Thursday, May 16, 2013

07. Giving – the Believer’s Responsibility - Bread for Believers (Burmese)

 -------------------------------------------------------------------------------
အခန်း ရ
-------------------------------------------------------------------------------
Dr. Curtis Hutson

           “သန့်ရှင်းသူတို့အဘို့ လှူဌါန်း၍ စုထားခြင်းအမှုမှာ၊ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။- ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာမရှိစေခြင်းငှါ၊ ခုနှစ်ရက်တွင် ပထမနေ့၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ ဥစ္စာတဘို့ကို ထုတ်၍စုထားကြလော့။- ၁ကော ၁၆း၁၊၂။

           ၁ကော ၁၅ မှာ Doctrinal ခံယူချက်ကြီးတချို့ကို ဖော်ပြထားတယ်။ ပထမအပိုဒ် ၄-ပိုဒ်မှာ ဧဝံဂေလိတရားရဲ့ အဓိပ္ပါယ်ဖြစ်တဲ့ သခင်ယေရှုခရစ် ကျမ်းစာနဲ့အညီ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း အကြောင်းတွေပြောပြတယ်။ ကျန်တဲ့အခန်းငယ်တွေမှာတော့ ဒုတိယအကြိမ်ကြွလာခြင်းနဲ့ ထမြောက်ခြင်းဆိုင်ရာဩဝါဒတွေကို တွေ့ရတယ်။

          “နက်နဲသော အရာတခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ကြရမည်မဟုတ်။-သို့သော်လည်း နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက်သောအခါ၊ သေလွန်သောသူတို့သည် မပုပ်နှိုင်သော အဖြစ်၌တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” - အငယ် ၅၁၊၅၂။

           အခန်း ၁၅ ကို အဆုံးသတ်တာကတော့- -  “သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကိုသိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။”

 အခန်း ၁၆ ရဲ့အစမှာ- -  “သန့်ရှင်းသူတို့ အဘို့လှူဒါန်း၍ စုထားခြင်းအမှုမှာ- -”
          ခရစ်ယာန်ပေးလှူခြင်းကို ဧဝံဂေလိတရားရဲ့အဓိပ္ပါယ်၊ ထမြောက်ခြင်း၊ ဒုတိယအကြိမ်ကြွလာခြင်း စတဲ့ခံယူချက် ဩဝါဒ         ကြီးတွေနဲ့ အတူတွဲဖော်ပြထားတာဖြစ်တယ်။

     “ခုနှစ်ရက်တွင် ပထမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း မိမိတို့ ဥစ္စာတဘို့ကိုထုတ်၍ စုထားကြလော့။”

      ဓမ္မသစ်ကာလ ဒေသန္တရ- အသင်းတော်တွေအတွက် ဘုရားရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ နည်းစနစ်ကတော့ အသင်းတော်မှာ ပါ၀င်သူတွေက ပေးလှူထောက်ပံ့ကြဖို့ပါဘဲ။ အကြွေးကြေဖို့ဆိုပြီး ပစ္စည်းအဟောင်းတွေ ထုတ်ရောင်းနေဖို့ အသင်းတော်အတွက် မလိုအပ်ဘူး။ ဘုရားအမှုတော်အတွက် ခရစ်ယာန်တွေက ဆယ်ဘို့တဘို့နဲ့ အခြားအလှူငွေတွေနဲ့ ပါဝင်ထောက်မသင့်ပါတယ်။

                         “ငါတို့မြို့က အသင်းတော်တပါး
                           ဉာဏ်ပညာရယ်၊ ကြီးပုံများ။
                          လိုငွေရဖို့ နည်းလမ်းရှာ၊
                          မုန့်ရောင်းကြတယ်ဗျာ။

                          ဝင်ငွေတိုးဖို့  စီးပွားရှာ
                         နှစ်ပေါင်းများစွာကြာ၊
                         ဝယ်စားသူလည်း မောလာတော့၊
                         ဈေးရောင်းပွဲလည်း ပျက်ပြီပေါ့။

                         “ငါတို့မြို့က အသင်းတော်တပါး ၊
                          ပညာတကယ် အရှိသား။
                          ဆယ်ဖို့တဖို့ ပေးကြတာ၊
                          ငွေကြေး အစုံ၊ လုံလောက်စွာ။

                          ဆယ်ဖို့တဖို့ ပေးခြင်းဟာ
                          ရိုးရှင်းပြီးတော့ ပညာပါ။
                         တခြားနည်းတွေ မလိုဘူး၊
                      အသင်းတော်အတွက် ပညာထူး။

     ခရစ်ယာန် ပေးလှူခြင်း အကြောင်း (၃) ချက် ဆင်ခြင်ကြည့်စေချင်ပါတယ်။
(၁)  ပေးပုံ၊ ပေးနည်း   The rule of giving
      ဘယ်လောက်ပေးရမလဲ? ဘုရားက ဘယ်လောက်ပေးစေချင်တယ်ဆိုတာ ခရစ်ယာန်တိုင်း သိသင့်ပါတယ်။ ကျမ်းစာအရ အနည်းဆုံး ၁၀ ရာခိုင်နှုန်း(ဆယ်ဘို့ တဘို့) ကနေ စ,ပေးသင့်ပါတယ်။ ဒီထက်တော့ ဘယ်သူမှ မလျော့သင့်ဘူး။

      တချို့က “ဒါက ပညတ်တရားပဲ။ ဓမ္မဟောင်း ပညတ်ပဲ” လို့ ုငြင်းကြမယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါကို ပညတ်တရားနဲ့ ချည်နှောင်တယ်လို့ မခေါ်ဘူး။ “လူ့အသက်မသတ်ရ” ဆိုတာ ပညတ်ပါဘဲ။ အခုခေတ် သတ်ရင်လည်း၊ ဟိုတုန်းကလိုပဲ အပြစ်ဖြစ် နေဆဲ မဟုတ်လား? ဆယ်ဘို့ တဘို့ပေးတာဟာ ပညတ်တရား    မတိုင်မှီကတည်းက ပေးနေကြတာပါ။ ပေးခဲ့ကြသူတွေထဲမှာ အာဗြဟံရဲ့အမည်ကို စတွေ့ရတယ်။ (ကမ္ဘာ ၁၄း၁၈-၂၀) ဒါဟာ ပညတ်တရား မတိုင်မှီကပေးခဲ့တာပါ။ သူဟာ ခရစ်တော်ကို ပုံဆောင်တဲ့ မေလခိဇေဒက်မင်းကို ဆယ်ဘို့တဘို့ ပေးခဲ့ပါတယ်။

     ကဲ- အာဗြဟံဟာ ဘာဖြစ်လို့ ဆယ်ဘို့တဘို့ပေးခဲ့တာလဲ? ဘုရားက လမ်းညွှန်ဖို့ ကျမ်းစာမှာရေးမထားပဲနဲ့ ဘာလို့ပေးခဲ့တာလဲ? တခြား ရာခိုင်နှုန်းတမျိုးမျိုး ပေးရင်ရသားပဲ။ တခြားနှုန်းထား ဖြစ်နိုင်ချေတွေ တရာလောက်ကို ရှိနေပါတယ်။

     ယာကုပ်လည်း ပညတ်တရားမတိုင်မှီမှာ ဆယ်ဘို့တဘို့ပေးတယ်။
   “ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါ့ဘက်၌ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ ငါ့ကိုစောင်မ၍ စားစရာ အစား၊ ၀တ်စရာ အဝတ်ကို ပေးသနားတော်မူလျှင်၎င်း၊ - ငါသည် တဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာပြန်ရောက်၍၊ ထာဝရဘုရားသည် ငါ၏ဘုရားဖြစ်တော်မူလျှင်၎င်း၊ မှတ်တိုင်ပြု၍ ငါထူထောင်သော ဤကျောက်သည်လည်း၊ ဘုရားသခင်၏ ဗိမာန်ဖြစ်ရမည်။- ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တဘို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။”  - (ကမ္ဘာ ၂၈း၂၀-၂၂)

       ဘယ်လောက်ပေးရမယ်ဆိုတာ အာဗြဟံရော- ယာကုပ်အတွက်ပါ ဘုရားလမ်းညွှန်ကျမ်းစာ မရှိခဲ့ကြဘူး။ ရာခိုင်နှုန်းအတူ- ပေးဖို့ဆုံးဖြတ်ခဲ့ကြတာတော့- တိုက်ဆိုင်လွန်းမနေဘူးလား? ဘာအတွက်တူနေခဲ့တာလဲ? အာဗြဟံနဲ့ ယာကုပ်တို့လို လူတွေဟာ ဘုရားကို ဘယ်လောက်ပေးလှူရမယ်ဆိုတာ ဘုရားသခင်ထံ အကြံဉာဏ်မတောင်းလောက်ကြဘူးလို့တော့ ကျွန်တော်မထင်ဘူး။ ဘုရားသခင်က “တိကျတဲ့လမ်းညွှန်ချက်” ပေးခဲ့တယ်လို့ ကျွန်တော်ယုံတယ်။ ဒါကြောင့်သာ- သူတို့ပေးတဲ့ ငွေပမာဏ ရာနှုန်းတူနေတာလို့ ပြောနိုင်ပါတယ်။
       ဒါကြောင့် ဆယ်ဘို့တဘို့ဆိုတာ ပညတ်တရား မတိုင်မှီကတည်းက ပေးခဲ့ကြတာပါ။

        ပညတ်တရားကာလမှာတော့  ဆယ်ဘို့တဘို့ ပေးဖို့ပြောတယ်။ ဝတ်ပြု ၂၇း၃၀ မှာ “စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေက ဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော်ဖြစ်၏။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။”
        “ငါသည် ထာဝရဘုရား ဖြစ်၏။ ပြောင်းလဲခြင်းမရှိ။ ထို့ကြောင့်၊ ယာကုပ်အမျိုးသားတို့၊ သင်တို့သည် ဆုံးရှုံးခြင်းသို့ မရောက်ကြ။”
         ဘိုးဘေးတို့ လက်ထက်မှစ၍ သင်တို့သည် ငါစီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်၊ ရှောင်ကြပြီ။ ငါ့ထံသို့ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ ပြန်လာမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန်လာရပါမည်နည်းဟု သင်တို့မေးကြသည်တကား။- လူသည် ဘုရားသခင်၏ ဥစ္စာတော်ကို လုယူရမည်လော။ သို့သော်လည်း၊ သင်တို့သည် ငါ့ဥစ္စာကို လုယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူပါမည်နည်းဟု သင်တို့မေးလျှင် ဆယ်ဘို့တဘို့ကို၎င်း၊ ပူဇော်သက္ကာတို့ကို၎င်း လုယူကြပြီ။- သင်တို့သည် ကျိန်ခြင်းအမင်္ဂလာကိုခံရကြ၏။ အကြောင်းမူကား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့ဥစ္စာကို လုယူကြ၏။ ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါပြုကြလော့။ ငါသည် မိုဃ်းကောင်းကင် ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်လောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။” - မာလခိ ၃း၆-၁၀၊
          ဒါကြောင့် ပညတ်မတိုင်မှီ အာဗြဟံနဲ့ယာကုပ်တို့ ဆယ်ဘို့တဘို့ ပေးကြတယ်။ ပညတ်တရားခေတ်မှာ ဆယ်ဘို့တဘို့ ပေးရတယ်။

         ဓမ္မဟောင်းမှာ ဆယ်ဘို့တဘို့ကို သွန်သင်တာတော့ အားလုံးနီးပါး လက်ခံပြီးသားပါ။ ဓမ္မသစ်မှာတော့ ဘယ်လိုသွန် သင်သလဲ? သခင်ယေရှုရဲ့ခေတ်က ဖာရိရှဲတွေအကြောင်း စဉ်းစားကြည့်ပါ။ သခင်ယေရှုက ဖာရိရှဲတွေကို အတော်များများ ကိစ္စတွေမှာ အပြစ်တင်တယ်။ ဒါပေမယ့် ဆယ်ဘို့တဘို့ပေးတာနဲ့ ပတ်သက်လို့တော့ ချီးကျူးတယ်။
        “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီး အရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင်၊ တရားသဖြင့် စီရင်ခြင်း၊ သူတပါးကို သနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသော အရာတို့ကို အလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။”- မဿဲ ၂၃း၂၃။          

          လေးတဲ့အရာတွေ ချန်ထားလို့သာ အပြစ်တင်တာပါ။ အထဲမှာတော့ လူသေအရိုးတွေနဲ့ပြည့်နေပြီး၊ အပြင်ဖက်ကတော့ အုတ်ဂူလိုဖြူဖွေးနေလို့သာ အပြစ်တင်တာပါ။ အတော်များများကိစ္စတွေ အပြစ်တင်ထားပေမဲ့ - ဆယ်ဘို့တဘို့ ပေးတဲ့အတွက်တော့ ချီးကျူးပါတယ်။ “အရင်ဆိုသော အရာတို့ကို မလှပ်မထား။”
          လုကာ ၁၈း၁၉-၁၄ ထဲက အခွန်ခံနဲ့ ဖာရိရှဲအကြောင်းကို စဉ်းစားကြည့်ပါ။ “ကိုယ်ကုသိုလ်ကိုအမှီပြု …. တတ်သောသူအချို့တို့အား” မိန့်တော်မူတာ ဖြစ်တယ်။

        ဒါက တကယ်ဖြစ်တာမဟုတ်ဘူး။ ဥပမာပါ။ ကိုယ်ကုသိုလ်ကို အမှီပြုသူတွေကို ပြောတာပါ။ ဖာရိရှဲနဲ့ အခွန်ခံကို ယှဉ်ပြတာ ပါ။ သတိထားကြည့်လိုက်။ လူကောင်းဆိုတာကို ပုံဖော်ပြတယ်။ နောက် - “ဘုရားသခင်၊ အပြစ်များတဲ့ ကျွန်တော့်ကို သနားပါ” လို့ ရင်ဘတ်ကို ထုပြီး ပြောနေတဲ့ လူဆိုးအပြစ်သားကို ပုံဖော်ပြတယ်။

        လူကောင်းတယောက်လို့ ပုံဖော်ပြရာမှာ၊ ဆယ်ဘို့တဘို့ ပေးသူဖြစ်တယ်။ ဖာရိရှဲဆုတောင်းရာမှာ “သူတပါးတို့သည် အနိုင် အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း …. အကျွနု်ပ်၌ရှိသည်သာမက ….. ခုနှစ်ရက်တွင် နှစ်ရက် အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏။” လူကောင်းတယောက်ရဲ့ အကျင့်သီလကို ပုံဖော်ရာမှာ အစာရှောင်ပြီး၊ ဆယ်ဘို့တဘို့ ပေးတာကို တွေ့ရတယ်။ ဖာရိရှဲတွေ ဆယ်ဘို့တဘို့ပေးတဲ့အတွက် သခင်ခရစ်တော်က ချီးမွမ်းတယ်။ ဆယ်ဘို့တဘို့ပေးခြင်းဟာ လူကောင်းတွေရဲ့ အကျင့်လို့လည်း ပြောပြန်တယ်။

          ကောင်းစားတဲ့အတိုင်း ပေးလှူခြင်းကို ဓမ္မသစ်မှာ သွန်သင်တာတွေ့ရတယ်။ ၁ကော ၁၆း၂.မှာ - - “ခုနှစ်ရက်တွင် ပထမ နေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။” ဒါဟာ ကောင်းစားတဲ့အတိုင်း ပေးလှူခြင်းပါ။

          တမန် ၁၈ - အရ ကောရိ န္ထုအသင်းတော်ဟာ ယုဒလူမျိုးပြောင်းလဲသူတွေနဲ့ စတင်ခဲ့တာပါ။ ပြောင်းလဲလာတဲ့ ယုဒလူမျိုး တယောက်ကို “ခင်များ ဝင်ငွေရဲ့တဘို့ကိုယူပြီး၊ ဘုရားအမှုတော်အတွက် ပေးလှူပါ” လို့ ပြောရင် ဘယ်လောက်ပေးမယ်လို့ ထင်သလဲ? သူ့အဘ အာဗြဟံဟာ ပညတ်တရားမတိုင်မှီက ဆယ်ဘို့တဘို့ပေးတယ်။ ယာကုပ်က ပညတ်တရားမတိုင်မှီ ဆယ်ဘို့တဘိ်ု့ပေးတယ်။ ပညတ်တရား ကာလမှာ ဆယ်ဘို့တဘို့ပေးဖို့ ပညတ်ရှိတယ်။ ဒါကြောင့် သူဟာ တသက်လုံး ဆယ်ဘို့တဘို့ ပေးလေ့ရှိတယ်။ အခု ပြောင်းလဲလာတော့၊ အမှုတော်အတွက် ဝင်ငွေရဲ့ တဘို့ကို ပေးလှူပါလို့ ပြောလာပြီ။ သူ့အနေနဲ့ ဆယ်ဘို့တဘို့ထက် လျော့ပြီး ပေးမယ်လို့ထင်သလား? ဆယ်ဖို့တဖို့ကို အနည်းဆုံးထား ပေးမှာပါ။

         ဓမ္မသစ်မှာ ဆယ်ဘို့တဘို့ထက် ပိုပေးတဲ့သူတွေကို သခင်ယေရှုက ခဏခဏ ချီးမွမ်းလေ့ရှိတယ်။ အဲဒီထက် လျော့ပေးသူကိုတော့ ဘယ်တော့မှ ချီးမွမ်းလေ့မရှိဘူး။   

      အသက်မွေးစရာအတွက်ကိုပဲ အကုန်ပေးလှူတဲ့ မုဆိုးမကို ချီးမွမ်းတော်မူတယ်။ ကောရိ န္ထုမြို့က အလျှံပယ်လှူတဲ့ လူတွေကိုလည်း ချီးကျူးထားတယ်။ သခင်ယေရှုက ဆယ်ဘို့တဘို့ထက်ပိုပြီး ပေးလှူသူတွေကို ခဏခဏ ချီးမွမ်းတတ်ပြီး၊ အဲဒီထက် လျော့ပေးရင်တော ့ချီးမွမ်းလေ့မရှိပါဘူး။ ဆယ်ဘို့တဘို့ဆိုတာ ပေးလှူခြင်းရဲ့ အစအဦးသဘောပါ။ အဲဒီထက်တော့ လျော့မပေးသင့်ပါဘူး။

      တချို့ မေးမယ်။ “ဓမ္မသစ်မှာ ဆယ်ဘို့တဘို့ကို အဆုံးသတ်လိုက်ပြီ မဟုတ်လား?” ကျွန်တော်တော့ အဲဒီလို မထင်ဘူး။ နေ့-လ-ရက်တွေနဲ့ ဆိုင်တဲ့ အထုံးအဖွဲ့တွေ အဆုံးသတ်ပါတယ်။ အရေဖျားလှီးခြင်း အဆုံးသတ်ပါတယ်။ အစားအသောက် ပညတ်တွေနဲ့ တခြားအရာတွေ အဆုံးသတ်ပါတယ်။ (ကောလော၂) ဒါပေမယ့် ဆယ်ဘို့တဘို့ အဆုံးသတ်တယ်လို့ တခါမှ မပြောဘူး။

      အာဗြဟံက ဆယ်ဘို့တဘို့ပေးတယ်။ ယာကုပ်လည်း ဆယ်ဘို့တဘို့ ပေးတယ်။ ပညတ်တရားကလည်း ဆယ်ဘို့တဘို့ တောင်းဆိုတယ်။ ဖာရိရှဲတွေလည်း ဆယ်ဘို့တဘို့ပေးလို့ ချီးကျူးခံရတယ်။ အခွန်ခံနဲ့ ဖာရိရှဲအကြောင်းမှာ လူကောင်းဟာ ဆယ်ဘို့တဘို့ပေးတယ်လို့ သခင်ယေရှု သွန်သင်တယ်။ ကောင်းစားသည့်အတိုင်း ပေးလှူတာကို သွန်သင်တယ်။ ဆယ်ဘို့တဘို့ လည်း အဆုံးမသတ်သေးဘူးဆိုတော့ ကျမ်းစာကို ရိုသားစွာ လေ့လာသူတိုင်း ခရစ်ယာန်ပေးလှူခြင်းဟာ ဆယ်ဘို့တဘို့က စတယ်လို့ သဘောတူသင့်ပါတယ်။

     ဒါပေမယ့် စဉ်းစားစရာရှိပါတယ်။ ဝင်ငွေရဲ့ဆယ်ဘို့တဘို့ကို ပေးတာဟာ ကောင်းစားတဲ့အတိုင်း ပေးတာလို့ မမှတ်စေချင်ဘူး။ ဘယ်လောက်ပေးလှူတယ်ဆိုတာကို မပြောလိုဘူး။ ဘယ်လောက်များများ ဘုရားငွေကို ကိုင်တွယ်သုံးစွဲသလဲဆိုတာ အဓိကပါ။ အားလုံးကို ဘုရားပိုင်ပါတယ်။

         တောက တရားဟောဆရာတယောက် ဘုရားသခင်ကို စာရေးတယ်။ “ဘုရားသခင်၊ ကျွန်တော့်ရဲ့ ၈၂.နှစ်မြောက်မွေးနေ့၊ ရွှေရတု အိမ်ထောင်သက်နဲ့ သင်းအုပ်အဖြစ် ၄၂ နှစ်မြောက် ပွဲကျင်းပပါမယ်။ အဲဒီပွဲတွေအတွက် ကိုယ်တော် ဒေါ်လာ ၁၀၀ မ,စ နိုင်မလား?” တဲ့။

         ဗဟိုစာတိုက်ကြီးရဲ့ စာတိုက်မှူးက အရာရှိများစည်းဝေးမှာ အဲဒီစာကို ဖတ်ပြတယ်။ ပြီးမှ စာအိပ်ထဲမှာ ၁၀ ဒေါ်လာ ထည့်ပေးပြီး၊ တရားဟောဆရာထံ ပို့ပေးလိုက်တယ်။ သတင်းပတ် အနည်းငယ်အကြာမှာ၊ ဘုရားသခင် အမည်နဲ့ နောက်စာတစောင် ရောက်လာပြန်တယ်။

ဒီတခါမှာတော့ …. “ဘုရားသခင် … ပေးလိုက်တဲ့စာ ရပါတယ်။ မွေးနေ့ အမှတ်တရပွဲလည်း အောင်မြင်ပါတယ်။ ဒါပေမယ့် နောက်တခါ ကျွန်တော့ကို ငွေပို့ရင် ဝါရှင်တန်မြို့ကနေ မပို့ပါနဲ့။ ၉၀% သူတို့ ဖြတ်ယူထားလိုက်တယ်” တဲ့။

    ခရစ်ယာန် အများစုလည်း ဒီလိုပါဘဲ။ ၉၀%ဖြတ် သုံးထားပြီး၊ ဆယ်ရာခိုင်နှုန်းပဲ ဘုရားသခင်ကိုပေးတာပါ။ ဆယ်ရာခိုင်နှုန်းပဲ ပေးရမယ်လို့ ကျမ်းစာက ဘယ်တော့မှ မပြောပါဘူး။ ပိုပေးသင့်တဲ့အချိန်တွေ ရှိပါတယ်။ ဆယ်ဘို့တဘို့ထက် ပိုပေးသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ဆယ်ဘို့တဘို့ကနေ အားလုံး စပေးသင့်ပါတယ်။

    နောက်တခုက ….
(၂ ) ပေးလှူခြင်းရဲ့ ဆုလာဒ် - THE REWARD OF GIVING
        “စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်း အကျိုးကို ခံရလိမ့်မည်။” - သုတ္တံ ၁၁း၂၅၊
     “ဆယ်ဘို့တဘို့ ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍၊--- ငါသည် မိုဃ်းကောင်းကင် ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင် သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်၏။” -မာလခိ ၃း၁၀။
     “သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီးအနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။- သို့ပြုလျင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည်လျှံလိမ့့်မည်။”- သုတ္တံ ၃း ၉၊၁၀။
     ပေးလှူခြင်းနဲ့ ပတ်သက်တဲ့ အကြိုက်ဆုံးထဲက ကျမ်းချက်တချက်ကတော့ “သူတပါးအား ပေးကြလော့။ ပေးလျှင် သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက် ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။” -  လုကာ ၆း ၃၈။

       သခင်ယေရှုက “ပေးရင် - ကိုယ်ပေးတဲ့အတိုင်း ပြန်ရမယ်။ လဘက်ရည်ခွက်နဲ့ ခြင်ပေးရင်၊ လဘက်ရည်ခွက်လောက် ပြန်ရမယ်။ ခြင်းတောင်းနဲ့ ခြင်ပေးရင်၊ ခြင်းတောင်းလောက် ပြန်ရမယ်။ ထူးခြားမှုကတော့ ပြန်ရတဲ့အချိန်မှာ အမှန်ခြင်ရုံမျှမက ရပါတယ်။”

     ခြင်းတောင်းအကြီးကြီးနဲ့ သီးနှံတွေ ဝယ်ဖူးသလား? ရောင်းသူက တောင်းအပေါ်မှာ လက်ခုပ်ရေ အများကြီးနဲ့ အမှန်ခြင်ရုံမက ပုံပေးဖူးသလား? သခင်ဘုရားပြောတာက အဲဒီလိုမျိုးကို ပြောတာပါ။
     “သိပ်နှက်လျက်” လို့ ဆက်ပြောတယ်။ ခြင်းတောင်းအပေါ်ကို အမှန်ခြင်ရုံမက ပုံပေးပြီးတော့ “သိပ်နှက်” လိုက်တယ်။
      “ - - အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက် …. ကောက်ပဲသီးနှံတွေ တောင်းထဲထည့်ပြီး လှုပ်ဖူးသလား? လှုပ်ပြီးရင် နေရာချောင်သွားတာ သတိထားဖူးသလား? ဘုရားသခင် ပြန်ပေးရင် အဲဒီအတိုင်းရတာပါ။
      သခင်ယေရှုက “မင်းပေးတဲ့အတိုင်း ငါပြန်ပေးမယ်။ ထူးခြားမှာက ငါပေးရင် - “အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက် ပြန်ပေးမယ်” လို့ ပြောပါတယ်။ လှုပ်ပြီးရင် လျှံသွားစေတော်မူမှာ ဖြစ်တယ်။
    “သူတပါးအား ပေးကြလော့။ ပေးလျှင်သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့့်မည်။”
     “သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်” ဆိုတာက ဘာကိုဆိုလိုတာပါလဲ?

