Saturday, March 30, 2013

01. What Is A Believer? (Bread for Believers) (Burmese)

Dr. Curtis Hutson
---------------------------------------------------------------------------------------------------
အ ခန်း ၁
--------------------------------------------------------------------------------------------------

     “ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေသည်။” ယော ၃ း ၃၆ ။

        ကယ်တင်ခြင်းရဖို့ ဘာလုပ်ရမလဲ? ဘုရားနှုတ်ကပတ်တော်မှာ  အဖြေပါပါတယ်။

        တမန် ၁၆း ၃၀- ၃၁ - မှာ ဖိလိပ္ပိထောင်မှူးကြီးက ရှင်ပေါလုနဲ့ သိလကိုမေးပါတယ်။  “သခင်တို့ ၊ အကျွနု်ပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ အဘယ်သို့ ပြုရပါမည်နည်း။” သူတို့က “ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏အိမ်သူအိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ” လို့ဖြေပါတယ်။

        ထောင်မှူးက “ ကယ်တင်ခြင်းရဖို့ မရှိမဖြစ်၊ အလိုအပ်ဆုံးအရာက ဘာပါလဲ” လို့မေးတာပါ။ ကျမ်းစာက “သခင်ယေရှုခရစ်ကို ယုံကြည်ပါ” လို့ဖြေ ပါတယ်။

      ယော ၃ း၃၆ မှာ သခင်ယေရှုက လူအုပ်စု နှစ်စုခွဲထားပါတယ်။ “ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။  သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်််တည်နေသည်။”  သားတော်ကို ယုံကြည်တဲ့သူတွေနဲ့  သားတော်ကိုမယုံကြည်တဲ့သူတွေ  ဖြစ်ပါတယ်။ ယုံကြည်သူက ဘုရားဂတိတော်အရ ထာဝရအသက်ရပါတယ်။ မယုံကြည်သူက အသက်ကို မတွေ့ရပါဘူး။ သူတို့အပေါ်မှာ ဘုရားအမျက်တော်ပဲ တည်နေပါတယ်။

      ယော ၃ း၁၈ မှာ သခင်ယေရှုက လောကလူတွေကို အုပ်စုနှစ်စု ထပ်ခွဲပြန်ပါတယ်။ “သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ (စီရင်ချက်နဲ့ လွတ်ပါတယ်) မယုံကြည်သောသူမူကား ၊ ဘုရားသခင်၌ တစ်ပါးတည်းသော သားတော်ကို ၊ မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏။” ဒီမှာလည်း တစ်ခါ သခင်ယေရှုက ယုံကြည်သူနဲ့ မယုံကြည်သူဆိုပြီး အုပ်စုနှစ်စုရှိတယ်လို့  ပြောထားပြန်ပါတယ်။ ယုံကြည်သူတွေအတွက် စီရင်ချက် ရုပ်သိမ်းလိုက်ပါပြီ။ စီရင်ခြင်း မခံရတော့ဘူး။ မယုံကြည်သူတွေကတော့ အပြစ်စီရင်ချက်ရဲ့ အောက်မှာရှိတယ်။ အပြစ်ဒဏ်က ဒုတိယသေခြင်းပါဘဲ။ ဘုရားသခင်ရဲ့ တစ်ပါးတည်းသော သားတော်ကို မယုံကြည်လို့ ဖြစ်ရတာပါ။

      ဂလာတိ ၃ း ၂၆ မှာ ကျမ်းစာက “ အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့်  ဘုရားသခင်၏ သားဖြစ်ကြ၏။” ဒီကျမ်းပိုဒ်က ဘုရားသားသမီးတိုင်းဟာ ယုံကြည်ခြင်းအားဖြင့် ဘုရားသားဖြစ်ရတယ်လို့  ပြောထားပါတယ်။  ရောမ ၅ း ၁ က. . . “ ထို့ကြောင့် ၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။”

     ကယ်တင်ခြင်းမှာ  ယုံကြည်ခြင်းက အဓိကပဲလို့ ပြောပြနေတဲ့ ကျမ်းချက်ပေါင်း အနည်းဆုံး ၁၅၃ ချက်လောက် ရှိပါတယ်။ မာကု ၁၆း ၁၆ က - - “မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကိုခံရလတ့ံ။ ဒါကြောင့် ကျမ်းစာအရဆိုရင်၊ ကယ်တင်ခြင်းရဲ့ အဓိကအချက်ဟာ သခင်ယေရှုကို ယုံကြည်ခြင်းပါဘဲ။

“Saving Faith ” ဆိုတဲ့ “ ကယ်တင်ခြင်းသို့ ရောက်စေသော ယုံကြည်ခြင်း” လို့ဟောနေတဲ့ ၊ တရားဒေသနာတွေကို ကျွန်တော်အများကြီး ကြားဖူးဖတ်ဖူးပါတယ်။ ကျမ်းစာ ကတော့ ယုံကြည်ခြင်း Faith ရဲ့ ရှေ့မှာ ကယ်တင်ခြင်းသို့ ရောက်စေသောဆိုတဲ့ Saving ကို ထည့်မထားပါဘူး။ ယုံကြည်ခြင်းက ကယ်တင်ရှင်မဟုတ်ဘူး။ သခင်ယေရှုကသာ ကယ်တင်ရှင်ပါ။  ယုံကြည်ခြင်းဆိုတာက သခင်ယေရှု ကယ်တာကို ဝိညာဉ်က တုန့်ပြန်တာပါ။

