Saturday, February 10, 2018

Two Lost Sons - ပျောက်သောသား ၂ ယောက်

ပျောက်သောသား နှစ်ယောက်
Two Lost Sons
by Ray Baker
(2018, January 21, Y.P Service  တွင် ဟောပြောသော တရားဖြစ်ပါသည်။)
ပျောက်သားသားကို  prodigal son လို့ ခေါ်ပါတယ်။ အင်္ဂလိပ် စကားမှာ prodigal ကို သိပ်သုံးလေ့ မရှိဘူး။ ပျောက်သောသား ဥပမာကို ပြောမှပဲ သုံးကြတဲ့အတွက်၊ အင်္ဂလိပ်စကား ပြောနေသူတွေပင် အဲဒီစကားရဲ့ အဓိပ္ပါယ်ကို သိပ်မသိကြဘူး။ prodigal  ရဲ့ အဓိပ္ပါယ်က wasteful အသုံးအဖြုန်းကြီးတာပါ။ ဒီဥပမာမှာ အသုံးအဖြုန်းကြီးတဲ့သားအကြောင်းပဲ သင်ခန်းစာယူတတ်ကြတယ်လို့ ထင်ပါတယ်။ တကယ်တော့ ကိုယ့်မေတ္တာနဲ့ ခွင့်လွှတ်ခြင်းကို မနှမြောဘဲ ဖြုန်းနေတဲ့ အဖေတယောက်လည်း ပါတယ်။ သားအကြီးဆိုတဲ့ အရိုက်အရာကို တန်ဖိုးမထား၊ ကိုယ်ဘဝရဲ့ အခွင့်အရေးကို ဖြုန်းပစ်နေတဲ့ အကိုကြီးလည်း ပါတယ်။

ဟိုးတုန်းက မိတ်ဆွေတယောက် ရှိတယ်။ အသင်းသား ရာနဲ့ချီတဲ့ အသင်းတော် အလတ်တန်းစာမှာ သင်းအုပ်ပါ။ အမှုတော်က အဆင်ပြေသလို၊ ကျမ်းစာကျောင်းလေး တကျောင်းမှာ အချိန်ပိုင်း ဆရာပါ။ တနင်္ဂနွေ တမနက်မှာတော့ သူက တရားဟောဖို့ တက်လာတယ်။ ပျောက်သောသားအကြောင်း ဖတ်တယ်။  “ဒီနေ့ ကျွန်တော် သင်းအုပ်အဖြစ်ကနေ နှုတ်ထွက်ပါတယ်။ ဒီနေ့ ကျွန်တော့မိန်းမကို ထားခဲ့ပြီး နောက်အိမ်ထောင်ပြုတော့မယ်။ ဒီနေ့ ကျွန်တော် ပျောက်သောသား လုပ်တော့မယ်။” လို့ ပြောလိုက်ပါတယ်။ တရားပလ္လင်ပေါ်က ဆင်းပြီး အသင်းတော်ကို စွန့်၊ မိန်းမနဲ့ ဆယ်ကျော်သက် သမီး ၂ ယောက်ကို ထားခဲ့ပြီး ကားမောင်း ထွက်သွားပါတော့တယ်။

တခြားမြို့မှာ နောက်အိမ်ထောင်နဲ့ သနားစရာဘဝနဲ့ အသက်ရှင်တယ်။ သင်းအုပ်ဆရာပဲ လုပ်ဖူးရှာတယ်။ ပညာမတတ်၊ ကျွမ်းကျင်တဲ့အလုပ် မရှိ။ ကားဟောင်း အရောင်းအဝယ် လုပ်ရတယ်။ ဒီမှာတော့ မသိဘူး။ ကားအဟောင်း ရောင်းဝယ်တဲ့သူကို လူတွေ မယုံကြဘူး။ ကားကောင်းတယ်လို့ ပြောပြီး၊ စျေးပိုတောင်းတယ်၊ လိမ်တယ်လို့ လူတွေ ယူဆကြတယ်။

