Monday, June 25, 2012

Solving religious problems in peace (Burmese)

" ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။ " - တရားဟောရာကျမ်း ၁၄း ၂၁
Thou shalt not seethe a kid in his mother's milk.
မြင်ယောင်ကြည့်လိုက်ပါ။ ဆိတ်သငယ်ကို အမိနို့ရည်နဲ့ ချက်စားတယ်ဆိုတာ တော်တော် ရက်စက်ရာကျပါတယ်။
ဒါပေမယ့် ဒီကျမ်းစာချက်ဟာ အစားအသောက်ကိုသာ ပြောတာမဟုတ်ပါဘူး။ လူတွေ စိတ်ကောင်း နှလုံးကောင်း ထားဖို့ကိုလည်း ပြောပြနေပါတယ်။ အစားအသောက်ထက် နည်းနည်းပို အရေးကြီးတဲ့ အကြောင်းအရာတွေ တကယ်ရှိနေပါတယ်။ ဆိတ်သငယ်ဆိုတာ အဓိကပြောချင်တဲ့အကြောင်းအရာရဲ့ အရိပ်မျှသာ ဖြစ်ပါတယ်။ ဆိတ်သငယ်က လူတယောက်ကို ပုံဆောင်တယ်ဆိုပါစို့။ အမိနို့ရည်ဆိုတာ သူကြီးပြင်းလာရတဲ့ ဆုံးမစကား၊ သင်ကြားခံယူရတာတွေ၊ အတွေးအခေါ်တွေ၊ ဘာသာတရားအသိတွေ ဖြစ်ပါတယ်။ လူတယောက်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ သူခံယူခဲ့ရတာတွေဟာ အတိုင်းအတာတခုအထိ ဆက်နွယ်နေပေမယ့် လုံးလုံးရောမွှေပစ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ အသိုင်းအဝိုင်းတခုထဲမှာ၊ ကျောင်းတကျောင်းထဲမှာ၊ ဘာသာတရားတခုထဲမှာ အတူကြီးပြင်းခဲ့ရပေမယ့် လူတယောက်နဲ့တယောက်ဟာ စိတ်သဘော တထပ်တည်းမကျနိုင်ပါဘူး။ ဒါကို အတူတူ တတန်းထဲ၊ တမျိုးထဲအဖြစ် ရောပစ်လိုက်တာဟာ မတရားပါဘူး။ စိတ်ထားနူးညံ့သူတိုင်း၊ အကြင်နာတရားရှိသူတိုင်း၊ သဘောထားကြီးမြတ်သူတိုင်း၊ ယဉ်ကျေးသူတိုင်း မလုပ်သင့်တဲ့အရာပါ။ သိပ်ရက်စက်တဲ့ စိတ်သဘောထားပါ။

ဒါကြောင့် လူတယောက်မှားတာနဲ့ သူ့ကိုးကွယ်တဲ့ ဘာသာတရားနဲ့ အသိုင်းအဝိုင်းတခုလုံးကို ရောအပြစ်တင်မယ်ဆိုရင် စိတ်ထားကြမ်းတမ်းလွန်းပါတယ်။ လူတယောက်က ပြစ်မှုတခုကို ကျူးလွန်တဲ့အခါမှာ လုပ်ဆောင်သင့်တာ အဓိက ၂ ခုရှိပါတယ်။

၁။ မြို့ပြဥပဒေအရ အရေးယူပါ။ သင့်တင့်မျှတတဲ့ ပြစ်ဒဏ်ဖြစ်ဖို့ကတော့ အရေးအကြီးဆုံးပေါ့။

၂။ တရားဥပဒေအရ အရေးယူပြီးတဲ့အခါမှာ သူပြစ်မှားသူဟာ တခြားလူမျိုး၊ တခြားဘာသာဝင် ဖြစ်နေရင် ထပ်လုပ်သင့်တာတခု ရှိပါတယ်။ ဥပမာ... ခရစ်ယာန်တယောက်က မူးယစ်ရမ်းကားခဲ့တယ် ဆိုပါစို့။ မြို့ပြဥပဒေအရ အရေးယူပြီးတဲ့အခါ သူတက်တတ်တဲ့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာထံကို မြို့အုပ်ချုပ်ရေးအရာရှိက သွားပြောပြနိုင်တယ်။ `သူ့ကို ပြစ်မှုနဲ့ တရားဥပဒေအရ အရေးယူထားပါပြီ။  သူက ဆရာ့ အသင်းသားလို့ ပြောပါတယ်။ ဒါကြောင့် သေရည်သေရက် ရှောင်ကြဉ်ဖို့၊ စိတ်နူးညံ့သိမ်မွေ့ဖို့၊ ပတ်ဝန်းကျင်ကို လေးစားဖို့ ၂လ၊ ၃လ လောက် ဆရာ့အသင်းတော် ဘုရားကျောင်းမှာ တရားဟောပေးပါဆရာ´ လို့ တောင်းပန်နိုင်ပါတယ်။ အဲဒီအခါ ဆရာကလည်း `ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော်လည်း ရှက်မိပါတယ်။ စိတ်ချပါခင်ဗျာ။ ကျွန်တော် ကြိုးစားသွန်သင်ပါမယ်´ လို့ ပြန်ပြောမှာပါပဲ။ ဒီနေရာမှာ အုပ်ချုပ်ရေး ၀န်ထမ်းက ဘာသာရေးသမားကို အာဏာလာပြနေတာမျိုးကို မလုပ်ရပါဘူး။ ဒါဟာ သိပ်ရိုင်းတဲ့အပြုအမူ ဖြစ်သွားပါလိမ့်မယ်။ အကူအညီတောင်းတာ၊ တောင်းပန်တာပဲ ဖြစ်သင့်ပါတယ်။ ဆရာကလည်း ကိုယ်တိုင်မလုပ်တဲ့ ပြစ်မှုအတွက် ကိုယ့်အသိုင်းအဝန်းကိုယ်စား စိတ်နှိမ့်ချ တောင်းပန်နေရတာပါ။ သူ့အသိုင်းအဝိုင်းကိုလည်း ဒီထက်ပိုကောင်းအောင် သူကြိုးစားနေရတာပါ။

တခါ ဗုဒ္ဓဘာသာဝင်တယောက် လိမ်လည်မယ်၊ လူသတ်မယ်ဆိုပါစို့။ သူကို တရားဥပဒေအရ အရေးယူပါ။ ပြီးရင် မြို့အုပ်ချုပ်ရေးအရာရှိက သူကိုးကွယ်တဲ့ကျောင်းကို သွားပါ။ ဆရာတော်ကို လျှောက်ပါ။ တပည့်တကာတွေကို မုသာဝါဒ ရှောင်ကြဉ်ဖို့၊ လူအသက်ကို မသတ်ဖို့ ၂လ၊ ၃လ လောက် တရားပြဖို့ တောင်းပန်ပါ။ ဆရာတော်ကလည်း ငြင်းမယ်မထင်ပါ။

