Wednesday, November 17, 2010

ထူးဆန်းတဲ့ ခရစ်စမတ် ပြဇာတ်တပုဒ် Trouble at the Inn


ထူးဆန်းတဲ့ ခရစ်စမတ် ပြဇာတ်တပုဒ်
"Trouble at the Inn" 
 By Dina Donohue

      အမေရိကန်ပြည် အနောက်အလယ်ပိုင်းဒေသရဲ့ မြို့ကလေးတမြို့မှာ ခရစ်စမတ် ပြဇာတ်တွေ အကြောင်း အခု နောက်ပိုင်း ပြောကြပြီဆိုရင် "ဝေါလေ့စ် ပါလင်း" Wallace Purling ရဲ့ နာမည် အမြဲ ပါလာလေ့ ရှိတယ်။ တင်ဆက်နေကျ သူတို့ မြို့ကလေးရဲ့ ကျောင်းပြဇာတ်မှာ ဝေါလီ Wally ရဲ့ သရုပ်ဆောင်ပုံကတော့ ပြောစမှတ်တွင်လောက်အောင် လွဲချော်သွားတယ်။ ဒါပေမယ့် အဲဒီည ပြဇာတ် သွားကြည့်တဲ့ သူတွေကတော့ ဖြစ်ပျက်ပုံ အတိအကျကို ပြန်ပြောကြရတာ မမောနိုင် မပန်းနိုင်အောင်ပါပဲ။
                       အဲဒီတုန်းက ဝေါလီက ၉ နှစ်။ အသက်နဲ့စာရင် အတန်းက တတန်း နောက်ကျနေတယ်။ ကျောင်းစာမှီဖို့ မလွယ်တဲ့သူလို့ မြို့ထဲကလူအများစုက သိထားတဲ့သူပါ။ လူကောင်က ကြီးကြီး၊ ထုံထုံထိုင်းထိုင်းနဲ့ အလွန်နှေးကွေးသူပါ။ အတန်းဖေါ် ကလေးတွေကတော့ ဝေါလီကို သဘောကျကြတယ်။ သူတို့အားလုံးဟာ ဝေါလီထက် အသက်ငယ်ကြတယ်။ သူများနဲ့ တွဲမကစားတတ်တဲ့ ဝေါလီက ဘောလုံး ဝင်ကန်ချင်တယ်ဆိုရင်တော့ သူတို့ခမျာ စိတ်အတော် ထိန်းကြရရှာတယ်။
                  အများစုက ဝေါလီကို ကွင်းပြင်ထုတ်ထားတာပဲ ကောင်းတယ်လို့ သဘောထားကြတယ်။ ဘာပဲဖြစ်ဖြစ် ဝေါလီက ပါချင်တယ်။ စိတ်မခုတတ်ပေမယ့် ခုန်ဆွခုန်ဆွ လုပ်နေတော့တယ်။ သူဟာ အမြဲ ကူညီတတ်သူပါ။ စေတနာကောင်းတယ်။ ပြုံးပြုံးရွှင်ရွှင် နေတတ်တယ်။ ရှုံးတဲ့သူ၊ နစ်နာနေတဲ့သူဖက်မှာ နားလည်ရခက်လောက်အောင် ဝင်ကူတတ်သူပါ။ အကြီးကလေးတွေက အငယ်ကလေးတွေကို လိုက်ဖမ်းတဲ့အခါ "သူတို့လည်း နေပါစေကွာ။ နှောက်ယှက်တာမှ မဟုတ်ပဲ" လို့ ဝင်ပြောတတ်တယ်။
                  ဒီနှစ် ခရစ်စမတ် ပြဇာတ်မှာတော့ ပလွေတချောင်းကိုင်ပြီးတော့ သိုးထိန်းလုပ်မယ်လို့ ဝေါလီ စိတ်ကူးယဉ်တယ်။ ဒါပေမယ့် ပြဇာတ်ဒါရိုက်တာ "မစ္စ လမ်ဘတ်ဒ်" Miss Lumbard က ဝေါလီကို ပိုအရေးပါတဲ့ ဇာတ်ကောင်နေရာကို ပေးတယ်။ တည်းခိုခန်းပိုင်ရှင်နေရာဆိုရင် စကားပြော အများကြီး မကျက်ရဘူး။ ပြီးတော့ ဝေါလီရဲ့ ကိုယ်လုံးကိုယ်ထည်ကလည်း ယောသပ်ကို ငြင်းတဲ့နေရာမှာ ပိုပြီး မာန်ပါမယ်လို့ စဉ်းစားမိလို့ပါ။
