Showing posts with label Reader. Show all posts
Showing posts with label Reader. Show all posts

Friday, May 27, 2022

မျက်မမြင်များနဲ့ ဆင်တကောင် - The Blind Men and the Elephant (Burmese)

The Blind Men and the Elephant (Burmese 

by James Baldwin



" ဆင်တကောင်နဲ့ မျက်မမြင်များ" ဆိုတာ အင်ဒီးယားက ပုံပြင်တပုဒ်ပါ။ ဘာသာတရား အဆုံးအမတွေမှာလည်း ထည့်သုံးကြတယ်။ ကလေးရော လူကြီးပါ ဖတ်ဖို့ ပုံပြင်အဖြစ် ပုံစံအမျိုးမျိုးနဲ့ ထုတ်ဝေကြတယ်။ မျက်မမြင်တစုက ဆင်တကောင်ကို လေ့လာကြတယ်။ ထိမိထိရာ ကိုင်ပြီး ငြင်းကြတယ်။ သူတို့ သိသမျှ စုမိမှ အမှန်တရား ရုပ်လုံးပေါ်မယ်။
တခါက မျက်မမြင် ၆ ယောက်ဟာ လမ်းဘေးမှာ ထိုင်ပြီး ဖြတ်သွားဖြတ်လာတွေထံက တောင်းရမ်းကြတယ်။ သူတို့ဟာ ဆင်အကြောင်း ကြားဖူးပေမယ့် ဆင်ကို မမြင်ဖူးကြဘူး။ မျက်မမြင်ပါဆိုမှ ဘယ်လို မြင်ဖူးပါ့မလဲလေ။
တမနက်တော့ သူတို့ထိုင်နေတဲ့ လမ်းပေါ်ကို ဆင်တကောင် မောင်းလာတာ ကြုံရတယ်။ ဆင်ကြီးလာနေတယ်လို့ ပြောကြတော့ သူတို့က ဆင်ဦးစီးကို ခဏရပ်ပြီး ကြည့်ပါရစေလို့ တောင်းဆိုကြတယ်။
မျက်စိနဲ့ မမြင်နိုင်ကြပေမယ့် ဘယ်လိုအကောင်မျိုးလဲလို့ လက်နဲ့ထိပြီး လေ့လာလို့ရမယ် ထင်ကြတယ်။

ပထမတယောက်က ဆင်ရဲ့နံဘေးကို ထိကြည့်ပြီး "ဟုတ်ပြီ၊ ဟုတ်ပြီ။ ဒီကောင်ကြီးကို ငါသိပြီ။ ဆင်ဆိုတာ နံရံနဲ့ တကယ် တူတာပဲ။" တဲ့။
ဒုတိယလူက အစွယ်ကို စမ်းပြီး၊ "ငါ့ညီရေ မင်းမှားပြီ။ နံရံနဲ့ မတူဘူးကွ။ လုံးတယ်၊ ချောတယ်၊ ချွန်တယ် ဆိုတော့ တခြားဟာတွေထက် လှံနဲ့ ပိုတူတယ်ကွ။" လို့ ပြောတယ်။
တတိယလူက ဆင်နှာမောင်းကို ကိုင်မိတယ်။ "မင်းတို့ နှစ်ယောက်လုံး မှားတယ်။ သိတဲ့လူတွေကတော့ ဆင်ဆိုတာ မြွေနဲ့ တူတယ်လို့ မြင်မှာပဲ။ လို့ ပြောတယ်။
လေးယောက်မြောက်လူက သူ့လက်တွေကို ဆန့်ပြီး ဆင်ခြေထောက်ကို ဖမ်းကိုင်မိတယ်။ "မင်း တော်တော်ကန်းပါလား။ လုံးလုံး၊ ရှည်ရှည် ဆိုတော့ သစ်ပင်နဲ့ တူတာ ရှင်းနေတာပဲ။" လို့ ပြောတယ်။
ငါးယောက်မြောက်က အရပ်ရှည်တယ်။ သူ့လက်နဲ့ ဆင်နားရွက်ကို ကိုင်မိတယ်။ အကန်းတွေ၊ မင်းတို့ပြောသလို မဟုတ်ဘူး။ ဆင်ဆိုတာ ယပ်တောင် အကြီးကြီးနဲ့ တူတာ။" လို့ ပြောတယ်။
ခြောက်ယောက်မြောက်ကတော့ လုံးလုံး ဘာမှ မမြင်တဲ့သူ။ ဆင်နားရောက်အောင် မနည်းသွားရတယ်။ နောက်ဆုံးတော့ ဆင်မြီးကို ဆွဲမိတယ်။
"အော်၊ မိုက်လိုက်တဲ့လူတွေ။ ဘာမှမသိ၊ ဘာမှ အကင်းမပါးကြပါလား။ ဆင်ဆိုတာ နံရံတွေ၊ လှံတွေ၊ မြွေတွေ၊ သစ်ပင်တွေနဲ့ မတူဘူး။ ယပ်တောင်နဲ့လည်း မတူဘူး။ အကင်းပါးတဲ့လူဆိုရင် ဆင်ဆိုတာ ကြိုးနဲ့ တကယ်တူမှန်း သိတယ်။" လို့ ပြောတယ်။
အဲဒီနောက် ဆင်ထွက်သွားတယ်။ မျက်မမြင် ၆ ယောက်က လမ်းဘေးမှာ တနေကုန်ထိုင်ပြီး ငြင်းကြတယ်။ လူတိုင်းက သူတို့ကိုယ်သူတို့ သိတယ်ပဲ ထင်နေကြတယ်။ ပြောတာလက်မခံတော့ စကားလုံး ခပ်ကြမ်းကြမ်းတွေ ပြောလာကြတယ်။ မျက်စိမြင်သူတွေလည်း တခါတလေ အဲဒီလို ခပ်ကောင်ကြောင်တွေ လုပ်တတ်ပါတယ်။

Friday, June 15, 2012

Alzheimer’s Disease - အယ်လ်ဇိုင်းမား ရောဂါ

၁၉၉၄- နိုဝင်ဘာလမှာ အမေရိကန်သမ္မတဟောင်း ရော်နယ်လ် ရေဂင်က သူ့မှာ အယ်လ်ဇိုင်းမား ရောဂါရှိနေပြီလို့ ပြည်သူတွေကို အသိပေးစာတစောင် ရေးခဲ့ပါတယ်။ သူ့ဘဝရဲ့ နေဝင်ချိန်လို့ သူခေါ်တဲ့ အဲဒီခရီးကို စတင်လျှောက်လှမ်းပြီး ၁၀ နှစ်အကြာ၊ သူ့အသက် ၉၃ နှစ်အရွယ်၊ ၂၀၀၄ ခု၊ ဇွန်လ ၅ ရက်နေ့မှာ ဆုံးပါးသွားပါတော့တယ်။

သူ့စာထဲမှာ အယ်လ်ဇိုင်းမား ရောဂါကို သူကြောက်တဲ့အကြောင်း၊ ကြုံရတဲ့ အခက်အခဲတွေအကြောင်း ရေးထားပါတယ်။ အခုလို လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုတဲ့အတွက် ဒီရောဂါ ခံစားနေရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ပိုနားလည်လာကြလိမ့်မယ်လို့ သူနဲ့ သူ့ဇနီး နန်စီက မြော်လင့်ပါတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ရဲ့ ၄၀ ယောက်မြောက် သမ္မတဖြစ်ခဲ့တဲ့ ရော်နယ်လ် ရေဂင်ဟာ အယ်လ်ဇိုင်းမား ရောဂါသည်တွေထဲမှာ နာမည်အကြီးဆုံးသူလို့ ဆိုနိုင်ပါတယ်။ အမေရိကန်ပြည်မှာ လူ ၄.၅ သန်းလောက်ဟာ အဲဒီရောဂါကို ခံစားနေကြရတယ်။ နောက်ထပ် သန်းပေါင်းများစွာလည်း ဒီရောဂါကို နောင်နှစ်တွေမှာ ခံစားရဖွယ် ရှိပါတယ်။

ဆရာဝန်တွေက အယ်လ်ဇိုင်းမား ရောဂါကို ဦးနှောက် တဖြည်းဖြည်း ကမောက်ကမ ဖြစ်လာတဲ့ရောဂါလို့ ဆိုပါတယ်။ မှတ်ဉာဏ်နဲ့ ပင်ကိုယ်စွမ်းရည်တွေကို ထိခိုက်စေပါတယ်။ ဆေးမရှိသေးပါဘူး။ ရောဂါဖြစ်လာရင် နေ့စဉ်ဘဝကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း မဲ့လာပါတယ်။ ဖြစ်စမှာတော့ လူတွေရဲ့ နာမည် (သို့မဟုတ်) ပစ္စည်းထားမိတဲ့ နေရာ စတာတွေကို မေ့လာပါတယ်။

ကြာတော့ ပိုပို မေ့လာပါတယ်။ ကိုယ့်မိသားစုရဲ့ နာမည်ကို မေ့လာတယ်။ ကိုယ်ဘယ်သူလဲဆိုတာ မေ့လာတယ်။ နောက်ဆုံးတော့ ဘာတခုမှ မမှတ်မိတော့ဘူး။ ဒါက သူ့ကိုယ်ခန္ဓာက တခြားအစိတ်အပိုင်းတွေ မသေခင်၊ ဦးနှောက်အရင်သေသွားတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ရင် ဒီရောဂါနဲ့ပဲ သေတော့မှာ ဖြစ်ပေမယ့် မသေခင်နှစ်အတော်ကြာ ဝေဒနာခံစားနေရပါတယ်။

အယ်လ်ဇိုင်းမား ရောဂါဟာ Dementia လို့ခေါ်တဲ့ စိတ်မကျန်းမာမှု (သို့) ချွတ်ယွင်းမှုတမျိုး ဖြစ်ပါတယ်။ Dementia ဆိုတာက နေ့စဉ်လုပ်ဆောင်စရာလေးတွေကိုတောင် စဉ်းစား၊ လုပ်ဆောင်နိုင်စွမ်း မရှိတော့တာ ဖြစ်ပါတယ်။ ဒါက ရောဂါတော့ မဟုတ်ပါဘူး။ ရောဂါကြောင့် ဖြစ်လာတဲ့ လက္ခဏာရပ်တွေသာ ဖြစ်ပါတယ်။

