Wednesday, November 3, 2021

Samo Pu Lay "လူတမျိုး ရှိသေး၏။"

ဆမို ပုလေး

Samo Pu Lay, Daw Kyaing, son & daughter
Samo Pu Lay & his wife, Daw Kyaing
Asho Chin Bible School

Samo Pu Lay's daughter, Daw Aye Kyaing

ဒီခေါင်းစဉ်ရဲ့ အိုင်ဒိယာကို "There is a river." ဆိုတဲ့ ကျမ်းစာပိုဒ်မှ ရပါတယ်။
"သမုဒ္ဒရာရေသည် ဟုန်းဟုန်းမြည်၍ မွှေနှောက်ပါလေစေ။ လှိုင်းတံပိုးထသဖြင့်၊ တောင်များ တုန်လှုပ်ပါလေစေ။
မြစ်တမြစ် ရှိသေး၏။ ထိုမြစ်ရေသည် စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်းစေတတ်၏။" - ဆာလံ ၄၆: ၃-၄
ရေဟာ အစုအဝေးကြီးလာရင် ပင်လယ်၊ သမုဒ္ဒရာလို ဖြစ်ပြီး အားကြီးလာ၊ ဒုက္ခပေးလာနိုင်တယ်။ ရေသိပ်မများတဲ့ စမ်းချောင်းကတော့ စီးဆင်းရာ အရပ်ကို အကျိုး ပြုတယ်။ လူလည်း ဒီလိုပါပဲ။
လူအုပ်စုကြီးမားပြီး၊ လူညီလာရင် အကျိုးမရှိတာတွေ လုပ်မိတတ်တယ်။ လူနည်းပေမယ့် အကျိုးရှိတာတွေကို လုပ်သူတချို့လည်း ရှိတယ်။ အဲလိုလူနည်းစုတွေထဲက လူတယောက်အကြောင်း ပြောပြချင်တယ်။
"ဆမို ပုလေး"
ဦးပိုလေးနဲ့ ဒေါ်ပပွိုင်တို့ရဲ့ စတုတ္ထမြောက်သား ဖြစ်ပြီး၊ တောင်တွင်းကြီး၊ နှစ်ကျပ်ခွဲရွာ ဇာတိ၊ ၁၉၁၃ မှာ မွေးဖွါးတယ်။ အဖ ဦးပိုလေးက အရှိုရိုးရာ ပဆန်းဆရာကြီး (ယဇ်ပရောဟိတ်၊ ယဇ်ပူဇော်ပေးရသူ) ဖြစ်တယ်။ ဒါပေမယ့် သင်းအုပ်ဆရာ ဦးထွန်း (မြန်မာ) နဲ့ တွေ့တဲ့အခါ ခရစ်ယာန်တွေကို စိတ်ဝင်စားသွားတယ်။ သူက စိတ်ထား​ကို ကြိုက်တာ။ ခရစ်ယာန်တွေက ပိုက်ဆံ၊ လက်ကိုင်ပဝါ ကောက်တွေ့တာကို ပိုင်ရှင်ရှာ၊ ကြေညာပြီး ပြန်ပေးနေတာ တွေ့တယ်။ ရွာမှာဆိုရင် ပွဲလန်းသဘင်မှာ ဖိနပ် သိပ်ပျောက်တာ လို့ တွေးမိတယ်။
အဲဒီနောက်တော့ ဆရာဦးထွန်းကို ဖိတ်ပြီး ကျမ်းစာသင်၊ ဆုတောင်းပေးပါ၊ သားတွေကိုလည်း ဘိန်းဖြတ်ပေးပါ လို့ တောင်းဆိုတယ်။ သားတွေက ဆိုးတယ်။ တဝမ်းကွဲ ညီအကိုတွေနဲ့ ပေါင်းပြီး လူမိုက်အုပ်စုဖွဲ့၊ ရွာနားတဝိုက် ပွဲလန်းသဘင် ရှိရင် ပုလိပ် ခေါ်စရာ မလို၊ သူတို့ပဲ ပွဲထိန်းကြတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ အရက်၊ ဘိန်း ပြတ်သွားကြတယ်။
အရက် မသောက်၊ ဘိန်းမစားတတ်သေးတဲ့ အငယ်ဆုံးသား နှစ်ယောက် ပုလေးနဲ့ ဗက်အိတို့ကို ကျွဲလှည်းနဲ့ ဆင်ပေါင်ဝဲအထိ ပို့၊ အဲဒီက တဆင့် သင်္ဘောစောင့်စီးပြီး သရက် မြို့ American Baptist Mission school ကို ပို့တယ်။
အဲဒီကျောင်းဟာ တောအရပ်က ကျောင်းမို့ တောကျောင်းလို့လည်း ခေါ်တယ်။ အဲဒီတုန်းက အမေရိကန် နှစ်ခြင်း ဆရာတွေက စွန့်လွှတ် အနစ်နာခံပြီး မဖွံ့ဖြိုး မတိုးတက်တဲ့ တောအရပ်မှာ စာလာသင်ပေးခဲ့တယ်။
ဟိုခေတ်ကတော့ အသိအမြင် နည်းပါးတော့ အများစုက အမေရိကန်တွေ၊ အင်္ဂလိပ်တွေ၊ ပြင်သစ်တွေ မခွဲတတ်ဘူး။ အသားဖြူရင် "ဘို" လို့ပဲ ခေါ်ကြတော့တယ်။ ဒါကြောင့် 3 Ms (စစ်ရေး၊ စီးပွါးရေး၊ ဘာသာရေး) နဲ့ နယ်ချဲ့တယ် ဆိုပြီး အကုန် ရောထွေး စွပ်စွဲကြတယ်။
တကယ်တော့ တောသားလေးတွေဟာ ABM ကျောင်းမှာ အမေရိကန်ဆရာနဲ့ စာသင်ရတဲ့ ထူးခြားတဲ့ အခွင့်အရေးကြီးကို ရခဲ့ကြတယ်။ (အခုခေတ်မှာပင် အမေရိကန်ဆရာနဲ့ စာသင်ဖို့ ဆိုတာ လွယ်တာမဟုတ်။ ကိုယ်တိုင် ကြိုးစားမှ၊ တော်မှ။ အမေရိကားမှာ အဆက်အသွယ်၊ အမျိုးအဆွေ ရှိမှ။ ပိုက်ဆံလည်း တတ်နိုင်ဦးမှ။) ဟိုခေတ် ABM ကျောင်းကတော့ ရွာက ဆန်ပါလာရုံနဲ့ အဆင်ပြေတယ်။ တချို့မတတ်နိုင်ရင်လည်း ပေးစရာ မလိုဘူး။ (သရက် မြို့ရဲ့ စိန့်မေရီဆိုတဲ့ RC ကျောင်းလည်း ဒီလိုပါပဲ။)
အဲဒီခေတ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတချို့က နိုင်ငံရေးကို ခရေဇီဖြစ်နေပေမယ့် ကိုပုလေးတို့က နိုင်ငံရေးထက် ကိုယ့်လူမျိုးကို ပညာတတ်ပြီး တိုးတက်စေချင်တဲ့ စိတ်က ပြင်းပြနေတယ်။
အဲဒီခေတ်လူငယ် နိုင်ငံရေးခေါင်းဆောင်တချို့ အင်္ဂလိပ်လို ပြောတဲ့ မိန့်ခွန်းတွေဟာ အင်ဒီးယား အသံဝဲပြီး၊ ကျက်ထားတာကို ​ပြန်ရွတ်သလား မှတ်ရတယ်။ ABM ကျောင်းသားတွေရဲ့ အင်္ဂလိပ် စကားပြော လေယူ လေသိမ်းကတော့ အမေရိကန် ဆန်တယ်။ လူမမြင်ရရင် အမေရိကန်လို့ ထင်ရတယ်။
နိုင်ငံရေးလုပ်တဲ့ လူငယ်တွေက စိတ်အားကြီးပေမယ့် အဲဒီခေတ်ရဲ့ နိုင်ငံတကာ အခင်းအကျင်းကို သိပ်သိပုံ မရဘူး။ တတိုက်တည်းနေ အာရှသား ဂျပန်တပ်ကို ခေါ်လာတဲ့အခါ ပြည်သူလူထု အကြီးအကျယ် ဒုက္ခရောက်ရတယ်။ ကျောင်းတွေ ပိတ်ခဲ့ရတယ်။ ပညာသင်ချင်၊ တိုးတက်ချင်တဲ့ လူငယ်တွေအတွက် အဲဒီခေတ် နိုင်ငံရေးဟာ အနှောက်အယှက် သက်သက်ပါ။ ABM ကျောင်းပိတ်ချိန်မှာ ကျောင်းကို လွမ်းတဲ့အ​ကြောင်း သီချင်းတပုဒ်ကို ဆမိုပုလေး ရေးခဲ့တယ်။ "အို၊ အရှို ကျုန်လှဲင် ဟို" -( အို၊ အရှိုကျောင်းကြီးရယ် လွမ်းမိတယ်) သီချင်းဟာ သရက် မြို့ အရှို ABM ကျောင်းသားတိုင်းနဲ့ သူတို့ရဲ့ သားမြေးမြစ်များအတွက် မျက်ရည်ဝဲစရာ ဖြစ်တယ်။ တန်ဖိုးထားစရာ သမိုင်းဖြစ်ရပ်တွေကို ပြန်အောက် မေ့စရာ ဖြစ်တယ်။ ဂျပန်ခေတ်မှာ ပုံနှိပ်ပြီးစ အရှို ဓမ္မသီချင်း စာအုပ်တွေကို ဗုံးဒဏ်၊ မီးဘေးဒဏ် မသင့်ခင် ဆမိုပုလေးနဲ့ ဆမိုညီလေးက ရန်ကုန်မှာ သွားယူပြီး အရှိုရွာတွေကို ဖြန့်ဝေပေးချိန်မှာ ဒီသီချင်းကို ရေးခဲ့ပုံရတယ်။
ABM ကျောင်းသားတွေဟာ အင်္ဂလိပ်စာကောင်းတော့ ၇ တန်း၊ ၈ တန်း၊ ၉ တန်း ဆိုရင်ပဲ အလုပ်အကိုင် ကောင်းကောင်းရကြတယ်။ အများစုက လစာကောင်းတဲ့ အစိုးရအလုပ်ကို လုပ်ကြပေမယ့် ဆမိုပုလေးက လစာမကောင်းတဲ့ တရားဟောဆရာ အလုပ်ကို ရွေးချယ်တယ်။
ဆရာဦးထွန်းရဲ့သမီးဖြစ်သူ ဒေါ်ကြိုင်နဲ့ အိမ်ထောင်ကျတယ်။
ဆမိုပုလေးက သနားတတ်တယ်။ တောရွာတွေကို သွားရာက ပြန်လာရင် ဇနီးသည်က သူ့ထည့်ပေးလိုက်တဲ့ အဝတ်အစားတွေ ပြန်စစ်တယ်။ မတွေ့လို့ မေးရင်၊ "မမ မမေးနဲ့တော့။ မရှိတဲ့သူတွေကို ပေးလိုက်ပြီ။" ဖြေတတ်တယ်။
သားသမီး မထွန်းကားပေမယ့် နှစ်ယောက်လုံးက သနားတတ်တော့ မွေးစား သားသမီးတွေ ရှိတယ်။ သားအငယ်က တရုတ်နွယ်ဖွါး။ ဦးပုလေးနဲ့ ဒေါ်ကြိုင်တို့ရဲ့ သားဆိုတော့ "ကို လေးကြိုင်" လို့ မှည့်ကြတယ်။ နာမည်လေးမှာ နွေးထွေးမှုကို တွေ့နိုင်တယ်။ သမီးအကြီးက မအေးကြိုင်။ သူက အင်ဒီးယား နွယ်ဖွါး။ မောင်နှမ နှစ်ယောက် မှန်ကြည့်ကြတော့ "နင်နဲ့ ငါနဲ့ မောင်နှမသာ ဆိုတယ်။ ဘာတခုမှ မတူပါလား" လို့ ပြောမိကြတဲ့ အထိ ဆမိုပုလေးရဲ့ မေတ္တာတရားဟာ အံဩစရာပါ။
သမီးကြီးက ချင်းထမီလေး ဝတ်တော့ အဖေက ကြည်နူးတယ်။ သမီးတော်ကြောင်း ဂုဏ်ယူစွာနဲ့ ပြောမိတယ်။ "အရှိုတွေက ကြက်ဆင်ကို ကြက်ဆင်လို့ပဲ ခေါ်နေကြတယ်။ ငါ့သမီးကမှ အာမွီ လို့ ခေါ်တတ်သေးတယ်" တဲ့။ အရှိုမှာ ကြက်က "အာ"၊ ဆင်က "မွီ"။ ကြက်ဆင်အတွက် မရှိခဲ့ဘူး။ သူ့စကားဟာ လူအများ ကဲ့ရဲ့စရာ ဖြစ်ခဲ့တယ်။ ဟာသ ဖြစ်ခဲ့တယ်။ သာမန်အားဖြင့် မိဘက သားသမီးအတွက် ဂုဏ်ယူရင် အပြစ်မတင်ကြပေမယ့် မွေးစားအဖေ ဆိုတော့ ကဲတယ် လို့ မြင်ကြတယ်။
တကယ်တော့ အရောင် မတူပေမယ့်လည်း သမီးအရင်းလို ချစ်ခဲ့တဲ့ အဖေတယောက်ရဲ့ မေတ္တာ လယ်ဗယ်ကို မမှီကြတာပါ။ ချစ်ခြင်း မေတ္တာ ဆိုတာ အတန်းပညာလို တဆင့်ချင်း သင်ယူရတာမျိုးပါ။ ဆမို ပုလေးဟာ အသားအရောင် မခွဲခြားဘဲ ချစ်တတ်ခဲ့တယ်။
မွေးစားတဲ့ သားသမီးတွေအပြင် သူ့ဘက် ကိုယ့်ဘက် အမျိုးထဲက ကျောင်းထားပေးတဲ့ သားသမီးတွေပါ ပေါင်းရင် ၁၈ ယောက် ရှိတယ်။ လူမျိုးက စုံတယ်။ အရှို၊ မြန်မာ၊ တရုတ်၊ အင်ဒီးယား၊ ဂျပန် အစုံ ပါပဲ။ ၅ ပင်အိမ်ကြီးမှာ မိသားစုကြီး တခုလို နေကြတယ်။ မစားရ၊ မဝတ်ရ၊ ပညာမသင်ရ ဆိုတဲ့ စကားကို နှစ်ယောက်လုံးက မကြားနိုင်ကြ။ ကူချင်၊ ကယ်ချင်တယ်။ ကိုယ်က ချမ်းသာတာ မဟုတ်ဘဲ ကူချင် ကယ်ချင်လွန်းတော့ လင်မယား စကားများကြရတယ်။ စကားများရပြီဆိုရင် တခြားပြဿနာ မဟုတ်ပါ။ ကူချင်ကယ်ချင်တဲ့ ပြဿနာပါ။
တရားဟောဆရာလုပ်တော့ ဆမို ညီလေးနဲ့ အတွဲညီကြတယ်။ အလုပ်အစည်းအဝေးတွေမှာ ဘာမှဝင်မပြောတဲ့ အရှိုတွေကို အားမရကြဘူး။ ကိုယ့်အမြင်ကို ရဲရဲဝံ့ဝံ့ ပြောစေချင်ကြတယ်။ တနေ့ အလုပ်စည်းဝေးမှာ ဆမိုပုလေးနဲ့ ဆမိုညီလေး သဘောထား ကွဲပြီး အကြီးအကျယ် အခြေအတင် စကားများတယ်။ လူတွေ လန့်ကြတယ်။ "ဒီလောက်ခင်တဲ့ ဆရာနှစ်ယောက် ဒီနေ့တော့ ကွဲပြီ" လို့ ထင်ကြတယ်။ စည်းဝေးအပြီး ခန်းမထဲကနေ တယောက်ပုခုံး၊ တယောက်ဖက်ပြီး ထွက်သွားတဲ့ ဆမိုပုလေးနဲ့ ဆမိုညီလေး အတွဲကိုကြည့်ပြီး အံ့ဩကျန်ခဲ့ကြရတယ်။ သဘောထား မတူပေမယ့် အခင်အမင် မပျက် ချစ်တတ်အောင် လက်တွေ့သင်ပေးခဲ့ကြတယ်။ သူတို့က သဘောထား ကွဲလွဲခွင့်ပေးနိုင်တဲ့ မေတ္တာလယ်ဗယ်အထိ ချစ်တတ်ခဲ့ကြတယ်။
ဆမိုပုလေးက ပျော်ပျော်နေတတ်တယ်။ ရယ်စရာလေးတွေ ပြောတတ်တယ်။ သူပြောတဲ့ ရယ်စရာ စကားတွေကြောင့် လူတွေ ပေါ့ပေါ့ပါးပါး ဖြစ်ရတယ်။ တနေ့ ရွာတရွာကို အသွား၊ လမ်းမှာ လှည်းချင်း ဆုံနေတယ်။ ဆမိုပုလေးက "ဗျိုး၊ ဟိုးရှေ့က သူကြီးမင်းရေ၊ ဒီမှာ မြို့အုပ်မင်း လာနေလို့၊ လှည်းဖယ်ပေးပါဦး။ " လို့ ပြောတော့ တဖက်လှည်းသမားလည်း စိတ်မဆိုးအား၊ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ လှည်းရှောင်ပေးတယ်။ လှည်းပေါ်ပါလာသူ အားလုံးလည်း ချက်ချင်းကြီး ရာထူးတွေ တိုးကြတော့ ပြုံးစိစိနဲ့ပေါ့။
တနေ့တော့ ဆမို ညီလေး ရုတ်တရက် ဆုံးတဲ့သတင်းကို သရက် မြို့မှ လူငယ် တယောက် ပြည်မြို့ ဆမိုပုလေးထံ လာပြောတယ်။ သတင်းကြားရချင်း ဆမို ပုလေး ရှိုက်ကြီးတငင် ငိုတယ်။ ယောင်္ကျားတန်မဲ့ ငိုနေတာက သတင်းပို့လာတဲ့ လူငယ်အတွက် အံ့အားသင့်စရာ။ ဒါပေမယ့် သရက် မြို့အသွား ကားပေါ်မှာတော့ ဘေးနားက လူတွေနဲ့ ရယ်စရာတွေ စ,နောက်နေပြန်တော့ ပိုပြီး အံ့အားသင့်ရတယ်။ ကိုယ်က ဝမ်းနည်း ကြေကွဲနေပေမယ့် ဘေးလူတွေကို ပျော်စေချင်တဲ့ မေတ္တာမျိုး သူ့မှာ ရှိခဲ့တယ်။
သရက် မြို့ရောက်ပြီး ဆမိုညီလေးရဲ့ နာရေးမှာ ဆမိုပုလေး တရားဟောရင်း "ခလောင်ဟိုး" - (လူရေ/ ကိုယ့်လူရေ) လို့ ပြောလိုက်တဲ့အခါ၊ ဒီစကားက ဆမိုပုလေးက ဆမိုညီလေးကို ခေါ်နေကျ စကားဆိုတော့ နာရေးပို့ဆောင်တဲ့သူတွေ အားလုံး မျက်ရည်မဆည်နိုင် ငိုကြရတယ်။
ဆမိုပုလေးရဲ့ နောက်ဆုံးနေ့ရက် နီးလာချိန်မှာ ဝမ်းနည်းစရာ နားလည်လွဲ ခံခဲ့ရတယ်။ ခရီးမသွားခင် မိသားစု ဆုတောင်းကြတယ်။ ဆမိုပုလေးက "ဘုရားသခင်၊ အရှိုတွေကို ကောင်းကြီးပေးပါ။ တိုးတက်​စေပါ" လို့ ဆုတောင်းတယ်။ ဇနီးသည်က "အာမင်" မဆိုပါ။ သဘောမတူပါ။ ဆမိုပုလေးက "မမ ဘာလို့ အာမင် မဆိုတာလဲ" လို့ မေးတဲ့အခါ "တဖက်စွန်းရောက်တာကိုး။ ဘုရားသခင်က အရှိုကိုပဲ ချစ်တာလား၊ တခြားလူမျိုးတွေကိုရော မချစ်ဘူးလား။ ဆုတောင်းတာ မမှန်ရင် အာမင် မခေါ်နိုင်ဘူး" လို့ ပြန်ပြောခဲ့တယ်။ ဆမိုပုလေး တချက်တွေသွားပြီး၊ ဆုတောင်းချက်ကို ပြင်လိုက်တယ်။
လူသားအားလုံးကို ဘုရားသခင် ကောင်းကြီးပေးဖို့၊ တိုးတက်စေဖို့ပေါ့။ (တကယ်တော့ အရှိုက အရှိုကို ချစ်တာ အပြစ်မဟုတ်ပါ။ အစွန်းရောက်တာလည်း မဟုတ်ပါ။ ကိုယ့်လူမျိုးကို တကယ်မချစ်ဘဲ တတိုင်းပြည်လုံးကို မချစ်နိုင်ပါ။ တကမ္ဘာလုံးကိုလည်း မချစ်နိုင်ပါ။)
"If a man say, I love God, and hateth his brother, he is a liar: for he that loveth not his brother whom he hath seen, how can he love God whom he hath not seen? 1 John 4: 20
ဆမိုပုလေးက သူဆုတောင်းချက်ကို ပြင်ပေးခဲ့တယ်။ တိုင်းပြည်ကို ချစ်တဲ့စကား၊ တကမ္ဘာလုံး ငြိမ်းချမ်းရေး ဆိုတဲ့ စကားကို တလောကလုံး ကြားချင်ကြမှာပါ။ ဒါပေမယ့် ကိုယ့်အနားက လူကို မချစ်ဘဲ ပြောနေသမျှဟာ ကြားကောင်းရုံ သက်သက်ပါ။ လူ့လောကမှာ လိုအပ်နေတာက ကိုယ့်မိသားစုကို တကယ်ချစ်တဲ့ သူ၊ ကိုယ့်လူမျိုးကို တကယ်ချစ်တဲ့ သူပါ။
အဲဒီလို တကယ်ချစ်သူတွေ များလာရင်တော့ တိုင်းပြည် တိုးတက်ဖို့၊ ကမ္ဘာကြီး သာယာ ငြိမ်းချမ်းဖို့ ဖြစ်လာဖို့ မြော်လင့်နိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ကြားကောင်းရုံပဲ ရှိမယ်။ တကယ်လို့များ ဆမိုပုလေးက ဆုတောင်းချက် မပြင်ရင် ဆုတောင်းခြင်းရဲ့ အကျိုးဆက် ဘာဖြစ်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ အခုကတော့ ပြင်လိုက်တဲ့ စကားလုံးလှတဲ့ ဆုတောင်းဟာ အသက် မပါခဲ့ပါ။
၁၉၆၂၊ အောက်တိုဘာ ၂၃ ရက်၊ ရန်ကုန်ကနေ ပြည်ပြန်မယ့်နေ့ကတော့ သူ့အတွက် နောက်ဆုံးနေ့ပါ။
မိသားစုအတွက် လက်ဆောင်ဝယ်ရာက တည်းခိုရာအရပ်ကို ပြန်လာခဲ့တယ်။ ရောက်ခါနီးမှာ ရင်ဘတ်အောင့်လာတယ်။ လက်တဖက်က ရင်ဘတ်ကို ဖိရင်း၊ လက်တဖက်နဲ့ တည်းခိုဆောင်ရှိ မိတ်ဆွေတွေကို လက်ယပ်ခေါ်တယ်။ သူနောက်နေတယ် ထင်လို့ မိတ်ဆွေတွေက ရယ်ကြတယ်။ တည်းခိုဆောင်ထဲ အရောက် မှာ လဲကျသွားတယ်။
အိမ်ထဲက ကရင်မိန်းကလေးက "ဦးလေး၊ ဦးလေး၊ ဘာဖြစ်လဲ" ဆိုပြီး ပွေ့ထားပေမယ့်၊ စကားပြန် မရဘဲ သူ့လက်​ပေါ်မှာပဲ နှလုံးရောဂါနဲ့ ရုတ်တရက် ဆုံးပါးသွားခဲ့တယ်။
အခုဆိုရင် နှစ်ပေါင်း ၆၀ ကြာခဲ့ပါပြီ။ သူ့ဘဝကို စကားလုံးတလုံးနဲ့ ချုပ်ရရင် ဆမိုပုလေးဟာ ကိုယ်နဲ့သက်ဆိုင်သူတွေကို တကယ်ချစ်ခဲ့သူပါ။ He is "the one who loved his neighbors".
(ဆမိုပုလေးအကြောင်း ပြောပြပေးတဲ့ ဆမိုပုလေးရဲ့သား ဦးလေးကြိုင်နဲ့ အမှတ်တရတချို့ ပြောပြပေးတဲ့ ဦးဆလိုင်းအောင်ချစ်၊ ဓါတ်ပုံများ သုံးခွင့်ပေးတဲ့ ဆမိုပုလေးရဲ့ မြေး ဒေါ်ဇင်မင်း တို့ကို ကျေးဇူးတင်ပါတယ်။)

Wednesday, July 21, 2021

Preachers and Pandemic - ကပ်ရောဂါကို ဆင်ခြင်ခြင်း (၂)

 Preachers တရားဟောဆရာတွေက ကိုယ့်အသိုင်းအဝန်းကို သတိပေးစရာ၊ ထိန်းသိမ်းစရာတွေ ရှိပါတယ်။
သတိထားစရာတွေက  .....

