Showing posts with label Dr. Jack Hyles. Show all posts
Showing posts with label Dr. Jack Hyles. Show all posts

Wednesday, August 4, 2010

Hyles, 6, DANIEL'S SPIRIT

 DANIEL'S SPIRIT
ဒံယေလရဲ့ ဝိညာဉ်စိတ်အားကြီးခြင်း

(Chapter 6 from Dr. Hyle's excellent book, Blue Denim and Lace)


" ဒံယေလသည် - - -  - ထူးဆန်းသော ဉာဏ်နှင့်ပြည့်စုံ၍    မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့် နိုင်ငံတော် တနိုင်ငံလုံးကို သူ၌အပ်နှင်းမည်ဟု ရှင်ဘုရင်သည် အကြံရှိတော်မူ၏။ " (ဒံယေလ ၆: ၃ )

ဒံယေလအတွက် ကိုယ်ခန္ဓာ physical ထက် ဝိညာဉ်ရေး spiritual က ပို အရေးကြီးတယ်။ မမြင်ရတာတွေက မြင်ရတာတွေထက် အရေးကြီးပါတယ်။

သခင်ယေရှုက နောက်ဆုံးသောကာလအကြောင်း ပြောတဲ့အခါ လူတွေဟာ ရောင်းဝယ်၊ သောက်စား၊ အိမ်ထောင်ပြုတာတွေလုပ်နေမယ်လို့ ဆိုတယ်။ ရောင်းတာ၊ ဝယ်တာ၊ စားတာ၊ သောက်တာ၊ အိမ်ထောင်ပြုတာတွေဟာ အပြစ်တော့ မဟုတ်ဘူး။ ဒါတွေကို အဓိက မထားဖို့ပဲ လိုတယ်။

 ဒံယေလက ဝိညာဉ်ရေးကို ဦးစားပေးတယ်။ အစားအသောက်က ဒုတိယပါ။ ဒါဟာ အိပ်မက်အနက်ဖွင့်တာကို သူတပါးမလုပ်နိုင်ပဲ ဒံယေလလုပ်နိုင်ရခြင်းရဲ့ အဓိကအချက်ပဲ။ ခရစ်ယာန်တယောက်အနေနဲ့ မျက်မြင်ရအရာတွေကို အချိန်အများကြီးပေးပြီး၊ မျက်မြင်မရ အရာတွေအတွက် အချိန်နဲနဲပဲပေးတာ ဝမ်းနည်းစရာပါ။ ဒံယေလအတွက် ခန္ဓာက ဝိညာဉ်ကို မလွှမ်းမိုးဘူး။ ဝိညာဉ်က ခန္ဓာကို လွှမ်းမိုးထားတယ်။ အစားအသောက်စားပြီး ဘုရားသခင်ကို မပြစ်မှားဘူး။ ဘဝကို လေးလေးနက်နက် စဉ်းစားဆင်ခြင်တာ တွေ့ရတယ်။ တာဝန်သိတယ်။ အလိုတော် သိတယ်။ ဒီအချက်တွေနဲ့ အသက်ရှင်တယ်။

ဒံယေလလို ဝိညာဉ်ရေးကို အဓိကထားကြပါစို့။ အသက်ရှင်နေရခြင်းရဲ့ အဓိက အကြောင်းရင်းကို ရှာကြစို့။  အဓိကအချက်နဲ့ လွဲစေမယ့်အရာတွေကို ဘာမှ မလုပ်ပါနဲ့။ ဒီလိုလုပ်ဖို့ရာ ဝိညာဉ်စိတ်အားကြီးဖို့ လိုပါတယ်။

Hyles, 5, JONATHAN AND DAVID


JONATHAN AND DAVID
ဒါဝိဒ်နဲ့ ယောနသန်
Dr. Jack Hyles
(Chapter 5 from Dr. Hyle's excellent book, Blue Denim and Lace)
ယောနသံနဲ့ ဒါဝိတ်တို့ ခင်မင်မှုဟာ သမ္မာကျမ်းစာထဲမှာ အလှဆုံးအရာတွေထဲက တခုဖြစ်တယ်။

၁။ " ရှောလု၏သား ယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျှက်ရှိ၍ ဒါဝိဒ််ကို ကိုယ်နှင့်အမျှ ချစ်လေ၏။ "  ၁ရာ ၁၈: ၁ ။ သူက စွဲလန်းတာမဟုတ်ဘူး။ သူ့စိတ်က စွဲကပ်နေတယ်။ စစ်မှန်တဲ့ မိတ်ဆွေဆိုတာ ဘုရားပေးတာပါ။ ဒါဝိဒ်ကို အဲဒီလိုမိတ်ဆွေတယောက် ဘုရားသခင် ပေးတာပါ။ ကိုယ့်စိတ်စွဲလန်းရာ မိတ်ဆွေကို သိရတာ ပျော်စရာကောင်းပါတယ်။

၂။ အငယ် ၁ နဲ့ ၃ မှာ " ကိုယ်နှင့်အမျှ " လို့ ပြောပါတယ်။ ကိုယ့်စိတ်ဝိညာဉ်ကို ချစ်သလို ချစ်တာပါ။ နှစ်ကိုယ့် တစိတ် " One soul in two bodies " ပါပဲ။ ကိုယ့်ရဲ့ ကိုယ်ပွါး " another self "ပါပဲ။ သူ့အရေးဟာ ကိုယ့်အရေးပါပဲ။

၃။  ယောနသန်က ဒါဝိဒ််ကို နိုင်ငံတော်ပေးချင်ခဲ့တာပါ။ (၁ရာ ၁၈: ၄ ) ယောနသန်က ရှောလုရဲကသား၊ ရှောလုက ဘုရင်၊ ယောနသန်က ထီးနန်းအတွက် အမွေခံ။ ဒါပေမယ့် ကိုယ်မိတ်ဆွေကိုသာ ပေးလိုက်ချင်တာပါ။ အချစ်စစ်ဆိုတာ ပေးပဲ ပေးချင်နေတာပါ။ ပေးလို့ကို မဝတာပါ။ အကုန်ပေးရမှ ကြေနပ်တာပါ။

၄။ မိတ်ဆွေဆိုတာ လုပ်ယူဖိုပ မလိုဘူး။ "ယောနသန်" ဆိုတာ "ဘုရားသခင်ပေးတာ" "God has given" or "given by God" လို့ ဆိုလိုတယ်။ ကယ်တင်ခြင်းပြီးရင်တော့ ဘုရားပေးတဲ့ ဆုကျေးဇူးတွေထဲမှာ မိတ်ဆွေဟာ အကြီးမားဆုံး လက်ဆောင်ပါ။

၅။ မိတ်ဆွေဟာ သွေးသားတော်စပ်တာထက် ပိုနီးကပ်တယ်။ (၁ရာ ၁၉: ၂) သုတ္တံ ၁၈: ၂၄ မှာ မိတ်ဆွေဟာ ညီအကိုထက် သာ၍စွဲကပ်တယ်လို့ ဆိုတယ်။ ယောဟန် ၁၅: ၁၃ မှာ မိတ်ဆွေအတွက် အသက်စွန့်တဲ့ မေတ္တာထက် မြတ်တာမရှိဘူးလို့ တွေ့ရတယ်။ သခင်ယေရှုကို ချစ်တဲ့မေတ္တာ၊ ခရစ်ယာန် အချင်းချင်း ချစ်တဲ့မေတ္တာဟာ သွေးသားတော်စပ်မှုထက် မကပါဘူး။