မူဆလင်တယောက် မတရားပြုကျင့်မှုကို ပြုမိတဲ့အခါ တရားဥပဒေအရ အရေးယူပါ။ သူသွားလေ့ရှိတဲ့ ဗလီကိုသွားပါ။ ဗလီဆရာကို ကာမဂုဏ်ချုပ်တည်းခြင်းတရား၊ မိဘများက လူငယ်များ အရွယ်ရောက်တဲ့အခါ သင့်တော်ရာနဲ့ အိမ်ထောင်ချပေးဖို့၊ အပြစ်မှားခံရသူဟာ အရှက်တကွဲဖြစ်ရတဲ့အပြင် စိတ်ဒဏ်ရာကို ကာလကြာရှည်စွာ ခံစားရလို့ သနားစရာကောင်းတဲ့ အကြောင်းတွေ ၂လ၊ ၃လ လောက် ဟောပြောပေးဖို့ တောင်းပန်ပါ။ သူငြင်းမယ်မထင်ပါ။ ( ဒါတွေက ဥပမာပေးတာပါ။ ) - ဆိုလိုတာကတော့ လူတွေဟာ ကိုယ်အသိုင်းအဝန်းကို ကောင်းအောင် ပြင်ရ၊ တာဝန်ယူကြရမှာပါ။ လူသားတွေရဲ့ အကျိုးကို ပြုစုရမှာပါ။ သူတပါး ဘာသာကို မကောင်းကြောင်း ပြောနေတာဟာ အလုပ်မဟုတ်ပါ။ ရန်လိုနေခြင်းဟာလည်း တရားတကယ်မကျင့်တာကို ပြနေပါတယ်။

တခါတရံမှာ ကိုယ်နဲ့ ဘာသာတူတဲ့ လူတယောက် ကျူးလွန်မိတဲ့ အပြစ်အတွက် ဘာမှမဆိုင်တဲ့သူတွေ အရှက်ရနေ၊ ကြောက်ရွံ့ထိန့်လန့်နေရတာဟာ မဖြစ်သင့်တဲ့အရာပါ။ ရောပြီး အပြစ်ဒဏ်ခံရမယ်ဆိုရင်တော့ ဆိတ်သငယ်ကို အမိနို့ရည်နဲ့ ချက်သလို ဖြစ်နေပါပြီ။ ရက်စက်လွန်းရာကျမှာပါ။ ကိုယ့်အသိုင်းအဝိုင်းကို ကိုယ်ပြုပြင်ခြင်းအားဖြင့်သာ နေထိုင်ရတာ  ပိုပြီး အဆင်ပြေတဲ့ လူအသိုင်းအဝိုင်းတခု ဖြစ်လာစေနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ဥပဒေသဘောမဟုတ်ပါ။ ဥပဒေက လူ့အသိုင်းအဝိုင်းအတွက် အခြေခံလိုအပ်ချက် စည်းကမ်းမျှသာ ဖြစ်ပါတယ်။ တကယ်တော့ အခြေခံထက်ပိုပြီး ကောင်းမွန်စွာ နေထိုင်နိုင်လေ ကောင်းလေပါပဲ။

Saturday, June 16, 2012

Even Bacteria Get Sick - ဘက်တီးရီးယားတွေလည်း ဖျားကြတယ် .....

`ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာကို ခံရသည်ဟု ငါတို့သိကြ၏။´ - ရောမ ၈း ၂၂

သတင်းကောင်းလို့ ပြောမလားပဲ။ ကျွန်တော်တို့ကို ဖျားနာစေတဲ့ ဘက်တီးရီးယားတွေလည်း ဖျားကြပါသတဲ့။ ဖျားရင်တော့ သူတို့လည်း ဆေးသောက်ကြရမှာပဲလို့ ပြောစရာပေါ့လေ.... အဲဒီ ဘက်တီးရီးယားတွေကို ဖျားစေတဲ့အရာတွေဟာ လူတွေအတွက်  လိုနေတဲ့ ဆေးပါပဲ။

ဘက်တီးရီးယားတွေမှာလည်း ရန်သူဘက်တီးရီးယားတွေ ရှိတယ်ဆိုတာကို ၁၉၂၅ ခုနှစ်မှာ တွေ့ရှိခဲ့ပါတယ်။ ဘက်တီးရီးယားတွေရဲ့ ရန်သူပိုးမွှားတွေအကြောင်း သိပ္ပံပညာရှင်တွေ လေ့လာနေကြတော့ နောင်အခါဆိုရင် ပဋိဇီဝ ပိုးသတ်ဆေးတွေ သိပ်သုံးကြ၊ သောက်ကြရမှာ မဟုတ်တော့ပါဘူး။

 နမိုးနီးယား- အအေးမိရောဂါ၊ တီဘီ အဆုတ်ရောဂါ၊  ၀မ်းရောဂါ နဲ့ ဆုံဆို့နာ ရောဂါတွေကို အပြီးတိုင် ကွယ်ပျောက်သွားဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် အဲဒီလောက် ကောင်းတဲ့ဆေးတော့ မတွေ့ခဲ့ကြသေးပါဘူး။

တခါ ဘက်တီးရီးယားတွေက အကောင်းဆုံးဆိုတဲ့ ဆေးတွေကိုတောင် ဆေးယဉ်လာနေတယ်။ အဲဒါကြောင့် ဘက်တီးရီးယားတွေကို ပြန်စားနေတဲ့ ဘက်တီးရီးယားပိုးတွေကို အဓိကထားပြီး စိတ်ဝင်တစား လေ့လာနေတာ ဖြစ်တယ်။ ဒီပိုးက bacteriophage လို့ ခေါ်တယ်။ သူက ဘက်တီးရီးယားပိုးထဲ ရောက်သွားပြီး သူ့အထဲမှာ ထပ်ပွါးပြီး၊ တနာရီလောက်အကြာမှာ ဘက်တီးရီးယားပိုးကို သတ်ပစ်လိုက်ကာ တခြားပိုးတွေထံ ဆက်ကူးသွားပါတယ်။

စမ်းသပ်ကြည့်တော့ အဲဒီ ဘက်တီးရီးယားစားတဲ့ ပိုးတွေက  ပဋိဇီဝ ပိုးသတ်ဆေးတွေထက် ပိုကောင်းနေပါတယ်။ သူတို့က သက်ရှိဆိုတော့ လူတယောက်ကနေ တယောက် ကူးကြပြီးတော့ ရောဂါပြီးအောင် လုပ်ပေးနိုင်ကြပါတယ်။

