Sunday, November 19, 2023

ဟန်းသွားတဲ့ အခိုက်အတန့်လေးများ

 

 

May be an image of text that says 'is not responding....'

"ဟန်းသွားတဲ့ အခိုက်အတန့်လေးများ"
နည်းပညာတွေ တိုးတက်လာလို့ အကျိုးရှိတဲ့ အချက်တွေထဲမှာ စကားအသုံးအနှုန်း အသစ်တွေ ပေါ်လာတာလည်း ပါတယ်။ ရှုခင်း လှတယ်၊ လူတယောက် လှတယ် ဆိုရင် ဘယ်လောက် လှကြောင်း တခါတလေ စကားလုံးနဲ့ ရှင်းပြဖို့ အားမရတာမျိုး ဖြစ်တတ်တယ်။ စိတ်ခံစားချက်တွေဆိုရင် ပိုဆိုး။ ရှင်းပြရ ခက်နေတတ်တယ်။
ကွန်ပြူတာနဲ့ ဖုန်းတွေကို သုံးနေရင်း ဟဲန်း သွားတတ်တယ်။ ရှေ့ တိုးမရ၊ နောက်ဆုတ်မရ။ အဝိုင်းလေး လည်လို့ပေါ့။ မနိုင်ဝန် ထမ်းရတဲ့အခါ ဖြစ်စေ၊ လိုင်းမကောင်းတဲ့ အခါ ဖြစ်စေပေါ့။
သူ့ကို hang လို့ ခေါ်တော့ ဟဲန်း လို့ ရေးရမလားပဲ။ past tense အတိတ်ဆိုရင် hung ဟန်းးတယ်ပေါ့။
အသက် ၂၆ နှစ်အရွယ်၊ လူတွေအကြောင်း ဘာမှမသိခင်မှာ လူတစုရဲ့ ပြဿနာရှာတာ ခံလိုက်ရတယ်။ ကိုယ်ကလည်း မရှောင်တတ် မတိမ်းတတ်။ ဒဲ့။
အဲဒီမှာ စိတ်အနှောက် အယှက်ခံရတာ ကြာတော့ စိတ်ဖိစီးမှုဖြစ်လာတယ်။ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ရဘဲ မဖြစ်ချင်တာတွေ ဖြစ်နေတော့ ခံစားရ ပိုခက်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ က ဆိုတော့ စိတ်ဖိစီးမှု Depression ဆိုတဲ့စကားကို သိပ်မသိကြသေးဘူး။ အဲဒီမှာ Joyful Woman ဆိုတဲ့ ခရစ်ယာန် အမျိုးသမီး မဂ္ဂဇင်းရဲ့ ကျေးဇူးနဲ့ အော်၊ ငါဖြစ်နေတာ စိတ်ဖိစီးမှု depression ပါလားလို့ သိခဲ့ရတယ်။ ရူးတယ် - mad တို့၊ fool တို့ကို သိရာကနေ အဲဒီစာတွေ ဖတ်မှ "လွတ်နေပြီ" ဆိုတဲ့ အသုံးအနှုန်း breakdown တို့ burn out ကို သိလာတယ်။
ဒီလိုအကြောင်းအရာတွေကို ဆရာတွေရဲ့ တရားဒေသနာတွေမှာ သိပ်မတွေ့ရဘဲ အမျိုးသမီး ဆရာမတွေရဲ့ ဆောင်းပါးတွေမှာသာ တွေ့ရတတ်တယ်။ အဖေက နည်းပေး လမ်းပြ လုပ်ပြီး၊ အမေက ခံစားချက်ကို စာနာ နားလည် ဖေးမတာမျိုး ဖြစ်မယ်။ "စာဖတ်တာ ခဏရပ်ပြီး၊ နှင်းဆီးပန်းလေးကို နမ်းလိုက်ပါဦး" ဆိုတဲ့ အရေးအသားမျိုးပါ။ ကဗျာလည်း ဆန်တယ်။ "လုပ်ကွ၊ ကြိုးစားကွ။" ဆိုတဲ့ အဖေရဲ့ အားပေးစကား လိုသလို၊ "နားပါဦး သားရဲ့။" ဆိုတဲ့ အမေ့ရဲ့ နှစ်သိမ့် စကားလည်း လိုတာပေါ့။
ရုတ်တရက် ခေါ်သံကို ကြည်ကြည်လင်လင် ကြားရပြီး ကြည့်လိုက်တော့ အနားမှာ ဘယ်သူမရှိတဲ့အခါ မကောင်းဆိုးဝါး နှောက်ယှက်တယ်လို့ မထင်ဘဲ "အော်၊ ငါ နေမကောင်းလို့ ကြားတာ" လို့ ဖြေတတ်လာတယ်။ မှတ်ဉာဏ် ကစဥ့္ကလျား ဖြစ်တာကို ရိပ်မိခဲ့တယ်။ မှတ်မိထားတဲ့ အသံတွေ ပြန် ပြန် ကြားရတတ်တယ်။
အဲဒီ စိတ်နောက်ကျိစရာ နေ့ရက်တွေကို မိတ်ဆွေ လူရင်းတချို့ရဲ့ ဖေးမမှုနဲ့ ဖြတ်ကျော်ခွင့်ရခဲ့တာလည်း ဘုရားမ,တာပါပဲ။ ဖြတ်ကျော်ခဲ့တယ် ဆိုပေမယ့့် သတိတော့ ထားနေရဆဲပဲ။
ဖြစ်လေ့ရှိတာတခုက ကြားရတဲ့ အသံတသံံကို ခဏခဏ ပြန်ရွတ်မိတာပါ။ ကိုယ်မကြိုက်ပါဘဲနဲ့ သံစဥ္စာသားကို အသံချဲ့စက် က ဖြစ်စေ၊ တယောက်ယောက်က ဆိုလို့ ဖြစ်စေ ပြန်ရွတ်နေမိတာမျိုးပါ။
တနေ့ မြိုထဲမသွားခင် ကလေးတွေ YouTube မှာ ကြည့်နေတဲ့ "စူပါ စာအုပ်" ဆိုတဲ့ Sunday school သင်ခန်းစာထဲက သီချင်းလေး တကြောင်း ကြားလိုက်တယ်။ သံစဥ် ကြိုက်လှတာ မဟုတ်ဘူး။ ဒါပေမယ့် သံစဥ်က မှတ်ဥာဏ်မှာ စွဲပါလာတယ်။ အသွားမှာ "စူး ပါး စာအုပ်" "မီးရယ် ဒိုဒို" |32 - 11 -| လို့ အစမရှိ၊ အဆုံးမရှိ  ၂ ခါ ညည်းမိတယ်။ အပြန်မှာ တခါ ထပ်ညည်းတော့ အတူသွားနေတဲ့ ကိုဇင်ဘာက မေးတော့တယ်။ "ပေါင်လူ ဟောင်း ဟောင် အွန်မိုး" - "ဘာတွေ ​ပြော ပြော နေတာလဲ" တဲ့။ "သီချင်းတပုဒ် ဆက်ဆိုမှာလား? စကားတခွန်း ဆက်ပြောမလားလို့ စောင့်နေတာ။ ဒါပဲ ရွတ် ရွတ်နေတယ်။" တဲ့။
ရိုးသားစွာ ဝန်ခံလိုက်ပါတယ်။ "ငါ ဟန်းးနေတာ။ ရှေ့ဆက်လို့ မရ၊ နောက်ဆုတ်လို့ မရ။" လို့။ ဟုတ်ပါတယ်၊ တချို့သူတွေဟာ ခဏခဏ ဟန်းနေတတ်ကြောင်းပါ။

Friday, June 23, 2023

သမတ Donald Trump ရဲ့ မဲဆွယ် စာအုပ် - စာမြည်း

 

 


CRIPPLED AMERICA စာမြည်း - - - Introducing ( ဲJust three paragraphs excerpted from the book)

CRIPPLED AMERICA HOW TO MAKE AMERICA GREAT AGAIN

DONALD J. TRUMP

ချိနဲ့နေတဲ့ အမေရိကား အမေရိကားကို ထိပ်တန်းဖြစ်အောင် ပြန်လုပ်မယ်

*****

2015 ရွေးကောက်ပွဲမတိုင်ခင် သူလုပ်မယ့်အရာတွေကို ရှင်းပြတဲ့ စာအုပ် ဖြစ်တယ်။

*****

Preface - နိဒါန်း ယုံကြည်လိုက်ပါ - You gotta believe

"ဒီစာအုပ်မျက်နှာဖုံးမှာ စိတ်ဆိုးဆိုး၊ ရုပ်ဆိုးဆိုးနဲ့ပုံကို ဘာလို့သုံးသလဲလို့ တချို့စာဖတ်သူတွေ အံ့ဩကောင်း အံ့ဩလိမ့်မယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ ရိုက်ထားတံ့တွေ ရှိပါတယ်။ ပျော်နေ၊ ကြေနပ်နေ၊ သန့်ပြန့် ခန့်နေတဲ့ ပုံတွေပါ။ မိသားစုကတော့ အဲဒီအထဲက တပုံပုံကို သုံးစေချင်ကြတယ်။ ဓါတ်ပုံဆရာကလည်း တော်ပါတယ်။" ဒါပေမယ့် ဒီပုံနဲ့ မကိုက်ဘူး။ အခုစာအုပ်က ချိနဲ့နေတဲ့ အမေရိကားအကြောင်း ပြောမှာလေ။ အဆင်မသင့်ချင်တော့ ကောင်းကွက်က တကယ့် နည်းနည်းလေးပဲ ရှိတယ်။ အဲဒီတော့ ဝမ်းသာနေမယ့်အစား မပျော်တာ၊ စိတ်တိုနေတာကို ပြနေတဲ့ ပုံကိုပဲ သုံးချင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုက ပျော်ရမယ့် အချိန်မဟုတ်ဘူး။ အမေရိကားကို ပြန်ကြီးမြတ်လာအောင် ပြန်လုပ်ကြရမယ့်အချိန်။ အားလုံးပေါ့။ ဒါက ဒီစာအုပ်ရေးရတဲ့ အကြောင်းရင်းပဲ။ ........... ####### ............

1 *****

WINNING AGAIN အနိုင်ပြန်ရဖို့

အမေရိကား အနိုင်ရဖို့ စလုပ်ရတော့မယ်။ ဘယ်သူမှ မရှုံချင်၊ အနိုင်ကျင့် မခံချင်ဘူး။ ဒါပေမယ့် ဒီနေ့တော့ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံဟာ ကိုယ့်အစာကို တခြားသူတွေ လုစားတာ ခံနေရတယ်။ ဒါ နိုင်တာမှ မဟုတ်ပဲ။ တို့သမတက ခပ်ပြတ်ပြတ်၊ သဲပေါ်မှာ မျဥ်းကြောင်းဆွဲတယ်။ ဆွဲလည်းပြီးရော ဘာအကျိုးမှ အရာမထင်ဘူး။ တခြားတိုင်းပြည်တွေနဲ့ စကာပြောတော့ရော? ရပ်မပြနိုင်ဘူး။ ထွက်ပြေးအောင် မခြောက်နိုင်ဘူး။ ပိုအရေးကြီးတာက ကိုယ်တိုင်လည်း ထွက် မပြေးတတ်ဘူး။ အလျော့ပေးပြီးရင်း ပေးနေရတယ်။ ဒါက နိုင်နေတာ မဟုတ်ဘူးနော်။ ကျွန်တော်သာ ကိုယ့်စီးပွါးရေးကို ဒီလိုပုံမျိုး လုပ်နေရင် ကိုယ့်ဟာကိုယ် အလုပ်ဖြုတ်ပစ်မယ်။ သမိုင်းမှာ အညံ့ဆုံးသဘောတူညီချက်ဖြစ်တဲ့ အီရန်နဲ့ နူးကလီးယား "စာချုပ်" - ကို ဂျွန် ကယ်ရီ John Kerry စကားပြောတယ်။ သမတ အိုဘားမား ဦးဆောင်ပြီး အောက်လွှတ်တော် ဝန်းရံတယ်။ (သူ့ပါတီက ထောက်ခံမယ်။ အခြေအတင် ဆွေးနွေးရင်ဖြစ်ဖြစ်၊ မဲခွဲရင်ဖြစ်ဖြစ် ဝင်ပါကြလိမ့်မယ်လို့ ထင်လို့ ဖြစ်နိုင်တယ်။ ) ဒီစာချုပ်က ဒီခေတ်အတွက် အရေးအကြီးဆုံးဖြစ်မယ်။ ဝါရှင်တန် ဒီစီရဲ့ ခေါင်းဆောင်တွေ အလွန်ညံ့ဖျင်းလွန်းတော့ ဆွေးနွေးပွဲလည်း မဖြစ်၊ မဲခွဲဖို့လည်း မဖြစ်ခဲ့ဘူး။ Ronald Reagan ရော်နယ် ရီဂင်က ပြောတယ်။ "Trust but verify" "ယုံပေမယ့်လည်း စစ်ရမယ်" တဲ့။ ဒါပေမယ့်လည်း ဒီစာချုပ်ကိစ္စမှာ ဒီအကြံပေးစကားကို တစိတ်တပိုင်းမှ မလိုက်နာဘူး။ အယာတိုလာ ခိုမေနီ လို လူမျိုးကို ဘယ်လို ယုံစားမလဲ? စာချုပ်ချုပ်ဖို့ သဘောတူခါနီး တလ အလိုမှာ အစ္စရေးကို ဖျက်ဆီး ချေမှုန်းဖို့ ပြောနေတုန်းပဲ။ အစ္စရေးက ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ လက်တွဲဖေါ်၊ အဲဒီဒေသတွင်း တည်ငြိမ်အောင် ထိန်းသိမ်းနေတဲ့ မိတ်ဆွေအရင်း။ စစ်ဆေးဖို့ဆိုတော့လည်း နိုင်ငံတကာ အနုမြူအေဂျင်စီက အီရန်ကိစ္စမှာ ဘယ်ဖက်က ရပ်တည်သလဲ လို့ မသိရ။ သိတယ်ဆိုရင်လည်း အများသိအောင် ပြောမပြ။ ဒါက နိုင်တာ မဟုတ်ဘူး။ ပြစ်မှုမြောက်တဲ့ ပေါ့ရော့မှု လို့ပဲ ထင်တယ်။ ဆီးနိတ်လွှတ်တော်အမတ်တိုင်းက ဒီကိစ္စကို ဝေဖန်တော့ (ဒီမိုကရက် တချို့လည်း ဝေဖန်ပါတယ်။) သမတက ဝေဖန်သူတွေကို ရန်သူနဲ့ နှိုင်းတယ်။ တနည်းပြောရရင် မိတ်ဆွေ၊ အပေါင်းအသင်းတွေကို သစ္စာဖေါက် ရောင်းစားပြီး၊ ဝေဖန်သူတွေကို ရန်သူနဲ့ နှိုင်းသည်အထိ သူ့စာချုပ်ကို ကာကွယ်တယ်။ ဒါကို သံတမန်ရေး အောင်မြင်တယ် လို့ ပြောမလား? ISIS တွေကို ဖိတ်ခေါ်ပြီး နေထိုင်ခွင့်ပေးနေတဲ့ ဆီးရီးယားလိုနိုင်ငံက ဒုက္ခသည်တွေကို တံခါးဖွင့် ဝင်ခွင့်ပေးနေတယ်။ ဒီမှာလာနေပြီး တိုင်းပြည်ကို အတွင်းကနေ ဖျက်ဆီးကြလိမ့်မယ်။ ဒါက တခြားနိုင်ငံတွေက လေးစား အတုယူနေကြရတဲ့ တောင်ထိပ်ပေါ်က အလင်းပြနေတဲ့ မြို့ "the shining city on a hill ဆိုတဲ့ အမေရိကားရဲ့ ဒီနေ့လက်ရှိ အခြေအနေ အမှန်ပဲ။ ဆိုတော့ ဒီအခြေအနေကို ဘယ်လိုလုပ်မလဲ? ဘယ်လို အနိုင်ပြန်ရနိုင်မလဲ? နိုင်ဖို့ဆိုရင် နိုင်ရမယ်လို့ စိတ်ဆုံးဖြတ်ထားတဲ့ အစိုးရ ရှိရမယ်။ အောင်မြင်တဲ့ အတွေ့အကြုံ ရှိရမယ်။ ဘယ်လိုလုပ်မလဲဆိုတာ ဒီစာအုပ်မှာ ရေးပြချင်တာပါ။

***** 

 

CRIPPLED AMERICA How to make America great again Donald J. Trump ချိနဲ့နေတဲ့ အမေရိကား အမေရိကားကို ထိပ်တန်းဖြစ်အောင် ပြန်လုပ်မယ် *****

2 *****

Our "unbiased" political media ဘက်မလိုက်တဲ့ နိုင်ငံရေး မီဒီယာ

မီဒီယာက မုန်းစရာကောင်းတဲ့လူတယောက် ဖြစ်နေတာ အတော်ကြာပြီ။ နိုင်ငံရေးမီဒီယာတွေ တကယ် မရိုးသားမှန်းလည်း ကြာကြာ မလေ့လာလိုက်ရပါဘူး။ ရီပတ်ဘလီကင် စကားစစ်ထိုးပွဲတုန်းက က Fox သတင်းထောက်မ မယ်ဂင် ကဲလီ Megyn Kelly က တော်တော် တွယ်တယ်။ ဒုတိယပွဲရောက်တော့ လူတိုင်းက ကျွန်တော့ကို ဝိုင်းဆော်နေပုံ ပြောလာတယ်။ ပြောမှာပေါ့၊ သူတို့မဲစစ်တမ်းတွေက လျော့လာပြီး ကိုယ့်မဲက တက်လာတာကိုး။ ကိုယ်က ပွဲဆူအောင်လုပ်တဲ့လူ ဖြစ်နေတယ် ထင်တယ်။ ကိုယ့်စိတ်ထဲရှိတာ ပြောတယ်။ စစ်တမ်းကောက်တဲ့သူတွေ ဘာပြောမလဲလို့ စောင့်မနေဘူး။ စစ်တမ်းလည်း မသုံးဘူး။ မီဒီယာက ကိုယ့်ရဲ့ ဖြူစင်ရိုးသားမှုကို သဘောကျကြတယ်။ သူတို့မေးခွန်းတွေကို မရှောင်ဘူး၊ လျစ်လျူမရှုဘူးဆိုတာ သိကြတယ်။ အမှန်အတိုင်းပြောဖို့လည်း ဘာပြဿနာမှ မရှိဘူး။ သမတရွေးပွဲအတွက် စကားစစ်ထိုးပွဲဟာ သာမန်အားဖြင့် လူနှစ်သန်းလောက် စိတ်ဝင်စားတဲ့ပွဲပါ။ ဒါပေမယ့် ပထမညမှာ ကြည့်တဲ့သူ ၂၄ သန်း၊ ဒုတိယညမှာလည်း အဲဒီလောက်ပဲ။ ဒါက Fox News နဲ့ CNN သမိုင်းမှာ လူကြည့်အများဆုံးပွဲပဲ။ NBA ဖိုင်နယ်ပွဲ၊ World Series ကမ္ဘာ့ဖလားပွဲကြီးတွေ၊ NFL ပွဲတွေထက် ကြည့်သူ ပိုများတယ်။ လူတွေ ဘာလို့ကြည့်တယ် ထင်လဲ? ခပ်နှက်နှက် မေးခွန်းတွေ ကြားချင်လို့လား? တချို့နိုင်ငံရေးသမားတွေက နိုင်ချင်လွန်းလို့ နိုင်ငံရေးနယ်ရဲ့အပြင်လူ Outsiders တွေလို့ ဟန်ဆောင်တာ ကြည့်ချင်လို့လား? (ကျွန်တော်ကတော့ တကယ့် အပြင်လူအစစ် outsider ပါ။) လူတွေ လိုတာပဲ ပေးတယ်။ ကြားရထိုက်တဲ့ စကားကို ပြောတယ်။ နိုင်ငံရေးသမားတွေထံက မကြားရဘူး။ အဲဒါ အမှန်တရားပဲ။ တိုင်းပြည်က ဖရိုဖရဲဖြစ်နေချိန်မှာ ဟန်ဆောင်နေဖို့ အချိန် မဟုတ်ဘူး။ Politically correct ဆိုတဲ့ နိုင်ငံရေးအရ အဖိအဖေါ့ စကားတွေ ပြောပြီးအချိန်ဖြုံးဖို့ မဟုတ်ဘူး။ -------

Tuesday, February 14, 2023

"စောင့်ရှောက်တဲ့သူ" (those who take care others)

 


