Monday, March 2, 2015

Preachers Pervert Plan of Salvation By Dr. John R. Rice (Burmese) ကယ်တင်ခြင်းတရားကို မှောက်လှန်တဲ့ ဆရာတွေ

DR. JOHN R. RICE



ကယ်တင်ခြင်းတရားကို မှောက်လှန်တဲ့ ဆရာတွေ


“တရားဟောဆရာတွေက ကယ်တင်ခြင်းကို မှောက်လှန်ကြတယ်။”
“ဘုရားသခင်၏ ကျေဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီး အသေခံတော်မူပြီ။” ဂလာ ၂း၂၁ ။

ပယ်တယ် Frustrate ဆိုတဲ့စကားဟာ ဘေးဖယ်ထားတယ်လို့ ဆိုလိုတယ်။ ရှင်ပေါလုက “ငါကတော့ ပညတ်တရားကို စောင့်ထိန်းမှ ကယ်တင်ခြင်းရတယ်လို့ သွန်သင်ပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဘေးဖယ်တာမျိုး မလုပ်ဘူး။” လို့ ဆိုပါတယ်။

ဂလာတိပြည်က ခရစ်ယာန်တွေဟာ ဒီအပြစ်မျိုးကို ကျူးလွန်မိကြတယ်။ ဒီလိုပဲ ခရစ်ယာန်တွေ၊ တရားဟောဆရာတွေဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ပယ်ကြ၊ ကယ်တင်ခြင်းရဖို့ အကျင့် ကျင့်ရမယ် (သို့) ကယ်တင်ခြင်း မဆုံးရှုံးဖို့ အကျင့်ကျင့်ရမယ် (သို့) ကယ်တင်ခြင်းရတာကို သက်သေပြဖို့ အကျင့် ကျင့်ရမယ်လို့ ပြောပြီး ကယ်တင်ခြင်းကို မှောက်လှန်လိုက်ကြတယ်။

တခါက ဆရာတပါး တပတ်တာ သင်တန်းတခုကို ဦးဆောင်ဖို့ အသင်းတော်တပါးကို သွားတယ်။ တော်တော်ကလေး အောင်မြင်မှုရပါတယ်။ ကယ်တင်ခြင်းရတယ်ဆိုတဲ့ သူတွေအထဲမှာ လက်ထောက်သင်းအုပ်၊ သင်းအုပ်ရဲ့ သမီးအကြီး၊ ဘုရားကျောင်းက စန္ဒယားဆရာ၊ သင်းထောက်ဥက္ကဌနဲ့ အမာခံ အသင်းသားတချို့ ပါနေတယ်။ ဒီလူတွေနဲ့ တခြားပရိတ်သတ် တဝက်လောက်ဟာ ဒီကျမ်းစာအတိုင်း ဟောတဲ့ Fundamental အသင်းတော်၊ စိတ်ဝိညာဉ် Soul Winning အသင်းတော်ကို မရောက်ခင်ကလည်း ယုံကြည်ပြီးသားလူတွေပါ။

အရင်က ကယ်တင်ခြင်းရတယ်လို့ ထင်ခဲ့သူတွေကို ကယ်တင်ခြင်းရအောင် ဟောတဲ့ဆရာဟာ ဧဝံဂေလိ ဆရာကောင်းတယောက် ဖြစ်ပါ့မလား။ မဖြစ်နိုင်ဘူး။ သူဟာ ကျမ်းစာနဲ့ညီတဲ့ ဆရာတယောက် မဟုတ်ဘူး။ သူ့အထင်နဲ့သူ ဟုတ်နေတဲ့သူပါ။ အချို့ကလည်း ဒီဆရာဟာ ကယ်တင်ခြင်းရအောင် ဟောသွားတဲ့ အရင်ဆရာထက် ပိုကောင်းတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် အခုရောက်လာတဲ့ဆရာက သူတို့ ကယ်တင်ခြင်းမရဘူးလို့ ထောက်ပြနေပါလား။

Fundamental အသင်းတော်တခုမှာ နှစ်ပေါင်းများစွာ ဧဝံဂေလိတရားဟောနေခဲ့တဲ့ ထင်ရှားတဲ့ သင်းအုပ်တယောက်ကလည်း သူ့အသင်းတော်မှာ ကယ်တင်ခြင်းရသူဟာ အသင်းသားဦးရေရဲ့ ၁၀% မကျော်ဘူးလို့ ခဏခဏ ဟောနေလေရဲ့။ တချို့ဆရာတွေဟာ ကယ်တင်ခြင်းကို သိပ်လွယ်အောင် လုပ်တယ်။ ဒါကြောင့် လူတွေ ကယ်တင်ခြင်း ထပ်ရစေခြင်သေးတယ်လို့ ထင်သူတွေက အဲဒီသင်းအုပ်ကို မကြာခဏ ရည်ညွှန်းလေ့ရှိတယ်။ ဧဝံဂေလိတရားကို အဲဒီလူ ဟောတဲ့အခါ ကယ်တင်ခြင်းကို ရှင်းအောင်ဟောရင် ကယ်တင်ခြင်းရဖို့ တကယ်ယုံကြည်သူတွေ ကယ်တင်ခြင်းရပါတယ်။ ကယ်တင်ခြင်းရဖို့ ခရစ်တော်ကို အားကိုးသူတိုင်းဟာ ကယ်တင်ခြင်းရပါတယ်။

အမျိုးသမီးတယောက်ကလည်း သူ့ခင်ပွန်းက ကယ်တင်ခြင်းရတယ်ဆိုပေမယ့် တကယ်မရဘူး၊ ဘာကြောင့်လဲဆိုတော့ ဆေးလိပ်သောက်တယ်လို့ ကျွန်တော့ဆီ စာရေးတယ်။

သင်းအုပ်တယောက်ကလည်း ကယ်တင်ခြင်းရတဲ့ အရက်သမားတယောက်အကြာင်း ပြောတယ်။ အဲဒီလူမရဘူးတဲ့ ဘာကြောင့်လဲဆိုတော့ အပြစ်ထဲ လဲကျပြီး အရက်ပြန်သောက်နေလို့တဲ့။

အဲဒီလို ဧဝံဂေလိတရားကို မှောက်လှန်နေကြတဲ့ ဆရာတွေက ကယ်တင်ခြင်းမှာ အနည်းနဲ့ အများ အကျင့်ကို ထည့်ပေးချင်ကြတယ်။  “… အကျင့်ကို ထောက်သော် သူတို့၏သဘောကို သိရကြလိမ့်မည်။” ဆိုတဲ့ ကျမ်းချက်ကို ကိုးကားရတာ အလွန်ပျော်ကြတယ်။ ဒါကြောင့် သူတို့က လူတွေ ကယ်တင်ခြင်းရတယ် မရဘူး ပြောနိုင်တယ်လို့ ဆိုကြတယ်။

ဒါဟာ ကျမ်းစာချက်ကို အလွဲယူတာပဲ။ ဒီကျမ်းချက်အရ လူတယောက် ကယ်တင်ခြင်းရ-မရ စစ်ဆေးစီရင်ခွင့် ရှိတယ်လို့ ထင်ကြတယ်။ တကယ်တော့ ဒီကျမ်းချက်က မိစ္ဆာဆရာကို သူ့ရဲ့ဩဝါဒ doctrine  သွန်သင်ချက်အားဖြင့် သိနိုင်တယ်လို့ အဓိကပြောနေခြင်းသာ ဖြစ်ပါတယ်။

၂ကော ၅း၁၇ ကိုလည်း ကိုးကားတတ်ပါတယ်။ “လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။” အသက်တာတခုလုံး အပြင်ပန်းအားဖြင့် ရုတ်တရက် ပြောင်းလဲမသွားသေးရင် ယုံကြည်တယ်လို့ ဝန်ခံတာက မမှန်ကန်ဘူး၊ အားလုံးပြောင်းလဲသူ မဟုတ်သေးဘူး လို့ ဆုံးဖြတ်လိုက်ကြတယ်။

ဒါဟာ နှုတ်ကပတ်တော်ကို မှောက်လှန်တဲ့ အပြစ်ပါပဲ။ အကျင့်အားဖြင့် ကယ်တင်ခြင်းရတယ် (သို့) မဆုံးရှုံးဖို့ ကျင့်ရမယ် (သို့) ရတာကို အကျင့်သက်သေပြရမယ်လို့ သွန်သင်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဘေးဖယ်ကြတာပါပဲ။

ဂလာတိပြည်က ခရစ်ယာန်တွေဟာ ကယ်တင်ခြင်းရနေဖို့ ဝတ်ပြုရာပညတ်တွေ စောင့်ရမယ်။ ဒါမှမဟုတ်ရင် ကယ်တင်ခြင်းမရဘူးလို့ သွန်သင်ရပြီး လမ်းလွဲခေါ်ခံရတယ်။ ဒါကြောင့် “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို .. ပယ်”လိုက်ကြတယ်။ ရှင်ပေါလုက ကယ်တင်ခြင်းရဖို့ အကျင့်အားကိုးသူတွေကို “ကျေးဇူးတရား၌ မတည် ေ့ရွလျော့ကြပြီ။” လို့ ဆိုပါတယ်။ ဒါဟာ ကျမ်းစာရဲ့သွန်သင်ချက်ဖြစ်တဲ့ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ် ဆိုတဲ့ သမ္မာတရားမှ ရွေ့လျော့လာတာ ဖြစ်တယ်။ ကယ်တင်ခြင်းရဖို့ ကျင့်ရမယ်ဆိုတဲ့ ရှေးဟောင်း ဇာတိ မိစ္ဆာအယူကို ယူလိုက်ကြတာပါ။

ဒါကြောင့် ခရစ်ယာန်တွေ လမ်းမှားကို အခေါ်ခံရနိုင်တယ်။ စာတန်က ခရစ်ယာန်တွေ၊ ဆရာတွေ သူ့ရဲ့ အလုပ်လုပ်ဖို့၊ သူ့တရားဟောဖို့ အမြဲကြိုးစားနေတယ်။

Charles Spurgeon က ဇာတိသဘောဟာ Arminian အယူအတိုင်းပဲလို့ ပြောဖူးတယ်။ လူဟာ သာမန်အားဖြင့် ကိုယ်ကိုကိုယ်ကယ်ဖို့ (သို့) ကယ်နေဖို့ ကောင်းကွက်တခုခု၊ အရည်အချင်းတခုခု ရချင် တတ်တယ်။ လူဟာ ငရဲသွားထိုက်တဲ့ အပြစ်သား၊ ကယ်တင်ခြင်းရဖို့ ဒီလောကမှာ သူလုပ်နိုင်တာ ဘာမှမရှိဘူးလို့ ဝန်မခံချင်ကြဘူး။

ဒါကြောင့် လမ်းလွဲတဲ့အဖွဲ့အစည်း၊ ဘာသာတရားအမှားတွေဟာ လူအကျင့် (သို့) ကျင့်ဝတ် (သို့) ကိုယ်ကျင့်တရားတွေအားဖြင့် ကယ်တင်ခြင်းရနိုင်တယ်ဆိုတဲ့ သွန်သင်မှုတွေ ရှိပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော် ဧဝံဂေလိ တပါးတည်းကသာလျှင် ယေရှုခရစ်တော်နဲ့ သွန်းခဲ့တဲ့ အသွေးတော်အပေါ်မှာသာ အားကိုးရမယ်လို့ ကယ်တင်ခြင်းကို သွန်သင်နေပါတယ်။

၁။  တရားဟောဆရာတွေက ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုပယ်ပြီး၊       ကယ်တင်ခြင်းကို မှောက်လှန်နေတာ ဘာကြောင့်လဲ?

ပထမအချက်က - - ပတ်ဝန်းကျင်မှာရှိတဲ့ arminian သွန်သင်ချက် ထင်ဟပ်လာတာပါ။ အချို့ Arminian ဆရာတွေက “လွယ်လွယ်ယုံတဲ့ဝါဒ” “easy believism”  လို့ ခေါ်ပြီး မိုက်မိုက်မဲမဲ တိုက်ခိုက်ကြတော့ လူငယ်ဆရာလေးတွေက “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် …. ကယ်တင်ခြင်း ရောက်လိမ့်မည်”လို့ ဟောရုံနဲ့ မလုံလောက်တော့ဘူးလို့ ထင်လာတယ်။

(သို့) လောကီသားတွေရဲ့ ထင်ဟပ်မှုကြောင့်လည်း ဖြစ်ပါတယ်။ ဆရာတွေက “ခရစ်ယာန်တွေဟာ ကောင်းကောင်းမွန်မွန် အသက်မရှင်နိုင်သေးဘူး။ ဒါကြောင့် သူတို့လောက် အသက်မရှင်နိုင်ရင် ကယ်တင်ခြင်းမရသေးဘူး”လို့ ဆင်ခြေပေးချင်ကြတယ်။ လောကီသားရဲ့ ဆင်ခြေနဲ့ အခြေအနေ standards တွေက မသိမသာ အမွေခံယူနေတာပါ။

လောကီသူတွေ စကတ်တိုတို ဝတ်သလို၊ တရားဟောဆရာ ကတော်တွေလည်း ဝတ်ကြတယ်။ လောကီလူငယ်တွေ ရုပ်ရှင်သွားသလို၊ တရားဟောဆရာ သားသမီးတွေလည်း သွားကြတယ်။

နာမည်ကြီး ဧဝံဂေလိဆရာတယောက်က ကျွန်တော့ “ငရဲအကြောင်း ဝေစာရပြီးတဲ့ နောက်ပိုင်း တရားဟောတိုင်း မရဏာရဲ့ မီးလျံတွေနဲ့ ထာဝရပြစ်ဒဏ်တွေကို ဂရုစိုက်ဟောခဲ့တယ် လို့ ပြောပြဖူးတယ်။

အခုတော့ အဲဒီဧဝံဂေလိဆရာဟာ Fundamental ခရစ်ယာန်တွေနဲ့ မပေါင်းတော့ဘူး။ modernist စာပေတွေကို သုံး၊ modernist တွေနဲ့ မိတ်ဖွဲ့လာတော့ ငရဲဆိုတာ ဘုရားသခင်နဲ့ ခွဲနေရတာလောက်ပဲ ထင်လာတယ်။

အင်္ဂလိကန်ဂိုဏ်းချုပ်ကြီးဆီ သူအလည်သွားတော့ သူ့ရှေ့မှာ ဂိုဏ်းချုပ်ကြီး ထန်းရည်သောက်တာကို လန့်သွားတယ်လို့ ပြောပြဖူးတယ်။ မနေ့က စာစောင်ထဲမှာ အဲဒီ ဧဝံဂေလိဆရာက အရက်သေစာ သောက်စားတာကို ကျမ်းစာက မတားမြစ်ပါဘူးလို့ ဆိုလာတယ်။

တွေ့တယ်နော်။ ခရစ်ယာန်တိုင်းဟာ ကိုယ်အတူ သွားလာတဲ့လူတွေ၊ ကိုယ်ဖတ်တဲ့ သတင်းစာ၊ ကိုယ်အပေါ် အခြားလူတွေရဲ့ ထင်မြင်မှုတွေရဲ့ သက်ရောက်မှုကို ခံနေရတယ်။

ပုံမကျတဲ့ အသက်တာပုံစံမျိုးနဲ့ အသက်မရှင်နိုင်ရင် ကယ်တင်ခြင်းမရဘူးလို့ လောကီသားတွေ ထင်ကြတော့၊ တရားဟောဆရာကလည်း လိုက်ပြီး ထင်လာတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဘေးဖယ်လိုက်တယ်။ ကျေးဇူးတော်ကြောင့်ဆိုတာကို ပယ်လိုက်တယ်။ ဖြောင့်မတ်တဲ့အကျင့်၊ ကုသိုလ် ဆိုတာတွေကို ကယ်တင်ခြင်းရဖို့ (သို့) ရနေဖို့ (သို့) ရကြောင်း သက်သေပြဖို့ ပေါင်းထည့်လာတယ်။

တခါတလေမှာ တရားဟောဆရာကိုယ်တိုင်က ကယ်တင်ခြင်းအစီအစဉ်ကို ကောင်းကောင်း နားမလည်ဘူး။ ကယ်တင်ခြင်းဆိုတာက process တဖြည်းဖြည်း တဆင့်ပြီး တဆင့်လို့ ထင်နေတယ်။ ပထမ - သဘောပေါက်လာ၊ ပြီးတော့ နောင်တရ၊ ပြီးမှ ယုံတဲ့အတိုင်း ပြုမူချိန်ဆိုပြီး ထင်တတ်ကြတယ်။ အမှန်က ယုံကြည်ခြင်းနဲ့ နောင်တဆိုတာ ခရစ်တော်ထံ လာတဲ့သူရဲ့ ဖြစ်ရပ်တခုတည်းရဲ့ မျက်နှာစာ နှစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော့ဆီရေးတဲ့ စာတွေထဲမှာ တရားဟောဆရာက ကယ်တင်ခြင်းရဖို့ နောင်တ လုံလုံလောက်လောက် ရရမယ်လို့ ဟောတဲ့အတွက် စိုးရိမ်နေတယ်။ အပြည့်အဝ သဘောပေါက်ရဲ့လားလို့ စိတ်ပူနေတယ်လို့ ရေးတယ်။ ဒါက ကယ်တင်ခြင်းရဖို့ ငိုရဦးမယ်ဆိုပြီး တဆင့်ပြီး တဆင့် process salvation ကို ဟောကြတာပါပဲ။ ကယ်တင်ခြင်းရဖို့ စဉ်းစားဦးမှ၊ ပြုပြင်ဦးမှ ဆိုပြီး ဘုရားရဲ့ကျေးဇူးကို ပယ်လိုက်ကြတယ်။

၂။  အဓိက ဩဝါဒတွေကို ငြင်းပယ်တဲ့ မိစ္ဆာပရောဖက်ကို သိနိုင်ပေမယ့်  ခရစ်ယာန်တယောက်ကို အသက်တာအားဖြင့် မသိနိုင်ဘူး။

အချို့တရားဟောဆရာတွေက ကယ်တင်ခြင်းကို ကောင်းကောင်း နားမလည်ကြတဲ့အတွက် ဘုရားသခင် ပေါင်းမထည့်တာတွေကို မကြာခဏ ပေါင်းထည့်နေတယ်။ ကယ်တင်ခြင်းအကြောင်း သူတို့ မသိဘူးလို့ ကျွန်တော် မဆိုလိုပါဘူး။ ကယ်တင်ခြင်းမှာ ဘုရားသခင် လုပ်ဆောင် ပေးသမျှကိုတော့ မသိကြဘူး။ သူတို့က မဿဲ ရး၂၀ “အကျင့်ကို ထောက်သော် သူတို့၏သဘောကို သိရကြလိမ့်မည်။”…  ကို ထောက်ပြပြီး အသက်တာကို ကြည့်ရင် ခရစ်ယာန်တယောက်ကို သိနိုင်တယ်လို့ သွန်သင်ကြတယ်။ ဒါပေမယ့် သခင်ယေရှု မိန့်တော်မူတာက “အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကို ခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာ ပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။ ထိုသူတို့၏အကျင့်ကို ထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။”

မိစ္ဆာပရောဖက်ဆိုတာဟာ … ကျမ်းစာတော်ကို ဝိညာဉ်တော် မှုတ်သွင်းရေးတာကို ငြင်းရင်၊ ခရစ်တော်ဟာ ဘုရားဖြစ်ကြောင်းငြင်းရင်၊ အသွေးတော်အားဖြင့် တခါတည်း အပြစ်ဖြေပေးတာကိုငြင်းရင် သိနိုင်တယ်။ ကျမ်းစာကမမှန်ဘူး။ သခင်ယေရှုက ဘုရားသားတော် မဟုတ်ဘူး၊ ကယ်တင်ခြင်းရဖို့ ခရစ်တော်ကို အမှီမပြုဘူးဆိုရင် အဲဒီလူ ကယ်တင်ခြင်းမရဘူး။ ခရစ်ယာန်ယုံကြည်ချက် အဓိကအချက်တွေကို ငြင်းချက် ထုတ်နေသူဟာ ကယ်တင်ခြင်း မရသေးဘူး။ ကျွန်တော် ဒီလိုပြောနိုင်တာ သူ့အကျင့်ဆိုတဲ့ သူ့သွန်သင်ချက်ကြောင့်ပါ။

ဒါပေမယ့် လူ့စိတ်နှလုံးထဲမှာရှိတဲ့ ကယ်တင်ခြင်းရဲ့အသီးအပွင့်၊ အကျင့်ကို ပြောပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ “လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်။”

တခါ ၂ကော ၅: ၁၇ ကို အလွဲအဓိပ္ပါယ် ကောက်တတ်တယ်။ လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြေင်းလဲ၍၊ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ တရားဟောဆရာတွေက ဒီကျမ်းချက်ကို တခြားကျမ်းစာချက်တွေနဲ့ ယှဉ်မကြည့်ဘဲ ကယ်တင်ခြင်းရရင် အားလုံးပြောင်းလဲသွားတယ်လို့ မိုက်မိုက်မဲမဲ ကောက်ချက်ချတတ်တယ်။ အပြစ် မလုပ်တော့ဘူး၊ စုံစမ်းခြင်း မခံရတော့ဘူး။ အားမနည်းတော့ဘူး။ ဘာမှ သင်ကြားခံယူစရာ မလိုတော့ဘူး။ ချက်ချင်းပဲ အားကြီးရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်သွားရောတဲ့။ ဒါဟာ ကျမ်းစာနဲ့ မညီဘူး။

ကယ်တင်ခြင်းရတဲ့သူဟာ “အသစ်သောသတ္တဝါ” a new creation ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လူဟောင်းကို ပြောင်းလဲထားတာ မဟုတ်ဘူးဆိုတာ သတိရပါ။ အဟောင်းသဘာဝနဲ့ အသစ်သဘာဝ နှစ်မျိုးစလုံးရှိအောင် အတွင်းမှာ လုံးဝအသစ်ဖန်ဆင်းထားတဲ့ သတ္တဝါအသစ်သာ ဖြစ်ပါတယ်။ “ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တပါးနှင့်တပါး ဆန့်ကျင်သောသဘော ရှိကြ၏။” ဆိုတဲ့ တိုက်ပွဲတခုကို တိုက်နေရဦးမယ်လေ။

ပြောင်းလဲစလူ ဆိုတာ “ကျေးဇူးတော်၌ကြီးပွါး”ရဦးမယ့်  ခရစ်ယာန် သူငယ်တယောက်ပဲ။ ပြောင်းလဲတဲ့သူမှာ မျက်ဝန်းညိုရှိရင် ညိုနေဦးမှာပဲ။ စိတ်မြန်သူဖြစ်ရင်တော့ သိမ်မွေ့ဖို့၊ သည်းခံတတ်ဖို့ လိုဦးမယ်။ စီးကရက်သောက်တဲ့သူ ဖြစ်ရင်တော့ သောက်နေဦးမှာပဲ။ ဖြတ်ဖို့ လိုဦးမယ်လေ။

