Friday, March 23, 2018

PRAYER by Dr. John R. Rice- Chapter 05

 အခန်း ၅

စားဝတ်နေရေးအတွက် ဆုတောင်းခြင်း

PRAYING FOR DAILY BREAD

Dr. John R. Rice

 ၁။ အစားအစာ၊ အဝတ်အထည်၊ ငွေကြေး၊ မော်တော်ကားနဲ့ တခြားအရာတွေ တောင်းယူခြင်း

သခင်ယေရှုက တပည့်တော်တွေကို ပဌနာတော်ကို သင်ပေးတယ်။ “အသက်မွေးလောက်သော အစာကို ယနေ့ ပေးသနားတော်မူပါ။” (လုကာ ၁၁း ၂၊ ၃)
 နေ့စဉ်စားစရာအတွက် ဆုတောင်းဖို့ သွန်သင်တယ်။ စားစရာသာမက တခြားလိုတာတွေလည်း ဆုတောင်းဖို့ ဖြစ်တယ်။ မသဲ ၆း ၉- ၁၃ မှာ ပဌနာတော်ကို တွေ့ရတယ်။ “အသက်မွေးလောက်သော အစာကို ယနေ့ ပေးသနားတော်မူပါ။” ဒီအခန်းမှာပဲ မြေကြီးပေါ်မှာ စည်းစိမ်ဥစ္စာ မစုဆောင်းဖို့ မှာတယ်။ “အဘယ်သို့ စားရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်။” မသဲ ၆း ၂၅။ ကောင်းကင်ငှက်တွေအတွက်၊ အစာနဲ့ တောနှင်းပန်းတွေအတွက် အဝတ်ကို ဘုရားသခင် ပြင်ဆင်ပေးထားတယ်။ နေ့စဉ်အစာနဲ့ တခြားလိုတာတွေအတွက် ဆုတောင်းဖို့ လိုတယ်။ ကိုယ်ခန္ဓာလိုအပ်ချက်တွေအတွက် ဆုတောင်းဖို့ လိုတယ်။ နေ့စဉ်စားစရာအတွက် ဆုတောင်းခိုင်းတာဟာ ဘုရားက ပေးချင်လွန်းလို့ ဖြစ်တယ်။ ရဲရဲတောင်းသင့်တယ်။
နေ့တိုင်းစားစရာအတွက် ဘုရားပေးလေ့ရှိတာကို ကျမ်းစာထဲမှာ အံ့ဖွယ်နမိတ်လက္ခဏာတွေအဖြစ် တွေ့ရတယ်။
အစ္စရေးလူမျိုးတွေကို တပတ်မှာ ၆ ကြိမ်၊ နှစ်ပေါင်း ၄၀ လုံးလုံး မန္နမုန့် ကျွေးတယ်။ ထွက် ၁၆း ၃၅။ နေ့တိုင်း ဘုရားကြွေးတာ သတိရစေချင်လို့ အသန့်ရှင်းဆုံးဌာနမှာ မန္နမုန့်အိုးကို သိမ်းစေတယ်။ ဘုရားစေတနာကို သားစဉ်မြေးဆက် သတိရစေဖို့ ဖြစ်တယ်။ ထွက် ၁၆း ၃၂- ၃၄။ အစ္စရေးတွေဟာ အနှစ် ၄၀ လုံး အဝတ်မနွမ်း၊ ဖိနပ်မပြတ်ဘူး။ တရားဟော ၂၉း ၅။ အသားစားချင်တော့ ငုံးတွေ ချပေးတယ်။ ထွက် ၁၆း ၁၃။ တောလည် ၁၁း ၃၁။ ရေဆာတော့ ကျောက်ထဲက ရေပေးတယ်။ တောလည်ရာ ၂၀း ၁၁။ မာရအရပ်မှာ ခါးတဲ့ရေကို ချိုစေတယ်။ ထွက် ၁၅း ၂၅။
အစားအစာနဲ့ အဝတ်အထည်တွေကို ဆုတောင်းယူနိုင်တယ်။ ရှံဆုံက ဖိလိတ္တိလူ ၁၀၀၀ ကို သတ်ချိန်မှာ ရေဆာလို့ သေမတတ်ဖြစ်တယ်။ ဘုရားက ရေကို စီးလာစေတယ်။ တရားသူကြီး ၁၅း ၁၅- ၁၉။
