Tuesday, April 21, 2015

Great Men of God and How they served God ဘုရားသခင့် လူများနှင့် သူတို့ ဘုရားအမှုဆောင်ပုံ


ဘုရားသခင့် လူများနှင့် သူတို့ ဘုရားအမှုဆောင်ပုံ

အမှုတော်ဆောင်ရာမှာ

၁။ ကျမ်းစာကျောင်းနဲ့ ဘွဲ့ဒီဂရီက အရေးမကြီးပါ။

D. L. Moody
D. L. Moody ဟာ ကျမ်းစာကျောင်း တက်ဖူးသူမဟုတ်ပါ။ The Sword of the Lord မဂ္ဂဇင်းရဲ့ ဒုတိယမြောက် အယ်ဒီတာ Dr. Curtis Hutson ဟာလည်း ကျမ်းစာကျောင်း မတက်ခဲ့ဖူးပါ။ အမေရိကရဲ့ ထိပ်တန်း တရားဟောဆရာ ၁၀၀ မှာ ၃၀ ကျော်ဟာ ကျမ်းစာကျောင်း မတက်ဖူးသူတွေ ဖြစ်ပါတယ်။

D. L. Moody ဟာ သူဟာ ၅ တန်းလောက်အထိပဲ ကျောင်းနေခဲ့ရတယ်။ Congregational အသင်းတော်တခုမှာပါဝင်ခွင့်ရဖို့အတွက် ကျမ်းစာအသိ နဲပါးနေတာကြောင့် တနှစ်လောက် ကြန့်ကြာနေခဲ့တယ်။ လက်တင်ရသူလည်း မဟုတ်ဘူး။ သူက အသံထွက်အတိုင်း စာလုံးပေါင်းတတ်တော့ သူရေးတဲ့ စာတွေ၊ တရားဟောချက် မှတ်စုတွေမှာ စာလုံးပေါင်းမှားတတ်သလို၊ သဒ္ဒါလည်း မှားတတ်ပါတယ်။

ဒါပေမယ့် D. L. Moody ဟာ ၁၉ ရာစုရဲ့ ဧဝံဂေလိဆရာတပါးဖြစ်ပြီး ပရိတ်သတ် ၁ သောင်း၊ ၂ သောင်းလောက်ကို မကြာခဏ ဟောပြောရသူဖြစ်တယ်။ သူ့ဟောပြောမှု၊ ရေးသားမှုတွေကြောင့် လူသန်း ၁၀၀ လောက် ကယ်တင်ခြင်းအကြောင်း ကြားခွင့်ရခဲ့တယ်။ သူ့ကို ၁၉ ရာစုရဲ့ “Mr. Protestant” လို့ ဆိုကြတယ်။ အမေရိကတိုက်နဲ့ ဥရောပတိုက်ကြီး ၂ တိုက်ကို သြဇာသက်ရောက်ခဲ့သူဖြစ်တယ်။

ဒါကြောင့် ဘွဲ့ဒီဂရီနဲ့ ဝတ်ရုံတွေဟာ ဘုရားအမှုတော်မှာ ဘာမှမဟုတ်ဘူး။ အမေရိကန် သမ္မတဟောင်း Woodrow Wilson ပြောပြတဲ့ အဖြစ်အပျက်တခုရှိတယ်။ သူက "တခါက ကျွန်တော် ဆံသဆိုင်မှာ ထိုင်နေတယ်။ နောက်မှာ လူတယောက်ဝင်လာပြီး ထိုင်တယ်။ အခိုင်းအစေ တယောက်လို ခပ်ရို့ရို့လေး ဝင်ထိုင်တယ်။ ပညာမတတ်ပေမယ့် သူပြောသမျှ စကားတွေက သူ့ကို ဆံပင်ညှပ်ပေးနေတဲ့သူကို စိတ်ဝင်တစား ပြောပြနေတာပါ။ ပြောနေတာကတော့ အေးအေးဆေးဆေး သာမန်ပါပဲ။ ဒါပေမယ့် သူပြန်သွားတဲ့အခါ ကျွန်တော်ဟာ ဘုရားရှိခိုးပြီးလို့ ပြန်လာသလို ခံစားလိုက်ရတယ်။"

၂။ ဆာငတ်မှုနဲ့ ကြိုးစားအားထုတ်မှု လိုတယ်။

“ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။” - မဿဲ ၅း ၆။
Charles Spurgeon

