Saturday, May 28, 2016

PRAYER by Dr. John R. Rice- Chapter 03

အခန်း ၃

တကယ် တောင်းပါ။

PRAYER IS ASKING 

By Dr. John R. Rice 

(From “Prayer: Asking and Receiving)
 
JOHN R. RICE
“တောင်းကြလော့။ တောင်းလျှင်ရမည်။” - မဿဲ ရး ရ။
“တောင်းသောသူမည်သည်ကား ရ၏။” - မဿဲ ရး ၈။
(ယော ၁၆း ၂၄။ ယာကုပ် ၄း ၂။ မဿဲ ရး ၁၁။ မဿဲ ၂၁း ၂၂။ လုကာ ၁၁း ၁၃။ ယောဟန် ၁၄း ၁၄။)
အနားမှာ ဇနီး၊ သမီး ၆ ယောက်နဲ့ ကိုယ်ရေးအရာရှိ အမျိုးသမီးတွေ အမြဲရှိနေတော့ မိန်းကလေး သဘာဝကို အံဩလို့ မကုန်ဘူး။ အိမ်ထောင်ကျစမှာ ဇနီးနဲ့ သူ့မိတ်ဆွေ မိန်းကလေးက စျေးဝယ်ထွက်ချင်တယ်တဲ့။ ကိုယ်ကလည်း ပိုက်ဆံပြတ်နေတော့ မသွားချင်ဘူး။ ဘာမှ ဝယ်ဖို့ အစီအစဉ် မရှိဘူး။ shop ရုံ သက်သက်ပဲတဲ့။ အဲဒီမှာ မိန်းကလေးဆိုတာ ဘာမှ မဝယ်ဘဲ၊ နေ့တဝက်လောက် shopping ထွက်နိုင်ပါလားလို့ သိလိုက်ရတယ်။

ဆုတောင်းတယ် ဆိုတာလည်း ဒီလိုပါပဲ။ တချို့ တောင်းတော့ တောင်းတယ်။ ဘာမှ မရဘူး။ ရဖို့လည်း မမြော်လင့်ဘူး။ ရဖို့ တောင်းတာလည်း မဟုတ်ဘူး။ ဆုတောင်းတယ်လို့ ပြောပေမယ့် ဘုရားထံက တခုခု ရဖို့ တောင်းတာ မဟုတ်တော့ တကယ် ဆုတောင်းတာ မဟုတ်ဘူး။

ဖိနပ်ဝယ်ရရင် ကျွန်တော် ပျော်တယ်ဆိုတာ မိန်းမနဲ့ သမီးတွေ သိပ်မသိကြဘူး။ ဖိနိပ်ဆိုင်ကို သွား။ စီးနေကျ ခပ်ရိုးရိုး၊ အနက်ရောင်၊ နံပါတ် ၁၀ ကို ယူ။ ပိုက်ဆံ 3. 60 ဒေါ်လာ ပေးလိုက်။ ဖိန်ပ် အဟောင်းကို စက္ကူနဲ့ ထုပ်ပြီး ပြန်လာ။ ဒါတွေ အားလုံးက ၁၀ မိနစ်ပဲ ကြာတယ်။ ကြိုက်တဲ့ ဖိနပ် သွားရှာ၊ ရရင် အိမ်ပြန်လာ၊ ဒါပဲ။ Shopping မလုပ်ဘူး။ ဝယ်လိုက်တာပဲ။ ဆုတောင်းတယ် ဆိုတာ ဒါမျိုးကို ပြောတာပါ။ ဘုရားထံမှ တခုခု တောင်းယူတာပါ။

မဿဲ ရး ရ- ၈ ကို ပြန်ကြည့်ပါ။
“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောူအားလည်း တခါးကို ဖွင့်၏။”

