Sunday, September 23, 2012

Ba Din's songs

Ba Din

ဗဒင်ရဲ့ သီချင်းများကို ခံစားကြည့်တဲ့အခါ သံစဉ်ပိုင်းမှာ တေးသွားဟန်တွေ မထပ်အောင် ပုံစံအမျိုးမျိုးနဲ့ ရေးသွားနေရင်းနဲ့ သူရဲ့ ကိုယ်ပိုင်ဟန်လည် မပျောက်မပျက် ပေါ်လွင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် သံစဉ်ထက် သူ့ရဲ့စာသားတွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်မိပါတယ်။

အမှတ်တံဆိပ်။         ။ သီချင်ရေးဆရာတယောက်ရဲ့ နှုတ်ဖျားမှာ အမှတ်တမဲ့ သူရွတ်နေကျ၊ သူတွေးမိနေကျ စကားလုံးတခု ရှိနေတတ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် အစွဲလန်းဆုံး စာသားတခုပါ။ သူ့ရဲ့ Trade Mark စကားလုံးဆိုပါစို့။ ဒါကို သီချင်းရေးဆရာ တယောက်တည်းရဲ့ သီချင်းတွေကိုချဉ်း သပ်သပ်လေ့လာတဲ့အခါ တွေ့ရနိုင်ပါတယ်။ ရေးတဲ့ သီချင်းအတော်များများမှာ အဲဒီစကားလုံးကလေး ပါနေတတ်ပါတယ်။ ဥပမာ၊ သီချင်းရေးဆရာတယောက်က `ကမ္ဘာကြီးက ကျဉ်းလွန်းပါတယ်´ လို့ သူ့ရဲ့သီချင်း အနည်းဆုံး ၂ ပုဒ်လောက်မှာ ရေးခဲ့ပါတယ်။ ( အများစုကတော့ ကမ္ဘာကြီးကျယ်တယ်လို့ စိတ်စွဲနေကြချိန်မှာ သူက ထူးခြားစွာပဲ ကျဉ်းတယ်လို့ ခံစားနေတာပါ။ ဒါက သူ့ စိတ်စွဲနေတဲ့ စကားလုံးဆိုပါစို့။ ) `တစစီကျိုးပဲ့´ တာကိုရေးတဲ့ သီချင်းရေးဆရာဟာ ` အတွင်းကြေ ... အတွင်းကြေ´ လို့ ပြောလာပြန်ပါတယ်။ သီချင်းရေးဆရာတွေ စွဲလန်းနေတဲ့ စကားလုံးတွေက မတူကြပါဘူး။ သပ်သပ်စီရှိကြပါတယ်။ ဒီလိုဆို သီချင်းရေးဆရာ ဗဒင်စွဲလန်းတဲ့ စကားလုံးက ဘာဖြစ်မလဲ? `နေရာ´ ပါ။ ပထမဆုံးထွက်တဲ့ သီချင်းစုရဲ့ ခေါင်းစီးသီချင်းဖြစ်ခဲ့သလို၊ `နေရာ ၁´ နဲ့ `နေရာ ၂´ ဆိုပြီး ၂ ပုဒ် ရေးခဲ့ပါတယ်။ သူ့ရဲ့တခြားသီချင်းတွေမှာလည်း တခါတခါ ပါလာတတ်တဲ့ စကားလုံးဟာ “နေရာ” ပါ။

“မင်းကတော့ ကိုယ့်ဘဝထဲက နေရာ ...
မင်းကတော့ နှလုံးသားရှိတဲ့ နေရာ ....
မင်းကတော့ ကိုယ့်အသက်ရှိတဲ့ နေရာ ... ”

ထူးခြားချက် ။      ။ ဆရာစောဘွဲ့မှူးရဲ့ သီချင်းစာသားတွေမှာ ဟာသလေးတွေ ပါတတ်တာဟာ သူ့ရဲ့ ထူးခြားချက်ပါ။ ဥပမာ - “မင်းဆံပင်ဖြူဖြူမှာ .... စပယ်ကုံးကလေး ပန်ပေးမယ် ... ” အသက်ကြီးကြီး အဖွါးအိုတယောက်ရဲ့ ဆံပင်အဖြူပေါ်မှာ အဖြူရောင် စပယ်ပန်းကုံးကို အဖိုးအိုတယောက် ပန်ပေးတာကို မြင်ရောင်ရင်း ရယ်ချင်လာပါလိမ့်မယ်။

