Saturday, March 30, 2013

02. Believer’s Security (Bread for Believers) (Burmese)

Dr. Curtis Hutson
-------------------------------------------------------------------------------------
အခန်း ၂
--------------------------------------------------------------------------------------------------
 ကယ်တင်ခြင်းစိတ်ချမှုအကြောင်း မသိလို့ စိတ်ဒုက္ခရောက်နေသူတွေ နေရာတကာမှာ တွေ့ရတယ်။ အပြစ်တွေ၊ ပေါ့ဆအမှားတွေ၊ အဆုံးတိုင်အောင် မတည်ကြည်နိုင်တာတွေနဲ့ တစ်ခြား အကြောင်းတွေကြောင့် ကယ်တင်ခြင်း ပြန်ဆုံးရှုံးတော့မယ်လို့ ထင်နေကြတယ်။

                     အခုကယ်တင်ခြင်းရပေမယ့် နောင်မှာ ပြန်ဆုံးရှုံးမယ်လို့ ထင်နေသူတွေမှာ ပြဿနာနှစ်ခုထဲက တစ်ခု ရှိနေတတ်တယ်။ တစ်..က ကယ်တင်ခြင်းရဖို့ အကျင့်ကို အတိုင်းအတာ တစ်ခုအထိ အားကိုးနေတယ်။ နှစ်..က ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးရင် သူတို့ဘဝလားရာဟာ ဘုရားလက်ထဲ ရောက်နေပြီဆိုတာ နားမလည်တာပါဘဲ။        

                     သူတို့လေးစားသူတွေရဲ့ စကားကို အသေမှတ်ထားပုံရတယ်။ ဒါမှမဟုတ် သမ္မာကျမ်းစာကို သေသေချာချာ မလေ့လာဘဲ၊ ယုံကြည်သူတွေဟာ ထာဝရအသက်ရပြီ၊ သေရင် ကောင်းကင်သွားရဖို့ ဘုရားသခင်ဆုံးဖြတ်ထားပြီဆိုတာ သဘောမပေါက်သေးတာပါ။

                     ခရစ်ယာန်အသက်တာ အားနည်းရင် ကယ်တင်ခြင်းပြန်ဆုံးရှုံးမယ်လို့ ထင်တဲ့ ပထမ အုပ်စုဝင် လူတွေအဖို့ကတော့ ကယ်တင်ခြင်းအကြောင်း ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ ယေရှုခရစ် ကားတိုင်ပေါ်မှာ အသေခံတဲ့အခါ၊ ကျွန်တော်တို့အပြစ် အားလုံးအတွက် အကျေအလည် ပေးချေပြီးပြီ။ ကယ်တင်ခြင်းမှာ အကျင့်တွေ၊ အပြုအမူတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာ အပြည့်အဝ နားလည်ဖို့လိုတယ်။

                     ဟုတ်ကဲ့၊ ကောင်းကောင်းတော့ နေသင့်တာပေါ့။ နားမထောင်တဲ့သားသမီးတွေအပေါ် ဘုရားသခင်ရဲ့ သဘောထား၊ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လို့သာ ကယ်တင်ခြင်းရတာပါ။  

                     ယော ၃း ၃၆ -မှာ-- “ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ ” ဒီကျမ်းပိုဒ်က “ကျေးဇူးတော်လား၊ အကျင့်လား” ရှင်းပါတယ်။ ဧဖက် ၂း ၈-၉ ကလည်း  ရှင်းပါတယ်။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။”

                     ဒုတိယအုပ်စုကတော့၊ ယုံကြည်သူရဲ့ စိတ်ချရမှုအကြောင်း၊ ကျမ်းစာသွန်သင်ချက်ကို သေသေချာချာ လေ့လာသင့်တယ်။ ဒီအကြောင်းစဉ်းစားကြဖို့၊ အချက်အလက်များစွာနဲ့ ဝေမျှချင်ပါတယ်။

1.    God  Promised  And  God  Produced  Eternal Life.
ထာဝရအသက်ကို ဘုရားသခင် ဂတိပေးပြီး၊ ဖြစ်တည်စေတယ်။

                     ယော ၃း၁၄- ၁၆ က--“မောရှေသည် တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”

                     တစ်ခါ.. တိတု ၁း၂ မှာ… “မုသာနှင့် ကင်းစင်တော်မူသော ဘုရားသခင်သည် ရှေးကပ်ကာလ မရောက်မှီ၊ ဂတိထားတော်မူ၍ --- ထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍” - ၁ယော ၂း၂၅ မှာ -- “ငါတို့အား ပေးတော်မူသော ဂတိတော်မူကား ထာဝရအသက်ကို ဝန်ခံတော်မူသော ဂတိတော်ပေတည်း။”

                     ဘုရားသခင်က တစ်ခုခုပေးဖို့ ဂတိထားရင်၊ သူ့ဘုန်းတော်နဲ့ ရအောင်၊ ဖြစ်အောင် လုပ်ပေးတယ်။ ဂတိအတိုင်းဖြစ်အောင် လုပ်မပေးရင်၊ ဘုန်းတော်၊ ကျေးဇူးတော်ဆိုတာ ဘယ်ရှိတော့မလဲ။ ဒါပေမယ့် ဘုရားသခင်က သူ ဂတိအတိုင်း တကယ်ဖြစ်စေတယ်။ သမ္မာကျမ်းစာက  ၁ယော ၅း၁၀-၁၁ မှာ-- “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။”

                     ယော ၁၀း၂၇-၂၉ မှာ-- “ငါ့သိုးတို့သည် ငါ့စကားကို နားထောင်၍၊ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကို လည်းငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနှုတ်မယူရာ။”

                     နောက်.. ရောမ-၆း၂၃ မှာတော့-- “အပြစ်တရား၏ အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။” ဘုရားသခင်က ယုံကြည်သူအတွက် ထာဝရအသက်ကို ဂတိပေးတယ်။ ရစေတယ်။

2.    The Believer Has Exactly What God Promised And Produced
ယုံကြည်သူဟာ ဘုရားသခင် ဂတိပေးဖြစ်တည်စေတဲ့အရာကို တကယ်ရထားပါပြီ။

