![]()  | ||||
| DR. JOHN R. RICE | 
“တရားဟောဆရာတွေက ကယ်တင်ခြင်းကို မှောက်လှန်ကြတယ်။”
“ဘုရားသခင်၏
 ကျေဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ 
ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီး အသေခံတော်မူပြီ။” ဂလာ ၂း၂၁ ။
ပယ်တယ်
 Frustrate ဆိုတဲ့စကားဟာ ဘေးဖယ်ထားတယ်လို့ ဆိုလိုတယ်။ ရှင်ပေါလုက “ငါကတော့ 
ပညတ်တရားကို စောင့်ထိန်းမှ ကယ်တင်ခြင်းရတယ်လို့ သွန်သင်ပြီး ဘုရားသခင်ရဲ့ 
ကျေးဇူးတော်ကို ဘေးဖယ်တာမျိုး မလုပ်ဘူး။” လို့ ဆိုပါတယ်။
ဂလာတိပြည်က
 ခရစ်ယာန်တွေဟာ ဒီအပြစ်မျိုးကို ကျူးလွန်မိကြတယ်။ ဒီလိုပဲ ခရစ်ယာန်တွေ၊ 
တရားဟောဆရာတွေဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ပယ်ကြ၊ ကယ်တင်ခြင်းရဖို့ 
အကျင့် ကျင့်ရမယ် (သို့) ကယ်တင်ခြင်း မဆုံးရှုံးဖို့ အကျင့်ကျင့်ရမယ် 
(သို့) ကယ်တင်ခြင်းရတာကို သက်သေပြဖို့ အကျင့် ကျင့်ရမယ်လို့ ပြောပြီး 
ကယ်တင်ခြင်းကို မှောက်လှန်လိုက်ကြတယ်။
တခါက ဆရာတပါး တပတ်တာ 
သင်တန်းတခုကို ဦးဆောင်ဖို့ အသင်းတော်တပါးကို သွားတယ်။ တော်တော်ကလေး 
အောင်မြင်မှုရပါတယ်။ ကယ်တင်ခြင်းရတယ်ဆိုတဲ့ သူတွေအထဲမှာ လက်ထောက်သင်းအုပ်၊ 
သင်းအုပ်ရဲ့ သမီးအကြီး၊ ဘုရားကျောင်းက စန္ဒယားဆရာ၊ သင်းထောက်ဥက္ကဌနဲ့ အမာခံ
 အသင်းသားတချို့ ပါနေတယ်။ ဒီလူတွေနဲ့ တခြားပရိတ်သတ် တဝက်လောက်ဟာ 
ဒီကျမ်းစာအတိုင်း ဟောတဲ့ Fundamental အသင်းတော်၊ စိတ်ဝိညာဉ် Soul Winning 
အသင်းတော်ကို မရောက်ခင်ကလည်း ယုံကြည်ပြီးသားလူတွေပါ။
အရင်က 
ကယ်တင်ခြင်းရတယ်လို့ ထင်ခဲ့သူတွေကို ကယ်တင်ခြင်းရအောင် ဟောတဲ့ဆရာဟာ ဧဝံဂေလိ
 ဆရာကောင်းတယောက် ဖြစ်ပါ့မလား။ မဖြစ်နိုင်ဘူး။ သူဟာ ကျမ်းစာနဲ့ညီတဲ့ 
ဆရာတယောက် မဟုတ်ဘူး။ သူ့အထင်နဲ့သူ ဟုတ်နေတဲ့သူပါ။ အချို့ကလည်း ဒီဆရာဟာ 
ကယ်တင်ခြင်းရအောင် ဟောသွားတဲ့ အရင်ဆရာထက် ပိုကောင်းတယ်လို့ ထင်ကြတယ်။ 
ဒါပေမယ့် အခုရောက်လာတဲ့ဆရာက သူတို့ ကယ်တင်ခြင်းမရဘူးလို့ ထောက်ပြနေပါလား။
Fundamental
 အသင်းတော်တခုမှာ နှစ်ပေါင်းများစွာ ဧဝံဂေလိတရားဟောနေခဲ့တဲ့ ထင်ရှားတဲ့ 
သင်းအုပ်တယောက်ကလည်း သူ့အသင်းတော်မှာ ကယ်တင်ခြင်းရသူဟာ အသင်းသားဦးရေရဲ့ ၁၀%
 မကျော်ဘူးလို့ ခဏခဏ ဟောနေလေရဲ့။ တချို့ဆရာတွေဟာ ကယ်တင်ခြင်းကို 
သိပ်လွယ်အောင် လုပ်တယ်။ ဒါကြောင့် လူတွေ ကယ်တင်ခြင်း ထပ်ရစေခြင်သေးတယ်လို့ 
ထင်သူတွေက အဲဒီသင်းအုပ်ကို မကြာခဏ ရည်ညွှန်းလေ့ရှိတယ်။ ဧဝံဂေလိတရားကို 
အဲဒီလူ ဟောတဲ့အခါ ကယ်တင်ခြင်းကို ရှင်းအောင်ဟောရင် ကယ်တင်ခြင်းရဖို့ 
တကယ်ယုံကြည်သူတွေ ကယ်တင်ခြင်းရပါတယ်။ ကယ်တင်ခြင်းရဖို့ ခရစ်တော်ကို 
အားကိုးသူတိုင်းဟာ ကယ်တင်ခြင်းရပါတယ်။
အမျိုးသမီးတယောက်ကလည်း 
သူ့ခင်ပွန်းက ကယ်တင်ခြင်းရတယ်ဆိုပေမယ့် တကယ်မရဘူး၊ ဘာကြောင့်လဲဆိုတော့ 
ဆေးလိပ်သောက်တယ်လို့ ကျွန်တော့ဆီ စာရေးတယ်။
သင်းအုပ်တယောက်ကလည်း 
ကယ်တင်ခြင်းရတဲ့ အရက်သမားတယောက်အကြာင်း ပြောတယ်။ အဲဒီလူမရဘူးတဲ့ 
ဘာကြောင့်လဲဆိုတော့ အပြစ်ထဲ လဲကျပြီး အရက်ပြန်သောက်နေလို့တဲ့။
အဲဒီလို
 ဧဝံဂေလိတရားကို မှောက်လှန်နေကြတဲ့ ဆရာတွေက ကယ်တင်ခြင်းမှာ အနည်းနဲ့ အများ 