တချို့ Dementia တွေဟာ ကုလို့ ရပါတယ်။ အထူးသဖြင့် အရက်၊ မူးယစ်ဆေး၊ မျက်စိဝေဒနာ၊ နားပြဿနာ၊ နှလုံး (သို့) အဆုတ်ပြဿနာ (သို့) ခေါင်း ထိခိုက် ဒဏ်ရာတွေဆိုရင် ကုလို့ရပါတယ်။ တချို့ Dementia အမျိုးအစားတွေကတော့ ဗစ်တာမင်ဓါတ်တွေ (သို့) ဟော်မုန်းတွေရဲ့ ပါ၀င်နှုန်းကို ညှိညွတ်ပေးရုံနဲ့ ကောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် အယ်လ်ဇိုင်းမား ရောဂါဖြစ်သူရဲ့ သေသွားတဲ့ ဦးနှောက် Cells ဆဲလ်တွေကတော့ အစားထိုးလို့ မရနိုင်တော့ပါဘူး။

ရောဂါဖြစ်ရင် စိတ်တိုလာတယ်။ ကြမ်းတမ်းလာတယ်။ အကြောင်းမရှိ သွားလာမယ်။ အသက်ကြီးသူတွေဆိုရင် အိမ်နဲ့ အဝေးကြီးမှာ လျှောက်သွားနေပြီး၊ ဘယ်ကလာလို့၊ ဘယ်ရောက်နေမှန်း မသိတော့ပါ။

အယ်လ်ဇိုင်းမား ရောဂါ တိုးလာပုံက တယောက်နဲ့တယောက် မတူတတ်ပါဘူး။ ဒါပေမယ့် အစပိုင်း ရောဂါ အရိပ်အရောင်တွေက တူပါတယ်။ ကိုယ့်မှာ အပြောင်းအလဲ ရှိလာတွေကို မရိပ်မိတတ်ကြပါဘူး။ တချို့ကတော့ ရိပ်မိပါတယ်။ ဒါကို ဖုန်းကွယ်ဖို့ ကြိုးစားကြပြန်ပါတယ်။

အများစုဖြစ်တတ်တဲ့ အစောပိုင်း လက္ခဏာကတော့ ရေတိုမှတ်ဉာဏ် ဆုံးရှံုးတာဖြစ်ပါတယ်။ ဥပမာ- မနေ့က အဖြစ်အပျက်ကို မေ့တာမျိုးပါ။ သင်ယူဖို့ ခက်လာတယ်။ မှတ်သားဖို့ ခက်လာတယ်။ တဖြည်းဖြည်း စဉ်းစားရတာ ခက်လာတယ်။ ရယ်စရာပြောတဲ့စကားလည်း နားမလည်တော့ပါ။ အချက်အပြုတ်လည်းမရ။ သာမန် အလုပ်ကလေးတခုကိုတောင် မလုပ်တတ်တော့ပါ။

တခြားရောဂါလက္ခဏာကတော့ သာမန်ပြဿနာကလေးတွေကို ဖြေရှင်းရခက်လာမယ်။ ဟင်းအိုးတူးတာတောင် ဘာလုပ်ရမှန်း မသိဖြစ်လာမယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေကို နားမလည်၊ လမ်းလည်း မရှာတတ် ဖြစ်လာမယ်။

ကိုယ်တွေးနေတာ၊ သိနေတာကို ပြန်ပြောပြဖို့ စကားလုံး ရှာရခက်လာမယ်။ နောက်တော့ ရောဂါဖြစ်သူဟာ ပြောင်းလဲလာတယ်။ အေးအေးနေတတ်တဲ့သူက ဆူညံအော်ဟစ်ပြီး၊ ဒေါသကြီးလာတယ်။ စိတ်တိုလာသလို၊ လူတွေကို မယုံတော့ပါဘူး။

ဒီရောဂါဟာ အသက် ၆၅ ကျော်မှ ဖြစ်တတ်တာပါ။ ၅၀ အောက်မှာလည်း ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ အများစုကို တွေ့ရတာကတော့ အသက် ၈၀ အရွယ်မှာဖြစ်ပါတယ်။

၆၅ နှစ်အရွယ်မှာ ၂ ရာခိုင်နှုန်းလောက်ပဲ တွေ့ရပါတယ်။ အသက် ၈၀ မှာတော့ ၂၀ ရာနှုန်းလောက် တွေ့ရပါတယ်။ အသက် ၉၀ အရွယ်မှာတော့ လူဦးရေ တဝက်လောက်မှာ ရောဂါလက္ခဏာတချို့ တွေ့နေရပါတယ်။ လူမျိုးမရွေး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပို ဖြစ်တတ်ပါတယ်။ ဒါကလည်း အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်တာနဲ့လည်း ဆိုင်ပါတယ်။

အယ်လ်ဇိုင်းမား ရောဂါ ရှိ/ မရှိ စမ်းသပ်ဖို့ရာ မလွယ်ပါဘူး။ ဆရာဝန်က ချို့ယွင်းချက်တွေကို အရင်ရှာရပါတယ်။ တခြားချိုကယွင်းချက်တွေပါ တွေ့လာမှ အယ်လ်ဇိုင်းမား ရောဂါလို့ ယူဆရတာပါ။ အယ်လ်ဇိုင်းမားရောဂါရှိတယ်လို့ အသေအချာ ပြောနိုင်ဖို့ကတော့ သေပြီးနောက် ဦးနှောက်ကို ခွဲစိတ် စစ်ဆေးကြည့်မှသာ ရပါတယ်။

ရောဂါရှိကြောင်း သိနိုင်ပုံတွေတော့ တွေ့လာနေပါပြီ။ ဥပမာတခုအနေနဲ့ - လူ ၆၈ ယောက်ရဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီးကို လေ့လာခဲ့ပါတယ်။ ရောဂါလက္ခဏာဖြစ်တဲ့ ပရိုတိန်း ၂၃ မျိုးကိုတွေ့ခဲ့ကြပါတယ်။ ဒီပရိုတိန်း စမ်းသပ်မှုဟာ ၉၀ ရာခိုင်နှုန်း မှန်ကန်နေတယ်လို့ ဆိုပါတယ်။

နောက်တွေ့ရှိချက်တခုကတော့ ရောဂါဖြစ်နေသူတွေမှာ F-D-D-N-P လို့ခေါ်တဲ့ ဓါတ်တမျိုးကို တွေ့ရတာပါပဲ။ အသက်ကြီးသူ အယောက် ၈၀ ရဲ့ ဦးနှောက်ကို ဓါတ်မှန်ရိုက် ပုံဖေါ်ပြီး လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလေ့လာချက်ကတော့ အယ်လ်ဇိုင်းမားနဲ့ သာမန် မှတ်ဉာဏ်လျော့နည်းတဲ့ ပြဿနာတွေရဲ့ ကွာခြားချက်ကို လေ့လာရာမှာ ၉၈ ရာခိုင်းနှုန်း မှန်ကန်တယ်လို့ ဆိုပါတယ်။ လူနာအများကြီးကို အကြိမ်ကြိမ် အထပ်ထပ် လေ့လာကြရဦးမယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါပေမယ့် ဒီနည်းတွေနဲ့ ရောဂါရှိကြောင်း စစ်ဆေးကြည့်နိုင်ပြီဆိုမှ အတတ်နိုင်ဆုံး စောစော ကုသနိုင်မှာ ဖြစ်ပါတယ်။       ။

Thursday, June 14, 2012

Mozart - သီချင်းရေးဆရာ မိုဇတ်



၂၀၀၆ ခုနှစ်မှာဆိုရင် ဩစတြီးယန်း သီချင်းရေးဆရာ Wolfgang Amadeus Mozart မွေးဖွါးခဲ့တာ နှစ်ပေါင်း ၂၅၀ ပြည့်ခဲ့ပါပြီ။

ဒီဇင်ဘာ ၅ ရက်နေ့မှာ မိုဇတ် သေတဲ့ နှစ်ပတ်လည်နေ့ကို ကမ္ဘာတဝန်းလုံးက ကျင်းပခဲ့ကြပါတယ်။ သူမသေခင် အပြီးမသတ်ခဲ့နိုင်ခဲ့တဲ့ Requiem ကို အဓိက တင်ဆက်ကြပါတယ်။ Requiem ဆိုတာဟာ သေသူကို ဂုဏ်ပြုတဲ့ သီချင်းပါ။ မကျန်းမမာ ဖြစ်လာတဲ့အတွက် သူ့ကိုယ်သူ ဂုဏ်ပြုဖို့ ရေးထားခဲ့သလားလို့ ထင်မှတ်ရပါတယ်။ ဒါပေမယ့် ဒီသီချင်းဟာ ၀မ်းနည်းစရာ၊ လျှို့ဝှက်နက်နဲရာတွေထက် ပျော်စရာတွေသာ ပိုပါပါတယ်။

မိုဇတ် သီချင်းတွေ ရေးခဲ့တာဟာ ၁၈ ရာစုရဲ့ ဒုတိယ ရာစုဝက်မှာ ဖြစ်ပါတယ်။ အဲဒီခေတ် ဥရောပ ဂီတပညာရှင်တွေဟာ ဘုရင်တွေ၊ မိဖုရားတွေနဲ့ တော်ဝင်မိသားစုတွေအတွက် ဖျော်ဖြေခဲ့ကြပါတယ်။ ဂီတသမားတွေဟာ ငွေကြေးအထောက်အပံံအတွက် လူချမ်းသာတွေအပေါ်မှာ မှီခိုခဲ့ရပါတယ်။

မိုဇတ်ဟာ သူ့မိတ်ဆွေ Joseph Haydn နဲ့တွဲပြီး Classical style ဂန္တဝင်ဂီတမှာ အကောင်းဆုံး စံနမူနာတွေ ဖြစ်ခဲ့ကြပါတယ်။ သူခေတ်မှာ အဲဒီဂီတဟာ အရေးအကြီးဆုံး ဂီတဖျော်ဖြေမှုတမျိုးဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ Classical ဆိုတာ Orchestra သံစုံဝိုင်းတွေမှာ ရေးသားတီးမှုတ်တဲ့ သီချင်းတွေ ဖြစ်ပါတယ်။

တချို့က Symphony 25 in G Minor ဟာ မိုဇတ်ရဲ့ ပထမဦးဆုံး လက်စွမ်းပြ လက်ရာလို့ ဆိုပါတယ်။ အဲဒီသီချင်းရေးချိန်မှာ သူ့အသက်က ၁၇ နှစ်ပါ။