                     ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးသူဟာ၊ ထာဝရအသက်ရတယ်လို့ ကျမ်းစာချက်များစွာက ရှင်ရှင်းလေး ဖော်ပြထားတယ်။ ယော၅း၂၄ မှာ--“ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကိုနားထောင်၍ ငါ့ကို စေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရသည်ဖြစ်၍ …… ” ကျမ်းစာက ယုံကြည်သောသူသည် ထာဝရအသက်ရလိမ့်မယ်လို့ မပြောဘူး။ ရပြီလို့ ပြောတယ်။ အခု-ရတာပါ။ ကယ်တင်ခြင်းအတွက် ယေရှုခရစ်ကို အားကိုးသူဟာ ထာဝရအသက်ကို အခုရတယ်လို့ ဆိုလိုတယ်။ ဘုရားက ဂတိပေးပြီးတော့၊ ရအောင်- ကြိုးစား ယူခိုင်းတာမျိုး မဟုတ်ဘူး။ ခရစ်တော်ကို ယုံကြည်တဲ့အချိန်မှာဘဲ ချက်ချင်း ရလိုက်တာဖြစ်တယ်။

                     ဒါပေမယ့် ထာဝရအသက်ရတယ်ဆိုတာထက် သခင်ယေရှုက နည်းနည်းထပ်ပြီး ပြောသေးတယ်။ ယော၅း၄-၂၄ မှာ နှစ်ခါ ထပ်ပြောပြီး မှတ်မိစေတယ်။ သေချာစေတယ်။ “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကိုနားထောင်၍ ငါ့ကို စေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။”

              ယုံကြည်တဲ့အခိုက်မှာပဲ ထာဝရအသက်ကိုရတယ်ဆိုတဲ့ စကားကိုဆက်တဲ့အနေနဲ့ အပြစ်စီရင်ခြင်း မခံရဘူးဆိုတဲ့ ဂတိကိုလည်း သခင်ယေရှု ထပ်ပေးထားတယ်။ အပြစ်အတွက်နဲ့ ဘယ်တော့မှ ဒဏ်မခံရတော့ဘူးလို့ ပြောတာပါ။

                     အပြစ်အတွက် တရားစီရင်တယ်ဆိုရင် လူဟာ အဖမ်းခံရ၊ အစစ်ဆေးခံရ၊ ပြစ်ဒဏ် ချမှတ်ခံရတယ်။ သူဟာ အပြစ်စီရင်ခြင်းရဲ့အောက်မှာ နေရတယ်။ သူ့ကို အပြစ်စီရင်တယ်။ ပြစ်ဒဏ်ကတော့ သေဒဏ်ပါ။ ရောမ၆း၂၃မှာ--“အပြစ်တရား၏ အခကား သေခြင်းပေတည်း။”- အဲဒီသေခြင်းကို ကျမ်းစာထဲမှာ ဒုတိယသေခြင်း၊ မီးငရဲအိုင်လို့ ဖော်ပြထားတယ်။ ဗျာဒိတ်၂၀း၁၄မှာ “ထိုအခါ-မရဏာ(သေခြင်း) နှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း။”

                     ဒါပေမဲ့- အခု သခင်ယေရှုပြောတာက ခရစ်တော်ကို ယုံကြည်သူတဲ့ဟာ အပြစ်ဒဏ်မခံရရုံ၊   အပြစ်စီရင် မခံရရုံသာမက၊ အပြစ်စီရင်ခံဖို့ လာစရာမလိုတော့ဘူးလို့ ဂတိထားသေးတယ်။ အပြစ်ရဲ့အခ၊ အပြစ်ဒဏ်ဆိုတာ ယုံကြည်သူ ဘယ်တော့မှ ခံစရာမလိုတော့ဘူး။

                     ယော၅း၂၄ မှာ ထပ်ပြောတာက-- “သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူ ဖြစ််၏။” သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်လိမ့်မယ်လို့ ပြောတာမဟုတ်ဘူး။ သခင်ယေရှုခရစ်ကို ယုံကြည်သူဟာ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်ပြီးပြီလို့ ပြောတာပါ။ ယော၃း၃၆မှာ-- “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။” ဒီနေရာမှာ “ရ၏” ဆိုတဲ့စကားကို ပြန်တွေ့ရပြန်ပြီ။ ဒါဟာ အခုကာလအတွက် ပြောတာပါ။ သားတော်ကို ယုံတဲ့သူဟာ ထာဝရအသက်ကို အခု ရတယ်။ ထာဝရအသက်ကို နောင်မှာပေးမယ်လို့ ဂတိပေးထားတာမျိုး မဟုတ်ဘူး။ ယုံကြည်သူတိုင်း အခု-ပိုင်ဆိိုင်ကြရတာပါ။

                     ထာဝရ ဆိုတဲ့စကားဟာ ကာလ -အတို- ခဏတာအတွက် ပြောတာမဟုတ်ဘူး။ တစ်နေ့- တစ်ပတ်-တစ်လ-တစ်နှစ်- နှစ်တရာခံတဲ့အသက်လို့ ပြောတာမဟုတ်ဘူး။ အမြဲတမ်း၊ ထာဝရကာလတလျောက်လုံးလို့ ပြောချင်တာပါ။                                        

                     ယော၅း၂၄ နဲ့ ယော၃း၃၆ မှာ တွေ့ရတဲ့ ထာဝရအသက်ဆိုတဲ့ စကားဟာ ရောမ၁၆း၂၆ မှာ တွေ့ရတဲ့ “ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း”-- ဆိုတဲ့ ဘုရားသခင်ရဲ့သက်တမ်းတော်ကို ပြတဲ့စကားနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဘုရားသခင်ကိုယ်တိုင်ဟာ ထာဝရဆိုတော့ ယုံကြည်သူရဲ့အသက်ဟာလည်း ထာဝရပါပဲ။ ထာဝရ-ထာဝရအသက် ဆိုတဲ့စကားကို၊ သမ္မာကျမ်းစာထဲမှာ အကြိမ် ၄၅ ကြိမ်ထက်မက သုံးစွဲထားတယ်။ ယုံကြည်သူရတာဟာ  ထာဝရအသက်ပါ။ ဒါဟာ ဘုရားသခင်က ဂတိပေးပြီး၊ ဖြစ်တည်စေတဲ့အရာ အမှန်ဖြစ်ပါတယ်။

3.    God Not Only Gives Eternal Life, But Promises That The Believer Will  Never Perish.
ထာဝရအသက် ပေးရုံသာမက ဘယ်တော့မှ မပျက်စီးဘူးလို့လည်း ဂတိပေးထားပါတယ်။

