Thursday, May 9, 2013

05. The Believer and the Devil (BREAD FOR BELIEVERS) (Burmese)

Dr. Curtis Hutson
----------------------------------------------------------------
အခန်း  ၅
-----------------------------------------------------------------
(၁) ရင်ဆိုင်ရတဲ့ ရန်သူ
(၂) ခုခံတိုက်ခိုက်ဖို့ နိုးဆော်ချက်
(၃) တိုက်ခိုက်ရန် ခွန်အားပေးသံ
(၄) လိုက်နာရန် ပုံသက်သေ

“ဘုရားသခင်၏ အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” ယာကုပ် ၄း ရ
“သမ္မာသတိရှိလျှက် မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျှက်ရှိ၏။ ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကို ဆီးတားကြလော့။” ၁ ပေ ၅း ၈- ၉။

               ကျမ်းစာကိုယုံကြည်တဲ့ Fundamental အသင်းတော်တခုထဲမှာ ကြီးပြင်းပြီးတော့၊ ခရစ်ယာန်ကျောင်းမှာလည်း နေဖူးတယ်။ ဆက်ကပ်တဲ့အသက်တာ၊ သီးခြားနေတဲ့အသက်တာနဲ့ အသက်ရှင်ခဲ့တယ်။ သူ့မိဘတွေကလည်း ညတိုင်း ဘုရားဝတ်ပြုသူတွေ ဖြစ်ပေမယ့် ကြီးလာတဲ့အခါ မနာခံတတ်သူ၊ စုံစမ်းခြင်းထဲ လိုက်သွားပြီး အပြစ်ထဲကျင်လည်နေတဲ့ ခရစ်ယာန်လူငယ်တွေအကြောင်း ကြားဖူးသလား? မိဘတွေက “ကျွန်တော်တို့ ဘယ်မှာ မှားသွားလဲ မသိဘူး။ Sunday School လည်း မပျက်ဘူး။ တရားဟောပွဲတွေလည်း မပျက်ဘူး။ ဆယ်ဖို့တဖို့လည်း ပေးပါတယ်။ ည,ည လည်း မိသားစု အတူ ဘုရားဝတ်လည်း ပြုပါတယ်။ သားသမီးတွေလည်း ကျမ်းစာဖတ်တာပဲ။ ဆုလည်း အတူတူ တောင်းတာပဲ။ အခုတော့ ဝိညာဉ်ရေးကို သားက လုံးဝ စိတ်မဝင်စားတော့ဘူး။ ရှင်းပြပါဦးဆရာ” လို့ မေးတတ်တယ်။

               ကျွန်တော့အဖြေက … “ခင်ဗျားတို့က သားကို ဘုရားသခင်အကြောင်း သင်ပေးတယ်။ ကျမ်းစာအကြောင်းလည်း သင်ပေးတယ်။ ဆုတောင်းဖို့လည်း သင်ပေးတယ်။ ဒါပေမယ့် ရန်သူအကြောင်း သင်မပေးမိလို့ပါပဲ။ တိုက်ပွဲများစွာ ရှုံးရတာဟာ ရန်သူကို မသိလို့ (သို့) ရန်သူကို အထင်သေးလို့ပါ။ ကျမ်းစာက “သမ္မာသတိရှိလျှက်၊ မအိပ်ပဲ စောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျှက်ရှိ၏။” လို့ ၁ ပေ ၅း ၈ မှာ ဂတိပေးထားတယ်။

               ကမ္ဘာပေါ်ရှိ ယုံကြည်သူတိုင်းသာ ခရစ်တော်အတွက် အမှုတော်ဆောင်ရင်၊ ဝိညာဉ်တွေ ရရင်၊ အမှုတော်ထဲမှာ ပါဝင်ရင်၊ အမေရိကန်ပြည်က ဘုရားကျောင်းတိုင်း လူပြည့်နေမှာပဲ။ ကမ္ဘာကို လအနည်းငယ်အတွင်းမှာ ဧဝံဂေလိ လုပ်နိုင်မှာပါ။

               သက်သေခံဟောပြောဖို့သွားရင်း၊ “ခင်ဗျား ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးပြီးပြီလားလို့ လူတယောက်ကို မေးကြည့်တယ်။ ခေါင်းကို ဆတ်ကနဲ ငြိမ့်ပြီး၊ သူက “ဟုတ်ကဲ့၊ အားကိုးပြီးပါပြီ။ ၁၁ နှစ်သား အရွယ်ကတည်းက တရားဟောပွဲတခုမှာ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် အားကိုးခဲ့ပါတယ်။ ဒီလို အားကိုးတာဟာ ဘုရားသခင်နဲ့ ဝေးသွားစေလိမ့်မယ်လို့ တယောက်ယောက်က ပြောခဲ့ရင်တော့ ကျွန်တော် အားကိုးခဲ့မိမှာ မဟုတ်ဘူး။” လို့ ဖြေတယ်။ သူ ဘာတွေ ဖြစ်နေသလဲ?

              လူတွေ လေးစားပြီး၊ ဘုရားအပေါ် သစ္စာရှိတဲ့ တရားဟောဆရာတွေ ရှိပါတယ်။ ဝိညာဉ်တွေလည်း ရပါတယ်။ ဒါပေမယ့် အခု သူတို့ အမှုတော်ထဲက ထွက်သွားကြပြီ။ ဘာတွေ ဖြစ်နေတာလဲ? သူတို့ဟာ ရန်သူကို မသိခဲ့တာပါ။ အဲဒီ ခရစ်ယာန်တွေဟာ ကျမ်းစာဖတ်ကြ၊ ဆုတောင်းကြ၊ ဘုရားကျောင်းတက်ကြပေမယ့် မာရ်နတ်ကို ဆီးတားရမယ့်အကြောင်း ဘာမှမသိခဲ့လို့ပါ။ ဂတိတော်က “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သင်တို့ထံက ပြေးသွားလိမ့်မည်။” ယာကုပ် ၄း ရ။ ဒီကျမ်းချက်ဟာ ယော ၃း ၁၆ လိုပဲ မှန်ပါတယ်။

               ၁။ ရင်ဆိုင်ရတဲ့ ရန်သူ
               ဘုရားသခင်ရှိသလို၊ စာတန်ဆိုတဲ့ ရန်သူတယောက်လည်း တကယ်ရှိပါတယ်။ ဘုန်းတော်ဝင်စားပြီဖြစ်တဲ့ Dr. Dallas Billington က “ဘုရားသခင် တကယ်ရှိတယ်” ဆိုတဲ့ စာအုပ်ကို ရေးဖူးတယ်။ “မာရ်နတ် တကယ်ရှိတယ်” ဆိုတဲ့ စာအုပ်မျိုးကိုလည်း တယောက်ယောက်က ရေးဖို့ကောင်းပါတယ်။

               လက်ဝှေ့သမားတယောက်လိုတော့ မဖြစ်ပါစေနဲ့။ ပထမအချီအပြီးမှာ သူထောင့်ကို ပြန်လာတော့ နည်းပြက ကျောကို အသာပုတ်ပြီး “သွားတော့၊ ဒုတိယအချီမှာ အနိုင်ယူတော့။ သူ မင်းကို တချက်မှ မထိသေးဘူး။” လို့ ပြောတယ်။
               ဒုတိယအချီ ဝင်ထိုးတယ်။ ပြိုင်ဖက်က အလဲထိုးလုနီးပါး ဖြစ်သွားတယ်။ ဒယီးဒယိုင်နဲ့ သူ့ထောင့်ကို ပြန်လာတော့ နည်းပြက ကျောကို အသာပုတ်ပြီး “သွားတော့၊ ဒီအချီမှာ အနိုင်ယူလိုက်။ သူ မင်းကို တချက်မှ မထိသေးဘူး။” လို့ ပြောတယ်။
               တတိယအချီမှာ နှစ်ခါလောက် အလဲထိုးခံရတယ်။ ဒိုင်က ၉ အထိ ရေရတယ်။ ခေါင်းလောင်းသံကြောင့်သာ သက်သာသွားတာပါ။ သူ့ထောင့်ကို ဒရွတ်တိုက် တွဲခေါ်သွားကြရတယ်။ သူ့နည်းပြက ကျောကို အသာပုတ်ပြီး “သွားတော့၊ ဒီအချီမှာ အနိုင်ယူတော့။ သူ မင်းကို တချက်မှ မထိသေးဘူး။” လို့ ပြောတယ်။ ဒါနဲ့ သူက သူ့ဆရာကို “ပြန်ထိုးမယ် ဆရာ။ ဒီတချီမှာ သူ့ကို အနိုင်ယူမယ်။ ဒါပေမယ့် ဆရာက အဲဒီ ဒိုင်ကို ကြည့်ထားပါ။ တယောက်ယောက်ကတော့ ကျွန်တော့ အထဲက မာရ်နတ်ထွက်အောင် ထိုး၊ ထုတ်နေပြီ။” လို့ ပြောရှာတယ်။

