Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Friday, June 22, 2018

G6PD Deficiency ဂလူးကို့စ် ကျတဲ့ ရောဂါ

 ဂျီစစ်ပီဒီ အားနည်းရောဂါ G6PD deficiency
ဂျီစစ်ပီဒီ အားနည်းရောဂါက ကိုယ်ခန္ဓာမှာ G6PD လို့ခေါ်တဲ့ အင်ဇိုင်း ဂလူးကို့စ် - စစ် - ဖေါ့စ်ဖိတ် ဒီဟိုက်ဒရိုးဂျနေ့စ် အလုံအလောက် မရတာကို ခေါ်ပါတယ်။ G6PD က သွေးနီဥ red blood cells (RBCs) တွေ ပုံမှန် အလုပ်လုပ်နိုင်ဖို့ ကူညီရပါတယ်။ အများအားဖြင့် ဆေးတွေသောက်ရတဲ့အခါ၊ မတည့်စာ စားမိတဲ့အခါ၊ မကျန်းမာတဲ့အချိန်တွေမှာ ဒီဓါတ်ချို့တဲ့ပြီး သွေးနီဥအားနည်း ရပါတယ်။
ဒီရောဂါရဲ့ လက္ခဏာကို အများအားဖြင့် မတွေ့ရဘဲ၊ သွေးနီဥတွေ ပျက်စီးသွားပြီး သွေးအားနည်းရောဂါ ဖြစ်မှသာ လက္ခဏာတချို့ တွေ့ရတတ်ပါတယ်။ ဒီအခါ ဖြစ်ရတဲ့ အကြောင်းရင်းကို ပြုပြင် ဖြေရှင်းလိုက်မှ လက္ခဏာတွေ ပျောက်သွားပါတယ်။ ဒီအထဲက အနည်းစု တချို့သာ နာတာရှည် သွေးအားနည်းရောဂါ ဖြစ်သွားနိုင်တယ်။
မှန်မှန်ကန်ကန် ဂရုစိုက်ပေးမယ်ဆိုရင် G6PD သွေးအားနည်းတဲ့ ကလေးဟာလည်း ကျန်းမာသန်စွမ်းတဲ့ ကလေး ဖြစ်နိုင်ပါသေးတယ်။

G6PD သွေးအားနည်းခြင်းအကြောင်း
G6PD က အင်ဇိုင်းတမျိုး ဖြစ်တယ်။ သူက ကာဗွန်ဟိုက်ဒရိတ်တွေကို ခွန်အားအစွမ်းအဖြစ် ပြောင်းပေးနိုင်တယ်။ ဆေးသောက်လို့ သို့မဟုတ် ရောဂါတခုခုကို ခုခံနေရချိန်တွေမှာ အန္တရာယ်ပေးနိုင်တဲ့ ဓါတ်သဘာဝတွေကြားမှ သွေးနီဥကို ကာကွယ်ပေးတာ G6PD ပါ။

G6PD ဂလူးကို့စ် ဓါတ်အားနည်းသူဟာ သွေးနီဥကလည်း G6PD ဂလူးကို့စ် ဓါတ်ကို အလုံအလောက် မထုတ်လုပ်နိုင်၊ ထုတ်ပေးတာကလည်း ကောင်းစွာ အလုပ် မလုပ်နိုင် ဖြစ်တတ်ပါတယ်။ G6PD ဂလူးကို့စ်က ကာကွယ်မပေးနိုင်တော့ သွေးနီဥတွေ အဖျက်ဆီးခံရ၊ ပျက်စီးရတယ်။ သွေးအားနည်းရောဂါ ဖြစ်ပြီဆိုရင် အရိုးထဲမှာ သွေးကြောမျှင် အသစ်တွေကို ထုတ်လုပ်ပေးတဲ့ ရိုးတွင်းချဉ်စီ အပိုင်းတွေက သွေးနီဥတွေ ပြန်ပွါးလာအောင် မလုပ်ပေးနိုင်တော့ဘူး။

