Thursday, December 23, 2021

God sees the truth but waits by Leo Tolstoy (Burmese)

 အမှန်တရားကို ဘုရားသခင် သိမြင်ပေမယ့် စောင့်ဆိုင်းနေတယ်။
ဘာသာပြန် - ဆလိုင်း ထိန်ဝင်းအိ

ဗလာဒီမာမြို့မှာ အိုင်ဗင် ဒီမီးထရစ် အက်စီနော့ ဆိုတဲ့ လူငယ် ကုန်သည် တယောက် နေထိုင်တယ်။ သူ့မှာ ဆိုင်နှစ်ဆိုင်နဲ့ ကိုယ်ပိုင်အိမ်တလုံး ရှိတယ်။ အက်စီနော့က လူချော၊ ဆံပင်ကောက်ကောက်နဲ့ ဆံပင်ကောင်းတဲ့သူ၊ လူပျော်၊ သီချင်းဆို ဝါသနာပါတဲ့သူ။ ငယ်တုန်းကတော့ အရက်သောက်တာပေါ့။ မူးလာရင် သွေးဆိုးတယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးနောက်ပိုင်း မသောက်တော့ဘူး။ တခါတလေက လွဲလို့ပေါ့။ 


 

နွေရာသီရောက်တော့ အက်စီနော့က နစ်ဇနီ ဈေးရောင်းပွဲတော်ကို သွားဖို့ မိသားစုကို နှုတ်ဆက်တယ်။ မိန်းမက သူ့ကို "အီဗင် ဒီမီးထရစ် ဒီနေ့ ခရီးမထွက်ပါနဲ့လား။ ရှင့်နဲ့ပါတ်သက်လို့ ကျွန်မ အိပ်မက်ဆိုး မက်တယ်။"
အက်စီနော့က ရယ်တယ်။ "ဈေးပွဲတော် ရောက်ရင် သောက်စားနေမှာ ကြောက်လို့ မဟုတ်လား။"
သူ့မိန်းမက "ဘာကို ကြောက်သလဲတော့ ကျွန်မ မသိဘူး။ အိပ်မက်မကောင်းမှန်းတော့ သိတယ်။ အိပ်မက်မှာ ရှင်အဲဒီမြို့က ပြန်လာတော့ ရှင့်ဦးထုပ်လည်းချွတ်ရော၊ ကျွန်မမြင်ရတာက ရှင့်ဆံပင်တွေ လုံးလုံးဖြူနေပြီ။"
အက်စီနော့က ရယ်တယ်။ "အဲဒါ ကံကောင်းမယ့် နိမိတ်ပဲ။ ကုန်ပစ္စည်းရှိသမျှ ရောင်းရရင် ဈေးပွဲတော်ကနေ လက်ဆောင်တွေ ပါလာမှာပေါ့ဟာ။"
ဒီလိုနဲ့ မိသားစုကို နှုတ်ဆက်ပြီး မြင်းကို မောင်းသွားတော့တယ်။ လမ်းတဝက်မှာတော့ သိခဲ့ဖူးတဲ့ ကုန်သည်တ‌ယောက်နဲ့ တွေ့တယ်။ ညရောက်တော့ တည်းခိုခန်းတခုမှာ အတူတည်းကြတယ်။ လဘက်ရည် အတူသောက်ကြပြီး တွဲလျက်အခန်းမှာ အိပ်ယာဝင်ကြတယ်။
အက်စီနော့က နေမြင့်အောင် အိပ်လေ့ မရှိဘူး။ နေအေးတုန်း ခရီးသွားချင်တော့ မိုးမလင်းခင် မြင်းလှည်းမောင်းတဲ့သူကို နှိုးပြီး မြင်းလှည်းဆင်ဖို့ ပြောတယ်။
ပြီးမှ နောက်ဖက်က အိမ်လေးမှာနေတဲ့ တည်းခိုခန်းပိုင်ရှင်ကို ငွေရှင်းပြီး ခရီးဆက်ခဲ့တယ်။
၂၅ မိုင်လောက်ရောက်လာတဲ့အခါ မြင်းစာကျွေးဖို့ ရပ်လိုက်တယ်။ တည်းခိုခန်းရှေ့ လျှောက်လမ်းပေါ်မှာ ခဏနားတယ်။ ပြီးမှ တည်းခိုခန်းရဲ့ အမိုးအောက်ကို ဝင်တယ်။ နွေးသွားအောင် (လဘက်ရည်သောက်ဖို့) ရေနွေး တကရား မှာလိုက်တယ်။ ဂစ်တာကို ဆွဲထုတ်ပြီး စတီးတယ်။ 