               မာရ်နတ်က ခရစ်ယာန်အသက်တာကို အနိုင်ယူနိုင်တဲ့ နည်းတွေထဲမှာ “မာရ်နတ် မရှိဘူး။” လို့ ထင်အောင်လုပ်တဲ့နည်းက အအောင်မြင်ဆုံး နည်းပါပဲ။ Billy Sunday က “မာရ်နတ် တကယ်ရှိတယ်ဆိုတာ အချက် ၂ ချက်နဲ့  သိနိုင်ပါတယ်။ (၁) ကျမ်းစာက ပြောလို့ပါ။ (၂) သူနဲ့အတူ အလုပ်လုပ်ခဲ့ဖူးလို့ပါ။” လို့ ဆိုတယ်။ မာရ်နတ်ဟာ ဖန်ဆင်းစ ကျွန်တော်တို့မိဘ အာဒံနဲ့ ဧဝကိုပင်၊ ပညာပါပါ လှည့်စားနိုင်ရင်၊ သူ့ကို အထင်မသေးမိဖို့ လိုတယ်။

               သမ္မတကြီး ရူးစဗဲ့လ် Roosevelt မှာ ခွေးတကောင် ရှိတယ်။ အတိုက်အခိုက် ကောင်းတယ်လို့ ဆိုကြတယ်။ တနေ့ လမ်းလျှောက်ကြတော့ ခွေးဝဲစားကြီးတကောင်က သမ္မတရဲ့ ခွေးကို ခုန်ကိုက်လိုက်တာ သေလုမြောပါးပဲ။ F.B.I တပ်ဖွဲ့ဝင်တွေ ဝင်ကယ်ပေးရတယ်။ အိမ်ဖြူတော် အပြန်ခရီးမှာ တပ်ဖွဲ့ဝင်တယောက်က “သမ္မတကြီး ခင်ဗျာ၊ ဒီခွေးဟာ အတိုက်အခိုက် ကောင်းတယ်လို့ ထင်ထားတာ။” လို့ ဆိုပါတယ်။ ရူးစဗဲ့လ်က “အတိုက်အခိုက်က ကောင်းတယ်။ ဒါပေမယ့် ခွေးထဲမှာတော့ ဆုံးဖြတ်ပုံ Judgment အတော်ညံ့တဲ့ ခွေးလို့ ပြောရမှာပေါ့ကွာ။”  လို့ ပြောဖူးပါတယ်။
               အတိုက်အခိုက် ကောင်းပေမယ့် ရန်သူအပေါ် ကောင်းကောင်း မဝေဖန် မသုံးသပ်တတ်ရင် ရှံုးမှာပဲ။ မာရ်နတ်မှာ တန်ခိုးရှိတယ်။ အနန္တတန်ခိုးတော့ မဟုတ်ဘူး။ အကန့်အသတ်ရှိတဲ့ တန်ခိုးပါ။ ဘုရားသခင် အခွင့်ပေးမှ သုံးနိုင်တဲ့ တန်ခိုးပါ။

               မာရ်နတ်မှာ စိတ်အတွေးတွေကို နှုတ်ယူဖို့ အစွမ်းရှိတယ်။ ကျမ်းစာက “နိုင်ငံတော်၏ တရားစကားကို ကြား၍ နှလုံးမသွင်းသည်ရှိသော် နတ်ဆိုးလာ၍ နှလုံး၌ကြဲသော အစေ့ကို နှုတ်ယူတတ်၏။” မဿဲ ၁၃း ၁၉။ သမ္မာတရားကို ကြားပေမယ့် စိတ်ထဲအမြစ်မစွဲခင် နတ်ဆိုးလာပြီး နှုတ်ယူတတ်တယ်။
               ဘီယာ၊ စီးကရက်၊ စာတိုကဗျာတိုတွေကို မှတ်မိဖို့ မခက်ပေမယ့် ကျမ်းစာချက်တွေကို ဘာကြောင့် မှတ်ရခက်သလဲ? ပြဿနာက ဘီယာ၊ စီးကရက်၊ စာတိုကဗျာတိုတွေကို ဘယ်သူကမှ လာမနှုတ်ယူဘဲ၊ ကျမ်းစာတွေကိုတော့ အမြစ်မစွဲခင် လာနှုတ်နေတဲ့သူ ရှိလို့ပါပဲ။ မမှတ်မိသင့်တာတွေကို မှတ်မိနေပြီး၊ မှတ်မိသင့်တာတွေက မေ့နေတတ်တယ်။ မာရ်နတ်မှာ လူ့စိတ်ထဲကျတဲ့ တရားစကားကို နှုတ်ယူမယ့် တန်ခိုးရှိတယ်။

               မာရ်နတ်မှာ လူ့စိတ်ထဲကို အတွေးတွေ ထည့်နိုင်တဲ့ တန်ခိုးရှိပါတယ်။ တမန် ၅း ၁၊ ၂ မှာ အာနနိနဲ့ ရှဖိရေတို့ဟာ သူတို့ပိုင် ပစ္စည်းအတွက် လိမ်ညာတယ်။ ပေတရုက အာနနိကို “စာတန်သည် သင့်၏စိတ်နှလုံးကို အဘယ့်ကြောင့် ပြည့်စေရသနည်း” လို့ ဆိုတယ်။ ဒီကျမ်းပိုဒ်က Heart စိတ်နှလုံး လို့ဆိုရာမှာ Mind စိတ်သဘော၊ လူ့ရဲ့ ဗဟို လို့ ရည်ရွယ်တယ်။ Heart of the matter ဆိုရင် center of the matter အကြောင်းကိစ္စတခုရဲ့ ပင်မ၊ heart of the earth  ဆိုရင် center of the earth ကမ္ဘာမြေရဲ့ ဗဟိုချက်၊ the heart of  the tree ဆိုရင် center of the tree သစ်ပင်ရဲ့ ဗဟိုချက်လို့ ဆိုတာနဲ့ တူပါတယ်။ ကျမ်းစာထဲမှာ heart လို့ပြောရင် အများအားဖြင့် ခန္ဓာကိုယ်ထဲက pump အသားနှလုံးကို ပြောတာမဟုတ်ဘဲ၊ mind စိတ်သဘောကို ရည်ရွယ်ပါတယ်။ “လူသည် စိတ်ထင်သည့်အတိုင်း ဖြစ်၏။” သုတ္တံ ၂၃း ရ။ တွေးတဲ့အလုပ်ကို အသားနှလုံးက မလုပ်ဘူး။ စိတ်ကသာ တွေးပါတယ်။ လူ့ရဲ့ အဓိကပင်မဟာ စိတ်ပါ။ စိတ်ခံစားတဲ့နေရာပေါ့။ ဒီနေရာကနေ ဆုံးဖြတ်ချက်တွေ ချတယ်။ စိတ်ဆန္ဒနဲ့ အသိတရားလည်း ဖြစ်ပါတယ်။

               ရှင်ပေတရုက အာနနိကို “သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို လှည့်စား၍ … စာတန်သည် သင်၏ စိတ်နှလုံးကို အဘယ့်ကြောင့် ပြည့်စေရသနည်း။ ….. လူကိုသာ မုသာပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသာပြောပြီ။” လို့ ဆိုပါတယ်။ တမန် ၅း ၃၊ ၄ ။ အာနနိဟာ မြေကွက် ရောင်းဖို့၊ ရတဲ့ငွေတချို့ကို ဝှက်ထားဖို့၊ လိမ်ပြောဖို့ အကြံဘယ်ကရသလဲ? မာရ်နတ်ထံကပါ။ မာရ်နတ်က သူ့ရဲ့ စိတ်ထဲကို အကြံထည့်လိုက်တယ်။

               မာရ်နတ်က သိပ်ပါးတယ်။ တွေဝေစိတ်နဲ့ အရူးအမူးစိတ်တွေ ထည့်ပေးတတ်တယ်။ ထည့်ပြီးတာနဲ့ အဲဒါတွေကို ကိုယ့်ဘာသာ ကိုယ်တွေးတာလို့ ထင်လာစေတယ်။ ပြီးရင် “ကယ်တင်ခြင်းရသူတွေဟာ အခု မင်းတွေးနေသလို မတွေးကြဘူး” လို့ ထင်လာစေတယ်။ ဒါနဲ့ ကယ်တင်ခြင်းရတာကို သံသယဝင်လာစေမယ်။ မာရ်နတ်မှာ တန်ခိုးရှိတယ်။ အနန္တတန်ခိုးတော့ မဟုတ်ဘူး။

               စုံစမ်းသွေးဆောင်ရာမှာ ကျမ်းစာရဲ့ အဓိကတရားတွေကို ဆန့်ကျင်ခိုင်းလေ့ရှိတယ်။ စုံစမ်းခြင်းဟာ လုပ်ဖို့ သွေးဆောင်တာပါ။ အမှားဆိုတာက ကျမ်းစာရဲ့ ရှင်းလင်းတဲ့ သွန်သင်ချက်ကို ဆန့်ကျင်တာပါ။ တခါတရံမှာတော့ အမှန်လုပ်ဖို့ အမှားနည်းတွေကို မာရ်နတ်က သွင်းလေ့ရှိတယ်။ အိမ်ထောင်ပြုခြင်းအားဖြင့်ဆိုရင် ဖို,မ ကိစ္စဟာ မမှားပါဘူး။ ဒါပေမယ့် မာရ်နတ်က အိမ်ထောင်မပြုဘဲ အလိုဆန္ဒ ကျေနပ်မှုကို ရှာစေတယ်။ မှန်တဲ့အရာကို အမှားနည်းနဲ့ လုပ်ခိုင်းတာပါ။