ရွာက အကိုတဝမ်းကွဲက ဖုန်းခဏခဏ ဆက်တတ်တယ်။ ဆက်ရင် ညနက်သန်းခေါင်။ သူ့ပြဿနာက ညည အိပ်မရဘူး။ သူက အသောက်အစား ရှိတယ်။ စိတ်ဖိစီးတဲ့အခံလည်း ရှိတယ်။ အိပ်မရရင် ညနက်နက် မှာ သူ့သမီးတွေကို ဖုန်းဆက်တယ်။ ကျွန်တော့ကိုလည်း ညနက်သန်းခေါင် ဖုန်းဆက်ပြီ။ "ငါ အိပ်မရဘူးကွာ။"
အိပ်မရရင် တခါတလေ ရွာနဲ့ ခပ်လှမ်းလှမ်းက ဘူတာကို ရောက်သွားတတ်တယ်။ တခါတလေတော့ သူ့အသိရှိတဲ့ တခြားရွာကို ရောက်သွားတတ်တယ်။ ခေတ်ကာလ မကောင်းတဲ့အချိန် ဒီလို သွားနေတာက စိုးရိမ်စရာပါ။
ညအချိန်မတော် ဆက်ပေမယ့် ဖုန်းပိတ်မထားရက်ဘူး။ သူခေါ်ချိန် ကိုယ်သိရင် အကူအညီပေးရအောင် ဖုန်းဖွင့်ထားပါတယ်။
"အိပ်မရရင် ကျောကုန်းကို အပေါ်က ဖိပေး။ နဲနဲ နှိပ်ပေးဖို့ လိုတယ်။ လို့ ပြောတော့ "အနှိပ်ခံတာ အကျင့်ပါနေမယ်။" တဲ့။
"အကျင့်ပါတော့ ဘာဖြစ်တုန်း။ အိပ်ပျော်ဖို့ လိုတာ။" လို့ ပြောရတယ်။
တည၊ ညဆိုပေမယ့် အချိန်က မနက် ၂ နာရီကျော်။ အိပ်ပျော်ခါစ။ နာရီဝက်လောက်ပဲ အိပ်ရသေးတယ်။ ဖုန်းမြည်လာပြီ။ စိတ်မဆိုးအားဘူး။ "ငါ အိပ်မရဘူးကွာ။ ဆုတောင်းပေးဦး။" တဲ့။
"အေး၊ အေး" လို့ ဖြေရင်း ကိုယ့်အသံကြားရင် အိပ်နေသူတွေ အနှောက်အယှက်ဖြစ်မှာစိုးလို့ အိမ်အပြင် ထွက်လိုက်ပြီး ဝါးရုံပင်အောက် မှာ ဖုန်းပြောလိုက်တယ်။ ကျွန်တော့နားက အာရုံကြော အားနည်းပြီး သိပ်မသဲကွဲတော့ စပီကာဖွင့်ပြီး ပြောနေရတယ်။ ကိုယ်မကြားတော့ တဖက်လူလည်း မကြားလောက်ဘူး ထင်ပြီး အော်​ပြောတတ်တဲ့သူဆိုတော့ အိမ်နားနီးတွေ အချိန်မတော် လန့်မှာလည်း စိုးရသေးတယ်။
"ငါ အခု ဘယ်ရောက်နေလဲ သိလား" တဲ့။
"အိမ်မှာ မဟုတ်ဘူးလား" ဆိုတော့၊
"သင်းချိုင်းကုန်းမှာ။"
"ဟာ၊ ဒီအချိန်ကြီး သင်းချိုင်းကုန်းမှာ ဘာသွားလုပ်လဲ" ဆိုတော့၊
"ငါ့သမီးကို လွမ်းလို့။" တဲ့။
သူ့သမီးက အပျိုအရွယ်ရောက်မှ မနှစ်က ရောဂါနဲ့ ဆုံးသွားတယ်။ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ...
"အိမ်ကနေ လွမ်းရင်လည်း ရပါတယ်ကွာ။ အိမ်ပြန်တော့" လို့ ပြောရတယ်။
"ငါ့ကို ဆုတောင်းပေးကွာ။" သူစိတ်ချမ်းသာအောင် ဆုတောင်းပေးပါတယ်။ ဆုလည်း တိုတိုတောင်းရင် မကြေနပ်ဘူး။ ရှည်ရှည် တောင်းခိုင်းတယ်။ သူက ပြောသေးတယ်။ "ဆုတောင်းပြီးရင် ပဌနာတော် ရွတ်နော်။" တဲ့။ အမှန်က အဲဒီ The Lord's Prayer က ဆုတောင်းနည်း sample prayer ပါ။ ဒါပေမယ့် သူက သူ့ပြဿနာ ​ပြေလည်ဖို့ magic word လို ရွတ်ခိုင်းနေတာ။ ကျွန်တော် အဲဒီလို မယုံကြည်ပေမယ့့် သူစိတ်ချမ်းသာအောင် ရွတ်ပေးပါတယ်။ ရွတ်ရတာက အရှိုလို။ အရှိုလိုပဲဖြစ်ဖြစ်၊ မြန်မာလိုပဲဖြစ်ဖြစ် ကျွန်တော် အကုန်မမှတ်မိပါ။ တဝက် လောက် မှာ မေ့ပါတယ်။ မေ့တော့ အစကနေ ပြန်ကြော့ပါတယ်။ ပိုသွားတော့လည်း ပိုပါစေပေါ့။ (ကျွန်တာ်တို့ အမျိုးက အဲဒီလိုပဲ။ အစားအသောက် စားခါနီး ဘုရားကို ကျေးဇူးတင်ကြောင်း ဆုတောင်းတယ်။ တခါတလေ ဆုတောင်းမိသလား၊ မတောင်းမိဘူးလား မသိဘူး။ ထမင်းစားလို့ ခဏကြာမှ သတိရတယ်။ မသေချာတော့ နောက်တခေါက် ပြန်ဆုတောင်းတယ်။ အနားကလူက ရိပ်မိရင် ဘယ်နှစ်ခါ တောင်းနေသလဲ လို့ အမေးခံရတယ်။ ကိစ္စမရှိဘူး။ တောင်းဖြစ်ဖို့ပဲ အရေးကြီးတာပါ ဆိုပြီး ထပ်တောင်းပါတယ်။ တချို့ကတော့ "အစကတည်းက လေးလေးနက်နက် မှ မရှိဘဲ" လို့ ပြောတယ်။ ပြောလည်း ခံရမှာပဲ။ အာရုံတွေ များနေတာကိုး။
အခုလည်း အစက ပြန်တောင်းပါတယ်။
ဆုတောင်းရင်းနဲ့ နားထဲမှာ အသံတွေ ကြားလာတယ်။ "အီ၊ အီ။" နဲ့ ညည်းသံ ကြားရတယ်။ ခြုံတောထဲက တိုးထွက်လာနေတဲ့ အသံ တရှဲရှဲကိုလည်း ကြားရတယ်။ စိတ်ထဲမှာလည်း "ငါ့အကိုတော့ လုပ်ပြီကွာ။ ဆုတောင်းစရာ နေရာ ရှားလို့၊ သင်းချိုင်းကုန်းကနေ ဖုန်းနဲ့ ဆုတောင်းရတယ်လို့။ အခု ဘာသံတွေ ပါလာလဲ မသိဘူး" လို့ ညည်းမိတယ်။
ကျွန်တော် သရဲ မကြောက်ပါဘူး။ ကျွန်တော်လေ့လာမိသလောက် သူတို့က သေသွားတဲ့လူတွေ မဟုတ်ဘူး။ fallen angles ကျဆင်းတဲ့ ကောင်းကင်တမန်တွေ။ လူတွေကို နားလည်လွဲအောင် အနှောက်အယှက်ပေးတာ။ ဒါပေမယ့် အခုက မကြောက်ဘူး ဆိုပေမယ့် နဲနဲလန့်လာတယ်။ မျက်စိထဲမှာ ခြုံကြားက တိုးထွက်လာသလို မြင်ယောင်လာတယ်။ ဆောင်းတွင်း မနက် ၂ နာရီ ၃ နာရီဆိုတာ အပြင်မှာ တုန်နေအောင် ချမ်းတာ။ ချမ်းတာရယ်၊ လန့်တာရယ် ပေါင်းတော့ ကြက်သီးထလာတယ်။ ဆုတောင်းပြီးတော့ ဖုန်းပိတ်လိုက်တယ်။ ဒါပေမယ့် "အီအီ" ဆိုတဲ့ အသံနဲ့ ခြုံတိုးသံက ကြားနေရဆဲပဲ။ လန့်ပီး နောက်လှည့်ကြည့်လိုက်တော့ အိမ်က ခွေး။ ချမ်းလွန်းလို့ ခြုံထဲမှာ ချာလည်ပတ်လည်နဲ့ ခွေအိပ်ဖို့ ကြိုးစားနေတာ။ အင်း၊ မင်းက တမှောင့် ဆိုပြီး ရီရခက်၊ ငိုရခက်။
ကျွန်တော့လိုပါပဲ၊ မိဘ၊ အဖိုးအဖွါး၊ သားသမီး၊ ညီအကို မောင်နှမ၊ မိတ်ဆွေ တယောက်က်ယောက်ကို ပစ်မထားရက်ဘဲ ဒုက္ခခံ စောင့်ရှောက်နေသူအားလုံး "Happy Valentine's day" ပါ။ ပျော်ရွှင်ကြပါစေ။

 

Friday, November 11, 2022

သမ္မာကျမ်းစာထဲရှိ ဣသရေလလူမျိုးရဲ့ ရန်သူများ - Enemies of Israel in Bible times

 သမ္မာကျမ်းစာထဲရှိ ဣသရေလလူမျိုးရဲ့ ရန်သူများ
ဒီနေ့ ယုံကြည်သူတွေ၊ လူသားတွေ  တွေ့ရတဲ့ အခက်အခဲများ၊ ရုန်းကန်ရတာတွေကို ပုံဆောင်ပါတယ်။

၁။ ဗာဗုလုန် (Babylon)

ဗာဗုလုန်လူမျိုးဟာ ရှေမအနွယ် (Shemitic origin) ဖြစ်ပြီး ကမ္ဘာ့ ပထမအကြီးဆုံးဖြစ်တဲ့ ဗာဗုလုန် အင်ပါယာကို တည်ထောင်ခဲ့ကြတယ်။ ဗာဗုလုန်မြို့တံခါးဟာ ကြေးဝါရောင် တောက်ပပြီး၊ မြို့ရိုးပေါ်မှာ ရထား ၄ စီး အပြိုင်မောင်းရအောင် ကျယ်တယ်။
ဗာဗုလုန်ပြည်မှာ ကောင်းတာတခု ရှိတယ်။ စစ်သုံ့ပန်းတွေကို တသက်တာ နှိပ်ကွပ်ထားတာ မလုပ်ဘဲ အရည်အချင်းအလိုက် နေရာပေးတယ်။ နန်းတော်ထဲရှိ ဝန်ကြီးရာထူးအထိ နေရာ ရကြတယ်။
တချို့အတုအယောင် ဆရာတွေက ဗာဗုလုန်ကို တော်လှန်ဖို့ နှိုးဆော်ပေမယ့် စစ်မှန်တဲ့ ပရောဖက်တွေကို ဘုရားသခင်စေလွှတ်ပြီး အနှစ် ၇၀ ကြာမယ်၊ အိမ်ဆောက်ကြ၊ အိမ်ထောင်ပြုကြ၊ စီးပွါးရှာကြလို့ ဟောပြောစေတယ်။
ဗာဗုလုန်ရဲ့ အားနည်းချက်က နိုင်ငံရေးနဲ့ ဘာသာရေးကို ရောထွေးခြင်းပဲ။ လူမျိုးရေး မခွဲခြားပေမယ့် အာဏာကြီးထွားလာတဲ့အခါ ဘဝင်မြင့်လာတယ်။ ဘုရင် နေဗုခနေဇာရဲ့ ရုပ်တုကို ထုလုပ်ပြီး တတိုင်းပြည်လုံးကို ကိုးကွယ်စေတယ်။ မှားစေတယ်။ မကိုးကွယ်သူကို ပြစ်ဒဏ်ပေးတယ်။ ဒါဟာ ရွံရှာစရာ ရောနှောခြင်းဖြစ်တယ်။
သူ့ကို ဗျာဒိတ်ကျမ်းမှာ ဗာဗုလုန် - ပြည့်တန်ဆာမကြီးလို့ ခေါ်တယ်။ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးတွေဟာ သပ်သပ်စီ ထားရပါတယ်။ ရောလိုက်တဲ့အခါ ရွံစရာဖြစ်သွားတယ်။

၂။ အီဂျစ်ပြည်

မောရှေက ဣသရေလ (အစ္စရေး) လူမျိုးတွေကို ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့ရတယ်။ အစ္စရေးတွေ အီဂျစ်ပြည်မှာ ကျွန်ခံရတာက စစ်တိုက် ကျွန်ပြု သိမ်းပိုက်ခံရတာ မဟုတ်ဘူး။ အီဂျစ်ပြုမှာ ရောက်သွားရင်း ကျွန်ပြုခံရတာပါ။
အီဂျစ်ပြည်ဟာ လောကနဲ့ လောကီအရာတွေကို ပုံဆောင်ပါတယ်။ လောကမှာကျင်လည်ရင်း အလိုလို လောကဒဏ်ကို ခံစားကြရတာပါ။ ဒါပေမယ့် တခုထူးခြားတာက မောရှေအားဖြင့်ပေးတဲ့ ဘုရားသခင်ရဲ့ ပညတ်တော်ထဲမှာ "အဲဂုတ္တု အမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံခဲ့ဘူးပြီ။" (တရားဟော ၂၃: ၇) ဒါကြောင့် လောကဒဏ်ကို ခံစားရလိုံဆိုပြီး လောကကြီးနဲ့ လောကီသားတွေကို မုန်းဖို့ မဟုတ်ပါဘူး။ "လောကီသားတို့နှင့် အလျဉ်းမပေါင်းဖေါ်ရဟု မဆိုလို။ ထိုသို့ဆိုလျှင် သင်တို့သည် လောကီမှ ထွက်သွားကြရမည်။" ၁ ကော ၅: ၁၀။

၃။ အာမလက် လူမျိုး (Amalek)

အာမလက် လူမျိုးဟာ အသွေးအသားကို ပုံဆောင်တယ်။ အစ္စရေးလူမျိုးတွေ အီဂျစ်ပြည်ကနေ ထွက်လာရာမှာ အာမလက်တွေက ဆီးကြို တိုက်ခိုက်တယ်။ လောကီတပ်မက်မှုတွေကနေ ရုန်းထွက်ရာမှာ အသွေးအသားက ကောင်းကောင်း ဒုက္ခပေးပါတယ်။ "ကောင်းကင်အောက်၌ အာမလက်၏ အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟုမောရှေအား မိန့်တော်မူ၏။" (ထွက်မြောက် ၁၇: ၁၄)
လူကို ဖန်ဆင်းရာမှာ အသွေးအသားဟာ မပါမဖြစ်ပါ။ အသွေးအသားဟာ ဘဝရဲ့ တစိတ်တပိုင်းပဲ ဖြစ်သင့်ပေမယ့် လူတချို့မှာ တဘဝလုံးဖြစ်နေတယ်။ ဘုရားနဲ့ဝေးဖို့လည်း အသွေးအသားက တိုက်ခိုက်တယ်။ ဒါကြောင့် ကောင်းကင်မှာ အသွေးအသား တပ်မက်မှု မလိုတော့ဘူး။ ပယ်ရှင်းမယ်လို့ ဆိုထားပါတယ်။

၄။ ဖိလိတ္တိ လူမျိုး (Philistines)

Philistia ဆိုတဲ့ ဒေသကို အစွဲပြုပြီး ဖိလိတ္တိလူမျိုးလို့ အမည်တွင်လာတယ်။ အဲဒီကနေမှ ဒီနေ့ခေတ် ပါလက်စတိုင်း လူမျိုးဖြစ်လာပါတယ်။ ဓမ္မဟောင်းကျမ်းမှာ သူ့ကို "အရေဖျားလှီးခြင်းမခံတဲ့ လူမျိုး" လို့ ခေါ်တယ်။  (သူကြီး ၁၅: ၁၈။ ၅ ရာ ၁၀: ၄ ... စသည်ဖြင့်) ဧဒုံ၊ အာမုန်၊ မောဘနဲ့အီဂျစ်လူမျိုးတွေက အရေဖျားလှီးကြတယ်။ (ယေရမိ ၉: ၂၅- ၂၆)
ဖိလိတ္တိတွေဟာ B.C ၁၂ ရာစုလောက်မှာ ပါလက်စတိုင်းကို ရောက်လာတဲ့ ပင်လယ်ရေကြောင်းသွားသူတွေ ဖြစ်ပြီး၊ ဂရိယဉ်ကျေးမှုကို သယ်ယူလာကြတယ်။ သူ့နေရာဟာ အစ္စရေးရဲ့ တခြားဒေသတွေလို တောင်ကုန်းတောင်တန်းတွေ မရှိတဲ့ ပင်လယ်ကမ်းခြေ၊ မြေကောင်းလို့ ချမ်းသာကြတယ်။ သံထည်၊ ပန်းပဲအတတ် ကျွမ်းကျင်ကြတယ်။ (၁ ရာ ၁၃: ၁၉- ၂၂)  
ဘာသာစကားကတော့ ရှေမအနွယ်ဖြစ်တဲ့အတွက် အစ္စရေးတို့နဲ့ သိပ်ကွာပုံမရပါဘူး။ ဘာသာရေးကတော့ ဒါဂုံ၊ အာရှတရက်နဲ့ ဗေလဇေဗု တို့ကို ကိုးကွယ်ခဲ့ကြတယ်။ (အားလုံးဟာ ရှေမစကားနဲ့ မှည့်ထားတဲ့ နာမည်တွေ ဖြစ်တယ်။)
ရှေးဟောင်း အနုလက်ရာတွေအရ ဖိလိတ္တိတွေဟာ အရက်အလွန်သောက်သူတွေ ဖြစ်တယ်။ ပန်းပဲအတတ်ကို ထိန်းချုပ်ထားတဲ့အတွက် အစ္စရေးတို့ကို လက်နက်မဲ့စေခဲ့တယ်။ ရှောလုမင်းလက်ထက်မှာ ရှောလုနဲ့ သားယောနသန်သာ ဓါးရှိခဲ့တယ်။ ကျန်သူတွေ ဓါးမရှိခဲ့ကြပါ။ (၁ ရာ ၁၃: ၁၉- ၂၂) ဒီနေ့ခေတ်မှာလည်း ဘာသာတရားတခုတည်းပဲ ပြောပြီး တြခားအရာတွေကို လောကီအရာလို့ပြောပြီး ပစ်ပယ်ရင် နောက်ကျပြီး မအောင်မြင်နိုင်ပါ။

Monday, September 12, 2022

There Is A Fountain Filled With Blood - အသွေးနှင့် ပြည့်သောတွင်း ပွင့်ပြီ သီချင်း သမိုင်း

 

 


"There Is A Fountain Filled With Blood"
စိတ်ဝေဒနာခံစားခဲ့ရတဲ့ အင်္ဂလိပ် ကဗျာဆရာ၊ ဓမ္မသီချင်းရေးဆရာ ဝီလျံ ကူးပါ William Cowper (pronounced "Cooper" by the English) ရေးတဲ့ သီချင်းလေးပါ။ ဘုရားရဲ့ ရွေးနှုတ်တဲ့ မေတ္တာကို ဖေါ်ပြတဲ့ ထင်ရှားတဲ့ ဓမ္မသီချင်းတပုဒ်ဖြစ်တယ်။
ဝီလျံ ကူးပါ ကို အင်္ဂလန်ပြည် Hertfordshire နယ် Great Berkhamstead မှာ ၁၇၃၁၊ နိုဝင်ဘာ ၁၅ မှာ ေမွးဖွါးခဲ့တယ်။ အဖေက အသင်းတော်လူကြီး၊ အမေက တော်ဝင် အမျိုးအနွယ်။ ငယ်စဉ်က ဥပေဒပညာ သင်ယူပြီး ရှေ့နေ အလုပ် လုပ်ခဲ့တယ်။
ငယ်ငယ်က စာပေပညာတော်ပေမယ့် ကိုယ်ခန္ဓာ မကျန်းမာ၊ စိတ်အထိအခိုက် မခံနိုင်သူ ဖြစ်ခဲ့တယ်။ သူ့ကို စိတ်ဒဏ်ရာရစေတဲ့ အရာတွေထဲမှာ သူ့အသက် ၆ နှစ်မှာ အမေ သေဆုံးတာလည်း ပါတယ်။ အသက်ငယ်ငယ် စိတ်ကြေကွဲဒဏ်ကို မခံစားနိုင်တော့ တသက်လုံး စိတ်ဒဏ်ရာရခဲ့တယ်။ အမေကို တောင့်တနေတယ်။ ဥပေဒဘွဲ့ရ၊ ရှေ့နေ လိုင်စင်ရပေမယ့် အလုပ်ဝင်ဖို့ နောက်ဆုံးစာမေးပွဲကို ကြောက်နေတယ်။ သူ့စိတ်မူမမှန်တာကို သိမှာစိုးတယ်။ ဒါကြောင့် ရှေ့နေမလုပ်တော့ဘဲ ကဗျာတွေ စာတွေပဲ ရေးတော့တယ်။ စာမေးပွဲကြောက်စိတ်အပြင် အချစ်ရေးလည်း အဆင်မပြေတော့ သူ့ကိုယ်သူ သတ်သေဖို့ ကြံစည်လို့ စိတ်ရောဂါဆေးရုံမှာ ၁၈ လ နေရတယ်။
စိတ်ဆေးရုံမှာ အထိန်းသိမ်းခံရပြီး စိတ်ဓါတ်နေချိန်မှာ ကျမ်းစာပဲ ဖတ်နေခဲ့တယ်။
ငယ်ငယ်က ဝိညာဉ်ရေးအခြေအနေတွေ၊ သေရင် ဘယ်ရောက် မလဲ ဆိုတဲ့ မေးခွန်းတွေ စဉ်းစားရင်း ရောမ ၃: ၂၃- ၂၅ ကို ဖတ်မိတယ်။ 
"လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ။ ယေရှုခရစ် ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရ၏။ လွန်ခဲ့သော ဒုစရိုက်အပြစ်များကို မှတ်တော်မမူရာတွင်၊ ဖြောင့်မတ်တော်မူခြင်းတရားကို ထင်ရှားစေ၍၊ ယေရှုကို ယုံကြည်သောသူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း တရားသဖြင့် ပြုတော်မူခြင်းငှါ၄င်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်းဖြစ်စေဖြင်းငှါ ခန့်ထားတော်မူပြီ။"
အပြစ်ခွင့်လွှတ်ဖို့ ခရစ်တော်ရဲ့ အသွေးတော်ကို ယုံပြီး အပြစ်ခွင့်လွှတ်ခြင်းခံစားရလာတယ်။ သူ့အသက် ၃၃ နှစ်အရွယ် ၁၇၆၄ မှာ ပြောင်းလဲခဲ့တယ်။
"သင်တို့သည် အထက်က ဝေးလျက်ရှိသော်လည်း ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။" - ဧဖက် ၂: ၁၃
စိတ်ရောဂါအတော်အတန် သက်သာလာတဲ့အခါ ဧဝံဂေလိဆရာ Morley Unwin ရဲ့ အိမ်မှာ ပြောင်းရွှေ့နေထိုင်တယ်။ အဲဒီမှာ ဝိညာဉ်ခွန်အားရရုံမျှမက ဆရာ Unwin နဲ့ သူ့ဇနီး Mary ရဲ့ ဂရုတစိုက် ပြုစုတာကို ခံရတယ်။
၅ နှစ်အကြာမှ ဆရာ Unwin သေတယ်။ မုဆိုးမဖြစ်သူ ဆရာကတော် Mary မိသားစုဟာ ဆရာ John Newton ရှိရာ အဂ်လန်ပြည် Olney မြို့ကို လာနေဖို့ ဖိတ်ခေါ်ခံရတယ်။ William Cowper ကိုလည်း အတူလာနေဖို့ ဖိတ်ကြတယ်။ အဲဒီရောက်တော့ ဆရာ ဂျွန်း နယူတန် ဦးဆောင်တဲ့ အင်္ဂလိကန်အသင်းတော်မှာ ပါဝင်ကြတယ်။ ဆရာ နယူတန်က Amazing Grace သီချင်းကို ရေးတဲ့သူပါ။
ဆရာ နယူတန်ရဲ့ အိမ်နောက်ဖက်က အိမ်ကလေးမှာ ဝီလျံ ကူးပါ နေတယ်။ ဆရာ နယူတန်နဲ့ ရင်းနှီးလာတယ်။ စိတ်ကျန်းမာရေးလည်း တိုးတက်လာတယ်။ ဘုရားကျောင်းအတွက် ဘုရားတရားနဲ့ဆိုင်တဲ့ ကဗျာတွေ ရေးကြတယ်။
ကယ်တင်ခြင်းရပြီးပေမယ့် ပြန်ဆုံးရှုံးမှာ ကြောက်တဲ့ စိုးရိမ်စိတ်ကို ဝီလျံ ကူးပါ နှစ်အတော်ကြာ ခံစားရတယ်။
ဆရာ နယူတန်နဲ့ ကဗျာတွေ ရေးခဲ့ကြတယ်။
အခု "အသွေးနဲ့ ပြည့်သော တွင်းပြည့်ပြီ" ကဗျာကို သူမသေခင် အချိန်တို ကာလအတွင်း  April 25, 1800 မှာ တယောက်တည်း ထိုင်ခုံမှာ ထိုင်ရင်း ဝိညာဉ်တော်လမ်းပြမှုနဲ့ ဇာခရိ 13:1 ကို ဖတ်ပြီး အပြစ်လွှတ်ခြင်းဟာ ထာဝရအတွက် တခါတည်း အပြီးလွှတ်တာကို ကြေနပ်ခံစားရင်း ရေးခဲ့တယ်။
"ထိုကာလ၌ ... ဒုစရိုက် အပြစ်အညစ်အကြေးကို ဆေးကြောစရာဖို့ စမ်းရေတွင်းသည် ပွင့်လိမ့်မည်။" - ဇာခရိ 13:1
နောင်နှစ်ပေါင်းများစွာကြာမှ အမေရိကားမှာ နေတဲ့ Lowell Mason (1792-1872) က သံစဉ်ထည့်ခဲ့တယ်။
နှစ်ပေါင်း ၂၀၀ ကျော် ယုံကြည်သူတွေကို ကယ်တင်ခြင်း စိတ်ချမှုအတွက် ခွန်အားပေးရင်း၊ ဝေးလွင့်နေတဲ့ အပြစ်သားတွေကို ဘုရားသခင်ထံ ပိုဆောင်းပေးခဲ့တဲ့ သီချင်းဖြစ်ပါတယ်။