      အဲဒီခေတ်တုန်းက လူတွေက ဝတ်ရုံဖါးဖါး ရှည်ရှည်ကြီးတွေကို ဝတ်တတ်ကြတယ်။ လူတယောက် သီးနှံမျိုးစေ့တွေဝယ်ရင် ကုန်သည်က အဝတ်အထည် (သို့ ) ၀တ်ရုံကို ဖွင့်ပြီး၊ ထည့်စရာခွက်ထဲမှာ သီးနှံအပြည့်ထည့်ပြီး ဝတ်ရုံအောက်မှာ ထားလိုက်တယ်။ ထည့်စရာခွက်ကို ဝတ်ရုံနဲ့ ဘေးပတ်လည်မှာ ပတ်လိုက်တယ်။ ဝယ်သူကလည်း ထည့်စရာခွက်အပေါ်မှာ ဝတ်ရုံကို အုပ်ကိုင်မှသာ သူလမ်းသွားရင် သီးနှံမျိုးစေ့တွေ ထွက်မကျမှာ ဖြစ်ပါတယ်။
     ပေးလှူရင် ကြွယ်ဝမယ်လို့ ဘုရားသခင် ဂတိပေးထားရုံမျှမက၊ ကြွယ်ဝမှုကို တည်မြဲစေမယ်လို့လည်း ဂတိပေးထားပါသေးတယ်။
        ကဲ… ကျွန်တော်က သိပ်တော်တဲ့ လူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုဟာက အကျိုးသိပ်ရှိမယ်လို့ ထင်တယ်။ “သူတပါးအား ပေးကြလော့။ ပေးလျှင် သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။” ကိုယ့်ဘက်က အရှုံးမရှိဘူး။

      လူပေါတယောက်အကြောင်း ဖတ်ဖူးတယ်။ ဉာဏ်ရှိတဲ့လူတယောက်က သူ့ကို အမြတ်ထုတ်ဖို့ အကြံရတယ်။ ဒါနဲ့ တို့ဉာဏ်စမ်းတွေ အပြန်အလှန်မေးကြရအောင်။ ငါမေးလို့ မင်းမဖြေနိုင်ရင်၊ မင်း ငါ့ကို တဒေါ်လာပေး။ မင်းမေးလို့ ငါမဖြေနိုင်ရင်- ငါမင်းကို တဒေါ်လာပေးမယ်” လို့ ပြောတယ်။
      လူပေါက “အဲလို - မကောင်းဘူး။ ခင်ဗျားက ပိုတော်တယ်ဆိုတော့ ကျွန်တော်က ဉာဏ်စမ်းတပုဒ်မေးမယ်၊ မဖြေနိုင်ရင် ကျွန်တော်က ဒေါ်လာဝက်ပေးမယ်။” လို့ ပြောပါတယ်။
  “ကောင်းပြီ၊ ပေးမယ်”
      လူပေါက “ပထမဉာဏ်စမ်းမေးမယ်။ မြေမှာ ခြေ ၂ ချောင်း၊ လေထဲမှာ ခြေ ၂ ချောင်း၊ ပေါင်း ခြေ ၄ ချောင်း၊ မျက်လုံး ၁၃ လုံးနဲ့ဟာ ဘာလဲ? ”
     ဉာဏ်ရှိုတဲ့သူက စဉ်းစားတယ်၊ စဉ်းစားတယ်။ နောက်ဆုံးတော့ လူပေါကို တဒေါ်လာ ပေးလိုက်တယ်။ “ငါမသိဘူး။ ရော့ .. တဒေါ်လာ။ အဲဒါ ဘာကောင်လဲ? ပြော” လို့ မေးတယ်။
     လူပေါက တဒေါ်လာဝက် ပြန်ပေးပြီးတော့ “ငါလည်း မသိဘူး။ ရော့ ဆင့် ၅၀” လို့ဖြေပါတယ်။ ကဲ.. ကျွန်တော်ကတော့ သိပ်ဉာဏ်မကောင်းပါဘူး။ ဒါပေမယ့် ပေးရင်အကျိုး ပြန်ရပါတယ်။ သုတ္တံ ၁၁း၂၄ မှာ “ စွန့်ကြဲသော်လည်း ဥစ္စာ တိုးပွါးတတ်သောသူ ရှိ၏။”                                                                                                                                                                                                                     John Bunyan က ပြောတယ်။                                                           
“တို့မြို့မှာ လူတယောက်ရှိတယ်။
တချို့ကသူ့ကို အရူးလို့ထင်တယ်။
ပေးလေလေ - ရလေလေလူပေါ့”

           တရားဟောဆရာတယောက်က ကုန်သည်တယောက်ကို ချဉ်းကပ်ပြီး အသင်းတော်လုပ်ငန်း တခုအတွက် အလှူငွေ တောင်းတယ်။ ကုန်သည်က ဒေါ်လာ ၃၀၀ တန် ချက်လက်မှတ် ပေးလိုက်တယ်။ တရားဟောဆရာ ထွက်သွားခါနီး ဒေါ်လာ ထောင်ချီပြီးတန်တဲ့ ကုန်စည်တွေပါတဲ့ သင်္ဘောနစ်သွားတယ်ဆိုတဲ့ သတင်း ဝင်လာတယ်။ ဒီကုန်တွေက ကုန်သည်ပိုင်တဲ့ ကုန်တွေပါ။                                                                
     “ခဏ- နေဦး- ဆရာ။ အဲဒီ ချက်လက်မှတ် ပြန်ပေးပါဦး” လို့ ပြောပြီး ဒေါ်လာတထောင်တန် ချက်လက်မှတ် ပြင်ရေးပေးတယ်။ “ဒီလောက် မြန်မြန်ကြီး ဆုံးရှုံးရတော့- မဆုံးရှုံးနိုင်တဲ့နေရာမှာ မြှုပ်နှံထားတာ ပိုကောင်းပါတယ်” လို့ ပြောတယ်။

        “မဆုံးရှုံးနိုင်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ မဖြစ်နိုင်ဘူး” ပြောမယ်ဆိုရင် လုကာ ၁၆ က - မတရားတဲ့ ဘဏ္ဍာစိုး ငွေထိန်း အကြောင်းဖတ်ကြည့်ပါ။ “သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သောဗိမာန်၌ သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။” မမြဲသော လောကီစည်းစိမ်ဆိုတာ ချမ်းသာကြွယ်ဝမှုပါဘဲ။ ကိုယ်ချမ်းသာတာကိုသေရင် ထာဝရ အမွေခံရာအရပ်မှာ လက်ခံမဲ့သူရှိလို့ အသုံးပြုရပါတယ်။

        ထာဝရဗိမာန် အမွေခံရာအရပ်ဆိုတာက ဘာလဲ? ကယ်တင်ခြင်းရရင်၊ ကောင်းကင်ပေါ့။ အဲဒီတော့ ရှင်းအောင်ပြောရရင် “ကိုယ်သေရင် ကောင်းကင်မှာ အုပ်စုဖွဲ့ကြိုဆိုနေသူတွေ ရှိဖို့အတွက် ကိုယ့်ငွေကို ပျောက်ဆုံးဝိညာဉ်ရဖို့ အတွက်သုံးပါ။” ကျွန်တော်ပေးတဲ့ ငွေအားဖြင့် ခရစ်တော်ကိုရရှိခဲ့သူတွေရဲ့ ဝိညာဉ်တွေဟာ ကောင်းကင်မှာ ကျွန်တော့ကို ကြိုဆိုနေမှာကို သိပ်မြင်ချင်ပါတယ်။

   ပေးပုံ ၊ ပေးနည်း။ ပေးလှူခြင်းရဲ့ဆုလာဒ်။ ကဲ - နောက်တခုက - -
(၃)   ပေးရခြင်းရဲ့ အကြောင်းရင်းများ  THE  REASONS  FOR  GIVING
        ပထမ - မဖြစ်သင့်တဲ့ရှုထောင့်က ပြောရရင် - မပေးလို့ မဖြစ်တဲ့သဘော၊ ရှက်တဲ့သဘောနဲ့ မပေးသင့်ဘူး။

        ဘုရားကျောင်းတကျောင်းမှာ လူငယ်ကလေးတွေက တနင်္ဂနွေည ဝတ်ပြုစည်းဝေး အလှူငွေကောက်ခံတယ်။ ကောင်ကလေးတယောက်က အလှူငွေကောက်တဲ့ ပန်းကန်ပြားနဲ့ ရှေ့တန်းကစပြီး ကောက်ခံတယ်။ ပထမဦးဆုံး သူသွားမိတာက သင်းထောက်တယောက်ပါ။ ကောင်လေးကရပ်ပြီး တခုခုများ ထည့်မလားဆိုပြီး စောင့်နေတယ်။ သင်းထောက်အဘိုးကြီးက “ငါမနက်က ထည့်ပြီးပြီကွ” လို့ ပြောပြီး ဆက်သွားခိုင်းတယ်။

      ဒါပေမယ့် ကောင်လေးကတော့ ဆက်ရပ်နေတယ်။ သင်းထောက်ကြီးက “ငါ မနက်က စာအိတ်ထည့်လိုက်ပြီကွ” လို့ ပြောတယ်။ ကောင်လေးကတော့ ဆက်စောင့်တုန်းဘဲ။ သူ့ပုံစံက သင်းထောက်ကြီး တခုခု မထည့်မချင်း သွားမယ့်ပုံမပေါ်ဘူး။  ကြာတော့ ရှက်လာတာနဲ့ သင်းထောက်ကြီးလည်း အိတ်ကပ်နှိုက်ပြီး အလှူငွေတချို့ ထည့်ရတော့တယ်။ အဲဒီဘုရားကျောင်းက သင်းအုပ်ဆရာက ဘုရားကျောင်းထဲက လူတိုင်း၊ ချက်လက်မှတ်စာအုပ်၊ အိပ်ဆောင် စာအုပ်တွေကို နှိုက်ကြပါပြီ။ အလှူခံတော့မယ်ဆိုတာ သိလို့ပါလို့ ပြောလိုက်တယ်။ အဲဒီတနင်္ဂနွေည အလှူငွေဟာ အဲဒီဘုရားကျောင်းရဲ့ သမိုင်းမှာ အကြီးမားဆုံး ရလိုက်တာပါဘဲ။ ဘာကြောင့်လဲ? သူတို့အရှက် မကွဲချင်လို့ပါ။ ဒါပေမယ့် အရှက်ကွဲမှာ ကြောက်တဲ့သဘောနဲ့တော့ မပေးလှူသင့်ဘူး။

      သင်းအုပ်ဆရာတယောက်က သူ့ပရိတ်သတ်ကို ပေးလှူဖို့ပြောတယ်။ သူတို့က ဆုတောင်းဖို့ ပြန်ပြောတယ်။ နောက်တပတ် ဧည့်ကြိုတွေက အလှူငွေ ကောက်ခံတဲ့အခါ အလှူငွေခွက်တိုင်းမှာ “အခုပေး၊ နောက်မှဆုတောင်း” ဆိုတဲ့ စာတန်းကလေးတွေ ပါလာတော့တယ်။

        ပေးသင့်- မပေးသင့်တော့ ဆုတောင်းနေစရာ မလိုပါဘူး။ ကျမ်းစာထဲမှာ ပြောပြီးသားပဲ။ ကိုယ်ငွေ ဘယ်ရောက်သလဲဆိုတာ ကိုယ့်မှာတာဝန် ရှိပါတယ်။ ကျွန်တော်ကတော့ ယုံကြည်ခြင်းရဲ့ အခြေခံတရားတွေကို မယုံကြည်တဲ့ liberal- လစ်ဘရယ် - သောကောရောကော အသင်းတော်တွေကို တပြားတချပ်မှ မပေးဘူး။ တခုခုပေးမိရင်တောင် ပြန်ရဖို့ ကြိုးစားရမှာပဲ။ “ကျွန်တော့အသင်းတော်က liberal ။ ကျွန်တော် အဲဒီကို မပေးနိုင်ဘူး” လို့ ပြောလာရင်တော့။ ကောင်းတယ်။ အရင်ထွက်လိုက်။ စိတ်ချလက်ချ ပေးနိုင်တဲ့ အသင်းတော်တပါးပါးမှာ ပါဝင်လိုက်ပါ။ ရှက်လို့ဆိုတဲ့ သဘောနဲ့တော့ မပေးသင့်ဘူး။ ဟန်ပြဖို့လည်း မပေးသင့်ဘူး။ ပိုင်ဆိုင်သမျှဟာ ဘုရားပိုင်တယ်ဆိုတဲ့အသိနဲ့သာ ပေးရပါမယ်။

           ကနေဒါပြည်ရောက်တုန်းက ဖြစ်ရပ်တခု အကြောင်းဖတ်ရတယ်။ ကနေဒါ ဖစိဖိတ် မီးရထားဌာနပိုင် မြေတကွက်ရှိတယ်။ လူအများက ဘူတာသွားလမ်းအဖြစ် သုံးနေတာပါ။ ကနေဒါမှာ ဥပဒေတခု ရှိတယ်။ လူအများက အမှတ်တမဲ့ သုံးနေတဲ့ ပစ္စည်းဟာ အများပိုင်ပစ္စည်း ဖြစ်လေ့ရှိတယ်။ ဒါကြောင့် တနှစ်မှာ တခါတော့ မြေကွက်မဆုံးရှုံးရအောင် ကနေဒါ ပစိဖိတ် မီးရထားဌာနက လမ်းကို ခြံစည်းရိုးကာပြီး၊ လူအများ သွားခွင့်မပြုဖို့ လိုလာတယ်။ ဆိုင်းဘုတ်တခု ရေးထားလိုက်တယ်။ “ကနေဒါ- ပစိဖိတ် မီးရထားဌာနပိုင် မြေဖြစ်သည်။”

    နောက်တနေ့ ခြံစည်းရိုးနဲ့ ဆိုင်းဘုတ်ကို ဖယ်လိုက်ကြပြန်တော့ လူအများက ဆက်သွားပြန်တာပါပဲ။ ကဲ - လူအများက တနှစ်မှာ ၃၆၄ ရက် သုံးတယ်။ ဒါပေမယ့် ပိုင်ရှင်ရှိကြောင်း သိစေဖို့ ၁ ရက် သတ်မှတ်ထားလိုက်ပါတယ်။

         ဆယ်ဘို့တဘို့ပေးရင် အားလုံး ဘုရားသခင်ပိုင်တယ်ဆိုတာ သတိရစေပါတယ်။ ဆယ်ဘို့တဘို့ငွေကို ဘုရားသခင် ပိုင်တယ်။ ပိုက်ဆံအိတ်ထဲက ငွေကိုလည်း ဘုရားသခင်ပိုင်တယ်။ ဘောင်းဘီအိပ်ကပ်ထဲကငွေလည်း ဘုရားသခင်ပိုင်တယ်။ ချစ်ခြင်း မေတ္တာပြတဲ့ အနေနဲ့ ပေးသင့်ပါတယ်။ ဘုရားသခင်က ချစ်လို့ပေးတာပါ။ ဘုရားသခင်ပေးသလို ပြန်ပေးသင့်ပါတယ်။ မေတ္တာမပါဘဲ ပေးနိုင်ပါတယ်။ ဒါပေမယ့် မပေးဘဲနဲ့တော့ မေတ္တာပြလို့ မရပါဘူး။

           လုပ်ဆောင်မှုကို ယုံကြည်တဲ့အနေနဲ့လည်း ပေးသင့်ပါတယ်။ ပျောက်ဆုံးဝိညာဉ်တွေအတွက် လုပ်ဆောင်တာကို ယုံကြည် တယ်ဆိုရင် ပါဝင်ကူညီ မစသင့်တာပေါ့။ လုပ်ဆောင်မှုကို မြတ်နိုးလာကြရင်၊ ဝိညာဉ်တွေ ကယ်တင်ခြင်းရလာရင်၊ ပါဝင်ချင် လာကြမှာဘဲ။ ဒီလိုလူတွေ ပါဝင်ပေးလှူလာဖို့ သိပ်လုပ်စရာမလိုလှပါဘူး။

           ပုံသက်သေကြောင့်လည်း ပေးသင့်ပါတယ်။ လူတွေက ကိုယ့်ကိုကြည့်နေမယ်။ ကိုယ့်သားသမီးတွေကို ကြည့်နေမယ်။ ကလေးတယောက် စတိုးဆိုင်တဆိုင်မှာ သူ့အဖေနဲ့ကစားနေတယ်။ ကလေးက အဖေကို တချို့ပစ္စည်းကလေး တွေပေးတယ်။ အဖေက သားကို ၅ ဆင့်ပေးတယ်။ ကလေးက“ဖေဖေ သားတို့ဘုရားကျောင်းတက်တမ်း ကစားကြတာမဟုတ်ဘူးနော်။ စတိုးဆိုင်ဖွင့်တမ်း ကစားကြတာ” လို့ ပြောပါတယ်။ အဲဒီအဖေဟာ သားအပေါ် ပုံသက်သေမှားနေခဲ့ပါပြီ။ ကျွန်တော်ပေးတာကို သားသမီးတွေ သိစေချင်တယ်။ ကိုယ်လုပ်နေတာတွေကို ယုံတာလည်း သိစေချင်တယ်။ ပေးတတ်အောင်လည်း သင်ပေးချင်တယ်။ ပုံသက်သေကြောင့်လည်း ပေးရတာပါ။

        ကျွန်တော့အသင်းသူတယောက်ဖြစ်တဲ့ Mrs. Montgomery (မစ္စစ် မွန်ဂိုမာရီ) ဟာ Dekalb ဆေးရုံကြီးမှာ နာမကျန်း ဖြစ်နေတယ်။ ချိန်းထားတဲ့ တနင်္လာနေ့ တရားဟောပွဲအတွက် မသွားခင် ဆေးရုံကို ဝင်မြှော်ခဲ့တယ်။ ကျမ်းစာချက်တချို့ ဖတ်ပြပြီး၊ ဆုတောင်းပေးတယ်။ ထွက်လာမယ်လုပ်တော့- သူက “ဆရာ၊ ခုံပေါ်က ကျွန်မစာအုပ်ကလေး ယူပေးပါ။” ယူပေးလိုက်တော့ အလှူငွေစာအိတ် တအိတ်ထုတ်ပြီး ပေးလာတယ်။ “တနင်္ဂနွေဘုရားကျောင်း လာနိုင်မှာမဟုတ်ဘူး ဆရာ၊ ဒီမှာ ကျွန်မရဲ့ ဆယ်ဘို့တဘို့ပါ။ ကျွန်မ အတွက် အလှူငွေ ထည့်ပေးပါ ဆရာ” တဲ့။ အဲဒီသတင်းပတ်ထဲမှာပဲ သူသေဆုံးသွားတယ်။ နောက်တပတ် တနင်္ဂနွေ- သူ့အလှူငွေစာအိတ်ကိုထည့် ပေးလိုက်ချိန်မှာ တော့ Mrs. Montgomery က ကောင်းကင်ရောက်နေပါပြီ။

           အဲဒီဖြစ်ရပ်က ကျွန်တော့်ကို ပိုပြီး ပေးလှူချင်စိတ်ဖြစ်လာစေတယ်။ ကျွန်တော့်ကို တကယ်နှိုးဆော်တယ်။ သူဘုန်းတော် ဝင်စားပြီး ရက်အတော်ကြာအောင် သူ့ဆယ်ဘို့တဘို့အလှူငွေက အလှူငွေခွက်ထဲမှာ ရှိနေဆဲပဲ။ ကောင်းလိုက်တဲ့ ပုံသက်သေ၊ ကောင်းလိုက်တဲ့ စံနမူနာပါဘဲ။ ပုံသက်သေဖြစ်နေတဲ့အတွက် ပေးလှူသင့်ပါတယ်။

