Showing posts with label Dr. Curtis Hutson. Show all posts
Showing posts with label Dr. Curtis Hutson. Show all posts

Saturday, May 9, 2015

Lordship Salvation? A Perversion of the Gospel By Dr. Curtis Hutson အခြားသော ဧဝံဂေလိ


Dr. Curtis Hutson

 သခင်အဖြစ် ဝန်ခံမှ ကယ်တင်ခြင်း ရမယ်ဆိုတဲ့ အခြားသော ဧဝံဂေလိ

“လူနှင့်မစပ်ဆိုင်၊ လူ၏အခွင့်မရှိဘဲလျက်၊ ယေရှုခရစ်၏အခွင့်နှင့်၄င်း၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေတော်မူသော ခမည်းတော်ဘုရား၏ အခွင့်နှင့်၄င်း၊ တမန်တော်ဖြစ်သောငါပေါလုမှစ၍၊ - ငါ့ထံမှာရှိသော ညီအကိုအပေါင်းတို့သည် ဂလာတိပြည်၌ရှိသော အသင်းတော်များကို ကြားလိုက်ပါ၏။ - သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရားထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌   ရှိပါစေသော။ - ထိုသခင်သည် ငါတို့အဘတည်းဟူသော ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆိုးညစ်သော ဤပစ္စုပ္ပန်ဘဝမှ ငါတို့ကို ကယ်နှူတ်ခြင်းငှါ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကိုကိုယ် အပ်ပေးတော်မူ၏။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက် မြန်မြန်ခွါ၍ သင်တို့သည် အခြားသောဧဝံဂေလိတရားကို ခံယူကြသောကြောင့် ငါသည် အံ့ဩခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံဂေလိတရားကို မှောက်လှန်ချင်သောသူအချို့ ရှိကြ၏။ - သို့သော်လည်း သင်တို့အား ငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန် ဟောပြောသော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကို ခံစေ။ - တဖန်တုံ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို တစုံတယောက်သောသူသည် ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကို ခံစေဟု ငါတို့ဆိုခဲ့ပြီးသည့်အတိုင်း ယခု ငါထပ်၍ ဆိုသေး၏။” ဂလာတိ ၁း ၁-၉
“သခင်အဖြစ် ဝန်ခံမှ ကယ်တင်ခြင်းရမယ်” လို့ သွန်သင်တာဟာ ခရစ်ယာန်တွေကို နားလည်မှု ရှုပ်ထွေးစေတယ်။ အဲဒီဆရာတွေက “သခင်ယေရှုကို သခင်အဖြစ် ဝန်ခံမှ ကယ်တင်ခြင်းရမယ်” လို့ ဆိုတယ်။ “သခင်ယေရှုကို သခင်အဖြစ် လက်မခံဘဲ ကယ်တင်ရှင်အဖြစ် လက်မခံနိုင်ဘူး။ သခင်ယေရှုဟာ ကိုယ့်အသက်တာရဲ့ သခင်မဖြစ်ရင် ကယ်တင်ခြင်း မရဘူး။” လို့ ဆိုကြတယ်။

ကျမ်းစာကတော့ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။” လို့ပဲ ပြောပါတယ်။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ့်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ့်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။” ဧဖက် ၂း ၈-၉

ဒါပေမယ့် “သခင်အဖြစ် ဝန်ခံမှ ကယ်တင်ခြင်းရမယ်” လို့ သွန်သင်သူတွေကတော့ “သခင်ယေရှုကို ယုံကြည် အားကိုးရုံနဲ့ မပြီးဘူး။ ကယ်တင်ခြင်းရဖို့ သခင်အဖြစ်ပါ ဝန်ခံ အသက်ရှင်မှ ရမယ်” လို့ ဆိုပါတယ်။ ဒီလို သွန်သင်တာဟာ ဘုရားကျေးဇူးတော်ကို အဓိပ္ပါယ်မဲ့သွားစေတယ်။ ဒါကို ကျမ်းစာက “အခြားသောဧဝံဂေလိ” လို့ ခေါ်ပါတယ်။

ဧဝံဂေလိတရားမဟုတ်တဲ့ အခြားသောဧဝံဂေလိ

“ခရစ်တော်၏ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက် မြန်မြန်ခွါ၍ သင်တို့သည် အခြားသောဧဝံဂေလိတရားကို ခံယူကြသောကြောင့် ငါသည် အံ့ဩခြင်းရှိ၏။”  အငယ် ၆။

ရှင်ပေါလုက ဘုရားသခင်ရဲ့ ကျေးဇူးတော် ဧဝံဂေလိတရားနဲ့ အခြားသောဧဝံဂေလိတရားကို နှိုင်းယှဉ်ပြပါတယ်။ အခြားသောဧဝံဂေလိတရားရဲ့ အဓိပ္ပါယ်ကို ဖွင့်မပြဘူး။ “ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ …..” (အငယ် ရ) အခြားသောဧဝံဂေလိကို ဟောတာဟာ လူတွေကို နှေက်ယှက်တာပါ။ ဘုရားရဲ့ ကျေးဇူးတော်ဧဝံဂေလိတရားကို မှောက်လှန်တာပါ။ ဒါကြောင့် အငယ် ၈ မှာ ပြင်းပြင်းထန်ထန် ပြောပါတယ်။ “သင်တို့အား ငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသော ဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန် ဟောပြောသော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကို ခံစေ။”

အငယ် ၉ မှာ ထပ်ပြောပါတယ်။ “သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတပါး အခြားသော ဧဝံဂေလိတရားကို တစုံတယောက်သောသူသည် ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကို ခံစေဟု ငါတို့ဆိုခဲ့ပြီးသည့်အတိုင်း ယခု ငါထပ်၍ ဆိုသေး၏။”

“ခရစ်တော်ရဲ့ ကျေးဇူးတော် ဧဝံဂေလိတရားနဲ့ ခွါပြီး အခြားသောဧဝံဂေလိတရားကို ခံယူကြတဲ့အတွက် မင်းတို့ကို ငါမယုံနိုင်လောက်အောင် ဖြစ်ရ၊ အံ့ဩရတယ်ကွာ” လို့ ရှင်ပေါလုက ပြောပါတယ်။ “အခြားသော ဧဝံဂေလိ” ရဲ့ အဓိပ္ပါယ်ကို ဖွင့်ပြမထားဘူး။ ဒါကြောင့် အလားတူ အဓိပ္ပါယ်ရတဲ့ ကျမ်းချက်တွေနဲ့ ရှင်းပြပေးပါမယ်။

ခရစ်တော်ရဲ့ ကျေးဇူးတော် ဧဝံဂေလိတရားက တမျိုးတည်း ဖြစ်ပါတယ်။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။” ဆိုတဲ့ ကျမ်းချက်ကို ဆန့်ကျင်တာကတော့ “အခြားသော ဧဝံဂေလိ” ပေါ့။ ခရစ်တော်က ကိုယ်စားအသေခံပေးလို့ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရတယ်လို့ ပြောပြီးမှ အကျင့်တခုခု ထပ်ပေါင်းရဦးမယ်လို့ ပြောရင် ပြောတဲ့သူဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော် ဧဝံဂေလိတရားကို ဆန့်ကျင်တဲ့သူပါပဲ။

“ကျေးဇူးတော်အားဖြင့် ရှိလျှင်၊ ကိုယ်ကျင့်သော အကျင့်အားဖြင့် မရှိ။ ရှိလျှင် ကျေးဇူးသည် ကျေးဇူး မဟုတ်။ ကိုယ်ကျင့်သော အကျင့်အားဖြင့် ရှိလျှင် ကျေးဇူးအားဖြင့် မရှိ။ ရှိလျှင် ကိုယ်ကျင့်သော အကျင့်သည် အကျင့် မဟုတ်။” - ရောမ ၁၁း ၆

ကယ်တင်ခြင်းရတာဟာ ကျေးဇူးတော်နဲ့ အကျင့် ပေါင်းလို့ ရတာမဟုတ်ဘူး။ ကျေးဇူးတော် (သို့) အကျင့် တခုခု ကြောင့်သာ ဖြစ်ရပါမယ်။
လူအများစုက “ကျေးဇူးတော်” ကို ကောင်းကောင်း နားမလည်ဘူး။ ကျေးဇူးတော် ဆိုတာက ငရဲသွားထိုက်တဲ့ အပြစ်သားကို ထိုက်တန်လို့ မဟုတ်ဘဲ၊ ကောင်းလို့မဟုတ်ဘဲ ရောက်ခွင့်ပေးတာ၊ ဘုရားက ကျေးဇူးပြုတာဖြစ်တယ်။
ကယ်တင်ခြင်းကို ရှုပ်ထွေးနေသူတွေ ရှိတယ်။ “ကောင်းကင်ကို ဘယ်လို ရောက်နိုင်သလဲ” လို့ လူ ၁၀ ယောက်ကို မေးကြည့်ပါ။ အဖြေ ဆယ်မျိုး ရပါလိမ့်မယ်။ တခုမှ မမှန်တဲ့ ဆင်တူရိုးမှား အဖြေတွေပေါ့။

အားလုံးကိုခြုံကြည့်ရင် ကယ်တင်ခြင်းနဲ့ပတ်သက်လို့ ဘာသာတရားအားလုံးရဲ့ သွန်သင်ပုံစနစ် (၂)မျိုးပဲရှိပါတယ်။ တမျိုးက ကိုယ့်ကိုကိုယ် ကယ်တင်ခြင်း။ နောက်တမျိုးက ဘုရားသခင်က လူကို ကယ်တင်ခြင်းပါပဲ။ လူတွေက -ကယ်တင်ခြင်းမရောက်ခင် ကိုယ်တိုင်ပြောင်းလဲမှ၊ ပြုပြင်မှ၊ ဒါမှမဟုတ် အသက်တာသန့်ရှင်းလာမှ ကယ်တင်ခြင်း ရောက်မယ်လို့ ဆိုကြတယ်။ ပညတ်တော် (၁၀)ပါးစောင့်ထိန်းဖို့ ဂတိသစ္စာထားပြီး ကိုယ်ကိုကိုယ် ပြန်ကယ်ချင်ကြတယ်။ စက္ကရီမင့် (၇)ခု လက်ခံရခြင်းအားဖြင့်၊ ဒါမှမဟုတ် နာခံခြင်းအားဖြင့် ကိုယ်ကိုကိုယ် ကယ်ချင်ကြတယ်။ အချို့က အပြုအမူ၊ အကျင့်အားဖြင့် ကိုယ်ကိုကိုယ် ပြန်ကယ်ဖို့ သွန်သင်တယ်။ သခင်အဖြစ်ဝန်ခံမှ လို့ သွန်သင်သူတွေကလည်း သခင်ယေရှုကို အသက်တာမှာ သခင်အဖြစ် ဝန်ခံခြင်းအားဖြင့်သာ ကိုယ့်ကိုကိုယ် ကယ်တင်တယ်လို့ သွန်သင်နေကြတယ်။

“ငါသည် ခရစ်တော်၏ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။” (ရောမ ၁း ၁၆) ဘယ်သူတွေကို ကယ်တင်သလဲ။ အကျင့်ကျင့်တဲ့သူတွေကိုလား။ မဟုတ်ပါဘူး။ ယုံကြည်သူတွေကိုပါ။

ဧဝံဂေလိတရားနဲ့ပတ်သက်ပြီး လုပ်နိုင်တာတခုတည်းကတော့ ယုံကြည်ဖို့ပါပဲ။ ဧဝံဂေလိတရား ဆိုတာ “သခင်ယေရှု လောကကို ကြွလာတယ်။ ကျွန်တော်တို့ အပြစ်တွေအတွက် ကျွန်တော်တို့ ကိုယ်စား ကားတိုင်မှာ ဘယ်လိုအသေခံတယ်၊ သဂြိ ုင်္လ်ပြီး ရှင်ပြန်ထမြောက်တယ်”ဆိုတဲ့ သတင်းကောင်းပါ။

ဧဝံဂေလိတရားနဲ့ သမ္မာတရားကို မရောထွေးလိုက်ပါနဲ့။ ဧဝံဂေလိတရားဟာ သမ္မာတရားပါ။ ဒါပေမယ့် သမ္မာတရားအားလုံးဟာ ဧဝံဂေလိတရားမဟုတ်ဘူး။ သခင်ယေရှုဟောခဲ့တဲ့ သမ္မာတရားတချက်ကို ဟောသင့်တယ်ထင်လို့ ကျွန်တော်ဟောပါတယ်။ ဒါပေမယ့် အဲဒါ ဧဝံဂေလိတရားမဟုတ်ဘူး။ မရဏာနိုင်ငံဆိုတာ သတင်းကောင်းမဟုတ်ဘူး။ သတင်းဆိုးပါ။ တရားစီရင်ခြင်းအကြောင်း ကျွန်တော်ဟောတဲ့အခါ သမ္မာတရားကို ဟောတာပါပဲ။ ဒါပေမယ့် ဧဝံဂေလိတရား မဟုတ်ဘူး။ ဒါပေမယ့် သခင်ယေရှုက အပြစ်သားတွေကိုချစ်တယ်။ အပြစ်သားရဲ့ အပြစ်ကြွေးကိုပေးဆပ်ဖို့ အပြစ်သားရဲ့ကိုယ်စား အသေခံခဲ့တယ်။ အသေခံပေးဆပ်ခဲ့တာ ဘုရားသခင်က ကျေနပ်လို့ သဂြိ ုင်္လ်ပြီး ၃-ရက်မြောက်တဲ့နေ့မှာ ထမြောက်စေတယ်လို့ ဟောရင် ဧဝံဂေလိတရား ဟောတာပါပဲ။

အသက်ကြီးတဲ့ တရားဟောဆရာတပါးက လူငယ်တရားဟောဆရာ တစုကို ပြောဖူးပါတယ်။ စင်မြင့်ပေါ်က မဆင်းခင် လူငယ်သင်းအုပ်တယောက်က “ဆရာ မသွားခင် အကြံပေးစကားတခွန်းလောက် ပြောပေးပါဦး”လို့ မေးပါတယ်။ ဆရာကြီးက ခဏစဉ်းစားပြီးတော့ - - - “ငါ့ညီတို့ လူတွေ ကယ်တင်ခြင်း ဘယ်လိုရောက်နိုင်တယ်ဆိုတာ ရှင်းအောင်ဟောကြ” လို့ ဆိုပါတယ်။

တရားဟောဆရာများစွာဟာ ဧဝံဂေလိတရားကို မွှေနှောက်ကြတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ရေဟာ ကျောက်သလင်းလို ကြည်လင်ရမယ်။ တရားဟောဆရာတွေက ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ အကျင့်ကို ရောပစ်ကြတဲ့အခါ ကျွန်တော့စိတ် အနှောင့်အယှက်ဖြစ်တယ်။ ရှင်ပေါလုက “ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ။” ရှင်ပေါလုရဲ့လေသံက ပြင်းပါတယ်။ ဒါပေမယ့် ဒါဟာ ဧဝံဂေလိတရားကို မှောက်လှန်နေတဲ့ တရားဟောဆရာတွေ အပေါ်မှာထားတဲ့ ဘုရားသခင်ရဲ့စိတ်တော်ပါပဲ။ ရှင်ပေါလုက အခြားသော ဧဝံဂေလိတရားကိုဟောရင် ကောင်းကင်တမန်ပင်လျှင် အကျိန်ခံရပါစေတဲ့။

ဘာသာရေးသမားတွေက ဧဝံဂေလိတရားမှာ တခုခုကို ပေါင်းထည့်ချင်ကြတယ်။ ကယ်တင်ခြင်းရဖို့ ဘုရားသခင်ကို အကူအညီပေးချင်ကြတယ်။ ကယ်တင်ခြင်းရဖို့ မကူနိုင်ဘူးဆိုရင်တောင် ကယ်တင်ခြင်းမဆုံးရှံုးဖို့ ကိုယ်ကိုကိုယ် ထိန်းသိမ်းချင်တတ်တယ်။

အာဒံနဲ့ဧဝဟာ အဝတ်အချည်းအစည်းကို ဖုံးကွယ်ဖို့ သင်္ဘောသဖန်းရွက်တွေကို ချုပ်စပ်ပြီး ခါးစည်းလုပ်ခဲ့တယ်။ တခုခုမှားမှန်းတော့ သူတို့သိပါတယ်။ ဘုရားသခင်ကြွလာတော်မူတော့ ဘုရားသခင် ေ့ရှတော်မှာ မှန်ကန်ဖို့ ကြိုးစားတယ်။ မကြွလာခင်မှာတော့ သင်္ဘောသဖန်းရွက် ဘာသာရေးကလေးနဲ့ ပျော်လို့၊ ရွှင်လို့၊ ကြေနပ်လို့။ ပြီးတော့မှ သင်္ဘောသဖန်းရွက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ပြေးပုန်းကြတယ်။ ဘုရားသခင်က သူတို့ကိုခေါ်ပြီး အပြစ်မဲ့တဲ့ တိရိစ္ဆာန်ကလေးကိုသတ်။ (ခရစ်တော်် ကိုယ်စားအသေခံပေးတာကို ပုံဆောင်ပါတယ်။) သားရေကိုယူပြီးတော့ သူတို့အတွက် ဝတ်လုံလုပ်ပေးတော်မူတယ်။ သူတို့ဖာသာ သူတို့လုပ်တဲ့ သင်္ဘောသဖန်းရွက်တရွက်နဲ့ ပစ်မထားဘူး။ ကယ်တင်ခြင်းဟာ ထာဝရဘုရားကြောင့်ပါ။

အာဒံနဲ့ဧဝဟာ သင်္ဘောသဖန်းရွက်နဲ့ အခြားတယောက်ယောက်ကို တွေ့ဝံ့ပေမယ့် ဘုရားသခင်ကိုတော့ ရင်မဆိုင်ရဲဘူး။
ကိုယ့်ဘာသာတရားနဲ့ လူတွေကို ရင်ဆိုင်ရဲချင် ရဲမယ်။ အနန ္တတန်ခိုးရှင် ဘုရားသခင် ေ့ရှတော်မှာတော့ ရပ်ရဲမှာမဟုတ်ဘူး။ ဘုရားသခင်က သားတော်ကို ကားတိုင်မှာတင်။ သင့်အပြစ်များကို ကိုယ်တော့အပေါ်မှာတင်။ အပြစ်ရဲ့အခ မရဏာနိုင်ငံမှ သင့်ကိုကယ်တင်နိုင်ဖို့ သားတော်ရင်းအပေါ်မှာ အမျက်တော် သွန်းလောင်းတော်မူခဲ့ပါတယ်။

ဘုရားသခင်ေ့ရှတော်မှာ သင့်ရဲ့သင်္ဘောသဖန်းရွက် ဘာသာတရားနဲ့ ရပ်ရဲမလား။ သမ္မာကျမ်းစာထဲမှာ ခရစ်တော်ကို တပိုင်းတစယုံကြည်သူအတွက် ဘာဂတိတော်မှ မရှိဘူး။ အခြားဘာကိုမှ မကိုးစားဘဲ ခရစ်တော်တပါးတည်းကိုသာ အားကိုးရမယ်။

သခင်အဖြစ်ဝန်ခံမှ ကယ်တင်ခြင်းရောက်မယ်လို့ သွန်သင်နေသူများက “ကယ်တင်ခြင်းရမယ့် အချိန်မှာ အသက်တာကို သခင်ခရစ်တော်ရဲ့ ထိန်းချုပ်ခွင့်မပြုရင် သင်ကယ်တင်ခြင်းမရသေးဘူး”လို့ ဆိုကြတယ်။

ကယ်တင်ခြင်းရဖို့ ခရစ်တော်ကို သခင်အဖြစ် ဆက်ကပ်မှုရှိရမလား။

သခင်အဖြစ်ဝန်ခံမှလို့ သွန်သင်သူတွေက ကယ်တင်ရှင်နဲ့ သခင်ကို မခွဲတတ်ဘူး။ “သခင်အဖြစ် လက်မခံရင်၊ ကယ်တင်ရှင်အဖြစ် လက်မခံံနိုင်ဘူး။ ယေရှုခရစ်တော်ကို သင့်အသက်တာရဲ့ သခင်အဖြစ် လက်မခံထားရင် ကယ်တင်ခြင်းမရဘူး” လို့ ဆိုကြတယ်။ ဒါပေမယ့် သူတို့ကိုမေးကြည့်ရင် သူတို့အသက်တာမှာ သခင်ယေရှုဟာ သူတို့ရဲ့သခင်မဖြစ်တာ တွေ့ရပါလိမ့်မယ်။

သခင်အဖြစ်ဝန်ခံမှလို့ သွန်သင်သူတယောက်ကို “ခင်ဗျား သခင်ယေရှုကို သခင်အဖြစ် ကိုးစားကတည်းက သခင်ယေရှုဟာ ခင်ဗျားရဲ့သခင် အမြဲဖြစ်နေခဲ့သလား။” “ခင်ဗျား ကယ်တင်ခြင်း ရကတည်းကစပြီး၊ သခင်ခရစ်တော်ဟာ ခင်ဗျားရဲ့သခင် မဖြစ်ခဲ့တဲ့အချိန်ရှိသလား။”လို့ မေးတော့ ချက်ချင်းဘဲ သူက “အင်းပေါ့၊ ကိုယ်တော်က အမြဲတမ်းသခင်ပါပဲ။ ဒါပေမယ့် မနာခံတဲ့အချိန်တွေတော့ ရှိတာပေါ့။” လို့ ဖြေပါတယ်။

မနာခံရင် သခင်မဖြစ်တော့ဘူး။ သခင်ယေရှုက ထိန်းချုပ်နေတာမဟုတ်ဘူး။ ကိုယ့်ကိုကိုယ် ထိန်းချုပ်နေတာပါ။ “ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကို သခင်၊ သခင်ဟု အဘယ့်ကြောင့် ခေါ်ကြသနည်း။”  (လုကာ ၆း ၄၆) စကားနားမထောင်ဘဲ သခင်၊ သခင်လို့ခေါ်တာ ေ့ရှနောက်မညီဘူး။ သခင်ယေရှုဟာ သူ့သခင် မဖြစ်တာကို အဲဒီလူ နားလည်သွားတဲ့အခါ၊ “ဟို - - ကယ်တင်ခြင်းရဖို့ သခင်ယေရှုကို သခင်အပြည့်အဝ ဖြစ်နေမှလို့ ကျွန်တော်မပြောပါဘူး။ ဒါပေမယ့် ကယ်တင်ခြင်းရချိန်၊ ကယ်တင်ရှင်အဖြစ် အားကိုးချိန်မှာ သခင်ဘုရားရဲ့ ထိန်းချုပ်ခံချင်စိတ်ရှိရမယ် လို့ ပြောတာပါ” - -  တဲ့။

ကယ်တင်ခြင်းရဖို့ သခင်ယေရှုဟာ ကိုယ့်ဘဝရဲ့ သခင် အပြည့်အဝဖြစ်နေဖို့ စိတ်စေတနာ ရှိရမယ်ဆိုရင် သူမနာခံမယ့်အချိန်၊ စေတနာမရှိမယ့်အချိန်တွေ ရှိမလာအောင် ဘယ်လောက်ကြာကြာ စောင့်နေနိုင်မလဲ။

ကယ်တင်ခြင်းရောက်ဖို့ လမ်း ၂ လမ်းမရှိဘူး။ တမျိုးက ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ရောက်ရင်ရောက်။ နောက်တမျိုးက ယုံကြည်ဆက်ကပ်သောအားဖြင့် ကျေးဇူးတော်ကြောင့် ရောက်ရင်ရောက်ပေါ့။ သမ္မာကျမ်းစာကတော့ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်၊ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်၊ သို့ဖြစ်၍ အဘယ်သူမျှဝါကြွားစရာအခွင့်မရှိ။” (ဧဖက် ၂း ၈၊ ၉)  ဒီကျမ်းချက်က ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ရောက်ရတယ်လို့ဆိုရင်၊ ယုံကြည်ဆက်ကပ်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းမရောက်တော့ဘူး။ ယုံကြည်ခြင်းမှာ တခုခု ထပ်ပေါင်းထည့်နေရင် မရောက်တော့ဘူး။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်သာ ရောက်ပါတယ်။

မိတ်ဆွေက - - - “ Dr. Hutson  ခင်ဗျား ဆက်ကပ်တာတွေကို အယုံအကြည်မရှိဘူးလား” - - ယုံပါတယ်၊ စိတ်နှလုံးအကြွင်းမဲ့ ယုံပါတယ်။ ဒါပေမယ့် ကယ်တင်ခြင်းရဖို့ မဟုတ်ဘူး။ ဆက်ကပ်တယ်ဆိုတာ ဆက်ကပ်တဲ့ နေရာအပေါ်လိုက်ပြီး မှန်နိုင်သလို၊ မှားလည်း မှားသွားနိုင်တယ်။ စိန်လက်စွပ်တကွင်းဟာ မိန်းမပျိုရဲ့လက်ချောင်းမှာ ဝတ်ထားရင် လှပါတယ်။ သူ့ကို ပိုလှစေပါတယ်။ ဒါပေမယ့် သူ့ရဲ့ဒေါက်ဖိနပ်မှာ ထားကြည့်ပါ။ စိတ်ပျက်စရာဖြစ်သွားမှာပေါ့။

သခင်ခရစ်တော်ကို သခင်အဖြစ် ဆက်ကပ်တာဟာ သိပ်ကောင်းပါတယ်။ အ့ံဩစရာပါ။ ဒါပေမယ့် ကယ်တင်ခြင်းရဖို့ မဖြစ်မနေ ဆက်ကပ်ရမယ်ဆိုရင်တော့ အရုပ်ဆိုး အကျည်းတန်သွားပြီ။ ညစ်ညမ်း ယုတ်မာသွားပြီ။ ဘုရားသခင်ရဲ့ အံ့ဩဘွယ်ကျေးဇူးတော်ကို အလကားဖြစ်သွားစေပြီ။
သမ္မာကျမ်းစာထဲမှ မဆက်ကပ်တဲ့ ယုံကြည်သူများ
မဆက်ကပ်တဲ့ ဥပမာ (၃) မျိုးပေးပါမယ်။
၁။ ကယ်တင်ခြင်းရပြီး အပြည့်အဝဆက်ကပ်ပြီးမှ ရွေ့လျော့သူများ
၂။ ကယ်တင်ခြင်းရပြီးနောက် အတော်ကြာသည့်အထိ မဆက်ကပ်ဘဲ နေတဲ့ ယုံကြည်သူများ
၃။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်ကိုးစားပြီးနောက် တသက်လုံး ဘယ်တော့မှ သခင်အဖြစ် မဆက်ကပ်တဲ့ ယုံကြည်သူများ

