Monday, February 29, 2016

We must live in the houses we build

ကိုယ်ဆောက်တဲ့ အိမ်

DR. LEE ROBERSON
ဗိသုကာပညာ လေ့လာဖို့ နယူးယော့မြို့ကို ရောက်လာတဲ့ လူငယ်တယောက်၊ နောက်တော့ ဆောက်လုပ်ရေး ကန်ထရိုက်တယောက် ဖြစ်လာပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ဒေါ်လာ သန်းချီ ရလာတယ်။

လမ်းပေါ်မှာ အဝတ်အစား ခပ်နွမ်းနွမ်းနဲ့ အဖိုးကြီးတယောက်ကို တွေ့တယ်။ နယူးယော့မြို့ကို ရောက်ခါစမှာ သူ့ကို ကူညီဖူးတဲ့ မိတ်ဆွေဟောင်းဆိုတာ သတိပြုမိသွားတယ်။ “ဟယ်လို၊ ဂျွန်း။ တွေ့ရတာ ဝမ်းသာလိုက်တာ။ ဘယ်မှာနေလဲ?”
အဖိုးကြီးက ပြန်ဖြေတယ်။
“ခင်ဗျား အမျိုးသမီးရော ရှိသေလား?”
“ရှိတယ်။”
“ကောင်းပြီ။ မနက်ဖြန် ခင်ဗျားတို့ နှစ်ယောက်ကို ကျွန်တော် လာတွေ့မယ်။”

နောက်တနေ့ညမှာတော့ သူဟာ အခန်းငယ်လေးတခုမှာ ထိုင်ရင်း အဖိုးကြီးနဲ့ သူ့ဇနီးကို စကားပြောတယ်။ သူတို့ အခြေအနေကို လေ့လာမိပြီးတဲ့နောက်၊ “ခင်ဗျား၊ အရက်ဖြတ်၊ ဖဲကစားတာဖြတ်၊ ကောင်းကောင်းမွန်မွန်၊ ရိုးရိုးသားသား နေမယ်။ ခင်ဗျား မိန်းမကိုလည်း ဂရုစိုက်မယ်ဆိုရင်၊ ဝင်ငွေ ရအောင် လုပ်ပေးမယ်။”

ဂျွန် သဘောတူတယ်။
“မနက်ဖြန် ကျွန်တော့ ရုံးခန်းကို လာပါ။ အလုပ်ပေမယ်။” လို့ လူငယ်က ဆိုတယ်။

နောက်တနေ့မှာ ရုံးခန်းကို အဖိုးကြီး ရောက်လာတယ်။ လူငယ်က အိမ်ပုံစံနဲ့ အတိုင်းအတာတွေ ပေးပြီး မြို့စွန် ရပ်ကွက်လေးမှာ ဆောက်ခိုင်းလိုက်တယ်။

မိတ်ဆွေ အဖိုးကြီးကို “ကျွန်တော့အတွက် ဒီအချိုးအစားအတိုင်း အိမ်တလုံး ဆောက်ပေးပါ။ ကျသင့်သလောက် ပေးပါမယ်။ ငွေကို ဘဏ်မှာ ခင်ဗျားနာမည်နဲ့ ထည့်ပေးမယ်။ ကုန်ကျစရိတ် တွက်လိုက်ပါ။ ခင်ဗျားကို လစာပေးမယ်။ အိမ်ဆောက်လို့ ပြီးရင် ကျွန်တော့ကို ပြောပါ။”

အဖိုးကြီးက အိမ်ဆောက်ပါတယ်။ ဒါပေမယ့် အရင်လိုပဲ အကျင့်က မကောင်းဘူး။ လိမ်တယ်။ အပေါစား ပစ္စည်းတွေ သုံးတယ်။ ဒေါ်လာရာနဲ့ချီပြီး ခိုးတယ်။

အိမ်ပြီးချိန်မှာ အိမ်အပ်ဖို့ အကြောင်းကြားတယ်။ လူငယ်က “ကျွန်တော် ဒီည ခင်ဗျားအိမ်ကို လာမယ်” လို့ ပြောလိုက်တယ်။

အဲဒီညမှာ လူငယ်ဟာ အဖိုးကြီး လင်မယားနဲ့ စကားပြောတယ်။ “မိတ်ဆွေဟောင်းတွေလည်းဖြစ်၊ ကျွန်တော် နယူးယော့ ရောက်ခါစတုန်းက ပိုက်ဆံရအောင် အလုပ်လည်း ပေးခဲ့ဖူးတော့ ဒီအိမ်နဲ့ မြေကွက်ကို လက်ဆောင်အဖြစ် ပေးချင်တယ်။”