                ပြီးတော့ - ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွနဲ့ ပေးလှူသင့်ပါတယ်။ ကျမ်းစာက၂ကော ၉းရ မှာ “စေသနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။” ပျော်ပျော်ရွှင်ရွှင်နဲ့ ပေးလှူတဲ့သူကို ဆိုလိုပါတယ်။ စေတနာနဲ့ ပျော်ပျော်ရွှင်ရွှင်ပေး   သူဟာ ဆံပင်ညှပ်ပြီးရင် ၄ ဒေါ်လာပေးရတော့မယ်ဆိုတဲ့ မျက်နှာထားမျိုးနဲ့ ထိုင်နေတတ်သူမျိုး မဟုတ်ပါဘူး။ မနက်စာကို သစ်သီးဖျော်ရည် ချဉ်တူးတူးနဲ့ တောဇီးသီး အကျွေးခံလိုက်ရတဲ့ လူရဲ့ မျက်နှာမျိုးလည်းမဟုတ်ပါဘူး။ ဆင့် - အစိတ်လောက် အလှူငွေထည့်ပြီး “တို့ပြန်တွေ့ကြချိန်အထိ ဘုရားသခင် မင်းနဲ့အတူ ရှိပါစေ” လို့ သီချင်းဆိုတတ်သူလည်း မဟုတ်ပါဘူး။

        စေတနာစိတ်နဲ့ ပျော်ပျော်ရွှင်ရွှင် ပေးလှူသူဆိုတာ “ဟာ- ဟာ- ဟ၊ ကျေးဇူးတော်ပဲ အလှူငွေကောက်နေပြီ။ ဟာ- ဟာ- ဟ၊ ရှင်မရေ ပိုက်ဆံအိတ် ပေးပါဦးကွာ။ မြန်မြန်ကွ၊ အလှူငွေခွက် ဒီဘက်ပြန်လာပါဦး။ ကောင်းကွာ၊ မင်းတို့ အလှူငွေ ကောက်တဲ့လူတွေကလည်း တယ်နှေးတာကိုးကွ” လို့ ပြောတတ်သူပါ။ ဒါဟာ စေတနာစိတ်နဲ့ ပေးတာပါ။ ပျော်ပျော်ရွှင်ရွှင်ပေးတာပါ။ ဒါမျိုးပေးသူ သိပ်မရှိပါဘူး။

        အဖေတယောက်က သူ့သားကို ၂၅ ဆင့် နဲ့ ၁၀ ဆင့် တွဲပြီး၊ သူထည့်ချင်တာ ထည့်ဖို့ပေးလိုက်တယ်။ အလှူငွေကောက်ခံတဲ့ အချိန်မှာ သူ့သား ဘာလုပ်မလဲဆိုတာ အဖေက အရမ်းသိချင်နေတယ်။ ဒါနဲ့ ဘုရားကျောင်းဆင်းတော့ “သား၊ အလှူငွေ ဘယ်လောက်ထည့်သလဲ။ ၂၅ ဆင့်လား၊ ၁၀ ဆင့်လား” လို့ မေးတယ်။

      သားက “ဟုတ်ကဲ့၊ ကျွန်တော်က ၂၅ ဆင့်ထည့်မလို့ဘဲ။ ဒါပေမယ့် သူတို့ အလှူငွေမကောက်ခင်၊ သင်းအုပ်ဆရာက ပြောတယ်။   “ဘုရားသခင်က ပျော်ပျော်ရွှင်ရွှင်နဲ့ ပေးတဲ့သူကိုချစ်တယ်” တဲ့။ ဒါနဲ့- ကျွန်တော်လည်း ၂၅ ဆင့် ပေးလိုက်တာထက် ၁၀ ဆင့် ပေးလိုက်တာက ပိုပျော်နိုင်မယ်ဆိုပြီး၊ ၁၀ ဆင့်ပဲ ပေးလိုက်တယ်” တဲ့။ အဲဒီမျိုး ပျော်ပျော်ပေးတာကို ပြောချင်တာတော့ မဟုတ်ဘူးနော်။

          အချုပ်အနေနဲ့ ငွေထက် ဘုရားသခင် ပိုလိုချင်တာ ရှိပါတယ်။ ၂ကော ၈း၅- မှာ “ရှေးဦးစွာ သခင်ဘုရား၌၎င်း၊ ငါတို့၌၎င်း၊ မိမိတို့ကို မိမိတို့လှူကြ၏။” ငွေထက် ဘုရားတန်ဖိုးထားတာ လူပါ။ လူကိုရရင် ငွေပါ- ပါပါတယ်။ ခရစ်တော်ထံ ကိုယ့်ကိုကိုယ် အပ်နှံလိုက်ပါ။

      ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံပြီးပြီလား။ အားကိုးပြီးပြီလား။ ကယ်တင်ခြင်းရဖို့ မှီခိုထားသလား။ မှီခိုထားပြီးပြီဆိုရင် ကိုယ့်ကိုကိုယ် အပြည့်အဝ ဆက်ကပ်လိုက်ပါ။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားမကိုးရသေးရင်တော့ အခုပဲ အားကိုးလိုက်ပါ။ အခုလို - ကိုယ်တိုင်ပြောလိုက်ပါ။

       “သခင်ယေရှု- ကျွန်တော် အပြစ်းသားပါ။ ကျွန်တော် အတွက်အသေခံပေးတာ ယုံပါတယ်။ ကယ်တင်ရှင်အဖြစ် အားကိုးပါတယ်။ အခုမှစ၍ ကယ်တင်ခြင်းရဖို့ ကိုယ်တော်ကို အားကိုးလိုက်ပါပြီ။”

      ခရစ်တော်ကို အားကိုးပြီးပေမယ့် ပေးလှူခြင်းရဲ့ ဝမ်းမြောက်ပျော်ရွှင်မှုတွေကို မခံစားဖူးသေးရင်၊ နောက်တခါကစပြီး ဘုရားသခင်ကို အနည်းဆုံး ဆယ်ဘို့တဘို့ထားပြီး ပေးလှူကြည့်ပါ။

      “ခုနှစ်ရက်တွင် ပထမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း မိမိတို့ ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။” ၁ကော ၁၆း၂။            ။

Saturday, May 11, 2013

06. The Believer’s Divine Commission (BREAD FOR BELIEVERS) (Burmese)

Dr. Curtis Hutson
-----------------------------------------------------------------------------------------------------
အခန်း ၆
-----------------------------------------------------------------------------------------------------

 “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ယော၂၀း၂၁

သခင်ယေရှု ပြောခဲ့တဲ့စကားတွေထဲက အရေးအကြီးဆုံးစကားတခွန်း ဖြစ်ပါတယ်။ သခင်ယေရှု မြေကြီးပေါ်ကို ကြွလာသလိုမျိုး၊ ယုံကြည်သူတွေလည်း စိတ်ထားရမယ်။ ခရစ်တော် လောကကို ကြွလာတဲ့ ရည်ရွယ်ချက်၊ အပြုအမူ၊ ဆက်ကပ်မှုနဲ့ စိတ်စေတနာတွေအတိုင်း တပည့်တော်တွေ ထားရှိရမှာ ဖြစ်ပါတယ်။

 “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ယော၂၀း၂၁ ။ သူ့ရဲ့ အဓိပ္ပါယ်က …..

(၁) တူညီတဲ့ အမိန့်တော်အောက်မှာ Under similar mandate

 “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ခမည်းတော်ဘုရားသခင်က ယေရှုခရစ်တော်ကို ဒီလောကထဲ စေလွှတ်လိုက်ပါတယ်။ ၁ယော၄း၁၄မှာ “လောကီသားတို့ကို ကယ်တင်သောသခင် ဖြစ်စေခြင်းငှါ၊ ခမည်းတော်သည် သားတော်ကိိုု စေလွှတ်တော်မူသည်ကို ငါတို့သည် သိမြင်၍ သက်သေခံကြ၏။” - ဂလာတိ ၄း ၄ မှာ “အချိန်ကာလစေ့သောခါ- - - သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။” နောက် … ယော၃း ၁၇ မှာ “လောကီသားတို့ကို အပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို စေလွှတ်သည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း စေလွှတ်တော်မူ၏။”

ယေရှုခရစ်ဟာ ခမည်းတော်ရဲ့ အမိန့်နဲ့ လာရတာဖြစ်တယ်။ အမိန့် mandate ဟာ အဘိဓါန်အရ “အမိန့်အာဏာ၊ ကိုယ်စားလှယ်အား ခိုင်းစေသော အမိန့်စေခိုင်းချက်” ဖြစ်ပါတယ်။ အမိန့်ကြောင့် ကြွလာရတာ ဖြစ်ပါတယ်။ ခမည်းတော်က စေလွှတ်တယ်။ သခင်ယေရှုဟာ သူ့တာဝန်ကို အမြဲသတိထားတယ်ဆိုတာ ဓမ္မသစ်ကျမ်းက ဖေါ်ပြနေတယ်။ ယော၄း၃၄မှာ “ငါ့ကို စေလွှတ်တော်မူသော သူ၏အလိုတော်ကို ဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။”

ခမည်းတော်က သားတော်ကို ဒီလောကထဲ လွှတ်လိုက်သလို၊ ခရစ်တော်က ကျွန်တော်တို့ကို စေလွှတ်တယ်။ အမိန့်တော်က ရှင်းပါတယ်။ “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေယျ သတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။” ဒီအမိန့်တော်ကြီးဟာ အဖွဲ့အစည်းတခုခုကို ပေးတာမဟုတ်ဘဲ၊ လူတဦးချင်းစီကို ပေးတာပါ။ ဒါဟာ ဝိညာဉ်ကယ်တင်ဖို့အတွက် ယုံကြည်သူတိုင်းရဲ့ တာဝန်ပါ။ ဘယ်အသင်းတော်မှ ခရစ်တော်ရဲ့ တရားပလ္လင်ေ့ရှမှာ ရပ်ပြီး၊ ဝိညာဉ် ကယ်တင်တဲ့အတွက် ဆုရမှာ မဟုတ်ဘူး။ အဲဒီဆုက တဦးချင်းစီကို ပေးမှာပါ။       

ဆာလံ ၁၂၆း ၆ မှာ “မျက်ရည်ကျလျက် ကြဲရန်မျိုးစေ့ကို ဆောင်၍ ထွက်သွားသောသူသည် (မျက်ရည်ကျလျက် ထွက်သွားသော အသင်းတော်လို့ မပြောဘူး။) ၊ ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်။” ဒံယေလ ၁၂း ၃ မှာ “ပညာရှိသောသူတို့သည်လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။” (လူအများတို့ကို ဖြေင့်မတ်ခြင်းလမ်းထဲသို့ သွင်းသောအသင်းတော်များလို့ မပြောပါဘူး။) ဝိညာဉ်ကယ်တင်တာဟာ တဦးချင်းစီရဲ့ တာဝန်ပါ။ ယုံကြည်သူတိုင်း ဝိညာဉ်ကယ်ဖို့ အမိန့်တော်ရှိပါတယ်။ ကိုယ်လုပ်ချင်မှ လုပ်ရတာမျိုးမဟုတ်ဘူး။ ဘုရားအမိန့်တော်ပါ။ ဒါဟာအမိန့်ပါ။

အထက်အရာရှိရဲ့ အမိန့်ပေးခံရသူတယောက်ဟာ လိုက်နာ (သို့) ငြင်းဆန်မယ်။ နာခံ (သို့) မနာခံ၊ ဝန်ခံ (သို့) ပုန်ကန်နိုင်တယ်။ ဝိညာဉ်ကယ်ဖို့ငြင်းတာဟာ ခရစ်တော်အပေါ် မနာခံတာပါဘဲ။ ယုံကြည်သူတိုင်းသာ ဝိညာဉ်ကယ်ကြရင်၊ ကျွန်တော်တို့ ကမ္ဘာကို ဧဝံဂေလိဟောပြောနေပြီပေါ့။

John Welsey (ဂျွန်း၊ ဝယ်စလေ) က “အားလုံးလုပ်ကြ၊ အမြဲလုပ်ကြ” လို့ ပြောဖူးတယ်။

အမိန့်တော်ကတော့ ရှင်းတယ်။ “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့ သွား၍၊
ဝေနေယျ သတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။” မေးစရာက၊ ခရစ်တော် အမိန့်နားထောင်ခဲ့သလို၊ ကျွန်တော်တို့ နားထောင်မလား? ဒါမှမဟုတ် ပစ်ပယ်ထား၊ လူတွေသေ၊ ငရဲရောက်၊ ဧဝံဂေလိတရား ရှင်းရှင်းလေး မကြားရဘဲ ပစ်ထားမလား? ဆိုတာပါဘဲ။

Dr. Bob Jones, Sr; ဟာ ရုံးခန်းတခုရဲ့ နံရံကပ်စာတပိုဒ် ဖတ်ရဖူးတယ်။ အဲဒါက-
“ ငါ တယောက်တည်း၊ တကယ့်တယောက်တည်း။
အရာရာ မတတ်စွမ်းပေမယ့်၊ တချို့တဝက်တော့ တတ်နိုင်မှာ။
ငါလုပ်နိုင်တာတော့၊ ငါလုပ်သင့်၊
ငါလုပ်သင့်တာတော့
ကျေးဇူးတော်ကြောင့်  ငါလုပ်နိုင်တယ်။”

လူတိုင်း တခုခုတော့ လုပ်နိုင်ပါတယ်။ သူများပြောပြ ကယ်လို့မရတဲ့ သူတယောက် ကျွန်တေ်တို့ ကယ်နိုင်တာမျိုးရှိပါတယ်။ “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ဆိုတာဟာ ….

 (၂) တူညီတဲ့ အပြုအမူ - in the same manner
သခင်ယေရှု ဒီလောကကို ဘယ်လိုကြွလာသလဲ? လူဇာတိခံယူပါတယ်။ ဖိလိပ္ပိ၂း ရ-မှာ “မိမိအသရေကိုစွန့်၍ အစေခံကျွန်၏ သဏ္ဌန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။” လူတွေနဲ့ ဆက်သွယ်ဖို့အတွက် ခရစ်တော်က လူအဖြစ်နဲ့ ကြွလာတယ်။ အမိန့်တော်ကို အဝေးကြီးကနေ ထမ်းဆောင်တာမျိုး မဟုတ်ဘူး။ လူတွေရှိရာကို ဆင်းကြွလာတယ်။ ကယ်တင်ခြင်းကို အထုပ်ထဲမှာ ထုပ်ပို့လိုက်တာမျိုးမဟုတ်ဘဲ လူသားအထဲမှာ ယူဆောင်လာတာပါ။

ဒေသအသီးသီးက လူပေါင်းများစွာဟာ ရိုးရှင်းတဲ့ ကယ်တင်ခြင်းတရား ယူဆောင်လာမယ့် သူတွေကို စောင့်မြှော်နေတယ်။

မကြာသေးခင်က မိတ်ဆွေတယောက်နဲ့ နံနက်စာ အတူစားကြတယ်။ သူနဲ့ သူ့သမီးတွေဟာ တအိမ်ဝင်တအိမ်ထွက် ခရစ်စမတ်ကဒ်တွေ ဝေပြီး ဆုတောင်းပေးကြတယ်။ ကဒ်အပေါ်မှာ ကယ်တင်ခြင်းအကြောင်း ရိုးရိုးကလေး ရေးထားတယ်။ အိမ်တအိမ်က ထွက်လာတဲ့နောက် အိမ်ရှင်ထွက်လာပြီး “ခဏ .. ဒီအထဲမှာပါတဲ့အတိုင်း အပြီးပဲလို့ ပြောချင်တာလား?” လို့ မေးတယ်။

ကျွန်တော့မိတ်ဆွေက ပြုံးပြီးတော့ “ဟုတ်တယ်” လို့ ဖြေလိုက်တယ်။ အဲဒီလူက … “ကျေးဇူးဗျာ၊ ကျေးဇူး” လို့ ပြန်ပြောတယ်။

ကျွန်တော်ဟာ ဝိညာဉ်တယောက်မှ မကယ်ဖူးခင် Forrest Hill နှစ်ခြင်းအသင်းတော်မှာ သင်းအုပ်အဖြစ် ၆ နှစ် လုပ်တယ်။ “ကယ်တင်ခြင်းတရား ကြားချင်ရင်၊ တင်္နဂနွေနေ့ လာပေါ့” လို့ပဲ သဘောထားခဲ့တယ်။ ကယ်တင်ခြင်းအကြောင်းသိဖို့၊ ကျမ်းစာအုပ်ယူပြီး အိမ်လှည့်လည်း တခါမှ မသွားဖူးဘူး။

၁၉၆၁-ခုနှစ် နိုးထမှုနဲ့ ဝိညာဉ်ကယ်တင်ခြင်း Sword of the Lord စည်းဝေးကြီးတခုကို တက်ပြီးမှ စနေညနေ အပြင်ထွက်လောက်အောင် ဝိညာဉ် ကယ်တင်ချင်စိတ်ရှိလာပြီး၊ ပထမဦးဆုံးအနေနဲ့ ၃ ယောက် ခရစ်တော်ထံ ပို့ဆောင်နိုင်ခဲ့တယ်။

ဝိညာဉ်ကယ်တင်တဲ့ အလုပ်နဲ့ပတ်သက်တဲ့ သဘောထားတွေ ပြောင်းလဲဖို့လိုတယ်။ အပြစ်သားတွေရှိရာသွားပြီး ခရစ်တေ်အတွက် ရယူတဲ့ အိမ်လှည့်တဲ့အလုပ်ကိုလည်း ပိုအလေးအနက် ထားရမယ်။ ရှိတဲ့လူတွေကို ဧဝံဂေလိ ဟောနေတာမျိုးမဟုတ်ဘဲ၊ လူတွေရှိရာကို သွားရမယ်။ ရေနစ်နေတဲ့သူကို ကမ်းပေါ်ကနေ ရပ်-အော်နေရုံ အော်ဟစ်ပေးနေရုံနဲ့ မလုံလောက်ဘူး။ သူ့ဆီကို သွားရမယ်။

လူငယ်တရားဟောဆရာတယောက်ဟာ Florida ပြည်နယ်က မီးခိုးတွေဝေနေတဲ့ အရက်ဆိုင်တဆိုင်ထဲ ဝင်သွားတယ်။ အကြမ်းဆုံးပုံပေါ်တဲ့ လူတယောက်ကို လိုက်ရှာပြီးမှ၊ “ခရစ်ယာန်ဆိုတာ သတ္တိမရှိဘူးလို့ ခင်ဗျားထင်သလား?” လို့ မေးလိုက်တယ်။
ခပ်ကြမ်းကြမ်း ပုံပေါက်တဲ့လူကေ ခါင်းငြိမ့်လိုက်ပြီး “မရှိဘူး” လို့ ဖြေတယ်။
ခရစ်ယာန်လူငယ်က မော့ကြည့်ပြီးတော့ “ကောင်းပြီ၊ ကျွန်တော်ခရစ်ယာန်ပါ။ ကျွန်တော် ခင်ဗျားထက် ပိုသတ္တိရှိတယ်” လို့ပြောတော့….
လူကြမ်းကြီးက ခေါင်းငိုက်ချပြီး “ဟုတ်လား? ဟုတ်ပါ့မလား? လုပ်ပြလေ” လို့ပြောတယ်။ (အခန်းထဲမှာ ဓါတ်စက်ကို အကျယ်ကြီးဖွင့်ထားချိန် ဖြစ်ပါတယ်။)   ခရစ်ယာန်က “အဲဒီဓါတ်စက်ကြိုးကို ခင်ဗျား ဖြုတ်ရဲရင်၊ ကျွန်တော် ငွေကိုင်စားပွဲပေါ်တက်ပြီး တရားတပုဒ်ဟောမယ်။” လို့ပြောလိုက်တယ်။
လူကြမ်းကြီးက ခဏတွေနေပြီးတော့ အသံကျယ်ကြီးဖွင့်ထားတဲ့ ဓါတ်စက်ကြိုးကို သွားပြီးဖြုတ်လိုက်တယ်။ သီချင်းသံရပ်သွားတော့ လူတွေက ဘာဖြစ်ပါလိမ့်လို့ လှမ်းကြည့်တယ်။

အဲဒီအချိန်မှာ လူငယ်ဟာ ငွေကိုင်စားပွဲပေါ်တက်ပြီး သူ့ကျမ်းစာအုပ်ကိုဖွင့်ပြီး၊  ယော၃း ၁၆ နဲ့ တရားဟောဖို့ စပါတယ်။ အရက်ဆိုင်ထဲက လူတချို့က စိတ်တိုပြီးဆဲကြတယ်။ “ဘာဖြစ်တာလဲကွ? ဓါတ်စက်ကြိုးကို ဘယ်သူဖြုတ်သလဲ?
အဲဒီအချိန်မှာ ခပ်ကြမ်းကြမ်း ပုံပေါက်တဲ့လူကတော့ သူ့ကိုယ်သူ ကျေနပ်နေပုံပါ။ ဒါကြောင့် ခပ်မတ်မတ်ရပ်ပြီး၊“ငါဖြုတ်တာကွ၊ အဲဒီငွေကိုင်စားပွဲပေါ်က လူက တရားတစ်ပုဒ်ဟောလိမ့်မယ်။” လို့ ပြောတယ်။ ဘယ်သူမှ သူ့ကိုမငြင်းရဲဘူး။ လူငယ်က တရားဟောပြီး၊ ဖိတ်ခေါ်လိုက်သေးတယ်။
ကဲ- အဲဒီဖြစ်ရပ်ကလေးမှာ ကျွန်တော် သဘောမကျတာကတော့ အဲဒီဖြစ်ရပ်ကျွန်တော့်မှာ မဖြစ်ခဲ့တာပါဘဲ။ ငွေကိုင်စားပွဲပေါ်က ကောင်ကလေးနေရာမှာ ကျွန်တော်ဖြစ်လိုက်ချင်တယ်။           

 “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ဆိုတာဟာ “တူညီတဲ့ အပြူအမူနဲ့” လို့ ဆိုလိုတယ်။

ဒီနေ့ခေတ် စိတ်ဝင်စားကြတာက စုစည်းတဲ့ အသင်းတော်မျိုးပါ။ ဒါပေမယ့် ဓမ္မသစ်ကျမ်းက အဓိကထားတာက ကွဲပြားပြန့်နှံ့တဲ့ အသင်းတော်မျိုးပါ။ တမန်၈း ၄ မှာ “ထို့ကြောင့် အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် လှည့်လည့်၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။”

ကျွန်တော့အတွက်တော့ ကျမ်းစာအုပ်ကိုင်ပြီး လေဆိပ်တွေ၊ ဆေးဆိုင်တွေ၊ စားသောက် ဆိုင်တွေနဲ့ အခြားနေရာတွေမှာ ခရစ်တော်အကြာင်း ပြောပြရတာလောက် ဝမ်းသာရတာမျိုး တခြားမရှိတော့ဘူး။ တယ်လီဖုန်းတိုင်ပေါ်မှာ ရောက်နေတဲ့သူကိုတောင် ခရစ်တော်ထံလမ်းပြနိုင်ခဲ့ တယ်။ သူက တယ်လီဖုန်းကုမ္ပဏီမှာ အလုပ်လုပ်တယ်။ တယ်လီဖုန်းအသေးစားကလေးနဲ့ ဖုန်းလိုင်းကြိုးမှာ ချိတ်ဆက်ရတာမျိုး လုပ်ရလေ့ရှိတယ်။

