Friday, December 20, 2013

Prayer! ဆုတောင်းခြင်း

Some people say “Prayer can do nothing!” I can say that they never pray and they have no experience in getting answers to prayer.
There is a little girl in our Christian school. Her name is Pa Pa. She comes from a divorced family. Her mother could not provide her three children even daily food. And mom came and gave me the girl and her brother to be adopted. I refused to do so. I said her “I will care your two children. But please do not give me your children. Please come and visit to the children as you can. Now they lost their father. But they still have a mother. Please do not make them to be not only fatherless, but also motherless. I will give you the money you need to visit to the children.” I do the things I can do.
One day, one of my school teachers said me “Pa Pa knows that her mother will come here. She said “Mom will come!” If she says so, in the next day her Mom comes to us.” The teacher asked me “Why does she know it?” I replied him “I don’t know it. You should ask her.”
Her mother works in a far village. She has no phone to talk with her children. It is out of contact. But the little girl prays to God to see her mother when she misses Mom. She prays again and again. Then she says “Mom will come here!” Every time when she says so, in the next day, Mom comes to see her children.  Oh! Prayers do the things we cannot do!

 တချို့က ပြောတတ်တယ်။ "ဆုတောင်းလို့ ဘာရမတုန်း" တဲ့။ တကယ်တော့ သူတို့ ဆုမတောင်းဖူးလို့ပါ။ ဆုတောင်းပြီး အဖြေမရဖူးလို့ပါ။
တို့ ခရစ်ယာန်ကျောင်းမှာ မိန်းကလေးငယ်လေး တယောက်ရှိတယ်။ သူ့နာမည်က ပပ။ မိဘတွေက အိမ်ထောင်ကွဲနေတယ်။ ကလေး ၃ ယောက်ကို အမေက ကျွေးမွေးပြုစုဖို့ ခက်လာတယ်။ တနေ့ သူ့အမေ ကျွန်တော့ထံ ရောက်လာပြီး၊ ကလေး ၂ ယောက်ကို မွေးစားဖို့ ပေးလာတယ်။  ကျွန်တော် ငြင်းလိုက်တယ်။ "ကလေး ၂ ယောက်ကို ပြုစုကျွေးမွေးပါမယ်။ ဒါပေမယ့် ပေးတော့ မပေးပါနဲ့။ ကလေးတွေဆီကို ခဏခဏ လာလယ်ပါ။ အခု သူတို့မှာ အဖေ မရှိတော့ဘူး။ ဒါပေမယ့် အမေတော့ ရှိသေးတယ်။ အဖေရော၊ အမေပါ မရှိတဲ့ဘဝဖြစ်အောင် မလုပ်ပါနဲ့။ ကလေးတွေဆီကို လာလည်ဖို့ စရိတ်ပေးပါမယ်။" လို့ ပြောခဲ့ပါတယ်။ ဒါဟာ ကျွန်တော် လုပ်နိုင်တာကို လုပ်လိုက်တာပါ။
တနေ့... ကျောင်းက ဆရာတယောက်က ပြောလာတယ်။ "ပပ က သူ့အမေလာမယ်ဆိုတာ သိနေတယ်။ "အမေ လာလိမ့်မယ်။" လို့ သူပြောရင်၊ နောက်တနေ့ သူ့အမေ လာတော့တာပဲ။ သူ ဘယ်လိုလုပ် သိနေပါလိမ့်?" တဲ့။
ကျွန်တော်က "မသိဘူးလေ... သူ့ကို မေးကြည့်ပါလား?" လို့ ပြောမိတယ်။
သူ့အမေက အလှမ်းဝေးတဲ့ ရွာကလေးမှာ အလုပ်လုပ်နေပါတယ်။ သားသမီးတွေနဲ့ စကားပြောစရာ ဖုန်းမရှိဘူး။ ဆက်သွယ်လို့ မရဘူး။ ဒါပေမယ့် သမီးကလေးက သူ့အမေကို လွမ်းတဲ့အခါ ခဏခဏ ဆုတောင်းတယ်။ အဲဒီမှာ သူပြောလာတော့တာပါပဲ။ "အမေ လာလိမ့်မယ်။" ဒီလိုပြောလာပြီဆိုရင်တော့ နောက်တနေ့မှာ သူ့အမေက သားသမီးတွေကို တွေ့ဖို့ ရောက်လာတော့တာပါပဲ။ ကဲ .... တို့ မတတ်နိုင်တာတွေကို ဆုတောင်းခြင်းက လုပ်ပေးနိုင်တယ် မဟုတ်လား?

Thursday, October 3, 2013

19. Heaven, the Believer’s Home by Dr. Curtis Hutson (BURMESE) ကောင်းကင်ဘုံ

----------------------------------------------------------------------------------------
အခန်း ၁၉
-----------------------------------------------------------------------------------------
ကောင်းကင်အကြောင်း မေးလေ့မေးထအရှိဆုံး မေးခွန်းများအတွက် ကျမ်းစာအဖြေများ

“တဖန်တုံယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်း အများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” ယော ၁၄: ၁-၃
Dr. Curtis Hutson
ငယ်ငယ်တုန်းက တရားဟောဆရာတပါး ကောင်းကင်ဘုံအကြောင်းဟောတာ ကြားဖူးတယ်။ ခရစ်ယာန်တွေသေရင် ကောင်းကင်တက် သွားတယ်လို့ ပြောတယ်။ ညအိပ်ယာဝင်တိုင်း စဉ်းစားမိတယ်။ ကောင်းကင်ဆိုတာ တကယ်ရှိသလား? ရှိရင် ဘယ်နားမှာလဲ? ခရစ်ယာန်အဖြစ်နဲ့သေရင် ကောင်းကင်ကို ချက်ခြင်းသွားရမလား? သွားရမယ်ဆိုရင် ဘယ်လောက်ကြာကြာ သွားရမလဲ? ကောင်းကင်ရောက်ရင် သူငယ်ချင်းတွေကို သိပါဦးမလား? သူတို့ကကော ပြန်သိကြပါ့မလား? ကောင်းကင်မှာ ကျွန်တော်က ဘယ်လိုပုံ ဖြစ်နေမလဲ? ကိုယ်ခန္ဓာရှိမလား? စားသောက်လို့ရမလား? ချစ်ခင်သူတွေက သိကြပါ့မလား? ချစ်ခင်သူတွေကို ကျွန်တော်က ပြန်သိပါ့မလား? ကောင်းကင်ရောက်နှင့်ပြီဖြစ်တဲ့ အဘိုးနဲ့အဖွားကို ကျွန်တော် သိပါ့မလား? ဒီလိုမေးခွန်းမျိုးတွေ အများကြီးတွေးနေမိတယ်။ သေခြင်းနဲ့ကောင်းကင်ဆိုတာ ကျွန်တော့အတွက် နက်နဲလှတယ်။

ကိုယ်ချစ်တဲ့သူတွေသေဆုံးတဲ့အခါ ဝမ်းနည်းရတဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ သေခြင်းအကြောင်း နားမလည်လို့ပါ။ ၁သက် ၄: ၁၃ မှာ “ညီအကိုတို့၊ မြှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမူအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။” ဒီနေ့မှာတော့ ကောင်းကင်နဲ့ ပတ်သက်တဲ့ မေးခွန်းအတော်များများကို ကျွန်တော်ကြိုးစား ဖြေသွားမယ်။

၁။ ကောင်းကင်ဆိုတာ တကယ်ရှိသလား? Is Heaven a Real Place?
ရှိပါတယ်။ ကောင်းကင်ဆိုတာ တကယ်အတိအကျ ထုနဲ့ထည်နဲ့ကို ရှိတယ်လို့ ကျမ်းစာက သွန်သင်ပါတယ်။ သခင်ယေရှုက ယောဟန် ၁၄: ၂-၃ မှာ “ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်း အများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။”

တချို့က ကောင်းကင်ဆိုတာ စိတ်အထင် တစ်ခုပါကွာလို့ ထင်ကြတဲ့အတွက် တကယ်ရှိကြောင်း ပြောရတာပါ။ သခင်ယေရှုက “သံချေး၊ ပိုးရွ ဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်း မဖောက်မခိုးယူရာ ကောင်းကင် ဘုံ၌ ဘဏ္ဍာကိုဆည်းဖူးကြလော့။”

ကောင်းကင်ဟာ တကယ်အတိအကျ၊ ထုနဲ့ထည်နဲ့ရှိကြောင်း ပြောပြထားတယ်။ အချိန်ရလို့ ဗျာဒိတ်၂၁ နဲ့ ၂၂ ကို ဖတ်ကြည့်မယ်ဆိုရင် ကယ်တင်ခြင်းရသူတွေရဲ့ ထာဝရနေအိမ်တော်ဖြစ်တဲ့ သန့်ရှင်းသောမြို့တော် ယေရုရှလင်မြို့သစ်ရဲ့ အလှအပကို မြင်တွေ့လာမှာပါ။ အဲဒီကျမ်းပိုဒ်တွေအရ ကောင်းကင်ဘုံမှာ အခြေခံအုတ်မြစ်တွေရှိတယ်။ အဖိုးတန်ကျောက်တွေနဲ့ အလှဆင်ထားတယ်။ မြို့ရိုးက နဂါးသွဲ့ကျောက်လို့ ဆိုတယ်။ မြို့တံခါးက အရှေ့ သုံးပေါက်၊ အနောက်သုံးပေါက်၊ မြောက်သုံးပေါက်၊ တောင်းသုံးပေါက်ရှိပြီး၊ တံခါးတွေကို ပုလဲနဲ့ပြုလုပ်ထားတယ်။ တံခါးတစ်ချပ်- ပုလဲတပြားပါဘဲ။

ဆိုတော့၊ ကောင်းကင်ဟာ စိတ်အထင် မဖြစ်နိုင်ဘူး။ တကယ့် အတိအကျနေရာ ဖြစ်တယ်။ ဗျာဒိတ် ၂၁ နဲ့ ၂၂ မှာ သန့်ရှင်းတဲ့မြို့တော်ရဲ့ အတိုင်းအတာကိုတွေ့ရတယ်။ အတောင်ကို ပေဖွဲ့ပြီးမှ မိုင်ဆက်ဖွဲ့ရင် သန့်ရှင်းတဲ့မြို့တော် ယေရုရှလင်မြို့သစ်က စတုရန်းမိုင်ပေါင်း ၁,၅၀၀ ရှိတယ်။ လေးဖက်လေးတန် မိုင်ပေါင်း ၁,၅၀၀ စီရှိတယ်။ လူ့စိတ်အထင်ဆိုရင် ဒီလိုအတိုင်းအတာ သတ်မှတ်ချက်မရှိဘူး။ တကယ့်အတိအကျရှိတဲ့ နေရာမဟုတ်ရင် အတိုင်းအတာဆိုတာ ရှိမှာ မဟုတ်ဘူး။

၂။ ဘယ်လိုနေရာမျိုးလဲ? What Kind of Place is Heaven?
၁။ ပြောမပြနိုင်လောက်အောင် လှတဲ့၊ ဘုန်းအသရေ တောက်ပတဲ့နေရာပါ။ ၁ကော၂: ၉ မှာ “ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသောအရာကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။”
ကျမ်းစာက လူ့စိတ်နဲ့ မကြံစည်ဘူးတဲ့နေရာလို့ ဆိုတယ်။ ကောင်းကင်ရဲ့အလှကို ပြောပြမှန်းဆနိုင်မှာ မဟုတ်ဘူး။ ဗျာဒိတ် ၂၁ နဲ့ ၂၂ ကိုဖတ်ကြည့်ပါ။ ကောင်းကင်ရဲ့အလှကို နည်းနည်းကလေး ရိပ်မိရုံဘဲရှိမှာပါ။

တညမှာ ကောင်ကလေးတစ်ယောက်ဟာ သူ့အဘိုးနဲ့ လမ်းလျှောက်ထွက်တယ်။ သိပ်လှတဲ့ ညတညပါ။ ကောင်းကင်က တအား ပြာနေပြီး သိန်းသန်းချီတဲ့ကြယ်ကလေးတွေက တန်းစီပြီး ဟန်ရေးပြနေတယ်လို့ ထင်ရတယ်။ ကောင်ကလေးက သူ့အဘိုးရဲ့အင်္ကျီစကိုဆွဲပြီး “ဘိုးဘိုး၊ ဘိုးဘိုး၊ ကောင်းကင်ကအပြင်ဘက်မှာ တအားလှရင် အတွင်းမှာဆို ဘယ်လိုနေမလဲနော်?” လို့ ပြောတယ်။

သီချင်းရေးဆရာ တယောက်ရေးတဲ့ သီချင်းကလေး သိပ်မှန်တယ်။

လှလွန်းတဲ့ ကောင်းကင်ဟာ
တို့အတွက် ကြည်နူးစရာ အိမ်ကလေးပါ။

ကောင်းကင်ဟာ ပြောမပြနိုင်အောင် လှတဲ့အရပ်၊ ဘုန်းအသရေ တောက်ပတဲ့နေရာ ဖြစ်တယ်။ ကောင်းကင်ဟာ အပြည့်အဝ အနား ယူရာ နေရာလည်းဖြစ်တယ်။ ဗျာဒိတ် ၁၄: ၁၃ မှာ “တဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည်ပင်ပန်းခြင်းငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့ သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။”

လူအများစုက လုံးဝ နားတယ်ဆိုတာကို သိပ်မသိ၊ သိပ်နားမလည်ကြဘူး။ စိုးရိမ်ခြင်းမရှိတော့ဘူး။ လုပ်ငန်းအချိန်ဇယားတွေ မရှိဘူး။ မနက်စောစောထဖို့ နိုးစက်နာရီတွေ မရှိဘူးဆိုတဲ့ အနားယူခြင်းမျိုးကို လူတွေမခံစားဖူးကြဘူး။

အမေသေတော့ ကျွန်တော်က သက်သေခံထွက်နေချိန်မှာ မိတ်ဆွေတချို့ ကျွန်တော့ကို လာရှာပြီး၊ အမေဆုံးပြီလို့ ပြောတယ်။ အိမ်ကို အမြန်ပြန်ပြီး အမေ နေမကောင်းတုန်းကနေတဲ့ အိပ်ခန်းရှိရာကို ဝင်သွားလိုက်တယ်။ အိပ်ယာပေါ်မှာ အမေ့အလောင်းကို ပြင်ထားပြီ။ အမေ့ကို မြင်ရချိန်မှာ ပထမဦးဆုံး ဝင်လာတဲ့အတွေးက “ကျွန်တော့်ဘဝမှာ အမေ အနားယူတာကို ဒီတခါ ပထမဆုံး မြင်ရတာပါလား အမေ” လို့ တွေးမိတယ်။ အမြဲတမ်း တစ်ခုခု လုပ်နေတတ်တဲ့ အမေဟာ အခုအနားယူနေပါပြီ။ အလုပ်တာဝန်တွေ ပြီးဆုံးပြီ။

ကောင်းကင်ဟာ ပြောမပြနိုင်လောက်အောင်လှတဲ့ နေရာ၊ အပြည့်အဝနားတဲ့ နေရာဖြစ်တယ်။ ဒါပေမယ့် ကောင်းကင်ဟာ အသိအမြင် စုံလင်ရာ နေရာလည်းဖြစ်တယ်။

“ကောင်းကင်ရောက်ရင် သခင်ဘုရားကို မေးချင်တာတွေရှိတယ်။” လို့ ပြောကြတယ်။ အမှန်က ကောင်းကင်ရောက်ရင် သခင်ဘုရား သိသလို သိလာလိမ့်မယ်။ ဘာမှမေးနေစရာမလိုတော့ဘူး။

ဒီလောကမှာ ရှင်းပြလို့မရနိုင်တာတွေ အများကြီးရှိတယ်။ လူငယ်ဇနီးမောင်နှံ နှစ်ယောက်မှာ သားသမီး ၃ ယောက် ရှိတယ်။ ကလေး တယောက် ဆုံးပါးသွားလို့ သင်္ဂြိုလ်ဖို့ ကျွန်တော့ကို ခေါ်တယ်။ နောက်လအနည်းငယ်ကြာတော့ ဒုတိယကလေး ထပ်ဆုံးပါးပါတယ်။ နောက်တနှစ် မပြည့်ခင်မှာဘဲ တတိယကလေး ဆုံးပါးတယ်။ ရောဂါတမျိုးစီနဲ့ သေကြတာပါ။ ဖြစ်တောင့်ဖြစ်ခဲဆိုတော့ ကျွန်တော်လည်း ရှင်းမပြတတ်ဘူး။ နောက်ဆုံး သေတဲ့ကလေးကို သင်္ဂြု ိလ်ပြီးအပြန်မှာ အမေဖြစ်သူက ငိုပြီး ပြောတယ်။ “ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ရှင်းပြပါဆရာ။ သူများ မိသားစုတွေမှာ ကလေး တယောက်မှ မသေဘဲ၊ ဘာကြောင့် ကျွန်မကလေးတွေအားလုံး အခေါ်ခံရလဲ?”

ကျွန်တော် ရှင်းမပြတတ်ဘူး။ အစကနေ အဆုံးထိ ကျွန်တော် မြင်နိုင်စွမ်းမရှိဘူး။ ဒါပေမယ့် ဘုရားသခင် သိပါတယ်။ ရောမ ၈: ၂၈ လည်း မှန်ပါတယ်။ ဘုရားပြောတဲ့ စကားဖြစ်ပါတယ်။ ခံယူသင့်တဲ့စကားလည်း ဖြစ်ပါတယ်။ “ဘုရားသခင်ကို ချစ်သောသူ- - - တို့၏ အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြ၏။” အဲဒီလူငယ် ဇနီမောင်နှံကို ကျွန်တော်ပြောခဲ့တဲ့စကားကတော့ “ဘုရားသခင်လက်ရာကို အမြဲတမ်း ရိပ်စား မိနိုင်စွမ်း မရှိပေမယ့် အမြဲတမ်းတော့ အားကိုးနိုင်ပါတယ်။”

ငါ့အဘနည်းက တွန့်လိမ် လှည့်ပြောင်းနေတော့
ငါ့နှလုံးသားက တွန့်ကြေ အက်ကြောင်းတွေနဲ့ပေါ့- - .
ဒါပေမယ့်လေ ….  ငါပျော်ပါတယ် ...
ဘုရားသခင်မှာ အမှားအစဉ်အလာ မရှိခဲ့ပါဘူး။

ဘုရားက သူ့အလုပ်သူ သိပါတယ်။ ဘုရားမြင်သလို ကျွန်တော်တို့ မမြင််တော့ အစစအရာရာကို ရှင်းပြနိုင်စွမ်း မရှိဘူးပေါ့။ ဒါပေမယ့် ကောင်းကင်ရောက်ရင် သိလာလိမ့်မယ်။ ကောင်းကင်ဆိုတာ ဖုံးအုပ်ခြင်းမဲ့တဲ့ အသိအမြင်စုံလင်ရာ အရပ် ဖြစ်တယ်။ အရာအားလုံးကို နားလည်လာ လိမ့်မယ်။ ၁ကော ၁၃: ၁၂ မှာ “ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျှက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင် မြင်ရကြလိမ့်မည်။ ယခုတွင် ငါ့အသိအမြင် မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့်မည်။”

အင်္ဂလန်ပြည်က လူငယ်လေးတစ်ယောက်အကြောင်း ဖတ်ရတယ်။ အဖေသေခါနီးလို့ ကျောင်းထွက်ပြီး မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ရရှာတယ်။ မိသားစုအတွက်၊ အမေ့ကိုကူဖို့ သတင်းစာရောင်းရချိန်မှာ ၁၀နှစ်အရွယ်ပဲ ရှိသေးတယ်။ တနေ့ပြီးတနေ့ သတင်းစာရောင်းရင်းနဲ့ အိမ်အပြန်လမ်းမှာရှိတဲ့ ကစားစရာ အရုပ်စတိုးဆိုင်က လှလှပပဆေးချယ်ထားတဲ့ စစ်သားရုပ် ကလေးတွေကို ပြတင်းပေါက်ကနေ ရပ်ပြီး ငေးကြည့်နေတတ်တယ်။ ဒါကို ဆိုင်ရှင်က ရိပ်မိတယ်။

တနေ့ အဲဒီလူငယ်ကလေးကို မတွေ့ရတဲ့အတွက် ဆိုင်ရှင်က လမ်းထဲကလူတွေကို “ဆိုင်မှာ စစ်သားရုပ်ကလေးတွေကို လာရပ်ကြည့် တတ်တဲ့ သတင်းစာရောင်းတဲ့ ကလေးကို တွေ့မိကြလား?” လို့ စုံစမ်းတယ်။ တယောက်က “ဟာ၊ ခင်ဗျားမကြားဘူးလား? တနေ့က ကားတိုက်လို့လေ။ ဆေးရုံပေါ်မှာ သတိမေ့နေတယ်။” လို့ ပြောတယ်။ ဆိုင်ရှင်က စိတ်ထိခိုက်သွားတယ်။ စစ်သားရုပ်ကလေးတွေကို စုသိမ်းပြီး ဆေးရုံကိုယူသွားတယ်။ ကောင်ကလေးဟာ နေ့တိုင်း စစ်သားရုပ် ကလေးတွေကို မက်မက်မောမော လာလာကြည့်တဲ့အကြောင်း အမေဖြစ်သူကို ပြောပြပြီး၊ အရုပ်ကလေးတွေကို ပေးခွင့်ပြုဖို့ တောင်းဆိုတယ်။ 

ကောင်ကလေးက သတိလစ်တုန်းပါ။ ဒါနဲ့ ဆိုင်ရှင်က စစ်သားရုပ်လှလှကလေးတွေကို ကုတင်ခြေရင်းဘက်မှာ တန်းစီပြီး တင်ထားလိုက်တယ်။ ဒီလိုနဲ့ ရက်အတော်ကြာသွားတယ်။

ကောင်ကလေး သတိပြန်ရတဲ့ တမနက်မှာတော့ သူပထမဦးဆုံးမြင်လိုက်ရတာက၊ စစ်သားရုပ်ကလေးတွေပါ။ သူ့မျက်စိကို သူမယုံနိုင်ရှာဘူး။ ရှေ့ကို တဖြည်းဖြည်း တိုးလာတယ်။ တဖြည်းဖြည်း နီးလာပြီး၊ နောက်ဆုံးမှာတော့ လက်နဲ့ စစ်သားရုပ်ကလေးတွေကို ကိုင်ဆုပ်မိ သွားတယ်။ ပြုံးပြီးတော့ “အိုး! ကြည့်စမ်းပါဦး အမေ၊ ကြည့်စမ်းပါဦး၊ စစ်သားရုပ်ကလေးတွေ ပါလား။ မှန်တံခါးကြီး ကာမထားတော့ဘူးနော်။” လို့ ဝမ်းသာအားရ ဆိုတယ်။

၃။ ကယ်တင်ခြင်းရသူတွေ ကောင်းကင်ကို ချက်ခြင်းသွားရသလား? Do the Saved Go to Heaven Immediately?
ချက်ခြင်း ရောက်ပါတယ်။ ကျမ်းစာက ၂ကော ၅: ၈ မှာ “ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့သွား၍” ဆိုတာဟာ  “သခင်ဘုရားထံတော်၌ နေမြဲနေခြင်း” လို့ ဆိုတယ်။

ခရစ်ယာန်တယောက်အတွက် နေစရာ ၂ ခု ရှိတယ်။ ကိုယ်ခန္ဓာ၌ နေခြင်းနဲ့ သခင်ဘုရားထံတော်၌ နေခြင်း တို့ဖြစ်တယ်။ ဖိလိပ္ပိ ၁: ၂၃  မှာ ရှင်ပေါလုက “ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည်ယခုကျဉ်းမြောင်းစွာနေရ၏။ စုတေ့၍ ခရစ်တော်နှင့် အတူနေခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍အလွန်ထူးမြတ်သော အကျိုးဖြစ်၏။” သေပြီး၊ ခရစ်တော်နဲ့အတူနေရပါတယ်။ လူဆိုတာ ကိုယ်ခန္ဓာမဟုတ်ဘူး။ ဝိညာဉ်ဖြစ်တယ်။ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ခွင့်ရထားတာသာ ဖြစ်တယ်။ ကျမ်းစာက လူကို ဘုရားသခင်ရဲ့ ပုံတော်နဲ့အတူ ဖန်ဆင်းထားတယ်လို့ ဆိုတယ်။ လူ့နှာခေါင်းထဲကို အသက်မှုတ်သွင်း ပေးလို့ လူဟာ သက်ရှိဝိညာဉ် ဖြစ်လာတယ်။ (ကမ္ဘာ ၂: ရ) ကျွန်တော့ကိုယ်ခန္ဓာဟာ ကျွန်တော်မဟုတ်ဘူး။ ကျွန်တော် ပိုင်ခွင့်ရထားတာသာ ဖြစ်တယ်။ ကျွန်တော်ပိုင်တဲ့အရာသာ ဖြစ်တယ်။ ကျွန်တော့ခေါင်းကို ကျွန်တော်ထုလိုက်ရင် “ငါ့ခေါင်းကို ထုမိတယ်” လို့ ပြောတယ်။ ငါ့ခေါင်း၊ ငါ့လက်၊ ငါ့ခြေ၊ ငါ့နား . . စသည်ဖြင့်ပေါ့။ ဒါပေမယ့် ငါ့နာရီ၊ ငါ့အင်္ကျီ ဆိုတာလည်း ရှိပါတယ်။ ကျွန်တော့အင်္ကျ ီဟာ ကျွန်တော်ပိုင်ဖြစ်သလို၊ ကျွန်တော့် ကိုယ်ခန္ဓာဟာလည်း ကျွန်တော်ပိုင် ဖြစ်တယ်။ ဒီကိုယ်ခန္ဓာဟာ ကျွန်တော်နေတဲ့ အိမ်ပါ။ ကျွန်တော်ကိုယ်နှိုက်ကတော့ အထဲမှာရှိတဲ့ စိတ်ဝိညာဉ်ဖြစ်တယ်။ ၁သက် ၅: ၂၃ မှာ ရှင်ပေါလုက “ငါတို့သခင်ယေရှုကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။” လူသေရင် သူ့စိတ်နဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာကိုခွာပြီး ခရစ်တော်ထံ ချက်ခြင်း သွားတယ်။

