Wednesday, November 17, 2010

What must I do to be saved? Part I ကယ်တင်ခြင်းရဖို့ ဘာလုပ်ရမလဲ

ကယ်တင်ခြင်းရဖို့ ဘာလုပ်ရမလဲ?

What Must I Do To Be Saved?  (Part I)

By Evangelist John Rice

အကယ်ခံရဖို့ ဘာလုပ်ရမလဲ? အရိုးဆုံး၊ အရှင်းဆုံး လူတိုင်းသိသင့်တဲ့ မေးခွန်းကလေးပါ။ ဒါမသိရင်၊ ဘုရားနဲ့ ထာဝရ ဝေးကွာပြီး ဆင်းရဲဒုက္ခ၊ဝေဒနာတွေပဲ ခံစားရတော့မှာပါ။ လူတိုင်း နားလည်နိုင်တဲ့ မေးခွန်းနဲ့အတူ အဖြေကလေးကိုတွဲပြီး ကျမ်းစာထဲမှာ ရေးထားပေးတာကတော့ ဘုရားကျေးဇူး ချီးမွှမ်းစရာပါ။ ကျမ်းစာထဲမှာ ဝိညာဉ်ရေးနဲ့ ပါတ်သက်တဲ့ တခြားမေးခွန်းတွေလည်း ရှိတယ်။ ကယ်တင်ခြင်းကို ရှင်းရှင်းကလေး ပြောပြထားတဲ့ ကျမ်းပိုဒ်တွေလည်း ရှိတယ်။ ဒါပေမယ့် ဒီနေရာမှာသာ ကွက်တိမေးပြီး အဖြေကိုလည်း တပါတည်း တွေ့ရတယ်။
           ပေါလုနဲ့ သိလက ဖိလိပ္ပိမြို့ ထောင်ထဲမှာ၊ ညသန်းကောင်အချိန် သီချင်းဆို ဆုတောင်းကြတော့ မြေငလျင်လှုပ်ပြီး ထောင်တံခါးတွေပွင့်၊ သံခြေကျင်းတွေ ကျွတ်ကျကုန်တယ်။ ထောင်မှူးခမျာ ကြောက်လန့်ပြီး၊ ကိုယ့်အပြစ်ကို မြင်လာတယ်။ ဆရာ နှစ်ပါးထံ ရောက်လာပြီး ဒီမေးခွန်းကို မေးတော့တာပဲ။ တမန် ၁၆: ၂၉-၃၁ ကို ဖတ်ကြည့်ပါဦး။
           "ထောင်မှူးသည် ညှိထွန်းသောမီးကို တောင်းပြီးမှ ပြေးဝင်၍၊ ပေါလုနှင့်သိလတို့၏ ခြေရင်း၌ တုန်လှုပ်လျက် ပြပ်ဝပ်လေ၏။- သူတို့ကို ပြင်သို့ ထုတ်ပြီးလျှင်လည်း၊ သခင်တို့၊ အကျွနု်ပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။- ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။"
           "အကယ်ခံရဖို့ ဘာလုပ်ရမလဲ?" "သခင်ယေရှုခရစ်ကို ယုံကြည်လော့။ - - - ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။" ဒါက ဘုရားသခင်ရဲ့ ကယ်တင်တဲ့နည်းလမ်းပဲ။ ယောက်ျား၊ မိန်းမမရွေး၊ ကလေးသူငယ်ပါမကျန် တကမ္ဘာလုံးမှာ ရှိတဲ့သူတွေကို ကယ်တင်တဲ့ တခုတည်းသော နည်းပဲ။

