
မိုးသောက်ယံနဲ့ ညဦးယံ - Morning and Evening: Charles Spurgeon 01
Charles
Spurgeon ကို Prince of Preachers တရားဟောဆရာ- မင်းသားတပါး၊ ၁၉- ရာစု
တမန်တော်၊ ဝိညာဉ်ရေး စာရေးဆရာ၊ အသင်းတော်များစွာ တည်ထောင်သူ၊
ယုံကြည်ခြင်းတရားကို ကွယ်ကာသူ၊ သခင်ယေရှုခရစ်ရဲ့ ကျွန် …. စသည်ဖြင့်
တင်စားကြတယ်။ မျက်မှောက်ခေတ် ဧဝံဂေလိလမ်းကြောင်းတခုကို ပြိုင်ဘက်မရှိ
လင်းစေခဲ့သူလည်း ဖြစ်တယ်။ လန်ဒန်မြို့ရဲ့ အချက်အချာဖြစ်တဲ့ Metropolitan
Tabernacle မှာ လူ ၅၀၀၀- ၆၀၀၀ ခန့်ကို တနင်္ဂနွေနေ့တိုင်း နှစ်ပေါင်း ၃၀-
ကျော် တရားဟောခဲ့သူ ဖြစ်ပါတယ်။
ကမ္ဘာတဝှမ်းရှိ
လူသန်းပေါင်းများစွာတို့ ကောင်းကြီးခံစားရဖို့ရာ သူ့တရားဒေသနာတွေနဲ့
ထုတ်ဝေခဲ့တဲ့ စာအုပ်တွေကို နိုင်ငံခြား ဘာသာစကား ဒါဇင်များစွာနဲ့
ပြန်ဆိုခဲ့ရတယ်။ နှစ်ပေါင်း ၁၀၀-ခန့်ကြာပါပြီ။ ဒါပေမယ့် အရပ်ရပ်က
ခရစ်ယာန်တွေက သူ့စာအုပ်တွေကို ဖတ်ရှုနေရဆဲ ဖြစ်လို့ ……..
Spurgeon … ကား `သေသော်လည်း ယခုပင်တရားဟောသေး၏။” (ဟေဗြဲ ၁၁: ၄)
သူဟာ
Calvinist တဦးဖြစ်ပြီး၊ နှုတ်ကပတ်တော်ကို ကွယ်ကာစောင့်ရှောက်သူလည်း
ဖြစ်တယ်။ သူ့ခေတ်မှာ အသင်းတော်တွေကို မှောက်လှန်နေတဲ့ ….. “New Theology”
ခေါ် မြွေဆိုးအဆိပ်အတောက် Liberalism ကို ရဲရဲဝံ့ဝံ့ ပြတ်သားပြတ်သား
ဆန့်ကျင်ခဲ့တယ်။ အဲဒီ ဩဝါဒ ဒီရေတွေကြားထဲမှာ သူ့သခင်အတွက် သစ္စာရှိရှိ
တစ်ယောက်တည်း ရပ်တည်ကာ သမ္မာတရားလမ်းမှ လွဲသွားသူတွေနဲ့ မပေါင်းဘဲ
သီးခြားရပ်တည်ခဲ့တယ်။
သူက …
“ကျွန်တော်ဟာ ဘယ်သူ့ ရန်သူမှ
မဟုတ်ဘူး။ ဒါပေမယ့် ထာဝရဘုရားရဲ့ နှုတ်ကပတ်တော်နဲ့ ဆန့်ကျင်တဲ့
သွန်သင်ချက်တွေ အားလုံးကိုတော့ ရန်သူပဲ။ ကျွန်တော် အဲဒါတွေနဲ့ ဘယ်တော့မှ
မိတ်မဖွဲ့ဘူး။ ခင်ဗျားတို့ဆီမှာ လှိမ့်ဝင်လာနေတဲ့ အဲဒီကြောက်စရာ
ဒီရေလှိုင်းတွေကို ခင်ဗျား တားဆီး ထိန်းချုပ်နိုင်ပါစေ။ ….. ”
Spurgeon စကားတွေက ဒီနေ့ခေတ်အထိ ပြတ်ပြတ်သားသား တရားဟောနေတုန်းပါပဲ။
မိုးသောက်ယံနဲ့ ညဦးယံ
1
နွမ်းလျသူကို စောင့်ကြိုနေသော- - ချမ်းသာ
“. . . . . ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။“ (မဿဲ ၁၁:၂၈)
ယောရှု ၅: ၁ - ၁၂။ ဟေဗြဲ ၃: ၁၂ - ၁၉
ဣသရေလလူတွေ
တောထဲမှာ ပင်ပန်းစွာ လှည့်လည်ရချိန် လွန်သွားတဲ့အခါ . . တဲရှင်တွေ
မလိုတော့ဘူး။ တောနက်တွေ မရှိတော့ဘူး။ မီးမြွေတွေနဲ့ ရန်သူတွေလည်း
မတွေ့ရတော့ဘူး။ နို့နဲ့ပျားရည် စီးရာပြည်ဖြစ်တဲ့ ဂတိတော်ရှိတဲ့
ချမ်းသာထဲကို အနှစ် ၄၀- အကြာမှာ ဝင်စားရတယ်။ ဒီစာဖတ်သူများထဲက တချို့လည်း
ဒီနှစ်မှာပဲ ကိုယ်တော်ရဲ့ ချမ်းသာထဲကို ဝင်စားရမယ်။ အဲဒီချမ်းသာဟာ
တန်ခိုးကြီးတဲ့ကယ်တင်ရှင်ကို ယုံကြည်ခြင်းအားဖြင့် ယုံကြည်သူတိုင်းရဲ့
ဝမ်းမြောက်ဖွယ် မြော်လင့်ခြင်းပဲ မဟုတ်လား။ ဘုရားသားတွေအတွက် သိုထားတဲ့
ချမ်းသာထဲမှာ သခင်ဘုရားနဲ့ အတူနေခွင့် ဆိုတာ ကျွန်တော်တို့
အစဉ်စောင့်စားနေတဲ့ မင်္ဂလာရှိသော မြော်လင့်ခြင်းပါပဲ။
ဒါပေမယ့်
ကြည်နူးစရာပြည်တော်နဲ့ ကျွန်တော်တို့ရဲ့ ကြားမှာ ယော်ဒန်မြစ်က နောက်ဆုံး
ကူးဖြတ်စရာ အဆီးအတား တခုအဖြစ် ခြားထားတယ်။ ဒီအတွက် စိုးရိမ်နေသလား။
သေခြင်းထက်မက တခြားမကောင်းမှု ဒုက္ခတွေကိုပါ အောင်မြင်ဖို့ သခင်ဘုရားက
ကျွန်တော်တို့ကို မကယ်တင်ခဲ့ဘဲ ဘယ်နေပါ့မလဲ။ ယုံကြည်ခြင်းမရှိတဲ့
အတွေးတွေအားလုံး မောင်းထုတ်ပစ်လိုက်စို့။ ယောဒန်လို
မှောင်မိုက်အရိပ်လွှမ်းမိုးတဲ့ ချိုင့်ကို တချိန်က ကူးဖြတ်ခဲ့ကြသလို၊
ဝမ်းမြောက် ရွှင်လန်းနေကြစို့။ ကျွန်တော်တို့ဟာ သခင်ဘုရားနဲ့အတူ
နေကြရတော့မှာပါ။ အဲဒီတော့မှ ဒီလောကရဲ့ ပင်ပန်းမှုတွေ၊ ဒုက္ခတွေကို
နေခဲ့တော့လို့ ဝမ်းပန်းတသာ နှုတ်ဆက်ကြရတော့မှာပါ။
စာရှုသူအများစုကတော့
သခင်ဘုရားရဲ့ အမှုတော်ဆောင်ဖို့ ဒီကမ္ဘာပေါ်မှာ နေခဲ့ကြရမယ်။
အမှုတော်ဆောင်ရင်း ကောင်းကင်ချမ်းသာရဲ့ အကြိုအရသာကိုတော့ ခံစားနေရတယ်။
“ငါတို့မူကား ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ကြရ၏။” (ဟေဗြဲ
၄: ၃ ) ဝင်စားရမယ့် ကောင်းကင်ချမ်းသာရဲ့ ပထမအရစ် (first installment ) ကို
ရထားပါပြီ။ အမွေရဲ့စားရန် (စရံ) ကတော့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား
ကိုယ်တိုင်ပါဘဲ။ ဝိညာဉ်တော်ဘုရားက ဘုန်းအသရေကို ဒီအရပ်မှာကတည်းက
စတင်ပေးနေပါပြီ။ ကောင်းကင်နဲ့ဆိုင်တဲ့ ကောင်းကြီး မင်္ဂလာတွေကို အခုပဲ
မြည်းစမ်း ခံစားနေကြရပါပြီ။
ဘုန်းတော်ဝင်စားသွားတဲ့ သန့်ရှင်းသူတွေ
ကောင်းကင်မှာ လုံခြုံစွာ ထာဝရနေရပြီဖြစ်သလို၊ ကျွန်တော်တို့လည်း ခရစ်တော်၌
လုံခြုံလျှက်ပါပဲ။ သူတို့က ခရစ်တော်နဲ့အတူ ထာဝရ အောင်ပွဲ ခံနေကြသလို၊
ကျွန်တော်တို့လည်း ဒီကမ္ကာပေါ်မှာ သခင်ဘုရားနဲ့အတူ အောင်ပွဲတွေ အစဉ်မပြတ်
နွှဲနေလျှက်ပါပဲ။ သူတို့ ကိုယ်တော်ကို ဖူးတွေ့ နေရသလို၊ ကျွန်တော်တို့က
ဒီမှာ ကိုယ်တော်နဲ့ တနေ့ပြီးတနေ့ လျှောက်လှမ်းနေတယ်။ ကိုယ်တော် ကတိ
တည်ပါတယ်။ (မဿဲ ၂၈:၂၀) စိတ်နှလုံးနဲ့ ရင်းနှီးစွာ မိဿဟာရဖွဲ့ရတာလည်း
ကောင်းကင်မှာလိုပါဘဲ။ ကောင်းကင်မှာတော့ ကယ်တင်ရှင်ကို သူတို့ ထာဝရ
ချီးမွမ်းနေကြပြီ။ ကျွန်တော်တို့က . . . လျှော့ချီးမွမ်းလို့ ဖြစ်ပါ့မလား။
ချီုးမွမ်းလိုက်ရင်တော့ တောထဲမှာ လှည့်လည်နေရလို့ ပင်ပန်းနွမ်းလျတာတွေ
သက်သာသွားပါလိမ့်မယ်။
2
သခင်ဘုရား၌ ဝမ်းမြောက်ခြင်း
သီချင်း ၁:၁-၇။ ဖိလိပ္ပိ ၄:၄-၉
“ ကျွန်မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။” ( သီချင်း ၁: ၄ )
ဘုရားသခင်၏သားမှန််သမျှက
အာမင် လို့ ဝန်ခံကြပါစေ။ ဆာလံဆရာနှင့်အတူ “လာကြ။ ထာဝရဘုရားအား
ရွှင်လန်းစွာသီချင်း ဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ ရောက်ရာ
ကျောက်ကို ကျူးဧကုန်အံ့။” ( ဆာလံ ၉၅:၁ ) ရွေးကောက်ခံရသူ၊ ယုံကြည်သူ
ဘုရားသားတွေ အနေနဲ့ ဝမ်းနည်းစိတ်ကို နေရာမပေးဘဲ၊ ဘုရားသခင်ရဲ့ နာမတော်ကို
ယုံကြည်စိတ်ချတဲ့ အလံကိုသာ တလူလူလွှင့်ထားကြမယ်။
မျှော်လင့်ခြင်းမရှိတဲ့သူတွေ ကြုံရတဲ့ ဒုက္ခကြောင့် ညည်းသလို မညည်းဘဲ ၊
သက်သာခြင်းအမျိုးမျိုးတို့ရဲ့ ဘုရားသခင်ကိုပဲ ချီးမွမ်းနေမယ်။
ယုံကြည်သူတွေဟာ
ဆုကျေးဇူးတွေ ပေးသနားတော်မူတဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ကျိန်းဝပ်ရာ
ဗိမာန်တော်တွေ ဖြစ်တယ်။ ကယ်တင်ရှင်ရဲ့ နာမတော်ကို ကောင်းကြီးပေးပြီး၊
ဝတ်ပြုမြဲ ပြုနေမယ်။ သခင်ယေရှုဘုရားဟာ ကျွန်တော်တို့ရဲ့
စိတ်ရွှင်လန်းခြင်းသရဖူကို ဆောင်းတော်မူရမယ်။ ရှေ့တော်မှာ ညဉ်းညူပြီး
ကိုယ်တော်ကို မကဲ့ရဲ့ဘူး။ ဂတိတော်က … “ ငါသည်လည်း ကပ်ကမ္ဘာ
ကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။” ( မဿဲ ၂၈: ၂၀ )
သခင်ဘုရား ရွေးနှုတ်ထားတဲ့သူတွေ ….. “အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့”
လို့ အမိန့်တော်ရှိပါတယ်။ ထာဝရ ကျေးဇူးတော် ချီးမွမ်းရာသီချင်းတွေ
သီဆိုကျူးဧရမယ့်နေ့ဟာ မဝေးတော့ဘူး။ ယေရုရှလင်မြို့သစ်မရောက်မှီ
ယခုမှစပြီး၊ ချီးမွမ်းကျင့် ကျင့်ထားနှင့်ကြပါစို့။
“ ….
ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။” ဒီလောကမှာ အသက်ရှင်စဉ်
သခင်ဘုရား၌ ဝမ်းမြောက်နေတဲ့ စိတ်ကို ထိန်းချုပ်ထားဖို့ လိုသလား။
ကျေးဇူးတရားအောက်ရှိ သားတွေလို “နာဒုပင်၊ ဟင်္နာတော၊ ကြံပင်၊
သစ်ကြပိုးပင်” တို့ထက် သာတဲ့၊ အဘိုးထိုက်တဲ့ ကိုယ်တော်ကို မရှာဘဲနေသလား။
(သီချင်း ၄: ၁၃၊၁၄ ) မခြားမလပ် ချီးမွမ်းပြီး၊ ဝမ်းမြောက်နေရမယ် မဟုတ်လား။
ထာဝရ စောင့်စားခံစားထိုက်တဲ့ “အလုံးစုံ” ကို သခင်ယေရှုအားဖြင့် ရတယ်
မဟုတ်လား။ ကိုယ်တော်ဟာ ကောင်းမြတ်တဲ့ အရာအလုံးစုံတို့ရဲ့ မူလဖြစ်တယ်။
ကောင်းကြီးမင်္ဂလာ ရှိသမျှတို့ရဲ့ စမ်းရေတွင်းလည်း ဖြစ်တယ်။ ကျွန်တော်တို့
ထာဝရ ခံစားရာ အဖို့လည်း ဖြစ်တော်မူတယ်။ ဒီနှစ် တနှစ်လုံး နေ့တိုင်း
ကိုယ်တော့်ကြောင့် ရွှင်လန်းဝမ်းမြောက်ကြပါစို့။
ဆုတောင်း ။ ။ ကိုယ်တော်၌ အစဉ်ဝမ်းမြောက်နေမယ့်အကြောင်း ၊ ကိုယ်တော်ရဲ့ ကြီးမြတ်ခြင်းတွေကို ပြတော်မူပါ ထာဝရဘုရား။
3
ဆုတောင်းပဌာနာပြုခြင်းအမှု (ကို) အမြဲပြု၍- -
ဆာလံ ၅၅: ၁ - ၁၇။ ကောလောသဲ ၄: ၂
“စိတ်ဝိညာဉ်ကား
စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်။” (မာကု ၁၄: ၃၈)
သမ္မာကျမ်းစာထဲမှာ ဆုတောင်းခြင်းဖို့ အထောက်အကူပြုတဲ့ အဖြစ်အပျက်တွေ၊
ဆုတောင်းဖို့ အားပေးတဲ့ တရားစကားတွေ၊ ဘုရားရဲ့ ဂတိတော်တွေ စသည်ဖြင့်
အကျယ်တဝင့် ပါပါတယ်။ ကျမ်းစာအုပ်ကို ဖွင့်ကြည့်ရင် ကမ္ကာ ၄: ၂၆ မှာ “….
