DON'T OVER KILL
Articles By Dr. Curtis Hutson (1)
တအားမသတ်လိုက်ပါနဲ့။
ကြွက်တကောင်ကို
တံမြက်စည်းတချောင်း (သို့) စက္ကူမျဉ်းလုံးနဲ့ သတ်လို့ရပါတယ်။
ပြောင်းတိုသေနတ် (သို့) ၂၂ လက်မ ရိုင်ဖယ်နဲ့လည်း သတ်လို့ရပါတယ်။
လက်ပစ်ဗုံးနဲ့ဆိုလည်း ရတာပါပဲ။ ဒါပေမယ့် အဲဒီလိုလုပ်ရင်တော့ ကြွက်ပါမက၊
အိမ်ပါ ပါသွားလိမ့်မယ်။
ဝက်တကောင်ကို ဘယ်လိုသတ်မလဲလို့ လူတချို့
ငြင်းနေကြသတဲ့။ တယောက်တပေါက် အကြံပေးတာပေါ့။ နောက်ဆုံးတော့ ဝက်ခေါင်းမှာ
ဒိုင်းနမိုင်း ၂ လုံးတွဲချီပြီး၊ မီးရှို့ဖို့ အကြံပေးတယ်။
တခြားတယောက်ကတော့ ဒိုင်းနမိုင်း ပိုသုံးရင်ကောင်းမယ်လို့ ငြင်းတယ်။
ဒါပေမယ့် နောက်ဆုံးမှာ ၂ လုံးကိုပဲ အတည်ပြုလိုက်တယ်။
ဒိုင်းနမိုင်း
ပေါက်ရင် မထိအောင်လို့ အဝေးကြီးမှာ နေပြီး၊ စနစ်တံကြိုးရှည်ရှည်သုံးကြတယ်။
စနစ်တံကြိုးကို မီးညှိပြီး၊ ခဏအကြာမှာ ဒိုင်းနမိုင်း ပေါက်ကွဲတယ်။ ဝက်လည်း
အစပျောက်သွားတယ်။ ဝက်နားရွက်တဖက်တောင် ရှာမတွေ့ကြတော့ဘူး။
ဒိုင်းနမိုင်း ၂ လုံးအစား၊ ၄ လုံးသုံးဖို့ အကြံပြုခဲ့သူက
"ဒိုင်းနမိုင်းပိုသုံးလို့ ငါ မပြောဘူးလား၊ အခု ကြည့်၊ ဝက် ထွက်ပြေးပြီ။ "
တဲ့။
ကလေးကို စည်းကမ်းကိုင်တဲ့အခါ အလွန်အကျွံ မလုပ်ပါနဲ့။ အကျိုးရှိနိုင်တာထက် ပိုတဲ့ စည်းကမ်းတွေ မထားပါနဲ့။
ပြီးတော့
ကိုယ်က ကောင်းစေချင်လို့ ရိုက်တာ။ လက်ဖဝါးကို တချက်ရိုက်တာက အလှပြင်ထားတဲ့
ပန်းတွေကို မကိုင်စေချင်ဘူးဆိုရင်၊ တချက်နဲ့ လုံလောက်ပြီ။
နှစ်ချက်ရိုက်မယ်ဆိုရင် - မရိုက်ခင်၊ အရင်တချက်ရိုက်တာကို
ဘယ်လိုတုန့်ပြန်သလဲ ခဏ စောင့်ကြည့်ပါ။ နားလည်ပြီဆိုရင် ရပ်လိုက်ပါ။
အကြောင်းအရာတခုကို
ငြင်းတော့မယ်ဆိုရင်လည်း ဒီလိုပါပဲ။ တဖက်လူကို နားလည် သဘောပေါက်ရုံ
ပြောတာထက် မပိုစေနဲ့။ သူ့အမှား သူမြင်ရင် ထပ်ငြင်းဖို့ မလိုတော့ဘူး။
ပြောနေရင် သူ့ကို နှိမ့်ချချိုးဖဲ့ရာရောက်ပြီး၊ ဘဝမှာ ရန်သူတယောက်
ရလာတတ်တယ်။
ဘတ်စကက်ဘောအသင်းတွေဟာ အမှတ်ခိုးတယ်လို့ အစွပ််စွဲ
ခံရလေ့ရှိတယ်။ ဒါ ဘာဖြစ်တာလဲ ဆိုတော့ တဖက်အသင်းကို နိုင်ပြီးတဲ့အခါ
အကောင်းဆုံးကစားသမားတွေနဲ့ ဆက်ကစားတယ်။ အပြတ်အသတ်နိုင်ဖို့ အမှတ်တွေ