* ဒါဝိဒ်ဟာ ဆက်ကပ်ပြီးမှ ပျက်ပျယ်သွားသူပါ။ ဒါဝိဒ်ဟာ ကယ်တင်ခြင်းရချိန်မှာ ခရစ်တော်ကို အသက်တာရဲ့သခင်အဖြစ် ဆက်ကပ်ခဲ့ချင် ဆက်ကပ်ခဲ့ပါမယ်။ မဆက်ကပ်ဘဲလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဗာသရှေဘကို ပြစ်မှားချိန်မှာတော့ သခင်ယေရှုဟာ သူ့ရဲ့သခင်မဖြစ်ပါဘူး။ ဒီအချိန်မှာ ဒါဝိဒ်က သခင်ပါ။ ဒါဝိဒ်ဟာ ကယ်တင်ခြင်းရချိန်မှာ ခရစ်တော်ကို သခင်အဖြစ် ဆက်ကပ်ပါလိမ့်မယ်။ ဒါမှမဟုတ် မဆက်ကပ်ဘဲဲ နေချင်နေခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ဥရိယကို စစ်ပွဲထဲလွှတ်ပြီး သတ်ခဲ့ချိန်မှာတော့ သခင်ခရစ်တော်ဟာ သူ့သခင် မဖြစ်ပါဘူး။ သခင်ယေရှုဟာ ဒါဝိဒ်ရဲ့သခင် ဖြစ်ခဲ့ပါတယ်ဆိုရင်တောင် အဲဒီဆက်ကပ်မှုဟာ ပျက်သွားပြီဆိုတာ သေချာပါတယ်။ ဒါဝိဒ်ဟာ သူ့မယားပြစ်မှားပြီး၊ လူ့အသက်သတ်ချိန်မှာ ခရစ်တော်ကို သူ့ရဲ့သခင်အဖြစ် မဆက်ကပ်ပါဘူး။ တခါက ဆက်ကပ်ခဲ့ရင်လည်း ပျက်သွားပါပြီ။

ကယ်တင်ခြင်းရဖို့ သခင်ခရစ်တော်ထံ အပြည့်အဝ ဆက်ကပ်ရမယ်ဆိုရင်၊ ဒါဝိဒ်ဟာ သူပြန်ပြီး အပြည့်အဝ မဆက်ကပ်မချင်း ကယ်တင်ခြင်း ရှံုးနေမှာဘဲ။ ဒါပေမယ့် မရှံုးခဲ့ပါဘူး။ သူဆုံးရှံုးတာက “ကယ်တင်ခြင်းနဲ့ဆိုင်တဲ့ ဝမ်းမြောက်ခြင်း” ပါ။ (ဆာလံ ၅၁ ၁၂) သူက “ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ ပေးသနားတော်မူပါ။” လိို့ ဆုတောင်းပါတယ်။ “အို ထာဝရဘုရား၊ ကိုယ်တော်ဟာ ကျွန်တော့အသက်တာမှာ သခင်မဖြစ်ခဲ့လို့ ကယ်တင်တော်မူပါ” လို့ ဆုမတောင်းခဲ့ပါဘူး။

ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရောက်ပြီးနောက်၊ ခရစ်တော်ထံ သခင်အဖြစ်ဝန်ခံ ဆက်ကပ်ပြီးမှ ပျက်ပြယ်သွားတဲ့ နောက်ပုဂ္ဂိုလ်တယောက်က - - နောဧ ပါ။ “နောဧမူကား ထာဝရဘုရား၏ စိတ်တော်နှင့် တွေ့သောသူ ဖြစ်သတည်း။” (ကမ္ဘာ ၆း၈) နောဧ ကယ်တင်ခြင်းရပါတယ်။ သူဟာ ကယ်တင်ခြင်းရတဲ့အချိန်မှာ သခင်အဖြစ် ဆက်ကပ်ခဲ့နိုင်ပါတယ်။ ဒါမှမဟုတ် မဆက်ကပ်ခဲ့ဘဲ နေခဲ့နိုင်ပါတယ်။ ဒါပေမယ့် နောဧရဲ့သင်္ဘော မြေပေါ်တင်ချိန်မှာ နောဧ စပျစ်ရည်သောက်ပါတယ်။ စပျစ်ရည် အမူးလွန်နေချိန် သားတွေေ့ရှမှာ အဝတ်အချည်းစည်း ဖြစ်နေခဲ့ပါတယ်။ ကယ်တင်ခြင်းရချိန်မှာ နောဧဟာ သူ့အသက်တာရဲ့ သခင်ခရစ်တော်ကို ဝန်ခံဆက်ကပ်တယ်ဆိုရင်၊ သူ့ရဲ့ဆက်ကပ်မှုဟာ ပျက်သွားပါပြီ။ နောဧ စပျစ်ရည်သောက်နေချိန်မှာ ယေရှုခရစ်တော်ဟာ သူ့ကို ထိန်းချုပ်နေတယ်လို့ မဆိုနိုင်ပါဘူး။ နောဧက သူ့ကိုယ်သူ ထိန်းချုပ်နေတာပါ။ သူ့ရဲ့ အကျင့်အကြံ အပြုအမူအတွက် သခင်ဘုရားကို အပြစ်တင်လို့မရပါဘူး။

တမန်တော်ပေတရုလည်း ဆက်ကပ်ပြီးမှ ပျက်ပြယ်သွားခဲ့ရသူပါ။ “ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့် စိတ်ပျက်ကြသော်လည်း၊ အကျွနု်ပ်သည် စိတ်အလျှင်းမပျက်ပါ။” လို့ဝန်ခံခဲ့သူပါ။ ဒါပေမယ့် ရန်သူတွေနောက်ကိုလိုက်ခဲ့ပြီးနောက် စာတန်ရဲ့မီးကြောင့် ပူလောင်နေခဲ့ရပါတယ်။

ရန်သူတယောက်က “သူ့နောက်လိုက်တပည့်တယောက် ဒီမှာဟေ့” လို့ ဆိုတဲ့အခါ- - ပေတရုက “ဟင့်အင်း၊ ယေရှုကို ငါမသိဘူး။” လို့ ငြင်းပါတယ်။
အခြားတယောက်ကလည်း “ပေတရုဟာ ယေရှုရဲ့နောက်လိုက် တယောက်ပဲဟေ့” လို့ ဆိုတယ်။ ပေတရုက “မဟုတ်ဘူး။ ခရစ်တော်ကို ငါမသိဘူး။ နောက်လိုက်လည်း မဟုတ်ဘူး။” လို့ အခိုင်အမာ ငြင်းတယ်။
အမျိုးသမီးတယောက်က “ရှင်ဟာ သူ့ရဲ့တပည့်တယောက်ပါနော်၊ ရှင့်လေသံက သိသာပါတယ်ရှင်” လို့ ဆိုတယ်။ ပေတရုက “ငါ ယေရှုခရစ်ကို မသိဘူး။ သိလည်း မသိဖူးဘူး။” လို့ ကျိန်လိုက်တယ်။
သူကယ်တင်ခံရချိန်မှာ ခရစ်တော်ကို သခင်အဖြစ် ဆက်ကပ်ခဲ့ရင်တောင်၊ ငါ မသိဘူးလို့ ကျိန်လိုက်ချိန်မှာတော့ ဆက်ကပ်မှုဟာ ပျက်သွားပါပြီ။

ယောဟန် (၂၁) မှာ ပေတရုဟာ အမှုတော်ကို စွန့်ခွါသွားတယ်။ “ငါးဖမ်းသွားမည်” (အငယ် ၃) လို့ ပြောတယ်။ ဘယ်တော့မှ တရားမဟောတော့ဘူး လို့ ကြေငြာတာပါ။ နောက် ၆ယောက်လည်း သူနဲ့ လိုက်သွားကြတယ်။ လှေနဲ့အိုင်ထဲမှာ ရှိနေချိန်မှာ ဝတ်ရုံကိုချွတ်ပြီး တညလုံး ငါးဖမ်းနေတယ်။ သူကယ်တင်ခြင်းရချိန်မှာ သခင်ယေရှုကို သခင်အဖြစ် ဝန်ခံဆက်ကပ်ခဲ့ရင်တောင်မှ အခုတော့ အပြည့်အဝ မဆက်ကပ်တော့ဘူး။ အမှုတော်ကိုစွန့်လိုက်ပြီ။ တရားဟောဖို့ အားမထုတ်တော့ဘူး။ လဲနေတဲ့ သူ့စိတ်နှလုံးကို မီးအားဖြင့် နွေးထွေးဖို့ လုပ်တယ်။ တမန်တော် ၂ မှာ လူ ၃၀၀၀ ရဖို့ တရားမဟောခင်တုန်းကပေါ့။

အဲဒီလို ကယ်တင်ခြင်းရပြီးနောက် ဆက်ကပ်ပြီး ပျက်ပြယ်သွားရတဲ့ အခြား ဥပမာတွေ သမ္မာကျမ်းစာထဲမှာ အများကြီးရှိပါတယ်။

** ဆက်ပြီးတော့ ကယ်တင်ခြင်းရပြီးနောက်မှ ခရစ်တော်ထံ သူတို့ရဲ့အသက်တာကို ဆက်ကပ်အပ်နှံလာကြတဲ့ ယုံကြည်သူတွေလည်း ရှိပါတယ်။


တမန်တော် ၁၉) ထဲက အာတေမိနတ်သမီးကို ကိုးကွယ်တဲ့ ဧဖက်မြို့သားတချို့ဟာ ပြောင်းလဲခဲ့ကြတယ်။  သူတို့ဘာသာမှာ နတ်ဝိဇ္ဇာအတတ် သုံးဆောင်မှုတွေ ရှိပါတယ်။ ရှင်ပေါလုက အဲဒီမြို့မှာ ၂ နှစ် တရားဟောပြီးပြီ။ သူတို့လည်း ခရစ်တော်ကိုယုံကြည်ကြပြီ။ “ယုံကြည်သောသူအများတို့သည်လည်း လာ၍၊ မိမိတို့အကျင့်ကို ဘောာ်ပြလျက် တောင်းပန်ကြ၏။” း၁၈ ) သူတို့ထဲက အချို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ယုံကြည်ခဲ့သူတွေပါ။ “နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်သောသူ အများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ေ့ရှမှာ မီးရှို့ကြ၏။ စာစောင်အဘိုးကို ချင့်တွက်သော်၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ၏။”  း၁၉

ဒေါ်လာ ၉၃၀၀- လောက်တန်ဖိုးရှိတဲ့စာအုပ်တွေ မီးရှို့ပစ်ကြတယ်။ ခရစ်တော်ကို ကိုးစားပြီးလို့ (၂)နှစ်လောက်ရှိမှ စာအုပ်တွေ မိးရှို့ကြတာပါ။ ကယ်တင်ခြင်းရချိန်မှာ ခရစ်တော်ကို သခင်အဖြစ် ဝန်ခံ ဆက်ကပ်မှု မပြုပေမယ့် ကယ်တင်ခြင်း ရကြတယ်။

ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ကိုးစားပြီး နောက်နှစ်တွေရောက်မှ ဆေးလိပ်ဖြတ်ကြ၊ အကျင့်ဆိုးတွေရှောင်ကြတဲ့ ယုံကြည်သူတွေ အများကြီးရှိပါတယ်။ ကယ်တင်ခြင်းရပြီးမှ နောဧလို သောက်နေတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်တော်က အပြစ်ဆိုတာကို ပေါ့ပျက်အောင် ပြောနေတာမဟုတ်ဘူး။ အဲဒီယုံကြည်သူတွေရဲ့ အသက်တာမှာ သခင်ယေရှုဟာ သခင်အဖြစ်ရှိမနေတာကို  ရိုးရိုးကလေးဖော်ပြနေတာပါ။

ကယ်တင်ခြင်းရပြိး (၁)နှစ်ကြာမှ အကျင့်ဆိုးတွေ စွန့်တဲ့သူတွေလည်းရှိတယ်။  အချို့ဆိုရင် နှစ်ပေါင်းများစွာကြာမှ စွန့်တာပါ။ ဒါကြောင့် ကယ်တင်ခြင်းရချိန်မှာ ခရစ်တော်ကို သခင်အဖြစ် အပြည့်အဝ ဝန်ခံ ဆက်ကပ်ပြီး၊ ဆက်လက်အပြည့်အဝ ဆက်ကပ်နေတဲ့ ခရစ်ယာန်ဆိုတာ မရှိပါဘူး။

“သခင်အဖြစ်ဝန်ခံမှ ကယ်တင်ခြင်းရမယ်” လို့ သွန်သင်သူတယောက်က၊ ကျွန်တော့ကို ပြောတယ်။ “ကိုယ့်အသက်တာမှာ သခင်ယေရှုကို သခင်အဖြစ် ဝန်မခံရင် ကယ်တင်ခြင်းမရဘူး” တဲ့။ သူကယ်တင်ခြင်းရချိန်မှာ ခရစ်တော်ကို သခင်အဖြစ် ဝန်ခံ ဆက်ကပ်ခဲ့တယ်” တဲ့။ နောက်တော့ အဲဒီလူဟာ ခရစ်ယာန်တယောက်မဟုတ်တဲ့ အကျင့်စာရိတ္တကြောင့် သူ့ကို ခရစ်ယာန် အဖွဲ့အစည်းထဲက ထုတ်ပစ်တာ ခံရတယ်။

ကယ်တင်ခြင်းရဖို့ ပိုကောင်းအောင်လုပ်လို့ မရဘူး။ ပိုကောင်းအောင်သာ အကယ်ခံရကြတာပါ။ ကယ်တင်ခြင်းမရမချင်း ကောင်းမလာနိုင်ဘူး။ ကောင်းစရာအကြောင်းလည်း မရှိဘူး။ တမန် ၁၉ ထဲက အချို့ဟာ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ကိုးစားချိန်မှာ အပြည့်အဝသခင်အဖြစ် ဝန်ခံ ဆက်ကပ်မှုမရှိဘူးဆိုတာ တွေ့ရတယ်။ (၂) နှစ်ကြာမှသာ စာအုပ်တွေ မီးရှို့ခဲ့ကြတယ်။ (၂) နှစ်ကြာမှပါ။ အဲဒီလူတွေဟာ သခင်အဖြစ်ဝန်ခံမှ ကယ်တင်ခြင်းရောက်မယ်ဆိုတဲ့ သွန်သင်ချက်နဲ့တော့ လုံးဝဆန့်ကျင်နေပါတယ်။

*** ခရစ်တော်ကို အသက်တာတလျှောက်လုံး သခင်အဖြစ် ငြင်းပယ်ခဲ့သူတယောက်ကို ဆက်ဖေါ်ပြပါမယ်။

ဓမ္မဟောင်းကျမ်းကိုဖတ်ကြည့်ရင် လောတ ကယ်တင်ခြင်းရတယ်ဆိုတာ ယုံနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် “ထိုအခါ မတရားသောသူတို့၏ ညစ်ညူးသောအကျင့်အားဖြင့် နှောင့်ရှက်ခြင်းကိုခံရသောသူ၊ ဖြောင့်မတ်သော လောတကို ကယ်နှုတ်တော်မူ၏။ ထိုဖြောင့်မတ်သောသူသည် မတရားသောသူတို့တွင် နေစဉ်အခါ၊ သူတို့၏မတရားသော အမှုများကို နေ့တိုင်းမပြတ် မျက်စိမြင်လျက်၊ နားကြားလျက် ရှိသဖြင့်၊ မိမိဖြောင့်မတ်သောစိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲရ၏။” ၂ပေ ၂း ရ - ၈ အငယ်(၈)မှာ “ဖြောင့်မတ်သော” လို့ ၂-ခါ။ အငယ် ရ မှာ “ဖြောင့်မတ်သော လောတ” လို့ ခေါ်ထားပါတယ်။

လောတ ကယ်တင်ခြင်းရတယ်။ ဖြောင့်မတ်တယ်ဆိုတာ (၂ပေ ၂း ရ - ၈) အရ ရှင်းပါတယ်။ ဒါပေမယ့် ဓမ္မဟောင်းကျမ်းက လောတရဲ့အသက်တာကို ဖတ်ကြည့်ရင်တော့ သူကယ်တင်ခြင်းမရခင်ရော၊ ရပြီးမှရော။ ဘယ်တော့မှ ဘုရားသခင်ထံ ဆက်ကပ်မှုမရှိတာ ရှင်းနေပါတယ်။

သူ့ဦးလေး အာဗြံဟံထွက်လာတော့ သူလည်းလိုက်လာတာပဲရှိတယ်။ သူ့မှာ သိုးနွားတွေ များလာတော့ သူ့ကျွန်တွေက အာဗြံဟံရဲ့ ကျွန်တွေနဲ့ ရန်ဖြစ်ကြတယ်။ လမ်းခွဲဖို့ ဆုံးဖြတ်ကြတယ်။ အာဗြံဟံက လောတကို စိတ်ကြိုက်အရင်ရွေးခွင့် ပေးတယ်။ လောတက တောင်တွေကို မြော်ကြည့်တယ်။ ပြီးတော့ ရေများတဲ့ ယော်ဒန်ချိုင့်ကို မြော်ကြည့်တယ်။ သူသာ ဆက်ကပ်သူတယောက်ဖြစ်ခဲ့ရင်  - - “ဦးလေးအာဗြံဟံ၊ ကျွန်တော် ဒီက ထွက်မသွားသင့်ဘူးထင်တယ်။ ဦးလေးရဲ့နောက်ကိုသာ လိုက်ရမှာပါ။ ဦးလေးရွေးရင်လည်း၊ ဦးလေးမယူချင်တဲ့ ကျန်တဲ့အပိုင်းကိုသာ ကျွန်တော်ယူမယ်။” လို့ ပြောရမှာပါ။ ဒါပေမယ့် ရေများတဲ့ ယော်ဟန်ချိုင့်ကို ရွေးယူတယ်။ သူဟာ ဆက်ကပ်တဲ့သူ မဟုတ်ပါဘူး။

သောဒုံမြို့ကိုရောက်တော့ သောဒုံမြို့သားတွေကို “ညီအကိုတို့” လို့ ခေါ်တယ်။ ဒါလည်း မဆက်ကပ်တာပါပဲ။ ကျမ်းစာကို လက်မခံ၊ မယုံကြည်သူကို “ခရစ်တော်၌ ညီအကို” လို့ခေါ်ရင် ဆက်ကပ်သူ မဟုတ်ပါဘူး။ ဒီလို ခေါ်လိုက်ခြင်းက ကျမ်းစာနားမလည်ဘူးဆိုတာ ဖေါ်ပြနေပါတယ်။ ညီအကိုဆိုတာက ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံသူကိုသာခေါ်ပါတယ်။ ယုံကြည်လို့သာ ဘုရားသားဖြစ်တယ်။ (ယော ၁း၁၂) သောဒုံမြို့သားတွေကို ညီအကိုလို့ခေါ်ချိန်မှာ သူ့ကို ဆက်ကပ်သူလို့ ထင်သလား။

ကောင်းကင်ဘုံက ကောင်းကင်၂-ပါးရောက်လာတော့ လောတက အိမ်ထဲကို ဖိတ်တယ်။ သောဒုံမြို့သား အကြီးအငယ်တွေဟာ လောတရဲ့အိမ်ကိုဝိုင်းပြီး၊ ဆူပူအော်ဟစ်ကြတယ်။ “ထိုသူတို့နှင့် ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍၊ ငါတို့ထံသို့ထွက်စေလော့ဟု ဆိုကြ၏။” (ကမ္ဘာ ၁၉း၅) သူတို့က ကောင်းကင်ကလာတဲ့ ကောင်းကင်တမန် ၂-ပါးကို ဆက်ဆံချင်ကြသတဲ့။ ဒါကြောင့် ယောက်ျားခြင်း ဆက်ဆံတာကို (sodomy) လို့ ခေါ်စမှတ်ပြုလာတယ်။

လောတက ဘာပြောမယ်ထင်သလဲ။ “အကျွနု်ပ်၌ ယောက်ျားနှင့် မဆက်ဆံသေးသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသောအခွင့်ကို ပေးကြပါလော့။ သူတို့၌ ပြုချင်သမျှ ပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏။” တဲ့ ဒါက ဆက်ကပ်တဲ့ ခရစ်ယာန်ရဲ့ စကားလား။ လုံးဝမဟုတ်ဘူး။

လောတကို သောဒုံမြို့ကခေါ်ထုတ်ဖို့ ဘုရားသခင်က ကောင်းကင်တမန်တပါးကို စေလွှတ်ချိန်မှာ လောတနှောင့်နှေးနေတယ်။ သောဒုံက မခွါချင်ဘူး။ နောက်ဆုံးမှာ ကောင်းကင်တမန်က ကောင်းကင်က ကန့်နဲ့ မီးမိုးကျမလာခင် လောတကိုလက်ဆွဲပြီး သောဒုံမြို့က ခေါ်ထုတ်တယ်။

သူ့သားမက်တွေကိုခေါ်ထုတ်ဖို့ ကြိုးစားချိန်မှာ လှောင်ပြောင်ရယ်မောတာကို ခံရတယ်။ သူ့ရဲ့ စကားကို ရယ်ကြတယ်။

ဒါပေမယ့် သူ့အသက်တာက ပိုဆိုးလာတယ်။ ကောင်းကင်က ကန့်နဲ့မီးမိုး ကျမလာခင် သောဒုံမြို့က ထွက်ကြတယ်။ မိန်းမနဲ့ သမီးနှစ်ယောက် ပါလာတယ်။ သူ့မိန်းမက နောက်ပြန်ကြည့်လို့ ဆားတိုင် ဖြစ်ရတယ်။ လောတဟာ သမီးနှစ်ယောက်နဲ့အတူ ဂူထဲဝင်ပြီး စပျစ်ရည်သောက်တယ်။ ဂူထဲမှာ စပျစ်ရည် ရောင်းတဲ့ဆိုင် မရှိလောက်လို့၊ အဲဒီစပျစ်ရည်ဟာ သောဒုံမြို့ကမထွက်ခင် လောတယူလာတာ ဖြစ်တယ်။ စပျစ်ရည်သောက်စဉ် မှားယွင်းလို့ သမီးနှစ်ယောက်မှာ သားကိုယ်စီရကြတယ်။ လောတဟာ ခရစ်တော်ထံ မဆက်ကပ်၊ မအပ်နှံသူတယောက်ပါပဲ။ ဒါပေမယ့် သူကယ်တင်ခြင်းရတယ်ဆိုတာ (၂ပေ ၂း ရ - ၈) အရ သိနိုင်ပါတယ်။

ဒါကြောင့် (၁) ခရစ်တော်ကို ကိုးစားပြီးမှ၊ နောက်ပိုင်း ဆက်ကပ်မှု ပျက်ပြယ်သွားတဲ့ယုံကြည်သူ။ (၂) ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်ကိုးစားပြီးမှ နောက်အတော်ကြာအောင် မဆက်ကပ်တဲ့ယုံကြည်သူနဲ့ (၃) ဘယ်တော့မှ မဆက်ကပ်တဲ့ ယုံကြည်သူဆိုပြီး ၃-မျိုးတွေ့ခဲ့ရပါတယ်။ လောတက အသက်တာမှာ ခရစ်တော်ထံ ဘယ်တော့မှ မဆက်ကပ်၊ မအပ်နှံသူပါပဲ။
သခင်အဖြစ်ဝန်ခံမှ ကယ်တင်ခြင်းရမယ် ဆိုတဲ့ အယူအဆ မှားကြောင်း ချေပနေတဲ့ ကျမ်းချက်များ

“သခင်အဖြစ်ဝန်ခံမှ” ဆိုတဲ့ သွန်သင်ချက်ကို သမ္မာကျမ်းအဖြစ်အပျက်တွေ သာမက ကျမ်းချက်တွေကလည်း ကန့်ကွက်နေပါတယ်။ “ယေရှုသည် သခင်ဘုရားဖြစ်တော်မူဟု သန့်ရှင်းသော ဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်။” (၁ကော ၁၂း၃). ကယ်တင်ခြင်းမရမချင်း သန့်ရှင်းသော ဝိညာဉ်တော်ကို မရပါဘူး။ “ခရစ်တော်၏ ဝိညာဉ်ကိုမရသောသူ မည်သည်ကား ခရစ်တော်နှင့် မဆိုင်။ (ရောမ ၈း၉)  ။ သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗ အဘဟု ခေါ်တတ်သော သားတော်၏ ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင်စေလွှတ်တော်မူ၏။”  (ဂလာတိ ၄း၆) . ယောဟန် ၃း၆ မှာလည်း ယုံကြည်သူကို “ဝိညာဉ်တော်မွေးသောသူ” လို့ ခေါ်ထားပါတယ်။ ယုံကြည်သူဟာ ဝိညာဉ်တော်ရဲ့ တံဆိပ်ခတ်ခြင်းခံရတယ်။ (ဧဖက် ၄း၃၀)  သန့်ရှင်းသောဝိညာဉ်တော်မပါပဲ သခင်ယေရှုကို သခင်လို့ မခေါ်နိုင်ရင်၊ ပြီးတော့ ကယ်တင်ခြင်းရဖို့လည်း သခင်လို့ခေါ်ရဦးမယ်။ ဝိညာဉ်တော်မပါပဲလည်း ကယ်တင်ခြင်းမရဘူးဆိုရင်၊ အဲဒါ ပြဿနာပဲ။

ရောမဩဝါဒစာဟာ ကယ်တင်ခြင်းအကြောင်းရေးထားတာပါ။ ရောမ(၃) မှာ လူတိုင်း ကယ်တင်ခြင်းရဖို့ လိုတယ်လို့ ဆိုတယ်။ ဘုရားသခင်က လူကို ကြည့်တော်မူတဲ့အခါ၊ “သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည် လျှာနှင့်လှည့်စားတတ်ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုး အဆိပ်အတောက်ရှိ၏။ သူတို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသောစကားနှင့် ပြည့်ဝ၏။ သူတို့ခြေသည် လူ့အသက်ကိုသတ်ခြင်းငှါ လျင်မြန်၏။ သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲခြင်းရှိ၏။”  (ရောမ ၃း၁၃-၁၆ ) ဦးခေါင်းကနေ ခြေဖဝါးအထိ ဖေါ်ပြထားပြီး၊ လူဟာ လုံးဝပျက်စီးနေတယ်လို့ မိန့်တော်မူပါတယ်။ “ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။” ရောမ ၃း၁၀)  “ အဘယ့်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ေ့ရှတော်၌ အသရေပျက်ကြပြီ။” ရောမ ၃း၂၃) ဒါကြောင့် ရောမအခန်းကြီး ၃ က လူတိုင်း ကယ်တင်ခြင်းရဖို့လိုတယ် လို့ ဖေါ်ပြနေပါတယ်။

ရောမအခန်းကြီး ၄ ကတော့ ကယ်တင်ခြင်းမရောက်နိုင်တဲ့ နည်း ၃ နည်း ပေးထားပါတယ်။
(၁) အကျင့်အားဖြင့် မရနိုင်ဘူး။ (အငယ် ၁-၄)
(၂) ဝိနည်းအထုံးအဖွဲ့တွေ စောင့်ထိန်းလို့ မရနိုင်ဘူး။ ( း၉ -၁၂)
(၃) ပညတ်တရား စောင့်ထိန်းခြင်းအားဖြင့် မရောက်နိုင်ဘူး။ (း ၁၃-၁၂)

ရောမအခန်းကြီး ၅ ကတော့ ကယ်တင်ခြင်းရောက်နိုင်တဲ့ တခုတည်းသော နည်းလမ်းကို ပြောပြနေပါတယ်။ “ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြေင့်မတ်ရာသို့ရောက်လျှင် - - -” (အငယ် ၁) ဘာအားဖြင့် ဖြောင့်မတ်ရာ ရောက်သလဲ။ ဆက်ကပ်ခြင်းအားဖြင့်လား၊ အပ်နှံခြင်းအားဖြင့်လား။ အသက်တာမှာ သခင်ယေရှုကို သခင်အဖြစ် ဝန်ခံနေခြင်းအားဖြင့်လား။ မဟုတ်ပါဘူး။ ယုံကြည်အားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်ပါတယ်။