မိုဇတ်ရဲ့ သီချင်းရေးပုံအကြောင်းပြောကြရင် effortless ဆိုတဲ့စကားကို မကြာခဏ သုံးကြပါတယ်။ တကူးတက ကြိုးစားအားထုတ်ထားတာ မဟုတ်ဘူးလို့ ဆိုလိုပါတယ်။ ၁၇၅၆  မှာ သူ့ကို ဩစတြီးယား Austria ပြည် Salzburg မြို့မှာ မွေးပါတယ်။ မွေးပြီးတာနဲ့ သူ့ကို Johannes Chrysostomus Wolfgangus Theophilus Mozart လို့ နာမည်ပေးပါတယ်။ ဒါပေမယ့် သူက `ဘုရားသခင် ချစ်တဲ့သူ´ လို့ ဆိုလိုတဲ့  “Amadeus, or Amade” လို့ ခေါ်တာကို ပိုသဘောကျပါတယ်။

Wolfgang ဟာ Leopold Mozart နဲ့ Anna Maria Pertl တို့ရဲ့ သားသမီး ရ ယောက်ထဲမှာ အငယ်ဆုံး ဖြစ်ပါတယ်။ သားသမီး ၅ ယောက်က ကလေးဘဝမှာပဲ သေဆုံးကြတယ်။ Wolfgang နဲ့ သူ့အမ Maria Anna တို့ပဲ ကျန်ပါတယ်။ နှစ်ယောက်လုံး ငယ်ငယ်က ဂီတမှာ တော်ကြပါတယ်။ မိဘတွေနဲ့အတူ ဥရောပတခွင်မှာ လှည့်လည် ဖျော်ဖြေခဲ့ကြပါတယ်။

Wolfgang ရဲ့ ဖခင်ဟာ နာမည်ကြီး တယောဆရာ ဖြစ်ပါတယ်။ Wolfgang ကို မွေးတဲ့နှစ်မှာပဲ Leopold ဟာ နာမည်ကြီးတဲ့ တယောတီးနည်းစာအုပ် ထုတ်ဝေခဲ့ပါတယ်။ မကြာခင်မှာပဲ Wolfgang ဟာ တူရိယာအမျိုးမျိုးကို ထူးထူးကဲကဲ နိုင်နိုင်နင်းနင်း တီးခတ်နိုင်စွမ်း ပြလာခဲ့ပါတယ်။

ရှစ်နှစ်အရွယ်မှာ Piano စတီးပါတယ်။ တခါတရံ မျက်စိမှိတ်တီးပါတယ်။ Organ နဲ့ တယောကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးပါတယ်။ သူရဲ့ ဂီတအသိက လူကြီးတယောက်ရဲ့ အသိမျိုးပါ။

ခရီးသွားတဲ့အတွက် သူ့ရဲ့ ဂီတပညာ ပိုတိုးတက်လာပါတယ်။ သူ့အဖေက ၁၈ ရာစုရဲ့ ဥရောပမြို့ကြီးတွေမှာ ဖျော်ဖြေခဲ့ပါတယ်။ သူတို့မိသားစုဟာ Lodon, Munich, Vienna, Prague နဲ့ Paris မြို့တွေကို သွားခဲ့ပါတယ်။

၁၇၇၈ မှာတော့ မိသားစုမှာ ၀မ်းနည်းစရာ ကြုံလာပါတယ်။ မိုဇတ်ကလေးက သူ့အမေနဲ့အတူ Paris မှာ အလုပ်ရှာနေချိန်ပါ။ သူ့အမေ ဖျားနာပြီး သေပါတယ်။ ဟိုအဝေးက Salzburg မြို့မှာနေတဲ့ အဖေဖြစ်သူ Leopold က ဘာမှ မကူနိုင်၊ မကယ်နိုင် ဖြစ်သွားပါတယ်။ အမေသေတာ သားကြောင့်လို့ အပြစ်တင်ပါတယ်။

ငယ်ငယ်က Salzburg မြို့မှာနေတုန်း ဂိုဏ်းအုပ်ကြီးထံမှာ Concert Master ပြဇာတ်ဆရာ လုပ်ဖူးပါတယ်။ ဘာသာရေး သီချင်းတွေ ရေးပေးရပါတယ်။ ဒါပေမယ့် သူ့အပေါ်မှာ အလုပ်ရှင် မကောင်းဘူးလို့ ခံစားရတဲ့အတွက် ၁၇၈၁ မှာ အလုပ်ထွက်ခဲ့ပါတယ်။

Salzburg မြို့က အပြီးအပိုင် ထွက်လာခဲ့ပြီး၊ Vienna မြို့ကိုရောက်တော့ သူ့ရဲ့ ဂီတပညာဟာ အထွတ်အထိပ်ကို ရောက်နေပါပြီ။ Vienna မြို့ဟာ Holy Roman Emperor Joseph II နေထိုင်တဲ့မြို့ပါ။ ဥရောပတဝှန်းက ဂီတပညာရှင်တွေဟာ ဧကရာဇ်ကို ဖျော်ဖြေဖို့ လာကြလေ့ရှိပါတယ်။

၁၇၈၂ - မှာ မိုဇတ်ဟာ Constanze Weber နဲ့ ဩစတြီးယန်းမြို့တော်မှာ လက်ထပ်ပါတယ်။ သူ့ဇနီးကို `ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံး နှလုံးသားနဲ့ အတွေ့အကြံု ရင့်ကျက် နှံ့စပ်သူ´ လို့  သူက ဆိုပါတယ်။ Constanze မှာ ကလေး ၆ ယောက်ရှိပေမယ့် ၂ ယောက်သာ ရှင်ပါတယ်။ အခက်အခဲတွေရှိပေမယ့်လည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြပါတယ်။

Vienna  မြို့မှာ မိုဇတ်ဟာ သူ့ရဲ့အကောင်းဆုံး Operas တွေ ရေးခဲ့ပါတယ်။ Opera ဆိုတာ သံစုံဝိုင်းနဲ့ ကပြရတဲ့ ဂီတပြဇာတ်တွေ ဖြစ်ပါတယ်။ တခြားမြို့တွေမှာလည်း ဖျော်ဖြေခဲ့ရပါတယ်။ သူ့ရဲ့ The Marriage of Figaro ဟာ Prague မြို့မှာ လူကြိုက်များခဲ့ပါတယ်။

အဲဒီမြို့မှာပဲ အော်ပရာ နောက်တပုဒ်ရေးဖို့ တောင်းဆိုခံရပါတယ်။ Don Giovanni ပြဇာတ်ကို ရေးခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့အကောင်းဆုံးအော်ပရာလို့  အများက ယူဆကြပါတယ်။ ဒီအော်ပရာဟာ စပိန်စာရေးဆရာ Tirso de Molina ရေးတဲ့ ချစ်တတ်တဲ့ သူရဲကောင်း Don Juan အကြောင်းဖြစ်ပါတယ်။ ဟိုတုန်းက Don Giovanni  သတ်ခဲ့တဲ့ လူတယောက်ရဲ့ ၀ိညာဉ်က လူ့လောကကို ပြန်လာပြီး သူ့ကိုဖမ်းဆီးကာ၊ ငရဲကို ဆွဲချတဲ့အကြောင်း ဖြစ်ပါတယ်။ 

မိုဇတ်ရဲ့ သီချင်းတွေကို ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀၀ ကျော်မျာလည်း ကြားရနိုင်ပါတယ်။ Jean Renoir ရဲ့ The Rules of the Game ဇာတ်ကားကနေ Stanley Kubrick ရဲ့ Eyes Wide Shut ဇာတ်ကားအထိ ပါ၀င်ပါတယ်။

၁၉၈၄ ခုနှစ်မှာ peter Shaffer ရဲ့ Amadeus ဇာတ်ကားဟာ မိုဇာတ်အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အကယ်ဒမီ ၈ ဆု ရပါတယ်။ ဒါပေမယ့် သမိုင်းဆရာတွေကတော့ အီတလီ သီချင်းရေးဆရာ Antonio Salieri ကို မိုဇတ်သေရတဲ့ တရားခံအဖြစ် ပြတာဟာ မမှန်ဘူးလို့ ထောက်ပြကြပါတယ်။ Salieri ဟာ မိတ်ဆွေတယောက်သာ ဖြစ်သလို၊ မိုဇာတ်ရဲ့ သားကို သင်ပြရသူလည်း ဖြစ်ပါတယ်။

 မိုဇတ်ဟာ အသက် ၃၅ နှစ်အရွယ် ၁၇၉၁ ခု၊ ဒီဇင်ဘာ ၅ ရက်မှာ သေဆုံးပါတယ်။ သီချင်းအပုဒ်ပေါင်း ၆၀၀ ကျော် ရေးခဲ့ပါတယ်။ ခေတ်ကာလတလျှောက်လုံးမှာ အကောင်းဆုံးသီချင်းရေးဆရာအဖြစ် မိုဇတ်ကို ပညာရှင်တချို့က ယူဆကြပါတယ်။                ။

Monday, June 4, 2012

ဆံပင် - Hair


ဆံပင်
By Sherry Hutson Camperson

ဆံပင်ဟာ နို့တိုက်သတ္တဝါတွေမှာ ပေါက်တဲ့ အမွေးအမှင်ပါ။ အမွေးနုကလေးကနေ ကြမ်းတမ်းစူးရှတဲ့ ဖြူဆူးအထိ ပုံစံအမျိုးမျိုးနဲ့ ပေါက်ပါတယ်။ ဝေလငါးကတော့ နို့တိုက်သတ္တဝါတွေထဲမှာ အမွေးအမှင် အနည်းဆုံးပါ။

လူမှာ နူးညံ့တိုတောင်တဲ့ အမွေးအမှင်တွေ တကိုယ်လုံး ပေါက်တတ်ပေမယ့် ခေါင်းက ဆံပင်ကတော့ အထူဆုံးပါပဲ။ ကွယ်ကာဖို့နဲ့ နွေးထွေးစေဖို့ ဖြစ်ပါတယ်။ မျက်ခွံပေါ်နဲ့ ခြေဖဝါး၊ လက်ဖဝါးတွေပေါ်မှာတော့ အမွေးအမှင် မပေါက်တတ်ပါဘူး။