ဧလိယကို ကျီးအတွေလွှတ်ပြီး အစာကျွေးတယ်။ ၃ရာ ၁၇း ၃- ၆။ ကျီးအတွေက တနေ့ ၂ ကြိမ် မုန့်နဲ့အသား ယူလာပေးတယ်။ အဲဒီနောက် ဇရတ်ပမြို့မှာ မုဆိုးမရဲ့ လက်တဆုပ်စာ မုန့်နဲ့ဆီကို ကောင်းကြီးပေးပြီး ကြွယ်ဝစေတယ်။ ၃ရာ ၁၇း ၉- ၁၆။ လူတွေရဲ့ စားဝတ်နေရေးကို ဘုရားက စိတ်ဝင်စားတယ်။ ပေးသနားတယ်။ စိတ်ဓါတ်ကျနေတဲ့ ဧလိယကို ကောင်းကင်တမန်အားဖြင့် မုန့်နဲ့ရေ ပေးတယ်။ ၃ရာ ၁၉း ၅- ရ။
သခင်ယေရှုကိုယ်တိုင်လည်း နေ့စဉ်လိုအပ်မှုတွေအတွက် နမိတ်လက္ခဏာတွေ ပြတယ်။ ပထမဆုံး နမိတ်လက္ခဏာက ဂါလိလဲပြည် ကာနမြို့မင်္ဂလာဆောင်ပွဲမှာ ရေမှ စပျစ်ရည် ဖြစ်စေတယ်။ ယောဟန် ၂း ၁- ၁၀။ ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကို အမှုတော်အတွက် ခေါ်ချိန်မှာ ရေနက်ရာအရပ်သို့ ရွေ့ဦးလော့။ ပိုက်ချခိုင်းတဲ့အခါ ငါးအများကြီး ဖမ်းမိတယ်။ ပိုက်ကွန်စုတ်ပြတ်မတတ် ဖြစ်ရတယ်။ လုကာ ၅း ၄- ၈။ ဒါက အစားအစာအတွက် ဖြစ်တယ်။ လူ ၅၀၀၀ ကို မုန့် ၅ လုံး၊ ငါး ၂ ကောင်နဲ့ ကျွေးခဲ့တယ်။ လူ ၄၀၀၀ ကိုလည်း ကျွေးခဲ့တယ်။ ဒါတွေက အစားအသောက်နဲ့ ပါတ်သက်တဲ့ နိမိတ်လက္ခဏာတွေ ဖြစ်တယ်။ ရှင်ပြန်ထမြောက်ပြီးတဲ့အခါ ဂါလိလဲပြည်ကို သွားတယ်။ တပည့်တော်တွေ တညလုံး ငါးဖမ်းပေမယ့် မရဘူး။ ငါးရစေချိန်မှာ ငါးကြီး ၁၅၃ ကောင်ရကြတယ်။ ယောဟန် ၂၁း ၁၁။
အဲဒီအချိန်မှာ သခင်ယေရှုက မီးဖိုပြီး သူတို့ကို အိုင်နဘေးမှာ နံနက်စာ ပြင်ပေးတယ်။ ယော ၂၁း ၅- ၁၂။ သခင်ဘုရားက အစားအစာကို စိတ်ဝင်စားပြီး၊ ဆာလောင်သူတွေကို ကျွေးမွေးတယ်။
ဖိလိပ္ပိမြို့သားတွေက အစားအစာ ပို့တဲ့အခါ ရှင်ပေါလု ဝမ်းသာတယ်။ ဧပဖြောဒိတ်လက်မှ ရလို့ အားလုံး ပြည့်စုံနေတယ်လို့ ဆိုတယ်။ မွှေးကြိုင်သောအနံ့နဲ့ ဘုရားသခင် နှစ်သက်တဲ့ယဇ် လို့ဆိုတယ်။ ဘုရားသခင်က သင်တို့ လိုသမျှကို ဖြည့်စွမ်းပေးမယ်လို့ ဆိုတယ်။ ဖိိလိပ္ပိ ၄း ၁၈- ၁၉။ ဒီအစားအစာတွေဟာ ကောင်းကင်က ပေးသလို ရှင်ပေါလု ခံစားရတယ်။ ဒီအကျိုးကို သူတို့ ပြန်ခံစားရဦးမယ်လို့ ဂတိပေးတယ်။
ကိုယ်ခန္ဓာနဲ့ ပါတ်သက်တဲ့ အရာတွေ မရနိုင်ဘူးလို့ ထင်နေသူတွေ ရှိတယ်။ တချို့က လောကီ ကောင်းကြီးဆိုတာ အစ္စရေးတွေအတွက်ပါ။ ခရစ်ယာန်က ကောင်းကင်အရာပဲ ရမယ်လို့ ဆိုတယ်။ ဒါက မယုံကြည်လို့ အကြောင်းပြတာပါ။ လူကောင်းတချို့လည်း ဒီလို ပြောတတ်တယ်။ ဒီစကား မမှန်ဘူး။ ဓမ္မသစ်ခေတ်မှာလည်း