ရောမ အခန်းကြီး-၁၂ က ကယ်တင်ခြင်းရပြီးသူတွေကို ရေးတာပါ။ အငယ်.၁ မှာ “ညီအကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကိုပြုမည်အကြောင်း၊ ဘုရားသခင်၏ ဂရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါ တိုက်တွန်းနှိုးဆော်ပေ၏။”

ရှင်ပေါလုက “ညီအကိုတို့” လို့ခေါ်တာကို သတိပြုပါ။ အဓိပ္ပါယ်က သူတို့ ကယ်တင်ခြင်းရပြီးသူတွေပါ။ အဘ တပါးတည်းရဲ့သားတွေ၊ ညီအကိုတွေ ဖြစ်ပါပြီ။ ဒီညီအကိုတွေသာ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ်နဲ့ ကိုးစားခဲ့ကြသူတွေပါ။ “ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။” (ယော ၁း၁၂) သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ကိုးစားကြ၊ လက်ခံကြသူတိုင်းဟာ ဘုရားသား ဖြစ်ပါပြီ။ ဒါကြောင့် ကယ်တင်ရှင်ကို ကိုးစားသူတွေနဲ့ ညီအကိုဖြစ်ရပါတယ်။

ရှင်ပေါလု စာရေးလိုက်တဲ့သူတွေဟာ ဒုတိယမွေးဖွားပြီးတဲ့ ယုံကြည်သူတွေ (born- again believers) ဖြစ်ပါတယ်။ ဒါပေမယ့် ဆက်ကပ်မှုမရှိတဲ့သူတွေမို့၊ သူတို့ ကိုယ်ခန္ဓာကို အသက်ရှင်တဲ့ယဇ်အဖြစ် ဘုရားသခင်ကို ဆက်ကပ်ပူဇော်ဖို့ ရှင်ပေါလုက ဘုရားသခင်ရဲ့ ဂရုဏာတော်ကို ထောက်ထားပြီး တောင်းပန်နေတာပါ။

အချို့ကလည်း ကျမ်းစာကပြောတယ်လေ။ “ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။” (မဿဲ ၁၆း၂၄)  ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ ချစ်ရမယ်။ ကိုယ့်မိဘနဲ့ ရှိသမျှကိုမမုန်းရင် တပည့်မဖြစ်နိုင်ဘူး။ ကျမ်းစာက ရှိသမျှမစွန့်ရင် တပည့်တော်မဖြစ်နိုင်ဘူးလို့ ပြောတယ်လေ လို့ ဆိုတတ်ကြပါတယ်။ (လုကာ ၁၄း၃၃)

မှန်ပါတယ်။ ဒါပေမယ့် ကျမ်းစာက “ငါ့တပည့်မဖြစ်နိုင်ကြ” လို့ဘဲ ပြောတာပါ။ “ကောင်းကင်နိုင်ငံမဝင်ရ” လို့ မပြောပါဘူး။ ကယ်တင်ခြင်းရဖို့ လိုအပ်ချက်နဲ့ တပည့်တော်ဖြစ်ဖို့ လိုအပ်ချက်ကို ရောထွေးမပစ်ပါနဲ့။ တပည့်တော်တိုင်းဟာ ယုံကြည်သူတွေပါ။ ဒါပေမယ့် ယုံကြည်သူတိုင်းဟာ တပည့်တော်မဟုတ်ဘူး။ တပည့်တော်ဆိုတာက သွန်သင်မှုကို ခံယူနေတဲ့ တပည့်တယောက်ပါ။

ဘုရားသခင်ဟာ ကယ်တင်ခြင်းမရသေးတဲ့သူ၊ ဘယ်သူကိုမှ “ ကယ်တင်ခြင်းရဖို့ ငါ့နောက်သို့ လိုက်ခဲ့ကြ” လို့ မပြောဘူး။ “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်” လို့သာ ပြောပါတယ်။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံပြီးရင်တော့ “ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသောတံငါဖြစ်ခြင်းငှါ ငါပြုမည်”လို့ ပြောတယ်။ (မဿဲ ၄း၁၉) ကယ်တင်ခြင်း ရဖို့ ကိုယ်တော်ထံလာရမယ်။ တပည့်တော်ဖြစ်ဖို့ ကိုယ်တော့နောက် လိုက်ရမယ်။

သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ကိုးစားတာက တပိုင်း။ သခင်အဖြစ် ဝန်ခံတာက တပိုင်းပါ။ ဆက်ကပ်တဲ့ ခရစ်ယာန်တွေ ရှိသလို၊ ဘယ်တော့မှ အသက်တာ မဆက်ကပ်တဲ့ ဇာတိခရစ်ယာန်တွေလည်း ရှိပါတယ်။ (၁ကော၃) အသက်တာတခုလုံး ဆက်ကပ်ခြင်း (သို့) အသက်တာမှာ သခင်ယေရှုကို သခင်အဖြစ်ခံယူတာဟာ ကယ်တင်ခြင်းအတွက် မရှိမဖြစ်မလိုဘူး။ လိုတယ်လို့ပြောရင် သခင်အဖြစ်ဝန်ခံမှ ကယ်တင်ခြင်းရမယ်လို့ သွန်သင်ခြင်းပါပဲ။ မှောက်လှန်တဲ့ ဧဝံဂေလိပေါ့။

“သခင်အဖြစ်ဝန်ခံမှ”ကို သက်သေပြရန် ကြိုးစားသူတွေရဲ့  ငြင်းဆိုချက်အချို့

သူတို့က ကျမ်းစာကပြောတယ်လေ။ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။” (တမန် ၁၆း၃၁)  မှန်ပါတယ်။ ဒါပေမယ့် “သခင်ယေရှုကို နာခံမှပါ။ နာခံရင် သင်ကယ်တင်ခြင်းရောက်လိမ့်မယ်” လို့ မပြောဘူး။ အသက်တာရဲ့ သခင်ဟာ သခင်ယေရှုဖြစ်ပါစေ။ ဖြစ်ရင် ကယ်တင်ခြင်းရောက်လိမ့်မယ်”လို့ မပြောဘူး။ ရိုးရိုးကလေးပြောနေတာက “သခင်ယေရှုခရစ်ကို ယုံကြည်လော့” အပြစ်သားကို လုပ်ခိုင်းနေတာက “ယုံကြည်ဖို့ပါပဲ။ သူယုံရမယ့်သူက သခင်ယေရှု။ ကျမ်းစာက “ယုံပါ။ ယုံရင် ကယ်တင်ခြင်းရမယ်”လို့ မပြောပါဘူး။ ဘာကိုယုံတယ်ဆိုတာ သတိပြုရမယ်။ ကျွန်တော်တို့ ယုံကြည်ကိုးစား၊ မှီခိုတာဟာ သခင်ယေရှုခရစ်သာ ဖြစ်ရပါမယ်။

ကောင်းမှုကုသိုလ်၊ ကောင်းတဲ့အသက်တာ၊ ဆက်ကပ်မှု၊ နှစ်ခြင်းမင်္ဂလာနဲ့ အခြားလိုက်နာတဲ့ ဝတ်နည်းတွေကို ကိုးစားလို့မဖြစ်ဘူး။ ကယ်တင်ခြင်းအတွက် ယေရှုခရစ်တော်တပါးတည်းကိုသာ ကိုးစားရမယ်။ ရှင်းရှင်းကလေး မိန့်တော်မူတာက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။”  ယော ၁၄း၁၆

လောကမှာ အရေးကြီးဆုံးသတင်းစကားကို ဘာကြောင့် ရှုပ်ထွေးစေချင်ကြတာလဲ။
မီးလောင်နေတဲ့ အဆောက်အဦးထဲကနေ လူ၄-ယောက် ကိုင်ထားတဲ့ ပိုက်ထဲကို ခုန်ချတော့မယ်ဆိုပါစို့။ စက်မှုအင်ဂျင်နီယာက တစ၊ သွားဆရာဝန်က တစ၊ လေယာဉ်မောင်းသူက တစ၊ အသက်အာမခံဌာနက ပုဂ္ဂိုလ်က တစ၊ ပိုက်ကို ကိုင်ထားတယ် ဆိုပါစို့။

ကျွန်တော့ကို ဖမ်းထားဖို့ သူတို့ကို အားကိုးရမယ်။ သွားဆရာဝန် Dr. Domansky ကိုယုံရင် မင်းအကယ်ခံရမယ်။ ဒါပေမယ့် ဒီစကားဟာ “အကယ်ခံရဖို့ ကျွန်တော့ရဲ့ ရှိသမျှသွားတွေ သူ့ကိုနှုတ်ခွင့်ပြုရင် အကယ်ခံရမယ်”လို့ ပြောတာမဟုတ်ဘူး။ ကျွန်တော့ကို ဖမ်းထားဖို့ သူ့ကို အားကိုးရမယ်လို့သာ ဆိုလိုပါတယ်။ တယောက်ကလည်း “အသက်အာမခံဌာနက Mr. Smith ကိုယုံရင် အကယ်ခံရမယ်။” ဒါပေမယ့် ဒီစကားက ကျွန်တော်အကယ်ခံရဖို့ Mr. Smithဆီမှာ အသက်အာမခံ သွားလုပ်ထားရမယ်”လို့ ပြောတာမဟုတ်ဘူး။ ပိုက်နဲ့ဖမ်းထားဖို့ သူ့ကို အားကိုးရမယ်လို့သာ ဆိုလိုပါတယ်။

“သခင်ယေရှုခရစ်ကို ယုံကြည်လော့။”(တမန် ၁၆း၃၁) လို့ ပြောတာက သခင်အဖြစ် ဝန်ခံဖို့ပြောတာ မဟုတ်ဘူး။ ကယ်တင်ခြင်းရဖို့ သခင်ယေရှုကို ကိုးစားရမယ်လို့ ဆိုလိုတာပါ။ ကျမ်းချက်တွေက တပိုဒ်ပြီးတပိုဒ် သခင်ယေရှုကို ကိုးစားခြင်းအားဖြင့်သာ ကယ်တင်ခြင်း ရတယ်လို့ ရှင်းရှင်းလေး ပြောနေပါတယ်။ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်။” ယော ၃း၃၆
ယေရှုခရစ်ထက် အခြားအရာတခုခုကို ကိုးစားသူဟာ ကယ်တင်ခြင်းမရသေးဘူး။ ဒါဟာ ကျမ်းစာက ရှင်းရှင်းကလေး သွန်သင်နေတဲ့အချက်ပါ။ ယေရှုခရစ်ကို ကိုးစားရာမှာ ခရစ်တော်ကို သခင်အဖြစ် နေရာပေးမယ်ဆိုတဲ့ သူ့ရဲ့အစွမ်းအစကို ပေါင်းထည့်ရင် ကယ်တင်ရှင်ကို အပြည့်အဝ ကိုးစားသူမဟုတ်ဘူး။ အခြားအရာတွေ ဘယ်လောက်ကောင်းနေပါစေ။ ယေရှုခရစ်တော်ကို ကိုးစားတာနဲ့ပေါင်းပြီး ကိုးစားနေရင်၊ သူ့အတွက် ဘာဂတိတော်မှ မရှိပါဘူး။

ကျွန်တော်တို့ ကောင်းကင်ရောက်ရင် “ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊- - - လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ အကျွနု်ပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူ၏။ - - ထို့ကြောင့် ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်လိုက်တော်မူ၏။”လို့ အသစ်သောသီချင်းကို ဆိုကြရမှာပါ။ (ဗျာ ၅း၉) “ကျွန်တော်ဆက်ကပ်လို့ ကျွန်တော်ထိုက်ပါတယ်။”လို့ ဆိုရမှာ မဟုတ်ဘူး။ ယုံကြည်လို့ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်။ အားကိုးရင် ရတယ်လို့ပြောရင်- အချို့က easy believism (လွယ်လွယ်ယုံကြည်တဲ့တရား) လို့ ဆိုကြလိမ့်မယ်။ ဒါပေမယ့် ကျမ်းစာက ဒီလိုနာမည်မပေးဘူး။ လူတွေပေးတာပါ။

ကယ်တင်ခြင်းရဖို့ တခြားဘာကိုမှမကိုးစားဘဲ ယေရှုခရစ်တပါးတည်းကိုသာ ကိုးစားဖို့ရာ မလွယ်လှပါဘူး။ ဒါကြောင့် လောကမှာလုပ်ဆောင်ဖို့ အခက်ဆုံးဖြစ်နေပါတယ်။

တခါမှမမြင်ဖူးတဲ့သူကို ယုံခိုင်းနေပါတယ်။ ကိုယ်တော့ကို မြင်ဖူးခဲ့တဲ့သူတွေကိုတောင် မမြင်ဖူးဘဲနဲ့ ယုံကြည်ခိုင်း နေရတာပါ။ ခေတ်ပညာက ငြင်းပယ်နေတဲ့သူကို ယုံခိုင်းနေတာပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀၀၀-လောက်က ကားတိုင်မှာ အသေခံခဲ့သူကို ယုံခိုင်းနေတာပါ။ သူ့အကြောင်း သူ့မိတ်ဆွေတွေ ရေးသား မှတ်တမ်းတင်ထားတာပဲ ရှိတဲ့သူကို ယုံခိုင်းနေတာပါ။ ကိုယ်တော်ရှိတယ်လို့ ယုံခိုင်းရုံသာမဟုတ် သင့်အပြစ်အတွက် အသေခံပေးဆပ်ခဲ့လို့၊ သင်ဖြောင့်မတ်နိုင်ကြောင်း ယုံခိုင်းနေတာပါ။

မလွယ်လှပါဘူး။ တွေ့နေ မြင်နေကျ လက်ဆွဲနှုတ်ဆက်ပြီး စကားပြောနေသူကိုတောင် အားကိုးဖို့ ခက်ပါတယ်။ မမြင်ဖူးတဲ့သူကို အားကိုးရမယ်ဆိုတာ့ ပိုခက်တာပေါ့။ ဘာသာတရားတွေက အကျင့် ဝိနည်းအထုံးအဖွဲ့၊ နှစ်ခြင်းမင်္ဂလာနဲ့ အခြားအရာတွေကို အားကိုးဖို့ ပြောနေချိန်မှာ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးဖို့ရာ ခက်လှပါတယ်။

ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတာဟာ Believism (ယုံကြည်ခြင်းတရား) ပါ။ ဒါပေမယ့် easy believism (လွယ်လွယ်ယုံကြည်ခြင်းတရား) တော့မဟုတ်ဘူး။ နားလည်လွဲမသွားပါနဲ့။ ခရစ်တော်ရှိတယ်ဆိုတာ ဝန်ခံရင် ကယ်တင်ခြင်းရမယ်လို့ ပြောနေတာမဟုတ်ဘူး။ ကျမ်းစာအတိုင်း ပြောခြင်းပါ။ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။”

ကျမ်းစာထဲက ယုံကြည် believe ဆိုတဲ့စကားဟာ ကိုးစားတယ်၊ အားကိုးတယ်၊ မှီခိုတယ် လို့ အဓိပ္ပါယ်ရတယ်။ အချို့က “နတ်ဆိုးတို့သည် ယုံ၍ ကြောက့်ရွံကြ၏။” လို့ ယာကုပ် ၂း၁၉) အရ ငြင်းကြတယ်။ နတ်ဆိုးတွေက ကိုးစားတာမဟုတ်ဘူး။ ရှိကြောင်း ဝန်ခံရုံပါ။

လေယာဉ်ပျံ ပျံမယ်လို့ ယုံတာကတပိုင်း၊ ခရီးစဉ်မှာ အသက်နဲ့ ခန္ဓာအတွက် မောင်းသူအပေါ်မှာ အားကိုးတာက တပိုင်းပါ။ လူတယောက် ကယ်တင်ခြင်းရဖို့ သူဟာ သခင်ယေရှုကို အပြည့်အဝ အားကိုးရတယ်။

ကမ္ဘာပေါ်မှာ ဘယ်ခရစ်ယာန်ကမှ “ကျွန်တော် ကယ်တင်ခြင်းရတုန်းက ခရစ်တော်ကို လုံးဝ ကိုးစားပြီး အခုလည်း အပြည့်အဝဆက်ကပ်နေဆဲပါပဲ။” လို့ မပြောနိုင်ဘူး။ “သခင်အဖြစ် ဝန်ခံမှ”လို့ ဆိုသူတွေတောင် မပြောနိုင်ဘူး။ ပြောနိုင်တာက “သခင်ယေရှုဟာ ကျွန်တော့ရဲ့သခင်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူ့စကားကို အတော်များများ မနာခံမိခဲ့ဘူး။”ဆိုတာပါပဲ။ မနာခံချိန်မှာ ကိုယ်တော်ဟာ အသက်တာရဲ့ သခင် မဟုတ်တော့ဘူး။

တချို့က “ကိုယ်တော်က အမြဲတမ်းသခင်ပါ”လို့ ဆိုတယ်။ Lord သခင်ဆိုတာ ဟေဗြဲစကား Adanion ကလာပါတယ်။ Master ဆရာ၊ သခင် လို့ ဆိုလိုတယ်။ ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမတော် “ယေဟောဝါ” Jehovah ကလည်း လာတယ်။  ဒီစကားကို အခါများစွာ ပြန်ဆိုထားတာတွေ့ရမယ်။ ဒါကြောင့် ကိုယ်တော်က လူတိုင်းရဲ့သခင်ပါ။ ဖားလောင်းကလေးတွေရဲ့ သခင်၊ ပတုံးကလေးတွေ၊ ဖားပြုပ်ကလေးတွေရဲ့ သခင်၊ မြွေဆိုးတွေရဲ့ သခင်ပါ။ ဒါပေမယ့် သူတို့ ကယ်တင်ခြင်းရတယ်လို့ ဆိုလို့မရဘူး။ ကိုယ်တော်က စင်္ကြဝဠာတခုလုံးရဲ့ သခင်ပါ။ အလိုတော် ရှိသလို စိတ်ကြိုက်လုပ်ဆောင်နိုင်တယ်။

(ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ ဟု နှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည့် အကြောင်းတည်း။) ဖိလိပ္ပိ ၂း၁၀- ၁၁ အားလုံး ဒူးထောက်ဝန်ခံကြတဲ့နေ့မှာ အားလုံးကယ်တင်ခြင်းရမယ်လို့ ဆိုလိုပါသလား။ မဟုတ်ဘူး။ သခင်အဖြစ်ဝန်ခံတယ်ဆိုတာက အသက်တာကို ကိုယ်တော် ထိန်းချုပ်ဖို့ အပ်နှံတယ်လို့ ဆိုလိုတယ်။

သခင်ယေရှုဟာ ကျွန်တော့မှာရှိသမျှရဲ့ သခင်ပါ။ မျက်လုံးအရောင်၊ အရပ်အမောင်း၊ မိဘများ. . စသည်ဖြင့်ပေါ့။ မျက်လုံးရဲ့အရောင် ဘာအရောင်ဖြစ်မလဲဆိုတာ ကိုယ်တော် ဆုံးဖြတ်ပါတယ်။ ဘယ်သူတွေ ကျွန်တော့ မိဘဖြစ်မယ်ဆိုတာ ကိုယ်တော်ဆုံးဖြတ်ပါတယ်။ ကိုယ်တော်ဟာ သခင်ပါ။ ကျွန်တော့အရပ်လည်း ကိုယ်တော်စီရင်ရာပါပဲ။ နားရွက် အရွယ်အစား၊ နှာခေါင်း အသားအရေကိုလည်း ကိုယ်တော်စီရင်ပါတယ်။ ဒါပေမယ့် ကျွန်တော့ကို ထိန်းချုပ်ဖို့ အရေးအကြီးဆုံး အစိတ်အပိုင်းကတော့ ကျွန်တော့စိတ်ဆန္ဒ will ပါပဲ။ ဘုရားသခင်က လွတ်လပ်စွာပြုမူနိုင်တဲ့ သတ္တဝါအဖြစ် ဖန်ဆင်းထားတာပါ။ ရွေးချယ်ခွင့်ရှိတယ်။ ကိုယ်တော်က ကျွန်တော်တို့စိတ်ဆန္ဒရဲ့သခင် ဖြစ်ချင်တယ်။ ဒါပေမယ့် အတင်းအဓမ္မတော့ မဖြစ်ခိုင်းဘူး။ ဆက်ကပ်ချင်ရင်တော့ ဆက်ကပ်စေဖို့ အလိုတော်ရှိပါတယ်။

ကိုယ်တော်ဟာ စေတနာပါတဲ့ ကယ်တင်ရှင်ပါ။ စေတနာပါတဲ့ ကျွန်တွေကိုသာ အလိုရှိတယ်။ ကယ်တင်ခြင်းရဖို့ ကိုယ်တော်ကို ကိုးစားရမယ်။ အမှုတော်အတွက် ကိုယ်တော်ထံ ဆက်ကပ်ရမယ်။
ယုံကြည်သူတွေကို ရှုပ်ထွေးစေတဲ့ “သခင်အဖြစ်ဝန်ခံမှ” ဆိုတဲ့ သွန်သင်ချက်များ

သူတို့ရဲ့ဝတ်ပြုစည်းဝေးမှာ တရားဟောဆရာ ၃၊ ၄ ယောက် ကယ်တင်ခြင်းရတယ်လို့ ကြွားတာ ကြားဖူးတယ်။ တချို့ကလည်း လူငယ်သင်းအုပ်နဲ့ သင်းထောက်၃ ယောက် ကယ်တင်ခြင်းရတယ်လို့ ဆိုတယ်။ ကျွန်တော်ကတော့ ကယ်တင်ရှင်အဖြစ် အားကိုးသူတိုင်းအတွက်လို့ပဲ ဟောပါတယ်။ ယုံကြည်သူတွေကို ရှုပ်ထွေးသွားစေတဲ့ သွန်သင်မှုတွေကို ကျွန်တော်ဆန့်ကျင်ပါတယ်။

“သခင်အဖြစ်ဝန်ခံမှ”ဆိုတဲ့ တရားတပုဒ်ကို ကြားပြီးမှ ကယ်တင်ခြင်းရတာလို့ ထင်မိတဲ့ လူငယ်ခေါင်းဆောင် တယောက်အကြောင်း ကြားရတယ်။ သူအမှုတော်ဆောင်လို့ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးသူတွေဟာ သူတို့ကယ်တင်ခြင်းမရသေးဘူးထင်လို့ ေ့ရှထွက်လာကြတယ်။ ဧဝံဂေလိဆရာက “အခုမှ တကယ် ကယ်တင်ခြင်းရောက်ပြီ”လို့ ဆိုပါသတဲ့။

ကယ်တင်ခြင်းရတာနဲ့  တကယ်ကယ်တင်ခြင်းရတာ ဘာမှမကွာပါဘူး။ ကယ်တင်ခြင်းမှာ အဆင့်အတန်း မခွဲဘူး။ ပိုပြီးကယ်တင်ခြင်းခံရတာ မရှိဘူး။ “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေသည်။” (ယော ၃း၃၆) ဒီထက်ရှင်းတာ မရှိတော့ပါဘူး။ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် ကိုးစားသူ ကယ်တင်ခြင်းရတယ်။ ထာဝရအသက်ရတယ်။ မကိုးစားသူတွေ ကယ်တင်ခြင်းမရဘူး။ ဘုရားသခင်ရဲ့အမျက်တော် တည်နေပါတယ်။

တကယ်ကယ်တင်ခြင်း ခံရတယ်။ really saved လို့ ပြောတာဟာ အသုဘအိမ်သွားပြီး၊ ခေါင်းတခုကို လက်ညှိုးထိုးရင်း “ဒီခေါင်းထဲကလူကတော့ သေပြီ။”နောက် ခေါင်းတခုကို ပြပြီး “ဒီခေါင်းထဲက လူကတော့ တကယ်သေပြီ” လို့ ပြောတဲ့သူနဲ့ တူပါတယ်။ သေတယ်၊ ပိုသေတယ်၊ အသေဆုံးလို့ မရှိပါဘူး။

သေရင်သေ။ မသေရင် ရှင်။ ကယ်တင်ခြင်းရရင် ရ။ မရရင် ဆုံးရှံုး။ အပြစ်သား(သို့) ဖြောင့်မတ်သူ။ ယုံကြည်သူ (သို့) မယုံကြည်သူ- ပါပဲ။ ကြားနေ အရပ်မရှိဘူး။ ဘာကြောင့် ခရစ်ယာန်ကောင်းတွေက “သခင်အဖြစ် ဝန်ခံမှ”တရားကို ကြားပြီးမှ တကယ် ကယ်တင်ခြင်းရတယ် လို့ ထင်ကြသလဲ။ တရားဟောဆရာကို ယုံလို့ပါ။ ကယ်တင်ခြင်းရောက်ဖို့ သခင်အဖြစ် ဝန်ခံအသက်ရှင်မှ ဆိုရင် ဒီတရားဟောတိုင်း ေ့ရှထွက်ပြီး ကယ်တင်ခြင်း ရနေရတော့မှာပဲ။ ဘာကြောင့်လဲဆိုရင် ကျွန်တော်မနာခံတဲ့ အချိန်တွေ၊ ဇာတိအလိုလိုက်မိတဲ့ အချိန်တွေ ရှိနေလို့ပါပဲ။

ပြဿနာက “တကယ် ကယ်တင်ခြင်းရတယ်”ဆိုတဲ့သူတွေဟာ နောက်ပိုင်းမှာ စုံလင်စွာ အသက်မရှင်နိုင်တဲ့အတွက် ပြဿနာ ဖြစ်လာတယ်။ အသွေးအသားအလိုကို လိုက်မိတဲ့ အချိန်တွေ ရှိဦးမှာ ဆိုတော့၊ နောက်ပြီး တရားဟောဆရာကလည်း “သခင်အဖြစ်ဝန်ခံ အသက်မရှင်ရင် ကယ်တင်ခြင်းမရဘူး”လို့ ဟောထားတယ်။ တကယ် စဉ်းစားကြည့်တော့ သခင်အဖြစ် ဝန်ခံအသက်မရှင်နိုင်တာ တွေ့လာရတယ်။ အဲဒီတရားသာ မှန်ရင် ငါတော့ ကယ်တင်ခြင်းမရသေးဘူးလို့ ဆင်ခြင်မိလာတယ်။ ဒါကြောင့် နောက်တခါ ဆက်ကပ်ဖို့ လိုလာပြန်တယ်။