အင်္ဂလန်ပြည်၊ လန်ဒန်မြို့မှာ သမရိုးကျမဟုတ်တဲ့ သင်္ချိုင်းကျောက်စာတခုရှိပါတယ်။ Solomon Peas- ဆိုတဲ့သူက သူ့သင်္ချိုင်းဂူမှာ ရေးဖို့ သူမသေခင်ပေးထားခဲ့တဲ့ စကားတွေပါ။ ( သူ့ကို ရှောလမုန်-ပဲ-လို့ ဆိုပါစို့။)

ဒီမိုးတိမ်အောက်၊ သစ်ပင်အောက်မှာ
ဆော်လမွန်-ပီးရဲ့ ကိုယ်ခန္ဓာဟာ လှဲနေတယ်။
ဒါဟာ ပဲဆိုတဲ့ ငါမဟုတ်၊ ပဲမျိုးထည့်တဲ့အိုးပါ။
ပဲက အခွံကွာပြီး၊ ဘုရားသခင်ထံ လွတ်ပျံသွားပြီ။

ဒီစကားတွေကို ဖတ်ရတော့၊ ကျွန်တော့်နာမည်လည်း  Solomon Peas ဖြစ်ချင်လာတယ်။ ကျွန်တော့အုတ်ဂူမှာ အဲဒီစကားမျိုး ရေးချင်လာတယ်။ ခရစ်ယာန်သေရင်၊ ခရစ်တော်ထံ ချက်ခြင်းရောက်တယ်။ ကိုယ်ခန္ဓာကနေခွါပြီး၊ သခင်ဘုရားထံ ရောက်ခွင့်ရတယ်။

၄။ ကောင်းကင်မှာ တယောက်နဲ့တယောက် သိကြမလား? Will We Know Each Other In Heaven?
သိလိမ့်မယ်လို့ ကျမ်းစာက ပြောတယ်။ “ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ် မှစသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်၍၊” ဆိုတော့ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကို သိရလိမ့်မယ်။

သခင်ယေရှု အရောင်အဝါ ပြောင်းလဲတော့၊ မောရှေနဲ့ဧလိယ ထင်ရှားလာတယ်။ မောရှေဆိုတာ ဧလိယ မမွေးခင်မတည်းက အသက်ရှင်ပြီး၊ သေလွန်ခဲ့သူပါ။ ဒါပေမယ့် သခင်ယေရှု အရောင်အဝါပြောင်းလဲတဲ့ တောင်ပေါ်မှာ မောရှေက ဧလိယကို သိနေတယ်။ ဧလိယကလည်း မောရှေကို သိနေတယ်။ တယောက်နဲ့တယောက် သိကြရုံမျှမကဘူး။ နာမည်တွေကလည်း အရင်အတိုင်းပဲရှိနေတယ်။

တချို့က “နာမည်တွေက ကောင်းကင်မှာ ဒီအတိုင်းဘဲရှိမှာလား?” လို့ မေးတယ်။ မသိပါဘူး။ မောရှေကိုတော့ မောရှေလိုပဲ ဆက်ခေါ်ပါတယ်။ ဧလိယလည်း ဧလိယပါပဲ။ အာဗြဟံက အာဗြဟံ။ ဣဇာက်က ဣဇာက်။ ယာကုပ်က ယာကုပ် လို့ ဆက်ခေါ်ပါတယ်။ အားလုံးလဲ ဒီအတိုင်းဘဲ ဖြစ်နေမှာပေါ့။ ကျွန်တော်လည်း Curtis Hutson ဘဲ ဆက်ဖြစ်နေနိုင်တယ်။

ကောင်းကင်မှာ တစ်ယောက်နဲ့တစ်ယောက် သိကြမလား။ သိ်မှာပါ။ မောရှေက ဧလိယကို သိတယ်။ ဧလိယကလည်း မောရှေကို သိတယ်။ တကယ်တော့ မြေကြီးပေါ်မှာတုန်းက တယောက်နဲ့တယောက် တွေ့ဖူးကြတာမဟုတ်ဘူး။ အချင်းချင်း သိကြရုံမျှမက နောင်မှာဘာဖြစ်မယ်  ဆိုတာကိုလည်း သိနေကြတယ်။ လုကာ ၉ မှာ သူတို့ဟာ သခင်ယေရှု ယေရုရှလင်မြို့မှာ အသေခံမယ့်အကြောင်း ဆွေးနွေးခဲ့ကြတယ်။ ၁ကော ၁၃: ၁၂ မှာ “ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျှက်သာ နေကြ၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့် မည်။”

ကောင်းကင်ရောက်ရင် ကျွန်တော့အမေကို ကျွန်တော် မှတ်မိနေမှာပါ။ ကျွန်တော်ငယ်ငယ်က သေသွားခဲ့တဲ့ အဘိုးကိုလည်း သိနေမှာပါ။ အသက် ၉၉ နှစ်အထိ အသက်ရှင်ခဲ့တဲ့ အဘွားကိုလည်း သိနေလိမ့်မယ်။

၅။ ကောင်းကင်မှာ ကိုယ်ခန္ဓာရှိမှာလား? Will We Have A Body In Heaven?
ကိုယ်ခန္ဓာရှိမယ့်သဘော ကျမ်းစာမှာတွေ့ရတယ်။ လုကာ ၁၆မှာ လာဇရုသေတော့ ကောင်းကင်တမန်တွေက အာဗြဟံရင်ခွင်ကို ပို့ပေးကြတယ်။ သဌေးကြီးက ချောက်ကြီးတဖက်ကနေ မြှော်ကြည့်တယ်။ အာဗြဟံရဲ့ရင်ခွင်မှာ လာဇရုကို တွေ့တယ်။ အာဗြဟံနဲ့စကားပြောတဲ့အခါ လာဇရုရဲ့ လက်ဖျားကို ရေမှာနှစ်ပြီး လာတိုက်ဖို့ တောင်းဆိုတယ်။ ဒီအချက်ကြောင့် လာဇရုမှာ ကိုယ်ခန္ဓာရှိကြောင်း သိနိုင်တယ်။

၂ကော ၅: ၁ မှာ ရှင်ပေါလုက “ယာယီတဲဖြစ်သောငါတို့ မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရ အိမ်ရှိကြောင်းကို ငါတို့သိကြ၏။” ကောင်းကင်မှာရမယ့် ကိုယ်ခန္ဓာကို ဒီလောကမှာကတည်းက တောင့်တနေရမယ်လို့ ပြောနေတာပါ။ ကျမ်းစာက သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ ကိုယ်ခန္ဓာတမျိုးရှိမယ်လို့ ဆိုတယ်။ သခင်ယေရှုကြွလာပြီး ကိုယ်ခန္ဓာမထမြောက်ခင် အချိန်အထိ ပိုင်ဆိုင်ရမယ့် ခန္ဓာကိုယ်တမျိုးပါ။

သခင်ယေရှု ကြွလာမယ်။ ကြွလာတဲ့အခါ ခရစ်ယာန်တွေရဲ့ ကိုယ်ခန္ဓာတွေဟာ သေခြင်းမှ ထမြောက်လိမ့်မယ်။ ၁သက် ၄: ၁၆ မှာ “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။” ခရစ်ယာန်တွေဟာ သင်္ချိုင်းတွင်းက ထွက်လာရလိမ့်မယ်။

ကျမ်းစာက တမန် ၂၄: ၁၅ မှာ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူတို့ မြှော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြ၍ မြှော်လင့်ပါ၏။”

ယောဟန် ၅:၂၈-၂၉ မှာ သခင်ယေရှုက “ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူ အပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊ ထွက်ရမည့်အချိန် ကာလ ရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်း သို့၎င်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သော သူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။”

ယောဘ ၁၉: ၂၅-၂၇ မှာ ယောဘက “ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောက်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော် မူမည် ဟူ၍၎င်း၊ ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကို မြင်မည်ဟူ၍၎င်း ငါသိ၏။ ငါ့ဘက်၌ နေတော်မူသော ဘုရားသခင်ကို ငါမြင်မည်။ သူတပါးမြင်သည်သာမက၊ ငါသည် ကိုယ်မျက်စိနှင့် ဖူးမြင်မည်။ ထိုသို့ မြှော်လင့်၍ ငါ့ကျောက်ကပ်သည် ပျက်လျှက်ရှိ၏။”

လူသေရင် သူ့စိတ်ဝိညာဉ်ဟာ ကိုယ်ခန္ဓာကိုခွာပြီး ခရစ်တော်ထံ ချက်ခြင်းရောက်သွားတယ်လို့ ကျမ်းစာက သွန်သင်ပါတယ်။ ၂ကော ၅ ကို အခြေပြုလိုက်ရင် သေခြင်းနဲ့ထမြောက်ခြင်းကြား၊ ထမြောက်ခြင်းကို စောင့်ဆိုင်းနေချိန်မှာ စိတ်ဝိညာဉ်ဟာ ယာယီခန္ဓကိုယ်တစ်ခုကို ရထားပါတယ်။ ဒါကြောင့် ၂ကော ၅ က ခန္ဓာကိုယ်ဟာ သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ ယုံကြည်သူရတဲ့ ယာယီကိုယ်ခန္ဓာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သခင်ယေရှု ကြွလာတဲ့အခါ ခရစ်တော်၌ သေလွန်သူတွေက အဦးဆုံးထမြောက် ကြလိမ့်မယ်။ ထမြောက်လာတဲ့အခါ၊ ခရစ်တော်နဲ့တူတဲ့ ကိုယ်ခန္ဓာရမယ်လို့ ဆိုတယ်။

၁ယော ၃: ၂မှာ “ချစ်သူတို့၊ ယခုတွင် ငါတို့သည်ဘုရားသခင်၏ သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော် ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတံ့။”

ဖိလိပ္ပိ ၃: ၂၀-၂၁ မှာ “ငါတို့ ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်လျှက်ရှိ၏။ ကယ်တင်တော်မူသော၊ အရှင်သခင် ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြှော်လင့်လျှက် နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓာတော်၏ နည်းတူ ဖြစ်စေခြင်းငှါ အသစ် ပြင်ဆင်တော်မူလတံ့။”

မြင်ယောင်ကြည့်လိုက်မယ်ဆိုရင် ခရစ်ယာန်သေရင် စိတ်ဝိညာဉ်က ကိုယ်ခန္ဓာကို စွန့်ခွာပြီး ခရစ်တော်ထံ ချက်ခြင်း ရောက်တယ်။ သူ့အလောင်းကို သင်္ဂြိုဟ်တယ်။ မြေမှုန့်ပြန်ဖြစ်သွားတယ်။ ခရစ်တော်မလာမှီ အနှစ်တစ်ရာ (သို့) အနှစ်တထောင် ကြာနိုင်တယ်။ တဖက်ကလည်း တစ်နှစ် (သို့) တစ်ရက်ပဲလည်းဖြစ်နိုင်တယ်။ ဘယ်အချိန်လာမလဲ ဘယ်သူမှမသိနိုင်ဘူး။ သခင်ယေရှု ကြွလာတဲ့အခါ ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနဲ့ ကြွလာပြီး ခရစ်တော်၌ သေလွန်သူတွေ အဦးဆုံး ထမြောက်ကြလိမ့်မယ်။ သေလွန်တဲ့ ခရစ်ယာန်တွေရဲ့ ကိုယ်ခန္ဓာတွေ သေရာမှ ပြန်ထလာမယ်။ သေချိန်ကတည်းက ခရစ်တော်ထံရောက်သွားတဲ့ စိတ်ဝိညာဉ်ဟာ တဖန် ပြန်ရောက်လာမယ်။

 “ညီအကိုတို့၊ မြှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။ ယေရှုသည် သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည်ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။” ၁သက် ၄: ၁၃-၁၄

သခင်ယေရှုကြွလာတဲ့အခါ သေလွန်ပြီးတဲ့ သန့်ရှင်းသူတွေလည်း အတူပါလာမယ်။ ကိုယ်ခန္ဓာထမြောက်ပြီး စိတ်ဝိညာဉ်က ထမြောက်တဲ့ ကိုယ်နဲ့ပြန်ပေါင်းမယ်။ ထာဝရကာလတလျှောက်လုံး ခရစ်တော်နဲ့ အတူနေရမယ်။ ၁သက် ၄: ၁၇ မှာ “သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” နောက်မေးခွန်းတခုက-
             
၆။ ကယ်တင်ခြင်းရပြီး ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်က အဖြစ်အပျက်တွေကို သိနေကြမလား?
Do the Saved In Heaven Know What Is Happening On Earth?
သိနေကြမှာပါ။ ကျမ်းစာချက်တချို့ ပြပါမယ်။ ကောင်းကင်ရောက်သူတွေဟာ သိမြင် သွားလာနေကြတယ်။ လူသေရင် အိပ်ပျော်ပြီး ထမြောက်ခြင်းမရောက်မှီအထိ၊ ဘာမှမသိတော့ဘူး လို့ တချို့ထင်ကြတယ်။ အိပ်ပျော်တယ်လို့ ကျမ်းစာက ပြောပေမယ့်၊ အိပ်ပျော်တယ်ဆိုတာ ကိုယ်ခန္ဓာကိုပဲ ရည်ညွှန်းတာပါ။

၁သက် ၄း၁၃ မှာ “အိပ်ပျော်သောသူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။” ယောဟန် ၁၁ မှာ သခင်ယေရှုက လာဇရုအိပ်ပျော်တယ်လို့ ပြောတယ်။ ဒါပေမယ့် စိတ်ဝိညာဉ်ကို ပြောတာမဟုတ်ဘူး။ ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်က ဖြစ်ပျက်နေတာတွေကို သိနေ၊ မြင်နေကြတယ်ဆိုတဲ့ တခြားကျမ်းချက်တွေ ရှိသေးတယ်။

ကျမ်းစာကို အနက်ဖွင့်ရင် လိုက်နာစရာကောင်းတဲ့ မူတခုရှိတယ်။ ရှင်းနေတဲ့ကျမ်းချက်ကို ရှုပ်အောင်၊ နားမလည်တဲ့ကျမ်းချက်ကို ဘယ်တော့မှ မသုံးပါနဲ့။ ကောင်းကင်ရောက်သူတွေ သိနေ၊ မြင်နေ သွားလာနေတယ်ဆိုတဲ့ ကျမ်းချက်တွေပြပါမယ်။

လူကာ ၁၅: ရ-၁၀ မှာ နောင်တရစရာမရှိတဲ့ လူကိုးဆယ့်ကိုးယောက်ထက် နောင်တရတဲ့အပြစ်သား တစ်ယောက်အပေါ် ကောင်းကင်မှာ ပိုဝမ်းမြောက်ကြတယ်။ ဝမ်းမြောက်သူတွေဟာ ကောင်းကင်တမန်တွေမဟုတ်ဘူး။ ကောင်းကင်တမန်တွေက ကယ်တင်ခြင်းအကြောင်း မသိဘူး။ ကယ်တင်ခြင်းအကြောင်း သိသူတွေသာ ဝမ်းမြောက်တာပါ။ သူတို့က ကောင်းကင်ကနေ မြေကြီးပေါ်ကို ငုံ့ကြည့်တယ်။ မိတ်ဆွေတွေ ချစ်ခင်သူတွေ ခရစ်တော်ကို လက်ခံကြတာ မြင်ကြတယ်။ ကယ်တင်ခြင်းရကြလို့ ဝမ်းသာကြတယ်။

ဗျာဒိတ် ၆: ၉-၁၀ မှာ ၅-ခုမြောက်တံဆိပ်ကို ဖွင့်တော့ “ပဥ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ သူတို့ကလည်း၊ သန့်ရှင်း ဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသောသူတို့သည် ငါတို့အသွေးကို သွန်းကြသောအပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။”

ကောင်းကင်က အဲဒီလူတွေဟာ မာတုရအဖြစ် အသတ်ခံရတဲ့သူတွေပါ။ သူတို့က အသံကျယ်ကြီးနဲ့ အော်ဟစ်ကြတယ်။ အိပ်မနေဘူးပေါ့။ သခင်ဘုရားကို စကားပြောကြတယ်။ သူတို့ကို သတ်တဲ့သူတွေအပေါ် တစ်ခုခုမလုပ်ဘဲ ဘယ်လောက်ကြာနေအုံးမှာလဲလို့ မေးကြတယ်။

စဉ်းစားစရာ အချက်တွေရှိပါတယ်။ ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်ကို ငုံ့ကြည့်ကြတယ်။ သူတို့ကို သတ်ခဲ့တဲ့သူတွေဟာ အပြစ်ပေးမခံရဘဲ ကောင်းစားနေကြတယ်။ ဒါကြောင့် “ သူတို့ကလည်း - - အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာ နေသောသူတို့သည် ငါတို့ အသွေးကို သွန်းကြသောအပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံး နေတော်မူမည်နည်း” လို့ မေးတယ်။

နောက်တချက်၊ အငယ် ၁၁ မှာ သခင်ဘုရားက သူတို့ကို ပြန်ပြောတယ်။ “ထိုသူတို့၌ ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကို ခံရလတံ့သော မိမိလုပ်ဘော်ဆောင်ဘက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့ မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။”

ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်ကအဖြစ်အပျက်တွေကို သိနေကြသလား?
ဟေဗြဲ ၁၂: ၁ မှာ “ထို့ကြောင့်၊ ဤမျှလောက်များစွာသောသက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျှက်ရှိကြသည်ဖြစ်၍”  အဲဒီ သက်သေခံတွေဟာ ဟေဗြဲ ၁၁ မှာ ပြောထားတဲ့သူတွေပါ။ အနည်းဆုံးနာမည် ၁၇ ခုလောက် ပါတယ်။ ပြီးမှ ဟေဗြဲ ၁၂ ကိုစတဲ့အခါ “ထို့ကြောင့်၊ ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျှက်ရှိကြသည်ဖြစ်၍ …”

မူရင်းကျမ်းစာလိပ်တွေမှာ အခန်းကြီး၊ အခန်းငယ်ခွဲထားခြင်း မရှိဘူး။ လူကခွဲ ပေးလိုက်တာပါ။ ကျမ်းစာကို အခန်ကြီး၊ အခန်းငယ်ခွဲတဲ့ လူတွေကို Spurgeon က အပြစ်တင်တယ်။ သူအပြစ်ပြောတာ ဟုတ်တယ်လို့ ကျွန်တော်ထင်တယ်။ ဟေဗြဲ ၁၁ အဆုံးမှာ ရပ်ထားလိုက်ရင်၊ ဟေဗြဲ ၁၂: ၁ မှာရှိတဲ့ သိပ်အရေးကြီးတဲ့ အကြောင်းအရာတစ်ခု လွတ်သွားနိုင်တယ်။ အဲဒီကျမ်းပိုဒ်မှာ ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်က အဖြစ်အပျက်တွေကို သိနေတယ်လို့ သွန်သင်ထားတယ်။ သက်သေခံတွေအများကြီး ကျွန်တော်တို့ကို ဝိုင်းရံထားတာလို့ သွန်သင်ထားတယ်။

မြေကြီးပေါ်က အဖြစ်အပျက်တွေကို ကောင်းကင်လူတွေ သိကြသလား? သိပါတယ်။ ဘယ်လောက်သိသလဲ? အပြစ်အားလုံး၊ ဒုက္ခအားလုံး၊ သိမသိ မသေချာဘူး။ လူသတ်မှုအားလုံး၊ ဆိုးညစ်မှုအားလုံး၊ သိသလားလို့ မသေချာဘူး။ ဒါပေမယ့် ကယ်တင်ခြင်း မရသူတွေ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်အားကိုးတာကိုတော့ သိကြတာ သေချာတယ်။ အကြောင်းက လုကာ ၁၅: ၁၀ မှာ သူတို့ဟာ နောင်တရတဲ့အပြစ်သား တယောက်အတွက် ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ ရှေ့မှာ ဝမ်းမြောက်ကြတယ်လို့ ပြောလို့ပါ။

လူ့ဘဝဖြစ်တည်မှုကို ယခုကာလ၊ ကြားကာလ၊ ထာဝရကာလ ဆိုပြီးသုံးပိုင်း ပိုင်းနိုင်တယ်။ ယခုကာလဆိုတာ မွေးဖွားချိန်မှ သေဆုံးချိန်ထိ ဖြစ်တယ်။ ကြားကာလဆိုတာ သေဆုံးချိန်မှ ထမြောက်ချိန်ထိ ဖြစ်တယ်။ ထာဝရကာလဆိုတာ ထမြောက်ချိန်မှ ထာဝရကာလ တလျှောက်လုံးအထိ ဖြစ်တယ်။ လူဟာ ထမြောက်ပြီးချိန်မှစ၍ ထာဝရ တည်မြဲသွားပြီ။

ယခုကာလမှာ အသက်ရှင်နေကြတာဖြစ်ပါတယ်။ သေသွားရင် စိတ်ဝိညာဉ်က  ကိုယ်ခန္ဓာကို ခွာပြီး၊ ခရစ်တော်ထံ ရောက်သွားတယ်။ အလောင်းကို သင်္ဂြိုဟ်ကြမယ်။ သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ ခရစ်တော်ကြွလာခြင်းကို စောင့်စားရင်း ကြားကာလကြုံမယ်။

ကြားကာလနဲ့ ပတ်သက်တဲ့ အယူအဆတွေအများကြီးရှိတယ်။ တချို့က ဝိညာဉ်အိပ်တယ်။ ဖြစ်ပျက်နေတာတွေကို မသိတော့ဘူးလို့ ဆိုတယ်။ ကာသိုလစ် မိတ်ဆွေတွေက ကောင်းကင်မဝင်ခင်၊ မဝန်ခံရသေးတဲ့ အပြစ်တွေဆေးကြောဖို့ ငရဲကလေးရှိတယ်လို့ ဆိုတယ်။ ဒါပေမယ့် ကျမ်းစာက သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ လူဟာ ခရစ်တော်နဲ့အတူရှိတယ်။ သိနေ၊ မြင်နေရတယ်။ ကိုယ်ခန္ဓာရှိတယ်၊ မြေကြီးပေါ်က အဖြစ် အပျက်တွေကို သိနေတယ်လို့ ဆိုတယ်။ ကောင်းကင်နဲ့ ပတ်သက်တဲ့ နောက်မေးခွန်း တစ်ခုရှိတယ်။

၇။ ကောင်းကင်ဘုံ ဘယ်မှာရှိသလဲ? Where Is Heaven?
ကျွန်တော်ငယ်ငယ်တုန်းက “ကောင်းကင်ပေါ်ကို တက်မယ်” လို့ ပြောလေ့ရှိဖူးတယ်။ လူငယ်ဘဝရောက်တော့ တရုတ်ပြည်မှာ သေပြီး အပေါ်တက်သွားရင် အမေရိကမှာ သေပြီးအပေါ်တက်မယ့်လူနဲ့ ဆန့်ကျင်ဘက်တွေဖြစ်လိမ့်မယ်လို့ လူတယောက်က သတိပေးတယ်။ ကမ္ဘာကြီးကလုံးပြီး တရုတ်ပြည်ကလည်း တဖက်ခြမ်းမှာ ရှိတဲ့အတွက် သူ့ပြောစကားက ဟုတ်သလိုလို ထင်ရတယ်။ ဒါပေမယ့် ကျမ်းစာကို လေ့လာကြည့်တဲ့အခါ ကောင်းကင်ဟာ အမြင့်ဆုံးကြယ်တွေထက် ပိုဝေးတဲ့ မြောက်ဘက် အရပ်မှာတည်တယ်လို့ ပြောတယ်။

စိတ်ဝင်စားစရာ ကျမ်းချက်တခုက “အရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူးမပြုနိုင်။ ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။ တယောက်ကို နှိမ့်ချ၍၊ တယောက်ကို ချီးမြှောက်တော်မူ၏။” ဆာလံ ရ၅: ၆-၇။ မြောက်အရပ် ဆိုတဲ့စကားမပါတာ အံ့ဩစရာဖြစ်တယ်။ ဘာကြောင့်လဲ? ကျေးဇူးပြုခြင်းဟာ မြောက်အရပ်က လာတဲ့အတွက် ဖြစ်တယ်။ ဘုရားသခင်ထံမှ လာတယ်။ “တစ်ယောက်ကို နှိမ့်ချ၍ တယောက်ကို ချီးမြှောက်တော်မူ၏။”