ဒီအချက်ကို ကြည့်ရင် လူတွေဟာ ဘုရားသခင် ဖန်ဆင်းထားတဲ့ အရာတွေကနေ ပြန်သင်ယူနေကြရတယ် ဆိုတာပါပဲ။      ။

http://www.creationmoments.com/

Friday, June 15, 2012

Alzheimer’s Disease - အယ်လ်ဇိုင်းမား ရောဂါ

၁၉၉၄- နိုဝင်ဘာလမှာ အမေရိကန်သမ္မတဟောင်း ရော်နယ်လ် ရေဂင်က သူ့မှာ အယ်လ်ဇိုင်းမား ရောဂါရှိနေပြီလို့ ပြည်သူတွေကို အသိပေးစာတစောင် ရေးခဲ့ပါတယ်။ သူ့ဘဝရဲ့ နေဝင်ချိန်လို့ သူခေါ်တဲ့ အဲဒီခရီးကို စတင်လျှောက်လှမ်းပြီး ၁၀ နှစ်အကြာ၊ သူ့အသက် ၉၃ နှစ်အရွယ်၊ ၂၀၀၄ ခု၊ ဇွန်လ ၅ ရက်နေ့မှာ ဆုံးပါးသွားပါတော့တယ်။

သူ့စာထဲမှာ အယ်လ်ဇိုင်းမား ရောဂါကို သူကြောက်တဲ့အကြောင်း၊ ကြုံရတဲ့ အခက်အခဲတွေအကြောင်း ရေးထားပါတယ်။ အခုလို လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုတဲ့အတွက် ဒီရောဂါ ခံစားနေရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ပိုနားလည်လာကြလိမ့်မယ်လို့ သူနဲ့ သူ့ဇနီး နန်စီက မြော်လင့်ပါတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ရဲ့ ၄၀ ယောက်မြောက် သမ္မတဖြစ်ခဲ့တဲ့ ရော်နယ်လ် ရေဂင်ဟာ အယ်လ်ဇိုင်းမား ရောဂါသည်တွေထဲမှာ နာမည်အကြီးဆုံးသူလို့ ဆိုနိုင်ပါတယ်။ အမေရိကန်ပြည်မှာ လူ ၄.၅ သန်းလောက်ဟာ အဲဒီရောဂါကို ခံစားနေကြရတယ်။ နောက်ထပ် သန်းပေါင်းများစွာလည်း ဒီရောဂါကို နောင်နှစ်တွေမှာ ခံစားရဖွယ် ရှိပါတယ်။

ဆရာဝန်တွေက အယ်လ်ဇိုင်းမား ရောဂါကို ဦးနှောက် တဖြည်းဖြည်း ကမောက်ကမ ဖြစ်လာတဲ့ရောဂါလို့ ဆိုပါတယ်။ မှတ်ဉာဏ်နဲ့ ပင်ကိုယ်စွမ်းရည်တွေကို ထိခိုက်စေပါတယ်။ ဆေးမရှိသေးပါဘူး။ ရောဂါဖြစ်လာရင် နေ့စဉ်ဘဝကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း မဲ့လာပါတယ်။ ဖြစ်စမှာတော့ လူတွေရဲ့ နာမည် (သို့မဟုတ်) ပစ္စည်းထားမိတဲ့ နေရာ စတာတွေကို မေ့လာပါတယ်။

ကြာတော့ ပိုပို မေ့လာပါတယ်။ ကိုယ့်မိသားစုရဲ့ နာမည်ကို မေ့လာတယ်။ ကိုယ်ဘယ်သူလဲဆိုတာ မေ့လာတယ်။ နောက်ဆုံးတော့ ဘာတခုမှ မမှတ်မိတော့ဘူး။ ဒါက သူ့ကိုယ်ခန္ဓာက တခြားအစိတ်အပိုင်းတွေ မသေခင်၊ ဦးနှောက်အရင်သေသွားတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ရင် ဒီရောဂါနဲ့ပဲ သေတော့မှာ ဖြစ်ပေမယ့် မသေခင်နှစ်အတော်ကြာ ဝေဒနာခံစားနေရပါတယ်။

အယ်လ်ဇိုင်းမား ရောဂါဟာ Dementia လို့ခေါ်တဲ့ စိတ်မကျန်းမာမှု (သို့) ချွတ်ယွင်းမှုတမျိုး ဖြစ်ပါတယ်။ Dementia ဆိုတာက နေ့စဉ်လုပ်ဆောင်စရာလေးတွေကိုတောင် စဉ်းစား၊ လုပ်ဆောင်နိုင်စွမ်း မရှိတော့တာ ဖြစ်ပါတယ်။ ဒါက ရောဂါတော့ မဟုတ်ပါဘူး။ ရောဂါကြောင့် ဖြစ်လာတဲ့ လက္ခဏာရပ်တွေသာ ဖြစ်ပါတယ်။

တချို့ Dementia တွေဟာ ကုလို့ ရပါတယ်။ အထူးသဖြင့် အရက်၊ မူးယစ်ဆေး၊ မျက်စိဝေဒနာ၊ နားပြဿနာ၊ နှလုံး (သို့) အဆုတ်ပြဿနာ (သို့) ခေါင်း ထိခိုက် ဒဏ်ရာတွေဆိုရင် ကုလို့ရပါတယ်။ တချို့ Dementia အမျိုးအစားတွေကတော့ ဗစ်တာမင်ဓါတ်တွေ (သို့) ဟော်မုန်းတွေရဲ့ ပါ၀င်နှုန်းကို ညှိညွတ်ပေးရုံနဲ့ ကောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် အယ်လ်ဇိုင်းမား ရောဂါဖြစ်သူရဲ့ သေသွားတဲ့ ဦးနှောက် Cells ဆဲလ်တွေကတော့ အစားထိုးလို့ မရနိုင်တော့ပါဘူး။

ရောဂါဖြစ်ရင် စိတ်တိုလာတယ်။ ကြမ်းတမ်းလာတယ်။ အကြောင်းမရှိ သွားလာမယ်။ အသက်ကြီးသူတွေဆိုရင် အိမ်နဲ့ အဝေးကြီးမှာ လျှောက်သွားနေပြီး၊ ဘယ်ကလာလို့၊ ဘယ်ရောက်နေမှန်း မသိတော့ပါ။

အယ်လ်ဇိုင်းမား ရောဂါ တိုးလာပုံက တယောက်နဲ့တယောက် မတူတတ်ပါဘူး။ ဒါပေမယ့် အစပိုင်း ရောဂါ အရိပ်အရောင်တွေက တူပါတယ်။ ကိုယ့်မှာ အပြောင်းအလဲ ရှိလာတွေကို မရိပ်မိတတ်ကြပါဘူး။ တချို့ကတော့ ရိပ်မိပါတယ်။ ဒါကို ဖုန်းကွယ်ဖို့ ကြိုးစားကြပြန်ပါတယ်။

