Showing posts with label Dr. John R. Rice. Show all posts
Showing posts with label Dr. John R. Rice. Show all posts

Friday, March 23, 2018

PRAYER by Dr. John R. Rice- Chapter 05

 အခန်း ၅

စားဝတ်နေရေးအတွက် ဆုတောင်းခြင်း

PRAYING FOR DAILY BREAD

Dr. John R. Rice

 ၁။ အစားအစာ၊ အဝတ်အထည်၊ ငွေကြေး၊ မော်တော်ကားနဲ့ တခြားအရာတွေ တောင်းယူခြင်း

သခင်ယေရှုက တပည့်တော်တွေကို ပဌနာတော်ကို သင်ပေးတယ်။ “အသက်မွေးလောက်သော အစာကို ယနေ့ ပေးသနားတော်မူပါ။” (လုကာ ၁၁း ၂၊ ၃)
 နေ့စဉ်စားစရာအတွက် ဆုတောင်းဖို့ သွန်သင်တယ်။ စားစရာသာမက တခြားလိုတာတွေလည်း ဆုတောင်းဖို့ ဖြစ်တယ်။ မသဲ ၆း ၉- ၁၃ မှာ ပဌနာတော်ကို တွေ့ရတယ်။ “အသက်မွေးလောက်သော အစာကို ယနေ့ ပေးသနားတော်မူပါ။” ဒီအခန်းမှာပဲ မြေကြီးပေါ်မှာ စည်းစိမ်ဥစ္စာ မစုဆောင်းဖို့ မှာတယ်။ “အဘယ်သို့ စားရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်။” မသဲ ၆း ၂၅။ ကောင်းကင်ငှက်တွေအတွက်၊ အစာနဲ့ တောနှင်းပန်းတွေအတွက် အဝတ်ကို ဘုရားသခင် ပြင်ဆင်ပေးထားတယ်။ နေ့စဉ်အစာနဲ့ တခြားလိုတာတွေအတွက် ဆုတောင်းဖို့ လိုတယ်။ ကိုယ်ခန္ဓာလိုအပ်ချက်တွေအတွက် ဆုတောင်းဖို့ လိုတယ်။ နေ့စဉ်စားစရာအတွက် ဆုတောင်းခိုင်းတာဟာ ဘုရားက ပေးချင်လွန်းလို့ ဖြစ်တယ်။ ရဲရဲတောင်းသင့်တယ်။
နေ့တိုင်းစားစရာအတွက် ဘုရားပေးလေ့ရှိတာကို ကျမ်းစာထဲမှာ အံ့ဖွယ်နမိတ်လက္ခဏာတွေအဖြစ် တွေ့ရတယ်။
အစ္စရေးလူမျိုးတွေကို တပတ်မှာ ၆ ကြိမ်၊ နှစ်ပေါင်း ၄၀ လုံးလုံး မန္နမုန့် ကျွေးတယ်။ ထွက် ၁၆း ၃၅။ နေ့တိုင်း ဘုရားကြွေးတာ သတိရစေချင်လို့ အသန့်ရှင်းဆုံးဌာနမှာ မန္နမုန့်အိုးကို သိမ်းစေတယ်။ ဘုရားစေတနာကို သားစဉ်မြေးဆက် သတိရစေဖို့ ဖြစ်တယ်။ ထွက် ၁၆း ၃၂- ၃၄။ အစ္စရေးတွေဟာ အနှစ် ၄၀ လုံး အဝတ်မနွမ်း၊ ဖိနပ်မပြတ်ဘူး။ တရားဟော ၂၉း ၅။ အသားစားချင်တော့ ငုံးတွေ ချပေးတယ်။ ထွက် ၁၆း ၁၃။ တောလည် ၁၁း ၃၁။ ရေဆာတော့ ကျောက်ထဲက ရေပေးတယ်။ တောလည်ရာ ၂၀း ၁၁။ မာရအရပ်မှာ ခါးတဲ့ရေကို ချိုစေတယ်။ ထွက် ၁၅း ၂၅။
အစားအစာနဲ့ အဝတ်အထည်တွေကို ဆုတောင်းယူနိုင်တယ်။ ရှံဆုံက ဖိလိတ္တိလူ ၁၀၀၀ ကို သတ်ချိန်မှာ ရေဆာလို့ သေမတတ်ဖြစ်တယ်။ ဘုရားက ရေကို စီးလာစေတယ်။ တရားသူကြီး ၁၅း ၁၅- ၁၉။
ဧလိယကို ကျီးအတွေလွှတ်ပြီး အစာကျွေးတယ်။ ၃ရာ ၁၇း ၃- ၆။ ကျီးအတွေက တနေ့ ၂ ကြိမ် မုန့်နဲ့အသား ယူလာပေးတယ်။ အဲဒီနောက် ဇရတ်ပမြို့မှာ မုဆိုးမရဲ့ လက်တဆုပ်စာ မုန့်နဲ့ဆီကို ကောင်းကြီးပေးပြီး ကြွယ်ဝစေတယ်။ ၃ရာ ၁၇း ၉- ၁၆။ လူတွေရဲ့ စားဝတ်နေရေးကို ဘုရားက စိတ်ဝင်စားတယ်။ ပေးသနားတယ်။ စိတ်ဓါတ်ကျနေတဲ့ ဧလိယကို ကောင်းကင်တမန်အားဖြင့် မုန့်နဲ့ရေ ပေးတယ်။ ၃ရာ ၁၉း ၅- ရ။
သခင်ယေရှုကိုယ်တိုင်လည်း နေ့စဉ်လိုအပ်မှုတွေအတွက် နမိတ်လက္ခဏာတွေ ပြတယ်။ ပထမဆုံး နမိတ်လက္ခဏာက ဂါလိလဲပြည် ကာနမြို့မင်္ဂလာဆောင်ပွဲမှာ ရေမှ စပျစ်ရည် ဖြစ်စေတယ်။ ယောဟန် ၂း ၁- ၁၀။ ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကို အမှုတော်အတွက် ခေါ်ချိန်မှာ ရေနက်ရာအရပ်သို့ ရွေ့ဦးလော့။ ပိုက်ချခိုင်းတဲ့အခါ ငါးအများကြီး ဖမ်းမိတယ်။ ပိုက်ကွန်စုတ်ပြတ်မတတ် ဖြစ်ရတယ်။ လုကာ ၅း ၄- ၈။ ဒါက အစားအစာအတွက် ဖြစ်တယ်။ လူ ၅၀၀၀ ကို မုန့် ၅ လုံး၊ ငါး ၂ ကောင်နဲ့ ကျွေးခဲ့တယ်။ လူ ၄၀၀၀ ကိုလည်း ကျွေးခဲ့တယ်။ ဒါတွေက အစားအသောက်နဲ့ ပါတ်သက်တဲ့ နိမိတ်လက္ခဏာတွေ ဖြစ်တယ်။ ရှင်ပြန်ထမြောက်ပြီးတဲ့အခါ ဂါလိလဲပြည်ကို သွားတယ်။ တပည့်တော်တွေ တညလုံး ငါးဖမ်းပေမယ့် မရဘူး။ ငါးရစေချိန်မှာ ငါးကြီး ၁၅၃ ကောင်ရကြတယ်။ ယောဟန် ၂၁း ၁၁။
အဲဒီအချိန်မှာ သခင်ယေရှုက မီးဖိုပြီး သူတို့ကို အိုင်နဘေးမှာ နံနက်စာ ပြင်ပေးတယ်။ ယော ၂၁း ၅- ၁၂။ သခင်ဘုရားက အစားအစာကို စိတ်ဝင်စားပြီး၊ ဆာလောင်သူတွေကို ကျွေးမွေးတယ်။
ဖိလိပ္ပိမြို့သားတွေက အစားအစာ ပို့တဲ့အခါ ရှင်ပေါလု ဝမ်းသာတယ်။ ဧပဖြောဒိတ်လက်မှ ရလို့ အားလုံး ပြည့်စုံနေတယ်လို့ ဆိုတယ်။ မွှေးကြိုင်သောအနံ့နဲ့ ဘုရားသခင် နှစ်သက်တဲ့ယဇ် လို့ဆိုတယ်။ ဘုရားသခင်က သင်တို့ လိုသမျှကို ဖြည့်စွမ်းပေးမယ်လို့ ဆိုတယ်။ ဖိိလိပ္ပိ ၄း ၁၈- ၁၉။ ဒီအစားအစာတွေဟာ ကောင်းကင်က ပေးသလို ရှင်ပေါလု ခံစားရတယ်။ ဒီအကျိုးကို သူတို့ ပြန်ခံစားရဦးမယ်လို့ ဂတိပေးတယ်။
ကိုယ်ခန္ဓာနဲ့ ပါတ်သက်တဲ့ အရာတွေ မရနိုင်ဘူးလို့ ထင်နေသူတွေ ရှိတယ်။ တချို့က လောကီ ကောင်းကြီးဆိုတာ အစ္စရေးတွေအတွက်ပါ။ ခရစ်ယာန်က ကောင်းကင်အရာပဲ ရမယ်လို့ ဆိုတယ်။ ဒါက မယုံကြည်လို့ အကြောင်းပြတာပါ။ လူကောင်းတချို့လည်း ဒီလို ပြောတတ်တယ်။ ဒီစကား မမှန်ဘူး။ ဓမ္မသစ်ခေတ်မှာလည်း ဓမ္မဟောင်းခေတ်လိုပဲ ယုံကြည်သူတွေကို ဘုရားက ကျွေးမွေးချင်တယ်။ ဘုရားသခင်က မပြောင်းလဲဘူး။ ယာကုပ် ၁း ၁၇ မှာ “ကောင်းမြတ်စုံလင်သော ဆုကျေးဇူး ရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်မှ သက်ရောက်ရ၏။ ထိုအဘသည် ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။” ဘုရားက စိတ်မပြောင်းလဲဘူး။ ခရစ်ယာန်တွေကို မ,စချင်သေးတယ်။ သားသမီးတွေကို ဂရုစိုက်နေဆဲပဲ။ ပြောင်းလဲမသွားဘူး။
ဝိညာဉ်ရေးကောင်းကြီးတွေကို ဘုရားပေးတာ မှန်ပါတယ်။ ဒါပေမယ့် နေ့စဉ်လိုအပ်နေတဲ့ လောကီအရာတွေကိုလည်း ဘုရားပေးချင်တယ်။
ဂျော့ချ်မူးလယ် George Muller ရဲ့ ဘဝအကြောင်းကို ဖတ်ကြည့်ရင်  အင်္ဂလန်နိုင်ငံ၊ ဘရစ်စ်တိုမြို့မှာ မိဘမဲ့ဂေဟာတွေ ဆောက်တယ်။ ကလေး ၂၀၀၀ ကျော်တယ်။ အဆောက်အဦဆောက်ဖို့၊ နေ့စဉ် စားဖို့၊ အမှုတော်ဆောင်လစာ စတာတွေအတွက် လိုငွေကို အလှူမခံဘဲ၊ ဘယ်သူ့ကိုမှ မတောင်းဘဲ ဆုတောင်းပြီး ဖြေရှင်းတယ်။ အမှုတော်ဆောင် ရာချီပြီး ပံ့ပိုးနိုင်တယ်။ ကျမ်းစာအုပ် ထောင်ချီပြီး ဝေနိုင်တယ်။ ဝေစာ သန်းနဲ့ချီပြီး ထုတ်ဝေတယ်။ မိဘမဲ့ဂေဟာတွေ ဆောက်တယ်။ သူ့အသက်တာမှာ ဆုတောင်းပြီး ဒေါ်လာ ခုနှစ်သန်း ရခဲ့တယ်။ ဘယ်သူ့ကိုမှ အလှူမခံ၊ အကူအညီ မတောင်းခဲ့ဘူး။ (George Muller of Bristol ဆိုတဲ့ A. T. Pierson ရေးတဲ့ စာအုပ်)
ဆုတောင်းရင် အစားအစာ၊ အဝတ်အထည်နဲ့ လိုအပ်သမျှ ဘုရားပေးတယ်ဆိုတာ ဂျော့ချ်မူးလယ်က သက်သေပြခဲ့ပြီ။
လောကီအရာတောင်းတာဟာ ဝိညာဉ်သဘောမရှိတာလို့ မယူဆပါနဲ့။ နေ့စဉ်စားဖို့ ဆုတောင်း အဖြေရသူဟာ သူတပါး ကယ်တင်ခြင်းရဖို့လည်း ပိုဆုတောင်းချင်လာတယ်။
ဘုရားသခင်က သားတော်ကိုပင် ပေးခဲ့တယ်။ လောကီလိုအပ်ချက်တွေကိုလည်း ပေးချင်တယ်။ ရောမ ၈း ၃၂ မှာ “သားတောရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဖို့အလို့ငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။”