ဟေရှာယ ၁၄း၁၂-၁၇ မှာ *စာတန်ဖြစ်လာတဲ့ လူစီဖာ အကြောင်း* တွေ့ရတယ်။ သူက “ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။” လို့ ပြောတယ်။ “မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည်။” “မြောက်မျက်နှာဘက် ဗျာဒိတ်တော်ပေါ်မှာ ငါထိုင်မည်။” လို့ ပြောတယ်။

ကောင်းကင်ဟာ မြောက်အရပ်ဘက်မှာ ရှိပါတယ်။ ဟေရှာယ ၁၄ အရ အမြင့်ဆုံးကြယ်ရဲ့ အစွန်းတဖက်မှာ ရှိတယ်။ ဟေရှာယ ၁၄ မှာ စာတန်က “ကောင်းကင်ပေါ်သို့ ငါတက်မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။” လို့ ဆိုတယ်။ တကယ်ကြယ်တွေကိုသာ ပြောလိုက်တာဆိုရင် ဒုတိယ ကောင်းကင်လို့ဆိုတဲ့ အရပ်ရဲ့ အပြင်ဘက်ကို ပြောတာပါ။

ကောင်းကင် သုံးထပ်ရှိပါတယ်။ ရှင်ပေါလုက ၂ကော ၁၂: ၂၊ ၄ မှာ “တစ်ဆယ့်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတယောက်ကို တတိယကောင်းကင်သို့တိုင်အောင်  ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင်သိတော်မူ၏။ ထိုသူသည် ပရဒိသုဘုံသို့ ချီဆောင်ခြင်းကို ခံရ၍၊ လူမပြောအပ် မပြောနိုင်သော စကားကို ကြားသည်အကြောင်းကို ငါသိ၏။ ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။”

တတိယကောင်းကင်ရှိနေရင် ပထမနဲ့ ဒုတိယကောင်းကင်လည်း ရှိပါတယ်။ ပထမကောင်းကင်ဟာ ငှက်တွေပျံသန်းတဲ့ လေထု ကောင်ကင် ဖြစ်တယ်။ ၂ပေ ၃: ၁၀ မှာ “မိုဃ်းကောင်းကင်သည် ကြီးစွာသောအသံနှင့် ပျောက်သွားလိမ့်မည်။” လေထုကောင်းကင်ကို ပြောတာပါ။ ဆာလံ ၁၉း၁ မှာ “မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍ …” ဒါက ဒုတိယကောင်းကင်- ကြယ်တွေ၊ ဂြိုလ်တွေရှိတဲ့ ကောင်းကင်ကို ပြောတာပါ။ တတိယကောင်းကင်ကတော့ ခရစ်ယာန်တွေရောက်တဲ့ သခင်ယေရှုရှိရာအရပ်၊ ဘုရားသခင်ရဲ့ ပရဒိသုဘုံ ဖြစ်ပြီး၊ ကြယ်စင်တွေရဲ့အစွန်း၊ ဒုတိယကောင်းကင် (သို့) ကြယ်တာရာ ကောင်းကင်ရဲ့ အစွန်းမှာရှိတယ်။

လူတွေမြင်နိုင်စွမ်းရှိတဲ့ အဝေးဆုံးကြယ်ဆိုတာ အားအကောင်းဆုံးတယ်လီစကုပ် နဲ့ကြည့်ရင် အလင်းနှစ်သန်းပေါင်း ၅၀၀ အကွာအဝေး မှာရှိတယ်လို့ သိရတယ်။ အလင်းဆိုတာက တစက္ကန့်ကို မိုင်ပေါင်း ၁၈၆,၀၀၀ အသွားနှုန်းရှိတယ်။ ရှိပါတယ်လို့ လူသိခွင့်ရတဲ့ အဝေးဆုံး ကြယ်ကို ရောက်ဖို့ နှစ်ပေါင်းသန်း ၅၀၀ ကြာလိမ့်မယ်။ ကောင်းကင်ဆိုတာက အဲဒီထက်ပိုဝေးသေးတယ်။ ဟေရှာယ ၁၄ အရ မြောက်ဘက် အစွန်မှာရှိတယ်။

ဒါကြောင့် ကလေးဘဝတုန်းက “ကောင်းကင်ပေါ်တက်မယ်” လို့ ပြောတဲ့စကားဟာ နားမလည်ပေမယ့် မှန်ပါတယ်။ မြောက်ဘက်ကို သွားလေလေ အမြင့်ကို တက်လေလေဘဲ။ လူတိုင်းက “အထက်ကိုမြောက်၊ အောက်ကိုတောင်၊” လို့ ပြောတတ်တယ်။ မြောက်ဝန်ရိုး စွန်းဟာ ကမ္ဘာရဲ့ ထိပ်ဆုံးဖျားပိုင်းဖြစ်တယ်။ ဒါကြောင့် ကောင်းကင်ဘုံဟာ အထက်အရပ်မှာ ရှိတယ်။ ကောင်းကင်ဟာ တကယ်ရှိတယ်။ အမြင့်ဆုံးကြယ်ရဲ့အစွန် မြောက်ဖက်အရပ်မှာ တည်ရှိတယ်။

၈။ ကောင်းကင်ကိုဘယ်သူရောက်မလဲ? Who Is Going To Heaven?
ကောင်းကင်ကိုဘယ်သူရောက်မလဲလို့ မေးမယ်ဆိုပါစို့။ ကျမ်းစာဖတ် ဆုတောင်းတဲ့သူတွေပေါ့ လို့
တချို့က ပြောလိမ့်မယ်။ တချို့က ကောင်းကောင်းနေပြီး ပညတ်တော် ၁၀ပါး စောင့်ထိန်းသူတွေ လို့ ပြောမယ်။ တချို့က ဘုရားကျောင်း မှန်မှန်တက်သူ (သို့) နှစ်ခြင်းခံပြီးသူလို့ ပြောကြမယ်။ တချို့ဆိုရင် လောကမှာ ဒုက္ခအပြည့်အဝခံသွားမှ သေရင် ကောင်းကင်ရောက်မယ်လို့ ပြောတာမျိုးတောင် ကြားဖူးတယ်။

ကျွန်တော်ကလေးဘဝက ဂျော်ဂျီယာပြည်၊ အက်တလန်တာမှာ မီးအကြီးအကျယ် လောင်တယ်။ ဝိုင်းကော့ဟိုတယ် မီးလောင်တယ်။ လူတွေအများကြီး သေတယ်။ လူတစ်ယောက်က ဝိုင်းကော့မီးအကြောင်း သီချင်းတစ်ပုဒ်ရေးတယ်။ သီချင်းစာသား တပိုဒ်ကတော့ ………

ကောင်းကင်ဆိုတာ ရှိနေတော့
ဒီလိုနည်းနဲ့ သေသူတွေအတွက်
ပြန်တွေ့ဖို့ အိမ်ပြန်ကြတဲ့အခါ
ချိုမြိုန်သာယာတဲ့ ကောင်းကင်နေ့ရက်မှာ …….

သူဆိုလိုချင်တာက မီးထဲမှာ ဒုက္ခခံစားကြရတဲ့အတွက် ကောင်းကင်ရောက်ကြလိမ့်မယ်လို့ ပြောတာပါ။ ကောင်းကင်သွားဖို့ အယူအဆတွေ အမျိုးမျိုးရှိတတ်ကြတယ်။

ကျွန်တော် စာတိုက်ရုံးမှာ အလုပ်လုပ်တော့ အမျိုးသမီးကြီး တစ်ယောက်က “ကောင်းကင်ဆိုတာလဲ အခု အလုပ်လိုပါဘဲ။ ဒီမနက် စာတိုက်ရုံးကို အားလုံး ရောက်လာကြတယ်။ ရှင်က ကော်ဗင်တန်လမ်းမကြီးက လာပြီး ကင်တလာလမ်းက ဖြတ်တော့ ရုံးကိုရောက်တယ်။ တခြားတစ်ယောက်ကတော့ ပင်သာဗေးလ်ကလာပြီး ရုံးကိုရောက်တယ်။ ကျွန်မကတော့ အရှေ့ကန်သာပန်းခြံလမ်းကလာပြီး၊ ရုံးကို ရောက်တယ်။ အဲဒီလိုနဲ့ တခြားလူတွေအားလုံး စာတိုက်ရုံးကြီးကို ဘယ်လိုရောက်လာကြတယ်ဆိုတာ ပြောပြပါတယ်။ တလမ်းတည်း မလာကြဘူးပေါ့။ ဒါနဲ့သူက “ကောင်းကင်ဆိုတာလည်း ဒီလိုဘဲပေါ့။ ကျွန်မတို့အားလုံး တစ်ခုတည်းသော အရာအတွက်ဘဲ ကြိုးစားကြတာပဲ။ ရိုးသားကြမယ်ဆိုရင်၊ သေရင်အားလုံး ကောင်းကင်ရောက်မှာပေါ့ ရှင်ဘယ်လိုထင်သလဲ?” လို့ မေးတယ်။ ကျွန်တော်က “တစ်ခုပဲ မှားတာပါ။ ကျွန်တော်တို့တတွေ သေရင် စာတိုက်ကြီးကို လာကြရမှာမဟုတ်ဘူး။” လို့ ပြန်ဖြေခဲ့တယ်။

စာတိုက်ကြီးရောက်ဖို့ လမ်းတွေအများကြီးရှိပေမယ့်၊ ကောင်းကင်သွားဖို့ တလမ်းပဲရှိပါတယ်။ ယောဟန် ၁၄: ၆ မှာ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” တမန်၄: ၁၂ မှာ “ထိုသခင်၏ နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။”

ကဲ၊ ကောင်းကင်ကိုဘယ်သူရောက်မလဲ? ကျမ်းစာပြောတာကို နားထောင်ကြည့်ပါ။ ဗျာဒိတ် ရ မှာ ကောင်းကင်မြင်ကွင်းကို တွေ့ရပါတယ်။ မရေမတွက်နိုင်လောက်တဲ့ များစွာသောသူတွေဟာ ဖြူစင်သော ဝတ်ရုံတွေ ဝတ်ဆင်ထားတယ်။ ဗျာဒိတ် ရး၁၃ မှာ “အသက်ကြီးသူတပါးကလည်း ဖြူသောဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်က လာကြသနည်းဟု ငါ့အားမေးမြန်းလျှင်”

အသက်ကြီးသူက “သူတို့ဘယ်လိုရောက်လာလဲ? ဘယ်ကဘာကြတာလဲ?” လို့ မေးတာပါ။ ယောဟန်က အငယ်၁၄ မှာ “သခင်၊ ကိုယ်တော်သိပါ၏ဟု ပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသော ဒုက္ခဆင်းရဲအထဲက ထွက်မြောက်၍ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌ လျှော်၍ ဖြူစေသောသူ ဖြစ်ကြသတည်း။” လို့ ဖြေထားပါတယ်။ ကောင်းကင်ရောက်သူတွေဟာ သူတို့အဝတ်ကို သိုးသငယ်အသွေးမှာ ဆေးကြောဖြူစင် စေခဲ့လို့ ရောက်ရတာပါ။ အသွေးတော်မှာ ဆေးကြောပြီးသူတွေသာ ကောင်းကင်ရောက်ရပါတယ်။ ဒါပေမယ့် အသွေးတော်မှာ ဆေးလျှော်တယ်ဆိုတာက ဘာလဲ? သခင်ယေရှုရဲ့ အသွေးကိုယူပြီး အင်တုံထဲမှာထည့်၊ လက်ဆေးဖို့ပြောတာမဟုတ်ဘူး။ အသွေးတော်ကိုလည်း မြင်ဖူးကြတာ မဟုတ်ဘူး။

နည်းနည်း ရှင်းပြပါမယ်။
အားလုံးဟာ အပြစ်သားတွေလို့ ကျမ်းစာကဆိုတယ်။ ရောမ ၃: ၂၃မှာ “လူအပေါင်းတို့သည် ဒုစရိုက််ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ” ရောမ ၃: ၁၀ မှာ “ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ တယောက်မျှမရှိ၊ ပြုမိတဲ့အပြစ်ချင်းမတူ၊ အပြစ်အနည်းအများ မတူကြပေမယ့်၊ အားလုံးအပြစ်ပြုပါတယ်။ အားလုံးအပြစ်သားဖြစ်လို့ အပြစ်ကြွေးတွေ ကိုယ်စီတင်နေကြတယ်။ အပြစ်က အခကို တောင်းတယ်။ ယေဇကျေလ ၁၈း၄ မှာ “ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်” ရောမ ၆: ၂၃ မှာ “ အပြစ်တရား၏အခကား သေခြင်း ပေတည်း” ။ ယာကုပ် ၁: ၁၅ ဒုစရိုက်သည်လည်း ပြည့်လျှင် သေခြင်းကို ဘွားတတ်၏။”

ကဲ- မြင်ယောင်ကြည့်ပါ။ ကျွန်တော်က အပြစ်သား။ အပြစ်ပြုခဲ့မိပြီဆိုတော့ အပြစ်ကြွေးတင်နေပြီ။ အပြစ်အတွက်အခဟာ သေခြင်းဖြစ်တယ်။ ဒါပေမယ့် အဲဒီသေခြင်းဟာ သေနတ်ဒဏ်ရာ (သို့) ကင်ဆာရောဂါနဲ့ သေရတာထက် ပိုတယ်။ ဒါကိုကျမ်းစာက ဒုတိယသေခြင်း၊ ငရဲမီးအိုင်လို့ ခေါ်တယ်။ ဗျာဒိတ် ၂၀: ၁၄မှာ “ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။”  အပြစ်သားတယောက်အနေနဲ့ အပြစ်ကြွေးကို ပေးဆပ်ရမယ်ဆိုရင် ငရဲသွားပြီး အဲဒီမှာ ထာဝရနေဖို့ဘဲ ရှိတော့တယ်။

ဝမ်းမြောက်စရာအကြောင်းတရား တခုလည်းရှိပါသေးတယ်။ ကျွန်တော်တို့ လွန်ကျူးခဲ့၊ နောင်လည်း လွန်ကျူးမိဦးမယ့် အပြစ်ရှိသမျှကို လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်တုန်းက၊ သခင်ယေရှုရဲ့အပေါ်မှာ ဘုရားသခင်က ယူတင်ပေးလိုက်ပါပြီ။ ဒါကတရားဟောဆရာက ပြောတာမဟုတ်ဘူး။ သမ္မာကျမ်းစာက အတိအကျပြောတာပါ။ ဟေရှာယ ၅၃: ၆ မှာ “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော် မူ၏။” လွန်ခဲ့တဲ့ အနှစ်- နှစ်ထောင်တုန်းက ဘုရားသခင်က အချိန်ဆိုတဲ့မှန်ပြောင်းနဲ့ လှမ်းကြည့်တဲ့အခါ ကျွန်တော်တို့လွန်ကျူးကြမယ့် အပြစ်တွေအားလုံးကို မြင်လိုက်ပါတယ်။ အဲဒီအပြစ်တွေကို ယူပြီး သခင်ယေရှုအပေါ်မှာ တခုချင်းတခုချင်း တင်ပေးပါတယ်။ ၁ပေ ၂: ၂၄ မှာ “ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ။” ၂ကော ၅:၂၀ မှာလည်း “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့်အကြောင်းတည်း။”

ကျွန်တော်တို့ လွန်ကျူးခဲ့တဲ့ အပြစ်တွေအားလုံး၊ နောင်အနှစ်တစ်ထောင် အသက်ရှင်ရရင်လည်း လွန်ကျူးမိဦးမယ့် အပြစ်တွေ အားလုံးကို ဘုရားသခင်ယူပြီး လွန်ခဲ့တဲ့အနှစ်-နှစ်ထောင်မှာ သခင်ယေရှုအပေါ်ကို တင်ပေးခဲ့တဲ့ဖြစ်ရပ်ကို ပြောင်းလဲပစ်ချင်လို့ မရတော့ဘူး။ သခင်ယေရှုက သူ့ရဲ့ကိုယ်ခန္ဓာမှာ ကျွန်တော်တို့ အပြစ်တွေကိုယူဆောင်ချိန်မှာ ဘုရားသခင်က သူ့ကို ကျွန်တော်တို့ ကိုယ်စားအပြစ်ကြွေးဆပ်ဖို့ ဒဏ်ခတ်လိုက်ပြီ။

တချို့က ယုဒလူတွေ သတ်တာလို့ဆိုတယ်။ မဟုတ်ပါဘူး။ တချို့ကတော့ ရောမစစ်သားတွေ သတ်တာလို့ဆိုတယ်။ မှားပါတယ်။ ကျမ်းစာက “ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” ရောမ ၈: ၃၂ မှာ “မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလို့ငှါ၊ စွန့်တော်မူသောသူသည်”။ ကျွန်တော်တို့ကိုယ်စား အပြစ်ကြွေးဆပ်ဖို့ သခင်ယေရှုကို ဘုရားသခင်က အပြစ်ပေးလိုက်တာပါ။ ဒါကြောင့် ကျွန်တော်တို့သေရင် အပြစ်ကြွေးဆပ်စရာမလိုတော့ဘူး။

ဒါဆိုရင် လူတိုင်းကယ်တင်ခြင်းရမသွားဘူးလား? လူတိုင်းအတွက် အသေခံပေးတာဆိုတော့၊ လူတိုင်း ကောင်းကင်မရောက်ဘူးလား? မရောက်ပါဘူး။ ယေရှုခရစ် ကားတိုင်မှာ အသေခံပေးခြင်းဟာ အားလုံးအတွက် လုံလောက်ပေမယ့် ယုံကြည်သောသူတွေအတွက်သာ ထိရောက်မှုရှိပါတယ်။

အကြောင်းက ဒီလိုပါ။ ကျွန်တော်တို့ အပြစ်တွေကို ဘုရားသခင်က ခရစ်တော်ထံ လွဲပြောင်း တင်တားလိုက်ပါတယ်။ ယေရှုခရစ်က ကားတိုင်မှာ အသေခံပေးတယ်။ အသွေးသွန်းတယ်။ ဝတ်ပြုရာ ၁၇: ၁၁ မှာ “ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။” ကိုယ်ခန္ဓာထဲမှာ အသွေး ရှိနေတာဟာ အဲဒီလူအသက်ရှင်နေတယ်လို့ ဆိုလိုတယ်။ အသွေးသွန်းလိုက်ခြင်းဟာ သေတယ်လို့ဆိုလိုတယ်။ သခင်ယေရှုအသွေး သွန်းချိန်မှာ ကျွန်တော်တို့အတွက် အသက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့တင်သမျှ အပြစ်ကြွေးကို ဆပ်ပေးလိုက်တယ်။ ကျွန်တော်တို့ ခံစားရမယ့် ဝေဒနာတွေကို ခံစားခဲ့တယ်။ ဒီအကြောင်းကို ကျွန်တော်တို့ဆိုကြတဲ့ သီချင်းကလေးမှာလည်း တွေ့နိုင်ပါတယ်။

ငါ့အပြစ်စွန်းဆေးအံ့ငှါ
ရှင်ယေရှုအသွေးတတ်စွမ်းလေ-

ဟေဗြဲ ၉: ၂၂ မှာ “အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိ။” သခင်ယေရှု ကိုယ်စား အသေခံပေးချိန်မှာ အသွေးသွန်းခဲ့တယ်။ “မိမိတို့ ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ ဖြူစေသောသူ” လို့ ဆိုတာ ဒီသဘောပါဘဲ။ သူတို့က ယေရှုခရစ် အသေခံပေးတာ၊ အပြစ်ကြွေးတွေ ဆပ်ပေးတာကို ယုံကြည်တယ်။ ကယ်တင်ရှင်အဖြစ် အားကိုးကြတယ် လို့ ဆိုလိုတာပါ။

အတိုချုပ်ပြန်ပြောရရင် ကျွန်တော်တို့ဟာ အပြစ်သားတွေပါ။ အပြစ်ကြွေးတင်နေတယ်။ အဲဒီအပြစ်တွေကို ဘုရားသခင်က သခင်ယေရှု အပေါ်ကို လွဲပြောင်းတင်လိုက်တယ်။ သခင်ယေရှု အသွေးသွန်းရတယ်။ ကားတိုင်မှာ အသေခံတယ်။ အပြစ်ကြွေးကို ဆပ်ပေးတယ်။ ဒါကြောင့် ကားတိုင်မှာ “အမှုပြီးပြီ” လို့ ကြွေးကြော်တယ်။ အသွေးတော်မှာ ဆေးလျှော်ဖို့ (သို့) အပြစ်ကြွေး ဆပ်ပေးတာကို လက်ခံဖို့ဆိုရင် ယုံကြည်ခြင်းအားဖြင့် ရနိုင်တယ်။ ယောဟန် ၃: ၁၆ မှာ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”

အရေးကြီးတာက “ယုံကြည်” ဆိုတဲ့စကားလုံးကလေး ဖြစ်ပါတယ်။ “ငါခရစ်တော်ကို ယုံတာပဲ၊ ဘုရားမဲ့မဟုတ်ဘူး” လို့ လူတိုင်းပြောတတ်ကြပါတယ်။ ဒါပေမယ့် ကျမ်းစာထဲက “ယုံကြည်တယ်” လို့ ဆိုတဲ့စကားဟာ သခင်ယေရှုလာပြီး အသေခံခဲ့တယ်ဆိုတဲ့အချက်ကို သမိုင်းအရ လက်ခံတာမျိုးမဟုတ်ဘူး။ “ယုံကြည်တယ်” ဆိုတာဟာ ကိုးစားတယ်၊ မှီခိုတယ်၊ အမှီပြုတယ်လို့ ဆိုလိုတယ်။

ယုံကြည်ခြင်းကို လေယာဉ်ပျံနဲ့ ကျွန်တော် ခဏခဏ နှိုင်းပြဖူးတယ်။
ကျွန်တော်လေယာဉ်ကွင်းကို သွားတယ်။ “အဲဒါလေယာဉ်ပျံလား?” လို့ မေးရင်- “ဟုတ်ကဲ့” လို့ ကျွန်တော်ဖြေမယ်။
“လေယာဉ်ပျံ- ပျံမယ်လို့ ယုံသလား?”
 “ယုံတယ်”
 “လေယာဉ်ပျံက ကယ်လီဖိုးနီးယား အရောက်ပို့ပေးမယ်လို့ ယုံသလား?”
 “ယုံတယ်၊”

ဒါပေမယ့် ကျွန်တော်လိုက်မသွားဘူး။ လေယာဉ်ပျံဖြစ်တယ်။ ပျံနိုင်တယ်။ ကယ်လီဖိုးနီးယားအထိ ရောက်မယ်လို့ ယုံရုံနဲ့မရဘူး။ အချိန်မှီ လာ၊ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအသက်အတွက်၊ လေယာဉ်ပျံနဲ့ လေယာဉ်မောင်းသူအပေါ် လုံးဝအားကိုးမလား- ဆုံးဖြတ်ရပါမယ်။ လေယာဉ်ပျံပေါ် လိုက်ပါလာပြီ ဆိုရင်တော့ ကယ်လီဖိုးနီးယားရောက်ဖို့ လေယာဉ်ပျံမောင်းတဲ့သူကို အားကိုးနေရတာပေါ့။ ကျွန်တော့အသက်က သူ့လက်ထဲမှာရှိတယ်။

ခရစ်တော်ကို ယုံကြည်တယ်ဆိုတာလည်း ဒီလိုပါဘဲ။ အပြစ်သားဖြစ်တာကို ဝန်ခံ၊ အပြစ်ကြွေး ရှိတာကိုလက်ခံ၊ ယေရှုခရစ်တော် အသေခံပေးတာ- အပြစ်ကြွေးတွေဆပ်ပေးတာကို လက်ခံ။ ကောင်းကင်ရောက်ဖို့ သူ့ကို လုံးလုံး အားကိုးဖို့လိုတယ်။ လိုရာခရီးရောက်ဖို့ ကိုယ်ခန္ဓာအသက်ကို လေယာဉ်မောင်းတဲ့သူ လက်ထဲ ထည့်ထားရသလို၊ ကောင်းကင်ရောက်ဖို့ ထာဝရနဲ့ဆိုင်တဲ့ အသက်ကို သခင်ယေရှုလက်ထဲ ထည့်ထားရမယ်။

အခုဆုတောင်းချက်ကလေးကို ရိုးသားစွာ လိုက်တောင်းလိုက်မယ်ဆိုရင်- သေရင် ကောင်းကင်ရောက်ဖို့၊ ဂတိတော်ရှိတယ်။ “သခင်ယေရှုဘုရား၊ ကျွန်တော်အပြစ်သားပါ။ ကျွန်တော့အတွက် အသေခံပေးတာ ယုံပါတယ်။ အခု ကယ်တင်ရှင်အဖြစ် အားကိုးပါပြီ။ အခုချိန်ကစပြီး ကောင်းကင်ရောက်ဖို့ ကိုယ်တော်ကို လုံးလုံးအားကိုးပါပြီ။”

ကိုယ်တော်ကို အားကိုးလိုက်ရင် ထာဝရအသက်ရတယ်။ သေရင်ကောင်းကင်ရောက်မယ်လို့ သိနိုင်တယ်။ ဘယ်လိုလုပ် သိနိုင်သလဲ? ယောဟန် ၃: ၃၆ မှာ သခင်ယေရှုက “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။” ဘုရားသခင် ပြောတာပါ။ ဘုရားသခင် မညာဘူး။ ဟေဗြဲ ၆: ၁၈ မှာ ဘုရားသခင် ညာလို့မရဘူးလို့ ဆိုတယ်။ ကယ်တင်ခြင်းရဖို့၊ ကိုယ်တော်ကို အပြည့်အဝအားကိုးရင် ထာဝရအသက်ရတယ်။ ကျမ်းစာကဒီလိုဘဲ ပြောထားပါတယ်။                           ။  