လိမ်ညာထားတဲ့ အဖိုးကြီးဟာ ရှက်သွားပြီး၊ စိတ်ကြေကွဲကာ ငိုပါတော့တယ်။ ဘာဖြစ်လို့လဲလို့ လူငယ်က မေးတဲ့အခါ၊ အဖိုးကြီးက သူ့အပြစ်ဝန်ခံပြီး နောက်ထပ်အခွင့်အရေး ပေးပါဦးလို့ တောင်းပန်တယ်။

လူငယ်က “ဂျွန်း၊ ကျွန်တော် ခွင့်လွှတ်တယ်။ နောက်ထပ် အခွင့်အရေး ပေးပါမယ်။ ခင်ဗျား သင်ခန်းစာ ရလောက်ပြီနဲ့ တူပါတယ်။ ခင်ဗျား လိမ်လို့ ခင်ဗျား ဆောက်တဲ့ အိမ်မှာ ခင်ဗျားနေရမှာကို စိတ်မကောင်းပါဘူး” လို့ ပြန်ပြောပါတယ်။

ဒီဖြစ်ရပ်ရဲ့ သင်ခန်းစာကတော့ လူဟာ ကိုယ်ဆောက်တဲ့ အိမ်မှာ ကိုယ်နေရတယ် ဆိုတဲ့ အချက်ပါပဲ။ We must live on the houses we build. ဘုရားသခင်က အသက်တာတွေကို တည်ဆောက်ဖို့ ကူညီမစ နေပါတယ်။ ကိုယ်ဘဝကို ဘယ်လို တည်ဆောက်နေသလဲ ဆိုတာ စဉ်းစားစရာပါ။

(From Dr. Lee Roberson’s sermon “Fear Not!”)

Wednesday, February 24, 2016

Dr. Russell Anderson

Dr. Russell Anderson
သမိုင်းတလျှောက်မှာ ဘုရားသခင်ရဲ့ လူတွေကို သုံးသလို၊ သူတို့နောက်မှာ ပံပိုးဖို့ သာမန်လူတွေကိုလည်း သုံးပါတယ်။ အများအားဖြင့် ငွေကြေးအားဖြင့် ကူညီရတာပါ။ Dr. Jack Hyles အတွက် Russell Anderson ကို ဘုရားစေလွှတ်ပေးတယ်။ ငွေကြေးနဲ့ပါတ်သက်တဲ့ ဘုရားပေးတဲ့အစွမ်းက သူ့မှာ ထူးခြားပါတယ်။

သမိုင်းတလျှောက် အဦးဆုံး ထင်ရှားတဲ့ အလှူရှင်တယောက်ကတော့ ဖီလဒဲဖီးယားမှ John Wanamaker ပါ။ ၁၈၀၀ ပြည့်နှစ်များမှာ Chain စတိုးဆိုင်တွေ အစီအရီ ဖွင့်ပြီး ဖွံ့ဖြိုး တိုးတက်စေခဲ့တယ်။ ဧဝံဂေလိလုပ်ငန်းတွေကို တသက်လုံး ကူညီခဲ့တယ်။ ဖီလဒဲဖီးယားမှာ ပြိုပျက်နေတဲ့  အကြီးမားဆုံးအဆောက်အဦ ပင်ဆယ်ဗေးနီးယား ဘူတာရုံကြီးကို D. L. Moody ရဲ့ အောင်မြင်တဲ့ တရားပွဲတွေအတွက် ဝယ်ပေးခဲ့တယ်။ ဆေးရုံး၊ ဘုရားကျောင်း၊ ကောလိပ်နဲ့ ဆန်းဒေးစကူးကျောင်းတွေ ဒေါ်လာ သန်း ၂၀ ဖိုး ပေးလှူခဲ့တယ်။

