When Time is No Longer
အချိန်မရှိတော့တဲ့အခါ ♥
(Chapter 1 from Dr. Hyle's excellent book, Blue Denim and Lace)
". . .that there should be time no longer." (Revelation 10:6)
" နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်။ " (ဗျာဒိတ် ၁၀: ၆ ) ( Sorry! ဒီကျမ်းချက်က အင်္ဂလိပ်နဲ့ မြန်မာ မတူဘူး။ )
အချိန်ဆိုတာ အနက်ဖွင့်ရှင်းပြဖို့ ခက်တယ်။ အချိန်ဆိုတာ ပျက်စီးယို့ယွင်းခြင်းကို တိုင်းတဲ့ ပေတံတမျိုးလို့ ကျွန်တော်ထင်တယ်။ ဘုရားသခင်မှာ အချိန်မရှိဘူး။ ထာဝရကာလမှာ အချိန်မရှိဘူးဆိုတာ စဉ်းစားဖူးပါသလား။ အဲဒီမှာတော့ ပျက်စီးယို့ယွင်းခြင်း မရှိတော့ဘူး။ တန်ဖိုးလျော့သွားတာလည်း မရှိတော့ဘူး။ အချိန်ဆိုတဲ့ ပေတံလည်း မလိုတော့ဘူးပေါ့။
အသက်ရလာလေလေ၊ ကိုယ်ပေးနိုင်တဲ့ အကြီးမြတ်ဆုံးလက်ဆောင်ဟာ အချိန်ပဲဆိုတာ နားလည်လာတယ်။ တကယ်လည်း ပေးနိုင်တာက အချိန်ပါပဲ။ ပိုက်ဆံပေးရင်၊ အဲဒီပိုက်ဆံရဖို့ သုံးစွဲခဲ့ရတဲ့ အချိန်တွေကို ပေးရတာပါပဲ။ လက်ဆောင်ပေးရင်လည်း အဲဒီလက်ဆောင်ရဖို့ သုံးစွဲခဲ့ရတဲ့ အချိန်တွေကို ပေးရတာပါပဲ။ ဆိုတော့ ပေးနိုင်တာက အချိန်ပါပဲ။ အချိန်ဟာ အကြီးမြတ်ဆုံးလက်ဆောင် ဖြစ်ရခြင်းအကြောင်းတွေကတော့ - - -
၁။ အချိန်ဆိုတာ လူ့ဘဝမို့၊ အချိန်ပေးတာဟာ အသက်ကို ပေးနေရတာပါ။ သူတပါးအသက်ကို နှုတ်ယူတာဟာ သူ့အချိန်တွေကို ယူပစ်လိုက်တာပါ။ လူသတ်တာဟာ သူ့ရဲ့အချိန်တွေကို ယူပစ်တာပါ။ ဒါကြောင့် ကျွန်တော် အချိန်ပေးတယ်ဆိုတာဟာ အသက်ပေးနေတာပါ။ အချိန်ဆိုတာ လူ့ဘဝပါ။ အချိန်ပေးတယ်ဆိုတာထက် ပိုဂုဏ်ပြုတဲ့အရာ ရှိပါဦးမလား။ သူတပါးကို အချိန်ပေးတာဟာ ရင်းနှီးမြှုပ်နှံခြင်းပါပဲ။ ဒါကြောင့် သူတပါးရဲ့ အချိန်တွေကို တန်ဖိုးထားတတ်ကြစို့။
၂။ လူတယောက်ကို အချိန်ပေးတယ်ဆိုတာဟာ အပေးခံရသူတယောက်တည်းကိုသာ ပေးနိုင်တာပါ။ ပေးတဲ့အချိန်ဟာလည်း ပြန်မရနိုင်တော့ဘူး။ ပေးပြီးသားအချိန်ကို တခြားတယောက်ကို ပြောင်းပေးချင်လို့ မရနိုင်ဘူး။ ဒါကို သိထားရင် မိတ်ဆွေတွေကို အချိန်ပေးရတာကို ကြည်နူးလာမှာပါ။ မိတ်ဆွေက ကိုယ့်ကို အချိန်ပေးတာဟာ သူ့အသက်ကို ပေးနေရုံမျှမက တခြားတယောက်ကို ပြောင်းပေးချင်လို့ မရနိုင်တာကို ပေးနေတာပါ။
၃။ တယောက်နဲ့တယောက် အချိန်ပေးတယ်ဆိုတာဟာ တကယ်ပိုင်တယ်လို့ သိတဲ့ အချိန်ကလေးကို လဲလှယ်ကြတာပါ။ လက်ရှိ အချိန်ကလေးကိုပဲ ပိုင်ကြတာပါ။ တကယ်ပိုင်တဲ့ အခုအချိန်ကလေးကိုပဲ ဝေမျှ၊ ဖလှယ်နေကြရတာပါ။ နောက်ထပ် အချိန်ရ၊ မရလည်း မသေချာပါဘူး။