G6PD ဂလူးကို့စ်ဓါတ် ကျဆင်းရခြင်း အကြောင်းရင်း
Causes of G6PD Deficiency

G6PD ဂလူးကို့စ်ဓါတ် နည်းရခြင်းဟာ မိဘတပါး သို့မဟုတ် မိဘမျိုးရိုးကြောင့် ဖြစ်ရတယ်။ အားနည်းတဲ့မျိုးရိုးကို လက်ဆင့်ကမ်းတာက X chromosome ပါ။
အာဖရိကန် အမျိုးသားတွေမှာ အဖြစ်များတယ်။ အမျိုးသမီးတွေက ဒီမျိုးရိုးကို သယ်ဆောင်တယ်။ ရောဂါလက္ခဏာတော့ သူတို့မှာ မပြဘူး။ အမျိုးသမီးအနည်းငယ်လောက်သာ ဒီရောဂါကို ခံစားရတယ်။
အီတလီ၊ ဂရိ၊ အာရပ်၊ ဆက်ဖါးဒစ်အနွယ် ဂျူးလူမျိုး အပါအဝင် မြေထဲပင်လယ်ဒေသ လူမျိုးတွေမှာ အများအားဖြင့် ဖြစ်တတ်တယ်။ ဖြစ်တဲ့နှုန်းတော့ မတူဘူး။ အာဖရိကန်တွေက အပျော့စား ဖြစ်ပြီး၊ မြေထဲပင်လယ် အနွယ်တွေက အပြင်းစား ဖြစ်ကြတယ်။

ဘာကြောင့် လူမျိုးတစုတည်းမှာ ပိုဖြစ်ရသလဲ? အာဖရိကနဲ့ မြေထဲပင်လယ်ဒေသမှာ ငှက်ဖျားရောဂါ အဖြစ်များလို့ပါ။ ငှက်ဖျားဖြစ်စေတဲ့ ကပ်ပါးတမျိုးက G6PD ဂလူးကို့စ် ချို့တဲ့နေတဲ့ သွေးကြောတွေထဲမှာ သိပ်မရှင်သန်နိုင်ဘူးလို့ လေ့လာသူတွေ တွေ့ရှိထားကြတယ်။ ဒါကြောင့် သွေးအားနည်းခြင်းက ငှက်ဖျားကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ကြတယ်။

G6PD ဂလူးကို့စ်ဓါတ် ကျဆင်းစေတဲ့ အချက်များ  G6PD Deficiency Symptom Triggers

G6PD ဂလူးကို့စ် ချို့ယွင်းတဲ့ ကလေးဟာ သာမန်အားဖြင့် လက္ခဏာ မပြဘူး။ သွေးနီဥတွေ ပျက်စီးလာစေတာကတော့ .......
  • ဖျားနာ။ ကူးစက်ရောဂါ ဖြစ်တဲ့အခါ။
  • အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေး၊ ရောဂါအမြစ်ပြတ်ဆေး (အများအားဖြင့် sulf ဆိုတဲ့ နာမည် ပါတတ်တဲ့) တွေ သောက်ရတဲ့အခါ။
  • ငှက်ဖျားဆေးတွေ သောက်ရတဲ့အခါ (အများအားဖြင့် quine ကွင်းန် ပါတဲ့ဆေးတွေ)
G6PD ဂလူးကို့စ် ချို့ယွင်းတဲ့ ကလေးတချို့ဟာ ဆေးအနည်းအကျဉ်း ဒဏ်ကိုတော့ ခံနိုင်ပါတယ်။ တချို့က လုံးလုံး မခံနိုင်ကြဘူး။ ဆေးဒဏ် ခံနိုင်၊ မခံနိုင်က ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
တချို့အရာတွေကို စားလို့မရ။ တချို့အရာတွေက ကိုင်လို့မရပါ။ ပဲစေ့၊ ပဲတောင့်၊ ပဲအမျိုးမျိုး၊ ပရုပ်လုံး အမျိုးမျိုးမှာပါတဲ့ naphthalene နက်ဖယ်သလင်းဓါတ်တွေ ဖြစ်တယ်။ ကလေးက ပရုပ်လုံးမြိုမိရင် အန္တရယ်ကြီးလို့ မထိမကိုင်ဖို့ သတိထားရမယ်။