ခေါင်းလောင်းသံ ဆူဆူညံညံနဲ့ မြင်းရထားတစီး ရုတ်တရက် ဆိုက်ရောက်လာပြီး အရာရှိတယောက်နဲ့ စစ်သား ၂ ယောက် ဆင်းလာတယ်။ အရာရှိက အက်စီနော့ဆီရောက်လာပြီး ဘယ်သူလဲ၊ ဘယ်ကလာလဲ စတဲ့ မေးခွန်းတွေ စပြီးမေးတယ်။ အက်စီနော့က ပြည့်ပြည့်စုံစုံ ဖြေတယ်။ "လဘက်ရည် သောက်ပါဦးလား ဆရာ" လို့ ပြောတယ်။  ဒါပေမယ့် အရာရှိက ခပ်တင်းတင်း မေးရင်း "ညက ဘယ်မှာ တည်းသလဲ၊ တယောက်တည်းလား၊ အဖေါ် ကုန်သည်ပါသေးလား၊ ဒီမနက် အဲဒီကုန်သည်ကို တွေ့သေးလား၊ မိုးမလင်းခင် တည်းခိုခန်းကနေ ဘာကြောင့် ထွက်လာသလဲ လို့ မေးတယ်။

ဒီမေးခွန်းတွေ ဘာလို့ အမေးခံရပါလိမ့်လို့ အက်စီနော့ အံ့ဩသွားတယ်။ ဒါပေမယ့် ဖြစ်ပျက်သမျှကို အကုန်ပြောပြတယ်။ "ကျွန်တော့ကို သူခိုး၊ ဓါးပြတယောက်ကို မေးသလို စစ်စစ်ပေါက်ပေါက် ဘာလို့ မေးသလဲ ဆရာ၊ ကျွန်တော်က ကိုယ့်အလုပ်ကိစ္စနဲ့ ခရီးသွားနေတာပါ။ ကျွန်တော့ကို မေးဖို့ မလိုပါဘူး။"
အဲဒီမှာ အရာရှိက စစ်သားတွေကို ခေါ်ပြီး "ကျုပ်က ဒီဒေသက ရဲအရာရှိ။ ညက ခင်ဗျားနဲ့အတူရှိခဲ့တဲ့ ကုန်သည်ဟာ လည်ပင်းပြတ်လျက်သားနဲ့ တွေ့ရလို့ မေးရတာ။ ခင်ဗျားပစ္စည်းတွေကို ကျုပ်တို့ ရှာရမယ်။"
စစ်သားတွေ အိမ်ထဲ ဝင်ကြတယ်။ ရဲအရာရှိနဲ့ စစ်သားတွေက အက်စီနော့ရဲ့ အိတ်ကို ဆွဲဖွင့်ပြီး ရှာကြတယ်။ ရုတ်တရက် ရဲအရာရှိက အိတ်ထဲက ဓါးတလက်ကို ဆွဲထုတ်ပြီး "ဒါ ဘယ်သူ့ဓါးလဲ" လို့ အော်မေးတယ်။
အက်စီနော့ ကြည့်လိုက်တယ်။ သူ့အိတ်ထဲက ထွက်လာတဲ့ ဓါးမှာ သွေးတွေနဲ့။ သူ ကြောက်သွားတယ်။
"ဒီဓါးပေါ်က သွေးက ဘယ်လိုပေလာသလဲ"
အက်စီနော့က ဖြေဖို့ ကြိုးစားတယ်။ ဒါပေမယ့် စကားသံ ထွက်မလာနိုင်တော့ဘူး။ "ကျွန်တော် မသိဘူး။ ကျွန်တော့ဓါး မဟုတ်ဘူး" လို့ပဲ တတွတ်တွတ် ရွတ်နေတော့တယ်။
ရဲအရာရှိက ပြောလာတယ်။ "ဒီမနက်မှာ အဲဒီကုန်သည်ကို လည်ပင်းပြတ်လျက်နဲ့ အိပ်ယာမှာ တွေ့ကြတယ်။ ဒီလိုလုပ်တာ မင်းပဲ ဖြစ်မယ်။ အိမ်ခန်းကို အထဲကနေ သော့ခတ်ထားတယ်။ တခြား ဘယ်သူမှလည်း မရှိဘူး။ သွေးပေနေတဲ့ဓါးကို မင်းအိတ်ထဲမှာ တွေ့တယ်။ မင်းမျက်နှာနဲ့ အမူအယာက မင်းအကြောင်း ပြောပြနေပြီ။ မင်း သူ့ကို ဘယ်လို သတ်ခဲ့သလဲ၊ ငွေ ဘယ်လောက် ခိုးခဲ့သလဲ ပြောစမ်း။"
အက်စီနော့က သူမလုပ်ဘူး၊ လဘက်ရည် အတူသောက်ပြီးနောက် အဲဒီကုန်သည်နဲ့ မတွေ့ရတော့ဘူး၊ ကိုယ်ပိုင်ငွေ ရပ်ဘယ် ရှစ်ထောင်ကလွဲလို့ သူ့မှာ ဘာပိုက်ဆံမှ မရှိပါဘူး၊  အဲဒီဓါးကလည်း သူ့ဓါးမဟုတ်ဘူး လို့ ကျိန်ပြောပါတယ်။ ဒါပေမယ့် သူ့အသံတွေ တုန်နေတယ်၊ မျက်နှာက ဖျော့တော့တော့။ ကြောက်စိတ်နဲ့ တုန်ရီနေတော့ တကယ်အပြစ်ရှိသူတယောက်လို ဖြစ်နေတယ်။