တနေ့ ကျွန်တော့ဖုန်း မြည်လာတယ်။  တဖက်လူက “အား- ကျွန်တော် ဖုန်းနံပါတ်မှားပြီ” လို့ ဆိုတယ်။
ကျွန်တော်က “မဟုတ်ဘူး။ ဘုရားသခင်က အကြောင်းတခုရှိလို့ ခင်ဗျားကို ဒီနံပါတ် ခေါ်ခိုင်းလိုက်တာပါ။ ခင်ဗျား နာမည်ဘယ်လိုခေါ်သလဲ?” သူပြောပြပါတယ်။
ကျွန်တော်က “ခင်ဗျား ဒီနေ့သေမယ်ဆိုရင်၊ ကောင်းကင်ရောက်ပါ့မလား?” လို့ မေးတော့ ..
 “ကျွန်တော် အဲဒါမသိပါဘူးခင်ဗျာ” လို့ ဖြေတယ်။
ခဏကြာတော့ သူဟာ ဆုတောင်းပြီး ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံသွားတယ်။ သူဆုတောင်းအပြီးမှာ ကယ်တင်ခြင်းစိတ်ချမှုရှိဖို့ ဆက်ပြောပြတယ်။ သူက  “ကျွန်တော် ဘယ်က ဆိုတာ ဆရာသိသလား?” ကျွန်တော် တယ်လီဖုန်းတိုင်ပေါ်ကပါ။” ကျွန်တော် ရယ်မိတယ်။ သူ့ဌာနကို ဖုန်းဆက်ဖို့လုပ်ရင်း ကျွန်တော့နံပါတ် ဆက်မိသွားတာလို့ သူရှင်းပြတယ်။
အပြစ်သားတွေရှိရာကို သွားရပါမယ်။ ဈေးဆိုင်တွေ၊ ဘောလုံးကွင်းတွေ၊ ကားရပ်တတ်တဲ့ နေရာတွေ၊ လေယာဉ်ကွင်းတွေ …. စသည်ဖြင့် ရောက်နိုင်သမျှ နေရာတွေပေါ့။ “ကြိုဆိုပါတယ်” ဆိုတဲ့အစား “ငါတို့သွားမယ်” လို့ သဘောထား ပြောင်းသင့်တယ်။

 “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။”

 (၃) တူညီတဲ့ အမှုတော်အတွက် For the same mission
အကြမ်းပြင်းပြောရရင် သခင်ယေရှု အမှုတော်ဆောင်ခဲ့ရာမှာ အပိုင်း ၃ ပိုင်း ရှိပါတယ်။ ဘုရားသခင်ကို မြင်ရကြဖို့ကြွလာတယ်။ ယော၁၄း ၉ မှာ “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်၏။” ယော၁း ၁၈ မှာလည်း “ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ရှိသော တပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။”

ယုံကြည်သူတိုင်းဟာ အတိုင်းအတာတခုစီအနေနဲ့ ခရစ်တော်ကို ထင်ရှားပြသင့်တယ်။ သာသနာပြုဆရာ Adoniram Judson ဆရာယုဒသန် ပြန်ရောက်လာတော့ သူ့ကို သတင်းထောက်တွေက မေးတယ်။ “ဆရာယုဒသန် Mr. Judson ခင်ဗျာ၊ ဆရာ့ကို ရှင်ပေါလုလို နောက်ထပ်ပုဂ္ဂိုလ်တပါးလို့ ရေးနေကြတယ်။” လို့ ပြောတော့ …
ဆရာယုဒသန်က ဖြေတယ်။ “ကျွန်တော် ရှင်ပေါလုနဲ့ မတူချင်ဘူး။ သခင်ယေရှုနဲ့ပဲ တူချင်တယ်။” တဲ့။

တချိန်က Dr. George W. Truett ဟာ Texas ပြည်နယ် Dallas မြို့လမ်းမပေါ်မှာ လမ်း လျှောက်နေတုန်း အမျိုးသမီးတယောက်က သူ့ကို စိုက်ကြည့်နေတာ သတိထားမိတယ်။ လွန်သွား ပေမယ့်လည်း သူ့ကို စိုက်ကြည့်နေတုန်းပဲလို့ ခံစားရတယ်။ နောက်ပြန် လှည့်ကြည့်လိုက်တော့လည်း တကယ်ပဲ အမျိုးသမီးက စိုက်ကြည့်နေတုန်းပဲ။ “စိတ်မရှိနဲ့နော် ... အမ၊ ကျွန်တော့်ကို သိသလား?”
 “ဟင့်အင်း … ကျွန်မ မမြင်ဖူးပါဘူး။”
 “ဒါဆို၊ ကျွန်တော်ကရော အမကိုသိသလား?”
 “ဟင့်အင်း … မသိလောက်ပါဘူး။” လို့ ပြန်ဖြေတယ်။
Mr. Truett က … “ကျွန်တော်လည်း အမကို မသိ၊ အမကလည်း ကျွန်တော့ကို မသိ။ ဒါဆို … ကျွန်တော့ကို ဘာကြောင့် သေသေချာချာ ကြည့်နေတာလဲ?” လို့ မေးတယ်။
အမျိုးသမီးက တည်တည်ငြိမ်ငြိမ်နဲ့ … ဆရာ … ဆရာက ကျွန်မ မြင်ဖူးတဲ့သူတွေထက် သခင်ယေရှုကို ပိုသတိရနေစေလို့ပါ။” လို့ ပြောပါတယ်။
ကျွန်တော်တို့လုပ်ရမှာက ခရစ်တော်ကို ထင်ရှားပြသဖို့၊ မြင်လာစေဖို့၊ တတ်နိုင်သလောက် ကိုယ်တော်နဲ့ တူကြဖို့ပါပဲ။

ဒါပေမယ့် ခရစ်တော်ကြွလာတာဟာ ဘုရားကို ထင်ရှားပြသဖို့သာမက ပျောက်သောသူတွေကို ရှာဖို့၊ ကယ်ဖို့ လာရတာလည်း ဖြစ်တယ်။
သခင်ယေရှုကို “သခင် … ဘာကြောင့် ကြွလာတော်မူရသလဲ?” လို့ မေးရင် လုကာ ၁၉း ၁၀ အတိုင်း “ လူသားသည် ပျောက်သောသူတို့ကို ရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်း။” လို့ မိန့်တော်မူမှာပါ။”

ရှင်ပေါလု ကောင်းကင်ကနေ ပြန်လာပြီး၊ သခင်ယေရှု ဘာကြောင့်ကြွလာရသလဲ?” လို့ မေးခွင့်ရရင် …  ၁တိ ၁း ၁၅ အတိုင်း “ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ ကြွလာတော်မူသည်ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သော စကားလည်းဖြစ်၏။”

ဓမ္မသစ်ကာလ သခင်ယေရှုရဲ့ ခြေတော်ရာကို ပြန်ကောက်ကြည့်ရင် သခင်ယေရှုဟာ လူတယောက်ရဖို့ အချိန်ယူပြောဆိုတာကို မကြာခဏ တွေ့ရမှာ ဖြစ်တယ်။

ယောဟန် ၄ မှာ ရှမာရိရေတွင်းနားမှာ လျှောက်သွားရာကနေ လေလွင့်နေတဲ့အမျိုးသမီး တယောက်ကို ကယ်တင်ခြင်းအကြောင်း ပြောပြတယ်။ တပည့်တော်တွေက မြို့ကို စားစရာသွားဝယ်ဖို့ ပြောတဲ့အခါ “သင်တို့မသိသော စားစရာသည် ငါ၌ရှိသည်။” လို့ မိန့်တော်မူတယ်။

ကိုယ်တော်ဟာ သစ်ပင်တပင်အောက်မှာ ရပ်လိုက်တယ်။ အခွန်ခံဇက္ခဲကို ဆင်းခဲ့ဖို့ ပြောတယ်။ “သင်၏အိမ်၌ ငါတည်းနေမည်” တဲ့။ လူတွေကို ရွေးနှုတ်ဖို့ ကြွလာတာပါ။

ကျွန်တော်တို့ လုပ်ရမယ့်အလုပ်က သခင်ယေရှုရဲ့အလုပ်နဲ့ အတူတူပါပဲ။ “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။”

ဝိညာဉ်ကယ်တင်ရေးဟာ ယုံကြည်သူတိုင်းရဲ့ အလုပ်ဖြစ်သင့်ပါတယ်။ ဒီလောကမှာ အခု လုပ်နေရတာဟာ ခရစ်တော်ထံ လူတွေ ပို့ပေးဖို့ပါ။ ဒါကြောင့် “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။”  ဆိုတာဟာ “တူညီတဲ့ အမှုတော်အတွက်” လို့ ဆိုလိုပါတယ်။

ဘုရားသခင်ကို ထင်ရှားပြဖို့ ကြွလာပါတယ်။ လူတွေကို ရွေးနှုတ်ကယ်တင်ဖို့ ကြွလာပါတယ်။ ဒါပေမယ့် အသင်းတော်ကို ပြုစုတည်ထောင်ဖို့လည်း ကြွလာတာဖြစ်တယ်။ မဿဲ ၁၆း ၁၈ မှာ “ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။”

မဿဲ၂၈း ၁၉-၂၀ ရဲ့ “မဟာအမိန့်တော်” The Great Commission က “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။-ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ၊ ဆုံးမဩဝါဒ ပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာ ကုန်သည်တိုင်အောင် သင်တို့နှင့်အတူ စဉ်မပြတ်ရှိသည်။”

ပထမ သင်ပြတယ်။ နောက်-နှစ်ခြင်းပေးတယ်။ ခရစ်တော်ထံ ပို့ပေးရုံသာမက နှစ်ခြင်းခံဖို့ပါ။ အသင်းတော်ရဲ့ ေ့ရှထွက်လာစေဖို့ ဖြစ်ပါတယ်။ ခရစ်တော်အတွက် ရပြီး၊ နှစ်ခြင်းခံပြီးရင်၊ တခြားသူတွေ ဆက်ရဖို့၊ နှစ်ခြင်းခံလာဖို့၊ ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပြပေးရမယ်။ အဲဒီလိုလုပ်ရင် ချိတ်ဆက်မိပြီးတော့ တလောကလုံးကို ရောက်ရှိသွားစေမှာ ဖြစ်ပါတယ်။

ကယ်တင်ခြင်း ဘယ်လိုရနိုင်တယ်ဆိုတာ ကိုယ့်ကိုလာပြောတဲ့သူဟာ သူ့ကို တခြားသူတယောက်က ပြောပြဖူးလို့ပါ။ တနေရာရာ တချိန်ချိန်မှာ တယောက်က သူ့ကို ကယ်တင်ခြင်း ဘယ်လိုရနိုင်တယ်ဆိုတာ ပြောပြဖူးပြီ။ သံကြိုးကွင်းဆက်လိုပါဘဲ။ တယောက်ကနေ နောက်တယောက်၊ နောက်တယောက်ကနေ နောက်ထပ်တယောက်ထံ သတင်းစကားလေး ကြားသွားစေတယ်။ နောက်ဆုံး- ကိုယ့်ဆီ ရောက်လာသည်အထိ ပါပဲ။

ဒီနေရာမှာ မေးစရာဖြစ်လာတာက ကိုယ့်ဆီ ရောက်လာတဲ့တရားစကားကို ရပ်တံ့သွားစေသလား? ဆက်ဝေငှသလား? ဆိုတာပါဘဲ။

သူတို့ကိုယ်သူတို့ P.I.O လို့ မှည့်ခေါ်ထားတဲ့ ခရစ်ယာန်တွေအကြောင်း ကြားရဖူးပါတယ်။ တချို့က ပြောကြတယ်။ C.I.O လို့ပဲ ကြားဖူးပါတယ်။ P.I.O လို့မကြားဖူးသေးဘူး။ P.I.O ဆိုတာက ဘာလဲ?” တဲ့။
အဲဒီခရစ်ယာန်က ဖြေတယ်။ Pass It On ! Pass It On ! “ဝေငှလိုက်-ဝေငှလိုက်” တဲ့။
ကိုယ့်ဆီကို ဧဝံဂေလိတရား ရောက်လာတဲ့အခါ ဘာလုပ်သလဲ? တခြားတယောက်ကို ပြောပြ သလား? ခရစ်တော်ထံ တယောက်ယောက်ကို ပို့ဆောင်သလား?

ကျွန်တော်ဟာ အသင်းတော်တခုထဲမှာပဲ သင်းအုပ်၂၁ နှစ်လုပ်ဖူးတယ်။ တနင်္ဂနွေတနေ့ပြီး တနေ့ ခရစ်ယာန်တွေ ေ့ရှထွက်လာတာ၊ အသင်းတော်မှာ ပါဝင်ဖို့ခေါ်လာတာ၊ နှစ်ခြင်းခံကြတာတွေဟာ သိပ်အံ့ဩစရာ၊ သိပ်လှပတဲ့ မြင်ကွင်းတွေပါပဲ။ တနင်္ဂနွေနေ့တိုင်း တယောက်ယောက်တော ့ေ့ရှထွက်လာမယ်လို့ သိနေတယ်။ ေ့ရှထွက်ပြီး နှစ်ခြင်းခံကြတာကို ၁၄ နှစ်လုံးလုံး မြင်ရတယ်။ အဲဒီလူအများစုက အိမ်မှာ ပြောပြပြီး၊ ကယ်တင်ခြင်းရသူတွေပါ။ နောက်-နှစ်ခြင်းခံဖို့ ဘုရားကျောင်းကို ခေါ်လာကြတာပါ။ အသင်းတော်ဟာ Georgia ပြည်နယ်မှာ အကြီးဆုံး အသင်းတော်ဖြစ်လာခဲ့ပြီး၊ အသင်းဝင် ရ,၉၀၀ ကျော်ရှိပါတယ်။

မနှစ်က သင်းအုပ်လုပ်တုန်းမှာ “ဝိညာဉ်ကယ်တင်ခြင်း မာရသွန်”  “Soul winning marathon” ဆိုပြီး ၂ ပတ်လုပ်ပါတယ်။ အတော်များများက မနက်တိုင်း ၉းဝဝ နာရီမှာ ဝိညာဉ်ကယ်တင်ဖို့ သွားကြတယ်။ တခါ ညနေ ၆ နာရီမှာ ထပ်သွားကြတယ်။ နောက် ရ နာရီ ၃၀ မှာ တခါ၊ ပြောင်းလဲသူ အများရှိသလို နှစ်ခြင်းခံလာတာတွေလည်း ရှိတယ်။ ၁၄ ရက်အတွင်းမှာ လူ၂၀၀၀ ကျော် ခရစ်တော်ထံ ပို့ဆောင်နိုင်ပြီး၊ နှစ်ခြင်းခံသူတွေ ညတိုင်းရှိတယ်။ ၂ ပတ် အတွင်း လူ၂၀၀၀ ကျော် နှစ်ခြင်းခံတယ်။

သခင်ယေရှုဟာ ဘုရားသခင်ကို ထင်ရှားပြဖို့ ကြွလာတယ်။ လူတွေကို ရွေးနှုတ်ဖို့ ကြွလာတယ်။ အသင်းတော်ကို ပြုစု တည်ထောင်ဖို့လည်း ကြွလာတာပါ။ အသင်းတော်တည်ဆောက်ဖို့ တခုတည်းသော နည်းကတော့ လူတွေ ကယ်တင်ခြင်းရအောင် လုပ်ဖို့ပါပဲ။

 “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ဆိုတာဟာ …..

           (၄) တူညီတဲ့ တရားစကားနဲ့ ….. with the same message 
 “ခမည်းတော်သည် ငါ့ကို တရားစကားနှင့် စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို တူညီတဲ့တရား စကားနဲ့ စေလွှတ်သည်။” တရားစကားက ရိုးရိုးကလေးပါ။ ဘယ်တော့မှ မပြောင်းလဲဘူး။ လူတွေက အပြစ်သား။ အပြစ်ကြွေးတင်နေတယ်။ အပြစ်ကြွေးကို အကြေဆပ်ပေးဖို့ ခရစ်တော်က ကားတိုင်မှာ အသေခံခဲ့တယ်။ သခင်ယေရှု အသေခံပေးတာကို ယုံကြည်ရမယ်။ ကယ်တင်ရှင်အဖြစ် အားကိုးလိုက်ရမယ်။

ကယ်တင်ခြင်းအကြောင်း နားလည်ခါစတုန်းက ဘာလုပ်ရမှန်း မသိလောက်အောင် စိတ်လှုပ်ရှားမိတယ်။ လူတိုင်း ကယ်တင်ခြင်းအကြောင်း နားလည်ဖို့လိုတယ်လို့ တွေးမိတယ်။ ကျွန်တော့လူတွေကတော့ ဒီတရားအကြောင်း ထပ်ထပ်ကြားရလို့ အီလာမှာ သေချာတယ်။ ဟောတာ သိပ်များနေပြီလားလို့လည်း စိုးရိမ်မိတယ်။

ဒီတရားစကားနဲ့ပဲ တအိမ်ပြီးတအိမ် သွားတယ်။ လူတွေက အပြစ်သား။ အပြစ်ကြွေးတင်နေတယ်။ ခရစ်တော်က အပြည့်အဝ အကြေပေးဆပ်ဖို့ အသေခံခဲ့တယ်။ သွားတဲ့အိမ်တိုင်း ဒီအကြောင်းပဲပြောတယ်။ အကျိုးရှိပါတယ်။ တခါတလေ “တရားစကား ပြောင်းရမလား? တခြားအကြောင်း ပြောင်းပြောရမလား?” တွေးမိတယ်။ ဒါပေမယ့် ကျွန်တော် နားလည်မိတာက “လူတယောက်မှာ အမဲလိုက်ဖို့ သေနတ်တလက်ရှိတယ်။ အမဲလည်းရတယ်ဆိုရင် သူအမဲလိုက်တိုင်း သေနတ်ပြောင်းနေစရာမလိုဘူး။”  ဒါကြောင့်   ဒီတရားစကားကိုပဲ ဆက်သုံးနေပါတယ်။

အိမ်မှာဆိုရင် အမြဲတမ်းစားနေကျ ပန်းကန်နဲ့ပဲ ကျွန်တော်စားတယ်။ ထိုင်နေကျအခန်း၊ ထိုင်နေကျ စားပွဲ၊ ထိုင်နေကျ ကုလားထိုင်မှာပဲ ကျွန်တော်ထိုင်တယ်။ အနားယူမယ်ဆိုရင်လည်း နားနေကျအခန်း၊ နားနေကျ ကုလားထိုင်မှာပဲ ထိုင်တယ်။ ၂၇ နှစ်လုံးလုံး အိပ်နေကျ အိပ်ရာရဲ့ အိပ်နေကျ ဖက်မှာပဲ အိပ်ခဲ့ပါတယ်။ ဆံပင်ခွဲရင်လည်း ခွဲနေကျအတိုင်းပဲ ဖီးလေ့ရှိပါတယ်။ ဘယ်တော့မှ မပြောင်းခဲ့ဘူး။ ေ့ရှဆက် ဆံပင်ဆက်ခွဲရင်လည်း အရင်အတိုင်းပဲ ခွဲနေဦးမှာပါဘဲ။ သမ္မာတရားဟာ ဘယ်တော့မှ မပြောင်းလဲဘူး။ ဒါကြောင့် တရားစကား ပြောင်းစရာမလိုဘူး။

တရားစကားက ရှင်းပါတယ်။ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” ဒီတရားကို သေသည့်တိုင်အောင် ဟောမယ်လို့ ကျွန်တော် စိတ်ဆုံးဖြတ်ထားတယ်။

Charles Spurgeon တခါက ပြောဖူးတယ်။ “ရှေး-ဧဝံဂေလိတရားဟောင်းကို ဟောခြင်းမှတပါး တခြားနည်းနဲ့ နာမည်မကြီးချင်ပါ။” တဲ့။

သခင်ယေရှု တရားဟောရင် အမြဲတမ်း ရိုးရှင်းပါတယ်။ သခင်ယေရှုဟောရင်၊ ဘယ်သူမှ အဘိဓာန်စာအုပ်တွေ သယ်လာစရာမလိုဘူး။ “ဟုတ်တယ်။” တရားဟောကောင်းတယ်ဆိုတာဟာ ရှင်းနေတာကို ရှုပ်အောင်မလုပ်ဘူး။ ရှုပ်နေတဲ့အရာကို ရှင်းအောင်လုပ်တာသာဖြစ်တယ်။ “သမ္မာတရားရဲ့ ဆွဲဆောင်မှုအရှိဆုံး အဆင်တန်ဆာကတော့ ရိုးရှင်းမှုပဲဖြစ်တယ်။” လို့ Dr. Bob Jones, Sr.  တခါက ပြောဖူးတယ်။

Billy Sunday ကတော့ “လူတိုင်း ယူစားလို့ရအောင် မုန့်တွေကို စင်ရဲ့ အောက်ဆုံးထပ်မှာထား” လို့ဆိုတယ်။ ရိုးရှင်းမှုပါဘဲ။

Oklahoma ပြည်နယ်ရဲ့ နိုးထမှုစည်းဝေးတခုမှာ ပါဝင်ဖူးတယ်။ အသင်းတော်က နှစ်ပေါင်းများစွာ ဆုတောင်းပေးနေတဲ့ အဘိုးအိုတယောက် သီတင်းပတ်ရဲ့ အစပိုင်းမှာပဲ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံတယ်။ နောက်ဆုံးညမှာတော့ မိန်းမငယ်တယောက် တခြားသူတွေနဲ့အတူ ပါဝင်လာတယ်။ သူ့ခမျာ နားလည်ရ ခက်နေတယ်။ စည်းဝေးပြီးတော့ အချိန်ယူပြီး သူ့ကိုရှင်းပြတယ်။ အတတ်နိုင်ဆုံး ရှင်းရှင်းလေးပြောပြတော့ အဖိုးအိုရောက်လာပြီး မိန်းမငယ်ရဲ့ဘေးမှာ ဝင်ထိုင်တယ်။ ခဏ စကားဖြတ်ပြီးတော့ “သမီးကလေး သေသေချာချာ နားထောင်နော်။ မင်းမရပဲ ဖြစ်သွားလောက်အောင်ကို သိပ်ရှင်းလွန်းတယ်” လို့ ဝင်ပြောတယ်။

ဒီလိုပြောပြီး သူထွက်သွားတယ်။ ခဏအကြာမှာတော့ မိန်းမငယ်ဟာ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံတယ်။

နိကောဒင်က ဒုတိယမွေးခြင်း ဘယ်လိုခံရမလဲလို့ မေးတဲ့အခါ သခင်ယေရှုက ရိုးရိုးကလေးပဲ ဖြေတယ်။ “မောရှေသည် တော၌ မြွေကိုမြှောက်ထားသကဲ့သို့၊ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။” (ယော၃း၁၄၊၁၅)

 “နိကောဒင် … မင်း ငါ့ကို အားကိုးမှ ကယ်တင်ခြင်းရမယ်။ ကယ်တင်ခြင်းရဖို့ ငါ့ကို အမှီပြုရမှာပေါ့” လို့ သခင်ယေရှုပြောခဲ့တာပါ။

 “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ဆိုတာဟာ တူညီတဲ့တရားစကားနဲ့ လို့ ဆိုလိုတာပါ။ နောက်ပြီးတော့ …..