               သခင်ယေရှုကြံုခဲ့ရတဲ့ စုံစမ်းခြင်း ၃ ခု မှာ မာရ်နတ်က အမှားလုပ်ဖို့ သွေးဆောင်တာ မဟုတ်ဘဲ၊ အမှန်ကို အမှားနည်းနဲ့ ဖြေရှင်းခိုင်းတာ ဖြစ်တယ်။ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊ ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ။” လုကာ ၄း ၃။ သခင်ယေရှုက ရက်ပေါင်း ၄၀ လုံးလုံး အစာရှောင်ခဲ့လို့ “မွတ်သိပ်တော်မူ၏။” လို့ ဆိုပါတယ်။ ဆာနေလို့ အစာစားတာဟာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ကျောက်ခဲကို မုန့်ဖြစ်စေဖို့ အမိန့်ပေးတဲ့အခါ ဘုရားသခင်ကို အားမကိုးတာဟာ အပြစ်ဖြစ်ပါတယ်။

               မာရ်နတ်က သခင်ယေရှုကို ဗိမာန်တော်ရဲ့ အထွတ်အထိပ်ကို ခေါ်သွားတယ်။ “ကျမ်းစာလာသည်ကား၊ သင့်ကို စောင့်ရှောက်ခြင်းငှါ၊ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ၊ သူတို့သည် သင့်ကို လက်နှင့် မ,စ ချီပင့်ကြလိမ့်မည်ဟု လာ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤအထွတ်မှ ကိုယ်ကို အောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။” လုကာ ၄း ၉- ၁၁။ လိမ့်ကျတဲ့အခါ ကွယ်ကာဖို့ ဘုရားသခင်ကို အားကိုတာဟာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ဘုရားကို ယုံတာပြချင်လို့ ပြတင်းပေါက်က ခုန်ချမယ်ဆိုရင်တော့ မှားတာပေါ့။ မာရ်နတ်က သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် မဟုတ်ဘဲ၊ Chance ဆိုတဲ့ အခြေအနေအရ အသက်ရှင်စေချင်တယ်။ မာရ်နတ်က သခင်ယေရှုကို မြင့်တဲ့တောင်ပေါ်ကို ခေါ်သွားတယ်။ လောက တိုင်းနိုင်ငံတွေကို ပြတယ်။ ပြီးမှ “ကိုယ်တော်သည် ငါ့ကို ညွှတ်ပြပ် ကိုးကွယ်လျှင် ယခု ပြလေသမျှတို့ကို ငါပေးမည်ဟု ဆိုလေ၏။” မဿဲ ၄း ၉။

               လောကီနိုင်ငံအားလုံးကို သခင်ယေရှု ပိုင်ဆိုင်တာဟာ အပြစ်မရှိပါဘူး။ တနေ့- ဘုရင်တကာတို့ရဲ့ဘုရင်၊ သခင်တကာတို့ရဲ့သခင်အဖြစ် ကြွလာတဲ့နေ့မှာ ပိုင်ရမယ်။ ကောင်းကင်အောက် မှာ ရှိသမျှတို့ကို ပိုင်ရမှာဘဲ။ လူတိုင်း၊ လူမျိုးတိုင်းဟာ ဒူးထောက်ပြပ်ဝပ်ကြပြီး ယေရှုခရစ်ဟာ သခင်ပါလို့ ခမည်းတော်ရဲ့ ဘုန်းတော်ကို ဝန်ခံကြရမှာပါ။ ဒါပေမဲ့ လောကီနိုင်ငံကို ရဖို့ စာတန်ကို ဒူးထောက်ပြပ်ဝပ်ကိုးကွယ် ရမယ်ဆိုတာတော့ မှားတာပေါ့။ စာတန်က သခင်ယေရှုကို ဖြတ်လမ်းနည်း သုံးစေချင်တယ်။ ကားတိုင်မထမ်းဘဲ၊ သရဖူရဖို့။ ဒုက္ခမခံ ဘဲ ဘုန်းအသရေ ရဖို့ပါဘဲ။ ဒါပေမဲ့ သခင်ယေရှုက ကိုးကွယ်ခြင်း worship နဲ့ အမှုဆောင်ခြင်း၊ ဝတ်ပြုခြင်း service ဟာ အမြဲတွဲနေတယ်ဆိုတာကို သိတော်မူတယ်။ “သင်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။”

               မာရ်နတ်ရဲ့ လိမ္မာပါးနပ်ပုံက သိပ်ကြောက်စရာ ကောင်းတယ်။ ကျွန်တော်တို့ သေတဲ့အချိန်အထိ မာရ်နတ်က ကလိမ်ကျနေမှာဘဲ။ ဘယ်တော့မှ အလျော့မပေးသင့်ဘူး။ သေခါနီးအချိန်အထိ ကုတင်ဘေးမှာ လာရပ်ပြီး အမှားလုပ်ဖို့ တိုက်တွန်းဦးမှာဘဲ။ စာတန်ဟာ ဟောက်သောခြင်္သေ့လို ဘယ်သူကို မျိုရမလဲဆိုပြီး လှည့်လည်ဆဲ၊ သွေးဆောင်ဆဲ၊ ရှင်သန် လှုပ်ရှားနေဆဲဘဲ။ ခရစ်ယာန်များစွာကို မျိုခဲ့ပြီးပြီ။ အဲဒီခရစ်ယာန်တွေ ငရဲသွားကြပြီလို့တော့ မဆိုလိုဘူး။ ဘုရားအမှုတော်အတွက် အသုံး မဝင်တော့ဘူးလို့ ပြောချင်တာပါ။

              တရားဟောဆရာကြီးတပါးက မာရ်နတ်အကြောင်း စာအုပ်တအုပ်ရေးခဲ့တယ်။ အဲဒီအချိန်က မရောင်းရဘဲ၊ ကားဂိုဒေါင်ထဲမှာ လှောင်ထားတယ်။ တနေ့ သူ့ကိုသွားတွေ့တော့၊ သူရေးတဲ့ မာရ်နတ် စာအုပ်အကြောင်း ပြောပြတယ်။ သူက “ခင်ဗျားကို တစ်အုပ်လောက် ပေးချင်တယ်။” လို့ ဆိုတယ်။ စာအုပ်ယူဖို့ ကားဂိုဒေါင်ဘက်ကို သွားတော့ သူ့စာအုပ်တွေကို ကြွက်တွေက အပိုင်းပိုင်းဖြစ်အောင် ကိုက်ထားတာ တွေ့ရတယ်။ အိမ်ထဲပြန်လာပြီး သူ့ဇနီးကို “အမေကြီးရေ - မာရ်နတ်ကို ကြွက်တွေ စားပစ်ပြီကွ”  လို့ ပြောတော့ ဇနီးသည်က တအိမ်လုံး ကြားလောက်အောင် “ဟူး …. ဘုရားသခင် ဘုန်းကြီးပါစေ၊ မာရ်နတ် မရှိတော့ဘူးဆိုတော့ ပျော်လိုက်တာရှင် ” လို့ အော် ပြောပါတော့တယ်။  ကြွက်တွေကတော့ မာရ်နတ်ကို တကယ် ဘယ်ကိုက်စားနိုင်မလဲ။ ကျွန်တော်တို့ကို အတိုက်အခံလုပ်ဖို့ အနီးအနားမှာ ရှိနေဆဲပါဘဲ။

    (၂) ခုခံတိုက်ခိုက်ဖို့ နိုးဆော်ချက်
           ကျမ်းစာက ပြန်တိုက်ဖို့ နိုးဆော်ပါတယ်။ “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” - ယာကုပ်၄း ရ။ “ဆီးတားပါ ” ဆိုတာ “ပြန်တိုက်ခိုက်ပါ” လို့ အဓိပ္ပါယ်ရတယ်။ ရဲအရာရှိတယောက်က လူတယောက်ကို ဖမ်းဖို့သွားတယ်။ အဲဒီလူက ဖမ်းတာကို ပြန်ဆီးတားတယ်ဆိုတာ ဘာကိုဆိုလိုသလဲ? ရဲအရာရှိရဲ့ အဖမ်းမခံရအောင် သူတတ်နိုင်သလောက် ပြန်ခုခံတာပါဘဲ။ ပြန်တိုက်တာပေါ့။

           စာတန်တိုက်ခိုက်ရင် ခရစ်ယာန်အများစုက ဆုတောင်းကြတယ်။ ဆုတောင်းတာ မမှားပါဘူး။ ဒါပေမယ့် ဂတိတော်က “တောင်းကြလော့။ မာရ်နတ်ပြေးသွားလိမ့်မည်” လို့ မပြောဘူး။ “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” လို့သာ ဂတိပေးထားပါတယ်။ ခရစ်ယာန်အများစုက မာရ်နတ်ပြေးသွားဖို့ ဘာလုပ်ရမယ်ဆိုတာ မသိဘူး။ ဘာကြောင့်လဲဆိုတော့ တခါမှ မာရ်နတ်ကို မဆီးတား ဖူးလို့ဘဲ။ ခရစ်ယာန်အများစုက ရန်သူအကြောင်းသိပ်မကြားဖူးဘူး။  ဒါကြောင့်ခရစ်ယာန်တယောက်ရဲ့ အပြုအမူက ဘုရားဖက်ကို ပုံချတာ များတယ်။ ဒါပေမယ့် ဘုရားသခင်က “တောင်းကြလော့၊ မာရ်နတ် ပြေးအောင် လုပ်ပေးမယ်” လို့  ဂတိပေးမထားဘူး။ “ဆယ်ဖို့တစ်ဖို့သာ ပေးကြပါ။ ငွေနဲ့ပေါက်ပြီး နှင်လိုက်မယ်” လို့ ပြောမထားဘူး။  “သက်သေခံကြ။ စိတ်ဝိညာဉ်ရယူကြ။ သူမနှောက်ယှက်စေရဘူး” လို့လည်း ပြောမထားဘူး။ “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” လို့သာ မိန့်တော်မူပါတယ်။ “ဆီးတားပါ” ဖို့က အဓိကဘဲ။ မာရ်နတ်ပြေးစေချင်ရင်၊ ကျွန်တော်တို့ ဆီးတားရမယ်။