အများစုဖြစ်တတ်တဲ့ အစောပိုင်း လက္ခဏာကတော့ ရေတိုမှတ်ဉာဏ် ဆုံးရှံုးတာဖြစ်ပါတယ်။ ဥပမာ- မနေ့က အဖြစ်အပျက်ကို မေ့တာမျိုးပါ။ သင်ယူဖို့ ခက်လာတယ်။ မှတ်သားဖို့ ခက်လာတယ်။ တဖြည်းဖြည်း စဉ်းစားရတာ ခက်လာတယ်။ ရယ်စရာပြောတဲ့စကားလည်း နားမလည်တော့ပါ။ အချက်အပြုတ်လည်းမရ။ သာမန် အလုပ်ကလေးတခုကိုတောင် မလုပ်တတ်တော့ပါ။

တခြားရောဂါလက္ခဏာကတော့ သာမန်ပြဿနာကလေးတွေကို ဖြေရှင်းရခက်လာမယ်။ ဟင်းအိုးတူးတာတောင် ဘာလုပ်ရမှန်း မသိဖြစ်လာမယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေကို နားမလည်၊ လမ်းလည်း မရှာတတ် ဖြစ်လာမယ်။

ကိုယ်တွေးနေတာ၊ သိနေတာကို ပြန်ပြောပြဖို့ စကားလုံး ရှာရခက်လာမယ်။ နောက်တော့ ရောဂါဖြစ်သူဟာ ပြောင်းလဲလာတယ်။ အေးအေးနေတတ်တဲ့သူက ဆူညံအော်ဟစ်ပြီး၊ ဒေါသကြီးလာတယ်။ စိတ်တိုလာသလို၊ လူတွေကို မယုံတော့ပါဘူး။

ဒီရောဂါဟာ အသက် ၆၅ ကျော်မှ ဖြစ်တတ်တာပါ။ ၅၀ အောက်မှာလည်း ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ အများစုကို တွေ့ရတာကတော့ အသက် ၈၀ အရွယ်မှာဖြစ်ပါတယ်။

၆၅ နှစ်အရွယ်မှာ ၂ ရာခိုင်နှုန်းလောက်ပဲ တွေ့ရပါတယ်။ အသက် ၈၀ မှာတော့ ၂၀ ရာနှုန်းလောက် တွေ့ရပါတယ်။ အသက် ၉၀ အရွယ်မှာတော့ လူဦးရေ တဝက်လောက်မှာ ရောဂါလက္ခဏာတချို့ တွေ့နေရပါတယ်။ လူမျိုးမရွေး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပို ဖြစ်တတ်ပါတယ်။ ဒါကလည်း အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်တာနဲ့လည်း ဆိုင်ပါတယ်။

အယ်လ်ဇိုင်းမား ရောဂါ ရှိ/ မရှိ စမ်းသပ်ဖို့ရာ မလွယ်ပါဘူး။ ဆရာဝန်က ချို့ယွင်းချက်တွေကို အရင်ရှာရပါတယ်။ တခြားချိုကယွင်းချက်တွေပါ တွေ့လာမှ အယ်လ်ဇိုင်းမား ရောဂါလို့ ယူဆရတာပါ။ အယ်လ်ဇိုင်းမားရောဂါရှိတယ်လို့ အသေအချာ ပြောနိုင်ဖို့ကတော့ သေပြီးနောက် ဦးနှောက်ကို ခွဲစိတ် စစ်ဆေးကြည့်မှသာ ရပါတယ်။

ရောဂါရှိကြောင်း သိနိုင်ပုံတွေတော့ တွေ့လာနေပါပြီ။ ဥပမာတခုအနေနဲ့ - လူ ၆၈ ယောက်ရဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီးကို လေ့လာခဲ့ပါတယ်။ ရောဂါလက္ခဏာဖြစ်တဲ့ ပရိုတိန်း ၂၃ မျိုးကိုတွေ့ခဲ့ကြပါတယ်။ ဒီပရိုတိန်း စမ်းသပ်မှုဟာ ၉၀ ရာခိုင်နှုန်း မှန်ကန်နေတယ်လို့ ဆိုပါတယ်။

နောက်တွေ့ရှိချက်တခုကတော့ ရောဂါဖြစ်နေသူတွေမှာ F-D-D-N-P လို့ခေါ်တဲ့ ဓါတ်တမျိုးကို တွေ့ရတာပါပဲ။ အသက်ကြီးသူ အယောက် ၈၀ ရဲ့ ဦးနှောက်ကို ဓါတ်မှန်ရိုက် ပုံဖေါ်ပြီး လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလေ့လာချက်ကတော့ အယ်လ်ဇိုင်းမားနဲ့ သာမန် မှတ်ဉာဏ်လျော့နည်းတဲ့ ပြဿနာတွေရဲ့ ကွာခြားချက်ကို လေ့လာရာမှာ ၉၈ ရာခိုင်းနှုန်း မှန်ကန်တယ်လို့ ဆိုပါတယ်။ လူနာအများကြီးကို အကြိမ်ကြိမ် အထပ်ထပ် လေ့လာကြရဦးမယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါပေမယ့် ဒီနည်းတွေနဲ့ ရောဂါရှိကြောင်း စစ်ဆေးကြည့်နိုင်ပြီဆိုမှ အတတ်နိုင်ဆုံး စောစော ကုသနိုင်မှာ ဖြစ်ပါတယ်။       ။

Thursday, June 14, 2012

Mozart - သီချင်းရေးဆရာ မိုဇတ်



၂၀၀၆ ခုနှစ်မှာဆိုရင် ဩစတြီးယန်း သီချင်းရေးဆရာ Wolfgang Amadeus Mozart မွေးဖွါးခဲ့တာ နှစ်ပေါင်း ၂၅၀ ပြည့်ခဲ့ပါပြီ။

ဒီဇင်ဘာ ၅ ရက်နေ့မှာ မိုဇတ် သေတဲ့ နှစ်ပတ်လည်နေ့ကို ကမ္ဘာတဝန်းလုံးက ကျင်းပခဲ့ကြပါတယ်။ သူမသေခင် အပြီးမသတ်ခဲ့နိုင်ခဲ့တဲ့ Requiem ကို အဓိက တင်ဆက်ကြပါတယ်။ Requiem ဆိုတာဟာ သေသူကို ဂုဏ်ပြုတဲ့ သီချင်းပါ။ မကျန်းမမာ ဖြစ်လာတဲ့အတွက် သူ့ကိုယ်သူ ဂုဏ်ပြုဖို့ ရေးထားခဲ့သလားလို့ ထင်မှတ်ရပါတယ်။ ဒါပေမယ့် ဒီသီချင်းဟာ ၀မ်းနည်းစရာ၊ လျှို့ဝှက်နက်နဲရာတွေထက် ပျော်စရာတွေသာ ပိုပါပါတယ်။