-ယုံပါ - ကယ်တင်ခြင်းရမယ်လို့ ကျမ်းစာက ပြောလေ့မရှိဘူး။ အမြဲသတိနဲ့ ပြောနေတာက “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ - - သင်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်လို့ သာပြောပါတယ်။ ဒါမှမဟုတ် - - “သားတော်ကို  ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ - - ” ဒါမှမဟုတ် - - “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏” လို့ပဲ ပြောပါတယ်။ ယုံကြည်ခြင်းကို ဖြစ်စေတဲ့အရာ ၊ ယုံကြည်ခံရတဲ့အရာဟာ အရေးကြီးပါတယ်။ အမှားကိုယုံတဲ့ ယုံကြည်ခြင်းဟာ ပျက်စီးခြင်းကိုသာ ပို့ပေးပါလိမ့်မယ်။

အခု ကယ်တင်ခြင်းမှာ အဓိက ဆုံးဖြတ်တဲ့အရာဟာ ယုံကြည်ခြင်းဆိုတော့ -  ယုံကြည်ခြင်းဆိုတာ ဘာလဲလို့သိဖို့ အရေးကြီးလာပါတယ်။ ကျွန်တော် သိသလောက်တော့ ယုံကြည်ခြင်းရဲ့ အနက်ကို ကျမ်းစာထဲမှာ တစ်ခါပဲ တွေ့ရပါတယ်။  ဟေဗြဲ ၁၁း ၁ပါ။ ဒါပေမဲ့ ယုံကြည်ခြင်းကို ပုံဖေါ်ပြတာတွေတော့၊  ကျမ်းစာထဲမှှာ အများကြီးရှိပါတယ်။ အကောင်းဆုံးတစ်ချက်ကတော့ ဟေဗြဲ ၁၂ း၂ ပါ။ အဲဒီမှာ -- သခင်ယေရှုကို စေ့စေ့ထောက်ရှု့ကြကုန်အံ့ ” “Looking unto Jesus ” - - -  (သခင်ယေရှုကို မျှော်ကြည့်နေကြစို့)။

I – Faith  is  not  Looking  Jesus  but  Looking  unto  Jesus .
(၁)  ယုံကြည်ခြင်းဟာ သခင်ယေရှုကို ကြည့်တာမဟုတ်ဘူး။ သခင်ယေရှုကို မြော်ကြည့်ခြင်းသာ ဖြစ်တယ်။


သခင်ယေရှုခရစ်ဟာ တကယ်ရှိခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တစ်ပါး ဆိုတာကိုတော့ လူတိုင်းလိုလို လက်ခံကြမှာပါ။ နေ့စွဲ - - ရက်စွဲတစ်ခုကို ရေးမှတ်တဲ့  အခါတိုင်းမှာ သခင်ယေရှု ရှိခဲ့ဖူးတာကို ဝန်ခံနေကြရပါတယ်။ ယုံကြည်ခြင်းဆိုတာ သခင်ယေရှုကို သမိုင်းဝင် ပုဂ္ဂိုလ်တစ်ပါးအဖြစ် ကြည့်တာ မဟုတ်ပါဘူး။

ယာကုပ် ၂ း ၁၉ က - - “နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။” နတ်ဆိုး တွေပင်လျှင်၊ သခင်ယေရှု တကယ်ရှိတာကို ဝန်ခံကြရပါတယ်။ တမန် ၁၉း ၁၅ မှှာ လူထဲမှာ စွဲတဲ့ နတ်ဆိုးက - - “ယေရှုကိုငါသိ၏။  ပေါလုကိုလည်းငါသိ၏။ သင်တို့ကား အဘယ်သူနည်း” ..တဲ့။ ယုံကြည်ခြင်းဆိုတာ - - သခင်ယေရှုကိုကြည့်လိုက်တာ မဟုတ်ပါဘူး။ သခင်ယေရှုကို မြော်ကြည့်တာပါ။ သခင်ယေရှုကို မှီခိုတယ်လို့ ပြောလိုတာပါဘဲ။

 ဆိုပါစို့၊ ငွေချေးဖို့ လူတယောက်က ခင်ဗျားကို အာမခံမှာ အတူ  လက်မှတ်ထိုးပေးထားတယ်။ ပေးချေဖို့ ပျက်ကွက်ရင်၊ အာဏာပိုင်တွေက ထောင်ချမှာဘဲ။ ပေးချေဖို့ရက်ကလည်း နီးလာပြီ။ ပေးဖို့ ငွေကလည်း မရှိဆိုပါစို့။ အဲဒီမှာ အတူ အာမခံထိုးပေးထားတဲ့ လူဆီသွားပြီးတော့ “ငါတော့ ဒုက္ခဘဲကွာ။ ငါ့အတွက် မင်းလည်း လက်မှတ်ကူထိုးပေးထားတယ်နော်။ ပေးရမဲ့ ရက်လည်းနီးပြီ - ပေးလည်းမပေးနိုင် ဖြစ်နေပြီ - -” လို့ပြောရင် အဲဒီမိတ်ဆွေက - - “အဲဒီအတွက် မစိုးရိမ်ပါနဲ့ကွာ၊ ဒီမှာ ငါ့ကိုကြည့်စမ်း” - လို့ဖြေမယ်။ “ - -ငါ့ကို အားကိုးစမ်းပါကွာ၊ ငါပေးလိုက်မယ်” လို့ ဆိုလိုတာပါ။