ဓမ္မဟောင်းခေတ်လိုပဲ ယုံကြည်သူတွေကို ဘုရားက ကျွေးမွေးချင်တယ်။ ဘုရားသခင်က မပြောင်းလဲဘူး။ ယာကုပ် ၁း ၁၇ မှာ “ကောင်းမြတ်စုံလင်သော ဆုကျေးဇူး ရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်မှ သက်ရောက်ရ၏။ ထိုအဘသည် ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။” ဘုရားက စိတ်မပြောင်းလဲဘူး။ ခရစ်ယာန်တွေကို မ,စချင်သေးတယ်။ သားသမီးတွေကို ဂရုစိုက်နေဆဲပဲ။ ပြောင်းလဲမသွားဘူး။
ဝိညာဉ်ရေးကောင်းကြီးတွေကို ဘုရားပေးတာ မှန်ပါတယ်။ ဒါပေမယ့် နေ့စဉ်လိုအပ်နေတဲ့ လောကီအရာတွေကိုလည်း ဘုရားပေးချင်တယ်။
ဂျော့ချ်မူးလယ် George Muller ရဲ့ ဘဝအကြောင်းကို ဖတ်ကြည့်ရင်  အင်္ဂလန်နိုင်ငံ၊ ဘရစ်စ်တိုမြို့မှာ မိဘမဲ့ဂေဟာတွေ ဆောက်တယ်။ ကလေး ၂၀၀၀ ကျော်တယ်။ အဆောက်အဦဆောက်ဖို့၊ နေ့စဉ် စားဖို့၊ အမှုတော်ဆောင်လစာ စတာတွေအတွက် လိုငွေကို အလှူမခံဘဲ၊ ဘယ်သူ့ကိုမှ မတောင်းဘဲ ဆုတောင်းပြီး ဖြေရှင်းတယ်။ အမှုတော်ဆောင် ရာချီပြီး ပံ့ပိုးနိုင်တယ်။ ကျမ်းစာအုပ် ထောင်ချီပြီး ဝေနိုင်တယ်။ ဝေစာ သန်းနဲ့ချီပြီး ထုတ်ဝေတယ်။ မိဘမဲ့ဂေဟာတွေ ဆောက်တယ်။ သူ့အသက်တာမှာ ဆုတောင်းပြီး ဒေါ်လာ ခုနှစ်သန်း ရခဲ့တယ်။ ဘယ်သူ့ကိုမှ အလှူမခံ၊ အကူအညီ မတောင်းခဲ့ဘူး။ (George Muller of Bristol ဆိုတဲ့ A. T. Pierson ရေးတဲ့ စာအုပ်)
ဆုတောင်းရင် အစားအစာ၊ အဝတ်အထည်နဲ့ လိုအပ်သမျှ ဘုရားပေးတယ်ဆိုတာ ဂျော့ချ်မူးလယ်က သက်သေပြခဲ့ပြီ။
လောကီအရာတောင်းတာဟာ ဝိညာဉ်သဘောမရှိတာလို့ မယူဆပါနဲ့။ နေ့စဉ်စားဖို့ ဆုတောင်း အဖြေရသူဟာ သူတပါး ကယ်တင်ခြင်းရဖို့လည်း ပိုဆုတောင်းချင်လာတယ်။
ဘုရားသခင်က သားတော်ကိုပင် ပေးခဲ့တယ်။ လောကီလိုအပ်ချက်တွေကိုလည်း ပေးချင်တယ်။ ရောမ ၈း ၃၂ မှာ “သားတောရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဖို့အလို့ငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။”

၂။ အစားအစာအတွက် ဆုတောင်းခြင်း အဖြေများ