၁ယော ၅: ၁၀ မှာ  “ဘုရားသခင်၏ သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကို မပြုတတ်သည်ကို ငါတို့သိကြ၏။ ” ဒါက သတ္တဝါအသစ်ပိုင်းကို ပြောတာပါ။ အမွေးခံလိုက်ရတဲ့ အပိုင်းအတွက် ဖြစ်တယ်။ တရားဟောဆရာတွေက --- ဩဝါဒအပိုင်း မသန့်ရှင်းရင် ကယ်တင်ခြင်းမရဘူးလို့ ကောက်ချက်ချ တတ်တယ်။ စာတစောင်မှာဆိုရင် “အပျိုကညာမှ ဖွားမြင်တဲ့အကြောင်း မယုံရင် - ကယ်တင်ခြင်း ရပါ့မလား” လို့ ဆိုတယ်။

ကောင်းပြီ။ ကျမ်းစာက သွန်သင်တဲ့အတိုင်း သခင်ယေရှုဟာ အပျိုကညာမှ ဖွားမြင်တာကို သင်ပေးခံရတဲ့ မွေးဖွားခြင်းခံရတဲ့ born-again ခရစ်ယာန်တိုင်း ယုံကြည်မှာပဲ။ သိရဲ့သားနဲ့ ငြင်းရင်တော့ ဘုရားသားလမဟုတ်ဘူးပေါ့။ ဒါပေမယ့် အများသောသူတွေဟာ ဒီအကြောင်းအရာကို မသိကြပဲနဲ့ ကယ်တင်ခြင်းရပြီ ဆိုတာလည်း အမှန်ပါပဲ။

ယော ၁ ထဲမှာပါတဲ့ ဖိလပ္ပိဟာ သခင်ယေရှုနဲ့တွေ့ပြီး ကယ်တင်ခြင်းရပါပြီ။ ဒါပေမယ့် အပျိုကညာအကြောင်း မသိသေးဘူး။ ဖိလပ္ပိသည် နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း ပရောဖက်တို့သည် သူတို့ကျမ်း၌၎င်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သား ယေရှုကို ငါတို့သည် တွေ့ကြပြီ”ဟု ဆို၏။ သခင်ယေရှု ဟာ ယောသပ်ရဲ့သား မဟုတ်ဘူး။ အပျိုကညာမှ မွေးတာပါ။ ဒါပေမယ့် ပြောင်းလဲစလူက ဒါကို မကြားဖူးသေးဘူး။ ကြားရင်တော့ ယုံမှာပေါ့။ ငြင်းမှာ မဟုတ်ဘူး။ ဒီအကြောင်းကို မသိခြင်းသာ ဖြစ်ပါတယ်။

တခါက စိတ်အားကြီးတဲ့ ခရစ်ယာန်တယောက်က “ကယ်တင်ခြင်း ပြန် ဆုံးရှုံးနိုင်တယ်လို့ ထင်တဲ့သူဟာ ဘယ်လိုလုပ် ကယ်တင်ခြင်း ရနိုင်ပါ့မလဲ”လို့ စာရေးလာတယ်။ ကိုယ်ကယ်တင်ခြင်းရချိန်မှာ ကိုယ်ရတဲ့ ထာဝရအသက်အကြောင်း ကောင်းကောင်းမသိရင် ကယ်တင်ခြင်းမရဘူးလို့ မပြောနိုင်ပါဘူး။ ကယ်တင်ခြင်းရတဲ့သူတွေဟာ သူငယ်အရွယ်ပဲ ရှိဦးမယ်လေ။ သတိမထားတတ်သေးဘူး။ သင်ကြားခံယူရဦးမယ်။ ပြောင်းလဲတယ်ဆိုတာက သူတို့ရဲ့ စိတ်နှလုံးထဲမှာ ဖြစ်ပျက်သွားတာပါ။

ဘုရားဝတ်မွေ့လျော်တဲ့ ဧဝံဂေလိဆရာတယောက်ကလည်း “ခင်ဗျားအိမ်မှာ ကြာသပတေးနေ့ T.V ပဲ ကြည့်ပြီး ဧဝံဂေလိမသွားရင် ခင်ဗျား ကယ်တင်ခြင်းရတာ ကျွန်တော် သံသယရှိတယ်”လို့ ကျွန်တော် ကြားရတယ်။ ဒါက မပြောသင့်ဘူး။ အရာရာမှာ ကောင်းကောင်းနေမှ ကယ်တင်ခြင်း ရတယ်လို့ ပြောရာ မရောက်ဘူးလား။

၃။  ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်ဆိုတာ ဘာလဲ

 

ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်ဆိုတာက လူတွေ လန့်ဖြန့်သွားလောက်အောင်ကို ရိုးရှင်းလွန်းပါတယ်။ ကယ်တင်ခြင်းရဖို့ ခရစ်တော်ထံလာသူတိုင်း ရတယ်။ သခင်ယေရှုက “ခမည်းတော်သည် ငါ့အားပေးတော်မူသမျှသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် အလျင်းမပယ်။ ” ယော ၆: ၃၇

ခရစ်တော်ထံ လာတဲ့သူ မှန်သမျှ လှည့်ပြန်သွားရတာမရှိဘူး။ ကယ်တင်ခြင်းရဖို့ လာသူမှန်သမျှ ရတာချည်းပါပဲ။ တနည်းပြောရရင် လောကမှာ ဘုရားသခင်ထံ ကယ်တင်ဖို့ ဆုတောင်းသူ မှန်သမျှ အကယ်ခံရတာချည်းပါပဲ။ “ထာဝရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။” ရောမ ၁၀: ၁၃။ ကားတိုင်ပေါ်က လူဆိုးလိုပေါ့။ သိပ်မကောင်းဘူး။ ဆုလည်း တိုတိုပဲ တောင်းတတ်တယ် ဆိုပါစို့။ “သခင် ကိုယ်တော်သည် နိုင်ငံတော်တည်လျှက် ကြွလာတော်မူသောအခါ အကျွနု်ပ်ကို အောက်မေ့တော်မူပါ”လို့ တောင်းတော့ ကယ်တင်ခြင်းရတယ်။ ဘာပြောရမှန်း သူမသိပေမယ့် ဆုတောင်းတယ်လေ။ “ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။”

ဒါကို ကျမ်းစကား တနည်းပြောင်းပြီး ခဏခဏပြောလေ့ရှိတာက ခရစ်တော်ကို အားကိုးသူလို့ ဖေါ်ပြထားတယ်။ ခရစ်တော်ကို ကိုးစားသူဟာ ချက်ချင်း ကယ်တင်ခြင်းခံရတယ်။ ကျမ်းစာမှာ ခဏခဏ ပြောထားတာက သားတောာ်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရသည် ---- “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် -  ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။”

ကယ်တင်ခြင်းခံရဖို့ ခရစ်တော်ကို အားကိုးသူဟာ ချက်ချင်း ကယ်တင်ခြင်းခံရတယ်။ သူ့အပြင် အသက်တာက သက်သေပြပြ - မပြပြ၊ စိတ်ချမှုရှိရှိ - မရှိရှိ၊ ရှင်ပေတရု ပြောသလို “မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏”ဆိုတဲ့သူပဲ ဖြစ်နေစေဦးတော့ ကယ်တင်ခြင်းရတယ်။ - ၂ပေ ၁း၉

ကယ်တင်ခြင်းခံရဖို့ ခရစ်တော်ကို အားကိုးပြီးသူဟာ နေဧတို့၊ လောတတို့လို အရက် သောက်တတ်သူ ဖြစ်စေဦးတော့ ကယ်တင်ခြင်းရတယ်။ အရက်ဆိုတာ မသောက်သင့်ပေမယ့် ကယ်တင်ခြင်း ရထားတာကို အပြောင်းအလဲ မဖြစ်စေနိုင်ဘူး။ အပြစ်လွတ်ခံရဖို့ ခရစ်တော်ထံ လာသူဟာ ရှင်ပေတရုလို စုံစမ်းခြင်းနောက် ပါသွားပြီး ကယ်တင်ရှင်ကို ငြင်းပယ်စေခဲ့ဦးတော့ ကယ်တင်ခြင်းရနေမှာပါပဲ။ စိတ်နှလုံးထဲမှာ အပြစ်မှ လှည့်ပြန်ပြီး ကယ်တင်ခြင်းရဖို့ ခရစ်တော်ကို အမှီပြုသူတယောက်ဟာ ဒါဝိဒ်လို လူသတ်၊ သူ့မယားပြစ်မှားတဲ့ အပြစ်ကြီးကို ကျူးလွန်ခဲ့စေဦးတော့ ကယ်တင်ခြင်းရပါတယ်။ 

ဒိထက် ရှင်းအောင် ပြောကြဦးစို့။ ဘုရားသခင်က အပြစ်သားကို ကယ်ချင်တယ်။ ဘုရားသခင်ကို ကယ်ဖို့ အခွင့် တခါလောက်ပေးတဲ့ အပြစ်သားတိုင်း အကယ်ခံရပါတယ်။

နားလည်လာတာ၊ နောင်တရလာတာ၊ ပွင့်ပွင့်လင်းလင်းဝန်ခံတာ---- စတဲ့ အပို ထပ်ဆောင်း အခြေအနေတွေကို မစွက်ပါနဲ့။ ကယ်တင်ခြင်းရဖို့ ခရစ်တော်ကို ဆုတောင်းမှလို့  နားလည်ရင် ကယ်တင်ခြင်းရဖို့ လုံလောက်ပြီ။ အသနားခံဖို့ ယုံကြည်ခြင်းရှိရင် လုံလောက်ပြီ။ အပြစ်ကို စိတ်ထဲက လှည့်ပြန်ပြီး ခရစ်တော်ထံ အသနားခံဖို့လာရင် နောင်တရတာပါပဲ။ အပြစ်သားဘဝ ကယ်တင်ခြင်းရတုန်းကထက် ခရစ်ယာန်အသက်တာမှာ နေ့တိုင်း နောင်တရစရာတွေ ပိုတွေ့လာပါလိမ့်မယ်။ သူ့အပြစ်တွေနဲ့ ခွင့်လွှတ်ခြင်း လိုအပ်ပုံတွေအကြောင်း ပိုပြီးတော့ သိဖို့လိုဦးမှာပါ။ ဒါပေမယ့် ခရစ်တော်ကို အားကိုးလိုက်သူဟာ ကယ်တင်ခြင်းရဖို့အတွက် သဘောပေါက်လာမှု နောင်တတွေ လုံလောက်နေပါပြီ။

ကယ်တင်ခြင်းရချိန်မှာ ခရစ်တော်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံသင့်တာ မှန်ပေမယ့် “အရိမဿဲမြို့သား ယောသပ်ဟာ ယုဒလူတို့ကို ကြောက်၍ မထင်မရှား တပည့်တော်ဖြစ်သည်။”လို့ ကျမ်းစာမှာ တွေ့ရတယ်။ မထင်မရှား တပည့်တော်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါပေမယ့် တပည့်တော် ဖြစ်တာကို အပြောင်းအလဲ မရှိစေရဘူး။ ခရစ်တော်ကို စိတ်နှလုံးထဲမှာ အားကိုးခဲ့ရင် ကယ်တင်ခြင်းရပါတယ်။

ကယ်တင်ခြင်းရပြီးမှ ခရစ်တော်ကို ဝန်ခံရင် ဆုတွေရမှာပေါ့။ ဒါပေမယ့် ဝန်ခံတာဟာ ကယ်တင်ခြင်းမှာ အစိတ်အပိုင်းတခုအဖြစ် မပါဝင်ရဘူး။ ကယ်တင်ခြင်းရပြီးရင် နှစ်ခြင်းခံသင့်ပါတယ်။ ဒါပေမယ့့် ကယ်တင်ခြင်းမှာ နှစ်ခြင်းဟာ တစိတ်တပိုင်းအဖြစ် မပါဝင်ရဘူး။

၄။   ကယ်တင်ခြင်းနဲ့ စိတ်ချမှုကို ရောထွေးတတ်ကြပါတယ်။
 

ကယ်တင်ခြင်းရတဲ့သူဟာ စိတ်ချမှု မရှိဘဲ ဖြစ်နေနိုင်သလား၊ ဖြစ်နိုင်တယ်။ ကျွန်တော် ၉ နှစ်သားတုန်းက ကယ်တင်ခြင်းရတယ်။ ထာဝရအသက်အကြောင်း ကျမ်းချက်တွေကို ဘယ်သူမှ လာမပြဖူးတော့ ၃နှစ်လောက် ကြာသွားတယ်။ ခရစ်တော်ကို ကိုးစားချိန်မှာ ကယ်တင်ခြင်းရခဲ့ပြီ ဆိုတာ ယော၃: ၁၆ နဲ့ ယော၅: ၂၄ တို့ တွေ့မှ သိလာတယ်။ ကိုယ့်ကိုကိုယ် ကယ်တင်ခြင်းရမှန်း မသိဘဲ ၃ နှစ်လောက် ဝမ်းနည်းခြင်းကြုံပြီးမှ ရခဲ့ပြီဆိုတာ သိလာတယ်။ ကယ်တင်ခြင်း စိတ်ချမှုရှိတာ မင်္ဂလာရှိပါတယ်။ ဒါပေမယ့် ကယ်တင်ခြင်းရတာနဲ့ မတူဘူး။ အချို့ Arminian တွေက ရရင် မသိပဲနေမလား၊ ဆုံးရှုံရင် ဝမ်းမနည်းပဲနေမလားလို့ သရော်လေ့ရှိတယ်။ ဒါက ကျမ်းစာအပေါ် အခြေမခံပဲ လူထွင်တဲ့ အထင်အမြင်တွေပါ။

ကလေးတယောက် လူ့လောကထဲ မွေးဖွားလာပြီဆိုရင် ပထမမှာ သူ့အဖေ ဘယ်သူ၊ အမေဘယ်သူဆိုတာ သူမသိသေးဘူး။ သူ့ကို ပြောပြရဦးမယ်။ သူ့မွေးနေ့ကို မမှတ်တတ်သေးဘူး။ နောက်မှ ပြောပြရဦးမယ်။ ကျွန်တော့ မွေးနေ့တောင် အမေက မိသားစု ကျမ်းစာအုပ်ထဲမှာ ဒီဇင်ဘာ ၁၁၊ ၁၈၉၅ လို့ ရေးခဲ့လို့ သိရတာ။

ကယ်တင်ခြင်းစိတ်ချမှုရှိတာ ကောင်းပါတယ်။ ဒါပေမယ့် အများစုဟာ စိတ်ချမှုမရှိပေမယ့် ကယ်တင်ခြင်းရနေပါပြီ။

ကျွန်တော်သိတဲ့ သင်းအုပ်တယောက်က အဲဒီလို အမှားမျိုး လုပ်ဖူးတယ်။ ခရစ်တော်ကို အားကိုး ပြီးသူတွေကို အမှုတော်ဆောင်တွေနဲ့ တွေ့ပေးပြီး “ခင်ဗျားတို့ Born again ဖြစ်ပြီလား”လို့ မေးတယ်။ ဆိုလိုတာက “ကယ်တင်ခြင်းစိတ်ချမှု ရှိပြီလား” လို့ မေးတာပါပဲ။ မေးသင့်တာက “ခရစ်တော်ကို အားကိုး ပြီးပြီလား” လို့ မေးသင့်တာပါ။ ခရစ်တော်ကို ကိုးစားပြီးသူဟာ ကယ်တင်ခြင်းရပြီ။ ကယ်တင်ခြင်း သံသယ ဖြစ်ရင် ဆုံးရှုံးလို့ (သို့) ရမှန်းမသိရင် ဂတိတော် မခံစားရလို့၊ ကျမ်းစာနဲ့ မညီလို့ ကယ်တင်ခြင်းမရဘူးလို့ ပြောတာဟာ မှားပါတယ်။

ကယ်တင်ခြင်းစိတ်ချမှု ရှိတာကောင်းပါတယ်။ ဒါပေမယ့် ကယ်တင်ခြင်းရတာနဲ့ မတူပါဘူး။ ရပြီးမှ စိတ်ချမှုအကြောင်း ထပ်သွန်သင် ခံယူရဦးမယ်။

တချို့ကလည်း “ကျမ်းစာထဲမှာ ကယ်တင်ခြင်းရတယ်လို့ ထင်ပြီး မရတဲ့သူတွေ ရှိတယ်လို့ သတိပေးမထားဘူးလား”လို့ မေးတတ်တယ်။

“ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွနု်ပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒ ပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” မဿဲ ရး၂၂-၂၃

ကယ်တင်ခြင်းရဖို့ အကျင့်ကောင်းမှုတွေကို အမှီပြုတဲ့သူဟာ ကယ်တင်ခြင်းမရတာ မှန်ပါတယ်။ ကယ်တင်ခြင်းရဖို့ နှစ်ခြင်းခံတာကို ယုံကြည်သူဟာ ကယ်တင်ခြင်းမရဘူး။ နှစ်ခြင်းခံတာကို အမှီပြုသူဟာ မရဘူး။ ခရစ်တော်မပါပဲ ဘာသာတရားကိုင်းရှိုင်းနေတဲ့ သူလည်း ကယ်တင်ခြင်းမရဘူး။

John Wesley ဂျွန်ဝက်စလေဟာ သူကယ်တင်ခြင်းရခဲ့မှန်း အသေအချာမသိခဲ့ပါဘူး။ Martin Luther မာတင်လုသာရဲ့ ဂလာတိဩဝါဒစာ အနက်ဖွင့်ကျမ်းကို ဖတ်တော့မှ အားလုံး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်သာ ရတယ်။ သူ ခရစ်တော်ကို အားကိုးခဲ့ချိန်မှာ ဘုရားသားတယောက် Born again တယောက် ဖြစ်ခဲ့ပြီဆိုတာ ရုတ်တရက် သိလိုက်ရတယ်။

အဲဒီအရင်ကတည်းက သူ ကယ်တင်ခြင်းရပြီးပြီလား။ မရခဲ့တာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ သူဧဝံဂေလိတရားကို နားမလည်လို့ပါ။ ဒါပေမယ့် ခရစ်တော်ဟာ အပြစ်သားတွေအတွက် အသေခံခဲ့ပြီ။ ခရစ်တော်ကို သူလည်း အားကိုးရင် စိတ်ချမှု ရှိ-ရှိ၊ မရှိ-ရှိ ကယ်တင်ခြင်းရပါပြီ။

အသက်တာ၊ နှစ်ခြင်း၊ ကောင်းကောင်းနေတာတွေက မကယ်ဘူးလို့ ကျွန်တော်တို့ သွန်သင်တယ်။ ဒါပေမယ့် ဘုရားတဖက်မှာ အပြစ်ကြီးတခု လုပ်မိနေကြတာက အကျင့်မပါရင် ကောင်းကောင်း မနေရင်၊ ယုံကြည်ခြင်းကို မထုတ်ဖော်ရင်၊ သက်သေမပြရင်၊ ဂတိတော်ခံစားရမှာ မဟုတ်သေးဘူး ဆိုတဲ့ နိုးဆော်ချက်ကြီးပါပဲ။ ဒါဟာ ဧဝံဂေလိတရားကို မှေက်လှန်လိုက်တာပါ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဘေးဖယ်လိုက်ကြတာပါ။ လူလုပ်တာတွေကို အမွှန်းတင်တာပါ။

တခါက သင်းအုပ်တယောက် အထက်တန်းကျောင်းက နိုးထမှုအစည်းအဝေးတခုကို ကျွန်တော်နဲ့အတူ သွားကြတယ်။ ကျွန်တော်က “သခင်ယေရှုခရစ်ကို ယုံကြည်လော့ …… ကယ်တင်ခြင်းရောက်လိမ့်မည်.” ဆိုတဲ့ ကျမ်းချက်မျိုးတွေကို ဟောတယ်။ ဒီလို ကျမ်းချက်မျိုးတွေ ကျမ်းစာထဲမှာ အများကြီးရှိပါတယ်။ လူငယ်အတော်များများ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံကြပြီး ပွင့်ပွင့်လင်းလင်း ဝန်ခံကြတယ်။ အတူသွားကြရင်း သင်းအုပ်က “Brother Rice ခင်ဗျားဟာက သိပ်လွယ်အောင် လုပ်တော့ ကြောက်တောင်လာပြီဗျာ”လို့ ပြောလာတယ်။ လွယ်အောင်လုပ်တာ ကျွန်တော်မဟုတ်ဘူး။ သခင်ယေရှုက လွယ်အောင် အသေခံပေးခဲ့တာပါလို့ သတိပေးခဲ့ရတယ်။

လွယ်လွယ်ယုံတဲ့ ဝါဒ - easy believism ဆိုပြီး ရေးသားပြီး၊ ဘုရားက ကယ်ဖို့ ခက်သလိုမျိုး ပြောတာကို သိပ်သည်းမခံနိုင်ဘူး။ ကယ်တင်ခြင်းဟာ အခမဲ့ ခရစ်တော်ကို အားကိုးချိန်မှာ ချက်ချင်းရတယ်လို့ သွန်သင်တဲ့ဆရာတွေကို မိစ္ဆာအယူလို့ ပြောတတ်ကြတယ်။

အဲဒီလိုလူတွေနဲ့ မပေါင်းပါနဲ့။ အဲဒီလို စာမျိုး မဖတ်ပါနဲ့။ အဲဒီလို ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ပယ်တဲ့အပြစ်မျိုး မကျူးလွန်ကြပါနဲ့ ။           ။ Dr. John R. Rice

Monday, December 22, 2014

Silent Night, Holy Night (Burmese)

တိတ်ဆိတ်ည၊ သန့်ရှင်းည

Facts:

 Lyricist စာသား : Joseph Mohr
    Lyrics Date: 1816
    Translator
    Key: C
    Theme အကြောင်းအရာ : Christ's Birth ခရစ်တော်ဖွါးမြင်ခြင်း
    Additional Resources
    Composer တေးသွား :Franz Gruber
    Music Date: 1818
    Tune Title: STILLE NACHT
    Meter: irregular
    Scripture ကျမ်းချက်  :  လုကာ ၂း ၁၆ 

၁၉၁၄ ခုနှစ်ရဲ့ ခရစ်စမတ် အကြိုညနေခင်းမှာပေါ့။ ပထမကမ္ဘာစစ်အတွင်းမှာပေါ့။ ဂျာမန် စစ်သားတွေက နှစ်ဦးပိုင်းကတည်းက ရှေ့တန်းထွက်လာကြရတော့ ခရစ်စမတ်အမှီ အောင်ပွဲနဲ့အတူ အိမ်ပြန်ရကောင်းလောက်ရဲ့လို့ မြော်လင့်နေကြတယ်။ အဲဒီစစ်သားကလေးတွေဟာ ခရစ်စမတ်အမှီ အိမ်ပြန်မရောက်တဲ့အပြင် စစ်ပွဲက ဥရောပနဲ့ ကမ္ဘာတလွှားမှာ ၄ နှစ်ကြာနေခဲ့တယ်။

၁၉၁၄ ဒီဇင်ဘာမှာတော့ မိုင် ၂၀၀ ရှည်လျားတဲ့ ရှေ့တန်းစစ်မျက်နှာက တူးမြောင်းကြီးဟာ အခက်ခဲဆုံး အသေအပျောက် အများဆုံးနေရာ ဖြစ်ခဲ့ပါတယ်။ တူးမြောင်းတလျှောက်ဟာ ရွှံ့တွေ၊ ကြွက်တွေ  ခြင်တွေ ယင်တွေ၊ လူသေအလောင်းတွေနဲ့ ပြည့်နေတယ်။ ၁၉၁၄ ခုနှစ်ရဲ့ ခရစ်စမတ်ကလည်း တကယ်အေးလွန်းတယ်။ နှင်းမှုန်တွေ တိုက်ခတ်နေတယ်။ လူသေအလောင်းတွေ မြှုပ်နေတဲ့ ကတုတ်ကျင်းတွေထဲက ရေကလည်း လေနဲ့အတူ တဝုန်းဝုန်း တိုက်ခတ်နေတယ်။

