Saturday, May 4, 2013

03. The Believer And Doubt (Bread for Believers) (Burmese)

Dr. Curtis Hutson
-------------------------------------------------------------------------------------------------------
အခန်း(၃)
------------------------------------------------------------------------------------------------------

          “ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွားစေတော်မူသော သူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်း ချစ်တတ်သည်နှင့်အညီ၊ ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ်တော်တို့ကို စောင့်ကြလျှင်၊ ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။ ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။ ဘုရားသခင်၏ သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကိုအောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သတည်း။ ထိုသခင်ကား၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာသောသူတည်းဟူသော ယေရှုခရစ်ပေတည်း။ ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာတော်မူ၏။ သက်သေခံဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။ သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တပါး၊ နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တလုံးတစ်ဝတည်း ဖြစ်တော်မူ၏။ မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်၏။ လူ၏သက်သေကိုယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကို သာ၍ယုံဘွယ်ရာ အကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော်မူချက်ဖြစ်သတည်း။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိ၏အထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသာအပြစ်တင်၏။ အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းမှာ သက်သေခံတော်မူသော စကားတော်ကို ထိုသူသည် မယုံဘဲနေ၏။ သက်သေခံတော်မူချက် ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ။ ဘုရားသခင်သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရအသက်က်ို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏။”   ၁ယော ၅း၁-၁၃
         အပိုဒ်ငယ် ၁၃ က ကယ်တင်ခြင်းစိတ်ချမှု ကိုပြပါတယ်။

          တချို့က ကယ်တင်ခြင်းစိတ်ချမှုအကြောင်း ပြောရမှာ ကြောက်ကြတယ်။ ကြောက်ရတဲ့ အကြောင်းရင်း နှစ်ချက်ရှိပါတယ်။ (၁) က သံသယကြောင့်ပါ။  (၂) က “ကယ်တင်ခြင်းရပြီ”လို့ ရဲရဲကြီး မပြောရဲဘူး။ တခြားအကြောင်းရင်းတော့ မရှိပါဘူး။

         ကျွန်တော် ၁၁ နှစ်သားမှာ ကယ်တင်ခြင်းရတယ်။ ဒါပေမယ့် အသက်၂၀ ကျော်အထိ စိတ်ချမှု မရှိခဲ့ဘူး။ ကယ်တင်ခြင်း ရတဲ့နေ့ကတည်းက စိတ်ချမှုရှိခဲ့ရင်တော့ ပိုကောင်းတာပေါ့။ ပြောပြမယ့်သူလည်း မရှိခဲ့ဘူး။ ကယ်တင်ခြင်းရစက ပျော်တယ်။ နောက်တော့ သံသယဖြစ်လာ၊ စိတ်ရှုပ်ထွေးလာတယ်။ “ငါ တကယ်ကယ်တင်ခြင်းရရဲ့လား? ငါ့ကိုယ်ငါ ထင်နေတာများလား?” သံသယ ဝင်လာတယ်။ တက်လိုက် ကျလိုက်ဖြစ်လာတယ်။ စိတ်ချမှုမရှိတော့ဘူး။
        မေးခွန်းတွေပဲ ထုတ်လာတယ်။ နောက်မှ စိတ်ချမှုအကြောင်း သိလာတဲ့နေ့မှာ ပြန်ဝမ်းသာလာရတယ်။ အခုတော့ သံသယထဲက လွတ်လာပြီ၊ ကယ်တင်ခြင်းအကြောင်း ကောင်းကောင်းသိပြီ။

        သံသယဆိုတာ ဝင်တတ်တယ်။ ၂ ပေ အခန်းကြီး ၁ မှာ ပေတရုက “ထိုသို့အလိုငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌ သီလကို၎င်း၊သီလ၌ ပညာကို၎င်း၊ ပညာ၌ ကာမဂုဏ်ချုပ်တည်း ခြင်းကို၎င်း၊ ကာမဂုဏ်တည်းခြင်း၌ သည်းခံခြင်းကို၎င်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း၊ ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကို၎င်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကို၎င်း၊ အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။” (၅- ရ) ထိုပါရမီနှင့်ကင်းသောသူမူကား မျက်စိကန်း၏။ ကိုယ်မျက်စိကို ကိုယ်ပိတ်၏။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏။ ( ၉ ) 

        ဒီအချက်တွေကို ပေါင်းမထည့်ရင် ကယ်တင်ခြင်းကို သံသယဝင်လာမယ်။

       နှစ်ခြင်းဆရာယောဟန်ကို ကြည့်ပါ။ ထောင်ကျတော့ သခင်ယေရှုကို ခရစ်တော် ဟုတ်မဟုတ် သံသယဝင်လာတယ်။ တပည့်တွေလွှတ်ပြီး မေးလာတယ်။ သံသယဝင်တာဟာ ကယ်တင်ခြင်း ဆုံးရှုံးတာမဟုတ်ဘူး။ စိတ်ချမှုမရှိတာပါ။ Cado Lake ကမ်းနံဘေး၊ Louisiana နယ်စပ်နားမှာ Texas ပြည်နယ် Marshall မြို့နဲ့ မနီးမဝေးမှာ Uncertain ဆိုတဲ့ ရွာလေးတရွာ ရှိတယ်။ အဓိပ္ပါယ်က “မသေမချာရွာ” တဲ့။  အဲဒီရွာကလူတွေ တခြားဒေသရောက်လို့ နေရပ်လိပ်စာမေးရင် သိပ် ကမောက်ကမ ဖြစ်တယ်။ “ ခင်ဗျားဘယ်မှာနေသလဲ?”  “ကျွန်တော် မသေမချာရွာမှာ နေတယ်။”
       “ဘယ်ရွာမှာနေတယ်ဆိုတာ မသေချာလို့လား?”
      “မဟုတ်ဘူး။ ကျွန်တော် မသေမချာရွာမှာ နေတာ တကယ်သေချာပါတယ်။”
       ခရစ်ယာန်အများစုလည်း ဒီလိုပါပဲ။ မသေမချာ အသက်ရှင်နေတာ တကယ်သေချာပါတယ်။

 (၁)  သံသယရဲ့ အကျိုးဆက်များ THE CONSEQUENCES  OF  DOUBT

ကယ်တင်ခြင်းသံသယ ၁။ ကယ်တင်ခြင်းမှာ သံသယဝင်နေရင် မပျော်တော့ဘူး။ ၁ယော ၅း၁၃ မှာ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏။”
၁ယော ၁း၄ မှာ “သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါလည်း၊ ဤအရာ များကိုငါတို့သည်ရေးလိုက်ကြ၏။ ”

