဘုံရှင် ဘုရားသခင်ရဲ့ သားသမီး ဖြစ်ရတယ်။ ကိုယ့်နာမည်လည်း သိုးသူငယ်ရဲ့ အသက်စာစောင်မှာ ရေးပေးထားပြီ။ အခုအချိန်မှာ သခင်ယေရှုခရစ်တော်ရဲ့ အမွေခံဖြစ်တယ်။ ကောင်းကင်ဘုံမှာ နေစရာ အခန်းရပြီ။ ဘုရားအလိုတော်အတိုင်း လုပ်မယ်လို့ ပြောတတ်ဖို့ လိုတယ်။ ဝိညာဉ်သဘောရှိသူက ဘုရား ဘာလုပ်ပေးခဲ့တယ်၊ နေ့တိုင်း ဘာဆက်လုပ်ပေးနေတယ် ဆိုတာ ရိပ်မိတယ်။ ဝိညာဉ်သဘောရှိသူက ဘုရားစိတ်တော်နဲ့ တွေ့ချင်စိတ် ရှိတယ်။ ဇာတိလူက သူလုပ်ခဲ့တဲ့ အမှားတွေအတွက် စိတ်မကောင်းဖြစ်တယ်။ ဝိညာဉ်လူကလည်း ဒီအချက်ကို ရိပ်မိတယ်။ "ငါသည် ငြိုငြင်သောသူ ဖြစ်ပါသည်တကား။" လို့ ရှင်ပေါလုက ဆိုတယ်။ - ရောမ ၇: ၂၄။
ဇာတိလူက သူလုပ်ခဲ့တဲ့ အမှားတွေအတွက် စိတ်မကောင်းဖြစ်တယ်။ ဝိညာဉ်လူကတော့ သူ့အမှားတွေအတွက် ထိခိုက်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်း ဖြစ်နေတယ်။ "ကိုယ်တော်၊ အဲဒီလူတွေနဲ့  ပေါင်းမိတာ မှားသွားပြီ၊ သူတို့နဲ့ မပေါင်းသင့်ဘူး" လို့  သူ ဆုမတောင်းဘူး။ ဝိညာဉ်လူက "ကျွန်တော် မှားခဲ့တယ်" လို့ပဲ ပြောတယ်။ ဇာတိလူကတော့ သူ့ကိုယ်သူ လူကောင်းတယောက်လို စိတ်ထဲ ခံစားချင်စိတ်တွေ ပေါ်နေတယ်။ ဝိညာဉ်လူကတော့ သူကိုယ်တိုင်ဟာ အပြစ်သားဖြစ်နေသေးတယ်။ ခရစ်တော်နဲ့ တူချင်တယ်။ ဇာတိလူကတော့ လူ့အမြင်မှာ အနေသာချင်တယ်။ အကောင်းဖြစ်စေချင်တယ်။ ဝိညာဉ်လူက ဘုရားသခင်ရှေ့မှာ မျက်နှာသာ ရချင်တယ်။
"အို ဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့  အကျွန်ုပ် လိုက်သည်၊ မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။" - ဆာလံ ၁၃၉: ၂၃၊ ၂၄။
ဇာတိလူက ကောင်းဖို့ ကြိုးစားတယ်။ ဝိညာဉ်လူက နားလည်ဖို့ ကြိုးစားတယ်။ သူဖြစ်သင့်သလောက် မဖြစ်သေးဘူးဆိုတာ သိဖို့ ကြိုးစားတယ်။ ရှေ့ဆက် ကြိုးစားနေတုန်းပဲ။
လူက ပရောဖက်ရှင်နယ် ဂေါက်သီးရိုက်သမားတယောက် ဖြစ်ချင်တဲ့အခါ အကောင်းဆုံး ‌ဂေါက်သီးရိုက်သမားလို ဖြစ်ချင်တယ်။ ပရောဖက်ရှင်နယ် ဘတ်စကက်ဘောသမားတယောက် ဖြစ်ချင်တဲ့အခါ အကောင်းဆုံး ‌ဘတ်စကက်ဘောသမားနဲ့ တူချင်တယ်။ သန်းကြွယ်သူဌေးဖြစ်ချင်ရင် သန်းကြွယ်သူဌေးတွေအကြောင်း ဖတ်လာတယ်။ လူတယောက်က ခရစ်ယာန်ဖြစ်ချင်ချိန်မှာတော့ ဘာကြောင့် လမ်းဘေးကလူထက် နဲနဲပဲသာတဲ့လူ ဖြစ်ချင်ရတာလဲ?