ဆံပင်မွေးတိုင်းမှာ အခြေခံအားဖြင့် ၂ ပိုင်းပါပါတယ်။ ဆံပင်ချောင်းနဲ့ အမြစ်ဖြစ်ပါတယ်။ အရေပြားထဲက ထွက်လာတဲ့အခါ အမြစ်ကနေ ဆံပင်ချောင်း ဖြစ်လာပါတယ်။ တလကို ၁ လက်မခွဲ ရှည်ထွက်ပါတယ်။ ၄ နှစ်လောက် ရှည်ထွက်လာပြီးရင် ကျွတ်ထွက်သွားပါတယ်။ အသစ်တချောင်း အစားထိုးပေါက်လာပါတယ်။ ပေါက်လိုက်၊ ကျွတ်လိုက် ပုံမှန်ဖြစ်နေပါတယ်။

ဆံပင်ချောင်းပိုင်းဟာ လုံဝန်းတဲ့ ပုံစံရှိပါတယ်။ နဂို ဆံပင်ကောက်သူတွေကတော့ ပြားတဲ့ပုံစံ ရှိတတ်ပါတယ်။ ဆံပင်နီရင် ခေါင်းမှာ ဆံပင် ၉၀,၀၀၀ ရှိပါတယ်။ နက်ရင် ၁၀၃,၀၀၀ ။ ညိုရင် ၁၀၉,၀၀၀ ။ ရွှေရောင်က ၁၄၀,၀၀၀ ရဲ့ အထက်ရှိပါတယ်။ ပိုနဲနဲ၊ လိုနဲနဲပဲ ကွာပါမယ်။

ဆံပင်ဟာ အရေပြားဆဲလ်တခုသာ ဖြစ်ပြီး၊ သူ့ကို မာကြောသန်မာစေဖို့ ကဲရတင် Keratin ဓါတ် နဲ့ ဖုံးအုပ်ထားပါတယ်။ ဒီဓါတ်ကို လက်သည်း၊ ကြံချို၊ မြင်းခွါနဲ့ ငှက်မွေးတွေမှာ တွေ့ရပါတယ်။

အမြစ်ပိုင်းကတော့ သွေးကြောမျှင်တွေနဲ့ ဆက်နေပါတယ်။ ဆံပင်တချောင်းမှာ မျိုးရိုးဗီဇနဲ့ဆိုင်တာတွေ အားလုံးပါပါတယ်။ ဘယ်သူနဲ့မှ မတူတဲ့၊ သီးသန့် ပင်ကိုယ်သဘာဝ ဖြစ်စေတဲ့ DNA ပါပါတယ်။ ကိုယ့်ပင်ကိုယ် သဘာဝဖြစ်စေမယ့် အရာအားလုံးဟာ ဆံပင်တချောင်းထဲမှာ ရှိနေပါတယ်။

ဆံပင်တချောင်းကို စနစ်တကျ လေ့လာကြည့်ရင် ကျား/မ၊ လူမျိုး စတဲ့အကြောင်းအရာ များစွာကို ဖေါ်ပြပေးနိုင်ပါတယ်။ ပြစ်မှုဖြစ်ပွါးတဲ့ နေရာမှာတွေ့ရတဲ့ ဆံပင်ကို ဓါတ်ခွဲခန်းပို့ပြီး လေ့လာရင်၊ တရားခံရဲ့ ဖုံးကွယ်ထားတဲ့ အချက်တွေကို သိနိုင်ပါတယ်။

ဘုရားသခင်က ဆံပင် အမြစ်ကနေ၊ ဆံပင်အဖျား အကွဲပိုင်းအထိ ဖန်ဆင်းထားတာပါ။ ခေါင်းပေါ်မှာ ဆံပင်ဘယ်နှစ်ချောင်း ရှိတယ်ဆိုတာ ဘုရားသခင် အတိအကျ ရေတွက်ထားပါတယ်။ ( မဿဲ ၁၀း ၃၀ ) တကယ်တော့ ကိုယ့်ရဲ့အမွေးအမှင်တွေကို ဘုရားသခင် ဖန်ဆင်းထားတာပါ။

ကိုယ့်မှာရှိတဲ့ ဆံပင်အမျိုးအစားအတွက် စိတ်မညစ်ပါနဲ့။ အသားအရောင်၊ မျက်လုံးအရောင်တွေဟာ ဆံပင်ရောင်နဲ့ ဆက်နေကြတာပါ။ တိုတို၊ ရှည်ရှည် ဘုရားပေးတဲ့အတိုင်း နေကြရတာပါ။              ။
From “Hair: The Long and the Short of It” by Sherry Huston Camperson.

Saturday, June 2, 2012

Superstars - စူပါစတားတွေ အကြောင်း


ဆံပင်
By Sherry Hutson Camperson

ဆံပင်ဟာ နို့တိုက်သတ္တဝါတွေမှာ ပေါက်တဲ့ အမွေးအမှင်ပါ။ အမွေးနုကလေးကနေ ကြမ်းတမ်းစူးရှတဲ့ ဖြူဆူးအထိ ပုံစံအမျိုးမျိုးနဲ့ ပေါက်ပါတယ်။ ဝေလငါးကတော့ နို့တိုက်သတ္တဝါတွေထဲမှာ အမွေးအမှင် အနည်းဆုံးပါ။

လူမှာ နူးညံ့တိုတောင်တဲ့ အမွေးအမှင်တွေ တကိုယ်လုံး ပေါက်တတ်ပေမယ့် ခေါင်းက ဆံပင်ကတော့ အထူဆုံးပါပဲ။ ကွယ်ကာဖို့နဲ့ နွေးထွေးစေဖို့ ဖြစ်ပါတယ်။ မျက်ခွံပေါ်နဲ့ ခြေဖဝါး၊ လက်ဖဝါးတွေပေါ်မှာတော့ အမွေးအမှင် မပေါက်တတ်ပါဘူး။

ဆံပင်မွေးတိုင်းမှာ အခြေခံအားဖြင့် ၂ ပိုင်းပါပါတယ်။ ဆံပင်ချောင်းနဲ့ အမြစ်ဖြစ်ပါတယ်။ အရေပြားထဲက ထွက်လာတဲ့အခါ အမြစ်ကနေ ဆံပင်ချောင်း ဖြစ်လာပါတယ်။ တလကို ၁ လက်မခွဲ ရှည်ထွက်ပါတယ်။ ၄ နှစ်လောက် ရှည်ထွက်လာပြီးရင် ကျွတ်ထွက်သွားပါတယ်။ အသစ်တချောင်း အစားထိုးပေါက်လာပါတယ်။ ပေါက်လိုက်၊ ကျွတ်လိုက် ပုံမှန်ဖြစ်နေပါတယ်။

ဆံပင်ချောင်းပိုင်းဟာ လုံဝန်းတဲ့ ပုံစံရှိပါတယ်။ နဂို ဆံပင်ကောက်သူတွေကတော့ ပြားတဲ့ပုံစံ ရှိတတ်ပါတယ်။ ဆံပင်နီရင် ခေါင်းမှာ ဆံပင် ၉၀,၀၀၀ ရှိပါတယ်။ နက်ရင် ၁၀၃,၀၀၀ ။ ညိုရင် ၁၀၉,၀၀၀ ။ ရွှေရောင်က ၁၄၀,၀၀၀ ရဲ့ အထက်ရှိပါတယ်။ ပိုနဲနဲ၊ လိုနဲနဲပဲ ကွာပါမယ်။

ဆံပင်ဟာ အရေပြားဆဲလ်တခုသာ ဖြစ်ပြီး၊ သူ့ကို မာကြောသန်မာစေဖို့ ကဲရတင် Keratin ဓါတ် နဲ့ ဖုံးအုပ်ထားပါတယ်။ ဒီဓါတ်ကို လက်သည်း၊ ကြံချို၊ မြင်းခွါနဲ့ ငှက်မွေးတွေမှာ တွေ့ရပါတယ်။

အမြစ်ပိုင်းကတော့ သွေးကြောမျှင်တွေနဲ့ ဆက်နေပါတယ်။ ဆံပင်တချောင်းမှာ မျိုးရိုးဗီဇနဲ့ဆိုင်တာတွေ အားလုံးပါပါတယ်။ ဘယ်သူနဲ့မှ မတူတဲ့၊ သီးသန့် ပင်ကိုယ်သဘာဝ ဖြစ်စေတဲ့ DNA ပါပါတယ်။ ကိုယ့်ပင်ကိုယ် သဘာဝဖြစ်စေမယ့် အရာအားလုံးဟာ ဆံပင်တချောင်းထဲမှာ ရှိနေပါတယ်။

ဆံပင်တချောင်းကို စနစ်တကျ လေ့လာကြည့်ရင် ကျား/မ၊ လူမျိုး စတဲ့အကြောင်းအရာ များစွာကို ဖေါ်ပြပေးနိုင်ပါတယ်။ ပြစ်မှုဖြစ်ပွါးတဲ့ နေရာမှာတွေ့ရတဲ့ ဆံပင်ကို ဓါတ်ခွဲခန်းပို့ပြီး လေ့လာရင်၊ တရားခံရဲ့ ဖုံးကွယ်ထားတဲ့ အချက်တွေကို သိနိုင်ပါတယ်။

ဘုရားသခင်က ဆံပင် အမြစ်ကနေ၊ ဆံပင်အဖျား အကွဲပိုင်းအထိ ဖန်ဆင်းထားတာပါ။ ခေါင်းပေါ်မှာ ဆံပင်ဘယ်နှစ်ချောင်း ရှိတယ်ဆိုတာ ဘုရားသခင် အတိအကျ ရေတွက်ထားပါတယ်။ ( မဿဲ ၁၀း ၃၀ ) တကယ်တော့ ကိုယ့်ရဲ့အမွေးအမှင်တွေကို ဘုရားသခင် ဖန်ဆင်းထားတာပါ။

ကိုယ့်မှာရှိတဲ့ ဆံပင်အမျိုးအစားအတွက် စိတ်မညစ်ပါနဲ့။ အသားအရောင်၊ မျက်လုံးအရောင်တွေဟာ ဆံပင်ရောင်နဲ့ ဆက်နေကြတာပါ။ တိုတို၊ ရှည်ရှည် ဘုရားပေးတဲ့အတိုင်း နေကြရတာပါ။              ။
From “Hair: The Long and the Short of It” by Sherry Huston Camperson.