Sunday, September 29, 2013

18. Deciding Questionable Things For Christians by Dr. Curtis Hutson (Burmese)

----------------------------------------------------------------------------------------------------------
အခန်း ၁၈
---------------------------------------------------------------------------------------
Dr. Curtis Hutson
 “အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။ အားနည်းသောသူမူကား ဟင်းသီးဟင်းရွက်ကိုသာ စား၏။ အမျိုးမျိုးကို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုစေနှင့်။ မစားသောသူသည်လည်း စားသောသူကို မစစ်ကြောမစီရင်စေနှင့်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ့ကို လက်ခံတော်မူပြီ။ နေ့ရက်တရက်ထက် တရက်သာ၍ မြတ်သည်ဟု လူအချို့ ထင်တတ်၏။ လူအချို့မထင်။ လူတိုင်း မိမိစိတ်သဘောကျပါစေ။” ရောမ ၁၄း ၂-၃-၅ ။

အကြောင်းအရာတခုကို မှားသလား- မှန်သလား သိချင်နေတဲ့ ခရစ်ယာန်တယောက်က အရိုးခံသဘောနဲ့ စာတစောင်ရေး လာတယ်။ ကျမ်းစာကို သူ လေ့လာကြည့်ပြီးပါပြီ၊ အဲဒီအကြောင်းနဲ့ ပတ်သက်တဲ့ ကျမ်းပိုဒ်ရယ်လို့ ရှင်းရှင်းလင်းလင်း မတွေ့ဘူးလို့ ဆိုတယ်။ ပြီးတော့ “ကျွန်တော့ရည်ရွယ်ချက်ကတော့ မိသားစုကို မှန်တာပဲ လုပ်စေချင်တယ်။ တကယ် စိတ်ရှုပ်တယ်ဗျာ” လို့ ပြောတယ်။ သူ့မေးခွန်းအတွက် ရှင်းလင်းတဲ့ အဖြေကိုပေးတဲ့ ကျမ်းချက်မရှိပါဘူး။ ဒါပေမယ့် ကျမ်းစာနဲ့ ပတ်သက်ရင် အချက် ၂ ချက်ကို သတိရသင့်တယ်။

ပထမအချက်က- ကျမ်းစာဟာ ခေတ်ကာလတိုင်းမှာရှိတဲ့ လူသားတိုင်းအတွက် ရေးထားတာပါ။ ဒါကြောင့် အရာရာကို အသေးစိတ် စာလုံးပေါင်းပြီး ရေးမထားနိုင်ဘူး။ ဥပမာ- ကျမ်းစာထဲမှာ “Thou shalt not smoke Camels”(cigarettes ) “ကုလားအုတ် (စီးကရက်) ကို မသောက်ရ” လို့ ရေးထားမယ် ဆိုပါစို့။ ရှေးကျမ်းတတ် အဘိုးကြီးတွေ ကျမ်းပိုဒ် အနက်ဖွင့်ဖို့ တော်တော်အခက်ကြုံသွားမှာပဲ။ ဆိုလိုရင်းကို အတိအကျ ဖွင့်ပြဖို့ ဇဝေဇဝါ ဖြစ်ကုန်မှာပဲ။ တချို့က smoke မီးညှိတယ်ဆိုပြီး ကုလားအုပ်တွေနားမှာ ဘယ်တော့မှ မီးဖိုကြမှာ မဟုတ်တော့ဘူး။

ဥပမာ- ဓမ္မဟောင်းကျမ်းထဲမှာ “T.V မကြည့်ရ” လို့ ရေးထားမယ် ဆိုပါစို့။ T.V ဆိုတာ ဘာပြောတာလဲလို့ ကျမ်းတတ် ဆရာတွေ အချိန်ကုန်တော့မယ်။ အားလုံး သဘောတူ ဆုံးဖြတ်နိုင်ဖို့ ခက်ခဲမှာပါ။ သမ္မာကျမ်းစာဟာ ခေတ်ကာလတိုင်းရဲ့ လူတိုင်းအတွက် ရေးတာဖြစ်လို့ အတော်များများကို ကွက်တိ စာလုံးပေါင်း လိုက်ရှာလို့ မရနိုင်ဘူး။

ဒုတိယအချက်က- သမ္မာကျမ်းစာဟာ အနှစ်ချုပ် ကျမ်းတစောင်သာ ဖြစ်ပါတယ်။ ဒါကို နည်းနည်းရှင်းပြချင်ပါတယ်။

ကျမ်းစာက ယော ၂၁း ၂၅ မှာ “ယေရှုပြုတော်မူသော အခြားအမှုအရာများ ရှိသေး၏။ ထိုအမှုအရာ ရှိသမျှတို့ကို အသီးအခြား ရေးထားလျှင် မြေကြီးမဆန့်နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” သခင်ယေရှု ပြုတော်မူသမျှကို ကျမ်းစာတွေအဖြစ် ရေးထားခဲ့ရင် အကုန်လုံး ဘယ်သူ ဖတ်နိုင်တော့မလဲ? လူတွေကို သိစေချင်သလောက်သာ ရေးဖို့ ကျမ်းစာရေးသူတွေကို ဘုရားက ကွက်ပြီး ဖေါ်ပြပေးတယ်။ သမ္မာကျမ်းစာဟာ ဘုရားသခင် သိသမျှကို ဖွင့်ပြထားတာ မဟုတ်ဘူး။ ဘုရားသိစေချင်တာတွေကိုသာ ဖေါ်ပြထားတာ ဖြစ်တယ်။ ဘုရားသခင် သိသမျှ ဖွင့်ပြ ရေးရင်တော့ မြေကြီးမဆန့်ပဲ နေမှာပေါ့။ ဘာကြောင့်လဲ ဆိုတော့ အလုံးစုံသိတဲ့ ဘုရားသခင် မသိတာ ဘာမှမရှိလို့ပါဘဲ။

လူတယောက်က “ဘုရားသခင်မသိတာ မင်းမှာ ဘာဖြစ်ဖူးလဲ?” လို့ ရေးဖူးပါတယ်။ ယုံကြည်သူ တွေ့ကြံုရတဲ့ မေးခွန်းတိုင်းကို ကျမ်းစာက အသေးစိတ် အဖြေပေးထားတာ မဟုတ်တဲ့အတွက် ကျမ်းစာထဲမှာ အတိအကျ စာလုံးပေါင်း ရေးမထားတဲ့ အရာတွေအတွက် ဘယ်လိုလုပ်ကြမလဲ?

ခရစ်ယာန်တယောက်အနေနဲ့  ကိုယ့်ရဲ့ ကိုယ်ကိုကိုယ် သိသောစိတ်ရဲ့ လမ်းပြမှုကို ခံယူကြဖို့ လိုတယ်လို့ ခဏခဏ ပြောတတ်တယ်။ “ကိုယ်ကိုကိုယ်သိတဲ့စိတ်ရဲ့ အလိုအတိုင်းလိုက်ကြ” လို့ တရားဟောဆရာတွေ ဟောတာ ကြားဖူးတယ်။ ဒါပေမယ့် အဲဒီအယူအဆဟာ မကောင်းဘူး။ ကိုယ့်ရဲ့ ကိုယ်ကိုကိုယ်သိသောစိတ်ဟာ ကိုယ်ယုံကြည်တဲ့အရာတွေနဲ့  ဆက်နွယ်နေတယ်။ ယုံကြည်မှု မမှန်ကန်ရင် သူ့ရဲ့ သိစိတ်ဩတ္တပက လမ်းလွဲကို ပြနိုင်တယ်။

ဥပမာအနေနဲ့ Catholic မိတ်ဆွေတစ်ယောက် Mass မတက်ရင် သူ့အသိစိတ်က သူ့ကိုနှောက်ယှက်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့ အသိစိတ်ကတော့ Mass မတက်လို့ အနှောက်အယှက် မဖြစ်ဘူး။ တခါမှလည်း မတက်ဖူးဘူး။ ဘာကွာသလဲဆိုတော့ တက်သင့်တယ်လို့ ကျွန်တော် မယုံလို့ပါ။ ဒါကြောင့် အသိစိတ် ဩတ္တပ္ပ စိတ်နောက်ကို လိုက်လို့မရသလို၊ အသိစိတ်ရဲ့ လမ်းပြမှုကို ခံယူလို့လည်း မရဘူး။ “သင့် အသိစိတ် ဩတ္တပ္ပစိတ်ရဲ့ နောက်ကို လိုက်ပါ” လို့ ကျမ်းစာက မသွန်သင်ဘူး။ လူတစ်ယောက်မှာ အသိစိတ် ဩတ္တပ္ပစိတ်ရဲ့ နောက်လည်း လိုက်လို့မရ၊ ကျမ်းစာကလည်း သူကြံုတဲ့ ပြဿနာကို အသေးစိတ် သွန်သင်ချက်  ရှင်းရှင်းလင်းလင်းမပေးရင် စဉ်းစားရခက် နားလည်ရခက်တဲ့ အကြောင်းအရာတွေကို သူ ဘယ်လိုလုပ်မလဲ? ခရစ်ယာန်တစ်ယောက်အနေနဲ့ ဘာလုပ်သင့်တယ်။ ဘာတွေ မလုပ်သင့်ဘူး ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ကျမ်းစာက ပေးမထားပေမယ့် နားလည်ရ စဉ်းစားရခက်တဲ့ အရာတွေကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ လမ်းညွှန်ချက်တွေ တော့ ပေးထားပါတယ်။

ဒီ တရားဒေသနာမှာ ယုံကြည်သူ အမှားအမှန် ဆုံးဖြတ်နိုင်ဖို့ အထောက်အကူပေးမယ့် လမ်းညွှန်ချက် ၁၁ ချက် ပြောပြသွားပါမယ်။

၁။ သိပြီးသား ဘုရားအလိုတော်ဆိုတဲ့ မှန်တဲ့အရာကို တကယ်လုပ်ဆောင်ချင် စိတ်ရှိရဲ့လား?
ကျွန်တော်တို့က အစေခံတွေပါ။ ဘုရားသခင်က သခင်။ အစေခံဟာ သခင့်အလိုဆန္ဒကို ဝေဖန် ငြင်းခုံခွင့်မရှိဘူး။ ကိုယ့်အလုပ်က သခင်ပြဖူးတဲ့ အလိုဆန္ဒကို နားထောင်ဖို့ပါဘဲ။ ယုံကြည်သူဟာ ဖြစ်ရပ်တခုမှာ အမှားအမှန်မသိရင် ကိုယ့်ဆန္ဒနဲ့ ဆန့်ကျင်နေပါစေဦးတော့ ဘုရား အလိုတော်အတိုင်း လုပ်ဆောင်ဖို့ ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သင့်တယ်။

ယော ရး၁၇ - မှာ “အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ - - ဒေသနာတော် (ကို) ပိုင်းခြား၍ သိလိမ့်မည်။” ဘုရားသခင်နား ချဉ်းကပ်လို့ မရနိုင်တဲ့ သဘောထားကတော့ - - -“ကိုယ်တော်၊ အမှား- အမှန်ကိုပြပါ။ မှန်တာလုပ်ဖို့ ဆုံးဖြတ်ပါမယ်” ဒီလို သဘောနဲ့ မရနိုင်ဘူး။ ထားရမယ့် သဘောက “ ကိုယ်တော်၊ အမှား- အမှန် ကျွန်တော် မသိဘူး ဒါပေမယ့် အမှန်ကို သေချာစွာ သိခွင့်ပေးရင် သူများတွေ ဘာပြောပြော ကျွန်တော့ဆန္ဒ ဘာဖြစ်ဖြစ် အမှန်ကို လုပ်ဆောင်မယ်။” ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ဘဝမှာ  ဘုရားရဲ့ အကောင်းဆုံးတွေပဲ လိုချင်တဲ့သူ၊ မှန်တာကိုပဲ လုပ်မယ့်သူဟာ စဉ်းစားရခက်တဲ့ အရာတွေမှာလည်း အလိုတော်ကို သိခွင့်ရနိုင်ပါတယ်။ ဒါပေမယ့် တခါက သိဖူးထားတဲ့ အမှန်ကို လုပ်ချင်စိတ် မရှိသူအတွက် နောက်ဆက်ပြောမယ့် လမ်းညွှန်ချက်တွေဟာ အသုံးဝင်လာမှာ မဟုတ်ဘူး။

၂။  ကျမ်းစာနဲ့ သဘောညီညွှတ်မှု ရှိရဲ့လား?
ကျမ်းစာက ၂ ပေ ၁း ၂၀ မှာ “ကျမ်းစာ၌ပါသော အနာဂတ္တိစကား မည်သည်ကား၊ ကိုယ်အလိုအလျောက် အနက်မပေါ် ဟု ရှေးဦးစွာ သိမှတ်ကြလော့။” ဒါက ကျမ်းစာကို ကိုယ်ဟာကိုယ် လေ့လာလို့ မရဘူးလို့ ပြောလိုတာ မဟုတ်ဘူး။ တခြား ကျမ်းစာ သွန်သင်ချက်တွေအားလုံးကို ထည့်မစဉ်းစားဘဲ ကျမ်းပိုဒ်တပိုဒ်တည်းနဲ့ အနက်ဖွင့် မရဘူးလို့ ပြောလိုတာပါ။

ကျမ်းပိုဒ်တပိုဒ် ရှိမယ်ဆိုပါတော့။ အချက်တချက်ကို သွန်သင်နေပုံရတယ်။ ဒါပေမယ့် ကျမ်းစာကို သေသေချာချာ လေ့လာရင် တခြား ကျမ်းချက်များစွာက အဲဒီသဘောနဲ့  ဆန့်ကျင်ကွဲလွဲနေတာကို အထင်အရှား တွေ့ရမှာဖြစ်တယ်။

ဥပမာ၊ ဟေဗြဲ ၆း ၄-၆ ဟာ ကယ်တင်ခြင်း ပြန်ဆုံးရှုံးနိုင်တယ်လို့ သွန်သင်နေပုံရပါတယ်။ ဒီတပိုဒ်တည်း သာဆိုရင်တော့ “ထာဝရ စိတ်ချရတယ်” ဆိုတဲ့ သဘောကိုယုံမှာ မဟုတ်ဘူး။ “ထာဝရ စိတ်ချရမှု” နဲ့ ပတ်သက်နေတဲ့ ကျမ်းချက်တွေကို လေ့လာကြည့်မှ အဖြေက ရှင်းလာတယ်။

တပိုဒ်ပြီးတပိုဒ် ပြောပြနေတာက ယုံကြည်သူဟာ ထာဝရအသက်ရတယ်။ ယော၃း၁၆၊ ယော၃း၃၆၊ ယော၃း၁၄ တို့လို ကျမ်းချက်တွေပါ။ အရှင်းဆုံးကတော့ ယော၅း၂၄ ပါဘဲ။ “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသော သူကို ယုံကြည်သော သူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။” ကျမ်းစာက ဒီမှာ ယုံကြည်သူဟာ ထာဝရအသက်ကို ရရုံတင်မကဘူး၊ အပြစ်စီရင်ခြင်း မခံရဘူးလို့၊ အပြစ်ဒဏ်ကျခံခြင်း မရှိစေရဘူးလို့ ဂတိပေးထားတယ်။

လိုက်နာသင့်တဲ့ အချက်ကတော့ ရှင်းနေတဲ့ ကျမ်းချက်များစွာကို ဆန့်ကျင်ပြီး သိပ်မရှင်းတဲ့ ကျမ်းချက်ကို မသုံးမိဖို့ပါဘဲ။ ဒါကြောင့် ဟေဗြဲ ၆း ၄-၆ က ဘာကိုဘဲ ဆိုလိုပါစေ။ ယုံကြည်သူ ထာဝရအသက် ရတယ် ဆိုတဲ့ ကျမ်းချက်တွေနဲ့ ဆန့်ကျင်ကွဲလွဲမှု ရှိမှာမဟုတ်ဘူး။

   ရိုးသားတဲ့ ခရစ်ယာန်တယောက် အမှားအမှန် ဆုံးဖြတ်ရချိန်မှာ “ဒီကိစ္စကို ကျမ်းချက်အားလုံးက သဘောတူရဲ့လား?” လို့ မေးသင့်ပါတယ်။

၃။  အဲဒီအတွက် ဆုတောင်းခဲ့ပြီလား ?
Dr. A. J. Gordon က “ဆုတောင်းပြီးမှ ပိုလုပ်ဆောင် နိုင်တယ်။ ဒါပေမယ့် ဆုမတောင်းပဲ လုပ်ဆောင်နိုင်တာ ဘာတခုမှမရှိဘူး” လို့ တခါက ပြောဖူးတယ်။ ကျမ်းစာက အရာရာမှာ ဆုတောင်းဖို့ ပြောထားတယ်။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။” ဖိလိပ္ပိ ၄း၆။ ဂတိတော်က “သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။” မာကု ၁၁း၂၄။ အဲဒီမှာ “What things soever ye desire” “သင်တို့ လိုသမျှ” လို့ ဆိုတဲ့အခါ စဉ်းစားရခက်တဲ့အရာတွေနဲ့ ဆိုင်တဲ့ ဘုရားအလိုတော်ကို  သိချင်တဲ့ ယုံကြည်သူရဲ့ ဆန္ဒလည်း ပါပါတယ်။

ဝမ်းနည်းစရာအကောင်းဆုံး ကျမ်းချက်တွေထဲက တချက်ကတော့ ယာကုပ် ၄း ၂ ပါ။ “- -မရကြ။ အကြောင်းမူကား ဆုမတောင်းပဲ နေကြ၏”  ဒီကျမ်းပိုဒ်က ဘာတွေ မရသလဲလို ပြောတာမဟုတ်ဘူး။ မတောင်းကြလို့ မရတဲ့အကြောင်းပဲ ပြောတာပါ။ အဲဒီ မရတဲ့အထဲမှာ နားလည်ရခက်တဲ့ကိစ္စအပေါ် ဘုရားရဲ့လမ်းပြမှုလည်း ပါတာပေါ့။ ရှင်းလင်းတဲ့ လမ်းပြမှုမရရင် မရတာ ဆုတောင်းလို့ပါ လို့ ကျမ်းစာက ပြောပါတယ်။

နားလည်ရခက်တဲ့အရာအတွက် ဆုတောင်းတဲ့အခါ တခါဆုတောင်းပြီး ရှင်းလင်းတဲ့ လမ်းပြမှုမရတာနဲ့ လက်မလျော့ပါနဲ့။ အဖြေရှင်းတဲ့အထိ ဆက်ဆုတောင်းပါ။ မဿဲရး၈ မှာ ဂတိတော်က “တောင်းသောသူမည်သည်ကား ရ၏။” ဒါက ဆက်တောင်းနေဖို့  ပြောတာပါ။ ဘုရားသခင်အဖြေပေးတဲ့အခါ အသံတော်နဲ့ အဖြေပေးမှာ မဟုတ်ဘူး။ သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် အဖြေပေးပါလိမ့်မယ်။ ဒါကြောင့် နောက်မေးခွန်းတခု မေးစရာ ဖြစ်လာတယ်။

၄။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှု ရပြီလား?
ကျမ်းစာထဲမှာ စာလုံး ကွက်တိကွက်ကျ မတွေ့တဲ့အခါ ဝိညာဉ်တော် လမ်းပြဖို့ မြော်လင့်နိုင်တယ်။ ရောမ ၈း၁၄ မှာ “ဘုရားသခင်၏ ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏။” သန့်ရှင်းတော်ဝိညာဉ်တော်က အမှုတော်ဆောင်တွေ တရားဟောရမယ့်နေရာ လမ်းညွှန်တာကို  ဓမ္မသစ်ကျမ်းမှာ တွေ့ရတယ်။ “အနိ ္တအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟု ခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေပြည်သား လုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်းအရင်းဖြစ်သော မာနင်နှင့် ရှောလုတည်းဟူသော ပရောဖက်ပြုသူ၊ ဆရာပြုသူရှိကြ၏။ ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသော အမှုကို ဆောင်ရွက်စေခြင်းငှါ၊ ဗာနဗနှင့် ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူသည်အတိုင်း” တမန် ၁၃း ၁ ၊ ၂။

နောက်ထပ် ဖြစ်ရပ်တခုမှာ သန့်ရှင်းသောဝိညာဉ်တော်က အာရှတိုက်ကို မသွားဖို့ လမ်းပြတယ်။ နေရာတချို့မှာ တရားမဟောဖို့လည်း တားတယ်။ “ဖြူဂိပြည်၊ ဂလာတိပြည်ကို လျှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော် သည် မြစ်တားတော်မူသဖြင့်၊ မုသိပြည်သို့ ရောက်၍၊ ဗိသုန်ပြည်သို့ သွားမည်ပြုကြစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေးတော် မမူသောကြောင့်၊ မုသိပြည်နားမှာလျှောက်၍ တရောမြို့သို့ ရောက်ကြ၏။” တမန် ၁၆း၆ - ၈။ ကောင်းသောသူရဲ့ Steps ခြေရာ၊ ခြေလှမ်းတွေဟာ ဘုရားသခင် စီရင်တာ ဖြစ်သလို၊ ခြေမလှမ်းခြင်း Stop ဟာလည်း ဘုရားသခင် ပဲ့ပြင်တာ ဖြစ်တယ်လို့ လူတယောက်က ပြောဖူးတယ်။ အခုပြခဲ့တဲ့ ကျမ်းချက် ၂ ခုက ဒီအချက်ကို ထောက်ပြနေတယ်။

သန့်ရှင်းသောဝိညာဉ်တော်က ဆုတောင်းရာမှာ ဦးဆောင်လမ်းပြတယ်။ “ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မ, စ တော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟု မသိကြ။ သို့ရာတွင် ငါတို့ ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။” ရောမ ၈း၂၆။

ဘာတောင်းရမလဲ? ဘယ်လိုတောင်းရမလဲ? လို့ မသိတဲ့ အချိန်တွေ ရှိတတ်တယ်။ ကယ်တင်ခြင်းမရသေးတဲ့ လူတွေ စုဝေးနေတဲ့ နေရာတနေရာမှာ တရားဟောဖူးတယ်။ ပြီးတော့ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးသူတွေ ေ့ရှထွက်လာပြီး ကိုယ်ယုံကြည်ကြောင်း လူေ့ရှမှာ ထုတ်ဖေါ် ကြေငြာဖို့ ပြောလိုက်တယ်။ လူ ၄၀ လက်ခံကြတယ်။ ဝတ်ပြုစည်းဝေးပြီးတဲ့အခါ လူတယောက် ရောက်လာပြီးတော့ ဘုရားသခင်ကို ဘယ်လိုပြောရမလဲ မပြောတတ်ဘူး။ ကောင်းကင် သွားချင်တာပဲ သိတယ်ဗျာ။ ဒါပေမယ့် ကျွန်တော် အားကိုးတယ်ဆိုတာ ဘယ်လိုပြောရမှန်း မသိဘူး” တဲ့။ ဆုတောင်းချက် ရိုးရိုးကလေးနဲ့ ဦးဆောင် တောင်းပေးလိုက်လို့ ကျေးဇူးတင်စကား ပြောပြီးတဲ့အခါ၊ သူက “ကျွန်တော် တောင်းချင်နေတာ အဲဒီ ဆုတောင်းချက်ပဲ။ ဒါပေမယ့် ဘယ်လိုပြောရမှန်းကို မသိဘူးဗျာ” လို့ ပြောဖူးတယ်။

ကယ်တင်ခြင်းရတာ အတော်ကြာပြီဖြစ်တဲ့ ယုံကြည်သူအများစုဟာ အကြောင်းအရာတခုမှာ သန့်ရှင်းသော ဝိညာဉ်တော်က အတိအကျ လမ်းညွှန်မှုပေးတဲ့ ဖြစ်ရပ်မျိုးကို တွေ့ကြံုဖူးတယ်။ အဲဒီလို အတွေ့အကြံုတခုကို ကျွန်တော် သတိရမိတယ်။

တည၊ ညနက်နက်မှာ တောင်ပိုင်း ကယ်ရိုလိုင်းနား Carolina ပြည်နယ်ကို ဖြတ်လာရင်းနဲ့ လမ်းလူကြံုတယောက်ကို မြင်ရတယ်။ သူ့ကို ကားအတူ စီခွင့်ပေးပြီး၊ ခရစ်တော်ထံ ပို့ဆောင်ပေးဖို့ ထူးထူးခြားခြား ခံစားမိတယ်။ ဒါပေမယ့် ကားထဲမှာ ကျွန်တော် တယောက်တည်းမို့၊ သူစိမ်း တယောက်ကို တင်ခေါ်ဖို့ ဆိုတာ အန ္တရာယ် ရှိနိုင်တယ်လို့ စဉ်းစားမိပြီးတော့ သူ့ကို ကျော် မောင်းလိုက်တယ်။

ဒါပေမယ့်လည်း သူ့ကို အတွေးထဲက ဖျောက်လို့မရ ဖြစ်နေတယ်။ နောက်ပြန်လှည့်ပြီး သူ့ကိုခေါ်ဖို့ ကျွန်တော်ကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းညွှန်နေတယ်။ အသံတော်ကြားရတာ မဟုတ်ဘူး။ သူ့ကို အတူစီးခွင့် မပေးတာဟာ အမှားတခုလို့ ရိုးရိုးလေး ခံစားမိတာပါ။ ကိုယ်တော်၊ နောက်ပြန်လှည့်ဖို့ ထွက်ပေါက်က မိုင်အတော် မောင်းရအုံးမယ် ထင်တယ်” လို့ ဆုတောင်းလိုက် တယ်။ ဒါပေမယ့် အတွင်းစိတ် ခံစားချက်က ပေါ့မသွားဘူး။