၁။ စည်းကမ်းရှိတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်ဖို့ လိုပါတယ်။  

ဆိုရှယ်မီဒီယာမှာ တွေ့သမျှကို တချို့က ရှဲနေတယ်။ မူလပြောတဲ့သူ ဘယ်သူမှန်းမသိ။ ဘယ်လောက် တတ်ကျွမ်းနားလည်လဲ မသိ။ စိတ်စေတနာ မှန်ရဲ့လား မသိ။ တွေ့သမျှ ရှဲနေပုံက ဆယ်ကျော်သက်မလေးက မျက်လုံးချင်း ဆုံသမျှ ရင်ခုံနေသလိုဖြစ်နေတယ်။ အဲဒီတော့ မဆန်းစစ်ဘဲ ဖေ့စ်ဘွတ်သုံးရင် ကြာတော့ စိတ်ပူလာမယ်။ ကြောက်လာမယ်။ စိတ်မငြိမ်ရင် အလွဲအမှားတွေ ဖြစ်တတ်ပါတယ်။ 

စကားတခွန်း ကြားဖူးပါတယ်။ "ကိုယ်က ကားဆရာ မဟုတ်ရင်၊ ခရီးသည်တွေ ဘယ်မှာ ဆင်းရမယ် ဆိုတာ မပြောပါနဲ့" တဲ့။ မြင်ယောင်ကြည့်ပါ။ အဝေးပြေးကားတစီးပေါ်မှာ၊ ခရီးသည်တွေကြားမှာ လူတယောက်က ခရီးစဉ်ကို အရမ်းစိတ်လှုပ်ရှားနေတယ်။ လမ်းကြောမသိဘဲ၊ "ဟေ့လူ၊ ခင်ဗျားဆင်းရမယ့်ရွာ ရောက်တော့မယ်၊ ပြင်ထား၊ ကျော်သွားမယ်" လို့ ကားပေါ်ရှိ လူတိုင်းကို ပြောနေတယ် ဆိုပါတော့။ ခရီးသည်တွေ ကမောက်ကမ ဖြစ်ကုန်တော့မှာပါပဲ။ အဲဒီတော့ ကိုယ်က ဆရာဝန်မဟုတ်ရင် ရောဂါအကြောင်း၊ ဆေးအကြောင်းတွေ သိပ်မပြောသင့်ဘူး။ ဆရာဝန်တွေဆိုရင်လည်း တယောက်နဲ့တယောက် အယူအဆ မတူကြတော့ ဘယ်ဟာ ပိုကောင်းမလဲလို့ စဉ်းစားဖို့လိုပါသေးတယ်။

၂။ ကိုယ်ကိုယ်တိုင်က အဆိုးမြင်စိတ် ရှိမနေသင့်ဘူး။

ကိုဗစ်ရောဂါသတင်းကြားရတာနဲ့ တပြိုင်နက် နောက်တပတ် ဆန်းဒေးမှာ ကိုဗစ်နဲ့ပတ်သက်ပြီး တရားစဟောကြပါတော့တယ်။ မဟောတဲ့ဆရာ သိပ်ရှားပါတယ်။ အများစုက အချက်အလက် မရှာဖွေ၊ မလေ့လာဘဲ ခံစားချက်နဲ့ ဟောတတ်ပါတယ်။ အဆုံးသတ်မှာတော့ ကပ်ရောဂါတွေဖြစ်နေပြီ၊ သခင်ဘုရားကြွလာတော့မယ်၊ ဘေးဒဏ်ကြီးကာလ ရောက်တော့မယ်၊ အသင့်ပြင်ကြလို့ နိုးဆော်ကြတယ်။ ဒါဟာ ကျမ်းစာကို သေချာမလေ့လာဘဲ ကိုယ့်ရဲ့အတွင်းစိတ်မှာ အဆိုးမြင်အခံရှိတဲ့သူ - pessimist ဖြစ်နေတာပါ။
စစ်ပွဲတွေ၊ သဘာဝဘေးဒဏ်တွေ၊ ကပ်ရောဂါတွေဟာ ကမ္ဘာဉီးကတည်းက ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ စစ်ပွဲမရှိတဲ့နှစ်၊ သဘာဝဘေး မရှိတဲ့နှစ်၊ ရောဂါဘယ မရှိတဲ့ နှစ်ကာလဟာ မရှိသလောက်ပါပဲ။ တနေရာမှာတော့ ရှိနေစမြဲပါပဲ။ အပြစ်ကြောင့် ကျိန်ခြင်းအမဂ်လာ ခံစားနေရတဲ့ ကမ္ဘာလောကကြီးရဲ့ သဘာဝပါ။  ဘေးဒဏ်ကြီးကာလမှာ ကပ်ရောဂါ၊ စစ်ပွဲ၊ သဘာဝဘေးဏက်တွေ များတာ မှန်ပါတယ်။ ဒါပေမယ့် ယုံကြည်သူက ဘေးဒဏ်ကြီးကာလမှာ ဖြတ်သွားဖို့ မဟုတ်ဘူး။ ချီဆောင်ခြင်းမှာ ပါသွားဖို့၊ သိမ်းဆည်းခံရဖို့ပါ။ ဒါကို တချို့က သူတို့နိုးနိုးကြားကြားရှိနေတယ်ဆိုတဲ့သဘောနဲ့ နောက်ဆုံးသောကာလရောက်တော့မယ်လို့ အလွဲ‌ပြောကြတာပါ။ Dr. John R. Rice ပြောတဲ့စကားလေးက မှတ်သားစရာကောင်းပါတယ်။ "ယုံကြည်သူက နိမိတ်လက္ခဏာ signs တွေကို ကြည့်နေရမှာ မဟုတ်ဘူး၊ ကယ်တင်ရှင် Savior ကို မြော်လင့်နေရမှာ" လို့ ဆိုပါတယ်။  

၃။ အခြေအနေနဲ့ အချိန်အခါကို နားလည်ဖို့ လိုတယ်။

"ကာလအချိန်တို့ကို နားလည်၍ ....... အဘယ်သို့ပြုရမည်ကို သိတတ်သော .... ဣသခါအမျိုးသား (၅ ရာ ၁၂: ၃၂)
ကပ်ရောဂါကို တွေ့ကြုံနေရချိန်မှာ ဘာတွေ လုပ်သင့်သလဲဆိုတာ သိရပါမယ်။
(က) ဘာအကြောင်းကြောင့်မှ လူစုလူဝေး မလုပ်သင့်တာကို သတိထားရပါမယ်။ သာရေး၊ နာရေးမှအစ၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ဘာအရေးကြောင့်မှ လူစုလူဝေးမလုပ်သင့်တာကို သတိထားရပါမယ်။ တခါတလေ မာနတ်ကများ တမင်နိုးဆော်နေသလား မှတ်ရတယ်။ ကပ်ရောဂါကာလမှာ ခဏခဏ လူစုဝေးမိတတ်ကြပါတယ်။
(ခ) ကိုယ်ခံအားကောင်းဖို့ လိုချိန်၊ ကောင်းကောင်းမွန်မွန် စားနိုင်ဖို့ လိုချိန်၊ ပေးဝေငှရမယ့်အချိန်မှာမှ တချို့က အစာရှောင်ဖို့ တိုက်တွန်းနေကြတဲ့သူတွေကိုလည်း တွေ့ရတယ်။ နည်းနည်းတော့ လွဲနေတယ်။ ဣသရေလလူမျိုးတွေ စစ်တိုက်နေရလို့ မောနေချိန်မှာ အနီးအနားမှာ ပျားရည်အလျံပယ် ပေါနေပေမယ့် စစ်ပွဲမပြီးမချင်း ဘာမှ မစားရဘူးလို့ အမိန့်ထုတ်တဲ့ ဘုရင့်သား အာဗရှလုံလို ဖြစ်နေတယ်။ သက်သက်မဲ့ နှောက်ယှက်သလိုဖြစ်ပြီး ပိုပင်ပန်းကြ၊ ဒုက္ခရောက်ကြတာပေါ့။ အလကားနေရင်း စိတ်အားကြီးကြောင်းပြတာ မကောင်းပါဘူး။ ဒါကို ကျမ်းစာက vain glory - အချည်းနှီးသော ကျော်ဇောခြင်း၊ အလကား နာမည်ကြီးချင်တာ လို့ ပြောပါတယ်။ မလုပ်ကြပါနဲ့။

၄။ တတ်နိုင်သမျှ ကူညီရမယ့်အချိန် ဖြစ်ပါတယ်။

အဟာရရှိအောင် ကောင်းကောင်းစားပါလို့ ပြောနေပေမယ့် ဆင်းရဲတဲ့သူက ဘာစားပါ့မလဲ?
ကျန်းမာအောင် ဂရုစိုက်နော် ဆိုပေမယ့် သူကိုယ်တိုင် မလုပ်နိုင် မကိုင်နိုင်သူက ဘယ်လို ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြုစုပါ့မလဲ?
"ညီအကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသော အစာ မရှိသောအခါ၊ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာ သွားကြလော့။ နွေးကြလော့။ ဝကြလော့ဟုပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျင် အဘယ်အကျိုးရှိသနည်း။" ယာကုပ် ၂: ၁၅- ၁၆။
ဆရာတွေက ဒါကို မေ့နေသလား? အသင်းတော်က ဒါကို မေ့နေသလား? သတိရရမယ့်အချိန်ပါ။

People and Pandemic - ကပ်ရောဂါကို ဆင်ခြင်ခြင်း (၁)

လူအမျိုးမျိုးဆိုတော့ ဆင်ခြင်ပုံ၊ တုန့်ပြန်ပုံ အမျိုးမျိုးပါပဲ။
တချို့က ခပ်ပေါ့ပေါ့ပဲ။ "ကိုဗစ်"" ကို "ငဗစ်" လို့တောင် ပြောင်လှောင် ခေါ်ကြတယ်။ အစပိုင်းမှာ ကိုဗစ်နဲ့ပါတ်သက်လို့ ဟာသအမျိုးမျိုး ထွက်လာတယ်။ ပညာပေး သီချင်းတွေလည်း ပေါပေါပဲပဲ ထွက်လာတယ်။ တချို့က အဲဒီထဲက သီချင်းတပုဒ်ကို ဖုန်း Ring tone အဖြစ်တောင် သုံးလာတယ်။ တကယ်တော့ Covid 19 က အသံကြားရုံနဲ့ကို ကြောက်စရာပါ။ ဒီလိုသီချင်းတွေလည်း မကြားနိုင်ပါ။ ပျော်စရာမှ မဟုတ်တာ။
အစပိုင်း သတင်းကြားခါစမှာကို အမေရိကားနဲ့ ဥရောပမှာ အသေအပျောက် အရမ်းများနေတယ်။ ဗြိတိန်မှာ တော်ဝင်မိသားစုရဲ့ ချားစ်မင်းသား ပိုးကူးစက်ခံရတယ်။ ကူးစက်ခံရသူများလွန်းလို့ ယာယီဆေးရုံတွေ အမြန်ဆောက်ကြရတယ်။
ဒီလောက်ကြောက်စရာကောင်းနေပေမယ့် တချို့က ဘာလုပ်ကြမလဲ ဆိုတာထက် ဘာကြောင့်ဖြစ်သလဲဆိုတာကို ပိုစိတ်ဝင်စားနေခဲ့ကြတယ်။ ဒါကြောင့်မေးခွန်းတွေ မေးခဲ့ကြတယ်။

၁။ သဘာဝအရ လင်းနို့၊ ခွေး စတဲ့ တိရစ္ဆာန်တွေမှ ကူးစက်တာလား?

တကယ်တော့ ဒါတွေက ဂျင်းသီတင်းတွေ ထွက်လာတာ။ အာရုံလွှဲဖို့ ကြိုးစားတာ။ အရေးထဲ တချို့သပ်သပ်လွတ်သမားတွေက အသားငါးစားရင် ဒီလိုရောဂါဆန်းတွေ ဖြစ်လိမ့်မယ်လို့ လော်လိုက်ကြသေးတယ်။ တကယ်တော့ ဒါက ဆေးပညာရှင်တွေရဲ့ အလုပ်ပါ။ သူတို့ အဖြေရှာပါလိမ့်မယ်။ ကိုယ်က ဆေးပညာရှင် မဟုတ်ရင်  ဒါကို ဆုံးဖြတ်ဖို့က ကိုယ့်အလုပ် မဟုတ်ဘူး။

၂။ လူလုပ်တဲ့ ဇီဝလက်နက်လား?

တရုတ်ပြည်က စစ်ဖြစ်လို့ တရုတ်အကြံလားဆိုပြီး သံသယရှိခဲ့ကြတယ်။ အစက စဖြစ်တဲ့ မြို့ကို အစွဲပြုပြီး "ဝူဟန်" ဗိုင်းရပ်လို့ ခေါ်ခဲ့တယ်။ မကြာခင်ပဲ တရုတ်ပြည်ကို အပြစ်တင်မှာစိုးလို့ "Covid 19" လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ပြောင်းခေါ်ခဲ့တယ်။ ဒါပေမယ့် သမတ ဒေါ်နယ်ထရန့်က တမင်ပဲ "China virus" လို့ ခေါ်လိုက်တော့ သူ့ရန်သူတွေက "ဒါက အမုန်းတရား၊ လူမျိုးရေး အစွန်းရောက်" လို့ ဝိုင်းပြီး တိုက်ခိုက်လိုက်ကြတယ်။  ဒါကို ဟုတ်မဟုတ် ဆုံးဖြတ်ဖို့က ထောက်လှမ်းရေးနဲ့ နိုင်ငံရေးသမားက ဆုံးဖြတ်ရမှာပါ။ အချိန် လိုကောင်း လိုမှာပါ။ စုံစမ်းရဦးမှာကိုး။ ဒါဆို ဘာပဲ စဉ်းစားလို့ ရနိုင်မလဲ? 

ရောဂါပိုးရဲ့သဘာဝ။ သူက လေထဲမှာ လွင့်ပျံနေပြီးတော့ ကူးစက်တာ မဟုတ်ဘူးလို့ ဆေးပညာရှင်တွေက ဆိုတယ်။ အနေနီးမှ အသက်ရှုလမ်းကြောင်းကနေ ကူးတယ်။ အဲဒီတော့ လူစုလူဝေးကို ရှောင်ရမယ်။ Social Distance လုပ်ရမယ်။ "Socially Distanced, But spiritually Connected" လို့ အကြံပေးကြတယ်။ "စိတ်ပေါင်း၊ ကိုယ်ခွါ" ပေါ့။ လူစုလူဝေးကို ရှောင်ပါဆိုတော့ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ? 

A. ပညာရေးမှာ ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်ထားရဖို့ များသွားပြီ။ 

စာသင်တာ၊ ပညာသင်တာ ကောင်းပေမယ့် ပညာနဲ့ တွဲပါလာတတ်တဲ့ ပညာမာနဟာ မကောင်းလှဘူး။ အခုတော့ အ‌ခြေအနေအရ တချို့အရသာလေးတွေ လျော့ရတော့မယ်။ တက္ကသိုလ်ကျော်းတော်ကြီးမှာ ပညာရတနာတွေ ရှာဖွေဆည်းပူးနေတယ်၊ ပညာတတ်အသိုင်းအဝိုင်းမှာ ကျင်လည်နေရပြီ၊ ငါ ပညာတတ်ဖြစ်တော့မယ် ဆိုတဲ့ ဖီလင်လေး လျှော့ရတော့မယ်၊ ပညာမာနရဲ့ အရသာလေး ပျက်တော့မယ်။ အဲဒီတော့ လူစုလူဝေး မဟုတ်ဘဲ ဘယ်လို ပညာသင်မလဲ? ကျောင်းမတက်ဘဲ ဘယ်လို ပညာလေ့လာမလဲ? အခြေအနေက ရှိနေပါပြီ။ အင်တာနက်က လမ်းဖွင့်ပေးနေပါပြီ။ အင်တာနက်ကနေ စာသင်ရမယ်၊ လေ့လာရတော့မယ်။ ဒါကို အများစုက မပြောင်းချင်သေးဘူး။ ကျောင်းသွားတက်မှ၊ ဆရာနဲ့ သင်မှ ဆိုတဲ့ နည်းဟောင်းလေးကို ဖက်တွယ်နေချင်ကြတယ်။ "ကျွန်တော့ကလေးက အဖေနဲ့အမေကို မကြောက်ဘူးဗျ၊ သူ့ဆရာမမှ ကြောက်တာ။" ဆိုတဲ့ နည်းဟောင်းကြီးကို ပြောင်းပစ်၊ ထားပစ်ခဲ့ရမှာ။ အဲဒီတော့ အခြေအနေအရ အိမ်ကနေ စာသင်တဲ့ခေတ်ကို သွားကိုသွားရတော့မှာပါ။ အဲဒီတော့ ကိုဗစ်ကြောင့် ပညာရေးဟာ ပြောင်းကို ပြောင်းရတော့မှာပါ။ 

B. နိုင်ငံရေးမှာလည်း လူစုလူဝေးနဲ့ ဆန္ဒပြတာ၊ လူစုလူဝေးနဲ့ မိန့်ခွန်းပြောတာတွေ လျော့ရပါတော့မယ်။ 

ဒါပေမယ့် လူ့သဘာဝကြောင့် ထင်တယ်။ မလိုတာကို လုပ်ချင်တော့ ကိုဗစ်အစပိုင်းက ကမ္ဘာတဝန်းမှာ ဆန္ဒပြပွဲတွေ ပိုများလာခဲ့တယ် ထင်ရတယ်။ နိုင်ငံရေးအရ မကြေနပ်တာကို လူစုလူဝေး မလုပ်ဘဲ တခြားနည်းနဲ့ ဆန္ဒပြ။ ထုတ်ဖေါ်ကြရမှာပါ။
ဒီနေရာမှာ အမေရိကန်ပါတီကြီးနှစ်ခု အယူအဆ မတူတာကိုလည်း တွေ့ရတယ်။ ဒေါ်နယ်ထရန့်က ကိုဗစ်ပိုးဟာ လေဟာပြင်မှာ ကူးဖို့မလွယ်ဘူး။ ဒါကြောင့် လေဟာပြင်မှာ Mask တပ်ဖို့ မလိုဘူး။ အလုံပိတ်အခန်းတွေ၊ ကုန်တိုက်ကြီးတွေ၊  စားသောက်ဆိုင်၊ ရုံးခန်းတွေရဲ့ အတွင်းမှာသာ တတ်ရမယ်လို့ ဆိုတယ်။ လေသာတဲ့ပြင်ပမှာ မလိုဘူးလို့ ဆိုတယ်။ ဒါကို ဂျိုးဘိုင်ဒန်တို့က အခွင့်ကောင်းယူပြီး ဒေါ်နယ်ထရန့်ဟာ တယူသန်၊ ဆေးပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေကို ပစ်ပယ်တယ်လို့ ဂျင်းထည့်ပါတယ်။ အဲဒီတော့ စကားစစ်ထိုးပွဲမှာ ဒေါ်နယ်ထရန့်က အိပ်ကပ်ထဲက Mask ကို ထုတ်ပြပြီး လိုရင်တပ်ဖို့ ဆောင်ထားပါတယ်လို့ ပြန်ပြောခဲ့တယ်။
ဒီတိုင်းပြည်မှာလည်း ဘယ်အစိုးရတက်တက် အောက်ခြေမှာကို အာဏာရူးက အများသားလား။ သူတို့ချတဲ့ စည်းကမ်း မလိုက်နာရင် ဒဏ်ရိုက်မယ်ဆိုတာချည်းပဲ။ လမ်းပေါ်မှာ လမ်းလျှောက်ရင်၊ စက်ဘီး၊ ဆိုင်ကယ်နဲ့သွားရင်လည်း mask မပါရင် ဒဏ်ရိုက်တယ်။ တကယ်လိုတာက အလုံပိတ် ဆိုင်ခန်းတွေ၊ ရုံးတွေမှာ ဂရုစိုက်ဖို့ လိုတာ မဟုတ်လား? ဒါပေမယ့် နားမလည်ဘဲ အာဏာပဲပြတတ်သူတွေ လူကြီးဖြစ်တဲ့ ခေတ်တိုင်းမှာ သည်းခံနေရတာပါပဲ။

C. ဘာသာရေးမှာ ဘုရားကျောင်းမှာ စုဝေးဝတ်ပြုတာကို သတိထားရတော့မယ်။ 

အရင်ကတော့ ဘုရားကျောင်းမှန်မှန်မတက်ရင် ဘုရားတရား အားနည်းတယ်လို့ ထင်မှတ်ခဲ့ကြတယ်။ ဦးဆောင်သူတွေ အားထုတ်ရင် အားထုတ်သလို အတိုင်းအတာ တခုစီ အောင်မြင်ခဲ့ကြတယ်။ အဲဒီတော့ လူစုတာ ခေတ်စားလာတယ်။ ဒါပေမယ့် ဘုရားသခင့် စိတ်တော်နဲ့ တွေ့ရဲ့လား ဆိုတာတော့ ဆန်းစစ်စရာ ဖြစ်ပါတယ်။ ဘာသာရေးက ကိုယ်ထင်ရာ၊ စိတ်ကြေနပ်ရင်ပြီးရော လုပ်ရတာမျိုး မဟုတ်ဘူးလေ။

အလေ့အလာ၊ အနေအထိုင်တွေ ပြောင်းဖို့ လိုလာပြီ။ ဒါပေမယ့် တချို့က ဒါကို သတိမထားမိဘူး။ ဇွတ်တိုးကြတယ်။ လူမစုရဆိုတဲ့ အစိုးရအမိန့်ကို နားထောင်မလား? ဘုရားသခင့်စကား နားထောင်မလားလို့ ဆင်ခြေပေးကြတယ်။

အမှန်က အခြေအနေကို နားမလည်တာ။ လူ့လောကမှာ သဘာဝရဲ့ စည်းကမ်း - Principle လေးတွေ ရှိတယ်။ လူကနေတဆင့် ကူးနေတော့ လူစုရင် ပိုကူးမှာပေါ့။ ဒီစည်းကမ်း Principle ကို ဖေါက်ရင် အုပ်စိုးသူ သမတ၊ ဝန်ကြီးချုပ်ဟာ သက်တော်စောင့်တွေကြားက ထိပါတယ်။ ဘာသာရေးသမားလည်း တရားစကား အကွာအကွယ်ကြားက ထိပါတယ်။ တခါတရံမှာ တချို့နိုင်ငံရေးသမားဟာ လေပစ်ပြီး ရွေးကောက်ပွဲ အနိုင်ယူသွားတာ ရှိသလို၊ တချို့ဘာသာရေးသမားကလည်း လက်တွေ့လူ့ဘဝနဲ့ ကင်းကွာပြီး အာကာမှာ ဝဲနေတတ်တယ်။
စီလီကွန်ဗဲလီးမှာ ထိပ်တန်းသင်းအုပ်ဆရာတယောက် ရှိတယ်။ သူတို့ပြည်နယ်က လူစုဝေးခွင့် တားမြစ်ထားတယ်။ သူက လက်မခံဘူး။ ဘုရားကျောင်းမှာ လူစုတယ်။ ပြည်နယ်အစိုးရက ဒဏ်ရိုက်တယ်။  ဒေါ်လာ သောင်းချီ ပေးရတယ်။ အခန်းထဲ လူမစုရတော့ ကျောင်းဝိုင်းထဲမှာ ကားတွေပေါ်ကနေ တရားနာကြတယ်။ အာမင်ထူးချင်လာရင် ဟွန်းတီးလိုက်ကြတယ်။ ဒါမျိုးတွေ မြင်ရကြားရရင် မရီရင်တောင် ပြုံးမိကြတာပါပဲ။ နည်းနည်းတော့ များသွားပြီလို့ ထင်စရာပါပဲ။ သူက တော်သေးတယ်။ တချို့က ဒေါ်လာ သန်းနဲ့ချီအောင် ဒဏ်ကြေးပေးကြရတယ်။ တချို့ ထောင်ကျတယ်။ သူတို့ဖက်က ပြန်ပြောတာက ပျော်ပွဲရွှင်ပွဲတွေ၊ ရုပ်ရှင်တွေ၊ သီရက်တာတွေကိုတော့ ဖွင့်ခွင့်ပြုတယ်။ ဘာသာရေးကျတော့ ပိတ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ပေးလိုက်ရတဲ့ အဲဒီဒဏ်ကြေးငွေတွေကို ကိုဗစ်ဝေဒနာခံစားနေရတဲ့ တခြားဆင်းရဲတဲ့ တိုင်းပြည်ကလူတွေကို ကူရရင် ပိုကောင်းမှာပါ။ တကယ်တော့ သူတို့ဟာ ဘာသာရေးယုံကြည်မှုနဲ့ နိုင်ငံသားအခွင့်အရေးကိုပဲ တွေးနေရင်း တခြားဘဝတွေကို မေ့နေကြတာပါ။

Monday, May 24, 2021

Lady, are you rich?

