Wednesday, July 10, 2013

13. God’s Chastening of the Believer (BREAD FOR BELIEVERS) (Burmese)

---------------------------------------------------------------------------------------------
အခန်း ၁၃
---------------------------------------------------------------------------------------------------
Dr. Curtis Hutson

 “ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူ၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကိုပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော့။ သင်တို့သည် ဆုံးမတော်မူခြင်းကိုခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသော သားတစုံတယောက်ရှိသလော။ သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည်မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသော သားဖြစ်ကြ၏။ တနည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာ ရကြမည်မဟုတ်လော။ အကြောင်းမူကား၊ ထိုအဘတို့သည် မိမိိအလိုသို့လိုက်၍ တခဏသာ ဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်း ပါရမီတော်ကို ငါတို့သည် ဆက်ခံစေခြင်းငါှ၊ ငါတို့အကျိုးကို ထောက်၍သာ ဆုံးမပေးတော်မူ၏။ ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာ ထင်တတ်၏။  သို့သော်လည်း၊ ဆုံးမခြင်းကို ခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။ ဟေဗြဲ ၁၂း ၅-၁၁။”

အခုအခါ အမေရိကန်ပြည်မှာ ဂိုဏ်းဂဏတွေ၊ အုပ်စုတွေ၊ အယူသည်းအဖွဲ့အစည်းတွေ၊ သို့မဟုတ် ဘာသာရေးအုပ်စုတွေ ရာနဲ့ချီပြီး ရှိနေပါတယ်။ သွန်သင်တာတွေကတော့ တမျိုးစီပါ။ ဒါပေမယ့် အကျဉ်းချုပ်လိုက်ရင် ကယ်တင်ခြင်းနဲ့ ပတ်သက်ပြီး ခံယူမှု နှစ်မျိုးပဲရှိပါတယ်။ တစ်ခုက ဘုရားက လူကိုကယ်တယ်။ နောက်တစ်ခုက လူက သူ့ကိုယ်သူ ကယ်တယ်။ ဘုရားကလူကို ကယ်တယ်လို့ ယုံကြည်သူတွေဟာ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်လို့ သွန်သင်ကြပါတယ်။ ယေရှုခရစ်က လူတွေရဲ့ကိုယ်စား အပြစ်ကြွေးတွေကို အပြည့်အဝ ပေးဆပ်တယ်။ ကယ်တင်ခြင်းရဖို့ လူက ခရစ်တော်ကို အားကိုးဖို့ပဲ လိုတယ်။ ကိုယ့်ကိုကိုယ်ကယ်ဖို့ သွန်သင်တဲ့သူတွေက ကယ်တင်ခြင်းရဖို့ ကောင်းတဲ့အကျင့်တွေ လုပ်ဆောင်ရမယ်။ ရပြီးရင်လည်း မဆုံးရှုံးအောင် အကျင့်ကောင်းတွေနဲ့ ထိန်းထားရမယ်လို့ ပြောပါတယ်။

ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရတယ်လို့ သွန်သင်သူတွေကို အပြစ်လုပ်ဖို့ လိုင်စင်ပေးနေတာလို့ စွပ်စွဲတတ်ကြတယ်။ အပြစ်တင်သူတွေဟာ ကျမ်းစာကသွန်သင်တဲ့ ဆုံးမခြင်းအကြောင်းကို သိပ်မသိတာ ထင်ရှားပါတယ်။

အပြစ်ပြုတဲ့ ယုံကြည်သူကို ဘုရားသခင် ဖြေရှင်းပုံ ဖြစ်နိုင်ချေ သုံးမျိုးရှိနိုင်ပါတယ်။ တစ်က တမလွန်မှာ ငရဲထဲ ပစ်ချပြီး အပြစ်ပေးနိုင်တယ်။ ဒါပေမယ့် ဒီအချက်ဟာ ဘုရားကတိတော်နဲ့ ဆန့်ကျင်နေတယ်။ ယောဟန် ၃း ၃၆ မှာ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။” ယောဟန် ၅း ၂၄ မှာ “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။”

ဒုတိယ ဖြစ်နိုင်ချေက အပြစ်ဆက်ပြုခိုင်းမယ်။ နောင်ဘဝမှာလဲ ငရဲထဲချ အပြစ်မပေးဘူး။ ဒီဘဝမှာလည်း မဆုံးမဘူး။ ဒါပေမယ့် အပြစ်ပြုတဲ့ ခရစ်ယာန်ဟာ ဆုံးမ မခံရရင် နောက်ဆုံးမှာ အဆိုးညစ်ဆုံး၊ ကြောက်စရာအကောင်းဆုံးလူ ဖြစ်သွားနိုင်ပါတယ်။

တတိယဖြစ်နိုင်ချေက လောကီသားတွေနဲ့အတူ စီရင်ခြင်း မခံရအောင် ဒီဘဝမှာ ဆုံးမလိုက်ခြင်းပါပဲ။ ဒါဟာ ကျမ်းစာရဲ့ သွန်သင်ချက် ဖြစ်ပါတယ်။ ၁ကော ၁၁း ၂၃ မှာ “လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏”  အခု ဒီတရားဒေသနာမှာ ခရစ်ယာန်ဆုံးမခြင်းအကြောင်း ရိုးရှင်းတဲ့ ကျမ်းစာသွန်သင်ချက် တချို့ကိုပြောသွားပါမယ်။

 (၁) ခရစ်ယာန် ဆုံးမခြင်းဆိုတာ ဘာလဲ? What is Christian Chastening?
ဆုံးမခြင်း “Chastening” ဆိုတဲ့စကားဟာ “ကလေး”ကို ဂရိလိုခေါ်တဲ့ အခေါ်အဝေါ်တစ်ခုအပေါ်မှာ အခြေခံထားတာပါ။ “ကလေးတစ်ယောက်လို ဆုံးမခြင်း (သို့) ကလေးကို သင်ကြားလေ့ကျင့်ပေးခြင်း” လို့ ဆိုလိုပါတယ်။ အခုကျမ်းပိုဒ်မှာ “ကလေး (သို့) သား” ဆိုတဲ့စကား (၆) ကြိမ်ပါ ပါတယ်။ အငယ် (၇) မှာ “သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကို ပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။” နောက်အငယ် (၆) မှာ “ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏။”

ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးသူဟာ ယုံကြည်ခြင်းအားဖြင့် ဘုရားသားတစ်ယောက် ဖြစ်လာပါတယ်။ ယောဟန် ၁း၁၂ မှာ “ထိုသူကို လက်ခံသမျှသောသူတည်းဟူသောာ ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။” ဂလာတိ ၃း၂၆ မှာ “အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ သားဖြစ်ကြ၏။”

ကယ်တင်ခြင်းရတဲ့သူကို အပြစ်သားလို့ သဘောမထားတော့ဘူး။ သားတစ်ယောက်လိုပဲ သဘောထားတော့တယ်။ ဆုံးမခြင်းဟာ အပြစ်အတွက် ပေးဆပ်ရတာ မဟုတ်ဘူး။ ပြတင်းတံခါးကွဲလို့ သားကိုဆုံးမရင်၊ ဆုံးမခြင်းဟာ ပြတင်းတံခါးအတွက် ပေးဆပ်ရခြင်း မဟုတ်ဘူး။ သူ့ကို ရိုက်ပြီးတာနဲ့ အိပ်ကပ်ထဲက ပိုက်ဆံထုတ်ဖို့ လိုလာပါတယ်။ ပြတင်းပေါက် ပြန်တပ်ဖို့ ပိုက်ဆံပေးရပါတယ်။

အပြစ်အတွက် ပေးဆပ်ရခြင်း တခုတည်းရှိပါတယ်။ ရောမ ၆း ၂၃ မှာ “အပြစ်တရား၏အခကား သေခြင်းပေတည်း။” ဘုရားသားသမီးဟာ အပြစ်အတွက် ပေးဆပ်ရမယ်ဆိုရင် ငရဲမှာ ထာဝရကျနေဖို့ပဲ ရှိပါတယ်။ ဘုရားတောင်းတဲ့ အခက ဒါပါပဲ။ အပြစ်အတွက်က လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကတည်းက ကာရာနီမှာ ပေးဆပ်ပြီးသာပါ။ ခရစ်တော်ကားတိုင်မှာ အသေခံတော့ ယုံကြည်သူအပြစ်သားတွေ တင်တဲ့အကြွေးကို အကျေ ချေပေးခဲ့ပါတယ်။ ဒါက ခရစ်ယာန်တစ်ယောက် အပြစ်လုပ်ရင်လည်း ကောင်းစားနေအုံးမှာပဲလို့ ပြောလိုတာမဟုတ်ပါဘူး။ ကျမ်းစာက လက်ခံတဲ့သားတိုင်းကို ဆုံးမတယ်လို့ သွန်သင်ပါတယ်။ ဟေဗြဲ ၁၂း၈ မှာ “သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသောသားဖြစ်ကြ၏။”

လောကအဖေတွေပင်လျှင် ပိုကောင်းလာဖို့ ဆုံးမပေးကြရတဲ့အတွက် ကောင်းကင်က အဖခမည်းတော်လည်း၊ ယုံကြည်သူတွေကို သွန်သင်ဆုံးမပေးရပါတယ်။ မိဘ မဆုံးမတဲ့သား၊ ဘာဖြစ်သွားမလဲ? စဉ်းစားကြည့်ပါ။ သုတ္တံ၂၉း၁၅ မှာ “တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။” ခရစ်ယာန်ဆုံးမခြင်းဆိုတာ ကိုယ်ကျင့်တရားပိုကောင်းလာဖို့ ဘုရားစည်းကမ်းကြပ်မတ်ခြင်း ဖြစ်ပါတယ်။ သားသမီးကို ဆုံးမတာပါ။ ဆုံးမခြင်းဟာ ကောင်းမွန်မှန်ကန်လာဖို့ ဖြစ်ပါတယ်။ မယုံကြည်သူကို အပြစ်ပေးခြင်းကတော့ တရားမျှတမှုအတွက် ပညတ်တရားရဲ့ တောင်းဆိုချက်အရ အပြစ်ပေးရတာဖြစ်ပါတယ်။

 (၂ ) ဘယ်သူတွေ ဆုံးမခံရလဲ?  Who are Chastened?
ဘုရားသားသမီးတိုင်း ဆုံးမခံရတယ်လို့ ကျမ်းစာကသွန်သင်ပါတယ်။ ဟေဗြဲ ၁၂း၆-၈မှာ “ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော့။ သင်တို့သည် ဆုံးမတော်မူခြင်းကိုခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော။ သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသောသားဖြစ်ကြ၏။”

အငယ် ၆ မှာ “လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မူတတ်၏။”  အငယ် ရ မှာ “အဘမဆုံးမသော သားတစုံတယောက် ရှိသလော” လို့ မေးပါတယ်။ အငယ် ၈ မှာ “သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်း” တဲ့။ ဒါကြောင့် ဘုရားသားသမီးတိုင်း ဆုံးမခံရတာ ရှင်းပါတယ်။

ကျွန်တော်ငယ်ငယ်က လူဆိုးတွေက ကောင်းစားပြီး ကောင်းတဲ့ခရစ်ယာန်တွေက ဒုက္ခရောက်တာကို တွေ့ရတော့ အံ့ဩမိတယ်။ ကျွန်တော် ၁၁ နှစ်သားအရွယ်မှာ ကယ်တင်ခြင်းခံရပါတယ်။ အနီးအနားက ခရစ်ယာန်မဟုတ်တဲ့ တခြားကလေးတွေ ဆဲတယ်။  ဆေးလိပ်သောက်တယ်။ တခြား ကျွန်တော်ရှောင်တဲ့ အရာတွေလည်း လုပ်တယ်။ ဒါပေမယ့် ကျွန်တော့ထက် သူတို့က ပိုအဆင်ပြေနေပုံရတယ်။ ကလေးဘဝမှာ အရိုးခံသဘောနဲ့ မေးခွန်းထုတ်မိတယ်။ “ခရစ်ယာန်ဖြစ်ရတာလဲ အကျိုးမရှိပါလား? ကောင်းကောင်းနေဖို့ ကြိုးစားတယ်။ တခြားကစားဖော်တွေ ဆဲကြ၊ ညာကြ၊ ခိုးကြ၊ မဟုတ်တာမှန်သမျှ အကုန်နီးပါးလုပ်ကြသလို လိုက်မလုပ်ပေမယ့် မထူးပါလား?”