ကျွန်တော် ကောလိပ်ကျောင်းတက်တုန်းက မိုက်ကယ်လ် ဂျော်ဒန်ဟာ အကောင်းဆုံး ဘတ်စကက်ဘော ကစားသမားပါ။ သူစီးတဲ့ ရှူးဖိနပ်မျိုး ဝယ်စီးဖူးတယ်။ ဘာကြောင့်ဝယ်လဲဆိုတော့ အဲဒီဖိနပ်က သူနဲ့လိုက်တာ ကျွန်တော် တွေ့လို့ပါ။ ကျွန်တော်လည်း အကောင်းဆုံး ဘတ်စကက်ဘော ကစားသမား ဖြစ်ချင်တဲ့ ဆန္ဒလည်း ရှိတယ်။ ဒါပေမယ့် ဖိနပ်က ကျွန်တော့ကို မကူညီနိုင်ဘူး။ ခရစ်တော်နဲ့ တူချင်လည်း ဒီလိုပါပဲ။
ဇာတိလူက အပြစ်ကို မြင်တယ်။ ဝိညာဉ်လူက အပြစ်လုပ်စေတဲ့ အကြောင်းရင်း ဗီဇကို မြင်တယ်။ ဇာတိလူက အောင်မြင်ချင်တယ်။ ပန်းတိုင်ရောက်ချင်တယ်။ ဝိညာဉ်လူကတော့ ပန်းတိုင်ကို ပြေးနေတုန်းပဲ။
"ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သော ဆုကို ရခြင်းငှါ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။" - ဖိလိပ္ပိ ၃: ၁၄။
ဇာတိလူက သူ့ကို သူတပါးနဲ့ နှိုင်းယှဉ်တယ်။ သူများထက် ပိုကောင်းတဲ့အလုပ်တွေ လုပ်ဖို့ စဉ်းစားတယ်။ ဝိညာဉ်လူကတော့ သူ့ကိုယ်သူပဲ နှိုင်းယှဉ်တယ်။ ခရစ်တော်နဲ့ ပိုတူချင်လာတယ်။ ဇာတိလူက တခြားသူတွေကို ဝေဖန်တယ်။ ဝိညာဉ်လူကတော့ တခြားလူတွေ ဝိညာဉ်ရေးကြီးထွားလာရင် သဘောကျတယ်။ အသိအမှတ်ပြုတယ်။ ဇာတိလူက ပန်းတိုင်ကို ဦးထိပ်ထားပြီး သူ့ဘာသာသူ ကြိုးစားတယ်။ ဝိညာဉ်လူကတော့ ဘုရားကို ဦးထိပ်ထားပြီး ဝိညာဉ်သဘောနဲ့ အသက်ရှင်တယ်။ ဘုရားကျောင်းသွားပြီး "ဆရာ၊ သိသမျှ ကျွန်တော်တို့ကို အကုန်သင်ပါ။ လိုက်လျှောက်မယ်" လို့  ဆိုတယ်။
ဇာတိလူက သူ့လိုအပ်ချက်ရယ်နဲ့ သူချစ်တဲ့လူတွေရဲ့ လိုအပ်ချက်အတွက်ပဲ အစေစားခံတယ်။ အဓိက ထားတယ်။ ဝိညာဉ်လူကတော့ ခရစ်တော်ရဲ့ မေတ္တာနဲ့ သူမသိတဲ့ တခြားလူတွေရဲ့ လိုအပ်ချက်တွေအတွက် အစေစားခံတယ်။ ဇာတိလူက သူ့မိသားစု ကယ်တင်ခြင်းရတာ မြင်ချင်တယ်။ စိတ်လှုပ်ရှားမယ်။ သူ့မိဘတွေ။ ညီအကိုမောင်နှမ၊ မိတ်ဆွေတွေ Born again ဖြစ်တာ၊ ဘုရားသားဖြစ်တာ မြင်ချင်မယ်။ ဝိညာဉ်လူကတော့ သူ့မြို့ကလူရှိသမျှ၊ ပြည်နယ်တိုင်းက၊ နိုင်ငံတိုင်းက သူမသိတဲ့ လူအားလုံးကို ကယ်တင်ခြင်း ရစေချင်တယ်။ ဇာတိလူက သူ ကောင်းကောင်းလုပ်တဲ့အခါ ဆုရချင်တယ်။ သူနဲ့ထိုက်တန်တဲ့အရာကို လိုချင်တယ်။ ဝိညာဉ်လူကတော့ သူထိုက်တန်တာထက် ဘုရားသခင်က သူ့ကို ပေးပြီးသားဆိုတာ ရိပ်မိတယ်။ ဇာတိလူက သူ့ကို ဦးဆောင်တဲ့သူတွေကို စိတ်ဝင်စားတယ်။ ဝိညာဉ်လူကတော့ ခရစ်တော်နဲ့တူဖို့ စိတ်ဝင်စားတယ်။ ဒါကြောင့် ခရစ်တော်နဲ့တူတဲ့သူတွေရဲ့နောက်ကိုသာ လိုက်လျှောက်တယ်။ ဇာတိလူက သူ့နောက်မှာ ဘယ်သူတွေရှိသလဲလို့ ကြည့်တယ်။ ဝိညာဉ်လူကတော့ သူ့ရှေ့မှာ ဘယ်သူတွေ ရှိသလဲ? ဘာတွေ သင်ယူလို့ရသလဲ လို့ ကြည့်တယ်။
ဇာတိလူက သူ့ကို စိတ်တို၊ ဒေါသထွက်အောင် လုပ်တဲ့သူကို မြင်တယ်။ ဝိညာဉ်လူကတော့ သူ့ကို မကောင်းကြံတဲ့လူရဲ့ နောက်မှာရှိတဲ့ မာနတ်ကို သတိထားမိတယ်။ ဝိညာဉ်လူက ဒါဟာ ဝိညာဉ်ရေး စစ်ပွဲဖြစ်တယ်။ မာနတ်က ခရစ်တော်ရဲ့ စိတ်မျိုး မရှိဘဲ လုပ်နေတယ် လို့  သတိထားမိတယ်။ ဇာတိလူကတော့ သူ့အပြစ်ကို ခွင့်လွှတ်စေချင်တယ်။ ဝိညာဉ်လူကတော့ သူ့ကို ရှုံးနိမ့်စေတဲ့ အဲဒီအပြစ်တွေနဲ့ ဘယ်လိုဝေးဝေးနေမလဲ ရှာကြံတယ်။ ဝိညာဉ်လူက သူ့ကိုယ်သူ ပြည့်စုံတယ်လို့ မထင်ဘူး။ ခရစ်တော်နဲ့ပဲ တူချင်နေတယ်။ သူ့အပြစ်အတွက် နောင်တရတယ်။ နေ့တိုင်း ဘုရားသခင်ရှေ့မှာ ဆေးကြောဖို့ တောင်းခံတယ်။ သန့်ရှင်းစေတယ်။
အထောက်အကူပြုမယ့် အချက် ၄ ချက် ရှိပါတယ်။
၁။ ဘုရားသခင်နဲ့ အတူ လျှောက်လှမ်းရမယ်။ နှုတ်ကပတ်တော် နေ့တိုင် ဖတ်ရမယ်။ ဒါမှ ခရစ်တော်ရဲ့ စိတ်သဘောနဲ့ တူလာမယ်။ ကျမ်းစာမဖတ်ဘဲ ခရစ်တော်ရဲ့ စိတ်သဘောမျိုး ရှိမလာဘူး။ ဆုတောင်းတယ်ဆိုတာ ဘုရားသခင်နဲ့ စကားပြောရုံမျှသာ မဟုတ်ဘူး။ ရှေ့တော်မှောက် တိုးဝင်ပြီးတော့ ကျွန်တော်တို့မှာ ဘာလိုသလဲလို့ ဘုရားသခင်ကို မေးတယ်။ ကျွန်တော်တို့ စိတ်နှလုံးကို ဘုရားသခင် စကားပြောစေတယ်။
၂။ အမှုတော်မှာ ပါဝင်ပါ။ တခြားသူတွေကို ကူညီဖို့ ဘုရားအမှုတော်မှာ ပါဝင်ဖို့ လိုတယ်။