အသင်းတော်ကတော့ ဖရိုဖရဲဖြစ်သွားတာပေါ့။ နှစ်ပေါင်းများစွာ ကုစားဖို့ ကြိုးစားကြပေမယ့် ဒီနေ့ထိ အနာကျက်လှတာတော့ မဟုတ်ဘူး။ မိသားစုလည်း ပြိုကွဲတယ်။ နောက်ပိုင်းမှာ သမီးတယောက်က အိမ်ထောင်ပြုတယ်။ မင်္ဂလာပွဲမှာ အဖေကို မဖိတ်ဘူး။

အခုဥပမာတော်မှာ အဖေတယာက်နဲ့ သားနှစ်ယာက် တွေ့ရတယ်။ တနေ့တော့ သားအငယ်က အဖေ့ထံမှာ အမွေတောင်းတယ်။ သာမန်အားဖြင့် အမွေဆိုတာ အဖေသေမှ ရမှာပါ။ လိမ္မာတဲ့သားသမီးဆိုရင် အဖေ အသက်ရှင်တုန်း၊ ကျန်းမာနေတုန်း အမွေတောင်းမှာ မဟုတ်ဘူး။ သူ့ပုံက အဖေကို သေစေချင်နေတဲ့ပုံပါ။ “အဖေ့ကို သေစေချင်ပြီ။ ဒါမှ ငါအမွေရမယ်။” လို့ ပြောသလို ဖြစ်နေတယ်။ သားအငယ် အမွေတောင်းတာက ရှက်စရာပါ။ မိသားစုအတွက်ရော၊ သူ့ကိုသူပါ သိက္ခာကျစေပါတယ်။ အမွေတောင်းပြီး အိမ်ကထွက်သွားတာဟာ မိဘကို ပြုစုဖို့ ဘုရားပေးတဲ့ အခွင့်အရေးကို ပစ်ပယ်လိုက်တာပါ။

ဘာဘဲဖြစ်ဖြစ် အဖေကတော့ သားငယ်ရဲ့ အရှက်မဲ့တောင်းသမျှကို ပေးတယ်။ ညီအကိုနှစ်ယောက်ကို အမွေခွဲပေးတယ်။ ဓမ္မသစ်ကျမ်းရဲ့ မူရင်းဂရိ အသုံးအနှုန်းက စိတ်ဝင်စားစရာ ကောင်းတယ်။ အဖေက သူ့အသက် life ကို ခွဲပေးတယ်လို့ ဆိုတယ်။ ဒီသားအတွက်တော့ အဖေ့အသက်ဟာ အဓိပ္ပါယ် မရှိတော့ဘူးလို့ ဆိုရမှာပါ။

သားအငယ်က နိုင်ငံရပ်ခြားကို ထွက်သွားတယ်။ ငွေတွေ သုံးဖြုန်းရင်း ဆိုးမိုက်နေတယ်။ ကျမ်းစာကတော့ အတိအကျ မပြောဘူးပေါ့။ နောက်ပိုင်း သူ့အကို စွပ်စွဲချက်အရ ပြည့်တန်ဆာတွေနဲ့ ပျော်ပါးနေတယ် လို့ ဆိုတယ်။ ဟုတ်မှာပါ။ အရက်တွေ သောက်နေမှာပေါ့။ မူးယစ်ဆေးတွေ သုံးမှာပေါ့။ ပြိုင်ကားတွေ ဝယ်။ ဟိုခေတ်ဆိုတော့ ကုလားအုတ်တွေ ဝယ်မှာပေါ့။ ပိုက်ဆံရှိတုန်းတော့ နာမည်ကြီးတာပေါ့။ ဒါပေမယ့် ပိုက်ဆံတွေ ကုန်သွားပြီ။ ဘယ်မှာလဲ သူငယ်ချင်းတွေ? သူလက်ဆောင်တွေ ပေး၊ ဟိုတယ်တွေမှာ ပါတီပွဲတွေ ငွေအကုန်ခံ ကျင်းပပေးခဲ့တဲ့ လူတွေ အခု ဘယ်မှာလဲ? အခုတွေ မတွေ့ရတော့ဘူး။