                  အဲဒီ မြို့ကလေးရဲ့ ခရစ်စမတ် ပြဇာတ်ကို ကူညီပံ့ပိုးပေးနေကျ မြို့ထဲက လူအတော် များများကလည်း ခရစ်စမတ်နဲ့ဆိုင်တဲ့ အသုံးအဆောင်တွေ ရှာပြီး ယူလာပေးကြတယ်။ သိုးထိန်း တောင်ဝှေးတွေ၊ နွားစာခွက်တွေ၊ မုတ်ဆိတ်မွေး အတုတွေ၊ ခေါင်းဆောင်းတွေ၊ ဦးထုပ်တွေ၊ သရဖူတွေ၊ ရောင်ခြည်ဖြာဖို့ မီးလုံးကလေးတွေ ရှာယူလာကြတယ်။ ပြဇာတ်စင်တခုလုံး တယောက်တပေါက် ဆူညံနေပြီ။ အဲဒီည စိတ်လှုပ်ရှားတဲ့နေရာမှာတော့ စင်ပေါ်က လူတွေရော၊ စင်အောက်က လူတွေပါ "ဝေါလေ့စ် ပါလင်း" ကို မှီကြမှာ မဟုတ်ဘူး။ အချက်မပြခင် စင်ပေါ်မှာ မမှားရအောင် မစ္စ လမ်ဘတ်ဒ်က အထပ်ထပ် လေ့ကျင့်ပေးထားတာဆိုတော့ သူ့ခမျာ ကုလားကာကြားမှာ ရပ်ပြီး ပြဇာတ်ကို အကြီးအကျယ် စိတ်ဝင်တစား ကြည့်နေခဲ့တာလို့ နောက်ပိုင်း သူတို့ ပြောပြချက်အရ သိရတယ်။
                 ဒီလိုနဲ့ ယောသပ်ထွက်ရမယ့်အချိန် ရောက်လာတယ်။ မာရိကို တည်းခိုခန်း တံခါးဝ အထိ ညင်ညင်သာသာ ကြင်ကြင်နာနာ တွဲခေါ်လာတယ်။ ယောသပ်က နောက်ခံ ပန်းချီကားပေါ်မှာ ဆွဲထားတဲ့ သစ်သားတံခါးကြီးကို ခပ်ပြင်းပြင်း ခေါက်လိုက်တယ်။ တံခါးနားမှာ အသင့်စောင့်နေသူကတော့ တည်းခိုခန်းပိုင်ရှင်ကြီး ဝေါလီ ပေါ့။
                     ဝေါလီက တံခါးကို ဆွဲဖွင့်လိုက်ပြီး၊ "ဘာလိုချင်သလဲ ဟေ့" လို့ ခပ်ပြတ်ပြတ် အမူအယာနဲ့ မေးလိုက်တယ်။
                 "တည်းခိုစရာ ရှာတာပါ ခင်ဗျာ"
                 "တခြားမှာ သွားရှာကြ" လို့ ဝေါလီက ခပ်တည်တည် ကြည့်ပြီး၊ ခပ်ငေါက်ငေါက် ပြောလိုက်တယ်။ "ငါ့ တည်းခိုခန်းက ပြည့်နေပြီ" ။
                 "ကျွန်တော်တို့ နေရာအနှံ့ ရှာပြီးပါပြီ။ မရပါဘူး ခင်ဗျာ။ ခရီးဝေးက လာကြရလို့ အတော် ပင်ပန်းနေလို့ပါ ဆရာကြီးရယ်"
                 "ဒီ တည်းခိုခန်းမှာ မင်းတို့နေစရာ မရှိဘူး" လို့ ဝေါလီက ခပ်မိုက်မိုက် စိုက်ကြည့်ပြီး ပြောတယ်။
                 "သနားပါဦး၊ တည်းခိုခန်း ဆရာကြီးရယ်။ ဒါ၊ ကျွန်တော့် အမျိုးသမီး မာရိပါ။ သူ့မှာ ကိုယ်ဝန် အရင့်အမာကြီးနဲ့ပါ။ နားဖို့ လိုလို့ပါ။ သူ့အတွက် တနေရာစာလေး၊ ထောင့်တထောင့် ဖြစ်ဖြစ် ရနိုင်ကောင်းပါရဲ့ ခင်ဗျာ။ သူ တအား ပင်ပန်းနေလို့ပါ ဆရာကြီးရယ်"