           Andrew Jackson ရဲ့ကလေးဘဝ သူငယ်ချင်းတွေထဲက တယောက်က “ကျွန်တော် Andrew ကို ၁၀ ကြိမ်မှာ ၉-ခါလောက် ကိုင်ပေါက်နိုင်တယ်။ ဒါပေမယ့် ခက်တာက သူက ကိုင်ပေါက်တာ ငြိမ်မခံဘူးဗျ ” လို့ ပြောဖူးတယ်။

           Billy Bray ဆိုတဲ့ သတ္တုတွင်းတူးသမားတယောက်ဟာ မာရ်နတ်ကို မကြာခဏ တိုက်ခိုက်ဖူးတယ်။ မာရ်နတ်က Billy ရဲ့စိတ်ထဲကို “ Billy မင်းကို ဘုရားသခင်ကချစ်ရင်၊ မင်းကြီးပွါးနေမှာပေါ့။ ဒီအာလူးပိန်ရှံု့ရှံု့ တွေအစား အာလူးကောင်းတွေစားနေရမှာပေါ့ ” ဆိုတဲ့ အတွေးတွေ ထည့်လာတယ်။ ဒီလိုဆက်တိုက် နှောက်ယှက်နေတော့ Billy က “ဟေ့- မာရ်နတ်၊ ကျမ်းစာဖတ်လို့ မင်းအကြောင်း ငါသိပြီးသားပါကွာ။ ယော ၈း ၄၄ ထဲမှာ မင်းဟာ မုသာကောင်၊ မုသာရဲ့အဘ လို့ခေါ်ထားတယ်။ နောက်ပြီး မင်းခိုင်းတာ လိုက်လုပ်ရင် စုတ်ပြတ်သပ် နေမှာပေါ့။ အခုထွက်သွားလို့ အော်တော့မှ ရပ်တော့တယ်။ Billy Bray  လိုပဲ ကျွန်တော်တို့လည်း ပြန်တိုက်တတ်ရမယ်။ “မာရ်နတ်ကိုဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။”

          “ မာရ်နတ်ကို ရှောင်ပြေးကြ” ဆိုတဲ့ ကျမ်းချက် တချက်မှ မရှိပါဘူး။ “လူပျိုတို့၏တပ်မက်ခြင်း ကိလေသာ စိတ်ကို ကြည်ရှောင်ကြလော့ ” ဆိုတဲ့ ကျမ်းချက်ပဲရှိတယ်။ မာရ်နတ်ကို ရှောင်ပြေးရမယ်လို့ ကျမ်းစာကမပြောဘဲ မာရ်နတ်သာ ကျွန်တော်တို့ထံက ပြေးသွားရမယ်လို့ ဆိုပါတယ်။ ခရစ်ယာန်အများစုက ဘုရားဖက်ကိုသာ ပုံချတတ်တယ်။ ဥပမာ၊ အကြွေးပေးစရာတွေအတွက် စိုးရိမ်တယ်။ အိပ်မပျော်နိုင်တော့ဘူး။ ဒါနဲ့ မစိုးရိမ်အောင် မ,စဖို့ ဆုတောင်းတော့တယ်။ ဆုတောင်းတာ မမှားပါဘူး။ ဘာကိစ္စမဆို ဆုတောင်းသင့်ပါတယ်။ ဒါပေမယ့် ခက်တာက စိုးရိမ်စိတ်ကို စာတန်က ထည့်ပေးတာပါ။ သူက “မင်း အကြွေးမဆပ်နိုင်တော့ဘူး။ နောက်တပတ်မှာ တခြားအကြွေးတွေလည်း ထပ်ပေးရတော့မယ်။ မင်းဘာလုပ်မလဲ?” လို့ ပြောလာပြီ။ ဖိလိပ္ပိ ၄း ၆ မှာ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ -” (သို့) “ဘာတခုမှ မစိုးရိမ်နဲ့ ” လို့ တွေ့ရမှာပါ။ မာရ်နတ်ကတော့ “စိုးရိမ်စမ်း” လို့ ပြောတယ်။ ဒါပေမယ့် ဘုရားသခင်က “ဘာတခုမှ မစိုးရိမ်နဲ့” လို့ မိန့်တော်မူတယ်။ စိုးရိမ်ခြင်းကို ပယ်ရှားဖို့ တခုတည်းသောနည်းကတော့ စာတန်ကို ပြန်တိုက်ဖို့ဘဲ။ “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” စိတ်ပူလာတာနဲ့ တပြိုင်နက် ဘုရားသခင် စိတ်မပူခိုင်းတာကို မာရ်နတ်က ခိုင်းနေပြီ လို့ သတိထားပါ။ ဘုရားသခင်က ဘာတခုမှ မစိုးရိမ်နဲ့တဲ့။ အကြွေးအတွက် စိုးရိမ်ဖို့ မာရ်နတ်က အတွေးထည့်ပေးနေပြီ။ စိုးရိမ်စိတ်ကို ဖယ်ရှားဖို့နည်းကတော့ မာရ်နတ်ကို ဆီးတားဖို့ဘဲ။ မာရ်နတ်ထွက်ပြေးသွားရင် စိုးရိမ်စိတ်တွေလည်း ပြေးသွားပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုပြန်တိုက်မလဲ? ခရစ်ယာန်လက်နက်စုံတွေထဲက တခုအားဖြင့်သာ တိုက်နိုင်ပါတယ်။ ကယ်တင်ခြင်း သံခမောက်ကို ဆောင်း။ ယုံကြည်ခြင်းဒိုင်းလွှားကို ကာ။ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာကို ဝတ်။ ဧဝံဂေလိတရားကို ဟောဖို့ပြင်တဲ့ ခြေစွပ်ကို စွပ်။ ပြီးတော့ နှုတ်ကပတ်တော်ဆိုတဲ့ ဝိညာဉ်တော်ဓါးကို ကိုင်ပါ။ ဓါးဟာ တခုတည်းသော တိုက်ခိုက်ရေးပစ္စည်းဘဲ။ ဝိညာဉ်တော်ရဲ့ဓါးဟာ ထက်မြက်နေဆဲဘဲ။ “ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက် တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးအဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍  ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” ဟေဗြဲ ၄း၁၂

              “လိုက်နာရန်ပုံသက်သေ” အကြောင်း၊ ခေါင်းစဉ်မှာ မာရ်နတ်ကိုဆီးတားဖို့ ဝိညာဉ်တော်ဓါးကို ဘယ်လို ထိထိရောက်ရောက် သုံးရမယ်ဆိုတာ ပြောပြပါမယ်။ ဒါပေမယ့် အခုတော့ ခေါင်းစဉ်တခုကို အရင်ပြောပါရစေ။

      (၃) တိုက်ခိုက်ရန် ခွန်အားပေးသံ
               “သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏။” ၁ယော ၄း ၄။  ဒါဟာ တိုက်ခိုက်ဖို့ အားပေးသံပါဘဲ။ အဓိကအချက်လည်း ဖြစ်တယ်။  ဒီကျမ်းပိုဒ်ကို ရွတ်လိုက်ရင် မာရ်နတ် ပြေးမယ်လို့ ဂါထာပေးတာမဟုတ်ဘူး။  “သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏။” လို့ ရွတ်လိုက်ရုံနဲ့၊ စုံစမ်းခြင်းကို အောင်မြင်ဖို့ မသေချာသေးပါဘူး။ အောင်မြင်နိုင်တဲ့အတွက် တိုက်ပါလို့ အားပေးခြင်းသာဖြစ်တယ်။ “လောကဘက်မှာရှိတဲ့သူထက် မင်းအထဲမှာရှိသူက ပိုကြီးမြတ်တော်မူတယ်။ မင်းပြန်တိုက်ရင် နိုင်နိုင်တယ်။” လို့ ဘုရားသခင် ပြောချင်တာပါ။ ဂျက်လေယာဉ်တစ်စီးကို ကြည့်ပါ။ “မြေဆွဲအားထက် အင်ဂျင်စက်ရဲ့ ပျံတက်အားက ပိုများပါလား။” လို့ ပြောစရာရှိတယ်။ ဒါပေမယ့် အဲဒီစကားကို တနေ့လုံး ပြောနေလည်း ဂျက်လေယာဉ်က လုံးဝေ့ရွမှာမဟုတ်ဘူး။ သာတဲ့အကြောင်း ပြောပြခြင်းသာဖြစ်တယ်။ လေယာဉ်ပျံချင်ရင် စက်ကို အရင်နှိုးရပါမယ်။

                ၁ယော ၄း ၄ က တိုက်ခိုက်ဖို့ အားပေးသံပါဘဲ။ ဒါပေမယ့် မာရ်နတ်ပြေးစေချင်ရင်တော့ သူ့ကို ဆီးတားရမယ်။ ကိုယ့်အထဲက တန်ခိုးဟာ အောင်နိုင်ဖို့အတွက် လုံလောက်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုဆိုတာ အလိုအလျောက် မရနိုင်ဘူး။ စာတန်ကို တိုက်ခိုက်ရပါမယ်။ ဒီတန်ခိုးကို ဘယ်လိုအသုံးချမလဲ? မာရ်နတ်ကို ဘယ်လိုဆီးတားမလဲဆိုတာ သင်ယူကြရမယ်။ “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” ဆိုတဲ့ ယာကုပ် ၄း  ရ ကို လက်တွေ့ အသုံးချရမယ်။