 (၅) တူညီတဲ့စိတ်ရင်းနဲ့ …  By The same motive
ဘုရားသခင်အတွက် လုပ်ဆောင်သမျှကို နောက်ဆုံး စစ်ဆေးမဲ့အရာကတော့ စိတ်ရင်းပါဘဲ။ ၁ကော ၁၃း ၃ မှာ “သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတတ္တာမရှိလျှင် ငါ၌အကျိုးမရှိ။”

သခင်ယေရှု ဒီလောကမှာ အမှုတော်ဆောင်ဖို့ ကြွလာချိန်မှာ တခြားအကြောင်းအမျိုးမျိုးရဲ့ ပြင်ပဖိအားပေးမှုတွေကြောင့် အကြပ်ကိုင် လုပ်ဆောင်ရတာမျိုးမရှိခဲ့ဘူး။ ချစ်ခြင်းမေတ္တာကြောင့်သာ အလုပ်လုပ်ခဲ့ပါတယ်။ မဿဲ၉း၃၆မှာ “လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။- အကြောင်းမူကား ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။”

ကဲ- သခင်ယေရှုဟာ အပြစ်သားတွေအပေါ် ဘယ်လောက်ချစ်သလဲ?  မဿဲ၂၃း ၂၇ မှာ ယေရုရှလင်မြို့ကို သခင်ယေရှု ကြည့်တော်မူတဲ့အကြောင်း ဖတ်ရတယ်။

 “အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူတို့ကိုလည်း၊ ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်
အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကားအလိုမရှိ။”

ပိုကောင်းတဲ့၊ ပိုတော်တဲ့ တရားဟောဆရာတယောက်ဖြစ်ဖို့ ဘာလုပ်ရမလဲလို့ ဟိုးနှစ်ပေါင်း များစွာတုန်းက ကျွန်တော်တွေးကြည့်မိတယ်။ “ကျမ်းစာချက်တွေ အများကြီးသုံးရင်၊ တရားဟောတာ ပိုတန်ခိုးပါမလား။” တွေးမိတယ်။ အဲဒီတော့ ကျမ်းပိုဒ်တွေသာမက အခန်းကြီးတွေ အခန်းငယ်တွေပါ သုံးဖို့ ဆုံးဖြတ်လိုက်တယ်။

တနေ့တော့၊ အပြစ်သားတွေအပေါ် စိတ်ပိုဝင်စားရင် ပိုတန်ခိုးရမယ်လို့ ကျွန်တော်မြင်လာတယ်။ ဒါနဲ့ “သခင်ယေရှုဘုရား-ကိုယ်တော် အပြစ်သားတွေအတွက် ခံစားသလို ကျွန်တော်ခံစားရစေပါ။ တရားဟောရင် ကိုယ်တော် ဟောတုန်းက ခံစားခဲ့သလိုမျိုး ဒီပရိတ်သတ်အပေါ်မှာ ကျွန်တော်ခံစားရစေပါ။” လို့ ဆုတောင်းလိုက်တယ်။

ရုတ်တရက် နားလည်လိုက်တာကတော့ ဒီဇာတိခန္ဓာကိုယ်နဲ့ သခင်ယေရှု သနားသလိုမျိုး လိုက်ခံစားရဖို့ မဖြစ်နိုင်ဘူး ဆိုတာပါပဲ။ ဒါနဲ့ ကိုယ်တော်ခံစားခဲ့သလို အတတ်နိုင်ဆုံးခံစားပြီး၊ တရားဟောဖို့ အသက်ရှင်ပါရစေလို့” ဆုတောင်းချက် ပြောင်းလိုက်တယ်။

သခင်ယေရှုက ချစ်ခြင်းမေတ္တာကို အရင်းခံတယ်။ ဒါပေမယ့် စေလွှတ်ထားတဲ့အမှုတော်ကို ဘယ်သူမှ လိုက်မလုပ်နိုင်လောက်တဲ့ အသိတရားအားဖြင့်လည်း အရင်းခံပါသေးတယ်။ အပြစ်သားတွေကို ကယ်ဖို့ သခင်ယေရှုသာ သစ်တိုင်မှာ အသေခံမပေးရင်၊ အပြစ်သားတွေ ကယ်တင်ခြင်းမရနိုင်တော့ပါဘူး။ ကျမ်းစာထဲမှာ “must” “ရမည်” ဆိုတဲ့စကားတွေ့ရင် ဒီ့ပြင် တခြားလမ်း မရှိတော့ပါဘူး။ ယော၃း ၁၄ မှာ “မောရှေသည် တော၌ မြွေကိုမြှောက်ထားသကဲ့သို့၊ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။” တခြားလမ်းမရှိပါဘူး။ သခင်ယေရှုဟာ အပြစ်သားတွေအတွက် အသေခံရမယ်။ အပြစ်ကြွေးဆပ်ရမယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ အပြစ်သားတွေ ကယ်တင်ခြင်း မရနိုင်တော့ပါဘူး။

တကယ်လို့ သခင်ယေရှုသာ အသေခံမပေးရင်၊ တခြားအရံ နည်းလမ်းမရှိပါဘူး။ တခြားသူတွေကို ခရစ်တော်အကြောင်း ပြောပြဖို့ ကျွန်တော်တို့ဘက်က ပျက်ကွက်ခဲ့ရင် ဘုရားသခင်မှာ အရံနည်းလမ်း မရှိပါဘူး။ “သင်တို့သွား၍ လူမျိုးတကာတို့ကို ဧဝံဂေလိတရား ဟောပြောလော့။ ဟောလို့မှ အကျိုးမရှိရင်၊ နောက်တမျိုး ကြိုးစားကြည့်ကြလို့။” မပြောပါဘူး။ ဘုရားသခင်မှာ တနည်းပဲရှိပါတယ်။

ကယ်တင်ခြင်း ဘယ်လိုရနိုင်တယ်ဆိုတာ လူတွေကို ပြောပြဖို့ပါပဲ။ မပြောပြရင် သွားပြီပေါ့။ ဘုရားမှာ တခြားနည်းမရှိပါဘူး။ လောကီသားတွေအပေါ် ဘုရားသခင် ထိတွေ့နိုင်တဲ့နည်းကတော့ ခရစ်ယာန်တွေအားဖြင့်သာ ရနိုင်တယ်။

ကျွန်တော်တို့ကို ခိုင်းထားတဲ့အလုပ်ကို တခြားသူမလုပ်နိုင်ဘူးဆိုတာ သိနားလည်တဲ့ စိတ်ရင်းမျိုး ဘုရားသခင်ပေးသနားပါစေ။ ဒီခေတ် သန့်ရှင်းသူတွေကမှ ဒီခေတ် အပြစ်သားတွေကို ခရစ်တော်အကြောင်း မပြောပြရင်၊ ထာဝရကမ္ဘာ အဆက်ဆက် မသိကျွမ်းရဘဲနေတော့မှာပါ။

သခင်ယေရှုဟာ အပြစ်သားတွေအပေါ်ထားတဲ့ မေတ္တာနဲ့ အရင်းခံရုံ၊ စေလွှတ်တဲ့အမှုတော်ကို သိကျွမ်းခြင်းနဲ့ အရင်းခံရုံသာမက ဝမ်းမြောက်ခြင်းမှာလည်း အရင်းခံထားပါတယ်။ ဟေဗြဲ၁၂း ၂ မှာ  “ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။  ထိုသခင်သည် မိမိေ့ရှ၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ၊ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော်လက်ျာဘက်၌ ထိုင်နေတော်မူ၏။”

သခင်ယေရှု ကားတိုင်ပေါ် အသေခံချိန်မှာ ေ့ရှဆက်ခံစားရတဲ့ ဝမ်းမြောက်ခြင်းအကြောင်းကို ကိုယ်တော်တွေးတယ်။ မုတ်ဆိတ်ကိုဆွဲကြချိန်မှာ ေ့ရှမှာခံစားရမယ့် ဝမ်းမြောက်ခြင်းအကြောင်း၊ တွေးပါတယ်။ ကြာပွတ်နဲ့ရိုက်ချိန်၊ အဝတ်ဆွဲချွတ်ချိန်မှာလည်း ေ့ရှမှာခံစားရမယ့် ဝမ်းမြောက် ခြင်းအကြောင်း တွေးနေတော်မူပါတယ်။ အဲဒီဝမ်းမြောက်ခြင်းဟာ အပြစ်သားတွေ ကိုယ်တော်ထံ လာကြမယ်ဆိုတဲ့ ဝမ်းမြောက်ခြင်းအကြောင်း၊ ကယ်တင်ခြင်းရကြမယ်ဆိုတဲ့ ဝမ်းမြောက်ခြင်းပါပဲ။

ခရစ်တော်အတွက် ဝိညာဉ်တွေရတာလောက် ဝမ်းသာတဲ့ ဝမ်းမြောက်ခြင်းမျိုး တခြားမကြံုဖူးပါဘူး။ ဆာလံ၁၂၆း ၆ မှာ “မျက်ရည်ကျလျက် ကြဲရန်မျိုးစေ့ကိုဆောင်၍ ထွက်သွားသောသူသည်၊ ကောက်လှိုင်းများကိုဆောင်လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်။” ဒီ့အထက်က ကျမ်းပိုဒ်က  “မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။” ခရစ်တော်ထံ လူတွေကို ပို့ဆောင်တဲ့ ဝမ်းမြောက်ခြင်းပါပဲ။ ကျမ်းစာအုပ်ကိုယူပြီး တယောက်ယောက်ကို ကယ်တင်ခြင်း ရနိုင်တဲ့အကြောင်းပြောပြ၊ ဒူးထောက်ပြီး ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးကြတဲ့ ဝမ်းမြောက်ခြင်းလောက် ကြီးမြတ်တာ တခြားမရှိတော့ပါဘူး။ ၁သက်၂း ၁၉-၂၀ မှာ ….

“ငါတို့ မြှော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား အဘယ်သို့သော အကြောင်းအရာနည်း။ ငါတို့ သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ၊ ေ့ရှတော်၌ သင်တို့သည် ထိုသို့သောအကြောင်းအရာ ဖြစ်ကြသည်မဟုတ်လော။ သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏ ဝမ်းမြောက်ခြင်းဖြစ်ကြသတည်း။”

မကြာသေးခင်က စည်းဝေးတခုမှာ ဝိညာဉ် ကယ်တင်ခြင်းသင်ခန်းစာ (Soul winning)တခု သင်ပြပါတယ်။ ဝတ်ပြုစည်းဝေးပြီးတော့ သက်သေခံ ထွက်ကြတယ်။ ညပိုင်း ဝတ်ပြုစည်းဝေးမစခင် လေးမှာပါပဲ သူတို့ထဲက လူတယောက် ဘုရားကျောင်းထဲပြေးဝင်လာပြီး အော်ပြောတယ်။ “အကျိုးရှိ တယ်၊ အကျိုးရှိတယ်၊ အကျိုးရှိတယ်။” ခဏကြာတော့ သူ့ကြောင့် ဘုရားကျောင်းထဲက လူတိုင်း စိတ်လှုပ်ရှားလာကြတယ်။ ဒါဟာ အဲဒီလူ ရလိုက်တဲ့ ခရစ်တော်ထံ ပို့ဆောင်ပေးလို့ရတဲ့ ဝမ်းမြောက်ခြင်းပါဘဲ။  ကောင်းကင်မရှိ၊ ငရဲမရှိ၊ လူသေရင်ပြီးပြီဆိုရင်တောင် ကျွန်တော်ကတော့ ခရစ်တော်ထံလူတွေပို့ရင် ဝမ်းမြောက်ရလို့ ဆက်ပို့နေဦးမှာပါဘဲ။

ဟိုးအရင်နှစ်တွေတုန်းက ဝိညာဉ်ကယ်တင်ဖို့ သက်သေခံစတုန်းက လိပ်စာကဒ်ကလေးတခု ယူသွားတယ်။ အရင် ၃လလောက်က ဘုရားကျောင်း လာတက်တဲ့မိသားစုပါ။ ည ၉ နာရီကျော်အချိန်ပါ။ အဲဒီမိသားစုကို အရမ်းသွား တွေ့ချင်နေတယ်။ မြေပုံအရ သူတို့လမ်းရဲ့နေရာ သိရတယ်။ ခဏအကြာမှာ သူတို့အိမ်ေ့ရှ ကားထိုးရပ်လိုက်တယ်။

အိမ်ရှင်အမျိုးသားက ပရိဘောဂ အသုံးအဆောင်တွေကို အိမ်ေ့ရှရပ်ထားတဲ့ အငှါးကုန်တင် ကားတစီးအပေါ် တင်နေတယ်။

သွားပြီး မိတ်ဆက်လိုက်တယ်။ “အခုမှ လာလည်ဖြစ်တဲ့အတွက် စိတ် မကောင်းဘူးဗျာ။ လွန်ခဲ့တဲ့ (၃) သုံးလလောက်တုန်းက ခင်ဗျားတို့တော့ ဘုရားကျောင်းအလာသားဗျာ။ အခုတော့ သိပ်နောက်ကျသွားပြီထင်တယ်။ အိမ်ပြောင်းကြတော့မှာကိုး” လို့ ပြောလိုက်ပါတယ်။
သူက ခေါင်းငြိမ့်ပြီးတော့ “အမျိုးသမီးနဲ့ ကျွန်တော် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြပြီ။ ကျွန်တော့် ပစ္စည်းတွေယူပြီး၊ ဒီည သွားတော့မလို့ပါ။”
ကျွန်တော် ဘာပြောရမှန်းမသိတော့ဘူး။ ဒါပေမယ့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး၊ “ခင်ဗျားမသွားခင်၊ စကား ခဏပြောခွင့်ရှိမလားခင်ဗျာ?”
 “ရပါတယ်” လို့ သူပြောတယ်။ အိမ်နောက်ခန်းတခန်းကို အတူသွားကြရင်း၊ အိပ်ယာပေါ်ထိုင် လိုက်ကြတယ်။ သူ့ကို ခရစ်တော်ထံပို့ပေးတဲ့အခါ ကလေးတယောက်လို သူငိုတယ်။
 “ခင်ဗျား ဒီမှာစောင့်ဗျာ။ ခင်ဗျားအမျိုးသမီးကို သွားတွေ့ဦးမယ်။” လို့ ပြောလိုက်တယ်။ ဧည့်ခန်းထဲသွားပြီး၊ သူ့အမျိုးသမီးကို ခေါ်လိုက်တယ်။ အမျိုးသမီးက ကျွန်တော်တို့ကို လာတွေ့ပါတယ်။ သူ့အမျိုးသားဟာ ခရစ်တော်ကိုကယ်တင်ရှင်အဖြစ် အားကိုးခဲ့ပြီလို့ ရှင်းပြတယ်။ နည်းနည်း သံသယရှိပုံရပေမယ့် နားထောင်ပေးပါတယ်။
 “အခု-ကျမ်းစာအုပ်ယူပြီး၊ ခင်ဗျားအမျိုးသားကို ရှင်းပြတာလေး ပြန်ပြောပြချင်တယ်။” လို့ ပြောတော့- ခဏအကြာမှာ သူလည်း ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးသွားပါတယ်။ နှစ်ယောက်စလုံး ကလေးတွေလိုငိုကြတယ်။ တယောက်နဲ့တယောက်ကြည့်နေရင်း ဖက်ထားလိုက်ကြပါတော့တယ်။
အိမ်ေ့ရှခန်းထဲမှာ အမျိုးတွေ တော်တော်များများရှိတယ်။ သူ့ဖက်ကိုယ့်ဖက် အမျိုးတွေပေါ့။ ကျွန်တော်က ဧည့်ခန်းထဲသွားပြီး၊ အကျိုးအကြောင်း ပြောပြကြရအောင်” လို့ ပြောလိုက်တယ်။
အိမ်ခန်းထဲရောက်တော့ အားလုံး အတူစုထိုင်ကြပြီး နားထောင်ကြဖို့ ပြောလိုက်တယ်။ ကျွန်တော်က “သူတို့နှစ်ယောက်ဟာ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ကိုးစားကြပြီ။ တယောက်နဲ့
တယောက်လည်း ချစ်ကြပါပြီ။ ခရစ်ယာန်အိမ်ထောင်တခုအဖြစ် တည်ဆောက်ကြတော့မှာပါ။” သူတို့ ဘာပြောရမှန်းမသိဘဲ ကြည့်နေကြတယ်။ ကျွန်တော်က “အခု-ကျမ်းစာအုပ်ယူပြီး၊ အခုန ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောပြမယ်လို့ ပြောလိုက်တယ်။

သဘောတူကြတော့ အိမ်မှာ ရှိသမျှလူတွေကို ကယ်တင်ခြင်းအကြောင်း ပြောပြလိုက်တယ်။ နောက်တော့ ခေါင်းငုံ့၊ မျက်စိမှိတ်ကြပြီး ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ဘယ်နှစ်ယောက် အားကိုးကြမလဲ လို့ မေးလိုက်တယ်။ အများစု အားကိုးကြပါတယ်။ တကယ်ပဲ ရှေးသန့်ရှင်းသူတွေလို ဟာလေလုယာ အော်ဟစ်တဲ့အချိန်ကလေးပါဘဲ။
အချိန်ကလည်း နောက်ကျနေပြီဆိုတော့ “ခင်ဗျားတို့ပ စ္စည်းတွေ ပြန်ချပြီး အိမ်ထဲထည့်ကူရမလား” လို့မေးလိုက်တယ်။
အမျိုးသားက ပြံုးပြီးတော့ “ဆရာ …ကူချင်ရင် ကူလေ” လို့ပြောတယ်။
 “ကူရမှာပေါ့” လို့ပြောပြီး၊ ကုတ်အင်္ကျ ီနဲ့လည်စီးကို ချွတ်ပြီး ခဏကြာသည်အထိ ပစ္စည်းတွေ အိမ်ထဲ ပြန်သယ်ပေးတယ်။ အော်ကြ၊ ဟစ်ကြ၊ ပစ္စည်းတွေသယ်ကြ၊ ပြန်အော်ကြနဲ့ ခရစ်တော်ထံ လူတွေကို လမ်းပြရတာဟာ သိပ်ဝမ်းသာစရာကောင်းတယ်။  “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ဆိုတာဟာ “တူညီတဲ့ အမိန့်တော်အောက်မှာ”၊ “တူညီတဲ့ အပြုအမူ”၊ “တူညီတဲ့ အမှုတော်အတွက်”၊ “တူညီတဲ့ တရားစကားနဲ့”၊ “တူညီတဲ့ စိတ်ရင်းနဲ့” လို့ ဆိုလိုတာပါဘဲ။            ။

Thursday, May 9, 2013

05. The Believer and the Devil (BREAD FOR BELIEVERS) (Burmese)

Dr. Curtis Hutson
----------------------------------------------------------------
အခန်း  ၅
-----------------------------------------------------------------
(၁) ရင်ဆိုင်ရတဲ့ ရန်သူ
(၂) ခုခံတိုက်ခိုက်ဖို့ နိုးဆော်ချက်
(၃) တိုက်ခိုက်ရန် ခွန်အားပေးသံ
(၄) လိုက်နာရန် ပုံသက်သေ

“ဘုရားသခင်၏ အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” ယာကုပ် ၄း ရ
“သမ္မာသတိရှိလျှက် မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျှက်ရှိ၏။ ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကို ဆီးတားကြလော့။” ၁ ပေ ၅း ၈- ၉။

               ကျမ်းစာကိုယုံကြည်တဲ့ Fundamental အသင်းတော်တခုထဲမှာ ကြီးပြင်းပြီးတော့၊ ခရစ်ယာန်ကျောင်းမှာလည်း နေဖူးတယ်။ ဆက်ကပ်တဲ့အသက်တာ၊ သီးခြားနေတဲ့အသက်တာနဲ့ အသက်ရှင်ခဲ့တယ်။ သူ့မိဘတွေကလည်း ညတိုင်း ဘုရားဝတ်ပြုသူတွေ ဖြစ်ပေမယ့် ကြီးလာတဲ့အခါ မနာခံတတ်သူ၊ စုံစမ်းခြင်းထဲ လိုက်သွားပြီး အပြစ်ထဲကျင်လည်နေတဲ့ ခရစ်ယာန်လူငယ်တွေအကြောင်း ကြားဖူးသလား? မိဘတွေက “ကျွန်တော်တို့ ဘယ်မှာ မှားသွားလဲ မသိဘူး။ Sunday School လည်း မပျက်ဘူး။ တရားဟောပွဲတွေလည်း မပျက်ဘူး။ ဆယ်ဖို့တဖို့လည်း ပေးပါတယ်။ ည,ည လည်း မိသားစု အတူ ဘုရားဝတ်လည်း ပြုပါတယ်။ သားသမီးတွေလည်း ကျမ်းစာဖတ်တာပဲ။ ဆုလည်း အတူတူ တောင်းတာပဲ။ အခုတော့ ဝိညာဉ်ရေးကို သားက လုံးဝ စိတ်မဝင်စားတော့ဘူး။ ရှင်းပြပါဦးဆရာ” လို့ မေးတတ်တယ်။

               ကျွန်တော့အဖြေက … “ခင်ဗျားတို့က သားကို ဘုရားသခင်အကြောင်း သင်ပေးတယ်။ ကျမ်းစာအကြောင်းလည်း သင်ပေးတယ်။ ဆုတောင်းဖို့လည်း သင်ပေးတယ်။ ဒါပေမယ့် ရန်သူအကြောင်း သင်မပေးမိလို့ပါပဲ။ တိုက်ပွဲများစွာ ရှုံးရတာဟာ ရန်သူကို မသိလို့ (သို့) ရန်သူကို အထင်သေးလို့ပါ။ ကျမ်းစာက “သမ္မာသတိရှိလျှက်၊ မအိပ်ပဲ စောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျှက်ရှိ၏။” လို့ ၁ ပေ ၅း ၈ မှာ ဂတိပေးထားတယ်။

               ကမ္ဘာပေါ်ရှိ ယုံကြည်သူတိုင်းသာ ခရစ်တော်အတွက် အမှုတော်ဆောင်ရင်၊ ဝိညာဉ်တွေ ရရင်၊ အမှုတော်ထဲမှာ ပါဝင်ရင်၊ အမေရိကန်ပြည်က ဘုရားကျောင်းတိုင်း လူပြည့်နေမှာပဲ။ ကမ္ဘာကို လအနည်းငယ်အတွင်းမှာ ဧဝံဂေလိ လုပ်နိုင်မှာပါ။

               သက်သေခံဟောပြောဖို့သွားရင်း၊ “ခင်ဗျား ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးပြီးပြီလားလို့ လူတယောက်ကို မေးကြည့်တယ်။ ခေါင်းကို ဆတ်ကနဲ ငြိမ့်ပြီး၊ သူက “ဟုတ်ကဲ့၊ အားကိုးပြီးပါပြီ။ ၁၁ နှစ်သား အရွယ်ကတည်းက တရားဟောပွဲတခုမှာ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် အားကိုးခဲ့ပါတယ်။ ဒီလို အားကိုးတာဟာ ဘုရားသခင်နဲ့ ဝေးသွားစေလိမ့်မယ်လို့ တယောက်ယောက်က ပြောခဲ့ရင်တော့ ကျွန်တော် အားကိုးခဲ့မိမှာ မဟုတ်ဘူး။” လို့ ဖြေတယ်။ သူ ဘာတွေ ဖြစ်နေသလဲ?

