Monday, September 16, 2013

16. The Second Coming of Christ, the Believer’s Hope (Burmese)

Dr. Curtis Hutson
------------------------------------------------------------------------------------------------------------------------
အခန်း ၁၆
------------------------------------------------------------------------------------------------------------------------

DR. CURTIS HUTSON
ကြွလာမယ့် ကတိတော်
ကြွလာမယ့်သူ
ကြွလာမယ့် အစီအစဉ်

ကြွလာခြင်းအတွက် ပြင်ဆင်ခြင်းများ
 “ညီအစ်ကိုတို့၊ မြှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။ ယေရှုသည် သေပြီးမှတဖန် ထမြောက်တော်မူသည်ကို ငါတို့သည်ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင်ပို့ဆောင်တော်မူလိမ့်မည်။ သခင်ဘုရား၏ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသောသူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။ သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။” ၁သက် ၄း၁၃-၁၈။

ဟိုတုန်းက တရားဟောဆရာတစ်ယောက် ရေဒီယိုမှာ ပရောဖက်ပြုခြင်းနဲ့ ဆိုင်တဲ့ တရားဟောချက်တွေ အခန်းဆက် ဟောတယ်။ အဲဒီအတောအတွင်းမှာ ပရောဖက်ပြုခြင်းအကြောင်းပဲ ဆက်တိုက်ဟောတယ်။

တနေ့မှာ အမျိုးသမီးတစ်ယောက်က လမ်းသွားရင်း သူ့ကိုမှတ်မိပြီး “ဆရာ- ဆရာဟောတဲ့ ‘pathetic’ (သနားစရာ) ဒေသနာတွေ ကျွန်မအရမ်း သဘောကျတယ်။” လို့ ပြေးပြောပါတယ်။

ပရောဖက်ပြုခြင်းနဲ့ဆိုင်တဲ့ ‘prophetic’ ဒေသနာတွေဟာ ‘pathetic’ သနားစရာဒေသနာတွေ ဖြစ်သွားတတ်တယ်။ ခရစ်တော်ကြွလာမယ့်နေ့ရက်၊ နာရီအတိအကျကို တွက်ချက်ပြဖို့ ကြိုးစားတဲ့အခါ အထူးသဖြင့် သနားစရာ ဖြစ်သွားတတ်တယ်။

ကျမ်းစာရဲ့ ပရောဖက်ပြုချက်တွေကို တစ်ခုချင်း အသေးစိတ် တွက်ချက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ခက်ပါတယ်။ အကောင်းဆုံးကတော့ အကြမ်းဖျင်းသုံးသပ်ရုံပဲ ရတယ်။

ဥပမာ- နိုးထမှု စည်းဝေးတစ်ခုက အပြန်မှာ အဲဒီအသင်းတော်အကြောင်းကို ဇနီးသည်က မေးတယ်။ အုတ်ကျောင်း တစ်ကျောင်းလို့ ကျွန်တော်ဖြေတယ်။ “ဘယ်လိုအုတ်မျိုးလဲ?”။ “မသိဘူး။ မှတ်မိတာကလဲ အနီရောင်အုတ်ပဲ။ ရိုးရိုးအုတ်လား၊ ဆန်းဆန်းအုတ်လား မပြောတတ်ဘူး။”

 “ကျောင်းဝိုင်းထဲမှာ သစ်ပင်တွေရှိသလား”။ “အေးရှိတယ်၊ ရှိတယ်”။ “ဘယ်လောက်များလဲ?”။ “မမှတ်မိတော့ဘူး။”။  “ဘာပင်တွေလဲ?” ။  “ဒါလည်း မမှတ်မိဘူး။ အပင်ကြီးတွေဆိုတာပဲ သိတယ်။” အသေးစိတ် မပြောတတ်ဘူး။ အကြမ်းဖျင်းပဲ ပြောတတ်တာပါ။ ဘုရားကျောင်း ဘယ်လိုပုံလဲဆိုတာတော့ သိတယ်။ ဒါပေမယ့် အသေးစိတ် အတိအကျမပြောနိုင်ဘူး။

ကျမ်းစာထဲက ပရောဖက်ပြုချက်တွေဟာလည်း ဒီလိုပါပဲ။ အားလုံးကို အတိအကျပြောဖို့ ကြိုးစားမယ်ဆိုရင် များသွားလိမ့်မယ်။ သခင်ဘုရား ကြွလာမယ့်နေ့ရက်ကို အတိအကျ သတ်မှတ်ပြမယ်ဆိုရင် မှားပါတယ်။ ဟိုးတုန်းက တရားဟောဆရာတစ်ယောက်က သခင်ဘုရား ၁၉၈၀ မတိုင်ခင်ကြွလာမယ်။ ကြွမလာရင် အမှုတော်ထဲက နှုတ်ထွက်မယ်လို့ ပြောတာကြားဖူးတယ်။ ကြွမလာတဲ့အခါ တကယ်ထွက်သွားသလားတော့ မသိဘူး။ နေ့ရက် အတိအကျနဲ့ ပြောတာကတော့ မှားသွားတာပေါ့။

တချို့သူတွေက အန္တိခရစ်ဟာ ဘယ်သူဘယ်ဝါလို့ ပြောတာကြားဖူးတယ်။ ဒါလည်း လွဲနေအုံးမှာဘဲ။ ကျမ်းစာကို နားလည်မယ်ဆိုရင် အသင်းတော်ကို မချီဆောင်သေးမှီအထိတော့ အန္တိခရစ်ဟာ သိသာမြင်သာဦးမှာ မဟုတ်ဘူး။ ဒါကြောင့် ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းရဲ့ ပထမအပိုင်း မပြီးမချင်း အန္တိခရစ်ကို မသိနိုင်သေးဘူး။ ၂သက် ၂း၃-၈။

အသေးစိတ်မသိနိုင်ဘူး။ ကြွလာမယ်လို့တော့ သိပါတယ်။ အကြမ်းဖျင်းပြောလို့တော့ ရပါတယ်။ ဒီအကြောင်းကို “ကြွလာမယ့် အစီအစဉ်” အကြောင်းမှာ အကျယ်ရှင်းပြပါမယ်။ အခုတရားဒေသနာမှာ ၄ ချက်ရှိတယ်။

၁။ ကြွလာမယ့် ကတိတော် - The promise of His coming
ပထမကြွလာခြင်းထက် ဒုတိယကြွလာခြင်း အကြောင်းဟာ ဓမ္မဟောင်းမှာ အဆ ၂၀ ပိုတွေ့ရတယ်။ ရှင်ပေါလုရဲ့ ဩဝါဒစာတွေမှာ နှစ်ခြင်းအကြောင်းကို ၁၃ ကြိမ်ပြောရင် ဒုတိယကြွလာခြင်းအကြောင်းကို အကြိမ် ၅၀ ပြောတယ်။ ဒီလောကထဲက ထွက်ခွါခါနီး သခင်ယေရှု ပြောတဲ့ နောက်ဆုံး စကားတွေထဲမှာ “တဖန်တုံ ယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ၊ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” ယော ၁၄း၁-၃။

ကောင်းကင်တက်ကြွတဲ့အခါ တမန် ၁း၁၀ မှာ “လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျှက် တမန်တော်တို့အနားမှာ ပေါ်လာ၍” အငယ် ၁၁မှာ သူတို့ပြောတဲ့စကား “ဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျှက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင် သို့ ဆောင်ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ တဖန် ကြွလာတော်မူလတံ့ ဟု ပြောဆို၏။”

ဖြူစင်တဲ့အဝတ်နဲ့လာသူတွေဟာ ကောင်းကင်တမန်တွေလို့ ယုံကြည်ရတယ်။ သူတို့က “ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။”လို့ ပြောတယ်။ ဘယ်လိုကြွသွားသလဲ? မျက်မြင်ထင်ရှား ကြွတယ်။ မျက်မြင်ထင်ရှား ပြန်ကြွလာလိမ့်မယ်။ ကိုယ်ခန္ဓာနဲ့ ကြွတယ်။ ကိုယ်ခန္ဓာနဲ့ ပြန်လာမယ်။ သံလွင်တောင်က ကြွတယ်။ သံလွင်တောင်ကိုပဲ ပြန်လာလိမ့်မယ်။ တမန်၁း၁၂၊ ဇာခရိ ၁၄း၄။

ဖိလိပ္ပိ ၃း၂၀မှာ “ငါတို့ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျှက်ရှိ၏။ ကယ်တင်တော်မူသော အရှင််သခင် ယေရှုခရစ် သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။” ဟေဗြဲ ၉း၂၈။ “အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူ လတံ့။”

ကျမ်းစာထဲမှာ သခင်ယေရှုကြွလာမယ့်အကြောင်း ကတိတော်တွေအများကြီးရှိတယ်။ ဗျာဒိတ်၂၂ မှာ အငယ် ရ၊ ၁၂ နဲ့ ၂၀ မှာ “ငါသည် အလျင်အမြန်လာမည်။” လို့ တကြိမ်စီ ပြောတယ်။ ကျမ်းစာရဲ့ နောက်ဆုံးပိတ်စကားက “ သခင်ယေရှုကြွလာတော်မူပါ။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော် သည် သန့်ရှင်းသူအပေါင်းတို့၌ ရှိစေသတည်း။” ဗျာဒိတ် ၂၂း၂၀-၂၁။ ဓမ္မသစ်ကျမ်းရဲ့ အပိုဒ်ငယ် ၃၀ တိုင်းမှာ တပိုဒ်ဟာ ဒုတိယကြွလာခြင်းအကြောင်း ဖြစ်တယ်။ ကျမ်းစာကို ဦးထိပ်ထားတဲ့တရားဟောဆရာတစ်ယောက်က ဒုတိယကြွလာခြင်းအကြောင်း၊ သိပ်ကောင်းတဲ့ တရားဟောချက် တစ်ပုဒ် ဟောဖူးတယ်။ ဟောပြီးတဲ့အခါ ခေတ်ပေါ်အယူ-ယူတဲ့၊ ခပ်ပျော့ပျော့၊ ခပ်ညံ့ညံ့၊ အစွမ်းမရှိ အစမရှိ တရားဟောဆရာတယောက်က “ဒီအကြောင်းကို ဓမ္မသစ်ထဲက ထုတ်ယူလို့ မရဘူး။” လို့ ပြောလာတယ်။ ပညာရှိတရားဟောဆရာကြီးက “ဘယ်ထုတ်ရမလဲကွ၊ ကျမ်းစာထဲမှာပဲ ရှိနေမှာပေါ့” လို့ ဖြေတယ်။ ဟုတ်ပါတယ်။ ဒုတိယကြွလာမယ့် ကတိတော်တွေဟာ ကျမ်းစာထဲမှာရှိနေတယ်။ ဓမ္မသစ်မှာ ၂၅၉ ခန်း၊ ဓမ္မဟောင်းမှာ အခန်း ၃၀၀ ပါတယ်။ နောက်တစ်ခုက - -

၂။ ကြွလာမယ့်သူ - The Person of His Coming
ဒုတိယကြွလာခြင်းအကြောင်း အယူအဆကွဲပြားမှုတွေ ရှိတယ်။ တချို့က သေခြင်းလို့ဆိုတယ်။ အသုဘတွေမှာ တချို့ဆရာတွေက သေသူအတွက် သခင်ယေရှုလာသွားတယ်လို့ ဆိုတယ်။ ဒါပေမယ့် လူသေရင် အဲဒီလို မဟုတ်ဘူး။ သေတဲ့သူကသာ ခရစ်တော်နဲ့နေဖို့ သွားတယ်။ ၂ကော ၅း၈မှာ “ကိုယ်ခန္ဓာနှင့် ကွာဝေးရာ အရပ်သို့သွား၍၊ သခင်ဘုရားထံတော်၌ နေမြဲနေခြင်းငှါ” ရှင်ပေါလုက  ဖိလိပ္ပိ ၁း၂၃မှာ “ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည် ယခု ကျဉ်းမြောင်းစွာနေရ၏။ စုတေ့၍ ခရစ်တော်နှင့်အတူနေခြင်းငှါ တောင့်တလိုချင်သောစိတ်ရှိ၏။ သာ၍အလွန် ထူးမြတ်သော အကျိုးဖြစ်၏။” ဒါကြောင့် ဒုတိယကြွလာခြင်းဟာ ယုံကြည်သူရဲ့ သေခြင်းမဟုတ်ဘူး။ ခရစ်ယာန်သေရင် စိတ်ဝိညာဉ်ဟာ ကိုယ်ခန္ဓာထဲကထွက်ပြီး ခရစ်တော်ထံသို့ ချက်ခြင်းသွားတယ်။ ကိုယ်ခန္ဓာနဲ့ကွာပြီး ခရစ်တော်နဲ့အတူ နေတယ်။ ၂ကော ၅း၈။

တချို့က- ဒုတိယကြွလာခြင်းကို ဝိညာဉ်သဘောလို့ ခံယူကြတယ်။ စိတ်နှလုံးထဲကို ခရစ်တော် ဝင်လာပြီး၊ ကယ်တင်ခြင်းရတာဟာ ဒုတိယကြွလာခြင်းလို့ ဆိုတယ်။ အဲဒီလိုသွန်သင်တဲ့ ဆရာတစ်ယောက်နဲ့ သိခဲ့ဖူးတယ်။ သူက ကယ်တင်ခြင်းရချိန်မှာ စိတ်နှလုံးထဲ သခင်ယေရှု ဝင်လာတာ ဟာ ဒုတိယကြွလာခြင်းလို့ ဆိုတယ်။ ကျမ်းစာက အဲဒီလို မပြောဘူး။ ၁သက် ၄း၁၆ မှာ “သခင်ဘုရား၏ ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက် ကြလိမ့်မည်။”

စိတ်နှလုံးထဲကို သခင်ယေရှုခရစ်ဝင်ရောက်လာတဲ့အခါ မကြွေးကြော်ဘူး။ ကောင်းကင်တမန်မင်း အသံမပေးဘူး။ ဘုရားသခင်ရဲ့ တံပိုးတော်ကိုမမှုတ်ဘူး။ သေလွန်တဲ့ ခရစ်ယာန်တွေလည်း မထမြောက်ဘူး။ စိတ်နှလုံးထဲ သခင်ယေရှု ဝင်ရောက်လာတာနဲ့ ဒုတိယကြွလာခြင်းဟာ တခြားစီပါ။ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် လက်ခံတဲ့အခါ ကိုယ်ခန္ဓာနဲ့တကွ ကြွလာတာမဟုတ်ဘူး။ ဝိညာဉ်တော်က အမြဲနေဖို့ ကြွလာတာပါ။ သခင်ယေရှုက ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တာပါ။ ကိုယ်တိုင်ကတော့ ကောင်းကင်ရှိ ခမည်းတော်ရဲ့ လက်ကျာ်ဘက်မှာထိုင်ပါတယ်။ “ငါသည် အောင်မြင်၍၊ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်ရသောအခွင့်ကို ငါပေးမည်။” ဗျာဒိတ် ၃း၂၁။

သခင်ယေရှုက အခုကောင်းကင်ရှိ ခမည်းတော်ရဲ့လကျာ်ဘက်မှာ ထိုင်တော်မူတယ်။ စိတ်နှလုံးထဲမှာတော့ ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူတာပါ။ ရောမ ၈း၉မှာ “သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိ ပကတိဘက်၌ ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကိုမရသောသူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။” ၁ကော ၆း၁၉ မှာ “အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။” သန့်ရှင်းသော ဝိညာဉ်တော်က ယုံကြည်သူထဲမှာ ကျိန်းဝပ်တယ်။ ဒါကြောင့် ဒုတိယကြွလာခြင်းဟာ သေခြင်းမဟုတ်ဘူး။ အသစ်မွေးဖွားခြင်းလည်း မဟုတ်ဘူး။

ဒုတိယကြွလာခြင်းဟာ သခင်ယေရှုကိုယ်တိုင် ကိုယ်ခန္ဓာသစ်နဲ့ ကြွလာခြင်းဖြစ်တယ်။ ယော ၁၄း၃ မှာ “ငါသည်သွား၍ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍”၊ ပြီးတော့ “သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။”ခေတ်ပေါ်အယူ- ယူတဲ့ တရားဟောဆရာတွေက ဒုတိယကြွလာခြင်းကို ငြင်းပယ်ကြတဲ့အခါ “သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။” ဆိုတဲ့ စကားကို ပြန်ကြားယောင်မိတယ်။ သခင်ယေရှု ကြွလာမှာပါ။ တမန် ၁း၁၁ မှာ ကောင်းကင်တမန်တွေက ထိုသခင်ယေရှုသည် ကြွသွားတော်မူသည်နည်းတူ လို့ ပြောတယ်။ ဝိညာဉ်အားဖြင့် မဟုတ်ဘူး။ ကောင်းကင်တမန်တပါးလည်း မဟုတ်ဘူး။ သခင်ယေရှုကိုယ်တိုင် ဖြစ်တယ်။

လွန်ခဲ့တဲ့ အနှစ်၂၀၀၀ လောက်က မြေကြီးပေါ်မှာ အသက်ရှင်နေထိုင်ခဲ့ဘူးတဲ့ ခရစ်တော် ကိုယ်တိုင်ကြွလာမှာ ဖြစ်တယ်။ အနာရောဂါ ငြိမ်းပေးတဲ့၊ နားတွေကိုကြားစေတဲ့၊ သေသူကိုရှင်စေတဲ့၊ အသေခံပြီး သင်္ဂြု ိလ်ပြီးမှ ရှင်ပြန်ထမြောက်တဲ့ ခရစ်တော်ကိုယ်တိုင် ကြွလာမှာ ဖြစ်တယ်။ ကိုယ်ခန္ဓာနဲ့တကွ ကြွလာမှာဖြစ်တယ်။ ၁သက် ၄း၁၆မှာ “ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍- - ”။

၃။ ကြွလာမယ့် အစီအစဉ် - The Program of His Coming
ကြွလာမယ့် အစီအစဉ်အကြောင်း ပြောပြပါမယ်။

ဒီအကြောင်းလေ့လာစတုန်းက ကျမ်းပိုဒ်တွေဟာ တပိုဒ်နဲ့တပိုဒ် ဆန့်ကျင်နေသယောင် ထင်မိတယ်။ “ထင်မိတယ်” လို့ ပြောတာပါ။ တကယ်တော့ ကျမ်းစာဟာ တချက်နဲ့တချက် ဆန့်ကျင်မှု လုံးဝမရှိပါဘူး။ ဘုရားမှုတ်သွင်းထားတဲ့ အမှားမရှိ၊ မရွေ့လျော့ မပြောင်းလဲတဲ့ စကားတော်တွေပါ။ ကွဲလွဲဟန်ရှိတဲ့ ကျမ်းချက်နှစ်ချက် ပြပါမယ်။ ဗျာဒိတ် ၁းရမှာ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊- ရှိသမျှသောသူတို့သည် ကိုယ်တော် ကို ရှုမြင်ရကြလိမ့်မည်။” ဒါပေမယ့် ဗျာဒိတ် ၁၆း၁၆ မှာတော့ “သူခိုးကဲ့သို့ ငါလာ၏။ ကိုယ်အဝတ်ကိုစောင့်သော သူသည် မင်္ဂလာရှိ၏။” ဗျာဒိတ် ၁းရ မှာ ပြောသလို မိုးတိမ်စီးပြီးကြွလာတာကို လူတိုင်းမြင်ကြရမှာလား? သူခိုးလိုပဲ ကြွလာမှာလား? သူခိုးလိုလာရင်၊ ဘယ်သူမှ မြင်ရမှာမဟုတ်ဘူး။

မကြာသေးခင်က ကျွန်တော့အိမ်နားက အိမ်အတော်များများ သူခိုး အခိုးခံရတယ်။ ဒါပေမယ့် သူခိုးကို ဘယ်သူမှ မမြင်လိုက်ရဘူး။ သူခိုးကို လူမမြင်ဘူး။ အမှတ်မထင်ရောက်လာတာပါ။ ယူချင်တာယူပြီးရင်၊ ထွက်သွားတာပါ။ ဗျာဒိတ် ၁၆း၁၆ က သခင်ယေရှုဟာ သူခိုးလိုကြွလာမယ်လို့ ပြောထားတယ်။ ဗျာဒိတ် ၁းရ-မှာတော့ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊-- ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင် ရကြလိမ့်မည်။”

နောက်ကွဲလွဲဟန်ရှိနေတဲ့ ကျမ်းချက်က ၁သက် ၃း၁၂ မှာ “ထိုသခင်သည် မိမိသန့်ရှင်းသူ အပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ၊ ငါတို့အဘတည်းဟူသော ဘုရားသခင်ရှေ့မှာ အပြစ်တင်ခွင့်နှင့်ကင်းလွတ်သော သင်တို့၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ၌ မြဲမြံ ခိုင်ခံ့စိမ့် သောငှါ ……. ပြုတော်မူပါစေသော။” နောက်တခန်းမှာတော့ သန့်ရှင်းသူတွေကို အတူခေါ်လာမယ့်အကြောင်း ပြောရာမှာ ထမြောက်တဲ့ သန့်ရှင်းသူတွေကို အာကာသကောင်းကင်သို့ ချီဆောင်သိမ်းဆည်းမယ်လို့ ပြောပါတယ်။ သန့်ရှင်းသူတွေကို ခေါ်ပြီးကြွလာမယ်လို့ ပြောပြီး၊ တခါ အာကာသထဲ ချီဆောင်ဦးမယ် လို့ ပြောတာဟာ ဘယ်လိုဖြစ်နိုင်ပါမလဲ?

ကြွလာမယ့်အစီအစဉ်ကို နားလည်မှ ဒီကျမ်းချက်တွေကိုနားလည်မှာ ဖြစ်တယ်။ ကြွလာခြင်း နှစ်ပိုင်းရှိတယ်။ ပထမပိုင်းက ယုံကြည်သူ တွေအတွက် ကြွလာတာပါ။ (၁သက် ၄း၁၃-၁၈) နောက်ပိုင်းမှာ ဒါဝိဒ်နဲ့ အာဗြဟံတို့အပေါ်ထားတဲ့ ဂတိတော်တွေပြည့်စုံဖို့ ယုံကြည်သူတွေနဲ့အတူ ကြွလာမှာ ဖြစ်တယ်။ ယေရုရှလင်မြို့မှာ နန်းထိုင်ပြီး၊ တိုင်းနိုင်ငံတွေကို သံလှံတံနဲ့ အုပ်စိုးမှာဖြစ်တယ်။

ကြွလာခြင်းပထမပိုင်းက အသင်းတော်ကိုချီဆောင်ခြင်းလို့ ခေါ်တယ်။ ဒုတိယပိုင်းက ထင်းရှားတော်မူခြင်း လို့ခေါ်တယ်။ အသင်းတော် အတွက် ကြွလာရာမှာ သူခိုးလိုလာမယ်။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ အသစ်မွေးဖွားပြီး ယုံကြည်သူတွေကိုခေါ်ပြီး ထွက်သွားမှာ ဖြစ်တယ်။

ထင်ရှားတော်မူခြင်းမှာတော့ ယုံကြည်သူတွေနဲ့အတူ ကြွလာမှာဖြစ်တယ်။ အားလုံး မြင်တွေ့ခွင့် ရလိမ့်မယ်။ ဗျာဒိတ် ၁းရ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊---  ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ကြရလိမ့်မည်။”

အစီအစဉ်ကတော့ ပထမ- ယုံကြည်သူတွေအတွက် ကြွလာမယ်။ ဒါက ချီဆောင်ခြင်းပါ။ နောက်တော့ အာဗြဟံ၊ ဒါဝိဒ်တို့အပေါ်ထားတဲ့ ဂတိတော်တွေ ပြည့်စုံဖို့ ယုံကြည်သူတွေနဲ့အတူ ပြန်ကြွလာမှာပါ။ ဒါဝိဒ်ရဲ့ပလ္လင်မှာထိုင်ပြီး တိုင်းနိုင်ငံတွေကို သံလှံတံနဲ့ အုပ်စိုးမယ်။ ယုံကြည်သူတွေအတွက် ကြွလာတဲ့ ချီဆောင်ခြင်းပါ။ ဒုတိယပိုင်းက ယုံကြည်သူတွေနဲ့အတူ ကြွလာတဲ့ ထင်ရှားခြင်းပါ။

A.     အသင်းတော်ကို ချီဆောင်ခြင်း The Rapture of the Church
 “ချီဆောင်ခြင်း- rapture” ဆိုတဲ့ စကားဟာ ကျမ်းစာထဲမှာတော့ မတွေ့ရဘူး။ ဒါပေမယ့် ကျမ်းစာပညာအရ ပြောတာဖြစ်ပါတယ်။ ၁သက် ၄း၁၃-၁၈ မှာ “ညီအကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည့်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ၊ ငါတို့အလိုမရှိ။ ယေရှုသည်သေပြီးမှ တဖန်ထမြောက်တော်မူသည်ကို ငါတို့သည်ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင်ပို့ဆောင်တော်မူလိမ့်မည်။ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန်ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာ တော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်ပြီးသောသူတို့၏ အရင်အဦး နေရာရကြမည်မဟုတ်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန် သော သူတို့သည် အဦးထမြောက်လိမ့်မည်။ ထိုအခါ အသက်ရှင်၍၊ ကျန်ကြွင်းသောငါတို့သည် တိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။ သို့ဖြစ်၍၊ ဤုစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။”

ယုံကြည်သူတွေအတွက် ကြွလာမှုဟာ အချိန်မရွေး ဖြစ်လာနိုင်တယ်။ ကြွလာဖို့အတွက် အကြို နိမိတ်လက္ခဏာတွေ မရှိဘူး။ နိမိတ် လက္ခဏာတွေ စောင့်ကြည့်ဖို့ ကျမ်းစာက မပြောဘူး။ ကယ်တင်ရှင်ကိုသာ စောင့်မြော်ရမှာပါ။

ဥပမာ ဖိလိပ္ပိ၃း၂၀ မှာ “ငါတို့ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျှက်ရှိ၏။ ကယ်တင်တော်မူသော အရှင်သခင် ယေရှု ခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျှက်နေကြ၏။” နိမိတ်လက္ခဏာတွေကို မြော်လင့်ဖို့ မဟုတ်ဘူး။ ကယ်တင်ရှင်ကိုသာ မြော်လင့်နေရမှာပါ။ တိတု ၂း၁၃ မှာ “ငါတို့ကိုကယ်တင်တော်မူသောအရှင် သခင်ယေရှု၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျှက်။” နိမိတ်လက္ခဏာကို မမြော်ပါဘူး။ ကယ်တင်ရှင်ကိုပဲ မြော်ပါတယ်။ ဟေဗြဲ ၉း၂၈ မှာ “ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှါ တခါတည်း ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန်် ထိုသခင်ကို မြော်လင့်လျှက်နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” နိမိတ် လက္ခဏာတွေကို မရှာပါဘူး။ သားတော်ဘုရားသခင်ကို ရှာတာပါ။

ယုံကြည်သူအတွက် ကြွလာရာမှာ အကြိုနိမိတ်လက္ခဏာမပြပါဘူး။ ရုတ်တရက်ကြွလာမှာ ဖြစ်ပါတယ်။ ဓမ္မသစ်ကျမ်း ကာလကတည်းက စပြီး မြော်လင့်ကြရတာဖြစ်တယ်။ ရှင်ပေါလုက သူ့ခေတ်မှာ ကြွလာဖို့ မြော်လင့်ခဲ့ဖူးတယ်။ ၁သက် ၄း၁၇ မှာ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် - - ” ရှင်ပေါလုက သူအသက်ရှင်စဉ်မှာ သခင်ယေရှုကြွလာမယ်လို့ ထင်ခဲ့တယ်။

ကျမ်းစာကို ယုံကြည်တဲ့ ခရစ်ယာန်တိုင်း ခရစ်တော်ကြွလာခြင်းကို အသက်ရှင်လျက်နဲ့ ကြုံရမယ်လို့ မြော်လင့်ကြတယ်။ ဒီတပတ် ကျွန်တော့ရုံးခန်းကို အသက် ၈၄ နှစ်အရွယ် အဘိုးအိုတစ်ယောက်၊ မိုင် ၃၀၀ ခရီးကနေ လာလည်တယ်။ ထိုင်ရင်းနဲ့ သူက မျက်စိကို ဖျက်ခနဲ မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်တယ်။ မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်လာတယ်။ နှလုံးရောဂါ ရှိပုံရတယ်။ ကျွန်တော့ရုံးခန်းထဲမှာပဲ သေတော့မယ်နဲ့တူတယ်လို့ ထင်မိတယ်။ ခဏကြာ သက်သာလာတော့ သူပြံုးတယ်။ “ချီဆောင်ခြင်းအထိ အသက်ရှင်ရမယ်လို့ ထင်တာ။ ဒါပေမယ့် သခင်ဘုရား က အိမ်ပြန်ဖို့ ခေါ်နေပြီပဲ။” လို့ ဆိုတယ်။ သူက ဆရာဝန်မခေါ်ခိုင်းဘူး။ နေ့လည်ခင်းမှာ ချွေးမဖြစ်သူက အိမ်ပြန်ပို့ပေးတယ်။ နောက်တနေ့မနက် စောစောမှာ သူ့သားက “မနေ့က အဖေ လာလည်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ညက ခေါ်တော်မူခြင်းခံရပါပြီ။” လို့ ဖုန်းဆက်တယ်။