မိုဇတ် သီချင်းတွေ ရေးခဲ့တာဟာ ၁၈ ရာစုရဲ့ ဒုတိယ ရာစုဝက်မှာ ဖြစ်ပါတယ်။ အဲဒီခေတ် ဥရောပ ဂီတပညာရှင်တွေဟာ ဘုရင်တွေ၊ မိဖုရားတွေနဲ့ တော်ဝင်မိသားစုတွေအတွက် ဖျော်ဖြေခဲ့ကြပါတယ်။ ဂီတသမားတွေဟာ ငွေကြေးအထောက်အပံံအတွက် လူချမ်းသာတွေအပေါ်မှာ မှီခိုခဲ့ရပါတယ်။

မိုဇတ်ဟာ သူ့မိတ်ဆွေ Joseph Haydn နဲ့တွဲပြီး Classical style ဂန္တဝင်ဂီတမှာ အကောင်းဆုံး စံနမူနာတွေ ဖြစ်ခဲ့ကြပါတယ်။ သူခေတ်မှာ အဲဒီဂီတဟာ အရေးအကြီးဆုံး ဂီတဖျော်ဖြေမှုတမျိုးဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ Classical ဆိုတာ Orchestra သံစုံဝိုင်းတွေမှာ ရေးသားတီးမှုတ်တဲ့ သီချင်းတွေ ဖြစ်ပါတယ်။

တချို့က Symphony 25 in G Minor ဟာ မိုဇတ်ရဲ့ ပထမဦးဆုံး လက်စွမ်းပြ လက်ရာလို့ ဆိုပါတယ်။ အဲဒီသီချင်းရေးချိန်မှာ သူ့အသက်က ၁၇ နှစ်ပါ။

မိုဇတ်ရဲ့ သီချင်းရေးပုံအကြောင်းပြောကြရင် effortless ဆိုတဲ့စကားကို မကြာခဏ သုံးကြပါတယ်။ တကူးတက ကြိုးစားအားထုတ်ထားတာ မဟုတ်ဘူးလို့ ဆိုလိုပါတယ်။ ၁၇၅၆  မှာ သူ့ကို ဩစတြီးယား Austria ပြည် Salzburg မြို့မှာ မွေးပါတယ်။ မွေးပြီးတာနဲ့ သူ့ကို Johannes Chrysostomus Wolfgangus Theophilus Mozart လို့ နာမည်ပေးပါတယ်။ ဒါပေမယ့် သူက `ဘုရားသခင် ချစ်တဲ့သူ´ လို့ ဆိုလိုတဲ့  “Amadeus, or Amade” လို့ ခေါ်တာကို ပိုသဘောကျပါတယ်။

Wolfgang ဟာ Leopold Mozart နဲ့ Anna Maria Pertl တို့ရဲ့ သားသမီး ရ ယောက်ထဲမှာ အငယ်ဆုံး ဖြစ်ပါတယ်။ သားသမီး ၅ ယောက်က ကလေးဘဝမှာပဲ သေဆုံးကြတယ်။ Wolfgang နဲ့ သူ့အမ Maria Anna တို့ပဲ ကျန်ပါတယ်။ နှစ်ယောက်လုံး ငယ်ငယ်က ဂီတမှာ တော်ကြပါတယ်။ မိဘတွေနဲ့အတူ ဥရောပတခွင်မှာ လှည့်လည် ဖျော်ဖြေခဲ့ကြပါတယ်။

Wolfgang ရဲ့ ဖခင်ဟာ နာမည်ကြီး တယောဆရာ ဖြစ်ပါတယ်။ Wolfgang ကို မွေးတဲ့နှစ်မှာပဲ Leopold ဟာ နာမည်ကြီးတဲ့ တယောတီးနည်းစာအုပ် ထုတ်ဝေခဲ့ပါတယ်။ မကြာခင်မှာပဲ Wolfgang ဟာ တူရိယာအမျိုးမျိုးကို ထူးထူးကဲကဲ နိုင်နိုင်နင်းနင်း တီးခတ်နိုင်စွမ်း ပြလာခဲ့ပါတယ်။

ရှစ်နှစ်အရွယ်မှာ Piano စတီးပါတယ်။ တခါတရံ မျက်စိမှိတ်တီးပါတယ်။ Organ နဲ့ တယောကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးပါတယ်။ သူရဲ့ ဂီတအသိက လူကြီးတယောက်ရဲ့ အသိမျိုးပါ။

ခရီးသွားတဲ့အတွက် သူ့ရဲ့ ဂီတပညာ ပိုတိုးတက်လာပါတယ်။ သူ့အဖေက ၁၈ ရာစုရဲ့ ဥရောပမြို့ကြီးတွေမှာ ဖျော်ဖြေခဲ့ပါတယ်။ သူတို့မိသားစုဟာ Lodon, Munich, Vienna, Prague နဲ့ Paris မြို့တွေကို သွားခဲ့ပါတယ်။

၁၇၇၈ မှာတော့ မိသားစုမှာ ၀မ်းနည်းစရာ ကြုံလာပါတယ်။ မိုဇတ်ကလေးက သူ့အမေနဲ့အတူ Paris မှာ အလုပ်ရှာနေချိန်ပါ။ သူ့အမေ ဖျားနာပြီး သေပါတယ်။ ဟိုအဝေးက Salzburg မြို့မှာနေတဲ့ အဖေဖြစ်သူ Leopold က ဘာမှ မကူနိုင်၊ မကယ်နိုင် ဖြစ်သွားပါတယ်။ အမေသေတာ သားကြောင့်လို့ အပြစ်တင်ပါတယ်။

ငယ်ငယ်က Salzburg မြို့မှာနေတုန်း ဂိုဏ်းအုပ်ကြီးထံမှာ Concert Master ပြဇာတ်ဆရာ လုပ်ဖူးပါတယ်။ ဘာသာရေး သီချင်းတွေ ရေးပေးရပါတယ်။ ဒါပေမယ့် သူ့အပေါ်မှာ အလုပ်ရှင် မကောင်းဘူးလို့ ခံစားရတဲ့အတွက် ၁၇၈၁ မှာ အလုပ်ထွက်ခဲ့ပါတယ်။