၆။ တယောက်အတွက် တယောက် အသက်စွန့်ရုံမျှမက သားစဉ်မြေးဆက် စောင့်ရှေက်ကြဖို့ သစ္စာ ပြုကြတယ်။ သူတို့လို မိတ်ဆွေအတွက် အသက်ပေးရဲသလား။ အသက်ပေးရဲလောက်အောင် ချစ်တတ်သူတွေဟာ မင်္ဂလာရှိပါတယ်။

၇။ ယောနသန်က နောက်လိုက်ပဲ ဖြစ်ချင်တာပါ။ (၁ရာ ၂၃: ၁၇) မိတ်ဆွေစစ်ဟာ ဒုတိယပဲ ဖြစ်ချင်တာပါ။ ကိုယ်ထက် သူတပါးကိုသာ ချီးမြှောက်ချင်တယ်။ နောက်ကပဲ အားပေးချင်တယ်။ ချစ်နေရရင် ပြီးပြီ။ အချစ်ခံချင်နေတာ မဟုတ်ဘူး။ ကူညီချင်တာ၊ ကူညီစေချင်နေတာ မဟုတ်ဘူး။ မိတ်ဆွေ ကောင်းစားရင် ဝမ်းသာနေတယ်။

၈။  ယောနသန်က ဒါဝိဒ်ကိုတွေ့တိုင်း သူ့မေတ္တာကို ပြပုံရတယ်။ မေတ္တာစစ်ကို ယုံကြည်စိတ်ချဖို့ လိုတယ်မဟုတ်လား။ လူဆိုတာ အထပ်ထပ် ပြောမှ ယုံတာပါ။

၉။ ယောနသန်မှာ မိတ်ဆွေဆိုလို့ ဒါဝိဒ်တယောက်ပဲ ရှိပုံရတယ်။ နက်ရှိုင်းတဲ့ မေတ္တာကို လျှော့မတွက်သင့်ဘူး။ ဘုရားအလိုတော်နဲ့အညီ သတိထားရွေးရတာမျိုးပါ။

၁၀။ ယောနသန်က ဒါဝိဒ် စိတ်တိုင်းကျ လုပ်ပေးတယ်။ (၁ရာ ၂၀: ၄) မိတ်ဆွေရဲ့ တောင့်တခြင်းဟာ ဘုရင့်အမိန့်တော်လိုပါပဲ။ The desire of a friend is a Royal Command!

၁၁။ ကိုယ်ခန္ဓာအားဖြင့် ဝေးကွာပေမယ့် မိတ်ဆွေဟာ စိတ်အားဖြင့် မကွာဘူး။ ယောနသန်နဲ့ ဒါဝိဒ်ဟာ အတူမနေရပေမယ့် စိတ်က မကွာဘူး။ ဖိလိပ္ပိ ၁: ရ၊ ၈ မှာ ရှင်ပေါလုက သူ့စိတ်ထဲမှာ ဖိလိပ္ပိမြို့သားတွေ ရှိနေတယ်။ လွမ်းနေတယ်လို့ ဆိုတယ်။ ဘယ်အရာကမှ မကွဲကွာစေနိုင်တဲ့ ချစ်ခြင်းမျိုးပါပဲ။

၁၂။ ယောနသန်သေပြီးနောက် ဒါဝိဒ်မှာ ဘာတွေ ဖြစ်လာသလဲဆိုတာ စိတ်ဝင်စားစရာပါ။ ယောနသန်သေပြီး မကြာပါဘူး၊ ဗာသရှေဘနဲ့ မှားတယ်။ မွေးလာတဲ့ သားကလေး သေရတယ်။ သားတယောက်က နှမကို ပြစ်မှားတယ်။ သားတယောက်က တခြားတယောက်ကို သတ်တယ်။ သတ်တဲ့သားက အဖေကို ပုန်ကန်တယ်။ ထီးနန်းလုတယ်။ တိုက်ပွဲမှာ အဖေ့ရဲ့ တပ်က သတ်ပစ်ခဲ့တယ်။ ဒါမျိုးတွေ ယောနသန်ရှိတုန်းက ဒါဝိဒ်မှာ မဖြစ်ဘူး။ မိတ်ဆွေက ထိန်းပေးခဲ့တာ မဖြစ်နိုင်ဘူးလား။ မိတ်ဆွေကောင်းရှိရင် ခရစ်ယာန်တယောက် ပိုကောင်းလာနိုင်တယ်။ 

၁၃။ ယောနသန်ရဲ့ နက်ရှိုင်းတဲ့ မေတ္တာကို ဒါဝိဒ် နားလည်ခဲ့ဟန် မတူဘူး။ ချစ်ခြင်းမေတ္တာဟာ တခါတလေမှာ တဖက်သတ် ဖြစ်နေတတ်တယ်။ ဒါဝိဒ်ဟာ ယောနသန်ကို မေတ္တာ ပြခွင့်မရခဲ့ဘူး။ ဒါပေမယ့် ယောနသန်ရဲ့ မေတ္တာဟာ မိန်းမကို စွဲလန်းတာထက် ပိုတယ်လို့ သူက ဆိုတယ်။ ဒီလိုမိတ်ဆွေမျိုး လိုလို့ ဘုရားသခင်ပေးခဲ့တယ်။

၁၄။ ယောနသန်သေပေမယ့် ဒါဝိဒ်ရဲ့ မေတ္တာက ဆက်ရှိနေတယ်။ ၂ရာ ၉: ၁ မှာ ယောနသန်ရဲ့ သားတယောက်ကို ဒါဝိဒ်က ချီးမြှောက်တယ်။ ခြေမသန်စွမ်းတဲ့ မေဖိဗောရှက်ကို  နန်းတော်မှာ နေရာပေးခဲ့တယ်။ ဒီထက်စောစော ကျေးဇူးပြုနိုင်သားနဲ့ လို့ တချို့က ဆိုတယ်။ မေတ္တာပြဖို့ နောက်ကျနေတာ ဖြစ်နိုင်တယ်။ ဒါမျိုးက ဖြစ်တတ်တယ်။ မိတ်ဆွေကို ကျေးဇူးပြုဖို့ ကြိုစဉ်းစားပြီး၊ ဖွင့်ပြောပြသင့်တယ်။ အသိပေးသင့်၊ ဝေမျှသင့်တယ်။ မိဘသေပြီးနောက် သားသမီးကို ကြည့်ရှုစောင်မတာ ကောင်းပါတယ်။ မသေခင်ဆို ပိုကောင်းတာပေါ့။  မိဘနဲ့ သားသမီး၊ လင်နဲ့မယား၊ မောင်နှမ စတဲ့   ချစ်ခြင်းတွေထက် ယောနသန်နဲ့ ဒါဝိဒ်ရဲ့ ချစ်ခြင်းကတော့ ဘုရားသခင်ပေးတာပါ၊ ထာဝရတည်ပါတယ်။