နောက်တယောက်က Henry P. Crowell ပါ။ “The Autocrat of the Breakfast Table” – “မနက်စာ ဆရာကြီး” လို့ ချစ်စနိုး အခေါ်ခံရသူပါ။ ငယ်စဉ်က D. L. Moody တရားဟောတာ ကြားပြီးနောက် “ငါတော့ တရားဟောဆရာ မဖြစ်နိုင်ဘူး။ အောင်မြင်တဲ့ စီးပွါးရေးသမားတော့ ဖြစ်နိုင်တယ်။ ဘုရားအလိုတော်ရှိလို့ ပိုက်ဆံရှာနိုင်ရင် အမှုတော်ထဲမှာ သုံးပါမယ်” လို့ ဆုတောင်းတယ်။ ဒီလိုပဲ သူဆုတောင်းလိုက်တယ်။ အိုဟိုင်အိုးပြည်နယ်၊ ရေဗယ်နာမြို့မှာ ရှိတဲ့ အရှုံးပေါ်နေတဲ့ ကွေကာစက်ရုံကို ဝယ်လိုက်တယ်။ ဆယ်နှစ်အတွင်းမှာ ကွေကာအုပ်ကို လူတွေ ရင်းနှီးကျွမ်းဝင်သွားတယ်။ Mr. Crowell က ဝင်ငွေရဲ့ ၆၀ မှ ရ၀ ရာနှုန်းအထိ အမှုတော်အတွက် ပေးလှူခဲ့ပါတယ်။

မြေသယ်စက်တွေကို အောင်အောင်မြင်မြင် တီထွင်ခဲ့တဲ့ R. G. Letourneau က Forbes မဂ္ဂဇင်း အင်တာဗျူးမှာ ပြောဖူးတယ်။ “ကျွန်တော် လုပ်ချင်တာ နှစ်ခု ရှိတယ်။ စက်တွေ ဒီဇိုင်းဆင်မယ်။ စက်နှိုးပြီး အလုပ်ခိုင်း ကြည့်မယ်။ နောက်တခုက ဧဝံဂေလိကို စက်နှိုးပြီး လူတွေ ပြောင်းလဲအောင် လုပ်တာ ကြည့်ချင်တယ်။” သူသေဆုံးချိန်မှာ တီထွင်မှု မူပိုင်ခွင့် ၃၀၀ ကျော် ပိုင်ဆိုင်ပြီး၊ သူရဲ့ မြေတူးစက်ကြီးက ပေါင် ၂၀၀,၀၀၀ လေးတယ်။ ၃၅ ပေ မြေအနက် တူးမြေင်းကို တူးပေးနိုင်တယ်။ အချင်း ၅ ပေ ရှိတဲ့ သစ်ပင်တွေကို ရွေ့စိုက် ပေးနိုင်တယ်။ ဝင်ငွေရဲ့  ၉၀ ရာနှုန်းကို အမှုတော်အတွက် ပေးလှူရုံသာမက သခင်ယေရှုအကြောင်းကို နေရာတကာမှာ သွားရောက် ဟောပြောနိုင်စွမ်း ရှိတယ်။

William Colgate အကြောင်းကလည်း စိတ်ဝင်စားစရာပါ။ ၁၆ နှစ်အရွယ်မှာ ပိုင်ဆိုင်သမျှလေးကို ထုပ်ပိုးပြီး တိုးတက်ရာရှာဖို့ အိမ်က ထွက်လာခဲ့တယ်။ တူးမြောင်းသင်္ဘော ကပ္ပတိန်အဘိုးကြီးနဲ့ တွေ့တယ်။ အဖေက မကျွေးနိုင်တော့လို့ အိမ်က ထွက်လာရတယ်။ လုပ်တတ်တာကလည်း ဆပ်ပြာနဲ့ ဖယောင်းတိုင်ပဲ လုပ်တတ်တယ် လို့ ပြောပြလိုက်တယ်။ ကပ္ပတိန် အဘိုးကြီးက ဝီလျမ်အတွက် ဒူးထောက် ဆုတောင်းပေးတယ်။ ခရစ်တော်ရဲ့ ကယ်တင်ခြင်းကို ပြောပြတယ်။ ကပ္ပတိန်က “နယူးယော့မြို့မှာ ထိပ်တန်း ဆပ်ပြာသူဌေးတယောက် ပေါ်လာတော့မယ်။ မင်းလည်း ဖြစ်နိုင်တာပေါ့။ လူကောင်းတယောက် ဖြစ်အောင်နေ။ ရိုးသားပါ။ ဘုရားပိုင်တဲ့အရာ ဘုရားကို ပေးလှူ။ ဆပ်ပြာအစစ်ကို ထုတ်။ အချိန်အတွယ်၊ အချိုးအစား မှန်ပါစေ။ ဘုရားကောင်းကြီးပေးရင်၊ မင်း သူဌေးဖြစ်လာမယ်။” လို့ ပြောတယ်။ ဒါကြောင့် ဝီလျမ်ကိုးလ်ဂိတ်ဟာ ဘုရားအမှုတော်အတွက် ဒေါ်လာ သန်းချီပြီး ပေးလှူခဲ့ပါတယ်။