       ယော၁၀း၂၈ မှာပါတဲ့-- “အစဉ်မပြတ်ကင်းလွတ်” ဆိုတဲ့စကား never ကို Strong’s Concordance စာမျက်နှာ ရ၁၅ မှာ ကြည့်တဲ့အခါ အဲဒီစကားဟာ Greek- ဂရိစကားကနေ ဆင်းသက်လာတယ်။ အင်္ဂလိပ်လို စာလုံးပေါင်းရင်တော့- OUME, EIS, HO နဲ့ AION တို့ဖြစ်တယ်။ ဒီစာလုံးတစ်လုံးစီကို Strong’s Concordance- မှာပဲ ပြန်ရှာကြည့်ရင်တော့ OUME (#3364) က လုံးဝ-ဘာကြောင့်မှ- ဘာကိစ္စနဲ့- ဘယ်တော့မှ လို့ ဆိုလိုတယ်။ EIS(#1519) က “နေရာ-အချိန် အကြောင်းကိစ္စ” လို့ ဆိုလိုတယ်။ HO(#3588) က “အဖို-အမ-အဖိုမဟုတ် အမ မဟုတ်ပင်ဖြစ်စေ” လို့ ဆိုလိုတယ်။ AION(#165) က- အဆုံးမရှိ-ထာဝရ” လို့ ဆိုလိုတယ်။

        ဒီပင်မစကားတွေကို အားလုံး ဆက်စပ်ကြည့်လိုက်တဲ့အခါ-သခင်ခရစ်တော်က ဒီကျမ်းပိုဒ်မှာ “never--အစဉ်မပြတ်ကင်းလွတ်” လိုက်တယ်ဆိုတာဟာ “never ဘယ်တော့မှ” ကို သာမန်ထက်ပိုပြီး လေးလေးနက်နက် စိတ်ချမှုပေးနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

        ဒီအသိကလေးနဲ့ ယော၁၀း၂၈ ကို ပြန်ရေးကြည့်ရင် သခင်ခရစ်တော်ပြောလိုတဲ့ စကားကို တွေ့ရပါလိမ့်မယ်။ “ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့်-  လုံးဝ-ဘာကြောင့်၊ ဘာကိစ္စ၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘာအကြောင်းကြောင့်၊ အဖိုဖြစ်စေ၊ အမဖြစ်စေ-အဖိုမဟုတ် အမမဟုတ်ဖြစ်စေ-အဆုံးမရှိ-ထာဝရ-ကင်းလွတ်ကြလိမ့်မည်။” လို့ ပြောလိုတာပါ။

4. Believers are kept by God, they do not keep by themselves.
ယုံကြည်သူကို ဘုရားက ထိန်းထားတာပါ။ သူတို့ကိုယ်သူတို့ ထိန်းတာမဟုတ်ပါဘူး။

              ယုံကြည်သူကို ဘုရားသခင်က ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်ဆိုတာကို ကျမ််းစာက ခဏခဏ ရှင်းရှင်းလင်းလင်း ဖေါ်ပြထားတယ်။ ကိုယ့်ကိုကိုယ်သာ ထိန်းသိမ်း ကြရမယ်ဆိုရင်- ဆုံးရှုံးသွားနိုင်တယ်။ ဆုံးရှံုးခဲ့တာတောင် ဖြစ်နိုင်တယ်လို့ ဝန်ခံကြရမှာပါ။  Spurgeon ရဲ့ တရားတပုဒ်ထဲမှာ- “ဘုရားသခင့် သိုးတွေသာ ပျက်စီး ဆုံးရှံုးရရိုးမှန်ရင် - ကျွန်တော့လို အားနည်းနုံချာတဲ့သူအဖို့တော့- တနေ့တည်းမှာကိုပဲ အခါတထောင် ဆယ်ခါပြန် ရွေ့လျော့ ဆုံးရှံုးနေတော့မှာပဲ ” လို့ ပြောဖူးတယ်။

         ကိုယ့်ကိုကိုယ် ထိန်းရတာမဟုတ်ဘဲ၊ ဘုရားကိုယ်တိုင် ထိန်းပေးတာဟာ ကျေးဇူးတင်စရာပါ။ ၂တိ ၁ း ၁၂ မှာ ရှင်ပေါလုက- “အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင်တော်မူသည်ဟု ငါသဘောကျ၏။” - တမန်တော်ရှင်ပေါလုက- “ငါအပ်ထားတာကို စောင့်ထိန်း ပေးနိုင်စွမ်းရှိတာကို ငါသဘောကျတယ်- ငါသဘောပေါက်တယ်” လို့ ဆိုပါတယ်။

         ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးဖို့က ကျွန်တော်တို့အလုပ်ပါ။  ကျွန်တော်တို့ကို စောင့်ထိန်းပေးရတာက ဘုရားအလုပ်ပါ။ ၁ပေ ၁ း ၃- ၅. မှာ - - “အသက်ရှင်ခြင်းနှှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှါ၊ ဖေါက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ငါတို့သည်ခံရစေမည်အကြောင်း၊ ယေရှုခရစ် ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ဂရုဏာတော်နှင့်အညီ ငါတို့ကို တဖန် ဖြစ်ဘွား စေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ရောက်စေမည့်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသော အမွေတည်း။”

            ဒီကျမ်းပိုဒ်တွေမှာ ကျွန်တော်တို့အတွက် ကောင်းကင်အမွေသိုထားကြောင်းနဲ့ အဲဒီ အမွေအတွက် ကျွန်တော်တို့ကိုလည်း ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း တွေ့ရတယ်။ - “ဖေါက်ပြန်ခြင်း… ကင်းစင်သောအမွေတော်” လို့ပြောတယ်။ ပျက်စီးမသွား၊ ယိုယွင်းမသွားဘူးလို့ ဆိုတယ်။ အမြဲတည်နေမယ်။ ကောင်းကင်ရောက်ရင် တွေ့ရမှာပါ၊ ရှင်ပေတရုက ဆက်ပြီးတော့ .. “ဖေါက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော် ”လို့ ဆိုပါတယ်။

            လောကမှာ အမွေရတယ်ဆိုတာမျိုး ကြံုရတတ်ပါတယ်။ ဒါပေမဲ့ ရှေ့နေတွေ၊ တရားရုံးတွေ၊ တိုင်းနိုင်ငံတွေ ပျောက်ပျက်ကုန်ချိန်မှာတော့- အမွေတွေ ဆိုတာလည်း လွင့်ပျောက်မှာပေါ့။ ဒါပေမယ့် ကျမ်းစာကပြောတဲ့ အမွေကတော့ “ညှိုး နွမ်းခြင်းနှင့်ကင်းစင်သော” ။ ပြီးတော့ “ကောင်းကင်ဘုံ၌ သိုထားလျက် ရှိသော” လို့ပြောတယ်။ ထိန်းသိမ်း ကာကွယ်ထားတယ်။ ဘယ်သူမှ လုမယူနိုင်ဘူး။ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးသူတိုင်းအတွက် ဖြစ်တယ်။