အသက် ၈၄ နှစ်အရွယ် အဘိုးအိုတစ်ယောက်ပင်လျှင် ကြွလာခြင်းကို အသက်ရှင်လျှက်နဲ့ ကြံုရမယ်လို့ ထင်နေခဲ့တယ်။ Dr. Rice ဘုန်းတော်ဝင်စားချိန်မှာ ပေးစာ ၁၀၀ လောက် ကျွန်တော်ရတယ်။ အများစုက “Dr. Rice သေမယ်လို့ မထင်ဘူးဗျာ။ သခင်ယေရှုကြွလာချိန်မှာ သူရှိနေအုံးမယ် လို့ ထင်မိတာ” လို့ ဆိုကြတယ်။ ဟုတ်တယ်။ ရိုးသားစွာဝန်ခံရရင် ကျွန်တော်လည်း အဲဒီလိုပဲ ထင်မိတယ်။

ရှင်ပေါလုက သူ့ခေတ်မှာ သခင်ယေရှုကြွလာမယ်လို့ ထင်ခဲ့တယ်။ “- - အသက်ရှင်လျှက် ကျန်ကြွင်းသော ငါတို့သည် - - ” လို့ ဆိုတယ်။

ယုံကြည်သူများအတွက် ကြွလာခြင်းဟာ မကြာခင်ဖြစ်လာမှာပါ။ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။ နိမိတ်လက္ခဏာတွေ ပြည့်စုံနေဖို့ မလိုဘူး။ မနေ့တနေ့ကလည်း ကြွလာနိုင်တာဘဲ။ မနှစ်ကလည်း ကြွလာနိုင်တာဘဲ။ ရှင်ပေါလုခေတ်ကလည်း ကြွလာနိုင်တာဘဲ။ ဒီနေ့လည်း ကြွလာနိုင်တယ်။ ကြွလာခြင်းကို အမြဲမြော်လင့်ပြီး အသက်ရှင်ဖို့ လိုတယ်။

ဟိုတုန်းက တရားဟောဆရာကြီး Robert Murray McCheyne က တရားဟောဆရာ ၅ ယောက်နဲ့ စကားပြောရင်း တစ်ယောက်ကို ကြည့်ပြီးတော့ “သခင်ယေရှု ဒီနေ့ကြွလာမယ်လို့ ထင်သလား?” လို့ မေးတယ်။ “မထင်ဘူး” လို့ ဖြေတယ်။
 “သခင်ယေရှု ဒီနေ့ကြွလာမယ်လို့ ထင်သလား?” လို့ နောက်တစ်ယောက်ကို မေးတယ်။  “မထင်ဘူး” လို့ပဲ ဖြေတယ်။
 “သခင်ယေရှု ဒီနေ့ကြွလာမယ်လို့ ထင်သလား?” လို့ တတိယဆရာကို မေးတယ်။ “မထင်ဘူး” လို့ ပြန်ဖြေတယ်။
 “သခင်ယေရှု ဒီနေ့ကြွလာမယ်လို့ ထင်သလား?” လို့ စတုတ္တဆရာကို မေးတယ်။ “မထင်ဘူး” လို့ သူကလည်း ဖြေတယ်။
“သခင်ယေရှု ဒီနေ့ကြွလာမယ်လို့ ထင်သလား?” လို့ နောက်ဆုံးတယောက်ကို မေးတယ်။ သူလည်း “မထင်ဘူး” လို့ပဲ ဖြေတယ်။

အဲဒီအခါမှာ McCheyne က မဿ၂၄း၄၄ ကို ဖွင့်ပြီးဖတ်ပြတယ်။ “ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျှက် နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။”

ဒီနေ့ကြွလာနိုင်တယ်။ ကြွလာတဲ့အခါ တံပိုးခရာမှုတ်မယ်။ ကောင်းကင်တမန်မင်းအသံပေးမယ်။ ခရစ်တော်၌ သေလွန်သူတွေ အဦး ထမြောက်မယ်။ အသက်ရှင်လျှက်ရှိတဲ့ ကျွန်တော်တို့က သူတို့နောက်မှ မိုးတိမ်နဲ့ ချီဆောင်ခံရပြီး အာကာသထဲမှာ သခင်ဘုရားနဲ့အတူ တွေ့ဆုံကြရမယ်။

ယုံကြည်သူတိုင်း စီးစရာ တိမ်တစ်ခုစီရမယ်လို့ ပြောတာမဟုတ်ဘူး။ “မိုးတိမ်အားဖြင့် ချီဆောင်တယ်” ဆိုရာမှာ လူစု၊ လူဝေးကြီးလို့ ဆိုလိုတယ်။ ဗျာဒိတ် ၁းရ မှာ “ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊” ဟေဗြဲ ၁၂း၁ မှာ “ဤမျှလောက်များစွာသော သက်သေအပေါင်း တို့သည် ( a cloud of witnesses) ငါတို့ကို ဝန်းရံလျှက်ရှိကြသည်ဖြစ်၍- - ” ငှက်တွေ တောင်ဘက်အရပ်ကို ရွှေ့ပြောင်းသွားတာ သတိထားမိကြရဲ့လား? အုပ်စုဖွဲ့ပျံသွားတဲ့အခါ အကောင်ရေ ထောင်ချီပါတယ်။ ဒါကို “ငှက်အုပ်ကြီးဟေ့” (a great, cloud of birds) လို့ ပြောတတ်တယ်။

သခင်ယေရှုကြွလာတဲ့အခါ သေလွန်သူတွေ ထမြောက်မယ်။ ယုံကြည်သူတွေ မျက်စိတမှိတ် တခဏချင်းမှာ ပြောင်းလဲမယ်။ ယုံကြည်သူ အစုအဝေးကြီးဟာ Tenessee ပြည်နယ် Murfreesboro မြို့ကနေ ထွက်ခွာလာမယ်။ Illinois ပြည်နယ် Chicago မြို့ကလည်း အများကြီး ထွက်လာမယ်။ New York မြို့ Atlanta၊ Georgia စတဲ့-စတဲ့ ဒေသတွေထဲကလည်း အုပ်စုဖွဲ့ ထွက်လာကြမယ်။ ကမ္ဘာအရပ်ရပ်က (great clouds of believers) ယုံကြည်သူ အစုအဝေးကြီးတွေကို ချီဆောင်လိမ့်မယ်။ တံပိုးခရာမှုတ်မယ်။ သေလွန်တဲ့ခရစ်ယာန်တွေ ထမြောက်မယ်။ အသက်ရှင်ကျန်ကြွင်းတဲ့ သူတွေဟာ အာကာသမှာ သခင်ဘုရားနဲ့တွေ့ဖို့ အုပ်စုလိုက်၊ အုပ်စုလိုက် ချီဆောင်ခံရမယ်။

ကြွလာတဲ့အခါ သေလွန်တဲ့ခရစ်ယာန်တွေ ထမြောက်ပြီး ရှင်နေတဲ့သန့်ရှင်းသူတွေ ပြောင်းလဲမယ်။ ရှင်ပေါလုက ၁ကော ၁၅း၅၁-၅၂ မှာ “နက်နဲသောအရာတခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။”

အိပ်ပျော်သူတွေ ထမြောက်ပြီး အသက်ရှင်သူတွေ ပြောင်းလဲရခြင်းဟာ မျက်စိတမှိတ်အတွင်း တခဏချင်းမှာ ဖြစ်ပျက်မှာပါ။ “moment” တခဏချင်းဆိုတဲ့စကားဟာ atom (အက်တမ်) ဆိုတဲ့စကားနဲ့ စဆင်းသက်တဲ့ မူရင်းစကားချင်းတူပါတယ်။ ထပ်ခွဲလို့မရလောက်အောင် သိပ်သေးငယ်တဲ့ အချိန်အတိုင်းအတာလေးလို့ ဆိုလိုတယ်။ သိပ်မြန်တယ်ပေါ့။ မျက်စိတမှိတ် ဆိုတဲ့စကားဟာ မျက်စိမှိတ်လိုက် ဖွင့်လိုက်လုပ်တာထက် ပိုမြန်ပါတယ်။ တခဏချင်း၊ မျက်တောင်တခတ်အတွင်းမှာ ပြောင်းလဲကြမှာ ဖြစ်တယ်။

၁ကော ၁၅း ၅၅ မှာ “အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။ အိုမရဏာနိုင်ငံ၊ သင်၏ အောင်ခြင်းသည် အဘယ်မှာ ရှိသနည်း။” သန့်ရှင်းသူတွေ မျက်စိတမှိတ် လျပ်တပြက်အတွင်း ပြောင်းလဲကြတဲ့အခါ “အိုသေမင်း သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။” လို့ ချီဆောင်ခြင်းမှာပါသွားရင်း အော်ကြလိမ့်မယ်။ သခင်ယေရှုကြွလာချိန်မှာ အသက်ရှင်နေသူတွေ ဖြစ်တယ်။ ခရစ်တော်၌ သေလွန်သူတွေ ဖြစ်တယ်။ ခရစ်တော်၌ သေလွန်သူတွေ ထမြောက်တဲ့အခါမှာတော့ “အိုမရဏာနိုင်ငံ သင်၏အောင်မြင်ခြင်းသည် အဘယ်မှာရှိသနည်း” လို့ ကြွေးကြော်ကြလိမ့်မယ်။ တချို့ဆိုရင် သင်္ချိုင်းထဲမှာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီ။ ဒါပေမယ့် တနေ့ ထမြောက်ရလိမ့်မယ်။ ဘုရားသားသမီး တွေအပေါ်မှာ အမြဲအနိုင်ယူထားလို့ မရဘူး။

သခင်ယေရှုက ယောဟန် ၁၁း၂၅း၂၆ မှာ “ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံ၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ် ကင်းလွှတ်ကြလိမ့် မည်။” အုပ်စုနှစ်ခုရှိပါတယ်။ “ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။”- သေလွန်တဲ့သန့်ရှင်းသူတွေပါ။

ထမြောက်တဲ့အခါ ဒုတိယကြွလာခြင်းမတိုင်မှီ ခရစ်တော်ထံ ဝင်စားရတယ်။ “ငါ့ကိုယုံ၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြက် ကင်းလွတ်ကြလိမ့်မည်။”  ကြွလာချိန်မှာအသက်ရှင်နေသူများဟာ ကယ်တင်ရှင်အဖြစ် အားကိုးခဲ့သူများဖြစ်တယ်။

ဘုရားသခင်ရဲ့ ကြိုတင်ပရောဖက်ပြုထားတဲ့ ဖြစ်ရပ်တွေဟာ အစီအစဉ်ကျပါတယ်။ ယုံကြည်သူတွေအတွက် ကြွလာခြင်းဟာ အသင်းတော်ကို ချီဆောင်ခြင်းပါ။ အန္တိခရစ်ဟာ မြေကြီးပေါ်မှာ ပေါ်ပေါက်လာပြီး၊ ခုနှစ်-နှစ်အောင်မြင်စွာ အုပ်ချုပ်မယ်။ ဒါကို “ဒံယေလရဲ့ ခုနှစ်ဆယ်မြောက် သတင်းပတ်” “ယာကုပ်အမျိုး အမှုရောက်သောနေ့” (သို့) ဘေးဒဏ်ကြီးကာလလို့ ခေါ်တယ်။ မြေကြီးပေါ်မှာ ဘေးဒဏ်ကြီးကာလ ဖြစ်နေချိန်မှာ သန့်ရှင်းသူတွေဟာ ခရစ်တော်ရဲ့တရားပလ္လင်ရှေ့မှာ ရပ်ရကြမယ်။ အဲဒီနောက် သိုးသငယ်နဲ့ မင်္ဂလာဆောင်တယ်။ ကျမ်းစာက “သိုးသငယ်မင်္ဂလာဆောင်ပွဲ” လို့ ခေါ်ပါတယ်။ (ဗျာဒိတ် ၁၉းရ-၉) ဘေးဒဏ်ကြီးကာလအပြီးမှာ သန့်ရှင်းသူတွေဟာ ခရစ်တော်နဲ့အတူ မြေကြီးပေါ် ပြန်လာကြမယ်။ သခင်ယေရှုက ဒါဝိဒ်ရဲ့ပလ္လင်ပေါ်မှာ ထိုင်ပြီး တိုင်းနိုင်ငံကို သံလှံတံနဲ့ အုပ်စိုးမယ်။ 

B.     ထင်ရှားတော်မူခြင်း  The Revelation

အာဗြဟံနဲ့ပြုတဲ့ ဘုရားသခင်ရဲ့ပဋိညာဉ်အကြောင်း ဆက်ပြောပါမယ်။ တိုင်းပြည်၊ လူမျိုးတော်တို့နဲ့ ဆိုင်တယ်။ ဒါဝိဒ်နဲ့ပြုတဲ့ ပဋိညာဉ် ကတော့ ပလ္လင်နဲ့ဆိုင်တယ်။ ဆာလံ ၁၃၂း၁၁ မှာ “ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန် ကျိန်ဆိုခြင်းကိုပြု၍၊ သစ္စာဖျက်တော်မမူသောစကားဟူမူကား၊ သင်၏အမျိုးအနွယ်ကို သင်၏ပလ္လင်ပေါ်မှာ ငါတင်မည်။” ဒါကို တချိုက ဝိညာဉ်ရေး ပလ္လင်လို့ ဆိုတယ်။ ဒါပေမယ့် ဒါဝိဒ်ဟာ ဝိညာဉ်ရေးပလ္လင်ပေါ်မှာ တခါမှ မထိုင်ခဲ့ဘူး။ သူဟာ ဣသရေလ ပြည်မှာ ရှင်ဘုရင်အဖြစ် အမှန်တကယ် ကိုယ်တိုင်စိုးစံခဲ့တာပါ။ ဘေးဒဏ်ကြီးကာလအပြီးမှာ ယေရှုခရစ်တော်ဟာ သန့်ရှင်းသူ တို့နဲ့တကွ ကြွလာတဲ့အခါ ယေရုရှလင်မြို့ရှိဒါဝိဒ်ရဲ့ ပလ္လင်တော်ပေါ်မှာ အမှန်တကယ် ကိုယ်တိုင် ထိုင်တော်မူမှာ ဖြစ်တယ်။

ကတိတော်စကားကို ဆင်ခြင်ကြည့်ပါ။ “ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆိုခြင်းကိုပြု၍” ဒီစကားဟာ ခိုင်မာတဲ့ စကားဖြစ်ပါတယ်။ ဒါပေမယ့် “သစ္စာဖျက်တော်မမူသော” လို့ ဆက်ဖြည့်ထားပါတယ်။ ဘယ်သူတွေ ဘာပြောပြော ကတိတော် ပျက်မသွားဘူး။ “သင်၏ အမျိုးအနွယ်ကို သင်၏ပလ္လင်တော်ပေါ်မှာ ငါတင်မည်။”

အာဗြဟံကိုလည်း ကတိပေးခဲ့ပါတယ်။ “ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ၊ အမျိုးသားချင်း ပေါက်ဘော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သောပြည်သို့ သွားလော့။ ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။” ကမ္ဘာ ၁၂း၁-၃။ ဘုရားသခင်က အာဗြံနဲ့ သူ့ရဲ့အမျိုးတွေကို လူမျိုးကြီးဖြစ်စေပြီး၊ ကောင်းကြီးပေးမယ့် ပြည်တော်မှာ နေရာချဖို့ ခေါ်ပါတယ်။ ဒီပဋိညာဉ်ကို ကမ္ဘာ ၁၃း၁၄-၁၅ မှာ ထပ်အတည်ပြုထားပါတယ်။ “လောတသည် အာဗြံနှင့်ခွါ၍ သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့ မြှော်ကြည့်လော့။ သင်မြင်သော မြေတပြင်လုံးကို သင်နှင့် သင်၏အမျိုးအနွယ်အား၊ ငါသည် ကာလအစဉ်အမြဲပေးမည်။”

ဒီပဋိညာဉ်မှာ ပါတဲ့အချက်တွေက (၁) “လူမျိုးကြီးဖြစ်စေမယ်” - ဣသရေလလူမျိုး (၂) “ကောင်းကြီးပေးမယ်”- ယာယီကောင်းကြီးနဲ့ ဝိညာဉ်ရေးရာကောင်းကြီး (၃) “သင်၏နာမကို ကြီးမြတ်စေမည်”- အာဗြဟံ နာမည်ဟာ ကမ္ဘာတဝှမ်း ထင်ရှားတဲ့နာမည်ပါ။ (၄) “ကောင်းကြီးခံရသောသူ ဖြစ်မည်”

ဂလာတိ ၃း၁၃-၁၄ မှာ “ထို့ကြောင့် သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည် နှင့်အညီ၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ။ အကြောင်းမူကား၊ အာဗြဟံခံရသောကောင်းကြီးမင်္ဂလာသည် ယေရှုခရစ်အားဖြင့် တပါးအမျိုးသားတို့၌ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ဂတိတော်နှင့်ယှဉ်သော ဝိညာဉ်တော် ကို ယုံကြည်ခြင်းအားဖြင့် ခံရကြမည်အကြောင်းတည်း။” “သင့်ကိုကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်” လို့ ဆက်ပြောသလို “သင့်ကို ကျိန်ဆဲ သောသူကို ကျိန်ဆဲမယ်” လို့ ထပ်ဖြည့် ထားပါသေးတယ်။ ကမ္ဘာဦး ၁၂း၃ မှာလည်း “သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။” ဒီကတိတော်တွေဟာ အားလုံးမပြည့်စုံသေးဘူး။

၆-ရက် စစ်ပွဲအပြီးမှာ ကျမ်းစာလေ့လာသူများစွာက သခင်ယေရှုဟာရက်ပိုင်းအတွင်း (သို့) သီတင်းပတ်များအတွင်း ကြွလာမယ်လို့ ထင်ခဲ့ကြတယ်။ ကြွလာခါနီးပြီလို့ တရားဟောဆရာတွေ ဟောတာကြားရတယ်။ တစ်ယောက်ကဆိုရင် ရက်အတိအကျကြီး ပြောလာတယ်။ ဒါပေမယ့် ခဏစဉ်းစားကြည့်ပါ။ ကြွလာခြင်းဟာ အချိန်မရွေးဖြစ်နိုင်ပါတယ်။ ဒီနေ့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူတွေက အာဗြဟံနဲ့ပြုတဲ့ ပဋိညာဉ်ကို နားမလည်ကြဘူး။ ဒီပဋိညာဉ်မှာ ပါတဲ့အချက်တွေကို စဉ်းစားကြည့်ပါ။

အာဗြဟံနဲ့ သူ့အမျိုးအနွယ်ကို ခါနန်ပြည်တပြည်လုံးကို နေရာယူဖို့ ခေါ်ပါတယ်။ “သင်မြင်သော မြေတပြင်လုံးကို၊ သင်နှင့် သင်၏ အမျိုးအနွယ်အား ငါသည်ကာလ အစဉ်အမြဲပေးမည်။” ၆ ရက် စစ်ပွဲအပြီးမှာ ဂျူးလူမျိုးတွေဟာ တပြည်လုံးကို မပိုင်ရသေးဘူး။  တိုင်းပြည်နယ်နိမိတ်ကို  ပေးထားတယ်။ (ကမ္ဘာ ၁၅း၁၈၊ ယေဇ ၄၇း၁၉။ ၄၈း၁) အနောက်ဘက်မှာ အီဂျစ်ပြည်ရဲ့မြစ်၊ အရှေ့ဖက်မှာ ဥဖရမြစ်၊ မြောက်ဘက်မှာ ဟာမက်၊ တောင်ဘက်မှာ ကာဒေရှ အထိ ဖြစ်တယ်။ ဂျူးလူမျိုးတွေ တပြည်လုံး မပိုင်ကြသေးဘူး။ ဒီနေ့အထိ မရကြသေးဘူး။ တပြည်လုံးကို မရမချင်း၊ အာဗြဟံကို ပေးတဲ့ ဂတိတော်မပြည့်စုံသေးဘူး။ အာဗြဟံကိုပေးတဲ့ ဂတိတော်ပြည့်စုံချိန်မှာ ဂျူးလူမျိုးအားလုံး ပြည်တော်ပြန်ကြ ရလိမ့်မယ်။ ဒီနေ့အထိတော့အားလုံး မပြန်ကြသေးဘူး။ ဒါကြောင့် ဂတိထားတဲ့ပြည်တော်ကို အားလုံးမပိုင်ရသေးဘူး။ အားလုံးလည်း ပြန်မလာကြသေးဘူး။ ဣသရေလလူမျိုးတွေရဲ့ ပြန်စုဝေးခြင်း အကြောင်းကို ပြောတဲ့အခါ၊ နှလုံးသားအသစ်ကို ပေးတဲ့အကြောင်းလည်း ပြောတယ်။ ဒါကြောင့် သူတို့ အားလုံးမပြောင်းလဲကြသေးဘူး။ ကျမ်းစာက တိုင်းပြည် တစ်ခုအဖြစ် တနေ့ချင်း မွေးဖွားလာတဲ့အကြောင်း ပြောတယ်။ တပြည်လုံး ကယ်တင်ခြင်းရလိမ့်မယ်။ ဒါတွေ အခုမဖြစ်သေးပါဘူး။

ဒါပေမယ့် ဘုရားကယ်တာက တိုင်းပြည်အလိုက် မဟုတ်ဘူး။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်နဲ့ အားကိုးသူ တစ်ယောက်ချင်းစီအတွက် ဖြစ်တယ်။ သူတို့ ထိုးဖောက်တဲ့သူကို သူတို့မြင်ရကြလိမ့်မယ်။ စစ်မှန်တဲ့ မေရှိယသခင်ကို ငြင်းပယ်ခဲ့ကြတာကိုလည်း သဘောပေါက်လာကြလိမ့်မယ်။ ဒါနဲ့ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်နဲ့ အားကိုးပြီး တစ်နေ့ခြင်းမှာ တတိုင်းပြည်လုံး မွေးဖွားလာလိမ့်မယ်။

၆ရက် စစ်ပွဲအပြီးမှာ - တပြည်လုံးကို မပိုင်ရသေးပါဘူး။ အားလုံးပြန်မလာကြသေးဘူး။ကျမ်းစာရဲ့ကတိတော်အတိုင်း အားလုံးမပြောင်းလဲကြသေးဘူး။

အာဗြဟံကိုယ်တိုင်ကိုလည်း ပြည်တော်ပေးမယ်လို့ ကတိရှိတယ်။ “သင်နှင့်သင်၏အမျိုးအနွယ်အား၊ ငါသည် ကာလအစဉ်အမြဲပေးမည်။” (ကမ္ဘာ ၁၃း၁၅) ၆ ရက် စစ်ပွဲအပြီးမှာ ပြည်တော်ကို အာဗြဟံ ပြန်မလာသေးဘူး။ ဂတိတော်ပြည့်စုံချိန်မှာတော့ ပြည်တော်ကို အာဗြဟံကိုယ်တိုင် ပြန်လာ လိမ့်မယ်။ သခင်ခရစ်တော်လည်း အာဗြဟံနဲ့အတူ ပြည်တော်မှာ ရှိပါလိမ့်မယ်။ ကမ္ဘာ၁၃း၁၅မှာ “သင်၏အမျိုးအနွယ်အား၊ ငါသည် ကာလအစဉ် အမြဲပေးမည်။” ဂလာတိ ၃း၁၆ မှာ “ဂတိတော်တို့ကို အာဗြဟံနှင့်သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုးအနွယ်တို့ဟု အများသောသူတို့ကို ရည်မှတ်၍ မိန့်တော်မူမည်မဟုတ်။ သင်၏အမျိုးအနွယ်ဟု တယောက်သောသူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။”

အာဗြဟံကိုပေးတဲ့ ဂတိတော် ပြည့်စုံချိန်မှာ အချက်(၅)ချက် ပြည့်စုံရပါလိမ့်မယ်။

(၁) ဂျူးလူမျိုးတွေဟာ တပြည်လုံးကို- တစ်လက်မမျှမကျန်- ဂတိတော်အတိုင်း ရလိမ့်မယ်။
(၂) ဂျူးလူမျိုးအားလုံး ပြည်တော်ပြန်ကြပါလိမ့်မယ်။
(၃) အားလုံးပြောင်းလဲကြမယ်။
(၄) အာဗြဟံကိုယ်တိုင် ပြည်တော်မှာ ရှိုနေမယ်။
(၅) ခရစ်တော်လည်း ပြည်တော်မှာ အာဗြဟံနဲ့အတူ ရှိနေမယ်။

အာဗြဟံနဲ့ ပြုတဲ့ပဋိညာဉ်ဟာ မပြည့်စုံသေးဘူး။ ဘေးဒဏ်ကြီးကာလ ယေရှုခရစ် မကြွမလာမချင်း၊ မပြည့်စုံနိုင်ဘူး။ အဲဒီအချိန် ရောက်ရင်တော့ ဣသရေလအမျိုးသားတို့ကို စုစည်းပြီး အာဗြဟံနဲ့ ဒါဝိဒ်တို့အပေါ်ထားတဲ့ ဂတိတော်များ ပြည့်စုံလိမ့်မယ်။

ဣသရေလအမျိုးသားတို့ ပြန်စုဝေးခြင်းဟာ သူတို့လူမျိုးအကျန်အကြွင်းအားလုံး ပြောင်းလဲခြင်း၊ ခရစ်တော်အုပ်စိုးခြင်း အစပိုင်းတို့နဲ့ ဆက်နွယ်နေကြောင်း ခဏခဏတွေ့ရပါတယ်။ (ဟေရှာ ၁၁း၁-၁၂၊ ယေဇ ၃၄း၁၂-၁၄၊ ယေရမိ ၂၃း၃-၆ အခန်း ၃၃း၁၄-၁၇၊ မဿဲ ၂၄း၂၉-၃၁).