              လူတွေ လေးစားပြီး၊ ဘုရားအပေါ် သစ္စာရှိတဲ့ တရားဟောဆရာတွေ ရှိပါတယ်။ ဝိညာဉ်တွေလည်း ရပါတယ်။ ဒါပေမယ့် အခု သူတို့ အမှုတော်ထဲက ထွက်သွားကြပြီ။ ဘာတွေ ဖြစ်နေတာလဲ? သူတို့ဟာ ရန်သူကို မသိခဲ့တာပါ။ အဲဒီ ခရစ်ယာန်တွေဟာ ကျမ်းစာဖတ်ကြ၊ ဆုတောင်းကြ၊ ဘုရားကျောင်းတက်ကြပေမယ့် မာရ်နတ်ကို ဆီးတားရမယ့်အကြောင်း ဘာမှမသိခဲ့လို့ပါ။ ဂတိတော်က “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သင်တို့ထံက ပြေးသွားလိမ့်မည်။” ယာကုပ် ၄း ရ။ ဒီကျမ်းချက်ဟာ ယော ၃း ၁၆ လိုပဲ မှန်ပါတယ်။

               ၁။ ရင်ဆိုင်ရတဲ့ ရန်သူ
               ဘုရားသခင်ရှိသလို၊ စာတန်ဆိုတဲ့ ရန်သူတယောက်လည်း တကယ်ရှိပါတယ်။ ဘုန်းတော်ဝင်စားပြီဖြစ်တဲ့ Dr. Dallas Billington က “ဘုရားသခင် တကယ်ရှိတယ်” ဆိုတဲ့ စာအုပ်ကို ရေးဖူးတယ်။ “မာရ်နတ် တကယ်ရှိတယ်” ဆိုတဲ့ စာအုပ်မျိုးကိုလည်း တယောက်ယောက်က ရေးဖို့ကောင်းပါတယ်။

               လက်ဝှေ့သမားတယောက်လိုတော့ မဖြစ်ပါစေနဲ့။ ပထမအချီအပြီးမှာ သူထောင့်ကို ပြန်လာတော့ နည်းပြက ကျောကို အသာပုတ်ပြီး “သွားတော့၊ ဒုတိယအချီမှာ အနိုင်ယူတော့။ သူ မင်းကို တချက်မှ မထိသေးဘူး။” လို့ ပြောတယ်။
               ဒုတိယအချီ ဝင်ထိုးတယ်။ ပြိုင်ဖက်က အလဲထိုးလုနီးပါး ဖြစ်သွားတယ်။ ဒယီးဒယိုင်နဲ့ သူ့ထောင့်ကို ပြန်လာတော့ နည်းပြက ကျောကို အသာပုတ်ပြီး “သွားတော့၊ ဒီအချီမှာ အနိုင်ယူလိုက်။ သူ မင်းကို တချက်မှ မထိသေးဘူး။” လို့ ပြောတယ်။
               တတိယအချီမှာ နှစ်ခါလောက် အလဲထိုးခံရတယ်။ ဒိုင်က ၉ အထိ ရေရတယ်။ ခေါင်းလောင်းသံကြောင့်သာ သက်သာသွားတာပါ။ သူ့ထောင့်ကို ဒရွတ်တိုက် တွဲခေါ်သွားကြရတယ်။ သူ့နည်းပြက ကျောကို အသာပုတ်ပြီး “သွားတော့၊ ဒီအချီမှာ အနိုင်ယူတော့။ သူ မင်းကို တချက်မှ မထိသေးဘူး။” လို့ ပြောတယ်။ ဒါနဲ့ သူက သူ့ဆရာကို “ပြန်ထိုးမယ် ဆရာ။ ဒီတချီမှာ သူ့ကို အနိုင်ယူမယ်။ ဒါပေမယ့် ဆရာက အဲဒီ ဒိုင်ကို ကြည့်ထားပါ။ တယောက်ယောက်ကတော့ ကျွန်တော့ အထဲက မာရ်နတ်ထွက်အောင် ထိုး၊ ထုတ်နေပြီ။” လို့ ပြောရှာတယ်။

               မာရ်နတ်က ခရစ်ယာန်အသက်တာကို အနိုင်ယူနိုင်တဲ့ နည်းတွေထဲမှာ “မာရ်နတ် မရှိဘူး။” လို့ ထင်အောင်လုပ်တဲ့နည်းက အအောင်မြင်ဆုံး နည်းပါပဲ။ Billy Sunday က “မာရ်နတ် တကယ်ရှိတယ်ဆိုတာ အချက် ၂ ချက်နဲ့  သိနိုင်ပါတယ်။ (၁) ကျမ်းစာက ပြောလို့ပါ။ (၂) သူနဲ့အတူ အလုပ်လုပ်ခဲ့ဖူးလို့ပါ။” လို့ ဆိုတယ်။ မာရ်နတ်ဟာ ဖန်ဆင်းစ ကျွန်တော်တို့မိဘ အာဒံနဲ့ ဧဝကိုပင်၊ ပညာပါပါ လှည့်စားနိုင်ရင်၊ သူ့ကို အထင်မသေးမိဖို့ လိုတယ်။

               သမ္မတကြီး ရူးစဗဲ့လ် Roosevelt မှာ ခွေးတကောင် ရှိတယ်။ အတိုက်အခိုက် ကောင်းတယ်လို့ ဆိုကြတယ်။ တနေ့ လမ်းလျှောက်ကြတော့ ခွေးဝဲစားကြီးတကောင်က သမ္မတရဲ့ ခွေးကို ခုန်ကိုက်လိုက်တာ သေလုမြောပါးပဲ။ F.B.I တပ်ဖွဲ့ဝင်တွေ ဝင်ကယ်ပေးရတယ်။ အိမ်ဖြူတော် အပြန်ခရီးမှာ တပ်ဖွဲ့ဝင်တယောက်က “သမ္မတကြီး ခင်ဗျာ၊ ဒီခွေးဟာ အတိုက်အခိုက် ကောင်းတယ်လို့ ထင်ထားတာ။” လို့ ဆိုပါတယ်။ ရူးစဗဲ့လ်က “အတိုက်အခိုက်က ကောင်းတယ်။ ဒါပေမယ့် ခွေးထဲမှာတော့ ဆုံးဖြတ်ပုံ Judgment အတော်ညံ့တဲ့ ခွေးလို့ ပြောရမှာပေါ့ကွာ။”  လို့ ပြောဖူးပါတယ်။
               အတိုက်အခိုက် ကောင်းပေမယ့် ရန်သူအပေါ် ကောင်းကောင်း မဝေဖန် မသုံးသပ်တတ်ရင် ရှံုးမှာပဲ။ မာရ်နတ်မှာ တန်ခိုးရှိတယ်။ အနန္တတန်ခိုးတော့ မဟုတ်ဘူး။ အကန့်အသတ်ရှိတဲ့ တန်ခိုးပါ။ ဘုရားသခင် အခွင့်ပေးမှ သုံးနိုင်တဲ့ တန်ခိုးပါ။

               မာရ်နတ်မှာ စိတ်အတွေးတွေကို နှုတ်ယူဖို့ အစွမ်းရှိတယ်။ ကျမ်းစာက “နိုင်ငံတော်၏ တရားစကားကို ကြား၍ နှလုံးမသွင်းသည်ရှိသော် နတ်ဆိုးလာ၍ နှလုံး၌ကြဲသော အစေ့ကို နှုတ်ယူတတ်၏။” မဿဲ ၁၃း ၁၉။ သမ္မာတရားကို ကြားပေမယ့် စိတ်ထဲအမြစ်မစွဲခင် နတ်ဆိုးလာပြီး နှုတ်ယူတတ်တယ်။
               ဘီယာ၊ စီးကရက်၊ စာတိုကဗျာတိုတွေကို မှတ်မိဖို့ မခက်ပေမယ့် ကျမ်းစာချက်တွေကို ဘာကြောင့် မှတ်ရခက်သလဲ? ပြဿနာက ဘီယာ၊ စီးကရက်၊ စာတိုကဗျာတိုတွေကို ဘယ်သူကမှ လာမနှုတ်ယူဘဲ၊ ကျမ်းစာတွေကိုတော့ အမြစ်မစွဲခင် လာနှုတ်နေတဲ့သူ ရှိလို့ပါပဲ။ မမှတ်မိသင့်တာတွေကို မှတ်မိနေပြီး၊ မှတ်မိသင့်တာတွေက မေ့နေတတ်တယ်။ မာရ်နတ်မှာ လူ့စိတ်ထဲကျတဲ့ တရားစကားကို နှုတ်ယူမယ့် တန်ခိုးရှိတယ်။

               မာရ်နတ်မှာ လူ့စိတ်ထဲကို အတွေးတွေ ထည့်နိုင်တဲ့ တန်ခိုးရှိပါတယ်။ တမန် ၅း ၁၊ ၂ မှာ အာနနိနဲ့ ရှဖိရေတို့ဟာ သူတို့ပိုင် ပစ္စည်းအတွက် လိမ်ညာတယ်။ ပေတရုက အာနနိကို “စာတန်သည် သင့်၏စိတ်နှလုံးကို အဘယ့်ကြောင့် ပြည့်စေရသနည်း” လို့ ဆိုတယ်။ ဒီကျမ်းပိုဒ်က Heart စိတ်နှလုံး လို့ဆိုရာမှာ Mind စိတ်သဘော၊ လူ့ရဲ့ ဗဟို လို့ ရည်ရွယ်တယ်။ Heart of the matter ဆိုရင် center of the matter အကြောင်းကိစ္စတခုရဲ့ ပင်မ၊ heart of the earth  ဆိုရင် center of the earth ကမ္ဘာမြေရဲ့ ဗဟိုချက်၊ the heart of  the tree ဆိုရင် center of the tree သစ်ပင်ရဲ့ ဗဟိုချက်လို့ ဆိုတာနဲ့ တူပါတယ်။ ကျမ်းစာထဲမှာ heart လို့ပြောရင် အများအားဖြင့် ခန္ဓာကိုယ်ထဲက pump အသားနှလုံးကို ပြောတာမဟုတ်ဘဲ၊ mind စိတ်သဘောကို ရည်ရွယ်ပါတယ်။ “လူသည် စိတ်ထင်သည့်အတိုင်း ဖြစ်၏။” သုတ္တံ ၂၃း ရ။ တွေးတဲ့အလုပ်ကို အသားနှလုံးက မလုပ်ဘူး။ စိတ်ကသာ တွေးပါတယ်။ လူ့ရဲ့ အဓိကပင်မဟာ စိတ်ပါ။ စိတ်ခံစားတဲ့နေရာပေါ့။ ဒီနေရာကနေ ဆုံးဖြတ်ချက်တွေ ချတယ်။ စိတ်ဆန္ဒနဲ့ အသိတရားလည်း ဖြစ်ပါတယ်။

               ရှင်ပေတရုက အာနနိကို “သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို လှည့်စား၍ … စာတန်သည် သင်၏ စိတ်နှလုံးကို အဘယ့်ကြောင့် ပြည့်စေရသနည်း။ ….. လူကိုသာ မုသာပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသာပြောပြီ။” လို့ ဆိုပါတယ်။ တမန် ၅း ၃၊ ၄ ။ အာနနိဟာ မြေကွက် ရောင်းဖို့၊ ရတဲ့ငွေတချို့ကို ဝှက်ထားဖို့၊ လိမ်ပြောဖို့ အကြံဘယ်ကရသလဲ? မာရ်နတ်ထံကပါ။ မာရ်နတ်က သူ့ရဲ့ စိတ်ထဲကို အကြံထည့်လိုက်တယ်။

               မာရ်နတ်က သိပ်ပါးတယ်။ တွေဝေစိတ်နဲ့ အရူးအမူးစိတ်တွေ ထည့်ပေးတတ်တယ်။ ထည့်ပြီးတာနဲ့ အဲဒါတွေကို ကိုယ့်ဘာသာ ကိုယ်တွေးတာလို့ ထင်လာစေတယ်။ ပြီးရင် “ကယ်တင်ခြင်းရသူတွေဟာ အခု မင်းတွေးနေသလို မတွေးကြဘူး” လို့ ထင်လာစေတယ်။ ဒါနဲ့ ကယ်တင်ခြင်းရတာကို သံသယဝင်လာစေမယ်။ မာရ်နတ်မှာ တန်ခိုးရှိတယ်။ အနန္တတန်ခိုးတော့ မဟုတ်ဘူး။

               စုံစမ်းသွေးဆောင်ရာမှာ ကျမ်းစာရဲ့ အဓိကတရားတွေကို ဆန့်ကျင်ခိုင်းလေ့ရှိတယ်။ စုံစမ်းခြင်းဟာ လုပ်ဖို့ သွေးဆောင်တာပါ။ အမှားဆိုတာက ကျမ်းစာရဲ့ ရှင်းလင်းတဲ့ သွန်သင်ချက်ကို ဆန့်ကျင်တာပါ။ တခါတရံမှာတော့ အမှန်လုပ်ဖို့ အမှားနည်းတွေကို မာရ်နတ်က သွင်းလေ့ရှိတယ်။ အိမ်ထောင်ပြုခြင်းအားဖြင့်ဆိုရင် ဖို,မ ကိစ္စဟာ မမှားပါဘူး။ ဒါပေမယ့် မာရ်နတ်က အိမ်ထောင်မပြုဘဲ အလိုဆန္ဒ ကျေနပ်မှုကို ရှာစေတယ်။ မှန်တဲ့အရာကို အမှားနည်းနဲ့ လုပ်ခိုင်းတာပါ။

               သခင်ယေရှုကြံုခဲ့ရတဲ့ စုံစမ်းခြင်း ၃ ခု မှာ မာရ်နတ်က အမှားလုပ်ဖို့ သွေးဆောင်တာ မဟုတ်ဘဲ၊ အမှန်ကို အမှားနည်းနဲ့ ဖြေရှင်းခိုင်းတာ ဖြစ်တယ်။ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊ ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ။” လုကာ ၄း ၃။ သခင်ယေရှုက ရက်ပေါင်း ၄၀ လုံးလုံး အစာရှောင်ခဲ့လို့ “မွတ်သိပ်တော်မူ၏။” လို့ ဆိုပါတယ်။ ဆာနေလို့ အစာစားတာဟာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ကျောက်ခဲကို မုန့်ဖြစ်စေဖို့ အမိန့်ပေးတဲ့အခါ ဘုရားသခင်ကို အားမကိုးတာဟာ အပြစ်ဖြစ်ပါတယ်။

               မာရ်နတ်က သခင်ယေရှုကို ဗိမာန်တော်ရဲ့ အထွတ်အထိပ်ကို ခေါ်သွားတယ်။ “ကျမ်းစာလာသည်ကား၊ သင့်ကို စောင့်ရှောက်ခြင်းငှါ၊ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ၊ သူတို့သည် သင့်ကို လက်နှင့် မ,စ ချီပင့်ကြလိမ့်မည်ဟု လာ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤအထွတ်မှ ကိုယ်ကို အောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။” လုကာ ၄း ၉- ၁၁။ လိမ့်ကျတဲ့အခါ ကွယ်ကာဖို့ ဘုရားသခင်ကို အားကိုတာဟာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ဘုရားကို ယုံတာပြချင်လို့ ပြတင်းပေါက်က ခုန်ချမယ်ဆိုရင်တော့ မှားတာပေါ့။ မာရ်နတ်က သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် မဟုတ်ဘဲ၊ Chance ဆိုတဲ့ အခြေအနေအရ အသက်ရှင်စေချင်တယ်။ မာရ်နတ်က သခင်ယေရှုကို မြင့်တဲ့တောင်ပေါ်ကို ခေါ်သွားတယ်။ လောက တိုင်းနိုင်ငံတွေကို ပြတယ်။ ပြီးမှ “ကိုယ်တော်သည် ငါ့ကို ညွှတ်ပြပ် ကိုးကွယ်လျှင် ယခု ပြလေသမျှတို့ကို ငါပေးမည်ဟု ဆိုလေ၏။” မဿဲ ၄း ၉။

               လောကီနိုင်ငံအားလုံးကို သခင်ယေရှု ပိုင်ဆိုင်တာဟာ အပြစ်မရှိပါဘူး။ တနေ့- ဘုရင်တကာတို့ရဲ့ဘုရင်၊ သခင်တကာတို့ရဲ့သခင်အဖြစ် ကြွလာတဲ့နေ့မှာ ပိုင်ရမယ်။ ကောင်းကင်အောက် မှာ ရှိသမျှတို့ကို ပိုင်ရမှာဘဲ။ လူတိုင်း၊ လူမျိုးတိုင်းဟာ ဒူးထောက်ပြပ်ဝပ်ကြပြီး ယေရှုခရစ်ဟာ သခင်ပါလို့ ခမည်းတော်ရဲ့ ဘုန်းတော်ကို ဝန်ခံကြရမှာပါ။ ဒါပေမဲ့ လောကီနိုင်ငံကို ရဖို့ စာတန်ကို ဒူးထောက်ပြပ်ဝပ်ကိုးကွယ် ရမယ်ဆိုတာတော့ မှားတာပေါ့။ စာတန်က သခင်ယေရှုကို ဖြတ်လမ်းနည်း သုံးစေချင်တယ်။ ကားတိုင်မထမ်းဘဲ၊ သရဖူရဖို့။ ဒုက္ခမခံ ဘဲ ဘုန်းအသရေ ရဖို့ပါဘဲ။ ဒါပေမဲ့ သခင်ယေရှုက ကိုးကွယ်ခြင်း worship နဲ့ အမှုဆောင်ခြင်း၊ ဝတ်ပြုခြင်း service ဟာ အမြဲတွဲနေတယ်ဆိုတာကို သိတော်မူတယ်။ “သင်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။”

               မာရ်နတ်ရဲ့ လိမ္မာပါးနပ်ပုံက သိပ်ကြောက်စရာ ကောင်းတယ်။ ကျွန်တော်တို့ သေတဲ့အချိန်အထိ မာရ်နတ်က ကလိမ်ကျနေမှာဘဲ။ ဘယ်တော့မှ အလျော့မပေးသင့်ဘူး။ သေခါနီးအချိန်အထိ ကုတင်ဘေးမှာ လာရပ်ပြီး အမှားလုပ်ဖို့ တိုက်တွန်းဦးမှာဘဲ။ စာတန်ဟာ ဟောက်သောခြင်္သေ့လို ဘယ်သူကို မျိုရမလဲဆိုပြီး လှည့်လည်ဆဲ၊ သွေးဆောင်ဆဲ၊ ရှင်သန် လှုပ်ရှားနေဆဲဘဲ။ ခရစ်ယာန်များစွာကို မျိုခဲ့ပြီးပြီ။ အဲဒီခရစ်ယာန်တွေ ငရဲသွားကြပြီလို့တော့ မဆိုလိုဘူး။ ဘုရားအမှုတော်အတွက် အသုံး မဝင်တော့ဘူးလို့ ပြောချင်တာပါ။

              တရားဟောဆရာကြီးတပါးက မာရ်နတ်အကြောင်း စာအုပ်တအုပ်ရေးခဲ့တယ်။ အဲဒီအချိန်က မရောင်းရဘဲ၊ ကားဂိုဒေါင်ထဲမှာ လှောင်ထားတယ်။ တနေ့ သူ့ကိုသွားတွေ့တော့၊ သူရေးတဲ့ မာရ်နတ် စာအုပ်အကြောင်း ပြောပြတယ်။ သူက “ခင်ဗျားကို တစ်အုပ်လောက် ပေးချင်တယ်။” လို့ ဆိုတယ်။ စာအုပ်ယူဖို့ ကားဂိုဒေါင်ဘက်ကို သွားတော့ သူ့စာအုပ်တွေကို ကြွက်တွေက အပိုင်းပိုင်းဖြစ်အောင် ကိုက်ထားတာ တွေ့ရတယ်။ အိမ်ထဲပြန်လာပြီး သူ့ဇနီးကို “အမေကြီးရေ - မာရ်နတ်ကို ကြွက်တွေ စားပစ်ပြီကွ”  လို့ ပြောတော့ ဇနီးသည်က တအိမ်လုံး ကြားလောက်အောင် “ဟူး …. ဘုရားသခင် ဘုန်းကြီးပါစေ၊ မာရ်နတ် မရှိတော့ဘူးဆိုတော့ ပျော်လိုက်တာရှင် ” လို့ အော် ပြောပါတော့တယ်။  ကြွက်တွေကတော့ မာရ်နတ်ကို တကယ် ဘယ်ကိုက်စားနိုင်မလဲ။ ကျွန်တော်တို့ကို အတိုက်အခံလုပ်ဖို့ အနီးအနားမှာ ရှိနေဆဲပါဘဲ။

    (၂) ခုခံတိုက်ခိုက်ဖို့ နိုးဆော်ချက်
           ကျမ်းစာက ပြန်တိုက်ဖို့ နိုးဆော်ပါတယ်။ “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” - ယာကုပ်၄း ရ။ “ဆီးတားပါ ” ဆိုတာ “ပြန်တိုက်ခိုက်ပါ” လို့ အဓိပ္ပါယ်ရတယ်။ ရဲအရာရှိတယောက်က လူတယောက်ကို ဖမ်းဖို့သွားတယ်။ အဲဒီလူက ဖမ်းတာကို ပြန်ဆီးတားတယ်ဆိုတာ ဘာကိုဆိုလိုသလဲ? ရဲအရာရှိရဲ့ အဖမ်းမခံရအောင် သူတတ်နိုင်သလောက် ပြန်ခုခံတာပါဘဲ။ ပြန်တိုက်တာပေါ့။

           စာတန်တိုက်ခိုက်ရင် ခရစ်ယာန်အများစုက ဆုတောင်းကြတယ်။ ဆုတောင်းတာ မမှားပါဘူး။ ဒါပေမယ့် ဂတိတော်က “တောင်းကြလော့။ မာရ်နတ်ပြေးသွားလိမ့်မည်” လို့ မပြောဘူး။ “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” လို့သာ ဂတိပေးထားပါတယ်။ ခရစ်ယာန်အများစုက မာရ်နတ်ပြေးသွားဖို့ ဘာလုပ်ရမယ်ဆိုတာ မသိဘူး။ ဘာကြောင့်လဲဆိုတော့ တခါမှ မာရ်နတ်ကို မဆီးတား ဖူးလို့ဘဲ။ ခရစ်ယာန်အများစုက ရန်သူအကြောင်းသိပ်မကြားဖူးဘူး။  ဒါကြောင့်ခရစ်ယာန်တယောက်ရဲ့ အပြုအမူက ဘုရားဖက်ကို ပုံချတာ များတယ်။ ဒါပေမယ့် ဘုရားသခင်က “တောင်းကြလော့၊ မာရ်နတ် ပြေးအောင် လုပ်ပေးမယ်” လို့  ဂတိပေးမထားဘူး။ “ဆယ်ဖို့တစ်ဖို့သာ ပေးကြပါ။ ငွေနဲ့ပေါက်ပြီး နှင်လိုက်မယ်” လို့ ပြောမထားဘူး။  “သက်သေခံကြ။ စိတ်ဝိညာဉ်ရယူကြ။ သူမနှောက်ယှက်စေရဘူး” လို့လည်း ပြောမထားဘူး။ “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” လို့သာ မိန့်တော်မူပါတယ်။ “ဆီးတားပါ” ဖို့က အဓိကဘဲ။ မာရ်နတ်ပြေးစေချင်ရင်၊ ကျွန်တော်တို့ ဆီးတားရမယ်။