အကျင့်ကို ထည့်ပေးချင်ကြတယ်။  “… အကျင့်ကို ထောက်သော် သူတို့၏သဘောကို 
သိရကြလိမ့်မည်။” ဆိုတဲ့ ကျမ်းချက်ကို ကိုးကားရတာ အလွန်ပျော်ကြတယ်။ 
ဒါကြောင့် သူတို့က လူတွေ ကယ်တင်ခြင်းရတယ် မရဘူး ပြောနိုင်တယ်လို့ ဆိုကြတယ်။
ဒါဟာ
 ကျမ်းစာချက်ကို အလွဲယူတာပဲ။ ဒီကျမ်းချက်အရ လူတယောက် ကယ်တင်ခြင်းရ-မရ 
စစ်ဆေးစီရင်ခွင့် ရှိတယ်လို့ ထင်ကြတယ်။ တကယ်တော့ ဒီကျမ်းချက်က မိစ္ဆာဆရာကို
 သူ့ရဲ့ဩဝါဒ doctrine  သွန်သင်ချက်အားဖြင့် သိနိုင်တယ်လို့ 
အဓိကပြောနေခြင်းသာ ဖြစ်ပါတယ်။
၂ကော ၅း၁၇ ကိုလည်း ကိုးကားတတ်ပါတယ်။ 
“လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ 
ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။” 
အသက်တာတခုလုံး အပြင်ပန်းအားဖြင့် ရုတ်တရက် ပြောင်းလဲမသွားသေးရင် 
ယုံကြည်တယ်လို့ ဝန်ခံတာက မမှန်ကန်ဘူး၊ အားလုံးပြောင်းလဲသူ မဟုတ်သေးဘူး လို့
 ဆုံးဖြတ်လိုက်ကြတယ်။
ဒါဟာ နှုတ်ကပတ်တော်ကို မှောက်လှန်တဲ့ 
အပြစ်ပါပဲ။ အကျင့်အားဖြင့် ကယ်တင်ခြင်းရတယ် (သို့) မဆုံးရှုံးဖို့ 
ကျင့်ရမယ် (သို့) ရတာကို အကျင့်သက်သေပြရမယ်လို့ သွန်သင်ခြင်းအားဖြင့် 
ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဘေးဖယ်ကြတာပါပဲ။
ဂလာတိပြည်က 
ခရစ်ယာန်တွေဟာ ကယ်တင်ခြင်းရနေဖို့ ဝတ်ပြုရာပညတ်တွေ စောင့်ရမယ်။ 
ဒါမှမဟုတ်ရင် ကယ်တင်ခြင်းမရဘူးလို့ သွန်သင်ရပြီး လမ်းလွဲခေါ်ခံရတယ်။ 
ဒါကြောင့် “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို .. ပယ်”လိုက်ကြတယ်။ ရှင်ပေါလုက 
ကယ်တင်ခြင်းရဖို့ အကျင့်အားကိုးသူတွေကို “ကျေးဇူးတရား၌ မတည် 
ေ့ရွလျော့ကြပြီ။” လို့ ဆိုပါတယ်။ ဒါဟာ ကျမ်းစာရဲ့သွန်သင်ချက်ဖြစ်တဲ့ 
ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ် ဆိုတဲ့ သမ္မာတရားမှ ရွေ့လျော့လာတာ 
ဖြစ်တယ်။ ကယ်တင်ခြင်းရဖို့ ကျင့်ရမယ်ဆိုတဲ့ ရှေးဟောင်း ဇာတိ မိစ္ဆာအယူကို 
ယူလိုက်ကြတာပါ။
ဒါကြောင့် ခရစ်ယာန်တွေ လမ်းမှားကို 
အခေါ်ခံရနိုင်တယ်။ စာတန်က ခရစ်ယာန်တွေ၊ ဆရာတွေ သူ့ရဲ့ အလုပ်လုပ်ဖို့၊ 
သူ့တရားဟောဖို့ အမြဲကြိုးစားနေတယ်။
Charles Spurgeon က ဇာတိသဘောဟာ 
Arminian အယူအတိုင်းပဲလို့ ပြောဖူးတယ်။ လူဟာ သာမန်အားဖြင့် 
ကိုယ်ကိုကိုယ်ကယ်ဖို့ (သို့) ကယ်နေဖို့ ကောင်းကွက်တခုခု၊ အရည်အချင်းတခုခု 
ရချင် တတ်တယ်။ လူဟာ ငရဲသွားထိုက်တဲ့ အပြစ်သား၊ ကယ်တင်ခြင်းရဖို့ ဒီလောကမှာ 
သူလုပ်နိုင်တာ ဘာမှမရှိဘူးလို့ ဝန်မခံချင်ကြဘူး။
ဒါကြောင့် 
လမ်းလွဲတဲ့အဖွဲ့အစည်း၊ ဘာသာတရားအမှားတွေဟာ လူအကျင့် (သို့) ကျင့်ဝတ် (သို့)
 ကိုယ်ကျင့်တရားတွေအားဖြင့် ကယ်တင်ခြင်းရနိုင်တယ်ဆိုတဲ့ သွန်သင်မှုတွေ 
ရှိပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော် ဧဝံဂေလိ တပါးတည်းကသာလျှင် 
ယေရှုခရစ်တော်နဲ့ သွန်းခဲ့တဲ့ အသွေးတော်အပေါ်မှာသာ အားကိုးရမယ်လို့ 
ကယ်တင်ခြင်းကို သွန်သင်နေပါတယ်။
၁။  တရားဟောဆရာတွေက ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုပယ်ပြီး၊       ကယ်တင်ခြင်းကို မှောက်လှန်နေတာ ဘာကြောင့်လဲ?