        ကျွန်တော်တို့မှာ အပြစ်ကြွေးတစ်ခု တင်နေတယ်လို့၊ သခင်ယေရှုခရစ်က ပြောပါတယ်၊ ရောမ ၆း ၂၃ က “အပြစ်တရား၏ အခကား သေခြင်းပေတည်း” တဲ့။ သခင်ယေရှုက ဒီအပြစ်ကြွေးတွေကို ကျွန်တော်တို့ကို်ယ်တိုင်ဆပ်ရရင် သေပြီးငရဲမှာ၊ ထာဝရသွားနေဖို့ပဲလို့ ပြောပါတယ်။ ပြီးတော့မှ - “အဲဒီအတွက် မစိုးရိမ်ပါနဲ့၊ ငါ့ကိုသာ အားကိုးပါ မြော်ကြည့်လိုက်စမ်းပါ” လို့ ပြောနေတာပါ။

        ဟေရှာယ ၅၃း၆ မှာ - “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ လောက်မှာ ဘုရားသခင်က ခင်ဗျားကျူးလွန်ခဲ့တဲ့၊ နောင်လည်းကျူးလွန်မိဦးမဲ့၊ အပြစ်ရှိသမျှတွေကို ယူပြီးတော့ သခင်ယေရှုရဲ့အပေါ်မှာ ဘုရားတန်ခိုးနဲ့ တင်ထားလိုက်ပါတယ်။ ခင်ဗျားရဲ့အပြစ်တွေကိုသခင်ယေရှုက သူ့ခန္ဓာကိုယ်ပေါ်မှာ တင်ယူထားချိန်မှာ၊ ဘုရားသခင်က သခင်ယေရှုကို အပြစ်သားခင်ဗျားရဲ့ အပြစ်ကြွေးတွေကို ပေးဆပ်ဖို့ ကိုယ်စားနေရာယူ အပြစ်ပေးလိုက်ပါပြီ။

ကားတိုင်ပေါ်မှာနေရစဉ်၊ သခင်ယေရှုဟာ စကား(၇)ခွန်း ပြောခဲ့ပါတယ်။ (၆) ခွန်းမြောက်စကားက “It is Finished”  “အမှုပြီးပြီ” - ထပ်ဖြည့်စရာ မလိုတော့ဘူး။ ထပ်နှုတ်စရာလည်း မလိုတော့ဘူး။ ပြည့်စုံပြီ။

သခင်ယေရှု အသေခံပေးခြင်းဟာ အပြစ်တွေအတွက် အပြည့်အဝ ပေးချေလိုက်ပြီ။ အခုကိုယ်တော်က လူတိုင်းကို “ ငါ့ကိုကြည့်စမ်း၊ ငါ မင်းအတွက် ကားတိုင်မှာ အသေခံခဲ့တယ်ဆိုတာ ယုံပါကွာ။ မင်းအပြစ်ကြွေးကို ငါပေးဆပ်ခဲ့တယ်လို့ယုံပါ။ ငါ့ကိုကြည့်စမ်း -ဒါဆိုပြီးပြီဘဲ။” လို့ ပြောနေပါတယ်။

ယုံကြည်ခြင်းဆိုတာ သခင်ယေရှုကိုကြည့်ရုံ ကြည့်ရတာမဟုတ်ပါဘူး။ သခင်ယေရှုကို မြော်ကြည့်တာပါ။ သခင်ယေရှုကို မှီခိုတာပါ။ သခင်ယေရှုကို အားပြုတာပါ။ ကယ်တင်ခြင်းခံရဖို့ ဆိုတာကို သူ့လက်တော်ထဲမှာ အပ်ထားပြီး ကောင်းကင်ရောက်ဖို့ သူ့ကို အားကိုးလိုက်တာပါဘဲ။

2   Faith is Looking away from everything and Looking only to Jesus.
      ယုံကြည်ခြင်းဟာ တခြားအရာတွေ မကြည့်တော့ပဲ သခင်ယေရှုကိုသာ ကြည့်ခြင်းပါ။

Martin Luther က ဟေဗြဲ ၁၂း၂ ကို “Off-loooking unto Jesus - - ” သခင်ယေရှုကိုသာ
စေ့စေ့ကြည့်ုခြင်းလို့၊ ဘာသာပြန်ပါတယ်။ တခြားအရာတွေကို ကြည့်မနေတော့ပဲ၊ သခင်ယေရှုကိုသာ ကြည့်လိုက်ခြင်းလို့ ဆိုပါတယ်။ ကိုယ့်လုပ်တာတွေကို မကြည့့်တော့ပါဘူး။