Charles Spurgeon ဟာ ၆ နှစ်သားအရွယ်မှာ ဓမ္မခရီးသည်လို့ လူသိများတဲ့ The Pilgrim's Progress စာအုပ်ကို ဖတ်နေပြီ။ ငယ်ငယ်ကတည်းက တနင်္ဂနွေနေ့ ဘုရားကျောင်းကအပြန် အဖိုးသင်းအုပ်ဆရာအိမ်မှာ အဖိုးနဲ့ ဆက်ပြီး ကျမ်းစာဆွေးနွေးကြတဲ့ သင်းထောက်တွေရဲ့ စကားဝိုင်းကို နားထောင်လေ့ရှိပါတယ်။ ၁၀ နှစ်အရွယ်မှာ သင်းထောက်တွေနဲ့ ကျမ်းစာ ဆွေးနွေးနိုင်ပြီ။ ၁၇ နှစ်အရွယ်မှာ အောင်မြင်တဲ့ တရားဟောဆရာဖြစ်နေပြီ။ လန်ဒန် သူ့အသင်းတော်မှာ တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ရဖို့ တပတ်အလိုမှာ လက်မှတ်တန်းစီရတယ်။ အသင်းသားတွေက ဧည့်သည်ကို ဦးစားပေးတဲ့အနေနဲ့ ဘုရားကျောင်းတက်ဖို့ နေရာမရကြဘူး။ ပြီးမှ တချိန် ပါဝင်ကြရတယ်။ သူ့ဒေသနာတွေကို အဲဒီခေတ် သတင်းစာတွေမှာ အပြေးအလွှား ထည့်ကြရတယ်။

သူ့ရဲ့ အဟောအပြောကောင်းတဲ့ ဆုကျေးဇူးက ထူးခြားတယ်။ သူငယ်ငယ်က ကယ်တင်ခြင်းတရား ကြားချင်ပုံကို ….”မြို့ထဲက ဘုရားကျောင်းမှန်သမျှ အကုန်တက်ကြည့်တယ်။ ဒါပေမယ့် ကယ်တင်းခြင်းအကြောင်း ကောင်းကောင်း မဟောကြဘူး။ သူတို့ကိုတော့ အပြစ်မတင်ချင်ပါဘူး။ ဆရာတယောက်က ဘုရားသခင် ကြီးမြတ်ကြောင်း ဟောတယ်။  စိတ်ဝင်တစား နားထောင်မိတယ်။ ဒါပေမယ့် အပြစ်ရှိသူတယောက် ကယ်တင်ခြင်းရချင်နေတာကို သူ့တရားက ဘာလာ လုပ်ပေးနိုင်ပါ့မလဲ?  တခြားဆရာတယောက်က လေးစားစရာကောင်းတယ်။ သူက ပညတ်တော် အကြောင်းပဲ အမြဲဟောတယ်။ ဒါပေမယ့် မျိုးကြဲစေချင်တဲ့ နှလုံးသားကို သူက ထွန်ပဲထွန်နေတော့ ဘာလုပ်မလဲ? တခြားဆရာတယောက်ကတော့ လက်တွေ့ကျတယ်။ ဒါပေမယ့် သူဟောတာ နားထောင်တော့ ခြေထောက်မရှိတဲ့ လူတစုကို စစ်ချီဖို့ အမိန့်ပေးနေတာနဲ့ အတော်တူနေတယ်။ ဘယ်လိုလုပ်မလဲ? သူတက်တက်ကြွကြွ နိုးဆော်နေလည်း ကျွန်တော့အတွက် အလကားပဲ။” လို့ ထိထိမိမိ ပြောတတ်တယ်။

ဆာလံ ၂၃ - “သေမင်း၏အရိပ် လွမ်းမိုးသော ချိုင့်ထဲသို့ လျှောက်ရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။” - ဆိုတော့ သူက - ဘယ်ကြောက်မလဲတဲ့။ ခွေးကိုသာ ကြောက်တာ။ ခွေးအရိပ်တော့ ဘယ်ကြောက်မလဲတဲ့။

၃။ ယုံကြည်ခြင်းလိုတယ်။

George Muller

George Muller ဟာ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ရာမှာ နာမည်ကြီးတယ်။ သူက ဘယ်မှာမှ အလှူမခံဘူး။ အလှူခံ မလွှတ်ဘူး။ လိုတာကို ကလေးတွေနဲ့ အတူဆုတောင်းတယ်။

ငယ်ငယ်တုန်းက သူဟာ လူဆိုးလေးပါ။ အဖေက မယုံကြည်သူ။ သားက လူလိမ်လေး၊ သူခိုးလေးပါ။ ၁၄ နှစ်သားမှာ အမေဆုံးတယ်။ အမေသေလုဆဲဆဲအချိန်မှာ သားက လမ်းပေါ်မှာ အပေါင်းအသင်းတွေနဲ့ အရက်မူးနေတယ်။ ခိုးမှုနဲ့ အသက် ၁၆ နှစ်မှာ ထောင်ကျတယ်။ အဖေက ပိုက်ဆံပေးပြီး ရွေးထုတ်ရလို့ သားကို ရိုက်ပြီး သားကို တခြားမြို့ ပို့လိုက်တယ်။ အသက် ၂၀ အရွယ်မှာ ကျမ်းစာသင်တန်းတခုကို အဖိတ်ခံရပြီး အသက်တာ ပြောင်းလဲလာတယ်။