ဒါက သီအိုရီမဟုတ်ဘူး။ လက်တွေ့ဖြစ်တယ်။ ဒါဝိဒ်က “ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရား နားထောင်၍” ဆာလံ ၃၄း ၆။ “ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူတို့၌ ကောင်းသောအရာ တစုံတခုမျှ မလိုရာ။” ဆာလံ ၃၄း ၁၀။ နေ့စဉ်လိုသမျှကို ဆုတောင်းလို့ အဖြေရကြတာတွေ အများကြီးရှိတယ်။ ဘုန်းတော်ထင်ရှားတယ်။ ယုံကြည်သူတွေ ခွန်အားရကြတယ်။ ၁၉၁၆ ခု၊ ဇန်နဝါရီမှာ ကျွန်တော့အသက် ၂၀။ Texas ပြည်နယ်အနောက်ပိုင်းက နွားမွေးတဲ့ Dundee မြို့မှာ ယာခင်းကြီး ရှိတယ်။ ကျောင်းနေဖို့ ဘုရားနိုးဆော်တယ်။ ဒါပေမယ့် ကျောင်းစရိတ် မရှိဘူး။ အဖေ့မှာလည်း မရှိဘူး။ ကျွန်တော့မှာတော့ မြင်းတကောင်နဲ့ မြင်းကုန်းနှီးအပြင် ၉ ဒေါ်လာနဲ့ ၃၅ ဆင့်ပဲ ရှိတယ်။ ဘဏ်မှာ ငွေချေးဖို့ ကြိုးစားတယ်။ သူငယ်ချင်းတွေကို အကူအညီတောင်းတယ်။ မြင်းရောင်းဖို့ ကြိုးစားတယ်။ ဒါပေမယ့် စီးပွါးပျက်တဲ့ ကာလဆိုတော့ မြင်းလည်း ရောင်းမရ။ ပိုက်ဆံလည်း ချေးမရဘူး။ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဆီးနှင်းတွေကျပြီး အရမ်းအေးတယ်။ ဒီအချိန်မှာ ဆုတောင်းဖို့ တောင်ကုန်းလေးကို တက်သွားလိုက်တယ်။ မျက်နှာအပ်ပြီး ဆုတောင်းတယ်။ “တတ်နိုင်သမျှ လုပ်ပြီးပြီ ကိုယ်တော်။ ဧဝံဂေလိတရားလည်း ဟောချင်တယ်။ ဓမ္မသီချင်း အဆိုတော်လည်း ဖြစ်ချင်တယ်။ ဒါမှမဟုတ် ကိုယ်တော်အလိုရှိရာ တခုခု လုပ်ပါမယ်။ ဆယ်ဖို့တဖို့လည်း အမြဲပေးမယ်လို့ ဂတိပေးလိုက်တယ်။ ပေးချင်တဲ့စိတ်ကလည်း ဘုရားထံကလာတာပဲ ဖြစ်မယ်။ ကျောင်းစရိတ်ကို မ,စပါ။ အလိုတော်အတိုင်း ဖြစ်ပါစေ” လို့ ဆုတောင်းလိုက်တယ်။
အဲဒီအချိန်က Dr. R. A. Torrey ရဲ့ How to pray ဆုတောင်းနည်း ဆိုတဲ့စာအုပ်ကို ဖတ်ဖူးတယ်။ ဒီစာအုပ်ကို ခရစ်ယာန်တိုင်း ဖတ်သင့်တယ်။ အမေသေတော့ သူ့လက်ဆွဲအိပ်ကလေး ပို့လိုက်ဖို့ အဖေ့ကို မှာသွားတယ်။ အဲဒီနောက် Texas ပြည်နယ်က Decatur ကောလိပ်ကို သွားတက်တယ်။
ဆုတောင်းတယ်။ ၂၅ မိုင်လောက် ရောက်တဲ့အခါ Texas ပြည်နယ်၊ Archer မြို့က Power State ဘဏ်ကို ရောက်တယ်။ ဘဏ်ငွေကိုင်ကို “ကျောင်းတက်ချင်လို့ မြင်းပေါင်ချင်တယ်” လို့ ပြောလိုက်တယ်။ သူက မြင်းကို မကြည့်ဘဲ “ဘယ်လောက်လိုချင်လဲ” ဆိုပြီး ချက်လက်မှတ်ကို ဆွဲယူတယ်။ တော်တော်အံသြစရာပါ။ တခါမှ မကြုံဖူးဘူး။ “ကျောင်းစရိတ် ပထမအရစ် ဒေါ်လာ ၆၀ လိုတယ်။” ဆိုတော့ …. “ဘယ်လောက်ကြာရင် ပြန်ဆပ်မလဲ” တဲ့။ “၆ လ” လို့ သီးနှံရိတ်မယ့်အချိန်ကိုမှန်းပြီး ပြောလိုက်တယ်။ သူက ၆ လ အချိန်ပေးပြီး၊ ဒေါ်လာ ၆၀ ထုတ်ပေးတယ်။ ဘဏ်ကိုလာတဲ့ တခြားတယောက်က “Mr. Power ခင်ဗျားပြောတော့ ကြပ်တည်းတဲ့ အချိန်မို့ ၃ လထက်ပိုပြီး ဘယ်သူ့ကိုမှ မချေးနိုင်ဘူး .. ဆို။” လို့ ပြောလာတယ်။