အခုတော့သိပြီ၊ လောကမှာ သားသမီး ၂ မျိုးရှိတယ်။ ယောဟန် ၈း၄၄ မှာ “သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။” ယောဟန်၁း၁၂ မှာ “ထိုသူကို လက်ခံသမျှသောသူတို့အား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မ၏။” ဘုရားသားနဲ့ မာရ်နတ်သားဆိုပြီး ရှိပါတယ်။ ဘုရားသခင်က မာရ်နတ်သားကို မရိုက်ဘူး။ ယုံကြည်သူတွေကိုပဲ ဆုံးမတယ်။ “နာမတော်အဖို့အလို့ငှါ တရားလမ်းထဲသို့” သွေးဆောင်တော်မူပါတယ်။

ကယ်တင်ခြင်းမရသေးရင် ဆုံးမ မခံရဘူး။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ငြင်းရင် နောင်ဘဝကျမှ ငရဲထဲချပြီး အပြစ်ပေးပါလိမ့်မယ်။ ကျမ်းစာက ဆာလံ ၃၇း ရ၊၉ မှာ “မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသော အကြံအစည်တို့ကို ပြီးစီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်၊ ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။”

အဆုံးအမလွတ်လောက်အောင် ကောင်းတဲ့ ဘုရားသားသမီးရယ်လို့ မရှိပါဘူး။ အပြစ်က ဘယ်သူ့ကိုမှ မကောင်းစားစေဘူး။ ဝန်မခံတဲ့၊ ခွင့်လွှတ်ခြင်းမတောင်းခံရသေးတဲ့ အပြစ်ရှိသမျှဟာ ဘုရားလက်တော်နဲ့ ဆုံးမခြင်းကို ခံရစေပါတယ်။ “ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။”
( ၃ ) ဘယ်အချိန်မှာ ဆုံးမခံရသလဲ? When are Believers Chastened?

သိသိကြီးနဲ့ အပြစ်ကိုဆက်လုပ်ရင် ဆုံးမခံရပါတယ်။ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခံရဖို့အတွက် အပြစ်ဝန်မခံဘဲ ငြင်းဆန်နေရင် ဘုရားလက်တော်နဲ့ စီရင်ပြီး ဆုံးမခံရပါတယ်။

 “ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွှတ်ကြလိမ့်မည်။ စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။” ၁ကော ၁၁း ၃၁-၃၂။

ခရစ်တော်နဲ့ ချစ်ခင်စွာမိတ်သဟာယဖွဲ့နေတဲ့ ယုံကြည်သူဟာ သူ့ကိုယ်သူ ပုံမှန်စစ်ကြောနေသင့်ပါတယ်။ စစ်ကြောခြင်း (သို့) စီရင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်အပြစ်ကို မြင်တတ်ဖို့ပါဘဲ။

အပြစ်ကိုမြင်ရင် ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခြင်းခံရအောင် ဝန်ခံဖို့ပြောထားပါတယ်။ ၁ယော ၁း၉ မှာ“ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်ရှိသမျှကို လွှတ်၍၊ ဒုစရိုက်အပြစ်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။” အပြစ်ဖော်ပြတောင်းပန်ရင်၊ ခွင့်လွှတ်ခံရ၊ ဆေးကြောပေးခံရတယ်။ ခရစ်တော်နဲ့ ဆက်လက်မိတ်ဖွဲ့ခွင့်ရတယ်။ ၁ယော ၁းရ မှာ “ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိတ်ဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။”

ယုံကြည်သူရဲ့အသက်တာမှာ အင်္ဂလိပ်အက္ခရာ C နှစ်လုံးဟာ တခုမဟုတ် တခုအမြဲရှိနေပါတယ်။ Changed ပြောင်းလဲရင် ပြောင်းလဲ၊ မပြောင်းလဲရင် Chastised ဆုံးမခံရတယ်။ အပြစ်ထဲမှာ ဆက်နစ်နေပေမယ့် ဆုံးမမခံရရင် အဲဒီလူဟာ ယုံကြည်သူ မဟုတ်လို့ပဲလို့ ကျမ်းစာက ရှင်းပြထားပါတယ်။ ဟေဗြဲ ၁၂း၈ မှာ “သားပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦးမင်း လွင်ရသောသားဖြစ်ကြ၏။” အပြစ်ကို စိတ်ပါလက်ပါ၊ ကျင့်သားရရ၊ နှစ်နှစ်ခြိုက်ခြိုက်လုပ်တဲ့သူဟာ ဆုံးမ မခံရရင် တရားဝင်ရတဲ့ သားရင်းမဟုတ်ပါဘူး။

ဟိုတုန်းက တောင်ပိုင်းဂျော်ဂျီယာပြည်နယ်မှာ နိုးထမှုတရားပွဲတခု ဦးဆောင်ခဲ့ဖူးပါတယ်။ အဲဒီရက်အတွင်း အသင်းသား အတော်များများက ကယ်တင်ခြင်းမရဘူးလို့ သူတို့ထင်ထားတဲ့ အိမ်နီးချင်းတယောက်ထံ သွားလည်ဖို့ တောင်းဆိုကြတယ်။ ကျွန်တော် လှမ်းခေါ်တော့ အဲဒီလူက အိမ်ရှေ့မှာ ဆော့ကုလားထိုင်ပေါ်မှာ ထိုင်နေပါတယ်။

ခဏ စကားပြောကြပြီးတော့ ကျွန်တော်က “တခုမေးပါရစေဗျာ၊ ဒီနေ့ သေသွားရင်၊ ကောင်းကင်ရောက်ပါ့မလား?” လို့ မေးတယ်။ ကျွန်တော်အံ့ဩမိတာက “အင်း” လို့ သူဖြေလို့ပါ။ နားမလည်လို့ပဲ လို့ ထင်မိတဲ့အတွက်  “ခရစ်ယာန်တယောက်လား? အသစ်မွေးဖွားပြီးပြီလား?” လို့ ဆက်မေးတယ်။