Wednesday, May 30, 2012

စားသောက်ပုံ - Table Manners



စစ်မှန်တဲ့ အပြုအမူတွေဟာ စိတ်နှလုံးထဲက လာပါတယ်။ ကြင်နာတဲ့စကားဟာ ကြင်နာတတ်တဲ့ နှလုံးသားထဲမှ လာပါတယ်။ အပြုအမူ ယဉ်ကျေးနေပေမယ့် သူတပါးကို ညဉ်းတွား အပြစ်တင်လိုက်တာနဲ့ ယဉ်ကျေးတာတွေဟာ အတုအယောင် ဖြစ်တာကို ပြသနေပါတယ်။

အစားအစာ စားတဲ့အခါ ဘုရားသခင်ကို ကျေးဇူးစကား အမြဲဆိုပါ။ ပြင်ဆင်ကျွေးမွေးသူကိုလည်း ကျေးဇူးစကား ပြောပါ။

သူတပါးကို စိတ်ကြည်နူးစေခြင်းဟာ စိတ်ကောင်းရှိကြောင်း ပြနေပါတယ်။ စားသောက်ရာမှာ ကိုယ့်အလို၊ ကိုယ့်ဆန္ဓကို ဘေးဖယ်ထားပါ။ သူတပါးကို အလေးအနက်ထားပါ။ အချိန်မှီ ၀င်ထိုင်ပါ။

ငြိမ်သက်စွာ စားသောက်ပါ။

ကြည်နူးကြည်နူ စားသောက်ပွဲဖြစ်ဖို့ရာ အဓိကက ငြိမ်သက်စွာ စားဖို့လိုပါတယ်။ နည်းနည်းစီသာ ကိုက်စားပါ။ ပါးစပ်ပိတ်ပြီး ၀ါးစားပါ။ သောက်ရေခွက်၊ ဇွန်းခက်ရင်းတို့ကို အသံမမြည်စေပါနဲ့။

အစားအသောက် လက်ဆင့်ကမ်းခြင်း

ပန်းကန်ကို လက်ဆင့်ကမ်းတဲ့အခါ  ညာဖက်ကိုသာ ကမ်းရပါတယ်။ လူတိုင်း ကိုယ်စီမရကြသေးရင် မစားရသေးပါ။ စားနေတုန်းအစားအသောက် ထပ်လိုပါက အနီးဆုံး လက်ဆင့်ကမ်းနိုင်သူကို တောင်းပါ။ သူတပါး ပန်ကန်ပေါ်မှ မဖြတ်ကျော်ရပါဘူး။ ထရပ်ပြီးလည်း လှမ်းကျော် မယူရပါဘူး။

လက်သုတ်ဝတ်များ - Napkins:

စားဖို့ အသင့်ဖြစ်တဲ့အခါ ဇွန်းခက်ရင်းရဲ့ ဘယ်ဖက်ရှိ လက်သုတ်ပဝါကို ယူပြီး၊ ပေါင်ပေါ်တင်ခင်းပါ။ ပုဝါသေးရင် အပြည့်ဖြန့်ခင်းပြီး၊ ပုဝါကြီးရင် ခေါက်ဖို့လိုပါတယ်။

အစားအသောက် လှီးဖြတ်ခြင်း


ညာလက်နဲ့ ဓါးကို ကိုင်ပါ။ ဘယ်လက်က ခက်ရင်းနဲ့ အစားအစာကို ထောက်ထားရပါမယ်။ ( ဘယ်သန်များအတွက် မဟုတ်ပါ။ နဲနဲလောက် လှီးဖြတ်ပြီးတဲ့အခါ၊ ဓါးကို ကိုယ့်ပန်းကန်ပေါ်မှာ တင်ပါ။ ပြီးမှ ညာလက်နဲ့ ဇွန်းခက်ရင်းကို ကိုင်ပြီး ဆက်စားပါ။ ဒါကို “Zig Zag” ဇစ်၊ ဇက်ကွေ့ (သို့မဟုတ်) “American Style” `အမေရိကန် စတိုင်လ်´ လို့ ခေါ်ပါတယ်။

ဇွန်းသုံးစွဲပုံ

အချိုရည်ကို ဇွန်းရဲ့ ဘေးဖက်မှ ထည့်ယူပါ။ ဇွနးပေါ်က မထည့်ရပါ။ ဟင်းချိုရည်ကို ဇွန်းနဲ့ လှမ်းယူပါ။ ကလေးတွေက ဇွန်းနဲ့ မှုတ်သောက်နိုင်ပါတယ်။ ဒါပေမယ့် ကျန်တဲ့သူ အားလုံးကတော့ အပေါ်ယံက အေးတဲ့ ဟင်းရည်ကို အသာကျော့ပြီး ခပ်သောက်သင့်ပါတယ်။ ကိုကိုး - လို ပူတဲ့ ဖျော်ရည်ကို သောက်ရင်တော့ တချက်၊ နှစ်ချက် အသာမွှေပါ။အပူရှိန်ကို သိနိုင်ဖို့ တဇွန်းသောက်ကြည့်ပါ။ ပြီးမှ ဇွန်းကို အောက်ခံ အချိုရည်ပြားပေါ်မှာ ချထားပါ။ အချိုရည်ခွက်မှာ ဇွန်းတပ်လျက်နဲ့ ဘယ်တော့မှ မသောက်ပါနဲ့။ ပူနေသေးရင် အချိုရည်ခွက်ကို မှုတ်သောက်မယ့်အစား ခဏစောင့်လိုက်ပါ။

သုံးပြီးတဲ့ ဇွန်း၊ ခက်ရင်း၊ ဓါးများ

တခါသုံးပြီးတဲ့ ဇွန်း၊ ခက်ရင်း၊ ဓါးများကို ကိုယ့်ပန်းကန်ဘောင်ပေါ်မှာ ချထားပါ။ အစားအစား ထပ်တောင်းဖို့ လိုအပ်ရင် ပန်းကန်အလယ်မှာ အစားအစာများချထားနိုင်ဖို့ ဇွန်း၊ ခက်ရင်းတွေကို  နေရာရွှေ့ပေးပါ။ ဒါမှ အောက်ကို လွတ်မကျပဲ နေမှာပါ။ သုံးပြီးသား ဇွန်းကို သကြားခွက်ထဲ မထည့်ရပါဘူး။ သုံးပြီးသား ဓါးကိုလည်း ထောပတ်ပန်းကန်ထဲကို မထည့်ရပါဘူး။

ဒါကြောင့် နောက်တခါ စားပွဲမှာ ထိုင်တဲ့အခါ သူတပါး စိတ်အနှောက်အယှက်မရှိ စားတတ်သောက်တတ်ဖို့ သတိရသင့်ပါတယ်။              ။
“No Dogs At The Dinner Table” by Susan Queen – from: Beautiful Christian Teen; May- June, 1996.

Tuesday, May 29, 2012

လက်ဆေးပါ - “Importance of Hand Washing”



လက်ဆေးနည်း

လက်ကို ရေနှင့်ဆပ်ပြာဖြင့် ဆေးပါ။ ကူးစက်ရောဂါများကို ကာကွယ်နိုင်သည်။ သန်ကောင်၊ တုတ်ကောင်၊ တုတ်ကွေး၊ အအေးမိ၊ အသဲရောင် အသားဝါ A ၊ ဦးနှောက် အမှေးရောင်နှင့် ကူးစက်တတ်သော ၀မ်းရောဂါများကို တားဆီးပေးနိုင်သည်။

ဘက်တီးရီးယားပိုးကပ်ငြိနေသောလက်ဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိပါက ရောဂါရနိုင်သည်။ တခြားသူများကိုလည်း ကူးစက်စေနိုင်သည်။

အစားအစာပြင်ဆင်ချိန်၊ စားပြီးချိန်နှင့် အိမ်သာအပြန်တို့တွင် လက်ဆေးပါ။ တိရစ္ဆာန်များနှင့် အညစ်အကြေးများကို ကိုင်တွယ်ပြီးသည့်အခါ လက်ဆေးသင့်သည်။ ကလေးကို အညစ်အကြေး သန့်စင်ပေးပြီးသည့်အခါတွင် လက်ဆေးပါ။ ငွေစက္ကူကိုင်ပြီးသည့်အခါနှင့် နှာချေ၊ ချောင်းဆိုးသည့်အခါများတွင် လက်ဆေးဖို့ကောင်းပါသည်။ အိမ်တွင် မကျန်မာသူရှိလျှင်လည်း မကြာခဏ လက်ဆေးဖို့ အရေးကြီးသည်။

လက်အနှံ့ ၁၅ စက္ကန့်ခန့် ပွတ်သပ်ဆေးကြောပါ။ ပွတ်တိုက်မှုနှင့် ဆပ်ပြာတို့ကြောင့် ပိုးမွှားများ ကင်းစင်စေပါသည်။ ပြီးမှ လက်ကို ရေနှင့် ဆေးပြီး အခြောက်ခံပါ။

အများသုံးရေးချိုးခန်းရှိ ရေခလုတ်နှင့် တံခါးလက်ကိုင်တို့ကို ကိုင်တွယ်သည့်အခါတွင်မူ စက္ကူပျော့ကို သုံးပါက လက်ဆေးရ သက်သာစေပါသည်။

( from “ American Mosaic ” – March 2004:  “Importance of Hand Washing” )

Friday, May 18, 2012

သစ္စာရှိတဲ့ ခွေးကလေး


ကွယ်လွန်သူ အထက်လွှတ်တော်အမတ် `ဂျော့၊ ဂရေဟမ်၊ ဗက်စ် Senator George Graham Vest  က စကားမပြောတတ်တဲ့ ခွေးကလေးတကောင်အတွက် ချေပပေးတဲ့ စကားဟာ အလွန်လှပပြီး သမိုင်းတွင်တဲ့ စကားလေး ဖြစ်ခဲ့ပါတယ်။

ဖြစ်ပုံကတော့ Missouri ပြည်နယ်၊ မြို့ကလေးတမြို့မှာ ရှေ့နေကလေးဘဝနဲ့ ခွေးတကောင် အသတ်ခံရတဲ့အမှုကို ရှေ့နေလိုက်ပေးရပါတယ်။

အထက်လွှတ်တော်အမတ် ဗက်စ်က တရားလိုဖြစ်ပြီး၊ နောင်မှာ ဆရာဝန်အလုပ်ကို ပြောင်းလုပ်သွားခဲ့တဲ့ အထက်လွှတ်တော်အမတ် Senator Francis M. Cockrell က တရားခံဖက်က အကျိုးတော်ဆောင်ဖြစ်တယ်။