ပထမအချက်က
 - - ပတ်ဝန်းကျင်မှာရှိတဲ့ arminian သွန်သင်ချက် ထင်ဟပ်လာတာပါ။ အချို့ 
Arminian ဆရာတွေက “လွယ်လွယ်ယုံတဲ့ဝါဒ” “easy believism”  လို့ ခေါ်ပြီး 
မိုက်မိုက်မဲမဲ တိုက်ခိုက်ကြတော့ လူငယ်ဆရာလေးတွေက “သခင်ယေရှုခရစ်ကို 
ယုံကြည်လော့။ ယုံကြည်လျှင် …. ကယ်တင်ခြင်း ရောက်လိမ့်မည်”လို့ ဟောရုံနဲ့ 
မလုံလောက်တော့ဘူးလို့ ထင်လာတယ်။
(သို့) လောကီသားတွေရဲ့ 
ထင်ဟပ်မှုကြောင့်လည်း ဖြစ်ပါတယ်။ ဆရာတွေက “ခရစ်ယာန်တွေဟာ 
ကောင်းကောင်းမွန်မွန် အသက်မရှင်နိုင်သေးဘူး။ ဒါကြောင့် သူတို့လောက် 
အသက်မရှင်နိုင်ရင် ကယ်တင်ခြင်းမရသေးဘူး”လို့ ဆင်ခြေပေးချင်ကြတယ်။ 
လောကီသားရဲ့ ဆင်ခြေနဲ့ အခြေအနေ standards တွေက မသိမသာ အမွေခံယူနေတာပါ။
လောကီသူတွေ
 စကတ်တိုတို ဝတ်သလို၊ တရားဟောဆရာ ကတော်တွေလည်း ဝတ်ကြတယ်။ လောကီလူငယ်တွေ 
ရုပ်ရှင်သွားသလို၊ တရားဟောဆရာ သားသမီးတွေလည်း သွားကြတယ်။
နာမည်ကြီး 
ဧဝံဂေလိဆရာတယောက်က ကျွန်တော့ “ငရဲအကြောင်း ဝေစာရပြီးတဲ့ နောက်ပိုင်း 
တရားဟောတိုင်း မရဏာရဲ့ မီးလျံတွေနဲ့ ထာဝရပြစ်ဒဏ်တွေကို ဂရုစိုက်ဟောခဲ့တယ် 
လို့ ပြောပြဖူးတယ်။
အခုတော့ အဲဒီဧဝံဂေလိဆရာဟာ Fundamental 
ခရစ်ယာန်တွေနဲ့ မပေါင်းတော့ဘူး။ modernist စာပေတွေကို သုံး၊ modernist 
တွေနဲ့ မိတ်ဖွဲ့လာတော့ ငရဲဆိုတာ ဘုရားသခင်နဲ့ ခွဲနေရတာလောက်ပဲ ထင်လာတယ်။
အင်္ဂလိကန်ဂိုဏ်းချုပ်ကြီးဆီ
 သူအလည်သွားတော့ သူ့ရှေ့မှာ ဂိုဏ်းချုပ်ကြီး ထန်းရည်သောက်တာကို 
လန့်သွားတယ်လို့ ပြောပြဖူးတယ်။ မနေ့က စာစောင်ထဲမှာ အဲဒီ ဧဝံဂေလိဆရာက 
အရက်သေစာ သောက်စားတာကို ကျမ်းစာက မတားမြစ်ပါဘူးလို့ ဆိုလာတယ်။
တွေ့တယ်နော်။
 ခရစ်ယာန်တိုင်းဟာ ကိုယ်အတူ သွားလာတဲ့လူတွေ၊ ကိုယ်ဖတ်တဲ့ သတင်းစာ၊ 
ကိုယ်အပေါ် အခြားလူတွေရဲ့ ထင်မြင်မှုတွေရဲ့ သက်ရောက်မှုကို ခံနေရတယ်။
ပုံမကျတဲ့
 အသက်တာပုံစံမျိုးနဲ့ အသက်မရှင်နိုင်ရင် ကယ်တင်ခြင်းမရဘူးလို့ လောကီသားတွေ 
ထင်ကြတော့၊ တရားဟောဆရာကလည်း လိုက်ပြီး ထင်လာတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ 
ကျေးဇူးတော်ကို ဘေးဖယ်လိုက်တယ်။ ကျေးဇူးတော်ကြောင့်ဆိုတာကို ပယ်လိုက်တယ်။ 
ဖြောင့်မတ်တဲ့အကျင့်၊ ကုသိုလ် ဆိုတာတွေကို ကယ်တင်ခြင်းရဖို့ (သို့) ရနေဖို့
 (သို့) ရကြောင်း သက်သေပြဖို့ ပေါင်းထည့်လာတယ်။
တခါတလေမှာ 
တရားဟောဆရာကိုယ်တိုင်က ကယ်တင်ခြင်းအစီအစဉ်ကို ကောင်းကောင်း နားမလည်ဘူး။ 
ကယ်တင်ခြင်းဆိုတာက process တဖြည်းဖြည်း တဆင့်ပြီး တဆင့်လို့ ထင်နေတယ်။ ပထမ -
 သဘောပေါက်လာ၊ ပြီးတော့ နောင်တရ၊ ပြီးမှ ယုံတဲ့အတိုင်း ပြုမူချိန်ဆိုပြီး 
ထင်တတ်ကြတယ်။ အမှန်က ယုံကြည်ခြင်းနဲ့ နောင်တဆိုတာ ခရစ်တော်ထံ လာတဲ့သူရဲ့ 
ဖြစ်ရပ်တခုတည်းရဲ့ မျက်နှာစာ နှစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော့ဆီရေးတဲ့ 
စာတွေထဲမှာ တရားဟောဆရာက ကယ်တင်ခြင်းရဖို့ နောင်တ လုံလုံလောက်လောက် 
ရရမယ်လို့ ဟောတဲ့အတွက် စိုးရိမ်နေတယ်။ အပြည့်အဝ သဘောပေါက်ရဲ့လားလို့ 
စိတ်ပူနေတယ်လို့ ရေးတယ်။ ဒါက ကယ်တင်ခြင်းရဖို့ ငိုရဦးမယ်ဆိုပြီး တဆင့်ပြီး 
တဆင့် process salvation ကို ဟောကြတာပါပဲ။ ကယ်တင်ခြင်းရဖို့ စဉ်းစားဦးမှ၊ 