ထိုကာလ၌ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ကိုးကွယ်စပြုကြလေ၏။” “Then began
men to call upon the name of the Lord.” လို့ စတင် တွေ့ရတယ်။
ဆုတောင်းသူတွေကိုလည်း သမ္မာကျမ်းစာထဲမှာ နေရာတိုင်း အမှတ်မထင် တွေ့ရတတ်တယ်။
ယဗုတ်ချောင်းနားမှာ နပမ်းလုံးပြီး ဆုတောင်းတဲ့ ယာကုပ် (က ၃၂: ၂၄ -၃၀)၊
ပြုတင်း တံခါးဖွင့်ပြီး တနေ့ သုံးကြိမ် ဆုတောင်းတဲ့ ဒံယေလ (ဒံ ၆: ၁၀ - ၁၁)၊
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ အော်ဟစ်တဲ့၊ က္ကုသရေလအမျိုး၌
ချိုမြိန်စွာ သီချင်းဆိုတဲ့ ဒါဝိဒ်။ ဒိပြင် ဧလိယက ကရမေလတောင်ထိပ်မှာ၊
ပေါလုနဲ့ သိလတို့က အချုပ်ခန်းထဲမှာ ဆုတောင်းခဲ့တယ်။
ဂတိတော်များစွာနှင့်
အမိန့်တော်များစွာ ဘုရားသခင် ပေးသနားထားတယ်။ ဘာကြောင့်လဲ။ ဆုတောင်းဖို့
လိုတယ်၊ အရေးကြီးတယ်ဆိုတာကို သွန်သင်ချင်လို့ ဖြစ်တယ်။ နှုတ်ကပတ်တော်ထဲမှာ
ထင်ရှားစွာ ပြုတော်မူသမျှဟာ ကျွန်တော်တို့ အသက်တာမှာလည်း
အထင်အရှားဖြစ်စေလိုတာ သေချာတယ်။ ဆုတောင်းခြင်းအကြောင်း အများကြီး
မိန့်တော်မူ ထားတာဟာ ဆုတောင်းဖို့ သိပ်လိုအပ်လို့ ဖြစ်တယ်။
ကောင်းကင်မရောက်မှီအထိ မခြားမလပ် ဆုတောင်းနေဖို့ ဝိညာဉ်ရေးမှာ
အထူးလိုအပ်ပါတယ်။ ဆုတောင်းစရာအကြောင်း မရှိဘဲ ဖြစ်နေသလား။ ကိုယ်ဆင်းရဲတာ
ကိုယ်မသိဘဲ နေမှာ စိုးရိမ်စရာ ကောင်းပါတယ်။ ဘုရားသခင်ထံမှာ အသနားခံစရာ
မရှိဘဲ ဖြစ်နေသလား။ ကိုယ့်သနားစရာအဖြစ်ကို ဘုရားသခင်ပြတော်မူပါစေ။
ဆုမတောင်းတဲ့သူဟာ ခရစ်တော်ကို မရတဲ့သူပါ။ ဆုတောင်းခြင်းဟာ ယုံကြည်သူ
ကလေးငယ်ရဲ့ စကား မပီကလာ ပြောတဲ့အသံ ဖြစ်သလို၊ ခရစ်ယာန်စစ်သူရဲရဲ့
ကြွေးကြော်သံလည်း ဖြစ်တယ်။ သခင်ယေရှုထံပါး ဝပ်တွားနေတဲ့ သေလုဆဲ
သန့်ရှင်းသူရဲ့ အော်ဟစ် ငိုကြွေးသံလည်း ဖြစ်တယ်။ ဆုတောင်းခြင်းဟာ
စစ်မှန်တဲ့ ယုံကြည်သူရဲ့ ခွန်အား၊ ဂုဏ်အသရေနဲ့ သက်သာခြင်း ဖြစ်သလို၊
အသက်ရှူခြင်းနဲ့ စကားဝှက်လည်း ဖြစ်တယ်။ ဘုရားသားမှန်ရင် ဆုတောင်းရင်း
ခမည်းတော် မျက်နှာကို နေ့တိုင်း ရှာပါ။ အသက်တာမှာ သန့်ရှင်းခြင်း၊
နှိမ့်ချခြင်း၊ စိတ်အားကြီးခြင်းနဲ့ သည်းခံခြင်း ရှိဖို့ ကျေးဇူးတော်
ပလ္လင်ရင်းကို တိုးဝင်၊ ဆုတောင်းလိုက်ပါ။ဆင်ခြင်ရန်။ ။ မခြားမလပ်
ဆုတောင်းတဲ့အခါ. . . . မပြတ်မလပ် ကောင်းကြီး ပေးတော်မူပါတယ်။
4
ခွန်အားရဲ့ လျှို့ဝှက်ချက်
ဟေရှာယ ၄၀: ၂၆- ၄၁: ၄။ ၂ကော ၁၂: ၉-၁၀ ။
“ငါ့ကျေးဇူးသည် သင့်အဖို့ လောက်ပေ၏။”
ကမ္ဘာပေါ်ရှိ
အရာဟူသမျှ အသစ်ပြုပြင်ဖို့ လိုအပ်ပါတယ်။ ဖန်ဆင်းထားတဲ့အရာမှန်သမျှ
ကိုယ်ပိုင် ရပ်တည် ရှင်သန်နိုင်စွမ်း မရှိဘူး။ အဝတ်အတွက် မပူရ၊
ဒုက္ခကြောင့် အသက်မတိုရတဲ့ သစ်ပင်များပင်လျှင်၊ မြေဆီလွှာမှ အဟာရစုပ်ယူပြီး
ကောင်းကင်မိုးရေအားဖြင့် လန်းဆန်းလာရပြန်တယ်။ ကြာရှည် ကြီးထွားပေမယ့်လည်း၊
တနေ့တော့ သက်တမ်း ကုန်ဆုံးကြရတယ်။
လူအသက်ဟာ ဘုရားသခင်ထံက
အသစ်ပြုပြင်မခံရဘဲ မတည်နိုင်ဘူး။ တနေ့ ကိုယ်ခန္ဓာ ပျက်စီးမယ်။ မမြင်ရတဲ့
အတွင်း စိတ်ဝိညာဉ်ကတော့ နှုတ်ကပတ်တော် အစာစားခြင်း၊ တရားဒေသနာ ကြားနာခြင်း၊
ဆင်ခြင် အောက်မေ့ခြင်း အားဖြင့်သာ တည်နေနိုင်တယ်။ ဒါက ဘုရားပေးတဲ့
ကျေးဇူးတော်နည်းလမ်းပါပဲ။ ဒီနည်းကို စွန့်ပယ်ထားရင် ဝိညာဉ် ဆင်းရဲမယ်။
အသင်းတော်ဟာ ဝိညာဉ် ပိန်လှီအားပြတ်၊ ချိနဲ့နေမှာလည်း အံ့ဩစရာ မဟုတ်ဘူးပေါ့။
သန့်ရှင်းသူတို့
နိုးထကြစို့။ နှုတ်ကပတ်တော် နေ့စဉ် မလေ့လာ။ နေ့စဉ် ဆုမတောင်းဘဲ
အသစ်ပြုပြင်လာမှာ မဟုတ်ဘူး။ အားအင်လည်း ပြည့်မလာနိုင်ဘူး။ ဝိညာဉ်
အားနည်းနေတာဟာ ပင်ကိုယ်ဗီဇကြောင့် မဟုတ်ဘူး။ ကိုယ်တိုင် ဂရုမစိုက်လို့ပါ။
သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ အသစ်ပြုပြင်ခြင်းမခံရဘဲ၊ မရဏာနိုင်ငံ
တန်ခိုးကို ဖျက်ချိုးနိုင်မှာ မဟုတ်ဘူး။ အဖဘုရား စိတ်နာကျင်တဲ့
အချိန်ကာလကိုလည်း ရင်ဆိုင်ရဲမှာ မဟုတ်ဘူး။
အို၊ သစ်ပင်ငယ်၊ လာမယ့်
လွေပွေသရမ်းဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ရာ သင့်အမြစ်တွေကို ကျောက်ပေါ်မှာ
စွဲမြဲစွာ ကုပ်တွယ်ထားပြီလား။ အိုသင်းဘောငယ်၊
အသက်တာရဲ့ ပြင်းထန်တဲ့ မုန်တိုင်းတွေကြားမှာ ဘေးကင်းဖို့ရာ ကျောက်ဆူးကို
ကျောက်ပေါ်မှာ စွဲမြဲထားပြီလား။ ခွန်အားဆိုတာ ကိုယ့်ထံက မလာ။
ဗီဇကြောင့်လည်း မဟုတ်ပါ။ ထာဝရဘုရားထံမှသာ ရပါတယ်။ ကိုယ်တော်တပါးတည်းသာ
ခွန်အားနဲ့ အသက် ဖြစ်တယ်။ ကိုယ်တော်တပါးတည်းသာ နေ့တိုင်း အသစ်ပြုပြင်
ပေးနိုင်ပါတယ်။
ဆင်ခြင်ရန် ။ ။ “ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။” -ဟေရှာယ ၄၀း၃၁
5
အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူသော ယေရှုခရစ်တော်
ဟေရှာယ ၄၉: ၅ - ၁၂ ။ ဧဖက် ၁: ၁၅ - ၁၃
ယုံကြည်သူတိုင်းကို
ဘုရားသခင်ပေးတဲ့ အကောင်းဆုံးလက်ဆောင်ဟာ ယေရှုခရစ်တော် ကိုယ်တိုင်ပါပဲ။
သခင် ခရစ်တော်အားဖြင့် ရရှိသမျှကို ရေတွက်လို့ ရနိုင်မလား။
“အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည်
ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။” ( ကော ၂: ၉) ခဏဆင်ခြင်ကြည့်ပါ။
ယုံကြည်သူတွေမှာ ခရစ်တော်အားဖြင့် ရထားတဲ့ စစ်မကုန်၊ ပြောလို့မမှီတဲ့
ကောင်းကြီးမင်္ဂလာများစွာ ရှိပါတယ်။ ဧမာနွေလဖြစ်တော်မူသော ခရစ်တော်၌
ရှိသမျှကို သင် ပိုင်ဆိုင်တယ်။ ကောင်းမှုကုသိုလ်ကြောင့် မဟုတ်ဘူး။
ခရစ်တော်ပိုင်သမျှ အရာအလုံးစုံတို့ကို ထာဝရပိုင်ဆိုင်ရဖို့ ဘုရားသခင်
သနားလို့၊ ကျေးဇူးပြုတော်မူလို့ ဖြစ်တယ်။
“အလုံးစုံ” ဆိုတာကို
ရေတွက်ကြည့်ကြပါစို့။ “တန်ခိုးတော်” ကို ဆင်ခြင်ကြည့်ပါ။
“ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင်သော
အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။” (မဿဲ ၂၈: ၁၈) အဲဒီတန်ခိုးဟာ
သင့်အတွက် ဖြစ်ပါတယ်။ သင့်ကို ခွန်အားနဲ့ ပြည့်စုံစေပြီး၊ အခက်အခဲတွေကို
အောင်မြင် ကျော်လွှားစေမယ်။ စုံစမ်းနှောက်ယှက်ခြင်း တွေကို
အောင်မြင်စေပြီး၊ ဘုရားသခင်နဲ့အတူ တည်ကြည်စွာ လျှောက်လှမ်းစေကာ
အိမ်တော်သို့တိုင် ပို့ဆောင်မယ့် တန်ခိုးတော် ဖြစ်တယ်။ မေတ္တာတော်ကို
ဆင်ခြင်ကြည့်ပါ။ အနန္တ မေတ္တာတော်ကို အသင့်ပြင်ထားတဲ့ ကျွန်တော်တို့
စိတ်နှလုံးထဲသို့ သွန်းလောင်းတော်မူတဲ့အခါ၊ သင်က “မေတ္တာတော်ဟာ ငါ့အတွက်ပါ”
ဟု ပြောမှာပါ။ အဲဒီနောက် - သင့်ထံမှ အခြားသူတွေထံ ကိုယ်တော်မေတ္တာ
စီးထွက်နေပါလိမ့်မယ်။
တရားတော်မူခြင်းကိုလည်း ဆင်ခြင်ကြည့်ပါဦး။ ဒီလောက်
မြင့်မြတ်လှတဲ့ ဂုဏ်တော်ဟာ သင့်အတွက် ဖြစ်ပါ့မလား။
မဖြစ်နိုင်ဘူးထင်ရပေမယ့် ကျေးဇူးတော်ကြောင့် သင့်အတွက် ဖြစ်ပါတယ်။
တရားတော်မူတဲ့ အဘဘုရားဟာ သင့်ကို လုံခြုံစိတ်ချစေမယ့် ဂတိတော်ရှိသမျှကို
တည်စေတော်မူမယ်။ “စုံလင်သောလူသား” အဖြစ် သခင်ယေရှုမှာ ရှိခဲ့သမျှဟာ
သင့်အတွက် ဖြစ်တယ်။ ခမည်းတော် လက်ခံတော်မူတဲ့အတွက် သင့်ကိုယ်စားလှယ်အဖြစ်
ရှေ့တော်မှာ ရပ်ခဲ့တယ်။ ချစ်သောစာရှုသူ၊ ခရစ်တော်ကို ဘုရားသခင်
လက်ခံခြင်းဟာ သင့်ကို လက်ခံခြင်းပဲ ဖြစ်တယ်။ ချစ်တော်မူသော သားတော်အပေါ်၌
တည်နေတဲ့ ခမည်းတော်ရဲ့ မေတ္တာဟာ သင့်အပေါ်မှာလည်း ယခုပင် တည်နေပါတယ်။
ခရစ်တော်ပြုခဲ့သမျှဟာ သင့်အတွက် ဖြစ်သလို၊ ကျွန်တော့်အတွက်လည်း ဖြစ်ပါတယ်။
ကိုယ်တော်ရဲ့ စုံလင်တဲ့ ဖြောင့်မတ်ခြင်းဟာ “ယုံကြည်သောအားဖြင့်
ကျေးဇူးတော်ကြောင့်” သင့်အပေါ်မှာ တည်လာပါတယ်။ ကိုယ်တော်ဟာ အလုံးစုံတို့၌
ကျွန်တော်တို့ရဲ့ အလုံးစုံဖြစ်တော်မူပါတယ်။ (အရာရာမှာ ကိုယ်တော်ကြောင့်
ပြည့်စုံသွားပါတယ်။)
6
ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့ . .
“ဘုန်းကြီးသောရှင်ဘုရင် ဝင်တော်မူမည်။”
(ဆာလံ ၂၄:၉ ) ဟေရှာယ ၄: ၁-၁၁။ လု ၃: ၃-၁၈
ထာဝရဘုရားအတွက်
လမ်းခရီးတော်ပြင်ဆင်ဖို့ နှစ်ခြင်းဆရာယောဟန်က တောမှာ ဟစ်ကြော်ခဲ့တယ်။
ဒီနေ့ခေတ် လူတွေရဲ့စိတ်နှလုံးတွေကို ဘယ်လိုပြင်ဆင်မလဲ။ ကျွန်တော့စိတ်နှလုံး
ခြောက်သွေ့လွင်ပြင်ကို ဥပမာအနေနဲ့ ပြင်ဆင်ပြပါမယ်။
( ၁) ချိုင့်ဝှမ်းရာရှိသမျှကို ဖို့ရမယ်။
ဘုရားသခင်နဲ့ပတ်သက်လို့
သိမ်ငယ်၊ နိမ့်ကျနေတဲ့ အတွေးတွေကို ဖျက်စီးပစ်ရမယ်။ သံသယနဲ့ စိတ်ပျက်
အားလျော့တာတွေကို ဖယ်ရှားပစ်ရမယ်။ အတ္တနှင့် ဇာတိပကတိ အလိုဆန္ဒတွေကိုလည်း
စွန့်လွှတ်ရမယ်။ ဒီလို မှောင်မိုက် နက်ရှိုင်းတဲ့
ချိုင့်ဝှမ်းတွေတလျှောက်မှာ ထာဝရဘုရားအတွက် ပြင်ဆင်ထားတဲ့ တင့်တယ်တဲ့
လမ်းကလေး ပေါ်လာရမယ်။
( ၂ ) တောင်ကြီးတောင်ငယ်ရှိသမျှကို ဖြိုရမယ်။
ကိုယ်ကိုကိုယ်
အထင်ကြီး၊ ကိုယ်ဖြောင့်မတ်တာကို ဝါကြွားနေတာတွေ နှိမ့်ချလိုက်ပြီး၊
ရှင်ဘုရင် ကြွရာ မင်းလမ်းအဖြစ် ညီညာစေရမယ်။ ကြီးမြတ်တော်မူတဲ့ ရှင်ဘုရင်ဟာ
မာနထောင်လွှားသူ၊ ဘဝင်မြင့်နေသူတွေကို သနားမှာ မဟုတ်ဘူး။ သခင်ဘုရား
ချီးကျူးမှာက စိတ်နှိမ့်ချသူနဲ့ စိတ်နူးညံ့သိမ်မွေ့သူတွေသာ ဖြစ်တယ်။
စိတ်မသာ ညဉ်းတွား လာတတ်ဖို့ ကိုယ်တော် ညှိညွှတ်ပေးပါလိမ့်မယ်။ ဒါပေမယ့်
စိတ်နေမြင့်သူတွေကိုတော့ ထာဝရဘုရား ရွံရှာတော်မူပါတယ်။
( ၃ ) ကောက်တဲ့လမ်းတွေ ဖြောင့်ရမယ်။
လှိုင်းခတ်လို့
လှုပ်ရှားသလို ကွေ့ကောက်တတ်တဲ့စိတ်ဟာ ဘုရားသခင်အတွက် ရှင်းလင်း
ဖြောင့်တန်း နေရမယ်။ တကယ် သန့်ရှင်းတဲ့ အသက်တာဖြစ်ပါစေ။ စိတ်နှစ်ခွရှိသူဟာ
သမ္မာတရားရဲ့ ဘုရားသခင်ကို တကယ် မသိကျွမ်းပါဘူး။ သတိပြုပါ။
ဝိညာဉ်အရာအားလုံးကို သိမြင်တော်မူတဲ့ ဘုရားသခင်ရှေ့မှောက်မှာလို အရာရာမှာ
ရိုးသား မှန်ကန်ဖို့ ကြိုးစားပါ။
( ၄ ) ကြမ်းတမ်းတဲ့လမ်းတွေလည်း သုတ်သင်ပြင်ဆင်ရမယ်။
အပြင်ဖက်က
ခလုပ်ခသင်းတွေကို ရှင်းလင်းပစ်ရမယ်။ ပုန်ကန်ခြင်း ဆူးပင်၊
တောရိုင်းပင်တွေကို ဆွဲနှုတ်ပစ်ရမယ်။ သခင်ဘုရားဟာ သန့်ရှင်းသူတို့နဲ့
ကြွလာတဲ့အခါ ကျွန်တော်တို့ကို ချီးမွမ်းမယ်။ ရွေးနှုတ်ခြင်း
ကျေးဇူးတော်ကြောင့် အသင့်ဖြစ်နေတဲ့ သင့်စိတ်နှလုံးထဲမှ လမ်းကလေးကို
ကိုယ်တော် တွေ့မြင်ပါစေ။ သင့်စိတ်ဝိညာဉ် ထာဝရ ကောင်းကြီးခံစားဖို့
အောင်မြင်ခြင်း ဘုန်းအသရေနှင့်တကွ ကိုယ်တော် ဝင်ရောက်လာပါစေသော။
မေးခွန်း ။ ။ သင့်စိတ်နှလုံး အသင့်ဖြစ်နေပါပြီလား။
ဆင်ခြင်ရန်။ ။ ရှင်ဘုရင်ကြွလာလုနီးပြီ။
7
ကျေးဇူးတော်၌၎င်း၊ သိကျွမ်းခြင်း၌၎င်း၊ ကြီးပွားကြလော့ - -
ဆာလံ ၄၂။ ၂ပေ ၃: ၁၀ - ၁၈
“ကျေးဇူးတော်၌
ကြီးပွားကြလော့။” ကျေးဇူးတမျိုးတည်း မဟုတ်ဘူး။ ရှိသမျှ ကျေးဇူးတော်တွေမှာ
ကြီးပွားရမယ်။ အရေးကြီးဆုံး ကျေးဇူးတော်ဖြစ်တဲ့ “ယုံကြည်ခြင်း” မှာ
ကြီးပွားပါ။ ဘုရားသခင်ရဲ့ ဂတိတော်တွေကို ယုံကြည်သထက် ပိုမို
ယုံကြည်စွဲလန်းပါ။ ယုံကြည်ခြင်းကို ရိုးရိုးသားသား တည်တည်ကြည်ကြည်
တိုးပွားပါစေ။
ချစ်ခြင်းမေတ္တာမှာလည်း ကြီးပွားပါ။ မေတ္တာစိတ်
တိုးပွားရင်း၊ အားကြီးရင်း စိတ်ပါကိုယ်ရောက် ချစ်ရင်း၊ ပြောသမျှ ဆိုသမျှ၊
တွေးသမျှမှာ မေတ္တာနဲ့ အလှဆင်ဖို့ ဆုတောင်းပါ။ ဒီလိုပဲ၊
နှိမ့်ချခြင်းမှာလည်း တိုးပွားပါ။ အနိမ့်ဆုံး နေရာကိုသာ ရှာပါ။ ကိုယ် ဘာမှ
မဟုတ်ဖူးလို့၊ တိုး၊ တိုး နားလည်လာပါစေ။ နှိမ့်ချခြင်းနဲ့ အောက်ဖက်
ကြီးပွားသလို၊ ဆုတောင်းခြင်း၊ မိတ်သဟာရဖွဲ့ခြင်းနဲ့ ဘုရားသခင်ထံပါး
ချဉ်းကပ်ခြင်းရင်း အထက်ကိုလည်း ကြီးပွားရပါမယ်။
ဝိညာဉ် ကြီးထွားတာကို
ဒီလောက်နဲ့ ရပ်မထားပါနဲ့။ ကယ်တင်ရှင် သခင်ယေရှုခရစ်ကို
သိကျွမ်းခြင်းမှာလည်း ကြီးပွားရဦးမယ်။ ကယ်တင်ရှင်ကို သိကျွမ်းခြင်း
မကြီးပွားတဲ့သူဟာ ကောင်းကြီးမင်္ဂလာများစွာ ဆုံးရှုံးသူဖြစ်ပါတယ်။
ကိုယ်တော်ကို သိကျွမ်းခြင်းမှာ တိုးပွားသူဟာ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ
တိုးလာသူလည်း ဖြစ်တယ်။ ခရစ်တော်ကို သိကျွမ်းဖို့ စိတ်မစွဲလန်းသူဟာ
ကိုယ်ကိုကိုယ် ဆင်းရဲစေတဲ့သူပဲ ဖြစ်တယ်။ တမန်တော် ပေါလုက . .
“သခင်ယေရှုခရစ်ကို သိသော ပညာသည် အဘယ်မျှလောက်မြတ်သည်ကို ထောက်၍၊
ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။” လို့
ဆိုခဲ့ပါတယ်။ ( ဖိလိပ္ပိ ၃: ၈ - ၁၀)
ကဲ၊ သခင်ယေရှုကို သင် ဘယ်လောက်
ချစ်သလဲ။ ကိုယ်တော်ကို တကယ်ချစ်ရင် ရေစီးသောချောင်းကို တောင့်တတဲ့
သမင်ဒရယ်လို ဖြစ်လာလိမ့်မယ်။ ဝိညာဉ် အာသာပြေစေတဲ့ သိကျွမ်းခြင်းကို တငုံမျှ
သောက်ကြည့်ရုံနဲ့ ပို ဆာငတ် တောင့်တလာလိမ့်မယ်။ ကိုယ်တော်မေတ္တာကို
နက်နက်နဲနဲ တမ်းတလာမယ်။ စစ်မှန်တဲ့ မေတ္တာက . . . . . . .