ထာဝရအသက်ရတာကို သိနိုင်တယ်။ သိရင် ဝမ်းသာရတယ်။ ကယ်တင်ခြင်းစိတ်ချမှုနဲ့ ဝမ်းမြောက်ခြင်းဟာ အမွှာလိုပဲ ခွဲမရဘူး။ ကယ်တင်ခြင်း စိတ်ချမှုမရှိရင် ဝမ်းမြောက်ခြင်း မခံစားရဘူး။ မပျော်ရုံမျှမက အမှုတော်မှာလည်း မပါဝင်ချင်တော့ဘူး။ D. L. Moody က “ကယ်တင်ခြင်း စိတ်ချမှုမရှိဘဲ ခရစ်တော်အတွက်အလုပ်လုပ်နိုင်သူရယ်လို့ မရှိဘူး” လို့ ဆိုပါတယ်။

San Francisco မှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး တံတားကြီးဆောက််စတုန်းက အကြောင်းကို ဖတ်ရဖူးတယ်။ အသက်ကယ်ပစ္စည်း မသုံးတော့ (၂၃)ယောက်ပြုတ်ကျပြီး သေရတယ်။ တံတားဆောက်တဲ့ နောက်ဆုံးအပိုင်းမှာတော့ ဒေါ်လာ ၁သိန်းတန် အသက်ကယ် ပိုက်ကွန်ကြီး တပ်ကြတယ်။ (၁၀) ယောက်လောက် ပြုတ်ကျပေမယ့် အသက်တော့ မသေဘူး။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတာက အလုပ်သမားတွေဟာ လုံခြုံစိတ်ချမှုရှိတဲ့အတွက် ၂၅% ပိုအလုပ်လုပ်နိုင်ကြတယ်။ ခရစ်ယာန်တွေလည်း ဒီလိုပါပဲ။ ကယ်တင်ခြင်း စိတ်ချမှုမရှိဘဲနဲ့ အခြားသူတွေ ကယ်တင်ခြင်းရဖို့ အပြည့်အဝ ဆက်ကပ်လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။

ကျွန်တော်စိတ်ချမှုရခဲ့တာကို ဘယ်တော့မှမမေ့နိုင်ဘူး။ ဒီနေ့ ရတယ်၊ မနက်ဖန် ရတယ်၊ နောက်တနေ့ ရတယ်၊ နောင်အနှစ် ၂၀ ကြာလည်းရနေဦးမယ်။ ဘာမှစိတ်ပူစရာမလိုဘူး။ သံသယရှိရင် မပျော်တော့ဘူး။ ဘုရားအတွက်လည်း အလုပ်မလုပ်နိုင်တော့ဘူး။ ကယ်တင်ခြင်းအကြောင်း မပြောနိုင်တော့ဘူး။ ကျမ်းစာထဲမှာတော့ ကယ်တင်ရှင်ကို တွေ့ပြီးတဲ့သူတွေဟာ ဆွေမျိုးတွေ မိတ်ဆွေတွေကို ချက်ချင်းသွား ပြောပြလေ့ရှိတယ်။

ယောဟန် ၁ ထဲမှာ ဖိလိပ္ပိက သူ့ညီ နာသနေလကို သွားတွေ့တယ်။ အန္ဒြေက အစ်ကို ရှိမုန်ကို တွေ့တယ်။ ရေတွင်းမှ အမျိုးသမီးက အသက်ရေကို သောက်ပြီးတဲ့အခါ ရွာထဲကို ပြေးသွားပြီး “ငါလုပ်ခဲ့တာတွေ အကုန်လုံးကို ပြောပြနိုင်တဲ့ လူတစ်ယောက်ရှိတယ်။ လာကြည့် ကြပါဦး။”  လို့ အော်ပြောတယ်။ ကယ်တင်ရှင်ကို တွေ့ခဲ့တဲ့သူတွေဟာ သူတို့ကယ်တင်ခြင်း ရတာကို သိခဲ့ကြတယ်။ တခါက ကောင်ကလေးတယောက် ရှိတယ်။ လမ်းဘေးမှာ ရပ်နေတယ်။ သူ့အနားကို လမ်းပျောက်နေတဲ့သူတယောက် ရောက်လာတယ်။ အဲဒီလူက မေးတယ်။ “မြို့ကို ဘယ်လိုသွားရသလဲ ကောင်လေး?” ကောင်ကလေးက ဖြေတယ်။ “ကျွန်တော်မသိဘူး။”
 “အမှတ် (၂၀) လမ်းမကြီးက ဘယ်မှာလဲ?”
 “မသိဘူး။”  “ဒီလမ်းကဘယ်ကိုသွားသလဲ?”  “မသိဘူး။”
 “ဒီလမ်းက ဘာလမ်းလဲ? ”  “မသိဘူး။”
 “ဟ၊ မင်းဘာမှမသိပါလား။?”  ကောင်လေးက ဖြေတယ်။
 “ကျွန်တော်လမ်း မပျောက်တာပဲ သိတယ်။”

 “ကယ်တင်ခြင်းရတာကို ကိုယ်တိုင်မသိပဲ သူတပါးကို ခရစ်တော်ထံ မပို့ဆောင်နိုင်ဘူး။”

 သံသယရှိရင် မပျော်ဘူး။ ခရစ်တော်အတွက် အလုပ်မလုပ်နိုင်တော့ဘူး။ အပြစ်ကိုလည်း သိပ်မရှောင်နိုင်ဘူး။ မာရ်နတ်ကို ရန်သူမှန်းမသိရင် ပြန်ခုခံဖို့ ခက်တယ်။

မာတင်လူသာဟာ စာတန်နဲ့ တကယ်တိုက်ခဲ့ရတယ်။ စာတန်က သူ့ဆီကို တကယ် လာတယ်။ စာတန်ရပ်နေတယ်လို့ သူထင်တဲ့နေရာကို မှင်အိုးနဲ့ လှမ်းပေါက်လိုက်တဲ့အတွက် နံရံပေါ်မှာ စွန်းထင်ကွက်သွားတာကို အခုထိ တွေ့နိုင်သေးတယ်။ ဘုရားသခင်အတွက် အလုပ်လုပ်နေတဲ့သူတိုင်းဟာ ကယ်တင်ခြင်း စိတ်ချမှုတော့ ရှိပြီးသားပါ။ ကယ်တင်ခြင်းရတာကို သူတို့ကိုယ်တိုင် သိပါတယ်။

 ( ၂) သံသယဖြစ်ရခြင်းရဲ့ အကြောင်းရင်း  THE CAUSE OF DOUBT

ကယ်တင်ခြင်း သံသယ ဘာကြောင့်ဖြစ်ရသလဲ? တချို့က ဘယ်တုန်းက ကယ်တင်ခြင်း ရမှန်း မမှတ်မိလို့ပါ။ ဆိုဖူးတဲ့ သီချင်းတပုဒ်ကို သိပ်မကြိုက်ဘူး။
 “တင်္နလာနေ့တနေ့မှာ ကိုယ်တော် တို့ထိတယ်” လို့်  ဆိုတော့ တင်္နလာနေ့မှာ ကယ်တင်ခြင်း ရသူတွေ မတ်တပ်ရပ်ကြတယ်။

