Sunday, November 19, 2023

ဟန်းသွားတဲ့ အခိုက်အတန့်လေးများ

 

 

May be an image of text that says 'is not responding....'

"ဟန်းသွားတဲ့ အခိုက်အတန့်လေးများ"
နည်းပညာတွေ တိုးတက်လာလို့ အကျိုးရှိတဲ့ အချက်တွေထဲမှာ စကားအသုံးအနှုန်း အသစ်တွေ ပေါ်လာတာလည်း ပါတယ်။ ရှုခင်း လှတယ်၊ လူတယောက် လှတယ် ဆိုရင် ဘယ်လောက် လှကြောင်း တခါတလေ စကားလုံးနဲ့ ရှင်းပြဖို့ အားမရတာမျိုး ဖြစ်တတ်တယ်။ စိတ်ခံစားချက်တွေဆိုရင် ပိုဆိုး။ ရှင်းပြရ ခက်နေတတ်တယ်။
ကွန်ပြူတာနဲ့ ဖုန်းတွေကို သုံးနေရင်း ဟဲန်း သွားတတ်တယ်။ ရှေ့ တိုးမရ၊ နောက်ဆုတ်မရ။ အဝိုင်းလေး လည်လို့ပေါ့။ မနိုင်ဝန် ထမ်းရတဲ့အခါ ဖြစ်စေ၊ လိုင်းမကောင်းတဲ့ အခါ ဖြစ်စေပေါ့။
သူ့ကို hang လို့ ခေါ်တော့ ဟဲန်း လို့ ရေးရမလားပဲ။ past tense အတိတ်ဆိုရင် hung ဟန်းးတယ်ပေါ့။
အသက် ၂၆ နှစ်အရွယ်၊ လူတွေအကြောင်း ဘာမှမသိခင်မှာ လူတစုရဲ့ ပြဿနာရှာတာ ခံလိုက်ရတယ်။ ကိုယ်ကလည်း မရှောင်တတ် မတိမ်းတတ်။ ဒဲ့။
အဲဒီမှာ စိတ်အနှောက် အယှက်ခံရတာ ကြာတော့ စိတ်ဖိစီးမှုဖြစ်လာတယ်။ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ရဘဲ မဖြစ်ချင်တာတွေ ဖြစ်နေတော့ ခံစားရ ပိုခက်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ က ဆိုတော့ စိတ်ဖိစီးမှု Depression ဆိုတဲ့စကားကို သိပ်မသိကြသေးဘူး။ အဲဒီမှာ Joyful Woman ဆိုတဲ့ ခရစ်ယာန် အမျိုးသမီး မဂ္ဂဇင်းရဲ့ ကျေးဇူးနဲ့ အော်၊ ငါဖြစ်နေတာ စိတ်ဖိစီးမှု depression ပါလားလို့ သိခဲ့ရတယ်။ ရူးတယ် - mad တို့၊ fool တို့ကို သိရာကနေ အဲဒီစာတွေ ဖတ်မှ "လွတ်နေပြီ" ဆိုတဲ့ အသုံးအနှုန်း breakdown တို့ burn out ကို သိလာတယ်။
ဒီလိုအကြောင်းအရာတွေကို ဆရာတွေရဲ့ တရားဒေသနာတွေမှာ သိပ်မတွေ့ရဘဲ အမျိုးသမီး ဆရာမတွေရဲ့ ဆောင်းပါးတွေမှာသာ တွေ့ရတတ်တယ်။ အဖေက နည်းပေး လမ်းပြ လုပ်ပြီး၊ အမေက ခံစားချက်ကို စာနာ နားလည် ဖေးမတာမျိုး ဖြစ်မယ်။ "စာဖတ်တာ ခဏရပ်ပြီး၊ နှင်းဆီးပန်းလေးကို နမ်းလိုက်ပါဦး" ဆိုတဲ့ အရေးအသားမျိုးပါ။ ကဗျာလည်း ဆန်တယ်။ "လုပ်ကွ၊ ကြိုးစားကွ။" ဆိုတဲ့ အဖေရဲ့ အားပေးစကား လိုသလို၊ "နားပါဦး သားရဲ့။" ဆိုတဲ့ အမေ့ရဲ့ နှစ်သိမ့် စကားလည်း လိုတာပေါ့။
ရုတ်တရက် ခေါ်သံကို ကြည်ကြည်လင်လင် ကြားရပြီး ကြည့်လိုက်တော့ အနားမှာ ဘယ်သူမရှိတဲ့အခါ မကောင်းဆိုးဝါး နှောက်ယှက်တယ်လို့ မထင်ဘဲ "အော်၊ ငါ နေမကောင်းလို့ ကြားတာ" လို့ ဖြေတတ်လာတယ်။ မှတ်ဉာဏ် ကစဥ့္ကလျား ဖြစ်တာကို ရိပ်မိခဲ့တယ်။ မှတ်မိထားတဲ့ အသံတွေ ပြန် ပြန် ကြားရတတ်တယ်။
အဲဒီ စိတ်နောက်ကျိစရာ နေ့ရက်တွေကို မိတ်ဆွေ လူရင်းတချို့ရဲ့ ဖေးမမှုနဲ့ ဖြတ်ကျော်ခွင့်ရခဲ့တာလည်း ဘုရားမ,တာပါပဲ။ ဖြတ်ကျော်ခဲ့တယ် ဆိုပေမယ့့် သတိတော့ ထားနေရဆဲပဲ။
ဖြစ်လေ့ရှိတာတခုက ကြားရတဲ့ အသံတသံံကို ခဏခဏ ပြန်ရွတ်မိတာပါ။ ကိုယ်မကြိုက်ပါဘဲနဲ့ သံစဥ္စာသားကို အသံချဲ့စက် က ဖြစ်စေ၊ တယောက်ယောက်က ဆိုလို့ ဖြစ်စေ ပြန်ရွတ်နေမိတာမျိုးပါ။
တနေ့ မြိုထဲမသွားခင် ကလေးတွေ YouTube မှာ ကြည့်နေတဲ့ "စူပါ စာအုပ်" ဆိုတဲ့ Sunday school သင်ခန်းစာထဲက သီချင်းလေး တကြောင်း ကြားလိုက်တယ်။ သံစဥ် ကြိုက်လှတာ မဟုတ်ဘူး။ ဒါပေမယ့် သံစဥ်က မှတ်ဥာဏ်မှာ စွဲပါလာတယ်။ အသွားမှာ "စူး ပါး စာအုပ်" "မီးရယ် ဒိုဒို" |32 - 11 -| လို့ အစမရှိ၊ အဆုံးမရှိ  ၂ ခါ ညည်းမိတယ်။ အပြန်မှာ တခါ ထပ်ညည်းတော့ အတူသွားနေတဲ့ ကိုဇင်ဘာက မေးတော့တယ်။ "ပေါင်လူ ဟောင်း ဟောင် အွန်မိုး" - "ဘာတွေ ​ပြော ပြော နေတာလဲ" တဲ့။ "သီချင်းတပုဒ် ဆက်ဆိုမှာလား? စကားတခွန်း ဆက်ပြောမလားလို့ စောင့်နေတာ။ ဒါပဲ ရွတ် ရွတ်နေတယ်။" တဲ့။
ရိုးသားစွာ ဝန်ခံလိုက်ပါတယ်။ "ငါ ဟန်းးနေတာ။ ရှေ့ဆက်လို့ မရ၊ နောက်ဆုတ်လို့ မရ။" လို့။ ဟုတ်ပါတယ်၊ တချို့သူတွေဟာ ခဏခဏ ဟန်းနေတတ်ကြောင်းပါ။