ဒါပေမယ့် ဒီဇင်ဘာ ၂၄ မှာတော့ အနောက်ဖက်စစ်မျက်နှာက တူးမြောင်းတလျှောက်မှာရှိတဲ့ ဗရစ်တစ်ရှ်နဲ့ စကော စစ်သားတွေဟာ အံ့အားသင့်စရာ သီချင်းသံတသံကို ကြားလိုက်ကြရတယ်။ သီချင်းရဲ့ သံစဉ်ကို သိကြပေမယ့် စာသားကိုတော့ နားမလည်ကြဘူး။ သီချင်းက Silent Night ပါ။ ဂျာမန်တွေဆိုတော့ Stille nacht, heilige nacht တဲ့။

 အံ့အားသင့်စရာဖြစ်ပေမယ့် အဲဒီသီချင်းက နွေးထွေးမှုလည်းရှိနေတော့ အဲဒီဂျာမန်သီချင်းကို အင်္ဂလိပ်လို ပြန်ဆိုလိုက်ကြတယ်။ မကြာခင်မှာပဲ နှစ်ဖက်လုံးမှာ Silent Night သီချင်းကို အားထုတ် ဆိုသံတွေဟာ ကောင်းကင်ယံမှာ ပြည့်လျှံလာပါတော့တယ်။

ရန်သူ့ တူးမြောင်းတလျှာက် လှမ်းကြည့်လိုက်တော့ စစ်သားတွေဟာ ဖယောင်တိုင်တွေကို တိုင်တွေ၊ လှံစွပ်တွေပေါ်မှာ ထွန်းပြီး ထွန်းပြလာကြတယ်။ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ရန်သူစစ်သား တချို့ဟာ ခရစ်စမတ်သစ်ပင်တွေကို သူတို့ရဲ့ဦးခေါင်းတွေပေါ်မှာ တပ်ဆင်လာတယ်။ နှစ်ဖက် စစ်သားတွေဟာ အခုနကပဲ တယောက်နဲ့တယောက် အသေအကြေ သတ်ဖြတ်နေကြပေမယ့် ကတုတ်ကျင်းတွေထဲက စမ်းသပ်ထွက်လာကြတယ်။ ကြောက်စရာ ပစ်ကွင်းထဲကို ထွက်လာကြပြီး သူတို့စစ်ဝတ်တန်ဆာတွေထဲကနေ လက်ဆောင်တွေ အားရဝမ်းသာ ထုတ်လာကြတယ်။ လူသေ အလောင်းတွေကိုလည်း မြှုပ်ပေးလာကြတယ်။
ဖြစ်နိုင်ချေ မရှိတဲ့ကြားကပဲ တနေ့တာ အပစ်အခတ် ရပ်စဲသွားပါတယ်။ စစ်စည်းကမ်းတွေလည်း ဂရုမစိုက်ကြတော့ဘူး။ ဘယ်သူမှလည်း မလိုက်နာကြတော့ဘူး။ တချို့အရာရှိတွေက ဒီလို ညီအကိုလို
 ဖြစ်သွားတာကို ဖျက်ပစ်ဖို့ ကြိုးစားကြပါသေးတယ်။ မြို့ထဲမှာ တပ်သွဲထားတဲ့ သြစတြီးယား စစ်သား တယောက်ကတော့ စစ်အတွင်းမှာ ဒီလို နားလည်မှုမျိုးကို ခွင့်မပြုသင့်ဘူး လို့ ညည်းပါတယ်။ ကဲ ဟစ်တလာ ကြားရင် ဘာလုပ်မလဲ?

တကယ်တော့ ဘုရားသခင်က ဒီသီချင်း အားဖြင့် ခဏတာ ငြိမ်သက်ခြင်း ပေးလိုက်တာပါ။ ဒီသီချင်းကလေး နားထောင်ရင်းနဲ့ ကိုယ်ကြုံရတဲ့ အခြေအနေထဲမှာပဲ သခင်ယေရှုထံ ဆုတောင်းလိုက်ပါ။ ငြိမ်သက်ခြင်းကို ပေးတော်မူပါလိမ့်မယ်။ ဒီငြိမ်သက်ခြင်း peace က ဘုရားသခင်နဲ့ ရန်ငြိမ်းခြင်းလည်း ပါပါတယ်။ တကယ်စစ်မှန်တဲ့ ပျော်ရွှင်ခြင်းရလာပါလိမ့်မယ်။


Hymn Story: သီချင်းသမိုင်းကြောင်း

Joseph Mohr and Franz Gruber
၁၈၁၈ ခု၊ ဒီဇင်ဘာ ၂၄ ရက်နေ့ သြစတြီးယား နိုင်ငံ Oberndorf မြို့မှာ ဖြစ်ပါတယ်။ လက်ထောက် သင်းအုပ်ဆရာ တယောက် သူ့မိတ်ဆွေရဲ့ အိမ်ကို ရောက်လာတယ်။ မိတ်ဆွေက အသင်းတော်လေးရဲ့
 အော်ဂင်ဆရာ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူရေးထားတဲ့ ကဗျာကလေးကို သူယူလာတယ်။
ခရစ်စမတ်အကြိုညရဲ့ သန်းခေါင်ယံ ဝတ်ပြုစည်းဝေးမှာ ဆိုဖို့ သံစဉ်ထည့်ပေးဖို့ တောင်းဆိုတယ်။

  အော်ဂင်ဆရာ Franz Xaver Gruber က အော်ဂင်ပျက်နေတယ်။ ဒီည ဝတ်ပြုစည်းဝေးမှာ သုံးလို့မရနိုင်ဘူးလို့ Fr. Joseph Mohr ကို ပြောပြတယ်။ Fr. Mohr က တဖက်ခန်းထဲကို ဝင်သွားပြီး ဂစ်တာတလက် ပါလာတယ်။  Gruber က ကော့ဒ်တချို့ကို တီးခတ်ကြည့်ရင်း နဲနဲညည်း ကြည့်လိုက်တယ်။ "စာသားထဲမှာ အသံပါနေတာပဲ" လို့ ဝမ်းသာအားရ ပြောလိုက်တယ်။ နာရီအနည်းငယ်အတွင်းမှာပဲ သံစဉ်ရသွားတယ်။  ဒီသီချင်းကို အဲဒီည ဝတ်ပြုစည်းဝေးမှာ ပထမဆုံးအကြိမ်အဖြစ် သူတို့ ၂ ယောက်ဆိုကြတယ်။

 အော်ဂင်ပြင်တဲ့ဆရာ Carl Mauracher က နောက်ပိုင်း ဒီ Carol သီချင်းကို ကြားရတဲ့အခါ သူက
 ကော်ပီတရွက် ယူထားပြီး၊ နယ်တကာ သီချင်းလှည့်ဆိုတဲ့ အဖွဲ့နှစ်ဖွဲ့ကို ပေးလိုက်တယ်။ သူတို့က ခရစ်စမတ်ပြဇာတ်တွေမှာ ဆိုကြတယ်။ ဒီလိုနဲ့ ဒီသီချင်းက ကမ္ဘာပတ်သွားပါတော့တယ်။

The Strasser and Rainer families ဆိုတဲ့ မိသားစုနှစ်စုဟာ ဥရောပတခွင်သွားရောက်ဖျော်ဖြေကြတယ်။ "the Tyrolian folk carol"ဆိုတဲ့ သီချင်းကို ဆိုကြတယ်။  The Rainer family ဆိုတဲ့ မိသားစုကတော့ အဲဒီသီချင်းကို အမေရိကားကို ယူဆောင်လာတယ်။ သူတို့ ပထမဆုံးဆိုဖြစ်တာက ၁၈၃၉ ခုနှစ် နယူးယော့ပြည်နယ် ဂျာမန်ဆိုတဲ့ မြို့မှာပါ။

သီချင်းစာအုပ်ထုတ်ဝေသူတယောက်က အဲဒီသီချင်းကို ၁၈၃၂ ခုနှစ်လောက်မှာ သြစတြီးယားနိုင်ငံ Innsbruck မြို့မှာ Carol သီချင်းအဖြစ်ဆိုတာ ကြားဖူးတယ်။ သူကြိုက်သွားလို့ ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေလိုက်တယ်။ မူရင်းသီချင်းက "Tyrolian folk song" လို့ ဖေါ်ပြပါတယ်။ မူရင်းသီချင်းရေးသူကို လူတွေ မသိကြသေးဘူး။ သံစဉ်ကလည်း မူရင်းနဲ့မတူပဲ နဲနဲပြောင်းထားတယ်။ အဲဒီစာအုပ်ထဲက သံစဉ်အတိုင်းပဲ ဒီကနေ့အထိ တွင်တွင်ကျယ်ကျယ် ဆိုနေကြတာပါ။ ဒါပေမယ့် ၁၉၉၅ ခုနှစ်မှာ "Silent Night" သီချင်းစာရွက်ကို ပြန်တွေ့ကြတယ်။  Fr. Joseph Mohr ရဲ့ လက်ရေးမူရင်းနဲ့ပါ။ မူရင်းသီချင်းရေးဆရာတွေရဲ့ မူရင်းလက်ရာပါ။

"Silent Night ကို ၁၈၆၃ ခုနှစ်မှာ အင်္ဂလိပ်လို ပြန်ဆိုပါတယ်။ ဘယ်သူပြန်သလဲဆိုတာ မသေချာဘူး။ John Young က အပိုဒ် ၁ နဲ့ ၃ ကို ဘာသာပြန်တယ်လို့ တချို့က ဆိုပါတယ်။ Jane Campbell ကလည်း ဘာသာပြန်ခဲ့နိုင်တယ်လို့ ဆိုကြပါတယ်။ အမေရိကန် ဓမ္မသီချင်းစာအုပ် အဖြစ် စတင်ပုံနှိပ်တာကတော့ Charles Hutchins’ Sunday School Hymnal သီချင်းစာအုပ်ပါ။

"Silent Night" ကို ကမ္ဘာပေါ်ရှိ ဘာသာစကားမျိုးစုံနီးပါးနဲ့ ပြန်ဆိုခဲ့ပါပြီ။ အမေရိကားမှာတော့ ခရစ်စမတ်ကာလမှာ ကြားကြရပါတယ်။ ဒါပေမယ့် သြစတြီးယားနိုင်ငံမှာတော့ နိုင်ငံပိုင်သီချင်းအဖြစ် အသိအမှတ်ပြုထားပြီး၊ စီးပွါးဖြစ် ထုတ်ဝေခွင့်မရှိပါဘူး။ မူရင်းသံစဉ်အတိုင်းဆိုဖို့ နိုးဆော်လေ့ရှိပါတယ်။  သြစတြီးယားနိုင်ငံကို သွားရောက်လည်ပတ်ရင် ဒီ carol သီချင်းနဲ့ပတ်သက်လို့ Oberndorf မြို့ရဲ့ ပြတိုက်တွေ၊ အထိမ်းအမှတ်ပြခန်းတွေမှာ လေ့လာနိုင်ပါတယ်။

အော်ဂင် အဆင်မပြေလို့ ဂစ်တာနဲ့ ဖြစ်သလိုရေးလိုက်ရတဲ့ သီချင်းကလေးအတွက် သီချင်းရေးသူ နှစ်ယောက်ကို ကျေးဇူးတင်ကြရမှာပါ။ သီချင်းကလေးက ရိုးပေမယ့် ခရစ်တော် ဖွါးဖြင်တဲ့ညကို ပုံဖေါ်ရာမှာတော့ လှပပါတယ်။
#https://songsandhymns.org/ မှ

Sunday, December 14, 2014

Joy to the world - လောကဝမ်းမြောက် ဘုရားကြွလာ

Joy to the World! The Lord Is Come

လောကဝမ်းမြောက်၊ ဘုရားကြွလာ

Isaac Watts - အိုက်ဇက် ဝပ်စ်
Facts:
    Lyricist စာသား: Isaac Watts
    Lyrics Date: 1719
    Arranger: Lowell Mason
    Key: D
    Theme: Christmas, Christ's birth ခရစ်စမတ်၊ ခရစ်တော် ဖွါးမြင်တော်မူခြင်း
    Composer သံစဉ် : G. F. Handel
    Music Date: 1742
    Arranged Date: 1836
    Tune Title: ANTIOCH
    Meter: C.M.rep
    Scripture: Psalm 98 ဆာလံ ၉၈

Isaac Watts ဟာ အင်္ဂလိပ် ခရစ်ယာန် ဓမ္မသီချင်းရေးဆရာ၊ ဓမ္မပညာရှင်နဲ့ ယုတ္တိဗေဒပညာရှင် တယောက်ဖြစ်ပါတယ်။ သီချင်းရေးရာမှာ အောင်မြင်ပြီး ဧဝံဂေလိကို အထောက်အကူပြုတဲ့ သီချင်းတွေ ရေးခဲ့တယ်။ သူ့ကို အင်္ဂလိပ် ဓမ္မသီချင်းများရဲ့ ဖခင် "Father of English Hymnody" လို့ အသိအမှတ် ပြုကြတယ်။ အပုဒ်ပေါင်း ရ၅၀ လောက် ရေးခဲ့သူပါ။

"Joy to the World" ဆိုတဲ့သီချင်းကို Isaac Watts ရေးဖွဲ့တယ်။ ခရစ်စမတ် သီချင်းတွေထဲမှာ လူကြိုက်များတဲ့ သီချင်းဖြစ်တယ်။ ရေးတုန်းကတော့ Watts က ခရစ်စမတ် သီချင်းရယ်လို့
 ရေးခဲ့တာမဟုတ်ဘူး။ ဆာလံ ၉၈ ကို မှီးရေးခြင်းသာ ဖြစ်ပါတယ်။

 "Shout for joy to the Lord, all the earth . . . for he comes. . ." (vs. 4, 9).
"မြေကြီးသားအပေါင်းတို့  ...... ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ ..... အကြောင်းမူကား ...  ကြွလာတော်မူ၏။"

Watts က ခရစ်တော် ဒုတိယကြွလာခြင်းအကြောင်း ပြောရင်းနဲ့ သူ့စာသားထဲမှာ ခရစ်စမတ်နဲ့ဆိုင်တဲ့ စကားလုံးတွေ ထည့်ထားတယ်။
 "Joy to the world! the Lord is come . . . Let every heart prepare him room." ကိုယ်တော်အတွက် နေရာပေးတယ်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ပေးလို့ရပါတယ်။ ပြင်ပအရာတွေ ဆွဲဆောင်လွန်းတဲ့ ခရစ်စမတ်မှာတော့ ပြောဖို့ အလိုဆုံးအချိန်ပေါ့။  ခရစ်တော် ပထမအကြိမ်      ကြွလာရာမှာ နှိမ့်ချစွာလာခဲ့တယ်။ ဒုတိယအကြိမ်ကတော့ တရားစီရင်ဖို့ ဖြစ်ပါတယ်။ ဒီအချက်ကို စဉ်စားရင်း "လောက  ဝမ်းမြောက် ဘုရားကြွလာလို့" "Joy to the world! the Lord is come" နှလုံးသားမှာ ဝမ်းမြောက်နိုင်ပါစေ။

Hymn Story သီချင်းသမိုင်း။

Isaac Watts ဟာ ကျန်းမာရေး ယို့ယွင်းလာတဲ့အတွက် တရားဟောတဲ့ အလုပ်ကို လျှော့ချလိုက်တယ်။ တခြားအလုပ်တခုအဖြစ် ဆာလံသီချင်းတွေကို ခရစ်ယာန်အမြင်နဲ့ ပြန်ရေးလိုက်တယ်။ အသက် ၄၅ နှစ်အရွယ်မှာ ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ ခြံထဲက သစ်ပင်ကြီးအောက်မှာ "Joy to the World" ဆိုတဲ့ နောင်မှာ နာမည်ကြီးလာမယ့် သီချင်းစာသားတွေကို ရေးခဲ့ပါတယ်။ သူ့ရဲ့ 1719 hymnal, Psalms of David ဆိုတဲ့ သီချင်းတွေဟာ ဓမ္မသစ် အသုံးအနှုံးတွေနဲ့ ရေးသားထားပြီး၊ မူလ သီချင်း စာသား ခေါင်းစဉ်ကတော့  "The Messiah's Coming and Kingdom" ဖြစ်ပါတယ်။

 Watts က "Joy to the World" ရေးရာမှာ ဆာလံ ၉၈ ရဲ့ "မြေကြီးသားအပေါင်းတို့  ...... ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ မြစ်တို့သည် လက်ခုပ်တီး၍ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ။ Shout for joy to the Lord all the earth, . . . Let the rivers clap their hands, let the mountains sing together for joy; let them sing before the Lord, for he comes to judge the earth." (vs. 4, 8) ကို အခြေခံခဲ့တယ်။

ဆာလံ ၉၈ ဟာ ဘုရားရဲ့ကွယ်ကာခြင်းနဲ့ ရွေးကောက်ထားသူတွေကို ပြန်လည် နေရာပေးတဲ့ အကြောင်း ဖွဲ့ဆိုထားတယ်။  Watts ရဲ့ သီချင်းကတော့ ဘုရားသားတော် လူ့ဇာတိခံခြင်းကြောင့် ရလာတဲ့ ကယ်တင်ခြင်းကို ချီးမွမ်းထားခြင်း ဖြစ်ပါတယ်။ ဆာလံရော၊ အခုသီချင်းပါ ခရစ်တော် ကြွလာခြင်းကို မြော်လင့်ပါတယ်။  "တရားစီရင်ခြင်းငှါ  ကြွလာတော်မူ၏။" " (v. 9)

"Joy to the World" မှာ တခြား ကျမ်းချက်တွေလည်း ပါပါတယ်။ ကမ္ဘာ ၃း ၁၇၊ ရောမ ၅း ၂၀ နဲ့ လုကာ ၂း ၁၀။ ဒါပေမယ့် မာရိ၊ ယောသပ်၊ သိုးထိန်းတွေ၊ ကောင်းကင်တမန်တွေ၊ ပညာရှိတွေ၊ နွားစာခွက်တွေ မပါပေမယ့်လူတွေ အနှစ်သက်ဆုံး ခရစ်စမတ် carol သီချင်းတပုဒ် ဖြစ်ပါတယ်။ ခရစ်တော် ဖွါးမြင်ခြင်းကို ကျင်းပကြတဲ့ ခရစ်စမတ်ကာလမှာ Watts ရဲ့ ဓမ္မတေးက ကာ်တင်ရှင် ကြွလာလို့ လူတွေ ဝမ်းမြောက်ရတာကို လှလှပပ ပုံဖေါ်ထားပါတယ်။
## https://songsandhymns.org/ မှ

Thursday, November 20, 2014

Charles Spurgeon ရဲ့ ထူးခြားချက် ၈ ခု

Eight Glimpses of the Genius of Charles Spurgeon by J. J. Brown


 Charles Spurgeon ရဲ့ ထူးခြားချက် ၈ ခု

(ဒီဆောင်းပါးရေးသူ J. J. Brown ဟာ Spurgeon's College Council မှာ Chairman ဖြစ်ခဲ့ဖူးသလို၊ Spurgeon's College (London) မှာ Secretary လည်းဖြစ်ပါတယ်။  Spurgeon ခေတ်ရဲ့ စာရွက်စာတမ်း အထောက်အထားတွေ၊ အမှတ်တရ ပစ္စည်းတွေ သိမ်းဆည်းထားတဲ့  Spurgeon's College Archives ပြတိုက်မှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်။)


# ၁- His Spiritual Depth ဝိညာဉ်ရေး ရင့်ကျက်နက်ရှိုင်းမှု

ဝိညာဉ်တော်ကို လုံးဝအမှီပြုသူ ဖြစ်တယ်။ — "သခင်ယေရှုကတိပေးထားတဲ့ ဝိညာဉ်တော်ကို မရရင်၊ သခင်ယေရှုခိုင်းတဲ့ အလုပ်ကိုလည်း လုပ်နိုင်မှာ မဟုတ်ဘူး။" ဘုရားကို ရိုးရိုးကလေး ယုံကြည် အားကိုးတတ်သူဆိုတော့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ ဘဝရဲ့ လိုအက်မှုတွေကို ဆုတောင်းပြီးတော့ ဖြေရှင်းခဲ့တယ်။ "ကျွန်တော့ဘဝမှာ ဆုတောင်းတာဟာ အဆုပ်က အသက်ရှုနေသလိုပဲ မတောင်း မနေရ သဘောမျိုး ဖြစ်လာတယ်။" လို့ဆိုတယ်။
 

#၂ - His Preaching Power ဟောပြောနိုင်စွမ်း

သူ့ကို "the greatest preacher in an age of great preachers." “တရားဟောဆရာကောင်းတွေ ပေါ်ထွန်းတဲ့ခေတ်ရဲ့ အကောင်းဆုံးဆရာ” လို့ ပြောကြတယ်။ အသက်က ၁၇ နှစ်ပဲ ရှိသေးတယ်။ Cambridgeshire မှာရှိတဲ့ ဘုရားကျောင်းတွေဆီ လူတွေ ရာနဲ့ချီပြီး ရောက်လာစေခဲ့ပြီ။ ၁၉ နှစ် အရွယ်မှာတော့ လန်ဒန်မှာရှိတဲ့ သူ့အသင်းတော်ကို လူတွေ ထောင်ချီပြီး ပါဝင်လာကြတယ်။ ကျမ်းစာကို ရိုးရိုးရှင်းရှင်း၊ မှတ်မိလွယ်တဲ့စကားနဲ့ ခေါင်းလောင်းထိုးသလို ဟောလိုက်တဲ့အခါ ပရိတ်သတ်ကလည်း တခါတည်း စွဲထင်သွားတော့တာပါပဲ။

 သူ့တရားက သင်းအုပ်အလုပ်နဲ့ ပရဟိတ ကူညီစောင့်ရှောက်မှုအလုပ်တွေနဲ့ ပတ်စည်းထားတာပါ။ သူဟောတဲ့ တရားတွေထဲမှာ အကောင်းဆုံးတရားကတော့ ကလေး ၅၀၀ ရှိတဲ့ Stockwell Orphanage ဆိုတဲ့ မိဘမဲ့ကလေးကျောင်း ပဲလို့ ပြောစမှတ်ပြုကြတယ်။
 

#၃ - His Uncompromising Stance မရွေ့လျော့တဲ့ ရပ်တည်မှု

ဟောတဲ့ဆရာက သူ့တရားသူ မသေချာသေးရင် သေချာသည့်အထိ တိတ်တိတ်နေခိုင်းလိုက်ပါဦး။” လို့ဆိုတယ်။ ကျမ်းစာဆိုတာ ပြောပြရှင်းပြဖို့သာ ဖြစ်တယ်။ ဝေဖန်လေကန်ဖို့ မဟုတ်ဘူး။ ကယ်တင်ခြင်းဆိုတာ ပြောပြဖို့သာ ဖြစ်တယ်။ စကားနိုင်လုဖို့ မဟုတ်ဘူး။ ပြတ်သားတဲ့ သူ့စကားက ပြသနာများစွာကို ပြေလည်စေတယ်။ ဒါပေမယ့် သူက ခိုင်ခိုင်မာမာရပ်တည်တယ်။ သိသိကြီးနဲ့ မဖေါက်ပြန်ဘူး။ 