ဆုတောင်းတယ်ဆိုတာ တောင်းတာပါ။ တနည်းက ရှာတာ တခါးခေါက်တာပါ။ တောင်းတဲ့သူဟာ ရဖို့ မြော်လင့်ရမယ်။ တခါးခေါက်ရင် ဖွင့်ဖို့ မြော်လင့်ရမယ်။ ရှာရင် တွေ့ဖို့ မြော်လင့်ရမယ်။ ဒါက သမ္မာကျမ်းစာက ပြောတဲ့ ဆုတောင်းခြင်းပါပဲ။ တောင်းမယ်၊ ရှာမယ်၊ တခါးခေါက်မယ်။ ဆုတောင်းခြင်းအစစ်က တခုခုကို တောင်းတာပါ။
ယာကုပ် ၄း ၂၊ ၃ မှာ ……
“သင်တို့သည် တပ်မက်၍ မရကြ။ လူ့အသက်ကို သတ်၍၎င်း၊ အလွန်လိုချင်သော လောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်း ပြု၍ မရကြ။ အကြောင်းမူကား ဆုမ တောင်းဘဲ နေကြ၏။ ဆုတောင်းလျှင်လည်း ကာမဂုဏ် ခံစားစရာဘို့ ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့် မရကြ။”

မတောင်းလို့ မရ။ တောင်းတော့လည်း လွဲနေလို့ မရကြဘူး။ ရန်ဖြစ်လို့၊ စစ်တိုက်လို့၊ တပ်မက်လို့၊ စိတ်ပူလို့ ဘုရားထံက ဘာမှ မရဘူး။ တောင်းမှ ရတယ်။ ဆုတောင်းတယ်ဆိုတာ တောင်းတာပါ။

တောင်းတယ်၊ ask နဲ့ ပါတ်သက်လို့ ဓမ္မသစ်ကျမ်းထဲမှာ အဓိက စကား နှစ်လုံး ရှိတယ်။ တခုက eperotao ။ တောင်းတယ်၊ မေးတယ် - to ask, to inquire. နောက်တခုက ဆုတောင်းတာကို သုံးတဲ့စကား aiteo ။ တောင်းတယ်၊ တောင့်တတယ်၊ လိုချင်တယ်၊ တောင်းယူတယ်၊ to ask, to crave, to desire, to call for. လို့ ဆိုလိုတယ်။ ဓမ္မသစ်မှာ ဆုတောင်းခြင်းအတွက် ဒီစကားကို အကြိမ် ၃၀ လောက် သုံးထားတယ်။ ask တောင်းတယ် လို့ ဘာသာပြန်နိုင်တယ်။

Modernists တွေက ဆုတောင်းခြင်းဟာ တကယ်ထူးခြားတယ် ဆိုတာ မယုံကြဘူး။ ဒါကြောင့် ဆုတောင်းလို့ အဖြေရတယ် ဆိုလည်း မယုံကြဘူး။ သမ္မာကျမ်းစာက “ပဌနာစကားကို နားထောင်တော်မူသော ဘုရား” တဲ့။ (ဆလာလံ ၆၅း ၂) “ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည် … ” (ဟေဗြဲ ၁၁း ၆)။ Modernists တွေက ဆုတောင်းတာကို မယုံကြတော့ ဆုတောင်းတယ်ဆိုတာ meditation and communion ဆင်ခြင်တယ်၊ ဘုရားဝတ်ပြုတယ် ဆိုတာလောက်ပဲ ထင်ကြတယ်။ ဆုတောင်းရင် စိတ်ထဲ အနေကောင်းတာ လောက်ပဲ သိတယ်။ ဘာသာရေးမှာ ပျော်မွေ့တယ်ပေါ့။ တကယ်တောင်းတာမျိုးကို သူတို့ မကြိုက်ကြဘူး။

နာမည်ကြီး ဒိဌိတယောက်ဖြစ်တဲ့ Dr. Harry Emerson Fosdick က သူ့ရဲ့ The Meaning of Prayer စာအုပ်မှာ ……
“ကလေးဆန်ဆန် တောင်းတာကို ယုံတဲ့သူကလည်း ရှိသေးတယ်” လို့ ဆိုတယ်။ (စာမျက်နှာ ၂၂) “ခပ်ညံ့ညံ့ ဆုတောင်းပုံတွေက တောင်းနေပေမယ့် ဦးနှောက် မပါဘူး။ ဘုရားသခင်ကို ကလေးလို ပူဆာနေတာပဲ။” “ကလေးဆန်ဆန် တောင်းတာဟာ ဘုရားသခင်ထံမှာ ထင်ယောင်ထင်မှား အသနားခံနေတာ ဖြစ်တယ်။” လို့ ဆိုတယ်။ (စာမျက်နှာ ၂၃) အဲဒီဒိဌိက ခရစ်တော် အပျိုကညာမှ မွေးဖွါးတာ၊ အပြစ်အတွက် ပေးဆပ်တာ၊ ကျမ်းစာ အမြဲ စစ်မှန်တာ ကို မယုံဘူး။ Modernists တွေ ဆုတောင်းတာ လှပါတယ်။ ဒါပေမယ့် ဘုရားသခင်ထံက ဘာမှ မရဘူး။ ဘာအပြောင်းအလဲမှလည်း ဖြစ်မလာဘူး။