မဿဲ ၂၄း၂၉-၃၁ ရဲ့ အစီအစဉ်ကို လေ့လာကြည့်ပါ။ “ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည် မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါလူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။ လူသားသည် မိမိတမန်တို့ကို စေလွှတ်၍ တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးကြလတံ့။”

ဗျာဒိတ် ၁းရ မှာ “ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍ ကိုယ်တော်ကို ထိုးဖောက်သောသူတို့နှင့် ရှိသမျှသော သူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။ မြေကြီးသား အမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။” ထင်ရှားခြင်း အကြောင်း ပြောနေတာပါ။ သူခိုးလိုလာခြင်းအကြောင်း မပြောသေးဘူး။ မိုဃ်းတိမ်နဲ့ ကြွလာတာကို အားလုံးမြင်ရမယ့်အကြောင်း ပြောတာပါ။   “လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့် သူတို့သည် ရွေးချုယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးကြလတံ့။”

 (၁) ဘေးဒဏ်ကြီးကာလရှိတယ်။ “ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်-” အငယ် ၂၉။

 (၂) ဒုတိယကြွလာခြင်း၊ ထင်ရှားခြင်း။ “ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်” အငယ် ၃၀။

(၃) ဂျူးလူမျိုးတို့ ပြန်စုဝေးခြင်း။ “လူသားသည် မိမိတမန်တို့ကို စေလွှတ်၍ တံပိုးခရာကို ပြင်းစွာ မှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးကြလတံ့။” အငယ် ၃၁။

ဘေးဒဏ်ကြီးကာလအပြီး သခင်ယေရှုကြွလာမှသာ အာဗြဟံအပေါ်ထားတဲ့ ဂတိတော်ပြည့်စုံပါလိမ့်မယ်။ ဂျူးလူမျိုးတွေ ပြည်တော်ပြန်ကြမယ်။ အားလုံး ကယ်တင်ခြင်းရကြပြီး၊ တိုင်းပြည်တစ်ခု တစ်နေ့ချင်း မွေးဖွားမယ်။ တပြည်လုံးကို ပိုင်ရမယ်။ အာဗြဟံလည်း ရှိနေမယ်။ အာဗြဟံနဲ့အတူ ခရစ်တော်လည်း ရှိနေမယ်။

ကိုယ်ခန္ဓာနဲ့တကွ မျက်မြင်ထင်ရှားကြွလာခြင်းဟာ အာဗြဟံနဲ့ ဒါဝိဒ်တို့အပေါ်ထားတဲ့ ဂတိတော်နှစ်ခုစလုံး ပြည့်စုံဖို့ ဖြစ်တယ်။ ဆာလံ၁၃၂း၁၁မှာ “ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆိုခြင်းကိုပြု၍၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား၊ သင်၏အမျိုးအနွယ်ကို သင်၏ပ လ္လင်ပေါ်မှာ ငါတင်မည်။” ခရစ်တော်အုပ်စိုးခြင်း အနှစ် ၁,၀၀၀ နိုင်ငံတော်လို့လည်း ခေါ်ပါတယ်။ အနှစ် တစ်ထောင်ကြာလို့ ဖြစ်တယ်။

ဗျာဒိတ်၂၀း၄-၈ မှာ “ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည် တရားစီရင်ရသော အခွင့်ကိုရကြ၏။ သားရဲနှင့်သူ၏ ရုပ်တုကိုမကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲနေ၍၊ ယေရှု၏ သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသောသူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။ ကြွင်းသောလူသေတို့သည် ထိုအနှစ်တထောင်မကုန်မှီ အသက်မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပဌမထမြောက်ခြင်း ဖြစ်သတည်း။ ပဌမထမြောက်ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏လက်နှင့် ကင်းလွတ်လျှက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ယဇ်ပရောဟိတ်ဖြစ်၍၊ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။ ထိုအနှစ်တထောင်ကုန်ပြီးမှ၊ စာတန်သည် ထောင်ထဲက လွတ်သောအခွင့်ကိုရ၍ အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့် အမျှများသော ဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီး လေးမျက်နှာပေါ်မှာ နေသောလူအမျိုးမျိုးတို့ကို လှည့်ဖြားအံ့သောငှါ၎င်း၊ စစ်တိုက်ဖို့ စည်းဝေးစေခြင်းငှါ၎င်း တက်လိမ့်မည်။”  ခရစ်တော်အုပ်စိုးတဲ့ အနှစ် ၁,၀၀၀ နိုင်ငံတော်လို့ ခေါ်တယ်။ ကျွန်တော်တို့ ယုံကြည်တဲ့ Premillennial (အနှစ်တစ်ထောင် မတိုင်မှီ) ဆိုတဲ့ သဘောဟာ အနှစ်တစ်ထောင် မတိုင်မှီ ယုံကြည်သူတွေကို သိမ်းဆည်းဖို့ လာခြင်းဖြစ်တယ်။ ဒါကို Premillennial လို့ ခေါ်တယ်။

မပြည့်စုံသေးတဲ့ ပရောဖက်ပြုချက်ဟာ အတိအကျဖြစ်လိမ့်မယ်လို့ မှတ်ယူသင့်တယ်။ ပရောဖက်ပြုချက်တို့ ထုံးစံဟာ အပြည့်အဝ အတိအကျ ပြည့်စုံလေ့ရှိတယ်။ ဥပမာ- ဟေရှာ ၉း၆-၇ မှာ “ငါတို့အဘို့ သူငယ်ကို ဘွားမြင်၏။” ဒီစကားဟာ အတိအကျ ပြည့်စုံခဲ့ပါပြီ။ “ငါတို့အား သားကို ပေးသနားတော်မူ၏။” ဒီစကားအတိအကျ ပြည့်စုံခဲ့ပါပြီ။ “ နာမတော်ကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက် ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာ ထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကိုပြီးစီးစေတော်မူလိမ့်မည်။”

ဒီကျမ်းပိုဒ်ရဲ့ အစပိုင်းကို အတိအကျခံယူရင် အဆုံးပိုင်းတွေကိုလည်း အတိအကျခံယူသင့်တယ်။ သားမွေးဖွားတဲ့ ပရောဖက်စကား အတိအကျပြည့်စုံရင် ကျန်တဲ့အပိုင်းကိုလည်း အတိအကျ ပြည့်စုံမယ်လို့ ယုံကြည်သင့်ပါတယ်။ သခင်ယေရှုဟာ အမှန်တကယ် အတိအကျ၊ ကိုယ်ခန္ဓာနဲ့ ကြွလာလိမ့်မယ်။ ဒါဝိဒ်ရဲ့ပလ္လင်ပေါ်မှာ ထိုင်မယ်။ နှစ်ပေါင်းများစွာ ကြံစည်မျှော်လင့်ခဲ့တဲ့ တိုင်းနိုင်ငံတစ်ခု လက်တွေ့ပေါ်ပေါက်လာလိမ့်မယ်။ အပြစ်ကြောင့် သဘာဝတရားအပေါ် ကျိန်ခြင်းခံရတာ ကွယ်ပျောက်သွားလိမ့်မယ်။ စစ်တိုက်ခြင်း မရှိတော့ဘူး။ တကမ္ဘာလုံးကို ဖြောင့်မတ်ခြင်းတရား ပြန့်နှံ့သွားပြီ။ တကမ္ဘာလုံး ပျော်နေပြီ။ ခရစ်တော်အုပ်စိုးဖို့ ကြွလာတဲ့အခါ ဖြစ်ပျက်မယ့်အရာတွေက - - -

 (၁) အပြစ်ကြောင့် ကမ္ဘာမြေကြီးကျိန်ခြင်းခံရတာ ပြေပျောက်လိမ့်မယ်။ ရောမ ၈း၂၂-၂၃။ “ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်တွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိကြ၏။ ထိုမျှမက ဝိညာဉ်တော်၏ ကျေးဇူးတော်အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်း အကြောင်းတည်းဟူသော ကိုယ်ခန္ဓာရွေးနှုတ်ခြင်း ချမ်းသာကို မြော်လင့်၍ စိတ်နှလုံးအထဲ၌ ညည်းတွားလျှက် နေကြ၏။” အာဒံအပြစ်ပြုတော့ မြေကြီး အကျိန်ခံရတယ်။ လူ အကျိန်ခံရတယ်။ တိရိစ္ဆာန်များ အကျိန်ခံရတယ်။ သခင်ယေရှုကြွလာရင် ကျိန်းခြင်းက လွတ်သွားလိမ့်မယ်။ ဟေရှာ ၃၅း ၁-၂ - “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးတူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်းနှင့်၎င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်းအသရေနှင့်၎င်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကို၎င်း၊ ငါတို့ဘုရားသခင်၏ တန်ခိုးအာနုဘော်တော်ကို၎င်း မြင်ရလိမ့်မည်။”

 (၂)  တိရိစ္ဆာန်များ ကျိန်ခြင်းမှ လွတ်လိမ့်မယ်။ ဟေရှာယ ၁၁း၆-၉  “တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍၊ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။ နွားမနှင့်ဝံမသည် အတူကျက်စား၍၊ သူတို့သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့ မြတ်ကိုစားလိမ့်မည်။ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသောသူငယ်သည်လည်း၊ မြွေဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်။ ငါ၏ သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရ ဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။”
ဒီနေ့အချိန်မှာ ကျားသစ်တစ်ကောင်နဲ့ ကလေးတစ်ယောက်ကို အတူထားကြည့်ပါ။ ဘာဖြစ်သွားမလဲ? ဒါပေမယ့် ခရစ်တော်အုပ်စိုးချိန်မှာ ကျားသစ်နဲ့ ကလေးဟာ အတူလဲလျောင်း နေလိမ့်မယ်။ တောခွေးနဲ့ သိုးသငယ်ဟာ အတူနေလိမ့်မယ်။ နွားသငယ်နဲ့ခြင်္သေ့ပျိုဟာ အတူအစာစားလိမ့်မယ်။ သူတို့ကို လူသူငယ်ကလေးက ဦးဆောင်လမ်းပြလိမ့်မယ်။ ခြသေ့င်္နဲ့ ကျားတို့လို တောရိုင်း တိရိစ္ဆာန်တွေဟာ အိမ်မွေးတဲ့ ကြောင်ကလေးတွေလို အနှစ်တစ်ထောင်ကာလမှာ ဖြစ်လိမ့်မယ်။

 (၃) “ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။”

 (၄) လူ့ကိုယ်ခန္ဓာပေါ်က ကျိန်ခြင်း ကွယ်ပျောက်လိမ့်မယ်။ ဟေရှာယ ၃၅း၅-၆ မှာ “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်း ကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့ သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌ မြစ်ရေစီးလိမ့်မည်။”  ဟေရှာယ ၆၅း၂၀ မှာ လူတွေဟာ အနှစ်တစ်ထောင် အသက်ရှင်လိမ့်မယ်။ “ထိုမြို့၌ အသက်ငယ်သော သူငယ်မရှိရ။ အသက်မပြည့်စုံသော လူအိုလည်းမရှိရ။ အသက်တရာရှိလျှက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက်တရာရှိလျှက် သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍ မှတ်ရ၏။” အသက်တစ်ရာလောက်နဲ့ သေရင် သူ့ကိုကလေးလိုပဲ သဘောထားပါလိမ့်မယ်။ လူတွေ အလွန် အသက်ရှည်လိမ့်မယ်။

 (၅) ဆင်းရဲခြင်း မရှိတော့ပါဘူး။ ဟေရှာ ၆၅း၂၀-၂၁ “ထိုမြို့၌ အသက်ငယ်သော သူငယ်မရှိရ။ အသက်မပြည့်စုံသော လူအိုလည်း မရှိရ။ အသက်တရာရှိလျှက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက်တရာရှိလျှက် သေလျှင်၊ ကျိန်ခြင်းကိုခံရသောသူဟူ၍ မှတ်ရ၏။ ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။” မိက္ခာ ၄း၄ မှာ “လူအပေါင်းတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။” သခင်ယေရှု ဒီလောကကို ပြန်ကြွလာပြီး ဒါဝိဒ်ရဲ့ပလ္လင်ပေါ်မှာထိုင်ကာ တိုင်းနိုင်ငံတွေကို သံလှံတံနဲ့ အုပ်စိုးတဲ့အချိန်တွေဟာ မင်္ဂလာရှိတဲ့ အချိန်တွေဖြစ်တယ်။

 (၆) စာတန်ကို အနှစ်တစ်ထောင် ချီနှောင်ထားလိမ့်မယ်။ ဗျာဒိတ်၂၀း၁-၃- “တဖန် ကောင်းကင်တမန်သည် အနက်ဆုံးသော တွင်း၏ သော့နှင့် သံကြိုးကြီးကိုကိုင်လျှက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ် တစ်ထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တစ်ထောင် မကုန်မှီတိုင်အောင်၊ လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည့်အကြောင်း၊ အနက်ဆုံးသောတွင်းထဲသို့ ချပစ် လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှ တဖန်ခဏလွတ်ရဦးမည်။” တချို့က စာတန်ကို ချီနှောင်ထားပြီးပြီလို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော့မိတ်ဆွေ ပညာရှိတဲ့သူတစ်ယောက်က “စာတန်ကို ချီနှောင် ထားပြီဆိုရင် ငါနဲ့ တွဲချီထားတာပဲ ဖြစ်လိမ့်မယ်။” တစ်ခြား တစ်ယောက်ကတော့ “စာတန်ကိုချီနှောင်ထားပြီးပြီလို့ ပြောတဲ့အခါ- ချီထားတယ်ဆိုရင် ကြိုးက ကြောက်စရာကောင်းလောက်အောင် ရှည်နေပုံရတယ်” လို့ ပြောဖူးတယ်။ မဟုတ်ပါဘူး။ စာတန်ကို မချီနှောင်ရသေးဘူး။ သူဟာ ဒီလောကရဲ့ဘုရားပါ။ ၂ကော ၄း၄။ သခင်ယေရှုကြွလာတဲ့အခါ စာတန်ကို ချီနှောင်ပြီး အနက်ဆုံးတွင်း ထဲသို့ ချလိမ့်မယ်။ တံဆိပ်လည်းခတ်ထားမယ်။ အနှစ်တစ်ထောင်လုံးလုံး တိုင်းနိုင်ငံတွေကို လှည့်ဖြားခွင့်မရတော့ဘူး။

အနှစ်တစ်ထောင်ကာလအတွင်း တခြားအရာတွေ ဖြစ်ဖို့ရှိပါသေးတယ်။ ပြောပြရုံဘဲ ပြောပြပါမယ်။

 (၇) ယေရုရှလင်မြို့ဟာ တကမ္ဘာလုံးရဲ့ ဝတ်ပြုခြင်းနဲ့ အသိပညာအတွက် ဗဟိုဌာနဖြစ်လိမ့်မယ်။ မိက္ခာ ၄း၁-၂။
 (၈) စစ်ပွဲမရှိတော့ပါဘူး။ ဓါးတွေကို ထွန်သွားအဖြစ် ထုလုပ်ကြလိမ့်မယ်။ မိက္ခာ ၄း၃။
 (၉) ဣသရေလလူမျိုးအားလုံး ထာဝရဘုရားကို သိကြလိမ့်မယ်။ ရောမ ၁၁း၂၆။
 (၁၀) ခရစ်တော်က ဒါဝိဒ်ရဲ့ပလ္လင်မှာ အမှန်တကယ် အတိအကျ ထိုင်ပြီးအုပ်စိုးမယ်။
 (၁၁) သခင်ယေရှုနဲ့အတူ ခရစ်ယာန်တွေအုပ်စိုးခွင့် ရကြလိမ့်မယ်။ ဗျာဒိတ် ၃း၂၁မှာ “ငါသည်အောင်မြင်၍၊ ငါ့ခမည်းတော်၏ ပလ္လင်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကို ငါပေးမည်။”

၄။ ကြွလာခြင်းအတွက် ပြင်ဆင်ခြင်းများ The Preparations for His Coming
ယုံကြည်သူတွေအတွက် ခရစ်တော် အချိန်မရွေး ကြွလာနိုင်တဲ့အတွက်၊ အချက်၂-ချက် ပြောပြချင်ပါတယ်။

(၁) ယေရှုခရစ်တော်ကို ကိုယ့်ရဲ့ကယ်တင်ရှင်အဖြစ် လက်မခံရသေးရင် ဒီနေ့ပဲ ကိုယ်တော်ကို အားကိုးပါ။ လောကမှာ လူ-၂-စု ရှိပါတယ်။ ကယ်တင်ခြင်းရသူနဲ့ မရသူ ဖြစ်တယ်။ နောက် ၅ မိနစ်အတွင်း သခင်ယေရှုကြွလာခဲ့ရင် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်နဲ့ အားကိုးပြီးသူတိုင်း ကမ္ဘာမြေပေါ်မှ သိမ်းယူတော်မူလိမ့်မယ်။

လုကာ ၁၇း၃၄-၃၆ မှာ “ငါဆိုသည်ကား၊ ထိုနေ့ညဉ့်တွင် အိပ်ရာတခု၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူ နှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ လယ်၌ ရှိသောသူ နှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင်”

       ဒါဟာ ဝိညာဉ်သဘောနဲ့ပြောတာ မဟုတ်ဘူး။ တကယ်အတိအကျ ပြောတာပါ။ ကြိတ်ခွဲတဲ့စက်ရုံမှာ အလုပ်လုပ်တဲ့ လူနှစ်ယောက်မှာ တယောက်က ချီဆောင်ခံရပြီး တယောက်က ကျန်ခဲ့ရလိမ့်မယ်။ လယ်ကွင်းပြင်မှာ အလုပ်လုပ်သူ နှစ်ယောက်မှာ တယောက်ပါသွားပြီး တယောက် ကျန်ခဲ့မယ်။ ဒီကျမ်းပိုဒ်ကို ဝိညာဉ်သဘောနဲ့ ပြောတာ ကြားဖူးတယ်။ အတွင်းလူသစ်က ချီဆောင်ခံရပြီး လူဟောင်းခန္ဓာကိုယ်က ကျန်ခဲ့မယ့်သဘော ပြောကြတယ်။ ဒါပေမယ့် ယုံကြည်သူတွေရဲ့ ခန္ဓာကိုယ်တွေ ကျန်ခဲ့မယ်လို့ ကျမ်းစာက မသွန်သင်ဘူး။ ကိုယ်ခန္ဓာပြောင်းလဲမယ်လို့သာ ပြောပါတယ်။ ဖိလိပ္ပိ ၃း၂၀-၂၁ မှာ “ငါတို့ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူ မည်ဟု ငါတို့သည် မြော်လင့်လျှက်နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော ငါတို့၏ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓာတော်၏ နည်းတူဖြစ်စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။” ကိုယ်ခန္ဓာ အသစ်ရပြီး အဟောင်းကျန်မယ်လို့ မပြောဘူး။ ဒီယုတ်ညံ့တဲ့ကိုယ်ခန္ဓာ ပြောင်းလဲမယ်လို့ ပြောတာပါ။ ကျွန်တော်တို့ရဲ့ခံယူချက်ဟာ ကြားဖူးထားတဲ့ သီချင်းလေးအပေါ်မှာ အခြေခံသွားမိမှာ စိုးရိမ်ပါတယ်။ အဲဒီသီချင်းလေးကတော့-
ခန္ဓာ ဝတ်ရုံပြုတ်ကျပြီး
ထာဝရဆုရဖို့ ထမြောက်တဲ့အခါ -
- - လို့ ဆိုတယ်။ ဒါပေမယ့် ခန္ဓာဝတ်ရုံက ပြုတ်မကျဘူး။ မျက်စိတမှိတ်၊ တခဏချင်းမှာ ပြောင်းလဲသွားမှာပါ။ သခင်ယေရှုရဲ့ ကိုယ်ခန္ဓာနဲ့တူရမှာပါ။ ၁ ယော ၃း၂မှာ “ချစ်သူတို့၊ ယခုတွင် ငါတို့သည်ဘုရားသခင်၏ သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူ ဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည်မြင်ရကြလတံ့။” ဒါကြောင့် ကျမ်းစာက “လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍၊ တစ်ယောက်မူကား နေရစ်ရလတံ့။”လို့ ပြောတာဟာ- အတွင်းဝိညာဉ်လူကို သိမ်းယူပြီး ကိုယ်ခန္ဓာ ကျန်ရစ်ရတယ်လို့ မဆိုလိုဘူး။ လယ်ထဲမှာ နှစ်ယောက်ရှိမယ်။ တစ်ယောက်ကိုသိမ်းပြီး၊ တစ်ယောက်ကျန်မယ်လို့ဘဲ အတိအကျ ဆိုလိုတယ်။

တံပိုးခရာမှုတ်ချိန်မှာ ကယ်တင်ခြင်းရသူတွေကို သခင်ဘုရားနဲ့တွေ့ဖို့ အာကာသထဲကို ချီဆောင်မယ်။ ကယ်တင်ခြင်းမရသူ ကျန်ခဲ့မယ်။ ကျန်ခဲ့တဲ့ ကယ်တင်ခြင်း မရသူတွေကို နှစ်ပိုင်းခွဲနိုင်ပါတယ်။ ကယ်တင်ခြင်းတရားကြားဖူးပြီး ကယ်တင်ခြင်းရဖို့ အခွင့်ကြံုခဲ့ဖူးသူနဲ့ တခါမှမကြားဖူး၊ အခွင့် မရဖူးသူတို့ ဖြစ်တယ်။ ကယ်တင်ခြင်းတရားကြားရပါလျှက်၊ ကယ်တင်ရှင်ကို အားကိုးနိုင်ပါလျှက်၊ ငြင်းပယ်ခဲ့သူတွေဟာ သူတို့ဘဝလားရာက ပြောင်းတော့မှာ မဟုတ်ဘူး။ ချီဆောင်ခြင်းမတိုင်ခင် ကယ်တင်ခြင်းတရားကြားခဲ့ဖူးပြီး၊ ကယ်တင်ခံရဖို့အခွင့်အရေး ရခဲ့ဖူးသူတွေဟာ ချီဆောင်ခြင်းအပြီးမှာ အခွင့်အရေး ထပ်မရတော့ဘူး။ မကြားရဖူးသူတွေကတော့ အခွင့်အရေးရအုံးမှာပါ။

၂သက် ၂းရ-၈ မှာ “အဘယ်သို့နည်းဟူမူကား၊ ဝှက်ထားလျှက်ရှိသော ထိုအဓမ္မအရာသည် ယခုပင်ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မှီတိုင်အောင် ဆီးတားလိမ့်မည်။ ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။” အငယ် ၁၀ မှာ “ပျက်စီးခြင်းသို့ရောက်သောသူတို့သည်၊ မတရားသော လှည့်ဖြားခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌ မွေ့လျော်သောစိတ်ကို မခံမယူကြ။”

ဘာကြောင့်ပျက်စီးကြရသလဲ? ကယ်တင်ခြင်းရောက်ဖို့ သမ္မာတရားကို မွေ့လျော်သောစိတ်နဲ့ မခံယူလို့ ဖြစ်တယ်။ အငယ် ၁၁-၁၂ မှာ   “ထို့ကြောင့်၊ သမ္မာတရားကိုမယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်၊ တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊ မုသာစကားကို ယုံစိမ့်သောငှါ၊ မိစ္ဆာဒိဋ္ဌိ ပြုပြင်အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။” ကယ်တင်ခြင်းတရား ကြားရပေမယ့် ကယ်တင်ခြင်းရဖို့ သမ္မာတရားကိုမွေ့လျော်သောစိတ်နဲ့ မခံယူသူတွေအပေါ် မိစ္ဆာဒိဋ္ဌိပြုပြင်အားထုတ်ခြင်း အခွင့်ကို လွှတ်မယ်လို့ ဆိုတယ်။ မုသာစကားကိုယုံဖို့ သမ္မာတရားကို မယုံဘဲ ဖျက်ဆီးဖို့၊ မတရားမှုမှာ မွေ့လျော်နေဖို့၊ အားကြီးတဲ့လှည့်ဖြားခြင်းကို ခံရမယ်လို့ ဆိုတယ်။

အဲဒီအချိန် လောကမှာ လူနှစ်စုရှိပါတယ်။ ကယ်တင်ခြင်းရသူနဲ့ မရသူပါ။ နောက် ၅ မိနစ်အတွင်း သခင်ယေရှုကြွလာရင် ကယ်တင်ခြင်း ရသူတွေ ချီဆောင်ခံရမယ်။ မရသူတွေ ကျန်ခဲ့မယ်။ ကယ်တင်ခြင်းတရားကြားဖူးပြီး အခွင့်အရေးရခဲ့ဖူးပေမယ့် ကယ်တင်ခြင်းမရခဲ့သူတွေဟာ အကြီးအကျယ် လှည့်ဖြားခံရလိမ့်မယ်။ မုသာစကားကို ယုံကြလိမ့်မယ်။ သမ္မာတရားကို မွေ့လျော်သောစိတ်နဲ့ မခံယူကြဘူး။ မတရားမှုမှာ ပျော်နေလိမ့်မယ်။ ခရစ်တော်ကို အားကိုးဖို့ အခွင့်အရေးရပါလျှက်နဲ့ ငြင်းပယ်ခဲ့တယ်။ ဒါကြောင့် ကျမ်းစာက သူတို့ဘဝဦးတည်ရာကို တံဆိပ်ခတ်လိုက်တယ်။ တဖက်မှာတော့ ကယ်တင်ခြင်း တရား မကြားရ၊ အကယ်ခံရဖို့ အခွင့်အရေး မရဖူးသူတွေဟာ ဘေးဒဏ်ကြီးကာလအတွင်းမှာ အခွင့်အရေးတစ်ခု ထပ်ရပါလိမ့်မယ်။

ဒါကို ဒုတိယမြောက်အခွင့်အရေး (Second chance) လို့ မခေါ်ပါဘူး။ အခွင့်အရေးတစ်ခါမှ မရဖူးလို့ပေးတာပါ။ ဘေးဒဏ်ကြီးကာလ အတွင်းမှာ အသစ်မွေးပြီးသော (Born Again) အသွေးတော်နဲ့ဆေးပြီးသော သာသနာပြုဆရာ ၁၄၄,၀၀၀ က ကမ္ဘာအနှံ့ ဧဝံဂေလိတရားဟောပါလိမ့်မယ်။ လူများစွာ ကယ်တင်ခြင်း ရလိမ့်မယ်။ ဗျာဒိတ် ရး၁၄-မှာ “ကြီးစွာသော ဆင်းရဲဒုက္ခအထဲက လွတ်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ ဖြူစေသောသူဖြစ်ကြသတည်း။” လို့ ကျမ်းစာက သူတို့အကြောင်းကို ပြောပြပါတယ်။ ဘေးဒဏ်ကြီးကာလအတွင်း ခရစ်တော်ကို အားကိုးတဲ့ ဘေးဒဏ်ကြီး ကာလ သန့်ရှင်းသူတွေ ဖြစ်ပါတယ်။

     ကယ်တင်ခြင်းတရားကြားရပြီး ခရစ်တော်ကိုအားကိုးဖို့ အခွင့်အရေးတကြိမ်ရဖူးရင် အသင်းတော်ကို ချီဆောင်ပြီး နောက်ပိုင်းမှာ အခွင့်အရေး ထပ်ရတော့မှာ မဟုတ်ဘူး။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် တစ်ခါမှ အားမကိုးရသေးရင်တော့ ဒီနေ့ပဲ ကိုယ်တော်ကို အားကိုးလိုက်ပါ။ မဿဲ၂၄း၄၄ မှာ “ထိုကြောင့် သင်တို့သည် ပြင်ဆင်လျှက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” ဒီနေ့လည်း ဖြစ်နိုင်တယ်။ ခရစ်ယာန်ဖြစ်ပြီဆိုရင်တော့ ၁ယာ၂း၂၈ အရ “ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် အထံတော်သို့ရောက်လျှင်၊ ရဲရင့်ရသောအခွင့်ရှိ၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သားတော်၌ တည်နေကြလော့။” ခရစ်တော်နဲ့ တွေ့တဲ့အခါ၊ မရှက်မကြောက် ရဲရဲဝံ့ဝံ့ရှိနေဖို့ ခရစ်တော်အတွက် အသက်ရှင်ကြပါစို့။                   ။

Sunday, September 1, 2013

15. What Every Believer Should Know About Speaking in Tongues (BREAD FOR BELIEVERS) (Burmese)

 “ယုံကြည်သူသိသင့်သော အခြားသောဘာသာစကား ပြောခြင်းအကြောင်း”------------------------------------------------------------------------------------------------------------
အခန်း ၁၅
------------------------------------------------------------------------------------------------------------

DR. CURTIS HUTSON
အဓိပ္ပါယ်၊ စိတ်ရင်း၊ နည်းစနစ်၊ နားလည်လွဲမှုများ။
“ညီအကိုတို့၊ ငါသည် သင်တို့ရှိရာသို့လာ၍ အခြားသောဘာသာစကားဖြင့် ဟောပြောသော်လည်း၊ ဗျာဒိတ်တော်ကိုပြန်ခြင်း၊ ပညာအတတ်ကိုသင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမဩဝါဒပေးခြင်း တခုခုကို မပြုဘဲလျက်၊ သင်တို့အားပြောလျှင် အဘယ်အကျိုးရှိအံ့နည်း။ ထိုနည်းတူ အသံမြည်တတ်သော အဝိညာဏာကစောင်း၊ ပုလွေတို့သည် သေချာသောအသံနှင့်မမြည်လျှင်၊ စောင်းသံ၊ ပုလွေသံတို့ကို အဘယ်သို့သိနိုင်မည်နည်း။ တံပိုးခရာသည်လည်း မမှန်သောအသံနှင့်မည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှါ မိမိကိုယ်ကို ပြင်ဆင်မည်နည်း။ ထိုနည်းတူ၊ သင်တို့သည် နားလည်လွယ်သောစကားကို နှုတ်ဖြင့်မမြွက်လျှင်၊မြွက်သောစကားကို အဘယ်သို့ သိနိုင်မည်နည်း။ အာကာသကောင်းကင်ကို ပြောသောသူကဲ့သို့ဖြစ်လိမ့်မည်။”  ၁ကော ၁၄ း ၆-၉။

ဘာသာစကား ပြောတဲ့အကြောင်းဟာ ကျမ်းစာထဲမှာ ပါတဲ့အတွက် လေ့လာသင့်ပါတယ်။ အဓိက ၂ ချက်ကြောင့် အရေးကြီးတဲ့ အကြောင်းအရာတခုအဖြစ် လေ့လာဖို့လိုအပ်ပါတယ်။

တစ်က ဘာသာစကားပြောခြင်း (သို့) charismatic ခဲရစ္စမက်တစ် လှုပ်ရှားမှုဟာအလျှင်အမြန် ကြီးထွားလာလို့ပါ။ ရိုးသားတဲ့ ယုံကြည်သူတွေဟာ နက်နဲတဲ့အတွေ့အကြုံတွေ ရှာချင်လို့ အဲဒီလှုပ်ရှားမှုထဲ သွေးဆောင်ခံရတယ်။ နားလည်လွဲနေတဲ့ ထောင်ပေါင်း များစွာသော ယုံကြည်သူတွေဟာ ဝိညာဉ်ကယ်တင်ဖို့အတွက် ဝိညာဉ်တော်ပြည့်ဝမှုကို ရှာရမယ့်အစား ဘာသာစကားပြောဖူးချင်တာကို အလွဲ ရှာနေကြတယ်။

တခြားတဖက်မှာလည်း အဲဒီထက်ပိုများတဲ့ ယုံကြည်သူထောင်ပေါင်းများစွာဟာ စိတ်လှုပ်ရှားမှုတွေကို သိပ်သဘောမကျတာနဲ့၊ ဝိညာဉ်တော်ပြည့်ဝမှုအကြောင်း လေ့လာဖို့ လုံးဝ ရှောင်လာကြတယ်။ ဝေဖန်ကဲ့ရဲ့ခံရမှာကြောက်တာနဲ့ကို စိတ်မဝင်စားတော့ဘူး။