“ကိုယ်တော်နှင့်နီးစေပါ၊
ကျွန်ုပ်ဘုရား” လို့ အစဉ် အော်ဟစ်နေပါလိမ့်မယ်။ ကိုယ်တော်ကို သောက်လေလေ
ထပ်သောက်ချင်လေလေ ဖြစ်လာမယ်။ ကိုယ်တော်အနားမှာ ရှိနေတာကို သိရတာဟာ
ကောင်းကင်ဘုံပါပဲ။ သင် ကြီးပွား နေသလား။ ရွေ့လျော့နေသလား။ ကားတိုင်နဲ့
အစဉ်နီးဖို့ရာ၊ ကိုယ်တော်မစဖို့ ဆုတောင်းရင်း ကိုယ်တော်ရဲ့
အဘိုးထိုက်လှတဲ့ မေတ္တာတော်ဟာ သင့်စိတ်နှလုံးထဲမှာ စိမ့်ဝင်
ပျံ့နှံ့ပါစေသော။ အဲဒီအခါ သင်ကြီးပွားဖို့ ကိုယ်တော် ဘယ်လို မ,စ မယ်ဆိုတာ
စောင့်ကြည့်လိုက်ပါလေ။
ဆုတောင်း။ ။ အသက်သခင် ဘုရားရှင်၊ အသက်တာ ကြီးပွားဖို့ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တန်ခိုးနဲ့ ပြည့်စေတော်မူပါ။
8
အိုထာဝရဘုရား၊ ကိုယ်တော်သည်အကြွင်းမဲ့ သိတော်မူ၏။
“အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွနု်ပ်၏နှလုံးကို သိမှတ်တော်မူပါ။” ဆာလံ ၁၃၉: ၂၃ ။
ကမ္ဘာ ၄၂: ၁-၈။ ဆာလံ ၁၃၉ ။
ကယ်တင်ရှင်ကို
သိကျွမ််ဖို့ ကြိုးစားတဲ့အခါ ကိုယ်တော်ကို လုံးဝမသိရသေးခင်ကတည်းက
ကိုယ်တော်က ကျွန်တော်တို့ကို သိနေနှင့်ပြီဆိုတာသတိပြုရပါမယ်။
“မစုံလင်သေးသော
အကျွနု်ပ်၏အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု့၍မြင်တော်မူပြီ။
ထိုအရာတို့ကိုပြုပြင်၍ တစ်စုံတစ်ခုမျှ မရှိမှီကာလတွင် ကိုယ်တော်၏စာရင်း၌
အကုန်အစဉ်မှတ်သားလျှက်ရှိပါ၏။” (ဆာလံ ၁၃၉: ၁၆ )
ဒီလောကမှာ
ကျွန်တော်တို့နေရာမရမှီကတည်းက ကိုယ်တော့် စိတ်နှလုံးတော်ထဲမှာ နေရာရခဲ့ပြီ။
ကိုယ်တော်နဲ့ ရန်သူဖြစ်နေတဲ့အချိန်မှာပဲ ကျွန်တော်တို့ရဲ့သနားစရာ
ရူးသွပ်မိုက်မဲမှုတွေကို ကိုယ်တော် မြင်တော်မူခဲ့ပြီ။ ဒါဟာ မ,စဖို့
ကိုယ်တော်ကြွမလာမှီက မြော်လင့်ချက်မဲ့ ပျောက်ဆုံးနေတဲ့ ကျွန်တော်တို့
ဘဝအခြေအနေပါ။
ကိုယ်တော်ကို မရှာတတ်ခင်ကတည်းက ကျွန်တော်တို့ရဲ့
လိုအပ်မှုကို ကိုယ်တော် သိနေခဲ့တာကိုက နက်နဲတဲ့
ဘုရားမေတ္တာပေါ်လွင်လှပါတယ်။ ကိုယ်တော်ဟာ ကျွန်တော်တို့အတွက်
“ကောင်းကင်ကလာတဲ့ ယောသပ်”အဖြစ် အမြဲခွင့်လွှတ်ပြီး၊ကျေးဇူးပြုဖို့
ကြွလာတော်မူခဲ့တယ်။ ကျွန်တော်တို့ကို “ညီတော်” များအဖြစ်- ချစ်ခဲ့၊
ကြင်နာယုယခဲ့တယ်။ ယာကုပ်သားတွေလိုပဲ ကျွန်တော်တို့က “ယောသပ်”ကို
မေတ္တာမရှိကြ။ မနာလိုစိတ်နဲ့ရန်ရှာကြတယ်။ ကိုယ်တော်ကတော့ မကုန်ဆုံးနိုင်တဲ့
မေတ္တာကိုခံစားရသူတွေအဖြစ်သာ မြင်တော်မူတယ်။ စားပွဲနားမှာရှိတဲ့ သားတွေကို
ကိုယ်တော်သိသလို၊ ဝက်ကျောင်းနေရတဲ့ ပျောက်သောသားကိုလည်း
ကိုယ်တော်သိခဲ့တယ်။“သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏” ဆိုတဲ့
ကျမ်းစကား လိုပါပဲ။ “အဘသည်သားတို့ကို သနားစုံမက်သည်နည်းတူ …”ကိုယ်တော်က
ကျွန်တော်တို့ကို စုံမက်တော်မူပါတယ်။ ဆာလံ ၁၀၃: ၁၃
ဘုရားသခင်ကို
ဆန့်ကျင်၊ ကျူးလွန်ခဲ့တဲ့ မရေမတွက်နိုင်အောင် ကြီးမားများပြားလှတဲ့
အပြစ်ဒုစရိုက်တွေကို နားလည်မိလာတဲ့အခါ
ဘုရားသခင်ရဲ့ရွေးနှုတ်တော်မူခြင်းကျေးဇူးကို အံ့ဩမိတယ်။ ဆန့်ကျင်ခဲ့တုန်းက
ကိုယ်တော်ကို စိတ်နှလုံးထဲ ဝင်ခွင့်မပေး။ ကျေးဇူးစကားကိုလည်း မကိုးစားခဲ့။
မေတ္တာနဲ့ ခေါ်တာကို ပစ်ပယ်ကာပုန်ကန်နေခဲ့တယ်။ ကိုယ်တော်ကတော့ ဘယ်တော့မှ
မစွန့်ပစ်ဘဲ၊ အစဉ်သည်းခံလျှက်၊ နူးညံ့သိမ်မွေ့စွာ ကြွလာတော်မူခဲ့တယ်။
စိတ်ပျက်စရာ၊ ဆိုးယုတ်တဲ့ အခြေအနေက ကယ်တင်ကာ ဘုရားမိသားစုထဲမှာ သားအဖြစ်
ပါဝင်ခွင့်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်စရာပါ။ ကိုယ်တော်ကို သိကျွမ်းဖို့
ရှာဖွေနေတုန်းမှာပဲ၊ ကိုယ်တော်က အားလုံးကို သိထားပြီးသားဖြစ်တယ်။
ကိုယ်တော်သာမသိခဲ့လျှင် ကျွန်တော်တို့ ဒီနေ့ ဘယ်နေရာ ရောက်နေမလဲ။
ကျေးဇူးတော်ဟာ ထပ်ခါထပ်ခါ ချီးမွမ်းစရာကောင်းပါတယ်။
ကိုယ်တော်ကြွလာတဲ့နေ့မှာ ကျွန်တော်တို့ နာမည်တွေကို ကိုယ်တော်
ဝန်ခံတော်မူလိမ့်မယ်။ ကျေးဇူးတော်ချီးမွမ်းကြစို့။ ဘုရားသခင်က
ကျွန်တော်တို့အကြောင်း အကုန်လုံး သိနေတယ်။ ဘုရားသခင် ဘယ်တော့မှ မမေ့တတ်ဘူး။
ဆင်ခြင်ရန် ။ ။ ယခု ဘုရားသခင်ကို မသိလိုတဲ့သူကို ကိုယ်တော်ကြွလာတဲ့အခါ “သင်တို့ကို ငါအလျဉ်းမသိ” လို့ မိန့်တော်မူပါလိမ့်မယ်။
9
အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ဆက်ဆံ နိုင်သနည်း။
ကမ္ဘာ ၁: ၁ - ၅ ။ ၂ ကော ၆: ၁၄ - ၁၈။
ကမ္ဘာပေါ်မှာ
အလင်းမရှိရင် အသက်မရှင်နိုင်ပါ။ ရှောလမုန်မင်းကြီးက “အကယ်စင်စစ် အလင်းသည်
ချို၏၊ နေရောင်ခြည်ကိုမြင်၍ ပျော်ပါးစရာရှိ၏။” လို့ ဆိုပါတယ်။ ( ဒေ ၁၁: ရ)
ဧဝံဂေလိ အလင်းရောင်ဆိုရင် ပိုပြီးတော့ အဖိုးထိုက်မှာပါ။
အဲဒီတရားအလင်းသာလျှင် စိတ်ဝိညာဉ် လိုအပ်သမျှကို
ဖြည့်စွမ်းပေးပြီး၊ထာဝရနဲ့ဆိုင်တဲ့အရာတွေကို ဖွင့်ပြပေးနိုင်တယ်။
သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဝိညာဉ်အလင်းပေးတဲ့အခါ
သားတော်မြတ်ယေရှုခရစ်၌ ဘုရားသခင်ရဲ့ ဘုန်းတော်ကို တွေ့မြင်လာရတယ်။
မြော်လင့်ချက်မဲ့၊ ကယ်သူမဲ့ကာ ပျောက်လွင့်နေပြီး၊ အပြစ်ကြောင့်
ပျက်စီးယိုယွင်းတယ်လို့၊ ကိုယ်ကိုကိုယ် မြင်တတ်လာတယ်။ အဲဒီအခါ ဘုရားသခင်
ဘိသိက် ပေးထားတဲ့သူ၊ “ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း၊
ပြည့်စုံသောသူ” (ယော ၁: ၁၄) မြော်ကြည့်စရာအသက်အဖြစ် ယဇ်ပူဇော်ပေးခဲ့သူ
(ယော ၃: ၁၄ - ၁၆) ကယ်တင်ရှင်ကို တွေ့မြင်လာတယ်။ ဒီလောကရဲ့ အလင်းဖြစ်တဲ့
ကယ်တင်ရှင် သခင်ယေရှုထံ ဧဝံဂေလိအလင်းဖြင့် ဆွဲယူတော်မူတဲ့ ဘုရားသခင်ရဲ့
ကျေးဇူးတော်ကို ချီးမွမ်းကြပါစေသော။
အလင်းနဲ့အတူ
ကွဲပြားမှုပါလာလေ့ရှိတယ်။ အလင်းဟာ အမှောင်နဲ့ ဆက်ဆံလို့ မရ။
ဖန်ဆင်းရှင်ဘုရားက အစအဦးကတည်းက ခွဲခြားထားပြီဖြစ်လို့ မရောလိုက်ပါနဲ့။
အလင်းရဲ့သားဟာ မှောင်မိုက်သားနဲ့ မိတ်မဖွဲ့ရ၊ သူတို့အကျင့်၊ ခံယူချက်၊
မှားယွင်းမှုတွေကို လိုက်မကျင့်ရ။ နေ့ရဲ့သားဆိုတာ သမ္မာသတိရှိတယ်။
ရိုးသားစွာ အစဉ်အမြဲ စောင့်နေမယ်။ သခင်ဘုရားရဲ့ အမှုတော်ကို အားယူပြီး၊
သစ္စာရှိစွာလုပ်ဆောင်ရမယ်။ အများ လက်မခံနိုင်ရင် နေပါစေ။
ကျွန်တော်တို့ကတော့ မှောင်မိုက်အကျင့်နဲ့ ဆက်ဆံမှာ မဟုတ်ပါ။
သခင်ယေရှုရဲ့
စစ်မှန်တဲ့ အသင်းတော်ဖြစ်ရင်- မှားယွင်းတဲ့ အယူတွေ၊ ခံယူချက်တွေ၊
အဲဒီအမှားတွေကို ဟောပြောသွန်သင်သူ (သို့) အလျှော့အတင်းပြုလုပ်နေတဲ့
ခရစ်ယာန်တွေ၊ အသင်းတော်တွေနဲ့ လွတ်လွတ်ကင်းကင်း သီးခြားနေလေ့ရှိတယ်။
ကြားနားခြင်း၊ သွန်သင်ခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ အလုပ်လုပ်ခြင်းနဲ့
စီရင်ဆုံးဖြတ်ရာမှာ၊ သမ္မာတရားနဲ့ မိစ္ဆာအယူ၊ အလင်းနဲ့ အမှောင်ကို
စေ့စေ့ပိုင်းခြားလေ့လာရမယ်။ ကမ္ဘာတည်စကတည်းက ဘုရားသခင် စည်းကမ်းထားတယ်
မဟုတ်လား။ ကပ်ကာလအဆုံးဖြစ်တဲ့ ယခုအချိန်မှာ သခင်ဘုရားရဲ့ အစေခံတွေ
လေးလေးစားစား လိုက်နာသင့်တယ် မဟုတ်လား။
ဆင်ခြင်ရန်။ ။ သစ္စာရှိတဲ့
စစ်မှန်တဲ့ ယုံကြည်သူများဟာ “ဂိုဏ်းပေါင်းစုံလှုပ်ရှားမှု” Ecumenical
Movement မှောင်မိုက်ကို ဘယ်တော့မှ နှစ်သက်လက်ခံဟန်ပြမှာ မဟုတ်ပါ။
10
သင်၏အလင်းကို မြင်တော်မူသော ဘုရားသခင်
ကမ္ဘာ ၁: ၁-၅ ။ ဧဖက် ၅: ၁-၁၄
ထာဝရဘုရားမှာ အလင်းကိုကြည့်ဖို့ ထူးခြားတဲ့ အံ့ဩဖွယ်မျက်စိရှိတော်မူတယ်။
ဖန်ဆင်းစမှာပဲ “ထိုအလင်းကောင်းသည်ကို ဘုရားသခင် . . . . ” မြင်တော်မူတယ်။
အသက်တာ
ပြောင်းလဲချိန်မှာ ကိုယ်တော်ရဲ့အလင်းကို ပေးတယ်။ ပြီးတော့ အဲဒီအလင်းကို
စိတ်ဝင်တစား ကြည့်တော်မူတယ်။ ကိုယ်တိုင်ဖန်ဆင်းတဲ့ လက်ရာတော်ဖြစ်လို့သာ
မဟုတ်ဘူး။ ဘုရားသခင်ဟာ အလင်းဖြစ်လို့၊ ကိုယ်တော့်လို ဖြစ်လို့၊
အဲဒီအလင်းကို နှစ်သက်တော်မူတာပါ။ ပြုစရှိတဲ့ အဲဒီကျေးဇူးတော်ကို ဘုရားသခင်က
မျက်စိတော်နဲ့ ကြင်နာစွာ ကြည့်နေတော်မူကြောင်း သိရတာ မင်္ဂလာရှိပါတယ်။
ကျွန်တော်တို့ရဲ့ မြေအိုးများထဲမှာ ထည့်ထားတဲ့ ဘဏ္ဏာကို ကိုယ်တော်
ဘယ်တော့မှ မျက်ချေပြတ်ခံတော်မမူပါဘူး။ (၂ကော ၄: ရ)
ကျွန်တော်တို့က
အလင်းကို တခါတရံ မမြင်နိုင်ဘူး။ ဒါပေမယ့် ဘုရားသခင်ကတော့ အစဉ်အမြဲ
မြင်တော်မူတယ်။ အမြင်အားဖြင့်လည်း ကျွန်တော်တို့ထက် ကောင်းမြတ်လှတယ်။
ဘုရားသားဖြစ်ပြီလို့ ကိုယ်တိုင် သိရခြင်းဟာ စိတ်သက်သာစရာ ကောင်းတယ်။။
ဒါပေမယ့် ကျွန်တော်တို့ ကယ်တင်ခြင်းရပြီလို့ ဘုရားသခင် သိနေခြင်းက ပိုပြီး
အရေးကြီးပါတယ်။ “သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏။” (၂တိ ၂: ၁၉)
ချစ်သောယုံကြည်သူ၊ ကိုယ့်မိုက်ပြစ်တွေအတွက် ဝမ်းနည်း၊ ဗီဇ
အပြစ်တချို့ကြောင့် ညဉ်းတွားကာ သက်ပြင်း ချကောင်းချနေပါလိမ့်မယ်။ ဒါပေမယ့်
သင့်စိတ်နှလုံးထဲမှာ သွင်းထားတဲ့ အလင်းကို ထာဝရဘုရား မြင်တော်မူတယ်။
အဲဒီအလင်းကို ကြည့်နေတဲ့ ကိုယ်တော်ရဲ့ ကျေးဇူးတော်မျက်လုံးတွေကို
သင့်စိတ်ဝိညာဉ်မှာ ဖုံးလွှမ်းနေတဲ့ တိမ်ညိုတိမ်ရိပ်တွေက မကွယ်စေနိုင်ဘူး။
ခံစားချက်တွေထက် စိတ်နှလုံးနဲ့ သခင်ယေရှုကိုသာ မြော်ကြည့်နေကြစို့။
သင်ဟာ
စိတ်မသာညဉ်းတွားခြင်းထဲမှာ နစ်မြုပ်ပြီး၊ စိတ်ပျက်နေကောင်း နေလိမ့်မယ်။
ဒါပေမယ့် စိတ်ဝိညာဉ်က ထာဝရဘုရားကို တမ်းတရင်း၊ ကိုယ်တော်
ဆောင်ရွက်ပြီးစီးခဲ့တဲ့ အမှုတော်အပေါ်မှာ နားခိုမယ်ဆိုရင် ဘုရားသခင်က
အလင်းကို မြင်တော်မူတယ်။ မြင်ရုံမက သင့်အထဲမှာ မြဲမြံစေတော်မူမယ်။ ဒါဟာ
ကိုယ်ကိုကိုယ် စိုးရိမ်တကြီး၊ ကာကွယ် စောင့်ထိန်းနေရသူတွေ၊ အဲဒီလို
ကာကွယ်ဖို့လည်း မတတ်နိုင်တဲ့အဖြစ်ကို တွေ့ကြုံခံစား နေသူတွေအတွက်
အဖိုးထိုက်လှတဲ့ ဆင်ခြင်စရာတခုပါ။ ဒီလို ခံစားနေရချိန်မှာ ကယ်တင်ရှင်ကို
မြော်ကြည့်ပါ။ ကျေးဇူးတော်ကြောင့် မြဲမြံတဲ့ အလင်းဟာ တနေ့မှာ
တောက်ပလွန်းတဲ့ နေ့လည်ခင်းလိုဖြစ်ပြီး၊ ဘုန်းအသရေနဲ့ ကြွယ်ဝလာမယ်။
သင့်အထဲမှာ တည်တဲ့ ကိုယ်တော်ရဲ့ အလင်းဟာ ထာဝရနေ့ရက်ကာလရဲ့
ရောင်နီဦးလည်းဖြစ်တယ်။ “သင်တို့တွင် ကောင်းသောအမှုကို ပြုစ
ပြုတော်မူသောသူသည် ယေရှုခရစ်၏ နေ့ရက်တိုင်အောင် ပြီးစီးလျှက်
ပြုတော်မူမည်။” (ဖိလိပ္ပိ ၁: ၆)
ဆင်ခြင်ရန် ။ ။
သခင်ဘုရား မိန့်တော်မူတာက . . . “ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏
ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌ သင်တို့အလင်းကို
လင်းစေကြလော့။” - မဿဲ ၅: ၁၆။
11
သတိနှင့် ကြည့်ရှုတော်မူသောကြောင့်. . .
“အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ၊ ဆုတောင်းပဌာနာပြုသောအားဖြင့် . . .။” (ဖိလိပ္ပိ ၄: ၆) ဆာလံ ၂၇။
“ဘုရားသခင်
ငါ့ကို သတိနဲ့ စောင့်ကြည့်နေတယ်” လို့ ပြောလိုက်တာဟာ ဝမ်းနည်းနေတာတွေကို
ပျောက်လွင့်စေတဲ့ ပျော်စရာ နည်းတနည်းပါ။ ခရစ်ယာန်မိတ်ဆွေ- အမြဲ စူးစိုက်
သတိထားနေတဲ့ အသက်တာမျိုးနဲ့၊ ကိုယ့် ဘာသာတရားကို မရှုတ်ချလိုက်ပါနဲ့။
အခုပဲ၊ ကိုယ်တော်ထံ လာပါ။ ဝန်ထုပ်တွေ ချထားပါ။ လေးလံတဲ့ ဝန်ထုပ်တွေ
ပိပြီး၊ ချိနဲ့ကာ လျှောက်နေရသလား။ ဒီဝန်ထုပ်တွေက ကိုယ်တော်အတွက်တော့
မြူမှုန်လောက်ပဲ ရှိတယ်။ ကိုယ့်အားလေးနဲ့ ကြိုးစား ရုန်းကန်နေဦးမလား။
အို….
ဒုက္ခလူသား၊ သည်းခံပါ။ ဘုရားသခင်ရဲ့ မစခြင်း ကျေးဇူးတော် သင့်ထံက
လွန်မသွားသေးဘူး။ စာငှက်ကလေးကို အစာကျွေးတော်မူတဲ့သူဟာ သင်မှာ
လိုနေတာတွေကို ဖြည့်စွမ်းပေးမယ်။ စိတ်ပျက် အားမငယ်နဲ့။ ကိုယ်တော်ကိုပဲ
မြှော်လင့်ပါ။ ဒုက္ခပင်လယ်ကို ယုံကြည်ခြင်းသင်္ဘောနဲ့ ဖြတ်ပါ။
ကိုယ်တော်ပါရင် မုန်တိုင်းကြားမှာလည်း ပြုံးပန်း ဆင်နိုင်မှာပါ။ လေနဲ့
ပင်လယ်ကို ဆုံးမတဲ့ အသံတော်ကို နားထောင်ကြည့်ပါ . . . . . .
“တိတ်ဆိတ်ငြိမ်ဝပ်စွာနေ . . . . . “။ ”သင့်ကို သတိနှင့်
ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှု ရှိသမျှတို့ကို
ကိုယ်တော်၌ အပ်နှံကြလော့။”
ကိုယ်ဟာ ဘုရားသခင်ရဲ့
အိမ်တော်သားဖြစ်တာကို သတိရပါ။ ဒဏ်ရာကို စည်းပေးရင်း၊ စိတ်အနာကို ကျက်စေမယ်။
တွေ့ရတဲ့ ဒုက္ခဆင်းရဲတွေကြောင့် ကျေးဇူးတော်ကို သံသယ မဖြစ်နဲ့။
ကြည်နူးဖွယ်အချိန်တွေမှာ ကိုယ့်ကို ကိုယ်တော်ချစ်သလို၊
ဒုက္ခရောက်နေချိန်မှာလည်း ချစ်နေတယ်ဆိုတာ ယုံကြည်ပါ။ ကိုယ်တော် ဘယ်တော့မှ
မပြောင်းလဲပါ။ စိုးရိမ်စိတ်နဲ့ ရုန်းကန်နေဦးမလား။ ဘုရားသခင်ရဲ့ မစခြင်းကို
စွန့်ပယ်ထားရင် အသက်တာ ငြိမ်သက်မှာ မဟုတ်ဘူး။
ဘုရားသခင်
သတိနဲ့ ကြည့်ရှု နေပါတယ်။ စိုးရိမ်သောကတွေနဲ့ ပြည့်နေဦးမလား။
အသက်ဝိညာဉ်အတွက် ကိုယ်တော်ကို ကိုးစားနိုင်ရင်၊ ကိုယ်ခန္ဓာအတွက် ဘာကြောင့်
ကိုးစားလို့ မရဘဲ ဘယ်နေမလဲ။ ဝန်ထုပ်တွေ ထမ်းဖို့ ကိုယ်တော် ဘယ်တော့မှ
မငြင်းဘူး။ ဒီဝန်ထုပ်တွေကြောင့် ကိုယ်တော် အားလျော့မသွားဘူး။
ချစ်သောစာရှုသူ၊ စိုးရိမ်ပူပန်တာတွေ စွန့်ပစ်လိုက်ပါ။ သောကတွေကို
ဂရုဏာရှင်ဘုရားသခင်ရဲ့ လက်တော်ထဲမှာ အပ်နှံကြစို့။
ဆင်ခြင်ရန်။ ။ စာငှက်တွေကို သတိနဲ့ ကြည့်ရှုတော်မူသော သူဟာ ကျွန်တော်တို့ကိုလည်း သတိနဲ့ ကြည့်ရှုနေတော်မူမှာ မလွဲပါ။
12
ထာဝရဘုရား၏ လက်တော်
“ကြည့်ရှုလော့။ ထာဝရဘုရားသည် မကယ်တင်နိုင်အောင် လက်တော်တို့သည်မဟုတ်။” (ဟေရှာ ၅၉: ၁)
ယေဇကျေလ ၃၃: ၂၁-၂၂။ ဟေဗြဲ ၁၂: ၅-၁၁ ။
ထာဝရဘုရားရဲ့
လက်တော်က ကောင်းမြတ်ပါတယ်။ လက်တော်တင်ပြီး၊ ဆုံးမတဲ့အခါဖြစ်စေ၊ ခွန်အားနဲ့
ပြည့်စုံစေတဲ့အခါဖြစ်စေ၊ ကိုယ်တော်လက်တော်ဟာ ကောင်းကြီးပေးတဲ့
လက်သာဖြစ်တယ်။ ညအချိန်တွေမှာ လှံတံတော်နဲ့ အကြည့်အရှု့ ကြွတယ်။
စိတ်ပျက်အားလျော့သူ၊ ပုန်ကန်သူ မဖြစ်စေနဲ့။ “နောက်မှ ငြိမ်သက်ခြင်းနှင့်
စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။” ( ဟေဗြဲ ၁၂: ၁၁ ) လို့
သိထားပြီး၊ ဝမ်းမြောက်စွာ ဝန်ခံသူ၊ ကောင်းကျိုးမြော်ရင်း
ကြိုးစားဆောင်ရွက်သူဖြစ်ပါစေ။
ထာဝရဘုရားရဲ့ လက်တော်ဟာ စိတ်ဝိညာဉ်ကို
အားပြည့်စေဖို့၊ ထာဝရကာလနဲ့ ဆိုင်တဲ့ အရာတွေကိုသာ မြော်ကြည့်တတ်စေဖို့၊
မကြာခဏ ထောက်မလေ့ရှိတယ်။ လက်တော်နဲ့ ကျေးဇူးပြုခြင်းကို ခံစားရစေသော။
ကျိန်းဝပ်တော်မူတဲ့ သန့်ရှင်းသောဝိညာဉ်တော်နဲ့ ကိုယ်တော်ရဲ့ တန်ခိုးတော်ဟာ
ရွှေလင်းတအတောင်နဲ့ ချီသလို၊ စိတ်ဝိညာဉ်ကို ကောင်းကင်အရပ်ဆီ
ပို့ဆောင်ပေးတယ်။ လောကီဝမ်းနည်းခြင်းတွေကို ချေဖျက်ပြီး၊ ကောင်းကင်နဲ့
ဆိုင်တဲ့ ဝမ်းမြောက်ခြင်းနဲ့ ပြည့်စေတယ်။ ဝိညာဉ်တော်အားဖြင့်
မမြင်နိုင်တဲ့အရာတွေ ထင်ရှားလာတဲ့အခါ၊ မျက်မြင်ရအရာတွေရဲ့
ကြီးစိုးနိုင်စွမ်းလည်း ပျောက်ကွယ်သွားတယ်။ အားနည်းတဲ့ သိုးရှိသမျှအတွက်
သိုးထိန်းရှင်ရဲ့ လက်တော်က ကောင်းမြတ်လှပါတယ်။
တဦးချင်းဝတ်ပြုနေချိန်
Quiet Time တွေဟာ ဘုရားနဲ့ မိတ်ဆွေဖွဲ့တဲ့ နှစ်သက်စရာ အချိန်တွေ အမြဲ
ဖြစ်ပါစေသော။ စိတ်ဓါတ်ကျနေ၊ ဒေါသထွက်နေ၊ ယုံကြည်ခြင်း အားနည်းနေတာတွေကို
ထင်ထင်ရှားရှား သိမြင်ခံစား လာရတယ်။ ဒီအရာတွေ ပျောက်ကင်းဖို့ လက်တော်ကို
ကျွန်တော့်အပေါ်မှာ တင်စေချင်တယ်။ လောကကိုဖန်ဆင်းခဲ့တဲ့ ကိုယ်တော်ရဲ့
လက်တော်ဟာ ကျွန်တော်စိတ်နှလုံးကို အသစ်ပြန်လည် ဖန်ဆင်းနိုင်တယ်။ ကမ္ဘာကို
ကြည့်ရှု့ ထောက်ပံ့နေတဲ့ အနန္တတန်ခိုးနဲ့ ပြည့်စုံတဲ့ လက်တော်သည်
မောပန်းအားငယ်နေတဲ့ ဝိညာဉ်ကို ကြည့်လို့ မဝ ဖြစ်နိုင်တယ်။ ကယ်တင်ရှင်ရဲ့
လက်တော်ဟာ ထိုထက်မက သာ၍ ပြုပါစေသော။
မေတ္တာလက်တော်ဟာ တချိန်ပြီး တချိန်
လမ်းပြပို့ဆောင်နေကြောင်း၊ ဘာလို့ မခံစားမိဘဲနေမလဲ။ အို င့ါဝိညာဉ်၊
ကိုယ်တော်ကိုသာ မြော်ကြည့်ရင်း၊ စိုရိမ်စိတ် ရှိသမျှကို ပျောက်လွင့်စေ။
ရှင်ပြန် ထမြောက်တဲ့အရှင်ကို မြော်ကြည့်ပါ။ ကိုယ်တော် ထာဝရ
အသက်ရှင်တော်မူတယ်။ သင့်လက်ကို သံရိုက်ရာရှိတဲ့ ကိုယ်တော့် လက်တော်ထဲမှာ
ထည့်ထားပါ။ ကိုယ်တော်က . . . . “ငါ၏ ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။
ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့်
အစဉ်မပျက်ကင်းလွှတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ
မနှုတ်မယူရာ။” (ယော ၁၄: ၂၇။ ၁၀: ၂၈)
ဆင်ခြင်ရန် ။ ။ “အိုထာဝရဘုရား။ အကျွနု်ပ်၏ နေ့ရက်ကာလများသည် ကိုယ်တော်လက်ထဲ၌ ရှိကြပါ၏။”
13
"For me to live is Christ." Phil. 1: 21
…… အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏ …..
