Lady, are you rich? - ဒေါ်လေးက သူဌေးလား? ချမ်းသာသလား?
ကလေးနှစ်ယောက် သူတို့နဲ့ မတန်မရာ ကုတ်အင်္ကျီ အဟောင်းကြီးတွေ ဝတ်ပြီး အပြင်ဖက်တံခါးကို တိုးဝင်လာကြတယ်။ 
"သတင်းစာအဟောင်း ရှိလား ဒေါ်လေး" 
ကျွန်မက
 အလုပ်ရှုပ်နေတော့ "ဟင့်အင်း" လို့ ငြင်းလိုက်ချင်တာ။ သူတို့ခြေထောက်တွေကို
 ငုံ့ကြည့်မိတော့ နှင်းတွေ ရွှဲနေတဲ့ ဖိနပ်ပါးပါး သေးသေးလေးတွေ။ 
"ဝင်၊ ဝင်။ ကိုကိုး ပူပူလေး ဖျော်တိုက် မယ်" စကားပြန်ပြီး မပြောကြဘူး။ 
မီးလင်းဖိုဘေးက
 ကြမ်းခင်းကျောက်ပြားမှာတော့ သူတို့ဖိနပ်ရာတွေ ထင်ကုန်တယ်။ အပြင်က 
မေးခိုက်ခိုက်တုန်အောင် အေးတဲ့ဒဏ်ကို ခံနိုင်ဖို့ ကိုကိုးတခွက်နဲ့အတူ 
ပေါင်မုန့်ကို ယိုသုတ်ပြီး ကျွေးလိုက်တယ်။ ပြီးမှ မီးဖိုချောင်ဖက် 
ပြန်သွားပြီး၊ အိမ်ရဲ့ ရသုံးစာရင်းလေး တွက်ကြည့်နေမိတယ်။ 
အိမ်ရှေ့ခန်းက
 တိတ်ဆိတ်လွန်းနေတော့ ကျွန်မ သတိဝင်လာတယ်။ ကြည့်လိုက်တော့ ကလေးမက 
ဘာမှမရှိတော့တဲ့ ခွက်ကလေးကို လက် မှာကိုင်ပြီး ကြည့်နေတယ်။ ကောင်လေးက 
အသံခပ်အုပ်အုပ်နဲ့ မေးတယ်။ "ဒေါ်လေးက ချမ်းသာသလားဟင်?" တဲ့။  "ချမ်းသာလား၊
 ဘုရားရေ၊ ငါ မချမ်းသာပါဘူး။" ခြုံထားတဲ့ ခြုံစောင်အရှည် 
ခပ်နွမ်းနွမ်းလေးကို ပြန်ကြည့်မိတယ်။ 
ကလေးမက ခွက်ကို 
သူ့အောက်ခံခွက်အပေါ်မှာ ရိုရိုသေသေ ပြန်ချတယ်။ "ခွက်နဲ့ အောက်ခံပြားက 
လိုက်တယ်နော်" သူ့အသံက မွတ်သိပ်တောင့်တတဲ့ အသံ၊ ဒါပေမယ့် ဗိုက်ဆာတာနဲ့ 
မဆိုင်တဲ့ အသံ။ နောက်တော့ သူတို့ ပြန်သွားကြတယ်။ သတင်းစာတွေ ကိုင်ရင်း 
လေပြင်းဒဏ်ကို အံတုရင်းပေါ့။ ကျေးဇူးတင်တယ် လို့ ပြောမသွားကြဘူး။ ပြောဖို့ 
မလိုတော့ပါဘူးလေ။ ကျေးဇူးတင်တယ် ဆိုတာထက် အများကြီး ပြောသွားကြပြီပဲ။ 
အပြာရောင် ပြောင် (ဗြောင်) ခွက်နဲ့ အောက်ခံပြားလေး။ လိုက်တယ်ပေါ့။ 
အာလူးကို အနှစ်ကလေးနဲ့ မွှေပြီး ချက်ထားတယ်။  အာလူးဟင်း အနှစ်ကလေးနဲ့ပေါ့။ 
အိမ်အမိုးနဲ့ အကာနဲ့။ ကျွန်မ အိမ်သားက ပုံမှန်အလုပ်လေးနဲ့။ 
ဒါတွေအားလုံးကလည်း လိုက်ဖက်ညီနေသားပဲ။ 
မီးဖိုးနားက ကုလားထိုင်တွေကို 
နောက်ဆုတ်ရွှေ့လိုက်တယ်။ ဧည့်ခန်း သန့်ရှင်းရေး လုပ်တယ်။ 
ဖိနပ်သေးသေးလေးတွေရဲ့ ရွှံ့ခြေရာတွေဟာ အခန်းကြမ်းပြင်မှာ စိုနေဆဲပဲ။ 
ထားလိုက်။ ကျွန်မ သိပ်ချမ်းသာတာကို နောက်တခါမေ့ရင် သတိပေးဖို့ 
အဲဒီခြေရာလေးတွေကို ဆက်ရှိနေစေချင်မိတယ်။ 
- Marion Doolan

