Sunday, September 1, 2013

15. What Every Believer Should Know About Speaking in Tongues (BREAD FOR BELIEVERS) (Burmese)

 “ယုံကြည်သူသိသင့်သော အခြားသောဘာသာစကား ပြောခြင်းအကြောင်း”------------------------------------------------------------------------------------------------------------
အခန်း ၁၅
------------------------------------------------------------------------------------------------------------

DR. CURTIS HUTSON
အဓိပ္ပါယ်၊ စိတ်ရင်း၊ နည်းစနစ်၊ နားလည်လွဲမှုများ။
“ညီအကိုတို့၊ ငါသည် သင်တို့ရှိရာသို့လာ၍ အခြားသောဘာသာစကားဖြင့် ဟောပြောသော်လည်း၊ ဗျာဒိတ်တော်ကိုပြန်ခြင်း၊ ပညာအတတ်ကိုသင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမဩဝါဒပေးခြင်း တခုခုကို မပြုဘဲလျက်၊ သင်တို့အားပြောလျှင် အဘယ်အကျိုးရှိအံ့နည်း။ ထိုနည်းတူ အသံမြည်တတ်သော အဝိညာဏာကစောင်း၊ ပုလွေတို့သည် သေချာသောအသံနှင့်မမြည်လျှင်၊ စောင်းသံ၊ ပုလွေသံတို့ကို အဘယ်သို့သိနိုင်မည်နည်း။ တံပိုးခရာသည်လည်း မမှန်သောအသံနှင့်မည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှါ မိမိကိုယ်ကို ပြင်ဆင်မည်နည်း။ ထိုနည်းတူ၊ သင်တို့သည် နားလည်လွယ်သောစကားကို နှုတ်ဖြင့်မမြွက်လျှင်၊မြွက်သောစကားကို အဘယ်သို့ သိနိုင်မည်နည်း။ အာကာသကောင်းကင်ကို ပြောသောသူကဲ့သို့ဖြစ်လိမ့်မည်။”  ၁ကော ၁၄ း ၆-၉။

ဘာသာစကား ပြောတဲ့အကြောင်းဟာ ကျမ်းစာထဲမှာ ပါတဲ့အတွက် လေ့လာသင့်ပါတယ်။ အဓိက ၂ ချက်ကြောင့် အရေးကြီးတဲ့ အကြောင်းအရာတခုအဖြစ် လေ့လာဖို့လိုအပ်ပါတယ်။

တစ်က ဘာသာစကားပြောခြင်း (သို့) charismatic ခဲရစ္စမက်တစ် လှုပ်ရှားမှုဟာအလျှင်အမြန် ကြီးထွားလာလို့ပါ။ ရိုးသားတဲ့ ယုံကြည်သူတွေဟာ နက်နဲတဲ့အတွေ့အကြုံတွေ ရှာချင်လို့ အဲဒီလှုပ်ရှားမှုထဲ သွေးဆောင်ခံရတယ်။ နားလည်လွဲနေတဲ့ ထောင်ပေါင်း များစွာသော ယုံကြည်သူတွေဟာ ဝိညာဉ်ကယ်တင်ဖို့အတွက် ဝိညာဉ်တော်ပြည့်ဝမှုကို ရှာရမယ့်အစား ဘာသာစကားပြောဖူးချင်တာကို အလွဲ ရှာနေကြတယ်။

တခြားတဖက်မှာလည်း အဲဒီထက်ပိုများတဲ့ ယုံကြည်သူထောင်ပေါင်းများစွာဟာ စိတ်လှုပ်ရှားမှုတွေကို သိပ်သဘောမကျတာနဲ့၊ ဝိညာဉ်တော်ပြည့်ဝမှုအကြောင်း လေ့လာဖို့ လုံးဝ ရှောင်လာကြတယ်။ ဝေဖန်ကဲ့ရဲ့ခံရမှာကြောက်တာနဲ့ကို စိတ်မဝင်စားတော့ဘူး။

နေရာတိုင်းမှာရှိတဲ့ ယုံကြည်သူတိုင်း ဝိညာဉ်တော်နဲ့ပြည့်ဝဖို့ လိုပါတယ်။ ဝိညာဉ်တော်မပြည့်ဝရင် ဝိညာဉ်ကယ်တင်တဲ့ အသင်းတော်ကြီးတွေ၊ နိုးထမှုတွေ မရှိနိုင်ပါဘူး။ ဇာခရိ၄း၆ မှာ “ဤအမှုသည် ဗို်လ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။”

ဒုတိယအချက်အနေနဲ့ ဘာသာစကား လေ့လာသင့်တဲ့အကြောင်းရင်းက၊ ရိုးသားတဲ့ယုံကြည်သူတွေ ကြားထဲမှာ ယူဆပုံတွေ ကျယ်ကျယ်ပြန့်ပြန့်ကြီး ကွဲလွဲနေတယ်။ ရိုးသားတဲ့ယုံကြည်သူတိုင်းဟာ ဘာသာစကားပြောခြင်းအကြောင်းကို ဝေဖန်ကဲ့ရဲ့တာမျိုး မဟုတ်ပဲ၊ စိတ်နှလုံကိုဖွင့်ပြီး လေ့လာသင့်တယ်။ ဝိညာဉ်တော်ပြည့်ဝခြင်းအကြောင်းလို အရေးကြီးတဲ့ အကြောင်းအရာမျိုးမှာ ဘုရားကိုချစ်ပြီး ကျမ်းစာကို ယုံကြည်သူတွေ တယောက်နဲ့တယောက် စိတ်နာစရာတွေဖြစ်၊ သဘောထား အကြီးအကျယ် ကွဲလွဲတာဟာ ဘုရားသခင်အတွက် စိတ်ကြေကွဲစရာဖြစ်နေမှာ သေချာပါတယ်။

အခုဒီအကြောင်းလေ့လာတဲ့အခါ အတွေ့အကြံုတွေအကြောင်းမပြောဘဲ၊ ကျမ်းစာပြောတာကိုပဲ ပြောပါမယ်။ အတွေ့အကြံုဟာ ကျမ်းစာနဲ့မကိုက်ညီရင် မှားတယ်။ ကျမ်းစာကတော့ မမှားနိုင်ဘူး။ အတွွေ့အကြံုကို အမှန်ယူလို့မရဘူး။ ကျမ်းစာကိိုပဲ အမှန်ယူပါ။ သွန်သင်တဲ့ ဩဝါဒဟာ အတွေ့အကြံုပေါ်မှာ အခြေခံလို့မရဘူး။ ကျမ်းစာမှာပဲ အခြေခံပါ။

ဟိုတုန်းက နာမည်ကြီးအပတ်စဉ် T.V အစီစဉ်တခုမှာ စုံထောက်တယောက်အကြောင်း ပြောတယ်။ သူ့နာမည်ပြောရရင်တော့ “ဆာဂျင်ဖရိုက်ဒေး” (ရဲအုပ်ဖိုးသောကြာ- ဆိုပါစို့)” ဇာတ်လမ်းတိုင်းမှာ ဖြစ်ရပ်နဲ့ပတ်သက်ပြီး သက်သေတယောက်ကို ဆာဂျင်ဖရိုက်ဒေးက စစ်မေးတဲ့အခါ “အဖြစ်မှန်ပဲနော်၊ အမှန်ပဲပြောပါဗျာ။” တဲ့။ ဘုရားမလို့ ကျွန်တော်လည်း ဒီလိုပဲပြောပါရစေ။ ကျမ်းစာပြောတဲ့အတိုင်း ဘာသာစကားပြောခြင်းနဲ့ ပတ်သက်တဲ့- အဓိပ္ပါယ်၊ စိတ်ရင်း၊ နည်းလမ်း၊ နားလည်လွဲမှုတွေအကြောင်း လေ့လာရအောင်ပါ။
(၁) အဓိပ္ပါယ် - The meaning of it
တမန်၂း၄ မှာ “ဘာသာစကား” လို့ ဘာသာပြန်ထားတဲ့ဂရိစကားဟာ glossa ဖြစ်တယ်။ အဲဒီစကားဟာ ဓမ္မသစ်ကျမ်းမှာ အကြိမ် ၅၀ ပါတယ်လို့ ကျမ်းညွှန်းစာအုပ် Strong’s Concordance မှာ တွေ့ရတယ်။ 16 ကြိမ်ကတော့ လူ့ပါးစပ်ထဲကလျှာကို ရည်ရွယ်တယ်။ တကြိမ်ကတော့ တမန်၂း၃ မှာ “ ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့” လို့ သုံးတယ်။ ကျန် ၃၃ ကြိမ်ကတော့ “ဘာသာစကား” လို့ ဆိုလိိုုတယ်။ ဒါပေမယ့် ဘုရားသခင်သာ နားလည်နိုင်တဲ့ ကောင်းကင်ဘာသာစကားလို့တော့ ကျမ်းစာက တခါမှ မဆိုလိုဘူး။ လူတွေ မသိအောင်၊ နားမလည်နိုင်အောင် နက်နဲတဲ့အရာမျိုးလို့လည်း မဆိုလိုဘူး။ တမန် ၂ က “စကားဟာ မြန်မြန် ဗလုံးဗထွေးပြောတဲ့ စကား မဟုတ်ဘူး။ ပင်တေကုတ္တေနေ့က လူတွေပြောနိုင် နားလည်နိုင်တဲ့ သာမန် လူ့ဘာသာစကား ဖြစ်တယ်။ ပြောလိုတဲ့ သာမန်လူ့ဘာသာစကား  ဖြစ်တယ်။ ပြောခွင့်ရခဲ့တဲ့ ဘာသာစကားအမျိုးအမည်တွေကို ဖေါ်ပြထားတယ်။

 “ထိုလူအပေါင်းတို့သည် အံ့ဩမိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူ ဖြစ်ကြသည် မဟုတ်လော။ သို့ဟုတ်လျှင် ငါတို့သည် အသီးသီးမွေးဘွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။ ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါဘာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုနု္တ ပြည်၊ အာရှိပြည်၊ ဖြူဂိပြည်၊ ဝမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌ နေသောသူ၊ ကုရေနေမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးသီးဖြစ်ကြသောငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုး ဘာသာစကားအားဖြင့် ဟောပြောကြသည်ကို ကြားပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။”  (တမန် ၂းရ-၁၁)

အဲဒီမှာ ပြောတဲ့ဘာသာစကားကို သတိထားကြည့်ပါ။ အငယ်၄ မှာ ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်၍၊ အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။” နားမလည်နိုင်တဲ့စကားလို့ မပြောပါဘူး။ လူမျိုးခြားစကားတွေသာ ဖြစ်တယ်။

အငယ် ရ-၈ မှာ “ထိုလူအပေါင်းတို့သည် အံ့ဩမိန်းမောတွေဝေလျှက်ရှိ၍၊ ယခု ဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူ ဖြစ်ကြသည်မဟုတ်လော။ သို့ဟုတ်လျှင် ငါတို့သည် အသီးသီးမွေးဘွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။”

အငယ် ၉-၁၁ အထိမှာ သူတို့ပြောတဲ့ တခြားလူမျိုးစကားတွေကို ဖေါ်ပြထားပါတယ်။

ဘာသာစကားပြောတာကို တမန်တော်ဝတ္တုထဲမှာ ၃ နေရာသာတွေ့ရပါတယ်။ ပင်တေကုတ္တေ နေ့ တမန် ၂း၁-၁၁၊ ကဲသရိမြို့ တမန် ၁၀း၄၄-၄၆ နဲ့ ဧဖက်မြို့ တမန် ၁၉း၁-၆ တို့ ဖြစ်ပါတယ်။

တမန် ၁၀း၄၆ မှာ ကောနေလိနဲ့ သူ့ရဲ့အိမ်သားတွေဟာ အမျိုးမျိုးသော ဘာသာစကားအားဖြင့် ပြော၍၊ ဘုရားသခင်ကို ချီးမွမ်း သည်ကို ကြားရတယ်။ ပေတရုက “ငါတို့ကဲ့သို့သန့်ရှင်းသောဝိညာဉ်တော်ကို ခံရသော ဤသူတို့ကို နှစ်ခြင်းမပေးစေခြင်းငှါ၊ အဘယ်သူသည် ရေကိုမြစ်တားနိုင်သနည်း” လို့ တုန့်ပြန်ခဲ့တယ်။

သူတို့ဟာ ပြောင်းလဲစလူသစ်တွေဖြစ်လို့ ရှင်ပေတရုက နှစ်ခြင်းခံကြဖို့ တိုက်တွန်းတယ်။ ကောနေလိနဲ့ သူ့ရဲ့အိမ်သားတွေ ပြောတဲ့စကားဟာ အံ့ဘွယ်ထူးခြားတဲ့စကားတွေ မဟုတ်ဘူး။ စကားတွေပြောရင်း၊ ဘုရားသခင်ကို ချီးးမွမ်းတာပါ။ ကောနေလိနဲ့ သူ့အိမ်သား တွေဟာ ရောမမြို့ကလာတဲ့ အီတလီတပ်သားတွေပါ။ သူတို့ရဲ့ မူလဘာသာစကားက လက်တင်ပါ။ တပ်မှူးရဲ့အိမ်သားတွေဆိုတာဟာ ရောမ အင်ပါယာထဲမှာရှိတဲ့ တိုင်းနိုင်ငံတွေကလာတဲ့ စစ်သားတွေ၊ ကျွန်တွေ၊ အစေအပါတွေ အုပ်ချုပ်ရေးအရာရှိတွေ ဖြစ်ဟန်ရှိပါတယ်။ သူတို့ သိပ် ဝမ်းသာသွားတဲ့အခါ၊ ကိုယ့်မူလဘာသာစကားတွေနဲ့ ဘုရားသခင်ကို အသီးသီးချီးမွမ်းကြတာ မဖြစ်နိုင်ဘူးလား?

ဒါဟာ စိတ်ပညာသဘောအရ မှန်ပါတယ်။ နိုင်ငံခြားသားတယောက်ဟာ အလွန်အမင်းဝမ်းသာတဲ့ အချိန်ဖြစ်ဖြစ်၊ အန္တရာယ် ကြံုချိန်ပဲဖြစ်ဖြစ်၊ ရေရွတ်တတ်ပါတယ်။ မကြာသေးခင်ကမှ တတ်ထားတဲ့စကားထက်၊ ကိုယ့်မွေးရပ်မြေက ဘာသာစကားနဲ့ပဲ အော်ဟစ် ရေရွတ်တတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တမန် ၁၀း၄၆ က ဘာသာစကားဟာ နားလည်နိုင်တဲ့ ဘာသာစကားတွေပါ။ ဝမ်းသာလွန်းလို့ ပြောထွက်သွားတဲ့ စကားတမျိုးတည်း မဟုတ်ပါဘူး။

တတိယဖြစ်ရပ် မှတ်တမ်းကတော့ တမန်၉း၁-၆ မှာ တွေ့ရတယ်။ ဧဖက်မြို့သား ၁၂ ယောက်ကို ရှင်ပေါလုတွေ့တဲ့အခါ “ယုံကြည်ပြီးတဲ့အချိန်ကစပြီး သန့်ရှင်းသောဝိညာဉ်တော်ကို ခံရကြပြီလား?” လို့ မေးတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဆိုတဲ့အကြောင်း မကြားဖူးသေးပါဘူးလို့ ဖြေကြတယ်။

ကဲ နှစ်ခြင်းဆရာယောဟန်က သန့်ရှင်းသောဝိညာဉ်တော်အကြောင်း ဟောပါလျက်နဲ့ သူ့တပည့်တွေက သန့်ရှင်းသောဝိညာဉ်တော် မသိကြပါလား? (မဿဲ၃း၁၁) တဆင့်စကား တဆင့်နားနဲ့ပဲ နှစ်ခြင်းဆရာယောဟန်ရဲ့ တရားစကားအစစ်ဟာ ကွယ်ပျောက်ခဲ့ပုံ ရပါတယ်။ ဒါနဲ့ပဲ ခံယူမှုလွဲလာကြသူတွေဟာ ဧဝံဂေလိတရားကို ရှင်းရှင်းကလေး ကြားရပါတော့တယ်။ နှစ်ခြင်းခံကြတယ်။ (အငယ်၅-၆) မှာတော့ ပေါလုသည်လည်း သူတို့အပေါ်လက်ကိုတင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဆင်းသက်တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော၍ ပရောဖက်ပြုကြ၏။”

ဒီမှာလည်း ကျမ်းစာက ကောင်းကင်ဘာသာစကား (သို့) ဝမ်းသာလွန်းလို့ ပြောထွက်လာတဲ့ စကားတမျိုးလို့ မပြောဘူး။ လူမျိုးစကားတွေကိုပဲ ဆိုလိုတာပါ။ ဧဖက်မြို့ဟာ ရောမအင်ပါယာရဲ့ ဒေသအသီးသီးကလာတဲ့လူတွေ နေထိုင်ကြတဲ့ လူမျိုးစုမြို့ကြီးတမြို့ ဖြစ်ပါတယ်။ ဘယ်ဘာသာစကားတွေ ပြောတယ်လို့တော့ ကျမ်းစာကမဖေါ်ပြပါဘူး။ ဒါပေမယ့် တမျိုးမကဘူးဆိုတာတော့ ရှင်းရှင်းလေး    ဖေါ်ပြထားတယ်။ “အမျိုးမျိုးသော ဘာသာစကားကိုပြော၍” တဲ့။ (အများဖြစ်တယ်။) အငယ် ရ မှာ “အရေအတွက်အားဖြင့် တကျိပ်နှစ် ယောက် မျှလောက် ရှိသတည်း။”  အဲဒီခရစ်ယာန်ဖြစ် လူသစ်တွေဟာ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ပရောဖက်ပြုကြတဲ့အခါ၊ ပြောတဲ့စကားတွေ ကလည်း ၁၂ မျိုးလောက် ကွဲနေနိုင်တယ်။

တမန်တော်ဝတ္ထုရဲ့ အဲဒီသုံးနေရာအပြင်၊ ရှင်ပေါလုက ဝိညာဉ်ဆုကျေးဇူးများအကြောင်း ပြောရာမှာ ဘာသာစကားတွေအကြောင်း ပြောထားပါသေးတယ်။ (၁ ကော ၁၂း၁-၁၄ နဲ့ ၁ကော ၁၄)  ၁ကော၁၄ ကို လေ့လာကြည့်ရင်၊ ပြောတဲ့ဘာသာစကားတွေဟာ ဝိညာဉ်စကား လို့ ပြောနေတဲ့ စကားမျိုးမဟုတ်သလို ကောင်းကင်ဘာသာစကားတွေလည်း မဟုတ်ပါဘူး။ ဗလုံးဗထွေးပြောတာ မဟုတ်သလို၊ လူ့နားနဲ့ မရင်းနှီးတဲ့ အသံထွက်တွေနဲ့ ဝူးဝူးဝါးဝါး ပြောတာမျိုးလည်း မဟုတ်ဘူး။

ဒီအခန်းကြီးထဲမှာ“an unknown tongue”  “နားမလည်တဲ့စကား” လို့ ပြောရာမှာ “unknown” “နားမလည်” ဆိုတဲ့စကားကို စာလုံးစောင်းနဲ့ ရေးထားတယ်။ နားလည်ဖို့အတွက် ကျမ်းစာဘာသာပြန်ပေးသူတွေက အထောက်အကူပြု ထည့်ပေးထားတာပါ။ ဒီကျမ်းပိုဒ်မှာ တွေ့ရတဲ့ ဘာသာစကားဟာ အနားကလူတွေ နားမလည်တဲ့ လူမျိုးခြားစကားတွေသာ ဖြစ်တယ်။ အငယ် ၂၃ နဲ့ ၂၄ အားဖြင့် ပိုရှင်းနိုင်တယ်။ “ထိုကြောင့် အသင်းဝင်သူအပေါင်းတို့သည် စည်းဝေး၍ အခြားသောဘာသာဖြင့် ဟောပြောလျက်နေကြစဉ်တွင် မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်တို့ကိုသူရူးဖြစ်ကြသည်ဟု ပြောမည်မဟုတ်လော။ သို့မဟုတ်လျှင် သင်းဝင်သူအပေါင်းတို့သည် ပရောဖက်ပြု၍နေကြစဉ်တွင် မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်းဝင်သူ အပေါင်းတို့သည် သူ၏အပြစ်ကို ဘော်ပြ၍ သူ့ကိုစစ်ကြောစီရင်ကြ၏။”

စိတ်ထြဲမင်ယောင်ကြည့်ပါ။ အသင်းတော်တပါး ဝတ်ပြုကိုးကွယ်နေချိန်မှာ လူမျိုးခြားစကားမျိုးစုံ ပြောနေကြတယ်။ ပညာမတတ်၊ နားမလည်သူတချို့ ဝတ်ပြုကိုးကွယ်ဖို့ ရောက်လာကြတယ်။ ဘာသာစကားအမျိုးမျိုးပြောတာကို ကြားနေကြရတယ်။ တယောက်တပေါက်နဲ့ ဆူညံနေတယ်ဆိုတော့ အရူးတွေဘဲလို့ မှတ်ချက်ချလိုက်တယ်။ ဒါပေမယ့် အသင်းသားတွေက လူမျိုးခြား စကားတွေမပြောဘဲ နားလည် လွယ်တဲ့စကားကို ပြောကြမယ်ဆိုရင် မယုံကြည်သူ၊ မသိနားမလည်တဲ့သူတွေပါ နားလည်ခွင့် ရသွားနိုင်တယ်။

အငယ်၂၃-၂၄ မှာ တွေ့ရတယ်။ “မတတ်သောသူသည်” ဆိုတဲ့ စကားကို သုံးထားတာက အံ့ဘွယ်ထူးခြားတဲ့ စကားမဟုတ်ဘဲ တတ်အောင်သင်ရင် ရတယ်ဆိုတဲ့သဘောကို ပြနေပါတယ်။ လူမျိုးခြားစကားဆိုတာ သေသေချာချာလေ့လာရင် တတ်နိုင်ပါတယ်။ ၁ကော၁၄ မှာ တွေ့ရတဲ့ ဘာသာစကားတွေဟာ အံ့ဘွယ်ဆုကျေးဇူးတွေ ဖြစ်ခဲ့ရင် ပညာမတတ်သူ၊ နားမလည်သူတွေလည်း ရနိုင်မှာ ဖြစ်တယ်။ ဘာသာ စကားပြောခြင်းဟာ ဘုရားသခင်တပါးတည်း သိဖို့သာ နက်နဲတဲ့ စကားပြောခြင်းဖြစ်ခဲ့ရင် လေ့လာသင်ယူရုံနဲ့ ကောင်းကင်စကားကို နားလည်မှာ မဟုတ်ဘူး။ ဒါပေမယ့် လူမျိုးခြားစကားဆိုတာ သိနိုင်၊ ပြောနိုင်၊ သင်ယူနိုင်တယ်။ မတတ်သောသူ၊ နားမလည်ဘူးဆိုတဲ့ စကားက ဒီဘာသာစကားတွေဟာ သိနိုင်၊ နားလည်နိုင်တဲ့ သာမန်လူ့ဘာသာစကားတွေဆိုတာကို ဖော်ပြနေတယ်။

ကျမ်းစာထဲမှာပြောတဲ့ ဘာသာစကားဆိုတာ လူတွေ ပြောတဲ့စကား ဖြစ်ပါတယ်။၁ကော၁၄ မှာတော့၊ ဘုရားကျောင်းတက်သူတချို့ နားမလည်တဲ့ လူမျိုးခြားစကားလို့ ဆိုလိုပါတယ်။
    (၂)  စိတ်ရင်း  The motive behind it
ဘာသာစကားပြောတာဟာ ကျမ်းစာထဲမှာ ၃ နေရာပဲ တွေ့ရတယ်။ တမန် ၂း ၁-၁၁၊ (၁၀း၄၄-၄၆) (၁၉း၁-၁၆)

ဘာသာစကားပြောခြင်းနဲ့ ပတ်သက်တဲ့ အဓိကအရေးကြီးဆုံးကျမ်းပိုဒ်ဟာ တမန်၂း၁-၁၁ ပဲဖြစ်တယ်။ အရေးကြီးရခြင်းရဲ့ ပထမ တချက်က ဓမ္မသစ်ကျမ်းမှာ ပထမဦးဆုံးတွေ့ရတဲ့ ဘာသာစကားပြောခြင်းပါ။ ဒုတိယတချက်က တခြားနေရာတွေမှာထက်ပိုပြီး အကျယ် တဝင့် ပြောထားလို့ပါ။ တတိယတချက်က အံ့ဘွယ်ဆုကျေးဇူးတခုအဖြစ် အပြတ်ပြောလို့ရတဲ့တ တခုတည်းသောအဖြစ်အပျက်ဖြစ်နေလို့ပါ။

တမန်၂း၄ မှာ “ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍၊ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။”

တမန် ၉ နဲ့ ၁၀ ဟာ ဘာသာစကားတွေ ပြောခဲ့တာကို မှတ်တမ်းတင်ထားပါတယ်။ ဒီဖြစ်ရပ်တွေမှာ ဘာသာစကား ပြောခဲ့တာဟာ အံ့ဩဘွယ်ရာဆုကျေးဇူးတခုဖြစ်ခဲ့တဲ့ သဘောမျိုး ပြောပြထားခြင်းမရှိပါဘူး။ တမန်၂း၄ မှာသာ “ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း” လို့ ပြောထားတယ်။

ဒါဆိုရင် ပင်တေကုတ္တေနေ့မှာ အံ့ဘွယ်ဆုကျေးဇူး ပေးခဲ့ခြင်းရဲ့နောက်ကွယ်က စိတ်ရင်းသဘောထားဟာ ဘာလဲ? ကယ်တင်ခြင်းမရသေးတဲ့ လူ ၃,၀၀၀ ရှိနေတယ်။ ဒီထက်ပိုများချင် များနိုင်ပါတယ်။ အငယ် ၄၁ အရ “သူတို့သည်နှစ်ခြင်းခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် လူ သုံးထောင်မျှလောက်သောသူတို့သည် ဝင်ကြ၏။”

ပင်တေကုတ္တေနေ့က ဘုရားသခင်မှာ အခက်အခဲတခုရှိပါတယ်။ ကယ်တင်ခြင်းမရတဲ့လူ ၃,၀၀၀ ရှိနေတယ်။ ဂါလိလဲလူတွေက ကယ်တင်ခြင်းအကြောင်း သိတယ်။ ရှင်းပြနိုင်စွမ်းရှိတယ်။ ဒါပေမယ့် နားထောင်မယ့်သူတွေရဲ့စကားကို မပြောတတ်ကြဘူး။ ဘုရားသခင် ကြံုနေရတဲ့အခက်အခဲက ဘာသာစကားအခက်အခဲပါ။ လူသုံးထောင်ကို ကယ်ချင်တယ်။ ပြောပြနိုင်သူတွေကလည်း နားထောင်သူတွေရဲ့ စကားကို မတတ်ကြ။ ဒါနဲ့ ဘုရားသခင်က သူတို့မသင်ခဲ့ဘူးတဲ့စကားတွေ ပြောခွင့်ပေးလိုက်တယ်။ တခြား ဘာသာစကားတွေကို အံ့ဘွယ် ပြောကြတယ်။ တမန်၂း၄ မှာ “ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်။”

လူမျိုးခြား ၁၆ မျိုးတို့ဟာ သူတို့ဘာသာစကားကိုယ်စီနဲ့ ဘုရားရဲ့ အံ့ဘွယ်အမှုတော်ကို ကြားရတယ်။ ပင်တေကုတ္တေနေ့မှာ အဲဒီ ဝိညာဉ်တော်ပြည့်ဝသူ ခရစ်ယာန်တွေဟာ သခင်ယေရှုအကြောင်းကို ဘာသာစကား ၁၆ မျိုးနဲ့ သက်သေခံကြတယ်။ ပါရှန်းစကားကအစ ကရေတေနဲ့ အာရေးဗီးယန်းစကား အထိပေါ့။ တမန်၂းရ-၁၁ မှာ “ထိုလူအပေါင်းတို့သည် အံ့ဩမိန်းမောတွေဝေလျက် ရှိ၍၊ ယခု ဟောပြော သောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည်မဟုတ်လော။ သို့ဟုတ်လျှင် ငါတို့သည် အသီးသီးမွေးဘွားရာ ဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။ ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါဘာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ပုနု္တ ပြည်၊ အာရှိပြည်၊ ဖြူဂိပြည်၊ ဝမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌ နေသောသူ၊ ကုရေနေမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးသီးဖြစ်ကြသော ငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားအားဖြင့် ဟောပြော ကြသည်ကို ကြားပါသည်တကားဟု အချင်းချင်း ပြောဆိုကြ၏။”

သူတို့ဟာ ကယ်တင်ခြင်းတရား ကြားရချိန်မှာ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးကြတယ်။ တမန်၂း၄၁ မှာ “ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သောသူတို့သည် ဝင်ကြ၏။”

ပင်တေကုတ္တေနေ့ရဲ့ အရေးကြီးတဲ့အကြောင်းအရာဟာ ဘာသာစကားပြောခြင်း မဟုတ်ပါဘူး။ လူသုံးထောင် ပြောင်းလဲခြင်းသာ ဖြစ်တယ်။ ဘာသာစကားပြောခြင်းအကြောင်း ပြတာမဟုတ်ဘူး၊ ဝိညာဉ်ကယ်တင်ခြင်းအကြောင်း ပြနေတာပါ။ ဘာသာစကား ပြောခြင်းက အဓိကမဟုတ်ဘူး။ အခြေအနေအရ ဖြစ်တာပါ။ အဓိကဖြစ်တဲ့ ဝိညာဉ်ကယ်တင်ခြင်းကို ကူညီပံ့ပိုးပေးရခြင်းသာ ဖြစ်တယ်။

ဒါဟာ တမန် ၁း၈-မှာ သခင်ယေရှုပြောတဲ့စကားနဲ့ ကိုက်ညီတယ်။  “ထိုသို့မရှိသော်လည်း၊ သင်တို့ပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။”