ဆက်ဆက်ယူတယ်။ ဒါမျိုးမှာ အမှတ်ခိုးခံရပြီလို့ တဖက်အသင်းက အမြဲခံစားကြရတယ်။
အခိုးခံရတာတွေလည်း ပြန်သတိရလာတယ်။ ရည်ရွယ်တာက အနိုင်ရဖို့ပါ။ တဖက်အသင်းကို
အရှက်ခွဲဖို့ မဟုတ်ဘူး။
ပြဿနာကို ချေပဖို့ အကြောင်းအချက်ကောင်းတွေ
အများကြီးရှိရင် အနိမ့်ဆုံးအချက်က စပြီး ပြောပါ။ အကြောင်းမထူးရင်၊
သူ့ထက်ကောင်းတဲ့ အချက်တခုကို သေသေချာချာ စဉ်းစားပြီး၊ ပညာပါပါ ပြောပါ။
မနိုင်သေးရင်၊ တတိယအချက်ကို ပြောင်းပါ။ အကောင်းဆုံးလက်နက်ကိုတော့
နောက်ဆုံးမှာထားပါ။ သုံးဖို့ မလိုလောက်ဘူးလို့လည်း မှတ်ယူထားပါ။
အကြောင်းပြချက်တွေကို
စတာနဲ့ စက်သေနတ်ပစ်သလို အကုန်ချမပြပါနဲ့။ ဒုတိယအချက်ကို မပြောခင်မှာ
တဖက်လူကို ပထမအချက်အတွက် ဆင်ခြင်ချိန်ပေးပါ။
ပရိတ်သတ်ကို
သိအောင်ကြိုးစားနေတဲ့ တရားဟောဆရာဟာ အများကြီး သက်သေပြဖို့ မလိုဘူး။
တချက်တည်းကို ကျမ်းချက်တွေ အများကြီးပြနေတာနဲ့ သူ ဘာပြောချင်တာကို
ပရိတ်သတ်က မေ့သွားတတ်တယ်။ " သစ်ပင်များလို့ တောအုပ်ကို မမြင်တော့ဘူး "
ဆိုတဲ့ ရှေးစကားလိုပါပဲ။
အကြောင်းအချက်တွေကို သက်သေပြပါ။ ကျမ်းချက်လည်းထောက်ပါ။ ဒါပေမယ့် အလွန်အကျွံ မလုပ်ပါနဲ့။
တရားဟောဆရာတယောက်ကို
တောရွာ အသင်းတော်တပါးမှာ တရားဟောဖို့ ဖိတ်တယ်။ ဒါနဲ့ ပရိတ်သတ် နားလည်ဖို့
တအားပြင်ထားတယ်။ တကယ်တော့ သူ့ဟာက အပြင်လွန်နေပြီ။ ဒါပေမယ့် ရာသီဥတု အခြေအနေ
မကောင်းတော့ ဘုရားကျောင်းကို လူတယောက်ပဲ လာတက်ရှာတယ်။ တခြားလူလည်း
မရှိတော့ စည်းဝေး မလုပ်ဖို့ အကြံပေးတယ်။ ဒါကို တရားဟောဆရာက " မဟုတ်ဖူး၊
ကျွန်တော်က တရားဟောဖို့ လာတာ။ တရားဟောရမယ် " လို့ ပြန်ဖြေတယ်။ ဒါနဲ့
ကျမ်းစာအုပ်ကို ဖွင့်၊ ကျမ်းချက်တွေ ထောက်ပြ၊ ဥပမာတွေ ပေးနဲ့ တနာရီ
ခွဲလောက် ကြာအောင် တရားဟောတယ်။
နောက်ဆုံး သူတရားဟောပြီးတဲ့အခါ
ဘုရားကျောင်းလာတက်တဲ့ လယ်သမား အဘိုးကြီးက " ဆရာ၊ နွားတွေ ကျွေးဖို့ဆိုပြီး၊
ကောက်ရိုး မြက်ခြောက်တွေ လှည်းတစီး အပြည့်တင်လာပေမယ့်၊ နွားက တကောင်ပဲ
လာတဲ့အခါ၊ အဲဒီနွားကို ကျွန်တော်တော့ တလှည်းလုံး အကုန် မကျွေးဘူး " လို့
ပြောပါတော့တယ်။
သတိရပါ။ အလွန်အကျွံ မလုပ်ပါနဲ့။ ။
( June 22, 2001 နေ့ ထုတ် SWORD OF THE LORD စာစောင်မှ ပြန်ဆိုပါတယ်။ )
No comments:
Post a Comment