Friday, May 27, 2022

မျက်မမြင်များနဲ့ ဆင်တကောင် - The Blind Men and the Elephant (Burmese)

The Blind Men and the Elephant (Burmese 

by James Baldwin



" ဆင်တကောင်နဲ့ မျက်မမြင်များ" ဆိုတာ အင်ဒီးယားက ပုံပြင်တပုဒ်ပါ။ ဘာသာတရား အဆုံးအမတွေမှာလည်း ထည့်သုံးကြတယ်။ ကလေးရော လူကြီးပါ ဖတ်ဖို့ ပုံပြင်အဖြစ် ပုံစံအမျိုးမျိုးနဲ့ ထုတ်ဝေကြတယ်။ မျက်မမြင်တစုက ဆင်တကောင်ကို လေ့လာကြတယ်။ ထိမိထိရာ ကိုင်ပြီး ငြင်းကြတယ်။ သူတို့ သိသမျှ စုမိမှ အမှန်တရား ရုပ်လုံးပေါ်မယ်။
တခါက မျက်မမြင် ၆ ယောက်ဟာ လမ်းဘေးမှာ ထိုင်ပြီး ဖြတ်သွားဖြတ်လာတွေထံက တောင်းရမ်းကြတယ်။ သူတို့ဟာ ဆင်အကြောင်း ကြားဖူးပေမယ့် ဆင်ကို မမြင်ဖူးကြဘူး။ မျက်မမြင်ပါဆိုမှ ဘယ်လို မြင်ဖူးပါ့မလဲလေ။
တမနက်တော့ သူတို့ထိုင်နေတဲ့ လမ်းပေါ်ကို ဆင်တကောင် မောင်းလာတာ ကြုံရတယ်။ ဆင်ကြီးလာနေတယ်လို့ ပြောကြတော့ သူတို့က ဆင်ဦးစီးကို ခဏရပ်ပြီး ကြည့်ပါရစေလို့ တောင်းဆိုကြတယ်။
မျက်စိနဲ့ မမြင်နိုင်ကြပေမယ့် ဘယ်လိုအကောင်မျိုးလဲလို့ လက်နဲ့ထိပြီး လေ့လာလို့ရမယ် ထင်ကြတယ်။

ပထမတယောက်က ဆင်ရဲ့နံဘေးကို ထိကြည့်ပြီး "ဟုတ်ပြီ၊ ဟုတ်ပြီ။ ဒီကောင်ကြီးကို ငါသိပြီ။ ဆင်ဆိုတာ နံရံနဲ့ တကယ် တူတာပဲ။" တဲ့။
ဒုတိယလူက အစွယ်ကို စမ်းပြီး၊ "ငါ့ညီရေ မင်းမှားပြီ။ နံရံနဲ့ မတူဘူးကွ။ လုံးတယ်၊ ချောတယ်၊ ချွန်တယ် ဆိုတော့ တခြားဟာတွေထက် လှံနဲ့ ပိုတူတယ်ကွ။" လို့ ပြောတယ်။
တတိယလူက ဆင်နှာမောင်းကို ကိုင်မိတယ်။ "မင်းတို့ နှစ်ယောက်လုံး မှားတယ်။ သိတဲ့လူတွေကတော့ ဆင်ဆိုတာ မြွေနဲ့ တူတယ်လို့ မြင်မှာပဲ။ လို့ ပြောတယ်။
လေးယောက်မြောက်လူက သူ့လက်တွေကို ဆန့်ပြီး ဆင်ခြေထောက်ကို ဖမ်းကိုင်မိတယ်။ "မင်း တော်တော်ကန်းပါလား။ လုံးလုံး၊ ရှည်ရှည် ဆိုတော့ သစ်ပင်နဲ့ တူတာ ရှင်းနေတာပဲ။" လို့ ပြောတယ်။
ငါးယောက်မြောက်က အရပ်ရှည်တယ်။ သူ့လက်နဲ့ ဆင်နားရွက်ကို ကိုင်မိတယ်။ အကန်းတွေ၊ မင်းတို့ပြောသလို မဟုတ်ဘူး။ ဆင်ဆိုတာ ယပ်တောင် အကြီးကြီးနဲ့ တူတာ။" လို့ ပြောတယ်။
ခြောက်ယောက်မြောက်ကတော့ လုံးလုံး ဘာမှ မမြင်တဲ့သူ။ ဆင်နားရောက်အောင် မနည်းသွားရတယ်။ နောက်ဆုံးတော့ ဆင်မြီးကို ဆွဲမိတယ်။
"အော်၊ မိုက်လိုက်တဲ့လူတွေ။ ဘာမှမသိ၊ ဘာမှ အကင်းမပါးကြပါလား။ ဆင်ဆိုတာ နံရံတွေ၊ လှံတွေ၊ မြွေတွေ၊ သစ်ပင်တွေနဲ့ မတူဘူး။ ယပ်တောင်နဲ့လည်း မတူဘူး။ အကင်းပါးတဲ့လူဆိုရင် ဆင်ဆိုတာ ကြိုးနဲ့ တကယ်တူမှန်း သိတယ်။" လို့ ပြောတယ်။
အဲဒီနောက် ဆင်ထွက်သွားတယ်။ မျက်မမြင် ၆ ယောက်က လမ်းဘေးမှာ တနေကုန်ထိုင်ပြီး ငြင်းကြတယ်။ လူတိုင်းက သူတို့ကိုယ်သူတို့ သိတယ်ပဲ ထင်နေကြတယ်။ ပြောတာလက်မခံတော့ စကားလုံး ခပ်ကြမ်းကြမ်းတွေ ပြောလာကြတယ်။ မျက်စိမြင်သူတွေလည်း တခါတလေ အဲဒီလို ခပ်ကောင်ကြောင်တွေ လုပ်တတ်ပါတယ်။

Sunday, April 24, 2022

Spiritual or Carnal? ဝိညာဉ်လား၊ ဇာတိလား?


Dr. Jeff Fugate

Spiritual or Carnal?

