Friday, August 6, 2010

Rapture ချီဆောင်ခြင်း

Rapture   ခရစ်တော်ကြွလာတော့မယ်လို့ ဟောကိန်းထုတ်မှုများရဲ့ အမှား
" ထိုအချိန်နာရီကိုကား အဘယ်သူမှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိတော်မူ၏။ " မဿဲ ၂၄: ၃၆

၁။ မသိနိုင်ပါဘူးလို့ ပြောထားရဲ့သားနဲ့ ရက်အတိအကျ ပြောနေရင် အတော်မှားနေပြီ။ Family Radio မှ Harold Camping က May 21, 2011 မှာ သခင်ဘုရား ကြွလာမယ်။ October 21, 2011 မှာ ကမ္ဘာပျက်မယ်လို့ ဟောကိန်းထုတ်နေတယ်။ အယုံလွယ်သူတွေအတွက်တော့ ပြောစရာကြီးကို ဖြစ်လို့ပေါ့။ ၁၉၉၄ စက်တင်ဘာ ၆ တုန်းကလည်း သူ ၂ နှစ်လောက် ပြောထားတာကို ယုံတဲ့သူတွေက အတူစုဝေး စောင့်နေခဲ့ဖူးတယ်။ ကလေးတွေပါမကျန် တနင်္ဂနွေနေ့ အဝတ်အစားတွေနဲ့ ကျမ်းစာအုပ်ကိုင်ပြီး ကောင်းကင်ကို မော့ကြည့် စောင့်စား နေခဲ့ကြတယ်။ ပြီးမှ ဆရာသမားက အတွက်မှားသွားတယ်လို့ လျှောချလိုက်တယ်။

၂။ မသိနိုင်အောင် လျှို့ဝှက်ထားပါတယ်ဆိုရင် နိမိတ်တွေ ပြပါ့မလား။ နိမိတ်တွေက ချီဆောင်ခြင်းအပြီး၊ မြေကြီးပေါ်အထိ ကြွလာခါနီးမှ ပြမှာပါ။ သဘာဝဘေးဒဏ်တွေ၊ စစ်ပွဲတွေ၊ ငတ်မွတ်ခေါင်းပါးခြင်းတွေ၊ အနာရောဂါတွေကတော့ ကမ္ဘာဦးကတည်းက ရှိနေတာပါ။ ဒီဒုက္ခခံစားရသူတွေကို တတ်နိုင်သမျှ ကူညီဖို့ဟာ ခရစ်ယာန်တွေ လုပ်ရမယ့်တာဝန်တွေပဲ။ Signs နိမိတ်လက္ခဏာတွေကို မရှာပါနဲ့၊ Savior ကယ်တင်ရှင်ကိုသာ ရှာပါ။ Do not look for signs but the Savior.

၃။ ခရစ်တော်ကြွလာတော့မယ်ဆိုရင်လည်း ခရစ်ယာန်တယောက်အနေနဲ့ သွေးရူးသွေးတန်း လျှောက်လုပ်နေဖို့ မဟုတ်ဘူး။ ယုံကြည်သူဟာ လောကရဲ့ ဆားဆိုတော့ ဆားရဲ့သဘာဝ အငံဓါတ်ကို ထိန်းရမယ်။ နှိမ့်ချမှု၊ ဖြူစင်ရိုးသားမှု၊ ဆာငတ်မှု၊ ရန်ငြိမ်းစေတတ်မှု - - - စတာတွေကို ဆက်ထိန်းရပါမယ်။ လောကရဲ့ အလင်းအနေနဲ့ Brighten the corner where you are ဆိုတဲ့ သီချင်းကလေးလိုပဲ ကိုယ်ရှိရာအရပ်မှာ အလင်း လင်းရမယ်။

၄။ ခရစ်တော် ကြွလာမှာကတော့ အမှန်ပါ။ ဒါပေမယ့် ရက်အတိအကျပြောတာမျိုးကို ယုံလွယ်တာကတော့ ယုံကြည်ခြင်းအားနည်းသူ၊ ကျမ်းစာ သိပ်မလေ့လာသူ၊ ဘုရားသခင်အတွက် ဘာမှမလုပ်ပဲနေလေ့ရှိသူတွေမှာ အိပ်ချင်မူးတူး ဖြစ်တတ်လေ့ရှိပါတယ်။ ထ ယောင်နေတာမျိုးပေါ့။

၅။ ထ ယောင်တဲ့လူထက်ပိုဆိုးတာက ဟန်ဆောင်တဲ့သူပဲ။ တချို့က ခရစ်တော် ကြွလာတော့မယ် လို့ ပြောနေရရင် သူတို့ကိုယ်သူတို့ ဝိညာဉ်သဘောရှိနေပြီလို့ ကြေနပ်နေတတ်တယ်။ ပါးစပ်က ပြောတာနဲ့ ဝိညာဉ်သဘောရှိတာမဟုတ်ဘူး။ စိတ်ထားပြင်မှ ရှိတာပါ။

၆။ ခရစ်တော်ကြွလာမယ်ဆိုတာဟာ ယုံကြည်သူအတွက် ကြောက်စရာမဟုတ်ဘူး။ ပျော်စရာပါ။ အခုလုပ်ဆောင်ထားတာလေးတွေအတွက် ဆုပေးဖို့ မိုးကောင်းကင်ထက်ကို ချီဆောင်မှာပါ။ စစ်မှန်စွာလုပ်ဆောင်ဖို့ပဲ လိုတယ်။ ဒါဆိုပြီးပြီပေါ့။ ပျော်စရာ ဇာတ်သိမ်းခန်းကလေး Happy Ending မှာ ပါဝင်ရမှာ ဖြစ်တဲ့အတွက် ခရစ်ကြွလာခြင်းကို အထိတ်တလန့် မဖြစ်ပဲ ကြည်နူးစွာသာ မြော်လင့်စောင့်စားကြပါစို့။     ။

No comments:

Post a Comment