နေရာတိုင်းမှာရှိတဲ့ ယုံကြည်သူတိုင်း ဝိညာဉ်တော်နဲ့ပြည့်ဝဖို့ လိုပါတယ်။ ဝိညာဉ်တော်မပြည့်ဝရင် ဝိညာဉ်ကယ်တင်တဲ့ အသင်းတော်ကြီးတွေ၊ နိုးထမှုတွေ မရှိနိုင်ပါဘူး။ ဇာခရိ၄း၆ မှာ “ဤအမှုသည် ဗို်လ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။”

ဒုတိယအချက်အနေနဲ့ ဘာသာစကား လေ့လာသင့်တဲ့အကြောင်းရင်းက၊ ရိုးသားတဲ့ယုံကြည်သူတွေ ကြားထဲမှာ ယူဆပုံတွေ ကျယ်ကျယ်ပြန့်ပြန့်ကြီး ကွဲလွဲနေတယ်။ ရိုးသားတဲ့ယုံကြည်သူတိုင်းဟာ ဘာသာစကားပြောခြင်းအကြောင်းကို ဝေဖန်ကဲ့ရဲ့တာမျိုး မဟုတ်ပဲ၊ စိတ်နှလုံကိုဖွင့်ပြီး လေ့လာသင့်တယ်။ ဝိညာဉ်တော်ပြည့်ဝခြင်းအကြောင်းလို အရေးကြီးတဲ့ အကြောင်းအရာမျိုးမှာ ဘုရားကိုချစ်ပြီး ကျမ်းစာကို ယုံကြည်သူတွေ တယောက်နဲ့တယောက် စိတ်နာစရာတွေဖြစ်၊ သဘောထား အကြီးအကျယ် ကွဲလွဲတာဟာ ဘုရားသခင်အတွက် စိတ်ကြေကွဲစရာဖြစ်နေမှာ သေချာပါတယ်။

အခုဒီအကြောင်းလေ့လာတဲ့အခါ အတွေ့အကြံုတွေအကြောင်းမပြောဘဲ၊ ကျမ်းစာပြောတာကိုပဲ ပြောပါမယ်။ အတွေ့အကြံုဟာ ကျမ်းစာနဲ့မကိုက်ညီရင် မှားတယ်။ ကျမ်းစာကတော့ မမှားနိုင်ဘူး။ အတွွေ့အကြံုကို အမှန်ယူလို့မရဘူး။ ကျမ်းစာကိိုပဲ အမှန်ယူပါ။ သွန်သင်တဲ့ ဩဝါဒဟာ အတွေ့အကြံုပေါ်မှာ အခြေခံလို့မရဘူး။ ကျမ်းစာမှာပဲ အခြေခံပါ။

ဟိုတုန်းက နာမည်ကြီးအပတ်စဉ် T.V အစီစဉ်တခုမှာ စုံထောက်တယောက်အကြောင်း ပြောတယ်။ သူ့နာမည်ပြောရရင်တော့ “ဆာဂျင်ဖရိုက်ဒေး” (ရဲအုပ်ဖိုးသောကြာ- ဆိုပါစို့)” ဇာတ်လမ်းတိုင်းမှာ ဖြစ်ရပ်နဲ့ပတ်သက်ပြီး သက်သေတယောက်ကို ဆာဂျင်ဖရိုက်ဒေးက စစ်မေးတဲ့အခါ “အဖြစ်မှန်ပဲနော်၊ အမှန်ပဲပြောပါဗျာ။” တဲ့။ ဘုရားမလို့ ကျွန်တော်လည်း ဒီလိုပဲပြောပါရစေ။ ကျမ်းစာပြောတဲ့အတိုင်း ဘာသာစကားပြောခြင်းနဲ့ ပတ်သက်တဲ့- အဓိပ္ပါယ်၊ စိတ်ရင်း၊ နည်းလမ်း၊ နားလည်လွဲမှုတွေအကြောင်း လေ့လာရအောင်ပါ။
(၁) အဓိပ္ပါယ် - The meaning of it
တမန်၂း၄ မှာ “ဘာသာစကား” လို့ ဘာသာပြန်ထားတဲ့ဂရိစကားဟာ glossa ဖြစ်တယ်။ အဲဒီစကားဟာ ဓမ္မသစ်ကျမ်းမှာ အကြိမ် ၅၀ ပါတယ်လို့ ကျမ်းညွှန်းစာအုပ် Strong’s Concordance မှာ တွေ့ရတယ်။ 16 ကြိမ်ကတော့ လူ့ပါးစပ်ထဲကလျှာကို ရည်ရွယ်တယ်။ တကြိမ်ကတော့ တမန်၂း၃ မှာ “ ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့” လို့ သုံးတယ်။ ကျန် ၃၃ ကြိမ်ကတော့ “ဘာသာစကား” လို့ ဆိုလိိုုတယ်။ ဒါပေမယ့် ဘုရားသခင်သာ နားလည်နိုင်တဲ့ ကောင်းကင်ဘာသာစကားလို့တော့ ကျမ်းစာက တခါမှ မဆိုလိုဘူး။ လူတွေ မသိအောင်၊ နားမလည်နိုင်အောင် နက်နဲတဲ့အရာမျိုးလို့လည်း မဆိုလိုဘူး။ တမန် ၂ က “စကားဟာ မြန်မြန် ဗလုံးဗထွေးပြောတဲ့ စကား မဟုတ်ဘူး။ ပင်တေကုတ္တေနေ့က လူတွေပြောနိုင် နားလည်နိုင်တဲ့ သာမန် လူ့ဘာသာစကား ဖြစ်တယ်။ ပြောလိုတဲ့ သာမန်လူ့ဘာသာစကား  ဖြစ်တယ်။ ပြောခွင့်ရခဲ့တဲ့ ဘာသာစကားအမျိုးအမည်တွေကို ဖေါ်ပြထားတယ်။

 “ထိုလူအပေါင်းတို့သည် အံ့ဩမိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူ ဖြစ်ကြသည် မဟုတ်လော။ သို့ဟုတ်လျှင် ငါတို့သည် အသီးသီးမွေးဘွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။ ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါဘာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုနု္တ ပြည်၊ အာရှိပြည်၊ ဖြူဂိပြည်၊ ဝမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌ နေသောသူ၊ ကုရေနေမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးသီးဖြစ်ကြသောငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုး ဘာသာစကားအားဖြင့် ဟောပြောကြသည်ကို ကြားပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။”  (တမန် ၂းရ-၁၁)

အဲဒီမှာ ပြောတဲ့ဘာသာစကားကို သတိထားကြည့်ပါ။ အငယ်၄ မှာ ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်၍၊ အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။” နားမလည်နိုင်တဲ့စကားလို့ မပြောပါဘူး။ လူမျိုးခြားစကားတွေသာ ဖြစ်တယ်။

အငယ် ရ-၈ မှာ “ထိုလူအပေါင်းတို့သည် အံ့ဩမိန်းမောတွေဝေလျှက်ရှိ၍၊ ယခု ဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူ ဖြစ်ကြသည်မဟုတ်လော။ သို့ဟုတ်လျှင် ငါတို့သည် အသီးသီးမွေးဘွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။”

အငယ် ၉-၁၁ အထိမှာ သူတို့ပြောတဲ့ တခြားလူမျိုးစကားတွေကို ဖေါ်ပြထားပါတယ်။

ဘာသာစကားပြောတာကို တမန်တော်ဝတ္တုထဲမှာ ၃ နေရာသာတွေ့ရပါတယ်။ ပင်တေကုတ္တေ နေ့ တမန် ၂း၁-၁၁၊ ကဲသရိမြို့ တမန် ၁၀း၄၄-၄၆ နဲ့ ဧဖက်မြို့ တမန် ၁၉း၁-၆ တို့ ဖြစ်ပါတယ်။

တမန် ၁၀း၄၆ မှာ ကောနေလိနဲ့ သူ့ရဲ့အိမ်သားတွေဟာ အမျိုးမျိုးသော ဘာသာစကားအားဖြင့် ပြော၍၊ ဘုရားသခင်ကို ချီးမွမ်း သည်ကို ကြားရတယ်။ ပေတရုက “ငါတို့ကဲ့သို့သန့်ရှင်းသောဝိညာဉ်တော်ကို ခံရသော ဤသူတို့ကို နှစ်ခြင်းမပေးစေခြင်းငှါ၊ အဘယ်သူသည် ရေကိုမြစ်တားနိုင်သနည်း” လို့ တုန့်ပြန်ခဲ့တယ်။

သူတို့ဟာ ပြောင်းလဲစလူသစ်တွေဖြစ်လို့ ရှင်ပေတရုက နှစ်ခြင်းခံကြဖို့ တိုက်တွန်းတယ်။ ကောနေလိနဲ့ သူ့ရဲ့အိမ်သားတွေ ပြောတဲ့စကားဟာ အံ့ဘွယ်ထူးခြားတဲ့စကားတွေ မဟုတ်ဘူး။ စကားတွေပြောရင်း၊ ဘုရားသခင်ကို ချီးးမွမ်းတာပါ။ ကောနေလိနဲ့ သူ့အိမ်သား တွေဟာ ရောမမြို့ကလာတဲ့ အီတလီတပ်သားတွေပါ။ သူတို့ရဲ့ မူလဘာသာစကားက လက်တင်ပါ။ တပ်မှူးရဲ့အိမ်သားတွေဆိုတာဟာ ရောမ အင်ပါယာထဲမှာရှိတဲ့ တိုင်းနိုင်ငံတွေကလာတဲ့ စစ်သားတွေ၊ ကျွန်တွေ၊ အစေအပါတွေ အုပ်ချုပ်ရေးအရာရှိတွေ ဖြစ်ဟန်ရှိပါတယ်။ သူတို့ သိပ် ဝမ်းသာသွားတဲ့အခါ၊ ကိုယ့်မူလဘာသာစကားတွေနဲ့ ဘုရားသခင်ကို အသီးသီးချီးမွမ်းကြတာ မဖြစ်နိုင်ဘူးလား?

ဒါဟာ စိတ်ပညာသဘောအရ မှန်ပါတယ်။ နိုင်ငံခြားသားတယောက်ဟာ အလွန်အမင်းဝမ်းသာတဲ့ အချိန်ဖြစ်ဖြစ်၊ အန္တရာယ် ကြံုချိန်ပဲဖြစ်ဖြစ်၊ ရေရွတ်တတ်ပါတယ်။ မကြာသေးခင်ကမှ တတ်ထားတဲ့စကားထက်၊ ကိုယ့်မွေးရပ်မြေက ဘာသာစကားနဲ့ပဲ အော်ဟစ် ရေရွတ်တတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တမန် ၁၀း၄၆ က ဘာသာစကားဟာ နားလည်နိုင်တဲ့ ဘာသာစကားတွေပါ။ ဝမ်းသာလွန်းလို့ ပြောထွက်သွားတဲ့ စကားတမျိုးတည်း မဟုတ်ပါဘူး။

တတိယဖြစ်ရပ် မှတ်တမ်းကတော့ တမန်၉း၁-၆ မှာ တွေ့ရတယ်။ ဧဖက်မြို့သား ၁၂ ယောက်ကို ရှင်ပေါလုတွေ့တဲ့အခါ “ယုံကြည်ပြီးတဲ့အချိန်ကစပြီး သန့်ရှင်းသောဝိညာဉ်တော်ကို ခံရကြပြီလား?” လို့ မေးတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဆိုတဲ့အကြောင်း မကြားဖူးသေးပါဘူးလို့ ဖြေကြတယ်။

ကဲ နှစ်ခြင်းဆရာယောဟန်က သန့်ရှင်းသောဝိညာဉ်တော်အကြောင်း ဟောပါလျက်နဲ့ သူ့တပည့်တွေက သန့်ရှင်းသောဝိညာဉ်တော် မသိကြပါလား? (မဿဲ၃း၁၁) တဆင့်စကား တဆင့်နားနဲ့ပဲ နှစ်ခြင်းဆရာယောဟန်ရဲ့ တရားစကားအစစ်ဟာ ကွယ်ပျောက်ခဲ့ပုံ ရပါတယ်။ ဒါနဲ့ပဲ ခံယူမှုလွဲလာကြသူတွေဟာ ဧဝံဂေလိတရားကို ရှင်းရှင်းကလေး ကြားရပါတော့တယ်။ နှစ်ခြင်းခံကြတယ်။ (အငယ်၅-၆) မှာတော့ ပေါလုသည်လည်း သူတို့အပေါ်လက်ကိုတင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဆင်းသက်တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော၍ ပရောဖက်ပြုကြ၏။”

ဒီမှာလည်း ကျမ်းစာက ကောင်းကင်ဘာသာစကား (သို့) ဝမ်းသာလွန်းလို့ ပြောထွက်လာတဲ့ စကားတမျိုးလို့ မပြောဘူး။ လူမျိုးစကားတွေကိုပဲ ဆိုလိုတာပါ။ ဧဖက်မြို့ဟာ ရောမအင်ပါယာရဲ့ ဒေသအသီးသီးကလာတဲ့လူတွေ နေထိုင်ကြတဲ့ လူမျိုးစုမြို့ကြီးတမြို့ ဖြစ်ပါတယ်။ ဘယ်ဘာသာစကားတွေ ပြောတယ်လို့တော့ ကျမ်းစာကမဖေါ်ပြပါဘူး။ ဒါပေမယ့် တမျိုးမကဘူးဆိုတာတော့ ရှင်းရှင်းလေး    ဖေါ်ပြထားတယ်။ “အမျိုးမျိုးသော ဘာသာစကားကိုပြော၍” တဲ့။ (အများဖြစ်တယ်။) အငယ် ရ မှာ “အရေအတွက်အားဖြင့် တကျိပ်နှစ် ယောက် မျှလောက် ရှိသတည်း။”  အဲဒီခရစ်ယာန်ဖြစ် လူသစ်တွေဟာ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ပရောဖက်ပြုကြတဲ့အခါ၊ ပြောတဲ့စကားတွေ ကလည်း ၁၂ မျိုးလောက် ကွဲနေနိုင်တယ်။

တမန်တော်ဝတ္ထုရဲ့ အဲဒီသုံးနေရာအပြင်၊ ရှင်ပေါလုက ဝိညာဉ်ဆုကျေးဇူးများအကြောင်း ပြောရာမှာ ဘာသာစကားတွေအကြောင်း ပြောထားပါသေးတယ်။ (၁ ကော ၁၂း၁-၁၄ နဲ့ ၁ကော ၁၄)  ၁ကော၁၄ ကို လေ့လာကြည့်ရင်၊ ပြောတဲ့ဘာသာစကားတွေဟာ ဝိညာဉ်စကား လို့ ပြောနေတဲ့ စကားမျိုးမဟုတ်သလို ကောင်းကင်ဘာသာစကားတွေလည်း မဟုတ်ပါဘူး။ ဗလုံးဗထွေးပြောတာ မဟုတ်သလို၊ လူ့နားနဲ့ မရင်းနှီးတဲ့ အသံထွက်တွေနဲ့ ဝူးဝူးဝါးဝါး ပြောတာမျိုးလည်း မဟုတ်ဘူး။

ဒီအခန်းကြီးထဲမှာ“an unknown tongue”  “နားမလည်တဲ့စကား” လို့ ပြောရာမှာ “unknown” “နားမလည်” ဆိုတဲ့စကားကို စာလုံးစောင်းနဲ့ ရေးထားတယ်။ နားလည်ဖို့အတွက် ကျမ်းစာဘာသာပြန်ပေးသူတွေက အထောက်အကူပြု ထည့်ပေးထားတာပါ။ ဒီကျမ်းပိုဒ်မှာ တွေ့ရတဲ့ ဘာသာစကားဟာ အနားကလူတွေ နားမလည်တဲ့ လူမျိုးခြားစကားတွေသာ ဖြစ်တယ်။ အငယ် ၂၃ နဲ့ ၂၄ အားဖြင့် ပိုရှင်းနိုင်တယ်။ “ထိုကြောင့် အသင်းဝင်သူအပေါင်းတို့သည် စည်းဝေး၍ အခြားသောဘာသာဖြင့် ဟောပြောလျက်နေကြစဉ်တွင် မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်တို့ကိုသူရူးဖြစ်ကြသည်ဟု ပြောမည်မဟုတ်လော။ သို့မဟုတ်လျှင် သင်းဝင်သူအပေါင်းတို့သည် ပရောဖက်ပြု၍နေကြစဉ်တွင် မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်းဝင်သူ အပေါင်းတို့သည် သူ၏အပြစ်ကို ဘော်ပြ၍ သူ့ကိုစစ်ကြောစီရင်ကြ၏။”

စိတ်ထြဲမင်ယောင်ကြည့်ပါ။ အသင်းတော်တပါး ဝတ်ပြုကိုးကွယ်နေချိန်မှာ လူမျိုးခြားစကားမျိုးစုံ ပြောနေကြတယ်။ ပညာမတတ်၊ နားမလည်သူတချို့ ဝတ်ပြုကိုးကွယ်ဖို့ ရောက်လာကြတယ်။ ဘာသာစကားအမျိုးမျိုးပြောတာကို ကြားနေကြရတယ်။ တယောက်တပေါက်နဲ့ ဆူညံနေတယ်ဆိုတော့ အရူးတွေဘဲလို့ မှတ်ချက်ချလိုက်တယ်။ ဒါပေမယ့် အသင်းသားတွေက လူမျိုးခြား စကားတွေမပြောဘဲ နားလည် လွယ်တဲ့စကားကို ပြောကြမယ်ဆိုရင် မယုံကြည်သူ၊ မသိနားမလည်တဲ့သူတွေပါ နားလည်ခွင့် ရသွားနိုင်တယ်။

အငယ်၂၃-၂၄ မှာ တွေ့ရတယ်။ “မတတ်သောသူသည်” ဆိုတဲ့ စကားကို သုံးထားတာက အံ့ဘွယ်ထူးခြားတဲ့ စကားမဟုတ်ဘဲ တတ်အောင်သင်ရင် ရတယ်ဆိုတဲ့သဘောကို ပြနေပါတယ်။ လူမျိုးခြားစကားဆိုတာ သေသေချာချာလေ့လာရင် တတ်နိုင်ပါတယ်။ ၁ကော၁၄ မှာ တွေ့ရတဲ့ ဘာသာစကားတွေဟာ အံ့ဘွယ်ဆုကျေးဇူးတွေ ဖြစ်ခဲ့ရင် ပညာမတတ်သူ၊ နားမလည်သူတွေလည်း ရနိုင်မှာ ဖြစ်တယ်။ ဘာသာ စကားပြောခြင်းဟာ ဘုရားသခင်တပါးတည်း သိဖို့သာ နက်နဲတဲ့ စကားပြောခြင်းဖြစ်ခဲ့ရင် လေ့လာသင်ယူရုံနဲ့ ကောင်းကင်စကားကို နားလည်မှာ မဟုတ်ဘူး။ ဒါပေမယ့် လူမျိုးခြားစကားဆိုတာ သိနိုင်၊ ပြောနိုင်၊ သင်ယူနိုင်တယ်။ မတတ်သောသူ၊ နားမလည်ဘူးဆိုတဲ့ စကားက ဒီဘာသာစကားတွေဟာ သိနိုင်၊ နားလည်နိုင်တဲ့ သာမန်လူ့ဘာသာစကားတွေဆိုတာကို ဖော်ပြနေတယ်။

ကျမ်းစာထဲမှာပြောတဲ့ ဘာသာစကားဆိုတာ လူတွေ ပြောတဲ့စကား ဖြစ်ပါတယ်။၁ကော၁၄ မှာတော့၊ ဘုရားကျောင်းတက်သူတချို့ နားမလည်တဲ့ လူမျိုးခြားစကားလို့ ဆိုလိုပါတယ်။
    (၂)  စိတ်ရင်း  The motive behind it
ဘာသာစကားပြောတာဟာ ကျမ်းစာထဲမှာ ၃ နေရာပဲ တွေ့ရတယ်။ တမန် ၂း ၁-၁၁၊ (၁၀း၄၄-၄၆) (၁၉း၁-၁၆)

ဘာသာစကားပြောခြင်းနဲ့ ပတ်သက်တဲ့ အဓိကအရေးကြီးဆုံးကျမ်းပိုဒ်ဟာ တမန်၂း၁-၁၁ ပဲဖြစ်တယ်။ အရေးကြီးရခြင်းရဲ့ ပထမ တချက်က ဓမ္မသစ်ကျမ်းမှာ ပထမဦးဆုံးတွေ့ရတဲ့ ဘာသာစကားပြောခြင်းပါ။ ဒုတိယတချက်က တခြားနေရာတွေမှာထက်ပိုပြီး အကျယ် တဝင့် ပြောထားလို့ပါ။ တတိယတချက်က အံ့ဘွယ်ဆုကျေးဇူးတခုအဖြစ် အပြတ်ပြောလို့ရတဲ့တ တခုတည်းသောအဖြစ်အပျက်ဖြစ်နေလို့ပါ။

တမန်၂း၄ မှာ “ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍၊ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။”

တမန် ၉ နဲ့ ၁၀ ဟာ ဘာသာစကားတွေ ပြောခဲ့တာကို မှတ်တမ်းတင်ထားပါတယ်။ ဒီဖြစ်ရပ်တွေမှာ ဘာသာစကား ပြောခဲ့တာဟာ အံ့ဩဘွယ်ရာဆုကျေးဇူးတခုဖြစ်ခဲ့တဲ့ သဘောမျိုး ပြောပြထားခြင်းမရှိပါဘူး။ တမန်၂း၄ မှာသာ “ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း” လို့ ပြောထားတယ်။

ဒါဆိုရင် ပင်တေကုတ္တေနေ့မှာ အံ့ဘွယ်ဆုကျေးဇူး ပေးခဲ့ခြင်းရဲ့နောက်ကွယ်က စိတ်ရင်းသဘောထားဟာ ဘာလဲ? ကယ်တင်ခြင်းမရသေးတဲ့ လူ ၃,၀၀၀ ရှိနေတယ်။ ဒီထက်ပိုများချင် များနိုင်ပါတယ်။ အငယ် ၄၁ အရ “သူတို့သည်နှစ်ခြင်းခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် လူ သုံးထောင်မျှလောက်သောသူတို့သည် ဝင်ကြ၏။”

ပင်တေကုတ္တေနေ့က ဘုရားသခင်မှာ အခက်အခဲတခုရှိပါတယ်။ ကယ်တင်ခြင်းမရတဲ့လူ ၃,၀၀၀ ရှိနေတယ်။ ဂါလိလဲလူတွေက ကယ်တင်ခြင်းအကြောင်း သိတယ်။ ရှင်းပြနိုင်စွမ်းရှိတယ်။ ဒါပေမယ့် နားထောင်မယ့်သူတွေရဲ့စကားကို မပြောတတ်ကြဘူး။ ဘုရားသခင် ကြံုနေရတဲ့အခက်အခဲက ဘာသာစကားအခက်အခဲပါ။ လူသုံးထောင်ကို ကယ်ချင်တယ်။ ပြောပြနိုင်သူတွေကလည်း နားထောင်သူတွေရဲ့ စကားကို မတတ်ကြ။ ဒါနဲ့ ဘုရားသခင်က သူတို့မသင်ခဲ့ဘူးတဲ့စကားတွေ ပြောခွင့်ပေးလိုက်တယ်။ တခြား ဘာသာစကားတွေကို အံ့ဘွယ် ပြောကြတယ်။ တမန်၂း၄ မှာ “ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်။”

လူမျိုးခြား ၁၆ မျိုးတို့ဟာ သူတို့ဘာသာစကားကိုယ်စီနဲ့ ဘုရားရဲ့ အံ့ဘွယ်အမှုတော်ကို ကြားရတယ်။ ပင်တေကုတ္တေနေ့မှာ အဲဒီ ဝိညာဉ်တော်ပြည့်ဝသူ ခရစ်ယာန်တွေဟာ သခင်ယေရှုအကြောင်းကို ဘာသာစကား ၁၆ မျိုးနဲ့ သက်သေခံကြတယ်။ ပါရှန်းစကားကအစ ကရေတေနဲ့ အာရေးဗီးယန်းစကား အထိပေါ့။ တမန်၂းရ-၁၁ မှာ “ထိုလူအပေါင်းတို့သည် အံ့ဩမိန်းမောတွေဝေလျက် ရှိ၍၊ ယခု ဟောပြော သောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည်မဟုတ်လော။ သို့ဟုတ်လျှင် ငါတို့သည် အသီးသီးမွေးဘွားရာ ဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။ ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါဘာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ပုနု္တ ပြည်၊ အာရှိပြည်၊ ဖြူဂိပြည်၊ ဝမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌ နေသောသူ၊ ကုရေနေမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးသီးဖြစ်ကြသော ငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားအားဖြင့် ဟောပြော ကြသည်ကို ကြားပါသည်တကားဟု အချင်းချင်း ပြောဆိုကြ၏။”

သူတို့ဟာ ကယ်တင်ခြင်းတရား ကြားရချိန်မှာ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးကြတယ်။ တမန်၂း၄၁ မှာ “ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သောသူတို့သည် ဝင်ကြ၏။”

ပင်တေကုတ္တေနေ့ရဲ့ အရေးကြီးတဲ့အကြောင်းအရာဟာ ဘာသာစကားပြောခြင်း မဟုတ်ပါဘူး။ လူသုံးထောင် ပြောင်းလဲခြင်းသာ ဖြစ်တယ်။ ဘာသာစကားပြောခြင်းအကြောင်း ပြတာမဟုတ်ဘူး၊ ဝိညာဉ်ကယ်တင်ခြင်းအကြောင်း ပြနေတာပါ။ ဘာသာစကား ပြောခြင်းက အဓိကမဟုတ်ဘူး။ အခြေအနေအရ ဖြစ်တာပါ။ အဓိကဖြစ်တဲ့ ဝိညာဉ်ကယ်တင်ခြင်းကို ကူညီပံ့ပိုးပေးရခြင်းသာ ဖြစ်တယ်။

ဒါဟာ တမန် ၁း၈-မှာ သခင်ယေရှုပြောတဲ့စကားနဲ့ ကိုက်ညီတယ်။  “ထိုသို့မရှိသော်လည်း၊ သင်တို့ပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။”

နှစ်ခြင်းဆရာယောဟန်ကလည်း လုကာ၁း၁၅-၁၆ မှာ “အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားေ့ရှတော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကိုမသောက်ဘဲနေ၍ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။ ဣသရေလ အမျိုးသား အများတို့ကို သူတို့ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြောင်းလဲစေလိမ့်မည်။”

ဘာသာစကားပြောတာကို အမွှမ်းတင်နေကြမယ်ဆိုရင် ဒေါ်လာတစ်သန်း(၁,၀၀၀,၀၀၀) ကို အညိုရောင်စက္ကူအိတ်ထဲမှာ ထည့်ပြီး လာပေးရင် ငွေတွေကိုထုတ်ပစ်၊ ဖြန့်ကြဲပစ်ပြီး အညိုရောင်စက္ကူအိတ်ရလို့ စိတ်လှုပ်ရှားနေတဲ့သူနဲ့ တူသွားပါလိမ့်မယ်။ စက္ကူအိတ်ဟာ ငွေပို့ဖို့၊ ထုတ်ပို့ရုံသက်သက်ပါ။ အရေးကြီးတာကငွေပါ။ စက္ကူအိတ် မဟုတ်ဘူး။

ပင်တေကုတ္တေနေ့က ဘာသာစကားပြောခဲ့တာဟာ လူသုံးထောင်ပြောင်းလဲဖို့အတွက် ဟောမယ့်တရားကို  အထောက်အကူပြု ပံ့ပိုးပေးရတာသာ ဖြစ်တယ်။  လူသုံးထောင်ပြောင်းလဲတာဟာ တရားကို နားလည်စေတဲ့ဘာသာစကားက အဓိကမဟုတ်ဘူး။ တမန် ၂ မှာ ဘာသာစကားပြောရခြင်းရဲ့ အဓိကစိတ်ရင်း ရည်ရွယ်ချက်ဟာ လူတွေကယ်တင်ခြင်းရဖို့ပါ။
    (၃) နည်းလမ်း  The method for it 
တမန်တော်ဝတ္ထုထဲက ဖြစ်ရပ်သုံးခုအပြင် ဘာသာစကားပြောခြင်းအကြောင်း တွေ့ရတဲ့နေရာ ဓမ္မသစ်ကျမ်းမှာ ရှိပါသေးတယ်။ ၁ကော ၁၂း၁ ၄ မှာ ဝိညာဉ်ဆုကျေးဇူးတွေအကြောင်း ရှင်ပေါလု ရှင်းပြထားတာပါ။ အငယ် ၁၀ မှာ တခြားဆုကျေးဇူးတွေအပြင် “ဘာသာစကားအမျိုးမျိုး” လို့ တွေ့ရတယ်။ ကောရိန ္တု အသင်းတော်ဟာ ဓမ္မသစ်ကျမ်းထဲမှာ ဘာသာစကားအမျိုးမျိုးပြောတဲ့ တခုတည်း သောအသင်းတော်ပါ။ မာကေဒေါနိပြည်၊ အာခိပြည်၊ ယုဒပြည်၊ ရှမာရိပြည်၊ အာရှ၊ ရောမနှင့် တခြားဒေသမှာ မတွေ့ရဘူး။