       (၄) လိုက်နာရန် ပုံသက်သေ
                 မဿဲ ၄ ထဲမှာ လိုက်နာစရာ ပုံသက်သေကောင်း တခုရှိပါတယ်။ သခင်ယေရှုကိုစုံစမ်းပုံနဲ့ သခင်ယေရှုက မာရ်နတ်ကို ဆီးတားတဲ့ပုံပါ။ သေသေချာချာ လေ့လာကြည့်ရင် ဘယ်လိုဆီးတားခဲ့တယ် ဆိုတာ တွေ့လာရပါလိမ့်မယ်။ မာရ်နတ်က ခပ်ပေါ့ပေါ့ တိုက်ခိုက်တာမဟုတ်ဘူး။ အားနည်းချက်ကို ရှာတိုက်တယ်။ Dr. Bob Jones, Sr; က “စုံစမ်းနှေက်ယှက်ခြင်းနဲ့ အခွင့်အခါကြံုရင် ဒုက္ခရောက်ပြီ .. မှတ်” လို့ ပြောဖူးတယ်။ “ ယေရှုသည် အရက်လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှ၊ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။” အငယ် ၂။ အဲဒီတော့ စာတန်ကလာပြီး “ဘုရားသခင်၏ သားတော်မှန်လျှင်၊ ဤကျောက်ခဲ တို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ” လို့ ပြောတယ်။ အငယ် ၃။ ကယ်တင်ခြင်းမရခင်တုန်းက အရက်သောက်ခဲ့ဖူးရင် အရက်နဲ့ သွေးဆောင်မှာဘဲ။ ပျော့ကွက်ကနေ တိုက်ခိုက်ပါတယ်။ သခင်ယေရှုဆာနေချိန်မှာ စာတန်က “ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်း အမိန့်ရှိတော်မူပါ” လို့ ပြောခဲ့တယ်။

                  ကိုယ်က အမှုတော်ထဲမှာ စိတ်ပျက်လို့ အသင်းတော်ကို စွန့်ချင်နေချင်ရင်၊ အလုပ်အကိုင် ကောင်းကောင်းတခု ရဖို့ အခွင့်ကြံုလာတာကို မအံ့ဩနဲ့။ သင့်အမျိုးသမီးက သင်နဲ့အတူမရှိချိန်၊ တယောက်နဲ့ တယောက် အဆင်မပြေဖြစ်ပြီး စိတ်တွေရှုပ်နေချိန်မှာ ၁၅-နှစ်အရွယ် မိန်းမငယ်တယောက် ရောက်လာပြီး ရွတ်တွနေတဲ့လူကို ရှိသမျှထဲမှာ အချောအခန့်ဆုံးလို့ ပြောလာမှာဘဲ။ အကြွေးပေးစရာတွေက ၆-လလောက် လွန်လာနေလို့ သေလောက်အောင် စိတ်ညစ်နေချိန်မှာ တယောက်ယောက်က အကြံအဖန် သူဌေးဖြစ်နည်းတခု  လာပြောပြမှာဘဲ။ “ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ။” ဆိုတဲ့ စကားကို သခင်ဘုရား အစားအသောက်ကောင်း စားပြီးစမှာ စာတန်က လာပြောတာမဟုတ်ဘူး။ သခင်ဘုရား ရက်ပေါင်း(၄၀) လုံးလုံး အစာရှောင်လို့ ဆာလောင်နေချိန်မှာ ပြောတာဖြစ်တယ်။

                သခင်ယေရှုက “ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။ ကျမ်းစာလာသည် ” လို့ တုန့်ပြန်လိုက်တယ်။ သခင်ယေရှုဟာ စုံစမ်းခြင်းကို တိုက်ထုတ်ဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဆိုတဲ့ ဝိညာဉ်တော်ရဲ့ဓါးကို အသုံးပြုခဲ့တယ်။ စုံစမ်းခြင်းဟာ “စာတန်စကား” နဲ့ စပြီး၊ စုံစမ်းလာတဲ့ မာရ်နတ်ကိုဆီးတားဖို့ နည်းကတော့ “ကျမ်းစာလာသည်ကား” ဖြစ်ပါတယ်။ စုံစမ်းခြင်းနဲ့သက်ဆိုင်တဲ့ ဓမ္မဟောင်းကျမ်းချက် တစ်ချက်ကို သခင်ယေရှုက အသုံးပြုခဲ့တယ်။ မာရ်နတ်ကို ဆီးတားတယ်ဆိုတာဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဆိုတဲ့ ဝိညာဉ်တော်ဓါးနဲ့ ပြန်တိုက်ခိုက်ခြင်းပါဘဲ။ ဒါပေမယ့် မာရ်နတ်က လွယ်လွယ်နဲ့ လက်မလျော့ဘူး။

              “ ထိုအခါ မာရ်နတ်သည် သခင်ယေရှုကို သန့်ရှင်းသောမြို့တော်သို့ ဆောင်သွား၍ ဗိမ္မာန်တော်၏ အထွ္ဂ္ဂဋ္ဋ်၌ တင်ထားပြီးလျှင်၊- ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေခြင်းငှါ သူတို့သည် သင့်ကို လက်နှင့်မစ ချီပင့်ကြလိမ့်မည်ဟု လာ၏။ ထို့ကြောင့် ဘုရားသခင်၏သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ ချလိုက်တော်မူပါဟု လျှောက်လေ၏။” (အငယ်၅၊၆) သခင်ဘုရားက ကျမ်းစာချက်ကိုရွတ်ပြလို့ - မာရ်နတ်ကလည်း ကျမ်းစာချက် ပြန်ရွတ်ပြပြီး စုံစမ်းလာ ပြန်တယ်။ ခက်တာက မာရ်နတ်ဟာ ကျမ်းစာချက်ကို မှန်မှန်ကန်ကန် ရွတ်တာမဟုတ်ဘူး။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့်မဟုတ်ဘဲ- အခြေအနေကြည့်ပြီး အသက်ရှင်စေဖို့ တိုက်တွန်းနေတာပါ။ ဘုရားသခင်ကို အားကိုးတာဟာ ကောင်းပါတယ်။ ဒါပေမဲ့ မဟုတ်တဲ့ ကိစ္စတွေမှာ ကိုယ့်ရဲ့ ယုံကြည်ခြင်းကို သက်သေပြပြီး ဘုရားသခင်ကို စုံစမ်းစေတာကတော့ မှားတာပေါ့။

                 မာရ်နတ်ကို ဆီးတားရာမှာ သခင်ယေရှုဟာ ပထမနည်းအတိုင်းပဲ ပြန်သုံးပါတယ်။ “သခင်ယေရှုက လည်း သင်၏ ဘုရားသခင်ထာဝရဘုရားကို အစုံအစမ်းမပြုရဟု ကျမ်းစာလာသည်ဟု မိန့်တော်မူ။” အငယ် ရ။ စုံစမ်းခြင်းကို ဆီးတားဖို့ သခင်ယေရှုဟာ သင့်တော်တဲ့ကျမ်းချက်တွေကို သုံးစွဲပြန်တယ်။ ဒါပေမယ့် မာရ်နတ်ဟာ လက်မလျော့သေးဘူး။ “ တဖန် မာရန်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊  ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကို၎င်း ပြညွှန်၍.. ကိုယ်တော်သည် ငါ့ကိုညွှတ်ပြတ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟု ဆိုလေ၏။” အငယ် ၈၊၉။

               သခင်ယေရှုကလည်း ကျမ်းစာချက်ကို  ကိုးကားတုန့်ပြန်ပါတယ်။ “သင်၏ဘုရားသခင်ထာဝရဘုရား ကိိုုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။” (အငယ် ၁၀) မာရ်နတ်က “ ဝတ်ပြု ” (အမှုဆောင် ) တဲ့ကိစ္စ ဘာမှမပြောပေမယ့် သခင်ယေရှုက “ကိုးကွယ်ခြင်း” မှာ “ဝတ်ပြုခြင်း” ပါနေတာကို သိတော်မူတယ်။ ကိုယ်ကိုးကွယ်တဲ့အရာကို ဝတ်ပြုကြရတာ ထုံးစံပဲ။ ကိုယ့်ကိုကိုယ် ကိုးကွယ်ရင်၊ ကိုယ့်အစေ ကိုယ်ခံရပါတယ်။ လုပ်သမျှဟာ အတ္တချည်းပဲပေါ့။ လောကီသားကို ကိုးကွယ်ရင် လောကီသားရဲ့အစေကို ခံရပါတယ်။ ငွေကို ကိုးကွယ်သူတွေလည်း ရှိပါတယ်။ ငွေရဲ့အစေကို ခံရပါတယ်။ လုပ်ဆောင်သမျှဟာ ငွေရဖို့ အတွက်ပဲပေါ့။ သူတို့ဘဝကို ထိန်းချုပ်အုပ်စိုးနေတာက ငွေ။ အပေါင်းအသင်းကိုတောင် ငွေအတွက်ပဲ ပေါင်းကြတယ် ။ ကိုယ်ကိုးကွယ်တဲ့အရာကို ဝတ်ပြုကြရတာ ထုံးစံပါပဲ။