၄။ မိတ်ဆွေတယောက်ကို အချိန်ပေးတယ်ဆိုတာဟာ ကောင်းကင်ကပေးတဲ့ လက်ဆောင်တွေထက်တောင် ကြီးမြတ်ပါသေးတယ်။ ကောင်းကင်မှာ အချိန်မရှိတဲ့အတွက် အတူနေပေမယ့် အချိန်မျှကြရတယ်လို့ မရှိဘူး။ ကောင်းကင်မှာ ထာဝရအသက်ရှင်ရတာမို့ ကောင်းကင်ကျရင် အသက်မပေးနိုင်တော့ဘူး။ ကောင်းကင်မှာ မပေးနိုင်မယ့် လက်ဆောင်ကို အခု မြေကြီးပေါ်မှာ ပေးရတာပါ။ ကောင်းကင်မှာတော့ အချိန်ပေးဖို့အတွက် ဘာမှ ပေးဆပ်စရာ မလိုဘူး။ ဒါကြောင့် သူတပါး အချိန်ပေးတာကို ခပ်ပေါ့ပေါ့ သဘောမထားသင့်ဘူး။
၅။ အချိန်ဆိုတာ ဘုရားကတောင် မပေးနိုင်ဘူး။ ဘုရားက ဆုကျေးဇူး လက်ဆောင်တွေ အများကြီး ပေးထားပါတယ်။ ဘုရားမပေးနိုင်တာက အချိန်ပဲ။ ဘုရားမှာ အချိန်မရှိဘူး။ လူကို အချိန်ပေးဖို့ ဘုရားက အသက်မပေးဘူး။ လူကို ကယ်ဖို့တော့ ကားတိုင်မှာ အသက်ပေးတာ မှန်ပါတယ်။ နောက်ထပ်တော့ အသေခံမပေးတော့ဘူး။ လူကို အချိန်ပေးပေမယ့် သူ့အသက်ကို မထိတော့ဘူး။ တနည်းပြောရရင် လူကို အချိန်ပေးဖို့ ဘုရားက အသက်မပေးဘူး။ လူလူချင်း အချိန်ပေးတာကတော့ အသက်ပေးနေရတာပါ။ ဘုရားတောင် မပေးနိုင်တာကို ပေးနေကြရတာပါ။
၆။ အချိန်ပေးတယ်ဆိုတာဟာ ဘုရားတောင် မပေးနိုင်တာကို ပေးပြီး ဂုဏ်ပြုနေတာပါ။ အချိန်ပေးကြတယ်ဆိုတာဟာ တခြားသူတွေကို မပေးပဲ အချင်းချင်း ဝေမျှတာပါ။ ဘုရားကတော့ နေရာတိုင်းမှာ ရှိနေနိုင်တာပေါ့။ လူတယောက်ကို အချိန်ပေးဖို့ ဘုရားက တခြားသူတွေကို အချိန် ရုတ်သိမ်းထားဖို့ မလိုဘူး။ အချိန်ပေးတာဟာ ကမ္ဘာပေါ်က လူတွေထဲမှာ အဲဒီအချိန်လေးအတွင်း ကိုယ့်ကို ထူးထူးခြားခြား ဂုဏ်ပြုတာပါ။
ဒါကြောင့် အချိန်ပေးတယ်ဆိုတာဟာ ကိုယ်ပေးနိုင်တဲ့ အကြီးမြတ်ဆုံးလက်ဆောင်ကို ပေးနေတာပါ။ တချိန်မှာ တယောက်ကိုသာ ပေးပြီးတော့၊ ပေးပြီးသားကို ထပ်ပေးလို့ မရပါဘူး။ စိတ်ဝင်စားလို့၊ ချစ်လို့ ပေးတာမို့ ကြီးမြတ်တဲ့ လက်ဆောင်အဖြစ် ခံယူတတ်ကြပါစို့။
လူတယောက်က " အရာရာကို ဘုရားတရားအကြည့်နဲ့ပဲ ဘာလို့ ကြည့်သလဲ၊ ခဏတာလေးကိုတောင် ဘုရားတရားအကြည့်နဲ့ပဲ ကြည့်နေပုံရတယ်။ " လို့ မေးလာတယ်။ ကျွန်တော် ရှင်းပြခဲ့ပါပြီ။ ကိုယ်ပိုင်သမျှထဲမှာ တန်ဖိုး အရှိဆုံးအရာဟာ အချိန်ကလေးတွေပဲ။ ဘာမှမဟုတ်ဘူးလို့ ထင်ရတဲ့ အခိုက်အတန့်ကလေးတွေဟာ တန်ဖိုး အကြီးမားဆုံး ပေးနေရတာပါ။ ဒါကြောင့် အကြောင်းအရာတခုကို ကြီးမြတ်မှုတွေ၊ ကြီးမားမှုတွေနဲ့ မတိုင်းတာပဲ ပေးရတဲ့ အဖိုးအခနဲ့ဘဲ တိုင်းတာချင်တယ်။ - အသက်ပေးနေရတာပါ။ ။
No comments:
Post a Comment