U Bet Ei |
၁၉၁၀
ခုနှစ်က အမေရိကန်ပြည်၊ Washington ဝါရှင်တန်ပြည်နယ်၊ Spokane
စပို့ကိန်းမြို့မှာ Senora Dodd စဲန်နိုရာ၊ ဒေါ့ဒ် ဆိုတဲ့ အမျိုးသမီး
တယောက်ရှိတယ်။ သူက ဘုရားကျောင်းမှာ အမေနေ့ အမေအကြောင်း တရားဒေသနာ
ကြားနာနေတယ်။ သူ့စိတ်ထဲမှာ သူ့အဖေအကြောင်း တွေးနေမိတယ်။ သူ့အဖေက
ပြည်တွင်းစစ်မှာ ပါဝင်ခဲ့တဲ့ စစ်သားဟောင်းကြီးပေါ့။ အမေက အသက်ငယ်ငယ်နဲ့
ဆုံးသွားတော့ သူ့ဘဝတလျှောက်လုံး အဖေကပဲ ကြည့်ရှုပြုစုခဲ့တယ်။ အဖေက
ဘုရားတရား ကိုင်းရှိုင်းတယ်။ အဖေ့ကိုရော တခြားအဖေတွေကိုပါ
ဂုဏ်ပြုတဲ့နေ့ကလေးတနေ့ ရှိမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ သူတွေးမိတယ်။
သူ့အဖေက ဇွန်လမှာ မွေးတော့ ၁၉၁၀ ခုနှစ် ဇွန်လ တတိယ တနင်္ဂနွေနေ့
ဝါရှင်တန်ပြည်နယ်၊ Spokane စပို့ကိန်းမြို့မှာ သူ့အဖေကို ဂုဏ်ပြုလိုက်တယ်။
နောင်
၅၆ နှစ်အကြာ ၁၉၆၆ ခုနှစ်မှာ သမတ Lyndon Johnson လင်ဒန်၊ ဂျွန်းဆင်က ဇွန်လ
တတိယပတ် တနင်္ဂနွေကို အဖေနေ့အဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်တဲ့အခါ
ကမ္ဘာပေါ်မှာ အဖေနေ့အဖြစ် လူသိများလာတယ်။
၁။ အဖေက သားသမီးတွေကို အချိန်ပေးတတ်ရမယ်။
၁၉
ရာစုမှာ ထင်ရှားတဲ့ Charles Francis Adams ဆိုတဲ့ နိုင်ငံရေးသမားတယောက်
သူ့သားနဲ့ ငါးမျှားသွားတယ်။ ဒိုင်ယာရီမှာ "သားနဲ့ ငါးမျှားသွားတယ်။ တရက်
အချိန် ပုပ်သွားတယ်။" လို့ရေးတယ်။ သူ့သားရဲ့ ဒိုင်ယာရီမှာတော့ "အဖေနဲ့
ငါးမျှားသွားတယ်။ တသက်လုံးမှာ အပျော်ဆုံးနေ့ပဲ။" လို့
ရေးတာတွေ့ရတယ်။
UK ရဲ့ မိသားစု ၄ စုမှာ တစုသာ အိမ်မှာ အဖေရှိတယ်။
အဲဒီအိမ်မှာလည်း အချိန် ၉၀% က အမေနဲ့ပဲ နေရတယ်။
ယောကျင်္ားအများအပြားက သားသမီးတွေကို စွန့်ပစ်ထားတယ်။
အဖေဖြစ်ရတာ ဘဝမှာ သိပ်ပျော်စရာကောင်းပါတယ်။ စိတ်ခေါ်မှုကလည်း ကြီးတယ်။
၂။ အချိန်မပေးတဲ့အခါမှာတော့
သေဒဏ်ကျခံရတော့မယ့်
လူငယ်တယောက်။ တရားသူကြီးက ဒီလူငယ်ကို ငယ်ငယ်ကလေးထဲက ရင်းနှီးတယ်။
သူ့အဖေနဲ့ ရင်းနှီးတယ်။ သူ့အဖေက နာမည်ကြီး ဥပဒေပညာရှင်တယောက်။ "The Laws of
Trusts" "ယုံကြည်စွာ အပ်နှံမှုဆိုင်ရာ ဥပဒေများ" ဆိုတဲ့ ကျမ်းကို ပြုစုသူ။
တရားသူကြီးက မေးတယ်။ "မင်းအဖေကို သတိမရဘူးလား?"ကောင်းကောင်း သတိရပါတယ်
တရားသူကြီးခင်ဗျာ။" တရားခံရဲ့ အသိစိတ်ကြည်လင်တာကို ပြချင်တဲ့အတွက် "အခု
ပြစ်ဒဏ်ခံရတော့မယ်။ မင်းအဖေကိုလည်း သတိရရင် သူ့အကြောင်း ထင်ထင်ရှားရှား
