![]()  | 
| Samo Pu Lay, Daw Kyaing, son & daughter | 
![]()  | 
| Samo Pu Lay & his wife, Daw Kyaing | 
![]()  | 
| Asho Chin Bible School | 
![]()  | 
| Samo Pu Lay's daughter, Daw Aye Kyaing | 
ဒီခေါင်းစဉ်ရဲ့ အိုင်ဒိယာကို "There is a river." ဆိုတဲ့ ကျမ်းစာပိုဒ်မှ ရပါတယ်။
"သမုဒ္ဒရာရေသည် ဟုန်းဟုန်းမြည်၍ မွှေနှောက်ပါလေစေ။ လှိုင်းတံပိုးထသဖြင့်၊ တောင်များ တုန်လှုပ်ပါလေစေ။ 
မြစ်တမြစ်
 ရှိသေး၏။ ထိုမြစ်ရေသည် စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား
 ကိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်းစေတတ်၏။" - ဆာလံ ၄၆:
 ၃-၄
ရေဟာ 
အစုအဝေးကြီးလာရင် ပင်လယ်၊ သမုဒ္ဒရာလို ဖြစ်ပြီး အားကြီးလာ၊ 
ဒုက္ခပေးလာနိုင်တယ်။ ရေသိပ်မများတဲ့ စမ်းချောင်းကတော့ စီးဆင်းရာ အရပ်ကို 
အကျိုး ပြုတယ်။ လူလည်း ဒီလိုပါပဲ။ 
လူအုပ်စုကြီးမားပြီး၊
 လူညီလာရင် အကျိုးမရှိတာတွေ လုပ်မိတတ်တယ်။ လူနည်းပေမယ့် အကျိုးရှိတာတွေကို 
လုပ်သူတချို့လည်း ရှိတယ်။ အဲလိုလူနည်းစုတွေထဲက လူတယောက်အကြောင်း 
ပြောပြချင်တယ်။
"ဆမို ပုလေး"
ဦးပိုလေးနဲ့
 ဒေါ်ပပွိုင်တို့ရဲ့ စတုတ္ထမြောက်သား ဖြစ်ပြီး၊ တောင်တွင်းကြီး၊ 
နှစ်ကျပ်ခွဲရွာ ဇာတိ၊ ၁၉၁၃ မှာ မွေးဖွါးတယ်။ အဖ ဦးပိုလေးက အရှိုရိုးရာ 
ပဆန်းဆရာကြီး (ယဇ်ပရောဟိတ်၊ ယဇ်ပူဇော်ပေးရသူ) ဖြစ်တယ်။ ဒါပေမယ့် 
သင်းအုပ်ဆရာ ဦးထွန်း (မြန်မာ) နဲ့ တွေ့တဲ့အခါ ခရစ်ယာန်တွေကို 
စိတ်ဝင်စားသွားတယ်။ သူက စိတ်ထားကို ကြိုက်တာ။ ခရစ်ယာန်တွေက ပိုက်ဆံ၊ 
လက်ကိုင်ပဝါ ကောက်တွေ့တာကို ပိုင်ရှင်ရှာ၊ ကြေညာပြီး ပြန်ပေးနေတာ တွေ့တယ်။ 
ရွာမှာဆိုရင် ပွဲလန်းသဘင်မှာ ဖိနပ် သိပ်ပျောက်တာ လို့ တွေးမိတယ်။
အဲဒီနောက်တော့
 ဆရာဦးထွန်းကို ဖိတ်ပြီး ကျမ်းစာသင်၊ ဆုတောင်းပေးပါ၊ သားတွေကိုလည်း 
ဘိန်းဖြတ်ပေးပါ လို့ တောင်းဆိုတယ်။ သားတွေက ဆိုးတယ်။ တဝမ်းကွဲ ညီအကိုတွေနဲ့
 ပေါင်းပြီး လူမိုက်အုပ်စုဖွဲ့၊ ရွာနားတဝိုက် ပွဲလန်းသဘင် ရှိရင် ပုလိပ် 
ခေါ်စရာ မလို၊ သူတို့ပဲ ပွဲထိန်းကြတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ အရက်၊ 