နောက်ဆုံးတော့ ထွက်ပေါက်တခုတွေ့ပြီး လှည့်ပြန်ထွက်လိုက်တယ်။ အံ့ဩမိတာက အဲဒီ လမ်းလူကြံုဟာ အဲဒီနေရာမှာပဲ  ရှိနေပါသေးတယ်။ ကားရပ်လိုက်ပြီးတော့ ကားကြံုလိုက်စီးမလား လို့ မေးလိုက်ပါတယ်။ “ကောင်းတာပေါ့” လို့ ပြောပြီး ကားထဲဝင် ထိုင်တယ်။ ဘယ်လို ဖြစ်ပျက်ခဲ့တယ်ဆိုတာ ရှင်းမပြခင် အတူခဏ စီးနေကြသေးတယ်။ သူ့ကို တင်ခေါ်ဖို့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ထူးထူးဆန်းဆန်း ခံစားရတာ သူ့ကို ကျော်သွားမိတာ ပြန်လှည့်လာတာတွေကို ပြောပြလိုက်တယ်။ ကယ်တင်ခြင်းအကြောင်း ရိုးရိုးကလေး ရှင်းပြတယ်။ သခင်ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် သူ လက်ခံသွားတယ်။ အတူမိတ်ဖွဲ့ပြီး ရင်းရင်းနှီးနှီး စကားပြောကြတယ်။ ကျမ်းစာကို ဦးထိပ်ထား ယုံကြည်တဲ့ အသင်းတော်တခုကို ရှာပြီးပါဝင်မယ်။ ခရစ်ယာန်အသက်တာအဖြစ် အသက်ရှင်မယ်လို့ ဂတိပေးသွားတယ်။

သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုလိ့ု ပြောရာမှာ အသံတော်ကြားရတယ်။ ထူးထူးဆန်းဆန်း ရူပါရုံတွေလို့ ပြောလိုတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဆန္ဒကို သန့်ရှင်းသော ဝိညာဉ်တော်က ဦးဆောင်နေတာပါ။  ဖိလိပ္ပိ ၂း ၁၃ - မှာ “သင်တို့သည် အလိုရှိ စေခြင်းငှါ၎င်း၊ အကျင့်ကျင့် စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။” ဘုရားသခင်က ကျွန်တော်တို့အထဲမှာ စိတ်ဆန္ဒ ဖြစ်ပေါ်စေတယ်။ ဆန္ဒအတိုင်း ဖြစ်လာဖို့ အစွမ်းကိုလည်း ပေးပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုဟာ ကျမ်းစာနဲ့ ဘောင် မလွတ်ဘူး။ မဆန့်ကျင်ဘူးဆိုတာတော့ စိတ်ချပါ။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၍၊ - -  ဩဝါဒ ပေးခြင်း၊ အပြစ်ကိုဖေါ်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။” တဲ့။ ကျမ်းစာရှိသမျှဟာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မှုတ်သွင်းထားတာ ဖြစ်တဲ့အတွက် သန့်ရှင်းသော ဝိညာဉ်တော်ဟာ တဦးတယောက်ကို ကျမ်းစာနဲ့ လွဲပြီးလမ်းပြဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

ဖြစ်ရပ်တခုမှာ ဇဝေဇဝါ စဉ်းစားစရာ ဖြစ်နေရင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို တောင်းခံနိုင်ခွင့် ရှိတယ်။ ကြင်နာတဲ့ လမ်းပြမှုကို မြော်လင့်နိုင်တယ်။

၅။  ဘုရားသခင် နှစ်သက်ပါရဲ့လား?
သမ္မာကျမ်းစာက ၁ယော ၃း ၂၂ မှာ “ ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍၊ နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သော ကြောင့် ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှ ရကြ၏။” ပညတ်တော်စောင့်ဖို့ဆိုတာ ဖြစ်နိုင်ပေမယ့် စဉ်းစားရခက်နေတဲ့ ကိစ္စမှာ ဘယ် ပညတ်လဲလို့ ရှင်းရှင်းလင်းလင်း မရှိရင် ဘယ်လိုလုပ်မလဲ? တချို့ကိစ္စတွေမှာ ရှင်းလင်းတဲ့ ပညတ်ရှိတယ်။ “လူ့အသက် မသတ်ရ။ သူ့မယား မပြစ်မှားရ။” “သူ့ဥစ္စာမခိုးရ။” “မမှန်သက်သေ မခံရ” စသဖြင့် …..ပေါ့။ ဒါပေမယ့်  “Rock သီချင်း နားမထောင်ရ၊ မကခုန်ရ စတာတွေ မရှိတဲ့အတွက် ဘယ်လိုလုပ်ရမလဲ?

လိုက်နာစရာ ပညတ်မရှိချိန်မှာ “ဘုရားသခင် နှစ်သက်ရဲ့လား?” ဆိုတဲ့ မေးခွန်း မေးဖို့လိုတယ်။ “ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍၊ နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သောကြောင့်” တဲ့။ “ဒါ ကျွန်တော် ဘုရးသခင် နှစ်သက်ဖို့ လုပ်တာပါ” လို့ ရိုးသားစွာ ပြောရဲ့လား။ “ကျွန်တော် ဝတ်စားဆင်ယင်ပုံကို ဘုရားသခင် နှစ်သက်ရဲ့လား?” ရိုးသားစွာနဲ့ နှစ်သက်တယ်လို့ မပြောနိုင်ရင် အဲဒါ မလုပ်သင့်တဲ့ အရာပါဘဲ။

ကျမ်းစာက ၂ကော ၅း၉ မှာ “ထို့ကြောင့် ငါတို့သည် နေမြဲအရပ်၌ နေသည်ဖြစ်စေ၊ ကွာဝေးရာအရပ်၌ နေသည်ဖြစ်စေ သခင်ဘုရား နှစ်သက်တော်မူသောသူ ဖြစ်စေခြင်းငှါ”တဲ့” သခင်ဘုရား နှစ်သက်မှာပါလို့ မထင်ပဲနဲ့တော့ ဘာမှ မလုပ်ပါနဲ့။

၆။ သခင်ယေရှုနာမ၌ ပြုနိုင်တာ ဖြစ်ရဲ့လား?
ကောလောသဲ ၃း၁၇ မှာ “စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသော အမှုတို့ကို ပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါသည်ဟု ထိုသခင်ကို အမှီပြု၍ ခမည်းတော် ဘုရားသခင်ေ့ရှ၌ ဝန်ခံကြလော့။”  “စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း” ဆိုတဲ့ စကားကို သတိထားကြည့်ပါ။ ယုံကြည်သူ ပြောလာမယ့် စကားမှန်သမျှ ယုံကြည်သူလုပ်မယ့် အလုပ်မှန်သမျှကို ဆိုလိုတယ်။ ဒါတွေကို သခင်ယေရှု နာမ၌ လုပ်ဆောင်ဖို့ ဖြစ်တယ်။

ကခုန်တဲ့အကြောင်း စဉ်းစားကြည့်ရအောင်။ က,တာဟာ အပြစ်မဟုတ်ဘူး လို့ ထင်တဲ့ ခရစ်ယာန်တွေလည်း ရှိမှာပါ။ ဒါပေမယ့် သခင်ယေရှုနာမ၌ က,တာပါလို့ ရိုးသားစွာ ပြောရဲသလား? သခင်ယေရှု နာမ၌ ဆေးလိပ်သောက်လို့ ရမလား? သခင်ယေရှု နာမ၌ ကျိန်ဆဲလို့ ရမလား? သခင်ယေရှု နာမ၌ဆိုပြီး ကာမဂုဏ်နှိုးဆွတဲ့ သီချင်းတွေ နားထောင်လို့ ရပါ့မလား?

ယုံကြည်သူမှာ ကိစ္စတခုနဲ့ ကြံုတွေ့ရရင် အမှား- အမှန် ဆုံးဖြတ်ဖို့ ခက်နေရင် “ဒါကို သခင်ယေရှုနာမ၌ လုပ် ဆောင်နိုင်ပါ့မလား?” လို့ ရိုးရိုးကလေး မေးကြည့်သင့်ပါတယ်။ မဟုတ်ဘူး ဆိုရင်တော့ အဲဒါ မှားတာပေါ့။

၇။ ဒီအတွက် ကျေးဇူးတော် ချီးမွမ်းနိုင်မလား?
တခါ- ကောလောသဲ ၃း၁၇ က “စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍၊ ခပ်သိမ်းသော အမှုတို့ကို ပြုမူလျက် ကျေးဇူးတော်ကြီးလှပါသည်ဟု ထိုသခင်ကို အမှီပြု၍ ခမည်းတော် ဘုရားသခင်ေ့ရှ၌ ဝန်ခံကြလော့။” စဉ်းစားရခက်နေတဲ့ ကိစ္စအတွက် ဘုရားကျေးဇူးတော်ကို ရိုးသားစွာ ချီးမွမ်းနိုင်မလား?

ရှေးက Peter Cartwright ဆိုတဲ့ တဲထိုးပြီးဟောတဲ့ တရားဟောဆရာကြီးဟာ Cumber Land တောင်တန်းတွေ ကို ဖြတ်သွားရင်းနဲ့ ညနက်တော့ အိမ်တအိမ်ေ့ရှမှာ ရပ်လိုက်တယ်။ အဲဒီအိမ်မှာက ကပွဲတခုရှိနေတယ်။ အဲဒီက လူအများစုဟာ တရားဟောတာ တခါမှ ကြားဖူးသူတွေ မဟုတ်ကြဘူး။

Cartwright ဟာ အခန်းထောင့်တထောင့်မှာ ထိုင်ရင်း ကခုန်ကြတာကို ကြည့်နေတယ်။ မနက်ဖြန် တနင်္ဂနွေနေ့အထိနေပြီး လူတွေကို တရားဟောမယ်လို့ စိတ်ပိုင်းဖြတ် ထားလိုက်တယ်။ သူက “ကျွန်တော် အနားကို မိန်းမလှလေးတယောက် ဖော်ဖော်ရွေရွေနဲ့ လျှောက်လာချိန်မှာ အနေရခက်သွားတယ်။ ယဉ်ကျေးဖော်ရွေတဲ့ အမူအရာ၊ နှစ်လိုဖွယ်အပြံုးနဲ့အတူ သူနဲ့ကဖို့ ဖိတ်ခေါ်လာတယ်”

ဒီအချိန်မှာ ကျွန်တော့ အတွေးတွေနဲ့ ခံစားချက်တွေဟာ ပြောပြရခက်လာတယ်။ ဒါပေမယ့် မကောင်းတဲ့ ဒီအတွေ့အကြံုကို ဖြေရှင်း လိုက်တယ်။ အတတ်နိုင်ဆုံး ဖော်ရွေတဲ့သဘောနဲ့ ထရပ်လိုက်တယ်။ စိတ်လှုပ်ရှားရုံနဲ့ စကားမပြောချင်ဘူး။ စိတ်အား ထက်ထက်သန်သန်နဲ့ပဲ ပြောချင်တယ်။ မိန်းမလှကလေးဟာ ကျွန်တော့ ညာဖက်ဘေးကို ေ့ရွလာတယ်။ သူ့ဘယ်လက်ကို ကျွန်တော့အပေါ်မှာ မှီထားတယ်။ ဒီပုံ ဒီအနေအထားနဲ့ပဲ ကြမ်းပြင်ပေါ်ကို လျှောက်လာလိုက်ကြတယ်။ လူအားလုံးက မိန်းမပျိုရဲ့ ဧည့်သည် အပေါ်ထားတဲ့ အပြုအမူကို သဘောကျပုံ ရတယ်။

တယောသမားက သူ့တယောကို အကောင်းဆုံးပုံစံနဲ့ စထိုးပြန်တယ်။ တယောသမားကို ခဏရပ်ဖို့ ပြောပြီးတော့ ကျွန်တော်ဟာ အရေးကြီးတဲ့အရာတွေကို ပြုမူတိုင်း ကောင်းကြီးအရင်မတောင်းခံပဲ ပြုလေ့မရှိဘူး။ ဒါကြောင့် အစိမ်းသက်သက် လူစိမ်း တယောက်အပေါ် ဖော်ရွေယဉ်ကျေးတဲ့ အပြုအမူ ပြကြတဲ့အတွက် ဒီမိန်းမလှကလေးနဲ့ ရှိသမျှလူအားလုံးအပေါ် ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာ တောင်းခံကြဖို့ ပြောလိုက်တယ်။

အဲဒီမှာ မိန်းမပျိုရဲ့ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ထားရင် “ကဲ.. အားလုံး ဒူးထောက် ဆုတောင်းကြစို့” လို့ ပြောလိုက်တယ်။ ချက်ချင်းပဲ ဒူးထောက်ချလိုက်ပြီး၊ စိတ်ဝိညာဉ်နဲ့ ကိုယ်ခန္ဓာ တတ်စွမ်းသမျှနဲ့ စဆုတောင်းလိုက်တယ်။ မိန်းမပျိုက ကျွန်တော့ထံက ထွက်သွားဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူ့လက်ကို ဆက်ဆုပ်ကိုင်ထားလိုက်တယ်။ သူလည်း ဒူးထောက်ချလိုက်ရတယ်။တချို့လူတွေ ဒူးထောက်လာတယ်။ တချို့က ရပ်လို့။ တချို့က ထွက်ပြေးတယ်။ တချို့ကတော့ ထိုင်နေတုန်းပဲ။ အားလုံးအတွက် သိပ် ထူးဆန်းနေပုံရတယ်။ တယောသမားကတော့ မီးဖိုချောင်ဖက်သွားပြီး “ကိုယ်တော် သနားပါ။ ဘာဖြစ်တာပါလိမ့်? ဘာဆိုလိုပါလိမ့်?” လို့ ပြောနေတော့တယ်။

ကျွန်တော် ဆုတောင်းတော့ တချို့ ငိုတယ်။ တချိုု့လည်း ဂရုဏာတော် ခံစားရဖို့ တောင်းပန်နေတယ်။

ဒူးထောက်ရာက ထလိုက်ပြီး နှိုးဆော်စကား ပြောလိုက်တယ်။ အဲဒါပြီးမှ ကျွန်တော် ဓမ္မသီချင်းတပုဒ် ဆိုတယ်။ ကျွန်တော့ကို ဖိတ်ခေါ် တဲ့  မိန်းမပျိုကတော့ ကြမ်းပြင်ပေါ်မှာ ပြပ်ဝပ်ပြီးတော့ သနားခြင်းခံစားရဖို့ တောင်းပန်နေတယ်။ ကျွန်တော်ထပ်ပြီး နှိုးဆော်ပြန်တယ်။ သီချင်းဆိုလိုက် ဆုတောင်းလိုက်နဲ့ တညလုံးနီးပါးပဲ။ သူတို့အထဲက ၁၅ ယောက်လောက် ဘာသာတရားကို လက်ခံလာကြတယ်။ နောက်နေ့နှင့် နောက်ညမှာလည်း စည်းဝေးထပ် လုပ်ကြတယ်။ ထပ်ပြီးတော့ အတော်များများ ပြောင်းလဲကြတယ်။ အားလုံးကို စုစည်းပြီး ၃၂ယောက်နဲ့ အသင်းတော်အဖြစ် ပါဝင်စေတယ်။ တရားဟောဆရာတယောက် လွှတ်ပေးလိုက်တယ်။ ကျွန်တော်တည်းတဲ့ အိမ်ရှင်ကို ခေါင်းဆောင်ခန့်ကြတယ်။ သူက ဦးဆောင်သူတယောက်လို နေလာတာ နှစ်အတော်ကြာပြီ။ ဒါဟာ အဲဒီဒေသအတွက် ကြီးမားတဲ့ နိုးထမှု၊ ဘာသာတရား စိတ်ဝင်စားလာမှု အစပါဘဲ။ လူငယ်ပေါင်း များစွာဟာ ဒီမက်သဒစ် တရားဟောဆရာရဲ့ အကကြောင့် ပြောင်းလဲပြီး သခင်ယေရှုခရစ်ရဲ့ အမှုတော်ဆောင်တွေအဖြစ် အသုံးဝင်လာခဲ့ပါတယ်။” လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ဟာ ရှေးဟန် တရားဟောဆရာတယောက်က စဉ်းစားရခက်နေတဲ့ ပြဿနာအတွက် ဆုတောင်း လိုက်တဲ့အခါ အကျိုးအဖြစ် နိုးထမှု စည်းဝေးတခု ဖြစ်သွားပြီး၊ အသင်းတော်တပါး တည်ထောင်နိုင်ခဲ့တာပါဘဲ။

ရုပ်ရှင်သွားကြတဲ့ အကြောင်းကို ဆင်ခြင်ကြည့်ပါ။ ကျမ်းစာထဲမှာ “ရုပ်ရှင်သွားမကြည့်ရ” လို့ မပြောဘူး။ ဒါပေမယ့် ရုပ်ရှင်ကြည့်ပြီး ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းနိုင်ပါ့မလား? မချီးမွမ်းနိုင်ရင် သွားမကြည့်သင့်ဘူး? “စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုတို့ကို ပြုမူလျက်၊ ကျေးဇူးတော် ကြီးလှပါသည်ဟု ထိုသခင်ကို အမှီပြု၍၊ ခမည်းတော် ဘုရားသခင်ေ့ရှ၌ ဝန်ခံကြလော့။” စဉ်းစားရခက်နေတဲ့ ကိစ္စအတွက် ဘုရားသခင်ကို ရိုးသားစွာ ကျေးဇူးတော် ချီးမွမ်းလို့ မရနိုင်ရင် မလုပ်ဘဲ နေလိုက်တာ အကောင်းဆုံးပါဘဲ။

၈။ ဘုရားဘုန်းတော် ထင်ရှားစေမယ့် အရာလား?
ကျမ်းစာထဲမှာ အကြံပေးထားတာက ၁ကော ၁၀း၃၁ မှာ “သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသော အမှုကိစ္စကို ပြုကြလော့။”

ဘာဘဲလုပ်လုပ် ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားဖို့ပဲ လုပ်ရမယ်။ ခရစ်ယာန်တယောက်ရဲ့ လုပ်ချင်တဲ့အရာ၊ လုပ်ဖို့သွေးဆောင်ခံရတဲ့ အရာတွေမှာ ဒီသဘောရှိနေရမယ်။ “ဒါဟာ ဘုရားဘုန်းတော်ထင်ရှားဖို့ ဖြစ်ပါ့မလား?” လို့ မေးကြည့်ပါ။ တနည်းပြောရရင် “စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ” တခြားဘာပဲလုပ်လုပ် အရာရာကို ဘုရားဘုန်းတော်ထင်ရှားဖို့ သာလုပ်ပါ။

စဉ်းစားရခက်နေတဲ့ကိစ္စဟာ ဘုရားဘုန်းတော် ထင်ရှားစေမှာလား? ဘုရားသခင်ကို ဘုန်းကြီးစေမယ်လား? ဘုရားနာမတော်ကို ကောင်းမြတ်စေမှာလား? မဟုတ်ရင်တော့ မှားပါပြီ။ စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ တခြားတခုခု ဘာပဲလုပ်လုပ် ဘုရားဘုန်းတော် ထင်ရှားဖို့၊ အသရေရှိဖို့၊ နာမတော် ကောင်းမြတ်စေဖို့  လုပ်ကြရပါမယ်။ ဆာလံ ၂၃း၃ မှာ “နာမတော် အဖို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင် တော်မူ၏။” ကျွန်တော်တို့ဟာ ခရစ်ယာန်တွေပါ။ နာမတော်ကို  တင်ဆောင်ထားသူတွေပါ။ ကျွန်တော်တို့ရဲ့ အသက်ရှင်တဲ့ ပုံစံ၊ စကားအသုံး အနှုန်း၊ စိတ်သဘောနဲ့ ဝတ်စားဆင်ယင်ပုံတွေဟာ နာမတော်ကို ထင်ဟပ်စေပါတယ်။ နာမတော် အဖို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော် မူပါတယ်။

စဉ်းစားရခက်နေတဲ့ကိစ္စဟာ ဘုရားဘုန်းတော် ထင်ရှားစေမှာပါလို့ ရိုးသားစွာ စိတ်မထင်နိုင်ပဲနဲ့တော့ မလုပ်လိုက်ပါနဲ့။

၉။ တခြား ခရစ်ယာန်တွေကို မှားယွင်းရာ ရောက်စေမှာလား?
ရှင်ပေါလုက ၁ကော ၈း ၁၃ မှာ “သို့ဖြစ်၍၊ ငါ၏ အစားအသောက်သည် ငါ့ညီအကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအကို၌ မှားယွင်းစရာ အကြောင်းမရှိစေခြင်းငှါ၊ အမဲသားကို အစဉ်မပြတ်ရှောင်မည်။” ၁ကော အခန်းကြီး ၈ မှာ အသားစားခြင်းအကြောင်းနဲ့ ခရစ်ယာန် လွတ်ခြင်းအခွင့်ရဲ့ အတိုင်းအတာကို ပြောထားပါတယ်။

“မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ၍၎င်း၊ ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူးတော်ကို သိသောစိတ်နှင့်တကွ သုံးဖို့ရာ၊ ဘုရားသခင်ဖန်ဆင်းတော်မူသော အစာမျိုးကို ရှောင်ရမည်ဟူ၍၎င်း၊ ပညတ်ထားကြလိမ့်မည်။ ဘုရားသခင် ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။ ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်အားဖြင့်၎င်း၊ ဆုတောင်းခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ်လျက် ရှိကြ၏။” ၁တိ ၄း ၃- ၅။

အသားစားတာဟာ ဘာမှ အပြစ်မဖြစ်ဘူးလို့ ရှင်ပေါလုသိပါတယ်။ ဒါပေမယ့် တခြားတယောက်ကို မှားယွင်းစရာ ဖြစ်မှာစိုးလို့ သူ့ရဲ့ ခရစ်ယာန် လွှတ်ခြင်းအခွင့်ကို မသုံးဘူး။ အားနည်းတဲ့ ညီအကိုလို့  ၁ကော ၈း၁၁ မှာ ခေါ်ထားသလို၊ ရောမ ၁၄း၂ မှာလည်း “အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။- အားနည်းသောသူမူကား ဟင်းသီးဟင်းရွက်ကို သာစား၏။”

ဒီကျမ်းပိုဒ်တွေအရ အားနည်းတဲ့ တချို့ခရစ်ယာန်တွေက အသားစားတာ မကောင်းဘူးလို့ ထင်နေတယ်ဆိုတာ ရှင်းပါတယ်။ “ဘုရားသခင် ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။ ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင် အဘယ်အရာကိုမျှ မပယ်မရှောင်ရ။” လို့ ရှင်ပေါလု သွန်သင်ပေမယ့်လည်း သူက “ငါ၏ အစားအသောက်သည် ငါ့ညီအကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအကို၌ မှားယွင်းစရာ အကြောင်းမရှိ စေခြင်းငှါ အမဲသားကို အစဉ်မပြတ်ရှောင်မည်။” လို့ ဆိုတယ်။ မှားယွင်းသည် offend လို့ ဘာသာပြန်ထားတဲ့ Greek စကားက to trip up “ခလုတ်တိုက် လဲစေသည်။” ဖြစ်တယ်။ ဒါကြောင့် အသားစားခြင်းက တခြားတယောက်ကို မှားယွင်းစရာ ဖြစ်စေရင် ခရစ်ယာန်အသက်တာမှာ သူ့ကို ခလုတ်တိုက် လဲစေတာပါဘဲ။ မလုပ်လိုက်ပါနဲ့။

တခြားခရစ်ယာန်တွေကို မှားယွင်းစရာ ဖြစ်စေမှာလားလို့ မေးတဲ့အခါ စဉ်းစားရခက်တဲ့ကိစ္စတခုကြောင့် ကမ္ဘာ့ တနေရာရာမှာ ရှိတဲ့ ခရစ်ယာန်တယောက်ယောက်ကို မှားယွင်းသွားစေနိုင်ရင် မလုပ်သင့်ဘူးလို့ ပြောလိုတာ မဟုတ်ဘူး။ ကိုယ်က ဘာတခုကိုပဲ လုပ်လုပ်၊ တခြား တယောက်ယောက်ကို မှားယွင်းစရာ ဖြစ်သွားစေတတ်ပါတယ်။ ဒါပေမယ့် ကောင်းမြတ်ပြီး လေးစားအပ်တဲ့ ခရစ်ယာန်များစွာကို မှားယွင်းစရာ အကြောင်း ဖြစ်စေရင်တော့ မှန်တယ်လို့ ထင်ပေမယ့် ကျွန်တော် မလုပ်ပါဘူး။

မှားတယ်လို့ ကျွန်တော်မထင်ပေမယ့် ကျွန်တော် ဘယ်တော့မှ မလုပ်မယ့်အရာတွေ ရှိပါတယ်။ ဒါပေမယ့် မှားယွင်းသွားနိုင်တဲ့ ခရစ်ယာန်တွေ ရှိတာကို ကျွန်တော် သိတဲ့အတွက်  ကိုယ့်ရဲ့ဘာသာတရား လွတ်လပ်မှုကို တခြားယုံကြည်သူ ထိမိလဲစရာ ဖြစ်မှာစိုးလို့  ကျွန်တော် မသုံးပါဘူး။

ဟိုးအရင်ခေတ်က တရားဟောဆရာကြီး တယောက်ကို အမျိုးသမီးတယောက် ရောက်လာပြီး ဆရာ့ရဲ့ neektie လည်စီး ကြိုးပြား သေးသေးလေးကြောင့် သူ့မှာ ထိမိလဲစရာ ဖြစ်နေတယ်လို့ ပြောတယ်။ ဆရာကြီးက ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ကပ်ကြေး တချောင်း သူ့ကို လှမ်းပေးလိုက်တယ်။ ညှပ်ပစ်လိုက်ဖို့ ပြောတော့ သူညှပ်ပစ်တယ်။ ကပ်ကြေးကို ပြန်ပေးတော့ ဆရာကြီးက “ငါလည်း မင်းရဲ့ လျှာကြောင့် မှားယွင်းစရာ ဖြစ်နေတယ်ကွာ” လို့ ပြန်ပြောလိုက်တယ်။

တခြား ခရစ်ယာန် ညီအကိုတယောက်ကို မှားယွင်းစေတာဟာ အရေးကြီးတဲ့ စိုးရိမ်စရာ ကိစ္စပါ။ သခင်ယေရှုက “ဤသူငယ် တစုံတယောက်ကို မှားယွင်းစေသည်ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ ပင်လယ်၌ ချခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။” လုကာ ၁၇း၂။ ရာထူး အရိုက်အရာနဲ့အတူ တာဝန်တွေ ပါလာတယ်။ ကျွန်တော့ရာထူးအရိုက်အရာကြောင့် ကျွန်တော် မလုပ်နိုင်တာတွေ ရှိတယ်။ တခြားသူတွေလုပ်ရင် ဘယ်သူမှ ဘယ်လိုမှ မထင်တဲ့ အရာတွေ ရှိပါတယ်။ တော်စပ်မှုကလည်း တာဝန်တွေ ပါလာတယ်။ တော်စပ်မှုကြောင့် ကျွန်တော့သားသမီးဟာ တခြားကလေးတွေမှာ မရှိတဲ့ တာဝန်တွေ သူတို့မှာ ပိုရှိနေတယ်။ တခြားကလေးတွေ အပေါ်မရှိတဲ့ တာဝန်တွေလည်း သူတို့အချင်းချင်းမှာ ရှိနေပြန်တယ်။ဘုရားသားသမီးတယောက်ဟာ အသစ်တဖန်မွေးဖွားပြီးတဲ့ ယုံကြည်သူတိုင်းအပေါ်မှာ တာဝန်တွေ ရှိတယ်။ ခရစ်ယာန်အသက်တာမှာ အကူအမဖြစ်ဖို့ တတ်နိုင်သမျှ လုပ်ပေးကြရမယ်။ မှားယွင်းစရာအကြောင်း ဖြစ်မသွားစေဖို့ သတိထားပေးရပါမယ်။ စဉ်းစားရခက်တဲ့ကိစ္စဟာ တခြား ခရစ်ယာန်တွေကို မှားယွင်းစရာ ဖြစ်စေမယ် ဆိုရင်တော့ အဲဒါ မလုပ်သင့်ပါဘူး။

၁၀။ မှန်တယ်လို့ အပြည့်အဝ သဘောကျရဲ့လား?

