Thursday, January 20, 2022

သီချင်းနဲ့ အကြိုက်



ကိုယ့်အကြိုက်တွေကို မပြောချင်ဘူး။ ပြောမိရင် မတူတဲ့ တုန့်ပြန်သံတွေ ကြားရမယ်။ ဒါပေမယ့် ကြိုက်တယ်၊ မကြိုက်ဘူး ဆိုတာထက် ဘာကြောင့် ကြိုက်တယ်၊ ဘာကြောင့် မကြိုက်ဘူး ဆိုတဲ့ လေးနက်တဲ့ အတွေးတွေကို စဉ်းစားစေချင်လို့ ဒီစာကို ရေးပါတယ်။
၁။ ကြားနေရတဲ့ သီချင်းကို လိုက်ညည်းရတဲ့ လူ့သဘာဝ။
ငယ်ငယ်က စတင်ရင်းနှီးခဲ့တဲ့ သီချင်းတွေက အသံချဲ့စက်က သီချင်းတွေပဲ။ အကြားရဆုံးက အဆိုတော် နှစ်ယောက်။ သူတို့က မြို့နာမည်ထည့်ရတာ ခရေဇီ ဖြစ်ကြတယ်။ သူတို့သီချင်းတွေကို ကျွန်တော်လိုက်ဆိုရင် အမေ မကြိုက်ဘူး။ ဆူတယ်။ (ကျွန်တော့အသံ မကောင်းလို့ ဖြစ်မှာပါ။) လက်ခုပ်သံတွေရဲ့ တဖက်မှာ ဝေဖန် ကဲ့ရဲ့သံလည်း ရှိတာ သဘာဝပါ။
အဲဒီကနေ မြန်မာသံ နဲ့ စတီရီယိုတေးကို ရောနှော ကြားလာရတယ်။ အဲဒီမှာ အများ သတိမထားမိတဲ့ သဘောတရား တခုက ဆိုင်းဘုတ် ကိစ္စ။ ဧဒင်မှာလိုပါပဲ။ လူဟာ မရိုးသားရင် အကာအကွယ် တခုအောက် မှာ ပုန်းခိုလေ့ရှိတယ်။ အဲဒီတော့ မြန်မာသံ ဆိုင်းဘုတ်အောက် မှာ၊ စတီရီယို ဆိုင်းဘုတ်အောက် မှာ မရိုးသားသူတွေ ရောနှော ခိုဝင်ကြတယ်။ အဲဒါက နယ်ပယ်တိုင်းမှာ ဖြစ်တယ်။
သာမန်အားဖြင့် မြန်မာသံသမားက ကိုယ့်အမျိုးကို ပိုချစ်၊ စတီရီယိုသမားက ခေတ်အလိုက်ကို ပိုကြိုက်သလို ထင်ရစေတယ်။ အမှန်က အဲဒီလူတွေ အတူတူပဲ။
စတီရီယိုသမားတွေမှာ ဆံပင်ရှည်နဲ့ ခေါင်းလောင်း ဘောင်းဘီ ခေတ်စားသလို၊ မြန်မာသံသမားတွေက မျက် မှန်အနက်တပ်ပြီး ဆိုတတ်တာလည်း သတိထားမိတယ်။ အားလုံးက Something တော့ wrong နေကြတယ် ထင်တာပဲ။
အဲဒီတော့ ဆိုင်းဘုတ်တွေ တံဆိပ်တွေက အဓိက မဟုတ်ဘူး။ ဘာသီချင်းတွေ ကြားနေရလဲ ဆိုတာက အရေးပိုကြီးပါတယ်။
ဆယ်တန်းကျောင်းသားဘဝမှာ ဆရာ မလာရင် နောက်ဆုံးခုံတန်းကို သွားပြီး သီချင်းဆိုဖူးတယ်။ သူငယ်ချင်းတွေက အနိုင်ရဲ့ "အိပ် မ က် လေးထဲ ညည အလည်ရောက်လို့လည်" အချစ်သီချင်း နဲ့ စောလုကာရဲ့ "ငါသည် ပြောင်းလံခြင်း မရှိ" ဓမ္မတေးသီချင်းကို ဆိုခိုင်းကြတယ်။ သီချင်းအကြိုက် မှာ အဲလို ကပြား စဖြစ်ခဲ့ရတယ်။ ကြားရတာ လိုက်ညည်းမိတာကိုး။