ရဲအရာရှိက အက်စီနော့ကို ဖမ်းပြီး မြင်းလှည်းပေါ် တင်ဖို့ စစ်သားတွေကို အမိန့်ပေးလိုက်တယ်။ ခြေနှစ်ချောင်းကို ပူးချည်ပြီး မြင်းလှည်းပေါ်ကို တွန်းတင်လိုက်ကြတယ်။ အက်စီနော့ ပစ်လဲကျသွားပြီးတော့ ငိုပါတော့တယ်။ သူငွေနဲ့ ပစ္စည်းတွေ အသိမ်းခံရတယ်။ နီးစပ်ရာမြို့ကို အပို့ခံရပြီး အချုပ်ခံရတယ်။ သူ့နောက်ကြောင်းကို ဗလာဒီမာမြို့မှာ စုံစမ်းစစ်ဆေးတယ်။ အဲဒီမြို့သားတွေနဲ့ ကုန်သည်တွေက သူက အရင်ကတော့ အရက်သောက်ပြီး အချိန်ဖြုန်းနေတဲ့သူ၊ ဒါပေမယ့် သူက လူကောင်းပါ လို့ ပြောကြတယ်။ တရားဆုံးဖြတ်ချိန် ရောက်လာတော့ ရီယာဇန်မြို့က ကုန်သည်ကို သတ်တဲ့အမှု၊ ရပ်ဘယ် ၂ သောင်း လုယူမှုနဲ့ အပြစ်ပေးခံရတယ်။
သူ့မိန်းမက စိတ်ပျက်သွားပြီ။ ဘာကို ယုံရမှန်း မသိတော့ဘူး။ သားသမီးတွေက အရမ်းငယ်သေးတယ်။ တယောက်က နို့စို့ကလေးပဲ ရှိသေးတယ်။ အစတော့ သူ့ယောက်ျားကို တွေ့ခွင့် မရဘူး။ အကြိမ်ကြာကြာ အသနားခံတော့မှ အာဏာပိုင်တွေက တွေ့ခွင့်ပေးပြီး ယောက်ျားကို သွားတွေ့ရတယ်။ သူ့ယောကျ်ားကို ထောင်ဝတ်စုံ၊ သံခြေကျဉ်းနဲ့ သူခိုးဓါးပြတွေကြားမှာ အကျဉ်းကျနေရတော့ မြင်ရတော့ လဲကျသွားပြီး အတော်ကြာ သတိမေ့သွားတယ်။ နောက်မှ သူ့ကလေးတွေကို အနားမှာ ဆွဲခေါ်ပြီး သူ့ယောက်ျားနားမှာ ထိုင်တယ်။ အိမ်က အခြေအနေတွေကို ယောကျ်ားကို ပြောပြတယ်။ ဘယ်လိုဖြစ်တာလဲလို့ မေးတယ်။ ယောကျ်ားက အကုန်ပြောပြပါတယ်။ "အဲဒီတော့ ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမလဲ။"
"အပြစ်မရှိဘဲ ပြစ်ဒဏ်မခံရဖို့ ဇာဘုရင်ကို အသနားခံစာတင်ရမှာပေါ့။"
ဇာဘုရင်ထံ အသနားခံစာ တင်ပေမယ့် လက်မခံဘူးလို့ သူ့မိန်းမက ဆိုတယ်။
အက်စီနော့က စကားမပြန်တော့ဘဲ အောက်ကိုပဲ စိုက်ကြည့်နေတယ်။
အဲဒီနောက် သူ့မိန်းမက "ရှင့်ဆံပင်တွေ ဖြူတယ်လို့ အိပ်မက် မက်တာ ဘာမှမဟုတ်ဘူးဆို။ ရှင်မှတ်မိသေးလား။ အဲဒီနေ့က ရှင် ခရီးထွက်ဖို့ မကောင်းဘူး။" မိန်းမက သူ့လက်ချောင်းလေးတွေနဲ့ ယောကျ်ားရဲ့ ဆံပင်တွေကို ကိုင်ရင်းဖွရင်း "ဗဲင်ယာရယ်၊ မိန်းမကို အမှန်အတိုင်း ပြောပြပါ။ ရှင် မသတ်ခဲ့ဘူးလား။"
"‌ဪ ... နင်ပါ ငါ့ကို သံသယဖြစ်နေပြီပေါ့" လို့ မျက်နှာကို လက်နဲ့အုပ်ပြီး ပြောရင်း ငိုတယ်။ အဲဒီအချိန်မှာ စစ်သားတယောက် ရောက်လာပြီး မိန်းမနဲ့ကလေးတွေကို  သွားတော့လို့ ပြောလာတယ်။ အက်စီနော့ဟာ မိန်းမနဲ့ကလေးတွေကို နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက်စကား ဆိုတယ်။
သူတို့ ထွက်သွားပြီးနောက် အက်စီနော့ဟာ ပြောခဲ့တဲ့စကားတွေကို ပြန်ဆင်ခြင်တယ်။ သူ့မိန်းမကပါ သူ့ကို သံသယဖြစ်နေပါလားလို့ သတိရတဲ့အခါ "အမှန်တရားကို ဘုရားသခင်ပဲ သိမယ်။ ဘုရားသခင်ကိုပဲ အသနားခံရမယ်။ အသနားခံဖို့ ဘုရားသခင်ထံကပဲ မြော်လင့်စရာ ရှိတယ်" လို့ တွေးမိတယ်။
အဲဒီတော့ အက်စီနော့က အသနားခံစာ ထပ်မတင်တော့ဘူး။ မြော်လင့်ချက်တွေ မထားတော့ဘူး။ ဘုရားသခင်ထံပဲ ဆုတောင်းတော့တယ်။