“အင်္ဂါနေ့မှာ ကိုယ်တော် တို့ထိတယ်ဆိုတော့” အင်္ဂါနေ့ ကယ်တင်ခြင်းရသူတွေ မတ်တပ်ရပ်တယ်။ ဗုဒ္ဓဟူးကနေ ဆက်ပြီး တစ်ပတ်လုံး ဆိုသွားတယ်။ ကိုယ်ကယ်တင်ခြင်းရတဲ့နေ့မှာ မတ်တပ်ရပ်ကြတယ်။ ကျွန်တော် ကယ်တင်ခြင်းရတာ တင်္နလာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောာကြာ၊ စနေလား  (သို့) တနင်္ဂနွေလား မမှတ်မိဘူး။ ညာပြီးတော့လည်း မရပ်ချင်တော့ အဲဒီသီချင်းကို မကြိုက်ဘူး။ နေ့မမှတ်မိတော့ ကယ်တင်ခြင်းမရဘူးလို့ ထင်လာတယ်၊ သံသယဝင်လာတယ်။

တချို့က ဘုရားကျောင်းထဲမှာ သက်သေခံတယ်။ “ဘုရားသခင်ကို ကောင်းကြီးပေးကြပါတယ်။ ကျွန်တော်ဟာ ၁၉၂၁၊ အောက်တိုဘာ ၅ ရက်နေ့ ယာခင်းရဲ့တောင်ဘက်အစွန်မှာ နွားကြီး  Alex နဲ့ လယ်ထွန်နေတုန်း ၁၀ နာရီ ၁၁မိနစ်လောက်မှာ ရပ်လိုက်တယ်။ ဒူးထောက်ပြီး၊ ၂ နာရီ ၃မိနစ်နဲ့ ၈စက္ကန့် ကြာအောင် ဆုတောင်းတယ်။ ယေရှုခရစ်တော်က ကျွန်တော့စိတ်နှလုံးထဲ ဝင်လာတယ်။ အဲဒီကတည်းက ကယ်တင်ခြင်းရတာပါပဲ။”

ကျွန်တော့စိတ်ထဲ တွေးမိတယ်။ “ဟ… တယ်ကောင်းပါလား။ ငါလည်း အဲလို သက်သေခံချင်လိုက်တာ။” တခါလောက်တော့ သက်သေခံဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် အားမရှိခဲ့ဘူး။

 ဘယ်နေ့ ဘယ်ရက်က ကယ်တင်ခြင်းရတယ်ဆိုပြီး တောအသင်းတော်လေးထဲမှာ သက်သေခံကြတယ်။ အဲဒီတော့ မာရ်နတ်က ကျွန်တော့ပုခုံးနားမှာ လာပြီးပြောတယ်။ ဘယ်တုန်းက ရလို့ရမှန်းမှမသိတော့ မင်းကယ်တင်ခြင်း မရသေးပါဘူးကွာ။”
“ အင်း၊ နေ့မမှတ်မိတော့ ငါ ကယ်တင်ခြင်းမရသေးဘူး။” လို့ လချီပြီး စဉ်းစားလာမိတယ်။

တချို့က ပြောတတ်တယ်။ “ ကယ်တင်ခြင်းရတဲ့နေ့ မမှတ်မိရင် ကယ်တင်ခြင်း မရသေးဘူး။” ကဲ စဉ်းစားကြည့်ရအောင်။ မွေးနေ့ မမှတ်မိရင် မမွေးသေးဘူးပေါ့။
“ ဒါပေမယ့် မွေးတယ်လေ၊ မွေးစာရင်းစာရွက် ရှိတာပဲ။” လို့ ပြောပါလိမ့်မယ်။ ဒီလိုပါပဲ။ ဝိညာဉ်မွေးစာရင်းစာရွက် ရှိပါတယ်။  ဒီအကြောင်း ခဏကြာတော့ ပြောပြပါမယ်။ တချို့က နေ့ အတိအကျ မမှတ်မိလို့ သံသယဝင်နေကြတာပါ။

ဘဏ်ကို ငွေထုတ်ဖို့ သွားတယ် ဆိုပါစို့ “ ဒေါ်လာ ၂၀ လောက်လိုတယ်။ ချက်လက်မှတ် ရေးလိုက်ချင်တယ်။”
“ဟုတ်ကဲ့ ဆရာ Hutson၊ ငွေထည့်ထားတဲ့နေ့ နဲ့ အချိန်နာရီ မှတ်မိသလား?”
“ No, အတိအကျတော့ မမှတ်မိဘူး။”
“Sorry! ဒီဘဏ်မှာ ဆရာ့ငွေ မရှိပါဘူးခင်ဗျာ။”
“ခင်ဗျား ဘာဆိုလိုချင်တာလဲ? ”
“ ငွေသွင်းတဲ့နေ့ မမှတ်မိရင် ခင်ဗျားငွေ ဒီမှာမရှိပါဘူး။” တကယ်တော့ ငွေသွင်းတဲ့နေ့ မှတ်မိသည် ဖြစ်စေ မမှတ်မိသည် ဖြစ်စေ ငွေရှိပါတယ်။

သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် အားကိုးတဲ့နေ့ မမှတ်မိပါဘူး။ ၁၁ နှစ်အရွယ်လောက်မှာပါ။ ဒီလောက်ပဲ မှတ်မိတယ်။ အဲဒီညကိုတော့ မှတ်မိတယ်။ အခန်း ၅ခန်းပါတဲ့ ကျွန်တော်တို့အိမ်ရဲ့ ေ့ရှဘက်အိပ်ခန်းထဲက သံခုတင်ဟောင်းပေါ်မှာ ဖြစ်ပါတယ်။ ဒါတော့ မှတ်မိတယ်။ ဒါပေမယ့် မှတ်မိတာလည်း ဒါအကုန်ပဲ။ ကယ်တင်ခြင်းမရဘူးလို့ ပြောမလား?။ ကျွန်တော်သိထားတာ ပြောပြချင်ပါတယ်။ မှတ်မိနိုင်စွမ်းဟာ ကယ်တင်ခြင်းစိတ်ချမှုနဲ့ မဆိုင်ပါဘူး။

အသက်ကြီးလာတဲ့အခါ တချို့သနားစရာခရစ်ယာန်တွေဟာ ကိုယ့်နာမည်တောင် မမှတ်မိရှာဘူး။ သူတို့ကို ကယ်တင်ခြင်းမရဘူး လို့ ပြောမလား?။

ဆေးရုံတက်ရတဲ့လူတချို့ မေ့ဆေးပေးခံရတဲ့အခါ သူတို့ ဘာတွေ ရောင်ရမ်းပြောနေလဲ သူတို့မသိကြဘူး။ အကုန်လုံးမေ့နေတယ်။ ရောဂါရလို့ သတိမေ့ရင် ဘာတစ်ခုမှသတိမရရင် ကယ်တင်ခြင်းမရဘူးလို့ ပြောမလား? ရပြီးတဲ့သူက ရနေတာပါပဲ။
မှတ်မိတာ မမှတ်မိတာက ကယ်တင်ခြင်းနဲ့ ဘာမှမဆိုင်ပါဘူး။