“သေလျှင်မူကား သာ၍အကျိုးရှိ၏။” (ဖိ ၁: ၂၁)
ဆာလံ ၁၆။ ဖိလိပ္ပိ ၁: ၂၁ - ၂၉။
ယုံကြည်သူဟာ
ခရစ်တော်အတွက် အမြဲတမ်း အသက်ရှင်နေခဲ့တာ မဟုတ်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်
ဘုရားက သူ့အပြစ်ကိုဖော်ပြပြီး၊ ကယ်တင်ရှင်ရဲ့ အသွေးတော်ကို ကိုးစား၊
ကိုယ်တော်ရဲ့ အသက်သစ်ကို ရပြီးချိန်မှစ၍သာ ခရစ်တော်အတွက်
အသက်ရှင်စပြုလာတယ်။ ခရစ်တော်အတွက် အသက်ရှင်စပြုခြင်းဟာ
အသစ်မွေးဖွားချိန်မှာ စတယ်။ အဲဒီအချိန်ကို စစ်မှန်တဲ့ ဘုရားသားတိုင်း
တွေ့ကြုံရပြီး၊ ဘုရားသားဖြစ်ကြောင်း သက်သေတခုလည်း ဖြစ်တယ်။ မိတ်ဆွေ အဲဒီလို
တွေ့ကြုံရပြီလား။
ယုံကြည်သူအတွက် သခင်ယေရှုသာလျှင် အဘိုးအထိုက်ဆုံး
ဖြစ်တယ်။ ကိုယ်တော်ဟာ “အလွန် အဘိုး ထိုက်သော ပုလဲ” (မဿ ၁၃: ၄၆)
“လူတသောင်းတို့တွင် အထွဋ္ဋ်အမြတ်” (သီချင်း ၅: ၁၀) “ငါ့ဝိညာဉ်ချစ်သောသူ”
ဖြစ်တယ်။ အသက်သစ်ဟာ ကိုယ်တော်ထံက လာပြီး၊ ကိုယ်တော်ပိုင်တဲ့အတွက် ဘုန်းတော်
ထင်ရှားဖို့သာ အသက်ရှင်ရမယ်။ ပြောလို့ မမှီတဲ့ ကိုယ်တော့်မေတ္တာဟာလည်း
ဘုန်းတော် ထင်ရှားခြင်းနဲ့သာ သင့်တော်မှာပါ။ ဒီသဘောကို ရှင်ပေါလုက
ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပြီးဖြစ်လို့၊ ကျွန်တော်တို့အတွက် . . .
“ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။” လို့ ဖြစ်သင့်ပါပြီ။
ရှင်ပေါလုရဲ့
စကားက အများထင်တာထက် နက်နဲပါတယ်။ အသက်တာရဲ့ ရည်ရွယ်ချက်နဲ့ အဓိကအလုပ်ဟာ
ခရစ်တော်ဖြစ်တယ်လို့သာ မှတ်ယူတတ်ကြတယ်။ အဲဒီလို မဟုတ်ပါဘူး။ ရှင်ပေါလုရဲ့
အသက်သည်ပင်လျှင် ခရစ်တော် ဖြစ်နေတယ်။ ကိုယ်တော်သည် “အသက်”၊
“မှန်သောဘုရားသခင်” နဲ့ “ထာဝရအသက်” ဖြစ်တယ်။ (ယော ၁၄: ၆ ။ ၁ယော ၅: ၂၀)
ရှေးသန့်ရှင်းသူတယောက်က “ထာဝရကာလမှာ စားသောက် အိပ်စက်ရသလို ယခုနေရတယ်” လို့
ဆိုတယ်။ သခင်ယေရှုသာလျှင် သူရဲ့ အသက်ရှုခြင်း၊ စိတ်ဝိညာဉ်၊ စိတ်နှလုံးနဲ့
အသက်လည်း ဖြစ်တယ်။ ဒါက အစစ်အမှန် ပြောင်းလဲတဲ့ ခရစ်ယာန်ရဲ့ အသက်တာ
အခြေအနေမှန်ပါပဲ။
ချစ်သောစာရှုသူ၊ အသက်ရှင်တဲ့အရာမှာ
ခရစ်တော်ဖြစ်တယ်လို့ သင် အမှန်ပြောနိုင်ပြီလား။ ခရစ်တော်အတွက် အလုပ်တွေ
လုပ်နေသလား။ အဲဒီလို အကန့်အသတ်နဲ့ နာခံ အလုပ်လုပ်နေသူတွေ ရှိတယ်။ ဒါပေမယ့်
ဘုရားသခင် အလိုရှိတဲ့သူဆိုတာ ရှင်ပေါလုလို ခရစ်တော်အတွက် လုံးလုံး
အသက်ရှင်မယ့်သူသာ ဖြစ်တယ်။ ဒါကသာ အပြည့်အဝ စစ်မှန်တဲ့ ခရစ်ယာန်
အသက်တာဖြစ်တယ်။ မပူမအေး၊ စိတ်နှစ်ခွဖြစ်တဲ့၊ အားနည်းတဲ့
ခရစ်ယာန်အဖြစ်မျိုးနဲ့ ကင်းဝေးပါစေ။
ဆုတောင်း။ ။ အို
ထာဝရဘုရား၊ ကိုယ်တော့်အတွက်သာ အသက်ရှင်ဖို့ရာ ကိုယ်ကို ဆက်သပါ၏။
ကိုယ်တော်အတွက် သွားဖို့ရာ စိတ်ပါလက်ပါ အသင့်ဖြစ်စေပါ။ အသက်စွန့်ရန်ပင်
အသင့်ဖြစ်စေပါ။ ဘုန်းအသရေ ရှိသမျှဟာ ကိုယ်တော့်ဖို့ ဖြစ်ပါစေသော၊ အာမင်။
14
"My sister, my spouse." Song 4: 12
အသင်းတော်ကို ချစ်သောခရစ်တော်
“ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာ ချစ်တော်မူသောကြောင့် ငါတို့သည်ဘုရားသခင်ကို ချစ်ကြ၏။” (၁ယော ၄: ၁၉)
သီချင်း ၄: ၈-၁၅။ ဧဖက် ၅: ၂၅-၃၂။
ကောင်းကင်စကားမှာတော့
အသင်းတော်ကို သခင်ယေရှုခရစ်တော်တည်းဟူသော သိုးသငယ်ရဲ့ ခင်ပွန်းလို့
ခေါ်တယ်။ (ဗျာ ၁၉: ရ၊ ၉) ကောင်းကင်ရှောလမုန်ဖြစ်တဲ့ ခရစ်တော်က သတိုးသမီး
အသင်းတော်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ အားကြီးပုံကို လေ့လာကြည့်ပါ။
( က
) ငါ့ နှ မ ။ ။ သဘာဝအားဖြင် ့ဆက်နွယ်မှုကြောင့်
နီးကပ်တော်စပ်သူ၊ စိတ်သဘော တိုက်ဆိုင်သူ၊ လူဇာတိခံခြင်းကြောင့် အသားထဲက
အသား၊ အရိုးထဲက အရိုး ဖြစ်ရပြီ။ ရှေးကတည်းက သိကျွမ်းခဲ့သူ၊ ကလေးဘဝမှစ၍
ငါကြည့်ရှု့ ပြုစုခဲ့ရသူ၊ ငါ့ နှမ။
( ခ ) ငါ့ ခင် ပွန်း ။ ။
သင်ဟာ ငါ့အရင်းနှီးဆုံးနဲ့ အနီးစပ်ဆုံးသူ၊ ငါချစ်သော အပေါင်းအဖေါ်၊
ငါ၏ကိုယ်၊ ကောင်းကင် လက်ထပ်ပဋ္ဋိညာဉ်နဲ့ တရားဝင် အကြင်မယားဖြစ်လာသူ၊
မိန်းမပျိုများစွာထဲမှ ငါရွေးကောက်ထားသူ၊ ငါ့မေတ္တာ လက်ရုံးတော်နဲ့
ပွေ့ဖက်ထားခံရသူ ငါ့ခင်ပွန်း။
ကြည့်ပါ။ “အမျိုးသားချင်း” ဟာ
ကျွန်တော်တို့ရဲ့ နိမ့်ကျမှုအတွက် မရှက်ခဲ့ဘူး။ ကျွန်တော်တို့ကြောင့်
သူဝမ်းမြောက်တာကိုလည်း မထိမ်ဝှက်ဘူး။ အသင်းတော်ကို ပိုင်ဆိုင်ရလို့ ဂုဏ်ယူ
ဝမ်းမြောက်နေတဲ့ ကိုယ်တော်ပါတကား။ ရွေးကောက်ထားတဲ့ လူသားတွေထဲမှာ
ပျော်မွေ့နေတယ်။ သိုးထိန်းကြီး ကိုယ်တော်က ကျွန်တော်တို့ကို
လိုက်ရှာနေခဲ့တယ်။ “ . . . ပျောက်သောသူတို့ကို ရှာ၍ ကယ်တင်အံ့သောငှါ၊”
ကြွလာခဲ့ရတယ်။ (လုကာ ၁၉: ၁၀) အကြောင်းက ကျွန်တော်တို့ကို ကိုယ်တော်
ရှေးကတည်းက ပိုင်ဆိုင်လို့ ဖြစ်တယ်။
မရယူနိုင်ဘူး။
မိတ်ဆွေဖြစ်ခွင့်ပင် မတောင်းခံနိုင်ဘူး။ အိုသခင်ယေရှုဘုရား၊ အသင်းတော်ဟာ
အဲဒီလို ခံစားကာ ကြေနပ် ဝမ်းမြောက်နေပါစေ။ ကောင်းကင်သတိုးသားဖြစ်တဲ့
ချစ်သောခင်ပွန်း၊ ကျွန်တော်တို့ရဲ့ ထာဝရဦးခေါင်း၊ ကိုယ်တော်ကို
ကျေးဇူးတင်ပါတယ်။ ငါ့နှမ၊ ငါ့ခင်ပွန်းလို့ ခေါ်ခွင့်ခံရဖို့
ကိုယ်တော်ခေါ်လို့ ကျေးဇူးတင်ပါတယ်။ အဲဒီ နာမည်နှစ်ခုနဲ့ ထာဝရ
လုံခြုံစိတ်ချမှုကို ပေးသနားပါပြီ။ ကိုယ်တော်ထံမှ ဘယ်တော့မှ ခွဲခွာ
မသွားစေတော့ဘူး။ ခွဲခွာလည်း မခွဲခွာရက်တော့ပါ။ အိုချစ်မိတ်ဆွေ
ရိုသေမြတ်နိုးဖွယ် ကိုယ်တော့်မီးတောက်ထဲကို အမြန်ပြန်လာပါ။
15
နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ်ရမည် ---
"The iniquity of the holy things." Exodus 28:38
ထွက်မြောက်ရာ ၂၈: ၃၆ - ၃၈။ ယော ၄: ၂၁ - ၂၄။
“အို
ထာဝရဘုရား၊ သန့်ရှင်းစေသမျှသော အရာတို့၌ပါသော အပြစ်တို့ကိုမြင်လာရန်
အကျွန်ုပ် မျက်စိကို ဖွင့်တော်မူပါ” လို့ ပြောရင်း အစပြုကြပါစို့။ ဒီလို
ဝမ်းနည်းဖွယ် အမြင်ဆန်းကို စူးစိုက်လေ့လာကြည့်ရင် စိတ်နှလုံး
နှိမ့်ချလာဖို့ အကျိုးပြုပါတယ်။ ဝတ်ပြု ကိုးကွယ်နေတုန်း၊ ပြုမိတဲ့
အပြစ်တွေ၊ လျှို့ဝှက်တာ၊ အသက်မပါဘဲ ထုံးစံအရ ပါဝင်နေတာ၊ မပူမအေး ဖြစ်နေတာ၊
ရိုသေ ကိုင်းရှိုင်းမှုမရှိတာ၊ စိတ်ပျံ့လွင့်နေတာနဲ့ ဘုရားသခင်ကို
မလေးစားတာ. . . စတာတွေဟာ သန့်ရှင်းတဲ့အရာတွေမှာ ပါတဲ့ အပြစ်တွေ ဖြစ်ပါတယ်။
ဒါလောက်နဲ့
မကပါဘူး။ သခင်ဘုရားအတွက် အမှုတော်ဆောင်ရာမှာလည်း ဟန်ဆောင်မှု၊ အတ္တ၊
ပေါ့ပေါ့ဆဆ နေထိုင်မှု၊ ညစ်ညူးခြင်း၊ ပျင်းရိခြင်း၊ မယုံကြည်ခြင်း . . .
စတဲ့ မစင်ကြယ်မှု များစွာလည်း ထပ်ဖြည့် ပါဝင်နေတယ်။ တဦးချင်း
ဝတ်ပြုကိုးကွယ်ချိန်တွေမှာလည်း စိတ်မပါ့တပါ၊ အေးစက်စက်၊ မေ့ပြီး မလုပ်မိတာ၊
အိပ်ငိုက်တာနဲ့ အချည်းနှီး ဖြစ်နေတာတွေကြောင့် ငြင်းဆန် ပုန်ကန်တွေသာ
ပိုပြီး ပွားများလာတယ်။ ဘုရားကျောင်းသွားသူ တချို့ဖြစ်စေ၊ အသင်းတော်အချို့
ဖြစ်စေ၊ ကျွန်တော်ပဲ ဖြစ်ဖြစ်၊ သန့်ရှင်းသောအရာတွေနဲ့ ဆိုင်တဲ့ အပြစ်တွေ
အများကြီး ရှိပါလိမ့်မယ်။
အချို့ခရစ်ယာန်တွေရဲ့ ဝတ်ပြု ကိုးကွယ်ချိန်မှာ
သူတို့စိတ်နှလုံးဟာ ပျင်းစရာ ဥယျာဉ်ကြီးနဲ့ တူနေမယ်။ ကျွန်တော့်
စိတ်နှလုံး ဥယျာဉ်ထဲမှာ ချုံနွယ် ပိတ်ပေါင်းတွေ နှောက်ယှက် ကြီးစိုးနေရင်
ဝမ်းနည်းစရာ ဖြစ်နေမှာပါ။ (သူတပါးကို မဆန်းစစ်ပါနဲ့ဦး။ ကိုယ့်အိမ်ထောင်မှာ
မေတ္တာနဲ့ အစပြုကြပါစို့။) ဘုရားပေးတဲ့ စိတ်သဘောနဲ့ သန့်ရှင်းစွာ
အစပြုကြစို့။ သန့်ရှင်းသော ဝိညာဉ်တော်မစမှုနဲ့ ဘုရားသခင့် ထံပါး
တိုးဝင်ပြီး၊ ဂရုဏာတော်ကို တောင်းခံကြပါစို့။ နှောက်ယှက်တတ်တဲ့ ချုံနွယ်
မှန်သမျှကို သခင်ဘုရားထံပါး ဝန်ခံခြင်းနဲ့ သုတ်သင် ရှင်းလင်းပစ်ရမယ်။
စိတ်သက်သာစရာကတော့
- ယဇ်ပုရောဟိတ်မင်းဟာ “ထာဝရဘုရားအား သန့်ရှင်းခြင်း” လို့ အက္ခရာတင်တဲ့
သင်းကျစ်ကို နဖူးမှာ ဆင်ပြီး၊ သန့်ရှင်းထားတဲ့ အရာတွေမှာ ပါတဲ့ အပြစ်ကို
ဆောင်တယ်။ သခင်ခရစ်တော်က ကျွန်တော်တို့ အပြစ်တွေကိုဆောင်ကာ ကျွန်တော်တို့
မသန့်ရှင်းခြင်းကြောင့် မဟုတ်ဘဲ၊ ကိုယ်တော်၏ သန့်ရှင်းခြင်းကြောင့်
ခမည်းတော် ဘုရားရှေ့တော်သို့ ဝင်ပြီး၊ ကိုယ်ကိုပြတော်မူပါတယ်။
ကြီးမြတ်လှတဲ့ ယဇ်ပုရောဟိတ်မင်းကို ယုံကြည်ခြင်းဖြင့် မြင်တွေ့ခွင့်ရနေတာဟာ
ကျေးဇူးတော်ကြောင့်ပါ။
ဆင်ခြင်ရန်။ ။ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ လူ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံတော်မမူပေ။
16
ကိုယ်တော်မေတ္တာသည် . . . သာ၍ကောင်းပါ၏…
"Thy love is better than wine." - Song 1:2
“စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ၊ စိတ်ပါကိုရောက် ဧကန်အမှန်ချစ်ကြကုန်အံ့။” ၁ယော ၃: ၁၈။
သီချင်း ၁: ၁-၁၇ ။ ၁ယော ၄: ရ-၁၁ ၊ ၁၉။
သခင်ဘုရားနဲ့
မိတ်ဿဟာယဖွဲ့တာလောက် ယုံကြည်သူကို ဝမ်းမြောက်စေတဲ့အရာ မရှိပါ။ တခြားသူတွေ
ဂရုဏာတော်ကို သာမန် ခံစားရတာထက်ပိုပြီး၊ ယုံကြည်သူက ကိုယ်တော်ကို နှစ်သက်
ပျော်မွေ့နေတတ်တယ်။ ဆုကျေးဇူးတွေနဲ့ အမှုတော်မှာ ဝမ်းမြောက်နေတတ်တယ်။
ဒါပေမယ့် သခင်ဘုရား ကိုယ်တော်တိုင်အပေါ်မှာ ဝမ်းမြောက်နေတာကို ဒီအရာတွေနဲ့
မနှိုင်းယှဉ်သာဘူး။ လောကဥယျာဉ်တွေက မပေးနိုင်တဲ့ ကောင်းကင် စပျစ်ရည်ကို
ယုံကြည်သူက ကိုယ်တော်ထံမှ ရထားပြီ။ လောကမုန့်ဖိုတွေက လုပ်မပေးနိုင်တဲ့
ကောင်းကင်မုန့်ကိုလည်း ရထားပြီ။
ချစ်သောသခင်နဲ့ မိတ်ဿဟာယဖွဲ့ရတဲ့
ချိုမြိန်နှစ်သက်စရာ အရသာကို သင် ခံစားဖူးပြီလား။ ချစ်မိတ်ဆွေ- လောကီ
ပျော်မွေ့ခြင်းထဲကနေ သခင်ယေရှုထံ လှည့်ပြန်ကြစို့။ ကောင်းကင်မန္နမုန့်ရဲ့
ဝမ်းမြောက်ခြင်း အစစ်ကို ခံစားရဖို့ အပေါ်ယံ လောကီအရာတွေကို
ပယ်ရှားကြစို့။ အဖျင်းဟာ စပါးနဲ့ ဘာမှမဆိုင်ဘူး။ သွေးပြီးသား စိန်နဲ့
အပယ်ဖြတ်စလည်း တခြားစီပဲ။ တဒင်္ဂအိပ်မက်နဲ့ ထာဝရ ဘုန်းအသရေလည်း
ဘာမျှမဆိုင်ပါ။ လူ့လောကရဲ့ ပျော်စရာအကောင်းဆုံး အရာတွေပင်လျှင်
သခင်ယေရှုရဲ့ အနိမ့်ဆုံး အခြေအနေနဲ့ မနှိုင်းသာပါဘူး။
လောကီပျော်မွေ့ခြင်းဟာ
စိတ်ကျေနပ်မှု မရခင် ပျောက်လွင့်သွားတတ်တယ်။ မြင့်မြတ်သန့်ရှင်းလှတဲ့ ထာဝရ
ဝမ်းမြောက်ခြင်းကတော့ ဖန်ဆင်းရှင် ဘုရားသခင်ထံမှသာ ခံစားရတယ်။ တနေ့မှာ...