အက်စီနော့ဟာ ကြိမ်ဒဏ်ပေးခံရပြီး သတ္တုတွင်းကို အပို့ခံရတယ်။ ကြာပွတ်နဲ့ အရိုက်ခံရပြီးတော့ ဒဏ်ရာတွေ ပျောက်မှ တခြားပြစ်ဒဏ်ကျသူတွေနဲ့အတူ ဆိုက်ဘေးရီးယားကို အပို့ခံရတယ်။
အက်စီနော့ဟာ ဆိုက်ဘေးရီးယားမှာ ရာဇဝတ်သားအဖြစ် ၂၆ နှစ်နေခဲ့ရတယ်။ ဆံပင်တွေက နှင်းလို ဖြူပြီ။ မုတ်ဆိတ်မွေးလည်း ရှည်သွယ်ပါးလျပြီး ဖြူပြီ။ အရီအပြုံး မရှိ။ ခါးလည်း ကုန်းပြီ။ လမ်းလျှောက်ရင် နှေးလာပြီ။ စကား နဲလာတယ်။ အရီအပြုံး မရှိတော့ဘူး။ ဒါပေမယ့် ဆုတော့ မကြာခဏ တောင်းသေးတယ်။
ထောင်ထဲမှာ အက်စီနော့ဟာ ဖိနပ်ချုပ်နည်း သင်ယူတယ်။ ပိုက်ဆံ နဲနဲရတော့ "သန့်ရှင်းသူတို့ရဲ့ ဘဝဇာတ်ကြောင်းများ" - The Lives of the Saints စာအုပ်ကို ဝယ်ပြီး ထောင်ထဲ အလင်းရောင် ရှိတဲ့အချိန်လေးမှာ ဖတ်တယ်။ တနဂ်နွေနေ့တွေမှာ ထောင်ထဲက ဘုရားရှိခိုးဆောင်မှာ ကျမ်းစာ သင်ခန်းစာတွေ ဖတ်တယ်။ ကွိုင်ယာ သံစုံသီချင်းမှာ ဝင်ဆိုတယ်။ အသံကတော့ ကောင်းတုန်းပါပဲ။
ထောင်အာဏာပိုင်တွေက အက်စီနော့ကို နူးညံ့သိမ်မွေ့လို့ သဘောကျကြတယ်။ ထောင်သား အချင်းချင်းကလည်း လေးစားကြတယ်။ "အဖိုး"၊ "သန့်ရှင်းသူ" (သူတော်စဉ်) လို့ ခေါ်ကြတယ်။ အကျဉ်းသားတွေက ထောင်အာဏာပိုင်တွေကို တခုခု အသနားခံစရာရှိရင် အက်စီနော့ကပဲ ကိုယ်စား ပြောပေးရတယ်။ အကျဉ်းသား အချင်းချင်း ရန်ဖြစ်ရင်လည်း သူ့ဆီပဲ လာပြီး ဖြေရှင်းခိုင်း၊ စီရင်ဆုံးဖြတ်ခိုင်းကြတယ်။
အိမ်ကတော့ ဘာသတင်းမှ အက်စီနော့ဆီ ရောက်မလာတော့ဘူး။ မိန်းမနဲ့ ကလေးတွေ အသက်ရှင်နေကြသေးရဲ့လား လို့လည်း သူ မသိတော့ဘူး။
တနေ့တော့ ပြစ်ဒဏ်ကျ အကျဉ်းသား အသစ်တအုပ် ထောင်ထဲ ရောက်လာတယ်။ ညနေရောက်တော့ အကျဉ်းသားဟောင်းတွေက အသစ်တွေကို စုခိုင်းပြီး ဘယ်မြို့ဘယ်ရွာက ရောက်လာကြသလဲ၊ ဘာအပြစ်နဲ့ ကျကြသလဲ မေးတယ်။ သူတို့လိုပဲ အက်စီနော့လည်း အသစ်တွေနားမှာ ထိုင်ပြီး ပြောသမျှတွေကို စိတ်ပျက်လက်ပျက်နဲ့ နားထောင်တယ်။  
ပြစ်ဒဏ်ကျ အသစ်တယောက်၊ အရပ်ရှည်ရှည်၊ သန်သန်မာမာ၊ အသက် ၆၀ အရွယ်၊ မုတ်ဆိတ်မွေး ဖြူဖြူ တိုတိုနဲ့ လူက သူအဖမ်းခံရပုံကို ပြောပြနေတယ်။
"အင်း၊ အပေါင်းအသင်းတို့၊ လှည်းမှာ ချည်ထားတဲ့ မြင်းကို ယူသွားရုံနဲ့ အဖမ်းခံရတာ။ ခိုးတယ်လို့ စွတ်စွဲတာ။ အိမ်မြန်မြန် ပြန်ရောက်ချင်လို့ ယူတာပါ။ ပြီးရင်တော့ ပြန်လွှတ်လိုက်မှာပေါ့။ ဒါ့အပြင် လှည်းသမားကလည်း ကျုပ်အသိပါ။ အဲဒီတော့ "အားလုံး အဆင်ပြေသားပဲ" လို့ ပြောလိုက်တယ်။ သူတို့ကတော့ "မဟုတ်ဘူး၊ မင်း ခိုးတာ" တဲ့။ ဒါပေမယ့် ဘယ်မှာ၊ ဘယ်လို ခိုးသလဲလို့ သူတို့ မပြောနိုင်ဘူး။ တခါတုန်းကတော့ တကယ်ကျူးလွန်ဖူးပါတယ်။ အဲဒီတုန်းကတော့ ထောင်ကျသင့်တယ်။ ဒါပေမယ့် အဲဒီတုန်းက မမိဘူးလေ။ အာ ... အဲဒါက လိမ်ပြောမိတာပါလေ။ အရင်ကလည်း ဆိုက်ဘေးရီးယားကို ရောက်ဖူးပါတယ်။ ဒါပေမယ့် သိပ်ကြာကြာ မနေခဲ့ရဖူးပေါ့။"