ယုံကြည်သူတွေလည်း ဒီထောင်ချောက်ထဲမှာ ကျပြီး၊ ဆုတောင်းတာဟာ ဘုရားဝတ်ပြုတာလောက် လို့ ထင်တတ်တယ်။ ဆုတောင်းပြီးရင် စိတ်ထဲ အားရှိသွားရုံ၊ ဆုမတောင်းပဲ တခုခု မလုပ်တတ်ရုံပဲ လို့ ထင်ကြတယ်။ ကျမ်းစာထဲက ဆုတောင်းခြင်းက ဒီလို မဟုတ်ပါဘူး။

တခါက ရှိကာဂိုမှာ ရှိတဲ့ အိမ်တအိမ်ကို ရောက်ဖူးတယ်။ အဲဒီမှာ လျှပ်စစ်မြင်း ရှိတယ်။ ငယ်ငယ်ကတည်းက မြင်း ဝါသနာပါတာ သိကြတော့ စီးကြည့်ဖို့ ပြောကြတယ်။ မြင်းပေါ်တက်၊ ခလုပ်နှိပ်တော့ အသာအယာ ပြေးတယ်။ ခုန်တယ်။  ပတပ်ရပ်တယ်။ အမြီးဝှေ့တယ်။ ခုန်ပေါက်ပြေးနေတဲ့ တကယ့် မြင်းအတိုင်းပါပဲ။  အတုပေါ့။ ခလုပ်နှိပ်လိုက်တာနဲ့ ရပ်သွားတယ်။ ပြန်ဆင်းတဲ့ နေရာဟာ အရင်တက်ခဲ့တဲ့ နေရာမှာပါပဲ။ ဘယ်မှ မရောက်ခဲ့ဘူး။  Modernists ဆုတောင်းတာလည်း ဒီလိုပါပဲ။ တောင်းဖူးရုံပဲ။ ဘာမှ မရဘူး။

I.  ချီးမွမ်းခြင်း၊ ကြည်ညိုခြင်း၊ ဆင်ခြင်ခြင်း၊ နှိမ့်ချခြင်း၊ ဝန်ခံခြင်း မဟုတ်ပါ။ တောင်းခြင်းသာ ဖြစ်တယ်။

ချီးမွမ်းခြင်းတာ ကောင်းပါပေမယ့် ဆုတောင်းတာဟာ ချီးမွမ်းခြင်း Praise မဟုတ်ဘူး။ “ကျေးဇူး ချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။” (ဆာလံ ၅၀း ၂၃) “အသက်ရှိသောသူ အပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။” (ဆာလံ ၁၅၀း ၆) ဒါဝိဒ်က “အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ငါ၏အထဲမှာ ရှိသမျှတို့ သန့်ရှင်းသော နာမတော်ကို ကောင်းကြီးပေးကြလော့။” (ဆာလံ ၁၀၃း ၁) ချီးမွမ်းတာဟာ ကောင်းပါတယ်။ ကျေးဇူးသိတတ်သူတိုင်းရဲ့ တာဝန်ပါ။ ဒါပေမယ့် ချီးမွမ်းတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာဟာ ချီးမွမ်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

ဆုတောင်းတာဟာ adoration ကြည်ညိုတာ မဟုတ်ဘူး။ ကြည်ညိုတာ ကောင်းပါတယ်။ ကောင်းကင်တမန်တွေ ကြည်ညိုရတဲ့ ဘုရားသခင်ကို ကြည်ညိုသင့်ပါတယ်။ ဒါပေမယ့် ကြည်ညိုတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာဟာ ကြည်ညိုတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