by Dr. Jeff Fugate

Pastor, Clays Mill Baptist Church, Nicolasvillee, Kentucky

ဘုရားစိတ်တော်နဲ့ တွေ့ချင်တဲ့ စိတ်မျိုးရှိကြဖို့ ဆုတောင်းပေးပါတယ်။ ဘုရားက ပြုပြင်၊ လမ်းပြတဲ့ အခါ နားထောင်တတ်ဖို့ လိုတယ်။ ပြုပြင်၊ သွန်သင်တာကို မကြိုက်တာက အထဲက မိုက်မဲတဲ့ ဇာတိသဘောကြောင့် ဖြစ်ရတယ်။ ကိုယ့်အမှားကို ထောက်ပြတာ ကြားရင် အထဲက ပုန်ကန်ချင်တဲ့ စိတ်ကလည်း ထလာတတ်တယ်။ ပုန်ကန်ချင်တဲ့ စိတ်သဘောကို လက်ဝါးကားတိုင်မှာ ရိုက်ထားဖို့ လိုတယ်။ ဝိညာဉ်လူတွေ ဖြစ်ဖို့ ဘုရားသခင် မ-စပါစေ။
ဇာတိကို အခွင့်ပေးရင်း ကျင့်သားရမှာ စိုးရတယ်။ ဆိုရှယ်မီဒီယာကလည်း ဇာတိစိတ်ကို အားပေးနေတာ စိုးရိမ်စရာ ကောင်းတယ်။
"အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ ကလေးသူငယ်တို့အား၎င်း ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဖွယ်စားဖွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ။ နို့ကိုသာ တိုက်ရ၏။ ယခုပင် သင်တို့သည် မကြေနိုင်ကြသေး။ ယခုပင်လည်း ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိသည်ဖြစ်၍ သင်တို့သည် ဇာတိပကတိလူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။ တယောက်က ငါသည် ပေါလုတပည့်ဖြစ်သည်ဟူ၍၎င်း၊ တယောက်က ငါသည် အာပေါလု တပည့်ဖြစ်၏ ဟူ၍၎င်း အသီးသီးပြောကြလျှင် ဇာတိပကတိလူ ဖြစ်ကြသည် မဟုတ်လော။" ၁ ကော ၃: ၁- ၄
သခင်ယေရှုခရစ်ကို ကိုယ့်ရဲ့ကယ်တင်ရှင်အဖြစ် လက်ခံသူတိုင်းဟာ Saved sinners ကယ်တင်ခြင်းခံရတဲ့ အပြစ်သားတွေ ဖြစ်တယ်။ တခါတလေ ကယ်တင်ခြင်းကို နားလည်လွဲတတ်တယ်။
"အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။ " - ရောမ ၅: ၁၂။
လူဆိုးတွေ ကောင်းလာဖို့အတွက် ကယ်တင်ခြင်းရဖို့လိုတယ် လို့ တချို့ ထင်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ ကယ်တင်ခြင်းက သူ့ကို ကောင်းအောင် လုပ်ပေးတာကိုး။ ဒါပေမယ့် ကယ်တင်ခြင်းဆိုတာ အဲဒါကို ပြောတာ မဟုတ်ဘူး။ လူအားလုံးက မွေးကတည်းက အပြစ်သားပါ။ အပြစ်လုပ်လို့ အပြစ်သား ဖြစ်တာ မဟုတ်ဘူး။ အပြစ်သားမို့ အပြစ်လုပ်မိတာပါ။ လူ့သဘာဝက အပြစ်လုပ်ချင်တယ်။ ကယ်တင်ခြင်းက ဘုရားက လက်ခံတယ်။ ဘုရားသားဖြစ်တယ်။ ဘုရားကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်။ ဒါပေမယ့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရပေမယ့်လည်း အပြစ်သားပဲ။
ရှင်ပေါလုက အပြစ်သားတွေထဲမှာ သူ အကြီးဆုံးဖြစ်ခဲ့ဖူးတယ်လို့ မပြောဘူး။ "အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏" လို့ပဲ ပြောတယ်။ - ၁ တိ ၁: ၁၅။
ဟေရှာယက ငါအကျိုးနည်းခဲ့ဖူးတယ် လို့ မပြောဘဲ၊ "ငါ အကျိုးနည်းပြီ" လို့ ပြောတယ်။ ဟေရှာယ ၆: ၅။
ပေတရုက ကျွန်တော် အပြစ်များခဲ့ဖူးတယ် လို့ ပြောတာ မဟုတ်ဘဲ၊ "အကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏။" လို့ ပြောတယ်။ လုကာ ၅: ၈။
သားတော်ဘုရားမပါဘဲ ဘုရားသခင်ရှေ့မှာ ကျွန်တော်တို့ ကောင်းကွက် တကွက်မှ မရှိဘူး။ ဒါကို နားလည်ရင် ဘုရားသခင်က ဘယ်လို၊ ဘာတွေ လုပ်ပေးတယ် ဆိုတာ သိပြီး ကျေးဇူးတော် ချီးမွမ်းလာလိမ့်မယ်။ ကိုယ်က ဘာ၊ ဘာတွေ လုပ်နိုင်တယ် ဆိုတဲ့ မာနတွေ ထားမှာ မဟုတ်ဘူး။ ကယ်တင်ခြင်းရလို့ ဝမ်းသာတယ်။ ဒါပေမယ့် ဘယ်လိုလူဖြစ်လို့၊ ဘာတွေလုပ်လို့ ဆိုပြီး ကယ်တင်ခြင်း ရတာ မဟုတ်ဘူး။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းရတယ်။ မထိုက်တန်တာကို ဘုရား ပေးတယ်။ ကျေးဇူးနဲ့ သနားကရုဏာကို ပေးတယ်။ ဆိုလိုတာက ထိုက်တန်လို့ မဟုတ်ဘူး။ သနားလို့ ပေးတာ။
ကျွန်တော်တို့ကိုယ်စား ကာရာနီ လက်ဝါးကားတိုင်မှာ ကိုယ်စားအသေခံပေးတယ်။ တခါတလေ ကျွန်တော်တို့ အလုပ်ချိန်မှာ တခြားတယောက်က အလုပ် ဝင်ဆင်းပေးတာမျိုး။ သူတပါးအတွက် အလုပ်ဝင်လုပ်ပေးရတာမျိုး ရှိတတ်တယ်။ သခင်ယေရှုက ကျွန်တော်တို့ ကိုယ်စား ဝင်လုပ်ပေးရုံမျှမက လုပ်ခ အကျိုးအမြတ်ကိုလည်း ကျွန်တော်တို့ကို ပေးတယ်။ လူတွေရဲ့အပြစ်အတွက် ကားတိုင်မှာ ပေးဆပ်တယ်။ ပြီးမှ အကျိုးရလာဒ်ကို ကျွန်တော်တို့ကို ခံစားစေတယ်။ ကျွန်တော်တို့က ဘယ်လိုလူ၊ ဘယ်လိုဖြစ်လို့ ကယ်တင်ခြင်းရတာမျိုး မဟုတ်ဘူး။ ကျေးဇူးပြုတယ်၊ သနားလို့ ကယ်တယ်။ အခုတော့ ကောင်းကင်ဘုံ ရှင်ဘုရင်ရဲ့ သားသမီး ဖြစ်ခွင့်ရတယ်။
ကျွန်တော်တို့ ရောက်နိုင်တဲ့ နေရာ ၃ နေရာ ရှိတယ်။
၁။ ဒုတိယ မွေးခြင်း မခံရသေးဘူး။ လက်ဆောင်ဖြစ်တဲ့ ထာဝရအသက်ကို လက်မခံရသေးဘူး။ သခင်ယေရှုကို ကိုယ့်ရဲ့ကယ်တင်ရှင်အဖြစ်နဲ့ အားမကိုးရသေးဘူး။ ပျောက်ဆုံးနေတဲ့သူ၊ အကျိုးနည်းနေတဲ့သူ၊ မာရ်နတ်အတွက် ပြင်ထားတဲ့ မရဏာနိုင်ငံကို ဆင်းရမယ့်သူ ဖြစ်နေတယ်။
၂။ ကယ်တင်ခြင်းရပြီ။ ဒါပေမယ့် ဇာတိလူ ဖြစ်နေတယ်။ ကယ်တင်ခြင်းရပေမယ့် ဝိညာဉ်လူ မဖြစ်သေးဘူး။ တချို့က ဇာတိလူ ဖြစ်နေတယ်။ ဘုရားကတော့ ဝိညာဉ်သဘော ရှိစေချင်တယ်။ ဇာတိခရစ်ယာန် မဖြစ်စေချင်ဘူး။
၃။ ကယ်တင်ခြင်း ရပြီ၊ ဝိညာဉ်လူလည်း ဖြစ်ပြီ။ သန့်ရှင်းသော ဝိညာဉ်တော်က လူ့စိတ်ထဲမှာ ဘုရားရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် ဘုရားသားဖြစ်ဖို့ ဝိညာဉ်တော်အားဖြင့် လှုပ်ရှားစေတယ်။ သခင်ယေရှုရဲ့ အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်တယ်။ ဝိညာဉ်တော်က နေစရာ မရှိလို့ လာနေတာမျိုး မဟုတ်ဘူး။ အထဲမှာ အလုပ်လုပ်ဖို့ လာနေတယ်။ Save ကယ်တင်ရုံသာ မဟုတ်ဘူး။ Seal တံဆိပ်ခတ်တယ်။ Secure လုံခြုံမှုလည်း ပေးတယ်။ သန့်ရှင်းစင်ကြယ်စေတယ်။ အဓိပ္ပါယ်က လောကအညစ်အကြေးထဲက ခွဲထုတ်ထားတယ်။ သူနဲ့ တူစေချင်တယ်။
၁ ကော ၃: ၁၆ မှာ ဇာတိခရစ်ယာန်တွေကို မေးခွန်းတခု မေးထားတယ်။ "သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။"
တနည်းပြောရရင် ကျွန်တော်တို့က ဘုရားသခင် ကျိန်းဝပ်ဖို့ ဆောက်ထားတဲ့ အိမ်ဖြစ်တယ်။ ကယ်တင်ခြင်းရပြီ။ ဝိညာဉ်တော် ကျိန်းဝပ်နေပြီ။ ဝိညာဉ်တော် ကျိန်းဝပ်ရခြင်း အကြောင်းရင်း ရည်ရွယ်ချက် ရှိတယ်။ ခရစ်တော်နဲ့ ပိုတူလာဖို့ အသက်တာကို ပြုပြင်ပေးဖို့ ဖြစ်တယ်။ ဝိညာဉ်လူဖြစ်ဖို့ ဝိညာဉ်တော်က ကူညီနိုင်တယ်။ ကယ်တင်ခြင်းရတာနဲ့ ဝိညာဉ်လူ တန်းမဖြစ်ဘူး။ ဝိညာဉ်တော် ကျိန်းဝပ်ပြီးတော့မှ ဝိညာဉ်သဘောရှိတဲ့ ခရစ်ယာန်တွေ ဖြစ်ဖို့  အစွမ်းသတ္တိပေးတယ်။ ဝိညာဉ်လူ ဖြစ်ချင်စိတ် ရှိရမယ်။ ဝိညာဉ်တော်ရဲ့ အလိုကို လက်ခံတတ်ရမယ်။ နားထောင်ရင် ဝိညာဉ်လူ ဖြစ်မယ်လို့ ကျမ်းစာက သွန်သင်တယ်။
ဝိညာဉ်သဘောရှိတဲ့ ခရစ်ယာန်က အနည်းဆုံး အလုပ် ၂ ခု လုပ်တယ်။ ပထမအချက်က ဝိညာဉ်တော် ဦးဆောင်မှုကို လိုက်နာတယ်။ ဒါက (နတ်ပူးသလို) ကတုန်ကရင် ဖြစ်လာတယ်လို့ ပြောတာ မဟုတ်ဘူး။ ဝိညာဉ်တော်ရဲ့ ဓါးဟာ နှုတ်ကပတ်တော် ဖြစ်တယ်။ ဝိညာဉ်တော်ရဲ့  ဦးဆောင်မှုကို ခံယူရင် ကျမ်းစာအတိုင်း လုပ်ချင်လာတယ်။ ဝိညာဉ်လူ ဖြစ်လာတယ်။ ကျမ်းစာက မလုပ်နဲ့ဆိုရင် မလုပ်ဘူး။ ကျမ်းစာအတိုင်း အသက်ရှင်ချင်လာတယ်။ ဝိညာဉ်သဘောရှိသူဟာ ခရစ်တော်ရဲ့ စိတ်သဘောရှိသူ ဖြစ်တယ်။ ခရစ်တော်လို စဉ်းစားတယ်။ နေ့တိုင်း ဆုံးဖြတ်စရာတွေကို ခရစ်တော်လို တွေးလာတယ်။ အိမ်ထောင်ရေးမှာ၊ အိမ်ထောင် ဦးဆောင်တဲ့အခါ၊ သားသမီး ထိန်းကျောင်းတဲ့အခါ၊ အသင်းတော် တာဝန်တွေ လုပ်ဆောင်တဲ့အခါ၊ အလုပ်ထဲမှာ တာဝန်ထမ်းရွက်ရတဲ့အခါ ခရစ်တော်လို တွေးလာတယ်။ ဝိညာဉ်တော် ဦးဆောင်မှုကို လိုက်လျှောက်လာတယ်။ အပြစ်သားဘဝကနေ ကယ်တင်ခြင်းရဖို့ ဘုရားသွေးဆောင်နေတာမျိုး မဟုတ်ဘူး။ ကယ်တင်ခြင်းရပြီး ဇာတိလူကနေ ကယ်တင်ခြင်းရပြီးတဲ့ ဝိညာဉ်လူ ဖြစ်စေချင်တယ်။
သူနဲ့ပါတ်သက်တဲ့ အရေးကြီးတဲ့အချက် ၆ ချက် ရှိတယ်။
၁။ ခရစ်တော်နဲ့ အသွေးတော်ကို ယုံကြည်ခြင်းဖြင့် ဘုရားသားသမီး ဖြစ်ရတယ်။ အထဲမှာ ဝိညာဉ်တော် ကျိန်းဝပ်လာတယ်။
၂။ ဝိညာဉ်လူဖြစ်ဖို့ သန့်ရှင်းသော ဝိညာဉ်တော်က အစွမ်းပေးတယ်။
၃။ ဘုရားသခင်က ဝိညာဉ်လူ ဖြစ်စေချင်တယ်။
၄။ ဝိညာဉ်လူဖြစ်ဖို့ ပထမအချက်က အပြစ်သားဖြစ်တယ်၊ ဆက်ပြီးတော့ အပြစ်သား ဖြစ်နေဦးမယ်။ ဒါပေမယ့် ဘုရားကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်လို့ နားလည်ရမယ်။
ကျွန်တော်ဆိုရင် ဘုရားကျောင်း အသိုင်းအဝိုင်းမှာပဲ တသက်လုံး ကျင်လည်ခဲ့တယ်။ ဒါပေမယ့် ဘုရားက ကျွန်တော့အပေါ်မှာ အလုပ်လုပ်နေတုန်းပဲ။ ကိုယ်တော်နဲ့ မတူမချင်း ကျွန်တော့အပေါ်မှာ ဘုရား ဆက်အလုပ်လုပ်နေမယ်။
၅။ ဝိညာဉ်လူဖြစ်ဖို့ မလွယ်ဘူး။ ပုံမှန် ရုန်းကန်ရတယ်။ ဒီအချက်ကို စဉ်းစားကြည့်ဖို့ လိုတယ်။ တခါတလေ ပြောမိမယ်။ "ငါ စိတ်ပျက်လာပြီ။ အမြဲတမ်း ရုန်းကန်နေရတယ်။ မှန်တာလုပ်ဖို့၊ ကောင်းတာ လုပ်ဖို့၊ ဝိညာဉ်သဘောရှိဖို့ တချိန်လုံး ကြိုးစားနေရတယ်။" လို့ ပြောမိမယ်။ အဲဒီလိုမျိုး ရှင်ပေါလုလည်း ကြုံခဲ့ရတယ်။ သူ့အထဲမှာရှိတဲ့ မကောင်းတဲ့စိတ်နဲ့ ကောင်းတာလုပ်ချင်တဲ့ စိတ်အကြောင်းကို ပြောပြတယ်။ ကောင်းတာလုပ်ချင်ပေမယ့် မလုပ်ဖြစ်ဘူးလို့ ခဏခဏ ‌ပြောတယ်။ "ထိုသို့ကောင်းသောအကျင့်ကို ငါ ကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။ သို့သော်လည်း ငါ့ကိုယ်အဂ်ါများ၌ ရှိသောတရားတပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြန်တွန်းလှန်သဖြင့် ငါ့ကိုယ်အဂ်ါများ၌ရှိသော အပြစ်တရားလက်သို့  ငါ့ကို ဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။" - ရောမ ၇: ၂၁၊ ၂၃။
ဘုရားအမှုတော်ဆောင်ချင်သူတွေလည်း ရှင်ပေတရုလို ဖြစ်တတ်တယ်။ ခရစ်တော်အတွက် အသက်ပေးချင်စိတ် ရှိပေမယ့် နောက်လမှာ တနာရီတောင် အချိန်ယူ ဆုတောင်းဖို့ မလုပ်နိုင်တော့ဘူး။ ဘုရားအမှုဆောင်ချင်ပေမယ့် တခါတလေ ကိုယ့်အခြေအနေမှာ ကြေနပ်နေတယ်။ ဒီလိုရုန်းကန်ရတာ ကိုယ်တယောက်တည်းတော့ မဟုတ်ဘူး။ ခရစ်တော်နဲ့ တူချင်သူတိုင်း အားလုံး ရုန်းကန်ရတယ်။ ဘာကြောင့်လဲဆိုတော့ အထဲမှာ လူဟောင်းရှိနေတယ်။ အပြစ်လုပ်တဲ့သဘောကို ကားတိုင်မှာ ရိုက်ထားဖို့ လိုတယ်။ ဆာလံဆရာက "အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မယ်။ နိုးသောအခါ ပုံသဏ္ဍန်တော်အားဖြင့် အကျွန်ုပ်ကို ပြည့်စုံရပါလိမ့်မည်။" - ဆာလံ ၁၇: ၁၅။
"ကိုယ်မဖြစ်နိုင်တာကို ကြိုးစားနေရတာ မောပြီ။ ဒါကြောင့် ကိုယ်နေတတ်သလိုပဲ နေတော့မယ်" လို့  တချို့ ပြောကြတယ်။ ဒါက ဘာနဲ့တူလဲ ဆိုတော့ "လေးလမ်းသွား လမ်းမပေါ်မှာ တနာရီ ၅၅ မိုင်နှုန်းနဲ့ မောင်းနေတာ မောပြီ။ တနာရီ မိုင် ၉၀ နှုန်းနဲ့ မောင်းချင်တယ်" လို့ ပြောတာနဲ့ တူတယ်။ အဲဒီလိုမောင်းရင် အဖမ်းခံရမှာပေါ့။ တချို့အမျိုးသမီးတွေ ပြောတတ်တယ်။ "ကျွန်မ ဒီအဝတ်အစားတွေ ဝတ်ပြီးတော့ Standard နဲ့အညီ နေရတာ၊ ကြာတော့လည်း ကိုယ့်စိတ်နဲ့ကိုယ် မဟုတ်ဘူး" လို့  ပြောကြတယ်။ မှန်ပါတယ်။ အဲဒါ ခင်ဗျားစိတ် မဟုတ်ဘူး။ ကိုယ့်စိတ်နဲ့ကိုယ် နေချင်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဘုရားသားသမီးဖြစ်တယ်။ ကိုယ့်စိတ်ကို လက်ဝါးကားတိုင်မှာ ရိုက်ထားရမယ်။
ရှင်ပေါလုက "အကြောင်းမူကား ငါသည် ကိုယ်ကျင့်သောအကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကို မကျင့်။ ရွံ့ရှာဖွယ်သော အကျင့်ကို ကျင့်၏။" - ရောမ ၇: ၁၅။
တချိန်တုန်းက ရေဒီယို အင်တာဗျူးတခု ဖြေရတယ်။ စစ်တပ်ထဲက လိင်တူကိစ္စ ဖြစ်တယ်။ မေးတဲ့အမျိုးသမီးက "သူတို့က မွေးကတည်းက အဲလို မွေးလာတာ မဟုတ်ဘူးလား" လို့ မေးတယ်။ မွေးကတည်းက စိတ်တိုတတ်၊ ဒေါသထွက်တတ်သူတွေ ရှိတယ်။ ရန်ဖြစ်ကြရင် သူတို့က အဲလို မွေးလာတာပဲ လို့ ပြောရင် ပညာမဲ့တာပေါ့။
ခရစ်ယာန်တယောက်က "ငါ ဒီလို ဟန်ဆောင်နေရတာ မောပြီ။ အဲဒီတော့ လူဟောင်းအတိုင်းပဲ အသက်ရှင်မယ်" လို့  ပြောရင် ဒါဟာ ပညာမဲ့တာပါ။ ကျမ်းစာက ပြောတယ်။ ဇာတိသဘောဟာ သေခြင်းတရား ဖြစ်တယ်။ ဝိညာဉ်လူအဖြစ် အသက်ရှင်ဖို့ ရုန်းကန်ရတယ်။ ဒီလို ရုန်းကန်ရတာ ဘယ်တော့မှ ပြီးမလဲ? သေမှပဲ ပြီးမယ်။ သေရင်တော့ ခရစ်တော်နဲ့တူတဲ့ ခရစ်ယာန် ဖြစ်ရပြီ။
တချို့လည်း ကျမ်းစာကို ဦးထိပ်ထားတဲ့ Fundamental ဖန်ဒမင်တဲလ် အသင်းတော်ထဲက ထွက်ပြီး Walmark အသင်းတော်တွေ၊ 7/11 အသင်းတော်တွေမှာ ပါဝင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအသင်းတော်တွေက သူတို့ကို ဘာဖိအားမှ မပေးဘူး။ ကယ်တင်ခြင်းရပေမယ့် ဇာတိသဘောနဲ့ အသက်ရှင်နေတယ်။ အများစုက performer လို့ခေါ်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေတယ်။ တချို့က စနေည ဘားတွေမှာ တူရိယာ တီးခတ် ဖျော်ဖြေတယ်။ နောက်တနေ့ တနဂ်နွေနေ့မှာ တော့ ဘုရားကျောင်းမှာ တူရိယာ တီးခတ်ပြန်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွမ်းကျင်တဲ့ ဂီတပညာရှင်တွေ ဖြစ်လို့ပါ။ ဝိညာဉ်လူဖြစ်ဖို့ ရုန်းကန်ရတယ်။ ကြိုးတော့ကြိုးစားပေမယ့် မအောင်မြင်ဘူးလို့ ပြောတတ်ကြတယ်။ ရှင်ပေါလုလည်း ဒီလိုပဲ ပြောတယ်။ ဒါပေမယ့် ပြန်ကြိုးစားတယ်။ "ဟန်ဆောင်နေရတာ ပင်ပန်းတယ်။ အဲဒိုလို မနေချင်ဘူး" လို့  မပြောပါနဲ့။ ကိုယ်ဘယ်သူလဲ ဆိုတာ အရေးမကြီးဘူး။ ကိုယ်နေချင်သလို နေဖို့ မဟုတ်ဘူး။ ကိုယ်နေချင်သလို မနေဘဲ ထိန်းချုပ်တာကမှ Character ကိုယ့်ကျင့်တရားပါ။ မှန်တဲ့အရာ၊ လုပ်သင့်တာကို လုပ်တာဟာ Character ကိုယ်ကျင့်တရားပါ။ ရိုးသားမှုဆိုတာ ကိုယ်လုပ်သင့်တာ၊ မှန်တဲ့အရာကို တလောကလုံးက ကြည့်-ကြည့်၊ မကြည့်-ကြည့်၊ လုပ်တာမျိုး ဖြစ်တယ်။ မှန်လို့၊ လုပ်ဖို့လိုလို့ လုပ်ရတာပါ။
၆။ ဝိညာဉ်လူဖြစ်ဖို့ တိုက်တွန်းချင်တယ်။ ခရစ်တော် တွေးသလို တွေးဖို့ လိုတယ်။ "ခရစ်တော်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌ ရှိစေကြလော့။" - ဖိလိပ္ပိ ၂: ၅။ ဝိညာဉ်လူဆိုတာ ဘယ်လိုလူလဲ? ဘုရားခိုင်းရင် ကိုယ်ကြိုက်-ကြိုက်၊ မကြိုက်-ကြိုက် လုပ်တဲ့သူပါ။ အလိုတော်ကို ဆောင်တယ်။ တခါတလေ ကိုယ်မကြိုက်တာ လုပ်ရတာလည်း ရှိမယ်။ ဝိညာဉ်သဘောရှိတယ် ဆိုတာ ကိုယ်လုပ်ချင်တာတွေ နေ့တိုင်းလုပ်တာ မဟုတ်ဘူး။ ဝိညာဉ်သဘောက ဘုရားခိုင်းတာ လုပ်တယ်။ ဒါကို ရှင်ပေါလုက "ပြုအပ်သော ဝတ်" လို့ ပြောတယ်။ - ရောမ ၁၂: ၁။
တချိန်က မာနတ်ရဲ့ မရဏာနိုင်ငံ သွားမယ့် လမ်းကြောင်းပေါ်မှာ ရှိခဲ့တယ်။ ဒါပေမယ့် ဘုရားသားတော်က ကားတိုင် အသေခံပြီး အပြစ်ကြွေး ဆပ်တယ်။ အခု ကောင်းကင်ဘုံရှင် ဘုရားသခင်ရဲ့ သားသမီး ဖြစ်ရတယ်။ ကိုယ့်နာမည်လည်း သိုးသူငယ်ရဲ့ အသက်စာစောင်မှာ ရေးပေးထားပြီ။ အခုအချိန်မှာ သခင်ယေရှုခရစ်တော်ရဲ့ အမွေခံဖြစ်တယ်။ ကောင်းကင်ဘုံမှာ နေစရာ အခန်းရပြီ။ ဘုရားအလိုတော်အတိုင်း လုပ်မယ်လို့ ပြောတတ်ဖို့ လိုတယ်။ ဝိညာဉ်သဘောရှိသူက ဘုရား ဘာလုပ်ပေးခဲ့တယ်၊ နေ့တိုင်း ဘာဆက်လုပ်ပေးနေတယ် ဆိုတာ ရိပ်မိတယ်။ ဝိညာဉ်သဘောရှိသူက ဘုရားစိတ်တော်နဲ့ တွေ့ချင်စိတ် ရှိတယ်။ ဇာတိလူက သူလုပ်ခဲ့တဲ့ အမှားတွေအတွက် စိတ်မကောင်းဖြစ်တယ်။ ဝိညာဉ်လူကလည်း ဒီအချက်ကို ရိပ်မိတယ်။ "ငါသည် ငြိုငြင်သောသူ ဖြစ်ပါသည်တကား။" လို့ ရှင်ပေါလုက ဆိုတယ်။ - ရောမ ၇: ၂၄။
ဇာတိလူက သူလုပ်ခဲ့တဲ့ အမှားတွေအတွက် စိတ်မကောင်းဖြစ်တယ်။ ဝိညာဉ်လူကတော့ သူ့အမှားတွေအတွက် ထိခိုက်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်း ဖြစ်နေတယ်။ "ကိုယ်တော်၊ အဲဒီလူတွေနဲ့  ပေါင်းမိတာ မှားသွားပြီ၊ သူတို့နဲ့ မပေါင်းသင့်ဘူး" လို့  သူ ဆုမတောင်းဘူး။ ဝိညာဉ်လူက "ကျွန်တော် မှားခဲ့တယ်" လို့ပဲ ပြောတယ်။ ဇာတိလူကတော့ သူ့ကိုယ်သူ လူကောင်းတယောက်လို စိတ်ထဲ ခံစားချင်စိတ်တွေ ပေါ်နေတယ်။ ဝိညာဉ်လူကတော့ သူကိုယ်တိုင်ဟာ အပြစ်သားဖြစ်နေသေးတယ်။ ခရစ်တော်နဲ့ တူချင်တယ်။ ဇာတိလူကတော့ လူ့အမြင်မှာ အနေသာချင်တယ်။ အကောင်းဖြစ်စေချင်တယ်။ ဝိညာဉ်လူက ဘုရားသခင်ရှေ့မှာ မျက်နှာသာ ရချင်တယ်။
"အို ဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့  အကျွန်ုပ် လိုက်သည်၊ မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။" - ဆာလံ ၁၃၉: ၂၃၊ ၂၄။
ဇာတိလူက ကောင်းဖို့ ကြိုးစားတယ်။ ဝိညာဉ်လူက နားလည်ဖို့ ကြိုးစားတယ်။ သူဖြစ်သင့်သလောက် မဖြစ်သေးဘူးဆိုတာ သိဖို့ ကြိုးစားတယ်။ ရှေ့ဆက် ကြိုးစားနေတုန်းပဲ။
လူက ပရောဖက်ရှင်နယ် ဂေါက်သီးရိုက်သမားတယောက် ဖြစ်ချင်တဲ့အခါ အကောင်းဆုံး ‌ဂေါက်သီးရိုက်သမားလို ဖြစ်ချင်တယ်။ ပရောဖက်ရှင်နယ် ဘတ်စကက်ဘောသမားတယောက် ဖြစ်ချင်တဲ့အခါ အကောင်းဆုံး ‌ဘတ်စကက်ဘောသမားနဲ့ တူချင်တယ်။ သန်းကြွယ်သူဌေးဖြစ်ချင်ရင် သန်းကြွယ်သူဌေးတွေအကြောင်း ဖတ်လာတယ်။ လူတယောက်က ခရစ်ယာန်ဖြစ်ချင်ချိန်မှာတော့ ဘာကြောင့် လမ်းဘေးကလူထက် နဲနဲပဲသာတဲ့လူ ဖြစ်ချင်ရတာလဲ?
ကျွန်တော် ကောလိပ်ကျောင်းတက်တုန်းက မိုက်ကယ်လ် ဂျော်ဒန်ဟာ အကောင်းဆုံး ဘတ်စကက်ဘော ကစားသမားပါ။ သူစီးတဲ့ ရှူးဖိနပ်မျိုး ဝယ်စီးဖူးတယ်။ ဘာကြောင့်ဝယ်လဲဆိုတော့ အဲဒီဖိနပ်က သူနဲ့လိုက်တာ ကျွန်တော် တွေ့လို့ပါ။ ကျွန်တော်လည်း အကောင်းဆုံး ဘတ်စကက်ဘော ကစားသမား ဖြစ်ချင်တဲ့ ဆန္ဒလည်း ရှိတယ်။ ဒါပေမယ့် ဖိနပ်က ကျွန်တော့ကို မကူညီနိုင်ဘူး။ ခရစ်တော်နဲ့ တူချင်လည်း ဒီလိုပါပဲ။
ဇာတိလူက အပြစ်ကို မြင်တယ်။ ဝိညာဉ်လူက အပြစ်လုပ်စေတဲ့ အကြောင်းရင်း ဗီဇကို မြင်တယ်။ ဇာတိလူက အောင်မြင်ချင်တယ်။ ပန်းတိုင်ရောက်ချင်တယ်။ ဝိညာဉ်လူကတော့ ပန်းတိုင်ကို ပြေးနေတုန်းပဲ။
"ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သော ဆုကို ရခြင်းငှါ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။" - ဖိလိပ္ပိ ၃: ၁၄။
ဇာတိလူက သူ့ကို သူတပါးနဲ့ နှိုင်းယှဉ်တယ်။ သူများထက် ပိုကောင်းတဲ့အလုပ်တွေ လုပ်ဖို့ စဉ်းစားတယ်။ ဝိညာဉ်လူကတော့ သူ့ကိုယ်သူပဲ နှိုင်းယှဉ်တယ်။ ခရစ်တော်နဲ့ ပိုတူချင်လာတယ်။ ဇာတိလူက တခြားသူတွေကို ဝေဖန်တယ်။ ဝိညာဉ်လူကတော့ တခြားလူတွေ ဝိညာဉ်ရေးကြီးထွားလာရင် သဘောကျတယ်။ အသိအမှတ်ပြုတယ်။ ဇာတိလူက ပန်းတိုင်ကို ဦးထိပ်ထားပြီး သူ့ဘာသာသူ ကြိုးစားတယ်။ ဝိညာဉ်လူကတော့ ဘုရားကို ဦးထိပ်ထားပြီး ဝိညာဉ်သဘောနဲ့ အသက်ရှင်တယ်။ ဘုရားကျောင်းသွားပြီး "ဆရာ၊ သိသမျှ ကျွန်တော်တို့ကို အကုန်သင်ပါ။ လိုက်လျှောက်မယ်" လို့  ဆိုတယ်။
ဇာတိလူက သူ့လိုအပ်ချက်ရယ်နဲ့ သူချစ်တဲ့လူတွေရဲ့ လိုအပ်ချက်အတွက်ပဲ အစေစားခံတယ်။ အဓိက ထားတယ်။ ဝိညာဉ်လူကတော့ ခရစ်တော်ရဲ့ မေတ္တာနဲ့ သူမသိတဲ့ တခြားလူတွေရဲ့ လိုအပ်ချက်တွေအတွက် အစေစားခံတယ်။ ဇာတိလူက သူ့မိသားစု ကယ်တင်ခြင်းရတာ မြင်ချင်တယ်။ စိတ်လှုပ်ရှားမယ်။ သူ့မိဘတွေ။ ညီအကိုမောင်နှမ၊ မိတ်ဆွေတွေ Born again ဖြစ်တာ၊ ဘုရားသားဖြစ်တာ မြင်ချင်မယ်။ ဝိညာဉ်လူကတော့ သူ့မြို့ကလူရှိသမျှ၊ ပြည်နယ်တိုင်းက၊ နိုင်ငံတိုင်းက သူမသိတဲ့ လူအားလုံးကို ကယ်တင်ခြင်း ရစေချင်တယ်။ ဇာတိလူက သူ ကောင်းကောင်းလုပ်တဲ့အခါ ဆုရချင်တယ်။ သူနဲ့ထိုက်တန်တဲ့အရာကို လိုချင်တယ်။ ဝိညာဉ်လူကတော့ သူထိုက်တန်တာထက် ဘုရားသခင်က သူ့ကို ပေးပြီးသားဆိုတာ ရိပ်မိတယ်။ ဇာတိလူက သူ့ကို ဦးဆောင်တဲ့သူတွေကို စိတ်ဝင်စားတယ်။ ဝိညာဉ်လူကတော့ ခရစ်တော်နဲ့တူဖို့ စိတ်ဝင်စားတယ်။ ဒါကြောင့် ခရစ်တော်နဲ့တူတဲ့သူတွေရဲ့နောက်ကိုသာ လိုက်လျှောက်တယ်။ ဇာတိလူက သူ့နောက်မှာ ဘယ်သူတွေရှိသလဲလို့ ကြည့်တယ်။ ဝိညာဉ်လူကတော့ သူ့ရှေ့မှာ ဘယ်သူတွေ ရှိသလဲ? ဘာတွေ သင်ယူလို့ရသလဲ လို့ ကြည့်တယ်။
ဇာတိလူက သူ့ကို စိတ်တို၊ ဒေါသထွက်အောင် လုပ်တဲ့သူကို မြင်တယ်။ ဝိညာဉ်လူကတော့ သူ့ကို မကောင်းကြံတဲ့လူရဲ့ နောက်မှာရှိတဲ့ မာနတ်ကို သတိထားမိတယ်။ ဝိညာဉ်လူက ဒါဟာ ဝိညာဉ်ရေး စစ်ပွဲဖြစ်တယ်။ မာနတ်က ခရစ်တော်ရဲ့ စိတ်မျိုး မရှိဘဲ လုပ်နေတယ် လို့  သတိထားမိတယ်။ ဇာတိလူကတော့ သူ့အပြစ်ကို ခွင့်လွှတ်စေချင်တယ်။ ဝိညာဉ်လူကတော့ သူ့ကို ရှုံးနိမ့်စေတဲ့ အဲဒီအပြစ်တွေနဲ့ ဘယ်လိုဝေးဝေးနေမလဲ ရှာကြံတယ်။ ဝိညာဉ်လူက သူ့ကိုယ်သူ ပြည့်စုံတယ်လို့ မထင်ဘူး။ ခရစ်တော်နဲ့ပဲ တူချင်နေတယ်။ သူ့အပြစ်အတွက် နောင်တရတယ်။ နေ့တိုင်း ဘုရားသခင်ရှေ့မှာ ဆေးကြောဖို့ တောင်းခံတယ်။ သန့်ရှင်းစေတယ်။
အထောက်အကူပြုမယ့် အချက် ၄ ချက် ရှိပါတယ်။
၁။ ဘုရားသခင်နဲ့ အတူ လျှောက်လှမ်းရမယ်။ နှုတ်ကပတ်တော် နေ့တိုင် ဖတ်ရမယ်။ ဒါမှ ခရစ်တော်ရဲ့ စိတ်သဘောနဲ့ တူလာမယ်။ ကျမ်းစာမဖတ်ဘဲ ခရစ်တော်ရဲ့ စိတ်သဘောမျိုး ရှိမလာဘူး။ ဆုတောင်းတယ်ဆိုတာ ဘုရားသခင်နဲ့ စကားပြောရုံမျှသာ မဟုတ်ဘူး။ ရှေ့တော်မှောက် တိုးဝင်ပြီးတော့ ကျွန်တော်တို့မှာ ဘာလိုသလဲလို့ ဘုရားသခင်ကို မေးတယ်။ ကျွန်တော်တို့ စိတ်နှလုံးကို ဘုရားသခင် စကားပြောစေတယ်။
၂။ အမှုတော်မှာ ပါဝင်ပါ။ တခြားသူတွေကို ကူညီဖို့ ဘုရားအမှုတော်မှာ ပါဝင်ဖို့ လိုတယ်။
၃။ ဇာတိလူကို စံမတင်ပါနဲ့။ အတုမယူနဲ့။ ချောက်ကမ်းပါးမှာ ရပ်တာ ပျော်စရာ မဟုတ်ဘူး။ ဆံပင်တွေ စည်းကျော်ပြီး လွင့်နေတာ မကောင်းဘူး။ အဝတ်အစားတွေ စည်းကျော်ပြီး လွင့်နေတာ ပျော်စရာ မဟုတ်ဘူး။ အပြုအမူတွေကလည်း စည်းကျော်ပြီး အသက်ရှင်နေတာ မကောင်းဘူး။ စကားတွေလည်း ဘောင်ကျော် ပြောနေတာ မှန်တဲ့ကိစ္စ မဟုတ်ဘူး။ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ အေးဆေးပါ လို့ပြောလို့ မရဘူး။ ဒါဟာ ပုန်ကန်တာပါ။ စည်းဘောင်ကျော်သူတွေနဲ့ အတူတွဲလို့ မရဘူး။
ဇာတိသဘောရှိတဲ့သူက ကိုယ့်ကို ဦးဆောင်တာမျိုး၊ နည်းပေးလမ်းပြ လုပ်တာမျိုး မဖြစ်သင့်ဘူး။ ဝိညာဉ်သဘောရှိတဲ့သူက ဘုရားအလိုတော်အတိုင်းပဲ သွားချင်တယ်။ လူတချို့ လုပ်တတ်တယ်။ သူတို့ ဘာလုပ်သင့်တယ် ဆိုတာကို တခြားသူတွေက မပြောပြကြလို့  ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ရတယ် လို့ ပြောကြတယ်။ ဒါပေမယ့် သူ့တို့သဘောကျ လုပ်လိုက်ရလို့ မှားသွားတယ်လို့  ပြောပြတာသာ ဖြစ်တယ်။ ဒါက သိပ်မှား၊ သိပ်မိုက်ရာ ကျတယ်။ "ဘာလုပ်ရမယ်လို့ ဘယ်သူမှ မပြောဘူးလေ။ ဘယ်ဆရာကမှ မပြောကြဘူး။ အဲတော့ ကျွန်တော် လုပ်ချင်သလိုပဲ လုပ်လိုက်တယ်။" အဲဒီလို ပြောသူတွေ သန်းနဲ့ချီပြီး ရှိတယ်။ အဲလိုလူတွေ ပြုပြင်ဖို့ လိုတယ်။ ကိုယ်သဘောနဲ့ကိုယ် နေသူတွေကို ဘယ်သူမှ လာပြုပြင်မပေးဘူး။ လူတွေဟာ ကိုယ်မြင်တဲ့အရာတွေကို ပုံတူ ကော်ပီလုပ်ပြီး အသက်ရှင်ကြတယ်။
၄။ ဆက်လက်ရုန်းကန်ပါ။ ဒီတိုက်ပွဲမှာ ဆက်လက်ရပ်တည်ဖို့ လိုတယ်။ ခရစ်တော်နဲ့ မတူမချင်း ကြေနပ်နေလို့ မရဘူး။ ရှေ့ဆက်ကြိုးစားရမယ်။ ရှေ့ဆက်အလုပ် လုပ်ရဦးမယ်။ ကိုယ်အောင်မြင်ချင်သလောက် မအောင်မြင်တဲ့ အချိန်တွေ၊ ရှုံးနိမ့်သွားတဲ့ အချိန်တွေလည်း ရှိမယ်။ အဲဒီအချိန်မျိုးတွေမှာ "ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ် လဲသော်လည်း ထဦးမည်။" - သုတ္တံ ၂၄: ၁၆ ကို သတိရပါ။ ကိုယ်က ဇာတိလူ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် "ကြိုးစားရတာ မောပြီ။ ပင်ပန်းပြီ။ ကိုယ်မဟုတ်တဲ့ လူမျိုးဖြစ်အောင်လုပ်ရတာ ပင်ပန်းပြီ" လို့  ပြောတတ်တယ်။ ကိုယ်မဟုတ်တဲ့ လူမျိုးဖြစ်အောင် ကြိုးစားပါ။ ခရစ်တော်နဲ့ တူအောင် ကြိုးစားပါ။