ပြုပြင်ဦးမှ ဆိုပြီး ဘုရားရဲ့ကျေးဇူးကို ပယ်လိုက်ကြတယ်။
၂။  အဓိက ဩဝါဒတွေကို ငြင်းပယ်တဲ့ မိစ္ဆာပရောဖက်ကို သိနိုင်ပေမယ့်  ခရစ်ယာန်တယောက်ကို အသက်တာအားဖြင့် မသိနိုင်ဘူး။
အချို့တရားဟောဆရာတွေက
 ကယ်တင်ခြင်းကို ကောင်းကောင်း နားမလည်ကြတဲ့အတွက် ဘုရားသခင် 
ပေါင်းမထည့်တာတွေကို မကြာခဏ ပေါင်းထည့်နေတယ်။ ကယ်တင်ခြင်းအကြောင်း သူတို့ 
မသိဘူးလို့ ကျွန်တော် မဆိုလိုပါဘူး။ ကယ်တင်ခြင်းမှာ ဘုရားသခင် လုပ်ဆောင် 
ပေးသမျှကိုတော့ မသိကြဘူး။ သူတို့က မဿဲ ရး၂၀ “အကျင့်ကို ထောက်သော် 
သူတို့၏သဘောကို သိရကြလိမ့်မည်။”…  ကို ထောက်ပြပြီး အသက်တာကို ကြည့်ရင် 
ခရစ်ယာန်တယောက်ကို သိနိုင်တယ်လို့ သွန်သင်ကြတယ်။ ဒါပေမယ့် သခင်ယေရှု 
မိန့်တော်မူတာက “အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကို ခြုံ၍ 
သင်တို့ရှိရာသို့လာသော မိစ္ဆာ ပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။ 
ထိုသူတို့၏အကျင့်ကို ထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။”
မိစ္ဆာပရောဖက်ဆိုတာဟာ
 … ကျမ်းစာတော်ကို ဝိညာဉ်တော် မှုတ်သွင်းရေးတာကို ငြင်းရင်၊ ခရစ်တော်ဟာ 
ဘုရားဖြစ်ကြောင်းငြင်းရင်၊ အသွေးတော်အားဖြင့် တခါတည်း 
အပြစ်ဖြေပေးတာကိုငြင်းရင် သိနိုင်တယ်။ ကျမ်းစာကမမှန်ဘူး။ သခင်ယေရှုက 
ဘုရားသားတော် မဟုတ်ဘူး၊ ကယ်တင်ခြင်းရဖို့ ခရစ်တော်ကို အမှီမပြုဘူးဆိုရင် 
အဲဒီလူ ကယ်တင်ခြင်းမရဘူး။ ခရစ်ယာန်ယုံကြည်ချက် အဓိကအချက်တွေကို ငြင်းချက် 
ထုတ်နေသူဟာ ကယ်တင်ခြင်း မရသေးဘူး။ ကျွန်တော် ဒီလိုပြောနိုင်တာ 
သူ့အကျင့်ဆိုတဲ့ သူ့သွန်သင်ချက်ကြောင့်ပါ။
ဒါပေမယ့် 
လူ့စိတ်နှလုံးထဲမှာရှိတဲ့ ကယ်တင်ခြင်းရဲ့အသီးအပွင့်၊ အကျင့်ကို 
ပြောပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ “လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ 
ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်။”
တခါ ၂ကော ၅: ၁၇ ကို 
အလွဲအဓိပ္ပါယ် ကောက်တတ်တယ်။ လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော
 သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြေင်းလဲ၍၊ ခပ်သိမ်းသောအရာတို့သည် 
အသစ်ဖြစ်ကြပြီ။ တရားဟောဆရာတွေက ဒီကျမ်းချက်ကို တခြားကျမ်းစာချက်တွေနဲ့ 
ယှဉ်မကြည့်ဘဲ ကယ်တင်ခြင်းရရင် အားလုံးပြောင်းလဲသွားတယ်လို့ မိုက်မိုက်မဲမဲ 
ကောက်ချက်ချတတ်တယ်။ အပြစ် မလုပ်တော့ဘူး၊ စုံစမ်းခြင်း မခံရတော့ဘူး။ 
အားမနည်းတော့ဘူး။ ဘာမှ သင်ကြားခံယူစရာ မလိုတော့ဘူး။ ချက်ချင်းပဲ 
အားကြီးရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်သွားရောတဲ့။ ဒါဟာ ကျမ်းစာနဲ့ မညီဘူး။
ကယ်တင်ခြင်းရတဲ့သူဟာ
 “အသစ်သောသတ္တဝါ” a new creation ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လူဟောင်းကို 
ပြောင်းလဲထားတာ မဟုတ်ဘူးဆိုတာ သတိရပါ။ အဟောင်းသဘာဝနဲ့ အသစ်သဘာဝ 
နှစ်မျိုးစလုံးရှိအောင် အတွင်းမှာ လုံးဝအသစ်ဖန်ဆင်းထားတဲ့ သတ္တဝါအသစ်သာ 
ဖြစ်ပါတယ်။ “ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တပါးနှင့်တပါး ဆန့်ကျင်သောသဘော 
ရှိကြ၏။” ဆိုတဲ့ တိုက်ပွဲတခုကို တိုက်နေရဦးမယ်လေ။