နှစ်ခြင်းဆရာယောဟန်ကလည်း လုကာ၁း၁၅-၁၆ မှာ “အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားေ့ရှတော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကိုမသောက်ဘဲနေ၍ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။ ဣသရေလ အမျိုးသား အများတို့ကို သူတို့ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြောင်းလဲစေလိမ့်မည်။”

ဘာသာစကားပြောတာကို အမွှမ်းတင်နေကြမယ်ဆိုရင် ဒေါ်လာတစ်သန်း(၁,၀၀၀,၀၀၀) ကို အညိုရောင်စက္ကူအိတ်ထဲမှာ ထည့်ပြီး လာပေးရင် ငွေတွေကိုထုတ်ပစ်၊ ဖြန့်ကြဲပစ်ပြီး အညိုရောင်စက္ကူအိတ်ရလို့ စိတ်လှုပ်ရှားနေတဲ့သူနဲ့ တူသွားပါလိမ့်မယ်။ စက္ကူအိတ်ဟာ ငွေပို့ဖို့၊ ထုတ်ပို့ရုံသက်သက်ပါ။ အရေးကြီးတာကငွေပါ။ စက္ကူအိတ် မဟုတ်ဘူး။

ပင်တေကုတ္တေနေ့က ဘာသာစကားပြောခဲ့တာဟာ လူသုံးထောင်ပြောင်းလဲဖို့အတွက် ဟောမယ့်တရားကို  အထောက်အကူပြု ပံ့ပိုးပေးရတာသာ ဖြစ်တယ်။  လူသုံးထောင်ပြောင်းလဲတာဟာ တရားကို နားလည်စေတဲ့ဘာသာစကားက အဓိကမဟုတ်ဘူး။ တမန် ၂ မှာ ဘာသာစကားပြောရခြင်းရဲ့ အဓိကစိတ်ရင်း ရည်ရွယ်ချက်ဟာ လူတွေကယ်တင်ခြင်းရဖို့ပါ။
    (၃) နည်းလမ်း  The method for it 
တမန်တော်ဝတ္ထုထဲက ဖြစ်ရပ်သုံးခုအပြင် ဘာသာစကားပြောခြင်းအကြောင်း တွေ့ရတဲ့နေရာ ဓမ္မသစ်ကျမ်းမှာ ရှိပါသေးတယ်။ ၁ကော ၁၂း၁ ၄ မှာ ဝိညာဉ်ဆုကျေးဇူးတွေအကြောင်း ရှင်ပေါလု ရှင်းပြထားတာပါ။ အငယ် ၁၀ မှာ တခြားဆုကျေးဇူးတွေအပြင် “ဘာသာစကားအမျိုးမျိုး” လို့ တွေ့ရတယ်။ ကောရိန ္တု အသင်းတော်ဟာ ဓမ္မသစ်ကျမ်းထဲမှာ ဘာသာစကားအမျိုးမျိုးပြောတဲ့ တခုတည်း သောအသင်းတော်ပါ။ မာကေဒေါနိပြည်၊ အာခိပြည်၊ ယုဒပြည်၊ ရှမာရိပြည်၊ အာရှ၊ ရောမနှင့် တခြားဒေသမှာ မတွေ့ရဘူး။

၁ကော၁၄ မှာ ဘာသာစကားပြောဖို့ အားပေးထားတာမျိုးမတွေ့ရဘဲ၊ ပြောနေသူတွေအပေါ် တားမြစ်မှုတွေ တသီကြီး ပေးထား တာ တွေ့ရတယ်။ ကောရိန ္တုအသင်းတော်ရှိ ယုံကြည်သူတွေကို ဒီဆုကျေးဇူးကို လုပ်ဆောင်ဖို့ အားမပေးဘဲ၊ မလုပ်ဖို့ တားမြစ်နေတာသာ ဖြစ်တယ်။

၁ကော၁၄ မှာ တွေ့ရတဲ့ တားမြစ်ချက်တွေကို မပြောခင်၊ ၁ကော၁၄ မှာ ဘာသာစကားပြောခြင်းဟာ တမန် ၂၊ ၉၊၁၀ တို့မှာ ပြောခြင်းနဲ့့ မတူတဲ့အကြောင်းကို အရင်ပြောဖို့လိုပါမယ်။

တမန် ၂ မှာ တပည့်တော်တွေဟာ ပရိတ်သတ်ရဲ့ဘာသာစကားတွေနဲ့ ကယ်တင်ခြင်းတရားဟောခြင်း ဖြစ်ပါတယ်။ ကယ်တင်ခြင်းတရားကြားပြီး၊ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးကြတဲ့အတွက် လူ ၃,၀၀၀ ကယ်တင်ခြင်းရတယ်။ အဲဒီနေ့ကပြောတဲ့ ဘာသာစကားတွေဟာ ကြားရသူတွေ နားမလည်တဲ့စကားမျိုး မဟုတ်ပါဘူး။

၁ကော ၁၄ မှာ တွေ့ရတဲ့ ဘာသာစကားပြောခြင်းကတော့ ပရိတ်သတ် နားမလည်ပါဘူး။ အသင်းတော်ကလူတွေ နားမလည်တဲ့ လူမျိုးခြားစကားတွေပါ။ သူတို့နားမလည်ပါဘူး။

ကဲ- ရှင်ပေါလုပြောတဲ့ တားမြစ်ချက်တွေကို လေ့လာရအောင်ပါ။
 (၁)   ပြောနေတာကို ကြားရသူတွေနားမလည်ခဲ့ရင်လူမျိုးခြားစကားဖြစ်ဖြစ်၊ ဘာစကားပဲဖြစ်ဖြစ် အသင်းတော်မှာမပြောပါနဲ့။ “အခြားသောဘာသာစကားဖြင့် ဟောပြောသောသူရှိလျှင် နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေ၊ တယောက်နောက်တယောက်ပြော၍ တယောက်သောသူသည် အနက်ကိုဘော်ပြစေ။ စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအား၎င်း ဘုရားသခင်အား၎င်း ပြောစေ။ ” ၁ကော ၁၄း၂၇ -၂၈။

 (၂)   ဝတ်ပြုစည်းဝေးတခုမှာ အခြားသောဘာသာစကားကို နှစ်ယောက်(သို့) သုံးယောက်ထက် ပိုမပြောသင့်ဘူး။- “အခြားသောဘာသာစကားဖြင့် ဟောပြောသောသူရှိလျှင် နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေ၊ တယောက်နောက်တယောက်ပြော၍ တယောက်သောသူသည် အနက်ကို ဘော်ပြစေ။ စကားပြန်မရှိလျှင်၊ဟောပြောသောသူသည် အသင်းတော်၌တိတ်ဆိတ်စွာနေ၍ မိမိအား၎င်း ဘုရားသခင်အား၎င်း ပြောစေ။” ၁ကော၁၄း၂၇

 (၃)   တကြိမ်မှာ တယောက်သာပြောပါ။ တပြိုင်နက်တည်း နှစ်ယောက်၊ သုံးယောက်ပြောကြရင် ပရမ်းပတာ ဖြစ်နေတယ်။ “တယောက်နောက်တယောက်ပြော၍ တယောက်သောသူသည် အနက်ကိုဘော်ပြစေ။” (၁ကော ၁၄း၂၇) တယောက်ပြီး တယောက် အလှည့်နဲ့ပြောရမယ်။ တပြိုင်နက်တည်း နှစ်ယောက်မပြောရဘူး။

 (၄)   ဝတ်ပြုစည်းဝေးမှာ အခြားသောဘာသာစကားပြောလို့ ရှုပ်ထွေးမှုတွေဖြစ်လာရင် ဘုရားသခင်ကြောင့် မဟုတ်တော့ပါဘူး။ “ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ။ သန့်ရှင်းသူတို့၏ အသင်းတော်အပေါင်းတို့၌ ဖြစ်သကဲ့သို့ အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။” (၁ကော ၁၄း၃၃)

 (၅)    အသင်းတော်မှာ အမျိုးသမီးတွေဟာ နားမလည်တဲ့စကားကို ဘယ်တော့မှမပြောရ။  “သင်တို့၏မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာနေကြစေ။ သူတို့သည် ဟောပြောရသောအခွင့် မရှိကြ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့သည် ယောကျာ်း၏ အုပ်စိုးခြင်းကို ဝန်ခံရကြမည်။ မိန်းမတို့သည် တစုံတခုကိုသင်လိုလျှင်၊ အိမ်၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမသည် အသင်းတော်၌ဟောပြောလျှင် ရှက်ဘွယ်သောအကြောင်းဖြစ်၏။” ၁ကော ၁၄း၃၄-၃၅

ဒီစကားဟာ နဲနဲထူးဆန်းပါတယ်။ ၁ကော ၁၁း၃-၁၀ မှာ အမျိုးသမီးတွေ အသင်းတော်မှာ ဆုတောင်းကြ၊ ပရောဖက်ပြုကြရင် အမျိုးသမီးတွေ ဘယ်လိုဝတ်စားရမယ်ဆိုတာ လမ်းညွှန်ချက်ပေးထားပြီးသား ဖြစ်ပါတယ်။ ဒီကျမ်းပိုဒ်က အမျိုးသမီးတွေတရားမဟောရ၊ သင်းအုပ်မလုပ်ရလို့ ပြောတာမဟုတ်ပါဘူး။ ၁တိ၂း၁၂ မှာ ပြောပြီးသားပါ။ “မိန်းမသည် ဆုံးမဩဝါဒပေးခြင်း၊ ယောကျာ်းကိုအစိုးတရ ပြုစေခြင်းအခွင့်ကို ငါမပေး။ သူသည်တတ်ဆိတ်စွာ နေအပ်၏။” ၁ကော ၁၄း၃၄-၃၅ မှာ အမျိုးသမီးတွေ စကားလုံးဝမပြောဘဲ တိတ်တိတ်နေဖို့ ပြောပြန်ပါတယ်။

သူရေးခဲ့တာကို သူမေ့သွားလို့လား? ညံ့များညံ့သလား? ကိုယ်ပြောပြီးတာကို ကိုယ်မသိဖြစ်နေတာလား? မဟုတ်ပါဘူး။ ဒီကျမ်းပိုဒ်တွေဟာ ဘာသာစကားပြောခြင်းအကြောင်း အခန်းကြီးထဲမှာ ရေးထားတာဖြစ်တယ်။ အသင်းတော်မှာ ဘာသာစကားပြောရင် အမျိုးသမီးတွေ တိတ်တိတ်နေဖို့ပြောတာပါ။ အခွင့်မပေးဘူး။

Dr. W. A. Chriswell  ပြောတာက ရှေးကောရိန ္တုမြို့ကြီးရဲ့ ေ့ရှမှာပင်လယ်ပြာကြီး ရှိတယ်။ အနောက်ဘက်မှာတော့ မြင့်မားလှတဲ့ အက်ခရို-ကောရင်သပ်စ် တောင်တန်း ရှိပါတယ်။ အက်ခရိုပေါလစ်တောင်ဟာ အေသင်မြို့မှာရှိတဲ့ ပါသီနွံထက် ပိုပြီးကြီးမားထင်ရှားပါတယ်။ ကောရိန ္တုမြို့ရှိ အက်ဖရိုဒိုက် နတ်ဘုရားကျောင်းက ကြီးကျယ်ထင်ရှားတယ်။ (လက်တင်လို- ဗီးနပ်စ် လို့ ခေါ်ပါတယ်။) အလှနဲ့အချစ် ဂရိ နတ်ဘုရားမ ဖြစ်တယ်။ ကာမဂုဏ်ခံစားမှုတွေနဲ့ ဝတ်ပြုကိုးကွယ်တယ်။ သူတို့ထုံးစံအရ နတ်ဝင်သည် ပြည်တန်ဆာတွေဟာ အကြီးအကျယ် စိတ်လှုပ်ရှားမှုတွေနဲ့အတူ ကာမဂုဏ်ပျော်ပါးရင်း ကိုးကွယ်ကြတယ်။ နားမလည်တဲ့စကားတွေပြောပြီး အမျိုးသမီးတွေ ပျော်ပါးကြတာဟာ ဂရိ-ရောမခေတ်ကာလမှာတော့ မြင်ဖူးနေကျ ဖြစ်ရပ်ပါ။ ဘာသာစကားပြောဆိုတာကို ရှင်ပေါလုမနှစ်သက်ခြင်းဟာ သဘာဝကျပါတယ်။ ဘုရားသားသမီးတွေ ဝတ်ပြုနေချိန်မှာ တစိမ်းတွေ ဖြတ်လျှောက်သွားလို့ အမျိုးသမီးတွေ နားမလည်တဲ့စကား ပြောနေတာကြားရရင် “ဒီနေရာက ဘာပါလိမ့် အက်ဖရိုဒိုက် ဘုရားကျောင်းလေးလား? ဝင်ပျော်ရအာင်ကွာ” လို့ အထင်မှားနိုင်ပါတယ်။ ရှင်ပေါလုက လုံးဝ၊ လုံးဝ လက်မခံဘူး။ “ဘာသာစကားတွေ ပြောကြမယ်ဆိုရင် အမျိုးသမီးတွေတိတ်တိတ်နေပါ။ ဘုရားကျောင်းထဲမှာ နားမလည်နိုင်တဲ့စကားတွေကို အမျိုးသမီးတွေ ပြောကြမယ်ဆိုရင် ရှက်စရာကောင်းတယ်။” လို့  ရှင်ပေါလု ပြောလိုတာပါ။

ဒီတားမြစ်ချက်ဟာ အခုချိန်ထိ တည်မြဲနေပါတယ်။ စိတ္တဇဆန်ဆန် အမျိုးသမီးတွေ ဘာသာစကားပြောကြတာက ထာဝရဘုရား ရဲ့နာမတော်ကို ကဲ့ရဲ့စရာဖြစ်နေတယ်။

 (၆)  ပရိတ်သတ် နားလည်တဲ့စကားကိုဘဲ ပြောဖို့အားပေးတယ်၊၊

“ငါသည်သင်တို့ရှိသမျှထက်၊ အခြားသောဘာသာစကားဖြင့် ဟောပြောသောအရာကို ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၏။ သို့သော်လည်း၊ အသင်းတော်၌အခြားသော ဘာသာစကားဖြင့် စကားတသောင်းကို ပြောနိုင်သည်ထက်၊ သူတပါးတို့ကို သွန်သင်ခြင်းငှါ စကားငါးခွန်းကို ဉာဏ်နှင့်တကွ ပြောနိုင်သောအခွင့်ကို သာ၍အလိုရှိ၏။”  (၁ကော ၁၄း၁၈-၁၉)

၅ ခွန်းနဲ့ အခွန်းတသောင်း။ အရမ်းကွာလွန်းပါတယ်။ လူသာမန် အဆင်ခြင်ရှိသူဆိုရင်၊ နောင် ဆက်ပြောတော့မှာ မဟုတ်ဘူး။ အသင်းတော်မှာ ပြောခွင့်မရှိဘူး။

မကြာသေးခင်က ကျွန်တော့ကျမ်းစာအုပ်ရဲ့ ဘေးမှတ်စုမှာ ဘာသာစကားပြောခြင်းဟာ ဝတ်ပြုစည်းဝေးနဲ့ မသင့်တော်ကြောင်း အချက် (၅) ချက် ရေးမှတ်ထားလိုက်တယ်။

 (၁) သာမန်အားဖြင့် နားမလည်နိုင်တဲ့အတွက် အကျိုးရှိအောင် ဘာသာပြန်သူ၊ အနက်ပြန်သူ လူလိုတယ်။
 (၂)  နားမလည်နိုင်တဲ့အတွက် ယုံကြည်သူတွေကို မတည်ဆောက်သလို၊ မယုံကြည်သူတွေကိုလည်း လန့်ပြီး ရှောင်သွားစေတယ်။
 (၃)  နားလည်တဲ့စကား ပြောရင်ရပါလျက်နဲ့ ဆင်ခြင်တုံမဲ့ အမူအယာနဲ့ ပြောနေကြတာဟာ စိတ်မမှန်ဘူး။ အရူးတွေလို့ မယုံကြည်သူတွေက မှတ်ချက်ချစေတယ်။
 (၄)  ဘာသာစကားပြောသူတိုင်းက ဝိညာဉ်တော်တန်ခိုးနဲ့ ပြောတယ်လို့ ဆိုနေကြတဲ့အတွက် ဘုရားသခင်ဟာ ရှုပ်ထွေးစေသူလို့ ကြားရသူတွေက မှတ်ယူသွားနိုင်တယ်။
 (၅)  ဘုရားသခင်ရဲ့သက်သေခံချက်အားလုံးဟာ လူတွေအားလုံး နားလည်ရမယ်ဆိုတဲ့ ဘုရားရည်ရွယ်ချက်ကို အဆီးအတား အနှောင့်အယှက် ဖြစ်စေတယ်။
ဒီ မအူမလည်နည်းလမ်းကို ဘာကြောင့်သုံးမလဲ? ဘုရားသခင် မသုံးသလို၊ တမန်တော်တွေလည်း မသုံးခဲ့ဘူး။
     ၄၊၊  နားလည်လွဲမှုများ။ The misunderstandings about it
ဘာသာစကားပြောခြင်းနဲ့ ပတ်သက်တဲ့ နားလည်လွဲမှုတွေ အများကြီးရှိနေပါတယ်။ တချို့က ဘာသာစကားပြောတာဟာ ဝိညာဉ်တော်ပြည့်ဝခြင်းရဲ့ သက်သေလို့ ပြောကြတယ်။ တချို့က ဘုရားသခင်ကိုပြောတဲ့ ဆုတောင်းတဲ့ ဘာသာစကားလို့ ဆိုတယ်။ တချို့ကလည်း ဝိညာဉ်လူဖြစ်ကြောင်းပြတဲ့ သက်သေလို့ ပြောနေပြန်ရော။ ဝိညာဉ်လူဖြစ်သွားရင် ဘာသာစကားတွေ ပြောလာလိမ့်မယ်လို့ ဆိုတယ်။

ဘာသာစကားပြောတာဟာ ဝိညာဉ်တော်ပြည့်ဝတဲ့ သက်သေဆိုတာ ဟုတ်သလား? ကျမ်းစာကို ကြည့်ပါ။ အဲဒီလို တခါမှ မပြောဖူးဘူး။ ပင်တေကုတ္တေနေ့ မတိုင်မှီဖြစ်စေ၊ နောက်ပိုင်းဖြစ်စေ၊ ဝိညာဉ်ဆုကျေးဇူးများအကြောင်း ပြောရာမှာဖြစ်စေ ဝိညာဉ်တော်ပြည့်ဝတဲ့ သက်သေ (သို့)တစိတ်တပိုင်း ဖြစ်တယ်လို့ မပြောပါဘူး။ ဒီအယူအဆဟာ ဘုရားစကားအပေါ်မှာ အခြေခံတဲ့စကား မဟုတ်ဘူး။

နာမည်ကြီး ပင်တယ်ကော့စတယ်လ် စာရေးဆရာဖြစ်သူ သင်းအုပ်ဆရာ Donald Gee  က သူ့ရဲ့ “ဝိညာဉ်တော်နှစ်ခြင်းရဲ့ ကနဦးသက်သေဖြစ်တဲ့ ဘာသာစကားပြောခြင်း” ဆိုတဲ့ စာအုပ်ငယ်မှာ-

 “ဘာသာစကားပြောခြင်းဟာ ဝိညာဉ်တော်နှစ်ခြင်းရဲ့ ကနဦးသက်သေဆိုတဲ့အယူဟာ တမန်တော်ဝတ္ထုရဲ့ အဖြစ်တွေအပေါ်မှာ စုစည်းခံယူထားတာပါ။ အဲဒီသက်သေရဲ့အမှတ်လက္ခဏာလို့ တိုက်ရိုက်ဖြစ်စေ၊ ပုံဆောင်ချက်အားဖြင့်ဖြစ်စေ၊ ဓမ္မသစ်ကျမ်းမှာ မတွေ့ရတဲ့ အတွက်၊ ဒီအကြောင်းနဲ့ပတ်သက်တဲ့ ခံယူချက်မှန်သမျှဟာ သူ့ဘောင်ကလေးအတွင်းမှာသာ ကန့်သတ်ခံယူကြဖို့ အရေးကြီးပါတယ်။” လို့ ဆိုပါတယ်။

ဘာသာစကားပြောခြင်းဟာ ဝိညာဉ်တော်ပြည့်ဝတဲ့ သက်သေမဟုတ်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

   (၁)  ကျမ်းစာက အဲဒီလို မပြောလို့ပါ။
   (၂) အခြား သက်သေတမျိုးကိုသာ ဂတိပေးထားလို့ပါ။
တမန် ၁း၈ မှာ “ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။”

ဒီကျမ်းချက်မှာ ဝိညာဉ်တော်ပြည့်ဝရင် သက်သေခံလာလိမ့်မယ်လို့ပဲ ပြောပါတယ်။ ဒီအချက်ကြောင့်သာ တမန် ၂ မှာ ဝိညာဉ်တော် ပည့်ပြီး ကယ်တင်ခြင်းတရားဟောတဲ့အတွက် လူ ၃,၀၀၀ ပြောင်းလဲခဲ့တာပါ။

နှစ်ခြင်းဆရာယောဟန်အကြောင်းကို လုကာ ၁း၁၅၊၁၆ မှာ “ထိုသားသည်ထာဝရဘုရား ေ့ရှတော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကိုမသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လိမ့်မည်။ ဣသရေလအမျိုးသား အများတို့ ကို သူတို့ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲစေလိမ့်မည်။” နှစ်ခြင်းဆရာယောဟန်ဟာ အခြားသောဘာသာစကား ပြောတယ် လို့ ပြောမထားဘူး။ “ဣသရေလအမျိုးသား အများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲစေလိမ့်မည်။” လို့ပဲ တွေ့ရတယ်။ ဝိညာဉ်တော်နဲ့ပြည့်ဝလာလို့ “လူများစွာကိုပြောင်းလဲစေသူ”  a great soul winner ဖြစ်လာတာပါ။ ဝိညာဉ်တော် ပြည့်ဝတဲ့ သက်သေဟာ ဝိညာဉ်ကယ်တင်ခြင်းသာ ဖြစ်တယ်။ ဘာသာစကား ပြောခြင်းမဟုတ်ဘူး။

 (၃)  ဝိညာဉ်တော်ပြည့်ဝသူတွေ ကျမ်းစာထဲမှာရှိပေမယ့် ဘာသာစကားကတော့ မပြောကြဘူး။

သခင်ယေရှု (လုကာ ၃း၂၂ နဲ့ တမန် ၁၀း၃၈) ။ နှစ်ခြင်းဆရာယောဟန် (လုကာ ၁း၁၅၊၁၆) ။ ရှမာရိပြည်က ပြောင်းလဲသူတွေ (တမန် ၈း၁၄-၁၇။ ရှင်ပေါလု တမန် ၉း၁၇)။

ဒီနေ့ခေတ်ရဲ့လူများစွာကို ပြောင်းလဲစေသူတွေဟာလည်း ဝိညာဉ်တော် ပြည့်ဝကြပေမယ့် ဘာသာစကား မပြောကြပါဘူး။ THE SWORD OF THE LORD မဂ္ဂဇင်းရဲ့ တည်ထောင်သူ အယ်ဒီတာ Dr.John R. Rice ဟာ ဝိညာဉ်တော် ပြည့်ဝသူဖြစ်တာ လူသိများပါတယ်။ ဒါပေမယ့် သူဟာ အခြားသော ဘာသာစကား မပြောဘူး။

အမေရိကန်ပြည်ရဲ့ အကြီးမားဆုံး Sunday School ရဲ့သင်းအုပ်ဆရာကြီး Dr. Jack Hyles ဟာ ဝိညာဉ်တော်ပြည့်ဝတာ ထင်ရှားတဲ့သူပါ။ သူလည်း တခါမှ အခြားသော ဘာသာစကား မပြောပါဘူး။ Tennessee ပြည်နယ်ရဲ့ အကြီးဆုံးအသင်းတော်ရဲ့ သင်းအုပ်ဆရာကြီး  Dr. Lee Roberson ဟာ သူ့အသက်တာမှာ ဝိညာဉ်တော်ပြည့်ဝတဲ့ အကြောင်းတွေ ဟောပြောပါတယ်။ ဒါပေမယ့် သူလည်း ဘယ်တော့မှ အခြားသော ဘာသာစကားမပြောဘူး။

ဝိညာဉ်တော်နဲ့ ပြည့်ဝကြတဲ့ ဟိုတခေတ်က တရားဟောဆရာတွေ၊ ဧဝံဂေလိဆရာတွေဖြစ်တဲ့ Dwight L. Moody, Charles G. Finney,  R.A .Torrey,  John Wesley,  George Whitefield, Charles Haddon Spurgeon,  Billy Sunday,  J. Wilbur Chapman, George Truett, Gipsy Smith နဲ့ တခြားဆရာ အများအပြားဟာ အခြားသော ဘာသာစကား မပြောဘူး။

ဒါကြောင့် ဘုရားသခင်က ဝိညာဉ်တော်ပြည့်ဝတဲ့သက်သေတမျိုး ပေးထားတဲ့အတွက်၊ ဘုရားမပြောဘဲနဲ့၊ အခြားသော ဘာသာ စကားဟာ ဝိညာဉ်တော်သက်သေပါလို့ ပြောနေတာဟာ မှားပါတယ်။

ဘာသာစကားနဲ့ပတ်သက်ပြီး နောက်ထပ်လွဲနေတာတခု ရှိပါသေးတယ်။ ဆုတောင်းတဲ့ ဘာသာစကားလို့ ပြောနေတာပါ။ ၁ကော ၁၄း၂ ကို အခြေယူကြတာပါ။ “အခြားသောဘာသာစကားအားဖြင့် ပြောသောသူသည် လူတို့အားမပြော၊ ဘုရားသခင်အားပြော၏။ သူ၏ စကားကို အဘယ်သူမျှနားမလည်။ နက်နဲသောအရာတို့ကို ဝိညာဉ်တော်အားဖြင့်ပြော၏။”

နည်းနည်းလေ့လာလိုက်ရင် ရှင်းသွားမှာပါ။ ဒီကျမ်းချက်က အသင်းတော်မှာ လူမျိုးခြားစကားပြောသူရှိလို့ ဘယ်သူမှနားမလည်ရင်၊ ဒါ လူကိုပြောတာမဟုတ်ဘူး၊ ဘုရားကိုပြောတာပါ။ ဆက်ရှင်းပြပါသေးတယ်။ “ဘယ်သူမှနားမလည်လို့” လို့ ပြောပါတယ်။ ဒီကျမ်းပိုဒ်က ဘုရားသာနားလည်တဲ့ ဘာသာစကားလို့ပြောလိုတာ ဆိုလိုတာမဟုတ်ပါဘူး။ နားမလည်တဲ့စကားဟာ နားထောင်သူ ကြားရသူတွေ     နားမလည် (သို့) မကြားဖူး မသိဖူးကြတဲ့ နိုင်ငံခြား လူမျိုးခြားစကားတမျိုးပါ။

တရုတ်စကားနားမလည်တဲ့ အင်္ဂလိပ်စကားပြော ပရိတ်သတ်ကို ကျွန်တော်က တရုတ်လိုဟောရင် သူတို့ နားမလည်ကြတဲ့အတွက် သူတို့ကိုဟောတာ မဖြစ်တော့ပါဘူး။ ဘုရားကိုပြောတာပဲ ဖြစ်ရပါတော့တယ်။ ဘုရားကတော့ ဘာသာစကားရှိသမျှကို နားလည်နေတာကိုး။ ဒီနေရာမှာပြာချင်တာက လူနားမလည်တဲ့ လူမျိုးခြားစကားတမျိုးသာဖြစ်ပြီး၊ ဘုရားပါမသိဖူးတဲ့ စကားမဟုတ်ပါဘူး။

မကြာသေးခင်က စားသောက်ဆိုင်ကြီးတခုမှာ ကျွန်တော်ဟာ လူတစုကြီးနားမှာ နေရာရပါတယ်။ သူတို့စကား ကျွန်တော်နားမလည်ပါဘူး။ စားနေရင်း သူတို့စကားလည်း နားလည်ချင်လာပါတယ်။ ဒါပေမယ့် ကျွန်တော်နားမလည်တဲ့ စကားဆိုတော့ ကျွန်တော့ကို ပြောနေတာမဟုတ်ဘူး။ ဒါပေမယ့် သူတို့စကားကို ဘုရားကကြားပြီး နားလည်နေပါတယ်။

ဆုတောင်းတဲ့ဘာသာစကားရယ်လို့ သပ်သပ်မရှိပါဘူး။ ဘုရားက ဘာသာစကားအားလုံးကို နားလည်ပါတယ်။ ဘုရားက အားလုံးသိပါတယ်။ ဘုရားနားမလည်တဲ့စကားရယ်လို့ မရှိပါဘူး။ ပြောသမျှ ကြားနေပါတယ်။

တခါတုန်းက အင်္ဂလိပ်စကား နည်းနည်းပဲပြောတတ်တဲ့ အမျိုးသမီးတယောက်ကို ခရစ်တော်အကြောင်း ပြောပြဖူးတယ်။ ဆုတောင်း ဖို့ပြောတော့ သူက ဆုတောင်းလောက်အောင်တော့ အင်္ဂလိပ်လိုမရဖူးလို့ ပြောပါတယ်။ သူ့ဘာသာစကားနဲ့ပဲ တောင်းပါလို့ ပြောတော့ သူ တောင်းတယ်။ သူပြောတာ ကျွန်တော်နားမလည်ဘူး။ ဘုရားသခင်ကတော့ နားလည်တာပေါ့။ သူဆုတောင်းပြီးတော့ မျက်နှာမှာ အပြံုးတွေ ဝေလာပြီး ကျွန်တော့ကို လက်ဆွဲနှုတ်ဆက်တယ်။ နောက်တပတ်တနင်္ဂနွေမှာ သူ့ကို အားရဝမ်းသာ နှစ်ခြင်းပေးရတယ်။ သစ္စာရှိတဲ့ အသင်းသားတယောက်အဖြစ် ပါဝင်လာတယ်။ ဆုတောင်းတဲ့ဘာသာစကားရယ်လို့တော့ မရှိပါဘူး။