၂။ ဆယ်ကျော်သက် မှာ ကြားရတဲ့ သီချင်း၊ ကြိုက်ခဲ့တဲ့ သီချင်းတွေဟာ တသက်လုံး ပါသွားတတ်တယ်။
ဆရာ ချစ်စမ်းမောင်ဟာ သီချင်းအပုဒ်ပေါင်း ထောင်ချီပြီး တီးခဲ့ပြီ ထင်ပါတယ်။ သူနားထောင်ခဲ့တာက ဒီထက် ပိုများမှာပေါ့။ ဒါပေမယ့် ဘုရားကျောင်းမှာ သူ သီချင်းဆိုရင် ဆလိုင်း သွှအောင် နဲ့ ဆရာ စောဘွဲ့မှူး တို့ရဲ့ သီချင်းတွေကို အဆိုများတယ်။ သူ ဆယ်ကျော်သက် အရွယ်က ကြားခဲ့ ကြိုက်ခဲ့တဲ့ သီချင်းတွေကို တသက်လုံး စွဲလန်းသွားလို့ပါပဲ။
အဲဒီတော့ လူငယ်တွေကို ဘာသီချင်းတွေ နားထောင်စေမလဲ? လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ကျွန်တော့ ကျောင်းသားတွေကို Choir သီချင်းတွေပဲ အင်္ဂလိပ်လို သင်ယူစေတယ်။ ကျွန်တော်ကိုယ်တိုင် မသင်တတ်ဘူး။ သင်ပေးနိုင်တဲ့ အဒေါ်ကို သင်ပေးဖို့ အကူအညီ တောင်းရတယ်။ လူငယ်တွေကို ခန့်ညားပြီး အဓိပ္ပါယ်ရှိတဲ့ သီချင်းတွေနဲ့ တသက်လုံး ပျော်စေချင်တယ်။
၃။ သီချင်းစာသားတွေက အသိတရား တခုခုကို ပေးနေတယ်။ 
 ခက်တာက မြန်မာသီချင်း အများစုဟာ ယောက်ျား မိန်းမ အချစ်ကိုပဲ ဖွဲ့နွဲ့နေတယ်။ အချိန်ကာလတွေသာ ပြောင်းလာတယ်။ သူတို့ theme က ဘိုဘိုဟန် ဆိုတဲ့ "နင့်ကို ငါချစ်တယ်၊ ငါ့ကို နင်ချစ်မလား ဟာ ဟာ .. ဟာ .. ဟား၊ သိပ် သိပ် သိပ်ချစ်" ဆိုတဲ့ အထဲက မထွက်ဘူး။
အဲဒီတော့ လူငယ်တွေက အပိုတွေကို ခံစားနေရတယ်။
ဒါပေမယ့် လူဆိုတော့ ဓမ္မတေးသာမက တခြားသီချင်းတွေလည်း ဆိုချင်မှာပေါ့။ အဲဒီတော့ ကျွန်တော်က သားသမီးတွေကို ဟီးဘရူး Hebrew သီချင်းတွေ နားထောင်ခိုင်းတယ်။ ကျွန်တော်တွေ့တဲ့ Hebrew သီချင်းတွေက လူမျိုးရေး၊ ဘုရားတရားတွေ များတယ်။ အချစ်သီချင်းတွေလည်း ရှိမှာပေါ့။ ဒါပေမယ့် ကျွန်တော့ကလေးတွေက ဟီးဘရူး Hebrew စကား နားမလည်တော့ အလွမ်းအဆွေး ဆိုတဲ့ အပို feeling တွေ မခံစားရတော့ဘူးပေါ့။
အချစ်သီချင်းတွေက လူကြီးတွေနဲ့ အဆင်ပြေဖို့ မလွယ်ဘူး။ ဆိုပါစို့။ ကိုယ်က အဆင်ပြေသူနဲ့ အိမ်ထောင်ကျလို့ သားသမီးတွေ ရနေပြီ။ အရွယ်ရောက်လာပြီ။ ငယ်ငယ်က ကြိုက်တဲ့ သီချင်းလေး "ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ ... ကြာခဲ့သော်လည်း ကိုယ်မမေ့သည်သာ" ကို လည်ပင်း လိမ်လိမ်ပြီး ၂ ခေါက်၊ ၃ ခေါက်လောက် ဆိုကြည့်ပါ။ "နွေမှာ တေးဆိုသော ဥဩငှက်" မရောက်ခင် .... အိမ်မှာ ပြဿနာ တက်ရင် တက်၊ မတက်ရင် ကိုယ်ရတဲ့ မိန်းမဟာ အတော် သဘော ကောင်းတယ်၊ သဘောထား ပြည့်တယ် ပြောရမယ်။ မဟုတ်ရင်တော့ ပြဿနာက အကြီးကြီးပါ။ ပြဿနာတက်ရင် မိန်းမကို အပြစ်မတင်ပါနဲ့။ သီချင်းရေးတဲ့သူနဲ့ ခင်ဗျားကြိုက်တဲ့ အဆိုတော်ကို "ခင်ဗျားတို့ဗျာ၊ အတော် ရက်စက်တာပဲ။ ... အို ... ဟို ... ဘာဘဲဖြစ်ဖြစ် အခု ချစ်ချစ်ဟာ အချောဆုံး ... လို့ ရေးခဲ့ရမှာ" လို့ အကြံပေးပါ။ အဲဒါမှ အိမ်ထောင်တွေ ငြိမ်းချမ်းမှာလေ။
၄။ သီချင်းနဲ့ ရောပါလာတဲ့အရာ -
သီချင်းနဲ့ တွဲပါလာတာက အဆိုတော်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အပြုအမူတွေပါ။ နုငယ်သူက သီချင်းနဲ့ ဖက်ရှင်ကို မခွဲခြားတတ်ရင် အကုန်ယူတယ်။
ဟိုးအရင်က တောရွာက သမဆိုင်ကို သတိရတယ်။ တအိမ်ထောင် ပိတ်စ တစစီ ရောင်းတယ်။ ပိတ်စ ရှားတဲ့ခေတ်။ ဒါပေမယ့် ပိတ်စလိုချင်ရင် သပြေညို ဆပ်ပြာလည်း တွဲယူရမယ်။ မယူမနေရ။ တခါတလေ အပ်ချည်လုံးနဲ့ တွဲယူရတယ်။ စက်ချုပ်ဆရာအိမ် မဟုတ်ရင် တအိမ်ကို တလုံးဆို လောက်ပြီ။ ခဏခဏ အပ်ချည်ပဲ တွဲပေးနေရင် အိမ်မှာ အပ်ချည်လုံးတွေ ပုံလာမယ်။
အတန်းတူ သူငယ်ချင်းတယောက်နဲ့ ကြုံဖူးတယ်။ သူက စာရေးဆရာ ဖြစ်ချင်တယ်။ ကဗျာတွေ ရေးပြီး တိုင်းရင်းမေ လို မဂ္ဂဇင်းတိုက်တွေကို ပို့တယ်။ အများကြီး ပို့တဲ့ အထဲက တပုဒ်လောက် ပါလာရင်ပဲ သူပျော်ပြီ။ တနေ့ သူနေတဲ့ အဆောင်ကို ရောက်သွားတယ်။ စာရွက်တွေ ပြန့်ကျဲနေတဲ့ ကုတင်ပေါ်မှာ အားလျားမှောက်ပြီး စာရေးနေတယ်။ မှောက်လျက်ကနေ လည်ပင်းကို စောင်းမော့ပြီး ဆေးလိပ်သောက်ရတာကလည်း ခဏခဏ။ လွယ်အိတ်လွယ်တာ ခေတ်မစားတဲ့ အချိန်မှာ သွားလေရာ လွယ်အိတ် လွယ်ရတာကလည်း တဒုက္ခ။ စာရေးဆရာဆိုတာ အဲဒီလို နေရတာလို့ သူထင်တာကိုး။ သူ့ခမျာ ကြိုးစားရှာပေမယ့် အပ်ချည်လုံးတွေ အတော် စုမိနေတာ။ တကယ်တော့ သူတယောက်တည်းတော့ မဟုတ်ဘူး။ အနုပညာကို စိတ်ဝင်စားတဲ့ လူငယ် အများစုဟာ အပ်ချည်လုံးတွေ စုမိတတ်တယ်။
၅။ သီချင်းသံက သာယာဖို့လည်း လိုတယ်။