 Lady, are you rich? - ဒေါ်လေးက သူဌေးလား? ချမ်းသာသလား?

ကလေးနှစ်ယောက် သူတို့နဲ့ မတန်မရာ ကုတ်အင်္ကျီ အဟောင်းကြီးတွေ ဝတ်ပြီး အပြင်ဖက်တံခါးကို တိုးဝင်လာကြတယ်။
"သတင်းစာအဟောင်း ရှိလား ဒေါ်လေး"
ကျွန်မက အလုပ်ရှုပ်နေတော့ "ဟင့်အင်း" လို့ ငြင်းလိုက်ချင်တာ။ သူတို့ခြေထောက်တွေကို ငုံ့ကြည့်မိတော့ နှင်းတွေ ရွှဲနေတဲ့ ဖိနပ်ပါးပါး သေးသေးလေးတွေ။
"ဝင်၊ ဝင်။ ကိုကိုး ပူပူလေး ဖျော်တိုက် မယ်" စကားပြန်ပြီး မပြောကြဘူး။
မီးလင်းဖိုဘေးက ကြမ်းခင်းကျောက်ပြားမှာတော့ သူတို့ဖိနပ်ရာတွေ ထင်ကုန်တယ်။ အပြင်က မေးခိုက်ခိုက်တုန်အောင် အေးတဲ့ဒဏ်ကို ခံနိုင်ဖို့ ကိုကိုးတခွက်နဲ့အတူ ပေါင်မုန့်ကို ယိုသုတ်ပြီး ကျွေးလိုက်တယ်။ ပြီးမှ မီးဖိုချောင်ဖက် ပြန်သွားပြီး၊ အိမ်ရဲ့ ရသုံးစာရင်းလေး တွက်ကြည့်နေမိတယ်။
အိမ်ရှေ့ခန်းက တိတ်ဆိတ်လွန်းနေတော့ ကျွန်မ သတိဝင်လာတယ်။ ကြည့်လိုက်တော့ ကလေးမက ဘာမှမရှိတော့တဲ့ ခွက်ကလေးကို လက် မှာကိုင်ပြီး ကြည့်နေတယ်။ ကောင်လေးက အသံခပ်အုပ်အုပ်နဲ့ မေးတယ်။ "​ဒေါ်လေးက ချမ်းသာသလားဟင်?" တဲ့။  "ချမ်းသာလား၊ ဘုရားရေ၊ ငါ မချမ်းသာပါဘူး။" ခြုံထားတဲ့ ခြုံစောင်အရှည် ခပ်နွမ်းနွမ်းလေးကို ပြန်ကြည့်မိတယ်။
ကလေးမက ခွက်ကို သူ့အောက်ခံခွက်အပေါ်မှာ ရိုရိုသေသေ ပြန်ချတယ်။ "ခွက်နဲ့ အောက်ခံပြားက လိုက်တယ်နော်" သူ့အသံက မွတ်သိပ်တောင့်တတဲ့ အသံ၊ ဒါပေမယ့် ဗိုက်ဆာတာနဲ့ မဆိုင်တဲ့ အသံ။ နောက်တော့ သူတို့ ပြန်သွားကြတယ်။ သတင်းစာတွေ ကိုင်ရင်း လေပြင်းဒဏ်ကို အံတုရင်းပေါ့။ ကျေးဇူးတင်တယ် လို့ ပြောမသွားကြဘူး။ ပြောဖို့ မလိုတော့ပါဘူးလေ။ ကျေးဇူးတင်တယ် ဆိုတာထက် အများကြီး ပြောသွားကြပြီပဲ။ အပြာရောင် ​ပြောင် (ဗြောင်) ခွက်နဲ့ အောက်ခံပြားလေး။ လိုက်တယ်ပေါ့။ အာလူးကို အနှစ်ကလေးနဲ့ မွှေပြီး ချက်ထားတယ်။  အာလူးဟင်း အနှစ်ကလေးနဲ့ပေါ့။ အိမ်အမိုးနဲ့ အကာနဲ့။ ကျွန်မ အိမ်သားက ပုံမှန်အလုပ်လေးနဲ့။ ဒါတွေအားလုံးကလည်း လိုက်ဖက်ညီနေသားပဲ။
မီးဖိုးနားက ကုလားထိုင်တွေကို နောက်ဆုတ်ရွှေ့လိုက်တယ်။ ဧည့်ခန်း သန့်ရှင်းရေး လုပ်တယ်။ ဖိနပ်သေးသေးလေးတွေရဲ့ ရွှံ့ခြေရာတွေဟာ အခန်းကြမ်းပြင်မှာ စိုနေဆဲပဲ။ ထားလိုက်။ ကျွန်မ သိပ်ချမ်းသာတာကို နောက်တခါမေ့ရင် သတိပေးဖို့ အဲဒီခြေရာလေးတွေကို ဆက်ရှိနေစေချင်မိတယ်။
- Marion Doolan

Sunday, December 13, 2020

ပင်စိမ်း၊ ကြက်ဟင်းခါးရွက်နဲ့ ခေါင်ရည်ချိုတခွက်



(နိုင်ငံရေးဆောင်းပါး ၃ ပုဒ် စုစည်းမှု ဖြစ်ပါတယ်။)

I. ပင်စိမ်း

"ကျွန်တော်သိတဲ့ မကွေးတိုင်း တိုင်းရင်းသား ဝန်ကြီးလောင်း ၃ ယောက်"
အမှန်က ၁၁ ဦး ရှိပါတယ်။ မသိတဲ့သူတွေများလို့ ကိုယ်သိတဲ့ ၃ ယောက်အကြောင်းပဲ ရေးနိုင်ပါတယ်။ ခွင့်ပြုချက်တွေ တောင်းထားတာ ကြာပြီဖြစ်ပေမယ့် ရေးသင့်မသင့် ချိန်ဆနေတာနဲ့ အခုမှ မိတ်ဆက်စကား ရေးပေးဖြစ်တယ်။ ကောင်းကြောင်းပဲ ရေးမယ်၊ မကောင်းကြောင်း/ အတင်းအဖျင်း မရေးဘူးလို့ သူတို့ကို ​ပြောထားပါတယ်။
တချို့က ကျွန်တော် တဖက်ဖက်က ရပ်တယ်လို့ ထင်တယ်။ ကျွန်တော်က ဘက်လိုက်လေ့ မရှိဘူး။ ဒါက ကျွန်တော့ တန်ဖိုးပါ။

မမှန်ဘူးထင်ရင် အမျိုးပါ မချန်ဘူး။ ပြတ်ပြတ်သားသား ရပ်တာကို ရင်းနှီးတဲ့သူတွေ သိပါတယ်။
အခု တချို့မိတ်ဆွေတွေ မေးလာတဲ့အခါ ပြောပြဖို့ လိုလာတယ်။
၁။ ဆလိုင်း အောင်မင်းလှိုင် (အရှိုချင်း အမျိုးသားပါတီ) ACNP
စကားပြောရင် အေးအေး ပြောတတ်တယ်။ အရင်ရွေးကောက်ပွဲကို ဝင်ခဲ့ဖူးတယ်။ ဘာသာပြန်စာအုပ် ၈ အုပ် ထွက်ခဲ့ပြီ။ နိုင်ငံရေးသမားတွေရဲ့ အထုပ္ပတ္တိစာအုပ်တွေများတယ်။ သူပြောတဲ့စကားတွေထဲမှာ "ဖက်ဒရယ်၊ ကိုယ်ပိုင်ပြဌာန်းခွင့်" စတဲ့ စကားလုံးတွေ မကြာခဏပါတတ်တယ်။
သူ့သိထားတဲ့ အသိ "knowledge" ကို လက်တွေ့မှာ ဘယ်လို အသုံးချနိုင်မလဲလို့ စိတ်ဝင်စားမိတယ်။ သိရသလောက်တော့ ချင်းဝန်ကြီးရဲ့ လုပ်ပိုင်ခွင့်က မရှိသလောက်ပါ။  ဘတ်ဂျက်လည်း မရှိသလောက်ပါပဲ။ ဒီလိုအခြေအနေမှာ မရရအောင်လုပ်ဖို့အတွက် wisdom (ပညာ/ ဖြတ်ထိုးဉာဏ်/ စိတ်ကူးစိတ်သန်း) နဲ့ တကယ်ရအောင် လုပ်မယ်ဆိုတဲ့ Zeal စိတ်ထက်သန်မှု လိုမယ်။ ဒီအစွမ်းတွေ ထုတ်ပြနိုင်မလားလို့ စိတ်ဝင်စားမိပါတယ်။
၂။ ဆလိုင်းအောင်ထွန်းမင်း (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) NLD
NGO အဖွဲ့တွေမှာ နှစ်အတော်ကြာ လုပ်ခဲ့ပြီ။ NLD ထဲက မိတ်ဆွေတယောက်က ဆက်သွယ် ကမ်းလှမ်းလာလို့ NLD ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်တော့ အရွေးခံရတယ်။ NLD ဗဟိုဟာ Outsider (အပြင်လူ) ကို ထည့်သုံးတာ တွေ့ရတယ်။
(သူနဲ့ ကျွန်တော်က ညီအကိုလို ခင်မင်တာ အနှစ် ၃၀ လောက် ရှိပါပြီ။ တကျက်ကျက်လည်း အပြန်အလှန် ငြင်းခုံကြပါတယ်။ 

အခုသူ့လက်ကမ်းစာရဲ့ ဒီဇိုင်းကို ကျွန်တော် ကူညီဆွဲပေးရပါတယ်။ တခြား NLD ဝေစာဒီဇိုင်းတွေနဲ့ မတူပါ။ ဒီလိုဖြစ်ဖို့ အရင် ငြင်းကြရသေးတယ်။)
သူ့အနေနဲ့ NGO တွေမှာ လုပ်ခဲ့တဲ့ ဖွံွဖြိုးရေးအတွေ့အကြုံ Experience ရှိတယ်။ လုပ်တတ်မယ်။ ဒါပေမယ့် NGO တွေမှာ ဘတ်ဂျက်က ရယ်ဒီပါ။ အစိုးရထံက ဘတ် ဂျ က် မရရင် သူ ဘယ်လို ရှာကြံလုပ်မလဲလို့ တွေးမိတယ်။ မရရအောင် ရှာကြံလုပ်မယ့် Idea တွေ လိုမှာပေါ့။ အဲဒီလိုအစွမ်းပြနိုင်မလား လို့ စိတ်ဝင်စားပါတယ်။
၃။ ဦးအေးထွန်းမင်း (ချင်းတိုင်းရင်းသားများ ပါတီ) CNP
သူက အသက်အငယ်ဆုံး ဖြစ်တယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှုံးခဲ့ပေမယ့် ပျောက် မသွားဘူး။ တတ်နိုင်သမျှ ဆက်လုပ်တယ်။ စိတ်အားထက်သန်မှု Zeal ရှိတယ်။ နိုင်ငံခြားမှာ အလုပ်သွားလုပ်ချင်သူတွေအပေါ် ပွဲစားတချို့ရဲ့ ငွေကြေးလိမ်လည်မှုတွေကို ကူညီ ဖြေရှင်းခဲ့တယ်။ အလိမ်ခံရတဲ့ ငွေတွေ ပြန်ရကြတယ်။ တကယ်လက်တွေ့ အကျိုး ရှိခဲ့ပါတယ်။
သူ့မှာရှိထားတဲ့ စိတ်ထက်သန်မှု Zeal အပေါ်မှာ အသိပညာ knowledge တွေ ဘယ်လောက်ထပ်​ပေါင်း လုပ်ဆောင်နိုင်မလဲလို့ စိတ်ဝင်စားစွာ စောင့်ကြည့်နေပါတယ်။ (သူ့ရဲ့ ဝေစာနဲ့ Facebook ပရိုဖိုင်းဘောင်ကို ကျွန်တော်ပဲ ဒီဇိုင်းလုပ်ပေးခဲ့ပါတယ်။)
 

မိတ်ဆွေ တယောက်က မေးလာတယ်။ "အဲဒီ ၃ ယောက်ကို အမှတ်ပေးကြည့်ပါဦး" တဲ့။ (ထောင်ချောက်ဆင်တဲ့ မေးခွန်းနှော)
ကြားညပ်မယ့် မေးခွန်းပဲ။ ကွေ့ပတ်ဖြေလိုက်ပါတယ်။ "အမှတ်ပေးရအောင် ဒိုင်လူကြီးမှ မဟုတ်တာ။ ကျွန်တော်က နှစ်ပေါင်း ၂၀ ကျော် ကျောင်းဆရာ လုပ်လာတာ။ ကျောင်းဆရာဆိုတာ လူမြင်ရင် တပည့် (ဒဘဲ့) ထင်တာ။ ပြောစကား နားထောင်ရင် 'မဆိုးဘူး၊ တက်လမ်း ရှိတယ်။ အောင်မြင်ဦးမယ်' လို့ ​ပြောပြီး၊ နားမထောင်ရင် 'အလကားပါကွာ၊ မစွံပါဘူး၊ တိုးတက် မှာ မဟုတ်ဘူး' လို့ ပြောတတ်တာလေ။" လို့ ဖြေလိုက်တယ်။ ပြီးမှ ကျွန်တော့အဖေအ​​ကြောင်း ရယ်စရာ ပြောပြဖြစ်တယ်။ လူဆိုတာ ကိုယ်သန်ရာ သန်ရာ နေကြတာ။ ကိုယ်အာရုံနဲ့ကိုယ် မဟုတ်လား။
ငယ်ငယ်ကပေါ့။ အိမ်ထဲမှာ အပါနဲ့ ထိုင်နေကြတယ်။ ဧည့်သည့် အမျိုးသမီး ၂ ယောက် ဝင်လာတယ်။ ဗိုက်ဖုံးအင်္ကျီတွေနဲ့။ အဲဒီအချိန်မှာ အပါက ငှက်ဖျားဌာနကနေ ပင်စင်ယူထားပြီ။ အပါက ငှက်ဖျားအလုပ်ကို တကယ်စိတ်ဝင်စားတယ်။ ရွာတွေအရောက် ဆေးဖျန်းသွားတယ်။
အဲဒီတော့ အပါက အမျိုးသမီးတွေကို မေးတယ်။
"ဘာကိစ္စလဲ?"
"သိပ်နေမကောင်းလို့" လို့ အလွယ် ဖြေကြတယ်။ (အမှန်က ဗိုက်ထဲက ကလေး အနေအထား လွဲနေတာ။)
အပါ စိတ်ဝင်စားသွားတယ်။ နေမကောင်းဘူး လို့ ပြောတာကိုး။
"အခုရက်ပိုင်း ခရီးသွားကြသလား?"
"မသွားပါဘူး။"
"ဖျားတော့ ဘယ်လိုဖျားသလဲ? ပုံမှန်လား? ရက်ချာလား?"
အမျိုးသမီးတွေဟာ ဘာဖြေရမှန်း မသိဘဲ ကြောင်ကြည့်နေကြတယ်။
အပါက သေချာအောင် ဆက်မေးတယ်။ "ဖျားရင် တုန်တုန်ချမ်းသလား?"
အမျိုးသမီးတွေ ဘာပြောရမှန်းမသိတော့အချိန်မှာ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ "အာအူ" အမေ ပြေးလာတယ်။ သူ့ကို ဗိုက်လာပြတဲ့ ကိုယ်ဝန်ဆောင်တွေလို့ ဝင်ပြောမှ ​အားလုံးသဘောပေါက်တော့တယ်။ ကျွန်တော် အံ့ဩမိတာက အပါဟာ ဗိုက်ဖုံးအင်္ကျီကြီးနဲ့ ကိုယ်ဝန်ဆောင် နှစ်ယောက်ကို မမြင်တာပဲ။ နေမကောင်းဘူးဆိုရင် ငှက်ဖျားလို့ပဲ စိတ်ထင်နေတယ်။ အပါ့ကို အံ့ဩသလို ဗိုက်ကားကားကြီးတွေကို စိတ်မဝင်စားလို့ လေးလည်း လေးစားမိပါတယ်။
***
အဲဒီတော့ ကျွန်တော်လည်း အမှတ်မပေးတတ်ဘူး။ ရွေးကောက်ပွဲနိုင်ရင် အခက်အခဲတွေ ကူညီနိုင်ပါစေ၊ ပံ့ပိုးပေးနိုင်ပါစေလို့ပဲ မြော်လင့်ပါတယ်။
ဒီနေရာမှာ အရှိုတွေက ဘယ်သူ့ကို ကြိုက်သလဲ လို့ စိတ်ဝင်စားတယ်။ သူ့အကြိုက်နဲ့သူပေါ့။ သီချင်းနားထောင်တာ ဝါသနာပါတာ တူပေမယ့် တချို့က သီချင်းချိုချို Pop ကို ကြိုက်တယ်။ တချို့က ခပ်ကြမ်းကြမ်း Rock မှ ကြိုက်တယ်။ တချို့ကျတော့လည်း ပေါက်ကွဲထွက်လာတဲ့ Heavy Metal ကိုမှ စိတ်ကြေနပ်တယ်ပေါ့။ လူကြိုက် များတဲ့သူ နိုင်ဖို့ပါပဲ။
ကိုယ်စားလှယ်လောင်းတွေ စိတ်ရောကိုယ်ပါ ပင်ပန်းရောပေါ့။ အနားယူကြပါ။
မဲဆွယ်ပေးသူတွေလည်း တယောက်နဲ့တယောက် ခပ်ကြမ်းကြမ်းတွေ စိတ်နာစရာ မပြောမိဖို့ လိုပါတယ်။ အခုက နေရာယူဖို့ပဲ ရှိပါသေးတယ်။ အလုပ်လုပ်မှ အသည်းအသန် ကြိုးစားရမှာ မဟုတ်လား?
အခုပို့စ်က အညှီပျောက်ရုံ ပင်စိမ်း ခပ်တာပါ။ နောက်ပို့စ်တခုမှာ ကြက်ဟင်းခါးရွက် အုပ်ပါမယ်၊ နည်းနည်းပေါ့။ များသွားလည်း မကောင်ဘူးလေ။  🙂

II. ကြက်ဟင်းခါးရွက်

ကဲ - ကြက်ဟင်းခါးရွက် ယူလာပါပြီ။
၁။ လူကြိုက် များခြင်း ပေါ်ပြူလာဖြစ်ခြင်းဟာ အနတ္တပါ။ မတည်မြဲဘူး။
သမိုင်းတလျှောက် မှာ ဖြစ်လေ့ရှိတဲ့ နိုင်ငံရေးဇာတ်လမ်းလေးက ....  
 "ဆုံးမခြင်းကိုမခံ၊ အသက်ကြီး၍ မိုက်သော ရှင် ဘုရင်ထက်၊ ပညာရှိသောဆင်းရဲသား သူငယ်သည် သာ၍မြတ်၏။ ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင် မူကား၊ အဘအရိပ်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။
နေအောက် မှာ ကျင်လည်သော သတ္တဝါ အပေါင်းတို့သည် မင်းအရိပ်အရာကိုခံရသော ထိုဒုတိယ သူဘက်၌ နေတတ်ကြသည်ကို ငါဆင်ခြင်၏။
ထိုမင်းအုပ်စိုးသော သူအပေါင်းတို့ကို ရေတွက် ၍ မကုန်နိုင်။ နောက်လာသောသူတို့သည်လည်း၊ ထိုမင်းကို အားမရဘဲနေကြလိမ့်မည်။ အကယ်စင်စစ် ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။" ဒေသနာကျမ်း။  4:13-16
အားမရဘဲနေလိမ့်မယ်တဲ့။ အထင်ရှားဆုံး ဥပမာက NLD ပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၅ မှာ သောင်ပြိုကမ်းပြို နိုင်ခဲ့တယ်။ နောက်နှစ်နည်းနည်းကြာတော့ တချို့က အားမရတော့ဘူး။ အားမရရင် တချို့က သည်းခံပေမယ့် တချို့က ဆဲလာတယ်။
ဘာလို့အားမရတာလဲ?

၁။  လူတွေမှာ အလွဲမြော်လင့်ချက် false hope တွေ ရှိနေတယ်။ 

ကိုယ်အထင်ကြီး လေးစားတဲ့သူမှာ တကယ်မရှိတဲ့ အရည်အချင်းတွေ ရှိမယ်လို့ အလွဲထင်ထားတတ်တယ်။ အဲဒီတော့ ကိုယ်မြော်လင့်တာတွေ ဖြစ်မလာတော့ အားမရတော့ဘူး။  


ဒါမျိုးကို ကျောင်းဆရာလောကမှာ တွေ့ရတတ်တယ်။ ဆရာအသစ် ကျောင်းခန်းအသစ်ကို ရောက်ရင်ပေါ့။ အရင်ဆရာတွေရဲ့ နေပုံထိုင်ပုံနဲ့ သိပ်ကွာနေရင် ကျောင်းသားတွေ စိတ်ထဲမှာ ကသိကအောက် ဖြစ်တတ်တယ်။ ငယ်ငယ်က စာသင်ချိန်တချိန်မှာ ဆရာအသစ် ဝင်လာတယ်။ ပုဆိုးအစိမ်းကို ခပ်တိုတို ဝတ်လာတယ်။ လက် မှာ ဆေးလိပ်တိုနဲ့။ စာသင်ဖို့ စာအုပ်မပါဘူး။ လိုက်ရေးဆိုပြီး စကားပြောသလို လျှောက်ပြောသွားတယ်။ ကျွန်တော်တို့မှာ အထူးအဆန်း။ မိန်းကလေးတွေက ပြုံးစိစိနဲ့ ခေါင်းငုံကြ၊ ယောင်္ကျားလေးတွေက ဘာလဲဟ ဆိုတဲ့ သဘောနဲ့ တယောက်နဲ့တယောက် ကြည့်ကြတယ်။ ကျောင်းသားတွေရဲ့ အသိစိတ်မှာ ဆရာဆိုတာ ဘယ်လို ဖြစ်နေရမယ်ဆိုတဲ့ ကြိုတင်သတ်မှတ်ချက်တွေ ရှိနေတယ်။ တကယ်တော့ အဲဒီဆရာက တော်ပါတယ်။ တက္ကသိုလ်၊ ကောလိပ်မှာ သင်သလို လာသင်ပေးတာပါ။  
အဲဒီတော့ ရွေးကောက်ပွဲနိုင်တဲ့အခါ ဝန်ကြီးကိုယ်တိုင်မသိလိုက်တဲ့ အရည်အချင်းတွေကို လူတချို့ မြော်လင့်နေတာ သတိပြုရမယ်။ တချို့ ပြစ်တင်ဝေဖန်နေပါလိမ့်မယ်။ လူ့အလို၊ ဝန်ကြီး မလိုက်နိုင်ဖြစ်လိမ့်မယ်။
- အားမရတဲ့ ဒုတိယအချက်က ခေတ်က အမြဲ​ပြောင်းနေလို့ပါ။ နောက်လူတွေက ကိုယ့်ကို အားမရဘဲနေမှာပါ။ လူဆိုတာ ကလေးအရွယ် ၇ နှစ်လောက် မှာ "အဖေ တော်တော်သိတာပဲ" လို့ အဖေ့ကို အထင်ကြီးပေမယ့် ဆယ်ကျော်သက်လည်း ရောက်ရော "အဖေက ဘာသိလို့တုန်း" လို့ ဖြစ်တတ်တာကိုး။ ဝန်ကြီးရော ကျွန်တော်တို့ပါ အားလုံးကြိုးစားနေရမှာပါ။

၂။ အစိုးရဆိုတာ ရာသီဥတုနဲ့ တူတယ်။

ရာသီဥတုကောင်းရင် သီးနှံအထွက်ကောင်းမယ်။ ရာသီဥတု မကောင်းရင် ဘယ်လိုလုပ်မလဲ? ဒီလိုပဲ ရှာကြံကြိုးစားကြရမှာပေါ့။
ဝန်ကြီးဟောင်း မင်းကန် ဦးလှထွန်းက "လုပ်ပိုင်ခွင့်က သိပ်မရှိသေးတော့ အများကြီး မြော်လင့်လို့ မရသေးဘူး။ အကောင်းဆုံးက ကိုယ့်အခြေအနေကိုယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြဖို့ပဲ။" ဆိုတဲ့သဘော ပြောပါတယ်။ မှန်ပါတယ်။ အစိုးရကိုပဲ အားကိုးနေတဲ့စိတ်ကို လျော့ချဖို့ လိုတယ်။ အစိုးရမကောင်းလည်း ကိုယ်တိုင် အောင်မြင်အောင် နည်းလမ်းရှာကြံ ကြိုးစားကြရမှာပါ။ အစိုးရကလည်း ကောင်း၊ ကိုယ်တိုင်လည်း အောင်မြင်အောင် ကြိုးစားရင်တော့ ဘာပြောကောင်းမလဲ?