"မင်းက ဘယ်ကလဲ" လို့ တယောက်က မေးတယ်။
"ဗလာဒီမာကပါ။ ကျုပ်မိသားစုက အဲဒီမြို့ကလေ။ ကျုပ်နာမည်က မာကာ၊ ဆမ်မြူးနစ်လို့လည်း ခေါ်ကြတယ်။"
အက်စီနော့က ခေါင်းမော့လိုက်ရင်း "ဆမ်မြူးနစ်၊ ဗလာဒီမာမြို့က ကုန်သည် အက်စီနော့ အကြောင်းများ သိသလား၊ ပြေပြပါဉီး။ သူတို့ အသက်ရှင်နေကြသေလား" လို့ ပြောတယ်။
"သူတို့ကို သိလား၊ သိပ်သိတာပေါ့။ အက်စီနော့တွေက ချမ်းသာတယ်။ သူတို့အဖေကတော့ ဆိုက်ဘေးရီးယားမှာ၊ ကျုပ်တို့လိုပဲ ရာဇဝတ်သားပေါ့။ အဘကရော ဘယ်လို ဒီကို ဘယ်လို ရောက်လာသလဲ။"
အက်စီနော့က သူ့ဘဝ အဖြစ်ဆိုးကို မပြောချင်ဘူး။ သက်ပြင်းချရင်းနဲ့ "ကိုယ့်အပြစ်ကြောင့် ထောင်ထဲမှာ ၂၆ နှစ်နေခဲ့ရပြီကွာ။"
"ဘာအပြစ်ကြောင့်လဲ" လို့ မာကာ ဆမ်မြူးနစ်က မေးတယ်။
ဒါပေမယ့် အက်စီနော့က "အင်း၊ အင်းပေါ့လေ။ ကျထိုက်လို့ ကျခဲ့တာပါပဲ။" လို့ ပြောပြီး စကားမဆက်တော့ဘူး။ ဒါပေမယ့် သူ့အပေါင်းအသင်းတွေက အက်စီနော့ ဆိုက်ဘေးရီးယားကို ဘယ်လိုရောက်လာတယ် ဆိုတာ ပြောပြကြတယ်။ လူတယောက်က ကုန်သည်ကို သတ်သွားတယ်၊ ဓါးမြောင်ကိုတော့ အက်စီနော့ရဲ့ ပစ္စည်းတွေကြားမှာ ထိုးထည့်ခဲ့တယ်၊ အက်စီနော့ဟာ မဟုတ်မမှန်ဘဲနဲ့ အပြစ်ပေးခံရတာ လို့ ပြောပြကြတယ်။  
ဒီစကားကို မာကာ ဆမ်မြူးနစ် ကြားတဲ့အခါ အက်စီနော့ကို ကြည့်လိုက်တယ်။ ဒူးကို ပုတ်ရင်း မှတ်ချက်ချတယ်။ "အင်း၊ အံ့ဩစရာပါလား။ တကယ် အံ့ဩစရာ ကောင်းပါလား။ ဒါပေမယ့် အဘ အသက် တော်တော်ကြီးပြီပဲ"
သူဘာကြောင့် အရမ်းအံ့ဩသွားသလဲ၊ အက်စီနော့ကို အရင်က ဘယ်မှာ မြင်ခဲ့ဖူးလဲ လို့ ကျန်တဲ့သူတွေက ဝိုင်းမေးကြတယ်။ "ဒီမှာ လာဆုံကြတာ အံ့ဩစရာပဲ အပေါင်းအသင်းတို့ရေ" လို့ပဲ သူပြောတော့တယ်။
ဒီစကားတွေက ဒီလူဟာ ကုန်သည်ကို ဘယ်သူသတ်တယ် ဆိုတာ သိလောက်တယ် လို့ အက်စီုနော့ အဖို့ သံသယ ဝင်လာစေတယ်။ ဒါနဲ့ "ဆမ်မြူးနစ်၊ မင်းလည်း အဲဒီဈေးရောင်းပွဲအကြောင်း ကြားဖူးမှာပေါ့။ ငါ့ကိုလည်း အရင်က မြင်ဖူးချင် မြင်ဖူးမှာပေါ့။" လို့ ပြောလိုက်တယ်။
"ဘယ်လို ကြားပါ့မလဲဗျာ။ ပေါက်တတ်ကရ စကားတွေက ပြည့်နေတာ။ ဒါပေမယ့် ကြာခဲ့ပြီလေ။ ကြားဖူးခဲ့ရင်တောင် မေ့ပြီပေါ့။"
"ဘယ်သူသတ်တယ် ဆိုတာတော့ မင်းကြားဖူးလောက်ပါတယ်။"
မာကာ ဆမ်မြူးနစ်က ရယ်ပြီး ဖြေတယ်။ "အိတ်ထဲမှာ ဓါးတွေတဲ့သူပဲ ဖြစ်မှာပေါ့။ တခြားတယောက်က ဓါးကို လာဖွက်ထားရင်လည်း၊ မမိရင် သူခိုး မဟုတ်ဘူး ဆိုတဲ့ စကားလိုပေါ့။ ခင်ဗျားခေါင်းအောက်မှာ ထားတဲ့ အိတ်ထဲ ဘယ်သူက ဓါးလာထည့်နိုင်မလဲဗျ။ ခင်ဗျား နိုးသွားမှာပေါ့။"