၂။ အစားအစာအတွက် ဆုတောင်းခြင်း အဖြေများ

ဒါက သီအိုရီမဟုတ်ဘူး။ လက်တွေ့ဖြစ်တယ်။ ဒါဝိဒ်က “ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရား နားထောင်၍” ဆာလံ ၃၄း ၆။ “ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူတို့၌ ကောင်းသောအရာ တစုံတခုမျှ မလိုရာ။” ဆာလံ ၃၄း ၁၀။ နေ့စဉ်လိုသမျှကို ဆုတောင်းလို့ အဖြေရကြတာတွေ အများကြီးရှိတယ်။ ဘုန်းတော်ထင်ရှားတယ်။ ယုံကြည်သူတွေ ခွန်အားရကြတယ်။ ၁၉၁၆ ခု၊ ဇန်နဝါရီမှာ ကျွန်တော့အသက် ၂၀။ Texas ပြည်နယ်အနောက်ပိုင်းက နွားမွေးတဲ့ Dundee မြို့မှာ ယာခင်းကြီး ရှိတယ်။ ကျောင်းနေဖို့ ဘုရားနိုးဆော်တယ်။ ဒါပေမယ့် ကျောင်းစရိတ် မရှိဘူး။ အဖေ့မှာလည်း မရှိဘူး။ ကျွန်တော့မှာတော့ မြင်းတကောင်နဲ့ မြင်းကုန်းနှီးအပြင် ၉ ဒေါ်လာနဲ့ ၃၅ ဆင့်ပဲ ရှိတယ်။ ဘဏ်မှာ ငွေချေးဖို့ ကြိုးစားတယ်။ သူငယ်ချင်းတွေကို အကူအညီတောင်းတယ်။ မြင်းရောင်းဖို့ ကြိုးစားတယ်။ ဒါပေမယ့် စီးပွါးပျက်တဲ့ ကာလဆိုတော့ မြင်းလည်း ရောင်းမရ။ ပိုက်ဆံလည်း ချေးမရဘူး။ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဆီးနှင်းတွေကျပြီး အရမ်းအေးတယ်။ ဒီအချိန်မှာ ဆုတောင်းဖို့ တောင်ကုန်းလေးကို တက်သွားလိုက်တယ်။ မျက်နှာအပ်ပြီး ဆုတောင်းတယ်။ “တတ်နိုင်သမျှ လုပ်ပြီးပြီ ကိုယ်တော်။ ဧဝံဂေလိတရားလည်း ဟောချင်တယ်။ ဓမ္မသီချင်း အဆိုတော်လည်း ဖြစ်ချင်တယ်။ ဒါမှမဟုတ် ကိုယ်တော်အလိုရှိရာ တခုခု လုပ်ပါမယ်။ ဆယ်ဖို့တဖို့လည်း အမြဲပေးမယ်လို့ ဂတိပေးလိုက်တယ်။ ပေးချင်တဲ့စိတ်ကလည်း ဘုရားထံကလာတာပဲ ဖြစ်မယ်။ ကျောင်းစရိတ်ကို မ,စပါ။ အလိုတော်အတိုင်း ဖြစ်ပါစေ” လို့ ဆုတောင်းလိုက်တယ်။
အဲဒီအချိန်က Dr. R. A. Torrey ရဲ့ How to pray ဆုတောင်းနည်း ဆိုတဲ့စာအုပ်ကို ဖတ်ဖူးတယ်။ ဒီစာအုပ်ကို ခရစ်ယာန်တိုင်း ဖတ်သင့်တယ်။ အမေသေတော့ သူ့လက်ဆွဲအိပ်ကလေး ပို့လိုက်ဖို့ အဖေ့ကို မှာသွားတယ်။ အဲဒီနောက် Texas ပြည်နယ်က Decatur ကောလိပ်ကို သွားတက်တယ်။
ဆုတောင်းတယ်။ ၂၅ မိုင်လောက် ရောက်တဲ့အခါ Texas ပြည်နယ်၊ Archer မြို့က Power State ဘဏ်ကို ရောက်တယ်။ ဘဏ်ငွေကိုင်ကို “ကျောင်းတက်ချင်လို့ မြင်းပေါင်ချင်တယ်” လို့ ပြောလိုက်တယ်။ သူက မြင်းကို မကြည့်ဘဲ “ဘယ်လောက်လိုချင်လဲ” ဆိုပြီး ချက်လက်မှတ်ကို ဆွဲယူတယ်။ တော်တော်အံသြစရာပါ။ တခါမှ မကြုံဖူးဘူး။ “ကျောင်းစရိတ် ပထမအရစ် ဒေါ်လာ ၆၀ လိုတယ်။” ဆိုတော့ …. “ဘယ်လောက်ကြာရင် ပြန်ဆပ်မလဲ” တဲ့။ “၆ လ” လို့ သီးနှံရိတ်မယ့်အချိန်ကိုမှန်းပြီး ပြောလိုက်တယ်။ သူက ၆ လ အချိန်ပေးပြီး၊ ဒေါ်လာ ၆၀ ထုတ်ပေးတယ်။ ဘဏ်ကိုလာတဲ့ တခြားတယောက်က “Mr. Power ခင်ဗျားပြောတော့ ကြပ်တည်းတဲ့ အချိန်မို့ ၃ လထက်ပိုပြီး ဘယ်သူ့ကိုမှ မချေးနိုင်ဘူး .. ဆို။” လို့ ပြောလာတယ်။
“ဒါပေမယ့် ဒီကောင်လေးက ငါ့မိတ်ဆွေရဲ့ သားကွ” လို့ ဘဏ်အရာရှိက ဖြေတယ်။ သူကို ကူညီဖူးတာက စာအုပ်ထဲမှာ ဖတ်ဖူးတဲ့ ကိုင်းကူး ကိုင်းဆက်နည်းလေး ပြောပြဖူးတာပါ။
ကောလိပ်ရောက်တော့ ကျောင်းအုပ်ဆရာကြီးက အလုပ်မရှိဘူး လို့ ပြောပေမယ့် ဘုရားက အလုပ်တခု ပေးတယ်။ နွားနို့ညှစ်ရတယ်။ စားပွဲထိုးလုပ်ရတယ်။ ဒါပေမယ့် ကျောင်းလစာပေးရမယ့်အချိန် ရောက်ပြန်တော့ အသည်းအသန် ဆုတောင်းရတယ်။ မကြာခင်မှာ Dr. J. L. Ward က ခေါ်တယ်။ သူက သိပ်သဘောကောင်းတယ်။ ကောင်းကြီးပါပဲ။ “John ကျောင်းနောက်ကျတဲ့ ကျောင်းသားတွေကို သချင်္ာသင်ပေးနိုင်မလား။ အက္ခရာနဲ့ ဂျော်မက်တြီမှာ ညံ့နေတယ်။” လို့ ပြောတယ်။ စာသင်ရတယ်။
ဒါပေမယ့် အကျီ င်္၊ ဘောင်းဘီတွေက ပေါက်ပြဲနေတယ်။ ညမှာ ဘောင်းဘီအပေါက် ဖာရတယ်။ ပါးလွန်းတော့ မခိုင်တော့ဘူး။ လမ်းလျှောက်ရင် အဖါရာကွယ်ဖို့ ဦးထုပ်နဲ့ ကာရတယ်။
တညတော့ အခန်းဖေါ် Riley Whatley ကို ပြောတယ်။ “အကျင်္ ီမရှိရင်တော့ ကျောင်းထွက်ရတော့မယ်။ အကျင်္ီတွေက ဖါရာတွေနဲ့ချည်းပဲ။” Riley က ဆုတောင်းဖို့ အကြံပေးတယ်။ အခန်းဖေါ် ၃ ယောက် ဆုတောင်းကြတယ်။ ဘုရားက စိတ်ချမှုပေးတယ်။ အဲဒီညက သောကြာညပါ။ တနင်္ဂနွေနေ့ခင်းမှာ ဟိုအဝေး Texas ပြည်နယ် Gainesville မှာနေတဲ့ ဦးလေးက ဖုန်းခေါ်တယ်။ သူက စေတနာကောင်းတယ်။ သဘောကောင်းတယ်။ “John အဝတ်အစားဝယ်ဖို့ ငွေဘယ်လောက်လိုလဲ” လို့ မေးလာတယ်။ “ကျွန်တော့မှာ အဝတ်အစားဝယ်ဖို့ ငွေလိုတာ ဦးလေး ဘယ်လိုသိသလဲ” လို့ မေးလိုက်တယ်။ “ဟာ ….  ကျောင်းသားတွေမှာ အကျင်္ ီအဝတ်အစား အမြဲလိုတာပဲ” လို့ ပြောလာတယ်။ ၁၅ ဒေါ်လာ လိုတယ်လို့ ပြောတဲ့အခါ ချက်လက်မှတ်မှာ ဒေါ်လာ ၂၀ ပေးတယ်။ အကျင်္ီအပြာရောင်တထည်၊ ဦးထုပ်တလုံး၊ ဖိနပ်တရံကို ဒေါ်လာ ၂၀ နဲ့ ဝယ်လိုက်တယ်။ နောက်ပိုင်းမှာ အဲဒီငွေတွေအားလုံး ပြန်ဆပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဆုတောင်းရင် ရတယ် ဆိုတာက စိတ်ပျော်စရာ ဖြစ်လာတယ်။ ကောလိပ်၊ တက္ကသိုလ်နဲ့ ကျမ်းစာကျောင်း ၂ နှစ် တက်ချိန်မှာပါ ပိုက်ဆံမရှိလို့ ကျောင်းမတက်ရတာမျိုး မရှိတော့ဘူး။ ကျောင်းတက်ဖို့ ေထောက်ပံ့တဲ့သူ ရှိနေတဲ့ဘဝမျိုးပါ။
ဘုရားသခင်က မပြောင်းလဲဘူး။ ဆုတောင်းသံကို နားထောင်ပေးနေတယ်။ ၁၉၄၁၊ ဇန်နဝါရီလ Nebraska ပြည်နယ် Grand Island မှာ ရေဒီယိုအစီအစဉ်တခုမှာ ဟောပြောရင်း အခုန အဖြစ်အပျက်လေးကို ပြောပြဖြစ်တယ်။ Kansas State ကောလိပ်မှာတက်နေတဲ့ ကျောင်းသားတယောက်က စိတ်ညစ်နေတယ်။ အဲဒီရေဒီယိုကို နားထောင်နေတယ်။ သူ့ကျောင်းက  မကောင်းတာ၊ အကျင့်ပျက်နေတာ၊ အယူလွဲနေတာတွေကို စိတ်ညစ်နေတယ်။ Wheaton ကောလိပ်ကို တက်ချင်နေတယ်။ ပိုက်ဆံကမရှိဘူး။ ဘုရားအဖြေပေးတာ ကြားရတော့ သူလည်း ဆုတောင်းတယ်။ အခန်းဖေါ် ဝင်လာချိန်မှာ သူ့အဝတ်အစားတွေ သိမ်းနေပြီ။ ပိုက်ဆံမရှိပေမယ့် ဘုရား မ,စမယ်လို့ သူယုံတယ်။ ကျောင်းစရိတ်နဲ့ အခန်းခကို ဘုရား ဖြည့်စွမ်းမယ်လို့ ဆိုတယ်။ ဒါနဲ့ Wheaton ကောလိပ်ကို သွားတယ်။ ရောက်ပြီး ၂ နာရီအကြာမှာ အလုပ်တခုရတယ်။ ကျောင်းစရိတ် ပေးနိုင်လာတယ်။ ဒီအကြောင်း ကျွန်တော့ကို ပြန်ပြောပြပြီး အခု ကျွန်တော့ရုံးမှာ အလုပ်လုပ်နေတယ်။
၁၉၂၆ မှာ သင်းအုပ်ဘဝ အနားယူပြီး အချိန်ပြည့် ဧဝံဂေလိ အမှုဆောင်လိုက်တယ်။ ပိုဆက်ကပ်ဖို့ လိုလာတယ်။ “ကိုယ်တော့်အလုပ်ကို ကျွန်တော်တာဝန်ယူမယ်။ ကျွန်တော့မိသားစုကို ကိုယ်တော်တာဝန်ယူပေးပါ” လို့ ဆုတောင်းလိုက်တယ်။ အသက်အာမခံ ဒေါ်လာ တသောင်းကို သုံးလိုက်တယ်။ လူကို အားမကိုးဘဲ၊ ဘုရားကိုပဲ အားကိုးဖို့ ဇနီးသည်နဲ့ သဘောတူထားကြတယ်။ ပုံမှန်လစာမရှိဘဲ အလုပ်လုပ်ဖို့ ဆုံးဖြတ်ကြတယ်။ အဲဒီ ၁၅ နှစ်လုံး ကျွန်တော့မိသားစုကို ဘုရား မ,စတယ်။ သမီး ၆ ယောက်၊ အားလုံး ၈ ယောက်ရှိတယ်။ လိုလေသေး မရှိခဲ့ဘူး။ အမှုတော်ဆောင်တွေကို ထောက်ပံ့နိုင်တယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလမှာ စာပေထုတ်ဖို့ ဒေါ်လာ ၃၆၀၀ ပေးနိုင်တယ်။ ပုံနှိပ်စရိတ် တလ ဒေါ်လာ ၁၀၀၀ ပေးရတယ်။ ရေဒီယိုအလုပ်လည်း ရှိတော့ နေ့တိုင်း ပိုက်ဆံကုန်တယ်။ ပြေလည်ပါတယ်။ ဒါတွေအားလုံးဟာ ဆုတောင်းလို့ ရတာဖြစ်တယ်။
၁၉၃၁- ၃၂ မှာ ၆ လတာ ကာလအတွင်း နေ့စဉ် ရေဒီယိုလွှင့်ရတယ်။ တနေ့ ၂၅ ဒေါ်လာကုန်တယ်။ မိသားစုစရိတ်ရှိတယ်။ စာပေထုတ်ရတယ်။ ဒါတွေကို ဆုတောင်းပြီး ဖြေရှင်းရတယ်။ ထောက်မမယ့် အသင်းတော် မရှိဘူး။ အလှုငွေမခံဘူး။ ရေဒီယိုကနေလည်း အလှုငွေထည့်ဖို့ မတောင်းခံဘူး။ ဒီရေဒီယိုဟာ စေတနာရှင်တွေနဲ့ လုပ်ဆောင်တယ်လို့ပဲ ပြောပါတယ်။ ဒါကြောင့် နေ့တိုင်း ဆုတောင်းပြီး ဖြေရှင်းရတယ်။ တနေ့တော့ ဝန်ထမ်းစရိတ် ဒေါ်လာ ၃၀ လိုတယ်လို့ ဆုတောင်းတယ်။ မနက်ပိုင်း စာတွေဝင်လာတော့ အလှုငွေ ၁၃.၅ ဒေါ်လာပါတယ်။ နေ့ခင်းစာတွေမှာတော့ အလှုငွေ မပါဘူး။ မွန်းလွဲပိုင်းစာတွေမှာလည်း အလှုငွေမပါဘူး။ ဒါပေမယ့် အဲဒီနေ့က ဒေါ်လာ ၃၀ လိုတယ်။ အဲဒီအချိန်မှာ အမျိုးသမီးတယောက် ရောက်လာတယ်။ ရေဒီယိုကြောင့် ခွန်အားရတယ်လို့ ပြောတယ်။ တဒေါ်လာ ပေးတယ်။ ဆရာ တရားဟောတာ စိတ်လှုပ်ရှားတယ်။ ဘယ်တော့မှ မမေ့ဘူးတဲ့။ ပြောရင်း မျက်ရည်ကျလာတယ်။ တဒေါ်လာ ပြန်ပေးပါ ဆိုပြီး၊ ၅ ဒေါ်လာပေးတယ်။ ကျွန်မအိမ်နီးချင်း ကက်သလစ် တယောက်လည်း ဆရာ့တရားကြောင့် ခွန်အားရတယ်၊ အခုတော့ ကယ်တင်ခြင်းရပြီနဲ့တူတယ်။ ဆရာ့ရေဒီယိုကြောင့် လူတွေ အကျိုးရှိတယ် ဆိုပြီး၊ ၅ ဒေါ်လာ ပြန်တောင်းကာ ၁၀ ဒေါ်လာပေးတယ်။ နောက်တော့ သူ့အမျိုးသားလည်း ရေဒီယိုကြောင့် ခွန်အားရတဲ့အကြောင်း သူ့အမျိုးသားကလည်း အခုအလှုငွေပေးတာကို ဝမ်းသာမယ်ထင်တယ်လို့ ပြောတယ်။ မျက်ရည်တွေဝဲလာပြီး၊ ၅ ဒေါ်လာရော၊ ၁ ဒေါ်လာရော၊ အကြွေတွေပါ ပေးသွားတယ်။ သူပြန်ပြီးနောက် ကျမ်းစာသင်ခန်းစာ ဆက်ရေးနေတယ်။ စိတ်ထဲမှာတော့ ၁၃.၅ ဒေါ်လာရယ်၊ ၁၀ ဒေါ်လာ၊ ၅ ဒေါ်လာ၊ ၁ ဒေါ်လာနဲ့ ဆင့် ၅၀ ကို ပေါင်းကြည့်တော့ ဒေါ်လာ ၃၀ အတိဖြစ်နေတယ်။ အရမ်းပျော်သွားတယ်။ လိုတာကလည်း ဒေါ်လာ ၃၀ ပဲ ဖြစ်တယ်။ ဒါကြောင့် ဆုတောင်းရင် ဘုရားက ပေးတယ်လို့ အတွေ့အကြံုအရ သိနေတယ်။
၁၉၃၂၊ ဇူလိုင်လ၊ လက်ထဲမှာ ၁၀ ဒေါ်လာအပြည့်တောင်မရှိဘဲ၊ Dallas ကို သွားတယ်။ လေဟာပြင်တရားဟောပွဲ ကျင်းပပြီး၊ အသင်းတော်သစ် စဖို့ဖြစ်တယ်။ ကူညီမယ့်သူ မရှိ။ အသိမိတ်ဆွေ မရှိ။ ထိုင်ခုံနဲ့ လျှပ်စစ်မီးအတွက် ငွေမရှိ။ မြေကွက်လပ်တခုကို ပထမအပတ်အတွက် ၅ ဒေါ်လာနဲ့ ငှါးလိုက်တယ်။ ဝိုင်းကူဖို့ နိုးဆော်လိုက်တယ်။ ထိုင်ခုံတွေ ရောက်လာတယ်။ အလုပ်စနိုင်သွားတယ်။ ဘုရားကျောင်း အကြီးကြီး ဆောက်ဖြစ်သွားပြီး၊ အသင်းသား ၁၄၀၀ ကျော်အထိ တိုးလာတယ်။ ရ နှစ်ခွဲအတွင်း သခင်ယေရှုကို ယုံကြည်သူ ထောင်ချီ ရှိခဲ့တယ်။ စိုးရိမ်ခဲ့ပေမယ့် ဆုတောင်းတဲ့အခါ ဘုရားက ပေးပါတယ်။ ကားတစီးရဖို့ ဆုတောင်းတာ မမြော်လင့်ဘဲ ၃ ရက်အတွင်း ရတယ်။ စီးပွါးရေးကြပ်တည်းတဲ့ကာလဖြစ်ပေမယ့် ဒေါ်လာ ၁၀၀၀ တန် ချက်လက်မှတ် ရောက်လာတယ်။ မမြင်ဖူး၊ မတွေ့ဖူး၊ စကားတခွန်းမှ မပြောဖူးတဲ့ လူတယောက် ပေးတာဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က ဘုရားကို လုံးလုံးအားကိုးမယ်လို့ ဆုံးဖြတ်တဲ့အချိန်ကစပြီး၊ လိုသမျှ ဆုတောင်းပြီး လောကီ အသုံးအဆောင်တွေ အံ့သြဖွယ် ရတယ်။ အခုသတင်းပတ်မှာလည်း ပုံနှိပ်ခ ဒေါ်လာ ၅၀၀ လိုနေတယ်။ C. T. Studd ရဲ့ စာအုပ်ကို ဖတ်နေတုန်း၊ လိုတဲ့ငွေ ဘယ်လောက်လဲလို့ မသိခင်မှာဘဲ ဘဏ်မှာရှိတဲ့ငွေနဲ့ ပေးချေဖို့ ဆုံးဖြတ်လိုက်တယ်။ လက်ထဲမှာ စာအုပ်ဖိုးတွေ ရှိတယ်။ ဒါပေမယ့် မလောက်ဘူး။  အဲဒီချိန်မှာ မစ္စစပီပြည်နယ် အသင်းတော်တပါးက ၂၅ ဒေါ်လာတန် ချက်လက်မှတ်နဲ့ စာတစောင် ပို့လိုက်တယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က သူတို့အသင်းတော်မှာ တရားဟောတုန်း ပေးခဲ့တဲ့အလှုငွေထက် ပိုပေးသင့်တယ်ထင်လို့ ထပ်ပေးတာ ဖြစ်တယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ အချိန် timing က ပိုကောင်းပါတယ်။ ဒါနဲ့ ပေးစရာ ဒေါ်လာ ၅၀၀ ကို ပေးနိုင်သွားတယ်။ ကိုယ်လိုသမျှ ငွေကြေးမှအစ ဘုရားပေးတယ်ဆိုတဲ့ သက်သေတခုပါ။ ကိုယ်လိုသမျှ အစားအစာ၊ ငွေကြေးမှအစ ဘုရားက ပေးနေကျပါပဲ။ ဒါကြောင့် ဆုတောင်းရင် အစားအစာ၊ အဝတ်အထည်၊ အလုပ်အကိုင်၊ အကြွေးပေးစရာ ငွေကြေးက အစ ဘုရားပေးတယ်ဆိုတာ ယုံကြည်ပါ။ “သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။” မာကု ၁၁း ၂၄။  အဓိပ္ပါယ်ကတော့ ပိုက်ဆံရမယ်လို့ ပြောတာပါ။ “ငါ၏နာမကို အမှီပြု၍ တစုံတခုသောဆုကို တောင်းလျှင်၊ တောင်းသည့်အတိုင်း ငါပြုမည်။” ယောဟန် ၁၄း ၁၄။ ဒါကလည်း လောကမှာနေစဉ် ကိုယ်လိုတာ ဘာဘဲဖြစ်ဖြစ် ဘုရားသခင်ပေးနိုင်တယ် ဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ရိုးသားစွာ ဆုတောင်းတတ်ဖို့ ဘုရားသခင် သွန်သင်ပေးနိုင်တယ်။ “အသက်မွေးလောက်စောအစာကို ယနေ့ ပေးသနားတော်မူပါ” လို့ ဆုတောင်းတတ်ဖို့ လိုပါတယ်။

Sunday, June 19, 2016

PRAYER by Dr. John R. Rice- Chapter 04

အခန်း ၄

အဖြေက ရရှိခြင်း

 - THE ANSWER TO PRAYER IS RECEIVING

“ဆုတောင်းသမျှတို့ကို ဘုရားသခင့် ထံတော်မှ ရကြ၏။” - ၁ ယော ၃း ၂၂
“သားသည် မုန့်ကို တောင်းလျှင် မိမိသားအား ကျောက်ကို ပေးမည့်သူ၊ ငါးကို တောင်းလျှင် မြွေကို ပေးမည့်သူ တစုံတယောက်မျှ သင်တို့တွင် ရှိသလော။”-  မဿဲ ရး ၉၊ ၁၀

ဆုတောင်းခြင်းက တောင်းတာ ဆိုရင်၊ အဖြေက ရတာ ဖြစ်ပါတယ်။
ဆရာတွေက သူတို့ တောင်းလို့ မရရင်၊ ယုံကြည်ခြင်း အားနည်းတာကို ဆင်ခြေပေးတတ်တယ်။ “ဘုရားက အဖြေ ပေးပုံ ၃ မျိုး ရှိတယ်။ “Yes,” or “No,” or “Wait awhile.” ခဏစောင့်” လို့ ပြောတယ်” လို့ ဆိုကြတယ်။

ဒါက ခရစ်ယာန်ဆိုတာ ဘုရားအလိုတော် ဝန်ခံရမယ်၊ ဘုရားပေးသမျှနဲ့ ကြေနပ် ရောင့်ရဲ ရမယ် ဆိုတဲ့ သဘောပါ။ ဒါပေမယ့် ဆုတောင်းခြင်းကို ကျမ်းစာက ဒီလို မသွန်သင်ပါဘူး။ ဒါက ဆုတောင်းခြင်းဟာ နက်နဲတယ်၊ ဘုရားအလိုတော် မသိနိုင်ဘူး။များျား ဆုတောင်းဖို့ မလိုဘူး။ အလိုတော် အတိုင်းပေါ့။ ကိုယ့်လိုအင်တွေ မရောနဲ့။ ဘာ ဆုတောင်းစရာ လိုသလဲ? လို့ ပြောသလို ဖြစ်နေတယ်။ ဆုတောင်းတဲ့ အလုပ်ကို မရေမရာ၊ မသေမချာ အလုပ်လို့ ထင်စေရင် ကျမ်းစာနဲ့ လွဲနေပါပြီ။