၃။ နိုင်ငံရေးကို ပညာရပ်တခုလို လေ့လာဖို့ လိုတယ်။ 


ဘယ်အလုပ်ပဲ လုပ်လုပ်၊ သင်ယူရတယ်။ တဖက်ပါတီ မကောင်းကြောင်း ပြောတာက ပညာရပ်တခုမှ မဟုတ်ဘဲ။ ဒါမျိုးက သင်ဖို့ မလိုလောက်ပါဘူး။
အမေရိကန် သင်ရိုးတခုမှာ Grade 1 တတန်းကျောင်းသားတွေကို Purpose of Government ကို သင်တာတွေ့ရတယ်။ "အစိုးရရဲ့ အလုပ်" ပဲ ဆိုကြပါစို့။ "The purpose of government is to keep people safe and to help people work together." "အစိုးရဆိုတာ လူအများ ဘေးကင်းဖို့၊ အလုပ် အတူလုပ်နိုင်ဖို့ ကူညီရမယ်" လို့ ဆိုတယ်။ တတန်းမှာ သင်တာနော်။ ကျွန်တော်တို့ အတော်နောက်ကျခဲ့ပါတယ်။
နိုင်ငံရေးက အတော်ကျယ်ဝန်းတဲ့ပညာပါ။ သမိုင်း၊ ပထဝီ၊ စီးပွါးရေး၊ သဘာဝပတ်ဝန်းကျင်၊ နိုင်ငံခြားရေး၊ ပြည်တွင်း စီမံခန့်ခွဲမှု၊ လက်ဝဲလက်ယာ အယူအဆများ၊ လူ့ဘဝနဲ့ လူမှုပြဿနာအထွေထွေ၊ လူမျိုးများအကြောင်း၊ အတွေးအခေါ်၊ ဘာသာတရား စတာတွေ ပါဝင်ရောယှက်နေတယ်။
စာတွေ့သင်ယူလေ့လာဖို့ လိုသလို ကျွမ်းကျင်စွာ လက်တွေ့အကျိုးရှိအောင် သုံးတတ်တဲ့ wisdom ပညာလည်း လိုတယ်။
ဒီမှာက ရွေးကောက်ပွဲ ဆောင်ပုဒ် slogan ကိုပဲ ကြည့်ပါဦး။
1. Change - 2008, Obama
ပြောင်းလဲချိန် တန်ပြီ။
2, Forward - 2012, Obama
ရှေ့သို့လှမ်းချီ။
ပြီးခဲ့တဲ့ ၂၀၁၅ ရှေးကောက်ပွဲ ဆောင်ပုဒ်တွေနဲ့ အတော်တူနေတာ တွေ့ရတယ်။ တခါတခါလည်း စဉ်းစားမိပါတယ်။ ကော်ပီလုပ်တာ သီချင်းတို့၊ ရုပ်ရှင်တို့ပဲ မဟုတ်လောက်ဘူးလို့။
နိုင်ငံရေးစိတ်ဝင်စားရင် လူငယ်တွေဟာ နိုင်ငံရေးကို ပညာရပ်တခုလို လေ့လာသင့်ပါပြီ။

၄။ ချက်ချင်းကြီး ပြောင်းမရတဲ့ အရာတွေ

တချို့အရာတွေက မြန်မြန်ပြောင်းလေ ကောင်းလေပဲ။ လူတွေ ဝန်ပိနေတာ၊ စိတ်အနှောက်အယှက် ဖြစ်နေတာတွေက ချက်ချင်းပြောင်းလေ ကောင်းလေပါပဲ။ ဥပမာ၊ လမ်းစည်းကမ်းအတွက် ဒဏ်ရိုက်နေတာမျိုးထက် ဖြည်းဖြည်းချင်း ပညာပေး၊ တဆင့်ချင်း ဒီဂရီနဲ့ ဒဏ်ရိုက်လုပ်သင့်ပြီ။ ငွေဖန်တာမျိုး မဖြစ်သင့်ဘူး။ Caught in Providence မှာ မြို့နယ်လူကြီးရဲ့ ကြင်နာပုံလေးတွေကို တာဝန်ရှိသူတွေ ကြည့်သင့် အတုယူသင့်ပါတယ်။ အာဏာပြ ရမ်းအုပ်ချုပ်နေတာတွေ ချက်ချင်း ရပ်သင့်ပါပြီ။
ဒါပေမယ့် အတွေးအခေါ် အယူအဆ၊ ဘာသာတရား ယုံကြည်မှုတို့နဲ့ဆိုင်ရင် ချက်ချင်း ပြောင်းစေချင်လို့ မရဘူး။
အသိမိတ်ဆွေတယောက်ရဲ့ ညီမက ရေးတဲ့ပို့စ်လေး ဖတ်မိတယ်။ ပြုံးမိလို့ပါ။ သူတို့မှာ အဖေ၊ အမေ၊ မွေးချင်း ၁၀ ယောက်နဲ့ တူတူမ ၁၀ ယောက် ရှိပါသတဲ့။ အဖေနဲ့အကိုကြီးက တစည၊ အကို ၃ ယောက်က အနီ၊ ကျန်တာအားလုံးက အစိမ်းတဲ့။

သူပြောတာက "ဘယ်လိုပဲ အရောင်တွေ ကွဲနေပါစေ။ သူတို့အတွက်ဆို ဘာမဆို ပေးဆပ်ချင်နေတာပါ" တဲ့။ မေတ္တာ မပျက်ကြဘူးပေါ့။ နောက်လိုက်သေးတယ်။ " အငြင်းသန်ဆုံးကတော စလုံးက အကိုနဲ့ ရန်ကုန်က မောင်လေး၊ ဟုတ်တယ်ဟုတ်" တဲ့။ (သူတို့က အနီတွေပေါ့)
ဒီအချိန်မှာ ကျွန်တော်တို့ မိတ်ဆွေ (အနီ) က ဝင်နောက်တယ်။ "အမေ့အရိပ်အောက်က လွတ်လပ်တဲ့ ဒီမိုကရေစီ မိသားစုလေးပါ။"
အဲဒီအောက် မှာ ညီအမတတွေ ပြန်ပြောကြပါလေရော။ "ကျွန်မတို့အမေက အိမ်မှာ။" အမေ ဘယ်သူလဲ "သေချာမသိရင် အိမ်က အမတွေ၊ ညီတွေနဲ့ တိုင်ပင်ဦး" တဲ့။ ပြုံးမိပါတယ်။ မေတ္တာမပျက်တာ တကယ်ကောင်းပါတယ်။ ကျွန်တော်တို့ ယုံကြည်သလို၊ လေးစားတန်ဖိုးထားသလို တခြားသူတွေ လိုက် မလုပ်နိုင်တာကိုလည်း နားလည်ပေးဖို့ သက်ညှာဖို့ လိုတယ် မဟုတ်လား။
သိုးနွားဆိတ်တွေ ကျောင်းတဲ့အခါ သားငယ်ရှိတဲ့ သိုးအုပ်၊ နွားအုပ်၊ ဆိတ်အုပ်ကို ခရီးပြင်း နှင်ချင်လို့ မရဘူး။ စောင့်ခေါ်ရမယ် မဟုတ်လား? တနေ့ချင်းမှာ ခရီးပြင်းနှင်ရင် သေမှာပေါ့။ ဦးဆောင်သူဆိုတာ နူးညံ့တဲ့အရာတွေ၊ အကြမ်းမခံတဲ့အရာတွေကို သက်ညှာရမယ် မဟုတ်လား။
ကြက်ဟင်းခါးဟာ သိပ်ခါးလှမယ်လို့ မထင်ပါဘူး။ လေးနက်ရုံပါပဲ။   🙂
အခု ပင်စိမ်းနဲ့ ကြက်ဟင်းခါး ရပါပြီ။ အဆင်ပြေရင် ရိုးရာခေါင်ရည်ချို တခွက်လောက် တိုက်ချင်ပါသေးတယ်။ ရီဝေဝေလေးပေါ့။ 
🙂 


III. ခေါင်ရည်ချိုတခွက်

ညီငယ်တယောက်က ဖုန်းဆက်တယ်။ "ရွေးကောက်ပွဲအပြီး အရှိုတွေ အုပ်စုကွဲကုန်ပြီ။ လူငယ်တွေ အွန်လိုင်းမှာ အခြေအတင်တွေ ပြောကုန်ပြီ။ အဲဒါ ဝင်ပြောဦး" တဲ့။
"ငါ ဝင်ပြောတော့ ငါ့ကို ဆဲမှာပေါ့။" ဆိုတော့ ...
"မဟုတ်ဘူးလေ၊ ပို့စ်လေးတခုလောက် ရေးပြီး ထိန်းဦး။ ခေါင်ရည်တခွက် တိုက် မယ် လို့ ပြောထားတယ် မဟုတ်လား" တဲ့။  
သူနဲ့ဖုန်းပြောပြီးမှ ပြုံးမိတယ်။ ခေါင်ထည့်ရင် စိတ်ရှည်ရတယ်။ ခေါင်အိုးနား သွားထိုင်၊ "သောက်လို့ရပြီလား" ဆိုပြီး ဖွင့်ကြည့်လိုက်၊ "မရသေးဘူး" ဆိုပြီး ပြန်ပိတ်လိုက် လုပ်လို့ မရဘူး။ ခေါင်ထည့်ရင် စိတ်ရှည်ရမယ်။  🙂
ဦးလေးတယောက်က ပြောဖူးတယ်။ ပန်းတောင်းဖက်က အရှိုချင်း ဦးလေးကြီးတ‌ယောက်အကြောင်း။ သူက ပြတ်တယ်။ "ငါ့ဘဝမှာ ဗမာ (ဝနူ) ထည့်တဲ့ ခေါင်ရည် မသောက်ဘူး။ ချင်းမ(အရှိုးနူ) လုပ်တဲ့ မုန့် မစားဘူး" တဲ့။ သူ့စကားက ရုတ်တရက်ဆို လူမျိုးရေး မုန်းတီးမှု လို့ ထင်ရပေမယ့် ဘဝအတွေ့အကြုံနဲ့ စဉ်းစားတွေးခေါ်မှုကလာတဲ့ ပညာစကားပါ။
အရှိုက ခေါင်ရည်ထည့်ရင် ချက်ချင်း မရဘူး။ စိတ်ရှည်ရတယ်။ စောင့်ရတယ်။ စိတ်ချလက်ချ ပစ်ထားရတယ်။ ခေါင်ထည့်ပြီး တနေကုန် တောင်ယာမှာ တခြား အလုပ်သွားလုပ်နေလို့ ရတယ်။
မြန်မာ မုန့်လုပ်တာက တမျိုး။ သူ့မုန့်အများစုက အိုးကင်းမှာ ကြော်ရတယ်။ အထက် မီး အောက် မီး ပေးရတယ်။ ဟိုအကြောင်း ဒီအကြောင်း၊ ရောက်တတ်ရာရာ စကားလေး တပြောပြောနဲ့ လက်က အငြိမ်မနေ၊ ယောင်းမနဲ့ ဟိုလှန် ဒီလှန်၊ ဟိုရွှေ့ ဒီရွှေ့ လုပ်ရတယ်။ မုန့်ကြော်တုန်း "ဟိုဖက်အိမ် အလည်ခဏ သွားဦးမယ်" လို့ ပြောလို့ မရဘူး။ တူးကုန်မယ်။
အငြိမ်နဲ့ အသွက် သဘာဝ မတူတာကို ဦးလေးကြီးက ပြောတာပါ။ တက္ကသိုလ်က ဘွဲ့သာ မရခဲ့ချင်သာနေမယ်။

သူပြောတဲ့အကြောင်းအရာဟာ တက္ကသိုလ်မှာ သင်တဲ့ Anthropology မနုဿ ဗေဒမှာ ထည့်သင်ရမယ့် အကြောင်းအရာပါ။ မနုဿ ဗေဒ ဆိုတာ လူမျိုးတွေအကြောင်း လေ့လာတဲ့ပညာ။ နိုင်ငံရေးကို စိတ်ဝင်စားရင် လူမျိုးတွေအကြောင်း ထည့်လေ့လာပါ။
အဲဒီတော့ လူငယ်တွေ၊ ကိုယ်က အရှိုမဟုတ်လား။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ၊ ရည်မှန်းချက်၊ စိတ်ကူး စိတ်သန်းတွေကို တဆေး (ကဇော်) နဲ့ ခေါင်ထည့်သလို အေးအေးဆေးဆေး နှပ်ထားလိုက်ပါ။ ယောင်းမကြီးနဲ့ ထ,ထ မထိုးပါနဲ့။ အေးအေးဆေးဆေး လုပ်ကြပါကွယ်။  🙂
ကဲ - လာပြီ။ ခေါင်ရည်နော်၊ အချိုရည် မဟုတ်ဘူး။
၁။ အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးက ဂျင်းပါ။
အရင်စစ်အစိုးရခေတ်မှာ သူပဲနိုင်ငံရေးလုပ်မယ်၊ တခြားသူတွေ မလုပ်စေချင်တော့ ဝန်ထမ်းတွေ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်၊ ငါတို့က အမျိုးသားနိုင်ငံရေး လုပ်တာ" လို့ ဂျင်းထည့်ကြတယ်။ အဲဒီစကားကို အခုအချိန်မှာ တချို့နိုင်ငံရေးသမားတွေ သံယောင်လိုက်ပြီး ပြောနေတာဟာ ဆေးသားညံ့တာပါ။ ဒီလိုဆေးသားနဲ့တော့ ဘာပြုပြင်ပြောင်းလဲရေး၊ ဘာတိုးတက် မှုမှ လုပ်နိုင်မယ် မထင်ဘူး။ တချို့နိုင်ငံရေးသမားက "လက်တွေ့က" လို့ ပြောရင်ရသားနဲ့ "မြေပြင်အခြေအနေ" လို့ သုံးကြတယ်။ စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်တာ ကြာတော့ စစ်တပ်စကားတွေတောင် လိုက်ပြီး ပြောတတ်နေကြပြီပေါ့။ အဲဒီလို သံယောင်လိုက်သူတွေ နိုင်ငံရေးလုပ်လည်း ဘာမှ ထူးထူးခြားခြား ပြောင်းလဲလာမှာ မဟုတ်ဘူး။
၂။ နိုင်ငံရေးပါတီတွေေနဲ့ မီဒီယာတွေရဲ့စကားကို စဉ်းစားချင့်ချိန်ပါ။ ရမ်း လက်မခံနဲ့။
တချို့က နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်လို့ ဝင်ပါပြီး၊ နိုင်ငံရေးလောကရဲ့ အတင်းအဖျင်းလောက် ပြောရရင် ကြေနပ်နေတာ။ နိုင်ငံရေးကို ပညာရပ်တခုလို မလေ့လာဘူး။
သတင်းမီဒီယာမှာလည်း bias (ဘိုင်းယားစ်) ဆိုတဲ့ ဘက်လိုက် မှုတွေ ရှိတယ်။ Not for sale ဆိုတဲ့ ငွေနဲ့ ဝယ်လို့မရတဲ့သူ၊ ငွေနဲ့ပေါက်လို့ မရတဲ့သူဆိုတာ နယ်ပယ်စုံမှာ ရှားပါးပစ္စည်းပါ။
တခါ တချို့ကလည်း unbias ဘက် မလိုက်ဘူး ဆိုပြီး ဒဏ်ရာရထားတဲ့ ကျားတွေ ခြင်္သေ့တွေ ဆွဲထုတ်တဲ့ မီဒီယာလည်း ရှိတယ်။ ပွဲဆူရုံပဲရှိမယ်။ ဘာမှ မ​ပြောင်းလဲ၊ မတိုးတက်နိုင်ဘူး။ နားပါစေတော့။
အနည်းဆုံးတော့ Facebook ပို့စ်တခုကို ဘယ်အုပ်စုက တင်မှန်းမသိဘဲနဲ့တော့ နိုင်ငံရေး မလုပ်သင့်ဘူး ထင်တယ်။ NLD ထောက်ခံသူတချို့က တဖက်ကတင်တဲ့ ပို့စ်ကို အားရပါးရ ရှဲနေတာလည်း တွေ့နေရလို့ပါ။ လူငယ်မပြောနဲ့ လူကြီးတွေပါ ပါနေတယ်။
၃။ နိုင်ငံရေးမှာလည်း တလွဲအယူအဆ myths တွေ ရှိတယ်။ 

အဲဒီ myths တွေကို ပါတီအများစုနဲ့ မီဒီယာအများစုက ဖြန့်နေတယ်။ ဒါက အလွဲတွေ။ ဥပမာပြောရရင် -
က။ NLD ဟာ တပါတီအာဏာရှင် ဖြစ်သွားမှာ စိုးရတယ်ဆိုတဲ့ တလွဲအယူအဆ (ဂျင်း)
-  စစ်တပ်က နိုင်ငံရေးက မထွက်သေးဘဲ ....
-  (အ​မေရိကန်မှာပင် ရီပတ်ပလီကင်နဲ့ ဒီမိုကရက် နှစ်ပါတီပဲ လူသိများတဲ့အချိန်မှာ) ကိုယ့်နိုင်ငံမှာ နိုင်ငံရေးပါတီပေါင်း ၉၇ ပါတီ မှတ်ပုံတင်ထားပါလျက် ...
- ဆိုရှယ်မီဒီယာ Facebook ကို သုံးနေရပါလျက်နဲ့ တပါတီအာဏာရှင်ဖြစ်မှာ စိုးရတယ်ဆိုတာ myth (မစ်သ်) တလွဲအယူပါ။ ဒီထက်ပိုပြောရရင် ဂျင်းပါ။
ခ။ ကိုယ့်လူမျိုးစု ရပိုင်ခွင့်။
ရုတ်တရက် ကြားရရင် အဟုတ်ပဲ။ ရပိုင်ခွင့်ဆိုတော့ ရသင့်တာပေါ့။  ဒါပေမယ့် ကိုယ်မတောင်းဘဲ ရသွားတာတွေလည်း ရှိတာကို ထည့်တွက်ရမယ်။
ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလိပ်က သူသိမ်းပိုက်ခဲ့တဲ့ နိုင်ငံတွေကို လွတ်လပ်ရေး ပေးရတယ်။ မြိုထားသမျှ ပြန်အန်ရတယ်။ အမှန်က အေးအေးဆေးဆေး ဖြစ်သင့်တယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေ စိတ်လှုပ်ရှားနေတယ်။ သူ့ကျွန်ဘဝတွေ၊ ကိုယ့်မင်းကိုယ့်ချင်းတွေ အတွေးတွေ ဆူနေတယ်။ အဲဒီခေတ်ဗမာသတင်းစာတွေက ပင့်တယ်။ လွတ်လပ်ရေး ယူမယ်။ ဟုတ်ပြီ။ ဒါပေမယ့် ရပြီးရင် ဘာဆက် လုပ်မလဲ ဆိုတဲ့ အတွေးကို ဦးစားမပေးခဲ့ဘူး။ ရိုးဂုဏ်နဲ့ လူချစ်လူခင်များတဲ့ ဗိုလ်ချုပ်အောင်ဆန်းပင်လျှင် လွတ်လပ်ရေးရပြီးရင် စာရေးဆရာလုပ်မှာတဲ့။
အဲဒီတော့ ပင်လုံမှာ ကချင်၊ ချင်း၊ ရှမ်းနဲ့ ဗမာ ၄ မျိုးထဲက နိုင်ငံရေးသမားတချို့ လက်မှတ်ထိုးရာမှာ ဒို့အရှိုတွေ မပါခဲ့ပေမယ့် ပြည်ထောင်စုထဲ ပါရတယ် မဟုတ်လား။ နောက်ပိုင်း ဇာတ်မျော ကကြတော့လည်း အတူတူ ငတ်ရတယ် မဟုတ်လား။ (ဒါတောင် မပါခဲ့ရလို့ စိတ်မကောင်းဖြစ်နေသူတွေ ရှိနေတယ်။ တကယ့်အလွဲ)
အခုက ဒီမိုကရေစီလေ။ ဘာတွေပေးနေလို့ ဘာတွေ မရမှာ ကြောက်နေသလဲ? 


၄။ နိုင်ငံရေးသမားလည်း တခြားနယ်ပယ်က လူတွေလိုပဲ ရင့်ကျက်ဖို့ လိုတယ်။ စိတ်အားကြီးနေရုံနဲ့ မလုံလောက်ဘူး။ လူဟာ ဘာလုပ်လုပ် တနေ့တခြား ရင့်ကျက်ဖို့ လိုတယ်။ တိုင်းရင်းသားတချို့ မဲဆွယ်တော့ "ကိုယ့်လူမျိုးကို ချစ်ရင်၊ ကိုယ့်လူမျိုးပါတီကို မဲပေးပါ။" "မဲမပေးရင် ကိုယ့်လူမျိုးကို သစ္စာဖေါက်တာပဲ။" တဲ့။ ဟော - ရွေးကောက်ပွဲလည်း ရှုံးရော "ငါတို့လူမျိုးက စာမတတ်ဘူး။ ကိုယ့်လူမျိုးကို အားမပေးဘူး။" တဲ့။ တယောက်တည်း ရန်ချည်း တွေ့နေတော့တာပဲ။ 

 
လူအများကို ဦးဆောင်ဖို့ နိုင်ငံရေး လုပ်တာ မဟုတ်လား၊ စိတ်ထား မြင့်မြင့် ထားဖို့ လိုတယ်။ နိုင်ငံရေးပါတီ အများစုရဲ့ ခေါင်းဆောင်တွေ စကားပြောရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို မထိခလုတ် ထိခလုတ် တိုက်ခိုက်ကြတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်မှာ ဆိုရင် ရာဇအိန္ဒြေ ဘာလေး စောင့်ကြဦးလေ။ မှီတာလည်း မဟုတ် ပခုံးချင်းက သွားသွားယှဉ်နေတာ။ နိုင်ငံရေးလောကက တကယ့်ဗရုတ်သုတ်ခ၊ တခြားနယ်ပယ်တွေမှာ ဒီလောက် မဆိုးဘူး ထင်တယ်။ ဥပမာ - ဂီတမှာ ဆိုပါစို့။ ပညာရှင်နဲ့ တွဲတီးရမယ်ဆိုရင် တက်သစ်စက ရင်တွေခုန်လို့။ ပညာနဲ့ သွားတာကိုး။ နိုင်ငံရေးမှာတော့ ပညာနဲ့မသွားဘဲ လေနဲ့သွားသလား မှတ်ရတယ်။ ဘာအထိန်းမှ မရှိ။
၅။ နိုင်ငံရေးသမားလည်း တခြားလူတွေလိုပဲ မကောင်းမှုရှောင်ရမယ်။ နိုင်ငံရေးပြောပြီး ဆဲနေသူတွေ ရှိတယ်။ ကျွန်တော့အပါ သင်ပေးတာလေး တခု သတိရမိတယ်။ "လူတွေမှာ ဆဲတာ အကျင့်ပါသွားတတ်တယ်။ အသုံးမကျဘူး လို့ ပြောရင် ရလျက်သားနဲ့၊ တချို့က ‌ေ-ာက်သုံးမကျဘူး လို့ ဆဲတတ်တယ်။ အဲလိုမ​ပြောရဘူး။ သတိထားရမယ်" တဲ့။
အခုတော့ ဆဲလိုက် ကြတာ။ အထိန်းအချုပ် မရှိ။ အရှက်အကြောက် မရှိ။ ကိုယ်မကြိုက်တာနဲ့ ဝန်ကြီးတွေ၊ အမတ်တွေကို ဆဲလိုက်ကြတာ၊ အပြစ် မဖြစ်ဘူးလား။ အပြစ်ဖြစ်ရင် ကျွန်တော်တို့ ကောင်းစားပါ့မလား?
 NLD ကို မကြိုက်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်ကို ဆဲတယ်။ ကောင်းသလား? မကောင်းဘူး။ စစ်တပ်မကြိုက်သူတချို့က ဘာမဆီမဆိုင် ဒေါ်နယ် ထရန့်ကို ဆဲတယ်။ အဲဒီအထဲ ပညာတတ်တချို့နဲ့ အမေရိကားရောက်သူ တချို့ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ အမေရိကန်နိုင်ငံရေးကို သပ်သပ်စီ စဉ်းစားပါ။ ခံစားချက်တွေ ရောမပစ်ပါနဲ့။

အမေရိကန်နိုင်ငံရေးအကြောင်းပြောရင် အမေရိကန်သမိုင်းနဲ့ ဘာသာရေး အတွေးအခေါ်တွေကို သိဖို့ လိုမယ်။ ဒီမိုဆိုတဲ့ လူတချို့ကလည်း တခါတခါ ရောကြိတ်တာ။ လူတယောက်ကို မဆီမဆိုင် စော်ကားတာ အပြစ် မဖြစ်ဘူးလား။