Hyles, 4, Sacred Things

SACRED THINGS
သန့်ရှင်းသောအရာများ

(Chapter 4 from Dr. Hyle's excellent book, Blue Denim and Lace)

ဂျူးလူမျိုးတွေမှာ သန့်ရှင်းတဲ့နေ့တွေ၊ ကာလတွေ၊ ပွဲနေ့တွေ ရှိတယ်။ ကောလောသဲ ၂: ၁၄-၁၇ မှာတော့ ဒါတွေအားလုံး ကားတိုင်မှာ ရိုက်ထားလိုက်ပြီ။ " ထို့ကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုဒ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ်လတံ့သောအရာတို့၏ အရိပ်ဖြစ်ကြ၏။ "

ရှင်ပေါလုက ဂလာတိလူတွေကို ပညတ်တရား legalism သမား တွေ ဖြစ်မှာစိုးတယ်။ ခရစ်တော်၌ဆိုရင် နေ့တိုင်းဟာ ဥပုဒ်၊ နေ့တိုင်း သန့်ရှင်းတယ်လို့ ပြောရတယ်။

ဂျူးလူမျိုးတွေမှာ သန့်ရှင်းတဲ့နေရာ အရပ်တွေလည်းရှိတယ်။ အသန့်ရှင်းဆုံးအရပ်ဆိုတာလည်း ရှိတယ်။ ယာကုပ်ရေတွင်းမှာတွေ့တဲ့ အမျိုးသမီးကို ပြောရာမှာ " ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည် နံဝိညာဉ်နှင့်၄င်း၊ သစ္စာနှင့်၄င်း ကိုးကွယ်ရမည် " ( ယော ၄:၂၃ ) အဲဒီတော့ သန့်ရှင်းရာ အရပ်ဆိုတာ မရှိတော့ဘူး။ သန့်ရှင်းတဲ့ တော်စပ်မှု sacred relationships တွေပဲ ရှိတော့တယ်။

သန့်ရှင်းရာ အရပ်ဆိုတာ မရှိတော့ဘူး။ ကိုယ် နှစ်သက်တဲ့အရပ်ပဲရှိတယ်။ သန့်ရှင်းရာ နေ့ရက််ဆိုတာ မရှိတော့ဘူး။ ကိုယ်နှစ်သက်တဲ့ နေ့စွဲတွေပဲရှိတယ်။ ဒီလိုဖြစ်စေတာက တော်စပ်၊ ပတ်သက်မှုကြောင့်ပဲ။

၁။ နောင်မှာ ဘယ်လို ခံစားရမလဲ စဉ်းစားကြည့်ပါ။ နောင်မှာ အဖိုးတန်မယ်ဆိုရင် အခုလည်း တန်ဖိုးထားပါ။ လူ့သဘာဝမှာ ဆိုးတာက သေမှ၊ လွန်မှ တန်ဖိုးထား၊ တမ်းတတတ်ကြတာပဲ။ အတူနေတုန်းမှာ တန်ဖိုးထားတတ်ပါ။

၂။ အခု အသုံးဝင်တာတွေဟာ နောင်မှာ ဘာမှ အသုံးမရ ဖြစ်တတ်တယ်။ Everything is temporary. ဘာမှ မမြဲဘူး။ အဲဒီတော့ အသုံးဝင်တာလည်း အသုံးမဝင်သလို၊ နောင် အသုံးမဝင်မယ့် အရာလည်း အခု အသုံးမဝင်လို သဘောထားဖို့ပါပဲ။ အဖြစ်အပျက်ကလေးတခုကို ပြန်တမ်းတရတာက နေရာတွေ၊ အချိန်တွေကြောင့် မဟုတ်ပဲ၊ ပါဝင်ခဲ့တဲ့ လူကြောင့်သာ ဖြစ်တယ်။

၃။ တနေရာမှာ အတူနေပါ။ အတူနေတာ ပျော်စရာ ကောင်းတယ်။ ရင်းနှီးလာမယ်။ အတူစား၊ အတူသွား၊ အတူဆုတောင်းသူတွေရှိတယ်။ စားနေကြ နေရာ၊ စားနေကြ အချိန်ဆို ပို စိတ်စွဲလာတတ်တယ်။ Man is a creature of habits. လူမှာ အကျင့်ပဲ။ ကောင်းတဲ့ အလေ့အထကလေးတွေကိုတော့ နောင်အမှတ်ရစရာ အဖြစ်သာမက အခုကတည်းက တန်ဖိုးထားတတ်ဖို့ လိုတယ်။

၄။ လက်ရှိ ခင်မင်မှုကို တိုင်းတာပါ။ ဆိုးတာတခုက မတိုင်းတာခင် အပျက် စောင့်တတ်ကြတာပဲ။ ကောင်းတုန်း တိုင်းတာပါ။ မှားမှ၊ လွဲမှ နှမြောဖို့ စောင့်မနေပါနဲ့။ သေခြင်းက သန့်ရှင်းစေတာ မဟုတ်ဘူး။ ရှင်ခြင်းကသာ သန့်ရှင်းစေတာပါ။ ကောင်းတာလေးတွေက သန့်ရှင်းစေတာပါ။ ကိုယ့်အလုပ်ရှင်က သဘောကောင်းရင် အခု သိပါ။ သူမရှိတော့တဲ့ အထိ စောင့်မနေနဲ့။  အိမ်ထောင်ဖက်ကောင်းရင်လည်း အခု သိတော့။ သေမှ သိဖို့ စောင့်မနေနဲ့။

၅။ ပေးသင့်တဲ့ လက်ဆောင်ကို ပေးပါ။ လက်ဆောင်ဟာ အဆောင်တမျိုး Shrine ပဲ။ ချစ်ခင်သူကို ပို သတိရစေသလို၊ ဆုတောင်းပေးဖို့လည်း သတိရစေတယ်။

၆။ အချိန်သတ်မှတ်ထားရင် သန့်ရှင်းတဲ့ အချိန်တွေ ဖြစ်လာတတ်တယ်။ အချိန်မှန်မှန် ပေးတတ်သူမှာ  သတိရစရာတွေ ဖြစ်လာမယ်။

၇။ သွားနေကြ လမ်းကြောင်းဟာ သန့်ရှင်းတဲ့နေရာ ဖြစ်လာစေတယ်။ ကျောင်းသွားနေကြလမ်း၊ အလုပ်သွားနေကြလမ်းတွေဟာ စိတ်စွဲစရာ ဖြစ်လာတတ်တယ်။

၈။ ရင်းရင်းနှီးနှီး နေပါ။  ငယ်ငယ်က စာအုပ်တအုပ် ဖတ်ဖူးတယ်။ အသေးစိတ်တော့ မမှတ်မိတော့ဘူး။ အဲဒီစာအုပ်ဖတ် မိတော့ ပေါင်းဖေါ် မိတ်ဆွေဖွဲ့ရမှာ မကြောက်တော့ဘူး။ စိတ်အားမငယ်တော့ဘူး။ မိတ်ဆွေတွေဟာ သီးသန့် တန်ဖိုးထားစရာ သန့်ရှင်းရာတွေ ဖြစ်လာတယ်။