ဘာသာစကားပြောတာဟာ ဝိညာဉ်သဘောရှိတာလို့ ထင်မြင်သူတွေလည်း ရှိတယ်။ ဒါဟာ နားလည်လွဲနေတာပါ။ ဘာသာစကား ပြောတဲ့ အသင်းတော်ရယ်လို့ ကျမ်းစာထဲမှာ ကောရိန ္တု အသင်းတော်ပဲရှိပါတယ်။ ကောရိန ္တုအသင်းတော်ဟာ ဇာတိအသင်းတော် ဝိညာဉ် သဘောမရှိဘူးလို့ ကျမ်းစာကပဲ သေသေချာချာပြောထားတာပါ။ “ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ၊ နို့ကိုသာတိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်ကြသေး။ ယခုပင်လည်း၊ ဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိလူ ဖြစ်ကြသည်မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည်မဟုတ်လော။” ၁ကော ၃း၂၊၃

ကြေခဲတဲ့အစာမစားနိုင်လို့၊ နို့ပဲတိုက်ထားရသူတွေပါ။ သူတို့ထဲကတချို့တွေဟာ ရှင်ပေါလုကို ဒုက္ခပေးကြ၊ တိုက်ခိုက်ကြသူတွေပါ။ (၁ကော ၄း၁၈) သူတို့ထဲကတယောက်ဟာ ကာမဂုဏ်ဖေါက်ပြန်သူပါ။ မိထွေးနဲ့ မှားယွင်းသူပါ။ အသင်းတော်ကလည်း အထင်အရှား လက်ခံ ထားတာပါ။ (၁ကော၅း၁)  အသင်းသားတွေဟာ တယောက်နဲ့တယောက် တရားစွဲနေကြတယ်။ (၁ကော ၆း၁-၈) တချို့အသင်းသားတွေက ရုပ်တုကို ပူဇော်တဲ့ယဇ်သားတွေ စားကြတယ်။ (၁ကော ၈)  ပွဲတော်ဝင်ချိန်မှာလည်း ကွဲပြားမှုတွေ၊ အယူလွဲမှုတွေရှိနေတယ်။ တချို့က ပွဲတော်မှာ သောက်စားချင်လို့ လာတာပါ။ (၁ကော ၁၁း၁၇-၂၁) တချို့က ထမြောက်ခြင်းကို ငြင်းပယ်နေကြသူတွေပါ။ (၁ကော ၁၅း၁၂)

ဘာသာစကားပြောတယ်လို့ တပါးတည်း မှတ်တမ်းတင်ခဲ့ရတဲ့ အဲဒီအသင်းတော်ဟာ ဇာတိအသင်းတော်ပါ။ ဒါကြောင့် ဘာသာစကားပြောတာဟာ ဝိညာဉ်တော်သဘောရှိတာ မဟုတ်ပါဘူး။

ကဲ- နိဂုံးချုပ်အနေနဲ့  - - -
ယုံကြည်သူတိုင်း ဝိညာဉ်တော်ပြည့်ဝဖို့ တိုက်တွန်းချင်ပါတယ်။ ဝိညာဉ်တော်မပြည့်ဝဘဲ ဘုရားအလုပ် လုပ်ဖို့ဆိုတာ ဒီရေကို နောက်ပြန်သွားဖို့ ခံရင်းခွနဲ့ တားသလိုဖြစ်နေပါလိမ့်မယ်။

ဝိညာဉ်တော်ပြည့်ဝလာရင် ကိုယ့်ဘဝရဲ့အချိန်တွေကို လူတွေပြောင်းလဲဖို့ အသုံးပြုလာလိမ့်မယ်။ ဝိညာဉ်တော် ဒီလောကကို ကြွလာရတဲ့ အဓိကအကြောင်းရင်းက “ဥပဇ္စျာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” (ယော ၁၆း၈)

လူစကားဘဲဖြစ်ဖြစ်၊ ကောင်းကင်တမန်စကားဘဲဖြစ်ဖြစ် ပြောနေပြီးတော့ ဝိညာဉ်တွေမရ၊ လူတွေ မပြောင်းလဲရင် ဘာအကျိုး ရှိမလဲ? လူ့ပညာနဲ့ပဲ ဖြစ်ဖြစ်၊ အ့ံဘွယ်နမိတ်ကြောင့်ပဲဖြစ်ဖြစ်၊ စကားအခွန်း တဒါဇင်လောက်ပြောပြီး ကယ်တင်ခြင်းအကြောင်းတော့ ဘယ်သူ့ကိုမှ ရှင်းမပြရင် ဘယ်လိုလုပ် ကယ်တင်ခြင်းရကြပါ့မလဲ?
ဝိညာဉ်တော်နဲ့ပြည့်ဝပြီး ၊ ဝိညာဉ်တွေကိုကယ်တင်ကြပါ။                 ။

Friday, July 19, 2013

14. The Fullness of the Spirit, the Believer’s Need - BREAD FOR BELIEVERS (Burmese)

---------------------------------------------------------------------------------------------------
အခန်း ၁၄
--------------------------------------------------------------------------------------------------
Dr. Curtis Hutson
ဆုတောင်း။
ကောင်းကင်ဘုံရှင်အဘ၊ ကောင်းကြီးရစေချင်ပါတယ်။ ကြီးလေးတဲ့ ဒီအကြောင်းအရာကိုပြောဖို့ရာ နည်းနည်းတော့ ဝန်လေးပါတယ်။ ကိုယ်တိုင်မပြည့်ဝဘဲနဲ့ ဝိညာဉ်တော်ပြည့်ဝခြင်းအကြောင်းပြောရင် မှားပါလိမ့်မယ်။ ဝိညာဉ်တော်ပြည့်ဝဖို့ ဒီညဆုတောင်းပါတယ်။ ကိုယ်တော်တွေးသလိုတွေးပြီး၊ ပြောသင့်တဲ့စကားကို ကွက်တိပြောတတ်ဖို့ ရှိသင့်တဲ့အပြုအမူမျိုးနဲ့ ဟောပြောနိုင်ဖို့ မစပါ။

ကျွန်တော့်အတွေးတွေကို ကိုယ်တော်သိနေပါတယ်။ ဒီတရားဟောပြီးရင် ဒီကလူတချို့ ဝိညာဉ်တော်နဲ့ပြည့်ဝဖို့ ဆာငတ်တောင့်တ လာကြဖို့ မြော်လင့်နေပါတယ်။ ဘယ်လိုပြည့်ဝနိုင်တယ်ဆိုတာ နားလည်သွားကြဖို့ မြော်လင့်ပါတယ်။ တချို့လည်း ရှေ့ထွက်လာပြီးတော့ “ဒီနေ့တော့ တကယ်ဖြစ်ပြီ။ သာမန်အသက်တာကို စိတ်ပျက်သွားပြီ။ အများနည်းတူ နေ့စဉ်အသက်ရှင်ရတာ စိတ်ပျက်ပြီ” လို့ ပြောလာကြပါစေ။

ဟောပြောမှုမှာ မစတော်မူပါ အဘ။ ကောင်းကောင်းမွန်မွန်ဖြစ်စေပါ။ အများအတွက် ကောင်းကြီးမင်္ဂလာ ဖြစ်စေပါ။ အာမင်။

ကျမ်းချက် ၂ ချက် ဖတ်ပါမယ်။
“လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။” ဧဖက် ၅း၁၈
“ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်” ဇာခရိ ၄း၆။

တရားဟောဖို့ ကျွန်တော့်ကို ဘုရားသခင်ခေါ်တုန်းက ကျွန်တော့အသက်နှစ်ဆယ်ပဲ ရှိသေးတယ်။ ဝိညာဉ်တော်ပြည့်ဝခြင်းအကြောင်း ဟောတာ တခါမှ မကြားဖူးဘူး။ ရည်မှန်းချက်တွေ၊ ရူပါရုံတွေတော့ ကြီးကြီးမားမား ထားပါတယ်။ ရည်မှန်းချက်နဲ့ ရူပါရုံဆိုတာ သိပ်ကြီးကြီးမားမားထားရင် အပြစ်ဖြစ်တယ်လို့ ထင်တဲ့သူတွေ ရှိတယ်ဆိုတော့  ကျွန်တော်ထားတဲ့ ရူပါရုံတွေကို သိပ်ပြောပြခွင့်မရဘူး။ ဒါပေမယ့် ရူပါရုံတော့ ထားခဲ့တယ်။ တရားဟောဖို့ခေါ်တယ်လို့ မိတ်ဆွေတယောက်ကို ပြောပြတဲ့ညမှာ ငိုရင်း၊ စကားပြောရင်းနဲ့ မနက်၂နာရီ ၃၀ အထိ ပြောဖြစ်ကြတယ်။

ကျွန်တော်ပါဝင်ခဲ့တဲ့အသိုင်းအဝိုင်းက တရားဟောဆရာကို လစာပေးတာ လက်မခံကြဘူး။ တနင်္ဂနွေနေ့ တရားဟော၊ ကျန်တဲ့နေ့မှာ အသက်မွေးဝမ်းကြောင်းအတွက် တခုခုလုပ်ရမယ်လို့ ယူဆကြတယ်။ ဒါပေမယ့် သူငယ်ချင်းကို  “တနေ့မှာ ငါအချိန်ပြည့် တရားဟောမယ်” လို့ ပြောခဲ့တယ်။

အကြီးအကျယ် စိတ်ကူးယဉ်ခဲ့တယ်။ စိတ်ကူးယဉ်တဲ့အတိုင်းလည်း ဖြစ်လာပါတယ်။ ဘုရားကျေးဇူးတော်ကြောင့် အံ့ဩစရာတွေ ဖြစ်လာတယ်။ အဲဒီအထဲက တစ်ခုက  SWORD OF THE LORD စာစောင်ကို သူများပို့ပေးလို့ ဖတ်ရပြီး- ၁၉၆၁ နှစ် အနိ ္တအုတ်နှစ်ခြင်း အသင်းတော်မှာလုပ်တဲ့ SWORD စည်းဝေးကြီးကို တက်ခွင့်ရခဲ့တယ်။ အဲဒီစည်းဝေးကြီးမှာ တရားဟောဆရာတွေရဲ့ ထူးခြားမှုကို သတိထားမိပါတယ်။

Dr. John R.Rice , Dr. Jack Hyles နဲ့ Dr. Tom Malone တို့ တရားဟောကြပါတယ်။ အဲဒီတုန်းက ငယ်သေးတော့ သိချင်စိတ်ပြင်းပြနေတယ်။ နားထောင်ကြည့်တော့ စိတ်နှလုံးကို ထိတွေ့တယ်။ ဟောပြောတာတွေ ထိမိတယ်။ Dr.Rice က“ ဆုတောင်းချက်တွေ အဖြေရအောင် ဘယ်လိုလုပ်မလဲ? ဆိုတာဟောတယ်။ သူ့ကို သတိထားကြည့်မိတယ်။ သူဟာ ထူးခြားမှုရှိတဲ့လူတစ်ယောက်လို့ သိလာတယ်။ သူက သာမန်တရားဟောဆရာမဟုတ်ဘူး။ စာပေလည်း ထုတ်ဝေတယ်လို့ သိရတယ်။

စာအုပ်စားပွဲနားသွားပြီး၊ စာအုပ်တွေကြည့်တယ်။ Dr. Rice က စာအုပ်အထူကြီး အမျိုးပေါင်း (၅၀) လောက်ရေးထားတာပါ။ ကြည့် ပြီးတော့ “ ဒီစာအုပ်တွေတစ်ခါမှ မဖတ်ဖူးပါလားလို့” တွေးမိပါတယ်။ တရားဟောတာ နားထောင်ရတယ်။ စိတ်လှုပ်ရှားရတယ်။ ဝိညာဉ်ကယ်တင်ခြင်းဟာ လောကမှာအရေးအကြီးဆုံးအရာပဲလို့ သူဟောတဲ့စကား ရင်ထဲရောက်လာတယ်။ ဝိညာဉ်ကယ်တင်ခြင်းဟာ ဝိညာဉ်တော်မပြည့်ဝဘဲ လုပ်လို့မရနိုင်ပါဘူး။

Dr. Jack Hyles ဟောတာကြားရပါတယ်။ သူ့ကိုတွေ့ဖူး၊ မြင်ဖူးချင်တယ်။ နောက်ရက်တွေမှာ ရောက်လာပြီး၊ အခန်းထဲမှာ မုတ်ဆိတ်ရိတ်နေတာကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးပါတယ်။ အဲဒီတုန်းက သူမှန်းမသိဘူး။ ခဏကြာလို့ တရားဟောဖို့ သူထလာတော့မှ၊ မုတ်ဆိတ် ရိတ်နေတာ တွေ့လိုက်ရတဲ့သူပါလားလို့ တွေးမိပါတယ်။

သူက “လူသည်အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည်အောက်မေ့တော်မူရသနည်း” ကို ဟောတယ်။ ဘုရားကျောင်းမှာ သူ့ကိုစကားလာပြောတဲ့ အဘိုးကြီးတစ်ယောက် အကြောင်းပြောပြပါတယ်။ သူက ရှောင်ထွက်သွားချင်ပေမယ့်၊ သူ့ရဲ့အလုပ်အကူတစ်ယောက်က တွေ့ကြည့်ဖို့ တိုက်တွန်းတယ်။ ကျွန်တော့စိတ်နှလုံး ပြင်းပြဆာလောင်သွားတယ်။ “ငါလူတွေကိုမချစ်ပါလား? တနင်္ဂနွေနေ့ တရားဟောတာလည်း ခဏတဖြုတ် အလုပ်လိုပဲ။ အားရဝမ်းသာ ပြောစရာအကြောင်းရှိလာရင် အားရဝမ်းသာပြောချင်တတ်တဲ့ လူတစ် ယောက်လောက်ပဲ၊ ဒါပေမယ့် ငါ လူတွေကို မချစ်ဘူး။ ခရစ်တော်အတွက်လည်း လူတစ်ယောက်မှ မရဖူးဘူး။ ၆ နှစ်တောင် သင်းအုပ် လုပ်ခဲ့ဖူးပြီလို့” တွေးမိပါတယ်။

Dr. Hyles  ကိုကြည့်မိတယ်။ သူ့တရားဟောချက်ကို မှတ်ထားပြီးကျွန်တော့ရဲ့ လူနည်းစုလေးကို ပြန်ဟောတယ်။ “ငါ့လိုပဲ သူတို့  အကျိုးရှိလိမ့်မယ်လို့” ထင်တယ်။ ဒါနဲ့ဟောလိုက်တယ်။ ဘယ်သူမှ မခံစားရဘူး။ ဘယ်သူမှ မလှုပ်ရှားဘူး။ ငါတုန့်ပြန်သလို သူတို့မတုန့်ပြန် ပါလားလို့ အံ့ဩမိတယ်။ ငါထိတွေ့သွားသလို သူတို့ထိတွေ့ မသွားကြပါလားလို့ အံ့ဩမိတယ်။ ဒီတရားနဲ့ ဒီကျမ်းချက်နဲ့ပဲ ဟောခဲ့တာပါ။

Dr. Tom Malone က တမန် ၆ ကနေ “သင်းထောက်များ” အကြောင်းဟောခဲ့ပါတယ်။ သင်းထောက်ဖြစ်ဖို့ လိုအပ်ချက်တွေအကြောင်း ဟောပြလိုက်တော့ ကျွန်တော်ခေါင်းခါပြီး ထွက်ခဲ့တယ်။ “သင်းထောက်တစ်ယောက်ဆိုတာ  တွေ့ကော တွေ့ဖူးလို့လား၊ တွေ့ရင်လဲ သင်းထောက်မှန်း ငါသိပါ့မလား” လို့ တွေးမိပါတယ်။ စည်းဝေးကအပြန် ကားမောင်းရင်းနဲ့၊ “သင်းထောက်တစ်ယောက်အရည်အချင်း ငါ့မှာမရှိရင် တရားဟောဆရာတစ်ယောက်ပဲ ဖြစ်ပါစေတော့” လို့ တွေးမိတယ်။

တခါတလေလည်း ကျွန်တော့်အသင်းတော်လေးထဲက နှုတ်ထွက်ပြီး၊ ဝိညာဉ်ကယ်တင်တဲ့ အသင်းတော်ကြီးတစ်ခုမှာ ပါဝင်မလားလို့ စဉ်းစားမိခဲ့ပါတယ်။ Tennessee ပြည်နယ် Chattanooga မြို့က Highland Park နှစ်ခြင်းအသင်းတော်အကြောင်း ကြားဖူးပါတယ်။ နှစ်ပေါင်းများစွာ၊ တစ်နှစ်တစ်နှစ်ကို လူ(၁,၀၀၀)ကျော် နှစ်ခြင်းပေးရတယ်။ Chattanooga မြို့ကို အပတ်တိုင်းသွားပြီး အသင်းတော်ကောင်း တပါးဖြစ်ဖို့ လေ့လာခံယူရင် ကောင်းမလားလို့ အသည်းအသန် စဉ်းစားမိပါတယ်။ ဒါပေမယ့် ဘုရားသခင် ခွင့်မပြုဘူး။ ဒီဆရာတွေက ဘာထူးခြားလို့လဲ? အမေရိကန်ပြည်မှာ တရားဟောဆရာထောင်ချီပြီးရှိနေတာ ဒီဆရာတွေက ဘာထူးခြားလို့ပါလိမ့်။

ပြီးခဲ့တဲ့ညမှာ Dr. Lee Roberson က သူ့ဘဝရဲ့ တောင်ထိပ်(၇) ခု အကြောင်းကို ဟောသွားတယ်။ ပြောင်းလဲခြင်း၊ ဝိညာဉ်ကယ်တင်ခြင်း၊ ဒုတိယ အကြိမ်ကြွလာခြင်း၊ စတာတွေပြောသွားတယ်။ ကျွန်တော်ဂရုစိုက်နားထောင်ခဲ့တယ်။ “သူဒါပြောတော့မယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ခြောက်ချက်မြောက်မှာ  သူက “ဝိညာဉ်တော်နဲ့ ပြည့်ဝတဲ့အသက်တာလို့” ပြောပါတယ်။ သူက “ဘယ်အချိန်မှာ ပထမဆုံးအကြိမ် ပြည့်ဝခဲ့သလဲဆိုတာ မသိဘဲနဲ့ ဝိညာဉ်တော်ပြည့်ဝတဲ့ အသက်တာ၊ ဖြစ်ခဲ့တယ်” လို့ ဆိုပါတယ်။

ဒီတရားဟောဆရာကြီးတွေမှာ တူညီတဲ့အချက်တစ်ချက်က ဝိညာဉ်တော်ပြည့်ဝကြတာပဲ။ အကြောင်းအရာတွေတိုင်းမှာ သဘော ထားတွေမတူညီကြပေမယ့်၊ တရားဟောပုံလဲ မတူကြပေမယ့်၊ ဟောပြောဝေငှပုံလဲ မတူညီကြပေမယ့် ဝိညာဉ်တော်နဲ့တော့ ပြည့်ဝကြပါ တယ်။

တနေ့ စာအုပ်ဆိုင်တစ်ဆိုင်ကို သွားခဲ့ပါတယ်။ စာအုပ်တွေ လျှောက်ကြည့်တယ်။ အပြာရင့်ရောင် မျက်နှာဖုံးမှာ ရွှေရောင် စာလုံးနဲ့ ရေးထားတဲ့ J. Gilchrist Lawson ရဲ့ Deeper Experiences of Famous Christians -  “ကျော်ကြားတဲ့ခရစ်ယာန်များရဲ့ နက်ရှိုင်းတဲ့ အတွေ့အကြုံများ” -  စာအုပ်ကို တွေ့မိသွားတယ်။ ဘာအကြောင်းတွေပါသလဲလို့ မာတိကာကို ဖတ်ကြည့်မိတယ်။ ကျွန်တော်မသိဖူးတဲ့ နာမည်တွေပါ။ နောက်မှ အဲဒီနာမည်တွေကို သိသွားပါတယ်။ D. L. Moody ဆိုတဲ့နာမည်ကို သတိထားမိတယ်။ သူ့အကြောင်းကြားဖူးတယ်။ Billy Sunday ဆိုတဲ့နာမည် ကြားဖူးပါတယ်။- A. J. Gordon, Savonarola ဆိုတဲ့ တခြားနာမည်များကို မသိခဲ့ဘူး။

ဒီစာအုပ်တော့ ဖတ်သင့်တယ်လို့ ထင်မိတယ်။ ဒါနဲ့ စာအုပ်ကိုဝယ်၊ အပြေးအလွှား အိမ်ပြန်ပြီး ဖတ်မိတယ်။ အခန်းထဲမှာ တစ်ယောက်တည်း ဖတ်တယ်။ စာအုပ်နာမည်ကလည်း လျို့ဝှက်တဲ့သဘော ပါနေတယ်။ နာမည်ကြီး ခရစ်ယာန်များရဲ့ နက်ရှိုင်းတဲ့ အတွေ့အကြံုလို့ ဆိုတယ်။ အော်ဟစ်ချီးမွမ်းတတ်တဲ့ သတ္တုတွင်းအလုပ်သမား Bill Bray အကြောင်း ဖတ်ရတယ်။

Bill Bray သာ အသက်ရှင်နေသေးရင်၊ သူ့ေ့ရှမှာထိုင်ပြီး၊ စကားပြောချင်စိတ် ဖြစ်မိတယ်။ Bill ဟာ သူသွားသမျှ နေရာတိုင်းမှာ ထပြီး၊ ကတတ် အော်တတ်သူပါ။ ကျော်ကြားတဲ့ ခရစ်ယာန်များရဲ့ နက်ရှိုင်းတဲ့ အတွေ့အကြံုများမှာ Bill Bray အကြောင်းရေးထားတာက …

ဘုရားသခင်ကို မချီးမွမ်းပဲ မနေနိုင်ဘူး။ လမ်းလျှောက်သွားလို့ ခြေတစ်ဖက်ကြွရင် “ဘုန်းကြီးပါစေ၊” နောက်တဖက်ကြွရင် “အာမင်း၊” လို့ သဘောထားပြီး ခြေလှမ်းတိုင်းကို လှမ်းလေ့ရှိတယ်။ Bill သေခါနီးအချိန်မှာ သေခါနီးပြီလို့ ဆရာဝန်ကပြောတယ်။ “ဘုရားသခင် ဘုန်းကြီးပါစေ၊ ငါမကြာခင် ကောင်းကင်ရောက်တော့မယ်” လို့ ပြန်ပြောတယ်။ ပြီးမှ  သူ့ထုံးစံအတိုင်း “ကျွန်တော် ကောင်းကင်ရောက်တဲ့အခါ၊ ဆရာ့ကိုယ်စား ကျေးဇူးတင်စကားတွေ ပြောပေးရအုန်းမလား။ ဆရာလည်းလာလိမ့်မယ်လို့ ပြောလိုက်ရမလား?” လို့ မေးတယ်။ ဒီစကားဟာ ဆရာဝန်အတွက်တော့ ရင်ထဲအထိ ထိုးဖောက်နိုင်စွမ်း ရှိပါတယ်။ Bill အသက်ထွက်ခါနီး ပြောတဲ့စကားကတော့ “ဘုန်းကြီးပါစေ” ဖြစ်ပါတယ်။

မသေခင်အချိန်ကလေးမှာ “ဟ- သေမှာကြောက်သလား? ကယ်တင်ခြင်းမရဘူးလား? ငါ့သခင်က သေခြင်းကို အောင်မြင်ပြီပဲ။ ငရဲ သွားရရင်လည်း ငါကတော့ “ဘုန်းကြီးပါစေ” လို့ပဲအော်နေမှာပဲ။ အနက်ဆုံးတွင်းရဲ့ နံရံတွေက ပဲ့တင်သံပြန်လာသည်အထိ သခင်ယေရှုကို ကောင်းကြီးပေးမှာပဲ။ သနားစရာ စာတန်ခမျာ၊ “ Bill - - Bill ဒီနေရာ မင်းအတွက် မဟုတ်ဘူး။ ပြန်သွားကွာ၊” လို့ ပြောလာရင် ငါက ကောင်းကင်တက်ပြီး၊ “ဘုန်းကြီးပါစေ”  “ဘုန်းကြီးပါစေ” လို့ အော်ပြီးချီးမွမ်းနေမှာပဲ။”

အဲဒီလိုဖတ်ရတော့ ရယ်ရတယ်။ စိတ်ထဲမှာလဲ တောင့်တမှုတစ်ခု ဖြစ်လာတယ်။ “ဂျော်ဂျီယာပြည်နယ် အက်တလန်တာမြို့က Bill Bray လိုလူမျိုးတွေ ဘယ်မှာလဲ ကိုယ်တော်၊ ကျွန်တော်တို့ခေတ်ရဲ့ Bill Bray တွေဘယ်မှာလဲ? ကျွန်တော်မသိပါလားလို့ ပြောမိပါတယ်။

ဘုရားသခင်နဲ့ ပဋိညာဉ် (၁၃) ချက်ဖွဲ့ထားတဲ့ မျက်စိတဖက်လပ် Christmas Evans အကြောင်းဆက်ဖတ်ရပါတယ်။ (၁၃) ချက်စလုံး ဖတ်လိုက်တယ်။ တစ်ချက်မှာတော့ “Bunyan, Vassar, Powell, Howell Harris, Rowlands နဲ့ Whitefield တို့လို ကြီးမားစေပါ။ ကြီးပွားဖို့ အတားအဆီးဖြစ်စေမယ့် အရာတွေကို ဖယ်ရှားပေးတော်မူပါ” လို့ ဆိုတယ်။ “ကိုယ်တော် ဒီလူနဲ့စကားပြောချင်လိုက်တာ ရည်ရွယ်ချက် ရှိတဲ့လူပဲ။” `ကျွန်တော့အမှုတော်လုပ်ငန်းကို ကြီးပွားစေပါ။ ကျွန်တော့ကိုတစ်ခုခု ဖြစ်စေတော်မူပါ’ လို့ မကြောက်မရွံ့ ဆုတောင်းတတ်သူပါ။ ကျွန်တော်နဲ့စကားပြောရတဲ့ လူအများစုက ကျွန်တော့ကို နားမလည်ကြဘူး။ ကျွန်တော် Christmas Evans နဲ့ စကားပြောချင်လာတယ်။

ဆက်ပြီးတော့ဖတ်ကြည့်မိတယ်။ Savonarola တရားဟောတော့ ပရိသတ်က ၅ နာရီကြာ မှင်သက်နေမိတဲ့အကြောင်း ဖတ်ရပြန် တယ်။  ၅ နာရီလုံးလုံး အပ်ကျသံတောင် ကြားရလောက်ပါတယ်။ ငါ့ဘဝမှာ တရားတောင် မဟောဖူးသေးပါလား? တရားဟောဆရာလို့ ခေါ်ဖို့တောင် ရှက်စရာပါလားလို့ တွေးမိတယ်။

D. L. Moody အကြောင်းဖတ်ရပြန်တယ်။ ဝတ်ပြုစည်းဝေးပွဲတွေအပြီး အမျိုးသမီးနှစ်ယောက် ရောက်လာပြီး “Mr. Moody ဆရာ့မှာ ဝိညာဉ်တန်ခိုးလိုနေလို့ ကျွန်မတို့ ဆုတောင်းပေးနေတယ်လို့ လာ,လာပြောနေတယ်။”  “တန်ခိုးလိုတယ် ဟုတ်လား? ကျွန်တော့မှာ တန်ခိုးရှိသလားလို့? ချီကာဂိုမြို့မှာ အကြီးဆုံး အသင်းတော်ကြီးပဲ။ လူတွေအများကြီး ပြောင်းလဲနေကြတာပဲ” လို့ ဖြေပါတယ်။

ဒါပေမယ့် တစ်နေ့ New York မြို့Wall Street လမ်းမကြီးပေါ်မှာ လမ်းလျှောက်ရင်း၊ Moody က--“သူငယ်ချင်းတစ်ယောက်ဆီမှာ အခန်းငှါးဖို့သွားရင်း ဘုရားတန်ခိုးတော် ထူးထူးခြားခြား သက်ရောက်စေပါ” လို့ ဆုတောင်းတယ်။ ကြီးမြတ်တဲ့ တရားဟောဆရာကြီးတွေနဲ့ အလယ်အလတ်တန်းစား ဆရာတွေနဲ့မတူဘဲ ထူးခြားနေတာက အဝတ်အစား၊ အမူအရာ၊ အသံနေအသံထား၊ ဟောပြောပုံ၊ တရားဟောချက် အတိုအရှည်၊ ဟာသစကားတွေကြောင့် မဟုတ်ဘူး။ ဝိညာဉ်တော် ပြည့်ဝခြင်းကြောင့် ဖြစ်ပါတယ်။

ဧဖက် ၃း၂၀ မှာ “ငါတို့၌ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာပြုခြင်းငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည်”။  “ငါတို့တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှါ၊ တတ်နိုင်တော်မူသော ဘုရားသခင်သည်” အစွမ်းအစအရ၊ ပညာအရည်အချင်းအရ၊ ရုပ်ရည်အရ၊ သူတပါးထောက်ခံမှုအရ၊ ကျင်လည်သောအသိုင်းအဝိုင်းအရလို့ မပြောဘဲ။ “ငါတို့၌ပြုပြင်သော တန်ခိုးတော်” အရလို့သာ ပြောပါတယ်။

အန်ကယ် ဘတ်ဒီ၊ ရောဗင်ဆန်လို စကားနည်းတဲ့သူတွေလည်း ထူးခြားစွာ ပြုပြင်မှုကို ရနိုင်ပါတယ်။ စပါဂျင်လို စကားပြော ကောင်းသူလည်း ရနိုင်တယ်။ ရှေ့ဆောင်လမ်းပြ လုပ်ပြတတ်တဲ့ ဗေးလီ၊ ဂရေး(လ်)လို လူလည်း ရနိုင်တယ်။ မူးဒီလို ခပ်ရိုးရိုးလူတွေလည်း ရနိုင်တယ်။ John R. Rice လိုပညာရှိတဲ့ လူတွေလည်း ရနိုင်တယ်။ ဝိညာဉ်တော်နဲ့ ပြည့်ဝလာတဲ့အခါ လူတိုင်းရနိုင်ကြပါတယ်။