ရောဂါ​တွေ၊ နိုင်ငံရေး ပြဿနာတွေ ကြားရတော့ Facebook သုံးတာ ကျွန်တော် လျှော့လိုက်တယ်။ အမေနဲ့ အဒေါ်တွေကိုလည်း Facebook သုံးတာ လျှော့ဖို့ ပြောလိုက်တယ်။ အဲဒီအစား သီချင်းနားထောင်ဖို့ ပြောတယ်။ ဒီကာလလွန်ရင် လူမသိသူမသိ လွတ်နေမှာ စိုးရတယ်လို့လည်း သတိပေးတယ်။ (နှစ်ဖက်လုံးက လော်ဘီအများစုဟာ စကားပြောရင်း မျက်လုံး ဂနာမငြိမ်တာ သတိထားမိတယ်။)
တနေ့တော့ အသိတယောက်ကို သီချင်းပဲ နားထောင်ပါလို့ ပြောပြီး သူ့ဖုန်းမှာ app တခု ထည့်ပေးတယ်။ နားထောင်ဖို့ သီချင်းလည်း နမူနာ ဖွင့်ပြတယ်။ လဘက်ရည် ဖျော်တဲ့လူလိုပဲ ချိုဆိမ့်လေး ရွေးပေးတယ်။ ကိုဗဒင်ရဲ့ "နေရာ" သီချင်းတွေကို ပိုးဒါလီ သိန်းတန် ပြန်ဆိုတာ။ ကိုဗဒင်ရဲ့ စာသားက ကဗျာဆန်တယ်။ ပိုးဒါလီ အသံက အေးတယ်။ တေးဂီတက Iron Cross ။ တပုဒ်လောက် နားထောင်ပြီးတဲ့အခါ သူက မေးတယ်။ "ဝေလ သီချင်းတွေ မကြိုက်ဘူးလား" တဲ့။
"သူ့သီချင်းတွေ ကောင်းပါတယ်၊ အဲဒီလို လိုင်းမျိုး နားထောင်ချင်တဲ့အခါ နားထောင်ဖြစ်ပါတယ်" လို့ ပြန်ဖြေရတယ်။ အော်၊ အဖိုးကြီးကြိုက်ကို သူ မကြိုက်ပါလား လို့ တွေးရင်း ငယ်ငယ်က ကြားဖူးတာလေး သတိရပြီး ပြုံးမိတယ်။ ငယ်သူငယ်ချင်းတယောက်ရဲ့ အဖေ၊ စက်ချုပ်တယ်။ တချို့က "အဲလူက လူတမျိုးကွ။ ဘုန်းကြီး တရား မနာဘဲ၊ သီလရှင် တရား နာသတဲ့" လို့ ပြောတယ်။ အခုတော့ အဲဒီဦးလေးကို ကျွန်တော် နားလည်သွားပြီ။ ကိုယ်ချင်းစာတတ်ပြီ။ တရားနာချင်ပေမယ့် နူးညံ့မှုကိုလည်း သူလိုချင်တယ်။ အသက်အရွယ်ကလည်း နူးညံ့သိမ်မွေ့တာတွေကို ပိုစိတ်ဝင်စားသင့်ပြီလေ။
၆။ သီချင်းကောင်းတွေ တမ်းတသူ -
ကျွန်တော့အပါက ABM ကျောင်းထွက်၊ Choir leader ပါ။ ဒါပေမယ့် ကျွန်တော့ကို ဆယ်တန်း မအောင်ခင် ဂစ်တာ ဝယ်မပေးဘူး။ အဲဒီအချိန်က အနီးအနားက ဂစ်တာတီးတဲ့ လူငယ်တွေဟာ လမ်းဘေး အုတ်ခုံမှာ ညနက်အောင် သီချင်းဆိုတယ်။ ဆံပင်ရှည် ထားတယ်။ ဆေးလိပ်​သောက်တယ်၊ အရက်​သောက်တယ်။ ဒါတွေ အပါ မြင်တယ်။ စိုးရိမ်တယ်။ ဆလိုင်းတင်မိုးရဲ့ အရှိုရာပြည့် သီချင်းခွေ ထွက်လာတော့ အပါ ကြိုက်တယ်။ ကက်ဆက် ဝယ်ချင်လာတယ်။ ရှားရှားပါးပါး အရှို သီချင်းလေးတွေ နားထောင်ချင်တယ်။ ဒါပေမယ့် သူ နားထောင်ချင်တာက အဲဒီတခွေပဲ။ ကျန်တာက ကက်ဆက်ခွေ လောကမှာ အချစ်သီချင်းတွေက များနေတော့ အပါက ချီတုန်ချတုန်နဲ့ မဝယ်တော့ဘူး။