အမှုတော်အတွက် သန်းချီပြီး ပေးလှူတဲ့ သာမန်ယုံကြည်သူတွေ အများကြီး ရှိပါသေးတယ်။ တကယ် ထူးမြတ်သူတွေ ဖြစ်ကြပေမယ့် သမိုင်းတလျှောက် အပေးလှူဆုံးကတော့ Russell Anderson ဖြစ်မယ် ထင်ပါတယ်။ အခုအချိန်အထိ သူဟာ ဒေါ်လာ ၃၅ သန်း အမှုတော်အတွက် ပေးလှူပြီးပါပြီ။ သူဟာ Hyles-Anderson ကောလိပ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

၁၉၆၂ ခုရဲ့ တနင်္ဂနွေ တမနက်မှာ ဒေါက်တာ အင်ဒါဆင်နဲ့ မိသားစု First Baptist Church ကို ဘုရားကျောင်း လာတက်ကြတယ်။ ဘုရားကျောင်းအပြီးမှာ အသင်းသား မုဆိုးမတယောက်က နေ့လည်စာ စားဖို့ စီစဉ်ထားတာ ရှိလား လို့ မေးတယ်။ မရှိဘူးဆိုတော့ သူနဲ့ အိမ်မှာ လိုက်စားဖို့ ခေါ်တယ်။ ဒီလို ဂရုစိုက်တာလေးက Dr. Hyles နဲ့ တသက်တာ မိတ်ဆွေဖြစ်ဖို့ ဇာတ်လမ်း အစပါပဲ။

၁၉၃၁ ခု၊ မေ ၁၆၊ ကင်တာကီပြည်နယ်၊ Hunter ဟန်တာမြို့မှာ မွေးဖွါးတဲ့ ဒေါက်တာ ရပ်ဆယ်၊ အင်ဒါဆင်ဟာ ကင်တာကီမှ ကျောက်မီးသွေး လုပ်သားတယောက် ဖြစ်ခဲ့ပါတယ်။ အဖေ ကျောက်မီးသွေးသမားနဲ့ အိမ်အလုပ် ကြိုးစားလုပ်တဲ့ အမေ့မှာ သားသမီး ၆ ယောက်ရှိတယ်။ ယောကျင်္ားလေး ၄ ယောက်၊ မိန်းကလေး ၂ ယောက်။ သားတယောက်က ငယ်ငယ်မှာ ဆုံးတယ်။ ငယ်ငယ်က ဆင်းဆင်းရဲရဲနဲ့ စခဲ့ရတော့ အလုပ်ကြိုးစားရင် ကျမ်းစာနဲ့အညီ နေထိုင်သူကို ဘုရားကောင်းကြီးပေးတဲ့ စံနမူနာကောင်း တယောက်ပါပဲ။

အင်ဒါဆင်မိသားစုဟာ ကင်တာကီတောင်တန်းပေါ်က အခန်း ၃ ခန်းပါ အိမ်မှာ နေခဲ့ရတယ်။ အခန်း ၃ ခန်းနဲ့ ရေချိုးခန်း ပါတဲ့ အိမ်မျိုး မဟုတ်ဘူး။ အခန်း ၃ ခန်းနဲ့ ပေ ၃၀၀ လောက်ရှည်တဲ့ ခြံပြင်ထွက်တဲ့ လမ်းပါတဲ့အိမ်ပါ။ လျှပ်စစ်မီး မရှိဘူး။ မီးအိမ်ကလေး ထွန်းကြရတယ်။ ရပ်ဆယ်လ် ငယ်ငယ်က အိပ်ရာဆိုတာ သစ်သားပြားပေါ်မှာ စောင်တထည် ခင်းထားတာပဲ ဖြစ်တယ်။

ရှစ်နှစ်အရွယ်ရောက်တော့ ယာခင်းထဲမှာ တနေ့ ဆင့် ၅၀ နဲ့ အလုပ်လုပ်ရတယ်။ ဆောင်းရာသီမှာ ပိုက်ဆံရဖို့ ဖျံ၊ ကြွက်၊ ဝက်ဝံတွေ ထောင်ဖမ်းရတယ်။ အရေခွံကိုတော့ Sear (သို့) Montgomery ရပ်ကွက်မှာ သွားရောင်းရတယ်။ မနက် ၄ နာရီ၊ ၅ နာရီမှာ ထောင်ချောက်တွေ စစ်ဖို့ အိပ်ရာထရတယ်။ အလုပ်ကြိုးစားရမယ်၊ ပိုက်ဆံရဖို့ ဘာမဆို လုပ်မယ်ဆိုတာ ရပ်ဆယ် ငယ်ငယ်ကတည်းက နားလည်နေပါပြီ။