ဘိန်း ပြတ်သွားကြတယ်။
အရက်
 မသောက်၊ ဘိန်းမစားတတ်သေးတဲ့ အငယ်ဆုံးသား နှစ်ယောက် ပုလေးနဲ့ ဗက်အိတို့ကို 
ကျွဲလှည်းနဲ့ ဆင်ပေါင်ဝဲအထိ ပို့၊ အဲဒီက တဆင့် သင်္ဘောစောင့်စီးပြီး သရက် 
မြို့ American Baptist Mission school ကို ပို့တယ်။
အဲဒီကျောင်းဟာ
 တောအရပ်က ကျောင်းမို့ တောကျောင်းလို့လည်း ခေါ်တယ်။ အဲဒီတုန်းက အမေရိကန် 
နှစ်ခြင်း ဆရာတွေက စွန့်လွှတ် အနစ်နာခံပြီး မဖွံ့ဖြိုး မတိုးတက်တဲ့ 
တောအရပ်မှာ စာလာသင်ပေးခဲ့တယ်။ 
ဟိုခေတ်ကတော့
 အသိအမြင် နည်းပါးတော့ အများစုက အမေရိကန်တွေ၊ အင်္ဂလိပ်တွေ၊ ပြင်သစ်တွေ 
မခွဲတတ်ဘူး။ အသားဖြူရင် "ဘို" လို့ပဲ ခေါ်ကြတော့တယ်။ ဒါကြောင့် 3 Ms 
(စစ်ရေး၊ စီးပွါးရေး၊ ဘာသာရေး) နဲ့ နယ်ချဲ့တယ် ဆိုပြီး အကုန် ရောထွေး 
စွပ်စွဲကြတယ်။
တကယ်တော့ 
တောသားလေးတွေဟာ ABM ကျောင်းမှာ အမေရိကန်ဆရာနဲ့ စာသင်ရတဲ့ ထူးခြားတဲ့ 
အခွင့်အရေးကြီးကို ရခဲ့ကြတယ်။ (အခုခေတ်မှာပင် အမေရိကန်ဆရာနဲ့ စာသင်ဖို့ 
ဆိုတာ လွယ်တာမဟုတ်။ ကိုယ်တိုင် ကြိုးစားမှ၊ တော်မှ။ အမေရိကားမှာ အဆက်အသွယ်၊
 အမျိုးအဆွေ ရှိမှ။ ပိုက်ဆံလည်း တတ်နိုင်ဦးမှ။) ဟိုခေတ် ABM ကျောင်းကတော့ 
ရွာက ဆန်ပါလာရုံနဲ့ အဆင်ပြေတယ်။ တချို့မတတ်နိုင်ရင်လည်း ပေးစရာ မလိုဘူး။ 
(သရက် မြို့ရဲ့ စိန့်မေရီဆိုတဲ့ RC ကျောင်းလည်း ဒီလိုပါပဲ။)
အဲဒီခေတ်
 ရန်ကုန်တက္ကသိုလ် ကျောင်းသားတချို့က နိုင်ငံရေးကို ခရေဇီဖြစ်နေပေမယ့် 
ကိုပုလေးတို့က နိုင်ငံရေးထက် ကိုယ့်လူမျိုးကို ပညာတတ်ပြီး တိုးတက်စေချင်တဲ့
 စိတ်က ပြင်းပြနေတယ်။ 
အဲဒီခေတ်လူငယ်
 နိုင်ငံရေးခေါင်းဆောင်တချို့ အင်္ဂလိပ်လို ပြောတဲ့ မိန့်ခွန်းတွေဟာ 
အင်ဒီးယား အသံဝဲပြီး၊ ကျက်ထားတာကို ပြန်ရွတ်သလား မှတ်ရတယ်။ ABM 
ကျောင်းသားတွေရဲ့ အင်္ဂလိပ် စကားပြော လေယူ လေသိမ်းကတော့ အမေရိကန် ဆန်တယ်။ 
လူမမြင်ရရင် အမေရိကန်လို့ ထင်ရတယ်။
နိုင်ငံရေးလုပ်တဲ့
 လူငယ်တွေက စိတ်အားကြီးပေမယ့် အဲဒီခေတ်ရဲ့ နိုင်ငံတကာ အခင်းအကျင်းကို 
သိပ်သိပုံ မရဘူး။ တတိုက်တည်းနေ အာရှသား ဂျပန်တပ်ကို ခေါ်လာတဲ့အခါ 
ပြည်သူလူထု အကြီးအကျယ် ဒုက္ခရောက်ရတယ်။ ကျောင်းတွေ ပိတ်ခဲ့ရတယ်။ 