“ဒါပေမယ့် ဒီကောင်လေးက ငါ့မိတ်ဆွေရဲ့ သားကွ” လို့ ဘဏ်အရာရှိက ဖြေတယ်။ သူကို ကူညီဖူးတာက စာအုပ်ထဲမှာ ဖတ်ဖူးတဲ့ ကိုင်းကူး ကိုင်းဆက်နည်းလေး ပြောပြဖူးတာပါ။
ကောလိပ်ရောက်တော့ ကျောင်းအုပ်ဆရာကြီးက အလုပ်မရှိဘူး လို့ ပြောပေမယ့် ဘုရားက အလုပ်တခု ပေးတယ်။ နွားနို့ညှစ်ရတယ်။ စားပွဲထိုးလုပ်ရတယ်။ ဒါပေမယ့် ကျောင်းလစာပေးရမယ့်အချိန် ရောက်ပြန်တော့ အသည်းအသန် ဆုတောင်းရတယ်။ မကြာခင်မှာ Dr. J. L. Ward က ခေါ်တယ်။ သူက သိပ်သဘောကောင်းတယ်။ ကောင်းကြီးပါပဲ။ “John ကျောင်းနောက်ကျတဲ့ ကျောင်းသားတွေကို သချင်္ာသင်ပေးနိုင်မလား။ အက္ခရာနဲ့ ဂျော်မက်တြီမှာ ညံ့နေတယ်။” လို့ ပြောတယ်။ စာသင်ရတယ်။
ဒါပေမယ့် အကျီ င်္၊ ဘောင်းဘီတွေက ပေါက်ပြဲနေတယ်။ ညမှာ ဘောင်းဘီအပေါက် ဖာရတယ်။ ပါးလွန်းတော့ မခိုင်တော့ဘူး။ လမ်းလျှောက်ရင် အဖါရာကွယ်ဖို့ ဦးထုပ်နဲ့ ကာရတယ်။
တညတော့ အခန်းဖေါ် Riley Whatley ကို ပြောတယ်။ “အကျင်္ ီမရှိရင်တော့ ကျောင်းထွက်ရတော့မယ်။ အကျင်္ီတွေက ဖါရာတွေနဲ့ချည်းပဲ။” Riley က ဆုတောင်းဖို့ အကြံပေးတယ်။ အခန်းဖေါ် ၃ ယောက် ဆုတောင်းကြတယ်။ ဘုရားက စိတ်ချမှုပေးတယ်။ အဲဒီညက သောကြာညပါ။ တနင်္ဂနွေနေ့ခင်းမှာ ဟိုအဝေး Texas ပြည်နယ် Gainesville မှာနေတဲ့ ဦးလေးက ဖုန်းခေါ်တယ်။ သူက စေတနာကောင်းတယ်။ သဘောကောင်းတယ်။ “John အဝတ်အစားဝယ်ဖို့ ငွေဘယ်လောက်လိုလဲ” လို့ မေးလာတယ်။ “ကျွန်တော့မှာ အဝတ်အစားဝယ်ဖို့ ငွေလိုတာ ဦးလေး ဘယ်လိုသိသလဲ” လို့ မေးလိုက်တယ်။ “ဟာ ….  ကျောင်းသားတွေမှာ အကျင်္ ီအဝတ်အစား အမြဲလိုတာပဲ” လို့ ပြောလာတယ်။ ၁၅ ဒေါ်လာ လိုတယ်လို့ ပြောတဲ့အခါ ချက်လက်မှတ်မှာ ဒေါ်လာ ၂၀ ပေးတယ်။ အကျင်္ီအပြာရောင်တထည်၊ ဦးထုပ်တလုံး၊ ဖိနပ်တရံကို ဒေါ်လာ ၂၀ နဲ့ ဝယ်လိုက်တယ်။ နောက်ပိုင်းမှာ အဲဒီငွေတွေအားလုံး ပြန်ဆပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဆုတောင်းရင် ရတယ် ဆိုတာက စိတ်ပျော်စရာ ဖြစ်လာတယ်။ ကောလိပ်၊ တက္ကသိုလ်နဲ့ ကျမ်းစာကျောင်း ၂ နှစ် တက်ချိန်မှာပါ ပိုက်ဆံမရှိလို့ ကျောင်းမတက်ရတာမျိုး မရှိတော့ဘူး။ ကျောင်းတက်ဖို့ ေထောက်ပံ့တဲ့သူ ရှိနေတဲ့ဘဝမျိုးပါ။