သန့်ရှင်းရာ အရပ်ဆိုတာ မရှိတော့ဘူး။ သန့်ရှင်းရာ နေ့ရက််ဆိုတာ မရှိတော့ဘူး။ ပတ်သက်မှုကြောင့်သာ ဖြစ်ရတော့တယ်။ အဖိုးတန် လေးနက်တဲ့ တော်စပ်မှုတွေ ဖြစ်လာနိုင်တယ်။ လက်ဆောင်တွေကလည်း အဆောင် Shrine တွေ ဖြစ်လာနိုင်တယ်။ နေရာတိုင်းဟာ သန့်ရှင်းတဲ့ ဘုရားကျောင်း၊ အချိန်တိုင်းဟာ သန့်ရှင်းတဲ့ ဥပုဒ်နေ့ ဖြစ်လာနိုင်ပြီ။

Wednesday, June 23, 2010

The importance of little things by Dr. Jack Hyles သေးငယ်တဲ့အရာတွေရဲ့ အရေးပါပုံ

THE IMPORTANCE OF LITTLE THINGS

သေးငယ်တဲ့အရာတွေရဲ့ အရေးပါမှု    

(Chapter 3 from Dr. Hyle's excellent book, Blue Denim and Lace)


သေးငယ်တဲ့အရာတွေဟာ အရေးပါနေတာကို ကျမ်းစာထဲမှာ တွေ့ရတယ်။ မုဆိုးမရဲ့ နဲပါးတဲ့ အလှူငွေ၊ သခင်ယေရှုရဲ့ ပထမဦးဆုံးပြတဲ့ နိမိတ်လက္ခဏာထဲက ရေထည့်တဲ့ အိုးတွေ၊ ရှန်ဂါရဲ့ နွားမောင်းတဲ့ တုတ်၊ မောရှေရဲ့ တောင်ဝှေး - - - -  စသည်ဖြင့် - - - -

အောင်မြင်မှုနဲ့ အရှုံးတို့ရဲ့ကြားက အဓိက ကွာခြားချက်ကြီးတခုကတော့ သေးငယ်တဲ့ အရာတွေ အပေါ်မှာ ထားတဲ့ အလေးထားမှုပါပဲ။ အရည်အချင်းတူပါလျက်နဲ့ အောင်မြင်မှုမတူတတ်ကြတဲ့ အကြောင်းရင်း တချက်ရှိတယ်။ အရည်အချင်းရှိသူထက် မရှိသူက ပိုအောင်မြင်တတ်တာလည်း ခဏခဏပါပဲ။

အောင်မြင်သူတယောက်ကို ဘက်စုံတော်တဲ့သူလို့ ပြောတတ်ကြတယ်။ သူလည်း အသေးအမွှားတွေမှာ အလေးထားလွန်းလို့ ဝေဖန်ခံရဦးမှာပဲ။  ဒါပေမယ့် မအောင်မြင်သေးရင်၊ အောင်မြင်တဲ့သူရဲ့ နည်းကို လေ့လာသင့်ပါတယ်။ ကိုယ်နဲ့မတူလို့ ဝေဖန်တာမျိုး မဟုတ်ဘဲ၊ နည်းစနစ်ကို ဆန်းစစ်တာ ဖြစ်ရမယ်။ တယောက်နဲ့တယောက် မတူတာက အစကတည်းက မတူကြလို့ပါ။ မတူတာလေးတွေက လူကို ထူးခြားစေတာပါ။ ဝေဖန်မယ့်အစား အတုယူလိုက်တာက ပိုကောင်းပါတယ်။

၁။ ထူးမြတ်ဖို့အတွက် အသေးအမွှားတွေလုပ်ရတယ်။ 

လူတွေက ကြီးမားတာပဲ လုပ်ချင်တယ်။ စိန်ခေါ်နေတဲ့ အရာတွေပေါ့။  လူတွေ မတူရတာက အသေးအမွှားတွေကို ဂရုစိုက်ပုံ မတူလို့ပါ။ အောင်မြင်တဲ့သူတွေကို သေသေချာချာ လေ့လာကြည့်တော့ အသေးအမွှားကို အလေးထားကြတယ်။ အရေးမကြီးတာတွေကို အလေးထားတယ်။ ဘာမဆို အရေးကြီးနေတယ်။ "ပင်လယ် သမုဒ္ဒရာနဲ့ ကုန်းမြေတွေဆိုတာ မိုးရေစက်တွေ၊ သဲပွင့်တွေနဲ့ ဖြစ်တည်နေရတာကို " သိထားကြတယ်။

၂။ အသေးအမွှားကို အလေးမထားသူတွေက အလေးထားသူတွေကို နားလည်လွဲကြတယ်။ 

" ပိုလွန်းတယ်၊ ကြိုးစားလွန်းတယ် " ဆိုတယ်။ အချိန်တိကျတာ၊ သပ်ရပ်တာ၊ စေ့စပ်တာတွေ အတွက်ပေါ့။ သူ့အတွက်က အသေးအမွှားရယ်လို့ မရှိတော့ လူတွေ နားလည်လွဲတတ်ကြတာပေါ့။

၃။ ကြီးမားတာတွေဟာ သေးငယ်တယ်။ 

အခုခေတ်မှာ သိလာကြပြီ။ အားအပြင်းဆုံးအရာဟာ အသေးငယ်ဆုံးအရာတွေကို ခွဲစိတ်ထားတာပါ။ အက်တမ်ကို ခွဲထုတ်လိုက်တော့ အားအပြင်းဆုံး ပေါက်ကွဲလာနိုင်တယ်။ အဲဒီတော့ အားဟာ ကြီးမားတဲ့အရာမှာ ရှိတာမဟုတ်ဘူး။ အသေးအမွှားမှာ ရှိနေတယ်။ ပြင်းအားဟာ အသေးအမွှားကို ဂရုစိုက်သူမှာ ရှိနေတယ်။ လုပ်ထိုက်တဲ့အရာ မှန်သမျှကို အကောင်းဆုံး လုပ်ရမယ်။

၄။ အသေးအမွှားကို ကောင်းကောင်းလုပ်ရင်၊ ကြီးမားတာကိုလည်း ကောင်းကောင်းလုပ်မှာပဲ။ တရားဟောရင် နောက်တန်းက ကြားရမှ၊ ရှေ့တန်းကလည်း ကြားရမယ်။