လူငယ် ဗက်စ်ဟာ သက်သေထွက်ချက်တွေကို စိတ်မဝင်စား၊ မှတ်ချက်လည်း မပေးပါ။ ဒါပေမယ့် အမှုနောက်ဆုံးနေ့မှာတော့ နူးညံ့ပျော့ပျောင်းတဲ့ အသံနဲ့ အခုလို လျှောက်လှဲခဲ့တယ်။

`လေးစားအပ်တဲ့ တရားသူကြီးမင်းတို့ခင်ဗျား၊ လောကမှာ အကောင်ဆုံးမိတ်ဆွေပင်လျှင် ရန်သူဖြစ်သွားတတ်ပါတယ်။ ကြင်နာစွာ ပြုစုစောင့်လျှောက်လာတဲ့ သားသမီးလည်း ကျေးဇူးမသိ ဖြစ်တတ်ပါတယ်။ အခင်မင်အရင်းနှီးဆုံးလူ၊ ကိုယ့်ဂုဏ်သိက္ခာအတွက် စိတ်အချရဆုံးလူတွေပင်လျှင် ယုံကြည်မှုကို သစ္စာဖေါက်တတ်ကြပါတယ်။

`လက်ထဲရှိတဲ့ငွေဟာလည်း ပျောက်သွားတတ်ပါတယ်။ တကယ်အလိုအပ်ဆုံးအချိန်မှာ အတောင်ပေါက်ပြီး ပျံသွားတတ်ပါတယ်။ လူတွေ လေးစားကြည်ညိုမှုကို ခံရတာဟာလည်း ယုတ်မာတဲ့စိတ်နဲ့ တိုက်ခိုက်တာ ခံရလို့ တခဏချင်းမှာ အစတောင် ရှာမရဖြစ်သွားနိုင်ပါတယ်။ ကိုယ်အောင်မြင်နေတဲ့အချိန် ရှေ့မှာ လာရောက် ဒူးထောက် ဂုဏ်ပြုနေသူတွေဟာ ဆုံးရှုံးမှုတွေ ခေါင်းပေါ်ကျလာချိန်မှာတော့ ကိုယ့်ကို အပြစ်တင်တဲ့ ကျောက်ခဲတွေနဲ့ စပေါက်မယ့်သူတွေ ဖြစ်သွားတတ်ပါတယ်။

`ကိုယ်ကျိုးရှာလွန်းတဲ့ လောကကြီးမှာ လုံးဝကိုယ်ကျိုးမရှာတဲ့သူ၊ ဘယ်တော့မှ မစွန့်ပစ်မသွားတဲ့သူ၊ ကျေးဇူးမကန်း၊ သစ္စာမဖေါက်တဲ့သူဆိုတာ သူရဲ့ခွေးပဲ ဖြစ်ပါတယ်။

“ခွေးဟာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ ဖျားနာသည်ဖြစ်စေ သူ့သခင်နဲ့ အတူနေပါပေးတယ်။  လေပြင်းတွေတိုက်၊ နှင်းတွေ အကြီးအကျယ်ကျတဲ့ အေးစက်လွန်းတဲ့ မြေပြင်ပေါ်မှာတောင် သူ့သခင်နဲ့ အနီးဆုံးမှာ လာအိပ်သူပါ။ ကြမ်းတမ်းတဲ့ လောကရဲ့ ဘေးဒုက္ခတွေကြောင့် ရလာတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို လျှာနဲ့လျက်ပေးတဲ့သူပါ။ အိပ်မောကျနေတဲ့ သူ့သခင် ဆင်းရဲသားကို ရှင်ဘုရင်တပါးအလား စောင့်ရှောက်ပေးပါတယ်။ စည်းစိမ်ဥစ္စာတွေ အတောင်ပေါက် ပျံသွားတဲ့အချိန်၊ လေးစား အထင်ကြီးခံရတာတွေ တစစီကြွေသွားတဲ့ အချိန်တွေမှာလည်း နေဟာ ကောင်းကင်ယံမှာ သွားမြဲသွားနေသလို သူကတော့ တည်ကြည်နေမြဲပါပဲ။

“အခြေအနေတွေက- သူ့သခင်ကို လူ့အသိုင်းအဝိုင်းက နှင်ထုတ်၊ အပေါင်းအဖေါ်မဲ့၊ အိမ်ယာမဲ့ဖြစ်နေချိန်မှာ သစ္စာရှိတဲ့ခွေးဟာ ဘာအခွင့်အရေးမှ မတောင်းဆိုပဲ၊ သူ့သခင်ကို ကာကွယ်မယ်။ ရန်သူတွေကို တိုက်ခိုက်မယ်။ နောက်ဆုံး သူ့သခင်သေသွားလို့ အလောင်းကို မြေမှာ မြှုပ်နှံပြီး တခြားသူတွေ အသီးအသီး ထွက်သွားကြချိန်မှာတောင် သခင့်မြေပုံဘေးမှာ သစ္စာရှိတဲ့ခွေးကလေးကို တွေ့နိုင်ပါသေးတယ်။ သူ့လက်တွေကြားမှာ သူ့ခေါင်းကို ၀ပ်ထားမယ်။ ၀မ်းနည်းနေရှာပေမယ့် မျက်လုံးတွေကို ဖွင့်ထားရင်း သတိနဲ့ စောင့်ကြည့်ပြီး သေသည့်တိုင်အောင် သစ္စာရှိနေဦးမှာပါ။ ”

အခုလို ရှေ့နေရဲ့ ချေပစကားကို ကြားလိုက်ကြရတဲ့ ပရိတ်သတ်ထဲမှာ မငိုမိတဲ့သူဆိုလို့ နဲနဲပဲ ကျန်ပါတော့တယ်။ ထပ်ချေပစရာ မလိုတော့ပဲ အမှုနိုင်သွားပါပြီ။ တရားသူကြီးက တရားလိုအတွက် စီရင်ချက် ချက်ချင်းချ ပေးလိုက်ပါတော့တယ်။          ။
“Such Tribute Demands a Verdict” – from “SWORD OF THE LORD” Vol. LXX. No. 6, March 12, 2004.

Friday, May 4, 2012

ငြိမ်သက်ခြင်းနဲ့ စစ်တိုက်ခြင်း - Peace and War



`ငြိမ်သက်ခြင်းကို မုန်းသောသူတို့နှင့်အတူ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။ ငါသည်ငြိမ်သက်ခြင်းဘက်မှာနေ၏။ ငါပြောလျှင်မူကား သူတို့သည် စစ်တိုက်ခြင်းငှါ အလိုရှိကြ၏။´ ဆာလံ ၁၂၀း ၆-၇။
“I am for peace: but when I speak, they are for war.” Psalms 120: 6-7.
လူတချို့ အေးအေးဆေးဆေး၊ ချစ်ချစ်ခင်ခင် နေချင်တယ်။ လူူတချို့ကတော့ ရန်လိုတယ်၊ တိုက်ချင်ခိုက်ချင်နေတယ်။

အေးအေးဆေးဆေးနေချင်တဲ့သူတွေဟာ လူအသက်ကို နှမြောတယ်။ အမိ၀မ်းထဲက ကလေးငယ်မှအစ၊ ကလေး၊ လူငယ်၊ လူကြီး၊ အဖိုးအဖွါးအထိ တန်ဖိုးထားကြ၊ ကြင်နာကြတယ်။ ပြုစုကြ၊ ကာကွယ်ပေးကြတယ်။

ရန်လိုသူတွေကတော့ လူ့အသက်ကို တန်ဖိုးမထား၊ ကိုယ့်စိတ်ကြေနပ်ဖို့ပဲ ဦးစားပေးကြတယ်။ အမိ၀မ်းထဲက ကလေးကို လူမထင်၊ ကလေးငယ်တွေကို မသနား၊ လူငယ်တွေကို လမ်းကောင်းမပြ၊ လူကြီးချင်းလည်း မလေးစား၊ အသက်အရွယ်ကြီးသူတွေကိုလည်း မငဲ့ညှာကြပါ။ ကိုယ့်စိတ်ကြိုက် နေရဖို့ တခြားသူတွေကို ထိခိုက်နစ်နာစေကြတယ်။

အေးအေးဆေးဆေးနေချင်သူနဲ့ ရန်လိုသူဟာ အသက်ရှင်ပုံမတူသလို အကျိုးခံစားရပုံလည်း ကွာပါတယ်။

ရျမာရိဘုရင် အာခဇိက ဧလိယကိုဖမ်းဖို့ လူ ၅၀ ကို ဦးဆောင်ရတဲ့ တပ်မှူးကို စေလွှတ်ပါတယ်။ တပ်မှူးဟာ တောင်ပေါ်မှာထိုင်နေတဲ့  ဧလိယကို မြင်တဲ့အခါ - - -  `အို- ဘုရားသခင်၏လူ၊ သင်သည်ဆင်းရမည့်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်ဟု ဆို၏။ ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင် သင်နှင့် သင်၏လူငါးကျိပ်တို့ကို လောင်ပါစေ။ ´ ဟု - - - - -  ဆိုသည့်အတိုင်း၊ ကောင်းကင်က မီးကျ၍ သူနှင့် သူ၌ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။´ ၄ရာ ၁: ၉-၁၀။

ဒုတိယ တပ်မှူးတယောက်ကို ထပ်လွှတ်တော့ - ` ဘုရားသခင်၏လူ အမြန်ဆင်းခဲ့´ လို့ ဆိုပြန်တယ်။ ကောင်းကင်က မီးကျ၍ သူနှင့် တပ်သား ၅၀ သေရပြန်တယ်။

တတိယတပ်မှူးကို လွှတ်တဲ့အခါ - သူဟာ ဧလိယရှေ့မှာ ဒူးထောက်ပြီးတော့ ` အို- ဘုရားသခင်၏လူ၊ ကျွန်တော်တို့ အသက်ကို နှမြောတော်မူပါ´ လို့ တောင်းပန်ပါတယ်။

ပထမနဲ့ ဒုတိယတပ်မှူးတို့နဲ့အတူ နောက်လိုက်တွေ သေကြရပေမယ့် တတိယတပ်မှူးနဲ့ သူ့လူတွေတော့ ဘေးလွတ်ပြီး၊ ၀မ်းသာကြရပါတယ်။ ဒါကြောင့် ရန်ရှာသူ၊ စစ်တိုက်ချင်သူမဖြစ်ပဲ၊ ငြိမ်းသက်ခြင်းကို မြတ်နိုးပြီး၊ အများအကျိုးပြုသူတယောက်ဖြစ်ဖို့ လမ်းကြောင်းရွေကြပါစို့။      ။