ကျွန်တော်တို့ငယ်ငယ်က ဇာတ်ပွဲသီချင်းတွေ ဆိုတဲ့အခါ အပါ မကြိုက်ဘူး။ ကျွန်တော်တို့ကို "ဇာတ်ရူးတွေ" တဲ့။ စကားနည်းတဲ့ အပါက တနေကုန် နေလို့ ကျွန်တော့ကို စကားတခွန်း မပြောဘူး။ တနေ့တော့ အားရဝမ်းသာ စကားတခွန်း ပြောလာတယ်။ ညက ဇာတ်က အားလပ်ချိန်မှာ ဓမ္မသီချင်းတွေ တီးတာ ကောင်းလိုက်တာ" တဲ့။ ပွဲကြည့် ပရိတ်သတ်တွေက အားလပ်ချိန်မှာ လှုပ်လှုပ်ရွရွနဲ့ ဆိုတော့ သီချင်းသံကို သိပ်နားထောင်ဖြစ်ကြမယ် မထင်ဘူး။
ဇာတ်ပွဲမကြိုက်တဲ့ အပါက မြတ်မြတ်နိုးနိုး နားထောင်တယ်။ အဲဒီဇာတ်နာမည် သူ မှတ်မိတယ်။ "စိန်မဟာ သဘင်" တဲ့။ စိန်မဟာသဘင်က ဦးကက်နက်စိန်ရဲ့ သားများဖြစ်တဲ့ မောင်ရဲစိန်၊ ညီဝင်းစိန်တို့ ကတယ်။ ဦးကက်နက်စိန်က မစ်ရှင် ကျောင်းထွက် ဖြစ်ပုံရတယ်။ တေးဂီတကတော့ ကရင်ဂီတသမားတွေ ဖြစ်မယ် ထင်တယ်။ ကြားချင်တဲ့ သီချင်းအမျိုးအစားကို ကြားခွင့်ရတာ အပါ့အတွက် တကယ် ကြည်နူးစရာပါ။ ဇာတ်ပွဲမှာ လိုက်တီးရသူဖြစ်ပေမယ့်၊ နာမည်မကြီး လူသိမများပေမယ့် ငြိမ့်ညောင်းတဲ့ တေးသီချင်းတွေကို တီးခတ်ခဲ့သူတွေဟာ ကျေးဇူးတင်စရာပါ။ လူတွေကို စိတ်အေးချမ်းသွားစေလို့ ဂီတ တာဝန်ကြေတယ်လို့ ဆိုချင်တယ်။ (သူတို့ သားမြေးတွေကို ဘုရားသခင် ကောင်းကြီးပေးပါစေ။) သီချင်းနဲ့ တေးဂီတကို တကယ် မြတ်နိုးသူတွေ ရှိတယ်။ package တွဲပေးတဲ့ ဆံပင်ပုံ၊ အဝတ်အစားနဲ့ တက်တူးတွေကို အီနေတယ်။ သူတို့က ဂီတ အနုပညာကိုပဲ ကြိုက်တယ်။ အပ်ချည်လုံးတွေ မကြိုက်ဘူး။ လျှော့ကြပါ။
၇။ နောင်လာမယ့် သီချင်းများ။
ဒီကပ်ကာလလွန်ရင် ဘာသီချင်းတွေ ကြားရမလဲ။ တချို့က ကြေကွဲနေတယ်။ တချို့ နာကြည်းနေတယ်။ သစ္စာဖေါက်ခံရသူတချို့ဟာ ဘယ်သူကိုမှ မယုံတော့ဘူး။ တချို့ အားငယ်နေတယ်။ ဒဏ်ရာတွေကို ကုစားဖို့ လိုတယ်။ အဲဒီလူတွေအတွက် ဘာသီချင်းတွေ ကြားခွင့်ရမလဲ။
လူ့သဘာဝ ကဲချင်တာ၊ ပဲချင်တာတွေ၊ စိတ်ဝင်စားအောင် စတန့်ထွင်ပြချင်တာတွေကို အပိုတွဲပေးဦးမှာလား။ ဒါမှမဟုတ် ဒုက္ခကြုံခဲ့ရတဲ့သူတွေကို နှစ်သိမ့်တဲ့ သီချင်း၊ အားပေးတဲ့ သီချင်း၊ ကြည်နူးစေတဲ့ သီချင်းတွေ ပေးကြမလား။ အခုအချိန်ဟာ ပြင်ဆင် အားယူရမယ့် အချိန်ပါ။

No comments:

Post a Comment