၁၉၉၄- နိုဝင်ဘာလမှာ အမေရိကန်သမ္မတဟောင်း ရော်နယ်လ် ရေဂင်က သူ့မှာ
အယ်လ်ဇိုင်းမား ရောဂါရှိနေပြီလို့ ပြည်သူတွေကို အသိပေးစာတစောင်
ရေးခဲ့ပါတယ်။ သူ့ဘဝရဲ့ နေဝင်ချိန်လို့ သူခေါ်တဲ့ အဲဒီခရီးကို
စတင်လျှောက်လှမ်းပြီး ၁၀ နှစ်အကြာ၊ သူ့အသက် ၉၃ နှစ်အရွယ်၊ ၂၀၀၄ ခု၊ ဇွန်လ ၅
ရက်နေ့မှာ ဆုံးပါးသွားပါတော့တယ်။
သူ့စာထဲမှာ အယ်လ်ဇိုင်းမား
ရောဂါကို သူကြောက်တဲ့အကြောင်း၊ ကြုံရတဲ့ အခက်အခဲတွေအကြောင်း ရေးထားပါတယ်။
အခုလို လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုတဲ့အတွက် ဒီရောဂါ ခံစားနေရသူတွေနဲ့
သူတို့ရဲ့ မိသားစုတွေကို ပိုနားလည်လာကြလိမ့်မယ်လို့ သူနဲ့ သူ့ဇနီး နန်စီက
မြော်လင့်ပါတယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ရဲ့ ၄၀ ယောက်မြောက်
သမ္မတဖြစ်ခဲ့တဲ့ ရော်နယ်လ် ရေဂင်ဟာ အယ်လ်ဇိုင်းမား ရောဂါသည်တွေထဲမှာ
နာမည်အကြီးဆုံးသူလို့ ဆိုနိုင်ပါတယ်။ အမေရိကန်ပြည်မှာ လူ ၄.၅ သန်းလောက်ဟာ
အဲဒီရောဂါကို ခံစားနေကြရတယ်။ နောက်ထပ် သန်းပေါင်းများစွာလည်း ဒီရောဂါကို
နောင်နှစ်တွေမှာ ခံစားရဖွယ် ရှိပါတယ်။
ဆရာဝန်တွေက အယ်လ်ဇိုင်းမား
ရောဂါကို ဦးနှောက် တဖြည်းဖြည်း ကမောက်ကမ ဖြစ်လာတဲ့ရောဂါလို့ ဆိုပါတယ်။
မှတ်ဉာဏ်နဲ့ ပင်ကိုယ်စွမ်းရည်တွေကို ထိခိုက်စေပါတယ်။ ဆေးမရှိသေးပါဘူး။
ရောဂါဖြစ်လာရင် နေ့စဉ်ဘဝကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း မဲ့လာပါတယ်။
ဖြစ်စမှာတော့ လူတွေရဲ့ နာမည် (သို့မဟုတ်) ပစ္စည်းထားမိတဲ့ နေရာ စတာတွေကို
မေ့လာပါတယ်။
ကြာတော့ ပိုပို မေ့လာပါတယ်။ ကိုယ့်မိသားစုရဲ့ နာမည်ကို
မေ့လာတယ်။ ကိုယ်ဘယ်သူလဲဆိုတာ မေ့လာတယ်။ နောက်ဆုံးတော့ ဘာတခုမှ
မမှတ်မိတော့ဘူး။ ဒါက သူ့ကိုယ်ခန္ဓာက တခြားအစိတ်အပိုင်းတွေ မသေခင်၊
ဦးနှောက်အရင်သေသွားတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ရင် ဒီရောဂါနဲ့ပဲ သေတော့မှာ
ဖြစ်ပေမယ့် မသေခင်နှစ်အတော်ကြာ ဝေဒနာခံစားနေရပါတယ်။
အယ်လ်ဇိုင်းမား
ရောဂါဟာ Dementia လို့ခေါ်တဲ့ စိတ်မကျန်းမာမှု (သို့) ချွတ်ယွင်းမှုတမျိုး