 “ဟုတ်တယ်၊ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံပြီးပါပြီ”  ကြားရတာ ယုံတောင်မယုံပါဘူး။ အိမ်နီးချင်းတွေ အားလုံးက သူမပြောင်းလဲဘူးလို့ သိနေကြတယ်။ “ကောင်းပြီ၊ ကျမ်းစာနည်းနည်း ဖတ်ပြပါရစေ။ မပြန်ခင် ဆုလည်းတောင်းပေးချင်တယ်” ကျမ်းစာဖွင့်ပြီး တော့ ကယ်တင်ခြင်းအကြောင်း ရှင်းပြပြီး၊

“အပြစ်သားဆိုတာ ဝန်ခံသလား?”
“ဝန်ခံပါတယ်။”
“အပြစ်ကြွေးအတွက် ယေရှုခရစ်အသေခံပေးဆပ်တာ သိသလား?”
“ဟုတ်တယ်၊ နားလည်ပါတယ်။”
“ကယ်တင်ရှင်အဖြစ် အပြည့်အဝအားကိုးမလား?”
“ဟုတ်ကဲ့၊ အားကိုးပြီးခဲ့ပါပြီ။”

ခရစ်ယာန်ပါလို့ ဆက်ပြောနေတဲ့အတွက် ဟေဗြဲ ၁၂း၅-၈ ကို ဖတ်ပြပြီး “ဒီကျမ်းချက်အရဆိုရင် ခင်ဗျား ခရစ်ယာန်ဆိုရင် အပြစ်တွေကို ရိုးသားစွာ ဝန်မခံရင်၊ ခရစ်တော်အတွက် အသက်မရှင်ရင် ဆုံးမခံရလိမ့်မယ်။” အဲဒီလူ ငိုပါတော့တယ်။ “ဆုံးမတယ်” လို့ ပြောပြီး လက်မောင်း တဘက်ကို မလိုက်ပါတယ်။ “ဒီလက်ဟာ အမဲလိုက်ရင်း ပြတ်ခဲ့ရတာပါ” အိမ်ဘက်ကို လက်ညှိုးထိုးပြီး “မိန်းမလည်းသေပြီး၊ သားသမီးတွေလည်း ဆုံးသွားပြီ။ ကျန်းမာရေးလည်း မကောင်းဘူး။ အို ကျွန်တော် ဘုရားသခင်ဆုံးမတာ ခံနေရပါပြီ” လို့ ပြောပါတယ်။

 “ဘုရားနဲ့ မှန်မှန်ကန်ကန် မနေမချင်း ခင်ဗျား ဆက်အရိုက်ခံနေရဦးမှာပဲ။ ကုန်ကုန်ပြောရင် အချိန်မတန်မှီတောင် သေနိုင်တယ်ဗျာ၊ ၁ကော ၅း၅ မှာ “ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း သူ၏ကိုယ်ခန္ဓာ ပျက်စီးဘို့ရာ သူ့ကို စာတန်လက်သို့ အပ်နှံကြစေ။”

ခဏကြာတော့ ဒူးထောက်ဆုတောင်းလိုက်ကြတယ်။ သူ့အပြစ်တွေ ဝန်ခံတယ်။ ဘုရားဂတိပေးထားတဲ့ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောပေးခြင်းကို တောင်းဆိုကြတယ်။ အပြုံးမျက်နှာနဲ့ ထလာတယ်။ အဲဒီည ဘုရားဝတ်ပြုစည်းဝေးမှာ ပါလာတယ်။ ခရစ်တော်အတွက် အသက်ရှင်မယ်၊ ခရစ်ယာန်ကောင်းတယောက် ဖြစ်ချင်တယ်လို့ ေ့ရှထွက်သက်သေခံတယ်။

 ( ၄ ) ဘယ်လိုဆုံးမသလဲ?  How is the Christian Chastened?
ဆုံးမပုံ အမျိုးမျိုးရှိပါတယ်။ တခါတရံမှာ ကျန်းမာရေး ထိခိုက်စေပါတယ်။ မကျန်းမာတိုင်း ဆုံးမတာတော့ မဟုတ်ပါဘူး။ ဥပမာ၊ ယော ၉း၂-၃ မှာ “တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။ ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ အမှုတော်ကို သူ၌ ထင်ရှားစေမည့်အကြောင်းတည်း။” အဲဒီလူငယ် မျက်စိမမြင်တာဟာ အပြစ်ကြောင့် ဆုံးမတာမဟုတ်ဘူး။

တဖက်မှာလည်း အပြစ်ကြောင့် မကျန်းမမာဖြစ်တတ်ပါတယ်။ ၁ကော ၁၁း ၃၀ မှာ “ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသောသူ အများရှိကြ၏။ သေသောသူ အများလည်း ရှိကြ၏။” ဒီကျမ်းပိုဒ်အရ  ပွဲတော်မင်္ဂလာမှာပါဝင်ပြီး အပြစ်ပြုမိလို့ တချို့ မကျန်းမမာ ဖြစ်ကြတယ်။ “ထိုအကြောင်းကြောင့်၊” ဆိုတာက အငယ်၂၉း မှာ “အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကိုပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏။” သူတို့ အားနည်းကြတာ၊ မကျန်းမမာဖြစ်ကြတာ ပွဲတော်မင်္ဂလာကို မထိုက်မတန်စားသောက်ပြီး၊ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာကို ပိုင်းခြား နားမလည်လို့ပါ။

ယာကုပ် ၅း၁၄-၁၆ မှာ “နာသောသူရှိလျှင် သင်းအုပ်တို့ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကို ဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။- ထိုသို့ပြုလျှင် ယုံကြည်ခြင်း၏ ပဌနာသည် လူနာကိုကယ်ဆယ်၍၊ သခင်ဘုရားသည်သူ့ကို ထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကိုလွှတ်တော်မူမည်။ အချင်းချင်းတယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဖော်ပြ တောင်းပန်ကြလော့။ ချမ်းသာရမည့်အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။”

ဒီမှာတွေ့တဲ့ မကျန်းမာခြင်းကတော့ အပြစ်ကြောင့်ဖြစ်ပုံရပါတယ်။ အငယ် ၁၆ မှာ “အချင်းချင်း တယောက်နှင့်တယောက်၊ ကိုယ်အပြစ် ကို ဖော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည့်အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။” ဆိုတဲ့ စကားအရပါ။ မတောင်းပန်တဲ့ အပြစ်ကြောင့် မကျန်းမာတာဆိုရင်တော့ တောင်းပန်လိုက်တဲ့အခါ ကျန်းမာလာမှာပါ။