ဝေါဟာရ။    ။
Pro-life  =  လူ့အသက်ကို တန်ဖိုးထားတဲ့ စိတ်သဘော
Pro- choice  =  ကိုယ့်အကြိုက်၊ ကိုယ့်သဘောကို ဦးစားပေးတဲ့ စိတ်သဘော


Thursday, May 3, 2012

An Unusual Cat (Burmese)

An Unusual Cat ထူးခြားတဲ့ ကြောင်တကောင်

တခါက ပုံပြင်တပုဒ် ရှိခဲ့ဖူးပါတယ်။ Morocco မော်ရိုကိုနိုင်ငံ၊ Marrakech မာရခဲချ် မြို့စားရဲ့ အိမ်တော်ခန်းမထဲမှာ အငြင်းအခုံတခု ဖြစ်ခဲ့ပါတယ်။ ဘုရင့်တော်ဝင် မိသားစုထဲမှာ မွေးဖွါးကြီးပြင်းလာသူနဲ့ ကိုယ်တိုင်ကြိုးစားပြီး မြင့်မြတ်လာသူတယောက်မှာ ဘယ်သူက ပိုကောင်းမြတ်သလဲ? တချို့က ကိုယ်တိုင်ကြိုးစားခြင်းနဲ့ ဆုံးမ သွန်သင်ခြင်းတွေက ပိုကောင်းမြတ်တဲ့သူတယောက် ဖြစ်လာစေတယ်လို့ ဆိုပါတယ်။ တခြားသူတွေကတော့ မြင့်မြတ်စွာ မွေးဖွါးလာရမယ်လို့ အခိုင်အမာ ဆိုပါတယ်။

နောက်ဆုံးတော့ မြို့စားကြီးက ငြင်းခုံတဲ့ တဖက်စီတိုင်းအတွက် သက်သေ အထောက်အထား စုဆောင်းဖို့ လူ ၂ ယောက်ကို ခန့်ထားလိုက်ပါတယ်။ ရရှိတဲ့ အချက်အလက်တွေကို ကြည့်ပြီး တလ အကြာမှာ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

 `ကိုယ်တိုင်ကြိုးစားရမယ်´ ဆိုတဲ့ အဆိုဖက်က မကြာမှီမှာပဲ အထောက်အထားရှာဖို့ ခရီးထွက်လာပါတယ်။ တည သူတည်းခိုရာ တည်းခိုခန်းရဲ့ ခုံရှည်တလုံးမှာ ထိုင်နေတုန်း ကော်ဖီတခွက်မှာ လိုက်ပါတယ်။ သူ သိပ်အံ့ဩ သွားတယ်။ ခဏအကြာမှာ အစိမ်းရောင် ကုလားကာ ကွဲသွားပြီး၊ ကြောင်တကောင်ဟာ နောက်ခြေထောက်ပေါ်မှာ ရပ်ကာ လမ်းလျှောက်လာပါတယ်။ ကြောင်ရဲ့ လက်ထဲမှာ ကော်ဖီတခွက်ပါတဲ့ လင်ဗန်းကလေးတခု ပါလာပါတယ်။

သိပ်ထူးခြားတဲ့ ကြောင်ပါလား? သင်ပေးရင် ရတာပဲ။ ဒါဟာ စည်းကမ်းနဲ့ ပညာရေးက ပေးနိုင်တဲ့အရာရဲ့ သက်သေ အစစ်ပါပဲ။

သူက တည်းခိုခန်းပိုင်ရှင်ကို `ခင်ဗျားမှာ၊ သိပ်လိမ္မာတဲ့ ကြောင်တကောင် ရှိတာပဲ။ ကျွန်တော်ကို ရောင်းပါလားဗျာ။´  လို့ ပြောလိုက်ပါတယ်။ ပိုင်ရှင်က ထူးခြားတဲ့ ကြောင်ကို နှမြောလို့ ငြင်းတယ်။ သူ့ဇနီးကလည်း ကြောင်ကို အတော် သဘောကျနေတယ်။ ဒါပေမယ့် ဒီကြောင်ကို ရမှ ဖြစ်မှာဆိုတော့ စျေးကြီးပေးပါမယ်လို့ ပြောပါတယ်။

ဇနီးသည်နှင့်ပြောဆိုပြီးတဲ့အခါ တည်ခိုခန်းပိုင်ရှင်က သဘောတူလိုက်ပြီး၊ ကြောင်ကို ခြင်းတောင်းငယ်တခုထဲ ထည့်ပြီး ပေးလိုက်ပါတော့တယ်။

          ခရီးသွားသူ အိမ်ပြန်ရောက်တဲ့အခါ မွေးရာပါထက် ပညာရေးနဲ့သွန်သင်ပြသမှုက ပိုထိရောက်ကြောင်း သက်သေ တွေ့ခဲ့ပြီဆိုတဲ့ သတင်းတွေထွက်လာပါတယ်။ သတင်းကြားရပြီးနောက် အဲဒီသက်သေကို ပြိုင်ဘက်ဖြစ်သူက လေ့လာဖေါ်ထုတ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ခရီးသွားက ပြောမပြပါဘူး။ ဒါကြောင့်အစေခံတယောက်ကိုစေလွတ်ပြီး အဲဒီအိမ်ကအစေခံများနှင့် စကားပြောခိုင်းပါတယ်။ ဒီနည်းနဲ့ ကြောင်ရဲ့ ထူးခြားချက်ကို သိသွားပါတယ်။

လအတော်ကြာမှာ မြို့စားကြီး အိမ်တော်ခန်းမထဲ ထိုင်ပြန်ပါတယ်။ နှစ်ဘက်လူတွေ နေရာယူကြပါတယ် “ ကဲ၊ မြင့်မြတ်စွာမွေးဖွားလာတဲ့သူလား (သို့) ကိုယ်တိုင်ကြိုးစားသူလား၊ ဘယ်သူမြင့်မြတ်တယ်ဆိုတာ ဆုံးဖြတ်ကြမယ်” လို့ မြို့စားကြီးက ပြော လိုက်တယ်။

ခရီးသွားက သူ့ခြင်းတောင်းလေးကို ဖွင့်လိုက်လို့ ကြောင်ခုန်ထွက်လာတယ်။ ခိုင်းလိုက်တော့ မြို့စားကြီးကို ဦးညွတ်တယ်၊ ပြီးမှနောက်ခြေနှင့် ရပ်ခါ ရှေ့လက်ပေါ်မှာ ဗန်းကိုတင်ရင်း ကော်ဖီခွက်တင်ပေးဘို့ စောင့်နေပါတယ်။ ပြီးမှ ကော်ဖီခွက်ကို မြို့စားကြီးထံ သယ်လာပါတယ်။

သင်ထားတဲ့ အဲဒီပြကွက်ကို လူတိုင်း အံ့အားသင့်သွားတယ်။ ကြောင်က သူ့သခင်ထံ ပြန်ရောက်လာတဲ့အခါ နောက်ထပ် ကော်ဖီတခွက်ကို ဗန်းပေါ်တင်ပေးလိုက်တယ်။ ပြီးမှ တဖက်မှာရှိတဲ့ ပြိုင်ဘက်ထံ ပို့ခိုင်းလိုက်ပါတယ်။ လိမ္မာတဲ့ကြောင်ကလေး လမ်းတဝက်အရောက်မှာတော့  ပြိုင်ဖက်က အကျီ င်္အောက်က သေတ္တာကလေးကို ထုတ်လိုက်ပါတယ်။ ပြီးတော့ သေတ္တာထဲက ကြွက်တွေကို လွတ်လိုက်ပါတယ်။

ဗန်းနဲ့ကော်ဖီခွက် လွတ်ကျကွဲသွားတယ်။ ပြေးနေတဲ့ ကြွက်တွေရဲ့နောက်ကို ကြောင်က လေးဖက််ထောက် ပြေးလိုက်နေတယ်။ ကြောင်သဘာဝပေါ်လာတဲ့အခါ ပညာသင်ထားတာတွေ အားလုံးပျောက်သွားပါတယ်။ ကြောင်ဖြစ်လို့ ကြောင်လို ပြုမူခြင်းဖြစ်ပါတယ်။         

စည်းကမ်းပြသခြင်း၊ မိဘသွန်သင်ခြင်း၊ ဘုရားကျောင်း သွားခြင်းတွေဟာ အပြုအမူများကို၊ တိုးတက်စေ နိူင်ပါတယ်။ ခရစ်ယာန်တယောက်လို့ အများကထင်လောက်အောင် ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ စတဲ့ အလေ့အကျင့်ကောင်းတွေ ရနေနိူင်ပါသည်။ ဒါပေမယ့် အပြုအမူများ၊ အလေ့အကျင့်များဟာ၊ အတွင်းလူကို ပြောင်းလဲမပေးနိူင်ပါ။ လူတိုင်းအပြစ်ထဲမှာမွေးဖွါးလာကြတယ်။ သူတပါးတို့ရှေ့မှာ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ လူတိုင်း အပြစ်သားများသာ ဖြစ်ကြပါတယ်။ (ရောမ ၃း၂၃ နှင့် ရောမ ၅း၁၂ ) ကိုကြည့်ပါ။ ကောင်းစွာသွန်သင်ပြသထားလို့ တတ်ကျွမ်းပေမယ့်လဲ၊ သူ့မှာ ကြောင် သဘာဝတော့ ရှိနေပါသေးတယ်။ ဒါကို ပြောင်းလဲပစ်ဖို့ ကြောင်တကောင်အနေဖြင့် သူ့မှာ တခါပြန်မွေးဖို့ လိုပါတယ်။

“ မဖြစ်နိူင်တာ” ဟု ဆိုချင် ဆိုနိုင်ပါတယ်။ မှန်ပါတယ်။ ကြောင်တကောင်အတွက် မဖြစ်နိူင်ပါ။ သို့သော် သင့်အတွက် ဖြစ်နိူင်ပါတယ်။

သခင်ယေရှုက” ဒုတိယမွေးခြင်းကိုခံရကြမည်” ဟုမိန့်တော်ပါတယ်။ ( ယော၃းရ ) ဘုရားသခင်၏မိသားစုထဲမှာ မွေးဖွားရမယ်။ ဘယ်လိုမွေးမှာလဲ? သင့်စိတ်နှလုံးကို သခင်ယေရှုခရစ်အတွက် ဖွင့်ဟပြီး သင်၏ ကယ်တင်ရှင်အဖြစ် လက်ခံခြင်းဖြင့် ရနိုင်ပါတယ််။

အခုလက်ခံလိုက်မလား? ဘုရားသခင်ထံ ယခုလိုရိုသေစွာ ဆုတောင်းလိုက်ပါ။

ဘုရားသခင် …..  ကျွန်တော် အပြစ်သားပါ။ အကယ်ခံဖို့ လိုပါတယ်။ သခင်ယေရှုဟာ ကားတိုင်မှာ အသေခံပြီး (၃) ရက်မြောက်သောနေ့မှာ ထမြောက်တာကယ်တင်ရှင်အဖြစ် ကျွန်တော့် အပြစ်အကြွေးတွေ ပေးဆပ်ခဲ့တာကို  ယုံကြည်ပါတယ်။ အပြစ်တွေကိုခွင့်လွတ်မူပါ။ ကယ်တင်ဖို့သခင်ယေရှုကို အခုအားကိုးလို်က်ပါပြီ။ ဘုရားသားဖြစ်စေပါ။ သခင်ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
“The Builder”.  