Saturday, March 5, 2022

အရှို - Asho, my people

အရှို - Asho, my people

လူမျိုးတွေအကြောင်းက စိတ်ဝင်စားစရာကောင်းတယ်။ ကိုယ့်လူမျိုးရဲ့ သဘာဝကို သိဖို့လိုသလို၊ တခြားလူမျိုးတွေအကြောင်းလည်း များများသိလေ ပိုကောင်းလေပါပဲ။ သိထားတော့ အထင်လွဲတာ၊ နားလည်လွဲတာတွေ မဖြစ်တော့ဘူးပေါ့။ ဘယ်လူမျိုးမှ ပြီးပြည့်စုံအောင် ကောင်းမွန်တယ် မရှိပေမယ့် အားသာချက်တွေ ရှိတတ်ပါတယ်။ အားနည်းချက်တွေလည်း ရှိကြတာပေါ့။ ကောင်းတာလေးတွေ အတုယူပြီး၊ မကောင်းတာတွေတော့ လိုက် မလုပ်မိဖို့ လိုပါတယ်။
အရှိုတွေအကြောင်းပြောရင် သတ္တိရှိတယ်၊ သစ္စာရှိတယ် လို့ အသိများကြပါတယ်။ (သတ္တိမရှိ၊ သစ္စာမရှိတဲ့ အရှိုတချို့နဲ့ ကြုံဖူးရင်တော့ ဆောရီးနော်။ 🙂 )
အခုပြောပြမယ့် အရှိုတွေရဲ့ မွေးရာပါ သဘာဝ တခုက လောဘ နည်းတယ်။ ရောင့်ရဲတယ်။ အရှိုအများစုဟာ ရောင့်ရဲစွာ နေတတ်ကြတယ်။ (လောဘကြီးတဲ့၊ လူလည်ကျတဲ့ အရှိုတွေနဲ့ ကြုံဖူးရင်တော့ ဆောရီးပါ။ သိတဲ့ချင်းက တယောက်တည်း။ အဲဒီတယောက်နဲ့ အီသွားပြီဆိုရင်လည်း ဆောရီးပါ။) 🙂
တခြားလူမျိုးတယောက်ဟာ အရှိုတယောက်ကို လောဘမကြီးဖို့ ဆုံးမနေမယ်၊ "အလိုကြီး အရနဲ" - "တနေ့ ရွှေဥတလုံး ဥတဲ့ ငန်း" ဆိုတဲ့ အီးဆော့ပ် (အီစွတ်) ပုံပြင်လေး ပြောပြနေမယ် ဆိုရင် တခုခု မှားနေပြီ၊ something တော့ wrong နေပါပြီ။
အရှိုတွေထဲမှာ အလုပ်လုပ်ပြီး လက်ခ မတောင်းတတ်၊ ဈေး မဆိုတတ်၊ ဈေးမဆိုချင်သူတွေ အများကြီးပါ။
ငယ်ငယ်က အသက်အရွယ် အတိမ်းမယိမ်း လူငယ်လေး အကြောင်း ကြားဖူးတယ်။ သူ့အသက် ၁၀ နှစ်အရွယ်လောက်ကပေါ့။ အမြဲပျော်ပျော်နေတတ်တဲ့သူဟာ တနေ့တော့ အိမ်ရဲ့ လှေကားပေါ်မှာ ထိုင်ပြီး မှိုင်နေတယ်။ အိမ်နီးချင်းတွေက "ဟဲ့၊ နင် ဘာဖြစ်လဲ" လို့ မေးတော့၊ "ပိုက်ဆံကောက်ရလို့၊ ဘာလုပ်ရမှန်း မသိဘူး။ စိတ်ညစ်နေတာ။" တဲ့။ နေ့တိုင်းပျော်ပျော်နေတတ်သူက ပိုက်ဆံကောက်ရလို့ စိတ်ညစ်သတဲ့။ အဲဒီစိတ်ထားလေး ရှိသူတွေကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ခေတ်စနစ်တွေက ဖျက်ဆီးမပစ်ပါစေနဲ့ လို့ တောင့်တမိပါတယ်။
လူတွေဟာ စားဝတ်နေရေး ခက်ခဲလာရင် လုယက်၊ ခိုးဆိုး၊ လိမ်လည်၊ အနိုင်ကျင့်တာတွေ လုပ်မိသွားသူတွေ ရှိတတ်ကြတယ်မဟုတ်လား။ အခုပြောပြမယ့် အဖြစ်အပျက်က အရှိုလိုပြောရင်၊ အရှိုစကားနားလည်ရင် ဒုက္ခတွေကြားထဲက ရယ်စရာလေးပါ။ ဒီအကြောင်း ကျွန်တော့ကို ငယ်ငယ်တုန်းက ပြောပြသူက တောင်ကုတ်မြို့နယ်၊ ဒုံရွာဇာတိ အန်တီ မိုင်လှတင်ပါ။
တခါက ဒုံရွာဝန်းကျင်မှာ ဆန်ရှားတဲ့ အချိန်။ (တတိုင်းပြည်လုံး ခက်ခဲနေချိန် ဖြစ်မယ် ထင်တယ်။) ရွာထဲ ဆင်းရဲတဲ့ အရှိုတယောက်ဟာ ထမင်းဆာတဲ့ ဒဏ်ကို မခံနိုင်တော့ဘဲ ရွာထဲမှာ ဓါးပြတိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခေါင်းနဲ့ မျက်နှာကို ပုဆိုးတထည်နဲ့ ဖုံးပြီး ခြုံလိုက်တယ်။ လက်ထဲမှာ ဓါးတလက်ကိုင်ပြီး တခြားရွာသားအဖြစ် ဟန်ဆောင်ပြီး ဗမာစကားနဲ့ ခြိမ်းခြောက်လိုက်တယ်။ တကယ်တော့ သူက ဗမာစကားလည်း လည်လည်ဝယ်ဝယ် ပြောတတ်တာ မဟုတ်။
"ဟေ့၊ ငါ ဓါးပြနော်။ မင်းတို့မှာ ပူယော၊ အွန်းဂျွမ် မရှိဘူးလား။"
ဒီအရှိုဓါးပြက ခက်တော့နေပြီ။ ရွှေ၊ ငွေကို ဓါးပြမတိုက်ဘဲ၊ ထမင်းကျန် ဟင်းကျန် မရှိဘူးလား လို့ အရှိုတဝက် ဗမာလို တဝက် နဲ့ မေးနေပြီ။
အိမ်ရှင်က ရုတ်တရက် ကြောင်သွားတယ်။ ပြီးမှ ဒီဓါးပြဟာ တို့ရွာထဲက အရှိုတယောက်ပဲ လို့ ရိပ်မိသွားတယ်။ အကြောက်ပြေပြီး "ဆွီလို့ လေလို့ အေပါလား။" လို့ ဖြေလိုက်တယ်။ အိမ်ရှင်ကလည်း ပြောသာပြောရတာ ဗမာစကား မကျင်လည်ဘူး။ ("ရှာလို့ ဖွေလို့ စားသွားပါလား။") တဲ့။
အဲဒီတော့ အသစ်စက်စက် ဓါးပြကြီးဟာ အိမ်ရှင်က သူ့ကို အရှိုမှန်း ရိပ်မိတာ သိလိုက်တယ်။ ဘာဘဲဖြစ်ဖြစ် နဲနဲတော့ ခြောက်ကြည့်လိုက်တယ်။
"အောင်မယ်၊ ငါကိုများ ချင်း ထင်နေသလား။ ငနာလေး နတူဟာယိုး။" လို့ ဟောက်လိုက်တယ်။ ဟောက်လိုက် မှပဲ "ငနာလေး သေသွားမယ်နော" လို့ မပြောတတ်ဘဲ အရှိုတဝက် "နတူဟာ ယိုး။" လို့ ကြိမ်းမိသွားတယ်။
အဲဒီတော့မှ လုံးလုံးပေါ်သွားပြီး ဓါးပြ အသစ်စက်စက်ကြီး ထွက်ပြေးသွားရရှာတယ်။
ရောင့်ရဲစိတ်ဟာ ချစ်စရာကောင်းတယ် လို့ ထင်ရင် အဲဒီစိတ်ကလေးကို ဆက်ထိန်းသိမ်းကြစို့။ အတုယူကြပါစို့။
လူတချို့အတွက်တော့ ရောင့်ရဲတဲ့စိတ်ဟာ မွေးရာပါ ဖြစ်တယ်။ သွန်သင်လို့၊ ဆုံးမလို့၊ တရားပြလို့ မဟုတ်ဘူး။ သူ့ပင်ကိုယ် သဘာဝပါ။ ဘုရားပေးတဲ့ လက်ဆောင်ပါ။

Asho robber - အရှို ဓါးပြ

 


အရှို - Asho, my people

လူမျိုးတွေအကြောင်းက စိတ်ဝင်စားစရာကောင်းတယ်။ ကိုယ့်လူမျိုးရဲ့ သဘာဝကို သိဖို့လိုသလို၊ တခြားလူမျိုးတွေအကြောင်းလည်း များများသိလေ ပိုကောင်းလေပါပဲ။ သိထားတော့ အထင်လွဲတာ၊ နားလည်လွဲတာတွေ မဖြစ်တော့ဘူးပေါ့။ ဘယ်လူမျိုးမှ ပြီးပြည့်စုံအောင် ကောင်းမွန်တယ် မရှိပေမယ့် အားသာချက်တွေ ရှိတတ်ပါတယ်။ အားနည်းချက်တွေလည်း ရှိကြတာပေါ့။ ကောင်းတာလေးတွေ အတုယူပြီး၊ မကောင်းတာတွေတော့ လိုက် မလုပ်မိဖို့ လိုပါတယ်။
အရှိုတွေအကြောင်းပြောရင် သတ္တိရှိတယ်၊ သစ္စာရှိတယ် လို့ အသိများကြပါတယ်။ (သတ္တိမရှိ၊ သစ္စာမရှိတဲ့ အရှိုတချို့နဲ့ ကြုံဖူးရင်တော့ ဆောရီးနော်။ 🙂 )
အခုပြောပြမယ့် အရှိုတွေရဲ့ မွေးရာပါ သဘာဝ တခုက လောဘ နည်းတယ်။ ရောင့်ရဲတယ်။ အရှိုအများစုဟာ ရောင့်ရဲစွာ နေတတ်ကြတယ်။ (လောဘကြီးတဲ့၊ လူလည်ကျတဲ့ အရှိုတွေနဲ့ ကြုံဖူးရင်တော့ ဆောရီးပါ။ သိတဲ့ချင်းက တယောက်တည်း။ အဲဒီတယောက်နဲ့ အီသွားပြီဆိုရင်လည်း ဆောရီးပါ။) 🙂
တခြားလူမျိုးတယောက်ဟာ အရှိုတယောက်ကို လောဘမကြီးဖို့ ဆုံးမနေမယ်၊ "အလိုကြီး အရနဲ" - "တနေ့ ရွှေဥတလုံး ဥတဲ့ ငန်း" ဆိုတဲ့ အီးဆော့ပ် (အီစွတ်) ပုံပြင်လေး ပြောပြနေမယ် ဆိုရင် တခုခု မှားနေပြီ၊ something တော့ wrong နေပါပြီ။
အရှိုတွေထဲမှာ အလုပ်လုပ်ပြီး လက်ခ မတောင်းတတ်၊ ဈေး မဆိုတတ်၊ ဈေးမဆိုချင်သူတွေ အများကြီးပါ။
ငယ်ငယ်က အသက်အရွယ် အတိမ်းမယိမ်း လူငယ်လေး အကြောင်း ကြားဖူးတယ်။ သူ့အသက် ၁၀ နှစ်အရွယ်လောက်ကပေါ့။ အမြဲပျော်ပျော်နေတတ်တဲ့သူဟာ တနေ့တော့ အိမ်ရဲ့ လှေကားပေါ်မှာ ထိုင်ပြီး မှိုင်နေတယ်။ အိမ်နီးချင်းတွေက "ဟဲ့၊ နင် ဘာဖြစ်လဲ" လို့ မေးတော့၊ "ပိုက်ဆံကောက်ရလို့၊ ဘာလုပ်ရမှန်း မသိဘူး။ စိတ်ညစ်နေတာ။" တဲ့။ နေ့တိုင်းပျော်ပျော်နေတတ်သူက ပိုက်ဆံကောက်ရလို့ စိတ်ညစ်သတဲ့။ အဲဒီစိတ်ထားလေး ရှိသူတွေကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ခေတ်စနစ်တွေက ဖျက်ဆီးမပစ်ပါစေနဲ့ လို့ တောင့်တမိပါတယ်။
လူတွေဟာ စားဝတ်နေရေး ခက်ခဲလာရင် လုယက်၊ ခိုးဆိုး၊ လိမ်လည်၊ အနိုင်ကျင့်တာတွေ လုပ်မိသွားသူတွေ ရှိတတ်ကြတယ်မဟုတ်လား။ အခုပြောပြမယ့် အဖြစ်အပျက်က အရှိုလိုပြောရင်၊ အရှိုစကားနားလည်ရင် ဒုက္ခတွေကြားထဲက ရယ်စရာလေးပါ။ ဒီအကြောင်း ကျွန်တော့ကို ငယ်ငယ်တုန်းက ပြောပြသူက တောင်ကုတ်မြို့နယ်၊ ဒုံရွာဇာတိ အန်တီ မိုင်လှတင်ပါ။
တခါက ဒုံရွာဝန်းကျင်မှာ ဆန်ရှားတဲ့ အချိန်။ (တတိုင်းပြည်လုံး ခက်ခဲနေချိန် ဖြစ်မယ် ထင်တယ်။) ရွာထဲ ဆင်းရဲတဲ့ အရှိုတယောက်ဟာ ထမင်းဆာတဲ့ ဒဏ်ကို မခံနိုင်တော့ဘဲ ရွာထဲမှာ ဓါးပြတိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခေါင်းနဲ့ မျက်နှာကို ပုဆိုးတထည်နဲ့ ဖုံးပြီး ခြုံလိုက်တယ်။ လက်ထဲမှာ ဓါးတလက်ကိုင်ပြီး တခြားရွာသားအဖြစ် ဟန်ဆောင်ပြီး ဗမာစကားနဲ့ ခြိမ်းခြောက်လိုက်တယ်။ တကယ်တော့ သူက ဗမာစကားလည်း လည်လည်ဝယ်ဝယ် ပြောတတ်တာ မဟုတ်။
"ဟေ့၊ ငါ ဓါးပြနော်။ မင်းတို့မှာ ပူယော၊ အွန်းဂျွမ် မရှိဘူးလား။"
ဒီအရှိုဓါးပြက ခက်တော့နေပြီ။ ရွှေ၊ ငွေကို ဓါးပြမတိုက်ဘဲ၊ ထမင်းကျန် ဟင်းကျန် မရှိဘူးလား လို့ အရှိုတဝက် ဗမာလို တဝက် နဲ့ မေးနေပြီ။
အိမ်ရှင်က ရုတ်တရက် ကြောင်သွားတယ်။ ပြီးမှ ဒီဓါးပြဟာ တို့ရွာထဲက အရှိုတယောက်ပဲ လို့ ရိပ်မိသွားတယ်။ အကြောက်ပြေပြီး "ဆွီလို့ လေလို့ အေပါလား။" လို့ ဖြေလိုက်တယ်။ အိမ်ရှင်ကလည်း ပြောသာပြောရတာ ဗမာစကား မကျင်လည်ဘူး။ ("ရှာလို့ ဖွေလို့ စားသွားပါလား။") တဲ့။
အဲဒီတော့ အသစ်စက်စက် ဓါးပြကြီးဟာ အိမ်ရှင်က သူ့ကို အရှိုမှန်း ရိပ်မိတာ သိလိုက်တယ်။ ဘာဘဲဖြစ်ဖြစ် နဲနဲတော့ ခြောက်ကြည့်လိုက်တယ်။
"အောင်မယ်၊ ငါကိုများ ချင်း ထင်နေသလား။ ငနာလေး နတူဟာယိုး။" လို့ ဟောက်လိုက်တယ်။ ဟောက်လိုက် မှပဲ "ငနာလေး သေသွားမယ်နော" လို့ မပြောတတ်ဘဲ အရှိုတဝက် "နတူဟာ ယိုး။" လို့ ကြိမ်းမိသွားတယ်။
အဲဒီတော့မှ လုံးလုံးပေါ်သွားပြီး ဓါးပြ အသစ်စက်စက်ကြီး ထွက်ပြေးသွားရရှာတယ်။
ရောင့်ရဲစိတ်ဟာ ချစ်စရာကောင်းတယ် လို့ ထင်ရင် အဲဒီစိတ်ကလေးကို ဆက်ထိန်းသိမ်းကြစို့။ အတုယူကြပါစို့။
လူတချို့အတွက်တော့ ရောင့်ရဲတဲ့စိတ်ဟာ မွေးရာပါ ဖြစ်တယ်။ သွန်သင်လို့၊ ဆုံးမလို့၊ တရားပြလို့ မဟုတ်ဘူး။ သူ့ပင်ကိုယ် သဘာဝပါ။ ဘုရားပေးတဲ့ လက်ဆောင်ပါ။