လူအတော်များများ သိပ်မေ့တတ်တယ်။ ဘာနဲ့တူလဲဆိုတော့ ဆေးခန်းသွားပြတဲ့လူလို ဖြစ်နေတယ်။ “ ဒေါက်တာ၊ ကျွန်တော်တော့ ပြဿနာပဲ ဘာမှမမှတ်မိတော့ဘူး။”
ဆရာဝန်ကပြောတယ်။ “ ထိုင်ပါ၊ ဘာဖြစ်လဲ ပြော။”
အဲဒီလူက  “ဘာပြောရမှာလဲ ဆရာ?” လို့ ဖြေတယ်။

တချို့က မမှတ်မိလို့ ကယ်တင်ခြင်းကို သံသယဝင်တာပါ။ တချို့က တခြားသူတွေလို အတွေ့အကြံုမျိုး မကြံုဖူးလို့ သံသယဖြစ်ရတာပါ။ တခါတရံ တောရွာဘုရားကျောင်းလေးထဲမှာ လူတွေကယ်တင်ခြင်းရတော့ ထအော်ကြတယ်။ ခရစ်တော်ကို ဆုတောင်းကြ၊ အားကိုးကြပြီးတော့ လူတွေကို ဖက်ကြ၊ အော်ကြတယ်။  “ဘုရားသခင် ဘုန်းကြီးပါစေ။ ဟာလေလုယာ။”  ငယ်ငယ်တုန်းက ဘုရားကျောင်းရဲ့ နောက်တန်း ခုံပေါ်မှာထိုင်ရင်း  “ငါ ကယ်တင်ခြင်းမရဘူး။ ဒါမျိုးလည်း ငါ့မှာမဖြစ်ဘူး။ ဟိုအဖွားကြီးက ဘုရားကျောင်းထဲ လျှောက်ပြေးနေရင်း အော်နေတယ်။ ငါ ကယ်တင်ခြင်းရတော့ ဒီလိုမဟုတ်ဘူး။ မရတာပဲဖြစ်လောက်တယ်။”  လို့ တွေးမိတယ်။

သူတို့လို မကြံုဖူးဘူး။ ကျမ်းစာထဲကလူတွေမှာလည်း အတွေ့အကြံုမတူကြပါဘူး။ မဿဲ ကယ်တင်ခြင်းရတော့ သူက ရောမအစိုးရ အတွက် အခွန်ကောက်ဖို့ အကောက်တဲမှာထိုင်နေတယ်။ အနားကို သခင်ယေရှုရောက်လာပြီး “ငါ့နောက်ကို လိုက်ခဲ့။”  လို့ ပြောတယ်။ သူ ထရပ်ပြီး လိုက်တယ်၊ ကယ်တင်ခြင်းရတယ်။ သိပ်ထူးထူးခြားခြားကြီး မဟုတ်ဘူး၊ မအော်ဘူး၊ မဖက်ဖူး၊ လက်မဆွဲ နှုတ်မဆက်ဘူး၊ လက်မကမ်းဘူး၊ ဘုရားကျောင်းထဲ သက်သေမခံဘူး။

ရှင်ပေါလုက မြည်းစီးပြီး ခရီးသွားနေတယ်။ ကောင်းကင်က အလင်းကျလာတယ်၊ ကောင်းကင်က အသံရောက်လာတယ်။  “ရှောလု၊ ရှောလု မင်း ဘာကြောင့် ငါ့ကိုညှင်းဆဲသလဲ?” နောက်တော့ ဘုရားသခင်က ပေါလုကို မြည်းပေါ်ကနေ လှဲချပစ်တယ်။ မျက်စိကန်းသွားတယ်။ လမ်းဖြောင့်ဆိုတဲ့ လမ်းကိုရောက်ဖို့ လမ်းပြတယောက်နဲ့ သွားရတယ်။ အဲဒီမှာ လူတယောက်ရောက်လာပြီး သူ့ကို ဆုတောင်းပေးတယ်။ မျက်လုံးပေါ်က အလွှာကွာကျပြီး မျက်စိ ပြန်မြင်လာတယ်။

ဒီလိုဆို ပေါလုက ပြောမယ်။ “မင်းတို့မြင်းစီးပြီး ခရီးမသွားဘဲ၊ ကောင်းကင်ကအလင်းနဲ့ မအုပ်ဘဲ၊ ရှောလု၊ ရှောလု၊ မင်းငါ့ကို ဘာကြောင့် ညှင်းဆဲသလဲ?” လို့  အသံတော်မကြားရရင်၊ မြေကြီးပေါ် လဲမကျရင်၊ သုံးရက်လောက် မျက်စိမကန်းရင်၊ မင်းတို့ ကယ်တင်ခြင်းမရဘူး” လို့ ပြောမယ်ဆိုပါစို့။ ဒီလိုပြောတဲ့ တရားဟောဆရာတွေ ရှိတယ်နော်။ သူတို့လို အတွေ့အကြံုမျိုး လူတိုင်းကို ရှိစေချင်ကြတယ်။ သူတို့လို အတွေ့အကြံုမရှိရင် ကယ်တင်ခြင်းမရဘူးလို့ ဆိုကြတယ်။ ဒါဟာ ကျမ်းစာနဲ့ မညီပါဘူး။ ယောဟန် ၃း ၃၆ မှာ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။”  “သားတော်ကိုယုံကြည်ပြီး အတွေ့အကြံု တခုရှိသောသူသည် ထာဝရအသက်ကိုရ၏။” လို့ မပြောဘူး။ “သားတော်ကို ယုံကြည်ပြီး နာရီ၊ နေ့ရက် မှတ်မိသောသူသည် ထာဝရအသက်ကိုရ၏။” လို့လည်း မပြောဘူး။ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။” လို့ ရိုးရိုးရှင်းရှင်းလေးပဲ ပြောပါတယ်။ ခံစားချက်၊ အတွေ့အကြံု မှတ်မိတာတွေ ရှိ/ရှိ၊ မရှိ/မရှိ၊ သားတော်ကို ကယ်တင်ရှင်အဖြစ် အားကိုးတဲ့အခါ ထာဝအသက်ရပါတယ်။

အတွေ့အကြံုက မတူကြပါဘူး။ ဒါပေမယ့် ယေရှုခရစ်တော်ကိုယုံကြည်ရင် ဘုရားကျောင်းထဲမှာ ခုန်ပေါက်၊ ပြေးလွှား ထအော်နေကြတဲ့ လူတွေလိုပဲ ကိုယ်လည်း ကယ်တင်ခြင်းရပါတယ်။” လူတယောက်ကပြောဖူးတယ် “ကျွန်တော်တော့ ကယ်တင်ခြင်းရတယ်။ ကျောကုန်းထဲ အေးစိမ့်သွားပြီး၊ ဆံပင်တွေထောင်လာတယ်။”
ဒါဆို “တချို့လူတွေမှာ ဆံပင်မရှိတော့ ကယ်တင်ခြင်းမရနိုင်တော့ဘူးပေါ့” (တချို့က ကယ်တင်ခြင်း တဝက်လောက်တော့ရမှာပေါ့။)