Salzburg မြို့က အပြီးအပိုင် ထွက်လာခဲ့ပြီး၊ Vienna မြို့ကိုရောက်တော့ သူ့ရဲ့ ဂီတပညာဟာ အထွတ်အထိပ်ကို ရောက်နေပါပြီ။ Vienna မြို့ဟာ Holy Roman Emperor Joseph II နေထိုင်တဲ့မြို့ပါ။ ဥရောပတဝှန်းက ဂီတပညာရှင်တွေဟာ ဧကရာဇ်ကို ဖျော်ဖြေဖို့ လာကြလေ့ရှိပါတယ်။

၁၇၈၂ - မှာ မိုဇတ်ဟာ Constanze Weber နဲ့ ဩစတြီးယန်းမြို့တော်မှာ လက်ထပ်ပါတယ်။ သူ့ဇနီးကို `ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံး နှလုံးသားနဲ့ အတွေ့အကြံု ရင့်ကျက် နှံ့စပ်သူ´ လို့  သူက ဆိုပါတယ်။ Constanze မှာ ကလေး ၆ ယောက်ရှိပေမယ့် ၂ ယောက်သာ ရှင်ပါတယ်။ အခက်အခဲတွေရှိပေမယ့်လည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြပါတယ်။

Vienna  မြို့မှာ မိုဇတ်ဟာ သူ့ရဲ့အကောင်းဆုံး Operas တွေ ရေးခဲ့ပါတယ်။ Opera ဆိုတာ သံစုံဝိုင်းနဲ့ ကပြရတဲ့ ဂီတပြဇာတ်တွေ ဖြစ်ပါတယ်။ တခြားမြို့တွေမှာလည်း ဖျော်ဖြေခဲ့ရပါတယ်။ သူ့ရဲ့ The Marriage of Figaro ဟာ Prague မြို့မှာ လူကြိုက်များခဲ့ပါတယ်။

အဲဒီမြို့မှာပဲ အော်ပရာ နောက်တပုဒ်ရေးဖို့ တောင်းဆိုခံရပါတယ်။ Don Giovanni ပြဇာတ်ကို ရေးခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့အကောင်းဆုံးအော်ပရာလို့  အများက ယူဆကြပါတယ်။ ဒီအော်ပရာဟာ စပိန်စာရေးဆရာ Tirso de Molina ရေးတဲ့ ချစ်တတ်တဲ့ သူရဲကောင်း Don Juan အကြောင်းဖြစ်ပါတယ်။ ဟိုတုန်းက Don Giovanni  သတ်ခဲ့တဲ့ လူတယောက်ရဲ့ ၀ိညာဉ်က လူ့လောကကို ပြန်လာပြီး သူ့ကိုဖမ်းဆီးကာ၊ ငရဲကို ဆွဲချတဲ့အကြောင်း ဖြစ်ပါတယ်။ 

မိုဇတ်ရဲ့ သီချင်းတွေကို ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀၀ ကျော်မျာလည်း ကြားရနိုင်ပါတယ်။ Jean Renoir ရဲ့ The Rules of the Game ဇာတ်ကားကနေ Stanley Kubrick ရဲ့ Eyes Wide Shut ဇာတ်ကားအထိ ပါ၀င်ပါတယ်။

၁၉၈၄ ခုနှစ်မှာ peter Shaffer ရဲ့ Amadeus ဇာတ်ကားဟာ မိုဇာတ်အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အကယ်ဒမီ ၈ ဆု ရပါတယ်။ ဒါပေမယ့် သမိုင်းဆရာတွေကတော့ အီတလီ သီချင်းရေးဆရာ Antonio Salieri ကို မိုဇတ်သေရတဲ့ တရားခံအဖြစ် ပြတာဟာ မမှန်ဘူးလို့ ထောက်ပြကြပါတယ်။ Salieri ဟာ မိတ်ဆွေတယောက်သာ ဖြစ်သလို၊ မိုဇာတ်ရဲ့ သားကို သင်ပြရသူလည်း ဖြစ်ပါတယ်။

 မိုဇတ်ဟာ အသက် ၃၅ နှစ်အရွယ် ၁၇၉၁ ခု၊ ဒီဇင်ဘာ ၅ ရက်မှာ သေဆုံးပါတယ်။ သီချင်းအပုဒ်ပေါင်း ၆၀၀ ကျော် ရေးခဲ့ပါတယ်။ ခေတ်ကာလတလျှောက်လုံးမှာ အကောင်းဆုံးသီချင်းရေးဆရာအဖြစ် မိုဇတ်ကို ပညာရှင်တချို့က ယူဆကြပါတယ်။                ။

Monday, June 4, 2012

ဆံပင် - Hair


ဆံပင်
By Sherry Hutson Camperson

ဆံပင်ဟာ နို့တိုက်သတ္တဝါတွေမှာ ပေါက်တဲ့ အမွေးအမှင်ပါ။ အမွေးနုကလေးကနေ ကြမ်းတမ်းစူးရှတဲ့ ဖြူဆူးအထိ ပုံစံအမျိုးမျိုးနဲ့ ပေါက်ပါတယ်။ ဝေလငါးကတော့ နို့တိုက်သတ္တဝါတွေထဲမှာ အမွေးအမှင် အနည်းဆုံးပါ။

လူမှာ နူးညံ့တိုတောင်တဲ့ အမွေးအမှင်တွေ တကိုယ်လုံး ပေါက်တတ်ပေမယ့် ခေါင်းက ဆံပင်ကတော့ အထူဆုံးပါပဲ။ ကွယ်ကာဖို့နဲ့ နွေးထွေးစေဖို့ ဖြစ်ပါတယ်။ မျက်ခွံပေါ်နဲ့ ခြေဖဝါး၊ လက်ဖဝါးတွေပေါ်မှာတော့ အမွေးအမှင် မပေါက်တတ်ပါဘူး။

ဆံပင်မွေးတိုင်းမှာ အခြေခံအားဖြင့် ၂ ပိုင်းပါပါတယ်။ ဆံပင်ချောင်းနဲ့ အမြစ်ဖြစ်ပါတယ်။ အရေပြားထဲက ထွက်လာတဲ့အခါ အမြစ်ကနေ ဆံပင်ချောင်း ဖြစ်လာပါတယ်။ တလကို ၁ လက်မခွဲ ရှည်ထွက်ပါတယ်။ ၄ နှစ်လောက် ရှည်ထွက်လာပြီးရင် ကျွတ်ထွက်သွားပါတယ်။ အသစ်တချောင်း အစားထိုးပေါက်လာပါတယ်။ ပေါက်လိုက်၊ ကျွတ်လိုက် ပုံမှန်ဖြစ်နေပါတယ်။