Thursday, January 20, 2022

သီချင်းနဲ့ အကြိုက်



ကိုယ့်အကြိုက်တွေကို မပြောချင်ဘူး။ ပြောမိရင် မတူတဲ့ တုန့်ပြန်သံတွေ ကြားရမယ်။ ဒါပေမယ့် ကြိုက်တယ်၊ မကြိုက်ဘူး ဆိုတာထက် ဘာကြောင့် ကြိုက်တယ်၊ ဘာကြောင့် မကြိုက်ဘူး ဆိုတဲ့ လေးနက်တဲ့ အတွေးတွေကို စဉ်းစားစေချင်လို့ ဒီစာကို ရေးပါတယ်။
၁။ ကြားနေရတဲ့ သီချင်းကို လိုက်ညည်းရတဲ့ လူ့သဘာဝ။
ငယ်ငယ်က စတင်ရင်းနှီးခဲ့တဲ့ သီချင်းတွေက အသံချဲ့စက်က သီချင်းတွေပဲ။ အကြားရဆုံးက အဆိုတော် နှစ်ယောက်။ သူတို့က မြို့နာမည်ထည့်ရတာ ခရေဇီ ဖြစ်ကြတယ်။ သူတို့သီချင်းတွေကို ကျွန်တော်လိုက်ဆိုရင် အမေ မကြိုက်ဘူး။ ဆူတယ်။ (ကျွန်တော့အသံ မကောင်းလို့ ဖြစ်မှာပါ။) လက်ခုပ်သံတွေရဲ့ တဖက်မှာ ဝေဖန် ကဲ့ရဲ့သံလည်း ရှိတာ သဘာဝပါ။
အဲဒီကနေ မြန်မာသံ နဲ့ စတီရီယိုတေးကို ရောနှော ကြားလာရတယ်။ အဲဒီမှာ အများ သတိမထားမိတဲ့ သဘောတရား တခုက ဆိုင်းဘုတ် ကိစ္စ။ ဧဒင်မှာလိုပါပဲ။ လူဟာ မရိုးသားရင် အကာအကွယ် တခုအောက် မှာ ပုန်းခိုလေ့ရှိတယ်။ အဲဒီတော့ မြန်မာသံ ဆိုင်းဘုတ်အောက် မှာ၊ စတီရီယို ဆိုင်းဘုတ်အောက် မှာ မရိုးသားသူတွေ ရောနှော ခိုဝင်ကြတယ်။ အဲဒါက နယ်ပယ်တိုင်းမှာ ဖြစ်တယ်။
သာမန်အားဖြင့် မြန်မာသံသမားက ကိုယ့်အမျိုးကို ပိုချစ်၊ စတီရီယိုသမားက ခေတ်အလိုက်ကို ပိုကြိုက်သလို ထင်ရစေတယ်။ အမှန်က အဲဒီလူတွေ အတူတူပဲ။
စတီရီယိုသမားတွေမှာ ဆံပင်ရှည်နဲ့ ခေါင်းလောင်း ဘောင်းဘီ ခေတ်စားသလို၊ မြန်မာသံသမားတွေက မျက် မှန်အနက်တပ်ပြီး ဆိုတတ်တာလည်း သတိထားမိတယ်။ အားလုံးက Something တော့ wrong နေကြတယ် ထင်တာပဲ။
အဲဒီတော့ ဆိုင်းဘုတ်တွေ တံဆိပ်တွေက အဓိက မဟုတ်ဘူး။ ဘာသီချင်းတွေ ကြားနေရလဲ ဆိုတာက အရေးပိုကြီးပါတယ်။
ဆယ်တန်းကျောင်းသားဘဝမှာ ဆရာ မလာရင် နောက်ဆုံးခုံတန်းကို သွားပြီး သီချင်းဆိုဖူးတယ်။ သူငယ်ချင်းတွေက အနိုင်ရဲ့ "အိပ် မ က် လေးထဲ ညည အလည်ရောက်လို့လည်" အချစ်သီချင်း နဲ့ စောလုကာရဲ့ "ငါသည် ပြောင်းလံခြင်း မရှိ" ဓမ္မတေးသီချင်းကို ဆိုခိုင်းကြတယ်။ သီချင်းအကြိုက် မှာ အဲလို ကပြား စဖြစ်ခဲ့ရတယ်။ ကြားရတာ လိုက်ညည်းမိတာကိုး။
၂။ ဆယ်ကျော်သက် မှာ ကြားရတဲ့ သီချင်း၊ ကြိုက်ခဲ့တဲ့ သီချင်းတွေဟာ တသက်လုံး ပါသွားတတ်တယ်။
ဆရာ ချစ်စမ်းမောင်ဟာ သီချင်းအပုဒ်ပေါင်း ထောင်ချီပြီး တီးခဲ့ပြီ ထင်ပါတယ်။ သူနားထောင်ခဲ့တာက ဒီထက် ပိုများမှာပေါ့။ ဒါပေမယ့် ဘုရားကျောင်းမှာ သူ သီချင်းဆိုရင် ဆလိုင်း သွှအောင် နဲ့ ဆရာ စောဘွဲ့မှူး တို့ရဲ့ သီချင်းတွေကို အဆိုများတယ်။ သူ ဆယ်ကျော်သက် အရွယ်က ကြားခဲ့ ကြိုက်ခဲ့တဲ့ သီချင်းတွေကို တသက်လုံး စွဲလန်းသွားလို့ပါပဲ။
အဲဒီတော့ လူငယ်တွေကို ဘာသီချင်းတွေ နားထောင်စေမလဲ? လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ကျွန်တော့ ကျောင်းသားတွေကို Choir သီချင်းတွေပဲ အင်္ဂလိပ်လို သင်ယူစေတယ်။ ကျွန်တော်ကိုယ်တိုင် မသင်တတ်ဘူး။ သင်ပေးနိုင်တဲ့ အဒေါ်ကို သင်ပေးဖို့ အကူအညီ တောင်းရတယ်။ လူငယ်တွေကို ခန့်ညားပြီး အဓိပ္ပါယ်ရှိတဲ့ သီချင်းတွေနဲ့ တသက်လုံး ပျော်စေချင်တယ်။
၃။ သီချင်းစာသားတွေက အသိတရား တခုခုကို ပေးနေတယ်။ 
 ခက်တာက မြန်မာသီချင်း အများစုဟာ ယောက်ျား မိန်းမ အချစ်ကိုပဲ ဖွဲ့နွဲ့နေတယ်။ အချိန်ကာလတွေသာ ပြောင်းလာတယ်။ သူတို့ theme က ဘိုဘိုဟန် ဆိုတဲ့ "နင့်ကို ငါချစ်တယ်၊ ငါ့ကို နင်ချစ်မလား ဟာ ဟာ .. ဟာ .. ဟား၊ သိပ် သိပ် သိပ်ချစ်" ဆိုတဲ့ အထဲက မထွက်ဘူး။
အဲဒီတော့ လူငယ်တွေက အပိုတွေကို ခံစားနေရတယ်။
ဒါပေမယ့် လူဆိုတော့ ဓမ္မတေးသာမက တခြားသီချင်းတွေလည်း ဆိုချင်မှာပေါ့။ အဲဒီတော့ ကျွန်တော်က သားသမီးတွေကို ဟီးဘရူး Hebrew သီချင်းတွေ နားထောင်ခိုင်းတယ်။ ကျွန်တော်တွေ့တဲ့ Hebrew သီချင်းတွေက လူမျိုးရေး၊ ဘုရားတရားတွေ များတယ်။ အချစ်သီချင်းတွေလည်း ရှိမှာပေါ့။ ဒါပေမယ့် ကျွန်တော့ကလေးတွေက ဟီးဘရူး Hebrew စကား နားမလည်တော့ အလွမ်းအဆွေး ဆိုတဲ့ အပို feeling တွေ မခံစားရတော့ဘူးပေါ့။
အချစ်သီချင်းတွေက လူကြီးတွေနဲ့ အဆင်ပြေဖို့ မလွယ်ဘူး။ ဆိုပါစို့။ ကိုယ်က အဆင်ပြေသူနဲ့ အိမ်ထောင်ကျလို့ သားသမီးတွေ ရနေပြီ။ အရွယ်ရောက်လာပြီ။ ငယ်ငယ်က ကြိုက်တဲ့ သီချင်းလေး "ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ ... ကြာခဲ့သော်လည်း ကိုယ်မမေ့သည်သာ" ကို လည်ပင်း လိမ်လိမ်ပြီး ၂ ခေါက်၊ ၃ ခေါက်လောက် ဆိုကြည့်ပါ။ "နွေမှာ တေးဆိုသော ဥဩငှက်" မရောက်ခင် .... အိမ်မှာ ပြဿနာ တက်ရင် တက်၊ မတက်ရင် ကိုယ်ရတဲ့ မိန်းမဟာ အတော် သဘော ကောင်းတယ်၊ သဘောထား ပြည့်တယ် ပြောရမယ်။ မဟုတ်ရင်တော့ ပြဿနာက အကြီးကြီးပါ။ ပြဿနာတက်ရင် မိန်းမကို အပြစ်မတင်ပါနဲ့။ သီချင်းရေးတဲ့သူနဲ့ ခင်ဗျားကြိုက်တဲ့ အဆိုတော်ကို "ခင်ဗျားတို့ဗျာ၊ အတော် ရက်စက်တာပဲ။ ... အို ... ဟို ... ဘာဘဲဖြစ်ဖြစ် အခု ချစ်ချစ်ဟာ အချောဆုံး ... လို့ ရေးခဲ့ရမှာ" လို့ အကြံပေးပါ။ အဲဒါမှ အိမ်ထောင်တွေ ငြိမ်းချမ်းမှာလေ။
၄။ သီချင်းနဲ့ ရောပါလာတဲ့အရာ -
သီချင်းနဲ့ တွဲပါလာတာက အဆိုတော်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အပြုအမူတွေပါ။ နုငယ်သူက သီချင်းနဲ့ ဖက်ရှင်ကို မခွဲခြားတတ်ရင် အကုန်ယူတယ်။
ဟိုးအရင်က တောရွာက သမဆိုင်ကို သတိရတယ်။ တအိမ်ထောင် ပိတ်စ တစစီ ရောင်းတယ်။ ပိတ်စ ရှားတဲ့ခေတ်။ ဒါပေမယ့် ပိတ်စလိုချင်ရင် သပြေညို ဆပ်ပြာလည်း တွဲယူရမယ်။ မယူမနေရ။ တခါတလေ အပ်ချည်လုံးနဲ့ တွဲယူရတယ်။ စက်ချုပ်ဆရာအိမ် မဟုတ်ရင် တအိမ်ကို တလုံးဆို လောက်ပြီ။ ခဏခဏ အပ်ချည်ပဲ တွဲပေးနေရင် အိမ်မှာ အပ်ချည်လုံးတွေ ပုံလာမယ်။
အတန်းတူ သူငယ်ချင်းတယောက်နဲ့ ကြုံဖူးတယ်။ သူက စာရေးဆရာ ဖြစ်ချင်တယ်။ ကဗျာတွေ ရေးပြီး တိုင်းရင်းမေ လို မဂ္ဂဇင်းတိုက်တွေကို ပို့တယ်။ အများကြီး ပို့တဲ့ အထဲက တပုဒ်လောက် ပါလာရင်ပဲ သူပျော်ပြီ။ တနေ့ သူနေတဲ့ အဆောင်ကို ရောက်သွားတယ်။ စာရွက်တွေ ပြန့်ကျဲနေတဲ့ ကုတင်ပေါ်မှာ အားလျားမှောက်ပြီး စာရေးနေတယ်။ မှောက်လျက်ကနေ လည်ပင်းကို စောင်းမော့ပြီး ဆေးလိပ်သောက်ရတာကလည်း ခဏခဏ။ လွယ်အိတ်လွယ်တာ ခေတ်မစားတဲ့ အချိန်မှာ သွားလေရာ လွယ်အိတ် လွယ်ရတာကလည်း တဒုက္ခ။ စာရေးဆရာဆိုတာ အဲဒီလို နေရတာလို့ သူထင်တာကိုး။ သူ့ခမျာ ကြိုးစားရှာပေမယ့် အပ်ချည်လုံးတွေ အတော် စုမိနေတာ။ တကယ်တော့ သူတယောက်တည်းတော့ မဟုတ်ဘူး။ အနုပညာကို စိတ်ဝင်စားတဲ့ လူငယ် အများစုဟာ အပ်ချည်လုံးတွေ စုမိတတ်တယ်။
၅။ သီချင်းသံက သာယာဖို့လည်း လိုတယ်။
ရောဂါ​တွေ၊ နိုင်ငံရေး ပြဿနာတွေ ကြားရတော့ Facebook သုံးတာ ကျွန်တော် လျှော့လိုက်တယ်။ အမေနဲ့ အဒေါ်တွေကိုလည်း Facebook သုံးတာ လျှော့ဖို့ ပြောလိုက်တယ်။ အဲဒီအစား သီချင်းနားထောင်ဖို့ ပြောတယ်။ ဒီကာလလွန်ရင် လူမသိသူမသိ လွတ်နေမှာ စိုးရတယ်လို့လည်း သတိပေးတယ်။ (နှစ်ဖက်လုံးက လော်ဘီအများစုဟာ စကားပြောရင်း မျက်လုံး ဂနာမငြိမ်တာ သတိထားမိတယ်။)
တနေ့တော့ အသိတယောက်ကို သီချင်းပဲ နားထောင်ပါလို့ ပြောပြီး သူ့ဖုန်းမှာ app တခု ထည့်ပေးတယ်။ နားထောင်ဖို့ သီချင်းလည်း နမူနာ ဖွင့်ပြတယ်။ လဘက်ရည် ဖျော်တဲ့လူလိုပဲ ချိုဆိမ့်လေး ရွေးပေးတယ်။ ကိုဗဒင်ရဲ့ "နေရာ" သီချင်းတွေကို ပိုးဒါလီ သိန်းတန် ပြန်ဆိုတာ။ ကိုဗဒင်ရဲ့ စာသားက ကဗျာဆန်တယ်။ ပိုးဒါလီ အသံက အေးတယ်။ တေးဂီတက Iron Cross ။ တပုဒ်လောက် နားထောင်ပြီးတဲ့အခါ သူက မေးတယ်။ "ဝေလ သီချင်းတွေ မကြိုက်ဘူးလား" တဲ့။
"သူ့သီချင်းတွေ ကောင်းပါတယ်၊ အဲဒီလို လိုင်းမျိုး နားထောင်ချင်တဲ့အခါ နားထောင်ဖြစ်ပါတယ်" လို့ ပြန်ဖြေရတယ်။ အော်၊ အဖိုးကြီးကြိုက်ကို သူ မကြိုက်ပါလား လို့ တွေးရင်း ငယ်ငယ်က ကြားဖူးတာလေး သတိရပြီး ပြုံးမိတယ်။ ငယ်သူငယ်ချင်းတယောက်ရဲ့ အဖေ၊ စက်ချုပ်တယ်။ တချို့က "အဲလူက လူတမျိုးကွ။ ဘုန်းကြီး တရား မနာဘဲ၊ သီလရှင် တရား နာသတဲ့" လို့ ပြောတယ်။ အခုတော့ အဲဒီဦးလေးကို ကျွန်တော် နားလည်သွားပြီ။ ကိုယ်ချင်းစာတတ်ပြီ။ တရားနာချင်ပေမယ့် နူးညံ့မှုကိုလည်း သူလိုချင်တယ်။ အသက်အရွယ်ကလည်း နူးညံ့သိမ်မွေ့တာတွေကို ပိုစိတ်ဝင်စားသင့်ပြီလေ။
၆။ သီချင်းကောင်းတွေ တမ်းတသူ -
ကျွန်တော့အပါက ABM ကျောင်းထွက်၊ Choir leader ပါ။ ဒါပေမယ့် ကျွန်တော့ကို ဆယ်တန်း မအောင်ခင် ဂစ်တာ ဝယ်မပေးဘူး။ အဲဒီအချိန်က အနီးအနားက ဂစ်တာတီးတဲ့ လူငယ်တွေဟာ လမ်းဘေး အုတ်ခုံမှာ ညနက်အောင် သီချင်းဆိုတယ်။ ဆံပင်ရှည် ထားတယ်။ ဆေးလိပ်​သောက်တယ်၊ အရက်​သောက်တယ်။ ဒါတွေ အပါ မြင်တယ်။ စိုးရိမ်တယ်။ ဆလိုင်းတင်မိုးရဲ့ အရှိုရာပြည့် သီချင်းခွေ ထွက်လာတော့ အပါ ကြိုက်တယ်။ ကက်ဆက် ဝယ်ချင်လာတယ်။ ရှားရှားပါးပါး အရှို သီချင်းလေးတွေ နားထောင်ချင်တယ်။ ဒါပေမယ့် သူ နားထောင်ချင်တာက အဲဒီတခွေပဲ။ ကျန်တာက ကက်ဆက်ခွေ လောကမှာ အချစ်သီချင်းတွေက များနေတော့ အပါက ချီတုန်ချတုန်နဲ့ မဝယ်တော့ဘူး။
ကျွန်တော်တို့ငယ်ငယ်က ဇာတ်ပွဲသီချင်းတွေ ဆိုတဲ့အခါ အပါ မကြိုက်ဘူး။ ကျွန်တော်တို့ကို "ဇာတ်ရူးတွေ" တဲ့။ စကားနည်းတဲ့ အပါက တနေကုန် နေလို့ ကျွန်တော့ကို စကားတခွန်း မပြောဘူး။ တနေ့တော့ အားရဝမ်းသာ စကားတခွန်း ပြောလာတယ်။ ညက ဇာတ်က အားလပ်ချိန်မှာ ဓမ္မသီချင်းတွေ တီးတာ ကောင်းလိုက်တာ" တဲ့။ ပွဲကြည့် ပရိတ်သတ်တွေက အားလပ်ချိန်မှာ လှုပ်လှုပ်ရွရွနဲ့ ဆိုတော့ သီချင်းသံကို သိပ်နားထောင်ဖြစ်ကြမယ် မထင်ဘူး။
ဇာတ်ပွဲမကြိုက်တဲ့ အပါက မြတ်မြတ်နိုးနိုး နားထောင်တယ်။ အဲဒီဇာတ်နာမည် သူ မှတ်မိတယ်။ "စိန်မဟာ သဘင်" တဲ့။ စိန်မဟာသဘင်က ဦးကက်နက်စိန်ရဲ့ သားများဖြစ်တဲ့ မောင်ရဲစိန်၊ ညီဝင်းစိန်တို့ ကတယ်။ ဦးကက်နက်စိန်က မစ်ရှင် ကျောင်းထွက် ဖြစ်ပုံရတယ်။ တေးဂီတကတော့ ကရင်ဂီတသမားတွေ ဖြစ်မယ် ထင်တယ်။ ကြားချင်တဲ့ သီချင်းအမျိုးအစားကို ကြားခွင့်ရတာ အပါ့အတွက် တကယ် ကြည်နူးစရာပါ။ ဇာတ်ပွဲမှာ လိုက်တီးရသူဖြစ်ပေမယ့်၊ နာမည်မကြီး လူသိမများပေမယ့် ငြိမ့်ညောင်းတဲ့ တေးသီချင်းတွေကို တီးခတ်ခဲ့သူတွေဟာ ကျေးဇူးတင်စရာပါ။ လူတွေကို စိတ်အေးချမ်းသွားစေလို့ ဂီတ တာဝန်ကြေတယ်လို့ ဆိုချင်တယ်။ (သူတို့ သားမြေးတွေကို ဘုရားသခင် ကောင်းကြီးပေးပါစေ။) သီချင်းနဲ့ တေးဂီတကို တကယ် မြတ်နိုးသူတွေ ရှိတယ်။ package တွဲပေးတဲ့ ဆံပင်ပုံ၊ အဝတ်အစားနဲ့ တက်တူးတွေကို အီနေတယ်။ သူတို့က ဂီတ အနုပညာကိုပဲ ကြိုက်တယ်။ အပ်ချည်လုံးတွေ မကြိုက်ဘူး။ လျှော့ကြပါ။
၇။ နောင်လာမယ့် သီချင်းများ။
ဒီကပ်ကာလလွန်ရင် ဘာသီချင်းတွေ ကြားရမလဲ။ တချို့က ကြေကွဲနေတယ်။ တချို့ နာကြည်းနေတယ်။ သစ္စာဖေါက်ခံရသူတချို့ဟာ ဘယ်သူကိုမှ မယုံတော့ဘူး။ တချို့ အားငယ်နေတယ်။ ဒဏ်ရာတွေကို ကုစားဖို့ လိုတယ်။ အဲဒီလူတွေအတွက် ဘာသီချင်းတွေ ကြားခွင့်ရမလဲ။
လူ့သဘာဝ ကဲချင်တာ၊ ပဲချင်တာတွေ၊ စိတ်ဝင်စားအောင် စတန့်ထွင်ပြချင်တာတွေကို အပိုတွဲပေးဦးမှာလား။ ဒါမှမဟုတ် ဒုက္ခကြုံခဲ့ရတဲ့သူတွေကို နှစ်သိမ့်တဲ့ သီချင်း၊ အားပေးတဲ့ သီချင်း၊ ကြည်နူးစေတဲ့ သီချင်းတွေ ပေးကြမလား။ အခုအချိန်ဟာ ပြင်ဆင် အားယူရမယ့် အချိန်ပါ။

Sunday, December 26, 2021

Leo Tolstoy - ရုရှား စာရေးဆရာကြီး လီယို၊ ထော စတိုင်း

လီယို ထော စတိုင်း

ရုရှားစာရေးဆရာ လီယို၊ ထော စတိုင်းဟာ 'War and Peace,' 'Anna Karenina' and 'The Death of Ivan Ilyich,' စတဲ့ ဝတ္ထုများကို ရေးခဲ့ပြီး ကမ္ဘာ့ ထိပ်တန်း စာရေးဆရာကြီး ဖြစ်တယ်။
၁၈၆၀ ပြည့်နှစ်များမှာ သူ့ရဲ့ အကောင်းဆုံး ဝတ္ထု 'War and Peace' ကို ရေးတယ်။ ၁၈၇၃ မှာ သူ့ရဲ့ ဒုတိယ လူသိအများဆုံး ဝတ္ထု  'Anna Karenina' ကို ရေးတယ်။ ၁၈၈၀ နဲ့ ၁၈၉၀ နှစ်များအတွင်းမှာ ဝတ္ထုတွေ ဆက်ရေးတယ်။  နောက်ပိုင်းရေးတဲ့ ဝတ္ထုတွေထဲမှာ အအောင်မြင်ဆုံး ဝတ္ထုကတော့  'The Death of Ivan Ilyich,' ဖြစ်တယ်။
Leo Tolstoy ကို ရုရှားပြည်၊ Tula ပြည်နယ်၊ Yasnaya Polyana မြို့မှာ ၁၈၂၈၊ စက်တင်ဘာ ၉ ရက်မှာ မွေးဖွါးတယ်။ ညီအကို လေးယောက်မှာ အငယ်ဆုံးဖြစ်တယ်။ ၁၈၃၀ မှာ အမေ သေတယ်။ သူတို့ညီအကိုတွေကို အဖေ့ရဲ့ တဝမ်းကွဲ ညီမက ပြုစုစောင့်ရှောက်ရတယ်။ နောက် ၇ နှစ်အကြာမှာ အဖေဖြစ်သူ မြို့စား Count Nikolay Tolstoy ဆုံးပါးတယ်။ အဒေါ် က တရားဝင် အုပ်ထိန်းရတယ်။ အဒေါ်လည်း ဆုံးပါးပြန်တယ်။ နောက်အဒေါ်တယောက်ရှိရာ ရုရှားပြည်၊ Kazan မြို့ကို ပြောင်းရွှေ့ကြရတယ်။ ငယ်ဘဝက ကြေကွဲစရာ မိဘဆုံးရှုံးရတာတွေကို စာရေး မှတ်တမ်းတင်ခဲ့တယ်။
ငယ်ငယ်က အိမ်မှာပဲ ပြင်သစ်ဆရာ၊ ဂျာမန်ဆရာတွေနဲ့ သင်တယ်။ သူက စာတော့ မတော်ဘူး။ အမှတ်မကောင်းတော့ ဉပဒေကို ပြောင်းယူရတယ်။ ဒါလည်းမရတော့ နောက်ဆုံး တက္ကသိုလ်က ဘွဲ့မရဘဲ ကျောင်းထွက်လိုက်ရတယ်၊ ကျောင်းထွက်ပြီး လယ်ယာလုပ်တော့လည်း မအောင်မြင်ဘူး။ ဒါပေမယ့် မှတ်စုတွေ ရေးလေ့ရှိတာက နောင်စာရေးရာမှာ အထောက်အကူ ပြုလာတယ်။
လယ်ယာအလုပ် မအောင်မြင်တော့ စစ်တပ်ကနေ ခွင့်နဲ့ပြန်လာတဲ့ သူ့အကို Nikolay က စစ်ထဲ ဝင်ခိုင်းတယ်။ ၁၈၅၅၊ ဩဂတ်စ်လမှာဖြစ်တဲ့ Crimean စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ရတယ်။  
စစ်တပ် မော်တော်ယဉ်တပ်မှာနေရင်း ငယ်ဘဝအကြောင်းတွေကို Childhood ဆိုတဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိ စာအုပ်ရေးတယ်။ ၁၈၅၂ မှာ အဲဒီဝတ္ထုကို အဲဒီခေတ်ရဲ့ အကြော်ကြားဆုံး စာစောင် The Contemporary ကို ပေးပို့တော့ ဝမ်းသာအားရ လက်ခံလို့ သူ့ရဲ့ ပထမဆုံး ပုံနှိပ်ဝတ္ထု ဖြစ်လာတယ်။ အဲဒီနောက် စစ်တပ်ထဲက နေ့စဉ်ဘဝအကြောင်းကို ဆက်ရေးပေမယ့် ၁၈၆၂ တိုင် The Cossacks ဝတ္ထုမပြီးဘဲ စစ်တပ်ထဲမှ ထွက်ခဲ့တယ်။
စစ်တပ်ထဲနေရင်း စာဆက်ရေးတဲ့အတွက် Boyhood (1854) ဟာ သူ့အကြောင်းရေးတဲ့ ၃ အုပ်တွဲမှာ ဒုတိယစာအုပ်ဖြစ်ခဲ့တယ်။