အားနည်းခြင်းရဲ့ လက္ခဏာများ  Symptoms of G6PD Deficiency

ဆေးသောက်ထား၊ သွေးနီဥ ပျက်စီးစေတဲ့ ရောဂါရနေပေမယ့် လက္ခဏာက မပြတတ်ဘူး။ စိုးရိမ်စရာ အခြေအနေရောက်မှ သွေးအားနည်းရောဂါ ပုံစံပြတတ်တယ်။
  • ဖြူဖတ်ဖြူရော် (အသားညိုရင် ပါးစပ်မှာ မြင်သာတယ်။ အထူးသဖြင့် လျှာနဲ့ ပါးစပ်)
  • မောဟိုက်နွမ်းနယ်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အသက်ရှုမြန်ခြင်း
  • အသားဝါခြင်း/ အသားအရေနဲ့ မျက်လုံးဝါခြင်း
  • သရက်ရွက်ကြီးခြင်း
  • ဆီးအရောင် လဘက်ရည်ရောင် ညိုခြင်း၊
ဖြစ်စေတဲ့ အကြောင်းရင်းကို ပြုပြင်ဖယ်ရှားလိုက်တာနဲ့ ရောဂါ လက္ခဏာတွေ တပတ်နှစ်ပတ်အတွင်း အမြန်ပျောက်သွားပါလိမ့်မယ်။
လက္ခဏာက အပျော့စားဆိုရင် ဆေးကုဖို့ မလိုပါဘူး။ ကိုယ်ခန္ဓာက ပုံမှန် သွေးနီဥတွေ ထုတ်လွှတ်နေတာကြောင့် အမြန်ပျောက်ပါလိမ့်မယ်။ ရောဂါလက္ခဏာတွေ ကြာနေရင်တော့ ဆေးကုသဖို့ လိုပါတယ်။
ဆေးစစ်ခြင်းနဲ့ ကုသခြင်း  Diagnosis and Treatment

သာမန်အားဖြင့် အခြေအနေ ပိုမဆိုးလာဘဲ၊ ဆေးကုဖို့ မလိုပါ။ ဆရာဝန်က သံသယရှိမှ ဆေးစစ်ပါ။
မိဘ၊ မျိုးရိုးကြောင့် စိုးရိမ်မိပါက ဆရာဝန်ကို ပြောပြပြီး သွေးစစ်ဖို့ လိုပါမယ်။
ကုရတာက လွယ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဖယ်ရှားရုံပါပဲ။ အဖျားအနာကို ကုဖို့၊ ဒါမှမဟုတ် သောက်နေတဲ့ ဆေးတွေ ဖြတ်ထားဖို့ပါပဲ။ နာတာရှည် သွေးအားနည်းရောဂါ ဆိုရင်တော့ ဆေးရုံမှာ အောက်စီဂျင်ပေးဖို့ လိုမယ်။ သွေးသွင်းရနိုင်တယ်။ ဂလူးကို့စ် အားနည်းရာကနေ စိုးရိမ်ရတဲ့ အခြေအနေလည်း ရောက်သွားနိုင်တယ်။

ပြုစုခြင်း  Caring for Your Child
အကောင်းဆုံးက မတည့်တာတွေ ရှောင်ဖို့ပါပဲ။ ဂရုစိုက်ရင် ကျန်းကျန်းမာမာ နေနိုင်ပါတယ်။
Reviewed by: Elana Pearl Ben-Joseph, MD
Date reviewed: May 2013