တရားဟောချက်တစ်ပုဒ်ကို ဝိညာဉ်တော်အကြောင်းဦးတည်ပြီး ဟောတာမျိုး နှစ်ပေါင်းများစွာကြာပေမယ့် ကြားရခဲတယ်။ ဒီအကြောင်းဟောဖို့ ကျွန်တော်ကြောက်တယ်။ အဝေဖန်ခံရမှာ ကြောက်တာနဲ့ကို သိပ်စိတ်ဝင်စားလေ့ မရှိတာပါ။ ဒါပေမယ့် သိပ်မကြာပါဘူး၊ လုပ်ဖို့လိုတဲ့ အလုပ်ကိုလုပ်ရတာပါပဲ။
 (၁) နှိုင်းယှဉ်မှု  The Comparison
ဝိညာဉ်တော်ပြည့်ဝသူတစ်ယောက်နဲ့ အရက်သမားတစ်ယောက်ကို ကျမ်းစာထဲမှာ သုံးကြိမ် နှိုင်းယှဉ်ထားတယ်။ တိုက်ဆိုင်လို့ မဟုတ်ဘူး။ မြင်သာအောင် ပုံဖော်တာပါ။ သမ္မာကျမ်းစာဟာ တိုက်ဆိုင်လို့ ရေးထားတာမဟုတ်ပါဘူး။

ဧဖက် ၅း၁၈ မှာ “ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။” ဝိညာဉ်တော်ပြည့်ဝသူနဲ့- အရက်သမားတစ်ယောက်။

နှစ်ခြင်းဆရာယောဟန်အကြောင်းကို လုကာ ၁း၁၅ မှာ “အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရား ရှေ့တော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။”

တမန် ၂း၁၅-၁၇ ရဲ့ ပင်တေကုတ္တေနေ့မှာ ရှင်ပေတရုက --- “ယခုအချိန်ကား နံနက်တချက်တီးချိန်သာရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။ ဤအရာကား ပရောဖက်ယောလ ဟောဘူးသောအရာဖြစ်သတည်း။ ဟောဘူးသောအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူသည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသော သူတို့သည်လည်း နိမိတ်အိမ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။”

ဝိညာဉ်တော်ပြည့်ဝသူနဲ့ အရက်သမားကို ကျမ်းစာက ဘာကြောင့်နှိုင်းယှဉ်ပြထားသလဲ။ အကြောင်းတချို့ ရှိလောက်ပါတယ်။ အရက်သမားကို အစွမ်းတမျိုးက ထိန်းချုပ်ထားတယ်။ အရက်သမားဟာ ထူးခြားနေတယ်။ ဝိညာဉ်တော်ပြည့်ဝသူတွေဟာလည်း ထူးခြားနေတယ်။

ရှက်တတ်ကြောက်တတ်၊ တွန့်ဆုတ်တတ်တဲ့လူတစ်ယောက်ကို အရက်သောက်ခိုင်းလိုက်ရင် ချက်ခြင်းဆိုသလို သူဟာစကား ကျယ်ကျယ်ပြောလာမယ်။ ပိုသောက်လေလေ အသံပိုကျယ်လေလေဖြစ်လာလိမ့်မယ်။ သိပ်စကားပေါလာပါလားလို့ အ့ံဩရလိမ့်မယ်။  လက်မကလေး စုပ်နေလောက်အောင်ကို ရှက်တတ်၊ ကြောက်တတ်၊ တွန့်ဆုတ်နေတတ်တဲ့ ခရစ်ယာန်တစ်ယောက်ကို ဝိညာဉ်တော်နဲ့ ပြည့်စေလိုက်ပါ။ လူတွေရှေ့မှာ မရှက်မကြောက် စကားပြောတတ်လာပါလိမ့်မယ်။

လူရှေ့မှာ သီချင်းမဆိုဖူးတဲ့သူကို အရက်တိုက်လိုက်၊ ချက်ခြင်းပဲ လူတိုင်းသဘောကျတယ်ထင်ပြီး သုံးလေးနာရီလောက် သီချင်းဆိုပြနေမယ်။ အရက်သောက်ပြီး၊ မှိုင်နေတဲ့သူမျိုး တစ်ခါမျှ မတွေ့ဖူးဘူး။ ဘာတစ်ခုမှ မရှိတော့ရင်လဲ ပျော်နေတတ်တယ်။ အရက်သောက်ထားတဲ့လူကို စိတ်ဓါတ်ကျအောင် လုပ်လို့မရဘူး။ ထူးခြားနေတဲ့ အပြုအမူတွေ၊ တည်ငြိမ်သွားအောင် စောင့်မှပဲ ရတယ်။

ကိုယ့်အရိပ်ကိုတောင် ပြန်ကြောက်တတ်တဲ့ လူပျော့လူညံ့တစ်ယောက်ကို အရက်တိုက်လိုက်ရင်၊ ခြင်္သေ့တစ်ကောင်လို ရဲရင့်လာလိမ့်မယ်။ ကျွန်တော့မှာ အရက်သောက်တတ်တဲ့ ဦးလေးတစ်ယောက်ရှိဖူးတယ်။ သူ့မှာ အညိုရောင်ကားတစီးရှိဖူးတယ်။ ကားစီးဖို့ ကျွန်တော့ကို ခေါ်တယ်။ ဂျော်ဂျီယာရဲ့ အမှတ် ၁၂ လမ်းမကြီးပေါ်မှာပါ။ မောင်းလိုက်တာကလည်း မိုင်ကုန်ပါပဲ။ ကျွန်တော်ဖြင့် သေတော့မလား? အောက်မေ့ရတယ်။ ဂျော်ဂျီယာပြည်နယ်၊ ကိုဗင်တန်မြို့မှာ ပြည်နယ်ရဲက ခရာတွတ်ပြီး လှမ်းခေါ်တယ်။ သူကတော့ ဘာမှမဖြစ်သလိုပဲ၊ အရက်ကလည်း သောက်ထားတာကိုး။ နည်းနည်းကလေးမှ ကြောက်လန့်ပုံမရဘူး။ ဆဲတောင် ဆဲလိုက်ပါသေးတယ်။

ပြည်နယ်ရဲက- “လိုင်စင် ခဏပြပါ” လို့ ပြောတော့ သူက လိုင်စင်ပေးလိုက်တယ်။ အရာရှိက “မိုင်နှုန်းကျော်နေတယ်” လို့ ပြောတော့
 “အေး၊ သိသားပဲ” တဲ့။
 “ဒဏ်ငွေကို အခုပဲဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် လာဆောင်ပါ” လို့ အရာရှိက ပြောပါတယ်။
 “ဘယ်လောက်လဲ”
 “ဆယ်ဒေါ်လာ”
ဦးလေးက ဒေါ်လာ ၂၀ ထုတ်ပေးလိုက်တယ်။ အရာရှိက သူ့ကို ဆယ်ဒေါ်လာ ပြန်ပေးတယ်။ ဦးလေးက “ယူထားလိုက်ပါ” တဲ့။
 “ယူထားလိုက်ဆိုတာက ဘာသဘောလဲ?” လို့ အရာရှိကမေးတော့ “ခဏကြာရင် ပြန်လာဦးမယ်။ အဲဒီအခါကျရင် မရပ်ခိုင်းနဲ့” လို့ ပြန်ဖြေတယ်။ သောက်မထားရင် ဒီလို ဘယ်ပြောမလဲ။ ပုံမှန်အချိန်ဆိုရင် သူလည်း သေမှာ ကြောက်မှာပေါ့။ ကိုယ့်အရိပ် ကိုယ်တောင် ပြန်ကြောက်တတ်တဲ့ လူပျော့တွေပင်လျှင် အရက်မူးလာရင် ခြသေ့င်္တကောင်လို ရဲရင့်လာပြီးတော့ သူမလုပ်ရဲတာတွေ လုပ်တတ်လာပါတယ်။

      ကျွန်တော် ဒယ်ကက်ဗ်ဒေသ မီးသတ်ဌာနမှာ လုပ်ဖူးတယ်။ တနေ့ အရက်သမားတယောက် ကဒ်ထူစာရွက်ပြားတပြားနဲ့ ခဲတံတစ် ချောင်းယူလာတယ်။ “ခင်ဗျား နာမည်ဘယ်သူလဲ?” လို့ မေးတော့ ကျွန်တော် ဖြေရပါတယ်။ သူက ရေးမှတ်လိုက်ပါတယ်။ တခြားလုပ်ဖော် တယောက်ကိုလည်း “ခင်ဗျားနာမည် ဘယ်သူလဲ?” လို့ မေးတယ်။ ဒီလူဖြေတော့ မှတ်ထားပြန်တယ်။ နောက်တယောက်ကို မေးတယ်။ ဖြေတော့၊ သူမှတ်လိုက်ပြန်တယ်။ နာမည်စာရင်းတွေ အရှည်ကြီး ကောက်သွားတယ်။ ဒါနဲ့ အင်ဂျင်စက်ကြီးမောင်းသမား အရပ် ၆ ပေ ၅လက်မ လောက်ရှိတဲ့ လူနားရောက်သွားတော့၊ “ဟေ့- မင်းနာမည်ဘယ်သူလဲ” လို့မေးပါတယ်။ စက်မောင်းတဲ့လူက “ကျွန်တော့်နာမည် ဘယ်သူဘယ်ဝါပါလို့” ပြောလိုက်တော ့သူ ချရေးတယ်။ စက်မောင်းတဲ့သူက “နာမည်မေးတာ ဘာလုပ်ဖို့လဲ?” မေးတော့ အရက်သမားက မော့တောင်မကြည့်ဘဲ စာပဲ ဆက်ရေးနေတယ်။ ပြီးမှ “ဒီစာရွက်ထဲမှာ ငါရိုက်ဖို့ လူတွေရဲ့ နာမည်စာရင်းကို ရေးနေတ။ာ စာရင်းပြည့်သွားရင် ငါတစ်ယောက်ပြီး တယောက် လိုက်ရိုက်တော့မယ်” လို့ပြောပါတယ်။

     စက်ကြီးမောင်းတဲ့သူက အောက်ဆင်းလာပြီး သူ့ကိုဆုပ်ကိုင်ပြီး လှုပ်ရမ်းလိုက်ပါတယ်။ “ငါပြောမယ် မင်းငါ့ကို ရိုက်စရာမလိုဘူး” လို့ ပြောတော့ အရက်သမားက “လွှတ်ပါအုံးကွ မင်းနာမည် ဖျက်ပေးပါမယ်” လို့ ပြောပါတယ်။ သူသာ ပုံမှန်အခြေအနေမျိုးဖြစ်နေရင် ဒီလိုမျိုးလိုက်လုပ်မှာ မဟုတ်ပါဘူး။

    လူတစ်ယောက် အရက်သောက်ထားရင် သူတစ်ခုခုတော့ ကြိုးစားတော့တာဘဲ။ ဟိုတယ်အခန်းတစ်ခုမှာ မိတ်ဆွေတစ်ယောက်နဲ့ အတူရှိနေတဲ့ အရက်သမားတစ်ယောက်အကြောင်း ဖတ်ရဖူးတယ်။ ပြတင်းပေါက်ပေါ်က ခုန်ချပြီး၊ ပလက်ဖောင်းအထိ ပျံဝဲနိုင်တယ်လို့ သူ့ကိုယ် သူထင်နေတယ်။ ရက်အတော်ကြာတော့ လက်မောင်းမှာ ပတ်တီးတွေနဲ့ ခြေထောက်မှာ ခဲဆွဲထားရပြီး မျက်နှာမှာ ဒဏ်ရာတွေ ရနေတယ်။ သူ့သူငယ်ချင်းက သွားမျှော်တော့ သူက “မင်းကဘာကြောင့်မတားလဲ?” လို့ မေးတယ်။ သူငယ်ချင်းက “ငါလဲမင်း ပျံနိုင်လောက်တယ်လို့ ထင်လို့ပါ”  လို့ ပြောပါတယ်။ နှစ်ယောက်စလုံး သောက်ထားတဲ့သူတွေပါ။

     တရားဟောဆရာတွေ ဝိညာဉ်တော်နဲ့ပြည့်လာရင် “ငါက ကမ္ဘာပေါ်မှာ အကြီးဆုံးအသင်းတော်ကြီး တည်ထောင်မယ်” လို့ ပြောလာသူတွေ ရှိတတ်သလို၊ နောက်တယောက်ကလည်း၊ “မင်းလုပ်နိုင်မယ်လို့ ငါထင်တယ်” လို့ ပြောလာတတ်ပါတယ်။ အဲဒီလိုလူတွေဟာ ဆေးရုံမှာ ခြေတဖက်ကျိုးပြီး ပတ်တီးတွေ စည်းထားချင် စီးထားရလိမ့်မယ်။ ဒါပေမယ့် ဘာမှ မကြိုးစားသူထက်စာရင်၊ ပျံကြည့်ဖို့ ကြိုးစားတာဟာ မဆိုးဘူးလို့ ပြောရမှာပါ။

    အရက်သမားတွေဟာ စကားအရမ်းများတယ်။ ခရစ်ယာန်အများစုကတော့ ပါးစပ်ဖျားမှာ ရေခဲမြစ်လိုပဲ အေးခဲနေတယ်။ စာတန်ကို ရန်စကားဆိုဖို့ ကြောက်နေကြတယ်။ အရက်သမားတယောက် စကားပြောတဲ့ပုံကို ကြည့်ရင်၊ လေလံရောင်းတဲ့သူက မွေးတဲ့ သားများလားလို့ ထင်သွားနိုင်တယ်။

       စိန့်လူးဝစ်လေယာဉ်ကွင်းကို ကျွန်တော်ရောက်တုန်းက၊ အရက်သမားတယောက် ရောက်လာတယ်။ လက်မောင်းကြားမှာ စက္ကူအိတ်ကြီး တအိတ်၊ ခေါင်းပေါ်မှာတော့ “ခူကောင်” လို့ စာတန်းထိုးထားတဲ့ အနီရောင်ဦးထုပ်တလုံးနဲ့ပါ။ သူက ကျွန်တော့ကို ခပ်မိုက်မိုက်ကြည့်ပြီး “မင်းဒီကို အချိုရည်ပန်းကန်ပြားပျံနဲ့ လိုက်လာတာလား” လို့ မေးပါတယ်။ ကျွန်တော်က “ဟုတ်တယ်။ ကျွန်တော်ကတော့ အချို ရည်ပန်းကန်ပြားပျံ အမြဲတမ်းစီးတယ်။ ပိုမြန်ပြီး၊ ပိုဇိမ်ကျတယ်လေ” လို့ ပြောလိုက်ပါတယ်။ စကားပြတ်သွားအောင် ပြောလိုက်တာပါ။ ဒါပေမယ့် “အေး၊ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် ချာလည်ပတ်လည် မူးမနေဘူးလား?” လို့ မေးပါတယ်။

     သူနဲ့ ဆက်စကားပြောနေမိတယ်။ ခဏကြာတော့ မှန်ထဲမှာ သူ့ကိုသူ ပြန်ကြည့်မိပြီး ခူကောင်လို့ ရေးထားတဲ့ဦးထုပ်ကို မြင်သွားပါတယ်။ “ဒါက ခူကောင် မနေ့တုန်းကတော့ လိပ်ပြာပါလို့ ပြောလာတယ်။ အဲဒီအရက်သမားဟာ လုံးဝအကြောက်အလန့်မရှိဘူး။ သူဘာတွေလုပ်တယ် ဆိုတာ နောက်ပိုင်းသူ့ကို ပြန်ပြောပြလိုက်ရင် သူရှက်သွားမှာဘဲ။ ဒါပေမယ့် ဒီအချိန်မှာ သူဘာကိုမှ ဂရုမစိုက်ဘူး။

“ယစ်မူးစေတတ်သော စပျစ်ရည်ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စေကြလော့။”
                 ( ၂ ) အမိန့်တော်   The Command
       “ဝိညာဉ်တော်နှင့်ပြည့်စေကြလော့” ဒီကျမ်းချက်တစ်ချက်ထဲမှာ အမိန့်နှစ်ခုပါ ပါတယ်။ ပထမအမိန့်က အရက်မသောက်ဖို့ပါ။ “အရက်သောက်တာ မကောင်းဘူးလား?” လို့ မေးရင် လူတိုင်းက မကောင်းဘူးလို့ ဖြေမှာပါ။

         အမိန့်တော်က “အရက်မသောက်နဲ့” ဖြစ်ပါတယ်။ ဘယ်သင်းအုပ်ဆရာကမှ သံစုံသီချင်းဆိုဖို့ လာတဲ့သူတွေကို အရက် သောက်ခွင့် ပြုမှာမဟုတ်ဘူး။ အရက်သမားလို့သိရင် လက်တင်ပေးကြမှာ မဟုတ်ဘူး။ အရက်သောက်တယ်လို့ သိရင် သင်းထောက်အဖြစ် ခန့်ကြမှာ မဟုတ်ဘူး။ ဒီလိုလုပ်တာမှန်တယ်လို့ သိကြပါတယ်။

         ဒါပေမယ့် ကျမ်းစာက “ အရက်မသောက်နဲ့” လို့ ပြောထားသလို “ဝိညာဉ်တော်နှင့် ပြည့်စုံစေကြလော့” လို့လဲ ပြောထားပါတယ်။ ကျမ်းစာကို နားလည်မယ်ဆိုရင် အရက်မသောက်သင့်သလို ဝိညာဉ်တော်နဲ့လည်း ပြည့်ဝသင့်ပါတယ်။ ဒါပေမယ့် ဒုတိယပညတ်ကို အပြောနည်းပါတယ်။ ပထမအချက်ကို ပိုအရေးထားပါတယ်။ “ပြည့်စေ” လို့ အမိန့်ပေးထားတယ်။ ကျမ်းစာက ဝိညာဉ်တော်နဲ့ တံဆိပ်ခတ်ဖို့တော့ အမိန့်ပေးမထားပါဘူး။ ဒါတွေက ပိုင်ဆိုင်မှုနဲ့သာ ဆိုင်ပါတယ်။ ကယ်တင်ခြင်းခံရတာနဲ့ တပြိုင်နက် တံဆိပ်ခတ်ခံရပါတယ်။ ဧဖက် ၄း၃၀ မှာ   “ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။” ကယ်တင်ခြင်းရတာနဲ့တပြိုင်နက် အထဲမှာ ထာဝရအိမ်တစ်ခုလို သဘောထားပြီး လာကျိန်းဝပ်ပါတယ်။ ဒါဟာ ကိုယ့်ဘက်က ဘာမှမလုပ်ရဘဲနဲ့ ချက်ခြင်း အလိုအလျောက် ဖြစ်သွားတာပါ။ (၁ကော ၆း၁၉-၂၀) ယုံကြည်သူတိုင်းမှာ ဝိညာဉ်တော်ကျိန်းဝပ်ပါတယ်။ ဝိညာဉ်တော်တံဆိပ်လည်း ခတ်ပါတယ်။ ဒါကြောင့် တံဆိပ်ခတ်ဖို့၊ ကျိန်းဝပ်ဖို့ အမိန့်ပေးမထားပါဘူး။ ဒါပေမယ့် ဝိညာဉ်တော်ပြည့်ဝခြင်းဟာ ပိုင်ဆိုင်မှုသဘောမဟုတ်ဘူး။ အမိန့်သာဖြစ်ပါတယ်။

        ဝိညာဉ်တော်ပြည့်ဝဖို့တာဝန်က ယုံကြည်သူတိုင်းမှာ ရှိနေပါတယ်။ ကျွန်တော့်အိမ်ကိုလာပြီး၊ ကျွန်တော့်ဇနီးက အစားအသောက် ကောင်းကောင်းချက်ထားမယ်။ ကျွန်တော်ကလည်း “ထိုင်၊ အားရပါးရ စားရအောင်” လို့ ပြောတဲ့အခါ ဗိုက်မဝဘဲပြန်သွားရင် ဘယ်သူ့အပြစ်လဲ? ကျွန်တော့အပြစ်တော့ မဟုတ်ဘူး။ မစားတဲ့သူအပြစ်ပေါ့။ ဒီစကားက အမိန့်ပါ။ ဘယ်သူတွေကို ပေးထားတာလဲဆိုတော့ ဧဖက် ၁း၁ မှာကြည့်ပါ။ ဧဖက်ဩဝါဒစာဟာ ဧဖက်မြို့မှာရှိတဲ့ အသင်းတော် ကို ရေးထားတာပါ။ “ဧဖက်မြို့၌နေသော သန့်ရှင်းသူတည်းဟူသော ယေရှုခရစ်ကို ယုံကြည်သောသူတို့ကို”  ဒီပညတ်ဟာ တရားဟောဆရာတွေ အတွက်သာ မဟုတ်ပါဘူး။ ယုံကြည်သူတစ်ဦးစီကိုလည်း ပေးထားတာပါ။

       ဝိညာဉ်တော်ပြည့်ဝတဲ့ အတွေ့အကြံုကို ခံစားရသူအများစုဟာ မပြည့်ဝခင် နှစ်ပေါင်းများစွာကတည်းက ကယ်တင်ခြင်း ရနေကြတာပါ။ ဒါပေမယ့် ဒီလောက်အချိန်ကြာနေစရာမလိုပါဘူး။ အချိန်ကြာနေရတာက ပြည့်ဝခြင်းနဲ့ပတ်သက်တဲ့ ကိုယ့်တာဝန်ကို မသိကြလို့ပါ။ ကျွန်တော့တုန်းကတော့ ဘာမှသိခဲ့တာမဟုတ်ဘူး။ ပြည့်ဝဖို့ဆိုတာ  ၅နှစ်၊ ၁၀နှစ် ၁၅နှစ် စောင့်စရာမလိုပါဘူး။

      ဒီအမိန့်ဟာ သင်းအုပ်၊ သင်းထောက်နဲ့ ဧဝံဂေလိဆရာတွေ အတွက်သာမဟုတ်ပါဘူး။ ခရစ်ယာန်တိုင်း၊ အသင်းသားတိုင်းကို ပြောထားတာပါ။ ခေတ်ကာလတိုင်းမှာရှိတဲ့ ယုံကြည်သူတိုင်းအတွက် ဖြစ်ပါတယ်။ အုပ်စုတစ်စုအတွက်သာ မဟုတ်ပါဘူး။ လူတိုင်းရနိုင်ပါတယ်။

      အသင်းတော်ပြဿနာ trouble လို့ အများစုထင်ထားတာတွေဟာ ရောဂါလက္ခဏာ symptom တမျိုးသာ ဖြစ်ပါတယ်။ ဆယ်ဘို့တဘို့ မပေးကြဘူး။ ဒါဟာ ပြဿနာ trouble မဟုတ်ဘူး။ ရောဂါလက္ခဏာ symptom ပါ။ ဝိညာဉ်ကယ်တင်ခြင်း မလုပ်ကြဘူး။ ဒါပြဿနာ မဟုတ်ဘူး။ ရောဂါလက္ခဏာပါ။ ဒီပြဿနာတွေ အားလုံးဟာ ဝိညာဉ်တော်မပြည့်ဝမှုမှာ အရင်းခံနေပါတယ်။

      ၁ကော ၃း၁ မှာ ရှင်ပေါလုက “ညီအကိုတို့၊ အထက်က၊ ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။” သူက မနာလိုခြင်း၊ ရန်ဖြစ်ခြင်း၊ ကွဲပြားခြင်းအကြောင်းတွေကို ဆက်ပြောသွားပါတယ်။ ဘာကြောင့်လဲ ဝိညာဉ်တော်နဲ့ မပြည့်ဝကြလို့ပါ။ ဝိညာဉ်တော်ပြည့်ဝနေရင် ပြဿနာမရှိဘူး။ ဒီအမိန့်ဟာ ယုံကြည်သူတိုင်းအတွက် ဖြစ်ပါတယ်။              
 (၃) လိုအပ်မှုများ  The Conditions
ပြည့်ဝမှုဟာ အလိုအလျောက် ဖြစ်မလာဘူး။ လိုအပ်တဲ့အခြေအနေလေးတွေ ရှိတယ်။ အကုန်လုံးပြောပြဖို့ အချိန်မရပါဘူး။ အတော်ရှင်းတဲ့ အချက်တချို့ ကျမ်းစာထဲကထုတ်ပြပါမယ်။
A.    ဆာငတ်ခြင်း  Thirsting
ပထမလိုအပ်ချက်က ဆာငတ်မှုပါ။ Ray Hart က “ရေငတ်သောသူအပေါ်မှာ ရေကိုသွန်းလောင်း၍” ဆိုတဲ့ ဟေရှာယ ကျမ်းပိုဒ် တစ်ပိုဒ်ကို အခြေခံပြီး၊ သီချင်းတစ်ပိုဒ် ဆိုခဲ့ဘူးပါတယ်။

ယောဟန် ရး၃၇-၃၉ မှာ “ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုခရစ်သည် ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတံ့သောဝိညာဉ်တော်ကိုရည်မှတ်၍ မိန့်တော်မူ၏။ ယေရှု သည် ဘုန်းပွင့်တော် မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။”

ဒီဘုရားကျောင်းထဲက လူတွေ ဆာငတ်ဖူးကြရဲ့လား?လို့ သံသယဖြစ်မိပါတယ်။ ကျွန်တော် ဒီနေ့ ရေဆာတယ်လို့ ပြောရင် မဟုတ်သေးဘူး။ ဒီနေ့ ရေမလိုသေးပါဘူး။ ရေသောက်ချင်ရင် ရေကပိုက်ခေါင်းထဲမှာပါ။ ရေရဖို့ ၅ မိနစ်လောက်စောင့်စရာ မလိုပါဘူး။ ဒါပေမယ့် ရေမရဘဲ တစ်ရက်၊ နှစ်ရက်၊ သုံးရက်ဆက်နေရရင်၊ ရေမသောက်ရလို့ ပါးစပ် သုံးဆလောက်ပိုကျယ်လာတဲ့အခါ၊ လျှာတွေ၊ လည်ချောင်းတွေ ကွဲလာတဲ့အခါ၊ ရေတပေါက် သောက်ရဖို့၊ ကားတွေ၊ အိမ်တွေ၊ ဘဏ်ထဲမှာ ရှိသမျှတွေကို ပေးချင်လာပြီဆိုရင်တော့ ဒါဟာ ရေငတ်နေပါပြီ။

ယုံကြည်သူများစွာ ဝိညာဉ်တော်မပြည့်ဝကြခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အပြည့်အဝ မဆာငတ်ကြလို့ပါ။ ပြည့်ဝလဲရတယ်။ မပြည့်ဝလဲဖြစ်တယ်ဆိုရင် မပြည့်ဝဘဲ နေကြမှာပေါ့။ “ရမှဖြစ်မယ်  မရရင် သေမယ်။ ငါ လက်မလျှော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ငါလက်မလျှော့ဘူး” လို့ ပြောလာနိုင်ဖို့ လိုပါတယ်။

ကိုယ့်အကြိုက်ကို ခဏထားပြီး “ဝိညာဉ်တော်ပြည့်ဝတာဟာ ဘာသာစကားပြောတာလို့ ဘုရားသခင်ဆိုလိုရင် အသင့်ပါဘဲ။ ပင်တေကုတ္တေအသင်းတော်ထဲ ဝင်မယ်၊ နှစ်ခြင်းအသင်းတော်ထဲက ထွက်မယ်။ ဒါပေမယ့် ဝိညာဉ်တော်မပြည့်ဝဘဲနဲ့တော့ အသက်မရှင်ချင်ဘူး။ ပြည့်ဝမှဖြစ်မယ်။” လို့ ပြောမိလာတဲ့အထိပါဘဲ။

ကျွန်တော်သဘောကျတဲ့လူတွေထဲမှာ အန်ကယ် Buddy Robinson လည်း ပါပါတယ်။ မက်သရစ်စည်းဝေးတစ်ခုမှာ ကယ်တင်ခြင်းရခဲ့သူပါ။ ပရက်(စ်)ဘစ်တီးရီးယန်း အစည်းအဝေးတစ်ခုမှာ သူ့အခေါ် ဒုတိယကောင်းကြီးဆိုတာကို ရခဲ့သူပါ။ နောက်တော့ မက်သရစ်အသင်း တော်ထဲက ထုတ်ပယ်ခံလိုက်ရတယ်။ နာဇရိအသင်းသားအဖြစ် တစ်သက်လုံးနေသွားတယ်။

အန်ကယ် ဘတ်ဒီက  “ ဒီမက်သရစ်ဆရာဟောတာ ကြားချင်တယ်ကွာ ကောင်းကင်အကြောင်းဟောရင် ရောက်ချင်လာအောင် ဟောတယ်။ ငရဲအကြောင်းဟောရင် ကျတော့မလားထင်ရအောင် ဟောတယ်။ အဲဒီည သူဖိတ်ခေါ်တဲ့အချိန်မှာ ငါ့နာမည်ကို ပုတ်လောက် ရေးပြတောင် ငါမဖတ်နိုင်ပေမယ့်၊ တရားပလ္လင်နားက ထပြန်လာတဲ့အခါ ကောင်းကင်အိမ်တော်မှာ ရေးထားတဲ့ ငါ့နာမည်ကို ရှင်းရှင်းလင်းလင်း ပီပီသသ ဖတ်နိုင်တယ်ကွာ” လို့ ပြောဖူးပါတယ်။