Thursday, April 26, 2012

The Money Question - ငွေ - ငွေ - ငွေ

The Money Question    ငွေ -  ငွေ -   ငွေ
 သန်းကြွယ်သူဌေးတွေဟာ ရယ်မော ခဲတယ်။
ဆင်းရဲသားရဲ့ ဖြူစင်တဲ့ ဘဝကလေးဟာ သန်းကြွယ်သူဌေးတွေရဲ့ စည်စိမ်းနဲ့ လဲဖို့ လုံးဝမတန်ဘူး။ တချို့က ဆင်းရဲတာဟာ ကြောက်စရာကောင်းတယ်။ ချမ်းသာတာကတော့ ပျော်စရာ လို့ထင်ကြတယ်။ ဒါက အထင်နဲ့ ပြောတာပါ။ တဖက်တည်းက ကြည့်ပြောတာပါ။

တကယ်တော့ သက်တောင့်သက်သာနေရတာထက် ဘာမှ ထူးထူးခြားခြား ပိုခံစားရတာ မရှိပါဘူး။ ရယ်မော ပျော်ရွှင်နေတဲ့ သန်းကြွယ်သူဌေးဆိုတာ အတော်ရှားပါတယ်။ တကယ်တော့ ချမ်းသာလာတာနဲ့ အပြုံးတွေ လွင့်ပါးသွားတော့တာပါပဲ။ - Andrew Carnegie in Watchman Examiner.
သန်းကြွယ်သူဌေးတွေဟာ ပြံုး ခဲတယ်။

ခရစ်ယာန် သန်းကြွယ်သူဌေးကြီး John D. Rockefeller က `သန်းပေါင်းများစွာ ရပေမယ့် မပျော်ဘူးကွာ။ ဒီငွေတွေကို ဟိုတုန်းက တပတ်ကို ၃ ဒေါ်လာစားဘဝ၊ ကိုယ့်ကိုကိုယ် ရောင့်ရဲနေခဲ့တဲ့ ဘဝနဲ့ ပြန်လဲလိုက်ချင်တယ် ´ လို့ ပြောဖူးပါတယ်။

W.H Vanderbilt က ဒေါ်လာ သန်း ၂၀၀ ကို ထိန်းသိမ်း စောင့်ရှောက်ရတာ ဦးနှောက်သိပ်ပင်ပန်းတယ်။ မနိုင်ဝန် ထမ်းနေရတာပဲ။ ဘာမှ ပျော်စရာ မကောင်းဘူး။ ´ လို့ ပြောပါတယ်။

John Jacob Aster ဒေါ်လာ သန်း ၅၀၀ ချန်ထားခဲ့ပေမယ့် အစာအိမ်ဝေဒနာကို ပြင်းထန်စွာခံစားရင် သနားစရာ အသက်ဆုံးရသူပါ။ သူက `လောကမှာ ငါ့ဘဝက အဆိုးဆုံးပဲ။´ လို့ ပြောသွားပါတယ်။

ကားလုပ်ငန်းရဲ့ ဘုရင်တဆူဖြစ်တဲ့ Henery Ford က `အလုပ်လုပ်ရတာပဲ ပျော်စရာကောင်းတာပါ။  အလုပ်လုပ်နေရလို့သာ အသက်ရှင်ပျော်တာပါ။ အလုပ်လုပ်ချိန်မှာ ပိုပျော်တယ်။´ လို့ဆိုပါတယ်။
Burbank နဲ့ တွေ့ဆုံး မေးမြန်းခြင်း

` ခင်ဗျားက ငွေရဖို့ သိပ်စိတ်မဝင်စားဘူးနော်။ ခင်ဗျားရဲ့ နာမည်ကျော် Burbank အာလူးကို ဒေါ်လာ ၁,၅၀ ထဲနဲ့ ရောင်းခဲ့တယ်။ ဒီအာလူးကို တခြားသူတွေက ထုတ်လုပ်လိုက်တော့ ဒေါ်လာ သန်းချီရသွားကြတယ်။ ခင်ဗျား ငယ်ငယ်က ရုံးတရုံးမှာ အလုပ်လုပ်တော့လည်း လူအများစာ လုပ်နိုင်တဲ့စက်ကို တီထွင်ခဲ့တယ်။ ဒါပေမယ့် ဒီစက်နဲ့ ငွေရဖို့ မကြိုးစားဘူး။

`မရေရာသေးတဲ့ စမ်းသပ်မှုတခုကို လုပ်ချင်နေတာနဲ့ အောင်မြင်နေတဲ့ ပျိုးခင်းကြီးတခုကို စွန့်ပစ်လိုက်တယ်။ အပင်သစ်တွေကြီးလာနေမှ တခြားသူတွေကို ပေးလိုက်တယ်။ သူတို့က အဲဒီကနေ ငွေတွေ သဲ့ယူကြတော့တာပေါ့။

`နေတော့လည်း အလယ်အလတ်တန်းစား ဘဝ။ သန်းချီရနိုင်ရဲ့သားနဲ့ တခါတလေ မွဲသွားလိုက်သေးတယ်။ Strawberry Evening Post မှာ ဖတ်လိုက်ရတာကတော့ ခင်ဗျားရဲ့ အပင်မျိုးသစ်တွေဟာ ရေနံတွင်းတွေ၊ ရွှေတွင်းတွေထက်တောင် ချမ်းသာလာစေခဲ့တယ် လို့ ဆိုတယ်။

`ကိုယ်ခံစားခွင့် ရှိလျက်နဲ့ ဘာကြောင့် ဒီအခွင့်အရေးကို မယူတာလဲ? လို့ မေးတဲ့အခါ - - -

Luther Burbank ဆိုတဲ့ အပင်မျိုးသစ် အမေရိကန် တီထွင်ပညာရှင် ဟာ စိတ်ရှုပ်ရှုပ်နဲ့ ကျွန်တော်ကို ကြည့်နေပါတယ်။

`ငွေရှာဖို့ ကျွန်တော်မှာ အချိန်မရှိဘူး´ လို့ ရှေ့ကို စိတ်ပါလက်ပါ ကိုင်းညွှတ်လိုက်ရင်း အခိုင်အမာ ပြောပါတယ်။ `ပန်းကလေးတွေနဲ့ စကားပြောရမယ့် အချိန်မှာ ငွေတွေ ရေတွက်နေရမလား? အပင်မျိုးသစ်တွေ ဖန်တီးရမယ့် အချိန်တွေကို အပင်ရောင်းရင်းနဲ့ အချိန်ကုန်နေရမလား? ကျွန်တော် မြတ်နိုးတဲ့ ဒီအလုပ်ထဲကနေ ကျွန်တော့ စိတ်တွေ ဆွဲယူသွားခံရမှာ စိုးလို့ ငွေကို လိုတာထက် ပိုမလိုချင်ဘူး။

`ဒေါ်လာ သန်းချီပြီး မလိုပါဘူး။ ဘာလုပ်မလဲ? အခု စားဖို့နဲနဲ ရှိရင်တော်ပြီ။ ဘဏ်မှာ ကဏန်း ခုနှစ် လုံးလောက် ထည့်ထား လိုက်ရင် ကျွန်တော် ကလေးတွေကို ချစ်နိုင်တော့မှာ မဟုတ်ဘူး။ နေရောင်ခြည်ကလည်း တခြား သူဌေးတွေအပေါ် ဖြာကျသလောက်ပဲ ကျွန်တော့အပေါ် ဖြာကျမှာပါ။ သူဌေးတွေအတွက် ပန်းတွေ ပိုမလှသလို မြက်တွေလည်း ပို မစိမ်းပေးပါဘူး။ 

`ငွေကြောင့် မိတ်ဆွေပိုတိုးလာမယ်၊ ပညာပိုတိုးလာမယ်၊ ပိုပျော်လာမယ်ဆိုရင်တော့ ချမ်းသာချင်ပါတယ်။ ဒါပေမယ့် တကယ်တော့ ဒီလိုမဟုတ်ဘူးလေ။ သူများတွေထက် ပိုချမ်းအောင် ကြိုးစားရင်း ကိုယ့်ကိုကိုယ် သတ်သေတဲ့ သူဌေးတွေ မနှစ်ကထက် ဒီနှစ်ပိုများလာတာတွေ့ရတယ်။ ´ လို့ ဆိုပါတယ်။

ငွေကို ဘုရားလို ကိုးကွယ်ရင် ငွေက မြေမှုန့်လို ဖြစ်လာမယ်။ အဲဒီအမှောင်မြစ်ကို ကူးရတဲ့အခါ တံတားရှိမှာ မဟုတ်ပါ။ လောကမှာ ငွေလိုပေမယ့် နောင်ဘဝမှာ ငွေမလိုတော့ပါ။

ငွေကို ကောင်းကင် စည်းစိမ်အဖြစ် သိုထား၊ သိမ်းထား လို့ ရပါတယ်။ ဒါပေမယ့် ဒီလောကမှာ ဘုရားသခင်နဲ့ လူတွေရဲ့ အကျိုးအတွက် သုံးတတ်မှ ရမှာပါ။

From SWORD  LXX No. 2