           Andrew Jackson ရဲ့ကလေးဘဝ သူငယ်ချင်းတွေထဲက တယောက်က “ကျွန်တော် Andrew ကို ၁၀ ကြိမ်မှာ ၉-ခါလောက် ကိုင်ပေါက်နိုင်တယ်။ ဒါပေမယ့် ခက်တာက သူက ကိုင်ပေါက်တာ ငြိမ်မခံဘူးဗျ ” လို့ ပြောဖူးတယ်။

           Billy Bray ဆိုတဲ့ သတ္တုတွင်းတူးသမားတယောက်ဟာ မာရ်နတ်ကို မကြာခဏ တိုက်ခိုက်ဖူးတယ်။ မာရ်နတ်က Billy ရဲ့စိတ်ထဲကို “ Billy မင်းကို ဘုရားသခင်ကချစ်ရင်၊ မင်းကြီးပွါးနေမှာပေါ့။ ဒီအာလူးပိန်ရှံု့ရှံု့ တွေအစား အာလူးကောင်းတွေစားနေရမှာပေါ့ ” ဆိုတဲ့ အတွေးတွေ ထည့်လာတယ်။ ဒီလိုဆက်တိုက် နှောက်ယှက်နေတော့ Billy က “ဟေ့- မာရ်နတ်၊ ကျမ်းစာဖတ်လို့ မင်းအကြောင်း ငါသိပြီးသားပါကွာ။ ယော ၈း ၄၄ ထဲမှာ မင်းဟာ မုသာကောင်၊ မုသာရဲ့အဘ လို့ခေါ်ထားတယ်။ နောက်ပြီး မင်းခိုင်းတာ လိုက်လုပ်ရင် စုတ်ပြတ်သပ် နေမှာပေါ့။ အခုထွက်သွားလို့ အော်တော့မှ ရပ်တော့တယ်။ Billy Bray  လိုပဲ ကျွန်တော်တို့လည်း ပြန်တိုက်တတ်ရမယ်။ “မာရ်နတ်ကိုဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။”

          “ မာရ်နတ်ကို ရှောင်ပြေးကြ” ဆိုတဲ့ ကျမ်းချက် တချက်မှ မရှိပါဘူး။ “လူပျိုတို့၏တပ်မက်ခြင်း ကိလေသာ စိတ်ကို ကြည်ရှောင်ကြလော့ ” ဆိုတဲ့ ကျမ်းချက်ပဲရှိတယ်။ မာရ်နတ်ကို ရှောင်ပြေးရမယ်လို့ ကျမ်းစာကမပြောဘဲ မာရ်နတ်သာ ကျွန်တော်တို့ထံက ပြေးသွားရမယ်လို့ ဆိုပါတယ်။ ခရစ်ယာန်အများစုက ဘုရားဖက်ကိုသာ ပုံချတတ်တယ်။ ဥပမာ၊ အကြွေးပေးစရာတွေအတွက် စိုးရိမ်တယ်။ အိပ်မပျော်နိုင်တော့ဘူး။ ဒါနဲ့ မစိုးရိမ်အောင် မ,စဖို့ ဆုတောင်းတော့တယ်။ ဆုတောင်းတာ မမှားပါဘူး။ ဘာကိစ္စမဆို ဆုတောင်းသင့်ပါတယ်။ ဒါပေမယ့် ခက်တာက စိုးရိမ်စိတ်ကို စာတန်က ထည့်ပေးတာပါ။ သူက “မင်း အကြွေးမဆပ်နိုင်တော့ဘူး။ နောက်တပတ်မှာ တခြားအကြွေးတွေလည်း ထပ်ပေးရတော့မယ်။ မင်းဘာလုပ်မလဲ?” လို့ ပြောလာပြီ။ ဖိလိပ္ပိ ၄း ၆ မှာ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ -” (သို့) “ဘာတခုမှ မစိုးရိမ်နဲ့ ” လို့ တွေ့ရမှာပါ။ မာရ်နတ်ကတော့ “စိုးရိမ်စမ်း” လို့ ပြောတယ်။ ဒါပေမယ့် ဘုရားသခင်က “ဘာတခုမှ မစိုးရိမ်နဲ့” လို့ မိန့်တော်မူတယ်။ စိုးရိမ်ခြင်းကို ပယ်ရှားဖို့ တခုတည်းသောနည်းကတော့ စာတန်ကို ပြန်တိုက်ဖို့ဘဲ။ “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” စိတ်ပူလာတာနဲ့ တပြိုင်နက် ဘုရားသခင် စိတ်မပူခိုင်းတာကို မာရ်နတ်က ခိုင်းနေပြီ လို့ သတိထားပါ။ ဘုရားသခင်က ဘာတခုမှ မစိုးရိမ်နဲ့တဲ့။ အကြွေးအတွက် စိုးရိမ်ဖို့ မာရ်နတ်က အတွေးထည့်ပေးနေပြီ။ စိုးရိမ်စိတ်ကို ဖယ်ရှားဖို့နည်းကတော့ မာရ်နတ်ကို ဆီးတားဖို့ဘဲ။ မာရ်နတ်ထွက်ပြေးသွားရင် စိုးရိမ်စိတ်တွေလည်း ပြေးသွားပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုပြန်တိုက်မလဲ? ခရစ်ယာန်လက်နက်စုံတွေထဲက တခုအားဖြင့်သာ တိုက်နိုင်ပါတယ်။ ကယ်တင်ခြင်း သံခမောက်ကို ဆောင်း။ ယုံကြည်ခြင်းဒိုင်းလွှားကို ကာ။ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာကို ဝတ်။ ဧဝံဂေလိတရားကို ဟောဖို့ပြင်တဲ့ ခြေစွပ်ကို စွပ်။ ပြီးတော့ နှုတ်ကပတ်တော်ဆိုတဲ့ ဝိညာဉ်တော်ဓါးကို ကိုင်ပါ။ ဓါးဟာ တခုတည်းသော တိုက်ခိုက်ရေးပစ္စည်းဘဲ။ ဝိညာဉ်တော်ရဲ့ဓါးဟာ ထက်မြက်နေဆဲဘဲ။ “ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက် တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးအဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍  ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” ဟေဗြဲ ၄း၁၂

              “လိုက်နာရန်ပုံသက်သေ” အကြောင်း၊ ခေါင်းစဉ်မှာ မာရ်နတ်ကိုဆီးတားဖို့ ဝိညာဉ်တော်ဓါးကို ဘယ်လို ထိထိရောက်ရောက် သုံးရမယ်ဆိုတာ ပြောပြပါမယ်။ ဒါပေမယ့် အခုတော့ ခေါင်းစဉ်တခုကို အရင်ပြောပါရစေ။

      (၃) တိုက်ခိုက်ရန် ခွန်အားပေးသံ
               “သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏။” ၁ယော ၄း ၄။  ဒါဟာ တိုက်ခိုက်ဖို့ အားပေးသံပါဘဲ။ အဓိကအချက်လည်း ဖြစ်တယ်။  ဒီကျမ်းပိုဒ်ကို ရွတ်လိုက်ရင် မာရ်နတ် ပြေးမယ်လို့ ဂါထာပေးတာမဟုတ်ဘူး။  “သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏။” လို့ ရွတ်လိုက်ရုံနဲ့၊ စုံစမ်းခြင်းကို အောင်မြင်ဖို့ မသေချာသေးပါဘူး။ အောင်မြင်နိုင်တဲ့အတွက် တိုက်ပါလို့ အားပေးခြင်းသာဖြစ်တယ်။ “လောကဘက်မှာရှိတဲ့သူထက် မင်းအထဲမှာရှိသူက ပိုကြီးမြတ်တော်မူတယ်။ မင်းပြန်တိုက်ရင် နိုင်နိုင်တယ်။” လို့ ဘုရားသခင် ပြောချင်တာပါ။ ဂျက်လေယာဉ်တစ်စီးကို ကြည့်ပါ။ “မြေဆွဲအားထက် အင်ဂျင်စက်ရဲ့ ပျံတက်အားက ပိုများပါလား။” လို့ ပြောစရာရှိတယ်။ ဒါပေမယ့် အဲဒီစကားကို တနေ့လုံး ပြောနေလည်း ဂျက်လေယာဉ်က လုံးဝေ့ရွမှာမဟုတ်ဘူး။ သာတဲ့အကြောင်း ပြောပြခြင်းသာဖြစ်တယ်။ လေယာဉ်ပျံချင်ရင် စက်ကို အရင်နှိုးရပါမယ်။

                ၁ယော ၄း ၄ က တိုက်ခိုက်ဖို့ အားပေးသံပါဘဲ။ ဒါပေမယ့် မာရ်နတ်ပြေးစေချင်ရင်တော့ သူ့ကို ဆီးတားရမယ်။ ကိုယ့်အထဲက တန်ခိုးဟာ အောင်နိုင်ဖို့အတွက် လုံလောက်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုဆိုတာ အလိုအလျောက် မရနိုင်ဘူး။ စာတန်ကို တိုက်ခိုက်ရပါမယ်။ ဒီတန်ခိုးကို ဘယ်လိုအသုံးချမလဲ? မာရ်နတ်ကို ဘယ်လိုဆီးတားမလဲဆိုတာ သင်ယူကြရမယ်။ “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” ဆိုတဲ့ ယာကုပ် ၄း  ရ ကို လက်တွေ့ အသုံးချရမယ်။

       (၄) လိုက်နာရန် ပုံသက်သေ
                 မဿဲ ၄ ထဲမှာ လိုက်နာစရာ ပုံသက်သေကောင်း တခုရှိပါတယ်။ သခင်ယေရှုကိုစုံစမ်းပုံနဲ့ သခင်ယေရှုက မာရ်နတ်ကို ဆီးတားတဲ့ပုံပါ။ သေသေချာချာ လေ့လာကြည့်ရင် ဘယ်လိုဆီးတားခဲ့တယ် ဆိုတာ တွေ့လာရပါလိမ့်မယ်။ မာရ်နတ်က ခပ်ပေါ့ပေါ့ တိုက်ခိုက်တာမဟုတ်ဘူး။ အားနည်းချက်ကို ရှာတိုက်တယ်။ Dr. Bob Jones, Sr; က “စုံစမ်းနှေက်ယှက်ခြင်းနဲ့ အခွင့်အခါကြံုရင် ဒုက္ခရောက်ပြီ .. မှတ်” လို့ ပြောဖူးတယ်။ “ ယေရှုသည် အရက်လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှ၊ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။” အငယ် ၂။ အဲဒီတော့ စာတန်ကလာပြီး “ဘုရားသခင်၏ သားတော်မှန်လျှင်၊ ဤကျောက်ခဲ တို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ” လို့ ပြောတယ်။ အငယ် ၃။ ကယ်တင်ခြင်းမရခင်တုန်းက အရက်သောက်ခဲ့ဖူးရင် အရက်နဲ့ သွေးဆောင်မှာဘဲ။ ပျော့ကွက်ကနေ တိုက်ခိုက်ပါတယ်။ သခင်ယေရှုဆာနေချိန်မှာ စာတန်က “ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်း အမိန့်ရှိတော်မူပါ” လို့ ပြောခဲ့တယ်။

                  ကိုယ်က အမှုတော်ထဲမှာ စိတ်ပျက်လို့ အသင်းတော်ကို စွန့်ချင်နေချင်ရင်၊ အလုပ်အကိုင် ကောင်းကောင်းတခု ရဖို့ အခွင့်ကြံုလာတာကို မအံ့ဩနဲ့။ သင့်အမျိုးသမီးက သင်နဲ့အတူမရှိချိန်၊ တယောက်နဲ့ တယောက် အဆင်မပြေဖြစ်ပြီး စိတ်တွေရှုပ်နေချိန်မှာ ၁၅-နှစ်အရွယ် မိန်းမငယ်တယောက် ရောက်လာပြီး ရွတ်တွနေတဲ့လူကို ရှိသမျှထဲမှာ အချောအခန့်ဆုံးလို့ ပြောလာမှာဘဲ။ အကြွေးပေးစရာတွေက ၆-လလောက် လွန်လာနေလို့ သေလောက်အောင် စိတ်ညစ်နေချိန်မှာ တယောက်ယောက်က အကြံအဖန် သူဌေးဖြစ်နည်းတခု  လာပြောပြမှာဘဲ။ “ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ။” ဆိုတဲ့ စကားကို သခင်ဘုရား အစားအသောက်ကောင်း စားပြီးစမှာ စာတန်က လာပြောတာမဟုတ်ဘူး။ သခင်ဘုရား ရက်ပေါင်း(၄၀) လုံးလုံး အစာရှောင်လို့ ဆာလောင်နေချိန်မှာ ပြောတာဖြစ်တယ်။

                သခင်ယေရှုက “ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။ ကျမ်းစာလာသည် ” လို့ တုန့်ပြန်လိုက်တယ်။ သခင်ယေရှုဟာ စုံစမ်းခြင်းကို တိုက်ထုတ်ဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဆိုတဲ့ ဝိညာဉ်တော်ရဲ့ဓါးကို အသုံးပြုခဲ့တယ်။ စုံစမ်းခြင်းဟာ “စာတန်စကား” နဲ့ စပြီး၊ စုံစမ်းလာတဲ့ မာရ်နတ်ကိုဆီးတားဖို့ နည်းကတော့ “ကျမ်းစာလာသည်ကား” ဖြစ်ပါတယ်။ စုံစမ်းခြင်းနဲ့သက်ဆိုင်တဲ့ ဓမ္မဟောင်းကျမ်းချက် တစ်ချက်ကို သခင်ယေရှုက အသုံးပြုခဲ့တယ်။ မာရ်နတ်ကို ဆီးတားတယ်ဆိုတာဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဆိုတဲ့ ဝိညာဉ်တော်ဓါးနဲ့ ပြန်တိုက်ခိုက်ခြင်းပါဘဲ။ ဒါပေမယ့် မာရ်နတ်က လွယ်လွယ်နဲ့ လက်မလျော့ဘူး။

              “ ထိုအခါ မာရ်နတ်သည် သခင်ယေရှုကို သန့်ရှင်းသောမြို့တော်သို့ ဆောင်သွား၍ ဗိမ္မာန်တော်၏ အထွ္ဂ္ဂဋ္ဋ်၌ တင်ထားပြီးလျှင်၊- ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေခြင်းငှါ သူတို့သည် သင့်ကို လက်နှင့်မစ ချီပင့်ကြလိမ့်မည်ဟု လာ၏။ ထို့ကြောင့် ဘုရားသခင်၏သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ ချလိုက်တော်မူပါဟု လျှောက်လေ၏။” (အငယ်၅၊၆) သခင်ဘုရားက ကျမ်းစာချက်ကိုရွတ်ပြလို့ - မာရ်နတ်ကလည်း ကျမ်းစာချက် ပြန်ရွတ်ပြပြီး စုံစမ်းလာ ပြန်တယ်။ ခက်တာက မာရ်နတ်ဟာ ကျမ်းစာချက်ကို မှန်မှန်ကန်ကန် ရွတ်တာမဟုတ်ဘူး။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့်မဟုတ်ဘဲ- အခြေအနေကြည့်ပြီး အသက်ရှင်စေဖို့ တိုက်တွန်းနေတာပါ။ ဘုရားသခင်ကို အားကိုးတာဟာ ကောင်းပါတယ်။ ဒါပေမဲ့ မဟုတ်တဲ့ ကိစ္စတွေမှာ ကိုယ့်ရဲ့ ယုံကြည်ခြင်းကို သက်သေပြပြီး ဘုရားသခင်ကို စုံစမ်းစေတာကတော့ မှားတာပေါ့။

                 မာရ်နတ်ကို ဆီးတားရာမှာ သခင်ယေရှုဟာ ပထမနည်းအတိုင်းပဲ ပြန်သုံးပါတယ်။ “သခင်ယေရှုက လည်း သင်၏ ဘုရားသခင်ထာဝရဘုရားကို အစုံအစမ်းမပြုရဟု ကျမ်းစာလာသည်ဟု မိန့်တော်မူ။” အငယ် ရ။ စုံစမ်းခြင်းကို ဆီးတားဖို့ သခင်ယေရှုဟာ သင့်တော်တဲ့ကျမ်းချက်တွေကို သုံးစွဲပြန်တယ်။ ဒါပေမယ့် မာရ်နတ်ဟာ လက်မလျော့သေးဘူး။ “ တဖန် မာရန်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊  ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကို၎င်း ပြညွှန်၍.. ကိုယ်တော်သည် ငါ့ကိုညွှတ်ပြတ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟု ဆိုလေ၏။” အငယ် ၈၊၉။

               သခင်ယေရှုကလည်း ကျမ်းစာချက်ကို  ကိုးကားတုန့်ပြန်ပါတယ်။ “သင်၏ဘုရားသခင်ထာဝရဘုရား ကိိုုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။” (အငယ် ၁၀) မာရ်နတ်က “ ဝတ်ပြု ” (အမှုဆောင် ) တဲ့ကိစ္စ ဘာမှမပြောပေမယ့် သခင်ယေရှုက “ကိုးကွယ်ခြင်း” မှာ “ဝတ်ပြုခြင်း” ပါနေတာကို သိတော်မူတယ်။ ကိုယ်ကိုးကွယ်တဲ့အရာကို ဝတ်ပြုကြရတာ ထုံးစံပဲ။ ကိုယ့်ကိုကိုယ် ကိုးကွယ်ရင်၊ ကိုယ့်အစေ ကိုယ်ခံရပါတယ်။ လုပ်သမျှဟာ အတ္တချည်းပဲပေါ့။ လောကီသားကို ကိုးကွယ်ရင် လောကီသားရဲ့အစေကို ခံရပါတယ်။ ငွေကို ကိုးကွယ်သူတွေလည်း ရှိပါတယ်။ ငွေရဲ့အစေကို ခံရပါတယ်။ လုပ်ဆောင်သမျှဟာ ငွေရဖို့ အတွက်ပဲပေါ့။ သူတို့ဘဝကို ထိန်းချုပ်အုပ်စိုးနေတာက ငွေ။ အပေါင်းအသင်းကိုတောင် ငွေအတွက်ပဲ ပေါင်းကြတယ် ။ ကိုယ်ကိုးကွယ်တဲ့အရာကို ဝတ်ပြုကြရတာ ထုံးစံပါပဲ။

              ကိုယ်ဝတ်ပြုသမျှအတွက် ဆက်ကပ်ကြရတာလည်း ထုံးစံပါပဲ။ ကဲ … ဘာအတွက် ဆက်ကပ်ချင် သလဲဆိုတာ သိရရင် -  ဘာကို ကိုးကွယ်၊ ဝတ်ပြုနေတယ်ဆိုတာ ပြောပြနိုင်ပါတယ်။ တနင်္ဂနွေနေ့မနက် ကျမ်းစာသင်တာနဲ့ ဘုရားရှစ်ခိုးတာကို မသွားနိုင်ကြဘူး။ သိပ်အေးလို့လေ။ ဒါပေမယ့် ကျန်ခဲ့တဲ့ စနေနေ့တုန်းကတော့ ဒီထက် ပိုအေးတဲ့အချိန်မှာ မနက် ၃ နာရီလောက် ထပြီး၊ အမဲလိုက်တတ်တယ်။ အမဲလိုက်တာကို အပြစ်ပြောတာ မဟုတ်ပါဘူး။ သဘောပြောပြတာပါ။ ဒီလိုဘဲ ဂေါက်သီးရိုက်ကြ၊ ငါးမျှားထွက်ကြနဲ့၊ တခြား ကိုယ်စွန့်စားချင်တာတွေအတွက် စွန့်စားလုပ်တတ်ပါတယ်။

              တတိယအကြိမ် စုံစမ်းတော့ သခင်ဘုရားက “အချင်စာတန် ငါ့နောက်သို့ဆုတ်လော့။ သင်၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင် ထာဝရဘုရားကိုသာ ဝတ်ပြုရမည်။ ကျမ်းစာ လာသည်ဟု မိန့်တော်မူပါတယ်။ (အငယ် ၁၀ ) ဒါကြောင့် “ မာရ်နတ်သည် အထံတော်မှ ထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကျွေးကြ၏။ ” (အငယ် ၁၁ )

              ကျမ်းစာက “ မာရ်နတ်ကို ဆီးတားကြလော့ သို့ပြုလျှင် သူသည် သင်တို့ထံကပြေးသွားလိမ့်မည်။”  လို့ ယော ၄းရ - မှာ ဂတိပေးထားတယ်မဟုတ်လား? ဒီအတိုင်းဘဲ မဿဲ ၄း မှာ သခင်ယေရှုက မာရ်နတ်ကို စုံစမ်းခြင်းနဲ့ သင့်လျော်တဲ့ ကျမ်းချက်တွေသုံးပြီး တိုက်ခိုက်ရာမှာ မာရ်နတ်ထွက်သွားရတယ်။ ကျမ်းစာက “မာရ်နတ်သည် အထံတော်မှ ထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက်လုပ်ကျွေးကြ၏။ ”  လုကာ ၄း၁၃ မှာတော့ “ အထံတော်မှ ထွက်သွား၍ ကာလ အတန်အရာနေလေ၏။ ” လို့ပြောထားပါတယ်။

               ယော ၃း၁၆ မှန်သလို ယာကုပ် ၄းရ လည်း မှန်ပါတယ်။ မာရ်နတ်ကို ဆီးတားရင် သူပြေးသွားမှာပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ဂတိပါ။ ဘုရားသခင် မုသာမသုံးနိုင်ပါဘူး။

               ကဲ ဘာကြောင့် ကျွန်တော်တို့ ဒုက္ခတွေ့ကြရသလဲ? မာရ်နတ်က လာစုံစမ်းတဲ့အခါ၊ ကျွန်တော်တို့က ဘုရားသခင်ထံ မစဖို့ ဆုတောင်းတယ်။ ဒါပေမဲ့ ဘုရားသခင်က တောင်းကြလော့။ မာရ်နတ်ထွက်ပြေးစေမယ် လို့ ပြောမထားဘူး။ “ မာရ်နတ်ကို ဆီးတားကြလော့ သို့ပြုလျှင် သူသည် သင်တို့ထံကပြေးသွားလိမ့်မည်။”  လို့ သာ မိန့်တော်မူပါတယ်။ ကျမ်းစာထဲက အကျိုးရချင်ရင် ကျမ်းစာပြောတဲ့အတိုင်း လုပ်ဆောင်ရပါမယ်။