          ဒါပေမယ့် ကောင်းကင်ဘုံမှာ သိုထားရုံမျှမက-ကျမ်းစာက-“ကယ်တင်ခြင်းသို့ရောက်စေမည့်အကြောင်း ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ - - ” လို့ ဆက်ပြောသေးတယ်။ ဒီနေရာမှာ ပြောတဲ့ကယ်တင်ခြင်းဆိုတာက နောက်ဆုံး ရွေးနှုတ်တော်မူခြင်းကို ပြောတာပါ။ အပြစ်ဆိုတဲ့အရာထဲက ကယ်နှုတ်ချိန်- သခင်ယေရှုခရစ်ကြွလာချိန်- ကိုယ်တော်ကို ဖူးတွေ့ရချိန်- ကိုယ်တော်နဲ့ တူရချိန်ပါဘဲ။

        ယုံကြည်သူဟာ- သူ့ကိုယ်သူ မထိန််းသိမ်း မစောင့်ရှောက်နိုင်််သလို စောင့်လည်းမစောင့် ရှောက်ရဘူး။ ဘုရားသခင် စောင့်ထိန်းထားတာပါ။ ယော ၁၀း၂၈ က-“ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။” ယုံကြည်သူဟာ ဘုရားလက်တော်ထဲမှာ ရှိပါတယ်။ ဘယ်သူမှ နှုတ်ယူလို့မရဘူးလို့ ကျမ်းစာကပြောတယ်။

       ဟိုး နှစ်ပေါင်းများစွာတုန်းက တရားဟောဆရာတယောက်နဲ့ ထာဝရစိတ်ချရမှုအကြောင်း ဆွေးနွေးဖူးတယ်။ ပြောရင်းနဲ့ ယော၁၀း၂၈.ကို  “အဘယ်သူမှ မနှုတ်မယူရာ” လို့ ဖတ်ပြတော့၊ သူက ကြားဖြတ်ပြီး၊ ဟုတ်ပါတယ်၊ ဒါပေမယ့် လက်တော်ထဲက ကိုယ့်ဟာကိုယ် နှုတ်မယူနိုင်ဘူးလို့မှ မပြောဘဲ”လို့ ဆိုတယ်။

      “ခင်ဗျားရဲ့ ခံယူချက်ကို ကျမ်းစာမပြောတဲ့အပေါ်မှာ အခြေခံထားတာကိုး။ ကျမ်းစာအပေါ်မှာသာ အခြေခံပါ။” ကျမ်းစာက-အဘယ်သူမျှ--ငါ့လက်မှ မနှုတ်မယူရာ။ ခင်ဗျား လူတယောက်မဟုတ်လား။” ဆိုတော့ – “ဟုတ်တယ်လေ၊ အဲဒါ ဘာဖြစ်လဲ?” တဲ့။ ကျမ်းစာ က-“အဘယ်သူမှ လို့ဆိုတော့၊ ဘုရားလက်တော်ထဲက ခင်ဗျားကိုယ် ခင်ဗျားလည်း မနှုတ်ယူနိုင်ပါဘူးဗျာ။” လို့ ပြန်ပြောရတယ်။

       ယော ၆း၃၉ မှာ-- “ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ ….” ဒါဟာ-ကယ်တင်ခြင်းခံရပြီးတဲ့သူတိုင်း မဆုံးရှုံးဘူးဆိုတဲ့ ဘုရားအလိုတော်ပါဘဲ၊ “တစ်စုံတစ်ယောက်ကိုမျှ ငါမပျောက်စေရဘဲ” လို့ ဆိုတယ်။ ကျွန်တော်တို့ ဘယ်လို အခြေအနေရောက်ရောက် ကယ်တင်ခြင်းတော့ မဆုံးရှုံးတော့ဘူး။

      ကောလောသဲ၃း၃ မှာ “အကြောင်းမူကား၊ သင်တို့သည် သေသောသူဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျှက်ရှိ၏။” ဒီကျမ်းပိုဒ်အရ ယုံကြည်သူကို သော့နှစ်ထပ် ခတ်ပေးထားသလိုပါပဲ။

      ဒီကျမ်းချက်ကို တရားဟောဆရာကြီးတပါး ဥပမာပေးတာ ကြားဖူးတယ်။ “ဥပမာ ခင်ဗျားမှာ ဗူးကြီး၊ ဗူးလတ်၊ ဗူးငယ် ဆိုပြီး ဗူးသုံးဗူးရှိမယ် ဆိုပါတော့။ ဗူးငယ်ယူပြီး ဗူးလတ်ထဲမှာထည့်၊ တခါ ဗူးလတ်ကို ဗူးကြီးထဲမှာထည့်၊ ပြီးမှ ဗူးငယ်ကို ထုတ်ယူဖို့အတွက်ဆိုရင် ဗူးကြီးနဲ့ဗူးလတ်ကို ဖျက်ရတော့မှာပဲ။ ဘုရားသခင်က ဗူးအကြီး၊ သခင်ယေရှုက ဗူးအလတ်၊ ကျွန်တော်က ဗူးအငယ်ပါ။ ကျွန်တော့အသက်ဟာ ခရစ်တော်နဲ့အတူ ဘုရားသခင်၌ ဝှက်ထားတာပါ။” လို့ ပြောပြတယ်။ ပြီးမှ အသံကျယ်ကျယ်နဲ့ “မာရ်နတ်က ကျွန်တော့ကို ဖမ်းယူချင်ရင်-ဗူးအကြီးနဲ့ ဗူးအလတ်ကို အရင်ဖျက်ရဦးမယ်။ ဒီလို မဖျက်နိုင်ခင်မှာပဲ ကျွန်တော်ဟာ ဘုရားဘုန်းတော်ရှိရာအရပ်ကို အရောက် ပြေးပြီး၊ ရောက်နေလောက်ပါပြီ။”

5.    Jesus is the Savior. သခင်ယေရှုဟာ ကယ်တင်ရှင်ဖြစ်တယ်။
    သခင်ယေရှုကို “ကယ်တင်ရှင်” လို့ ဓမ္မသစ်ကျမ်းထဲမှာ အနည်းဆုံး ၂၄ကြိမ်မက ရည်ညွှန်းထားတယ်။ တိတု၂း၁၃ က--“ငါတို့ကို ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျှက် --”

     ကဲ-ကယ်တင်ရှင်ဆိုတာဘာလဲ? ဆိုပါစို့- ခင်ဗျားက ပင်လယ်ထဲမှာ ရေနစ်နေမယ်။ လူတယောက်က “အလွယ် ရေကူးနည်း၃-နည်း” ဆိုတဲ့စာအုပ် ပစ်ပေးမယ်။ ဒါဆို သူက ကယ်တင်ရှင်လား? မဟုတ်ဘူး။ ဆရာ၊ ပညာရှင် လို့တော့ ခေါ်နိုင်မှာပေါ့။ ဒါပေမယ့် ကယ်တင်ရှင်တော့ မဟုတ်ဘူး။