မှတ်မိတာ ရှိသလား?" လို့ မေးတယ်။ ခဏတိတ်ဆိတ်သွားတယ်။ တရားသူကြီး
မမြော်လင့်ဘဲ ကြားလိုက်ရတဲ့ အဖြေကတော့ "သတိရတာက- အဖေ့ဆီ အကြံဉာဏ်
သွားတောင်းပါတယ်။ စာအုပ်တအုပ် ရေးနေရာက မော့ကြည့်ပြီး 'သွားစမ်း သား၊ ငါ
အလုပ်ရှုပ်နေတယ်။' အဖေနဲ့ ရင်းရင်းနှီးနှီးနေဖို့ သွားတော့ 'သွားစမ်း သား။
ဒီစာအုပ်က ပြီးမှ ဖြစ်မယ်။' လို့ လှည့်ပြောပါတယ်။ အဖေ့ကို တကယ့်
ဥပဒေပညာရှင်ကြီးအဖြစ် အမှတ်ရပါတယ်။ ပြီးတော့ ဆုံးရှုံးသွားတဲ့ မိတ်ဆွေ
တယောက်လိုလည်း သတိရပါတယ် တရားသူကြီးခင်ဗျား။"
တရားသူကြီးဟာ "အား။ စာအုပ်တော့ပြီးတယ်။ သားကိုတော့ ဆုံးရှုံးရပါလား။"
၃။ အဖေမရှိသူအတွက်တော့-
Fred
Craddock ဟာ Yale University မှာ ဆရာအဖြစ် စာသင်ပြရင်း၊ တနေ့ သူ့ဇနီးနဲ့
နှစ်ယောက်တည်း စားသောက်ဆိုင်ကို သွားတယ်။ အစားအသောက်ကို စောင့်နေတုန်း
ဆံပင်ဖြူဖြူနဲ့ အဖိုးကြီးတယောက် စားပွဲတခုကနေ တခု လူတွေကို
လိုက်နှုတ်ဆက်နေတာ တွေ့လိုက်ရတယ်။ "ဒီကိုတော့ မလာလောက်ပါဘူး" လို့
သူ့ဇနီးကို တိုးတိုးလေး ပြောတယ်။ စိတ်ထဲကလည်း မလာစေချင်ဘူး။ ဒါပေမယ့်
အဖိုးကြီးက ရောက်လာတယ်။
"ဘယ်ကလာကြသလဲ" လို့ ရင်းရင်းနှီးနှီး မေးလာတယ်။
"အိုကလာဟိုးမား"
"သိပ်သာတဲ့ပြည်နယ်လို့ ကြားဖူးတယ်။ ရောက်တော့ မရောက်ဖူးဘူး။ ဘာအလုပ်လုပ်သလဲ"
"Phillips University မှာ ကျမ်းစာကျောင်းသားတွေကို တရားဟောနည်း သင်တယ်။"
"အိုး၊
ဆရာက တရားဟောဆရာတွေကို သင်ရတာကိုး။ ပြောပြချင်တဲ့ အဖြစ်အပျက်ကလေးတခု
ရှိတယ်။" ပြောရင်း ခုံဆွဲယူထိုင်တယ်။ စိတ်ညစ်သွားပေမယ့် သူပြောလာတဲ့
အဖြစ်အပျက်ကလေးက စိတ်ဝင်စားစရာပါ။
"ကျုပ်က Ben Hooper ပါ။ ကျုပ်ကို
ဟိုအဝေးကြီးက တောင်တန်းတွေ တဖက်မှာ မွေးတယ်။ အမေက အိမ်ထောင်မရှိဘဲ
ကလေးမွေးတာဆိုတော့ ဘဝက ခက်တယ်။ ကျောင်းစနေတောလည်း အတန်းဖေါ်တွေက
နာမည်ပြောင် ပေးကြတယ်။ ကစားဖေါ်တွေက တအားစကြလို့ နားချိန်၊ စားချိန်ဆိုရင်
သူတို့ကို ရှောင်ရတယ်။"
"စနေနေ့ နေ့လည် မြို့ထဲသွားရင်လည်း မျက်လုံးတွေက မီးတောက်မတတ် ကြည့်နေကြတာ။ ကလေးအဖေ ဘယ်သူလဲလို့ တွေးနေကြတာပေါ့။"
"၁၂
နှစ်သားအရွယ်ရောက်တော့ ဘုရားကျောင်းမှာ တရားဟောဆရာ အသစ်ရောက်လာတယ်။ ကျုပ်က
ဘုရားကျောင်းဆိုလည်း နောက်ကျတက်ပြီး၊ စောစော ပြန်ထွက်ရတယ်။ တနေ့တော့
ကျုပ်ပြန်မထွက်ခင် ဆရာက ကောင်းကြီးပေးတယ်။ လူတွေအားလုံး ကျုပ်ကို
ဝိုင်းကြည့်နေမယ်ထင်တယ်။ တံခါးဝရောက်တော့ ပုခုံးမှာ လက်တင်တာ ခံရတယ်။