သခင်အဖြစ်ဝန်ခံမှ ကယ်တင်ခြင်းရောက်မယ် ဆိုတဲ့ သွန်သင်ချက်ဟာ ယုံကြည်သူတွေကို ကမောက်ကမဖြစ်စေ၊ ရှုပ်ထွေးစေတယ်။ ကယ်တင်ခြင်းကို သံသယဝင်လာစေတယ်။ ကျမ်းစာက- တခုတည်းသော လမ်းကတော့ သခင်ယေရှုကို ကိုးစားခြင်းလို့ ဆိုတယ်။ ယော ၃း၁၈ မှာ အုပ်စု ၂စု ခွဲထားတယ်။ “သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏။” အပြစ်စီရင်ခံရသူဟာ အဖမ်းခံရ၊ အစစ်ခံရ၊ အပြစ်တွေ့ပြီးလို့ စီရင်ချက်ချပြီးသူဖြစ်ပါတယ်။ သမ္မာကျမ်းစာက ယေရှုခရစ်ကို ကိုးစားသူဟာ အပြစ်စီရင်ခြင်းကိုမခံရ။ စီရင်ချက်အောက်မှာ မရှိဘူး။ ယေရှုခရစ်ကို မကိုးစားသူကတော့ အပြစ်စီရင်ခြင်းကို ခံရပြီ။ ဘာကြောင့်လဲ။ “ဘုရားသခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့်” ပါ။ သူဟာ ကယ်တင်ခြင်းရဖို့ ယေရှုခရစ်ကို အပြည့်အဝ မကိုးစားဘူး။
မိတ်ဆွေဟာ ယေရှုခရစ်ထက် အခြားအရာတခုခုကို ကိုးစားခဲ့သူဖြစ်နေခဲ့ရင်၊ ကယ်တင်ခြင်းအတွက် ယေရှုခရစ်ကို ယနေ့ပင် ကိုးစားပါလို့ တိုက်တွန်းပါရစေ။
Dr. Curtis Hutson

Thursday, October 3, 2013

19. Heaven, the Believer’s Home by Dr. Curtis Hutson (BURMESE) ကောင်းကင်ဘုံ

----------------------------------------------------------------------------------------
အခန်း ၁၉
-----------------------------------------------------------------------------------------
ကောင်းကင်အကြောင်း မေးလေ့မေးထအရှိဆုံး မေးခွန်းများအတွက် ကျမ်းစာအဖြေများ

“တဖန်တုံယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်း အများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” ယော ၁၄: ၁-၃
Dr. Curtis Hutson
ငယ်ငယ်တုန်းက တရားဟောဆရာတပါး ကောင်းကင်ဘုံအကြောင်းဟောတာ ကြားဖူးတယ်။ ခရစ်ယာန်တွေသေရင် ကောင်းကင်တက် သွားတယ်လို့ ပြောတယ်။ ညအိပ်ယာဝင်တိုင်း စဉ်းစားမိတယ်။ ကောင်းကင်ဆိုတာ တကယ်ရှိသလား? ရှိရင် ဘယ်နားမှာလဲ? ခရစ်ယာန်အဖြစ်နဲ့သေရင် ကောင်းကင်ကို ချက်ခြင်းသွားရမလား? သွားရမယ်ဆိုရင် ဘယ်လောက်ကြာကြာ သွားရမလဲ? ကောင်းကင်ရောက်ရင် သူငယ်ချင်းတွေကို သိပါဦးမလား? သူတို့ကကော ပြန်သိကြပါ့မလား? ကောင်းကင်မှာ ကျွန်တော်က ဘယ်လိုပုံ ဖြစ်နေမလဲ? ကိုယ်ခန္ဓာရှိမလား? စားသောက်လို့ရမလား? ချစ်ခင်သူတွေက သိကြပါ့မလား? ချစ်ခင်သူတွေကို ကျွန်တော်က ပြန်သိပါ့မလား? ကောင်းကင်ရောက်နှင့်ပြီဖြစ်တဲ့ အဘိုးနဲ့အဖွားကို ကျွန်တော် သိပါ့မလား? ဒီလိုမေးခွန်းမျိုးတွေ အများကြီးတွေးနေမိတယ်။ သေခြင်းနဲ့ကောင်းကင်ဆိုတာ ကျွန်တော့အတွက် နက်နဲလှတယ်။

ကိုယ်ချစ်တဲ့သူတွေသေဆုံးတဲ့အခါ ဝမ်းနည်းရတဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ သေခြင်းအကြောင်း နားမလည်လို့ပါ။ ၁သက် ၄: ၁၃ မှာ “ညီအကိုတို့၊ မြှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမူအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။” ဒီနေ့မှာတော့ ကောင်းကင်နဲ့ ပတ်သက်တဲ့ မေးခွန်းအတော်များများကို ကျွန်တော်ကြိုးစား ဖြေသွားမယ်။

၁။ ကောင်းကင်ဆိုတာ တကယ်ရှိသလား? Is Heaven a Real Place?
ရှိပါတယ်။ ကောင်းကင်ဆိုတာ တကယ်အတိအကျ ထုနဲ့ထည်နဲ့ကို ရှိတယ်လို့ ကျမ်းစာက သွန်သင်ပါတယ်။ သခင်ယေရှုက ယောဟန် ၁၄: ၂-၃ မှာ “ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်း အများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။”

တချို့က ကောင်းကင်ဆိုတာ စိတ်အထင် တစ်ခုပါကွာလို့ ထင်ကြတဲ့အတွက် တကယ်ရှိကြောင်း ပြောရတာပါ။ သခင်ယေရှုက “သံချေး၊ ပိုးရွ ဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်း မဖောက်မခိုးယူရာ ကောင်းကင် ဘုံ၌ ဘဏ္ဍာကိုဆည်းဖူးကြလော့။”

ကောင်းကင်ဟာ တကယ်အတိအကျ၊ ထုနဲ့ထည်နဲ့ရှိကြောင်း ပြောပြထားတယ်။ အချိန်ရလို့ ဗျာဒိတ်၂၁ နဲ့ ၂၂ ကို ဖတ်ကြည့်မယ်ဆိုရင် ကယ်တင်ခြင်းရသူတွေရဲ့ ထာဝရနေအိမ်တော်ဖြစ်တဲ့ သန့်ရှင်းသောမြို့တော် ယေရုရှလင်မြို့သစ်ရဲ့ အလှအပကို မြင်တွေ့လာမှာပါ။ အဲဒီကျမ်းပိုဒ်တွေအရ ကောင်းကင်ဘုံမှာ အခြေခံအုတ်မြစ်တွေရှိတယ်။ အဖိုးတန်ကျောက်တွေနဲ့ အလှဆင်ထားတယ်။ မြို့ရိုးက နဂါးသွဲ့ကျောက်လို့ ဆိုတယ်။ မြို့တံခါးက အရှေ့ သုံးပေါက်၊ အနောက်သုံးပေါက်၊ မြောက်သုံးပေါက်၊ တောင်းသုံးပေါက်ရှိပြီး၊ တံခါးတွေကို ပုလဲနဲ့ပြုလုပ်ထားတယ်။ တံခါးတစ်ချပ်- ပုလဲတပြားပါဘဲ။

ဆိုတော့၊ ကောင်းကင်ဟာ စိတ်အထင် မဖြစ်နိုင်ဘူး။ တကယ့် အတိအကျနေရာ ဖြစ်တယ်။ ဗျာဒိတ် ၂၁ နဲ့ ၂၂ မှာ သန့်ရှင်းတဲ့မြို့တော်ရဲ့ အတိုင်းအတာကိုတွေ့ရတယ်။ အတောင်ကို ပေဖွဲ့ပြီးမှ မိုင်ဆက်ဖွဲ့ရင် သန့်ရှင်းတဲ့မြို့တော် ယေရုရှလင်မြို့သစ်က စတုရန်းမိုင်ပေါင်း ၁,၅၀၀ ရှိတယ်။ လေးဖက်လေးတန် မိုင်ပေါင်း ၁,၅၀၀ စီရှိတယ်။ လူ့စိတ်အထင်ဆိုရင် ဒီလိုအတိုင်းအတာ သတ်မှတ်ချက်မရှိဘူး။ တကယ့်အတိအကျရှိတဲ့ နေရာမဟုတ်ရင် အတိုင်းအတာဆိုတာ ရှိမှာ မဟုတ်ဘူး။

၂။ ဘယ်လိုနေရာမျိုးလဲ? What Kind of Place is Heaven?
၁။ ပြောမပြနိုင်လောက်အောင် လှတဲ့၊ ဘုန်းအသရေ တောက်ပတဲ့နေရာပါ။ ၁ကော၂: ၉ မှာ “ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသောအရာကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။”
ကျမ်းစာက လူ့စိတ်နဲ့ မကြံစည်ဘူးတဲ့နေရာလို့ ဆိုတယ်။ ကောင်းကင်ရဲ့အလှကို ပြောပြမှန်းဆနိုင်မှာ မဟုတ်ဘူး။ ဗျာဒိတ် ၂၁ နဲ့ ၂၂ ကိုဖတ်ကြည့်ပါ။ ကောင်းကင်ရဲ့အလှကို နည်းနည်းကလေး ရိပ်မိရုံဘဲရှိမှာပါ။

တညမှာ ကောင်ကလေးတစ်ယောက်ဟာ သူ့အဘိုးနဲ့ လမ်းလျှောက်ထွက်တယ်။ သိပ်လှတဲ့ ညတညပါ။ ကောင်းကင်က တအား ပြာနေပြီး သိန်းသန်းချီတဲ့ကြယ်ကလေးတွေက တန်းစီပြီး ဟန်ရေးပြနေတယ်လို့ ထင်ရတယ်။ ကောင်ကလေးက သူ့အဘိုးရဲ့အင်္ကျီစကိုဆွဲပြီး “ဘိုးဘိုး၊ ဘိုးဘိုး၊ ကောင်းကင်ကအပြင်ဘက်မှာ တအားလှရင် အတွင်းမှာဆို ဘယ်လိုနေမလဲနော်?” လို့ ပြောတယ်။

သီချင်းရေးဆရာ တယောက်ရေးတဲ့ သီချင်းကလေး သိပ်မှန်တယ်။

လှလွန်းတဲ့ ကောင်းကင်ဟာ
တို့အတွက် ကြည်နူးစရာ အိမ်ကလေးပါ။

ကောင်းကင်ဟာ ပြောမပြနိုင်အောင် လှတဲ့အရပ်၊ ဘုန်းအသရေ တောက်ပတဲ့နေရာ ဖြစ်တယ်။ ကောင်းကင်ဟာ အပြည့်အဝ အနား ယူရာ နေရာလည်းဖြစ်တယ်။ ဗျာဒိတ် ၁၄: ၁၃ မှာ “တဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည်ပင်ပန်းခြင်းငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့ သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။”

လူအများစုက လုံးဝ နားတယ်ဆိုတာကို သိပ်မသိ၊ သိပ်နားမလည်ကြဘူး။ စိုးရိမ်ခြင်းမရှိတော့ဘူး။ လုပ်ငန်းအချိန်ဇယားတွေ မရှိဘူး။ မနက်စောစောထဖို့ နိုးစက်နာရီတွေ မရှိဘူးဆိုတဲ့ အနားယူခြင်းမျိုးကို လူတွေမခံစားဖူးကြဘူး။

အမေသေတော့ ကျွန်တော်က သက်သေခံထွက်နေချိန်မှာ မိတ်ဆွေတချို့ ကျွန်တော့ကို လာရှာပြီး၊ အမေဆုံးပြီလို့ ပြောတယ်။ အိမ်ကို အမြန်ပြန်ပြီး အမေ နေမကောင်းတုန်းကနေတဲ့ အိပ်ခန်းရှိရာကို ဝင်သွားလိုက်တယ်။ အိပ်ယာပေါ်မှာ အမေ့အလောင်းကို ပြင်ထားပြီ။ အမေ့ကို မြင်ရချိန်မှာ ပထမဦးဆုံး ဝင်လာတဲ့အတွေးက “ကျွန်တော့်ဘဝမှာ အမေ အနားယူတာကို ဒီတခါ ပထမဆုံး မြင်ရတာပါလား အမေ” လို့ တွေးမိတယ်။ အမြဲတမ်း တစ်ခုခု လုပ်နေတတ်တဲ့ အမေဟာ အခုအနားယူနေပါပြီ။ အလုပ်တာဝန်တွေ ပြီးဆုံးပြီ။

ကောင်းကင်ဟာ ပြောမပြနိုင်လောက်အောင်လှတဲ့ နေရာ၊ အပြည့်အဝနားတဲ့ နေရာဖြစ်တယ်။ ဒါပေမယ့် ကောင်းကင်ဟာ အသိအမြင် စုံလင်ရာ နေရာလည်းဖြစ်တယ်။

“ကောင်းကင်ရောက်ရင် သခင်ဘုရားကို မေးချင်တာတွေရှိတယ်။” လို့ ပြောကြတယ်။ အမှန်က ကောင်းကင်ရောက်ရင် သခင်ဘုရား သိသလို သိလာလိမ့်မယ်။ ဘာမှမေးနေစရာမလိုတော့ဘူး။

ဒီလောကမှာ ရှင်းပြလို့မရနိုင်တာတွေ အများကြီးရှိတယ်။ လူငယ်ဇနီးမောင်နှံ နှစ်ယောက်မှာ သားသမီး ၃ ယောက် ရှိတယ်။ ကလေး တယောက် ဆုံးပါးသွားလို့ သင်္ဂြိုလ်ဖို့ ကျွန်တော့ကို ခေါ်တယ်။ နောက်လအနည်းငယ်ကြာတော့ ဒုတိယကလေး ထပ်ဆုံးပါးပါတယ်။ နောက်တနှစ် မပြည့်ခင်မှာဘဲ တတိယကလေး ဆုံးပါးတယ်။ ရောဂါတမျိုးစီနဲ့ သေကြတာပါ။ ဖြစ်တောင့်ဖြစ်ခဲဆိုတော့ ကျွန်တော်လည်း ရှင်းမပြတတ်ဘူး။ နောက်ဆုံး သေတဲ့ကလေးကို သင်္ဂြု ိလ်ပြီးအပြန်မှာ အမေဖြစ်သူက ငိုပြီး ပြောတယ်။ “ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ရှင်းပြပါဆရာ။ သူများ မိသားစုတွေမှာ ကလေး တယောက်မှ မသေဘဲ၊ ဘာကြောင့် ကျွန်မကလေးတွေအားလုံး အခေါ်ခံရလဲ?”

ကျွန်တော် ရှင်းမပြတတ်ဘူး။ အစကနေ အဆုံးထိ ကျွန်တော် မြင်နိုင်စွမ်းမရှိဘူး။ ဒါပေမယ့် ဘုရားသခင် သိပါတယ်။ ရောမ ၈: ၂၈ လည်း မှန်ပါတယ်။ ဘုရားပြောတဲ့ စကားဖြစ်ပါတယ်။ ခံယူသင့်တဲ့စကားလည်း ဖြစ်ပါတယ်။ “ဘုရားသခင်ကို ချစ်သောသူ- - - တို့၏ အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြ၏။” အဲဒီလူငယ် ဇနီမောင်နှံကို ကျွန်တော်ပြောခဲ့တဲ့စကားကတော့ “ဘုရားသခင်လက်ရာကို အမြဲတမ်း ရိပ်စား မိနိုင်စွမ်း မရှိပေမယ့် အမြဲတမ်းတော့ အားကိုးနိုင်ပါတယ်။”

ငါ့အဘနည်းက တွန့်လိမ် လှည့်ပြောင်းနေတော့
ငါ့နှလုံးသားက တွန့်ကြေ အက်ကြောင်းတွေနဲ့ပေါ့- - .
ဒါပေမယ့်လေ ….  ငါပျော်ပါတယ် ...
ဘုရားသခင်မှာ အမှားအစဉ်အလာ မရှိခဲ့ပါဘူး။

ဘုရားက သူ့အလုပ်သူ သိပါတယ်။ ဘုရားမြင်သလို ကျွန်တော်တို့ မမြင််တော့ အစစအရာရာကို ရှင်းပြနိုင်စွမ်း မရှိဘူးပေါ့။ ဒါပေမယ့် ကောင်းကင်ရောက်ရင် သိလာလိမ့်မယ်။ ကောင်းကင်ဆိုတာ ဖုံးအုပ်ခြင်းမဲ့တဲ့ အသိအမြင်စုံလင်ရာ အရပ် ဖြစ်တယ်။ အရာအားလုံးကို နားလည်လာ လိမ့်မယ်။ ၁ကော ၁၃: ၁၂ မှာ “ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျှက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင် မြင်ရကြလိမ့်မည်။ ယခုတွင် ငါ့အသိအမြင် မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့်မည်။”

အင်္ဂလန်ပြည်က လူငယ်လေးတစ်ယောက်အကြောင်း ဖတ်ရတယ်။ အဖေသေခါနီးလို့ ကျောင်းထွက်ပြီး မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ရရှာတယ်။ မိသားစုအတွက်၊ အမေ့ကိုကူဖို့ သတင်းစာရောင်းရချိန်မှာ ၁၀နှစ်အရွယ်ပဲ ရှိသေးတယ်။ တနေ့ပြီးတနေ့ သတင်းစာရောင်းရင်းနဲ့ အိမ်အပြန်လမ်းမှာရှိတဲ့ ကစားစရာ အရုပ်စတိုးဆိုင်က လှလှပပဆေးချယ်ထားတဲ့ စစ်သားရုပ် ကလေးတွေကို ပြတင်းပေါက်ကနေ ရပ်ပြီး ငေးကြည့်နေတတ်တယ်။ ဒါကို ဆိုင်ရှင်က ရိပ်မိတယ်။

တနေ့ အဲဒီလူငယ်ကလေးကို မတွေ့ရတဲ့အတွက် ဆိုင်ရှင်က လမ်းထဲကလူတွေကို “ဆိုင်မှာ စစ်သားရုပ်ကလေးတွေကို လာရပ်ကြည့် တတ်တဲ့ သတင်းစာရောင်းတဲ့ ကလေးကို တွေ့မိကြလား?” လို့ စုံစမ်းတယ်။ တယောက်က “ဟာ၊ ခင်ဗျားမကြားဘူးလား? တနေ့က ကားတိုက်လို့လေ။ ဆေးရုံပေါ်မှာ သတိမေ့နေတယ်။” လို့ ပြောတယ်။ ဆိုင်ရှင်က စိတ်ထိခိုက်သွားတယ်။ စစ်သားရုပ်ကလေးတွေကို စုသိမ်းပြီး ဆေးရုံကိုယူသွားတယ်။ ကောင်ကလေးဟာ နေ့တိုင်း စစ်သားရုပ် ကလေးတွေကို မက်မက်မောမော လာလာကြည့်တဲ့အကြောင်း အမေဖြစ်သူကို ပြောပြပြီး၊ အရုပ်ကလေးတွေကို ပေးခွင့်ပြုဖို့ တောင်းဆိုတယ်။ 

ကောင်ကလေးက သတိလစ်တုန်းပါ။ ဒါနဲ့ ဆိုင်ရှင်က စစ်သားရုပ်လှလှကလေးတွေကို ကုတင်ခြေရင်းဘက်မှာ တန်းစီပြီး တင်ထားလိုက်တယ်။ ဒီလိုနဲ့ ရက်အတော်ကြာသွားတယ်။

ကောင်ကလေး သတိပြန်ရတဲ့ တမနက်မှာတော့ သူပထမဦးဆုံးမြင်လိုက်ရတာက၊ စစ်သားရုပ်ကလေးတွေပါ။ သူ့မျက်စိကို သူမယုံနိုင်ရှာဘူး။ ရှေ့ကို တဖြည်းဖြည်း တိုးလာတယ်။ တဖြည်းဖြည်း နီးလာပြီး၊ နောက်ဆုံးမှာတော့ လက်နဲ့ စစ်သားရုပ်ကလေးတွေကို ကိုင်ဆုပ်မိ သွားတယ်။ ပြုံးပြီးတော့ “အိုး! ကြည့်စမ်းပါဦး အမေ၊ ကြည့်စမ်းပါဦး၊ စစ်သားရုပ်ကလေးတွေ ပါလား။ မှန်တံခါးကြီး ကာမထားတော့ဘူးနော်။” လို့ ဝမ်းသာအားရ ဆိုတယ်။

၃။ ကယ်တင်ခြင်းရသူတွေ ကောင်းကင်ကို ချက်ခြင်းသွားရသလား? Do the Saved Go to Heaven Immediately?
ချက်ခြင်း ရောက်ပါတယ်။ ကျမ်းစာက ၂ကော ၅: ၈ မှာ “ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့သွား၍” ဆိုတာဟာ  “သခင်ဘုရားထံတော်၌ နေမြဲနေခြင်း” လို့ ဆိုတယ်။

ခရစ်ယာန်တယောက်အတွက် နေစရာ ၂ ခု ရှိတယ်။ ကိုယ်ခန္ဓာ၌ နေခြင်းနဲ့ သခင်ဘုရားထံတော်၌ နေခြင်း တို့ဖြစ်တယ်။ ဖိလိပ္ပိ ၁: ၂၃  မှာ ရှင်ပေါလုက “ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည်ယခုကျဉ်းမြောင်းစွာနေရ၏။ စုတေ့၍ ခရစ်တော်နှင့် အတူနေခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍အလွန်ထူးမြတ်သော အကျိုးဖြစ်၏။” သေပြီး၊ ခရစ်တော်နဲ့အတူနေရပါတယ်။ လူဆိုတာ ကိုယ်ခန္ဓာမဟုတ်ဘူး။ ဝိညာဉ်ဖြစ်တယ်။ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ခွင့်ရထားတာသာ ဖြစ်တယ်။ ကျမ်းစာက လူကို ဘုရားသခင်ရဲ့ ပုံတော်နဲ့အတူ ဖန်ဆင်းထားတယ်လို့ ဆိုတယ်။ လူ့နှာခေါင်းထဲကို အသက်မှုတ်သွင်း ပေးလို့ လူဟာ သက်ရှိဝိညာဉ် ဖြစ်လာတယ်။ (ကမ္ဘာ ၂: ရ) ကျွန်တော့ကိုယ်ခန္ဓာဟာ ကျွန်တော်မဟုတ်ဘူး။ ကျွန်တော် ပိုင်ခွင့်ရထားတာသာ ဖြစ်တယ်။ ကျွန်တော်ပိုင်တဲ့အရာသာ ဖြစ်တယ်။ ကျွန်တော့ခေါင်းကို ကျွန်တော်ထုလိုက်ရင် “ငါ့ခေါင်းကို ထုမိတယ်” လို့ ပြောတယ်။ ငါ့ခေါင်း၊ ငါ့လက်၊ ငါ့ခြေ၊ ငါ့နား . . စသည်ဖြင့်ပေါ့။ ဒါပေမယ့် ငါ့နာရီ၊ ငါ့အင်္ကျီ ဆိုတာလည်း ရှိပါတယ်။ ကျွန်တော့အင်္ကျ ီဟာ ကျွန်တော်ပိုင်ဖြစ်သလို၊ ကျွန်တော့် ကိုယ်ခန္ဓာဟာလည်း ကျွန်တော်ပိုင် ဖြစ်တယ်။ ဒီကိုယ်ခန္ဓာဟာ ကျွန်တော်နေတဲ့ အိမ်ပါ။ ကျွန်တော်ကိုယ်နှိုက်ကတော့ အထဲမှာရှိတဲ့ စိတ်ဝိညာဉ်ဖြစ်တယ်။ ၁သက် ၅: ၂၃ မှာ ရှင်ပေါလုက “ငါတို့သခင်ယေရှုကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။” လူသေရင် သူ့စိတ်နဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာကိုခွာပြီး ခရစ်တော်ထံ ချက်ခြင်း သွားတယ်။

အင်္ဂလန်ပြည်၊ လန်ဒန်မြို့မှာ သမရိုးကျမဟုတ်တဲ့ သင်္ချိုင်းကျောက်စာတခုရှိပါတယ်။ Solomon Peas- ဆိုတဲ့သူက သူ့သင်္ချိုင်းဂူမှာ ရေးဖို့ သူမသေခင်ပေးထားခဲ့တဲ့ စကားတွေပါ။ ( သူ့ကို ရှောလမုန်-ပဲ-လို့ ဆိုပါစို့။)

ဒီမိုးတိမ်အောက်၊ သစ်ပင်အောက်မှာ
ဆော်လမွန်-ပီးရဲ့ ကိုယ်ခန္ဓာဟာ လှဲနေတယ်။
ဒါဟာ ပဲဆိုတဲ့ ငါမဟုတ်၊ ပဲမျိုးထည့်တဲ့အိုးပါ။
ပဲက အခွံကွာပြီး၊ ဘုရားသခင်ထံ လွတ်ပျံသွားပြီ။

ဒီစကားတွေကို ဖတ်ရတော့၊ ကျွန်တော့်နာမည်လည်း  Solomon Peas ဖြစ်ချင်လာတယ်။ ကျွန်တော့အုတ်ဂူမှာ အဲဒီစကားမျိုး ရေးချင်လာတယ်။ ခရစ်ယာန်သေရင်၊ ခရစ်တော်ထံ ချက်ခြင်းရောက်တယ်။ ကိုယ်ခန္ဓာကနေခွါပြီး၊ သခင်ဘုရားထံ ရောက်ခွင့်ရတယ်။

၄။ ကောင်းကင်မှာ တယောက်နဲ့တယောက် သိကြမလား? Will We Know Each Other In Heaven?
သိလိမ့်မယ်လို့ ကျမ်းစာက ပြောတယ်။ “ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ် မှစသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်၍၊” ဆိုတော့ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကို သိရလိမ့်မယ်။

သခင်ယေရှု အရောင်အဝါ ပြောင်းလဲတော့၊ မောရှေနဲ့ဧလိယ ထင်ရှားလာတယ်။ မောရှေဆိုတာ ဧလိယ မမွေးခင်မတည်းက အသက်ရှင်ပြီး၊ သေလွန်ခဲ့သူပါ။ ဒါပေမယ့် သခင်ယေရှု အရောင်အဝါပြောင်းလဲတဲ့ တောင်ပေါ်မှာ မောရှေက ဧလိယကို သိနေတယ်။ ဧလိယကလည်း မောရှေကို သိနေတယ်။ တယောက်နဲ့တယောက် သိကြရုံမျှမကဘူး။ နာမည်တွေကလည်း အရင်အတိုင်းပဲရှိနေတယ်။

တချို့က “နာမည်တွေက ကောင်းကင်မှာ ဒီအတိုင်းဘဲရှိမှာလား?” လို့ မေးတယ်။ မသိပါဘူး။ မောရှေကိုတော့ မောရှေလိုပဲ ဆက်ခေါ်ပါတယ်။ ဧလိယလည်း ဧလိယပါပဲ။ အာဗြဟံက အာဗြဟံ။ ဣဇာက်က ဣဇာက်။ ယာကုပ်က ယာကုပ် လို့ ဆက်ခေါ်ပါတယ်။ အားလုံးလဲ ဒီအတိုင်းဘဲ ဖြစ်နေမှာပေါ့။ ကျွန်တော်လည်း Curtis Hutson ဘဲ ဆက်ဖြစ်နေနိုင်တယ်။

ကောင်းကင်မှာ တစ်ယောက်နဲ့တစ်ယောက် သိကြမလား။ သိ်မှာပါ။ မောရှေက ဧလိယကို သိတယ်။ ဧလိယကလည်း မောရှေကို သိတယ်။ တကယ်တော့ မြေကြီးပေါ်မှာတုန်းက တယောက်နဲ့တယောက် တွေ့ဖူးကြတာမဟုတ်ဘူး။ အချင်းချင်း သိကြရုံမျှမက နောင်မှာဘာဖြစ်မယ်  ဆိုတာကိုလည်း သိနေကြတယ်။ လုကာ ၉ မှာ သူတို့ဟာ သခင်ယေရှု ယေရုရှလင်မြို့မှာ အသေခံမယ့်အကြောင်း ဆွေးနွေးခဲ့ကြတယ်။ ၁ကော ၁၃: ၁၂ မှာ “ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျှက်သာ နေကြ၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့် မည်။”