နောက်ပြီးတော့ အန်ကယ် ဘတ်ဒီက “အဲဒီနောက် သန့်ရှင်းခြင်း ဦးစားပေးတဲ့ ဒုတိယကောင်းကြီး ပရက်(စ်)ဘစ်တီးရီးယန်း တရားဟော ဆရာတစ်ယောက် လာဟောပါတယ်။ ငါ သွားနားထောင်တယ်။ သူဟောတော့ ငါ အသည်းအသန်ရချင်လာတယ်။ ငါက ဘုရားသခင်ပေးပါ” လို့ ပြောပေမယ့် မပေးဘူး။ ဘုရားသခင်ပေးပါလို့ ငါ ထပ်ပြောတယ်။ ဖဲထုပ်နဲ့ ငါ့သေနတ်ကို လွှင့်ပစ်လိုက်တယ်။ မြည်းနှစ်ကောင်လည်း ယဇ်ပလ္လင်မှာ တင်ထားလိုက်တယ်။ ကောက်ရိုးတပုံလည်း တင်ထားလိုက်တယ်။ ဒါပေမယ့် ဒုတိယကောင်းကြီးမရသေးဘူး။ ငါ့ရဲ့ ပရက်(စ်)ဘစ်တီးရီးယန်း အမေနဲ့ အရက်သမားအကိုကိုပါ တင်ပူဇော်လိုက်တယ်။ မရသေးဘူး။ ဒါနဲ့ “ဘုရားသခင် ပေးပါ” လို့ တောင်းတော့ ဘုရားသခင် က “ဘတ်ဒီ၊ မင်းရယ် ငါရယ် ယဇ်ပလ္လင်ကြားမှာ အများကြီးရှိနေတယ်” လို့ ပြောပါတယ်။ ငါက “အို ဘုရားသခင်- ဒုတိယကောင်းကြီးသာ ပေးမယ်ဆိုရင်၊ ကျွန်တော်ရတဲ့ သကာရည် တခရားကို အိမ်နီးနားချင်းတွေကို ဝေပေးပါမယ်” လို့ ပြောလိုက်တယ်။ ဒါနဲ့ ဘီစကစ်မုန့်နဲ့ သုတ်စားရတဲ့ အကောင်းဆုံး သကာရည်ကို ငါ လုပ်နိုင်သွားပါရော”လို့ ဆိုပါတယ်။

အန်ကယ်ဘတ်ဒီဟာ လိုချင်ခဲ့သူပါ။ မရမချင်း အားမလျှော့ဘူး။ ဒါကို သူက ဒုတိယကောင်းကြီလို့ ခေါ်ထားတယ်။ ကျွန်တော်ကတော့ ဒုတိယကောင်းကြီးဆိုတာကို မယုံဘူး။ ဒါပေမယ့် ကျွန်တော့်မှာ အန်ကယ်ဘတ်ဒီရဲ့ ဒုတိယကောင်းကြီးအကြောင်းဟောတဲ့ အခွေတခွေရှိတယ်။ နားထောင်ရင်း မယုံမိဖို့လည်း သတိထားတယ်။

အန်ကယ်ဘတ်ဒီက “ကျမ်းစာထဲမှာ မျက်စိမမြင်တဲ့လူကို သခင်ဘုရားက တို့ထိတယ်။ ဘာမြင်ရလဲ?” လို့ မေးတယ်။ အဲဒီလူက “လူတွေဟာ သစ်ပင်လိုဖြစ်ပြီး လျှောက်သွားနေတာမြင်ရတယ်” လို့ဖြေတယ်။ သူ့မှာ ဒုတိယကောင်းကြီးလိုနေတာပါ။ ဒုတိယအကြိမ် တို့ထိ လိုက်ပြီ “ကဲဘာမြင်ရလ?ဲ”  မေးတဲ့အခါ “လူတွေအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရပြီ” လို့ပြောပါတယ်။

အန်ကယ်ဘတ်ဒီက “ပထမကောင်းကြီးဘဲရတုန်းက ဂိုဏ်းဂဏခေါင်းဆောင်တွေကို ဧရာမသစ်ပင်ကြီးတွေလို့ ငါမြင်ရတယ်။ ဒါပေမယ့် ဒုတိယကောင်းကြီးရတော့မှ လူတွေအားလုံးကို ရှင်းရှင်းလင်းလင် းမြင်ရတော့တယ်” လို့ ဆိုတယ်။

ကျွန်တော့်စိတ်ထဲမှာ “ဘတ်ဒီ ခင်ဗျားက ကျွန်တော့ကို ဒုတိယကောင်းကြီး ပေးချင်နေတာကိုး။ ဒါကို ကျွန်တော်က ဒုတိယကောင်းကြီး လို့ မခေါ်ဘူး။ ဒါပေမယ့် ဒါမျိုး ကျွန်တော့မှာ ရပြီးသားပါ ” လို့ တွေးမိပါတယ်။

ကျွန်တော်တို့က အမှားအမှန်ငြင်းနေကြရင်းနဲ့ဘဲ မတွေ့ကြံု၊ မခံစားဖူးပဲ သေကြရတယ်။ အန်ကယ်ဘတ်ကတော့ ရဖူးတယ်။ သူက အပြစ်သဘာဝဟောင်း လုံးဝကုန်ဆုံးပြီး၊ လုံးဝသန့်ရှင်းသွားနိုင်တယ်ဆိုတဲ့ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့အဆိုတခုကို ယုံတယ်။ ဒါပေမယ့် သူဟာ အဲဒီတုန်းက ကျွန်တော့ထက်ပိုပြီး သန့်ရှင်းစင်ကြယ်ခဲ့တယ်လို့တော့ ပြောရမှာပါ။

သူနယူးယော့မြို့ကိုသွားတော့ လှည့်လည်ကြည့်စရာတွေ လိုက်ပြကြတယ်။ အခန်းကို ပြန်ရောက်ပြီး၊ အဲဒီည သူဆုတောင်းတဲ့အခါ “ကိုယ်တော် နယူးယော့မြို့ရဲ့ ကြည့်စရာ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီး ကျေးဇူးတင်တာကတော့ ကျွန်တော် လိုချင်တာ ဘာမှမတွေ့ခဲ့လို့ပါ” လို့ ဆုတောင်းခဲ့ပါတယ်။

ကျွန်တော်နယူးယော့မြို့ကို သွားတဲ့အချိန်မှာတော့ လိုချင်တာတွေ တွေ့မြင်ခဲ့ပါတယ်။ တနေ့မှာ အန်ကယ်က နားတစ်ဖက်မကြားရလို့ ဆရာဝန်ကို သွားပြပါတယ်။ ဆရာဝန်က စစ်ဆေးပြီးတော့ “ဘတ်၊ ဘာမှမဖြစ်ဘူး။ အသက်ကြီးလို့ပါ” လို့ ပြောတယ်။

ဘတ်ဒီက “ငါတော့နားမလည်တော့ဘူးကွာ၊ ဒီဘက်နားက တစ်လုံးမှ မကြားရဘူး။ ဒီတဖက်နားကတော့ ရှင်းရှင်းကြီးကြားရတယ်။  မင်းပြောတော့ အသက်ကြီးလို့တဲ့၊ နားနှစ်ဖက်စလုံး တချိန်တည်းမွေးလာတာဘဲ” လို့ ပြောပါတယ်။

ကျွန်တော့စိတ်ထဲမှာ ဘတ်ဒီ တစ်ခါပြန်လာပါအုံး၊ စကားပြောချင်တယ်။ ထိုင်ပါ၊ ဘတ်ဒီ၊ ဒုတိယကောင်းကြီးအကြောင်းပြောပြပါ။ ကျွန်တော်လိုချင်တယ် ဘတ်ဒီ၊ ကျွန်တော်လိုချင်တယ်” လို့ ပြောမိပါတယ်။

ဘယ်သူ၊ တစ်ဦး၊ တစ်ယောက်မှကယ်တင်ခြင်းမရတဲ့ အဆောက်အအုံကြီးတွေဟာ စိတ်ပျက်စရာ ကောင်းပါတယ်။ ကျွန်တော်ကတော့ ထူးခြားမှုကို လိုချင်တယ်။  ပထမအချက်ကတော့ ဆာငတ်မှု။ ဆာငတ်မှုရှိကြရဲ့လား? ဒီစည်းဝေးမပြီးခင် လူတစ်ချို့ဆာငတ်မှုရှိသွားပါစေလို့ မျှော်လင့်ပါတယ်။
 (B)  ယုံကြည်ခြင်း  Believing
ဒုတိယအချက်က ယုံကြည်ခြင်းပါ။ ယောဟန် ရး၃၇-၃၉ ကို ပြန်ကြည့်ပါ။ သခင်ယေရှုဟာ ပွဲနေ့ နောက်ဆုံးနေ့မှာ ရပ်ပြီးတော့ “ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့” လို့ ပြောခဲ့ပါတယ်။ နောက်တပိုဒ်မှာတော့ “ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာ လာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်” လို့ ဆက်ပြောပါတယ်။

ဆာငတ်ခြင်းနဲ့ ယုံကြည်ခြင်းဆိုတဲ့စကားနှစ်ခုကို မှတ်ထားလိုက်ပါ။ ယုံကြည်ခြင်း။ ကျွန်တော်တော့ မယုံကြည်ခဲ့ပါဘူး။ Dr.Hyles က သူ့အဖေအုတ်ဂူမှာ ဒူးထောက်ပြီးတော့ ဝိညာဉ်တော် မပြည့်မဝမခြင်း ဆုတောင်းတယ်လို့ ပြောတာကြားရပါတယ်။ ကျွန်တော့စိတ်ထဲမှာ “အပြောပါကွာ၊ အဲလိုတော့ ဖြစ်ဖူးမှာ မဟုတ်ပါဘူး၊ ဖြစ်တယ်ပဲ ထားဦး၊ သူလုပ်တာနဲ့ ငါ့လို တောသားတရားဟောဆရာ၊ ဘယ်သူမှ မထောက်မ,မ၊ ဘယ်သူမှ မိတ်မဖွဲ့၊ ဘယ်ကျောင်းမှ မတက်၊ အသိုင်းအဝိုင်းထဲက ထွက်ခဲ့သူက လုပ်လို့ဖြစ်ပါ့မလား? ငါ့အတွက် မဟုတ်ပါဘူး။ Dr.Lee Roberson တို့၊ Dr. Jack Hyles တို့၊ Dr. John R. Rice တို့၊ Moody တို့၊ Torrey တို့၊ Spurgeon နဲ့ တခြား ငါဖတ်ဘူးတဲ့ လူတွေအတွက်ပဲ ဖြစ်မှာပါ။ ငါ့အတွက်တော့ မဟုတ်လောက်ဘူး” လို့ တွေးမိတယ်။ ဒါပေမယ့် စိတ်ထဲမှာပဲ “မင်းအတွက်လဲ ဟုတ်ပါတယ်။ မင်းလဲရနိုင်ပါတယ်” ဆိုတဲ့စကား ထပ်ထပ်ကြားနေရတယ်။

ဒီည၊ ဒီမှာထိုင်နေကြရင်းနဲ့ “ငါတော့ မယုံဘူး။” လို့ ပြောရင်တော့ ရလာမှာမဟုတ်ဘူး။ ဒါပေမယ့် “Dr. Lee Roberson အတွက် ဖြစ်ရင်၊ Dr. John R. Rice အတွက်ဖြစ်ရင်၊ Dr. J. Frank Norris အတွက်ဖြစ်ရင်၊ Gipsy Smith အတွက်ဖြစ်ရင်၊ Ira Sankey နဲ့ R.A Torrey အတွက်ဖြစ်ရင်၊ ငါ့အတွက်လည်းဖြစ်ရမှာပေါ့ ”လို့ ပြောပြီးပြန်သွားရင် ရနိုင်ပါတယ်။

ပုဆိန်ခေါင်းမပါဘဲ လက်ကိုင်ကြီးပဲ ဝှေ့နေရတာမျိုးဟာ မပင်ပန်ဘူးလား။ ဟန်ပြပဲရှိပြီး၊ ဘာတစ်ခုမှ ဖြစ်မလာမှန်း သိလျှက်နဲ့ လှုပ်ရှား သွားလာနေရတာ မပင်ပန်းဘူးလား။ အဲဒီလိုမျိုးခံစားရတဲ့ တနင်္ဂနွေမနက်တွေမှာ ထရပ်ပြီး “သွားကြစို့ကွာ၊ ဒီနေရာက သေနေပြီ၊ ဘာမှမရှိဘဲ ငှက်သိုက်အဟောင်းလို ခြောက်နေပြီ၊” လို့ ကြေငြာသင့်ပါတယ်။

စပါဂျင်က “အတူစုဝေးကြတဲ့အခါ ဝိညာဉ်တော်တန်ခိုးရရှိဖို့၊ ဆုတောင်းပါ။ ဆုတောင်းလို့မှမရရင် စည်းဝေးရုပ်သိမ်းပြီး၊ နောက်တပတ် တနင်္ဂနွေမှာ ကိုယ်တော်အတူပါဖို့ ဆုတောင်းပါ” လို့ ပြောပါတယ်။
 (C)  ဆုတောင်းခြင်း  Asking
ပထမက ဆာငတ်ခြင်း၊ ဒုတိယက ယုံကြည်ခြင်း ကိုယ့်အတွက်လည်း ဖြစ်တယ်။ ဝိညာဉ်တော် ပြည့်ဝနိုင်တယ်လို့ ယုံကြည်ပါ။ တတိယက ဆုတောင်းခြင်း။

လုကာ ၁၁း၁၃မှာ“သင်တို့သည်အဆိုးဖြစ်လျှက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော” အမြဲ ဆုတောင်းပါ။ ဆက်ဆုတောင်းပါ။ အလင်းရသည်အထိ ဆက်ဆုတောင်းပါ။ ယာကုပ်၄း၂ မှာ “မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲနေကြ၏။” တချို့လူတွေဟာ သာမန်တရားဟောဆရာဘဝနဲ့ပဲ သေပြီး ကောင်းကင်ဝင်ရမှာပါ။ ဒါ အမှန်ပြောတာပါ။ ရည်ရွယ်ချက်မှ မရှိဘဲ။ ကိုယ့်ကိုကိုယ် ကျေနပ်နေတာပဲ။ သေပြီး ကောင်းကင်ရောက်မှ “ကိုယ်တော်သာ ဝိညာဉ်တော်နဲ့ ပြည့်ဝစေခဲ့ရင် ကျွန်တော် ပိုလုပ်နိုင်တာပေါ့။” လို့ ပြောမယ့်သူတွေပါ။ ဘုရားသခင်က “ဘယ်ရမလဲ? တောင်းမှ မတောင်းကြဘဲ၊ တောင်းရင်တော့ ပေးမှာပေါ့” လို့ ပြန်ဖြေပါလိမ့်မယ်။

ဒါဟာ ယုံကြည်သူတွေကို အပြစ်တင်တဲ့စကားပါ။ တမန် ၄း၃၁ မှာ “- -ထိုသို့ဆုတောင်းပဋ္ဌာနာပြုမှ၊ ဆုပေးသောအရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောကြ၏။”

 (D)  မှန်ကန်တဲ့အကြောင်းအရင်း  The Right Reason
ပိုအရေးကြီးတဲ့တချက် ရှိပါသေးတယ်။ ဝိညာဉ်တော်ပြည့်ဝချင်တဲ့အကြောင်းရင်းက မှန်ရမယ်။ တချို့သူတွေက မမှန်ကန်တဲ့ အကြောင်းရင်းတွေနဲ့ ပြည့်ဝချင်နေကြတယ်။ အလွန်အမင်း ဝမ်းသာစရာ တွေ့ကြံုဖူးချင်တာနဲ့ ပြည့်ဝချင်ကြတယ်။ ဆံပင်တွေ ထောင်သွားစေချင်ကြတယ်။ အတိုင်းမသိ ခံစားချင်ကြတယ်။ တချို့ကလည်း ကောင်းကင်ဘာသာစကားတွေ ပြောချင်ကြတယ်။ ပင်တေကုတ္တေနေ့ ကာလတုန်းက ပြောတဲ့ လူစကားတွေရှိပါတယ်။ အဲဒီတုန်းက ကောင်းကင်ဘာသာစကားကို မပြောခဲ့ကြပါဘူး။ အခြားသော ဘာသာစကားများ (အများ) ပြောကြတာ ဖြစ်ပါတယ်။ လူတိုင်း ကိုယ့်ဘာသာစကားနဲ့ ကြားခဲ့ကြတာပါ။ အံ့ဩပြီးတော့ “ကြည့်စမ်း! ဂါလိလဲလူတွေ မဟုတ်လား?  ငါတို့မွေးတဲ့ ဒေသက၊ ငါတို့စကားနဲ့ လူတိုင်းကြားနေရပါလား?” လို့ ပြောခဲ့ကြတာပါ။

ထူးထူးခြားခြားခံစားချင်လို့၊ ပြောမပြတတ်လောက်အောင်ဖြစ်ပြီး၊ လျှောက်အော်ပြောချင်လို့၊ ပြည့်ဝချင်ကြတာပါ။ အော်တာကို အပြစ်ပြောတာမဟုတ်ပါဘူး။ အော်ဖို့ ပြည့်ဝခိုင်းတာ မဟုတ်ပါဘူး။ အကြောင်းရင်းက၊ တမန် ၁း၈ မှာ “သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” ဧဝံဂေလိတရား မြေကြီးစွန်းအထိမရောက်သေးဘဲနဲ့တော့ မရပ်ပစ်သင့်ဘူး။ ဝိညာဉ်တော်ပြည့်ဝလာရင် သက်သေခံဟောပြောတာကို အကြီးအကျယ် စိတ်ဝင်စားလာမှာပါ။

ကောင်းကြီးကိုတော့ လိုချင်ကြပါတယ်။ ရသလောက် လိုချင်တာပါ။ ကိုယ့်ဆုတောင်းအုပ်စုလေးထဲမှာပဲ ဒီအံ့ဩစရာအတွေ့အကြံုကို  ကြားဖူးချင်ကြတာပါ။ ဒါပေမယ့် မကြံုဘူးလို့တော့ မပြောချင်ပါဘူး။ တန်ခိုးဆိုတာ သက်သေခံဖို့ပေးတာသာ ဖြစ်ပါတယ်။

တမန်တော်ဝတ္ထုမှာ “သက်သေ” ဆိုတဲ့စကား ၃၃ ကြိမ်တွေ့ရပါတယ်။ ဘာသာစကားပြောတာက တမန်၂၊ တမန်၁၀၊ တမန် ၁၉ တို့မှာ ပေါင်း ၃ ကြိမ်ပဲ ပြောတာပါ။ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

မှန်ကန်တဲ့အကြောင်းရင်းအတွက် လိုချင်တာဖြစ်ရပါမယ်။ ကိုယ့်ဘဝမှာ သက်သေခံဟောပြောခြင်းကို အဓိကအလုပ်လို့ သဘောမထားချင်ရင် ဝိညာဉ်တော်နဲ့ ပြည့်ဝလာမှာမဟုတ်ပါဘူး။ အကြောင်းရင်းမှန်ဖို့ လိုပါတယ်။
 (၄) အကျိုးဆက်များ  The Consequences
ဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုကို အချက် ၁၈ ချက် ကျမ်းစာထဲက ထုတ်ပြပါမယ်။ ၁၈ ချက်ပဲ ရှိတယ်လို့တော့ ပြောလိုတာမဟုတ်ပါဘူး။ တချို့အကြောင်း မပြောတော့ဘူး။ ဝိညာဉ်တော်က ယုံကြည်သူအပေါ်၊ အတွင်းလူကို ခွန်အားနဲ့ပြည့်ဝစေတယ်။ (ဧဖက် ၃း၁၆) လမ်းပြတယ်။ (ရောမ၈း၁၄) ဘာလုပ်သင့်တယ်၊ ဘာမလုပ်ရဘူးဆိုတာ ဇဝေဇဝါဖြစ်စရာ မလိုဘူး။ ဝိညာဉ်တော်နဲ့ပြည့်ဝရင် ဆုံးဖြတ်ချက်ကို မှန်မှန်နဲ့ မြန်မြန်ချနိုင်တယ်။ ရှင်းလင်းတဲ့ လမ်းညွှန်ချက်ကိုရနိုင်တယ်။

ယုံကြည်သူကို ခရစ်ယာန်စိတ်ဓါတ်တွေဖြစ်တဲ့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနဲ့ ကာမဂုဏ်ချုပ်တည်းခြင်းတွေကို  ဖြစ်ပေါ်စေပါတယ်။

ကျမ်းစာကို နားလည်စေပါတယ်။ (၁ယော ၂း၂၇) ဉာဏ်အလင်းရဖို့လိုုပါတယ်။ ဝိညာဉ်တော်က ပေးနိုင်ပါတယ်။ မှတ်ဉာဏ် ပိုကောင်းစေတယ်။ (ယော ၁၄း၂၆) မှာ “ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္စျယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည်။” မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ Dr. Rawlings တို့ ဟောခဲ့ဖူးသလို နှုတ်ကပတ်တော်ကို ထိရောက်စွာ ဟောနိုင်အောင် ကူမနိုင်ပါတယ်။ ဟောပြောချက်တိုးတက်ပြီး ထိရောက်မှုရှိအောင် လုပ်ပေးနိုင်ပါတယ်။ ၁သက် ၁း၅ မှာ “ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက်သက် ဖြစ်သည်မဟုတ်။ တန်ခိုးနှင့်၎င်း၊ သန့်ရှင်း သောဝိညာဉ်တော်နှင့်၎င်း၊ ပြည့်စုံသောတရားဖြစ်၏။”

ဆုတောင်းရာမှာ လမ်းပြပါတယ်။ (ရောမ ၈း၂၆) ဘာတောင်းရမှန်း မသိတော့ “သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။”

ဒါတွေဟာ ဝိညာဉ်တော်လုပ်ဆောင်မှု ၁၈ ချက်ထဲက တချို့တဝက်ပါ။ ဒါပေမယ့် အဓိက တစ်ချက်အကြောင်း ပြောပြပါမယ်။ ကဲ့ရဲ့တဲ့ သဘောတော့ မဟုတ်ပါဘူး။ ပင်တေကုတ္တေအသင်းတော်တွေနဲ့ ဆိုင်တဲ့ မိတ်ဆွေတွေကို ပြောပြချင်ပါတယ်။ ဝိညာဉ်တော်နဲ့ ပြည့်ဝခြင်းရဲ့ အကျိုးဆက်ဟာ ဘာသာစကားပြောခြင်း မဟုတ်ပါဘူး။ ဝိညာဉ်တော်နဲ့ပြည့်ဝရင် ဘာသာစကားပြောလာလိမ့်မယ်လို့ ကျမ်းစာကတစ်ခါမှ ပြောမထားပါဘူး။ ကျမ်းစာက တမန် ၁း ၈ မှာ “သက်သေ”  ဖြစ်ကြလိမ့်မယ်လို့ ဆိုပါတယ်။ လုကာ ၁း၁၅ မှာ နှစ်ခြင်းဆရာယောဟန် အကြောင်းကို ပြောတဲ့အခါ - “အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားေ့ရှတော်၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။”  နောက်တစ်ပုဒ်မှာတော့- -  “ဣသရေလအမျိုးသားအများတို့ကို သူတို့ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲစေလိမ့်မည်။” လူများစွာကို ကယ်တင်ခြင်းရစေမယ့်သူ ဖြစ်ပါတယ်။

Moody ရဲ့ တရားဟောပွဲတစ်ခုမှာ လူတစ်ယောက်က ရပ်ပြီးပြောပါတယ်။ “Mr. Moody ကျွန်တော့ရဲ့ အထွတ်အထိပ် အတွေ့အကြံုတစ်ခုကို ပြောပြခွင့်ပြုပါ။” Moody က မေးပါတယ်။  “အဲဒီအထွတ်အထိပ်ကို ရောက်ပြီးနောက်ပိုင်းမှာ ခရစ်တော်ထံကို ဝိညာဉ်ဘယ်လောက် ပို့ပေးခဲ့ပြီလဲ?”

 “ဘာကြောင့်လဲ? မပို့ဖြစ်ပါဘူး” တဲ့။  Moody က ထိုင်ပါ၊ အဲဒီလို အထွတ်အထိပ် အတွေ့အကြံုမျိုးတော့ မကြားချင်ဘူး” လို့ ပြောပါတယ်။ တမန် ၂ ကို ဖတ်ပြီး၊ ကောင်းကင်ဘာသာစကားလို့ မယူသင့်ပါဘူး။ “အခြားသော ဘာသာစကား၊”  “သူ့ဘာသာစကား၊”  “ငါတို့ဘာသာစကား” လို့ပဲ ပြောပါတယ်။ တမန် ၂ ကိုဖတ်ပြီး၊ ဒီအခန်း ပြီးခါနီးမှာ လူသုံးထောင်ပြောင်းလဲတာ မမြင်ဘဲနေမှာလည်း စိုးရိမ်ရပါတယ်။

ပင်တေကုတ္တေနေ့မှာ ဘာဖြစ်ခဲ့သလဲ? လူသုံးထောင်ခန့် ပြောင်းလဲပါတယ်။ ဘယ်လိုလုပ်သိရလဲ? လူသုံးထောင် ကယ်တင်ခြင်းရကြလို့ပါ။ ပိုတောင် ပိုနိုင်ပါသေးတယ်။ အဲဒီတုန်းက ဧဝံဂေလိတရားကိုသိပြီး၊ ပြောပြတတ်သူတွေ၊ ခရစ်တော်ထံပို့ဆောင်နို်င်သူတွေ ရှိတယ်။ ဒါပေမယ့်  ပြဿနာက ကြားနာမယ့်သူတွေရဲ့ စကားကို မသိကြဘူး။ ဘုရားသခင်အတွက် အခက်တွေ့ပါတယ်။ ဘုရားသခင်က “ကယ်တင်ခြင်းရဖို့လိုတဲ့ လူသုံးထောင်ရှိတယ်။ ပြောပြမယ့်သူတွေက သူတို့စကားကို မတတ်ကြဘူး” ဒါနဲ့ တမန်၂ မှာ ဘုရားသခင်က ဘာသာစကားအခက်အခဲကို ကျော်ပေးလိုက်တယ်။ သူတို့မပြောဖူးတဲ့စကား ပြောခိုင်းလိုက်တယ်။ ဘာသာစကားကို အမွှန်းတင်ဖို့မဟုတ်ဘူး။ ကယ်တင်ခြင်းရဖို့၊ ဧဝံဂေလိတရားကြားရဖို့၊ သိပ်အရေးကြီးတာကို ပြဖို့ပါ။ လူသုံးထောင်ပြောင်းလဲတဲ့ တရားအကြောင်းကို အဓိကမထားဘဲ ဘာသာစကားကို အမွှန်းတင်တာဟာ ပညာမဲ့ရာကျပါတယ်။

ဘာနဲ့တူသလဲဆိုတော့ အညိုရောင်စက္ကူအိတ်ထဲမှာ ဒေါ်လာငွေတစ်သန်းထည့်ပြီး လာပေးတာနဲ့တူပါတယ်။ ပေးလာတဲ့ ဒေါ်လာတစ်သန်း  ကို သွန်ချပစ်ပြီးတော့ အညိုရောင်စက္ကူအိတ်ကြီးရလို့ စိတ်လှုပ်ရှားပြီး၊ အိမ်ထဲလျှောက်အော်ပြေးသူနဲ့ တူပါတယ်။ ကားထဲမှာပါလာတဲ့ပစ္စည်းကို စိတ်မဝင်စားဘဲ သယ်ပေးတဲ့ကားကို စိတ်ဝင်စားတာနဲ့တူပါတယ်။ ပင်တေကုတ္တေနေ့ရဲ့ အရေးကြီးတဲ့အဓိကအချက်က တရားစကားနဲ့ လူသုံးထောင် ကယ်တင်ခြင်းရတာပါပဲ။ ဘာသာစကားပြောတဲ့ကိစ္စက ဒုတိယအဆင့်ပါ။ အခြေအနေအရ ဖြစ်ရတာပါ။

 “လွန်ကျူးတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍  ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။” ဧဖက် ၅း ၁၈။
 “သင်တို့သည်လည်း ငါ၏သက်သေဖြစ်ကြလိမ့်မည်။”

နှိုင်းယှဉ်မှု၊ အမိန့်တော်၊ လိုအပ်မှုများ၊ အကျိုးဆက်များ။
ဒီည ဝိညာဉ်တော်နဲ့ပြည့်ဝချင်သူတွေရှိသလား? ဆာငတ်သင့်သလောက် မဆာငတ်ပေမယ့်၊ ရင်ထဲမှာ တောင့်တမှုလေးတော့ ရှိမှာပေါ့။ သာမန်ဘဝနဲ့တော့ မကျေနပ်ဘူးပေါ့။

ေ့ရှနားတဝိုက်မှာ တရားဟောဆရာတွေ တန်းစီနေပေးပါ။ သံစုံသီချင်း စဆိုတဲ့အခါ ေ့ရှကိုထွက်ခဲ့မလား? အနီးဆုံးမှာရှိတဲ့ တရားဟောဆရာကို “ဝိညာဉ်တော်နဲ့ ပြည့်ဝချင်တယ်၊ မရမချင်း၊ အတောင်းမရပ်ဘူး” လို့ ပြောလိုက်ပါ။ ပြီးတော့ ကိုယ့်နေရာကိုယ် ပြန်ထိုင်ပါ။
 (သံစုံသီချင်းဆိုတဲ့အခါ လူပေါင်း ရာချီရှေ့ထွက်လာပြီး  “သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ပြည့်ဝချင်ပါတယ်” လို့ ပြောကြပါတယ်။) ။      ။

Wednesday, July 10, 2013

13. God’s Chastening of the Believer (BREAD FOR BELIEVERS) (Burmese)

---------------------------------------------------------------------------------------------
အခန်း ၁၃
---------------------------------------------------------------------------------------------------
Dr. Curtis Hutson

 “ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူ၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကိုပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော့။ သင်တို့သည် ဆုံးမတော်မူခြင်းကိုခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသော သားတစုံတယောက်ရှိသလော။ သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည်မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသော သားဖြစ်ကြ၏။ တနည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာ ရကြမည်မဟုတ်လော။ အကြောင်းမူကား၊ ထိုအဘတို့သည် မိမိိအလိုသို့လိုက်၍ တခဏသာ ဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်း ပါရမီတော်ကို ငါတို့သည် ဆက်ခံစေခြင်းငါှ၊ ငါတို့အကျိုးကို ထောက်၍သာ ဆုံးမပေးတော်မူ၏။ ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာ ထင်တတ်၏။  သို့သော်လည်း၊ ဆုံးမခြင်းကို ခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။ ဟေဗြဲ ၁၂း ၅-၁၁။”