အိမ်မှာနေတော့ သားဘဝမှာ ရပိုင်ခွင့်နဲ့အတူ တာဝန်တွေ ရှိတယ်။ သူက ရပိုင်ခွင့်ပဲ လိုချင်တယ်။ တာဝန်မယူချင်ဘူး။ တာဝန်တွေကို လုံးလုံးစွန့်ခွါသွားတယ်။ လွတ်လပ်ချင်လို့ အဝေးကို ထွက်လာခဲ့တယ်။ ပိုဆိုးတဲ့ ကျွန်ဘဝရောက်သွားတယ်။ တက်မက်မှုတွေကို မချုပ်ထိန်းနိုင်တော့ အဖေ့မေတ္တာနဲ့ရတဲ့ ကိုယ့်လွတ်လပ်မှုကို အလဲအထပ် လုပ်သွားတယ်။

ကိုယ်အရှက်အကြောက်ဆုံး၊ အရွံမုန်းဆုံးအရာက ဘာဖြစ်မလဲ? မိဘနဲ့မိတ်ဆွေတွေ သိမှာ အကြောက်ဆုံး အဖြစ်က ဘာဖြစ်မလဲ? အဲဒါတွေထက် ပိုဆိုးတာကို ကြုံခဲ့ရရှာတယ်။

အဖေ့ငွေကို ဖြုန်းပြီး အဝေးမှာ ရောက်နေပြီ။ လူရှုပ်ထွေးပြီး စည်ကားနေတဲ့ ဘန်ကောက်မြို့ကြီးလို နေရာမှာပေါ့။ ဒါပေမယ့် ငွေကုန်တော့ တယောက်တည်း ဖြစ်ပြီ။ စိတ်ပျက်စရာအကောင်းဆုံးအလုပ်ကို လုပ်ရရှာပြီ။

လိမ်မာတဲ့ဂျူးလူငယ်တယောက်အတွက် ရှက်စရာအကောင်းဆုံး အလုပ်က ဝက်ကျောင်းရတာပဲ။ ဝက်ကို ညစ်ညူးတယ်လို့ သဘောထားတယ်။ ဝက်ကျောင်းရတယ်ဆိုတာ ကျိန်ခြင်းခံရတာပဲလို့ ဂျူးရဗ္ဗိဆရာ တယောက်က ဆိုတယ်။  ဒီထက်ဆိုးတာ ရှိသေးတယ်။ ဝက်ကျောင်းရရုံမက ဗိုက်ဆာနေတယ်။ ဝက်တွေစားနေတဲ့ ပဲတောင့်ကိုပင် စားချင်နေတယ်။

 နောက်ဆုံးတော့ “ငါ ဘာလို့ ဒီလိုဖြစ်နေရလဲ? ဘယ်လိုလုပ်ရမလဲ” လို့ ကိုယ့်ကိုယ်ကို ပြန်မေးလာတယ်။ အဖေ့အိမ်က အစေခံတွေနဲ့ နှိုင်းယှဉ်မိတယ်။ သူတို့မှာ ငွေကြေး၊ အစားအစာနဲ့အတူ ဂုဏ်သိက္ခာ ရှိတယ်။ ဒါနဲ့ အဖေ့အိမ်ကို ပြန်ပြီး အစေခံကျွန်လိုပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ အရင်ကတော့ မာနနဲ့ အမွေတောင်းတယ်။ အခုတော့ စိတ်လိုလက်ရ အနိမ့်ဆုံးမှာနေပြီး အဖေ့စကားကို အစေခံကျွန်လို နားထောင်မယ်။

အဖေ့အိမ်နားရောက်တာနဲ့ အဖေကမြင်ပြီး ပြေးထွက် နှုတ်ဆက်လာတယ်။ ကျမ်းစာကမပြောပေမယ့် အဖေက သားပြန်အလာကို စောင့်မြော်နေပုံရပါတယ်။

ဂုဏ်သိက္ခာကို ထိန်းတဲ့ အရှေ့တိုင်းအဖေဆိုတာ အိမ်ပြေး သားဆိုးကို သိက္ခာကျခံ ပြေးတွေ့မှာ မဟုတ်ဘူး။ (၁၁း ၂၀) အရှက်သိက္ခာထိန်းချင်ရင် သူ့သားကို အလုပ်လာတောင်းတဲ့ သူတောင်းစားလိုသာ ဆက်ဆံဖို့ ရှိပါတယ်။