ပြောင်းလဲစလူ 
ဆိုတာ “ကျေးဇူးတော်၌ကြီးပွါး”ရဦးမယ့်  ခရစ်ယာန် သူငယ်တယောက်ပဲ။ 
ပြောင်းလဲတဲ့သူမှာ မျက်ဝန်းညိုရှိရင် ညိုနေဦးမှာပဲ။ စိတ်မြန်သူဖြစ်ရင်တော့ 
သိမ်မွေ့ဖို့၊ သည်းခံတတ်ဖို့ လိုဦးမယ်။ စီးကရက်သောက်တဲ့သူ ဖြစ်ရင်တော့ 
သောက်နေဦးမှာပဲ။ ဖြတ်ဖို့ လိုဦးမယ်လေ။
၁ယော ၅: ၁၀ မှာ  “ဘုရားသခင်၏ 
သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကို မပြုတတ်သည်ကို ငါတို့သိကြ၏။ ” ဒါက 
သတ္တဝါအသစ်ပိုင်းကို ပြောတာပါ။ အမွေးခံလိုက်ရတဲ့ အပိုင်းအတွက် ဖြစ်တယ်။ 
တရားဟောဆရာတွေက --- ဩဝါဒအပိုင်း မသန့်ရှင်းရင် ကယ်တင်ခြင်းမရဘူးလို့ 
ကောက်ချက်ချ တတ်တယ်။ စာတစောင်မှာဆိုရင် “အပျိုကညာမှ ဖွားမြင်တဲ့အကြောင်း 
မယုံရင် - ကယ်တင်ခြင်း ရပါ့မလား” လို့ ဆိုတယ်။
ကောင်းပြီ။ ကျမ်းစာက 
သွန်သင်တဲ့အတိုင်း သခင်ယေရှုဟာ အပျိုကညာမှ ဖွားမြင်တာကို သင်ပေးခံရတဲ့ 
မွေးဖွားခြင်းခံရတဲ့ born-again ခရစ်ယာန်တိုင်း ယုံကြည်မှာပဲ။ သိရဲ့သားနဲ့ 
ငြင်းရင်တော့ ဘုရားသားလမဟုတ်ဘူးပေါ့။ ဒါပေမယ့် အများသောသူတွေဟာ 
ဒီအကြောင်းအရာကို မသိကြပဲနဲ့ ကယ်တင်ခြင်းရပြီ ဆိုတာလည်း အမှန်ပါပဲ။
ယော
 ၁ ထဲမှာပါတဲ့ ဖိလပ္ပိဟာ သခင်ယေရှုနဲ့တွေ့ပြီး ကယ်တင်ခြင်းရပါပြီ။ ဒါပေမယ့်
 အပျိုကညာအကြောင်း မသိသေးဘူး။ ဖိလပ္ပိသည် နာသနေလကိုတွေ့လျှင်၊ မောရှေသည် 
ပညတ္တိကျမ်း၌၎င်း ပရောဖက်တို့သည် သူတို့ကျမ်း၌၎င်း အကြောင်းပြု၍ 
ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သား ယေရှုကို ငါတို့သည် 
တွေ့ကြပြီ”ဟု ဆို၏။ သခင်ယေရှု ဟာ ယောသပ်ရဲ့သား မဟုတ်ဘူး။ အပျိုကညာမှ 
မွေးတာပါ။ ဒါပေမယ့် ပြောင်းလဲစလူက ဒါကို မကြားဖူးသေးဘူး။ ကြားရင်တော့ 
ယုံမှာပေါ့။ ငြင်းမှာ မဟုတ်ဘူး။ ဒီအကြောင်းကို မသိခြင်းသာ ဖြစ်ပါတယ်။
တခါက
 စိတ်အားကြီးတဲ့ ခရစ်ယာန်တယောက်က “ကယ်တင်ခြင်း ပြန် ဆုံးရှုံးနိုင်တယ်လို့ 
ထင်တဲ့သူဟာ ဘယ်လိုလုပ် ကယ်တင်ခြင်း ရနိုင်ပါ့မလဲ”လို့ စာရေးလာတယ်။ 
ကိုယ်ကယ်တင်ခြင်းရချိန်မှာ ကိုယ်ရတဲ့ ထာဝရအသက်အကြောင်း ကောင်းကောင်းမသိရင် 
ကယ်တင်ခြင်းမရဘူးလို့ မပြောနိုင်ပါဘူး။ ကယ်တင်ခြင်းရတဲ့သူတွေဟာ 
သူငယ်အရွယ်ပဲ ရှိဦးမယ်လေ။ သတိမထားတတ်သေးဘူး။ သင်ကြားခံယူရဦးမယ်။ 
ပြောင်းလဲတယ်ဆိုတာက သူတို့ရဲ့ စိတ်နှလုံးထဲမှာ ဖြစ်ပျက်သွားတာပါ။
ဘုရားဝတ်မွေ့လျော်တဲ့
 ဧဝံဂေလိဆရာတယောက်ကလည်း “ခင်ဗျားအိမ်မှာ ကြာသပတေးနေ့ T.V ပဲ ကြည့်ပြီး 
ဧဝံဂေလိမသွားရင် ခင်ဗျား ကယ်တင်ခြင်းရတာ ကျွန်တော် သံသယရှိတယ်”လို့ 
ကျွန်တော် ကြားရတယ်။ ဒါက မပြောသင့်ဘူး။ အရာရာမှာ ကောင်းကောင်းနေမှ 
ကယ်တင်ခြင်း ရတယ်လို့ ပြောရာ မရောက်ဘူးလား။
၃။  ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်ဆိုတာ ဘာလဲ
 
ကျေးဇူးတော်ကြောင့်
 ကယ်တင်ခြင်းရတယ်ဆိုတာက လူတွေ လန့်ဖြန့်သွားလောက်အောင်ကို 
ရိုးရှင်းလွန်းပါတယ်။ ကယ်တင်ခြင်းရဖို့ ခရစ်တော်ထံလာသူတိုင်း ရတယ်။ 
သခင်ယေရှုက “ခမည်းတော်သည် ငါ့အားပေးတော်မူသမျှသော သူတို့သည် ငါ့ထံသို့ 
လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် အလျင်းမပယ်။ ” ယော ၆: ၃၇
ခရစ်တော်ထံ