              ကိုယ်ဝတ်ပြုသမျှအတွက် ဆက်ကပ်ကြရတာလည်း ထုံးစံပါပဲ။ ကဲ … ဘာအတွက် ဆက်ကပ်ချင် သလဲဆိုတာ သိရရင် -  ဘာကို ကိုးကွယ်၊ ဝတ်ပြုနေတယ်ဆိုတာ ပြောပြနိုင်ပါတယ်။ တနင်္ဂနွေနေ့မနက် ကျမ်းစာသင်တာနဲ့ ဘုရားရှစ်ခိုးတာကို မသွားနိုင်ကြဘူး။ သိပ်အေးလို့လေ။ ဒါပေမယ့် ကျန်ခဲ့တဲ့ စနေနေ့တုန်းကတော့ ဒီထက် ပိုအေးတဲ့အချိန်မှာ မနက် ၃ နာရီလောက် ထပြီး၊ အမဲလိုက်တတ်တယ်။ အမဲလိုက်တာကို အပြစ်ပြောတာ မဟုတ်ပါဘူး။ သဘောပြောပြတာပါ။ ဒီလိုဘဲ ဂေါက်သီးရိုက်ကြ၊ ငါးမျှားထွက်ကြနဲ့၊ တခြား ကိုယ်စွန့်စားချင်တာတွေအတွက် စွန့်စားလုပ်တတ်ပါတယ်။

              တတိယအကြိမ် စုံစမ်းတော့ သခင်ဘုရားက “အချင်စာတန် ငါ့နောက်သို့ဆုတ်လော့။ သင်၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင် ထာဝရဘုရားကိုသာ ဝတ်ပြုရမည်။ ကျမ်းစာ လာသည်ဟု မိန့်တော်မူပါတယ်။ (အငယ် ၁၀ ) ဒါကြောင့် “ မာရ်နတ်သည် အထံတော်မှ ထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကျွေးကြ၏။ ” (အငယ် ၁၁ )

              ကျမ်းစာက “ မာရ်နတ်ကို ဆီးတားကြလော့ သို့ပြုလျှင် သူသည် သင်တို့ထံကပြေးသွားလိမ့်မည်။”  လို့ ယော ၄းရ - မှာ ဂတိပေးထားတယ်မဟုတ်လား? ဒီအတိုင်းဘဲ မဿဲ ၄း မှာ သခင်ယေရှုက မာရ်နတ်ကို စုံစမ်းခြင်းနဲ့ သင့်လျော်တဲ့ ကျမ်းချက်တွေသုံးပြီး တိုက်ခိုက်ရာမှာ မာရ်နတ်ထွက်သွားရတယ်။ ကျမ်းစာက “မာရ်နတ်သည် အထံတော်မှ ထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက်လုပ်ကျွေးကြ၏။ ”  လုကာ ၄း၁၃ မှာတော့ “ အထံတော်မှ ထွက်သွား၍ ကာလ အတန်အရာနေလေ၏။ ” လို့ပြောထားပါတယ်။

               ယော ၃း၁၆ မှန်သလို ယာကုပ် ၄းရ လည်း မှန်ပါတယ်။ မာရ်နတ်ကို ဆီးတားရင် သူပြေးသွားမှာပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ဂတိပါ။ ဘုရားသခင် မုသာမသုံးနိုင်ပါဘူး။

               ကဲ ဘာကြောင့် ကျွန်တော်တို့ ဒုက္ခတွေ့ကြရသလဲ? မာရ်နတ်က လာစုံစမ်းတဲ့အခါ၊ ကျွန်တော်တို့က ဘုရားသခင်ထံ မစဖို့ ဆုတောင်းတယ်။ ဒါပေမဲ့ ဘုရားသခင်က တောင်းကြလော့။ မာရ်နတ်ထွက်ပြေးစေမယ် လို့ ပြောမထားဘူး။ “ မာရ်နတ်ကို ဆီးတားကြလော့ သို့ပြုလျှင် သူသည် သင်တို့ထံကပြေးသွားလိမ့်မည်။”  လို့ သာ မိန့်တော်မူပါတယ်။ ကျမ်းစာထဲက အကျိုးရချင်ရင် ကျမ်းစာပြောတဲ့အတိုင်း လုပ်ဆောင်ရပါမယ်။

              သခင်ယေရှုဆီးတားသလိုမျိုး ဘယ်လို လက်တွေ့ ကျင့်သုံးမလဲ? နမူနာ တခုလောက် ပြောပြပါမယ်။ ကယ်တင်ခြင်းအတွက် သံသယဖြစ်နေပြီ ဆိုပါစို့။ ကယ်တင်ခြင်းမရသေးဘူးလို့ စာတန်က အတွေးတွေထည့်နေမှာဘဲ။ အဲဒီအချိန်မှာ အလိုရှိသလောက် ဆုတောင်းနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာတော့ ရှင်းသွားမှာမဟုတ်ဘူး။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် အားကိုးခဲ့ရင် နောက်ဆက်လုပ်ရမှာက မာရ်နတ်ကို ဆီးတားဖို့ဘဲ။ သံသယဝင်လာတာနဲ့တပြိုင်နက် သံသယဟာ စာတန်ဆီက လာတယ်ဆိုတာကို သိရမယ်။ ပြီးတော့ မာရ်နတ်ကို “ ဒီအတွေးတွေဟာ မင်းဆီက လာတယ်ဆိုတာ ငါသိတယ်။ ကယ်တင်ခြင်းကို သံသယဖြစ်အောင် မင်းလုပ်နေတယ်။ ဒါပေမယ့် ကျမ်းစာကတော့ ယော ၃း ၃၆ မှာ “ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ ” လို့ရေးထားတယ်။ သားတော်ကို ငါယုံတယ်တယ်ဆိုတာ ငါသိတယ်။ ဘုရားသခင် ဘာပြောတယ်ဆိုတာ ငါနားလည်တယ်။ ဒါကြောင့် ငါ ထာဝရအသက်ရပြီ။” လို့ ပြန်ပြောရမှာ ဖြစ်တယ်။

              သံသယဝင်ချိန်မှာ မာရ်နတ်ကို ဆီးတားပါ။ ယော ၃း ၃၆ ကျမ်းချက်ဟာ သိပ်ကောင်းပါတယ်။ “ အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ “ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ ” လို့ ကျမ်းစာလာတယ်။ ဘုရားသခင်ပြောထားလို့ ငါကယ်တင်ခြင်းရပြီဆိုတာ ငါသိတယ်။ မင်းရဲ့ သံသယတွေ ယူပြီး ထွက်သွားပါ စာတန်။”  လို့ ပြောရပါမယ်။

              ဒီလိုပြောလိုက်ရင် ဘယ်တော့မှ သံသယမဝင်တော့ဘူးလား? ဝင်တာပေါ့။ လုကာ ၄း၁၃ မှာ “အထံတော်မှ ထွက်သွား၍ ကာလ အတန်အရာနေလေ၏။ ” လို့ပြောထားတယ်။ ထာဝရမဟုတ်ဘူး။ ခဏလေး သွားနေတာပါ။ စာတန်က ဘယ်တော့မှ လက်လျော့မှာမဟုတ်ဘူး။ နောက်ပိုင်းမှာ သံသယကို ထပ်သွင်းနိုင်သေးတယ်။ ဒါပေမယ့် သံသယဝင်လာရင် ထုံးစံအတိုင်း ပြန်တုန့်ပြန်ဖို့ဘဲ။

              ယော ၃း၃၆ ဟာ ကျွန်တော်တို့ သုံးစွဲဘို့ ဥပမာတခုမျှသာ ဖြစ်ပါတယ်။ ယော၃း၁၆၊ ယော ၅း၂၀ တို့လို ထာဝရအသက်ရကြောင်း ပြောပြနေတဲ့ တခြားကျမ်းချက်တွေကို သုံးနိုင်ပါတယ်။ စုံစမ်းခြင်းတိုင်းအတွက် သင့်လျော်တဲ့ ကျမ်းချက်တွေ ရှိစမြဲပါ။  သိပ်ထိရောက်တဲ့ နှုတ်ကပတ်တော်ဓါးပါ။

              ကိုယ်ကျင့်တရားဖေါက်ပြန်ဖို့ မာရ်နတ်က သင့်စိတ်ထဲကို သွင်းလာတယ်ဆိုပါစို့။ အတွေးဝင်လာတာနဲ့ တပြိုင်နက် မာရ်နတ်ကို ဆီးတားလိုက်ပါ။ ဒီလိုစုံစမ်းခြင်းမှာ သင့်လျော်တဲ့ ကျမ်းချက်က ၁ကော ၆း၁၉။ ၂၀ ပါ။ “ အဘယ်သို့နည်း။ သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော သင်တို့အထဲ၌ ကျိန်းဝပ်၍၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကိုမိမိ မပိုင်ကြောင်းကို၎င်း၊ မသိကြသလော့။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။ ” ကိုယ်ကျင့်တရားဖေါက်ပြန်ဖို့ စာတန်ကသွေးဆောင်ရင် “ အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။” လို့ ကျမ်းစာလာတယ်။” လို့ ပြန်ပြောရပါမယ်။ ကိုယ်ခန္ဓာဟာ ဘုရားရဲ့ဘုန်းတော် ထင်ရှားနေရမယ်။ ပြီးတော့ စာတန်ကိုလည်း “ ကိုယ်ကျင့်တရားဖေါက်ပြန်တာဟာ ဘုရားသခင်ရဲ့ဘုန်းတော် မထင်ရှားဘူးကွ ” လို့ ပြန်ပြောနိုင်ပါတယ်။ သခင်ယေရှုက “ အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ ” မပြောမချင်း စာတန်ဟာ ထွက်မသွားသေးဘူးဆိုတာကို သတိပြုရမယ်။ ပထမ- (၂)ခါ စုံစမ်းတော့ စုံစမ်းခြင်းကို တုန့်ပြန်ဖို့ သင့်လျော်တဲ့ ကျမ်းချက်ကို ကိုးကားခဲ့ပါတယ်။ (၃)ကြိမ်မြောက်မှာ သခင်ယေရှုက “ အချင်း စာတန်၊ ငါ့နောက်သို့ ဆုတ်လော့။” လို့ မိန့်တော်မူတော့မှ “အထံတော်မှ ထွက်သွား၍ - -” လို့ ကျမ်းစာက ဖေါ်ပြတယ်။ မာရ်နတ်ကတော့ မပြောမချင်း ထွက်သွားမှာမဟုတ်ဘူး။