မကျန်းမမာဖြစ်သမျှ အပြစ်ကြောင့်တော့ မဟုတ်ဘူး။ တခါတရံမှာသာ မတောင်းပန်တဲ့ အပြစ်အတွက် မကျန်းမမာဖြစ်တတ်တယ်။ တခါတရံမှာ ပစ္စည်းဥစ္စာ ဆုံးပါးတတ်ပါတယ်။

အာမုတ် ၄း ၆-၉ မှာ - “ငါသည်လည်း သင်တို့မြို့ရွာရှိသမျှတို့၌ သွားတို့၏ စင်ကြယ်ခြင်းကို၎င်း၊ သင်တို့နေရာအရပ်ရှိသမျှတို့၌ အစာခေါင်းပါးခြင်းကို၎င်း ပေးသော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။ စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကို ငါဆီးတားပြီး၊ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ။ သွေ့ခြောက် လျက်နေရ၏။ ထိုသို့ မြို့နှစ်မြို့ သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွား၍ မဝရကြ။ သို့သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။ လေထိ၍ အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။”

ဒီသွန်သင်ချက်မှာ ဣသရေလလူမျိုးဟာ ငတ်ပြတ်နေတယ်။ မြို့ရွာတွေမှာ မုန့်ပြတ်လို့၊ သွားတွေ သန့်နေကြတယ်။ ဘာကြောင့် အစားအစာမရှိရသလဲ? အကြောင်းက “သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ” လို့ တွေ့ရတယ်။ ကျိုင်းကောင်တွေက သံလွင်ပင်တွေ၊ ဥယျာဉ်တွေ၊ စပျစ်ပင်တွေ၊ သင်္ဘောသဖန်းပင်တွေကို စားပစ်ကြတယ်။ သောက်စရာရေမရှိလို့ မြို့ရွာတွေဟာ ရေရှားတော့ ရေမရှိဘူး။ ဘာကြောင့်လဲ? “သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ။”

ဣသရေလလူမျိုးတွေ ထာဝရဘုရားထံ လှည့်မပြန်ကြတဲ့အတွက် ပစ္စည်းဥစ္စာဆုံးပါးရတာဟာ ဘုရားသခင် ဆုံးမတာဖြစ်ပါတယ်။ ယော၂၁ မှာ ပေတရု လုပ်ငန်းမအောင်မြင်ဘူး။ ပေတရုဟာ အမှုတော်ဆောင်ရာက ရပ်ပြီး၊ ငါးဖမ်းဖို့ ပြန်သွားတယ်။ ငါးဖမ်းအတွေ့အကြံု ရှိတဲ့သူပါ။ သူများငါးရရင်၊ ပေတရုလည်း ရတာပေါ့။ ဒါပေမယ့် တညလုံးဖမ်းပေမယ့် တကောင်မှ မရဘူး။

အမှုတော်ကိုထားခဲ့ပြီး လဲနေတဲ့အတွက် မအောင်မြင်စေတာပါ။ ယော၂၁း၃ မှာ “ငါးဖမ်းသွားမယ်” လို့ သူပြောတာဟာ၊ ခဏပြန်လုပ်မယ်လို့ ပြောတာပါ။ ဒါပေမယ့် နောက်ဆုံးခန်းအရောက်၊ တမန် ၂ မှာတော့၊ ပေတရုဟာ တရားဟောပြီး လူ ၃,၀၀၀ ကယ်တင်ခြင်းရပါတယ်။ ဆုံးမခြင်းဟာ ပြုပြင်ပေးတာပါ။

တခါတရံမှာ ဝမ်းမြောက်ခြင်း ဆုံးရှုံးတတ်တယ်။ ဆာလံ ၅၁ မှာ ဒါဝိဒ်အကြောင်းကို စဉ်းစားကြည့်ပါ။ အငယ် ၈ မှာ “စိတ်သက်သာ ဝမ်းမြောက်ခြင်း ရှိမည်အကြောင်း၊ စကားကို အကျွနု်ပ်အား ကြားစေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့တော်မူသောအရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့်မည်။” အငယ် ၁၂ မှာ “ကယ်တင်တော်မူခြင်းနှင့် ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ” လို့ ဆုတောင်းပါတယ်။

ဒီဆာလံတပိုဒ်ဟာ အပြစ်ပြုမိတဲ့ သန့်ရှင်းသူရဲ့ ဆုတောင်းသံပါ။ ခွင့်လွှတ်ဖို့၊ ဆေးကြောပေးဖို့ တောင်းခံနေတာပါ။ အငယ်၂ မှာ “ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွနု်ပ်ကို သန့်ရှင်းစေတော်မူပါ။”

တခါတရံမှာ ချစ်ခင်သူများ ဆုံးရှုံးရတတ်တယ်။ ဒါဝိဒ်ရဲ့အဖြစ်အပျက်မှာ “သို့သော်လည်း၊ ကိုယ်တော်သည် ထိုသို့ပြစ်မှားသောအားဖြင့်၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား၏ ရန်သူတို့အားပေးသောကြောင့်၊ ယခုမြင်သော သားသည် ဆက်ဆက်သေရမည်။” (၂ရာ ၁၂း၁၄) ဒါဝိဒ်ရဲ့အပြစ်ကြောင့် ဖြစ်ရတာပါ။ ထာဝရဘုရားရဲ့ရန်သူတွေကို ကဲ့ရဲ့ခွင့်ပေးမိတာကြောင့့် ကလေး အမှန်သေရပါတယ်။

ဣသရေလလူမျိုးရဲ့ဖြစ်ရပ်မှာ ဘုရားသခင်က အာမုတ် ၃း၁၀ မှာ “အဲဂုတ္တုပြည်ခံရသော ကာလနာဘေးကို သင်တို့ရှိရာသို့ ငါစေလွှတ်လေပြီ။ လုလင်တို့ကို ထားဖြင့် ကွပ်မျက်စေပြီ။” လို့ မိန့်တော်မူပါတယ်။ ချစ်ခင်သူတွေ ဆုံးရှုံးရတိုင်း ဘုရားသခင်ဆုံးမတာ မဟုတ်ပါဘူး။ ဒါပေမယ့် အတော်များများက ဆုံးမလို့ သေရတာ ဖြစ်နေတတ်ပါတယ်။