                 ဒီအခါမှာတော့ ပထမဦးဆုံးအကြိမ်အဖြစ် တည်းခိုခန်းပိုင်းရှင်ကြီး ဝေါလီဟာ သူ့ရဲ့ ခပ်ကြမ်းကြမ်း အမူအယာကို လျှော့ချလိုက်ပြီး မာရိကို ငုံ့ကြည့်လိုက်တယ်။ ကြည့်ပြီး အတော်ကြာအောင် ငြိမ်သက်သွားတယ်။ သူ ငြိမ်တာ ကြာသွားတော့ ပရိတ်သတ်လည်း နဲနဲ ကြောင်သွားတယ်။
                 "မရဘူး။ သွားကြ" လို့ ထောက်ပေးသူက ကုလားကာကြားက တိုးတိုးကလေး ထောက်ပေးတယ်။
                 "မရဘူး" လို့ ဝေါလီ ချက်ချင်း လိုက်ဆိုတယ်။ "သွားကြ"။
                 ယောသပ်က ဝမ်းနည်းစွာနဲ့ မာရိကို သိုင်းဖက်လိုက်တယ်။ မာရိကလည်း သူ့ခေါင်းကို ခင်ပွန်းသည်ရဲ့ ပခုံးအပေါ်မှာ မှီထားလိုက်တယ်။ သူတို့နှစ်ယောက် ထွက်သွားစ ပြုပြီ။ တည်းခိုခန်းပိုင်းရှင်က ပြန်မဝင်သေးဘူး။ တံခါးဝမှာ ဆက်ရပ်နေတုန်းပဲ။ ကယ်သူမဲ့တဲ့ ဇနီးမောင်နှံကို ဆက်ကြည့်နေဆဲပဲ။ သူ့ ပါးစပ်က အဟ သား။ နဖူးကြောက စိုးရိမ်စိတ်ကြောင့် ရှုံ့မဲ့နေပြီ။ သူ့ မျက်ဝန်းမှာ မျက်ရည်တွေ ပီပီပြင်ပြင် ပြည့်လျှံလာတယ်။
                  အဲဒီအချိန်မှာ ရုတ်တရက် ဆိုသလို အခုပြဇာတ်က တခြားခရစ်စမတ် ပြဇာတ်တွေနဲ့ မတူတော့ပဲ ပုံစံကွဲသွားတယ်။
                  "ယောသပ်၊ မသွားနဲ့တော့" လို့ ဝေါလီ လှမ်းခေါ်လိုက်ပြီ။ "မာရိကို ပြန်ခေါ်ခဲ့"။ ဝေါလေ့ ပန်လင်းရဲ့ မျက်နှာဟာ တဖြည်းဖြည်း တောက်ပစွာ ပြုံးလာတယ်။ "မင်းတို့ ငါ့အခန်းကို ယူကြ"။
                  "ပြဇာတ်တော့ ပျက်ပြီ" လို့ မြို့က လူတချို့က ထင်ကြတယ်။ ဒါပေမယ့် တချို့- အတော် များများ တချို့ကတော့ သူတို့ ကြည့်ဖူးသမျှထဲမှာ ဒီခရစ်စမတ် ပြဇာတ်ဟာ အကောင်းဆုံးပဲ လို့ မှတ်ယူခဲ့ကြတယ်။          ။

                   *                             *                            *                              *
(ဒီ ဝတ္ထုတိုကလေး ဖတ်ပြီး အကူအညီလိုအပ်နေသူတွေကို တတ်နိုင်သမျှ ကူညီနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။)
(THE SWORD OF THE LORD, December 17, 2004 စာစောင်မှ ဘာသာပြန်ပါတယ်။)   Pa.  (November 14, 2010)     

No comments:

Post a Comment