တချို့က မမှတ်မိကြလို့ သံသယဖြစ်ကြတယ်။ တချို့က တခြားသူတွေလို အတွေ့အကြံုမရှိကြလို့ သံသယဖြစ်ကြတယ်။ တချို့က ခံစားချက်တွေကြောင့် သံသယဖြစ်ကြတယ်။ ကျွန်တော် ကယ်တင်ခြင်းရတော့၊ ပျော်တယ်။ လုပ်ချင်ကိုင်ချင်စိတ်ရှိတယ်။ အပြစ်ခွင့်လွှတ်ခံရမှန်း သိတယ်။ ရင်ဘတ်ထဲကနေ အလုံးကြီးပြုတ်ကျသွားတယ်။ အခုတော့ ဒါမျိုးတွေ သိပ်မပြောတော့ဘူး။ ပြောရင် လူငယ်တွေရော လူကြီးတချို့ပါ “ငါ့ရင်ဘတ်ထဲကတော့ အလုံးကြီး ပြုတ်ကျမသွားပါလား၊ ကယ်တင်ခြင်းမရဘူးနဲ့ တူတယ်။”  လို့ တွေးလာကြလိမ့်မယ်။ ခံစားချက်တော့ ရှိခဲ့ပါတယ်။ ခံစားချက်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ တကယ်တော့ အခုအချိန်မှာ ဘုရားတရားမှာ ပျော်မွေ့နေတယ်။ ဒါပေမယ့် မပျော်ခဲ့တဲ့ နေ့တွေလည်း ရှိတယ်။ မာရ်နတ်က ပြောလာမယ် “ကယ်တင်ခြင်းရတုန်းကလို မပျော်တော့ဘူး မဟုတ်လား?”
“မပျော်တော့ဘူး”
“ကယ်တင်ခြင်းရတာ သေချာလို့လား?”
“မသိဘူး။ ရတယ်ထင်ခဲ့တာပဲ၊ အခုတော့ မသိတော့ဘူး။”
“မင်းရခဲ့တဲ့အပျော်တွေ ဘယ်ရောက်သွားလဲ?”
“မသိတော့ဘူး။”
“မင်းကယ်တင်ခြင်းရတာ သေချာလို့လား?”
“မသိတော့ဘူး။”

ပြောင်းလဲနေတတ်တဲ့ ခံစားချက်တွေအပေါ်မှာ ကယ်တင်ခြင်းစိတ်ချမှုကို အခြေမခံရဘူးဆိုတာ သိလာရတယ်။ မပြောင်းလဲတဲ့ ဘုရားနှုတ်ကပတ်တော်အပေါ်မှာသာ ကယ်တင်ခြင်းစိတ်ချမှုကို အခြေခံရတယ်။

For feelings come and feelings go, ခံစားချက်တွေက ဝင်လာလိုက် ပျောက်သွားလိုက်
And all feelings are deceiving. ခံစားချက်တွေက လှည့်စားတတ်တယ်။
My warrant is  the Word of God- သေချာတာက ဘုရားနှုတ်ကပတ်တော်ပဲ
Naught else is worth believing. တခြားအရာတွေက မယုံစားထိုက်ဖူး။

 Though all my soul should feel condemned, အပြစ်တင်ခံရတယ်လို့ စိတ်စွဲနေပေမယ့်
 For want of some sweet tokens, ချစ်စရာ အမှတ်သက်သေ လိုချင်ပေမယ့်
There is One greater than my heart,  စိတ်နှလုံးထက် ကြီးမြတ်တဲ့အရာ
Whose Word cannot be broken. ဘုရားနှုတ်ကပတ်တော် မပျက်ယွင်းပါ။

I’ll stand on His unchanging Word,  မပြောင်းလဲတဲ့နှုတ်ကပတ်တော်ပေါ်မှာ ရပ်တည်မယ်၊
Till soul and body sever, ဝိညာဉ်ခန္ဓာမကွာသေ့ရွပါ။
For though all things should pass awayအရာရာ လွင့်ပျောက်သွားပေမယ့်
His Word shall stand forever. နှုတ်ကပတ်တော်က အမြဲတည်နေမှာပါ။

ပျော်လို့ ကယ်တင်ခြင်းရတာမဟုတ်ဘူး ကျမ်းစာထဲမှာရေးထားလို့ သိရတာပါ ကယ်တင်ခြင်းရမှန်းသိလို့ ပျော်တာပါ။

ကျွန်တော်လက်ထပ်တုန်းက တရားဟောဆရာရဲ့အိမ်ကို သွားကြတယ်။ လာမယ်ဆိုတာ ဆရာကမေ့နေတယ်ဆိုတော့ ဆရာ့ကို    အိမ်နေရင်းအဝတ်နဲ့တွေ့လိုက်ရတယ်။ ဘာကူညီရမလဲလို့ ဆရာက မေးတယ်။
“ဟုတ်ကဲ၊့ လက်ထပ်ဖို့ပါ၊”
အိုး၊ ဟုတ်ပြီ။ လက်ထပ်ဖို့လာကြတာကိုး။
အဖော်ဆိုလို့ ကျွန်တော့အမျိုးသမီးရဲ့ညီမဝမ်းကွဲတယောက်ပဲ ဘေးမှာရပ်နေတယ်။ “လက်ယာလက်ကိုင်ထားတဲ့  ဒီအမျိုးသမီးကို အကြင်လင်မယားအဖြစ် ပေါင်းဖော်နိုင်ပါသလား” လို့ ဆရာက မေးတယ်။ (အတိအကျတော့ မမှတ်မိပါဘူး။ ဒီလိုပဲ ပြောတယ်ထင်ပါတယ်။)  ဆရာက ကျွန်တော့ကို မေးတဲ့အကြည့်နဲ့ကြည့်တော့ “ပေါင်းဖော်နိုင်ပါတယ်” လို့ ဖြေလိုက်တယ်။