 လာတဲ့သူ မှန်သမျှ လှည့်ပြန်သွားရတာမရှိဘူး။ ကယ်တင်ခြင်းရဖို့ လာသူမှန်သမျှ
 ရတာချည်းပါပဲ။ တနည်းပြောရရင် လောကမှာ ဘုရားသခင်ထံ ကယ်တင်ဖို့ ဆုတောင်းသူ 
မှန်သမျှ အကယ်ခံရတာချည်းပါပဲ။ “ထာဝရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည် 
ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။” ရောမ ၁၀: ၁၃။ ကားတိုင်ပေါ်က 
လူဆိုးလိုပေါ့။ သိပ်မကောင်းဘူး။ ဆုလည်း တိုတိုပဲ တောင်းတတ်တယ် ဆိုပါစို့။ 
“သခင် ကိုယ်တော်သည် နိုင်ငံတော်တည်လျှက် ကြွလာတော်မူသောအခါ အကျွနု်ပ်ကို 
အောက်မေ့တော်မူပါ”လို့ တောင်းတော့ ကယ်တင်ခြင်းရတယ်။ ဘာပြောရမှန်း 
သူမသိပေမယ့် ဆုတောင်းတယ်လေ။ “ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် 
ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။”
ဒါကို ကျမ်းစကား 
တနည်းပြောင်းပြီး ခဏခဏပြောလေ့ရှိတာက ခရစ်တော်ကို အားကိုးသူလို့ 
ဖေါ်ပြထားတယ်။ ခရစ်တော်ကို ကိုးစားသူဟာ ချက်ချင်း ကယ်တင်ခြင်းခံရတယ်။ 
ကျမ်းစာမှာ ခဏခဏ ပြောထားတာက သားတောာ်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရသည် 
---- “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် -  ကယ်တင်ခြင်းသို့ 
ရောက်လိမ့်မည်။”
ကယ်တင်ခြင်းခံရဖို့ ခရစ်တော်ကို အားကိုးသူဟာ 
ချက်ချင်း ကယ်တင်ခြင်းခံရတယ်။ သူ့အပြင် အသက်တာက သက်သေပြပြ - မပြပြ၊ 
စိတ်ချမှုရှိရှိ - မရှိရှိ၊ ရှင်ပေတရု ပြောသလို “မိမိအပြစ်ဟောင်း 
ဆေးကြောကြောင်းကို မေ့လျော့၏”ဆိုတဲ့သူပဲ ဖြစ်နေစေဦးတော့ ကယ်တင်ခြင်းရတယ်။ -
 ၂ပေ ၁း၉
ကယ်တင်ခြင်းခံရဖို့ ခရစ်တော်ကို အားကိုးပြီးသူဟာ နေဧတို့၊ 
လောတတို့လို အရက် သောက်တတ်သူ ဖြစ်စေဦးတော့ ကယ်တင်ခြင်းရတယ်။ အရက်ဆိုတာ 
မသောက်သင့်ပေမယ့် ကယ်တင်ခြင်း ရထားတာကို အပြောင်းအလဲ မဖြစ်စေနိုင်ဘူး။ 
အပြစ်လွတ်ခံရဖို့ ခရစ်တော်ထံ လာသူဟာ ရှင်ပေတရုလို စုံစမ်းခြင်းနောက် 
ပါသွားပြီး ကယ်တင်ရှင်ကို ငြင်းပယ်စေခဲ့ဦးတော့ ကယ်တင်ခြင်းရနေမှာပါပဲ။ 
စိတ်နှလုံးထဲမှာ အပြစ်မှ လှည့်ပြန်ပြီး ကယ်တင်ခြင်းရဖို့ ခရစ်တော်ကို 
အမှီပြုသူတယောက်ဟာ ဒါဝိဒ်လို လူသတ်၊ သူ့မယားပြစ်မှားတဲ့ အပြစ်ကြီးကို 
ကျူးလွန်ခဲ့စေဦးတော့ ကယ်တင်ခြင်းရပါတယ်။ 
ဒိထက်
 ရှင်းအောင် ပြောကြဦးစို့။ ဘုရားသခင်က အပြစ်သားကို ကယ်ချင်တယ်။ 
ဘုရားသခင်ကို ကယ်ဖို့ အခွင့် တခါလောက်ပေးတဲ့ အပြစ်သားတိုင်း အကယ်ခံရပါတယ်။
နားလည်လာတာ၊
 နောင်တရလာတာ၊ ပွင့်ပွင့်လင်းလင်းဝန်ခံတာ---- စတဲ့ အပို ထပ်ဆောင်း 
အခြေအနေတွေကို မစွက်ပါနဲ့။ ကယ်တင်ခြင်းရဖို့ ခရစ်တော်ကို ဆုတောင်းမှလို့  
နားလည်ရင် ကယ်တင်ခြင်းရဖို့ လုံလောက်ပြီ။ အသနားခံဖို့ ယုံကြည်ခြင်းရှိရင် 
လုံလောက်ပြီ။ အပြစ်ကို စိတ်ထဲက လှည့်ပြန်ပြီး ခရစ်တော်ထံ အသနားခံဖို့လာရင် 
နောင်တရတာပါပဲ။ အပြစ်သားဘဝ ကယ်တင်ခြင်းရတုန်းကထက် ခရစ်ယာန်အသက်တာမှာ 
နေ့တိုင်း နောင်တရစရာတွေ ပိုတွေ့လာပါလိမ့်မယ်။ သူ့အပြစ်တွေနဲ့ 
ခွင့်လွှတ်ခြင်း လိုအပ်ပုံတွေအကြောင်း ပိုပြီးတော့ သိဖို့လိုဦးမှာပါ။ 
ဒါပေမယ့် ခရစ်တော်ကို အားကိုးလိုက်သူဟာ ကယ်တင်ခြင်းရဖို့အတွက် 
သဘောပေါက်လာမှု နောင်တတွေ လုံလောက်နေပါပြီ။