#၄ - His Reading Talent စာဖတ်စွမ်းရည်


သူ့ရဲ့ကလေးဘဝ ကစားစရာဆိုတာ စာအုပ်တွေပါပဲ။ ငယ်ငယ်ကလေးတည်းက စာတွေ
 မြန်မြန်ဆန်ဆန် ဖတ်တတ်အောင် သင်ယူခဲ့တယ်။ သာမန် ၆ အုပ်လောက်ကို တထိုင်တည်း ဖတ်လာနိုင်တယ်။ စာအုပ်ထူထူ ခပ်များများကို တပတ်နဲ့ ပြီးအောင်ဖတ်နိုင်တယ်။ ကွန်ပြူတာလို အတော်ကောင်းတဲ့ မှတ်ဉာဏ်က တရားဒေသနာပြင်ဖို့၊ သင်ခန်းစာပြင်ဖို့၊ စာအုပ်တွေရေးဖို့ သိပ်အသုံးကျပါတယ်။ Spurgeon ရဲ့ The Sword and the Trowel မဂ္ဂဇင်းထဲမှာ စာအုပ်အများကြီးကို ဝေဖန်ပြတဲ့ သူကိုယ်တိုင်ရေးတဲ့ဆောင်းပါးတွေ ပါလေ့ရှိပါတယ်။ အဲဒီမှာ သူ့ရဲ့ တတ်ကျွမ်းတဲ့ အစွမ်းအစကို မြင်ရနိုင်ပါတယ်။

#၅ - His Generous Giving ရက်ရက်ရောရော ပေးကမ်းမှု

သူ့ကိုယ်ပိုင် ငွေကြေးအများစုဟာ သူ့ကောလိပ်ကျောင်း၊ သူ့မိဘမဲ့ကလေးကျောင်းနဲ့ သူတည်ထောင်တဲ့ တခြားလုပ်ငန်းတွေအတွက်ပဲ သုံးစွဲခဲ့ပါတယ်။ ဒီအပြင် လူအများကြီးကိုလည်း တဦးချင်းစီ ကူညီခဲ့သေးတယ်။


#၆ - His Evangelistic Passion ဧဝံဂေလိ စိတ်ထက်သန်မှု

“လူတယောက်ရဲ့ ဝိညာဉ်ကို ဝယ်လို့ရနိုင်မယ့် စည်းစိမ်တွေသာရှိရင်၊ အကုန်ပေးပြီး ဝယ်လိုက်ချင်တယ်။ ခရစ်တော်ထံ ပို့ပေးဖို့ပါ။” အစောပိုင်း သူထုတ်တဲ့ တရားဒေသနာ စာအုပ်တွေရဲ့ ရှေ့ဖုံးမှာ အဆိပ်သင့်နေသူတွေ အသက်ချမ်းသာရဖို့ မောရှေက ကြေးဝါမြွေရုပ်ကို ထောင်ပြထားတဲ့ ပုံပါလေ့ရှိတယ်။  အဲဒီပုံလေးရဲ့ ပတ်လည်မှာ ခရစ်တော်နဲ့ သူ့ရဲ့ကားတိုင် အကြောင်းကို ဟောပြောတယ်။” ဆိုတဲ့ စာသားပါလေ့ရှိပါတယ်။ ဒါက သူကယ်တင်ခြင်းရတုန်းက ခရစ်တော်ကို မြော်ကြည့်ခဲ့တာကို သတိရလို့ ဖြစ်ပါတယ်။ သူ့လုပ်ခဲ့သမျှ အလုပ်အားလုံးဟာ သူရဲ့ကယ်တင်ရှင်ကို လူတွေမြင်လာစေဖို့ ရည်ရွယ်ထားတယ်။ သူ့ကျမ်းစာကျောင်းကိုလည်း ဧဝံဂေလိဆရာတွေ၊ သင်းအုပ်ဆရာတွေ ပေါ်ပေါက်လာဖို့ တည်ထောင်ခဲ့တာပါ။   


#၇ - His Observant Faculties လေ့လာစူစမ်းနိုင်စွမ်း

သူ့ပတ်ဝန်းကျင်က မြင်ရတွေ့ရသမျှကို မျက်လုံးဖွင့်ထားတယ်။ ကြားရသမျှကို နားစွင့်ထားတယ်။ သူ့တရားအများစုက သူမြင်သမျှ၊ ကြားသမျှတွေနဲ့ စိတ်ဝင်းစားစရာ ကောင်းနေတယ်။ ကလေးဘဝ အချိန်အတော်ကြာ သူကျင်လည်ခဲ့ဖူးတဲ့ တောဒေသဟာ သူ့အတွေး၊ သူ့ဟောပြောမှုတွေကို ချယ်မှုန်းပေးနေတယ်။ "John Ploughman" ဆိုတဲ့ ဇာတ်ကောင်ကို သူဖန်းတီးပြီး၊ "Farm Sermons" ဆိုတဲ့ တောအရပ်အကြောင်း ဒေသနာတွေ အတွဲလိုက် ဟောပြောခဲ့တယ်။ သူက လူ့သဘာဝကိုလည်း ကြည့်တတ်ဝေဖန်တတ်၊ လေ့လာနည်းယူတတ်သူ တယောက်ဖြစ်တယ်။ သူ့ကျမ်းစာကျောင်းသားတွေကို စကားပြောကြည့်၊ မေးမြန်းကြည့်ရင်းနဲ့လည်း အသိအမြင် ထက်မြက်လာတယ်။ လူတွေရဲ့ လိုအပ်ချက်တွေကို မြင်တယ်။ လက်တွေ့ကူညီလိုက်ဖို့လည်း လက်မနှေးသူ ဖြစ်တယ်။
 

#၈ - His Nonconformist Mould အဆောင်အယောင်မမက်တဲ့ မိဘမျိုးရိုး

သူ့ဘိုးဘေးတချို့က ဘာသာရေးလွတ်လပ်ခွင့်အတွက် အညှင်းပန်းခံခဲ့ရသူတွေပါ။ အဖေနဲ့ အဖိုးက Independent (Congregationalist) အမှုတော်ဆောင်တွေပါ။ သူတို့အသင်းတော်တွေက အစိုးရလက်အောက်ခံမဟုတ်တဲ့ ကိုယ်ထူကို်ထ၊ ကိုယ်ပိုင်အုပ်ချုပ်တဲ့အသင်းတော်တွေ ဖြစ်ခဲ့တယ်။ Spurgeon ရဲ့ အစဉ်အလာမလိုက်ဘဲ ထူးခြားတဲ့အချက်ကတော့ သင်းအုပ်ဝတ်ရုံ မဝတ်၊ ဘွဲ့နာမတွေ မတတ်တာပဲ ဖြစ်တယ်။  တရားဟောဖို့ စဉ်မြင့် platform ကို မသုံးဘဲ တရားဟောစဉ် pulpit ကို ပြောင်းသုံးတယ်။ လောကီနေရာတွေမှာ တရားဟောဖို့ မကြိုက်တတ်ဘူး။ သူ့တရားတွေကို အပတ်စဉ်တိုင်း ထုတ်ဝေခဲ့တာ ၁၈၅၅ ကနေ၊ သူသေဆုံးတဲ့ ၁၈၉၂ မတိုင်ခင် အထိပါပဲ။ (အရင်က မထုတ်ဝေဖြစ်ခဲ့တဲ့ တနင်္ဂနွေနဲ့ ကြာသပတေး တရားဒေသနာတွေကိုတော့ ၁၉၁၇ အထိ အပတ်စဉ် ထုတ်ဝေခဲ့တာ၊ ပထမကမ္ဘာစစ် ဖြစ်တော့မှ ရပ်သွားပါတော့တယ်။

Conclusion နိဂုံး

ငုပ်နေတဲ့ သူ့အစွမ်းအစတွေဟာ သန့်ရှင်းသော ဝိညာဉ်တော်က အစွမ်းမြှင့်တင်ပေးတဲ့အတွက် Spurgeon ကို ထူးခြားတဲ့သူတယောက်အဖြစ် ပေါ်ထွန်းစေတယ်။ သူ့အသံ၊ စကားအသုံးအနှုံး နိုင်နင်းမှု၊ နှစ်လိုဖွယ်ဟန်ပန်၊ သိတတ်မြင်တတ် နားလည်ပေးတတ်မှု၊ စိတ်ကူးစိတ်သန်း ကောင်းခြင်း၊ ကြင်နာတတ်ခြင်း၊ ဉာဏ်ထက်မြက်ခြင်းတွေဟာ သူ့သခင် ကယ်တင်ရှင်အတွက် အားလုံး အသုံးပြုခဲ့တယ်။ သူ့ ကျမ်းစာကောလိပ်၊ မိဘမဲ့ကလေးကျောင်း၊ သူ့အသင်းတော်နဲ့ ထုတ်ဝေခဲ့တဲ့ တရားဒေသနာတွေ၊ စာအုပ်တွေအားဖြင့် စပါဂျင် Spurgeon ဟာ “သေလွန်သော်လည်း တရားဟောနေပါသေးတယ်။”

ကဲ ... သူ့စာဖတ်ရင်း သူ့အသံ နားထောင်ကြည့်ပါဦး။

Through his College, his Child Care Charity, his churches, his printed sermons and published books...

"He being dead yet speaketh." Listen for his word through the book you hold in your hand.

J. J. BROWN is the author of The Adventures of Charles,

an excellent new children's biography about C. H. Spurgeon (Pilgrim Publications).

ခေတ်မှီနေတဲ့ တရားစကား
A Message For Today
by Dr. Raymond Brown — Former Principal, Spurgeon's College

ဆရာကြီး စပါဂျင်ရဲ့ တရားဒေသနာတွေက ဒီကနေ့ခေတ်အထိ ခေတ်စားနေတုန်းလို့ သိရတာ ဝမ်းသာစရာပါ။ တကယ်လည်း ကောင်းတဲ့ အနက်ဖွင့် တရားဒေသနာတွေ ဖြစ်ပါတယ်။
# Spurgeon ရဲ့ တရားဒေသနာတွေက are so utterly BIBLICAL ဖြစ်တယ်။ လုံးဝ ကျမ်းစာနဲ့ညီတယ်။ ကျမ်းစာအတိုင်းကို သူသိစေချင်တယ်။ ကျမ်းစာကို ကျမ်းစာနဲ့ပဲ အနက်ဖွင့်တာ တွေ့ရတယ်။ English Puritan tradition အမွေကို ကောင်းကောင်းရတဲ့သူဖြစ်တဲ့အတွက် ကျမ်းစာကပြောတဲ့အတိုင်းကို ရှင်းရှင်းလင်းလင်း နက်နက်ရှိုင်းရှိုင်း သူသိစေချင်တယ်။

# Spurgeon ရဲ့ တရားဒေသနာတွေက so utterly CHRISTOCENTRIC  ဖြစ်တယ်။ ခရစ်တော်ကို လုံးဝ ဦးထိပ်ထားတယ်။ ခရစ်တော်ကို သူချီးမြှောက်တယ်။ ခရစ်တော်နဲ့ သူ့လက်ရာကို အာရုံစိုက်တယ်။ အရေးမကြီးတာ၊ အဓိကမကျတာကို သူစိတ်မဝင်စားဘူး။ သူ့စာဖတ်လိုက်ရင် ကယ်တင်ရှင်ကို မျက်ဝါးထင်ထင် မြင်လာရတယ်။

# Spurgeon ရဲ့ တရားဒေသနာတွေက so utterly RELEVANT  ဖြစ်တယ်။ လုံးဝခေတ်မှီတယ်။ သူ့စာဖတ်ရင် ရှေးခေတ်ကို ပြန်ရောက်မသွားဘူး။ ခေတ်မမှီတော့တာတွေကို လေ့လာသလို ဖြစ်မသွားဘူး။ လူ့ဘဝဒုက္ခတွေကို ကောင်းကောင်းနားလည်ရင်းနဲ့ မြော်လင့်ခြင်း အစစ်အမှန်ကိုလည်း ဒီခေတ်လူတွေကို ပေးနိုင်တယ်။

သူ့စာတွေကို ဖတ်ရင် အလကားတော့ ဖြစ်မသွားဘူး။ သူ့စာတွေကို သေသေချာချာ လေ့လာရင် စိတ်ကူးညဏ် ထက်သန်လာမယ်။ သူ့စာတွေ ရှင်သန်နေတယ်ဆိုတာ ဝမ်းသာစရာပါ။

— Brown's comments here are from the Jacket Cover for MTP Vol 49, Year 1903

Monday, August 4, 2014

Charles Spurgeon အကြောင်း

   Did You Know?
    by  Eric W. Hayden,
former pastor of Metropolitan Tabernacle, London
From Christian History Magazine, Issue 29, pp. 2-3.
Copyright © 1991 by CHRISTIAN HISTORY.
1. Charles Haddon Spurgeon ဟာ သမိုင်းတလျှောက်လုံးမှာ လူဖတ်အများဆုံး တရားဟောဆရာ ဖြစ်တယ်။ ဒီနေ့ခေတ်မှာ တခြားခရစ်ယာန်ဆရာတွေရဲ့ စာအုပ်တွေထက် သူ့စာအုပ်တွေ ပိုပြီးရှာလို့ ရလွယ်တယ်။

 2. Spurgeon  ရဲ့ တရားတပုဒ်ထဲက စာရွက်ကလေးတရွက်ကို ဖတ်မိတာနဲ့ အမျိုးသမီး တယောက် ပြောင်းလဲခဲ့တယ်။ ဒီစာရွက်က သူဝယ်တဲ့ ထောပတ်ပုလင်းကို ပတ်ထားတဲ့ စက္ကူပါ။

3. Spurgeon ဟာ The Pilgrim's Progress စာအုပ်ကို ၆ နှစ်သားအရွယ်ကတည်းက ဖတ်ခဲ့ပြီး၊ အကြိမ် ၁၀၀ ကျော် ဖတ်ခဲ့တယ်။

4.  The New Park Street Pulpit and The Metropolitan Tabernacle Pulpit— ဆိုတဲ့ သူအမှုတော်ဆောင်စဉ်မှာ ဟောတဲ့တရားတွေက ၆၃ တွဲ ရှိတယ်။ အဲဒီတရားတွေမှာ ပါတဲ့ စာလုံးရေ ၂၀-၂၅ သန်းဟာ အတွဲ ၂၇ တွဲပါတဲ့ ၉ ကြိမ်မြောက်တည်းဖြတ်ထုတ်တွေတဲ့ Encyclopedia Britannica နဲ့ ညီမျှတယ်။ သူ့ရဲ့အဲဒီစာအုပ်တွဲဟာ ခရစ်ယာန်သမိုင်း တလျှောက်မှာ စာရေးဆရာ တယောက်တည်းရေးတဲ့ စာအုပ်တွေထဲမှာ အရှည်လျားဆုံး စာအုပ်တွဲ ဖြစ်တယ်။

5.  Spurgeon ရဲ့ အမေမှာ သားသမီး ၁၇ ယောက် ရှိပြီး၊ ၉ ယောက်က ကလေးဘဝမှာပဲ ဆုံးပါးကြတယ်။

6.  Charles Spurgeon အသက် ၁၀ အရွယ်မှာ လာလည်တဲ့ သာသနာပြုဆရာ Richard Knill  က ပြောဖူးတယ်။ Spurgeon ဟာ တနေ့သောအခါ လူထောင်ပေါင်းများစွာကို တရားဟောမယ်။ လန်ဒန်မှာရှိတဲ့ ခွဲထွက်လာတဲ့ အသင်းတော်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ Rowland Hill's chapel မှာ တရားဟောရမယ်လို့ ဆိုဖူးပါတယ်။ ဒီစကားအတိုင်း ဖြစ်လာခဲ့တယ်။

7. Spurgeon ကောလိပ်ကျောင်းဝင်ခွင့် မရခဲ့ပါဘူး။ ဝန်ထမ်းအမျိုးသမီးငယ်က အခန်းမှား ပြမိတဲ့အတွက် သူ့ကို အင်တာဗျူးဖို့ စောင့်နေတဲ့ ကျောင်းအုပ်ကြီးနဲ့ လွဲသွားရတယ်။ (နောက်ပိုင်းမှာတော့ ဘုရားသခင်က သူ့ကို “ကြီးစွာသောအရာတို့ကို ကိုယ့်အဖို့ ရှာသလော။ မရှာနှင့်။” လို့ ပြောသလို ခံစားရတဲ့အတွက် နောက်ထပ်ပြန်မလျှောက်တော့ဘူး။)

8. Spurgeon ရဲ့ကိုယ်ပိုင် စာကြည့်တိုက်ဟာစာအုပ်အတွဲပေါင်း ၁၂,၀၀၀ ရှိတယ်။ အုပ်ရေ ၁,၀၀၀ က ၁,၇၀၀ မတိုင်ခင်က ပုံနှိပ်တဲ့စာအုပ်တွေပါ။ အဲဒီစာကြည့်တိုက်ရဲ့ ၅,၁၀၃ အုပ်ကို လေလံတင်ကာစမှာ William Jewell College in Liberty, Missouri မှာ ထားတယ်။ နောက်ပိုင်း ၂၀၀၆ ခုနှစ်မှာ Midwestern Baptist Theological College & Seminary ကို ပြောင်းရွှေ့ခဲ့တယ်။

9. အသက် ၂၀ မတိုင်မှာ တရားအကြိမ် ၆၀၀ ဟောပြီးပြီ။

10. Spurgeon တရားဟောရာကို ဝန်ကြီးချုပ် W. E. Gladstone, တော်ဝင်မိသားစုများ၊ ပါလီမန်အမတ်များ၊ စာရေးဆရာ John Ruskin ၊ Florence Nightingale နဲ့ နောင်မှာ အမေရိကန်သမတ ဖြစ်လာမယ့် ဗိုလ်ချုပ် James Garfield တို့ လာခဲ့ဖူးတယ်။

11.  New Park Street Church အသင်းတော်က  Spurgeon ကို ၆လ အစမ်းခန့်ဖို့ ဖိတ်ခေါ်တယ်။ ဒါပေမယ့် သူက ၃လ ပဲလာမယ်။ “ပရိတ်သတ်မကြိုက်ပဲနေမယ်၊ အရှုပ်မဖြစ်ချင်ဘူး။” လို့ တောင်းဆိုခဲ့တယ်။

12. ၁၈၅၄ ခုနှစ် New Park Street Church အသင်းတော်ကို ရောက်ချိန်မှာတော့ အသင်းသား ၂၃၂ ယောက်ရှိပါတယ်။ ၃၈ နှစ်အကြာ သူ့သက်တမ်းအဆုံးမှာတော့ ၅,၃၁၁ အထိ တိုးပွါးခဲ့တယ်။ သူ့သက်တမ်းအတွင်း လူပေါင်း ၁၄,၄၆၀ ယောက် အသင်းတော်မှာ ပါဝင်လာကြတယ်။ အသင်းတော်ကလည်း ကမ္ဘာအကြီးဆုံး Independent အသင်းတော်ဖြစ်သွားခဲ့တယ်။

13.  Spurgeon ဟာ တပတ်ကို ၆ အုပ်လောက်ဖတ်နိုင်ပြီး၊ ဖတ်ပြီးသမျှကိုလည်း နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ မှတ်မိနေတတ်တယ်။

14.  Spurgeon ဟာ ပရိသတ် ၂၃,၆၅၄ ယောက်ကို မိုက်ခရိုဖုန်းမပါ၊ အသံချဲ့စက်မပါဘဲ ဟောပြောခဲ့တယ်။

15. Spurgeon ဟာ pastors' college ကိုစတင်တည်ထောင်ခဲ့ပြီး၊ သူ့သက်တမ်းအတွင်း ကျောင်းသား ၉၀၀ ကို သင်ပြခဲ့တယ်။ အခုထိလည်း ဆက်တိုးပွါးနေဆဲပါ။

16. ၁၈၆၅ ခုနှစ်မှာ Spurgeon ရဲ့ တရားဒေသနာပေါင်း ၂၅,၀၀၀ ကို အပတ်စဉ် ရောင်းချရတယ်။ အဲဒီတရားတွေကို ဘာသာစကား ၂၀ ကျော်နဲ့ ဘာသာပြန်ခဲ့ရတယ်။

17. Spurgeon ရဲ့ စာအုပ် အနည်းဆုံး ၃ အုပ်လောက်ဟာ (အတွဲများစွာပါဝင်တဲ့ Metropolitan Tabernacle Pulpit series အပါအဝင်) အုပ်ရေ ၁,၀၀၀,၀၀၀ ကျော် ရောင်းရတယ်။ အဲဒီထဲက တအုပ်ကတော့ Moody Press က ပွဲဦးထွက်စာအုပ်အဖြစ် ထုတ်တဲ့ All of Grace စာအုပ်ဖြစ်တယ်။ အခုထိလည်း ရောင်းရအကောင်းဆုံး စာရင်းဝင်နေဆဲပါပဲ။

18. Spurgeon ဟာ သူ့သက်တမ်းအတွင်းမှာ လူပေါင်း ၁၀,၀၀၀,၀၀၀ (သိန်း ၁၀၀) ခန့်ကို တရားဟောခဲ့တယ်။

19. Spurgeon ဟာ သူတရားဟောနေတုန်း အတွေးစ ၈ မျိုးလောက် တပြိုင်နက်တည်း ရခဲ့တယ်လို့ ဆိုဖူးတယ်။

20. Spurgeon က Agricultural Hall မှာ လျှပ်စစ်မဲ့ တူရိယာတွေကို အသံစမ်းနေတုန်း “ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။” လို့ အော်လိုက်တယ်။ အဲဒီခန်းမရဲ့ ထုတ်တန်းပေါ်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတယောက်က ကြားပြီး၊ ခရစ်တော်ကို ရရှိခဲ့တယ်။

21. Spurgeon ရဲ့ဇနီး Susannah Thompson ဟာ အသက် ၃၃ နှစ်အရွယ်မှာ မကျန်းမမာ ဖြစ်နေခဲ့ပြီး၊ ခင်ပွန်းသည် တရားဟောရာကို လာရောက်နိုင်လေ့ သိပ်မရှိခဲ့ဘူး။

22. Spurgeon ဟာ ဆာလံကျမ်းကို နှစ်ပေါင်း ၂၀ လေ့လာခဲ့ပြီး၊ ဆာလံကျမ်းအနက်ဖွင့်  The Treasury of David ကို ရေးသားခဲ့ပါတယ်။ (ဒါက ဆာလံကျမ်းကို ၁ မှ ၁၅၀ ထိ အနက်ဖွင့်ထားတဲ့ ကျမ်းဖြစ်တယ်။)

23. Spurgeon ဟာ သူ့အသင်းတော်ရဲ့ ဘုရားကျောင်း The Metropolitan Tabernacle ကို ဂရိလက်ရာများနဲ့ ဆောက်လုပ်ဖို့ တိုက်တွန်းခဲ့တယ်။ အကြောင်းကတော့ ဓမ္မသစ်ကျမ်းကို ဂရိစကားနဲ့ ရေးထားလို့ပါ။ ဒီဆုံးဖြတ်ချက်ဟာ ကမ္ဘာတဝှန်းက ဘုရားကျောင်းလက်ရာတွေအပေါ် လွမ်းမိုးခဲ့တယ်။ 