ဆုတောင်းတာဟာ meditation ဆင်ခြင်တာ မဟုတ်ဘူး။ နှုတ်ကပတ်တော်ကို နေ့ညမပြတ် ဆင်ခြင်သင့်ပါတယ်။ (ဆာလံ ၁း ၂) နှုတ်ကပတ်တော်ကို တယောက်တည်း ဖတ်ရှု ဆင်ခြင် အချိန်ယူတာ ကောင်းပါတယ်။ ဒီလို အချိန်ယူသင့်ပါတယ်။ ဒါပေမယ့် ဆင်ခြင်တာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ကျမ်းစာက ဒါကို ဆုတောင်းတာလို့ မခေါ်ဘူး။ ဆုတောင်းတာဟာ ဆင်ခြင်တာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

Humiliation ဘုရားသခင်ရှေ့ နှိမ့်ချတာ ကောင်းပေမယ့် နှိမ့်ချတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ယာကုပ် ၄း ၁၀ မှာ “ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင် သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။” “ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့။” (လုကာ ၁၈း ၁၄) ဒီနှစ်ခုက မတူပါဘူး။ “ငါ့နာမဖြင့် သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချ humble သဖြင့် ငါ့မျက်နှာကို ရှာလျှက်၊ pray ဆုတောင်း ပဌနာပြု၍ ….” (၆ ရာ ရး ၁၄) နှိမ့်ချတာက သပ်သပ်၊ ဆုတောင်းတာက သပ်သပ်ပါ။ နှိမ့်ချတာက ဆုတောင်းဖို့ ပြင်ဆင်တာပါ။ နှိမ့်ချတာက ကောင်းပါတယ်။ ဒါပေမယ့် နှိမ့်ချတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

Confession အပြစ်ဝန်ခံတာဟာလည်း ဆုတောင်းခြင်း မဟုတ်ပါဘူး။ အပြစ်ဝန်ခံတာ ကောင်းပါတယ်။ ကျမ်းစာက အပြစ်ဝန်ချဖို့ အကြိမ်များစွာ ပြောပါတယ်။ ) ဝန်ခံတာက သပ်သပ်၊ ဆုတောင်းတာက သပ်သပ်ပါ။ ဒံယေလက “ထိုသို့ အပြစ်ကို confession ဖေါ်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသော prayed ပဌနာဟူမူကား ….. ” (ဒံယေလ ၉း ၄) ဒီနေရာမှာ အပြစ်ဝန်ချတာနဲ့ ဆုတောင်းတာကို တွဲတွေ့ရတယ်။ ဒါပေမယ့် ဝန်ချတောင်းပန်ပြီးတဲ့နောက် စိတ်ကြေကွဲစွာ တောင်းဆိုတာ တွေ့ရတယ်။ ဝန်ချတောင်းပန်တာ ကောင်းပါတယ်။ ဒါပေမယ့် ဝန်ချတောင်းပန်တာဟာ ကပ်သပ်ပြောရရင် ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။ တခြားအရာတွေက ဆုတောင်းတာ မဟုတ်ပါဘူး။

ဖိလိပ္ပိ ၄း ၆ မှာ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။” ဒီမှာလည်း ဆုတောင်းတာက တပိုင်း၊ ကျေးဇူးတော် ချီးမွမ်းတာက တပိုင်းပါ။ သပ်သပ်စီပါ။ ဒါကို သိရင် ဆုတောင်းခြင်းဟာ ပဌနာပြုခြင်း၊ ဝန်ခံခြင်း၊ ကျေးဇူးချီးမွမ်းခြင်းတွေနဲ့ မတူတာ တွေ့လာပါလိမ့်မယ်။ ဒါကြောင့် ဆုတောင်းတာမှာ အဓိကက တောင်းတာပါပဲ။