ပရဒိသုဘုံမှာရှိတဲ့ အသက်ပင်ကို ကိုယ်တော် ပြညွှန်ပေးသနားမယ်။ ဘုရားသခင်နဲ့
သိုးသငယ်တော်ရဲ့ ပလ္လင်တော်ထဲက ထွက်လာတဲ့ အသက်ရေစီးရာမြစ်မှ
ကြည်လင်သန့်ရှင်းတဲ့ရေကို သောက်သုံးရမယ်။ ဒီ့ထက်မက ခံစားရဖို့ရာ
သခင်ဘုရားကို ချစ်တဲ့သူတွေကို ဂတိတော် ပေးထားပါတယ်။
ဒါတွေအားလုံးဟာ
ဘုရားသခင်ချစ်တဲ့သူတွေအတွက် အမွေဖြစ်ပါတယ်။ သခင်ယေရှုကို သင် ဘယ်လောက်
ချစ်သလဲ.. မိတ်ဆွေ။ ယခုပင် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်စွမ်း၊
ဉာဏ်စွမ်းရှိသမျှနဲ့ ကိုယ်တော်ကိုချစ်ပါ။ ကိုယ်တော့် ကျေးဇူးတော်ကို
အထပ်ထပ်ချီးမွမ်းပါ။ အကြောင်းကတော့ ဘုရားသခင်က ရှေ့ဦးစွာ ချစ်တော်မူလို့
ကျွန်တော်တို့ ဘုရားသခင်ကို ချစ်ကြတယ်။ ဒီမျှမက ကိုယ်တော့်မေတ္တာက
ပိုကောင်းလို့့် ဖြစ်ပါတယ်။
ဆုတောင်း ။ ။ သခင်၊ ကိုယ်တော့်ကို ပို ချစ်လာစေပါ။
17
ငါသည် သင်တို့၏ ဘုရားဖြစ်မည်. .
"I will be their God." - Jer 31: 33
“ဧမာနွေလအနက်ကား၊ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင် ဟု ဆိုလိုသတည်း။” (မဿဲ ၁: ၂၃)
ယေရမိ ၃၁: ၂၇ - ၃၄။ ဟေဗြဲ ၈: ၁၀ - ၁၃။
စိတ်ဆန္ဒရှိသမျှထက်
ကိုယ့်ကို ကြေနပ်အားရစေမယ့် အရာတခုရှိပါတယ်။ အနတ္တတန်ခိုးရှင် ထာဝရဘုရားက .
. . “ငါ ထာဝရဘုရားသည် ငါ၏ပညတ်တရားတို့ကို သင်တို့အတွင်းထဲသို့ သွင်းမည်။
သင်တို့ စိတ်နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သင်တို့၏ ဘုရားဖြစ်မည်။
သင်တို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။” ဒီအချက်ဟာ လူတွေ တွေးသမျှ၊
လိုလားသမျှ ထက်သာ၍ ကြီးမားတဲ့ ဘုရားသခင်ရဲ့ ဂတိတော်ဖြစ်တယ်။ တောင်းတာထက်
ပိုရလို့၊ ဒါဝိဒ်က …. “အကျွနု်ပ် ခွက်ဖလားသည် လျှံလျှက်ရှိပါ၏” လို့
ချီးမွမ်းခြင်းယဇ် ပူဇော်ခဲ့တယ်။
ခရစ်တော်၌ အလုံးစုံတို့ကို
ပိုင်ဆိုင်ရပါပြီ။ တောင့်တတဲ့အရာနဲ့ လိုအင်ဆန္ဒ မှန်သမျှကို
သခင်ဘုရားအားဖြင့်သာ ပြည့်စုံရတယ်။ ဘုရားသခင်ရဲ့ အတိုင်းထက်
အလွန်ကြွယ်ဝမှုတွေက ဖြည့်စွမ်းပေးရုံမျှမက ထပ်လောင်းပေးနေတော့-
“အကျွန်ုပ်ခွက်ဖလားသည် လျှံလျှက်ရှိပါ၏။” “ငါသည် သင်၏ဘုရားဖြစ်မည်။” လို့
မိန့်တော်မူတော့ ကိုယ်တော်သာ ကျွန်တော်တို့ရဲ့ ဘုရားဖြစ်ရင် မပြည့်စုံဘဲ
မနေတော့ဘူး။ ဘုရားသခင် ရှိနေမှတော့ ဘာမှ မလိုတော့ဘူး။ ကိုယ်တော်
ချမ်းသာတာတွေက ကျွန်တော့်တို့ကို မကြေနပ်ဘဲ နေစေပါ့မလား။
မိတ်ဆွေ၊
ကောင်းကင်ဘုံကို တည်တော်မူတဲ့ ကိုယ်တော်က ကောင်းကင်နဲ့ လိုက်ဖက်တဲ့
ဂတိတော်ကို ပေးထားတယ်။ “ငါသည် သင်၏ဘုရားဖြစ်မည်။” ဆိုတဲ့ ဂတိတော်ကို
တခြားအရာတွေက မယှဉ်နိုင်ဘူး။ နှစ်အထောင် အသောင်း ကြာပေမယ့်လည်း
ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာတွေကို သင် သုံးလို့ မကုန်ဘူး။ ထာဝရကာလမှာ
….. “ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍” ထာဝရ ကာလတလျှောက်လုံး
ဗိမာန်တော်မှာ အမြဲ ပျော်နေရမှာပါ။ (ဆာလံ ၂၇: ၄)
“ငါသည်
သင်၏ဘုရားဖြစ်မည်။” ဒီဂတိတော်ရဲ့ တိကျတဲ့ မြော်လင့်ခြင်းက ကောင်းကင်ဘုံကို
ဒီကမ္ဘာပေါ် အရောက် ပို့ဆောင်ပေးတယ်။ ဂတိတော်ရဲ့ ကြွယ်ဝပြည့်စုံမှုတွေက
ကောင်းကင်ဘုံကို ပိုပီပြင်လာစေတယ်။ ဂတိတော် အလင်းထဲမှာ နေ့စဉ်
လျှောက်လှမ်းကြပါစို့။ လောက အနာဂတ် နေ့ရက်တွေအတွက် ကြိုတင် ကြံစည်စရာ
မလိုတော့ဘူး။ မကြာမှီ ဂတိတော်ရှိတဲ့အတိုင်း တွေ့မြင်ရတော့မှာဖြစ်လို့
ကောင်းကင်သား၊ ဘုရင့်သားတော်တယောက် အနေနဲ့ အသက်ရှင်ပါ။ ကိုယ်တော်သည်
ကျွန်တော်တို့ရဲ့ ဘုရားသခင်၊ ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့လူတွေ
ဖြစ်ရပါတော့မယ်။
ဆုတောင်း။ ။ အို ထာဝရဘုရား၊ အဲဒီနေ့ မြန်မြန် ရောက်ပါစေ။
18
ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်ကြလော့….
"Serve the Lord with gladness." - Psalms 100: 2
ဆာလံ ၁ ၀ ၀ ။ ၁ကော ၁၅: ၅၈ ။
ဘုရားသခင်ကို
ချစ်မြတ်နိုးသူရဲ့ လဏ္ခာတရပ်က အမှုတော်မြတ်ကို ရွှင်လန်းစွာ
ဆောင်နေခြင်းပါပဲ။ မျက်နှာ ညှိုးညှိုးငယ်ငယ်နဲ့ အမှုတော်ဆောင်နေသူဟာ
အမှုတော်ကို အမှန် ဆောင်ရွက်သူမဟုတ်ဘူး။ ရိုသေကိုင်းရှိုင်း ဟန်ပြနေပေမယ့်
အသက်မပါဘူး။ ပလ္လင်တော်ကို ချီးမြှောက်ဖို့ ဘုရားသခင်က ကျွန်တွေ
မလိုချင်ဘူး။ ကိုယ်တော်က ချစ်ခြင်းမေတ္တာအရှင်ဖြစ်တော့ အမှုတော်ဆောင်တိုင်း
ဝမ်းမြောက်ခြင်းဝတ်လုံကို ဝတ်ဆင်ပြီး၊ ရှေ့တော်မှောက်မှာ ခစားရမယ်။
ကောင်းကင်တမန်တွေ မညဉ်းတွားဘူး။ သီချင်းကျူးအေးရင်း အမှုတော်ဆောင်ကြတယ်။
အမှုတော်ကို
သင် ဘယ်လို ဆောင်ရွက်နေသလဲ။ အလိုအလျောက် လုပ်ဆောင်တာမဟုတ်၊
ရွှင်လန်းခြင်းမရှိတဲ့ လုပ်ဆောင်တာဟာ အမှုတော်ဆောင်တာ မဟုတ်ပါ။ အမှုတော်
ဖျက်နေခြင်းသာ ဖြစ်ပါတယ်။ စိတ်နှလုံးကို သခင်ဘုရား ကြည့်ရှု့တဲ့အခါ၊
ချစ်လို့ အမှုတော်ဆောင်ခြင်းမဟုတ်ဘဲ၊ ခိုင်းလို့ ( သို့ ) သူတပါး
တိုက်တွန်းလို့ လုပ်နေခဲ့ရင် ကျွန်တော်တို့ရဲ့ ပူဇော်သက္ကာကို ကိုယ်တော်
ငြင်းလိမ့်မယ်။ ထာဝရဘုရား နှစ်သက်တဲ့ စေတနာစိတ်နဲ့တကွ
အမှုတော်ဆောင်ခြင်းဆိုတာ အမှုတော်ကို ရွှင်လန်းစွာ ဆောင်ရွက်ခြင်း
ဖြစ်ပါတယ်။ ဘယ်သူ တကယ် အလုပ်လုပ်တယ်၊ ဘယ်သူ ရွှင်လန်းစွာ စေတနာပါတယ်ဆိုတာ
ကိုယ်တော်သိပါတယ်။
ထာဝရဘုရားမှာ ဆင်နွဲစရာ တိုက်ပွဲများစွာ ရှိနေတယ်။
ရှေ့တန်းစစ်မြေပြင်ကို အတင်း တွန်းပို့နေရသူဟာ မျိုးချစ်စိတ်ရှိသူ
မဟုတ်ဘူး။ စူးရှ ထက်မြက်တဲ့ မျက်လုံး၊ တက်ကြွလူးလွန့်တဲ့ မျက်နှာနဲ့
စစ်ချီသီချင်းဆိုပြီး၊ စစ်တလင်းကို ချီတက်သူသာ မျိုးချစ်စိတ်ရှိကြောင်း
အကောင်းဆုံး သက်သေပြနေသူဖြစ်တယ်။ ကိုယ့်စိတ် ရွှင်လန်းတာဟာ သူတပါးကိုလည်း
အားတက်လာစေတယ်။ ကိုယ်တော်၌ ဝမ်းမြောက်ခြင်းသည် ခွန်အားဖြစ်စေသည်မဟုတ်လား။ (
နေဟမိ ၈: ၁၀ ) စိတ်ရွှင်လန်းခြင်းဟာ အခက်အခဲများစွာကိုလည်း ဖယ်ရှားပေးတယ်။
စိတ်ရွှင်လန်းခြင်းဟာ လှည်းဘီးအတွက် ဆီပမာ၊ မောပန်းသူအတွက် ရှုဆေးသဖွယ်
ဖြစ်တယ်။ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း
ပဌာနာပြုခြင်း ၊ ရွှင်လန်းခြင်းတို့အားဖြင့် ကြီးမားလေးလံတဲ့ ဝန်ထုပ်တွေ
ပေါ့လာမှာပါ။ (ဖိလိပ္ပိ ၄: ၆)
အထဲမှာ နာခံမှုရှိတာကို အမှုတော်မှာ ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်နေတာက သက်သေပြနေတယ်။
အမှုတော်ကို
သင် ဘယ်လို ဆောင်ပါသလဲ။ ဝမ်းမြောက်စွာ ဆောင်နေသလား။ သို့မဟုတ် ဝမ်းနည်းစွာ
ဆောင်နေသလား။ ကိုယ်တော်၌ ဝမ်းမြောက်ခြင်းဟာ ခွန်အားဖြစ်စေကြောင်း သတိရပါ။
ကျွန်တော်တို့ဟာ သခင်ကောင်း၊ အရှင်ကောင်းရဲ့ အမှုတော်ကို
ဆောင်ရွက်နေသူတွေသာ ဖြစ်ပါတယ်။
ဆင်ခြင်ရန် ။ ။ အမှုတော်ဆောင်ဖို့ အချိန်ဟာ ယခုပင် ဖြစ်ပါတယ်။
19
ဓမ္မသရဖူ
There is laid up for me a crown of righteousness. 2 Tim 4:8
ဆာလံ ၂၃။ ၂တိ ၄: ၁ - ၈ ။
တချို့ယုံကြည်သူတွေက
သံသယနဲ့ အသက်ရှင်ပြီး၊ မလိုအပ်ဘဲ ကြောက်တတ်ကြတယ်။ “ကောင်းကင်ဘုံကို ငါ
ဘယ်တော့မှ မဝင်ရဘဲများနေမလား။ ငါကြောက်လိုက်တာ” လို့ သင် တွေးနေမိသလား။
မကြောက်ပါနဲ့။ ဘုရားသခင်ရဲ့ လူ မှန်သမျှ ဝင်စားရမှာပါ။ သန့်ရှင်းသူတယောက်က
သူသေခါနီးမှာ . . . “အိမ်တော်သွားဖို့ ငါမကြောက်ဘူး။ ရှိသမျှကို ငါ့အရင်
ပို့ထားနှင့်ပြီ။ ဘုရားသခင်ရဲ့လက်ဆောင်ဟာ ငါ့တံခါးလက်ကိုင်ပေါ်မှာ
ရောက်နေပြီ။ ငါလည်း ဝင်စားဖို့ အသင့် ဖြစ်နေပြီ။” လို့ ဆိုတယ်။
ဂတိတော်မြတ်ကို ဒီလို ရိုးရိုးကလေး ယုံကြည်စွဲလန်းနေတဲ့အတွက် ကျေးဇူးတော်
ချီးမွမ်းကြပါစို့။
“ဒါပေမယ့် ကောင်းကင်မှာ အမွေမရမှာတော့
မစိုးရိမ်ဘူးလား။” လို့ သူ့မိတ်ဆွေက မေးတော့ “ဟင့်အင်း၊ မစိုးရိမ်ပါဘူး။
ကောင်းကင်ဘုံမှာ ကောင်းကင်တမန် ဂါဗြေလ မဆောင်းနိုင်တဲ့ သရဖူတခုရှိတယ်။
တခြားဘယ်သူနဲ့မှလည်း မတန်ဘူး။ ကျွန်တော်နဲ့ပဲ တန်တယ်။ ရှင်ပေါလုနဲ့
မထိုက်တန်တဲ့ ပလ္လင်တခုလည်း ရှိသေးတယ်။ အဲဒီပလ္လင်က ကျွန်တော့်အတွက်
ရည်ရွယ်ထားတာဆိုတော့ ကျွန်တော်ပဲရလိမ့်မယ်။” လို့ ဖြေတယ်။
အို ခရစ်ယာန်၊
သင့်အတွက် သိုထားသော အမွေအတွက် စိတ်ချပါ။ (၁ပေ ၁: ၄) ဝမ်းမြောက်စရာပါ။
ဒါပေမယ့် အမွေ ဆုံးရှုံးနိုင်သလား။ လုံးဝ မရှုံးနိုင်ဘူး။ ဘုရားသားအတွက်
အမွေမရှုံးနိုင်ဘူး။ “နောက်ဆုံးသောကာလ၌ ထင်ရှားဖို့ရာ ပြင်ဆင်သော
ကယ်တင်ခြင်းသို့ ရောက်စေမည့်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏
တန်ခိုးတော်သည်” ကျွန်တော်တို့ကို စောင့်ရှောက်ထား ပါတယ်။ (၁ပေ ၁: ၅)
နှုတ်ကပတ်တော်က မရွေ့လျော့နိုင်ဘူး။ အစဉ်အမြဲ ယုံကြည် ကိုးစားနိုင်ပါတယ်။
ဒါကြောင့် “အထူးထူးအပြားပြားသော စုံစမ်းနှောက်ယှက်ခြင်းကို ခံရသော
အကြောင်းရှိလျှင်၊. . . . ယခု ခဏခံရ၍၊ ဝမ်းနည်းသော်လည်း . . . .
ရွှင်လန်းသော စိတ်ရှိကြ၏။” (၁ပေ ၁: ၆ - ရ)
ချစ်သော စာရှုသူ၊
ခမည်းတော်ရဲ့ သားမှန်ရင် သံသယမဖြစ်နဲ့။ အပြစ်တွေကို နောင်တရပြီး၊
တခြားသူကို မကိုးစားဘဲ၊ သခင်ယေရှုကိုသာ ယုံကြည်ကိုးစားရင်၊ ဘုရားသခင်ရဲ့
မိသားစုထဲမှာ ပါဝင်ရပြီ။ ကောင်းကင်မှာ နေရာရပြီ။ ဓမ္မသရဖူတလုံးလည်း
သင့်အတွက် သိုထားပြီ။ သင့်အမွေကို ဘယ်သူမှ ယူမသွားနိုင်ဘူး။ အသွေးတော်နဲ့
ရွေးဝယ်ခံထားရတဲ့ ယုံကြည်သူတိုင်း အမွေအသီးသီး ရကြမှာပါ။ ဘုရားရှင် ဒီလို
မြင်ချင်နေတာပါ။
ဆင်ခြင်ရန်။ ။ ရွေးကောက်ခံရသူတွေ ဆုံစည်းကြတဲ့အခါ ကောင်းကင်ဘုံမှာ ပလ္လင်လွတ် ရှိမှာမဟုတ်ပါ။
20
ငါသည် ကိုယ်ခန္ဓာ၌ ဘုရားသခင်ကို မြင်မည်။
"In my flesh shall I see God." Job 19: 26
ယောဘ ၁၉: ၂၅ - ၂၇ ။ ၁ယော ၃: ၁ - ၃။
ယုံကြည်သူတွေ
ထမြောက်မယ်ဆိုတာ သခင်ခရစ်တော် မပေါ်ထွန်းမှီ နှစ်ပေါင်း ၂,၀၀၀ ခန့်ကတည်းက
ယောဘ ကြိုတင်သိခွင့်ရခဲ့တယ်။ ဘုရားသခင်ကို သူ ဘယ်လောက် အားကိုးတယ်ဆိုတာကို
ဒုက္ခနေ့ရက်တွေတလျှောက် အပြင်းအထန် အစစ်ခံနေရချိန်မှာ ယုံကြည်ခြင်း၊
သက်သာခြင်းစကားကို ပရောဖက်ပြုနိုင်ဖို့ သန့်ရှင်းသောဝိညာဉ်တော်က
အစွမ်းပေးခဲ့တယ်။ စိတ်ချမှုအပြည့်နဲ့ “ငါသည် ဘုရားသခင်ကို မြင်မည်။” လို့
ဆိုခဲ့တယ်။ ဒါဟာ ကောင်းကင်ဘုံရဲ့ အနှစ် အရသာ ဖြစ်သလို၊ ယုံကြည်သူတိုင်းရဲ့
ဝမ်းမြောက်ဖွယ် မြော်လင့်ခြင်းပဲ ဖြစ်ပါတယ်။
ယခုရှိနေသူတွေက
ယုံကြည်ခြင်းအားဖြင့်သာ အထုံးအဖွဲ့တော်ထဲမှာ ဘုရားသခင်ကို ဖူးမြင်ကြရတယ်။
မိတ်ဿဟာယဖွဲ့ရင်းနဲ့ ဆုတောင်းရင်းနဲ့သာ ကိုယ်တော်ကို မြော်ကြည့်ရတယ်။
ကောင်းကင်ရောက်သူတွေကတော့ ကိုယ်တော်ဖြစ်သည့်အတိုင်းကို ဖူးမြင်ရပြီ။
ရွေးနှုတ်သောသခင့်နည်းတူ၊ သူတို့လည်းစုံလင်ကြပြီ။ ဂတိတော်က …..“
ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” (၁ကော ၁၅: ၅၂)
“ကိုယ်တော် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့်
တူကြလတံ့ဟု ငါတို့သိကြ၏။” (၁ယော ၁၃: ၂)
ကိုယ်တော်နဲ့ တူကြမယ်။
ဒီထက်ပိုပြီး ဘာလိုဦးမလဲ။ ကိုယ်တော်ကိုလည်း မြင်ရဦးမှာမို့ တောင့်တစရာ
တခြားမရှိတော့ဘူး။ ဒါဟာ ယုံကြည်သူရဲ့ မင်္ဂလာရှိသော မြော်လင့်ရာဖြစ်တယ်။
အထူးသဖြင့် ယခု နောက်ဆုံးသော ကာလရှိ ယုံကြည်သူတွေအတွက် မင်္ဂလာရှိသော
မြော်လင့်ရာ ဖြစ်တယ်။ ပြောင်းလဲခြင်းသို့ရောက်ပြီး၊ သေခြင်းကို
မကြံုရတော့ဘဲ ချီဆောင်ခံရတဲ့ ထူးမြတ်လှတဲ့ အဖြစ်အပျက်ကို တွေ့ကြုံ
ခံစားရတော့မယ်။ (၁သက် ၄: ၁၆-၁၇) ရှင်ပေါလုလို မြော်လင့်ခြင်းနဲ့ “ငါတို့အား
ပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသော
ဆင်းရဲဒုက္ခကို ပမာဏ မပြုထိုက်ဟု ငါသဘောရှိ၏။” လို့ ပြောနိုင်ပြီလား။ (ရော
၈: ၁၈) ယောဘက ယုံကြည်ခြင်းအားဖြင့် အဲဒီအရာကို မြင်ခဲ့သလို၊ ဒါဝိဒ်ကလည်း
“အကျွနု်ပ်မူကား၊ ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်။
နိုးသောအခါ ပုံသဏ္ဍာန်တော်အားဖြင့် အကျွနု်ပ်အလို ပြည့်စုံရပါလိမ့်မည်။”
လို့ ကြိုမြင်ခဲ့တယ်။ “ဘုရားသခင်ကို မြင်မည်” ဆိုတဲ့ ဘုန်းအသရေဟာ
ဘုရားသခင်ရဲ့ လူတွေကို စောင့်ကြိုနေတယ်။ အဲဒီနေ့အထိ အမှုတော်ဆောင်ကြပါစို့။
ဆုတောင်း ။ ။ အံ့ဖွယ် ဂတိတော်တွေအပေါ် ယုံကြည်ခြင်း တိုးပွားလာစေပါ၊ သခင်ဘုရား။
21
မြေ နှင့် မျိုးစေ့
"These have no root." Luke 8: 13.