၁ကော၁၄ မှာ ဘာသာစကားပြောဖို့ အားပေးထားတာမျိုးမတွေ့ရဘဲ၊ ပြောနေသူတွေအပေါ် တားမြစ်မှုတွေ တသီကြီး ပေးထား တာ တွေ့ရတယ်။ ကောရိန ္တုအသင်းတော်ရှိ ယုံကြည်သူတွေကို ဒီဆုကျေးဇူးကို လုပ်ဆောင်ဖို့ အားမပေးဘဲ၊ မလုပ်ဖို့ တားမြစ်နေတာသာ ဖြစ်တယ်။

၁ကော၁၄ မှာ တွေ့ရတဲ့ တားမြစ်ချက်တွေကို မပြောခင်၊ ၁ကော၁၄ မှာ ဘာသာစကားပြောခြင်းဟာ တမန် ၂၊ ၉၊၁၀ တို့မှာ ပြောခြင်းနဲ့့ မတူတဲ့အကြောင်းကို အရင်ပြောဖို့လိုပါမယ်။

တမန် ၂ မှာ တပည့်တော်တွေဟာ ပရိတ်သတ်ရဲ့ဘာသာစကားတွေနဲ့ ကယ်တင်ခြင်းတရားဟောခြင်း ဖြစ်ပါတယ်။ ကယ်တင်ခြင်းတရားကြားပြီး၊ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးကြတဲ့အတွက် လူ ၃,၀၀၀ ကယ်တင်ခြင်းရတယ်။ အဲဒီနေ့ကပြောတဲ့ ဘာသာစကားတွေဟာ ကြားရသူတွေ နားမလည်တဲ့စကားမျိုး မဟုတ်ပါဘူး။

၁ကော ၁၄ မှာ တွေ့ရတဲ့ ဘာသာစကားပြောခြင်းကတော့ ပရိတ်သတ် နားမလည်ပါဘူး။ အသင်းတော်ကလူတွေ နားမလည်တဲ့ လူမျိုးခြားစကားတွေပါ။ သူတို့နားမလည်ပါဘူး။

ကဲ- ရှင်ပေါလုပြောတဲ့ တားမြစ်ချက်တွေကို လေ့လာရအောင်ပါ။
 (၁)   ပြောနေတာကို ကြားရသူတွေနားမလည်ခဲ့ရင်လူမျိုးခြားစကားဖြစ်ဖြစ်၊ ဘာစကားပဲဖြစ်ဖြစ် အသင်းတော်မှာမပြောပါနဲ့။ “အခြားသောဘာသာစကားဖြင့် ဟောပြောသောသူရှိလျှင် နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေ၊ တယောက်နောက်တယောက်ပြော၍ တယောက်သောသူသည် အနက်ကိုဘော်ပြစေ။ စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအား၎င်း ဘုရားသခင်အား၎င်း ပြောစေ။ ” ၁ကော ၁၄း၂၇ -၂၈။

 (၂)   ဝတ်ပြုစည်းဝေးတခုမှာ အခြားသောဘာသာစကားကို နှစ်ယောက်(သို့) သုံးယောက်ထက် ပိုမပြောသင့်ဘူး။- “အခြားသောဘာသာစကားဖြင့် ဟောပြောသောသူရှိလျှင် နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေ၊ တယောက်နောက်တယောက်ပြော၍ တယောက်သောသူသည် အနက်ကို ဘော်ပြစေ။ စကားပြန်မရှိလျှင်၊ဟောပြောသောသူသည် အသင်းတော်၌တိတ်ဆိတ်စွာနေ၍ မိမိအား၎င်း ဘုရားသခင်အား၎င်း ပြောစေ။” ၁ကော၁၄း၂၇

 (၃)   တကြိမ်မှာ တယောက်သာပြောပါ။ တပြိုင်နက်တည်း နှစ်ယောက်၊ သုံးယောက်ပြောကြရင် ပရမ်းပတာ ဖြစ်နေတယ်။ “တယောက်နောက်တယောက်ပြော၍ တယောက်သောသူသည် အနက်ကိုဘော်ပြစေ။” (၁ကော ၁၄း၂၇) တယောက်ပြီး တယောက် အလှည့်နဲ့ပြောရမယ်။ တပြိုင်နက်တည်း နှစ်ယောက်မပြောရဘူး။

 (၄)   ဝတ်ပြုစည်းဝေးမှာ အခြားသောဘာသာစကားပြောလို့ ရှုပ်ထွေးမှုတွေဖြစ်လာရင် ဘုရားသခင်ကြောင့် မဟုတ်တော့ပါဘူး။ “ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ။ သန့်ရှင်းသူတို့၏ အသင်းတော်အပေါင်းတို့၌ ဖြစ်သကဲ့သို့ အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။” (၁ကော ၁၄း၃၃)

 (၅)    အသင်းတော်မှာ အမျိုးသမီးတွေဟာ နားမလည်တဲ့စကားကို ဘယ်တော့မှမပြောရ။  “သင်တို့၏မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာနေကြစေ။ သူတို့သည် ဟောပြောရသောအခွင့် မရှိကြ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့သည် ယောကျာ်း၏ အုပ်စိုးခြင်းကို ဝန်ခံရကြမည်။ မိန်းမတို့သည် တစုံတခုကိုသင်လိုလျှင်၊ အိမ်၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမသည် အသင်းတော်၌ဟောပြောလျှင် ရှက်ဘွယ်သောအကြောင်းဖြစ်၏။” ၁ကော ၁၄း၃၄-၃၅

ဒီစကားဟာ နဲနဲထူးဆန်းပါတယ်။ ၁ကော ၁၁း၃-၁၀ မှာ အမျိုးသမီးတွေ အသင်းတော်မှာ ဆုတောင်းကြ၊ ပရောဖက်ပြုကြရင် အမျိုးသမီးတွေ ဘယ်လိုဝတ်စားရမယ်ဆိုတာ လမ်းညွှန်ချက်ပေးထားပြီးသား ဖြစ်ပါတယ်။ ဒီကျမ်းပိုဒ်က အမျိုးသမီးတွေတရားမဟောရ၊ သင်းအုပ်မလုပ်ရလို့ ပြောတာမဟုတ်ပါဘူး။ ၁တိ၂း၁၂ မှာ ပြောပြီးသားပါ။ “မိန်းမသည် ဆုံးမဩဝါဒပေးခြင်း၊ ယောကျာ်းကိုအစိုးတရ ပြုစေခြင်းအခွင့်ကို ငါမပေး။ သူသည်တတ်ဆိတ်စွာ နေအပ်၏။” ၁ကော ၁၄း၃၄-၃၅ မှာ အမျိုးသမီးတွေ စကားလုံးဝမပြောဘဲ တိတ်တိတ်နေဖို့ ပြောပြန်ပါတယ်။

သူရေးခဲ့တာကို သူမေ့သွားလို့လား? ညံ့များညံ့သလား? ကိုယ်ပြောပြီးတာကို ကိုယ်မသိဖြစ်နေတာလား? မဟုတ်ပါဘူး။ ဒီကျမ်းပိုဒ်တွေဟာ ဘာသာစကားပြောခြင်းအကြောင်း အခန်းကြီးထဲမှာ ရေးထားတာဖြစ်တယ်။ အသင်းတော်မှာ ဘာသာစကားပြောရင် အမျိုးသမီးတွေ တိတ်တိတ်နေဖို့ပြောတာပါ။ အခွင့်မပေးဘူး။

Dr. W. A. Chriswell  ပြောတာက ရှေးကောရိန ္တုမြို့ကြီးရဲ့ ေ့ရှမှာပင်လယ်ပြာကြီး ရှိတယ်။ အနောက်ဘက်မှာတော့ မြင့်မားလှတဲ့ အက်ခရို-ကောရင်သပ်စ် တောင်တန်း ရှိပါတယ်။ အက်ခရိုပေါလစ်တောင်ဟာ အေသင်မြို့မှာရှိတဲ့ ပါသီနွံထက် ပိုပြီးကြီးမားထင်ရှားပါတယ်။ ကောရိန ္တုမြို့ရှိ အက်ဖရိုဒိုက် နတ်ဘုရားကျောင်းက ကြီးကျယ်ထင်ရှားတယ်။ (လက်တင်လို- ဗီးနပ်စ် လို့ ခေါ်ပါတယ်။) အလှနဲ့အချစ် ဂရိ နတ်ဘုရားမ ဖြစ်တယ်။ ကာမဂုဏ်ခံစားမှုတွေနဲ့ ဝတ်ပြုကိုးကွယ်တယ်။ သူတို့ထုံးစံအရ နတ်ဝင်သည် ပြည်တန်ဆာတွေဟာ အကြီးအကျယ် စိတ်လှုပ်ရှားမှုတွေနဲ့အတူ ကာမဂုဏ်ပျော်ပါးရင်း ကိုးကွယ်ကြတယ်။ နားမလည်တဲ့စကားတွေပြောပြီး အမျိုးသမီးတွေ ပျော်ပါးကြတာဟာ ဂရိ-ရောမခေတ်ကာလမှာတော့ မြင်ဖူးနေကျ ဖြစ်ရပ်ပါ။ ဘာသာစကားပြောဆိုတာကို ရှင်ပေါလုမနှစ်သက်ခြင်းဟာ သဘာဝကျပါတယ်။ ဘုရားသားသမီးတွေ ဝတ်ပြုနေချိန်မှာ တစိမ်းတွေ ဖြတ်လျှောက်သွားလို့ အမျိုးသမီးတွေ နားမလည်တဲ့စကား ပြောနေတာကြားရရင် “ဒီနေရာက ဘာပါလိမ့် အက်ဖရိုဒိုက် ဘုရားကျောင်းလေးလား? ဝင်ပျော်ရအာင်ကွာ” လို့ အထင်မှားနိုင်ပါတယ်။ ရှင်ပေါလုက လုံးဝ၊ လုံးဝ လက်မခံဘူး။ “ဘာသာစကားတွေ ပြောကြမယ်ဆိုရင် အမျိုးသမီးတွေတိတ်တိတ်နေပါ။ ဘုရားကျောင်းထဲမှာ နားမလည်နိုင်တဲ့စကားတွေကို အမျိုးသမီးတွေ ပြောကြမယ်ဆိုရင် ရှက်စရာကောင်းတယ်။” လို့  ရှင်ပေါလု ပြောလိုတာပါ။

ဒီတားမြစ်ချက်ဟာ အခုချိန်ထိ တည်မြဲနေပါတယ်။ စိတ္တဇဆန်ဆန် အမျိုးသမီးတွေ ဘာသာစကားပြောကြတာက ထာဝရဘုရား ရဲ့နာမတော်ကို ကဲ့ရဲ့စရာဖြစ်နေတယ်။

 (၆)  ပရိတ်သတ် နားလည်တဲ့စကားကိုဘဲ ပြောဖို့အားပေးတယ်၊၊

“ငါသည်သင်တို့ရှိသမျှထက်၊ အခြားသောဘာသာစကားဖြင့် ဟောပြောသောအရာကို ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၏။ သို့သော်လည်း၊ အသင်းတော်၌အခြားသော ဘာသာစကားဖြင့် စကားတသောင်းကို ပြောနိုင်သည်ထက်၊ သူတပါးတို့ကို သွန်သင်ခြင်းငှါ စကားငါးခွန်းကို ဉာဏ်နှင့်တကွ ပြောနိုင်သောအခွင့်ကို သာ၍အလိုရှိ၏။”  (၁ကော ၁၄း၁၈-၁၉)

၅ ခွန်းနဲ့ အခွန်းတသောင်း။ အရမ်းကွာလွန်းပါတယ်။ လူသာမန် အဆင်ခြင်ရှိသူဆိုရင်၊ နောင် ဆက်ပြောတော့မှာ မဟုတ်ဘူး။ အသင်းတော်မှာ ပြောခွင့်မရှိဘူး။

မကြာသေးခင်က ကျွန်တော့ကျမ်းစာအုပ်ရဲ့ ဘေးမှတ်စုမှာ ဘာသာစကားပြောခြင်းဟာ ဝတ်ပြုစည်းဝေးနဲ့ မသင့်တော်ကြောင်း အချက် (၅) ချက် ရေးမှတ်ထားလိုက်တယ်။

 (၁) သာမန်အားဖြင့် နားမလည်နိုင်တဲ့အတွက် အကျိုးရှိအောင် ဘာသာပြန်သူ၊ အနက်ပြန်သူ လူလိုတယ်။
 (၂)  နားမလည်နိုင်တဲ့အတွက် ယုံကြည်သူတွေကို မတည်ဆောက်သလို၊ မယုံကြည်သူတွေကိုလည်း လန့်ပြီး ရှောင်သွားစေတယ်။
 (၃)  နားလည်တဲ့စကား ပြောရင်ရပါလျက်နဲ့ ဆင်ခြင်တုံမဲ့ အမူအယာနဲ့ ပြောနေကြတာဟာ စိတ်မမှန်ဘူး။ အရူးတွေလို့ မယုံကြည်သူတွေက မှတ်ချက်ချစေတယ်။
 (၄)  ဘာသာစကားပြောသူတိုင်းက ဝိညာဉ်တော်တန်ခိုးနဲ့ ပြောတယ်လို့ ဆိုနေကြတဲ့အတွက် ဘုရားသခင်ဟာ ရှုပ်ထွေးစေသူလို့ ကြားရသူတွေက မှတ်ယူသွားနိုင်တယ်။
 (၅)  ဘုရားသခင်ရဲ့သက်သေခံချက်အားလုံးဟာ လူတွေအားလုံး နားလည်ရမယ်ဆိုတဲ့ ဘုရားရည်ရွယ်ချက်ကို အဆီးအတား အနှောင့်အယှက် ဖြစ်စေတယ်။
ဒီ မအူမလည်နည်းလမ်းကို ဘာကြောင့်သုံးမလဲ? ဘုရားသခင် မသုံးသလို၊ တမန်တော်တွေလည်း မသုံးခဲ့ဘူး။
     ၄၊၊  နားလည်လွဲမှုများ။ The misunderstandings about it
ဘာသာစကားပြောခြင်းနဲ့ ပတ်သက်တဲ့ နားလည်လွဲမှုတွေ အများကြီးရှိနေပါတယ်။ တချို့က ဘာသာစကားပြောတာဟာ ဝိညာဉ်တော်ပြည့်ဝခြင်းရဲ့ သက်သေလို့ ပြောကြတယ်။ တချို့က ဘုရားသခင်ကိုပြောတဲ့ ဆုတောင်းတဲ့ ဘာသာစကားလို့ ဆိုတယ်။ တချို့ကလည်း ဝိညာဉ်လူဖြစ်ကြောင်းပြတဲ့ သက်သေလို့ ပြောနေပြန်ရော။ ဝိညာဉ်လူဖြစ်သွားရင် ဘာသာစကားတွေ ပြောလာလိမ့်မယ်လို့ ဆိုတယ်။

ဘာသာစကားပြောတာဟာ ဝိညာဉ်တော်ပြည့်ဝတဲ့ သက်သေဆိုတာ ဟုတ်သလား? ကျမ်းစာကို ကြည့်ပါ။ အဲဒီလို တခါမှ မပြောဖူးဘူး။ ပင်တေကုတ္တေနေ့ မတိုင်မှီဖြစ်စေ၊ နောက်ပိုင်းဖြစ်စေ၊ ဝိညာဉ်ဆုကျေးဇူးများအကြောင်း ပြောရာမှာဖြစ်စေ ဝိညာဉ်တော်ပြည့်ဝတဲ့ သက်သေ (သို့)တစိတ်တပိုင်း ဖြစ်တယ်လို့ မပြောပါဘူး။ ဒီအယူအဆဟာ ဘုရားစကားအပေါ်မှာ အခြေခံတဲ့စကား မဟုတ်ဘူး။

နာမည်ကြီး ပင်တယ်ကော့စတယ်လ် စာရေးဆရာဖြစ်သူ သင်းအုပ်ဆရာ Donald Gee  က သူ့ရဲ့ “ဝိညာဉ်တော်နှစ်ခြင်းရဲ့ ကနဦးသက်သေဖြစ်တဲ့ ဘာသာစကားပြောခြင်း” ဆိုတဲ့ စာအုပ်ငယ်မှာ-

 “ဘာသာစကားပြောခြင်းဟာ ဝိညာဉ်တော်နှစ်ခြင်းရဲ့ ကနဦးသက်သေဆိုတဲ့အယူဟာ တမန်တော်ဝတ္ထုရဲ့ အဖြစ်တွေအပေါ်မှာ စုစည်းခံယူထားတာပါ။ အဲဒီသက်သေရဲ့အမှတ်လက္ခဏာလို့ တိုက်ရိုက်ဖြစ်စေ၊ ပုံဆောင်ချက်အားဖြင့်ဖြစ်စေ၊ ဓမ္မသစ်ကျမ်းမှာ မတွေ့ရတဲ့ အတွက်၊ ဒီအကြောင်းနဲ့ပတ်သက်တဲ့ ခံယူချက်မှန်သမျှဟာ သူ့ဘောင်ကလေးအတွင်းမှာသာ ကန့်သတ်ခံယူကြဖို့ အရေးကြီးပါတယ်။” လို့ ဆိုပါတယ်။

ဘာသာစကားပြောခြင်းဟာ ဝိညာဉ်တော်ပြည့်ဝတဲ့ သက်သေမဟုတ်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

   (၁)  ကျမ်းစာက အဲဒီလို မပြောလို့ပါ။
   (၂) အခြား သက်သေတမျိုးကိုသာ ဂတိပေးထားလို့ပါ။
တမန် ၁း၈ မှာ “ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။”

ဒီကျမ်းချက်မှာ ဝိညာဉ်တော်ပြည့်ဝရင် သက်သေခံလာလိမ့်မယ်လို့ပဲ ပြောပါတယ်။ ဒီအချက်ကြောင့်သာ တမန် ၂ မှာ ဝိညာဉ်တော် ပည့်ပြီး ကယ်တင်ခြင်းတရားဟောတဲ့အတွက် လူ ၃,၀၀၀ ပြောင်းလဲခဲ့တာပါ။

နှစ်ခြင်းဆရာယောဟန်အကြောင်းကို လုကာ ၁း၁၅၊၁၆ မှာ “ထိုသားသည်ထာဝရဘုရား ေ့ရှတော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကိုမသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လိမ့်မည်။ ဣသရေလအမျိုးသား အများတို့ ကို သူတို့ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲစေလိမ့်မည်။” နှစ်ခြင်းဆရာယောဟန်ဟာ အခြားသောဘာသာစကား ပြောတယ် လို့ ပြောမထားဘူး။ “ဣသရေလအမျိုးသား အများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲစေလိမ့်မည်။” လို့ပဲ တွေ့ရတယ်။ ဝိညာဉ်တော်နဲ့ပြည့်ဝလာလို့ “လူများစွာကိုပြောင်းလဲစေသူ”  a great soul winner ဖြစ်လာတာပါ။ ဝိညာဉ်တော် ပြည့်ဝတဲ့ သက်သေဟာ ဝိညာဉ်ကယ်တင်ခြင်းသာ ဖြစ်တယ်။ ဘာသာစကား ပြောခြင်းမဟုတ်ဘူး။

 (၃)  ဝိညာဉ်တော်ပြည့်ဝသူတွေ ကျမ်းစာထဲမှာရှိပေမယ့် ဘာသာစကားကတော့ မပြောကြဘူး။

သခင်ယေရှု (လုကာ ၃း၂၂ နဲ့ တမန် ၁၀း၃၈) ။ နှစ်ခြင်းဆရာယောဟန် (လုကာ ၁း၁၅၊၁၆) ။ ရှမာရိပြည်က ပြောင်းလဲသူတွေ (တမန် ၈း၁၄-၁၇။ ရှင်ပေါလု တမန် ၉း၁၇)။

ဒီနေ့ခေတ်ရဲ့လူများစွာကို ပြောင်းလဲစေသူတွေဟာလည်း ဝိညာဉ်တော် ပြည့်ဝကြပေမယ့် ဘာသာစကား မပြောကြပါဘူး။ THE SWORD OF THE LORD မဂ္ဂဇင်းရဲ့ တည်ထောင်သူ အယ်ဒီတာ Dr.John R. Rice ဟာ ဝိညာဉ်တော် ပြည့်ဝသူဖြစ်တာ လူသိများပါတယ်။ ဒါပေမယ့် သူဟာ အခြားသော ဘာသာစကား မပြောဘူး။

အမေရိကန်ပြည်ရဲ့ အကြီးမားဆုံး Sunday School ရဲ့သင်းအုပ်ဆရာကြီး Dr. Jack Hyles ဟာ ဝိညာဉ်တော်ပြည့်ဝတာ ထင်ရှားတဲ့သူပါ။ သူလည်း တခါမှ အခြားသော ဘာသာစကား မပြောပါဘူး။ Tennessee ပြည်နယ်ရဲ့ အကြီးဆုံးအသင်းတော်ရဲ့ သင်းအုပ်ဆရာကြီး  Dr. Lee Roberson ဟာ သူ့အသက်တာမှာ ဝိညာဉ်တော်ပြည့်ဝတဲ့ အကြောင်းတွေ ဟောပြောပါတယ်။ ဒါပေမယ့် သူလည်း ဘယ်တော့မှ အခြားသော ဘာသာစကားမပြောဘူး။

ဝိညာဉ်တော်နဲ့ ပြည့်ဝကြတဲ့ ဟိုတခေတ်က တရားဟောဆရာတွေ၊ ဧဝံဂေလိဆရာတွေဖြစ်တဲ့ Dwight L. Moody, Charles G. Finney,  R.A .Torrey,  John Wesley,  George Whitefield, Charles Haddon Spurgeon,  Billy Sunday,  J. Wilbur Chapman, George Truett, Gipsy Smith နဲ့ တခြားဆရာ အများအပြားဟာ အခြားသော ဘာသာစကား မပြောဘူး။

ဒါကြောင့် ဘုရားသခင်က ဝိညာဉ်တော်ပြည့်ဝတဲ့သက်သေတမျိုး ပေးထားတဲ့အတွက်၊ ဘုရားမပြောဘဲနဲ့၊ အခြားသော ဘာသာ စကားဟာ ဝိညာဉ်တော်သက်သေပါလို့ ပြောနေတာဟာ မှားပါတယ်။

ဘာသာစကားနဲ့ပတ်သက်ပြီး နောက်ထပ်လွဲနေတာတခု ရှိပါသေးတယ်။ ဆုတောင်းတဲ့ ဘာသာစကားလို့ ပြောနေတာပါ။ ၁ကော ၁၄း၂ ကို အခြေယူကြတာပါ။ “အခြားသောဘာသာစကားအားဖြင့် ပြောသောသူသည် လူတို့အားမပြော၊ ဘုရားသခင်အားပြော၏။ သူ၏ စကားကို အဘယ်သူမျှနားမလည်။ နက်နဲသောအရာတို့ကို ဝိညာဉ်တော်အားဖြင့်ပြော၏။”

နည်းနည်းလေ့လာလိုက်ရင် ရှင်းသွားမှာပါ။ ဒီကျမ်းချက်က အသင်းတော်မှာ လူမျိုးခြားစကားပြောသူရှိလို့ ဘယ်သူမှနားမလည်ရင်၊ ဒါ လူကိုပြောတာမဟုတ်ဘူး၊ ဘုရားကိုပြောတာပါ။ ဆက်ရှင်းပြပါသေးတယ်။ “ဘယ်သူမှနားမလည်လို့” လို့ ပြောပါတယ်။ ဒီကျမ်းပိုဒ်က ဘုရားသာနားလည်တဲ့ ဘာသာစကားလို့ပြောလိုတာ ဆိုလိုတာမဟုတ်ပါဘူး။ နားမလည်တဲ့စကားဟာ နားထောင်သူ ကြားရသူတွေ     နားမလည် (သို့) မကြားဖူး မသိဖူးကြတဲ့ နိုင်ငံခြား လူမျိုးခြားစကားတမျိုးပါ။

တရုတ်စကားနားမလည်တဲ့ အင်္ဂလိပ်စကားပြော ပရိတ်သတ်ကို ကျွန်တော်က တရုတ်လိုဟောရင် သူတို့ နားမလည်ကြတဲ့အတွက် သူတို့ကိုဟောတာ မဖြစ်တော့ပါဘူး။ ဘုရားကိုပြောတာပဲ ဖြစ်ရပါတော့တယ်။ ဘုရားကတော့ ဘာသာစကားရှိသမျှကို နားလည်နေတာကိုး။ ဒီနေရာမှာပြာချင်တာက လူနားမလည်တဲ့ လူမျိုးခြားစကားတမျိုးသာဖြစ်ပြီး၊ ဘုရားပါမသိဖူးတဲ့ စကားမဟုတ်ပါဘူး။

မကြာသေးခင်က စားသောက်ဆိုင်ကြီးတခုမှာ ကျွန်တော်ဟာ လူတစုကြီးနားမှာ နေရာရပါတယ်။ သူတို့စကား ကျွန်တော်နားမလည်ပါဘူး။ စားနေရင်း သူတို့စကားလည်း နားလည်ချင်လာပါတယ်။ ဒါပေမယ့် ကျွန်တော်နားမလည်တဲ့ စကားဆိုတော့ ကျွန်တော့ကို ပြောနေတာမဟုတ်ဘူး။ ဒါပေမယ့် သူတို့စကားကို ဘုရားကကြားပြီး နားလည်နေပါတယ်။

ဆုတောင်းတဲ့ဘာသာစကားရယ်လို့ သပ်သပ်မရှိပါဘူး။ ဘုရားက ဘာသာစကားအားလုံးကို နားလည်ပါတယ်။ ဘုရားက အားလုံးသိပါတယ်။ ဘုရားနားမလည်တဲ့စကားရယ်လို့ မရှိပါဘူး။ ပြောသမျှ ကြားနေပါတယ်။

တခါတုန်းက အင်္ဂလိပ်စကား နည်းနည်းပဲပြောတတ်တဲ့ အမျိုးသမီးတယောက်ကို ခရစ်တော်အကြောင်း ပြောပြဖူးတယ်။ ဆုတောင်း ဖို့ပြောတော့ သူက ဆုတောင်းလောက်အောင်တော့ အင်္ဂလိပ်လိုမရဖူးလို့ ပြောပါတယ်။ သူ့ဘာသာစကားနဲ့ပဲ တောင်းပါလို့ ပြောတော့ သူ တောင်းတယ်။ သူပြောတာ ကျွန်တော်နားမလည်ဘူး။ ဘုရားသခင်ကတော့ နားလည်တာပေါ့။ သူဆုတောင်းပြီးတော့ မျက်နှာမှာ အပြံုးတွေ ဝေလာပြီး ကျွန်တော့ကို လက်ဆွဲနှုတ်ဆက်တယ်။ နောက်တပတ်တနင်္ဂနွေမှာ သူ့ကို အားရဝမ်းသာ နှစ်ခြင်းပေးရတယ်။ သစ္စာရှိတဲ့ အသင်းသားတယောက်အဖြစ် ပါဝင်လာတယ်။ ဆုတောင်းတဲ့ဘာသာစကားရယ်လို့တော့ မရှိပါဘူး။

ဘာသာစကားပြောတာဟာ ဝိညာဉ်သဘောရှိတာလို့ ထင်မြင်သူတွေလည်း ရှိတယ်။ ဒါဟာ နားလည်လွဲနေတာပါ။ ဘာသာစကား ပြောတဲ့ အသင်းတော်ရယ်လို့ ကျမ်းစာထဲမှာ ကောရိန ္တု အသင်းတော်ပဲရှိပါတယ်။ ကောရိန ္တုအသင်းတော်ဟာ ဇာတိအသင်းတော် ဝိညာဉ် သဘောမရှိဘူးလို့ ကျမ်းစာကပဲ သေသေချာချာပြောထားတာပါ။ “ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ၊ နို့ကိုသာတိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်ကြသေး။ ယခုပင်လည်း၊ ဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိလူ ဖြစ်ကြသည်မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည်မဟုတ်လော။” ၁ကော ၃း၂၊၃

ကြေခဲတဲ့အစာမစားနိုင်လို့၊ နို့ပဲတိုက်ထားရသူတွေပါ။ သူတို့ထဲကတချို့တွေဟာ ရှင်ပေါလုကို ဒုက္ခပေးကြ၊ တိုက်ခိုက်ကြသူတွေပါ။ (၁ကော ၄း၁၈) သူတို့ထဲကတယောက်ဟာ ကာမဂုဏ်ဖေါက်ပြန်သူပါ။ မိထွေးနဲ့ မှားယွင်းသူပါ။ အသင်းတော်ကလည်း အထင်အရှား လက်ခံ ထားတာပါ။ (၁ကော၅း၁)  အသင်းသားတွေဟာ တယောက်နဲ့တယောက် တရားစွဲနေကြတယ်။ (၁ကော ၆း၁-၈) တချို့အသင်းသားတွေက ရုပ်တုကို ပူဇော်တဲ့ယဇ်သားတွေ စားကြတယ်။ (၁ကော ၈)  ပွဲတော်ဝင်ချိန်မှာလည်း ကွဲပြားမှုတွေ၊ အယူလွဲမှုတွေရှိနေတယ်။ တချို့က ပွဲတော်မှာ သောက်စားချင်လို့ လာတာပါ။ (၁ကော ၁၁း၁၇-၂၁) တချို့က ထမြောက်ခြင်းကို ငြင်းပယ်နေကြသူတွေပါ။ (၁ကော ၁၅း၁၂)