II. ကျမ်းစာထဲက ဆုတောင်းခြင်းတွေဟာ တောင်းတာပဲ ဖြစ်တယ်။

ပဌနာတော်ကို ကြည့်ပါ။ စံပြ ဆုတောင်း ဖြစ်တယ်။ သခင်ယေရှုက မဿဲ ၆း ၉- ၁၃ မှာ ပေးထားတယ်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွနု်ပ်တို့ အဘ” ဆိုပြီး တောင်းဆိုတာတွေ ဆက်တိုက်လိုက်လာတယ်။
1.    နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ တခြားသူတွေပါ နာမတော်ကို အချည်းအနှီး မပြောဖို့ တောင်းဆိုတာပါ။
2.    “နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော။” ဒါလည်း တောင်းဆိုတာပါပဲ။
3.    နေ့စဉ်အစာ ပေးသနားပါ။
4.    သူတပါး အပြစ်ကို လွှတ်သလို၊ ကိုယ့်အပြစ်တွေလည်း လွှတ်ပေးပါ။
5.    အပြစ်သွေးဆောင်ရာသို့ မလိုက် မပါစေပါနှင့်။
6.    မကောင်းသော အမှုအရာမှ ကယ်နှုတ်တော်မူပါ။

အဲဒီနောက်မှာမှ “စိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ တည်နေပါစေသော” လို့ ဆုတောင်းချက်ကို အဖြေပေးရမယ့် အကြောင်း ရိုးရိုးလေး ထောက်ပြပါတယ်။
ပဌနာတော်က အသနားခံတာပါ။ နေ့တိုင်း တောင်းဖို့ပါ။

ဥပမာတွေလည်း ပေးပါတယ်။ ဆုတောင်းတာဟာ “အဆွေ၊ မုန့် သုံးလုံး ချေးပါ။” ဆိုတဲ့ တခါးလာခေါက်သူနဲ့ တူတယ်။ “ရန်သူကို လက်စား ချေပေးပါ” လို့ တောင်းပန်တဲ့ မုဆိုးမနဲ့ တူတယ်။ မုန့်၊ ငါး၊ ဥ ကို တောင်းတဲ့ သားကလေးနဲ့ တူတယ်။ သခင်ယေရှု ပြောတဲ့ ဆုတောင်းခြင်းက သိပ်လွယ်တယ်။ တခုခု တောင်းတတ်တဲ့သူတိုင်း ဆုတောင်း လို့ ရတယ်။

ဓမ္မသစ်ကျမ်းက ဥပမာတွေက ရှင်းတယ်။ လိုချင်တာ တောင်းပြီး ရသွားကြတာပဲ ဖြစ်တယ်။
ဗိမာန်တော်မှာ အခွန်ခံက ဆုတောင်းတယ်။ “အပြစ်သား၊ ကျွန်တော်ကို သနားပါ။” ခွင့်လွှတ်ခြင်း၊ ကယ်တင်ခြင်း ခံရပြီး အိမ်ပြန်သွားတယ်။ (လုကာ ၁၈း ၁၄)

ပေတရုက ဂါလိလဲမှာ ရေနစ်ခါနီး အော်တယ်။ “ကယ်တော်မူပါ” (မဿဲ ၁၄း ၃၀)

မျက်စိကန်းတဲ့ ဗာတိမဲက အော်ဟစ်တယ်။ “ဒါဝိဒ်ရဲ့ သားတော်၊ ကျွနု်ပ်ကို သနားပါ။” (မာကု ၁၀း ၄၇) “မျက်စိ မြင်ချင်တယ်” လို့ အသေအချာ တောင်းတယ်။ (မာကု ၁၀း ၅၁) အလင်းရသွားတယ်။
ကားတိုင်ပေါ်က လူဆိုးက ကယ်တင်ဖို့ ဆုတောင်းတယ်။ “အကျွန်ုပ်ကို အောက့်မေ့တော်မူပါ။” (လုကာ ၂၃း ၄၂) အဲဒီနေ့မှာပဲ သူ့ကို ကယ်ပြီး ပရဒိသုဘုံကို ရောက်ရတယ်။