နောက်ဆုံးအချက်၊ တခါတရံမှာ အချိန်မတန်မှီသေရတတ်တယ်။ ဆုံးမခြင်းရဲ့ နောက်ဆုံးအဆင့်ကတော့ အချိန်မတန်မှီ သေရခြင်းပါဘဲ။

“ထိုအကြောင်းကြောင့် သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသောသူ အများရှိကြ၏။ သေသောသူအများလည်း ရှိကြ၏။”- ၁ကော ၁၁း ၃၀။  “ညီအကိုချင်းသည် သေပြစ်မသင့်သော ဒုစရိုက်အပြစ်ကို ပြုမိသည်ကို တစုံတယောက်သောသူသည်မြင်လျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကို မပြုသောသူတို့ အဘို့အလို့ငှါ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သော ဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှါ ဆုတောင်းရမည်ဟု ငါမဆို။” ၁ယော ၅း၁၆။

 “ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း၊ သူ၏ ကိုယ်ခန္ဓာပျက်စီးဘို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေ။”- ၁ကော ၅း၅။

အဖခမည်းတော်က ပြုပြင်၊ သွန်သင်ပေးတာပါ။ တခြားနည်းတွေနဲ့ ဆုံးမလို့ အကျိုးမထူးရင်၊ အချိန်မတန်မှီ သေစေပါတယ်။ ဒါကို တချို့က- “ဘုရားသခင်က စကားနဲ့ အရင်ပြောတယ်၊ ရိုက်တယ်။ ပြီးတော့ အိမ်ပြန်ခေါ်တယ်” လို့ ပြောကြပါတယ်။ စိတ်ထဲကို စကားပြောပါတယ်။ မပြုပြင်ဘူးဆိုရင်၊ ရိုက်ပါတယ်။ ဖျားနာတာ၊ ချစ်ခင်သူသေဆုံးတာ၊ ပစ္စည်းဥစ္စာဆုံးပါးတာတွေ ဖြစ်တယ်။ အကြောင်းမထူးရင်တော့ အိမ်ပြန်ခေါ်ပါတော့တယ်။ တရားဟော ၃၂း ၃၈-၅၂ က မောရှေရဲ့ ဖြစ်ရပ်လိုပါပဲ။

 “ထိုနေ့ခြင်းတွင် ထာဝရဘုရားက၊ ယေရိခေါမြို့တဘက်၊ မောဘပြည်အာဗရိမ်တောင်ရိုး နေဗောတောင်ထိပ်ပေါ်သို့ တက်၍၊ ဣသရေလအမျိုးသားတို့အား ငါအပိုင်ပေးသော ခါနာန်ပြည်ကိုကြည့်ရှုလော့။ သင့်အစ်ကိုအာရုန်သည် ဟောရတောင်ပေါ်မှာသေ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်သကဲ့သို့၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာသေ၍၊ သင်၏လူမျိုးစည်းဝေးရာသို့ ရောက်လော့။ အကြောင်းမူကား၊ သင်တို့သည် ဇိနတော၊ ကာဒေရှရွာ၊ မေရိဘစမ်းရေအနား၌ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေပြု၍ ပြစ်မှားကြပြီ။ ထိုကြောင့် ဣသရေလ အမျိုးသားတို့အား ငါပေးသောပြည်ကို သင်သည်ကိုယ်မျက်စိနှင့် မြင်ရသော်လည်း၊ ထိုပြည်သို့မဝင်စားရဟု မောရှေအားမိန့်တော်မူ၏။”

ကျွန်တော့အမှုတော်အားဖြင့် ကယ်တင်ခြင်းရတဲ့ လူငယ်အိမ်ထောင်ရှင်၊ ဖခင်တယောက်အကြောင်း ကောင်းကောင်းမှတ်မိနေပါသေးတယ်။ အဲဒီလူက ဘုရားကျောင်းကို သစ္စာရှိရှိတက်တယ်။ ခရစ်ယာန်ကောင်းတယောက်ပါ။ အားနည်းချက်တခုပဲ ရှိတယ်။ သူမကျော်လွှားနိုင်ပုံပေါက်နေတဲ့ အပြစ်တခုပါ။ ကောင်းကောင်းနေပေမယ့် ခဏပဲ၊ အဲဒီအပြစ်ထဲ ပြန်လဲကျနေတယ်။ ဒါက ခဏခဏဖြစ်နေတာပါ။ သူနဲ့အတူ အကြိမ်များစွာ ဆုတောင်းဖူးတယ်။

နောက်ဆုံးအကြိမ် သူ ကျွန်တော့်ကိုလာတွေ့တော့၊ ကျွန်တော်က “ကိုယ့်အိမ်ကို ပြန်ပြင်ဆင်ဦးကွာ။ ဆုံးမတာနည်းမျိုးစုံပြီ။ ဘာမှမထူးဘူး။ မင်းသေပြီလို့ သူများလာပြောရင် ငါမအံ့ဩတော့ဘူး” လို့ ပြောမိပါတယ်။ “နောက်ဆုံးအဆင့် ဆုံးမခြင်းဆိုတာ အချိန်မတန်ခင် သေရတာပဲ” လို့ သတိပေးလိုက်ပါတယ်။

မကြာပါဘူး။ သူကို ဟိုတယ်အခန်းတခုမှာ သေနေတာ တွေ့ရတယ်လို့ သူ့အမျိုးသမီးက ဖုန်းဆက်ပါတယ်။ အသုဘမှာ တရားလာ ဟောပေးနိုင်မလားလို့မေးပါတယ်။ သူဘာကြောင့်သေသလဲဆိုတာ ဆရာဝန်တွေ ရှင်းမပြနိုင်ကြဘူး။ ဒါပေမယ့် ကျွန်တော်စိတ်ထဲမှာ ဘာကြောင့်ဆိုတာ သိနေတယ်။ အပြစ်ထဲမှာ ဆက်နစ်နေတယ်။ ခဏခဏ ဆုံးမပေမယ့် မပြုပြင်ဘူး။ ဒါနဲ့ အိမ်ပြန်အခေါ်ခံရတာပဲ။ 
 