ပြီးမှ သတို့သမီး ဂယ်ရီကို မေးတယ်။ “လက်ယာလက်နဲ့ကိုင်ထားတဲ့ ဒီလူကို အကြင်လင်ယောက်ျားအဖြစ်နဲ့ ပေါင်းဖော်နိုင်ပါသလား?” သူ့လက်က ကျွန်တော့လက်ကိုတင်းတင်းဆုပ်ကိုင်ထားတယ်။ ပြီးမှ လျော့ပေးတယ်။ လက်ဖြုတ်ပြီး ထွက်ပြေးမလား၊ မပြေးလားတော့  အဲဒီတုန်းက ကျွန်တော်မသိဘူး။ ဒါပေမယ့် ပေါင်းဖော်နိုင်ပါတယ်” လို့ သူဖြေပါတယ်။
ဆရာက “ကဲ- သင်တို့နှစ်ဦးကို အကြင်လင်မယားအဖြစ် ဘုရားသခင်ေ့ရှ၊ လူပရိတ်သတ်ကြီးေ့ရှမှာ ကြော်ညာပါတယ်။” လို့  ပြောပါတယ်။ (ညီမဝမ်းကွဲတယောက်ကလွဲလို့ တခြားပရိတ်သတ်မရှိပါဘူး။)
ဆရာ့အိမ်ထဲက ထွက်လာကြတော့ “ငါ လက်ထပ်လိုက်ပြီ။” လို့ ကိုယ့်ကိုကိုယ်ပြောမိတယ်။ ကားနဲ့ မိတ်ဆွေတချို့ထံ သွားကြတယ်။ သူတို့ ဘာပြောလဲသိလား?
“လက်ထပ်တော့ ဘယ်လိုခံစားရလဲ? တဲ့။
“မသိဘူး။ ထူးထူးခြားခြားမခံစားရဘူး။” အဲဒီလိုမခံစားရတော့ လက်မထပ်ရသေးဘူးလို့ ပြောကြမလား? မဟုတ်ပါဘူး။ “ပေါင်းဖော်ပါမယ်” လို့ ပြောလိုက်တာနဲ့ အိမ်ထောင်ကျသွားပါပြီ။ “ခံစားချက် ရှိရှိ၊ မရှိရှိ ကျွန်တော် ကယ်တင်ခြင်းရပါတယ်။

ခံစားချက်က အတက်အကျရှိပါတယ်။ တက်လိုက်ကျလိုက် ဖြစ်တတ်တယ်။ ခံစားချက်ကို မေ့ထားလိုက်ပါ။ ဘုရားစကားတော်  အပေါ်မှာ ရပ်တည်ပါ။ တချို့က ခံစားချက်ကြောင့် သံသယဖြစ်ကြတယ်။ ခံစားချက်တွေ ဘာပဲဖြစ်ဖြစ် သခင်ယေရှုက ကယ်တင်ရှင် ဖြစ်နေဆဲပါပဲ။

(၃) သံသယအတွက် ဖြေဆေး THE  CURE  FOR  DOUBT
သံသယကို ပျောက်စေနိုင်တာက ဘုရားနှုတ်ကပတ်တော်ပါပဲ။ ၁ယော ၅း၁၃ မှာ “ဘုရားသခင်၏သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။”
“ခင်ဗျား အိမ်ထောင်ကျပြီလား?” လို့ လူတယောက်ကို မေးမယ်ဆိုပါစို့။
သူက “ကျပြီနဲ့တူပါတယ်၊ ဒီအမျိုးသမီးနဲ့ ၂၁ နှစ် အတူနေခဲ့တယ်။ ကလေး ၆ယောက််ရှိတယ်။ ကျွန်တော့အထင်တော့ အိမ်ထောင်ကျပါပြီ။ ဒါပေမယ့် မသေချာဘူး။ သံသယရှိနေတယ်။”
“ဒီလိုလူကို ဘယ်လိုထင်လဲ? စိတ္တဇဆေးရုံကို ပို့ချင်မလာဘူးလား?”

အိမ်ထောင်ကျတယ်ဆိုတာ ကိုယ်တိုင်သိနိုင်တာပဲ။ “ကျွန်တော် အိမ်ထောင်ကျပြီထင်တယ်” လို့ ပြောတဲ့သူမရှိပါဘူး။“ကျတယ်” (သို့) “မကျဘူး”  လို့ပဲ ဖြေကြမှာပါ။ စာရွက်လေးတရွက်ရှိတော့ အိမ်ထောင်ကျမှန်းသိရပါတယ်။ လက်ထပ်စာချုပ်လို့ခေါ်တယ်။ ဂျော်ဂျီယာ ပြည်နယ် ဒီကေတာမြို့မှ Curtis Wiley Hutson နဲ့ Barbara Geraldine Crawford တို့ ဤနေ့ရက်မှာ လက်ထပ်ကြပြီလို့ ရေးထားပါတယ်။

ကယ်တင်ခြင်းရမှန်း ဘယ်လိုသိနိုင်မလဲ? ကျမ်းစာကပြောပါတယ်။
“ဘုရားသခင်၏သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။” ၁ယော ၅း၁၃။ ကဲ- ဘယ်လိုပြောသလဲ? “ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ ဤခံစားချက် feelings များကို ငါရေး၍ပေးလိုက်၏။” လို့ မပြောဘူး။ “ဤရူပါရုံ visions များကို ငါရေး၍ပေးလိုက်၏။” လို့လည်းမပြောဘူး။
“ဤအရာများကို  ငါရေး၍ပေးလိုက်၏။” ခံစားချက်ထက် ပိုကောင်းတာ ရှိပါတယ်။ ဘုရားနှုတ်ကပတ်တော်ပါ။ တခုခုဝယ်ပြီဆိုရင် သေချာအောင် ငွေချေရတယ်။ စာချုပ်ပေါ်မှာ ချရေးရတယ်။ အိမ်တလုံးဝယ်တဲ့အခါ ငွေချေရတယ်။ စာချုပ်ချုပ်ရတယ်။ ကားတစီးဝယ်ရင်လည်း စာချုပ်ချုပ်ရတယ်။

ကယ်တင်ခြင်းဆိုတာလည်း စာချုပ်စာတမ်းနဲ့ ရေးထားတာပါ။ ခံစားရတယ်ဆိုတာထက် ပိုကောင်းပါတယ်။ ဟေရှာယ ၄၀း၈ မှာ ..
“မြက်ပင်သည် ညှိုးနွှမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲ တည်၏။”  မာကု ၁၃း၃၁ မှာ  “ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။”

လွင့်ပျောက်သွားနိုင်တဲ့ ခံစားချက်တွေထက် ကျမ်းစကားကပိုကောင်းပါတယ်။ ဘုရားစကားက ဘယ်တော့မှ မပျက်ပါဘူး။ ခံစားချက်တွေက ပြောင်းလဲတယ်။ ဒါပေမယ့် ဘုရားစကားတော်က ဘယ်တော့မှမပြောင်းလဲဘူး။ “သခင်ယေရှု၊ ကယ်တင်ခြင်းရတာ သိလို့ရမလား?” လို့ မေးရင်  “ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ ငါရေး၍ပေးလိုက်၏။” ယောဟန် ၃း၃၆ မှာ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။”  ကျွန်တော် သားတော်ကိုယုံတယ်။ အသေခံပေးတာယုံတယ်။ ငရဲမှာခံရတဲ့ ဝေဒနာတွေကို အကြွေးဆပ်ပေးတာ ယုံတယ်။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်အားကိုးတယ်။ ဒါဆို ကျမ်းစာအရ ထာဝရအသက်ရတယ်။ ဒါက ကျမ်းစာမှာရေးထားလို့ သိရတာပါ။