    နောက် တခြားလူတယောက် ရောက်လာတယ်။ လှေပေါ်က ခုန်ချပြီး၊ ဘေးမှာ ရေလာကူးပြ၊ ရေကူးပုံ မျိုးစုံ ကူးပြမယ်-ဆိုပါစို့။ သူလည်း ကယ်တင်ရှင်လား? မဟုတ်ဘူး။ လက်တွေ့လုပ်ပြတဲ့ နည်းပြတယောက်တော့ဖြစ်မှာပေါ့။ ဒါပေမဲ့-ကယ်တင်ရှင်တော့ မဟုတ်ဘူး။

     တကယ်လို့ သူက သူ့လှေထဲကိုဆွဲတင်၊ ရေတွေသုတ်၊ ခြောက်သွေ့တဲ့အဝတ်အစားကိုပေး၊ ကျွေးမွေးပြုစု၊ ၁၀မိုင်ဝေးတဲ့ ကမ်းခြေအထိ ရောက်အောင်လိုက်ပို့။ ပြီးမှ ပင်လယ်ထဲ ပြန်ချပြန်ရင်ရော? သူဟာ ကယ်တင်ရှင်လား? ဘယ် ဟုတ်မလဲ။

     ကယ်တင်ရှင်ဆိုတာ ကမ်းခြေအရောက် ဘေးကင်းစွာနဲ့ ပို့ဆောင်ပေးသူပါ။ ဘုရားသခင်က ထာဝရအသက်ပေးတယ်လို့ ပြောတာဟာ ဘယ်တော့မှ ပစ်မချဘူး၊ မရှံုးစေရဘူးလို့ ဆိုလိုတယ်။ သူဟာ ကယ်တင်ရှင်ပါ။

     ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားမကိုးရင်-လက်တော်ထဲမှာ ကိုယ့်အမှုကိုထည့်မထားရင်၊ ကောင်းကင်ရောက်ဖို့ အပြည့်အဝ အမှီမပြုရင်တော့ မရောက်တော့ဘူးပေါ့။ ယော၃း၃၆ မှာ- “သားတော်ကို ပယ်သောသူ (မယုံကြည်သောသူ) မူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်။” တဖက်မှာတော့ ခရစ်တော်ကို ကယ်တင်ရှင် အဖြစ်အားကိုးရင်-တခြား ဘာကိုမှ အားမကိုးရင် ကောင်းကင်ရောက်ရမယ်။ သူက ကယ်တင်ရှင်မို့ပါ။ ကိုယ့်ကိုကိုယ် ဘယ်လို ကယ်ရမလဲလို့ သင်ပေးတဲ့သူမဟုတ်ဘူး။ ကယ်တင်တဲ့သူပါ။  လုကာ ၁၉း၂၀မှာ “လူသားသည် ပျောက်သောသူတို့ကို ရှာ၍ ကယ်တင်အံ့သောငှါကြွလာသတည်း။”

     ကယ်တင်ခြင်းခံရဖို့- တခုခု-လုပ်ရမယ်ဆိုတဲ့ သွန်သင်မှုမျိုး ကျမ်းစာထဲမှာ တချက်မှမတွေ့ရဘူး။ လုံးဝမတွေ့ရဘူး။ ကျမ်းစာက ယုံကြည်သူကို ကယ်တင်တော်မူတယ်လို့ပဲ ပြောတယ်။ ရောမ၁၀း၁၃-မှာ-“အကြောင်းမူကား၊ ထာဝရဘုရားကို ပဌာနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။”  ထာဝရစိတ်ချမှုဟာ ကယ်တင်ခြင်းတရားနဲ့ သီးခြား ကွဲကွာနေတဲ့အကြောင်း မဟုတ်ဘူး။ ထာဝရကယ်တင်ခြင်းမှ မခံရရင်-လုံးဝ ကယ်တင်ခြင်းမခံရသေးဘူးပဲ ပြောရတော့မှာပဲ။

6.    Jesus died for all our sins. သခင်ယေရှုက အပြစ်ရှိသမျှအတွက် အသေခံပေးတယ်။
     ကယ်တင်ခြင်း ပြန်ဆုံးရှုံးနိုင်တယ်လို့ ထင်နေသူအများစုဟာ ကယ်တင်ခြင်းခံရပြီးမှ လုပ်မိတဲ့ အပြစ်တချို့ကြောင့် ပြန်ရှုံးနိုင်တယ်လို့ ထင်ကြတာပါ။

     ဟိုးနှစ်ပေါင်းများစွာတုန်းက ဘယ်တော့မှ မေ့ရမယ်လို့မထင်တဲ့ ဖြစ်ရပ်တခု ကြံုခဲ့ရတယ်။ ကြာသပတေးနေ့-ညမှာပါ။ ကျွန်တော် သက်သေခံထွက်တယ်။ လာလည်ဖို့ပေးထားတဲ့ လိပ်စာတခုရှိတယ်။

     တံခါးခေါက်လိုက်တော့-အလုပ်လုပ်နေတဲ့ အဝတ်အစားနဲ့ ဖေါ်ရွေ ယဉ်ကျေးတဲ့လူတယောက်က ဆီးကြိုတယ်။ အိမ်ထဲဝင်တော့-တခြား လူ၄ယောက်လည်းအတူ ရှိနေတာတွေ့ရတယ်။ ရောက်ပြီး ခဏကြာတော့ သူတို့ထဲကတယောက်က- “အား ခင်ဗျားက နှစ်ခြင်းခရစ်ယာန်ပဲ” တခါကယ်တင်ခြင်းရရင်-အမြဲရနေတယ်လို့ ယုံကြတာပဲ-အဲဒါမှားတယ် လို့” ပြောတယ်။ အဲဒီတော့မှ-သူတို့ဟာ တရားဟောဆရာတွေဖြစ်ပြီးတော့-ထာဝရစိတ်ချမှု အကြောင်းငြင်းဖို့ ဖိတ်ကြမှန်း သိလိုက်ရတယ်။
    ကျွန်တော်က “ကဲ-ဒီမှာ-ကျွန်တော်ကတော့ once saved, always saved. တခါ ကယ်တင်ခြင်းရရင် အမြဲရနေတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးတော့ မပြောဘူး။ ဒါပေမဲ့- ဘုရားသားဖြစ်ပြီးသား ယုံကြည်သူတယောက်ရဲ့ ထာဝရစိတ်ချမှုကို ကျွန်တော်ယုံတယ်။ ဒါက- ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးခဲ့သူဟာ စိတ်ချလုံခြံုတယ်။ သူကယ်တင်ခြင်း ဘယ်တော့မှမဆုံးရှံုးနိုင်ဘူး။
     သူတို့ကငြင်းတယ်။ “အိုး.. ဆုံးရှံုးနိုင်တာပေါ့-” ကျွန်တော်က ကျမ်းချက်တွေထောက်ပြသလို၊ သူတို့လည်း ပြန်ထောက်ပြတယ်။