ဒီစကားတွေကို အက်စီနော့ ကြားရတဲ့အခါ ဒီလူဟာ ကုန်သည်ကို သတ်တဲ့လူပဲ၊ သေချာတယ်လို့ ခံစားမိတယ်။ သူထပြီး ထွက်သွားတော့တယ်။ အဲဒီညမှာ အက်စီနော့ အိပ်မပျော်ဘူး။ ဆိုးဆိုးဝါးဝါး စိတ်မသက်မသာ ခံစားနေရတယ်။ ပုံရိပ်အားလုံး သူ့စိတ်မှာ ပေါ်လာတယ်။ ဈေးရောင်းပွဲကို သွားခါနီး၊ ခွဲခွါချိန်က သူ့မိန်းမရဲ့ ပုံရိပ် ပေါ်လာတယ်။ မိန်းမရဲ့ မျက်နှာနဲ့ မျက်လုံးတွေ သူ့ရှေ့မှာ ပေါ်လာတယ်။ မိန်းမရဲ့ စကားသံ၊ ရယ်သံတွေ ကြားလာရတယ်။ နောက်တော့ ကလေးတွေကို မြင်တယ်။ အဲဒီတုန်းက တကယ့် ငယ်ငယ်လေးတွေပဲ။  တယောက်က အနွေးထည် အပေါ်ဝတ်ရုံလေးနဲ့၊ တယောက်က အမေ့ရင်ခွင်မှာ။ ပြီးတော့ သူ့ကိုသူ သတိရလိုက်တော့ ငယ်တုန်း၊ ပျော်တုန်း။ သူအဖမ်းခံခဲ့ရတဲ့ တည်းခိုခန်းရှေ့ အမိုးအောက်မှာ ဂစ်တာထိုင်တီးတာ သတိရတယ်။ အပူပင်မဲ့ နေခဲ့တယ်။ သူကြိမ်ဒဏ်ပေးခံရတာ၊ သူ့ကို အမိန့်ချတဲ့သူ၊ အနားမှာ ရပ်နေသူတွေ၊ သံခြေကျဉ်းတွေ၊ အပြစ်ဒဏ်ကျသူတွေ၊ ထောင်ကျနေတဲ့ ၂၆ နှစ်ကာလတလျှောက်လုံးနဲ့ သူမရင့်ကျက်ခင် ငယ်ဘဝတွေကို စိတ်ထဲမှာ ပြန်မြင်လာတယ်။ ဒီအရာတွေအားလုံးက သူ့ကိုယ်သူ သတ်သေချင်လောက်အောင် စိတ်ထိခိုက်သွားစေတယ်။
"ဒါတွေအားလုံးကို အဲဒီဗီလိန်ကောင် လူယုတ်မာက လုပ်တာ။" လို့ အက်စီနော့ တွေးမိတယ်။ မာကာ ဆမ်မြူးနစ်အပေါ် သူအရမ်း စိတ်ဆိုးနေတယ်။ လက်စားချေချင်တယ်။ ကိုယ်လည်း သေချင်သေပါစေတော့။ တညလုံး ဆုတောင်းတယ်။ ဒါပေမယ့် စိတ်ငြိမ်သက်မှု မရဘူး။ နေ့အချိန်မှာ မာကာ ဆမ်မြူးနစ်နားကို မသွားဘူး။ ကြည့်လည်း မကြည့်ဘူး။
၂ ပတ်လောက် ကြာသွားတယ်။ အက်စီနော့ ညဖက်မှာ အိပ်မရဘူး။ ဘာလုပ်ရမှန်းမသိရလောက်အောင် ဝမ်းနည်းကြေကွဲနေပြီ။
တညတော့ ထောင်နားမှာ လမ်းလျှောက်ရင်း ထောင်သားတွေရဲ့  အိပ်စင်တစင်အောက်က မြေစိုင်တချို့ လိမ့်လာတာကို သတိထားမိတယ်။ ဘာလဲလို့ ရပ်ကြည့်လိုက်တယ်။ ရုတ်တရက် မာကာ ဆမ်မျိုးနစ်ဟာ စင်အောက်ကနေ ကုန်းကုန်းကြီး ထွက်လာတယ်။ အက်စီနော့ကို ကြောက်လန့်တကြား ကြည့်တယ်။ အက်စီနော့က သူ့ကို မကြည့်ဘဲ ကျော်သွားဖို့ ကြိုးစားတယ်။ ဒါပေမယ့် မာကာက သူ့လက်ကိုဆွဲပြီး သူ တံတိုင်းအောက်မှာ တွင်းတူနေတယ်။ သူ့လည်ရှည်ဖိနပ်ထဲမှာ မြေသယ်ပြီး ထုတ်နေတယ်။ ထောင်သားတွေ အလုပ်သွားရတဲ့အခါ လမ်းပေါ်မှာ နေ့တိုင်း သွန်တယ် လို့ ပြောတယ်။
"တိတ်တိတ်နေနော် အဖိုးကြီး။ ခင်ဗျားလည်း ထွက်ပြေးလို့ရတယ်။ အာချောင်ရင်တော့ ကျုပ်ကို သေအောင် ရိုက်ကြလိမ့်မယ်။ ကျုပ်က ခင်ဗျားကို အရင် သတ်မှာ။"