ကောင်းကင်ရောက်ရင် ကျွန်တော့အမေကို ကျွန်တော် မှတ်မိနေမှာပါ။ ကျွန်တော်ငယ်ငယ်က သေသွားခဲ့တဲ့ အဘိုးကိုလည်း သိနေမှာပါ။ အသက် ၉၉ နှစ်အထိ အသက်ရှင်ခဲ့တဲ့ အဘွားကိုလည်း သိနေလိမ့်မယ်။

၅။ ကောင်းကင်မှာ ကိုယ်ခန္ဓာရှိမှာလား? Will We Have A Body In Heaven?
ကိုယ်ခန္ဓာရှိမယ့်သဘော ကျမ်းစာမှာတွေ့ရတယ်။ လုကာ ၁၆မှာ လာဇရုသေတော့ ကောင်းကင်တမန်တွေက အာဗြဟံရင်ခွင်ကို ပို့ပေးကြတယ်။ သဌေးကြီးက ချောက်ကြီးတဖက်ကနေ မြှော်ကြည့်တယ်။ အာဗြဟံရဲ့ရင်ခွင်မှာ လာဇရုကို တွေ့တယ်။ အာဗြဟံနဲ့စကားပြောတဲ့အခါ လာဇရုရဲ့ လက်ဖျားကို ရေမှာနှစ်ပြီး လာတိုက်ဖို့ တောင်းဆိုတယ်။ ဒီအချက်ကြောင့် လာဇရုမှာ ကိုယ်ခန္ဓာရှိကြောင်း သိနိုင်တယ်။

၂ကော ၅: ၁ မှာ ရှင်ပေါလုက “ယာယီတဲဖြစ်သောငါတို့ မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရ အိမ်ရှိကြောင်းကို ငါတို့သိကြ၏။” ကောင်းကင်မှာရမယ့် ကိုယ်ခန္ဓာကို ဒီလောကမှာကတည်းက တောင့်တနေရမယ်လို့ ပြောနေတာပါ။ ကျမ်းစာက သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ ကိုယ်ခန္ဓာတမျိုးရှိမယ်လို့ ဆိုတယ်။ သခင်ယေရှုကြွလာပြီး ကိုယ်ခန္ဓာမထမြောက်ခင် အချိန်အထိ ပိုင်ဆိုင်ရမယ့် ခန္ဓာကိုယ်တမျိုးပါ။

သခင်ယေရှု ကြွလာမယ်။ ကြွလာတဲ့အခါ ခရစ်ယာန်တွေရဲ့ ကိုယ်ခန္ဓာတွေဟာ သေခြင်းမှ ထမြောက်လိမ့်မယ်။ ၁သက် ၄: ၁၆ မှာ “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။” ခရစ်ယာန်တွေဟာ သင်္ချိုင်းတွင်းက ထွက်လာရလိမ့်မယ်။

ကျမ်းစာက တမန် ၂၄: ၁၅ မှာ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူတို့ မြှော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြ၍ မြှော်လင့်ပါ၏။”

ယောဟန် ၅:၂၈-၂၉ မှာ သခင်ယေရှုက “ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူ အပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊ ထွက်ရမည့်အချိန် ကာလ ရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်း သို့၎င်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သော သူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။”

ယောဘ ၁၉: ၂၅-၂၇ မှာ ယောဘက “ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောက်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော် မူမည် ဟူ၍၎င်း၊ ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကို မြင်မည်ဟူ၍၎င်း ငါသိ၏။ ငါ့ဘက်၌ နေတော်မူသော ဘုရားသခင်ကို ငါမြင်မည်။ သူတပါးမြင်သည်သာမက၊ ငါသည် ကိုယ်မျက်စိနှင့် ဖူးမြင်မည်။ ထိုသို့ မြှော်လင့်၍ ငါ့ကျောက်ကပ်သည် ပျက်လျှက်ရှိ၏။”

လူသေရင် သူ့စိတ်ဝိညာဉ်ဟာ ကိုယ်ခန္ဓာကိုခွာပြီး ခရစ်တော်ထံ ချက်ခြင်းရောက်သွားတယ်လို့ ကျမ်းစာက သွန်သင်ပါတယ်။ ၂ကော ၅ ကို အခြေပြုလိုက်ရင် သေခြင်းနဲ့ထမြောက်ခြင်းကြား၊ ထမြောက်ခြင်းကို စောင့်ဆိုင်းနေချိန်မှာ စိတ်ဝိညာဉ်ဟာ ယာယီခန္ဓကိုယ်တစ်ခုကို ရထားပါတယ်။ ဒါကြောင့် ၂ကော ၅ က ခန္ဓာကိုယ်ဟာ သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ ယုံကြည်သူရတဲ့ ယာယီကိုယ်ခန္ဓာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သခင်ယေရှု ကြွလာတဲ့အခါ ခရစ်တော်၌ သေလွန်သူတွေက အဦးဆုံးထမြောက် ကြလိမ့်မယ်။ ထမြောက်လာတဲ့အခါ၊ ခရစ်တော်နဲ့တူတဲ့ ကိုယ်ခန္ဓာရမယ်လို့ ဆိုတယ်။

၁ယော ၃: ၂မှာ “ချစ်သူတို့၊ ယခုတွင် ငါတို့သည်ဘုရားသခင်၏ သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော် ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတံ့။”

ဖိလိပ္ပိ ၃: ၂၀-၂၁ မှာ “ငါတို့ ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်လျှက်ရှိ၏။ ကယ်တင်တော်မူသော၊ အရှင်သခင် ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြှော်လင့်လျှက် နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓာတော်၏ နည်းတူ ဖြစ်စေခြင်းငှါ အသစ် ပြင်ဆင်တော်မူလတံ့။”

မြင်ယောင်ကြည့်လိုက်မယ်ဆိုရင် ခရစ်ယာန်သေရင် စိတ်ဝိညာဉ်က ကိုယ်ခန္ဓာကို စွန့်ခွာပြီး ခရစ်တော်ထံ ချက်ခြင်း ရောက်တယ်။ သူ့အလောင်းကို သင်္ဂြိုဟ်တယ်။ မြေမှုန့်ပြန်ဖြစ်သွားတယ်။ ခရစ်တော်မလာမှီ အနှစ်တစ်ရာ (သို့) အနှစ်တထောင် ကြာနိုင်တယ်။ တဖက်ကလည်း တစ်နှစ် (သို့) တစ်ရက်ပဲလည်းဖြစ်နိုင်တယ်။ ဘယ်အချိန်လာမလဲ ဘယ်သူမှမသိနိုင်ဘူး။ သခင်ယေရှု ကြွလာတဲ့အခါ ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနဲ့ ကြွလာပြီး ခရစ်တော်၌ သေလွန်သူတွေ အဦးဆုံး ထမြောက်ကြလိမ့်မယ်။ သေလွန်တဲ့ ခရစ်ယာန်တွေရဲ့ ကိုယ်ခန္ဓာတွေ သေရာမှ ပြန်ထလာမယ်။ သေချိန်ကတည်းက ခရစ်တော်ထံရောက်သွားတဲ့ စိတ်ဝိညာဉ်ဟာ တဖန် ပြန်ရောက်လာမယ်။

 “ညီအကိုတို့၊ မြှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။ ယေရှုသည် သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည်ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။” ၁သက် ၄: ၁၃-၁၄

သခင်ယေရှုကြွလာတဲ့အခါ သေလွန်ပြီးတဲ့ သန့်ရှင်းသူတွေလည်း အတူပါလာမယ်။ ကိုယ်ခန္ဓာထမြောက်ပြီး စိတ်ဝိညာဉ်က ထမြောက်တဲ့ ကိုယ်နဲ့ပြန်ပေါင်းမယ်။ ထာဝရကာလတလျှောက်လုံး ခရစ်တော်နဲ့ အတူနေရမယ်။ ၁သက် ၄: ၁၇ မှာ “သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” နောက်မေးခွန်းတခုက-
             
၆။ ကယ်တင်ခြင်းရပြီး ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်က အဖြစ်အပျက်တွေကို သိနေကြမလား?
Do the Saved In Heaven Know What Is Happening On Earth?
သိနေကြမှာပါ။ ကျမ်းစာချက်တချို့ ပြပါမယ်။ ကောင်းကင်ရောက်သူတွေဟာ သိမြင် သွားလာနေကြတယ်။ လူသေရင် အိပ်ပျော်ပြီး ထမြောက်ခြင်းမရောက်မှီအထိ၊ ဘာမှမသိတော့ဘူး လို့ တချို့ထင်ကြတယ်။ အိပ်ပျော်တယ်လို့ ကျမ်းစာက ပြောပေမယ့်၊ အိပ်ပျော်တယ်ဆိုတာ ကိုယ်ခန္ဓာကိုပဲ ရည်ညွှန်းတာပါ။

၁သက် ၄း၁၃ မှာ “အိပ်ပျော်သောသူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။” ယောဟန် ၁၁ မှာ သခင်ယေရှုက လာဇရုအိပ်ပျော်တယ်လို့ ပြောတယ်။ ဒါပေမယ့် စိတ်ဝိညာဉ်ကို ပြောတာမဟုတ်ဘူး။ ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်က ဖြစ်ပျက်နေတာတွေကို သိနေ၊ မြင်နေကြတယ်ဆိုတဲ့ တခြားကျမ်းချက်တွေ ရှိသေးတယ်။

ကျမ်းစာကို အနက်ဖွင့်ရင် လိုက်နာစရာကောင်းတဲ့ မူတခုရှိတယ်။ ရှင်းနေတဲ့ကျမ်းချက်ကို ရှုပ်အောင်၊ နားမလည်တဲ့ကျမ်းချက်ကို ဘယ်တော့မှ မသုံးပါနဲ့။ ကောင်းကင်ရောက်သူတွေ သိနေ၊ မြင်နေ သွားလာနေတယ်ဆိုတဲ့ ကျမ်းချက်တွေပြပါမယ်။

လူကာ ၁၅: ရ-၁၀ မှာ နောင်တရစရာမရှိတဲ့ လူကိုးဆယ့်ကိုးယောက်ထက် နောင်တရတဲ့အပြစ်သား တစ်ယောက်အပေါ် ကောင်းကင်မှာ ပိုဝမ်းမြောက်ကြတယ်။ ဝမ်းမြောက်သူတွေဟာ ကောင်းကင်တမန်တွေမဟုတ်ဘူး။ ကောင်းကင်တမန်တွေက ကယ်တင်ခြင်းအကြောင်း မသိဘူး။ ကယ်တင်ခြင်းအကြောင်း သိသူတွေသာ ဝမ်းမြောက်တာပါ။ သူတို့က ကောင်းကင်ကနေ မြေကြီးပေါ်ကို ငုံ့ကြည့်တယ်။ မိတ်ဆွေတွေ ချစ်ခင်သူတွေ ခရစ်တော်ကို လက်ခံကြတာ မြင်ကြတယ်။ ကယ်တင်ခြင်းရကြလို့ ဝမ်းသာကြတယ်။

ဗျာဒိတ် ၆: ၉-၁၀ မှာ ၅-ခုမြောက်တံဆိပ်ကို ဖွင့်တော့ “ပဥ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ သူတို့ကလည်း၊ သန့်ရှင်း ဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသောသူတို့သည် ငါတို့အသွေးကို သွန်းကြသောအပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။”

ကောင်းကင်က အဲဒီလူတွေဟာ မာတုရအဖြစ် အသတ်ခံရတဲ့သူတွေပါ။ သူတို့က အသံကျယ်ကြီးနဲ့ အော်ဟစ်ကြတယ်။ အိပ်မနေဘူးပေါ့။ သခင်ဘုရားကို စကားပြောကြတယ်။ သူတို့ကို သတ်တဲ့သူတွေအပေါ် တစ်ခုခုမလုပ်ဘဲ ဘယ်လောက်ကြာနေအုံးမှာလဲလို့ မေးကြတယ်။

စဉ်းစားစရာ အချက်တွေရှိပါတယ်။ ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်ကို ငုံ့ကြည့်ကြတယ်။ သူတို့ကို သတ်ခဲ့တဲ့သူတွေဟာ အပြစ်ပေးမခံရဘဲ ကောင်းစားနေကြတယ်။ ဒါကြောင့် “ သူတို့ကလည်း - - အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာ နေသောသူတို့သည် ငါတို့ အသွေးကို သွန်းကြသောအပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံး နေတော်မူမည်နည်း” လို့ မေးတယ်။

နောက်တချက်၊ အငယ် ၁၁ မှာ သခင်ဘုရားက သူတို့ကို ပြန်ပြောတယ်။ “ထိုသူတို့၌ ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကို ခံရလတံ့သော မိမိလုပ်ဘော်ဆောင်ဘက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့ မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။”

ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်ကအဖြစ်အပျက်တွေကို သိနေကြသလား?
ဟေဗြဲ ၁၂: ၁ မှာ “ထို့ကြောင့်၊ ဤမျှလောက်များစွာသောသက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျှက်ရှိကြသည်ဖြစ်၍”  အဲဒီ သက်သေခံတွေဟာ ဟေဗြဲ ၁၁ မှာ ပြောထားတဲ့သူတွေပါ။ အနည်းဆုံးနာမည် ၁၇ ခုလောက် ပါတယ်။ ပြီးမှ ဟေဗြဲ ၁၂ ကိုစတဲ့အခါ “ထို့ကြောင့်၊ ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျှက်ရှိကြသည်ဖြစ်၍ …”

မူရင်းကျမ်းစာလိပ်တွေမှာ အခန်းကြီး၊ အခန်းငယ်ခွဲထားခြင်း မရှိဘူး။ လူကခွဲ ပေးလိုက်တာပါ။ ကျမ်းစာကို အခန်ကြီး၊ အခန်းငယ်ခွဲတဲ့ လူတွေကို Spurgeon က အပြစ်တင်တယ်။ သူအပြစ်ပြောတာ ဟုတ်တယ်လို့ ကျွန်တော်ထင်တယ်။ ဟေဗြဲ ၁၁ အဆုံးမှာ ရပ်ထားလိုက်ရင်၊ ဟေဗြဲ ၁၂: ၁ မှာရှိတဲ့ သိပ်အရေးကြီးတဲ့ အကြောင်းအရာတစ်ခု လွတ်သွားနိုင်တယ်။ အဲဒီကျမ်းပိုဒ်မှာ ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်က အဖြစ်အပျက်တွေကို သိနေတယ်လို့ သွန်သင်ထားတယ်။ သက်သေခံတွေအများကြီး ကျွန်တော်တို့ကို ဝိုင်းရံထားတာလို့ သွန်သင်ထားတယ်။

မြေကြီးပေါ်က အဖြစ်အပျက်တွေကို ကောင်းကင်လူတွေ သိကြသလား? သိပါတယ်။ ဘယ်လောက်သိသလဲ? အပြစ်အားလုံး၊ ဒုက္ခအားလုံး၊ သိမသိ မသေချာဘူး။ လူသတ်မှုအားလုံး၊ ဆိုးညစ်မှုအားလုံး၊ သိသလားလို့ မသေချာဘူး။ ဒါပေမယ့် ကယ်တင်ခြင်း မရသူတွေ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်အားကိုးတာကိုတော့ သိကြတာ သေချာတယ်။ အကြောင်းက လုကာ ၁၅: ၁၀ မှာ သူတို့ဟာ နောင်တရတဲ့အပြစ်သား တယောက်အတွက် ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ ရှေ့မှာ ဝမ်းမြောက်ကြတယ်လို့ ပြောလို့ပါ။

လူ့ဘဝဖြစ်တည်မှုကို ယခုကာလ၊ ကြားကာလ၊ ထာဝရကာလ ဆိုပြီးသုံးပိုင်း ပိုင်းနိုင်တယ်။ ယခုကာလဆိုတာ မွေးဖွားချိန်မှ သေဆုံးချိန်ထိ ဖြစ်တယ်။ ကြားကာလဆိုတာ သေဆုံးချိန်မှ ထမြောက်ချိန်ထိ ဖြစ်တယ်။ ထာဝရကာလဆိုတာ ထမြောက်ချိန်မှ ထာဝရကာလ တလျှောက်လုံးအထိ ဖြစ်တယ်။ လူဟာ ထမြောက်ပြီးချိန်မှစ၍ ထာဝရ တည်မြဲသွားပြီ။

ယခုကာလမှာ အသက်ရှင်နေကြတာဖြစ်ပါတယ်။ သေသွားရင် စိတ်ဝိညာဉ်က  ကိုယ်ခန္ဓာကို ခွာပြီး၊ ခရစ်တော်ထံ ရောက်သွားတယ်။ အလောင်းကို သင်္ဂြိုဟ်ကြမယ်။ သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ ခရစ်တော်ကြွလာခြင်းကို စောင့်စားရင်း ကြားကာလကြုံမယ်။

ကြားကာလနဲ့ ပတ်သက်တဲ့ အယူအဆတွေအများကြီးရှိတယ်။ တချို့က ဝိညာဉ်အိပ်တယ်။ ဖြစ်ပျက်နေတာတွေကို မသိတော့ဘူးလို့ ဆိုတယ်။ ကာသိုလစ် မိတ်ဆွေတွေက ကောင်းကင်မဝင်ခင်၊ မဝန်ခံရသေးတဲ့ အပြစ်တွေဆေးကြောဖို့ ငရဲကလေးရှိတယ်လို့ ဆိုတယ်။ ဒါပေမယ့် ကျမ်းစာက သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ လူဟာ ခရစ်တော်နဲ့အတူရှိတယ်။ သိနေ၊ မြင်နေရတယ်။ ကိုယ်ခန္ဓာရှိတယ်၊ မြေကြီးပေါ်က အဖြစ် အပျက်တွေကို သိနေတယ်လို့ ဆိုတယ်။ ကောင်းကင်နဲ့ ပတ်သက်တဲ့ နောက်မေးခွန်း တစ်ခုရှိတယ်။

၇။ ကောင်းကင်ဘုံ ဘယ်မှာရှိသလဲ? Where Is Heaven?
ကျွန်တော်ငယ်ငယ်တုန်းက “ကောင်းကင်ပေါ်ကို တက်မယ်” လို့ ပြောလေ့ရှိဖူးတယ်။ လူငယ်ဘဝရောက်တော့ တရုတ်ပြည်မှာ သေပြီး အပေါ်တက်သွားရင် အမေရိကမှာ သေပြီးအပေါ်တက်မယ့်လူနဲ့ ဆန့်ကျင်ဘက်တွေဖြစ်လိမ့်မယ်လို့ လူတယောက်က သတိပေးတယ်။ ကမ္ဘာကြီးကလုံးပြီး တရုတ်ပြည်ကလည်း တဖက်ခြမ်းမှာ ရှိတဲ့အတွက် သူ့ပြောစကားက ဟုတ်သလိုလို ထင်ရတယ်။ ဒါပေမယ့် ကျမ်းစာကို လေ့လာကြည့်တဲ့အခါ ကောင်းကင်ဟာ အမြင့်ဆုံးကြယ်တွေထက် ပိုဝေးတဲ့ မြောက်ဘက် အရပ်မှာတည်တယ်လို့ ပြောတယ်။

စိတ်ဝင်စားစရာ ကျမ်းချက်တခုက “အရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူးမပြုနိုင်။ ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။ တယောက်ကို နှိမ့်ချ၍၊ တယောက်ကို ချီးမြှောက်တော်မူ၏။” ဆာလံ ရ၅: ၆-၇။ မြောက်အရပ် ဆိုတဲ့စကားမပါတာ အံ့ဩစရာဖြစ်တယ်။ ဘာကြောင့်လဲ? ကျေးဇူးပြုခြင်းဟာ မြောက်အရပ်က လာတဲ့အတွက် ဖြစ်တယ်။ ဘုရားသခင်ထံမှ လာတယ်။ “တစ်ယောက်ကို နှိမ့်ချ၍ တယောက်ကို ချီးမြှောက်တော်မူ၏။”

ဟေရှာယ ၁၄း၁၂-၁၇ မှာ *စာတန်ဖြစ်လာတဲ့ လူစီဖာ အကြောင်း* တွေ့ရတယ်။ သူက “ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။” လို့ ပြောတယ်။ “မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည်။” “မြောက်မျက်နှာဘက် ဗျာဒိတ်တော်ပေါ်မှာ ငါထိုင်မည်။” လို့ ပြောတယ်။

ကောင်းကင်ဟာ မြောက်အရပ်ဘက်မှာ ရှိပါတယ်။ ဟေရှာယ ၁၄ အရ အမြင့်ဆုံးကြယ်ရဲ့ အစွန်းတဖက်မှာ ရှိတယ်။ ဟေရှာယ ၁၄ မှာ စာတန်က “ကောင်းကင်ပေါ်သို့ ငါတက်မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။” လို့ ဆိုတယ်။ တကယ်ကြယ်တွေကိုသာ ပြောလိုက်တာဆိုရင် ဒုတိယ ကောင်းကင်လို့ဆိုတဲ့ အရပ်ရဲ့ အပြင်ဘက်ကို ပြောတာပါ။

ကောင်းကင် သုံးထပ်ရှိပါတယ်။ ရှင်ပေါလုက ၂ကော ၁၂: ၂၊ ၄ မှာ “တစ်ဆယ့်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတယောက်ကို တတိယကောင်းကင်သို့တိုင်အောင်  ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင်သိတော်မူ၏။ ထိုသူသည် ပရဒိသုဘုံသို့ ချီဆောင်ခြင်းကို ခံရ၍၊ လူမပြောအပ် မပြောနိုင်သော စကားကို ကြားသည်အကြောင်းကို ငါသိ၏။ ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။”

တတိယကောင်းကင်ရှိနေရင် ပထမနဲ့ ဒုတိယကောင်းကင်လည်း ရှိပါတယ်။ ပထမကောင်းကင်ဟာ ငှက်တွေပျံသန်းတဲ့ လေထု ကောင်ကင် ဖြစ်တယ်။ ၂ပေ ၃: ၁၀ မှာ “မိုဃ်းကောင်းကင်သည် ကြီးစွာသောအသံနှင့် ပျောက်သွားလိမ့်မည်။” လေထုကောင်းကင်ကို ပြောတာပါ။ ဆာလံ ၁၉း၁ မှာ “မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍ …” ဒါက ဒုတိယကောင်းကင်- ကြယ်တွေ၊ ဂြိုလ်တွေရှိတဲ့ ကောင်းကင်ကို ပြောတာပါ။ တတိယကောင်းကင်ကတော့ ခရစ်ယာန်တွေရောက်တဲ့ သခင်ယေရှုရှိရာအရပ်၊ ဘုရားသခင်ရဲ့ ပရဒိသုဘုံ ဖြစ်ပြီး၊ ကြယ်စင်တွေရဲ့အစွန်း၊ ဒုတိယကောင်းကင် (သို့) ကြယ်တာရာ ကောင်းကင်ရဲ့ အစွန်းမှာရှိတယ်။

လူတွေမြင်နိုင်စွမ်းရှိတဲ့ အဝေးဆုံးကြယ်ဆိုတာ အားအကောင်းဆုံးတယ်လီစကုပ် နဲ့ကြည့်ရင် အလင်းနှစ်သန်းပေါင်း ၅၀၀ အကွာအဝေး မှာရှိတယ်လို့ သိရတယ်။ အလင်းဆိုတာက တစက္ကန့်ကို မိုင်ပေါင်း ၁၈၆,၀၀၀ အသွားနှုန်းရှိတယ်။ ရှိပါတယ်လို့ လူသိခွင့်ရတဲ့ အဝေးဆုံး ကြယ်ကို ရောက်ဖို့ နှစ်ပေါင်းသန်း ၅၀၀ ကြာလိမ့်မယ်။ ကောင်းကင်ဆိုတာက အဲဒီထက်ပိုဝေးသေးတယ်။ ဟေရှာယ ၁၄ အရ မြောက်ဘက် အစွန်မှာရှိတယ်။

ဒါကြောင့် ကလေးဘဝတုန်းက “ကောင်းကင်ပေါ်တက်မယ်” လို့ ပြောတဲ့စကားဟာ နားမလည်ပေမယ့် မှန်ပါတယ်။ မြောက်ဘက်ကို သွားလေလေ အမြင့်ကို တက်လေလေဘဲ။ လူတိုင်းက “အထက်ကိုမြောက်၊ အောက်ကိုတောင်၊” လို့ ပြောတတ်တယ်။ မြောက်ဝန်ရိုး စွန်းဟာ ကမ္ဘာရဲ့ ထိပ်ဆုံးဖျားပိုင်းဖြစ်တယ်။ ဒါကြောင့် ကောင်းကင်ဘုံဟာ အထက်အရပ်မှာ ရှိတယ်။ ကောင်းကင်ဟာ တကယ်ရှိတယ်။ အမြင့်ဆုံးကြယ်ရဲ့အစွန် မြောက်ဖက်အရပ်မှာ တည်ရှိတယ်။

၈။ ကောင်းကင်ကိုဘယ်သူရောက်မလဲ? Who Is Going To Heaven?
ကောင်းကင်ကိုဘယ်သူရောက်မလဲလို့ မေးမယ်ဆိုပါစို့။ ကျမ်းစာဖတ် ဆုတောင်းတဲ့သူတွေပေါ့ လို့
တချို့က ပြောလိမ့်မယ်။ တချို့က ကောင်းကောင်းနေပြီး ပညတ်တော် ၁၀ပါး စောင့်ထိန်းသူတွေ လို့ ပြောမယ်။ တချို့က ဘုရားကျောင်း မှန်မှန်တက်သူ (သို့) နှစ်ခြင်းခံပြီးသူလို့ ပြောကြမယ်။ တချို့ဆိုရင် လောကမှာ ဒုက္ခအပြည့်အဝခံသွားမှ သေရင် ကောင်းကင်ရောက်မယ်လို့ ပြောတာမျိုးတောင် ကြားဖူးတယ်။

ကျွန်တော်ကလေးဘဝက ဂျော်ဂျီယာပြည်၊ အက်တလန်တာမှာ မီးအကြီးအကျယ် လောင်တယ်။ ဝိုင်းကော့ဟိုတယ် မီးလောင်တယ်။ လူတွေအများကြီး သေတယ်။ လူတစ်ယောက်က ဝိုင်းကော့မီးအကြောင်း သီချင်းတစ်ပုဒ်ရေးတယ်။ သီချင်းစာသား တပိုဒ်ကတော့ ………

ကောင်းကင်ဆိုတာ ရှိနေတော့
ဒီလိုနည်းနဲ့ သေသူတွေအတွက်
ပြန်တွေ့ဖို့ အိမ်ပြန်ကြတဲ့အခါ
ချိုမြိုန်သာယာတဲ့ ကောင်းကင်နေ့ရက်မှာ …….