 (၅) ဆုံးမခြင်းရဲ့ အကျိုးများ?  What are the results of Christian Chastening? 
ဘုရားသခင်က ရည်ရွယ်ချက်မဲ့ ဘုရားမဟုတ်ဘူး။ ရည်ရွယ်ချက်မရှိဘဲ ဘာမှမလုပ်ဘူး။ ယုံကြည်သူတိုင်းအတွက် နောက်ဆုံးရည်ရွယ်ချက်က ခရစ်တော်နဲ့ တူဖို့ပါပဲ။ ရောမ ၈း၁၉ မှာ “ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည်ရှေးမဆွက သိတော်မူသောသူတို့ကို သားတော်၏ပုံသဏ္ဍာန်နှင့် တညီတည်း ဖြစ်စေခြင်းငှါ ေ့ရှမဆွက ခွဲခန့်မှတ်သားတော်မူ၏။”

ငွေပန်းထိမ်သမားတယောက် သူ့လုံထဲမှာ ငွေကိုထည့်ပြီး အပူပေးတာကို ဧည့်သည်က ကြည့်နေတယ်။ ငွေပန်းထိမ်သမားက လုံကို သေသေချာချာ စိုက်ကြည့်နေချိန်မှာ အပူရှိန်ကြောင့် မီးတောက်ကလည်း ပိုပြင်းလာတယ်။ ဧည့်သည်က “ဘာကြောင့် ငွေကို ဒီလောက်ကပ် ကြည့်နေရသလဲဗျာ။ ဘာရှာနေတာတုန်း?” လို့ ဖြတ်မေးလိုက်တယ်။

ချက်ချင်းပဲ ငွေပန်းထိမ်သမားက ဖြေတယ်။ “ငါ့မျက်နှာကို ရှာနေတာလေ။ ငွေထဲမှာ ငါ့မျက်နှာကိုတွေ့ရရင်၊ ပြီးပြီ။ အလုပ်ပြီးပြီပေါ့။” ဘုရားသခင်က သားသမီးတိုင်းထံမှာ မျက်နှာကို လိုက်ရှာနေပါတယ်။ သားတော်ရဲ့မျက်နှာပါ။ ဆုံးမပေးရတာဟာ သန့်ရှင်းခြင်းကို အမွေခံမယ့် သားသမီးတွေရဲ့ အကျိုးအတွက် ဖြစ်ပါတယ်။ ဟေဗြဲ ၁၂း ၁၀ မှာ “အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာ ဆုံးမပေးကြ၏။- ကိုယ်တော်မူကား၊ မိမိ သန့်ရှင်းခြင်းပါရမီတော်ကို ငါတို့သည်ဆက်ဆံစေခြင်းငှါ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏။”

အခုပြောတဲ့ သန့်ရှင်းခြင်းဆိုတာဟာ အတွင်းသန့်ရှင်းခြင်းမဟုတ်ပါဘူး။ အပြင်သန့်ရှင်းခြင်းပါ။ ကယ်တင်ခြင်းရတာနဲ့ အတွင်းမှာ ဘုရားသဘာဝကို ရထားတယ်။ ၂ပေ ၁း၄ မှာ “ထိုသို့သောအားဖြင့် အလွန်ကြီးမြတ်၍ အဘိုးထိုက်သောဂတိများကို ငါတို့၌အပ်ပေးတော်မူပြီ၊ အကြောင်းမူကား၊ ထိုဂတိတော်များကိုအမှီပြု၍ သင်တို့သည် လောကီတပ်မတ်ခြင်း အညစ်အကြေးနှင့်ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း။”

ဟေဗြဲ ၁၂း၁၀ ကသန့်ရှင်းခြင်းဟာ အပြင်သန့်ရှင်းခြင်းပါ။ ဘုရားသခင်က သူနဲ့တူစေချင်တာပါ။ သန့်ရှင်းခြင်းကို အတူဆက်ခံဖို့ရာ ဆုံးမပေးတာပါ။ ကျွန်တော်တို့ အကျိုးအတွက်သာ ဆုံးမပေးရတာပါ။ ကျမ်းစာက လောကီအဖေတွေပင်လျှင် သူတို့စိတ်တိုင်းကျဖို့ ဆုံးမတတ်ပါတယ်။ ဘုရားသခင်ကတော့ ကျွန်တော်တို့အကျိုးအတွက် ဆုံးမပေးတာပါ။ ရိုက်ရတာ ပျော်လို့မဟုတ်ဘူး။ မဆုံးမဘဲ အလိုတော်နဲ့အညီ ဖြစ်မလာနိုင်ကြဘူးဆိုတာ သိတော်မူလို့ပါ။

အငယ် ၁၁ မှာ “ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကို ခံရသောသူတို့သည် နောက်မှငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။” ဆုံးမတာဟာ ကျွန်တော်တို့အကျိုးအတွက်ပါ။ ဘုရားဘုန်းတော်အတွက်ပါ။ ကိုယ်တော်နဲ့ ပိုပြီးတူလာကြဖို့ပါ။ အသက်တာမှာ ခရစ်တော်နဲ့ တူလာဖို့ အနာအဆာကလေးတွေကို သုတ်သင် ပြင်ဆင်ပေးနေတာပါ။

James H. MeConkey က ပြောတယ်။
 “ဘုရားသားသမီးတို့၊ ဆုံးမခြင်းကို “ဆုံးမတယ်- Chastise” ဆိုတဲ့ စကားလေးတလုံးတည်းပဲ မထားနဲ့။ “သီလ Chastily” ဆိုတဲ့ စကားလေးနဲ့ ပေါင်းထားပါ။ သီလဟာ စုံလင်တဲ့ရတနာ၊ စိတ်နှလုံးနဲ့အသက်တာရဲ့ အပြစ်ကင်းတဲ့ စင်ကြယ်ခြင်းပါဘဲ။ ဒါကြောင့် ဆုံးမတယ် ဆိုတာဟာ ဆုံးမတယ်။ ဝိညာဉ်စင်ကြယ်စေတယ်။ သုတ်သင်ပေးတယ်။၊ သန့်ရှင်းစေတယ်၊ ဖြူစင်စေတယ်။ ဒါဟာ ဆုံးမခြင်းနဲ့ပတ်သက်တဲ့ ဘုရားရဲ့အဓိက ရည်ရွယ်ချက်ပါဘဲ”