24. Spurgeon ရဲ့ တနင်္ဂနွေနေ့ မနက်ဟောမယ့်တရားဟာ စနေညမရောက်မချင်း ရွေးပြီးလေ့ မရှိသေးပါဘူး။

25. Spurgeon ရဲ့  တရားဒေသနာအတွက် တရားဟောစဉ်မြင့်ရှိရာကို မှတ်စုစာရွက် တမျက်နှာထက် ပိုယူသွားလေ့ မရှိဘူး။ ဒါပေမယ့် တမိနစ်ကို စကားလုံး ၁၄၀ နှုန်းနဲ့ မိနစ် ၄၀ လောက် ဟောပြောတယ်။

26. Spurgeon ဟာ တခါတည်းပဲ သင်းအုပ်ဝတ်ရုံကို ဝတ်ဖူးတယ်။ အဲဒီအချိန်က ဂျနီဗာကို ရောက်တုန်း၊ ဂျွန်း၊ ကယ်လ်ဗင်းရဲ့ တရားဟောစဉ်မြင့်မှာ တရားဟောတုန်းက ဖြစ်တယ်။

27. Spurgeon ဟာ ဖိတ်ခေါ်တာတွေထဲက တချို့ကို လက်ခံရင်းနဲ့ တပတ်ကို ၁၀ ကြိမ် တရားဟောရတယ်။ 

28. Spurgeon ဟာ တရုတ်ပြည်ကို သာသနာပြုတဲ့ Hudson Taylor နဲ့ မကြာခဏ တွေ့ဆုံတတ်သလို၊ မိဘမဲ့ကလေးကျောင်း တည်ထောင်တဲ့ George Muller နဲ့လည်း မကြာခဏ တွေ့ဆုံတတ်တယ်။ 

29. Spurgeon မှာ အမွှာညီအကို သားနှစ်ယောက် ရှိတယ်။ နှစ်ယောက်လုံး တရားဟောဆရာတွေ ဖြစ်လာတယ်။ Thomas က သူ့အဖေရဲ့ နေရာမှာ Tabernacle ရဲ့ သင်းအုပ်အဖြစ်ဆက်ခံတယ်။ Charles, Jr. က ဖခင်တည်ထောင်ခဲ့တဲ့ မိဘမဲ့ကလေးကျောင်းကို ဆက်လက်ဦးစီးတယ်။

30.  Spurgeon ရဲ့ဇနီး Susannah က သူ့ကို Tirshatha လို့ခေါ်တယ်။ (ပါရှင်းအင်ပါယာ လက်အောက်က ယုဒလူမျိုး ဘုရင်ခံတပါးရဲ့ နာမည်ပါ။ “ကြီးမြတ်သော” လို့ ဆိုလိုတယ်။)

31. Spurgeon ဟာ တနေ့ကို ၁၈ နာရီ အလုပ်လုပ်ပါတယ်။ ထင်ရှား စွန့်စားတဲ့ သာသနာပြုဆရာ David Livingstone က သူ့ကို  တခါက မေးဖူးပါတယ်။ “တနေ့တည်း  လူ ၂ယောက်စာ အလုပ်လုပ်ဖို့ ဘယ်လိုများ စီစဉ်သလဲ? “ကျွန်တော်တို့ဟာ ၂ ယောက်ဆိုတာ ဆရာမေ့နေတာကိုး။” လို့ Spurgeon က ပြန်ဖြေတယ်။

32.  Spurgeon က ကျွန်စနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လွန်းတဲ့အတွက် အမေရိကန် ထုတ်ဝေသူတွေပင် သူ့တရားတွေမှာ ဝေဖန်မှုတချို့ကို ဖြုတ်ပယ်စပြုခဲ့ကြတယ်။

33. Spurgeon က လူသစ်တွေ နေရာရဖို့ သူ့အသင်းသားတွေကို နောက်တပတ်တနင်္ဂနွေမှာ ဘုရားကျောင်းမတက်ဖို့ တခါတရံ ပြောရတတ်တယ်။ ၁၈၉၇ ခုနှစ်ရဲ့ တခုသော ဝတ်ပြု စည်းဝေးမှာတော့ ပါဝင်နေကျ အသင်းသားတွေဟာ လူသစ်တွေ အထဲဝင်နိုင်ဖို့၊ လာနေကျ အသင်းသားတွေက အပြင်ထွက်ပေးကြရတယ်။ ဘုရားကျောင်း ချက်ချင်းပြန်ပြီး လူပြည့်ပြန်တယ်။

Saturday, August 2, 2014

Charles H. Spurgeon ... The Prince of Preachers

English Nonconformist ဖြစ်ပြီး၊ Kelvedon, Essex မှာ ၁၈၃၄၊ ဇွန်လ ၁၉ ရက်မှာ မွေးဖွါးတယ်။ သူ့အဖိုးဟာ Essex က သင်းအုပ်ဖြစ်ပြီး၊ အဖေ John Spurgeon က Upper Street, Islington မှာနေတဲ့ Independent အမှုတော်ဆောင်ပါ။ Charles Spurgeon က ခရစ်တော်ထံ သူသိမြင်လာပုံကို အခုလို ကိုယ်တိုင်မှတ်တမ်း ရေးထားခဲ့တယ်။

Charles Haddon Spurgeon
1834- 1892

Spurgeon ခရစ်တော်ကို သိလာရပုံ

ကလေးဘဝမှာ စိတ်ရှုပ်ထွေးနေတာ ၅ နှစ်လောက်ကြာပြီ။  ဘုရားသခင်ရဲ့ တရားတော်ကို  ကြောက်ရွံ့နေတဲ့သူတိုင်းကို ကိုယ်ချင်းစာတယ်။ သနားမိတယ်။ Bunyan ရဲ့ "Grace Abounding" အကြောင်းအရာတွေက ကျွန်တော့ဘဝ လိုလို ဖြစ်နေတယ်။ ကျွန်တော် မကြုံဖူးတာတွေ သူကြုံရသလို၊ သူမကြုံဖူးတာတွေလည်း ကျွန်တော် ကြုံရတယ်။

         ဘဝက မဲမှောင်နေသလို ခံစားရတယ်။ ဘုရားမကြိုက်တာတွေ လုပ်မိလို့ မြော်လင့်ချက်မဲ့နေတယ်။ ဆုတောင်းတယ်။ အဖြေမရဘူး။ ကျမ်းစာဖတ်တယ်။ တွေ့တဲ့ ဂတိတော်တွေက ကြောက်စရာ ဆိုတာထက်တောင် ထိတ်လန့်စရာကောင်းနေတယ်။ ဘုရားအသုံးပြုတဲ့ သူတွေအကြောင်း ဖတ်တယ်။ ဒါပေမယ့် သူတို့နဲ့ ကျွန်တော်ဘဝက ဘာမှမဆိုင်ဘူး ဖြစ်နေတယ်။ စိတ်ညစ်တဲ့ အကြောင်းရင်းက ကယ်တင်ခြင်းအကြောင်း မသိတာပါ။ ခရစ်ယာန်တိုင်းပြည်မှာနေတယ်။ မိဘတွေကလည်း ခရစ်ယာန်ပါ။ ဒါပေမယ့် ကယ်တင်ခြင်းကို ကောင်းကောင်း၊ ရှင်းရှင်း မသိဘူး။ အခမဲ့ ရတယ်ဆိုတာလည်း မသိဘူး။

         မြို့ထဲက ဘုရားကျောင်းမှန်သမျှ အကုန်တက်ကြည့်တယ်။ ဒါပေမယ့် ကယ်တင်းခြင်း အကြောင်း  ကောင်းကောင်း မဟောကြဘူး။ သူတို့ကိုတော့ အပြစ်မတင်ချင်ဘူး။ ဆရာတယောက်က ဘုရားသခင် ကြီးမြတ်ကြောင်း ဟောတယ်။  စိတ်ဝင်တစား နားထောင်မိတယ်။ ဒါပေမယ့် အပြစ်ရှိသူတယောက် ကယ်တင်ခြင်းရချင်နေတာကို သူ့တရားက ဘာလာလုပ်ပေးနိုင်ပါ့မလဲ?  တခြားဆရာတယောက်က လေးစားစရာကောင်းတယ်။ သူက ပညတ်တော်အကြောင်းပဲ အမြဲတမ်းဟောတယ်။ ဒါပေမယ့် မျိုးကြဲစေချင်တဲ့ နှလုံးသားကို သူက ထွန်ပဲထွန်နေတော့ ဘာလုပ်မလဲ? တခြားဆရာတယောက်ကတော့ လက်တွေ့ကျတယ်။ ဒါပေမယ့် သူဟောတာ နားထောင်တော့ ခြေထောက်မရှိတဲ့ လူတစုကို စစ်ချီဖို့ အမိန့်ပေးနေတာနဲ့ အတော် တူနေတယ်။ ဘယ်လိုလုပ်မလဲ? သူတက်တက်ကြွကြွ နိုးဆော်နေလည်း ကျွန်တော့အတွက်က အလကားပဲ။ “သခင်ယေရှုကို ယုံကြည်လော့။ သို့ပြုလျှင် သင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် ကျွန်တော်က ခရစ်တော်မှာ ဘယ်အချက်ကို ယုံရမလဲ မသိခဲ့ဘူး။

         တခါတလေ တွေးမိတယ်။ ဘုရားသခင်ကောင်းမြတ်လို့ တနင်္ဂနွေ တမနက်မှာ နှင်းမုန်တိုင်းတွေ မလွှတ်ခဲ့ရင် ကျွန်တော့ဘဝ မှောင်နေတုန်း၊ အခုထိ စိတ်ပျက်နေတုန်း ဖြစ်နေမှာပဲ။ အဲဒီတုန်းက ဘုရားရှစ်ခိုးကျောင်းကို သွားနေတယ်။ ဆက်ပြီး ဝေးဝေး မသွားနိုင်တော့တဲ့အခါ လမ်းချိုးတခုမှာရှိတဲ့ Primitive မက်သဒစ် ဘုရားကျောင်းကလေးဖက် သွားလိုက်တယ်။ အဲဒီမှာ လူက တဒါဇင် (သို့) ၁၅ ယောက်လောက်ပဲရှိတယ်။ သူတို့ဆရာက အဲဒီမနက်က မလာဘူး။ ကျွန်တော့အထင်တော့ သူက နှင်းမုန်းတိုင်းမိနေတာ။ ဆင်းရဲသားတယောက်_ ဖိနပ်ချုပ်သမားလို၊ စက်ချုပ်သမားလို လူတယောက် တရားတက်ဟောသွားတယ်။

         အင်း၊ ဆရာဆိုတာတော့ ကျောင်းဆင်းတယောက် ဖြစ်သင့်တာပေါ့နှော်။ ဒါပေမယ့် အဲဒီလူက ဘာကျောင်းမှ မတက်ဖူးတဲ့သူ။ သူ့ကျမ်းစာချက်တချက်ကလွဲလို့ တခြားဘာမှ သူ့မှာပြောစရာ မရှိလို့ သူ့ကိုပဲ ပြန်ပြီး ကျေးဇူးတင်ရပါသေးတယ်။ သူဖတ်တဲ့ ကျမ်းစာချက်က “မြေကြီးသားအပေါင်းတို့ ငါ့ကို မြော်ကြည့်၍ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။” အဲဒီလူက အသံထွက်တောင် မှန်အောင် မဖတ်နိုင်ရှာဘူး။ ဒါပေမယ့် ဒါက အရေးမကြီးပါဘူး။

         သူ့ကျမ်းပိုဒ်မှာ မြော်လင့်စရာတချက်တော့ ပါမယ်လို့ ထင်ခဲ့တယ်။ သူက “မိတ်ဆွေတို့၊ ဒီကျမ်းပိုဒ်က သိပ်ရှင်းတဲ့ကျမ်းပိုဒ်တပိုဒ်ပဲ။ “ကြည့်” တဲ့။ ကြည့်ဖို့ဆိုတာ သိပ်အားစိုက်စရာ မလိုဘူး။ လက်တွေ၊ ခြေတွေ မြှောက်စရာမလိုဘူး။ ကြည့်လိုက်ရုံကလေးပဲ။ ကြည့်တတ်ဖို့များ ကောလိပ်ကျောင်းတက်ပြီး သင်စရာ မလိုပါဘူး။ ကြည့်ဖို့ဆိုတာ ပိုက်ဆံအများကြီး မလိုပါဘူး။ လူတိုင်းကြည့်လို့ရတယ်။ ကလေးလည်း ကြည့်လို့ရတယ်။ ကြည့်လို့ပဲ ကျမ်းစာကလည်း ပြောတာပါ။ ဆက်ပြောတယ်။ "Look unto Me" “ငါ့ကို ကြည့်” တဲ့။

         သူ ဆက်ပြောပါတယ်။ “အေး... တို့အများစုက ကိုယ့်ကိုကိုယ်ပဲ ကြည့်နေကြတာ။ ကိုယ့်ကိုကိုယ် ကြည့်လို့ ဘာမှမရဘူး။ စိတ်သက်သာရာလည်း မရနိုင်ဘူး။ တချို့က ခမည်းတော် ဘုရားသခင်ကို ကြည့်ကြတယ်။ မဟုတ်ဘူး။ သခင်ယေရှုက ပြောတယ်။ “ငါ့ကို မြော်ကြည့်ပါ။” တချို့က ပြောတတ်တယ်။ “ဝိညာဉ်တော် အလုပ်လုပ်တာ စောင့်ဦးမယ်” ... တဲ့။” အခုပြောနေတာက အဲဒီအတွက် မဟုတ်ပါဘူး။ ခရစ်တော်ကို မြော်ကြည့်ပါ။ “ငါ့ကို မြော်ကြည့်ပါ။” တဲ့။

         အဲဒီနောက် သူကျမ်းပိုဒ်ကို ဒီလိုဆက်တယ်။ “ငါ့ကို မြော်ကြည့်ပါ။ ငါ့မှာ သွေးတွေက ယိုစီးနေတယ်။ ငါ့ကို ကားတိုင်မှာ ချိတ်ဆွဲထားတယ်။ ကြည့်။ ငါ သေပြီးတော့ သင်္ဂြိုဟ်ခံရတယ်။ ငါ့ကို ကြည့်။ ငါ ပြန်ရှင်လာတယ်။ ငါ့ကို ကြည့်။ ငါ ကောင်းကင်ပေါ် ပြန်တက်တယ်။ ခမည်းတော် ဘုရားသခင်ရဲ့ လက်ယာဖက်မှာ ထိုင်ရတယ်။ ကဲ ... ငါ့ကို ကြည့်လိုက်ပါ။ ငါ့ကို ကြည့်လိုက်စမ်းပါ။

          ဒီလောက်ကလေးပဲ ပြောပြီးတော့၊ ဆယ်မိနစ်လောက်ပဲ အချိန်ယူတယ်။ ပြီးမှ ကျွန်တော့ကို ကြည့်တယ်။  သူစိမ်းဖြစ်မှန်း သိသွားပုံရတယ်။ “ကောင်းလေး၊ မင်းကြည့်ရတာ အတော်သနားစရာပဲ။” သူပြောတာ ဟုတ်တယ်။ ဒါပေမယ့် ဒီအရင်က ဒီလို တရားဟော စဉ်မြင့်ကနေ ကျွန်တော့ မျက်နှာအမူယာကို ဝေဖန်တာ မကြုံဖူးဘူး။ ဒါပေမယ့် သူစကားက အတော်ထိချက်ပြင်းတယ်။ သူကဆက်ပြီးတော့ “အခုပြောတဲ့ ကျမ်းပိုဒ်ကို မနာခံရင်တော့ မင်း ဆက်ပြီး သနားစရာ ဖြစ်နေဦးမှာပဲ။

 အသက်ရှင်ရင်လည်း သနားစရာ၊ သေတော့လည်း သနားစရာ ဖြစ်နေမှာပဲ။ ဒါပေမယ့် အခု နားထောင်လိုက်ရင်တော့ အခု အကယ်ခံရမှာပဲ။”

          အဲဒီနောက်မှာ သူက တရားဟောဆရာတယောက်လို အော်ပြီး ဟောတယ်။ “ကောင်လေး၊ ယေရှုခရစ်တော်ကို မြော်ကြည့်လိုက်။” ကျွန်တော် မော့ကြည့်လိုက်တယ်။ အဲဒီမှာ တိမ်တိုက်တွေ လွင့်သွားတယ်။ အမှောင်တွေ လွင့်သွားတယ်။ အဲဒီအချိန်မှာ အလင်းကို မြင်ရတာပဲ။ အဲဒီအချိန်မှာ ထရပ်ပြီးတော့ အသွေးတော်အကြောင်း၊ ကိုယ်တော်တပါးတည်းကို ရိုးရိုးကလေး ယုံကြည် မြော်ကြည့်တဲ့ အကြောင်းတွေကို စိတ်လှုပ်ရှားပြီး သီချင်းဆိုခဲ့တယ်။ အင်း.. အရင်ကတည်းက ဒီလို ပြောပြကြရင် အကောင်းသားပေါ့။ ခရစ်တော်ကို အားကိုးပါ၊ အကယ်ခံရပါလိမ့်မယ်။
  (Spurgeon ကိုယ်တိုင်ရေးတဲ့ မှတ်တမ်းဖြစ်ပါတယ်။)

Friday, December 20, 2013

Prayer! ဆုတောင်းခြင်း

Some people say “Prayer can do nothing!” I can say that they never pray and they have no experience in getting answers to prayer.
There is a little girl in our Christian school. Her name is Pa Pa. She comes from a divorced family. Her mother could not provide her three children even daily food. And mom came and gave me the girl and her brother to be adopted. I refused to do so. I said her “I will care your two children. But please do not give me your children. Please come and visit to the children as you can. Now they lost their father. But they still have a mother. Please do not make them to be not only fatherless, but also motherless. I will give you the money you need to visit to the children.” I do the things I can do.
One day, one of my school teachers said me “Pa Pa knows that her mother will come here. She said “Mom will come!” If she says so, in the next day her Mom comes to us.” The teacher asked me “Why does she know it?” I replied him “I don’t know it. You should ask her.”
Her mother works in a far village. She has no phone to talk with her children. It is out of contact. But the little girl prays to God to see her mother when she misses Mom. She prays again and again. Then she says “Mom will come here!” Every time when she says so, in the next day, Mom comes to see her children.  Oh! Prayers do the things we cannot do!

 တချို့က ပြောတတ်တယ်။ "ဆုတောင်းလို့ ဘာရမတုန်း" တဲ့။ တကယ်တော့ သူတို့ ဆုမတောင်းဖူးလို့ပါ။ ဆုတောင်းပြီး အဖြေမရဖူးလို့ပါ။
တို့ ခရစ်ယာန်ကျောင်းမှာ မိန်းကလေးငယ်လေး တယောက်ရှိတယ်။ သူ့နာမည်က ပပ။ မိဘတွေက အိမ်ထောင်ကွဲနေတယ်။ ကလေး ၃ ယောက်ကို အမေက ကျွေးမွေးပြုစုဖို့ ခက်လာတယ်။ တနေ့ သူ့အမေ ကျွန်တော့ထံ ရောက်လာပြီး၊ ကလေး ၂ ယောက်ကို မွေးစားဖို့ ပေးလာတယ်။  ကျွန်တော် ငြင်းလိုက်တယ်။ "ကလေး ၂ ယောက်ကို ပြုစုကျွေးမွေးပါမယ်။ ဒါပေမယ့် ပေးတော့ မပေးပါနဲ့။ ကလေးတွေဆီကို ခဏခဏ လာလယ်ပါ။ အခု သူတို့မှာ အဖေ မရှိတော့ဘူး။ ဒါပေမယ့် အမေတော့ ရှိသေးတယ်။ အဖေရော၊ အမေပါ မရှိတဲ့ဘဝဖြစ်အောင် မလုပ်ပါနဲ့။ ကလေးတွေဆီကို လာလည်ဖို့ စရိတ်ပေးပါမယ်။" လို့ ပြောခဲ့ပါတယ်။ ဒါဟာ ကျွန်တော် လုပ်နိုင်တာကို လုပ်လိုက်တာပါ။
တနေ့... ကျောင်းက ဆရာတယောက်က ပြောလာတယ်။ "ပပ က သူ့အမေလာမယ်ဆိုတာ သိနေတယ်။ "အမေ လာလိမ့်မယ်။" လို့ သူပြောရင်၊ နောက်တနေ့ သူ့အမေ လာတော့တာပဲ။ သူ ဘယ်လိုလုပ် သိနေပါလိမ့်?" တဲ့။
ကျွန်တော်က "မသိဘူးလေ... သူ့ကို မေးကြည့်ပါလား?" လို့ ပြောမိတယ်။
သူ့အမေက အလှမ်းဝေးတဲ့ ရွာကလေးမှာ အလုပ်လုပ်နေပါတယ်။ သားသမီးတွေနဲ့ စကားပြောစရာ ဖုန်းမရှိဘူး။ ဆက်သွယ်လို့ မရဘူး။ ဒါပေမယ့် သမီးကလေးက သူ့အမေကို လွမ်းတဲ့အခါ ခဏခဏ ဆုတောင်းတယ်။ အဲဒီမှာ သူပြောလာတော့တာပါပဲ။ "အမေ လာလိမ့်မယ်။" ဒီလိုပြောလာပြီဆိုရင်တော့ နောက်တနေ့မှာ သူ့အမေက သားသမီးတွေကို တွေ့ဖို့ ရောက်လာတော့တာပါပဲ။ ကဲ .... တို့ မတတ်နိုင်တာတွေကို ဆုတောင်းခြင်းက လုပ်ပေးနိုင်တယ် မဟုတ်လား?