ဖြစ်ပါတယ်။ Dementia ဆိုတာက နေ့စဉ်လုပ်ဆောင်စရာလေးတွေကိုတောင် စဉ်းစား၊
လုပ်ဆောင်နိုင်စွမ်း မရှိတော့တာ ဖြစ်ပါတယ်။ ဒါက ရောဂါတော့ မဟုတ်ပါဘူး။
ရောဂါကြောင့် ဖြစ်လာတဲ့ လက္ခဏာရပ်တွေသာ ဖြစ်ပါတယ်။
တချို့ Dementia
တွေဟာ ကုလို့ ရပါတယ်။ အထူးသဖြင့် အရက်၊ မူးယစ်ဆေး၊ မျက်စိဝေဒနာ၊ နားပြဿနာ၊
နှလုံး (သို့) အဆုတ်ပြဿနာ (သို့) ခေါင်း ထိခိုက် ဒဏ်ရာတွေဆိုရင်
ကုလို့ရပါတယ်။ တချို့ Dementia အမျိုးအစားတွေကတော့ ဗစ်တာမင်ဓါတ်တွေ (သို့)
ဟော်မုန်းတွေရဲ့ ပါ၀င်နှုန်းကို ညှိညွတ်ပေးရုံနဲ့ ကောင်းသွားနိုင်ပါတယ်။
ဒါပေမယ့် အယ်လ်ဇိုင်းမား ရောဂါဖြစ်သူရဲ့ သေသွားတဲ့ ဦးနှောက် Cells
ဆဲလ်တွေကတော့ အစားထိုးလို့ မရနိုင်တော့ပါဘူး။
ရောဂါဖြစ်ရင်
စိတ်တိုလာတယ်။ ကြမ်းတမ်းလာတယ်။ အကြောင်းမရှိ သွားလာမယ်။
အသက်ကြီးသူတွေဆိုရင် အိမ်နဲ့ အဝေးကြီးမှာ လျှောက်သွားနေပြီး၊ ဘယ်ကလာလို့၊
ဘယ်ရောက်နေမှန်း မသိတော့ပါ။
အယ်လ်ဇိုင်းမား ရောဂါ တိုးလာပုံက
တယောက်နဲ့တယောက် မတူတတ်ပါဘူး။ ဒါပေမယ့် အစပိုင်း ရောဂါ အရိပ်အရောင်တွေက
တူပါတယ်။ ကိုယ့်မှာ အပြောင်းအလဲ ရှိလာတွေကို မရိပ်မိတတ်ကြပါဘူး။
တချို့ကတော့ ရိပ်မိပါတယ်။ ဒါကို ဖုန်းကွယ်ဖို့ ကြိုးစားကြပြန်ပါတယ်။
အများစုဖြစ်တတ်တဲ့
အစောပိုင်း လက္ခဏာကတော့ ရေတိုမှတ်ဉာဏ် ဆုံးရှံုးတာဖြစ်ပါတယ်။ ဥပမာ- မနေ့က
အဖြစ်အပျက်ကို မေ့တာမျိုးပါ။ သင်ယူဖို့ ခက်လာတယ်။ မှတ်သားဖို့ ခက်လာတယ်။
တဖြည်းဖြည်း စဉ်းစားရတာ ခက်လာတယ်။ ရယ်စရာပြောတဲ့စကားလည်း နားမလည်တော့ပါ။
အချက်အပြုတ်လည်းမရ။ သာမန် အလုပ်ကလေးတခုကိုတောင် မလုပ်တတ်တော့ပါ။
တခြားရောဂါလက္ခဏာကတော့
သာမန်ပြဿနာကလေးတွေကို ဖြေရှင်းရခက်လာမယ်။ ဟင်းအိုးတူးတာတောင် ဘာလုပ်ရမှန်း
မသိဖြစ်လာမယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေကို နားမလည်၊ လမ်းလည်း မရှာတတ်
ဖြစ်လာမယ်။
ကိုယ်တွေးနေတာ၊ သိနေတာကို ပြန်ပြောပြဖို့ စကားလုံး
ရှာရခက်လာမယ်။ နောက်တော့ ရောဂါဖြစ်သူဟာ ပြောင်းလဲလာတယ်။ အေးအေးနေတတ်တဲ့သူက
ဆူညံအော်ဟစ်ပြီး၊ ဒေါသကြီးလာတယ်။ စိတ်တိုလာသလို၊ လူတွေကို မယုံတော့ပါဘူး။