ဘုရားသခင်က မပြောင်းလဲဘူး။ ဆုတောင်းသံကို နားထောင်ပေးနေတယ်။ ၁၉၄၁၊ ဇန်နဝါရီလ Nebraska ပြည်နယ် Grand Island မှာ ရေဒီယိုအစီအစဉ်တခုမှာ ဟောပြောရင်း အခုန အဖြစ်အပျက်လေးကို ပြောပြဖြစ်တယ်။ Kansas State ကောလိပ်မှာတက်နေတဲ့ ကျောင်းသားတယောက်က စိတ်ညစ်နေတယ်။ အဲဒီရေဒီယိုကို နားထောင်နေတယ်။ သူ့ကျောင်းက  မကောင်းတာ၊ အကျင့်ပျက်နေတာ၊ အယူလွဲနေတာတွေကို စိတ်ညစ်နေတယ်။ Wheaton ကောလိပ်ကို တက်ချင်နေတယ်။ ပိုက်ဆံကမရှိဘူး။ ဘုရားအဖြေပေးတာ ကြားရတော့ သူလည်း ဆုတောင်းတယ်။ အခန်းဖေါ် ဝင်လာချိန်မှာ သူ့အဝတ်အစားတွေ သိမ်းနေပြီ။ ပိုက်ဆံမရှိပေမယ့် ဘုရား မ,စမယ်လို့ သူယုံတယ်။ ကျောင်းစရိတ်နဲ့ အခန်းခကို ဘုရား ဖြည့်စွမ်းမယ်လို့ ဆိုတယ်။ ဒါနဲ့ Wheaton ကောလိပ်ကို သွားတယ်။ ရောက်ပြီး ၂ နာရီအကြာမှာ အလုပ်တခုရတယ်။ ကျောင်းစရိတ် ပေးနိုင်လာတယ်။ ဒီအကြောင်း ကျွန်တော့ကို ပြန်ပြောပြပြီး အခု ကျွန်တော့ရုံးမှာ အလုပ်လုပ်နေတယ်။
၁၉၂၆ မှာ သင်းအုပ်ဘဝ အနားယူပြီး အချိန်ပြည့် ဧဝံဂေလိ အမှုဆောင်လိုက်တယ်။ ပိုဆက်ကပ်ဖို့ လိုလာတယ်။ “ကိုယ်တော့်အလုပ်ကို ကျွန်တော်တာဝန်ယူမယ်။ ကျွန်တော့မိသားစုကို ကိုယ်တော်တာဝန်ယူပေးပါ” လို့ ဆုတောင်းလိုက်တယ်။ အသက်အာမခံ ဒေါ်လာ တသောင်းကို သုံးလိုက်တယ်။ လူကို အားမကိုးဘဲ၊ ဘုရားကိုပဲ အားကိုးဖို့ ဇနီးသည်နဲ့ သဘောတူထားကြတယ်။ ပုံမှန်လစာမရှိဘဲ အလုပ်လုပ်ဖို့ ဆုံးဖြတ်ကြတယ်။ အဲဒီ ၁၅ နှစ်လုံး ကျွန်တော့မိသားစုကို ဘုရား မ,စတယ်။ သမီး ၆ ယောက်၊ အားလုံး ၈ ယောက်ရှိတယ်။ လိုလေသေး မရှိခဲ့ဘူး။ အမှုတော်ဆောင်တွေကို ထောက်ပံ့နိုင်တယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလမှာ စာပေထုတ်ဖို့ ဒေါ်လာ ၃၆၀၀ ပေးနိုင်တယ်။ ပုံနှိပ်စရိတ် တလ ဒေါ်လာ ၁၀၀၀ ပေးရတယ်။ ရေဒီယိုအလုပ်လည်း ရှိတော့ နေ့တိုင်း ပိုက်ဆံကုန်တယ်။ ပြေလည်ပါတယ်။ ဒါတွေအားလုံးဟာ ဆုတောင်းလို့ ရတာဖြစ်တယ်။