      ခဏကြာတော့ “ကောင်းပြီ၊ ကယ်တင်ခြင်းရပြီးမှ ပြန်ရှုံးနိုင်တယ်ဆိုရင်-ပြန်ရှုံးအောင် ဘာတွေလုပ်ရမလဲ။ ” လို့မေးလိုက်တယ်။ ချက်ချင်းပဲ သူတို့ထဲက တယောက်က- “အပြစ် ထဲ ပြန်နစ်ရမှာပေါ့” လို့ဖြေတော့ ကျန်တဲ့သူတွေလည်း သဘောတူူတယ်။
     “ဟုတ်ပြီ၊ ကယ်တင်ခြင်းရပြီးမှ အပြစ်ထဲပြန်နစ်ရင် ပြန်ရှုံးတယ်လို့ ပြောတယ်နော်?” ဆိုတော့ .. “ဟုတ်တယ်၊ မှန်တယ်။” လို့ ချက်ချင်းဖြေကြတယ်။
     “ကောင်းပြီ-ဒါဆို-ကျွန်တော်မေးတဲ့ မေးခွန်းတွေ ဖြေပေးပါ။ (၁) ကျွန်တော်ကို လာလည်ဖို့ ဖိတ်တာဟာ “ထာဝရစိတ်ချရမှုနဲ့” ပတ်သတ်ပြီး ငြင်းချင်လို့မဟုတ်လား?” “ဟုတ်တယ်၊ မှန်ပါတယ်။”
      “ကြာသပတေးနေ့ ညနေဆိုရင် ကျွန်တော်သက်သေခံဖို့ အပြင်ထွက်တယ်ဆိုတာသိထား ကြတယ်မဟုတ်လား?”  “အေး-သိတယ်။”
       “ထာဝရစိတ်ချရမှုအကြောင်း ခင်ဗျားတို့နဲ့ ငြင်းခုံမယ့်အစား-အပြင်ထွက်ပြီး သက်သေခံခွင့် ကျွန်တော့်ကိုပေးရင် ပိုကောင်းမယ်မဟုတ်လား” ဆိုတော့ သူတို့လက်ခံတယ်။ ကျွန်တော်က ဆက်ပြီး-“ခင်ဗျားတို့ တရားဟောဆရာတွေပါ။ ဒီမှာကျွန်တော်နဲ့ ငြင်းပွဲလုပ်မယ့်အစား ခင်ဗျားတို့လည်း အပြင်ထွက်သက်သေခံရင် ကောင်းတယ်မဟုတ်လား?” “ကောင်းတာပေါ့” လို့ လက်ခံကြတယ်။

      ကျမ်းစာဖွင့်ပြီးတော့ ယာကုပ်၄း၁၇ကို ဖတ်ပြလိုက်တယ်။ “ထို့ကြောင့် ကောင်းသောအကျင့်ကို သိလျှက် မကျင့်ဘဲနေသောသူသည် --- ” ဆိုပြီး၊ ကျန်တဲ့ ကျမ်းစကားကို သူတို့ကို ဖတ်ခိုင်းတယ်။ ခဏတော့ အထစ်ထစ်အငေါ့ငေါ့နဲ့၊ တခြားကျမ်းပိုဒ်တွေ ကိုးကားကြတယ်။ ကျွန်တော်က “မဟုတ်ဘူး၊ မဟုတ်ဘူး။ ယာ ၄း၁၇ ကို ပြောပြစေချင်တာ။ ကောင်းသောအကျင့်ကို သိလျှက် မကျင့်ဘဲနေသောသူသည် -” ဘာတဲ့လဲ? နောက်မှ တယောက်က “အပြစ်ရှိ၏” လို့ ဖြေတယ်။

    “ဒါဆို ဒီကျမ်းပိုဒ်အရ ခင်ဗျားတို့ အခုအပြစ်လုပ်နေကြတာပဲ။ ခင်ဗျားတို့လည်း သက်သေခံထွက်သင့်ပါလျက်၊ ကျွန်တော့်ကိုလည်း ဒီည သက်သေခံဖို့ သွားခွင့်ပြုသင့်တာ ကောင်းမှန်းသိလျက်နဲ့ဗျာ။ ဒီကျမ်းချက်အရ-ခင်ဗျားတို့အားလုံး အပြစ်ပြုနေတာပဲ။ ခင်ဗျားတို့ သွန်သင်သလိုဆိုရင်၊ ခင်ဗျားတို့ အားလုံး ကယ်တင်ခြင်းရှုံးပြီ” လို့ ပြောလိုက်တယ်။

    “အာ- မဟုတ်ဘူးလေ၊ မဟုတ်ဘူး” လို့ ပြောကြတယ်။ “ဒါပေမဲ့-ခင်ဗျားတို့ အပြစ်ပြုနေကြ တယ်ဆိုတာ ဝန်ခံခဲ့ကြပြီပဲ” “အို-ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က အပြစ် အပြည့်အဝကြီး မလုပ်ရသေးပါဘူး။” လို့ တယောက်က ဖြေတယ်။

     “ကျွန်တော်က ပြုံးပြီးတော့၊ ကျမ်းစာထဲမှာ ပြန်ဆုံးရှုံးဖို့ အပြစ်ဘယ်လောက်လုပ်ရမယ် ဆိုတာပါသလား? ရှာကြည့်ပါ၊ ပြပါ” လို့ပြောတော့ လုံးဝ မရှာနိုင်ကြဘူး။

      အမှန်က ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ အပြစ်ရှိသမျှအတွက် အသေခံပေးခဲ့တယ်။ ၁ပေ၂း၂၄ မှာ “ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ။” ဟေရှာယ၅၃း၆ မှာ “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” ၂ကော၅း၂၁ မှာ “အဘယ့်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ေ့ရှတော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။”