ကယ်တင်ခြင်းရချိန်မှာ 
ခရစ်တော်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံသင့်တာ မှန်ပေမယ့် “အရိမဿဲမြို့သား 
ယောသပ်ဟာ ယုဒလူတို့ကို ကြောက်၍ မထင်မရှား တပည့်တော်ဖြစ်သည်။”လို့ 
ကျမ်းစာမှာ တွေ့ရတယ်။ မထင်မရှား တပည့်တော်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါပေမယ့် 
တပည့်တော် ဖြစ်တာကို အပြောင်းအလဲ မရှိစေရဘူး။ ခရစ်တော်ကို စိတ်နှလုံးထဲမှာ 
အားကိုးခဲ့ရင် ကယ်တင်ခြင်းရပါတယ်။
ကယ်တင်ခြင်းရပြီးမှ ခရစ်တော်ကို 
ဝန်ခံရင် ဆုတွေရမှာပေါ့။ ဒါပေမယ့် ဝန်ခံတာဟာ ကယ်တင်ခြင်းမှာ 
အစိတ်အပိုင်းတခုအဖြစ် မပါဝင်ရဘူး။ ကယ်တင်ခြင်းရပြီးရင် 
နှစ်ခြင်းခံသင့်ပါတယ်။ ဒါပေမယ့့် ကယ်တင်ခြင်းမှာ နှစ်ခြင်းဟာ 
တစိတ်တပိုင်းအဖြစ် မပါဝင်ရဘူး။
၄။   ကယ်တင်ခြင်းနဲ့ စိတ်ချမှုကို ရောထွေးတတ်ကြပါတယ်။
 
ကယ်တင်ခြင်းရတဲ့သူဟာ
 စိတ်ချမှု မရှိဘဲ ဖြစ်နေနိုင်သလား၊ ဖြစ်နိုင်တယ်။ ကျွန်တော် ၉ 
နှစ်သားတုန်းက ကယ်တင်ခြင်းရတယ်။ ထာဝရအသက်အကြောင်း ကျမ်းချက်တွေကို ဘယ်သူမှ 
လာမပြဖူးတော့ ၃နှစ်လောက် ကြာသွားတယ်။ ခရစ်တော်ကို ကိုးစားချိန်မှာ 
ကယ်တင်ခြင်းရခဲ့ပြီ ဆိုတာ ယော၃: ၁၆ နဲ့ ယော၅: ၂၄ တို့ တွေ့မှ သိလာတယ်။ 
ကိုယ့်ကိုကိုယ် ကယ်တင်ခြင်းရမှန်း မသိဘဲ ၃ နှစ်လောက် 
ဝမ်းနည်းခြင်းကြုံပြီးမှ ရခဲ့ပြီဆိုတာ သိလာတယ်။ ကယ်တင်ခြင်း စိတ်ချမှုရှိတာ
 မင်္ဂလာရှိပါတယ်။ ဒါပေမယ့် ကယ်တင်ခြင်းရတာနဲ့ မတူဘူး။ အချို့ Arminian 
တွေက ရရင် မသိပဲနေမလား၊ ဆုံးရှုံရင် ဝမ်းမနည်းပဲနေမလားလို့ သရော်လေ့ရှိတယ်။
 ဒါက ကျမ်းစာအပေါ် အခြေမခံပဲ လူထွင်တဲ့ အထင်အမြင်တွေပါ။
ကလေးတယောက် 
လူ့လောကထဲ မွေးဖွားလာပြီဆိုရင် ပထမမှာ သူ့အဖေ ဘယ်သူ၊ အမေဘယ်သူဆိုတာ 
သူမသိသေးဘူး။ သူ့ကို ပြောပြရဦးမယ်။ သူ့မွေးနေ့ကို မမှတ်တတ်သေးဘူး။ နောက်မှ 
ပြောပြရဦးမယ်။ ကျွန်တော့ မွေးနေ့တောင် အမေက မိသားစု ကျမ်းစာအုပ်ထဲမှာ 
ဒီဇင်ဘာ ၁၁၊ ၁၈၉၅ လို့ ရေးခဲ့လို့ သိရတာ။
ကယ်တင်ခြင်းစိတ်ချမှုရှိတာ ကောင်းပါတယ်။ ဒါပေမယ့် အများစုဟာ စိတ်ချမှုမရှိပေမယ့် ကယ်တင်ခြင်းရနေပါပြီ။
ကျွန်တော်သိတဲ့
 သင်းအုပ်တယောက်က အဲဒီလို အမှားမျိုး လုပ်ဖူးတယ်။ ခရစ်တော်ကို အားကိုး 
ပြီးသူတွေကို အမှုတော်ဆောင်တွေနဲ့ တွေ့ပေးပြီး “ခင်ဗျားတို့ Born again 
ဖြစ်ပြီလား”လို့ မေးတယ်။ ဆိုလိုတာက “ကယ်တင်ခြင်းစိတ်ချမှု ရှိပြီလား” လို့ 
မေးတာပါပဲ။ မေးသင့်တာက “ခရစ်တော်ကို အားကိုး ပြီးပြီလား” လို့ မေးသင့်တာပါ။
 ခရစ်တော်ကို ကိုးစားပြီးသူဟာ ကယ်တင်ခြင်းရပြီ။ ကယ်တင်ခြင်း သံသယ ဖြစ်ရင် 
ဆုံးရှုံးလို့ (သို့) ရမှန်းမသိရင် ဂတိတော် မခံစားရလို့၊ ကျမ်းစာနဲ့ 
မညီလို့ ကယ်တင်ခြင်းမရဘူးလို့ ပြောတာဟာ မှားပါတယ်။
ကယ်တင်ခြင်းစိတ်ချမှု ရှိတာကောင်းပါတယ်။ ဒါပေမယ့် ကယ်တင်ခြင်းရတာနဲ့ မတူပါဘူး။ ရပြီးမှ စိတ်ချမှုအကြောင်း ထပ်သွန်သင် ခံယူရဦးမယ်။
တချို့ကလည်း “ကျမ်းစာထဲမှာ ကယ်တင်ခြင်းရတယ်လို့ ထင်ပြီး မရတဲ့သူတွေ ရှိတယ်လို့ သတိပေးမထားဘူးလား”လို့ မေးတတ်တယ်။
“ထိုနေ့၌ကား၊
 သခင်၊ သခင်၊ အကျွနု်ပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒ ပေးပါပြီ 
မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ 
ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု 
အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို 
ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား 
အတည့်အလင်း ငါပြောမည်။” မဿဲ ရး၂၂-၂၃
ကယ်တင်ခြင်းရဖို့ 
အကျင့်ကောင်းမှုတွေကို အမှီပြုတဲ့သူဟာ ကယ်တင်ခြင်းမရတာ မှန်ပါတယ်။ 
ကယ်တင်ခြင်းရဖို့ နှစ်ခြင်းခံတာကို ယုံကြည်သူဟာ ကယ်တင်ခြင်းမရဘူး။ 
နှစ်ခြင်းခံတာကို အမှီပြုသူဟာ မရဘူး။ ခရစ်တော်မပါပဲ 
ဘာသာတရားကိုင်းရှိုင်းနေတဲ့ သူလည်း ကယ်တင်ခြင်းမရဘူး။
John Wesley 
ဂျွန်ဝက်စလေဟာ သူကယ်တင်ခြင်းရခဲ့မှန်း အသေအချာမသိခဲ့ပါဘူး။ Martin Luther 
မာတင်လုသာရဲ့ ဂလာတိဩဝါဒစာ အနက်ဖွင့်ကျမ်းကို ဖတ်တော့မှ အားလုံး 
ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်သာ ရတယ်။ သူ ခရစ်တော်ကို 
အားကိုးခဲ့ချိန်မှာ ဘုရားသားတယောက် Born again တယောက် ဖြစ်ခဲ့ပြီဆိုတာ 
ရုတ်တရက် သိလိုက်ရတယ်။
အဲဒီအရင်ကတည်းက သူ ကယ်တင်ခြင်းရပြီးပြီလား။ 
မရခဲ့တာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ သူဧဝံဂေလိတရားကို 
နားမလည်လို့ပါ။ ဒါပေမယ့် ခရစ်တော်ဟာ အပြစ်သားတွေအတွက် အသေခံခဲ့ပြီ။ 
ခရစ်တော်ကို သူလည်း အားကိုးရင် စိတ်ချမှု ရှိ-ရှိ၊ မရှိ-ရှိ 
ကယ်တင်ခြင်းရပါပြီ။
အသက်တာ၊ နှစ်ခြင်း၊ ကောင်းကောင်းနေတာတွေက 
မကယ်ဘူးလို့ ကျွန်တော်တို့ သွန်သင်တယ်။ ဒါပေမယ့် ဘုရားတဖက်မှာ အပြစ်ကြီးတခု
 လုပ်မိနေကြတာက အကျင့်မပါရင် ကောင်းကောင်း မနေရင်၊ ယုံကြည်ခြင်းကို 
မထုတ်ဖော်ရင်၊ သက်သေမပြရင်၊ ဂတိတော်ခံစားရမှာ မဟုတ်သေးဘူး ဆိုတဲ့ 
နိုးဆော်ချက်ကြီးပါပဲ။ ဒါဟာ ဧဝံဂေလိတရားကို မှေက်လှန်လိုက်တာပါ။ 
ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဘေးဖယ်လိုက်ကြတာပါ။ လူလုပ်တာတွေကို 
အမွှန်းတင်တာပါ။
တခါက သင်းအုပ်တယောက် အထက်တန်းကျောင်းက 
နိုးထမှုအစည်းအဝေးတခုကို ကျွန်တော်နဲ့အတူ သွားကြတယ်။ ကျွန်တော်က 
“သခင်ယေရှုခရစ်ကို ယုံကြည်လော့ …… ကယ်တင်ခြင်းရောက်လိမ့်မည်.” ဆိုတဲ့ 
ကျမ်းချက်မျိုးတွေကို ဟောတယ်။ ဒီလို ကျမ်းချက်မျိုးတွေ ကျမ်းစာထဲမှာ 
အများကြီးရှိပါတယ်။ လူငယ်အတော်များများ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် 
လက်ခံကြပြီး ပွင့်ပွင့်လင်းလင်း ဝန်ခံကြတယ်။ အတူသွားကြရင်း သင်းအုပ်က 
“Brother Rice ခင်ဗျားဟာက သိပ်လွယ်အောင် လုပ်တော့ ကြောက်တောင်လာပြီဗျာ”လို့
 ပြောလာတယ်။ လွယ်အောင်လုပ်တာ ကျွန်တော်မဟုတ်ဘူး။ သခင်ယေရှုက လွယ်အောင် 
အသေခံပေးခဲ့တာပါလို့ သတိပေးခဲ့ရတယ်။
လွယ်လွယ်ယုံတဲ့ ဝါဒ - easy 
believism ဆိုပြီး ရေးသားပြီး၊ ဘုရားက ကယ်ဖို့ ခက်သလိုမျိုး ပြောတာကို 
သိပ်သည်းမခံနိုင်ဘူး။ ကယ်တင်ခြင်းဟာ အခမဲ့ ခရစ်တော်ကို အားကိုးချိန်မှာ 
ချက်ချင်းရတယ်လို့ သွန်သင်တဲ့ဆရာတွေကို မိစ္ဆာအယူလို့ ပြောတတ်ကြတယ်။
အဲဒီလိုလူတွေနဲ့
 မပေါင်းပါနဲ့။ အဲဒီလို စာမျိုး မဖတ်ပါနဲ့။ အဲဒီလို ဘုရားသခင်ရဲ့ 
ကျေးဇူးတော်ကို ပယ်တဲ့အပြစ်မျိုး မကျူးလွန်ကြပါနဲ့ ။           ။ Dr. John 
R. Rice

