Tuesday, November 20, 2012

Count Your Blessings (Burmese)

“ကောင်းကြီးရေတွက်” သီချင်းအကြောင်း
Johnson Oatman, Jr.; စာသား
Johnson Oatman, Jr.;

သီချင်းစာအုပ်တွေထဲမှာ ပါဝင်လေ့အရှိဆုံး သီချင်းတပုဒ်ပါပဲ။ Sunday School မှာကတည်းက ဆိုကြသလို၊ ဧဝံဂေလိဆန်တဲ့ ဝတ်ပြုစည်းဝေးတွေမှာလည်း ဆိုနေကြဆဲပါပဲ။

Rev. Johnson Oatman, Jr., ဟာ ၁၉ ရာစုနောက်ပိုင်းနဲ့ ၂၀ ရာစုအစပိုင်းမှာ သွက်လက်ပြီး။ အသိအမှတ်ပြုလောက်တဲ့ ဧဝံဂေလိသီချင်းရေးဆရာပါ။ သူ့ကို ၁၈၅၆၊ ဧပြီ ၂၁၊ နယူးဂျာစီပြည်နယ်၊ မက်ဖေါ့မြို့မှာ မွေးဖွါးတယ်။ အဖေက သီချင်းအဆိုကောင်းတော့ ဘုရားကျောင်းက သီချင်းတွေနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တယ်။ ၁၉နှစ်အရွယ်ရောက်တော့ မက်သဒစ်အသင်းတော်မှာ ပါဝင်တယ်။ နောင်နှစ်ပေါင်းများစွာ ကြာတော့ မက်သဒစ် အသိအမှတ်ပြု ဆရာတပါး ဖြစ်လာတယ်။ သီချင်းစာသား ၅,၀၀၀ ကျော်ရေးသားခဲ့ပေမယ်လည်း ကုန်သည်ဘဝမှာ ကျင်လည်ခဲ့သူဖြစ်တယ်။ နောက်ပိုင်းမှာတော့ နယူးဂျာစီပြည်နယ်မှာ အာမခံကုမ္ပဏီကြီးတခုမှာ စီမံခန့်ခွဲသူဖြစ်ခဲ့တယ်။ သူ့ရဲ့ တခြားလူကြိုက်များတဲ့ ဓမ္မသီချင်းတွေကတော့ “Higher ground” (သာ၍ မြင့်ရာ) နဲ့ “No, Not One!”  တို့ဖြစ်တယ်။ 
“Count Your Blessings” ဟာ Oatman ရဲ့ အကောင်းဆုံသီချင်းလို့ မှတ်ယူကြပါတယ်။ ဒီသီချင်းဟာ ၁၈၉၇ မှာ Edwin O. Excell ထုတ်တဲ့ “Song for Young People” သီချင်းစာအုပ်မှာ စတင် ပါဝင်လာပြီး၊ ကမ္ဘာတဝှန်း ဆိုလာကြတယ်။

Edwin Othello Excell သံစဉ်

Edwin Othello Excell
“ကမ္ဘာအမှောင်ဒေသတွေကို နေရောင်ခြည်လို ထွန်းလင်းစေခဲ့တဲ့ သီချင်း” လို့ လူတယောက်က မှတ်ချက်ချ ရေးသားဖူးပါတယ်။
ဒီသီချင်းလောက် ဘယ်အမေရိကန်ဓမ္မသီချင်းမှ အင်္ဂလန်မှာ လူကြိုက်မများဘူးလို့ ဆိုနိုင်မယ် ထင်ပါတယ်။

Gypsy Smith က “လန်ဒန်တောင်ပိုင်းမှာ ဒီသီချင်းကို အမျိုးသားတွေက ဆိုကြတယ်။ ကလေးတွေက လေချွန်ကြတယ်။ အမျိုးသမီးတွေက ကလေးအိပ်ဖို့ ဒီသီချင်းနဲ့ ပုခက်လွှဲကြတယ်” လို့ဆိုပါတယ်။

“Wales ပြည်နယ်မှာ နိုးထမှုဖြစ်တော့ Welsh လူမျိုးတွေရဲ့ အကြိုက်ဆုံးသီချင်းတွေဖြစ်တဲ့ “Guide me, O Thou Great Jehovah” နဲ့ “O That Will be Glory” သီချင်းတွေနဲ့အတူ စည်းဝေးတိုင်းမှာ ဆိုခဲ့တဲ့ သီချင်းပါ။

သံစဉ်ထည့်တဲ့ E. O. Excell က နာမည်ကျော် ဓမ္မတေးရေးဆရာပါ။ သူ့ကို ၁၈၅၁၊ ဒီဇင်ဘာ ၁၃ ရက်၊ Ohio ပြည်နယ်၊ Stark County မှာ မွေးတယ်။ အသက် ၂၀ မှာ အဆိုနည်းပြအဖြစ်နဲ့ နိုင်ငံတဝှန်း လှည့်လည်ရင်း အဆိုသင်တန်းကျောင်းတွေ တည်ထောင်ခဲ့တယ်။ နာမည်ကြီးတဲ့ တောင်ပိုင်း နိုးထမှုဆရာ Sam Jones နဲ့ နှစ်ပေါင်း ၂၀လောက် လက်တွဲခဲ့ပါတယ်။ သူ့ခေတ်မှာ အကောင်းဆုံး သီချင်းရေးဆရာတွေထဲက တယောက်ရယ်လို့ အသိအမှတ်ပြုခံရသူပါ။ ဓမ္မသီချင်းအပုဒ်ပေါင်း ၂,၀၀၀ ကျော် ရေးခဲ့သလို၊ သီချင်းစာအုပ် ၅၀ လောက် ထုတ်ဝေခဲ့တယ်။ ရှီဂါဂိုမှာ အောင်မြင်တဲ့ သီချင်းစာအုပ် ထုတ်ဝေရေးကို ဦးဆောင်ခဲ့သူဖြစ်တယ်။ Gypsy Smith ကို တရားဟောပွဲတခုမှာ ကူညီရင်း ၁၉၂၁ ခု၊ Kentucky ပြည်နယ်၊ Louisville မြို့မှာ ရုတ်တရက် အသက် ရ၀ အရွယ်နဲ့ ဘုန်းတော်ဝင်စားရင်း ကောင်းကင်သီချင်းတွေကြား တိုးဝင်သွားသူပါ။    

No comments:

Post a Comment