အခုအခါ အမေရိကန်ပြည်မှာ ဂိုဏ်းဂဏတွေ၊ အုပ်စုတွေ၊ အယူသည်းအဖွဲ့အစည်းတွေ၊ သို့မဟုတ် ဘာသာရေးအုပ်စုတွေ ရာနဲ့ချီပြီး ရှိနေပါတယ်။ သွန်သင်တာတွေကတော့ တမျိုးစီပါ။ ဒါပေမယ့် အကျဉ်းချုပ်လိုက်ရင် ကယ်တင်ခြင်းနဲ့ ပတ်သက်ပြီး ခံယူမှု နှစ်မျိုးပဲရှိပါတယ်။ တစ်ခုက ဘုရားက လူကိုကယ်တယ်။ နောက်တစ်ခုက လူက သူ့ကိုယ်သူ ကယ်တယ်။ ဘုရားကလူကို ကယ်တယ်လို့ ယုံကြည်သူတွေဟာ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်လို့ သွန်သင်ကြပါတယ်။ ယေရှုခရစ်က လူတွေရဲ့ကိုယ်စား အပြစ်ကြွေးတွေကို အပြည့်အဝ ပေးဆပ်တယ်။ ကယ်တင်ခြင်းရဖို့ လူက ခရစ်တော်ကို အားကိုးဖို့ပဲ လိုတယ်။ ကိုယ့်ကိုကိုယ်ကယ်ဖို့ သွန်သင်တဲ့သူတွေက ကယ်တင်ခြင်းရဖို့ ကောင်းတဲ့အကျင့်တွေ လုပ်ဆောင်ရမယ်။ ရပြီးရင်လည်း မဆုံးရှုံးအောင် အကျင့်ကောင်းတွေနဲ့ ထိန်းထားရမယ်လို့ ပြောပါတယ်။

ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရတယ်လို့ သွန်သင်သူတွေကို အပြစ်လုပ်ဖို့ လိုင်စင်ပေးနေတာလို့ စွပ်စွဲတတ်ကြတယ်။ အပြစ်တင်သူတွေဟာ ကျမ်းစာကသွန်သင်တဲ့ ဆုံးမခြင်းအကြောင်းကို သိပ်မသိတာ ထင်ရှားပါတယ်။

အပြစ်ပြုတဲ့ ယုံကြည်သူကို ဘုရားသခင် ဖြေရှင်းပုံ ဖြစ်နိုင်ချေ သုံးမျိုးရှိနိုင်ပါတယ်။ တစ်က တမလွန်မှာ ငရဲထဲ ပစ်ချပြီး အပြစ်ပေးနိုင်တယ်။ ဒါပေမယ့် ဒီအချက်ဟာ ဘုရားကတိတော်နဲ့ ဆန့်ကျင်နေတယ်။ ယောဟန် ၃း ၃၆ မှာ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။” ယောဟန် ၅း ၂၄ မှာ “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။”

ဒုတိယ ဖြစ်နိုင်ချေက အပြစ်ဆက်ပြုခိုင်းမယ်။ နောင်ဘဝမှာလဲ ငရဲထဲချ အပြစ်မပေးဘူး။ ဒီဘဝမှာလည်း မဆုံးမဘူး။ ဒါပေမယ့် အပြစ်ပြုတဲ့ ခရစ်ယာန်ဟာ ဆုံးမ မခံရရင် နောက်ဆုံးမှာ အဆိုးညစ်ဆုံး၊ ကြောက်စရာအကောင်းဆုံးလူ ဖြစ်သွားနိုင်ပါတယ်။

တတိယဖြစ်နိုင်ချေက လောကီသားတွေနဲ့အတူ စီရင်ခြင်း မခံရအောင် ဒီဘဝမှာ ဆုံးမလိုက်ခြင်းပါပဲ။ ဒါဟာ ကျမ်းစာရဲ့ သွန်သင်ချက် ဖြစ်ပါတယ်။ ၁ကော ၁၁း ၂၃ မှာ “လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏”  အခု ဒီတရားဒေသနာမှာ ခရစ်ယာန်ဆုံးမခြင်းအကြောင်း ရိုးရှင်းတဲ့ ကျမ်းစာသွန်သင်ချက် တချို့ကိုပြောသွားပါမယ်။

 (၁) ခရစ်ယာန် ဆုံးမခြင်းဆိုတာ ဘာလဲ? What is Christian Chastening?
ဆုံးမခြင်း “Chastening” ဆိုတဲ့စကားဟာ “ကလေး”ကို ဂရိလိုခေါ်တဲ့ အခေါ်အဝေါ်တစ်ခုအပေါ်မှာ အခြေခံထားတာပါ။ “ကလေးတစ်ယောက်လို ဆုံးမခြင်း (သို့) ကလေးကို သင်ကြားလေ့ကျင့်ပေးခြင်း” လို့ ဆိုလိုပါတယ်။ အခုကျမ်းပိုဒ်မှာ “ကလေး (သို့) သား” ဆိုတဲ့စကား (၆) ကြိမ်ပါ ပါတယ်။ အငယ် (၇) မှာ “သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကို ပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။” နောက်အငယ် (၆) မှာ “ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏။”

ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးသူဟာ ယုံကြည်ခြင်းအားဖြင့် ဘုရားသားတစ်ယောက် ဖြစ်လာပါတယ်။ ယောဟန် ၁း၁၂ မှာ “ထိုသူကို လက်ခံသမျှသောသူတည်းဟူသောာ ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။” ဂလာတိ ၃း၂၆ မှာ “အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ သားဖြစ်ကြ၏။”

ကယ်တင်ခြင်းရတဲ့သူကို အပြစ်သားလို့ သဘောမထားတော့ဘူး။ သားတစ်ယောက်လိုပဲ သဘောထားတော့တယ်။ ဆုံးမခြင်းဟာ အပြစ်အတွက် ပေးဆပ်ရတာ မဟုတ်ဘူး။ ပြတင်းတံခါးကွဲလို့ သားကိုဆုံးမရင်၊ ဆုံးမခြင်းဟာ ပြတင်းတံခါးအတွက် ပေးဆပ်ရခြင်း မဟုတ်ဘူး။ သူ့ကို ရိုက်ပြီးတာနဲ့ အိပ်ကပ်ထဲက ပိုက်ဆံထုတ်ဖို့ လိုလာပါတယ်။ ပြတင်းပေါက် ပြန်တပ်ဖို့ ပိုက်ဆံပေးရပါတယ်။

အပြစ်အတွက် ပေးဆပ်ရခြင်း တခုတည်းရှိပါတယ်။ ရောမ ၆း ၂၃ မှာ “အပြစ်တရား၏အခကား သေခြင်းပေတည်း။” ဘုရားသားသမီးဟာ အပြစ်အတွက် ပေးဆပ်ရမယ်ဆိုရင် ငရဲမှာ ထာဝရကျနေဖို့ပဲ ရှိပါတယ်။ ဘုရားတောင်းတဲ့ အခက ဒါပါပဲ။ အပြစ်အတွက်က လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကတည်းက ကာရာနီမှာ ပေးဆပ်ပြီးသာပါ။ ခရစ်တော်ကားတိုင်မှာ အသေခံတော့ ယုံကြည်သူအပြစ်သားတွေ တင်တဲ့အကြွေးကို အကျေ ချေပေးခဲ့ပါတယ်။ ဒါက ခရစ်ယာန်တစ်ယောက် အပြစ်လုပ်ရင်လည်း ကောင်းစားနေအုံးမှာပဲလို့ ပြောလိုတာမဟုတ်ပါဘူး။ ကျမ်းစာက လက်ခံတဲ့သားတိုင်းကို ဆုံးမတယ်လို့ သွန်သင်ပါတယ်။ ဟေဗြဲ ၁၂း၈ မှာ “သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသောသားဖြစ်ကြ၏။”

လောကအဖေတွေပင်လျှင် ပိုကောင်းလာဖို့ ဆုံးမပေးကြရတဲ့အတွက် ကောင်းကင်က အဖခမည်းတော်လည်း၊ ယုံကြည်သူတွေကို သွန်သင်ဆုံးမပေးရပါတယ်။ မိဘ မဆုံးမတဲ့သား၊ ဘာဖြစ်သွားမလဲ? စဉ်းစားကြည့်ပါ။ သုတ္တံ၂၉း၁၅ မှာ “တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။” ခရစ်ယာန်ဆုံးမခြင်းဆိုတာ ကိုယ်ကျင့်တရားပိုကောင်းလာဖို့ ဘုရားစည်းကမ်းကြပ်မတ်ခြင်း ဖြစ်ပါတယ်။ သားသမီးကို ဆုံးမတာပါ။ ဆုံးမခြင်းဟာ ကောင်းမွန်မှန်ကန်လာဖို့ ဖြစ်ပါတယ်။ မယုံကြည်သူကို အပြစ်ပေးခြင်းကတော့ တရားမျှတမှုအတွက် ပညတ်တရားရဲ့ တောင်းဆိုချက်အရ အပြစ်ပေးရတာဖြစ်ပါတယ်။

 (၂ ) ဘယ်သူတွေ ဆုံးမခံရလဲ?  Who are Chastened?
ဘုရားသားသမီးတိုင်း ဆုံးမခံရတယ်လို့ ကျမ်းစာကသွန်သင်ပါတယ်။ ဟေဗြဲ ၁၂း၆-၈မှာ “ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော့။ သင်တို့သည် ဆုံးမတော်မူခြင်းကိုခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော။ သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသောသားဖြစ်ကြ၏။”

အငယ် ၆ မှာ “လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မူတတ်၏။”  အငယ် ရ မှာ “အဘမဆုံးမသော သားတစုံတယောက် ရှိသလော” လို့ မေးပါတယ်။ အငယ် ၈ မှာ “သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်း” တဲ့။ ဒါကြောင့် ဘုရားသားသမီးတိုင်း ဆုံးမခံရတာ ရှင်းပါတယ်။

ကျွန်တော်ငယ်ငယ်က လူဆိုးတွေက ကောင်းစားပြီး ကောင်းတဲ့ခရစ်ယာန်တွေက ဒုက္ခရောက်တာကို တွေ့ရတော့ အံ့ဩမိတယ်။ ကျွန်တော် ၁၁ နှစ်သားအရွယ်မှာ ကယ်တင်ခြင်းခံရပါတယ်။ အနီးအနားက ခရစ်ယာန်မဟုတ်တဲ့ တခြားကလေးတွေ ဆဲတယ်။  ဆေးလိပ်သောက်တယ်။ တခြား ကျွန်တော်ရှောင်တဲ့ အရာတွေလည်း လုပ်တယ်။ ဒါပေမယ့် ကျွန်တော့ထက် သူတို့က ပိုအဆင်ပြေနေပုံရတယ်။ ကလေးဘဝမှာ အရိုးခံသဘောနဲ့ မေးခွန်းထုတ်မိတယ်။ “ခရစ်ယာန်ဖြစ်ရတာလဲ အကျိုးမရှိပါလား? ကောင်းကောင်းနေဖို့ ကြိုးစားတယ်။ တခြားကစားဖော်တွေ ဆဲကြ၊ ညာကြ၊ ခိုးကြ၊ မဟုတ်တာမှန်သမျှ အကုန်နီးပါးလုပ်ကြသလို လိုက်မလုပ်ပေမယ့် မထူးပါလား?”

အခုတော့သိပြီ၊ လောကမှာ သားသမီး ၂ မျိုးရှိတယ်။ ယောဟန် ၈း၄၄ မှာ “သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။” ယောဟန်၁း၁၂ မှာ “ထိုသူကို လက်ခံသမျှသောသူတို့အား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မ၏။” ဘုရားသားနဲ့ မာရ်နတ်သားဆိုပြီး ရှိပါတယ်။ ဘုရားသခင်က မာရ်နတ်သားကို မရိုက်ဘူး။ ယုံကြည်သူတွေကိုပဲ ဆုံးမတယ်။ “နာမတော်အဖို့အလို့ငှါ တရားလမ်းထဲသို့” သွေးဆောင်တော်မူပါတယ်။

ကယ်တင်ခြင်းမရသေးရင် ဆုံးမ မခံရဘူး။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ငြင်းရင် နောင်ဘဝကျမှ ငရဲထဲချပြီး အပြစ်ပေးပါလိမ့်မယ်။ ကျမ်းစာက ဆာလံ ၃၇း ရ၊၉ မှာ “မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသော အကြံအစည်တို့ကို ပြီးစီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်၊ ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။”

အဆုံးအမလွတ်လောက်အောင် ကောင်းတဲ့ ဘုရားသားသမီးရယ်လို့ မရှိပါဘူး။ အပြစ်က ဘယ်သူ့ကိုမှ မကောင်းစားစေဘူး။ ဝန်မခံတဲ့၊ ခွင့်လွှတ်ခြင်းမတောင်းခံရသေးတဲ့ အပြစ်ရှိသမျှဟာ ဘုရားလက်တော်နဲ့ ဆုံးမခြင်းကို ခံရစေပါတယ်။ “ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။”
( ၃ ) ဘယ်အချိန်မှာ ဆုံးမခံရသလဲ? When are Believers Chastened?

သိသိကြီးနဲ့ အပြစ်ကိုဆက်လုပ်ရင် ဆုံးမခံရပါတယ်။ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခံရဖို့အတွက် အပြစ်ဝန်မခံဘဲ ငြင်းဆန်နေရင် ဘုရားလက်တော်နဲ့ စီရင်ပြီး ဆုံးမခံရပါတယ်။

 “ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွှတ်ကြလိမ့်မည်။ စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။” ၁ကော ၁၁း ၃၁-၃၂။

ခရစ်တော်နဲ့ ချစ်ခင်စွာမိတ်သဟာယဖွဲ့နေတဲ့ ယုံကြည်သူဟာ သူ့ကိုယ်သူ ပုံမှန်စစ်ကြောနေသင့်ပါတယ်။ စစ်ကြောခြင်း (သို့) စီရင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်အပြစ်ကို မြင်တတ်ဖို့ပါဘဲ။

အပြစ်ကိုမြင်ရင် ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခြင်းခံရအောင် ဝန်ခံဖို့ပြောထားပါတယ်။ ၁ယော ၁း၉ မှာ“ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်ရှိသမျှကို လွှတ်၍၊ ဒုစရိုက်အပြစ်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။” အပြစ်ဖော်ပြတောင်းပန်ရင်၊ ခွင့်လွှတ်ခံရ၊ ဆေးကြောပေးခံရတယ်။ ခရစ်တော်နဲ့ ဆက်လက်မိတ်ဖွဲ့ခွင့်ရတယ်။ ၁ယော ၁းရ မှာ “ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိတ်ဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။”

ယုံကြည်သူရဲ့အသက်တာမှာ အင်္ဂလိပ်အက္ခရာ C နှစ်လုံးဟာ တခုမဟုတ် တခုအမြဲရှိနေပါတယ်။ Changed ပြောင်းလဲရင် ပြောင်းလဲ၊ မပြောင်းလဲရင် Chastised ဆုံးမခံရတယ်။ အပြစ်ထဲမှာ ဆက်နစ်နေပေမယ့် ဆုံးမမခံရရင် အဲဒီလူဟာ ယုံကြည်သူ မဟုတ်လို့ပဲလို့ ကျမ်းစာက ရှင်းပြထားပါတယ်။ ဟေဗြဲ ၁၂း၈ မှာ “သားပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦးမင်း လွင်ရသောသားဖြစ်ကြ၏။” အပြစ်ကို စိတ်ပါလက်ပါ၊ ကျင့်သားရရ၊ နှစ်နှစ်ခြိုက်ခြိုက်လုပ်တဲ့သူဟာ ဆုံးမ မခံရရင် တရားဝင်ရတဲ့ သားရင်းမဟုတ်ပါဘူး။

ဟိုတုန်းက တောင်ပိုင်းဂျော်ဂျီယာပြည်နယ်မှာ နိုးထမှုတရားပွဲတခု ဦးဆောင်ခဲ့ဖူးပါတယ်။ အဲဒီရက်အတွင်း အသင်းသား အတော်များများက ကယ်တင်ခြင်းမရဘူးလို့ သူတို့ထင်ထားတဲ့ အိမ်နီးချင်းတယောက်ထံ သွားလည်ဖို့ တောင်းဆိုကြတယ်။ ကျွန်တော် လှမ်းခေါ်တော့ အဲဒီလူက အိမ်ရှေ့မှာ ဆော့ကုလားထိုင်ပေါ်မှာ ထိုင်နေပါတယ်။

ခဏ စကားပြောကြပြီးတော့ ကျွန်တော်က “တခုမေးပါရစေဗျာ၊ ဒီနေ့ သေသွားရင်၊ ကောင်းကင်ရောက်ပါ့မလား?” လို့ မေးတယ်။ ကျွန်တော်အံ့ဩမိတာက “အင်း” လို့ သူဖြေလို့ပါ။ နားမလည်လို့ပဲ လို့ ထင်မိတဲ့အတွက်  “ခရစ်ယာန်တယောက်လား? အသစ်မွေးဖွားပြီးပြီလား?” လို့ ဆက်မေးတယ်။

 “ဟုတ်တယ်၊ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံပြီးပါပြီ”  ကြားရတာ ယုံတောင်မယုံပါဘူး။ အိမ်နီးချင်းတွေ အားလုံးက သူမပြောင်းလဲဘူးလို့ သိနေကြတယ်။ “ကောင်းပြီ၊ ကျမ်းစာနည်းနည်း ဖတ်ပြပါရစေ။ မပြန်ခင် ဆုလည်းတောင်းပေးချင်တယ်” ကျမ်းစာဖွင့်ပြီး တော့ ကယ်တင်ခြင်းအကြောင်း ရှင်းပြပြီး၊

“အပြစ်သားဆိုတာ ဝန်ခံသလား?”
“ဝန်ခံပါတယ်။”
“အပြစ်ကြွေးအတွက် ယေရှုခရစ်အသေခံပေးဆပ်တာ သိသလား?”
“ဟုတ်တယ်၊ နားလည်ပါတယ်။”
“ကယ်တင်ရှင်အဖြစ် အပြည့်အဝအားကိုးမလား?”
“ဟုတ်ကဲ့၊ အားကိုးပြီးခဲ့ပါပြီ။”

ခရစ်ယာန်ပါလို့ ဆက်ပြောနေတဲ့အတွက် ဟေဗြဲ ၁၂း၅-၈ ကို ဖတ်ပြပြီး “ဒီကျမ်းချက်အရဆိုရင် ခင်ဗျား ခရစ်ယာန်ဆိုရင် အပြစ်တွေကို ရိုးသားစွာ ဝန်မခံရင်၊ ခရစ်တော်အတွက် အသက်မရှင်ရင် ဆုံးမခံရလိမ့်မယ်။” အဲဒီလူ ငိုပါတော့တယ်။ “ဆုံးမတယ်” လို့ ပြောပြီး လက်မောင်း တဘက်ကို မလိုက်ပါတယ်။ “ဒီလက်ဟာ အမဲလိုက်ရင်း ပြတ်ခဲ့ရတာပါ” အိမ်ဘက်ကို လက်ညှိုးထိုးပြီး “မိန်းမလည်းသေပြီး၊ သားသမီးတွေလည်း ဆုံးသွားပြီ။ ကျန်းမာရေးလည်း မကောင်းဘူး။ အို ကျွန်တော် ဘုရားသခင်ဆုံးမတာ ခံနေရပါပြီ” လို့ ပြောပါတယ်။

 “ဘုရားနဲ့ မှန်မှန်ကန်ကန် မနေမချင်း ခင်ဗျား ဆက်အရိုက်ခံနေရဦးမှာပဲ။ ကုန်ကုန်ပြောရင် အချိန်မတန်မှီတောင် သေနိုင်တယ်ဗျာ၊ ၁ကော ၅း၅ မှာ “ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း သူ၏ကိုယ်ခန္ဓာ ပျက်စီးဘို့ရာ သူ့ကို စာတန်လက်သို့ အပ်နှံကြစေ။”

ခဏကြာတော့ ဒူးထောက်ဆုတောင်းလိုက်ကြတယ်။ သူ့အပြစ်တွေ ဝန်ခံတယ်။ ဘုရားဂတိပေးထားတဲ့ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောပေးခြင်းကို တောင်းဆိုကြတယ်။ အပြုံးမျက်နှာနဲ့ ထလာတယ်။ အဲဒီည ဘုရားဝတ်ပြုစည်းဝေးမှာ ပါလာတယ်။ ခရစ်တော်အတွက် အသက်ရှင်မယ်၊ ခရစ်ယာန်ကောင်းတယောက် ဖြစ်ချင်တယ်လို့ ေ့ရှထွက်သက်သေခံတယ်။

 ( ၄ ) ဘယ်လိုဆုံးမသလဲ?  How is the Christian Chastened?
ဆုံးမပုံ အမျိုးမျိုးရှိပါတယ်။ တခါတရံမှာ ကျန်းမာရေး ထိခိုက်စေပါတယ်။ မကျန်းမာတိုင်း ဆုံးမတာတော့ မဟုတ်ပါဘူး။ ဥပမာ၊ ယော ၉း၂-၃ မှာ “တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။ ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ အမှုတော်ကို သူ၌ ထင်ရှားစေမည့်အကြောင်းတည်း။” အဲဒီလူငယ် မျက်စိမမြင်တာဟာ အပြစ်ကြောင့် ဆုံးမတာမဟုတ်ဘူး။

တဖက်မှာလည်း အပြစ်ကြောင့် မကျန်းမမာဖြစ်တတ်ပါတယ်။ ၁ကော ၁၁း ၃၀ မှာ “ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသောသူ အများရှိကြ၏။ သေသောသူ အများလည်း ရှိကြ၏။” ဒီကျမ်းပိုဒ်အရ  ပွဲတော်မင်္ဂလာမှာပါဝင်ပြီး အပြစ်ပြုမိလို့ တချို့ မကျန်းမမာ ဖြစ်ကြတယ်။ “ထိုအကြောင်းကြောင့်၊” ဆိုတာက အငယ်၂၉း မှာ “အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကိုပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏။” သူတို့ အားနည်းကြတာ၊ မကျန်းမမာဖြစ်ကြတာ ပွဲတော်မင်္ဂလာကို မထိုက်မတန်စားသောက်ပြီး၊ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာကို ပိုင်းခြား နားမလည်လို့ပါ။

ယာကုပ် ၅း၁၄-၁၆ မှာ “နာသောသူရှိလျှင် သင်းအုပ်တို့ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကို ဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။- ထိုသို့ပြုလျှင် ယုံကြည်ခြင်း၏ ပဌနာသည် လူနာကိုကယ်ဆယ်၍၊ သခင်ဘုရားသည်သူ့ကို ထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကိုလွှတ်တော်မူမည်။ အချင်းချင်းတယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဖော်ပြ တောင်းပန်ကြလော့။ ချမ်းသာရမည့်အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။”

ဒီမှာတွေ့တဲ့ မကျန်းမာခြင်းကတော့ အပြစ်ကြောင့်ဖြစ်ပုံရပါတယ်။ အငယ် ၁၆ မှာ “အချင်းချင်း တယောက်နှင့်တယောက်၊ ကိုယ်အပြစ် ကို ဖော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည့်အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။” ဆိုတဲ့ စကားအရပါ။ မတောင်းပန်တဲ့ အပြစ်ကြောင့် မကျန်းမာတာဆိုရင်တော့ တောင်းပန်လိုက်တဲ့အခါ ကျန်းမာလာမှာပါ။

မကျန်းမမာဖြစ်သမျှ အပြစ်ကြောင့်တော့ မဟုတ်ဘူး။ တခါတရံမှာသာ မတောင်းပန်တဲ့ အပြစ်အတွက် မကျန်းမမာဖြစ်တတ်တယ်။ တခါတရံမှာ ပစ္စည်းဥစ္စာ ဆုံးပါးတတ်ပါတယ်။

အာမုတ် ၄း ၆-၉ မှာ - “ငါသည်လည်း သင်တို့မြို့ရွာရှိသမျှတို့၌ သွားတို့၏ စင်ကြယ်ခြင်းကို၎င်း၊ သင်တို့နေရာအရပ်ရှိသမျှတို့၌ အစာခေါင်းပါးခြင်းကို၎င်း ပေးသော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။ စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကို ငါဆီးတားပြီး၊ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ။ သွေ့ခြောက် လျက်နေရ၏။ ထိုသို့ မြို့နှစ်မြို့ သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွား၍ မဝရကြ။ သို့သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။ လေထိ၍ အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။”

ဒီသွန်သင်ချက်မှာ ဣသရေလလူမျိုးဟာ ငတ်ပြတ်နေတယ်။ မြို့ရွာတွေမှာ မုန့်ပြတ်လို့၊ သွားတွေ သန့်နေကြတယ်။ ဘာကြောင့် အစားအစာမရှိရသလဲ? အကြောင်းက “သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ” လို့ တွေ့ရတယ်။ ကျိုင်းကောင်တွေက သံလွင်ပင်တွေ၊ ဥယျာဉ်တွေ၊ စပျစ်ပင်တွေ၊ သင်္ဘောသဖန်းပင်တွေကို စားပစ်ကြတယ်။ သောက်စရာရေမရှိလို့ မြို့ရွာတွေဟာ ရေရှားတော့ ရေမရှိဘူး။ ဘာကြောင့်လဲ? “သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ။”

ဣသရေလလူမျိုးတွေ ထာဝရဘုရားထံ လှည့်မပြန်ကြတဲ့အတွက် ပစ္စည်းဥစ္စာဆုံးပါးရတာဟာ ဘုရားသခင် ဆုံးမတာဖြစ်ပါတယ်။ ယော၂၁ မှာ ပေတရု လုပ်ငန်းမအောင်မြင်ဘူး။ ပေတရုဟာ အမှုတော်ဆောင်ရာက ရပ်ပြီး၊ ငါးဖမ်းဖို့ ပြန်သွားတယ်။ ငါးဖမ်းအတွေ့အကြံု ရှိတဲ့သူပါ။ သူများငါးရရင်၊ ပေတရုလည်း ရတာပေါ့။ ဒါပေမယ့် တညလုံးဖမ်းပေမယ့် တကောင်မှ မရဘူး။

အမှုတော်ကိုထားခဲ့ပြီး လဲနေတဲ့အတွက် မအောင်မြင်စေတာပါ။ ယော၂၁း၃ မှာ “ငါးဖမ်းသွားမယ်” လို့ သူပြောတာဟာ၊ ခဏပြန်လုပ်မယ်လို့ ပြောတာပါ။ ဒါပေမယ့် နောက်ဆုံးခန်းအရောက်၊ တမန် ၂ မှာတော့၊ ပေတရုဟာ တရားဟောပြီး လူ ၃,၀၀၀ ကယ်တင်ခြင်းရပါတယ်။ ဆုံးမခြင်းဟာ ပြုပြင်ပေးတာပါ။

တခါတရံမှာ ဝမ်းမြောက်ခြင်း ဆုံးရှုံးတတ်တယ်။ ဆာလံ ၅၁ မှာ ဒါဝိဒ်အကြောင်းကို စဉ်းစားကြည့်ပါ။ အငယ် ၈ မှာ “စိတ်သက်သာ ဝမ်းမြောက်ခြင်း ရှိမည်အကြောင်း၊ စကားကို အကျွနု်ပ်အား ကြားစေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့တော်မူသောအရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့်မည်။” အငယ် ၁၂ မှာ “ကယ်တင်တော်မူခြင်းနှင့် ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ” လို့ ဆုတောင်းပါတယ်။

ဒီဆာလံတပိုဒ်ဟာ အပြစ်ပြုမိတဲ့ သန့်ရှင်းသူရဲ့ ဆုတောင်းသံပါ။ ခွင့်လွှတ်ဖို့၊ ဆေးကြောပေးဖို့ တောင်းခံနေတာပါ။ အငယ်၂ မှာ “ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွနု်ပ်ကို သန့်ရှင်းစေတော်မူပါ။”

တခါတရံမှာ ချစ်ခင်သူများ ဆုံးရှုံးရတတ်တယ်။ ဒါဝိဒ်ရဲ့အဖြစ်အပျက်မှာ “သို့သော်လည်း၊ ကိုယ်တော်သည် ထိုသို့ပြစ်မှားသောအားဖြင့်၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား၏ ရန်သူတို့အားပေးသောကြောင့်၊ ယခုမြင်သော သားသည် ဆက်ဆက်သေရမည်။” (၂ရာ ၁၂း၁၄) ဒါဝိဒ်ရဲ့အပြစ်ကြောင့် ဖြစ်ရတာပါ။ ထာဝရဘုရားရဲ့ရန်သူတွေကို ကဲ့ရဲ့ခွင့်ပေးမိတာကြောင့့် ကလေး အမှန်သေရပါတယ်။

ဣသရေလလူမျိုးရဲ့ဖြစ်ရပ်မှာ ဘုရားသခင်က အာမုတ် ၃း၁၀ မှာ “အဲဂုတ္တုပြည်ခံရသော ကာလနာဘေးကို သင်တို့ရှိရာသို့ ငါစေလွှတ်လေပြီ။ လုလင်တို့ကို ထားဖြင့် ကွပ်မျက်စေပြီ။” လို့ မိန့်တော်မူပါတယ်။ ချစ်ခင်သူတွေ ဆုံးရှုံးရတိုင်း ဘုရားသခင်ဆုံးမတာ မဟုတ်ပါဘူး။ ဒါပေမယ့် အတော်များများက ဆုံးမလို့ သေရတာ ဖြစ်နေတတ်ပါတယ်။

နောက်ဆုံးအချက်၊ တခါတရံမှာ အချိန်မတန်မှီသေရတတ်တယ်။ ဆုံးမခြင်းရဲ့ နောက်ဆုံးအဆင့်ကတော့ အချိန်မတန်မှီ သေရခြင်းပါဘဲ။