Monday, March 14, 2016

What Does the Bible Say About Healing? အနာငြိမ်းခြင်း

Dr. Elmer Towns
God Chooses Who Will Heal ဘုရားပျောက်စေချင်တဲ့သူ
လူတိုင်း ရောဂါပျောက်မယ်လို့ ကျမ်းစာက မပြောသလို၊ ရောဂါမှန်သမျှ စာတန်ဆီက လာတယ်၊
ဘုရားနဲ့ဝေးနေလို့ ဖြစ်ရတယ်လို့လည်း မပြောပါ။ ဘုရားအလုပ်လုပ်တာကို လူနားမလည်နိုင်ဘူး။
ဒါပေမယ့် ရောဂါဝေဒနာဟာ ဘုရားအကြံအစည်ထဲမှာတော့ ပါနေပါတယ်။
ဟေရှာယ ၅၅း ၈ မှာ “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့် မတူ။ ငါ၏အကျင့်သည်လည်း
သင်တို့၏အကျင့်နှင့် မတူ။”
ဘုရားနာမကို သုံးပြီး ဟန်ပြအနာရောဂါငြိမ်းပွဲတွေကို လက်မခံပေမယ့် ရောဂါဖြစ်ရင် ဆုတောင်းဖို့တော့
ဘုရားအလိုတော် ရှိတယ် လို့ ယုံကြည်ပါတယ်။
အနာရောဂါငြိမ်းပွဲတွေကို သတိထားကြည့်ရင်၊ သူတို့ သတ်မှတ်ထားသူတွေသာ ရှေ့ကို လာခွင့်ရှိပြီး၊
အများစုက ရောဂါမပျောက်ပါ။ (တချို့ကတော့ ဘာရောဂါမှ မဖြစ်သူတွေပါ။) တချို့က ပွဲစည်အောင်
ပါဝင်နေသူတွေပါ။

Miraculous Healing အံ့ဩဖွယ် အနာငြိမ်းခြင်း

ဒီနေ့ခေတ်မှာလည်း ဘုရားသခင် အနာရောဂါတွေ အံ့ဩဖွယ် ပျောက်စေနိုင်ပါတယ်။ ဒါပေမယ့်
အနာရောဂါငြိမ်းတဲ့ ဆရာတွေလို မဟုတ်ပါဘူး။ သခင်ယေရှုက အနာရောဂါငြိမ်းပွဲတွေ မကျင်းပခဲ့ပါဘူး။
သူ့ထံလာလို့ ရောဂါပျောက်စေတယ်။ ဒါပေမယ့် အဓိကက အပြစ်ရောဂါစွဲနေတဲ့ ဝိညာဉ်ကို
အရင်ပျောက်စေတယ်။ လာတဲ့သူတိုင်း ပျောက်တယ်။ လူနဲနဲပဲ ပျောက်စေတာ မဟုတ်ဘူး။
အနာငြိမ်းဆရာအများစုက ရောဂါဆိုတာ အပြစ်ကြောင့် ဖြစ်တာလို့ ပြောကြတယ်။ ဒီအချက်က
အမြဲတမ်း မှန်တဲ့အချက် မဟုတ်ဘူး။ မပျောက်ရင်လည်း ယုံကြည်ခြင်း မရှိလို့ လို့ ဆိုတတ်တယ်။
ဒါလည်း ကျမ်းစာနဲ့ မညီဘူး။ ယာကုပ် ၅း ၁၄- ၁၅ မှာ အမှုတော်ဆောင်တွေက ယုံကြည်ခြင်းနဲ့
ဆုတောင်းတဲ့အခါ လူနာကို အံ့ဩဖွယ် ကယ်တင်တယ်။ ရောဂါပျောက်စေတယ်လို့ ဆိုတယ်။