ကျမ်းစာက ရောမ ၁၄း၅ မှာ “နေ့ရက်တရက်ထက် တရက် သာ၍မြတ်သည်ဟု လူအချို့ ထင်တတ်၏။ လူအချို့ မထင်။ လူတိုင်းမိမိ စိတ်သဘောကျပါစေ။” persuaded သဘောကျတယ် ဆိုတဲ့စကားဟာ ဒီကျမ်းပိုဒ်မှာ convinced ခံစားသိမြင်စေသည် လို့ ဆိုလိုတယ်။ မှန်တယ်လို့ အပြည့်အဝ မခံစားမိရင် အဲဒီအရာကို မလုပ်ပါနဲ့။

Dr. Bob Jones, Sr; က Sunday school သွားဖို့ အသင့်ဖြစ်နေတဲ့ လူတယောက်အကြောင်း ပြောပြဖူးတယ်။ သူက ဝတ်ပြီးသား ရှပ်အကျင်္ ီကို ကောက်ယူလိုက်ပြီးတော့ တခြားအခန်းက သူ့မိန်းမ ကြားလောက်အောင်  အသံကို မြှင့်ပြီးတော့ “ရှင်မရေ၊ ဒီ ရှပ်အကျင်္ ီ ကပေနေပြီ လား?” လို့ မေးလိုက်တယ်။ အမျိုးသမီးက ခပ်အေးအေးလေးနဲ့ “ရှင်- စိတ်မသန့်ရင်တော့ ပေလို့ဖြစ်မှာပေါ့” လို့ ပြန်ဖြေတယ်။ ရောမ ၁၄း၂၃ က “ယုံသောစိတ်မရှိပဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏။” လို့ သတိပေးထားတယ်။

အသင်းတော်တခုတည်းမှာပဲ နှစ်ပေါင်း ၂၁ နှစ်လောက် သင်းအုပ်လုပ်ရတော့ လူပေါင်းထောင်ချီပြီး အကြံဉာဏ် ပေးခဲ့ဖူးတယ်။ အဲဒီတုန်းက မေးကြတယ်။ “ဆရာ ကျွန်တော် အဲဒီ ကိစ္စလုပ်ရင် မှားမလား? ကျမ်းစာက ဒီကိစ္စကို အမှားအမှန် မပြောဖူး။ ကျွန်တော်တော့ တကယ် မသိတော့ဘူးဆရာ” လို့ မေးကြတယ်။ အတော်များများကို ပြန်မေးမိတယ်။ “အဲဒီကိစ္စအတွက် ခင်ဗျား သံသယ ရှိနေသလား?” “ဟုတ်ကဲ့” လို့ ဖြေကြတယ်။ ကျွန်တော် ရောမ ၁၄း ၅ ကို ပြပြီး၊ သံသယရဲ့ အကျိုးကို ဘုရားသခင်ထံ ပေးတာ အကောင်းဆုံးပဲလို့ ရှင်းပြတယ်။ ကျွန်တော်အမြဲ အကြံပေးလေ့ရှိတာကတော့  မှန်တယ်လို့ အပြည့်အဝ မထင်ရင်၊ မခံစားမိရင် ဘာမှ မလုပ်ဖို့ပါဘဲ။

ဒါနဲ့ တဆက်တည်း ကောလောသဲ ၃း၁၅ ကလည်း အထောက်အကူ ပေးပါတယ်။ “သင်တို့ စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးစေ။” အုပ်စိုး rule လို့ ဘာသာပြန်ထားတဲ့ စကားက to govern အုပ်ချုပ်ဖို့  to prevail ထိန်းချုပ်ဖို့ လို့ ဆိုတယ်။ တနည်းပြောရရင် ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက အုပ်ချုပ်ပါစေ။ ငြိမ်သက်ခြင်းက ဆုံးဖြတ်ပါစေ လို့ ပြောတာပါဘဲ။ စဉ်းစားရခက်တဲ့ ကိစ္စမှာ ငြိမ်သက်ခြင်း မခံစားရရင် အဲဒီကိစ္စကို မလုပ်ပါနဲ့။

ကျွန်တော်ရဲ့အမှားဆုံး ဆုံးဖြတ်ချက်တွေကတော့ ငြိမ်သက်ခြင်းမရတဲ့ အခါတွေမှာ ဖြစ်လေ့ရှိတယ်။ ကားတစီးဝယ်တာ ကောင်းကောင်း မှတ်မိပါသေးတယ်။ ကားက လှတယ်။ သိပ်လိုချင်တယ်။ ဒါပေမယ့် ဝယ်ဖို့ လက်မှတ်ထိုးမယ်ကြံတော့ ငြိမ်သက်ခြင်း မရှိတော့ဘူး။ အဲလို စိတ်မသက်သာ ဖြစ်နေတာကို အသာထားလိုက်ပြီးတော့ ကားကိုဝယ်ဖြစ်အောင် ဝယ်လိုက်တယ်။ အား- အဲဒါ တကယ့်အမှားပဲ။ ၃ လပဲ ရှိသေးတယ်။ ထပ်ကုန်တာက ဈေးရင်းထက်ကို မကတော့ဘူး။ ဇနီးသည်ကို “ငါ အဲဒီကားကို ကြည့်တောင် မကြည့်ချင်တော့ဘူး” လို့ ခဏခဏ ပြောမိတယ်။ တကယ်လို့ ကောလောသဲ ၃း ၁၅ ရဲ့ သဘောတရားကို လိုက်နာမိရင် စိတ်ညစ်စရာတွေ ဝင်လာခဲ့မှာ မဟုတ်ဘူး။

ယုံကြည်သူမှာ စဉ်းစားရခက်တဲ့ကိစ္စတခုကို ရင်ဆိုင်နေရရင် အပြည့်အဝ ငြိမ်သက်ခြင်း မခံစားရသေးဘဲနဲ့ ေ့ရှမဆက်သင့်ဘူး။ ဘာမှ အမှားအယွင်း မရှိရင် ဘုရားသခင်က ငြိမ်သက်ခြင်းကို ပေးမှာပါ။ ကောလောသဲ ၃း ၁၅ ရဲ့ သဘောကို ချိုးဖေါက်တဲ့အခါတိုင်းမှာ စိတ်ညစ်ရမှာ သေချာပါတယ်။ စဉ်းစားရခက်တဲ့ကိစ္စကို ဆုံးဖြတ်မယ်ဆိုရင် ငြိမ်သက်ခြင်း အပြည့်အဝ ခံစားနေရဖို့၊ မှန်တယ်လို့ ထင်ပြီး အပြည့်အဝ သဘောကျ နေရပါမယ်။

၁၁။ ကိုယ်သိတဲ့ အကောင်းဆုံး ခရစ်ယာန်တွေကလည်း မှန်တယ်လို့ သဘောတူကြရဲ့လား?

သုတ္တံ ၂၄း၆ ရဲ့ စကားတွေဟာ တကယ်မင်္ဂလာရှိတဲ့ အကြံပေးစကားတွေပါ။ “အကြံပေးနိုင်သောသူ များစွာရှိလျှင် ဘေးလွတ်တတ်၏။” ကျွန်တော့ဘဝမှာလည်း စဉ်းစားရခက်တဲ့ကိစ္စတွေ အများကြီး ကြံုခဲ့ဖူးတယ်။ အထက်က ပြောသွားတဲ့ လမ်းညွှန်ချက်တွေကို အကုန်သုံးပြီးနောက် စိတ်က မကြေနပ်သေးဘူး။ နောက်ဆုံး အထောက်အကူတခုကတော့ ဘုရားဝတ်မွေ့လျော်တဲ့ ခရစ်ယာန်တွေထံမှာ အကြံဉာဏ် တောင်းခံဖို့ပါဘဲ။ “ကျွန်တော် ဒီလို- ဒီလို လုပ်မယ်ဆိုရင် ဘယ်လိုထင်သလဲ?”လို့ မေးကြည့်တယ်။ မြင်တဲ့အတိုင်းပဲ ပြောပါလို့ မေးတယ်။ အကြံပေးတဲ့သူတွေထံက အများကြီး ကျွန်တော် သင်ယူရဖူးတယ်။

အရေးကြီးတဲ့ကိစ္စတွေမှာ ဘုရားဝတ်မှာမွေ့လျော်တဲ့ ခရစ်ယာန်ကောင်းများစွာရဲ့ အကြံဉာဏ်၊ အထင်အမြင်တွေ မတောင်းခံပဲ နဲ့ ဆုံးဖြတ်လေ့မရှိတာ ကျွန်တော့အကျင့် ဖြစ်နေပြီ။ “အကြံပေးနိုင်သော သူများစွာရှိလျှင် ဘေးလွတ်တတ်၏။” ဆိုတဲ့ အချက်ဟာ ကိုယ်တွေ့ ဖြစ်နေပါပြီ။ ပညာရှိတဲ့ ခရစ်ယာန်တွေဆီက အကြံဉာဏ်တောင်းခံလို့ ဘုရားက ကျွန်တော်ကို ကွယ်ကာတယ်လို့ ခံစားမိတယ်။

စဉ်းစားရခက်တဲ့ကိစ္စတခုကို ရင်ဆိုင်ကြံုတွေ့ရချိန်မှာ ခရစ်ယာန်များစွာထံ ကိုယ်တိုင် ချဉ်းကပ်ကြည့်ပါ။ သူတို့ အထင်အမြင်ကို ရယူပါ။ သူတို့ပေးတဲ့အကြံဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ ကူညီရာမှာ အလွန်တန်ဖိုးရှိပါတယ်။                   ။

Saturday, September 21, 2013

17. The Believer’s Threefold Judgment by Dr. Curtis Hutson (Burmese)

အခန်း ၁၇

Dr. Curtis Hutson
အပြစ်သားအဖြစ် ယခင်ကစီရင်ခဲ့ခြင်း
သားအဖြစ် ယခုစီရင်ခြင်း
အစေခံကျွန်အဖြစ် နောင်ကာလစီရင်ခြင်း

       ယုံကြည်သူကို တရားစီရင်ရာမှာ ယခင်၊ ယခု၊ နောင်ဆိုပြီး သုံးမျိုးရှိတယ်။ ယုံကြည်သူကိုယခင်က စီရင်ခဲ့ခြင်းဟာ အပြစ်အတွက် ဖြစ်တယ်။ ယခုစီရင်ခြင်းက သားတစ်ယောက်လို စီရင်တယ်။ ကိုယ့်ကိုကိုယ် ပြန်စီရင်ရခြင်းလည်း ဖြစ်တယ်။ နောင်ကာလစီရင်ရခြင်းကတော့ အစေခံကျွန်လို အစစ်ခံရခြင်းဖြစ်တယ်။ ခရစ်ယာန်အားလုံးဟာ မိမိတို့လုပ်ဆောင်သမျှအတွက် ခရစ်တော်တရားပလ္လင်ရှေ့မှာ မီးနဲ့ အစစ်ခံရတယ်လို့ ၁ကော ၃း၁၁-၁၅ အရ သိနိုင်ပါတယ်။

၁။ အပြစ်သားအဖြစ် ယခင်ကစီရင်ခဲ့ခြင်း  The Believer’s Past Judgment: As a Sinner

ကျွန်တော်တို့လွန်ကျူးသမျှ ယခင်၊ ယခုနဲ့ နောင်ကာလ အပြစ်အားလုံးကို လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ က ခရစ်တော်အပေါ်မှာ တင်ခဲ့ပြီလို့ ကျမ်းစာက ဆိုတယ်။

“ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” ဟေရှာ ၅၃း၆။
“ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည် အကြောင်းတည်း။” ၂ကော ၅း၂၁။
 “ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ။” ၁ပေ ၂း၂၄ (က)

ကိုယ်လွန်ကျူးသမျှအပြစ် (သို့) မှားမိဦးမယ့် အပြစ်ရှိသမျှကို လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်က ခရစ်တော်အပေါ်မှာ ဘုရားသခင် တင်ပေးခဲ့ပါပြီ။ ကျွန်တော့ ကျမ်းစာအုပ်အပေါ်မှာ ခဲတံကို ဟောဒီလို တင်လိုက်သလိုကလေး တင်ပေးခဲ့တာပါ။ ဟေရှာယ ၅၃း၆ မှာ “ထာဝရဘုရား သည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ် (သခင်ယေရှု) ၌ တင်တော်မူ၏။”

နောင်လုပ်မယ့် အပြစ်တွေအတွက်တောင် သခင်ယေရှုအသေခံပေးတယ်ဆိုတာ နားလည်ရခက်တတ်တယ်။ ဒါပေမယ့် အသေခံချေိန်မှာ ကျွန်တော်တို့အပြစ်အားလုံးဟာ အနာဂတ်ကာလမှာဘဲ ရှိသေးတယ်။ ကျွန်တော်တို့ကျူးလွန်မယ့် အပြစ်အားလုံးကို ဘုရားသခင်က အချိန်ဆိုတဲ့ မှန်ပြောင်းက နေ မျှော်ကြည့်ပြီး အဲဒီအပြစ်တွေကို ထုပ်ပိုးကာ ခရစ်တော်အပေါ်မှာ တင်လိုက်တာပါ။ ဒါကြောင့် ခရစ်တော်က အပြစ်ရှိသလို ဖြစ်သွားတယ်။ အပြစ်သား မဟုတ်ပေမယ့်၊ ကျွန်တော်တို့ အပြစ်တွေကို ကိုယ်ပေါ်မှာ တင်ဆောင်ထားရတယ်။ အပြစ်တွေထမ်းပြီး ကားတိုင်မှာ အသေခံပေးတာဟာ လူတွေအတွက် ဘုရားသခင်ထံ တုန့်ပြန်ပေးတာပါ။ ဘုရားသခင်ကလည်း သခင်ယေရှုကို ကားတိုင်ပေါ်မှာ အပြစ်ရှိတဲ့သူ တစ်ယောက်လို သဘောထားလိုက်တယ်။

လုကာ ၁၆ က မရဏာနိုင်ငံရှိ သဌေးကြီးအကြောင်းကို ဖတ်ပြီး ခရစ်တော်ကားတိုင်မှာ အသေခံကြောင်း ဆက်ဖတ်ရတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဖတ်ကြည့်လိုက်တဲ့အခါ၊ မရဏာနိုင်ငံက သဌေးကြီးရဲ့ခံစားရတဲ့ ဝေဒနာတွေဟာ ကာရာနီရဲ့ရှေ့ပြေးဖြစ်သလို ကာရာနီဟာလည်း မရဏာ နိုင်ငံရဲ့ ရှေ့ပြေးနိမိတ်ဖြစ်တာ တွေ့ရပါတယ်။ တနည်းပြောရရင် သခင်ယေရှုကားတိုင်မှာ ခံစားရသမျှ ဝေဒနာတွေဟာ ခရစ်တော်မပါဘဲသေပြီး၊ မရဏာမှာ ထာဝရနေရမယ့် သူတိုင်းခံစားရမယ့် ဝေဒနာတွေပဲ ဖြစ်တယ်။

ဥပမာ- မရဏာနိုင်းငံရှိ သဌေးကြီးဟာ စွန့်ပစ်တဲ့ဝေဒနာကို ခံစားရတယ်။ အာဗြဟံက သူ့ကို “ငါတို့နှင့် သင်တို့စပ်ကြား၌ အလွန်နက်လှ သော ချောက်ကြီး တည်လျှက်ရှိ၏။ ထို့ကြောင့် ဤအရပ်မှ သင်တို့ရှိရာသို့ ကူးချင်သောသူ မကူးနိုင်။ ထိုအရပ်မှ ငါတို့ရှိရာသို့ ကူးချင်သောသူလည်း မကူးနိုင်။” လို့ ဆိုတယ်။

ကားတိုင်ပေါ်မှာ သခင်ယေရှုဟာ ဘုရားရဲ့စွန့်ပစ်ခြင်းဝေဒနာကို ခံစားခဲ့ရတယ်။ ကားတိုင်ပေါ်မှာ စကားကြီး ခုနှစ်ခွန်း ပြောခဲ့တယ်။ မမှောင်ခင် သုံးခွန်း၊ မှောင်ပြီးမှ သုံးခွန်းနဲ့ မှောင်နေချိန်မှာ တစ်ခွန်းပြောပါတယ်။ မှောင်နေချိန်မှာ “အကျွနု်ပ်ဘုရား၊ အကျွနု်ပ်ဘုရား၊ အဘယ်ကြောင့် အကျွနု်ပ်ကို စွန့်ပစ်တော်မူသနည်း။” လို့ မေးခဲ့တာပါ။ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတယ်။ သဌေးကြီးဟာ စွန့်ပစ်တဲ့ဝေဒနာကို ခံရရုံ မဟုတ်ဘဲ၊ ရေငတ်ခြင်းကိုပါ ခံရတယ်။  “အကျွနု်ပ်သည် ဤမီးလျံ၌ ပြင်းစွာခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍၊ အကျွနု်ပ်လျှာကို အေးစေခြင်းငှါ၊ သူ့ကို အကျွနု်ပ်ရှိရာသို့ စေလွှတ်တော်မူပါ။” လို့ အော်ဟစ်တောင်းပန်တယ်။

သခင်ယေရှုဟာ ကားတိုင်ပေါ်မှာ ရေငတ် ခံခဲ့ရတယ်။ ငါးခွန်းမြောက်စကားကြီးဟာ “ရေငတ်သည်” လို့ ပြောတယ်။ မရဏာနိုင်ငံက လူဟာ မှောင်တဲ့ဒုက္ခကို ခံစားရတယ်။ မဿဲ၂၂း၁၃ မှာ လူဆိုးတွေအကြောင်းပြောတော့  “ထိုသူ၏လက်ခြေကို တုတ်နှောင်လော့။ ငိုကြွေးခြင်း အံသွား ခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြ။” လို့ ဆိုတယ်။

ကားတိုင်မှာ သခင်ယေရှုဟာ မရဏာနိုင်ငံရဲ့  အမှာင်ဒဏ်တွေကို ခံစားရတယ်။ နေ့ခင်း ၁၂နာရီနဲ့ ၃နာရီကြားမှာ အဲဂုတ္ထုပြည်ရဲ့ အမှောင်လို လက်နဲ့စမ်းရလောက်တဲ့ အမှောင်မျိုးဖြစ်ပါတယ်။ ခရစ်တော်မပါဘဲသေပြီး မရဏာနိုင်ငံကို သွားရမယ့်သူတိုင်းခံစားရမယ့် ဝေဒနာ တွေကို ယေရှုခရစ်က ကားတိုင်ပေါ်မှာ ခံစာခဲ့ရတယ်။ တနည်းပြောရရင် ကျွန်တော်တို့အပြစ်ကြွေးတွေ မကျေသေးလို့ ဆပ်ပေးလိုက်တာပါ။

“ရေငတ်တယ်”၊ “အကျွနု်ပ်ဘုရား၊ အကျွနု်ပ်ဘုရား၊ အဘယ်ကြောင့် အကျွနု်ပ်ကိုစွန့်ပစ်တော်မူသနည်း။” လို့ ပြောရုံတင်မက “အမှုပြီးပြီ” လို့ အော်ဟစ်ခဲ့တယ်။ ထပ်ဖြည့်စရာမလိုဘူး။ ထပ်နှုတ်စရာမလိုဘူး။ ပြည့်စုံပြီလို့ ဆိုလိုတာပါ။ ကားတိုင်မှာ အသေခံပေးခြင်းဟာ ယုံကြည်သူတွေရဲ့ အပြစ်တွေကို အကြေအလည်ပေးဆပ်တာပါ။ ကျွန်တော်တို့ ခံစားရမယ့် ဝေဒနာတွေကို အကုန်ခံစားခဲ့ပါတယ်။ သန့်ရှင်းတဲ့ ဘုရားရဲ့တရားသဖြင့် တောင်းဆိုမှုကို ကျေနပ်စေတယ်။ အပြစ်သားတွေတင်တဲ့ အကြွေးကို အကျေပေးဆပ်လိုက်တယ်။

သခင်ယေရှုကားတိုင်မှာ ဝေဒနာဘယ်လောက်ခံစားရတယ်ဆိုတာကို ငရဲကျသူတွေမှတပါး၊ ဘယ်သူမှ အပြည့်အဝမသိနိုင်ဘူးလို့ လူတစ်ယောက်က ပြောဖူးတယ်။ ဒီစကားဟာ သိပ်ဖြစ်နိုင်တယ်။ ကျွန်တော်တော့ ယုံခဲ့တယ်။ ဒါပေမယ့် နှစ်အတော်ကြာလာတော့ ကျွန်တော့ သဘောထား ပြောင်းလဲလာတယ်။ ငရဲကျသူတွေဟာ ခရစ်တော်ကားတိုင်မှာ ခံစားရတဲ့ ဝေဒနာကို အပြည့်အဝသိကြမှာမဟုတ်ဘူး။ ရှင်းပြပါမယ်။

သခင်ယေရှုခံရတဲ့ ဝေဒနာတွေဟာ အပြစ်သားအားလုံးရဲ့ အပြစ်ကြွေးကိုပေးဆပ်ရတာပါ။ ကျေလို့သာ “အမှုပြီးပြီ” လို့ အော်ဟစ်နိုင်တာ ပါ။ ငရဲကျတဲ့လူဟာ အပြစ်ကြွေးကို ထာဝရပေးဆပ် နေရပေမယ့် ကျေတယ်လို့ မရှိပါဘူး။ ငရဲကျတဲ့လူတွေဟာ “အမှုပြီးပြီ” လို့ မကြွေးကြော်နိုင်ဘူး။ ဘယ်တော့မှလည်း ပြီးမှာမဟုတ်ဘူး။

ယောဟန် ၃း၃၆ မှာ “သားတော်ကို မယုံကြည်သောသူမူကား၊ အသက်ကို မတွေ့ရ။ ဘုရားသခင်၏အမျက်တော်သည် ထိုသူအပေါ်၌  တည်နေ၏။ ” အမျက်တော်တည်နေတယ်”ဆိုတာ ချုပ်ငြိမ်းပျောက်ကွယ်သွားတာမျိုး မဟုတ်ဘူး။ ငရဲကျသူတွေဟာ အပြစ်ကြွေးကို ထာဝရကာလ အဆက်ဆက် ပေးဆပ်နေရတယ်။ ကျေတယ်လို့ မရှိဘူး။