ကြိုတွေးထားတဲ့စကားလည်း သားက မပြောဖြစ်ပါဘူး။ အဖေက အစေခံတေါကို ပါတီပွဲကြီး ကျင်းပခိုင်းတယ်။ ပွဲနေ့ပွဲထိုင် ဝတ်ရုံကို ဝတ်ဆင်စေတယ်။ လက်စွပ်စွပ်ပေးတယ်။ လက်စွပ်က အခွင့်အာဏာနဲ့ တာဝန်ရှိသူ ဆိုတဲ့သဘောပေါ့။ ဖိနပ်စီးစေတယ်။ အဲဒီခေတ်က ကျွန်တွေဟာ ဖိနပ်မစီးဘဲ ခြေဗလာနဲ့ အလုပ်လုပ်ရတယ်။

ပွဲကြီးကျင်ပမယ်။ အတီးအမှုတ်နဲ့ အစားအသောက်တွေပါမယ်။ ဆူဖြိုးတဲ့ နွားတကောင်သတ်တယ်။ တရွာလုံးကို ဖိတ်ချင်တာပါ။ မိသားစုတစုအတွက်ဆိုရင် နွားတကောင်ဟာ များတာပေါ့။ နွားကလည်း မွေးနေ့တို့ မင်္ဂလာဆောင်တို့အတွက် မွေးထားတာမျိုးပါ။ ဘာဘဲဖြစ်ဖြစ်လေ၊ သေတဲ့သားက ပြန်ရှင်တော့ မွေးနေ့ပေါ့။

အကို၊ အမတွေ ရှိတဲ့သူ ရှိသလား? ဒီလိုဘဝကို ကျွန်တော် မခံစားဖူးဘူး။ ကျွန်တော်က အကိုအကြီးဆုံး။ ညီနှစ်ယောက် ရှိတယ်။ ကျွန်တော့ဘဝက ဒီဥပမာတော်ထဲက အကိုကြီးလိုပဲ။ ကျွန်တော်က ဘာပြဿနာမှ မလုပ်တဲ့ လူကောင်း။ ကျောင်းစာကြိုးစားတော့ အမှတ်အမြဲကောင်းတယ်။ ညီတွေအဖို့တော့ မလွယ်ဘူး။ အကိုလောက်မတော်ဘူးဆိုပြီး ဆရာတွေရဲ့ အပြောခံရကြတယ်။

 ဥပမာတော်ထဲမှာ အကိုက အိမ်မှာပဲနေတယ်။ သူ့ကိုယ်သူ ထိန်းတယ်။ ပြဿနာမရှာဘူး။ ဒါပေမယ့် ငွေယူပြေးတဲ့ ညီငယ်ကို စိတ်ဆိုးတယ်။ ပြန်လာတော့ အဖေက သူ့အတွက် ငွေတွေ ဖြုန်းနေပြန်တယ်။

အကိုက သူွှအဖေအိမ်မှာလုပ်ရတာကို ကျွန်လို သဘောထား သုံးနှုန်းတယ်။ အခမရဘဲ နှစ်နဲ့ချီပြီး ကျွန်ခံရတယ်တဲ့။ သူက ကျွန်လိုနေတယ်။ သားလို မဟုတ်ဘူး။ အကိုကြီးရဲ့ ပြဿနာက ကိုယ့်ဖြောင့်မတ်ခြင်းပဲ။

သူ့ခမျာ မိတ်ဆွေတွေနဲ့ ပျော်ဖို့ ဆိတ်တကောင်တောင် မရဘူးတဲ့။ ရှိသမျှ သူပိုင်တာ သူမသိရှာဘူး။ သားဆိုတာ ရပိုင်ခွင့်ရော၊ လွတ်လပ်မှုပါ ရှိတာ သူမသိရှာဘူး။

ဒီဖြစ်ရပ်မှာ ထူးဆန်းတဲ့ irony  “ကပြောင်းကပြန်”  ရီစရာတခု ဖြစ်လာတယ်။ အိပ်ပြင်က သားငယ်က အတွင်းရောက်။ အတွင်းက သားကြီးက အပြင် ပြန်ရောက်သွားတယ်။