မိဘမဲ့ကလေးတွေအတွက် လိုသမျှကို ဆုတောင်းခဲ့တယ်။

တခါက သူနေတဲ့ Bristol မြို့ပတ်ဝန်းကျင်မှာ မိုးခေါင်တယ်။ ရေတွင်းတွေ ရေခန်းကုန်တယ်။ George Muller ကဆုတောင်းတယ်။ မိုးခေါင်းတဲ့ ကာလ တလျောက်လုံး ရေတွင်းမှာ ရေရှိနေလို့ ပတ်ဝန်းကျင်က လယ်သမားတွေကို ရေပေးလှူ ကူညီနိုင်ခဲ့တယ်။

တမနက်တော့ မိဘမဲ့ကလေးကျောင်းမှာ စားစရာပြတ်တယ်။ မနက်စာ ဘယ်ကရမယ် ဆိုတာ မပြောနိုင်ဘူး။ ကလေးတွေက ထုံးစံအတိုင်း မုန့်ရဖို့ တန်းစီနေကြပြီ။ တကယ်တော့ မုန့်ဘီဒိုတွေထဲမှာ ဘာမုန့်မှ မရှိဘူး။ မီးဖိုချောင်မှာလည်း မရှိဘူး။ ဒါပေမယ့် George Muller က ဘူး။ ဆုတောင်းပြီး ကျေးဇူးတော် ချီးမွမ်းနေတယ်။ ပြီးတာနဲ့ တခါးခေါက်သံကြားရတယ်။ မြို့ထဲက မုန့်ဖုတ်သမားက မုန့်လာပို့တယ်။ ကြည့်ရတာ ညက အိပ်မက်မှာ ဘုရားက မိဘမဲ့ကလေးကျောင်းကို မုန့်ပို့ခိုင်းလိုက်ပုံရတယ်။ ကလေးတွေအတွက် တပတ်စာ မုန့်ရလိုက်တယ်။ ဒီအချိန်မှာပဲ ကျောင်းရှေ့မှာ နွားနို့ပို့တဲ့ ထရပ်ကားတစီး ပျက်လို့ရပ်လိုက်ရတယ်။ ကားစက်ပြန်မကောင်းခင် ကားပေါ်က နွားနို့တွေ ပျက်ကုန်မယ်လို့ အကြံပေးလို့ ကျောင်းကို လှူလိုက်ရတယ်။ ကလေးတွေ အဲဒီမနက် နွားနို့သောက်ရကြတယ်။

  ၄။ တကယ်စေတနာထားဖို့လိုတယ်။  - compassion

မဿဲ ၉း ၃၆။ “လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား သူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသော သိုးစုကဲ့သို့ ဖြစ်ကြ၏။”
အစ္စရေးမှာ လူတွေဟာ သိုးလို ထိတ်လန့်ကွဲပြားနေချိန်မှာ သိုးထိန်း ဒါဝိတ်ကို ပေါ်ထွန်းစေခဲ့ပါတယ်။

David Yone Moe
ဆရာဦးဒေးဗစ်ဟာ Papa of the Outcasts အပယ်ခံတွေရဲ့ ပါပါးလို့ ဆိုတယ်။

ဆရာဦးဒေးဗစ်က မူးယစ်ဆေးသမားတွေကို ရှိသမျှ ရောင်းချကျွေးခဲ့ရုံမက အပေါ့အလေး မထိန်းနိုင်သူတွေကိုပင် သည်းခံကူညီနိုင်ခဲ့တယ်။ တချို့က နေ့စဉ် တကိုယ်ရည် ကိစ္စတွေကိုပင် ကိုယ်တိုင်မလုပ်နိုင်တော့ဘူး။ အလေးအပေါ့ စွန့်တာကိုပင် မထိန်းနိုင်၊ မသိမ်းနိုင်တော့ဘူး။ အကူအညီလိုနေတယ်။
ဒီလိုလူတွေကို ကူညီဖို့ စေတနာလိုသလို၊ ခွန်အား အစွမ်းအစ လိုတယ်။

ဘုရားသခင့်လူတွေဟာ ရယူဖို့ မစဉ်းစားဘဲ ပေးလှူကူညီနေသူတွေသာ ဖြစ်ပါတယ်. ရဖို့ပဲ စဉ်းစားနေရင် စစ်မှန်တဲ့ အမှုတော်ဆောင် မဟုတ်တော့ပါဘူး။

No comments:

Post a Comment