အပြစ်သားရဲ့အကြွေးကို ယေရှုခရစ်တော်က ကားတိုင်မှာ အပြည့်အဝပေးဆပ်တယ်။ ဟေဗြဲ ၉း၂၆ မှာ “ယခုမူကား၊ ဤကပ်ကာလ အဆုံး၌ တခါတည်း ကိုယ်ကိုပူဇော်သောအားဖြင့် အပြစ်များကိုသုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။” အပြစ်အတွက် သခင်ယေရှု အသေခံပေးတဲ့ အတွက် ဘုရားသခင်ရှေ့မှာ ယုံကြည်သူဟာ အပြစ်အတွက် စစ်ကြောစီရင်ခံရဖို့ မလိုတော့ဘူး။ ကျွန်တော်တို့ကို အပြစ်သားလို သဘော မထားတော့ဘူး။ သားလိုပဲ သဘောထားတော့တယ်။

 “ဒါပေမယ့် တရားစီရင်အုံးမှာမဟုတ်လား?” လို့မေးရင် ဟုတ်ပါတယ်။ စီရင်အုံးမှာပါ။ ၂ကော ၅း၁၀ မှာ “ခရစ်တော်၏ တရားပလ္လင် ရှေ့၌ ပေါ်လာရကြမည်။” ဟုတ်ပါတယ်။ အစစ်ခံရအုံးမှာပါ။ ဒါပေမယ့် အပြစ်အတွက်မဟုတ်ဘူး။ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးလိုက်တာနဲ့ တပြိုင်နက် ဖြောင့်မတ်သွားပါပြီ။ ရောမ ၅း၁ မှာ “ထို့ကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ ရောက်လျှင် ငါတို့သခင်ယေရှုအားဖြင့် ဘုရားသခင် ရှေ့တော်၌ ငြိမ်သက်ခြငး်ကို ခံစားကြ၏။”

ဒီကျမ်းပိုဒ်က ဘုရားသခင် ကျွန်တော်တို့ကို သင်ပုန်းချေပေးတယ်လို့ ပြောတာပါ။ ဘုရားသခင်ရှေ့မှာ အပြစ်တစ်ခါမှ မပြုဖူးသူလို ရပ်ခွင့် ရသွားပါတယ်။ သေပြီး ကောင်းကင်ရောက်လို့ ပြုမိတဲ့အပြစ်တွေကို သတိရနေရင်တောင် ဘုရားသခင်က “ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ ဒုစရိုက်အမှုတို့ကို မအောက်မေ့။” (ဟေရှာ ၄၃း၂၅) လို့ သတိပေးတော်မူမှာပါ။ ကျွန်တော်တို့ အပြစ်တွေကို ဘုရားသခင် မေ့ပစ်လိုက်ပါပြီ။

ခရစ်တော်ကို အားကိုးရင် အပြစ်ရှိတဲ့ပြဿနာဟာ ထာဝရပြေလည်သွားပါပြီ။ ယေရှုခရစ်က ကျွန်တော်တို့ အပြစ်တွေကို ကိုယ်ခန္ဓာပေါ်မှ ယူဆောင်သွားခဲ့တယ်။ လူစားထိုးပြီး ဒဏ်ခံခဲ့တယ်။ ဒီစီရင်ခြင်းရဲ့အကျိုးကတော့ ယေရှုခရစ်က သေရပြီး၊ ယုံကြည်သူတွေ ဖြောင့်မတ်ရတယ်။ အပြစ်အတွက် စီရင်မှုဟာ ပြီးခဲ့ပါပြီ။

တချို့က “ဒါပေမယ့် ကယ်တင်ခြင်းရပြီးမှ အပြစ်လုပ်ရင် ပေးဆပ်ရဦးမယ်မဟုတ်လား?” လို့ ဆင်ခြေ တက်တတ်ကြတယ်။ ကျူးလွန်သမျှ ပေးဆပ်ရမယ်ဆိုရင် အပြစ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ငရဲမှာ ထာဝရ ကျနေဖို့ပဲရှိပါတယ်။ အပြစ်အတွက်ပေးဆပ်ရမှုဟာ တခုတည်းပဲရှိတယ်။ ကမ္ဘာ၂း၁၇မှာ အာဒံကို “စားသောနေ့တွင် ဧကန်အမှန်သေရမည်။” ယေဇ ၁၈း၄ မှာ “ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်။” ရောမ ၆း၂၃မှာ “အပြစ်တရား၏ အခကား သေခြင်းပေတည်း။” အပြစ်အတွက် ဘုရားကိုပေးဆပ်ဖို့က သေခြင်းပဲရှိပါတယ်။ ဘယ်လောက်သေးမွှားတဲ့ အပြစ်ဘဲဖြစ်ပါစေ၊ ငရဲမှာ ထာဝရကျဖို့ပဲ ရှိတယ်။ ဒါဟာအပြစ်ရဲ့အခပါ။ ဒီအခကို ဘုရားသခင်က ဘယ်တော့မှ မပြောင်းလဲဘူး။ ပြောင်းလဲခြင်းမရှိတဲ့ ဘုရားဖြစ်တဲ့အတွက် အပြစ်ရဲ့အခဟာ ပြောင်းလဲလေ့မရှိဘူး။

“ကယ်တင်ခြင်းရပြီးမှ အပြစ်လုပ်ရင် မဆုံးမဘူးလား?” လို့ မေးနိုင်ပါတယ်။ ဆုံးမတယ်။ ဟေဗြဲ ၁၂း၆ မှာ “ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူ၏။” ဒါပေမယ့် ဆုံးမခြင်းဟာ အပြစ်အတွက် ပေးဆပ်ရတာ မဟုတ်ဘူး။

        ပြတင်းပေါက်ခွဲလို့ သားကိုရိုက်ရင် ရိုက်တာဟာ ဆုံးမတာပါဘဲ။ ပြတင်းပေါက်ဖိုးတောင်းတာ မဟုတ်ပါဘူး။ ရိုက်ပြီးမှ ကိုယ့်အိပ်ကပ်ထဲက ပိုက်ဆံထုတ်ပြီး၊ ပြတင်းမှန်အသစ် ဝယ်တပ်ရတယ်။ ဘုရားကဆုံးမတယ်။ အပြစ်အတွက် ပေးရတာမဟုတ်ဘူး။ အပြစ်အတွက်က လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကတည်းက ကာရာနီမှာ ယေရှုခရစ်အကျေအလည် ပေးဆပ်ပြီးပါပြီ။ ယုံကြည်သူဟာ အပြစ်အတွက် အစီရင်ခံရစရာ မလိုတော့ဘူး။ ဆုံးမတတ်ပါတယ်။ ဒါပေမယ့် ဆုံးမခြင်းဟာ သားသမီးကို သွန်သင်ပေးတာပါ။ အပြစ်ရဲ့အခအဖြစ် တောင်းဆိုတာ မဟုတ်ဘူး။

၂။ သားအဖြစ်ယခု စီရင်ခြင်း  The Believer’s Present Judgment: As a Son
အပြစ်အတွက် ယုံကြည်သူကိုစီရင်မှုက ပြီးခဲ့ပြီဆိုတော့ အပြစ်ပြုပြီး ပရမ်းပတာ၊ ကိုးယိုးကားယား နေရင်ကောဖြစ်သလား? မဖြစ်ပါဘူး။ ယုံကြည်သူအတွက် ဒုတိယစီရင်ခြင်း တမျိုးရှိပါသေးတယ်။ သားအဖြစ်စီရင်ခြင်း၊ ယခုကာလစီရင်ခြင်း၊ ကိုယ့်ကိုကိုယ်စီရင်ခြင်းလို့ ဆိုနိုင်တယ်။

၁ကော ၁၁း၃၁-၃၂  “ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွှတ်ကြလိမ့်မည်။ စစ်ကြော စီရင်တော်မူခြင်းကို ခံရသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။”

            ကိုယ့်ကိုကိုယ် စစ်ကြောစီရင်ရင် စစ်ကြောစီရင်ခြင်းနဲ့ လွတ်ပါတယ်။ ကိုယ့်ကိုကိုယ်မစစ်ကြောရင် ဘုရားသခင်က စစ်ပါတယ်။ လောကီသားတွေနဲ့အတူ ဒဏ်မခံရဖို့ ဆုံးမတယ်။ ကိုယ့်ဘဝမှာ ဘာမှားနေသလဲလို့ ယုံကြည်သူတိုင်း အမြဲသတိထားသင့်ပါတယ်။ အပြစ်တွေ့ရင် ဝန်ခံလိုက်။ ခွင့်လွတ်ခြင်းနဲ့ ဆေးကြောခြင်းကို ခံယူလိုက်ပါ။ ဒါဝိဒ်က ဆာလံ ၁၃၉း၂၃-၂၄ မှာ “အိုဘုရားသခင်၊ အကျွနု်ပ်ကို စစ်ကြော၍၊ အကျွနု်ပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွနု်ပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။” “စစ်ကြော” ဆိုတဲ့စကားက စကင်ဒီနေဘီယန်း စကားနဲ့ဆိုရင်၊ အသေးစိတ် မွှေနှောက်ရှာဖွေ တယ်လို့ ဆိုလိုတယ်။ ဒါဝိဒ်က “ကျွန်တော့စိတ်နှလုံးကို မွှေနှောက်ရှာဖွေပါ။ ချောင်ကြို၊ ချောင်ကြားအထိ ရှာဖွေပါ။ အန်ထိုး၊ အန်ဝှက်တွေ ကြားလည်း ဆွဲထုတ်ရှာပါ။ ကျွန်တော့် စိတ်နှလုံးထဲမှာ ဝှက်ထားတဲ့အပြစ်ရှိသလား? (သို့) မကောင်းတဲ့အကြံ တွေရှိသလား? ကြည့်ပေးပါ။” လို့ ပြောလိုက်တာပါ။

           ယုံကြည်သူဟာ ကိုယ့်ကိုကိုယ် အမြဲဆန်းစစ်နေရပါမယ်။ “လူတိုင်းကိုယ်ကိုကိုယ် စစ်ကြောပြီးမှ” (၁ကော ၁၁း၂၈) ကိုယ့်ကိုကိုယ် စစ်ရခြင်းဟာ အပြစ်ကိုရှာပြီး ဝန်ခံဖို့ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခြင်းကို တောင်းဆိုဖို့ဖြစ်တယ်။ “ချစ်သားတို့ သင်တို့သည် ဒုစရိုက်ကို မပြုစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကို ပြုမိလျှင် ဖြောင့်မတ်တော်မူသော အရှင်ယေရှုတည်းဟူသော ငါတို့ အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။ ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏အပြစ် ဖြေစရာအကြောင်း ဖြစ်တော်မူ၏။” ၁ယော ၂း၁-၂။ အပြစ်မပြုဖို့ တားပါတယ်။ ပြုမိရင်တော့ ရှေ့နေ ယေရှုခရစ် ရှိပါတယ်။

 “ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ့်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ၊ ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန် လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။” ၁ယော ၁း ၈-၉။

ယုံကြည်သူတွေမှာ အခက်ဆုံးအကြောင်းအရာတစ်ခုက အပြစ်ကို ရှိးသားစွာ ရင်မဆိုင်ခြင်းပါပဲ။ ကျမ်းစာကို ဖတ်ကြည့်တဲ့အခါ ခရစ်ယာန်တွေဟာ အပြစ်နဲ့ပတ်သက်ပြီး လေးမျိုးလောက် လုပ်တတ်ပါတယ်။ (၁) သူတပါးကို အပြစ်ပုံချတယ်။ အစအဦးမှာ အာဒံကို တားမြစ်ချက် တစ်ခုဘဲ ပေးခဲ့တယ်။ “ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန် သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။” ကမ္ဘာ- ၂း၁၆-၁၇။

အာဒံအပြစ်လုပ်တဲ့အခါ ဘုရားသခင်က “အာဒံ၊ ငါတားမြစ်ထားတဲ့ အပင်ရဲ့အသီးကို မင်းစားလိုက်ပြီလား?” လို့ မေးတော့၊ အာဒံက ချက်ခြင်း ပြန်ဖြေတယ်။ “ကိုယ်တော်ပေးတဲ့ မိန်းမက လာကျွေးတယ်။ ကျွန်တော်လည်း စားမိတယ်။” အာဒံဟာ ကမ္ဘာ့ပထမဦးဆုံး ခေါင်းရှောင်သူလို့ လူတစ်ယောက်က မှန်မှန်ကန်ကန် ဝေဖန်ဖူးတယ်။ “ကျွန်တော်မဟုတ်ဘူး။ ကိုယ်တော်ပေးတဲ့ မိန်းမပါ။ သူ့အပြစ်ကို မယားဧဝအပေါ် ပုံချဖို့ ကြိုးစားတယ်။ တကယ်တော့ ဘုရားကိုလဲ အပြစ်တင်လိုက်တာပါ။ “ကိုယ်တော်ပေးတဲ့ မိန်းမ” လို့ ဆိုတယ်။ အပြစ်လုပ်မိရင် သူတပါးကို အပြစ် ပုံချဖို့ဆိုတာ သိပ်လွယ်တယ်။

တခါက အသင်းတော်ငယ်တပါးမှာ ကျွန်တော်တရားဟောနေပါတယ်။ ဇနီးသည်လည်း အတူပါတယ်။ စည်းဝေးပြီးတော့ ကားသော့ ပျောက်နေတယ်။ “ကားသော့ မင်းဆီမှာလား?” လို့ ဇနီးသည်ကို မေးတယ်။

 “ဟင့်အင်း၊ ရှင့်ကို ကျွန်မပေးလိုက်တာပဲ” ကျွန်တော့ကို ပေးလိုက်တယ်လို့ပဲ အခိုင်အမာ သူပြောတယ်။ မပေးဘူးလို့ ကျွန်တော်က တွင်တွင်ငြင်းတယ်။ အဲဒီလိုအပြန်အလှန် အတော်ကြာအောင် ငြင်းကြတယ်။ ခဏကြာတော့ ကျွန်တော်ကားထဲက ထွက်လိုက်ပြီး လှည့်ပတ် ကြည့်တဲ့အခါ၊ ကားတံခါးဝမှာ သော့ကို တအံ့တဩ တွေ့လိုက်ရတယ်။ ကားတံခါးကို မပိတ်ဘဲ ထားခဲ့မိတာပါ။ ကျွန်တော် ရှက်သွားတယ်။ ကားသော့ရတာနဲ့ ကားသော့ကို သူ့ပိုက်ဆံအိတ်ထဲ ထည့်ပြီး၊ သူအထား မှားတာလို့ အပြစ်ပုံချတယ်။ ကိုယ့်အမှားလို့ ဝန်ခံရမှာ ရှက်နေတယ်။

 “ကျွန်တော်မှားတယ်။ အပြစ်ပြုမိတယ်။” လို့ ပြောဖို့ရာခက်ပါတယ်။ ကျမ်းစာထဲမှာ တချို့က အပြစ်ပုံချတတ်တယ်။ တချို့က ဆင်ခြေပေးတယ်။ ရှောလုအကြောင်း စဉ်းစားကြည့်ပါ။ လုံးဝဖျက်ဆီးဖို့ သူ့ကို အမိန့်ပေးပြီးသားပါ။ စစ်ပွဲကပြန်လာတော့ သိုးနွားတွေကို ဆုအဖြစ်ယူလာပြီး၊ ရှင်ဘုရင်ကိုလည်း လွတ်ငြိမ်းခွင့် ပေးလိုက်တယ်။ ဘုရားသခင်ရဲ့ လူက “သင်ဟာ ဘုရားသခင်စကားကို နားထောင်သလား?” လို့ မေးတဲ့အခါ “ဟုတ်ကဲ့၊ နားထောင်ပါတယ်” လို့ ရှောလုက ဖြေတယ်။ ဒါနဲ့ သိုးနွားတွေ အော်မြည်လာတဲ့အခါ၊ ပရောဖက်က “ငါကြားရတဲ့ သိုး၊ နွားသံ တွေက ဘာသဘောပါလိမ့်?” လို့ မေးတယ်။ ရှောလုက ဆင်ခြေပေးဖို့ ကြိုးစားတယ်။ “လူတွေက သိုး၊ နွားတွေကို နှမြောတဲ့အတွက် ဘုရားသခင်ကို ပူဇော်ဖို့ပါ” လို့ ပြောတယ်။

အမျိုးသမီးတစ်ယောက် တရားဟောဆရာထံ သွားတယ်။ “ကျွန်မအတွက် ဆုတောင်းပေးပါဆရာ။ ကျွန်မဝန်ထုပ်တွေ ထမ်းနေရ တယ်။”  “ဘာဝန်ထုပ်လဲ” လို့ မေးတော့- “သည်းမခံနိုင်တဲ့ စိတ်ပါ” လို့ဖြေတယ်။ “မဖြစ်နိုင်တာ။ ခင်ဗျား ဝန်ထုပ်မထမ်းရဘူး။ အပြစ်ရှိတာပါ။ ခင်ဗျား ယောက်ျားကသာ ဝန်ထုပ်ထမ်းနေရတာ။” လို့ ဖြေတယ်။ အဲဒီဆရာပြောတာ မှန်တယ်။ အပြစ်ပုံချတတ်သူတွေ ရှိသလို၊ ဆင်ခြေပေးတတ်သူတွေလည်း ရှိပါတယ်။ နောက်.. အပြစ်ကိုဖုံးကွယ်ဖို့ ကြိုးစားသူတွေလည်း ရှိတယ်။ “မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။” (သုတ္တံ ၂၈း၁၃)

အပြစ်ကိုဖုံးကွယ်ဖို့ အတော်များများ ကြိုးစားကြပါတယ်။ သိပ်မကြာသေးခင်က တောင်ပိုင်း ကယ်ရိုလိုင်းနားပြည်နယ်က အသင်းတော်တပါးကို ရောက်ခဲ့တယ်။ အဲဒီက သင်းအုပ်ဆရာက  ရယ်စရာဖြစ်ရပ်ကလေးတစ်ခု ပြောပြတယ်။ လူတစ်ယောက် သူ့အိမ်ကို ပြန်ပြင်နေတယ်။ ရေချိုးခန်းထဲမှာ ယာယီထရံပါးတစ်ခုရှိတယ်။ တနေ့ သူ့သားတွေ နပန်းလုံးကြတယ်။ တယောက်က ထရံပေါ်လဲကျပြီး၊ အပေါက် ကြီးတပေါက် ပေါက်သွားတာ ကလေးတစ်ယောက်တောင် ဖြတ်လျှောက်သွားလို့ရပါတယ်။ သူအိမ်ပြန်လာတဲ့အခါ နံရံက အပေါက်ကိုတွေ့တော့ သားတွေကို တန်းစီပြီးမေးတယ်။ “ထရံက အပေါက်ဟာ မင်းကြောင့်လား?”  “ဟင့်အင်း၊ မဟုတ်ဘူး” လို့ ပထမသားက ဖြေတယ်။ “ထရံက အပေါက်ဟာ မင်းကြောင့်လား?” လို့ ဒုတိယသားကို မေးတော့ “မဟုတ်ဘူး” လို့ ငြင်းတယ်။ ဒါနဲ့ တခြားကလေးတွေကို ဆက်မေးတော့ - အငယ်ဆုံးကလေးအလှည့်မှာ “သား.. ထရံက အပေါက်ဟာ မင်းကြောင့်လား?” အသက် ၂ နှစ်၊ ၃ နှစ် တောင်မကျော်သေးတဲ့ သားငယ်က “ဘာအပေါက်လဲ” လို့ မေးတယ်။ တကယ်တော့ အဲဒီအပေါက်ဟာ ရေချိုး ကန်ထဲအရောက် ဖြတ်ပြီး ခုန်ချလို့ ရလောက်အောင်ကို ကြီးပါတယ်။ ဒါပေမယ့် ကလေးက ဖုံးကွယ်ဖို့ ကြိုစားတယ်။

ငယ်ငယ်က မျက်လုံးတွေကို မှိတ်ထားရင် ကျွန်တော့ကို ဘယ်သူမှ မမြင်ဘူးလို့ ထင်ဖူးတယ်။ ကိုယ့်ကိုကိုယ် မမြင်တာနဲ့ဘဲ ဘယ်သူမှ မမြင်ဘူးလို့ ထင်ပစ်လိုက်တာပါ။ မျက်စိတော့မှိတ်ထားလို့ ရမှာပေါ့။ အပြစ်တော့ ဖုံးထားလို့ မရပါဘူး။

အပြစ်နဲ့ ပတ်သက်ပြီး နောက်တမျိုး လုပ်နိုင်တာက ဝန်ခံလိုက်တာပါဘဲ။ “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်ရှိသမျှကို လွှတ်၍၊ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ၊ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။” ၁ယော ၁း ၉။

အပြစ်ကို ရိုးသားစွာရင်ဆိုင်ပြီး ဝန်ခံဖို့လိုတယ်။ ပေါ့ရော့တဲ့အပြစ်ပဲ ဖြစ်ပါစေ၊ ဝန်ခံဖို့လိုတယ်။ “ ကိုယ်တော် ကျွန်တော် ကျမ်းစာဖတ် သင့်သလောက်မဖတ်ဖြစ်ဘူး။ တောင်းပန်ရင် ခွင့်လွတ်မယ်လို့ ကတိထားတဲ့အတိုင်း ခွင့်လွှတ်ဆေးကြောပေးပါ” လို့ ကျွန်တော်ဆုတောင်းတတ်တယ်။ ဒါဟာဝန်ခံပြီး ကျမ်းစာထဲမှာရှိတဲ့ ဘုရားဂတိတော်ကို ကိုင်စွဲပြီး ခွင့်လွတ်ခြင်းနဲ့ ဆေးကြောခြင်းကို တောင်းဆိုတာပါ။

တောင်းပန်ရင် ခွင့်လွတ်ရုံမျှမက ဆေးကြောပေးတယ်။ တနည်းပြောရရင် အပြစ်တွေကို ဖယ်ရှားပေးတယ်။ ရွှံ့ဗွက်ထဲမှာ လဲတဲ့ကလေး ကို ခွင့်လွှတ်တာက တပိုင်းပါ။ ရေချိုးပေးပြီး၊ မလဲခင်က ပုံစံအတိုင်း ပြန်ဆင်ယင်ပေးတာက တပိုင်းပါ။ ဒါဟာ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောပေးခြင်းတို့ပဲ ဖြစ်ပါတယ်။

တောင်းပန်ရင် ခွင့်လွှတ်ရုံမက ဆေးကြောပေးတယ်။ “ငါတို့အပြစ်ရှိသမျှကို ခွင့်လွှတ်၍၊ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ၊ --- ဖြောင့်မတ်ခြင်းတရားနှင့်----  ပြည့်စုံစေသောမူ၏။ ” လို့ ကျမ်းစာက ပြောတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း၂,၀၀၀ မှာ အပြစ်တွေကို ယူတင်ခဲ့တဲ့အတွက် ခွင့်လွှတ်မယ်ဆိုရင် တရားတယ်၊ ဖြောင့်မတ်တယ်လို့ ဆိုနိုင်တယ်။ အပြစ်တွေကို ခွင့်လွှတ်ပေးရာမှာ ဘုရားရဲ့တရားခြင်းဂုဏ်တော်ကို မထိခိုက်ဘူး။ ကာရာနီမှာ အသေခံပေးတဲ့အတွက် တရားမျှတမှုရှိပါတယ်။

“ခွင့်လွှတ်ခြင်း” “forgiveness” ဆိုတဲ့စကားက အတိအကျအားဖြင့်ဆိုရရင် ဝန်ထုပ်ထမ်းပေးခြင်းလို့ အဓိပ္ပါယ်ရတယ်။ အကြွေးဒေါ်လာ ၁,၀၀၀ တင်နေလို့၊ အကြွေးကို လွှတ်လိုက်ရင် ဝန်ထုပ်ထမ်းပေးရာရောက်ပါတယ်။ ယေရှုခရစ်က အပြစ်ခွင့်လွှတ်တဲ့အခါ ဝန်ထုပ်ထမ်းပေးတယ်။ မနက်ဖန်မှာ ပြုမိမယ့် အပြစ်တွေအတွက်လည်း အသေခံပေးတယ်။ ကယ်တင်ခြင်းရပြီးမှ အပြစ်ပြုမိရင်၊ သားအရာတော့ မပျက်ဘူး။ မိတ်ဿဟာယပဲ ပျက်တယ်။ “ဘုရားသခင်သည် အလင်း၌ ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယ ဖွဲ့ခြင်း ရှိသည်ဖြစ်၍၊ ဘုရားသခင်၏ သားတော်ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။” ၁ယော ၁းရ။ အပြစ်တွေအတွက် တောင်းပန်နေရင်၊ မိတ်မပျက် ဆက်ရှိနေမှာပါ။

မာတင်လူသာက “ဘုရားသခင်နဲ့ လက်ငင်းရှင်းတတ်ပါစေ” လို့ ပြောဖူးတယ်။ ဘဝမှာ အပြစ်တွေ တောင်လိုပုံမနေစေနဲ့ လို့ ဆိုလိုတာပါ။ အပြစ်ကို သိလျက်နဲ့ ဝန်မခံပဲ ခွင့်လွှတ်ခြင်း၊ ဆေးကြောခြင်းကို မရယူပဲ၊ တနေ မကုန်ပါစေနဲ့။