ခါနာနိ အမျိုးသမီးက “ဒါဝိဒ်ရဲ့ သားတော်၊ သနားတော်မူပါ။” လို့ နတ်ဆိုးစွဲနေတဲ့ သူ့သမီးလေးအတွက် ဆုတောင်းတယ်။ (မဿဲ ၁၅း ၂၂) “မစတော်မူပါ” လို့ ထပ်တောင်းပန်တယ်။ (မဿဲ ၁၅း ၂၅) ဆက်တောင်းနေတော့ သူတောင်းတာ ရတယ်။
ကျမ်းစာထဲမှာ အကဲ့ရဲ့ ခံရတဲ့ ဆုတောင်းခြင်းကတော့ ဖါရိရှဲ ဆုတောင်းတာပဲ။ သူက ကျေးဇူးတော်ပဲ ချီးမွမ်းနေတယ်။ ဘာမှ မတောင်းဘူး။ ဒါမျိုးကို ဘုရားသခင် မုန်းတာ ဖြစ်တယ်။

ကိုယ်က အပြစ်သား။ အားနည်းတယ်။ ဘုရားက အားကြီးတယ်။ တန်ခိုးကြီးတယ်။ ကျေးဇူးပြုတယ်။ ဘုရားနဲ့ လူကြားက အကောင်းဆုံး ဆက်သွယ်ရေးက လူက အမြဲတောင်းနေရမယ်။ ဘုရားက အမြဲ ပေးနေဖို့ပဲ။ ဘုရားအတွက် ဘာတွေ လုပ်မယ်လို့ ပြောနေတာဟာ စိတ်ပျက်စရာပါ။ မယုံကြည်ရာကျတယ်။ ဘုရားရဲ့ ကျေးဇူး၊ မေတ္တာကို လူက အသနားခံခြင်းကသာ အကောင်းဆုံး အသင့်လျော်ဆုံး ဆုတောင်းခြင်းပါ။

ဟန်ဆောင်ဆုတောင်းတာဟာ တကယ်တောင်းနေတာ မဟုတ်ဘူး။
လူအများစုကတော့ ဆုတောင်းရာမှာ shopping ထွက်နေသလိုပဲ။ တကယ် မတောင်းကြဘူး။ ဘာမှလည်း မရဘူး။

ဆုတောင်းခြင်းဟာ လျှောက်လည်ဖို့ စီးတဲ့ အလှကား sedan မဟုတ်ဘူး။ အိမ်ကို ကောင်းကြီးတွေ အပြည့်အနှက် သယ်လာမယ့် truck ကား တစီးသာ ဖြစ်တယ်။ အများစုက ဆုသာတောင်းတယ်၊ ဘာမှ မရကြဘူး။ တကယ်တော့ မတောင်းလို့ မရတာပါ။

III. ဟန်ဆောင်သူဟာ ဘာမှ မတောင်းဘူး။

သင်းအုပ်ဆရာတွေက တနင်္ဂနွေ မနက်မှာ “the morning prayer” ဆုတောင်း တတ်ကြတယ်။ ဒါပေမယ့် ဒါက တကယ် ဆုတောင်းတာ မဟုတ်ဘူး။ စကားလုံး အလှတွေ ရွေးတယ်။ ဘုရားတရား ကိုင်းရှိုင်းတယ်။ တရားဟောချက် ဆန်နေတယ်။ ဘုရားကို ပြောတာ မဟုတ်ဘူး။ ပရိတ်သတ်ကို ပြောနေတယ်။ ဘုရားကို ရိုသေအောင်၊ စိတ်နှစ်သိမ့်အောင်၊ တည်ဆောက်မှု ရှိအောင် ပြောနေတာ ဖြစ်တယ်။ တခုခု ရဖို့ မတောင်းဘူး။ အဲဒီတော့ မရဘူး။ ဆုတောင်းတာလည်း မဟုတ်တော့ဘူးပေါ့။
ဆရာရေ- လူရှေ့မှာ ဆုတောင်းတာ အဖြေရရဲ့လား? ပရိတ်သတ်ရှေ့ ဆုတောင်းတာတွေက အဖြေရဖို့ မဟုတ်ဘူးလား? ဘာတခုမှ မတောင်းရင် ဘာမှ ရမှာ မဟုတ်ဘူး။ သာမန် လုပ်နေကြ ဆုတောင်းတခုကို ရွတ်တတ်လို့ ရွတ်နေတဲ့ သဘောပဲ ဖြစ်ပါလိမ့်မယ်။