သူဆိုလိုချင်တာက မီးထဲမှာ ဒုက္ခခံစားကြရတဲ့အတွက် ကောင်းကင်ရောက်ကြလိမ့်မယ်လို့ ပြောတာပါ။ ကောင်းကင်သွားဖို့ အယူအဆတွေ အမျိုးမျိုးရှိတတ်ကြတယ်။

ကျွန်တော် စာတိုက်ရုံးမှာ အလုပ်လုပ်တော့ အမျိုးသမီးကြီး တစ်ယောက်က “ကောင်းကင်ဆိုတာလဲ အခု အလုပ်လိုပါဘဲ။ ဒီမနက် စာတိုက်ရုံးကို အားလုံး ရောက်လာကြတယ်။ ရှင်က ကော်ဗင်တန်လမ်းမကြီးက လာပြီး ကင်တလာလမ်းက ဖြတ်တော့ ရုံးကိုရောက်တယ်။ တခြားတစ်ယောက်ကတော့ ပင်သာဗေးလ်ကလာပြီး ရုံးကိုရောက်တယ်။ ကျွန်မကတော့ အရှေ့ကန်သာပန်းခြံလမ်းကလာပြီး၊ ရုံးကို ရောက်တယ်။ အဲဒီလိုနဲ့ တခြားလူတွေအားလုံး စာတိုက်ရုံးကြီးကို ဘယ်လိုရောက်လာကြတယ်ဆိုတာ ပြောပြပါတယ်။ တလမ်းတည်း မလာကြဘူးပေါ့။ ဒါနဲ့သူက “ကောင်းကင်ဆိုတာလည်း ဒီလိုဘဲပေါ့။ ကျွန်မတို့အားလုံး တစ်ခုတည်းသော အရာအတွက်ဘဲ ကြိုးစားကြတာပဲ။ ရိုးသားကြမယ်ဆိုရင်၊ သေရင်အားလုံး ကောင်းကင်ရောက်မှာပေါ့ ရှင်ဘယ်လိုထင်သလဲ?” လို့ မေးတယ်။ ကျွန်တော်က “တစ်ခုပဲ မှားတာပါ။ ကျွန်တော်တို့တတွေ သေရင် စာတိုက်ကြီးကို လာကြရမှာမဟုတ်ဘူး။” လို့ ပြန်ဖြေခဲ့တယ်။

စာတိုက်ကြီးရောက်ဖို့ လမ်းတွေအများကြီးရှိပေမယ့်၊ ကောင်းကင်သွားဖို့ တလမ်းပဲရှိပါတယ်။ ယောဟန် ၁၄: ၆ မှာ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” တမန်၄: ၁၂ မှာ “ထိုသခင်၏ နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။”

ကဲ၊ ကောင်းကင်ကိုဘယ်သူရောက်မလဲ? ကျမ်းစာပြောတာကို နားထောင်ကြည့်ပါ။ ဗျာဒိတ် ရ မှာ ကောင်းကင်မြင်ကွင်းကို တွေ့ရပါတယ်။ မရေမတွက်နိုင်လောက်တဲ့ များစွာသောသူတွေဟာ ဖြူစင်သော ဝတ်ရုံတွေ ဝတ်ဆင်ထားတယ်။ ဗျာဒိတ် ရး၁၃ မှာ “အသက်ကြီးသူတပါးကလည်း ဖြူသောဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်က လာကြသနည်းဟု ငါ့အားမေးမြန်းလျှင်”

အသက်ကြီးသူက “သူတို့ဘယ်လိုရောက်လာလဲ? ဘယ်ကဘာကြတာလဲ?” လို့ မေးတာပါ။ ယောဟန်က အငယ်၁၄ မှာ “သခင်၊ ကိုယ်တော်သိပါ၏ဟု ပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသော ဒုက္ခဆင်းရဲအထဲက ထွက်မြောက်၍ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌ လျှော်၍ ဖြူစေသောသူ ဖြစ်ကြသတည်း။” လို့ ဖြေထားပါတယ်။ ကောင်းကင်ရောက်သူတွေဟာ သူတို့အဝတ်ကို သိုးသငယ်အသွေးမှာ ဆေးကြောဖြူစင် စေခဲ့လို့ ရောက်ရတာပါ။ အသွေးတော်မှာ ဆေးကြောပြီးသူတွေသာ ကောင်းကင်ရောက်ရပါတယ်။ ဒါပေမယ့် အသွေးတော်မှာ ဆေးလျှော်တယ်ဆိုတာက ဘာလဲ? သခင်ယေရှုရဲ့ အသွေးကိုယူပြီး အင်တုံထဲမှာထည့်၊ လက်ဆေးဖို့ပြောတာမဟုတ်ဘူး။ အသွေးတော်ကိုလည်း မြင်ဖူးကြတာ မဟုတ်ဘူး။

နည်းနည်း ရှင်းပြပါမယ်။
အားလုံးဟာ အပြစ်သားတွေလို့ ကျမ်းစာကဆိုတယ်။ ရောမ ၃: ၂၃မှာ “လူအပေါင်းတို့သည် ဒုစရိုက််ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ” ရောမ ၃: ၁၀ မှာ “ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ တယောက်မျှမရှိ၊ ပြုမိတဲ့အပြစ်ချင်းမတူ၊ အပြစ်အနည်းအများ မတူကြပေမယ့်၊ အားလုံးအပြစ်ပြုပါတယ်။ အားလုံးအပြစ်သားဖြစ်လို့ အပြစ်ကြွေးတွေ ကိုယ်စီတင်နေကြတယ်။ အပြစ်က အခကို တောင်းတယ်။ ယေဇကျေလ ၁၈း၄ မှာ “ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်” ရောမ ၆: ၂၃ မှာ “ အပြစ်တရား၏အခကား သေခြင်း ပေတည်း” ။ ယာကုပ် ၁: ၁၅ ဒုစရိုက်သည်လည်း ပြည့်လျှင် သေခြင်းကို ဘွားတတ်၏။”

ကဲ- မြင်ယောင်ကြည့်ပါ။ ကျွန်တော်က အပြစ်သား။ အပြစ်ပြုခဲ့မိပြီဆိုတော့ အပြစ်ကြွေးတင်နေပြီ။ အပြစ်အတွက်အခဟာ သေခြင်းဖြစ်တယ်။ ဒါပေမယ့် အဲဒီသေခြင်းဟာ သေနတ်ဒဏ်ရာ (သို့) ကင်ဆာရောဂါနဲ့ သေရတာထက် ပိုတယ်။ ဒါကိုကျမ်းစာက ဒုတိယသေခြင်း၊ ငရဲမီးအိုင်လို့ ခေါ်တယ်။ ဗျာဒိတ် ၂၀: ၁၄မှာ “ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။”  အပြစ်သားတယောက်အနေနဲ့ အပြစ်ကြွေးကို ပေးဆပ်ရမယ်ဆိုရင် ငရဲသွားပြီး အဲဒီမှာ ထာဝရနေဖို့ဘဲ ရှိတော့တယ်။

ဝမ်းမြောက်စရာအကြောင်းတရား တခုလည်းရှိပါသေးတယ်။ ကျွန်တော်တို့ လွန်ကျူးခဲ့၊ နောင်လည်း လွန်ကျူးမိဦးမယ့် အပြစ်ရှိသမျှကို လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်တုန်းက၊ သခင်ယေရှုရဲ့အပေါ်မှာ ဘုရားသခင်က ယူတင်ပေးလိုက်ပါပြီ။ ဒါကတရားဟောဆရာက ပြောတာမဟုတ်ဘူး။ သမ္မာကျမ်းစာက အတိအကျပြောတာပါ။ ဟေရှာယ ၅၃: ၆ မှာ “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော် မူ၏။” လွန်ခဲ့တဲ့ အနှစ်- နှစ်ထောင်တုန်းက ဘုရားသခင်က အချိန်ဆိုတဲ့မှန်ပြောင်းနဲ့ လှမ်းကြည့်တဲ့အခါ ကျွန်တော်တို့လွန်ကျူးကြမယ့် အပြစ်တွေအားလုံးကို မြင်လိုက်ပါတယ်။ အဲဒီအပြစ်တွေကို ယူပြီး သခင်ယေရှုအပေါ်မှာ တခုချင်းတခုချင်း တင်ပေးပါတယ်။ ၁ပေ ၂: ၂၄ မှာ “ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ။” ၂ကော ၅:၂၀ မှာလည်း “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့်အကြောင်းတည်း။”

ကျွန်တော်တို့ လွန်ကျူးခဲ့တဲ့ အပြစ်တွေအားလုံး၊ နောင်အနှစ်တစ်ထောင် အသက်ရှင်ရရင်လည်း လွန်ကျူးမိဦးမယ့် အပြစ်တွေ အားလုံးကို ဘုရားသခင်ယူပြီး လွန်ခဲ့တဲ့အနှစ်-နှစ်ထောင်မှာ သခင်ယေရှုအပေါ်ကို တင်ပေးခဲ့တဲ့ဖြစ်ရပ်ကို ပြောင်းလဲပစ်ချင်လို့ မရတော့ဘူး။ သခင်ယေရှုက သူ့ရဲ့ကိုယ်ခန္ဓာမှာ ကျွန်တော်တို့ အပြစ်တွေကိုယူဆောင်ချိန်မှာ ဘုရားသခင်က သူ့ကို ကျွန်တော်တို့ ကိုယ်စားအပြစ်ကြွေးဆပ်ဖို့ ဒဏ်ခတ်လိုက်ပြီ။

တချို့က ယုဒလူတွေ သတ်တာလို့ဆိုတယ်။ မဟုတ်ပါဘူး။ တချို့ကတော့ ရောမစစ်သားတွေ သတ်တာလို့ဆိုတယ်။ မှားပါတယ်။ ကျမ်းစာက “ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” ရောမ ၈: ၃၂ မှာ “မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလို့ငှါ၊ စွန့်တော်မူသောသူသည်”။ ကျွန်တော်တို့ကိုယ်စား အပြစ်ကြွေးဆပ်ဖို့ သခင်ယေရှုကို ဘုရားသခင်က အပြစ်ပေးလိုက်တာပါ။ ဒါကြောင့် ကျွန်တော်တို့သေရင် အပြစ်ကြွေးဆပ်စရာမလိုတော့ဘူး။

ဒါဆိုရင် လူတိုင်းကယ်တင်ခြင်းရမသွားဘူးလား? လူတိုင်းအတွက် အသေခံပေးတာဆိုတော့၊ လူတိုင်း ကောင်းကင်မရောက်ဘူးလား? မရောက်ပါဘူး။ ယေရှုခရစ် ကားတိုင်မှာ အသေခံပေးခြင်းဟာ အားလုံးအတွက် လုံလောက်ပေမယ့် ယုံကြည်သောသူတွေအတွက်သာ ထိရောက်မှုရှိပါတယ်။

အကြောင်းက ဒီလိုပါ။ ကျွန်တော်တို့ အပြစ်တွေကို ဘုရားသခင်က ခရစ်တော်ထံ လွဲပြောင်း တင်တားလိုက်ပါတယ်။ ယေရှုခရစ်က ကားတိုင်မှာ အသေခံပေးတယ်။ အသွေးသွန်းတယ်။ ဝတ်ပြုရာ ၁၇: ၁၁ မှာ “ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။” ကိုယ်ခန္ဓာထဲမှာ အသွေး ရှိနေတာဟာ အဲဒီလူအသက်ရှင်နေတယ်လို့ ဆိုလိုတယ်။ အသွေးသွန်းလိုက်ခြင်းဟာ သေတယ်လို့ဆိုလိုတယ်။ သခင်ယေရှုအသွေး သွန်းချိန်မှာ ကျွန်တော်တို့အတွက် အသက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့တင်သမျှ အပြစ်ကြွေးကို ဆပ်ပေးလိုက်တယ်။ ကျွန်တော်တို့ ခံစားရမယ့် ဝေဒနာတွေကို ခံစားခဲ့တယ်။ ဒီအကြောင်းကို ကျွန်တော်တို့ဆိုကြတဲ့ သီချင်းကလေးမှာလည်း တွေ့နိုင်ပါတယ်။

ငါ့အပြစ်စွန်းဆေးအံ့ငှါ
ရှင်ယေရှုအသွေးတတ်စွမ်းလေ-

ဟေဗြဲ ၉: ၂၂ မှာ “အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိ။” သခင်ယေရှု ကိုယ်စား အသေခံပေးချိန်မှာ အသွေးသွန်းခဲ့တယ်။ “မိမိတို့ ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ ဖြူစေသောသူ” လို့ ဆိုတာ ဒီသဘောပါဘဲ။ သူတို့က ယေရှုခရစ် အသေခံပေးတာ၊ အပြစ်ကြွေးတွေ ဆပ်ပေးတာကို ယုံကြည်တယ်။ ကယ်တင်ရှင်အဖြစ် အားကိုးကြတယ် လို့ ဆိုလိုတာပါ။

အတိုချုပ်ပြန်ပြောရရင် ကျွန်တော်တို့ဟာ အပြစ်သားတွေပါ။ အပြစ်ကြွေးတင်နေတယ်။ အဲဒီအပြစ်တွေကို ဘုရားသခင်က သခင်ယေရှု အပေါ်ကို လွဲပြောင်းတင်လိုက်တယ်။ သခင်ယေရှု အသွေးသွန်းရတယ်။ ကားတိုင်မှာ အသေခံတယ်။ အပြစ်ကြွေးကို ဆပ်ပေးတယ်။ ဒါကြောင့် ကားတိုင်မှာ “အမှုပြီးပြီ” လို့ ကြွေးကြော်တယ်။ အသွေးတော်မှာ ဆေးလျှော်ဖို့ (သို့) အပြစ်ကြွေး ဆပ်ပေးတာကို လက်ခံဖို့ဆိုရင် ယုံကြည်ခြင်းအားဖြင့် ရနိုင်တယ်။ ယောဟန် ၃: ၁၆ မှာ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”

အရေးကြီးတာက “ယုံကြည်” ဆိုတဲ့စကားလုံးကလေး ဖြစ်ပါတယ်။ “ငါခရစ်တော်ကို ယုံတာပဲ၊ ဘုရားမဲ့မဟုတ်ဘူး” လို့ လူတိုင်းပြောတတ်ကြပါတယ်။ ဒါပေမယ့် ကျမ်းစာထဲက “ယုံကြည်တယ်” လို့ ဆိုတဲ့စကားဟာ သခင်ယေရှုလာပြီး အသေခံခဲ့တယ်ဆိုတဲ့အချက်ကို သမိုင်းအရ လက်ခံတာမျိုးမဟုတ်ဘူး။ “ယုံကြည်တယ်” ဆိုတာဟာ ကိုးစားတယ်၊ မှီခိုတယ်၊ အမှီပြုတယ်လို့ ဆိုလိုတယ်။

ယုံကြည်ခြင်းကို လေယာဉ်ပျံနဲ့ ကျွန်တော် ခဏခဏ နှိုင်းပြဖူးတယ်။
ကျွန်တော်လေယာဉ်ကွင်းကို သွားတယ်။ “အဲဒါလေယာဉ်ပျံလား?” လို့ မေးရင်- “ဟုတ်ကဲ့” လို့ ကျွန်တော်ဖြေမယ်။
“လေယာဉ်ပျံ- ပျံမယ်လို့ ယုံသလား?”
 “ယုံတယ်”
 “လေယာဉ်ပျံက ကယ်လီဖိုးနီးယား အရောက်ပို့ပေးမယ်လို့ ယုံသလား?”
 “ယုံတယ်၊”

ဒါပေမယ့် ကျွန်တော်လိုက်မသွားဘူး။ လေယာဉ်ပျံဖြစ်တယ်။ ပျံနိုင်တယ်။ ကယ်လီဖိုးနီးယားအထိ ရောက်မယ်လို့ ယုံရုံနဲ့မရဘူး။ အချိန်မှီ လာ၊ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအသက်အတွက်၊ လေယာဉ်ပျံနဲ့ လေယာဉ်မောင်းသူအပေါ် လုံးဝအားကိုးမလား- ဆုံးဖြတ်ရပါမယ်။ လေယာဉ်ပျံပေါ် လိုက်ပါလာပြီ ဆိုရင်တော့ ကယ်လီဖိုးနီးယားရောက်ဖို့ လေယာဉ်ပျံမောင်းတဲ့သူကို အားကိုးနေရတာပေါ့။ ကျွန်တော့အသက်က သူ့လက်ထဲမှာရှိတယ်။

ခရစ်တော်ကို ယုံကြည်တယ်ဆိုတာလည်း ဒီလိုပါဘဲ။ အပြစ်သားဖြစ်တာကို ဝန်ခံ၊ အပြစ်ကြွေး ရှိတာကိုလက်ခံ၊ ယေရှုခရစ်တော် အသေခံပေးတာ- အပြစ်ကြွေးတွေဆပ်ပေးတာကို လက်ခံ။ ကောင်းကင်ရောက်ဖို့ သူ့ကို လုံးလုံး အားကိုးဖို့လိုတယ်။ လိုရာခရီးရောက်ဖို့ ကိုယ်ခန္ဓာအသက်ကို လေယာဉ်မောင်းတဲ့သူ လက်ထဲ ထည့်ထားရသလို၊ ကောင်းကင်ရောက်ဖို့ ထာဝရနဲ့ဆိုင်တဲ့ အသက်ကို သခင်ယေရှုလက်ထဲ ထည့်ထားရမယ်။

အခုဆုတောင်းချက်ကလေးကို ရိုးသားစွာ လိုက်တောင်းလိုက်မယ်ဆိုရင်- သေရင် ကောင်းကင်ရောက်ဖို့၊ ဂတိတော်ရှိတယ်။ “သခင်ယေရှုဘုရား၊ ကျွန်တော်အပြစ်သားပါ။ ကျွန်တော့အတွက် အသေခံပေးတာ ယုံပါတယ်။ အခု ကယ်တင်ရှင်အဖြစ် အားကိုးပါပြီ။ အခုချိန်ကစပြီး ကောင်းကင်ရောက်ဖို့ ကိုယ်တော်ကို လုံးလုံးအားကိုးပါပြီ။”

ကိုယ်တော်ကို အားကိုးလိုက်ရင် ထာဝရအသက်ရတယ်။ သေရင်ကောင်းကင်ရောက်မယ်လို့ သိနိုင်တယ်။ ဘယ်လိုလုပ် သိနိုင်သလဲ? ယောဟန် ၃: ၃၆ မှာ သခင်ယေရှုက “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။” ဘုရားသခင် ပြောတာပါ။ ဘုရားသခင် မညာဘူး။ ဟေဗြဲ ၆: ၁၈ မှာ ဘုရားသခင် ညာလို့မရဘူးလို့ ဆိုတယ်။ ကယ်တင်ခြင်းရဖို့၊ ကိုယ်တော်ကို အပြည့်အဝအားကိုးရင် ထာဝရအသက်ရတယ်။ ကျမ်းစာကဒီလိုဘဲ ပြောထားပါတယ်။                           ။  

Sunday, September 29, 2013

18. Deciding Questionable Things For Christians by Dr. Curtis Hutson (Burmese)

----------------------------------------------------------------------------------------------------------
အခန်း ၁၈
---------------------------------------------------------------------------------------
Dr. Curtis Hutson
 “အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။ အားနည်းသောသူမူကား ဟင်းသီးဟင်းရွက်ကိုသာ စား၏။ အမျိုးမျိုးကို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုစေနှင့်။ မစားသောသူသည်လည်း စားသောသူကို မစစ်ကြောမစီရင်စေနှင့်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ့ကို လက်ခံတော်မူပြီ။ နေ့ရက်တရက်ထက် တရက်သာ၍ မြတ်သည်ဟု လူအချို့ ထင်တတ်၏။ လူအချို့မထင်။ လူတိုင်း မိမိစိတ်သဘောကျပါစေ။” ရောမ ၁၄း ၂-၃-၅ ။

အကြောင်းအရာတခုကို မှားသလား- မှန်သလား သိချင်နေတဲ့ ခရစ်ယာန်တယောက်က အရိုးခံသဘောနဲ့ စာတစောင်ရေး လာတယ်။ ကျမ်းစာကို သူ လေ့လာကြည့်ပြီးပါပြီ၊ အဲဒီအကြောင်းနဲ့ ပတ်သက်တဲ့ ကျမ်းပိုဒ်ရယ်လို့ ရှင်းရှင်းလင်းလင်း မတွေ့ဘူးလို့ ဆိုတယ်။ ပြီးတော့ “ကျွန်တော့ရည်ရွယ်ချက်ကတော့ မိသားစုကို မှန်တာပဲ လုပ်စေချင်တယ်။ တကယ် စိတ်ရှုပ်တယ်ဗျာ” လို့ ပြောတယ်။ သူ့မေးခွန်းအတွက် ရှင်းလင်းတဲ့ အဖြေကိုပေးတဲ့ ကျမ်းချက်မရှိပါဘူး။ ဒါပေမယ့် ကျမ်းစာနဲ့ ပတ်သက်ရင် အချက် ၂ ချက်ကို သတိရသင့်တယ်။

ပထမအချက်က- ကျမ်းစာဟာ ခေတ်ကာလတိုင်းမှာရှိတဲ့ လူသားတိုင်းအတွက် ရေးထားတာပါ။ ဒါကြောင့် အရာရာကို အသေးစိတ် စာလုံးပေါင်းပြီး ရေးမထားနိုင်ဘူး။ ဥပမာ- ကျမ်းစာထဲမှာ “Thou shalt not smoke Camels”(cigarettes ) “ကုလားအုတ် (စီးကရက်) ကို မသောက်ရ” လို့ ရေးထားမယ် ဆိုပါစို့။ ရှေးကျမ်းတတ် အဘိုးကြီးတွေ ကျမ်းပိုဒ် အနက်ဖွင့်ဖို့ တော်တော်အခက်ကြုံသွားမှာပဲ။ ဆိုလိုရင်းကို အတိအကျ ဖွင့်ပြဖို့ ဇဝေဇဝါ ဖြစ်ကုန်မှာပဲ။ တချို့က smoke မီးညှိတယ်ဆိုပြီး ကုလားအုပ်တွေနားမှာ ဘယ်တော့မှ မီးဖိုကြမှာ မဟုတ်တော့ဘူး။

ဥပမာ- ဓမ္မဟောင်းကျမ်းထဲမှာ “T.V မကြည့်ရ” လို့ ရေးထားမယ် ဆိုပါစို့။ T.V ဆိုတာ ဘာပြောတာလဲလို့ ကျမ်းတတ် ဆရာတွေ အချိန်ကုန်တော့မယ်။ အားလုံး သဘောတူ ဆုံးဖြတ်နိုင်ဖို့ ခက်ခဲမှာပါ။ သမ္မာကျမ်းစာဟာ ခေတ်ကာလတိုင်းရဲ့ လူတိုင်းအတွက် ရေးတာဖြစ်လို့ အတော်များများကို ကွက်တိ စာလုံးပေါင်း လိုက်ရှာလို့ မရနိုင်ဘူး။

ဒုတိယအချက်က- သမ္မာကျမ်းစာဟာ အနှစ်ချုပ် ကျမ်းတစောင်သာ ဖြစ်ပါတယ်။ ဒါကို နည်းနည်းရှင်းပြချင်ပါတယ်။

ကျမ်းစာက ယော ၂၁း ၂၅ မှာ “ယေရှုပြုတော်မူသော အခြားအမှုအရာများ ရှိသေး၏။ ထိုအမှုအရာ ရှိသမျှတို့ကို အသီးအခြား ရေးထားလျှင် မြေကြီးမဆန့်နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” သခင်ယေရှု ပြုတော်မူသမျှကို ကျမ်းစာတွေအဖြစ် ရေးထားခဲ့ရင် အကုန်လုံး ဘယ်သူ ဖတ်နိုင်တော့မလဲ? လူတွေကို သိစေချင်သလောက်သာ ရေးဖို့ ကျမ်းစာရေးသူတွေကို ဘုရားက ကွက်ပြီး ဖေါ်ပြပေးတယ်။ သမ္မာကျမ်းစာဟာ ဘုရားသခင် သိသမျှကို ဖွင့်ပြထားတာ မဟုတ်ဘူး။ ဘုရားသိစေချင်တာတွေကိုသာ ဖေါ်ပြထားတာ ဖြစ်တယ်။ ဘုရားသခင် သိသမျှ ဖွင့်ပြ ရေးရင်တော့ မြေကြီးမဆန့်ပဲ နေမှာပေါ့။ ဘာကြောင့်လဲ ဆိုတော့ အလုံးစုံသိတဲ့ ဘုရားသခင် မသိတာ ဘာမှမရှိလို့ပါဘဲ။

လူတယောက်က “ဘုရားသခင်မသိတာ မင်းမှာ ဘာဖြစ်ဖူးလဲ?” လို့ ရေးဖူးပါတယ်။ ယုံကြည်သူ တွေ့ကြံုရတဲ့ မေးခွန်းတိုင်းကို ကျမ်းစာက အသေးစိတ် အဖြေပေးထားတာ မဟုတ်တဲ့အတွက် ကျမ်းစာထဲမှာ အတိအကျ စာလုံးပေါင်း ရေးမထားတဲ့ အရာတွေအတွက် ဘယ်လိုလုပ်ကြမလဲ?