ရောမ ၁၀း၁၃ မှာ “ထာဝရဘုရားကို ပဌာနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။”  ကျွန်တော်ဆုတောင်းတယ်။ ဒါဆို ကယ်တင်ခြင်းရတယ်။ ကျမ်းစာကပြောလို့ သိတာပါ။
ယောဟန် ၃း၁၆ မှာ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျပ်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” ယုံကြည်ရင် ထာဝရအသက်ရတယ်။ ပျက်စီးခြင်းမရောက်ဖူးလို့ ကျမ်းစာကရေးထားတယ်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။”

ကယ်တင်ခြင်းကို သံသယရှိနေရင် အချက်နှစ်ချက်ထဲက တစ်ချက်ချက်ကြောင့်ဖြစ်နိုင်တယ်။ အားကိုး၊ မကိုး သံသယဖြစ်တာလား? ဘုရားစကားကို သံသယရှိတာလား? တစ်ခုခုကြောင့်ဖြစ်ရတာပါ။

အသက် (၇၀ ) လောက်ရှိတဲ့အမျိုးသမီးကြီးတစ်ယောက်ကို ခရစ်တော်အကြောင်း ပြောပြဖူးပါတယ်။ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ ကယ်တင်ခြင်းစိတ်ချမှုအကြောင်းပြောပြဖို့ အလွန်ခက်တဲ့ အမျိုးသမီးကြီးတစ်ယောက်ပါပဲ။ သူဆုတောင်းပြီးတဲ့အခါ “သခင်ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ်အားကိုးမယ်” လို့ ပြောတယ်။ “ဒီနေ့သေရင် ကောင်းကင်ရောက်မလား?” လို့ မေးတော့ “ထင်တာပဲ” လို့ ဖြေတယ်။
“ထင်တယ်?”
“ဟုတ်ကဲ့၊ ရောက်မယ်ထင်ပါတယ်။”
“သံသယရှိနေတယ်လို့ ဆိုလိုတာလား?”
“ဟုတ်ကဲ့၊ မှန်ပါတယ်”
“သံသယဖြစ်စရာ နှစ်ချက်ရှိပါတယ်။ သခင်ယေရှုကို လုံးလုံးအားကိုးရဲ့လား?(သို့) ဘုရားစကားကို သံသယရှိတာလား? ကဲ ဘယ်ဟာကို သံသယရှိတာလဲ? ”
သူက “ ဘုရားစကားကိုတော့ သံသယမဖြစ်ပါဘူး။”
ကျွန်တော်က အားကိုးတဲ့အပိုင်းကိုသံသယဖြစ်တာပေါ့ ဆုတောင်းပြီး ကောင်းကင်ရောက်ဖို့အားကိုးပါပြီလို့ ပြောပြီးပြီလေ။ တကယ်ပြောလိုက်တာ မဟုတ်ဘူးလား?

သူ ပြံုးစပြုလာတယ်။ “သိပြီဆရာ အားကိုးတာလည်း သံသယမဖြစ်ဘူး။ ဘုရားစကားကိုလည်း သံသယမဖြစ်ဘူး။ ထာဝရအသက်ရပြီ။ ကျမ်းစာထဲမှာရေးထားလို့ပါ။ ဒါအမှန်ပဲ ဆရာ။” အဲဒီနောက် သူ အားရပါးပြံုးလာပြန်တယ်။ “ကျွန်မ ထာဝရအသက်ရပြီ။ သေရင် ကောင်းကင်သွားမယ်။ သံသယဖြစ်စရာမရှိဘူး။ ကျွန်မကယ်တင်ခြင်းရတာ သိပြီ။”
ဘာလို့သိရတာလဲလို့ ကျွန်တော်မေးတယ်။
“အနန ္တတန်ခိုးရှင်သခင်က ကျမ်းစာထဲမှာရေးထားလို့ပါ။”
ကျွန်တော်က “ကျမ်းစာမှားရင်တော့ ခင်ဗျားကယ်တင်ခြင်းမရဘူးပေါ့။ ကျမ်းစာမှန်နေသေ့ရွ ကယ်တင်ခြင်းရနေမှာပါ။”
ကျွန်တော်ကယ်တင်ခြင်းရတာကို ကောင်းကင်တမန်တွေဆင်းလာပြီး ပြောပြတာထက် ကျမ်းစာမှာရေးထားတာ ပိုသေချာပါတယ်။

ကောင်းကင်တမန်ဂါဗြေလက ကောင်းကင်ကဆင်းလာပြီး “ဒေါက်တာ Hutson ခင်ဗျား ကယ်တင်ခြင်းရတယ်လို့ သိစေချင်တယ်။ ခင်ဗျား ထာဝရအသက်ရပြီ။ သေရင် ကောင်းကင်ရောက်လိမ့်မယ်။” လို့ ပြောမယ်ဆိုပါစို့။
ကျွန်တော်က “ဂါဗြေရောက်လာတဲ့အတွက် ဝမ်းသာပါတယ်။ အဝေးကြီးလာရတာပဲ၊ လာတာတော့သဘောကျပါတယ်။ ဒါပေမယ့် လာစရာမလိုပါဘူး။ ခင်ဗျားစကားထက်ပိုကောင်းတာ ကျွန်တော့မှာပိုရှိတယ်။ ဘုရားသခင်ကိုယ်တိုင်ပြောတဲ့ စကားပါပဲ။”
ဘုရားအသံတော်ကို အသံသွင်းထားတာထက် ပိုကောင်းတဲ့သမ္မာကျမ်းစာ ကျွန်တော့မှာရှိပါတယ်။ အဲဒီအသံကို ပြန်ဖွင့်လို့ “Curtis မင်းကယ်တင်ခြင်းရတယ်” လို့ ကြားရရင် လူနောက်တွေက အသံသွင်းထားတာလို့ ထင်ကောင်းထင်နိုင်ပါတယ်။

ဘုရားသခင်က ဖုန်းနဲ့ လှမ်းစကားပြောတာထက် ပိုကောင်းတဲ့ ဘုရားစကားတော်ရှိပါတယ်။ ဖုန်းနဲ့စကားပြောတဲ့အခါ “ Curtis ငါက ဘုရားသခင်ပါ။ မင်းကယ်တင်ခြင်းရတဲ့အကြောင်း ငါပြောချင်လို့ဟေ့” လို့ ပြောရင် ကျွန်တော်မယုံလောက်ဘူး။ ခင်ဗျားတို့လည်း ယုံမှာမဟုတ်ဘူး။  လူရှုတ်တွေက ဖုန်းနဲ့နောက်နေတာလို့ ထင်နိုင်ပါတယ်။ ဘုရားသခင်ပြောနေတာလို့တော့ မယုံလောက်ဘူး။