ဘာတခုမှ မတောင်းဘဲ ဆုတောင်းတယ် ဆိုတာကတော့ ဆုတောင်းခြင်းကို နားမလည်တာပါပဲ။
အတွေ့အကြုံအရ ပြောရရင် ဆရာတွေ ဆုတောင်းတာက ဆုတောင်းတာ မဟုတ်ဘဲ၊ တရားဟောတာ၊ အားပေး နှိုးဆော်တာ ဖြစ်နေတတ်ပါတယ်။ ဘုရားသခင်ကို လိပ်စာတပ်ပြီး၊ ကမ္ဘာပတ်ပါတော့တယ်။ သခင်ယေရှုအတွက် ကျေးဇူးတင်တယ်။ ဧဝံဂေလိတရားနဲ့ သမ္မာကျမ်းစာအတွက် ကျေးဇူးတင်တယ်။ တိုင်းပြည်အတွက် ကျေးဇူးတင်တယ်။ တရားဒေသနာနဲ့ မိဿဟာယအတွက် ကျေးဇူးတင်တယ် …. လို့ ပြောရင်း ဆုတောင်းချက်သာ ဆုံးသွားတယ်။ ဘာတခုမှ မယ်မယ်ရရ တောင်းမသွားဘူး။ တကယ် စိတ်မကောင်းစရာပါ။

လူအများရှေ့မှာ public prayer ဆုတောင်းရင် အများအားဖြင့် ဆုတောင်းတာ သိပ်မပါပါဘူး။ ဘုရားကို ချီးမွမ်း၊ လူကို နှိုးဆော်၊ ဘာခံစားချက်မှ မပါတဲ့ စကားလုံးလှလှတွေ ရွတ်ကြတာပါပဲ။ အများအားဖြင့် အဲဒီလိုပဲ ဖြစ်နေကြပါတယ်။
တယောက်တည်း ဆုတောင်းချိန် private prayer မှာတော့ ဒီလို မဟုတ်တတ်ပါဘူး။ လူရှေ့ ပြောစရာ မလိုတော့ နဲနဲပို ရိုးသားတတ်ပါတယ်။

လူတွေကို ခွန်အားပေးတာ မမှားပါဘူး။ ကောင်းပါတယ်။ ချီးမွမ်းတာလည်း မမှားပါဘူး။ ဒါပေမယ့် ဒါတွေက ဆုတောင်းတာကို နေရာယူ မသွားသင့်ပါဘူး။ ဒါတွေကို ဆုတောင်းတာလို့ မခေါ်သင့်ဘူး။ တောင်းမှပဲ ဆုတောင်းတာ ဖြစ်ပါတယ်။
လိုတာကို တောင်းရမယ်။ တခုခုကို တောင်းရမယ်။ ရဖို့လည်း မြော်လင့်ရမယ်။ ဘုရားသခင်ထံမှာ ကောင်းကြီးမင်္ဂလာတွေ ကြွယ်ဝတယ်။ ပေးချင်တယ်။ တောင်းမလားလို့ စောင့်နေတယ်။

ကျွန်တော့သမီး အကြီး၊ ၃ နှစ်အရွယ်တုန်းက သူ့အားဖြင့် အထန့်တလန့် နားလည်လာရတာ တခု ရှိတယ်။ စားသောက်ခါနီး ဆုတောင်းတော့ သူက ဆုတောင်းတာ ပြီးမယ့်အချိန်ကို စောင့်နေတယ်။ ပြီးတာနဲ့ “အာမင်၊ အာမင်၊ အာမင်” လို့ ဆိုတယ်။ အံအားသင့်သွားတယ်။ ဆုတောင်းတာ ဆုံးခါနီးတာ သူဘယ်လို သိပါလိမ့်?