၅။ သေးငယ်တဲ့အရာတွေဟာ ကြီးမားတာတွေ ဖြစ်လာတတ်တယ်။ 

လူတယောက်က ပြောဖူးတယ်။ " သတင်းစာပို့တဲ့ ကလေးကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံနော်၊ တနေ့ သူဘဏ်မှာ ပိုက်ဆံချေးဖို့ ကြိုးစားရင် ကြိုးစားနေရဦးမယ်။ " တဲ့။ တခြားတယောက်ကလည်း ပြောတယ်။ " ခြံထဲမှာ ကစားနေတဲ့ ကလေးကိုလည်း ကြင်နာပါ၊ တနေ့ သူ့တရားရုံးမှာ အစစ်ခံချင် ခံနေရဦးမယ် " လို့ ဆိုတယ်။ အကောင်းဆုံးကတော့ နိမ့်ကျသူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံ၊ အသေးအမွှားလည်း ကောင်းကောင်းလုပ်၊ လူနဲနဲကိုလည်း ကောင်းကောင်းဟော၊ အသေးအမွှားအလုပ်ကိုလည်း ကောင်းကောင်း ပြင်ဆင််ရင် ကြီးမြတ်သူတယောက် ဖြစ်လာမှာ သေချာတယ်။ သေးငယ်တဲ့အရာတွေဟာ ကြီးမားလာတတ်ပြီး၊ ကြီးမားတာတွေက သေးငယ်သွားတတ်တာကို မမေ့ပါနဲ့။ ဒါကို ခွဲခြားတတ်ဖို့ မလွယ်ဘူး။

၆။ အလုပ်ကို အရွယ်အစားနဲ့ မတိုင်းရဘူး။ အမှန်အတိုင်းပဲတိုင်းရတယ်။ 

လုပ်ငန်းရှင်ကြီးတယောက် တံမြက်စည်းလှည်းနေတာ တွေ့ရဖူးတယ်။ ဒါကြောင့် ကြီးမြတ်တာပဲ။ အသေးအမွှားမလုပ်ချင်ရင် ကြီးမားတာတွေ မတွေ့ရတတ်ဘူး။ မလုပ်တတ်ဘူး။ ပညာမရဘူး၊ ဇွဲမရှိဘူး။ ကိုယ်နဲ့ မတန်ဘူးထင်ရင်လည်း လုပ်ပါ။ အလုပ်က မကြီးမြတ်ပေမယ့် လုပ်နည်းက ကြီးမြတ်နိုင်တယ်။ လုပ်ပုံကိုကြည့်ပြီး၊ ဒီထက်ပိုကြီးမြတ်တာတွေနဲ့ ထိုက်တန်တယ်လို့ သူတပါး မြင်လာစေနိုင်တယ်။ အောင်မြင်မယ့် နည်းစနစ်တွေလည်း သင်ယူပြီးသား ဖြစ်နေနိုင်တာပေါ့။

၇။ အသေးအမွှားတွေကို အမြဲစစ်ဆေးတဲ့ အကျင့်လုပ်ပါ။ 

ငွေကို အားမကိုးနဲ့။ ကြီးမားတာတွေကို အလိုလို အမှတ်ရနေမယ်။ အသေးအမွှားတွေကိုတော့ သတိထားတတ်မှ ရမယ်။ ဖြစ်နိုင်ရင် ချက်ချင်း လုပ်ပါ။ အသေးအမွှားတွေကို သတိမထားတတ်လို့ ဒုက္ခရောက်ရတတ်တယ်။ အိမ်တွေကို ပျက်စမှာ မပြင်လို့ စျေးကျရတယ်။ ကားတွေလည်း ပျက်စမှာ မပြင်တော့ စျေးကျတတ်တယ်။

၈။ အသေးအမွှားတွေကို လုပ်ဆောင်ခြင်းဟာ ခရစ်တော်နဲ့ တူစေတယ်။ 

ခရစ်တော်က အသင်းတော်ကြီးကို ဦးဆောင်ခဲ့တာ မဟုတ်ဘူး။ သမ္မတတို့၊ ဝန်ကြီးတို့၊ မြိုတော်ဝန်တို့လည်း မဖြစ်ခဲ့ဘူး။ ကလေးငယ်တွေအတွက် အချိန်ပေးခဲ့တယ်။ ပုံဥပမာကလေးတွေ ပြောပြတယ်။ ပန်းပွင့်တွေ၊ ငှက်တွေ၊ ဥယျာဉ်ရှင်၊ အလုပ်သမား၊ ပျောက်တဲ့ ဒင်္ဂါးတပြား၊ အိမ်ပြေးကလေးတယောက်အကြောင်းတွေကို ပြောပြတယ်။ ဘုရားသခင်က ငှက်ကလေးတကောင်ကျသွားတာလည်း မှတ်ထားတယ်။ တောနှင်းပန်းကိုလည်း အလှဆင်ထားတယ်။ ခေါင်းပေါ်က ဆံပင်တွေကိုလည်း စိတ်ဝင်စားတယ်။

၉။  အသေးအမွှားတွေကို အလေးမထားရင် အတွေ့အကြုံမှာ စကားပြောလာမယ်။  

တိုးတက်ချင်တဲ့လူဟာ ကိုယ်တော်တာ၊ ကိုယ်ညံ့တာတွေ သိရမယ်။ ကြီးမားတာတွေကို လုပ်ပြီးရင် ပြီးပြီလို့ ထင်တတ်တယ်။ အနာဂတ်အောင်မြင်မှုဆိုတာ အခု လက်ရှိဘဝကို စိတ်ကြေနပ်မှု အပေါ်မှာ တည်တယ်။ အဲဒီတော့ အသေးအမွှားတွေကို မလုပ်မိရင် မပျော်တော့ဘူးပေါ့။ အလုပ်မှန်သမျှ အရေးကြီးတယ်၊ နေ့တိုင်းဟာ အရေးကြီးတယ်၊ တရားဒေသနာတိုင်းဟာလည်း အရေးကြီးတယ်လို့ မှတ်ရမယ်။ Every job is a big job. Every day is a big day. Every sermon is a big sermon.

ကျွန်တော် ကျမ်းစာကျောင်းတက်တုန်းက တပတ်တာ အစီရင်ခံစာကို တနင်္လာနေ့တိုင်း တင်ရတယ်။ ကျွန်တော်က " Dr. Bruce , ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ အတော် အကျိုးရှိတယ်။ တောက အသင်းတော်သေးသေးလေးမှာ သင်းအုပ်လုပ်ရတယ်။ - - - - -  " လို့ ပြောတော့ ...

Dr. Bruce က စကားဖြတ်ပြီး၊ " ထိုင်တော့ Mr. Hyles " တဲ့။ အစက ဘာလို့ ထိုင်ခိုင်းသလဲဆိုတာ နားမလည်ဘူး။ တခြားသူတွေ ပြောတော့ သူမကြိုက်တာ မတွေ့ရဘူး။ Dr. Bruce ကို လက်မြှောက်ပြပြီး မေးမိတယ်။ " Dr. Bruce ကျွန်တော် ဘာအမှားပြောမိလို့လဲ " - - -

Dr. Bruce ရဲ့ အဖြေကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ဘူး။ "တောက အသင်းတော် သေးသေးလေးလို့ ပြောတယ် မဟုတ်လား။ အသင်းတော် သေးသေးလေးရယ်လို့ မရှိဘူး။" ဒါနဲ့ မတ်တပ်ရပ်ပြီး "  အစီရင်ခံစာ ပြန်တင်ချင်ပါတယ်။ မနေ့က အသင်းသား ၁၉ ယောက်၊ တပတ်လစာ ခုနှစ်ဒေါ်လာခွဲနဲ့ အသင်းတော် အကြီးကြီးမှာ သင်းအုပ်လုပ်ရပါတယ်၊ "