စဉ်းစာဉာဏ်ရှိသူတိုင်းဟာ ကိုယ့်ဘဝမှာ အစီအစဉ်မကျတာတွေကို ဘယ်လို ရောက်ရဲနိုင်ပါ့မလဲ?  ကားမောင်းပြီး ဆီဆိုင်ကို သွားတယ် ဆိုပါစို့။ “၁၀ ဂါလံ ပေးပါ။” လို့ ပြောလိုက်မယ်။ အတိအကျ ထည့်ပေးတာပဲ လိုချင်တာပေါ့။ ဆိုင်ဝန်ထမ်းက “No, sorry! ခင်ဗျားမှာ ဆီမလိုပါဘူး။ (သို့) တချို့ဆရာတွေ ပြောသလို - “ခဏစောင့်နော်။ ထိုက်တန်လား၊ မတန်လား ကြည့်ရဦးမယ်” လို့ ပြောမယ်ဆိုပါစို့။   (သို့) ဆီမဟုတ်ဘဲ၊ ဆပ်ပြာမြှုပ်တွေ၊ အရက်တွေ၊ ရွံ့တွေ လာထည့်မယ် ဆိုပါစို့။ “Yes,” or “No,” or “Wait awhile” စောင့်ပါဥိး ဆိုတာ တကယ် အဓိပ္ပါယ် မရှိတာပါ။

ယောကျင်္ားလေးက မိန်းကလေးကို နှစ်သက်တယ်။ မိန်းကလေးလည်း စိတ်ဝင်စားတယ်လို့ ထင်လို့ လက်ထက်ခွင့် တောင်းတယ်။ မိန်းကလေးက No တဲ့။ ကောင်လေးက အဖြေရတယ် ဆိုပြီး ပျော်နေမလား? ဒိလိုပဲ ဘုရားထံမှ ဘာမှ မရဘဲ ဘယ်လို ပျော်နိုင်မလဲ။

I.  အဖြေဟာ ရတာပဲလို့ ကျမ်းစာက ဆိုတယ်။

ကိုယ်တောင်းတာကို ရတာဟာ ဆုတောင်းခြင်းရဲ့ အဖြေပဲ။

“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏”
ယောဟန် ၁၆း ၂၄ မှာ - “တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။”
ယာကုပ် ၄း ၂ မှာ - “မရကြ။ အကြောင်းမူကား ဆုမတောင်းဘဲ နေကြ၏။”

ဆုတောင်းခြင်းက တောင်းတာပဲ ဆိုရင်၊ အဖြေက ရတာပါပဲ။
Dr. Charles A. Blanchard က သူရဲ့ Getting Things From God ဆိုတဲ့ စာအုပ်ရဲ့ “What Is an Answer to Prayer?” ဆိုတဲ့ အခန်းမှာ -
“ကိုယ်လိုတိုင်း ဘုရားက ပေးမှာ မဟုတ်ဘူး လို့ ပြောတတ်ကြတယ်။ ပေးတဲ့ပုံက Yes လို့ ပြောတာရှိသလို၊ No လို့ ပြောတာလည်း ရှိတယ်။ No ဆိုတာလည်း Yes လို အဖြေ ပေးတာပါပဲ လို့ ဆိုတတ်တယ်။ ဒီလို သွန်သင်တာ မကောင်းပါဘူး။”

ဒါကို Dr. Blanchard က ဥပမာ ပေးတယ်။ အမေက ကလေးရဲ့ အသက်အတွက် ဆုတောင်းနေတယ်။ ဆုတောင်းသံ ဘုရား လက်မခံဘူး။ ကလေး သေသွားတယ်။ လုပ်ငန်းရှင် တယောက် ခက်ခဲနေလို့ ဆုတောင်းတယ်။ ဘုရားအလိုတော် မရှိလို့ စီးပွါးပျက်သွားတယ်။ စုံစမ်းသွေးဆောင်ခြင်းခံနေရတဲ့ လူတယောက် ဆုတောင်းတယ်။ တောင်းပုံမမှန်လို့ အရှက်ကြုံရပြီး မိသားစု ပြိုကွဲ သွားတယ်။ အသင်းတော်ရှေ့မှာ အရှက်ကွဲတယ်။ အသိုင်းအဝိုင်းကြားမှာ ကိုယ်ကျင့် ပျက်ရတယ်။ ဒီလိုလူတွေအတွက် ဆရာတွေက ဖြေတတ်ပါတယ်။ ဘုရားက ဆုတောင်းတာကို မငြင်းပယ်ပါဘူး။ အဖြေလည်း ပေးပါတယ်။ No လို့ ပေးခဲ့တာပါ လို့ ပြောတတ်ကြတယ်။ Dr. Blanchard ကတော့ ….
“ဒီလို သွန်သင်တာကို ကျွန်တော်တော့ မယုံဘူး။ ကြေကွဲနေတဲ့ မိခင်ကို နှစ်သိမ့်မှု မပေးနိုင်ဘူး။
“အကူအညီလည်း မဖြစ်ဘူး။ ယုံကြည်ခြင်းနဲ့ပင် ဝေးစေနိုင်ပါတယ်။”
Dr. Blanchard က ….
ကိုယ်တောင်းတာ ရမှ အဖြေဖြစ်မှာပေါ့။ နေမကောင်းလို့ ဆုတောင်းတယ်။ ကျန်းမာသွားတယ်။ ငွေကြေးအတွက် ဆုတောင်းတယ်။ ပြေလည်သွားတယ်။ မကောင်းမှုကို ရှေင်ချင်လို့ ဆုတောင်းတယ်။ အောင်မြင်သွားတယ်။ လိုတာတောင်းလို့ ရတာ အဖြေပါပဲ။ No ဆိုတာ အဖြေမှ မဟုတ်ဘဲ။ ဘုရားအဖြေက Yes ပါ။”
Dr. Blanchard က ….
“အဖြေဆိုတာ ရတာပဲ ဖြစ်ရပါမယ်။ Yes or No ဖြစ်မယ်။ တခြား တခုခု ရမယ်ဆိုတာဟာ တောင့်တနေတဲ့ စိတ်နှလုံးကို အလေးမထားသလို ဖြစ်နေပါတယ်။”
Dr. Blanchard ပြောတာ မှန်တယ်။ အဖြေက Yes ပဲ ဖြစ်ရမယ်။ ကောင်းကောင်းမွန်မွန် တောင်းတဲ့သူဟာ Yes လို့ အဖြေရသင့်ပါတယ်။ မရရင် ဘာကြောင့် မရသလဲ ဆန်းစစ်သင့်ပါတယ်။ ကျမ်းစာနဲ့ ချိန်ထိုး၊ ဝိညာဉ်တော် လမ်းပြမှု ခံယူပြီး အဖြေရှာရမယ်။

II.  Yes ဆိုတဲ့အဖြေရဖို့  အလိုတော်နဲ့အညီ ဘယ်လို ဆုတောင်းမလဲ။

အများစုက ဆုတောင်းရင် ဘာမှ မရတတ်ကြဘူး။ ရဖို့လည်း မမြော်လင့်ကြဘူး။ မရေမရာ တောင်းကြတယ်။ တိတိကျကျ မတောင်းဘူး။ ရဖို့ တောင်းကြတာလည်း မဟုတ်ပါဘူး။

ဒါကြောင့်လည်း အလိုတော်ရှိရင်လို့ တောင်းနေကြတာပေါ့။ အလိုတော်ရှိရင် နိုးထစေပါ၊ ခရစ်တော်က ချစ်လို့ အသေခံပေးခဲ့တဲ့ အပြစ်သားတွေလည်း အလိုတော်ရှိရင် ကယ်တင်ပါ၊ ဘုရားက ပေးချင်ပါလျက်နဲ့ အလိုတော်ရှိရင် ပေးပါလို့ တောင်းတတ်ကြတယ်။ ဒါပေမယ့် ဒါက ဘုရားအလိုတော် ဝန်ခံနေတာ မဟုတ်ဘူး။ မယုံကြည်တာကို ပြနေတာ။ အဖြေရမယ်မှန်း မသိဘဲ ဆုတောင်းရင်း အမှောင်မှာ လဲကျနေတာပါ။

ဆရာတယောက်က အပျိုကညာမှ ဖွါးမြင်ခြင်းကို if ဖြစ်ခဲ့ရင်လို့ ပြောရင်၊ ဘုရားဂတိ IF တည်ခဲ့ရင်လို့ ပြောရင်၊ နှုတ်ကပတ်တော်ကို မရေရာ မသေချာ IF လို့ ဟောခဲ့ရင်၊ ဘုရားသခင် နှစ်သက်ပါ့မလား။ ဘုရား ဘယ်ကြိုက်မလဲ။ ဘုန်းတော် ထင်ရှားဖို့လည်း မဖြစ်နိုင်တော့ဘူး။ တိတိကျကျ တောင်းရမယ်။ မုန့်တောင်းရင် မုန့်ကို မြော်လင့်ပါ။  ကျောက်ကို မပေးဘူး။ ငါးကို တောင်းရင် ငါးကို မြောင်လင့်ပါ။ မြွေ မပေးဘူး။ ဥကိုတောင်းရင် ဥကိုပဲ မြော်လင့်ရမယ်။ ကင်းမြီးကောက် မပေးဘူး။ ဆုတောင်းတာဟာ အဖေနဲ့ သား တောင်းလို့ ရသလိုပါပဲ။
ဒီလိုတောင်းတဲ့အခါ လိုအပ်ချက်လေးတွေ ရှိပါတယ်။

1.            အလိုတော် အပြည့်အဝ ဝန်ခံရမယ်။ 

ပုန်ကန်တတ်သူဟာ ပျော်စရာ၊ အောင်မြင်တဲ့ ဆုတောင်းတဲ့ အသက်တာ မရနိုင်ဘူး။ ဆာလံ ၃၇း ၄ မှာ ….
“ထာဝရဘုရား၌ မွေ့လျော်ခြင်း ရှိလော့။သို့ပြုလျင် စိတ်နှလုံး အလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။”

ပဌနာတော်မှာ “နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ ….. အလိုတော်သည် မြေကြီးပေါ်၌ ပြည့်စုံသကဲ့သို့” လို့ စပြီး သင်ပေးပါတယ်။ ဘုရားသခင်ကို ဝန်ခံရမယ်။ ကိုယ်ကိုကိုယ် မပိုင်ဘူး။ ကာရာနီမှာ အသွေးနဲ့ ရွေးဝယ်ထား ခံရသူတွေ ဖြစ်တယ်။ “ဘယ်လို ဆုတောင်းရမလဲ။ သွန်သင်တော်မူပါ။ အလိုတော်ရှိရာကို နားလည်စေပါ။” လို့ နှိမ့်ချမှသာ အောင်မြင်ပါလိမ့်မယ်။ တိတိကျကျ တောင်းပြီး၊ နေတိုင်း တောင်းတာတွေ ရဖို့ လိုပါတယ်။ တပည့်တော်တွေက “ဆုတောင်းစေခြင်းငှါ …. နည်းပေးတော်မူပါ။” လို့ တောင်းပန်ကြတယ်။ (လုကာ ၁၁း ၁) အလိုတော်နဲ့ညီရင် ဘုရားက ပေးချင်ပါတယ်။

ယာကုပ် ၄း ၂ “သင်တို့သည် …. မရကြ။ အကြောင်းမူကား ဆုမတောင်းဘဲ နေကြ၏။” ဆုတောင်းဖို့ ဘုရားက စောင့်နေတာပါ။ “ဆုတောင်းလျှင်လည်း ကာမဂုဏ် ခံစားစရာဘို့ ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့် မရကြ။” ဆိုးညစ်တဲ့ စိတ်နှလုံးက မနှိမ့်ချဘဲ တောင်းမယ်။ တပ်မက်မှုတွေကလည်း ဆုတောင်းကို လွဲသွားစေတယ်။

ယောကျင်္ား ကယ်တင်ခြင်းရဖို့ မိန်းမက ဆုတောင်းတယ်။ ဒါပေမယ့် သူ့စိတ်ထား motives က လွဲနေတယ်။ သူကယ်တင်ခြင်းရရင်တော့ ငါ ပို အဆင်ပြေမယ်။ ဘုရာားကျောင်းလည်း သူက လိုက်ပို့မယ်။ ပိုလည်း ကြင်နာမယ် လို့ မိန်းမက ထင်တယ်။ သူ ဆုတောင်းတယ်။ ဒါပေမယ့် ဘုရားက သူ့ဆုတောင်းကို အဖြေပေးလို့ မရဘူး။ ယောကျင်္ား ကယ်တင်ခြင်းမရခင် မိန်းမရဲ့ စိတ်ထား မှန်ဖို့ လိုနေပါတယ်။ ဒါကြောင့် အများစုရဲ့ ဆုတောင်းတွေကို အဖြေပေးလို့ မရဘူး။ လူမိုက် အားပေး မဖြစ်ဖို့ လိုနေတယ်။ စိတ်နှလုံး ဆက်ကပ်ဖို့ အရေးကြီးပါတယ်။

George C. Stebbins ရဲ့ ဓမ္မသီချင်းစာသားလေးတွေနဲ့ ဆုတောင်းဖို့ လိုပါတယ်။
အလိုတော်ရှိရာ၊ ပြုတော်မူပါ။
ကိုယ်တော်ရှင် အိုးထိန်း၊ ကျွန်ုပ် အိုးမြေ။
ကိုယ်တော်ရှင်မြတ်အား စောင့်နေစဉ်ခါ
သဘောတော်ရှိတိုင်း ပုံသွင်း လုပ်ပေ။

အလိုတော်ရှိရာ၊ ပြုတော်မူပါ။
ယနေ့ စုံစမ်း၍ စစ်တော်မူပါ။
ရှေ့တော်မှာ နှိမ့်ချ ဒူးထောက်စဉ်ခါ
မိုးပွင့်ထက်ဖြူအောင် ဆေးတော်မူပါ။

အလိုတော်ရှိရာ၊ ပြုတော်မူပါ။
ကိုယ်တော်ရှင်မြတ်သာ အုပ်စိုးမူပါ။
ဝိညာဉ်တော်မြတ်နှင့် ပြည့်စေပြီးခါ
ခရစ်တော်ဘုရား စိတ်တွင် ကိန်းပါ။

2.    အလိုတော်သိဖို့ရာ ကျမ်းစာ နားလည်ရမယ်။ ကျမ်းစာသိမှ အလိုတော်နဲ့ ညီမညီ သိနိုင်မယ်။ သခင်ယေရှုက ….

“သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌ တည်လျင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ ရကြလိမ့်မည်။” ယော ၁၅း ရ။

ဆုတောင်းခြင်းဟာ ခရစ်တော်၌ တည်နေဖို့ လိုတယ်။ နှုတ်ကပတ်တော်၌ တည်ရမယ်။ ဆာလံ ၁း ၁- ၃ နဲ့ ယောရှု ၁း ရ-၉ မှာ အရာရာမှာ ကောင်းစားဖို့ရာ နှုတ်ကပတ်တော်ကို နေ့ညမပြတ် ဆင်ခြင်ဖို့ လိုတယ်လို့ ဆိုတယ်။ ဖတ်ရုံသာ မဟုတ်ဘူး။ အထဲမှာ တည်ရမယ်။ မြတ်နိုးရမယ်။ ဆင်ခြင်ရမယ်။ နှုတ်ကပတ်တော်က အသက်တာနဲ့ အတွေးတွေကို ဆေးရောင်းချယ် စေရမယ်။ အဲဒီအခါမှာ ဆုတောင်းလို့ရပြီ။

ဥပမာ၊ ၁ ယော ၁း ၉ ကို ကြည့်ပါ။ “ကိုယ်အပြစ်တို့ကို ဖေါ်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ်ရှိသမျှကို လွှတ်၍၊ ဒုစရိုက် ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏။” ကိုယ်တောင်းပန်ရင် ဘုရားက ချက်ချင်း ခွင့်လွှတ်ရုံမက အပစ်တွေကို ဆေးကြောပေးတယ်။ နှုတ်ကပတ်တော်မှာ ဂတိပေးထားပါတယ်။ ပဌနာတော်မှာလည်း နေ့စဉ်အစာအတွက် တောင်းခွင့် ပေးထားပါတယ်။ ဒါကို သိရင် တောင်းရုံပါပဲ။ အလိုတော်ရှိရင် လို့ ဆုတောင်းတာက လွဲနေတာပါ။ အလိုတော်က ရှိပြီးသားပါ။

တဖက်မှာလည်း ခရစ်ယာန်ဆိုတာ နှုတ်ကပတ်တော်အပေါ်မှာ တည်ကြည်ရမယ်။ ဝိညာဉ်ရေး စိတ်မဝင်စားဘဲ လောကီစည်းစိမ်ပဲ ခံစားချင်လို့ မရပါဘူး။ “နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။” - မဿဲ ၆း ၃၃။ လောကအရာထက် ဝိညာဉ်ရေး ကောင်းကြီးတွေက ပိုအရေးကြီးတယ် ဆိုတာတော့ သိရမှာပေါ့။

နှုတ်ကပတ်တော် မသိရင် ဘုရားအလိုတော်အတိုင်း ဆုတောင်းဖို့ မဖြစ်နိုင်ပါဘူး။ ကျမ်းစာက ကောင်းတာ၊ မှန်တာ၊ သန့်ရှင်းတာကို ပြတယ်။ နေ့ညမပြတ် ဆင်ခြင်ရမယ်။ ကျမ်းစာမှာ အခြေမခံတဲ့ ဆုတောင်းဟာ ဘုရားနှစ်သက်ဖို့ မလွယ်ဘူး။

3.            အလိုတော်အတိုင်း ဆုတောင်းဖို့ ဝိညာဉ်တော် လမ်းပြမှု လိုတယ်။  

ဝိညာဉ်တော် လမ်းမပြရင် ဇာတိစိတ်က ကျမ်းစာဖတ်ပေမယ့် နားမလည်ဘူး။ ဘုရားအလိုတော် မသိဘူး။ ဘုရားအလိုတော်က သိစရာတွေ အများကြီးရှိတယ်။ ကျမ်းစာသားတွေလောက်နဲ့ မသိနိုင်ဘူး။ နောက်တပတ် ဘာတရားဟောရမလဲ? ဘယ်သူ့ကို ကယ်တင်ခြင်းအကြောင်း ပြောရမလဲ? ကားသစ်အတွက် ဆုတောင်းမလား၊ အဟောင်းပဲ ဆက်စီးမလား? သားသမီးတွေကို ဂီတသင်တန်း တက်ခိုင်းရမလား? အလှူငွေကို နိုင်ငံရပ်ခြားကို ပေးပို့ရမလား၊ ကိုယ့်အသင်းတော်ကိုပဲ ပေးရမလား? ဒီနေ့မနက် ဝတ်ပြုခြင်းမှာ ဘယ်ကျမ်းပိုဒ် ဖတ်ရမလဲ? ဒီလုပ်ငန်းသစ်ကို စလုပ်ရင် ကောင်းမလား? မေးခွန်းတွေ ထောင်ချီပြီး ရှိတာပေါ့။ ဒီအခါမှာ ဝိညာဉ်တော်က ဆုတောင်းရာမှာ ကူညီနိုင်တယ်။


“ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟု မသိကြ။ သို့ရာတွင် ငါတို့ ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။ စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီ စောင့်မတော်မူ၏။” - ရောမ ၈း ၂၆- ၂၇။

ဘာတောင်းရမှန်း မသိတော့ ဝိညာဉ်တော်က ဆုတောင်းပေးတယ်။ အသံမထွက်ဘူး။ ညည်းတွားခြင်းသာ ဖြစ်တယ်။ ဝိညာဉ်တော် ဆုတောင်းပေးရင် ရဖို့ သေချာပြီ။ ကောင်းကင်က စတဲ့ ဆုတောင်းသံဟာ ငြင်းဖို့ ခက်တယ်လို့ ဆိုပါတယ်။

ဝိညာဉ်တော်ကို ဥပဇ္စျာယ်ဆရာ Comforter လို့ ခေါ်တယ်။ ယော ၁၄း ၁၆၊ ၂၆။ ယော ၁၅း ၂၆။ ယော ၁၆း ရ) ဒါက ဂရိစကား parakletos လက်တွဲဖေါ် ( one called alongside ) လို့ ဆိုလိုတယ်။ အတူအမြဲ ရှိတယ်။ ယော ၁၄း ၁၇ မှာ “ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူ dwell with တည်နေ၍၊ သင်တို့၌ shall be in you ရှိတော်မူသောကြောင့် သင်တို့ သိရကြ၏။” ထမြောင်ခြင်း မတိုင်မှီ ဝိညာဉ်တော်က တမန်တော်တွေနဲ့ dwell with အတူနေတယ်။ ဒါပေမယ့် ဘုန်းထင်ရှားပြီးနောက် ယုံကြည်သူရဲ့ be within us အထဲမှာ နေမယ်။ သခင်ယေရှု ထမြောက်ပြီးနောက် “သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူကြလော့။” လို့ မှုတ်သွင်းလိုက်တယ်။ (ယော ၂၀း ၂၂) အဲဒီအချိန်ကစပြီး ယုံကြည်သူတိုင်းရဲ့ အထဲမှာ ဝိညာဉ်တော် ရှိနေတယ်။ ရောမ ၈း ၉ က “သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ ရှိကြသည် မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကို မရသောသူမည်သည်ကား ခရစ်တော်နှင့် မဆိုင်။”  ၁ ကော ၆း ၁၉- ၂၀ မှာ “အဘယ်သို့နည်း။ သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော၊ သင်တို့ အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကို၎င်း မသိကြသလော။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။”

သန့်ရှင်းသော ဝိညာဉ်တော်ဟာ ခရစ်တော်ရဲ့ ဝိညာဉ်ဖြစ်တယ်။ ရောမ ၈း ၉။ ကားတိုင် မတိုင်ခင်မှာ ကြေကွဲနေတဲ့ တပည့်တော်တွေကို “ငါသည် သင်တို့ကို မိဘမဲ့ ဖြစ်စေခြင်းငှါ စွန့်ပစ်မည် မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။” - ယော ၁၄း ၁၈။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကြွလာမယ်လို့ ရှင်းပြတယ်။ ယော ၁၄း ၂၆ မှာ .. “ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္စျာယ်ဆရာတည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူ၏။”

ဒါကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က ခရစ်တော်ရဲ့ အလိုတော်ကို နားလည်စေပြီး၊ ခရစ်တော်စကားကို မှတ်မိစေတယ်။ ဆက်ကပ်သူဟာ နှုတ်ကပတ်တော် ဆင်ခြင်ချင်လာမယ်။ အလိုတော် သိလာမယ်။ ဝိညာဉ်တော်က လမ်းပြလာမယ်။ ဘုရားနှစ်သက်တဲ့ ဆုတောင်းခြင်း ဖြစ်လာမယ်။ ဘုန်းထင်ရှားဖို့၊ ကောင်းစားဖို့၊ ပျော်ရွှင်ရဖို့ တောင်းစေချင်တာကို စိတ်နှလုံးထဲ သွန်းလောင်းပေးလိမ့်မယ်။ ဒါဆို ရပြီပေါ့။

ဝိညာဉ်တော်ဟာ ခရစ်တော်ရဲ့ ကိုယ်စားဖြစ်တဲ့အတွက် ဝိညာဉ်တော်လမ်းပြတဲ့အတိုင်း ဆုတောင်းသူသာ ခရစ်တော် နာမ၌ လို့ ရိုးသားစွာ ဆုတောင်းနိုင်ပါတယ်။
သခင်ယေရှု နာမ၌ လို့ ရိုးသားစွာ ဆုတောင်းသူဟာ အဖြေရမှာပါ။ ယော ၁၄း ၁၃- ၁၄ မှာ “သင်တို့သည် ငါ၏နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကား ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်း ရှိမည့်အကြောင်းတည်း။ သင်တို့သည် ငါ၏နာမကို အမှီပြု၍ တစုံတခုသော  ANY THING ဆုကို တောင်းလျင်၊ တောင်းသည့်အတိုင်း ငါပြုမည်။” ရှင်းပါတယ်။ သခင်ယေရှု နာမ၌ တောင်းရင် ကောင်းကင်အောက်က ဘယ်အရာမဆို ရနိုင်ပါတယ်။
ဒါပေမယ့် လူတွေက ဘုရားကို ညာတယ်။ သခင်ယေရှု နာမ၌ ဆိုပေမယ့် သခင်ယေရှုရဲ့ အလိုအတိုင်း ဖြစ်ရဲ့လား? မဖြစ်တတ်ပါဘူး။ ဒါကြောင့်လည်း မရကြတာပါ။
ဒါကြောင့် အလိုတော်ရှာ၊ ကျမ်းစာဖတ်၊ ဝိညာဉ်တော် လမ်းပြမှု ခံယူဆိုတဲ့ အချက် ၃ ချက်နဲ့ ညီရင် ဆုတောင်းဖို့ အသင့်ဖြစ်ပါပြီ။

လိုချင်တဲ့အချက်တွေကို သေသေချာချာ စီစစ်လိုက်တော့။ ကိုယ်အလိုလား? ကျမ်းစာနဲ့အညီလား? ဝိညာဉ်တော် လမ်းပြရဲ့လား? ဒီအချက်တွေ ညီရင် ကောင်းကင်ကို မြော်ရင်း ယာကုပ်လို ရဲရဲ ဆုတောင်းလိုက်ပါ။ “ကိုယ်တော်သည် အကျွနု်ပ်ကို ကောင်းကြီးမပေးလျှင်၊ မသွားရဟု ဆို၏။” - ကမ္ဘာ ၃၂း ၂၆

ဒါကို သိပြီဆိုရင် လက်တွေ့ ဆုတောင်းလိုက်ပါ။ တိိကျကျ တောင်းပါ။ နေ့စဉ်နေ့တိုင်း တောင်းသွားပါ။ မြော်လင့်ချက်နဲ့ ရသည်အထိ တောင်းပါ။
“သင်တို့သည် ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။” - ယော ၁၆း ၂၄။
ကိုယ်တောင်းတာ မရရင် ဘာမှားနေလဲ ရှာပါ။ တောင်းတာမရဘဲ အဖြေရပြီလို့ မပြောပါနဲ့။ ဆုတောင်းချက်ကို ပြောင်းရင် ပြောင်း၊ (သို့) အဆီးအတားဖြစ်နေတဲ့ အပြစ်ကို ပြုပြင်ပါ။ အမှားအယွင်း မရှိရင်တော့ ရအောင် တောင်းဖို့ပဲ လိုပါတော့တယ်။

Saturday, May 28, 2016

PRAYER by Dr. John R. Rice- Chapter 03

အခန်း ၃

တကယ် တောင်းပါ။

PRAYER IS ASKING 

By Dr. John R. Rice 

(From “Prayer: Asking and Receiving)
 
JOHN R. RICE
“တောင်းကြလော့။ တောင်းလျှင်ရမည်။” - မဿဲ ရး ရ။
“တောင်းသောသူမည်သည်ကား ရ၏။” - မဿဲ ရး ၈။
(ယော ၁၆း ၂၄။ ယာကုပ် ၄း ၂။ မဿဲ ရး ၁၁။ မဿဲ ၂၁း ၂၂။ လုကာ ၁၁း ၁၃။ ယောဟန် ၁၄း ၁၄။)
အနားမှာ ဇနီး၊ သမီး ၆ ယောက်နဲ့ ကိုယ်ရေးအရာရှိ အမျိုးသမီးတွေ အမြဲရှိနေတော့ မိန်းကလေး သဘာဝကို အံဩလို့ မကုန်ဘူး။ အိမ်ထောင်ကျစမှာ ဇနီးနဲ့ သူ့မိတ်ဆွေ မိန်းကလေးက စျေးဝယ်ထွက်ချင်တယ်တဲ့။ ကိုယ်ကလည်း ပိုက်ဆံပြတ်နေတော့ မသွားချင်ဘူး။ ဘာမှ ဝယ်ဖို့ အစီအစဉ် မရှိဘူး။ shop ရုံ သက်သက်ပဲတဲ့။ အဲဒီမှာ မိန်းကလေးဆိုတာ ဘာမှ မဝယ်ဘဲ၊ နေ့တဝက်လောက် shopping ထွက်နိုင်ပါလားလို့ သိလိုက်ရတယ်။

ဆုတောင်းတယ် ဆိုတာလည်း ဒီလိုပါပဲ။ တချို့ တောင်းတော့ တောင်းတယ်။ ဘာမှ မရဘူး။ ရဖို့လည်း မမြော်လင့်ဘူး။ ရဖို့ တောင်းတာလည်း မဟုတ်ဘူး။ ဆုတောင်းတယ်လို့ ပြောပေမယ့် ဘုရားထံက တခုခု ရဖို့ တောင်းတာ မဟုတ်တော့ တကယ် ဆုတောင်းတာ မဟုတ်ဘူး။

ဖိနပ်ဝယ်ရရင် ကျွန်တော် ပျော်တယ်ဆိုတာ မိန်းမနဲ့ သမီးတွေ သိပ်မသိကြဘူး။ ဖိနိပ်ဆိုင်ကို သွား။ စီးနေကျ ခပ်ရိုးရိုး၊ အနက်ရောင်၊ နံပါတ် ၁၀ ကို ယူ။ ပိုက်ဆံ 3. 60 ဒေါ်လာ ပေးလိုက်။ ဖိန်ပ် အဟောင်းကို စက္ကူနဲ့ ထုပ်ပြီး ပြန်လာ။ ဒါတွေ အားလုံးက ၁၀ မိနစ်ပဲ ကြာတယ်။ ကြိုက်တဲ့ ဖိနပ် သွားရှာ၊ ရရင် အိမ်ပြန်လာ၊ ဒါပဲ။ Shopping မလုပ်ဘူး။ ဝယ်လိုက်တာပဲ။ ဆုတောင်းတယ် ဆိုတာ ဒါမျိုးကို ပြောတာပါ။ ဘုရားထံမှ တခုခု တောင်းယူတာပါ။

မဿဲ ရး ရ- ၈ ကို ပြန်ကြည့်ပါ။
“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောူအားလည်း တခါးကို ဖွင့်၏။”

ဆုတောင်းတယ်ဆိုတာ တောင်းတာပါ။ တနည်းက ရှာတာ တခါးခေါက်တာပါ။ တောင်းတဲ့သူဟာ ရဖို့ မြော်လင့်ရမယ်။ တခါးခေါက်ရင် ဖွင့်ဖို့ မြော်လင့်ရမယ်။ ရှာရင် တွေ့ဖို့ မြော်လင့်ရမယ်။ ဒါက သမ္မာကျမ်းစာက ပြောတဲ့ ဆုတောင်းခြင်းပါပဲ။ တောင်းမယ်၊ ရှာမယ်၊ တခါးခေါက်မယ်။ ဆုတောင်းခြင်းအစစ်က တခုခုကို တောင်းတာပါ။
ယာကုပ် ၄း ၂၊ ၃ မှာ ……
“သင်တို့သည် တပ်မက်၍ မရကြ။ လူ့အသက်ကို သတ်၍၎င်း၊ အလွန်လိုချင်သော လောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်း ပြု၍ မရကြ။ အကြောင်းမူကား ဆုမ တောင်းဘဲ နေကြ၏။ ဆုတောင်းလျှင်လည်း ကာမဂုဏ် ခံစားစရာဘို့ ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့် မရကြ။”

မတောင်းလို့ မရ။ တောင်းတော့လည်း လွဲနေလို့ မရကြဘူး။ ရန်ဖြစ်လို့၊ စစ်တိုက်လို့၊ တပ်မက်လို့၊ စိတ်ပူလို့ ဘုရားထံက ဘာမှ မရဘူး။ တောင်းမှ ရတယ်။ ဆုတောင်းတယ်ဆိုတာ တောင်းတာပါ။

တောင်းတယ်၊ ask နဲ့ ပါတ်သက်လို့ ဓမ္မသစ်ကျမ်းထဲမှာ အဓိက စကား နှစ်လုံး ရှိတယ်။ တခုက eperotao ။ တောင်းတယ်၊ မေးတယ် - to ask, to inquire. နောက်တခုက ဆုတောင်းတာကို သုံးတဲ့စကား aiteo ။ တောင်းတယ်၊ တောင့်တတယ်၊ လိုချင်တယ်၊ တောင်းယူတယ်၊ to ask, to crave, to desire, to call for. လို့ ဆိုလိုတယ်။ ဓမ္မသစ်မှာ ဆုတောင်းခြင်းအတွက် ဒီစကားကို အကြိမ် ၃၀ လောက် သုံးထားတယ်။ ask တောင်းတယ် လို့ ဘာသာပြန်နိုင်တယ်။

Modernists တွေက ဆုတောင်းခြင်းဟာ တကယ်ထူးခြားတယ် ဆိုတာ မယုံကြဘူး။ ဒါကြောင့် ဆုတောင်းလို့ အဖြေရတယ် ဆိုလည်း မယုံကြဘူး။ သမ္မာကျမ်းစာက “ပဌနာစကားကို နားထောင်တော်မူသော ဘုရား” တဲ့။ (ဆလာလံ ၆၅း ၂) “ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည် … ” (ဟေဗြဲ ၁၁း ၆)။ Modernists တွေက ဆုတောင်းတာကို မယုံကြတော့ ဆုတောင်းတယ်ဆိုတာ meditation and communion ဆင်ခြင်တယ်၊ ဘုရားဝတ်ပြုတယ် ဆိုတာလောက်ပဲ ထင်ကြတယ်။ ဆုတောင်းရင် စိတ်ထဲ အနေကောင်းတာ လောက်ပဲ သိတယ်။ ဘာသာရေးမှာ ပျော်မွေ့တယ်ပေါ့။ တကယ်တောင်းတာမျိုးကို သူတို့ မကြိုက်ကြဘူး။

နာမည်ကြီး ဒိဌိတယောက်ဖြစ်တဲ့ Dr. Harry Emerson Fosdick က သူ့ရဲ့ The Meaning of Prayer စာအုပ်မှာ ……
“ကလေးဆန်ဆန် တောင်းတာကို ယုံတဲ့သူကလည်း ရှိသေးတယ်” လို့ ဆိုတယ်။ (စာမျက်နှာ ၂၂) “ခပ်ညံ့ညံ့ ဆုတောင်းပုံတွေက တောင်းနေပေမယ့် ဦးနှောက် မပါဘူး။ ဘုရားသခင်ကို ကလေးလို ပူဆာနေတာပဲ။” “ကလေးဆန်ဆန် တောင်းတာဟာ ဘုရားသခင်ထံမှာ ထင်ယောင်ထင်မှား အသနားခံနေတာ ဖြစ်တယ်။” လို့ ဆိုတယ်။ (စာမျက်နှာ ၂၃) အဲဒီဒိဌိက ခရစ်တော် အပျိုကညာမှ မွေးဖွါးတာ၊ အပြစ်အတွက် ပေးဆပ်တာ၊ ကျမ်းစာ အမြဲ စစ်မှန်တာ ကို မယုံဘူး။ Modernists တွေ ဆုတောင်းတာ လှပါတယ်။ ဒါပေမယ့် ဘုရားသခင်ထံက ဘာမှ မရဘူး။ ဘာအပြောင်းအလဲမှလည်း ဖြစ်မလာဘူး။

ယုံကြည်သူတွေလည်း ဒီထောင်ချောက်ထဲမှာ ကျပြီး၊ ဆုတောင်းတာဟာ ဘုရားဝတ်ပြုတာလောက် လို့ ထင်တတ်တယ်။ ဆုတောင်းပြီးရင် စိတ်ထဲ အားရှိသွားရုံ၊ ဆုမတောင်းပဲ တခုခု မလုပ်တတ်ရုံပဲ လို့ ထင်ကြတယ်။ ကျမ်းစာထဲက ဆုတောင်းခြင်းက ဒီလို မဟုတ်ပါဘူး။

တခါက ရှိကာဂိုမှာ ရှိတဲ့ အိမ်တအိမ်ကို ရောက်ဖူးတယ်။ အဲဒီမှာ လျှပ်စစ်မြင်း ရှိတယ်။ ငယ်ငယ်ကတည်းက မြင်း ဝါသနာပါတာ သိကြတော့ စီးကြည့်ဖို့ ပြောကြတယ်။ မြင်းပေါ်တက်၊ ခလုပ်နှိပ်တော့ အသာအယာ ပြေးတယ်။ ခုန်တယ်။  ပတပ်ရပ်တယ်။ အမြီးဝှေ့တယ်။ ခုန်ပေါက်ပြေးနေတဲ့ တကယ့် မြင်းအတိုင်းပါပဲ။  အတုပေါ့။ ခလုပ်နှိပ်လိုက်တာနဲ့ ရပ်သွားတယ်။ ပြန်ဆင်းတဲ့ နေရာဟာ အရင်တက်ခဲ့တဲ့ နေရာမှာပါပဲ။ ဘယ်မှ မရောက်ခဲ့ဘူး။  Modernists ဆုတောင်းတာလည်း ဒီလိုပါပဲ။ တောင်းဖူးရုံပဲ။ ဘာမှ မရဘူး။