Thursday, October 3, 2013

19. Heaven, the Believer’s Home by Dr. Curtis Hutson (BURMESE) ကောင်းကင်ဘုံ

----------------------------------------------------------------------------------------
အခန်း ၁၉
-----------------------------------------------------------------------------------------
ကောင်းကင်အကြောင်း မေးလေ့မေးထအရှိဆုံး မေးခွန်းများအတွက် ကျမ်းစာအဖြေများ

“တဖန်တုံယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်း အများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” ယော ၁၄: ၁-၃
Dr. Curtis Hutson
ငယ်ငယ်တုန်းက တရားဟောဆရာတပါး ကောင်းကင်ဘုံအကြောင်းဟောတာ ကြားဖူးတယ်။ ခရစ်ယာန်တွေသေရင် ကောင်းကင်တက် သွားတယ်လို့ ပြောတယ်။ ညအိပ်ယာဝင်တိုင်း စဉ်းစားမိတယ်။ ကောင်းကင်ဆိုတာ တကယ်ရှိသလား? ရှိရင် ဘယ်နားမှာလဲ? ခရစ်ယာန်အဖြစ်နဲ့သေရင် ကောင်းကင်ကို ချက်ခြင်းသွားရမလား? သွားရမယ်ဆိုရင် ဘယ်လောက်ကြာကြာ သွားရမလဲ? ကောင်းကင်ရောက်ရင် သူငယ်ချင်းတွေကို သိပါဦးမလား? သူတို့ကကော ပြန်သိကြပါ့မလား? ကောင်းကင်မှာ ကျွန်တော်က ဘယ်လိုပုံ ဖြစ်နေမလဲ? ကိုယ်ခန္ဓာရှိမလား? စားသောက်လို့ရမလား? ချစ်ခင်သူတွေက သိကြပါ့မလား? ချစ်ခင်သူတွေကို ကျွန်တော်က ပြန်သိပါ့မလား? ကောင်းကင်ရောက်နှင့်ပြီဖြစ်တဲ့ အဘိုးနဲ့အဖွားကို ကျွန်တော် သိပါ့မလား? ဒီလိုမေးခွန်းမျိုးတွေ အများကြီးတွေးနေမိတယ်။ သေခြင်းနဲ့ကောင်းကင်ဆိုတာ ကျွန်တော့အတွက် နက်နဲလှတယ်။

ကိုယ်ချစ်တဲ့သူတွေသေဆုံးတဲ့အခါ ဝမ်းနည်းရတဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ သေခြင်းအကြောင်း နားမလည်လို့ပါ။ ၁သက် ၄: ၁၃ မှာ “ညီအကိုတို့၊ မြှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမူအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။” ဒီနေ့မှာတော့ ကောင်းကင်နဲ့ ပတ်သက်တဲ့ မေးခွန်းအတော်များများကို ကျွန်တော်ကြိုးစား ဖြေသွားမယ်။

၁။ ကောင်းကင်ဆိုတာ တကယ်ရှိသလား? Is Heaven a Real Place?
ရှိပါတယ်။ ကောင်းကင်ဆိုတာ တကယ်အတိအကျ ထုနဲ့ထည်နဲ့ကို ရှိတယ်လို့ ကျမ်းစာက သွန်သင်ပါတယ်။ သခင်ယေရှုက ယောဟန် ၁၄: ၂-၃ မှာ “ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်း အများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။”

တချို့က ကောင်းကင်ဆိုတာ စိတ်အထင် တစ်ခုပါကွာလို့ ထင်ကြတဲ့အတွက် တကယ်ရှိကြောင်း ပြောရတာပါ။ သခင်ယေရှုက “သံချေး၊ ပိုးရွ ဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်း မဖောက်မခိုးယူရာ ကောင်းကင် ဘုံ၌ ဘဏ္ဍာကိုဆည်းဖူးကြလော့။”

ကောင်းကင်ဟာ တကယ်အတိအကျ၊ ထုနဲ့ထည်နဲ့ရှိကြောင်း ပြောပြထားတယ်။ အချိန်ရလို့ ဗျာဒိတ်၂၁ နဲ့ ၂၂ ကို ဖတ်ကြည့်မယ်ဆိုရင် ကယ်တင်ခြင်းရသူတွေရဲ့ ထာဝရနေအိမ်တော်ဖြစ်တဲ့ သန့်ရှင်းသောမြို့တော် ယေရုရှလင်မြို့သစ်ရဲ့ အလှအပကို မြင်တွေ့လာမှာပါ။ အဲဒီကျမ်းပိုဒ်တွေအရ ကောင်းကင်ဘုံမှာ အခြေခံအုတ်မြစ်တွေရှိတယ်။ အဖိုးတန်ကျောက်တွေနဲ့ အလှဆင်ထားတယ်။ မြို့ရိုးက နဂါးသွဲ့ကျောက်လို့ ဆိုတယ်။ မြို့တံခါးက အရှေ့ သုံးပေါက်၊ အနောက်သုံးပေါက်၊ မြောက်သုံးပေါက်၊ တောင်းသုံးပေါက်ရှိပြီး၊ တံခါးတွေကို ပုလဲနဲ့ပြုလုပ်ထားတယ်။ တံခါးတစ်ချပ်- ပုလဲတပြားပါဘဲ။

ဆိုတော့၊ ကောင်းကင်ဟာ စိတ်အထင် မဖြစ်နိုင်ဘူး။ တကယ့် အတိအကျနေရာ ဖြစ်တယ်။ ဗျာဒိတ် ၂၁ နဲ့ ၂၂ မှာ သန့်ရှင်းတဲ့မြို့တော်ရဲ့ အတိုင်းအတာကိုတွေ့ရတယ်။ အတောင်ကို ပေဖွဲ့ပြီးမှ မိုင်ဆက်ဖွဲ့ရင် သန့်ရှင်းတဲ့မြို့တော် ယေရုရှလင်မြို့သစ်က စတုရန်းမိုင်ပေါင်း ၁,၅၀၀ ရှိတယ်။ လေးဖက်လေးတန် မိုင်ပေါင်း ၁,၅၀၀ စီရှိတယ်။ လူ့စိတ်အထင်ဆိုရင် ဒီလိုအတိုင်းအတာ သတ်မှတ်ချက်မရှိဘူး။ တကယ့်အတိအကျရှိတဲ့ နေရာမဟုတ်ရင် အတိုင်းအတာဆိုတာ ရှိမှာ မဟုတ်ဘူး။

၂။ ဘယ်လိုနေရာမျိုးလဲ? What Kind of Place is Heaven?
၁။ ပြောမပြနိုင်လောက်အောင် လှတဲ့၊ ဘုန်းအသရေ တောက်ပတဲ့နေရာပါ။ ၁ကော၂: ၉ မှာ “ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသောအရာကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။”
ကျမ်းစာက လူ့စိတ်နဲ့ မကြံစည်ဘူးတဲ့နေရာလို့ ဆိုတယ်။ ကောင်းကင်ရဲ့အလှကို ပြောပြမှန်းဆနိုင်မှာ မဟုတ်ဘူး။ ဗျာဒိတ် ၂၁ နဲ့ ၂၂ ကိုဖတ်ကြည့်ပါ။ ကောင်းကင်ရဲ့အလှကို နည်းနည်းကလေး ရိပ်မိရုံဘဲရှိမှာပါ။

တညမှာ ကောင်ကလေးတစ်ယောက်ဟာ သူ့အဘိုးနဲ့ လမ်းလျှောက်ထွက်တယ်။ သိပ်လှတဲ့ ညတညပါ။ ကောင်းကင်က တအား ပြာနေပြီး သိန်းသန်းချီတဲ့ကြယ်ကလေးတွေက တန်းစီပြီး ဟန်ရေးပြနေတယ်လို့ ထင်ရတယ်။ ကောင်ကလေးက သူ့အဘိုးရဲ့အင်္ကျီစကိုဆွဲပြီး “ဘိုးဘိုး၊ ဘိုးဘိုး၊ ကောင်းကင်ကအပြင်ဘက်မှာ တအားလှရင် အတွင်းမှာဆို ဘယ်လိုနေမလဲနော်?” လို့ ပြောတယ်။

သီချင်းရေးဆရာ တယောက်ရေးတဲ့ သီချင်းကလေး သိပ်မှန်တယ်။

လှလွန်းတဲ့ ကောင်းကင်ဟာ
တို့အတွက် ကြည်နူးစရာ အိမ်ကလေးပါ။

ကောင်းကင်ဟာ ပြောမပြနိုင်အောင် လှတဲ့အရပ်၊ ဘုန်းအသရေ တောက်ပတဲ့နေရာ ဖြစ်တယ်။ ကောင်းကင်ဟာ အပြည့်အဝ အနား ယူရာ နေရာလည်းဖြစ်တယ်။ ဗျာဒိတ် ၁၄: ၁၃ မှာ “တဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည်ပင်ပန်းခြင်းငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့ သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။”

လူအများစုက လုံးဝ နားတယ်ဆိုတာကို သိပ်မသိ၊ သိပ်နားမလည်ကြဘူး။ စိုးရိမ်ခြင်းမရှိတော့ဘူး။ လုပ်ငန်းအချိန်ဇယားတွေ မရှိဘူး။ မနက်စောစောထဖို့ နိုးစက်နာရီတွေ မရှိဘူးဆိုတဲ့ အနားယူခြင်းမျိုးကို လူတွေမခံစားဖူးကြဘူး။

အမေသေတော့ ကျွန်တော်က သက်သေခံထွက်နေချိန်မှာ မိတ်ဆွေတချို့ ကျွန်တော့ကို လာရှာပြီး၊ အမေဆုံးပြီလို့ ပြောတယ်။ အိမ်ကို အမြန်ပြန်ပြီး အမေ နေမကောင်းတုန်းကနေတဲ့ အိပ်ခန်းရှိရာကို ဝင်သွားလိုက်တယ်။ အိပ်ယာပေါ်မှာ အမေ့အလောင်းကို ပြင်ထားပြီ။ အမေ့ကို မြင်ရချိန်မှာ ပထမဦးဆုံး ဝင်လာတဲ့အတွေးက “ကျွန်တော့်ဘဝမှာ အမေ အနားယူတာကို ဒီတခါ ပထမဆုံး မြင်ရတာပါလား အမေ” လို့ တွေးမိတယ်။ အမြဲတမ်း တစ်ခုခု လုပ်နေတတ်တဲ့ အမေဟာ အခုအနားယူနေပါပြီ။ အလုပ်တာဝန်တွေ ပြီးဆုံးပြီ။

ကောင်းကင်ဟာ ပြောမပြနိုင်လောက်အောင်လှတဲ့ နေရာ၊ အပြည့်အဝနားတဲ့ နေရာဖြစ်တယ်။ ဒါပေမယ့် ကောင်းကင်ဟာ အသိအမြင် စုံလင်ရာ နေရာလည်းဖြစ်တယ်။

“ကောင်းကင်ရောက်ရင် သခင်ဘုရားကို မေးချင်တာတွေရှိတယ်။” လို့ ပြောကြတယ်။ အမှန်က ကောင်းကင်ရောက်ရင် သခင်ဘုရား သိသလို သိလာလိမ့်မယ်။ ဘာမှမေးနေစရာမလိုတော့ဘူး။

ဒီလောကမှာ ရှင်းပြလို့မရနိုင်တာတွေ အများကြီးရှိတယ်။ လူငယ်ဇနီးမောင်နှံ နှစ်ယောက်မှာ သားသမီး ၃ ယောက် ရှိတယ်။ ကလေး တယောက် ဆုံးပါးသွားလို့ သင်္ဂြိုလ်ဖို့ ကျွန်တော့ကို ခေါ်တယ်။ နောက်လအနည်းငယ်ကြာတော့ ဒုတိယကလေး ထပ်ဆုံးပါးပါတယ်။ နောက်တနှစ် မပြည့်ခင်မှာဘဲ တတိယကလေး ဆုံးပါးတယ်။ ရောဂါတမျိုးစီနဲ့ သေကြတာပါ။ ဖြစ်တောင့်ဖြစ်ခဲဆိုတော့ ကျွန်တော်လည်း ရှင်းမပြတတ်ဘူး။ နောက်ဆုံး သေတဲ့ကလေးကို သင်္ဂြု ိလ်ပြီးအပြန်မှာ အမေဖြစ်သူက ငိုပြီး ပြောတယ်။ “ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ရှင်းပြပါဆရာ။ သူများ မိသားစုတွေမှာ ကလေး တယောက်မှ မသေဘဲ၊ ဘာကြောင့် ကျွန်မကလေးတွေအားလုံး အခေါ်ခံရလဲ?”

ကျွန်တော် ရှင်းမပြတတ်ဘူး။ အစကနေ အဆုံးထိ ကျွန်တော် မြင်နိုင်စွမ်းမရှိဘူး။ ဒါပေမယ့် ဘုရားသခင် သိပါတယ်။ ရောမ ၈: ၂၈ လည်း မှန်ပါတယ်။ ဘုရားပြောတဲ့ စကားဖြစ်ပါတယ်။ ခံယူသင့်တဲ့စကားလည်း ဖြစ်ပါတယ်။ “ဘုရားသခင်ကို ချစ်သောသူ- - - တို့၏ အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြ၏။” အဲဒီလူငယ် ဇနီမောင်နှံကို ကျွန်တော်ပြောခဲ့တဲ့စကားကတော့ “ဘုရားသခင်လက်ရာကို အမြဲတမ်း ရိပ်စား မိနိုင်စွမ်း မရှိပေမယ့် အမြဲတမ်းတော့ အားကိုးနိုင်ပါတယ်။”

ငါ့အဘနည်းက တွန့်လိမ် လှည့်ပြောင်းနေတော့
ငါ့နှလုံးသားက တွန့်ကြေ အက်ကြောင်းတွေနဲ့ပေါ့- - .
ဒါပေမယ့်လေ ….  ငါပျော်ပါတယ် ...
ဘုရားသခင်မှာ အမှားအစဉ်အလာ မရှိခဲ့ပါဘူး။

ဘုရားက သူ့အလုပ်သူ သိပါတယ်။ ဘုရားမြင်သလို ကျွန်တော်တို့ မမြင််တော့ အစစအရာရာကို ရှင်းပြနိုင်စွမ်း မရှိဘူးပေါ့။ ဒါပေမယ့် ကောင်းကင်ရောက်ရင် သိလာလိမ့်မယ်။ ကောင်းကင်ဆိုတာ ဖုံးအုပ်ခြင်းမဲ့တဲ့ အသိအမြင်စုံလင်ရာ အရပ် ဖြစ်တယ်။ အရာအားလုံးကို နားလည်လာ လိမ့်မယ်။ ၁ကော ၁၃: ၁၂ မှာ “ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျှက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင် မြင်ရကြလိမ့်မည်။ ယခုတွင် ငါ့အသိအမြင် မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့်မည်။”

အင်္ဂလန်ပြည်က လူငယ်လေးတစ်ယောက်အကြောင်း ဖတ်ရတယ်။ အဖေသေခါနီးလို့ ကျောင်းထွက်ပြီး မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ရရှာတယ်။ မိသားစုအတွက်၊ အမေ့ကိုကူဖို့ သတင်းစာရောင်းရချိန်မှာ ၁၀နှစ်အရွယ်ပဲ ရှိသေးတယ်။ တနေ့ပြီးတနေ့ သတင်းစာရောင်းရင်းနဲ့ အိမ်အပြန်လမ်းမှာရှိတဲ့ ကစားစရာ အရုပ်စတိုးဆိုင်က လှလှပပဆေးချယ်ထားတဲ့ စစ်သားရုပ် ကလေးတွေကို ပြတင်းပေါက်ကနေ ရပ်ပြီး ငေးကြည့်နေတတ်တယ်။ ဒါကို ဆိုင်ရှင်က ရိပ်မိတယ်။

တနေ့ အဲဒီလူငယ်ကလေးကို မတွေ့ရတဲ့အတွက် ဆိုင်ရှင်က လမ်းထဲကလူတွေကို “ဆိုင်မှာ စစ်သားရုပ်ကလေးတွေကို လာရပ်ကြည့် တတ်တဲ့ သတင်းစာရောင်းတဲ့ ကလေးကို တွေ့မိကြလား?” လို့ စုံစမ်းတယ်။ တယောက်က “ဟာ၊ ခင်ဗျားမကြားဘူးလား? တနေ့က ကားတိုက်လို့လေ။ ဆေးရုံပေါ်မှာ သတိမေ့နေတယ်။” လို့ ပြောတယ်။ ဆိုင်ရှင်က စိတ်ထိခိုက်သွားတယ်။ စစ်သားရုပ်ကလေးတွေကို စုသိမ်းပြီး ဆေးရုံကိုယူသွားတယ်။ ကောင်ကလေးဟာ နေ့တိုင်း စစ်သားရုပ် ကလေးတွေကို မက်မက်မောမော လာလာကြည့်တဲ့အကြောင်း အမေဖြစ်သူကို ပြောပြပြီး၊ အရုပ်ကလေးတွေကို ပေးခွင့်ပြုဖို့ တောင်းဆိုတယ်။ 

ကောင်ကလေးက သတိလစ်တုန်းပါ။ ဒါနဲ့ ဆိုင်ရှင်က စစ်သားရုပ်လှလှကလေးတွေကို ကုတင်ခြေရင်းဘက်မှာ တန်းစီပြီး တင်ထားလိုက်တယ်။ ဒီလိုနဲ့ ရက်အတော်ကြာသွားတယ်။

ကောင်ကလေး သတိပြန်ရတဲ့ တမနက်မှာတော့ သူပထမဦးဆုံးမြင်လိုက်ရတာက၊ စစ်သားရုပ်ကလေးတွေပါ။ သူ့မျက်စိကို သူမယုံနိုင်ရှာဘူး။ ရှေ့ကို တဖြည်းဖြည်း တိုးလာတယ်။ တဖြည်းဖြည်း နီးလာပြီး၊ နောက်ဆုံးမှာတော့ လက်နဲ့ စစ်သားရုပ်ကလေးတွေကို ကိုင်ဆုပ်မိ သွားတယ်။ ပြုံးပြီးတော့ “အိုး! ကြည့်စမ်းပါဦး အမေ၊ ကြည့်စမ်းပါဦး၊ စစ်သားရုပ်ကလေးတွေ ပါလား။ မှန်တံခါးကြီး ကာမထားတော့ဘူးနော်။” လို့ ဝမ်းသာအားရ ဆိုတယ်။

၃။ ကယ်တင်ခြင်းရသူတွေ ကောင်းကင်ကို ချက်ခြင်းသွားရသလား? Do the Saved Go to Heaven Immediately?
ချက်ခြင်း ရောက်ပါတယ်။ ကျမ်းစာက ၂ကော ၅: ၈ မှာ “ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့သွား၍” ဆိုတာဟာ  “သခင်ဘုရားထံတော်၌ နေမြဲနေခြင်း” လို့ ဆိုတယ်။

ခရစ်ယာန်တယောက်အတွက် နေစရာ ၂ ခု ရှိတယ်။ ကိုယ်ခန္ဓာ၌ နေခြင်းနဲ့ သခင်ဘုရားထံတော်၌ နေခြင်း တို့ဖြစ်တယ်။ ဖိလိပ္ပိ ၁: ၂၃  မှာ ရှင်ပေါလုက “ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည်ယခုကျဉ်းမြောင်းစွာနေရ၏။ စုတေ့၍ ခရစ်တော်နှင့် အတူနေခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍အလွန်ထူးမြတ်သော အကျိုးဖြစ်၏။” သေပြီး၊ ခရစ်တော်နဲ့အတူနေရပါတယ်။ လူဆိုတာ ကိုယ်ခန္ဓာမဟုတ်ဘူး။ ဝိညာဉ်ဖြစ်တယ်။ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ခွင့်ရထားတာသာ ဖြစ်တယ်။ ကျမ်းစာက လူကို ဘုရားသခင်ရဲ့ ပုံတော်နဲ့အတူ ဖန်ဆင်းထားတယ်လို့ ဆိုတယ်။ လူ့နှာခေါင်းထဲကို အသက်မှုတ်သွင်း ပေးလို့ လူဟာ သက်ရှိဝိညာဉ် ဖြစ်လာတယ်။ (ကမ္ဘာ ၂: ရ) ကျွန်တော့ကိုယ်ခန္ဓာဟာ ကျွန်တော်မဟုတ်ဘူး။ ကျွန်တော် ပိုင်ခွင့်ရထားတာသာ ဖြစ်တယ်။ ကျွန်တော်ပိုင်တဲ့အရာသာ ဖြစ်တယ်။ ကျွန်တော့ခေါင်းကို ကျွန်တော်ထုလိုက်ရင် “ငါ့ခေါင်းကို ထုမိတယ်” လို့ ပြောတယ်။ ငါ့ခေါင်း၊ ငါ့လက်၊ ငါ့ခြေ၊ ငါ့နား . . စသည်ဖြင့်ပေါ့။ ဒါပေမယ့် ငါ့နာရီ၊ ငါ့အင်္ကျီ ဆိုတာလည်း ရှိပါတယ်။ ကျွန်တော့အင်္ကျ ီဟာ ကျွန်တော်ပိုင်ဖြစ်သလို၊ ကျွန်တော့် ကိုယ်ခန္ဓာဟာလည်း ကျွန်တော်ပိုင် ဖြစ်တယ်။ ဒီကိုယ်ခန္ဓာဟာ ကျွန်တော်နေတဲ့ အိမ်ပါ။ ကျွန်တော်ကိုယ်နှိုက်ကတော့ အထဲမှာရှိတဲ့ စိတ်ဝိညာဉ်ဖြစ်တယ်။ ၁သက် ၅: ၂၃ မှာ ရှင်ပေါလုက “ငါတို့သခင်ယေရှုကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။” လူသေရင် သူ့စိတ်နဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာကိုခွာပြီး ခရစ်တော်ထံ ချက်ခြင်း သွားတယ်။

အင်္ဂလန်ပြည်၊ လန်ဒန်မြို့မှာ သမရိုးကျမဟုတ်တဲ့ သင်္ချိုင်းကျောက်စာတခုရှိပါတယ်။ Solomon Peas- ဆိုတဲ့သူက သူ့သင်္ချိုင်းဂူမှာ ရေးဖို့ သူမသေခင်ပေးထားခဲ့တဲ့ စကားတွေပါ။ ( သူ့ကို ရှောလမုန်-ပဲ-လို့ ဆိုပါစို့။)

ဒီမိုးတိမ်အောက်၊ သစ်ပင်အောက်မှာ
ဆော်လမွန်-ပီးရဲ့ ကိုယ်ခန္ဓာဟာ လှဲနေတယ်။
ဒါဟာ ပဲဆိုတဲ့ ငါမဟုတ်၊ ပဲမျိုးထည့်တဲ့အိုးပါ။
ပဲက အခွံကွာပြီး၊ ဘုရားသခင်ထံ လွတ်ပျံသွားပြီ။

ဒီစကားတွေကို ဖတ်ရတော့၊ ကျွန်တော့်နာမည်လည်း  Solomon Peas ဖြစ်ချင်လာတယ်။ ကျွန်တော့အုတ်ဂူမှာ အဲဒီစကားမျိုး ရေးချင်လာတယ်။ ခရစ်ယာန်သေရင်၊ ခရစ်တော်ထံ ချက်ခြင်းရောက်တယ်။ ကိုယ်ခန္ဓာကနေခွါပြီး၊ သခင်ဘုရားထံ ရောက်ခွင့်ရတယ်။

၄။ ကောင်းကင်မှာ တယောက်နဲ့တယောက် သိကြမလား? Will We Know Each Other In Heaven?
သိလိမ့်မယ်လို့ ကျမ်းစာက ပြောတယ်။ “ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ် မှစသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်၍၊” ဆိုတော့ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကို သိရလိမ့်မယ်။

သခင်ယေရှု အရောင်အဝါ ပြောင်းလဲတော့၊ မောရှေနဲ့ဧလိယ ထင်ရှားလာတယ်။ မောရှေဆိုတာ ဧလိယ မမွေးခင်မတည်းက အသက်ရှင်ပြီး၊ သေလွန်ခဲ့သူပါ။ ဒါပေမယ့် သခင်ယေရှု အရောင်အဝါပြောင်းလဲတဲ့ တောင်ပေါ်မှာ မောရှေက ဧလိယကို သိနေတယ်။ ဧလိယကလည်း မောရှေကို သိနေတယ်။ တယောက်နဲ့တယောက် သိကြရုံမျှမကဘူး။ နာမည်တွေကလည်း အရင်အတိုင်းပဲရှိနေတယ်။

တချို့က “နာမည်တွေက ကောင်းကင်မှာ ဒီအတိုင်းဘဲရှိမှာလား?” လို့ မေးတယ်။ မသိပါဘူး။ မောရှေကိုတော့ မောရှေလိုပဲ ဆက်ခေါ်ပါတယ်။ ဧလိယလည်း ဧလိယပါပဲ။ အာဗြဟံက အာဗြဟံ။ ဣဇာက်က ဣဇာက်။ ယာကုပ်က ယာကုပ် လို့ ဆက်ခေါ်ပါတယ်။ အားလုံးလဲ ဒီအတိုင်းဘဲ ဖြစ်နေမှာပေါ့။ ကျွန်တော်လည်း Curtis Hutson ဘဲ ဆက်ဖြစ်နေနိုင်တယ်။