ခရစ်ယာန်တယောက်အနေနဲ့  ကိုယ့်ရဲ့ ကိုယ်ကိုကိုယ် သိသောစိတ်ရဲ့ လမ်းပြမှုကို ခံယူကြဖို့ လိုတယ်လို့ ခဏခဏ ပြောတတ်တယ်။ “ကိုယ်ကိုကိုယ်သိတဲ့စိတ်ရဲ့ အလိုအတိုင်းလိုက်ကြ” လို့ တရားဟောဆရာတွေ ဟောတာ ကြားဖူးတယ်။ ဒါပေမယ့် အဲဒီအယူအဆဟာ မကောင်းဘူး။ ကိုယ့်ရဲ့ ကိုယ်ကိုကိုယ်သိသောစိတ်ဟာ ကိုယ်ယုံကြည်တဲ့အရာတွေနဲ့  ဆက်နွယ်နေတယ်။ ယုံကြည်မှု မမှန်ကန်ရင် သူ့ရဲ့ သိစိတ်ဩတ္တပက လမ်းလွဲကို ပြနိုင်တယ်။

ဥပမာအနေနဲ့ Catholic မိတ်ဆွေတစ်ယောက် Mass မတက်ရင် သူ့အသိစိတ်က သူ့ကိုနှောက်ယှက်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့ အသိစိတ်ကတော့ Mass မတက်လို့ အနှောက်အယှက် မဖြစ်ဘူး။ တခါမှလည်း မတက်ဖူးဘူး။ ဘာကွာသလဲဆိုတော့ တက်သင့်တယ်လို့ ကျွန်တော် မယုံလို့ပါ။ ဒါကြောင့် အသိစိတ် ဩတ္တပ္ပ စိတ်နောက်ကို လိုက်လို့မရသလို၊ အသိစိတ်ရဲ့ လမ်းပြမှုကို ခံယူလို့လည်း မရဘူး။ “သင့် အသိစိတ် ဩတ္တပ္ပစိတ်ရဲ့ နောက်ကို လိုက်ပါ” လို့ ကျမ်းစာက မသွန်သင်ဘူး။ လူတစ်ယောက်မှာ အသိစိတ် ဩတ္တပ္ပစိတ်ရဲ့ နောက်လည်း လိုက်လို့မရ၊ ကျမ်းစာကလည်း သူကြံုတဲ့ ပြဿနာကို အသေးစိတ် သွန်သင်ချက်  ရှင်းရှင်းလင်းလင်းမပေးရင် စဉ်းစားရခက် နားလည်ရခက်တဲ့ အကြောင်းအရာတွေကို သူ ဘယ်လိုလုပ်မလဲ? ခရစ်ယာန်တစ်ယောက်အနေနဲ့ ဘာလုပ်သင့်တယ်။ ဘာတွေ မလုပ်သင့်ဘူး ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ကျမ်းစာက ပေးမထားပေမယ့် နားလည်ရ စဉ်းစားရခက်တဲ့ အရာတွေကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ လမ်းညွှန်ချက်တွေ တော့ ပေးထားပါတယ်။

ဒီ တရားဒေသနာမှာ ယုံကြည်သူ အမှားအမှန် ဆုံးဖြတ်နိုင်ဖို့ အထောက်အကူပေးမယ့် လမ်းညွှန်ချက် ၁၁ ချက် ပြောပြသွားပါမယ်။

၁။ သိပြီးသား ဘုရားအလိုတော်ဆိုတဲ့ မှန်တဲ့အရာကို တကယ်လုပ်ဆောင်ချင် စိတ်ရှိရဲ့လား?
ကျွန်တော်တို့က အစေခံတွေပါ။ ဘုရားသခင်က သခင်။ အစေခံဟာ သခင့်အလိုဆန္ဒကို ဝေဖန် ငြင်းခုံခွင့်မရှိဘူး။ ကိုယ့်အလုပ်က သခင်ပြဖူးတဲ့ အလိုဆန္ဒကို နားထောင်ဖို့ပါဘဲ။ ယုံကြည်သူဟာ ဖြစ်ရပ်တခုမှာ အမှားအမှန်မသိရင် ကိုယ့်ဆန္ဒနဲ့ ဆန့်ကျင်နေပါစေဦးတော့ ဘုရား အလိုတော်အတိုင်း လုပ်ဆောင်ဖို့ ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သင့်တယ်။

ယော ရး၁၇ - မှာ “အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ - - ဒေသနာတော် (ကို) ပိုင်းခြား၍ သိလိမ့်မည်။” ဘုရားသခင်နား ချဉ်းကပ်လို့ မရနိုင်တဲ့ သဘောထားကတော့ - - -“ကိုယ်တော်၊ အမှား- အမှန်ကိုပြပါ။ မှန်တာလုပ်ဖို့ ဆုံးဖြတ်ပါမယ်” ဒီလို သဘောနဲ့ မရနိုင်ဘူး။ ထားရမယ့် သဘောက “ ကိုယ်တော်၊ အမှား- အမှန် ကျွန်တော် မသိဘူး ဒါပေမယ့် အမှန်ကို သေချာစွာ သိခွင့်ပေးရင် သူများတွေ ဘာပြောပြော ကျွန်တော့ဆန္ဒ ဘာဖြစ်ဖြစ် အမှန်ကို လုပ်ဆောင်မယ်။” ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ဘဝမှာ  ဘုရားရဲ့ အကောင်းဆုံးတွေပဲ လိုချင်တဲ့သူ၊ မှန်တာကိုပဲ လုပ်မယ့်သူဟာ စဉ်းစားရခက်တဲ့ အရာတွေမှာလည်း အလိုတော်ကို သိခွင့်ရနိုင်ပါတယ်။ ဒါပေမယ့် တခါက သိဖူးထားတဲ့ အမှန်ကို လုပ်ချင်စိတ် မရှိသူအတွက် နောက်ဆက်ပြောမယ့် လမ်းညွှန်ချက်တွေဟာ အသုံးဝင်လာမှာ မဟုတ်ဘူး။

၂။  ကျမ်းစာနဲ့ သဘောညီညွှတ်မှု ရှိရဲ့လား?
ကျမ်းစာက ၂ ပေ ၁း ၂၀ မှာ “ကျမ်းစာ၌ပါသော အနာဂတ္တိစကား မည်သည်ကား၊ ကိုယ်အလိုအလျောက် အနက်မပေါ် ဟု ရှေးဦးစွာ သိမှတ်ကြလော့။” ဒါက ကျမ်းစာကို ကိုယ်ဟာကိုယ် လေ့လာလို့ မရဘူးလို့ ပြောလိုတာ မဟုတ်ဘူး။ တခြား ကျမ်းစာ သွန်သင်ချက်တွေအားလုံးကို ထည့်မစဉ်းစားဘဲ ကျမ်းပိုဒ်တပိုဒ်တည်းနဲ့ အနက်ဖွင့် မရဘူးလို့ ပြောလိုတာပါ။

ကျမ်းပိုဒ်တပိုဒ် ရှိမယ်ဆိုပါတော့။ အချက်တချက်ကို သွန်သင်နေပုံရတယ်။ ဒါပေမယ့် ကျမ်းစာကို သေသေချာချာ လေ့လာရင် တခြား ကျမ်းချက်များစွာက အဲဒီသဘောနဲ့  ဆန့်ကျင်ကွဲလွဲနေတာကို အထင်အရှား တွေ့ရမှာဖြစ်တယ်။

ဥပမာ၊ ဟေဗြဲ ၆း ၄-၆ ဟာ ကယ်တင်ခြင်း ပြန်ဆုံးရှုံးနိုင်တယ်လို့ သွန်သင်နေပုံရပါတယ်။ ဒီတပိုဒ်တည်း သာဆိုရင်တော့ “ထာဝရ စိတ်ချရတယ်” ဆိုတဲ့ သဘောကိုယုံမှာ မဟုတ်ဘူး။ “ထာဝရ စိတ်ချရမှု” နဲ့ ပတ်သက်နေတဲ့ ကျမ်းချက်တွေကို လေ့လာကြည့်မှ အဖြေက ရှင်းလာတယ်။

တပိုဒ်ပြီးတပိုဒ် ပြောပြနေတာက ယုံကြည်သူဟာ ထာဝရအသက်ရတယ်။ ယော၃း၁၆၊ ယော၃း၃၆၊ ယော၃း၁၄ တို့လို ကျမ်းချက်တွေပါ။ အရှင်းဆုံးကတော့ ယော၅း၂၄ ပါဘဲ။ “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသော သူကို ယုံကြည်သော သူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။” ကျမ်းစာက ဒီမှာ ယုံကြည်သူဟာ ထာဝရအသက်ကို ရရုံတင်မကဘူး၊ အပြစ်စီရင်ခြင်း မခံရဘူးလို့၊ အပြစ်ဒဏ်ကျခံခြင်း မရှိစေရဘူးလို့ ဂတိပေးထားတယ်။

လိုက်နာသင့်တဲ့ အချက်ကတော့ ရှင်းနေတဲ့ ကျမ်းချက်များစွာကို ဆန့်ကျင်ပြီး သိပ်မရှင်းတဲ့ ကျမ်းချက်ကို မသုံးမိဖို့ပါဘဲ။ ဒါကြောင့် ဟေဗြဲ ၆း ၄-၆ က ဘာကိုဘဲ ဆိုလိုပါစေ။ ယုံကြည်သူ ထာဝရအသက် ရတယ် ဆိုတဲ့ ကျမ်းချက်တွေနဲ့ ဆန့်ကျင်ကွဲလွဲမှု ရှိမှာမဟုတ်ဘူး။

   ရိုးသားတဲ့ ခရစ်ယာန်တယောက် အမှားအမှန် ဆုံးဖြတ်ရချိန်မှာ “ဒီကိစ္စကို ကျမ်းချက်အားလုံးက သဘောတူရဲ့လား?” လို့ မေးသင့်ပါတယ်။

၃။  အဲဒီအတွက် ဆုတောင်းခဲ့ပြီလား ?
Dr. A. J. Gordon က “ဆုတောင်းပြီးမှ ပိုလုပ်ဆောင် နိုင်တယ်။ ဒါပေမယ့် ဆုမတောင်းပဲ လုပ်ဆောင်နိုင်တာ ဘာတခုမှမရှိဘူး” လို့ တခါက ပြောဖူးတယ်။ ကျမ်းစာက အရာရာမှာ ဆုတောင်းဖို့ ပြောထားတယ်။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။” ဖိလိပ္ပိ ၄း၆။ ဂတိတော်က “သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။” မာကု ၁၁း၂၄။ အဲဒီမှာ “What things soever ye desire” “သင်တို့ လိုသမျှ” လို့ ဆိုတဲ့အခါ စဉ်းစားရခက်တဲ့အရာတွေနဲ့ ဆိုင်တဲ့ ဘုရားအလိုတော်ကို  သိချင်တဲ့ ယုံကြည်သူရဲ့ ဆန္ဒလည်း ပါပါတယ်။

ဝမ်းနည်းစရာအကောင်းဆုံး ကျမ်းချက်တွေထဲက တချက်ကတော့ ယာကုပ် ၄း ၂ ပါ။ “- -မရကြ။ အကြောင်းမူကား ဆုမတောင်းပဲ နေကြ၏”  ဒီကျမ်းပိုဒ်က ဘာတွေ မရသလဲလို ပြောတာမဟုတ်ဘူး။ မတောင်းကြလို့ မရတဲ့အကြောင်းပဲ ပြောတာပါ။ အဲဒီ မရတဲ့အထဲမှာ နားလည်ရခက်တဲ့ကိစ္စအပေါ် ဘုရားရဲ့လမ်းပြမှုလည်း ပါတာပေါ့။ ရှင်းလင်းတဲ့ လမ်းပြမှုမရရင် မရတာ ဆုတောင်းလို့ပါ လို့ ကျမ်းစာက ပြောပါတယ်။

နားလည်ရခက်တဲ့အရာအတွက် ဆုတောင်းတဲ့အခါ တခါဆုတောင်းပြီး ရှင်းလင်းတဲ့ လမ်းပြမှုမရတာနဲ့ လက်မလျော့ပါနဲ့။ အဖြေရှင်းတဲ့အထိ ဆက်ဆုတောင်းပါ။ မဿဲရး၈ မှာ ဂတိတော်က “တောင်းသောသူမည်သည်ကား ရ၏။” ဒါက ဆက်တောင်းနေဖို့  ပြောတာပါ။ ဘုရားသခင်အဖြေပေးတဲ့အခါ အသံတော်နဲ့ အဖြေပေးမှာ မဟုတ်ဘူး။ သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် အဖြေပေးပါလိမ့်မယ်။ ဒါကြောင့် နောက်မေးခွန်းတခု မေးစရာ ဖြစ်လာတယ်။

၄။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှု ရပြီလား?
ကျမ်းစာထဲမှာ စာလုံး ကွက်တိကွက်ကျ မတွေ့တဲ့အခါ ဝိညာဉ်တော် လမ်းပြဖို့ မြော်လင့်နိုင်တယ်။ ရောမ ၈း၁၄ မှာ “ဘုရားသခင်၏ ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏။” သန့်ရှင်းတော်ဝိညာဉ်တော်က အမှုတော်ဆောင်တွေ တရားဟောရမယ့်နေရာ လမ်းညွှန်တာကို  ဓမ္မသစ်ကျမ်းမှာ တွေ့ရတယ်။ “အနိ ္တအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟု ခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေပြည်သား လုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်းအရင်းဖြစ်သော မာနင်နှင့် ရှောလုတည်းဟူသော ပရောဖက်ပြုသူ၊ ဆရာပြုသူရှိကြ၏။ ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသော အမှုကို ဆောင်ရွက်စေခြင်းငှါ၊ ဗာနဗနှင့် ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူသည်အတိုင်း” တမန် ၁၃း ၁ ၊ ၂။

နောက်ထပ် ဖြစ်ရပ်တခုမှာ သန့်ရှင်းသောဝိညာဉ်တော်က အာရှတိုက်ကို မသွားဖို့ လမ်းပြတယ်။ နေရာတချို့မှာ တရားမဟောဖို့လည်း တားတယ်။ “ဖြူဂိပြည်၊ ဂလာတိပြည်ကို လျှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော် သည် မြစ်တားတော်မူသဖြင့်၊ မုသိပြည်သို့ ရောက်၍၊ ဗိသုန်ပြည်သို့ သွားမည်ပြုကြစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေးတော် မမူသောကြောင့်၊ မုသိပြည်နားမှာလျှောက်၍ တရောမြို့သို့ ရောက်ကြ၏။” တမန် ၁၆း၆ - ၈။ ကောင်းသောသူရဲ့ Steps ခြေရာ၊ ခြေလှမ်းတွေဟာ ဘုရားသခင် စီရင်တာ ဖြစ်သလို၊ ခြေမလှမ်းခြင်း Stop ဟာလည်း ဘုရားသခင် ပဲ့ပြင်တာ ဖြစ်တယ်လို့ လူတယောက်က ပြောဖူးတယ်။ အခုပြခဲ့တဲ့ ကျမ်းချက် ၂ ခုက ဒီအချက်ကို ထောက်ပြနေတယ်။

သန့်ရှင်းသောဝိညာဉ်တော်က ဆုတောင်းရာမှာ ဦးဆောင်လမ်းပြတယ်။ “ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မ, စ တော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟု မသိကြ။ သို့ရာတွင် ငါတို့ ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။” ရောမ ၈း၂၆။

ဘာတောင်းရမလဲ? ဘယ်လိုတောင်းရမလဲ? လို့ မသိတဲ့ အချိန်တွေ ရှိတတ်တယ်။ ကယ်တင်ခြင်းမရသေးတဲ့ လူတွေ စုဝေးနေတဲ့ နေရာတနေရာမှာ တရားဟောဖူးတယ်။ ပြီးတော့ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးသူတွေ ေ့ရှထွက်လာပြီး ကိုယ်ယုံကြည်ကြောင်း လူေ့ရှမှာ ထုတ်ဖေါ် ကြေငြာဖို့ ပြောလိုက်တယ်။ လူ ၄၀ လက်ခံကြတယ်။ ဝတ်ပြုစည်းဝေးပြီးတဲ့အခါ လူတယောက် ရောက်လာပြီးတော့ ဘုရားသခင်ကို ဘယ်လိုပြောရမလဲ မပြောတတ်ဘူး။ ကောင်းကင် သွားချင်တာပဲ သိတယ်ဗျာ။ ဒါပေမယ့် ကျွန်တော် အားကိုးတယ်ဆိုတာ ဘယ်လိုပြောရမှန်း မသိဘူး” တဲ့။ ဆုတောင်းချက် ရိုးရိုးကလေးနဲ့ ဦးဆောင် တောင်းပေးလိုက်လို့ ကျေးဇူးတင်စကား ပြောပြီးတဲ့အခါ၊ သူက “ကျွန်တော် တောင်းချင်နေတာ အဲဒီ ဆုတောင်းချက်ပဲ။ ဒါပေမယ့် ဘယ်လိုပြောရမှန်းကို မသိဘူးဗျာ” လို့ ပြောဖူးတယ်။

ကယ်တင်ခြင်းရတာ အတော်ကြာပြီဖြစ်တဲ့ ယုံကြည်သူအများစုဟာ အကြောင်းအရာတခုမှာ သန့်ရှင်းသော ဝိညာဉ်တော်က အတိအကျ လမ်းညွှန်မှုပေးတဲ့ ဖြစ်ရပ်မျိုးကို တွေ့ကြံုဖူးတယ်။ အဲဒီလို အတွေ့အကြံုတခုကို ကျွန်တော် သတိရမိတယ်။

တည၊ ညနက်နက်မှာ တောင်ပိုင်း ကယ်ရိုလိုင်းနား Carolina ပြည်နယ်ကို ဖြတ်လာရင်းနဲ့ လမ်းလူကြံုတယောက်ကို မြင်ရတယ်။ သူ့ကို ကားအတူ စီခွင့်ပေးပြီး၊ ခရစ်တော်ထံ ပို့ဆောင်ပေးဖို့ ထူးထူးခြားခြား ခံစားမိတယ်။ ဒါပေမယ့် ကားထဲမှာ ကျွန်တော် တယောက်တည်းမို့၊ သူစိမ်း တယောက်ကို တင်ခေါ်ဖို့ ဆိုတာ အန ္တရာယ် ရှိနိုင်တယ်လို့ စဉ်းစားမိပြီးတော့ သူ့ကို ကျော် မောင်းလိုက်တယ်။

ဒါပေမယ့်လည်း သူ့ကို အတွေးထဲက ဖျောက်လို့မရ ဖြစ်နေတယ်။ နောက်ပြန်လှည့်ပြီး သူ့ကိုခေါ်ဖို့ ကျွန်တော်ကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းညွှန်နေတယ်။ အသံတော်ကြားရတာ မဟုတ်ဘူး။ သူ့ကို အတူစီးခွင့် မပေးတာဟာ အမှားတခုလို့ ရိုးရိုးလေး ခံစားမိတာပါ။ ကိုယ်တော်၊ နောက်ပြန်လှည့်ဖို့ ထွက်ပေါက်က မိုင်အတော် မောင်းရအုံးမယ် ထင်တယ်” လို့ ဆုတောင်းလိုက် တယ်။ ဒါပေမယ့် အတွင်းစိတ် ခံစားချက်က ပေါ့မသွားဘူး။

နောက်ဆုံးတော့ ထွက်ပေါက်တခုတွေ့ပြီး လှည့်ပြန်ထွက်လိုက်တယ်။ အံ့ဩမိတာက အဲဒီ လမ်းလူကြံုဟာ အဲဒီနေရာမှာပဲ  ရှိနေပါသေးတယ်။ ကားရပ်လိုက်ပြီးတော့ ကားကြံုလိုက်စီးမလား လို့ မေးလိုက်ပါတယ်။ “ကောင်းတာပေါ့” လို့ ပြောပြီး ကားထဲဝင် ထိုင်တယ်။ ဘယ်လို ဖြစ်ပျက်ခဲ့တယ်ဆိုတာ ရှင်းမပြခင် အတူခဏ စီးနေကြသေးတယ်။ သူ့ကို တင်ခေါ်ဖို့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ထူးထူးဆန်းဆန်း ခံစားရတာ သူ့ကို ကျော်သွားမိတာ ပြန်လှည့်လာတာတွေကို ပြောပြလိုက်တယ်။ ကယ်တင်ခြင်းအကြောင်း ရိုးရိုးကလေး ရှင်းပြတယ်။ သခင်ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် သူ လက်ခံသွားတယ်။ အတူမိတ်ဖွဲ့ပြီး ရင်းရင်းနှီးနှီး စကားပြောကြတယ်။ ကျမ်းစာကို ဦးထိပ်ထား ယုံကြည်တဲ့ အသင်းတော်တခုကို ရှာပြီးပါဝင်မယ်။ ခရစ်ယာန်အသက်တာအဖြစ် အသက်ရှင်မယ်လို့ ဂတိပေးသွားတယ်။

သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုလိ့ု ပြောရာမှာ အသံတော်ကြားရတယ်။ ထူးထူးဆန်းဆန်း ရူပါရုံတွေလို့ ပြောလိုတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဆန္ဒကို သန့်ရှင်းသော ဝိညာဉ်တော်က ဦးဆောင်နေတာပါ။  ဖိလိပ္ပိ ၂း ၁၃ - မှာ “သင်တို့သည် အလိုရှိ စေခြင်းငှါ၎င်း၊ အကျင့်ကျင့် စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။” ဘုရားသခင်က ကျွန်တော်တို့အထဲမှာ စိတ်ဆန္ဒ ဖြစ်ပေါ်စေတယ်။ ဆန္ဒအတိုင်း ဖြစ်လာဖို့ အစွမ်းကိုလည်း ပေးပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုဟာ ကျမ်းစာနဲ့ ဘောင် မလွတ်ဘူး။ မဆန့်ကျင်ဘူးဆိုတာတော့ စိတ်ချပါ။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၍၊ - -  ဩဝါဒ ပေးခြင်း၊ အပြစ်ကိုဖေါ်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။” တဲ့။ ကျမ်းစာရှိသမျှဟာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မှုတ်သွင်းထားတာ ဖြစ်တဲ့အတွက် သန့်ရှင်းသော ဝိညာဉ်တော်ဟာ တဦးတယောက်ကို ကျမ်းစာနဲ့ လွဲပြီးလမ်းပြဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

ဖြစ်ရပ်တခုမှာ ဇဝေဇဝါ စဉ်းစားစရာ ဖြစ်နေရင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို တောင်းခံနိုင်ခွင့် ရှိတယ်။ ကြင်နာတဲ့ လမ်းပြမှုကို မြော်လင့်နိုင်တယ်။

၅။  ဘုရားသခင် နှစ်သက်ပါရဲ့လား?
သမ္မာကျမ်းစာက ၁ယော ၃း ၂၂ မှာ “ ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍၊ နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သော ကြောင့် ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှ ရကြ၏။” ပညတ်တော်စောင့်ဖို့ဆိုတာ ဖြစ်နိုင်ပေမယ့် စဉ်းစားရခက်နေတဲ့ ကိစ္စမှာ ဘယ် ပညတ်လဲလို့ ရှင်းရှင်းလင်းလင်း မရှိရင် ဘယ်လိုလုပ်မလဲ? တချို့ကိစ္စတွေမှာ ရှင်းလင်းတဲ့ ပညတ်ရှိတယ်။ “လူ့အသက် မသတ်ရ။ သူ့မယား မပြစ်မှားရ။” “သူ့ဥစ္စာမခိုးရ။” “မမှန်သက်သေ မခံရ” စသဖြင့် …..ပေါ့။ ဒါပေမယ့်  “Rock သီချင်း နားမထောင်ရ၊ မကခုန်ရ စတာတွေ မရှိတဲ့အတွက် ဘယ်လိုလုပ်ရမလဲ?

လိုက်နာစရာ ပညတ်မရှိချိန်မှာ “ဘုရားသခင် နှစ်သက်ရဲ့လား?” ဆိုတဲ့ မေးခွန်း မေးဖို့လိုတယ်။ “ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍၊ နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သောကြောင့်” တဲ့။ “ဒါ ကျွန်တော် ဘုရးသခင် နှစ်သက်ဖို့ လုပ်တာပါ” လို့ ရိုးသားစွာ ပြောရဲ့လား။ “ကျွန်တော် ဝတ်စားဆင်ယင်ပုံကို ဘုရားသခင် နှစ်သက်ရဲ့လား?” ရိုးသားစွာနဲ့ နှစ်သက်တယ်လို့ မပြောနိုင်ရင် အဲဒါ မလုပ်သင့်တဲ့ အရာပါဘဲ။

ကျမ်းစာက ၂ကော ၅း၉ မှာ “ထို့ကြောင့် ငါတို့သည် နေမြဲအရပ်၌ နေသည်ဖြစ်စေ၊ ကွာဝေးရာအရပ်၌ နေသည်ဖြစ်စေ သခင်ဘုရား နှစ်သက်တော်မူသောသူ ဖြစ်စေခြင်းငှါ”တဲ့” သခင်ဘုရား နှစ်သက်မှာပါလို့ မထင်ပဲနဲ့တော့ ဘာမှ မလုပ်ပါနဲ့။

၆။ သခင်ယေရှုနာမ၌ ပြုနိုင်တာ ဖြစ်ရဲ့လား?
ကောလောသဲ ၃း၁၇ မှာ “စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသော အမှုတို့ကို ပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါသည်ဟု ထိုသခင်ကို အမှီပြု၍ ခမည်းတော် ဘုရားသခင်ေ့ရှ၌ ဝန်ခံကြလော့။”  “စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း” ဆိုတဲ့ စကားကို သတိထားကြည့်ပါ။ ယုံကြည်သူ ပြောလာမယ့် စကားမှန်သမျှ ယုံကြည်သူလုပ်မယ့် အလုပ်မှန်သမျှကို ဆိုလိုတယ်။ ဒါတွေကို သခင်ယေရှု နာမ၌ လုပ်ဆောင်ဖို့ ဖြစ်တယ်။

ကခုန်တဲ့အကြောင်း စဉ်းစားကြည့်ရအောင်။ က,တာဟာ အပြစ်မဟုတ်ဘူး လို့ ထင်တဲ့ ခရစ်ယာန်တွေလည်း ရှိမှာပါ။ ဒါပေမယ့် သခင်ယေရှုနာမ၌ က,တာပါလို့ ရိုးသားစွာ ပြောရဲသလား? သခင်ယေရှု နာမ၌ ဆေးလိပ်သောက်လို့ ရမလား? သခင်ယေရှု နာမ၌ ကျိန်ဆဲလို့ ရမလား? သခင်ယေရှု နာမ၌ဆိုပြီး ကာမဂုဏ်နှိုးဆွတဲ့ သီချင်းတွေ နားထောင်လို့ ရပါ့မလား?

ယုံကြည်သူမှာ ကိစ္စတခုနဲ့ ကြံုတွေ့ရရင် အမှား- အမှန် ဆုံးဖြတ်ဖို့ ခက်နေရင် “ဒါကို သခင်ယေရှုနာမ၌ လုပ် ဆောင်နိုင်ပါ့မလား?” လို့ ရိုးရိုးကလေး မေးကြည့်သင့်ပါတယ်။ မဟုတ်ဘူး ဆိုရင်တော့ အဲဒါ မှားတာပေါ့။

၇။ ဒီအတွက် ကျေးဇူးတော် ချီးမွမ်းနိုင်မလား?
တခါ- ကောလောသဲ ၃း၁၇ က “စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍၊ ခပ်သိမ်းသော အမှုတို့ကို ပြုမူလျက် ကျေးဇူးတော်ကြီးလှပါသည်ဟု ထိုသခင်ကို အမှီပြု၍ ခမည်းတော် ဘုရားသခင်ေ့ရှ၌ ဝန်ခံကြလော့။” စဉ်းစားရခက်နေတဲ့ ကိစ္စအတွက် ဘုရားကျေးဇူးတော်ကို ရိုးသားစွာ ချီးမွမ်းနိုင်မလား?