၁၉၃၁- ၃၂ မှာ ၆ လတာ ကာလအတွင်း နေ့စဉ် ရေဒီယိုလွှင့်ရတယ်။ တနေ့ ၂၅ ဒေါ်လာကုန်တယ်။ မိသားစုစရိတ်ရှိတယ်။ စာပေထုတ်ရတယ်။ ဒါတွေကို ဆုတောင်းပြီး ဖြေရှင်းရတယ်။ ထောက်မမယ့် အသင်းတော် မရှိဘူး။ အလှုငွေမခံဘူး။ ရေဒီယိုကနေလည်း အလှုငွေထည့်ဖို့ မတောင်းခံဘူး။ ဒီရေဒီယိုဟာ စေတနာရှင်တွေနဲ့ လုပ်ဆောင်တယ်လို့ပဲ ပြောပါတယ်။ ဒါကြောင့် နေ့တိုင်း ဆုတောင်းပြီး ဖြေရှင်းရတယ်။ တနေ့တော့ ဝန်ထမ်းစရိတ် ဒေါ်လာ ၃၀ လိုတယ်လို့ ဆုတောင်းတယ်။ မနက်ပိုင်း စာတွေဝင်လာတော့ အလှုငွေ ၁၃.၅ ဒေါ်လာပါတယ်။ နေ့ခင်းစာတွေမှာတော့ အလှုငွေ မပါဘူး။ မွန်းလွဲပိုင်းစာတွေမှာလည်း အလှုငွေမပါဘူး။ ဒါပေမယ့် အဲဒီနေ့က ဒေါ်လာ ၃၀ လိုတယ်။ အဲဒီအချိန်မှာ အမျိုးသမီးတယောက် ရောက်လာတယ်။ ရေဒီယိုကြောင့် ခွန်အားရတယ်လို့ ပြောတယ်။ တဒေါ်လာ ပေးတယ်။ ဆရာ တရားဟောတာ စိတ်လှုပ်ရှားတယ်။ ဘယ်တော့မှ မမေ့ဘူးတဲ့။ ပြောရင်း မျက်ရည်ကျလာတယ်။ တဒေါ်လာ ပြန်ပေးပါ ဆိုပြီး၊ ၅ ဒေါ်လာပေးတယ်။ ကျွန်မအိမ်နီးချင်း ကက်သလစ် တယောက်လည်း ဆရာ့တရားကြောင့် ခွန်အားရတယ်၊ အခုတော့ ကယ်တင်ခြင်းရပြီနဲ့တူတယ်။ ဆရာ့ရေဒီယိုကြောင့် လူတွေ အကျိုးရှိတယ် ဆိုပြီး၊ ၅ ဒေါ်လာ ပြန်တောင်းကာ ၁၀ ဒေါ်လာပေးတယ်။ နောက်တော့ သူ့အမျိုးသားလည်း ရေဒီယိုကြောင့် ခွန်အားရတဲ့အကြောင်း သူ့အမျိုးသားကလည်း အခုအလှုငွေပေးတာကို ဝမ်းသာမယ်ထင်တယ်လို့ ပြောတယ်။ မျက်ရည်တွေဝဲလာပြီး၊ ၅ ဒေါ်လာရော၊ ၁ ဒေါ်လာရော၊ အကြွေတွေပါ ပေးသွားတယ်။ သူပြန်ပြီးနောက် ကျမ်းစာသင်ခန်းစာ ဆက်ရေးနေတယ်။ စိတ်ထဲမှာတော့ ၁၃.၅ ဒေါ်လာရယ်၊ ၁၀ ဒေါ်လာ၊ ၅ ဒေါ်လာ၊ ၁ ဒေါ်လာနဲ့ ဆင့် ၅၀ ကို ပေါင်းကြည့်တော့ ဒေါ်လာ ၃၀ အတိဖြစ်နေတယ်။ အရမ်းပျော်သွားတယ်။ လိုတာကလည်း ဒေါ်လာ ၃၀ ပဲ ဖြစ်တယ်။ ဒါကြောင့် ဆုတောင်းရင် ဘုရားက ပေးတယ်လို့ အတွေ့အကြံုအရ သိနေတယ်။
၁၉၃၂၊ ဇူလိုင်လ၊ လက်ထဲမှာ ၁၀ ဒေါ်လာအပြည့်တောင်မရှိဘဲ၊ Dallas ကို သွားတယ်။ လေဟာပြင်တရားဟောပွဲ ကျင်းပပြီး၊ အသင်းတော်သစ် စဖို့ဖြစ်တယ်။ ကူညီမယ့်သူ မရှိ။ အသိမိတ်ဆွေ မရှိ။ ထိုင်ခုံနဲ့ လျှပ်စစ်မီးအတွက် ငွေမရှိ။ မြေကွက်လပ်တခုကို ပထမအပတ်အတွက် ၅ ဒေါ်လာနဲ့ ငှါးလိုက်တယ်။ ဝိုင်းကူဖို့ နိုးဆော်လိုက်တယ်။ ထိုင်ခုံတွေ ရောက်လာတယ်။ အလုပ်စနိုင်သွားတယ်။ ဘုရားကျောင်း အကြီးကြီး ဆောက်ဖြစ်သွားပြီး၊ အသင်းသား ၁၄၀၀ ကျော်အထိ တိုးလာတယ်။ ရ နှစ်ခွဲအတွင်း