ပညာသင်ချင်၊ တိုးတက်ချင်တဲ့ လူငယ်တွေအတွက် အဲဒီခေတ် နိုင်ငံရေးဟာ 
အနှောက်အယှက် သက်သက်ပါ။  ABM ကျောင်းပိတ်ချိန်မှာ ကျောင်းကို 
လွမ်းတဲ့အကြောင်း သီချင်းတပုဒ်ကို ဆမိုပုလေး ရေးခဲ့တယ်။ "အို၊ အရှို 
ကျုန်လှဲင် ဟို" -( အို၊ အရှိုကျောင်းကြီးရယ် လွမ်းမိတယ်) သီချင်းဟာ သရက် 
မြို့ အရှို ABM ကျောင်းသားတိုင်းနဲ့ သူတို့ရဲ့ သားမြေးမြစ်များအတွက် 
မျက်ရည်ဝဲစရာ ဖြစ်တယ်။ တန်ဖိုးထားစရာ သမိုင်းဖြစ်ရပ်တွေကို ပြန်အောက် 
မေ့စရာ ဖြစ်တယ်။ ဂျပန်ခေတ်မှာ ပုံနှိပ်ပြီးစ အရှို ဓမ္မသီချင်း 
စာအုပ်တွေကို ဗုံးဒဏ်၊ မီးဘေးဒဏ် မသင့်ခင်  ဆမိုပုလေးနဲ့ ဆမိုညီလေးက 
ရန်ကုန်မှာ သွားယူပြီး အရှိုရွာတွေကို ဖြန့်ဝေပေးချိန်မှာ ဒီသီချင်းကို 
ရေးခဲ့ပုံရတယ်။
ABM 
ကျောင်းသားတွေဟာ အင်္ဂလိပ်စာကောင်းတော့ ၇ တန်း၊ ၈ တန်း၊ ၉ တန်း ဆိုရင်ပဲ 
အလုပ်အကိုင် ကောင်းကောင်းရကြတယ်။ အများစုက လစာကောင်းတဲ့ အစိုးရအလုပ်ကို 
လုပ်ကြပေမယ့် ဆမိုပုလေးက လစာမကောင်းတဲ့ တရားဟောဆရာ အလုပ်ကို ရွေးချယ်တယ်။
ဆရာဦးထွန်းရဲ့သမီးဖြစ်သူ ဒေါ်ကြိုင်နဲ့ အိမ်ထောင်ကျတယ်။
ဆမိုပုလေးက
 သနားတတ်တယ်။ တောရွာတွေကို သွားရာက ပြန်လာရင် ဇနီးသည်က သူ့ထည့်ပေးလိုက်တဲ့ 
အဝတ်အစားတွေ ပြန်စစ်တယ်။ မတွေ့လို့ မေးရင်၊ "မမ မမေးနဲ့တော့။ 
မရှိတဲ့သူတွေကို ပေးလိုက်ပြီ။" ဖြေတတ်တယ်။
သားသမီး
 မထွန်းကားပေမယ့် နှစ်ယောက်လုံးက သနားတတ်တော့ မွေးစား သားသမီးတွေ ရှိတယ်။ 
သားအငယ်က တရုတ်နွယ်ဖွါး။ ဦးပုလေးနဲ့ ဒေါ်ကြိုင်တို့ရဲ့ သားဆိုတော့ "ကို 
လေးကြိုင်" လို့ မှည့်ကြတယ်။ နာမည်လေးမှာ နွေးထွေးမှုကို တွေ့နိုင်တယ်။  
သမီးအကြီးက မအေးကြိုင်။ သူက အင်ဒီးယား နွယ်ဖွါး။ မောင်နှမ နှစ်ယောက် 
မှန်ကြည့်ကြတော့ "နင်နဲ့ ငါနဲ့ မောင်နှမသာ ဆိုတယ်။ ဘာတခုမှ မတူပါလား" လို့ 
ပြောမိကြတဲ့ အထိ ဆမိုပုလေးရဲ့ မေတ္တာတရားဟာ အံဩစရာပါ။
သမီးကြီးက
 ချင်းထမီလေး ဝတ်တော့ အဖေက ကြည်နူးတယ်။ သမီးတော်ကြောင်း ဂုဏ်ယူစွာနဲ့ 
ပြောမိတယ်။ "အရှိုတွေက ကြက်ဆင်ကို ကြက်ဆင်လို့ပဲ ခေါ်နေကြတယ်။ ငါ့သမီးကမှ 
အာမွီ လို့ ခေါ်တတ်သေးတယ်" တဲ့။ အရှိုမှာ ကြက်က "အာ"၊ ဆင်က "မွီ"။ 