“ထိုအကြောင်းကြောင့် သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသောသူ အများရှိကြ၏။ သေသောသူအများလည်း ရှိကြ၏။”- ၁ကော ၁၁း ၃၀။  “ညီအကိုချင်းသည် သေပြစ်မသင့်သော ဒုစရိုက်အပြစ်ကို ပြုမိသည်ကို တစုံတယောက်သောသူသည်မြင်လျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကို မပြုသောသူတို့ အဘို့အလို့ငှါ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သော ဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှါ ဆုတောင်းရမည်ဟု ငါမဆို။” ၁ယော ၅း၁၆။

 “ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း၊ သူ၏ ကိုယ်ခန္ဓာပျက်စီးဘို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေ။”- ၁ကော ၅း၅။

အဖခမည်းတော်က ပြုပြင်၊ သွန်သင်ပေးတာပါ။ တခြားနည်းတွေနဲ့ ဆုံးမလို့ အကျိုးမထူးရင်၊ အချိန်မတန်မှီ သေစေပါတယ်။ ဒါကို တချို့က- “ဘုရားသခင်က စကားနဲ့ အရင်ပြောတယ်၊ ရိုက်တယ်။ ပြီးတော့ အိမ်ပြန်ခေါ်တယ်” လို့ ပြောကြပါတယ်။ စိတ်ထဲကို စကားပြောပါတယ်။ မပြုပြင်ဘူးဆိုရင်၊ ရိုက်ပါတယ်။ ဖျားနာတာ၊ ချစ်ခင်သူသေဆုံးတာ၊ ပစ္စည်းဥစ္စာဆုံးပါးတာတွေ ဖြစ်တယ်။ အကြောင်းမထူးရင်တော့ အိမ်ပြန်ခေါ်ပါတော့တယ်။ တရားဟော ၃၂း ၃၈-၅၂ က မောရှေရဲ့ ဖြစ်ရပ်လိုပါပဲ။

 “ထိုနေ့ခြင်းတွင် ထာဝရဘုရားက၊ ယေရိခေါမြို့တဘက်၊ မောဘပြည်အာဗရိမ်တောင်ရိုး နေဗောတောင်ထိပ်ပေါ်သို့ တက်၍၊ ဣသရေလအမျိုးသားတို့အား ငါအပိုင်ပေးသော ခါနာန်ပြည်ကိုကြည့်ရှုလော့။ သင့်အစ်ကိုအာရုန်သည် ဟောရတောင်ပေါ်မှာသေ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်သကဲ့သို့၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာသေ၍၊ သင်၏လူမျိုးစည်းဝေးရာသို့ ရောက်လော့။ အကြောင်းမူကား၊ သင်တို့သည် ဇိနတော၊ ကာဒေရှရွာ၊ မေရိဘစမ်းရေအနား၌ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေပြု၍ ပြစ်မှားကြပြီ။ ထိုကြောင့် ဣသရေလ အမျိုးသားတို့အား ငါပေးသောပြည်ကို သင်သည်ကိုယ်မျက်စိနှင့် မြင်ရသော်လည်း၊ ထိုပြည်သို့မဝင်စားရဟု မောရှေအားမိန့်တော်မူ၏။”

ကျွန်တော့အမှုတော်အားဖြင့် ကယ်တင်ခြင်းရတဲ့ လူငယ်အိမ်ထောင်ရှင်၊ ဖခင်တယောက်အကြောင်း ကောင်းကောင်းမှတ်မိနေပါသေးတယ်။ အဲဒီလူက ဘုရားကျောင်းကို သစ္စာရှိရှိတက်တယ်။ ခရစ်ယာန်ကောင်းတယောက်ပါ။ အားနည်းချက်တခုပဲ ရှိတယ်။ သူမကျော်လွှားနိုင်ပုံပေါက်နေတဲ့ အပြစ်တခုပါ။ ကောင်းကောင်းနေပေမယ့် ခဏပဲ၊ အဲဒီအပြစ်ထဲ ပြန်လဲကျနေတယ်။ ဒါက ခဏခဏဖြစ်နေတာပါ။ သူနဲ့အတူ အကြိမ်များစွာ ဆုတောင်းဖူးတယ်။

နောက်ဆုံးအကြိမ် သူ ကျွန်တော့်ကိုလာတွေ့တော့၊ ကျွန်တော်က “ကိုယ့်အိမ်ကို ပြန်ပြင်ဆင်ဦးကွာ။ ဆုံးမတာနည်းမျိုးစုံပြီ။ ဘာမှမထူးဘူး။ မင်းသေပြီလို့ သူများလာပြောရင် ငါမအံ့ဩတော့ဘူး” လို့ ပြောမိပါတယ်။ “နောက်ဆုံးအဆင့် ဆုံးမခြင်းဆိုတာ အချိန်မတန်ခင် သေရတာပဲ” လို့ သတိပေးလိုက်ပါတယ်။

မကြာပါဘူး။ သူကို ဟိုတယ်အခန်းတခုမှာ သေနေတာ တွေ့ရတယ်လို့ သူ့အမျိုးသမီးက ဖုန်းဆက်ပါတယ်။ အသုဘမှာ တရားလာ ဟောပေးနိုင်မလားလို့မေးပါတယ်။ သူဘာကြောင့်သေသလဲဆိုတာ ဆရာဝန်တွေ ရှင်းမပြနိုင်ကြဘူး။ ဒါပေမယ့် ကျွန်တော်စိတ်ထဲမှာ ဘာကြောင့်ဆိုတာ သိနေတယ်။ အပြစ်ထဲမှာ ဆက်နစ်နေတယ်။ ခဏခဏ ဆုံးမပေမယ့် မပြုပြင်ဘူး။ ဒါနဲ့ အိမ်ပြန်အခေါ်ခံရတာပဲ။ 
 
 (၅) ဆုံးမခြင်းရဲ့ အကျိုးများ?  What are the results of Christian Chastening? 
ဘုရားသခင်က ရည်ရွယ်ချက်မဲ့ ဘုရားမဟုတ်ဘူး။ ရည်ရွယ်ချက်မရှိဘဲ ဘာမှမလုပ်ဘူး။ ယုံကြည်သူတိုင်းအတွက် နောက်ဆုံးရည်ရွယ်ချက်က ခရစ်တော်နဲ့ တူဖို့ပါပဲ။ ရောမ ၈း၁၉ မှာ “ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည်ရှေးမဆွက သိတော်မူသောသူတို့ကို သားတော်၏ပုံသဏ္ဍာန်နှင့် တညီတည်း ဖြစ်စေခြင်းငှါ ေ့ရှမဆွက ခွဲခန့်မှတ်သားတော်မူ၏။”

ငွေပန်းထိမ်သမားတယောက် သူ့လုံထဲမှာ ငွေကိုထည့်ပြီး အပူပေးတာကို ဧည့်သည်က ကြည့်နေတယ်။ ငွေပန်းထိမ်သမားက လုံကို သေသေချာချာ စိုက်ကြည့်နေချိန်မှာ အပူရှိန်ကြောင့် မီးတောက်ကလည်း ပိုပြင်းလာတယ်။ ဧည့်သည်က “ဘာကြောင့် ငွေကို ဒီလောက်ကပ် ကြည့်နေရသလဲဗျာ။ ဘာရှာနေတာတုန်း?” လို့ ဖြတ်မေးလိုက်တယ်။

ချက်ချင်းပဲ ငွေပန်းထိမ်သမားက ဖြေတယ်။ “ငါ့မျက်နှာကို ရှာနေတာလေ။ ငွေထဲမှာ ငါ့မျက်နှာကိုတွေ့ရရင်၊ ပြီးပြီ။ အလုပ်ပြီးပြီပေါ့။” ဘုရားသခင်က သားသမီးတိုင်းထံမှာ မျက်နှာကို လိုက်ရှာနေပါတယ်။ သားတော်ရဲ့မျက်နှာပါ။ ဆုံးမပေးရတာဟာ သန့်ရှင်းခြင်းကို အမွေခံမယ့် သားသမီးတွေရဲ့ အကျိုးအတွက် ဖြစ်ပါတယ်။ ဟေဗြဲ ၁၂း ၁၀ မှာ “အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာ ဆုံးမပေးကြ၏။- ကိုယ်တော်မူကား၊ မိမိ သန့်ရှင်းခြင်းပါရမီတော်ကို ငါတို့သည်ဆက်ဆံစေခြင်းငှါ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏။”

အခုပြောတဲ့ သန့်ရှင်းခြင်းဆိုတာဟာ အတွင်းသန့်ရှင်းခြင်းမဟုတ်ပါဘူး။ အပြင်သန့်ရှင်းခြင်းပါ။ ကယ်တင်ခြင်းရတာနဲ့ အတွင်းမှာ ဘုရားသဘာဝကို ရထားတယ်။ ၂ပေ ၁း၄ မှာ “ထိုသို့သောအားဖြင့် အလွန်ကြီးမြတ်၍ အဘိုးထိုက်သောဂတိများကို ငါတို့၌အပ်ပေးတော်မူပြီ၊ အကြောင်းမူကား၊ ထိုဂတိတော်များကိုအမှီပြု၍ သင်တို့သည် လောကီတပ်မတ်ခြင်း အညစ်အကြေးနှင့်ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း။”

ဟေဗြဲ ၁၂း၁၀ ကသန့်ရှင်းခြင်းဟာ အပြင်သန့်ရှင်းခြင်းပါ။ ဘုရားသခင်က သူနဲ့တူစေချင်တာပါ။ သန့်ရှင်းခြင်းကို အတူဆက်ခံဖို့ရာ ဆုံးမပေးတာပါ။ ကျွန်တော်တို့ အကျိုးအတွက်သာ ဆုံးမပေးရတာပါ။ ကျမ်းစာက လောကီအဖေတွေပင်လျှင် သူတို့စိတ်တိုင်းကျဖို့ ဆုံးမတတ်ပါတယ်။ ဘုရားသခင်ကတော့ ကျွန်တော်တို့အကျိုးအတွက် ဆုံးမပေးတာပါ။ ရိုက်ရတာ ပျော်လို့မဟုတ်ဘူး။ မဆုံးမဘဲ အလိုတော်နဲ့အညီ ဖြစ်မလာနိုင်ကြဘူးဆိုတာ သိတော်မူလို့ပါ။

အငယ် ၁၁ မှာ “ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကို ခံရသောသူတို့သည် နောက်မှငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။” ဆုံးမတာဟာ ကျွန်တော်တို့အကျိုးအတွက်ပါ။ ဘုရားဘုန်းတော်အတွက်ပါ။ ကိုယ်တော်နဲ့ ပိုပြီးတူလာကြဖို့ပါ။ အသက်တာမှာ ခရစ်တော်နဲ့ တူလာဖို့ အနာအဆာကလေးတွေကို သုတ်သင် ပြင်ဆင်ပေးနေတာပါ။

James H. MeConkey က ပြောတယ်။
 “ဘုရားသားသမီးတို့၊ ဆုံးမခြင်းကို “ဆုံးမတယ်- Chastise” ဆိုတဲ့ စကားလေးတလုံးတည်းပဲ မထားနဲ့။ “သီလ Chastily” ဆိုတဲ့ စကားလေးနဲ့ ပေါင်းထားပါ။ သီလဟာ စုံလင်တဲ့ရတနာ၊ စိတ်နှလုံးနဲ့အသက်တာရဲ့ အပြစ်ကင်းတဲ့ စင်ကြယ်ခြင်းပါဘဲ။ ဒါကြောင့် ဆုံးမတယ် ဆိုတာဟာ ဆုံးမတယ်။ ဝိညာဉ်စင်ကြယ်စေတယ်။ သုတ်သင်ပေးတယ်။၊ သန့်ရှင်းစေတယ်၊ ဖြူစင်စေတယ်။ ဒါဟာ ဆုံးမခြင်းနဲ့ပတ်သက်တဲ့ ဘုရားရဲ့အဓိက ရည်ရွယ်ချက်ပါဘဲ”

ဆုံးမခြင်းဟာ အသက်တာမှာ ငြိမ်သက်ခြင်းနဲ့ စပ်ဆိုင်တဲ့ဖြောင့်မတ်ခြင်းရဲ့ အကျိုးတွေရလာစေတယ်။ အငယ် ၁၁ မှာ “ဆုံးမခြင်း မည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကို ခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။”

 ကဗျာဆရာက - - -

                         “ မိုးရွာတာက မိုးစက်မဟုတ်၊
                           ပန်းဝါကလေးတွေပါ။
                           မိုးစက်တိုင်းဟာ ကိုယ့်အတွက်ရာ၊
                           ကုန်းမြင့်ထက်က ပန်းပွင့်ကလေးတွေပါ။

                           တိမ်ညိုတွေက နေ့ကို အုပ်ဆိုင်း၊
                           မြို့တမြို့လုံး မှိုင်း။
                           မိုးရွာတာက မိုးမဟုတ်တော့၊
                           ကိုယ့်အဘို့ရာ နှင်းဆီပန်းတွေ ရွာတယ်ပေါ့။”

အဆုံးမခံရတဲ့သူဟာ၊ “ ဒီနေ့မှာ မိုးတွေသည်းလိုက်တာ၊ စုံစမ်းခြင်းမိုး၊ စိတ်ပျက်ခြင်းမိုး၊ ပူဆွေးခြင်းမိုးတွေ” လို့ တွေးမိနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ကိုယ့်အတွက် ရွာနေတဲ့ ကောင်းကြီးမိုးတွေပါ။ ဆုံးမခြင်းထဲက ငြိမ်သက်ခြင်းနဲ့စပ်ဆိုင်တဲ့ ဖြောင့်မတ်ခြင်းအကျိုးတွေ ရလာပါလိမ့်မယ်။
 
( ၆ ) ဆုံးမခြင်းကို ဘယ်လို သဘောထားသင့်သလဲ?  What should the believer’s attitude be toward Chastisement?
ပထမအချက်က ဘုရားက ဆုံးမခြင်းထဲမှာ ပျော်မနေစေချင်ဘူး။ သည်းခံခြင်းအကျိုးကိုရဖို့ သည်းခံစေချင်တယ်။ အငယ် ၁၁ မှာ “ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်စရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။ ”

အငယ် ၅ မှာ “ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။” ဆုံးမခြင်းကို ပေါ့ပေါ့မတွေးနဲ့။ မလှောင်ပြောင်နဲ့။ ဘုရားသွန်သင်နေတာကို မလေးမစားမလုပ်နဲ့။ ပယ်မထားနဲ့။ ပြီးတော့ စိတ်နှလုံး မခိုင်မာမိစေနဲ့။ ဆုံးမလို့ ဘုရားတဖက်မှာ စိတ်နှလုံး ပိုခါးသက်မသွားမိစေနဲ့။

အငယ် ၅ မှာ “သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။” အားမလျော့ဖို့၊ လက်မလျော့ဖို့ လိုတယ်။ ဆုံးမတာနဲ့ အရှုံးပေးလိုက်မယ်ဆို မှားပါတယ်။ စိတ်မပျက်ဘဲ ခံနိုင်ရည်ရှိရမယ်။ ဆုံးမတာဟာ ကောင်းပါတယ်။ တစ်နေ့မှာ ပြန်တွေးပြီးတော့ ဆုံးမခဲ့ခြင်းအတွက် ချီးမွမ်းစရာ ဖြစ်လာပါလိမ့်မယ်။

စိတ်ပျက်အားလျော့မှုကို ခံစားနေရရင်၊ ဘယ်လိုလုပ်ကြမလဲ? ကိုယ်ခန္ဓာအားနည်းနေရင် ဘာလုပ်မလဲ? ဘာမှမလုပ်ပါဘူး။ လုပ်လက်စတွေ နားပါတယ်။ ကိုယ့်ကိုတကယ်ချစ်တဲ့၊ ခင်တဲ့သူ (သို့) မိတ်ဆွေပခုံးပေါ်မှာ မှီပြီး လှဲလျောင်းနေမယ်။ အားအင်ပြန်ပြည့်လာတဲ့အထိ သူ့ကို အားကိုးနေမယ်။ ဘုရားသခင်ဆုံးမတဲ့အခါမှာလည်း ဒီလိုပါပဲ။ ဆက်ပြီး ခံနိုင်ရည်မရှိတော့ဘူးလို့ ထင်ရတဲ့အခါမှာ ကိုယ်တော်အပေါ်မှာ မှီနေလိုက်ရုံပါပဲ။

Hudson Taylor ဟာ သူ့ဘဝရဲ့ နောက်ဆုံးလများမှာ အလွန်အားနည်းနေခဲ့ပါတယ်။ သူရေးခဲ့တာက -

“ငါသိပ်အားနည်းတယ်။ အလုပ် မလုပ်နိုင်ဘူး၊ ကျမ်းစာမဖတ်နိုင်ဘူး၊ ဆုတောင် မတောင်းနိုင်ဘူး၊ ဘုရားသခင်ရဲ့လက်ရုံးတော်ကို ကလေးလေးတစ်ယောက်လို မှီနေ၊ အားကိုးနေရုံပဲ ရှိတော့တယ်။”

သူ့အနေနဲ့ ဘာမှ လုပ်စရာမလိုပါဘူး။ သခင်ယေရှုကို မှီထားရုံနဲ့ လုံလောက်ပါပြီ။ ကျမ်းစာက ဆာလံ ၅၅း၂၂ မှာ “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကို မစတော်မူမည်။” ဟေဗြဲ ၁၂း၅-၁၁ မှာ ဆုံးမခြင်းအပေါ် ထားသင့်တဲ့သဘောထား သုံးမျိုးတွေ့ရပါတယ်။ (၁) ဆုံးမတာကို ပျော်မနေပါနဲ့။ အငယ် ၁၁ မှာ “ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။”  (၂ ) “ ဆုံးမခြင်းကို ဂရုမစိုက်ပဲမနေပါနဲ့။ အငယ် ၅ မှာ “ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။”  (၃) အားမလျော့ စိတ်မပျက်ပါနဲ့။ အငယ် ၅ မှာ “သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။” ။            ။

Thursday, June 20, 2013

12. How the Believer Can Know God’s Will (BREAD FOR BELIEVERS) (Burmese)

--------------------------------------------------------------------------
အခန်း ၁၂
--------------------------------------------------------------------------

Dr. Curtis Hutson

 “ညီအကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည့်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်း နိုးဆော်ပေ၏။ သင်တို့သည် လောကီ ပုံသဏ္ဍန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊

 နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရ တည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။”  ရောမ ၁၂း ၁-၂။

သင်းအုပ်အဖြစ်နဲ့ ၂၁ နှစ်လောက်လုပ်တော့ အကြံဉာဏ် လာတောင်းတဲ့သူတွေ မကြာခဏ ရှိတယ်။ “အသက်တာအတွက် ဘုရားအလိုတော်ကို ဘယ်လိုလုပ် သိနိုင်မလဲ?” လို့ မေးတတ်ကြတယ်။

လူငယ်တရားဟောဆရာ ဘဝတုန်းက ဘုရားအလိုတော် သိပ်သိချင်ခဲ့တယ်။ ဝိညာဉ်ကယ်တင်တဲ့ အသင်းတော်ကြီး တည်ထောင်ချင်တယ်။ ဒါပေမယ့် “ဒီဆန္ဒဟာ ဘုရားပေးတဲ့ ဆန္ဒလား? ငါပဲ နာမည်ကြီးချင်နေတာလား?” လို့ မေးမိတယ်။ ဘုရားဖြစ်စေချင်ရင်တော့ လုပ်မယ်လို့ စိတ်ပိုင်းဖြတ် ထားတယ်။

အောင်မြင်တဲ့သူ ဆိုတာ ဘုရားအလိုတော်ကို ရှာတွေ့ပြီး၊ အလိုတော်အတိုင်း လုပ်ဆောင်သူပါဘဲ။ Dr. Bob Jones, Sr., က အယူသည်း ကယ်လ်ဗင်းနစ်စ် တယောက်ရဲ့ အမေးကို ဖြေတဲ့အခါ ဘုရားအလိုတော် အရေးကြီးပုံကို ပြောပြခဲ့ဖူးပါတယ်။ “ဘုရားသခင်က ငါ့ကို ငရဲ သွားစေချင်ရင်၊ ငါကောင်းကင်ကို မသွားဘူး။ အလိုတော်မရှိဘဲ ကောင်းကင်မှာနေမယ့်အစား အလိုတော်နဲ့အညီ ငရဲမှာပဲ သွားနေချင်တယ်။ အလိုတော်အတိုင်း ငရဲမှာနေရင်၊ ငရဲဟာ ကောင်းကင်ဖြစ်နေလိမ့်မယ်။”

အလိုတော်သိဖို့ သိပ်အရေးကြီးတယ်ဆိုရင်၊ ဘယ်လို သိခွင့်ရနိုင်မလဲ? ရောမ ၁၂း၂ က -  “ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း …”

အလိုတော် ရှိ- မရှိ သိနိုင်ပါတယ်။ ဘုရားသခင်ကို သိအောင် ပြောဖို့ မလိုပါဘူး။ ဘုရားသခင် သိပြီးသားပါ။ မှန် မမှန် သက်သေပြမယ် ဆိုရင် ကိုယ်တိုင်ကိုသာ သက်သေပြဖို့ လိုပါတယ်။ အသက်တာအတွက် ဘုရားအလိုတော် သေချာစွာ သိနိုင်မယ့် အချက်တွေ ပြောပါမယ်။

 (၁)  ကိုယ့်ဘဝအတွက် တိကျတဲ့ ဘုရားအလိုတော်၊ ရည်ရွယ်ချက် တခုရှိတယ်လို့ နားလည်ပါ။

        Realize  that  God  has  a  very  definite  purpose  and  will  for  your  life

ဘုရားအလိုတော် ရှာဖို့ ကြိုးစားတဲ့အခါ ပထမအချက်က ယုံကြည်သူတိုင်းရဲ့ အသက်တာအတွက် တိကျတဲ့ ဘုရားအကြံအစည်၊ ရည်ရွည်ချက်တခု ရှိတယ်လို့် နားလည်ထားဖို့ လိုပါတယ်။ ခရစ်ယာန်အသက်တာဆိုတာ လေမှာလွင့်တဲ့ ဂွမ်းပွင့်ကလေးလို၊ ဦးတည်ရာမရှိ၊ အကြောင်းမဲ့ လွင့်နေရတာမျိုး မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိတယ်။ ပန်းတိုင်ရှိပါတယ်။

ဒါကို နားလည်ရင် ခရစ်ယာန်အသက်တာဟာ စိတ်ဝင်စားစရာ သိပ်ကောင်းတယ်။ အဓိပ္ပါယ်လည်း သိပ်ရှိတယ်။ အရေးကြီးတဲ့ လုပ်ငန်းအတွက် ဘုရားအလိုတော် ရှာရာမှာ ဘုရားအလိုတော် ရှိတယ်လို့ မသိသေးဘဲနဲ့ ဘယ်သူ ပျော်ရွှင်နိုင်မလဲ? တခုခုကို ရှာဖွေရင်၊ အဲဒီအရာ တကယ်ရှိတယ်၊ ဖြစ်မယ်ဆိုတာ မသိဘဲနဲ့ စိတ်ဝင်စားမှုဆိုတာ ရှိနိုင်မလား?

ငယ်ငယ်တုန်းက ငါးမျှား သွားဖူးတယ်။ သိပ်တော့ မမျှားတတ်ပါဘူး။ စိတ်ပျက်လွယ်တယ်။ သိပ်သည်းမခံနိုင်ဘူး။ နည်းနည်း ကြာလာရင်၊ ဒီကန်မှာ ငါးမရှိဘူးလို့ သတ်မှတ်ပစ်လိုက်တယ်။ ငါးမျှားတံကို ဘေးမှာချရင်း တောအုပ်ထဲမှာ ပြေးကစားချင်နေပြီ။

 “တယောက်ယောက် လာကူပါဦး၊ ငါးကြီး မိနေပြီဟေ့” လို့ အော်သံ ကြားရရင်တော့ အရမ်းစိတ်လှုပ်ရှားတယ်။ ရေကန်စပ်ကို ပြေးသွားတဲ့အခါ သူငယ်ချင်းတယောက် ၅ ပေါင်လောက်ရှိတဲ့ ငါးကြီး တကောင်ကို ဆွဲတင်နေပြီ။ အဲဒီအခါကျမှ  ငါးမျှားတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိလာတယ်။ စိတ်ဝင်စားလာပြန်တယ်။ ပျင်းချိန်မရတော့ဘူး။ ငါးစာတပ်ပြီး ငါးမျှားတော့တယ်။ အခုတော့ ဒီကန်မှာ ငါးရှိတယ်ဆိုတာ သေချာသွားပြီကိုး။

ကိုယ့်ကို ဘုရားသခင် စိတ်ဝင်စားကြောင်း စဉ်းစားမိလာတဲ့အခါ အံ့ဩစရာ ကောင်းလာတယ်။ မဿဲ ၁၀း၃၀ မှာ “သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။”  ထွက်မြောက်ရာ ၃းရ မှာ ဝမ်းနည်းနေတာကို ဘုရားသခင် သိတယ်။ ဆာလံ ၅၆း ၈ မှာ“မျက်ရည်တွေကို မှတ်ထားတယ်” ဆာလံ ၁၃၉း ၂ မှာ “အကျွနု်ပ်ထိုင်ခြင်း၊ ထခြင်း အရာတို့ကို သိတော်မူ၏” ဆာလံ ၁၃၉း၂-၆  မှာတော့ အတွေးတွေ အားလုံးနဲ့ အကြံအစည်တွေကို သိနေတယ်လို့ ပြောပါတယ်။ လူတိုင်းကို ဘုရားသခင် ဒီလောက် စိတ်ဝင်စားနေတယ်ဆိုရင် ကိုယ့်အသက်တာအတွက် တိကျတဲ့ အကြံတော်၊ ရည်ရွယ်ချက်ရှိတယ် ဆိုတာ ယုံဖို့လိုပါတယ်။ “ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သော အရာ၊ စုံလင်သောအရာ တည်းဟူသော ဘုရားသခင် အလိုတော် ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်မည်အကြောင်း.. ”

 (၂ ) ဘုရားအလိုတော် အပေါ် မှန်ကန်တဲ့ သဘောထား ထားဖို့ လိုတယ်။

We must have a right attitude toward God’s will.

 “အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား …  ဘုရားသခင်၏ ဒေသနာတော် … ဟု ပိုင်းခြားသိလိမ့်မည်။” (ယော ရး၁၇) ဘုရားအလိုတော်ဆိုတာ သိချင်စိတ် ရှိရုံကလေးနဲ့တော့ သိလာမှာ မဟုတ်ဘူး။ အလိုတော်ဆိုတာ ဘာမှန်း မသိခင်ကတည်းက အလိုတော်အတိုင်း လုပ်ပါ့မယ်လို့ မပြောင်းမလဲတဲ့ ဆုံးဖြတ်မှုရှိဖို့ လိုပါတယ်။

ကျွန်တော့်ဇနီးက “Curtis , ကျွန်မကို တခုလောက် လုပ်ပေးနိုင်မလားဟင်?” လို့ မေးတတ်ပါတယ်။ “အေး လုပ််ပေးမယ်လေ။”  လို့ ပြန်ဖြေလေ့ မရှိဘူး။ “ဘာများလဲ?” လို့ ပြန်မေးလေ့ ရှိတယ်။ ဘာမှန်းမသိဘဲနဲ့ လုပ်ပါမယ်လို့ ဆုံးဖြတ်လေ့ မရှိဘူး။ ဒါပေမယ့် ဘုရားအလိုတော်ကို ဒီလိုသဘောနဲ့ ချဉ်းကပ်လို့ မရဘူး။

တချို့သူတွေက  “ကိုယ်တော်၊ လုပ်သင့်  မလုပ်သင့် ကျွန်တော် ဆုံးဖြတ်နိုင်ဖို့ အလိုတော်ကို အရင်သိခွင့်ပေးပါ။” ဆိုတဲ့ ပြောမှား ဆိုမှားတာ ပြောတတ်တယ်။ ဒါပေမယ့် ဘုရားသခင်က “လုပ်မယ်လို့ အရင်ဆုံးဖြတ်ကွာ၊ ဘာလဲဆိုတာ ငါသိခွင့်ပေးမယ်။”  လို့ မိန့်တော်မူပါတယ်။

လူငယ်တယောက်က  “ဒါပေမယ့် အလိုတော် ဝန်ခံမယ်လို့ ဆက်ကပ်ပြီးမှ၊ ကျွန်တော် မလုပ်ချင်တာတွေကို ဘုရားသခင်က လုပ်ခိုင်းရင် ဘယ်လိုလုပ်မလဲ?” လို့ မေးဖူးပါတယ်။

ခဏ စဉ်းစားပြီးမှ “မင်းက ခရစ်တော်ကို တကယ်မှ အားမကိုးဘဲ။ မင်းပြောတဲ့ပုံက မင်းဘဝကို ဘုရားစီစဉ်တာထက် မင်းက ပိုသိနေပုံပဲ။ ဘုရားဖြစ်စေချင်တာထက် ပိုပျော်စရာကောင်းတာ မရှိတော့ဘူး။ ဘုရားဖြစ်စေချင်တာထက် ပိုကောင်းတဲ့အရာလည်း မရှိပါဘူးကွာ” လို့ ဖြေရတယ်။

စာရွက်ဖြူအလွတ် တရွက်ပေါ်မှာ နာမည်ရေး လက်မှတ်ထိုးပြီးမှ “ကိုယ်တော် ရေးလိုက်ပါ။ ကိုယ်တော် ဖြစ်စေချင်တဲ့အတိုင်း လုပ်ပါမယ်” လို့ ပြောတာမျိုး ဖြစ်ရပါမယ်။

၁၉၆၁ မှာ အသင်းတော်ငယ် တပါးကို ဦးဆောင်ခဲ့တယ်။ ဟောပြောမှုရဲ့ရလာဒ်က နည်းနည်းပါးပါးပဲ တွေ့ရတယ်။ ဆာငတ်မှု ရှိတယ်။ အများကြီး ဖြစ်ချင်တယ်။ အသက်ရှင်နေရတာထက် ဘုရားစိတ်တော်နဲ့ ပိုတွေ့ချင်တဲ့စိတ်က များနေတယ်။  အောက်ထပ် အခန်းမှာ မျက်နှာအပ်ပြီးတော့ “ကိုယ်တော်၊ ကိုယ်တော် ဘာဖြစ်စေချင်နေလဲ ကျွန်တော်မသိဘူး။ ဘာပဲဖြစ်ဖြစ်ပါ၊ ကိုယ်တော်အလိုတော်အတိုင်း ကျွန်တော် လုပ်ဆောင်ချင်တယ်။ ဘယ်နေရာ သွားရသွားရ၊ ဘာပဲလုပ်ရ လုပ်ရ၊ ဘာပဲဖြစ်ပါစေ လုပ်ပါမယ်။ အလိုတော် ရှိသမျှမှာ  မသိလို့ မလုပ်မိတာမျိုးပဲ ရှိစေရမယ်။ ရှိရင်လည်း အဲဒါ ကျွန်တော့်အမှား မဟုတ်ဘူး။ ကိုယ်တော့အမှားပဲ ဖြစ်လိမ့်မယ်။” လို့ ဆုတောင်းတာ သတိရမိပါတယ်။

ဒါ စိတ်ပါလက်ပါ ပြောလိုက်တာပါ။ ပြောရုံ ပြောတာကတပိုင်း။ စိတ်ပါလက်ပါ ဆိုတာက တပိုင်းပါ။ အလိုတော် ရှိလျက်နဲ့ ခရစ်တော်အတွက် မလုပ်ချင်တဲ့ အရာတွေ ရှိနေသလား? ဒါဟာ အလိုတော်ကို သိရဖို့ ဆက်ကပ်မှု အပြည့်အဝ မရှိတာပါဘဲ။ “အလိုတော်သို့ လိုက်ချင်သောသူ မည်သည်ကား … ဘုရားသခင်၏ ဒေသနာတော် … ဟု ပိုင်းခြား၍ သိလိမ့်မည်။”

 ( ၃ ) အပြည့်အဝ ဆက်ကပ်ရမယ်။   There  must  be  an  absolute  surrender  to  God.

“ညီအကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ဂရုဏာတော်ကို ထောက်ထား၍ သင်တို့ကို ငါတိုက်တွန်း နှိုးဆော်ပေ၏။ သင်တို့သည် လောကီပုံသဏ္ဍာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာ တည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။  ရောမ ၁၂း ၁-၂”

 “ကောင်းတဲ့အရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်တဲ့အရာဆိုတဲ့ ဘုရားအလိုတော်ရှိတဲ့အရာကို သိချင်ရင်၊ ကိုယ်ခန္ဓာကို အသက်ရှင်တဲ့ ယဇ်လို ပူဇော်လိုက်၊ ကိုယ့်ကိုကိုယ် ခရစ်တော်၌ အပ်နှံလိုက်။ ဆက်သလိုက်။ ဘုရားလက်ထဲမှာ တန်ဆာပလာအဖြစ် ထည့်ထားလိုက်” လို့ ရှင်ပေါလု ပြောချင်တာပါ။

ဘုရားအလိုတော် သိချင်ရင် အသုံးပြုခံချင်တဲ့ သဘောရှိနေရမယ်။ ကိုယ့်ဘက်က ဘုရားအတွက် အသင့်ရှိနေမှသာ ကိုယ်က ဘုရားအတွက် တန်ဖိုး ရှိလာမှာပါ။ အသင့်ရှိနေတယ်ဆိုတာက အသုံးပြုခံနိုင်တယ်လို့ ဆိုလိုပါတယ်။ အသက်တာရဲ့ နေရာတိုင်းကို ဖွင့်ဟပြီး အစိတ်အပိုင်းတိုင်းမှာ ဘုရားကို ဦးဆောင်ခွင့် ပေးချင်စိတ် ရှိရပါမယ်။

နိုးထမှုတရားဟောပွဲတွေအတွက် ခရီးသွားနေရတော့ မိုတယ်လ်တွေမှာ နေရချိန် တော်တော်များပါတယ်။ မနက်စာ စားဖို့သွားတော့ တံခါးလက်ကိုင်တွေမှာ “မနှောက်ယှက်ပါနဲ့” ဆိုတဲ့ စာတန်းကလေးတွေ ချိတ်ထားတာ တွေ့မိပါတယ်။ အခန်းထဲက လူက “အပြင်မှာ ဘာလုပ်လုပ်၊ အထဲဝင်မလာနဲ့” လို့ ပြောနေတာပါ။

ယုံကြည်သူ များစွာဟာလည်း အသက်တာရဲ့ နေရာအတော်များများမှာ “မနှောက်ယှက်ပါနဲ့” ဆိုတဲ့ စာတန်းတွေ ဆွဲထားတတ်ပါတယ်။  အသက်တာရဲ့ နေရာ အားလုံးထဲကို ဘုရားသခင် ဝင်လာခွင့်၊ သွန်သင်ခွင့် ပေးဖို့လိုပါတယ်။ စီးပွားရေး လုပ်တဲ့သူကလည်း သူ့စီးပွားထဲမှာ ဘုရား ဦးဆောင်ခွင့် (သို့) အနည်းဆုံးအနေနဲ့ လမ်းညွှန်ချက် သဘောထားတွေ ချမှတ်ခွင့် ပေးရပါမယ်။ အသင့်ဖြစ်တယ်ဆိုတာ အသုံးပြု ခံနိုင်ရုံသာမက နှစ်သက်စရာ၊ သဘောကျစရာပါလို့ ဆိုလိုပါတယ်။

ရောမ ၁၂း၁ မှာ “အသက်ရှင်ခြင်း လက္ခဏာ၊ သန့်ရှင်းခြင်း လက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ ” သိသိကြီးနဲ့ ဆက်မှားနေလို့တော့ မဖြစ်ဘူး။ ဆာလံ ၆၆း၁၈မှာ “ ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။ ” သိသိကြီးနဲ့ ဆက်လုပ်နေရင်၊ ဘုရားသခင် လမ်းပြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အပြစ်ကို အပြီးအပိုင် ရှင်းလင်းတတ်ဖို့ လိုပါတယ်။

အချို့ယုံကြည်သူတွေ အပြစ်ဝန်ချကြပါတယ်။ ကိုယ့်အကြောင်းကိုယ် ပြန်ပြောတာလို့ ထင်နေကြတယ်။ မဟုတ်ပါဘူး။ ဘုရားသခင် သိပြီးသားပါ။ ဝန်ခံဖို့ လိုသလို စွန့်ပစ်ဖို့လည်း လိုတာပေါ့။ သုတ္တံ ၂၈း၁၃ မှာ  “ မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။  မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ဂရုဏာတော်ကို ခံရလိမ့်မည်။” သိသမျှအပြစ်တွေကို ဝန်ချတောင်းပန်ပါ။ ကိုယ်ခန္ဓာကို အသက်ရှင်တဲ့ယဇ်၊ သန့်ရှင်းတဲ့ယဇ်၊ နှစ်သက်ဘွယ်ရာယဇ်အဖြစ် ဆက်သပါ။

      အသင့်ရှိနေတယ် ဆိုတာဟာ အသုံးခံနိုင်ရုံ၊ နှစ်သက်ဘွယ် ဖြစ်ရုံသာမက၊ ဘယ်လိုထားထား အပြောင်းအလဲ လုပ်လို့ရတဲ့ သဘောရှိပါတယ်။ “ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော် ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်မည့်အကြောင်း” အပြောင်းအလဲရတဲ့ သဘောရှိရပါမယ်။ ဘုရားက တခုခု အလိုရှိနေရင် အပြောင်းအလဲလုပ်လို့ ရနိုင်ရမယ်။

တချို့ မေးကြတယ်။ “အသင်းသား ရ,၉၀၀. ကျော်ရှိတဲ့ ဂျော်ဂျီယာပြည်နယ်က အကြီးဆုံး အသင်းတော်ကြီးကို ဘာကြောင့် ထားခဲ့ရတာလဲ?” တဲ့။ မှားတယ်လို့ တချို့က ယူဆကြတယ်။ မမှားပါဘူး။ ဘုရားသခင်မှာ ကျွန်တော့်အတွက် တခြား အကြံအစည်တခု ရှိနေတာ သိနေတော့ ဆုံးဖြတ်ရတာ သိပ်မခက်ပါဘူး။ ဒါကြောင့် ၁၉၆၁ မှာ ဆုံးဖြတ်ပြီး၊ ဘုရားလုပ်စေချင်တာ လုပ်မယ်၊ သွားစေချင်တဲ့ နေရာသွားမယ်၊ ဖြစ်စေချင်တာတွေ ဖြစ်ရမယ်လို့ သဘောထားလိုက်တာပါ။

မိတ်ဆွေတွေနဲ့တော့ ဝေးရတာပေါ့။ သူတို့ကိုလည်း ချစ်နေဆဲပါပဲ။ ဒါပေမယ့် ဘုရားအလိုတော်မို့ ပျော်ပါတယ်။ Sword of the Lord အမှုတော်မှာ မြတ်နိုးစရာ မိတ်ဆွေသစ်တွေ ဘုရားသခင် ပြန်ပေးပါတယ်။ “ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာ တည်းဟူသော ဘုရားသခင်အလိုတော် ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်” ဖို့ဆိုရင်၊ “အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်” အဖြစ် ကိုယ်ခန္ဓာကို ပူဇော်ဖို့လိုပါတယ်။ ဉာဏ်မျက်စိ ကြည်လင်ဖို့အတွက် ဆက်ကပ်တဲ့ နှလုံးသားရှိဖို့ လိုပါတယ်။

 (၄) သံသယရှိရင်၊ သတိထားပါ။ When  in  doubt, play  safe.

 “ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏။” (ရောမ ၁၄း၂၃) တခါ- ရောမ ၁၄း၅ မှာတော့ “လူတိုင်း မိမိစိတ်သဘောကျပါစေ။” ဘုရားသခင် လမ်းပြနေပေမယ့် သံသယတချို့ရှိနေရင် သံသယရဲ့ အကျိုးဆက်တွေကို ဘုရားသခင်ထံ အပ်နှံထားလိုက်တာဟာ ဘေးကင်းပါတယ်။

တနင်္ဂနွေမနက် တခုမှာ၊ ဇနီးမောင်နှံနှစ်ယောက် Sunday School သွားဖို့ အသင့်ပြင်နေပါတယ်။ အမျိုးသားက “ခင်ရေ၊ ဒီအင်္ကျီ က ပေနေသလားကွာ?” လို့ အော်ပြောတယ်။

အမျိုးသမီးက ပြန်ပြီးတော့လှမ်းပြောတယ်။ “မသိဘူးလေ၊ ဘယ်လိုထင်လို့လဲ?”  “အေးကွာ၊ အကောင်းလို့တော့ ထင်ရတာပဲ။”

“စိတ်မသန့်ရင်တော့၊ ပေနေလို့ ဖြစ်မှာပေါ့။” လို့ ဇနီးသည်က ပြန်ဖြေတယ်။

ကျွန်တော့အလုပ် မပြောင်းခင်မှာ အပြည့်အဝစိတ်ချမှု ရှိနေဖို့လိုတယ်လို့ သိခဲ့ပါတယ်။ ကိုယ်က ကျွန်။ ဘုရားသခင်က သခင်။ သခင်ရဲ့အလိုကို ဝေဖန်တာဟာ ကျွန်တယောက်ရဲ့ အလုပ်မဟုတ်ဘူး။ ကျွန်က နာခံဖို့ပဲ။ ရှင်းလင်းတဲ့ အမိန့်ပေးဖို့ကတော့ သခင့်အလုပ်ပါ။

ဘုရားအလိုတော် ရှာတယ်ဆိုတာ ကောက်ရိုးပုံထဲ အပ်လိုက်ရှာတာမျိုး မဟုတ်ပါဘူး။ ဘုရားက တခုခုလုပ်စေချင်တယ်။ ဒါကို ရှင်းပြနိုင်စွမ်း ရှိပါတယ်။ တချို့ အကြောင်းအရာတွေမှာ ကိုယ်ကလည်း သံသယရှိ၊ ကျမ်းစာ ဖတ်တော့လည်း ဒီအကြောင်း နားမလည်သေးရင် “အလိုတော်အတိုင်း လိုက်နာပါမယ်။ ဒါပေမယ့် ဘာလုပ်ရမယ်ဆိုတာ မရှင်းသေးပါဘူး။ ရှင်းရှင်းလင်းလင်း သိခွင့်ရရင်၊ အားရဝမ်းသာ လုပ်ဆောင်ပါမယ်။” လို့ ကျွန်တော်တော့ ဆုတောင်းတယ်။ ဘုရားသခင်က အမြဲတမ်း ရှင်းရှင်းသိခွင့်ပေးပါတယ်။ သံသယရှိနေချိန်မှာ သတိထားပါ။

(၅) အဖြစ်အပျက်အပေါ် ငြိမ်သက်ခြင်း ရပြီလား? Do you have peace about the matter?

ကောလောသဲ ၃း၁၅  မှာ “သင်တို့ စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးစေ။” “ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက အဆုံးအဖြတ် ပေးပါစေ”လို့ တချို့က ဘာသာပြန်တယ်။ တချို့ဘာသာပြန်တာကတော့ -- “ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက သင့်အတွက် ဆုံးဖြတ်သွားပါစေ” လို့ ဆိုတယ်။ ငြိမ်သက်ခြင်း ရပြီလား?

ကျွန်တော်ရဲ့ ဒုတိယမြောက်ကားကို ဝယ်တုန်းက သင်ခန်းစာ တခုရခဲ့ပါတယ်။ ကားတပတ်နွမ်း အရောင်းဌာနမှာ လှပတဲ့ တောက်တောက် ပြောင်ပြောင် Hudson Jet ကားတစီး တွေ့လိုက်ပါတယ်။ ခဏခဏ မြင်ဖူးနေခဲ့တာပါ။ အတွင်းရော အပြင်ပါ သန့်ရှင်းသပ်ရပ်တယ်။ တတ်နိုင်တာထက် ဈေ းနည်းနည်း ပိုနေပေမယ့် လိုချင်မိတယ်။ ဝယ်မလို့ကြံတာ ခဏခဏပဲ။ ဒါပေမယ့် စိတ်စနိုးစနောင့် ဖြစ်နေတယ်။ ယူမယ်လို့ ရောင်းသူကို ပြောမယ်ကြံတိုင်း စိတ်ထဲမှာ မသက်မသာ ခံစားနေရတယ်။ ဝယ်ဖို့ ငြိမ်သက်ခြင်း မရှိဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ကွာ ဆိုပြီး ဝယ်လိုက်တယ်။

အဲဒီကား အဆင်မပြေလောက်ဘူးလို့ မထင်ဘူးလား? တကယ် အဆင်မပြေတာပါ။ လက်ပြောင်းလက်လွှဲ လုပ်ပြီးကတည်းက ကုန်လိုက်တဲ့ငွေ။ စိတ်ညစ်ရတာပေါ့။ သိပ်မကြာဘူး၊ ဝယ်မိတာ မှားပြီလို့ သိလိုက်တယ်။ ပြန်ရောင်းရင် ရောင်း၊ မရောင်းရင်လည်း ပေးလိုက်ရအောင်ကို ဒုက္ခပေးတယ်။

ဘုရားသခင် လမ်းပြနေတယ်ဆိုရင်၊ ငြိမ်သက်ခြင်းပေးမှာပါ။ ငြိမ်သက်ခြင်း မရဘဲနဲ့တော့ ဘာမှမဆုံးဖြတ်တာပဲ ကောင်းပါတယ်။ ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက အုပ်စိုးနေပါစေ။

 ( ၆ ) ရပြီးတဲ့ အလင်းထဲမှာ ကျင်လည်ပါ။  Walk in the light you already have.

ယုံကြည်သူရဲ့အသက်တာမှာ ဘုရားအကြံအစည်တော်ကို အကုန်နားလည်တဲ့ အချိန်ရယ်လို့ မရှိပါဘူး။ ခရစ်ယာန်အသက်တာဟာ ယုံကြည်ခြင်းနဲ့ လျှောက်ရတဲ့ အသက်တာပါ။ ဒါပေမယ့်လည်း နောက်တဆင့် လှမ်းဖို့အတွက် လုံလောက်တဲ့ အလင်းကို ဘုရားသခင် ပေးလေ့ရှိပါတယ်။ ဆာလံ ၁၁၉း၁၀၅ မှာ “နှုတ်ကပတ်တော်သည် အကျွနု်ပ်ခြေေ့ရှမှာ မီးခွက်ဖြစ်၍၊ အကျွနု်ပ် လမ်းခရီးကို လင်းစေပါ၏။”

ေ့ရှမှာ မီးအိမ်ပါတဲ့ သတ္တုတွင်း အလုပ်သမားရဲ့ ဦးထုပ်ကို မြင်ဖူးပါသလား? သတ္တုတူးတဲ့သူက တွင်းထဲကို ဆင်းသွားတဲ့အခါ  မီးအိမ်က သူ့ေ့ရှ ၂၅ ပေကို အလင်းပေးပါတယ်။ သူက “လှိုင်ခေါင်းအဆုံးကို မမြင်ရရင် နောက်တစ်လှမ်း မလှမ်းတော့ဘူးကွာ။” လို့ ပြောမယ် ဆိုပါစို့။ ဒါဆို နောက်တစ်လှမ်း လှမ်းဖြစ်တော့မှာ မဟုတ်တော့ဘူး။ ရပြီးသား အလင်းထဲမှာ ဆက်မလျှောက်ရင် အလင်းရောင် ထပ်ရတော့မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် အလင်းထဲမှာ ဆက်လျှောက်ရင် ေ့ရှဆက် အလင်းရနေအုံးမှာပါပဲ။ လျှောက်လေလေ အလင်းရလေလေ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ယုံကြည်သူဟာ ဆက်လှမ်းနေဖို့ လိုတယ်။ ခရစ်ယာန်ကောလိပ် ကျောင်းသားလူငယ်တွေကို အကြံပေးရဖူးတယ်။ သူတို့က နောင်အနှစ်၂၀ မှာလုပ်မယ့် အလုပ်တွေအတွက် စိုးရိမ်နေကြတယ်။ အချို့ဆိုရင် ဘုရားသခင်က သူတို့ကို သာသနာပြုဆရာလား? ဧဝံဂေလိ ဆရာလား? သင်းအုပ်ဆရာလား? ဘာဖြစ်စေချင်တယ်ဆိုတာ မသေချာ၊ မရေရာဘူး ဖြစ်နေတယ်။

 “အပြည့်အဝ ဆက်ကပ်ပြီးတော့ ဘုရားသခင်အတွက် အသင့်နေပါ။ အလိုတော်ကို သိခွင့်ပေးပါလိမ့်မယ်။ အခုတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါ။ ကျောင်းမှာပဲ ဆက်နေပြီး အပြင်းအထန် လေ့လာပါ။ နောက်တစ်ပတ် သောကြာနေ့ စာမေးပွဲကို အောင်အောင်ဖြေပါ” လို့ အမြဲတမ်း အကြံပေးရပါတယ်။

ရပြီးတဲ့ အလင်းမှာ ကျင်လည်ပါ။ အလင်းကို ထပ်ပေးအုန်းမှာပါ။ ပေတရု ထောင်ကျနေတုန်းက သံတံခါးကြီးနားကို သူ လျှောက်မသွားမချင်း၊ တံခါးပွင့်သွားမှာ မဟုတ်ပါဘူး၊ (တမန် ၁၂း၁၀)။

ဒီနေ့အတွက် ဘုရားအလိုတော်ကို မဆောင်ရွက်ဘဲနဲ့ နောက်တစ်ပတ်အတွက် အလိုတော်ကို ပြဖို့ မမြှော်လင့်ပါနဲ့။ ေ့ရှရေးကို ပြေးမြင်တတ်ဖို့ ကြိုပြထားတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ လူတချို့ဟာ အခြားလူတွေထက် အဝေးကြီးကို ကြိုမြင်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ယုံကြည်သူတိုင်းအတွက် နောက်တစ်လှမ်း လှမ်းဖို့ လုံလောက်တဲ့ အလင်းကို ပေးပါတယ်။

 ( ရ ) ကိုယ့်ဆန္ဒက အလိုတော် သိအောင် ကူညီပါစေ။ Let your desires Help Determine God’s Will.

ဖိလိပ္ပိ ၂း၁၃မှာ “အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါ၎င်း၊ အကျင့် ကျင့်စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော် အားဖြင့် ပြုတော်မူသောသူကား ဘုရားသခင်ပေတည်း။”

အသက်တာကို ခရစ်တော်ထံ အပ်နှံရင် မှန်ကန်တဲ့ အလိုဆန္ဒကို ပေးတော်မူပါတယ်။ ဆာလံ ၃၇း၄ “ထာဝရဘုရား၌ မွေ့လျော်ခြင်း ရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။”

ဘာလုပ်ရမှန်း မသိရအောင် အရေးကြီးတဲ့ကိစ္စတွေ ဆုံးဖြတ်ရဖူးပါတယ်။ လုပ်ချင်တာတော့ သိတယ်။ ဒါပေမယ့် မှားလား၊ မှန်လား မသေချာဘူး။ ကိုယ့်ဆန္ဒနဲ့ ဘုရားအလိုတော် တစ်ထပ်ထဲ ဖြစ်စေဖို့ ဆုတောင်းရတယ်။ ဒါကြောင့် တခုခုလုပ်ချင်လာတဲ့အခါ ဘုရားအလိုတော် သိရဖို့ ရုန်းကန်နေစရာ မလိုတော့ဘူး။ ဖိလိပ္ပိ ၂း၁၃ ကို ခဏခဏ ဖတ်ရတယ်။ “အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါ၎င်း၊ အကျင့်ကျင့်စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။” စိတ်ဆန္ဒကို နားလည်နိုင်ခွင့် ပေးပါတယ်။ ဘုရားအလိုတော်ရှိတာကို လုပ်ရတဲ့အခါ ပျော်ရွှင်မှုတွေ၊ ကျေနပ်မှုတွေ ပေးပါတယ်။

 (၈) သန့်ရှင်းသောဝိညာဉ်တော်က လမ်းပြပေးနိုင်ပါတယ်။  The Holy Spirit is Able to Guide Us.

ရောမ ၈း၁၄ မှာ “ဘုရားသခင်၏ ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။”

အတော်များများ အကြောင်းအရာတွေက ကျမ်းစာအားဖြင့် ရှင်းပြီးသာပါ။ ဒါတွေကို ထပ်မေးစရာတော့ မလိုဘူးပေါ့။ ဘုရားအလိုတော်နဲ့ ဘုရားစကား၊ ကျမ်းစာဟာ အမြဲတမ်း တစ်ထပ်တည်းပါပဲ။ ဆန့်ကျင်၊ ကွဲလွဲလေ့မရှိပါဘူး။ ဝိညာဉ်တွေကို ကယ်တင်ဖို့ဆိုတာ ဘုရားအလိုတော်မှန်း သိပြီးသားပါ။ ဒီအတွက် ထွေထွေထူးထူး စောင့်နေစရာ၊ ဆုတောင်းနေစရာ မလိုပါဘူး။ မာကု၁၆း၁၅ မှာ “သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။” ယောဟန် ၁၅း၁၆ မှာ သခင်ယေရှုက “သင်တို့သည် ငါ့ကို ရွေးကောက်ကြသည် မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည်သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာ ကောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏”  ဝိညာဉ်တော်ရဲ့လမ်းပြမှုကို ထူးထူးခြားခြားမရလို့ ဆိုပြီး ဝိညာဉ်ကယ်တင်ဖို့ ငြင်းတာဟာ ကျမ်းစာရဲ့ ရှင်းနေတဲ့အမိန့်အပေါ် မနာခံမှု ထင်ရှားနေတာကို ဖုံးကွယ်ဖို့ ကြိုးစားတာပါပဲ။

အပြစ်သားတွေရဲ့ကယ်တင်ခြင်းအကြောင်း စဉ်းစားကြည့်ပါ။ ကျမ်းစာပြောတာ ရှင်းပါတယ်။ ၂ပေ ၃း၉ မှာ ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး။ နောင်တရဖို့ အလိုတော်ရှိပါတယ်လို့ ဆိုပါတယ်။

ဆယ်ဘို့တဘို့ ပေးဖို့လည်း ထူးထူးခြားခြား လမ်းပြဖို့မလိုပါဘူး။ ဝတ်ပြုရာ ၂၇း၃၀ မှာ “ဆယ်ဘို့တဘို့သည် ထာဝရဘုရား၏ ဘဏ္ဍာတော်ဖြစ်၏။” ဝင်ငွေရဲ့ ဆယ်ဘို့တဘို့ဟာ ဘုရားပိုင်တယ်ဆိုတာ သိပြီးသားပဲ။ ဘယ်မှာပေးသင့်သလဲ ဆိုတာပဲ အဖြေရှာသင့်ပါတယ်။ ကျမ်းစာက ပြောပြီးသားမို့ ပေးရမလား၊ မပေးရဘူးလား ဆိုတာတော့ မေးနေစရာမလိုပါဘူး။

ကျမ်းစာထဲမှာ ပြောမထားတာတွေတော့ ရှိပါသေးတယ်။ ဥပမာ ဘယ်အသင်းတော်မှာ ပါဝင်ရမလဲဆိုတာ ကျမ်းစာက မပြောပါဘူး။ “ဒီမြို့- ဒီမြို့က နှစ်ခြင်းအသင်းတော်မှာ ပါဝင်ရမယ်လို့ ပြောမထားဘူး။ ဒါကြောင့် ဘုရားရွေးတဲ့ အသင်းတော်ကို ပြဖို့ ဆုတောင်းဖို့ လိုလာပါတယ်။ ဘုရားကျောင်း မှန်မှန်တက်သင့်ပါတယ်။ ဟေဗြဲ၁၀း၂၅ မှာ “လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွဲကြနှင့်။”  ဒါပေမယ့် ဒီကျမ်းချက်က ဘယ်ဘုရားကျောင်းမှာ သွားတက်ရမယ်လို့ မပြောပါဘူး။ ဒါကြောင့် ဆုတောင်းဖို့ လိုလာပါတယ်။ ကျမ်းစာပြောတာ ရှင်းနေရင်တော့ ဝိညာဉ်တော်ရဲ့လမ်းပြမှုကို စောင့်နေစရာ မလိုတော့ဘူး။

ဘယ်ယောက်ျားကလေးကို အိမ်ထောင်ပြုရမယ်လို့ ကျမ်းစာက ပြောမထားသလို၊ ဘယ်မိန်းကလေးကို လက်ထပ်ရမယ်လို့လဲ ပြောမထားပါဘူး။ သူတို့အနေနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှုကို တောင်းခံဖို့ လိုလာပါတယ်။ ဒါပေမယ့် ကျမ်းစာက ၂ကော၆း၁၃ မှာ “မယုံကြည်သောသူတို့နှင့် တွဲဖက်၍ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။” ဒါဟာ လမ်းညွှန်ချက်ပါ။ ခရစ်ယာန်ဆိုရင်၊ ခရစ်ယာန်မဟုတ်တဲ့သူကို လက်မထပ်ရဘူး။ ဒါပေမယ့် ခရစ်ယာန်မိန်းကလေးတွေ အများကြီးရှိနေတော့၊ ယောက်ျားလေးအနေနဲ့ အမှန်ဆုံးတယောက် (the right one) ကို ရွေးချယ်ဖို့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကို မျှော်လင့်နိုင်ပါတယ်။ ဘုရားရဲ့ဝိညာဉ်တော်က ဘုရားရဲ့စကားတော်နဲ့ မကွဲလွဲပါဘူး။ ဆန့်ကျင်ဘက်ဖြစ်မနေဘူး။

မိန်းမပျိူတစ်ယောက်က ပြောတယ် “ကျွန်မ လူတစ်ယောက်နဲ့ ချစ်နေပြီ။ သူနဲ့လက်ထပ်တော့မယ်။”

 “သူက ခရစ်ယာန်လား?”

 “မဟုတ်ဘူး။”

 “ဒါဆိုရင် လက်မထပ်သင့်ဘူး။”

ဒါပေမယ့် “ဒီအကြောင်း ဆုတောင်းပြီးသားပါ။ ဘုရားအလိုတော်ရှိတယ်လို့ ကျွန်မသိပါတယ်။”  လို့ မိန်းမပျိူက ပြောတယ်။

“ညီမ၊ ဘုရားက သူ့စကားနဲ့ ဆန့်ကျင်ပြီး လမ်းပြလေ့မရှိဘူး။”၂ကော ၆း၁၄ မှာ “မယုံကြည်သောသူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။” လို့ ပြောတယ်။

ဒါပေမယ့် ကျွန်တော့်စကား သူနားမထောင်ဘဲ အဲဒီလူကို လက်ထပ်လိုက်တယ်။ ပြောရမှာ စိတ်မကောင်းစရာပါ။ အခုတော့ သူ့ခမျာ သနားစရာ ဖြစ်နေပြီ။ နောက်ဆုံးအနေနဲ့ပြောရရင် အတော်များများ အကြောင်းအရာတွေက ဘုရားစကားတော်ထဲမှာ ပြောပြပြီးသားပါ။ ဒါပေမယ့် ကျမ်းစာက အသေးစိတ် မပြောတဲ့အခါ အလိုတော်ပြဖို့ မြှော်လင့်ခွင့် ရှိပါတယ်။

ဘုရားအလိုတော်ဟာ မလိုအပ်ဘဲ ပြောင်းလဲလေ့မရှိပါဘူး။ ဘုရားအလိုတော်ကို လုပ်ဆောင်ဖူးကောင်း၊ လုပ်ဆောင်ဖူးမှာပါ။ အောင်မြင်မှုဆိုတာ ဘုရားအလိုတော်ကို သိပြီး အလိုတော်အတိုင်း ဆောင်ရွက်လိုက်ခြင်းပါ။               ။