ဘုရားသခင်၏နှုတ်ကပတ်တော်မြတ်၌
ယုံကြည်ခြင်းတိုက်မြစ်သည် တည်မြဲစဉ်တစိုက်
ယေရှုထံတော်ပြေး ခိုလှုံသန့်ရှင်းသူများ
ခံစားဖို့ ဂတိများ ထူးမြတ်စွာတကား။

ကယ်တင်ခြင်းစိတ်ချမှုအတွက် သမ္မာကျမ်းစာရှိပါတယ်။ ဘုရားပေးတာပါ “ဘုရားသခင်၏သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။”

ခရစ်တော်ကိုအားကိုးပြီးပါရဲ့နဲ့ “ကယ်တင်ခြင်းရတယ်ထင်တယ်” လို့ ပြောနေသေးရင် “ဘုရားသခင်ကအမှန်ပြောလောက်တယ် ထင်တယ်” လို့ ပြောရာကျပါတယ်။ ဘုရားသခင် ညာနိုင်တယ်လို့ ပြောရာလည်းရောက်နေပါတယ်။ ကျွန်တော်အသက်ရှင်နေတယ် ဆိုတာထက် ကယ်တင်ခြင်းရတာက ပိုသေချာပါတယ်။ အိမ်ထောင်ကျတယ်ဆိုတာထက် ကယ်တင်ခြင်းရတာက ပိုသေချာပါတယ်။ ဘာကြောင့်လဲ? ပိုကောင်းတဲ့စိတ်ချရမှုရှိလို့ပါ။ အနန ္တတန်ခိုးရှင်ရေးထားတဲ့ နှုတ်ထွက်စကားပါ။ ဘယ်တုန်းကမှ မပြောင်းလဲခဲ့သလို ဘယ်ခါမှလည်း ပြောင်းလဲမှာမဟုတ်ပါ။

တရားဟောဆရာတယောက်က မေးတယ် “ကယ်တင်ခြင်းစိတ်ချမှုအတွက် ပြောစရာက ကျမ်းစာပဲရှိသလား?” တဲ့။ ကျွန်တော်က တခြား ပိုကောင်းတာရှိသေးလို့လား?” လို့ မေးတော့ သူက ခဏစဉ်းစားပြီးမှပြန်ဖြေတယ်။ “အင်း ရှိတယ်လို့တော့မထင်ပါဘူး။” တဲ့။

ဒီအချက်ကို သေချာစွဲမှတ်ထားလိုက်ပါ။

ကယ်တင်ခြင်းမရဘူးလို့ တခြားလူက ပြောလာရင် သူပြောတာမယုံနဲ့ ကျမ်းစာကိုသာယုံပါ။ ခံစားချက်တွေက ကယ်တင်ခြင်းရပုံ မပေါက်ရင် Feelings ခံစားချက်တွေကို မယုံနဲ့ ကျမ်းစာကိုယုံပါ။ ကယ်တင်ခြင်းမရဘူးလို့ အတွေးဝင်လာရင် ကိုယ့်အတွေးကို မယုံနဲ့ ကျမ်းစာကိုယုံပါ။ မိတ်ဆွေတွေက လှည့်စားတယ်။ ခံစားချက်တွေကလည်း လှည့်စားတယ်။ ကိုယ့်အတွေးတွေကလည်း လှည့်စားတတ်တယ်။ ဒါပေမယ့် ဘုရားစကားတော်က ဘယ်သူ့ကိုမှ မလှည့်စားဘူး။ ဘယ်အခါမှလည်း လှည့်စားမှာ မဟုတ်ဘူး။ သမ္မာကျမ်းစာက မှန်ကန်တယ်။ “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။”

Blessed assurance, Jesus is mine!          ယေရှုကိုရပြီ စိတ်ချရပြီ
Oh, what a foretaste of glory divine!      ဘုရားရဲ့ဘုန်းလည်း ခုမြည်းစမ်းရပြီ
Heir of salvation, purchase of God,        ဘုရားကရွေးဝယ် ကယ်တင်ထားပြီ
Born of His spirit, washed in His blood,  ဝိညာဉ်တော်ဖွားပြီ အသွေးနှင့်ဆေး

This is my story,this is my song,           ကယ်တင်ခြင်းရပြီ ချီးမွမ်းတော့မည်
Praising my Saviour all the day long;    ကယ်တင်ရှင်ချီးမွမ်း တစ်နေ့တာလုံး
This is my story,this is my song,          ကယ်တင်ခြင်းရပြီ ချီးမွမ်းတော့မည်
Praising my Saviour all the day long.    ကယ်တင်ရှင်ချီးမွမ်း တစ်နေ့တာလုံး။

နေက်ဆုံးအနေနဲ့ မေးခွန်းသုံးခုကို ရိုးသားစွာဖြေကြည့်ရင် ကယ်တင်ခြင်းရ- မရ ပြောနိုင်ပါတယ်။

၁။ အပြစ်သားဖြစ်တယ်၊ အပြစ်လုပ်မိတယ်၊ မစုံလင်ဘူးဆိုတာ သိသလား?
၂။ သမ္မာကျမ်းက ယော၃း၁၆ မှာ ပြောသလို သခင်ယေရှုက အပြစ်အတွက်ကားတိုင်မှာ လာအသေခံပေးတာကိုယုံသလား?
၃။ ကောင်းကင်ရောက်ဖို့ ယေရှုခရစ်တော်ကို အားကိုးသလား? ဆိုလိုတာက သူ့ကိုမှီခိုသလား၊ လုံးလုံးအမှီပြုသလား? မေးခွန်းသုံးခုစလုံးကို ”Yes ဟုတ်ကဲ့” လို့ ဖြေရင်စိတ်ချပါ။ ဘုရားနှုတ်ကပတ်တော်အရ ခင်ဗျား ထာဝရအသက်ရပြီ။ ဘယ်တော့မှ ပျက်စီးခြင်းမရောက်တော့ဘူး။ သေရင်ကောင်းကင်ပဲ ရောက်တော့မယ်။

ထပ်ပြောထားတာ ရှိပါသေးတယ်။ ယောဟန် ၃း၃၆ မှာ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော်တည်နေသည်။”
ယုံတာနဲ့မယုံတာ နှစ်ခုပဲရှိပါတယ်။ ယုံရင် ထာဝရအသက်ရတယ်။ မယုံရင် အသက်ကိုမတွေ့ရဘူး။ ဘုရားအမျက်တော်ပဲ ခံရလိမ့်မယ်။ ဒါကရိုးရိုးလေးပါ၊ ရှင်းရှင်းလေးပါ။ အားမကိုးရသေးဘူးဆိုရင်တော့ အခုပဲအားကိုးလိုက်ပါ။ “သခင်ယေရှုဘုရား၊ ကျွန်တော်အပြစ်သားပါ။ ကယ်တင်ခြင်းရဖို့ ကိုယ်တော်ကိုအားကိုးပါပြီ။” လို့ ပြောတတ်သလိုသာ ပြောလိုက်ပါ။                  ။

No comments:

Post a Comment