ဆံပင်ချောင်းပိုင်းဟာ လုံဝန်းတဲ့ ပုံစံရှိပါတယ်။ နဂို ဆံပင်ကောက်သူတွေကတော့ ပြားတဲ့ပုံစံ ရှိတတ်ပါတယ်။ ဆံပင်နီရင် ခေါင်းမှာ ဆံပင် ၉၀,၀၀၀ ရှိပါတယ်။ နက်ရင် ၁၀၃,၀၀၀ ။ ညိုရင် ၁၀၉,၀၀၀ ။ ရွှေရောင်က ၁၄၀,၀၀၀ ရဲ့ အထက်ရှိပါတယ်။ ပိုနဲနဲ၊ လိုနဲနဲပဲ ကွာပါမယ်။

ဆံပင်ဟာ အရေပြားဆဲလ်တခုသာ ဖြစ်ပြီး၊ သူ့ကို မာကြောသန်မာစေဖို့ ကဲရတင် Keratin ဓါတ် နဲ့ ဖုံးအုပ်ထားပါတယ်။ ဒီဓါတ်ကို လက်သည်း၊ ကြံချို၊ မြင်းခွါနဲ့ ငှက်မွေးတွေမှာ တွေ့ရပါတယ်။

အမြစ်ပိုင်းကတော့ သွေးကြောမျှင်တွေနဲ့ ဆက်နေပါတယ်။ ဆံပင်တချောင်းမှာ မျိုးရိုးဗီဇနဲ့ဆိုင်တာတွေ အားလုံးပါပါတယ်။ ဘယ်သူနဲ့မှ မတူတဲ့၊ သီးသန့် ပင်ကိုယ်သဘာဝ ဖြစ်စေတဲ့ DNA ပါပါတယ်။ ကိုယ့်ပင်ကိုယ် သဘာဝဖြစ်စေမယ့် အရာအားလုံးဟာ ဆံပင်တချောင်းထဲမှာ ရှိနေပါတယ်။

ဆံပင်တချောင်းကို စနစ်တကျ လေ့လာကြည့်ရင် ကျား/မ၊ လူမျိုး စတဲ့အကြောင်းအရာ များစွာကို ဖေါ်ပြပေးနိုင်ပါတယ်။ ပြစ်မှုဖြစ်ပွါးတဲ့ နေရာမှာတွေ့ရတဲ့ ဆံပင်ကို ဓါတ်ခွဲခန်းပို့ပြီး လေ့လာရင်၊ တရားခံရဲ့ ဖုံးကွယ်ထားတဲ့ အချက်တွေကို သိနိုင်ပါတယ်။

ဘုရားသခင်က ဆံပင် အမြစ်ကနေ၊ ဆံပင်အဖျား အကွဲပိုင်းအထိ ဖန်ဆင်းထားတာပါ။ ခေါင်းပေါ်မှာ ဆံပင်ဘယ်နှစ်ချောင်း ရှိတယ်ဆိုတာ ဘုရားသခင် အတိအကျ ရေတွက်ထားပါတယ်။ ( မဿဲ ၁၀း ၃၀ ) တကယ်တော့ ကိုယ့်ရဲ့အမွေးအမှင်တွေကို ဘုရားသခင် ဖန်ဆင်းထားတာပါ။

ကိုယ့်မှာရှိတဲ့ ဆံပင်အမျိုးအစားအတွက် စိတ်မညစ်ပါနဲ့။ အသားအရောင်၊ မျက်လုံးအရောင်တွေဟာ ဆံပင်ရောင်နဲ့ ဆက်နေကြတာပါ။ တိုတို၊ ရှည်ရှည် ဘုရားပေးတဲ့အတိုင်း နေကြရတာပါ။              ။
From “Hair: The Long and the Short of It” by Sherry Huston Camperson.

Saturday, June 2, 2012

Superstars - စူပါစတားတွေ အကြောင်း


ဆံပင်
By Sherry Hutson Camperson

ဆံပင်ဟာ နို့တိုက်သတ္တဝါတွေမှာ ပေါက်တဲ့ အမွေးအမှင်ပါ။ အမွေးနုကလေးကနေ ကြမ်းတမ်းစူးရှတဲ့ ဖြူဆူးအထိ ပုံစံအမျိုးမျိုးနဲ့ ပေါက်ပါတယ်။ ဝေလငါးကတော့ နို့တိုက်သတ္တဝါတွေထဲမှာ အမွေးအမှင် အနည်းဆုံးပါ။

လူမှာ နူးညံ့တိုတောင်တဲ့ အမွေးအမှင်တွေ တကိုယ်လုံး ပေါက်တတ်ပေမယ့် ခေါင်းက ဆံပင်ကတော့ အထူဆုံးပါပဲ။ ကွယ်ကာဖို့နဲ့ နွေးထွေးစေဖို့ ဖြစ်ပါတယ်။ မျက်ခွံပေါ်နဲ့ ခြေဖဝါး၊ လက်ဖဝါးတွေပေါ်မှာတော့ အမွေးအမှင် မပေါက်တတ်ပါဘူး။

ဆံပင်မွေးတိုင်းမှာ အခြေခံအားဖြင့် ၂ ပိုင်းပါပါတယ်။ ဆံပင်ချောင်းနဲ့ အမြစ်ဖြစ်ပါတယ်။ အရေပြားထဲက ထွက်လာတဲ့အခါ အမြစ်ကနေ ဆံပင်ချောင်း ဖြစ်လာပါတယ်။ တလကို ၁ လက်မခွဲ ရှည်ထွက်ပါတယ်။ ၄ နှစ်လောက် ရှည်ထွက်လာပြီးရင် ကျွတ်ထွက်သွားပါတယ်။ အသစ်တချောင်း အစားထိုးပေါက်လာပါတယ်။ ပေါက်လိုက်၊ ကျွတ်လိုက် ပုံမှန်ဖြစ်နေပါတယ်။

ဆံပင်ချောင်းပိုင်းဟာ လုံဝန်းတဲ့ ပုံစံရှိပါတယ်။ နဂို ဆံပင်ကောက်သူတွေကတော့ ပြားတဲ့ပုံစံ ရှိတတ်ပါတယ်။ ဆံပင်နီရင် ခေါင်းမှာ ဆံပင် ၉၀,၀၀၀ ရှိပါတယ်။ နက်ရင် ၁၀၃,၀၀၀ ။ ညိုရင် ၁၀၉,၀၀၀ ။ ရွှေရောင်က ၁၄၀,၀၀၀ ရဲ့ အထက်ရှိပါတယ်။ ပိုနဲနဲ၊ လိုနဲနဲပဲ ကွာပါမယ်။