ဘာလုပ်ရမလဲ?
           လုပ်ရမှာ တခုရှိတယ်။ ထောင်မှူးမှာ မြော်လင့်စရာရှိလာတာက ကိုယ့်အပြစ်ကို မြင်ပြီး၊ ဘာလုပ်ရမလဲလို့ မေးလာတာပါပဲ။ လူဟာ အပြစ်သားဆိုတာ ကျမ်းစာအစကနေ အဆုံးထိ ထောက်ပြနေပါတယ်။ ဟေရှာယ ၅၃: ၆ မှာ - - -
           "ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီး လိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။"
           အာလုံး လမ်းလွဲနေတာပါ။ ကိုယ့်ကိုကိုယ် လူကောင်းလို့ ထင်နေဖို့ ဘုရားအလိုတော် မရှိဘူး။ ရောမ အခန်းကြီး ၃ မှာ  ယောကျင်္ား၊ မိန်းမမရွေး၊ ကလေးပါမကျန် အပြစ်ရှိတယ်လို့ ကျမ်းစာက အသေအချာ ပြောတယ်။
           "ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် မြတ်သလောဟု မေးပြန်သော်၊ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူ အပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်က ပြခဲ့ပြီ။ ကျမ်းစာလာသည်ကား ဖြောင့်မတ်သောသူမရှိ။ တယောက်မျှ မရှိ။- နားလည်သောသူ မရှိ။ ဘုရားသခင်ကို ရှာသောသူ မရှိ။- လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သောသူ မရှိ၊ တယောက်မျှ မရှိ။-"
           "ခြားနားခြင်း အလျှင်းမရှိ။- အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင့်ရှေတော်၌ အသရေပျက်ကြပြီ။" လို့ အငယ် ၂၂ နဲ့ ၂၃ မှာ ထပ်ပြောတယ်။ ဒါကြောင့် သခင်ယေရှုက နိကောဒင်ကို ယောဟန် အခန်းကြီး ၃ မှာ "ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့သြခြင်းမရှိနှင့်။" လို့ ပြောရတာပါ။ အငယ် ၁၈ မှာတော့ သခင်ယေရှုကို မယုံကြည်သူဟာ အပြစ်စီရင်ခြင်းခံထားရပြီလို့ ပြောတယ်။
            ဒီကျမ်းချက်တွေအရ လူတိုင်းဟာ အပြစ်သား၊ သခင်ယေရှုခရစ်ကို မယုံမချင်း၊ ကယ်တင်ခြင်း မခံရမချင်း အပြစ်သား ဖြစ်နေဦးမှာပဲလို့ ရှင်းရှင်းလေး ပြောထားတယ်။ စိတ်နှလုံးက မှားနေတယ်။ ဘုရားသခင်က မှန်အောင်လုပ်ပေးနိုင်တယ်။ အကယ်ခံချင်ရင် "အပြစ်ရှိတယ်၊ လွဲနေပြီ၊ အကယ်ခံရဖို့ လိုပါတယ်" လို့ စိတ်ထဲက ဝန်ခံရမယ်။ အပြစ်သားပါလို့ ဝန်ခံပြီးမလာရင် ဘယ်သူမှ အကယ်ခံရမှာ မဟုတ်ဘူး။

လူကောင်းတွေအတွက် မဟုတ်၊ အပြစ်သားတွေအတွက်သာ ခရစ်တော် အသေခံပေးခဲ့တာပါ။
            အပြစ်သားဆိုတာ ငရဲကို ဦးတည်နေတယ်။ စိတ်နှလုံးက မဲညစ်နေတယ်။ စိတ်ကလည်း မာအောင် လုပ်ထားတယ်။ ဘုရားခေါ်တာကို ငြင်းဆန်နေတယ်။ ဘုရားကို ပစ်ပယ်ထားတယ်။ လူ့အမြင်မှာ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ဘုရားသခင်ထံ လှည့်မပြန်ရင် စိုးရိမ်စရာ အပြစ်သား၊ ငရဲသွားဖို့ပဲ ရှိတယ်။ အပြစ်သားပါလို့ ဘုရားသခင်ထံ စိတ်နှလုံးနဲ့ ဝန်ခံပါ။ တခြားအရာတွေထက် လောကမှာ အရေးတကြီးလိုနေတာက ကယ်တင်ခြင်းပါ။
            ဒီအကြောင်းကို စဉ်းစားပြီဆိုရင်တော့ "အကယ်ခံရဖို့ ဘာလုပ်ရမလဲ" ဆိုတဲ့ မေးခွန်းအတွက် ဘုရားပေးတဲ့ အဖြေကို သိလာနိုင်တယ်။

သခင်ယေရှုခရစ်ကို ယုံကြည်ပါ။
            လွယ်လွယ်ကလေးပါ။ ကိုယ့်ကိုကိုယ် မကယ်နိုင်ဘူး။ ကယ်နိုင်တဲ့ သခင်ယေရှုကို အားကိုးရုံပါပဲ။ အားကိုးရင် ဘုရားဂတိတော်က "ကယ်တင်ခြင်းသို့ ရောက်လိမ့်မယ်"။ ဘုရားသခင်ရှိတယ်၊ ကယ်တင်ရှင်ရှိတယ် ယုံလိုက်လို့ အလွယ်ပြောနေတာမဟုတ်ဘူး။ ဒါမျိုးတော့ နတ်ဆိုးတွေတောင် ယုံပြီး၊ ကြောက်ကြတယ်။ (ယာကုပ် ၂: ၁၉) ဆရာဝန်တယောက်၊ ကိုယ်ဖျားနာရင် သူ့ကို မခေါ်ပဲ၊ သူ သိပ်တော်တယ်လို့ ယုံနိုင်တယ်။ ရှေ့နေတယောက်ကို ကိုယ့်အမှုမှာ သူ့ကို မခေါ်ပဲ၊ သူတော်တယ်လို့ ယုံလို့ရတယ်။ သခင်ယေရှုရဲ့ အကြောင်းကို ယုံဖို့ ပြောတာမဟုတ်ဘူး။ သူ့ကို ယုံကြည်အားကိုးရ၊ အမှီပြုရ မှာပါ။ ဒါဆို ကယ်တင်ခြင်းခံရပြီ။