ဆာလံ ၁။ လုကာ ၈: ၉ - ၁၈။
အို
ငါ့ဝိညာဉ်၊ နှုတ်ကပတ်တော်အားဖြင့် ကိုယ်ကိုကိုယ် ပြန်ဆန်းစစ်ပါ။
တရားစကားကို ဝမ်းမြောက်စွာ ခံယူတယ်။ စိတ်လှုပ်ရှားတယ်။ စိတ်စွဲလန်းတယ်။
ဒါပေမယ့် တရားစကားကို ကြားတာက တပိုင်း၊ သခင်ယေရှုကို စိတ်ဝိညာဉ်ထဲ ခံယူတာက
တပိုင်းဖြစ်တယ်။ အကြီးအကျယ် စိတ်လှုပ်ရှားတာက မာကြောတဲ့ နှလုံးသားထဲမှာလည်း
မကြာခဏ ဖြစ်တတ်ပါတယ်။ စိတ်စွဲလန်းတာဟာ အစဉ် တည်မြဲတဲ့အရာ မဟုတ်ပါဘူး။
မြေဆီနည်းတဲ့
ကျောက်ပေါ်မှာ ကျတဲ့ မျိုးစေ့ဟာ အမြစ်ထွက်ပေမယ့်၊ အောက်ကို
အမြစ်ဆက်ထိုးဖို့ မဖြစ်နိုင်ဘူး။ အထက်ကို အပင် ခဏလောက် ကြီးလာပေမယ့်၊
အမြစ်ကို ပြုစုမယ့် အစိုဓါတ်မရှိတော့၊ ညှိုးနွမ်းရတယ်။ အဲဒီလို ဖြစ်နေသလား။
အတွင်းမှာ အသက်မပါဘဲ၊ ကိုယ်ခန္ဓာမှာသာ ဟန်ပြ ဖြစ်နေသလား။ သန်သန်မာမာ
ကြီးထွားတယ်ဆိုတာ အထက်ရော၊ အောက်ပါ ဖြစ်ရတယ်။ အပြင်ပိုင်း
ရိုသေကိုင်းရှိုင်းတာဟာ အတွင်းသဘော သစ္စာရှိတာနဲ့ သခင်ဘုရားကို
ချစ်ခြင်းမှာ အမြစ်တည် ရပါတယ်။
ခရစ်ယာန် အပြုအမူဟာ ဘုရားသခင်ရဲ့
ကျေးဇူးတော်ကြောင့် စိတ်နှလုံးရဲ့ နူးညံ့သိမ်မွေ့မှုကို ရောင်ပြန်ဟပ်
နေရမယ်။ ဝိညာဉ် ကြီးထွားဖို့လည်း မြေဩဇာကျွေးနေရမယ်။ ကျိုးပဲ့ကြေမွခြင်း
မရှိ၊ ကျောက်သားလို မာကြောတဲ့၊ မသန့်ရှင်းတဲ့ စိတ်နှလုံးဟာ ဘုရားသခင်ရဲ့
တရားစကားမျိုးစေ့ကို ရှင်သန်ကြီးထွားခွင့် မပြုဘူး။ အပြင်ပိုင်း ဘုရားဝတ်
မွေ့လျော်တာ အလျင်အမြန် ကြီးထွားနေရင် အတွင်းမှာပါ ကြီးထွားသလား။
သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အတွင်း လုပ်ဆောင်မှု ရှိသလားလို့
စိုးရိမ်စွာနဲ့ အရေးတကြီး မေးစရာရှိလာပါတယ်။
စိတ်နှလုံးထဲမှာ
ဘုရားသခင်ရဲ့ စကားတော်ကောင်းသောမျိုးစေ့ဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့
လုံလောက်တဲ့ မစမှုခံရမှ ရှင်သန်ကြီးထွားလာမယ်၊ အဆုံးမှာ အသီးသီးလာမယ်။
ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကသာ စိတ်နှလုံးမြေသား ကြီးထွားလာဖို့
ခံယူတတ်တဲ့သဘော၊ အစိုဓါတ်နဲ့ မြေဩဇာတွေကို ပြုပြင်ပေးနိုင်တယ်။ ဝိညာဉ်တော်
ရေလောင်းပေးမှ၊ မြေပြုပြင်ပေးမှသာ ညှင်းဆဲခြင်းနဲ့ လှောင်ပြောင်ခြင်း၊
လေပြင်းမုန်တိုင်းတွေ၊ စုံစမ်းနှောက်ယှက်ခြင်း အပူဒဏ်တွေကို ကြံ့ကြံ့
ခံရပ်နိုင်လိမ့်မယ်။ မျိုးစေ့ကောင်းအတွက် မြေကောင်းကောင်း ဖြစ်နေဖို့
လိုပါတယ်။
ဆုတောင်း။ ။ ကောင်းသောမျိုးစေ့ကြဲသူ အဘ၊
အကျွနု်ပ်စိတ်နှလုံးမြေကို ထွန်ယက်ပြီး၊ အထဲမှာ သမ္မာတရားကို အောင်မြင်
ဖြစ်ထွန်းစေတော်မူပါ။
22
ငါတို့အဖို့ ဆုတောင်းသောသူ
"I have prayed for thee." Luke 22: 32.
တရားဟော ၃၃: ၂၆ ၊ ၂၇ ။ လုကာ ၂၂:၂၄ - ၃၄
ရွေးနှုတ်တဲ့သခင်က
မခြားမလပ် ဆုတောင်းပေးနေတာဟာ သိပ်အားရစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။
ကျွန်တော်တို့ ဆုတောင်းချိန်မှာ၊ ကိုယ်တော် တောင်းပန်ပေးနေတယ်။
ကျွန်တော်တို့ ဆုမတောင်းမိတဲ့ အချိန်မှာလည်း ကိုယ်တော် မမေ့ပါဘူး။။
ကျွန်တော်တို့ရဲ့ အခက်အခဲကို ဆက်လက် ဆောင်ရွက်ပေးနေတယ်။ ဒါကြောင့်
လူတယောက်ဟာ သခင်ယေရှုအားဖြင့် ဘုရားသခင်အထံတော်ကို ချဉ်းကပ်တယ်။
“ထိုသူတို့၏ အမှုကို ကိုယ်တော်သည်စောင့်လျှက်၊ ကာလအစဉ် အသက်ရှင်သောကြောင့်၊
သူတို့ကို အစဉ် ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။“ (ဟေဗြဲ ရး၂၅ ) အဲဒီလို
ကိုယ်တော် စောင့်ထိန်းပေးနေလို့ လုံခြုံမှု အပြည့်ရှိပါတယ်။
ဒီအချက်ဟာ
သခင်ဘုရား လုပ်နေတဲ့ အလုပ်တွေရဲ့ တစ်စိတ်တပိုင်း ဖြစ်ပါတယ်။
မစမှုလိုနေသူတွေက ဘုရားစကား ခဏခဏ ကြားရဖို့ လိုတယ်၊ ဒုက္ခရောက်နေသူတွေ၊
စွန့်ပစ်ခံရပြီလို့ ခံစားနေရသူတွေ၊ ကြိုးစား အလုပ် လုပ်နေတဲ့
သန့်ရှင်းသူတွေနဲ့၊ စိတ်ပျက်အားလျော့နေသူတွေကို စိတ်သက်သာရာရစေဖို့လည်း
လိုအပ်နေပါတယ်။
ကိုယ်တော်က ပေတရုကို “ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို
ဆန်ခါနှင့် ချသကဲ့သို့၊ စာတန်သည် သင်တို့ကို ချရမည့်အကြောင်း
အခွင့်တောင်းသည်ဖြစ်၍ . . . . ” ဒီနေရာမှာ တွေ့ကြုံလာတော့မယ့် မာရ်နတ်ရဲ့
နှောက်ယှက် တိုက်ခိုက်မှုတွေကို ကြိုတင်သတိပေးတော်မူတာကို တွေ့ရတယ်။ “ . . .
. သင်၏ ယုံကြည်သော စိတ်မပျက်စေခြင်းငှါ ငါသည် သင့်အဖို့ ဆုတောင်းလေပြီ။”
ဟာလေလုယာ။
မမြင်ရတဲ့ ဘေးအန္တရာယ်နဲ့ တိုက်ခိုက်မှုတွေကို ဆုတောင်းပြီး၊ ကာကွယ်ပေးတဲ့
ကယ်တင်ရှင်ပါလား။ အခုအချိန်မှာ ဘုရားသခင်ရဲ့ လင်္ကျာတော်ဘက်
အလွန်မြင့်မြတ်တဲ့ နေရာမှာထိုင်ပြီး၊ ကျွန်တော်တို့ အတွက် မခြားမလပ်
ဆုတောင်းပေးနေတယ်။ ယုံကြည်သူ စိတ်မပျက်ဖို့လည်း ဆုတောင်းပေးနေတယ်။
ငြိမ်သက်စွာ မနေဘဲ၊ သံချက်ရာကိုဆောင်ပြီး၊ ခမည်းတော်ရှေ့မှာ
ကျွန်တော်တို့အတွက် တောင်းပန်ပေးနေလို့ ကျေးဇူးတော် ချီးမွမ်း သင့်ပါတယ်။
ပေတရုကိစ္စမှာ ကယ်တင်ရှင်က စာတန်ကို လက်ဦးမှု ရထားတာတွေ့ရတယ်။
လှည့်စားတတ်တဲ့ ရန်သူရဲ့ဆန္ဒဟာ သစ်ရွက်အောက်မှာ ရှိလောက်အောင်ပင်
သေးငယ်နေပါစေ။ ကိုယ်တော် စစ်ဆေးတော်မူတယ်။
ဒီနှစ်တွေထဲမှာ ကိုယ့်ရဲ့
ယုံကြည်ခြင်း တည်မြဲနေတာကို အံ့ဩမိသလား။ ကိုယ်တော်က ကျွန်တော်တို့
အခြေအနေကို စောင့်ကြည့်ပြီး၊ အမြဲ ဆုတောင်းပေးနေလို့ ဖြစ်ပါတယ်။ (ရောမ ၈:
၃၄)
ဆုတောင်း ။ ။ သခင်ယေရှုဘုရား၊ မမြင်ရတဲ့ ရန်သူဘေးမှ
တောင်းပန်ပေးလို့၊ သူတို့ရဲ့ အဓမ္မအကြံကို တားဆီးပြီး၊ မြူဆွယ်တဲ့
ထောင်ချောက်တွေနဲ့ သူတို့ကို ပြန်တွေ့စေလို့ ကျေးဇူးတင်ပါတယ်။
23
သင်တို့သည်လည်း ခရစ်တော်အဘို့ဖြစ်ကြ၏. .
"Ye are Christ's." 1 Cor 3: 23.
ဆာလံ ၁၁၆။ ၁ ကော ၃: ၁၆ -၂၃
ရှင်ပေါလုပြောတဲ့
“သင်တို့သည်လည်း၊ ခရစ်တော်အဖို့ ဖြစ်ကြ၏။” ဆိုတဲ့ အချက်ကို သတိရ
ဆင်ခြင်ကြပါစို့။ ကျွန်တော်တို့ ကိုယ်ကိုကိုယ် မပိုင်ကြဘူး။ ကြီးမြတ်တဲ့
ဘုရားသခင်၊ ကယ်တင်ရှင် ယေရှုခရစ်ကသာ ပိုင်တယ်။
ပေးသနားတော်မူခြင်းအားဖြင့် ။ ။ ခမည်းတော်က ကျွန်တော်တို့အား သားတော်ကို ပေးတယ်။ သားတော်ကြောင့် ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့ လူဖြစ်လာရတယ်။
ဝယ်ယူတော်မူခြင်းအားဖြင့် ။
။ ကျွန်တော်တို့ကို ရွေးနှုတ်ဖို့ အဖိုးအခအဖြစ် ကာရာနီ၊ လက်ဝါးကားတိုင်မှာ
အသွေးတော် သွန်းလောင်းပေးခဲ့လို့ ကိုယ်တော်လူတွေ ဖြစ်လာကြတယ်။
ဆက်ကပ်မှုအားဖြင့် ။ ။ ကိုယ်ကိုကိုယ် ဆက်ကပ်ခြင်းအားဖြင့်လည်း ကိုယ်တော်ရဲ့ လူတွေ ဖြစ်လာတယ်။
တော်စပ်မှုအားဖြင့် ။ ။ နာမတော်ကို စွဲကိုင်လို့ ကိုယ်တော်ရဲ့ ညီနဲ့၊ အမွေဆက်ခံတဲ့ ကိုယ်တော်ရဲ့ လူတွေ ဖြစ်လာကြတယ်။
ချစ်သောစာရှုသူ၊
သင့်ကို သခင်ခရစ်တော်က ပိုင်ကြောင်း လောကီသားတွေကို ကြိုးစားပြသပါ။ အပြစ်
သွေးဆောင်လာတိုင်း၊ ကျွန်တော်က ခရစ်တော်အတွက်ဖြစ်လို့ “အပြစ်ကြီးသော
ဤအမှုကို မပြုနိုင်ပါ။” လို့ တုန့်ပြန်ပါ။ ဒုစရိုက်ကြောင့် ရမယ့်
စည်းစိမ်တွေ၊ သင့်ရှေ့မှာ ပုံထားပေမယ့်၊ လက်နှင့်မျှ မတို့နဲ့။ အန္တရာယ်
အခက်အခဲတွေ ကြုံနေသလား။ တည်ကြည်မြဲမြံပါ။ သင်ဟာ ခရစ်တော်အတွက်
ဖြစ်တယ်မဟုတ်လား။ သင့်ကို ဝန်းရံနေတဲ့ အရာတွေဟာ အချည်းအနှီးဖြစ်ပြီး၊
သင့်ကို ဘယ်လိုမှ မလုပ်နိုင်ဘူး။ “ငါဟာ ခရစ်တော်အဘို့ ဖြစ်တဲ့အတွက်၊ ငါဟာ
သခင်ရဲ့ အမှုတော်ဆောင်သာ ဖြစ်ရမယ်။” လို့ ပြောလိုက်ပါ။ ကိုယ်တော်အတွက်
အမှုစောင့်ကြပါစို့။
လောကီသီချင်းများရဲ့ ဆွဲဆောင်မှုကို ခံရတဲ့အခါ -
“လောကရဲ့ မြူးကြွတဲ့ သီချင်းတွေက ငါ့ကို မဖမ်းစားနိုင်ဘူး။ ငါ့ကို
ခရစ်တော်ဘုရားကသာ ပိုင်တယ်။” လို့ ပြောလိုက်ပါ။ သခင်ဘုရားအတွက်
လုပ်ဆောင်စရာ များစွာရှိနေပါတယ်။ အမှုတော်အတွက် ခေါ်တဲ့အခါ ထိမ်ဝှက်မထားဘဲ
အပ်ပေးရမှာပါ။ ခရစ်တော် သင့်ကို အောင်ခဲ့ပြီ။ သင်ဟာ ခရစ်တော်အဖို့
ဖြစ်တဲ့အတွက်၊ ကိုယ်တော် အလိုရှိသမျှ သင်ပေးရမယ်။ စကားပြောခြင်း၊
ကျင့်ကြံပြုမူခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းနဲ့ အသက်တာ တခုလုံးဟာ
သခင်ဘုရားအတွက် ဖြစ်ပါစေ။ သင့်ကို ကိုယ်တော် ပိုင်ပါတယ်။
သင့်ကို
တွေ့မြင်သမျှသူတွေကို သင်ဟာ လောကီဆန်သူမဟုတ်။ ခရစ်တော်အဘို့သာ
ဖြစ်ကြောင်းသိစေဖို့၊ အရာရာ၌ ကောင်းကင်ရနံ့သဖွယ် ဖြစ်နေပါစေ။ ကောင်းသော
အကျင့်ကျင့်ခြင်း၊ ကိုယ်အကျိုးမရှာဘဲ သူတပါးကိုချစ်ခြင်း၊ ကိုယ်တော်ရဲ့
သန့်ရှင်းခြင်းကို ယူတင်ဝတ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ
ခရစ်တော်အဘို့ဖြစ်တာကို အများ သိကြပါစေသော။
ဆင်ခြင်ရန်။ ။ လောကမှာ နေရပေမယ့် လောကီသား မဟုတ်ပါ။
ဆုတောင်း။ ။ အို ထာဝရဘုရား၊ အစဉ် သစ္စာရှိရန် မစတော်မူပါ။
24
တောင်ထိပ်၌ တည်သောမြို့
"I have yet to speak on God's behalf." - Job 36: 2
ယောဘ ၃၆: ၁-၃ ။ မဿဲ ၅: ၁၃-၁၈
ခရစ်ယာန်ဆိုတာ
အကျင့်သီလ ထင်ပေါ်ဖို့ မကြိုးစားသင့်ဘူး။ ကိုယ်စိတ်အားကြီးတာကိုလည်း
သူတပါး သတိထားလာအောင် မဆွဲဆောင်သင့်ဘူး။ တချိန်တည်းမှာပဲ၊
သူတပါးအကျိုးအတွက် ကိုယ့်တတ်တာ သိတာတွေကို လျှိုထားခြင်း ဟာလည်း
အပြစ်ရှိပါတယ်။ ခရစ်ယာန်ဆိုတာ ချောက်ထဲက ရွာ မဟုတ်ဘူး။ တောင်းအောက်က
မီးခွက် မဟုတ်ဘူး။ တောင်ထိပ်မှာ တည်တဲ့မြို့လို၊ မီးခုံပေါ်က ဆီမီးလို၊
အလင်းကို ရပ်နီးရပ်ဝေးမှ မြင်ရကြပါစေသော။
ဆိတ်ဆိတ်နေရချိန်နဲ့
ထိမ်ဝှက်ရချိန်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို ကိုင်ပြီး
ယုံကြည်သူအနေနဲ့ ခရစ်ယာန် သမ္မာတရားကို အချင်းချင်း မဝေငှဘဲထားရင်၊
တခြားသူတွေကို အပြစ်ပြုရုံသာမက၊ ဘုရားသခင်ကိုလည်း ပြစ်မှားရာရောက်ပါတယ်။
စိုးရိမ်သောကနဲ့ စကားနည်းတဲ့အကျင့်တွေကြောင့် ကိုယ့်ရဲ့ အလင်းကို အရောင်
မမှိန်ပါစေနဲ့။ အသင်းတော်ကို ကိုယ့်ရဲ့ အသုံးမဝင်တဲ့ အရာတွေ မပေးပါနဲ့။
ကိုယ်တော်က
သင့်အတွက် မရှက်ခဲ့ဘူး။ သင်က သက်သေခံမယ့် နှုတ်ကို ဘာကြောင့်
ကြောက်ရွံ့ခြင်း တံဆိပ် ခပ်နှိပ်ထားသလဲ။ တံပိုးခရာလို ကျယ်ကျယ်မြည်တဲ့
ပါးစပ်မရှိရင်လည်း၊ မပီတဲ့ နှုတ်ကိုပဲ အသုံးချလိုက်ပါ။ သင့်ကို
တရားပလ္လင်မှာ ဟောရမယ်လို့ မဆိုလိုဘူး။ လူတွေကို ရင်ဆိုင်ခိုင်းခြင်းသာ
ဖြစ်တယ်။ ပေတရုနဲ့ ယောဟန်ကတော့ “ငါ၌ ရွှေငွေမရှိ။ ရှိသည့်အရာကို သင့်အား
ငါပေးမည်။” လို့ ဆိုကြတယ်။ (တမန်တော် ၃: ၆)
သင့်အနေနဲ့
တောင်ထိပ်ပေါ်လည်း မတက်နိုင်။ တရားဟောဖို့ ပလ္လင်ပေါ်လည်း မတက်နိုင်ဘဲ
ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ရှုခါရေတွင်းမှ ရှမာရိမိန်းမလိုလူတွေ အများကြီး
ရှိပါတယ်။ (ယော ၄: ၄-၁၄) ကယ်တင်ရှင်အကြောင်း ပြောဖို့ အိမ်၊
အလုပ်ခွင်တွေမှာ အခွင့်အခါ ပေါပါတယ်။ သခင်ဘုရားပေးတဲ့ အသက်ရေကို
တခြားသူတွေကိုလည်း ဝေငှ ပေးပါ။
ကိုယ်ကူညီရမယ့် သူတွေရဲ့ လိုအပ်မှုအတွက်
ဆုတောင်းပါ။ အစွမ်းအစကို ဝှက်မထားနဲ့။ ပညာရှိစွာ ပြုမူခြင်းဖြင့်
သခင်ဘုရားကို မြည်းစမ်းလာစေပါ။ ကိုယ်သက်သေခံတဲ့အတွက် ကိုယ်လည်း
ခွန်အားရသလို၊ သန့်ရှင်းသူတွေကိုလည်း ဝမ်းမြောက်စေတယ်။ အပြစ်သားတွေကို
ကောင်းကြီး ဝေမျှနေတာ ဖြစ်သလို၊ ကယ်တင်ရှင်ကို ချီးမြောက်တာလည်း ဖြစ်တယ်။
သင်ဟာ တောင်ထိပ်ပေါ်မှာ တည်တဲ့ ဘုရားသခင်ရဲ့ မြို့တော်ဖြစ်ပါတယ်။
ဆင်ခြင်ရန် ။ ။ စကားအတဲ့ ကလေးတွေဟာ မိဘဝမ်းနည်းစရာအကြောင်း ဖြစ်တယ်။
ဆုတောင်း ။ ။ ကိုယ်တော့်ဘုန်းတော်အတွက် အကျွန်ုပ်ကို နှုတ်လျှာ သွက်လက်စေပါ။
25
ထာဝရဘုရားသည် သင်ပြုသောအမှုကိုဖျက်တော်မူပြီ . .