ကြက်ဆင်အတွက် မရှိခဲ့ဘူး။ သူ့စကားဟာ လူအများ ကဲ့ရဲ့စရာ ဖြစ်ခဲ့တယ်။ ဟာသ 
ဖြစ်ခဲ့တယ်။ သာမန်အားဖြင့် မိဘက သားသမီးအတွက် ဂုဏ်ယူရင် အပြစ်မတင်ကြပေမယ့် 
မွေးစားအဖေ ဆိုတော့ ကဲတယ် လို့ မြင်ကြတယ်။ 
တကယ်တော့
 အရောင် မတူပေမယ့်လည်း သမီးအရင်းလို ချစ်ခဲ့တဲ့ အဖေတယောက်ရဲ့ မေတ္တာ 
လယ်ဗယ်ကို မမှီကြတာပါ။ ချစ်ခြင်း မေတ္တာ ဆိုတာ အတန်းပညာလို တဆင့်ချင်း 
သင်ယူရတာမျိုးပါ။ ဆမို ပုလေးဟာ အသားအရောင် မခွဲခြားဘဲ ချစ်တတ်ခဲ့တယ်။
မွေးစားတဲ့
 သားသမီးတွေအပြင် သူ့ဘက် ကိုယ့်ဘက် အမျိုးထဲက ကျောင်းထားပေးတဲ့ 
သားသမီးတွေပါ ပေါင်းရင် ၁၈ ယောက် ရှိတယ်။ လူမျိုးက စုံတယ်။ အရှို၊ မြန်မာ၊ 
တရုတ်၊ အင်ဒီးယား၊ ဂျပန် အစုံ ပါပဲ။ ၅ ပင်အိမ်ကြီးမှာ မိသားစုကြီး တခုလို 
နေကြတယ်။ မစားရ၊ မဝတ်ရ၊ ပညာမသင်ရ ဆိုတဲ့ စကားကို နှစ်ယောက်လုံးက 
မကြားနိုင်ကြ။ ကူချင်၊ ကယ်ချင်တယ်။ ကိုယ်က ချမ်းသာတာ မဟုတ်ဘဲ ကူချင် 
ကယ်ချင်လွန်းတော့ လင်မယား စကားများကြရတယ်။ စကားများရပြီဆိုရင် တခြားပြဿနာ 
မဟုတ်ပါ။ ကူချင်ကယ်ချင်တဲ့ ပြဿနာပါ။
တရားဟောဆရာလုပ်တော့
 ဆမို ညီလေးနဲ့ အတွဲညီကြတယ်။ အလုပ်အစည်းအဝေးတွေမှာ ဘာမှဝင်မပြောတဲ့ 
အရှိုတွေကို အားမရကြဘူး။ ကိုယ့်အမြင်ကို ရဲရဲဝံ့ဝံ့ ပြောစေချင်ကြတယ်။ တနေ့ 
အလုပ်စည်းဝေးမှာ ဆမိုပုလေးနဲ့ ဆမိုညီလေး သဘောထား ကွဲပြီး အကြီးအကျယ် 
အခြေအတင် စကားများတယ်။ လူတွေ လန့်ကြတယ်။ "ဒီလောက်ခင်တဲ့ ဆရာနှစ်ယောက် 
ဒီနေ့တော့ ကွဲပြီ" လို့ ထင်ကြတယ်။ စည်းဝေးအပြီး ခန်းမထဲကနေ တယောက်ပုခုံး၊ 
တယောက်ဖက်ပြီး ထွက်သွားတဲ့ ဆမိုပုလေးနဲ့ ဆမိုညီလေး အတွဲကိုကြည့်ပြီး 
အံ့ဩကျန်ခဲ့ကြရတယ်။ သဘောထား မတူပေမယ့် အခင်အမင် မပျက် ချစ်တတ်အောင် 
လက်တွေ့သင်ပေးခဲ့ကြတယ်။ သူတို့က သဘောထား ကွဲလွဲခွင့်ပေးနိုင်တဲ့ 
မေတ္တာလယ်ဗယ်အထိ ချစ်တတ်ခဲ့ကြတယ်။
ဆမိုပုလေးက
 ပျော်ပျော်နေတတ်တယ်။ ရယ်စရာလေးတွေ ပြောတတ်တယ်။ သူပြောတဲ့ ရယ်စရာ 
စကားတွေကြောင့် လူတွေ ပေါ့ပေါ့ပါးပါး ဖြစ်ရတယ်။ တနေ့ ရွာတရွာကို အသွား၊ 
လမ်းမှာ လှည်းချင်း ဆုံနေတယ်။ ဆမိုပုလေးက "ဗျိုး၊ ဟိုးရှေ့က သူကြီးမင်းရေ၊ 