အက်စီနော့ဟာ သူ့ရန်သူကို ကြည့်ရင်း ဒေါသကြောင့် တုန်ခါနေတယ်။ လက်ကို ဆတ်ခနဲ ရုတ်လိုက်ပြီး "ငါ မလွတ်ချင်ဘူး။ မင်းလည်း ငါ့ကို သတ်စရာ မလိုဘူး။ မင်း ငါ့ကို ဟိုးကတည်းက သတ်ခဲ့ပြီးပြီပဲ။ မင်းအကြောင်းတော့ ငါ ပြောချင် ပြောမယ်၊ မပြောချင် မပြောဘူး၊ ဘုရားသခင် လမ်းပြတဲ့အတိုင်းပဲ။"
နောက်နေ့မှာ ထောင်သားတွေ အလုပ်သွားရတယ်။ ထောင်သား တယောက်တလေဟာ ဖိနပ်ထဲက မြေတွေ ထုတ်သွားတာကို အစောင့် စစ်သားတွေက သတိပြုမိသွားတယ်။ ထောင်ထဲမှာ ရှာတော့ လှိုင်ခေါင်းကို တွေ့ကြတယ်။ ထောင်အာဏာပိုင်ကြီး ရောက်လာပြီး ထောင်သားအားလုံးကို လှိုင်ခေါင်း ဘယ်သူတူးသလဲလို့ စစ်မေးတယ်။ အကုန်လုံးက မသိလိုက်ပါဘူးလို့ ငြင်းကြတယ်။ မာကာ ဆမ်မြူးနစ်လို့ ဖေါ်ရင် သူ့ခမျာ သေလုအောင် အရိုက်ခံရမှာကို သိနေကြတော့ မဖေါ်ကြဘူး။ နောက်ဆုံးတော့ ထောင်အာဏာပိုင်ကြီးဟာ ဖြောင့်မတ်တဲ့သူလို့ သူသိထားတဲ့ အက်စီနော့ဖက် လှည့်ပြီး ပြောတယ်။
"ခင်ဗျားကတော့ လူမှန်ကြီးပါ။ ဘုရားသခင်ရှေ့မှာ ပြောပါ။ အဲဒီတွင်း ဘယ်သူ တူးသလဲ။"
မာကာ ဆမ်မြူးနစ်က လုံးဝ မစိုးရိမ်တဲ့ပုံနဲ့ ရပ်နေပြီး ထောင်အာဏာပိုင်ကြီးကို ကြည့်နေတယ်။ အက်စီနော့ကိုတော့ သိပ်ကြာကြာ ငေးမကြည့်ဘူး။ အက်စီနော့ရဲ့ နှုတ်ခမ်းနဲ့ လက်တွေ တုန်နေတဘ်။ အတော်ကြာအောင် စကားမပြောနိုင်ရှာဘူး။ "ငါ့ဘဝကို ဖျက်ဆီးခဲ့တဲ့သူကို ငါက ဘာကြောင့် ဖုန်းကွယ်ပေးရမလဲ၊ ငါခံရတဲ့ ဒုက္ခတွေအတွက် သူ ပေးဆပ်ပါစေ၊ ဒါပေမယ့် ငါပြောပြန်ရင်လည်း သူတို့က သူ့ကို သေအောင်ရိုက်မှာ၊ ငါ မှားပြီး သံသယဝင်တာလည်း ဖြစ်နိုင်တယ်။ နောက်ပြီးတော့ ငါ့အတွက် ဘာအကျိုးရှိလို့လဲ။" လို့ တွေးမိတယ်။
"ကဲ .. အဖိုးကြီး၊ အမှန်အတိုင်း ပြောပါ။ တံတိုင်းအောက်မှာ ဘယ်သူ တူးသလဲ။" လို့ ထောင်အာဏာပိုင်ကြီးက ထပ်မေးတယ်။
အက်စီနော့က မာကာ ဆမ်မြူးနစ်ကို လှမ်းကြည့်လိုက်တယ်။ "ကျွန်တော် မပြောနိုင်ပါဘူး ခင်ဗျာ။ ပြောဖို့ ဘုရားအလိုတော် မရှိပါဘူး။ ကျွန်တော်ကို ကြိုက်သလို အပြစ်ပေးပါ။ ကျွန်တော်က ထောင်အာဏာပိုင်ကြီးရဲ့ လက်ထဲမှာပါ။" လို့ ပြောလိုက်ပါတယ်။
ထောင်အာဏာပိုင်ကြီး ဘယ်လောက်ပဲ ကြိုးစားမေးပေမယ့် အက်စီနော့က ဆက်မ‌ပြောတော့ဘူး။ ဒါနဲ့ အမှုကို ဒီအတိုင်းပဲ ထားလိုက်ရတယ်။
အဲဒီညမှာ အက်စီနော့က အိပ်ယာမှာ လှဲနေတယ်။ မှေးကနဲ အိပ်ပျော်စမှာ လူတယောက် တိတ်တိတ်လေး ရောက်လာပြီး သူ့အိပ်ယာမှာ ထိုင်တယ်။ အမှောင်ထဲမှာ စူးစမ်းကြည့်လိုက်တော့ မာကာမှန်း ရိပ်မိတယ်။
"မင်း ငါ့ဆီက ဘာလိုချင်သေးလို့လဲ၊ မင်း ဒီကို ဘာလို့ လာသလဲ" လို့ အက်စီနော့က မေးတယ်။