I.  ချီးမွမ်းခြင်း၊ ကြည်ညိုခြင်း၊ ဆင်ခြင်ခြင်း၊ နှိမ့်ချခြင်း၊ ဝန်ခံခြင်း မဟုတ်ပါ။ တောင်းခြင်းသာ ဖြစ်တယ်။

ချီးမွမ်းခြင်းတာ ကောင်းပါပေမယ့် ဆုတောင်းတာဟာ ချီးမွမ်းခြင်း Praise မဟုတ်ဘူး။ “ကျေးဇူး ချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။” (ဆာလံ ၅၀း ၂၃) “အသက်ရှိသောသူ အပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။” (ဆာလံ ၁၅၀း ၆) ဒါဝိဒ်က “အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ငါ၏အထဲမှာ ရှိသမျှတို့ သန့်ရှင်းသော နာမတော်ကို ကောင်းကြီးပေးကြလော့။” (ဆာလံ ၁၀၃း ၁) ချီးမွမ်းတာဟာ ကောင်းပါတယ်။ ကျေးဇူးသိတတ်သူတိုင်းရဲ့ တာဝန်ပါ။ ဒါပေမယ့် ချီးမွမ်းတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာဟာ ချီးမွမ်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

ဆုတောင်းတာဟာ adoration ကြည်ညိုတာ မဟုတ်ဘူး။ ကြည်ညိုတာ ကောင်းပါတယ်။ ကောင်းကင်တမန်တွေ ကြည်ညိုရတဲ့ ဘုရားသခင်ကို ကြည်ညိုသင့်ပါတယ်။ ဒါပေမယ့် ကြည်ညိုတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာဟာ ကြည်ညိုတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

ဆုတောင်းတာဟာ meditation ဆင်ခြင်တာ မဟုတ်ဘူး။ နှုတ်ကပတ်တော်ကို နေ့ညမပြတ် ဆင်ခြင်သင့်ပါတယ်။ (ဆာလံ ၁း ၂) နှုတ်ကပတ်တော်ကို တယောက်တည်း ဖတ်ရှု ဆင်ခြင် အချိန်ယူတာ ကောင်းပါတယ်။ ဒီလို အချိန်ယူသင့်ပါတယ်။ ဒါပေမယ့် ဆင်ခြင်တာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ကျမ်းစာက ဒါကို ဆုတောင်းတာလို့ မခေါ်ဘူး။ ဆုတောင်းတာဟာ ဆင်ခြင်တာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

Humiliation ဘုရားသခင်ရှေ့ နှိမ့်ချတာ ကောင်းပေမယ့် နှိမ့်ချတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ယာကုပ် ၄း ၁၀ မှာ “ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင် သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။” “ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့။” (လုကာ ၁၈း ၁၄) ဒီနှစ်ခုက မတူပါဘူး။ “ငါ့နာမဖြင့် သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချ humble သဖြင့် ငါ့မျက်နှာကို ရှာလျှက်၊ pray ဆုတောင်း ပဌနာပြု၍ ….” (၆ ရာ ရး ၁၄) နှိမ့်ချတာက သပ်သပ်၊ ဆုတောင်းတာက သပ်သပ်ပါ။ နှိမ့်ချတာက ဆုတောင်းဖို့ ပြင်ဆင်တာပါ။ နှိမ့်ချတာက ကောင်းပါတယ်။ ဒါပေမယ့် နှိမ့်ချတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

Confession အပြစ်ဝန်ခံတာဟာလည်း ဆုတောင်းခြင်း မဟုတ်ပါဘူး။ အပြစ်ဝန်ခံတာ ကောင်းပါတယ်။ ကျမ်းစာက အပြစ်ဝန်ချဖို့ အကြိမ်များစွာ ပြောပါတယ်။ ) ဝန်ခံတာက သပ်သပ်၊ ဆုတောင်းတာက သပ်သပ်ပါ။ ဒံယေလက “ထိုသို့ အပြစ်ကို confession ဖေါ်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသော prayed ပဌနာဟူမူကား ….. ” (ဒံယေလ ၉း ၄) ဒီနေရာမှာ အပြစ်ဝန်ချတာနဲ့ ဆုတောင်းတာကို တွဲတွေ့ရတယ်။ ဒါပေမယ့် ဝန်ချတောင်းပန်ပြီးတဲ့နောက် စိတ်ကြေကွဲစွာ တောင်းဆိုတာ တွေ့ရတယ်။ ဝန်ချတောင်းပန်တာ ကောင်းပါတယ်။ ဒါပေမယ့် ဝန်ချတောင်းပန်တာဟာ ကပ်သပ်ပြောရရင် ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။ တခြားအရာတွေက ဆုတောင်းတာ မဟုတ်ပါဘူး။

ဖိလိပ္ပိ ၄း ၆ မှာ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။” ဒီမှာလည်း ဆုတောင်းတာက တပိုင်း၊ ကျေးဇူးတော် ချီးမွမ်းတာက တပိုင်းပါ။ သပ်သပ်စီပါ။ ဒါကို သိရင် ဆုတောင်းခြင်းဟာ ပဌနာပြုခြင်း၊ ဝန်ခံခြင်း၊ ကျေးဇူးချီးမွမ်းခြင်းတွေနဲ့ မတူတာ တွေ့လာပါလိမ့်မယ်။ ဒါကြောင့် ဆုတောင်းတာမှာ အဓိကက တောင်းတာပါပဲ။

II. ကျမ်းစာထဲက ဆုတောင်းခြင်းတွေဟာ တောင်းတာပဲ ဖြစ်တယ်။

ပဌနာတော်ကို ကြည့်ပါ။ စံပြ ဆုတောင်း ဖြစ်တယ်။ သခင်ယေရှုက မဿဲ ၆း ၉- ၁၃ မှာ ပေးထားတယ်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွနု်ပ်တို့ အဘ” ဆိုပြီး တောင်းဆိုတာတွေ ဆက်တိုက်လိုက်လာတယ်။
1.    နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ တခြားသူတွေပါ နာမတော်ကို အချည်းအနှီး မပြောဖို့ တောင်းဆိုတာပါ။
2.    “နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော။” ဒါလည်း တောင်းဆိုတာပါပဲ။
3.    နေ့စဉ်အစာ ပေးသနားပါ။
4.    သူတပါး အပြစ်ကို လွှတ်သလို၊ ကိုယ့်အပြစ်တွေလည်း လွှတ်ပေးပါ။
5.    အပြစ်သွေးဆောင်ရာသို့ မလိုက် မပါစေပါနှင့်။
6.    မကောင်းသော အမှုအရာမှ ကယ်နှုတ်တော်မူပါ။

အဲဒီနောက်မှာမှ “စိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ တည်နေပါစေသော” လို့ ဆုတောင်းချက်ကို အဖြေပေးရမယ့် အကြောင်း ရိုးရိုးလေး ထောက်ပြပါတယ်။
ပဌနာတော်က အသနားခံတာပါ။ နေ့တိုင်း တောင်းဖို့ပါ။

ဥပမာတွေလည်း ပေးပါတယ်။ ဆုတောင်းတာဟာ “အဆွေ၊ မုန့် သုံးလုံး ချေးပါ။” ဆိုတဲ့ တခါးလာခေါက်သူနဲ့ တူတယ်။ “ရန်သူကို လက်စား ချေပေးပါ” လို့ တောင်းပန်တဲ့ မုဆိုးမနဲ့ တူတယ်။ မုန့်၊ ငါး၊ ဥ ကို တောင်းတဲ့ သားကလေးနဲ့ တူတယ်။ သခင်ယေရှု ပြောတဲ့ ဆုတောင်းခြင်းက သိပ်လွယ်တယ်။ တခုခု တောင်းတတ်တဲ့သူတိုင်း ဆုတောင်း လို့ ရတယ်။

ဓမ္မသစ်ကျမ်းက ဥပမာတွေက ရှင်းတယ်။ လိုချင်တာ တောင်းပြီး ရသွားကြတာပဲ ဖြစ်တယ်။
ဗိမာန်တော်မှာ အခွန်ခံက ဆုတောင်းတယ်။ “အပြစ်သား၊ ကျွန်တော်ကို သနားပါ။” ခွင့်လွှတ်ခြင်း၊ ကယ်တင်ခြင်း ခံရပြီး အိမ်ပြန်သွားတယ်။ (လုကာ ၁၈း ၁၄)

ပေတရုက ဂါလိလဲမှာ ရေနစ်ခါနီး အော်တယ်။ “ကယ်တော်မူပါ” (မဿဲ ၁၄း ၃၀)

မျက်စိကန်းတဲ့ ဗာတိမဲက အော်ဟစ်တယ်။ “ဒါဝိဒ်ရဲ့ သားတော်၊ ကျွနု်ပ်ကို သနားပါ။” (မာကု ၁၀း ၄၇) “မျက်စိ မြင်ချင်တယ်” လို့ အသေအချာ တောင်းတယ်။ (မာကု ၁၀း ၅၁) အလင်းရသွားတယ်။
ကားတိုင်ပေါ်က လူဆိုးက ကယ်တင်ဖို့ ဆုတောင်းတယ်။ “အကျွန်ုပ်ကို အောက့်မေ့တော်မူပါ။” (လုကာ ၂၃း ၄၂) အဲဒီနေ့မှာပဲ သူ့ကို ကယ်ပြီး ပရဒိသုဘုံကို ရောက်ရတယ်။

ခါနာနိ အမျိုးသမီးက “ဒါဝိဒ်ရဲ့ သားတော်၊ သနားတော်မူပါ။” လို့ နတ်ဆိုးစွဲနေတဲ့ သူ့သမီးလေးအတွက် ဆုတောင်းတယ်။ (မဿဲ ၁၅း ၂၂) “မစတော်မူပါ” လို့ ထပ်တောင်းပန်တယ်။ (မဿဲ ၁၅း ၂၅) ဆက်တောင်းနေတော့ သူတောင်းတာ ရတယ်။
ကျမ်းစာထဲမှာ အကဲ့ရဲ့ ခံရတဲ့ ဆုတောင်းခြင်းကတော့ ဖါရိရှဲ ဆုတောင်းတာပဲ။ သူက ကျေးဇူးတော်ပဲ ချီးမွမ်းနေတယ်။ ဘာမှ မတောင်းဘူး။ ဒါမျိုးကို ဘုရားသခင် မုန်းတာ ဖြစ်တယ်။

ကိုယ်က အပြစ်သား။ အားနည်းတယ်။ ဘုရားက အားကြီးတယ်။ တန်ခိုးကြီးတယ်။ ကျေးဇူးပြုတယ်။ ဘုရားနဲ့ လူကြားက အကောင်းဆုံး ဆက်သွယ်ရေးက လူက အမြဲတောင်းနေရမယ်။ ဘုရားက အမြဲ ပေးနေဖို့ပဲ။ ဘုရားအတွက် ဘာတွေ လုပ်မယ်လို့ ပြောနေတာဟာ စိတ်ပျက်စရာပါ။ မယုံကြည်ရာကျတယ်။ ဘုရားရဲ့ ကျေးဇူး၊ မေတ္တာကို လူက အသနားခံခြင်းကသာ အကောင်းဆုံး အသင့်လျော်ဆုံး ဆုတောင်းခြင်းပါ။

ဟန်ဆောင်ဆုတောင်းတာဟာ တကယ်တောင်းနေတာ မဟုတ်ဘူး။
လူအများစုကတော့ ဆုတောင်းရာမှာ shopping ထွက်နေသလိုပဲ။ တကယ် မတောင်းကြဘူး။ ဘာမှလည်း မရဘူး။

ဆုတောင်းခြင်းဟာ လျှောက်လည်ဖို့ စီးတဲ့ အလှကား sedan မဟုတ်ဘူး။ အိမ်ကို ကောင်းကြီးတွေ အပြည့်အနှက် သယ်လာမယ့် truck ကား တစီးသာ ဖြစ်တယ်။ အများစုက ဆုသာတောင်းတယ်၊ ဘာမှ မရကြဘူး။ တကယ်တော့ မတောင်းလို့ မရတာပါ။

III. ဟန်ဆောင်သူဟာ ဘာမှ မတောင်းဘူး။

သင်းအုပ်ဆရာတွေက တနင်္ဂနွေ မနက်မှာ “the morning prayer” ဆုတောင်း တတ်ကြတယ်။ ဒါပေမယ့် ဒါက တကယ် ဆုတောင်းတာ မဟုတ်ဘူး။ စကားလုံး အလှတွေ ရွေးတယ်။ ဘုရားတရား ကိုင်းရှိုင်းတယ်။ တရားဟောချက် ဆန်နေတယ်။ ဘုရားကို ပြောတာ မဟုတ်ဘူး။ ပရိတ်သတ်ကို ပြောနေတယ်။ ဘုရားကို ရိုသေအောင်၊ စိတ်နှစ်သိမ့်အောင်၊ တည်ဆောက်မှု ရှိအောင် ပြောနေတာ ဖြစ်တယ်။ တခုခု ရဖို့ မတောင်းဘူး။ အဲဒီတော့ မရဘူး။ ဆုတောင်းတာလည်း မဟုတ်တော့ဘူးပေါ့။
ဆရာရေ- လူရှေ့မှာ ဆုတောင်းတာ အဖြေရရဲ့လား? ပရိတ်သတ်ရှေ့ ဆုတောင်းတာတွေက အဖြေရဖို့ မဟုတ်ဘူးလား? ဘာတခုမှ မတောင်းရင် ဘာမှ ရမှာ မဟုတ်ဘူး။ သာမန် လုပ်နေကြ ဆုတောင်းတခုကို ရွတ်တတ်လို့ ရွတ်နေတဲ့ သဘောပဲ ဖြစ်ပါလိမ့်မယ်။

ဘာတခုမှ မတောင်းဘဲ ဆုတောင်းတယ် ဆိုတာကတော့ ဆုတောင်းခြင်းကို နားမလည်တာပါပဲ။
အတွေ့အကြုံအရ ပြောရရင် ဆရာတွေ ဆုတောင်းတာက ဆုတောင်းတာ မဟုတ်ဘဲ၊ တရားဟောတာ၊ အားပေး နှိုးဆော်တာ ဖြစ်နေတတ်ပါတယ်။ ဘုရားသခင်ကို လိပ်စာတပ်ပြီး၊ ကမ္ဘာပတ်ပါတော့တယ်။ သခင်ယေရှုအတွက် ကျေးဇူးတင်တယ်။ ဧဝံဂေလိတရားနဲ့ သမ္မာကျမ်းစာအတွက် ကျေးဇူးတင်တယ်။ တိုင်းပြည်အတွက် ကျေးဇူးတင်တယ်။ တရားဒေသနာနဲ့ မိဿဟာယအတွက် ကျေးဇူးတင်တယ် …. လို့ ပြောရင်း ဆုတောင်းချက်သာ ဆုံးသွားတယ်။ ဘာတခုမှ မယ်မယ်ရရ တောင်းမသွားဘူး။ တကယ် စိတ်မကောင်းစရာပါ။

လူအများရှေ့မှာ public prayer ဆုတောင်းရင် အများအားဖြင့် ဆုတောင်းတာ သိပ်မပါပါဘူး။ ဘုရားကို ချီးမွမ်း၊ လူကို နှိုးဆော်၊ ဘာခံစားချက်မှ မပါတဲ့ စကားလုံးလှလှတွေ ရွတ်ကြတာပါပဲ။ အများအားဖြင့် အဲဒီလိုပဲ ဖြစ်နေကြပါတယ်။
တယောက်တည်း ဆုတောင်းချိန် private prayer မှာတော့ ဒီလို မဟုတ်တတ်ပါဘူး။ လူရှေ့ ပြောစရာ မလိုတော့ နဲနဲပို ရိုးသားတတ်ပါတယ်။

လူတွေကို ခွန်အားပေးတာ မမှားပါဘူး။ ကောင်းပါတယ်။ ချီးမွမ်းတာလည်း မမှားပါဘူး။ ဒါပေမယ့် ဒါတွေက ဆုတောင်းတာကို နေရာယူ မသွားသင့်ပါဘူး။ ဒါတွေကို ဆုတောင်းတာလို့ မခေါ်သင့်ဘူး။ တောင်းမှပဲ ဆုတောင်းတာ ဖြစ်ပါတယ်။
လိုတာကို တောင်းရမယ်။ တခုခုကို တောင်းရမယ်။ ရဖို့လည်း မြော်လင့်ရမယ်။ ဘုရားသခင်ထံမှာ ကောင်းကြီးမင်္ဂလာတွေ ကြွယ်ဝတယ်။ ပေးချင်တယ်။ တောင်းမလားလို့ စောင့်နေတယ်။

ကျွန်တော့သမီး အကြီး၊ ၃ နှစ်အရွယ်တုန်းက သူ့အားဖြင့် အထန့်တလန့် နားလည်လာရတာ တခု ရှိတယ်။ စားသောက်ခါနီး ဆုတောင်းတော့ သူက ဆုတောင်းတာ ပြီးမယ့်အချိန်ကို စောင့်နေတယ်။ ပြီးတာနဲ့ “အာမင်၊ အာမင်၊ အာမင်” လို့ ဆိုတယ်။ အံအားသင့်သွားတယ်။ ဆုတောင်းတာ ဆုံးခါနီးတာ သူဘယ်လို သိပါလိမ့်?