              သခင်ယေရှုဆီးတားသလိုမျိုး ဘယ်လို လက်တွေ့ ကျင့်သုံးမလဲ? နမူနာ တခုလောက် ပြောပြပါမယ်။ ကယ်တင်ခြင်းအတွက် သံသယဖြစ်နေပြီ ဆိုပါစို့။ ကယ်တင်ခြင်းမရသေးဘူးလို့ စာတန်က အတွေးတွေထည့်နေမှာဘဲ။ အဲဒီအချိန်မှာ အလိုရှိသလောက် ဆုတောင်းနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာတော့ ရှင်းသွားမှာမဟုတ်ဘူး။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် အားကိုးခဲ့ရင် နောက်ဆက်လုပ်ရမှာက မာရ်နတ်ကို ဆီးတားဖို့ဘဲ။ သံသယဝင်လာတာနဲ့တပြိုင်နက် သံသယဟာ စာတန်ဆီက လာတယ်ဆိုတာကို သိရမယ်။ ပြီးတော့ မာရ်နတ်ကို “ ဒီအတွေးတွေဟာ မင်းဆီက လာတယ်ဆိုတာ ငါသိတယ်။ ကယ်တင်ခြင်းကို သံသယဖြစ်အောင် မင်းလုပ်နေတယ်။ ဒါပေမယ့် ကျမ်းစာကတော့ ယော ၃း ၃၆ မှာ “ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ ” လို့ရေးထားတယ်။ သားတော်ကို ငါယုံတယ်တယ်ဆိုတာ ငါသိတယ်။ ဘုရားသခင် ဘာပြောတယ်ဆိုတာ ငါနားလည်တယ်။ ဒါကြောင့် ငါ ထာဝရအသက်ရပြီ။” လို့ ပြန်ပြောရမှာ ဖြစ်တယ်။

              သံသယဝင်ချိန်မှာ မာရ်နတ်ကို ဆီးတားပါ။ ယော ၃း ၃၆ ကျမ်းချက်ဟာ သိပ်ကောင်းပါတယ်။ “ အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ “ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ ” လို့ ကျမ်းစာလာတယ်။ ဘုရားသခင်ပြောထားလို့ ငါကယ်တင်ခြင်းရပြီဆိုတာ ငါသိတယ်။ မင်းရဲ့ သံသယတွေ ယူပြီး ထွက်သွားပါ စာတန်။”  လို့ ပြောရပါမယ်။

              ဒီလိုပြောလိုက်ရင် ဘယ်တော့မှ သံသယမဝင်တော့ဘူးလား? ဝင်တာပေါ့။ လုကာ ၄း၁၃ မှာ “အထံတော်မှ ထွက်သွား၍ ကာလ အတန်အရာနေလေ၏။ ” လို့ပြောထားတယ်။ ထာဝရမဟုတ်ဘူး။ ခဏလေး သွားနေတာပါ။ စာတန်က ဘယ်တော့မှ လက်လျော့မှာမဟုတ်ဘူး။ နောက်ပိုင်းမှာ သံသယကို ထပ်သွင်းနိုင်သေးတယ်။ ဒါပေမယ့် သံသယဝင်လာရင် ထုံးစံအတိုင်း ပြန်တုန့်ပြန်ဖို့ဘဲ။

              ယော ၃း၃၆ ဟာ ကျွန်တော်တို့ သုံးစွဲဘို့ ဥပမာတခုမျှသာ ဖြစ်ပါတယ်။ ယော၃း၁၆၊ ယော ၅း၂၀ တို့လို ထာဝရအသက်ရကြောင်း ပြောပြနေတဲ့ တခြားကျမ်းချက်တွေကို သုံးနိုင်ပါတယ်။ စုံစမ်းခြင်းတိုင်းအတွက် သင့်လျော်တဲ့ ကျမ်းချက်တွေ ရှိစမြဲပါ။  သိပ်ထိရောက်တဲ့ နှုတ်ကပတ်တော်ဓါးပါ။

              ကိုယ်ကျင့်တရားဖေါက်ပြန်ဖို့ မာရ်နတ်က သင့်စိတ်ထဲကို သွင်းလာတယ်ဆိုပါစို့။ အတွေးဝင်လာတာနဲ့ တပြိုင်နက် မာရ်နတ်ကို ဆီးတားလိုက်ပါ။ ဒီလိုစုံစမ်းခြင်းမှာ သင့်လျော်တဲ့ ကျမ်းချက်က ၁ကော ၆း၁၉။ ၂၀ ပါ။ “ အဘယ်သို့နည်း။ သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော သင်တို့အထဲ၌ ကျိန်းဝပ်၍၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကိုမိမိ မပိုင်ကြောင်းကို၎င်း၊ မသိကြသလော့။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။ ” ကိုယ်ကျင့်တရားဖေါက်ပြန်ဖို့ စာတန်ကသွေးဆောင်ရင် “ အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။” လို့ ကျမ်းစာလာတယ်။” လို့ ပြန်ပြောရပါမယ်။ ကိုယ်ခန္ဓာဟာ ဘုရားရဲ့ဘုန်းတော် ထင်ရှားနေရမယ်။ ပြီးတော့ စာတန်ကိုလည်း “ ကိုယ်ကျင့်တရားဖေါက်ပြန်တာဟာ ဘုရားသခင်ရဲ့ဘုန်းတော် မထင်ရှားဘူးကွ ” လို့ ပြန်ပြောနိုင်ပါတယ်။ သခင်ယေရှုက “ အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ ” မပြောမချင်း စာတန်ဟာ ထွက်မသွားသေးဘူးဆိုတာကို သတိပြုရမယ်။ ပထမ- (၂)ခါ စုံစမ်းတော့ စုံစမ်းခြင်းကို တုန့်ပြန်ဖို့ သင့်လျော်တဲ့ ကျမ်းချက်ကို ကိုးကားခဲ့ပါတယ်။ (၃)ကြိမ်မြောက်မှာ သခင်ယေရှုက “ အချင်း စာတန်၊ ငါ့နောက်သို့ ဆုတ်လော့။” လို့ မိန့်တော်မူတော့မှ “အထံတော်မှ ထွက်သွား၍ - -” လို့ ကျမ်းစာက ဖေါ်ပြတယ်။ မာရ်နတ်ကတော့ မပြောမချင်း ထွက်သွားမှာမဟုတ်ဘူး။

                မာရ်နတ်ဟာ သိပ်တန်ခိုးကြီးတယ်။ ဒါပေမယ့် ခရစ်တော် ရှိနေရင်၊ အတူရှိနေနိုင်လောက်အောင်တော့ တန်ခိုးမရှိပါဘူး။ ဒါကြောင့် “သခင်ယေရှုနာမအားဖြင့် ငါ့နောက်သို့ဆုတ်လော့။” (သို့မဟုတ်) “ထွက်သွား” လို့ ပြောရပါမယ်။ ဥပမာ- ဒီညမှာ မိတ်ဆွေက ကျွန်တော့အိမ်တံခါးကို ခေါက်ပြီး “ဝင်ပါရစေ” လို့ ပြောမယ်ဆို ပါစို့။ ကျွန်တော်က ဝင်ခွင့်မပြုဘဲ တားနိုင်တယ်။ ဒါပေမယ့် တယောက်ယောက်က တံခါးလာခေါက်မယ်။ အရာရှိ

တံဆိပ်ပြပြီး “ တရားဥပဒေအရ ရှာခွင့်ပြုပါ။” လို့ ပြောရင် ကျွန်တော် ဘာမှမတတ်နိုင်ဘူး။ ဒီလိုဘဲ ကျွန်တော်တို့က “သခင်ယေရှုနာမ၌” လို့ ပြောရင် မာရ်နတ် ဘာမှမတတ်နိုင်ဘူး။ “နာမတော်ကို” ကြားရရင် သူတုန်လှုပ်သွားတယ်။ ကာရာနီက ဖြစ်ရပ်ကို သူမှတ်မိနေပါသေးတယ်။ သခင်ယေရှုက ကားတိုင်ပေါ်မှာ စာတန်ရဲ့ခေါင်းကို ကြိတ်လိုက်ခဲ့လို့ စာတန်ဟာ သူ့ကိုယ်သူ ရှံုးနေပြီလို့ သိထားပါတယ်။

             ကျွန်တော် ၆-တန်းတုန်းကပေါ့။ အတန်းထဲက အဆိုးဆုံးကျောင်းသားတွေထဲက တယောက်နဲ့ ရန်ဖြစ်ခဲ့ဖူးတယ်။ သူနဲ့ကျွန်တော်တနေ့လုံး စကားများတယ်။ နောက်တော့ သူက ကျောင်းဆင်းရင် အောက်လမ်းထဲက ဝက်သစ်ချပင်ကြီးအောက်မှာ တွေ့မယ်လို့ စိန်ခေါ်တယ်။ အလျော့မပေးချင်တာနဲ့ သဘောတူလိုက်တယ်။ ဒါဟာ ကျွန်တော့တသက်မှာ အမှားဆုံး ဆုံးဖြတ်ချက်တွေထဲက တခုပေါ့။ ဒီဖြစ်ရပ်ကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ဂတိပေးထားပြီးတော့ နေ့လည် ကျောင်းဆင်းချိန်မှာ ရန်ပွဲကြည့်ဖို့ ကျောင်းသား ကျောင်းသူ ၅၀-ကျော်လောက် ရောက်နေကြပြီ။ တကယ်တော့ ကျွန်တော်က တချက်မှ မထိုးလိုက်ရဘူး။ နောက်တနေ့ ကျောင်းမသွားရဲလောက်အောင် ကျွန်တော် သိပ်ရှက်သွားတယ်။ ပြီးတော့ အဲဒီကျောင်းသားရဲ့နာမည်ကို ရွတ်လိုုက်တဲ့သူဟာ ကျွန်တော်အရှံုးကြီးရှံုးပြီး၊ အကြီးအကျယ် အရှက်ကွဲခဲ့ရတဲ့ ရန်ပွဲအကြောင်း သိများသိသလားလို့ စိုးရိမ်မိပါတယ်။ နောက်နှစ်ပေါင်းများစွာကြာတော့ Georgia ပြည်နယ်က Decatur မြို့ကအသင်းတော်တပါးမှာ ကျွန်တော်သင်းအုပ်လုပ်နေချိန် အဲဒီကျောင်းသားရဲ့ အမျိုးတယောက် ဘုရားကျောင်း လာတက်တယ်။  ဝတ်ပြုကိုးကွယ်ခြင်းပြီးတော့ အဲဒီအမျိုးသမီးက “ဆရာ …….  ကို သိသလား ” လို့ပြောပြီး အဲဒီလူရဲ့နာမည်ကို ရွတ်ပါတယ်။ “သူကကျွန်မတူပေါ့ ” လို့ ပြောပါတယ်။ နှစ်ပေါင်းများစွာ ကြာပေမယ့် ကျွန်တော်ရှံုးခဲ့ရတာတွေကို အဲဒီ အမျိုးသမီး သိများသိသလားဆိုပြီး စိုးရိမ်သွားသေးတယ်။

                 မာရ်နတ်ကို သခင်ယေရှုနာမည် ရွတ်ပြတဲ့အခါ သူရှံုးခဲ့တာတွေ ပြန်အမှတ်ရပါတယ်။ ကျမ်းစာကလည်း သခင်ယေရှုနာမအားဖြင့် မာရ်နတ်ကို ခုခံရမယ်လို့ ဆိုတယ်။ သခင်ယေရှုက “သို့သော်လည်း နတ်ဆိုးကို နိုင်ရသောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌ ဝင်သည်ကို ဝမ်းမြောက်ခြင်းရှိကြလော့။” လို့ မိန့်တော်မူပါတယ်။ (လုကာ ၁၀း၂၀)  စုံစမ်းခြင်းကို ခုခံဖို့ သင့်တော်ရာ ကျမ်းချက်တချက်ကို ရွတ်ပြလိုက်ပြီး၊ သခင်ယေရှုနာမတော်အားဖြင့် မာရ်နတ်ထွက်သွားလို့ ပြောလိုက်ရင် မာရ်နတ်ထွက်သွားလိမ့်မယ်။ နောက်တခါ မာရ်နတ် ပြန်လာပြီး၊ အရင်လို စုံစမ်းပြန်ရင်၊ အရင်လိုဘဲ ပြန်နှင်ပါ။ တနေ့တည်းမှာ ၅-ခါ ၆-ခါ လောက် လာပြီးတော့ စုံစမ်းနေပြန်ရင်လည်း အရင်လိုဘဲပြန်ပြောပါ။

                  ဒီလိုလုပ်ရတယ်ဆိုတာ ပထမတော့ ထူးဆန်းသလို ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် တကယ်မှန်တယ် ဆိုတာ စိတ်ချစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ (၁) ကျမ်းစာကပြောလို့ပါ။ (၂) ကျွန်တော် အသက်တာမှာ လက်တွေ့လုပ်ပြီး၊ မှန်တယ်ဆိုတာ လက်တွေ့သိခဲ့လို့ပါ။  မာရ်နတ်ကို ကျွန်တော်ပြောဆိုနှင်ထုတ်တာ ကြားရတော့ ကျွန်တော့ ကိုယ်ရေးအရာရှိ အမျိုးသမီးပင်လျှင် ဒါကို နားမလည်ခဲ့ဘူး။ သူက စာရွက်ကိုဖိတဲ့ ကျောက်တုံးကလေးပျောက်တယ်လို့ ထင်ခဲ့တယ်။ ကျွန်တော်ကလည်း အော်ဟစ်ပြီးတော့ “ အယုတ်တမာ၊ ကလိန်ကျတဲ့ကောင်၊ ထွက်သွားစမ်း ဒီမကောင်းတဲ့ အတွေးတွေ ဘယ်ကဝင်လာတယ်ဆိုတာ ငါသိတယ်ကွ။ မရဏာလမ်းထဲက မင်းယူလာတဲ့ အတွေးတွေပါကွာ။ ဒါတွေကို ငါ့အတွေးထဲမှာ လာထည့်ဖို့ ကြိုးစားနေတယ်။ ဒီအဓိပ္ပါယ်မရှိတဲ့ အကြောင်းတွေ ငါမစဉ်းစားတော့ဘူး။” ကျမ်းစာက “စင်ကြယ်သောအကျင့်၊ သူတပါး နှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကို  - - - နှလုံးသွင်းကြလော့။” လို့ ပြောတယ်ကွ။ (ဖိလိပ္ပိ ၄း၈) “ ဒီအတွေးတွေကို မင်းနိုင်ငံကို ပြန်ယူသွားပါ။ ငါက “အံ့ဩဘွယ်ရာ ကျေးဇူးတော်သီချင်း” Amazing Grace ဆိုတော့မယ်ဟေ့ ”  လို့ ပြန်ပြောလိုက်တယ်။

                  တခါက “မာရ်နတ်ကို ဆီးတားခြင်း” အကြောင်း အသင်းတော်မှာ သင်ပြပါတယ်။ နောက်တပတ်မှာ ရင်းနှီးတဲ့ အမျိုးသမီးတယောက် ရောက်လာပြီး၊ “မှန်တယ်ဆရာရေ- မှန်တယ်။” လို့ အော်ဟစ် ပြောလာတယ်။ “ဘာမှန်တာလည်းလို့မေးတော့” “မာရ်နတ်ကို ဆီးတားတယ်ဆိုတာ မှန်တယ် ဆရာရေ” လို့ ပြောပြီး သူစုံစမ်းခံရပုံ၊ သင့်လျော်တဲ့ ကျမ်းချက်တချက်ကိုင်စွဲပြီး မာရ်နတ်ထွက်သွားဖို့ သခင်ယေရှုနာမနဲ့ နှင်ထုတ်ပုံတွေ ပြောပြတယ်။ “ကျွန်မ နှင်ထုတ်တာနဲ့ တပြိုင်နက်၊ စုံစမ်းခြင်းလည်းထွက်သွားတယ်” လို့ ဆိုတယ်။ စုံစမ်းခြင်း ထွက်သွားမှာပေါ့။ စုံစမ်းစေတဲ့သူ ထွက်သွားပြီကိုး။

                  Dr. Tom Malone လည်း တောရွာ အသင်းတော်လေးတခုမှာ တရားဟောခဲ့တယ်။ စည်းဝေးပြီး လို့ ကားမောင်းပြီး အိမ်အပြန်မှာ၊ မာရ်နတ်က သူ့ကိုအတွေးတွေ ထည့်လာတယ်။ မာရ်နတ်က ကားေ့ရှခန်းမှာ ဝင်ထိုင်ပြီး “မင်းအရူးဘဲ။ မင်းကိုယ်မင်း ဒုက္ခပေးနေတာ၊ ဒီ လက်တဆုပ်စာ လူတစုကို တရားဟောဖို့ ဒီခရီးကို မောင်းလာတယ်။ တယောက် ကယ်တင်ခြင်းရတယ်ဆိုတာလည်း မင်းဘယ်လိုလုပ်သိသလဲ? မင်းအဝေးကြီးက လာရတာသိလို့ မင်းစိတ်ချမ်းသာပါစေတော့ဆိုပြီး ေ့ရှထွက်လာတာပါကွာ” လို့ ပြောလာတယ်။  ဒါနဲ့ Dr. Malone က မာရ်နတ်ဟာ ကျွန်တော် ပြန်မတုန့်မပြန်မချင်း ကျွန်တော်လုပ်ခဲ့သမျှတွေကို ကလိမ်ကျနေတယ်။ ဒါနဲ့ ကားကို လမ်းဘေးမှာ ထိုးရပ်လိုက်ပြီး စက်သတ်လိုက်တယ်။ ကားထဲကထွက် ေ့ရှဘေးထိုင်ခုံဘက် ပတ်သွားပြီး ကားတံခါးကို ဖွင့်ပြီးတော့ “မာရ်နတ်၊ ဒါ- ငါ့ကားကွ။ ငါ့ကားနဲ့ ပတ်သက်တဲ့ အာမခံကိစ္စ၊ ငွေကြေးကိစ္စ ငါ ပေးနေရတာ။ မင်းငါနဲ့ တော်တော်ကြီးစီးလာခဲ့ပြီ။ အခုထွက်သွားစမ်း။” လို့ ပြောလိုက်တယ်။ ကားတံခါးကို ဆောင့်ပိတ်လိုက်ပြီး ကားတဖက်ကို ပြန်ပိတ်ပြီး၊ ကားဆက်မောင်းလာခဲ့တယ်” လို့ ဆိုပါတယ်။ မိတ်ဆွေ၊ “သင်လည်း၊ ကားတံခါးကိုဖွင့်ပြီး ထွက်သွား” လို့ ပြောတတ်ဖို့ သင်ယူတတ်ရမယ်။

                   အကျင့်ဆိုးတွေ စွန့်ပစ်ချင်ရင်လည်း ဒီနည်းကိုသုံးရပါမယ်။ ဥပမာ- ဆေးလိပ်ဖြတ်မယ်ဆိုပါတော့။ ဉာဏ်မျက်စိလင်းလာတဲ့သူလည်း ဖြစ်မယ်ဆိုရင် ၁ကော ၆း ၁၉-၂၀ ကျမ်းချက်ကို ကဒ်လေးတကဒ်မှာရေးပြီး။ အကျ ႌအိတ်ကပ်ထဲမှာ ဆောင်ထားပါ။ ဆေးလိပ်သောက်ချင်လာတိုင်း၊ ဆေးလိပ်ထည့်တတ်တဲ့ အိတ်ကပ်ကို လက်ရောက်သွားတယ်။ ဆေးလိပ်အစား၊ ကျမ်းစာချက်ကဒ်ကလေးကို တွေ့မှာပဲ။ ဆွဲထုတ်ပြီးတော့ - - “မာရ်နတ် ဆေးလိပ်သောက်ချင်စိတ်ဆိုတာ ဘယ်ကလာမှန်း ငါသိတယ်ကွ။ ဒါပေမယ့် ၁ကော ၆း ၁၉-၂၀ မှာ “အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်တော် ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိမပိုင်ကြောင်းကို၎င်း၊ မသိကြသလော။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသောသင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။” လို့ ရေးထားတယ်။ စာတန် - “ငါမင်းစကား နားမထောင်နိုင်ဘူး။ ကျမ်းစာကပြောသလို ငါတို့ ကိုယ်ခန္ဓာမှာ ဘုရားသခင်ရဲ့ ဘုန်းတော်သာ ထင်ရှားရမယ်။ မင်းရဲ့ ဆေးလိပ်သောက်ချင်စိတ်တွေ ယူပြီး ထွက်သွားစမ်း။ ယေရှုခရစ်နာမအားဖြင့် ငါအမိန့်ပေးတယ်။” လို့ ပြောရပါမယ်။

                    ယာကုပ် ၄းရ မှန်ရင် မာရ်နတ် ထွက်ပြေးပါလိမ့်မယ်။ သူထွက်ပြေးရင် ဆေးလိပ်သောက်ချင်စိတ် တွေလည်း ပါသွားပါလိမ့်မယ်။ ဒါပေမယ့် သခင်ယေရှုရဲ့ အနားက မာရ်နတ်ထွက်သွားတုန်းက ခဏတာပဲ ထွက်သွားတာ ဖြစ်တယ်ဆိုတာကို သတိပြုရပါမယ်။ နောက်တခါလာပြီးတော့ ဆေးလိပ်သောက်ချင်စိတ်တွေ မာရ်နတ်ယူလာဦးမှာပဲ။ ယူလာတိုင်း အဲဒီအတိုင်း ပြန်ပြောလိုက်ပါ။ ကြာလာရင်၊ ဆေးလိပ်သောက်ချင်စိတ်တွေ ဟာ သင်နဲ့ဝေးသွားပြီးတော့၊ နောက်ဆုံး ပြတ်သွားပါလိမ့်မယ်။

                    အဲဒီတော့- မာရ်နတ်ကို တားဆီးရာမှာ အောင်မြင်ချင်ရင် ဝိညာဉ်တော်ရဲ့ဓါးဖြစ်တဲ့ နှုတ်ကပတ်တော်ကို ရင်းနှီးကျွမ်းဝင်နေရမယ်။ ကြံုဖူးတဲ့ အဆိုးဆုံး စုံစမ်းခြင်းအကြောင်း ဆင်ခြင်ကြည့်ပါ။ ခဏခဏ ကြံုဖူးတဲ့စုံစမ်းခြင်းပေါ့။ သင့်လျော်တဲ့ ကျမ်းချက်တခုကိုရှာပြီး မာရ်နတ်ကို ဆီးတားပါ။ အသင့်ပြင်ပါ။ တခြား စုံစမ်းခြင်းတွေအတွက်လည်း ကျမ်းချက်တွေရှာပါ။ ပြီးတော့ မာရ်နတ်ကို ဆီးတားပါ။ သူ ထွက်ပြေးပါလိမ့်မယ်။

                     ဘုရားသခင်ရဲ့နှုတ်ကပတ်တော် သမ္မာကျမ်းစာဟာ ဧည့်ခန်းထဲမှာ အလှထားဖို့၊ စာအုပ်စင်မှာ တင်ဖို့ မဟုတ်ဘူး။ အသုံးပြုဖို့ပါ။ ဝိညာဉ်တော်ရဲ့ဓါးဖြစ်ပါတယ်။ မိတ်ဆွေဟာလည်း ယေရှုခရစ်ရဲ့ စစ်သူရဲပါပဲ။

                     နောက်ဆုံးအနေနဲ့ ယာကုပ် ၄း၈ မှာ “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။” ဆိုတာ ဆင်ခြင်ကြည့်ပါ။ မာရ်နတ်ကို မဆီးတားခင်၊ ဘုရားသခင်နဲ့ နီးနိုင်သမျှ နီးအောင်နေပြီး၊ ဆုတောင်းသင့်ပါတယ်။             ။