ဒီမှာ မြို့အုပ်မင်း လာနေလို့၊ လှည်းဖယ်ပေးပါဦး။ " လို့ ပြောတော့ 
တဖက်လှည်းသမားလည်း စိတ်မဆိုးအား၊ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ 
လှည်းရှောင်ပေးတယ်။ လှည်းပေါ်ပါလာသူ အားလုံးလည်း ချက်ချင်းကြီး ရာထူးတွေ 
တိုးကြတော့ ပြုံးစိစိနဲ့ပေါ့။
တနေ့တော့
 ဆမို ညီလေး ရုတ်တရက် ဆုံးတဲ့သတင်းကို သရက် မြို့မှ လူငယ် တယောက် ပြည်မြို့
 ဆမိုပုလေးထံ လာပြောတယ်။ သတင်းကြားရချင်း ဆမို ပုလေး ရှိုက်ကြီးတငင် 
ငိုတယ်။ ယောင်္ကျားတန်မဲ့ ငိုနေတာက သတင်းပို့လာတဲ့ လူငယ်အတွက် 
အံ့အားသင့်စရာ။ ဒါပေမယ့် သရက် မြို့အသွား ကားပေါ်မှာတော့ ဘေးနားက လူတွေနဲ့ 
ရယ်စရာတွေ စ,နောက်နေပြန်တော့ ပိုပြီး အံ့အားသင့်ရတယ်။ ကိုယ်က ဝမ်းနည်း 
ကြေကွဲနေပေမယ့် ဘေးလူတွေကို ပျော်စေချင်တဲ့ မေတ္တာမျိုး သူ့မှာ ရှိခဲ့တယ်။
သရက်
 မြို့ရောက်ပြီး ဆမိုညီလေးရဲ့ နာရေးမှာ ဆမိုပုလေး တရားဟောရင်း "ခလောင်ဟိုး"
 - (လူရေ/ ကိုယ့်လူရေ) လို့ ပြောလိုက်တဲ့အခါ၊ ဒီစကားက ဆမိုပုလေးက 
ဆမိုညီလေးကို ခေါ်နေကျ စကားဆိုတော့ နာရေးပို့ဆောင်တဲ့သူတွေ အားလုံး 
မျက်ရည်မဆည်နိုင် ငိုကြရတယ်။  
ဆမိုပုလေးရဲ့
 နောက်ဆုံးနေ့ရက် နီးလာချိန်မှာ ဝမ်းနည်းစရာ နားလည်လွဲ ခံခဲ့ရတယ်။ 
ခရီးမသွားခင် မိသားစု ဆုတောင်းကြတယ်။ ဆမိုပုလေးက "ဘုရားသခင်၊ အရှိုတွေကို 
ကောင်းကြီးပေးပါ။ တိုးတက်စေပါ" လို့ ဆုတောင်းတယ်။ ဇနီးသည်က "အာမင်" 
မဆိုပါ။ သဘောမတူပါ။ ဆမိုပုလေးက "မမ ဘာလို့ အာမင် မဆိုတာလဲ"  လို့ မေးတဲ့အခါ
 "တဖက်စွန်းရောက်တာကိုး။ ဘုရားသခင်က အရှိုကိုပဲ ချစ်တာလား၊ 
တခြားလူမျိုးတွေကိုရော မချစ်ဘူးလား။ ဆုတောင်းတာ မမှန်ရင် အာမင် 
မခေါ်နိုင်ဘူး" လို့ ပြန်ပြောခဲ့တယ်။ ဆမိုပုလေး တချက်တွေသွားပြီး၊ 
ဆုတောင်းချက်ကို ပြင်လိုက်တယ်။ 
လူသားအားလုံးကို
 ဘုရားသခင် ကောင်းကြီးပေးဖို့၊ တိုးတက်စေဖို့ပေါ့။ (တကယ်တော့ အရှိုက 
အရှိုကို ချစ်တာ အပြစ်မဟုတ်ပါ။ အစွန်းရောက်တာလည်း မဟုတ်ပါ။ 
ကိုယ့်လူမျိုးကို တကယ်မချစ်ဘဲ တတိုင်းပြည်လုံးကို မချစ်နိုင်ပါ။ 
တကမ္ဘာလုံးကိုလည်း မချစ်နိုင်ပါ။)
"If
 a man say, I love God, and hateth his brother, he is a liar: for he 