လွှစက်မှာ အလုပ်လုပ်ဖူးသလို၊ တောင်ပေါ်မှာ သစ်ခုတ်သမားလည်း လုပ်ရတယ်။ အလုပ်လုပ်ဖို့ မြည်းအိုကြီး တကောင် ဝယ်လိုက်တော့ အလုပ်မှာ အထောက်အကူပြုတယ်။ အသုံးကျတယ်။ ဒါနဲ့ တနေ့ ၂ ဒေါ်လာ ရလာတယ်။ အထက်တန်း ကျောင်းသားဘဝမှာ စနေနေ့တိုင်း ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ရတယ်။ တခါတရံ ညနေဖက်တွေမှာ လုပ်ရတယ်။ တနေ့ ၂ ဒေါ်လာရတယ်။ အထက်တန်းကျောင်းပြီးတော့ ကျောက်မီးသွေးတွင်းမှာ အချိန်ပြည့် ၆ နှစ် လုပ်တယ်။

၁၉၅၅ မှာ ကျောက်မီးသွေးတွင်းမှ ထွက်ပြီး၊ မီချီဂန်ပြည်နယ်၊ Ypsilanti မြို့ကို ပြောင်းတယ်။ အဲဒီမှာ အလုပ် ၂ ခု လုပ်ရတယ်။ အထပ်သား နံရံဆေးသုတ်နည်း သင်ရတယ်။ အဆက်တွေမှာ တိပ်ကပ်ရတယ်။ တနာရီ ၁ ဒေါ်လာခွဲ ရတယ်။ တနေ့ ၁၂ နာရီ လုပ်ရလေ့ရှိတယ်။ ၁၉၅၇ မှာတော့ ရပ်ဆယ်နဲ့ လူတစုဟာ တယောက် ဒေါ်လာ ၅၀၀ စီ ထည့်ဝင်ပြီး ကိုယ်ပိုင် နံရံကပ် လုပ်ငန်း Drywall တည်ထောင်ကြတယ်။

အလုပ်ကိုပဲ ကြိုးစားနေတဲ့ ရပ်ဆယ်ဟာ ၁၉၅၈ မှာ အိမ်ထောင်ပြုဖို့ အချိန်ယူလိုက်ပါတယ်။ သူကိုယ်တိုင်က ခရစ်ယာန် မဟုတ်ပေမယ့် ခရစ်ယာန်မိန်းကလေး Maxine Ramsey လက်ထပ်ဖို့ စီစဉ်တယ်။ မိန်ကလေးဖက်က ဆရာက လက်ထပ်မပေးလို့ ရပ်ဆယ်က ဆဲတယ်။ တခြားမှာပဲ လက်ထပ်ရတော့တယ်။

အိမ်ထောင်ကျပြီးနောက် ရပ်ဆယ်က ဇနီးသည်ကို အသင်းတော်ထဲက ဆွဲထုတ်ဖို့ အမျိုးမျိုး ကြိုးစားတယ်။ မရဘူး။ မိန်ကလေးက သူ့ဘာသာဖက် မဆွယ်သမျှတော့ အလိုက်သင့်နေဖို့ ရပ်ဆယ် သဘောပေါက်လာတယ်။ နောက်ဆုံးတော့ ရပ်ဆယ်ဟာ ဇနီးသည်နဲ့ Sunday school တက်လာပြီး၊ ၁၉၅၉ မှာ ခရစ်တော်ကို လက်ခံလာတယ်။ ငွေကြေးအဆင်မပြေချိန်မှာပင် ဆယ်ဖို့တဖို့ ပေးလာတယ်။ ၂၀ %၊ ၃၀ %  တိုးပေးလာရင်း ၁၉၇၀ မှာ ၅၀% ပေးလာတယ်။ ၁၉၉၉ တနှစ်တည်းမှာပဲ အမှုတော်အတွက် ဒေါ်လာ ၁၁ သန်း ပေးလှူခဲ့တယ်။