God’s Will to Heal ရောဂါပျောက်ဖို့ ဘုရားအလိုတော်
အလိုတော်ရှိမှ ပျောက်ပါတယ်။ အမြဲတမ်း မပျောက်ပါဘူး။ ဆုတောင်းလို့ ရောဂါပျောက်သူတွေ
ကျမ်းစာထဲမှာ အများကြီး ရှိပေမယ့် အမြဲတမ်း ပျောက်တာ မဟုတ်ပါ။ ရှင်ပေါလုက သူ့ဝေဒနာကို
ပျောက်ဖို့ ဆုတောင်းပေမယ့် မပျောက်ဘူး။ သူ့ကို သွန်သင်နေတာက “ငါ့ကျေးဇူးသည် သင့်အဘို့
လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်၏။” ၂ကော ၁၂း ရ- ၁၀။
တိမောသေဟာ ရောဂါဝေဒနာ ခံစားခဲ့ရလို့ ရှင်ပေါလုက ဆေးပါတဲ့စပျစ်ရည် သောက်ဖို့
အကြံပေးခဲ့ရပါတယ်။ ၁တိ ၅း ၂၃။
အနာရောဂါအားဖြင့် ဘုရားသခင် အလုပ်လုပ်တာလည်း ရှိတတ်ပါတယ်။ ယုံကြည်သူခံစားရတဲ့
ရောဂါဝေဒနာအားဖြင့် တခြားသူတွေက ယုံကြည်ခြင်းနဲ့ အားကိုးခြင်းတွေ မြင်လာပြီး ကယ်တင်ရှင်ကို
အားကိုးလာပြီး ကယ်တင်ခြင်းရစေပါတယ်။ လူက ဘုရားစကားနားထောင်ဖို့ အချိန်မရတဲ့အခါ ဘုရားက
လူကို လှဲချပြီး စကားကို နားထောင်စေပါတယ်။ အလိုတော်အတိုင်း ဖြစ်ပါစေလို့
ဝန်ခံဆုတောင်းရမှာပေါ့။

When Suffering is a Mystery ဝေဒနာက နားမလည်နိုင်အောင် နက်နဲနေတဲ့အခါ
တခါတရံ အကြောင်းရင်းကို နားမလည်နိုင်ပါ။ ယောဘဝတ္ထုက ကောင်းစားချိန်မှာလိုပဲ
ဝေဒနာခံရချိန်မှာလည်း ဘုရားကို ချစ်ပြီး အမှုတော်ဆောင်ဖို့ ပြေနေပါတယ်။ ဘုရားကောင်းကြီးပေးလို့
ယောဘက ဘုရားကို ကိုးကွယ်တာလို့ စာတန်က အပြစ်တင်တယ်။ ယောဘက ဆင်းရဲရင်လည်း
ဘုရားကို ချစ်ပြီး ကိုးကွယ်နေဆဲပါပဲ။ “သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည်
ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို
လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ကြရပြီ။” ယာကုပ် ၅း ၁၁။

Remaining Faithful သစ္စာရှိနေခြင်း
ယောဘက သစ္စာရှိတော့ ဘုရားက ကောင်းကြီးပေးပါတယ်။ ကျမ်းစာတချက်မှာတော့ ခရစ်ယာန်တွေ
ဒုက္ခကြုံတဲ့ နှစ်ကာလတွေ ရှိခဲ့တယ်လို့ ဆိုတယ်။
“အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်စီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊
သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍မြတ်သည်နှင့်၊ ယေရှုခရစ်
ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလို့ငှါ ဖြစ်မည်အကြောင်း၊
အထူးထူး အပြားပြားသော စုံစမ်းနှောက်ယှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏ
ခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းခြင်းစိတ် ရှိကြ၏။” - ၁ ပေ ၁း ၆- ရ။
တချို့ကျမ်းပိုဒ်တွေမှာတော့ ခရစ်ယာန်တွေဟာ ညှင်းပမ်းနှိပ်စက်ခြင်းနဲ့ သေခြင်းကို ကြံုရပေမယ့် သစ္စာရှိကြတယ်လို့ ဆိုပါတယ်။ ဟေဗြဲ ၁၁း ၃၁- ၄၀။
ဒီကျမ်းပိုဒ်တွေအရ စုံစမ်းနှောက်ယှက်ခြင်းတွေကြားမှ ကယ်ထုတ်ဖို့ အမြဲတမ်း ဘုရားအလိုတော် ရှိတာ မဟုတ်ဘူးလို့ တွေ့ရပါတယ်။ စုံစမ်းခြင်းထဲမှာ အတူရှိနေပြီး လိုအပ်တာတွေ ဖြည့်စွမ်းပေးတော်မူပါတယ်။  လောကမှာ ကယ်မတာရှိသလို၊ ဘုရားဘုန်းတော် ဝင်းစားပြီး ကယ်ချွတ်တာလည်း ရှိပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဘုရားသခင် အတူရှိနေပြီး ကူမတဲ့အတွက် ငြိမ်သက်ခြင်းနဲ့ စိတ်သက်သာမှုကို အမြဲခံစားရနိုင်ပါတယ်။
by Dr. Elmer Towns