ကောင်းကင်မှာ တစ်ယောက်နဲ့တစ်ယောက် သိကြမလား။ သိ်မှာပါ။ မောရှေက ဧလိယကို သိတယ်။ ဧလိယကလည်း မောရှေကို သိတယ်။ တကယ်တော့ မြေကြီးပေါ်မှာတုန်းက တယောက်နဲ့တယောက် တွေ့ဖူးကြတာမဟုတ်ဘူး။ အချင်းချင်း သိကြရုံမျှမက နောင်မှာဘာဖြစ်မယ်  ဆိုတာကိုလည်း သိနေကြတယ်။ လုကာ ၉ မှာ သူတို့ဟာ သခင်ယေရှု ယေရုရှလင်မြို့မှာ အသေခံမယ့်အကြောင်း ဆွေးနွေးခဲ့ကြတယ်။ ၁ကော ၁၃: ၁၂ မှာ “ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျှက်သာ နေကြ၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့် မည်။”

ကောင်းကင်ရောက်ရင် ကျွန်တော့အမေကို ကျွန်တော် မှတ်မိနေမှာပါ။ ကျွန်တော်ငယ်ငယ်က သေသွားခဲ့တဲ့ အဘိုးကိုလည်း သိနေမှာပါ။ အသက် ၉၉ နှစ်အထိ အသက်ရှင်ခဲ့တဲ့ အဘွားကိုလည်း သိနေလိမ့်မယ်။

၅။ ကောင်းကင်မှာ ကိုယ်ခန္ဓာရှိမှာလား? Will We Have A Body In Heaven?
ကိုယ်ခန္ဓာရှိမယ့်သဘော ကျမ်းစာမှာတွေ့ရတယ်။ လုကာ ၁၆မှာ လာဇရုသေတော့ ကောင်းကင်တမန်တွေက အာဗြဟံရင်ခွင်ကို ပို့ပေးကြတယ်။ သဌေးကြီးက ချောက်ကြီးတဖက်ကနေ မြှော်ကြည့်တယ်။ အာဗြဟံရဲ့ရင်ခွင်မှာ လာဇရုကို တွေ့တယ်။ အာဗြဟံနဲ့စကားပြောတဲ့အခါ လာဇရုရဲ့ လက်ဖျားကို ရေမှာနှစ်ပြီး လာတိုက်ဖို့ တောင်းဆိုတယ်။ ဒီအချက်ကြောင့် လာဇရုမှာ ကိုယ်ခန္ဓာရှိကြောင်း သိနိုင်တယ်။

၂ကော ၅: ၁ မှာ ရှင်ပေါလုက “ယာယီတဲဖြစ်သောငါတို့ မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရ အိမ်ရှိကြောင်းကို ငါတို့သိကြ၏။” ကောင်းကင်မှာရမယ့် ကိုယ်ခန္ဓာကို ဒီလောကမှာကတည်းက တောင့်တနေရမယ်လို့ ပြောနေတာပါ။ ကျမ်းစာက သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ ကိုယ်ခန္ဓာတမျိုးရှိမယ်လို့ ဆိုတယ်။ သခင်ယေရှုကြွလာပြီး ကိုယ်ခန္ဓာမထမြောက်ခင် အချိန်အထိ ပိုင်ဆိုင်ရမယ့် ခန္ဓာကိုယ်တမျိုးပါ။

သခင်ယေရှု ကြွလာမယ်။ ကြွလာတဲ့အခါ ခရစ်ယာန်တွေရဲ့ ကိုယ်ခန္ဓာတွေဟာ သေခြင်းမှ ထမြောက်လိမ့်မယ်။ ၁သက် ၄: ၁၆ မှာ “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။” ခရစ်ယာန်တွေဟာ သင်္ချိုင်းတွင်းက ထွက်လာရလိမ့်မယ်။

ကျမ်းစာက တမန် ၂၄: ၁၅ မှာ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူတို့ မြှော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြ၍ မြှော်လင့်ပါ၏။”

ယောဟန် ၅:၂၈-၂၉ မှာ သခင်ယေရှုက “ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူ အပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊ ထွက်ရမည့်အချိန် ကာလ ရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်း သို့၎င်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သော သူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။”

ယောဘ ၁၉: ၂၅-၂၇ မှာ ယောဘက “ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောက်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော် မူမည် ဟူ၍၎င်း၊ ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကို မြင်မည်ဟူ၍၎င်း ငါသိ၏။ ငါ့ဘက်၌ နေတော်မူသော ဘုရားသခင်ကို ငါမြင်မည်။ သူတပါးမြင်သည်သာမက၊ ငါသည် ကိုယ်မျက်စိနှင့် ဖူးမြင်မည်။ ထိုသို့ မြှော်လင့်၍ ငါ့ကျောက်ကပ်သည် ပျက်လျှက်ရှိ၏။”

လူသေရင် သူ့စိတ်ဝိညာဉ်ဟာ ကိုယ်ခန္ဓာကိုခွာပြီး ခရစ်တော်ထံ ချက်ခြင်းရောက်သွားတယ်လို့ ကျမ်းစာက သွန်သင်ပါတယ်။ ၂ကော ၅ ကို အခြေပြုလိုက်ရင် သေခြင်းနဲ့ထမြောက်ခြင်းကြား၊ ထမြောက်ခြင်းကို စောင့်ဆိုင်းနေချိန်မှာ စိတ်ဝိညာဉ်ဟာ ယာယီခန္ဓကိုယ်တစ်ခုကို ရထားပါတယ်။ ဒါကြောင့် ၂ကော ၅ က ခန္ဓာကိုယ်ဟာ သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ ယုံကြည်သူရတဲ့ ယာယီကိုယ်ခန္ဓာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သခင်ယေရှု ကြွလာတဲ့အခါ ခရစ်တော်၌ သေလွန်သူတွေက အဦးဆုံးထမြောက် ကြလိမ့်မယ်။ ထမြောက်လာတဲ့အခါ၊ ခရစ်တော်နဲ့တူတဲ့ ကိုယ်ခန္ဓာရမယ်လို့ ဆိုတယ်။

၁ယော ၃: ၂မှာ “ချစ်သူတို့၊ ယခုတွင် ငါတို့သည်ဘုရားသခင်၏ သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော် ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတံ့။”

ဖိလိပ္ပိ ၃: ၂၀-၂၁ မှာ “ငါတို့ ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်လျှက်ရှိ၏။ ကယ်တင်တော်မူသော၊ အရှင်သခင် ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြှော်လင့်လျှက် နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓာတော်၏ နည်းတူ ဖြစ်စေခြင်းငှါ အသစ် ပြင်ဆင်တော်မူလတံ့။”

မြင်ယောင်ကြည့်လိုက်မယ်ဆိုရင် ခရစ်ယာန်သေရင် စိတ်ဝိညာဉ်က ကိုယ်ခန္ဓာကို စွန့်ခွာပြီး ခရစ်တော်ထံ ချက်ခြင်း ရောက်တယ်။ သူ့အလောင်းကို သင်္ဂြိုဟ်တယ်။ မြေမှုန့်ပြန်ဖြစ်သွားတယ်။ ခရစ်တော်မလာမှီ အနှစ်တစ်ရာ (သို့) အနှစ်တထောင် ကြာနိုင်တယ်။ တဖက်ကလည်း တစ်နှစ် (သို့) တစ်ရက်ပဲလည်းဖြစ်နိုင်တယ်။ ဘယ်အချိန်လာမလဲ ဘယ်သူမှမသိနိုင်ဘူး။ သခင်ယေရှု ကြွလာတဲ့အခါ ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနဲ့ ကြွလာပြီး ခရစ်တော်၌ သေလွန်သူတွေ အဦးဆုံး ထမြောက်ကြလိမ့်မယ်။ သေလွန်တဲ့ ခရစ်ယာန်တွေရဲ့ ကိုယ်ခန္ဓာတွေ သေရာမှ ပြန်ထလာမယ်။ သေချိန်ကတည်းက ခရစ်တော်ထံရောက်သွားတဲ့ စိတ်ဝိညာဉ်ဟာ တဖန် ပြန်ရောက်လာမယ်။

 “ညီအကိုတို့၊ မြှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။ ယေရှုသည် သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည်ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။” ၁သက် ၄: ၁၃-၁၄

သခင်ယေရှုကြွလာတဲ့အခါ သေလွန်ပြီးတဲ့ သန့်ရှင်းသူတွေလည်း အတူပါလာမယ်။ ကိုယ်ခန္ဓာထမြောက်ပြီး စိတ်ဝိညာဉ်က ထမြောက်တဲ့ ကိုယ်နဲ့ပြန်ပေါင်းမယ်။ ထာဝရကာလတလျှောက်လုံး ခရစ်တော်နဲ့ အတူနေရမယ်။ ၁သက် ၄: ၁၇ မှာ “သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” နောက်မေးခွန်းတခုက-
             
၆။ ကယ်တင်ခြင်းရပြီး ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်က အဖြစ်အပျက်တွေကို သိနေကြမလား?
Do the Saved In Heaven Know What Is Happening On Earth?
သိနေကြမှာပါ။ ကျမ်းစာချက်တချို့ ပြပါမယ်။ ကောင်းကင်ရောက်သူတွေဟာ သိမြင် သွားလာနေကြတယ်။ လူသေရင် အိပ်ပျော်ပြီး ထမြောက်ခြင်းမရောက်မှီအထိ၊ ဘာမှမသိတော့ဘူး လို့ တချို့ထင်ကြတယ်။ အိပ်ပျော်တယ်လို့ ကျမ်းစာက ပြောပေမယ့်၊ အိပ်ပျော်တယ်ဆိုတာ ကိုယ်ခန္ဓာကိုပဲ ရည်ညွှန်းတာပါ။

၁သက် ၄း၁၃ မှာ “အိပ်ပျော်သောသူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။” ယောဟန် ၁၁ မှာ သခင်ယေရှုက လာဇရုအိပ်ပျော်တယ်လို့ ပြောတယ်။ ဒါပေမယ့် စိတ်ဝိညာဉ်ကို ပြောတာမဟုတ်ဘူး။ ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်က ဖြစ်ပျက်နေတာတွေကို သိနေ၊ မြင်နေကြတယ်ဆိုတဲ့ တခြားကျမ်းချက်တွေ ရှိသေးတယ်။

ကျမ်းစာကို အနက်ဖွင့်ရင် လိုက်နာစရာကောင်းတဲ့ မူတခုရှိတယ်။ ရှင်းနေတဲ့ကျမ်းချက်ကို ရှုပ်အောင်၊ နားမလည်တဲ့ကျမ်းချက်ကို ဘယ်တော့မှ မသုံးပါနဲ့။ ကောင်းကင်ရောက်သူတွေ သိနေ၊ မြင်နေ သွားလာနေတယ်ဆိုတဲ့ ကျမ်းချက်တွေပြပါမယ်။

လူကာ ၁၅: ရ-၁၀ မှာ နောင်တရစရာမရှိတဲ့ လူကိုးဆယ့်ကိုးယောက်ထက် နောင်တရတဲ့အပြစ်သား တစ်ယောက်အပေါ် ကောင်းကင်မှာ ပိုဝမ်းမြောက်ကြတယ်။ ဝမ်းမြောက်သူတွေဟာ ကောင်းကင်တမန်တွေမဟုတ်ဘူး။ ကောင်းကင်တမန်တွေက ကယ်တင်ခြင်းအကြောင်း မသိဘူး။ ကယ်တင်ခြင်းအကြောင်း သိသူတွေသာ ဝမ်းမြောက်တာပါ။ သူတို့က ကောင်းကင်ကနေ မြေကြီးပေါ်ကို ငုံ့ကြည့်တယ်။ မိတ်ဆွေတွေ ချစ်ခင်သူတွေ ခရစ်တော်ကို လက်ခံကြတာ မြင်ကြတယ်။ ကယ်တင်ခြင်းရကြလို့ ဝမ်းသာကြတယ်။

ဗျာဒိတ် ၆: ၉-၁၀ မှာ ၅-ခုမြောက်တံဆိပ်ကို ဖွင့်တော့ “ပဥ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ သူတို့ကလည်း၊ သန့်ရှင်း ဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသောသူတို့သည် ငါတို့အသွေးကို သွန်းကြသောအပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။”

ကောင်းကင်က အဲဒီလူတွေဟာ မာတုရအဖြစ် အသတ်ခံရတဲ့သူတွေပါ။ သူတို့က အသံကျယ်ကြီးနဲ့ အော်ဟစ်ကြတယ်။ အိပ်မနေဘူးပေါ့။ သခင်ဘုရားကို စကားပြောကြတယ်။ သူတို့ကို သတ်တဲ့သူတွေအပေါ် တစ်ခုခုမလုပ်ဘဲ ဘယ်လောက်ကြာနေအုံးမှာလဲလို့ မေးကြတယ်။

စဉ်းစားစရာ အချက်တွေရှိပါတယ်။ ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်ကို ငုံ့ကြည့်ကြတယ်။ သူတို့ကို သတ်ခဲ့တဲ့သူတွေဟာ အပြစ်ပေးမခံရဘဲ ကောင်းစားနေကြတယ်။ ဒါကြောင့် “ သူတို့ကလည်း - - အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာ နေသောသူတို့သည် ငါတို့ အသွေးကို သွန်းကြသောအပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံး နေတော်မူမည်နည်း” လို့ မေးတယ်။

နောက်တချက်၊ အငယ် ၁၁ မှာ သခင်ဘုရားက သူတို့ကို ပြန်ပြောတယ်။ “ထိုသူတို့၌ ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကို ခံရလတံ့သော မိမိလုပ်ဘော်ဆောင်ဘက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့ မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။”

ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်ကအဖြစ်အပျက်တွေကို သိနေကြသလား?
ဟေဗြဲ ၁၂: ၁ မှာ “ထို့ကြောင့်၊ ဤမျှလောက်များစွာသောသက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျှက်ရှိကြသည်ဖြစ်၍”  အဲဒီ သက်သေခံတွေဟာ ဟေဗြဲ ၁၁ မှာ ပြောထားတဲ့သူတွေပါ။ အနည်းဆုံးနာမည် ၁၇ ခုလောက် ပါတယ်။ ပြီးမှ ဟေဗြဲ ၁၂ ကိုစတဲ့အခါ “ထို့ကြောင့်၊ ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျှက်ရှိကြသည်ဖြစ်၍ …”

မူရင်းကျမ်းစာလိပ်တွေမှာ အခန်းကြီး၊ အခန်းငယ်ခွဲထားခြင်း မရှိဘူး။ လူကခွဲ ပေးလိုက်တာပါ။ ကျမ်းစာကို အခန်ကြီး၊ အခန်းငယ်ခွဲတဲ့ လူတွေကို Spurgeon က အပြစ်တင်တယ်။ သူအပြစ်ပြောတာ ဟုတ်တယ်လို့ ကျွန်တော်ထင်တယ်။ ဟေဗြဲ ၁၁ အဆုံးမှာ ရပ်ထားလိုက်ရင်၊ ဟေဗြဲ ၁၂: ၁ မှာရှိတဲ့ သိပ်အရေးကြီးတဲ့ အကြောင်းအရာတစ်ခု လွတ်သွားနိုင်တယ်။ အဲဒီကျမ်းပိုဒ်မှာ ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်က အဖြစ်အပျက်တွေကို သိနေတယ်လို့ သွန်သင်ထားတယ်။ သက်သေခံတွေအများကြီး ကျွန်တော်တို့ကို ဝိုင်းရံထားတာလို့ သွန်သင်ထားတယ်။

မြေကြီးပေါ်က အဖြစ်အပျက်တွေကို ကောင်းကင်လူတွေ သိကြသလား? သိပါတယ်။ ဘယ်လောက်သိသလဲ? အပြစ်အားလုံး၊ ဒုက္ခအားလုံး၊ သိမသိ မသေချာဘူး။ လူသတ်မှုအားလုံး၊ ဆိုးညစ်မှုအားလုံး၊ သိသလားလို့ မသေချာဘူး။ ဒါပေမယ့် ကယ်တင်ခြင်း မရသူတွေ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်အားကိုးတာကိုတော့ သိကြတာ သေချာတယ်။ အကြောင်းက လုကာ ၁၅: ၁၀ မှာ သူတို့ဟာ နောင်တရတဲ့အပြစ်သား တယောက်အတွက် ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ ရှေ့မှာ ဝမ်းမြောက်ကြတယ်လို့ ပြောလို့ပါ။

လူ့ဘဝဖြစ်တည်မှုကို ယခုကာလ၊ ကြားကာလ၊ ထာဝရကာလ ဆိုပြီးသုံးပိုင်း ပိုင်းနိုင်တယ်။ ယခုကာလဆိုတာ မွေးဖွားချိန်မှ သေဆုံးချိန်ထိ ဖြစ်တယ်။ ကြားကာလဆိုတာ သေဆုံးချိန်မှ ထမြောက်ချိန်ထိ ဖြစ်တယ်။ ထာဝရကာလဆိုတာ ထမြောက်ချိန်မှ ထာဝရကာလ တလျှောက်လုံးအထိ ဖြစ်တယ်။ လူဟာ ထမြောက်ပြီးချိန်မှစ၍ ထာဝရ တည်မြဲသွားပြီ။

ယခုကာလမှာ အသက်ရှင်နေကြတာဖြစ်ပါတယ်။ သေသွားရင် စိတ်ဝိညာဉ်က  ကိုယ်ခန္ဓာကို ခွာပြီး၊ ခရစ်တော်ထံ ရောက်သွားတယ်။ အလောင်းကို သင်္ဂြိုဟ်ကြမယ်။ သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ ခရစ်တော်ကြွလာခြင်းကို စောင့်စားရင်း ကြားကာလကြုံမယ်။

ကြားကာလနဲ့ ပတ်သက်တဲ့ အယူအဆတွေအများကြီးရှိတယ်။ တချို့က ဝိညာဉ်အိပ်တယ်။ ဖြစ်ပျက်နေတာတွေကို မသိတော့ဘူးလို့ ဆိုတယ်။ ကာသိုလစ် မိတ်ဆွေတွေက ကောင်းကင်မဝင်ခင်၊ မဝန်ခံရသေးတဲ့ အပြစ်တွေဆေးကြောဖို့ ငရဲကလေးရှိတယ်လို့ ဆိုတယ်။ ဒါပေမယ့် ကျမ်းစာက သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ လူဟာ ခရစ်တော်နဲ့အတူရှိတယ်။ သိနေ၊ မြင်နေရတယ်။ ကိုယ်ခန္ဓာရှိတယ်၊ မြေကြီးပေါ်က အဖြစ် အပျက်တွေကို သိနေတယ်လို့ ဆိုတယ်။ ကောင်းကင်နဲ့ ပတ်သက်တဲ့ နောက်မေးခွန်း တစ်ခုရှိတယ်။

၇။ ကောင်းကင်ဘုံ ဘယ်မှာရှိသလဲ? Where Is Heaven?
ကျွန်တော်ငယ်ငယ်တုန်းက “ကောင်းကင်ပေါ်ကို တက်မယ်” လို့ ပြောလေ့ရှိဖူးတယ်။ လူငယ်ဘဝရောက်တော့ တရုတ်ပြည်မှာ သေပြီး အပေါ်တက်သွားရင် အမေရိကမှာ သေပြီးအပေါ်တက်မယ့်လူနဲ့ ဆန့်ကျင်ဘက်တွေဖြစ်လိမ့်မယ်လို့ လူတယောက်က သတိပေးတယ်။ ကမ္ဘာကြီးကလုံးပြီး တရုတ်ပြည်ကလည်း တဖက်ခြမ်းမှာ ရှိတဲ့အတွက် သူ့ပြောစကားက ဟုတ်သလိုလို ထင်ရတယ်။ ဒါပေမယ့် ကျမ်းစာကို လေ့လာကြည့်တဲ့အခါ ကောင်းကင်ဟာ အမြင့်ဆုံးကြယ်တွေထက် ပိုဝေးတဲ့ မြောက်ဘက် အရပ်မှာတည်တယ်လို့ ပြောတယ်။

စိတ်ဝင်စားစရာ ကျမ်းချက်တခုက “အရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူးမပြုနိုင်။ ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။ တယောက်ကို နှိမ့်ချ၍၊ တယောက်ကို ချီးမြှောက်တော်မူ၏။” ဆာလံ ရ၅: ၆-၇။ မြောက်အရပ် ဆိုတဲ့စကားမပါတာ အံ့ဩစရာဖြစ်တယ်။ ဘာကြောင့်လဲ? ကျေးဇူးပြုခြင်းဟာ မြောက်အရပ်က လာတဲ့အတွက် ဖြစ်တယ်။ ဘုရားသခင်ထံမှ လာတယ်။ “တစ်ယောက်ကို နှိမ့်ချ၍ တယောက်ကို ချီးမြှောက်တော်မူ၏။”

ဟေရှာယ ၁၄း၁၂-၁၇ မှာ *စာတန်ဖြစ်လာတဲ့ လူစီဖာ အကြောင်း* တွေ့ရတယ်။ သူက “ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။” လို့ ပြောတယ်။ “မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည်။” “မြောက်မျက်နှာဘက် ဗျာဒိတ်တော်ပေါ်မှာ ငါထိုင်မည်။” လို့ ပြောတယ်။

ကောင်းကင်ဟာ မြောက်အရပ်ဘက်မှာ ရှိပါတယ်။ ဟေရှာယ ၁၄ အရ အမြင့်ဆုံးကြယ်ရဲ့ အစွန်းတဖက်မှာ ရှိတယ်။ ဟေရှာယ ၁၄ မှာ စာတန်က “ကောင်းကင်ပေါ်သို့ ငါတက်မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။” လို့ ဆိုတယ်။ တကယ်ကြယ်တွေကိုသာ ပြောလိုက်တာဆိုရင် ဒုတိယ ကောင်းကင်လို့ဆိုတဲ့ အရပ်ရဲ့ အပြင်ဘက်ကို ပြောတာပါ။

ကောင်းကင် သုံးထပ်ရှိပါတယ်။ ရှင်ပေါလုက ၂ကော ၁၂: ၂၊ ၄ မှာ “တစ်ဆယ့်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတယောက်ကို တတိယကောင်းကင်သို့တိုင်အောင်  ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင်သိတော်မူ၏။ ထိုသူသည် ပရဒိသုဘုံသို့ ချီဆောင်ခြင်းကို ခံရ၍၊ လူမပြောအပ် မပြောနိုင်သော စကားကို ကြားသည်အကြောင်းကို ငါသိ၏။ ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။”

တတိယကောင်းကင်ရှိနေရင် ပထမနဲ့ ဒုတိယကောင်းကင်လည်း ရှိပါတယ်။ ပထမကောင်းကင်ဟာ ငှက်တွေပျံသန်းတဲ့ လေထု ကောင်ကင် ဖြစ်တယ်။ ၂ပေ ၃: ၁၀ မှာ “မိုဃ်းကောင်းကင်သည် ကြီးစွာသောအသံနှင့် ပျောက်သွားလိမ့်မည်။” လေထုကောင်းကင်ကို ပြောတာပါ။ ဆာလံ ၁၉း၁ မှာ “မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍ …” ဒါက ဒုတိယကောင်းကင်- ကြယ်တွေ၊ ဂြိုလ်တွေရှိတဲ့ ကောင်းကင်ကို ပြောတာပါ။ တတိယကောင်းကင်ကတော့ ခရစ်ယာန်တွေရောက်တဲ့ သခင်ယေရှုရှိရာအရပ်၊ ဘုရားသခင်ရဲ့ ပရဒိသုဘုံ ဖြစ်ပြီး၊ ကြယ်စင်တွေရဲ့အစွန်း၊ ဒုတိယကောင်းကင် (သို့) ကြယ်တာရာ ကောင်းကင်ရဲ့ အစွန်းမှာရှိတယ်။