တတန်းလုံး ဝါးတနဲ ရီကြတယ်။ ဒါပေမယ့် မမေ့နိုင်စရာ သင်ခန်းစာတခု ကျွန်တော်ရသွားပြီ။ အသင်းတော် သေးသေးလေးရယ် လို့ မရှိဘူး။ တရားဟောဆရာ သေးသေးလေးရယ် လို့ မရှိဘူး။ လူ သေးသေးလေးရယ် လို့ မရှိဘူး။ အလုပ် သေးသေးလေးရယ် လို့ မရှိဘူး။             ။

Monday, June 7, 2010

(Chapter 2 from Dr. Hyle's excellent book, Blue Denim and Lace)


THE ADVANTAGE OF THE FRIEND RELATIONSHIP
မိတ်ဆွေရှိခြင်းရဲ့ အကျိုး
(Chapter 2 from Dr. Hyle's excellent book, Blue Denim and Lace)


ဘဝဆိုတာ ပေါင်းဖေါ်ပတ်သက်ရတာတွေနဲ့ ပြည့်နေတယ်။ အဖက်ဖက်မှာ ဆက်ဆံရေး တိုးတက်ဖို့ အရေးကြီးတယ်။ မိဘနဲ့ သားသမီး ၊ လင်မယား ၊ မောင်နှမ ဆက်ဆံရေးတွေကတော့ ထူးပြီး ရှင်းပြနေစရာ မလိုပါဘူး။ မိတ်ဆွေ ဆက်ဆံရေး အရေးကြီးပုံကတော့ ရှင်းပြဖို့ လိုမယ်။ အတော်များများက ဒါကို အရေးကြီးတယ် လို့ သဘောမထားကြဘူး။ အလေးထားရပါမယ်။ မိတ်ဆွေဖွဲ့ခြင်းရဲ့ အကျိုးတွေကို လေ့လာကြပါစို့။

၁။ ဒါက ရွေးချယ်လို့ရတဲ့ ဆက်ဆံရေးအနဲငယ်ထဲက တခုဖြစ်တယ်။ ကိုယ့်အမေ၊ အဖေ၊ အကို၊ အမ၊ သား၊ သမီးတွေကို ရွေးယူလို့ မရဘူး။ ဘုရားက ရွေးပေးတယ်။ ဘုရားပေးတဲ့ ဆက်ဆံရေးမို့ သန့်ရှင်းတယ်။ အဲဒီ ဆက်ဆံရေးတွေလို ရင်းနှီးအောင် လုပ်လို့ရတာတွေ နဲနဲရှိပါသေးတယ်။ ကိုယ်ရွေးတာမို့ သန့်ရှင်းပါတယ်။ အဲဒီထဲမှာ မိတ်ဆွေဆိုတာ ပါတယ်။ မိတ်ဆွေဆိုတာ ကိုယ်က ရွေးရတာပါ။ ဂုဏ်ယူစရာကောင်းပါတယ်။ လောကကြီးမှာ လူတွေဟာ မိတ်ဆွေဖွဲ့ နေကြရတာပဲ။ ဒါက သန့်ရှင်းတဲ့အရာပါ။

၂။ လုံးဝ ကိုယ်ကျိုးမကြည့်တဲ့  ဆက်ဆံရေး ဖြစ်နေနိုင်တယ်။ ကလေးမှာ မိဘ လိုတယ်။ အများအားဖြင့် နောက်ပိုင်းမှာ မိဘက သားသမီးကို လိုအပ်လာတယ်။ ယောက်ျားမှာ မိန်းမ လိုတယ်။ မိန်းမကလည်း ယောက်ျား လိုတယ်။ အဲဒီ ဆက်ဆံရေးတွေမှာ ဖြူစင် သန့်ရှင်းစွာ ကိုယ့်အကျိုးကြည့်တာလေးတော့ ပါနေတတ်တယ်။ မိတ်ဆွေရွေးရာမှာတော့ ကိုယ်ကပဲ ပေးပြီးတော့ ပြန်မယူဘဲ နေနိုင်တယ်။ ကိုယ်ကပဲ ကူညီပြီးတော့ အကူအညီ ပြန်မတောင်းဘဲ နေနိုင်တယ်။ ချစ်ရုံချစ်ပြီး၊ အချစ်ကို ပြန်မတောင်းဆိုပဲ နေနိုင်တယ်။ ဂရုစိုက်ပေမယ့် ဂရုစိုက်ဖို့ ပြန်မတောင်းဘဲ နေနိုင်တယ်။ ဘာမှမတောင်းဆိုဘဲ၊ ပေးပဲပေးနေရင် ကိုယ်ကျိုးမကြည့်တဲ့ ဆက်ဆံရေးအဖြစ် စိတ်ချနိုင်တယ်။

၃။ မိတ်ဆွေဆိုတာ မပြောင်းလဲတတ်တဲ့ ဆက်ဆံရေးထဲမှာ ပါတယ်။ သားသမီးတွေ ကြီးလာတော့ အိမ်က ထွက်သွားကြတယ်။ မိဘတွေလည်း အသက်ကြီးပြီး ကွယ်လွန်ကြရတယ်။ အကို အမတွေလည်း အိမ်က ထွက်သွားကြတယ်။ အစမှာတော့ ကလေးက မိဘကို လိုတယ်။ နောက်တော့ မိဘက သားသမီးကို လိုတယ်။ အိမ်ထောင်မှာတောင် နှစ်ကာလ ကြာလာတာနဲ့အမျှ လိုအပ်မှုတွေ ပြောင်းလာတတ်တယ်။ မိတ်ဆွေမှာတော့ အဲဒီလို ပြောင်းဖို့ မလိုဘူး။ မိဘများလည်း သားသမီးတွေ ကြီးလာတဲ့အခါ ကိုယ့်ကို ပြန်ကြည့်ပေးဖို့ လိုလာတာ ဝန်ခံကြမှာပါ။ လူ့ဘဝမှာ ဆက်ဆံရေး အတော်များများက ဒီလိုပါပဲ။ ဒါပေမယ့် မိတ်ဆွေကတော့ နှစ်ကာလတွေ ကြာလာပေမယ့် ပိုသိ ပိုတတ်လာပေမယ့် မိတ်ဆွေဖြစ်မှုကတော့ အရင်အတိုင်းပါပဲ။

၄။ မိတ်ဆွေဖြစ်ဖို့ဆိုတာ တဖက်သားလက်ခံဖို့ မလိုဘူး။ လင်ယောက်ျားဖြစ်ဖို့ တဖက်သားက လက်ခံဖို့ လိုတယ်။ ဇနီးသည်ဖြစ်ဖို့ တဖက်သားက ကမ်းလှမ်းဖို့ လိုတယ်။  မိတ်ဆွေဖြစ်ဖို့ ဆိုတာက ဒီလို မလိုဘူး။ တဖက်က မဖြစ်လည်း ကိုယ်က ဖြစ်နေလို့ ရတယ်။ တနည်းပြောရရင် တုန့်ပြန်ဖို့ မလိုဘူး။ တဖက်သား လက်ခံလို့ ရွေးချယ်တာ မဟုတ်ဘူး။ သူက လက်မခံလည်း ကိုယ်က မိတ်ဆွေ ဆက်ဖြစ်နေနိုင်တယ်။ မိတ်ဆွေရှိတာဟာ ဂုဏ်ယူစရာပါ။