သခင်ယေရှုကို ယုံကြည်သူ ထောင်ချီ ရှိခဲ့တယ်။ စိုးရိမ်ခဲ့ပေမယ့် ဆုတောင်းတဲ့အခါ ဘုရားက ပေးပါတယ်။ ကားတစီးရဖို့ ဆုတောင်းတာ မမြော်လင့်ဘဲ ၃ ရက်အတွင်း ရတယ်။ စီးပွါးရေးကြပ်တည်းတဲ့ကာလဖြစ်ပေမယ့် ဒေါ်လာ ၁၀၀၀ တန် ချက်လက်မှတ် ရောက်လာတယ်။ မမြင်ဖူး၊ မတွေ့ဖူး၊ စကားတခွန်းမှ မပြောဖူးတဲ့ လူတယောက် ပေးတာဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က ဘုရားကို လုံးလုံးအားကိုးမယ်လို့ ဆုံးဖြတ်တဲ့အချိန်ကစပြီး၊ လိုသမျှ ဆုတောင်းပြီး လောကီ အသုံးအဆောင်တွေ အံ့သြဖွယ် ရတယ်။ အခုသတင်းပတ်မှာလည်း ပုံနှိပ်ခ ဒေါ်လာ ၅၀၀ လိုနေတယ်။ C. T. Studd ရဲ့ စာအုပ်ကို ဖတ်နေတုန်း၊ လိုတဲ့ငွေ ဘယ်လောက်လဲလို့ မသိခင်မှာဘဲ ဘဏ်မှာရှိတဲ့ငွေနဲ့ ပေးချေဖို့ ဆုံးဖြတ်လိုက်တယ်။ လက်ထဲမှာ စာအုပ်ဖိုးတွေ ရှိတယ်။ ဒါပေမယ့် မလောက်ဘူး။  အဲဒီချိန်မှာ မစ္စစပီပြည်နယ် အသင်းတော်တပါးက ၂၅ ဒေါ်လာတန် ချက်လက်မှတ်နဲ့ စာတစောင် ပို့လိုက်တယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က သူတို့အသင်းတော်မှာ တရားဟောတုန်း ပေးခဲ့တဲ့အလှုငွေထက် ပိုပေးသင့်တယ်ထင်လို့ ထပ်ပေးတာ ဖြစ်တယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ အချိန် timing က ပိုကောင်းပါတယ်။ ဒါနဲ့ ပေးစရာ ဒေါ်လာ ၅၀၀ ကို ပေးနိုင်သွားတယ်။ ကိုယ်လိုသမျှ ငွေကြေးမှအစ ဘုရားပေးတယ်ဆိုတဲ့ သက်သေတခုပါ။ ကိုယ်လိုသမျှ အစားအစာ၊ ငွေကြေးမှအစ ဘုရားက ပေးနေကျပါပဲ။ ဒါကြောင့် ဆုတောင်းရင် အစားအစာ၊ အဝတ်အထည်၊ အလုပ်အကိုင်၊ အကြွေးပေးစရာ ငွေကြေးက အစ ဘုရားပေးတယ်ဆိုတာ ယုံကြည်ပါ။ “သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။” မာကု ၁၁း ၂၄။  အဓိပ္ပါယ်ကတော့ ပိုက်ဆံရမယ်လို့ ပြောတာပါ။ “ငါ၏နာမကို အမှီပြု၍ တစုံတခုသောဆုကို တောင်းလျှင်၊ တောင်းသည့်အတိုင်း ငါပြုမည်။” ယောဟန် ၁၄း ၁၄။ ဒါကလည်း လောကမှာနေစဉ် ကိုယ်လိုတာ ဘာဘဲဖြစ်ဖြစ် ဘုရားသခင်ပေးနိုင်တယ် ဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ရိုးသားစွာ ဆုတောင်းတတ်ဖို့ ဘုရားသခင် သွန်သင်ပေးနိုင်တယ်။ “အသက်မွေးလောက်စောအစာကို ယနေ့ ပေးသနားတော်မူပါ” လို့ ဆုတောင်းတတ်ဖို့ လိုပါတယ်။

No comments:

Post a Comment