ဆုံးမခြင်းဟာ အသက်တာမှာ ငြိမ်သက်ခြင်းနဲ့ စပ်ဆိုင်တဲ့ဖြောင့်မတ်ခြင်းရဲ့ အကျိုးတွေရလာစေတယ်။ အငယ် ၁၁ မှာ “ဆုံးမခြင်း မည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကို ခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။”

 ကဗျာဆရာက - - -

                         “ မိုးရွာတာက မိုးစက်မဟုတ်၊
                           ပန်းဝါကလေးတွေပါ။
                           မိုးစက်တိုင်းဟာ ကိုယ့်အတွက်ရာ၊
                           ကုန်းမြင့်ထက်က ပန်းပွင့်ကလေးတွေပါ။

                           တိမ်ညိုတွေက နေ့ကို အုပ်ဆိုင်း၊
                           မြို့တမြို့လုံး မှိုင်း။
                           မိုးရွာတာက မိုးမဟုတ်တော့၊
                           ကိုယ့်အဘို့ရာ နှင်းဆီပန်းတွေ ရွာတယ်ပေါ့။”

အဆုံးမခံရတဲ့သူဟာ၊ “ ဒီနေ့မှာ မိုးတွေသည်းလိုက်တာ၊ စုံစမ်းခြင်းမိုး၊ စိတ်ပျက်ခြင်းမိုး၊ ပူဆွေးခြင်းမိုးတွေ” လို့ တွေးမိနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ကိုယ့်အတွက် ရွာနေတဲ့ ကောင်းကြီးမိုးတွေပါ။ ဆုံးမခြင်းထဲက ငြိမ်သက်ခြင်းနဲ့စပ်ဆိုင်တဲ့ ဖြောင့်မတ်ခြင်းအကျိုးတွေ ရလာပါလိမ့်မယ်။
 
( ၆ ) ဆုံးမခြင်းကို ဘယ်လို သဘောထားသင့်သလဲ?  What should the believer’s attitude be toward Chastisement?
ပထမအချက်က ဘုရားက ဆုံးမခြင်းထဲမှာ ပျော်မနေစေချင်ဘူး။ သည်းခံခြင်းအကျိုးကိုရဖို့ သည်းခံစေချင်တယ်။ အငယ် ၁၁ မှာ “ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်စရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။ ”

အငယ် ၅ မှာ “ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။” ဆုံးမခြင်းကို ပေါ့ပေါ့မတွေးနဲ့။ မလှောင်ပြောင်နဲ့။ ဘုရားသွန်သင်နေတာကို မလေးမစားမလုပ်နဲ့။ ပယ်မထားနဲ့။ ပြီးတော့ စိတ်နှလုံး မခိုင်မာမိစေနဲ့။ ဆုံးမလို့ ဘုရားတဖက်မှာ စိတ်နှလုံး ပိုခါးသက်မသွားမိစေနဲ့။

အငယ် ၅ မှာ “သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။” အားမလျော့ဖို့၊ လက်မလျော့ဖို့ လိုတယ်။ ဆုံးမတာနဲ့ အရှုံးပေးလိုက်မယ်ဆို မှားပါတယ်။ စိတ်မပျက်ဘဲ ခံနိုင်ရည်ရှိရမယ်။ ဆုံးမတာဟာ ကောင်းပါတယ်။ တစ်နေ့မှာ ပြန်တွေးပြီးတော့ ဆုံးမခဲ့ခြင်းအတွက် ချီးမွမ်းစရာ ဖြစ်လာပါလိမ့်မယ်။

စိတ်ပျက်အားလျော့မှုကို ခံစားနေရရင်၊ ဘယ်လိုလုပ်ကြမလဲ? ကိုယ်ခန္ဓာအားနည်းနေရင် ဘာလုပ်မလဲ? ဘာမှမလုပ်ပါဘူး။ လုပ်လက်စတွေ နားပါတယ်။ ကိုယ့်ကိုတကယ်ချစ်တဲ့၊ ခင်တဲ့သူ (သို့) မိတ်ဆွေပခုံးပေါ်မှာ မှီပြီး လှဲလျောင်းနေမယ်။ အားအင်ပြန်ပြည့်လာတဲ့အထိ သူ့ကို အားကိုးနေမယ်။ ဘုရားသခင်ဆုံးမတဲ့အခါမှာလည်း ဒီလိုပါပဲ။ ဆက်ပြီး ခံနိုင်ရည်မရှိတော့ဘူးလို့ ထင်ရတဲ့အခါမှာ ကိုယ်တော်အပေါ်မှာ မှီနေလိုက်ရုံပါပဲ။

Hudson Taylor ဟာ သူ့ဘဝရဲ့ နောက်ဆုံးလများမှာ အလွန်အားနည်းနေခဲ့ပါတယ်။ သူရေးခဲ့တာက -

“ငါသိပ်အားနည်းတယ်။ အလုပ် မလုပ်နိုင်ဘူး၊ ကျမ်းစာမဖတ်နိုင်ဘူး၊ ဆုတောင် မတောင်းနိုင်ဘူး၊ ဘုရားသခင်ရဲ့လက်ရုံးတော်ကို ကလေးလေးတစ်ယောက်လို မှီနေ၊ အားကိုးနေရုံပဲ ရှိတော့တယ်။”

သူ့အနေနဲ့ ဘာမှ လုပ်စရာမလိုပါဘူး။ သခင်ယေရှုကို မှီထားရုံနဲ့ လုံလောက်ပါပြီ။ ကျမ်းစာက ဆာလံ ၅၅း၂၂ မှာ “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကို မစတော်မူမည်။” ဟေဗြဲ ၁၂း၅-၁၁ မှာ ဆုံးမခြင်းအပေါ် ထားသင့်တဲ့သဘောထား သုံးမျိုးတွေ့ရပါတယ်။ (၁) ဆုံးမတာကို ပျော်မနေပါနဲ့။ အငယ် ၁၁ မှာ “ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။”  (၂ ) “ ဆုံးမခြင်းကို ဂရုမစိုက်ပဲမနေပါနဲ့။ အငယ် ၅ မှာ “ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။”  (၃) အားမလျော့ စိတ်မပျက်ပါနဲ့။ အငယ် ၅ မှာ “သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။” ။            ။

No comments:

Post a Comment