ဘာသာစကားပြောတယ်လို့ တပါးတည်း မှတ်တမ်းတင်ခဲ့ရတဲ့ အဲဒီအသင်းတော်ဟာ ဇာတိအသင်းတော်ပါ။ ဒါကြောင့် ဘာသာစကားပြောတာဟာ ဝိညာဉ်တော်သဘောရှိတာ မဟုတ်ပါဘူး။

ကဲ- နိဂုံးချုပ်အနေနဲ့  - - -
ယုံကြည်သူတိုင်း ဝိညာဉ်တော်ပြည့်ဝဖို့ တိုက်တွန်းချင်ပါတယ်။ ဝိညာဉ်တော်မပြည့်ဝဘဲ ဘုရားအလုပ် လုပ်ဖို့ဆိုတာ ဒီရေကို နောက်ပြန်သွားဖို့ ခံရင်းခွနဲ့ တားသလိုဖြစ်နေပါလိမ့်မယ်။

ဝိညာဉ်တော်ပြည့်ဝလာရင် ကိုယ့်ဘဝရဲ့အချိန်တွေကို လူတွေပြောင်းလဲဖို့ အသုံးပြုလာလိမ့်မယ်။ ဝိညာဉ်တော် ဒီလောကကို ကြွလာရတဲ့ အဓိကအကြောင်းရင်းက “ဥပဇ္စျာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” (ယော ၁၆း၈)

လူစကားဘဲဖြစ်ဖြစ်၊ ကောင်းကင်တမန်စကားဘဲဖြစ်ဖြစ် ပြောနေပြီးတော့ ဝိညာဉ်တွေမရ၊ လူတွေ မပြောင်းလဲရင် ဘာအကျိုး ရှိမလဲ? လူ့ပညာနဲ့ပဲ ဖြစ်ဖြစ်၊ အ့ံဘွယ်နမိတ်ကြောင့်ပဲဖြစ်ဖြစ်၊ စကားအခွန်း တဒါဇင်လောက်ပြောပြီး ကယ်တင်ခြင်းအကြောင်းတော့ ဘယ်သူ့ကိုမှ ရှင်းမပြရင် ဘယ်လိုလုပ် ကယ်တင်ခြင်းရကြပါ့မလဲ?
ဝိညာဉ်တော်နဲ့ပြည့်ဝပြီး ၊ ဝိညာဉ်တွေကိုကယ်တင်ကြပါ။                 ။

Friday, July 19, 2013

14. The Fullness of the Spirit, the Believer’s Need - BREAD FOR BELIEVERS (Burmese)

---------------------------------------------------------------------------------------------------
အခန်း ၁၄
--------------------------------------------------------------------------------------------------
Dr. Curtis Hutson
ဆုတောင်း။
ကောင်းကင်ဘုံရှင်အဘ၊ ကောင်းကြီးရစေချင်ပါတယ်။ ကြီးလေးတဲ့ ဒီအကြောင်းအရာကိုပြောဖို့ရာ နည်းနည်းတော့ ဝန်လေးပါတယ်။ ကိုယ်တိုင်မပြည့်ဝဘဲနဲ့ ဝိညာဉ်တော်ပြည့်ဝခြင်းအကြောင်းပြောရင် မှားပါလိမ့်မယ်။ ဝိညာဉ်တော်ပြည့်ဝဖို့ ဒီညဆုတောင်းပါတယ်။ ကိုယ်တော်တွေးသလိုတွေးပြီး၊ ပြောသင့်တဲ့စကားကို ကွက်တိပြောတတ်ဖို့ ရှိသင့်တဲ့အပြုအမူမျိုးနဲ့ ဟောပြောနိုင်ဖို့ မစပါ။

ကျွန်တော့်အတွေးတွေကို ကိုယ်တော်သိနေပါတယ်။ ဒီတရားဟောပြီးရင် ဒီကလူတချို့ ဝိညာဉ်တော်နဲ့ပြည့်ဝဖို့ ဆာငတ်တောင့်တ လာကြဖို့ မြော်လင့်နေပါတယ်။ ဘယ်လိုပြည့်ဝနိုင်တယ်ဆိုတာ နားလည်သွားကြဖို့ မြော်လင့်ပါတယ်။ တချို့လည်း ရှေ့ထွက်လာပြီးတော့ “ဒီနေ့တော့ တကယ်ဖြစ်ပြီ။ သာမန်အသက်တာကို စိတ်ပျက်သွားပြီ။ အများနည်းတူ နေ့စဉ်အသက်ရှင်ရတာ စိတ်ပျက်ပြီ” လို့ ပြောလာကြပါစေ။

ဟောပြောမှုမှာ မစတော်မူပါ အဘ။ ကောင်းကောင်းမွန်မွန်ဖြစ်စေပါ။ အများအတွက် ကောင်းကြီးမင်္ဂလာ ဖြစ်စေပါ။ အာမင်။

ကျမ်းချက် ၂ ချက် ဖတ်ပါမယ်။
“လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။” ဧဖက် ၅း၁၈
“ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်” ဇာခရိ ၄း၆။

တရားဟောဖို့ ကျွန်တော့်ကို ဘုရားသခင်ခေါ်တုန်းက ကျွန်တော့အသက်နှစ်ဆယ်ပဲ ရှိသေးတယ်။ ဝိညာဉ်တော်ပြည့်ဝခြင်းအကြောင်း ဟောတာ တခါမှ မကြားဖူးဘူး။ ရည်မှန်းချက်တွေ၊ ရူပါရုံတွေတော့ ကြီးကြီးမားမား ထားပါတယ်။ ရည်မှန်းချက်နဲ့ ရူပါရုံဆိုတာ သိပ်ကြီးကြီးမားမားထားရင် အပြစ်ဖြစ်တယ်လို့ ထင်တဲ့သူတွေ ရှိတယ်ဆိုတော့  ကျွန်တော်ထားတဲ့ ရူပါရုံတွေကို သိပ်ပြောပြခွင့်မရဘူး။ ဒါပေမယ့် ရူပါရုံတော့ ထားခဲ့တယ်။ တရားဟောဖို့ခေါ်တယ်လို့ မိတ်ဆွေတယောက်ကို ပြောပြတဲ့ညမှာ ငိုရင်း၊ စကားပြောရင်းနဲ့ မနက်၂နာရီ ၃၀ အထိ ပြောဖြစ်ကြတယ်။

ကျွန်တော်ပါဝင်ခဲ့တဲ့အသိုင်းအဝိုင်းက တရားဟောဆရာကို လစာပေးတာ လက်မခံကြဘူး။ တနင်္ဂနွေနေ့ တရားဟော၊ ကျန်တဲ့နေ့မှာ အသက်မွေးဝမ်းကြောင်းအတွက် တခုခုလုပ်ရမယ်လို့ ယူဆကြတယ်။ ဒါပေမယ့် သူငယ်ချင်းကို  “တနေ့မှာ ငါအချိန်ပြည့် တရားဟောမယ်” လို့ ပြောခဲ့တယ်။

အကြီးအကျယ် စိတ်ကူးယဉ်ခဲ့တယ်။ စိတ်ကူးယဉ်တဲ့အတိုင်းလည်း ဖြစ်လာပါတယ်။ ဘုရားကျေးဇူးတော်ကြောင့် အံ့ဩစရာတွေ ဖြစ်လာတယ်။ အဲဒီအထဲက တစ်ခုက  SWORD OF THE LORD စာစောင်ကို သူများပို့ပေးလို့ ဖတ်ရပြီး- ၁၉၆၁ နှစ် အနိ ္တအုတ်နှစ်ခြင်း အသင်းတော်မှာလုပ်တဲ့ SWORD စည်းဝေးကြီးကို တက်ခွင့်ရခဲ့တယ်။ အဲဒီစည်းဝေးကြီးမှာ တရားဟောဆရာတွေရဲ့ ထူးခြားမှုကို သတိထားမိပါတယ်။

Dr. John R.Rice , Dr. Jack Hyles နဲ့ Dr. Tom Malone တို့ တရားဟောကြပါတယ်။ အဲဒီတုန်းက ငယ်သေးတော့ သိချင်စိတ်ပြင်းပြနေတယ်။ နားထောင်ကြည့်တော့ စိတ်နှလုံးကို ထိတွေ့တယ်။ ဟောပြောတာတွေ ထိမိတယ်။ Dr.Rice က“ ဆုတောင်းချက်တွေ အဖြေရအောင် ဘယ်လိုလုပ်မလဲ? ဆိုတာဟောတယ်။ သူ့ကို သတိထားကြည့်မိတယ်။ သူဟာ ထူးခြားမှုရှိတဲ့လူတစ်ယောက်လို့ သိလာတယ်။ သူက သာမန်တရားဟောဆရာမဟုတ်ဘူး။ စာပေလည်း ထုတ်ဝေတယ်လို့ သိရတယ်။

စာအုပ်စားပွဲနားသွားပြီး၊ စာအုပ်တွေကြည့်တယ်။ Dr. Rice က စာအုပ်အထူကြီး အမျိုးပေါင်း (၅၀) လောက်ရေးထားတာပါ။ ကြည့် ပြီးတော့ “ ဒီစာအုပ်တွေတစ်ခါမှ မဖတ်ဖူးပါလားလို့” တွေးမိပါတယ်။ တရားဟောတာ နားထောင်ရတယ်။ စိတ်လှုပ်ရှားရတယ်။ ဝိညာဉ်ကယ်တင်ခြင်းဟာ လောကမှာအရေးအကြီးဆုံးအရာပဲလို့ သူဟောတဲ့စကား ရင်ထဲရောက်လာတယ်။ ဝိညာဉ်ကယ်တင်ခြင်းဟာ ဝိညာဉ်တော်မပြည့်ဝဘဲ လုပ်လို့မရနိုင်ပါဘူး။

Dr. Jack Hyles ဟောတာကြားရပါတယ်။ သူ့ကိုတွေ့ဖူး၊ မြင်ဖူးချင်တယ်။ နောက်ရက်တွေမှာ ရောက်လာပြီး၊ အခန်းထဲမှာ မုတ်ဆိတ်ရိတ်နေတာကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးပါတယ်။ အဲဒီတုန်းက သူမှန်းမသိဘူး။ ခဏကြာလို့ တရားဟောဖို့ သူထလာတော့မှ၊ မုတ်ဆိတ် ရိတ်နေတာ တွေ့လိုက်ရတဲ့သူပါလားလို့ တွေးမိပါတယ်။

သူက “လူသည်အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည်အောက်မေ့တော်မူရသနည်း” ကို ဟောတယ်။ ဘုရားကျောင်းမှာ သူ့ကိုစကားလာပြောတဲ့ အဘိုးကြီးတစ်ယောက် အကြောင်းပြောပြပါတယ်။ သူက ရှောင်ထွက်သွားချင်ပေမယ့်၊ သူ့ရဲ့အလုပ်အကူတစ်ယောက်က တွေ့ကြည့်ဖို့ တိုက်တွန်းတယ်။ ကျွန်တော့စိတ်နှလုံး ပြင်းပြဆာလောင်သွားတယ်။ “ငါလူတွေကိုမချစ်ပါလား? တနင်္ဂနွေနေ့ တရားဟောတာလည်း ခဏတဖြုတ် အလုပ်လိုပဲ။ အားရဝမ်းသာ ပြောစရာအကြောင်းရှိလာရင် အားရဝမ်းသာပြောချင်တတ်တဲ့ လူတစ် ယောက်လောက်ပဲ၊ ဒါပေမယ့် ငါ လူတွေကို မချစ်ဘူး။ ခရစ်တော်အတွက်လည်း လူတစ်ယောက်မှ မရဖူးဘူး။ ၆ နှစ်တောင် သင်းအုပ် လုပ်ခဲ့ဖူးပြီလို့” တွေးမိပါတယ်။

Dr. Hyles  ကိုကြည့်မိတယ်။ သူ့တရားဟောချက်ကို မှတ်ထားပြီးကျွန်တော့ရဲ့ လူနည်းစုလေးကို ပြန်ဟောတယ်။ “ငါ့လိုပဲ သူတို့  အကျိုးရှိလိမ့်မယ်လို့” ထင်တယ်။ ဒါနဲ့ဟောလိုက်တယ်။ ဘယ်သူမှ မခံစားရဘူး။ ဘယ်သူမှ မလှုပ်ရှားဘူး။ ငါတုန့်ပြန်သလို သူတို့မတုန့်ပြန် ပါလားလို့ အံ့ဩမိတယ်။ ငါထိတွေ့သွားသလို သူတို့ထိတွေ့ မသွားကြပါလားလို့ အံ့ဩမိတယ်။ ဒီတရားနဲ့ ဒီကျမ်းချက်နဲ့ပဲ ဟောခဲ့တာပါ။

Dr. Tom Malone က တမန် ၆ ကနေ “သင်းထောက်များ” အကြောင်းဟောခဲ့ပါတယ်။ သင်းထောက်ဖြစ်ဖို့ လိုအပ်ချက်တွေအကြောင်း ဟောပြလိုက်တော့ ကျွန်တော်ခေါင်းခါပြီး ထွက်ခဲ့တယ်။ “သင်းထောက်တစ်ယောက်ဆိုတာ  တွေ့ကော တွေ့ဖူးလို့လား၊ တွေ့ရင်လဲ သင်းထောက်မှန်း ငါသိပါ့မလား” လို့ တွေးမိပါတယ်။ စည်းဝေးကအပြန် ကားမောင်းရင်းနဲ့၊ “သင်းထောက်တစ်ယောက်အရည်အချင်း ငါ့မှာမရှိရင် တရားဟောဆရာတစ်ယောက်ပဲ ဖြစ်ပါစေတော့” လို့ တွေးမိတယ်။

တခါတလေလည်း ကျွန်တော့်အသင်းတော်လေးထဲက နှုတ်ထွက်ပြီး၊ ဝိညာဉ်ကယ်တင်တဲ့ အသင်းတော်ကြီးတစ်ခုမှာ ပါဝင်မလားလို့ စဉ်းစားမိခဲ့ပါတယ်။ Tennessee ပြည်နယ် Chattanooga မြို့က Highland Park နှစ်ခြင်းအသင်းတော်အကြောင်း ကြားဖူးပါတယ်။ နှစ်ပေါင်းများစွာ၊ တစ်နှစ်တစ်နှစ်ကို လူ(၁,၀၀၀)ကျော် နှစ်ခြင်းပေးရတယ်။ Chattanooga မြို့ကို အပတ်တိုင်းသွားပြီး အသင်းတော်ကောင်း တပါးဖြစ်ဖို့ လေ့လာခံယူရင် ကောင်းမလားလို့ အသည်းအသန် စဉ်းစားမိပါတယ်။ ဒါပေမယ့် ဘုရားသခင် ခွင့်မပြုဘူး။ ဒီဆရာတွေက ဘာထူးခြားလို့လဲ? အမေရိကန်ပြည်မှာ တရားဟောဆရာထောင်ချီပြီးရှိနေတာ ဒီဆရာတွေက ဘာထူးခြားလို့ပါလိမ့်။

ပြီးခဲ့တဲ့ညမှာ Dr. Lee Roberson က သူ့ဘဝရဲ့ တောင်ထိပ်(၇) ခု အကြောင်းကို ဟောသွားတယ်။ ပြောင်းလဲခြင်း၊ ဝိညာဉ်ကယ်တင်ခြင်း၊ ဒုတိယ အကြိမ်ကြွလာခြင်း၊ စတာတွေပြောသွားတယ်။ ကျွန်တော်ဂရုစိုက်နားထောင်ခဲ့တယ်။ “သူဒါပြောတော့မယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ခြောက်ချက်မြောက်မှာ  သူက “ဝိညာဉ်တော်နဲ့ ပြည့်ဝတဲ့အသက်တာလို့” ပြောပါတယ်။ သူက “ဘယ်အချိန်မှာ ပထမဆုံးအကြိမ် ပြည့်ဝခဲ့သလဲဆိုတာ မသိဘဲနဲ့ ဝိညာဉ်တော်ပြည့်ဝတဲ့ အသက်တာ၊ ဖြစ်ခဲ့တယ်” လို့ ဆိုပါတယ်။

ဒီတရားဟောဆရာကြီးတွေမှာ တူညီတဲ့အချက်တစ်ချက်က ဝိညာဉ်တော်ပြည့်ဝကြတာပဲ။ အကြောင်းအရာတွေတိုင်းမှာ သဘော ထားတွေမတူညီကြပေမယ့်၊ တရားဟောပုံလဲ မတူကြပေမယ့်၊ ဟောပြောဝေငှပုံလဲ မတူညီကြပေမယ့် ဝိညာဉ်တော်နဲ့တော့ ပြည့်ဝကြပါ တယ်။

တနေ့ စာအုပ်ဆိုင်တစ်ဆိုင်ကို သွားခဲ့ပါတယ်။ စာအုပ်တွေ လျှောက်ကြည့်တယ်။ အပြာရင့်ရောင် မျက်နှာဖုံးမှာ ရွှေရောင် စာလုံးနဲ့ ရေးထားတဲ့ J. Gilchrist Lawson ရဲ့ Deeper Experiences of Famous Christians -  “ကျော်ကြားတဲ့ခရစ်ယာန်များရဲ့ နက်ရှိုင်းတဲ့ အတွေ့အကြုံများ” -  စာအုပ်ကို တွေ့မိသွားတယ်။ ဘာအကြောင်းတွေပါသလဲလို့ မာတိကာကို ဖတ်ကြည့်မိတယ်။ ကျွန်တော်မသိဖူးတဲ့ နာမည်တွေပါ။ နောက်မှ အဲဒီနာမည်တွေကို သိသွားပါတယ်။ D. L. Moody ဆိုတဲ့နာမည်ကို သတိထားမိတယ်။ သူ့အကြောင်းကြားဖူးတယ်။ Billy Sunday ဆိုတဲ့နာမည် ကြားဖူးပါတယ်။- A. J. Gordon, Savonarola ဆိုတဲ့ တခြားနာမည်များကို မသိခဲ့ဘူး။

ဒီစာအုပ်တော့ ဖတ်သင့်တယ်လို့ ထင်မိတယ်။ ဒါနဲ့ စာအုပ်ကိုဝယ်၊ အပြေးအလွှား အိမ်ပြန်ပြီး ဖတ်မိတယ်။ အခန်းထဲမှာ တစ်ယောက်တည်း ဖတ်တယ်။ စာအုပ်နာမည်ကလည်း လျို့ဝှက်တဲ့သဘော ပါနေတယ်။ နာမည်ကြီး ခရစ်ယာန်များရဲ့ နက်ရှိုင်းတဲ့ အတွေ့အကြံုလို့ ဆိုတယ်။ အော်ဟစ်ချီးမွမ်းတတ်တဲ့ သတ္တုတွင်းအလုပ်သမား Bill Bray အကြောင်း ဖတ်ရတယ်။

Bill Bray သာ အသက်ရှင်နေသေးရင်၊ သူ့ေ့ရှမှာထိုင်ပြီး၊ စကားပြောချင်စိတ် ဖြစ်မိတယ်။ Bill ဟာ သူသွားသမျှ နေရာတိုင်းမှာ ထပြီး၊ ကတတ် အော်တတ်သူပါ။ ကျော်ကြားတဲ့ ခရစ်ယာန်များရဲ့ နက်ရှိုင်းတဲ့ အတွေ့အကြံုများမှာ Bill Bray အကြောင်းရေးထားတာက …

ဘုရားသခင်ကို မချီးမွမ်းပဲ မနေနိုင်ဘူး။ လမ်းလျှောက်သွားလို့ ခြေတစ်ဖက်ကြွရင် “ဘုန်းကြီးပါစေ၊” နောက်တဖက်ကြွရင် “အာမင်း၊” လို့ သဘောထားပြီး ခြေလှမ်းတိုင်းကို လှမ်းလေ့ရှိတယ်။ Bill သေခါနီးအချိန်မှာ သေခါနီးပြီလို့ ဆရာဝန်ကပြောတယ်။ “ဘုရားသခင် ဘုန်းကြီးပါစေ၊ ငါမကြာခင် ကောင်းကင်ရောက်တော့မယ်” လို့ ပြန်ပြောတယ်။ ပြီးမှ  သူ့ထုံးစံအတိုင်း “ကျွန်တော် ကောင်းကင်ရောက်တဲ့အခါ၊ ဆရာ့ကိုယ်စား ကျေးဇူးတင်စကားတွေ ပြောပေးရအုန်းမလား။ ဆရာလည်းလာလိမ့်မယ်လို့ ပြောလိုက်ရမလား?” လို့ မေးတယ်။ ဒီစကားဟာ ဆရာဝန်အတွက်တော့ ရင်ထဲအထိ ထိုးဖောက်နိုင်စွမ်း ရှိပါတယ်။ Bill အသက်ထွက်ခါနီး ပြောတဲ့စကားကတော့ “ဘုန်းကြီးပါစေ” ဖြစ်ပါတယ်။

မသေခင်အချိန်ကလေးမှာ “ဟ- သေမှာကြောက်သလား? ကယ်တင်ခြင်းမရဘူးလား? ငါ့သခင်က သေခြင်းကို အောင်မြင်ပြီပဲ။ ငရဲ သွားရရင်လည်း ငါကတော့ “ဘုန်းကြီးပါစေ” လို့ပဲအော်နေမှာပဲ။ အနက်ဆုံးတွင်းရဲ့ နံရံတွေက ပဲ့တင်သံပြန်လာသည်အထိ သခင်ယေရှုကို ကောင်းကြီးပေးမှာပဲ။ သနားစရာ စာတန်ခမျာ၊ “ Bill - - Bill ဒီနေရာ မင်းအတွက် မဟုတ်ဘူး။ ပြန်သွားကွာ၊” လို့ ပြောလာရင် ငါက ကောင်းကင်တက်ပြီး၊ “ဘုန်းကြီးပါစေ”  “ဘုန်းကြီးပါစေ” လို့ အော်ပြီးချီးမွမ်းနေမှာပဲ။”

အဲဒီလိုဖတ်ရတော့ ရယ်ရတယ်။ စိတ်ထဲမှာလဲ တောင့်တမှုတစ်ခု ဖြစ်လာတယ်။ “ဂျော်ဂျီယာပြည်နယ် အက်တလန်တာမြို့က Bill Bray လိုလူမျိုးတွေ ဘယ်မှာလဲ ကိုယ်တော်၊ ကျွန်တော်တို့ခေတ်ရဲ့ Bill Bray တွေဘယ်မှာလဲ? ကျွန်တော်မသိပါလားလို့ ပြောမိပါတယ်။

ဘုရားသခင်နဲ့ ပဋိညာဉ် (၁၃) ချက်ဖွဲ့ထားတဲ့ မျက်စိတဖက်လပ် Christmas Evans အကြောင်းဆက်ဖတ်ရပါတယ်။ (၁၃) ချက်စလုံး ဖတ်လိုက်တယ်။ တစ်ချက်မှာတော့ “Bunyan, Vassar, Powell, Howell Harris, Rowlands နဲ့ Whitefield တို့လို ကြီးမားစေပါ။ ကြီးပွားဖို့ အတားအဆီးဖြစ်စေမယ့် အရာတွေကို ဖယ်ရှားပေးတော်မူပါ” လို့ ဆိုတယ်။ “ကိုယ်တော် ဒီလူနဲ့စကားပြောချင်လိုက်တာ ရည်ရွယ်ချက် ရှိတဲ့လူပဲ။” `ကျွန်တော့အမှုတော်လုပ်ငန်းကို ကြီးပွားစေပါ။ ကျွန်တော့ကိုတစ်ခုခု ဖြစ်စေတော်မူပါ’ လို့ မကြောက်မရွံ့ ဆုတောင်းတတ်သူပါ။ ကျွန်တော်နဲ့စကားပြောရတဲ့ လူအများစုက ကျွန်တော့ကို နားမလည်ကြဘူး။ ကျွန်တော် Christmas Evans နဲ့ စကားပြောချင်လာတယ်။

ဆက်ပြီးတော့ဖတ်ကြည့်မိတယ်။ Savonarola တရားဟောတော့ ပရိသတ်က ၅ နာရီကြာ မှင်သက်နေမိတဲ့အကြောင်း ဖတ်ရပြန် တယ်။  ၅ နာရီလုံးလုံး အပ်ကျသံတောင် ကြားရလောက်ပါတယ်။ ငါ့ဘဝမှာ တရားတောင် မဟောဖူးသေးပါလား? တရားဟောဆရာလို့ ခေါ်ဖို့တောင် ရှက်စရာပါလားလို့ တွေးမိတယ်။

D. L. Moody အကြောင်းဖတ်ရပြန်တယ်။ ဝတ်ပြုစည်းဝေးပွဲတွေအပြီး အမျိုးသမီးနှစ်ယောက် ရောက်လာပြီး “Mr. Moody ဆရာ့မှာ ဝိညာဉ်တန်ခိုးလိုနေလို့ ကျွန်မတို့ ဆုတောင်းပေးနေတယ်လို့ လာ,လာပြောနေတယ်။”  “တန်ခိုးလိုတယ် ဟုတ်လား? ကျွန်တော့မှာ တန်ခိုးရှိသလားလို့? ချီကာဂိုမြို့မှာ အကြီးဆုံး အသင်းတော်ကြီးပဲ။ လူတွေအများကြီး ပြောင်းလဲနေကြတာပဲ” လို့ ဖြေပါတယ်။

ဒါပေမယ့် တစ်နေ့ New York မြို့Wall Street လမ်းမကြီးပေါ်မှာ လမ်းလျှောက်ရင်း၊ Moody က--“သူငယ်ချင်းတစ်ယောက်ဆီမှာ အခန်းငှါးဖို့သွားရင်း ဘုရားတန်ခိုးတော် ထူးထူးခြားခြား သက်ရောက်စေပါ” လို့ ဆုတောင်းတယ်။ ကြီးမြတ်တဲ့ တရားဟောဆရာကြီးတွေနဲ့ အလယ်အလတ်တန်းစား ဆရာတွေနဲ့မတူဘဲ ထူးခြားနေတာက အဝတ်အစား၊ အမူအရာ၊ အသံနေအသံထား၊ ဟောပြောပုံ၊ တရားဟောချက် အတိုအရှည်၊ ဟာသစကားတွေကြောင့် မဟုတ်ဘူး။ ဝိညာဉ်တော် ပြည့်ဝခြင်းကြောင့် ဖြစ်ပါတယ်။

ဧဖက် ၃း၂၀ မှာ “ငါတို့၌ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာပြုခြင်းငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည်”။  “ငါတို့တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှါ၊ တတ်နိုင်တော်မူသော ဘုရားသခင်သည်” အစွမ်းအစအရ၊ ပညာအရည်အချင်းအရ၊ ရုပ်ရည်အရ၊ သူတပါးထောက်ခံမှုအရ၊ ကျင်လည်သောအသိုင်းအဝိုင်းအရလို့ မပြောဘဲ။ “ငါတို့၌ပြုပြင်သော တန်ခိုးတော်” အရလို့သာ ပြောပါတယ်။

အန်ကယ် ဘတ်ဒီ၊ ရောဗင်ဆန်လို စကားနည်းတဲ့သူတွေလည်း ထူးခြားစွာ ပြုပြင်မှုကို ရနိုင်ပါတယ်။ စပါဂျင်လို စကားပြော ကောင်းသူလည်း ရနိုင်တယ်။ ရှေ့ဆောင်လမ်းပြ လုပ်ပြတတ်တဲ့ ဗေးလီ၊ ဂရေး(လ်)လို လူလည်း ရနိုင်တယ်။ မူးဒီလို ခပ်ရိုးရိုးလူတွေလည်း ရနိုင်တယ်။ John R. Rice လိုပညာရှိတဲ့ လူတွေလည်း ရနိုင်တယ်။ ဝိညာဉ်တော်နဲ့ ပြည့်ဝလာတဲ့အခါ လူတိုင်းရနိုင်ကြပါတယ်။

တရားဟောချက်တစ်ပုဒ်ကို ဝိညာဉ်တော်အကြောင်းဦးတည်ပြီး ဟောတာမျိုး နှစ်ပေါင်းများစွာကြာပေမယ့် ကြားရခဲတယ်။ ဒီအကြောင်းဟောဖို့ ကျွန်တော်ကြောက်တယ်။ အဝေဖန်ခံရမှာ ကြောက်တာနဲ့ကို သိပ်စိတ်ဝင်စားလေ့ မရှိတာပါ။ ဒါပေမယ့် သိပ်မကြာပါဘူး၊ လုပ်ဖို့လိုတဲ့ အလုပ်ကိုလုပ်ရတာပါပဲ။
 (၁) နှိုင်းယှဉ်မှု  The Comparison
ဝိညာဉ်တော်ပြည့်ဝသူတစ်ယောက်နဲ့ အရက်သမားတစ်ယောက်ကို ကျမ်းစာထဲမှာ သုံးကြိမ် နှိုင်းယှဉ်ထားတယ်။ တိုက်ဆိုင်လို့ မဟုတ်ဘူး။ မြင်သာအောင် ပုံဖော်တာပါ။ သမ္မာကျမ်းစာဟာ တိုက်ဆိုင်လို့ ရေးထားတာမဟုတ်ပါဘူး။