Philosophy, Religious Conversion

Anna Karenina ဝတ္ထုအောင်မြင်ပေမယ့် ဘာသာရေးမှာ အတွေးအခေါ် လွန်ဆွဲရင်း စိတ်ဖိစီးမှု ခံစားခဲ့ရတယ်။ ဘဝအဓိပ္ပါယ်ကို ရှာဖွေရင်း၊ Russian Orthodox Church ကို သွားခဲ့တယ်။ ဒါပေမယ့် အဖြေမရ။ အသင်းတော်လည်း ပျက်စီးနေပြီလို့ ထင်လာတယ်။ ကိုယ်နားလည်သလို တွေးလာတယ်။ ဒါတွေကို ၁၈၈၃ မှာ  The Mediator စာစောင်ကို တည်ထောင်ရင်း ရေးသားဖေါ်ပြလာတယ်။
သူ့အယူအဆတွေကို ဘုရားကျောင်းက လက်မခံ။ ထုတ်ပယ်လိုက်တယ်။ ထောက်လှမ်းရေးက စောင့်ကြည့်တာလည်း ခံခဲ့ရတယ်။ သူ့အယူအဆက ပိုက်ဆံရှိရင် သူတပါးကို မဆိုင်းမတွ ပေးပစ်တတ်တယ်။ ဒါကို သူ့မိန်းမက လုံးဝ မကြိုက်။ အိမ်ထောင်မှာ ပြဿနာ ဖြစ်လာတယ်။ နောက်တော့ ၁၈၈၁ မတိုင်ရေးခဲ့တဲ့ စာမူခတွေအားလုံးရဲ့ မူပိုင်ခွင့်ကို ပေးလိုက်တယ်။

Elder Years

သူ့ရဲ့ နောက်ဆုံး အနှစ် ၃၀ အတွင်းမှာ သူဟာ ကိုယ်ကျင့်တရားကောင်းတဲ့ ဘုရားတရားသမားလို နေထိုင်တယ်။ သူက အကြမ်းမဖက်ဘဲ အကောင်းအားဖြင့် အဆိုးကို အနိုင်ယူမယ် လို့ ခံယူတယ်။
နောက်ပိုင်းနှစ်တွေမှာ နိုင်ငံတကာရဲ့ ဆုတံဆိပ်တွေ ရလာတယ်။ ဒါပေမယ့် သူ့ရဲ့ ဘာသာရေး အယူအဆကြောင့် ဖြစ်လာတဲ့ အိမ်ထောင်ရေး မပြေလည်မှုကို ရင်ဆိုင်ခံစားခဲ့ရတယ်။ သူ့အယူအဆတွေကို မိန်းမက လက်မခံရုံမျှမက အိမ်လာပြီး သင်ယူနေတဲ့ တပည့်တွေကို မကြိုက်တော့ဘူး။ အိမ်ထောင်ရေး မပြေလည်တာက သတင်းစာတွေမှာ ပါလာတယ်။ မိန်းမလက်က လွတ်ချင်စိတ်နဲ့ ၁၉၁၀၊ ဩဂတ်စ်လမှာ သမီး Aleksandra နဲ့ သူ့ရဲ့ သမားတော်  Dr. Dushan P. Makovitski တို့ကို ခေါ်ပြီး တိတ်တဆိတ် ရှောင်ထွက်လာခဲ့တယ်။

Death and Legacy

ဒါပေမယ့် အသက်အရွယ်ကြီးရင့်ပြီဖြစ်လို့ ဒီခရီးစဉ်ဟာ သူ့အတွက် အလွန်ပင်ပန်းခဲ့တယ်။ ၁၉၁၀၊ နိုဝင်ဘာမှာတော့ Astapovo မြို့ ၊ ရထားဘူတာရုံ ရုံပိုင်ကြီးတဉီးက သူ့ကို အိမ်မှာ ခေါ်ထားပြီး အနားယူစေခဲ့တယ်။ သိပ်မကြာဘူး၊ ၁၉၁၀၊ နိုဝင်လာ ၂၀ မှာ ဆုံးပါးပြီး၊ မိဘ ဆွေမျိုးတွေကို သဂ်ြိုဟ်ရာ သူ့တို့ပိုင် ခြံမြေမှာပဲ သဂ်ြိုဟ်ခဲ့တယ်။ မိန်းမနဲ့ သားသမီး ၈ ယောက် ကျန်ရစ်တယ်။

ထော စတိုင်းရဲ့ လက်ရာတွေဟာ ဒီနေ့ထက်တိုင် ကမ္ဘာ့ အကောင်းဆုံး စာရင်း ဝင်နေဆဲအဖြစ် သတ်မှတ်ကြတယ်။ War and Peace ကတော့ သမိုင်းတလျှောက် အကောင်းဆုံး ဝတ္ထုလို့ မကြာခဏ ပြောနေကြဆဲပါ။ အခုခေတ်ပညာရှင်တွေကလည်း ထော စတိုင်းဟာ ဇာတ်ကောင်တွေရဲ့ အတွင်းစရိုက် characters' unconscious motives ကို ဖေါ်ပြရာမှာ သိပ်တော်တယ် လို့ အများက အသိအမှတ် ပြုနေကြဆဲပါ။ လူတွေရဲ့ စရိုက်နဲ့ စိတ်ထား character and purpose ကို နေ့စဉ်အပြုအမူလေးတွေနဲ့ ဖေါ်ပြရာမှာ ဆရာတဆူ၊ ချန်ပီယန် တပါး ဖြစ်ပါတယ်။

Thursday, December 23, 2021

God sees the truth but waits by Leo Tolstoy (Burmese)

 အမှန်တရားကို ဘုရားသခင် သိမြင်ပေမယ့် စောင့်ဆိုင်းနေတယ်။
ဘာသာပြန် - ဆလိုင်း ထိန်ဝင်းအိ

ဗလာဒီမာမြို့မှာ အိုင်ဗင် ဒီမီးထရစ် အက်စီနော့ ဆိုတဲ့ လူငယ် ကုန်သည် တယောက် နေထိုင်တယ်။ သူ့မှာ ဆိုင်နှစ်ဆိုင်နဲ့ ကိုယ်ပိုင်အိမ်တလုံး ရှိတယ်။ အက်စီနော့က လူချော၊ ဆံပင်ကောက်ကောက်နဲ့ ဆံပင်ကောင်းတဲ့သူ၊ လူပျော်၊ သီချင်းဆို ဝါသနာပါတဲ့သူ။ ငယ်တုန်းကတော့ အရက်သောက်တာပေါ့။ မူးလာရင် သွေးဆိုးတယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးနောက်ပိုင်း မသောက်တော့ဘူး။ တခါတလေက လွဲလို့ပေါ့။ 


 

နွေရာသီရောက်တော့ အက်စီနော့က နစ်ဇနီ ဈေးရောင်းပွဲတော်ကို သွားဖို့ မိသားစုကို နှုတ်ဆက်တယ်။ မိန်းမက သူ့ကို "အီဗင် ဒီမီးထရစ် ဒီနေ့ ခရီးမထွက်ပါနဲ့လား။ ရှင့်နဲ့ပါတ်သက်လို့ ကျွန်မ အိပ်မက်ဆိုး မက်တယ်။"
အက်စီနော့က ရယ်တယ်။ "ဈေးပွဲတော် ရောက်ရင် သောက်စားနေမှာ ကြောက်လို့ မဟုတ်လား။"
သူ့မိန်းမက "ဘာကို ကြောက်သလဲတော့ ကျွန်မ မသိဘူး။ အိပ်မက်မကောင်းမှန်းတော့ သိတယ်။ အိပ်မက်မှာ ရှင်အဲဒီမြို့က ပြန်လာတော့ ရှင့်ဦးထုပ်လည်းချွတ်ရော၊ ကျွန်မမြင်ရတာက ရှင့်ဆံပင်တွေ လုံးလုံးဖြူနေပြီ။"
အက်စီနော့က ရယ်တယ်။ "အဲဒါ ကံကောင်းမယ့် နိမိတ်ပဲ။ ကုန်ပစ္စည်းရှိသမျှ ရောင်းရရင် ဈေးပွဲတော်ကနေ လက်ဆောင်တွေ ပါလာမှာပေါ့ဟာ။"
ဒီလိုနဲ့ မိသားစုကို နှုတ်ဆက်ပြီး မြင်းကို မောင်းသွားတော့တယ်။ လမ်းတဝက်မှာတော့ သိခဲ့ဖူးတဲ့ ကုန်သည်တ‌ယောက်နဲ့ တွေ့တယ်။ ညရောက်တော့ တည်းခိုခန်းတခုမှာ အတူတည်းကြတယ်။ လဘက်ရည် အတူသောက်ကြပြီး တွဲလျက်အခန်းမှာ အိပ်ယာဝင်ကြတယ်။
အက်စီနော့က နေမြင့်အောင် အိပ်လေ့ မရှိဘူး။ နေအေးတုန်း ခရီးသွားချင်တော့ မိုးမလင်းခင် မြင်းလှည်းမောင်းတဲ့သူကို နှိုးပြီး မြင်းလှည်းဆင်ဖို့ ပြောတယ်။
ပြီးမှ နောက်ဖက်က အိမ်လေးမှာနေတဲ့ တည်းခိုခန်းပိုင်ရှင်ကို ငွေရှင်းပြီး ခရီးဆက်ခဲ့တယ်။
၂၅ မိုင်လောက်ရောက်လာတဲ့အခါ မြင်းစာကျွေးဖို့ ရပ်လိုက်တယ်။ တည်းခိုခန်းရှေ့ လျှောက်လမ်းပေါ်မှာ ခဏနားတယ်။ ပြီးမှ တည်းခိုခန်းရဲ့ အမိုးအောက်ကို ဝင်တယ်။ နွေးသွားအောင် (လဘက်ရည်သောက်ဖို့) ရေနွေး တကရား မှာလိုက်တယ်။ ဂစ်တာကို ဆွဲထုတ်ပြီး စတီးတယ်။ 

ခေါင်းလောင်းသံ ဆူဆူညံညံနဲ့ မြင်းရထားတစီး ရုတ်တရက် ဆိုက်ရောက်လာပြီး အရာရှိတယောက်နဲ့ စစ်သား ၂ ယောက် ဆင်းလာတယ်။ အရာရှိက အက်စီနော့ဆီရောက်လာပြီး ဘယ်သူလဲ၊ ဘယ်ကလာလဲ စတဲ့ မေးခွန်းတွေ စပြီးမေးတယ်။ အက်စီနော့က ပြည့်ပြည့်စုံစုံ ဖြေတယ်။ "လဘက်ရည် သောက်ပါဦးလား ဆရာ" လို့ ပြောတယ်။  ဒါပေမယ့် အရာရှိက ခပ်တင်းတင်း မေးရင်း "ညက ဘယ်မှာ တည်းသလဲ၊ တယောက်တည်းလား၊ အဖေါ် ကုန်သည်ပါသေးလား၊ ဒီမနက် အဲဒီကုန်သည်ကို တွေ့သေးလား၊ မိုးမလင်းခင် တည်းခိုခန်းကနေ ဘာကြောင့် ထွက်လာသလဲ လို့ မေးတယ်။