       ကောင်းကင်ရောက်ဖို့ ကြိုးစားလုပ်ဆောင်မယ်ဆိုရင် ဘယ်လောက်ကြာအောင် လုပ်ဆောင်ရမယ်လို့ ထင်မိသလဲ? ဗျာဒိတ်ကျမ်း ၂၁ နဲ့ ၂၂ ကို ဖတ်ကြည့်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာက ကောင်းကင်လမ်းမကြီးတွေဟာ ရွှေစင်နဲ့ခင်းထားပါတယ်။ မှန်ပြင်လိုဘဲ ကြည်လင်ပါသတဲ့။ အဲဒီလောက်ကြည်လင်အောင် လောကမှာလုပ်လို့မရပါဘူး။ ဘဝအပြန် ဆယ်သန်း အလုပ်လုပ်ရင်တောင် ကောင်းကင်ဘုံလို နေရာရဖို့ မဖြစ်နိုင်ပါဘူး။ သမ္မာကျမ်းစာက ဧဖက် ၂း၈-၉ မှာ “ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ့်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှဝါကြွား စရာအခွင့်မရှိ။”

       ပြီးတော့စဉ်းစားကြည့်ပါ။ လူတယောက်က ငရဲကလွတ်ဘို့ ကြိုးစားကြည့်မယ်ဆိုရင်၊ စိတ်ရင်းခံက သူ့ကြိုးစားမှုကို မှန်ကန်တဲ့ အကျိုးပေးပါလိမ့်မယ်။ သူကြိုးစားကျင့်တာက ကြောက်လို့ဆိုတဲ့ စိတ်ရင်းကြောင့်ပါ။ ၁ကော ၁၃- အရ ကျင့်သမျှဟာ မေတ္တာကြောင့်ဖြစ်နေရပါမယ်။ အငယ် ၃ မှာ ရှင်ပေါလုက “ သူတပါးကို ငါ ကျွေးမွေး၍၊ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင် ငါ၌အကျိုးမရှိ” လို့ဆိုပါတယ်။

ဒါကြောင့်လူတယောက်က ငရဲကလွတ်ဖို့ ကြိုးစားကျင့်မယ်ဆိုရင် သူ့စိတ်ရင်းက သူ့ပြန်ထိနေပါလိမ့်မယ်။

       တခါတုန်းက တရားဟောဆရာကြီးတယောက်ကို လူငယ်လေးတယောက်က မေးဖူးပါတယ်။ “ဆရာ ကျွန်တော် ကယ်တင်ခံရဘို့ ဘာလုပ်ရမလဲ” တဲ့ ။ ဆရာကြီးက “သား၊ မင်းသိပ်နောက် ကျသွားပြီ” လို့ဖြေပါတယ်။ ကောင်လေးက “ဗျာ၊ “သိပ်နောက်ကျသွားပြီ ဟုတ်လား” လို့အံ့ဩသွားပါတယ်။ ဆရာကြီးက “မဟုတ်ဘူးကွ၊ တခုခုလုပ်ဖို့ နောက်ကျနေတာ၊ သခင်ယေရှုက လွန်ခဲ့တဲ့ အနှစ် နှစ်ထောင်ကတည်းက အားလုံးလုပ်ပေးခဲ့ပြီပဲ - - ” လို့ဖြေပါတယ်။ အကျင့်ကောင်းတေ ွရှိသင့်ပေမဲ့၊ ကယ်တင်ခြင်းခံရဖို့ အတွက်တော့ မဖြစ်သင့်ပါဖူး။ အကယ်ခံရဖို့ကျင့်တာ ကြိုးစားကြတာမဟုတ်ပါဘူး။ ကယ်တင်ခံရပြီးလို့ ကျင့်ကြတာပါ။
       ဆိုတော့ - - -
          သခင်ဘုရား လုပ်ပေးသွားပြီ။
          ကယ်တင်ခြင်းရဖို့ မကျင့်တော့ဘူး။
          သားတော်ဘုရားကို ချစ်တဲ့စိတ်ကြောင့်သာ၊ ကျွန်တယောက်လို ကျင့်နေမှာ ။

        “Off–looking unto Jesus” သခင်ယေရှုကိုသာ စေ့စေ့ကြည့်ခြင်း ဆိုတာဟာ ၊  ကိုယ့်အကျင့်၊ ကိုယ့်ကောင်းကွက်တွေကိုမကြည့်ပဲ သခင်ယေရှုကိုသာ ကြည့်ခြင်းဖြစ်ပါတယ်။ ကျွန်တော် ကောင်းကောင်းနေပါတယ်။ ကိုယ်ရောစိတ်ပါ သန့်သန့်ရှင်းရှင်း စင်စင်ကြယ်ကြယ် တတ်နိုင်သမျှ ထားသင့်ပါတယ်။ ဒါပေမဲ့  “ငါတို့ကျင့်သော ဖြောင့်မတ်ခြင်း အကျင့်အားဖြင့်မဟုတ်ပဲ၊ မိမိသနားခြင်း ဂရုဏာတော်နှင့်အညီ၊ ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်၄င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်၄င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။” - - - တိတု ၃း ၅။ ဟေရှာယ ၆၄း ၆ မှာတော့ - - “ပြုဖူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့် တူကြပါ၏။” အဲဒီမှာ သမ္မာကျမ်းစာက ကျွန်တော်တို့ လုပ်သမျှအဆိုးဆုံးတွေလို့ ပြောတာမဟုတ်ဘူး။ လုပ်သမျှ အကောင်းဆုံးတွေဟာ ညစ်သောအဝတ်နဲ့တူတယ်လို့ ပြောတာပါ။ ကောင်းကင်ရောက်ဖို့ စင်းလုံးချော ကောင်းနိုင်တဲ့သူ မရှိပါဘူး။ စုံလင်သင့်ပေမဲ့၊ စုံလင်သူဆိုတာ မရှိပါဘူး။