အပြစ်ဝန်မချဘဲ ည-ည အိပ်ယာဝင်ရင် ဘဝမှာအပြစ်တွေဟာ အမှိုက်ပုံလို စုပြုံနေတော့မှာပဲ။ တခါ ဆုတောင်းရုံနဲ့ လှဲကျင်း၊ သန့်ရှင်းဖို့ သိပ်မလွယ်တတ်ပါဘူး။ ဘုရားရဲ့ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခြင်းကို ရဖို့က-

(၁) အပြစ်အတွက် ဘုရားသခင်ရှေ့မှာ ရိုးသားပါ။
(၂) ဝန်ခံလိုက်ပါ။
(၃) ဂတိတော်အရ - ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခြင်းကို တောင်းယူပါ။ (၁ယော ၁း၉.)
(၄) တောင်းပန်တဲ့ အပြစ်တွေဟာ ခွင့်လွှတ်ခံရပြီ၊ ဆေးကြောပေးပြီလို့ စိတ်ချလက်ချ အနားယူပါ။ ဘုရားသခင် မညာပါဘူး။ (ဟေဗြဲ ၆း၁၈)

ကိုယ့်ကိုကိုယ် မစီရင်-ရင် ဘာဖြစ်သလဲ? ၁ကော ၁၁း၃၁-၃၂ မှာ “ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင် တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။” ဆုံးမခြင်းအကြောင်းပြောဖို့ ကျွန်တော့်မှာ အချိန်သိပ်မရပါဘူး။ ဒါပေမယ့် ကျမ်းစာက ကိုယ်ကိုကိုယ် မစစ်ကြောရင်၊ ဘုရားက စစ်ကြောတယ်။ လောကီသားတွေနဲ့အတူ အစစ်မခံရဖို့ ဆုံးမတယ်လို့ ဆိုပါတယ်။ အရှင်းဆုံးပြောရရင် ဆုံးမခြင်းဟာ တခါတရံမှာ မကျန်းမမာ ဖြစ်စေတယ်။ ဒါပေမယ့် မကျန်းမာတိုင်း အပြစ်ကြောင့် မဟုတ်ဘူး။ တခါတရံမှာတော့ ၁ကော ၁၁း၃၀ လို အပြစ်ကြောင့် ဖြစ်ရတယ်။ တခါတရံမှာတော့ ယော ၉း၁-၃ က မျက်မမြင်လူငယ်လိုပဲ အပြစ်ကြောင့်ဖြစ်ရတာ မဟုတ်ဘူး။ ဆုံးမခြင်းဟာ တခါတရံမှာ စီးပွါးရေးထိခိုက်စေတယ်။ ချစ်ခင်သူတွေ ဆုံးရှုံးရတယ်။ ဒါဝိဒ်မင်းဟာ ဗာသရှေဘနဲ့ မှားယွင်းတဲ့အခါ၊ သားကလေး သေတယ်။ တခြားသားသမီးတွေလည်း နောက်ပိုင်းမှာ ပြဿနာတွေကြံုရတယ်။

ဆုံးမပုံ အမျိုးမျိုးရှိပါတယ်။ စိတ်လိုလက်ရ- စွဲစွဲမြဲမြဲ အပြစ်ထဲမှာနစ်နေရင် အချိန်မတန်မှီ သေတတ်သလို၊ လေလည်း ဖြတ်တတ်တယ်။ (၁ကော ၁၁း၃၀၊ ၁ကော ၅း၅) ဘုရားက ပါးစပ်နဲ့ ပြောတယ်။ ရိုက်တယ်၊ အိမ်ပြန်ခေါ်တယ်လို့ မှတ်ယူစရာရှိပါတယ်။

 (၃) အစေခံကျွန်အဖြစ် နောင်ကာလစီရင်ခြင်း The Believer’s Future Judgment as a Servant
ယုံကြည်သူကို အပြစ်သားအဖြစ် ယခင်က တရားစီရင်ခဲ့ပြီးပါပြီ။ အကျိုးကတော့ ယေရှုခရစ် အသေခံရပြီး၊ ယုံကြည်သူက ဖြောင့်မတ် လာတယ်။ သားအဖြစ်စီရင်ခြင်းကတော့ အခုကာလမှာ- ကိုယ့်ကိုကိုယ်စီရင်ခြင်းပါ။ အကျိုးကတော့ အပြစ်တွေအတွက် တောင်းပန်ရင် ခွင့်လွတ်ပေး၊ ဆေးကြောပေးတယ်။ မတောင်းပန်ရင် ဘုရားသခင် စီရင်ဆုံးမပါတယ်။

တတိယ စီရင်ခြင်းကတော့ နောင်ကာလမှာပါ။ ကျွန်အဖြစ်စီရင်ခံရတာပါ။ ၁ကော ၃း၁၁-၁၅ မှာ “ အကြောင်းမူကား၊ ယေရှုခရစ် တည်းဟူသော၊ ချထားလျှက်ရှိသောတိုက်မြစ်မှတပါး အခြားသောတိုက်မြစ်ကို အဘယ်သူမျှမချနိုင်။ ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ၊ အသီးအသီးလုပ်သောအလုပ်သည် ထင်ရှားစေလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဘော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သောအလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်း လိမ့်မည်။ ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏၊ ထိုသူသည် အကျိုးကိုခံရလိမ့်မည်။ အကြင်သူ၏ အလုပ်သည် ကျွမ်းလောင်၏။ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။”

ဒီကျမ်းပိုဒ်ကို သတိထား လေ့လာကြည့်ပါ။ အပြစ်အတွက် စစ်ကြောခံရမယ့်အကြောင်း ကျမ်းစာကပြောနေတာ မဟုတ်ဘူး။ အငယ်  ၁၃ မှာ “အသီးသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။” အပြစ်မဟုတ်ဘူး။ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ်အားကိုးရင် အပြစ်နဲ့ ပတ်သက်တဲ့ပြဿနာ မရှိတော့ဘူး။ နောင်ကာလစီရင်ခြင်းဟာ အလုပ်အတွက် ဖြစ်တယ်။ အမှုတော်ဆောင်သမျှအတွက် ဖြစ်တယ်။ အစေခံကျွန်အဖြစ် စီရင်ခံရတာပါ။ အသီးသီး လုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။” “ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏အလုပ်သည် မြဲ၏။” အငယ်၁၄ “အကြင်သူ၏ အလုပ်သည် လောင်ကျွမ်း၏။ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း မီးနှင့်လွတ်သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ” အငယ် ၁၅။ ကယ်တင်ခြင်းရဖို့- လုပ်ကြရတာလား?” မဟုတ်ပါဘူး။ D. L. Moody က ……

ကယ်တင်ခြင်းရဖို့ မကျင့်ပါ။
သခင်ဘုရား လုပ်ပေးပြီးသားပါ။
သားတော်ကို ချစ်တဲ့စိတ်နဲ့တော့
ကျွန်ကလေးလို ကျင့်မှာပေါ့။

ဧဖက်၂း ၁၀ မှာ “ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။” ယုံကြည်သူတွေ အလုပ်လုပ်ဖို့ ဘုရားအလိုတော်ရှိတယ်။ ခရစ်တော်ရဲ့အမှုကို ဆောင်ရတယ်။ ရတဲ့အခွင့်အလမ်းတွေတော့ မတူဘူး။ ဒါပေမယ့် တခုခုတော့ လုပ်ဖို့ဘုရားသခင် မြော်လင့်နေပါတယ်။ နံရံကပ်စာတန်းတခု ဖတ်ရဖူးတယ်။ - -

ငါဟာတယောက်တည်းပါ။ ဒါပေမယ့် တယောက်အပြည့်ပေါ့။
အားလုံးတော့ ငါမတတ်နိုင်ပေမယ့် တခုခုတော့ လုပ်နိုင်မှာပေါ့။
ငါလုပ်နိုင်တာ- ငါလုပ်သင့်တယ်။
ငါလုပ်သင့်တာကို ဘုရားကျေးဇူးတော်အားဖြင့် ငါလုပ်လိုက်မယ်။

ကျွန်တော်ကယ်တင်ခြင်း အကြောင်းပြောဖို့ လက်လှမ်းမမှီသူတွေကို မိတ်ဆွေတို့အနေနဲ့ လက်လှမ်းမှီချင် မှီနိုင်မှာပါ။ ခရစ်ယာန် အသက်တာ အမှုတော်ဆောင်းခြင်းကို တိုင်းတာပုံကလေးကို မာကု ၁၄း၈ မှာ တွေ့ရတယ်။ ဗေသနိရွာသူ မာရိကို “တတ်နိုင်သမျှ ပြုပြီ” လို့ မိန့်တော်မူတယ်။ တတ်နိုင်တာတွေလုပ်ဖို့ ဘုရားသခင် မြော်လင့်ပါတယ်။ လောကမှာ စိတ်ပျက်စရာအကောင်းဆုံးသူဟာ ကိုယ်တတ်နိုင်တာထက် အလွန်အကျွံ ရည်မှန်းတဲ့ သူပါပဲ။ တတ်နိုင်တာကို လုပ်ပါ။ ဗေသနိရွာသူ မာရိဟာ သူတတ်နိုင်တာကို လုပ်ပါတယ်။

အကျဉ်းသားတွေကို သွားတွေ့ သွားမြှော်နိုင်လား? ဝေစာ ဝေနိုင်မလား? သံစုံသီချင်းဆိုနိုင်မလား? ဘုရားကျောင်း သန့်ရှင်းရေး လုပ်နိုင်မလား? ဘုရားကျောင်း ဧည့်ကြိုလုပ်နိုင်မလား? အသင်းတော်ဘတ်စ်ကားကို မောင်းနိုင်မလား? (သို့) ဘတ်စ်ကားနဲ့ အတူ လိုက်ပေးနိုင်မလား? လုပ်နိုင်တဲ့အလုပ်ကလေးတွေရှိပါတယ်။ ယုံကြည်သူတိုင်းဟာ ခရစ်တော်ရဲ့ တရားပလ္လင်ရှေ့မှာရပ်ပြီး အစေခံကျွန်လို အစစ်ခံကြရမယ်။ “ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။” (၂ကော ၅း၁၀) လုပ်ဆောင်မှုအပေါ် အစစ်ခံရမယ်။

အငယ် ၁၃ မှာ “လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သောအလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။” အလုပ်ရဲ့အရွယ်အစား “size” ကို မပြောဘူး။ အမျိုးအစား “sort” ကို ပြောတာပါ။ အရည်အသွေးဆိုတာ အရေးကြီးပါတယ်။ အလုပ်ရဲ့နောက်ကွယ်က စိတ်ထား ဟာ အရေးကြီးပါတယ်။ မီးက အရွယ်အစားကို မတိုင်းတာပါဘူး။ အရည်အသွေးကိုသာ စစ်ပေးပါတယ်။ အရွယ်အစားကို စစ်ချင်ရင် ပေကြိုးကို သုံးမှာပေါ့။ အခုဟာ မီးနဲ့စစ်မှာပါ။ ကျမ်းစာက “ဖော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။”

စိတ်ရင်းက ခရစ်တော်ကိုချစ်တဲ့ မေတ္တာမဟုတ်တဲ့ လုပ်ဆောင်မှုတွေဟာ ခရစ်တော်ရဲ့ ပလ္လင်ရှေ့မှာ ဆုရမှာမဟုတ်ဘူး။ ကျမ်းစာက ၁ကော ၁၃း၃-မှာ “သူတပါးကို ငါကျွေးမွေး၍  ဥစ္စာရှိသမျှကိုစွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင် ငါ၌ အကျိုးမရှိ။” ရှင်ပေါလုက “ငါ့မှာရှိသမျှကို ဆင်းရဲသားတွေ စားသောက်ဖို့ပေး၊ ရှိသမျှ ပိုက်ဆံထုတ်၊ ဘဏ်ထဲက ငါ့ငွေတွေကို အကုန်ထုတ်၊ ငါ့မြေတွေကို အကုန်ရောင်း၊ ဆင်းရဲသားတွေကို ကျွေးမွေး၊ သစ်တိုင်မှာ မီးရှို့ခံပြီး မာတုရလိုသေပေမယ့် မေတ္တာမရှိရင် ဘာဆုမှ ရမှာမဟုတ်ဘူး” လို့ ပြောတာပါ။

ဘာလုပ်တယ်ဆိုတာကို ဘုရားသခင်စိတ်ဝင်စားသလို၊ ဘာကြောင့်လုပ်တယ်ဆိုတာကိုလည်း စိတ်ဝင်စားတော်မူပါတယ်။ ဂုဏ်ရှိလို့ ဘုရား အလုပ်လုပ်တာလား? ဒါဆိုရင် အခရနေပြီ။ လူတွေမြင်ဖို့ လှူလိုက်တာလား? လူတွေချီးမွမ်းဖို့လား? ဒါဆို အခရနေပြီ။ ဒါမှမဟုတ်- ခရစ်တော်ကို ချစ်လို့လား? ချစ်ခြင်းကြောင့်ဆိုရင် ခရစ်တော်ရဲ့ ပလ္လင်ရှေ့မှာ ဆုရပါလိမ့်မယ်။ ၁ကော ၃း၁၄၊၁၅ မှာ “ထိုတိုက်မြစ်အပေါ်၌ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏။ ထိုသူသည် အကျိုးကိုခံရလိမ့်မည်။ အကြင်သူ၏အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူသည်အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။”

ကယ်တင်ခြင်းရ-မရ ဆုံးဖြတ်တဲ့ စီရင်ခြင်း မဟုတ်ပါဘူး။ အလုပ်၊ အမှုဆောင်းခြင်းကို ဆုရ-မရ စီရင်တာပါ။ ဒီစီရင်ခြင်းကြောင့် ဘယ်သူမှ ငရဲ မသွားရပါဘူး။ အားလုံးကယ်တင်ခြင်းခံရကြတယ်။ ကိုယ်လုပ်တဲ့အလုပ် တည်မြဲရင်၊ ဆုရတယ်။ အလုပ်လောင်ကျွမ်းသွားရင်၊ အရှုံးခံရတယ်။ ဒါပေမယ့် ကယ်တင်ခြင်းတော့ရတယ်။ “သို့သော်လည်း၊ မီးဘေးနှင့် လွတ်သကဲ့သို့” အားလုံးကယ်တင်ခြင်းရကြတယ်။ ဆုရသူရှိသလို၊ ဆုမရသူလည်း ရှိတယ်။ “အကျိုး”၊ “ဆု” ဆိုတဲ့စကားဟာ လုပ်ဆောင်မှုအတွက် လုပ်ခလို့ ဆိုလိုတာပါ။ ကောင်းကင်ဝင်ခွင့်မဟုတ်ပါဘူး။ အသုဘတွေမှာ “ကျွန်တော်တို့ချစ်တဲ့ မိတ်ဆွေဟာ သူ့ဆုဖြစ်တဲ့ ကောင်းကင်ကိုသွားပါပြီ” လို့ ဟောတာတွေ ကြားဖူးတယ်။ ကောင်းကင်ဟာ ဆုမဟုတ်ဘူး။ လက်ဆောင်သာဖြစ်တယ်။ ကယ်တင်ခြင်းဟာလည်း လက်ဆောင်တခုပါ။ ကောင်းကင်ဆိုတာ လွန်ခဲ့တဲ့အနှစ် ၂,၀၀၀ က ကာရာနီမှာ ပေးချေ ဝယ်ယူထားတဲ့ နေရာပါ။ လူသေရင် ဆုအဖြစ် ကောင်းကင်ကို ဝင်စားရတာမဟုတ်ဘူး။ ဆုဆိုတာ ခရစ်တော်ရဲ့ ပလ္လင်ရှေ့တရားစီရင်ချိန်မှ ရမှာပါ။ ခရစ်တော်ကြွမလာမချင်း ဒီတရားစီရင်ခြင်း၊ မပြုလုပ်သေးပါဘူး။

 “ထိုသို့ဖြစ်လျှင် မှောင်မိုက်၌ ဝှက်ထားသောအရာတို့ကို ပွင့်လင်းစေ၍၊ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော်မမူမှီတိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ်မစီရင်ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးအသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်း ကျေးဇူးကိုခံရကြလတံ့။” ၁ကော ၄း ၅။ ကျမ်းစာက ကြွလာတော်မူရာမှာ အသက်ရှင်သူနဲ့ သေသူတွေကို စီရင်မယ်လို့ ဆိုပါတယ်။ ၂တိ ၄း ၁။ ဘုန်းတော် ဝင်စားခဲ့ပြီဖြစ်တဲ့ ခရစ်ယာန်တွေရဲ့ ကိုယ်ခန္ဓာတွေဟာ ထမြောက်ကြမယ်။ အသက်ရှင်နေတဲ့ သန့်ရှင်းသူတွေက ပြောင်းလဲပြီး၊ အာကာသထဲမှာ သခင်ဘုရားနဲ့ တွေ့ဖို့ ချီဆောင်ခံရမယ်။ ပြီးမှယုံကြည်သူအားလုံးခရစ်တော်ရဲ့ တရားပလ္လင်ရှေ့မှာ အစစ်ခံရမယ်။

၂ကော ၅း၁၀ မှာ “ငါတို့ရှိသမျှသည် ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။” “ငါတို့” ဆိုတဲ့ စကားဟာ အခန်းကြီး ၅-ထဲမှာ ၂၆-ခါ ပါပါတယ်။ ယုံကြည်သူတွေကို ရည်ညွှန်းပါတယ်။ ယုံကြည်သူတိုင်းဟာ ခရစ်တော်ရဲ့ ပလ္လင်ရှေ့မှာ ရပ်ရကြပြီး အလုပ်တွေ အစစ်ခံရမယ်။ အလုပ်တည်မြဲရင် ဆုရမယ်။ အလုပ်လောင်ကျွမ်းရင်၊ အရှုံခံရမယ်။ ဒါပေမယ့် “မီးနဲ့ လွတ်သလို” ကယ်တင်ခြင်းခံရမယ်။ (၁ကော ၃း၁၄း၁၅) ခရစ်တော်ရဲ့ တရားပလ္လင်ရှေ့မှာ ဆုသရဖူ (၅) မျိုး အပ်နှင်းပါလိမ့်မယ်။

မညှိုးနွမ်းမပျက်စီးနိုင်သော သရဖူ

        “ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သော သူမည်သည်ကား၊ အရာရာ၌တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီး တတ်သော ပန်းဦးရစ်ကိုရခြင်းအလိုငှါ ပြုကြ၏။ ငါတို့မူကား မညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကိုရခြင်းအလိုငှါ ပြုကြ၏။”  ၁ကော ၉း ၂၅

        ဒီသရဖူဟာ ဇာတိသဘော၊ အသွေးအသားသဘော၊ လောကီသဘောနဲ့ အသက်မရှင်တဲ့၊ အသွေးအသား ဆန္ဒအတိုင်း မလိုက်ကြတဲ့၊ ကိုယ့်ကိုယ်ခန္ဓာကို ထိန်းချုပ်စောင့်ရှောက်ကြတဲ့၊ ယုံကြည်သူတွေကို ပေးမှာဖြစ်တယ်။ အဲဒီလိုယုံကြည်သူတွေဟာ ခရစ်တော်ရဲ့ တရားပလ္လင် ရှေ့မှာ မညှိုးနွမ်းမပျက်စီးနိုင်တဲ့ သရဖူကိုရကြမှာပါ။

ဝမ်းမြောက်ခြင်း သရဖူ

 “ငါတို့မြှော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သော အကြောင်းအရာနည်း။ ငါတို့သခင်ယေရှုကြွလာတော်မူသောအခါ ရှေ့တော်၌သင်တို့သည် ထိုသို့သောအကြောင်းအရာ ဖြစ်ကြသည်မဟုတ်လော။ သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏ဝမ်းမြောက်ခြင်း အကြောင်းဖြစ်ကြသတည်း။” ၁သက် ၂း၁၉-၂၀။

ဝိညာဉ်ကယ်တင်သူ Soul winner တွေအတွက်ဖြစ်တယ်။ ရှင်ပေါလုက သူ့အားဖြင့် ပြောင်းလဲတဲ့သူတွေကို “မင်းတို့ဟာ ငါ့ရဲ့ ဝမ်းမြောက်ခြင်းသရဖူ” လို့ ဆိုတယ်။ ဝိညာဉ်ကယ်တင်သူတွေသာ ရကြလိမ့်မယ်။

ဖြောင့်မတ်ခြင်း ရသဖူ
 “ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူ အပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။” ၂တိ ၄း၈။

ခရစ်တော်ကြွလာခြင်းကို မြှော်လင့်နှစ်သက်သော သူတွေအတွက်ဖြစ်ပါတယ်။ ဒီနေရာမှာ ခရစ်တော်ကြွလာခြင်းနဲ့ ကိုယ့်ရဲ့ လွတ်မြောက်ခြင်းကို ခွဲထားဖို့လိုတယ်။ တချို့သူတွေက ကိုယ့်ဒုက္ခတွေ၊ အခက်အခဲတွေထဲက လွတ်ချင်လို့ ကြွလာခြင်းကို မြှော်လင့်တာပါ။ သူတို့ဒုက္ခထဲက လွန်မြောက်ချင်ကြပေမယ့် ကြွလာခြင်းကို ချစ်၊ မချစ် မသေချာဘူး။ ကြွလာခြင်းကို ချစ်မြတ်နိုးသူတွေအတွက်သာဖြစ်တယ်။

ဘုန်းကြီးသော သရဖူ
၁ပေ ၅း၄ မှာ “သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းသော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။” သင်းအုပ် (သို့) အသက်ကြီးသူတွေရဲ့ သရဖူဖြစ်တယ်။ အမှုတော်ကို အချိန်ပြည့်ဆက်ကပ်သူတွေ၊ သစ္စာရှိစွာ အမှုတော်ဆောင် သူတွေအတွက် ဖြစ်တယ်။

“သင်တို့နှင့်အတူရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင် ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလို စေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား ၍ အစိုးတရ ပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကို ပြသောသူဖြစ်ကြလော့။ သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသော အခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။” ၁ပေ ၅း၂-၄။

အသက် သရဖူ
စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။” ယာကုပ် ၁း၁၂။

 “သင်သည်ခံရမည့်အရာ တစုံတခုကိုမျှမကြောက်နှင့်။ သင်တို့သည်စုံစမ်းခြင်းကို ခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။” ဗျာဒိတ် ၂း၁၀။

အသက်သရဖူဟာ ကိုယ့်ရဲ့သက်သေခံချက်တွေအတွက်၊ အသက်ကိုပေးခဲ့ရတဲ့ မာတုရ တွေအတွက်ဖြစ်တယ်။  သရဖူရတဲ့ ယုံကြည်သူတွေ ဘာလုပ်ကြမယ်လို့ ထင်သလဲ? ကျမ်းစာက … “အသက်ကြီးသူ နှစ်ဆယ့်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပြပ်ဝပ်လျှက်၊ ကမ္ဘာအဆက်ဆက် အသက်ရှင် တော်မူသောသူကို ကိုးကွယ်လျှက်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျှက်ရှိကြပါ၏။ ထို့ကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစား ထိုက်တော်မူ၏ဟု လျှောက်ဆို၍၊ ပလ္လင် တော်ရှေ့၌ မိမိတို့သရဖူများကို ချထားကြ၏။” ဗျာဒိတ် ၄း၁၀-၁၁။ အဲဒီအသက်ကြီးသူတွေဟာ ကယ်တင်ရှင်ရဲ့ ခြေတော်ရင်းမှာ သူတို့ရဲ့သရဖူတွေကို ချထားတယ်။ ယုံကြည်သူတွေဟာလည်း ခြေတော်ရင်းမှာ ချထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ယုံကြည်သူတိုင်းဟာ ခရစ်တော်ရဲ့ တရားပလ္လင်ရှေ့မှာရပ်ပြီး၊ အလုပ်အတွက် တရားစီရင်ခံရလိမ့်မယ်။ အစေခံကျွန်တစ်ယောက်လို အစစ်ခံရပြီး၊ သရဖူ (၅)မျိုးလို ဆု တခုခုရနိုင်တယ်။ ဒါမှမဟုတ် အရှုံးနဲ့ကြံုရနိုင်တယ်။ ရှုံးဆုံးတယ်ဆိုရာမှာ သူတို့လုပ်တဲ့အလုပ်တွေ လောင်ကျွမ်းပြီး အကျိုးမရှိခဲ့တဲ့ အသက်တာအတွက် ဘုရားသခင်ကို အော်ဟစ်ချီး မွမ်းကြမယ်လို့တော့ ကျွန်တော်မထင်ဘူး။

      ကိုယ့်ရဲ့အချိန်ကလေးကို ခရစ်တော်ရဲ့အမှုတော်မှာ မှန်မှန်ကန်ကန် သုံးစွဲသင့်ပါတယ်။ ဗေသနိရွာသူ မာရိလိုဘဲ ကိုယ်လုပ်နိုင်တာကို လုပ်လိုက်ပါ။ သခင်ယေရှုကြွလာပါလိမ့်မယ်။ ကယ်တင်ရှင်အဖြစ် အားမကိုးရသေးရင်တော့ ဒီနေ့ဘဲအားကိုးလိုက်ပါ။ အားကိုးပြီးရင်တော့ အကောင်းဆုံး ခရစ်ယာန်တစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်ပါ။                                ။