၅။ တခြားတယောက်နဲ့ မိတ်ဆွေဖြစ်ဖို့ လက်ရှိ မိတ်ဆွေကို စွန့်လွှတ်စရာ မလိုဘူး။ တချို့ ဆက်ဆံရေးတွေမှာက တယောက်တည်းပဲ ဖြစ်နိုင်တာမျိုး ရှိတတ်တယ်။ မိတ်ဆွေကတော့ အသစ်ရဖို့ အဟောင်းနဲ့ လဲစရာမလိုဘူး။ တယောက်မှ ဆုံးရှုံးသွားစရာ မလိုဘူး။ ကိုယ့်မိတ်ဆွေလည်း ဖြစ်နိုင်သလို၊ သူ့မိတ်ဆွေလည်း ဖြစ်နေနိုင်တယ်။

၆။ ဝိညာဉ်သဘော အပြည့်အဝရှိနိုင်တဲ့ ဆက်ဆံရေးတမျိုး ဖြစ်တယ်။ အတော်များများ ဆက်ဆံရေးတွေက ကိုယ်ခန္ဓာနဲ့ လိုအပ်ချက်နဲ့ ပါတ်သက်လေ့ ရှိတယ်။ ဝိညာဉ်ရေး လိုအပ်ချက်တွေလည်း ရှိတော့ရှိပါတယ်။ ဝိညာဉ်ရေးဆိုတာကတော့ မြင့်တာပေါ့။ မိတ်ဆွေဖြစ်ဖို့က ကိုယ်ခန္ဓာနဲ့ လိုအပ်ချက်မပါလည်း ရတယ်။ စိတ်ဝိညာဉ်ချင်း ချည်နှောင်ထားနိုင်တယ်။ အသွေးအသား လိုအင်ပြည့်ဝမှုအပေါ်မှာ အခြေမခံဘူး။

၇။  မိတ်ဆွေကို ဘဝရဲ့ ဘယ်အချိန်မှာမဆို ရွေးလို့ရတယ်။ သားသမီးရမှ မိဘဖြစ်ရတယ်။ အရွယ်ရောက်မှလည်း သားသမီး ရနိုင်တာ။ ညီအကို မောင်နှမကို ကလေးဘဝမှာ ရတယ်။ တချို့အသက်အရွယ်တွေဟာ ကလေး မရနိုင်တော့ဘူး။ ဒါပေမယ့် ရှစ်နှစ်သားမှာ မိတ်ဆွေ ရနိုင်သလို၊ အသက်ရှစ်ဆယ်မှာလည်း ရနိုင်ပါသေးတယ်။

မိတ်ဆွေဖြစ်မှုဆိုတာ မြင့်မြတ်တဲ့ ဆက်ဆံရေးတမျိုးပါ။ သူ့ရဲ့နက်နဲမှုကို လူနဲနဲကပဲ သိတယ်။ အများစုက မိတ်ဆွေကို မသိဘူး။ ကိုယ်တိုင်လည်း မိတ်ဆွေ ဘယ်တော့မှ မဖြစ်ဘူး။

ဒါကြောင့် လူ့ဘဝရဲ့ ကြီးမားတဲ့ ဆက်ဆံရေးတွေထဲမှာ ဇနီးနဲ့ ခင်ပွန်း၊ အမေနဲ့ သမီး၊ အဖေနဲ့ သား၊ မောင်နှမတွေနဲ့ အတူ မိတ်ဆွေလည်း ပါတယ်။ မိတ်ဆွေရှိတာဟာ မင်္ဂလာရှိပါတယ်။ မိတ်ဆွေစိတ် ရှိတဲ့သူကတော့ ပို မင်္ဂလာရှိပါတယ်။ အဲဒီ အထဲမှာ မင်္ဂလာအရှိဆုံးကတော့  မိတ်ဆွေလည်းရှိ၊ ကိုယ်တိုင်လည်း မိတ်ဆွေစိတ်ရှိတဲ့သူပါပဲ။ ဒါဟာ သိပ်ပျော်စရာ ကောင်းပါတယ်။          ။

အချိန် Blue Denim and Lace - by Dr. Jack Hyles ( Burmese )

When Time is No Longer
အချိန်မရှိတော့တဲ့အခါ  ♥


(Chapter 1 from Dr. Hyle's excellent book, Blue Denim and Lace)


". . .that there should be time no longer." (Revelation 10:6)

" နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်။ " (ဗျာဒိတ် ၁၀: ၆ ) ( Sorry! ဒီကျမ်းချက်က အင်္ဂလိပ်နဲ့ မြန်မာ မတူဘူး။ )

အချိန်ဆိုတာ အနက်ဖွင့်ရှင်းပြဖို့ ခက်တယ်။ အချိန်ဆိုတာ ပျက်စီးယို့ယွင်းခြင်းကို တိုင်းတဲ့ ပေတံတမျိုးလို့ ကျွန်တော်ထင်တယ်။ ဘုရားသခင်မှာ အချိန်မရှိဘူး။ ထာဝရကာလမှာ အချိန်မရှိဘူးဆိုတာ စဉ်းစားဖူးပါသလား။ အဲဒီမှာတော့ ပျက်စီးယို့ယွင်းခြင်း မရှိတော့ဘူး။ တန်ဖိုးလျော့သွားတာလည်း မရှိတော့ဘူး။ အချိန်ဆိုတဲ့ ပေတံလည်း မလိုတော့ဘူးပေါ့။

အသက်ရလာလေလေ၊ ကိုယ်ပေးနိုင်တဲ့ အကြီးမြတ်ဆုံးလက်ဆောင်ဟာ အချိန်ပဲဆိုတာ နားလည်လာတယ်။ တကယ်လည်း ပေးနိုင်တာက အချိန်ပါပဲ။ ပိုက်ဆံပေးရင်၊ အဲဒီပိုက်ဆံရဖို့ သုံးစွဲခဲ့ရတဲ့ အချိန်တွေကို ပေးရတာပါပဲ။ လက်ဆောင်ပေးရင်လည်း အဲဒီလက်ဆောင်ရဖို့  သုံးစွဲခဲ့ရတဲ့ အချိန်တွေကို ပေးရတာပါပဲ။ ဆိုတော့ ပေးနိုင်တာက အချိန်ပါပဲ။ အချိန်ဟာ အကြီးမြတ်ဆုံးလက်ဆောင် ဖြစ်ရခြင်းအကြောင်းတွေကတော့ - - -