        မက်သဒစ် ဧဝံဂေလိ တရားဟောဆရာ Sam Jones က ပရိတ်သတ်ကို တစ်ခါက မေးခဲ့ဘူးတယ်။ “စုံလင်တဲ့သူကို တွေ့ဖုူးတဲ့လူရှိသလား? ” အမျိုးသမီးတစ်ယောက်က လက်ပြတယ်။
        “ဟုတ်ပြီ - စုံလင်တဲ့သူကို ခင်ဗျားတွေ့ဖူးသလား”
        “ဟုတ်ကဲ့ - ကျွန်မ တစ်ခါမှတော့ မတွေ့ဖူးပါဘူး။ ဒါပေမဲ့ ကျွန်မယောကျင်္ားက အဲဒီအမျိုးသမီးအကြောင်း အမြဲပြောတတ်တယ်။ သူ့ရဲ့ အရင်မိန်းမပါ ” တဲ့။

        တကယ်တော့ ဘယ်သူမှမစုံလင်ကြပါဘူး။ သခင်ယေရှုက -- “ကျန်းမာသောသူတို့သည်  ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ၊ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်း။” (မာကု ၂ း ၁၇) ယုံကြည်ခြင်းဆိုတာ ကိုယ့်ကောင်းကွက်တွေကို မကြည့်ဘဲ သခင် ယေရှုကိုသာကြည့်ခြင်းပါ။ အကယ်ခံရဖို့ဆိုပြီး ပိုကောင်းမလာနိုင်ဘူး။ ပိုကောင်းလာဖို့ သခင်ယေရှုကိုသာ ကြည့်ခြင်းပါ။ ကယ်တင်ခြင်းရဖို့ လူဟာ ပိုကောင်းမလာနိုင်ဘူး။ ပိုကောင်းလာဖို့သာ အကယ်ခံရကြတာပါ။ ကယ်တင်ခြင်း မခံရသေးမချင်း၊ ကောင်းမလာနိုင်သေးပါဘူး။
        ကျွန်တော်ကြိုက်တဲ့ သီချင်းကလေးထဲက စာသားတပိုဒ်က - - -
             ငါမြော်လင့်ခြင်း အမြစ်တည်ရာ
             ခရစ်တော်၏ အသွေးမြတ်သာ၊
             ငါ၏ကျင့်ဝတ် မှီဖွယ်မရှိ
             နာမတော် ကုသိုလ်အောင်သတည်း။

           သခင်ယေရှုကို စေ့စေ့ကြည့်တယ်ဆိုတာဟာ၊ အသင်းဝင်ဖြစ်တာကိုမကြည့်ဘဲ၊ သခင်ယေရှုကိုသာ ကြည့်ခြင်းဖြစ်ပါတယ်။ သခင်ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် လက်ခံသူတိုင်းဟာ အသင်းတော်တစ်ပါးမှာ ပါ၀င်သင့်ပါတယ်။ ဒါပေမဲ့ ခရစ်ယာန်ဖြစ်ဖို့ အသင်းတော်မှာ ပါ၀င်တာမဟုတ်ဘူး ၊ အသင်းတော်မှာ ပါ၀င်လိုက်တာနဲ့ ခရစ်ယာန်ဖြစ်လာမှာ မဟုတ်ဘူး။ ကားဂိုဒေါင်ထဲဝင်ပြီး ပြန်ထွက်လိုက်ရုံနဲ့ ခင်ဗျားကိုယ်တိုင် ကားတစီး ဖြစ်မသွားသလိုပါဘဲ။  ကျွန်တော်ဟာ အသင်းတော်တစ်ပါးရဲ့ အသင်းဝင်တစ်ယောက်ပါ။ အကယ်ခံရပြီးသူတိုင်း၊ ကျမ်းစာကို ဦးထိပ်ထားတဲ့ အသင်းတော်တစ်ပါးပါးမှာ ပါ၀င်သင့်ပါတယ်။ တမန် ၂း ၄၁ က - - “ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် နှစ်ခြင်းကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့်၊ သုံးထောင်မျှလောက်သောသူတို့သည် ၀င်ကြ၏။”