၃။ ဇာတိလူကို စံမတင်ပါနဲ့။ အတုမယူနဲ့။ ချောက်ကမ်းပါးမှာ ရပ်တာ ပျော်စရာ မဟုတ်ဘူး။ ဆံပင်တွေ စည်းကျော်ပြီး လွင့်နေတာ မကောင်းဘူး။ အဝတ်အစားတွေ စည်းကျော်ပြီး လွင့်နေတာ ပျော်စရာ မဟုတ်ဘူး။ အပြုအမူတွေကလည်း စည်းကျော်ပြီး အသက်ရှင်နေတာ မကောင်းဘူး။ စကားတွေလည်း ဘောင်ကျော် ပြောနေတာ မှန်တဲ့ကိစ္စ မဟုတ်ဘူး။ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ အေးဆေးပါ လို့ပြောလို့ မရဘူး။ ဒါဟာ ပုန်ကန်တာပါ။ စည်းဘောင်ကျော်သူတွေနဲ့ အတူတွဲလို့ မရဘူး။
ဇာတိသဘောရှိတဲ့သူက ကိုယ့်ကို ဦးဆောင်တာမျိုး၊ နည်းပေးလမ်းပြ လုပ်တာမျိုး မဖြစ်သင့်ဘူး။ ဝိညာဉ်သဘောရှိတဲ့သူက ဘုရားအလိုတော်အတိုင်းပဲ သွားချင်တယ်။ လူတချို့ လုပ်တတ်တယ်။ သူတို့ ဘာလုပ်သင့်တယ် ဆိုတာကို တခြားသူတွေက မပြောပြကြလို့  ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ရတယ် လို့ ပြောကြတယ်။ ဒါပေမယ့် သူ့တို့သဘောကျ လုပ်လိုက်ရလို့ မှားသွားတယ်လို့  ပြောပြတာသာ ဖြစ်တယ်။ ဒါက သိပ်မှား၊ သိပ်မိုက်ရာ ကျတယ်။ "ဘာလုပ်ရမယ်လို့ ဘယ်သူမှ မပြောဘူးလေ။ ဘယ်ဆရာကမှ မပြောကြဘူး။ အဲတော့ ကျွန်တော် လုပ်ချင်သလိုပဲ လုပ်လိုက်တယ်။" အဲဒီလို ပြောသူတွေ သန်းနဲ့ချီပြီး ရှိတယ်။ အဲလိုလူတွေ ပြုပြင်ဖို့ လိုတယ်။ ကိုယ်သဘောနဲ့ကိုယ် နေသူတွေကို ဘယ်သူမှ လာပြုပြင်မပေးဘူး။ လူတွေဟာ ကိုယ်မြင်တဲ့အရာတွေကို ပုံတူ ကော်ပီလုပ်ပြီး အသက်ရှင်ကြတယ်။
၄။ ဆက်လက်ရုန်းကန်ပါ။ ဒီတိုက်ပွဲမှာ ဆက်လက်ရပ်တည်ဖို့ လိုတယ်။ ခရစ်တော်နဲ့ မတူမချင်း ကြေနပ်နေလို့ မရဘူး။ ရှေ့ဆက်ကြိုးစားရမယ်။ ရှေ့ဆက်အလုပ် လုပ်ရဦးမယ်။ ကိုယ်အောင်မြင်ချင်သလောက် မအောင်မြင်တဲ့ အချိန်တွေ၊ ရှုံးနိမ့်သွားတဲ့ အချိန်တွေလည်း ရှိမယ်။ အဲဒီအချိန်မျိုးတွေမှာ "ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ် လဲသော်လည်း ထဦးမည်။" - သုတ္တံ ၂၄: ၁၆ ကို သတိရပါ။ ကိုယ်က ဇာတိလူ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် "ကြိုးစားရတာ မောပြီ။ ပင်ပန်းပြီ။ ကိုယ်မဟုတ်တဲ့ လူမျိုးဖြစ်အောင်လုပ်ရတာ ပင်ပန်းပြီ" လို့  ပြောတတ်တယ်။ ကိုယ်မဟုတ်တဲ့ လူမျိုးဖြစ်အောင် ကြိုးစားပါ။ ခရစ်တော်နဲ့ တူအောင် ကြိုးစားပါ။