နောက်ဆုံးမှာ သားကြီး ဘယ်လိုတုန့်ပြန်လဲတော့ မသိရပါဘူး။ စိတ်ပြန်ပြေပြီး ညီကို လက်ခံသလား? အသနားပိုတဲ့ အဖေနဲ့ ညီကို စိတ်ဆိုးနေတုန်းလား? မသိရပါဘူး။

အနက်ဖွင့် Interpretation
ဒီဥပမာတော်ဟာ လုကာ ၁၅ ရဲ့ ပျောက်တဲ့အရာ သုံးခုထဲမှာ ဇာတ်ရှိန်အမြင့်ဆုံးပါပဲ။ ပျောက်သောသိုး၊ ပျောက်သောဒင်္ဂါးနဲ့ ပျောက်သောသားပါ။ သိုးက တရာမှာ တကောင်ပျောက်တယ်။ ၁% ပါ။ ဒင်္ဂါးက ဆယ်ပြားမှာ တပြားပျောက်တယ်။ ၁၀% ပါ။ သားနှစ်ယောက်မှာ တယောက်ပျောက်တယ်။ ၅၀% ပါ။ ကျွန်တော်အထင်တော့ သားနှစ်ယောက်က တနည်းမဟုတ် တနည်းနဲ့ ပျောက်နေကြတာပါ။

ပျောက်သောသိုးရဲ့ အဆုံးမှာ “ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ့်ကိုးယောက်တို့  ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသော လူဆိုးတယောက် သာ၍ ဝမ်းမြောက်ခြင်း ရှိကြသည်။” လုကာ ၁၅း ရ။

ပျောက်သောဒင်္ဂါးရဲ့အဆုံးမှာ “ဘုရားသခင်၏ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတယောက် ဝမ်းမြောက်ခြင်း ရှိကြသည်။” လုကာ ၁၅း ၁၀။

ဒါပေမယ့် ပျောက်သောသားရဲ့အဆုံးမှာတော့ အကိုက ဝမ်းမမြောက်တော့ ပျောက်သောသားတွေ ဖြစ်နေတယ်။

သခင်ယေရှုက အကိုကြီးဆိုတာ ဖါရိရှဲတွေကို ပြောလိုပုံရတယ်။ ကိုယ့်ကိုကိုယ် ကောင်းတယ်လို့ ထင်နေသူတွေလေ။ သန့်ရှင်ဟန်ဆောင်ပေမယ့် အတွင်းမှာက အပြစ်နဲ့ ပြည့်နေတယ်။ ပညတ်တွေကို စောင့်ထိန်းပေမယ့် ပညတ်တွေကို  ငြူစူနေတယ်။ ဘုရားလူမျိုးတော်ရဲ့ ကောင်းကြီးနဲ့ ရပိုင်ခွင့်တွေကို နားမလည်ဘူး။

သခင်ယေရှုက အခွန်ခံတွေ၊ အပြစ်သားတွေနဲ့ အချိန်ယူခဲ့တယ်။ အောက်ဆုံးက လူတွေ။ ဘုရားနဲ့ဝေးတဲ့ ညီငယ်တွေ။ သခင်ယေရှုက အခွန်ခံတွေ၊ အပြစ်သားတွေနဲ့နေတော့ ဖါရိရှဲတွေက ညီကိုသနားတဲ့ အဖေ့မေတ္တာကို အကိုကြီးစိတ်ဆိုးသလို စိတ်ဆိုးကြတယ်။

အဖေကတော့ ချစ်ဆဲ၊ စောင့်ကြည်ဆဲ၊ စောင့်စားနေဆဲဖြစ်တဲ့ ဘုရားသခင်ပါပဲ။ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ အိမ်ပြန်လာသူကို ဘုရားသခင်က ဘယ်တော့မှ မငြင်းပယ်ပါဘူး။