ဧဖက် ၅း၁၈ မှာ “ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။” ဝိညာဉ်တော်ပြည့်ဝသူနဲ့- အရက်သမားတစ်ယောက်။

နှစ်ခြင်းဆရာယောဟန်အကြောင်းကို လုကာ ၁း၁၅ မှာ “အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရား ရှေ့တော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။”

တမန် ၂း၁၅-၁၇ ရဲ့ ပင်တေကုတ္တေနေ့မှာ ရှင်ပေတရုက --- “ယခုအချိန်ကား နံနက်တချက်တီးချိန်သာရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။ ဤအရာကား ပရောဖက်ယောလ ဟောဘူးသောအရာဖြစ်သတည်း။ ဟောဘူးသောအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူသည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသော သူတို့သည်လည်း နိမိတ်အိမ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။”

ဝိညာဉ်တော်ပြည့်ဝသူနဲ့ အရက်သမားကို ကျမ်းစာက ဘာကြောင့်နှိုင်းယှဉ်ပြထားသလဲ။ အကြောင်းတချို့ ရှိလောက်ပါတယ်။ အရက်သမားကို အစွမ်းတမျိုးက ထိန်းချုပ်ထားတယ်။ အရက်သမားဟာ ထူးခြားနေတယ်။ ဝိညာဉ်တော်ပြည့်ဝသူတွေဟာလည်း ထူးခြားနေတယ်။

ရှက်တတ်ကြောက်တတ်၊ တွန့်ဆုတ်တတ်တဲ့လူတစ်ယောက်ကို အရက်သောက်ခိုင်းလိုက်ရင် ချက်ခြင်းဆိုသလို သူဟာစကား ကျယ်ကျယ်ပြောလာမယ်။ ပိုသောက်လေလေ အသံပိုကျယ်လေလေဖြစ်လာလိမ့်မယ်။ သိပ်စကားပေါလာပါလားလို့ အ့ံဩရလိမ့်မယ်။  လက်မကလေး စုပ်နေလောက်အောင်ကို ရှက်တတ်၊ ကြောက်တတ်၊ တွန့်ဆုတ်နေတတ်တဲ့ ခရစ်ယာန်တစ်ယောက်ကို ဝိညာဉ်တော်နဲ့ ပြည့်စေလိုက်ပါ။ လူတွေရှေ့မှာ မရှက်မကြောက် စကားပြောတတ်လာပါလိမ့်မယ်။

လူရှေ့မှာ သီချင်းမဆိုဖူးတဲ့သူကို အရက်တိုက်လိုက်၊ ချက်ခြင်းပဲ လူတိုင်းသဘောကျတယ်ထင်ပြီး သုံးလေးနာရီလောက် သီချင်းဆိုပြနေမယ်။ အရက်သောက်ပြီး၊ မှိုင်နေတဲ့သူမျိုး တစ်ခါမျှ မတွေ့ဖူးဘူး။ ဘာတစ်ခုမှ မရှိတော့ရင်လဲ ပျော်နေတတ်တယ်။ အရက်သောက်ထားတဲ့လူကို စိတ်ဓါတ်ကျအောင် လုပ်လို့မရဘူး။ ထူးခြားနေတဲ့ အပြုအမူတွေ၊ တည်ငြိမ်သွားအောင် စောင့်မှပဲ ရတယ်။

ကိုယ့်အရိပ်ကိုတောင် ပြန်ကြောက်တတ်တဲ့ လူပျော့လူညံ့တစ်ယောက်ကို အရက်တိုက်လိုက်ရင်၊ ခြင်္သေ့တစ်ကောင်လို ရဲရင့်လာလိမ့်မယ်။ ကျွန်တော့မှာ အရက်သောက်တတ်တဲ့ ဦးလေးတစ်ယောက်ရှိဖူးတယ်။ သူ့မှာ အညိုရောင်ကားတစီးရှိဖူးတယ်။ ကားစီးဖို့ ကျွန်တော့ကို ခေါ်တယ်။ ဂျော်ဂျီယာရဲ့ အမှတ် ၁၂ လမ်းမကြီးပေါ်မှာပါ။ မောင်းလိုက်တာကလည်း မိုင်ကုန်ပါပဲ။ ကျွန်တော်ဖြင့် သေတော့မလား? အောက်မေ့ရတယ်။ ဂျော်ဂျီယာပြည်နယ်၊ ကိုဗင်တန်မြို့မှာ ပြည်နယ်ရဲက ခရာတွတ်ပြီး လှမ်းခေါ်တယ်။ သူကတော့ ဘာမှမဖြစ်သလိုပဲ၊ အရက်ကလည်း သောက်ထားတာကိုး။ နည်းနည်းကလေးမှ ကြောက်လန့်ပုံမရဘူး။ ဆဲတောင် ဆဲလိုက်ပါသေးတယ်။

ပြည်နယ်ရဲက- “လိုင်စင် ခဏပြပါ” လို့ ပြောတော့ သူက လိုင်စင်ပေးလိုက်တယ်။ အရာရှိက “မိုင်နှုန်းကျော်နေတယ်” လို့ ပြောတော့
 “အေး၊ သိသားပဲ” တဲ့။
 “ဒဏ်ငွေကို အခုပဲဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် လာဆောင်ပါ” လို့ အရာရှိက ပြောပါတယ်။
 “ဘယ်လောက်လဲ”
 “ဆယ်ဒေါ်လာ”
ဦးလေးက ဒေါ်လာ ၂၀ ထုတ်ပေးလိုက်တယ်။ အရာရှိက သူ့ကို ဆယ်ဒေါ်လာ ပြန်ပေးတယ်။ ဦးလေးက “ယူထားလိုက်ပါ” တဲ့။
 “ယူထားလိုက်ဆိုတာက ဘာသဘောလဲ?” လို့ အရာရှိကမေးတော့ “ခဏကြာရင် ပြန်လာဦးမယ်။ အဲဒီအခါကျရင် မရပ်ခိုင်းနဲ့” လို့ ပြန်ဖြေတယ်။ သောက်မထားရင် ဒီလို ဘယ်ပြောမလဲ။ ပုံမှန်အချိန်ဆိုရင် သူလည်း သေမှာ ကြောက်မှာပေါ့။ ကိုယ့်အရိပ် ကိုယ်တောင် ပြန်ကြောက်တတ်တဲ့ လူပျော့တွေပင်လျှင် အရက်မူးလာရင် ခြသေ့င်္တကောင်လို ရဲရင့်လာပြီးတော့ သူမလုပ်ရဲတာတွေ လုပ်တတ်လာပါတယ်။

      ကျွန်တော် ဒယ်ကက်ဗ်ဒေသ မီးသတ်ဌာနမှာ လုပ်ဖူးတယ်။ တနေ့ အရက်သမားတယောက် ကဒ်ထူစာရွက်ပြားတပြားနဲ့ ခဲတံတစ် ချောင်းယူလာတယ်။ “ခင်ဗျား နာမည်ဘယ်သူလဲ?” လို့ မေးတော့ ကျွန်တော် ဖြေရပါတယ်။ သူက ရေးမှတ်လိုက်ပါတယ်။ တခြားလုပ်ဖော် တယောက်ကိုလည်း “ခင်ဗျားနာမည် ဘယ်သူလဲ?” လို့ မေးတယ်။ ဒီလူဖြေတော့ မှတ်ထားပြန်တယ်။ နောက်တယောက်ကို မေးတယ်။ ဖြေတော့၊ သူမှတ်လိုက်ပြန်တယ်။ နာမည်စာရင်းတွေ အရှည်ကြီး ကောက်သွားတယ်။ ဒါနဲ့ အင်ဂျင်စက်ကြီးမောင်းသမား အရပ် ၆ ပေ ၅လက်မ လောက်ရှိတဲ့ လူနားရောက်သွားတော့၊ “ဟေ့- မင်းနာမည်ဘယ်သူလဲ” လို့မေးပါတယ်။ စက်မောင်းတဲ့လူက “ကျွန်တော့်နာမည် ဘယ်သူဘယ်ဝါပါလို့” ပြောလိုက်တော ့သူ ချရေးတယ်။ စက်မောင်းတဲ့သူက “နာမည်မေးတာ ဘာလုပ်ဖို့လဲ?” မေးတော့ အရက်သမားက မော့တောင်မကြည့်ဘဲ စာပဲ ဆက်ရေးနေတယ်။ ပြီးမှ “ဒီစာရွက်ထဲမှာ ငါရိုက်ဖို့ လူတွေရဲ့ နာမည်စာရင်းကို ရေးနေတ။ာ စာရင်းပြည့်သွားရင် ငါတစ်ယောက်ပြီး တယောက် လိုက်ရိုက်တော့မယ်” လို့ပြောပါတယ်။

     စက်ကြီးမောင်းတဲ့သူက အောက်ဆင်းလာပြီး သူ့ကိုဆုပ်ကိုင်ပြီး လှုပ်ရမ်းလိုက်ပါတယ်။ “ငါပြောမယ် မင်းငါ့ကို ရိုက်စရာမလိုဘူး” လို့ ပြောတော့ အရက်သမားက “လွှတ်ပါအုံးကွ မင်းနာမည် ဖျက်ပေးပါမယ်” လို့ ပြောပါတယ်။ သူသာ ပုံမှန်အခြေအနေမျိုးဖြစ်နေရင် ဒီလိုမျိုးလိုက်လုပ်မှာ မဟုတ်ပါဘူး။

    လူတစ်ယောက် အရက်သောက်ထားရင် သူတစ်ခုခုတော့ ကြိုးစားတော့တာဘဲ။ ဟိုတယ်အခန်းတစ်ခုမှာ မိတ်ဆွေတစ်ယောက်နဲ့ အတူရှိနေတဲ့ အရက်သမားတစ်ယောက်အကြောင်း ဖတ်ရဖူးတယ်။ ပြတင်းပေါက်ပေါ်က ခုန်ချပြီး၊ ပလက်ဖောင်းအထိ ပျံဝဲနိုင်တယ်လို့ သူ့ကိုယ် သူထင်နေတယ်။ ရက်အတော်ကြာတော့ လက်မောင်းမှာ ပတ်တီးတွေနဲ့ ခြေထောက်မှာ ခဲဆွဲထားရပြီး မျက်နှာမှာ ဒဏ်ရာတွေ ရနေတယ်။ သူ့သူငယ်ချင်းက သွားမျှော်တော့ သူက “မင်းကဘာကြောင့်မတားလဲ?” လို့ မေးတယ်။ သူငယ်ချင်းက “ငါလဲမင်း ပျံနိုင်လောက်တယ်လို့ ထင်လို့ပါ”  လို့ ပြောပါတယ်။ နှစ်ယောက်စလုံး သောက်ထားတဲ့သူတွေပါ။

     တရားဟောဆရာတွေ ဝိညာဉ်တော်နဲ့ပြည့်လာရင် “ငါက ကမ္ဘာပေါ်မှာ အကြီးဆုံးအသင်းတော်ကြီး တည်ထောင်မယ်” လို့ ပြောလာသူတွေ ရှိတတ်သလို၊ နောက်တယောက်ကလည်း၊ “မင်းလုပ်နိုင်မယ်လို့ ငါထင်တယ်” လို့ ပြောလာတတ်ပါတယ်။ အဲဒီလိုလူတွေဟာ ဆေးရုံမှာ ခြေတဖက်ကျိုးပြီး ပတ်တီးတွေ စည်းထားချင် စီးထားရလိမ့်မယ်။ ဒါပေမယ့် ဘာမှ မကြိုးစားသူထက်စာရင်၊ ပျံကြည့်ဖို့ ကြိုးစားတာဟာ မဆိုးဘူးလို့ ပြောရမှာပါ။

    အရက်သမားတွေဟာ စကားအရမ်းများတယ်။ ခရစ်ယာန်အများစုကတော့ ပါးစပ်ဖျားမှာ ရေခဲမြစ်လိုပဲ အေးခဲနေတယ်။ စာတန်ကို ရန်စကားဆိုဖို့ ကြောက်နေကြတယ်။ အရက်သမားတယောက် စကားပြောတဲ့ပုံကို ကြည့်ရင်၊ လေလံရောင်းတဲ့သူက မွေးတဲ့ သားများလားလို့ ထင်သွားနိုင်တယ်။

       စိန့်လူးဝစ်လေယာဉ်ကွင်းကို ကျွန်တော်ရောက်တုန်းက၊ အရက်သမားတယောက် ရောက်လာတယ်။ လက်မောင်းကြားမှာ စက္ကူအိတ်ကြီး တအိတ်၊ ခေါင်းပေါ်မှာတော့ “ခူကောင်” လို့ စာတန်းထိုးထားတဲ့ အနီရောင်ဦးထုပ်တလုံးနဲ့ပါ။ သူက ကျွန်တော့ကို ခပ်မိုက်မိုက်ကြည့်ပြီး “မင်းဒီကို အချိုရည်ပန်းကန်ပြားပျံနဲ့ လိုက်လာတာလား” လို့ မေးပါတယ်။ ကျွန်တော်က “ဟုတ်တယ်။ ကျွန်တော်ကတော့ အချို ရည်ပန်းကန်ပြားပျံ အမြဲတမ်းစီးတယ်။ ပိုမြန်ပြီး၊ ပိုဇိမ်ကျတယ်လေ” လို့ ပြောလိုက်ပါတယ်။ စကားပြတ်သွားအောင် ပြောလိုက်တာပါ။ ဒါပေမယ့် “အေး၊ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် ချာလည်ပတ်လည် မူးမနေဘူးလား?” လို့ မေးပါတယ်။

     သူနဲ့ ဆက်စကားပြောနေမိတယ်။ ခဏကြာတော့ မှန်ထဲမှာ သူ့ကိုသူ ပြန်ကြည့်မိပြီး ခူကောင်လို့ ရေးထားတဲ့ဦးထုပ်ကို မြင်သွားပါတယ်။ “ဒါက ခူကောင် မနေ့တုန်းကတော့ လိပ်ပြာပါလို့ ပြောလာတယ်။ အဲဒီအရက်သမားဟာ လုံးဝအကြောက်အလန့်မရှိဘူး။ သူဘာတွေလုပ်တယ် ဆိုတာ နောက်ပိုင်းသူ့ကို ပြန်ပြောပြလိုက်ရင် သူရှက်သွားမှာဘဲ။ ဒါပေမယ့် ဒီအချိန်မှာ သူဘာကိုမှ ဂရုမစိုက်ဘူး။

“ယစ်မူးစေတတ်သော စပျစ်ရည်ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စေကြလော့။”
                 ( ၂ ) အမိန့်တော်   The Command
       “ဝိညာဉ်တော်နှင့်ပြည့်စေကြလော့” ဒီကျမ်းချက်တစ်ချက်ထဲမှာ အမိန့်နှစ်ခုပါ ပါတယ်။ ပထမအမိန့်က အရက်မသောက်ဖို့ပါ။ “အရက်သောက်တာ မကောင်းဘူးလား?” လို့ မေးရင် လူတိုင်းက မကောင်းဘူးလို့ ဖြေမှာပါ။

         အမိန့်တော်က “အရက်မသောက်နဲ့” ဖြစ်ပါတယ်။ ဘယ်သင်းအုပ်ဆရာကမှ သံစုံသီချင်းဆိုဖို့ လာတဲ့သူတွေကို အရက် သောက်ခွင့် ပြုမှာမဟုတ်ဘူး။ အရက်သမားလို့သိရင် လက်တင်ပေးကြမှာ မဟုတ်ဘူး။ အရက်သောက်တယ်လို့ သိရင် သင်းထောက်အဖြစ် ခန့်ကြမှာ မဟုတ်ဘူး။ ဒီလိုလုပ်တာမှန်တယ်လို့ သိကြပါတယ်။

         ဒါပေမယ့် ကျမ်းစာက “ အရက်မသောက်နဲ့” လို့ ပြောထားသလို “ဝိညာဉ်တော်နှင့် ပြည့်စုံစေကြလော့” လို့လဲ ပြောထားပါတယ်။ ကျမ်းစာကို နားလည်မယ်ဆိုရင် အရက်မသောက်သင့်သလို ဝိညာဉ်တော်နဲ့လည်း ပြည့်ဝသင့်ပါတယ်။ ဒါပေမယ့် ဒုတိယပညတ်ကို အပြောနည်းပါတယ်။ ပထမအချက်ကို ပိုအရေးထားပါတယ်။ “ပြည့်စေ” လို့ အမိန့်ပေးထားတယ်။ ကျမ်းစာက ဝိညာဉ်တော်နဲ့ တံဆိပ်ခတ်ဖို့တော့ အမိန့်ပေးမထားပါဘူး။ ဒါတွေက ပိုင်ဆိုင်မှုနဲ့သာ ဆိုင်ပါတယ်။ ကယ်တင်ခြင်းခံရတာနဲ့ တပြိုင်နက် တံဆိပ်ခတ်ခံရပါတယ်။ ဧဖက် ၄း၃၀ မှာ   “ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။” ကယ်တင်ခြင်းရတာနဲ့တပြိုင်နက် အထဲမှာ ထာဝရအိမ်တစ်ခုလို သဘောထားပြီး လာကျိန်းဝပ်ပါတယ်။ ဒါဟာ ကိုယ့်ဘက်က ဘာမှမလုပ်ရဘဲနဲ့ ချက်ခြင်း အလိုအလျောက် ဖြစ်သွားတာပါ။ (၁ကော ၆း၁၉-၂၀) ယုံကြည်သူတိုင်းမှာ ဝိညာဉ်တော်ကျိန်းဝပ်ပါတယ်။ ဝိညာဉ်တော်တံဆိပ်လည်း ခတ်ပါတယ်။ ဒါကြောင့် တံဆိပ်ခတ်ဖို့၊ ကျိန်းဝပ်ဖို့ အမိန့်ပေးမထားပါဘူး။ ဒါပေမယ့် ဝိညာဉ်တော်ပြည့်ဝခြင်းဟာ ပိုင်ဆိုင်မှုသဘောမဟုတ်ဘူး။ အမိန့်သာဖြစ်ပါတယ်။

        ဝိညာဉ်တော်ပြည့်ဝဖို့တာဝန်က ယုံကြည်သူတိုင်းမှာ ရှိနေပါတယ်။ ကျွန်တော့်အိမ်ကိုလာပြီး၊ ကျွန်တော့်ဇနီးက အစားအသောက် ကောင်းကောင်းချက်ထားမယ်။ ကျွန်တော်ကလည်း “ထိုင်၊ အားရပါးရ စားရအောင်” လို့ ပြောတဲ့အခါ ဗိုက်မဝဘဲပြန်သွားရင် ဘယ်သူ့အပြစ်လဲ? ကျွန်တော့အပြစ်တော့ မဟုတ်ဘူး။ မစားတဲ့သူအပြစ်ပေါ့။ ဒီစကားက အမိန့်ပါ။ ဘယ်သူတွေကို ပေးထားတာလဲဆိုတော့ ဧဖက် ၁း၁ မှာကြည့်ပါ။ ဧဖက်ဩဝါဒစာဟာ ဧဖက်မြို့မှာရှိတဲ့ အသင်းတော် ကို ရေးထားတာပါ။ “ဧဖက်မြို့၌နေသော သန့်ရှင်းသူတည်းဟူသော ယေရှုခရစ်ကို ယုံကြည်သောသူတို့ကို”  ဒီပညတ်ဟာ တရားဟောဆရာတွေ အတွက်သာ မဟုတ်ပါဘူး။ ယုံကြည်သူတစ်ဦးစီကိုလည်း ပေးထားတာပါ။

       ဝိညာဉ်တော်ပြည့်ဝတဲ့ အတွေ့အကြံုကို ခံစားရသူအများစုဟာ မပြည့်ဝခင် နှစ်ပေါင်းများစွာကတည်းက ကယ်တင်ခြင်း ရနေကြတာပါ။ ဒါပေမယ့် ဒီလောက်အချိန်ကြာနေစရာမလိုပါဘူး။ အချိန်ကြာနေရတာက ပြည့်ဝခြင်းနဲ့ပတ်သက်တဲ့ ကိုယ့်တာဝန်ကို မသိကြလို့ပါ။ ကျွန်တော့တုန်းကတော့ ဘာမှသိခဲ့တာမဟုတ်ဘူး။ ပြည့်ဝဖို့ဆိုတာ  ၅နှစ်၊ ၁၀နှစ် ၁၅နှစ် စောင့်စရာမလိုပါဘူး။

      ဒီအမိန့်ဟာ သင်းအုပ်၊ သင်းထောက်နဲ့ ဧဝံဂေလိဆရာတွေ အတွက်သာမဟုတ်ပါဘူး။ ခရစ်ယာန်တိုင်း၊ အသင်းသားတိုင်းကို ပြောထားတာပါ။ ခေတ်ကာလတိုင်းမှာရှိတဲ့ ယုံကြည်သူတိုင်းအတွက် ဖြစ်ပါတယ်။ အုပ်စုတစ်စုအတွက်သာ မဟုတ်ပါဘူး။ လူတိုင်းရနိုင်ပါတယ်။

      အသင်းတော်ပြဿနာ trouble လို့ အများစုထင်ထားတာတွေဟာ ရောဂါလက္ခဏာ symptom တမျိုးသာ ဖြစ်ပါတယ်။ ဆယ်ဘို့တဘို့ မပေးကြဘူး။ ဒါဟာ ပြဿနာ trouble မဟုတ်ဘူး။ ရောဂါလက္ခဏာ symptom ပါ။ ဝိညာဉ်ကယ်တင်ခြင်း မလုပ်ကြဘူး။ ဒါပြဿနာ မဟုတ်ဘူး။ ရောဂါလက္ခဏာပါ။ ဒီပြဿနာတွေ အားလုံးဟာ ဝိညာဉ်တော်မပြည့်ဝမှုမှာ အရင်းခံနေပါတယ်။

      ၁ကော ၃း၁ မှာ ရှင်ပေါလုက “ညီအကိုတို့၊ အထက်က၊ ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။” သူက မနာလိုခြင်း၊ ရန်ဖြစ်ခြင်း၊ ကွဲပြားခြင်းအကြောင်းတွေကို ဆက်ပြောသွားပါတယ်။ ဘာကြောင့်လဲ ဝိညာဉ်တော်နဲ့ မပြည့်ဝကြလို့ပါ။ ဝိညာဉ်တော်ပြည့်ဝနေရင် ပြဿနာမရှိဘူး။ ဒီအမိန့်ဟာ ယုံကြည်သူတိုင်းအတွက် ဖြစ်ပါတယ်။              
 (၃) လိုအပ်မှုများ  The Conditions
ပြည့်ဝမှုဟာ အလိုအလျောက် ဖြစ်မလာဘူး။ လိုအပ်တဲ့အခြေအနေလေးတွေ ရှိတယ်။ အကုန်လုံးပြောပြဖို့ အချိန်မရပါဘူး။ အတော်ရှင်းတဲ့ အချက်တချို့ ကျမ်းစာထဲကထုတ်ပြပါမယ်။
A.    ဆာငတ်ခြင်း  Thirsting
ပထမလိုအပ်ချက်က ဆာငတ်မှုပါ။ Ray Hart က “ရေငတ်သောသူအပေါ်မှာ ရေကိုသွန်းလောင်း၍” ဆိုတဲ့ ဟေရှာယ ကျမ်းပိုဒ် တစ်ပိုဒ်ကို အခြေခံပြီး၊ သီချင်းတစ်ပိုဒ် ဆိုခဲ့ဘူးပါတယ်။

ယောဟန် ရး၃၇-၃၉ မှာ “ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုခရစ်သည် ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတံ့သောဝိညာဉ်တော်ကိုရည်မှတ်၍ မိန့်တော်မူ၏။ ယေရှု သည် ဘုန်းပွင့်တော် မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။”

ဒီဘုရားကျောင်းထဲက လူတွေ ဆာငတ်ဖူးကြရဲ့လား?လို့ သံသယဖြစ်မိပါတယ်။ ကျွန်တော် ဒီနေ့ ရေဆာတယ်လို့ ပြောရင် မဟုတ်သေးဘူး။ ဒီနေ့ ရေမလိုသေးပါဘူး။ ရေသောက်ချင်ရင် ရေကပိုက်ခေါင်းထဲမှာပါ။ ရေရဖို့ ၅ မိနစ်လောက်စောင့်စရာ မလိုပါဘူး။ ဒါပေမယ့် ရေမရဘဲ တစ်ရက်၊ နှစ်ရက်၊ သုံးရက်ဆက်နေရရင်၊ ရေမသောက်ရလို့ ပါးစပ် သုံးဆလောက်ပိုကျယ်လာတဲ့အခါ၊ လျှာတွေ၊ လည်ချောင်းတွေ ကွဲလာတဲ့အခါ၊ ရေတပေါက် သောက်ရဖို့၊ ကားတွေ၊ အိမ်တွေ၊ ဘဏ်ထဲမှာ ရှိသမျှတွေကို ပေးချင်လာပြီဆိုရင်တော့ ဒါဟာ ရေငတ်နေပါပြီ။

ယုံကြည်သူများစွာ ဝိညာဉ်တော်မပြည့်ဝကြခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အပြည့်အဝ မဆာငတ်ကြလို့ပါ။ ပြည့်ဝလဲရတယ်။ မပြည့်ဝလဲဖြစ်တယ်ဆိုရင် မပြည့်ဝဘဲ နေကြမှာပေါ့။ “ရမှဖြစ်မယ်  မရရင် သေမယ်။ ငါ လက်မလျှော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ငါလက်မလျှော့ဘူး” လို့ ပြောလာနိုင်ဖို့ လိုပါတယ်။

ကိုယ့်အကြိုက်ကို ခဏထားပြီး “ဝိညာဉ်တော်ပြည့်ဝတာဟာ ဘာသာစကားပြောတာလို့ ဘုရားသခင်ဆိုလိုရင် အသင့်ပါဘဲ။ ပင်တေကုတ္တေအသင်းတော်ထဲ ဝင်မယ်၊ နှစ်ခြင်းအသင်းတော်ထဲက ထွက်မယ်။ ဒါပေမယ့် ဝိညာဉ်တော်မပြည့်ဝဘဲနဲ့တော့ အသက်မရှင်ချင်ဘူး။ ပြည့်ဝမှဖြစ်မယ်။” လို့ ပြောမိလာတဲ့အထိပါဘဲ။

ကျွန်တော်သဘောကျတဲ့လူတွေထဲမှာ အန်ကယ် Buddy Robinson လည်း ပါပါတယ်။ မက်သရစ်စည်းဝေးတစ်ခုမှာ ကယ်တင်ခြင်းရခဲ့သူပါ။ ပရက်(စ်)ဘစ်တီးရီးယန်း အစည်းအဝေးတစ်ခုမှာ သူ့အခေါ် ဒုတိယကောင်းကြီးဆိုတာကို ရခဲ့သူပါ။ နောက်တော့ မက်သရစ်အသင်း တော်ထဲက ထုတ်ပယ်ခံလိုက်ရတယ်။ နာဇရိအသင်းသားအဖြစ် တစ်သက်လုံးနေသွားတယ်။

အန်ကယ် ဘတ်ဒီက  “ ဒီမက်သရစ်ဆရာဟောတာ ကြားချင်တယ်ကွာ ကောင်းကင်အကြောင်းဟောရင် ရောက်ချင်လာအောင် ဟောတယ်။ ငရဲအကြောင်းဟောရင် ကျတော့မလားထင်ရအောင် ဟောတယ်။ အဲဒီည သူဖိတ်ခေါ်တဲ့အချိန်မှာ ငါ့နာမည်ကို ပုတ်လောက် ရေးပြတောင် ငါမဖတ်နိုင်ပေမယ့်၊ တရားပလ္လင်နားက ထပြန်လာတဲ့အခါ ကောင်းကင်အိမ်တော်မှာ ရေးထားတဲ့ ငါ့နာမည်ကို ရှင်းရှင်းလင်းလင်း ပီပီသသ ဖတ်နိုင်တယ်ကွာ” လို့ ပြောဖူးပါတယ်။