      ကျွန်တော် ပြုမိခဲ့သမျှ အပြစ်အားလုံးနဲ့ နောင်မှာ ပြုမိဦးမယ့် အပြစ်အားလုံးအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀၀ က သခင်ယေရှုအပေါ်မှာ တင်ထားခဲ့ပြီ။ အပြစ်ကြွေးကို ပေးဆပ်ဖို့၊ အပြစ်တွေအတွက် ဝေဒနာခံဖို့၊ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ။ ဒီအကြောင်းကို အမျိုးသမီးတယောက်ကို တခါက ပြောပြဖူးတယ်။ သူက “ကျွန်မရဲ့ အရင်က အပြစ်တွေ အတွက် အသေခံပေးခဲ့တယ်ဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတောင် မလုပ်ရသေးတဲ့ အနာဂတ် အပြစ်တွေအတွက် အသေခံပေးခဲ့တယ်ဆိုတာတော့ နားလည်လို့မရဘူး” လို့ ပြောတယ်။

       ကျွန်တော်က ပြံုးပြီးတော့ “ညီမရေ-သခင်ယေရှု အသေခံချိန်မှာ မင်းအပြစ်တွေအားလုံးဟာ အနာဂတ်မှာပဲ ရှိပါသေးတယ်။ မင်းလည်းမမွေးသေးဘူးလေ”
       “ဆရာ ပြောတာ မှန်မယ်ထင်တယ်။” “မှန်တာပေါ့၊ မင်းလည်း အသက် သိပ်ကြီးတဲ့ အဖွားအိုတယောက် မဟုတ်ဘူးဆိုရင်ပေါ့”။
          သူက ရယ်ပြီးတော့- “ဟုတ်ကဲ့၊ ကျွန်မ အဲဒီလောက်တော့ အသက်မကြီးသေးပါဘူး” လို့ ဖြေတယ်။                                                                                                      
           သခင်ယေရှုခရစ်တော်က ကျွန်တော့်အပြစ်တွေကို ယူဆောင်တဲ့အတွက် အမျက်တော်ဟာ သူ့အပေါ်မှာ ကျရောက်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀ မှာကတည်းက အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော့်ကို အပြစ်သားတယောက်လို စီရင်ခဲ့ပြီးပါပြီ။ သခင်ယေရှုခရစ်ကို ကယ်တယ်ရှင်အဖြစ် အားကိုးပြီးရင်၊ ဘုရားသခင်က အပြစ်သား တယောက်လို သဘောမထားတော့ဘူး။ အဲဒီအချိန်ကစပြီး သားတယောက်လိုပဲ သဘောထားတော့တယ်။

7.    God chastise the believer who sins. 
အပြစ်ပြုတဲ့ ယုံကြည်သူကို ဘုရားသခင်ဆုံးမပါတယ်။
          ဟေဗြဲ ၁၂း၆-၈ကို ကြည့်ပါ။ “ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကိုဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော။-သင်တို့သည် ဆုံးမတော်မူခြင်း ကိုခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကိုပြုတော်မူ၏။ အကြောင်းမူကား၊ အဘ မဆုံးမသောသား တစုံယောက်ရှိသလော။ သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားအရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသော သားဖြစ်ကြ၏။”

      ဒီကျမ်းပိုဒ်တွေထဲမှာ “သား” နဲ့ “သားတို့” ဆိုတဲ့ စကားတွေကို သတိထားကြည့်ပါ။ “သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကိုပြုတော်မူ၏။” ဆိုတာကိုလည်း သတိထား ကြည့်ပါ။

      သခင်ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးလိုက်တဲ့အခိုက်မှာပဲ၊ ဘုရားသခင်က အပြစ်သားလို သဘောမထားတော့ဘူး။ အဲဒီအချိန်မှာပဲ သားတယောက်လို သဘောထားပြီ။ ပြီးတော့ သမ္မာကျမ်းစာက- “လက်ခံတော်မူသမျှသော သားတို့ကို ဆုံးမတော်မူတတ်၏။” လို့ ရှင်းရှင်းလေး ပြောထားတယ်။ ကယ်တင်ခြင်းရပြီးမှ အပြစ််ပြုမိရင်- ဘုရားသခင်က ဆုံးမတယ်။

       ဆုံးမ,ရင် တခါတရံ ဖျားနာခြင်းကနေ-သေခြင်းအထိ ဖြစ်တတ်တယ်။ ၁ကော ၁၁း၃၀ မှာ -“ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမာသောသူ အများရှိကြ၏။ သေသောသူအများလည်း ရှိကြ၏။”

       ဖျားနာတိုင်းတော့ ဆုံးမတာမဟုတ်ဘူး။ ဒါပေမယ့် အများအားဖြင့်တော့ ဆုံးမတာဖြစ်နေတတ်တယ်။ ဘုရားသခင်ရဲ့ ဆုံးမပုံတွေ အကြောင်းပြောရမယ်ဆိုရင် အများကြီးပါ။ အခုအချိန် မလောက်ပေမယ့် အဓိကအချက်ကတော့ ဆုံးမခြင်းဟာ အပြစ်အတွက် ပေးဆပ်ရခြင်းမဟုတ်ဘူး။ ဆုံးမခြင်းဟာ သားသမီးကို သင်ပြခြင်းဘဲ။ ဘုရားသခင်က ဆုံးမတတ်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀-တုန်းက ကာရာနီအရပ်မှာ ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို သခင်ယေရှုခရစ် ပေးချေခဲ့ပါပြီ။

         ဥပမာတခု ပေးပါရစေ။ ကျွန်တော်က ကျွန်တော့သားကို “ကဲ- သားအိမ်ေ့ရှမှာ ဘောလုံးမကစားနဲ့။ အိမ်ေ့ရှ ပြတင်းပေါက်မှန်ကြီး ကွဲနေမယ်။” လို့ ပြောတယ် ဆိုပါစို့။ ကျွန်တော် တရားဟောသွားနေတုန်း သားက စကားနားမထောင်ဘူး။ အိမ်ေ့ရှမှာ ဘောလုံးကစားပြီး၊ ပြတင်းပေါက်မှန်ကို ခွဲပစ်တယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော်က- “သား … မင်း ဒီပြတင်းပေါက်ကိုခွဲသလား?”
“ဟုတ်ကဲ့-ဖေဖေ ကျွန်တော်ခွဲမိပါတယ်။”
“ကောင်းပြီ၊ခွဲရင်-ရိုက်မယ် လို့ ပြောထားတယ်မဟုတ်လား?”
“ဟုတ်ကဲ့၊ ပြောပါတယ်။”
“ဒါဆို-ငါပြောတဲ့အတိုင်း လုပ်ရမှာပေါ့၊ ကဲ-လာခဲ့။”