Application သင်ခန်းစာယူခြင်း
အပြစ်သားပြန်လာချိန်မှာ ကောင်းကင်ဘုံမှ အဘဘုရားသခင်က အပြစ်မတင်ဘူး။ အပြစ်မပေးဘူး။ အစေခံကျွန်ဘဝအဖြစ် အဆင့်လျှော့မချဘူး။ ချစ်တဲ့သားတယောက်အဖြစ် လက်ခံပြီး၊ သားတယောက်ရဲ့ အဆောင်ယောင်၊ အခွင့်အရေးတွေ အကုန်ပေးပါတယ်။

တချို့က အကိုကြီးနဲ့ တူမယ်။ စည်းကမ်းအားလုံး လိုက်နာနိုင်တဲ့ ခရစ်ယာန်ကောင်းတွေပါ။ ဒါပေမယ့် စိတ်ထဲမှာ ခါးသည်းနေမယ်။ စိတ်ဆိုးနေတာ နှစ်ချက် ရှိမယ်။ ၁။ စည်းကမ်းတွေများလွန်းလို့ စိတ်ပျက်နေမယ်။ စည်းကမ်းတွေ၊ ပညတ်တွေကို လိုက်နာပါတယ်။ ဒါပေမယ့် မကြိုက်၊ မနှစ်သက်ဘူး။ ကောင်းဟန်ဆောင်နေမယ်။ ၂။ တခြားသူတွေအပေါ်မှာ ပြတဲ့ ဘုရားရဲ့ သနားဂရုဏာကို စိတ်ပျက်နေမယ်။ မဟုတ်တာလုပ်ရင် ဒုက္ခ တွေ့စေချင်မယ်။  ဘုရားကျောင်းမှာ သူရဲကောင်းလို အားရဝမ်းသာ မကြိုဆိုစေချင်ဘူး။

တချို့က ညီငယ်နဲ့ တူမယ်။ စည်းကမ်းတွေ၊ တာဝန်တွေ ဂရုမစိုက်ဘူး။ ကိုယ်သဘောနဲ့ကိုယ် စိတ်ကြိုက် အသက်ရှင်ဖို့ ဆုံးဖြတ်ထားမယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။

ခရစ်ယာန်ဖြစ်ပေမယ့် ဝမ်းမြောက်ခြင်းနဲ့ လွတ်လပ်ခြင်း မခံစားရသူတွေ ရှိမယ်။ ခရစ်ယာန်ဖြစ်ပေမယ့် ဘုရားသခင်ကို ဆန့်ကျင်အသက်ရှင်နေသူလည်း ရှိမယ်။ ခရစ်ယာန်မဟုတ်သေးဘဲ တရားစကားတွေကို စဉ်းစားနေသူလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာဘဲဖြစ်ဖြစ်ပါ။ ဘုရားသခင်က သိပ်ချစ်တတ်တဲ့ အဖေပါ။ သားပြန်လာမယ့် အချိန်ကို မြော်လင့်စောင့်ဆိုင်း၊ အကဲခတ်နေသူပါ။ ဘုရားသခင်ထံ ပြန်လာရင်၊ ပထမဆုံးအကြိမ်ဖြစ်ဖြစ်၊ ၃၁ ကြိမ်မြောက် ဖြစ်ဖြစ်၊ ပျော်ရွှင်စရာနေ့ရက်ပါ။ ပါတီပွဲကြီးပါ။ အပြစ်ရှိတဲ့သူတယောက် နောင်တရရင် ကောင်းကင်မှာ အရမ်းဝမ်းမြောက်ကြပါတယ်။

ထင်ရှားတဲ့အပြစ်ရှိရင် - ဘုရားသခင်ထံ လှည့်ပြန်ပါ။

ဖွက်ထားတဲ့အပြစ်ရှိရင်လည်း - ဘုရားသခင်ထံ လှည့်ပြန်ပါ။

သခင်ယေရှုထံလာဖို့ တခါမှ မဆုံးဖြတ်ရသေးရင် ဘုရားသခင်ကို အဖလို့ ခေါ်ဖို့ခက်နေမှာပါ။ ဒါပေမယ့် “ဒီနေ့ပဲ ပြန်လာပြီ အဖ” လို့ ခေါ်လိုက်ပါ။