"Jehoshaphat
made ships of Tharshish to go to Ophir for gold: but they went not; for
the ships were broken at Ezion-geber." - 1 Kings 22: 48.
၆ရာ ၂၀: ၃၁ -၃၇။ မဿဲ ရး ၂၁ -၂၇
ရှောလမုန်ရဲ့သင်္ဘောတွေ
ဘေးကင်းစွာ ပြန်ရောက်ပေမယ့်၊ ယောရှဖက်ရဲ့သင်္ဘောတွေကတော့ ရွှေရှိရာကို
ဘယ်တော့မှ မရောက်တော့ဘူး။ နေရာတူ၊ လုပ်ငန်းတူပေမယ့် တယောက်ကို မစပြီး၊
တယောက်ကိုတော့ စိတ်ပျက်စေတယ်။ ဒါပေမယ့် အားလုံးကိုအစိုးရတဲ့ အရှင်ဟာ
တရားပြီး၊ အစဉ်ကောင်းမြတ်တော်မူတယ်။ ပညာနဲ့လည်း ပြည့်စုံတယ်။ ဒါကြောင့်
အောင်မြင်မှုအတွက် ကျေးဇူးတော်ချီးမွမ်းသလို၊ ဆုံးရှုံးမှုအတွက်လည်း
ကိုယ်တော်ကို ကောင်းကြီးပေးရမယ်။ သူတပါး အောင်မြင်ရင် မနာလို မဖြစ်နဲ့၊
ကိုယ် ဆုံးရှုံးရင်လည်း မညည်းတွားနဲ့။ အကြံအစည်တွေ စိတ်ပျက်လက်ပျက်
အဆုံးသတ်ရပေမယ့်၊ ဘုရားအမြင်မှာတော့ ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့
ဖြစ်ရပ်တခုပါ။
ယောရှဖက် ဘာကြောင့် ဆုံးရှုံးရသလဲလို့ အံ့ဩနေသလား။
ဒီအမေးအတွက် အဖြေဟာ ဘုရားသားတွေ ဒုက္ခ တွေ့ကြုံရတဲ့ အကြောင်းရင်းမှာ ပါတယ်။
ယောရှဖက်ဟာ ဒုစရိုက်ပြုတဲ့ မိသားစုနဲ့ မိသဟာဖွဲ့တယ်။ ထာဝရဘုရားက
ပရောဖက်တဦးကို စေလွှတ်ပြီး၊ “မင်းကြီးသည် အာခဇိနှင့်
ပေါင်းဘော်သောကြောင့်၊ ထာဝရဘုရားသည်၊ မင်းကြီး ပြုသောအမှုကို ဖျက်တော်ပြီ။”
လို့ သတိပေးတယ်။ (၃ ရာ ၂၂: ၄၉) မှာ တွေ့ရတဲ့အတိုင်း ယောရှဖက်ဟာ အလွန်
အဓမ္မအမှုပြုတဲ့ ရှင်ဘုရင်ရဲ့ ကျွန်တွေကို မိမိကျွန်တွေနဲ့အတူ
သင်္ဘောစီးခွင့်ပြုတာကြောင့် ထာဝရဘုရားက ယောရှဖက်ကို ဆုံးမတယ်။
ဒီဖြစ်ရပ်အားဖြင့်
ထာဝရဘုရား သွန်သင်နေပါတယ်။ ဘုရားသားတွေကို သတိပေး တားမြစ်ထားတဲ့၊
“မယုံကြည်သူနှင့် တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကိုမထမ်းရ” ဆိုသည့်
စကားတော်ကို ယောရှဖက် နားမထောင်ခဲ့ဘူး။ (၂ကော ၆: ၁၃ - ၁၈) မယုံကြည်သူနဲ့
အိမ်ထောင်ပြုခြင်း၊ စီးပွားဖက် လုပ်ဆောင်ခြင်း၊ သူတို့အကြံအစည်ထဲမှာ
ပါဝင်လုပ်ဆောင်လို့ လူအများရဲ့ အသက်တာဟာ သနားစရာ ကောင်းတယ်။ နောက်တော်သို့
လုံးလုံးလိုက်ကာ၊ ညှိုးနွမ်း ညစ်စွန်းခြင်းကင်းစွာ၊ အပြစ်သားတွေထံမှ
သီးခြားနေပြီး၊ သခင်ယေရှုကို သစ္စာရှိစွာ ချစ်ကြပါစို့။ ဒီလို နေဖို့
ခက်သလား။ သီးခြားမနေရင် ယောရှဖက်လမ်းအတိုင်း လိုက်ရလိမ့်မယ်။ အဆုံးမှာလည်း
ဝမ်းနည်းစွာနဲ့ “ထာဝရဘုရားသည် သင်ပြုသောအမှုကို ဖျက်တော်မူပြီ” လို့
အပြောခံရလိမ့်မယ်။
ဆင်ခြင်ရန်။ ။ သူတပါးအမှားကနေ သင်ခန်းစာယူရင်၊ တန်ဖိုးအနည်းဆုံး၊ ဒုက္ခ အကင်းဆုံးဖြစ်တယ်။
26
ရေကူးတဲ့ ပုဆိန်
"The iron did swim." 2 Kings 6: 6.
၄ရာ ၆: ၁-၇။ မဿဲ ၁၇: ၂၄-၂၇။
ယော်ဒန်မြစ်ထဲ
ပုဆိန်ကျသွားပြီ။ မြော်လင့်စရာ လုံးဝမရှိဘူးလို့ ထင်စရာပါ။ ဒီပုဆိန်က
ငှါးထားတဲ့ ပုဆိန်။ ဧလိရှဲရဲ့ ပရောဖက်တွေအဖို့ ထာဝရဘုရားရဲ့
နာမတော်အတွက်လည်း ပြောစရာဖြစ်လာပြီ။ ဒါပေမယ့် လူ့ဒုက္ခဟာ ဘုရားအတွက်
အခွင့်အခါကောင်း ဖြစ်ပါတယ်။ ဘုရားသခင်ဟာ လောကဓါတ်ရဲ့အရှင်၊ အရာအားလုံးကို
ဖန်ဆင်းတဲ့ သခင်ဖြစ်တော်မူတယ်။ ကိုယ်တော်တပါးတည်းသာလျှင် မြေဆွဲအားကို
ဆန့်ကျင်ပြီး၊ ပုဆိန်ကို ပေါလောပေါ်စေနိုင်တယ်။ “ဘုရားသခင်သည်
ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်။” ဆိုတဲ့ စကားတော်ကို
သတိရကြပါစို့။ (မာကု ၁၀: ၂၇)
ခရစ်ယာန်တယောက်၊ သူ့အစွမ်းနဲ့ မမျှတဲ့
တာဝန်တခုကို ရင်ဆိုင်ခဲ့ရတယ်။ ကြိုးစားလုပ်ဖို့ ကြံစည်တာကိုပဲ သူတပါး
လှောင်ပြောင်စရာဖြစ်ခဲ့တယ်။ ဒါပေမယ့် သူက ဂရုမထားဘူး။ ထာဝရဘုရားကို
ယုံကြည်ခြင်းအားဖြင့် မနိုင်ဝန်ကို ထမ်းပြခဲ့တယ်။ သူရဲ့ ယုံကြည်ခြင်းကို
ဘုရားသခင်ချီးမြောက်ပြီး၊မမြော်လင့်တဲ့မ,စမှုကို ပေးသနားခဲ့တယ်။ “ပုဆိန်
ပေါလောပေါ်ပြီပေါ့။” တခြားတယောက်မှာလည်း ဝမ်းနည်းစရာ ဆင်းရဲကြပ်တည်းမှုနဲ့
ကြံုရတယ်။ အပေါင်းအသင်းတွေက ပစ်သွားပြီ။ ဒါပေမယ့်လည်း အစဉ်မစတော်မူတဲ့
ဘုရားသခင်ထံ ယုံကြည် တိုးဝင်တဲ့အခါ ဒုက္ခတွေ လွင့်ပျောက်သွားတယ်။
ခြေလှမ်းသစ်တွေ တိုးချဲ့လာနိုင်တယ်။ “ပုဆိန် ပေါလောပေါ်ပြီပေါ့။”
တတိယအဖြစ်အပျက်တခုက
ကိုယ်ကျင့်တရား ကျူးလွန်တဲ့ ဝမ်းနည်းဖွယ် ဖြစ်ရပ်တခုပါ။ အမျိုးမျိုး
အပြစ်တင်ပြောဆို၊ သတိပေး၊ ဆွဲဆောင်၊ တောင်းပန်ပေမယ့် မရ။ လူဟောင်းအာဒံဟာ
လူငယ်လေး "မက်လင်သွန်" Melancthon အပေါ်မှာ အားကြီးလွန်းပါတယ်။ စကား
နားမထောင်သူမို့ စိတ်လည်လာမှာ မဟုတ်ဘူးလို့ ထင်ရတယ်။ ကြေကွဲစွာ
ဆုတောင်းလို့၊ အပြင်းအထန် တောင်းပန်လို့ ကောင်းကြီးပေးတဲ့အဖြေကို ရလာတယ်။
နောက်ဆုံးမှာ မာကျောတဲ့ နှလုံးသား နူးညံ့လာပြီး၊ “ပုဆိန်ပေါလော ပေါ်လာတယ်။”
(မက်လင်သွန်ဟာ နောက်ပိုင်းမှာ မာတင်လူသာရဲ့ လုပ်ဆောင်ဖက်နဲ့ ပထမဦးဆုံး
ပရိုတက်စတင့် ဓမ္မပညာရှင် ဖြစ်လာပါတယ်။ - ဘာသာပြန်သူ)
ဘယ်လိုဝန်ထုပ်တွေကို
လက်လျော့ထားနေသလဲ။ ပရောဖက်တွေရဲ့ ဘုရားသခင်ထံ ယူလာပါ။ ချန်မထားနဲ့။
သန့်ရှင်းသူတွေကို မစဖို့ရာ ဘုရားသခင်အသက်ရှင်ပါတယ်။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကိုသာ ကိုးစားပါ။ သခင်ယေရှုရဲ့မြတ်နာမကို
ဆုတောင်းရင်၊ဘုရားသခင်ပြတဲ့ အံ့ဖွယ်တန်ခိုးတော်တွေကို မြင်ရလိမ့်မယ်။
ယုံကြည်စွာနဲ့ တိုးဝင်ချဉ်းကပ်ပါ။ ဘုန်းတော်ထင်ရှားလာပြီး၊
“ပုဆိန်ပေါလောပေါ်ပြန်ပြီ” ဆိုတဲ့ အဖြစ်ကို ကြုံရလိမ့်မယ်။ ဘုရားသခင်ဟာ
အံ့ဩဖွယ်တွေကို ပြုတော်မူတဲ့ဘုရားပါ။
ဆင်ခြင်ရန် ။ ။ ဘုရားသခင် မတတ်နိုင်တဲ့ အရာမရှိပါ။
27
ကယ်တင်ခြင်းငှါ တန်ခိုးကြီးသောထာဝရဘုရား
ဟေရှာယ ၆၃: ၁။ ရောမ ၁: ၁၆ - ၃၂။
"Mighty to save." - Isa 63:1.
“ကယ်တင်ခြင်းငှါ”
ဆိုတဲ့ ဝေါဟာရအားဖြင့် ကယ်တင်ခြင်း အမှုတော်ကြီး တခုလုံးကို
ရှေ့မဆွသန့်ရှင်းတဲ့ အလိုတော်ကနေ၊ စုံလင်တဲ့သန့်ရှင်းခြင်းသို့
ရောက်သည့်တိုင်အောင် နားလည်ခွင့်ရနိုင်တယ်။ ခရစ်တော်ဘုရားဟာ နောင်တရသူကို
ကယ်တင်ဖို့ တန်ခိုးကြီးရုံမျှမက၊ နောင်တရလာအောင်လည်း တတ်နိုင်တယ်။
ယုံကြည်သူကို ကောင်းကင်သို့တိုင် ပို့ဆောင်တော်မူတယ်။ လူတွေကို
နှလုံးသားအသစ် ပေးဖို့၊ ယုံကြည်ခြင်းနဲ့ သူတို့အထဲမှာ အလုပ်လုပ်ဖို့၊
သန့်ရှင်းခြင်းကို မုန်းတဲ့သူတွေပင်လျှင် အဲဒီတရားကို ချစ်တတ်လာဖို့၊
ကျောခိုင်းစွန့်ခွာသူတွေကို ရှေ့တော်မှောက် ဒူးထောက် လာစေဖို့၊ ကိုယ်တော်
တန်ခိုးကြီးတော်မူတယ်။
ဘုရားသခင်ပြုခဲ့သမျှတွေမှာ ဘုရားတန်ခိုးတော်ကို
သိမြင်ခွင့် ရနိုင်တယ်။ ယုံကြည်သူရဲ့ အသက်တာသည်ပင်လျှင်၊ တန်ခိုးကြီးတဲ့
ဘုရားသခင် ပြုတော်မူတဲ့ အံ့ဩဘွယ် နမိတ်လက္ခဏာတွေပဲ ဖြစ်တယ်။
ကိုယ်တော့်လူတွေကို သန့်ရှင်းစေဖို့၊ သန့်ရှင်းခြင်းကို စောင်မမြဲမြံစေဖို့
တန်ခိုးကြီးတော်မူတယ်။ ဒါထက်မက သူတို့ခံစားရတဲ့ ထာဝရကယ်တင်ခြင်းကို
ကောင်းကင်မှာ ပြည့်စုံစေတဲ့တိုင်အောင် သူတို့ကို
တည်ကြည်ခိုင်ခံ့စေလိမ့်မယ်။ ခရစ်တော်ရဲ့ ကယ်တင်တဲ့ တန်ခိုးတော်ဟာ
ယုံကြည်သူဖြစ်ဖို့ ကြိုးစားတာမျိုး၊ ကိုယ်ကိုကိုယ် ဆက်လက်စောင့်ထိန်းဖို့
ပစ်ထားတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် ကောင်းတဲ့အမှုကို ပြုစ
ပြုတော်မူတဲ့ကိုယ်တော်ဟာ အဆုံးတိုင်အောင်ပြီးစီးလျှက် ပြုတော်မူပါလိမ့်မယ်။
( ဖိလိပ္ပိ ၁: ၆) ကယ်တင်ရှင်ဟာ ကယ်တင်ဖို့ရာတန်ခိုးကြီးပါတယ်။
သေနေတဲ့
ဝိညာဉ်ထဲကို အသက်သွင်းပေးမယ်၊ အဲဒီအသက်မြဲမြံအောင် မစတော်မူမယ်။ ပြုမိတဲ့
အပြစ်တွေကြားမှာပဲ အသက်ကို ခွန်အားနဲ့ ပြည့်နေစေမယ်။ ကျေးဇူးတော်နဲ့
သန့်ရှင်းခြင်းမှာ ဆက်လက် ကြီးပွားစေမယ်။ နောက်ဆုံး ဒီကမ္ဘာမှ ခွါပြီး၊
ဘုန်းတော်ဝင်စားချိန် စုံလင်သည်အထိ ပြုတော်မူသမျှကို ဆင်ခြင်ကြည့်ပါ။
ဒီလိုပြုနိုင်ရုံမက ဒီထက်မကပြုတော်မူဖို့ ဘုရားသခင် တန်ခိုးကြီးပါတယ်။
တယောက်ယောက်အတွက် သင် ဆုတောင်းနေသလား။ စိတ်ပျက်မသွားနဲ့။ လက်မလျှော့နဲ့။
ထာဝရဘုရားက ကယ်တင်ဖို့ တန်ခိုးကြီးတယ်။ တန်ခိုးတော် လက်ရုံးအပေါ်မှာ
ခိုလှုံကိုးစားပါ။ ပြဿနာတွေက နှောက်ယှက်နေသလား။ မစိုးရိမ်ပါနဲ့။
ကိုယ်တော့်ကျေးဇူးဟာ သင့်အဖို့ လောက်ပါတယ်။ ကယ်တင်စပြုဖို့၊
ဆက်လက်ပြုစုဖို့၊ နောက်ဆုံးစုံလင်ခြင်းသို့ ရောက်ဖို့၊
ထာဝရဘုရားတန်ခိုးကြီးပါတယ်။ တန်ခိုးတော်ကြီးမားကြောင်း
အကောင်းဆုံးသက်သေကတော့ သင့်ကို ကယ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီထက်မက
လူအများကြီးကို ကယ်တင်ဖို့လည်း ကိုယ်တော်မှာ ကြီးမားတဲ့
တန်ခိုးတော်ရှိပါတယ်။
မေးခွန်း။ ။ ထာဝရဘုရား မတတ်နိုင်သောအရာရှိသလား။
ဆုတောင်း။ ။ အားလျော့စိတ်ပျက်ခြင်းမရှိဘဲ၊ ကိုယ်တော်ကိုကိုးစားဖို့ ယုံကြည်ခြင်းကိုတိုးပွားစေပါ အဘ။
28
ထာဝရဘုရားထံသို့ . . . အော်ဟစ်သောအခါ . .
ဆာလံ ၃။ မဿဲ ၁၄: ၂၂ - ၃၃။
"Beginning to sink, he cried, saying, Lord, save me." - Matt 14: 30.
“နစ်မြုပ်ချိန်ဟာ ဆုတောင်းချိန် ဖြစ်တယ်။”
သခင်ဘုရားရဲ့
ကျွန်တွေအတွက် နစ်မြုပ်ချိန်ဟာဆုတောင်းချိန်ပါပဲ။ ပေတရုဟာ အန္တရာယ်ခရီးကို
လှေစီးထွက်ခဲ့တယ်။ ဆုမတောင်းဘူး။ နစ်မြုပ်စပြုတော့ အန္တရာယ်က သူ့ကို
ဘုရားထံ ဆုတောင်းလာစေတယ်။ စိတ်နဲ့ကိုယ်မှာ ဝေဒနာကြံုရင် အလိုလို
ဆုတောင်းချင်လာတယ်။ အစာရှာတဲ့ မြေခွေးက ဘေးလွတ်ရာ တွင်းထဲ ပြေးဝင်တတ်သလို၊
ငှက်ကလေးတွေက တောအုပ်ထဲကို ပျံသန်းသွားတတ်တယ်။ ဒီလိုပဲ၊ ယုံကြည်သူလည်း
စုံစမ်းခြင်းခံရတဲ့အခါ ကောင်းကင်ဘုံရဲ့ ကွယ်ကာရာဌာနဖြစ်တဲ့
ကျေးဇူးတော်ပလ္လင်ရင်းကို တိုးဝင်ချဉ်းကပ်ရတယ်။
“တိုတိုဆုတောင်းတာဟာအကောင်းဆုံး ဖြစ်တယ်။”
ပေတရု
ဆုတောင်းရာမှာ စကားလုံး (၃) လုံးပဲ ပါတယ်။ ဒါပေမယ့် သူ့ကိစ္စအတွက်
လုံလောက်ပါတယ်။ ထိရောက်တဲ့ဆုတောင်းခြင်းရဲ့ လျှို့ဝှက်ချက်က ရှည်ရှည်
မတောင်းနဲ့။ ခွန်အားပါဖို့ပဲ လိုတယ်။ လိုချင်တာကိုပဲ စိတ်စွဲလန်းတာဟာ ဆု
တိုတိုတောင်းတတ်ဖို့ သင်ပေးတဲ့ဆရာဖြစ်တယ်။ ဆုတောင်းရာမှာ မာနမပါတဲ့၊
အသင့်လျော်အကောင်းမြတ်ဆုံး စကားတွေသာ ဖြစ်ရမယ်။ ဆုတောင်းရင် စကားထပ်နေတာဟာ
အလကားပဲ။ ဖွဲနဲ့ တူတယ်။ အဖိုးတန်အရာမှန်သမျှဟာ သေးငယ်တတ်တယ်။ ရှည်လျားတဲ့
ဆုတောင်းတွေကို ပေတရုတောင်းသလို (၃) - ခွန်း လောက်နဲ့ တောင်းလို့ရတယ်။
သာသနာပလူတွေလို အချည်းနှီးသောစကားနဲ့ အထပ်ထပ်တောင်းတာကို ရှောင်ပါ။
စကားများပေမယ့် ဘာမှ မရဘူး။ (မဿဲ ၆း ရ) လူမှာ အခက်ကြံုချိန်ဟာ
ဘုရားသခင်အတွက် အခွင့်သာချိန် ဖြစ်တယ်။
ကယ်ဖို့ ဆုတောင်းသံကို
သခင်ယေရှုက နားတော်နဲ့ ချက်ချင်းကြားတယ်။ နားတော်နဲ့ စိတ်နှလုံးတော်က
တွဲဖက် ညီတယ်။ လက်တော်က မနှေးဘူး။ “ထာဝရဘုရားသည် ပဌာနာပြုသောသူအပေါင်း၊
သစ္စာနှင့်တကွ ပဌာနာပြုသောသူ အပေါင်းတို့၏ အနီးအပါး၌ရှိတော်မူ၏။” (ဆာလံ
၁၄၅: ၁၈ -၁၉) ဒုက္ခမြစ်ရေတွေကြားမှာ နစ်မြုပ်လုနီးပါး ဖြစ်နေသလား။
ရုန်းကန်နေရတဲ့ အသက်တာ မုန်တိုင်းတွေကြောင့် စိတ်ညစ်နေသလား။ လောကဒဏ်ကို
အလူးအလဲ ခံစားနေရသလား။ ပြင်းထန်တဲ့ လှိုင်းနဲ့ လေတွေထံကနေ မျက်စိလွှဲပြီး၊
ဘုရားသခင်ကိုသာစေ့စေ့မြှော်ကြည့်ပါ။ ကိုယ်တော်သင့်အနီးနားမှာပဲ ရှိပါတယ်။
ကိုယ်တော် အနီးမှာ ရှိနေရင်ဘာမှမဆုံးရှုံးတော့ဘူး။ ကိုယ်တော်ကို အော်ဟစ်ရင်
အလျှင်အမြန် အဖြေပေးတယ်။ “ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။”
ဆုတောင်း။ ။အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားဆုတောင်းဖို့ရာ မစတော်မူပါ။ ထာဝရဘုရား။
29
ဂတိတော်အတိုင်း …. ပြုတော်မူပါ။
၂ရာ ရး ၁၈ -၂၉။ ၂ကော ၁: ၂၀ - ၂၂။
"Do as thou hast said." 2 Sam 7: 25.