နောက်ပြီးတော့ အန်ကယ် ဘတ်ဒီက “အဲဒီနောက် သန့်ရှင်းခြင်း ဦးစားပေးတဲ့ ဒုတိယကောင်းကြီး ပရက်(စ်)ဘစ်တီးရီးယန်း တရားဟော ဆရာတစ်ယောက် လာဟောပါတယ်။ ငါ သွားနားထောင်တယ်။ သူဟောတော့ ငါ အသည်းအသန်ရချင်လာတယ်။ ငါက ဘုရားသခင်ပေးပါ” လို့ ပြောပေမယ့် မပေးဘူး။ ဘုရားသခင်ပေးပါလို့ ငါ ထပ်ပြောတယ်။ ဖဲထုပ်နဲ့ ငါ့သေနတ်ကို လွှင့်ပစ်လိုက်တယ်။ မြည်းနှစ်ကောင်လည်း ယဇ်ပလ္လင်မှာ တင်ထားလိုက်တယ်။ ကောက်ရိုးတပုံလည်း တင်ထားလိုက်တယ်။ ဒါပေမယ့် ဒုတိယကောင်းကြီးမရသေးဘူး။ ငါ့ရဲ့ ပရက်(စ်)ဘစ်တီးရီးယန်း အမေနဲ့ အရက်သမားအကိုကိုပါ တင်ပူဇော်လိုက်တယ်။ မရသေးဘူး။ ဒါနဲ့ “ဘုရားသခင် ပေးပါ” လို့ တောင်းတော့ ဘုရားသခင် က “ဘတ်ဒီ၊ မင်းရယ် ငါရယ် ယဇ်ပလ္လင်ကြားမှာ အများကြီးရှိနေတယ်” လို့ ပြောပါတယ်။ ငါက “အို ဘုရားသခင်- ဒုတိယကောင်းကြီးသာ ပေးမယ်ဆိုရင်၊ ကျွန်တော်ရတဲ့ သကာရည် တခရားကို အိမ်နီးနားချင်းတွေကို ဝေပေးပါမယ်” လို့ ပြောလိုက်တယ်။ ဒါနဲ့ ဘီစကစ်မုန့်နဲ့ သုတ်စားရတဲ့ အကောင်းဆုံး သကာရည်ကို ငါ လုပ်နိုင်သွားပါရော”လို့ ဆိုပါတယ်။

အန်ကယ်ဘတ်ဒီဟာ လိုချင်ခဲ့သူပါ။ မရမချင်း အားမလျှော့ဘူး။ ဒါကို သူက ဒုတိယကောင်းကြီလို့ ခေါ်ထားတယ်။ ကျွန်တော်ကတော့ ဒုတိယကောင်းကြီးဆိုတာကို မယုံဘူး။ ဒါပေမယ့် ကျွန်တော့်မှာ အန်ကယ်ဘတ်ဒီရဲ့ ဒုတိယကောင်းကြီးအကြောင်းဟောတဲ့ အခွေတခွေရှိတယ်။ နားထောင်ရင်း မယုံမိဖို့လည်း သတိထားတယ်။

အန်ကယ်ဘတ်ဒီက “ကျမ်းစာထဲမှာ မျက်စိမမြင်တဲ့လူကို သခင်ဘုရားက တို့ထိတယ်။ ဘာမြင်ရလဲ?” လို့ မေးတယ်။ အဲဒီလူက “လူတွေဟာ သစ်ပင်လိုဖြစ်ပြီး လျှောက်သွားနေတာမြင်ရတယ်” လို့ဖြေတယ်။ သူ့မှာ ဒုတိယကောင်းကြီးလိုနေတာပါ။ ဒုတိယအကြိမ် တို့ထိ လိုက်ပြီ “ကဲဘာမြင်ရလ?ဲ”  မေးတဲ့အခါ “လူတွေအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရပြီ” လို့ပြောပါတယ်။

အန်ကယ်ဘတ်ဒီက “ပထမကောင်းကြီးဘဲရတုန်းက ဂိုဏ်းဂဏခေါင်းဆောင်တွေကို ဧရာမသစ်ပင်ကြီးတွေလို့ ငါမြင်ရတယ်။ ဒါပေမယ့် ဒုတိယကောင်းကြီးရတော့မှ လူတွေအားလုံးကို ရှင်းရှင်းလင်းလင် းမြင်ရတော့တယ်” လို့ ဆိုတယ်။

ကျွန်တော့်စိတ်ထဲမှာ “ဘတ်ဒီ ခင်ဗျားက ကျွန်တော့ကို ဒုတိယကောင်းကြီး ပေးချင်နေတာကိုး။ ဒါကို ကျွန်တော်က ဒုတိယကောင်းကြီး လို့ မခေါ်ဘူး။ ဒါပေမယ့် ဒါမျိုး ကျွန်တော့မှာ ရပြီးသားပါ ” လို့ တွေးမိပါတယ်။

ကျွန်တော်တို့က အမှားအမှန်ငြင်းနေကြရင်းနဲ့ဘဲ မတွေ့ကြံု၊ မခံစားဖူးပဲ သေကြရတယ်။ အန်ကယ်ဘတ်ကတော့ ရဖူးတယ်။ သူက အပြစ်သဘာဝဟောင်း လုံးဝကုန်ဆုံးပြီး၊ လုံးဝသန့်ရှင်းသွားနိုင်တယ်ဆိုတဲ့ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့အဆိုတခုကို ယုံတယ်။ ဒါပေမယ့် သူဟာ အဲဒီတုန်းက ကျွန်တော့ထက်ပိုပြီး သန့်ရှင်းစင်ကြယ်ခဲ့တယ်လို့တော့ ပြောရမှာပါ။

သူနယူးယော့မြို့ကိုသွားတော့ လှည့်လည်ကြည့်စရာတွေ လိုက်ပြကြတယ်။ အခန်းကို ပြန်ရောက်ပြီး၊ အဲဒီည သူဆုတောင်းတဲ့အခါ “ကိုယ်တော် နယူးယော့မြို့ရဲ့ ကြည့်စရာ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီး ကျေးဇူးတင်တာကတော့ ကျွန်တော် လိုချင်တာ ဘာမှမတွေ့ခဲ့လို့ပါ” လို့ ဆုတောင်းခဲ့ပါတယ်။

ကျွန်တော်နယူးယော့မြို့ကို သွားတဲ့အချိန်မှာတော့ လိုချင်တာတွေ တွေ့မြင်ခဲ့ပါတယ်။ တနေ့မှာ အန်ကယ်က နားတစ်ဖက်မကြားရလို့ ဆရာဝန်ကို သွားပြပါတယ်။ ဆရာဝန်က စစ်ဆေးပြီးတော့ “ဘတ်၊ ဘာမှမဖြစ်ဘူး။ အသက်ကြီးလို့ပါ” လို့ ပြောတယ်။

ဘတ်ဒီက “ငါတော့နားမလည်တော့ဘူးကွာ၊ ဒီဘက်နားက တစ်လုံးမှ မကြားရဘူး။ ဒီတဖက်နားကတော့ ရှင်းရှင်းကြီးကြားရတယ်။  မင်းပြောတော့ အသက်ကြီးလို့တဲ့၊ နားနှစ်ဖက်စလုံး တချိန်တည်းမွေးလာတာဘဲ” လို့ ပြောပါတယ်။

ကျွန်တော့စိတ်ထဲမှာ ဘတ်ဒီ တစ်ခါပြန်လာပါအုံး၊ စကားပြောချင်တယ်။ ထိုင်ပါ၊ ဘတ်ဒီ၊ ဒုတိယကောင်းကြီးအကြောင်းပြောပြပါ။ ကျွန်တော်လိုချင်တယ် ဘတ်ဒီ၊ ကျွန်တော်လိုချင်တယ်” လို့ ပြောမိပါတယ်။

ဘယ်သူ၊ တစ်ဦး၊ တစ်ယောက်မှကယ်တင်ခြင်းမရတဲ့ အဆောက်အအုံကြီးတွေဟာ စိတ်ပျက်စရာ ကောင်းပါတယ်။ ကျွန်တော်ကတော့ ထူးခြားမှုကို လိုချင်တယ်။  ပထမအချက်ကတော့ ဆာငတ်မှု။ ဆာငတ်မှုရှိကြရဲ့လား? ဒီစည်းဝေးမပြီးခင် လူတစ်ချို့ဆာငတ်မှုရှိသွားပါစေလို့ မျှော်လင့်ပါတယ်။
 (B)  ယုံကြည်ခြင်း  Believing
ဒုတိယအချက်က ယုံကြည်ခြင်းပါ။ ယောဟန် ရး၃၇-၃၉ ကို ပြန်ကြည့်ပါ။ သခင်ယေရှုဟာ ပွဲနေ့ နောက်ဆုံးနေ့မှာ ရပ်ပြီးတော့ “ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့” လို့ ပြောခဲ့ပါတယ်။ နောက်တပိုဒ်မှာတော့ “ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာ လာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်” လို့ ဆက်ပြောပါတယ်။

ဆာငတ်ခြင်းနဲ့ ယုံကြည်ခြင်းဆိုတဲ့စကားနှစ်ခုကို မှတ်ထားလိုက်ပါ။ ယုံကြည်ခြင်း။ ကျွန်တော်တော့ မယုံကြည်ခဲ့ပါဘူး။ Dr.Hyles က သူ့အဖေအုတ်ဂူမှာ ဒူးထောက်ပြီးတော့ ဝိညာဉ်တော် မပြည့်မဝမခြင်း ဆုတောင်းတယ်လို့ ပြောတာကြားရပါတယ်။ ကျွန်တော့စိတ်ထဲမှာ “အပြောပါကွာ၊ အဲလိုတော့ ဖြစ်ဖူးမှာ မဟုတ်ပါဘူး၊ ဖြစ်တယ်ပဲ ထားဦး၊ သူလုပ်တာနဲ့ ငါ့လို တောသားတရားဟောဆရာ၊ ဘယ်သူမှ မထောက်မ,မ၊ ဘယ်သူမှ မိတ်မဖွဲ့၊ ဘယ်ကျောင်းမှ မတက်၊ အသိုင်းအဝိုင်းထဲက ထွက်ခဲ့သူက လုပ်လို့ဖြစ်ပါ့မလား? ငါ့အတွက် မဟုတ်ပါဘူး။ Dr.Lee Roberson တို့၊ Dr. Jack Hyles တို့၊ Dr. John R. Rice တို့၊ Moody တို့၊ Torrey တို့၊ Spurgeon နဲ့ တခြား ငါဖတ်ဘူးတဲ့ လူတွေအတွက်ပဲ ဖြစ်မှာပါ။ ငါ့အတွက်တော့ မဟုတ်လောက်ဘူး” လို့ တွေးမိတယ်။ ဒါပေမယ့် စိတ်ထဲမှာပဲ “မင်းအတွက်လဲ ဟုတ်ပါတယ်။ မင်းလဲရနိုင်ပါတယ်” ဆိုတဲ့စကား ထပ်ထပ်ကြားနေရတယ်။

ဒီည၊ ဒီမှာထိုင်နေကြရင်းနဲ့ “ငါတော့ မယုံဘူး။” လို့ ပြောရင်တော့ ရလာမှာမဟုတ်ဘူး။ ဒါပေမယ့် “Dr. Lee Roberson အတွက် ဖြစ်ရင်၊ Dr. John R. Rice အတွက်ဖြစ်ရင်၊ Dr. J. Frank Norris အတွက်ဖြစ်ရင်၊ Gipsy Smith အတွက်ဖြစ်ရင်၊ Ira Sankey နဲ့ R.A Torrey အတွက်ဖြစ်ရင်၊ ငါ့အတွက်လည်းဖြစ်ရမှာပေါ့ ”လို့ ပြောပြီးပြန်သွားရင် ရနိုင်ပါတယ်။

ပုဆိန်ခေါင်းမပါဘဲ လက်ကိုင်ကြီးပဲ ဝှေ့နေရတာမျိုးဟာ မပင်ပန်ဘူးလား။ ဟန်ပြပဲရှိပြီး၊ ဘာတစ်ခုမှ ဖြစ်မလာမှန်း သိလျှက်နဲ့ လှုပ်ရှား သွားလာနေရတာ မပင်ပန်းဘူးလား။ အဲဒီလိုမျိုးခံစားရတဲ့ တနင်္ဂနွေမနက်တွေမှာ ထရပ်ပြီး “သွားကြစို့ကွာ၊ ဒီနေရာက သေနေပြီ၊ ဘာမှမရှိဘဲ ငှက်သိုက်အဟောင်းလို ခြောက်နေပြီ၊” လို့ ကြေငြာသင့်ပါတယ်။

စပါဂျင်က “အတူစုဝေးကြတဲ့အခါ ဝိညာဉ်တော်တန်ခိုးရရှိဖို့၊ ဆုတောင်းပါ။ ဆုတောင်းလို့မှမရရင် စည်းဝေးရုပ်သိမ်းပြီး၊ နောက်တပတ် တနင်္ဂနွေမှာ ကိုယ်တော်အတူပါဖို့ ဆုတောင်းပါ” လို့ ပြောပါတယ်။
 (C)  ဆုတောင်းခြင်း  Asking
ပထမက ဆာငတ်ခြင်း၊ ဒုတိယက ယုံကြည်ခြင်း ကိုယ့်အတွက်လည်း ဖြစ်တယ်။ ဝိညာဉ်တော် ပြည့်ဝနိုင်တယ်လို့ ယုံကြည်ပါ။ တတိယက ဆုတောင်းခြင်း။

လုကာ ၁၁း၁၃မှာ“သင်တို့သည်အဆိုးဖြစ်လျှက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော” အမြဲ ဆုတောင်းပါ။ ဆက်ဆုတောင်းပါ။ အလင်းရသည်အထိ ဆက်ဆုတောင်းပါ။ ယာကုပ်၄း၂ မှာ “မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲနေကြ၏။” တချို့လူတွေဟာ သာမန်တရားဟောဆရာဘဝနဲ့ပဲ သေပြီး ကောင်းကင်ဝင်ရမှာပါ။ ဒါ အမှန်ပြောတာပါ။ ရည်ရွယ်ချက်မှ မရှိဘဲ။ ကိုယ့်ကိုကိုယ် ကျေနပ်နေတာပဲ။ သေပြီး ကောင်းကင်ရောက်မှ “ကိုယ်တော်သာ ဝိညာဉ်တော်နဲ့ ပြည့်ဝစေခဲ့ရင် ကျွန်တော် ပိုလုပ်နိုင်တာပေါ့။” လို့ ပြောမယ့်သူတွေပါ။ ဘုရားသခင်က “ဘယ်ရမလဲ? တောင်းမှ မတောင်းကြဘဲ၊ တောင်းရင်တော့ ပေးမှာပေါ့” လို့ ပြန်ဖြေပါလိမ့်မယ်။

ဒါဟာ ယုံကြည်သူတွေကို အပြစ်တင်တဲ့စကားပါ။ တမန် ၄း၃၁ မှာ “- -ထိုသို့ဆုတောင်းပဋ္ဌာနာပြုမှ၊ ဆုပေးသောအရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောကြ၏။”

 (D)  မှန်ကန်တဲ့အကြောင်းအရင်း  The Right Reason
ပိုအရေးကြီးတဲ့တချက် ရှိပါသေးတယ်။ ဝိညာဉ်တော်ပြည့်ဝချင်တဲ့အကြောင်းရင်းက မှန်ရမယ်။ တချို့သူတွေက မမှန်ကန်တဲ့ အကြောင်းရင်းတွေနဲ့ ပြည့်ဝချင်နေကြတယ်။ အလွန်အမင်း ဝမ်းသာစရာ တွေ့ကြံုဖူးချင်တာနဲ့ ပြည့်ဝချင်ကြတယ်။ ဆံပင်တွေ ထောင်သွားစေချင်ကြတယ်။ အတိုင်းမသိ ခံစားချင်ကြတယ်။ တချို့ကလည်း ကောင်းကင်ဘာသာစကားတွေ ပြောချင်ကြတယ်။ ပင်တေကုတ္တေနေ့ ကာလတုန်းက ပြောတဲ့ လူစကားတွေရှိပါတယ်။ အဲဒီတုန်းက ကောင်းကင်ဘာသာစကားကို မပြောခဲ့ကြပါဘူး။ အခြားသော ဘာသာစကားများ (အများ) ပြောကြတာ ဖြစ်ပါတယ်။ လူတိုင်း ကိုယ့်ဘာသာစကားနဲ့ ကြားခဲ့ကြတာပါ။ အံ့ဩပြီးတော့ “ကြည့်စမ်း! ဂါလိလဲလူတွေ မဟုတ်လား?  ငါတို့မွေးတဲ့ ဒေသက၊ ငါတို့စကားနဲ့ လူတိုင်းကြားနေရပါလား?” လို့ ပြောခဲ့ကြတာပါ။

ထူးထူးခြားခြားခံစားချင်လို့၊ ပြောမပြတတ်လောက်အောင်ဖြစ်ပြီး၊ လျှောက်အော်ပြောချင်လို့၊ ပြည့်ဝချင်ကြတာပါ။ အော်တာကို အပြစ်ပြောတာမဟုတ်ပါဘူး။ အော်ဖို့ ပြည့်ဝခိုင်းတာ မဟုတ်ပါဘူး။ အကြောင်းရင်းက၊ တမန် ၁း၈ မှာ “သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” ဧဝံဂေလိတရား မြေကြီးစွန်းအထိမရောက်သေးဘဲနဲ့တော့ မရပ်ပစ်သင့်ဘူး။ ဝိညာဉ်တော်ပြည့်ဝလာရင် သက်သေခံဟောပြောတာကို အကြီးအကျယ် စိတ်ဝင်စားလာမှာပါ။

ကောင်းကြီးကိုတော့ လိုချင်ကြပါတယ်။ ရသလောက် လိုချင်တာပါ။ ကိုယ့်ဆုတောင်းအုပ်စုလေးထဲမှာပဲ ဒီအံ့ဩစရာအတွေ့အကြံုကို  ကြားဖူးချင်ကြတာပါ။ ဒါပေမယ့် မကြံုဘူးလို့တော့ မပြောချင်ပါဘူး။ တန်ခိုးဆိုတာ သက်သေခံဖို့ပေးတာသာ ဖြစ်ပါတယ်။

တမန်တော်ဝတ္ထုမှာ “သက်သေ” ဆိုတဲ့စကား ၃၃ ကြိမ်တွေ့ရပါတယ်။ ဘာသာစကားပြောတာက တမန်၂၊ တမန်၁၀၊ တမန် ၁၉ တို့မှာ ပေါင်း ၃ ကြိမ်ပဲ ပြောတာပါ။ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

မှန်ကန်တဲ့အကြောင်းရင်းအတွက် လိုချင်တာဖြစ်ရပါမယ်။ ကိုယ့်ဘဝမှာ သက်သေခံဟောပြောခြင်းကို အဓိကအလုပ်လို့ သဘောမထားချင်ရင် ဝိညာဉ်တော်နဲ့ ပြည့်ဝလာမှာမဟုတ်ပါဘူး။ အကြောင်းရင်းမှန်ဖို့ လိုပါတယ်။
 (၄) အကျိုးဆက်များ  The Consequences
ဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုကို အချက် ၁၈ ချက် ကျမ်းစာထဲက ထုတ်ပြပါမယ်။ ၁၈ ချက်ပဲ ရှိတယ်လို့တော့ ပြောလိုတာမဟုတ်ပါဘူး။ တချို့အကြောင်း မပြောတော့ဘူး။ ဝိညာဉ်တော်က ယုံကြည်သူအပေါ်၊ အတွင်းလူကို ခွန်အားနဲ့ပြည့်ဝစေတယ်။ (ဧဖက် ၃း၁၆) လမ်းပြတယ်။ (ရောမ၈း၁၄) ဘာလုပ်သင့်တယ်၊ ဘာမလုပ်ရဘူးဆိုတာ ဇဝေဇဝါဖြစ်စရာ မလိုဘူး။ ဝိညာဉ်တော်နဲ့ပြည့်ဝရင် ဆုံးဖြတ်ချက်ကို မှန်မှန်နဲ့ မြန်မြန်ချနိုင်တယ်။ ရှင်းလင်းတဲ့ လမ်းညွှန်ချက်ကိုရနိုင်တယ်။

ယုံကြည်သူကို ခရစ်ယာန်စိတ်ဓါတ်တွေဖြစ်တဲ့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနဲ့ ကာမဂုဏ်ချုပ်တည်းခြင်းတွေကို  ဖြစ်ပေါ်စေပါတယ်။

ကျမ်းစာကို နားလည်စေပါတယ်။ (၁ယော ၂း၂၇) ဉာဏ်အလင်းရဖို့လိုုပါတယ်။ ဝိညာဉ်တော်က ပေးနိုင်ပါတယ်။ မှတ်ဉာဏ် ပိုကောင်းစေတယ်။ (ယော ၁၄း၂၆) မှာ “ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္စျယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည်။” မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ Dr. Rawlings တို့ ဟောခဲ့ဖူးသလို နှုတ်ကပတ်တော်ကို ထိရောက်စွာ ဟောနိုင်အောင် ကူမနိုင်ပါတယ်။ ဟောပြောချက်တိုးတက်ပြီး ထိရောက်မှုရှိအောင် လုပ်ပေးနိုင်ပါတယ်။ ၁သက် ၁း၅ မှာ “ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက်သက် ဖြစ်သည်မဟုတ်။ တန်ခိုးနှင့်၎င်း၊ သန့်ရှင်း သောဝိညာဉ်တော်နှင့်၎င်း၊ ပြည့်စုံသောတရားဖြစ်၏။”

ဆုတောင်းရာမှာ လမ်းပြပါတယ်။ (ရောမ ၈း၂၆) ဘာတောင်းရမှန်း မသိတော့ “သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။”

ဒါတွေဟာ ဝိညာဉ်တော်လုပ်ဆောင်မှု ၁၈ ချက်ထဲက တချို့တဝက်ပါ။ ဒါပေမယ့် အဓိက တစ်ချက်အကြောင်း ပြောပြပါမယ်။ ကဲ့ရဲ့တဲ့ သဘောတော့ မဟုတ်ပါဘူး။ ပင်တေကုတ္တေအသင်းတော်တွေနဲ့ ဆိုင်တဲ့ မိတ်ဆွေတွေကို ပြောပြချင်ပါတယ်။ ဝိညာဉ်တော်နဲ့ ပြည့်ဝခြင်းရဲ့ အကျိုးဆက်ဟာ ဘာသာစကားပြောခြင်း မဟုတ်ပါဘူး။ ဝိညာဉ်တော်နဲ့ပြည့်ဝရင် ဘာသာစကားပြောလာလိမ့်မယ်လို့ ကျမ်းစာကတစ်ခါမှ ပြောမထားပါဘူး။ ကျမ်းစာက တမန် ၁း ၈ မှာ “သက်သေ”  ဖြစ်ကြလိမ့်မယ်လို့ ဆိုပါတယ်။ လုကာ ၁း၁၅ မှာ နှစ်ခြင်းဆရာယောဟန် အကြောင်းကို ပြောတဲ့အခါ - “အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားေ့ရှတော်၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။”  နောက်တစ်ပုဒ်မှာတော့- -  “ဣသရေလအမျိုးသားအများတို့ကို သူတို့ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲစေလိမ့်မည်။” လူများစွာကို ကယ်တင်ခြင်းရစေမယ့်သူ ဖြစ်ပါတယ်။

Moody ရဲ့ တရားဟောပွဲတစ်ခုမှာ လူတစ်ယောက်က ရပ်ပြီးပြောပါတယ်။ “Mr. Moody ကျွန်တော့ရဲ့ အထွတ်အထိပ် အတွေ့အကြံုတစ်ခုကို ပြောပြခွင့်ပြုပါ။” Moody က မေးပါတယ်။  “အဲဒီအထွတ်အထိပ်ကို ရောက်ပြီးနောက်ပိုင်းမှာ ခရစ်တော်ထံကို ဝိညာဉ်ဘယ်လောက် ပို့ပေးခဲ့ပြီလဲ?”

 “ဘာကြောင့်လဲ? မပို့ဖြစ်ပါဘူး” တဲ့။  Moody က ထိုင်ပါ၊ အဲဒီလို အထွတ်အထိပ် အတွေ့အကြံုမျိုးတော့ မကြားချင်ဘူး” လို့ ပြောပါတယ်။ တမန် ၂ ကို ဖတ်ပြီး၊ ကောင်းကင်ဘာသာစကားလို့ မယူသင့်ပါဘူး။ “အခြားသော ဘာသာစကား၊”  “သူ့ဘာသာစကား၊”  “ငါတို့ဘာသာစကား” လို့ပဲ ပြောပါတယ်။ တမန် ၂ ကိုဖတ်ပြီး၊ ဒီအခန်း ပြီးခါနီးမှာ လူသုံးထောင်ပြောင်းလဲတာ မမြင်ဘဲနေမှာလည်း စိုးရိမ်ရပါတယ်။

ပင်တေကုတ္တေနေ့မှာ ဘာဖြစ်ခဲ့သလဲ? လူသုံးထောင်ခန့် ပြောင်းလဲပါတယ်။ ဘယ်လိုလုပ်သိရလဲ? လူသုံးထောင် ကယ်တင်ခြင်းရကြလို့ပါ။ ပိုတောင် ပိုနိုင်ပါသေးတယ်။ အဲဒီတုန်းက ဧဝံဂေလိတရားကိုသိပြီး၊ ပြောပြတတ်သူတွေ၊ ခရစ်တော်ထံပို့ဆောင်နို်င်သူတွေ ရှိတယ်။ ဒါပေမယ့်  ပြဿနာက ကြားနာမယ့်သူတွေရဲ့ စကားကို မသိကြဘူး။ ဘုရားသခင်အတွက် အခက်တွေ့ပါတယ်။ ဘုရားသခင်က “ကယ်တင်ခြင်းရဖို့လိုတဲ့ လူသုံးထောင်ရှိတယ်။ ပြောပြမယ့်သူတွေက သူတို့စကားကို မတတ်ကြဘူး” ဒါနဲ့ တမန်၂ မှာ ဘုရားသခင်က ဘာသာစကားအခက်အခဲကို ကျော်ပေးလိုက်တယ်။ သူတို့မပြောဖူးတဲ့စကား ပြောခိုင်းလိုက်တယ်။ ဘာသာစကားကို အမွှန်းတင်ဖို့မဟုတ်ဘူး။ ကယ်တင်ခြင်းရဖို့၊ ဧဝံဂေလိတရားကြားရဖို့၊ သိပ်အရေးကြီးတာကို ပြဖို့ပါ။ လူသုံးထောင်ပြောင်းလဲတဲ့ တရားအကြောင်းကို အဓိကမထားဘဲ ဘာသာစကားကို အမွှန်းတင်တာဟာ ပညာမဲ့ရာကျပါတယ်။

ဘာနဲ့တူသလဲဆိုတော့ အညိုရောင်စက္ကူအိတ်ထဲမှာ ဒေါ်လာငွေတစ်သန်းထည့်ပြီး လာပေးတာနဲ့တူပါတယ်။ ပေးလာတဲ့ ဒေါ်လာတစ်သန်း  ကို သွန်ချပစ်ပြီးတော့ အညိုရောင်စက္ကူအိတ်ကြီးရလို့ စိတ်လှုပ်ရှားပြီး၊ အိမ်ထဲလျှောက်အော်ပြေးသူနဲ့ တူပါတယ်။ ကားထဲမှာပါလာတဲ့ပစ္စည်းကို စိတ်မဝင်စားဘဲ သယ်ပေးတဲ့ကားကို စိတ်ဝင်စားတာနဲ့တူပါတယ်။ ပင်တေကုတ္တေနေ့ရဲ့ အရေးကြီးတဲ့အဓိကအချက်က တရားစကားနဲ့ လူသုံးထောင် ကယ်တင်ခြင်းရတာပါပဲ။ ဘာသာစကားပြောတဲ့ကိစ္စက ဒုတိယအဆင့်ပါ။ အခြေအနေအရ ဖြစ်ရတာပါ။

 “လွန်ကျူးတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍  ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။” ဧဖက် ၅း ၁၈။
 “သင်တို့သည်လည်း ငါ၏သက်သေဖြစ်ကြလိမ့်မည်။”

နှိုင်းယှဉ်မှု၊ အမိန့်တော်၊ လိုအပ်မှုများ၊ အကျိုးဆက်များ။
ဒီည ဝိညာဉ်တော်နဲ့ပြည့်ဝချင်သူတွေရှိသလား? ဆာငတ်သင့်သလောက် မဆာငတ်ပေမယ့်၊ ရင်ထဲမှာ တောင့်တမှုလေးတော့ ရှိမှာပေါ့။ သာမန်ဘဝနဲ့တော့ မကျေနပ်ဘူးပေါ့။

ေ့ရှနားတဝိုက်မှာ တရားဟောဆရာတွေ တန်းစီနေပေးပါ။ သံစုံသီချင်း စဆိုတဲ့အခါ ေ့ရှကိုထွက်ခဲ့မလား? အနီးဆုံးမှာရှိတဲ့ တရားဟောဆရာကို “ဝိညာဉ်တော်နဲ့ ပြည့်ဝချင်တယ်၊ မရမချင်း၊ အတောင်းမရပ်ဘူး” လို့ ပြောလိုက်ပါ။ ပြီးတော့ ကိုယ့်နေရာကိုယ် ပြန်ထိုင်ပါ။
 (သံစုံသီချင်းဆိုတဲ့အခါ လူပေါင်း ရာချီရှေ့ထွက်လာပြီး  “သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ပြည့်ဝချင်ပါတယ်” လို့ ပြောကြပါတယ်။) ။      ။