           တစ်ဖက်မှာလည်း လူတစ်ယောက်ဟာ ကောင်းကင်ရောက်ဖို့ဆိုပြီး၊ အသင်းတော်မှာ ပါ၀င်တာကိုအမှီပြုနေမယ်ဆိုရင်၊ ပါဝင်လျက်နဲ့ကိုပဲ ငရဲသွားရပါလိမ့်မယ်။ မဿဲ ရး၂၂ - ၂၃ မှာ - - သခင်ယေရှုက - - “ထိုနေ့၌ကား သခင်၊ သခင်၊ အကျွန်ုပ်တို့သည်၊ ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော၊ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ် လောဟု အများသောသူတို့သည်လျှောက်ကြလိမ့်မည်၊ ထိုသို့လျှောက်ကြသောအခါ၊ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့ကို အတိအလင်းငါ ပြောမည်။”

           သမ္မာကျမ်းစာအရ လူများစွာဟာ အသင်းသားဖြစ်လျက်၊ ကြိုးစားကျင့်လျက်နဲ့ တစ်ချို့ဆိုရင် တရားတွေဟော၊ သခင်ယေရှုနာမ၌ ကြိုတင်နိမိတ်ဖတ်ဟောလျက်နဲ့ပဲ၊ ကောင်းကင်မရောက်ပဲ ဖြစ်နေကြမှာပါ။ သူတို့ကောင်းကင်မရောက်ရကြရတာကတော့၊ ယေရှုခရစ်ကို လုံးလုံးအပြည့်အဝ အားမကိုးကြပဲ၊ ကိုယ့်အကျင့်တွေကို အားကိုးကြလို့့ပါ။

           “Off looking unto Jesus ”. သခင်ယေရှုကိုသာ စေ့စေ့ကြည့်ခြင်းဆိုတာဟာ၊ ကိုယ်နှစ်ခြင်းခံတာကိုမကြည့်ပဲ သခင်ယေရှုကိုသာ ကြည့်ခြင်းဖြစ်ပါတယ်။ လက်ထပ်အပြီးမှာ လက်ထပ်လက်စွပ်ကို စွပ်လိုက်တာနဲ့တူပါတယ်။ လက်စွပ်က လက်ထပ်ပေးတာမဟုတ်ပါဘူး၊ လက်ထပ်ပြီးသူတွေဖြစ်ကြောင်း ပြတာသာဖြစ်ပါတယ်။ နှစ်ခြင်းခံဖို့ အကယ်ခံရတာ မဟုတ်ပါဘူး။ ခရစ်တော်ရဲ့အသေခံခြင်း၊ င်္သဂြိုလ်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတွေကို ယုံတယ်ဆိုတာ၊ တစ်ခြားသူတွေကို ပြင်ပသက်သေပြခြင်းသာ ဖြစ်ပါတယ်။

              ကောင်းကင်ရောက်ဖို့ နှစ်ခြင်းခံတာကို အားကိုးနေသူဟာ၊ နှစ်ခြင်းခံထားပေမဲ့လည်း၊ ငရဲသွားရမှာပါဘဲ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ - - - ယော ၃ း ၃၆ (ခ) ကြောင့်ပါ - - - “သားတော်ကို ပယ်သောသူ (မယုံကြည်သောသူ) မူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေသည်။”

                မိတ်ဆွေ - - ယေရှုခရစ်က - - “သားတော်ကို အားမကိုး၊ အမှီမပြု၊ မယုံကြည်ရင် အသက်ကိုမတွေ့ရဘူး။ ဘုရားအမျက်တော် သင့်အပေါ်တည်နေတယ်။ အသင်းဝင်ဖြစ်တာ (သို့) နှစ်ခြင်းခံတာ (သို့) ပြုပြင်ပြောင်းလဲတာ (သို့) သခင်ယေရှုအစား တစ်ခြားအရာတစ်ခုခုကို အားကိုးတဲ့သူဟာ ကောင်းကင်မရောက်ရဘူးလို့ ပြောပါတယ်။ ယောဟန် ၃ း ၁၈ က - -“သားတော်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့်၊ ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏”။ ခရစ်တော်ကိုတစ်ဝက်၊ ပြီးတော့ အခြားအရာတွေကို တစ်ဝက်ယုံထားသူတွေအတွက် ဘာဂတိတော်မှ မရှိပါဘူး။

             တစ်ချို့ကမေးတယ်။ - - “ဒါပေမဲ့ ကျမ်းစာက - မာကု ၁၆ း ၁၆မှာ “ယုံကြည်၍နှစ်ခြင်းကို ခံသောသူသည်၊ ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ ” လို့ ပြောထားတယ်မဟုတ်လားတဲ့။
            ဟုတ်ပါတယ်၊ ဒါပေမဲ့ နောက်ထပ်ဆက်ပြောနေတာက - - - “မယုံကြည်သောသူမူကား၊ အပြစ်စီရင်ခြင်းကို ခံရလတံ့” - တွေ့တယ်နော်? ယုံကြည်ခြင်းက၊ အဓိကဆုံးဖြတ်ချက်ပေးတဲ့ အချက်ပဲ။ နှစ်ခြင်းခံတာက ဆုံးဖြတ်ပေးတာမဟုတ်ဘူး။ ဘာနဲ့တူသလဲဆိုတော့ “ဂျက်လေယာဉ်ပျံထဲ လိုက်ပါသောသူသည် ထိုင်ပြီး Florida ဖလော်ရီဒါပြည်နယ်  Jacksonville  (ဂျက်ဆင်ဗေးလ်) မြို့သို့ပျံသန်းလိုက်ပါလိမ့်မည်။ သို့သော် လေယာဉ်ပျံထဲ မလိုက်ပါပါက Jacksonville  ဂျက်ဆင်ဗေးလ်မြို့သို့မရောက်” လို့ ပြောတဲ့သဘောပါ။ ရောက်ဖို့က အတူလိုက်ပါဖို့ပါဘဲ။ ထိုင်တာနဲ့မဆိုင်ပါဘူး။ ဒါပေမဲ့ အားလုံးသိပါတယ်။ အတူလိုက်ပါရင်တော့ သူဟာ ထိုင်တော့ ထိုင်သင့်တာပေါ့။

           ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးရင် နှစ်ခြင်းခံသင့်ပါတယ်။ ဒါပေမဲ့ နှစ်ခြင်းခံလို့၊ ကယ်တင်ခံရတာလို့တော့ မထင်သင့်ပါဘူး။ ဒီလိုထင်ရင်တော့ ယေရှုခရစ်ကို အားကိုးတာမဟုတ်ပဲ၊ နှစ်ခြင်းခံတာကို အားကိုးတာဖြစ်နေပါပြီ။ ယုံကြည်ခြင်းဆိုတာ တစ်ခြားဘာကိုမှမကြည့်ပဲ သခင်ယေရှုတစ်ပါးတည်းကိုသာ ကြည့်ခြင်းပါ။

III      Faith is not experiencing a feeling but relying on a fact.
        ယုံကြည်ခြင်းဟာ ခံစားချက်အပေါ်မှာ မူမတည်ဘဲ၊ တကယ့်ဖြစ်ရပ်အပေါ်မှာ အမှီပြုထားခြင်းသာ ဖြစ်ပါတယ်။

            အကယ်ခံရချိန်မှာ သင့်လျော်တဲ့ ခံစားချက်တွေ မခံစားရမိဘူးလို့ ထင်တဲ့အတွက်၊ ကယ်တင်ခြင်းရ -မရ သံသယရှိနေသူတွေ တွေ့ခဲ့ဖူးပါတယ်။ အကယ်ခံရဖို့ လူတစ်ယောက်ဟာ ဘယ်လိုခံစားချက်မျိုး ခံစားရမယ်လို့ သမ္မာကျမ်းစာမှာ အတိအကျရေးထားတဲ့ ကျမ်းပိုဒ်တစ်ပိုဒ်မှ မတွေ့ရဘူး။ ဒါ့ကြောင့် ကျမ်းစာက အကယ်ခံရဖို့ ဘယ်လိုခံစားချက်ရှိရမယ်ဆိုတာ တစ်ခါမှမပြောဘူး၊ တမန် ၁၆ း ၃၁ - မှာ - - “သခင်ယေရှုခရစ်ကို ယုံကြည်လော့၊ သို့ပြုလျှင် သင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်” - - -

             လက်ထပ်ပြီးစတုန်းက ကျွန်တော့အမျိုးသမီးအိမ်ကို ကားနဲ့ ပြန်ကြတယ်။ အိမ်ဝင်းထဲမှာ မိတ်ဆွေတွေရှိပါတယ်။ ကားထဲကထွက်တော့ - တစ်ယောက်က မေးတယ်။ “လက်ထပ်တာ ဘယ်လိုခံစားရသလဲ?”
              “ လက်မထပ်ခင်တုန်းက ခံစားရသလိုပဲ ခံစားရတယ်” လို့ ဖြေလိုက်တယ်။ ဘာမှ မခံစားရပေမဲ့လည်း၊ အကြီးအကျယ် ခံစားရသူတွေလိုပဲ၊ ဒါလည်း လက်ထပ်တာပါဘဲ။ ဖြစ်ရပ်တစ်ခုကို ကြုံတဲ့သူတွေ တုန့်ပြန်ပုံချင်း မတူကြပါဘူး။ တစ်ည နိုးထမှုတရားပွဲတစ်ခုကအပြန် ကျွန်တော်တို့ ကားရဲ့ရှေ့က ကားတစ်စီး အ ရှိန်နဲ့ကွေ့ဝင်လာတယ်။ အတော်များများ အကြီးအကျယ် ဒဏ်ရာရကြတယ်။ အဲဒီဖြစ်ရပ်မှာ တစ်ချို့ ငိုကြ၊ အော်ကြတယ်။ တစ်ချို့ပြေးပြီး အကူအညီတောင်းကြတယ်။ တစ်ချို့ကတော့ မျက်နှာကို လက်နဲ့အုပ်လို့၊ အမျိုးသမီးတစ်ယောက်ကတော့ တုန်လှုပ်ခြောက်ချားနေတယ်။ အားလုံးဟာ ဖြစ်ရပ်တစ်ခုကို အတူတွေ့ကြ၊ အတူကြံုကြရပေမယ့် တုန့်ပြန်ပုံက တစ်မျိုးစီပါ။