                မာရ်နတ်ဟာ သိပ်တန်ခိုးကြီးတယ်။ ဒါပေမယ့် ခရစ်တော် ရှိနေရင်၊ အတူရှိနေနိုင်လောက်အောင်တော့ တန်ခိုးမရှိပါဘူး။ ဒါကြောင့် “သခင်ယေရှုနာမအားဖြင့် ငါ့နောက်သို့ဆုတ်လော့။” (သို့မဟုတ်) “ထွက်သွား” လို့ ပြောရပါမယ်။ ဥပမာ- ဒီညမှာ မိတ်ဆွေက ကျွန်တော့အိမ်တံခါးကို ခေါက်ပြီး “ဝင်ပါရစေ” လို့ ပြောမယ်ဆို ပါစို့။ ကျွန်တော်က ဝင်ခွင့်မပြုဘဲ တားနိုင်တယ်။ ဒါပေမယ့် တယောက်ယောက်က တံခါးလာခေါက်မယ်။ အရာရှိ

တံဆိပ်ပြပြီး “ တရားဥပဒေအရ ရှာခွင့်ပြုပါ။” လို့ ပြောရင် ကျွန်တော် ဘာမှမတတ်နိုင်ဘူး။ ဒီလိုဘဲ ကျွန်တော်တို့က “သခင်ယေရှုနာမ၌” လို့ ပြောရင် မာရ်နတ် ဘာမှမတတ်နိုင်ဘူး။ “နာမတော်ကို” ကြားရရင် သူတုန်လှုပ်သွားတယ်။ ကာရာနီက ဖြစ်ရပ်ကို သူမှတ်မိနေပါသေးတယ်။ သခင်ယေရှုက ကားတိုင်ပေါ်မှာ စာတန်ရဲ့ခေါင်းကို ကြိတ်လိုက်ခဲ့လို့ စာတန်ဟာ သူ့ကိုယ်သူ ရှံုးနေပြီလို့ သိထားပါတယ်။

             ကျွန်တော် ၆-တန်းတုန်းကပေါ့။ အတန်းထဲက အဆိုးဆုံးကျောင်းသားတွေထဲက တယောက်နဲ့ ရန်ဖြစ်ခဲ့ဖူးတယ်။ သူနဲ့ကျွန်တော်တနေ့လုံး စကားများတယ်။ နောက်တော့ သူက ကျောင်းဆင်းရင် အောက်လမ်းထဲက ဝက်သစ်ချပင်ကြီးအောက်မှာ တွေ့မယ်လို့ စိန်ခေါ်တယ်။ အလျော့မပေးချင်တာနဲ့ သဘောတူလိုက်တယ်။ ဒါဟာ ကျွန်တော့တသက်မှာ အမှားဆုံး ဆုံးဖြတ်ချက်တွေထဲက တခုပေါ့။ ဒီဖြစ်ရပ်ကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ဂတိပေးထားပြီးတော့ နေ့လည် ကျောင်းဆင်းချိန်မှာ ရန်ပွဲကြည့်ဖို့ ကျောင်းသား ကျောင်းသူ ၅၀-ကျော်လောက် ရောက်နေကြပြီ။ တကယ်တော့ ကျွန်တော်က တချက်မှ မထိုးလိုက်ရဘူး။ နောက်တနေ့ ကျောင်းမသွားရဲလောက်အောင် ကျွန်တော် သိပ်ရှက်သွားတယ်။ ပြီးတော့ အဲဒီကျောင်းသားရဲ့နာမည်ကို ရွတ်လိုုက်တဲ့သူဟာ ကျွန်တော်အရှံုးကြီးရှံုးပြီး၊ အကြီးအကျယ် အရှက်ကွဲခဲ့ရတဲ့ ရန်ပွဲအကြောင်း သိများသိသလားလို့ စိုးရိမ်မိပါတယ်။ နောက်နှစ်ပေါင်းများစွာကြာတော့ Georgia ပြည်နယ်က Decatur မြို့ကအသင်းတော်တပါးမှာ ကျွန်တော်သင်းအုပ်လုပ်နေချိန် အဲဒီကျောင်းသားရဲ့ အမျိုးတယောက် ဘုရားကျောင်း လာတက်တယ်။  ဝတ်ပြုကိုးကွယ်ခြင်းပြီးတော့ အဲဒီအမျိုးသမီးက “ဆရာ …….  ကို သိသလား ” လို့ပြောပြီး အဲဒီလူရဲ့နာမည်ကို ရွတ်ပါတယ်။ “သူကကျွန်မတူပေါ့ ” လို့ ပြောပါတယ်။ နှစ်ပေါင်းများစွာ ကြာပေမယ့် ကျွန်တော်ရှံုးခဲ့ရတာတွေကို အဲဒီ အမျိုးသမီး သိများသိသလားဆိုပြီး စိုးရိမ်သွားသေးတယ်။

                 မာရ်နတ်ကို သခင်ယေရှုနာမည် ရွတ်ပြတဲ့အခါ သူရှံုးခဲ့တာတွေ ပြန်အမှတ်ရပါတယ်။ ကျမ်းစာကလည်း သခင်ယေရှုနာမအားဖြင့် မာရ်နတ်ကို ခုခံရမယ်လို့ ဆိုတယ်။ သခင်ယေရှုက “သို့သော်လည်း နတ်ဆိုးကို နိုင်ရသောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌ ဝင်သည်ကို ဝမ်းမြောက်ခြင်းရှိကြလော့။” လို့ မိန့်တော်မူပါတယ်။ (လုကာ ၁၀း၂၀)  စုံစမ်းခြင်းကို ခုခံဖို့ သင့်တော်ရာ ကျမ်းချက်တချက်ကို ရွတ်ပြလိုက်ပြီး၊ သခင်ယေရှုနာမတော်အားဖြင့် မာရ်နတ်ထွက်သွားလို့ ပြောလိုက်ရင် မာရ်နတ်ထွက်သွားလိမ့်မယ်။ နောက်တခါ မာရ်နတ် ပြန်လာပြီး၊ အရင်လို စုံစမ်းပြန်ရင်၊ အရင်လိုဘဲ ပြန်နှင်ပါ။ တနေ့တည်းမှာ ၅-ခါ ၆-ခါ လောက် လာပြီးတော့ စုံစမ်းနေပြန်ရင်လည်း အရင်လိုဘဲပြန်ပြောပါ။

                  ဒီလိုလုပ်ရတယ်ဆိုတာ ပထမတော့ ထူးဆန်းသလို ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် တကယ်မှန်တယ် ဆိုတာ စိတ်ချစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ (၁) ကျမ်းစာကပြောလို့ပါ။ (၂) ကျွန်တော် အသက်တာမှာ လက်တွေ့လုပ်ပြီး၊ မှန်တယ်ဆိုတာ လက်တွေ့သိခဲ့လို့ပါ။  မာရ်နတ်ကို ကျွန်တော်ပြောဆိုနှင်ထုတ်တာ ကြားရတော့ ကျွန်တော့ ကိုယ်ရေးအရာရှိ အမျိုးသမီးပင်လျှင် ဒါကို နားမလည်ခဲ့ဘူး။ သူက စာရွက်ကိုဖိတဲ့ ကျောက်တုံးကလေးပျောက်တယ်လို့ ထင်ခဲ့တယ်။ ကျွန်တော်ကလည်း အော်ဟစ်ပြီးတော့ “ အယုတ်တမာ၊ ကလိန်ကျတဲ့ကောင်၊ ထွက်သွားစမ်း ဒီမကောင်းတဲ့ အတွေးတွေ ဘယ်ကဝင်လာတယ်ဆိုတာ ငါသိတယ်ကွ။ မရဏာလမ်းထဲက မင်းယူလာတဲ့ အတွေးတွေပါကွာ။ ဒါတွေကို ငါ့အတွေးထဲမှာ လာထည့်ဖို့ ကြိုးစားနေတယ်။ ဒီအဓိပ္ပါယ်မရှိတဲ့ အကြောင်းတွေ ငါမစဉ်းစားတော့ဘူး။” ကျမ်းစာက “စင်ကြယ်သောအကျင့်၊ သူတပါး နှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကို  - - - နှလုံးသွင်းကြလော့။” လို့ ပြောတယ်ကွ။ (ဖိလိပ္ပိ ၄း၈) “ ဒီအတွေးတွေကို မင်းနိုင်ငံကို ပြန်ယူသွားပါ။ ငါက “အံ့ဩဘွယ်ရာ ကျေးဇူးတော်သီချင်း” Amazing Grace ဆိုတော့မယ်ဟေ့ ”  လို့ ပြန်ပြောလိုက်တယ်။