ပုံသေ ဆုတောင်းချက် ဖြစ်နေလို့ပေါ့။ ပြောနေကျစကားကို ရွတ်နေလို့ပေါ့။ စိတ်မပါတဲ့ စကားတွေ ပြောနေလို့ပေါ့။ ဗိုက်ဆာနေတဲ့ သမီးက ဆုတောင်းချက်ပြီးအောင် စောင့်ရင်း ဘာပြီးရင်၊ ဘာလာမယ်ဆိုတာ သိနေလို့ပေါ့။ ရှက်သွားမိတယ်။ ပြောနေကျစကားကို ရွတ်နေမိတာကိုး။ ဖါရိရှဲနဲ့ ဘာထူးသေးလဲ? ဆုတောင်းစကား လှလှလေးတွေက အသက်မှမပါပဲ။ ဒါဟာ တကယ်ရှက်စရာပါ။
ကမ္ဘာတဝှန်းမှာ ဒီလိုပဲ တောင်းနေကြတယ်။ လူအများစုအတွက်က ဆုတောင်းတာဟာ ဘုရားတရား ဆင်ခြင်တာထက် မပိုဘူး။ ရမယ်လို့လည်း မထင်ကြပါဘူး။

ဆုတောင်းတာဟာ တောင်းတာပါ။ “တောင်းသောသူမည်သည်ကား ရ၏။” ရှင်ယာကုပ်ကတော့ ဒသင်တို့သည် မရကြ။ အကြောင်းမူကား ဆုမတောင်းဘဲနေကြ၏။”

ဆုတောင်းတာကို အခန်းအနားတွေမှာလည်း သုံးမှာပေါ့။ ဒါပေမယ့် ဆုတောင်းခြင်း အစစ်က တောင်းတာပါ။ ဘုရာထံမှာ တခုခု တောင်းတာပါ။ တကယ်လိုချင်လို့ တောင်းလိုက်တာပါ။
ဟေရှာယ ၄၄း ၃ မှာ “ရေငတ်သောသူအပေါ်မှာ ရေကို ငါသွန်းလောင်း၍ …. ” ဆုတောင်းခြင်း အစစ်ဟာ နှလုံးသားရဲ့ ဆာငတ်မှုက လာတယ်။
မာကု ၁၁း ၂၄ မှာ “သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။”

စိတ်အလိုဆန္ဒဟာ ရိုးသားတဲ့ ဆုတောင်းခြင်းအတွက် အခြေခံပါပဲ။ အသံကျယ်ကျယ် ဆုတောင်းလို့ ရပါတယ်။ တိုးတိုး တောင်းလည်း ရတယ်။ ဒါပေမယ့် စိတ်ထဲက ပါရမယ်။ စကားလုံးတွေလည်း မညီမညာ ဖြစ်ချင်ဖြစ်မယ်။ မျက်ရည်ကျချင်ကျ၊ ညည်းတွားချင် ညည်းတွား။ တိတ်ဆိတ်ချင် တိတ်ဆိတ်။ မြော်ကြည့်ချင် မြော်ကြည့်။ ဒါပေမယ့် စစ်မှန်တဲ့ ဆုတောင်းခြင်းဟာ တခုခုကို တောင်းတာပါ။ လိုချင်လို့ တောင်းတာပါ။ အတုအယောင် တောင်းနေတာတွေက တကယ် စိတ်ပျက်စရာပါ။

တချို့သူတွေ ဆုတောင်းတာကတော့ နတ်ဆရာ ရွတ်ဖတ်နေတာနဲ့ တူနေတယ်။ အသံ အနိမ့်အမြင့် အတက်အကျ တွေနဲ့ လှပနေပါလိမ့်မယ်။ ဒါပေမယ့် ဘာတခုမှ မတောင်းဘူး။ အသံပဲ မြည်တယ်။ ဘုရားကို ရိုသေဟန်ပြပေမယ့် တကယ်က စကားလုံးအလှတွေနဲ့ ဆွဲဆောင်နေတာပါ။
အမျိုးသမီးတယောက် စျေးဆိုင်သွားတဲ့အခါ ကဗျာ မရွတ်ဘူး။
အလံ အချက်ပြသူက ရထားမောင်းတဲ့သူကို ပုံဥမာတွေ၊ စကားလုံး အဆန်းတွေနဲ့ အမိန့် မပေးဘူး။
သူတောင်းစား တယောက်က အစားအစာ တောင်းတဲ့အခါ တိမ်တောက်ချိန်အကြောင်း မပြောဘူး။
လိုတာကို ဘုရားကို ပြောဖို့ပါပဲ။ တခုခုတောင်းပြီး ဆုတောင်းခြင်းကို သင်ယူကြပါစို့။

Monday, March 2, 2015

Preachers Pervert Plan of Salvation By Dr. John R. Rice (Burmese) ကယ်တင်ခြင်းတရားကို မှောက်လှန်တဲ့ ဆရာတွေ

DR. JOHN R. RICE



ကယ်တင်ခြင်းတရားကို မှောက်လှန်တဲ့ ဆရာတွေ


“တရားဟောဆရာတွေက ကယ်တင်ခြင်းကို မှောက်လှန်ကြတယ်။”
“ဘုရားသခင်၏ ကျေဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီး အသေခံတော်မူပြီ။” ဂလာ ၂း၂၁ ။

ပယ်တယ် Frustrate ဆိုတဲ့စကားဟာ ဘေးဖယ်ထားတယ်လို့ ဆိုလိုတယ်။ ရှင်ပေါလုက “ငါကတော့ ပညတ်တရားကို စောင့်ထိန်းမှ ကယ်တင်ခြင်းရတယ်လို့ သွန်သင်ပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဘေးဖယ်တာမျိုး မလုပ်ဘူး။” လို့ ဆိုပါတယ်။

ဂလာတိပြည်က ခရစ်ယာန်တွေဟာ ဒီအပြစ်မျိုးကို ကျူးလွန်မိကြတယ်။ ဒီလိုပဲ ခရစ်ယာန်တွေ၊ တရားဟောဆရာတွေဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ပယ်ကြ၊ ကယ်တင်ခြင်းရဖို့ အကျင့် ကျင့်ရမယ် (သို့) ကယ်တင်ခြင်း မဆုံးရှုံးဖို့ အကျင့်ကျင့်ရမယ် (သို့) ကယ်တင်ခြင်းရတာကို သက်သေပြဖို့ အကျင့် ကျင့်ရမယ်လို့ ပြောပြီး ကယ်တင်ခြင်းကို မှောက်လှန်လိုက်ကြတယ်။

တခါက ဆရာတပါး တပတ်တာ သင်တန်းတခုကို ဦးဆောင်ဖို့ အသင်းတော်တပါးကို သွားတယ်။ တော်တော်ကလေး အောင်မြင်မှုရပါတယ်။ ကယ်တင်ခြင်းရတယ်ဆိုတဲ့ သူတွေအထဲမှာ လက်ထောက်သင်းအုပ်၊ သင်းအုပ်ရဲ့ သမီးအကြီး၊ ဘုရားကျောင်းက စန္ဒယားဆရာ၊ သင်းထောက်ဥက္ကဌနဲ့ အမာခံ အသင်းသားတချို့ ပါနေတယ်။ ဒီလူတွေနဲ့ တခြားပရိတ်သတ် တဝက်လောက်ဟာ ဒီကျမ်းစာအတိုင်း ဟောတဲ့ Fundamental အသင်းတော်၊ စိတ်ဝိညာဉ် Soul Winning အသင်းတော်ကို မရောက်ခင်ကလည်း ယုံကြည်ပြီးသားလူတွေပါ။

အရင်က ကယ်တင်ခြင်းရတယ်လို့ ထင်ခဲ့သူတွေကို ကယ်တင်ခြင်းရအောင် ဟောတဲ့ဆရာဟာ ဧဝံဂေလိ ဆရာကောင်းတယောက် ဖြစ်ပါ့မလား။ မဖြစ်နိုင်ဘူး။ သူဟာ ကျမ်းစာနဲ့ညီတဲ့ ဆရာတယောက် မဟုတ်ဘူး။ သူ့အထင်နဲ့သူ ဟုတ်နေတဲ့သူပါ။ အချို့ကလည်း ဒီဆရာဟာ ကယ်တင်ခြင်းရအောင် ဟောသွားတဲ့ အရင်ဆရာထက် ပိုကောင်းတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် အခုရောက်လာတဲ့ဆရာက သူတို့ ကယ်တင်ခြင်းမရဘူးလို့ ထောက်ပြနေပါလား။

Fundamental အသင်းတော်တခုမှာ နှစ်ပေါင်းများစွာ ဧဝံဂေလိတရားဟောနေခဲ့တဲ့ ထင်ရှားတဲ့ သင်းအုပ်တယောက်ကလည်း သူ့အသင်းတော်မှာ ကယ်တင်ခြင်းရသူဟာ အသင်းသားဦးရေရဲ့ ၁၀% မကျော်ဘူးလို့ ခဏခဏ ဟောနေလေရဲ့။ တချို့ဆရာတွေဟာ ကယ်တင်ခြင်းကို သိပ်လွယ်အောင် လုပ်တယ်။ ဒါကြောင့် လူတွေ ကယ်တင်ခြင်း ထပ်ရစေခြင်သေးတယ်လို့ ထင်သူတွေက အဲဒီသင်းအုပ်ကို မကြာခဏ ရည်ညွှန်းလေ့ရှိတယ်။ ဧဝံဂေလိတရားကို အဲဒီလူ ဟောတဲ့အခါ ကယ်တင်ခြင်းကို ရှင်းအောင်ဟောရင် ကယ်တင်ခြင်းရဖို့ တကယ်ယုံကြည်သူတွေ ကယ်တင်ခြင်းရပါတယ်။ ကယ်တင်ခြင်းရဖို့ ခရစ်တော်ကို အားကိုးသူတိုင်းဟာ ကယ်တင်ခြင်းရပါတယ်။

အမျိုးသမီးတယောက်ကလည်း သူ့ခင်ပွန်းက ကယ်တင်ခြင်းရတယ်ဆိုပေမယ့် တကယ်မရဘူး၊ ဘာကြောင့်လဲဆိုတော့ ဆေးလိပ်သောက်တယ်လို့ ကျွန်တော့ဆီ စာရေးတယ်။

သင်းအုပ်တယောက်ကလည်း ကယ်တင်ခြင်းရတဲ့ အရက်သမားတယောက်အကြာင်း ပြောတယ်။ အဲဒီလူမရဘူးတဲ့ ဘာကြောင့်လဲဆိုတော့ အပြစ်ထဲ လဲကျပြီး အရက်ပြန်သောက်နေလို့တဲ့။

အဲဒီလို ဧဝံဂေလိတရားကို မှောက်လှန်နေကြတဲ့ ဆရာတွေက ကယ်တင်ခြင်းမှာ အနည်းနဲ့ အများ အကျင့်ကို ထည့်ပေးချင်ကြတယ်။  “… အကျင့်ကို ထောက်သော် သူတို့၏သဘောကို သိရကြလိမ့်မည်။” ဆိုတဲ့ ကျမ်းချက်ကို ကိုးကားရတာ အလွန်ပျော်ကြတယ်။ ဒါကြောင့် သူတို့က လူတွေ ကယ်တင်ခြင်းရတယ် မရဘူး ပြောနိုင်တယ်လို့ ဆိုကြတယ်။

ဒါဟာ ကျမ်းစာချက်ကို အလွဲယူတာပဲ။ ဒီကျမ်းချက်အရ လူတယောက် ကယ်တင်ခြင်းရ-မရ စစ်ဆေးစီရင်ခွင့် ရှိတယ်လို့ ထင်ကြတယ်။ တကယ်တော့ ဒီကျမ်းချက်က မိစ္ဆာဆရာကို သူ့ရဲ့ဩဝါဒ doctrine  သွန်သင်ချက်အားဖြင့် သိနိုင်တယ်လို့ အဓိကပြောနေခြင်းသာ ဖြစ်ပါတယ်။

၂ကော ၅း၁၇ ကိုလည်း ကိုးကားတတ်ပါတယ်။ “လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။” အသက်တာတခုလုံး အပြင်ပန်းအားဖြင့် ရုတ်တရက် ပြောင်းလဲမသွားသေးရင် ယုံကြည်တယ်လို့ ဝန်ခံတာက မမှန်ကန်ဘူး၊ အားလုံးပြောင်းလဲသူ မဟုတ်သေးဘူး လို့ ဆုံးဖြတ်လိုက်ကြတယ်။

ဒါဟာ နှုတ်ကပတ်တော်ကို မှောက်လှန်တဲ့ အပြစ်ပါပဲ။ အကျင့်အားဖြင့် ကယ်တင်ခြင်းရတယ် (သို့) မဆုံးရှုံးဖို့ ကျင့်ရမယ် (သို့) ရတာကို အကျင့်သက်သေပြရမယ်လို့ သွန်သင်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဘေးဖယ်ကြတာပါပဲ။

ဂလာတိပြည်က ခရစ်ယာန်တွေဟာ ကယ်တင်ခြင်းရနေဖို့ ဝတ်ပြုရာပညတ်တွေ စောင့်ရမယ်။ ဒါမှမဟုတ်ရင် ကယ်တင်ခြင်းမရဘူးလို့ သွန်သင်ရပြီး လမ်းလွဲခေါ်ခံရတယ်။ ဒါကြောင့် “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို .. ပယ်”လိုက်ကြတယ်။ ရှင်ပေါလုက ကယ်တင်ခြင်းရဖို့ အကျင့်အားကိုးသူတွေကို “ကျေးဇူးတရား၌ မတည် ေ့ရွလျော့ကြပြီ။” လို့ ဆိုပါတယ်။ ဒါဟာ ကျမ်းစာရဲ့သွန်သင်ချက်ဖြစ်တဲ့ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ် ဆိုတဲ့ သမ္မာတရားမှ ရွေ့လျော့လာတာ ဖြစ်တယ်။ ကယ်တင်ခြင်းရဖို့ ကျင့်ရမယ်ဆိုတဲ့ ရှေးဟောင်း ဇာတိ မိစ္ဆာအယူကို ယူလိုက်ကြတာပါ။

ဒါကြောင့် ခရစ်ယာန်တွေ လမ်းမှားကို အခေါ်ခံရနိုင်တယ်။ စာတန်က ခရစ်ယာန်တွေ၊ ဆရာတွေ သူ့ရဲ့ အလုပ်လုပ်ဖို့၊ သူ့တရားဟောဖို့ အမြဲကြိုးစားနေတယ်။

Charles Spurgeon က ဇာတိသဘောဟာ Arminian အယူအတိုင်းပဲလို့ ပြောဖူးတယ်။ လူဟာ သာမန်အားဖြင့် ကိုယ်ကိုကိုယ်ကယ်ဖို့ (သို့) ကယ်နေဖို့ ကောင်းကွက်တခုခု၊ အရည်အချင်းတခုခု ရချင် တတ်တယ်။ လူဟာ ငရဲသွားထိုက်တဲ့ အပြစ်သား၊ ကယ်တင်ခြင်းရဖို့ ဒီလောကမှာ သူလုပ်နိုင်တာ ဘာမှမရှိဘူးလို့ ဝန်မခံချင်ကြဘူး။

ဒါကြောင့် လမ်းလွဲတဲ့အဖွဲ့အစည်း၊ ဘာသာတရားအမှားတွေဟာ လူအကျင့် (သို့) ကျင့်ဝတ် (သို့) ကိုယ်ကျင့်တရားတွေအားဖြင့် ကယ်တင်ခြင်းရနိုင်တယ်ဆိုတဲ့ သွန်သင်မှုတွေ ရှိပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော် ဧဝံဂေလိ တပါးတည်းကသာလျှင် ယေရှုခရစ်တော်နဲ့ သွန်းခဲ့တဲ့ အသွေးတော်အပေါ်မှာသာ အားကိုးရမယ်လို့ ကယ်တင်ခြင်းကို သွန်သင်နေပါတယ်။

၁။  တရားဟောဆရာတွေက ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုပယ်ပြီး၊       ကယ်တင်ခြင်းကို မှောက်လှန်နေတာ ဘာကြောင့်လဲ?

ပထမအချက်က - - ပတ်ဝန်းကျင်မှာရှိတဲ့ arminian သွန်သင်ချက် ထင်ဟပ်လာတာပါ။ အချို့ Arminian ဆရာတွေက “လွယ်လွယ်ယုံတဲ့ဝါဒ” “easy believism”  လို့ ခေါ်ပြီး မိုက်မိုက်မဲမဲ တိုက်ခိုက်ကြတော့ လူငယ်ဆရာလေးတွေက “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် …. ကယ်တင်ခြင်း ရောက်လိမ့်မည်”လို့ ဟောရုံနဲ့ မလုံလောက်တော့ဘူးလို့ ထင်လာတယ်။

(သို့) လောကီသားတွေရဲ့ ထင်ဟပ်မှုကြောင့်လည်း ဖြစ်ပါတယ်။ ဆရာတွေက “ခရစ်ယာန်တွေဟာ ကောင်းကောင်းမွန်မွန် အသက်မရှင်နိုင်သေးဘူး။ ဒါကြောင့် သူတို့လောက် အသက်မရှင်နိုင်ရင် ကယ်တင်ခြင်းမရသေးဘူး”လို့ ဆင်ခြေပေးချင်ကြတယ်။ လောကီသားရဲ့ ဆင်ခြေနဲ့ အခြေအနေ standards တွေက မသိမသာ အမွေခံယူနေတာပါ။

လောကီသူတွေ စကတ်တိုတို ဝတ်သလို၊ တရားဟောဆရာ ကတော်တွေလည်း ဝတ်ကြတယ်။ လောကီလူငယ်တွေ ရုပ်ရှင်သွားသလို၊ တရားဟောဆရာ သားသမီးတွေလည်း သွားကြတယ်။

နာမည်ကြီး ဧဝံဂေလိဆရာတယောက်က ကျွန်တော့ “ငရဲအကြောင်း ဝေစာရပြီးတဲ့ နောက်ပိုင်း တရားဟောတိုင်း မရဏာရဲ့ မီးလျံတွေနဲ့ ထာဝရပြစ်ဒဏ်တွေကို ဂရုစိုက်ဟောခဲ့တယ် လို့ ပြောပြဖူးတယ်။

အခုတော့ အဲဒီဧဝံဂေလိဆရာဟာ Fundamental ခရစ်ယာန်တွေနဲ့ မပေါင်းတော့ဘူး။ modernist စာပေတွေကို သုံး၊ modernist တွေနဲ့ မိတ်ဖွဲ့လာတော့ ငရဲဆိုတာ ဘုရားသခင်နဲ့ ခွဲနေရတာလောက်ပဲ ထင်လာတယ်။

အင်္ဂလိကန်ဂိုဏ်းချုပ်ကြီးဆီ သူအလည်သွားတော့ သူ့ရှေ့မှာ ဂိုဏ်းချုပ်ကြီး ထန်းရည်သောက်တာကို လန့်သွားတယ်လို့ ပြောပြဖူးတယ်။ မနေ့က စာစောင်ထဲမှာ အဲဒီ ဧဝံဂေလိဆရာက အရက်သေစာ သောက်စားတာကို ကျမ်းစာက မတားမြစ်ပါဘူးလို့ ဆိုလာတယ်။

တွေ့တယ်နော်။ ခရစ်ယာန်တိုင်းဟာ ကိုယ်အတူ သွားလာတဲ့လူတွေ၊ ကိုယ်ဖတ်တဲ့ သတင်းစာ၊ ကိုယ်အပေါ် အခြားလူတွေရဲ့ ထင်မြင်မှုတွေရဲ့ သက်ရောက်မှုကို ခံနေရတယ်။

ပုံမကျတဲ့ အသက်တာပုံစံမျိုးနဲ့ အသက်မရှင်နိုင်ရင် ကယ်တင်ခြင်းမရဘူးလို့ လောကီသားတွေ ထင်ကြတော့၊ တရားဟောဆရာကလည်း လိုက်ပြီး ထင်လာတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဘေးဖယ်လိုက်တယ်။ ကျေးဇူးတော်ကြောင့်ဆိုတာကို ပယ်လိုက်တယ်။ ဖြောင့်မတ်တဲ့အကျင့်၊ ကုသိုလ် ဆိုတာတွေကို ကယ်တင်ခြင်းရဖို့ (သို့) ရနေဖို့ (သို့) ရကြောင်း သက်သေပြဖို့ ပေါင်းထည့်လာတယ်။