ပုံသေ ဆုတောင်းချက် ဖြစ်နေလို့ပေါ့။ ပြောနေကျစကားကို ရွတ်နေလို့ပေါ့။ စိတ်မပါတဲ့ စကားတွေ ပြောနေလို့ပေါ့။ ဗိုက်ဆာနေတဲ့ သမီးက ဆုတောင်းချက်ပြီးအောင် စောင့်ရင်း ဘာပြီးရင်၊ ဘာလာမယ်ဆိုတာ သိနေလို့ပေါ့။ ရှက်သွားမိတယ်။ ပြောနေကျစကားကို ရွတ်နေမိတာကိုး။ ဖါရိရှဲနဲ့ ဘာထူးသေးလဲ? ဆုတောင်းစကား လှလှလေးတွေက အသက်မှမပါပဲ။ ဒါဟာ တကယ်ရှက်စရာပါ။
ကမ္ဘာတဝှန်းမှာ ဒီလိုပဲ တောင်းနေကြတယ်။ လူအများစုအတွက်က ဆုတောင်းတာဟာ ဘုရားတရား ဆင်ခြင်တာထက် မပိုဘူး။ ရမယ်လို့လည်း မထင်ကြပါဘူး။

ဆုတောင်းတာဟာ တောင်းတာပါ။ “တောင်းသောသူမည်သည်ကား ရ၏။” ရှင်ယာကုပ်ကတော့ ဒသင်တို့သည် မရကြ။ အကြောင်းမူကား ဆုမတောင်းဘဲနေကြ၏။”

ဆုတောင်းတာကို အခန်းအနားတွေမှာလည်း သုံးမှာပေါ့။ ဒါပေမယ့် ဆုတောင်းခြင်း အစစ်က တောင်းတာပါ။ ဘုရာထံမှာ တခုခု တောင်းတာပါ။ တကယ်လိုချင်လို့ တောင်းလိုက်တာပါ။
ဟေရှာယ ၄၄း ၃ မှာ “ရေငတ်သောသူအပေါ်မှာ ရေကို ငါသွန်းလောင်း၍ …. ” ဆုတောင်းခြင်း အစစ်ဟာ နှလုံးသားရဲ့ ဆာငတ်မှုက လာတယ်။
မာကု ၁၁း ၂၄ မှာ “သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။”

စိတ်အလိုဆန္ဒဟာ ရိုးသားတဲ့ ဆုတောင်းခြင်းအတွက် အခြေခံပါပဲ။ အသံကျယ်ကျယ် ဆုတောင်းလို့ ရပါတယ်။ တိုးတိုး တောင်းလည်း ရတယ်။ ဒါပေမယ့် စိတ်ထဲက ပါရမယ်။ စကားလုံးတွေလည်း မညီမညာ ဖြစ်ချင်ဖြစ်မယ်။ မျက်ရည်ကျချင်ကျ၊ ညည်းတွားချင် ညည်းတွား။ တိတ်ဆိတ်ချင် တိတ်ဆိတ်။ မြော်ကြည့်ချင် မြော်ကြည့်။ ဒါပေမယ့် စစ်မှန်တဲ့ ဆုတောင်းခြင်းဟာ တခုခုကို တောင်းတာပါ။ လိုချင်လို့ တောင်းတာပါ။ အတုအယောင် တောင်းနေတာတွေက တကယ် စိတ်ပျက်စရာပါ။

တချို့သူတွေ ဆုတောင်းတာကတော့ နတ်ဆရာ ရွတ်ဖတ်နေတာနဲ့ တူနေတယ်။ အသံ အနိမ့်အမြင့် အတက်အကျ တွေနဲ့ လှပနေပါလိမ့်မယ်။ ဒါပေမယ့် ဘာတခုမှ မတောင်းဘူး။ အသံပဲ မြည်တယ်။ ဘုရားကို ရိုသေဟန်ပြပေမယ့် တကယ်က စကားလုံးအလှတွေနဲ့ ဆွဲဆောင်နေတာပါ။
အမျိုးသမီးတယောက် စျေးဆိုင်သွားတဲ့အခါ ကဗျာ မရွတ်ဘူး။
အလံ အချက်ပြသူက ရထားမောင်းတဲ့သူကို ပုံဥမာတွေ၊ စကားလုံး အဆန်းတွေနဲ့ အမိန့် မပေးဘူး။
သူတောင်းစား တယောက်က အစားအစာ တောင်းတဲ့အခါ တိမ်တောက်ချိန်အကြောင်း မပြောဘူး။
လိုတာကို ဘုရားကို ပြောဖို့ပါပဲ။ တခုခုတောင်းပြီး ဆုတောင်းခြင်းကို သင်ယူကြပါစို့။

No comments:

Post a Comment