မာကာ ဆမ်မြူးနစ်က တိတ်နေတယ်။ ဒါနဲ့ အက်စီနော့က ထိုင်လိုက်ပြီး "မင်း ဘာလိုချင်လို့လဲ။ ထွက်သွားတော့။ မဟုတ်ရင် အစောင့်ကို ခေါ်လိုက်မယ်။"
မာကာ ဆမ်မြူးနစ်က အက်စီနော့ဖက်ကို ကိုယ်ကိုင်းပြီး တိုးတိုးလေး ပြောတယ်။ "အီဗင် ဒီမီးထရစ်၊ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။"
"ဘာအတွက်လဲ" လို့ အက်စီနော့က မေးတယ်။
"ကုန်သည်ကို သတ်ပြီး၊ ဓါးကို ခင်ဗျားပစ္စည်းတွေကြားမှာ ဖွက်ထားခဲ့တာ ကျွန်တော်ပါ။ ခင်ဗျားကိုလည်း သတ်မလို့ပဲ။ ဒါပေမယ့် အပြင်က အသံကြားလို့ ဓါးကို ခင်ဗျားအိတ်ထဲမှာ ဖွက်ပြီး ပြတင်းပေါက်ကနေ ထွက်ပြေးခဲ့ရတာ။"
အက်စီနော့ တိတ်ဆိတ်နေတယ်။ ဘာပြောရမှန်း မသိတော့ဘူး။ မာကာ ဆမ်မြူးနစ်က အိပ်စင်ကနေ ဆင်းပြီး မြေပြင်မှာ ဒူးထောက်နေတယ်။ "အီဗင် ဒီမီးထရစ်၊ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကြောင့် ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။ ကုန်သည်ကို သတ်ခဲ့တာ ကျွန်တော်ပါလို့ ဝန်ခံပါမယ်။ ခင်ဗျား ထောင်က လွတ်ပြီး အိမ်ပြန်ရမှာပါ။"
"မင်းပြောတော့ လွယ်တယ်။ မင်းကြောင့် ငါ့မှာ ၂၆ နှစ်လုံးလုံး ဒုက္ခရောက်ခဲ့ပြီ။ အခုမှ ဘယ်ကိုသွားလို့ရမလဲ။ ငါ့မိန်းမ သေပြီ။ ငါ့သားသမီးတွေလည်း ငါ့ကို မေ့ပြီ။ ငါ့မှာ သွားစရာ မရှိတော့ဘူး။"
မာကာ ဆမ်မြူးနစ်က ခေါင်းမဖေါ်ဘဲ သူ့ခေါင်းနဲ့ ကြမ်းပြင်ကို ဆောင့်နေတယ်။ "အီဗင် ဒီမီးထရစ်၊ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။" သူ ငိုတယ်။ "သူတို့ ကျွန်တော့ကို ကြိမ်ဒဏ်ပေးတုန်းက ကြာပွတ်နဲ့ ရိုက်တာတောင် အခုခင်ဗျားကို ကြည့်ရတာလောက် နာနာကြင်ကြင် မခံစားရဘူးဗျာ။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့ကို ငဲ့ညှာခဲ့ပါတယ်။ ဖွင့်မ‌ပြောလိုက်ဘူး။ ခရစ်တော်ဘုရားကို ထောက်ထားပြီး သိပ်ဆိုးတဲ့ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ။" သူ ရှိုက်ရှိုက် ငိုတယ်။
သူရှိုက်က်ငိုသံကို အက်စီးနော့ ကြားတဲ့အခါ သူလည်း ငိုတယ်။ "ဘုရားသခင်က မင်းကို ခွင့်လွှတ်မှာပါ။ ငါက မင်းထက် အဆတရာ ပိုဆိုးချင် ဆိုးနေမှာပါ။" ဒီစကားပြောရင်း သူ့စိတ်နှလုံးထဲမှာ လင်းလာတယ်။ အိမ်ကို လွမ်းတဲ့ စိတ် မရှိတော့ဘူး။ ထောင်က လွတ်ချင်စိတ်လည်း မရှိတော့ဘူး။ သူ့ဘဝရဲ့ နောက်ဆုံးချိန်လေး ရောက်လာဖို့ပဲ မြော်လင့်တော့တယ်။
အက်စီနော့ ပြောပေမယ့်လည်း မာကာ ဆမ်မြူးနစ်က သူ့အပြစ်တွေကို ဝန်ခံလိုက်တယ်။ ဒါပေမယ့် သူ့အတွက် လွှတ်မိန့်ရောက်လာချိန်မှာတော့ အက်စီနော့က သေသွားခဲ့ပါပြီ။
(Written in 1872.)

ဘာသာပြန် - ဆလိုင်း ထိန်ဝင်းအိ

No comments:

Post a Comment