Friday, August 28, 2015

သွေးပေါင်ကျတယ် ဆိုတာ (၁) - Low Blood Pressure (1)

 သွေးပေါင်ကျတယ်ဆိုတာ - What is low blood pressure?

သွေးပေါင်ကျ (hypotension) တာကို လူတွေ စိုးရိမ်တတ်ကြတယ်။ တကယ်တော့ စိုးရိမ်စရာ မရှိပါဘူး။ တချို့က သာမန်ထက် သွေးပေါင်ကျနေတတ်တယ်။ ဒါကတကယ်တော့ သတင်းကောင်းပဲ။ သွေးပေါင်ကျရင် လေဖြတ်နိုင်ချေ၊ နှလုံးရောဂါ ဖြစ်နိုင်ချေ နည်းပါတယ်။ ဒါပေမယ့် သွေးပေါင်ကျတာက တခါတရံ ဒုက္ခပေးတဲ့အတွက် ဆရာဝန် (သို့) သူနာပြုဆရာမကို ပြသသင့်ပါတယ်။

ဘယ်လောက်ဆိုရင် သွေးပေါင်ချိန်ကျသလဲ? What is a low blood pressure reading?
90/60 mmHg နဲ့ သူထက်နဲနေရင် သွေးပေါင်ကျပါတယ်။
တနည်းပြောရရင် -
- အပေါ်က ၉၀ ရှိရင်၊ အောက်က ဘယ်လောက်ရှိရှိ သွေးပေါင်ကျတာ ဖြစ်နိုင်တယ်။
- အောက်က ၆၀ ထက် နဲနေရင်၊ အပေါ် ဘယ်လောက်ရှိရှိ သွေးပေါင်ကျတာ ဖြစ်နိုင်တယ်။

ဘာကြောင့် သွေးပေါင်ကျသလဲ? What causes low blood pressure?
တချို့က နဂိုကတည်းက သွေးပေါင်ချိန် နဲကြတယ်။ ဘာကြောင့်လို မပြောနိုင်ပါဘူး။
တချို့ကျန်းမာရေးအခြေအနေတွေနဲ့ သောက်တဲ့ဆေးတွေကြောင့် သွေးပေါင်ကျနိုင်ပါတယ်။

စိုးရိမ်ရသလား? Is low blood pressure dangerous?
အများအားဖြင့်တော့ စိုးရိမ်စရာ မလိုပါဘူး။ တခါတရံတော့ မူးတာ၊ သတိလစ်တာအထိ ဖြစ်တတ်တယ်။
ပုံမှန်ထက် ဆိုးဆိုးဝါးဝါး သွေးပေါင်ချိန် ရုတ်တရက် ထိုးကျသွားရင် အကြောင်းရင်း တခုခုကြောင့် ဖြစ်တဲ့အတွက် ဆရာဝန် (သို့) သူနာပြုဆရာမကို ပြသသင့်ပါတယ်။