ဒီရောဂါဟာ
အသက် ၆၅ ကျော်မှ ဖြစ်တတ်တာပါ။ ၅၀ အောက်မှာလည်း ရှားရှားပါးပါး
တွေ့ရတတ်ပါတယ်။ အများစုကို တွေ့ရတာကတော့ အသက် ၈၀ အရွယ်မှာဖြစ်ပါတယ်။
၆၅
နှစ်အရွယ်မှာ ၂ ရာခိုင်နှုန်းလောက်ပဲ တွေ့ရပါတယ်။ အသက် ၈၀ မှာတော့ ၂၀
ရာနှုန်းလောက် တွေ့ရပါတယ်။ အသက် ၉၀ အရွယ်မှာတော့ လူဦးရေ တဝက်လောက်မှာ
ရောဂါလက္ခဏာတချို့ တွေ့နေရပါတယ်။ လူမျိုးမရွေး ဖြစ်တတ်ပါတယ်။
အမျိုးသမီးတွေက အမျိုးသားတွေထက် ပို ဖြစ်တတ်ပါတယ်။ ဒါကလည်း အမျိုးသမီးတွေက
အမျိုးသားတွေထက် အသက်ပိုရှည်တာနဲ့လည်း ဆိုင်ပါတယ်။
အယ်လ်ဇိုင်းမား
ရောဂါ ရှိ/ မရှိ စမ်းသပ်ဖို့ရာ မလွယ်ပါဘူး။ ဆရာဝန်က ချို့ယွင်းချက်တွေကို
အရင်ရှာရပါတယ်။ တခြားချိုကယွင်းချက်တွေပါ တွေ့လာမှ အယ်လ်ဇိုင်းမား
ရောဂါလို့ ယူဆရတာပါ။ အယ်လ်ဇိုင်းမားရောဂါရှိတယ်လို့ အသေအချာ
ပြောနိုင်ဖို့ကတော့ သေပြီးနောက် ဦးနှောက်ကို ခွဲစိတ် စစ်ဆေးကြည့်မှသာ
ရပါတယ်။
ရောဂါရှိကြောင်း သိနိုင်ပုံတွေတော့ တွေ့လာနေပါပြီ။
ဥပမာတခုအနေနဲ့ - လူ ၆၈ ယောက်ရဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီးကို
လေ့လာခဲ့ပါတယ်။ ရောဂါလက္ခဏာဖြစ်တဲ့ ပရိုတိန်း ၂၃ မျိုးကိုတွေ့ခဲ့ကြပါတယ်။
ဒီပရိုတိန်း စမ်းသပ်မှုဟာ ၉၀ ရာခိုင်နှုန်း မှန်ကန်နေတယ်လို့ ဆိုပါတယ်။
နောက်တွေ့ရှိချက်တခုကတော့
ရောဂါဖြစ်နေသူတွေမှာ F-D-D-N-P လို့ခေါ်တဲ့ ဓါတ်တမျိုးကို တွေ့ရတာပါပဲ။
အသက်ကြီးသူ အယောက် ၈၀ ရဲ့ ဦးနှောက်ကို ဓါတ်မှန်ရိုက် ပုံဖေါ်ပြီး
လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလေ့လာချက်ကတော့ အယ်လ်ဇိုင်းမားနဲ့ သာမန်
မှတ်ဉာဏ်လျော့နည်းတဲ့ ပြဿနာတွေရဲ့ ကွာခြားချက်ကို လေ့လာရာမှာ ၉၈
ရာခိုင်းနှုန်း မှန်ကန်တယ်လို့ ဆိုပါတယ်။ လူနာအများကြီးကို အကြိမ်ကြိမ်
အထပ်ထပ် လေ့လာကြရဦးမယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါပေမယ့်
ဒီနည်းတွေနဲ့ ရောဂါရှိကြောင်း စစ်ဆေးကြည့်နိုင်ပြီဆိုမှ အတတ်နိုင်ဆုံး
စောစော ကုသနိုင်မှာ ဖြစ်ပါတယ်။ ။
No comments:
Post a Comment