ရှေးက Peter Cartwright ဆိုတဲ့ တဲထိုးပြီးဟောတဲ့ တရားဟောဆရာကြီးဟာ Cumber Land တောင်တန်းတွေ ကို ဖြတ်သွားရင်းနဲ့ ညနက်တော့ အိမ်တအိမ်ေ့ရှမှာ ရပ်လိုက်တယ်။ အဲဒီအိမ်မှာက ကပွဲတခုရှိနေတယ်။ အဲဒီက လူအများစုဟာ တရားဟောတာ တခါမှ ကြားဖူးသူတွေ မဟုတ်ကြဘူး။

Cartwright ဟာ အခန်းထောင့်တထောင့်မှာ ထိုင်ရင်း ကခုန်ကြတာကို ကြည့်နေတယ်။ မနက်ဖြန် တနင်္ဂနွေနေ့အထိနေပြီး လူတွေကို တရားဟောမယ်လို့ စိတ်ပိုင်းဖြတ် ထားလိုက်တယ်။ သူက “ကျွန်တော် အနားကို မိန်းမလှလေးတယောက် ဖော်ဖော်ရွေရွေနဲ့ လျှောက်လာချိန်မှာ အနေရခက်သွားတယ်။ ယဉ်ကျေးဖော်ရွေတဲ့ အမူအရာ၊ နှစ်လိုဖွယ်အပြံုးနဲ့အတူ သူနဲ့ကဖို့ ဖိတ်ခေါ်လာတယ်”

ဒီအချိန်မှာ ကျွန်တော့ အတွေးတွေနဲ့ ခံစားချက်တွေဟာ ပြောပြရခက်လာတယ်။ ဒါပေမယ့် မကောင်းတဲ့ ဒီအတွေ့အကြံုကို ဖြေရှင်း လိုက်တယ်။ အတတ်နိုင်ဆုံး ဖော်ရွေတဲ့သဘောနဲ့ ထရပ်လိုက်တယ်။ စိတ်လှုပ်ရှားရုံနဲ့ စကားမပြောချင်ဘူး။ စိတ်အား ထက်ထက်သန်သန်နဲ့ပဲ ပြောချင်တယ်။ မိန်းမလှကလေးဟာ ကျွန်တော့ ညာဖက်ဘေးကို ေ့ရွလာတယ်။ သူ့ဘယ်လက်ကို ကျွန်တော့အပေါ်မှာ မှီထားတယ်။ ဒီပုံ ဒီအနေအထားနဲ့ပဲ ကြမ်းပြင်ပေါ်ကို လျှောက်လာလိုက်ကြတယ်။ လူအားလုံးက မိန်းမပျိုရဲ့ ဧည့်သည် အပေါ်ထားတဲ့ အပြုအမူကို သဘောကျပုံ ရတယ်။

တယောသမားက သူ့တယောကို အကောင်းဆုံးပုံစံနဲ့ စထိုးပြန်တယ်။ တယောသမားကို ခဏရပ်ဖို့ ပြောပြီးတော့ ကျွန်တော်ဟာ အရေးကြီးတဲ့အရာတွေကို ပြုမူတိုင်း ကောင်းကြီးအရင်မတောင်းခံပဲ ပြုလေ့မရှိဘူး။ ဒါကြောင့် အစိမ်းသက်သက် လူစိမ်း တယောက်အပေါ် ဖော်ရွေယဉ်ကျေးတဲ့ အပြုအမူ ပြကြတဲ့အတွက် ဒီမိန်းမလှကလေးနဲ့ ရှိသမျှလူအားလုံးအပေါ် ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာ တောင်းခံကြဖို့ ပြောလိုက်တယ်။

အဲဒီမှာ မိန်းမပျိုရဲ့ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ထားရင် “ကဲ.. အားလုံး ဒူးထောက် ဆုတောင်းကြစို့” လို့ ပြောလိုက်တယ်။ ချက်ချင်းပဲ ဒူးထောက်ချလိုက်ပြီး၊ စိတ်ဝိညာဉ်နဲ့ ကိုယ်ခန္ဓာ တတ်စွမ်းသမျှနဲ့ စဆုတောင်းလိုက်တယ်။ မိန်းမပျိုက ကျွန်တော့ထံက ထွက်သွားဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူ့လက်ကို ဆက်ဆုပ်ကိုင်ထားလိုက်တယ်။ သူလည်း ဒူးထောက်ချလိုက်ရတယ်။တချို့လူတွေ ဒူးထောက်လာတယ်။ တချို့က ရပ်လို့။ တချို့က ထွက်ပြေးတယ်။ တချို့ကတော့ ထိုင်နေတုန်းပဲ။ အားလုံးအတွက် သိပ် ထူးဆန်းနေပုံရတယ်။ တယောသမားကတော့ မီးဖိုချောင်ဖက်သွားပြီး “ကိုယ်တော် သနားပါ။ ဘာဖြစ်တာပါလိမ့်? ဘာဆိုလိုပါလိမ့်?” လို့ ပြောနေတော့တယ်။

ကျွန်တော် ဆုတောင်းတော့ တချို့ ငိုတယ်။ တချိုု့လည်း ဂရုဏာတော် ခံစားရဖို့ တောင်းပန်နေတယ်။

ဒူးထောက်ရာက ထလိုက်ပြီး နှိုးဆော်စကား ပြောလိုက်တယ်။ အဲဒါပြီးမှ ကျွန်တော် ဓမ္မသီချင်းတပုဒ် ဆိုတယ်။ ကျွန်တော့ကို ဖိတ်ခေါ် တဲ့  မိန်းမပျိုကတော့ ကြမ်းပြင်ပေါ်မှာ ပြပ်ဝပ်ပြီးတော့ သနားခြင်းခံစားရဖို့ တောင်းပန်နေတယ်။ ကျွန်တော်ထပ်ပြီး နှိုးဆော်ပြန်တယ်။ သီချင်းဆိုလိုက် ဆုတောင်းလိုက်နဲ့ တညလုံးနီးပါးပဲ။ သူတို့အထဲက ၁၅ ယောက်လောက် ဘာသာတရားကို လက်ခံလာကြတယ်။ နောက်နေ့နှင့် နောက်ညမှာလည်း စည်းဝေးထပ် လုပ်ကြတယ်။ ထပ်ပြီးတော့ အတော်များများ ပြောင်းလဲကြတယ်။ အားလုံးကို စုစည်းပြီး ၃၂ယောက်နဲ့ အသင်းတော်အဖြစ် ပါဝင်စေတယ်။ တရားဟောဆရာတယောက် လွှတ်ပေးလိုက်တယ်။ ကျွန်တော်တည်းတဲ့ အိမ်ရှင်ကို ခေါင်းဆောင်ခန့်ကြတယ်။ သူက ဦးဆောင်သူတယောက်လို နေလာတာ နှစ်အတော်ကြာပြီ။ ဒါဟာ အဲဒီဒေသအတွက် ကြီးမားတဲ့ နိုးထမှု၊ ဘာသာတရား စိတ်ဝင်စားလာမှု အစပါဘဲ။ လူငယ်ပေါင်း များစွာဟာ ဒီမက်သဒစ် တရားဟောဆရာရဲ့ အကကြောင့် ပြောင်းလဲပြီး သခင်ယေရှုခရစ်ရဲ့ အမှုတော်ဆောင်တွေအဖြစ် အသုံးဝင်လာခဲ့ပါတယ်။” လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ဟာ ရှေးဟန် တရားဟောဆရာတယောက်က စဉ်းစားရခက်နေတဲ့ ပြဿနာအတွက် ဆုတောင်း လိုက်တဲ့အခါ အကျိုးအဖြစ် နိုးထမှု စည်းဝေးတခု ဖြစ်သွားပြီး၊ အသင်းတော်တပါး တည်ထောင်နိုင်ခဲ့တာပါဘဲ။

ရုပ်ရှင်သွားကြတဲ့ အကြောင်းကို ဆင်ခြင်ကြည့်ပါ။ ကျမ်းစာထဲမှာ “ရုပ်ရှင်သွားမကြည့်ရ” လို့ မပြောဘူး။ ဒါပေမယ့် ရုပ်ရှင်ကြည့်ပြီး ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းနိုင်ပါ့မလား? မချီးမွမ်းနိုင်ရင် သွားမကြည့်သင့်ဘူး? “စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုတို့ကို ပြုမူလျက်၊ ကျေးဇူးတော် ကြီးလှပါသည်ဟု ထိုသခင်ကို အမှီပြု၍၊ ခမည်းတော် ဘုရားသခင်ေ့ရှ၌ ဝန်ခံကြလော့။” စဉ်းစားရခက်နေတဲ့ ကိစ္စအတွက် ဘုရားသခင်ကို ရိုးသားစွာ ကျေးဇူးတော် ချီးမွမ်းလို့ မရနိုင်ရင် မလုပ်ဘဲ နေလိုက်တာ အကောင်းဆုံးပါဘဲ။

၈။ ဘုရားဘုန်းတော် ထင်ရှားစေမယ့် အရာလား?
ကျမ်းစာထဲမှာ အကြံပေးထားတာက ၁ကော ၁၀း၃၁ မှာ “သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသော အမှုကိစ္စကို ပြုကြလော့။”

ဘာဘဲလုပ်လုပ် ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားဖို့ပဲ လုပ်ရမယ်။ ခရစ်ယာန်တယောက်ရဲ့ လုပ်ချင်တဲ့အရာ၊ လုပ်ဖို့သွေးဆောင်ခံရတဲ့ အရာတွေမှာ ဒီသဘောရှိနေရမယ်။ “ဒါဟာ ဘုရားဘုန်းတော်ထင်ရှားဖို့ ဖြစ်ပါ့မလား?” လို့ မေးကြည့်ပါ။ တနည်းပြောရရင် “စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ” တခြားဘာပဲလုပ်လုပ် အရာရာကို ဘုရားဘုန်းတော်ထင်ရှားဖို့ သာလုပ်ပါ။

စဉ်းစားရခက်နေတဲ့ကိစ္စဟာ ဘုရားဘုန်းတော် ထင်ရှားစေမှာလား? ဘုရားသခင်ကို ဘုန်းကြီးစေမယ်လား? ဘုရားနာမတော်ကို ကောင်းမြတ်စေမှာလား? မဟုတ်ရင်တော့ မှားပါပြီ။ စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ တခြားတခုခု ဘာပဲလုပ်လုပ် ဘုရားဘုန်းတော် ထင်ရှားဖို့၊ အသရေရှိဖို့၊ နာမတော် ကောင်းမြတ်စေဖို့  လုပ်ကြရပါမယ်။ ဆာလံ ၂၃း၃ မှာ “နာမတော် အဖို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင် တော်မူ၏။” ကျွန်တော်တို့ဟာ ခရစ်ယာန်တွေပါ။ နာမတော်ကို  တင်ဆောင်ထားသူတွေပါ။ ကျွန်တော်တို့ရဲ့ အသက်ရှင်တဲ့ ပုံစံ၊ စကားအသုံး အနှုန်း၊ စိတ်သဘောနဲ့ ဝတ်စားဆင်ယင်ပုံတွေဟာ နာမတော်ကို ထင်ဟပ်စေပါတယ်။ နာမတော် အဖို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော် မူပါတယ်။

စဉ်းစားရခက်နေတဲ့ကိစ္စဟာ ဘုရားဘုန်းတော် ထင်ရှားစေမှာပါလို့ ရိုးသားစွာ စိတ်မထင်နိုင်ပဲနဲ့တော့ မလုပ်လိုက်ပါနဲ့။

၉။ တခြား ခရစ်ယာန်တွေကို မှားယွင်းရာ ရောက်စေမှာလား?
ရှင်ပေါလုက ၁ကော ၈း ၁၃ မှာ “သို့ဖြစ်၍၊ ငါ၏ အစားအသောက်သည် ငါ့ညီအကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအကို၌ မှားယွင်းစရာ အကြောင်းမရှိစေခြင်းငှါ၊ အမဲသားကို အစဉ်မပြတ်ရှောင်မည်။” ၁ကော အခန်းကြီး ၈ မှာ အသားစားခြင်းအကြောင်းနဲ့ ခရစ်ယာန် လွတ်ခြင်းအခွင့်ရဲ့ အတိုင်းအတာကို ပြောထားပါတယ်။

“မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ၍၎င်း၊ ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူးတော်ကို သိသောစိတ်နှင့်တကွ သုံးဖို့ရာ၊ ဘုရားသခင်ဖန်ဆင်းတော်မူသော အစာမျိုးကို ရှောင်ရမည်ဟူ၍၎င်း၊ ပညတ်ထားကြလိမ့်မည်။ ဘုရားသခင် ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။ ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်အားဖြင့်၎င်း၊ ဆုတောင်းခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ်လျက် ရှိကြ၏။” ၁တိ ၄း ၃- ၅။

အသားစားတာဟာ ဘာမှ အပြစ်မဖြစ်ဘူးလို့ ရှင်ပေါလုသိပါတယ်။ ဒါပေမယ့် တခြားတယောက်ကို မှားယွင်းစရာ ဖြစ်မှာစိုးလို့ သူ့ရဲ့ ခရစ်ယာန် လွှတ်ခြင်းအခွင့်ကို မသုံးဘူး။ အားနည်းတဲ့ ညီအကိုလို့  ၁ကော ၈း၁၁ မှာ ခေါ်ထားသလို၊ ရောမ ၁၄း၂ မှာလည်း “အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။- အားနည်းသောသူမူကား ဟင်းသီးဟင်းရွက်ကို သာစား၏။”

ဒီကျမ်းပိုဒ်တွေအရ အားနည်းတဲ့ တချို့ခရစ်ယာန်တွေက အသားစားတာ မကောင်းဘူးလို့ ထင်နေတယ်ဆိုတာ ရှင်းပါတယ်။ “ဘုရားသခင် ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။ ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင် အဘယ်အရာကိုမျှ မပယ်မရှောင်ရ။” လို့ ရှင်ပေါလု သွန်သင်ပေမယ့်လည်း သူက “ငါ၏ အစားအသောက်သည် ငါ့ညီအကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအကို၌ မှားယွင်းစရာ အကြောင်းမရှိ စေခြင်းငှါ အမဲသားကို အစဉ်မပြတ်ရှောင်မည်။” လို့ ဆိုတယ်။ မှားယွင်းသည် offend လို့ ဘာသာပြန်ထားတဲ့ Greek စကားက to trip up “ခလုတ်တိုက် လဲစေသည်။” ဖြစ်တယ်။ ဒါကြောင့် အသားစားခြင်းက တခြားတယောက်ကို မှားယွင်းစရာ ဖြစ်စေရင် ခရစ်ယာန်အသက်တာမှာ သူ့ကို ခလုတ်တိုက် လဲစေတာပါဘဲ။ မလုပ်လိုက်ပါနဲ့။

တခြားခရစ်ယာန်တွေကို မှားယွင်းစရာ ဖြစ်စေမှာလားလို့ မေးတဲ့အခါ စဉ်းစားရခက်တဲ့ကိစ္စတခုကြောင့် ကမ္ဘာ့ တနေရာရာမှာ ရှိတဲ့ ခရစ်ယာန်တယောက်ယောက်ကို မှားယွင်းသွားစေနိုင်ရင် မလုပ်သင့်ဘူးလို့ ပြောလိုတာ မဟုတ်ဘူး။ ကိုယ်က ဘာတခုကိုပဲ လုပ်လုပ်၊ တခြား တယောက်ယောက်ကို မှားယွင်းစရာ ဖြစ်သွားစေတတ်ပါတယ်။ ဒါပေမယ့် ကောင်းမြတ်ပြီး လေးစားအပ်တဲ့ ခရစ်ယာန်များစွာကို မှားယွင်းစရာ အကြောင်း ဖြစ်စေရင်တော့ မှန်တယ်လို့ ထင်ပေမယ့် ကျွန်တော် မလုပ်ပါဘူး။

မှားတယ်လို့ ကျွန်တော်မထင်ပေမယ့် ကျွန်တော် ဘယ်တော့မှ မလုပ်မယ့်အရာတွေ ရှိပါတယ်။ ဒါပေမယ့် မှားယွင်းသွားနိုင်တဲ့ ခရစ်ယာန်တွေ ရှိတာကို ကျွန်တော် သိတဲ့အတွက်  ကိုယ့်ရဲ့ဘာသာတရား လွတ်လပ်မှုကို တခြားယုံကြည်သူ ထိမိလဲစရာ ဖြစ်မှာစိုးလို့  ကျွန်တော် မသုံးပါဘူး။

ဟိုးအရင်ခေတ်က တရားဟောဆရာကြီး တယောက်ကို အမျိုးသမီးတယောက် ရောက်လာပြီး ဆရာ့ရဲ့ neektie လည်စီး ကြိုးပြား သေးသေးလေးကြောင့် သူ့မှာ ထိမိလဲစရာ ဖြစ်နေတယ်လို့ ပြောတယ်။ ဆရာကြီးက ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ကပ်ကြေး တချောင်း သူ့ကို လှမ်းပေးလိုက်တယ်။ ညှပ်ပစ်လိုက်ဖို့ ပြောတော့ သူညှပ်ပစ်တယ်။ ကပ်ကြေးကို ပြန်ပေးတော့ ဆရာကြီးက “ငါလည်း မင်းရဲ့ လျှာကြောင့် မှားယွင်းစရာ ဖြစ်နေတယ်ကွာ” လို့ ပြန်ပြောလိုက်တယ်။

တခြား ခရစ်ယာန် ညီအကိုတယောက်ကို မှားယွင်းစေတာဟာ အရေးကြီးတဲ့ စိုးရိမ်စရာ ကိစ္စပါ။ သခင်ယေရှုက “ဤသူငယ် တစုံတယောက်ကို မှားယွင်းစေသည်ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ ပင်လယ်၌ ချခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။” လုကာ ၁၇း၂။ ရာထူး အရိုက်အရာနဲ့အတူ တာဝန်တွေ ပါလာတယ်။ ကျွန်တော့ရာထူးအရိုက်အရာကြောင့် ကျွန်တော် မလုပ်နိုင်တာတွေ ရှိတယ်။ တခြားသူတွေလုပ်ရင် ဘယ်သူမှ ဘယ်လိုမှ မထင်တဲ့ အရာတွေ ရှိပါတယ်။ တော်စပ်မှုကလည်း တာဝန်တွေ ပါလာတယ်။ တော်စပ်မှုကြောင့် ကျွန်တော့သားသမီးဟာ တခြားကလေးတွေမှာ မရှိတဲ့ တာဝန်တွေ သူတို့မှာ ပိုရှိနေတယ်။ တခြားကလေးတွေ အပေါ်မရှိတဲ့ တာဝန်တွေလည်း သူတို့အချင်းချင်းမှာ ရှိနေပြန်တယ်။ဘုရားသားသမီးတယောက်ဟာ အသစ်တဖန်မွေးဖွားပြီးတဲ့ ယုံကြည်သူတိုင်းအပေါ်မှာ တာဝန်တွေ ရှိတယ်။ ခရစ်ယာန်အသက်တာမှာ အကူအမဖြစ်ဖို့ တတ်နိုင်သမျှ လုပ်ပေးကြရမယ်။ မှားယွင်းစရာအကြောင်း ဖြစ်မသွားစေဖို့ သတိထားပေးရပါမယ်။ စဉ်းစားရခက်တဲ့ကိစ္စဟာ တခြား ခရစ်ယာန်တွေကို မှားယွင်းစရာ ဖြစ်စေမယ် ဆိုရင်တော့ အဲဒါ မလုပ်သင့်ပါဘူး။

၁၀။ မှန်တယ်လို့ အပြည့်အဝ သဘောကျရဲ့လား?

ကျမ်းစာက ရောမ ၁၄း၅ မှာ “နေ့ရက်တရက်ထက် တရက် သာ၍မြတ်သည်ဟု လူအချို့ ထင်တတ်၏။ လူအချို့ မထင်။ လူတိုင်းမိမိ စိတ်သဘောကျပါစေ။” persuaded သဘောကျတယ် ဆိုတဲ့စကားဟာ ဒီကျမ်းပိုဒ်မှာ convinced ခံစားသိမြင်စေသည် လို့ ဆိုလိုတယ်။ မှန်တယ်လို့ အပြည့်အဝ မခံစားမိရင် အဲဒီအရာကို မလုပ်ပါနဲ့။

Dr. Bob Jones, Sr; က Sunday school သွားဖို့ အသင့်ဖြစ်နေတဲ့ လူတယောက်အကြောင်း ပြောပြဖူးတယ်။ သူက ဝတ်ပြီးသား ရှပ်အကျင်္ ီကို ကောက်ယူလိုက်ပြီးတော့ တခြားအခန်းက သူ့မိန်းမ ကြားလောက်အောင်  အသံကို မြှင့်ပြီးတော့ “ရှင်မရေ၊ ဒီ ရှပ်အကျင်္ ီ ကပေနေပြီ လား?” လို့ မေးလိုက်တယ်။ အမျိုးသမီးက ခပ်အေးအေးလေးနဲ့ “ရှင်- စိတ်မသန့်ရင်တော့ ပေလို့ဖြစ်မှာပေါ့” လို့ ပြန်ဖြေတယ်။ ရောမ ၁၄း၂၃ က “ယုံသောစိတ်မရှိပဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏။” လို့ သတိပေးထားတယ်။

အသင်းတော်တခုတည်းမှာပဲ နှစ်ပေါင်း ၂၁ နှစ်လောက် သင်းအုပ်လုပ်ရတော့ လူပေါင်းထောင်ချီပြီး အကြံဉာဏ် ပေးခဲ့ဖူးတယ်။ အဲဒီတုန်းက မေးကြတယ်။ “ဆရာ ကျွန်တော် အဲဒီ ကိစ္စလုပ်ရင် မှားမလား? ကျမ်းစာက ဒီကိစ္စကို အမှားအမှန် မပြောဖူး။ ကျွန်တော်တော့ တကယ် မသိတော့ဘူးဆရာ” လို့ မေးကြတယ်။ အတော်များများကို ပြန်မေးမိတယ်။ “အဲဒီကိစ္စအတွက် ခင်ဗျား သံသယ ရှိနေသလား?” “ဟုတ်ကဲ့” လို့ ဖြေကြတယ်။ ကျွန်တော် ရောမ ၁၄း ၅ ကို ပြပြီး၊ သံသယရဲ့ အကျိုးကို ဘုရားသခင်ထံ ပေးတာ အကောင်းဆုံးပဲလို့ ရှင်းပြတယ်။ ကျွန်တော်အမြဲ အကြံပေးလေ့ရှိတာကတော့  မှန်တယ်လို့ အပြည့်အဝ မထင်ရင်၊ မခံစားမိရင် ဘာမှ မလုပ်ဖို့ပါဘဲ။

ဒါနဲ့ တဆက်တည်း ကောလောသဲ ၃း၁၅ ကလည်း အထောက်အကူ ပေးပါတယ်။ “သင်တို့ စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးစေ။” အုပ်စိုး rule လို့ ဘာသာပြန်ထားတဲ့ စကားက to govern အုပ်ချုပ်ဖို့  to prevail ထိန်းချုပ်ဖို့ လို့ ဆိုတယ်။ တနည်းပြောရရင် ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက အုပ်ချုပ်ပါစေ။ ငြိမ်သက်ခြင်းက ဆုံးဖြတ်ပါစေ လို့ ပြောတာပါဘဲ။ စဉ်းစားရခက်တဲ့ ကိစ္စမှာ ငြိမ်သက်ခြင်း မခံစားရရင် အဲဒီကိစ္စကို မလုပ်ပါနဲ့။

ကျွန်တော်ရဲ့အမှားဆုံး ဆုံးဖြတ်ချက်တွေကတော့ ငြိမ်သက်ခြင်းမရတဲ့ အခါတွေမှာ ဖြစ်လေ့ရှိတယ်။ ကားတစီးဝယ်တာ ကောင်းကောင်း မှတ်မိပါသေးတယ်။ ကားက လှတယ်။ သိပ်လိုချင်တယ်။ ဒါပေမယ့် ဝယ်ဖို့ လက်မှတ်ထိုးမယ်ကြံတော့ ငြိမ်သက်ခြင်း မရှိတော့ဘူး။ အဲလို စိတ်မသက်သာ ဖြစ်နေတာကို အသာထားလိုက်ပြီးတော့ ကားကိုဝယ်ဖြစ်အောင် ဝယ်လိုက်တယ်။ အား- အဲဒါ တကယ့်အမှားပဲ။ ၃ လပဲ ရှိသေးတယ်။ ထပ်ကုန်တာက ဈေးရင်းထက်ကို မကတော့ဘူး။ ဇနီးသည်ကို “ငါ အဲဒီကားကို ကြည့်တောင် မကြည့်ချင်တော့ဘူး” လို့ ခဏခဏ ပြောမိတယ်။ တကယ်လို့ ကောလောသဲ ၃း ၁၅ ရဲ့ သဘောတရားကို လိုက်နာမိရင် စိတ်ညစ်စရာတွေ ဝင်လာခဲ့မှာ မဟုတ်ဘူး။

ယုံကြည်သူမှာ စဉ်းစားရခက်တဲ့ကိစ္စတခုကို ရင်ဆိုင်နေရရင် အပြည့်အဝ ငြိမ်သက်ခြင်း မခံစားရသေးဘဲနဲ့ ေ့ရှမဆက်သင့်ဘူး။ ဘာမှ အမှားအယွင်း မရှိရင် ဘုရားသခင်က ငြိမ်သက်ခြင်းကို ပေးမှာပါ။ ကောလောသဲ ၃း ၁၅ ရဲ့ သဘောကို ချိုးဖေါက်တဲ့အခါတိုင်းမှာ စိတ်ညစ်ရမှာ သေချာပါတယ်။ စဉ်းစားရခက်တဲ့ကိစ္စကို ဆုံးဖြတ်မယ်ဆိုရင် ငြိမ်သက်ခြင်း အပြည့်အဝ ခံစားနေရဖို့၊ မှန်တယ်လို့ ထင်ပြီး အပြည့်အဝ သဘောကျ နေရပါမယ်။

၁၁။ ကိုယ်သိတဲ့ အကောင်းဆုံး ခရစ်ယာန်တွေကလည်း မှန်တယ်လို့ သဘောတူကြရဲ့လား?

သုတ္တံ ၂၄း၆ ရဲ့ စကားတွေဟာ တကယ်မင်္ဂလာရှိတဲ့ အကြံပေးစကားတွေပါ။ “အကြံပေးနိုင်သောသူ များစွာရှိလျှင် ဘေးလွတ်တတ်၏။” ကျွန်တော့ဘဝမှာလည်း စဉ်းစားရခက်တဲ့ကိစ္စတွေ အများကြီး ကြံုခဲ့ဖူးတယ်။ အထက်က ပြောသွားတဲ့ လမ်းညွှန်ချက်တွေကို အကုန်သုံးပြီးနောက် စိတ်က မကြေနပ်သေးဘူး။ နောက်ဆုံး အထောက်အကူတခုကတော့ ဘုရားဝတ်မွေ့လျော်တဲ့ ခရစ်ယာန်တွေထံမှာ အကြံဉာဏ် တောင်းခံဖို့ပါဘဲ။ “ကျွန်တော် ဒီလို- ဒီလို လုပ်မယ်ဆိုရင် ဘယ်လိုထင်သလဲ?”လို့ မေးကြည့်တယ်။ မြင်တဲ့အတိုင်းပဲ ပြောပါလို့ မေးတယ်။ အကြံပေးတဲ့သူတွေထံက အများကြီး ကျွန်တော် သင်ယူရဖူးတယ်။

အရေးကြီးတဲ့ကိစ္စတွေမှာ ဘုရားဝတ်မှာမွေ့လျော်တဲ့ ခရစ်ယာန်ကောင်းများစွာရဲ့ အကြံဉာဏ်၊ အထင်အမြင်တွေ မတောင်းခံပဲ နဲ့ ဆုံးဖြတ်လေ့မရှိတာ ကျွန်တော့အကျင့် ဖြစ်နေပြီ။ “အကြံပေးနိုင်သော သူများစွာရှိလျှင် ဘေးလွတ်တတ်၏။” ဆိုတဲ့ အချက်ဟာ ကိုယ်တွေ့ ဖြစ်နေပါပြီ။ ပညာရှိတဲ့ ခရစ်ယာန်တွေဆီက အကြံဉာဏ်တောင်းခံလို့ ဘုရားက ကျွန်တော်ကို ကွယ်ကာတယ်လို့ ခံစားမိတယ်။

စဉ်းစားရခက်တဲ့ကိစ္စတခုကို ရင်ဆိုင်ကြံုတွေ့ရချိန်မှာ ခရစ်ယာန်များစွာထံ ကိုယ်တိုင် ချဉ်းကပ်ကြည့်ပါ။ သူတို့ အထင်အမြင်ကို ရယူပါ။ သူတို့ပေးတဲ့အကြံဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ ကူညီရာမှာ အလွန်တန်ဖိုးရှိပါတယ်။                   ။