တခါတလေမှာ တရားဟောဆရာကိုယ်တိုင်က ကယ်တင်ခြင်းအစီအစဉ်ကို ကောင်းကောင်း နားမလည်ဘူး။ ကယ်တင်ခြင်းဆိုတာက process တဖြည်းဖြည်း တဆင့်ပြီး တဆင့်လို့ ထင်နေတယ်။ ပထမ - သဘောပေါက်လာ၊ ပြီးတော့ နောင်တရ၊ ပြီးမှ ယုံတဲ့အတိုင်း ပြုမူချိန်ဆိုပြီး ထင်တတ်ကြတယ်။ အမှန်က ယုံကြည်ခြင်းနဲ့ နောင်တဆိုတာ ခရစ်တော်ထံ လာတဲ့သူရဲ့ ဖြစ်ရပ်တခုတည်းရဲ့ မျက်နှာစာ နှစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော့ဆီရေးတဲ့ စာတွေထဲမှာ တရားဟောဆရာက ကယ်တင်ခြင်းရဖို့ နောင်တ လုံလုံလောက်လောက် ရရမယ်လို့ ဟောတဲ့အတွက် စိုးရိမ်နေတယ်။ အပြည့်အဝ သဘောပေါက်ရဲ့လားလို့ စိတ်ပူနေတယ်လို့ ရေးတယ်။ ဒါက ကယ်တင်ခြင်းရဖို့ ငိုရဦးမယ်ဆိုပြီး တဆင့်ပြီး တဆင့် process salvation ကို ဟောကြတာပါပဲ။ ကယ်တင်ခြင်းရဖို့ စဉ်းစားဦးမှ၊ ပြုပြင်ဦးမှ ဆိုပြီး ဘုရားရဲ့ကျေးဇူးကို ပယ်လိုက်ကြတယ်။

၂။  အဓိက ဩဝါဒတွေကို ငြင်းပယ်တဲ့ မိစ္ဆာပရောဖက်ကို သိနိုင်ပေမယ့်  ခရစ်ယာန်တယောက်ကို အသက်တာအားဖြင့် မသိနိုင်ဘူး။

အချို့တရားဟောဆရာတွေက ကယ်တင်ခြင်းကို ကောင်းကောင်း နားမလည်ကြတဲ့အတွက် ဘုရားသခင် ပေါင်းမထည့်တာတွေကို မကြာခဏ ပေါင်းထည့်နေတယ်။ ကယ်တင်ခြင်းအကြောင်း သူတို့ မသိဘူးလို့ ကျွန်တော် မဆိုလိုပါဘူး။ ကယ်တင်ခြင်းမှာ ဘုရားသခင် လုပ်ဆောင် ပေးသမျှကိုတော့ မသိကြဘူး။ သူတို့က မဿဲ ရး၂၀ “အကျင့်ကို ထောက်သော် သူတို့၏သဘောကို သိရကြလိမ့်မည်။”…  ကို ထောက်ပြပြီး အသက်တာကို ကြည့်ရင် ခရစ်ယာန်တယောက်ကို သိနိုင်တယ်လို့ သွန်သင်ကြတယ်။ ဒါပေမယ့် သခင်ယေရှု မိန့်တော်မူတာက “အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကို ခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာ ပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။ ထိုသူတို့၏အကျင့်ကို ထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။”

မိစ္ဆာပရောဖက်ဆိုတာဟာ … ကျမ်းစာတော်ကို ဝိညာဉ်တော် မှုတ်သွင်းရေးတာကို ငြင်းရင်၊ ခရစ်တော်ဟာ ဘုရားဖြစ်ကြောင်းငြင်းရင်၊ အသွေးတော်အားဖြင့် တခါတည်း အပြစ်ဖြေပေးတာကိုငြင်းရင် သိနိုင်တယ်။ ကျမ်းစာကမမှန်ဘူး။ သခင်ယေရှုက ဘုရားသားတော် မဟုတ်ဘူး၊ ကယ်တင်ခြင်းရဖို့ ခရစ်တော်ကို အမှီမပြုဘူးဆိုရင် အဲဒီလူ ကယ်တင်ခြင်းမရဘူး။ ခရစ်ယာန်ယုံကြည်ချက် အဓိကအချက်တွေကို ငြင်းချက် ထုတ်နေသူဟာ ကယ်တင်ခြင်း မရသေးဘူး။ ကျွန်တော် ဒီလိုပြောနိုင်တာ သူ့အကျင့်ဆိုတဲ့ သူ့သွန်သင်ချက်ကြောင့်ပါ။

ဒါပေမယ့် လူ့စိတ်နှလုံးထဲမှာရှိတဲ့ ကယ်တင်ခြင်းရဲ့အသီးအပွင့်၊ အကျင့်ကို ပြောပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ “လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်။”

တခါ ၂ကော ၅: ၁၇ ကို အလွဲအဓိပ္ပါယ် ကောက်တတ်တယ်။ လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြေင်းလဲ၍၊ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ တရားဟောဆရာတွေက ဒီကျမ်းချက်ကို တခြားကျမ်းစာချက်တွေနဲ့ ယှဉ်မကြည့်ဘဲ ကယ်တင်ခြင်းရရင် အားလုံးပြောင်းလဲသွားတယ်လို့ မိုက်မိုက်မဲမဲ ကောက်ချက်ချတတ်တယ်။ အပြစ် မလုပ်တော့ဘူး၊ စုံစမ်းခြင်း မခံရတော့ဘူး။ အားမနည်းတော့ဘူး။ ဘာမှ သင်ကြားခံယူစရာ မလိုတော့ဘူး။ ချက်ချင်းပဲ အားကြီးရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်သွားရောတဲ့။ ဒါဟာ ကျမ်းစာနဲ့ မညီဘူး။

ကယ်တင်ခြင်းရတဲ့သူဟာ “အသစ်သောသတ္တဝါ” a new creation ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လူဟောင်းကို ပြောင်းလဲထားတာ မဟုတ်ဘူးဆိုတာ သတိရပါ။ အဟောင်းသဘာဝနဲ့ အသစ်သဘာဝ နှစ်မျိုးစလုံးရှိအောင် အတွင်းမှာ လုံးဝအသစ်ဖန်ဆင်းထားတဲ့ သတ္တဝါအသစ်သာ ဖြစ်ပါတယ်။ “ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တပါးနှင့်တပါး ဆန့်ကျင်သောသဘော ရှိကြ၏။” ဆိုတဲ့ တိုက်ပွဲတခုကို တိုက်နေရဦးမယ်လေ။

ပြောင်းလဲစလူ ဆိုတာ “ကျေးဇူးတော်၌ကြီးပွါး”ရဦးမယ့်  ခရစ်ယာန် သူငယ်တယောက်ပဲ။ ပြောင်းလဲတဲ့သူမှာ မျက်ဝန်းညိုရှိရင် ညိုနေဦးမှာပဲ။ စိတ်မြန်သူဖြစ်ရင်တော့ သိမ်မွေ့ဖို့၊ သည်းခံတတ်ဖို့ လိုဦးမယ်။ စီးကရက်သောက်တဲ့သူ ဖြစ်ရင်တော့ သောက်နေဦးမှာပဲ။ ဖြတ်ဖို့ လိုဦးမယ်လေ။

၁ယော ၅: ၁၀ မှာ  “ဘုရားသခင်၏ သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကို မပြုတတ်သည်ကို ငါတို့သိကြ၏။ ” ဒါက သတ္တဝါအသစ်ပိုင်းကို ပြောတာပါ။ အမွေးခံလိုက်ရတဲ့ အပိုင်းအတွက် ဖြစ်တယ်။ တရားဟောဆရာတွေက --- ဩဝါဒအပိုင်း မသန့်ရှင်းရင် ကယ်တင်ခြင်းမရဘူးလို့ ကောက်ချက်ချ တတ်တယ်။ စာတစောင်မှာဆိုရင် “အပျိုကညာမှ ဖွားမြင်တဲ့အကြောင်း မယုံရင် - ကယ်တင်ခြင်း ရပါ့မလား” လို့ ဆိုတယ်။

ကောင်းပြီ။ ကျမ်းစာက သွန်သင်တဲ့အတိုင်း သခင်ယေရှုဟာ အပျိုကညာမှ ဖွားမြင်တာကို သင်ပေးခံရတဲ့ မွေးဖွားခြင်းခံရတဲ့ born-again ခရစ်ယာန်တိုင်း ယုံကြည်မှာပဲ။ သိရဲ့သားနဲ့ ငြင်းရင်တော့ ဘုရားသားလမဟုတ်ဘူးပေါ့။ ဒါပေမယ့် အများသောသူတွေဟာ ဒီအကြောင်းအရာကို မသိကြပဲနဲ့ ကယ်တင်ခြင်းရပြီ ဆိုတာလည်း အမှန်ပါပဲ။

ယော ၁ ထဲမှာပါတဲ့ ဖိလပ္ပိဟာ သခင်ယေရှုနဲ့တွေ့ပြီး ကယ်တင်ခြင်းရပါပြီ။ ဒါပေမယ့် အပျိုကညာအကြောင်း မသိသေးဘူး။ ဖိလပ္ပိသည် နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း ပရောဖက်တို့သည် သူတို့ကျမ်း၌၎င်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သား ယေရှုကို ငါတို့သည် တွေ့ကြပြီ”ဟု ဆို၏။ သခင်ယေရှု ဟာ ယောသပ်ရဲ့သား မဟုတ်ဘူး။ အပျိုကညာမှ မွေးတာပါ။ ဒါပေမယ့် ပြောင်းလဲစလူက ဒါကို မကြားဖူးသေးဘူး။ ကြားရင်တော့ ယုံမှာပေါ့။ ငြင်းမှာ မဟုတ်ဘူး။ ဒီအကြောင်းကို မသိခြင်းသာ ဖြစ်ပါတယ်။

တခါက စိတ်အားကြီးတဲ့ ခရစ်ယာန်တယောက်က “ကယ်တင်ခြင်း ပြန် ဆုံးရှုံးနိုင်တယ်လို့ ထင်တဲ့သူဟာ ဘယ်လိုလုပ် ကယ်တင်ခြင်း ရနိုင်ပါ့မလဲ”လို့ စာရေးလာတယ်။ ကိုယ်ကယ်တင်ခြင်းရချိန်မှာ ကိုယ်ရတဲ့ ထာဝရအသက်အကြောင်း ကောင်းကောင်းမသိရင် ကယ်တင်ခြင်းမရဘူးလို့ မပြောနိုင်ပါဘူး။ ကယ်တင်ခြင်းရတဲ့သူတွေဟာ သူငယ်အရွယ်ပဲ ရှိဦးမယ်လေ။ သတိမထားတတ်သေးဘူး။ သင်ကြားခံယူရဦးမယ်။ ပြောင်းလဲတယ်ဆိုတာက သူတို့ရဲ့ စိတ်နှလုံးထဲမှာ ဖြစ်ပျက်သွားတာပါ။

ဘုရားဝတ်မွေ့လျော်တဲ့ ဧဝံဂေလိဆရာတယောက်ကလည်း “ခင်ဗျားအိမ်မှာ ကြာသပတေးနေ့ T.V ပဲ ကြည့်ပြီး ဧဝံဂေလိမသွားရင် ခင်ဗျား ကယ်တင်ခြင်းရတာ ကျွန်တော် သံသယရှိတယ်”လို့ ကျွန်တော် ကြားရတယ်။ ဒါက မပြောသင့်ဘူး။ အရာရာမှာ ကောင်းကောင်းနေမှ ကယ်တင်ခြင်း ရတယ်လို့ ပြောရာ မရောက်ဘူးလား။

၃။  ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်ဆိုတာ ဘာလဲ

 

ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်ဆိုတာက လူတွေ လန့်ဖြန့်သွားလောက်အောင်ကို ရိုးရှင်းလွန်းပါတယ်။ ကယ်တင်ခြင်းရဖို့ ခရစ်တော်ထံလာသူတိုင်း ရတယ်။ သခင်ယေရှုက “ခမည်းတော်သည် ငါ့အားပေးတော်မူသမျှသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် အလျင်းမပယ်။ ” ယော ၆: ၃၇

ခရစ်တော်ထံ လာတဲ့သူ မှန်သမျှ လှည့်ပြန်သွားရတာမရှိဘူး။ ကယ်တင်ခြင်းရဖို့ လာသူမှန်သမျှ ရတာချည်းပါပဲ။ တနည်းပြောရရင် လောကမှာ ဘုရားသခင်ထံ ကယ်တင်ဖို့ ဆုတောင်းသူ မှန်သမျှ အကယ်ခံရတာချည်းပါပဲ။ “ထာဝရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။” ရောမ ၁၀: ၁၃။ ကားတိုင်ပေါ်က လူဆိုးလိုပေါ့။ သိပ်မကောင်းဘူး။ ဆုလည်း တိုတိုပဲ တောင်းတတ်တယ် ဆိုပါစို့။ “သခင် ကိုယ်တော်သည် နိုင်ငံတော်တည်လျှက် ကြွလာတော်မူသောအခါ အကျွနု်ပ်ကို အောက်မေ့တော်မူပါ”လို့ တောင်းတော့ ကယ်တင်ခြင်းရတယ်။ ဘာပြောရမှန်း သူမသိပေမယ့် ဆုတောင်းတယ်လေ။ “ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။”

ဒါကို ကျမ်းစကား တနည်းပြောင်းပြီး ခဏခဏပြောလေ့ရှိတာက ခရစ်တော်ကို အားကိုးသူလို့ ဖေါ်ပြထားတယ်။ ခရစ်တော်ကို ကိုးစားသူဟာ ချက်ချင်း ကယ်တင်ခြင်းခံရတယ်။ ကျမ်းစာမှာ ခဏခဏ ပြောထားတာက သားတောာ်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရသည် ---- “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် -  ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။”

ကယ်တင်ခြင်းခံရဖို့ ခရစ်တော်ကို အားကိုးသူဟာ ချက်ချင်း ကယ်တင်ခြင်းခံရတယ်။ သူ့အပြင် အသက်တာက သက်သေပြပြ - မပြပြ၊ စိတ်ချမှုရှိရှိ - မရှိရှိ၊ ရှင်ပေတရု ပြောသလို “မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏”ဆိုတဲ့သူပဲ ဖြစ်နေစေဦးတော့ ကယ်တင်ခြင်းရတယ်။ - ၂ပေ ၁း၉

ကယ်တင်ခြင်းခံရဖို့ ခရစ်တော်ကို အားကိုးပြီးသူဟာ နေဧတို့၊ လောတတို့လို အရက် သောက်တတ်သူ ဖြစ်စေဦးတော့ ကယ်တင်ခြင်းရတယ်။ အရက်ဆိုတာ မသောက်သင့်ပေမယ့် ကယ်တင်ခြင်း ရထားတာကို အပြောင်းအလဲ မဖြစ်စေနိုင်ဘူး။ အပြစ်လွတ်ခံရဖို့ ခရစ်တော်ထံ လာသူဟာ ရှင်ပေတရုလို စုံစမ်းခြင်းနောက် ပါသွားပြီး ကယ်တင်ရှင်ကို ငြင်းပယ်စေခဲ့ဦးတော့ ကယ်တင်ခြင်းရနေမှာပါပဲ။ စိတ်နှလုံးထဲမှာ အပြစ်မှ လှည့်ပြန်ပြီး ကယ်တင်ခြင်းရဖို့ ခရစ်တော်ကို အမှီပြုသူတယောက်ဟာ ဒါဝိဒ်လို လူသတ်၊ သူ့မယားပြစ်မှားတဲ့ အပြစ်ကြီးကို ကျူးလွန်ခဲ့စေဦးတော့ ကယ်တင်ခြင်းရပါတယ်။ 

ဒိထက် ရှင်းအောင် ပြောကြဦးစို့။ ဘုရားသခင်က အပြစ်သားကို ကယ်ချင်တယ်။ ဘုရားသခင်ကို ကယ်ဖို့ အခွင့် တခါလောက်ပေးတဲ့ အပြစ်သားတိုင်း အကယ်ခံရပါတယ်။

နားလည်လာတာ၊ နောင်တရလာတာ၊ ပွင့်ပွင့်လင်းလင်းဝန်ခံတာ---- စတဲ့ အပို ထပ်ဆောင်း အခြေအနေတွေကို မစွက်ပါနဲ့။ ကယ်တင်ခြင်းရဖို့ ခရစ်တော်ကို ဆုတောင်းမှလို့  နားလည်ရင် ကယ်တင်ခြင်းရဖို့ လုံလောက်ပြီ။ အသနားခံဖို့ ယုံကြည်ခြင်းရှိရင် လုံလောက်ပြီ။ အပြစ်ကို စိတ်ထဲက လှည့်ပြန်ပြီး ခရစ်တော်ထံ အသနားခံဖို့လာရင် နောင်တရတာပါပဲ။ အပြစ်သားဘဝ ကယ်တင်ခြင်းရတုန်းကထက် ခရစ်ယာန်အသက်တာမှာ နေ့တိုင်း နောင်တရစရာတွေ ပိုတွေ့လာပါလိမ့်မယ်။ သူ့အပြစ်တွေနဲ့ ခွင့်လွှတ်ခြင်း လိုအပ်ပုံတွေအကြောင်း ပိုပြီးတော့ သိဖို့လိုဦးမှာပါ။ ဒါပေမယ့် ခရစ်တော်ကို အားကိုးလိုက်သူဟာ ကယ်တင်ခြင်းရဖို့အတွက် သဘောပေါက်လာမှု နောင်တတွေ လုံလောက်နေပါပြီ။

ကယ်တင်ခြင်းရချိန်မှာ ခရစ်တော်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံသင့်တာ မှန်ပေမယ့် “အရိမဿဲမြို့သား ယောသပ်ဟာ ယုဒလူတို့ကို ကြောက်၍ မထင်မရှား တပည့်တော်ဖြစ်သည်။”လို့ ကျမ်းစာမှာ တွေ့ရတယ်။ မထင်မရှား တပည့်တော်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါပေမယ့် တပည့်တော် ဖြစ်တာကို အပြောင်းအလဲ မရှိစေရဘူး။ ခရစ်တော်ကို စိတ်နှလုံးထဲမှာ အားကိုးခဲ့ရင် ကယ်တင်ခြင်းရပါတယ်။

ကယ်တင်ခြင်းရပြီးမှ ခရစ်တော်ကို ဝန်ခံရင် ဆုတွေရမှာပေါ့။ ဒါပေမယ့် ဝန်ခံတာဟာ ကယ်တင်ခြင်းမှာ အစိတ်အပိုင်းတခုအဖြစ် မပါဝင်ရဘူး။ ကယ်တင်ခြင်းရပြီးရင် နှစ်ခြင်းခံသင့်ပါတယ်။ ဒါပေမယ့့် ကယ်တင်ခြင်းမှာ နှစ်ခြင်းဟာ တစိတ်တပိုင်းအဖြစ် မပါဝင်ရဘူး။