ဘယ်လိုကုမလဲ? How is low blood pressure treated?
သွေးပေါင်ကျတဲ့သူအများစုကတော့ ကုဖို့ မလိုပါဘူး။
ဆရာဝန် (သို့) သူနာပြုဆရာမက ကုဖို့လိုတယ်လို့ ယူဆရင်တော့ သွေးကျရတဲ့အကြောင်းရင်းကို ရှာပါလိမ့်မယ်။ ရှာတွေ့တဲ့အခါ ဘယ်လိုကုမလဲဆိုတာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
http://www.bloodpressureuk.org မှ ပြန်ဆိုပါတယ်။

Wednesday, November 17, 2010

အစားအစာနဲ့ အာနိသင်

The functions and Foods of Vitamins and Minerals 

Vitamins ဗိုက်တာမင်များ

Vitamin A = အဖျားအနာကို ခုခံပေးသည်။ အရိုး၊သွား၊ဆံပင်၊ လက်သည်း၊ အရေဖျားတို့ကို အားဖြစ်စေသည်။ မျက်စိကြည်စေသည်။ (မုန်လာဥ၊ အစိမ်းရောင်နှင့် အဝါရောင် ဟင်းရွက်များ၊ ဥများ၊ အာလူးအချိုနှင့် နို့ထွက်ပစ္စည်းများတွင် ပါဝင်သည်။)

Vitamin B1 = ဦးနှောက်၊ မျက်စိ၊ ဆံပင်နှင့် နှလုံးကို အားတိုးစေသည်။ ပိုးမွှားကိုက်ခြင်းကို သက်သာစေသည်။ အစာကြေစေသည်။ (ဝက်သား၊ အသီးအနှံများ၊ နေကြာစေ့နှင့် ပဲစေ့ ပဲတောင့်များတွင် ပါဝင်သည်။)

Vitamin B2 = အသားမျှင် Tissue များကို ကြီးထွားရန် အားပေးသည်။ အရေပြား၊ လက်သည်းနှင့် ဆံပင်ကို ကျန်းမာစေသည်။ (မှိုများ၊ နို့၊ အသား၊ ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များတွင် ပါသည်။)

Vitamin B3 = ကိုယ်စိတ် နှစ်ပါး ကျန်းမာစေသည်။ ခေါင်းကိုက်ခြင်းကို လျှော့ပါးစေသည်။ (အစိမ်းရောင် ဟင်းရွက်များ၊ အစေ့အနှံများ၊ ပဲတောင့်များ၊ ဥများ၊ ငါးနှင့် အသားတို့ တွင် ပါဝင်သည်။)

Vitamin B6 = ပရိုတိန်းပါသော အစာများကို အမိုင်နို အက်စစ် (Amino) အဖြစ် ပြောင်းလဲစေသည်။ အစာကြေစေသည်။ အကြောတက်ခြင်း၊ အကြောဆွဲခြင်းကို လျှော့ပါးစေသည်။ (ပျားရည်၊ တဆေး၊ ပဲဖတ်၊ အာလူး၊ ဟင်းရွက်စိမ်းများနှင့် ငါးတို့တွင် ပါဝင်သည်။)

Vitamin C = အဖျားအနာ ကာကွယ်သည်။ အရိုး၊သွား၊ သွားဖုံးတို့ကို သန်မာစေသည်။ သွေးသန့်စေသည်။ (ငရုတ်ကောင်း အချို၊အနီ၊ အစိမ်း၊ လိမ်မော်၊ရှောက် - - စသည့် အသီးများ၊ ခရမ်းချဉ်သီး၊ အာလူး၊ ဟင်းရွက်စိမ်းတို့တွင် ပါသည်။)

Vitamin D = အရိုးနှင့် သွားတို့ကို ခိုင်မာကြီးထွားစေသည်။ သွေးလှည့်ပတ်မှုကို ကူညီသည်။ အအေးမိခြင်းကို Vitamin A နှင့် C တို့ဖြင့် ပူးပေါင်း ကာကွယ်ပေးသည်။ (နို့၊ Tuna ငါး၊ Salmon ငါး၊ ငါးကြီးဆီ၊ ဥများနှင့် ထောပတ်တို့တွင် ပါသည်။)