             ခရစ်တော်ကို အားကိုးတုန်းမှာ ငိုသူတွေ တွေ့ဖူးပါတယ်။ ပြံုးသူတွေရှိသလို ရယ်သူတွေလည်း ရှိပါတယ်။ တစ်ချို့ဆို ထအော်ကြတယ်။ ဒါပေမဲ့ ဖြစ်ရပ်ကြံုတာကတော့ တစ်ခုတည်းပါဘဲ။ အားလုံးဟာ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးကြတာပါ။ ယုံကြည်ခြင်းဟာ ထူးခြားတဲ့အတွေ့အကြံုတစ်ချို့ကို ခံစားခြင်းမဟုတ်ပါဘူး။ ဖြစ်ရပ်တခု အပေါ်အမှီပြုကြတာပါဘဲ။ အဲဒီဖြစ်ရပ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ တုန်းက ယေရှုခရစ်က ကျွန်တော်တို့အတွက် အသေခံပေးပါတယ်။ အပြစ်တွေကို သူ့အပေါ်မှာ ယူဆောင်ခဲ့တယ်။ အပြစ်ကြွေးတွေအတွက် ကျွန်တော်တို့နေရာ မှာ သားတော်ကို ဘုရားသခင်က အစားထိုး အပြစ်ပေးခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဒါဟာဖြစ်ရပ်မှန်တခုပါ။ ကျွန်တော်တို့ လုပ်ရမှာက ဒီဖြစ်ရပ်ကို ယုံကြည်ပါ။ အကယ်ခံရဖို့ သူ လုပ်ဆောင်ပေးတာကို လက်ခံ၊ သူ့ကိုအားကိုးဖို့၊ မှီခို အားပြုဖို့ပါဘဲ။ ခရစ်ယာန်မဟုတ်သေးဘူး၊ ခရစ်ယာန်ဖြစ်ချင်တယ်ဆိုရင်တော့ အခုလို ရိုးရိုးလေး ဆုတောင်းနိုင်ပါတယ်။

             “သခင်ယေရှုဘုရား၊ ကျွန်တော် အပြစ်သားပါ။ ကျွန်တော့အတွက် အသေခံပေးတာကို ယုံပါတယ်။ ကယ်တင်ရှင်အဖြစ် ကိုယ်တော်ကို အားကိုးပါပြီ။ အခုကစပြီး ကောင်းကင်ရောက်ဖို့ အတွက် ကိုယ်တော်ကို အားကိုးပါပြီ။ ခရစ်ယာန်ကောင်းတယောက်အဖြစ် ကိုယ်တော်အတွက် အသက်ရှင်ဖို့မစတော်မူပါ။”

            ဒီလို ဆုတောင်းပြီးတဲ့အခါ ကျမ်းစာမှာ ဘုရားသခင်ပြောထားတဲ့အတိုင်း ကယ်တင်ခံရဖို့ ယေရှုခရစ်ကို အားကိုးတဲ့အတွက် ထာဝရအသက်ရပြီလို့ လက်ခံလိုက်ပါ။ - - “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။” (ယော ၃း ၃၆)

              ခံစားချက်တွေရှိရှိ၊ မရှိရှိ ဘုရားပြောတာကို လက်ခံဖို့ပါဘဲ။ ဆုံးဖြတ်ချက်ကို တစ်ခါချပြီး၊ ခရစ်တော်ကို အားကိုးလိုက်တာနဲ့ ခံစားချက်တချို့ ဝင်လာနိုင်ပါတယ်။ ဒါပေမယ့် ခံစားချက်လာလာ၊ မလာလာ ဘုရားစကားတော်ကတော့ မှန်နေမြဲပါဘဲ။ ဘုရားသခင် မညာပါဘူး။

             ကိုယ်တော်ကို အားကိုးတဲ့အချိန်မှာ ထာဝရအသက်ကို ရပါတယ်။ ကယ်တင်ခြင်းကို ဆုံးဖြတ်ချက်ပေးတဲ့အချက်က သခင်ယေရှုခရစ်ကို ယုံကြည်ခြင်း၊ အားကိုးခြင်း၊ မှီခိုခြင်းပါဘဲ။

              F.G Pentecost - က“ ၂ နဲ့ ၂ ပေါင်းရင် ၄။ ဒါက သင်္ချာ။ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်က ရေကို ဖြစ်စေတယ်။ အဲဒါ ဓါတုဗေဒ။ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ သို့ပြုလျှင် သင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” အဲဒါဘုရားစကားလို့ ပြောဖူးပါတယ်။
               “အဲဒါ ဘယ်လိုလုပ်သိလဲလို့ ခင်ဗျားမေးဦးမလား” လို့ ဆရာ Pentecost- ကပြောပါတယ်။
သူကပဲ “ ဟုတ်ကဲ့ - - မှန်- မမှန် ကိုယ်တိုင်အဖြေရှာပါ။ နှစ် နဲ့ နှစ်ပေါင်းကြည့် - လေး - မရလား? ပြီးတော့ သခင်ယေရှုခရစ်ကို ယုံကြည်လိုက်၊ ကဲ.. ကြည့်၊ ခင်ဗျား ကယ်တင်ခြင်းမခံရပဲ နေမလား?      ။                       ။

No comments:

Post a Comment