သီချင်းရေးဆရာ ဗဒင်ကတော့ ကဗျာသိပ်ဆန်ပါတယ်။ နောက်ပြီး စာသားနဲ့ ရှုခင်း၊ မြင်ကွင်းတွေကို ကွက်ကွက်ကွင်းကွင်း ပုံဖေါ်ရာမှာ သိပ်တော်ပါတယ်။ “ချစ်အသဲကျော်မလေး” သီချင်းထဲမှာ

 “မိုးရွာပြီးမှ ... နှင်းဆီပွင့်ပေါ် ..... တင်ကျန်တဲ့ ..... မိုးစက်ကလေး ....
တစက်လိုပါ .... ကိုယ့်ချစ်ခြင်းတွေ .... မင်းရင်ထဲမှာ
...နောက်ဆုံးနေရာ .... ရပိုင်ခွင့် ..... ပေးမှာလား? ”

ခေါင်းကိုမော့ကာ ..... သူ့ဆံပင်လေး .....
တင်သပ်လိုက်တာကိုက ..... ဆွဲဆောင်မှု ......တခုလေလား ....... ” ဆိုတဲ့အဖွဲ့မှာ ကဗျာဆန်တာနဲ့အတူ ... မြင်းကွင်းကို ကောင်းကောင်း ပုံဖေါ်နိုင်တာတွေ့ရပါတယ်။

သီချင်းရေးရာ ဗဒင်က ကျွန်တော်တို့ကို လူနေထူထပ်တဲ့ ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားမှတ်တိုင်တွေရှိရာကို မခေါ်ပဲ၊ ဘယ်ကို ခေါ်သလဲကြည့်ပါဦး။ လေယာဉ်ပျံစီးပြီး ခရီးသွားရသလားမှတ်ရပါတယ်။
“ကျေးလက်တောတန်း .... မြိုင်ယံကြား ..... မြို့ပြများလည်း
.... ကျော်လွန်ရင်း ...  မိုင်ထောင်ချီတဲ့ အတွေးတွေရယ် ....
အိုး ..... ပင်လယ်ပြာ .. ရေ မွှာဖြူ ..... လှိုင်းများကြားမှာ ....
ဇင်ယော်လို .... ကျင်လည်ကာ .... ဖြတ်သန်းခြင်း ....
ခရီးဝေး ....   ပျောက်ဆုံးစာရင်းဝင်နေတဲ့ ......
ကျွန်းကလေးတကျွန်း ... တနေရာက ..... ရင်ခုံသံတွေနဲ့ .....
အတူတူ ... ကိုယ်ရှာဖွေနေတဲ့ ... ကိုယ်ဘဝကို .....
ဘယ်နေရာမှာ ... ပြန်လည်တွေ့ရှိမလဲ? .... ”
ဗဒင် - နေရာ ၁ သီချင်း နားထောင်ရန်

“ဘာသာပြန်” ဆိုတဲ့ နာမည်ဆန်းဆန်းနဲ့ သီချင်းကလေးမှာလည်း ..... “တိမ်ဆိုင်တွေရယ် ...
မြူတွေရယ် ... နှင်းထုရယ် ... မနက်ခင်းရယ် ....သဲသဲကွဲကွဲမရှိတဲ့ ပုံရိပ်များရယ် ...
လိမ်မော်ရာသီ ... တောင်ပေါ်မှာ ....လမ်းကျဉ်းငယ်ကလေးများလျှောက်ရသလို ....
အကြင်နာလမ်းဟာ .... ရီဝေဝါးနေတယ် .... မရေရာဘူး ... ဟူး ..... ”
“ရေတခွန်တွေရယ် ...... အော်မြည်ကာ ..... ပြင်းပြစွာ ....
ရိုက်ခတ်စဉ် .... လျှိူ့ဝှက်ချက်နဲ့ပြည့်တဲ့ ..... ရေထွက်ရာ .....
ရေဆန်ကို လှန်ရှာဖွေစဉ် .... ချောင်းများခံ .... အစပြု ..
စီးဆင်းရာ ..... နေရာမျိုးဟာ ..... အကြင်နာ စတင်ရာ ....ညိုမျက်ဝန်းလို့ ...... ”