၄။   ကယ်တင်ခြင်းနဲ့ စိတ်ချမှုကို ရောထွေးတတ်ကြပါတယ်။
 

ကယ်တင်ခြင်းရတဲ့သူဟာ စိတ်ချမှု မရှိဘဲ ဖြစ်နေနိုင်သလား၊ ဖြစ်နိုင်တယ်။ ကျွန်တော် ၉ နှစ်သားတုန်းက ကယ်တင်ခြင်းရတယ်။ ထာဝရအသက်အကြောင်း ကျမ်းချက်တွေကို ဘယ်သူမှ လာမပြဖူးတော့ ၃နှစ်လောက် ကြာသွားတယ်။ ခရစ်တော်ကို ကိုးစားချိန်မှာ ကယ်တင်ခြင်းရခဲ့ပြီ ဆိုတာ ယော၃: ၁၆ နဲ့ ယော၅: ၂၄ တို့ တွေ့မှ သိလာတယ်။ ကိုယ့်ကိုကိုယ် ကယ်တင်ခြင်းရမှန်း မသိဘဲ ၃ နှစ်လောက် ဝမ်းနည်းခြင်းကြုံပြီးမှ ရခဲ့ပြီဆိုတာ သိလာတယ်။ ကယ်တင်ခြင်း စိတ်ချမှုရှိတာ မင်္ဂလာရှိပါတယ်။ ဒါပေမယ့် ကယ်တင်ခြင်းရတာနဲ့ မတူဘူး။ အချို့ Arminian တွေက ရရင် မသိပဲနေမလား၊ ဆုံးရှုံရင် ဝမ်းမနည်းပဲနေမလားလို့ သရော်လေ့ရှိတယ်။ ဒါက ကျမ်းစာအပေါ် အခြေမခံပဲ လူထွင်တဲ့ အထင်အမြင်တွေပါ။

ကလေးတယောက် လူ့လောကထဲ မွေးဖွားလာပြီဆိုရင် ပထမမှာ သူ့အဖေ ဘယ်သူ၊ အမေဘယ်သူဆိုတာ သူမသိသေးဘူး။ သူ့ကို ပြောပြရဦးမယ်။ သူ့မွေးနေ့ကို မမှတ်တတ်သေးဘူး။ နောက်မှ ပြောပြရဦးမယ်။ ကျွန်တော့ မွေးနေ့တောင် အမေက မိသားစု ကျမ်းစာအုပ်ထဲမှာ ဒီဇင်ဘာ ၁၁၊ ၁၈၉၅ လို့ ရေးခဲ့လို့ သိရတာ။

ကယ်တင်ခြင်းစိတ်ချမှုရှိတာ ကောင်းပါတယ်။ ဒါပေမယ့် အများစုဟာ စိတ်ချမှုမရှိပေမယ့် ကယ်တင်ခြင်းရနေပါပြီ။

ကျွန်တော်သိတဲ့ သင်းအုပ်တယောက်က အဲဒီလို အမှားမျိုး လုပ်ဖူးတယ်။ ခရစ်တော်ကို အားကိုး ပြီးသူတွေကို အမှုတော်ဆောင်တွေနဲ့ တွေ့ပေးပြီး “ခင်ဗျားတို့ Born again ဖြစ်ပြီလား”လို့ မေးတယ်။ ဆိုလိုတာက “ကယ်တင်ခြင်းစိတ်ချမှု ရှိပြီလား” လို့ မေးတာပါပဲ။ မေးသင့်တာက “ခရစ်တော်ကို အားကိုး ပြီးပြီလား” လို့ မေးသင့်တာပါ။ ခရစ်တော်ကို ကိုးစားပြီးသူဟာ ကယ်တင်ခြင်းရပြီ။ ကယ်တင်ခြင်း သံသယ ဖြစ်ရင် ဆုံးရှုံးလို့ (သို့) ရမှန်းမသိရင် ဂတိတော် မခံစားရလို့၊ ကျမ်းစာနဲ့ မညီလို့ ကယ်တင်ခြင်းမရဘူးလို့ ပြောတာဟာ မှားပါတယ်။

ကယ်တင်ခြင်းစိတ်ချမှု ရှိတာကောင်းပါတယ်။ ဒါပေမယ့် ကယ်တင်ခြင်းရတာနဲ့ မတူပါဘူး။ ရပြီးမှ စိတ်ချမှုအကြောင်း ထပ်သွန်သင် ခံယူရဦးမယ်။

တချို့ကလည်း “ကျမ်းစာထဲမှာ ကယ်တင်ခြင်းရတယ်လို့ ထင်ပြီး မရတဲ့သူတွေ ရှိတယ်လို့ သတိပေးမထားဘူးလား”လို့ မေးတတ်တယ်။

“ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွနု်ပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒ ပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” မဿဲ ရး၂၂-၂၃

ကယ်တင်ခြင်းရဖို့ အကျင့်ကောင်းမှုတွေကို အမှီပြုတဲ့သူဟာ ကယ်တင်ခြင်းမရတာ မှန်ပါတယ်။ ကယ်တင်ခြင်းရဖို့ နှစ်ခြင်းခံတာကို ယုံကြည်သူဟာ ကယ်တင်ခြင်းမရဘူး။ နှစ်ခြင်းခံတာကို အမှီပြုသူဟာ မရဘူး။ ခရစ်တော်မပါပဲ ဘာသာတရားကိုင်းရှိုင်းနေတဲ့ သူလည်း ကယ်တင်ခြင်းမရဘူး။

John Wesley ဂျွန်ဝက်စလေဟာ သူကယ်တင်ခြင်းရခဲ့မှန်း အသေအချာမသိခဲ့ပါဘူး။ Martin Luther မာတင်လုသာရဲ့ ဂလာတိဩဝါဒစာ အနက်ဖွင့်ကျမ်းကို ဖတ်တော့မှ အားလုံး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်သာ ရတယ်။ သူ ခရစ်တော်ကို အားကိုးခဲ့ချိန်မှာ ဘုရားသားတယောက် Born again တယောက် ဖြစ်ခဲ့ပြီဆိုတာ ရုတ်တရက် သိလိုက်ရတယ်။

အဲဒီအရင်ကတည်းက သူ ကယ်တင်ခြင်းရပြီးပြီလား။ မရခဲ့တာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ သူဧဝံဂေလိတရားကို နားမလည်လို့ပါ။ ဒါပေမယ့် ခရစ်တော်ဟာ အပြစ်သားတွေအတွက် အသေခံခဲ့ပြီ။ ခရစ်တော်ကို သူလည်း အားကိုးရင် စိတ်ချမှု ရှိ-ရှိ၊ မရှိ-ရှိ ကယ်တင်ခြင်းရပါပြီ။

အသက်တာ၊ နှစ်ခြင်း၊ ကောင်းကောင်းနေတာတွေက မကယ်ဘူးလို့ ကျွန်တော်တို့ သွန်သင်တယ်။ ဒါပေမယ့် ဘုရားတဖက်မှာ အပြစ်ကြီးတခု လုပ်မိနေကြတာက အကျင့်မပါရင် ကောင်းကောင်း မနေရင်၊ ယုံကြည်ခြင်းကို မထုတ်ဖော်ရင်၊ သက်သေမပြရင်၊ ဂတိတော်ခံစားရမှာ မဟုတ်သေးဘူး ဆိုတဲ့ နိုးဆော်ချက်ကြီးပါပဲ။ ဒါဟာ ဧဝံဂေလိတရားကို မှေက်လှန်လိုက်တာပါ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဘေးဖယ်လိုက်ကြတာပါ။ လူလုပ်တာတွေကို အမွှန်းတင်တာပါ။

တခါက သင်းအုပ်တယောက် အထက်တန်းကျောင်းက နိုးထမှုအစည်းအဝေးတခုကို ကျွန်တော်နဲ့အတူ သွားကြတယ်။ ကျွန်တော်က “သခင်ယေရှုခရစ်ကို ယုံကြည်လော့ …… ကယ်တင်ခြင်းရောက်လိမ့်မည်.” ဆိုတဲ့ ကျမ်းချက်မျိုးတွေကို ဟောတယ်။ ဒီလို ကျမ်းချက်မျိုးတွေ ကျမ်းစာထဲမှာ အများကြီးရှိပါတယ်။ လူငယ်အတော်များများ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံကြပြီး ပွင့်ပွင့်လင်းလင်း ဝန်ခံကြတယ်။ အတူသွားကြရင်း သင်းအုပ်က “Brother Rice ခင်ဗျားဟာက သိပ်လွယ်အောင် လုပ်တော့ ကြောက်တောင်လာပြီဗျာ”လို့ ပြောလာတယ်။ လွယ်အောင်လုပ်တာ ကျွန်တော်မဟုတ်ဘူး။ သခင်ယေရှုက လွယ်အောင် အသေခံပေးခဲ့တာပါလို့ သတိပေးခဲ့ရတယ်။

လွယ်လွယ်ယုံတဲ့ ဝါဒ - easy believism ဆိုပြီး ရေးသားပြီး၊ ဘုရားက ကယ်ဖို့ ခက်သလိုမျိုး ပြောတာကို သိပ်သည်းမခံနိုင်ဘူး။ ကယ်တင်ခြင်းဟာ အခမဲ့ ခရစ်တော်ကို အားကိုးချိန်မှာ ချက်ချင်းရတယ်လို့ သွန်သင်တဲ့ဆရာတွေကို မိစ္ဆာအယူလို့ ပြောတတ်ကြတယ်။

အဲဒီလိုလူတွေနဲ့ မပေါင်းပါနဲ့။ အဲဒီလို စာမျိုး မဖတ်ပါနဲ့။ အဲဒီလို ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ပယ်တဲ့အပြစ်မျိုး မကျူးလွန်ကြပါနဲ့ ။           ။ Dr. John R. Rice

Friday, November 18, 2011

သွားတောင်းပါလား- Go Ahead and Ask!




 ကိုယ်လိုတာကို ဘုရားသခင်ထံတောင်းဖို့ ကျမ်းစာက သွန်သင်ပါတယ်။ သာမန်ခရစ်ယာန်တွေလည်း တောင်းယူနိုင်ပါတယ်။ ဘုရားသခင်က လူ့ရဲ့ခေါင်းပေါ်က ဆံပင်တွေကိုတောင် ရေတွက်ထားတယ်ဆိုတော့ အသေးအမွှားလေးတွေကိုလည်း သတိထားပေးပါတယ်။

`တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တခါးကို ခေါက်ကြလော့။ ခေက်လျှင် ဖွင့်မည်။´ - (မဿဲ ရး ရ) - - - ` --- မရကြ။ အကြောင်းမူကား ဆုမတောင်းပဲနေကြ၏။´ - (ယာကုပ် ၄: ၂)

`ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။´ (ဆာလံ ၃၇: ၄)

`သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ ရကြလိမ့်မည်။´ (ယောဟန် ၁၅: ရ)

`သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။´ (မာကု ၁၁: ၂၄)

ဘုရားသခင်တောင်းစေချင်တာက … ကြီးမားတဲ့အရာတွေပါ။ ဘုရားဘုန်းတန်ခိုး ထင်ရှားမယ်အရာတွေ တောင်းဖို့ကောင်းတာပေါ့။  များများတောင်းလည်း ဘုရားသခင် ဆင်းရဲမသွားပါဘူး။

`ငါ့ကို ခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကို ငါပြမည်။´ (ယေရမိ ၃၃: ၃)

ဘယ်လောက်တောင်းမလဲ?  `ကြီးသောအရာ၊ နက်နဲသောအရာတွေကို´ တောင်းရမှာပါ။ `ကြည့်ရှုလော့။ ထာဝရဘုရားသည် မသယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။´ (ဟေရှာယ ၅၉: ၁)

ကျွန်တော်တို့ ကောင်းကင်ရောက်သွားရင် လူ့လောကမှာ ဆုမတောင်းခဲ့တာတွေအတွက် အားမလိုအားမရ ဖြစ်ကြရဦးမှာပါ။

တောင်းသင့်ပါတယ်။ ဒီမနက် ခေါင်းဖီးလို့ ဆံပင်တချာင်းတလေ ကျွတ်ရင်၊ ကောင်းကင်မှတ်တမ်းမှာ အပြောင်းအလဲ ရှိသွားပြီ။

                           လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းက Open Door အသင်းတော်ရဲ့ conference တခုမှာပါ။ မနက်အိပ်ရထမှာ ရီဝေနေလို့ ဆရာဝန်ထံ သွားရပါတယ်။ သွေးနီဥ အားနည်းနေလို့ အားရှိမယ့် အစာတွေ စားဖို့ ဆရာဝန်က တိုက်တွန်းပါတယ်။ စစ်တွင်းကာလဆိုတော့ အသားကြော်က စစ်သားတွေအတွက်ပဲ ရနိုင်ပါတယ်။ ဒါမှမဟုတ်၊ စျေးကြီးပေးရတဲ့ ဟိုတယ်တွေမှာသာ ရနိုင်ပါတယ်။ ခက်တာက ဒီကိုယ်ခန္ဓာကလည်း အသားကြော်ကိုမှ လိုအပ်နေပါသတဲ့။ ဆုတောင်းမိတယ်။ `ကိုယ်တော်၊ ဒီမနက် အိမ်မှာသာဆိုရင်၊ ဇနီးသည်က ဘာစားမလဲလို့ မေးရင်၊ အမဲသားကြော်စားမယ်လို့ တောင်းမိမှာပဲ။ သဘောပြောတာပါ´ လို့ ဆိုမိပါတယ်။

                         နေ့လည်စာစားရင် ဆိုင်ကလေးတွေမှာသာ စားတော့ အကျန်အကြွင်းတွေ၊ အရောင်တင် ၀က်အူချောင်းတွေ၊ ၀က်ရိုးကလေးတွေသာ စားလေ့ရှိတာပါ။ စားပွဲထိုးအမျိုးသမီးက ` ဒီနေ့ နေလည်စာ ၂ မျိုးရနိုင်ပါတယ်။ ပထမတမျိုးက အမဲချောင်းကြော်၊ ဟင်းရွက်တို့စရာ၊ အာလူးအကြေနဲ့ - - - - ´

`ကဲ.. အဲဒါပဲ ပေးပါ´ လို့ပြောတော့… အမဲသားကြော် ပန်းကန်ပြား အကြီးကြီးတချပ် ယူလာပေးပါတယ်။ ဆုတောင်းရင် အသေးအမွှားတွေလည်း ရနိုင်ပါတယ်။

ဒါပေမယ့် အတိအကျတောင်းပါ။ ဘုရားတရားမှာမွေ့လျော်ရင် ဘုရားအလိုတော် သိလာပြီး ဘာတွေတောင်းမလဲဆိုတာ ပိုမြင်လာပါလိမ့်မယ်။ ယုံကြည်မှုဟာ ကျမ်းစာအပေါ်မှာသာ အခြေတည်ရမှာပါ။

                         ဆုတောင်းရင် ဘုရားသခင်နဲ့ အခြေအတင် ပြောခွင့်ရှိသလား? ပြောလို့ရပါတယ်။ အာဗြဟံက သောဒုံနဲ့ ဂေါမေရမြို့အကြောင်း ပြောရာမှာ ဘုရားသခင်ကို အခြေအတင်ပြောခဲ့ပါတယ်။ ဖြောင့်မတ်သူ ၁၀ ယောက်ရှိရင် သောဒုံကို မဖျက်ဆီးဖို့ စျေးဆစ်ခဲ့ပါတယ်။ ဒါကို ဘုရားသခင် လက်ခံခဲ့ပါတယ်။

                         ထာဝရဘုရားက မောရှေကို `မင်းလူမျိုးကို ဂတိတော်ပြည်ထဲကို ခေါ်သွား´ လို့ မိန့်တော်မူတော့ `အဲဒါ ကျွန်တော့လူမျိုးမဟုတ်ဘူး။ ကိုယ့်တော့်လူမျိုးလေ´ လို့ ပြောခဲ့ပါတယ်။ `အေးပါ။ ငါ ကောင်းကင်တမန်တပါးကို မင်းတို့နဲ့အတူ လွှတ်ပါ့မယ်´ ဆိုတော့ - - `ကောင်းကင်တမန်နဲ့ ကျွန်တော်နဲ့ မရင်းနှီးဘူး။ သူ့နာမည်လည်းမသိဘူး။ ကိုယ်တော်မပါရင် ကျွန်တော်မသွားတော့ဘူးလို့´ ပြန်ငြင်းခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်က သူတို့နဲ့အတူ လိုက်ပါခဲ့ပါတယ်။ မောရှေက ဘုရားသခင်ကို စျေးဆစ်ခဲ့သူပါ။

                         ရှုရိ ဖိနိတ်ပြည်သူ အမျိုးသမီးလည်း ဒီလိုပါပဲ။ နတ်ဆိုးစွဲနေတဲ့ သမီးအတွက် တောင်းပန်ခဲ့ပါတယ်။ သခင်ယေရှုက - - `သားတွေရဲ့အစာကို မင်းတို့လို တပါးအမျိုးသား ခွေးတွေအတွက် မချပေးသင့်ဘူး´ လို့ မိန့်တော်မူပါတယ်။ (မာကု ရး ၂၅- ၃၀)

အမျိုးသမီးက - သူဟာ ခွေးတကောင်ဖြစ်ရင်လည်း ကိုယ်တော်ရဲ့ ခွေးပါပဲ။ စားပွဲအောက်က အရိုးအရင်းကလေးတော့ စားချင်ပါသတဲ့။ သူငြင်းတာကို သခင်ယေရှု နှစ်သက်ပါတယ်။

                       ကိုယ်ဆုတောင်းတာကို ဘုရားသခင် ဘာကြောင့် အဖြေပေးသင့်သလဲဆိုတဲ့ အကြောင်းပြချက်၊ ဆင်ခြေတွေပေးဖို့ ယုံကြည်ချက်လုံလုံလောက်လောက် ရှိနေတာကို ဘုရားသခင် နှစ်သက်ပါတယ်။

ဘုရားသခင် ဘာကိုနှစ်သက်သလဲဆိုတာ ကျမ်းစာနဲ့ သင့်စိတ်နှလုံးမှာ အဖြေရှာဖို့ပါ။

ကြီးမာတဲ့အရာတွေ တောင်းပါ။ ယုံကြည်စွာတောင်းပါ။ ကိုယ်လိုချင်တာ ဘုရားသခင် မပေးဘူးဆိုရင်တောင် ဆက်လိုချင်၊ တောင်းချင်နေသင့်ပါတယ်။ အဲဒီတော့ - -  တောင်းသာ တောင်းလိုက်ပါ။
` --- မရကြ။ အကြောင်းမူကား ဆုမတောင်းပဲနေကြ၏။´ - (ယာကုပ် ၄: ၂)  ကိုသတိရပါ။
 By Dr. John R. Rice. ( SWORD OF THE LORD, LIX, 18 )