                  တခါက “မာရ်နတ်ကို ဆီးတားခြင်း” အကြောင်း အသင်းတော်မှာ သင်ပြပါတယ်။ နောက်တပတ်မှာ ရင်းနှီးတဲ့ အမျိုးသမီးတယောက် ရောက်လာပြီး၊ “မှန်တယ်ဆရာရေ- မှန်တယ်။” လို့ အော်ဟစ် ပြောလာတယ်။ “ဘာမှန်တာလည်းလို့မေးတော့” “မာရ်နတ်ကို ဆီးတားတယ်ဆိုတာ မှန်တယ် ဆရာရေ” လို့ ပြောပြီး သူစုံစမ်းခံရပုံ၊ သင့်လျော်တဲ့ ကျမ်းချက်တချက်ကိုင်စွဲပြီး မာရ်နတ်ထွက်သွားဖို့ သခင်ယေရှုနာမနဲ့ နှင်ထုတ်ပုံတွေ ပြောပြတယ်။ “ကျွန်မ နှင်ထုတ်တာနဲ့ တပြိုင်နက်၊ စုံစမ်းခြင်းလည်းထွက်သွားတယ်” လို့ ဆိုတယ်။ စုံစမ်းခြင်း ထွက်သွားမှာပေါ့။ စုံစမ်းစေတဲ့သူ ထွက်သွားပြီကိုး။

                  Dr. Tom Malone လည်း တောရွာ အသင်းတော်လေးတခုမှာ တရားဟောခဲ့တယ်။ စည်းဝေးပြီး လို့ ကားမောင်းပြီး အိမ်အပြန်မှာ၊ မာရ်နတ်က သူ့ကိုအတွေးတွေ ထည့်လာတယ်။ မာရ်နတ်က ကားေ့ရှခန်းမှာ ဝင်ထိုင်ပြီး “မင်းအရူးဘဲ။ မင်းကိုယ်မင်း ဒုက္ခပေးနေတာ၊ ဒီ လက်တဆုပ်စာ လူတစုကို တရားဟောဖို့ ဒီခရီးကို မောင်းလာတယ်။ တယောက် ကယ်တင်ခြင်းရတယ်ဆိုတာလည်း မင်းဘယ်လိုလုပ်သိသလဲ? မင်းအဝေးကြီးက လာရတာသိလို့ မင်းစိတ်ချမ်းသာပါစေတော့ဆိုပြီး ေ့ရှထွက်လာတာပါကွာ” လို့ ပြောလာတယ်။  ဒါနဲ့ Dr. Malone က မာရ်နတ်ဟာ ကျွန်တော် ပြန်မတုန့်မပြန်မချင်း ကျွန်တော်လုပ်ခဲ့သမျှတွေကို ကလိမ်ကျနေတယ်။ ဒါနဲ့ ကားကို လမ်းဘေးမှာ ထိုးရပ်လိုက်ပြီး စက်သတ်လိုက်တယ်။ ကားထဲကထွက် ေ့ရှဘေးထိုင်ခုံဘက် ပတ်သွားပြီး ကားတံခါးကို ဖွင့်ပြီးတော့ “မာရ်နတ်၊ ဒါ- ငါ့ကားကွ။ ငါ့ကားနဲ့ ပတ်သက်တဲ့ အာမခံကိစ္စ၊ ငွေကြေးကိစ္စ ငါ ပေးနေရတာ။ မင်းငါနဲ့ တော်တော်ကြီးစီးလာခဲ့ပြီ။ အခုထွက်သွားစမ်း။” လို့ ပြောလိုက်တယ်။ ကားတံခါးကို ဆောင့်ပိတ်လိုက်ပြီး ကားတဖက်ကို ပြန်ပိတ်ပြီး၊ ကားဆက်မောင်းလာခဲ့တယ်” လို့ ဆိုပါတယ်။ မိတ်ဆွေ၊ “သင်လည်း၊ ကားတံခါးကိုဖွင့်ပြီး ထွက်သွား” လို့ ပြောတတ်ဖို့ သင်ယူတတ်ရမယ်။

                   အကျင့်ဆိုးတွေ စွန့်ပစ်ချင်ရင်လည်း ဒီနည်းကိုသုံးရပါမယ်။ ဥပမာ- ဆေးလိပ်ဖြတ်မယ်ဆိုပါတော့။ ဉာဏ်မျက်စိလင်းလာတဲ့သူလည်း ဖြစ်မယ်ဆိုရင် ၁ကော ၆း ၁၉-၂၀ ကျမ်းချက်ကို ကဒ်လေးတကဒ်မှာရေးပြီး။ အကျ ႌအိတ်ကပ်ထဲမှာ ဆောင်ထားပါ။ ဆေးလိပ်သောက်ချင်လာတိုင်း၊ ဆေးလိပ်ထည့်တတ်တဲ့ အိတ်ကပ်ကို လက်ရောက်သွားတယ်။ ဆေးလိပ်အစား၊ ကျမ်းစာချက်ကဒ်ကလေးကို တွေ့မှာပဲ။ ဆွဲထုတ်ပြီးတော့ - - “မာရ်နတ် ဆေးလိပ်သောက်ချင်စိတ်ဆိုတာ ဘယ်ကလာမှန်း ငါသိတယ်ကွ။ ဒါပေမယ့် ၁ကော ၆း ၁၉-၂၀ မှာ “အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်တော် ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိမပိုင်ကြောင်းကို၎င်း၊ မသိကြသလော။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသောသင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။” လို့ ရေးထားတယ်။ စာတန် - “ငါမင်းစကား နားမထောင်နိုင်ဘူး။ ကျမ်းစာကပြောသလို ငါတို့ ကိုယ်ခန္ဓာမှာ ဘုရားသခင်ရဲ့ ဘုန်းတော်သာ ထင်ရှားရမယ်။ မင်းရဲ့ ဆေးလိပ်သောက်ချင်စိတ်တွေ ယူပြီး ထွက်သွားစမ်း။ ယေရှုခရစ်နာမအားဖြင့် ငါအမိန့်ပေးတယ်။” လို့ ပြောရပါမယ်။

                    ယာကုပ် ၄းရ မှန်ရင် မာရ်နတ် ထွက်ပြေးပါလိမ့်မယ်။ သူထွက်ပြေးရင် ဆေးလိပ်သောက်ချင်စိတ် တွေလည်း ပါသွားပါလိမ့်မယ်။ ဒါပေမယ့် သခင်ယေရှုရဲ့ အနားက မာရ်နတ်ထွက်သွားတုန်းက ခဏတာပဲ ထွက်သွားတာ ဖြစ်တယ်ဆိုတာကို သတိပြုရပါမယ်။ နောက်တခါလာပြီးတော့ ဆေးလိပ်သောက်ချင်စိတ်တွေ မာရ်နတ်ယူလာဦးမှာပဲ။ ယူလာတိုင်း အဲဒီအတိုင်း ပြန်ပြောလိုက်ပါ။ ကြာလာရင်၊ ဆေးလိပ်သောက်ချင်စိတ်တွေ ဟာ သင်နဲ့ဝေးသွားပြီးတော့၊ နောက်ဆုံး ပြတ်သွားပါလိမ့်မယ်။

                    အဲဒီတော့- မာရ်နတ်ကို တားဆီးရာမှာ အောင်မြင်ချင်ရင် ဝိညာဉ်တော်ရဲ့ဓါးဖြစ်တဲ့ နှုတ်ကပတ်တော်ကို ရင်းနှီးကျွမ်းဝင်နေရမယ်။ ကြံုဖူးတဲ့ အဆိုးဆုံး စုံစမ်းခြင်းအကြောင်း ဆင်ခြင်ကြည့်ပါ။ ခဏခဏ ကြံုဖူးတဲ့စုံစမ်းခြင်းပေါ့။ သင့်လျော်တဲ့ ကျမ်းချက်တခုကိုရှာပြီး မာရ်နတ်ကို ဆီးတားပါ။ အသင့်ပြင်ပါ။ တခြား စုံစမ်းခြင်းတွေအတွက်လည်း ကျမ်းချက်တွေရှာပါ။ ပြီးတော့ မာရ်နတ်ကို ဆီးတားပါ။ သူ ထွက်ပြေးပါလိမ့်မယ်။

                     ဘုရားသခင်ရဲ့နှုတ်ကပတ်တော် သမ္မာကျမ်းစာဟာ ဧည့်ခန်းထဲမှာ အလှထားဖို့၊ စာအုပ်စင်မှာ တင်ဖို့ မဟုတ်ဘူး။ အသုံးပြုဖို့ပါ။ ဝိညာဉ်တော်ရဲ့ဓါးဖြစ်ပါတယ်။ မိတ်ဆွေဟာလည်း ယေရှုခရစ်ရဲ့ စစ်သူရဲပါပဲ။

                     နောက်ဆုံးအနေနဲ့ ယာကုပ် ၄း၈ မှာ “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။” ဆိုတာ ဆင်ခြင်ကြည့်ပါ။ မာရ်နတ်ကို မဆီးတားခင်၊ ဘုရားသခင်နဲ့ နီးနိုင်သမျှ နီးအောင်နေပြီး၊ ဆုတောင်းသင့်ပါတယ်။             ။

No comments:

Post a Comment