“အဟောင်းဆိုင်” ဆိုတဲ့ သီချင်းမှာတော့ ....
“လေဟုန်စီးရင်း ..... လရောင်အောက်မှာ ....
ဖေါ်စုံ ... ပိုးစုံးကျူးငယ်ကလေးတို့ရယ် .... ” ညရှုခင်းကို ပုံဖေါ် ရေးထားပါတယ်။

ဝိညာဉ်ရေး ။       ။ လောကီသီချင်းတွေကို ရေးကြ၊ ဆိုကြတဲ့သူတွေက ဘုရားတရားအကြောင်း ပြောတဲ့အခါ၊ ဓမ္မတေးသီချင်းတွေ ဆိုတဲ့အခါ အလွန်သည်းခံနားထောင်ရပါတယ်။ သူတို့ဟာ လောကမှာ
ကျော်ကြားသူတွေဖြစ်ကြတာမှန်ပေမယ့် ဘုရားတရားတော့ သိပ်မသိတတ်ပါဘူး။ မသိတာကို သိသလို ဆရာလုပ်ပြောတာ၊ ဟန်ဆောင်ပြောတာတွေက ဆိုးပါတယ်။

ဒီထက်ပိုဆိုးတာက တေးရေးဗဒင် အရက်သောက်တတ်တာကို သိထားရင် သူရေးတဲ့ ဘုရားတရားသီချင်းဟာ ပိုဆိုမလားလို့ ထင်ရပါတယ်။ ဒီနေရာမှာ လူ့သဘာဝအထင်နဲ့ ခရစ်ယာန်တရားသဘောဟာ အတော်ကွာပါတယ်။ ဒါကြောင့် ဗဒင်ရဲ့ သီချင်းဟာ လွဲနေမလားလို့ စိုးရိမ်စရာပါ။

လူ့သဘာဝက လူဟာ ကောင်းကင်ရောက်ဖို့ ကောင်းတာလုပ်ရမယ်လို့ ယူဆလေ့ရှိပါတယ်။ Do ပေါ့။ ဘုရားသခင်က လူလုပ်လို့ ဘာဖြစ်လာမလဲ? ငါ လုပ်ပေးတယ်။ Done ပါ။ လူက တခုခုလုပ်ပါ။ Do, ဘုရားက ငါလုပ်ပေးပြီးပြီ။ Done ပါ။ ဒါကြောင့် ခရစ်ယာန်တရားက ကိုယ်ကျင့်တရား moral ကို ဦးစားပေး ပြောတာမျိုးမဟုတ်ပါဘူး။ ပညတ် Law တွေကို ပြနေတာမျိုးမဟုတ်ပါဘူး။ သူက ဘုရားကျေးဇူးတော် Grace ကို အဓိကပြောပါတယ်။ လူမတတ်နိုင်တာကို ဘုရားမ,တာကို ပြောတာပါ။ (လူမစွမ်း၊ နတ်,မ, ဆိုသလိုပါပဲ။ လူမစွမ်းလို့  ဘုရားမ, တာပါ။) ခရစ်ယာန်တရားက မကောင်းတဲ့သူ၊ မှားနေတဲ့သူတွေကို ဘုရားကယ်နိုင်တဲ့အကြောင်း၊ ပြုပြင်နိုင်တဲ့အကြောင်းသာ ပြောရတာပါ။ ကဲ ... တေးရေးဗဒင် ဒီအချက်ကို သိခဲ့သလား?
“သိုးမည်းဟောင်းတွေအကြောင်း” မှာ ကြည့်ကြပါစို့။