ဒီမေးခွန်းတွေ ဘာလို့ အမေးခံရပါလိမ့်လို့ အက်စီနော့ အံ့ဩသွားတယ်။ ဒါပေမယ့် ဖြစ်ပျက်သမျှကို အကုန်ပြောပြတယ်။ "ကျွန်တော့ကို သူခိုး၊ ဓါးပြတယောက်ကို မေးသလို စစ်စစ်ပေါက်ပေါက် ဘာလို့ မေးသလဲ ဆရာ၊ ကျွန်တော်က ကိုယ့်အလုပ်ကိစ္စနဲ့ ခရီးသွားနေတာပါ။ ကျွန်တော့ကို မေးဖို့ မလိုပါဘူး။"
အဲဒီမှာ အရာရှိက စစ်သားတွေကို ခေါ်ပြီး "ကျုပ်က ဒီဒေသက ရဲအရာရှိ။ ညက ခင်ဗျားနဲ့အတူရှိခဲ့တဲ့ ကုန်သည်ဟာ လည်ပင်းပြတ်လျက်သားနဲ့ တွေ့ရလို့ မေးရတာ။ ခင်ဗျားပစ္စည်းတွေကို ကျုပ်တို့ ရှာရမယ်။"
စစ်သားတွေ အိမ်ထဲ ဝင်ကြတယ်။ ရဲအရာရှိနဲ့ စစ်သားတွေက အက်စီနော့ရဲ့ အိတ်ကို ဆွဲဖွင့်ပြီး ရှာကြတယ်။ ရုတ်တရက် ရဲအရာရှိက အိတ်ထဲက ဓါးတလက်ကို ဆွဲထုတ်ပြီး "ဒါ ဘယ်သူ့ဓါးလဲ" လို့ အော်မေးတယ်။
အက်စီနော့ ကြည့်လိုက်တယ်။ သူ့အိတ်ထဲက ထွက်လာတဲ့ ဓါးမှာ သွေးတွေနဲ့။ သူ ကြောက်သွားတယ်။
"ဒီဓါးပေါ်က သွေးက ဘယ်လိုပေလာသလဲ"
အက်စီနော့က ဖြေဖို့ ကြိုးစားတယ်။ ဒါပေမယ့် စကားသံ ထွက်မလာနိုင်တော့ဘူး။ "ကျွန်တော် မသိဘူး။ ကျွန်တော့ဓါး မဟုတ်ဘူး" လို့ပဲ တတွတ်တွတ် ရွတ်နေတော့တယ်။
ရဲအရာရှိက ပြောလာတယ်။ "ဒီမနက်မှာ အဲဒီကုန်သည်ကို လည်ပင်းပြတ်လျက်နဲ့ အိပ်ယာမှာ တွေ့ကြတယ်။ ဒီလိုလုပ်တာ မင်းပဲ ဖြစ်မယ်။ အိမ်ခန်းကို အထဲကနေ သော့ခတ်ထားတယ်။ တခြား ဘယ်သူမှလည်း မရှိဘူး။ သွေးပေနေတဲ့ဓါးကို မင်းအိတ်ထဲမှာ တွေ့တယ်။ မင်းမျက်နှာနဲ့ အမူအယာက မင်းအကြောင်း ပြောပြနေပြီ။ မင်း သူ့ကို ဘယ်လို သတ်ခဲ့သလဲ၊ ငွေ ဘယ်လောက် ခိုးခဲ့သလဲ ပြောစမ်း။"
အက်စီနော့က သူမလုပ်ဘူး၊ လဘက်ရည် အတူသောက်ပြီးနောက် အဲဒီကုန်သည်နဲ့ မတွေ့ရတော့ဘူး၊ ကိုယ်ပိုင်ငွေ ရပ်ဘယ် ရှစ်ထောင်ကလွဲလို့ သူ့မှာ ဘာပိုက်ဆံမှ မရှိပါဘူး၊  အဲဒီဓါးကလည်း သူ့ဓါးမဟုတ်ဘူး လို့ ကျိန်ပြောပါတယ်။ ဒါပေမယ့် သူ့အသံတွေ တုန်နေတယ်၊ မျက်နှာက ဖျော့တော့တော့။ ကြောက်စိတ်နဲ့ တုန်ရီနေတော့ တကယ်အပြစ်ရှိသူတယောက်လို ဖြစ်နေတယ်။
ရဲအရာရှိက အက်စီနော့ကို ဖမ်းပြီး မြင်းလှည်းပေါ် တင်ဖို့ စစ်သားတွေကို အမိန့်ပေးလိုက်တယ်။ ခြေနှစ်ချောင်းကို ပူးချည်ပြီး မြင်းလှည်းပေါ်ကို တွန်းတင်လိုက်ကြတယ်။ အက်စီနော့ ပစ်လဲကျသွားပြီးတော့ ငိုပါတော့တယ်။ သူငွေနဲ့ ပစ္စည်းတွေ အသိမ်းခံရတယ်။ နီးစပ်ရာမြို့ကို အပို့ခံရပြီး အချုပ်ခံရတယ်။ သူ့နောက်ကြောင်းကို ဗလာဒီမာမြို့မှာ စုံစမ်းစစ်ဆေးတယ်။ အဲဒီမြို့သားတွေနဲ့ ကုန်သည်တွေက သူက အရင်ကတော့ အရက်သောက်ပြီး အချိန်ဖြုန်းနေတဲ့သူ၊ ဒါပေမယ့် သူက လူကောင်းပါ လို့ ပြောကြတယ်။ တရားဆုံးဖြတ်ချိန် ရောက်လာတော့ ရီယာဇန်မြို့က ကုန်သည်ကို သတ်တဲ့အမှု၊ ရပ်ဘယ် ၂ သောင်း လုယူမှုနဲ့ အပြစ်ပေးခံရတယ်။
သူ့မိန်းမက စိတ်ပျက်သွားပြီ။ ဘာကို ယုံရမှန်း မသိတော့ဘူး။ သားသမီးတွေက အရမ်းငယ်သေးတယ်။ တယောက်က နို့စို့ကလေးပဲ ရှိသေးတယ်။ အစတော့ သူ့ယောက်ျားကို တွေ့ခွင့် မရဘူး။ အကြိမ်ကြာကြာ အသနားခံတော့မှ အာဏာပိုင်တွေက တွေ့ခွင့်ပေးပြီး ယောက်ျားကို သွားတွေ့ရတယ်။ သူ့ယောကျ်ားကို ထောင်ဝတ်စုံ၊ သံခြေကျဉ်းနဲ့ သူခိုးဓါးပြတွေကြားမှာ အကျဉ်းကျနေရတော့ မြင်ရတော့ လဲကျသွားပြီး အတော်ကြာ သတိမေ့သွားတယ်။ နောက်မှ သူ့ကလေးတွေကို အနားမှာ ဆွဲခေါ်ပြီး သူ့ယောက်ျားနားမှာ ထိုင်တယ်။ အိမ်က အခြေအနေတွေကို ယောကျ်ားကို ပြောပြတယ်။ ဘယ်လိုဖြစ်တာလဲလို့ မေးတယ်။ ယောကျ်ားက အကုန်ပြောပြပါတယ်။ "အဲဒီတော့ ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမလဲ။"
"အပြစ်မရှိဘဲ ပြစ်ဒဏ်မခံရဖို့ ဇာဘုရင်ကို အသနားခံစာတင်ရမှာပေါ့။"
ဇာဘုရင်ထံ အသနားခံစာ တင်ပေမယ့် လက်မခံဘူးလို့ သူ့မိန်းမက ဆိုတယ်။
အက်စီနော့က စကားမပြန်တော့ဘဲ အောက်ကိုပဲ စိုက်ကြည့်နေတယ်။
အဲဒီနောက် သူ့မိန်းမက "ရှင့်ဆံပင်တွေ ဖြူတယ်လို့ အိပ်မက် မက်တာ ဘာမှမဟုတ်ဘူးဆို။ ရှင်မှတ်မိသေးလား။ အဲဒီနေ့က ရှင် ခရီးထွက်ဖို့ မကောင်းဘူး။" မိန်းမက သူ့လက်ချောင်းလေးတွေနဲ့ ယောကျ်ားရဲ့ ဆံပင်တွေကို ကိုင်ရင်းဖွရင်း "ဗဲင်ယာရယ်၊ မိန်းမကို အမှန်အတိုင်း ပြောပြပါ။ ရှင် မသတ်ခဲ့ဘူးလား။"
"‌ဪ ... နင်ပါ ငါ့ကို သံသယဖြစ်နေပြီပေါ့" လို့ မျက်နှာကို လက်နဲ့အုပ်ပြီး ပြောရင်း ငိုတယ်။ အဲဒီအချိန်မှာ စစ်သားတယောက် ရောက်လာပြီး မိန်းမနဲ့ကလေးတွေကို  သွားတော့လို့ ပြောလာတယ်။ အက်စီနော့ဟာ မိန်းမနဲ့ကလေးတွေကို နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက်စကား ဆိုတယ်။
သူတို့ ထွက်သွားပြီးနောက် အက်စီနော့ဟာ ပြောခဲ့တဲ့စကားတွေကို ပြန်ဆင်ခြင်တယ်။ သူ့မိန်းမကပါ သူ့ကို သံသယဖြစ်နေပါလားလို့ သတိရတဲ့အခါ "အမှန်တရားကို ဘုရားသခင်ပဲ သိမယ်။ ဘုရားသခင်ကိုပဲ အသနားခံရမယ်။ အသနားခံဖို့ ဘုရားသခင်ထံကပဲ မြော်လင့်စရာ ရှိတယ်" လို့ တွေးမိတယ်။
အဲဒီတော့ အက်စီနော့က အသနားခံစာ ထပ်မတင်တော့ဘူး။ မြော်လင့်ချက်တွေ မထားတော့ဘူး။ ဘုရားသခင်ထံပဲ ဆုတောင်းတော့တယ်။
အက်စီနော့ဟာ ကြိမ်ဒဏ်ပေးခံရပြီး သတ္တုတွင်းကို အပို့ခံရတယ်။ ကြာပွတ်နဲ့ အရိုက်ခံရပြီးတော့ ဒဏ်ရာတွေ ပျောက်မှ တခြားပြစ်ဒဏ်ကျသူတွေနဲ့အတူ ဆိုက်ဘေးရီးယားကို အပို့ခံရတယ်။
အက်စီနော့ဟာ ဆိုက်ဘေးရီးယားမှာ ရာဇဝတ်သားအဖြစ် ၂၆ နှစ်နေခဲ့ရတယ်။ ဆံပင်တွေက နှင်းလို ဖြူပြီ။ မုတ်ဆိတ်မွေးလည်း ရှည်သွယ်ပါးလျပြီး ဖြူပြီ။ အရီအပြုံး မရှိ။ ခါးလည်း ကုန်းပြီ။ လမ်းလျှောက်ရင် နှေးလာပြီ။ စကား နဲလာတယ်။ အရီအပြုံး မရှိတော့ဘူး။ ဒါပေမယ့် ဆုတော့ မကြာခဏ တောင်းသေးတယ်။
ထောင်ထဲမှာ အက်စီနော့ဟာ ဖိနပ်ချုပ်နည်း သင်ယူတယ်။ ပိုက်ဆံ နဲနဲရတော့ "သန့်ရှင်းသူတို့ရဲ့ ဘဝဇာတ်ကြောင်းများ" - The Lives of the Saints စာအုပ်ကို ဝယ်ပြီး ထောင်ထဲ အလင်းရောင် ရှိတဲ့အချိန်လေးမှာ ဖတ်တယ်။ တနဂ်နွေနေ့တွေမှာ ထောင်ထဲက ဘုရားရှိခိုးဆောင်မှာ ကျမ်းစာ သင်ခန်းစာတွေ ဖတ်တယ်။ ကွိုင်ယာ သံစုံသီချင်းမှာ ဝင်ဆိုတယ်။ အသံကတော့ ကောင်းတုန်းပါပဲ။
ထောင်အာဏာပိုင်တွေက အက်စီနော့ကို နူးညံ့သိမ်မွေ့လို့ သဘောကျကြတယ်။ ထောင်သား အချင်းချင်းကလည်း လေးစားကြတယ်။ "အဖိုး"၊ "သန့်ရှင်းသူ" (သူတော်စဉ်) လို့ ခေါ်ကြတယ်။ အကျဉ်းသားတွေက ထောင်အာဏာပိုင်တွေကို တခုခု အသနားခံစရာရှိရင် အက်စီနော့ကပဲ ကိုယ်စား ပြောပေးရတယ်။ အကျဉ်းသား အချင်းချင်း ရန်ဖြစ်ရင်လည်း သူ့ဆီပဲ လာပြီး ဖြေရှင်းခိုင်း၊ စီရင်ဆုံးဖြတ်ခိုင်းကြတယ်။
အိမ်ကတော့ ဘာသတင်းမှ အက်စီနော့ဆီ ရောက်မလာတော့ဘူး။ မိန်းမနဲ့ ကလေးတွေ အသက်ရှင်နေကြသေးရဲ့လား လို့လည်း သူ မသိတော့ဘူး။
တနေ့တော့ ပြစ်ဒဏ်ကျ အကျဉ်းသား အသစ်တအုပ် ထောင်ထဲ ရောက်လာတယ်။ ညနေရောက်တော့ အကျဉ်းသားဟောင်းတွေက အသစ်တွေကို စုခိုင်းပြီး ဘယ်မြို့ဘယ်ရွာက ရောက်လာကြသလဲ၊ ဘာအပြစ်နဲ့ ကျကြသလဲ မေးတယ်။ သူတို့လိုပဲ အက်စီနော့လည်း အသစ်တွေနားမှာ ထိုင်ပြီး ပြောသမျှတွေကို စိတ်ပျက်လက်ပျက်နဲ့ နားထောင်တယ်။  
ပြစ်ဒဏ်ကျ အသစ်တယောက်၊ အရပ်ရှည်ရှည်၊ သန်သန်မာမာ၊ အသက် ၆၀ အရွယ်၊ မုတ်ဆိတ်မွေး ဖြူဖြူ တိုတိုနဲ့ လူက သူအဖမ်းခံရပုံကို ပြောပြနေတယ်။
"အင်း၊ အပေါင်းအသင်းတို့၊ လှည်းမှာ ချည်ထားတဲ့ မြင်းကို ယူသွားရုံနဲ့ အဖမ်းခံရတာ။ ခိုးတယ်လို့ စွတ်စွဲတာ။ အိမ်မြန်မြန် ပြန်ရောက်ချင်လို့ ယူတာပါ။ ပြီးရင်တော့ ပြန်လွှတ်လိုက်မှာပေါ့။ ဒါ့အပြင် လှည်းသမားကလည်း ကျုပ်အသိပါ။ အဲဒီတော့ "အားလုံး အဆင်ပြေသားပဲ" လို့ ပြောလိုက်တယ်။ သူတို့ကတော့ "မဟုတ်ဘူး၊ မင်း ခိုးတာ" တဲ့။ ဒါပေမယ့် ဘယ်မှာ၊ ဘယ်လို ခိုးသလဲလို့ သူတို့ မပြောနိုင်ဘူး။ တခါတုန်းကတော့ တကယ်ကျူးလွန်ဖူးပါတယ်။ အဲဒီတုန်းကတော့ ထောင်ကျသင့်တယ်။ ဒါပေမယ့် အဲဒီတုန်းက မမိဘူးလေ။ အာ ... အဲဒါက လိမ်ပြောမိတာပါလေ။ အရင်ကလည်း ဆိုက်ဘေးရီးယားကို ရောက်ဖူးပါတယ်။ ဒါပေမယ့် သိပ်ကြာကြာ မနေခဲ့ရဖူးပေါ့။"
"မင်းက ဘယ်ကလဲ" လို့ တယောက်က မေးတယ်။
"ဗလာဒီမာကပါ။ ကျုပ်မိသားစုက အဲဒီမြို့ကလေ။ ကျုပ်နာမည်က မာကာ၊ ဆမ်မြူးနစ်လို့လည်း ခေါ်ကြတယ်။"
အက်စီနော့က ခေါင်းမော့လိုက်ရင်း "ဆမ်မြူးနစ်၊ ဗလာဒီမာမြို့က ကုန်သည် အက်စီနော့ အကြောင်းများ သိသလား၊ ပြေပြပါဉီး။ သူတို့ အသက်ရှင်နေကြသေလား" လို့ ပြောတယ်။
"သူတို့ကို သိလား၊ သိပ်သိတာပေါ့။ အက်စီနော့တွေက ချမ်းသာတယ်။ သူတို့အဖေကတော့ ဆိုက်ဘေးရီးယားမှာ၊ ကျုပ်တို့လိုပဲ ရာဇဝတ်သားပေါ့။ အဘကရော ဘယ်လို ဒီကို ဘယ်လို ရောက်လာသလဲ။"
အက်စီနော့က သူ့ဘဝ အဖြစ်ဆိုးကို မပြောချင်ဘူး။ သက်ပြင်းချရင်းနဲ့ "ကိုယ့်အပြစ်ကြောင့် ထောင်ထဲမှာ ၂၆ နှစ်နေခဲ့ရပြီကွာ။"
"ဘာအပြစ်ကြောင့်လဲ" လို့ မာကာ ဆမ်မြူးနစ်က မေးတယ်။
ဒါပေမယ့် အက်စီနော့က "အင်း၊ အင်းပေါ့လေ။ ကျထိုက်လို့ ကျခဲ့တာပါပဲ။" လို့ ပြောပြီး စကားမဆက်တော့ဘူး။ ဒါပေမယ့် သူ့အပေါင်းအသင်းတွေက အက်စီနော့ ဆိုက်ဘေးရီးယားကို ဘယ်လိုရောက်လာတယ် ဆိုတာ ပြောပြကြတယ်။ လူတယောက်က ကုန်သည်ကို သတ်သွားတယ်၊ ဓါးမြောင်ကိုတော့ အက်စီနော့ရဲ့ ပစ္စည်းတွေကြားမှာ ထိုးထည့်ခဲ့တယ်၊ အက်စီနော့ဟာ မဟုတ်မမှန်ဘဲနဲ့ အပြစ်ပေးခံရတာ လို့ ပြောပြကြတယ်။  
ဒီစကားကို မာကာ ဆမ်မြူးနစ် ကြားတဲ့အခါ အက်စီနော့ကို ကြည့်လိုက်တယ်။ ဒူးကို ပုတ်ရင်း မှတ်ချက်ချတယ်။ "အင်း၊ အံ့ဩစရာပါလား။ တကယ် အံ့ဩစရာ ကောင်းပါလား။ ဒါပေမယ့် အဘ အသက် တော်တော်ကြီးပြီပဲ"
သူဘာကြောင့် အရမ်းအံ့ဩသွားသလဲ၊ အက်စီနော့ကို အရင်က ဘယ်မှာ မြင်ခဲ့ဖူးလဲ လို့ ကျန်တဲ့သူတွေက ဝိုင်းမေးကြတယ်။ "ဒီမှာ လာဆုံကြတာ အံ့ဩစရာပဲ အပေါင်းအသင်းတို့ရေ" လို့ပဲ သူပြောတော့တယ်။
ဒီစကားတွေက ဒီလူဟာ ကုန်သည်ကို ဘယ်သူသတ်တယ် ဆိုတာ သိလောက်တယ် လို့ အက်စီုနော့ အဖို့ သံသယ ဝင်လာစေတယ်။ ဒါနဲ့ "ဆမ်မြူးနစ်၊ မင်းလည်း အဲဒီဈေးရောင်းပွဲအကြောင်း ကြားဖူးမှာပေါ့။ ငါ့ကိုလည်း အရင်က မြင်ဖူးချင် မြင်ဖူးမှာပေါ့။" လို့ ပြောလိုက်တယ်။
"ဘယ်လို ကြားပါ့မလဲဗျာ။ ပေါက်တတ်ကရ စကားတွေက ပြည့်နေတာ။ ဒါပေမယ့် ကြာခဲ့ပြီလေ။ ကြားဖူးခဲ့ရင်တောင် မေ့ပြီပေါ့။"
"ဘယ်သူသတ်တယ် ဆိုတာတော့ မင်းကြားဖူးလောက်ပါတယ်။"
မာကာ ဆမ်မြူးနစ်က ရယ်ပြီး ဖြေတယ်။ "အိတ်ထဲမှာ ဓါးတွေတဲ့သူပဲ ဖြစ်မှာပေါ့။ တခြားတယောက်က ဓါးကို လာဖွက်ထားရင်လည်း၊ မမိရင် သူခိုး မဟုတ်ဘူး ဆိုတဲ့ စကားလိုပေါ့။ ခင်ဗျားခေါင်းအောက်မှာ ထားတဲ့ အိတ်ထဲ ဘယ်သူက ဓါးလာထည့်နိုင်မလဲဗျ။ ခင်ဗျား နိုးသွားမှာပေါ့။"
ဒီစကားတွေကို အက်စီနော့ ကြားရတဲ့အခါ ဒီလူဟာ ကုန်သည်ကို သတ်တဲ့လူပဲ၊ သေချာတယ်လို့ ခံစားမိတယ်။ သူထပြီး ထွက်သွားတော့တယ်။ အဲဒီညမှာ အက်စီနော့ အိပ်မပျော်ဘူး။ ဆိုးဆိုးဝါးဝါး စိတ်မသက်မသာ ခံစားနေရတယ်။ ပုံရိပ်အားလုံး သူ့စိတ်မှာ ပေါ်လာတယ်။ ဈေးရောင်းပွဲကို သွားခါနီး၊ ခွဲခွါချိန်က သူ့မိန်းမရဲ့ ပုံရိပ် ပေါ်လာတယ်။ မိန်းမရဲ့ မျက်နှာနဲ့ မျက်လုံးတွေ သူ့ရှေ့မှာ ပေါ်လာတယ်။ မိန်းမရဲ့ စကားသံ၊ ရယ်သံတွေ ကြားလာရတယ်။ နောက်တော့ ကလေးတွေကို မြင်တယ်။ အဲဒီတုန်းက တကယ့် ငယ်ငယ်လေးတွေပဲ။  တယောက်က အနွေးထည် အပေါ်ဝတ်ရုံလေးနဲ့၊ တယောက်က အမေ့ရင်ခွင်မှာ။ ပြီးတော့ သူ့ကိုသူ သတိရလိုက်တော့ ငယ်တုန်း၊ ပျော်တုန်း။ သူအဖမ်းခံခဲ့ရတဲ့ တည်းခိုခန်းရှေ့ အမိုးအောက်မှာ ဂစ်တာထိုင်တီးတာ သတိရတယ်။ အပူပင်မဲ့ နေခဲ့တယ်။ သူကြိမ်ဒဏ်ပေးခံရတာ၊ သူ့ကို အမိန့်ချတဲ့သူ၊ အနားမှာ ရပ်နေသူတွေ၊ သံခြေကျဉ်းတွေ၊ အပြစ်ဒဏ်ကျသူတွေ၊ ထောင်ကျနေတဲ့ ၂၆ နှစ်ကာလတလျှောက်လုံးနဲ့ သူမရင့်ကျက်ခင် ငယ်ဘဝတွေကို စိတ်ထဲမှာ ပြန်မြင်လာတယ်။ ဒီအရာတွေအားလုံးက သူ့ကိုယ်သူ သတ်သေချင်လောက်အောင် စိတ်ထိခိုက်သွားစေတယ်။
"ဒါတွေအားလုံးကို အဲဒီဗီလိန်ကောင် လူယုတ်မာက လုပ်တာ။" လို့ အက်စီနော့ တွေးမိတယ်။ မာကာ ဆမ်မြူးနစ်အပေါ် သူအရမ်း စိတ်ဆိုးနေတယ်။ လက်စားချေချင်တယ်။ ကိုယ်လည်း သေချင်သေပါစေတော့။ တညလုံး ဆုတောင်းတယ်။ ဒါပေမယ့် စိတ်ငြိမ်သက်မှု မရဘူး။ နေ့အချိန်မှာ မာကာ ဆမ်မြူးနစ်နားကို မသွားဘူး။ ကြည့်လည်း မကြည့်ဘူး။
၂ ပတ်လောက် ကြာသွားတယ်။ အက်စီနော့ ညဖက်မှာ အိပ်မရဘူး။ ဘာလုပ်ရမှန်းမသိရလောက်အောင် ဝမ်းနည်းကြေကွဲနေပြီ။
တညတော့ ထောင်နားမှာ လမ်းလျှောက်ရင်း ထောင်သားတွေရဲ့  အိပ်စင်တစင်အောက်က မြေစိုင်တချို့ လိမ့်လာတာကို သတိထားမိတယ်။ ဘာလဲလို့ ရပ်ကြည့်လိုက်တယ်။ ရုတ်တရက် မာကာ ဆမ်မျိုးနစ်ဟာ စင်အောက်ကနေ ကုန်းကုန်းကြီး ထွက်လာတယ်။ အက်စီနော့ကို ကြောက်လန့်တကြား ကြည့်တယ်။ အက်စီနော့က သူ့ကို မကြည့်ဘဲ ကျော်သွားဖို့ ကြိုးစားတယ်။ ဒါပေမယ့် မာကာက သူ့လက်ကိုဆွဲပြီး သူ တံတိုင်းအောက်မှာ တွင်းတူနေတယ်။ သူ့လည်ရှည်ဖိနပ်ထဲမှာ မြေသယ်ပြီး ထုတ်နေတယ်။ ထောင်သားတွေ အလုပ်သွားရတဲ့အခါ လမ်းပေါ်မှာ နေ့တိုင်း သွန်တယ် လို့ ပြောတယ်။
"တိတ်တိတ်နေနော် အဖိုးကြီး။ ခင်ဗျားလည်း ထွက်ပြေးလို့ရတယ်။ အာချောင်ရင်တော့ ကျုပ်ကို သေအောင် ရိုက်ကြလိမ့်မယ်။ ကျုပ်က ခင်ဗျားကို အရင် သတ်မှာ။"
အက်စီနော့ဟာ သူ့ရန်သူကို ကြည့်ရင်း ဒေါသကြောင့် တုန်ခါနေတယ်။ လက်ကို ဆတ်ခနဲ ရုတ်လိုက်ပြီး "ငါ မလွတ်ချင်ဘူး။ မင်းလည်း ငါ့ကို သတ်စရာ မလိုဘူး။ မင်း ငါ့ကို ဟိုးကတည်းက သတ်ခဲ့ပြီးပြီပဲ။ မင်းအကြောင်းတော့ ငါ ပြောချင် ပြောမယ်၊ မပြောချင် မပြောဘူး၊ ဘုရားသခင် လမ်းပြတဲ့အတိုင်းပဲ။"
နောက်နေ့မှာ ထောင်သားတွေ အလုပ်သွားရတယ်။ ထောင်သား တယောက်တလေဟာ ဖိနပ်ထဲက မြေတွေ ထုတ်သွားတာကို အစောင့် စစ်သားတွေက သတိပြုမိသွားတယ်။ ထောင်ထဲမှာ ရှာတော့ လှိုင်ခေါင်းကို တွေ့ကြတယ်။ ထောင်အာဏာပိုင်ကြီး ရောက်လာပြီး ထောင်သားအားလုံးကို လှိုင်ခေါင်း ဘယ်သူတူးသလဲလို့ စစ်မေးတယ်။ အကုန်လုံးက မသိလိုက်ပါဘူးလို့ ငြင်းကြတယ်။ မာကာ ဆမ်မြူးနစ်လို့ ဖေါ်ရင် သူ့ခမျာ သေလုအောင် အရိုက်ခံရမှာကို သိနေကြတော့ မဖေါ်ကြဘူး။ နောက်ဆုံးတော့ ထောင်အာဏာပိုင်ကြီးဟာ ဖြောင့်မတ်တဲ့သူလို့ သူသိထားတဲ့ အက်စီနော့ဖက် လှည့်ပြီး ပြောတယ်။
"ခင်ဗျားကတော့ လူမှန်ကြီးပါ။ ဘုရားသခင်ရှေ့မှာ ပြောပါ။ အဲဒီတွင်း ဘယ်သူ တူးသလဲ။"
မာကာ ဆမ်မြူးနစ်က လုံးဝ မစိုးရိမ်တဲ့ပုံနဲ့ ရပ်နေပြီး ထောင်အာဏာပိုင်ကြီးကို ကြည့်နေတယ်။ အက်စီနော့ကိုတော့ သိပ်ကြာကြာ ငေးမကြည့်ဘူး။ အက်စီနော့ရဲ့ နှုတ်ခမ်းနဲ့ လက်တွေ တုန်နေတဘ်။ အတော်ကြာအောင် စကားမပြောနိုင်ရှာဘူး။ "ငါ့ဘဝကို ဖျက်ဆီးခဲ့တဲ့သူကို ငါက ဘာကြောင့် ဖုန်းကွယ်ပေးရမလဲ၊ ငါခံရတဲ့ ဒုက္ခတွေအတွက် သူ ပေးဆပ်ပါစေ၊ ဒါပေမယ့် ငါပြောပြန်ရင်လည်း သူတို့က သူ့ကို သေအောင်ရိုက်မှာ၊ ငါ မှားပြီး သံသယဝင်တာလည်း ဖြစ်နိုင်တယ်။ နောက်ပြီးတော့ ငါ့အတွက် ဘာအကျိုးရှိလို့လဲ။" လို့ တွေးမိတယ်။
"ကဲ .. အဖိုးကြီး၊ အမှန်အတိုင်း ပြောပါ။ တံတိုင်းအောက်မှာ ဘယ်သူ တူးသလဲ။" လို့ ထောင်အာဏာပိုင်ကြီးက ထပ်မေးတယ်။
အက်စီနော့က မာကာ ဆမ်မြူးနစ်ကို လှမ်းကြည့်လိုက်တယ်။ "ကျွန်တော် မပြောနိုင်ပါဘူး ခင်ဗျာ။ ပြောဖို့ ဘုရားအလိုတော် မရှိပါဘူး။ ကျွန်တော်ကို ကြိုက်သလို အပြစ်ပေးပါ။ ကျွန်တော်က ထောင်အာဏာပိုင်ကြီးရဲ့ လက်ထဲမှာပါ။" လို့ ပြောလိုက်ပါတယ်။
ထောင်အာဏာပိုင်ကြီး ဘယ်လောက်ပဲ ကြိုးစားမေးပေမယ့် အက်စီနော့က ဆက်မ‌ပြောတော့ဘူး။ ဒါနဲ့ အမှုကို ဒီအတိုင်းပဲ ထားလိုက်ရတယ်။
အဲဒီညမှာ အက်စီနော့က အိပ်ယာမှာ လှဲနေတယ်။ မှေးကနဲ အိပ်ပျော်စမှာ လူတယောက် တိတ်တိတ်လေး ရောက်လာပြီး သူ့အိပ်ယာမှာ ထိုင်တယ်။ အမှောင်ထဲမှာ စူးစမ်းကြည့်လိုက်တော့ မာကာမှန်း ရိပ်မိတယ်။
"မင်း ငါ့ဆီက ဘာလိုချင်သေးလို့လဲ၊ မင်း ဒီကို ဘာလို့ လာသလဲ" လို့ အက်စီနော့က မေးတယ်။
မာကာ ဆမ်မြူးနစ်က တိတ်နေတယ်။ ဒါနဲ့ အက်စီနော့က ထိုင်လိုက်ပြီး "မင်း ဘာလိုချင်လို့လဲ။ ထွက်သွားတော့။ မဟုတ်ရင် အစောင့်ကို ခေါ်လိုက်မယ်။"
မာကာ ဆမ်မြူးနစ်က အက်စီနော့ဖက်ကို ကိုယ်ကိုင်းပြီး တိုးတိုးလေး ပြောတယ်။ "အီဗင် ဒီမီးထရစ်၊ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။"
"ဘာအတွက်လဲ" လို့ အက်စီနော့က မေးတယ်။
"ကုန်သည်ကို သတ်ပြီး၊ ဓါးကို ခင်ဗျားပစ္စည်းတွေကြားမှာ ဖွက်ထားခဲ့တာ ကျွန်တော်ပါ။ ခင်ဗျားကိုလည်း သတ်မလို့ပဲ။ ဒါပေမယ့် အပြင်က အသံကြားလို့ ဓါးကို ခင်ဗျားအိတ်ထဲမှာ ဖွက်ပြီး ပြတင်းပေါက်ကနေ ထွက်ပြေးခဲ့ရတာ။"
အက်စီနော့ တိတ်ဆိတ်နေတယ်။ ဘာပြောရမှန်း မသိတော့ဘူး။ မာကာ ဆမ်မြူးနစ်က အိပ်စင်ကနေ ဆင်းပြီး မြေပြင်မှာ ဒူးထောက်နေတယ်။ "အီဗင် ဒီမီးထရစ်၊ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကြောင့် ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။ ကုန်သည်ကို သတ်ခဲ့တာ ကျွန်တော်ပါလို့ ဝန်ခံပါမယ်။ ခင်ဗျား ထောင်က လွတ်ပြီး အိမ်ပြန်ရမှာပါ။"
"မင်းပြောတော့ လွယ်တယ်။ မင်းကြောင့် ငါ့မှာ ၂၆ နှစ်လုံးလုံး ဒုက္ခရောက်ခဲ့ပြီ။ အခုမှ ဘယ်ကိုသွားလို့ရမလဲ။ ငါ့မိန်းမ သေပြီ။ ငါ့သားသမီးတွေလည်း ငါ့ကို မေ့ပြီ။ ငါ့မှာ သွားစရာ မရှိတော့ဘူး။"
မာကာ ဆမ်မြူးနစ်က ခေါင်းမဖေါ်ဘဲ သူ့ခေါင်းနဲ့ ကြမ်းပြင်ကို ဆောင့်နေတယ်။ "အီဗင် ဒီမီးထရစ်၊ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။" သူ ငိုတယ်။ "သူတို့ ကျွန်တော့ကို ကြိမ်ဒဏ်ပေးတုန်းက ကြာပွတ်နဲ့ ရိုက်တာတောင် အခုခင်ဗျားကို ကြည့်ရတာလောက် နာနာကြင်ကြင် မခံစားရဘူးဗျာ။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့ကို ငဲ့ညှာခဲ့ပါတယ်။ ဖွင့်မ‌ပြောလိုက်ဘူး။ ခရစ်တော်ဘုရားကို ထောက်ထားပြီး သိပ်ဆိုးတဲ့ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။" သူ ရှိုက်ရှိုက် ငိုတယ်။
သူရှိုက်က်ငိုသံကို အက်စီးနော့ ကြားတဲ့အခါ သူလည်း ငိုတယ်။ "ဘုရားသခင်က မင်းကို ခွင့်လွှတ်မှာပါ။ ငါက မင်းထက် အဆတရာ ပိုဆိုးချင် ဆိုးနေမှာပါ။" ဒီစကားပြောရင်း သူ့စိတ်နှလုံးထဲမှာ လင်းလာတယ်။ အိမ်ကို လွမ်းတဲ့ စိတ် မရှိတော့ဘူး။ ထောင်က လွတ်ချင်စိတ်လည်း မရှိတော့ဘူး။ သူ့ဘဝရဲ့ နောက်ဆုံးချိန်လေး ရောက်လာဖို့ပဲ မြော်လင့်တော့တယ်။
အက်စီနော့ ပြောပေမယ့်လည်း မာကာ ဆမ်မြူးနစ်က သူ့အပြစ်တွေကို ဝန်ခံလိုက်တယ်။ ဒါပေမယ့် သူ့အတွက် လွှတ်မိန့်ရောက်လာချိန်မှာတော့ အက်စီနော့က သေသွားခဲ့ပါပြီ။
(Written in 1872.)

ဘာသာပြန် - ဆလိုင်း ထိန်ဝင်းအိ