ကောင်းစားဖို့အတွက် အတားအဆီးတွေ ဖြစ်လာမှာ စိုးရတယ်။ တချို့ကို မေးချင်တယ်။ ပေါကြောင်ကြောင် အရူးကြီးလို့ ခင်ဗျားတို့ပြောနေတဲ့ သမတ ဒေါ်နယ် ထရန့်က သူ့သက်တမ်းပြီးလို့ မြန်မာပြည်က ခင်ဗျားတို့နေတဲ့ တိုင်း (သို့) ပြည်နယ်ကို တိုးတက်အောင် လာကူညီချင်ပါတယ် ဆိုရင် ဘယ်လို သဘောထားမလဲ။ ငြင်းကြမလား။  
ပညာရှိဆိုရိုး ရှိတယ်။ Pro 13:8 "the poor heareth not rebuke." "ဆင်းရဲသားမှာ နားမရှိဘူး" တဲ့။ "ဒေါ်နယ်တွေ၊ ဘိုင်ဒန်တွေ" ကျွန်တော်တို့မှာ ရွေးခွင့် မရှိဘူး။ တန်ရာတန်ရာ တွေးဖို့ လိုတယ်။ အဲဒီတော့ ဒေါ်နယ် ထရန့်ကို ဆဲမိသူတွေလည်း နှစ်မကုန်ခင် တောင်းပန်ကြရင် ကောင်းမယ် ထင်တယ်။  🙂 (ဒါတော့ များသွားပြီလို့ မထင်ဘူးလား။ ခေါင်ရည်ဆိုတာ ဒီလိုပဲ။ သွေးလေးလာပြီ၊ ရီဝေဝေ ဖြစ်လာပြီ၊ စကားလည်း အဆုံးအထိ ပြောလာပြီ။)
၆။ မြန်မာ့နိုင်ငံရေးက ဘာနဲ့ တူနေသလဲ။ ငယ်ငယ်က ကြည့်ဖူးတဲ့ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲတွေလို ဖြစ်နေတယ်။

ကလေးတွေကို မခက်၊ ခက်အောင် ဂုံအိတ်စွပ် ပြေးခိုင်း၊ သုံးချောင်းထောက် ပြေးခိုင်း၊ ခုန်ခုန်ပြီး ဟပ်ရတဲ့ မုန့်စားပြိုင်ပွဲတွေခိုင်းသလို ဖြစ်နေတယ်။ ဂုံအိတ်စွပ်ပြီး မလွတ်မလပ် ပြေးခိုင်း၊ ပန်းဝင်မှ မဆိုးပါဘူး လို့ လုပ်ကြသလိုပဲ။ ကန့်သတ်ချုပ်ချယ်မှုတွေ၊ အဆီးအတားတွေ ရှိတော့ လွတ်လွတ်လပ်လပ် တိုးတက်အောင် လုပ်လို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အခု  ကြုံနေရတာ အဲဒီကစားပွဲပဲ။ တကယ်တော့ ဒါဟာ သက်သက် ပင်ပန်းစေတယ်။ တိုးတက် မှုတွေ နှောင့်နှေးတယ်။
ကျောင်းက ကျောင်းသူလေး တယောက် T.V မှာ ဘောလုံးပွဲ ကြည့်တော့ သူပြောတဲ့စကား သတိရတယ်။ သူက မိန်းကလေးဆိုတော့ ဘောလုံးကန်တာ သိပ်စိတ်မဝင်စားဘူး။ သူက "ဘောလုံးတလုံးတည်းကို ဘာလို့ ဝိုင်းလုနေကြလဲ မသိဘူး။ တယောက် တလုံးစီ ကန်လည်း ရသားနဲ့" တဲ့။ ကျွန်တော်တို့အားလုံး ရယ်မိတယ်။ (နိုင်ငံခြား ဟာသ တခုမှာလည်း သူပြောသလိုမျိုး ဖတ်ဖူးပါတယ်။) ပြောချင်တာက လူတချို့ သဲကြီးမဲကြီး လုပ်နေတာတွေ တခြားသူတွေအတွက်က ဘာမှမဟုတ်ဘူး။ နောင်မှာ ကလေးတွေအတွက် ပျော်စေချင်ရင် ဒီအတိုင်း မုန့်ကျွေးကြပါ။ အခက်အခဲတွေလုပ်ခိုင်းပြီး အရသာခံ ကြည့်မနေကြပါနဲ့။ ဉာဉ်ကို အရင်ပြင်ရမှာ။
အဲဒီတော့ ဂုံအိတ်စွတ်ပြေးပွဲကနေ ကစားနည်း ပြောင်းပြီး၊ ထုတ်စည်းထိုးတမ်း ကစားကြမယ်။ ထမရည် (ထမင်းရည်) ပူ မလောင်အောင် ရှောင်ကြမယ်။ - အဲဒီလို လူတိုင်း တရားဥပဒေကို ကျောသားရင်သား မခွဲခြားဘဲ လေးစားလိုက်နာမယ့် အခင်းအကျင်း ဘယ်တော့ပေါ်မလဲ လို့ မြော်လင့်မိတယ်။ ဒါတောင် အကောင်းဆုံး မဟုတ်သေးဘူး။
အရှိုတယောက်အနေနဲ့တော့ ကတယ်ဆိုပြီး မနူးညံ့ဘဲ ဝါးညှပ်တွေကြား သဲထိတ်စရာ ပြေးလွှားခုန်ပေါက်နေလို့ ကြမ်းတယ် ထင်ရမယ်။ ဒါပေမယ့် တရားမျှတမှုကို ကြိုက်တယ်။ ခေါင်းအုံးရိုက်ပွဲလို သူ့လက်ထဲလည်း ခေါင်းအုံးတလုံး၊ ကိုယ့်လက်ထဲလည်း ခေါင်းအုံးတလုံး၊ သူ့ဖက်လည်း ဘယ်သူမှမပါ၊ ကိုယ့်ဖက်လည်း ဘယ်သူမှ မပါ။ ဝါးလုံးတန်းပေါ်က မျှတတဲ့ ပွဲမျိုးကို ပိုကြိုက်တယ်။ စသလို နောက်သလိုနဲ့ ခေါင်းပေါင်းချွတ်တာမျိုးကို ပိုစိတ်ဝင်စားတယ်။
ကဲ - ခေါင်ရည်သောက်တော့ မူးရောပေါ့။            ။

Tuesday, October 6, 2020

Intelligence ဉာဏ်ရည်ဉာဏ်သွေး

 

ကိုယ့်မှာ ဘယ်လို ဉာဏ်ရည်ဉာဏ်သွေး၊ အစွမ်းအစတွေ ရှိသလဲလို့ သိထားသင့်ပါတယ်။ မိဘ၊ ဆရာများနဲ့ ကျောင်းသားများ သိသင့်ပါတယ်။
စိတ်ပညာအရ ဉာဏ်ရည်ဉာဏ်သွေး နှစ်မျိုးရှိတယ်လို့  အမေရိကန်စိတ်ပညာရှင် ရေမန် ကက်တယ်နဲ့  ဂျွန်းဟောန် Raymond Cattell and John Horn တို့က သတ်မှတ်ကြတယ်။

၁။ Fluid intelligence ဉာဏ်ရည်ဉာဏ်သွေး - အငွေ့အရည်


အပြန်အလှန် စဉ်းစားနိုင်စွမ်း၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း၊ ပုံရိပ်များ ခွဲခြားနိုင်စွမ်း၊ ဆက်နွယ်မှုကို သိနိုင်စွမ်း။ မွေးရာပါဖြစ်၊ သင်ယူ၊ တွေ့ကြုံ၊ အနေနီးရုံနဲ့ မရ။ (ဥပမာ- လမ်းကျွမ်းသူ- အရပ်မျက်နှာကို ခန့်မှန်းနိုင်၊ တခေါက် ရောက်ဖူးရုံ (သို့) မရောက်ဖူးလည်း သိသူဖြစ်တယ်။)

၂။ Crystallized intelligence ဉာဏ်ရည်ဉာဏ်သွေး - အစိုင်အခဲ


သင်ကြားမှု၊ အတွေ့အကြုံကြောင့် ရနိုင်၊ တိုးလာနိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေး အစွမ်းအစမျိုး ဖြစ်တယ်။ (ဥပမာ- ဘာသာစကား၊ သင်္ချာ)



  GARDNER’S NINE TYPES OF INTELLIGENCE - ဉာဏ်ရည်ဉာဏ်သွေး ၉ မျိုး

ဒီသီအိုရီက ၁၉၈၃ မှာ စပေါ်လာတယ်။  

1. Logical-Mathematical Intelligence - သင်္ချာဉာဏ်စွမ်း

သင်္ချာပညာရှင်၊ စုံထောက်၊ မှုခင်းသတင်းထောက်၊ သိပ္ပံပညာရှင် ….. များ ဖြစ်နိုင်ပါတယ်။

2. Linguistic Intelligence - ဘာသာစကားအစွမ်း

စကားတမျိုးတည်း ပြောပေမယ့် ထိရောက်ရှင်းလင်းအောင် ပြောနိုင်သူ။ - စာရေးဆရာ၊ ဝတ္ထု ရေးဆရာ၊ ကဗျာဆရာ၊ ဂျာနယ်လစ်၊ ဟောပြောသူ၊ အောင်မြင်ရေးဆရာ။ (နိုင်ငံရေးသမား) တို့ ဖြစ်နိုင်ပါတယ်။

3. Visual-Spatial Intelligence ပုံရိပ်ဖေါ်နိုင်စွမ်း

-    ပတ်ဝန်းကျင်အနေအထားကို ရိပ်မိသူ၊ လမ်းကြောင်းနဲ့ ဦးတည်ရာကို ကျွမ်းကျင်သူ၊ မြေပုံနဲ့ ဉာဏ်စမ်းပါတဲ့ ဂိမ်းတွေ၊ ပဟေဠိတွေကို စိတ်ဝင်စားသူ၊ အရုပ်တွေ ပန်းချီတွေ ဆွဲရဝါသနာပါသူ၊ စိတ်ကူးယဉ် ပုံရိပ်တွေ မြင်ယောင်နေတတ်သူ၊ တခါမြင်ဖူးရုံနဲ့ မှတ်မိသူဖြစ်ပါတယ်။
-    အလုပ်အကိုင်က - ပန်းချီဆရာ၊ ပန်းပု၊ ဗိသုကာပညာရှင်၊ ဒီဇိုင်းဆရာ၊ စစ်တုရင်၊ ခွဲစိတ်ဆရာဝန်၊ လေယာဉ်မှုး၊ သင်္ဘောကပ္ပတိန်၊ 2D, 3D ပုံရိပ်များဖန်တီးခြင်း၊ ဂိမ်း၊ ဗိသုကာ အဆောက်အဦ၊ ရုပ်သံလုပ်ငန်း၊ အာကာသပညာရပ်တွေ လုပ်ကိုင်ကြတယ်။

4. Naturalist Intelligence - သဘာဝတရားကို နားလည် သူ

-    သဘာဝကို ချစ်ပြီး အချိန်ယူတတ် သူ၊ တိရစ္ဆာန်များကို နားလည်သူ၊ သစ်ပင်စိုက်သူ၊ မွေးမြူရေး ဝါသနာပါသူ၊ ရုက္ခဗေဒပညာရှင်၊ စိုက်ပျိုးရေးပညာရှင်၊ သစ်တောပညာရှင်၊ ဥယျာဉ်ပန်းမာလ်ပညာရှင်များ ဖြစ်တတ်တယ်။  

5. Musical Intelligence - ဂီတစွမ်းရည်

သံစဉ်တခုကို ရယူ၊ ရွတ်ဆိုနိုင်သလား။ – their pitch, rhythm, tone and timber တွေ ရိပ်မိသလား။ သူများတွေ မကြားတဲ့ အသံသေးသေးလေးတွေအထိ ကြားတတ်သလား။
musicians ဂီတပညာရှင်၊ composers သီချင်းရေးဆရာ၊ vocalists အဆိုတော်၊ conductors ဂီတမှူး၊ sound mixers အသံဖမ်းပညာရှင်နဲ့ sound engineers အသံအင်ဂျင်နီယာတွေ ဖြစ်နိုင်ပါတယ်။

6. Existential Intelligence - ဖြစ်တည်မှုကို သိသောဉာဏ်

တချို့အတွက် သိပ်နက်နဲနေနိုင်တဲ့ အကြောင်းအရာတွေ ရှိတယ်။ - လူတွေ ဘာကြောင့် ရှိနေသလဲ။ ဘာကြောင့် သေရသလဲ။ သေပြီးရင် ဘာဆက်ဖြစ်သလဲ။  
အလုပ်အကိုင်က စိတ်ပညာရှင်၊ ကျမ်းစာပညာရှင်နဲ့ Motivational speakers အောင်မြင်ရေးဆရာများ ဖြစ်နိုင်ပါတယ်။

7. Bodily-Kinesthetic Intelligence - ကိုယ် ကာယအစွမ်း

 ကိုယ့်ရဲ့ ကိုယ်ခန္ဓာအစွမ်းကို သိတဲ့သူ။ ချိန်ဆနိုင်သူ။ ကိုယ်အမူအယာ လှုပ်ရှားပြရုံနဲ့ အဓိပ္ပါယ် နားလည်စေသူ။ ချိန်ကိုက် လှုပ်ရှားနိုင်သူ။ ပစ္စည်းကရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သူ။ လက်မှုပညာကို ဝါသနာပါသူများ ဖြစ်တယ်။
-    အလုပ်အကိုင်က အားကစားသမားများ၊ အစွမ်းပြသူများ၊ စင်မြင့်ဖျော်ဖြေသူများ၊ လက်မှုပညာရှင်။ ခွဲစိတ်ဆရာဝန်။  

8. Interpersonal Intelligence - လူမှုရေးအစွမ်း

“emotional intelligence” or EQ. လူတွေရဲ့ခံစားချက်နဲ့ စိတ်ရင်းကို သိသူဖြစ်တယ်။ communication skills ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းသူ။ –စကားပြောကောင်းရုံသာမက အပြုအမူလည်း ကောင်းမွန်သူ ဖြစ်တယ်။ both verbal and non-verbal.
လူတယောက်နဲ့တယောက် မတူပုံ၊ လူမျိုးတမျိုးနဲ့ တမျိုး၊ တိုင်းပြည်တပြည်နဲ့တပြည် မတူပုံကို ရိပ်မိသူ၊ အပေါင်းအသင်း၊ မိတ်ဆွေ အသိုင်းအဝန်း ကျယ်ပြန့်သူ ဖြစ်တယ်။ သူတို့အတွက် အချိန်ပေးနိုင်တယ်။ တခြားသူတွေရဲ့ စိတ်ထားနဲ့ စိတ်ရှည်သည်းခံမှုကို သိတယ်။ အကြောင်းအရာတခုကို ကိုယ့်အမြင်တဖက်တည်းက မဟုတ်ဘဲ ရှုထောင့်အမျိုးမျိုးက ကြည့်နိုင်တယ်။
ခေါင်းဆောင်ဖြစ်ဖို့ မွေးဖွါးလာသူတွေ ဖြစ်တယ်။ They are born to be leaders. တာဝန်ယူတတ်သူတွေ ဖြစ်တယ်။ အနေအေးတယ်။ ဦးဆောင်ပြောဆိုနိုင်စွမ်းရှိတယ်။ သူတို့ရဲ့ ဗဟုသုတနဲ့ အစွမ်းအစကို ပေါင်းစပ် အသုံးပြုနိုင်တယ်။ တပါးရဲ့ အရည်အချင်းကို မြင်တတ်ပြီး ထုတ်ယူအသုံးချနိုင်စွမ်း ရှိတယ်။   
အလုပ်အကိုင်က- teachers ကျောင်းဆရာ၊ social workers လူမှုဝန်ထမ်းများ၊ politicians နိုင်ငံရေးသမားနဲ့ ပြဇာတ်နဲ့ ရုပ်ရှင်သရုပ်ဆောင်များ Stage, film actors ြဖစ်တတ်ပါတယ်။

9. Intrapersonal Intelligence - အတွင်းသဘောကို သိတဲ့ ဉာဏ်

ကိုယ့်ကိုယ်ကို သိတဲ့ ဉာဏ်ဖြစ်တယ်။ ဘာတွေ ခံစားနေလဲ။ ဘာကြောင့် ခံစားရလဲ။ ဘာလိုအပ်သလဲ။ ဘာလိုချင်သလဲ ဆိုတာ သိနေသူ ဖြစ်တယ်။။ (အတ္တကြီးသူ မဟုတ်ပါ။) ကိုယ့်ကိုယ်ကို တန်ဖိုးထားသူ ဖြစ်တယ်။
ကိုယ့်ကိုယ်ကို နှိုးဆော်တတ်တယ်။ ကိုယ့်အတွက် စဉ်းစားတတ်တယ်။ လွတ်လပ်ပေါ့ပါးစွာ နေတတ်တယ်။ တခြားသူကို အမှီမပြုဘဲ ကိုယ်တိုင်ရှာဖွေ ရွေးချယ်ဆုံးဖြတ်တတ်တယ်။ ရှက်တတ်တယ်။ တွေးနေတတ်တယ်။ အေးအေးဆေးဆေး တယောက်တည်း နေတတ်တယ်။ ရှားပါးတဲ့ ဉာဏ်ရည် ဖြစ်တယ်။  
အလုပ်အကိုင်က - ဝိညာဉ်ရေးခေါင်းဆောင်၊ စိတ်ပညာရှင်၊ အကြံပေးသူ အတိုင်ပင်ခံ၊ အတွေးအခေါ်ပညာရှင် ဖြစ်တတ်တယ်။


Thursday, October 10, 2019

Mizo Outpouring – India (Translated into Burmese)

Dr. Elmer Towns
ဒီဆောင်းပါးဟာ Elmer L. Towns & Douglas Porter ရေးတဲ့ THE TEN GREATEST REVIVALS EVER - အကြီးမားဆုံး နိုးထမှုကြီး ၁၀ ခု စာအုပ်မှ နောက်ဆုံးအခန်း Mizo Outpouring – India ဖြစ်ပါတယ်။ စာအုပ်ကဖေါ်ပြတဲ့ အဓိက နိုးထမှုကြီး ၁၀ ခုမှာ မပါပေမယ့် မီဇိုးနိုးထမှုဟာ စိတ်ဝင်စားစရာ ကောင်းတယ်။ အတုယူစရာလည်း ဖြစ်တယ်။ ရေးသူ ဆရာ အယ်လ်မာ၊ တောင်းစ်ဟာ Liberty University မှ ပါမောက္ခ ဖြစ်တယ်။ Liberty University ကို  Dr. Jerry Falwell နဲ့ တွဲဖက်တည်ထောင်ခဲ့သူ ဖြစ်တယ်။ အသက် ၁၉ နှစ်အရွယ်မှာ ကျမ်းစာကျောင်းတက်ရင်း၊ တဖက်က အသင်းတော်တပါးရဲ့ သင်းအုပ်ဆရာ ဖြစ်ခဲ့တယ်။ နာမည်ကြီး ကျမ်းစာသင်ဆရာနဲ့ စာရေးဆရာ ဖြစ်ပါတယ်။

အိန္ဒိယပြည် မီဇိုရမ်နိုးထမှု

ဝေလပြည်နယ်ရဲ့ ၁၉ ရာစု နိုးထမှုသတင်းကို အိန္ဒိယပြည်မှာ ကြားကြရတဲ့အခါ သာသနာပြုဆရာ အများအပြားက သူတို့ဒေသမှာ ဒီလိုနိုးထဖို့ ဆုတောင်းလာကြတယ်။ ရလာဒ်ကတော့ Khasi ခဆီး တောင်တန်းတွေမှာ စတင်နိုးထလာပြီး နောက်ဆုံးတော့ ရုပ်တုကိုးကွယ်မှု အဆုံးသတ်သွားတယ်။ ဒီလို တောင်တန်းသားတွေ နိုးထာလာတဲ့ သတင်းကြောင့် အိန္ဒိယပြည် Lushai လူရှိုင်းဒေသက Mizo  မီဇိုး ခရစ်ယာန်တွေလည်း နိုးထမှုကို စိတ်ဝင်စားလာတယ်။
The Ten Greatest Revivals Ever
၁၉၀၆ ခုနှစ် နှစ်ဦးပိုင်းမှာ ဆက်ကပ်ထားတဲ့ ခရစ်ယာန် လူငယ် ၁၀ ယောက်ဟာ တောင်ပေါ် တောတန်းတလျှောက ်တက်သွားပြီး ဒေသခံအသင်းတော်တခုနဲ့ အဆက်အသွယ်ရဖို့ ၂ ပတ်အကြာ သွားခဲ့တယ်။ ရောက်သွားတော့ သူတို့ ချက်ချင်း စိတ်ပျက်သွားကြတယ်။ အသင်းတော် တခုလုံးက ခဆီးလိုပြောပြီး မီဇိုးတွေ နားမလည်တဲ့ စကားဖြစ်နေတယ်။ သူတို့ စုဝေးကြချိန်မှာ ထူးဆန်းတဲ့ တန်ခိုးကို ခံစားရတယ်။ ဒါပေမယ့် ရှင်းပြလို့မရတဲ့ ခံစားမှုမျိုး ဖြစ်နေတယ်။ သူတို့ကိုယ်တိုင်တော့ နည်းနည်းရိပ်မိခံစားကြရတယ်။ စည်းဝေးမှ အပြန် အိမ်ရှိရာ ချက်လန်း Chatlang  အရပ်မှာ ဆုတောင်းဖို့ ရပ်နားကြတယ်။ ဆုတောင်းနေတုန်း စိတ်ထဲမှာ ထူးထူးဆန်းဆန်း ဝမ်းမြောက်နေကြတယ်။ ဒါဟာ မီးဇိုးနိုးထမှုရဲ့အစလို့ တချို့က မှတ်ယူကြတယ်။
အိမ်ပြန်ရောက်တဲ့အခါ ခရစ်ယာန်တွေ စုဝေးပြီး နိုးထမှုအတွက် ညတိုင်း ဆုတောင်းကြတယ်။ ကြိုးစားဆုတောင်းပြီး တပတ်အကြာအထိ ဘာမှ ဖြစ်မလာခဲ့ဘူး။ “ဘုရားသခင်က နိုးထမှုကို မပေးဘူး” လို့ သူတို့ ထင်ကြတယ်။ အဲဒီဒေသမှာ ရုပ်တုကိုးကွယ်မှု များလို့ ဘုရားက နိုးထမှုကောင်းကြီး မပေးဘူးလို့ လွယ်လွယ် မှတ်ယူလိုက်ကြတယ်။
မီဇိုးခရစ်ယာန်တွေက သူတို့မိတ်ဆွေ၃ယောက်ကို ပြန်တော့မယ်လို့ နှုတ်ဆက်လိုက်ချိန်မှာ နိုးထမှု ဖြစ်လာတယ်။ “ပြန်၍ ကြုံတွေ့ကြရသည့်တိုင်အောင် ကိုယ်တော်သင်နှင့်အတူ ရှိပါစေသော” “God Be With You Till We Meet Again!” (အမှတ် ၃၃) သီချင်းကို နှုတ်ဆက်သီဆိုကြချိန်မှာ ဝိညာဉ်တော်က သူတို့အပေါ်မှာ မှတ်မှတ်ထင်ထင် သက်ရောက်လာတယ်။ အနီးအနားက တခြားသူတွေလည်း လာရောက်ပူးပေါင်းကြပြီး အတူဆုတောင်း၊ ချီးမွမ်း အချိန်ယူကြတယ်။ ဘုရားက ပစ်မထားပါဘူး။ နိုးထမှုဖြစ်လာတယ်။
နိုးထမှုက အနီးအနားဒေသတွေကို ချက်ချင်း ပြန့်သွားတယ်။ လူတွေ ထူးထူးခြားခြား စိတ်ဝင်စားနေတယ်။ သာသနာပြုဆရာ D. E. Jones ဒီ၊ အီး၊ ဂျုန်းက ဒီနိုးထမှုဟာ Phullen ဖူလန်ရွာကြီးမှာ ရက်ပေါင်းများစွာ ဖြစ်နေမယ်လို့ နိမိတ်ဖတ်တယ်။ နိုးထမူဖြစ်ဖို့ ဖူလန်ရွာကို ဆရာတယောက် လွှတ်လိုက်ကြတယ်။ အဲဒီဆရာ ရွာရောက်တော့ နိုးထမှုဟာ သူမရောက်ခင်ကတည်းက စ,နေပြီဆိုတာ တွေ့လိုက်ရတယ်။ ဖြစ်တဲ့အချိန်က သာသနာပြုဆရာ နိမိတ်ဖတ်လိုက်တဲ့ အချိန်နဲ့ တချိန်တည်း ဖြစ်နေတယ်။
မှဇိုးနိုးထမှုအစပိုင်းကြောင့် အသင်းသားတွေ တိုးလာတယ်။ ဆာငတ်သူတွေ ရှိလာတယ်။ အသင်းသားတွေ၊ ပတ်သက်ဆက်နွယ်သူတွေကြားမှာ အပြစ်ကို ရိပ်မိလာကြတယ်။ အသင်းတော်ကိုလည်း ကြံုရမယ့် ခက်ခဲတဲ့ကာလအတွက် ပြင်ဆင်သလို ဖြစ်လာတယ်။ 
မယုံကြည်သူ ရွာအကြီးအကဲက အသင်းတော်ကို အန္တရာယ်ပြုဖို့ ခြိမ်းခြောက်လာတယ်။ ခရစ်ယာန်တွေ ထိတ်လန့်ကြပြီး ဆူညံနေတဲ့လူတွေက မောင်းထုတ်လို့ တောထဲကို ညတွင်းချင်း ထွက်ပြေးကြရတယ်။ ၁၉၀၇ ညဉ်းဆဲခြင်းနောက်မှာ ရုပ်တုကိုးကွယ်သူတွေလည်း သူတို့သီချင်းတွေ၊ ပွဲနေ့တွေနဲ့ အပြိုင်နိုးထလာတယ်။ ဒီဆန့်ကျင်ပွဲတွေက တောမီးလို ပြန့်နှံ့သွားပြီး ရွာတိုင်းမှာ ဆန့်ကျင်မှုတွေ ဖြစ်လာတယ်။
ညှည်းဆဲမှုပြင်းထန်လာတော့ အသင်းတော်တွေ ယုတ်လျော့လာပြီး အသင်းတော်ဦးဆောင်သူတွေ စိတ်ဓါတ်ကျလာတယ်။ အခြေအနေ မကောင်းခင် တောင်ပေါ်မှာနေဖို့ ခက်လာတယ်။ ၁၉၁၁- ၁၂ ခုနှစ် ဆောင်းကာလမှာ ကြွက်တွေကြိုက်တဲ့ ဝါးပန်းတွေ ပွင့်လာတယ်။ ကြွက်တွေက လူတွေ သိုလှောင်ထားတဲ့ ကောက်ပံသီးနှံတွေကို ကိုက်စားပစ်တယ်။ တောင်ယာအသီးအနှံတွေကို တညထဲနဲ့ တခင်းလုံး ကုန်အောင် ဖျက်ဆီးပစ်တယ်။ ယုံကြည်သူတွေ အစားအစာ ခက်ခဲလာတယ်။ အစာငတ်လို့ အများအပြား သေကြရတယ်။ စားစရာရဖို့ တောင်ပေါ်ကနေ လွင်ပြင်ကို ဆင်းရှာလာကြတယ်။
သာသနာပြုဆရာတွေက ကူဖို့ကြိုးစားကြတယ်။ အထောက်အပံ့ရဖို့ အင်္ဂလန်၊ ဝေလပြည်မှာ ကောက်ခံပြီး မီဇိုးအသင်းတော်အားဖြင့် ပေးဝေကြတယ်။ ညှည်းဆဲတာခံခဲ့ရပေမယ့် မီဇိုးခရစ်ယာန်တွေက ဆာလောင်မွတ်သိပ်နေတဲ့ မယုံကြည်သူတွေကိုလည်း အငြိုးမထားဘဲ အစားအစာ ပေးဝေကြတယ်။ ဒုက္ခထဲမှာ ဒီလိုကြင်နာခဲ့လို့ ရုပ်တုကိုးကွယ်သူတွေရဲ့ ဆန့်ကျင်မှုတွေ အဆုံးသတ်သွားတော့တယ်။ ဧဝံဂေလိကို အသစ်တဖတ် စိတ်ဝင်စားလာပြန်တယ်။
၁၉၁၃ မှာ နိုးထမှုပြန်စလာတယ်။ မီဇိုးအသင်းတော်က ဧဝံဂေလိပြန်လုပ်လာနိုင်တယ်။ နောက် ၆ နှစ်အကြာမှာ ပိုကြီးမားတဲ့ နိုးထမှုဖြစ်လာပြီး၊ ဒေသတခုလုံး ပြန့်ပြီး Tipperah and Manipur တိပရပြည်နယ်နဲ့ မဏိပူးပြည်နယ်အထိ ပြန့်သွားပါတယ်။
၂၀ ရာစုအကုန်မှာ မီဇိုရမ် (ယခင်အခေါ် လူရှိုင်း) ပြည်နယ်ဟာ အိန္ဒိယမှာ အကြီးဆုံး ခရစ်ယာန်ပြည်နယ် ဖြစ်လာတယ်။ ဆင်းရဲပေမယ့်လည်း ဧဝံဂေလိမှာ စိတ်အားအကြီးဆုံး ပြည်နယ်ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ လောက်က သာသနာပြုဆရာတွေ ရောက်လာဖူးတဲ့ ပြည်နယ်ဟာ အခုတော့ သာသနာပြုဆရာ ရာနဲ့ချီပြီး အိန္ဒိယနဲ့ အနီးအနား အာရှတိုက်ကို စေလွှတ်လာနိုင်တယ်။ မီဇိုးနိုးထမှုအကြောင်းကို လေ့လာသူတယောက်က “အဲဒီတောင်ပေါ်သားတွေရဲ့ စစ်မှန်တဲ့ ပုံသက်သေဟာ ခေတ်နောက်ကျနေတဲ့ လူတွေကို ပြောင်းလဲစေတဲ့ ဧဝံဂေလိတရားရဲ့တန်ခိုးပဲ ဖြစ်တယ်။” လို့ မှတ်ချက်ချပါတယ်။
Translated by Salai Htein Win Ei