လူတွေမြင်နိုင်စွမ်းရှိတဲ့ အဝေးဆုံးကြယ်ဆိုတာ အားအကောင်းဆုံးတယ်လီစကုပ် နဲ့ကြည့်ရင် အလင်းနှစ်သန်းပေါင်း ၅၀၀ အကွာအဝေး မှာရှိတယ်လို့ သိရတယ်။ အလင်းဆိုတာက တစက္ကန့်ကို မိုင်ပေါင်း ၁၈၆,၀၀၀ အသွားနှုန်းရှိတယ်။ ရှိပါတယ်လို့ လူသိခွင့်ရတဲ့ အဝေးဆုံး ကြယ်ကို ရောက်ဖို့ နှစ်ပေါင်းသန်း ၅၀၀ ကြာလိမ့်မယ်။ ကောင်းကင်ဆိုတာက အဲဒီထက်ပိုဝေးသေးတယ်။ ဟေရှာယ ၁၄ အရ မြောက်ဘက် အစွန်မှာရှိတယ်။

ဒါကြောင့် ကလေးဘဝတုန်းက “ကောင်းကင်ပေါ်တက်မယ်” လို့ ပြောတဲ့စကားဟာ နားမလည်ပေမယ့် မှန်ပါတယ်။ မြောက်ဘက်ကို သွားလေလေ အမြင့်ကို တက်လေလေဘဲ။ လူတိုင်းက “အထက်ကိုမြောက်၊ အောက်ကိုတောင်၊” လို့ ပြောတတ်တယ်။ မြောက်ဝန်ရိုး စွန်းဟာ ကမ္ဘာရဲ့ ထိပ်ဆုံးဖျားပိုင်းဖြစ်တယ်။ ဒါကြောင့် ကောင်းကင်ဘုံဟာ အထက်အရပ်မှာ ရှိတယ်။ ကောင်းကင်ဟာ တကယ်ရှိတယ်။ အမြင့်ဆုံးကြယ်ရဲ့အစွန် မြောက်ဖက်အရပ်မှာ တည်ရှိတယ်။

၈။ ကောင်းကင်ကိုဘယ်သူရောက်မလဲ? Who Is Going To Heaven?
ကောင်းကင်ကိုဘယ်သူရောက်မလဲလို့ မေးမယ်ဆိုပါစို့။ ကျမ်းစာဖတ် ဆုတောင်းတဲ့သူတွေပေါ့ လို့
တချို့က ပြောလိမ့်မယ်။ တချို့က ကောင်းကောင်းနေပြီး ပညတ်တော် ၁၀ပါး စောင့်ထိန်းသူတွေ လို့ ပြောမယ်။ တချို့က ဘုရားကျောင်း မှန်မှန်တက်သူ (သို့) နှစ်ခြင်းခံပြီးသူလို့ ပြောကြမယ်။ တချို့ဆိုရင် လောကမှာ ဒုက္ခအပြည့်အဝခံသွားမှ သေရင် ကောင်းကင်ရောက်မယ်လို့ ပြောတာမျိုးတောင် ကြားဖူးတယ်။

ကျွန်တော်ကလေးဘဝက ဂျော်ဂျီယာပြည်၊ အက်တလန်တာမှာ မီးအကြီးအကျယ် လောင်တယ်။ ဝိုင်းကော့ဟိုတယ် မီးလောင်တယ်။ လူတွေအများကြီး သေတယ်။ လူတစ်ယောက်က ဝိုင်းကော့မီးအကြောင်း သီချင်းတစ်ပုဒ်ရေးတယ်။ သီချင်းစာသား တပိုဒ်ကတော့ ………

ကောင်းကင်ဆိုတာ ရှိနေတော့
ဒီလိုနည်းနဲ့ သေသူတွေအတွက်
ပြန်တွေ့ဖို့ အိမ်ပြန်ကြတဲ့အခါ
ချိုမြိုန်သာယာတဲ့ ကောင်းကင်နေ့ရက်မှာ …….

သူဆိုလိုချင်တာက မီးထဲမှာ ဒုက္ခခံစားကြရတဲ့အတွက် ကောင်းကင်ရောက်ကြလိမ့်မယ်လို့ ပြောတာပါ။ ကောင်းကင်သွားဖို့ အယူအဆတွေ အမျိုးမျိုးရှိတတ်ကြတယ်။

ကျွန်တော် စာတိုက်ရုံးမှာ အလုပ်လုပ်တော့ အမျိုးသမီးကြီး တစ်ယောက်က “ကောင်းကင်ဆိုတာလဲ အခု အလုပ်လိုပါဘဲ။ ဒီမနက် စာတိုက်ရုံးကို အားလုံး ရောက်လာကြတယ်။ ရှင်က ကော်ဗင်တန်လမ်းမကြီးက လာပြီး ကင်တလာလမ်းက ဖြတ်တော့ ရုံးကိုရောက်တယ်။ တခြားတစ်ယောက်ကတော့ ပင်သာဗေးလ်ကလာပြီး ရုံးကိုရောက်တယ်။ ကျွန်မကတော့ အရှေ့ကန်သာပန်းခြံလမ်းကလာပြီး၊ ရုံးကို ရောက်တယ်။ အဲဒီလိုနဲ့ တခြားလူတွေအားလုံး စာတိုက်ရုံးကြီးကို ဘယ်လိုရောက်လာကြတယ်ဆိုတာ ပြောပြပါတယ်။ တလမ်းတည်း မလာကြဘူးပေါ့။ ဒါနဲ့သူက “ကောင်းကင်ဆိုတာလည်း ဒီလိုဘဲပေါ့။ ကျွန်မတို့အားလုံး တစ်ခုတည်းသော အရာအတွက်ဘဲ ကြိုးစားကြတာပဲ။ ရိုးသားကြမယ်ဆိုရင်၊ သေရင်အားလုံး ကောင်းကင်ရောက်မှာပေါ့ ရှင်ဘယ်လိုထင်သလဲ?” လို့ မေးတယ်။ ကျွန်တော်က “တစ်ခုပဲ မှားတာပါ။ ကျွန်တော်တို့တတွေ သေရင် စာတိုက်ကြီးကို လာကြရမှာမဟုတ်ဘူး။” လို့ ပြန်ဖြေခဲ့တယ်။

စာတိုက်ကြီးရောက်ဖို့ လမ်းတွေအများကြီးရှိပေမယ့်၊ ကောင်းကင်သွားဖို့ တလမ်းပဲရှိပါတယ်။ ယောဟန် ၁၄: ၆ မှာ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” တမန်၄: ၁၂ မှာ “ထိုသခင်၏ နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။”

ကဲ၊ ကောင်းကင်ကိုဘယ်သူရောက်မလဲ? ကျမ်းစာပြောတာကို နားထောင်ကြည့်ပါ။ ဗျာဒိတ် ရ မှာ ကောင်းကင်မြင်ကွင်းကို တွေ့ရပါတယ်။ မရေမတွက်နိုင်လောက်တဲ့ များစွာသောသူတွေဟာ ဖြူစင်သော ဝတ်ရုံတွေ ဝတ်ဆင်ထားတယ်။ ဗျာဒိတ် ရး၁၃ မှာ “အသက်ကြီးသူတပါးကလည်း ဖြူသောဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်က လာကြသနည်းဟု ငါ့အားမေးမြန်းလျှင်”

အသက်ကြီးသူက “သူတို့ဘယ်လိုရောက်လာလဲ? ဘယ်ကဘာကြတာလဲ?” လို့ မေးတာပါ။ ယောဟန်က အငယ်၁၄ မှာ “သခင်၊ ကိုယ်တော်သိပါ၏ဟု ပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသော ဒုက္ခဆင်းရဲအထဲက ထွက်မြောက်၍ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌ လျှော်၍ ဖြူစေသောသူ ဖြစ်ကြသတည်း။” လို့ ဖြေထားပါတယ်။ ကောင်းကင်ရောက်သူတွေဟာ သူတို့အဝတ်ကို သိုးသငယ်အသွေးမှာ ဆေးကြောဖြူစင် စေခဲ့လို့ ရောက်ရတာပါ။ အသွေးတော်မှာ ဆေးကြောပြီးသူတွေသာ ကောင်းကင်ရောက်ရပါတယ်။ ဒါပေမယ့် အသွေးတော်မှာ ဆေးလျှော်တယ်ဆိုတာက ဘာလဲ? သခင်ယေရှုရဲ့ အသွေးကိုယူပြီး အင်တုံထဲမှာထည့်၊ လက်ဆေးဖို့ပြောတာမဟုတ်ဘူး။ အသွေးတော်ကိုလည်း မြင်ဖူးကြတာ မဟုတ်ဘူး။

နည်းနည်း ရှင်းပြပါမယ်။
အားလုံးဟာ အပြစ်သားတွေလို့ ကျမ်းစာကဆိုတယ်။ ရောမ ၃: ၂၃မှာ “လူအပေါင်းတို့သည် ဒုစရိုက််ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ” ရောမ ၃: ၁၀ မှာ “ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ တယောက်မျှမရှိ၊ ပြုမိတဲ့အပြစ်ချင်းမတူ၊ အပြစ်အနည်းအများ မတူကြပေမယ့်၊ အားလုံးအပြစ်ပြုပါတယ်။ အားလုံးအပြစ်သားဖြစ်လို့ အပြစ်ကြွေးတွေ ကိုယ်စီတင်နေကြတယ်။ အပြစ်က အခကို တောင်းတယ်။ ယေဇကျေလ ၁၈း၄ မှာ “ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်” ရောမ ၆: ၂၃ မှာ “ အပြစ်တရား၏အခကား သေခြင်း ပေတည်း” ။ ယာကုပ် ၁: ၁၅ ဒုစရိုက်သည်လည်း ပြည့်လျှင် သေခြင်းကို ဘွားတတ်၏။”

ကဲ- မြင်ယောင်ကြည့်ပါ။ ကျွန်တော်က အပြစ်သား။ အပြစ်ပြုခဲ့မိပြီဆိုတော့ အပြစ်ကြွေးတင်နေပြီ။ အပြစ်အတွက်အခဟာ သေခြင်းဖြစ်တယ်။ ဒါပေမယ့် အဲဒီသေခြင်းဟာ သေနတ်ဒဏ်ရာ (သို့) ကင်ဆာရောဂါနဲ့ သေရတာထက် ပိုတယ်။ ဒါကိုကျမ်းစာက ဒုတိယသေခြင်း၊ ငရဲမီးအိုင်လို့ ခေါ်တယ်။ ဗျာဒိတ် ၂၀: ၁၄မှာ “ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။”  အပြစ်သားတယောက်အနေနဲ့ အပြစ်ကြွေးကို ပေးဆပ်ရမယ်ဆိုရင် ငရဲသွားပြီး အဲဒီမှာ ထာဝရနေဖို့ဘဲ ရှိတော့တယ်။

ဝမ်းမြောက်စရာအကြောင်းတရား တခုလည်းရှိပါသေးတယ်။ ကျွန်တော်တို့ လွန်ကျူးခဲ့၊ နောင်လည်း လွန်ကျူးမိဦးမယ့် အပြစ်ရှိသမျှကို လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်တုန်းက၊ သခင်ယေရှုရဲ့အပေါ်မှာ ဘုရားသခင်က ယူတင်ပေးလိုက်ပါပြီ။ ဒါကတရားဟောဆရာက ပြောတာမဟုတ်ဘူး။ သမ္မာကျမ်းစာက အတိအကျပြောတာပါ။ ဟေရှာယ ၅၃: ၆ မှာ “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော် မူ၏။” လွန်ခဲ့တဲ့ အနှစ်- နှစ်ထောင်တုန်းက ဘုရားသခင်က အချိန်ဆိုတဲ့မှန်ပြောင်းနဲ့ လှမ်းကြည့်တဲ့အခါ ကျွန်တော်တို့လွန်ကျူးကြမယ့် အပြစ်တွေအားလုံးကို မြင်လိုက်ပါတယ်။ အဲဒီအပြစ်တွေကို ယူပြီး သခင်ယေရှုအပေါ်မှာ တခုချင်းတခုချင်း တင်ပေးပါတယ်။ ၁ပေ ၂: ၂၄ မှာ “ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ။” ၂ကော ၅:၂၀ မှာလည်း “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့်အကြောင်းတည်း။”

ကျွန်တော်တို့ လွန်ကျူးခဲ့တဲ့ အပြစ်တွေအားလုံး၊ နောင်အနှစ်တစ်ထောင် အသက်ရှင်ရရင်လည်း လွန်ကျူးမိဦးမယ့် အပြစ်တွေ အားလုံးကို ဘုရားသခင်ယူပြီး လွန်ခဲ့တဲ့အနှစ်-နှစ်ထောင်မှာ သခင်ယေရှုအပေါ်ကို တင်ပေးခဲ့တဲ့ဖြစ်ရပ်ကို ပြောင်းလဲပစ်ချင်လို့ မရတော့ဘူး။ သခင်ယေရှုက သူ့ရဲ့ကိုယ်ခန္ဓာမှာ ကျွန်တော်တို့ အပြစ်တွေကိုယူဆောင်ချိန်မှာ ဘုရားသခင်က သူ့ကို ကျွန်တော်တို့ ကိုယ်စားအပြစ်ကြွေးဆပ်ဖို့ ဒဏ်ခတ်လိုက်ပြီ။

တချို့က ယုဒလူတွေ သတ်တာလို့ဆိုတယ်။ မဟုတ်ပါဘူး။ တချို့ကတော့ ရောမစစ်သားတွေ သတ်တာလို့ဆိုတယ်။ မှားပါတယ်။ ကျမ်းစာက “ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” ရောမ ၈: ၃၂ မှာ “မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလို့ငှါ၊ စွန့်တော်မူသောသူသည်”။ ကျွန်တော်တို့ကိုယ်စား အပြစ်ကြွေးဆပ်ဖို့ သခင်ယေရှုကို ဘုရားသခင်က အပြစ်ပေးလိုက်တာပါ။ ဒါကြောင့် ကျွန်တော်တို့သေရင် အပြစ်ကြွေးဆပ်စရာမလိုတော့ဘူး။

ဒါဆိုရင် လူတိုင်းကယ်တင်ခြင်းရမသွားဘူးလား? လူတိုင်းအတွက် အသေခံပေးတာဆိုတော့၊ လူတိုင်း ကောင်းကင်မရောက်ဘူးလား? မရောက်ပါဘူး။ ယေရှုခရစ် ကားတိုင်မှာ အသေခံပေးခြင်းဟာ အားလုံးအတွက် လုံလောက်ပေမယ့် ယုံကြည်သောသူတွေအတွက်သာ ထိရောက်မှုရှိပါတယ်။

အကြောင်းက ဒီလိုပါ။ ကျွန်တော်တို့ အပြစ်တွေကို ဘုရားသခင်က ခရစ်တော်ထံ လွဲပြောင်း တင်တားလိုက်ပါတယ်။ ယေရှုခရစ်က ကားတိုင်မှာ အသေခံပေးတယ်။ အသွေးသွန်းတယ်။ ဝတ်ပြုရာ ၁၇: ၁၁ မှာ “ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။” ကိုယ်ခန္ဓာထဲမှာ အသွေး ရှိနေတာဟာ အဲဒီလူအသက်ရှင်နေတယ်လို့ ဆိုလိုတယ်။ အသွေးသွန်းလိုက်ခြင်းဟာ သေတယ်လို့ဆိုလိုတယ်။ သခင်ယေရှုအသွေး သွန်းချိန်မှာ ကျွန်တော်တို့အတွက် အသက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့တင်သမျှ အပြစ်ကြွေးကို ဆပ်ပေးလိုက်တယ်။ ကျွန်တော်တို့ ခံစားရမယ့် ဝေဒနာတွေကို ခံစားခဲ့တယ်။ ဒီအကြောင်းကို ကျွန်တော်တို့ဆိုကြတဲ့ သီချင်းကလေးမှာလည်း တွေ့နိုင်ပါတယ်။

ငါ့အပြစ်စွန်းဆေးအံ့ငှါ
ရှင်ယေရှုအသွေးတတ်စွမ်းလေ-

ဟေဗြဲ ၉: ၂၂ မှာ “အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိ။” သခင်ယေရှု ကိုယ်စား အသေခံပေးချိန်မှာ အသွေးသွန်းခဲ့တယ်။ “မိမိတို့ ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ ဖြူစေသောသူ” လို့ ဆိုတာ ဒီသဘောပါဘဲ။ သူတို့က ယေရှုခရစ် အသေခံပေးတာ၊ အပြစ်ကြွေးတွေ ဆပ်ပေးတာကို ယုံကြည်တယ်။ ကယ်တင်ရှင်အဖြစ် အားကိုးကြတယ် လို့ ဆိုလိုတာပါ။

အတိုချုပ်ပြန်ပြောရရင် ကျွန်တော်တို့ဟာ အပြစ်သားတွေပါ။ အပြစ်ကြွေးတင်နေတယ်။ အဲဒီအပြစ်တွေကို ဘုရားသခင်က သခင်ယေရှု အပေါ်ကို လွဲပြောင်းတင်လိုက်တယ်။ သခင်ယေရှု အသွေးသွန်းရတယ်။ ကားတိုင်မှာ အသေခံတယ်။ အပြစ်ကြွေးကို ဆပ်ပေးတယ်။ ဒါကြောင့် ကားတိုင်မှာ “အမှုပြီးပြီ” လို့ ကြွေးကြော်တယ်။ အသွေးတော်မှာ ဆေးလျှော်ဖို့ (သို့) အပြစ်ကြွေး ဆပ်ပေးတာကို လက်ခံဖို့ဆိုရင် ယုံကြည်ခြင်းအားဖြင့် ရနိုင်တယ်။ ယောဟန် ၃: ၁၆ မှာ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”

အရေးကြီးတာက “ယုံကြည်” ဆိုတဲ့စကားလုံးကလေး ဖြစ်ပါတယ်။ “ငါခရစ်တော်ကို ယုံတာပဲ၊ ဘုရားမဲ့မဟုတ်ဘူး” လို့ လူတိုင်းပြောတတ်ကြပါတယ်။ ဒါပေမယ့် ကျမ်းစာထဲက “ယုံကြည်တယ်” လို့ ဆိုတဲ့စကားဟာ သခင်ယေရှုလာပြီး အသေခံခဲ့တယ်ဆိုတဲ့အချက်ကို သမိုင်းအရ လက်ခံတာမျိုးမဟုတ်ဘူး။ “ယုံကြည်တယ်” ဆိုတာဟာ ကိုးစားတယ်၊ မှီခိုတယ်၊ အမှီပြုတယ်လို့ ဆိုလိုတယ်။

ယုံကြည်ခြင်းကို လေယာဉ်ပျံနဲ့ ကျွန်တော် ခဏခဏ နှိုင်းပြဖူးတယ်။
ကျွန်တော်လေယာဉ်ကွင်းကို သွားတယ်။ “အဲဒါလေယာဉ်ပျံလား?” လို့ မေးရင်- “ဟုတ်ကဲ့” လို့ ကျွန်တော်ဖြေမယ်။
“လေယာဉ်ပျံ- ပျံမယ်လို့ ယုံသလား?”
 “ယုံတယ်”
 “လေယာဉ်ပျံက ကယ်လီဖိုးနီးယား အရောက်ပို့ပေးမယ်လို့ ယုံသလား?”
 “ယုံတယ်၊”

ဒါပေမယ့် ကျွန်တော်လိုက်မသွားဘူး။ လေယာဉ်ပျံဖြစ်တယ်။ ပျံနိုင်တယ်။ ကယ်လီဖိုးနီးယားအထိ ရောက်မယ်လို့ ယုံရုံနဲ့မရဘူး။ အချိန်မှီ လာ၊ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအသက်အတွက်၊ လေယာဉ်ပျံနဲ့ လေယာဉ်မောင်းသူအပေါ် လုံးဝအားကိုးမလား- ဆုံးဖြတ်ရပါမယ်။ လေယာဉ်ပျံပေါ် လိုက်ပါလာပြီ ဆိုရင်တော့ ကယ်လီဖိုးနီးယားရောက်ဖို့ လေယာဉ်ပျံမောင်းတဲ့သူကို အားကိုးနေရတာပေါ့။ ကျွန်တော့အသက်က သူ့လက်ထဲမှာရှိတယ်။

ခရစ်တော်ကို ယုံကြည်တယ်ဆိုတာလည်း ဒီလိုပါဘဲ။ အပြစ်သားဖြစ်တာကို ဝန်ခံ၊ အပြစ်ကြွေး ရှိတာကိုလက်ခံ၊ ယေရှုခရစ်တော် အသေခံပေးတာ- အပြစ်ကြွေးတွေဆပ်ပေးတာကို လက်ခံ။ ကောင်းကင်ရောက်ဖို့ သူ့ကို လုံးလုံး အားကိုးဖို့လိုတယ်။ လိုရာခရီးရောက်ဖို့ ကိုယ်ခန္ဓာအသက်ကို လေယာဉ်မောင်းတဲ့သူ လက်ထဲ ထည့်ထားရသလို၊ ကောင်းကင်ရောက်ဖို့ ထာဝရနဲ့ဆိုင်တဲ့ အသက်ကို သခင်ယေရှုလက်ထဲ ထည့်ထားရမယ်။

အခုဆုတောင်းချက်ကလေးကို ရိုးသားစွာ လိုက်တောင်းလိုက်မယ်ဆိုရင်- သေရင် ကောင်းကင်ရောက်ဖို့၊ ဂတိတော်ရှိတယ်။ “သခင်ယေရှုဘုရား၊ ကျွန်တော်အပြစ်သားပါ။ ကျွန်တော့အတွက် အသေခံပေးတာ ယုံပါတယ်။ အခု ကယ်တင်ရှင်အဖြစ် အားကိုးပါပြီ။ အခုချိန်ကစပြီး ကောင်းကင်ရောက်ဖို့ ကိုယ်တော်ကို လုံးလုံးအားကိုးပါပြီ။”

ကိုယ်တော်ကို အားကိုးလိုက်ရင် ထာဝရအသက်ရတယ်။ သေရင်ကောင်းကင်ရောက်မယ်လို့ သိနိုင်တယ်။ ဘယ်လိုလုပ် သိနိုင်သလဲ? ယောဟန် ၃: ၃၆ မှာ သခင်ယေရှုက “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။” ဘုရားသခင် ပြောတာပါ။ ဘုရားသခင် မညာဘူး။ ဟေဗြဲ ၆: ၁၈ မှာ ဘုရားသခင် ညာလို့မရဘူးလို့ ဆိုတယ်။ ကယ်တင်ခြင်းရဖို့၊ ကိုယ်တော်ကို အပြည့်အဝအားကိုးရင် ထာဝရအသက်ရတယ်။ ကျမ်းစာကဒီလိုဘဲ ပြောထားပါတယ်။                           ။