ကောင်းမှု ကုသိုလ်တွေကြောင့် မဟုတ်ဘူး။
             ကယ်တင်ခြင်းဆိုတာ ထိုက်တန်လို့ ရတာမျိုးမဟုတ်ဘူး။ ဘာလုပ်လုပ် မထိုက်တန်ဘူး။ ပညတ်တော်ဆယ်ပါးစောင့်ထိန်းမလား? ပညတ်တော်ကို လူတွေ ဖေါက်မိလျက်သားဖြစ်နေကြပြီလို့ ကျမ်းစာက ပြောထားပါပြီ။ ရောမ ၃: ၂၀ က - - -                                
"ပညတ်တရားသည် ဒုစရိုက်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမှ ဖြောင့်မတ်ရာသို့ မရောက်ရာ။"

အလားတူ၊ ဂလာတိ ၃: ၁၁၊ ၁၃ ကလည်း - - -
             "ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ - - ဘုရားသခင့် ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျှက်ရှိ၏။"

             လူရဲ့ ကောင်းတဲ့ အကျင့်တွေကြောင့် ကယ်တင်ခြင်း မရနိုင်ဘူးလို့ ပြောတဲ့ ကျမ်းစာချက်တွေ အများကြီး၊ အများကြီး ရှိပါတယ်။
"ငါတို့ ကျင့်သော ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ပဲ၊ မိမိသနားခြင်း ဂရုဏာတော်နှင့်အညီ၊ ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။" - တိတု ၃: ၅ ။
"ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ့်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ့်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။" ဧဖက် ၂: ၈-၉။

    မထိုက်တန်ဘူး၊ ကိုယ့်ကိုကိုယ် ကယ်လို့မရဘူးဆိုတာ ဝန်ခံကြရမယ်။ အခမဲ့ ပေးရင်၊ ပေး။ မပေးရင် မရပဲနေကြဖို့ပဲ ရှိတယ်။ တကယ်တော့ အပြစ်ကြွေးဆိုတာ အသွေးနဲ့ဆေးရတာပါ။ ကျမ်းစာက - - -
"အသွေးမသွန်းလောင်းပဲ အပြစ်လွှတ်ခြင်းမရှိ။" ဟေဗြဲ ၉: ၂၂။
"ငါတို့သည် အကျိုးနည်းရှိစဉ်တွင် ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။" - ရောမ ၅: ၆။
"ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။" ဟေရှာယ ၅၃:၆။

အားလုံးကို အသွေးနဲ့ ရွေးဝယ်ထားတယ်လို့ ရှင်ပေတရုက ဆိုတယ်။
"မိစဉ်ဘဆက် ကျင်လည်သော အချည်းအနှီး ကျင့်ကြံပြုမူခြင်းမှ၊ ရွှေ၊ငွေ အစရှိသော ဖေါက်ပြန် ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။ - အဘယ်အပြစ်မှမရှိ၊  အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။" - ၁ပေ ၁: ၁၈-၁၉။

                      ရှေးဓမ္မဟောင်းခေတ်ကာလမှာ သိုး၊နွား၊ဆိတ်၊ ချိုးငှက်တွေကို သတ်ပြီး ယဇ်ပူဇော်ရတာဟာ လူတွေရဲ့ အပြစ်အတွက် အပြစ်ကင်းသူတယောက်က အသွေးသွန်းပြီး ပေးဆပ်ရမယ်ဆိုတာကို ပုံဆောင်တယ်။ သခင်ယေရှုက အသေခံပေးတယ်။ ကမ္ဘာပေါ်က လူတိုင်း အခမဲ့ ရနိုင်အောင် ရွေးဝယ်ပေးတာပါ။
"အပြစ်တရား၏ အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးသော ဆုကျေးဇူးတော်ကား ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။" - ရောမ ၆: ၂၃။
အသင်းသားဖြစ်ရုံနဲ့ ကယ်တင်ခြင်းမခံရဘူး။ နှစ်ခြင်းခံလို့ အကယ်ခံရတာလည်း မဟုတ်ဘူး။ ဒါတွေက ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် သိပြီးသားလူတွေအတွက် လုပ်ရမယ့် တာဝန်တွေပါ။ ကောင်းကောင်းနေရုံနဲ့ လူကောင်းဖြစ်ရုံနဲ့ မရဘူး။ "ငါတို့ ကျင့်သော ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ပဲ၊ မိမိသနားခြင်း ဂရုဏာတော်နှင့်အညီ၊ - - ငါတို့ကို ကယ်တင်တော်မူ၏။" - တိတု ၃: ၅ ။ ကိုယ့်လုပ်ရပ်တွေအပေါ်မှာ မမှီခိုနဲ့။ သခင်ယေရှုလုပ်ပေးခဲ့တာနဲ့ ထားတဲ့ ဂတိအပေါ်မှာသာ မှီခိုပါ။

No comments:

Post a Comment