Friday, June 22, 2018

G6PD Deficiency ဂလူးကို့စ် ကျတဲ့ ရောဂါ

 ဂျီစစ်ပီဒီ အားနည်းရောဂါ G6PD deficiency
ဂျီစစ်ပီဒီ အားနည်းရောဂါက ကိုယ်ခန္ဓာမှာ G6PD လို့ခေါ်တဲ့ အင်ဇိုင်း ဂလူးကို့စ် - စစ် - ဖေါ့စ်ဖိတ် ဒီဟိုက်ဒရိုးဂျနေ့စ် အလုံအလောက် မရတာကို ခေါ်ပါတယ်။ G6PD က သွေးနီဥ red blood cells (RBCs) တွေ ပုံမှန် အလုပ်လုပ်နိုင်ဖို့ ကူညီရပါတယ်။ အများအားဖြင့် ဆေးတွေသောက်ရတဲ့အခါ၊ မတည့်စာ စားမိတဲ့အခါ၊ မကျန်းမာတဲ့အချိန်တွေမှာ ဒီဓါတ်ချို့တဲ့ပြီး သွေးနီဥအားနည်း ရပါတယ်။
ဒီရောဂါရဲ့ လက္ခဏာကို အများအားဖြင့် မတွေ့ရဘဲ၊ သွေးနီဥတွေ ပျက်စီးသွားပြီး သွေးအားနည်းရောဂါ ဖြစ်မှသာ လက္ခဏာတချို့ တွေ့ရတတ်ပါတယ်။ ဒီအခါ ဖြစ်ရတဲ့ အကြောင်းရင်းကို ပြုပြင် ဖြေရှင်းလိုက်မှ လက္ခဏာတွေ ပျောက်သွားပါတယ်။ ဒီအထဲက အနည်းစု တချို့သာ နာတာရှည် သွေးအားနည်းရောဂါ ဖြစ်သွားနိုင်တယ်။
မှန်မှန်ကန်ကန် ဂရုစိုက်ပေးမယ်ဆိုရင် G6PD သွေးအားနည်းတဲ့ ကလေးဟာလည်း ကျန်းမာသန်စွမ်းတဲ့ ကလေး ဖြစ်နိုင်ပါသေးတယ်။

G6PD သွေးအားနည်းခြင်းအကြောင်း
G6PD က အင်ဇိုင်းတမျိုး ဖြစ်တယ်။ သူက ကာဗွန်ဟိုက်ဒရိတ်တွေကို ခွန်အားအစွမ်းအဖြစ် ပြောင်းပေးနိုင်တယ်။ ဆေးသောက်လို့ သို့မဟုတ် ရောဂါတခုခုကို ခုခံနေရချိန်တွေမှာ အန္တရာယ်ပေးနိုင်တဲ့ ဓါတ်သဘာဝတွေကြားမှ သွေးနီဥကို ကာကွယ်ပေးတာ G6PD ပါ။

G6PD ဂလူးကို့စ် ဓါတ်အားနည်းသူဟာ သွေးနီဥကလည်း G6PD ဂလူးကို့စ် ဓါတ်ကို အလုံအလောက် မထုတ်လုပ်နိုင်၊ ထုတ်ပေးတာကလည်း ကောင်းစွာ အလုပ် မလုပ်နိုင် ဖြစ်တတ်ပါတယ်။ G6PD ဂလူးကို့စ်က ကာကွယ်မပေးနိုင်တော့ သွေးနီဥတွေ အဖျက်ဆီးခံရ၊ ပျက်စီးရတယ်။ သွေးအားနည်းရောဂါ ဖြစ်ပြီဆိုရင် အရိုးထဲမှာ သွေးကြောမျှင် အသစ်တွေကို ထုတ်လုပ်ပေးတဲ့ ရိုးတွင်းချဉ်စီ အပိုင်းတွေက သွေးနီဥတွေ ပြန်ပွါးလာအောင် မလုပ်ပေးနိုင်တော့ဘူး။

G6PD ဂလူးကို့စ်ဓါတ် ကျဆင်းရခြင်း အကြောင်းရင်း
Causes of G6PD Deficiency

G6PD ဂလူးကို့စ်ဓါတ် နည်းရခြင်းဟာ မိဘတပါး သို့မဟုတ် မိဘမျိုးရိုးကြောင့် ဖြစ်ရတယ်။ အားနည်းတဲ့မျိုးရိုးကို လက်ဆင့်ကမ်းတာက X chromosome ပါ။
အာဖရိကန် အမျိုးသားတွေမှာ အဖြစ်များတယ်။ အမျိုးသမီးတွေက ဒီမျိုးရိုးကို သယ်ဆောင်တယ်။ ရောဂါလက္ခဏာတော့ သူတို့မှာ မပြဘူး။ အမျိုးသမီးအနည်းငယ်လောက်သာ ဒီရောဂါကို ခံစားရတယ်။
အီတလီ၊ ဂရိ၊ အာရပ်၊ ဆက်ဖါးဒစ်အနွယ် ဂျူးလူမျိုး အပါအဝင် မြေထဲပင်လယ်ဒေသ လူမျိုးတွေမှာ အများအားဖြင့် ဖြစ်တတ်တယ်။ ဖြစ်တဲ့နှုန်းတော့ မတူဘူး။ အာဖရိကန်တွေက အပျော့စား ဖြစ်ပြီး၊ မြေထဲပင်လယ် အနွယ်တွေက အပြင်းစား ဖြစ်ကြတယ်။

ဘာကြောင့် လူမျိုးတစုတည်းမှာ ပိုဖြစ်ရသလဲ? အာဖရိကနဲ့ မြေထဲပင်လယ်ဒေသမှာ ငှက်ဖျားရောဂါ အဖြစ်များလို့ပါ။ ငှက်ဖျားဖြစ်စေတဲ့ ကပ်ပါးတမျိုးက G6PD ဂလူးကို့စ် ချို့တဲ့နေတဲ့ သွေးကြောတွေထဲမှာ သိပ်မရှင်သန်နိုင်ဘူးလို့ လေ့လာသူတွေ တွေ့ရှိထားကြတယ်။ ဒါကြောင့် သွေးအားနည်းခြင်းက ငှက်ဖျားကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ကြတယ်။

G6PD ဂလူးကို့စ်ဓါတ် ကျဆင်းစေတဲ့ အချက်များ  G6PD Deficiency Symptom Triggers

G6PD ဂလူးကို့စ် ချို့ယွင်းတဲ့ ကလေးဟာ သာမန်အားဖြင့် လက္ခဏာ မပြဘူး။ သွေးနီဥတွေ ပျက်စီးလာစေတာကတော့ .......
  • ဖျားနာ။ ကူးစက်ရောဂါ ဖြစ်တဲ့အခါ။
  • အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေး၊ ရောဂါအမြစ်ပြတ်ဆေး (အများအားဖြင့် sulf ဆိုတဲ့ နာမည် ပါတတ်တဲ့) တွေ သောက်ရတဲ့အခါ။
  • ငှက်ဖျားဆေးတွေ သောက်ရတဲ့အခါ (အများအားဖြင့် quine ကွင်းန် ပါတဲ့ဆေးတွေ)
G6PD ဂလူးကို့စ် ချို့ယွင်းတဲ့ ကလေးတချို့ဟာ ဆေးအနည်းအကျဉ်း ဒဏ်ကိုတော့ ခံနိုင်ပါတယ်။ တချို့က လုံးလုံး မခံနိုင်ကြဘူး။ ဆေးဒဏ် ခံနိုင်၊ မခံနိုင်က ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
တချို့အရာတွေကို စားလို့မရ။ တချို့အရာတွေက ကိုင်လို့မရပါ။ ပဲစေ့၊ ပဲတောင့်၊ ပဲအမျိုးမျိုး၊ ပရုပ်လုံး အမျိုးမျိုးမှာပါတဲ့ naphthalene နက်ဖယ်သလင်းဓါတ်တွေ ဖြစ်တယ်။ ကလေးက ပရုပ်လုံးမြိုမိရင် အန္တရယ်ကြီးလို့ မထိမကိုင်ဖို့ သတိထားရမယ်။

အားနည်းခြင်းရဲ့ လက္ခဏာများ  Symptoms of G6PD Deficiency

ဆေးသောက်ထား၊ သွေးနီဥ ပျက်စီးစေတဲ့ ရောဂါရနေပေမယ့် လက္ခဏာက မပြတတ်ဘူး။ စိုးရိမ်စရာ အခြေအနေရောက်မှ သွေးအားနည်းရောဂါ ပုံစံပြတတ်တယ်။
  • ဖြူဖတ်ဖြူရော် (အသားညိုရင် ပါးစပ်မှာ မြင်သာတယ်။ အထူးသဖြင့် လျှာနဲ့ ပါးစပ်)
  • မောဟိုက်နွမ်းနယ်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အသက်ရှုမြန်ခြင်း
  • အသားဝါခြင်း/ အသားအရေနဲ့ မျက်လုံးဝါခြင်း
  • သရက်ရွက်ကြီးခြင်း
  • ဆီးအရောင် လဘက်ရည်ရောင် ညိုခြင်း၊
ဖြစ်စေတဲ့ အကြောင်းရင်းကို ပြုပြင်ဖယ်ရှားလိုက်တာနဲ့ ရောဂါ လက္ခဏာတွေ တပတ်နှစ်ပတ်အတွင်း အမြန်ပျောက်သွားပါလိမ့်မယ်။
လက္ခဏာက အပျော့စားဆိုရင် ဆေးကုဖို့ မလိုပါဘူး။ ကိုယ်ခန္ဓာက ပုံမှန် သွေးနီဥတွေ ထုတ်လွှတ်နေတာကြောင့် အမြန်ပျောက်ပါလိမ့်မယ်။ ရောဂါလက္ခဏာတွေ ကြာနေရင်တော့ ဆေးကုသဖို့ လိုပါတယ်။
ဆေးစစ်ခြင်းနဲ့ ကုသခြင်း  Diagnosis and Treatment

သာမန်အားဖြင့် အခြေအနေ ပိုမဆိုးလာဘဲ၊ ဆေးကုဖို့ မလိုပါ။ ဆရာဝန်က သံသယရှိမှ ဆေးစစ်ပါ။
မိဘ၊ မျိုးရိုးကြောင့် စိုးရိမ်မိပါက ဆရာဝန်ကို ပြောပြပြီး သွေးစစ်ဖို့ လိုပါမယ်။
ကုရတာက လွယ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဖယ်ရှားရုံပါပဲ။ အဖျားအနာကို ကုဖို့၊ ဒါမှမဟုတ် သောက်နေတဲ့ ဆေးတွေ ဖြတ်ထားဖို့ပါပဲ။ နာတာရှည် သွေးအားနည်းရောဂါ ဆိုရင်တော့ ဆေးရုံမှာ အောက်စီဂျင်ပေးဖို့ လိုမယ်။ သွေးသွင်းရနိုင်တယ်။ ဂလူးကို့စ် အားနည်းရာကနေ စိုးရိမ်ရတဲ့ အခြေအနေလည်း ရောက်သွားနိုင်တယ်။

ပြုစုခြင်း  Caring for Your Child
အကောင်းဆုံးက မတည့်တာတွေ ရှောင်ဖို့ပါပဲ။ ဂရုစိုက်ရင် ကျန်းကျန်းမာမာ နေနိုင်ပါတယ်။
Reviewed by: Elana Pearl Ben-Joseph, MD
Date reviewed: May 2013

Friday, March 23, 2018

PRAYER by Dr. John R. Rice- Chapter 05

 အခန်း ၅

စားဝတ်နေရေးအတွက် ဆုတောင်းခြင်း

PRAYING FOR DAILY BREAD

Dr. John R. Rice

 ၁။ အစားအစာ၊ အဝတ်အထည်၊ ငွေကြေး၊ မော်တော်ကားနဲ့ တခြားအရာတွေ တောင်းယူခြင်း

သခင်ယေရှုက တပည့်တော်တွေကို ပဌနာတော်ကို သင်ပေးတယ်။ “အသက်မွေးလောက်သော အစာကို ယနေ့ ပေးသနားတော်မူပါ။” (လုကာ ၁၁း ၂၊ ၃)
 နေ့စဉ်စားစရာအတွက် ဆုတောင်းဖို့ သွန်သင်တယ်။ စားစရာသာမက တခြားလိုတာတွေလည်း ဆုတောင်းဖို့ ဖြစ်တယ်။ မသဲ ၆း ၉- ၁၃ မှာ ပဌနာတော်ကို တွေ့ရတယ်။ “အသက်မွေးလောက်သော အစာကို ယနေ့ ပေးသနားတော်မူပါ။” ဒီအခန်းမှာပဲ မြေကြီးပေါ်မှာ စည်းစိမ်ဥစ္စာ မစုဆောင်းဖို့ မှာတယ်။ “အဘယ်သို့ စားရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်။” မသဲ ၆း ၂၅။ ကောင်းကင်ငှက်တွေအတွက်၊ အစာနဲ့ တောနှင်းပန်းတွေအတွက် အဝတ်ကို ဘုရားသခင် ပြင်ဆင်ပေးထားတယ်။ နေ့စဉ်အစာနဲ့ တခြားလိုတာတွေအတွက် ဆုတောင်းဖို့ လိုတယ်။ ကိုယ်ခန္ဓာလိုအပ်ချက်တွေအတွက် ဆုတောင်းဖို့ လိုတယ်။ နေ့စဉ်စားစရာအတွက် ဆုတောင်းခိုင်းတာဟာ ဘုရားက ပေးချင်လွန်းလို့ ဖြစ်တယ်။ ရဲရဲတောင်းသင့်တယ်။
နေ့တိုင်းစားစရာအတွက် ဘုရားပေးလေ့ရှိတာကို ကျမ်းစာထဲမှာ အံ့ဖွယ်နမိတ်လက္ခဏာတွေအဖြစ် တွေ့ရတယ်။
အစ္စရေးလူမျိုးတွေကို တပတ်မှာ ၆ ကြိမ်၊ နှစ်ပေါင်း ၄၀ လုံးလုံး မန္နမုန့် ကျွေးတယ်။ ထွက် ၁၆း ၃၅။ နေ့တိုင်း ဘုရားကြွေးတာ သတိရစေချင်လို့ အသန့်ရှင်းဆုံးဌာနမှာ မန္နမုန့်အိုးကို သိမ်းစေတယ်။ ဘုရားစေတနာကို သားစဉ်မြေးဆက် သတိရစေဖို့ ဖြစ်တယ်။ ထွက် ၁၆း ၃၂- ၃၄။ အစ္စရေးတွေဟာ အနှစ် ၄၀ လုံး အဝတ်မနွမ်း၊ ဖိနပ်မပြတ်ဘူး။ တရားဟော ၂၉း ၅။ အသားစားချင်တော့ ငုံးတွေ ချပေးတယ်။ ထွက် ၁၆း ၁၃။ တောလည် ၁၁း ၃၁။ ရေဆာတော့ ကျောက်ထဲက ရေပေးတယ်။ တောလည်ရာ ၂၀း ၁၁။ မာရအရပ်မှာ ခါးတဲ့ရေကို ချိုစေတယ်။ ထွက် ၁၅း ၂၅။
အစားအစာနဲ့ အဝတ်အထည်တွေကို ဆုတောင်းယူနိုင်တယ်။ ရှံဆုံက ဖိလိတ္တိလူ ၁၀၀၀ ကို သတ်ချိန်မှာ ရေဆာလို့ သေမတတ်ဖြစ်တယ်။ ဘုရားက ရေကို စီးလာစေတယ်။ တရားသူကြီး ၁၅း ၁၅- ၁၉။
ဧလိယကို ကျီးအတွေလွှတ်ပြီး အစာကျွေးတယ်။ ၃ရာ ၁၇း ၃- ၆။ ကျီးအတွေက တနေ့ ၂ ကြိမ် မုန့်နဲ့အသား ယူလာပေးတယ်။ အဲဒီနောက် ဇရတ်ပမြို့မှာ မုဆိုးမရဲ့ လက်တဆုပ်စာ မုန့်နဲ့ဆီကို ကောင်းကြီးပေးပြီး ကြွယ်ဝစေတယ်။ ၃ရာ ၁၇း ၉- ၁၆။ လူတွေရဲ့ စားဝတ်နေရေးကို ဘုရားက စိတ်ဝင်စားတယ်။ ပေးသနားတယ်။ စိတ်ဓါတ်ကျနေတဲ့ ဧလိယကို ကောင်းကင်တမန်အားဖြင့် မုန့်နဲ့ရေ ပေးတယ်။ ၃ရာ ၁၉း ၅- ရ။
သခင်ယေရှုကိုယ်တိုင်လည်း နေ့စဉ်လိုအပ်မှုတွေအတွက် နမိတ်လက္ခဏာတွေ ပြတယ်။ ပထမဆုံး နမိတ်လက္ခဏာက ဂါလိလဲပြည် ကာနမြို့မင်္ဂလာဆောင်ပွဲမှာ ရေမှ စပျစ်ရည် ဖြစ်စေတယ်။ ယောဟန် ၂း ၁- ၁၀။ ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကို အမှုတော်အတွက် ခေါ်ချိန်မှာ ရေနက်ရာအရပ်သို့ ရွေ့ဦးလော့။ ပိုက်ချခိုင်းတဲ့အခါ ငါးအများကြီး ဖမ်းမိတယ်။ ပိုက်ကွန်စုတ်ပြတ်မတတ် ဖြစ်ရတယ်။ လုကာ ၅း ၄- ၈။ ဒါက အစားအစာအတွက် ဖြစ်တယ်။ လူ ၅၀၀၀ ကို မုန့် ၅ လုံး၊ ငါး ၂ ကောင်နဲ့ ကျွေးခဲ့တယ်။ လူ ၄၀၀၀ ကိုလည်း ကျွေးခဲ့တယ်။ ဒါတွေက အစားအသောက်နဲ့ ပါတ်သက်တဲ့ နိမိတ်လက္ခဏာတွေ ဖြစ်တယ်။ ရှင်ပြန်ထမြောက်ပြီးတဲ့အခါ ဂါလိလဲပြည်ကို သွားတယ်။ တပည့်တော်တွေ တညလုံး ငါးဖမ်းပေမယ့် မရဘူး။ ငါးရစေချိန်မှာ ငါးကြီး ၁၅၃ ကောင်ရကြတယ်။ ယောဟန် ၂၁း ၁၁။
အဲဒီအချိန်မှာ သခင်ယေရှုက မီးဖိုပြီး သူတို့ကို အိုင်နဘေးမှာ နံနက်စာ ပြင်ပေးတယ်။ ယော ၂၁း ၅- ၁၂။ သခင်ဘုရားက အစားအစာကို စိတ်ဝင်စားပြီး၊ ဆာလောင်သူတွေကို ကျွေးမွေးတယ်။
ဖိလိပ္ပိမြို့သားတွေက အစားအစာ ပို့တဲ့အခါ ရှင်ပေါလု ဝမ်းသာတယ်။ ဧပဖြောဒိတ်လက်မှ ရလို့ အားလုံး ပြည့်စုံနေတယ်လို့ ဆိုတယ်။ မွှေးကြိုင်သောအနံ့နဲ့ ဘုရားသခင် နှစ်သက်တဲ့ယဇ် လို့ဆိုတယ်။ ဘုရားသခင်က သင်တို့ လိုသမျှကို ဖြည့်စွမ်းပေးမယ်လို့ ဆိုတယ်။ ဖိိလိပ္ပိ ၄း ၁၈- ၁၉။ ဒီအစားအစာတွေဟာ ကောင်းကင်က ပေးသလို ရှင်ပေါလု ခံစားရတယ်။ ဒီအကျိုးကို သူတို့ ပြန်ခံစားရဦးမယ်လို့ ဂတိပေးတယ်။
ကိုယ်ခန္ဓာနဲ့ ပါတ်သက်တဲ့ အရာတွေ မရနိုင်ဘူးလို့ ထင်နေသူတွေ ရှိတယ်။ တချို့က လောကီ ကောင်းကြီးဆိုတာ အစ္စရေးတွေအတွက်ပါ။ ခရစ်ယာန်က ကောင်းကင်အရာပဲ ရမယ်လို့ ဆိုတယ်။ ဒါက မယုံကြည်လို့ အကြောင်းပြတာပါ။ လူကောင်းတချို့လည်း ဒီလို ပြောတတ်တယ်။ ဒီစကား မမှန်ဘူး။ ဓမ္မသစ်ခေတ်မှာလည်း ဓမ္မဟောင်းခေတ်လိုပဲ ယုံကြည်သူတွေကို ဘုရားက ကျွေးမွေးချင်တယ်။ ဘုရားသခင်က မပြောင်းလဲဘူး။ ယာကုပ် ၁း ၁၇ မှာ “ကောင်းမြတ်စုံလင်သော ဆုကျေးဇူး ရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်မှ သက်ရောက်ရ၏။ ထိုအဘသည် ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။” ဘုရားက စိတ်မပြောင်းလဲဘူး။ ခရစ်ယာန်တွေကို မ,စချင်သေးတယ်။ သားသမီးတွေကို ဂရုစိုက်နေဆဲပဲ။ ပြောင်းလဲမသွားဘူး။
ဝိညာဉ်ရေးကောင်းကြီးတွေကို ဘုရားပေးတာ မှန်ပါတယ်။ ဒါပေမယ့် နေ့စဉ်လိုအပ်နေတဲ့ လောကီအရာတွေကိုလည်း ဘုရားပေးချင်တယ်။
ဂျော့ချ်မူးလယ် George Muller ရဲ့ ဘဝအကြောင်းကို ဖတ်ကြည့်ရင်  အင်္ဂလန်နိုင်ငံ၊ ဘရစ်စ်တိုမြို့မှာ မိဘမဲ့ဂေဟာတွေ ဆောက်တယ်။ ကလေး ၂၀၀၀ ကျော်တယ်။ အဆောက်အဦဆောက်ဖို့၊ နေ့စဉ် စားဖို့၊ အမှုတော်ဆောင်လစာ စတာတွေအတွက် လိုငွေကို အလှူမခံဘဲ၊ ဘယ်သူ့ကိုမှ မတောင်းဘဲ ဆုတောင်းပြီး ဖြေရှင်းတယ်။ အမှုတော်ဆောင် ရာချီပြီး ပံ့ပိုးနိုင်တယ်။ ကျမ်းစာအုပ် ထောင်ချီပြီး ဝေနိုင်တယ်။ ဝေစာ သန်းနဲ့ချီပြီး ထုတ်ဝေတယ်။ မိဘမဲ့ဂေဟာတွေ ဆောက်တယ်။ သူ့အသက်တာမှာ ဆုတောင်းပြီး ဒေါ်လာ ခုနှစ်သန်း ရခဲ့တယ်။ ဘယ်သူ့ကိုမှ အလှူမခံ၊ အကူအညီ မတောင်းခဲ့ဘူး။ (George Muller of Bristol ဆိုတဲ့ A. T. Pierson ရေးတဲ့ စာအုပ်)
ဆုတောင်းရင် အစားအစာ၊ အဝတ်အထည်နဲ့ လိုအပ်သမျှ ဘုရားပေးတယ်ဆိုတာ ဂျော့ချ်မူးလယ်က သက်သေပြခဲ့ပြီ။
လောကီအရာတောင်းတာဟာ ဝိညာဉ်သဘောမရှိတာလို့ မယူဆပါနဲ့။ နေ့စဉ်စားဖို့ ဆုတောင်း အဖြေရသူဟာ သူတပါး ကယ်တင်ခြင်းရဖို့လည်း ပိုဆုတောင်းချင်လာတယ်။
ဘုရားသခင်က သားတော်ကိုပင် ပေးခဲ့တယ်။ လောကီလိုအပ်ချက်တွေကိုလည်း ပေးချင်တယ်။ ရောမ ၈း ၃၂ မှာ “သားတောရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဖို့အလို့ငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။”