“ဘုရားကျောင်းလည်း  .... မင်းကမတက်တာ ..... အတော်ကြာပြီ ......”
“မင်းကတော့ .... တို့နဲ့ ပါမလာပဲ ....အမှောင်ထဲမှာ ... ဆက်လျှောက်နေဆဲ .....” လို့ ဘုရားတရားနဲ့ ဝေးနေတဲ့ သူ့သူငယ်ချင်းကို ပြောပါတယ်။
“လောကရဲ့ လမ်းတွေပေါ် .... ဆိုးကြ၊ မိုက်ကြရင်းနဲ့ .....
ရုန်းထွက်တော့ ..... မင်းက ပါမလာပဲ ....
အမှောင်ထဲမှာ .... ဆက်လျှောက်နေဆဲ ... ” လို့ ပေဖေါ်၊ ပေဖက်သူငယ်ချင်းကို ပြောပါတယ်။
“တို့ကတော့ .... တို့ကတော့ .... ဘုရားကျောင်းထဲ ....
ပြန်ရောက်တဲ့အချိန် .....”
“တို့ကတော့ .... တို့ကတော့ .... ဝေးဝေးကနေ ...
ဆုတောင်းပေးမယ် ...” လို့ သူ့သူငယ်ချင်း လူဆိုးလူတေတွေကို အပြစ်မမြင်ပဲ၊ စာနာစွာနဲ့
ဆုတောင်းပေးသူပါ။
“မင်းဆိုးလို့ ဝရင် ... မင်းမိုက်လို့ ဝရင် ....
သိုးမဲဟောင်းကြီးတွေ .. ပြေးထွက်လာပြီး ...
မင်းကို ကြိုနေမယ် ....”
တေးရေးဗဒင်က သူ့သူငယ်ချင်းတွေကို ပြောပါတယ်။ “ငါအခု ဘုရားကျောင်းထဲ ရောက်နေပေမယ့်၊ တချိန်ကတော့ မင်းတို့လို သိုးမည်းတကောင်ပါပဲကွာ” ဒီသီချင်းအရတော့ တေးရေးဗဒင်ဟာ ကိုယ်ကျင့်တရားကို ဦးစားပေးသူ moralist မဟုတ်ဘူး။ စာနာတတ်သူလို့ ဆိုနိုင်ပါတယ်။
နောက်တပုဒ် ... “ထမ်းထုတ်သွားခဲ့ပြီ” မှာတော့ သူ့ဘဝကို ပြောပြလာပါတယ်။
“ညညဆို ကိုယ်မျက်လုံးတွေ .... ကြောင်မနေတော့ဘူး .....
နေ့ဖက်ဆို ... ကိုယ့်ရဲ့စိတ်တွေ ... တိုမနေတော့ဘူး ....
ဘာသာပြန်စာအုပ်များနဲ့ ..... အချိန်ပိုများမှာ ....
အတိတ်က အဖြစ်အပျက်တွေကို ..... ကြိုးစားမေ့ဖို့ ...
မလိုတော့ဘူး .....”
သူ့အရင်က နေပုံထိုင်ပုံတွေပါ။ ဒါပေမယ့် သူ့ဘဝမှာ တနေ့ ထူးထူးခြားခြား ဖြစ်သွားတာလေး ရှိလာတယ်။ ဒါက သူ့ဝိညာဉ်ရေးနဲ့ဆိုင်တယ်။ သူပျော်လို့ ထအော်လာတယ်။

“ကိုယ့်ဘဝကို ... ဘယ်သူ့ဘဝနဲ့မှ ...မလဲဘူး .....ကိုယ့်ဘဝကို ... တွေ့ရှိတဲ့သူ .... ဖြစ်သွားလောက်အောင် ...

ကရာနီမှာ .... အသစ်ပြုပြင်တဲ့ ချစ်မေတ္တာက .... ငါ့ကို
ထမ်းထုတ်သွားခဲ့ပြီ ....” ကြည့်- သူ့ဘဝကို

သူကြေနပ်သွားတယ်။ သူ့ဘဝ နေပျော်သွားပြီ။
“ ဆိုးဝါးတဲ့အတွေးတွေ ... ဝင်ဝင်လာလို့ ....
အားလပ်ချိန်ကလေးတွေ ..... ရင်မဆိုင်ချင်ဘူး .....
ယမကာဆိုင်ထဲသွားပြီး .... အချိန်ပိုများမှာ ....
လက်ရှိကိုယ့်ဘဝနေရာက .... ထွက်ပြေးဖို့လည်း ......
မလိုတော့ဘူး ...... ”  သူ့ရဲ့ အရင်ကအကြောင်းတွေပါ။
“အပေါင်းတွေရှိရာ .... ကိုယ်မလာချင်ဘူး ....
အမျိုးတွေထဲမှာ ...... ကိုယ်မနေချင်ဘူး ....
ကြာရှည်စွာ ... တယောက်တည်းပဲ ... နေလာခဲ့တယ် ....
အသိုင်းဝိုင်းများရဲ့ ..... အပြင်မှာ ....
အခန်းအောင်းဖို့လည်း ..... မလိုတော့ဘူး .....”
ဒီလိုဖြစ်သွားရတာ ဘာကြောင့်လဲ? သူဆက်ပြောပြပါတယ်။
“ကိုယ့်ဘဝကို ဘယ်သူ့ဘဝနဲ့မှ မလဲဘူး .....
ကိုယ့်ဘဝကို...... တွေ့ရှိတဲ့သူ...
ဖြစ်သွားလောက်အောင် .....
ကရာနီမှာ (အရာရာကို) ..... အသစ်ပြုပြင်တဲ့  .....
ချစ်မေတ္တာက ...... ငါ့ကို .....
ထမ်းထုတ်သွားခဲ့ပြီ ...... ”