မော့ကြည့်တော့ ဆရာက ကျုပ်ကို ကြည့်နေတယ်။ "
"မင်းဘယ်သူလဲ၊ ကောင်လေး။ ဘယ်သူ့သားလဲ"
စိတ်ထဲမှောင်ကျသွားတယ်။
ဆရာက အရှက်ခွဲလိုက်သလိုပဲ။ ဒါပေမယ့် ဆရာက ကျုပ်ကို စေ့စေ့ကြည့်ရင်း
နားလည်သွားပုံရပြီး အားရပါးရ ပြုံးတယ်။ "နေဦး။ အခုမှ ငါသိတယ်။
မင်းမိသားစုကို ငါသိပြီ။ မင်းက ဘုရားသားပဲ။"
အားရပါးရ အော်ပြောလိုက်သေးတယ်။ "ကောင်လေး။ မင်းမှာ ကောင်းကင်အမွေ ရှိတယ်။ ရအောင်ယူဟေ့။"
အဖိုးကြီးက
"ဒီစကားဟာ ကျုပ်တသက်လုံးမှာ အရေးအကြီးဆုံးစကားပဲ" လို့ ပြောပြီး
တခြားစားပွဲတွေကို နှုတ်ဆက်ဖို့ ထွက်သွားပါတော့တယ်။ ရုတ်တရက် Fred
Craddock သတိရသွားတယ်။ Tennessee ပြည်နယ်သားတွေ
ပြည်နယ်အုပ်ချုပ်ရေးမှုးရာထူးကို တရားမဝင် ၂ ခါ ရွေးခဲ့ဖူးတယ်။ တခါကတော့
Ben Hooper ကို ရွေးခဲ့ကြတာပါ။
xxxxxxxxxxxxxxxxx
အဖေကို သားသမီးတွေက ဘယ်လို သဘောထားတတ်သလဲ ဆိုတော့-
Father
4 Years: My daddy can do anything.
7 Years: My dad knows a lot, a whole lot.
8 Years: My father doesn't quite know everything.
12 Years: Oh well, naturally Father doesn't know everything.
14 Years: Father? Hopelessly old-fashioned.
21 Years: Oh that man is out of date. What did you expect?
25 Years: He knows a little bit about it, but not much.
30 Years: Must find out what Dad thinks about it.
35 Years: A little patience, let's get Dad's meaning first.
50 Years: What would Dad have thought about it?
60 Years: My dad knew literally everything.
65 Years: I wish I could talk it over with Dad once more.
အဖေ
၄ နှစ်သား- ဖေဖေက အကုန်လုပ်တတ်တယ်။
၇ နှစ်- ဖေဖေက အများကြီး သိတာပဲ။
၈ နှစ်- အဖေ အကုန်တော့ မသိဘူး။
၁၂ နှစ်- အိုး- အဖေက အကုန်လုံးတော့ မသိဘူးပေါ့။
၁၄ နှစ်- အဖေလား? ခေတ်နောက်ကျနေပြီ။
၂၁ နှစ်- အဖိုးကြီးက ဒိတ်အောက်သွားပြီ။ ဘာလုပ်တော့မလဲ?
၂၅ နှစ်- သူက နဲနဲတော့ သိတယ်။ သိပ်တော့ မသိပါဘူး။
၃၀ နှစ်- ဖေဖေ ဒါကို ဘယ်လိုထင်သလဲမသိဘူး။
၃၅ နှစ်- နေဦး၊ ဖေဖေ ဘာပြောမလဲမသိဘူး။
၅၀ နှစ်- ဖေဖေ့တုန်းက ဘယ်လိုယူဆခဲ့လဲမသိဘူး။
၆၀ နှစ်- ငါ့ဖေဖေတော့ သိမှာ သေချာတယ်။
၆၅ နှစ်- ဒီအကြောင်းဖေဖေနဲ့ တခါလောက် ဆွေးနွေးကြည့်ချင်လိုက်တာ။ ။
No comments:
Post a Comment