         ကျွန်တော့သားကို နောက်ဖက်အခန်းထဲ ခေါ်သွားပြီး၊ ရိုက်ပစ်လိုက်တယ်။ ရိုက်တာဟာ ပြတင်းပေါက်မှန် ဖိုးတောင်းတာလား? မဟုတ်ပါဘူး။ သားကို ဘယ်လောက်ရိုက်ရိုက်၊  ပြတင်းပေါက်မှန်ဖိုး၊ ဖြစ်မသွားပါဘူး။ ရိုက်ပြီးမှ-အိတ်ကပ်ထဲ လက်နှိုက်ပြီး၊ ပိုက်ဆံထုတ်- ပြတင်းပေါက်ပြင်တဲ့သူကို ပိုက်ဆံပေးရမယ်။ သားကို ဆုံးမပေမယ့်-ပြတင်းပေါက်ဖိုးက ကျွန်တော်ပဲပေးရတာပါ။

        ယုံကြည်သူက ကယ်တင်ခြင်းရပြီးနောက် အပြစ်လုပ်တဲ့အခါ၊ ဘုရားသခင်က ဆုံးမတယ်။ ဒါပေမယ့် ဆုံးမတာဟာ အပြစ်အတွက် ပေးဆပ်ရတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ က ကားတိုင်မှာ အသေခံတဲ့အချိန်မှာ အပြစ်အားလုံးအတွက် သခင်ယေရှု ပေးဆပ်ခဲ့ပါပြီ။

       မသိဘဲ ရမ်းမေးတဲ့ မေးခွန်းတွေကတော့ ကုန်မှာမဟုတ်ဘူး။ “ဒါပေမဲ့၊ အဲဒီလိုဆိုရင်”- “တကယ်လို့”- စသည်ဖြင့် ခဏခဏ အမေးခံရတယ်။ တနေ့မှာ လူတယောက်က မေးတယ်။ တကယ်လို့- လူတယောက်က လူသိရှင်ကြား အပြစ်တခုကို ထင်ထင်ပေါ်ပေါ်ကြီး  လုပ်ပြီးတော့ အိမ်အပြန်မှာ သူ့ကားက တယ်လီဖုန်းတိုင်ကို ဝင်တိုက်ပြီး၊ သူ့အပြစ်ကို ဝန်ခံချိန် မရလိုက်ရင် ဘုရားသခင်လက်ခံပါ့မလား? အဲဒီလူ ကယ်တင်ခြင်းရမယ်လို့ ဆိုချင်တာလား?” လို့ မေးတယ်။ ဟုတ်တယ်- သခင်ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးပြီးသားဆိုရင် ကောင်းကင်ကို ခပ်ရှက်ရှက်နဲ့ သွားရမှာပါဘဲ။ ဒါပေမယ့် သူ ကယ်တင်ခြင်းရတယ်” လို့ ဖြေလိုက်တယ်။ သမ္မာကျမ်းစာကပြောသလို-“သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။” လို့ ကျွန်တော်တို့ လိုက်ပြောရမှာပေါ့။

        အဲဒီလူက ဆက်ပြီးတော ့-- “ဒါပေမယ့် သူ့မှာ ဘုရားနဲ့ပြန်မှန်ကန်ဖို့ အချိန်မရဘူးလေ။ ဘုရားသခင်က သူ့ကို ဆုံးမချိန်မရလိုက်ဘူး” လို့ ပြောတယ်။ -“ခင်ဗျား ဘာပြောနေတာလဲ? ဘုရားသခင်က သူ့ကို ဆုံးမချိန် မရဘူးဟုတ်လား? ဆုံးမလို့ သေတောင် သေသွားပြီလေ။”- လို့ ပြန်ဖြေလိုက်တယ်။

       ၁ကော ၅း၅ မှာ “ထိုသူ၏ ဝိညာဉ်သည် ယေရှုခရစ်၏ နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း၊ သူ၏ ကိုယ်ခန္ဓာပျက်စီးဘို့ရာ သူ့ကို စာတန်လက်သို့အပ်နှံကြစေ။” ယုံကြည်သူတယောက် အချိန်မတန်ခင် သေရတာဟာ ခရစ်ယာန်ဆုံးမခြင်းမှာ နောက်ဆုံးအဆင့်ပါဘဲ။

8. Trust Jesus Christ as Savior today. သခင်ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် ဒီနေ့ပဲ အားကိုးပါ။
       သခင်ယေရှုခရစ်ကို ကိုယ့်ရဲ့ ကယ်တင်ရှင်အဖြစ် တခါမှ အားမကိုးဖူးသေးရင်၊ ဒီနေ့ပဲ အားကိုးပါလို့ တောင်းပန်ချင်တယ်။ ကိုယ်ဟာ အပြစ်သား၊ ကျမ်းစာကပြောသလို-သခင်ယေရှုခရစ်ဟာ ကိုယ့်အပြစ်တွေအတွက် ကားတိုင်ပေါ်မှာ အသေခံပြီး အပြစ်ကြွေးတွေဆပ်ပေးတယ်လို့ နားလည်လိုက်ပါ။ ပြီးတော့ ကယ်တင်ခြင်းခံရဖို့ ကိုယ်တော်ကို အပြည့်အဝ အားကိုးလိုက်ပါ။

        သမ္မာကျမ်းစာက ယော ၃း၃၆-မှာ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။” ပြီးတော့ ယော၃း၁၈ မှာ-“သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။” “ယုံကြည်တယ်” ဆိုတဲ့စကားဟာ “အားကိုးတယ်၊ မှီခိုတယ်၊ အမှီပြုတယ်” လို့ ဆိုလိုတယ်။ ကိုယ့်ရဲ့ ကယ်တင်ရှင်အဖြစ် သခင်ယေရှုခရစ်ကို အပြည့်အဝ အားကိုးမလား? အားကိုးမယ်ဆိုရင်- အခုလို ရိုးရိုးကလေး ဆုတောင်းလိုက်ပါ။ “သခင်ယေရှုဘုရား၊ ကျွန်တော် အပြစ်သားပါ။ ကျွန်တော့အတွက် အသေခံပေးတာကို ယုံပါတယ်။ အခု- ကိုယ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးတာ အကောင်းဆုံးလို့ သိလိုက်ပါပြီ။ အခုမှစပြီး- ကောင်းကင်ရောက်ဖို့ ကိုယ်တော်ကို အမှီပြုပါပြီ။ ကိုယ်တော်အတွက် အသက်ရှင်ပြီး၊ ခရစ်ယာန်ကောင်းတယောက် ဖြစ်ဖို့မစတော်မူပါ။ အာမင်။”

        ဒီလို ရိုးရိုးကလေး ဆုတောင်းပြီးရင်၊ ထာဝရအသက်ရပြီလို့ ဘုရားစကားတော်အရ ကျွန်တော် ဂတိပေးနို်င်ပါတယ်။ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။--”  ။               ။

No comments:

Post a Comment