သိုးမည်းဟောင်းတွေအကြောင်း -သီချင်း
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ တုန်းက .... ကရာနီတောင်ကုန်းအရပ်မှာ ဘုရားသခင်ရဲ့ သားတော် သခင်ယေရှု အသေခံပေးတာကို သူပြောနေတာပါ။  ဘုရားသခင်ရဲ့ သားတော်က လူသားတွေ ကိုယ်စား အပြစ်အတွက် အသေခံပေးခဲ့တာကို သူသိနေပါတယ်။ ကရာနီတောင်ကုန်းပေါ်ကို သခင်ယေရှု သစ်တိုင်ကြီး ထမ်းသွားနေတာဟာ လူတွေရဲ့ အပြစ်တွေကို ထမ်းပိုးခဲ့ရတာပါ။ အပြစ်ကို တရားသဖြင့် ချေဖို့ရာ အပြစ်ကြွေးတွေကို အသေခံပေးဆပ်ဖို့ လိုပါတယ်။ ဒီအတွက် အသက်ပေးခဲ့ရတာပါ။ အဲဒီအသေခံတာမှာ သူ့အတွက် ပါတယ်လို့ တေးရေးဗဒင်က သိမြင်သွားတာပါ။ အဲဒီလို အပြစ်ရှိသူကိုယ်စား အသေခံပေးတာကို သူဘယ်လို ပြောပြသလဲ?
“ငါ့ကို .... ထမ်းထုတ်သွားခဲ့ပြီ ....”
ဒီသီချင်းကို နားထောင်မိစမှာ သူ့တင်စားပုံက ခပ်ပေါ့ပေါ့ ဖြစ်နေတယ်၊ လူငယ်ဆန်လွန်းတယ်၊ မလေးနက်ဖူးလို့ ထင်မိပါတယ်။ ဒါပေမယ့် သူရေးတာက သူ့ဘဝနဲ့ရင်းပြီး၊ သူခံစားသလို ရေးသွားတာပါ။ မြင်ယောင်ကြည့်ပါ။ ကျွန်တော်တို့ အသောက်လွန်ပြီး၊ အရက်ဆိုင်ထဲမှာ မထနိုင်ဖြစ်နေချိန်မှာ ဘယ်လိုအိမ်ပြန်မလဲ? အခင်ဆုံးသူငယ်ချင်းတယောက်က လိုက်လာမှာပဲ။ မထနိုင်တဲ့ ကျွန်တော်တို့ကို ထမ်းထုတ်တွဲခေါ်ရမှာပါပဲ။ တေးရေးဗဒင်က အဲဒီအကြင်နာမျိုးကို ခံစားလိုက်ရတာပါ။ လူကောင်းတွေဟာ ဘုရားမေတ္တာကို သိပ်ပြီးလေးလေးနက် ံစားမိချင်မှ ခံစားမိပါမယ်။ ဆိုးတဲ့ဘဝ၊ ပေတဲ့ဘဝထဲက
ဘုရားမေတ္တာ၊ ဘုရားခွင့်လွှတ်ခြင်းကို ခံစားမိသွားသူတွေကတော့ ကြည်နူးစရာအဖြစ် မမေ့နိုင်စရာပါပဲ။ ဒါကို သီချင်းတပုဒ်တောင် အမှတ်တရ ရေးသွားခဲ့တာပါလား။ လူတိုင်း ဘုရားမေတ္တာကို ကြည်ကြည်နူးနူး ခံစားမိနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။  .....။

No comments:

Post a Comment