ဆံပင်ဟာ အရေပြားဆဲလ်တခုသာ ဖြစ်ပြီး၊ သူ့ကို မာကြောသန်မာစေဖို့ ကဲရတင် Keratin ဓါတ် နဲ့ ဖုံးအုပ်ထားပါတယ်။ ဒီဓါတ်ကို လက်သည်း၊ ကြံချို၊ မြင်းခွါနဲ့ ငှက်မွေးတွေမှာ တွေ့ရပါတယ်။

အမြစ်ပိုင်းကတော့ သွေးကြောမျှင်တွေနဲ့ ဆက်နေပါတယ်။ ဆံပင်တချောင်းမှာ မျိုးရိုးဗီဇနဲ့ဆိုင်တာတွေ အားလုံးပါပါတယ်။ ဘယ်သူနဲ့မှ မတူတဲ့၊ သီးသန့် ပင်ကိုယ်သဘာဝ ဖြစ်စေတဲ့ DNA ပါပါတယ်။ ကိုယ့်ပင်ကိုယ် သဘာဝဖြစ်စေမယ့် အရာအားလုံးဟာ ဆံပင်တချောင်းထဲမှာ ရှိနေပါတယ်။

ဆံပင်တချောင်းကို စနစ်တကျ လေ့လာကြည့်ရင် ကျား/မ၊ လူမျိုး စတဲ့အကြောင်းအရာ များစွာကို ဖေါ်ပြပေးနိုင်ပါတယ်။ ပြစ်မှုဖြစ်ပွါးတဲ့ နေရာမှာတွေ့ရတဲ့ ဆံပင်ကို ဓါတ်ခွဲခန်းပို့ပြီး လေ့လာရင်၊ တရားခံရဲ့ ဖုံးကွယ်ထားတဲ့ အချက်တွေကို သိနိုင်ပါတယ်။

ဘုရားသခင်က ဆံပင် အမြစ်ကနေ၊ ဆံပင်အဖျား အကွဲပိုင်းအထိ ဖန်ဆင်းထားတာပါ။ ခေါင်းပေါ်မှာ ဆံပင်ဘယ်နှစ်ချောင်း ရှိတယ်ဆိုတာ ဘုရားသခင် အတိအကျ ရေတွက်ထားပါတယ်။ ( မဿဲ ၁၀း ၃၀ ) တကယ်တော့ ကိုယ့်ရဲ့အမွေးအမှင်တွေကို ဘုရားသခင် ဖန်ဆင်းထားတာပါ။

ကိုယ့်မှာရှိတဲ့ ဆံပင်အမျိုးအစားအတွက် စိတ်မညစ်ပါနဲ့။ အသားအရောင်၊ မျက်လုံးအရောင်တွေဟာ ဆံပင်ရောင်နဲ့ ဆက်နေကြတာပါ။ တိုတို၊ ရှည်ရှည် ဘုရားပေးတဲ့အတိုင်း နေကြရတာပါ။              ။
From “Hair: The Long and the Short of It” by Sherry Huston Camperson.

Friday, June 1, 2012

The Miracle of Photosynthesis - အံ့ဩစရာကောင်းတဲ့ အစာချက်ခြင်း


 အစိမ်းရောင်အပင်အားလုံး၊ ရေမှော်ပင်တချို့နဲ့ တချို့ ဘက်တီးရီးယားတွေဟာ လေ၊ ရေ၊ အလင်းနဲ့ သတ္တုဓါတ်အနည်းငယ်လောက်နဲ့ အစားအစာချက်လုပ်တတ်ကြပါတယ်။ ဒါကို photosynthesis လို့ခေါ်ပါတယ်။ ဒီလိုအစာ မချက်လုပ်ကြရင်လည်း လူတွေမှာ စားစရာမရှိ၊ ရှူစရာလေမရှိ ဖြစ်ကြရမှာပါ။

အစိမ်းရောင်အပင်တွေက လူနဲ့ တိရစ္ဆာန်တွေ စွန့်ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုတ်ယူပါတယ်။ ရေနဲနဲနဲ့ အစာချက်ပြီးတော့ အောက်စီဂျင်နဲ့ ကာဗွန်ဟိုက်ဒရိတ်ကို ထုတ်လုပ်ပါတယ်။ ထုတ်ယူခဲ့တဲ့ ရေရဲ့ ၄ ပုံ ၃ ပုံကိုလည်း နောင်သုံးဖို့ ပြန်ထုတ်ပေးပါတယ်။

Photosynthesis  ဓါတ်ပြောင်းလဲသွားပုံကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထဲက ကာဗွန်အက်တမ်ကို အောက်စီဂျင်ထဲကနေ ခွဲထုတ်လိုက်ပါတယ်။ ပြီးမှ ရေမော်လီကျူးတခုနဲ့ပေါင်းပြီး ကာဗွန်ဟိုက်ဒရိတ် ဖြစ်လာစေပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ဆိုတာ အစားအစာပါပဲ။ ဒါက ရိုးရိုးကလေးပါ။ ဒါပေမယ့် ဖြစ်ပျက်ပုံကို အသေးစိတ် တဆင့်ချင်းရေးရင်တော့ စာတအုပ်  ဖြစ်သွားပါလိမ့်မယ်။

ဒါကို ဒါ၀င်အယူအဆကိုလက်ခံတဲ့ Evolutionists တွေက အပင်တွေဟာ စွန့်ပစ်ပစ္စည်းတွေထဲက အကျိုးရှိတာတွေ ထုတ်ယူတတ်ပါလားဆိုပြီး အံ့ဩကြတယ်။ အပင်တွေကို လိုက်တုပြီး၊ သိပ္ပံပညာရှင်တွေက အာကသမှာ solar cell အသစ်တမျိုးကို လုပ်ဆောင်လာကြတယ်။ အပင်တွေက သူတို့ရတဲ့ အလင်းကို စွမ်းအင်အဖြစ် ၁၀၀% နီးပါး ပြောင်းလဲပေးနိုင်ပေမယ့်၊ လူတွေ အစွမ်းကုန် ကြိုးစားထားတာကတော့ ၈% ပဲ ထိရောက်ပါတယ်။

အဲဒီတော့ ဖန်ဆင်းခြင်းကို ယုံကြည်တဲ့  Creationists တွေက မေးလာကြတယ်။ လူဦးနှောက်နဲ့ နှစ်ပေါင်းများစွာ ကြိုးစားတာက ၈% ပဲ အကျိုးရှိပြီး၊ ဦးနှောက်မရှိတဲ့ သစ်ပင်တွေက ၁၀၀% နီးပါး အကျိုးရှိနေပါလားပေါ့။

ကဲ... တို့ လူသားတွေ အတော့ကို တော်နေပြီပေါ့နော်...
ရည်ညွှန်း။  http://www.creationmoments.com/radio/transcripts/miracle-photosynthesis