that loveth not his brother whom he hath seen, how can he love God whom 
he hath not seen? 1 John 4: 20
ဆမိုပုလေးက
 သူဆုတောင်းချက်ကို ပြင်ပေးခဲ့တယ်။ တိုင်းပြည်ကို ချစ်တဲ့စကား၊ တကမ္ဘာလုံး 
ငြိမ်းချမ်းရေး ဆိုတဲ့ စကားကို တလောကလုံး ကြားချင်ကြမှာပါ။ ဒါပေမယ့် 
ကိုယ့်အနားက လူကို မချစ်ဘဲ ပြောနေသမျှဟာ ကြားကောင်းရုံ သက်သက်ပါ။ 
လူ့လောကမှာ လိုအပ်နေတာက ကိုယ့်မိသားစုကို တကယ်ချစ်တဲ့ သူ၊ ကိုယ့်လူမျိုးကို
 တကယ်ချစ်တဲ့ သူပါ။
  
အဲဒီလို တကယ်ချစ်သူတွေ များလာရင်တော့ တိုင်းပြည် တိုးတက်ဖို့၊ ကမ္ဘာကြီး 
သာယာ ငြိမ်းချမ်းဖို့ ဖြစ်လာဖို့ မြော်လင့်နိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ 
ကြားကောင်းရုံပဲ ရှိမယ်။ တကယ်လို့များ ဆမိုပုလေးက ဆုတောင်းချက် မပြင်ရင် 
ဆုတောင်းခြင်းရဲ့ အကျိုးဆက် ဘာဖြစ်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ အခုကတော့ 
ပြင်လိုက်တဲ့ စကားလုံးလှတဲ့ ဆုတောင်းဟာ အသက် မပါခဲ့ပါ။
၁၉၆၂၊ အောက်တိုဘာ ၂၃ ရက်၊ ရန်ကုန်ကနေ ပြည်ပြန်မယ့်နေ့ကတော့ သူ့အတွက် နောက်ဆုံးနေ့ပါ။ 
မိသားစုအတွက်
 လက်ဆောင်ဝယ်ရာက တည်းခိုရာအရပ်ကို ပြန်လာခဲ့တယ်။ ရောက်ခါနီးမှာ 
ရင်ဘတ်အောင့်လာတယ်။ လက်တဖက်က ရင်ဘတ်ကို ဖိရင်း၊ လက်တဖက်နဲ့ တည်းခိုဆောင်ရှိ
 မိတ်ဆွေတွေကို လက်ယပ်ခေါ်တယ်။ သူနောက်နေတယ် ထင်လို့ မိတ်ဆွေတွေက ရယ်ကြတယ်။
 တည်းခိုဆောင်ထဲ အရောက် မှာ လဲကျသွားတယ်။ 
အိမ်ထဲက
 ကရင်မိန်းကလေးက "ဦးလေး၊ ဦးလေး၊ ဘာဖြစ်လဲ" ဆိုပြီး ပွေ့ထားပေမယ့်၊ စကားပြန်
 မရဘဲ သူ့လက်ပေါ်မှာပဲ နှလုံးရောဂါနဲ့ ရုတ်တရက် ဆုံးပါးသွားခဲ့တယ်။
အခုဆိုရင်
 နှစ်ပေါင်း ၆၀ ကြာခဲ့ပါပြီ။ သူ့ဘဝကို စကားလုံးတလုံးနဲ့ ချုပ်ရရင် 
ဆမိုပုလေးဟာ ကိုယ်နဲ့သက်ဆိုင်သူတွေကို တကယ်ချစ်ခဲ့သူပါ။ He is "the one who
 loved his neighbors". 
(ဆမိုပုလေးအကြောင်း
 ပြောပြပေးတဲ့ ဆမိုပုလေးရဲ့သား ဦးလေးကြိုင်နဲ့ အမှတ်တရတချို့ ပြောပြပေးတဲ့ 
ဦးဆလိုင်းအောင်ချစ်၊ ဓါတ်ပုံများ သုံးခွင့်ပေးတဲ့ ဆမိုပုလေးရဲ့ မြေး 
ဒေါ်ဇင်မင်း တို့ကို ကျေးဇူးတင်ပါတယ်။)