၂။ အစားအစာအတွက် ဆုတောင်းခြင်း အဖြေများ

ဒါက သီအိုရီမဟုတ်ဘူး။ လက်တွေ့ဖြစ်တယ်။ ဒါဝိဒ်က “ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရား နားထောင်၍” ဆာလံ ၃၄း ၆။ “ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူတို့၌ ကောင်းသောအရာ တစုံတခုမျှ မလိုရာ။” ဆာလံ ၃၄း ၁၀။ နေ့စဉ်လိုသမျှကို ဆုတောင်းလို့ အဖြေရကြတာတွေ အများကြီးရှိတယ်။ ဘုန်းတော်ထင်ရှားတယ်။ ယုံကြည်သူတွေ ခွန်အားရကြတယ်။ ၁၉၁၆ ခု၊ ဇန်နဝါရီမှာ ကျွန်တော့အသက် ၂၀။ Texas ပြည်နယ်အနောက်ပိုင်းက နွားမွေးတဲ့ Dundee မြို့မှာ ယာခင်းကြီး ရှိတယ်။ ကျောင်းနေဖို့ ဘုရားနိုးဆော်တယ်။ ဒါပေမယ့် ကျောင်းစရိတ် မရှိဘူး။ အဖေ့မှာလည်း မရှိဘူး။ ကျွန်တော့မှာတော့ မြင်းတကောင်နဲ့ မြင်းကုန်းနှီးအပြင် ၉ ဒေါ်လာနဲ့ ၃၅ ဆင့်ပဲ ရှိတယ်။ ဘဏ်မှာ ငွေချေးဖို့ ကြိုးစားတယ်။ သူငယ်ချင်းတွေကို အကူအညီတောင်းတယ်။ မြင်းရောင်းဖို့ ကြိုးစားတယ်။ ဒါပေမယ့် စီးပွါးပျက်တဲ့ ကာလဆိုတော့ မြင်းလည်း ရောင်းမရ။ ပိုက်ဆံလည်း ချေးမရဘူး။ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဆီးနှင်းတွေကျပြီး အရမ်းအေးတယ်။ ဒီအချိန်မှာ ဆုတောင်းဖို့ တောင်ကုန်းလေးကို တက်သွားလိုက်တယ်။ မျက်နှာအပ်ပြီး ဆုတောင်းတယ်။ “တတ်နိုင်သမျှ လုပ်ပြီးပြီ ကိုယ်တော်။ ဧဝံဂေလိတရားလည်း ဟောချင်တယ်။ ဓမ္မသီချင်း အဆိုတော်လည်း ဖြစ်ချင်တယ်။ ဒါမှမဟုတ် ကိုယ်တော်အလိုရှိရာ တခုခု လုပ်ပါမယ်။ ဆယ်ဖို့တဖို့လည်း အမြဲပေးမယ်လို့ ဂတိပေးလိုက်တယ်။ ပေးချင်တဲ့စိတ်ကလည်း ဘုရားထံကလာတာပဲ ဖြစ်မယ်။ ကျောင်းစရိတ်ကို မ,စပါ။ အလိုတော်အတိုင်း ဖြစ်ပါစေ” လို့ ဆုတောင်းလိုက်တယ်။
အဲဒီအချိန်က Dr. R. A. Torrey ရဲ့ How to pray ဆုတောင်းနည်း ဆိုတဲ့စာအုပ်ကို ဖတ်ဖူးတယ်။ ဒီစာအုပ်ကို ခရစ်ယာန်တိုင်း ဖတ်သင့်တယ်။ အမေသေတော့ သူ့လက်ဆွဲအိပ်ကလေး ပို့လိုက်ဖို့ အဖေ့ကို မှာသွားတယ်။ အဲဒီနောက် Texas ပြည်နယ်က Decatur ကောလိပ်ကို သွားတက်တယ်။
ဆုတောင်းတယ်။ ၂၅ မိုင်လောက် ရောက်တဲ့အခါ Texas ပြည်နယ်၊ Archer မြို့က Power State ဘဏ်ကို ရောက်တယ်။ ဘဏ်ငွေကိုင်ကို “ကျောင်းတက်ချင်လို့ မြင်းပေါင်ချင်တယ်” လို့ ပြောလိုက်တယ်။ သူက မြင်းကို မကြည့်ဘဲ “ဘယ်လောက်လိုချင်လဲ” ဆိုပြီး ချက်လက်မှတ်ကို ဆွဲယူတယ်။ တော်တော်အံသြစရာပါ။ တခါမှ မကြုံဖူးဘူး။ “ကျောင်းစရိတ် ပထမအရစ် ဒေါ်လာ ၆၀ လိုတယ်။” ဆိုတော့ …. “ဘယ်လောက်ကြာရင် ပြန်ဆပ်မလဲ” တဲ့။ “၆ လ” လို့ သီးနှံရိတ်မယ့်အချိန်ကိုမှန်းပြီး ပြောလိုက်တယ်။ သူက ၆ လ အချိန်ပေးပြီး၊ ဒေါ်လာ ၆၀ ထုတ်ပေးတယ်။ ဘဏ်ကိုလာတဲ့ တခြားတယောက်က “Mr. Power ခင်ဗျားပြောတော့ ကြပ်တည်းတဲ့ အချိန်မို့ ၃ လထက်ပိုပြီး ဘယ်သူ့ကိုမှ မချေးနိုင်ဘူး .. ဆို။” လို့ ပြောလာတယ်။
“ဒါပေမယ့် ဒီကောင်လေးက ငါ့မိတ်ဆွေရဲ့ သားကွ” လို့ ဘဏ်အရာရှိက ဖြေတယ်။ သူကို ကူညီဖူးတာက စာအုပ်ထဲမှာ ဖတ်ဖူးတဲ့ ကိုင်းကူး ကိုင်းဆက်နည်းလေး ပြောပြဖူးတာပါ။
ကောလိပ်ရောက်တော့ ကျောင်းအုပ်ဆရာကြီးက အလုပ်မရှိဘူး လို့ ပြောပေမယ့် ဘုရားက အလုပ်တခု ပေးတယ်။ နွားနို့ညှစ်ရတယ်။ စားပွဲထိုးလုပ်ရတယ်။ ဒါပေမယ့် ကျောင်းလစာပေးရမယ့်အချိန် ရောက်ပြန်တော့ အသည်းအသန် ဆုတောင်းရတယ်။ မကြာခင်မှာ Dr. J. L. Ward က ခေါ်တယ်။ သူက သိပ်သဘောကောင်းတယ်။ ကောင်းကြီးပါပဲ။ “John ကျောင်းနောက်ကျတဲ့ ကျောင်းသားတွေကို သချင်္ာသင်ပေးနိုင်မလား။ အက္ခရာနဲ့ ဂျော်မက်တြီမှာ ညံ့နေတယ်။” လို့ ပြောတယ်။ စာသင်ရတယ်။
ဒါပေမယ့် အကျီ င်္၊ ဘောင်းဘီတွေက ပေါက်ပြဲနေတယ်။ ညမှာ ဘောင်းဘီအပေါက် ဖာရတယ်။ ပါးလွန်းတော့ မခိုင်တော့ဘူး။ လမ်းလျှောက်ရင် အဖါရာကွယ်ဖို့ ဦးထုပ်နဲ့ ကာရတယ်။
တညတော့ အခန်းဖေါ် Riley Whatley ကို ပြောတယ်။ “အကျင်္ ီမရှိရင်တော့ ကျောင်းထွက်ရတော့မယ်။ အကျင်္ီတွေက ဖါရာတွေနဲ့ချည်းပဲ။” Riley က ဆုတောင်းဖို့ အကြံပေးတယ်။ အခန်းဖေါ် ၃ ယောက် ဆုတောင်းကြတယ်။ ဘုရားက စိတ်ချမှုပေးတယ်။ အဲဒီညက သောကြာညပါ။ တနင်္ဂနွေနေ့ခင်းမှာ ဟိုအဝေး Texas ပြည်နယ် Gainesville မှာနေတဲ့ ဦးလေးက ဖုန်းခေါ်တယ်။ သူက စေတနာကောင်းတယ်။ သဘောကောင်းတယ်။ “John အဝတ်အစားဝယ်ဖို့ ငွေဘယ်လောက်လိုလဲ” လို့ မေးလာတယ်။ “ကျွန်တော့မှာ အဝတ်အစားဝယ်ဖို့ ငွေလိုတာ ဦးလေး ဘယ်လိုသိသလဲ” လို့ မေးလိုက်တယ်။ “ဟာ ….  ကျောင်းသားတွေမှာ အကျင်္ ီအဝတ်အစား အမြဲလိုတာပဲ” လို့ ပြောလာတယ်။ ၁၅ ဒေါ်လာ လိုတယ်လို့ ပြောတဲ့အခါ ချက်လက်မှတ်မှာ ဒေါ်လာ ၂၀ ပေးတယ်။ အကျင်္ီအပြာရောင်တထည်၊ ဦးထုပ်တလုံး၊ ဖိနပ်တရံကို ဒေါ်လာ ၂၀ နဲ့ ဝယ်လိုက်တယ်။ နောက်ပိုင်းမှာ အဲဒီငွေတွေအားလုံး ပြန်ဆပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဆုတောင်းရင် ရတယ် ဆိုတာက စိတ်ပျော်စရာ ဖြစ်လာတယ်။ ကောလိပ်၊ တက္ကသိုလ်နဲ့ ကျမ်းစာကျောင်း ၂ နှစ် တက်ချိန်မှာပါ ပိုက်ဆံမရှိလို့ ကျောင်းမတက်ရတာမျိုး မရှိတော့ဘူး။ ကျောင်းတက်ဖို့ ေထောက်ပံ့တဲ့သူ ရှိနေတဲ့ဘဝမျိုးပါ။
ဘုရားသခင်က မပြောင်းလဲဘူး။ ဆုတောင်းသံကို နားထောင်ပေးနေတယ်။ ၁၉၄၁၊ ဇန်နဝါရီလ Nebraska ပြည်နယ် Grand Island မှာ ရေဒီယိုအစီအစဉ်တခုမှာ ဟောပြောရင်း အခုန အဖြစ်အပျက်လေးကို ပြောပြဖြစ်တယ်။ Kansas State ကောလိပ်မှာတက်နေတဲ့ ကျောင်းသားတယောက်က စိတ်ညစ်နေတယ်။ အဲဒီရေဒီယိုကို နားထောင်နေတယ်။ သူ့ကျောင်းက  မကောင်းတာ၊ အကျင့်ပျက်နေတာ၊ အယူလွဲနေတာတွေကို စိတ်ညစ်နေတယ်။ Wheaton ကောလိပ်ကို တက်ချင်နေတယ်။ ပိုက်ဆံကမရှိဘူး။ ဘုရားအဖြေပေးတာ ကြားရတော့ သူလည်း ဆုတောင်းတယ်။ အခန်းဖေါ် ဝင်လာချိန်မှာ သူ့အဝတ်အစားတွေ သိမ်းနေပြီ။ ပိုက်ဆံမရှိပေမယ့် ဘုရား မ,စမယ်လို့ သူယုံတယ်။ ကျောင်းစရိတ်နဲ့ အခန်းခကို ဘုရား ဖြည့်စွမ်းမယ်လို့ ဆိုတယ်။ ဒါနဲ့ Wheaton ကောလိပ်ကို သွားတယ်။ ရောက်ပြီး ၂ နာရီအကြာမှာ အလုပ်တခုရတယ်။ ကျောင်းစရိတ် ပေးနိုင်လာတယ်။ ဒီအကြောင်း ကျွန်တော့ကို ပြန်ပြောပြပြီး အခု ကျွန်တော့ရုံးမှာ အလုပ်လုပ်နေတယ်။
၁၉၂၆ မှာ သင်းအုပ်ဘဝ အနားယူပြီး အချိန်ပြည့် ဧဝံဂေလိ အမှုဆောင်လိုက်တယ်။ ပိုဆက်ကပ်ဖို့ လိုလာတယ်။ “ကိုယ်တော့်အလုပ်ကို ကျွန်တော်တာဝန်ယူမယ်။ ကျွန်တော့မိသားစုကို ကိုယ်တော်တာဝန်ယူပေးပါ” လို့ ဆုတောင်းလိုက်တယ်။ အသက်အာမခံ ဒေါ်လာ တသောင်းကို သုံးလိုက်တယ်။ လူကို အားမကိုးဘဲ၊ ဘုရားကိုပဲ အားကိုးဖို့ ဇနီးသည်နဲ့ သဘောတူထားကြတယ်။ ပုံမှန်လစာမရှိဘဲ အလုပ်လုပ်ဖို့ ဆုံးဖြတ်ကြတယ်။ အဲဒီ ၁၅ နှစ်လုံး ကျွန်တော့မိသားစုကို ဘုရား မ,စတယ်။ သမီး ၆ ယောက်၊ အားလုံး ၈ ယောက်ရှိတယ်။ လိုလေသေး မရှိခဲ့ဘူး။ အမှုတော်ဆောင်တွေကို ထောက်ပံ့နိုင်တယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလမှာ စာပေထုတ်ဖို့ ဒေါ်လာ ၃၆၀၀ ပေးနိုင်တယ်။ ပုံနှိပ်စရိတ် တလ ဒေါ်လာ ၁၀၀၀ ပေးရတယ်။ ရေဒီယိုအလုပ်လည်း ရှိတော့ နေ့တိုင်း ပိုက်ဆံကုန်တယ်။ ပြေလည်ပါတယ်။ ဒါတွေအားလုံးဟာ ဆုတောင်းလို့ ရတာဖြစ်တယ်။
၁၉၃၁- ၃၂ မှာ ၆ လတာ ကာလအတွင်း နေ့စဉ် ရေဒီယိုလွှင့်ရတယ်။ တနေ့ ၂၅ ဒေါ်လာကုန်တယ်။ မိသားစုစရိတ်ရှိတယ်။ စာပေထုတ်ရတယ်။ ဒါတွေကို ဆုတောင်းပြီး ဖြေရှင်းရတယ်။ ထောက်မမယ့် အသင်းတော် မရှိဘူး။ အလှုငွေမခံဘူး။ ရေဒီယိုကနေလည်း အလှုငွေထည့်ဖို့ မတောင်းခံဘူး။ ဒီရေဒီယိုဟာ စေတနာရှင်တွေနဲ့ လုပ်ဆောင်တယ်လို့ပဲ ပြောပါတယ်။ ဒါကြောင့် နေ့တိုင်း ဆုတောင်းပြီး ဖြေရှင်းရတယ်။ တနေ့တော့ ဝန်ထမ်းစရိတ် ဒေါ်လာ ၃၀ လိုတယ်လို့ ဆုတောင်းတယ်။ မနက်ပိုင်း စာတွေဝင်လာတော့ အလှုငွေ ၁၃.၅ ဒေါ်လာပါတယ်။ နေ့ခင်းစာတွေမှာတော့ အလှုငွေ မပါဘူး။ မွန်းလွဲပိုင်းစာတွေမှာလည်း အလှုငွေမပါဘူး။ ဒါပေမယ့် အဲဒီနေ့က ဒေါ်လာ ၃၀ လိုတယ်။ အဲဒီအချိန်မှာ အမျိုးသမီးတယောက် ရောက်လာတယ်။ ရေဒီယိုကြောင့် ခွန်အားရတယ်လို့ ပြောတယ်။ တဒေါ်လာ ပေးတယ်။ ဆရာ တရားဟောတာ စိတ်လှုပ်ရှားတယ်။ ဘယ်တော့မှ မမေ့ဘူးတဲ့။ ပြောရင်း မျက်ရည်ကျလာတယ်။ တဒေါ်လာ ပြန်ပေးပါ ဆိုပြီး၊ ၅ ဒေါ်လာပေးတယ်။ ကျွန်မအိမ်နီးချင်း ကက်သလစ် တယောက်လည်း ဆရာ့တရားကြောင့် ခွန်အားရတယ်၊ အခုတော့ ကယ်တင်ခြင်းရပြီနဲ့တူတယ်။ ဆရာ့ရေဒီယိုကြောင့် လူတွေ အကျိုးရှိတယ် ဆိုပြီး၊ ၅ ဒေါ်လာ ပြန်တောင်းကာ ၁၀ ဒေါ်လာပေးတယ်။ နောက်တော့ သူ့အမျိုးသားလည်း ရေဒီယိုကြောင့် ခွန်အားရတဲ့အကြောင်း သူ့အမျိုးသားကလည်း အခုအလှုငွေပေးတာကို ဝမ်းသာမယ်ထင်တယ်လို့ ပြောတယ်။ မျက်ရည်တွေဝဲလာပြီး၊ ၅ ဒေါ်လာရော၊ ၁ ဒေါ်လာရော၊ အကြွေတွေပါ ပေးသွားတယ်။ သူပြန်ပြီးနောက် ကျမ်းစာသင်ခန်းစာ ဆက်ရေးနေတယ်။ စိတ်ထဲမှာတော့ ၁၃.၅ ဒေါ်လာရယ်၊ ၁၀ ဒေါ်လာ၊ ၅ ဒေါ်လာ၊ ၁ ဒေါ်လာနဲ့ ဆင့် ၅၀ ကို ပေါင်းကြည့်တော့ ဒေါ်လာ ၃၀ အတိဖြစ်နေတယ်။ အရမ်းပျော်သွားတယ်။ လိုတာကလည်း ဒေါ်လာ ၃၀ ပဲ ဖြစ်တယ်။ ဒါကြောင့် ဆုတောင်းရင် ဘုရားက ပေးတယ်လို့ အတွေ့အကြံုအရ သိနေတယ်။
၁၉၃၂၊ ဇူလိုင်လ၊ လက်ထဲမှာ ၁၀ ဒေါ်လာအပြည့်တောင်မရှိဘဲ၊ Dallas ကို သွားတယ်။ လေဟာပြင်တရားဟောပွဲ ကျင်းပပြီး၊ အသင်းတော်သစ် စဖို့ဖြစ်တယ်။ ကူညီမယ့်သူ မရှိ။ အသိမိတ်ဆွေ မရှိ။ ထိုင်ခုံနဲ့ လျှပ်စစ်မီးအတွက် ငွေမရှိ။ မြေကွက်လပ်တခုကို ပထမအပတ်အတွက် ၅ ဒေါ်လာနဲ့ ငှါးလိုက်တယ်။ ဝိုင်းကူဖို့ နိုးဆော်လိုက်တယ်။ ထိုင်ခုံတွေ ရောက်လာတယ်။ အလုပ်စနိုင်သွားတယ်။ ဘုရားကျောင်း အကြီးကြီး ဆောက်ဖြစ်သွားပြီး၊ အသင်းသား ၁၄၀၀ ကျော်အထိ တိုးလာတယ်။ ရ နှစ်ခွဲအတွင်း သခင်ယေရှုကို ယုံကြည်သူ ထောင်ချီ ရှိခဲ့တယ်။ စိုးရိမ်ခဲ့ပေမယ့် ဆုတောင်းတဲ့အခါ ဘုရားက ပေးပါတယ်။ ကားတစီးရဖို့ ဆုတောင်းတာ မမြော်လင့်ဘဲ ၃ ရက်အတွင်း ရတယ်။ စီးပွါးရေးကြပ်တည်းတဲ့ကာလဖြစ်ပေမယ့် ဒေါ်လာ ၁၀၀၀ တန် ချက်လက်မှတ် ရောက်လာတယ်။ မမြင်ဖူး၊ မတွေ့ဖူး၊ စကားတခွန်းမှ မပြောဖူးတဲ့ လူတယောက် ပေးတာဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က ဘုရားကို လုံးလုံးအားကိုးမယ်လို့ ဆုံးဖြတ်တဲ့အချိန်ကစပြီး၊ လိုသမျှ ဆုတောင်းပြီး လောကီ အသုံးအဆောင်တွေ အံ့သြဖွယ် ရတယ်။ အခုသတင်းပတ်မှာလည်း ပုံနှိပ်ခ ဒေါ်လာ ၅၀၀ လိုနေတယ်။ C. T. Studd ရဲ့ စာအုပ်ကို ဖတ်နေတုန်း၊ လိုတဲ့ငွေ ဘယ်လောက်လဲလို့ မသိခင်မှာဘဲ ဘဏ်မှာရှိတဲ့ငွေနဲ့ ပေးချေဖို့ ဆုံးဖြတ်လိုက်တယ်။ လက်ထဲမှာ စာအုပ်ဖိုးတွေ ရှိတယ်။ ဒါပေမယ့် မလောက်ဘူး။  အဲဒီချိန်မှာ မစ္စစပီပြည်နယ် အသင်းတော်တပါးက ၂၅ ဒေါ်လာတန် ချက်လက်မှတ်နဲ့ စာတစောင် ပို့လိုက်တယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က သူတို့အသင်းတော်မှာ တရားဟောတုန်း ပေးခဲ့တဲ့အလှုငွေထက် ပိုပေးသင့်တယ်ထင်လို့ ထပ်ပေးတာ ဖြစ်တယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ အချိန် timing က ပိုကောင်းပါတယ်။ ဒါနဲ့ ပေးစရာ ဒေါ်လာ ၅၀၀ ကို ပေးနိုင်သွားတယ်။ ကိုယ်လိုသမျှ ငွေကြေးမှအစ ဘုရားပေးတယ်ဆိုတဲ့ သက်သေတခုပါ။ ကိုယ်လိုသမျှ အစားအစာ၊ ငွေကြေးမှအစ ဘုရားက ပေးနေကျပါပဲ။ ဒါကြောင့် ဆုတောင်းရင် အစားအစာ၊ အဝတ်အထည်၊ အလုပ်အကိုင်၊ အကြွေးပေးစရာ ငွေကြေးက အစ ဘုရားပေးတယ်ဆိုတာ ယုံကြည်ပါ။ “သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။” မာကု ၁၁း ၂၄။  အဓိပ္ပါယ်ကတော့ ပိုက်ဆံရမယ်လို့ ပြောတာပါ။ “ငါ၏နာမကို အမှီပြု၍ တစုံတခုသောဆုကို တောင်းလျှင်၊ တောင်းသည့်အတိုင်း ငါပြုမည်။” ယောဟန် ၁၄း ၁၄။ ဒါကလည်း လောကမှာနေစဉ် ကိုယ်လိုတာ ဘာဘဲဖြစ်ဖြစ် ဘုရားသခင်ပေးနိုင်တယ် ဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ရိုးသားစွာ ဆုတောင်းတတ်ဖို့ ဘုရားသခင် သွန်သင်ပေးနိုင်တယ်။ “အသက်မွေးလောက်စောအစာကို ယနေ့ ပေးသနားတော်မူပါ” လို့ ဆုတောင်းတတ်ဖို့ လိုပါတယ်။