၁။ အချိန်ဆိုတာ လူ့ဘဝမို့၊ အချိန်ပေးတာဟာ အသက်ကို ပေးနေရတာပါ။ သူတပါးအသက်ကို နှုတ်ယူတာဟာ သူ့အချိန်တွေကို ယူပစ်လိုက်တာပါ။ လူသတ်တာဟာ သူ့ရဲ့အချိန်တွေကို ယူပစ်တာပါ။ ဒါကြောင့် ကျွန်တော် အချိန်ပေးတယ်ဆိုတာဟာ အသက်ပေးနေတာပါ။ အချိန်ဆိုတာ လူ့ဘဝပါ။ အချိန်ပေးတယ်ဆိုတာထက် ပိုဂုဏ်ပြုတဲ့အရာ ရှိပါဦးမလား။ သူတပါးကို အချိန်ပေးတာဟာ ရင်းနှီးမြှုပ်နှံခြင်းပါပဲ။ ဒါကြောင့် သူတပါးရဲ့ အချိန်တွေကို တန်ဖိုးထားတတ်ကြစို့။

၂။ လူတယောက်ကို အချိန်ပေးတယ်ဆိုတာဟာ အပေးခံရသူတယောက်တည်းကိုသာ  ပေးနိုင်တာပါ။ ပေးတဲ့အချိန်ဟာလည်း ပြန်မရနိုင်တော့ဘူး။ ပေးပြီးသားအချိန်ကို တခြားတယောက်ကို ပြောင်းပေးချင်လို့ မရနိုင်ဘူး။ ဒါကို သိထားရင် မိတ်ဆွေတွေကို အချိန်ပေးရတာကို ကြည်နူးလာမှာပါ။ မိတ်ဆွေက ကိုယ့်ကို အချိန်ပေးတာဟာ သူ့အသက်ကို ပေးနေရုံမျှမက  တခြားတယောက်ကို ပြောင်းပေးချင်လို့ မရနိုင်တာကို ပေးနေတာပါ။

၃။ တယောက်နဲ့တယောက် အချိန်ပေးတယ်ဆိုတာဟာ တကယ်ပိုင်တယ်လို့ သိတဲ့ အချိန်ကလေးကို လဲလှယ်ကြတာပါ။ လက်ရှိ အချိန်ကလေးကိုပဲ ပိုင်ကြတာပါ။ တကယ်ပိုင်တဲ့ အခုအချိန်ကလေးကိုပဲ ဝေမျှ၊ ဖလှယ်နေကြရတာပါ။ နောက်ထပ် အချိန်ရ၊ မရလည်း မသေချာပါဘူး။

၄။  မိတ်ဆွေတယောက်ကို အချိန်ပေးတယ်ဆိုတာဟာ ကောင်းကင်ကပေးတဲ့ လက်ဆောင်တွေထက်တောင် ကြီးမြတ်ပါသေးတယ်။ ကောင်းကင်မှာ အချိန်မရှိတဲ့အတွက် အတူနေပေမယ့် အချိန်မျှကြရတယ်လို့ မရှိဘူး။ ကောင်းကင်မှာ ထာဝရအသက်ရှင်ရတာမို့ ကောင်းကင်ကျရင် အသက်မပေးနိုင်တော့ဘူး။ ကောင်းကင်မှာ မပေးနိုင်မယ့် လက်ဆောင်ကို အခု မြေကြီးပေါ်မှာ ပေးရတာပါ။ ကောင်းကင်မှာတော့ အချိန်ပေးဖို့အတွက် ဘာမှ ပေးဆပ်စရာ  မလိုဘူး။ ဒါကြောင့် သူတပါး အချိန်ပေးတာကို ခပ်ပေါ့ပေါ့ သဘောမထားသင့်ဘူး။

၅။ အချိန်ဆိုတာ ဘုရားကတောင် မပေးနိုင်ဘူး။ ဘုရားက ဆုကျေးဇူး လက်ဆောင်တွေ အများကြီး ပေးထားပါတယ်။ ဘုရားမပေးနိုင်တာက အချိန်ပဲ။ ဘုရားမှာ အချိန်မရှိဘူး။ လူကို အချိန်ပေးဖို့ ဘုရားက အသက်မပေးဘူး။ လူကို ကယ်ဖို့တော့ ကားတိုင်မှာ အသက်ပေးတာ မှန်ပါတယ်။ နောက်ထပ်တော့ အသေခံမပေးတော့ဘူး။ လူကို အချိန်ပေးပေမယ့် သူ့အသက်ကို မထိတော့ဘူး။ တနည်းပြောရရင် လူကို အချိန်ပေးဖို့ ဘုရားက အသက်မပေးဘူး။ လူလူချင်း အချိန်ပေးတာကတော့ အသက်ပေးနေရတာပါ။ ဘုရားတောင် မပေးနိုင်တာကို ပေးနေကြရတာပါ။

၆။ အချိန်ပေးတယ်ဆိုတာဟာ ဘုရားတောင် မပေးနိုင်တာကို ပေးပြီး ဂုဏ်ပြုနေတာပါ။ အချိန်ပေးကြတယ်ဆိုတာဟာ တခြားသူတွေကို မပေးပဲ အချင်းချင်း ဝေမျှတာပါ။ ဘုရားကတော့ နေရာတိုင်းမှာ ရှိနေနိုင်တာပေါ့။ လူတယောက်ကို အချိန်ပေးဖို့ ဘုရားက တခြားသူတွေကို အချိန် ရုတ်သိမ်းထားဖို့ မလိုဘူး။ အချိန်ပေးတာဟာ ကမ္ဘာပေါ်က လူတွေထဲမှာ အဲဒီအချိန်လေးအတွင်း ကိုယ့်ကို ထူးထူးခြားခြား ဂုဏ်ပြုတာပါ။

ဒါကြောင့် အချိန်ပေးတယ်ဆိုတာဟာ ကိုယ်ပေးနိုင်တဲ့ အကြီးမြတ်ဆုံးလက်ဆောင်ကို ပေးနေတာပါ။ တချိန်မှာ တယောက်ကိုသာ ပေးပြီးတော့၊ ပေးပြီးသားကို ထပ်ပေးလို့ မရပါဘူး။ စိတ်ဝင်စားလို့၊ ချစ်လို့ ပေးတာမို့ ကြီးမြတ်တဲ့ လက်ဆောင်အဖြစ် ခံယူတတ်ကြပါစို့။

လူတယောက်က  " အရာရာကို ဘုရားတရားအကြည့်နဲ့ပဲ ဘာလို့ ကြည့်သလဲ၊ ခဏတာလေးကိုတောင် ဘုရားတရားအကြည့်နဲ့ပဲ ကြည့်နေပုံရတယ်။ " လို့ မေးလာတယ်။ ကျွန်တော် ရှင်းပြခဲ့ပါပြီ။ ကိုယ်ပိုင်သမျှထဲမှာ တန်ဖိုး အရှိဆုံးအရာဟာ အချိန်ကလေးတွေပဲ။ ဘာမှမဟုတ်ဘူးလို့ ထင်ရတဲ့ အခိုက်အတန့်ကလေးတွေဟာ တန်ဖိုး အကြီးမားဆုံး ပေးနေရတာပါ။ ဒါကြောင့် အကြောင်းအရာတခုကို ကြီးမြတ်မှုတွေ၊ ကြီးမားမှုတွေနဲ့ မတိုင်းတာပဲ ပေးရတဲ့ အဖိုးအခနဲ့ဘဲ တိုင်းတာချင်တယ်။ - အသက်ပေးနေရတာပါ။           ။