Vitamin E = အနာကျက်စေသည်။ သွေးအားကောင်းစေသည်။ အဆုတ်ကို ကာကွယ်သည်။ (ဟင်းရွက်စိမ်းများ အာလူး၊ နို့၊ ပဲ တို့တွင် ပါသည်။)

 Vitamin K = သွေးခဲစေသည်။ ဒဏ်ရာ အနာကျက်စေသည်။ (အစေ့အနှံများ၊ ဟင်းရွက်စိမ်းများ၊ အသည်း၊ ဥများနှင့် အာလူးတို့တွင် ပါသည်။)

Minerals သတ္တုဓါတ်များ

Iron (သံဓါတ်) = အဆုတ်နှင့် ကြွက်သားမျှင်များသို့ အောက်စီဂျင် ပို့ပေးသည်။ ကယ်လ်စီယမ်နှင့် ကြေးဓါတ် Copper ကို ခန္ဓာကိုယ်မှ စုတ်ယူရန် ကူညီသည်။ (ဟင်းနုနွယ်၊ အသားများ၊ ချယ်ရီသီး၊ အစေ့အနှံနှင့် အသီးခြောက်များတွင် ပါသည်။)

Calcium (ကယ်လ်စီယမ်) = အရိုးနှင့် သွားတို့ကို တိုးပွါးစေသည်။ နှလုံးကြွက်သားများကို အလုပ်လုပ် လုပ်ဆောင်ရန် ကူညီသည်။ (အစေ့အနှံများ၊ ဟင်းရွက်စိမ်းများနှင့် နို့ထွက်ပစ္စည်းတို့တွင် ပါသည်။)

Magnesium (မဂ္ဂနီစီယမ်)
= အာရုံကြောကို တည်ငြိမ်စေသည်။ အိပ်ပျော်စေသည်။ အစာကြေစေသည်။ အရိုးနှင့် သွားတို့ကို သန်မာစေသည်။ (အစေ့အနှံငယ်များ၊ ထောပတ်သီး၊ ဟင်းရွက်စိမ်း၊ အခွံမာသီးများ၊ စပျစ်သီး၊ ဘယ်ရီသီး( အစေ့ပါသော အရည်ရွန်းသီးများ) တွင်ပါသည်။)

Zinc (သွပ်) = အရိုးနှင့် သွားတို့ကို တိုးပွါးစေသည်။ ဆံပင် အားကောင်းစေသည်။ ရွှေဖရုံစေ့၊ အစေ့အနှံငယ်များ၊ အသည်း၊ ပဲစေ့၊ ပဲတောင့်၊ အကြေးခွံပါသောငါးတို့တွင် ပါသည်။)

Vitamins နှင့် Minerals တို့၏ ကွာခြားချက်


Vitamins တို့သည် ကိုယ်ခန္ဓာတွင် နဲနဲသာလိုသည့် ပုံစံရှိ အရာများ ဖြစ်သည်။ အသက်ရှင်ရန် မရှိမဖြစ် လိုသည်။ ကိုယ်ခန္ဓာထဲ၌ အတုဖန်တီး၍ မရနိုင်ပါ။

Minerals (သတ္တုဓါတ်များ) သည် သဘာဝထဲရှိ ပုံမဲ့အရာများ ဖြစ်သည်။ ကိုယ်ခန္ဓာရှိ အသားမျှင် Tissue များနှင့် အရည်များကို ဖြစ်ေစေသည်။ Tissue များနှင့် အရည်များက Vitamins ၊ ဟိုမုန်း၊ အင်ဇိုင်းတို့နှင့် ပူးတွဲ အလုပ်လုပ်ကြသည်။
# သင့်တော်သော အစာကိုစားပါ။ Vitamin များလျှင် အန္တရာယ်ရှိသည်။