Saturday, February 10, 2018

Two Lost Sons - ပျောက်သောသား ၂ ယောက်

ပျောက်သောသား နှစ်ယောက်
Two Lost Sons
by Ray Baker
(2018, January 21, Y.P Service  တွင် ဟောပြောသော တရားဖြစ်ပါသည်။)
ပျောက်သားသားကို  prodigal son လို့ ခေါ်ပါတယ်။ အင်္ဂလိပ် စကားမှာ prodigal ကို သိပ်သုံးလေ့ မရှိဘူး။ ပျောက်သောသား ဥပမာကို ပြောမှပဲ သုံးကြတဲ့အတွက်၊ အင်္ဂလိပ်စကား ပြောနေသူတွေပင် အဲဒီစကားရဲ့ အဓိပ္ပါယ်ကို သိပ်မသိကြဘူး။ prodigal  ရဲ့ အဓိပ္ပါယ်က wasteful အသုံးအဖြုန်းကြီးတာပါ။ ဒီဥပမာမှာ အသုံးအဖြုန်းကြီးတဲ့သားအကြောင်းပဲ သင်ခန်းစာယူတတ်ကြတယ်လို့ ထင်ပါတယ်။ တကယ်တော့ ကိုယ့်မေတ္တာနဲ့ ခွင့်လွှတ်ခြင်းကို မနှမြောဘဲ ဖြုန်းနေတဲ့ အဖေတယောက်လည်း ပါတယ်။ သားအကြီးဆိုတဲ့ အရိုက်အရာကို တန်ဖိုးမထား၊ ကိုယ်ဘဝရဲ့ အခွင့်အရေးကို ဖြုန်းပစ်နေတဲ့ အကိုကြီးလည်း ပါတယ်။

ဟိုးတုန်းက မိတ်ဆွေတယောက် ရှိတယ်။ အသင်းသား ရာနဲ့ချီတဲ့ အသင်းတော် အလတ်တန်းစာမှာ သင်းအုပ်ပါ။ အမှုတော်က အဆင်ပြေသလို၊ ကျမ်းစာကျောင်းလေး တကျောင်းမှာ အချိန်ပိုင်း ဆရာပါ။ တနင်္ဂနွေ တမနက်မှာတော့ သူက တရားဟောဖို့ တက်လာတယ်။ ပျောက်သောသားအကြောင်း ဖတ်တယ်။  “ဒီနေ့ ကျွန်တော် သင်းအုပ်အဖြစ်ကနေ နှုတ်ထွက်ပါတယ်။ ဒီနေ့ ကျွန်တော့မိန်းမကို ထားခဲ့ပြီး နောက်အိမ်ထောင်ပြုတော့မယ်။ ဒီနေ့ ကျွန်တော် ပျောက်သောသား လုပ်တော့မယ်။” လို့ ပြောလိုက်ပါတယ်။ တရားပလ္လင်ပေါ်က ဆင်းပြီး အသင်းတော်ကို စွန့်၊ မိန်းမနဲ့ ဆယ်ကျော်သက် သမီး ၂ ယောက်ကို ထားခဲ့ပြီး ကားမောင်း ထွက်သွားပါတော့တယ်။

တခြားမြို့မှာ နောက်အိမ်ထောင်နဲ့ သနားစရာဘဝနဲ့ အသက်ရှင်တယ်။ သင်းအုပ်ဆရာပဲ လုပ်ဖူးရှာတယ်။ ပညာမတတ်၊ ကျွမ်းကျင်တဲ့အလုပ် မရှိ။ ကားဟောင်း အရောင်းအဝယ် လုပ်ရတယ်။ ဒီမှာတော့ မသိဘူး။ ကားအဟောင်း ရောင်းဝယ်တဲ့သူကို လူတွေ မယုံကြဘူး။ ကားကောင်းတယ်လို့ ပြောပြီး၊ စျေးပိုတောင်းတယ်၊ လိမ်တယ်လို့ လူတွေ ယူဆကြတယ်။

အသင်းတော်ကတော့ ဖရိုဖရဲဖြစ်သွားတာပေါ့။ နှစ်ပေါင်းများစွာ ကုစားဖို့ ကြိုးစားကြပေမယ့် ဒီနေ့ထိ အနာကျက်လှတာတော့ မဟုတ်ဘူး။ မိသားစုလည်း ပြိုကွဲတယ်။ နောက်ပိုင်းမှာ သမီးတယောက်က အိမ်ထောင်ပြုတယ်။ မင်္ဂလာပွဲမှာ အဖေကို မဖိတ်ဘူး။

အခုဥပမာတော်မှာ အဖေတယာက်နဲ့ သားနှစ်ယာက် တွေ့ရတယ်။ တနေ့တော့ သားအငယ်က အဖေ့ထံမှာ အမွေတောင်းတယ်။ သာမန်အားဖြင့် အမွေဆိုတာ အဖေသေမှ ရမှာပါ။ လိမ္မာတဲ့သားသမီးဆိုရင် အဖေ အသက်ရှင်တုန်း၊ ကျန်းမာနေတုန်း အမွေတောင်းမှာ မဟုတ်ဘူး။ သူ့ပုံက အဖေကို သေစေချင်နေတဲ့ပုံပါ။ “အဖေ့ကို သေစေချင်ပြီ။ ဒါမှ ငါအမွေရမယ်။” လို့ ပြောသလို ဖြစ်နေတယ်။ သားအငယ် အမွေတောင်းတာက ရှက်စရာပါ။ မိသားစုအတွက်ရော၊ သူ့ကိုသူပါ သိက္ခာကျစေပါတယ်။ အမွေတောင်းပြီး အိမ်ကထွက်သွားတာဟာ မိဘကို ပြုစုဖို့ ဘုရားပေးတဲ့ အခွင့်အရေးကို ပစ်ပယ်လိုက်တာပါ။

ဘာဘဲဖြစ်ဖြစ် အဖေကတော့ သားငယ်ရဲ့ အရှက်မဲ့တောင်းသမျှကို ပေးတယ်။ ညီအကိုနှစ်ယောက်ကို အမွေခွဲပေးတယ်။ ဓမ္မသစ်ကျမ်းရဲ့ မူရင်းဂရိ အသုံးအနှုန်းက စိတ်ဝင်စားစရာ ကောင်းတယ်။ အဖေက သူ့အသက် life ကို ခွဲပေးတယ်လို့ ဆိုတယ်။ ဒီသားအတွက်တော့ အဖေ့အသက်ဟာ အဓိပ္ပါယ် မရှိတော့ဘူးလို့ ဆိုရမှာပါ။

သားအငယ်က နိုင်ငံရပ်ခြားကို ထွက်သွားတယ်။ ငွေတွေ သုံးဖြုန်းရင်း ဆိုးမိုက်နေတယ်။ ကျမ်းစာကတော့ အတိအကျ မပြောဘူးပေါ့။ နောက်ပိုင်း သူ့အကို စွပ်စွဲချက်အရ ပြည့်တန်ဆာတွေနဲ့ ပျော်ပါးနေတယ် လို့ ဆိုတယ်။ ဟုတ်မှာပါ။ အရက်တွေ သောက်နေမှာပေါ့။ မူးယစ်ဆေးတွေ သုံးမှာပေါ့။ ပြိုင်ကားတွေ ဝယ်။ ဟိုခေတ်ဆိုတော့ ကုလားအုတ်တွေ ဝယ်မှာပေါ့။ ပိုက်ဆံရှိတုန်းတော့ နာမည်ကြီးတာပေါ့။ ဒါပေမယ့် ပိုက်ဆံတွေ ကုန်သွားပြီ။ ဘယ်မှာလဲ သူငယ်ချင်းတွေ? သူလက်ဆောင်တွေ ပေး၊ ဟိုတယ်တွေမှာ ပါတီပွဲတွေ ငွေအကုန်ခံ ကျင်းပပေးခဲ့တဲ့ လူတွေ အခု ဘယ်မှာလဲ? အခုတွေ မတွေ့ရတော့ဘူး။

အိမ်မှာနေတော့ သားဘဝမှာ ရပိုင်ခွင့်နဲ့အတူ တာဝန်တွေ ရှိတယ်။ သူက ရပိုင်ခွင့်ပဲ လိုချင်တယ်။ တာဝန်မယူချင်ဘူး။ တာဝန်တွေကို လုံးလုံးစွန့်ခွါသွားတယ်။ လွတ်လပ်ချင်လို့ အဝေးကို ထွက်လာခဲ့တယ်။ ပိုဆိုးတဲ့ ကျွန်ဘဝရောက်သွားတယ်။ တက်မက်မှုတွေကို မချုပ်ထိန်းနိုင်တော့ အဖေ့မေတ္တာနဲ့ရတဲ့ ကိုယ့်လွတ်လပ်မှုကို အလဲအထပ် လုပ်သွားတယ်။

ကိုယ်အရှက်အကြောက်ဆုံး၊ အရွံမုန်းဆုံးအရာက ဘာဖြစ်မလဲ? မိဘနဲ့မိတ်ဆွေတွေ သိမှာ အကြောက်ဆုံး အဖြစ်က ဘာဖြစ်မလဲ? အဲဒါတွေထက် ပိုဆိုးတာကို ကြုံခဲ့ရရှာတယ်။

အဖေ့ငွေကို ဖြုန်းပြီး အဝေးမှာ ရောက်နေပြီ။ လူရှုပ်ထွေးပြီး စည်ကားနေတဲ့ ဘန်ကောက်မြို့ကြီးလို နေရာမှာပေါ့။ ဒါပေမယ့် ငွေကုန်တော့ တယောက်တည်း ဖြစ်ပြီ။ စိတ်ပျက်စရာအကောင်းဆုံးအလုပ်ကို လုပ်ရရှာပြီ။

လိမ်မာတဲ့ဂျူးလူငယ်တယောက်အတွက် ရှက်စရာအကောင်းဆုံး အလုပ်က ဝက်ကျောင်းရတာပဲ။ ဝက်ကို ညစ်ညူးတယ်လို့ သဘောထားတယ်။ ဝက်ကျောင်းရတယ်ဆိုတာ ကျိန်ခြင်းခံရတာပဲလို့ ဂျူးရဗ္ဗိဆရာ တယောက်က ဆိုတယ်။  ဒီထက်ဆိုးတာ ရှိသေးတယ်။ ဝက်ကျောင်းရရုံမက ဗိုက်ဆာနေတယ်။ ဝက်တွေစားနေတဲ့ ပဲတောင့်ကိုပင် စားချင်နေတယ်။

 နောက်ဆုံးတော့ “ငါ ဘာလို့ ဒီလိုဖြစ်နေရလဲ? ဘယ်လိုလုပ်ရမလဲ” လို့ ကိုယ့်ကိုယ်ကို ပြန်မေးလာတယ်။ အဖေ့အိမ်က အစေခံတွေနဲ့ နှိုင်းယှဉ်မိတယ်။ သူတို့မှာ ငွေကြေး၊ အစားအစာနဲ့အတူ ဂုဏ်သိက္ခာ ရှိတယ်။ ဒါနဲ့ အဖေ့အိမ်ကို ပြန်ပြီး အစေခံကျွန်လိုပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ အရင်ကတော့ မာနနဲ့ အမွေတောင်းတယ်။ အခုတော့ စိတ်လိုလက်ရ အနိမ့်ဆုံးမှာနေပြီး အဖေ့စကားကို အစေခံကျွန်လို နားထောင်မယ်။

အဖေ့အိမ်နားရောက်တာနဲ့ အဖေကမြင်ပြီး ပြေးထွက် နှုတ်ဆက်လာတယ်။ ကျမ်းစာကမပြောပေမယ့် အဖေက သားပြန်အလာကို စောင့်မြော်နေပုံရပါတယ်။

ဂုဏ်သိက္ခာကို ထိန်းတဲ့ အရှေ့တိုင်းအဖေဆိုတာ အိမ်ပြေး သားဆိုးကို သိက္ခာကျခံ ပြေးတွေ့မှာ မဟုတ်ဘူး။ (၁၁း ၂၀) အရှက်သိက္ခာထိန်းချင်ရင် သူ့သားကို အလုပ်လာတောင်းတဲ့ သူတောင်းစားလိုသာ ဆက်ဆံဖို့ ရှိပါတယ်။

ကြိုတွေးထားတဲ့စကားလည်း သားက မပြောဖြစ်ပါဘူး။ အဖေက အစေခံတေါကို ပါတီပွဲကြီး ကျင်းပခိုင်းတယ်။ ပွဲနေ့ပွဲထိုင် ဝတ်ရုံကို ဝတ်ဆင်စေတယ်။ လက်စွပ်စွပ်ပေးတယ်။ လက်စွပ်က အခွင့်အာဏာနဲ့ တာဝန်ရှိသူ ဆိုတဲ့သဘောပေါ့။ ဖိနပ်စီးစေတယ်။ အဲဒီခေတ်က ကျွန်တွေဟာ ဖိနပ်မစီးဘဲ ခြေဗလာနဲ့ အလုပ်လုပ်ရတယ်။

ပွဲကြီးကျင်ပမယ်။ အတီးအမှုတ်နဲ့ အစားအသောက်တွေပါမယ်။ ဆူဖြိုးတဲ့ နွားတကောင်သတ်တယ်။ တရွာလုံးကို ဖိတ်ချင်တာပါ။ မိသားစုတစုအတွက်ဆိုရင် နွားတကောင်ဟာ များတာပေါ့။ နွားကလည်း မွေးနေ့တို့ မင်္ဂလာဆောင်တို့အတွက် မွေးထားတာမျိုးပါ။ ဘာဘဲဖြစ်ဖြစ်လေ၊ သေတဲ့သားက ပြန်ရှင်တော့ မွေးနေ့ပေါ့။

အကို၊ အမတွေ ရှိတဲ့သူ ရှိသလား? ဒီလိုဘဝကို ကျွန်တော် မခံစားဖူးဘူး။ ကျွန်တော်က အကိုအကြီးဆုံး။ ညီနှစ်ယောက် ရှိတယ်။ ကျွန်တော့ဘဝက ဒီဥပမာတော်ထဲက အကိုကြီးလိုပဲ။ ကျွန်တော်က ဘာပြဿနာမှ မလုပ်တဲ့ လူကောင်း။ ကျောင်းစာကြိုးစားတော့ အမှတ်အမြဲကောင်းတယ်။ ညီတွေအဖို့တော့ မလွယ်ဘူး။ အကိုလောက်မတော်ဘူးဆိုပြီး ဆရာတွေရဲ့ အပြောခံရကြတယ်။

 ဥပမာတော်ထဲမှာ အကိုက အိမ်မှာပဲနေတယ်။ သူ့ကိုယ်သူ ထိန်းတယ်။ ပြဿနာမရှာဘူး။ ဒါပေမယ့် ငွေယူပြေးတဲ့ ညီငယ်ကို စိတ်ဆိုးတယ်။ ပြန်လာတော့ အဖေက သူ့အတွက် ငွေတွေ ဖြုန်းနေပြန်တယ်။

အကိုက သူွှအဖေအိမ်မှာလုပ်ရတာကို ကျွန်လို သဘောထား သုံးနှုန်းတယ်။ အခမရဘဲ နှစ်နဲ့ချီပြီး ကျွန်ခံရတယ်တဲ့။ သူက ကျွန်လိုနေတယ်။ သားလို မဟုတ်ဘူး။ အကိုကြီးရဲ့ ပြဿနာက ကိုယ့်ဖြောင့်မတ်ခြင်းပဲ။

သူ့ခမျာ မိတ်ဆွေတွေနဲ့ ပျော်ဖို့ ဆိတ်တကောင်တောင် မရဘူးတဲ့။ ရှိသမျှ သူပိုင်တာ သူမသိရှာဘူး။ သားဆိုတာ ရပိုင်ခွင့်ရော၊ လွတ်လပ်မှုပါ ရှိတာ သူမသိရှာဘူး။

ဒီဖြစ်ရပ်မှာ ထူးဆန်းတဲ့ irony  “ကပြောင်းကပြန်”  ရီစရာတခု ဖြစ်လာတယ်။ အိပ်ပြင်က သားငယ်က အတွင်းရောက်။ အတွင်းက သားကြီးက အပြင် ပြန်ရောက်သွားတယ်။

နောက်ဆုံးမှာ သားကြီး ဘယ်လိုတုန့်ပြန်လဲတော့ မသိရပါဘူး။ စိတ်ပြန်ပြေပြီး ညီကို လက်ခံသလား? အသနားပိုတဲ့ အဖေနဲ့ ညီကို စိတ်ဆိုးနေတုန်းလား? မသိရပါဘူး။

အနက်ဖွင့် Interpretation
ဒီဥပမာတော်ဟာ လုကာ ၁၅ ရဲ့ ပျောက်တဲ့အရာ သုံးခုထဲမှာ ဇာတ်ရှိန်အမြင့်ဆုံးပါပဲ။ ပျောက်သောသိုး၊ ပျောက်သောဒင်္ဂါးနဲ့ ပျောက်သောသားပါ။ သိုးက တရာမှာ တကောင်ပျောက်တယ်။ ၁% ပါ။ ဒင်္ဂါးက ဆယ်ပြားမှာ တပြားပျောက်တယ်။ ၁၀% ပါ။ သားနှစ်ယောက်မှာ တယောက်ပျောက်တယ်။ ၅၀% ပါ။ ကျွန်တော်အထင်တော့ သားနှစ်ယောက်က တနည်းမဟုတ် တနည်းနဲ့ ပျောက်နေကြတာပါ။

ပျောက်သောသိုးရဲ့ အဆုံးမှာ “ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ့်ကိုးယောက်တို့  ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသော လူဆိုးတယောက် သာ၍ ဝမ်းမြောက်ခြင်း ရှိကြသည်။” လုကာ ၁၅း ရ။

ပျောက်သောဒင်္ဂါးရဲ့အဆုံးမှာ “ဘုရားသခင်၏ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတယောက် ဝမ်းမြောက်ခြင်း ရှိကြသည်။” လုကာ ၁၅း ၁၀။

ဒါပေမယ့် ပျောက်သောသားရဲ့အဆုံးမှာတော့ အကိုက ဝမ်းမမြောက်တော့ ပျောက်သောသားတွေ ဖြစ်နေတယ်။

သခင်ယေရှုက အကိုကြီးဆိုတာ ဖါရိရှဲတွေကို ပြောလိုပုံရတယ်။ ကိုယ့်ကိုကိုယ် ကောင်းတယ်လို့ ထင်နေသူတွေလေ။ သန့်ရှင်ဟန်ဆောင်ပေမယ့် အတွင်းမှာက အပြစ်နဲ့ ပြည့်နေတယ်။ ပညတ်တွေကို စောင့်ထိန်းပေမယ့် ပညတ်တွေကို  ငြူစူနေတယ်။ ဘုရားလူမျိုးတော်ရဲ့ ကောင်းကြီးနဲ့ ရပိုင်ခွင့်တွေကို နားမလည်ဘူး။

သခင်ယေရှုက အခွန်ခံတွေ၊ အပြစ်သားတွေနဲ့ အချိန်ယူခဲ့တယ်။ အောက်ဆုံးက လူတွေ။ ဘုရားနဲ့ဝေးတဲ့ ညီငယ်တွေ။ သခင်ယေရှုက အခွန်ခံတွေ၊ အပြစ်သားတွေနဲ့နေတော့ ဖါရိရှဲတွေက ညီကိုသနားတဲ့ အဖေ့မေတ္တာကို အကိုကြီးစိတ်ဆိုးသလို စိတ်ဆိုးကြတယ်။

အဖေကတော့ ချစ်ဆဲ၊ စောင့်ကြည်ဆဲ၊ စောင့်စားနေဆဲဖြစ်တဲ့ ဘုရားသခင်ပါပဲ။ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ အိမ်ပြန်လာသူကို ဘုရားသခင်က ဘယ်တော့မှ မငြင်းပယ်ပါဘူး။

Application သင်ခန်းစာယူခြင်း
အပြစ်သားပြန်လာချိန်မှာ ကောင်းကင်ဘုံမှ အဘဘုရားသခင်က အပြစ်မတင်ဘူး။ အပြစ်မပေးဘူး။ အစေခံကျွန်ဘဝအဖြစ် အဆင့်လျှော့မချဘူး။ ချစ်တဲ့သားတယောက်အဖြစ် လက်ခံပြီး၊ သားတယောက်ရဲ့ အဆောင်ယောင်၊ အခွင့်အရေးတွေ အကုန်ပေးပါတယ်။

တချို့က အကိုကြီးနဲ့ တူမယ်။ စည်းကမ်းအားလုံး လိုက်နာနိုင်တဲ့ ခရစ်ယာန်ကောင်းတွေပါ။ ဒါပေမယ့် စိတ်ထဲမှာ ခါးသည်းနေမယ်။ စိတ်ဆိုးနေတာ နှစ်ချက် ရှိမယ်။ ၁။ စည်းကမ်းတွေများလွန်းလို့ စိတ်ပျက်နေမယ်။ စည်းကမ်းတွေ၊ ပညတ်တွေကို လိုက်နာပါတယ်။ ဒါပေမယ့် မကြိုက်၊ မနှစ်သက်ဘူး။ ကောင်းဟန်ဆောင်နေမယ်။ ၂။ တခြားသူတွေအပေါ်မှာ ပြတဲ့ ဘုရားရဲ့ သနားဂရုဏာကို စိတ်ပျက်နေမယ်။ မဟုတ်တာလုပ်ရင် ဒုက္ခ တွေ့စေချင်မယ်။  ဘုရားကျောင်းမှာ သူရဲကောင်းလို အားရဝမ်းသာ မကြိုဆိုစေချင်ဘူး။

တချို့က ညီငယ်နဲ့ တူမယ်။ စည်းကမ်းတွေ၊ တာဝန်တွေ ဂရုမစိုက်ဘူး။ ကိုယ်သဘောနဲ့ကိုယ် စိတ်ကြိုက် အသက်ရှင်ဖို့ ဆုံးဖြတ်ထားမယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။

ခရစ်ယာန်ဖြစ်ပေမယ့် ဝမ်းမြောက်ခြင်းနဲ့ လွတ်လပ်ခြင်း မခံစားရသူတွေ ရှိမယ်။ ခရစ်ယာန်ဖြစ်ပေမယ့် ဘုရားသခင်ကို ဆန့်ကျင်အသက်ရှင်နေသူလည်း ရှိမယ်။ ခရစ်ယာန်မဟုတ်သေးဘဲ တရားစကားတွေကို စဉ်းစားနေသူလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာဘဲဖြစ်ဖြစ်ပါ။ ဘုရားသခင်က သိပ်ချစ်တတ်တဲ့ အဖေပါ။ သားပြန်လာမယ့် အချိန်ကို မြော်လင့်စောင့်ဆိုင်း၊ အကဲခတ်နေသူပါ။ ဘုရားသခင်ထံ ပြန်လာရင်၊ ပထမဆုံးအကြိမ်ဖြစ်ဖြစ်၊ ၃၁ ကြိမ်မြောက် ဖြစ်ဖြစ်၊ ပျော်ရွှင်စရာနေ့ရက်ပါ။ ပါတီပွဲကြီးပါ။ အပြစ်ရှိတဲ့သူတယောက် နောင်တရရင် ကောင်းကင်မှာ အရမ်းဝမ်းမြောက်ကြပါတယ်။

ထင်ရှားတဲ့အပြစ်ရှိရင် - ဘုရားသခင်ထံ လှည့်ပြန်ပါ။

ဖွက်ထားတဲ့အပြစ်ရှိရင်လည်း - ဘုရားသခင်ထံ လှည့်ပြန်ပါ။

သခင်ယေရှုထံလာဖို့ တခါမှ မဆုံးဖြတ်ရသေးရင် ဘုရားသခင်ကို အဖလို့ ခေါ်ဖို့ခက်နေမှာပါ။ ဒါပေမယ့် “ဒီနေ့ပဲ ပြန်လာပြီ အဖ” လို့ ခေါ်လိုက်ပါ။