ဘုရားဂတိတော်မှန်သမျှဟာ
စက္ကူစုတ်လို လွင့်ပစ်လိုက်ရတယ်လို့ မရှိဘူး။ သုံးစေချင်လို့ ပေးထားတာပါ။
ဘုရားရဲ့ရွှေဆိုတာ ကပ်စေးနဲ့တဲ့လူရဲ့ အိပ်ကပ်ထဲက ပိုက်ဆံလို မဟုတ်ဘူး။
လူတွေသုံးဖို့ သွန်းလောင်းတဲ့ ဒင်္ဂါးပြားပါ၊ ဂတိတော်ပေးဟာ
ကောင်းကြီးခံစားရဖို့ပါ။ ဂတိတော်တွေကို ထောက်ပြပြောလာတာလောက် ဘုရားသခင်
နှစ်သက်တဲ့ တခြားအရာ မရှိပါဘူး။ သားသမီးတွေက “အို၊ ထာဝရဘုရား
မိန့်တော်မူသည့်အတိုင်း ပြုတော်မူပါ။” လို့ ပြောတာကို ဘုရားသခင်
ကြားချင်တယ်။ ဂတိတော်ကို တောင်းခံတာဟာ ဘုရားဘုန်းတော် ထင်ရှားစေတာ ဖြစ်တယ်။
ဂတိတော်အတိုင်း
ကောင်းကြီး မပေးနိုင်အောင် ဘုရားသခင် ဆင်းရဲတယ်လို့ ထင်နေသလား။ ဒါမှမဟုတ်
သန့်ရှင်းခြင်းတွေ သက်ရောက်လာဖို့ ဘုရားသခင်မှာ သန့်ရှင်းခြင်း နဲနေတယ်လို့
ထင်သလား။ ဒါမှမဟုတ် သင့်အပြစ်များ ဆေးကြောဖို့ စင်ကြယ်ခြင်း နဲနေတယ်လို့
ထင်နေသလား။ ဒီလို မဖြစ်နိုင်ပါဘူး။ မိန့်တော်မူတာက . . . “လာကြ၊
တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း၊
မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ့်မည်။” (ဟေရှာ ၁: ၁၈) နှုတ်ကပတ်တော်ကို
ကိုင်စွဲပါ။ ကိုယ်တော်ဟာ သစ္စာနဲ့ ပြည့်စုံတယ်။ ဟုတ်မှန်တော်မူတယ်။
ခွင့်လွှတ်ခြင်းဂတိတော်ကို
ယုံကြည်စွာ ကိုင်စွဲပါ။ ကျေးဇူးတော်ပလ္လင်ရင်းကို တိုးဝင်ချဉ်းကပ်ပြီး၊
“ကို်ယ်တော့် ဂတိတော်ရှိပါတယ်။ ဂတိတော်အတိုင်း ပြုတော်မူပါ။” လို့
ဆုတောင်းရင်၊ ဘုရားသခင် နှစ်သက်ပါတယ်။ ဂတိတော်တွေကို ပစ်ပယ်ရင် (သို့)
သံသယဖြစ်ရင် ဘုရားကို ကဲ့ရဲ့တာပဲ။ ဒါပေမယ့် ကျေးဇူးတော်ပလ္လင်ရင်းကို အမြန်
ချဉ်းကပ်ပြီးတော့ . . . “အို၊ ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏
ဂတိတော်ကို ခံထိုက်သောသူ မဟုတ်ပါ။ သို့သော်လည်း ကိုယ်တော်သည်
ထိုသို့မိန့်တော်မူပါပြီ။” လို့ ဆုတောင်းရင် လိုတာတွေကို
ပေးသနားပါလိမ့်မယ်။
ဘုရားသခင်ဟာ ဘဏ်သူဌေးတဦးလိုပါပဲ။ ဘဏ်ချက်လက်မှတ်တွေ
လက်ခံရတာ၊ ထုတ်ပေးရတာ ပျော်တယ်။ ချက်လက်မှတ်နဲ့ ငွေထုတ်သလို၊ ကိုယ်တော်ထံမှ
ဆုထုတ်ယူကြစို့။
ဂတိတော်က မှိုမတက်ဘူး။ သံချေး မတက်ဘူး။ ဂတိတော်ကို
ဆွဲထုတ်။ ရဲရဲဝံ့ဝံ့ တောင်း။ ဒါက ဘုရားသခင်အတွက် ပြသနာ မဟုတ်ဘူး။
တောင်းလိုက်စမ်းပါ။ ပေးချင်နေတာ။ တောင်းတာထက်ကို ပေးချင်နေတာ။
နေက
အလင်းပေးရလို့ ပင်ပန်းမသွားဘူး။ စမ်းချောင်းကလည်း စီးဆင်းရလို့ မမောဘူး။
ဒီလိုပဲ၊ ဘုရားသခင်ကလည်း ဂတိအတိုင်း ပေးသနားရလို့ မမောပန်းပါဘူး။ ကဲ-
ပလ္လင်တော်နားချဉ်းကပ်ပြီး "ဂတိတော်အတိုင်း ပေးသနားတော်မူပါ" လို့
ဆုတောင်းလိုက်စမ်းပါ။
30
အကျွန်ုပ်မူကား ပဌာနာပြုလျှက်နေပါ၏။
ဆာလံ ၁၀၉: ၁ - ၄။ ၂၁ - ၃၁။ မဿဲ ရ: ရ - ၁၁။
“But I give myself unto prayer.” – Psalms. 109: 4.
လိမ်ညာတဲ့
လျှာတွေက ဒါဝိဒ်ကို သိက္ခါ ချဖို့ အလုပ်ရှုပ်နေကြပေမယ့်၊ ဒါဝိဒ်က
ကိုယ်ကိုကိုယ် မကာကွယ်ဘူး။ ပိုမြင့်တဲ့ အထက်ရုံးတော်ကိုပဲ အမှုတွဲတင်တယ်။
ဘုရင်မင်းမြတ်ထံ အသနားခံတယ်။ ရန်သူရဲ့ အမုန်စကားကို အကောင်းဆုံး
တုန့်ပြန်နည်းက ဆုတောင်းခြင်း ဖြစ်တယ်။ ဆာလံဆရာဒါဝိဒ်က
စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ဆုတောင်းတယ်။
ဧသောထံ ပြန်လာတဲ့ ယာကုပ်လိုပဲ ဆုတောင်းခြင်းမှာ လုံးထွေးနေခဲ့တယ်။
ဒါကြောင့် ကျွန်တော်တို့လည်း ကျေးဇူးတော် ပလ္လင်ရင်းမှာ
ဆုတောင်းနေသင့်ပါတယ်။
သတိပြုဖို့က - ဆုတောင်းချက် အများစုက အကျိုး
မရကြဘူး။ ဘာကြောင့်လဲ။ ကိုယ့်အတွက် မပါလို့ပါ။ အရိပ်ဆိုတာ
ဝတ္ထုစစ်မဟုတ်လို့၊ အစွမ်းမရှိဘူး။ ကိုယ့်အတွက်မပါပဲ ဆုတောင်းရင်
ဘာအကျိုးမှ မရှိဘူး။ ဆုတောင်းတာတွေကို ပြန်လည် ဆန်းစစ်ကြစို့။
ဆုတောင်းတဲ့အခါ စိတ်နှလုံးကြေကွဲစွာ၊ စိတ်ထက်သန်စွာ၊ ဆန္ဒပြင်းပြစွာ၊
မေတ္တာစိတ်ထားနဲ့၊ သခင်ဘုရားထံမှာ တောင်းလေ့ရှိသလား။
ကောင်းကင်တံခါးတွေကို
မီးစွဲစေမယ့် အမြောက်လို ပြင်းပြတဲ့ ဆုတောင်းခြင်းဟာ
ကောင်းကင်တံခါးတွေကို် အမြန်ပွင့်စေလိမ့်မယ်။ ဆုတောင်းတဲ့အခါ မကြာခဏ
စိတ်ပျံ့လွင့်တတ်တယ်။ အတွေးလွန်တတ်သလို၊ အဓိက အချက်ကိုလည်း
စိတ်မစွဲလန်းတတ်ဘူး။ စိတ်နှလုံးက ပြဒါးလို စီးဆင်း လှည့်ပတ်နေတတ်တယ်။
ကောင်းကင်တံခါးကို ချိန်ရွယ်မယ့် အမြောက်လို ညီညွတ်မှုတန်ခိုးလည်း မရှိဘူး။
ရည်ရွယ်ချက် ပျောက်နေတတ်တယ်။ အကျိုးမခံစားရဘူးဆိုရင် ဆုတောင်းတာ
အလကားပေါ့။ ဘုရားသခင်ကိုလည်း စိတ်နာစေတယ်။
ဆုတောင်း
ပဌာနာပြုလျှက်နေခြင်း ဆိုတာက အဆက်မပြတ် စွဲစွဲမြဲမြဲ ဆုတောင်းခြင်းကို
ဆိုလိုတယ်။ ဒါဝိဒ် ဆုတောင်းရင် တခါတည်း အော်ပြီး၊ လက်လျှော့သွားတာမျိုး
မဟုတ်ဘူး။ ကောင်းကြီး မရမချင်း အော်ဟစ် တောင်းဆို နေတယ်။ တာဝန်အရ
ထုံးစံသဘောမျိုး မတောင်းသင့်ဘူး။ စိတ်အားကြီးစွာ နေ့တိုင်း လေးလေးနက်နက်
တောင်းရမယ်။ ပလ္လင်တော်ရဲ့ သန့်ရှင်းတဲ့အရပ်ကို စိတ်စွဲလန်းပြီး၊
အားမလျှော့ဘဲ ဆုတောင်းကြပါစို့။ ဆုတောင်းတတ်အောင် သွန်သင်ပေးတော်မူပါ။ အို
ထာဝရဘုရား။
ဆင်ခြင်ရန်။ ။ အာရုံမစိုက်ဘဲ ဆုတောင်းတာဟာ
လက်ထဲမှာ အရုပ်တရုပ်ကိုင်ကာ ကစားနေတဲ့ ရှင်ဘုရင်ရှေ့မှာ အသနားခံနေတာနဲ့
တူပါတယ်။
31
. . . ငါ့ကို မစတော်မူသည်ဖြစ်၍. . .
ဟေရှာ ၄၁: ၁ - ၁၄။ ဟေဗြဲ ၁၃: ၁ - ၈။
“I will help thee, saith the Lord.” – Isa. 41: 14.
စိတ်ချမှုဖြစ်စေမယ့်
ကျေးဇူးတော်နဲ့ ကြွယ်ဝတဲ့ စကားတော်တွေ ထာဝရဘုရားထံမှာ အများကြီး ရှိပါတယ်။
ငါ မ, စမယ် လို့ မိန့်တော်မူတယ်။ ဘယ်လို ပြဿနာတွေ ကြံုနေရသလဲ။ ထာဝရဘုရား
မတတ်နိုင်တဲ့အရာ ရှိသလား။ ဘုရားသခင် ပြုတော်မူသမျှကို ဆင်ခြင်ကြည့်ရင်. . .
မိန့်တော်မူသံကို ဒီလို ကြားရလိမ့်မယ်။ “ငါဟာ သင်တို့ကို ငါ့အသွေးနဲ့
ဝယ်ပြီးတော့၊ သင်တို့အတွက် ဘာကြောင့် ငါ အသေခံခဲ့သလဲ။ ကြီးတဲ့အမှုကို
ငါပြုခဲ့တာ မှန်ရင်၊ ငယ်တဲ့အမှုကို မပြုဘဲနေမလား။” ရှင်ပေါလုက-
“မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလို့ငှါ
စွန့်တော်မူသောသူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို
ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။” (ရောမ ၈: ၃၂) မ,မစဘဲ
ကိုယ်တော်မနေပါ။
မစတော်မူခြင်းဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းကြီးမားတဲ့
စိတ်နှလုံးတော်မှ လာတယ်။ ကျွန်တော်တို့ကို ဤကမ္ဘာမတည်မရှိမှီတည်းက
ရွေးကောက်တော်မူတယ်။ ပဋ္ဋိညာဉ်ထဲမှာ ကျွန်တော်တို့ကို ထည့်သွင်းခဲ့တယ်။
သားတော်မြတ်ကလည်း ဘုန်းအသရေကို စွန့်ပြီး၊ ကျွန်တော်တို့အတွက် လူဇာတိကို
ခံယူတယ်။ ကျွန်တော်တို့အတွက် ကာရာနီမှာ အသက်စွန့်တယ်။ ဒါဆိုရင််၊ အခုပဲ
ကျွန်တော်တို့ကို ကိုယ်တော် မ,စတော်မူလိမ့်မယ်။ ကိစ္စတခုတည်း အတွက်ပင်
အကြိမ် အထောင်အသောင်းလောက် မ,စဖို့ လိုနေရင်လည်း ကိုယ်တော်မငြင်းဘူး။
လိုတဲ့အရာဟာ ကိုယ်တော် ပေးမယ့်အရာနဲ့ နှိုင်းရင် ဘာမှမဟုတ်ဘူး။ ကိုယ်တော်
မတတ်နိုင်တဲ့အရာ မရှိဘူး။ ယုံကြည်ခြင်း အားနည်းတဲ့သူ၊ မစိုးရိမ်ပါနဲ့။
သံသယဖြစ်လာတိုင်း၊ “သင့်ကို ငါ မ, စမည်” ဆိုတဲ့ ဂတိတော်ကို သတိရ
အောက်မေ့ပါ။ ဂတိတော်ဟာ ဘယ်အခါမှ အချည်းနှီး ဖြစ်မသွားဘူး။
နောက်ဆုံးအနေနဲ့-
မ,စ ကူမတဲ့ သခင်အကြောင်းကို ဆင်ခြင်ကြစို့။ “သင့်ကိုပြုစုစေခြင်းငှါ၊
ဘုန်းအာနုဘော်တော် နှင့် ပြည့်စုံလျှက်၊ မိုဃ်းကောင်းကင်ကို စီးတော်မူသော
ယေရှုရုန်အမျိုး၏ ဘုရားသခင်နှင့် တူသောသူမရှိ။ ရှေးဦးစွာသော ဘုရားသခင်သည်
သင်ခိုလုံရာဖြစ်၍၊ နိစ္စထာဝရလက်ရုံးတော်ဖြင့် သင့်ကို ထောက်မတော်မူ၏။”
(တရားဟော ၃၃: ၂၆ - ၂၇) ကဲ - လုံလောက်ပြီလား။ ကောင်းကင်တကာတို့ရဲ့
အထွဋ္ဋ်မှာ စိုးစံနေတဲ့ ထာဝရဘုရားသခင်ရဲ့ အနန္တ တန်ခိုးတော်ထက် ပိုကြီးတဲ့
ခွန်အားကို လိုချင်နေသေးသလား။ “ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူသော
ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင်အောင်
ဖန်ဆင်းတော်မူသော အရှင် ဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း၊
ပင်ပန်းတော်မူခြင်းမရှိ။ စစ်၍မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံတော်မူကြောင်း
ကို၎င်း၊ သင်သည် မသိမကြားဘူးသလော။” (ဟေရှာ ၄၀: ၂၈) အဲဒီ ဘုရားသခင်က
“သင့်ကိုငါမစမည်” လို့ မိန့်တော်မူတာကြောင့် ယုံကြည်ခြင်းနဲ့ “ထာဝရဘုရားသည်
ငါ့ကိုမစတော်မူသည်။” လို့ တုန့်ပြန်ကြပါစို့။
မေးခွန်း။ ။ထာဝရဘုရား မတတ်နိုင်သောအမှု တစုံတခုရှိသလော။ (ကမ္ဘာ ၁၈: ၁၄)
32
ခရစ်တော်သာ အသေခံပေးခဲ့သူ
ဒံယေလ ၉: ၂၅ - ၂၇။ ရောမ ၅: ၈ - ၁၂၊ ၁၉ - ၂၁။
“The Messiah shall be cut off, but not for himself.” – Dan. 9: 26.
“ထိုသခင်မှတပါး
အဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး
ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက်လူတို့တွင်
မပေါ်မရှိ။” (တမန် ၄: ၁၁ -၁၂) ထိုသခင်၏ နာမတော်သည် မင်္ဂလာရှိစေသတည်း။
ထိုသခင်မှာ
ဗီဇအပြစ် မရှိဘူး။ ညစ်စွန်းတဲ့ ဒုစရိုက်ကိုလည်း မပြု။ ကိုယ်တော်မှာ အပြစ်
လုံးဝမရှိ။ ဒါကြောင့် သေခြင်းတရားက ကိုယ်တော်ကို အစိုးမရနိုင်ဘူး။
ကိုယ်တော့်အသက်ကို ဘယ်သူမှ တရားသဖြင့် ယူမရနိုင်သလို၊ အဓမ္မ
အနိုင်အထက်ပြုပြီး မသတ်နိုင်ဘူး။ ကောင်းသောသိုးထိန်းက . . .
“ကိုယ်အလိုအလျောက် ငါစွန့်၏။” လို့ မိန့်တော်မူတယ်။ “ကိုယ်အသက်ကို
စွန့်ခြင်း မေတ္တာထက် သာ၍ ကြီးမြတ်သောမေတ္တာသည် (ခရစ်တော်မှတပါး) အဘယ်သူ၌
မျှမရှိ။” (ယော ၁၅: ၁၃)
ဘုရားသခင်က ကျွန်တော်တို့ရဲ့
အပြစ်ဖြေစရာအကြောင်းဖြစ်စေဖို့၊ သားတော်ကို စေလွှတ်ခဲ့တယ်။ (၁ယော၄: ၁၀)
အဲဒီမှာ တခါတည်းနဲ့ အပြီး အပြစ်ဖြေပေးခြင်း (atonement) ဆိုတဲ့
ဘုရားသခင်ရဲ့ မေတ္တာတော်ကို မြင်တွေ့ရတယ်။ အပြစ်ပြုသူက - လူ၊
ဝေဒနာခံစားရသူက - ဖန်ဆင်းရှင်ဘုရား။ တရားတော်ကိုလည်း ကျွန်တော်တို့
လွန်ကျူးတယ်။ ဒါပေမယ့် ဝမ်းသာစရာအကြောင်းကို ခရစ်တော်၌ တွေ့ရတယ်။
ကျွန်တော်တို့ အပြစ်တွေကို ဖယ်ရှားဖို့အတွက် မျက်ရည် စီးကြောင်းတွေက
မတိုက်စားနိုင်ဘူး။ တောင်ပုံရာပုံ အလှူငွေတွေကလည်း မကွယ်ကာနိုင်ဘူး။
သခင်ယေရှုရဲ့ အသွေးတော်မှတပါး ဘယ်အရာကမှ ဖြေလွှတ်မပေးနိုင်ဘူး။
ကာရာနီမှာ
အပြစ်တွေကို တခါတည်း သယ်ဆောင်သွားရလို့၊ အမျက်တော် သက်ရောက်ကာ ချက်ချင်း
စွန့်ပစ်ခံခဲ့ရတယ်။ လူအတွက် ဘုရားက တခါတည်း အပြီးအပိုင် အသေခံပေးတယ်။
လူစားထိုးပေးတဲ့ ဘုရားသခင်ရဲ့ ဉာဏ်တော်ကို အံ့ဘွယ် တွေ့မြင်ရတယ်။
ဘုရားသခင်ရှေ့တော်မှာ ကုသိုလ်ရအောင်လုပ်တဲ့ လူ့နည်းလမ်းတွေ မလိုတော့ဘူး။
ကိုယ်ကိုကိုယ် အပြစ်ဒဏ်ပေးဖို့၊ စိတ်နောင်ကြဉ်အောင် ဆုံးမဖို့၊
ဘုရားဖူးသွားဖို့တို့ မလိုတော့ဘူး။ ကျွန်တော်တို့ရဲ့ အပြစ်ကြွေးရှိသမျှကို
ဘုရားသခင်ရဲ့ သိုးသငယ်က အကြေအလည် ပေးဆပ်ပြီးပါပြီ။ ကားတိုင်ထက်မှာ
ကိုယ်တော် ပြောခဲ့တဲ့စကားက . . . . အ - မှု - ပြီး - ပြီ ။
ချစ်သောစာရှုသူ၊
သင့်ကိုယ်စား အသွေးသွန်းလောင်းခဲ့တဲ့ ကယ်တင်ရှင်ကို မြင်ပြီလား။ သင့်အပြစ်
တခုစီတိုင်းကို သင့်ကိုယ်စား သယ်ဆောင်သွားတဲ့ ဘုရားသခင်ရဲ့ သားတော်ရင်းကို
မြော်ကြည့်ပါ။ တခြားတယောက်ကို မဟုတ်ဘူး။ ယဇ်ပုရောဟိတ်ကို မဟုတ်ဘူး။
သင်းအုပ်ဆရာကို မဟုတ်ဘူး။ မာရိကိုလည်း မဟုတ်ဘူး။ ရုပ်ထု လှလှကလေးတွေ
ကိုလည်း မဟုတ်ဘူး။ ကိုယ်တော်ကိုသာ မြော်ကြည့်ပါ။ သခင်ယေရှုကိုသာ
မြှော်ကြည့်ပါ။ သင့်အတွက် ဘယ်သူမှ အသေမခံခဲ့ဘူး။ ကိုယ်တော်သာ သင့်အတွက်
အသေခံခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ကြီးမြတ်တဲ့ ဘုရားသခင်
ယေရှုခရစ်သာ အသေခံခဲ့တယ်။
ဘုရားသခင်၏ခေါ်ဖိတ်သံ . . .
“မြေကြီးစွန်းသားအပေါင်းတို့၊
ငါ့ကို မြှော်ကြည့်၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည်
ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသောဘုရားမရှိ။” (ဟေရှာယ ၄၅: ၂၂)။