နောက်တော့ မီချီဂန်ပြည်နယ်ကို ပြောင်းရွေ့ပြီး အိမ်ရာဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တယ်။ သူအသက်ကြီးရင် အနားယူမယ့် အိမ်ခန်းမျိုး ၁၀ ခန်း ဆောက်လိုက်တယ်။ သူသက်သေခံတာက “ပထမ ၁၀ ခန်းမပြီးခင်၊ အကုန်ဝယ်သွားရင်၊ မြေထပ်ဝယ်ပြီး နောက်ထပ် ၁၀ ခန်း ထပ်ဆောက်မယ်။ ပထမ ၁၀ ခန်း ဆောက်ဖို့ လူတယောက် ငှါးတယ်။ ဘဏ်က ဒေါ်လာ ၆၀,၀၀၀ ချေးပြီး၊ အဲဒီလူကို အိပ်ထဲက ၅,၀၀၀ ပေးတယ်။ ဒုတိယ ၁၀ ခန်းတွဲမှာတော့ ဘဏ်က ဒေါ်လာ ၆၅,၀၀၀ ချေးတယ်။ ဆောက်ပြီးတော့ လက်ထဲမှာ ဒေါ်လာ ၃,၀၀၀ ကျန်တယ်။ ဒါနဲ့ ငွေထပ်ချေးပြီး နောက် ၅ ခန်း၊ နောက်ထပ် ၁၅ ခန်းနဲ့ ဆောက်လိုက်တာ အခန်း ၆၀ ဖြစ်သွားတယ်။ ပထမတော့ ၁၀ ခန်းပဲ ဆောက်ချင်တာပါ။ ဘုရားက ၆၀ ဖြစ်စေတယ်။ အခန်း ၆၀ ဆောက်ပြီးတဲ့အခါ လက်ထဲမှာ ဒေါ်လာ ၂၅,၀၀၀ ကျန်တယ်။ အကြွေးကင်းတယ်။ ဘဏ်ကို ဘယ်လိုသုံးရမယ်ဆိုတာ ဘုရားသင်ပေးတာပါ။”

ခရစ်ယာန်သမိုင်းမှာတော့ ဒေါက်တာ အင်ဒါဆင်ဟာ ဧဝံဂေလိတရားအတွက် တခြားသူတွေထက် ပိုပေးလှူခဲ့သူပါ။ ကမ္ဘာတဝန်းမှာ အသင်းတော်များစွာ၊ ကောလိပ်ကျောင်းများစွာကို စတင်ခဲ့သူဖြစ်တယ်။ ဧဝံဂေလိတရားအတွက် မရပ်သေးဘူး။ အမေရိကန်ပြည်တဝန်းမှာ သူနဲ့အတူ တရားဟောဖူးပါတယ်။ သူဟာ ကိုယ်တိုင်က ကယ်တင်ခြင်းတရားကို သက်သေခံသူဖြစ်သလို၊ ယုံကြည်ခြင်းတရားကို ကွယ်ကာသူလည်း ဖြစ်တယ်။ fundamentalism ကျမ်းစာကျောင်းများတွေ စာတွေ့မှာ နစ်မြုပ်နေတာကို သူလက်မခံဘူး။ သူက ကျွန်တော့ကို သူ့ မိတ်ဆွေလို့ ခေါ်တယ်။ ဒီခေတ်လူငယ်ကို အရင်ခေတ်က ဘုရားအမှုတော်ဆောင်ကြီးတွေနဲ့ ပြန်ချိတ်ဆက်ပေးနေသူပါ။

Dr. Hyles ကို Dr. Anderson လောက်နားလည်တဲ့သူ ရှားတယ်လို့ ဆိုရပါမယ်။ သူ့စိတ်ကို သိတယ်။ လူငယ်တွေကို သင်ပေးချင်တဲ့ အာသီသကိုလည်း နားလည်တယ်။ သူ့မိတ်ဆွေ Dr. Hyles ရဲ့ အမွေကို ဆက်လက် မြင်နေချင်စိတ် ပြင်းပြသူတယောက်ဖြစ်တယ်။ Dr. Jack Hyles သေပေမယ့်လည်း သူ့မိတ်ဆွေက သူ့ဆန္ဒတွေကို ဆက်လက် အကောင်အထည်ဖေါ်ဖို့ ကြိုးစားနေတယ်။ သူ့မိတ်ဆွေ Dr. Hyles သူလုပ်ခဲ့သမျှ၊ နောင်လုပ်ဦးမယ့်အရာတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ အခုရေးတဲ့စာအုပ် “When Principle was King” ဟာ Dr. Russell Anderson ကို ရည်ရွယ်ရေးသားပါတယ်။
Dr. Bob Gray, Sr.